132

ကြွေးရှိတဲ့ပုဂ္ဂိုလ် အေးနေလို့မတော်ဘူး

အသံဖိုင်ခေါင်းစဉ်= ပသာဒစက္ခုနှင့် ဉာဏစက္ခု တရားတော်

စာအုပ်ခေါင်းစဉ်= ကြွေးရှိတဲ့ပုဂ္ဂိုလ် အေးနေလို့မတော်ဘူး

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၌ ဟောကြားသော တရားတော်

ကြွေးရှိတဲ့ပုဂ္ဂိုလ် အေးနေလို့မတော်ဘူး

(၄-၁၂-၅၇)

ပူမှု၊ အေးမှု၊ မာမှု၊ ပျော့မှု ဒါတွေကို ရုပ်တရားလို့ မှတ်ထားပါ။

ဒီထဲမှာ ကောင်းတာ၊ မကောင်း တာကို ကောင်း တယ်၊ မကောင်းဘူးလို့ ပြောတတ်တဲ့ အလုံးကလေးဟာ ဝေဒနာလို့မှတ်ပါ။

ဖြူတယ်၊ နီတယ်၊ ကြောင်တယ်၊ ကျားတယ်လို့ နဂို က မှတ်ထားတဲ့ တရားလေးဟာလဲ သညာက္ခန္ဓာလို့ မှတ်ပါ။

ကျုပ် ကောင်းအောင် လုပ်နေတယ်၊ သူ့တော့ မကောင်းအောင် ပြောလိုက်မှဘဲ ဆိုပြီး၊ ကောင်းအောင် ပြောချင်တဲ့ စေတနာသဘော၊ မကောင်းအောင် ပြောချင်တဲ့ စေတနာ သဘော။အဲ့ဒီ စေတနာ သဘောလေးက သင်္ခါရက္ခန္ဓာလို့ မှတ်ပါ။

ဘာဖြစ်ဖြစ် အဖြူလည်းသိ၊ အနီးလည်းသိ၊ အကြောင်လည်းသိ၊ လူလည်းသိ၊ နတ်လည်းသိ၊ ခွေးလည်းသိ၊ ကြောင်လည်း သိဆိုတဲ့ သိလုံးလေးက ဝိညာဏက္ခန္ဓာလို့ မှတ်ထား။

နာမကာယ၊ ရူပကာယ

အဲတော့ ဒါက နာမကာယ၊ ဒါက နာမကာယလို့ ခေါ် သည်၊ ဒါက ရူပကာယလို့ ခေါ်သည်၊ ဒါက ရှေးဦးစွာ အသီးသီး နာမည် ပေးတာလို့ မှတ်ပါ။

ဒီဘက်က ဘာပါလိမ့် (ရူပကာယပါ ဘုရား) ဒီဘက် က (နာမကာယပါ ဘုရား) နာမကာယ နာမက္ခန္ဓာ လေးပါး ကို နာမကာယ၊ ရုပ်တရားကို ရူပကာယလို့ ခေါ် သည်။

ကောင်းပြီ၊ အားလုံး ဒကာဒကာမတွေက သိပြီး သကာလ နေတော့၊ ဒါ နာမည်ဘဲ သိပြီး သကာလ နေတယ်။ အထည်ကတော့ ခန္ဓာကိုယ်ထဲ သိတယ်။

ကွမ်းသီးခဲမှာ ကွမ်းသီး ပြထားတာက နာမည်ပြချင် လို့ ပြရခြင်း ဖြစ်ပါတယ်။ ဒကာ ဒကာမတွေ ခန္ဓာ ကိုယ်ထဲ ဒါကြောင့် နာမကာယ၊ ရူပကာယ ခွဲရတယ်နော်၊ နာမကာယ ပျက်ပုံက တစ်၊ ရူပကာယ ပျက်ပုံက နှစ်၊ နာမကာယ ပျက်ပုံက (တစ်ပါ ဘုရား)။

ခန္ဓာငါးပါး

အဲ့ဒါကြောင့် ခွဲပြီး သကာလ ထားရတယ်လို့ ဒကာ ဒကာမတွေက မှတ်ထားပါ။ ကောင်းပြီ ရှုတဲ့ အခါကျလို့ရှိရင် ဖြင့်တဲ့၊ ဒါတွေဟာ ပေါင်းပြီး သကာလ နာမည် ပေးပြန်လို့ ရှိရင်လည်း ခန္ဓာငါးပါး လို့လည်း ပေးနိုင်တယ်၊ ဒုက္ခသစ္စာ လို့လည်း ပေးနိုင်တယ်လို့ မှတ်ပါ။ ဘယ်လိုလည်း ပေးနိုင် သေးတုံး (ဒုက္ခသစ္စာ လို့လည်း ပေးနိုင်ပါတယ် ဘုရား)။

ဒုက္ခသစ္စာလို့လည်း ပေးနိုင်သေးတယ်လို့ မှတ်တော့ ဒီငါးပါးစလုံးကို ဘာသစ္စာ ပါလိမ့် (ဒုက္ခ သစ္စာပါ ဘုရား)။

ဒုက္ခက= ဆင်းရဲတာ၊ သစ္စာက = မှန်တာ၊ ဒီငါးပါး ဟာ ဘာအမှန်တုံး မေးလို့ရှိရင် ဆင်းရဲတာ အမှန်၊ ဦးဘအုန်း ဘာပါလိမ့် (ဆင်းရဲတာ အမှန်ပါ ဘုရား)။

ဆင်းရဲတာအမှန်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေက မှတ်ထားတော့၊ ဆင်းရဲတာ အမှန်ကို မိမိတို့ ယခုရှိတဲ့ မျက်စိနဲ့ ကြည့်ရင် မမြင်ဘူးလို့ မှတ်၊ ပသာဒ စက္ခုနဲ့ ကြည့် ရင် ဆင်းရဲတာ အမှန် မမြင်ဘူး။ ဉာဏ စက္ခု- ဉာဏ်စက္ခုနဲ့ ကြည့်ရင် ဆင်းရဲတာ အမှန်ကို မြင်မယ်၊ သဘောကျကြလား (ကျပါတယ် ဘုရား)။

ပကတိမျက်လုံးဆိုတာ

ပကတိရှိတဲ့ မျက်စိနဲ့ ကြည့်ရင် (မမြင်ပါဘူး) ဆင်းရဲတာ အမှန်ကို မမြင်ဘူး၊ ဉာဏ်စက္ခုနဲ့ ကြည့်ရင် (မြင်ပါတယ် ဘုရား)။

ဒါဖြင့် ဘုန်းကြီးတရား ဟောနေတာသည်၊ ပကတိ မျက်စိဘဲ ခင်ဗျားတို့ ကံက ပေးလို့ ရှိပြီးသား (မှန်လှပါ့ ဘုရား) ဘုန်းကြီး ဖြည့်စွက်ဖို့ ဘာမှမလိုဘူးလို့ မှတ်ပါ၊ ဉာဏ် စက္ခုကို ဖြည့်စွက် ပေးရတော့မယ်၊ ရှင်းကြလား (ရှင်း ပါပြီ ဘုရား)။

ဘာဖြည့်စွက်ပေးရမတုံး (ဉာဏ်စက္ခုကို ဖြည့်စွက်ရမှာပါ ဘုရား) ေဩာ် ဒါဖြင့် ဒကာ ဒကာမတွေက မေးလုံး ထုတ်လို့ ရှိရင်ဖြင့်၊ မိဘရိုးရာ မျက်စိကို အသာ ထားပြီး သကာလ၊ ဉာဏ်မျက်စိ ဖွင့်ပေးမလို့ ဟောတာလို့ မှတ်ပါ။

ဒါမှ ဒုက္ခသစ္စာ မြင်မယ် (မှန်ပါ့) ပကတိ မျက်လုံးနဲ့ ကြည့်ရင် (မမြင်နိုင်ပါဘူး ဘုရား) ဉာဏ် မျက်လုံးနဲ့ ကြည့်ရင် (မြင်နိုင်ပါတယ် ဘုရား) မြင်နိုင် ပါတယ်။

ဒါကြောင့် ယနေ့ တရားပွဲမှာ သည် ဒကာ ဒကာမ တွေ ဘယ်မျက်လုံး တပ်ပေးမလို့ပါလိမ့် (ဉာဏ်မျက်လုံး တပ်ပေးမှာပါ ဘုရား)။

ဉာဏ်မျက်လုံးဆိုတာ

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဉာဏ်မျက်လုံး တပ်လို့ရှိရင် ခင်ဗျားတို့ အရိယာ မျက်လုံး တပ်ပေးတာပဲ (တင်ပါ့) ဉာဏ်မျက်လုံး ဆိုတာ ဘာပါလိမ့် (အရိယာမျက်လုံးပါ ဘုရား)။

ဪ ဒီနေ့ တို့ ဘာကျင့်ရမဲ့ နေ့ပါလိမ့်မတုံး ဆိုတော့၊ မျက်လုံး ပြောင်းပြီး သကာလ ထူးခြားတဲ့ မျက်လုံး ကို ဆရာဘုန်းကြီးက ပြောင်းပေး မလို့၊ ဘာမျက်လုံးတုံး မေးလို့ရှိရင် အရိယာ မျက်လုံး တပ်ပေးမလို့ (တင်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာမျက်လုံးတပ်ပေးမှာတုံး (အရိယာမျက်လုံး တပ်ပေးမှာပါ ဘုရား) ကောင်းပြီ အရိယာ မျက်လုံး တပ်ပေး မယ်လို့ ဆိုတော့၊ ဒါဖြင့် ခင်ဗျားတို့ အရိယာ မျက်လုံး အဖြစ်နဲ့ မြင်လို့ရှိရင် ဘာမှ မကြောက်နဲ့တော့၊ အရိယာမျက်လုံး အဖြစ်မျိုးနဲ့သာ ဘုန်းကြီး ပြောတဲ့အတိုင်း ဘုန်းကြီးကလည်း ဟောမှာပဲ၊ ဒကာ ဒကာမတွေလည်း မမြင်မြင်အောင် အရိယာ မျက်လုံး တပ်ပြီး ပြမှာပဲ။

အရိယာမျက်လုံးရရင် ဘယ်အကုသိုလ်မှ မကြောက်နဲ့တော့

ပြခဲ့လို့ ခင်ဗျားတို့ မြင်လို့ရှိရင်ဖြင့်၊ ဘယ်အကုသိုလ် မှ မကြောက်နဲ့၊ အကုန် အဟောသိကံ ဖြစ်ပြီးသား မှတ်လိုက်တော့ (မှန်ပါ့)။

ခင်ဗျားတို့ ဘယ်လိုဘဲ မိုက်ခဲ့ မိုက်ခဲ့၊ ဘယ်လိုဘဲ တေခဲ့တေခဲ့၊ ဘယ်လိုဘဲ ဆိုးခဲ့ဆိုးခဲ့၊ ဘယ်လိုဘဲ အကုသိုလ်တွေ လုပ်ခဲ့လုပ်ခဲ့၊ ဘုန်းကြီး တပ်ပေးတဲ့ ဉာဏ် မျက်လုံးသာ မရ အရ ခင်ဗျားတို့ ယူကြလို့၊ ဒီ ဉာဏ်မျက်လုံး သာ ပေးပြီးလို့ ရှိရင်ဖြင့်တဲ့၊ ခင်ဗျားတို့ သေသေချာချာသာ မှတ်ပါတော့၊ အလုံးစုံ အကုသိုလ် ကံတွေ၊ မနေ့က ပြောခဲ့တဲ့ ရေကန်ကြီးထဲ ရှိတဲ့ ရေတွေလောက် များတဲ့ ဒုက္ခတွေ၊ အကုန် အဟောသိကံ ဖြစ်ရမယ်။

ဒီမျက်လုံး ဘယ်လောက် အဖိုးတန်တယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဘဝများစွာ သံသရာက မိုက်ခဲ့ မိုက်ခဲ့တာတွေ၊ အကုသိုလ် ကံတွေ၊ ယခုဘဝမှာ မိုက်ပြီးသား အကုသိုလ်ကံတွေ၊ ဒါတွေ ဘာဖြစ်ရမယ် ထင်တုံး (အကုန် အဟောသိကံ ဖြစ်ရမှာပါ ဘုရား)။

အဟောသိကံ ဖြစ်ရမယ်၊ ဒါ ဘယ်မျက်လုံးကြောင့် ဆိုတာလဲ ရိပ်မိပလား (ဉာဏ်မျက်လုံး ကြောင့်ပါ ဘုရား) ဉာဏ်မျက်လုံး။

အဲဒီတော့ အားလုံး တရားနာလာကြတဲ့ ဒကာ ဒကာမတွေ၊ ေဩာ် ဒီမျက်လုံး အရယူမှ ကိုထွန်းဦး ဆိုထိုက်၊ မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) အားလုံး ဒကာ ဒကာမ တွေ မဆိုထိုက် ဖူးလား (ဆိုထိုက် ပါတယ် ဘုရား)။

အကယ်၍ ဒီမျက်လုံးကို မရတော့ပါဘူးလို့ ဆိုလို့ ရှိရင်၊ ခင်ဗျားတို့ ဒီဘဝမှာ ဘာဘဲ လှူလှူ၊ ဘာဘဲတန်းတန်း ကုသိုလ်တော့ ရတာ အမှန်ပါဘဲ၊ သို့သော် နောက်က ပြုထားတဲ့ အကုသိုလ် တွေကလည်း၊ ခင်ဗျားတို့ စောင့်နေ တယ်၊ အလှည့်ကြုံရင် အကျိုးပေးမလို့ စောင့်နေတာနဲ့၊ ယခု လုပ်ထားတာနဲ့ စာလိုက်ရင် စောင့်နေတာက များတယ် (များပါတယ်)။

ကြွေးရှိတဲ့ပုဂ္ဂိုလ်အေးနေလို့မတော်ဘူး

အကုသိုလ်တွေက များတယ် (များပါတယ်) တားမည့် ကုသိုလ်တွေက နည်းတော့ကို၊ ေဩာ် တို့က ကြွေးရှိတဲ့ ပုဂ္ဂိုလ် အေးနေလို့ မတော်ပါကလား ဆိုတဲ့ စိတ် ယနေ့ မွေးပါ၊ ရှင်းကြလား (ရှင်းပါပြီ ဘုရား)။

ဘာ ဘယ်လို စိတ်ကူးကြမတုံး (ကြွေးရှိတဲ့ ပုဂ္ဂိုလ်အေးနေလို့ မဖြစ်ပါဘူး ဘုရား) ကြွေးရှိတဲ့ ပုဂ္ဂိုလ်အေး နေလို့ မဖြစ်ဘူးလို့ ဒကာမတွေကော မမှတ်ထိုက် ဘူးလား (မှတ်ထိုက် ပါတယ် ဘုရား)။

ကြွေးရှိတဲ့ပုဂ္ဂိုလ် ဘယ်လိုနေရမလဲ (အေးနေ လို့ မဖြစ်ပါဘူး ဘုရား) အေးဆိုတာ ကိုယ့်မျက်လုံး ကလေး နဲ့၊ ကိုယ့် ဉာဏ်ကလေးနဲ့၊ ရွာမျက်လုံး လေးနဲ့၊ ဘယ်သူ ချမ်းသာတယ်၊ ဘယ်သူ ကျန်းမာတယ်၊ ဘယ်သူ အရောင်း အဝယ်ဖြောင့်တယ်၊ ဘယ်သူ အရောင်းအဝယ် မဖြောင့်ဘူး။

ဒါလောက်ဟာတော့ ပကတိ မျက်လုံးလို့ မှတ်ပါ။ အဲဒီ မျက်လုံးနဲ့ အချိန်ကုန် မနေပါနဲ့၊ ဘုန်းကြီး တပ်ပေးတဲ့ အရိယာ မျက်လုံးကိုသာ ခင်ဗျားတို့ ရမယ်ဆိုလို့ ရှိရင်ဖြင့်၊ ကြွေးအကုန် ကျေတယ်လို့ မှတ်ပါ (မှန်ပါ့)။

ဒီဘဝ တင်တဲ့ကြွေးကော (ကျေပါတယ် ဘုရား) ခင်ဗျားတို့ တင်တဲ့ ကြွေးကိုလည်း ဘုန်းကြီး ရှင်းလင်း ပြရလို့ ရှိရင်၊ ဒကာ ဒကာမတွေ ချောက်တယ်လို့ မမှတ်နဲ့၊ ခန္ဓာကိုယ် နဲ့ အပါယ်ထဲမှာ ဆပ်ရမယ်၊ ရိပ်မိပလား (မှန်ပါ့)။

