130

၁။ ကိုယ့်အပါယ်တံခါးကို ရဲရဲတင်းတင်းပိတ်ပါ (၁၄-၁၀-၆၂)

၂။ အပါယ်တံခါးပိတ်နည်း (ကာယာနုပဿနာ)(၁၀-၁၂-၅၈)

ဤစာအုပ်၌ တရားနှစ်ပုဒ်ပါဝင်ပါသည်။

ကိုယ့်အပါယ်တံခါးကို ရဲရဲတင်းတင်းပိတ်ပါ

အသံဖိုင်ခေါင်းစဉ်= ရှင်ခေမကရဟန်းဥပမာပြ အပါယ်ရေသောက်မြစ် ဖြတ်နည်း တရားတော်

စာအုပ်ခေါင်းစဉ်= ကိုယ့်အပါယ်တံခါးကို ရဲရဲတင်းတင်းပိတ်ပါ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ဟောကြားသောတရားတော်

ကိုယ့်အပါယ်တံခါးကို ရဲရဲတင်းတင်းပိတ်ပါ

(၁၄-၁၀-၆၂)

တရားနှလုံးသွင်းကြ၊ ဦးတင်တို့ ဦးသန်းမောင်တို့ မှတ်စရာက ခန္ဓာကိုယ်ကြီးကို ငါလို့ထင်နေတဲ့ အလုံးတစ်လုံး ပြုတ်ဖို့ အရေးကြီးတယ်။

ငါ့ဥစ္စာလို့ ပရိဘောဂတွေ အသုံးအဆောင်တွေ ငါ့ဥစ္စာလို့ ထင်နေတဲ့ တစ်လုံး ဒီနှစ်လုံး ဟာတော့ ပစ္စည်း ရှိငြား သော်လည်း ခန္ဓာရှိငြား သော်လည်း နာမ်ရုပ် ပြုတ်ရမယ့် ဒါလေး အသေအချာ မှတ်ပါ (မှန်ပါ့)။

ဘာပြုလို့အရေးတကြီးပြောရပါလိမ့်

ဘာပြုလို့ ဆရာဘုန်းကြီးက ဒီဥစ္စာကို အရေး တကြီး ပြောရပါလိမ့်မလဲလို့ ဒကာ ဒကာမ တွေက မေးလို့ ရှိရင် ဒီပြင် ဒါန သီလတွေ ဘယ်လိုပင် ကောင်းကောင်း သူမပြုတ် သေးလို့ရှိရင်၊ ဒါနသီလတို့၏ အကျိုးပေး အဆုံးဟာ သူကဆွဲပြီး အပါယ်လေးပါး ချတတ်သည်။

ဒါကြောင့် ငါပြုတ်ဖို့ ခန္ဓာငါးပါးကို ငါထင်နေတာ ပြုတ်ဖို့ ခန္ဓာငါးပါးမှ တစ်ပါးသော ဝတ္ထု ပစ္စည်းတွေကို ငါ့ဥစ္စာ လို့ ထင်နေတာ ပြုတ်ဖို့ အရေးဟာ ဦးခေါင်း မီးလောင်တာ မြန်မြန် ငြိမ်းသည်ထက် အရေးကြီးရမယ်။

ရင်ဝ သူများက လှံနဲ့ထိုးလိုက်တာ မြန်မြန် ရှောင်ရှား သလို ငါ၊ ငါ့ဥစ္စာ ထင်မှု နှစ်ခုကိုဖြင့် ဘုရားက ရှောင်ရှားပါ လို့ဆိုတာဟာ သေသေချာချာ ဟောတယ်နော် (မှန်ပါ့)။

အရေးတကြီးနဲ့ အသေအချာမှတ်ပါ။ ဦးသန်းမောင်၊ အသေအချာ မှတ်နော် (မှန်ပါ့)။

ငါ ထင်တာက ခန္ဓာငါးပါး၊ ငါ့ဥစွာ ထင်တာက တခြားသော ပစ္စည်းတွေပေါ် ခြံ၊ အသုံး အဆောင်၊ တိုက်တာ၊ အိမ်၊ မြေ၊ ကား၊ ပရိဘောဂ အသေး အငယ်တွေ ဒါတွေ ငါ့ ဥစ္စာ ထင်နေလို့ ရှိလို့ ရှိရင်လည်း၊ လှူဒါန်း ပေးကမ်းတဲ့ ဒါန၊ ဆောက်တည်တဲ့ သီလတွေကြောင့် နတ်ရွာသုဂတိသို့ ရောက်ပါတယ်။

ဒီ သက္ကာယဒိဋ္ဌိက ဒါတွေ ကုန်တဲ့အခါမှာ အပါယ် လေးပါး ဆွဲချလိုက်တယ် ဆိုတော့ ဦးတင် ကောင်းသေးရဲ့ လား ( မကောင်းပါဘူး ဘုရား)။

ဆရာဘုန်းကြီးက ဒါတွေအရေးကြီးတဲ့

ဒါကြောင့် ဦးသန်းမောင်တို့ ဒီမှာ ဆရာသမားနဲ့ ကြုံတယ်။ ဒီနှစ်လုံးဟာ ဆရာဘုန်းကြီးက အရေးကြီး သတဲ့၊ ခန္ဓာငါးပါးဟာ ကိုယ့်ခန္ဓာငါးပါး ငါထင်နေတဲ့ အလုပ်၊ ပစ္စည်းတွေ ငါ့ဥစ္စာ ထင်နေတဲ့ အလုပ်၊ တကယ် ထင်နေတဲ့ အလုပ် ဆိုတာပါ။

အပြောတွေ ပြောတာ မဆိုလိုပါဘူး၊ ရှုလိုက်တဲ့အခါ ပြုတ်သွားဖို့ပဲ အရေးကြီးပါတယ်၊ မရှုတဲ့ အခါ ထင်နေတာကတော့ မရှုတဲ့အခါ ပြောမြဲ ဆိုမြဲ အတိုင်း ပြောနေ တာကတော့ အပြစ် မရှိပါဘူး။

ရှုတဲ့အခါမှာဖြင့် သြော် ငါမဟုတ်ပါလား၊ ငါ ဥစ္စာ မဟုတ်ပါလား ဆိုတာကိုဖြင့် အားလုံး ဒကာ ဒကာမတို့ လေးလေးစားစားနဲ့ သတိပေး လိုက်တယ် (မှန်ပါ့)။

မစွဲပါနဲ့ စွဲလို့ရှိရင် သက္ကာယ ဒိဋ္ဌိလို့ ဖြစ်ပါတယ် နော် (မှန်ပါ့) စွဲရင် ဘာဒိဋ္ဌိဖြစ်တုံး (သက္ကာယဒိဋ္ဌိ ဖြစ်ပါတယ် ဘုရား) သက္ကာယ ဒိဋ္ဌိ ဖြစ်တယ် ဆိုတာ ခု- ဒကာရင်း၊ ဆရာရင်းတွေ၊ အရေးတကြီး ဆရာ ဘုန်းကြီးက ပြော လာတော့၊ အခါခါ အရေးကြီးဆုံး ထက် အပါယ်ငရဲ ရေသောက် မြစ်ဟာ ငါ၊ ငါ့ဥစ္စာဆိုတဲ့ စာလိုသုံးတော့ အတ္တနဲ့ အတ္တနိယ။

ဒီနှစ်ခုဟာ အရေးကြီးသတဲ့ ဆိုတဲ့ ဥစ္စာတော့ ဦးအောင်ဇံဝေတို့ မှတ်ထားရလိမ့်မယ် (မှန်ပါ့) မှတ်ထား ရမယ်။

အပါယ်ရေသောက်မြစ်ဖြတ်ပေးတဲ့နေ့

ဒီနေ့ သီ တင်းနေ့၊ နေ့ထူး နေ့မြတ်ကြီးကို ဦးသန်းမောင်တို့ ဦးတင်တို့ ဆရာဘုန်းကြီးက အပါယ် ရေသောက်မြစ် ဖြတ်ပေးတဲ့နေ့ပဲ ဟေ့ (မှန်ပါ့) အပါယ် ရေသောက်မြစ် ဖြတ်ပေးတဲ့ နေ့ပဲဟေ့ ဆိုတဲ့ ဥစ္စာ ဆုံးဖြတ်ချက် ချပါနော် (မှန်ပါ့)။

အပါယ် ရေသောက်မြစ် ဖြတ်ပေးတဲ့နေ့၊ နို့မဟုတ် လို့ရှိရင် လူက ဒါနသီလ တန်ခိုးကြောင့်၊ လူ့ပြည်မှာ နေတယ် (မှန်ပါ့) ဂဇက်ထွက်နေတာက လူ့ပြည်မှာ နေရင်း ဂဇက် ထွက်နေတာက အပါယ် ဂဇက် ထွက်နေတယ် (မှန်ပါ့)။

လူကတော့ လူ့ပြည် (မှန်ပါ့) ဂဇက်ထွက်တာ ကတော့ အပါယ်သွားစေ၊ သေသည့်အခြားမဲ့၌ အပါယ်သွား စေဆိုတဲ့ ဂဇက်က ထွက်နေတယ် ရှင်းကြလား (ရှင်းပါ တယ် ဘုရား)။

ဒါဖြင့် ဒီဂဇက်တွေကို ငါ၊ ငါ့ဥစ္စာ နှစ်ခုကို ဉာဏ်နဲ့ ဖြုတ်လိုက်လို့ ရှိရင် ဒီဂဇက် ထွက်ပြီး သားတောင်မှ ကျုပ်တို့ ဂဇက်ပြန်သိမ်းပြီး သကာလ မရောက် နိုင်တော့ဘူး ဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ဒါဖြင့် ဘာဖြုတ်ရမယ် ဦးတင် (သက္ကာယဒိဋ္ဌိ ဖြုတ်ရမှာပါ ဘုရား) မြန်မာလို ပြန်လိုက်စမ်း (ငါ, ငါ့ဥစ္စာ ပါ ဘုရား)။

အဲ ဦးသန်းမောင် ဘာတဲ့ (ငါ၊ ငါ့ဥစ္စာပါ ဘုရား)။ ငါ၊ ငါ့ဥစ္စာ။ ငါက ခန္ဓာငါးပါး၊ ငါ့ဥစ္စာက ဒီလို ပစ္စည်းတွေ ငါ့ဥစ္စာ (မှန်ပါ့)။

ငါက တခြားနော် ငါက ခန္ဓာငါးပါး အပေါ် စွဲတာ ရုပ်ကို ငါထင်တာ၊ ဝေဒနာကို ငါထင်တာ၊ မှတ်ထားတာလေး မှတ်တဲ့ သညာလေး ငါမှတ်ထားတာ ဒီလို သညာလေး ငါထင်နေတာ။

ငါယုံကြည်ထားတာ၊ သဒ္ဓါလေး ငါထင်နေတယ် (မှန်ပါ့) ငါသိထားတာ စိတ်ကို ငါထင်နေတယ်၊ သိတဲ့စိတ်က သိတာကို ငါထင်နေတယ်။

ကိုယ့်အပါယ်တံခါးကို ရဲရဲတင်းတင်းပိတ်ပါ

အဲဒီ ငါလေးကိုဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ မဟုတ်ဘူးကွ ရုပ်ဟာ ရုပ်ပဲကွ၊ ငါမဟုတ်ဘူး၊ ဝေဒနာ ကောင်းတာ မကောင်းတာ သူ စားသောက်နေတာပဲကွ၊ ဝေဒနာဟာ ဝေဒနာပဲကွ၊ ငါမဟုတ်ဘူး (တင်ပါ့) ဦးသန်းမောင် ရဲရဲတင်းတင်း လုပ်စမ်းပါ (မှန်ပါ့)။

ငါမဟုတ်ဘူး ရဲရဲတင်းတင်း သာချပါ ဘယ်နှယ့် ကိုယ့်အပါယ် တံခါး ကိုယ်ပိတ်တာ ရဲရဲတင်းတင်း ပိတ်ပေါ့နော် (မှန်ပါ့)။

စိတ်မချလို့ပြောနေတာ

နောက်က ဒကာ ဒကာမတွေ ရဲရဲတင်းတင်း ပိတ်ပါ၊ ဒီဥစ္စာကို စိတ်မချလို့ ပြောနေတာ (မှန်လှပါ)။

လူက လူ့ပြည်မှာ မသေသေးဘူး ဂဇက်က ငရဲသွား ဖို့ ထွက်နေတယ် (မှန်ပါ)။ မပြောသင့် ဘူးလား (ပြောသင့်ပါတယ် ဘုရား)။

သူမပြုတ်လို့ သူမပြုတ်လို့ (တင်ပါ့) ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို အထူး တလည်ပဲ ယနေ့ နေ့ထူး နေ့မြတ် တစ်ရက် နေ့ကြီးကို ခန္ဓာငါးပါးကို ခန္ဓာငါးပါး လို့ပဲ ဦးသန်းမောင်က မှတ်လိုက် ငါလို့ မထင်နဲ့ (မှန်ပါ့)။

ပစ္စည်း ဥစ္စာ ရတနာတွေကိုလည်း၊ သြော် ပစ္စည်းဥစ္စာ ရတနာတွေသာ မှတ်လိုက်၊ ငါ့ဥစ္စာ ဟူသော အထိမ်း အမှတ်တော့ ပြောရုံသာ ပြောပြီး တကယ်တော့ မထင်နဲ့ (မှန်ပါ့)။

ဒါဖြင့် ရူပက္ခန္ဓာတွေပဲ၊ ရုပ်တရားတွေပဲ ဖောက်ပြန် ပျက်စီးတာ တွေပဲလို့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ခန္ဓာထဲ ပေါ်လာ လို့ရှိရင်၊ ရုပ်ကလေးက ပူတာ၊ အေးတာ ပေါ်လာလို့ရှိရင် ဪ ရုပ်တွေပါလား၊ ဒီဥစ္စာ ဒီလိုသာ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ဝေဒနာလေးပေါ်တယ်

ဝေဒနာလေးက အင်း ကောင်းတာ ကြိုက်တယ် ဆိုတဲ့ ဝေဒနာလေး၊ ဆိုးတာ မကြိုက်ဖူး ဆိုတဲ့ ဝေဒနာလေး ဒါလေး ပေါ်လာလို့ ရှိရင်လည်း ဦးအောင်ဇံဝေတို့ ဒါဝေဒနာ အလုပ်ပဲ၊ ဝေဒနာက သူ့အလုပ်သူ ပြောနေတာ ငါမရောပါဘူး၊ ငါသွား မရောနဲ့ (မှန်ပါ့)။

ဒါ ဝေဒနာ အလုပ်ပဲ၊ ဒါ ဝေဒနာက္ခန္ဓာလေး၏ အကြောင်း တိုက်ဆိုင်လို့ ပေါ်နေတာပဲ၊ ဒါလောက် မှတ်ကြ စမ်းပါနော် (မှန်ပါ့)။

ဒါ အရေးကြီးတယ်နော်၊ ဒါအရေးကြီးတယ်လို့ မှတ်ကြစမ်းပါ။ ကဲ ခန္ဓာ ငါးပါးထဲက ဦးတင်တို့ ဦးသန်းမောင်တို့ ဘာပေါ်ပေါ် ဝေဒနာ ပေါ်လည်း ဝေဒနာ ပေါ် တယ်ပဲမှတ် (တင်ပါ့) ငါမလုပ်နဲ့နော် (တင်ပါ့)။

