134

အနတ္တက အနတ္တကို အားကိုးနေကြတယ်

စာအုပ်ပါရက်စွဲနှင့် ဟောတရားမကိုက်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

အနတ္တက အနတ္တကို အားကိုးနေကြတယ်

(၇-၃-၅၉)

ကိုယ့်ကိုယ်ကို အားကိုးရမှာလား

ကိုယ့်ကိုယ်ကြီးကို အားကိုးရမလားလို့ မေးလို့ရှိရင် သူကလဲရုပ်နာမ်အနတ္တ ဖြစ်နေလို့ အားကိုးဖို့ရာ အချိန် မရပါဘူး (မှန်ပါ့)။

အားကိုးရအောင်လို့ ရှာထားတဲ့ ပစ္စည်းတွေကလဲ ရန်သူမျိုးငါးပါးနဲ့ တွေ့နိုင်တာတစ်ကြောင်း၊ အနတ္တပစ္စည်း တွေ ဖြစ်တာတစ်ကြောင်း၊ ဖြစ်လာသောကြောင့် အားကိုးရာ ဟာ တကယ်တွက် လေလေ မရှိလေလေဘဲဆိုတာ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာဒကာမတို့ ခဲလေသမျှ သဲရေကျ ဖြစ်ရမှာပဲ (မှန်ပါ့) တချို့ကြည့်ပါလား၊ လူက အနတ္တအဖြစ်သို့ ရောက်သွား တယ်၊ ပစ္စည်းက ကျန်ရစ်နေတယ် (မှန်ပါ့)။

ပစ္စည်းအားကိုးမလို့ရှာကြတယ်

ဒါဖြင့် ဒီပုဂ္ဂိုလ် နဂိုတုန်းက ဘယ်လိုပါလိမ့်မလဲ ဦးဝတို့အမေးထုတ်လို့ရှိရင်ဖြင့် သူက အားကိုး မလို့ ပစ္စည်းတွေ ရှာနေတာ၊ ရုပ်နာမ်က ပစ္စည်းအပေါ်မှာ အားကိုးမလို့ ရှာနေတာ (မှန်ပါ့) မရှာကြဘူးလား (ရှာပါတယ် ဘုရား)။

ရှာကြတဲ့ အခါကျတော့ ရုပ်နာမ်က ပြုတ်ထွက် သွားတယ် အနတ္တမို့ (မှန်ပါ့) အားကိုး လိုက်ရသေးရဲ့ လား (မှန်ပါ့) အားကိုးလိုက်ရသေးရဲ့လား (မကိုးရပါ ဘုရား) လူက စွန့်သွားတယ် ဆိုရတာပေါ့ဗျာ (မှန်ပါ့)။

တစ်ခါတလေကျတော့လဲ ရုပ်နာမ်ကတော့ဖြင့်ဆက် လက်ပြီးသကာလ၊ ရုပ်ဓာတ်, နာမ်ဓာတ် တွေက နေရစ်ခဲ့ပါသေး ရဲလား၊ အားကိုးရာတရားတွေက ရန်သူမျိုးနဲ့ ဆက်ဆံပြီး သကာလ ပျက်စီးသွားတဲ့ အခါကော တချို့သောပုဂ္ဂိုလ်မှာ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒါဖြင့် သူ နဂိုတုန်းက ရည်ရွယ်ချက် ကိုက်ကဲ့လား (မကိုက်ပါ ဘုရား) အားကိုးရာ ရှာထားတာလဲ အားကိုးရာ အဖြစ်သို့ ရောက်ပါသလား၊ အနတ္တ အဖြစ်သို့ ကျရောက် သွားသလားလို့ မေးကြည့်ပါလား၊ အနတ္တအဖြစ်သို့ ကျရောက် သွားတယ်ဆိုတာ ဒကာဒကာမတွေ သိကြပါတယ် (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့်၊ တို့ သည်ကား လို့ဆို ရင် တို့ လုပ်နေတဲ့ တို့ ရည်ရွယ်ချက်သည်ကားလို့ ဆိုရင်ဖြင့်၊ အားကိုးရာ ရှာနေတယ်ဆိုပြီး နေတိုင်း ရောင်းကြ၊ ဝယ်ကြ၊ ပြောကြ၊ ဆိုကြ၊ သွားကြ၊ လာကြ ကိုယ့်အလုပ်တွေ လုပ်ကြပေါ့ ဗျာ (မှန်ပါ့) လောကီအလုပ်တွေ မလုပ်ကြဘူးလား (လုပ်ပါတယ် ဘုရား) အဲဒီတော့ အားကိုးချင်တဲ့ တရားကလည်း အနတ္တပဲ၊ အားကိုးခံရမည့် တရားကလည်း (အနတ္တပါပဲ ဘုရား)။

ဒါဖြင့် ဒကာဒကာမတွေ ရည်ရွယ်ချက် ပန်းတိုင် တော့ဖြင့်ရောက်ကြမယ်မဟုတ်ပါဘူး (မရောက်ပါ ဘုရား) ရောက်ပါ့မလား (မရောက်ပါ ဘုရား)။

ရည်ရွယ်ချက် ပန်းတိုင်တော့ဖြင့် ဒကာ ဒကာမတွေ ဘယ်နည်းနဲ့မှ မရောက်ဘူး၊ ဥပမာ ပြောကြပါစို့ ဆိုတော့ ဒါက ယခု ဒကာ ဒကာမတွေ ထိုင်နေတဲ့ခန္ဓာကိုယ်ပေါ့ဗျာ။ ဒီဘက်ကတော့ ရွှေငွေ ကျောက်သံပတ္တမြား အိမ်ရာတိုက်တာ ပေါ့ဗျာ (မှန်ပါ့)။

ရန်သူမျိုးငါးပါးနဲ့ ဆက်ဆံနေရတယ်

ဒီကလဲ အနတ္တတရား ဖြစ်သောကြောင့် ကိုယ့်ကိုယ်ကို မပိုင်လို့ သူကလဲ ဖောက်ပြန် ပျက်စီးနေတာပဲ (မှန်ပါ့ ဘုရား) သူက အားကိုးရမည့်တရား၊ ဒါက အားကိုးရာအဖြစ်နဲ့ ရှာထား တဲ့ပစ္စည်းတွေ (မှန်ပါ) သူကလဲ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူဆိုတဲ့ ရန်သူမျိုး ငါးပါးတွေနဲ့ ဆက်ဆံ သောကြောင့် သူကလဲ ပျက်စီးဆုံးပါးနိုင်တဲ့ အနတ္တတရားပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီအနတ္တက ဒီအနတ္တကို အားကိုးတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒီတော့ အနတ္တဆိုကတည်းက သူ့ဟာသူမှ မပိုင်တဲ့ တရားက သူက ဟိုကို အားကိုးချင်တယ် ဆိုလို့ရှိရင် ဖြစ်ပါ့ မလား (မဖြစ်ပါ ဘုရား)။

ဒီတရားတွေကလည်း ရန်သူငါးတန် ဆက်ဆံပြီး သကာလ နေသောကြောင့် ဒီအနတ္တတရား တွေကလဲ ဒီကို ကယ်ပါ့မယ်၊ ယူပါ့မယ်လို့ တာဝန်ခံရဲလား (မခံပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ နေ့တိုင်းလုပ်နေတဲ့ အလုပ် – ဟာ ခန္ဓာဘက်က မေးကြည့်တော့ လည်း အနတ္တပဲ၊ နေရာ မကျဘူး (မှန်ပါ့)။

ရတဲ့ပစ္စည်းဘက်ကြည့်လိုက်ပြန်တော့လည်း ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူနဲ့ ဆက်ဆံနေသောကြောင့် သူကလည်း အားကိုးရာမရပါဘူး၊ ရကြရဲ့ လား (မရပါ ဘုရား)။

ဒါဖြင့် အနတ္တက အနတ္တကို အားကိုးနေတယ်လို့ ဦးဘအုန်းတို့ ဆိုရင်ကော (မလွဲပါ ဘုရား)။ ဦးစံရင်တို့ ဘယ်လိုဆိုကြပါမလဲ (အနတ္တက အနတ္တကို အားကိုးနေ ပါတယ်ဘုရား။

အနတ္တက အနတ္တကို အားကိုးနေတယ်ဆိုတော့ သစ်ပင်နှစ်ပင်ဟာ တစ်ပင်က လဲလုနေတယ်၊ တစ်ပင်ကလဲ သွားပြီးမှီတယ် ဆိုရင်ဖြင့် မြန်မြန်လဲဖို့ပါပဲ (မှန်ပါ့)

ယိုင်နေတဲ့သစ်ပင်ကို သွားပြီးမှီရင်

ယိုင်နေတဲ့သစ်ပင်ကို တစ်ပင်က သွားပြီးမှီရင် ဘယ် နှယ်ပါလဲ (မြန်မြန်လဲဖို့ပါ ဘုရား) ဘာဖြစ်လို့တုံး၊ ဟိုကလဲမခိုင်၊ ဒီကလဲမခိုင်၊ မခိုင်တာချည်းသည်ကား လို့ဆိုရင် ဆက် သွယ်လို့ ရရဲ့လား (မရပါ ဘုရား) နှစ်ခုစလုံး ပြိုဖို့ ပျက်ဖို့ ဆိုတာကော ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ဟာလဲ လဲလိုက်၊ ပြိုလိုက်၊ ယိုင်လိုက်၊ နွဲ့လိုက်ဆိုတဲ့ အနတ္တတရား (မှန်ပါ့) ရှာထားတဲ့ ပစ္စည်းကကော ( လဲတတ်၊ ပြိုတတ်တဲ့ အနတ္တ တရားပါ ဘုရား) သူက သူ့ကိုမှီရင် မြို့မှာပဲ (မှန်ပါ့) သူက မှီရင်ကော (ပြိုမှာပါ ဘုရား)။

ဒါဖြင့် နေ့တိုင်း ဒကာ ဒကာမတွေ လုပ်ကိုင်ပြီးသကာ လ ခန္ဓာက အားကိုးခံလိမ့်မယ် ထင်ပြီးရှာလိုက်၊ ပစ္စည်းက အားကိုး ခံလိမ့်မယ်ဆိုပြီး ရှာလိုက်နဲ့ နေခဲ့ရတာ ဘဝပေါင်းများ စွာ ကြာခဲ့ကြပါပြီတဲ့၊ ဒီလို အပြို အလဲ အပျက်နဲ့ပဲ အချိန်ကုန် လာခဲ့ကြတယ် (မှန်ပါ့)။

ဘာနဲ့ အချိန်ကုန်ခဲ့ကြသလဲ

ဘဝပေါင်းများစွာက ဘာနဲ့အချိန်ကုန်ခဲ့ကြ သလဲ (အပြိုအလဲနဲ့ အချိန်ကုန်ခဲ့ကြပါတယ် ဘုရား) ပြိုတယ်၊ လဲတယ်၊ ပျက်တယ်၊ ဒါနဲ့ပဲ အချိန်ကုန်လာတာပဲ (မှန်ပါ့)။

အခုလဲ ဒီအလုပ်ကို ထပ်လုပ်ပြန်တယ်၊ ဘယ့်နှယ် ဝါသနာအထုံ ကြီးလှချေကလားလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။

နောက်တုန်းကလဲ ဒီအတိုင်းပဲ၊ တစ်ခုအားကိုးရင် တစ် ခုပျက်၊ တစ်ဖက်ကအားကိုးခံမလားလို့ ရှာလိုက်ဖွေလိုက်တယ်၊ တစ်ဖက်ကပျက်တာပဲ၊ နောက်ဆုံးပိတ် တစ်နေ့ကျတော့ ဘယ် သူ့ကို ဘယ်သူမှ အားကိုးလို့ မရတော့ဘူးဆိုတာကတော့ အထင်အရှားပေါ့ဗျာ (မှန်ပါ့) မထင်ရှားဘူးလား (ထင်ရှား ပါတယ် ဘုရား)။

အခုဘာလုပ်နေကြတုံးဆိုတော့ အရင်ဟာအားကိုး ၊ ပျက်လို့၊ အဲဒီအပျက်မျိုးကို အားကိုး ရှာနေတယ်လို့ အဖြေထွက်ရုံပဲ ရှိတယ် (မှန်လှပါ) ဒီပြင် ဘာထွက်စရာ ရှိသေးသတုံး (မရှိပါ ဘုရား) ဦးစံရင်တို့ သဘောပါရဲ့ လား (ပါပါတယ် ဘုရား)

ခန္ဓာကလဲ အနတ္တမဟုတ်လား (မှန်ပါ့) ရှာထားတဲ့ ပစ္စည်းကကော (အနတ္တပါ ဘုရား) ဪ ဒါဖြင့် အနတ္တ အားကိုး မခံနိုင်တာချင်း အတူတူ အားကိုးနေတယ် ဆိုရင်လွဲ သလား (မလွဲပါ ဘုရား)။

အဲဒါကို ခင်ဗျားတို့က အားကိုးရတယ်လို့ ထင်ပြီးသကာ လ မပျောက်စေနဲ့၊ ဒါပဲ တို့မှာအထုပ် အထည် ကလေးရှိသဟ၊ ဘာများသူအားကိုးနိုင်သတုံး၊ ယိုင်တဲ့အပင်ကို လဲမည့်အပင်က သွားပြီး မှီပြန်ပြီ (မှန်ပါ့)။

ယိုင်တဲ့အပင်ကို လဲမည့်အပင်ကမှီတယ်

ယိုင်တဲ့အပင်ကို လဲမည့်အပင်က သွားမှီတော့ ဘယ့် နှယ်နေပါ့မလဲ (ပြိုလဲမှာပါ) အကုန် ပြိုပျက် သွားလိမ့်မယ်ဆိုတာ အမှန်ပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ရှင်းပလား – (ရှင်းပါပြီ ဘုရား)။

ဒီမှာလဲယောက်ျားက မိန်းမအားကိုး၊ မိန်းမက ယောက်ျားအားကိုး၊ သားတွေသမီးတွေ ဆက်လက်ပြီး သကာလ အားကိုး၊ ယိုင်တဲ့အပင်ကို လဲပြိုတဲ့အပင်က သွားမှီတာပဲ (မှန်ပါ့) ဒီလိုချည့် မနေဘူးလား (နေပါတယ် ဘုရား)။

ဒါဖြင့် ကိုယ့်အလုပ်ဟာဖြင့် ဒီလမ်းနဲ့ ဒီစခန်းသည်ကား လို့ ဆိုရင်ဖြင့် လုံးဝမမှန်သေးတဲ့ လမ်းပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ဒါကခင်ဗျားတို့ ခန္ဓာကိုယ်လေ (မှန်ပါ့) ဒါက ခင်ဗျားတို့ နေ့တိုင်း အားကိုးရမလားလို့ ရှာထား တဲ့ တိုက်တာ၊ အိမ်ရာ၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေပေါ့ဗျာ (မှန်ပါ့) မှီမည့်တရား ကကော (အနတ္တတရားပါ) ခက်နေပြီပေါ့ ဒကာ ဒကာမတို့ ယိုင်တဲ့အပင်ကို လဲတဲ့အပင်က သွားပြီးမှီတာကိုး (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (ယိုင်တဲ့အပင်ကို လဲတဲ့အပင်က သွားပြီးမှီပါတယ် ဘုရား) နှစ်ပင်စလုံး ကျွမ်းထိုး မှောက်ခုံဖြစ်မယ် (မှန်ပါ့) ဟုတ်ကြရဲ့လား (ဟုတ်ပါတယ် ဘုရား)။