တင်ထားတဲ့ ကြွေးက ငွေပေး၊ ရွှေပေး၊ အိမ်ပေး၊ ယာပေးလို့ မရဘူး၊ ဒါတွေ ကျုပ်အကုန် ကောင်းရာ လုပ် ပါ့မယ်ဗျာ၊ ဒီကြွေးကျေပါတော့ ဆိုလို့ ရပါ့မလား (မရ ပါဘူး ဘုရား)။

ခန္ဓာနဲ့ ဒယ်အိုးထဲ သွားဆပ်ရတယ်၊ ခန္ဓာနဲ့ တိရစ္ဆာန် ဖြစ်ပြီး ဆပ်ရတယ်၊ ရိပ်မိကြပလား (မှန်ပါ့) ခန္ဓာနဲ့ သူများ သတ်၊ စားဖတ် ဝါးဖတ် ဖြစ်ပြီး သကာလ ကြွေးဆပ် ရတယ်၊ ခံနိုင်ရည် ရှိပါ့မလားလို့ မေးလိုက် ချင်တယ်။

ဘယ့်နှယ် ကိုထွန်းဦး (မခံနိုင်ပါဘူး ဘုရား) သဘော ကျပလား ဒကာ ဒကာမတို့ (ကျပါတယ် ဘုရား) ခံနိုင်ရည် ရှိပါ့မလား (ခံနိုင်ရည် မရှိပါဘူး ဘုရား)။

ဒါဖြင့် ဘာနဲ့ ဆပ်မှ ဒီကြွေးကျေမယ် ဆိုတာကော ယနေ့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား) အရိယာ မျက်လုံးနဲ့ ရရမယ် (မှန်ပါ့)။

ပသာဒစက္ခု

ဒါဖြင့် ဒီနေ့ တရားဟော၊ ေဩာ် မျက်လုံးမှန် ရဖို့ ပသာဒ စက္ခု၊ ဉာဏ စက္ခုလို့ နှစ်မျိုး ဟောမလို့ဘဲ၊ ပသာဒ စက္ခုက ခင်ဗျားတို့ နေ့တိုင်း ယောက်ျား မြင်တယ်၊ မိန်းမ မြင်တယ်၊ စီးပွားရေး မြင်တယ်၊ အမြင်တွေ ဟူသ၍ ပသာဒ စက္ခုလို့ မှတ်ပါ၊ ပကတိ စက္ခုလို့ မှတ်ပါ (မှန်ပါ့)။

ဉာဏစက္ခု

ဉာဏစက္ခုက ဒီထဲမှာ ဟောတာက ဒုက္ခသစ္စာပါလို့ ပြောလိုက်တဲ့ အခါမှာ၊ ဒုက္ခသစ္စာ ကလေးကို ခဏခဏ ဖောက်ပြန် ပျက်စီး နေတာလေး မြင်မှ ဉာဏစက္ခု ဖြစ်မယ်၊ ရှင်းပလား (မှန်ပါ့)။

ဒါဖြင့် ပသာဒစက္ခုနဲ့ ဉာဏစက္ခု ဘယ်လောက် ကွာခြားတုံး အလွန် ကွာတယ်နော် ဒကာ ဒကာမတို့ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

သိတဲ့ပုဂ္ဂိုလ်နောက်အကုန်လိုက်ပါ

အားလုံး မှတ်ကြစမ်းပါ၊ ဒီဥစ္စာ ဘုန်းကြီး ကရုဏာ မေတ္တာနဲ့ ပြောနေတယ်၊ ဒကာ ဒကာမတွေ ကရုဏာ မေတ္တာ နဲ့ ပြောနေတယ်၊ ခင်ဗျားတို့က မသိလို့ သိပ်အရေးမကြီး ဘူးထား၊ သိတဲ့ ပုဂ္ဂိုလ်က အလွန် အရေးကြီးတော့၊ သိတဲ့ ပုဂ္ဂိုလ်နောက် အကုန်လိုက်လို့ မဆို ထိုက်ဘူးလားဗျာ (ဆိုထိုက် ပါတယ် ဘုရား)။

ကိုယ်က မသိလို့ အနာကို ဆရာဝန် မဟုတ်တော့ အနာပေါက် နေတာမှ သေလောက်တဲ့ အနာ ပေါက်နေပေမဲ့ ဆရာဝန် မဟုတ်တော့ ကိုယ်က တယ် အရေးမကြီးလှဘူး (မှန်ပါ့)။

ဆရာဝန်ကတော့ ဟာ မဟုတ်ဘူး၊ မင်းဟာ မြန်မြန် လုပ်မှ မလုပ်ရင် လွန်သွားလိမ့်မယ်၊ အသက် အန္တရာယ်၊ ဘုန်းကြီးက ဆရာဝန်နဲ့ တူနေတယ်။

ခင်ဗျား တရားနဲ့ ပတ်သက်လာတော့ (တင်ပါ့) အဲ့ဒါကြောင့် ဆရာဝန်က အရေးကြီးသလို ကြီးတော့ အားလုံးဒကာ ဒကာမတွေ မကြီးပဲ နေလို့ တော်ပါ့မလား (မတော်ပါဘူး ဘုရား)။

ဘာကြောင့် မတော် သတုံးလို့ မေးတဲ့ အခါ ကြွေးအနန္တ ရှိနေလို့၊ ခန္ဓာကိုယ်နဲ့ ဆပ်မှ ကျေတဲ့ ကြွေးတွေ ဖြစ်နေလို့ သဘောကျကြပလား (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ်နဲ့ဆပ်ရမယ်

ခန္ဓာကိုယ်နဲ့ ငရဲအိုး အမျိုးမျိုး တောင်းဆပ်ရမယ်။ (မှန်ပါ့ ဘုရား) တိရစ္ဆာန် အမျိုးမျိုး အဖြစ် ဆပ်ရမယ် (ဖြစ်ရမှာပါ ဘုရား) နတ်ဗြဟ္မာ အမျိုးမျိုး၊ အသေ အမျိုးမျိုးနဲ့ ကော မဆပ်ရပေဘူးလား ဝဋ်ကုန်အောင် (ဝဋ်ကုန် အောင် အမျိုးမျိုး ဆပ်ရပါတယ် ဘုရား)။

အဲ ဝဋ် ကုန်အောင် ဆပ်ရလိမ့်မယ်၊ အဲဒီ ဆပ်ရမဲ့ ကြွေးတွေကို ခုပြောတဲ့ ဆရာဘုန်းကြီး ပြောတဲ့ ဉာဏ်အမြင် မှန်ရမယ် ဆိုလို့ရှိရင် ဆပ်ပြီးသား ရှင်းပလား။

ဒါကြောင့် “စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ” ဒါဟော နေတာ ကိုထွန်းဦး ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊

နက်ဖြန်လည်း ပြောရဦးမယ်

စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ဆိုတာ ခင်ဗျားတို့ စာကလေး ရွတ်နေတာ အင်မတန် လွယ် ပါတယ်။ အဲဒီ စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ လေး ရဖို့ကို ဘုန်းကြီးသည် ဒီနေ့ လည်း ပြောရမှာဘဲ၊ နက်ဖြန်လည်း ပြောရမှာဘဲ (မှန်ပါ့) သန်ဘက်ခါ လည်း ပြောရမှာဘဲ။

ခင်ဗျားတို့ ပြောတိုင်း နားထောင်ပြီး သကာလ သာကြည့်ရမှာဘဲ၊ ကြည့်မှဘဲ ဟန်ကျမှာဘဲ၊ ဦးဘကြည် မကြည့်ရင် (ဟန်မကျပါဘူး ဘုရား) ဟန်မကျဘူးတဲ့။

ကိုင်း ဒါဖြင့် ယနေ့ ပကတိမျက်စိနဲ့ ဉာဏ်မျက်စိ ဉာဏ်မျက်စိ နှစ်လုံးကို ခွဲခြား ဟောလိမ့်မယ်၊ ရှင်းပလား ၊ ဘာခွဲခြား ဟောမယ်ထင်တုံး (ပကတိ မျက်စိနဲ့ ဉာဏ်မျက်စိ ပါ ဘုရား)။

ဪ ဒါဖြင့် ယနေ့ တို့သည် ပကတိ မျက်စိက ပုထုဇဉ် မျက်စိ (မှန်ပါ့) ဉာဏ်မျက်စိက (အရိယာ တပ်ပေးတဲ့ မျက်စိ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အရိယာတပ်ပေးတဲ့မျက်စိ

ဒါဖြင့် အရိယာ တပ်ပေးတဲ့ မျက်စိသည် ဒုက္ခသစ္စာ မြင်လိမ့်မယ် (မှန်ပါ့) ပကတိပေးတဲ့ မျက်စိသည် ခန္ဓာငါးပါး ယောက်ျား၊ မိန်းမဘဲ သိမယ် (မှန်လှပါ) ရှင်း ပလား။

ယောက်ျား မိန်းမသိမယ်၊ အချို၊ အချဉ်၊ ဒါဘာ – ပစ္စည်း ဘာပစ္စည်း ဆိုတာ သိလိမ့်မယ်။ အဲတော့ ပကတိ မျက်စိနော် ဉာဏ်မျက်စိကတော့ မြင်လိုက်လို့ ရှိရင်ဖြင့် ဒါတွေဟာ ယောက်ျားလဲ မဟုတ်ဖူး၊ မိန်းမလဲ မဟုတ်ဖူး၊ အဖြစ် အပျက် ဝိပရဏာနာမ ဒုက္ခသစ္စာလို့ မြင်ရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ပကတိ မျက်စိနဲ့ ဉာဏ်မျက်စိနဲ့ အားလုံး ဒကာ ဒကာမတွေ အတော် မကွာခြားဘူးလား (ကွာခြား ပါတယ် ဘုရား)။

ဘယ်လို ကွာခြားသတုံး မေးတဲ့အခါကျတော့၊ ဟိုက ယောက်ျား မိန်းမ မြင်တယ်၊ ဟုတ်လား၊ ဉာဏ်မျက်စိက ဖြစ်ပျက်နေတဲ့ ဒုက္ခသစ္စာ မြင်တယ်၊ ကိုထွန်းဦး မကွာဘူးလား (ကွာပါတယ် ဘုရား)။

ကွာတော့ကို ဖြစ်ပျက် မြင်တဲ့ ဒုက္ခသစ္စာ မြင်တော့ ဘုရားက ဘယ်လိုဟောတုံး၊ ငါလည်း သစ္စာမြင်ရောပေါ့၊ ကျန်တဲ့ ကံတွေ အဟောသိကံ ဖြစ်ကုန်တာဘဲ။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါလည်း သစ္စာမမြင်သေးဘူးဆိုရင်၊ ကျန်တဲ့ကံ တွေက ငါ့လိုက်နေတာဘဲ၊ ကုသိုလ်ကံ ကကော လိုက်နေတာ ဘဲ၊ အကုသိုလ်ကံကော (လိုက်ပါတယ် ဘုရား) လိုက်နေ တာဘဲတဲ့။

မျက်စိပြောင်းဖို့ အရေးကြီးတယ်

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ စဉ်းစားဖို့ရာက မျက်စိ ပြောင်းဖို့ အရေးကြီး နေတာကိုး ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘာပြောင်းဖို့ အရေးကြီးပါလိမ့် (မျက်စိ ပြောင်းဖို့ အရေးကြီး ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ တို့တရားနာရမှာ ဘာတရား ပါလိမ့်မတုံးလို့ ဆိုတဲ့ တို့မျက်လုံးကို ပိတ်ထား ဟုတ်လား (တင်ပါ့)။

ဘုရားပေးတဲ့ မျက်လုံးကို တပ်ကြည့် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ ရိုးရာ မျက်လုံးကို ဘာလုပ်ရမတုံး (ပိတ်ထား ရမှာပါ ဘုရား) ပိတ်ထားရမယ်၊ ဘုရားပေးတဲ့ မျက်လုံးကို (တပ်ကြည့်ရမှာပါ ဘုရား) တပ်ကြည့် ရမယ်။ သဘောကျကြပလား (ကျပါတယ် ဘုရား)။

ပကတိမျက်လုံးနဲ့ မမြင်တော့ မျက်မှန် မကူကြ ဘူးလားဗျာ (မှန်ပါ့) ကဲ ဘုရားမျက်မှန်ကို ကူတပ်ပါ ရှင်းပလား။

ပကတိမျက်စိကို ဖျောက်ပါ

ယနေ့ တရားဟောမဲ့ ဥစ္စာဟာ အကြောင်းပြ သိကြပလား (သိပါတယ် ဘုရား) အကြောင်းပြ သိပြီ၊ ပကတိ မျက်စိကို ဖျောက်၊ အရိယာ မျက်စိကို တပ် (မှန်လှပါ)။

ကိုထွန်းဦး ယနေ့တရားဟာ ဘာတရား ပါလိမ့်မတုံး (ပကတိမျက်စိကို ဖျောက်ပြီး အရိယာ မျက်လုံး တပ်ပေးရ မှာပါ ဘုရား) ပကတိမျက်စိ မိဘရိုးရာ ပါလာတဲ့ မျက်စိကို (ဖျောက်ရမှာပါ ဘုရား) ဖျောက်ရမယ်။ အရိယာ မျက်စိကို (တပ်ရမှာပါ ဘုရား) တပ်ပေးရမယ်။

ဒါဖြင့် ယနေ့ ဟောမဲ့ တရားသည်၊ ပကတိ မိဘရိုးရာ မျက်လုံးကို ဖျောက် (မှန်လှပါ) အရိယာ မျက်လုံးလဲ တပ်ပြီးတော့ ဆရာဘုန်းကြီးက ပေးလိမ့်မယ်။

အရိယာမျက်လုံးတပ်ပေးပါ

ပေးလို့ အရိယာမျက်လုံး တပ်ပေးလိုက်လို့ အရိယာ မျက်လုံးနဲ့ မြင်လို့ရှိရင်၊ မြင်သည်နဲ့ တစ်ပြိုင်နက်တည်း ဘဝများစွာ သံသရာက မိုက်ခဲ့၊ မူးခဲ့၊ တွေခဲ့၊ ဝေခဲ့၊ ပြုချင် သလိုပြု၊ လုပ်ချင်သလို လုပ်တဲ့ ကံတွေ အဟောသိကံ ဖြစ်မယ် (အဟောသိကံဖြစ်ပါတယ်) အဟောသိကံ ဧကန် ဖြစ်ရမယ်၊ (မှန်လှပါ)။

ကိုင်း ပကတိမျက်လုံး ဖျောက်ပြီး သကာလ အရိယာ မျက်လုံးကို တပ်ပေး လိုက်ရလို့ရှိရင်၊ ဒီ ဒကာ ဒကာမတွေဖြင့် အင်း ဒီဘဝ ဒုက္ခခပ်သိမ်း ငြိမ်းမဲ့ဘဝပါလားလို့ ဆုံးဖြတ်ချက် ချ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီဘဝ အရိယာမျက်လုံးသာ တပ်မိတဲ့ တစ်နေ့ ဘာဖြစ်ကြမယ် ထင်တုံး (ဒုက္ခခပ်သိမ်း ငြိမ်းပါတယ်) ဒုက္ခခပ်သိမ်း ငြိမ်းရမယ်ဆိုတော့၊ ဒီမျက်စိ မရသေးသ၍ ကာလပတ်လုံး ခင်ဗျားတို့ ကြိုးစားပါ။

မဆိုထိုက်ဖူးလား (ဆိုထိုက်ပါတယ် ဘုရား) အရိယာ မျက်စိမရ ရအောင် ကြိုးစားပါ။ ရအောင်လည်း ဆရာ ဘုန်းကြီးက အားပေးတယ် (မှန်ပါ့)။ ဟုတ်ဖူးလား။

ခင်ဗျားတို့ကလည်း ရအောင် စူးစူးစိုက်စိုက် ကြည့်ပါ၊ ကြည့်တော့ ဝေးဝေး ကြည့်ရမှာလားလို့ မေးခွန်း ထုတ်ခဲ့သော်၊ ဒကာ ဒကာမတွေ ကိုယ့်ခန္ဓာ ကိုယ်ကြည့်ရမှာဘဲ၊ အရိယာ မျက်လုံး တပ်ကြည့် ရမယ် (မှန်လှပါ)။