သညာပေါ်တယ်

သညာ ပေါ်ရင်ကော (သညာလို့ မှတ်ရမှာပါ ဘုရား) သညာ ပေါ်တယ်ပဲ မှတ်ထားတာ လေးကို မှတ်ထား တဲ့ သညာလေး ငါ့ကား၊ ငါ့ကားဆိုတဲ့ ဥစ္စာ ဟုတ်တယ်၊ မှတ်ထား တာပဲ။ သို့သော် သညာ၏ အလုပ် ငါကတော့ မရောစေနဲ့။

သညာက မှတ်ထားတာဟေ့ ပြီးတာပဲ စေတနာလေး ကောင်းလာတယ်ဆို ဪ စေတနာ၏ အလုပ်၊ ဒါ ငါ့အလုပ် မဟုတ်ဘူး (တင်ပါ့) ဒီအတိုင်း မှတ်ရမယ် (မှန်ပါ့)။

ဝိညာဏ်ပေါ်တယ်

ဝိညာဏ်က သိတယ်၊ စိတ်ကလေး တွေက ဟိုသိ၊ ဒီသိ၊ ဟိုမိတ်ဆွေနဲ့သိ၊ ဒီမိတ်ဆွေနဲ့သိ၊ သိတဲ့ စိတ်ကလေး ပေါ်လာ တော့၊ ဪ ဒါ ဝိညာဏ်၏ အလုပ်၊ စိတ်၏ အလုပ်တွေပါလား ဝိညာဏ်နဲ့ စိတ် အတူတူ(မှန်ပါ့)။

ဝိညာဏ်၏ အလုပ် စိတ်၏ အလုပ်တွေပါလားဆိုပြီး သကာလ၊ ဦးသန်းမောင်တို့ ဦးတင်တို့ ဦးနက်တို့ ဒါလဲ မှတ်ရ မယ်နော် (မှန်ပါ့)။

ပြောတာတော့ဖြင့် ပြောလို့တော့ အပါယ် မကျပါဘူး ထင်မှ အပါယ်ကျတယ် ဆိုတာလည်း မှတ်လိုက်ပါဦး (တင်ပါ့)။ ပြောလို့တော့ (အပါယ် မကျပါဘူး ဘုရား) အပယ် မကျပါဘူး။ တကယ် ထင်မှ အပါယ် ကျတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါပြောနိုင်တုန်းပြောရတာနော်

အေး သေချာမှတ်ပါ၊ သေချာမှတ်ပါ။ ဒါ ဦးတင်တို့ ဦးသန်းမောင်တို့ ဦးနက်တို့ ဒါပြောနိုင်တုန်း ပြောရတာနော် (မှန်လှပါ ဘုရား)။

အပါယ်တံခါး ပိတ်ချင်ပါတယ် ဘုရား၊ ပိတ်ချင်ပေမဲ့ လည်း ပွင့်နေတဲ့ တရားကို ဖွင့်ပေးတဲ့ တရားကို မပယ်လို့ ရှိရင်ဖြင့် မောင်ထွန်းအောင် ပိတ်နိုင်ပါ့မလား (မပိတ် နိုင်ပါဘူး ဘုရား)။

အဲဒါကြောင့် ပွင့်နေတဲ့ ဖွင့်တတ်တဲ့ တရားကို၊ ဘုန်းကြီးတို့က ပယ်ပစ် လိုက်တော့ကို အပါယ် တံခါးဟာ သူက ဖွင့်ဖွင့် ပေးနေတာ၊ ကျုပ်တို့က သူ့ပယ်လိုက်တဲ့အခါ ကျတော့ ပိတ်ပြီးသား ဆို့ပြီးသား ဖြစ်သွားတယ် (မှန်ပါ့) ပေါ်ပလား ဦးတင်ရ (ပေါ်ပါပြီ ဘုရား)။

ပေါ်ပြီတဲ့ ဒါဖြင့် နေရာကျပါပြီ အဲတော့ ယားတယ်၊ ယားရင် ဝေဒနာပဲ ဝေဒနာလေးပဲ၊ ဒီထက် တက်နိုင်လို့ ရှိရင် ဝေဒနာလေးဟာ ဖြစ်ပြီး ပျက်နေတာပဲ၊ ကောင်းတာပဲ။ သို့မဟုတ် ဝေဒနာ လေးပဲလို့ ဆုံးဖြတ်ချက် ချရင် ကောင်းတာပဲ။

ဝေဒနာကိုသာသိပြီး သစ္စာမသိပဲဖြစ်နေတယ်

ဒီထက် ပိုပြီး သကာလ ကောင်းတာက ဝေဒနာလေးပဲ ဖြစ်ပြီး ပျက်နေတာပဲ သာကောင်းတယ် သာကောင်းတယ် ဦးအောင်ဇံဝေ (မှန်ပါ့) သာကောင်းတယ်တဲ့။

အဲ့ဒါက ဘယ်နဲ့ကြောင့် သာကောင်းသတုံး၊ ဝေဒနာလေးထက် ဖြစ်ပြီး ပျက်နေတာပဲ ဆိုတာလေးက သာကောင်း သတုံး မေးတော့ ဦးတင်က မှတ်လိုက်၊ ဦးသန်းမောင်တို့က မှတ်လိုက် ဝေဒနာလေး ဆိုတာ ဝေဒနာကိုသာ သိတာ (မှန်ပါ့)။

သစ္စာကို မသိပဲ ဖြစ်နေတယ်။ (မှန်ပါ့) ဝေဒနာလေး ဖြစ်ပြီး ပျက်နေတာပဲလို့ ဒီထိအောင် ဉာဏ်က သိလိုက်လို့ ရှိရင်၊ ပေါ်တဲ့ ဉာဏ်က သိလိုက်လို့ရှိရင် သစ္စာပါ သိသွား တယ် (မှန်ပါ့) ဒုက္ခသစ္စာ သွားသိတယ် (မှန်ပါ့)။

ဒါကြောင့် ဝေဒနာပေါ်တာ ဝေဒနာလို့ သိရင် ဝေဒနာလို့ သိတာက ရှေ့က ဒိဋ္ဌိတော့ ပြုတ် ပါတယ်။ ဒိဋ္ဌိ ကတော့ ပြုတ်ပါတယ်တဲ့ ဒကာ ဒကာမတွေ မှတ်ထားပါနော် (မှန်ပါ့) ဒိဋ္ဌိကတော့ ပြုတ်ပါတယ်။

ဒိဋ္ဌိကတော့ ပြုတ်ပါတယ်တဲ့၊ သို့သော် သစ္စာမသိ သေးပဲ ဖြစ်နေတယ် (တင်ပါ့) သစ္စာ မသိသေးပဲ ဖြစ်နေတော့ ဝေဒနာလေး ဝေဒနာ ပေါ်လာ ဝေဒနာ ခုမရှိပါလား ဆိုလိုက်လို့ရှိရင် သစ္စာ သိသွားပြီ။

မရှိပါလားလို့ဆိုတော့ သစ္စာသိသွားပြီ သဘောပါကြ ပလား (ပါပါတယ် ဘုရား)။

ဝေဒနာသိနဲ့ဖြစ်ပျက်သိ ဘာခြားသတုံး

ဪ ဒါဖြင့် ဝေဒနာသိနဲ့ ဖြစ်ပျက်သိ ဘာခြား နားသတုံးလို့ ဦးတင်တို့၊ ဦးသန်းမောင် တို့က မေးဖို့ လိုလာ တယ် မလိုဘူးလား (လိုလာပါတယ် ဘုရား)။

ဝေဒနာသိတာသည် သက္ကာယဒိဋ္ဌိ ဖြုတ်ရုံ၊ နာမ်မှန်း သိရုံပဲရှိတယ်။ (မှန်ပါ့) ဖြစ်ပြီး ပျက်သွား တာ သိတာက ဒုက္ခ သစ္စာကို ပိုသိ လိုက်တယ် (မှန်ပါ့)။

ဖြစ်ပြီး ပျက်တာ သိတာက, (သစ္စာသိတာပါ ဘုရား) ဒုက္ခသစ္စာကို ပိုပြီး သိလိုက်တယ် ဆိုတဲ့ ဥစ္စာ အသေအချာ မှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဝေဒနာ သိတာထက် ဖြစ်ပျက်သိတာ ထူးခြားပလား ဆိုရင် ဦးသန်းမောင် ရိပ်မိပလား (ရိပ်မိ ပါတယ် ဘုရား)။

ဝေဒနာ သိတာက နာမ်သိတာ (မှန်ပါ့) ဖြစ်ပျက် သိတာက သစ္စာသိတာ (မှန်ပါ့) မခြားနား ဘူးလား (ခြားနားပါတယ် ဘုရား)။

အဲဒီကဲ့သို့ ခြားနားတော့မှ ဪ ဒီ ဒကာ ဒကာမတွေ ဝေဒနာသိမှုနဲ့ သစ္စာသိမှုဟာ ထိုးထွင်း တာခြင်း ကွာသွားတယ် ဆိုတာ မှတ်ရတော့မယ် (မှန်ပါ့)။

ထိုးထွင်းတာခြင်း (ကွာပါတယ် ဘုရား)။ ဒါ ထိုးထွင်းတာခြင်း ကွာသွားတယ်လို့ မှတ်ရမယ်။ ရှင်းကြလား (ရှင်းပါတယ် ဘုရား) ဘာကွာသွားပါလိမ့် (ထိုးထွင်းတာ ခြင်း ကွာပါတယ် ဘုရား)။

ထိုးထွင်းတာခြင်း ကွာသွားတယ် ဆိုတာ အသေ အချာ မှတ်ရလိမ့်မယ်။ ကောင်းပြီ ဒါဖြင့် ထိုးထွင်းတာခြင်း ကွာသွားတယ်ဆိုတဲ့ အဓိပ္ပာယ်သိတော့ သစ္စာသိမှ လမ်းဆုံး တယ်နော် (တင်ပါ့)။

ဝေဒနာသိတော့ လမ်းမဆုံးသေးဘူး၊ ဝေဒနာ သိတော့ အပါယ်တံခါး ပိတ်ရုံ ရှိတယ်။ သစ္စာ သိတော့ နိဗ္ဗာန် ရောက်တယ် (မှန်ပါ့) ကွာဘူးလား (ကွာပါတယ် ဘုရား)။

ကိုယ့်အရေးကိုယ်သိပြီး ကြိုးစားကြစမ်းပါ

အဲဒါကြောင့် ဒီလာပြီး ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ ဆရာသမားကို ကြည်ညို လေးစားလို့၊ ကိုယ့်အရေးလည်း ကိုသိပြီး သကာလ ကြိုးစားကြစမ်းပါ ဆိုတာ ဆရာဘုန်းကြီး က လေးလေး စားစားနဲ့ တိုက်တွန်း တယ်နော် (မှန်ပါ့)။

ဝေဒနာသိတာနဲ့ ဖြစ်ပျက်သိတာ ဘယ်ဟာက ပိုထူးခြားသတုံး (ဖြစ်ပျက် သိတာကပါ ဘုရား) အဲ ဝေဒနာသိတာက နာမ်ကို သိသောကြောင့် အပါယ်တံခါးသာ ပိတ်တယ် (တင်ပါ့)။

ဖြစ်ပျက်သိတာက သစ္စာ သိသောကြောင့် နိဗ္ဗာန် ကျအောင်ရောက်၏ (တင်ပါ့) ကွာဘူးလား (ကွာပါတယ် ဘုရား) ကွာတယ်တဲ့။

ဒါကြောင့် သိတယ်၊ သိတယ် လုပ်နေတာနဲ့ ဖြစ်ပျက် ကို ရှုနေတာနဲ့ ဦးသန်းမောင် မခြားနား ဘူးလား (ခြား နားပါတယ် ဘုရား)။

အပါယ်တံခါး ပိတ်ရုံလေးရှိတယ် ဟိုဟာက၊ ဒါက နိဗ္ဗာန် ရောက်တယ်။ အပါယ် တံခါး ပိတ်တာက တခြား နိဗ္ဗာန် ရောက်တာက တခြား။

အပါယ်တံခါး ပိတ်တာက မောင်ချစ်ဆွေက မှတ်လိုက် ဒိဋ္ဌိပြုတ်လို့ ရောက်တာ (တင်ပါ့) နိဗ္ဗာန်တံခါး ပွင့်တာက သစ္စာသိလို့ နိဗ္ဗာန် ရောက်တာ (မှန်လှပါ) မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)။

အေး ဒါတွေ သေသေချာချာ မှတ်တော့မှ သြော် တော်တော် အရေးကြီးပါလား ဆိုတာ ပေါ်လာပြီ (မှန်ပါ့) ကိုင်း ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဘယ်ဟာပြုတ်ဖို့ အရေးကြီး သလဲလို့ ပြောစမ်း ဦးတင် ဘာတဲ့ (ငါ၊ ငါ့ဥစ္စာ ပြုတ်ဖို့ အရေးကြီးပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာပေါ်၌ ဘာစွဲတတ်တုံး (ငါစွဲတတ်ပါတယ် ဘုရား) ဒီပြင် ပစ္စည်းတွေ အပေါ်၌ ငါ့ဥစ္စာလို့ စွဲပါ တယ် ဘုရား) ငါ့ဥစ္စာလို့ စွဲတတ်တယ်။

အဲဒါ အပြောကို မဆိုလို၊ တကယ် ဝမ်းထဲက လှိုက်လှိုက်လှဲလှဲ စွဲတာကို ဆိုပါသည် (တင်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ဝေဒနာလို့သိတာ “နာမ်သိ”

ကောင်းပြီ ဒါဖြင့် ပြုတ်နည်း နိဿရည်း ပြောစမ်း ပါဆိုတော့ ဝေဒနာ ပေါ်ရင် ဝေဒနာသိရင် ငါပြုတ်တယ်၊ (တင်ပါ့)။

ဝေဒနာ ဖြစ်ပျက်မြင်လို့ရှိရင်ဖြင့် အင်း သစ္စာသိတယ်၊ သစ္စာသိနဲ့ နာမ်သိကွာတယ်။ (မှန်ပါ့) ခြားနား ဘူးလား (ခြားနားပါတယ် ဘုရား)။

သစ္စာသိနဲ့ (နာမ်သိ) နာမ်သိ၊ ဟိုက ဝေဒနာကို ဝေဒနာလို့သိတာ နာမ်က သိတာ ရှင်းပလား (ရှင်းပါပြီ ဘုရား) သစ္စာသိတာ မဟုတ်သေးပါဘူး၊ သစ္စာသိတာ မဟုတ်သေးပါဘူး။

ဝေဒနာ၏ဖြစ်ပျက်သိတာမှ “သစ္စာသိ”