သေတဲ့ပုဂ္ဂိုလ်တွေ သွားကြည့်စမ်း ဒကာ ဒကာမတို့၊ ဒီအတိုင်းတွေ့မှာပဲ (မှန်ပါ့) သေမည့် ပုဂ္ဂိုလ် သွားမေးကြည့်စမ်း ပါ၊ သေခါနီးကို သူရှာထားတဲ့ပစ္စည်း သူအားကိုးရမလားလို့၊ ရှာတော့ ရှာတာပဲ ဟုတ်လား၊ သို့သော် အားကိုးမည့် ပုဂ္ဂိုလ်က အရင်ပြုတ်ထွက်သွားတယ် (မှန်ပါ့)။

တချို့ကျတော့ ဘယ်သူကအရင်ပြုတ်သတုံး (အားကိုး ရမည့် ပုဂ္ဂိုလ်က အရင်ပြုတ်ပါတယ် ဘုရား) တချို့ကျတော့လဲ အားကိုးခံမည့်တရားက အရင်ပြုတ်တယ် (မှန်ပါ) ဒီနှစ်ပြုတ်မှ တစ်ပါး တခြားတော့မရှိပါဘူး (မရှိပါ ဘုရား) သဘောပါကြ ပလား (ပါ,ပါပြီ ဘုရား) ဒါကိုပဲ ဒကာ ဒကာမတွေ နေ့တိုင်း ကြိုးစားနေကြတာကိုး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

နေ့တိုင်း ကြိုးစားနေကြတာက အနတ္တနှစ်ခု ကြိုးစားနေ ကြတယ်၊ အနတ္တနှစ်ခုကိုပဲ ခင်ဗျားတို့ ပြုစုတယ်လို့ အားကိုးကြ တာပဲ (မှန်ပါ့) ရှာကြ ဖွေကြတာပဲ၊ အနတ္တနှစ်ခုကို ပြုစုမယ်လို့ ရှာကြဖွေကြတယ် (မှန်ပါ့)။

ပြောပါဦး ဘာတဲ့တုံး (အနတ္တနှစ်ခုကို ပြုစုမယ်လို့ ရှာကြဖွေကြပါတယ်) သူတို့က အနတ္တလို့ ပြောနေပါလျက်သား နဲ့ ခင်ဗျားတို့ ပြုစုလဲအပိုပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီး ဘုရား)။

အနတ္တနှစ်ခုပြုစုဖို့ ခင်ဗျားတို့ ရှာနေငြားသော်လဲ၊ အနတ္တနှစ်ခုခိုင်မြဲဖို့ ခင်ဗျားတို့ လုပ်ငြားသော်လဲ၊ သူတို့က အနတ္တနှစ်ခုလို့ ပြောနေတယ် (မှန်ပါ့) သူကလဲ ဘာပြောသလဲ (အနတ္တပဲပြောပါတယ်) သူရှာထားတဲ့ ပစ္စည်းကကော (အနတ္တပါ ဘုရား)။

အဲဒီတော့ အနတ္တနှစ်ခုကို ခင်ဗျားတို့သည်ကားလို့ ဆိုရင်ဖြင့်၊ ကိုးစားရာ အားထားရာအဖြစ်နဲ့ နေကြဦးမယ် ဆိုလို့ရှိရင် နှစ်ပင်လဲပဲ၊ နှစ်ပင်ပြိုပဲ၊ နှစ်ပင်ပျက်ပဲ ဆိုတာဖြင့် ဘာမှ ငြင်းဖို့ မလိုတော့ဘူး (မလိုပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ခဲလေသမျှ သဲရေကျဆိုတာ ဒါမျိုးကို ဆိုတာ (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ခန္ဓာငါးပါးကလဲ ဘာတရားတဲ့ (အနတ္တပါ ဘုရား) သူအားကိုး နေတဲ့ တိုက်တာ၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေကကော (အနတ္တပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သူတို့နှစ်ခုကလဲ အနတ္တချည့်ပဲ ဆိုပြီးသကာလနေသဖြင့်တဲ့၊ ဘုန်းကြီး တို့ ဒကာ ဒကာမတွေက ဘယ်နည်းနဲ့မှ ရှာထားတဲ့ပစ္စည်းကလဲ ရှာကျိုးနပ်မှာမဟုတ်ဘူး (မှန်ပါ့) အားကိုးချင်တဲ့ တရားကလဲ ကိုးရမှာ မဟုတ်ဘူး (မှန်ပါ့)။

ရှာထားတဲ့ပစ္စည်းကလည်းအနတ္တ

ရှာထားတဲ့ ပစ္စည်းကလည်း (အနတ္တပါဘု ရား) ရှာကျိုးနပ်မယ် မဟုတ်ဘူး၊ သဘောကျပလား (မှန်ပါ့) အားကိုး ရမည့် ပစ္စည်းကကော (အားကိုးရမယ်မဟုတ်ပါ ဘုရား)။

သူဟာ အားကိုးစရာရယ်လို့ ဒီကိုသွားပြီး အားကိုးမယ်၊ ကိုးပင် ကိုးငြားသော်လဲ သူက အရင်ပြုတ်ချင် ပြုတ်သွားမယ် (မှန်ပါ့) မပြုတ်နိုင်ပေဘူးလား (ပြုတ်နိုင်ပါတယ် ဘုရား)။

ဒါဖြင့် ရှာထားတဲ့ပစ္စည်းကလဲ အနတ္တ၊ အားကိုးရမည့် ပစ္စည်းကကော (အနတ္တပါ ဘုရား) အနတ္တ အနတ္တချင်းဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတို့ဘယ်သူ့ကို ဘယ်သူမှ မကယ်နိုင်ဘူးမှတ် ပါ (မှန်ပါ့)။

ဘယ်လို ဆုံးဖြတ်ချက်ချမတုံး (အနတ္တ အနတ္တချင်း ဘယ်သူမှ ဘယ်သူ မကယ်နိုင်ပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ပင်လယ်ထဲ ရေနစ်တဲ့လူနှစ် ယောက်သည်ကားလို့ဆိုရင်၊ ဘယ်သူမှ ကိုင်တွယ်စရာ မရှိလို့ရှိ ရင်ဖြင့် နှစ်ယောက်အားကိုး နှစ်ယောက်မြုပ်မှာပဲ (မှန်ပါ့ ဘုရား) တစ်ယောက်စီနေလဲ မြုပ်မှာပဲ (မှန်ပါ့) နှစ်ယောက်ဖက်လိုက် ပြန်လို့ရှိရင်လဲ (မြုပ်မှာပါပဲ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)

ဪ ခင်ဗျားတို့ကလဲ သံသရာခရီးပင်လယ်ကြီးထဲ မှာမျောနေတော့ ဒါက ပစ္စည်း၊ ဒါက ခန္ဓာ (မှန်ပါ့) ဒါနဲ့ ဒါအား ကိုးလဲ နှစ်ယောက်စလုံး အားမကိုးရမှာ၊ အားကိုးတဲ့အတွက် အပါယ်လေးပါး (မြုပ်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ဒါ အားကိုးလွဲလို့ပေါ့ဗျာ (မှန်ပါ့)။

နှစ်ယောက်ရေနစ်နေတာ

ဒကာ ဒကာမတွေဉာဏ်နဲ့ ဂရုစိုက်ပြီး နားထောင်စမ်း ပါ၊ ခင်ဗျားတို့ကုဖြင့် အားကိုးရမယ်လို့ ထင်ပြီး သကာလ တောင်ဝှေး ထောက်ရှာ၊ မျက်မှန်စွပ်ရှာပဲ ဦးဘုအုန်းရ (မှန်ပါ့) မရှာကြ ဘူးလား (ရှာပါတယ် ဘုရား) ဦးဘတင်တို့ မရှာကြဘူးလား (ရှာပါတယ် ဘုရား)

တကယ်တော့ ဘယ့်နှယ်တုံး (အားကိုးမရပါ ဘုရား) အားကိုးချင်တဲ့တရားကလဲ ဘာပါလိမ့် (အနတ္တပါ ဘုရား) အားကိုးခံချင်တဲ့တရားကလဲ ဘာပါလိမ့် (အနတ္တပါ ဘုရား) ဟာ ဒါဖြင့် ပင်လယ်ထဲ နှစ်ယောက် ရေနစ်နေတာ ပါကလား (မှန်ပါ့)။

ဘာဖြစ်နေသတုံး (ပင်လယ်ထဲမှာ နှစ်ယောက် ရေနစ် နေပါတယ် ဘုရား) ဒီအတိုင်းခွဲထားလဲ တစ်နေ့ကျတော့ မြုပ်ကြ မှာပဲ (မှန်ပါ့)။

ဟာ သူ့ကို ငါအားကိုးမယ်လို့၊ ငါ့ကိုသူအားကိုးမယ် ဆိုလဲ နှစ်ယောက်စလုံးမြုပ်မှာပဲ (မြုပ်မှာပါ ဘုရား) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီအဖြစ်ကြုံရတာ နှစ်ခုဟာ တစ်ခုမှ အားကိုးမခံနိုင်တာလဲ သေချာတယ် (မှန်ပါ့) နှစ်ခုပေါင်းပြီး သကာလ လုံးကြဦးမယ်၊ ဆက်ကြဦးမယ်၊ ပူးကြဦးမယ်။ ကပ်ပြီး အားကိုး ကြဦးမယ် ဆိုလည်း နှစ်ခုစလုံးမြုပ်မှာပဲ (မှန်ပါ့) မမြုပ်ပေဘူးလား (မြုပ်ပါတယ် ဘုရား) သဘောပါပလား (ပါ, ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့နေ့တိုင်း ဘာလုပ်ကြသတုံး မေးရင်ဖြင့် အားကိုးရှာတယ် ဖြေကြမှာပဲ၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား) ညစာရှာတဲ့ဥစ္စာ ညစာအားကိုးနေ့စာရှာတဲ့ ပုဂ္ဂိုလ်က (နေ့စာ အားကိုးပါတယ် ဘုရား) လစာရှာတဲ့ပုဂ္ဂိုလ်က (လစာအား ကိုးပါတယ် ဘုရား) နှစ်, စာရှာတဲ့ပုဂ္ဂိုလ်က (နှစ်, စာအားကိုးပါ တယ် ဘုရား) အိုစာမင်းစာ ရှာတဲ့ ပုဂ္ဂိုလ်က (အိုစာမင်းစာ အားကိုးဖို့ပါ ဘုရား)။

အရှာမလွတ်တဲ့ ပုဂ္ဂိုလ်များ ဒီအထဲမှာ ပါသေးသလား (မပါ,ပါ ဘုရား) မပါတော့ ဘယ်သူက ဘယ်သူ့အားကိုးနေ ပါလိမ့် (အနတ္တက အနတ္တကို အားကိုးနေပါတယ် ဘုရား)။

ဒါဖြင့် ကျုပ်တို့လုပ်တဲ့အလုပ်ဟာ အနတ္တဆိုတာ ဘယ် သူမှ မပိုင်ဆိုင်တဲ့တရား၊ အားကိုး မခံနိုင်တဲ့ တရား (မှန်ပါ့) ဒီဘက်ကလဲ အနတ္တဆိုတော့ ဘယ်သူမှ မပိုင်တဲ့တရား၊ အားကိုးမခံနိုင်တဲ့ တရား (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကို အရမ်းအားကိုးနေတာ, (မှန်ပါ့) အရမ်း အားကိုးတော့ အရမ်းပင်ပန်းနေတာပေါ့ (မှန်ပါ့) ဘယ့်နှယ် ဆိုကြမလဲ (အရမ်းအားကိုးနေလို့ အရမ်းပင်ပန်း နေတာပါ ဘုရား)

အရမ်းပင်ပန်းပြီးသကာလ အရမ်းမြုပ်တာပဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) မမြုပ် ဘူးလား (မြုပ်ပါတယ် ဘုရား)။

ပင်လယ်ထဲ ရေနစ်နေတာလေ နှစ်ယောက်စလုံး (မှန်ပါ့) ဒါကလဲ တစ်ယောက် (မှန်ပါ့) ဒါကလည်း တစ်ယောက် (မှန်ပါ့) ဒါကလည်း အနတ္တအဖြစ်နဲ့ မြုပ်ရ, မျောရမှာပဲ (မှန်ပါ့) ဒီဟာကော (မြုပ်ရ မျောရမှာ ပါပဲ ဘုရား)။

အားကိုးပြင်ကြမှကောင်းမယ်

ဟာ ဒါဖြင့် သူ့ကိုငါအားကိုးပါ့မယ်၊ ငါ့ကို သူ အားကိုး ပါ့မယ်လို့ ပေါင်းလိုက်လို့ရှိရင် ရေနစ်နေတဲ့ ပုဂ္ဂိုလ် ကယ်မည့်သူ မရှိဘဲ နှစ်ယောက်ပေါင်းပြီး မြုပ်ရုံပဲ (မှန်ပါ့ ဘုရား) ဒီအတိုင်း မနေဘူးလား (နေပါတယ် ဘုရား) ဒါဖြင့် အားကိုးပြင်ကြဦး မှ ကောင်းမယ်ထင်တယ် (မှန်ပါ့)။

ဘာဖြစ်လို့ပါလိမ့် (အားကိုးပြင်ဖို့ပါ ဘုရား) အခုအား ကိုးလာတာကဖြင့် (အားကိုးလွဲပါတယ်) ကြည့်လေ ဒကာ ဒကာမတွေ အိမ်ထောင်ကျကြတယ် ဆိုကတည်းက အားကိုးကြပြီ၊ မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း ယောက်ျားကို အားကိုးတယ်၊ ယောက်ျားလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း မိန်းမကို အားကိုးတယ် (မှန်ပါ့ ဘုရား) နောက် သားသမီးတွေ ထွန်းကားလာပြန်တော့ ဆိုင်ရာဆိုင်ရာ အားမကိုး ကြဘူးလား (အားကိုးပါတယ် ဘုရား)။

ဖအေက သားကို၊ မအေက သမီးအားကိုးနဲ့ ရှုပ်မလာ ကြဘူး လား (ရှုပ်ပါတယ် ဘုရား) ဒီဥစ္စာ ခင်ဗျားတို့အားကိုး အစဉ် အဆက်ကြီးကဖြင့် အလွဲချည့်ပါဗျာ (မှန်ပါ့)။

ဦးဇံရင် ဘယ့်နှယ်ဆိုမလဲ (အားကိုး အစဉ်အဆက် က လွဲပါတယ်) အလွဲပြပြန်တော့လဲ ခင်ဗျားတို့ ကလဲ ဟိုကလွှဲကြောင်းသက်သေခံ လုံလောက်အောင်ပြလိုက် ပြန်တော့လဲ မျက်ရည် ကျတယ် (မှန်ပါ့)။

လွဲကြောင်းကို သက်သေခံလုံလောက်အောင်ပြ ပြန်တော့လဲ ဘာဖြစ်တုံး (မျက်ရည်ကျပါတယ် ဘုရား) ခက် လိုက်တာနဂိုကလဲ အလွဲလုပ်သေးတယ်၊ လွဲတဲ့အကြောင်းကို သက်သေလုပ်သေးတယ်၊ လွဲတဲ့အကြောင်းကို သက်သေခံလုံ လောက်အောင် တစ်ယောက်ယောက်က ပျက်စီးပြီးပြလိုက်ပြန် တော့လဲ မျက်ရည်ကျတယ် (မှန်ပါ့)။

