129

ငါသေရင်သပိတ်မသွတ်နဲ့

အသံဖိုင်ခေါင်းစဉ်= သပိတ်သွတ်လွတ်တရားတော်

စာအုပ်ခေါင်းစဉ်= ငါသေရင်သပိတ်မသွတ်နဲ့

မှတ်ချက်။ ။မိုးကုတ်ဆရာတော် ဘုရားကြီးသည် လပြည့်ကျော် (၄)ရက်နေ့ ခန္ဓာဝန်ချပါသည်။ ခန္ဓာဝန်မချမီ ၄ရက်အလိုက (လပြည့်နေ့က) ဟောကြားသော တရားဖြစ်သည်။

အသံမကြည်ပါ။

———-

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ဟောကြားသောတရားတော်

ငါသေရင်သပိတ်မသွတ်နဲ့

(၁၃-၁၀-၆၂)

သီတင်းကျွတ်ပြီဆိုတာ ဒကာ ဒကာမတွေ အားလုံးပဲ သိကြပါတယ်၊ သီတင်းကျွတ်တာသည် ဒကာဒကာမတို့ ဘာဖြစ်လို့ ကျွတ်ပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ သီတင်း ကျွတ်တယ်ဆိုတာ လ၏ အထိမ်းအမှတ်သာ ဖြစ်တယ်။

ဒကာ ဒကာမတွေ့၌ ဘယ်လိုများ ဝမ်းသာစရာပဲ လား၊ အလုပ် မပြည့်စုံသေးလို့ ရှိရင် ဝမ်းနည်း စရာပဲ လားလို့ မေးလို့ ရှိရင်ဖြင့်တဲ့ ဒကာကြွယ်တို့ ဦးလှဘူးတို့ မောင်ဘသော် တို့ မှတ်စရာက ဪ သေခါနီးဖြစ်သွားတာပေါ့ (မှန်လှပါ ဘုရား)။

သီတင်းကျွတ်တာဘာပါလိမ့်

သီတင်းကျွတ်တာ ဘာပါလိမ့် (သေခါနီးဖြစ်သွားတာပါ ဘုရား) သေသေချာချာမှတ်ပါ ဒကာ ဒကာမ တွေ သီတင်းကျွတ်တာ ဒကာ ဒကာမတွေကလည်း မီးတွေ ထွန်းကြလို့ ဆရာသမားတွေ ကန်တော့ ရလို့ ဝမ်းသာလှတယ် ဆိုတာတော့ ကန်တော့တဲ့ စေတနာတွေကတော့ ဝမ်းသာ ရတာ အမှန်ပါပဲ (မှန်ပါ့) ၊

သို့သော် ခန္ဓာကတော့ သီတင်းမကျွတ်ခင် ဝါဆိုဦး ကပင် ခုသေဖို့ရာ နီးသွားတယ်။ (မှန်ပါ့) ဒကာကြွယ် သေဖို့ ရာ နီးသွားတယ် (နီးပါတယ် ဘုရား)။

အဲတော့ သေဖို့ ရာ နီးသွားတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်သည် ဒကာ ဒကာမတို့ မသေရာ ရှာဖို့ရာ အလုပ်ဟာလဲ ခရီးရောက်ထားဖို့ အရေးကြီးတယ် (မှန်လှပါ)။

လူတိုင်းဟာလည်း အတိတ်က ဆုတောင်းကြောင့် အတိတ်က အဝိဇ္ဇာ သင်္ခါရတွေ ကျုပ်တို့က မကျော်လွှားနိုင် တာနဲ့ ယခု ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဆိုတဲ့ ဒုတိယအကွက် ရောက်ပြီး သကာလ နေတော့ ဇာတိ၊ ဇရာ၊ မရဏကလည်း လာရတော့မှာပဲ (မှန်လှပါ ဘုရား)။

ထိုကဲ့သို့ လာရသော်လည်းတဲ့၊ ဒီတစ်ခါသာ ဆုတောင်းမှား၊ အလုပ်မှားကြောင့်၊ သစ္စာမသိလို့ မှားခဲ့သောကြောင့် သေပွဲဝင်မဟ! မသေရာရှာတဲ့ အလုပ်ကိုဖြင့် အထမြောက်အောင် ကြိုးစားမယ် ဆိုတဲ့စိတ်ကို သီတင်းကျွတ် သွားတာသည်ကား လို့ ဆိုရင် သေခါနီး ဖြစ်ငြားသော်လည်း၊ မသေရာ ရှာတဲ့ အလုပ်ကိုဖြင့် သိရလို့လည်း ဝမ်းသာ (မှန်လှပါ)။

အထမြောက်လို့လည်း ဝမ်းသာကြပါဆိုတဲ့ဥစ္စာ သတိပေးလိုက်တယ် (မှန်ပါ့)။

ဘာမှစိုးရိမ်စရာမရှိဘူး

ဪ ဘုန်းကြီး ဒကာ ဒကာမတွေ ဒါဖြင့် မသေရာကို ဒုတိယဘဝ ရောက်တော့မှာလား ဆိုတော့၊ သစ္စာ သိပြီးသား ပုဂ္ဂိုလ်ကတော့ဖြင့် သစ္စာက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ ဖြစ်လေ သောကြောင့် ဒီ ဒကာ ဒကာမတွေ ဘာမှ စိုးရိမ်စရာ မရှိဘူး။ ။

မဂ္ဂသစ္စာက မသေရာသာ တွေ့တယ် (မှန်ပါ့) မဂ္ဂသစ္စာက (မသေရာသာ တွေ့ပါတယ် ဘုရား)။

အဲတော့ စကားတစ်လုံး ဆရာဘုန်းကြီးက သစ္စာ တွေချည့်ပဲ ပြောနေတော့ သစ္စာသိပါပြီ သစ္စာက ဒုက္ခသစ္စာ (မှန်လှပါ) သိတာက (မဂ္ဂသစ္စာပါ ဘုရား)။

အဲတော့ မဂ္ဂသစ္စာက ဝမ်းထဲရောက်ပြီး သကာလ နေတော့ ဪ အမှုမဲ့ အမှတ်မဲ့ နေတဲ့ ပုဂ္ဂိုလ်ကတော့ သေရာသွားတာပဲ (မှန်ပါ့)။

ဒို့ကတော့ဖြင့် မသေရာ အထမြောက်နေပြီလို့ ဝမ်းသာလိုက်စမ်းပါ (မှန်လှပါ ဘုရား)။ မသေရာ အထမြောက် နေပြီလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဝမ်းသာလိုက်ပါ (မှန်ပါ့)။

သစ္စာသိပြီးရင် ဘာမှ မစိုးရိမ်ပါနဲ့ (မှန်ပါ့) သစ္စာမသိလို့ ငါဘုရား သံသရာရှည်ခဲ့တယ် ဆိုတဲ့အတိုင်း၊ သစ္စာသိတဲ့ ဒကာ ဒကာမတွေ ကျတော့ အဲဒီသိတဲ့ဉာဏ်က ဒကာ ဒကာမတွေ သိတာက သာမည သိတာမှ မဟုတ်ပဲ။

ခန္ဓာကိုယ်ကြီးက ဒုက္ခသစ္စာ၊ ခဏ ခဏဖြစ်ပျက်နေ တာလည်း ဒုက္ခသစ္စာ၊ ဟိုဘေးဒီဘေးမြင်၊ အိုဘေး၊ နာဘေး သေဘေးတွေက နှိပ်စက်နေတာ ဒုက္ခသစ္စာ၊ နေပူလေပူတွေ က နှိပ်စက်နေတာ ဒုက္ခသစ္စာ။

သုဂတိမှဘယ်မှမရောက်

ကိလေသာတွေက နှိပ်စက်လို့ ခန္ဓာကြီးက ခံနေရ တာလည်း ဒုက္ခသစ္စာ (မှန်လှပါ ဘုရား) ဤကဲ့သို့ သစ္စာ သိတဲ့ဉာဏ်နဲ့ ဒကာ ဒကာမတွေ သေတော့ကို သုဂတိမှ တစ်ပါး ဘယ်မှမရောက်ဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်လှ ပါ ဘုရား)။

သုဂတိမှတစ်ပါး (ဘယ်မှမရောက်ပါ ဘုရား)။ ဘယ်မှမရောက်တော့ဘူး ဆိုတာဖြင့် စကား တစ်လုံး နာရတဲ့ အတွက်တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားပေးစကား ပြောတယ်လို့ မယူပဲနဲ့ အမှန်စကား ပြောတယ်လို့ ဆုံးဖြတ် ချက် ချပါ (မှန်လှပါ ဘုရား)။

အားပေးစကားက တစ်မျိုးပါနော် (မှန်လှပါ) အမှန်စကားက တစ်မျိုးပါ (မှန်လှပါ)။

ဒါကြောင့် အမှန်ပြောတဲ့ စကားဖြစ်လေသော ကြောင့်၊ တရား ဖြစ်လေ သောကြောင့် ဒကာကြွယ် သေရမှာ ဘာမှ မကြောက်နဲ့ (မှန်လှပါ ဘုရား)။

သေခါနားနီးတာ အမှန်ပဲ (မှန်လှပါ ဘုရား) နီးပင်နီးငြား သော်လည်း သစ္စာသိပြီးမှ သေရလို့ ရှိရင်ဖြင့်တဲ့ ဘုန်းကြီးရှင်းပြမယ် (မှန်လှပါ ဘုရား)။

သစ္စာသိပြီးသား ပုဂ္ဂိုလ်ဟာတဲ့ ဖြစ်ပျက်မြင်ပြီးသား ပုဂ္ဂိုလ် (မှန်လှပါ ဘုရား) ဖြစ်ပျက်က ဒုက္ခသစ္စာပဲ (မှန်လှပါ)၊ ဝေဒနာရှုလို့ ဝေဒနာဖြစ်ပျက်ဟာ ဒုက္ခသစ္စာ (မှန်လှပါ)။

စိတ်ရှုလို့ စိတ်ဖြစ်ပျက်ဟာ (ဒုက္ခသစ္စာပါ ဘုရား)၊ အင်း အဲဒီလို ဒုက္ခသစ္စာတွေ ရှုတဲ့အခါမှာ မြင်နေတဲ့ ပုဂ္ဂိုလ်ဟာ သစ္စာသိတဲ့ ပုဂ္ဂိုလ်လို့ မှတ်လိုက် (မှန်လှပါ ဘုရား)။

ဖြစ်ပျက်သိတဲ့ပုဂ္ဂိုလ် သုဂတိရောက်ပါတယ်

ဖြစ်ပျက် သိတဲ့ ပုဂ္ဂိုလ်ဟာ (ဒုက္ခသစ္စာသိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။ သစ္စာသိတဲ့ ပုဂ္ဂိုလ်ပဲလို့ မောင်ဘသော် ဦးလှဘူးတို့၊ ဒကာကြွယ်တို့ မှတ်စရာပေါ့ဗျာ (မှန်ပါ့)။