ဖြစ်ပြီး ပျက်တာလေးကို သိတဲ့ အသိကမှသာလျှင် သစ္စာသိ ဆိုတာ ရောက်ပါတယ် (မှန်ပါ့)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အသက်တွေလည်း ကြီးကုန်ကြပြီ။ မနေ့ကထက် ယနေ့ ကြီးလို့ သေခါနီးတွေကလည်း ဖြစ်လာကျတော့ ဒါလေး နှစ်ခု ဖြင့် ယနေ့ မင်္ဂလာ ရှိတဲ့နေ့၊ မင်းတို့ကို အမင်္ဂလာတွေ ဖြုတ် မယ်ကွ (မှန်ပါ့)။

အပါယ်ချတတ်တဲ့ တရား ဦးသန်းမောင် မင်္ဂလာ ဆိုမလား၊ အမင်္ဂလာ ဆိုမလား (အမင်္ဂလာပါ ဘုရား) အမင်္ဂလာ ဖြုတ်ရမှာပေါ့ဗျ (မှန်ပါ့)။

အမင်္ဂလာပြုတ်တဲ့နေ့

ဒီနေ့ အမင်္ဂလာ ပြုတ်တဲ့နေ့ (မှန်ပါ့) မင်္ဂလာနဲ့ အမင်္ဂလာကို မင်္ဂလာ တရားနှင့် အမင်္ဂလာ တရားတွေကို ဖြုတ်တဲ့နေ့၊ ဖြတ်တဲ့နေ့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)။

နေ့ထူး နေ့မြတ်လို့ မှတ်ပါ၊ နေ့ထူး နေ့မြတ်လို့ မှတ်ပါ လို့ဆိုတော့ ခု သြော် ဖြုတ်ပစ်ရင် အင်း စိတ်ပေါ်လာလည်း စိတ်ကို စိတ်ပေါ်တိုင် ပေါ်တိုင်း သိနေရင် အင်း ဒါ သက္ကာယ ဒိဋ္ဌိတော့ ပြုတ်ပါတယ်။

နက်နက်နဲနဲနှင့် အသေအချာမှတ်ပါ

စိတ်ဖြစ်ပျက် မြင်လိုက်တဲ့ အခါကျတော့ကို သစ္စာ သိသောကြောင့်တဲ့ ဒကာ ဒကာမတို့ ဒိဋ္ဌိတင် မကဘူး တဏှာတွေပါ အကုန် ပြုတ်တယ် (မှန်ပါ့)။

ကွာခြားဘူးလား (ကွာခြားပါတယ် ဘုရား) ကွာခြားတယ်ဆိုတာ လေးစားစွာနဲ့ နက်နက်နဲနဲ နဲ့ မောင်ထွန်းအောင် အသေအချာ မှတ်ကွ (မှန်ပါ့)။

ဒါဖြင့် ဒီနေ့တရား နှစ်လုံးထဲ ဟောနေပါလား ဆရာ ဘုန်းကြီးက ဒို့သန္တာန် အပါယ် ရေသောက် မြစ်က ငါ၊ ငါ့ဥစ္စာတဲ့ငါ၊ ငါ့ဥစ္စာ ဆိုတဲ့ ထင်မှု၊ စွဲမှုတဲ့၊ အဲဒီ ထင်မှု၊ စွဲမှုကို ဖြုတ်တဲ့လို့ ပြောနေတဲ့ နေ့ပဲ (တင်ပါ့)။

အထင်ကိုဖြုတ်ပါ

အပြော ဖြုတ်ရမှာလားတဲ့ အပြောဆိုရင် ပြောစရာ တောင် စကားမရှိဘူး အပြော မဖြုတ်ရဘူး အထင်ကို ဖြုတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အပြော ဖြုတ်လိုက်လို့ ရှိရင် စကားတောင် ပြောစရာ မရှိတော့ဘူး (မှန်ပါ့) ရှိပါ့မလား (မရှိပါဘူး ဘုရား)။

မရှိတော့ဘူးလို့ ကျွန်တော် ဆိုတာလည်း ငါပဲ။ ကျွန်မ ဆိုတာလည်း ငါပဲ (မှန်ပါ့) ဟုတ်ဘူးလား၊ ဒီပစ္စည်းတွေဟာ ကျွန်တော် ဝယ်ထားတာပါ ဆိုတော့လည်း ဒါ ငါ့ဥစ္စာတွေပဲ ဝယ်ထားလို့ ဝယ်ထားတယ် ပြောတာ မုသား လည်း မဖြစ်ပါဘူး။

သို့သော် ငါက တကယ်ပိုင်တယ်လို့ မယူနဲ့ (တင်ပါ့) ဒါဖြင့် ရုပ်တရားတွေ (မှန်ပါ့) ရုပ်တရား ဆိုတော့ ဖောက်ပြန်တယ်၊ ပျက်စီးတယ်၊ ဟုတ်ပလား အဲတော့ ငါ့ဥစ္စာ ဟုတ်ရဲ့လား (မဟုတ်ပါဘူး ဘုရား)။

သက္ကာယ ဒိဋ္ဌိပြုတ်တယ်

ဒီလိုလေး ဉာဏ်က ကြည့်ထားလို့ရှိရင်ဖြင့် သက္ကာယ ဒိဋ္ဌိပြုတ်တယ် (တင်ပါ့) ၎င်း ရုပ်တရားတွေ နာမ်တရားတွေ ပေါ်တိုင် းပေါ်တိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အင်း ဒီတရားလေးဟာ ကိုယ့်ဉာဏ် အောက်တင်ပဲ ဉာဏ်က ရှေ့က ဉာဏ်က ကြည့်ပြီး ခန္ဓာက အောက်က နေပြီး ဉာဏ်က အထက်က ခန္ဓာက အောက်ကနေ ကြည့်လိုက်တဲ့အခါ ဖျတ် ခနဲ ဖျတ်ခနဲ မရှိဘူး၊ မရှိဘူး။

စိတ်ကလေး ပေါ်လည်း မရှိဘူး ဝေဒနာလေး ပေါ် လည်း မရှိဘူး။ ဒီလို မရှိဘူး၊ မရှိဘူးလို့ ဉာဏ်ထဲမှာ မြင်လိုက် တဲ့ အခါကျလို့ရှိရင်၊ ဪ ဒုက္ခ ရောက်သွား တာပဲ ဆိုတော့ သစ္စာသိ သွားတော့ သူကတော့ ချက်ခြင်း နိဗ္ဗာန် ပေါ်သောကြောင့် အပါယ်တံခါးတင် ပိတ်ရုံမကဘူး၊ နိဗ္ဗာန် ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်၊ သူက မဂ်ဉာဏ် အသိက နိဗ္ဗာန် ဆောင်သွား သောကြောင့် ဒကာ ဒကာမတွေ ဖြစ်ပျက် သိက ပိုကောင်းတယ် (မှန်ပါ့)။

ဝေဒနာကို ဝေဒနာလို့ သိတာထက် ဝေဒနာ၏ ဖြစ်ပျက်ကို သိတာ သာကောင်းတယ် (မှန်ပါ့) စိတ်ကို စိတ်ပေါ်တိုင်း သိတာထက် စိတ်၏ ဖြစ်ပျက်ကို သိတာက ပိုကောင်းတယ် (မှန်ပါ့)။

ဒါကြောင့် ဒကာ ဒကာမတို့ ဖြစ်ပျက်ကို သိလိုက်ရင် စိတ်လည်း သိပြီးသား ဖြစ်သွားပါတယ် (မှန်ပါ့) ဝေဒနာ ကနေ ဖြစ်ပျက်ကို တွေ့လိုက်လို့ ရှိရင် ဝေဒနာလည်း သိပြီးသား ရုပ်လည်း သိပြီးသား ဆိုတဲ့ အဓိပ္ပာယ် ဦးနက် ပေါ်ပ လား (ပေါ်ပါပြီ ဘုရား) ပေါ်ပြီ။

ရှင်ခေမက

ကောင်းပြီ ဒါက ကိုင်း ဒီ အဓိပ္ပာယ်ကို ရှင်းပြီး သကာလ ဝတ္ထုလေး တစ်ခု ဘုရားသခင် ကိုယ်တော်မြတ်ကြီး ခန္ဓ ဝဂ္ဂ သံယုတ် ပါဠိတော် ထေရဝဂ်မှာ ရှင်ခေမက ဆိုတဲ့ အနာဂါမ် ကိုယ်တော်က ပုထုဇဉ် ခြောက်ဆယ်သော ရဟန်းတွေ သူတရား ဟောတယ် (မှန်ပါ့)။

ပုထုဇဉ် ခြောက်ဆယ်သော ရဟန်းတွေကို အနာဂါမ် ကိုယ်တော်က တရားဟောတယ် (မှန်ပါ့) သက္ကာယ ဒိဋ္ဌိပြုတ် ပြုတ်ပုံ ကိုလည်း ဟောတယ်။

နောက် အနာဂါမ်တည် တဏှာမာန ပြုတ်ပုံကိုလည်း ဟောတယ်၊ နောက် ရဟန္တာ ဖြစ်သည့် တိုင်အောင် သူဟောတယ်။

ဟောရင်း မတ္တနဲ့ သူကလည်း အနာဂါမ်အဖြစ်နဲ့ ဟောရင်း သူ့ကိုယ်သူလည်း ကြည့်ပြီး သကာလ ဟောရင်း ကိုယ့်ခန္ဓာ ကြည့်ဟော၊ ဟိုကလည်း ကိုယ်တော်တွေက နာတဲ့ ပုဂ္ဂိုလ် တွေကလည်း ကိုယ့်ခန္ဓာ ကြည့်ပြီး နာကြတော့ ဦးတင် တို့ ဦးသန်းမောင်တို့ တရားပွဲလည်း ပြီးရော အလုပ်နဲ့ နာကြတာကိုး (တင်ပါ့)။

ဟောတဲ့ပုဂ္ဂိုလ်က အနာဂါမ် ပုဂ္ဂိုလ်ကလည်း ရဟန္တာ ဖြစ်၊ ကျန်တဲ့ ပုထုဇဉ် ခြောက်ဆယ် ကလည်း ရဟန္တာဖြစ် သွားတယ် (တင်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဆရာဘုန်းကြီးကလည်း ဟောရင်းပဲ ခန္ဓာဉာဏ်ရောက် ပြောနေတယ်၊ ဒကာ ဒကာမ တွေ ခန္ဓာဉာဏ်ရောက် နာပါ ဆိုတာ ကိုလည်း ဒီဝတ္ထုက ဦးသန်းမောင် သက်သေခံ နေတယ် (မှန်ပါ့)။

မှတ်မိအောင်မနာပါနဲ့ ပွားမိအောင်နာပါ

အဲတော့ မှတ်မိအောင် မနာပါနဲ့နော် (မှန်ပါ့) ပွားမိအောင် နာပါ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါ ပြီ ဘုရား)။

မှတ်မိအောင် (နာရမှာပါ ဘုရား) မှတ်မိတာ ထက် ကျေးဇူးများတဲ့ ပွားမိအောင်နာပါ (မှန်ပါ) ကြည့် လိုက်လို့ မြင်လိုက်လို့ရှိရင် ပွားပြီးသား ဖြစ်သွားတယ် (မှန်ပါ့)။

ဒါကြောင့် မှတ်မိအောင် နာတာလည်း ကေင်းတာ ပဲ။ သို့သော် သူ့ထက် ကောင်းတာက အမြင်ကို ကြည့်ပြီး ပွားမိအောင် နာတာက ဦးအောင်ဇံဝေ ပိုကောင်းတယ် (မှန်ပါ့) ကိုထွန်းအောင် ရှင်းရဲ့ လားဗျ (ရှင်းပါပြီ ဘုရား)။

အေး ဒါကြောင့် ကြိုးစားကြပါ။ ကြိုးစားကြပါ ဆိုတာ တိုက်တွန်း ရတယ် (မှန်ပါ့)။

ရဟန်းကြီး ခြောက်ဆယ်

ကောသမ္ဗီ ပြည်မှာ ဝတ္ထု ထုတ်ပါပြီ ကောသမ္ဗီ ပြည်မှာ ရဟန်းကြီး ခြောက်ဆယ် ရှိ သည်၊ ရဟန်းကြီးချည့်ပဲ ခြောက်ဆယ် ရှိသည်။

ရှင်ခေမက ဆိုတဲ့ အနာဂါမ် ပုဂ္ဂိုလ်က၊ တစ်ဂါဝုတ် လောက်မှာ သူက ဒီ ကောသမ္ဗီပြည်နဲ့ တစ်ဂါဝုတ်လောက် ကွာတဲ့ နေရာမှာ သွားပြီး၊ ဇီးတောကြီးထဲမှာ ကျောင်းလေးဆောက်ပြီး၊ ဒကာ ဒကာမတွေ ဆောက်ပေးပြီး၊ ဒီ ကိုယ်တော်က အနာဂါမ် ပုဂ္ဂိုလ်က အဲဒီသွားပြီး တရားအား ထုတ်တယ်။

အဲတော့ ခုနက ရဟန်းကြီး ခြောက်ဆယ်နေတာက ကောသမ္ဗီပြည်၊ သူက ကောသမ္ဗီပြည်နဲ့ တစ်ဂါဝုတ်လောက် ကွာတဲ့နေရာမှာ ကောသမ္ဗီပြည်နဲ့ တစ်ဂါဝုတ် လောက်ကွာတဲ့ နေရာမှာ ဇီးတော ကျောင်းကြီးထဲမှာ ကျောင်းဆောက် ပြီးတော့ အနာဂါမ် ရှင်ခေမကက နေပါတယ်လို့ ဒကာ ဒကာမတွေ မှတ်ထား ရမယ်နော် (မှန်ပါ့)။

တရားဟောကောင်းဖို့လိုတယ်

ဒါ ဝတ္ထု – ဝတ္ထုမှတ်ထား၊ အဲတော့ ရဟန်းကြီး ခြောက်ဆယ်ကလည်း အထက် မဂ်ဉာဏ် ဖိုလ်ဉာဏ် တွေကို လိုချင် ကြတယ်။ တရားဟော ကောင်းမှလည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်က ဆိုက်မှာ ဖြစ်တယ် (မှန်ပါ့)။

ဒါနဲ့ သူတို့ လိုက်ပြီး ရှာတော့ ရှင်ခေမက ဟာဟေ့ တရားဟော သိပ်ကောင်းတယ် ထင်မြင် အောင် ပြောတတ် တယ်။ ဒါကြောင့် ထင်မြင်အောင် ပြောတတ်မှ မဂ်ဉာဏ် ဖိုလ်ဉာဏ်က ဆိုက်တယ်။ စာလျှောက် ရွတ်လို့ မဂ်ဉာဏ် ဖိုလ် ဉာဏ် မဆိုက်ဘူး။ နာတဲ့ ပုဂ္ဂိုလ် (တင်ပါ့)။

စာကျက်ပြီးပြောတဲ့ပုဂ္ဂိုလ် အလကား

စာ လျှောက်ပြီး ရွတ်တဲ့ ပုဂ္ဂိုလ်၊ စာကျက်ပြီး ပြောတဲ့ ပုဂ္ဂိုလ် အလကား၊ သူ စာလျှောက် ပြောတာ ရလို့ ပြောတဲ့ ဥစ္စာ၊ အဲဒါ ဦးတင်တို့ ဦးသန်းမောင်တို့က အထင်မကြီးနဲ့ (တင်ပါ့)။