နဂိုကတော့လဲ ဘာလုပ်ထားသတုံး (အလွဲ လုပ်ထားပါတယ် ဘုရား) အလွဲဟာ အလွဲအတိုင်း အမှန်ပေါ် လာတော့လဲ ဘယ့်နှယ်ဖြစ်နေသလဲ (မျက်ရည်ကျပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့က အမှန်ပြရင် မျက်ရည်ကျတယ် (မှန်ပါ့) အလွဲပြပြန်တော့လဲ ခင်ဗျားတို့က အလုပ်လုပ်တယ်၊ လုပ်တာကလဲအလွဲ၊ အမှန်တော့ မျက်ရည်ကျ ဆိုတော့ တော်တော်ခက်နေပြီ (ခက်ပါတယ် ဘုရား)။

ဦးဘအုန်းရေ ဘယ့်နှယ်ဆိုကြမလဲ (တော်တော် ခက်ပါပြီ ဘုရား) အားကိုးတာကလဲ အလွဲ၊ ဟို, အားမကိုးကောင်း အမှန်ပြလိုက်တော့လဲ ဘယ့်နှယ်ဖြစ် နေသလဲ (မျက်ရည်ကျပါတယ် ဘုရား)။

ဒီမျက်ရည်ဟာ ခင်ဗျားတို့ အမှန်မျက်ရည်လား၊ အမှား မျက်ရည်လား (အမှားမျက်ရည်ပါ ဘုရား) ဘာဖြစ်လို့ ကျရ တာတုံး (အမှန်ပြလို့ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)

မင်းအားမကိုးကောင်းတဲ့တရားကို အမှန် ပြလိုက်ပါရော နဂိုက အားကိုးထားတော့ အမှား လုပ်ထား ပြန်တော့ အမှန်ပြရင်မျက်ရည်ကျတယ် (မှန်ပါ့)။

ဘုရားပွင့်လာရင်ရန်ဖြစ်သလိုနေမှာ

ဒါဖြင့် ဘုရားပွင့်လာရင် ရန်ဖြစ်သလိုနေမှာပဲ ခင်ဗျား တို့ (မှန်ပါ့) ဘယ့်နှယ်ဆိုကြမလဲ (ဘုရားပွင့် လာရင် ရန်ဖြစ် သလိုနေမှာပါ ဘုရား) မဖြစ်ပေဘူးလား ဖြစ်မလား (ဖြစ်သလို နေမှာပါ ဘုရား)။

ဒကာမ ဒကာမတွေ ဒီဥစ္စာရမ်းပြောတဲ့စကားလား၊ ဖြစ်စဉ်ကိုက်လား၊ သေသေချာချာ စဉ်းစားပါ (ဖြစ်စဉ် ကိုက်ပါ ဘုရား)။

နဂိုတုန်းကဒီဥစ္စာနဲ့ ဒီဥစ္စာ အားကိုးတုန်းက မှန်သလား မှားသလား (မှားပါတယ် ဘုရား) ဘာဖြစ်လို့ မှားသတုံး (အနတ္တတရားမို့ မှားပါတယ် ဘုရား) အနတ္တ အနတ္တချင်း ဖြစ်နေတော့ အားကိုးခံနိုင်တဲ့ တရားလား၊ မခံနိုင်တဲ့ တရားလား (မခံနိုင်တဲ့တရားပါ ဘုရား)။

အနတ္တဆိုတာ ကိုးစားစရာ အားထားစရာမရှိဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) အဲဒါ ကိုးစားစ ရာ၊ အားထားစရာမရှိလို့ အနတ္တလဲ ဟောပါရော တစ်ခုခုက ပေါ့လေ ခန္ဓာက ရင်လဲဟော၊ ပစ္စည်းရင်လဲဟော၊ ဟောလိုက် ရင် ခင်ဗျားတို့ ဘာဖြစ်သတုံး (မျက်ရည်ကျပါတယ် ဘုရား)။

ခက်တယ်ဒီဥစ္စာနော် (မှန်ပါ့) ဒကာ ဒကာမတို့ သဘောပါကြရဲ့လား (ပါ, ပါတယ် ဘုရား) အနတ္တ ပြလိုက်တော့ ဘာဖြစ်သတုံး (မျက်ရည်ကျပါတယ် ဘုရား) နဂိုက ဘာကို အားကိုးထားသတုံး (အနတ္တကို အားကိုးထားပါ တယ် ဘုရား)။

အနတ္တကို အားကိုးတာက ဘယ့်နှယ်ထင်သတုံး (အတ္တလို့ ထင်ပြီးအားကိုးပါတယ်) (မှန်ပါ့) သဘောကျပါလား (ကျပါပြီ ဘုရား)။

အားကိုးတုန်းက ဘယ့်နှယ်ထင်သတုံး (အတ္တလို့ ထင်ပြီး အားကိုးပါတယ်) အတ္တလို့ထင်ပြီး အရူး အားကိုး ထားတယ်၊ အရူးသဘောနဲ့ အားကိုးထားတယ်။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် နဂိုတုန်းက အားကိုးတာက အရူးသဘော (မှန်ပါ့) အမှန်ပြလိုက်လို့ ရှိရင်လဲ ဘယ့်နှယ့်တုံး (မျက်ရည်ကျပါ တယ်) မျက်ရည်ကျလာတယ် ဆိုသဖြင့် ဦးဘအုန်းရေ အမှန် ဟောလို့ ဒီဒကာ ဒကာမတွေရမှာ မဟုတ်ပါဘူး၊ ရပါ့မလား (ရနိုင်စရာ မရှိပါ ဘုရား) အမှန်ဟောရင် ဘယ့်နှယ်တုံး (မျက် ရည်ကျပါတယ်) မျက်ရည်ကျတယ် ခင်ဗျားတို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ကိုယ့်မျက်လုံးဟာ ပင်ကိုယ်မျက်လုံးဟာက တိမ်သလ္လာ ဖုံးတော့တယ်ဆိုတဲ့ ဥစ္စာ ကတော့ဖြင့် ရှင်းနေပြီ (မှန်ပါ့) မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား) တိမ်သလ္လာ ဖုံးတယ်ဆိုတာ ငြင်းစရာ လိုသေးသလား (မလိုပါ ဘုရား)။

အဲဒါကြောင့် ယနေ့ည တရားမှာ ဒကာ ဒကာမတွေ ခင်ဗျားတို့ လုပ်သရွေ့ အားကိုးသရွေ့ ဟာဖြင့် ခင်ဗျားတို့ကို နှိပ်စက်ဖို့ အားကိုးတာပဲ (မှန်ပါ့) သတ္တုချလိုက်ပြီ (မှန်ပါ့)။

ဒုက္ခရောက်ဖို့အားကိုးကြတာ

ခင်ဗျားတို့ အားကိုးလေသရွေ့ ဟာ ခင်ဗျားတို့ကို နှိပ်စက်ဖို့ ခင်ဗျားတို့ ဒုက္ခရောက်ဖို့ ခင်ဗျားတို့ အားကိုးကြတာပဲ (မှန်ပါ့) ဆိုထိုက်, မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

ခင်ဗျားတို့ အားကိုးတာသည် ခန္ဓာအားကိုးလဲ ခင်ဗျား တို့ ဒုက္ခရောက်ဖို့ပဲ (မှန်ပါ့) ပစ္စည်းအားကိုးလဲ (ဒုက္ခရောက်ဖို့ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာဖြစ်လို့ ဒုက္ခရောက်ဖို့လို့ နှစ်ခုပြောရတုံး၊ ခန္ဓာကလဲ အနတ္တဖောက်ပြန်ပျက်စီးမှာပဲ (မှန်ပါ့) အားကိုးထားတဲ့ ပစ္စည်း ကလဲ (အနတ္တပါ) ဘယ်မှာ လမ်းဆုံးမှာတုံး (ပျက်စီးမှုမှာ လမ်း ဆုံးမှာပါ) ဖောက်ပြန် ပျက်စီးမှုမှာ လမ်းမဆုံးပေဘူးလား (ဆုံးပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့ သည် စောစောစီးစီးကိုက အားကိုး ထားလို့ရှိရင် မျက်ရည်ကျစရာ ရှာထားတာနဲ့ အတူတူပဲ (မှန်ပါ့) အခုနေ့တိုင်း ရှာနေကြတာ ဘာတွေရှာနေကြတာတုံး (မျက်ရည် ကျစရာ ရှာပါတယ် ဘုရား)။

ဟာ ဒကာ ဒကာမတွေ ဆရာသမားကောင်း ကိုးကွယ်နေတယ်၊ တပည့်တော် နေ့တိုင်း မျက်ရည် ကျစရာရှာ နေတယ်ဆိုတာတော့ မကောင်းဘူးထင်တယ် (မှန်ပါ့) စဉ်းစားပါဦး၊ စဉ်းစားပါဦး၊ ပြန်ပြောကြစမ်းပါဦး၊ ပြန်ပြောကြ စမ်းပါဦး၊ ဦးဘတင် ဒါပြင်ပြောဦးမှ ကောင်းမယ်ဗျ (မှန်ပါ့)။

နေ့တိုင်း အားကိုးရှာထားကြတော့ကို အားကိုးခံမည့် တရားလား, မခံမည့်တရားလား (အားကိုး မခံမည့် တရားပါ ဘုရား) မခံမည့်တရား ဆိုလို့ရှိရင်ဖြင့် အားကိုးလဲမခံဘူး၊ ခင်ဗျား တို့လဲ မျက်ရည် ကျမှာပဲ (မှန်ပါ့)။

နေ့တိုင်းရှာနေတာဘာတုံး

ဒါဖြင့် နေ့တိုင်း ရှာနေတဲ့တရားဟာ ဘာရှာတာတုံး လို့မေးရင်ဖြင့် (မျက်ရည်ကျစရာရှာတာပါ) အခု အမှန် သိလာကြပြီ (မှန်ပါ့) ဒါဟာ အမှန်သိလာတာ (မှန်ပါ့) သဘောပါကြရဲ့လား (ပါ,ပါတယ် ဘုရား)။

နေ့တိုင်း ရှာဖွေနေကြတာ (မျက်ရည်ကျဖို့ပါ) နေ့တိုင်းခင်မင်နေကြတာ (မျက်ရည်ကျဖို့ပါ) ဦးဝရေ တော်တော်ခက်နေပါကလား၊ သဘောပါကြရဲ့လား (ပါ, ပါတယ် ဘုရား) ကိုယ့်အမြင်နဲ့ တော့မကြည့်နဲ့၊ ဒီက နဂိုဟောထားတဲ့ အမြင်ကိုမှတ်ပြီး ကြည့်မှနော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နေ့တိုင်းရှာဖွေနေကြ တဲ့အလုပ်သည် ဘာလုပ်ဖို့တုံးလို့ မေးလို့ရှိရင် အမှန်စင်စစ် ဧကန် ပြောပရစေဆိုလို့ရှိရင် မျက်ရည်ကျဖို့ရှာတာပဲ (မှန်ပါ့)။

သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿဖြစ်ဖို့ရှာကြတာပဲ (မှန်ပါ့) ဒီဟာတွေပျောက်မည့် ပစ္စည်းမှ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား) စွန့်ပစ်ရမည့်ပစ္စည်းမှ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။

အဲဒီတော့ စွန့်ရတဲ့အချိန်ကျတော့ ဘယ့်နှယ်နေသတုံး (မျက်ရည်ကျပါတယ်) ဪ ဒါဖြင့် တပည့်တော်တို့များများ ရှာမှမျက်ရည်များများ ကျရမှာပါဘုရာ့၊ ဒါကြောင့် ကြိုးစားနေရ တယ် (မှန်ပါ့) သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ဟာ ဘုန်းကြီးကလည်း တကယ်ရက်ရက်စက်စက် ပြောနေတာလို့အောက်မေ့မနေနဲ့၊ ခင်ဗျားတို့မျက်ရည်ကားချင် လို့ ဒီဇာတ်ခင်းတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တော်တော်ကြာ ခင်ဗျားတို့ လူပုံအလယ်မှာ အရှက်တ ကွဲအကျိုးနည်းဖြစ်နေမှာစိုးလို့ ဒီစကားကို ဒီနေ့ကစပြီးသင်တာ ဦးဘအုန်းရ (မှန်ပါ့) မသင်ထိုက်ဘူးလား (သင်ထိုက်ပါတယ် ဘုရား)။

ဒါဖြင့် နေ့တိုင်းရှာဖွေနေကြတာ ဘာအတွက်ရှာဖွေကြ ပါလိမ့် (မျက်ရည်ကျချင်လို့ပါ ဘုရား) ယုံကော ယုံပလား (ယုံပါပြီ) ဟိုအနတ္တကိုမြင်မှ နားလည်မှမျက်ရည်ကျဖို့ဆိုတာ သေချာတယ် (မှန်ပါ့)။

အနတ္တမမြင်တဲ့ ပုဂ္ဂိုလ်ကတော့ ဝမ်းသာဖို့ရှာတယ် ထင် နေတာ (မှန်ပါ့) အနတ္တမြင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ့်နှယ် ဆိုမလဲ (မျက်ရည်ကျဖို့ရှာတာပါ) မျက်ရည်ကျဖို့ရှာတယ်ဆိုတဲ့ ဥစ္စာက ဒီအရင် အနတ္တဖြစ်မယ် (မှန်ပါ့) ခန္ဓာလာရင်လဲ အနတ္တဖြစ်မယ်၊ ပစ္စည်းလာရင်ကော (အနတ္တပါ ဘုရား) ဘယ့်နှယ်တုံး ဒကာ ဒကာမတို့ ဘယ့်နှယ်ဆိုကြမလဲ (မျက်ရည် ကျဖို့ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မျက်ရည်ကျဖို့ရှာဖွေနေသော

ပစ္စည်းတွေ ထားပစ်ခဲ့ပြန်လည်း သူက ခန္ဓာက စွန့်သွား ရတော့မယ်ဆိုတော့ ဒီပစ္စည်းတွေကို နှမြောတာနဲ့ မျက်ရည်ကျတယ် (မှန်ပါ့) သဘောကျပလား (မှန်ပါ့) ဒီပစ္စည်းတွေ ရန်သူ ငါးတန်နဲ့ဆက်ဆံပြီး ပျောက်ပျက်သွားပြန်တော့ကော (မျက်ရည်ကျပါတယ်) မသုံးမဖြုန်းလိုက်ရလို့ မျက်ရည်ကျတယ် (မှန်ပါ့) ရှာကျိုးမနပ်လို့ မျက်ရည်ကျတယ် (မှန်ပါ့)။

ဒါဖြင့် နေ့တိုင်း ရှာဖွေနေတာ ဘာပါလိမ့် (မျက်ရည်ကျဖို့ပါ) တချို့မြစ်ကူးရှာကြ၊ မြို့တွေ တခြားမှာ သွား ရှာကြ၊ ရန်ကုန်ကနေ မန္တလေးလာပြီးရှာ၊ မန္တလေးက ရန်ကုန် သွားရှာနဲ့ အမျိုးမျိုး အဖုံဖုံ ရှာကြဖွေကြတာများ ဘာလို့ ရှာကြ တာပါလိမ့် (မျက်ရည်ကျဖို့ ရှာတာပါ) သဘောပါပလား (ပါပါပြီ ဘုရား) သေသေချာချာစဉ်းစားပြီးနာနော် (မှန်ပါ့)။