အဲ ဒါဖြင့် သိတော့သိပြီ ဘုရား၊ ခပ်ရေးရေးတော့ ဖြင့် တပည့်တော်တို့ ဒိဋ္ဌိဝိစိကိစ္ဆာ မဂ်နဲ့တကွ မပယ်နိုင်သေး ဘူး ခဏသာ ပယ်နိုင်သေးတယ် ဆိုပြီး သကာလ ဝမ်းမနည်း လိုက်ပါနဲ့ (မှန်လှပါ ဘုရား)။

သစ္စာ သိပြီးသား ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်သည် သုဂတိသို့ ရောက်ပါလိမ့်မယ် (မှန်လှပါ ဘုရား)။ သုဂတိ သို့ ရောက်သည်နှင့် တစ်ပြိုင်နက်တည်း၊ နတ်သမီး ရင်ခွင်ထဲ မှာ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ထိုင်လျှက် ကလေး သွားဖြစ်တယ် (မှန်ပါ့ ဘုရား)။

ရင်ခွင်ထဲမှာ၊ ဝမ်းထဲမှာ မဟုတ်ဘူးနော် (မှန်လှပါ ဘုရား)၊ ရင်ခွင်ပေါ်မှာ ထိုင်လျှက် ကလေး များဖြစ် တဲ့ အခါကျတော့ ဒကာ ဒကာမတို့ သစ္စာသိပြီးသား ပုဂ္ဂိုလ် က ဒီမှာ အလုပ် လုပ်ထားတဲ့ ပုဂ္ဂိုလ်ဖြစ်နေ လေသောကြောင့် နတ်ပြည်ရောက်ရင် ငါနတ်သမီး၏ ရင်ခွင်ထဲ ရောက်နေ ပါပေါ့လား ဆိုတာက မသိသေးဘူးတဲ့ (မှန်လှပါ)။

ေဩာ်, ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာ အစုကြီးပါ လားဆိုတဲ့ ဉာဏ်က အရင် ပေါ်လာတယ် (မှန်လှပါ ဘုရား) ဉာဏ်က အရင်ပေါ်လာတယ် (ပေါ်လာပါ တယ် ဘုရား)။

နတ်ပြည် ရောက်တာက မသိသေးဘူးတဲ့ (မှန်လှပါ) ဒကာ ဒကာမတွေ ဉာဏ်က အရင် ပေါ်လာတယ် (မှန်လှပါ ဘုရား)။

နတ်ပြည်ရောက်မှန်းမသိခင် သောတာပန် တည်တယ်

ဒီခန္ဓာ ဘာသစ္စာလို့ ပေါ်လာတုံး (ဒုက္ခသစ္စာ လို့ ပေါ်လာပါတယ် ဘုရား) ဒုက္ခသစ္စာလို့ ပေါ်လာ သောကြောင့် နတ်ပြည်ရောက်တာ မသိခင် သစ္စာကို အရင်သိတဲ့ အတွက် ဒီထဲမှာပဲ ဒကာကြွယ် သောတာပန် တည်တာပဲ (မှန်လှပါ ဘုရား)။

ဟ! မြန်လှချည်လားလို့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေက မေးလို့ရှိရင်ဖြင့် သစ္စာ သိထားတာက လူ့ပြည်က ဆရာဘုန်းကြီး အကူအညီနဲ့ ဒကာ ဒကာမတွေ၏ ဉာဏ်၏ စွမ်းရည် သတ္တိနဲ့ အကူအညီနဲ့ ဉာဏ်စွမ်းရည် သတ္တိနဲ့ နှစ်ယောက် သိထား ကြတယ် (မှန်လှပါ ဘုရား)။

နှစ်ဖက် သိထားတယ် (မှန်လှပါ ဘုရား) ဆရာ ကလည်းပြော ဒကာ ဒကာမတွေကလည်း သိလိုက်တော့ ဖြစ်ပျက်ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ပထမပုဂ္ဂိုလ်

ဟုတ်သားပဲ ဖြစ်ဒုက္ခ ပျက်ဒုက္ခပဲ (မှန်လှပါ ဘုရား)။ ဒကာ ဒကာမတွေ ဘာတဲ့ (ဖြစ်ဒုက္ခ ပျက်ဒုက္ခ ပါ ဘုရား)။ ဖြစ်ဒုက္ခ ပျက်ဒုက္ခပဲ ဆိုတာ ဒကာ ဒကာမတွေက သိပြီး သကာလ နေတော့

ကိုင်း ကံမကောင်း အကြောင်းမသင့်လို့ ကံကုန်သွား တယ်လို့ မောင်ဘသော် ဆိုလိုက် (မှန်လှပါ ဘုရား)။

သိပြီးသား ပုဂ္ဂိုလ်ကတဲ့ ဒကာကြွယ်တို့ ဦးလှဘူးတို့ သုဂတိနဲ့ နတ်ရင်ခွင်ထဲ သွားရောက် ပါတယ် (မှန်လှပါ ဘုရား)။

ရောက်သည်နဲ့ တစ်ပြိုင်နက်တည်း နတ်ပြည်ရောက် မှန်းမသိဘူး (မှန်လှပါ ဘုရား) သူ့ခန္ဓာ ပြန်ကြည့်လိုက် တဲ့အခါ ဟာ! ဒုက္ခသစ္စာ ကြီးပါလားလို့ ချက်ချင်း ဉာဏ်ထဲ ထင်လာတယ် (မှန်လှပါ ဘုရား)။

ထင်တော့ ဘယ်သူနဲ့မှ စကားမပြောချင်၊ ဉာဏ်က ဦးစီးပြီး သကာလ လာသောကြောင့် ဒကာ ဒကာမတို့ ရင်ခွင် ထဲမှာပဲ သောတာပန် နတ်သား၊ သောတာပန် နတ်သမီး ဖြစ်ပါတယ်၊ (မှန်လှပါ ဘုရား)။

အားငယ်စရာများ ရှိသေးသလား

အားငယ်စရာများ ရှိသေးလား (မရှိပါဘူး ဘုရား)။ အဲဒါကြောင့် ဒကာ ဒကာမတို့ သစ္စာဖြင့် မသိ သိအောင် လုပ်ပါ ဆိုတာ ဆရာဘုန်းကြီးက အမိအဘ ဆွေမျိုး ညာတကာ ညီအကို မောင်နှမ ဆိုတာ မတော်ဖူးသည် မည်သည်မရှိလို့ ..

ဘုရားကလည်း ဟောထားပါတယ် ဒကာ ဒကာမတို့ ရင်ခွင်ထဲရောက်တော့ ရင်ခွင်ထဲ ရောက်တဲ့ နတ်သား နတ်သမီးလေး ဟာလေ သူတို့မှာ သည်းခြေဆိုတဲ့ တရားကလည်း သည်းခြေ ဆိုတဲ့ ဝမ်းထဲမှာ ပိတ္တံ= သည်းခြေ ဆိုတဲ့ အဲဒီ သည်းခြေ ကလည်း မရှိဘူးနော် (မှန်လှပါ ဘုရား)။

သေမှံ – ဆိုတဲ့ သလိပ်ကလည်း မရှိဘူးနော် (မှန်ပါ ဘုရား)။ ပုဗ္ဗော – ပြည်ဆိုတာတွေလည်း နတ်မှာ – မရှိဘူး (မှန်လှပါ ဘုရား)။

သောတာပန် ရဟန္တာဖြစ်နိုင်တယ်

အဲဒါကြောင့် သူတို့မှာ ဉာဏ်မျက်လုံးနဲ့ ဖွင့်ကြည့် လိုက်တဲ့အခါ လူ့ပြည်က အထုံပါလာတဲ့ ဆရာသမား ပြောလိုက်တဲ့သစ္စာ၊ ကိုယ်ကိုယ်တိုင် မြင်တဲ့သစ္စာတွေဟာ ဟိုကျတော့ ရှင်းရှင်းလင်းလင်း မြင်ပြီး သကာလ ဒကာကြွယ် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ တောင် ဖြစ်နိုင် တယ် (မှန်လှပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ငါ သေရမှာ မကြောက်တော့ဘူးဟေ့လို့ ဆုံးဖြတ်ချက် ချကြ (မှန်လှပါ ဘုရား)။

ကြောက်သေမသေရတော့ဘူး

သေတော့ သေရမှာပေါ့ဗျာ (မှန်လှပါ ဘုရား)။ ကြောက်သေတော့ဖြင့် မသေရတော့ဘူး ဆိုတဲ့ ဥစ္စာ ဆုံးဖြတ် ချက် (မှန်လှပါ ဘုရား)။

သစ္စာသိပြီးသား ပုဂ္ဂိုလ်ဖြစ်သောကြောင့် (မှန်လှပါ ဘုရား)။ မယုံမရှိနဲ့ ဒီဒကာ ဒကာမတွေ ဒီခန္ဓာ ကိုယ်ထဲမှာ ကိုယ့်ခန္ဓာကို လက်သည်းကလေးနဲ့ ကုတ်လိုက်တော့ နာမှုလေးတစ်ခု ဒုက္ခလေး မပေါ်လာဘူးလား (ပေါ်လာ ပါတယ် ဘုရား)။

ပေါ်ပြီး ဒီနာမှုလေးဟာ ပျောက်ကော မသွားဘူး လား (သွားပါတယ် ဘုရား)။

အင်း ဒါဖြင့် သူပေါ်တာက ဖြစ်တာ၊ ပျောက်တာက ပျက်တာဆိုတော့ ဘာသစ္စာလေးပါလိမ့် (ဒုက္ခသစ္စာ လေးပါ ဘုရား)။

ဪ ဒါဖြင့် ဒို့ နာတာလေးကလည်း ပေါ်ပျောက်၊ ယားတာလေးကလည်း ပေါ်ပျောက်၊ ကောင်း တာလေးကကော (ပေါ်ပျောက်ပါ ဘုရား)။

အဲ့ဒါသိရင် သစ္စာသိတာ (မှန်လှပါ ဘုရား)။ သစ္စာသိတာပဲ ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လေးလေးစားစား မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

အဲတော့ သစ္စာက သစ္စာ၊ သိတာက မဂ္ဂသစ္စာ (မှန်လှပါ) အဲဒီ သိတဲ့ အချိန်မှာပဲ ဒကာကြွယ်၊ မောင်ဘသော်၊ ဦးလှဘူးတို့ ကိလေသာက သေနှင့်တယ် (မှန်လှပါ ဘုရား)။

ဒီလောက်ထိအောင် မဂ်တစ်ကြိမ် ပေါ်လိုက်တဲ့ အကြိမ်သည် အင်မတန်မှ ပြင်းပြတယ် ဆိုတာ ပေါ်ကြ ပလား (ပေါ်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒီဟာလေး နှလုံးသွင်းပြီး သကာလ ဖြစ်စေ သေသွားပြီ ဆိုတော့ သုဂတိ ရောက်ပါတယ် (မှန်လှပါ ဘုရား)။

သွေး၊ ပြည်၊ သလိပ်၊ သည်းခြေ မရှိတဲ့ နတ်ဖြစ်တော့ ဉာဏ်နဲ့ပြန်ပြီး သကာလ ချက်ချင်းပဲ သတိရ သောကြောင့် ဒကာကြွယ် သူ့ခန္ဓာ သူ ပြန်ကြည့်လိုက်တယ် (မှန်လှပါ ဘုရား)။