ခန္ဓာကိုယ် ရောက်အောင် ပြောပြီး ခန္ဓာထဲ ယောဂီ ပုဂ္ဂိုလ်ကလည်း ထင်အောင် ပြောနိုင်မှ တရားဟော ကောင်း ဆိုတာ မှတ်ရမယ်နော် (မှန်ပါ့)။

အရှင်ခေမက ကဇီးတောကျောင်းမှာနေတယ်

ဒါနဲ့ ရဟန်းကြီး ခြောက်ဆယ်က တရားနာတယ်၊ တရားဟောကောင်း လျှောက်ရှာမှပဲ ဆိုတော့၊ ရှင်ခေမက တစ်ဂါဝုတ်လောက် ရှိတဲ့နေရာ ဇီးတော ကျောင်းမှာ ရှိတယ်ဆိုတာ သူတို့ စုံစမ်းလို့ သတင်းရတယ်။

သတင်း ရတာနဲ့ သူတို့ထဲက ရဟန်းငယ်ဖြစ်တဲ့ ဒါသက ဆိုတဲ့ ရဟန်းကို လွှတ်လိုက်တယ်။ ရှေးဦးစွာ ဒါ သက မင်းသွားစမ်းကွာ၊ ရဟန်းကြီး ခြောက်ဆယ်က မှာလိုက် တယ်၊ ရှင်ခေမက နေကောင်း၊ နေမကောင်း မေးခဲ့ကွ ဆိုပြီး တစ်ခေါက် လွှတ်လိုက်တယ် (မှန်ပါ့)။

တစ်ခေါက်လွှတ်လိုက်တော့ သွားရတာပဲ၊ တစ်ဂါ ဝုတ်လောက် ရှိတဲ့ခရီးကို အရောက် သွားတယ်၊ သွားလိုက်တဲ့ အခါကျတော့ အရှင်ဘုရား ရဟန်းကြီး ခြောက်ဆယ်က အမေးခိုင်း လိုက်ပါတယ် ဘုရား၊ အရှင်ဘုရားသည် ကျန်းမာပါ ရဲ့ လား၊ အရှင်ဘုရားသည် ကျန်းမာပါရဲ့လား ဆိုတော့။

ငါ့အရှင် ငါမကျန်းမာဘူး၊ ငါ့ဝေဒနာ ရှေ့သာတိုးနေ တယ် နောက်ကိုမဆုတ်ဘူးကွ၊ အဲဒါ ကဲ ငါပြောလိုက်တယ် ငါ့ခေါင်းမှာ ဘယ်လိုဖြစ်နေတယ်။ ခါးမှာ ဘယ်လို ဖြစ်နေ တယ်။ အားအင်ဗလတွေ ဘယ်လို ဖြစ်နေတယ် ဆိုတာတွေ ဒီထဲသွင်းလို့ ပြောလိုက်တယ်။

ပြောလိုက်တော့ ဟိုပုဂ္ဂိုလ်ကလည်း အင်း ပြောတာ တွေ မှတ်ပြီးတော့ ရဟန်းကြီး ခြောက်ဆယ်ဆီ ပြန်သွားတယ်။ ပြန်သွားတော့ ရှင် ဒါသကလည်း ကောသမ္ဗီ ပြည် ရောက်ပါ တယ်။ ရဟန်ကြီး ခြောက်ဆယ်ဆီ။

အဲ့ဒီလို ရောက်တဲ့အချိန်မှာ ရဟန်းကြီးတွေက ဟေ့! ရှင်ခေမက ဘယ်နဲ့တုံးပေါ့၊ ကျန်းမာရဲ့ လား၊ ချမ်းသာရဲ့ လား အရှင်ဘုရား မကျန်းမာဘူး၊ မချမ်းသာဘူး ဘုရား။ ရှင်ခေမက ဝေဒနာတွေ ရှေ့သာ တိုးနေတယ်ဘုရား နောက်မဆုတ်ဘူး။

အဲဒီလို ပြောတော့ ခေါင်းတွေလည်း ကိုက်တယ်တဲ့ ကွ၊ ခါးတွေလည်း နာတယ်တဲ့ အားတွေ လည်း ချည့်သတဲ့ ဒီလို ပြောလိုက်တော့ ဟိုကွာ မင်းတစ်ခေါက် သွားပါဦး ရဟန်းကြီး ခြောက်ဆယ်က-

ခန္ဓာကိုယ်ကို ငါ၊ ငါ့ဥစ္စာလို့များ စွဲနေလို့ ဒီလောက် နာတာလား မေးပြီး ရဟန်းကြီး ခြောက်ဆယ်က ခန္ဓာကိုယ်ကို ငါ၊ ငါ့ဥစ္စာလို့ စွဲသေးသလားလို့ ဆိုတာ ဒါသက သွားမေး ချည်စမ်းဟေ့ ဒုတိယ အခေါက် လွှတ်လိုက်တယ် (မှန်ပါ့)။

ဦးသန်းမောင် နှစ်ခေါက် ရှိသွားပြီနော် (မှန်ပါ့) ခုနက လူမမာ မေးတစ်ခေါက်၊ ခုတော့ဖြင့် ခန္ဓာကိုယ် ငါ၊ ငါ့ဥစ္စာ စွဲသေးလားလို့ အမေး တစ်ခေါက် ဒီကလာတဲ့ ပါဠိတော် ခုနကပြောတဲ့ စကားသည် ချီလာတာ (တင်ပါ့) ဦးနက် ရှင်းရဲ့ လား (တင်ပါ့) နောက်က ဒကာ ဒကာမတွေ ကြားရဲ့လား (ကြားပါတယ် ဘုရား)။

အေး ကြားကြတဲ့၊ ဒီဥစ္စာ အရေးကြီးတယ် ဆိုတာ မှတ်တာပေါ့။ ဒါနဲ့ ဒါသကက ဦးတင်ရေ ပြေးရပြန် တယ် တစ်ဂါဝုတ် ရှိတဲ့ ခရီးနော် (မှန်ပါ့)။

ငါ့ကိုယ်ငါ့ဟာစွဲသေးသလား

ဒါနဲ့ ရှင်ခေမကနဲ့ သွားတွေ့တယ်၊ ဇီးတောကျောင်း က ကိုယ်တော်နဲ့၊ ဟ မင်းလာ ပြန်ပြီ လားကွ၊ လာရပြန်ပြီ ဘုရား၊ ဘာတုံးကွ၊ ဟာ ရဟန်းကြီး ခြောက်ဆယ်က အရှင်ဘုရား ခန္ဓာငါးပါးကို ငါ၊ ခန္ဓာငါးပါးမှ တစ်ပါးသော ပစ္စည်းတွေကို ငါ့ဥစ္စာလို့များ အရှင်ဘုရား စွဲသေးသလားလို့ အမေးခိုင်း ပါတယ် ဘုရား။

ဆိုတော့ ဦးသန်းမောင်က စဉ်းစားတယ်၊ နဂိုက အနာဂါမ်ကြီးပဲ ဒိဋ္ဌိက ပြုတ်ပြီးသား ဖြစ်နေတယ် (မှန်ပါ့) သူက ဖြေလိုက်တယ်၊ ဒါသက ရဟန်းကြီး ခြောက်ဆယ် သွားပြီး သကာလ ရဟန်းကြီး ခြောက်ဆယ် သွားပြီး သကာလ ပြောချည်ကွာ၊ ဆိုချည်ကွာ။

အပြောသာရှိတယ်၊ အထည်မရှိတော့ဘူး

ငါ၊ ငါ့ဥစ္စာ မရှိပါဘူးလို့ ပြောလိုက် ကိုင်း (တင်ပါ့) ငါ၊ ငါ့ဥစ္စာလို့ ငါ့စိတ်ထဲမှာ မရှိတော့ဘူး အပြော သာ ရှိပါတယ်ကွာ အထည် မရှိတော့ပါဘူး (မှန်ပါ့)။

သူက အနာဂါမ်ကိုဗျာ၊ သောတာပန် သကဒါဂါမ် အနာဂါမ် ဆိုတော့ သုံးခုမြောက် ရောက်နေပြီ (မှန်ပါ) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ငါ၊ ငါ့ဥစ္စာ မရှိဘူးကွ ပြောလိုက်ပါဆိုတော့ ဒါသက ပြန်ပြေးရတယ်၊ ဒါနဲ့ ရဟန်းကြီး ခြောက်ဆယ်ဆီ ကောသမ္ဗီ ပြည်ရောက်ပါတယ်။

ရောက်တဲ့အခါကျတော့ ဟေ့ ဘယ်နဲ့များ ပြောလိုက်တုံးကွ သူမေးတဲ့ အမေးကို တပည့်တော် ရောက်ရောက်ခြင်း မေးပါတယ်ဘုရား၊ ရှင်ခေမက ငါ၊ ငါ့ဥစ္စာလို့ ခန္ဓာငါးပါးကို ငါ၊ ဒီပြင် ပရိက္ခရာ တွေကို ငါ့ဥစ္စာ များစွဲတာ ရှိသေးလားလို့ မေးလိုက်တဲ့ အခါ ငါ, ငါ့ဥစ္စာတော့ မရှိပါဘူးကွာလို့ ဖြေလိုက်တယ် (မှန်ပါ့)။

ဒါနဲ့ ရဟန်းကြီးတွေက သူတို့ ခန္ဓာကိုယ်ကို သူတို့ ပြန်ပြီး ဦးတင်တို့၊ ဦးသန်းမောင်တို့၊ ဦးနက်တို့ စဉ်းစားတယ် ဒီက အဖြေတွေ ယူပြီတော့ အင်း၊ ခန္ဓာကိုယ်ထဲမှာ ငါ၊ ငါ့ဥစ္စာ မရှိဘူးတဲ့ ဝေဒနာလေး တွေရှု၊ စိတ်ကလေးတွေ ရှု၊

အင်း ဟုတ်သားပဲ ဖြစ်ပြီး ပျက်သွားတာပဲ ဘယ် ငါ၊ ငါ့ဥစ္စာ ဟုတ်ရမတုံး၊ ဒုက္ခ သစ္စာတွေချည့် ရှိနေတာပဲ ဆိုတော့ ဟိုက ငါ၊ ငါ့ဥစ္စာ မရှိဘူး တရားဟောလိုက်တာနဲ့ပဲ ဒီက ရဟန်းကြီး ခြောက်ဆယ် ကလည်း ခန္ဓာကိုယ် ဉာဏ်လှည့်ပြီးတော့ (တင်ပါ့)။

တစ်ဆင့်ခံတရားနာတာသောတာပန်တည်တယ်

စိတ်ကြိုက်တဲ့ ပုဂ္ဂိုလ်ကလည်း စိတ် ဉာဏ်လှည့်ပြီး စိတ်ကလေး ဖြစ်ပျက်ရှုလိုက် ဟုတ်သားပဲ ငါ၊ ငါ့ဥစ္စာ မဟုတ် ဘူး၊ ဝေဒနာ ကြိုက်တဲ့ ပုဂ္ဂိုလ်ကလည်း ဝေဒနာရှုပြီး သကာလ ငါ၊ ငါ့ဥစ္စာ မဟုတ်ပါလား ဆိုပြီ၊ ရှုတော့ ဦးသန်းမောင် သူတို့လည်း ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်းပြီး ဖြစ်ပျက်အဆုံး သူတို့လည်း သောတာပန် တည်ကြပြန်တယ်။ (တင်ပါ့)။

ဟောလိုက်တာကတော့ တောထဲက ဟောလိုက်တာ နော် (တင်ပါ့) တစ်ဆင့်ခံ နာရတာနဲ့ ဦးအောင်ဇံဝေ သောတာပန် တည်ကုန်တယ် (မှန်ပါ့)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို လည်း လေးစားစွာနဲ့ သတိပေးတာက၊ တရားနာတဲ့ အခါမှာ ဘုန်းကြီးက ငါ၊ ငါ့ဥစ္စာ ဖြုတ်ကြ ဆိုတော့ ခင်ဗျားတို့ ကလည်း ခန္ဓာကိုယ် ကြည့်လိုက်တော့ ယားတာလေးတွေ၊ နာတာလေး တွေ၊ ဟင်.. စိတ်ကလေးတွေ အမျိုးမျိုး ပေါ်လာတဲ့အခါ၊ ဟင် ပျောက်သွားပြီ။ ဟုတ်သားပဲ၊

ဆရာဘုန်းကြီး ဟောတဲ့အတိုင်း ငါ၊ ငါ့ဥစ္စာ မဟုတ်ဘူး ဒါတွေ ဒီလိုလေး သိသိနာရမယ် (တင်ပါ့)။ နာတယ်၊ နာဆဲမတ္တ ပွားများရမယ်ဆိုတာ ပေါ့ဗျာ (မှန်ပါ့) ဘာတဲ့တုံး (နာဆဲမတ္တ ပွားများရမှာပါ ဘုရား) နာဆဲမတ္တ ပွားများရမယ်လို့ ဆိုလိုက်ပါတယ် (တင်ပါ့)။

တရားနာတုန်းပွားများကြပါ

နာဆဲမတ္တ ပွားများလိုက်တဲ့ အခါကျတော့ ကြည့်စမ်း ဟိုက တစ်ဆင့်ခံ ဟောတာနဲ့တောင် ဒီက သောတာပန် တည်ကုန်ကြပြီ၊ ခြောက်ဆယ်စလုံး (မှန်ပါ့)။

ဦးသန်းမောင် နာနည်း မကောင်းဘူးလားလို့ မေးရင် ဘယ်နဲ့ဖြေကြမတုံး (ကောင်းပါတယ် ဘုရား) အဲဒါက ကျုပ်တို့ကတော့ နားနဲ့တင် နာတယ် ဉာဏ်က မနာလို့ ဆိုတဲ့ အဓိပ္ပာယ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

နားနဲ့ မှတ်မိအောင်တင် သညာနဲ့ နာတယ်၊ သူတို့ ကတော့ သညာနဲ့ မှတ်ပြီး ပညာနဲ့ ခန္ဓာ လှည့်လိုက်တယ်။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သညာနဲ့ မှတ်ပြီးတော့ ပညာနဲ့ ဘာတုံး (ခန္ဓာ လှည့်ပါတယ် ဘုရား) ခန္ဓာ လှည့်လိုက်တဲ့ အတွက် ခု ဒါသက နှစ်ခေါက်ပြန် ရသေးတယ်၊ ရဟန်းကြီး ခြောက်ဆယ် သောတာပန် တည်ပြီ ဆိုတဲ့ အဓိပ္ပာယ် ရှင်းသွားပြီနော် (မှန်ပါ့)။

ဒါနဲ့ ရဟန်းကြီး ခြောက်ဆယ်က သူကဒီလို နာချင်တာကိုးဗျ၊ တရားက ဒီလို နာချင်တယ် ဟိုရှင်ခေမက ကိုလည်း မပင့်ချင်ဘူး မမာဘူး ဆိုတာ စောစောက သိထား လို့ (တင်ပါ့) ဒါကြောင့် ရှင်ခေမကကို ပင့်ပြီး မနာချင် ဘူး အားနာတယ် (မှန်ပါ့)။