သာမညနားနဲ့ဆိုလို့ရှိရင် ဒီဥစ္စာကို ဘုန်းကြီးကန့်လန့်ပြောနေ တာနဲ့ တူလိုက်တာလို့ ဒကာ ဒကာမတွေ စွဲချက်တင်ချင်လဲ တင်မယ် (မှန်ပါ့) ကန့်လန့်ပြောတာလား မှန်လွန်းနေ သလား (မှန်လွန်းနေပါတယ် ဘုရား)။

ဦးဇံရင် ဘယ့်နှယ်တုံး၊ ဘုန်းကြီးက ကန့်လန့်ပြောတာ လား (မဟုတ်ပါဘုရား မှန်လွန်း နေပါတယ်) မှန်လွန်းနေ တာကလဲ ဘုန်းကြီးများက ဘုရားဟော တရားတော်ကို ယူပြော ရတာ ဖြစ်နေသောကြောင့် ဦးဘတင် ဒီထက်လွဲပြီး မဟော နိုင်ဘူး (မှန်ပါ့ ဘုရား) မဟောနိုင်ပါဘူး၊ ခင်ဗျားတို့ သားသမီးနဲ့ ပစ္စည်းရှာကြတာ သည်ကားလို့ဆိုရင် ပူဖို့ ဆွေးဖို့ မျက်ရည်ကျဖို့ ရှာတာပါ (မှန်ပါ့ ဘုရား)။

သားသမီးနဲ့ ပစ္စည်းရှာတာပါတဲ့ (ပူဖို့ဆွေးဖို့ မျက်ရည်ကျဖို့ရှာတာပါ) နဂိုက တစ်ယောက်တည်း နေတော့ ပစ္စည်းမရှိ လို့ ပစ္စည်းအတွက်လဲ မျက် ရည် ကျဖို့ မရှိဘူး (မှန်ပါ့) သားသမီးအတွက်ကော (မျက်ရည်ကျဖို့ မရှိပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့်သားရှာတာ ဘာလဲ သားကလေးမွေးချင်တယ်၊ သားကိုယ်ပိုင်မွေးစားချင်တယ် ဆိုတာကလဲ မျက်ရည်ကျချင်လို့ (မှန်ပါ့) ပစ္စည်းကလေးတွေ နေ့တိုင်လျှောက်ရှာနေကြတာကော (မျက်ရည် ကျချင်လို့ပါ ဘုရား)။

မဟု တ် ဘူးဗျ၊ မျက် ရည် ကျခဲ့ ရတာ ဘု ရားက ဘယ်လောက်များပြီတဲ့တုံး (မရေတွက် နိုင်ပါ ဘုရား) ထည့် ပါဦး၊ ထည့်ပါဦး သမုဒ္ဒရာ ရေလေးစင်းလောက် နောက်က မျက်ရည်ကျပြီးခဲ့ပြီတဲ့ (မှန်ပါ့) အခု ဘာတွေ ရှာပြန်သတုံး (မျက်ရည်ကျစရာ ရှာပါတယ်)

လေးစင်းလျှံအောင် လုပ်ဖို့ကျန်သေးထင်ပါရဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အားကိုးလွဲလို့မျက်ရည်ကျရတာ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့တဲ့ အဲဒီမျက်ရည်ကျ လေသမျှ ဦးဘတင် သေသေချာချာ မှတ်လိုက် အားကိုးလွဲလို့ ကျတာ (မှန်ပါ့ ဘုရား) အားလုံး သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မျက်ရည်ဇာတ်သိမ်းချင်ရင် လည်း အားကိုးမှန်မှပေါ့ (မှန်ပါ့) အားကိုး မှန်ရင်တော့ ဘာဖြစ်မတုံး (မျက်ရည်ဇာတ်သိမ်းပါတယ် ဘုရား) ဒါဖြင့် မျက်ရည်များ နှမြော နေကြသလားလို့ မေးပါတယ် (မနှမြောပါ ဘုရား)။

နှမြောလို့များ လက်ကိုင်ပဝါကလေးများနဲ့ ဆွတ်ဆွတ် ပြီး သိမ်းထားထင်ပါရဲ့ ခင်ဗျားတို့၊ မျက်ရည် သုတ်တော့ လက်ကိုင်ပဝါကလေးနဲ့ မသုတ်ဘူးလား (သုတ်ပါတယ်) အပြင်ဖက် ထွက်သွားမှာစိုးလို့ ဒီအထဲတွင် သိမ်းထားသလား၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အလုပ် လွဲမှန်း ကောင်း ကောင်း ပေါ်ပလား ယနေ့ (ပေါ်ပါပြီ ဘုရား) ဘယ်လို ပေါ်ပါလိမ့် (အနတ္တတွေချည့် ရှာနေကြပါတယ်) အနတ္တ တွေလျှောက်ပြီး ရှာနေတာ မျက်ရည်ကျဖို့ချည့်မှတ်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အနတ္တတွေ လျှောက်ရှာနေတာ (မျက်ရည်ကျဖို့ချည့် ပါ) နေ့တိုင်း ဘာတွေကြိုးစားကြသတုံး (မျက်ရည် ကျဖို့တွေ ကြိုးစားနေပါတယ် ဘုရား)။

ဦးဝရေ အသံကတော့ ကောင်းလာပြီဗျနော် (မှန်ပါ့) ဉာဏ်ကောရောက်ပလား (ရောက်ပါပြီ ဘုရား) ကဲ ဒါဖြင့် ဒီလိုလုပ်ပါတော့ ဒကာ ဒကာမတို့၊ အားကိုးလွဲလို့ မျက်ရည်ကျလို့ရှိရင်ဖြင့် အားကိုးမှန်ရင် မျက်ရည်ကျစရာ မလိုတော့ဘူး (မလိုပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သားသမီးနဲ့ ပစ္စည်းရှာတာသည် အားကိုးစရာ အစစ်မဟုတ်လို့ မျက်ရည်ကျဖို့ ရှာတယ်လို့ မှတ်ကြပါ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ပြင်ကြဦးတော့ ဦးဘအုန်း ဘယ့်နှယ်လုပ်ကြ သတုံး (ပြင်ဖို့ကောင်းပါပြီ ဘုရား) ဦးဇံရင်တို့ ပြင်ရမနော်၊ မပြင် – ရင် တော်ပါ့မလား (မတော်ပါ ဘုရား)။

မပြင်ရင် ခင်ဗျားတို့ သမုဒ္ဒရာ ရေလျှံလို့ သေတဲ့အထဲ ခင်ဗျားတို့ ပါဝင်သွားလိမ့်မယ် (မှန်ပါ့) မပါပေဘူးလား (ပါ, ပါတယ် ဘုရား)။

နဂိုက ငိုခဲ့ရတာက ဘယ်လောက်တဲ့ (သမုဒ္ဒရာရေ လေးစင်းပါ ဘုရား) အခု နောက်ထပ်ရှာတော့ ဘာလုပ်ချင်သေး သတုံး (လျှံအောင်လုပ်မှာပါ) လျှံဖို့ကျန်သေးတယ်ဆိုတော့ သမုဒ္ဒရာကလည်း ဘယ်တော့မှ မလျှံဘူးတဲ့ဗျ (မှန်ပါ့)။

ခင်ဗျားတို့ မျက် ရည် ထည့် ချင် သလောက်ထည့်၊ အဲဒီတော့ လျှံဖို့ရာသာ အားထုတ်မယ် ဆိုရင်၊ သူကလည်း လျှံ နိုင်တဲ့အမျိုးက မဟုတ်တော့၊ ခင်ဗျားတို့သာလျှင် သံသရာရှည် ဖို့ ရှိတယ် (မှန်ပါ့) နေရာကျကြပလား (ကျပါပြီ ဘုရား)။

ဪ ဒါဖြင့် သမုဒ္ဒရာလေးစင်းရေ ဘယ်လောက် မျက်ရည်တွေများခဲ့ရတဲ့အဖြစ်ဟာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားကိုးလွဲခဲ့ကြလို့ (မှန်ပါ့) သတ္တုချပါတော့ ဗျာ (မှန်ပါ့) မချနိုင်ဘူးလား (ချနိုင်ပါတယ် ဘုရား) ဘယ်လို ချပါ့မယ် (အားကိုးလွဲလို့ပါ ဘုရား)။

အားကိုး လွဲခဲ့တဲ့အတွက် မျက်ရည်ပေါင်း ဘယ်လောက် များခဲ့သတုံး (သမုဒ္ဒရာရေ လေးစင်း လောက်ပါ ဘုရား) မျက်လုံး ပေါင်း ဘယ်လောက်သူများကို ကျွေးခဲ့ မွေးခဲ့ရတာနဲ့၊ သူများ ပါးစပ်ထဲ စားဖတ်ဝါးဖတ် ဖြစ်ပြီး၊ ကိုယ့်မျက်လုံးတွေဟာ ကောင်းကင်ကြယ်တွေကပဲ နည်းသေးသတဲ့ (မှန်ပါ့) ဒါ အားကိုးလွဲခဲ့လို့ သေခဲ့ ကြေခဲ့ရတာ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ အခုအချိန်မှ မပြင်တော့ပါ ဘူးဆိုလို့ရှိရင် ခင်ဗျားတို့ထက် ဆိုးရွားတာ၊ ခင်ဗျားတို့ထက် ဒုက္ခရောက်စရာရှိတာ ရှာလို့မတွေ့ဘူး (မှန်ပါ့) တွေ့ပါဦးမလား (မတွေ့ပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်သူမှတုမနေနဲ့၊ အားကိုး မှန်တဲ့ဥစ္စာ အမြန်လိုက်ကြစို့ (မှန်ပါ့) အားကိုးမှန် ရှာတာကို အမြန်လိုက်ပါတော့ဆိုတော့ ဘုရားက

“အတ္တဒီပါ ဝိဟာရထ၊ အတ္တသရဏာ အနည

သရဏာ၊ ဓမ္မဒီပါ ဓမ္မသရဏာ အနညသရဏာ” တဲ့။

တရားကိုသာအားကိုးကြပါ

တရားကိုသာ အားကိုးကြတော့ပေါ့တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ် တရားတုံးဆိုတော့ သတိပဋ္ဌာန် လေးပါး အားထုတ်တဲ့ မဂ္ဂင်တရားတဲ့၊ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား) ဒါဖြင့် သတိပဋ္ဌာန်လေးပါးကို ဖြစ်ပျက်အားထုတ်တဲ့ မဂ္ဂင်ပေါ့ဗျာ (မှန်ပါ့) ဘာအားကိုးရမလဲ (မဂ္ဂင်အားကိုးရပါမယ်)

မဂ္ဂင်အားကိုးလို့ရှိရင် မဂ္ဂင်က နိဗ္ဗာန်ပို့တော့ ငိုစရာ ရှိသေးရဲ့ လား (မရှိပါ ဘုရား) မျက်ရည် ကျစရာကော (မရှိပါ ဘုရား)

ဒါဖြင့် ဒကာ ဒကာမတွေ အခုအားကိုးတာကဖြင့် မျက်ရည်ကျဖို့ပဲ (မှန်ပါ့) ဘုရား ဟောတော်မူတဲ့ အတိုင်း ဘုန်းကြီးပြောတဲ့ဆီကို အားကိုးကြလို့ရှိရင်ဖြင့် ဝိပဿနာ အလုပ်ကို လုပ်လို့ ရှိရင် မျက်ရည်သိမ်းဖို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာမဂ် အလုပ်လုပ်ရင် (မျက်ရည် သိမ်းဖို့ပါ ဘုရား)။

နေ့တိုင်း စီးပွားရေးကြိုးစား သားရေး၊ သမီးရေးကိစ္စ နဲ့သာ အချိန်ကုန်ကြလို့ရှိရင်ဖြင့် ဘယ့်နှယ်ဆိုပါ့မလဲ (မျက်ရည် ကျဖို့ပါ ဘုရား) ဒါဖြင့် ဘယ်ဟာကြိုက်သတုံး (မျက်ရည် သိမ်းဖို့ ကြိုက်ပါတယ် ဘုရား)။

နိမိတ်မကောင်းရင် မဂ္ဂင်အလုပ်ကိုလုပ်ပါ

မျက်ရည်အကြောင်း မပြောစမ်းပါနဲ့ဘုရား နိမိတ် မကောင်းပါဘူး။ နိမိတ်မကောင်းရင် မဂ္ဂင်လုပ်ပါ။ ရှုပ်မနေနဲ့ ခင်ဗျားတို့ ဘာတွေ ညာတွေကို (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

စောစောစီးစီး မျက်ရည်သံများ – ဟိုဘက်အိမ်က ငိုလည်းမကြားချင်ဘူး၊ ဒီဘက်အိမ်က ကလေးငိုလည်း မကြားချင်ဘူး၊ ဟိုအိမ်ကနေပြီး ရန်ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ငိုနေကြရင်ကော (မကြားချင်ပါ ဘုရား)။

ဘာဖြစ်လို့မကြားချင်တာလည်း နိမိတ်မကောင်းလို့တဲ့ (မှန်ပါ့) နိမိတ်သာမကောင်းတယ် ကိုယ်တိုင် မျက်ရည်ကျဖို့ လုပ်နေတာကတော့ သာပြီးအရုပ်ဆိုးတယ် (မှန်ပါ့) မဆိုးဘူး လား (ဆိုးပါတယ် ဘုရား)။

ကိုယ်တိုင် မျက်ရည်ကျဖို့ အလုပ်ကို မလုပ်ကြဘူးလား (လုပ်ပါတယ်) သားကိုခင်တယ် ဆိုရင်ဖြင့် သားကြောင့် ငိုချင် လို့ (မှန်ပါ့) သမီးခင်ရင် (သမီးကြောင့် ငိုချင်လို့ပါ ဘုရား)။

ပစ္စည်းရှာရင် (ပစ္စည်းကြောင့် ငိုချင်လို့ပါ) ပစ္စည်းဆုံး ရှုံးသွားရင် ငိုမှာပဲ (မှန်ပါ့) ပစ္စည်း ပျောက်သွားရင်ကော (ငိုမှာ ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သူများမျက်ရည်ကျတာတော့မကြိုက်ဘူး၊ ကိုယ်တိုင်ကျချင်သလား မေးဖို့လိုလာတယ် (မှန်ပါ့) မလိုဘူး လား (လိုပါတယ် ဘုရား) ကဲ ဒါလောက် စကားတွေ လှည့် လှည့်ပတ်ပတ် ပြောပြောပြီး သကာလ နေရတာ ဦးဘတင် ဒကာ ဒကာမတွေ ထူလွန်းလို့ (မှန်ပါ့) မထူဘူးလား (ထူပါတယ် ၊ ဘုရား)။

ထူတာက နက်ဖြန်မိုးလင်းရင် စပြီးထူပြီဗျ၊ မထူပေ ဘူးလား (ထူပါတယ် ဘုရား) စီးပွားရှာ ထွက်ကြတော့မယ် ဟုတ်လား မထွက်ပေဘူးလား ထွက်မလား (ထွက်မှာပါ ဘုရား)။