မိဘရိုးရာ မျက်လုံးကို (ဖျောက်ရမှာပါ) ဖျောက် ကြည့်ရမယ် ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် မိဘ ရိုးရာ မျက်လုံးကို ဖျောက်လိုက်လို့၊ အရိယာ မျက်လုံးလေး ဝင်လာသည်နဲ့ တစ်ပြိုင်နက်ထဲ၊ အပါယ်လေးပါး တံခါးပိတ် မယ်ဆိုတာ မှတ်တော့။

အကုန်ပ၊ အကုန် အဟောသိကံ ဖြစ်တယ်၊ အရိယာ မျက်လုံးသာ တပ်ပေးလို့ရှိရင် ရှင်းကြပလား (ရှင်းပါ တယ် ဘုရား)။

ဒီနေ့ ဘာဟောမှာတုံး (အရိယာမျက်လုံး တပ်ပေးမှာပါ ဘုရား) ပကတိမျက်စိတော့ (ဖျောက်ရမှာ ပါ ဘုရား) မိဘရိုးရာမျက်စိ ဖျောက်ရလိမ့်မယ်နော်။

မဖျောက်ရင်တော့ မရဘူးတဲ့၊ ဒါတော့ ဘယ်အချိန် ဖျောက်ရမှာတုံး ဘုရာ့ ဆိုတော့၊ တရားထိုင်တဲ့ အချိန် ဖျောက်ရင် တော်ပြီ၊ ပကတိ အချိန်တော့ ကံက အကျိုးပေး ထားတာ မတတ်နိုင်ဘူး။

မြင်တဲ့အတိုင်း မြင်မှာဘဲ၊ အဲတော့ အလုပ်ချိန်လေး မှာ ပျောက်ရင်ဘဲ ခင်ဗျားတို့ စိတ်ချ ပါတော့လို့၊ ဘုရားတောင် မှ အလုပ် မလုပ်တဲ့ အချိန်ကျလို့ရှိရင်ဖြင့် မည်သူ မည်ဝါ ဆိုပြီး ကောသလမင်းကြီး လာသလား၊ ကောသလမင်းကြီး မြင်လို့ ကောသလမင်းကြီး ပြောတာပေါ့ဗျ (မှန်ပါ့) ဟုတ်လား ။

ဗိမ္ဗိသာရမင်းကြီးလာသလား၊ ဘာကိစ္စတုံး၊ ဒီအချိန် အချိန်ဟုတ်ဘဲနဲ့ လာတာ သူကပဲ ကောက်ကောက် မေးရ တယ်။

ဉာဏ်မျက်စိနဲ့ မကြည့်တဲ့ အချိန်ကျတော့ ကျုပ်တို့ လိုပါဘဲ ရှင်းပလား (မှန်လှပါ) ဉာဏ် မျက်စိနဲ့ ကြည့်တဲ့ အချိန်ကျလာတဲ့ အခါကျလို့ ရှိရင်ဖြင့် သူ့မှာ အားလုံး ဒုက္ခ သစ္စာ ဖြစ်နေတယ် (မှန်ပါ့)။

အားလုံး ဒုက္ခသစ္စာ ဖြစ်ပြီး ဒုက္ခသစ္စာတွေ ချုပ်ပြီး နိရောဓ ဒီနေရာ အစားထိုးတာဘဲ နိရောဓ ပေါ်လာတာဘဲ သဘောကျပလား (မှန်လှပါ)။

အလုပ်ချိန်မှာ ပကတိမျက်လုံးဖျောက်ပါ

ဪ ဒါဖြင့် ပကတိမျက်လုံး ဖျောက် ဆိုပေမဲ့ လည်း၊ နေရာတိုင်း ဖျောက်ရမှာ မဟုတ်ပါလား၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား) ဘယ်အချိန် ဖျောက်ရမှာတုံး (တရားရှုမှတ်တဲ့ အချိန် ဖျောက်ရမှာပါ ဘုရား)။

အလုပ်လုပ်တဲ့ အချိန် ပကတိ မျက်လုံးလေး ဖျောက်ပြီး အရိယာ မျက်လုံးလေးနဲ့ မြင်ရင်၊ ခင်ဗျားတို့ အပါယ်လေးပါး တံခါး ပိတ်ပါတယ်လို့၊ ဘုန်းကြီးက သေသေ ချာချာဘဲ တာဝန်ခံပါတယ်။

အဲတော့ ဦးဘအုန်းတို့ လူစု၊ ဒီက ကိုဘကြည်တို့ ဦးမောင်လေးတို့ လူစုတွေ အသေအချာ လုပ်ထိုက် တယ်နော်၊ မျက်လုံးပြောင်းပေးမှာ မျက်လုံး မပြောင်းရင်တော့ဖြင့် အရိယာကို ပင်လျှင် အရိယာလို့ မသိဘူး (မသိပါဘူး) မသိနိုင်ဘူး။

ရှေးက စိတ္တလပသာဒတောင် ဆိုတာရှိတယ်၊ ဒီ နကုလ ပီတာဝတ္ထုမှာဘဲ၊ အဲဒီတောင်မှာ ရဟန္တာ တစ်ပါး ရှိတယ်၊ ရဟန္တာတစ်ပါး ရှိတော့ နောက် အသက်ငါးဆယ် ခြောက်ဆယ်မှ သင်္ကန်း ဝတ်လာတဲ့ ကိုယ်တော်ကြီး၊ သံဝေဂ ရလာပြီး သင်္ကန်း ဝတ်လာတဲ့ ကိုယ်တော်ကြီးတစ်ပါးကို သူမွေးထားတာ ရှိတယ်။

ဒီ ရဟန္တာ ကိုယ်တော်ကြီးက ဆွမ်းခံ သွားဦးမယ် ဆိုရင် သူ့နောက်က ဒီကိုယ်တော်ကြီးက သပိတ်နှစ်လုံး ဟိုဘက် ဒီဘက် လွယ်ရရှာတယ်၊ ရွာနားကျမှ သာလျှင် ကိုယ့်သပိတ်နဲ့ ကိုယ်ပေါ့ဗျာ။

ရဟန္တာရှေ့ထားပြီး ရဟန္တာမှန်းမသိ

တောထဲမှာ ကူညီတဲ့ သဘော၊ ဆရာသမားမို့လို့ ဝတ်ပြုတဲ့ သဘောတွေနဲ့၊ တစ်ရက်၊ နှစ်ရက်မှာ သူနောက် ကနေပြီး သကာလ၊ အရိယာများ ဘုရား တပည့်တော် တွေ့ချင် လိုက်တာ၊ ဖူးချင်လိုက်တာ၊ အရိယာနည်း လိုချင်လိုက်တာတဲ့။

အရိယာကို တွေ့ ရ၊ ဖူးရလို့ရှိရင် အရိယာနည်း ရမှာပဲ ဆိုပြီး၊ ဒီအရိယာပဲ သူက သဘောကျ နေတယ်၊ သို့သော် သူ့ရှေ့က သူသပိတ်လွယ်၊ သူ့ကို ပေးထားတဲ့ သပိတ် က အရိယာ သပိတ်ပဲ ဆိုတာ ဒကာ ဒကာမတွေ ခုနင်က စကတည်းက မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲတော့ ကိုယ်တော်ကြီးက အရိယာဟာ ဦးပဉ္စင်း ကြီးရဲ့ ကြည့်ချင်တယ်၊ ရှုချင်တယ် ဆိုတဲ့ ဥစ္စာ အချို့ အချို့ ပုဂ္ဂိုလ်များ ဒီလို ဖြစ်တတ် ပေတယ်၊ အရိယာ သပိတ်တွေ လွယ်၊ အရိယာ သင်္ကန်း တွေကို ဖွတ်လျှော်ပြီး ပေးနေပါရဲ့ သားနဲ့ အရိယာမှန်း မသိဘူးတဲ့။

သိဖို့ရာလည်း အတော် ခဲယဉ်းတယ် (ခဲယဉ်း ပါတယ် ဘုရား) ဒီလို ကိုယ်တော်ကြီးက လှည့်ပြော လိုက် တယ်၊ ရဟန္တာက အဲ့ဒါ အရိယာတော့တွေ့ ရဲ့ သူ့မှာ အရိယာ မျက်လုံးက ရှိရဲ့လား (မရှိပါဘူး ဘုရား)။

မရှိလို့ အရိယာ နောက်ကို ဝတ်ကြီးဝတ်ငယ် ပြုနေ ငြားသော်လည်း သူသိပါရဲ့လား (မသိပါဘူး) ရှင်းကြ လား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အဲဒီပုဂ္ဂိုလ်မှာ ဘာလိုနေတယ် ဆိုတာကော ပေါ်ပလား (အရိယာ မျက်လုံး လိုနေ ပါတယ် ဘုရား)။ အရိယာမျက်လုံး လိုနေတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီပုဂ္ဂိုလ်လို့ မဖြစ်စေနဲ့

ဒါဖြင့် ခင်ဗျားတို့ သေချာမှတ်တော့တဲ့ အဲဒီပုဂ္ဂိုလ် ကြီးလို မဖြစ်စေနဲ့ ရှင်းပလား (မှန်ပါ့)။

ဒီအိမ်ပေါ်က ဘုရားတွေက ဘုရားတွေပါဘဲ (မှန်ပါ့)၊ တရားတွေကကော (တရားတွေပါ ဘုရား)။

သို့သော် စာထဲမှာလည်း တွေ့ပါရဲ့၊ ပုံသဏ္ဍာန်တွေ လည်း တွေ့ပါရဲ့လို့သာ ဆိုရတယ်၊ အစစ်က အရိယာ အစစ်၊ ဘုရားအစစ်လဲ မတွေ့ဘူး၊ ဓမ္မက္ခန္ဓာ အစစ်လည်း မတွေ့ဘူး၊ ဒီအဓိပ္ပာယ် ရောက်တယ် (မှန်လှပါ) သဘောကျကြလား (ကျပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ယနေ့ည ဟောမဲ့ တရားသည် အရိယာ မျက်လုံး တပ်ပြီးတော့ အရိယာ အမြင် သေသေချာချာ ရမှ ကိစ္စပြီးမဲ့ တရား ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ကောင်းပြီ ခုနင်က ဝတ္ထုထောက်သဖြင့် လည်း ကျေနပ်ကြပလား (ကျေနပ်ပါတယ် ဘုရား) အရိယာ ရှေ့က ထားတာကိုဗျ မြင်ရဲ့လား (မမြင်ပါဘူး ဘုရား)။

အရိယာဆိုတာမြင်နိုင်ခဲတယ်

အဲတော့ ကိုယ်တော်ကြီးက ပြန်ဖုံးလိုက်တယ်။ အရိယာ ဆိုတာ မြင်နိုင်ခဲတယ် မပြောဘူးလား (ပြောပါ တယ် ဘုရား) ပြောတော့ အဲ့ဒါသည် အရိယာ ကိုယ်တော်ကြီး ကိုယ်တော်တော့ သူမြင်သား ပေါ့ဗျာ (မှန်ပါ့)

မမြင်ဘူးလား (မြင်ပါတယ် ဘုရား) ကိုယ်တော် တော့ သူမြင်ပါတယ်၊ မြင်ပင်မြင်ငြား သော်လည်း ပကတိ မျက်စိနဲ့ မြင်တာ အရိယာ မျက်လုံးနဲ့ သူမြင်တာ ဟုတ်ကဲ့လား (မဟုတ်ပါဘူး ဘုရား)။

ခင်ဗျားတို့ အရိယာနဲ့ နေလဲအပိုပါပဲ

အရိယာမျက်လုံးနဲ့ သူမြင်လို့ရှိရင် ဒီလူ အာသဝေါ ကုန်ပြီးသားလို့ သူသိမှာပေါ့ (မှန်ပါ့) ပကတိ မျက်လုံးနဲ့ ကြည့်တော့ အရိယာကို ပင်လျှင် အရိယာမှန်း သိသေးရဲ့ လား (မသိပါဘူး ဘုရား) ကျေနပ် ပလား (ကျေနပ် ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည် အရိယာမျက်လုံး တပ်မပေး သ၍ ကာလပတ်လုံး၊ အရိယာနဲ့ အတူ နေလည်း အပိုဘဲ။ ဆိုထိုက်ဖူးလား (ဆိုထိုက် ပါတယ် ဘုရား)။

ဘုရားနဲ့ အတူတူနေလည်း ဘုရားမှန်း မသိရင် အတူတူဘဲ မနေဘူးလား (နေပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီနေ့ မျက်လုံး မတပ်ရင် မဖြစ်တဲ့ အလုပ်ဆို တာကိုဖြင့် ယနေ့ ရှင်းသွားမှာပါ။ သဘောကျ ကြပလား (ကျပါတယ် ဘုရား)။

ပသာဒစက္ခု ဉာဏစက္ခု

ဒါဖြင့် မျက်လုံး ဘယ်နှစ်မျိုး ရှိသတုံး (နှစ်မျိုး ရှိပါတယ် ဘုရား) ပကတိ မျက်လုံး တစ်မျိုး ဉာဏ်မျက်လုံး (တစ်မျိုးပါ ဘုရား)။

ဒါကြောင့် စာလိုသုံးတော့ ပသာဒစက္ခု တစ်မျိုး၊ ဉာဏ စက္ခု တစ်မျိုး (မှန်ပါ့) ဘယ်နှစ်မျိုး ပါလိမ့် (နှစ်မျိုးပါ ဘုရား)။

ကျုပ်တို့ မြန်မာလို ဖြစ်နေတော့ မြန်မာလို ဆိုတော့ မိဘရိုးရာ မျက်လုံး တစ်မျိုး ဟုတ်လား (မှန်ပါ့) အရိယာများ တပ်ပေးတဲ့ မျက်လုံးက (တစ်မျိုးပါ ဘုရား)။

ဘယ်နှစ်မျိုးရှိတုံး (နှစ်မျိုးရှိပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ အရိယာ မျက်လုံးတပ်တဲ့ အကျိုး လည်း ဘုန်းကြီး ပြောပြီးပြီ၊ ပကတိ မျက်လုံး၏ သူအမှန် မမြင်မှုကိုလည်း ခင်ဗျားတို့ပဲ သိပြီးသား ထားပါတော့ နော်။

ကိုင်း ဒါဖြင့် ခုနင်က ကိုယ်တော်ကြီးသည် အရိယာ ကို တွေ့ငြား သော်လည်း၊ ဦးဝ အရိယာလို့ သူသိရဲ့လား (မသိပါဘူး ဘုရား) မြင်နိုင်ခဲတယ်လို့ ဟိုကတောင် ဖြေလိုက် သေးတယ်။

အရိယာကို သိနိုင်ခဲတယ်

ရဟန္တာက ဘယ်လို ဖြေလိုက်တုံး (မြင်နိုင်ခဲတယ်) အရိယာဟာ အင်မတန် သိနိုင်ခဲတယ် ဆိုတော့၊ မင်းမျက်လုံး မရှိဖူးလို့ ပြောလိုက်တာ၊ ဘာတဲ့တုံး (မင်းမျက်လုံး မရှိဖူးလို့ ပြောလိုက်တာပါ ဘုရား) မျက်လုံး မရှိဖူးလို့ ပြောလိုက်တာ။

ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ ဒီခန္ဓာငါးပါး နာမ ကာယ၊ ရူပကာယဆိုတဲ့ ခန္ဓာငါးပါးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာ။

ဪ ဒုက္ခသစ္စာ ဆိုတာတော့ စာလိုဟုတ် နေပြီတဲ့ စာလို ဟုတ်နေပြီတဲ့၊ ခင်ဗျားတို့ ဉာဏ်ထဲ မှာသာ ဒါဟာ ခန္ဓာငါးပါးဟာ ခန္ဓာငါးပါးပဲ၊ ဖောက်ပြန် ပျက်စီးမှုကို မမြင်သေးလို့ ရှိရင်ဖြင့် ဒါ ပကတိ မျက်လုံးပဲထား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖောက်ပြန် ပျက်စီးတာ မြင်လို့ ရှိရင်ဖြင့် အရိယာ မျက်လုံးလို့ထား (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အရိယာ မျက်လုံးနဲ့ ပုထုဇဉ် မျက်လုံးသည် ပုထုဇဉ် မျက်လုံးက ခန္ဓာငါးပါးကိုသာ သူသိ တယ် သဘောကျပလား (ကျပါတယ် ဘုရား)။