ဒီလို မေးကာ၊ မြန်းကာနဲ့ ပြီးချင်တယ်၊ တစ်ခါ သူတို့ က သွားနာမယ် ဆိုတော့ တောကျောင်း တစ်ပါးနေ ကျောင်း ထဲမှာ နေစရာမရှိဘူး (မှန်ပါ့) ဒါနဲ့ သူတို့ကလည်း မသွား ဘူး၊ ဒါသကကို အစေခံလုပ်ပြီး သကာလ သွားချည်၊ ပြန်ချည် လုပ်ပြီး သကာလ သူတို့ တရားနာတယ် (မှန်ပါ့)။

ဦးသန်းမောင် သူတို့အကြံပေါ့ဗျာ (မှန်ပါ့)၊ ရဟန်းကြီး ခြောက်ဆယ် အကြံက ကြွခဲ့ပါလို့ ပင့်ရမှာလည်း လူမမာ ဖြစ်နေလို့ ရှင်ခေမက ပင့်ရမှာ (မှန်ပါ့) နော်။

ကြွခဲ့ပါလို့ ပင့်ရမှာကလည်း လူမမာ ဖြစ်နေလို့၊ ကိုယ် က သွားနာရမှာကလည်း လူမမာတဲမို့ သွားနာရမှာ ကလည်း သူ့ကျောင်းက ကျဉ်းနေတယ်။ ဒီက ခြောက်ဆယ်ခန့် ဆိုတော့ ဆန့်ပါ့မလား (မဆန့်ပါဘူး ဘုရား)။

အဲဒီလို ဖြစ်နေလို့ ဒါသကကို သွားချည် ပြန်လှည့်နဲ့ တရားဟောခိုင်း နေတယ်လို့ မှတ်ရမယ် (မှန်ပါ့) ဦးအောင်ဇံဝေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါနဲ့ ဒါသက တစ်ခေါက်သွားဦး (တင်ပါ့) ခိုင်းပြန်တယ်၊ သုံးခေါက် ရှိသွားပြီးနော် (တင်ပါ့) တစ်ခေါက် သွားဦးတဲ့၊ ဘယ်လို အမေးနဲ့ သွားရမှာတုံးဘုရား၊ အို မင်း ခေမက သွားမေးချည်ကွ ငါ၊ ငါ့ဥစ္စာလို့ မရှိ တော့ပါဘူးလို့ သူပြောလိုက်တဲ့ အထဲက ဒို့ ကြားပြီ၊ ကြားလို့ တောင်မှ ဒို့ အတော် အကြောင်း ညီညွတ်သွားပြီ။

အရှင်ဘုရား၊ ရဟန္တာဖြစ်ပလား

သူတို့လည်း သောတာပန် တည်ပြီပေါ့ဗျာ (မှန်ပါ့) ငါ၊ ငါ့ဥစ္စာ ပြုတ်လို့ရှိရင် အရှင်ဘုရား၊ ရဟန္တာ ဖြစ်ပလားလို့ မင်းတစ်ခေါက် သွားမေးချည်၊ ရဟန်းကြီးတွေက ရဟန်းကြီး ခြောက်ဆယ်က လွှတ်လိုက်တာနဲ့ ဒကာ ဒကာမ တို့ ဘယ်နှစ်ခေါက် ရှိသွားပြီတုံး (သုံးခေါက် ရှိသွားပါပြီ ဘုရား)။

သုံးခေါက် ရှိသွားပြီတဲ့၊ ဒါနဲ့ ဒါသကက တစ်ဂါဝုတ် ခရီးကို ဦးသန်းမောင် ပြေးရပြန်တာပေါ့ (တင်ပါ့) သူက လူငယ်ဖြစ်နေတယ် (တင်ပါ့) လူငယ်ဖြစ်ပြီး သကာလ နေတော့ ပြေးရပြန်တယ်တဲ့၊ ပြေးရတော့ ရှင်ခေမက-က မင်း ဘာလာရပြန်ပြီလားကွ၊ အရှင်ဘုရား လာရပြန်ပြီဘုရား။

ရဟန်းကြီး ခြောက်ဆယ်က လွှတ်ပြန်တယ်၊ ဘယ်နဲ့ များ ခိုင်းလိုက်တုံးကွ ဘယ်လိုများ အမေး ခိုင်းတုံး၊ အရှင် ဘုရားကို ငါ၊ ငါ့ဥစ္စာ အရှင်ဘုရားက ပြုတ်ပြီလို့ ပြောလိုက် တယ်၊ မရှိဘူးလို့ ပြောလိုက်တော့ အရှင်ဘုရား ရဟန္တာ ဖြစ်ပလားလို့ သူတို့က အမေး ခိုင်းပါတယ် (တင်ပါ့)။

ရဟန္တာ ဖြစ်ပလားလို့ မေးခိုင်းပါတယ်၊ ကွာ ရဟန္တာ တော့ မဖြစ်သေးဘူးဟေ့ (တင်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ရဟန္တာ ဖြစ်ပြီလားလို့ မေးတော့ သူဘယ်လို တာဝန်ခံတုံး (မဖြစ် သေးဘူးလို့ တာဝန်ခံပါတယ် ဘုရား)။

ရဟန္တာ မဖြစ်သေးဘူးဆိုတော့ သောတာပန်တင် တည်သေးတာ ငါ၊ ငါ့ဥစ္စာ ပြုတ်ရင် သောတာပန်တည် အပါယ်တံခါး ပိတ်တာပဲ ရှိသေးတယ် ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ငါ၊ ငါ့ဥစ္စာပြုတ်အောင်လုပ်ကြပါ

သောတာပန်တည်ပြီး အပါယ်တံခါး ပိတ်တာပဲရှိ သေးတယ်နော် (မှန်ပါ့) ငါ၊ ငါ့ဥစ္စာပြုတ်တဲ့ တန်ခိုးကော သိကြပြီလား (သိပါပြီ ဘုရား) အေး ဒါကြောင့် ယနေ့ တရား စ,စခြင်း၊ ငါ၊ ငါ့ဥစ္စာ ဦးသန်းမောင်တို့၊ ဦးတင်တို့၊ ဦးနက်တို့ ပြုတ်အောင် လုပ်ပါလို့ ဆိုတဲ့ စကားဟာ မည်မျှလောက် အရေးကြီးလို့ တိုက်တွန်းတာလဲ ဆိုတာ ပြောဖို့ မလိုတော့ဘူး (မှန်ပါ့)။

အလွန် အရေးကြီးလို့ ဦးသန်းမောင်၊ တိုက်တွန်း တယ် (မှန်လှပါ ဘုရား) မဆိုထိုက်ဖူးလား (ဆိုထိုက်ပါတယ် ဘုရား)။ ငါ၊ ငါ့ဥစ္စာတော့ ပြုတ်ပါတယ် သို့သော် ငါ ရဟန္တာ မဟုတ်သေးဘူး။

သို့သော်လည်း ကွာတဲ့ ခန္ဓာငါးပါးကို ငါလိုလိုတော့ ထင်တော့ ထင်နေသေးတာပဲကွတဲ့ ငါ၊ ငါ့ဥစ္စာတော့ ပြုတ်တော့ ပြုတ်တယ် သို့သော် ငါလိုလို အထင်သေးတော့ ကျန်နေသေးတယ် (တင်ပါ့) ထင်တယ်။

အဲဒါတွေ နောက်က ဒကာ ဒကာမတွေကရော။ အရှေ့ပိုင်း ဒကာ ဒကာမတွေကရော မာန ငါလေး ကျန်သေး တယ်လို့ သူပြောတာ (တင်ပါ့) ဒိဋ္ဌိငါ မရှိဘူး (တင်ပါ့)။

ခန္ဓာငါးပါးကို ငါလိုလိုထင်သေးတယ်

မာနငါလေး၊ ခန္ဓာငါးပါးကို ငါလိုလို ထင်တဲ့ အထင်လေးတော့ ရှိသေးတယ်ကွ၊ ဒါလေး တစ်လုံးကို သူက အညွန့်လေး တပ်ပေးတယ်၊ ရဟန္တာလည်း မဟုတ်ဘူး၊ ခန္ဓာ ငါးပါးကို ငါလိုလို ထင်တဲ့ အထင်လေးတော့ ရှိသေးတယ်လို့ သွားလျှောက်ချည်။

ဆိုတော့၊ ဒါသက ပြန်ရပြန်တာပေါ့။ အရှင်ဘုရား ရဟန်ကြီး ခြောက်ဆယ် သွားလျှောက်တယ် တပည့်တော် ပြန်ခဲ့ပြီဘုရား၊ ဘယ်နဲ့များ ဖြေလိုက်တုံးကွ၊ သူက ငါ၊ ငါ့ဥစ္စာတော့ ပြုတ်တယ်၊ ရဟန္တာ မဟုတ်ဖူးလို့ ပြောလိုက်ပါ တယ် (မှန်ပါ့)။

သူက အနာဂါမ် ရှိသေးတာကိုး၊ သို့သော် ခန္ဓာငါးပါး ကို ငါလိုလို ထင်တာတော့ ရှိသေးတယ်၊ ဒါကြောင့် ငါ့သပိတ် ငါ့သင်္ကန်း ဆိုတာလေးတွေတော့ သုံးစွဲ နေကြသေး တာပေါ့နော် (မှန်ပါ့)။

ငါ့ သပိတ်၊ ငါ့ သင်္ကန်းဆို တာလေးတော့ ဦးသန်းမောင် ရဟန္တာကအစ သုံးတာပဲ (မှန်ပါ့) ဘာကိစ္စရှိတုံး ဒီအသုံးဟာ ဘာကိစ္စရှိတုံး အထင်ပြုတ်ဖို့သာ အရေးကြီးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ပေါ်ပြီတဲ့ ဒါကြောင့် ခုနက စကားထဲမှာပဲ အင်မတန် အကျိုးတရားအလိုရှိလို့ ဒီ ဒကာ ဒကာမတွေ ပြောခဲ့ပါတယ် ဟေ့ ငါ၊ ငါ့ဥစ္စာတော့ ပြုတ်အောင် လုပ်ကြဟေ့၊ အပြော တော့ ကိစ္စ မရှိဖူးဟေ့ (မှန်လှပါ) ဆိုတဲ့ဥစ္စာ နဂို ကတည်းက မူလဘူတ ကတည်းက သတိပေးခဲ့တယ် ဆိုတာ ရှင်းလောက် ပါပြီနော် (တင်ပါ့)။

ဒါနဲ့ ရဟန်းကြီး ခြောက်ဆယ်ဆီ ပြန်ရောက်သွား တော့ ဘယ့်နဲ့ ပြောလိုက်တုံးကွ၊ ငါ ငါ့ဥစ္စာတော့ မထင်တော့ ပါဘူး၊ သို့သော် သူရဟန္တာလည်း မဟုတ်ဘူး၊ ငါ လိုလို အရောင်လေးတော့ ထင်သေးတယ်ကွ။

ခန္ဓာငါးပါးကို ငါလိုလို အထင်လေးတော့ ရှိတယ်။ ငါဖြစ်သလိုလို လေးတော့ ကျန်နေ သေးတယ်ကွ (မှန်ပါ့) ဆိုတော့ မာနငါ ကျန်တယ်လို့ ပြောလိုက်တယ်။ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘာတဲ့ (မာန ငါ ကျန်ပါတယ် ဘုရား)။

ငါလိုလို ထင်ရောင်လေးတော့ ကျန်သေးတယ်ကွ ဒိဋ္ဌိ ငါပြုတ်တယ်၊ ဦးသန်းမောင် မာန ငါမပြုတ်သေးဘူး (မှန်ပါ့) ဒိဋ္ဌိနဲ့ ငါတော့ ပြုတ်ပြီတဲ့၊ မာနငါဆိုတာ ငါ့ဘာ ထင်လို့တုံး ဆိုတဲ့ မာန၊ ငါ့တတ်ရောင်ကား မှတ်လို့လား ဆိုတာမျိုးဟာ မာနနော် (မှန်ပါ့)။

ငါ့ ခိုကိုးရာမဲ့ မှတ်လို့လား၊ တိုက်နဲ့တာနဲ့ ရွှေနဲ့ စိန်နဲ့ နေတာ ဆိုတာလေးဟာ မာန ငါလေး၊ အဲ ဒိဋ္ဌိ ငါတော့ ငါ့ဥစ္စာ မဟုတ်မှန်းတော့ သိတယ် (မှန်ပါ့)။

သို့သော် ဒါလေးအစွဲပြုပြီး မာနလေးရှိတော့ မာန ငါလေး ကျန်သေးတယ်လို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဟေ့ ဦးအောင်ဇံဝေတို့ ဘာငါလေး ကျန်နေ တုံး (မာန ငါလေး ကျန်နေပါတယ် ဘုရား) ဒိဋ္ဌိ ငါတော့ (ပြုတ်ပါပြီ ဘုရား) ပြုတ်သွားပြီ။

ဒိဋ္ဌိငါတော့ပြုတ်ပြီ၊ မာနငါကျန်တယ်

ဒါနဲ့ ရဟန်းကြီး ခြောက်ဆယ်က၊ ဪ သူ ဒိဋ္ဌိတော့ ပြုတ်ပြီလို့ ပြောတယ်၊ မာန ငါ ကျန်သေးတယ်လို့ ပြောတယ်ဆိုပြီး သကာလ သူတို့ ခန္ဓာကိုယ်ထဲ တစ်ခါတည်း မာနပြုတ်အောင် ဒိဋ္ဌိငါ ပြုတ်ပေမဲ့ မာနငါ ကျန်သေးသကိုး ဆိုတာ သူတို့သိပြီး ရှုတာ ရှုတာ သောတာပန် သကဒါဂါမ်တော့ တည်ပြီးသား ပေါ့ဗျာ (မှန်ပါ့)။

တည်ပြီး သကာလ နောက်တရား တစ်ပုဒ်နာရ အောင် ဒါသက၊ လွှတ်တယ်၊ ဒါသက လွှတ်ပြန်တယ်။ သွားဦးကွာ ဒါသက အရှင်ဘုရား ဘယ် ပုစ္ဆာ ယူသွားရမှာ တုံးဘုရား၊ အို ဒါယူ သွားကွာ ဒီပုစ္ဆာ အရှင်ဘုရား ရုပ်ကို ငါလိုလို ထင်တာလား၊ ရုပ်မှတစ်ပါးကို ငါလိုလို ထင်တာလား မေး၊ ဝေဒနာကို ငါထင်တာလား၊ ဝေဒနာမှ တစ်ပါးသော တရားကို ငါလိုလို ထင်တာလား အဲဒါ မေး ခန္ဓာငါးပါး စလုံး ဒီအတိုင်းပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာကို ငါထင်တာလား၊ ဝေဒနာမှ တစ်ပါးသော တရားကို ငါလိုလို ထင်တာလား အဲဒါ မင်းသွားမေးချည်ကွ ဆိုတော့ ဦးတင် သွားရပြန်ပြီ (မှန်ပါ့)။