ဘာရှာပြန်တာတုံး၊ ဒါဟာ (မျက်ရည်ကျဖို့ပါ) မျက်ရည် ကျဖို့ ရှာပြန်ပြီ (မှန်ပါ့) ဒီနေ့ ရေရေ လည်လည် ပြောလွှတ် လိုက် နက်ဖြန် ထူမှာပဲ၊ အတော်ဆိုးမနေဘူးလား (ဆိုးပါ တယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတွေ မပါးဘူး၊ မပါးဘူး၊ ခင်ဗျားတို့ဟာ တစ်ခါပြောရင် မှတ်တာမဟုတ်ဘူး၊ မှတ်ကြရဲ့လား (မမှတ်မိကြပါ ဘုရား)။

ဦးစံရင် ကလေးများကျတော့၊ တစ်ခါပြော မမှတ်မိတဲ့ အခါကျတော့၊ အမေမိဘက စိတ်တိုတဲ့ပြီး ခေါင်းခေါက်တယ်၊ ထိပ်ရိုက်တာတွေ မလာဘူးလား (လာပါတယ် ဘုရား)။

ခေါင်းခေါက်ရမည့်အရွယ်မဟုတ်တော့ဘူး

ခင်ဗျားတို့ ကလည်း အရွယ်က ကြီးကုန်တော့ တော်တော်ခက်နေတယ်၊ ခေါင်းခေါက် ထိပ်ရိုက် ရမှာကလည်း အရွယ်မဟုတ်တော့ဘူး (မှန်ပါ့) သို့သော် ကန့်လန့်က တော့လုပ်တယ် (မှန်ပါ့) မလုပ်ဘူးလား (လုပ်ပါ တယ် ဘုရား)။

နက်ဖြန်မနက်ထွက်မှာ စီးပွားရှာတာလား၊ မျက်ရည် ရှာတာလား (မျက် ရည် ရှာတာပါဘု ရား) အဲဒါ လုပ်ကောင်း မလုပ်ကောင်း (မလုပ်ကောင်းပါ ဘုရား)။

နက်ဖြန် ဘယ်သူမှ မခင်ပါနဲ့တော့ဆိုရင် ဘယ်သူ့ အတွက်မှ မျက်ရည်ကျစရာ လိုသေးသလား (မလိုပါ ဘုရား) ဒီလိုမဟုတ်ဘဲ နက်ဖြန်ကျလို့ရှိရင် ဘယ်သူကျန်းမာ သလား၊ ဘယ်သူ ချမ်းသာ သလား ဟုတ်လား၊ ဘယ်သူနဲ့ မတွေ့ ရလို့ ခက်တယ်၊ ဘယ်သူ့မမြင်ရလို့ ခက်တယ်နဲ့ ခင်ဗျားတို့က လျှောက်ပြီး ရှုပ်နေပြန်တာတဲ့ (မှန်ပါ့) မရှုပ်ဘူးလား (ရှုပ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အလုပ်ဟာက အားကိုးလွဲတာ ကတော့ သေချာတယ် (သေချာပါတယ်) ဘာကိုချည့် အားကိုးနေသတုံး (အနတ္တချည်း အားကိုးနေကြပါတယ်) အနတ္တချည်း အားကိုးနေတယ် ဆိုတော့ ဦးဘတင်ရဲ့ စာသံပါ နေတယ်၊ မျက်ရည်ကျဖို့ချည်း အားကိုးနေတယ်လို့ ပြောလိုက် ပါ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဦးဘအုန်းရေ လောကကြီးထဲ ဖြစ်နေတာပြောပါ တယ် (မှန်ပါ့) ဦးစံရင် ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား) လောကကြီးထဲ ဖြစ်နေတာ ဒီအတိုင်းကို တန်းနေတာ ပဲ (မှန်ပါ့)။

ဒါ ဘယ့်နှယ်ကြောင့်တုံး ဆိုလို့ရှိရင် ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အားကိုးရှာတာ လွဲနေတယ် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ခုနင်က ဘုန်းကြီးပြောခဲ့တယ်၊ မဂ္ဂင်ဘဲ အားကိုးကြပါလို့ ဘုရားက ဒါကို အားကိုးရမယ်တဲ့။ ဓမ္မဒီပါ ဓမ္မသရဏာကိုး (မှန်ပါ့) ဓမ္မဒီပါ ကျွန်းကြီး သဖွယ်ဖြစ်တဲ့ မဂ္ဂင်ကိုသာ အားကိုးကြပါ၊ ဓမ္မသရဏာ မဂ္ဂင် ကိုသာ အားကိုးပါ၊

ဓမ္မသရဏာ – မဂ္ဂင်ကိုသာ ကိုးကွယ်ပုန်း အောင်းရာ ရှိကြကုန်သည်၊ ဟောထ ဖြစ်ကြပါကုန်လော့၊ မဟောဘူးလား (ဟောပါတယ် ဘုရား)။

ဒါဖြင့် ဘာကိုအားကိုးကြမယ် (မဂ္ဂင်ကို အားကိုး ကြရပါမယ် ဘုရား) မဂ္ဂင်အားကိုးတော့ မဂ္ဂင်က ဘယ်ကိုပို့သတုံး (နိဗ္ဗာန်ပို့ပါတယ် ဘုရား) နိဗ္ဗာန်ပို့တော့ ငိုစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား) သေစရာကော (မရှိပါ ဘုရား)။

ဒါဖြင့် စောစောကိုများ သူ့ကိုပြောင်းပြီး အားကိုးလိုက် မယ်ဆိုရင် သမုဒ္ဒရာ လေးစင်းရေ လောက် ဆိုတဲ့ မျက်ရည်တွေ မငိုရပါဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အငိုတိတ်ချင်ရင် မဂ္ဂင်အားကိုး

ဒါဖြင့် ဘယ်လိုဆုံးဖြတ်ချက်ချကြမတုံး၊ ဒီလိုလုပ်ကြပါ၊ အငိုတိတ်ချင်ရင် မဂ္ဂင်အားကိုး၊ ဆက်ပြီး ငိုချင်သေးရင် သားရေး၊ သမီးရေး စီးပွားရေးလိုက်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငိုကြာရှည်ချင်ရင် ဘယ့်နှယ်တုံး သားရေး၊ သမီးရေး၊ စီးပွားရေးချည်းလိုက်နေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အံမာလေး မနည်းပြောရတယ်၊ ခင်ဗျားတို့ ပြောရတာ ကလည်းမလွယ်ဘူး (မှန်ပါ့) အဲဒါ လူကြီးတွေကို ပြော တာပဲ ဆိုတာကိုဖြင့် မှတ်ကြပါတော့ (မှန်ပါ့) ဒီအထဲမှာ ကလေးတွေကို ပြောလို့ ရှိရင် ဒါလောက် နားလည်မှာ မဟုတ်ဘူး (မှန်ပါ့)။

ဦးဇံရင်၊ ဒါ ဘယ်သူ့ဟောနေတဲ့ တရားတုံး (လူကြီးတွေ ဟောနေတာပါ ဘုရား) လူကြီးတွေမှာ ငိုကြော ရှည်နေတဲ့ အလုပ်လုပ်နေတာ၊ အခု သူကိုယ်တိုင် မသိဘူး (မှန်ပါ့) သိရဲ့လား (မသိပါ ဘုရား)။

အငိုတိတ်ဖို့ရာ အလုပ်လုပ်ဖို့ရာ အကြောင်းကိုလည်း သူမစဉ်းစားဘူး (မှန်ပါ့) နှစ်ဖက်မသိ ဖြစ်နေတာ (မှန်လှပါ) ငိုကြောရှည်တဲ့အလုပ်ကို လုပ်နေတယ်လို့ကော (မသိပါ ဘုရား) အငိုတိတ်တဲ့ အလုပ်ကို လုပ်ကောင်းတယ် လို့ကော (မသိပါ ဘုရား) သားရေး၊ သမီးရေး၊ စီးပွားရေး အလုပ်ကဖြင့် (ငိုကြာရှည်တဲ့ အလုပ်ပါ ဘုရား) ငိုကြောရှည်တဲ့ အလုပ်၊ ကိုယ့်ခန္ဓာ ကိုယ်ခင်နေတာလည်း ငိုကြာရှည်ဖို့ပဲ (မှန်ပါ့)။

နောက်ဘဝလည်း ဒီခန္ဓာရ၊ ကိုယ့်အပူနဲ့ကိုယ် ငိုဦး (မှန်ပါ့) ဒီလိုပဲ မနေဘူးလား (နေပါတယ် ဘုရား) ကိုင်း ဒါဖြင့် ခင်ဗျားတို့ ငိုကြာရှည်ချင်လို့ရှိရင် ကိုယ့်ကိုယ်ကိုခင်၊ စီးပွားရေးခင်၊ ဒါ ငိုကြာရှည် တဲ့ အလုပ်ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အတော်ကောင်းတဲ့ဆေး

အငိုတိတ်ချင်ရင် ဘာလုပ်ကြမယ် (မဂ္ဂင် အလုပ် လုပ်ရပါ့မယ်) ဒီဆေးဟာ အတော်ကောင်းတဲ့ ဆေးဗျ (ကောင်းပါတယ် ဘုရား)။

ဦးဇံရင် ဒီဆေး ဘယ့်နှယ်နေသတုံး (ကောင်းပါ တယ် ဘုရား) မသောက်ချင်ဘူးဆိုရင် ငိုကြာရှည်ချင် လို့လား (မှန်ပါ့) သောက်ပါ့မယ်ဆိုရင် အငိုတိတ်ချင်လို့ (မှန်ပါ့) ဒါ ကိုယ့်ဟာကို ဆုံးဖြတ်ချက်ချ (မှန်ပါ့) ဆုံးဖြတ်ချက် ချတတ်ပလား (ချတတ်ပါပြီ ဘုရား)။

ဒီအလုပ် မလုပ်ချင်ဘူး၊ မဂ္ဂင်အလုပ် မလုပ်ချင်ဘူး ဆိုရင် (ငိုကြာရှည်ချင်လို့ပါ ဘုရား) သဘော ပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် တပည့်တော်တို့ဘုရား အငိုဇာတ်တော့ဖြင့် စခန်းသတ်ပါတော့မယ်ဆိုရင် ဘာလုပ်ရမလဲ (မဂ္ဂင် အလုပ်လုပ်ရပါမယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ငိုကြာရှည်တာနဲ့ အငိုတိတ်ဖို့ကို မနည်းဟောရပါ ကလား၊ နာရီသုံးမတ်တောင် ကြာသွားတယ် (မှန်ပါ့) ဒကာ ဒကာမတို့ မသိလို့ ဖော်ရတာနော် (မှန်ပါ့) မသိလို့ ဖော်နေရတာ၊ ဦးဝကြီးဟာ နည်းတဲ့ အသက် မဟုတ်ဘူးဗျ (မှန်ပါ့) အခုထက်ထိ ငိုကြာရှည်တဲ့လမ်းကို လိုက်တုန်း ရှိသေး တယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

သားခင်၊ သမီးခင်၊ ဆွေခင်၊ မျိုးခင်ဆိုတာ ဘာတုံး ( ငိုကြာရှည်လမ်း လိုက်တာပါ) မဂ္ဂင်လမ်းကို သူ ကောင်းကောင်းမွန်မွန် မလိုက်သေးဘူးဗျ (မှန်ပါ့)။

ဘာဖြစ်လို့တုံးဆိုတော့ အငိုမတိတ်ချင်သေးလို့ (မှန်ပါ့) ဒီအရွယ်ကြီးဟာ မကောင်းတော့ဘူးဗျ (မကောင်း ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေဟာ ကိုယ့်အရွယ်နဲ့ ကိုယ်ကောင်းကြသေးရဲ့လား (မကောင်းပါ ဘုရား) ဒါဖြင့် ငိုကြောရှည်တဲ့လမ်းနဲ့ အငိုတိတ်တဲ့လမ်းကို ဘယ်လမ်းလိုက် မလဲ (အငိုတိတ်တဲ့လမ်း လိုက်ပါ့မယ်) အပြောတော့ ဟုတ်နေတာပဲ (မှန်ပါ့)။

ဦးဘတင်ရေ၊ အပြောတော့ ဟုတ်နေတာပဲ၊ လုပ်ပုံ ကိုင်ပုံတွေ ကြည့်ရတာဖြင့် ဒကာ ဒကာမတို့ နေ့စဉ်ငိုဖို့ ရှာ နေကြတာပဲ (မှန်ပါ့) မရှာကြဘူးလား (ရှာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် သိမ်းတတ်ပလား (သိမ်းတတ် ပါပြီ ဘုရား) ကိုယ့်မျက်ရည် ကိုယ်သိမ်းမှရမယ် (မှန်ပါ့) ဘာဖြစ်လို့တုံးဆိုတော့ ကိုယ်ငိုချင်လို့ ရှာထားတာကို ဒါတွေ လွှင့်ပစ်လိုက်လို့ရှိရင်ဖြင့် ငိုစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

လွှင့်ပစ်လိုက်ဆိုတာက ဒီအပေါ်မှာ ခင်တွယ်တဲ့ သမု ဒယသစ္စာကို သတ်ရဦးမှာ ဦးဘတင်ရ (မှန်ပါ့) သတ်လိုက် လို့ရှိရင် အငိုမတိတ်ဘူးလား (တိတ်ပါတယ် ဘုရား)။

ငိုကြောရှည်ချင်ရင်

ဒါဖြင့် စကားနှစ်လုံးတည်းပဲ ဒကာ ဒကာမတွေ ဟောနေပါတယ်၊ ငိုကြာရှည်ချင်လို့ရှိရင်ဖြင့် ခန္ဓာခင်တဲ့၊ ပစ္စည်းခင်တဲ့အလုပ်ကိုလုပ်ပါ (မှန်ပါ့) ငိုကြာရှည်ချင်ရင် ခန္ဓာပစ္စည်းခင်တွယ်တဲ့ အလုပ်လုပ်ပါ (မှန်ပါ့) အဲဒါ ငိုကြာ ရှည်တဲ့လမ်းပဲ (မှန်ပါ့) ခန္ဓာနဲ့ ပစ္စည်း မခင်တဲ့ မဂ္ဂင်အလုပ်ကို လုပ်လို့ရှိရင် (အငိုတိတ်တတ်တဲ့ အလုပ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငိုကြောရှည်တဲ့အလုပ်က ခန္ဓာနဲ့ ပစ္စည်းကို ရှာဖွေပြီး သကာလ မခွဲနိုင်၊ မခွာရက်ဖြစ်နေတဲ့ အလုပ်တွေဟူသရွေ့ ငိုကြာရှည်ချင်လို့ (မှန်ပါ့) သဘောကျပလား။ (ကျပါပြီ ဘုရား)။

ခင်ဗျားတို့အမြင်နဲ့ ပြောမယ်ဆိုရင်တော့ဖြင့် ဒီတရား ဟာ ကန့်လန့်ပဲ (မှန်ပါ့) ခင်ဗျားတို့က သားနဲ့ သမီးနဲ့ ဝေးတော့မယ် ဆိုလို့ရှိရင် အဝေးမှာပဲ ခွဲခွာပြီး နေရတော့မယ် ဆိုလို့ရှိရင် ခင်ဗျားတို့ မကြိုက်ဘူး (မှန်ပါ့ ဘုရား) ကြိုက် ကဲ့လား (မကြိုက်ပါ ဘုရား) ဘာဖြစ်လို့ မကြိုက်သတုံးလို့ မေးလို့ရှိရင် ငိုစရာ ဝေးနေလို့ (မှန်ပါ့) နီးနေတဲ့ အခါကျတော့ (အနီးငိုရပါတယ် ဘုရား)။