ရူပက္ခန္ဓာလို့ ဆိုတော့ စမ်းကြည့်ရင် သိတယ်၊ ဝေဒနာက္ခန္ဓာဆိုတာ စားချင် သောက်ချင် တာတွေ၊ မကြိုက် တာတွေ၊ မကြိုက်တာ ဝေဒနာက္ခန္ဓာပဲ၊ ကြိုက်တာလည်း ဝေဒနာက္ခန္ဓာပဲ၊ ဒါ သိတာဘဲ ခင်ဗျားတို့။

ကောင်းပြီ ဖြူ၊ နီ၊ ကြောင်၊ ကျား မှတ်နေတာ သညာ က္ခန္ဓာဆိုတာ ခင်ဗျားတို့သိပြီး ကောင်းတာ လုပ်မယ်၊ ဒီဥစ္စာ တိုက်တွန်းတာ မကောင်းတဲ့ ဆီ တိုက်တွန်းတာကော စေတနာ သင်္ခါရက္ခန္ဓာ ဆိုတာ သိ။

ဒါလောက်နဲ့အရိယာမျက်လုံးမဟုတ်သေးဘူး

အကောင်း အဆိုး နှစ်ပါးကို ဝေဖန်ပြီး သကာလ သိတာလည်း ဝိညာဏက္ခန္ဓာ ဆိုတဲ့ အသိ၊ ဒါလောက်နဲ့ အရိယာမျက်လုံး မဟုတ်သေးဘူး၊ ရှင်းကြပလား။

ဒါလောက်နဲ့ အရိယာမျက်လုံး မဟုတ်သေးတော့၊ ဒါလေး၏ ဖောက်ပြန် ပျက်စီးမှုကို မြင်ခဲ့သော်၊ ဪ ဒါတွေသည်ကား ခဏခဏ ဖြစ်၍ ခဏခဏ ပျက်နေတဲ့ ခဏခဏ ဖောက်ပြန် နေတဲ့ သဘော ရှိ မရှိ၊ (ရှိပါတယ်) ရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီ ရှိတဲ့ သဘောလေး ဆိုတော့၊ ခဏခဏ ဖောက် ပြန်တယ် ဆိုတာက ဒကာ ဒကာမတွေက မှတ်ထားရမယ်။

သရက်သီးလေးဟာ ဝါတယ်၊ ဝါရာက ပုပ်တယ်။ ဝါရာက ပုပ်တယ် ဆိုတော့ ဖောက်ပြန်တယ် ဆိုတာက ေဩာ် ဒီလိုကိုး မဆိုထိုက်ဖူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါက ဖောက်ပြန်ပင် ဖောက်ပြန်ငြား သော်လည်း ခင်ဗျားတို့ စပ်၊ ရင့်လို့ပုပ်တယ်၊ ရင့်တာနဲ့ ပုပ်တာနဲ့ စပ်နေ တယ် (မှန်ပါ့)။

ရင့်တာမရှိလို့ပုပ်တာရှိတယ်

ဒီလို မစပ်ရဘူးတဲ့ ရင့်တာ မရှိလို့ ပုပ်တာ ရှိတယ်လို့ အဆက်ပြတ် ရမယ်၊ သဘောကျရဲ့ လား၊ ရင့်တာတွေ အကုန်မရှိ၊ ပုပ်တာချည့် သက်သက် ရှိတယ်လို့ သိမှ (တင်ပါ့) သူ့ဟာနဲ့သူ ဆက်နေရင်လည်း ယတိ မပြတ်ဘူး (မှန်လှပါ)။

ပြတ်ပါ့မလား (မပြတ်ပါဘူး ဘုရား)။ မပြတ် တော့ကိုး ဒကာ ဒကာမတို့ တစ်ခုတစ်ခု ေဩာ် တစ်ခု ချုပ်ပြီး တစ်ခုအသစ် ပေါ်တယ်လို့ သိရမယ်။

ဘာတဲ့ (တစ်ခုချုပ်ပြီး တစ်ခုအသစ်ပေါ်ပါ တယ် ဘုရား) တစ်ခုချုပ်ပြီး တစ်ခု အသစ် ပေါ်တယ်လို့ သိမှ သာလျှင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ အရိယာမျက်လုံး အစစ်။

ဒါမှအရိယာမျက်လုံးအစစ်

တစ်ခုချုပ်ပြီးတော့ တစ်ခုဖြစ်တယ်၊ ဒီလို သိရင် ဘာဆိုကြမယ် (အရိယာမျက်လုံး အစစ်ပါ ဘုရား)။

ဒါဖြင့် နောက်တစ်ခု ဖြစ်တယ်၊ တစ်ခုချုပ်ပြီး တစ်ခု ဖြစ်တယ်နော် (တင်ပါ့) အဲဒီ ဖြစ်တဲ့ တစ်ခု ဟာလည်း သူချုပ်ပြီးရင် ဘာလာမယ် ထင်တုံး (နောက်တစ်ခု) နောက်တစ်ခု ဖြစ်တော့ သူဟာ ဒကာ ဒကာမတို့ သန္တာန်၌၊ သူနဲ့ နောက်ပေါ်မှာနဲ့ ဟာက နည်းနည်းမှ အဆက် အသွယ် မရှိဘူး၊ ပျောက်တာ ကလည်း လုံးလုံး ပျောက်တာ။

ပေါ်တာကလည်း သီးသန့် ပေါ်လာတာပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ပျောက်တာက ဘာတုံး (လုံးလုံး ပျောက်တာပါ ဘုရား) သီးသန့် ပျောက်တယ်၊ လုံးလုံး သီးသန့်ပျောက်တယ် (တင်ပါ့)။

ပေါ်တာကကော (နောက်က) သီးသန့် ပေါ် လာတာဘဲ။ ဪ ဒါဖြင့် ပျောက်တဲ့ သဘော သည်ကား ဆိုလို့ ရှိရင် ပျောက်သွားတဲ့ ဖြစ်ခြင်း သည်ကားလို့ ဆိုရင်၊ ကျုပ်တို့ လူသေတယ် ဆိုပေမဲ့ အလောင်းကြီး ကျန်နေတဲ့ သဘော မျိုး (မှန်လှပါ)။

အဲ့ဒါ မကြည့်ရဘူး၊ ပျောက်တယ် ဆိုရင် လုံးဝ ပျောက်။ ဖြစ်တာ၊ အစားထိုးတာ ကလည်း ဒီနေရာမှာ အစားထိုးလာ တာကလည်း ေဩာ် သူ အသစ်တစ်ခုဘဲ၊ သဘောကျ ပလား (မှန်လှပါ)။

ပျောက်တာကလည်း လုံးလုံး ပျောက်တာဘဲ (မှန်ပါ့) ဒါဖြင့် ပျောက်တာ လုံးလုံး ပျောက်နဲ့ အသစ်တစ်ခု အစားထိုးတာ မရော မစပ်ဘဲနဲ့ အစားထိုးတာ ဒီနှစ်ခု ကွဲရ မယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အရိယာမျက်လုံးတပ်တဲ့အခါ

အရိယာမျက်လုံး တပ်တဲ့အခါကျတော့ ပျောက်တာ ကလည်း ဘာတုံး (လုံးလုံးပျောက်) ကျေနပ် ကြပလား (တင်ပါ့)။

ဒီနေရာ အစားထိုးလာတာကရော (သီးသန့်ပါ) သီးသန့် သူဘယ်သူနဲ့မှ မရောယှက်ဘူး၊ သဘောကျပလား (မှန်ပါ့) ပျောက်တာလည်း ဘာတုံး (လုံးလုံး ပျောက်ပါ ဘုရား)။

လုံးလုံးပျောက်တာ ဘာပြာမှ မကျန်ရစ်စေနဲ့ ကိုထွန်းဦး (မှန်ပါ့) ဘာမှ မကျန်ရစ်စေနဲ့နော် (မှန်ပါ့) အစားထိုးတာကရော (သီးသန့်ပါ ဘုရား) သီးသန့် အစားထိုးတာ ဆိုတော့ ဒကာ ဒကာမတို့၊ ဪ ဒီ အပျောက် သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ ဒုက္ခ အကြီးဆုံး ရောက်တဲ့ အပျောက်၊ သဘော ကျကြပလား (ကျပါ တယ် ဘုရား)။

ဒုက္ခ အကြီးဆုံးရောက်တဲ့ အပျောက် (မှန်လှပါ) ဘာကြောင့်တုံးလို့ မေးတဲ့ အခါကျတော့ မီးလောင်တယ်၊ အတွင်း ပစ္စည်းရလိုက်သေးတယ်၊ ကဲ ပျောက်ကော ပျောက်ကဲ့လား၊ အတွင်းပစ္စည်း ရလိုက်သေး တယ်လို့ ဆိုတော့ တော်သေးရဲ့ ဆိုတဲ့ တဏှာက မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဒုက္ခသစ္စာအစစ်မဟုတ်သေးဘူး

မီးလောင်တယ်၊ အိမ်တော့ဖြင့် ပြာကျသွားတာဘဲ၊ တိုက်လည်း ပြာကျ သွားတာဘဲ၊ အတွင်း ပစ္စည်း တွေတော့ ပြန်ရပါသေးတယ် ဆိုတော့ ဒီပျောက်ပင် ပျောက်ငြား သော် လည်း၊ ဒီဥစ္စာကို ဒုက္ခအစစ်လို့ သူ့ယူရဲ့ လား (မယူပါဘူး ဘုရား)။

မယူဘူးတဲ့ ကျန်သင့်သလောက် ကျန်သေးတဲ့ အတွက် သုခကျန်သေးတယ် (မှန်ပါ့) သုခကျန် နေသေးတယ် (ကျန်နေပါတယ် ဘုရား)။

ဟိုက ဒုက္ခက တစ်ဝက်၊ သုခက တစ်ဝက်ဖြစ်နေ တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အပျောက်လုံးလုံးကော ဟုတ်ရဲ့လား (မဟုတ်ပါဘူး ဘုရား) အဲဒီ လုံးလုံး မဟုတ်သေးလို့ ရှိရင် ဒုက္ခသစ္စာ မဟုတ်သေးဘူး၊ ရှင်းပလား။

ဒုက္ခသစ္စာ မဟုတ်သေးပုံ ပေါ်ပလား (ပေါ်ပါ ပြီ ဘုရား) တိုက်တစ်အိမ်နဲ့ မီးလောင်သွားတယ်၊ အတွင်း ပစ္စည်း လိုချင်တဲ့ အထုပ်ကလေး ရလိုက်သေးတယ်။

ဒီပျောက်သည် ဘာပျောက်တုံး ဆိုလို့ရှိရင်ဖြင့်၊ ဒုက္ခ နဲ့ သုခ စပ်ပြီး သကာလ နေတဲ့အတွက် သူ့စိတ်ထဲမှာ တဏှာရော နေသေးတယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

သတိထားဖို့ နည်းပေးနေသော

ဆိုနိုင်တော့ကို၊ ဒါအရိယာတို့၏ အပျောက်က ဒီ အပျောက်မျိုးလို့ ဆိုကြမလား (မဟုတ်ပါဘူး) အရိယာ ပျောက်က ခင်ဗျားတို့ ရှုတဲ့အခါမှာ သတိထားဖို့ ခု နည်းပေး နေတာ။

အခု ပေါ်လာတဲ့ ဓမ္မလေးဟာ ဒီနေရာမှာချည့် ဖျတ်ခနဲ အကြောင်း တိုက်ဆိုင်လို့ ပေါ်လာတယ်၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။

ဒီနေရာ မရှုပဲနဲ့ ဖျတ်ခနဲ ပျောက်သွားတာလေးဟာ၊ေဩာ် ဒီနေရာမှာ ပေါ်ပြီး၊ ဒီနေရာမှာ ပျောက်သွားပါလား၊ ဘယ်မှလည်း မတွေ့နိုင်ဘဲနဲ့ ပျောက်သွားတယ်။

ပေါ်တော့ကော (ဒီနေရာ ပေါ်ပါတယ် ဘုရား) ပျောက်တော့ကော (ဒီနေရာ ပျောက်ပါတယ် ဘုရား) ဒါဖြင့် ဒီတရားလေးဟာ ပေါ်တော့လည်း ဘယ်က လာတယ်လို့ မသိဘူး (မှန်ပါ့)။

ပျောက်သွားတော့လည်း ဘယ်သွားတယ်လို့ (မသိပါဘူး ဘုရား) အဲဒီ ဒီနေရာတင် ပေါ်၊ ဒီနေရာတင် ပျောက်တဲ့ အပျောက်ဟာ၊ ဝိပရိနာမ ဒုက္ခသစ္စာ အဲ့ဒါကို ဘုန်းကြီးက မျက်လုံးတပ်ပေးမှာ ရှင်းပလား။

အဲဒါ တပ်ပေးလိုက်တော့ ဒီနေရာတင် ဘယ်ကလာ ပြီး ပေါ်တယ်လဲ မသိဘူး၊ ပျောက်သွားတဲ့ အခါလဲ ဘယ်ကို သွားတယ်လို့ မသိဘူး။

အဖြစ်နဲ့ အပျောက် သေချာမြင်မှ အရိယာမျက်လုံး

အဲဒီအဖြစ်နဲ့ အဲဒီအပျောက်ကို ခင်ဗျားတို့ သေသေ ချာချာ မြင်လို့ရှိရင်၊ ဒါ အရိယာမျက်လုံး တပ်မိပြီလို့ ဆုံးဖြတ် ချက်ချ ကိုထွန်းဦး၊ ဒါ အလုပ်နော် (မှန်ပါ့) အားလုံး ဒကာ ဒကာမတွေ မပျင်းကြနဲ့ (မှန်ပါ့)။

ဪ ဒီနှစ်ခု တိုက်တာနဲ့ဘဲ ဒီနေရာ ဖျတ်ခနဲ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ကောင်းပြီ ပေါ်တာတော့ ခင်ဗျားတို့ သိပြီ၊ ဒီက အောက်က အမာနဲ့ အပေါ်က အမာနဲ့ နှစ်ခု ထိခိုက်တာနဲ့ မပေါ်ဘူးလား၊ ပေါ်လား (ပေါ်ပါတယ် ဘုရား)။

ဘာဝေဒနာပေါ်တုံး (ဒုက္ခဝေဒနာ ပေါ်ပါတယ် ဘုရား) နဂိုက ရှိနှင့်သလား မေးရင်ကော (မရှိပါဘူး ဘုရား) မရှိနိုင်ဘူး။

ဒါဖြင့် ခု အကြောင်း တိုက်ဆိုင်လို့ ပေါ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ကိုင်း ပေါ်ရာဌာန သည် ဘယ်က လာပေါ်တယ် ဆိုတာမျိုး ခင်ဗျားတို့ ပြောနိုင်သေးရဲ့ လား (မပြောနိုင်ပါဘူး ဘုရား)။

ရေငုပ်သလို မင်း ဟိုနားက ငုပ်ပြီး ဒီပေါ်တာပါလို့ ပြောနိုင်ရဲ့လား (မပြောနိုင်ပါဘူး ဘုရား) မပြောနိုင်ဘူး ဒီနေရာမှာ နှစ်ခု အပေါ်နဲ့ အောက်နဲ့ ထိလို့ ဘာပေါ်လာတုံး (ဒုက္ခဝေဒနာ ပေါ်လာ ပါတယ် ဘုရား)။

ပျောက်တော့ဘယ်သွားတုံး

ဒုက္ခ ဝေဒနာလေး ပေါ်လာတယ်၊ ပေါ်တာတော့ ရှိပါစေတော့ ဦးသာဌေးတို့ ကိုထွန်းဦးတို့ (မှန်ပါ့)။

ပျောက်တော့ ဘယ်သွားတုံး မေးလိုက်တယ် (ပြောလို့ မရပါဘူး ဘုရား) ပျောက်တော့လည်း မမြင်ရာဘဲ သွားတယ်လို့ (မရှိ မမြင်ရာပါ) မရှိ မမြင်ရာဘဲလို့ မဆို နိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒီအပေါ်နဲ့ ဒီအပျောက်သည် မရှိ မမြင်ရာက ဟုတ်လား ပေါ်လာတယ် ဟုတ်လား (မှန်ပါ့) ပျောက် သွားတော့လည်း၊ ကျုပ်တို့ မလှမ်းနိုင်တဲ့ နေရာဘဲ ပျောက်သွားတယ် (မရှိမမြင်ရာ ပျောက်ပါတယ် ဘုရား)။