ထက်မြက်တဲ့ဉာဏ်နဲ့ ကြည့်လိုက်တော့

ပြန်ကြည့်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း၊ ငါ ဒုက္ခ သစ္စာကြီး ပြန်ဖြစ်နေပါ ပေါ့လားလို့ သိလိုက် သည်နဲ့ တစ်ပြိုင် နက်တည်း နတ်အမြင်က သည်းခြေ သလိပ်၊ သွေးတွေ မဖုံးတဲ့အတွက် ထက်မြက်တဲ့ ဉာဏ်နဲ့ကြည့်လိုက်တော့ တစ်ခါ, တည်း သောတာပတ္တိ မဂ်ဉာဏ် ဖြစ်သွားတယ် (မှန်လှ ဘုရား)။

ဘာပူစရာရှိသေးတုံး (ဘာမှ မရှိပါဘူး ဘုရား)၊ ကဲ ဒါဖြင့် ဒီသာသနာ ဒကာ ဒကာမတို့ ရင်ခွင်ထဲမှာ သောတာပန် မတည်တဲ့ အခါ သူက တည်ချင်လျှက် အကယ်၍ မတည်ခဲ့ဘူးထားရင် မပူပါနဲ့လို့ အင်္ဂုတ္တိုရ် ပါဠိတော်က ဟောပြန်တယ် (မှန်လှပါ ဘုရား)။

တစ်နံပါတ် ဒကာ ဒကာမတွေ ရင်ခွင်ထဲ တည်ချင် တည်မယ် (မှန်လှပါ) မတည်လို့ ရှိရင်တော့ မပူပါနဲ့ ကွာတဲ့ နတ်ပြည်မှာ ကျုပ်တို့ တာဝတိံသာ နတ်ပြည်ပဲ ထားပါတော့ ဒကာကြွယ် (မှန်လှပါ ဘုရား)။

လူ့ပြည်မှာ အနှစ်တရာမှ တာဝတိံသာက တစ်ရက်ရှိ သေးတာကိုး (မှန်လှပါ ဘုရား)။ ကဲ လူ့ပြည်မှာ အနှစ် နှစ်ထောင်ထား၊ တာဝတိံသာက ရက်နှစ်ဆယ် မနေဘူးလား (နေပါတယ် ဘုရား)။

အဲ ခု သာသနာနှစ်ထောင်ငါးရာ ဆိုတော့ သူတို့မှာ ရက်ပေါင်း နှစ်ဆယ့် ငါးရက်ကျော်ကျော် လေး ရှိသေး တယ် (မှန်လှပါ ဘုရား)။

ဒုတိယပုဂ္ဂိုလ်

ဘုရားပရိနိဗ္ဗာန်စံတာ တာဝတိံသာ နတ်ပြည် နတ်သက်နဲ့ တွက်လိုက်ရင် ရက်ပေါင်း ဘယ်လောက် ရှိသေး တုံး (နှစ်ဆယ့်ငါးရက်ပါ ဘုရား)။ နှစ်ဆယ့်ငါးရက်နဲ့ နာရီပိုင်းကလေး (မှန်လှပါ ဘုရား)။

ဒါပဲ ရှိသေးတော့ ဤမှာတို့ရက် နှစ်ဆယ့်ငါးရက် ရှိသေးတာ ဒို့ဘုရားတရား မနာရတာ နတ်တွေက (မှန်လှပါ ဘုရား)။

ရက် နှစ်ဆယ့်ငါးရက်သာ ရှိသေးတယ်ဆိုပြီး သူတို့ တရားတွေကတော့ ရက်များ နေတဲ့ အတွက် ဒကာကြွယ် မမေ့သေးဘူးပေါ့ဗျာ (မှန်လှပါ ဘုရား)။

အဲတော့ နတ်သဘင် အစည်းအဝေး ကျတော့ ခုနက ဒီက သစ္စာသိသွားတဲ့ ပုဂ္ဂိုလ်များ တရားနာ ရတော့ သူတို့က သစ္စာတရား ဟောရက်နေပြန်တယ် (မှန်လှပါ ဘုရား)။

အဲဒီလို ရင်ခွင်ထဲ မတည်ပဲနဲ့ သစ္စာတရား ဟောတဲ့ နတ်သဘင်ပွဲမှာပဲ နာရပြန်လို့ ရှိရင်လည်း ခုနက သွေး၊ ပြည်၊ သလိပ်၊ သွေးပြည် မရှိတဲ့ ဉာဏ်နဲ့ သူ့ခန္ဓာ ကြည့်လိုက်တဲ့ အခါ အဲဒီ တရားပွဲ ထဲမှာပဲ ဒကာ ဒကာမတို့ သောတာပန် သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်သေးတယ် ဆိုတဲ့ နှစ်နံပါတ် အချက် (မှန်လှပါ ဘုရား)။

တစ်နံပါတ်က ရင်ခွင်ထဲနော် (မှန်လှပါ ဘုရား) နှစ်နံပါတ်က ရင်ခွင်ထဲ သောတာပန် မတည်လို့ တရားနာတဲ့ ပွဲမှာ တည်ရတယ် (မှန်လှပါ ဘုရား)။

အားငယ်စရာပါသလား (မပါပါဘူး ဘုရား) အားငယ်စရာက ဒကာ ဒကာမတွေ ဘုန်းကြီး ပြောတာကို သစ္စာလို့ မသိမှာ တစ်ခုသာ အားငယ်စရာကောင်းတာ (မှန်လှပါ ဘုရား)။

ပြီးတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုန်းကြီးက စိတ်ချတယ် (မှန်လှပါ ဘုရား)။ ငါနေ့တိုင်း တဖွဖွ ပြောနေတာပဲ နေ့တိုင်း ကယ်တင်နေတာပဲ ဒီဒကာ ဒကာမတွေကို တကယ် ကယ်ပေးနေတာပဲ။

ယားတာ ဘာသစ္စာ၊ ဒုက္ခသစ္စာ သူတို့ လျှောက် တယ်၊ နာတာ ဘာသစ္စာ ဒုက္ခသစ္စာလို့ လျှောက်တယ်။

ဘယ်စိတ်ကလေး ပေါ်လာလို့ရှိရင် ပေါ်ပျောက် သွားတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲတော့ ခင်ဗျားတို့ ဘယ်လို နှလုံးသွင်းသွင်း ဒီသစ္စာတွေဟာ မြင်နေတာပဲ (မှန်လှပါ ဘုရား)။

အဲတော့ ဒီတရားနာနေတဲ့ ဒကာ ဒကာမတွေဟာ မြင်ပြီးသား၊ သိပြီးသား ပုဂ္ဂိုလ်တွေ ဖြစ်လေ သောကြောင့် ခုနက ရင်ခွင်ထဲမှာလည်း တည်ရမယ် (မှန်လှပါ ဘုရား)။

တရားနတ်သဘင် တရားပွဲ၌ (တည်ရမှာ ပါ ဘုရား)။ ဒီလို မတည်သေးတောင် အင်္ဂုတ္တိုရ် ပါဠိတော်ကြီး က မတည်နဲ့ဟေ့ နောက်ဒကာ ဒကာမတွေအတွက် သစ္စာ သိထားရင် မတည်ပါနဲ့တဲ့ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ အားပေးတာ မဟုတ်ဘူး ပါဠိတော် အတိုင်း ပြောနေတာ (မှန်လှပါ ဘုရား) အားပေးတာ မဟုတ်ပါဘူး ဘုရားကိုယ်တော်တိုင် အမြင်ကြီးကြီးနဲ့ ဟောပြီ ပြောနေတာလို့လည်း မှတ်လိုက် စမ်းပါ (မှန်လှပါ ဘုရား)။

အဲတော့ကိုးတဲ့ ဒီအထဲမှာ ခု ပြောဟော လုပ်နေတာ လည်း ဘုန်းကြီးများ အနှစ်ဆယ်နှစ် လောက် ရှိတော့ (မှန်လှပါ) သေတဲ့ ပုဂ္ဂိုလ်တွေလည်း ဦးလှဘူးတို့ ဒီထဲက တော်တော် သေကြတယ် (သေကြပါတယ် ဘုရား)။

တတိယပုဂ္ဂိုလ်

အဲဒီ သေကြတဲ့ ပုဂ္ဂိုလ်တွေကတဲ့ နတ်ပြည်မှာ ရောက်နေနှင့်ကြတယ် (မှန်လှပါ ဘုရား) အရိယာ အဖြစ် နေနှင့်ကြပြီ (မှန်လှပါ ဘုရား)။

အဲတော့ ခု ဒကာ ဒကာမထဲက ဘုန်းကြီးတို့ ဒကာ ဒကာမထဲက အင်း ဒီနေ့လား နက်ဖြန်လား မဆိုနိုင်ဘူး ဟိုဘက်လလား မပြောတတ်ဘူး သေမဲ့ ပုဂ္ဂိုလ်တွေပါ တယ် (မှန်ပါ့ ဘုရား)။

အဲဒီပါတဲ့ ပုဂ္ဂိုလ်တွေလည်း ထို့အတူပဲ သစ္စာနာထား ရတဲ့အတွက် နတ်ပြည်လည်း ရောက်တယ် (မှန်လှပါ ဘုရား)။

နတ်ပြည် ရောက်သွားတော့ ခုနက အရင်သေနှင့်တဲ့ ပုဂ္ဂိုလ်တွေ၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရင် သော တာပန် သကဒါဂါမ် အနာဂါမ် တည်ပြီးတဲ့ ပုဂ္ဂိုလ်တွေက နတ်ပြည်ကနေပြီး စောင့်နေတော့ သူတို့က သက်တန်းက ဦးတာကိုးဗျ (မှန်လှပါ)။

အင်း ဒီ က – ဒကာ ဒကာမတွေ လည်း စုတေ မနေ သေလွန်တော့ လိုက်သွားတဲ့ အခါ ကျတော့ ေဩာ် မိတ်ဆွေ တရားနာ ဖေါ်လာပြီ (မှန်လှပါ ဘုရား)။

ဒကာကြွယ် ဟိုက သိနေပြီး (သိနေပါပြီ ဘုရား)။ အဲတော့ တရားနာဖေါ်လာပြီဟေ့ ဒို့ အိမ်က လူတော့ ဆရာတော် ဘုရားကြီးဆီမှာ အတူတူ ဒို့သစ္စာတရားတွေ နာနေကြတဲ့ ပုဂ္ဂိုလ် တစ်ယောက် ပေါ်လာတယ် ဆိုပြီး အရင် ရောက်နေတဲ့ ပုဂ္ဂိုလ်က ငါ့အရှင် မမေ့နဲ့နော် (မှန်လှ ပါ ဘုရား)။

မင်း ခန္ဓာ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာကွလို့ လက်တို့ပြီး နတ်နတ်ချင်း ဟောတယ် (မှန်လှပါ ဘုရား)။