ဒါဖြင့် အနီးငိုနဲ့ အဝေးငို ဘယ်ဟာ ကြိုက်ကြပါလိမ့်၊ အတော်ခက်ပါပေါ့လား ဒကာ ဒကာမတို့၊ အဝေးငို အနီးငို ဘယ်ဟာ ကောင်းသတုံး (ဘယ်ဟာမှ မကောင်းပါ ဘုရား) တော်တော် ရိပ်မိလာကြပြီ (မှန်ပါ့)။

တော်လာပြီ တော်လာပြီ ဒကာ ဒကာမတို့၊ နဂိုက ခင်ဗျားတို့အထင်ကတော့ သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့၊ အိမ်ထောင်ဖြစ်လို့ ခွဲခွာရတော့မယ် ဆိုတာတောင်မှ ကျေနပ် ကဲ့လား (မကျေနပ်ပါ ဘုရား)။

အဝေးကို လှမ်းရမှာက မကောင်းဘူး၊ နီးနီးနားနား တွင် လက်သိပ်ထိုးငိုရတာ (ကောင်းပါတယ် ဘုရား) ၊ အတော်ဆိုးနေတာ (မှန်ပါ့) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အငိုတိတ်တဲ့လမ်းက ဘယ်လမ်းပါလိမ့်

ဒါဖြင့် ပြင်ကြဦးလေဗျာ။ အငိုတိတ်တဲ့လမ်း ဘယ်လမ်း ပါလိမ့် (မဂ္ဂင်လမ်းပါ ဘုရား) အငိုများတဲ့ လမ်းက (ပစ္စည်းနဲ့ခန္ဓာစွဲတဲ့လမ်းပါ ဘုရား) သားသမီးနဲ့ ပစ္စည်းလမ်းပေါ့ ဗျာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မဂ္ဂင်အလုပ်လုပ်တာသည် ဒကာ ဒကာမတို့ ပျင်းနေလို့ရှိရင် ကိုယ့်ကိုယ်ကို ဆုံးမပါ၊ မင်း ငိုကြာရှည်ချင် သေးလို့ မင်းပျင်းတာလား၊ မရှက်သေးဘူးလား၊ လူပုံအလယ် မှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့တဲ့ ဘဝပေါင်း မရေမတွက် နိုင်တော့ဘူး၊ မင်းငိုခဲ့ရတာတွေ ဘယ်လောက်များ များမယ် ထင်ကြသတုံး (မရေတွက်နိုင်ပါ ဘုရား)။

အဲဒီတော့ အရှက်တကွဲ အကျိုးနည်း ဘယ်လောက် ဖြစ်ခဲ့သတုံး (မရေတွက်နိုင်ပါ ဘုရား) အဲဒါဟာ ကိုယ့်ကိုယ် ကို ဆုံးမကြနော် (မှန်ပါ့)။

ဝိပဿနာအလုပ်ကို မလုပ်ချင်တဲ့စိတ် ပေါ်လာလို့ ရှိရင်၊ မင်းဟာ အရှက်တကွဲ အကျိုးနည်းငိုပွဲ ဆင်ချင်လို့လား လို့ မေးပါ (မှန်ပါ့) ဒါဟာ ဝိပဿနာအလုပ် မလုပ်တိုင်း မလုပ် တိုင်း ကိုယ့်ကိုယ်ကို မေးပါ (မှန်ပါ့)။

မင်းသည်ကားလို့ဆိုရင် အရှက်တကွဲ အကျိုးနည်းငိုပွဲ ဆင်ချင်လို့လား၊ မလုပ်တိုင်း မလုပ်တိုင်း မေးရမယ် (မှန်ပါ့ ဘုရား)။

လုပ်လာပြီဆိုမှဖြင့် မင်းလိမ္မာလာပြီ အငိုတိတ်ချင်တဲ့ လမ်းကို မင်းလိုက်လာပြီ ဒါ ကိုယ့်ကိုယ်ကို ပြောရမှာ (မှန် လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အလုပ် လုပ်ဖို့ ပျင်းတဲ့အခါကျတော့ ဘယ်လိုဆုံးမရ မလဲ (မင်း ငိုပွဲဆင်ချင်လို့လားလို့ ဆုံးမရပါမယ် ဘုရား)

အဲ အရှက်တကွဲ အကျိုးနည်း ငိုပွဲဆင်တဲ့လမ်းကို မင်း ချင်သေးလို့လား (မှန်လှပါ ဘုရား) ဘယ်သူ့ မေးရမှာတုံး (ကိုယ့်ကိုယ်ကို မေးရမှာပါ ဘုရား) လုပ်တဲ့အချိန်ကျလို့ရှိရင်ဖြင့် မင်း, လိမ္မာ လာပြီ ကိုယ့်ကိုယ်ကို ဝမ်းသာပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့သည်ကားလို့ဆိုရင် အလွန့်ကို ရှင်း အောင် ပြောနေတာပဲ ဒီဥစ္စာ (မှန်လှပါ ဘုရား)။

ကိုယ့်ကိုယ်ကိုမေးပါ

အဲဒါ ဝိပဿနာ မလုပ်တိုင်း၊ မလုပ်တိုင်း ကိုယ့်ကိုယ်ကို မေးပါ၊ တောင်စကား၊ မြောက်စကား တွေကို အားတဲ့အချိန် ကလေးမှာ ပြောမည်ကြံရင် မပြောချင်နဲ့၊ ဒါဟာ ငိုပွဲအကြောင်း ပြောနေတာ၊ သားအကြောင်း၊ သမီးအကြောင်းပဲ ပြောမှာကိုး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီပြင်ဘာများ ပြောစရာရှိသေးသတုံး (မပြောပါ ဘုရား) ငိုပွဲအကြောင်းတော့ ဇာတ်သိမ်း ပါတော့မယ် မပြောပါနဲ့တော့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ ၊ ဒကာ ဒကာမတွေ အခု ဒီဥစ္စာကို သေသေချာချာ မှတ်ပါ (မှန်ပါ့) စကားမို့ ပြောရင် ခင်ဗျားတို့က ငိုပွဲအကြောင်း ပြောတာပဲ (မှန်ပါ ဘုရား) ဒီပြင်ဘာများ ပြောသေးသတုံး (မပြောပါ ဘုရား)။

သားအကြောင်းပါမယ်၊ သမီးအကြောင်းပါမယ်။ ဆွေမျိုးအကြောင်းပါမယ်၊ စီးပွားရေး အကြောင်း ပါမယ်၊ မိတ်ဆွေ အကြောင်းပါမယ် (မှန်ပါ့) ဒီပြင်ဘာပါစရာလိုသေး သတုံး (မပါပါ ဘုရား) အဲဒါတွေဟာ ဘာတုံးဆိုတော့ ငိုစရာချည့်ပဲ မဟုတ်ဘူးလား (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ငိုပွဲဆင်ချင်သေးလို့လား

အဲဒီတော့ ဝိပဿနာအလုပ် မလုပ်တိုင်း ဘယ်လို ဆုံးမမတုံး၊ အရှက်တကွဲ အကျိုးနည်း ငိုပွဲ ဆင်ချင်လို့လား၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကို မပြောတော့ဘူး၊ ခန္ဓာကိုယ်လှည့်ပြီး ရှုနေပြီဆိုမှ ဖြင့် သော် မင်း ပါးလာပြီ၊ မင်းအငို တိတ်တဲ့ လမ်းကို လိုက် လာပြီ၊ မင်းကိုယ်မင်း သနားပြီ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) လိုက်တတ် ပလား (လိုက်တတ်ပါပြီ ဘုရား)။

ပြင်ဦးနော် ဒကာ ဒကာမတွေ အရွယ်တွေ ကြီးကုန်ပြီ၊ ပြင်စရာရှိတာကလေးပြင်ပါဦး၊ မပြင်ဘဲ သေသွားရင် အရိုင်းသေ ဖြစ်သွားဦးမယ်၊ အယဉ်သေ ဖြစ်ပါဦးမလား (မဖြစ် ပါ ဘုရား) အင်မတန် ဆိုးဝါး မသွားပေဘူးလား (ဆိုးဝါး ပါတယ် ဘုရား)။

ကဲ ဒါဖြင့် အခု ပြင်ချိန်ပြင်ပါလို့ သတိပေးပါ တယ် (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဦးဘအုန်းတို့ ဦးဇံရင်တို့ မဂ္ဂင်ကို အားကိုးမှ သာလျှင် အငိုတိတ်တယ်ဆိုတာ သိနေတော့ မဂ္ဂင်ကလည်း ဒကာ ဒကာမတို့ ဝိပဿနာမဂ္ဂင်တစ်မျိုး၊ လောကုတ္တရာမဂ္ဂင် တစ်မျိုး (မှန်လှပါ ဘုရား)။

ဝိပဿနာမဂ္ဂင် ပိုင်ရင်တောင် ခင်ဗျားတို့ ဒီဘဝ အငို တိတ်တယ် (မှန်ပါ့) တစ်ဖက် လောကုတ္တရာ မဂ္ဂင် ပိုင်မယ် ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အကုန် အငိုတိတ်တယ် (မှန်ပါ့) တစ်ဘဝ အငိုတိတ်၊ တောက်လျှောက် အငိုတိတ် ကွာတယ် (မှန်ပါ့ ဘုရား) မကွာဘူးလား (ကွာပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂင်ပဲ အငို တိတ်လမ်းရှိပါတော့လား (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အငိုတိတ်လမ်းဟာ မဂ္ဂင်လမ်း

အငိုတိတ်လမ်းဟာ ဘာပါလိမ့် (မဂ္ဂင်လမ်းပါ ဘုရား) အပူသိမ်းလမ်းဟာကော (မဂ္ဂင်ပါ ဘုရား) အဆိုး သိမ်းလမ်းဟာကော (မဂ္ဂင်ပါပဲ ဘုရား) အသေသိမ်းလမ်း ဟာကော (မဂ္ဂင်ပါပဲ ဘုရား) သိပ်အဖိုးတန် ပါကလား မဂ္ဂင် တရားဟာ (မှန်ပါ့ ဘုရား) ဦးဘတင် သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီလမ်းကိုဖြင့် ဖြောင့်ဖြောင့် ကြီးလိုက်ဖို့ ကောင်းပြီ (ကောင်းပါပြီ ဘုရား) တိုက်တွန်းတာ သဘောတူကြပလား (တူပါတယ် ဘုရား)။ ဘယ်လို သဘောတူတာတုံး (မဂ္ဂင်လမ်းလိုက်ဖို့ သဘောတူပါတယ် ဘုရား)

မဂ္ဂင်လမ်းကို အရှင်ဘုရားပြသာပြ ၊ ပါတော့ အဖြောင့်လိုက်ပါတော့မယ် ဘုရား၊ အငိုလည်း တိတ် တဲ့လမ်း၊ အသေလည်းရပ်တဲ့လမ်း ဆိုလို့ရှိရင်ဖြင့် ဒီလမ်းထက် ကောင်းတာဖြင့် ဘယ်ကိုရှာရှာ ရှိပါဦးမလား (မရှိပါ ဘုရား) လမ်းကောင်းလမ်းမှန်ပဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့်ဘုရားက “သောကပရိဒေဝါနံ သမတိက္ကမာ ယ” သောကပရိဒေဝလည်း သေသေချာချာ ငြိမ်းပါတယ်လို့ သတိပဋ္ဌာန်မှာ ဦးဘတင်ဟောတော်မူတယ် (မှန်ပါ့) မပါ ဘူးလား (ပါပါတယ် ဘုရား)

သောကဆိုတာ စိုးရိမ်တာ (မှန်ပါ့) ပရိဒေဝ ဆိုတာ ငိုတာမဟုတ်လား၊ သမတိက္ကမာယက လွန်ပါတယ်တဲ့ (မှန်ပါ့) စိုးရိမ်ခြင်း၊ ငိုခြင်းဆိုတော့ မဂ္ဂင် ကိုသာ အားထုတ်ပါ၊ သေသေချာချာ အငိုတိတ် ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါဘုန်းကြီးက အရမ်းပြောနေတယ်များ ထင်ကြ သလား၊ တရားတော်က ဒီလိုဟောလို့ ပြောရတာလား (တရားတော်က ဟောလို့ ပြောရတာပါ ဘုရား)။

ဪ ဒါဖြင့် အငိုတိတ်ပြီ ခင်ဗျားတို့ (မှန်ပါ့) မတွေ့သေးဘူးလား (တွေ့ ပါတယ် ဘုရား)

ဘာတွေ့ ပါလိမ့် (မဂ္ဂင်တွေ့ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အဲဒီကစပြီးသကာလ အငိုတိတ်လမ်းကိုဖြင့် လိုက်ဖြစ်အောင် လိုက်ပါတော့ (မှန်ပါ့) တိုက်တွန်းစရာ ကိုယ်ကိုယ်တိုင်ပြေးသွားစရာလား (ကိုယ်ကိုယ်တိုင် ပြေးသွားစရာပါ ဘုရား)။

ပြေးတော့ပြေးချင်တယ်ဘုရာ့၊ သားရေး၊ သမီးရေး စီးပွားရေး သူတို့ကို နည်းနည်းတဲ့နေလို့များ လုပ်မနေကြပါ နဲ့ (မှန်ပါ့) ငဲ့ရင်ငိုချင်သေးလို့ (မှန်ပါ့)။

ငဲ့ရင် ဘယ့်နှယ်ဆိုကြမလဲ (ငိုချင်သေးလို့ပါ ဘုရား) အဲဒီတော့ ကိုယ့်ဟာကိုယ်များ ငဲ့တဲ့ စိတ်ကလေး ပေါ် လာလို့ရှိရင်၊ မင်းလောက်မိုက်တာကတော့ မရှိပါဘူးလို့ ကိုယ့်ကိုယ်ကို မြည်ကြစမ်း ပါဦး (မှန်ပါ့) ဘယ်သူမြည်ရမှာတုံး (ကိုယ့်ကိုယ်ကို မြည်ရမှာပါ ဘုရား) မြည်တာကိုလဲ ချော့ပြီး မြည်မနေနဲ့ အမိုက်က လွန်နေတယ် (မှန်ပါ့) သဘောကျလား (ကျပါပြီ ဘုရား)။

ချော့မြည်ရမှာလား၊ ဇွတ်တိုးမြည်ရမှာလား (ဇွတ်တိုး မြည်ရမှာပါ ဘုရား) ရဲပါ့မလား (ရဲပါတယ် ဘုရား) ရဲအောင်လုပ်၊ ခင်ဗျားတို့ ဒါမှနေရာကျမယ် (မှန်ပါ့) မရဲ သေးသရွေ့ ကာလပတ်လုံး လိုသေးတယ် ဆိုရမှာပဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မျက်လုံး သေသေ ချာချာမြင်လာလို့ရှိရင်ဖြင့် ဒါ အငိုလမ်း၊ ဒါက အငိုတိတ်လမ်း ဆိုတာ ပေါ်လာတယ် (မှန်ပါ့)။

မျက်လုံးလာရင်ဘယ့်နှယ်ပါလိမ့် (အငိုလမ်းနဲ့ အငိုတိတ်လမ်းပေါ်လာပါတယ် ဘုရား)။

အငိုလမ်းနဲ့ အငိုတိတ်လမ်းသည် ဒကာ ဒကာမတို့ ဟောဒါ ခန္ဓာငါးပါးပဲ၊ ခန္ဓာငါးပါးကို မနေ့က ပြောခဲ့ပြီ၊ ရူပက္ခန္ဓာ က ဆေးရုံကြီး ဆိုတာ မနေ့က ပြောခဲ့လို့နားလည်ပါပြီ (မှန်ပါ့ ဘုရား)။