ဒီအတိုင်းဘဲ အဲဒီတော့ကို ဒါလေးဟာက ဒကာ ဒကာမတို့ အထည်ရှိရဲ့ လား မရှိဘူးလား လို့သာ မေးလိုက်ပါတော့ (မရှိပါဘူး) အထည် မရှိဘူး။

သဘောတော့ ဒီနာတဲ့ သဘောလေး ရှိတယ်။ ယားတဲ့ သဘောလေး (ရှိပါတယ် ဘုရား) ဒီသဘော လေးဟာ ဘယ်က လာပေါ် သတုံး မေးတော့လည်း ေဩာ် အကြောင်း တိုက်ဆိုင်လို့ ပေါ်တယ်လို့ ဖြေကြပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လို အကြောင်း တိုက်ဆိုင်တုံး၊ အောက်ကလည်း မသေတဲ့ အသားနဲ့ လူမသေသေးတဲ့ အသား (မှန်ပါ့) ဒီကလည်း လူမသေသေးတဲ့ လက်ညှိုးနဲ့ ခြစ်လိုက်တယ်၊ ပေါ်ပြီ၊ သူတို့အကြောင်း တိုက်ဆိုင်လို့ ပေါ်ပြီ (မှန်ပါ့)။

စာလိုသုံးတော့ ကာယဝိညာဏံပဲ၊ သူ့ဟာက (မှန်ပါ့) ဟုတ်ဖူးလား (မှန်လှပါ)။

ဟော့ဒီ အောက်ခံ ကာယကို လည်းကောင်း၊ သဘောကျပလား၊ ဟောဒီ လက်သည်း အမာလေးကို လည်းကောင်း၊ နှစ်ခု စပ်၍ ကာယဝိညာဏ်သည် ဖြစ်၏ (မှန်ပါ့)။

မလာဘူးလား (လာပါတယ် ဘုရား) ဒါဆိုရင် ငြင်းစရာ လိုသေးသလား (မလိုပါဘူး ဘုရား) ဒါဖြင့် ဒါလေး ဘယ်က လာတုံး မေးလို့ ရှိရင်ဖြင့်၊ အကြောင်း တိုက်ဆိုင်လို့ လာတယ်၊ ဟုတ်လား။

ရှိလည်းရှိတယ် ပျောက်လည်းပျောက်တယ်

အကြောင်းတိုက်ဆိုင်တဲ့ အချိန် ဆိုတာ၊ ကုန်တော့ ဘာဖြစ် သွားတုံး (ပျောက်သွားပါတယ် ဘုရား)။ ပျောက်သွားတော့ ေဩာ် ရှိလည်း ရှိတယ်၊ ပျောက်လည်း ပျောက်တယ်လို့ မဆိုနိုင် ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ကျုပ်တို့ ခန္ဓာကိုယ်ထဲမှာ ဒါမျိုးချည့် မြင်ရ မယ်၊ ပေါ်လည်းရှု ပေါ်လည်းပေါ်တာပဲ၊ ပျောက်ကော (ပျောက်ပါတယ် ဘုရား) ပေါ်လည်း ပေါ်တယ်၊ ပျောက်လည်း ပျောက်တယ်လို့ ခင်ဗျားတို့ သိတော့၊ ဒီခန္ဓာကိုယ် ထဲမှာ ရုပ်ကြည့်လိုက်လည်း အင်း ပေါ်လည်း ပေါ်တယ်၊ ပျောက်လည်း ပျောက်တယ်။

နာမ်ဘက် ကြည့်လိုက် ပြန်ရင်ကော (ပေါ်လည်း ပေါ်တယ်၊ ပျောက်လည်း ပျောက်ပါတယ် ဘုရား) ဖြစ်လည်း ဖြစ်တယ် ပျက်လည်း ပျက်တယ် ပေါ့ဗျာ၊ သဘောကျပလား (ကျပါတယ် ဘုရား)။

အဲဒါတွေ မြင်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း၊ ဪ ယောက်ျားလည်း မဟုတ်ပါလား၊ မိန်းမလည်း မဟုတ်ပါလား၊ အဖြစ်အပျက် သက်သက်ပါလား မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ယောက်ျား၊ မိန်းမ ပျောက်ထွက်သွားတယ်၊ ဘာ တင်ကျန်ရစ်တော့တုံး (အဖြစ်အပျက်ဘဲ ကျန်ပါတယ် ဘုရား) အဖြစ်အပျက် သက်သက်ဘဲ ကျန်ရစ်တော့တယ် မနေဘူးလား (နေပါတယ် ဘုရား)။

အဲ့ဒါက ပညာစက္ခုနဲ့ မြင်တာ၊ ယောက်ျား မိန်းမ အထူး ဖယ်နေရသေးလား (မဖယ်ရပါဘူး ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား) ယောက်ျား မိန်းမ အထူးဖယ် ရသေးလား (မဖယ် ရပါဘူး ဘုရား)။

အရိယာမျက်လုံးတပ်ပေးလိုက်ပြီ

မတူဘူးတဲ့ ဒီဥစ္စာ သူက ဘာတုံး၊ အဖြစ်နဲ့ အပျက် သာ သူက ဉာဏ်တည့်တာ၊ အဲဒီတော့ ဒီမျက်လုံးသည် ပကတိ မျက်လုံးလား၊ အရိယာ မျက်လုံးလားသာ မေးကြည့် (အ ရိယာ မျက်လုံးပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ပကတိမျက်လုံးနဲ့ကြည့် လိုက်လို့ရှိရင်၊ ဒါ အတုံးအတစ် မြင်မှာပဲ၊ မြင်ကြပေဘူးလား (မြင်ပါတယ် ဘုရား) ဝ,တယ်၊ ပိန်တယ်၊ လှတယ်၊ ချောတယ်၊ ကွေးတယ်၊ ကောက်တာ၊ ဟုတ်လား စောင်းတယ်၊ ရွဲ့တယ် ဒီလိုမလာဘူးလား (လာပါတယ် ဘုရား)။

ခု-အရိယာ မျက်လုံး တပ်ပေးလိုက်တော့၊ ဒီတရားငါး ခုက သူနေရာနဲ့ သူ အကြောင်း တိုက်ဆိုင်ရင် သူပေါ်လည်း ပေါ်တယ်။ ပျက်လည်း ပျက်တယ်၊ ဒီအကြောင်း လေးခုက လည်း သူတို့ အကြောင်း တိုက်ဆိုင်ရင် ပေါ်လည်း ပေါ်တယ်၊ ပျက်ကော (ပျက်ပါတယ် ဘုရား)။

ဒါဖြင့် ပေါ်တာ၊ ဖြစ်တာ၊ ဖြစ်တာ – ပျက်တာ ဟုတ် လား၊ ဒါဖြင့် ခန္ဓာကိုယ် တစ်ခုလုံးမှာ ဘာသာလျှင် ရှိသတုံး မေးလိုက် (ဖြစ်ခြင်းနဲ့ ပျက်ခြင်း ရှိပါတယ်) ဖြစ်ခြင်း ပျက် ခြင်း ရှိတယ်။ သဘော ကျပလား (ကျပါတယ် ဘုရား)။

မျက်လုံးမှိတ်ကြည့်

အဲတော့ ဖြစ်ခြင်းနဲ့ ပျက်ခြင်း ရှိတော့ကိုး၊ ဒကာ ဒကာမတွေကို ဘုန်းကြီးက ဉာဏ်ပြောင်း ပေးလိုက်ပြီ၊ ဒကာ ဒကာမတွေ ကြည့်ပေးပါ။ ကြည့်ပေးပါ။ မျက်လုံးမှိတ်ပြီး ကြည့်နော် မျက်လုံး မှိတ်ရသေးတယ်၊ မနောဒွါရကနေ ကြည့်မှ မြင်မှာကိုးဗျ (မှန်ပါ့)။

ဒီ စက္ခုဒွါရဆိုတဲ့ မျက်လုံးနဲ့ ကြည့်လို့တော့ မမြင်ဘူး ၊ (မှန်ပါ့) သဘောကျရဲ့လား (ကျပါတယ် ဘုရား) မနောဒွါရနဲ့ ကြည့်ပါ။ မနောဒွါရနဲ့ စောင့်ပြီး သကာလ ခန္ဓာကိုယ် ထဲမှာကြည့်၊ ဘာမှမလုပ်နဲ့၊ စောင့်ကြည့် နေ၊ ဘယ်ဟာကိုမှ နှလုံးသွင်းပြီး သကာလ မနေနဲ့၊ စောင့် နေတဲ့ သဘောနဲ့သာ စောင့်နေ၊ စောင့်နေတဲ့ အခါကျလို့ ရှိရင်ဖြင့်၊ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ယားတာရင်လဲလာ လိမ့်မယ်။

ပူတာရင်လဲ လာလိမ့်မယ်၊ ညောင်းတာ ရင်ကော (လာမှာပါ ဘုရား) ရှေးဦးစွာ သူ့အရင် တွေ့တတ်တယ် (မှန်ပါ့)။

ဘယ်က လာတာတုံး မေးလိုက် သူ့ကို သဘောကျ ပလား (မှန်ပါ့) ယားတာလေး လာရင်ကော မင်း ဘယ်က လာတာတုံး မေးလိုက်ပါ့လား (တင်ပါ့ ဘုရား)။

ဒီနေရာပေါ်ဒီနေရာပျောက်

ပျက်သွားတဲ့ အခါကျတော့၊ မင်းဘယ်သွားသတုံးလို့ ကြည့်လိုက်တဲ့ အခါကျတော့၊ ပေါ်တာ လည်း ဒီနေရာပေါ် တာ၊ ပျက်ပြီး သကာလ ပျောက်သွား တာလည်း ဒီနေရာပဲ ဆိုတော့၊ ဒီဥစ္စာ ဖြစ်ပြီး ပျက်သွားတဲ့ သဘောဟာ၊ ဝေဒနာက ပေါ်လာရင် ဝေဒနာ့သဘော၊ သညာက ပေါ်လာ ရင် (သညာ သဘောပါ ဘုရား)။

စေတနာက ပေါ်လာရင် (စေတနာ သဘောပါ ဘုရား) အဲ စိတ်က ပေါ်လာရင် (စိတ်သဘောပါ ဘုရား) စိတ်သဘောပဲ၊ ရုပ်က ပေါ်လာရင် (ရုပ်သဘောပါ ဘုရား)။

အဲတော့ သူတို့က သဘောခြင်း မတူညီမျှကြဘူးလား သူလည်း (ဖြစ်ပျက်) သူတို့ ငါးခုစလုံး ဘယ်လို ဆိုကြမတုံး (ဖြစ်ပျက်ပါ ဘုရား)။

လွန်ကဲတာတစ်ခုကိုရှုပါ

ဖြစ်ပျက်၊ ငါးခုစလုံး ဖြစ်ပျက်ချည့် ဖြစ်ပြီး သကာလ နေတော့၊ ငါးခုစလုံးဟာ တစ်ခုတည်း၊ တစ်ပြိုင် တည်းတော့ မဖြစ်နိုင်ဘူး၊ ဒီအထဲက လွန်ကဲတာ တစ်ခုတော့ ဖြစ်ပျက်တာ ကို ခင်ဗျားတို့ ရှုဖို့ (မှန်ပါ) ရိပ်မိပလား (မှန်လှပါ)။

လွန်ကဲတာ တစ်ခုကိုတော့ ဖြစ်ပြီး ပျက်တယ်လို့ ဦးကြီးတို့ ရှုပါ၊ အကုန် ငါးခုစလုံး ဆိုလို့ရှိရင် ဘုရားတောင် မနိုင်ဘူး (မှန်လှပါ)။

ဘုရားတောင် မရှုနိုင်ဘူး၊ ဒီဥစ္စာ ရိပ်မိကြပလား (မှန်ပါ) ဒါဖြင့် တစ်ခုတည်း ဆိုလို့ရှိရင် မရပေဘူးလား။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ တစ်ခုထဲ ဆိုလို့ရှိရင် ကဲ အားလုံး ဒကာ ဒကာမတွေ လွယ်ကူမလား၊ မလွယ်ကူဘူး လား မေးကြ (လွယ်ကူပါတယ် ဘုရား) စောင့်ကြည့်နေ ရင် တစ်ခုတော့ ပေါ် ရမှာဘဲ (ပေါ်ရမှာပါ ဘုရား) မပေါ် ပေဘူးလား (ပေါ်မှာပါ ဘုရား)။

ထိုင်နေ၊ အားလုံး ဒကာ ဒကာမတွေရ မျက်လုံးမှိတ် ပြီးတော့ ထိုင်၊ ထိုင်နေလို့ ရှိရင်ဖြင့် ခင်ဗျားတို့ စမ်းကြည့်၊ ထိုင်စမ်းကြည့်ပါ၊ ဦးဘကြည်တို့ အကုန် စမ်းကြည့်ပါ။

ယားတာ၊ နာတာ၊ ကိုက်တာ၊ ခဲတာဟာ တစ်ခု ပေါ် ချင်တာ ပေါ်မယ်၊ တစ်နည်းအားဖြင့် စားချင်တာ၊ သောက် ချင်တာ၊ ဆာတာ၊ မွတ်သိပ်တာ ပေါ်ချင်လည်း ပေါ်မယ် (မှန်ပါ)။

ကိုက်တာ၊ ခဲတောရင်ကော (ပေါ်ပါတယ် ဘုရား) ပေါ်တော့ အဲဒီ ပေါ်တာ ဟူသ၍သည် ေဩာ် ပေါ်ပြီလို့သာ ခင်ဗျားတို့ သိနေ၊ ပေါ်ပြီ သိရင် ပျက်တာ သိတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပေါ်ပြီလို့ သိရင်ဘာတုံး (ပျက်တာ သိပါတယ် ဘုရား) ဘာပြုလို့တုံး၊ သူ့သက်တမ်းက တစ်-နှစ်ကိုဗျ တစ် မှာ ပေါ်တယ် (မှန်ပါ) နှစ်ဆိုတော့ (မရှိတော့ပါ ဘူး) ပျက်သွားပြီ။

ဥဒယနဲ့ ဝယ ရှိတာကိုး၊ ရိပ်မိကြပလား (ရိပ် မိပါတယ် ဘုရား) အဲတော့ အဲဒါတွေ ပေါ်ပျက်၊ ပေါ်ပြီးပျက် တာလေးကို ခင်ဗျားတို့က စောင့်နေတဲ့ ပုဂ္ဂိုလ်ဆိုတော့ မတွေ့ ပေဘူးလား၊ တွေ့လား (တွေ့ပါတယ် ဘုရား)။

စောင့်နေတဲ့ ပုဂ္ဂိုလ် ဆိုတော့ တွေ့ပြီနော်၊ ဒကာ ဒကာမတို့ (မှန်ပါ) တွေ့နေတော့ကို အားလုံး ဒကာ ဒကာမ တွေက ေဩာ် မမြင်ရာ အရပ်က လာပြီး၊ မမြင်ရာ အရပ် သွားတာဘဲ ဆိုတော့၊ အသွားအလာ စကားက ဝိသုဒ္ဓိမဂ်က ပါနေတော့ ဒီအသွား အလာ ဟာကိုပင်လျှင်၊ ဒကာ ဒကာမတွေက သံသယ ရှိတယ် (မှန်ပါ)။

သံသယရှိတော့ ဒီနေရာပေါ်ပြီး ဒီနေရာပျောက် တယ်၊ ဒါနဲ့ သိမ်းထား လိုက်ပါ ခင်ဗျားတို့ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုပါလိမ့် (ဒီနေရာပေါ်ပြီး၊ ဒီနေရာ ပျောက်ပါတယ် ဘုရား) ဒီနေရာပေါ်ပြီး ဒီနေရာ ပျောက်တယ်၊ ကောင်းပြီ သူ့ကို ခန္ဓာလေးဖွဲ့ကြည့်ရအောင်။

ဒီနေရာမှာ နာပြီး၊ ဒီနေရာမှာ ပျောက်တော့ နာတာ ဘာတုံးဆိုတော့ ဝေဒနာက္ခန္ဓာ၊ မဆိုထိုက်ကြဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ဝေဒနာက္ခန္ဓာဆိုတာက ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးထဲ မှာ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ မရှိဘူးလား (ရှိပါတယ် ဘုရား) သညာက္ခန္ဓာ အစရှိသည်နဲ့ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဪ ဒီကျတော့ မိမိဖြစ်ပြီး၊ မိမိပျက်တာ ခင်ဗျားတို့ ဉာဏ်က မသိမ်းနိုင်ဘူးလား၊ သိမ်းနိုင်လား (သိမ်းနိုင်ပါတယ် ဘုရား) မသိမ်းနိုင်ဘူးလား မိမိဖြစ်ပြီးတော့ ဘာတုံး (မိမိပျက်တာပါ ဘုရား)။