အဲဒီ ဟောပြောမှာလည်း ဒကာ ဒကာမတို့ သောတာပန် သကဒါဂါမ် တည်ပြန်တာပဲ (မှန်ပါ့ ဘုရား) ပူစရာများ ရှိရဲ့ လား (မရှိပါဘူး ဘုရား)။

အဲဒါကြောင့် ခန္ဓာကိုယ်တော့ဖြင့် ဘယ်သူမှ မပိုင် သည်ဖြစ်လေသောကြောင့် သေရမှာ ဆိုတာ ကတော့ဖြင့် သီတင်းကျွတ်တယ် ဆိုကတည်းက အသေဘက် တိုးပါတယ် (မှန်လှပါ ဘုရား)။

တိုးပင် တိုးငြား သော်လည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ေဩာ် ဒို့သစ္စာ သိပြီးသား ပုဂ္ဂိုလ် တွေမို့ ဒီဘဝလည်း ကိစ္စပြီးနိုင်တယ်၊ မပြီးလည်း မပူပါဘူးဟ (မပူပါဘူး ဘုရား) ဆိုပြီး သကာလတဲ့ ဒကာ ဒကာမတွေ ရင်ခွင်ထဲမှာပဲ သောတာပန် တည်နိုင်တယ် (မှန်လှပါ ဘုရား) နတ်ပြည်မှာလေ (မှန်လှပါ ဘုရား)။

တစ်ယောက် တစ်ယောက်တရားကို ဘုရားပရိနိဗ္ဗာန် စံသော်လည်း ရက်ပေါင်း နှစ်ဆယ့် ငါးရက် လောက်နဲ့ နာရီပိုင်းသာ ရှိနေသောကြောင့် ဟိုမှာ သစ္စာတရားတွေ ဟောနေတဲ့ နတ်တွေက လည်း ရှိလို့၊ နတ်သဘင် အစည်းအဝေး သွားလို့ အဲဒီတရားနာရတဲ့အချိန်မှာပဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်နိုင်ပါတယ် (မှန်လှပါ ဘုရား)။

သစ္စာတရားက အရေးအကြီးဆုံး

ဒီပြင်တရား၊ မဟုတ်ဘူးနော်၊ သစ္စာတရား နာရမှ (မှန်လှပါ ဘုရား)၊ သစ္စာဟာ အရေး အကြီးဆုံး (မှန်လှ ပါ ဘုရား)။

ဒကာကြွယ် ဘယ်တရား အရေးအကြီးဆုံးပါလိမ့် (သစ္စာတရား အရေးအကြီးဆုံးပါ ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတို့ ဒီလောက် လူကျပ်ကျပ်နဲ့ ဒီလောက် မီးထွန်းစရာ ကိစ္စတွေ ထဲမှာ ဆရာ ဘုန်းကြီးဆီ လာပြီး သကာလ နည်းယူကြတော့ ..

ဝမ်းမြောက်လိုက်ကြစမ်းပါ

ဪ ဒီနေ့ သိရတဲ့ အသိဟာဖြင့် ဒို့ ဘာမှ စိုးရိမ်စရာမရှိတဲ့ အသိပါလားလို့ ဝမ်းမြောက် လိုက်ကြစမ်း ပါ (မှန်လှပါ ဘုရား)။ ၊

ဘာမှ မစိုးရိမ်နဲ့ ရဲရဲတင်းတင်းသာနေပါ (မှန်လှပါ ဘုရား)။ ရဲရဲတင်းတင်းနဲ့ သေပါ (မှန်လှပါ ဘုရား)။

ဘာမှ ကြောက်စရာမရှိဘူးဆိုတာ သေသေချာချာ မှတ်ပါ (မှန်လှပါ ဘုရား) ဒကာ ဒကာမတွေ အင်မတန် စေတနာနဲ့ အင်မတန် ဘုရားဟော အမှန်ကြီးကို ပြောနေပါ တယ် (မှန်လှပါ ဘုရား)။

စတုတ္ထပုဂ္ဂိုလ်

ကိုင်း ဒီတင်မှ မသေသေးဘူး ဆိုလို့ရှိရင်ဖြင့်တဲ့ နတ်ပြည်လည်း ရောက်ပြီး တော်တော်လေး လူလားမြောက်လာတဲ့ အခါကျလ ို့ရှိရင် ကိုယ့်နတ်ပြည်မှာ အင်း တချို့နတ်ကလေးတွေလည်း ဒကာ ဒကာမတို့ ဖျတ်ခနဲ၊ ဖျတ် ခန်၊ နတ်သက်စေ့လို ပျောက်သွားတာလည်း ရှိတယ်ပေါ့ဗျာ (မှန်လှပါ ဘုရား)။

အင်း ဒါလေး မြင်လိုက် တာနဲ့ ပဲ ဘယ်သူမှ တရားမဟောပဲနဲ့ ဒီက သစ္စာတရား နာပြီးသား ပုဂ္ဂိုလ်က လည်း ေဩာ် ဒုက္ခသစ္စာမို့ ဒုက ္ခရောက်သွားတာကိုး သိပြီး ကိုယ်က သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် တည်ပြန်တာပဲ (မှန်လှပါ ဘုရား)။

အဲတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ခုပြောခဲ့ တဲ့ လေးချက်ကို ပိုင်ပိုင်နိုင်နိုင်ကြီး ဘုရားသခင် ကိုယ်တော် မြတ်ကြီး အင်္ဂုတ္တုရ် ပါဠိတော်ကြီးမှာ သေသေချာချာ ဟော ထားတဲ့အတွက် ဒို့ဖြင့် ယခု မသိသေးတဲ့ ပုဂ္ဂိုလ်က သိအောင် လုပ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သိပြီးသား ပုဂ္ဂိုလ်က ပွားသာနေပါ (မှန်လှပါ ဘုရား)၊ အခု မဂ်ဆိုက်ပြီး သေလည်း ကောင်းတာပဲ (မှန်လှပါ ဘုရား)။

ဒုတိယ ဘဝမှ ရင်ခွင်ထဲမှာ ဆိုက်လဲ ကောင်းတာ ပဲ (မှန်လှပါ)၊ နတ်သဘင် အစည်းအဝေး တရားပွဲမှာ ဆိုက်ရင်ကော (ကောင်းပါတယ် ဘုရား)။

နောက် ကိုယ့်သူငယ်ချင်း နတ်တွေက တရားနာဖို့ နတ်တွေကလာပြီး ကိုယ့်သတိပေးလို့ သစ္စာတွေ နှလုံးသွင်း လိုက်လို့ မဂ်ဆိုက် ဖိုလ်ဆိုက်ဖြစ်လည်း ကောင်းတာပဲ (ကောင်းပါတယ် ဘုရား)။

အဲတော့ ဒီဒကာ ဒကာမတွေမှာတဲ့ ကိုယ့်သူငယ်ချင်း တွေ နတ်ပြည်မှာ ဒကာကြွယ် မနည်း တော့ဘူး (မနည်း ပါဘူး ဘုရား)။

ဒီတရားပွဲကလည်း လူများတဲ့ တရားပွဲဖြစ်တော့ သေတဲ့ ပုဂ္ဂိုလ်လည်း သေလို့ ရောက်နှင့် ကြပြီပေါ့ဗျာ (မှန်လှပါ)။

ရောက်နှင့်ကြလို့ ဒီက ဒကာ ဒကာမတွေပဲ မျှော်လင့် တယ် (မှန်လှပါ ဘုရား) ဒို့ မိတ်ဆွေတွေ ဘယ်တော့ လာပါ့မတုံး (မှန်လှပါ)။

လာရင် ကလေးများ လိုပဲတဲ့၊ ငါရှင် ဒို့ဆရာဘုန်းကြီး ဟောတဲ့ ဒီခန္ဓာ ဒုက္ခသစ္စာကြီးဟာ နှလုံး သွင်းပါလား ဆိုတာ ကလေးချင်းသာ လက်တို့ပြီး ပြောသလို (ပြောပါတယ် ဘုရား)။

အရင်သေနှင့်တဲ့ ပုဂ္ဂိုလ်တွေက လာလာလက်တို့ ပြောတယ် (မှန်လှပါ ဘုရား) ပြောသည်နဲ့ တစ်ပြိုင်နက် တည်း ဒီက အရှိန်ကလည်း အာသေဝန ပါပြီးသား ဖြစ်လေသောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေမှာတဲ့ ပြောလိုက်လို့ ကြားလဲ ကြားလို့ ဉာဏ်ထဲလဲ ထင်ပါရော သောတာပန့် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်တော့မှာပဲ (မှန်လှပါ ဘုရား)။

အဲဒီတော့ ဟိုမှာလည်း မိတ်ကောင်းတွေက ရှိတာ တစ်မျိုး (မှန်လှပါ) ဆိုတော့ အားလုံး ဒကာ ဒကာမ တွေ ပူစရာ၊ ပင်စရာ ဆွေးစရာ ရှိသေးရဲ့ လား (မရှိပါ ဘူး ဘုရား)။

အဲဒါကြောင့် အားကြီး ကျေးဇူးများတယ်ဆိုတာ ဒကာ ဦးလှဘူးတို့ မောင်ဘသော်တို့ ပေါ်လောက်ပါပြီ (ပေါ်ပါပြီ ဘုရား)။

သစ္စာသိပြီးသေတဲ့ပုဂ္ဂိုလ်ပူစရာမရှိ

ကဲ ယနေ့ ဟောတဲ့ တရားမှာ အင်္ဂုတ္တိုရ် ပါဠိတော်ကြီး မှာ ကိုယ်တော်တိုင် ဟောလို့ သစ္စာသိ သေတဲ့ ပုဂ္ဂိုလ်များ ပူစရာ မရှိပုံကို ပြလိုက်တာ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာသိသေမှ (သစ္စာသိ သေမှပါ ဘုရား) သစ္စာသိပြီး သေလို့ရှိရင် ဘာမှ ပူစရာ မရှိဘူး ဆိုတော့၊ ဘုန်းကြီးကပဲ ဒီနေ့မှ လာတဲ့ပုဂ္ဂိုလ်၊ ဒီနေ့မှကြုံတဲ့ ပုဂ္ဂိုလ်တွေကို သစ္စာသိတဲ့ သိဖို့ရာ အရေးကိုလည်း ဒကာကြွယ် ပြန်ပြီး ပြောပါ့မယ် (မှန်လှပါ ဘုရား)။

ပြန်ပြီးပြောပါ့မယ်တဲ့ ဒကာ ဒကာမတွေ ပဋိစ္စ သမုပ္ပါဒ်ကြီးကို ကြည့်ကြပါ (မှန်လှပါ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ သစ္စာသိဖို့ ပြောတော့ မယ် (မှန်လှပါ ဘုရား)။ သစ္စာသိဖို့ ပြောတော့မယ် ဆိုတော့ ဒကာ ဒကာမတို့ ဒီ ပဋိစ္စသမုပ္ပါဒ်ဟာ ရေးထားတဲ့ ပဋိစ္စ သမုပ္ပါဒ်လားလို့ မေးတော့ မဟုတ်ပါဘူး ဒကာ ဒကာမတို့နော် (မှန်လှပါ ဘုရား)။