ဘယ်နှစ်ခေါက်ရှိပြီတုံး (လေးခေါက်ရှိပါပြီ ဘုရား) လေးခေါက်ရှိသွားပြီ လေးဂါဝုတ် တစ်ယူဇနာ ပေါက်နေပြီ (မှန်ပါ့) အဲဒီကဲ့သို့ သွားလိုက်တော့ ဟ ဒါသက ဇီးတောကျောင်းက ရှင်ခေမက-က၊ အနာဂါမ် ရှင်ခေမကဆီ ရောက် ပြန်ပြီ မင်းလာရပြန်ပြီလားကွ လာရပြန်ပြီဘုရား ရဟန်း ကြီးခြောက်ဆယ်က မေးခိုင်း လိုက်တယ် ဘုရား။

ဘယ်ဟာကို ငါလိုလိုထင်ဘာလဲ

ဟ ဘယ့်နှယ်မေးတုံး အရှင်ဘုရား ရဟန္တာ မဟုတ်ဘူး ဆိုတာ သူတို့ကျေနပ်ပါတယ်။ သို့သော် ငါလိုလို ထင်တာလေး ရှိသေးတယ် ဆိုတာလေးဟာကို သူတို့ မရှင်းပဲ ဖြစ်နေ တယ် (မှန်ပါ့)။

သူတို့က ဒီလို မေးခိုင်းပါတယ်ဘုရား ရုပ်ကို ငါလိုလို ထင်တာလား၊ ရုပ်မှ တစ်ပါးကို ငါလိုလို ထင်တာလား၊ ဝေဒနာကို ငါလိုလို ထင်တာလား၊ ဝေဒနာမှ တစ်ပါးကို ငါလိုလို ထင်တာလား စိတ်ကို ငါထင်တာလား စိတ်မှ တစ်ပါး ကို ငါလိုလို ထင်တာလားလို့ ဆိုတဲ့ ခန္ဓာငါးပါးကို ဒီလိုမေး လိုက်ပါတယ် ဘုရား။

ကွာ မင်းသွားရပြန်ရ လေးခေါက်ရှိပြီ (တင်ပါ့) သွားရပြန်ရ လေးခေါက် မင်းပင်ပန်းလှပြီ (တင်ပါ့) ကဲကွာ တောင်ဝှေးသာ ယူခဲ့ ငါ တောင်းဝှေး ထောက်ပြီး မင်းနဲ့အတူ သွားပြီ ကိုယ်တိုင် သွားဖြေမယ်။

ဦးသန်းမောင် ကိုယ်တိုင် သွားဖြေမယ် ဆိုပြီး သကာလ တောင်ဝှေး ထောက်ပြီး သူတို့ သွားကြတာပေါ့ဗျာ၊ သွားကြ တော့ တစ်ဂါဝုတ်ခရီး ရဟန်းကြီး ခြောက်ဆယ်ရှိတဲ့ဆီ ရောက်။

အဲတော့ ရဟန်းကြီး ခြောက်ဆယ်က ဒီအတိုင်း မေးတယ်။ မင်းကွာ သက္ကာယဒိဋ္ဌိ ပြုတ်တယ် ဆိုတာလည်း တို့ ယုံကြည်ပါတယ်။ ငါ၊ ငါ့ဥစ္စာပြုတ်တယ်။ သို့သော် မင်းပြောတဲ့ စကားမှာ ရဟန္တာလည်း မဟုတ်ဘူး၊ ရဟန္တာလားလို့ သူမေးတော့ ရဟန္တာ မဟုတ်ဖူးလို့ မင်းဖြေတယ်။ ဖြေတာ ကိုလည်း တို့ သဘောကျပါတယ်။

သို့သော် မင်း စကားလေးတစ်ခု ထည့်လိုက်တာက ငါလိုလို ထင်ရောင်လေး ကျန်သေး တယ်လို့ ပြောလိုက်တဲ့ စကားလေးဟာ အဲဒါကြောင့် တို့က ရုပ်ကို ငါလိုလို ထင် တာလား၊ ရုပ်မှတစ်ပါး ငါလိုလို ထင်တာလား ဆိုတာ တို့ မေးပါတယ် (မှန်ပါ့)။

ရဟန်းကြီး ခြောက်ဆယ်က မေးလိုက်တယ် (မှန်ပါ့) ဒါ ဦးတင်တို့၊ ဦးသန်းမောင်တို့၊ ဦးနက်တို့ မာန ငါ ကျန်နေတာဆိုတာ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဒိဋ္ဌိ သာ ပယ်သေးတာ၊ မာနမှ မပယ်နိုင်ပဲကိုး သောတာပန်က (မှန်ပါ့) အဲဒီကဲ့သို့ ပြောတော့ အရှင် ဘုရား တပည့်တော် ဥပမာပြမယ်၊ အရှင်ဘုရားတို့ ဥပမာ နဲ့ဆိုရင် နားလည်ပါလိမ့်မယ် (မှန်ပါ့) ဥပမာပြမယ်။

ပဒုမ္မာကြာပန်း

ပဒုမ္မာကြာပန်း ရှိတယ်ဘုရား၊ ပဒုမ္မာကြာပန်း ရှိတယ်၊ ပဒုမ္မာကြာပန်းကို အရှင်ဘုရားတို့ နှာခေါင်းနား တေ့ကြည့်ပါ။

သင်းသင်းလေးတော့ မွှေးပါလိမ့်မယ်၊ မွှေးတဲ့အခါ ကျတော့ ဒါ ဝတ်ဆံက မွှေးတာလား၊ အရွက်က မွှေးတာလား၊ ကြာအုံကလေးက မွှေးတာလား၊ ဒီ အဆင်းတွေက မွှေးတာ လားလို့ မေးလို့ရှိရင် ကောင်းကောင်းမွန်မွန်တဲ့ ပုဂ္ဂိုလ် ဖြစ်ခဲ့လို့ ရှိရင်တော့ ကြာကမွှေးတယ်၊ အကုန်က မွှေးတယ် လို့ ပြောရမှာပဲ (မှန်ပါ့)။

သဘောကျပလား (ကျပါတယ် ဘုရား) ကြာ တစ်ခုလုံးကမွှေးတာ၊ တစ်ခုထဲက မွှေးတာမှ မဟုတ်ပဲကိုး (မှန်ပါ့) အဲဒီမှာလည်း တပည့်တော်မှာ အားလုံး အပေါင်းကို ပေါင်းလိုက်တဲ့ အခါကျတော့ ခန္ဓာငါးပါး ပေါင်းလိုက်တဲ့ အခါ ငါလိုလို ထင်တာလေးက ရှိနေသေးတယ် (တင်ပါ့)။

ကြာပွင့်၏ အနံ့လိုပေါ့လေ (မှန်ပါ့) ဒီအပေါ်မှာ မာနလေး ရှိနေသေးတယ်၊ ခန္ဓာငါးပါး အပေါင်းကြည့်တဲ့ ကြည့်ပြီး သကာလ ငါလိုလို ထင်တဲ့ အထင်ကလေး ရှိနေပါ သေးတယ်။ ဒါလေး ဖြေလိုက်တော့ ရဟန်းကြီး ခြောက်ဆယ် ဪ ဒီအထင်က အပေါင် းထင်တာပါလား (တင်ပါ့)။

အဲတော့ ငါဆိုတာမျိုးက ဦးတင်လည်းမှတ်၊ ဦးသန်းမောင်လည်းမှတ်၊ ဦးနက်လည်းမှတ် ဒီအပေါင်းကြီး ကြည့်ကြည့်ပြီး ငါလုပ်တာကိုး (မှန်ပါ့)။

ငါ့ ဘာမှတ်လို့ တုန်းဆိုပြီး လက်သီးလက်မောင်း တန်းပြ၊ တစ်ကိုယ်လုံး လှုပ်ပြဟင် (မှန်ပါ့) အပေါင်းထင်တာ (မှန်ပါ့) မာနငါကလေ (မှန်ပါ့) ရှင်းကြလား (ရှင်းပါတယ် ဘုရား)။

အဲတော့ ဘုရားတဲ့ အပေါင်းလို့ ထင်ပြီး ဖြစ်တဲ့မာနပါ ဦးတင် မှတ်မိပြီး (မှတ်မိပါတယ် ဘုရား) တစ်ခုထဲစွဲ ဖြစ်တာလား အပေါင်းစွဲ ဖြစ်တာလား (အပေါင်းစွဲဖြစ်ပါ တယ် ဘုရား) အပေါင်းစွဲဖြစ်တဲ့ မာနဆိုတဲ့ ဥစ္စာ အသေအချာ မှတ်ထားကြပါ။

နောက်တော့ ဘုရားတဲ့၊ သည် ကြာပန်း၏ ရနံ့လေး ကျန်နေတာဟာ အရှင်ဘုရားများ သိသလိုပေါ့တဲ့ မာန နံ့လေး ကျန်နေတာ (ကျန်နေတာပါ ဘုရား) ကျန်နေတာ အပေါင်းကို အစွဲပြုပြီး ငါဆိုတဲ့ မာနလေးဟာ ဖြစ်ပေါ် ပေါက်ပြီးသကာလ နေတယ်ဆိုတဲ့ ဥစ္စာ အရှင်ဘုရားများ သိကြပါပြီ။

သို့သော်လည်း ဘုရားတဲ့ တပည့်တော် ဒီလိုပြပါ့ မယ်တဲ့ အဝတ် တစ်ထည်ကို ပိုးလုံချည် ဖြစ်စေ၊ ဗန်ကောက် လုံချည်ဖြစ်စေ၊ ဖဲ လုံချည်ဖြစ်စေ အရှင်ဘုရားတို့ လျှော်ဖို့ ဒိုဘီ ပေးလိုက်ပါ။ ဒီလို ဒိုဘီပေးတော့ အဝတ်တော့ ပြောင်စင်ပြီး သကာလ ချောမွေ့လာမှာပါပဲ။

သို့သော် သူတို့ထည့်လိုက်တာ ဆပ်ပြာနံ့တွေကတော့ ဒီအထဲ မပါဘူးလို့ ဆိုလို့မရဘူး (တင်ပါ့) ဆပ်ပြာနံ့ကတော့ မပါပေဘူးလား (ပါပါတယ် ဘုရား) ပုဆိုး ပြန်အပ် ငြားသော်လည်း (မှန်လှပါ)။

အမွှေးအကြိုင်သေတ္တာ

အဲတော့ကိုတဲ့ အထည် ပိုင်ရှင်က နေပြီး သူ့ အမွှေး အကြိုင်ရှိတဲ့ သေတ္တာထဲ ထည့်လိုက်တဲ့ အခါကျတော့ ကိုတဲ့။ ဒီအနံ့ဟာ ဒိုဘီ ပေးငြား သော်လည်း အနံ့နဲ့တကွ မကောင်းတဲ့ အနံ့တွေ ဆပ်ပြာနံ့တွေ ပါပြီး ချေးညှော်တော့ ကျွတ်ပါရဲ့ ဆပ်ပြာနံ့တွေက ပိုးလာပြန်တယ်။ ဆင့်လာ ပြန်တယ်ဆိုတာ ကို ရှိနေတော့ အိမ်ရှင်က ဒီအတိုင်းဝတ်လို့ မဖြစ်တော့၊ အမွှေးအကြိုင် ထည့်တဲ့ သေတ္တာထဲ ထည့်ပြီး တစ်ရက် နှစ်ရက် နေမှ ကောက်ဝတ်တော့ ဒီ အနံ့ပါသေးရဲ့ လား (မပါတော့ပါဘူး ဘုရား)။

မပါတော့ ပျောက်သွားတယ် (တင်ပါ့) ထို့အတူ ပဲတဲ့ အဲဒီ ငါလိုလို ထင်တဲ့ အထင် အနံ့လေးဟာ မာန နံ့လေး ပေါ့ (တင်ပါ့) ဖြစ်ပျက် ပြန်ရှုလိုက်စမ်းပါ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဖြစ်ပျက်ပြန်ရှုလိုက်စမ်းပါ

ဘာလုပ်ရမယ် (ဖြစ်ပျက်ပြန် ရှုရမှာပါ ဘုရား) ဖြစ်ပျက် ပြန်ရှုပြီး သကာလ၊ အရင်အတိုင်းပဲတဲ့ သစ္စာမြင်ပြီး သကာလ သစ္စာ မုန်းပြီး ဒီဒုက္ခသစ္စာ ဆုံးအောင် လုပ်လိုက်တဲ့ အခါကျတော့ ဘုရားတဲ့၊ ခုနက အရဟတ္တမဂ် အရဟတ္တ ဖိုလ် သေတ္တာထဲ ရောက်သွားတယ် (တင်ပါ့)။

ပုဆိုးလေးဟာလေ (တင်ပါ့) အဲတော့ ခုနက မာန အနံ့ကလေးနဲ့ တူတဲ့ ဆပ်ပြာနံ့လေးဟာ ရှိသေးရဲ့လား (မရှိတော့ပါဘူး ဘုရား) အဲဒီကျမှ ပြောင်မယ် ဘုရား (တင်ပါ့)။

ခုတော့ မာန အနံ့က ရှိနေတယ်။ ဆိုတော့ ရဟန်းကြီး ခြောက်ဆယ်ကလည်း ဟုတ်သားပဲ ဆိုပြီးသကာလ သူတို့ ဦးသန်းမောင် ဖြစ်ပျက် ပြန်ရှုပြန်တယ် (မှန်ပါ့)။

ဖြစ်ပျက်ပြန်ရှု၊ ဖြစ်ပျက် မုန်းအောင်ရှု၊ ဖြစ်ပျက် ဆုံး အောင်ရှု မောင်ချစ်ဆွေ (မှန်ပါ့) နာရင်း ရှုတာနော် (မှန်ပါ) ရှုလိုက်တဲ့ အခါ သူတို့လည် ခရီးပေါက်တယ် (မှန်ပါ့)

ခရီးပေါက်ပြီး သကာလ သွားတော့မှ အဲတာဘုရား တဲ့ အရှင်ဘုရားတို့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် တည်းဟူသော ပချုပ်ဖာ သေတ္တာထဲ ထည့်လိုက်တဲ့ အတွက် ဒီမာန ဟာ ပြုတ်ပါတယ် (မှန်ပါ) ဆိုတော့ အတော် အဟောကောင်းတဲ့ ကိုယ်တော်ပေါ့ (တင်ပါ့)။

မာန ပြုတ်ချင်ရင် ဒီလိုလုပ် ဆိုတာကို ဟော တယ် (တင်ပါ့ ဘုရား)၊ သောတာပန်၊ သကဒါဂါမ် တည် နေလို့ရှိရင် မာန ငါလေးဟာ ကျန်ကျန် နေသေးတယ်၊ ဒီသူ့ ဖြုတ်ချင်လို့ရှိရင်ဖြင့် ဖြစ်ပျက် ပြန်ရှုပြီး သကာလ၊ အလုပ်လုပ် ပါဆိုတော့ ဒီပေးတဲ့ ဥပမာနဲ့ သူပြတယ်နော် (မှန်လှပါ)။