မိမိမွေးပြီး မိမိသေတာ

ဪ ဒါဖြင့် မိမိမွေးပြီး၊ မိမိသေ မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား) သူများ သေတာ လား၊ ခင်ဗျားတို့ ကိုယ်တိုင် ခင်ဗျားတို့ ခန္ဓာ၊ ခင်ဗျားတို့ ခန္ဓာလို့ ထင်နေတဲ့ ဥစ္စာကိုဘဲ၊ ခင်ဗျားတို့ ခန္ဓာက ခု ဝေဒနာက္ခန္ဓာ ပေါ်ပြီး ယခု ဝေဒနာက္ခန္ဓာ အနိစ္စ ရောက်သွားတာဘဲ။ မဆို နိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဆိုနိုင်တော့ ဒီဥစ္စာဟာ ပကတိမျက်လုံးနဲ့ ကြည့်တော့ မမြင်ဘူးတဲ့၊ စောင့်ပြီး ဘုန်းကြီးက မျက်လုံးမှိတ်ပြီး စောင့် ကြည့်နေပါ ဆိုတော့၊ အားလုံး ဒကာ ဒကာမတွေ မြင်မလား၊ မမြင်ဘူးလား (မြင်ပါတယ် ဘုရား) မြင်မှာဘဲ။

ဉာဏ်နဲ့မြင်မှာဘဲ ဆိုပါစို့ (မှန်ပါ) ဒီအမြင်ဟာ ဘာအမြင်တုံး ဆိုလို့ရှိရင် ပုထုဇဉ် အမြင်လား၊ အရိယာအမြင် လား သာဝေဖန်တော့ (အရိယာအမြင်ပါ ဘုရား)။

အရိယာအမြင် အသေအချာ စတာ (မှန်ပါ) ရှင်းပလား (မှန်ပါ) အရိယာအမြင် အသေအချာ မစသေးဘူးလား (စပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည် စောင့်ပြီး ကြည့်နေတဲ့ အလုပ် ဟာ၊ ခင်ဗျားတို့၏ ဝိပဿနာအလုပ်၊ စောင့်နေတာက လာ ရင်ဖမ်းမယ်လို့ စောင့်နေတာက သမာဓိနဲ့ စောင့်နေတာ (မှန်ပါ) ဖမ်းလိုက်တာ ပညာနဲ့ ဖမ်းလိုက်တယ် (မှန်ပါ)။

စောင့်နေတာ ဘာနဲ့စောင့်နေတုံး (သမာဓိနဲ့ စောင့်နေတာပါ ဘုရား) သော် အဖြစ်ကလေးနဲ့ အပျက် ကလေးပဲလို့ ဖမ်းလိုက်တာက (ပညာနဲ့ပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် အဲဒီအချိန်မှာ ဒကာ ဒကာမတွေက မှတ်လိုက် ပါတဲ့၊ အရိယာ ဖြစ်တယ်၊ မဖြစ်တယ် ဘုန်းကြီး ရှင်းပြပါ့မယ် စောင့်နေတာက သမာဓိနော် (မှန်ပါ့) ဖမ်းလိုက်တာက (ပညာပါ ဘုရား)။

ဒီသုံးခုကအစောင့်သမား

ဒါဖြင့် စောင့်နေတာက သမာဓိ၊ ဖမ်းလိုက်တာက ပညာ ဆိုသဖြင့် သမာဓိ မဂ္ဂင်က သတိရယ်၊ ဝီရိယရယ် ဟုတ် လား (မှန်ပါ) သမာဓိရယ်၊ ဒီသုံးခုကတော့ ခွဲလို့မရဘူး၊ ဒါ စောင့်နေတဲ့ တရားသုံးခု (မှန်ပါ)။

ခင်ဗျားတို့ ခန္ဓာကိုယ် စောင့်နေတဲ့ တရားသုံးခု၊ ဘယ် နှစ်ခုပါလိမ့် (သုံးခုပါ ဘုရား) စောင့်တာ သုံးခု၊ စောင့်လို့ ပေါ်လာတဲ့ အချိန်မှာ ဖမ်းလိုက်တာ ခေါင်း၊ ရှေ့တက်ပြီး ဖမ်းလိုက်တာ သမ္မာသင်္ကပ္ပ နဲ့ သမ္မာဒိဋ္ဌိ ပညာ၊ ပညာမဂ္ဂင် (၂)ပါး (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ပညာမဂ္ဂင်။ ရှေ့က ဘာတုံး (ပညာမဂ္ဂင်ပါ ဘုရား) နောက်က (သမာဓိမဂ္ဂင်ပါ ဘုရား) သမာဓိမဂ္ဂင်၊ သမာဓိ မဂ္ဂင်က သုံးပါး၊ ပညာမဂ္ဂင်က (နှစ်ပါးပါ ဘုရား) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ပထမဟာတော့ သမာဓိ မူတည် ဆိုတော့ ဒါလေးနဲ့ စောင့်ခိုင်းတာ (မှန်လှပါ) ရိပ်မိပလား (မှန်ပါ) ဖမ်းတဲ့ အခါကျတော့ သူတို့က မဖမ်းတတ်ဘူး (မှန်ပါ) ဖမ်းတတ်ပါ့မလား (မဖမ်းတတ်ပါဘူး ဘုရား)။

မဖမ်းတတ်တော့၊ ဒီနေရာပေါ် ဒီနေရာ ပျောက်ပါ လားလို့ သိတာက သူတို့နှစ်ခုက သိတာ (မှန် လှပါ) သူတို့နှစ်က အဖမ်းသမား (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူတို့နှစ်ခုက အဖမ်းသမား

သူတို့နှစ်ခုက (ပညာမဂ္ဂင်) အဖမ်းသမား သူတို့ သုံးခုက (အစောင့်သမား) သူတို့ နှစ်ခုက (အဖမ်း သမားပါ ဘုရား)။

ဖမ်းလိုက်တဲ့ အခါကျတော့ ခုနက ဖြစ်ပျက် မမိဘူး လား၊ မိလား (မိပါတယ် ဘုရား) ဖြစ်လည်း ဖြစ်သွား တယ်၊ ပျက်လည်း ပျက်သွားတယ်၊ မိမိ မွေးပြီး မိမိသေတာ ဘဲ ဒီဥစ္စာ မဆိုထိုက်ဖူးလား (ဆိုထိုက်ပါတယ် ဘုရား)။

မိမိက ဘာခန္ဓာတုံးဆိုတော့၊ မိမိက ဝေဒနာက္ခန္ဒာကို ဗျ ဟုတ်လား၊ ခန္ဓာငါးပါးစလုံးတော့ မဖမ်းနိုင်လို့ ကိုယ်မိရာ ကိုယ်ဖမ်းလိုက်တာ (မှန်ပါ) ရိပ်မိကြပလား (ရိပ် မိပါတယ် ဘုရား)။

ငါးပါးစလုံး ဘုရားတောင် မဖမ်းနိုင်ဘူး ဆိုတာ ဟော ပြီးပြီ၊ အဲတော့ စောင့်နေတာ ဘယ်နှစ်ပါးပါလိမ့် (သုံး ပါးပါ ဘုရား) ဖမ်းနိုင်တာက (နှစ်ပါးပါ ဘုရား)။

ေဩာ် စောင့်နေတာ သမာဓိမဂ္ဂင်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဖမ်းနိုင်တာက (ပညာမဂ္ဂင်ပါ ဘုရား) သူက သမာဒိဋ္ဌိ၊ ပညာ။

သမ္မာသင်္ကပ္ပ ဆိုတော့ သမ္မာဒိဋ္ဌိက၊ သမ္မာသင်္ကပ္ပနဲ့ မခွဲရဘူး (မှန်ပါ) ခွဲနိုင်ပါ့မလား (မခွဲနိုင်ပါဘူး) သူက မြင်ကွက် ဖော်ပေးသမား၊ သူက မြင်သမားကိုးဗျ (မှန်လှပါ)။

သူတို့သုံးခုကတော့ တစ်ယောက်က တို့ပေးသမား၊ တစ်ယောက်က ခါးကုန်း နေသမား၊ တစ်ယောက်က လှမ်း ဆွတ်သမားလို့ ဆိုတော့ ပန်းခူးတဲ့လူ ဥပမာနဲ့လည်း ပြကြ ပါတယ် နော် (မှန်ပါ)။

အဲတော့ သို့သော် ဘုန်းကြီးက ဒီလို မပြောဘူး၊ ဒကာ ဒကာမတွေ နားရှုပ်နေမှာစိုးလို့၊ ခင်ဗျားတို့ မျက်လုံး မှိတ်ပြီး စောင့်နေပါ ဆိုရင်၊ ဒီသုံးခု ဝမ်းထဲ ရောက်ပြီ၊ ရှင်းပလား (မှန်ပါ့)

သတိရယ်၊ ဝီရိယရယ်၊ သမာဓိရယ် စောင့်နေရင် ဘယ်နှစ်ခု ဝမ်းထဲရောက်တုံး (သုံးခု ရောက်ပါတယ် ဘုရား)။

စောင့်လို့ ခန္ဓာထဲမှာ သုခပေါ်ပေါ်၊ ဒုက္ခပေါ်ပေါ် ဘယ်စိတ် ပေါ်ပေါ် ပေါ်ချင်တာ ပေါ်ပေါ့ဗျာ (မှန်လှပါ) စောင့်နေရင်း မတ္တနဲ့ အထူးတစ်ခု ပေါ်လာတာကို ခင်ဗျားတို့ က တစ်ခါတည်းလိုက်။

လိုက် လိုက်တဲ့ အခါကျလို့ရှိရင် ပေါ်မှန်းလည်းသိ တယ်၊ ပျက်မှန်းလည်း သိတယ် (သိပါတယ် ဘုရား) သဘောကျကြရဲ့လား။

ပေါ်မှန်းကော (သိပါတယ် ဘုရား) ပျက်မှန်း ကော (သိပါတယ် ဘုရား) သိလိုက်တဲ့အခါ ပေါ်မှန်း ပျက်မှန်း သိတော့ သိတယ် ဆိုရင် သူတို့နှစ်ခု ဝင်လာတယ် မှတ်ပေတော့။

သမာဓိမဂ္ဂင် နှင့် ပညာမဂ္ဂင်

စောင့်နေတာက ဘယ်နှစ်ခု (သုံးခုပါ ဘုရား) ဖမ်းနိုင်တာက (နှစ်ခုပါ ဘုရား) နှစ်ခု ဆိုတော့ သူက မဂ္ဂင်ထဲသွင်းလိုက်တော့ သူက ဘာမဂ္ဂင်တဲ့ (သမ္မာဒိဋ္ဌိ) ပညာမဂ္ဂင် ဟုတ်လား၊ ဒီက (သမာဓိ မဂ္ဂင်)။

သမာဓိမဂ္ဂင်က သုံး (မှန်ပါ့) ပညာမဂ္ဂင်က (နှစ်ပါး) ဒါ အရိယာမှ ရတာ။

အရိယာမျိုးရိုး ရှိတဲ့ ပုဂ္ဂိုလ်မှ ရတာ (မှန်ပါ) ဒီပြင် ပုဂ္ဂိုလ် မရဘူး (မှန်ပါ့) ရိပ်မိကြပလား (မှန်ပါ) ဒါ ဘာမျက်လုံးလို့ ဆိုမတုံး (အရိယာ မျက်လုံးပါ ဘုရား)

အရိယာတို့ တရားကို နာဖူးတဲ့ ပုဂ္ဂိုလ်မှ ဟုတ်လား (မှန်လှပါ) အကြားအမြင် ရှိတဲ့ “သုတဝါ အရိယာ သာဝကော” ကိုဗျ (မှန်လှပါ) သုတဝါ- အကြားအမြင်လည်း ရှိမှ၊ အရိယာသာဝကော- အရိယာ၏ တပည့်လည်း ဖြစ်မှ ဒီမျက်လုံး နှစ်ခုရတယ်ဟေ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီမျက်လုံး နှစ်ခုရဖို့ကို ခင်ဗျားတို့ ဘယ်လောက်ချီ ရတယ် ဆိုတာ ပေါ်ပလားကဲ (ပေါ်ပါပြီ ဘုရား) ကဲ ဒါဖြင့် စောင့်တာက ဘယ်နှစ်ခု (သုံးခုပါ ဘုရား) ကဲ ဖမ်းနိုင်တာက (နှစ်ခုပါ ဘုရား)

ဖမ်းမိတဲ့အချိန် မဂ္ဂင်ငါးပါး

ကိုယ့် ခန္ဓာထဲ ကိုယ်ဖမ်းတာနော်၊ ဖမ်းလိုက်တော့ ဪ ဖမ်းမိတဲ့ အချိန်မှာ မဂ္ဂင်ဘယ်နှစ်ပါး ပေါင်း မိသတုံး မေးလိုက်စမ်း (ငါးခုပါ ဘုရား)။

နှစ်ရယ်၊ သုံးရယ် ငါး မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား) စောင့်နေတာက သုံး (မှန်ပါ) ဖမ်းတာက (နှစ်ပါးပါ ဘုရား) ရှင်းပြီနော် (မှန်ပါ)။

ဖမ်းတဲ့အချိန်မှာ မဂ္ဂင် ဘယ်နှစ်ပါးတုံး မေးလိုက်တယ် (ငါးပါးပါ ဘုရား) ငါးပါးဆိုတော့ ဒီမဂ္ဂင်ငါးပါးက အားလုံး ဒကာ ဒကာမတွေ မှတ်ထား လိုက်စမ်း ဒါမဂ်ရတာလို့ ခေါ်တယ်၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

မဂ်ရတာလို့ ခေါ်တယ်၊ ကောင်းပြီ ဒီမဂ်ဟာ ဘယ် ကရတဲ့ မဂ်တုံးလို့ မေးလို့ရှိရင်၊ ပကတိ မျက်လုံးနဲ့ ရှုလို့ ရတဲ့မဂ် လား၊ ဟုတ်လား၊ ပညာစက္ခု ခေါင်းဆောင် ထားကြည့်လို့ ရတဲ့ မဂ်လား (ပညာစက္ခု ခေါင်းဆောင် ထားကြည့် လို့ရတဲ့ မဂ်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ မျက်လုံးပြောင်း ပေးတာ ဒါဘဲ၊ ပေါ် သေးဘူးလား (ပေါ်ပါပြီ ဘုရား) ဒါက လက်တွေ့ တရား နော် ဒကာ ဒကာမတို့ အကြွေးပေးပြီး သကာလ ဟော နေတဲ့တရား မဟုတ်ဘူး၊ အိမ်ကျရင် ချက်ခြင်း စောင့်ပြီး ချက် ချင်းဖမ်း သေချာမိတယ်၊ မိပေဘူးလား (မိပါတယ် ဘုရား)။

ချက်ခြင်း စောင့်ပါ အိမ်ကျလို့ရှိရင်၊ ချက်ခြင်းစောင့် ချက်ခြင်းဖမ်းလိုက်၊ ဖမ်းလိုက်ရင် တစ်နေရာမှာ တွေ့ရမယ်၊ မတွေ့ပေဘူးလား (တွေ့မှာပါ ဘုရား)။

စောင့်နေရင်း မတ္တနဲ့ဘဲ ဘာမှမစဉ်းစားဘဲနဲ့ ဘယ် နေရာက ပေါ်မတုံးလို့ စောင့်နေရင်း မတ္တနဲ့ဘဲ ပင်ကိုစိတ် ပျောက်ပြီး၊ စိတ်ကလေး အထူး ပေါ်လာလို့ရှိရင်၊ အင်း မင်း ဖမ်းရမှာဘဲလို့ ဖမ်းလိုက်။

စောင့်နေတဲ့အထဲက အထူးစိတ်ကလေး စိတ်ကူး တစ်ခု ပေါ်လာရင် ဘာဆိုကြမယ် အဲဒီ စိတ်ဖမ်း၊ သဘောကျ ပလား (မှန်ပါ့)။