ခန္ဓာဖြစ်စဉ် ဒကာ ဒကာမတို့ တရားနာတဲ့ ဒကာ ဒကာမတို့၏ ခန္ဓာဖြစ်စဉ် ပဋိစ္စ သမုပ္ပါဒ်လို့ မှတ်လိုက်စမ်း ပါ (မှန်လှပါ ဘုရား)။ ရေးထားတာလား ကိုယ့်ခန္ဓာ ဖြစ်စဉ်လား (ကိုယ့်ခန္ဓာဖြစ်စဉ်ပါ ဘုရား)။

အင်း အဖိုးတန်လိုက်တာ ေဩာ် ဒီဥစ္စာ စာထဲက ဒီလိုပါတယ်လို့ မဟုတ်ပါဘူး (မှန်လှပါ ဘုရား)။

ခန္ဓာဖြစ်စဉ် ပဋိစ္စသမုပ္ပါဒ်

စာက ဒီလိုပါတာ မဟုတ်ပါဘူး ဒကာ ဒကာမတို့၏ ခန္ဓာက ဒီလိုဖြစ်နေတာ (မှန်လှပါ ဘုရား) စာက ဒီလိုပါတာလား၊ ခန္ဓာက ဒီလိုဖြစ်တာလား (ခန္ဓာက ဒီလို ဖြစ်တာပါ ဘုရား)။

အဲ ခန္ဓာက ဒီလိုဖြစ်တော့ ယခုဘဝ လူဖြစ်ရှုံး လေးတော့ သိလည်း သိပြီးပါပြီ သို့သော် အစလေး စတဲ့ အနေနဲ့ ပြောရဦးမယ် (မှန်လှပါ)။

ဒကာ ဒကာမတို့ နောက်ဘဝက အဝိဇ္ဇာ ဆိုတဲ့ သစ္စာ လေးပါးမသိတော့ အဝိဇ္ဇာနဲ့ နေခဲ့ကြ တယ် (မှန်လှပါ ဘုရား)၊ နောက်ဘဝက ဘာနဲ့ နေခဲ့ကြတုံး (အဝိဇ္ဇာနဲ့ နေခဲ့ပါတယ် ဘုရား)။

ဪ သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ နေခဲ့ကြတယ် နော် (မှန်ပါ့ ဘုရား)၊ နေခဲ့ကြတဲ့အခါကျတော့ ဘုန်းကြီး တို့ ဒကာ ဒကာမတွေသည်တဲ့၊ သစ္စာမသိတော့ မွေးရာပါ ဗုဒ္ဓဘာသာဆိုတော့ ကုသိုလ် အလုပ် တွေလည်း ပြုပါတယ် (ပြုပါတယ် ဘုရား)။

ပြုလုပ်ရတယ်ဆိုတော့ သင်္ခါရပေါ့ဗျာ (မှန်လှပါ ဘုရား) ဒါဖြင့် မသိလို့ ကုသိုလ် လုပ်သည် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လုပ်ပြီး သကာလ ဒကာ ဒကာမတို့ ကုသိုလ်ရိုးရိုး လုပ်တာလားတဲ့ နောက်ဘဝ လူဖြစ်ချင်လို့ လုပ်တာလား ဆိုတော့ မေးရင် ဘယ့်နှယ်ဖြေကြမတုံး (နောက်ဘဝ လူဖြစ်ချင်လို့ လုပ်တာပါ ဘုရား)။

ကုသိုလ်၊ အကုသိုလ်ရောနေတယ်

ဪ ဒါဖြင့် လူဖြစ်ချင်တဲ့ အကုသိုလ် သင်္ခါရလို့ ပါတယ် (မှန်လှပါ ဘုရား)။ ဒါဖြင့် ကုသိုလ် လည်း လုပ်တယ်၊ ဆုလည်း တောင်းတယ် ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌တဲ့ ကုသိုလ်၊ အကုသိုလ် ရောနေတယ် (ရောနေပါတယ် ဘုရား)။

ကုသိုလ်လုပ်တာက ကုသိုလ် (မှန်ပါ့) လူ ဖြစ်ချင်တာက တဏှာ (မှန်ပါ့ ဘုရား)။

အေး ကုသိုလ်နဲ့ တဏှာနဲ့ ရောနေတယ် (ရောနေပါတယ် ဘုရား) ဘယ့်နှယ်ကြောင့် ရောပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ မသိလို့ ဒကာ ဒကာမတွေ ရောမိတာ (မှန်လှပါ ဘုရား)။

ဘယ်လိုပါလိမ့်မတုံး (မသိလို့ ရောမိတာ ပါ ဘုရား) မသိလို့ ရောမိတာ (မှန်ပါ့) ရှင်းကြပါလား (ရှင်းပါပြီ ဘုရား)။

အင်း ဘယ့်နှယ်ကြောင့် ရောမိကြပါလိမ့် (မသိလို့ ရောမိတာပါ ဘုရား)။ မသိလို့ ရောမိ ကြတယ်နော် (မှန်ပါ့)။

ရောတယ် ဆိုကတည်းက အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာပါ ဘုရား) မသိလို့ ရောတော့ သင်္ခါရ ဖြစ်သွား တယ် (မှန်ပါ့) ဒကာကြွယ် ဖြစ်သွားပြီး (ဖြစ်သွား ပါပြီ ဘုရား)။

အခုမှရတဲ့ ပဋိစ္စသမုပ္ပါဒ် ဒကာသစ်တို့၏ ကုသိုလ် တွေကိုလည်း ဒကာ ဒကာမတွေ ဉာဏ်နဲ့ ကိုက်ပြီး ကြည့်ကြပါနော် (မှန်လှပါ ဘုရား)။

အဲ ဒါဖြင့် ဒါက နောက် ဘဝက အဝိဇ္ဇာ၊ ပစ္စယာသင်္ခါရာလုပ်ခဲ့တယ် (လုပ်ခဲ့ပါတယ် ဘုရား) မလုပ်ခဲ့ဘူးလား (လုပ်ခဲ့ပါတယ် ဘုရား)။

အဝိဇ္ဇာကကိလေသဝဋ်

လုပ်ခဲ့တဲ့အခါကျတော့ အဝိဇ္ဇာက ဘာတုန်းဆိုတော့ ဒီလာကြည့်လိုက် များ အနီလေးပြတာ ကိလေသဝဋ် (မှန်လှပါ) အဝိဇ္ဇာဟာ ကိလေသဝဋ်ပါပဲ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သင်္ခါရက ကမ္မဝဋ် (မှန်လှပါ) သော် ကိလေသ ဝဋ်နဲ့ ကမ္မဝဋ်လုပ်ခဲ့ကြတယ် (မှန်လှပါ ဘုရား) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

သင်္ခါရကကမ္မဝဋ်

မသိတာက ဘာဝဋ်ပါလိမ့် (ကိလေသဝဋ်ပါ ဘုရား) ကုသိုလ်ပြုပြီး ဆုတောင်းတာက (ကမ္မဝဋ်ပါ ဘုရား) ေဩာ် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နောက်ဘဝက လာတာ သစ္စာမသိခဲ့တဲ့ အတွက် ကိလေသဝဋ်နဲ့ ကမ္မဝဋ်ပဲ လုပ်ခဲ့ကြတယ် (မှန်လှပါ ဘုရား)။

ဒကာကြွယ် ဒါက ခါတိုင်း ဟောတာနဲ့ မတူဘူး လို့ (မှန်လှပါ) ဝဋ်ကို မူတည်ဟောတယ် (မှန်လှပါ ဘုရား) ဘာမူတည် ဟောပါလိမ့် (ဝဋ်ကို မူတည်ဟော ပါတယ် ဘုရား)။

ဝဋ်ကိုမူတည်ဟောတာ

ဝဋ်ကို မူတည်ဟောတယ်လို့ သေသေချာချာ မှတ်ကြ ပါနော် (မှန်လှပါ ဘုရား) သစ္စာ မသိတာက ဘာဝဋ်တဲ့ (ကိလေသဝဋ်ပါ ဘုရား)။

ကုသိုလ်ပြုပြီး ဆုတောင်းတာက (ကမ္မဝဋ်ပါ ဘုရား) ဒကာ ဒကာမတွေက ဝဋ်ကျွတ်ချင် လိုက်တာ ကလည်း လွန်လို့ ကိုယ်လုပ်တာကလည်း ဝဋ်နှစ်ပါး လုပ်ခဲ့တယ် (မှန်လှပါ ဘုရား)။

ဘယ်တုံးက လုပ်ခဲ့ပါလိမ့်မတုံး ဆိုတော့ လွန်လေပြီး သော အတိတ်ကာလက (မှန်ပါ့ ဘုရား) ဘယ်တုန်း ကပါလိမ့် (လွန်လေပြီးသော အတိတ်ကာလကပါ ဘုရား)။

ေဩာ် ဘာဝဋ်လုပ်ခဲ့ပါလိမ့် (ကိလေသ ဝဋ်နဲ့ ကမ္မဝဋ် လုပ်ခဲ့ပါတယ် ဘုရား)။ မောင်ဘသော် ဒီနေ့ တရားက တစ်မျိုး (မှန်လှပါ ဘုရား)။

ဝဋ်နဲ့ ရှင်းပြတယ် (မှန်ပါ့ ဘုရား)။ ဒကာကြွယ် သဘောပါပလား (ပါပါတယ် ဘုရား)။

မသေခင်ဘဝကလုပ်ခဲ့တာ

နောက်က ဒကာ ဒကာမတွေ ဒါ ဒကာ ဒကာမတွေ မသေခင် ဘဝက လုပ်ခဲ့တာနော် (မှန်ပါ ဘုရား)။

မသေခင်ဘဝက လုပ်ခဲ့တာတွေက အင်း မသိတာ လုပ်ခဲ့တာက ကိလေသဝဋ် (မှန်ပါ့ ဘုရား) ကုသိုလ် ပြုပြီးသကာလ လူ့ပြည်ဆုတောင်းတာက (ကမ္မဝဋ်ပါ ဘုရား)။

ဒါကြောင့် ကမ္မဝဋ်က နှစ်ပါးလို့ ဆိုလိုက်တယ် နော် (မှန်ပါ့ ဘုရား) ကိလေသဝဋ်ကလည်း သုံးပါးပေါ့ ဗျာ (မှန်ပါ့ ဘုရား)။

ဒါ သုံးပါး အသာထားပါတော့ သုံးပါးသိပြီ ကြိုး – အတိုင်းလိုက်ပြီး သကာလ ဒကာ ဒကာမတွေ သိမယ်ဆိုရင် တဏှာ ဥပါဒါန် ထည့်တာပါပဲ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ကိလေသဝဋ်နဲ့ ကမ္မဝဋ်လုပ်ခဲ့တဲ့ အတွက်တဲ့ ဒကာ ဒကာမတွေဟာ သေတာပဲ (မှန်ပါ့ ဘုရား)။

သေပြီးရတာဝိညာဏ်

သေပြီး စုတေပြီး သကာလ သွားတဲ့အခါ ဟောဒီ ဒကာ ဒကာမတွေ ဝိညာဏ်ဆိုတဲ့ ပဋိသန္ဓေ ဝိညာဏ် ပဋိသန္ဓေ နေရပါတယ် (မှန်ပါ့ ဘုရား)။