သူ့စာအတိုင်းနော် (မှန်ပါ့) မြတ်စွာဘုရား ဟောတော်မူတဲ့ မြတ်စွာဘုရား လက်ထက်က ဟောတော်မူတဲ့ ဝတ္ထုသာသနာဝင် ကျမ်းပေါ့ဗျာ (မှန်ပါ့ ဘုရား)။ ခန္ဓ ဝဂ္ဂသံယုတ် ထေရဝဂ်မှာ ပါပါတယ် (မှန်ပါ့)။

အဲ့လို ရှူလိုက်တဲ့ အခါကျတော့၊ ရဟန်းကြီးခြောက် ဆယ်လည်း သူကလည်း ငါ့မယ် မာနငါ ကျန်သေးတယ် ဆိုပြီး သကာလ ဖြစ်ပျက် ပြန်ကောက်တယ် (တင်ပါ့)။

ဟောတဲ့ပုဂ္ဂိုလ်လည်း ရဟန္တာဖြစ်တယ်

ရှင်ခေမက ကလည်း ဖြစ်ပျက် ပြန်ကောက်ပြီး ဖြစ်ပျက်မြင်။ ဖြစ်ပျက်မုန်း၊ ဦးအောင်ဇံဝေ ဖြစ်ပျက်ဆုံးအောင် လုပ်လိုက်တော့ သူလည်း ရဟန္တာ ဖြစ်တယ် (မှန်ပါ့)။

သူ ဒီအချိန်မှာ ဖြစ်တာပဲလို့ မောင်ချစ်ဆွေက မှတ် (မှန်လှပါ) ဟို ကိုယ်တော်တွေကလည်း ဒီလို လုပ်မှ ဖြစ်တယ်လို့ ပြောသံကြားတာနဲ့ ဒီလို လုပ်ပြန်တာပဲ (တင်ပါ့)။

နာတဲ့ပုဂ္ဂိုလ်လည်း ရဟန္တာဖြစ်တယ်

ဖြစ်ပျက် ပြန်ကောက်ပြီး ဖြစ်ပျက် မုန်းအောင်ရှုပြီး ဖြစ်ပျက် ဆုံးအောင်ရှု လိုက်တာပဲ ရှုလိုက်တော့ တရားလည်း အဆုံး ဦးသန်းမောင်ရေ ဟောတဲ့ ပုဂ္ဂိုလ်ရော ရဟန္တာဖြစ် (မှန်ပါ့) နာတဲ့ ရဟန်း ခြောက်ဆယ်လည်း (ရဟန္တာ ဖြစ်ပါတယ် ဘုရား) ရဟန္တာ ဖြစ်ဆိုတော့ သူတို့ကလည်း ဟော ရင်း ကိုယ့်ကိုယ်ကို ရှုဟောတယ် (မှန်ပါ့)။

နာတဲ့ ပုဂ္ဂိုလ်ကရော (နာရင်း သူကိုယ်သူ ရှုပါ တယ် ဘုရား) နာရင်း သူ့ကိုယ်သူရှု၊ နာတဲ့ အတွက်တဲ့ ဘုန်းကြီးတို့ တစ်ခါထဲ ရဟန္တာ ဖြစ်တယ် ဆိုတာရော သဘော ကျပလား (ကျပါတယ် ဘုရား)။

တရားနာနည်း၊ တရားဟောနည်း

အဲတော့ ဒါ အသေအချာ စဉ်းစားတော့ တရားနာ နည်းကို နည်းပေးတယ်၊ တရား ဟောနည်း ကို နည်းပေးတယ် ဆိုလို့ ရှိရင်လည်း မှန်တာပဲ (မှန်ပါတယ် ဘုရား)။ နော် (မှန်ပါ့)။

တနည်းအားဖြင့်လည်း သြော် ငါ၊ ငါ့ဥစ္စာဖြုတ်မှ သောတာပန် တည်ပါလား ဆိုတာလည်း ပေါ်သွားတယ် (မှန်ပါ့ ဘုရား) ဟုတ်လား၊ မာနငါလည်း ကျန်နေတဲ့ ဥစ္စာကို လည်း အရဟတ္တမဂ် အရဟတ္တဖိုလ်ကမှ ပယ်နိုင်ပါလား ဆိုတာလည်း ပေါ်သွားတယ် (မှန်ပါ ဘုရား)။

မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ရှင်းကြ လာ (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။

—————

အပါယ်တံခါးပိတ်နည်း (ကာယာနုပဿနာ)

ကာယာနုပဿနာ (စင်္ကြန်ကမ္မဋ္ဌာန်း)

ဝါယောရုပ်ရှုနည်း

မိုးကုတ်ဆရာတော်ဘုရားကြီး ကိုယ်တော်ဟောသော စင်္ကြန်ကမ္မဋ္ဌာန်းဖြစ်ပါသည်။ ဝါယောရုပ်ရှုနည်းဖြစ်သည်။

အလုပ်သမားယောဂီများ သေချာ စေ့စေ့စပ်စပ် လေ့လာသင့်ပါသည်။ ဖျတ်ဖျတ်၊ ဖျတ်ဖျတ်နဲ့ ဖြစ်ပျက်အစိပ်တွေမြင်ပုံ သစ္စာဆိုက်ပုံ ပါဝင်ပါသည်။

အသံဖိုင်ခေါင်းစဉ်= သမုဒ္ဒရာ(၆)စင်းကို ဒုက္ခသစ္စာဖြင့် ဥပမာပြ၍ ဟောကြားပုံတရားတော်မှ အဆုံးပိုင်း(၁၀)မိနစ်ခန့်မှ ကောက်နှုတ်ထားခြင်းဖြစ်သည်။

စာအုပ်ခေါင်းစဉ်= အပါယ်တံခါးပိတ်နည်း (ကာယာနုပဿနာ)

မှတ်ချက်။ ။စာအုပ်နံပတ်(၁၃၀)မှ ဒုတိယအပုဒ်ဖြစ်သည်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ဟောကြားသောတရားတော်

အပါယ်တံခါးပိတ်နည်း (ကာယာနုပဿနာ)

(၁၀-၁၂-၅၈)

အစချီလိုက်တာ ကတော့ဖြင့် ဒုက္ခသစ္စာ ချီလိုက်တာ ပါပဲ၊ သို့သော် ဒီ ဒုက္ခကို ဘယ်ကနေ သိမ်းရမယ် ဆိုတာကို နိဂုံးချုပ်လိုက်တော့ ရုပ်နာမ် ရောက်လာတယ်။

ရုပ်နာမ်ဆုံးမှ ဒုက္ခ ဆုံးမယ်၊ ရုပ်နာမ် ဘာသစ္စာ (ဒုက္ခ သစ္စာ)။

ရုပ်နာမ်ဆုံးရင် နိဗ္ဗာန်

အဲ သူဉာဏ်ထဲမှာ ဆုံးသွားလို့ရှိရင် ကျုပ်တို့ ဘယ်များ ရောက်သွားမလဲ (နိဗ္ဗာန် ရောက်ပါတယ်) အဲ သူ ဆုံးအောင် လုပ်ရမယ်၊ ရှင်းပလား (ရှင်းပါပြီ) ဘာလုပ်ကြရမယ် (သူဆုံးအောင် လုပ်ရမယ်) ရုပ်နာမ်၊ ဆုံးအောင် လုပ်ရမယ်။

ဒါဖြင့် ရုပ်ဆုံးရင် (နိဗ္ဗာန်ပါ) နိဗ္ဗာန်။ နာမ်ဆုံးရင် (နိဗ္ဗာန်ပါ)။

အဲဒီတော့ ရုပ်ဆုံးရင်၊ နာမ်ပါ ရောဆုံးတယ်၊ နာမ်ဆုံး တော့ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။

နိဗ္ဗာန်ဘယ်မှာရှိသလဲ

အေး ဒါကြောင့် နိဗ္ဗာန်တစ်လံမျှ လောက်သော ရုပ်နာမ် အဆုံးမှာ ရှိတယ်၊ နိဗ္ဗာန် ဘယ်မှာ ရှိပါလိမ့် (တစ်လံမျှ လောက်သော ရုပ်နာမ် အဆုံးမှာပါ)။

တစ်လံမျှလောက်သော ရုပ်နာမ်အဆုံးမှာ ရှိတယ်၊ ကိုယ့်အလံနှင့် ကိုယ်လံရင် တစ်လံပဲ ရှိတယ်၊ အဲဒီ အဆုံးမှာ နိဗ္ဗာန် ရှိတယ်ကွ၊ သဘောပါပလား (ပါပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ရုပ်နာမ်တစ်ခုခု ဆုံးအောင် လုပ်ကြပါစို့လို့ ဟောရတော့မှာပဲ။ ဒကာဒကာမတို့ ရုပ်နာမ် တစ်ခုခုဆုံးအောင် လိုက်ကြပါစို့။

ဒီအဓိပ္ပါယ်များ သိရတာ ဒကာ ဒကာမတို့ အလွန် ဘုန်းရှင်၊ ကံရှင်၊ ပါရမီရှင်တွေမို့ ကြားရ တာနော်။ နို့မို့ ကြားရဖို့ အတော် ခဲယဉ်းပါတယ်။ အင်မတန် ခဲယဉ်းပါတယ်၊ အင်မတန် ခဲယဉ်းပါတယ်။

ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ အဆုံး လိုက်ကြပါစို့ ဆိုတော့ ရုပ်တစ်ခုကို ဥပမာမယ်၊ ရုပ်ကိုပဲ ဒကာ ဒကာမတွေ လိုက်ချင်လို့ ရှိရင်လဲ ရတာပဲ၊ နာမ်ကို ဟောချင်လည်း ရတာပဲ ကြိုက်တာသာ ရှုကြနော်၊

ကိုယ်နဲ့သင့်မှာသာရှု

ရုပ်ရှုချင်တဲ့ ပုဂ္ဂိုလ်ရုပ်ရှု၊ နာမ်ရှုချင်တဲ့ပုဂ္ဂိုလ် (နာမ်ရှုပါ)၊ သို့သော် ဘုန်းကြီးကတော့ဖြင့် ဆေးသမား သဖွယ် ပဲ အကုန် ပေးမှာပဲ၊ ခင်ဗျားတို့ ကြိုက်တဲ့၊ ကိုယ်နဲ့ သင့်မှာသာ စားပါ၊ ရှင်းပလား (ရှင်းပါပြီ)။

ဝါသနာချင်းက မတူကြဘူး၊ တချို့ကရုပ်မှ ဖြစ်ပျက် ရှင်းတယ်၊ တချို့က နာမ်မှ ဖြစ်ပျက် ရှင်းတယ်၊ ဒီလို မရှိပေ ဘူးလား (ရှိပါတယ်) တချို့လည်း ပေါ်တာလေးတွေ လိုက်လို့ ရှင်းပါတယ်၊ အဲဒီတော့ကို ဘုန်းကြီး ကတော့ဖြင့် ဆေးသမား သဖွယ် ဖြစ်နေတော့ အားလုံး ဒကာ ဒကာမတွေ ကို အကုန်ပြတာပဲ။

ကြိုတ်တာရှုကြ၊ ကြိုက်တာရှုပေါ့။

ဝါယောဆိုတာလေဓါတ်

ကိုင်း ဒကာ ဒကာမတို့ ဝါယောဓါတ်ဆိုတာ ရှိတယ်။ ဝါယောဓါတ် ဆိုတာ လေဓါတ်၊ လေဆိုတာ လှုပ်တာလဲ ရှိတယ်၊ ငြိမ်တာလဲ ရှိတယ်။

ရပ်ပြီးနေတဲ့ အချိန်များ၊ ရပ်ပြီးနေတဲ့ အချိန်မှာ ဒကာ ဒကာမတို့ ဒါထောက်ကန်ထားတဲ့ ဝါယော။

လှုပ်ရှားတဲ့ဝါယော

နည်းနည်းလေး လှုပ်လိုက်လို့ ရှိရင်၊ လှုပ်ရှားတဲ့ ဝါ ယော၊ ရပ်နေတဲ့အခါ၊ တောင့်နေတဲ့ အခါ (ထောက်ကန်ထား တဲ့ဝါယော) လှုပ်လိုက်တဲ့ အခါ (လှုပ်ရှားတဲ့ ဝါယော)။

အဲ လှုပ်တဲ့လေသည်၊ ဒကာ ဒကာမတို့ ထောက်ကန်တဲ့ သဘော မရောက်နိုင်ဘူး၊ (မှန်ပါ့) ထောက် ကန်တဲ့ လေသည် လှုပ်တဲ့ဆီ (မရောက်နိုင်ပါ) သဘောကျ ပလား (ကျပါပြီ)။

ဓါတ်ကြီးလေးပါး

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီးသည် ကားလို့ ဆိုလို့ရှိရင်ဖြင့် ပထဝီဓါတ်ကြီး၊ တေဇောဓါတ်ကြီး၊ အာပေါဓါတ်ကြီး၊ ဝါယောဓါတ်ကြီးလို့ သတိပဋ္ဌာန်ထဲမှာ လာပါတယ်။

အဲဒီတော့ ဒီဝါယောဓါတ် တစ်ခုကိုပဲ ဒီနေ့ဟောပါ့ မယ်၊ ဝါယောဓါတ် ဖြစ်တယ်ဆိုတော့ သူနဲ့ အတူ ဓါတ်သုံးပါက လည်း ရောဖြစ်တယ်။ သူမှီနေတဲ့ ဥပါဒါန်ရုပ်တွေလည်း ရောဖြစ်တယ်။

ဒီတော့ အကုန်ပါသွားတာပဲ တစ်ခုဖြစ်ရင် အကုန်ပါ တယ်၊ သဘောကျပလား (ကျပါပြီ)။

ကောင်းပြီ ဒါဖြင့် ဒီ ဝါယောဓါတ် ကလေး တစ်လုံးကို ခင်ဗျားတို့၊ လမ်းသွားရင်းလည်း ရှုတတ်အောင် ရပ်နေရင်း လည်း ရှုတတ်အောင် သင်ပေးပါ့မယ်။

ထောက်ကန်တဲ့ဝါယော

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ခြေထောက်ကလေး လှမ်းတဲ့ အခါကျလို့ ရှိရင် ရှေ့လှမ်းတဲ့ အခါမှာ အင်း လှုပ်တဲ့ ဝါယောဖြစ်တယ်၊ ဖျတ်ဆို မြေကြီးပေါ်လည်း ကျပါ ရော (ထောက်ကန်တဲ့ ဝါယောဖြစ်) ထောက်ကန်တဲ့ ဝါယော။

ဪ၊ ဒါဖြင့် ဒီခြေထောက် ကလေးမှာပဲ၊ နဂိုတုန်း က လှုပ်တဲ့ ဝါယောတွေ ရှိတယ်၊ ဖျတ်ဆိုပြီး အောက် မြေကြီးနဲ့လည်း ထိပါရော၊ လှုပ်တဲ့ ဝါယော ဓါတ်တစ်တို၊ တစ်ထောင့်မှ ရှာလို့ မတွေ့ဘူး။

လှုပ်တဲ့ဝါယောက ထောက်ကန်တဲ့ဝါယော ပြောင်းတယ်

အင်း ထောက်ကန်တဲ့ ဝါယောနဲ့ပဲ နေရတယ်၊ သဘောကျပလား (ကျပါပြီ)