ယားတယ်၊ နာတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ် ဆို အဲဒီနေရာလိုက် ရှင်းပလား (မှန်ပါ)။

ကောင်းပြီ၊ ညောင်းတယ်။ ညာတယ်၊ ဆိုရင်ကော (ဒီနေရာ လိုက်ရမှာ ပါ ဘုရား) အဲဒီ နေရာလိုက် လိုက်တဲ့ အခါစောင့်နေလို့ မိတာ၊ စောင့်မနေလို့ ရှိရင် အဲဒီနေရာ ဉာဏ်က လိုက်လို့ မိပါ့မလား (မမိပါဘူး ဘုရား)

ဒါဖြင့် စောင့်နေတာသည် မဂ္ဂင် သုံးပါး၊ ဖမ်းနိုင်တာ က (နှစ်ပါးပါ ဘုရား) မဂ္ဂင်နှစ်ပါး ဆိုတော့ ကောင်းပြီ၊ သမ္မာဒိဋ္ဌိ မျက်လုံး အသေအချာ ပါပြီ၊ မပါသေးဘူးလား (ပါ, ပါတယ် ဘုရား)။

သုတဝါ အရိယာသာဝကော

ပါသဖြင့် ဒါဘာမျက်လုံးတုံး မေးလို့ရှိရင်၊ သုတဝါ အရိယာ သာဝကောလို့ သာမှတ်ပေတော့၊ သုတရှိတဲ့ အရိ ယာ သာဝကောတွေ မျက်လုံးပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သုတဝါ အရိယာ သာဝကော ဆိုတော့ စာအတိုင်း မပါကြဘူးလားဗျ (ပါ, ပါတယ် ဘုရား) သုတဝါ အရိယာ သာဝကော ဆိုတော့ ဒါ ဝေဒနာက္ခန္ဓာလေး ဖြစ်မှု၊ ပျက်မှုကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကျကျ နန မြင်လိုက်ပြီ ဆိုမှဖြင့် အစောင့်ရှိလို့ လည်း အမြင် ကဖမ်း နိုင်တာဘဲ။

ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) စောင့်သာ မနေရင် (မဖမ်းနိုင်ပါဘူး ဘုရား)။ ဒါဖြင့် ဝိပဿနာသည် ရှုရမှာက ဒါအရိယာ မျက်လုံးကို အရိယာ မြင် ထိုက်တဲ့ ဖြစ်ပျက် ဒုက္ခသစ္စာ မြင်တာ (မှန်ပါ)။

နို့မဟုတ် မြင်ပါ့မလား (မမြင်ပါဘူး ဘုရား) ဒီ အရိယာမျက်လုံး ရလိုက်တယ်ဆိုဘဲ၊ ခင်ဗျားတို့ပဲ စဉ်းစား ကြည့်ပါတော့တဲ့၊ ယ္ခုဘဝလာမဲ့ ဒီဟာတွေကို ဥပမာ ဒါလေးက နာတယ်ထား၊ နာရင် စိတ်ပျက်တယ် ဆိုတာ လာသေးရဲ့လား (မလာပါဘူး ဘုရား)။

စိတ်ပျက်တဲ့ ဒေါသ လာသေးရဲ့လား (မလာပါ ဘူး ဘုရား) ကျုပ်က နာတာလေးကို အနာ နာမှ ကြိုက်တယ် ဆိုတဲ့ အကြိုက်ကလေး ဟာကော (မလာပါဘူး ဘုရား)။

အင်း ဆေးသမား ဆိုတော့ သုံးချင် သုံးသေးတာကိုး ဗျ၊ အနာမြုံနေရင် မကြိုက်ဘူး ပြောသေးတာ ကိုထွန်းဦး စောင်းပြော နေတယ် မအောင့်မေ့ပါနဲ့။

အနာဖြင့် နာမှကွကိုး၊ နာမှ ဒို့ဆရာက ကြိုက်တယ် ဆိုတော့၊ အဲတော့ ဒကာ ဒကာမတို့ ဒီမဂ္ဂင်ငါးပါးဟာ ေဩာ် ပုဗ္ဗေစကတပုညတာ နောက်က ကောင်းမှုပြုခဲ့လို့ ရတာလား သုတဝါအရိယာ သာဝကာ၊ သုတဝါ အကြား အမြင်များသော ပုဂ္ဂိုလ်၏ သန္တာန်မှ ရ၍၊ အရိယာသာဝကော အဲဒီအကြား အမြင်များတဲ့ ပုဂ္ဂိုလ်၏ တပည့်မှ ဖမ်းနိုင်တယ်။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီဘက်က ဆရာဘုန်းကြီးက အကြားအမြင်များ တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ခင်ဗျားတို့က ဘုန်းကြီးသာဝကတွေ သွားဖြစ်တယ်။

အဲဒီ သာဝကမှ မြင်တာဗျ၊ နို့မဟုတ်ရင် မြင်ပါ မလား (မမြင်ပါဘူး) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ဒါဖြင့် တို့သည် ကားလို့ဆိုရင် အသုတဝါ ပုထုဇ္ဇနော လို့ဆိုလို့ ရှိရင်ဖြင့်၊ အသုတဝါ = အကြား အမြင် မရှိဘူး၊ ပုထုဇ္ဇနော- ပုထုဇဉ်၊ အကြားအမြင် မရှိတဲ့ ပုထုဇဉ် ဆိုတော့ စောင့်ရမှန်း သိရဲ့လား (မသိပါဘူး) ဖမ်းရမှန်းကော (မသိပါဘူး ဘုရား)။

အသုတဝါ ပုထုဇ္ဇနော

မသိတော့ သူဟာ အရိယာနဲ့ကို ဆက်သွယ်သေး လား (မဆက်သွယ်ပါဘူး ဘုရား) အသုတဝါ ပုထုဇ္ဇနော လို့သွားပြန်တယ် (မှန်ပါ)။

ဒီကျတော့ သုတဝါ အရိယာ သာဝကောလို့ရှင်း ပလား (ရှင်းပါပြီ ဘုရား) သုတဝါ၊ ဘုန်းကြီးက – သုတဝါ ခင်ဗျားတို့က-သာဝကော သာဝကော ပေမယ့်၊ ဒါ သာမည သာဝကော မဟုတ်ဘူးတဲ့၊ အရိယာသာဝကော သွားဖြစ်တယ် အရိယာတို့၏ အမြင်ဖြစ်နေလို့ (မှန်ပါ) ရှင်းပလား (ရှင်း ပါပြီ)။

အသုတဝါ ပုထုဇ္ဇနော ဆိုရင် မမြင်ဘူးကွ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) သုတဝါ အရိယာ သာဝကော ဆိုရင် (မြင်ပါတယ် ဘုရား)။

ကဲ ခင်ဗျားတို့ ဒါလေး တစ်လုံး မြင်လိုက် လို့ရှိရင် အရိယာ သာဝက အစစ် မဖြစ်နိုင် သေးဘူးလားတဲ့ (အ စစ်ဖြစ်ပါတယ်) တက်ပြမယ်။

နောက် အရိယာ သာဝက တင်မဟုတ်ဘူး၊ တပည့် တင် မဟုတ်ဘူး၊ ဆရာဖြစ်သည့် တိုင်အောင် တက်ပြမယ်၊ ခု တပည့် ရှိသေးတယ်နော် (မှန်ပါ)။

တပည့်တင် ရှိနေတယ်လို့ ပြောရတာ တခြားမဟုတ် ပါဘူး၊ ဒကာ ဒကာမတို့၊ ယ္ခုလို လုပ်နေလို့ မဂ္ဂင်ငါးပါးထက် ပိုပြီး မရဘူး၊ ဒါဘဲ ရသေးတယ်၊ ရှင်းကြပလား (မှန်ပါ)။

ေဩာ် အင်မတန် အဖိုးတန်မယ့် ခင်ဗျားတို့ အလုပ်စဉ် တရားလို့ အသေအချာ မှတ်ပါ၊ ဦးသာဌေး မမှတ် ထိုက်ဘူးလား (တင်ပါ့)။ ဦးဝကြီးကော (မှတ် ထိုက်ပါတယ် ဘုရား) ဦးစံရီတို့ လူစုတွေ၊ ကဲ မောင်ကိုတို့ကော သဘောကျပလား။

စောင့်နေတာ ဘယ်နှစ်ပါတုံးကွာ (သုံးပါးပါ ဘုရား) ဖမ်းနိုင်တာက (နှစ်ပါးပါ ဘုရား) ဒါက ဒီသုံးခု က မဂ္ဂင်တဲ့ (သမာဓိ မဂ္ဂင်ပါ ဘုရား) ဒီနှစ်ခုက (ပညာမဂ္ဂင်ပါ ဘုရား)။

ဒါဖြင့် မဂ္ဂင် ဘယ်နှစ်ပါး ရတုံး (ငါးပါး ရပါတယ် ဘုရား) ေဩာ် စောင့်ဖမ်းရင် ငါးပါးရတယ် (မှန်ပါ) ဒါဖြင့် သုတဝါ အရိယာသာဝကော ဖြစ်မဖြစ် (ဖြစ်ပါတယ် ဘုရား)။

အသုတဝါ ပုထုဇ္ဇနော ကတော့ မမြင်ဘူးကွ၊ ပုထုဇဉ် ဆိုရင် မမြင်ဘူးတဲ့၊ အရိယာ၏ တပည့်သားဖြင့် (မြင်ပါ တယ် ဘုရား) မြင်တယ်၊ သုတဝါ အရိယာ သာဝကော ဆို မြင်တာဘဲတဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မေတ္တာ၊ ကရုဏာနဲ့ ဟောနေတာ

ခင်ဗျားတို့ မှတ်ထားကြပါ၊ အားလုံး ဒကာ ဒကာမတို့ ကရုဏာ မေတ္တာ ရှေ့ထားပြီးတော့ ဟောတယ်၊ အရိယာလေး မွေးလားတယ် လို့ ဘယ်သူများ ကြားဖူးတုံး (မကြားဖူးပါ ဘူး ဘုရား)။

နောက်မှ ကျင့်ယူရတယ်၊ အရိယာအကျင့် (မှန်ပါ) သဘောကျကြလား (ကျပါတယ် ဘုရား) အရိယာလေး မွေးလာတယ် လို့ရှိရဲ့ လား (မရှိပါဘူး ဘုရား)။

ဆိုချင်ရင်ဖြင့် တိဟိတ်လေး မွေးလာတယ်လို့ ဆိုပါ (မှန်ပါ) ဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) အရိယာလေး မွေးလာတယ် ဆိုတော့ အရိယာ ပဋိသန္ဓေ နေသေးတယ် ဖြစ်နေမှာပေါ့ (တင်ပါ့)

အရိယာမှာ အရိယာလည်း ဖြစ်ရသေးတယ် ဟုတ် လား ကိုထွန်းဦး၊ ဒုက္ခမျိုးစုံလည်း အကုန် ရသေးတယ် ဆိုရင်၊ ဘာကျုပ်တို့ အရိယာဆု ဆုတောင်း နေဖို့ မလိုတော့ပါဘူး (မှန်ပါ) သဘော ကျကြပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဦးဘဒင်တို့ နေရာကျပလား (ကျပါတယ်) သုတဝါ ဘယ့်နှယ်ဆိုကြမတုံး (အရိယာ သာဝကောပါ ဘုရား) အသုတဝါ (ပုထုဇ္ဇနောပါ ဘုရား)။ ပုထုဇ္ဇနော ရှင်းပလား။

အကြားအမြင် မရှိတဲ့ ပုဂ္ဂိုလ်ဟာ ဟောဒါ မဖမ်း တတ် ဘူးကွာတဲ့ ပုထုဇ္ဇနော ဖြစ်နေတယ်တဲ့၊ သုတဝါဖြင့် အရိယာ သာဝကော ဖြစ်တယ်ကွ တဲ့၊ ဒါ ဖမ်းနိုင်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်ဉာဏ်မြင်ရင်၊ ဒီဘဝမဂ်ရမလို့

ဒါဖြင့် အရိယာ သာဝကော ဖြစ်ပြီး သကာလ နေ တော့ သူ့မျက်လုံးဟာ ဘာမျက်လုံးတုံး (အရိယာ မျက် လုံးပါ ဘုရား) အရိယာ မျက်လုံး တစ်ခု ရလိုက်တယ် ဆိုလို့ရှိ ရင်ဖြင့်တဲ့၊ ခင်ဗျားတို့ ခုမျက်လုံး ရကတည်းကိုက၊ ဘုရားက ဖြစ်ပျက် ဉာဏ်မြင်လို့ရှိရင်၊ ခင်ဗျားတို့ ရေးပေး ထားတာရှိ တယ်တဲ့၊ ဒီဘဝ မဂ်ရမလို့၊ သေချာပလား (သေချာပါတယ် ဘုရား)။

ဖြစ်ပျက် မြင်လိုက်လို့ ရှိရင် ဘာတဲ့ (မဂ်ရမှာပါ ဘုရား) ပဓာနိယင်္ဂ တရား (၅)ပါးမှာ ဒီဘဝ မဂ်ရမဲ့ အကြောင်း- မဟောဘူးလား (ဟောပါတယ်)။

ဟောဒီ ဖြစ်ပျက်သာ မင်းတို့ မြင်အောင်လုပ်စမ်းပါ ကွ၊ မြင်နိုင်တဲ့ ဆရာနဲ့ ပေါင်းသင်းပြီး မြင်တဲ့နည်းလေး မင်းတို့ သန္တာန်မှာ ဒီငါးခုသာ ပေါ်စမ်းပါစေ၊ ဒီဘဝ မင်းတို့ သေ ချာပြီလို့ ဆုံးဖြတ်ချက်ချ။

အပါယ်လေးပါး တံခါးပိတ်ပြီ ဆိုတော့ မလုပ်ထိုက် ဖူးလား – လုပ်ထိုက်လား (လုပ်ထိုက် ပါတယ် ဘုရား) ဒါဖြင့် ကိုယ့်အိမ်ကျလို့ ရှိရင် ကိုယ်ဘာလုပ်ကြမယ်၊ တစ်နံ ပါတ်က စောင့်ကြ။

နှစ်နံပါတ် ကျတော့ ပေါ်လာရင် ဘာလုပ်ကြမတုံး (ဖမ်းရမှာပါ ဘုရား) စောင့်လိုက်၊ ဖမ်းလိုက်၊ ဆိုလို့ရှိရင် ဖြင့်တဲ့ ဒကာ ဒကာမတို့ သမာဓိ နဲ့ ပညာ တွဲလွှတ်တာပဲ (မှန်ပါ)။

ဖမ်းတဲ့အချိန်မှာ သမာဓိကလည်း ကျန်ရှိနေတော့၊ သမာဓိနဲ့ပညာ တွဲလွှတ် သောကြောင့်၊ ဘုရား သာသနာတော် မှာ သမာဓိနဲ့ ပညာတွဲ လွှတ်လို့ ရှိရင်ဟာ အမြန်ဆုံးပဲတဲ့၊ ရလွယ်ဆုံးပဲတဲ့ (မှန်လှပါ)။

သမာဓိချည်းထူထောင်ရင်ကြာတယ်

သမာဓိချည့် ထူထောင်ပြီး နေမယ် ဆိုရင် ကြာတယ်၊ သမာဓိနဲ့ ပညာသာ တွဲလွှတ် ရှိရာကို သဘောကျ ကြလား (မှန်လှပါ ဘုရား) တွဲလွှတ် လိုက်လို့ ရှိရင်ဖြင့် အဖြစ်အပျက်ကို ဘယ့်နှယ့်နေတုံး (သိပါတယ် ဘုရား)။

မြင်မယ် ဆိုတာ သဘောကျပလား၊ ဒါဖြင့် သုတဝါ အရိယာသာဝကော ဖြစ်သွား သော ကြောင့်၊ ဒီလူ၏ မျက်လုံး ဒီပုဂ္ဂိုလ်၏ မျက်လုံးသည် ဘာမျက်လုံးဆိုကြမတုံး (အရိယာ မျက်လုံးပါ)။

ဪ အရိယာမျက်လုံး ဟုတ်သားပဲ ခါတိုင်း တော့ ဒါခန္ဓာ ငါးပါးဟာ ယောက်ျား၊ မိန်းမသာ ခင်ဗျားတို့ မြင် တယ် (မှန်ပါ) အရုပ်ဆိုးတယ်၊ အကျည်းတန်တယ်၊ ချောတယ်၊ လှတယ်၊ ယဉ်တယ် အစ ရှိသည်သာ ခင်ဗျားတို့ မြင်တယ်၊ ဟုတ်လား (မှန်ပါ)။