ဝေဒနက္ခန္ဓာကအနာ၊ စိတ်ဆိုတဲ့တရားက အနာပေါက် ရာဌာန၊ သညာက မသင့်တဲ့အစာ၊ သင်္ခါရက မသင့်တဲ့ဆီသို့ အမြဲ တွန်းထုတ်နေတဲ့တရား၊ ဒီတော့ ခန္ဓာငါပါးသည် ခင်ဗျား တို့ ကျုပ်တို့ သာယာစရာ တစ်ကွက်ပါရဲ့လား (မပါပါ ဘုရား)။

ဘယ်အချိန်မှ ရောဂါမကင်းဘူး

ဒါဖြင့် ရောဂတောဆိုသဖြင့် ဘယ်အချိန်မဆို ရောဂါ မရှိဘူးလား (ရှိပါတယ် ဘုရား) ဒီတရားနာနေတဲ့ ဒကာ ဒကာမတွေ ခန္ဓာငါးပါးမှာ ဘယ်အချိန် ရောဂါကင်းသလဲ (ဘယ် အချိန်မှ မကင်းပါဘူး) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်အချိန်မှ ရောဂါမကင်းဘူး တဲ့၊ ဒကာ ဒကာမ တွေ ယခုတိုင်နေရတာ ဟိုဘက်စောင်းရ ဒီဘက်စောင်းရ ၊ ဒီဘက်ရွှေ့ရ မရှိဘူးလား (ရှိပါတယ် ဘုရား) ဟာ ရောဂါ ထလို့ ဒီဥစ္စာ (မှန်ပါ့)။

ဟိုစောင်း ဒီရွှေ့ဟာ ဘာပါလိမ့် (ရောဂါ ထလို့ပါ ဘုရား) ဟိုဟာကလေး ဒီဟာကလေး ခြုံထားရတာဟာ (ရောဂါထလို့ပါ ဘုရား) ဒါဖြင့် ခန္ဓာကိုယ်ကြီးဟာ ရောဂါသည် ကြီးပါကလား (မှန်ပါ့)။

ဦးဘတင် ဘယ့်နှယ်ဆိုကြမလဲ (ခန္ဓာကိုယ်ကြီးဟာ ရောဂါသည်ကြီးပါ ဘုရား) ဟိုဘက် စောင်းရ၊ ဒီဘက်စောင်းရ နေရပြန်ပြီ ဒကာ ဒကာမတို့ ဘာဖြစ်လို့တုံး (ရောဂါထနေလို့ပါ ဘုရား) ဟိုဘက် စောင်းလိုက်၊ ဒီဘက်စောင်းလိုက် (ရောဂါထ တာပါ ဘုရား) ဟိုဘက်အနာပေါက်တာ ဟိုဘက် သက်သာ အောင်လို့ ဒီဘက်စောင်းလိုက်တယ် (မှန်ပါ့) ဒီဘက်က ထပ်ပြီး ပေါက်လာတာနဲ့ ဟိုဘက် ရွှေ့ရပြန်တယ် (မှန်ပါ့)။ သဘော ကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ မြည်နေကြတာပဲ၊ ခွေးတွေများလာရင် ခွေးနေရာမရသလိုပါပဲ၊ ဒီခွေးခက်လိုက်တာ ခွေးနေရာမရဘူး ဆိုတာ ဟုတ်တယ် နင့်လိုပဲစသည်နဲ့ မဆိုဘူးလား ဆိုသလား (ဆိုပါတယ် ဘုရား) ခင်ဗျားတို့ကလည်း တစ်နေရာတည်း ထိုင်လို့ပြုလို့ရရဲ့ လား (မရပါ ဘုရား) ရွှေ့ရ၊ ပြောင်းရတယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား) အင်း ဘာဖြစ် ကြတာတုံး (ခွေးနေရာမရသလိုပါ ဘုရား) ရောဂါထလို့ ရိပ်မိ ပလား (မှန်ပါ့ ရိပ်မိပါပြီ ဘုရား)။

ခန္ဓာကိုယ်ကရောဂါသည်ကြီး

ကောင်းပြီ ဒါဖြင့် ဟိုဘက်ဒီဘက်စောင်းရတာလဲ ရောဂါက ဒကာ ဒကာမတို့၏ ခန္ဓာကိုယ်ကြီး ထဲမှာ ရောဂတော ရှိတယ်ဆိုတဲ့အတိုင်း ရောဂါအမြဲရှိနေတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။

ကောင်းပြီ ဟိုစောင်း၊ ဒီစောင်းနဲ့ စောင်းတုန်းရှိသေး တယ်၊ အတွင်းကနေပြီးသကာလ ကုဋီကျင်ငယ်သွားချင်တဲ့ ရောဂါတွေ ထလာတယ် (မှန်ပါ့)

ဟိုစောင်း ဒီစောင်းနဲ့ ဒီအနာကုတုန်းရှိသေးတယ် ဟိုအနာက ကြွလာပြီ (မှန်ပါ့) ဘယ့်နှယ် ဖြစ်တာတုံး (ရောဂါထ တာပါ ဘုရား) ဒီအနာပျောက်လို့လား (မပျောက်သေးပါ ဘုရား)။

ဪ ဆက်မိနေတယ် ဆိုလိုက်ပါတော့ (မှန်ပါ့) ဒီအနာ နည်းနည်းကလေးပြုပြင်ရော ဟိုအနာ ထလာတာပဲ (မှန်ပါ့) ရိပ်မိကြရဲ့လား (ရိပ်မိပါတယ် ဘုရား)။

ဘယ်အချိန် အန္တရာယ်ကင်း ဘေးရှင်းသတုံး (ဘယ် အချိန်မှ မကင်းပါ ဘုရား) ဒါဖြင့် ဒီရောဂါကြီး သေသေချာချာ ရှိတယ်ဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ အရိယာမျက်လုံးတပ်ကြည့်မှ မြင်တယ်ဗျာ (မှန်ပါ့) အရိယာမျက်လုံး တပ်မကြည့်လို့ ရှိရင်ဖြင့်၊ ပြီးလိမ်းကာ ခြုံကာရုံကာနဲ့ နေကြလို့ရှိရင်၊ ကျန်းမာပါရဲ့ လား မေးတာတောင် စိတ်ဆိုးချင် ဆိုးဦးမှာ (မှန်ပါ့) မမြင်ဘူးလား အခုနေတာ ထိုင်တာလို့ အော်ချင်အော်ပစ်ဦးမှာ (မှန်ပါ့ ဘုရား) သဘောကျ ပလား (ကျပါပြီ ဘုရား)။

တယ်လဲ ခင်ဗျားတို့ဥစ္စာက ခက်ပါလား၊ မျက်လုံးက လည်း တိမ်သလ္လာမစင်တော့ အတွင်းရောဂါ သူမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဝိပဿနာမျက်လုံးနဲ့ကြည့်

ဒါဖြင့် ဒကာ ဒကာမတွေ ဒီရောဂါဆိုးကြီး မြင်ဖို့ရာ ဆိုတာကဖြင့် ဝိပဿနာမျက်လုံးနဲ့ ရှေးဦးစွာ ကြည့်ကြ (မှန်ပါ့ ဘုရား) ကြည့်လိုက်တဲ့အခါကျတော့၊ ဟိုဘက်က အနာတစ်လုံး ပေါက် လာတဲ့အခါ၊ “ဖျတ်” ဆို ကြွလိုက်တဲ့အခါ ဒီအနာက ပျောက် မသွားဘူးလား (ပျောက်သွားပါတယ် ဘုရား) ပေါက်တဲ့အနာ ပျောက်သွားပြီ၊ ဟိုဘက်ကအနာထပ်ပေါ်တယ် (မှန်ပါ) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဟိုဘက်က အနာထပ်ပေါ်တော့ ဒကာ ဒကာမတွေ တစ်နေ့လုံး ဘာလုပ်နေတာနဲ့ အချိန် ကုန်သတုံး ဆိုရင် (အနာ လှည့်ကုနေရတာနဲ့ အချိန်ကုန်ပါတယ် ဘုရား)။

ဘာနဲ့အချိန်ကုန်သလဲ (အနာလှည့်ကုနေတာနဲ့ အချိန် ကုန်တာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ လှုပ်တိုင်းရှားတိုင်းဟာ ဖြစ်ပျက် ချည့်ပဲ၊ အဲဒါ အနာပေါက်နေတာချည့် မှတ်ပါ (မှန်ပါ့) ဒီဘက် အငြိမ်မနေလို့ လှုပ်လိုက်ပြန်လို့ရှိရင်လည်း အနာတစ်လုံးက ဖြစ်ပြီး ပျက်သွား ပြန်ပြီ (မှန်ပါ့)။

ဟိုဘက် အနာတစ်လုံးက ဖြစ်ပြီးပျက်ဖို့ရာ ပေါက်လာ ပြီ (မှန်ပါ့) မပေါက်ဘူးလား (ပေါက်ပါ တယ် ဘုရား) ဒါဖြင့် ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် ဖြစ်ပျက်တွေဟာ အနှံ့တွေ့ မှာပဲ (မှန်ပါ့)။

တွေ့တိုင်းတွေ့တိုင်း ဒကာ ဒကာမတွေက ဝေဒနာဖြစ် ပျက်တွေ့လည်း ဒါဟာ ရောဂါတွေပဲ၊ စိတ်ဖြစ်ပျက်တွေ့ လည်း (ရောဂါတွေပါ ဘုရား)။

ရောဂါတွေပဲ ဒကာ ဒကာမတို့ ဒီရောဂါကမှ အင်မတန် ကြီးတဲ့ရောဂါပါပဲ (မှန်ပါ့) မြွေကိုက် တာက မြွေနိုင်တဲ့ ဆရာနဲ့ ကုလိုက်ရင် ပျောက်သေးတယ်၊ သူက ဘယ်တော့မှ ပျောက်တဲ့ ရောဂါတုံး (မပျောက်ပါ ဘုရား) ဆေးကုလို့ကော အားတဲ့အချိန် ရှိသေးသလား (မရှိပါ ဘုရား)။

အဲဒီတော့ ဒီခန္ဓာကိုယ်ကြီးဟာ ရောဂတောဆိုတဲ့ဥစ္စာ လေးလေးနက်နက်ပါတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒါဟာ ဘယ်မျက်လုံးတပ်လို့မြင်တာ ပါလိမ့် (အရိယာမျက်လုံးတပ်လို့မြင်တာပါ ဘုရား) အရိယာ မျက်လုံးတပ်လို့မြင်တဲ့အခါကျတော့ အရိယာမဂ္ဂင် ခင်ဗျားတို့ ဝမ်းထဲမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါက ခန္ဓာငါးပါးထားပါ၊ ဒီဘက်ကနေ မဂ္ဂင်ငါးပါးနဲ့ ကြည့်လိုက်တော့ ရောဂါတွေ မမြင်ဘူးလား (မြင်ပါတယ် ဘုရား) ဖြစ်ပျက်ရောဂါတွေပေါ့ဗျာ (မှန်ပါ) မြင်တဲ့အခါ ကျတော့ ဒီမြင်တဲ့တရားကို ဘာခေါ်ကြမတုံး (မဂ္ဂင်ပါ ဘုရား) မဂ္ဂင် ငါးပါးလို့ မခေါ်နိုင်ဘူးလား (ခေါ်နိုင်ပါတယ် ဘုရား)။

အဲ မဂ္ဂင်ငါးပါးနဲ့ ကြည့်လိုက်တဲ့အခါကျတော့မှ ခုနင်က တိမ်သလ္လာမျက်လုံးတွေ တိမ်သလ္လာ ဖုံးနေတာတွေ ပျောက်ပြီးသကာလ၊ ဆေးကောင်းဝါးကောင်းနဲ့တွေ့တဲ့ အရိယာမျိုးစေ့ မျက်လုံး ခင်ဗျားတို့ရတော့မှ ရောဂတော သဘောကျတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာကိုယ်ကြီးဟာ ရောဂါဘယ်အခါကင်းပါလိမ့် (ဘယ်အခါမှမကင်းပါ ဘုရား) ရောဂါ ကင်းနေတယ်လို့ ဝန်ခံလို့ရှိရင် မိုက်တာမှ တစ်ပါး ဘာမှ အဓိပ္ပာယ်မရှိဘူးတဲ့ (မှန်ပါ့) ရောဂါ ကင်းနေတယ်လို့ယူရင် လူမိုက်တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရောဂါ ကင်းနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်လို့ရှိရင် (လူမိုက်ပါ ဘုရား)

အဲ နကုလမာတာ နကုလပီတာတို့ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး သေသေချာချာ ဟောတယ်၊ မိုက်မဲတဲ့ ပုဂ္ဂိုလ်မှတစ်ပါး အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်မှာဖြင့် ဘယ်အချိန်မှ ရောဂါမကင်းဘူး ဆိုတာ သေသေချာချာ သိကြ ပါလို့ ခင်ဗျားတို့ကို အရင်တုန်းကလည်း ဟောခဲ့ပါတယ် (ဟောခဲ့ ပါတယ် ဘုရား) ရှင်းပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။

ခန္ဓာကိုယ်ကြီးဟာဖြစ်ပျက်

ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးဟာ ဖြစ်ပျက် ဖြစ်ပျက်နဲ့ စိတ်ကလေးကြည့်လိုက်ပြန်လဲ ဖြစ်ပျက်၊ ရုပ်ကလေး ကြည့်လိုက် ပြန်လည်း (ဖြစ်ပျက်ပါ) အဲဒါတွေ ဘာတွေတုံး (ရောဂါ တွေပါ ဘုရား) သဘောကျပလား (ကျပါပြီ) မြင်ပလား ဒီရောဂါကို (မြင်ပါပြီ ဘုရား)။

မြင်အောင်ကြည့်ပါတဲ့၊ ရောဂါမြင်တဲ့အခါကျတော့ ရောဂါကို မြင်လာပြီ ဆိုလို့ရှိရင်ဖြင့်၊ နဂိုတုန်းက ဒီခန္ဓာကြီးကို ဖြင့် ခလုတ်မထိ ဆူးမငြိပါစေနဲ့ဆိုပြီး သူ့ကို စွဲလမ်းနေတဲ့ ဥပါဒါန်တွေ မလာဘူးလား (လာပါတယ် ဘုရား) လာတော့ ကံလာတယ် (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

ဘာဖြစ်လို့ လာပါလိမ့်ဆိုတော့ ရောဂါမမြင်လို့ ခင်နေတာ (မှန်ပါ) ခင်လို့ ကာယကံ၊ ဝစီကံတွေနဲ့ နောက်ထပ် ဒီခန္ဓာကြီးမျိုးရအောင် အားထုတ်တယ် (မှန်ပါ့) အားထုတ်လို့ ဒီဘက်မှာ ရောဂါသည်တစ်ခု ပေါ်တာ ပဲ (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မာဂဏ္ဍီ ပရဗိုဇ်ကို ဟောတယ်၊ မင်းသည်ကား လို့ဆိုရင် သူတော် ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာကျင့်ဆိုတာများ မပါလို့ ရှိရင်ဖြင့်၊ မင်းသည်ကားလို့ဆိုရင် မျက်လုံးကန်းပဲ၊ ‘‘အာရောဂျံ ပရမံ လာဘံ’’ လို့ဆိုတာ မင်းသိမှာ မဟုတ်ပါဘူးတဲ့ (မှန်ပါ့) ‘‘နိဗ္ဗာနံ ပရမံ သုခံ’’ လည်း မင်းသိမှာမဟုတ်ဘူးတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အခုတော့ ဒကာ ဒကာမတို့သိပြီ၊ အာရောဂျံ ပရမံ လာဘံ ဆို ခန္ဓာရှိမှ (မှန်ပါ့) နိဗ္ဗာနံ ပရမံ သုခံ ဆိုတာကော (ခန္ဓာရှိမှပါ ဘုရား)။