အင်း ဒါခြေထောက် ကလေးကပဲ ဒကာ ဒကာမတို့ ဒီဝါယောဓါတ်သည် ကားလို့ ဆိုရင်ဖြင့်၊ ခဏကလေးပဲ နှစ်ခု ပြောင်းသွားတယ်၊ လှုပ်တဲ့ ဝါယောကနေ ထောက်ကန်သို့ မပြောင်းဘူးလား (ပြောင်းပါတယ်)။

ပြောင်းသွားပြီဆိုတော့ အရင်ဟာ ပျောက်ပြီ၊ နောက် ဟာ ပေါ်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒီဝါယောဓါတ် သည်ကားလို့ ဆိုရင်ဖြင့် ဖြစ်ပြီး ပျက်တာပဲ (မှန်ပါ့) လှုပ်တဲ့ ဝါယော ဓါတ်သည် (ဖြစ်ပြီး ပျက်ပါတယ်) အခုဘာနဲ့ အသက်ရှင် နေသလဲလို့ မေးတော့ (ထောက်ကန်တဲ့ ဝါယောနဲ့ပါ) ထောက်ကန် ဝါယောနဲ့ ဒကာ ၊ ဒကာမတို့ ရပ်နေတော့တယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ်)။

လမ်းလျှောက်တယ်

အဲ ဒီ ထောက်ကန် ဝါယောနဲ့ နေတဲ့အချိန်၊ ဒကာ ဒကာမတွေက ဒီနေရာလေး ရပ်နေ မပြီးသေးဘူး ဆိုပြီး သကာလ၊ မပြီးသေးတော့ လျှောက်ဦးမှ တော်မယ်။

လျှောက်ဦးမှ တော်မယ် ဆိုတဲ့ စိတ်ကလေး ပေါ်လာ တယ်၊ အဲဒီ စိတ်ကနေပြီး တစ်ခါတည်း ဝါယော ထပ်လှုပ် လိုက်တာ၊ လှုပ်တဲ့ ဝါယော ပြန်ဖြစ်တယ်၊ သဘောကျပလား (ကျပါပြီ)။

လှုပ်ရှားအနိစ္စ

လှုပ်တဲ့ ဝါယောက ခန္ဓာကိုယ်ထဲမှာ ပြန်ဖြစ်တယ် ဆိုတာ သဘောကျပလား (ကျပါပြီ) ဒါဖြင့် ခုနက ရပ်နေ တုန်းက ဝါယောတွေဟာ ဒီအတွင်းမှာပဲ ပျောက်ထွက်တယ်။ မပျောက်ဘူးလား (ပျောက် ပါတယ်)။

ထောက်ကန်အနိစ္စ

ဖြစ်ပြီး မပျက်လား (ပျက်ပါတယ်) ဒါဖြင့် သူလည်း အနိစ္စ (မှန်ပါ့) ခုနဟာက လှုပ်ရှား အနိစ္စ၊ အခု ဒုတိယ အပျက်ကျတော့ ထောက်ကန် အနိစ္စ၊ ဒီလိုမနေ ဘူးလား (နေပါတယ်။)

ဒါဖြင့် ဒကာဒကာမတို့ ဒီဝါယောဟာ တစ်ကိုယ်လုံး ပဲ (မှန်ပါ့) လှုပ်တုန်းကလည်း တစ်ကိုယ်လုံး၊ ငြိမ်တော့ကော (တစ်ကိုယ်လုံးပါ ဘုရား)။

ပြန်လှုပ်ပြန်တော့ကော (တစ်ကိုယ်လုံးပါ) သြော် ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးဟာ ဒီလိုသာ ယူကြပေတော့ (မှန်ပါ့)။

သံပုန်းကြီး ရေအပြည့်ထည့်၊ သဘော ကျပလား (ကျပါပြီ) သံပုန်းကြီး ရေအပြည့် ထည့်ပြီး ကိုယ့်ဘက်စောင်း လိုက်၊ အပေါ်ရေတင် စောင်းသလား အောက်ရေပါစောင်း သလား (အောက်ရေပါ စောင်းပါတယ် ဘုရား)။

ပြန်တည့်လိုက်တော့ အပေါ်ရေတင် တည့်သလား၊ အောက်ရေပါ တည့်သလား (အောက်ရေပါ တည့်ပါ တယ် ဘုရား) အဲဒီ အတိုင်း ယူရမယ်။ ရိပ်မိပလား (ရိပ်မိပါပြီ)။

တစ်ကိုယ်လုံးဖြစ်လိုက်ပျောက်လိုက်

အဲဒီအတိုင်း ယူလိုက်တော့ သြော် တစ်ကိုယ် လုံး ပျက်ပါလား၊ ဖြစ်နေတာလည်း တစ်ကိုယ်လုံး လှုပ်ပြီး၊ တစ်ကိုယ်လုံး ပျောက်တာပဲ။

ထောက်ကန်တယ် ဆိုတော့လည်း တစ်ကိုယ်လုံး ထောက်ကန်ပြီး သကာလ၊ လှုပ်လာတယ် ဆိုတော့လည်း တစ်ကိုယ်လုံး ထောက်ကန်ပြီး တစ်ကိုယ်လုံး ပျောက်တာပဲ မပျောက်ဘူးလား ပျောက်သလား (ပျောက်ပါတယ်)။

လှုပ်ရှားကော (ပျောက်ပါတယ်) အဲဒီကဲ့သို့ ပျောက်ကြတော့၊ ဒီပျောက်ပျက် တာလေးတွေ ကြည့်ပြီး နေတော့၊ သေပြန်ပြီ၊ သေပြန်ပြီ၊ သေပြန်ပြီ၊ ချည့်လာမှာပဲ ဒီပြင် ဘာလာစရာ ရှိသေးလဲ (ဘာမှ မရှိပါဘူး)။

သေပြန်ပြီ၊ သေပြန်ပြီ၊ သေပြန်ပြီပဲ လာမှာပဲ။ သဘောကျကြပလား (ကျပါပြီ)။

အင်း ဒါဖြင့် ဒကာ ဒကာမတို့ အထိမခံ၊ ကြွေ ပန်းကန် ဖြစ်နေတယ်၊ လှုပ်တာသည်၊ ထောက်ကန်တဲ့ ဆီ မလိုက်ဘူး၊ ထောက်ကန်တာက (လှုပ်တဲ့ဆီ မလိုက်ဘူး)။

လှုပ်တာသည် (ထောက်ကန်တဲ့ ဆီမလိုက်ပါ) ထောက်ကန်တာသည် (လှုပ်တဲ့ဆီမလိုက်ပါ)။ အင်း ဒကာဒကာမတို့မှာလည်း ခန္ဓာကိုယ်ကြီးကဖြင့် ဒီအတိုင်း နေတာပဲ (မှန်ပါ့) ပြောင်းလဲ နေတာပဲ (မှန်ပါ့)။

ထောက်ကန်လိုက်၊ လှုပ်ရှားလိုက်၊ လှုပ်ရှားလိုက် ထောက်ကန်လိုက် ထောက်ကန်လိုက် လှုပ်ရှားလိုက်၊ လှုပ်ရှားလိုက် ထောက်ကန်လိုက်၊ ဒကာ ဒကာမတို့ ဒီပြင် ဘာများရှိသေးသလဲ (မရှိပါ ဘုရား)။

အင်း ဒါပဲပြောင်းလဲနေတာပဲ အင်း ဒါဖြင့် တစ်သေတည်းသေ၊ ဖြစ်ပျက်ချည်း ရှိတာပေါ့ (မှန်ပါ့) ဝါယော ဖြစ်ပျက်၊ ဒီသဘော မနေဘူးလား၊ (နေပါတယ်)။

ဖြစ်ပျက်တွေဉာဏ်နဲ့မြင်အောင်ရှု

အဲဒီတော့ အဲဒီဖြစ်ပျက်တွေ မြင်အောင် ရှုနေပါ (မှန်ပါ့) ဉာဏ်နဲ့ မြင်နေရင် ပြီးတာပဲ၊ သြော် မရှိဘူး၊ သြော် မရှိဘူး၊ သိနေရင် ပြီးတာပဲ။

အဲဒီ ဖြစ်ပျက်တွေကို မြင်ပါများလာရင် ဒကာ ဒကာမတို့ မုန်းလိမ့်ဦးမယ်၊ မမုန်းပေဘူးလား (မုန်းပါတယ်)။

ဘယ်သူမုန်းမှာတုံး (ဖြစ်ပျက်မုန်းမှာပါ)၊ ဖြစ် ပျက်မုန်းတာ၊ နဂိုက ငါထင်နေတာကြီး မုန်းပြမှာ (မှန်ပါ့)။

နဂိုက ငါမထိနဲ့ဆိုတော့ အမယ် ဒါကြီးက ရွှေကိုယ်တော် ဖြစ်နေတာ၊ ငါ့မထိနဲ့ ဆိုတော့ ရွှေကိုယ်တော် ဖြစ်နေတာ၊ အခုတော့ဖြင့် ရွှေကိုယ်တော် ဟုတ်သေးရဲ့ လား (မဟုတ်ပါဘူး)။

အနိစ္စသက်သက်

ရွှေကိုယ်တော် မဟုတ်တော့ပါဘူး ဒကာကြွယ်တို့ရ၊ ဪ အနိစ္စ သက်သက် ဖြစ်သွားပြီ၊ သဘောကျပလား (ကျပါပြီ)၊ အနိစ္စ သက်သက်ပဲ။

အနိစ္စ သက်သက် ဖြစ်သွားတော့ ဒီဘက် ရွှေ့လိုက်လည်း အနိစ္စ သက်သက်၊ ဟိုဘက်က ပါလာတာ လည်း (အနိစ္စ သက်သက်ပါ)။

အနိစ္စသက်သက်ချည်း ဖြစ်နေတဲ့ အခါကျလို့ ရှိရင် ဖြင့် ဒကာ ဒကာမတို့ အနိစ္စချည်း ကြည့်ပါ များရင်၊ အနိစ္စ မုန်းတဲ့ ဉာဏ် လာရမယ်၊ မလာရဘူးလား (လာရမယ် ဘုရား)။

ဒါ စကား တစ်လုံးတည်းနော်၊ အနိစ္စချည်း ကြည့်ပါ များရင် နောက် ဘာဉာဏ် လိုက်လာမယ် (အနိစ္စ မုန်းတဲ့ ဉာဏ်ပါ ဘုရား) အနိစ္စ မုန်းတဲ့ဉာဏ် လိုက်လာလိမ့်မယ်၊ သဘောပါပလား (ပါပါပြီ)။

အဲဒီတော့ ဒကာ ဒကာမတွေသည်ကားလို့ ဆိုရင် မျက်လုံးမှိတ် ကြည့်တဲ့ အခါကျတော့ ဒွါရ ပေါက်လေးတွေက ဖျတ်ဖျတ်၊ ဖျတ်ဖျတ်၊ ဖျတ်ဖျတ်နဲ့ ခဏခဏ နေပြီး၊ ကြာတော့ အမြင်က အခုသာ အစွဲ ပြတာကိုးဗျ။

ဪ ကိုယ့်ဟာကိုယ်မြင်တော့ အစိပ်တွေ မြင်လာလိမ့်မယ်၊ သဘောကျပလား (ကျပါပြီ) အဲဒီလိုနဲ့ အစိပ်တွေ မြင်လာ လို့ရှိရင်ဖြင့် မြင်ရာကနေ မုန်း၊ မုန်းရာက နေပြီး သကာလ၊ ဪ ခဏခဏ သေတဲ့၊ အသေကြီးဖြင့် သူနဲ့ မနေရရင် ကောင်းမှာပဲ။ (မှန်ပါ့) ဒီရုပ်တွေ ခန္ဓာတွေနဲ့ မနေရရင်တော့ (ကောင်းမှာပါ ဘုရား)။

မလိုချင်တဲ့ဉာဏ်

အဲဒီ ကောင်းမှာပဲ ဆိုတာ မလိုချင်တဲ့ဉာဏ်၊ မလိုချင် တဲ့ဉာဏ်ဟာ မဂ်ဉာဏ်ပဲ (မှန်လှပါ ဘုရား)။

ဒီအမြင်ကြီးဟာ အသေဘက်သက်ပဲ ဆိုတာ ဒုက္ခပိုင်းခြား ချလိုက်တာ၊ အသေ သက်သက် ပဲလို့ ပိုင်းခြား လိုက်တာ ဘာတုံး (ဒုက္ခပိုင်းခြား လိုက်တာပါ)။

အပိုင်းအခြား ခံလိုက်ရတာ ဒုက္ခသစ္စာ၊ ပိုင်းခြား တဲ့ဉာဏ်က (မဂ္ဂသစ္စာ) အသေ သက်သက်သာ ရှိတယ်လို့ ပိုင်းခြား ခံရတာကြီးဟာ ပျောက်သွားတယ်၊ သဘောကျ ပလား (ကျပါပြီ)။

နိဗ္ဗာန်ကပေါ်လာတယ်

အပိုင်းအခြား မခံရတာက ပေါ်လာတယ်။ နိဗ္ဗာန်က ပေါ်လာတယ်။ အပိုင်းအခြား ခံရတာက ဒုက္ခသစ္စာ၊ အေး သူက ဘာသစ္စာလဲ။ ပျောက်သွားပြီ သူနေရာ ဘယ်သူ အစားထိုးလဲ နိဗ္ဗာန် အစားထိုး လာတယ်။

နိဗ္ဗာန် အစားထိုး လာတယ် ဆိုတာကတော့ ဒုက္ခတွေ ပျောက်ပြီး၊ ဒုက္ခတွေ မရှိတာ သိလာတာပါ။

ဒါဖြင့် ဒုက္ခတွေ မရှိတာက ဘာသစ္စာ (နိရောဓ သစ္စာပါ) မြင်တာက (မဂ္ဂသစ္စာပါ) သဘောကျပလား (ကျပါပြီ)။

စိတ်ကြောင့် ဝါယော ဖြစ်တယ်၊ စိတ်က အကြောင်း ဝါယောက အကျိုး၊ အဲဒီတော့ ဝါယော ပျက်သွားတဲ့ အခါ ကျတော့ ဝါယောကို မလိုချင်တော့ဘူး ဆိုသဖြင့် အားထုတ်တဲ့ စိတ်ကလည်း မလိုချင် မလုပ်တော့ပါဘူး ဖြစ်သွားတယ် ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်က ဘာသစ္စာ၊ (ဒုက္ခသစ္စာ) မြင်တာက (မဂ္ဂသစ္စာ) အဲ ဖြစ်ပျက် အဆုံးက (နိရောဓသစ္စာ) သဘောကျပလား (ကျပါပြီ)။

ဖြစ်ပျက်မြင်တဲ့ ဉာဏ် နောက်၊ ကိလေသာ မလာတာ က အကြောင်း အကျိုးတွေ ချုပ်တာ ရိပ်မိပလား (ရိပ်မိပါပြီ)

ကဲ ယနေ့ ဒီတွင်တော်ကြစို့။

သာဓု သာဓု သာဓု။

မူရင်းအုပ်၌ ကူးရေးသူ၏နားကြားအမှား သက်ပုံအမှားအနည်းငယ်ရှိ၍ပြင်လိုက်ပါသည်။