ကိုယ့် ကိုယ်ကြည့်လည်း ထိုနည်းတူပဲ မြင်တယ်။ ခုစောင့်ပြီး သကာလ ဖမ်းလိုက်တဲ့ အချိန် ကျတော့၊ မျက်လုံး မှိတ်ပြီး စောင့်ဖမ်း လိုက်တဲ့ အခါကျလို့ရှိရင် ချောတယ်၊ လှ တယ်လည်း မမြင်ဘူး၊ အရုပ်ဆိုး အကျည်းတန်တာလည်း မမြင်ဘူး၊ ဖြစ်တာနဲ့ ပျက်တာဘဲ တွေ့လိမ့်မယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

ဘာတွေ့တုံး (ဖြစ်တာနဲ့ ပျက်တာဘဲ တွေ့ပါ တယ် ဘုရား) ဒါမျက်လုံး ပြောင်းသွားပြီ၊ မပြောင်း ဘူးလား (ပြောင်းပါတယ် ဘုရား) ပညာစက္ခု ပြောင်းလိုက်တယ်။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာပြောင်းလိုက်တာပါလိမ့် (ပညာစက္ခု ပြောင်းလိုက်တာပါ ဘုရား) အဲ ပညာစက္ခု ပြောင်းတယ် ဆိုကတည်းက ခင်ဗျားတို့ အရိယာ သေချာသွားပြီ။

ဒကာ ဒကာမတို့ ယနေ့ တရားဟော အလုပ်စခန်းမှာ အတော်ပြတဲ့ စကားနော် (မှန်ပါ့) လုပ်မယ် လို့လည်း ခင်ဗျားတို့ တာဝန်ယူကြပါ။ မယူကြဘူးလား (ယူကြပါ တယ်)။

အားလုံး လုပ်ကြပါ ဒီဥစ္စာကို လုပ်လို့ရှိရင် မကြာဘူး နော်၊ ဆရာကောင်းလို့ ရှိရင် ကောင်း သလောက် ကောင်းသ လောက် ခရီးပေါက်တာဘဲ၊ မင်း ရှုဦးကွ၊ ရှိုက်ဦးကွ။ များများ ကြီးရှု၊ များများ ကြီးရှိုက် လုပ်နေရင် ကြာနေမှာဘဲ ခင်ဗျားတို့၊ ခဏလေး စောင့်လိုက်ရင် ခဏလေး မတွေ့ပေ ဘူးလား။

ဒီခန္ဓာက ခဏခြင်း ပြတာကိုးဗျ (မှန်ပါ) ဖြေး ဖြေးမှ ပြမှာလား၊ သူက အပြမြန်လိုက်တာ၊ အမြန် မလိုက်နိုင် မှာစိုးရသေး (မှန်လှပါ) ဟုတ်ဘူးလား (မှန်လှပါ) အပြမြန် လွန်းလို့ဗျာ (မှန်လှပါ)။

ကဲ သဘောကျကြပလား (ကျပါတယ် ဘုရား) ဒါဖြင့် ပထမတော့ ရှေးဦးစွာ ဘာလုပ်ရမတုံး (စောင့် ရမှာပါ ဘုရား) စောင့်၊ နောက် (ဖမ်းရမှာပါ ဘုရား)။

ဗျိုင်းဥပမာ

အေး ဒါကြောင့် ဘုန်းကြီးက ဥပမာပြတယ်၊ တစ်ခါ တစ်ခါကျတော့ ဗျိုင်းဟာ ရေမြောင်းက နေပြီး သကာလ၊ ရေမြောင်းကလေး ကန်သင်းက နေပြီး စောင့်နေတာဘဲ (မှန် ပါ) ဟုတ်လား ။

လိုက်လည်း ဒီငါးကို မဖမ်းဘူး၊ ဟုတ်လား၊ သူ့နား ရောက်လာတဲ့ဥစ္စာ ပထမတော့ စောင့်နေ သေးတယ်၊ ချိန်နေ တယ်၊ ရောက်လာရင်တော့ (ဖမ်းပါတယ် ဘုရား) ဖမ်းတယ်။

အဲဒီနည်းကို ယူပါ၊ သဘောကျပလား (ကျပါ တယ် ဘုရား) စောင့်ဖမ်း ဒါဖြင့် သုံးခုက ဘာလုပ်ရမတုံး (စောင့်ရမှာပါ ဘုရား) နှစ်ခုက (ဖမ်းရမှာပါ ဘုရား)။

သုံးခုကလည်း စောင့်ရုံတင် စောင့်တတ်တယ်၊ မဖမ်း တတ်ဘူးတဲ့ (မှန်လှပါ) ခက်လိုက်တာ ဘာပြုလို့တုံး ဆိုတော့ သူက သမာဓိ မဂ္ဂင်ဖြစ်နေတော့ တည်ကာ ရှိတာကိုးဗျ (မှန်လှပါ)။

ပညာမဂ္ဂင်လို ဖမ်းနိုင်တဲ့၊ သိနိုင်တဲ့ စွမ်းရည်သတ္တိရှိရဲ့ လား (မရှိပါဘူး ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီပညာမဂ္ဂင်နဲ့ ဒီနှစ်ခုဖြင့် မပေါင်းရင် မဖြစ်ဖူး ဆိုပြီး သကာလ၊ ဒီဟာ- သမထ၊ ဒါက -ဝိပဿနာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီသုံးခုက ဘာတုံး (သမထပါ ဘုရား)၊ ဒီဟာက (ဝိပဿနာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သမထ အထူး တည်ထောင် ပေးသ လား ဆရာဘုန်းကြီးက (မပေးပါဘူး ဘုရား) ခဏလေး သာစောင့်လိုက် ပါတော့နော် (မှန်ပါ)။

ခဏလေးတော့ စောင့်လိုက်ပါတော့၊ လာတာ ဖမ်း လိုက်ပါတော့ (တင်ပါ့) ဆိုတော့ တို့အလုပ်က သမထပါ မယ် မထင်ပါဘူးလို့ မယောင်နဲ့ ပါပြီးသား (ပါပြီသားပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သမာဓိနဲ့ ပညာနဲ့တွဲလွှတ်ပါ

ဪ ဒါဖြင့် သမာဓိ စခန်းကို ဆရာဘုန်းကြီး က ဘုရား ဟောတော်မူတဲ့ အတိုင်း တွဲလွှတ် တာကိုး ဆိုတာ ခင်ဗျားတို့ ဆုံးဖြတ်ချက် ချလိုက် (မှန်ပါ)

ချပြီး ကြပလား (ချပြီးပါပြီ ဘုရား) သမာဓိနဲ့ ပညာနဲ့ တွဲလွှတ်တာနော် (မှန်ပါ) ဘယ်သူ့ဆီ လွှတ်တုံး ဒီဖြစ် ပျက်ဆီ တွဲလွှတ်တယ် (ဖြစ်ပျက်ဆီ တွဲလွှတ်ပါတယ် ဘုရား)။

ဖြစ်ပျက်ဆီပဲ တွဲလွှတ်လိုက်တယ်၊ သို့သော် အလုပ်စတဲ့ အချိန်ကျတော့ ဒကာ ဒကာမတို့ အလုပ်စတဲ့ အချိန်ကျတော့ သူကစောင့်နော် (မှန်ပါ) သူကဖမ်းတယ်။

နောက်ကျတော့ ဖမ်းစရာတွေက ရှိတယ်၊ ခဏခဏ အစားထိုးပြီး ဒီနေရာမှာ ဖြစ်ပျက်တွေ အစားထိုးထိုး မလာပေ ဘူးလား (လာပါတယ်)။

ထိုးတော့ သူတို့နှစ်ခုစုံချည့် ဖမ်းတာ (မှန်ပါ)၊ သမာဓိရော၊ ပညာရော ဖမ်းတော့တာဘဲ၊ ပထမဟာသာ စောင့်ဖမ်း လုပ်နေတာ (တင်ပါ့)။

နောက်ပေါ်လာတာတွေ ကျတော့ (တွဲရက်ပါ ဘုရား) တွဲရက် ဖမ်းချ လိုက်တယ်၊ စောင့်ပြီးတာရော၊ စောင့် တာရော၊ ဖမ်းတာရော၊ တစ်ချက်တည်း ချည့်ဘဲ (သူ့ကိစ္စ နဲ့ သူလုပ် ကြတာပါ ဘုရား)။

ဒါဖြင့် ကိုထွန်းဦးရေ ကျုပ်တို့တရားသည် ဘုရား ဟောတော်မူတဲ့ တရားသည် ယုဂနဒ္ဓ- နည်းလို့ ဘုရားက သံယုတ် ပါဠိတော်မှာ လာထားတယ်။

နွားနှစ်ကောင်ယှဉ်မောင်းတယ်

ယုဂနဒ္ဓ ဆိုတာ နွားနှစ်ကောင် ဘယ်သူမှ မသာ အောင် မောင်းတာ၊ ဒီမှာလည်း သမာဓိလည်း မသာရအောင် ပညာလည်း မသာရအောင် ဒါအဖမ်း ခိုင်းတာဘဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဒကာ ဒကာမတို့ ဝိပဿနာ တပည့်တော်တို့ မလုပ်တတ် သေးဘူးလို့၊ ခင်းဗျားတို့ ငြင်းလုံး ထုတ်ချင်သေး သလား (မထုတ်ချင်ပါဘူး)

မထုတ်ပါနဲ့တော့ ထုတ်လို့ ရှိရင် ဦးခင်မောင်တို့ ခင်ဗျားတို့သည်ပင် နာရင်း မတ္တနဲ့ နား မလည်ဘူး ဆိုတော့ ခုနင်က အရိယာ ရှေ့က ထားပြီး အရိယာ များတွေ့စမ်းချင်တယ်လို့ ပြောတာနဲ့ (တူနေပါတယ် ဘုရား) ထပ်တူ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် လုပ်တတ်ကြပလားလို့ မေးလိုက်တယ် ဦးမောင်လေး လုပ်တတ်ပလား (လုပ်တတ် ပါတယ် ဘုရား)။

စောင့်တာကဘာနဲ့ စောင့်မယ် (သမာဓိနဲ့ စောင့်ပါ ဘုရား) သမာဓိနဲ့စောင့်ဆိုတော့ သတိ၊ ဝီရိယ၊ သမာဓိ (မှန်ပါ) သတိလည်းပါသေးတယ်၊ (ပါပါတယ်) ဝီရိယကော (ပါ, ပါတယ်) အဲ သမာဓိကော (ပါ, ပါတယ် ဘုရား)။

ဖမ်းတာက ဘာနဲ့ဖမ်းတုံး (ပညာနဲ့ ဖမ်းပါတယ် ဘုရား) သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ ဆိုတော့ ပညာ ဦးစီးပြီး ပညာ နဲ့ ဖမ်းတယ် ပြောလိုက်တယ်။ ဖမ်းတာကတော့ နှစ်ခု ပေါင်းပြီးမှလို့ သူတို့ ဖမ်းလို့ ရတယ် (မှန်ပါ)

သူက သမ္မာဒိဋ္ဌိ၊ သူက သမ္မာသင်္ကပ္ပ၊ သူက သမ္မာသတိ၊ သူက သမ္မာဝါယာမ၊ သမ္မာသမာဓိ၊ သတိ၊ ဝီရိယ၊ သမာဓိ ပေါ့ဗျာ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ တပည့်တော်တို့ မဂ်ရဖိုလ်ရ မဂ် ဝဋ်ဘဝ တိုတိုနဲ့ မဂ်ဖိုလ်ရ ရပါလို၏ ခင်ဗျားတို့က ဆုတောင်းတယ် (မှန်ပါ) ကျောင်းဆောက် ဆုတောင်းလိုက်၊ ဘုရားတည် ဆုတောင်းလိုက် မတောင်း ကြပေဘူးလားဗျာ (တောင်း ပါတယ် ဘုရား)။

တောင်းပေမဲ့လည်း ဒီဟာမှ စောင့်ပြီး မဖမ်းနိုင်လို့ ရှိရင် ဒီငါးခုတည်း ဟူသော မဂ်ဟာ ခင်ဗျား တို့သန္တာန် ရောက်မရောက် (မရောက်ပါဘူး ဘုရား)။

လုပ်ယူရမှာတောင်းနေတယ်

ဒါဖြင့် ခင်ဗျားတို့ တောင်းနေတာက တောင်းရတဲ့ ပစ္စည်းကို လုပ်ယူရမဲ့ ပစ္စည်းကို တောင်းတယ် (မှန်လှ ပါ) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

လုပ်ရမဲ့ ပစ္စည်းကို တောင်းယူနေတယ် (တင်ပါ့) မဆိုထိုက်ဖူးလား (ဆိုထိုက်ပါတယ် ဘုရား) ဒါဖြင့် ဒီနေ့က စပြီးမှတ်လိုက်ပေါ့၊ လုပ်ယူရမဲ့ ပစ္စည်းမို့ တပည့်တော် တို့ လုပ်ယူတော့မယ် ဘုရား (တင်ပါ့)။

တောင်းရမဲ့ နတ်ပြည်၊ ဗြဟ္မာပြည်တော့ တောင်းယူ ပါ (တင်ပါ့) ရှင်းပလား (မှန်ပါ့) မဂ်ဖိုလ် တော့ဖြင့် (လုပ်ယူရမှာပါ ဘုရား)

ဒါဖြင့် တောင်းယူရမဲ့ ပစ္စည်းလုပ်ယူရမဲ့ ပစ္စည်းတော့ ခွဲပါဦး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာပစ္စည်း တဲ့ဗျာ (လုပ်ယူရမဲ့ ပစ္စည်းနဲ့ တောင်းယူရမဲ့ ပစ္စည်းပါ ဘုရား) အဲ လုပ်ယူရမဲ့ ပစ္စည်း၊ တောင်းယူရမဲ့ ပစ္စည်း။

သုံး ဆယ့်တစ်ဘုံ ဟုတ်လား၊ နတ်ပြည် ခြောက်ထပ်ကို ခင်ဗျားတို့ လှူချင်တာနဲ့လှူ၊ တောင်းချင် တာနဲ့ တောင်းရ တယ် (မှန်ပါ့)။

သူတော်ကောင်းရတနာစုံပါစေ

သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာသာ စုံပစေ၊ ရတယ် (မှန်ပါ) သဘောကျပလား (မှန်လှပါ့) သဒ္ဓါရယ် သီလရယ်၊ သုတ၊ စာဂ၊ ပညာ ဒီငါးပါးစုံလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေ ရပါတယ်လို့ ဆုံးဖြတ်ချက်ချ။

သဒ္ဓါတရား ရှိတယ် လှူတယ်၊ တန်းတယ် ကိုးဗျ (မှန်ပါ) သီလလေးကလည်း ဆောက်တည် လိုက်သေး တယ် (မှန်ပါ) သုတဆိုတဲ့ အကြားအမြင် ကလေးက လည်း ကောင်းတာလုပ် ကောင်းကျိုး ပေးတယ်ဆိုတဲ့ အ ကြားအမြင် ကလေးလည်း မရှိဘူးလား (ရှိပါတယ် ဘုရား)။

စာဂ ကလေးကလည်း ကိုယ့်ပစ္စည်း ကလေး သောင်း နဲ့ သိန်းနဲ့ ကိုလည်း မစွန့်လိုက်ဘူးလား (စွန့်လိုက်ပါ တယ် ဘုရား)။

ကိုယ်တိုင်လုပ်မှရမှာ

အေး ပညာလေးကလည်း ခုနင်က ကမ္မဿကတ ဉာဏ် ဆို တာလေးဟာ မပါဘူးလား (ပါ ပါတယ်) အဲ ဒါကြောင့် အဲဒါတွေ တောင်းယူရင် ရတယ် ၊သဘောကျပလား (မှန်ပါ့)။

ခုဟာကတော့ ဘယ်လိုတုံး (လုပ်ယူမှရမှာပါ ဘုရား) ဒါဖြင့် တောင်းယူလို့ ရမဲ့ ပစ္စည်းတစ်မျိုး (တစ် မျိုး) လောကကြီးထဲမှာ ရှိတာက (မှန်ပါ)။

ကိုယ်တိုင်လုပ်ယူမှ (ရမှာကတစ်မျိုးပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ဖြင့် ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။