အဲဒါကို အားကိုးရာအဖြစ်နဲ့ “အဋ္ဌင်္ဂိကောစ မဂ္ဂါန” မဂ္ဂင် ရှစ်ပါးပြည့်အောင် မင်းတို့လုပ်မှ သာလျှင် ခုနင်က အငိုတိတ် ပါလိမ့်မယ်တဲ့၊ အနာလည်း ပျောက်ပါလိမ့်မယ်တဲ့ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

မဂ္ဂင်မှတစ်ပါး ဘာမှ အားမကိုးနဲ့

ဒါဖြင့် မဂ္ဂင်ရှစ်ပါးမှတစ်ပါး ခင်ဗျားတို့ ဘာမှအားမကိုး နဲ့၊ သဘောကျပလား (ကျပါပြီ) ကဲ ဒါဖြင့် ရောဂါ မြင်ကြပလား (မြင်ပါပြီ ဘုရား) ဘယ်သူ့ကို ကြည့်ရမှာ ပါလိမ့် (ခန္ဓာကို ကြည့်ရပါမယ်) ဘယ်အချိန် ရောဂါကင်းသတုံး (ဘယ်အချိန်မှ မကင်းပါ ဘုရား)။

ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်ဆိုတဲ့ အနာ တွေဟာ မပေါက်ဘူးလား (ပေါက်ပါတယ်) ရောဂါမြင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒါမျက်လုံး မြင်လာလို့ ရောဂါမြင်တာနော် (မှန်ပါ့) မျက်လုံး မမြင်တုန်းကဖြင့် (မမြင်ပါ ဘုရား) ကျန်းမာ ပါတယ်လို့ ပြောနေကြတယ်၊ မပြောကြဘူးလား (ပြောပါတယ် ဘုရား)။

ကဲ ဒါဖြင့် ရောဂါကို မင်းကောင်းကောင်း သိလို့ရှိရင် ဥပါဒါန် ချုပ်ပါလိမ့်မယ်တဲ့ (မှန်ပါ့) မချုပ် ဘူးလား (ချုပ်ပါတယ်) ဥပါဒါန် ချုပ်ရင် ကံကကော (ချုပ်ပါတယ်) ကံက ချုပ်တဲ့အခါ လာလတ္တံ့ ဇာတိ ခန္ဓာကော (မလာပါ ဘုရား) ဒါဖြင့် ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ ဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒုက္ခအစုကြီး ဘာတဲ့တုံး (ချုပ်ပါတယ် ဘုရား) ဘယ်လိုမြင်မှ ချုပ်ပါလိမ့် (ခန္ဓာငါးပါးကို ရောဂါလို့ မြင်ရမှာပါ) ရောဂါတွေမြင်မှ (မှန်ပါ့)။

ဖြစ်ပျက်မြင်မှ ခန္ဓာမခင်မှာ

ဒကာ ဒကာမတို့ ခန္ဓာငါးပါးတည်းဟူသော တရား ကား ဖြစ်ပျက်တွေ မရှိဘူးလား (ရှိပါတယ်) အဲဒီ ဖြစ်ပျက် ရောဂါတွေမြင်မှ ကိုယ့်ခန္ဓာ ကိုယ်မခင်တာ (မှန်ပါ့) မခင်တော့ ဥပါဒါန်မပြုတ်ဘူးလား (ပြုတ်ပါတယ်) ဥပါဒါန် ပြုတ်ရင် ကံပြုတ်၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါလဲပြုတ် တယ် (မှန်ပါ့) ကမ္မဘဝ ပြုတ်လို့ရှိရင် (ဇာတိပြုတ် ပါတယ် ဘုရား)။

ဇာတိပြုတ်၊ ဇရာပြုတ်၊ မရဏပြုတ်ဆိုတော့ ဒကာ ဒကာမတွေ ငိုစရာရှိသေးရဲ့လား (မရှိပါ ဘုရား) ဘယ်သူ က အငိုတိတ်အောင် လုပ်ပါလိမ့် (မဂ္ဂင်ကလုပ်ပါတယ်) ရောဂါကို မြင်တဲ့ မဂ္ဂင် လုပ်တယ် (မှန်ပါ့) ရောဂါရှိတာ ကို မြင်တဲ့မဂ္ဂင်က လုပ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီခန္ဓာကိုယ်ကြီးကို ရောဂါတွေ အဖြစ်နဲ့ အပျက်မမြင် သေးသရွေ့ ကာလပတ်လုံး၊ ခင်ဗျားတို့ သည်ကားလို့ ဆိုရင်ဖြင့် ဒီခန္ဓာကြီး တောင့်တမှာ (မှန်ပါ့) မတောင့်တဘူးလား (တောင့်တပါတယ် ဘုရား)။

တောင့်တလို့ရှိရင် ဒီခန္ဓာအတွက်နဲ့ပူ၊ ဒီခန္ဓာအတွက်နဲ့ ဆွေး၊ ဒီခန္ဓာက ပွားထုတ် လိုက်တာတွေ အတွက်လည်း ပူဆွေး မဟုတ်ဘူးလား (မှန်ပါ့) သူ့နဲ့ပတ်သက်ပြီး ချွေးမတွေ သမက်တွေ ဒါတွေနဲ့လည်း ဘာဖြစ်ရမလဲ (ပူဆွေးရပါ မယ်)

ပူဆွေးရဦးမှာပဲ ကိုယ့်ခန္ဓာက ပွားလိုက်တာကွေ့ ဟူသရွေ့ ကိုယ့်ခန္ဓာကိုယ်က မျက်ရည်ကျ စရာ ရထားတဲ့ခန္ဓာ (မှန်ပါ့) သူက ပွားတာတွေကကော (မျက်ရည်ကျစရာတွေ ပါ ဘုရား) တခြားပွားစရာတွေ လိုသေးသလား (မလိုပါ ဘုရား)။

ခန္ဓာကြီးကိုသိအောင်လုပ်ပါ

အဲဒီ အဓိပ္ပာယ်တွေ မာဂဏ္ဍီကိုဟောတာ (မှန်ပါ့ ဘုရား) မင်းသည်ကားလို့ဆိုရင် မျက်လုံး မြင်အောင် လုပ်ပါ။ ခန္ဓာ ကြီးကိုသိအောင်လုပ်စမ်းပါ။ နို့မဟုတ်လို့ရှိရင်ဖြင့် ငိုကြာရှည် သာ မင်းလိုက်ပြီးသကာလ နေမှာပဲ (မှန်ပါ့) အငိုတိတ် တဲ့ လမ်းကို သွားမှာမဟုတ်ဘူးလို့ ဆိုလိုတယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်လမ်းကို လိုက်သင့်သလဲ (အငိုတိတ်တဲ့လမ်းကို လိုက်သင့် ပါတယ်) ဒါဖြင့် ဘာလုပ်ကြ မယ် (မဂ္ဂင်အားထုတ်ပါမယ်) မဂ္ဂင်ဆိုတာ ဘာကြည့်မှ မဂ္ဂင်ပေါ်မယ် (ခန္ဓာငါးပါးကြည့်မှ မဂ္ဂင်ပေါ်ပါမယ် ဘုရား)။

ခန္ဓာငါးပါး၏ တစ်ပါးပါးဖြစ်ပျက်ကို မြင်လို့ရှိရင် ဖြစ်ပျက်တည်းဟူသော ရောဂါတွေ မြင်လို့ရှိရင် ဒကာ ဒကာမ တို့ မဂ္ဂင်လာမယ် (မှန်ပါ့) မဂ္ဂင်လာသည်နဲ့ တစ်ပြိုင်နက် တည်း ဒါက ခန္ဓာငါးပါး၊ ဒီက မဂ္ဂင်ငါးပါး၊ ရှစ်ပါးလာပြီ ဆိုပါတော့ (မှန်ပါ့) ဒါက ဖြစ်ပျက်၊ ဒါကမဂ် မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

သူလာကတည်းက ဒီဘက်က ကိုယ့်ခန္ဓာကြီးကို အနာ မမြင်တဲ့ ဥပါဒါန်ကော မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) ဥပါဒါန်ဆိုတာ အနာမမြင်လို့ စွဲလမ်းတာ (မှန်ပါ့)

ဒါဖြင့် အနာမြင်တဲ့ နေရာကျတော့ ဥပါဒါန်ချုပ် တယ် (မှန်ပါ့) ဥပါဒါန်ချုပ်ရင် ကံကကော (ချုပ်ပါ တယ် ဘုရား) ကံချုပ်တော့ ဇာတိ၊ ဇရာ၊ မရဏကကော (ချုပ်ပါတယ် ဘုရား) မြင်တဲ့ မဂ္ဂင်ပေါ်လာလို့ သူတို့ချုပ်ရတာ (မှန်ပါ့) မင်သာ မပေါ်သေးရင် (မချုပ်ပါ ဘုရား) မချုပ် တော့ဘူး ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

မာဂဏ္ဍီပရိဗိုဇ်

ဒါဖြင့် ဒကာ ဒကာမတို့၊ မာဂဏ္ဍီပရိဗိုဇ်က ဘယ်လိုများ ပြောလိုက်သတုံးဆိုတော့၊ အရှင်ဘုရား တပည့်တော် မျက်လုံး မြင်ပါပြီတဲ့၊ အရှင်ဘုရားတပ်ပေးတဲ့ မျက်လုံးကြောင့် မြင်ပါပြီ။ မှ တပည့်တော် နဂိုက ပြောတာက အာရောဂျံ ပရမံ လာဘံ ဆိုတာ ခန္ဓာကိုယ်ကြီး ယူထားတယ်၊ နိဗ္ဗာနံ ပရမံ သုခံ ဆိုတာလည်း ဒီခန္ဓာကိုယ်ကြီးပဲ ယူထားတယ်၊

အခုတော့ အရှင်ဘုရား ဟောတော်မူတဲ့ တရားကြောင့်၊ ခန္ဓာကိုယ်ကြီး ဟာ ရောဂတော ဆိုတဲ့ အတိုင်း၊ ရောဂါအပြည့် ရှိနေပါကလားလို့ တပည့်တော်ကြားရပါပြီတဲ့၊ ကြားပင်ကြားငြားသော်လည်း တပည့်တော်ဟာ မသိသေးဘူးတဲ့ (မှန်ပါ့ ဘုရား)။

မင်း ဘာမသိတုံးကွ၊ မင်းသိချင်လို့ရှိရင်ဖြင့်ဆိုတဲ့ အဓိပ္ပါယ်နဲ့ တစ်နေ့ကဟာကို ပြောပြန်တာ ‘‘သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန် သာ” ဆိုတာ ဒီသုံးချက်ညီအောင် လုပ်ပါတဲ့ (မှန်ပါ့)။

မာဂဏ္ဍီပရိဗိုဇ်ကလည်း လုပ်ပါ့မယ်ဆိုပြီး ရဟန်း ခံပရစေ ဆိုပြီး တောင်းပန်တယ် (မှန်ပါ့) အဲဒီတော့ သူ့ကို ရဟန်းခံပေးတော့ ကြိုးစားလိုက်ပါတယ်၊ ကြိုးစားလိုက်တော့ ဒီရောဂါတွေဟာ အကုန်မြင်တာပဲ ဒကာ ဒကာမတို့ (မှန်ပါ့)။

ဥပါဒါန်ချုပ် ကံချုပ်

ရောဂါမြင်သည်နဲ့ တစ်ပြိုင်နက်တည်း ဘာကစပြီး ချုပ်သတုံး (ဥပါဒါန်ကစချုပ်ပါတယ်) ဥပါဒါန် ချုပ်ပြီး ဘာချုပ်သတုံး (ကံချုပ်ပါတယ်) ကံချုပ်ပြီး ဒီဘက်က ဘာတွေချုပ်သတုံး (ဇာတိ၊ ဇရာ၊ မရဏတွေ ချုပ်ပါတယ် ဘုရား)။

ရောဂါကို ဘာနဲ့မြင်သတုံးလို့ကြည့် (မဂ္ဂင်ငါးပါး နဲ့ မြင်ပါတယ်) ဒါဖြင့် မဂ္ဂင်ငါးပါးသည် ဒကာ ဒကာမတို့ ရောဂါကို မြင်နိုင်တယ် (မှန်ပါ့) ရောဂါကို မြင်နိုင်တာ မဂ္ဂင်မှ မြင်နိုင်တာ သဘောကျပလား (ကျပါပြီ) ရောဂါ မြင်တဲ့ အတွက်လည်း ခန္ဓာတည်းဟူသော ရောဂါသည်ကြီးကို ဥပါဒါန်ကလည်း မစွဲဘူး၊ ကံကကော (အားမထုတ်ပါ ဘုရား)။

နောက်ရဖို့ အားထုတ်သေးရဲ့ လား (မထုတ်ပါ) ကံမှအားမထုတ်ဘဲနဲ့ နောက်ခန္ဓာတွေ လာပါဦးမလား (မလာပါ) နောက်ခန္ဓာမလာဘဲနဲ့ ဒကာ ဒကာမတို့ ဘယ်ခန္ဓာ အတွက် ပူစရာ၊ ဆွေးစရာ သောကပရိဒေဝ လာဦးမလဲ (မလာပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အငိုတိတ်ချင်ရင် ဘယ်လမ်းလိုက်မလဲ

ဒါဖြင့် အငိုတိတ်ချင်ရင် ဘယ်လမ်းလိုက်မလဲ (မဂ္ဂင်လမ်း လိုက်ပါ့မယ် ဘုရား) ငိုကြာရှည် ချင်ရင်တော့ စီးပွားရေးလမ်း စသည်လိုက် (မှန်ပါ့) မှတ်မိပလား (မှတ်မိပါပြီ) မဂ္ဂင်လမ်းဆိုတော့ ရောဂါမြင်အောင်ကြည့်၊ ခန္ဓာ ကို ဖြစ်ပျက်မြင်အောင်ကြည့်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီနေ့ည တရားမများဘူး၊ နှစ်လုံးတည်းရယ် (မှန်ပါ့) အငိုတိတ်ချင်ရင် (မဂ္ဂင်လမ်းလိုက်) ငိုကြာရှည် ချင်ရင် (သားသမီးနဲ့ စီးပွားရေးလမ်း လိုက်ရပါမယ်) ဒါဖြင့် ဘယ်ဟာကို လိုက်ကြမတုံး (မဂ္ဂင်လမ်းကို လိုက်ကြ ပါမယ်) ဟုတ်ကြရဲ့လား (ဟုတ်ပါတယ် ဘုရား)။

နက်ဖြန် အကဲခတ်မယ် ခင်ဗျားတို့ ရောက်ရောက်ချင်း တရားအားထုတ်၊ မဂ္ဂင်လမ်း လိုက်မလိုက် အကဲခတ်မယ် (မှန်ပါ့ ဘုရား)။

ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။