ပဋိသန္ဓေနေရင် နာမ်ရုပ် ပေါ်ရတယ် (ပေါ်ပါ တယ် ဘုရား)။ နာမ်ရုပ် ပေါ်လို့ရှိရင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် မလာပေဘူးလား (လာပါတယ် ဘုရား)။

ကိုယ်စိတ်လာရင် ဖဿ (မှန်ပါ့ ဘုရား) ဝေဒနာ (မှန်ပါ့ ဘုရား) ပေါင်းလိုက်တော့ ခန္ဓာငါးပါး (မှန်ပါ ဘုရား)။

ေဩာ် ဒကာ ဒကာမတွေ ခု ခန္ဓာငါးပါးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကုသိုလ်လည်းပြုပြီး သကာလ အကုသိုလ် တဏှာက ဆုတောင်း လိုက်တဲ့ အတွက် ခန္ဓာငါးပါး ဒုက္ခသစ္စာတရား (မှန်လှပါ ဘုရား)။

ဘယ်အချိန်များ ရရှာပါလိမ့်မတုန်း ဆိုတော့ ယခု ပစ္စုပ္ပန် (မှန်လှပါ ဘုရား) ေဩာ် တရားနာ နေတာသည် ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

ဟော သူ့ပြန်ပြတယ် (မှန်ပါ့) ဒါကြောင့် သစ္စာသိစေချင်တယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒုက္ခသစ္စာခန္ဓာငါးပါးရတယ်

ဒီတရားနာနေတဲ့ ခန္ဓာငါးပါးကြီးဟာ အတိတ်ဘဝက ဒီနှစ်ခုပြုလုပ်ခဲ့တဲ့ ဒီနေရာမှာ သေပြီး အကြောင်း အကျိုး ထပ်ပြီး ဒုက္ခသစ္စာ ခန္ဓာငါးပါး ရတယ် (ရပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါး ဘာသစ္စာတရားတုံး (ဒုက္ခ သစ္စာတရားပါ ဘုရား)။

ဪ ဒီလောက်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ သစ္စာသိအောင် ပေါ်ပြီ (မှန်လှပါ ဘုရား)။

သစ္စာသိဖို့အရေးကြီးတယ်

ဒို့ သစ္စာသိအောင် ဟောရလို့၊ နာရလို့ ရှိရင်ဖြင့် ခုနက ပြောခဲ့တဲ့ အချက်တွေဟာ ဒို့ သေသေချာချာ နတ်ပြည်လည်းရောက်၊ ရောက်ရောက်ချင်းပဲ သောတာပန် တည် (မှန်ပါ့)။

သို့မဟုတ်လို့ရှိရင်လည်း ခဏနေမှ တရားနာမှတည် (မှန်ပါ့ ဘုရား) သို့မဟုတ်လို့ ရှိရင်လည်း အရင်ဦးတဲ့ လူတွေက နတ်ပြည်ရောက်နှင့်ပြီး သကာလ ဒို့သွားတဲ့အခါ သူတို့က လက်တို့ဟောတာနဲ့ တည် ဆိုတာကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

ကိုယ့်ဟာကိုယ် ရပြီးသား နှလုံးသွင်းလို့ တည်တာ ကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီကဲ့သို့ ရှိပြီး သကာလနေတော့ ဒီက သိထားတဲ့ အရေးဟာ တစ်နံပါတ် အရေးကြီးတယ် (ကြီးပါတယ် ဘုရား)။

ဒကာကြွယ် ဒီကသိဖို့ အရေးက (တစ်နံပါတ် အရေးကြီးပါတယ် ဘုရား) ဒီကသိမှ ဟို လေးချက် သွားတိုး မှာ။

ဘယ်လိုပဲအိုက်အိုက် ကြိုးစားမှတ်ပါ

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်လိုပဲ အိုက်အိုက် ဘယ်လိုပဲ လူတွေက ကျပ်ကျပ် ကြိုးစားပြီး ကြည့်ပါ (မှန်ပါ့) ကြိုးစားပြီး မှတ်ပါ (မှန်ပါ့)။

ဒကာကြွယ် တိုက်တွန်းရ (တိုက်တွန်းရပါတယ် ဘုရား) အကျိုးစီးပွားအလိုရှိတဲ့ ပုဂ္ဂိုလ်ကိုးဗျ (မှန်လှပါ)။

အကျိုးစီးပွား အလိုရှိတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဒကာ ဒကာမတွေ တိုက်တွန်းတာကို ဘုန်းကြီးက လည်း လွန်လွန်းတယ်လို့ မဆိုလိုက်ပါနဲ့ ကိုယ်က ကိစ္စမပြီးသေးလို့ ဒီလောက် တိုက်တွန်းတာကိုးလို့ မှတ်လိုက်ပါ (မှန်လှပါ ဘုရား)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

လိုနေသေးလို့တိုက်တွန်းနေရတာ

တရား ကိစ္စဟာ လိုနေသေးလို့ တိုက်တွန်းနေရပါ တယ် (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီက ကိလေသဝဋ်တွေ လုပ်ခဲ့ တဲ့အတွက် ဒီကိလေသဝဋ်နဲ့ ကမ္မဝဋ် လုပ်ခဲ့တဲ့ အတွက် ဟောဒီ ဒကာ ဒကာမတို့၏ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ယခု တရားနာ နေတဲ့ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခသစ္စာကို ဝဋ်တော့ ဘယ်ထဲ သွင်းသတုံးလို့ မေးတော့ ဝိပါကဝဋ်ထဲ သွင်းလိုက်ပါ (မှန်ပါ့) အကျိုးပေးပြီး (မှန်ပါ့) ဒုက္ခကြီးနဲ့ အကျိုးပေးပြီး (မှန်ပါ့) သဘောကျ ပလား (ကျပါတယ် ဘုရား)။

အဲတော့ ဝိပါက ဝဋ်ဖြစ်ပြီး သကာလ နေတော့ ဒကာ ဒကာမတို့ အခု ဝဋ်သင့်နေတဲ့ ခန္ဓာ ကိုယ်ကြီး (မှန်ပါ့ ဘုရား)

ခန္ဓာကိုယ်ကြီးသည် ဒကာ ဒကာမတို့ ကောင်း ကောင်းရထားတာလား ဝဋ်သင့်နေတာလား (ဝဋ် သင့်နေတာပါ ဘုရား)။

ဪ သင့်မှာပဲ ဒကာ ဒကာမတို့ ကိလေသ ဝဋ်နဲ့ ကမ္မဝဋ် လုပ်ထားတော့ သေသည်၏ အခြားမဲ့၌ ဒီဝိ ပါကဝဋ်တော့ ရရမယ် (ရပါတယ် ဘုရား)။

ဝိပါကဝဋ်လို့မှတ်လိုက်စမ်းပါ

ဒါဖြင့် ဒီခန္ဓာကြီးဟာ ဘာဝဋ်ပါလိမ့်ဗျာ (ဝိပါကဝဋ်ပါ ဘုရား) ဝိပါကဝဋ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘာဝဋ်ပါလိမ့် (ဝိပါကဝဋ်ပါ ဘုရား) ဝိပါက ဆိုတာ အကျိုးပေး (မှန်ပါ့) ဝဋ္ဋ ဆိုတာ က လုံးတာ (မှန်ပါ့ ဘုရား)။

အကျိုးပေးဖြင့် လုံးထွေးနေတော့ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား) အကျိုး ပေးဖြင့် လုံးထွေးနေပြီ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ဒုက္ခကို ပင်လယ်ဝေနေပြီ၊ သားပူ၊ သမီးပူ၊ ဆွေပူ မျိုးပူနဲ့ (မှန်ပါ့) မင်းပူ၊ စိုးပူတွေနဲ့ ဒကာ ဒကာမတို့ ဒုက္ခ ပင်လယ်ဝေ ပြီးတော့ ဝိပါကဝဋ်ကြီးဟာ ခု သင့်နေတာမှ ဟုတ်ကြရဲ့လား (ဟုတ်ပါတယ် ဘုရား)။

ဟုတ်တယ်တဲ့ ဒါဖြင့် ဝိပါကဝဋ်ဟာ ဘာသစ္စာပါ လိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ သားပူလာလည်း အင်း ဒါ ဒုက္ခသစ္စာပဲ ဉာဏ်နှလုံးသွင်းလိုက် (မှန်ပါ့)။

သမီးပူလာရင် (ဒုက္ခသစ္စာပါ ဘုရား) မင်းပူလာ ရင် (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာပဲလို့ နှလုံး သွင်းပြီးနေ (မှန်ပါ့)။

နှလုံးသွင်းရင် သစ္စာသိတာပဲ

နှလုံးသွင်းလိုက်လို့ရှိရင်ဖြင့် ဒါ သစ္စာသိတာပဲ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဝိပါက ဝဋ်ထဲမှာ ဒကာ ဒကာမတွေ နှလုံး သွင်းရမှာ (မှန်ပါ့ ဘုရား) နှလုံးမသွင်းလို့ ရှိရင် ဒကာ ဒကာမတွေ ဟောဒီမှာ တဏှာ၊ ဥပါဒါန် ဆိုတဲ့ ကိုယ့်ခန္ဓာ ကိုယ်ခင်တဲ့ တဏှာ၊ ဥပါဒါန်၊ ကံတွေ လာလိမ့်ဦးမယ် (မှန်ပါ့ ဘုရား)။

မလာပေဘူးလား (လာပါတယ် ဘုရား) လာရင် ဒကာ ဒကာမတို့ ဟောဒါ ကိလေသဝဋ်နဲ့ ကမ္မဝဋ် ပြန်လှည့် နေတာ (မှန်ပါ့ ဘုရား)။

တော် ပမလား (မတော် ပါဘူး ဘုရား)။ မတော်တော့ ဒါတွေဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာ တွေ ပါ ဘုရား)။

အဲ ဝိညာဏ် နာမ်ရုပ်ထားပြီး သကာလ ေဩာ် ဒို့ခန္ဓာကြီးဟာ ရုပ်ကလေးပေါ်လဲ ဒုက္ခသစ္စာ (ဒုက္ခ သစ္စာပါ ဘုရား) နာမ်ကလေး ပေါ်ရင်ကော (ဒုက္ခသစ္စာ ပါ ဘုရား)။

ဝေဒနာလေး ပေါ်ရင်ကော (ဒုက္ခသစ္စာပါ ဘုရား) ဖဿလေး ပေါ်ရင် (ဒုက္ခသစ္စာပါ ဘုရား) လက်ရှိ စိတ်ကလေးပေါ် (ဒုက္ခသစ္စာပါ ဘုရား)

အင်း ကြားတဲ့ စိတ်ကလေးပေါ် (ဒုက္ခသစ္စာပါ ဘုရား) နှာခေါင်းစိတ် ကလေးပေါ် (ဒုက္ခသစ္စာပါ ဘုရား) စားစိတ် ကလေးပေါ် (ဒုက္ခသစ္စာပါ ဘုရား)။

ယားတယ်၊ နာတယ်၊ ကောင်းတယ် စိတ်ကလေးပေါ် (ဒုက္ခသစ္စာပါ ဘုရား) ကြံတယ်၊ တွေးတဲ့ စိတ် ကလေးပေါ် (ဒုက္ခသစ္စာပါ ဘုရား) ပေါ်ရာ ဒုက္ခသစ္စာချည့် သွင်းလိုက် (မှန်ပါ့)။

အဲတော့ ပေါ်တာက ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါ ဘုရား) ဒီခန္ဓာထဲက ပေါ်လာတာ ဒုက္ခသစ္စာ ကြီးလို့ နှလုံး သွင်းလိုက်ပါ (မှန်လှပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ တပည့်တော်တို့ သစ္စာ မသိသေးပါဘူး ဘုရားလို့ လျှောက်မလား၊ ခန္ဓာထဲက ပေါ်တာ ဒုက္ခသစ္စာ ချည့်လို့ သိတာနဲ့ သိပါပြီ ဘုရားလို့ လျှောက်ကြပါနော် (မှန်လှပါ ဘုရား)။

တစ်ကိုယ်လုံးကဒုက္ခသစ္စာ

ခန္ဓာထဲက ဘာပေါ်ပေါ် ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား)။ အဲ ခန္ဓာထဲက ဘာပေါ်ပေါ် ဒုက္ခသစ္စာ ဆိုတော့ တစ်ကိုယ်လုံးမှာ ဒုက္ခသစ္စာ ဖြစ်နေတော့ ဒီခန္ဓာထဲ က ယားတာလည်း ဒုက္ခသစ္စာ၊ နာရင်လဲ ဒုက္ခသစ္စာ၊ ကောင်း ရင်လဲ ဒုက္ခသစ္စာ (မှန်ပါ ဘုရား)။

ဘာပြုလို့တုံး တစ်ကိုယ်လုံးက ဒုက္ခသစ္စာ (မှန်လှပါ ဘုရား) ကောင်းရင်လဲ ဘာဖြစ်တုံး (ဒုက္ခသစ္စာ ပဲ) ကောင်းတာလေး မြဲရဲ့လားလို့ မေးတော့ ကောင်းပြီး ပျောက်တာပဲ (ပျောက်ပါတယ် ဘုရား)။

ပျောက် ဒုက္ခနဲ့ ပျက်ဒုက္ခနဲ့ မကြုံဘူးလား (ကြုံပါ တယ် ဘုရား) အဲ ဒါကြောင့် ဘာပေါ်ပေါ် ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)

အဲဒီကဲ့သို့ ဒကာ ဒကာမတွေက ဒုက္ခသစ္စာကို ဤကဲ့သို့ သိသွားတော့၊ ဪ ဒုက္ခသစ္စာ ဆိုတာ တခြားလား မှတ်တယ်၊ ခန္ဓာကြီးထဲက တစ်ကိုယ်လုံးက ဒုက္ခသစ္စာ ဖြစ်နေတော့ ထူးထူး ခြားခြား ခန္ဓာထဲက ပေါ်လာတာလည်း ဘာသစ္စာ ဆိုကြမတုံး (ဒုက္ခသစ္စာပါ ဘုရား)။

သိအောင် လုပ်နော် (မှန်လှပါ ဘုရား) သိ အောင်လုပ်ထား၊ ယားလည်း ဒုက္ခသစ္စာ၊ နာလည်း ဒုက္ခသစ္စာ၊ စားတဲ့စိတ်ကလေး ပေါ်လာရင် (ဒုက္ခသစ္စာ ပါ ဘုရား)။

လေးလေးစားစားသာမှတ်လိုက်ပါ

အေး စားတဲ့စိတ်ကလေးကို (ဒုက္ခသစ္စာပါ ဘုရား)။ ကုသိုလ်လေး ပြုချင်တဲ့ စိတ်ကို (ဒုက္ခသစ္စာပါ ဘုရား) မေတ္တာလေး ပို့ချင်တဲ့စိတ်ကို (ဒုက္ခသစ္စာပါ ဘုရား)။

ဒါ ဒုက္ခသစ္စာကြီး ပေါ်တာ ဒုက္ခသစ္စာလို့ ဘုန်းကြီး တို့ ဒကာ ဒကာမတွေက လေးလေး စားစားသာ မှတ်လိုက် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာကြောင့်တုံး ဆိုတော့ ခန္ဓာငါးပါးဟာ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခန္ဓာငါးပါး (မှန်လှပါ့ ဘုရား) ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲတော့ ကိုယ့်ခန္ဓာကြီး ဒုက္ခသစ္စာ ဆိုကတည်းကိုက ဪ ငါ သစ္စာသိပြီ (မှန်လှပါ ဘုရား) ငါ သစ္စာ သိပြီလို့ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ထမင်းစားချင်တယ်၊ စားချင်တဲ့ စိတ်ကလေးလာ လည်း (ဒုက္ခသစ္စာလို့ မှတ်ရမှာပါ ဘုရား)၊ ဝ, လာတဲ့ အခါ၊ ဝ, လို့ ပျို့တာ အန်တာ ဖြစ်လာတာ ဘာတုံး (ဒုက္ခသစ္စာ ပါ ဘုရား)။

ဝလာလို့ အရင်ထမင်းတွေက အစာသစ်၊ နောက် အစာဟောင်းတွေက အရင်စားထားတဲ့ အစာဟောင်း တွေက ကျင်ကြီးကျင်ငယ် စွန့်ချင်တော့ ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား)။

သွားရ၊ လာရတာကော ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား)။

အဲတော့ ဒီခန္ဓာထဲမှာပဲတွေ့တယ် (မှန်လှပါ ဘုရား) ဒကာ ဒကာမတို့ တခြားမှာ တွေ့သေး လား (မတွေ့တော့ပါဘူး ဘုရား)။

အဲဒါကြောင့် ဒီခန္ဓာငါးပါးထဲက ဘာပဲပေါ်ပေါ် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) အိုး ဘယ်အချိန်များ ပေါ်ပါလိမ့်မတုံးဆိုတာ ကြည့်လိုက် ပစ္စုပ္ပန် (မှန်လှပါ ဘုရား)။

မသေခင် ပေါ်တယ် (မှန်လှပါ ဘုရား) ဒကာ ဒကာမတို့ မသေခင်ပေါ်ပြီး ဘာတဲ့ (ပျောက် ပါတယ် ဘုရား)။ ဒါ ပစ္စုပ္ပန်အကျိုးတွေ (မှန်လှပါ ဘုရား)။

ဒါကြောင့် အကျိုးဖြစ ်သောကြောင့် ဝိပါကဝဋ်လို့ ဆိုလိုက်ပါတယ် (မှန်လှပါ ဘုရား) ဒကာကြွယ် ကျေနပ် ပလား (ကျေနပ်ပါတယ် ဘုရား)။

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သစ္စာ သိချင်တာက ဒီဘဝတွင် ကိစ္စပြီးစေချင်လို့ (မှန်လှပါ ဘုရား)။

နတ်ပြည်မှတစ်ပါး ဘယ်မှမသွားဘူး

ကွာတဲ့ သစ္စာ သိပြီးတဲ့ ပုဂ္ဂိုလ်တွေ သုဂတိမှတစ်ပါး ဘယ်မှမသွားလို့ ဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် ငါသေရင် ဘာများ ဖြစ်ဦးမှာပါလိမ့် မလဲဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်တော့မှ မတွေးနဲ့ (မှန်လှပါ ဘုရား)။

ဒို့ ခန္ဓာထဲက ပေါ် သ၍ ဒုက္ခသစ္စာ သိပြီး သိတဲ့ ပုဂ္ဂိုလ်သေလို့ရှိရင် နတ်ရွာ သုဂတိမှတစ်ပါး ဘယ်မှ မသွား ဘူးဆိုတာကို ဧကန် ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အားကိုးတရားလား၊ သစ္စာသိသေရင် သံသရာ မလည်ဘူးဆိုလျှက် ဟောတာ ဆိုတာလဲ ပေါ်ကြပလား (ပေါ်ပါတယ် ဘုရား)။

ဉာဏ်မျက်လုံးဖွင့်ပေးတဲ့လပြည့်နေ့

နေရာကျလိုက်တာ ဒကာ ဒကာမတို့ ဒီနေ့ သီတင်း ကျွတ်တဲ့နေ့ကြီးမှာ ဘုန်းကြီးများ ဒကာ ဒကာမတွေ ဉာဏ် မျက်လုံး ပွင့်ခဲ့တဲ့နေ့၊ လကလည်း ပြည့်တဲ့နေ့ ဒကာကြွယ်ရေ (မှန်လှပါ ဘုရား)။

မိမိဉာဏ်ကလည်း အလင်းရတဲ့နေ့ ဆိုတော့ဖြင့် အလင်းတွေကို ဆုံတဲ့နေ့၊ ကြုံတဲ့နေ့ ဆိုရင် လွဲပါ့မလား (မလွဲပါဘူး ဘုရား)။

အဲဒါကြောင့် အဖိုးတန်လိုက်တဲ့ ဖြစ်ခြင်းမှ ဒကာ ဒကာမတွေ ပြောစရာမရှိပါဘူး (မှန်လှပါ ဘုရား)။

ယခု ခန္ဓာကြီးဟာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) အင်း ဘယ်ကာလပါလိမ့် (ပစ္စုပ္ပန် ကာလပါ ဘုရား) ပစ္စုပ္ပန်ဆိုတာ တခြားယူမနေနဲ့ တရား နာရင်းကို ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

ဪ တရားနာရင်းကို နာတာလည်း ဒုက္ခ သစ္စာ၊ အိုက်တာကော (ဒုက္ခသစ္စာပါ ဘုရား)။

အင်း ကြည့်နေရတဲ့ မျက်လုံး ကလေးကကော (ဒုက္ခသစ္စာပါ ဘုရား) အင်း ဒုက္ခသစ္စာချည်ပဲ သူတို့ ကြည့်လိုက်၊ ပျက်လိုက်၊ ကြည့်လိုက်၊ ပျက်လိုက်၊ ကြည့်လိုက် ပျက်လိုက်၊ မောင်ဘသော် ဒါက ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား)။

ဦးလှဘူးရေ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာမှ တစ်ပါး ခန္ဓာထဲက ဘာပေါ်သေးတုံး (ဘာမှ မပေါ် ပါဘူး ဘုရား)။

အသုဘကြီးတစ်ခုရှိတယ်ဆိုကြပါစို့

အဲ ဒကာ ဒကာမတို့ မယုံလို့ရှိရင် အလောင်းကောင် အသုဘကြီးတစ်ခုကို အိမ်ပေါ်မှာ မလွှဲသာလို့ ထားတဲ့ ခုနှစ် ရက် ထားမယ်ဆိုတဲ့ အသုဘ တစ်ခု ရှိတယ် ဆိုကြပါစို့ (မှန်လှပါ)။

ဒီ အသုဘကြီးထဲက ဘာတွေ ထွက်လာသတုံးလို့ မေးတဲ့အခါ နားထဲက ထွက်လာလည်း သုဘ ထွက်မလား၊ အသုဘ ထွက်မလား (အသုဘထွက်မှာပါ ဘုရား)။

ပါးစပ်ထဲက အရည်တွေ ထွက်လာလို့ရှိရင်လည်း သုဘလား၊ အသုဘလား (အသုဘပါ ဘုရား)၊ နဂိုက ဘာမို့ ဘာထွက်လာတာတုံး (အသုဘမို့ အသုဘ ထွက်လာတာပါ ဘုရား)၊

အင်း ဒီမှာလည်း ခန္ဓာကိုယ်ထဲက ဒါဘာသစ္စာ ပါလိမ့်၊ (ဒုက္ခသစ္စာပါ ဘုရား)၊ သူက ဘာထွက် လာလာ ဘာသစ္စာဆိုမတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဟော ဒကာကြွယ် နေရာကျပြီ (ကျပါတယ် ဘုရား)။

အသုဘကြီးထဲက ဘာ ကျင်ကြီးထွက်လာ၊ ကျင်ငယ် ထွက်လာ၊ ချွေးထွက်လာလိုက်၊ ပြည်တွေ ထွက်လာလိုက်၊ အသုဘက အသုဘပဲ ထွက်လာတာပဲ (မှန်လှပါ ဘုရား) ရှင်းကြလား (ရှင်းပါပြီ ဘုရား)။

ဒီမှာလည်း ဒကာ ဒကာမတွေ ခန္ဓာ ကိုယ်ကြီးက လှုပ်လိုက်လည်း အသုဘပဲ၊ ထိုင်နေတော့ (အသု ဘပါ ဘုရား) ဒုက္ခသစ္စာပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အင်း ပြောတဲ့ စိတ်ကလေးကကော (ဒုက္ခသစ္စာ ပါ ဘုရား)။ အင်း ငြိမ်နေတဲ့ စိတ်ကလေး ကကော (ဒုက္ခ သစ္စာပါ ဘုရား) ကြံနေတဲ့ စိတ်ကလေးကကော (ဒုက္ခ သစ္စာပါ ဘုရား)။

ေဩာ် ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးဟာ ယခု ဘယ်ကာလမှာပေါ်တုံး (ပစ္စုပ္ပန်ကာလမှာ ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် ပစ္စုပ္ပန်ကာလမှာ ဒကာကြွယ် မှတ်လိုက်စမ်း၊ ပေါ်စိတ်ကလေးတွေပေါ် မြင်စိတ်ပေါ်ပေါ်၊ ကြားစိတ် ပေါ်ပေါ် ကြံစိတ်ပေါ်ပေါ်၊ တွေးစိတ် ပေါ်ပေါ်၊ ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ ဘုရား)။ အ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)

ဒါဖြင့် တပည့်တော်တို့ ဒုက္ခသစ္စာ မသိသေးဘူး ဘုရားလို့ ဆိုကြမလား၊ ပေါ်ရာ ဒုက္ခသစ္စာလို့ သိပါပြီလို့ ဆိုကြမလား (ပေါ်ရာ ဒုက္ခသစ္စာလို့ သိပါပြီ ဘုရား)။

ဒီအသိနဲ့သေရင် အပါယ်မကျဘူး

ဒီ အသိလေးကို အင်မတန် အရေးတကြီး ပြောနေရ တယ် (မှန်လှပါ ဘုရား) ဒီအသိလေးကို အင်မတန် အရေး တကြီး ပြောနေတယ်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ ဒီအသိနဲ့ သေရင် အပါယ် မကျဘူး ဆိုတာလေးတစ်လုံးကို လက်ကိုင် ထားရမယ် (မှန်လှပါ ဘုရား)။

ရောက်သည်နဲ့ တစ်ပြိုင်နက်တည်း သောတာပန် တည်မယ်ဆိုတာလည်း အမှန် ဆုံးဖြတ် ချက်ချ (မှန်လှ ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် ဒီအသိလေးကို ဒကာကြွယ် ဖိဟော နေရတယ် (မှန်လှပါ ဘုရား) အားလုံး ဒကာ ဒကာမတွေ ပျင်းကြပလား (မပျင်းပါ ဘုရား)။

မပျင်းနဲ့ ဒီအသိရပြီးလို့ရှိရင်ဖြင့် သေချင်းဆိုး မရှိ တော့ဘူး (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ် ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဟာသည် ဝိပါကဝဋ် (မှန်လှပါ) ပစ္စုပ္ပန် အကျိုး (မှန်လှပါ) သဘော ကျပလား (ကျပါတယ် ဘုရား)။

ပစ္စုပ္ပန် ဆိုတာ ယခု (မှန်ပါ့) အကျိုး ဆိုတာ ဝိပါက် (မှန်လှပါ ဘုရား) ဒါဖြင့် ဒါ ဝိပါကဝဋ် ဆိုတာ သဘော ကျပလား (ကျပါတယ် ဘုရား)။

ဒါ ဝိပါကဝဋ် ဒီထဲက ဘာပေါ်ပေါ် ဝိပါကဝဋ် (မှန်လှပါ ဘုရား) ဒါဖြင့် ဒီထဲ ဒကာ ဒကာမတွေ ဝဋ်ကျွတ် သလားတဲ့ ဝဋ်နဲ့ အတူတူ နေရတုန်းပဲလား (ဝဋ်နဲ့ အတူတူ နေရတုန်းပါ ဘုရား)။

အဲ ဝဋ်နဲ့အတူတူ နေရတုန်းပါပဲ ဆိုတဲ့ ဥစ္စာဖြင့် ဒကာ ဒကာမတွေက သိပြီးသား ဖြစ်နေတော့ ဒီထဲမှာ ဝိပါက ကိုယ့် အကျိုးပေးက ဒုက္ခချည့် အကျိုးပေးတာ ကိုး ဆိုတာကော သိပလား (သိပါပြီ ဘုရား)။

ကြားစိတ် ကလေးပေါ်လာတယ် မကြားချင်လို့ မရဘူး၊ ကြားတဲ့စိတ်တော့ ပေါ်လိုက် သေးတာပဲ (မှန်ပါ့) အင်း အကျိုးပေးကိုဗျ (မှန်လှပါ ဘုရား)။

ဘာသစ္စာလေး ပေါ်လား (ဒုက္ခသစ္စာလေး ပေါ်လာပါတယ် ဘုရား) ဪ ဟိုအိမ်က ကြော်တယ်။ ဒီအိမ်က နံတဲ့စိတ် ကလေးကော မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အင်း မပေါ်ပါနဲ့ဆိုလို့ (မရပါဘူး ဘုရား)။ အင်း ပေါ်ပြီးတော့ လာပြန်တော့ ခိုင်သလား၊ မြဲသလား၊ ဒုက္ခ ရောက်သွားသလား (ဒုက္ခရောက်သွားပါတယ် ဘုရား)။

တစ်ကိုယ်လုံး ပေါ်ပျောက်ချည်းရှိတယ်

ဒါဖြင့် ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ် တစ်ကိုယ်လုံး ပေါ်ပျောက် ချည့် ရှိတယ် (မှန်လှပါ ဘုရား)။

ပေါ် ပျောက်ဟူသ၍ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား ဒါဖြင့် ဒီခန္ဓာကိုယ်ထဲမှာ ဘာသာလျှင် အသုဘက အသုဘသာ ပြသတုံး ဒုက္ခခန္ဓာကြီးက ဒုက္ခသစ္စာပဲ ပေါ်ပြီး သကာလ ပြတယ် (မှန်လှပါ ဘုရား)။

ဒုက္ခခန္ဓာက (ဒုက္ခသစ္စာပြပါတယ် ဘုရား)။ ဒုက္ခ သစ္စာပဲပြော (မှန်လှပါ) ဒုက္ခသစ္စာပဲ ပြတယ် (မှန် လှပါ) ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ အလွန် အဖိုးတန်တဲ့ ဉာဏ်ထူး ဉာဏ်မြတ် ကြီး အပါယ် တံခါးပိတ်တဲ့ ဉာဏ်ထူး ဉာဏ်မြတ်ကြီး ဒကာကြွယ်တို့ ဦးလှဘူးတို့ မောင်ဘသော်တို့ သေသေချာချာ ရတယ် (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲ ဒါဖြင့် ခန္ဓာထဲက ပေါ်တိုင်း ပေါ်တိုင်း ဒုက္ခသစ္စာ သိလုံးလေးက ဟောဒီနေရာက နေပြီး သိတယ် (မှန်လှ ပါ ဘုရား)။

သိလုံးကလေးက ဒကာ ဒကာမတွေ အဝေးက မမြင် မှာစိုးလို့ ဒီနေရာက နေသိတယ် (မှန်လှပါ ဘုရား)။

ဒီနေရာကနေ သိတော့ အပြင်ဘက် ထွက်သေးရဲ့ လား (မထွက်တော့ပါဘူး ဘုရား) မဂ်တွေ ဖြစ်သောကြောင့် မဂ်သည် ဒီအကြောင်းနဲ့ ဒီအကျိုး မဆက်ရအောင် ဖြတ်လိုက်သည် (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီ ဝေဒနာ ပစ္စယာ တဏှာ လာသေးရဲ့ လား (မလာတော့ပါဘူး ဘုရား) ဝေဒနာ ပစ္စယာ ပညာ (မှန်ပါ့ ဘုရား) မဂ်လာတယ် (လာပါတယ် ဘုရား)။

ဝေဒနာပစ္စယာ (ပညာပါ ဘုရား)၊ ပညာဆို တော့ မဂ်က ဖြတ်ပေးလိုက်တယ် (မှန်လှပါ ဘုရား) ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

မဂ်ကဖြတ်လိုက်တယ်

မဂ်က ဖြတ်လိုက်တဲ့အတွက်တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တဏှာ၊ ဥပါဒန်၊ ကံ လာနိုင် သေးရဲ့ လား (မလာနိုင်ပါဘူး ဘုရား)။

ဒါဖြင့် ဘာသစ္စာတုံး (သမုဒယ သစ္စာပါ ဘုရား) လာသေးသလား၊ မလာတော့ဘူးလား (မလာ တော့ပါ ဘုရား) မလာတာ သမုဒယသစ္စာ ချုပ်တယ် (မှန်ပါ့ ဘုရား)။

မလာရင် (သမုဒယသစ္စာ ချုပ်ပါတယ် ဘုရား)- သမုဒယသစ္စာ ချုပ်ပါပြီ ဆိုတာဖြင့် ဒကာကြွယ် သေသေ ချာချာပဲ ဘုရားစက်ဝိုင်း ဒေသနာတော်က ပြနေပါတယ် (မှန်လှပါ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စက်ဝိုင်း ကိုလည်း အလိုရှိသလို့ပဲ ခင်ဗျားတို့ ရနိုင် ပါတယ် (မှန်လှပါ ဘုရား)။

အခုမရ နောက်ရမယ်ပေါ့ဗျာ (မှန်လှပါ ဘုရား) ဘာမှလည်း မပူနဲ့ ဒီဥစ္စာ ငါနေ့တိုင်း ဒီစက်ဝိုင်း ဒေသနာကို ငါ့သန္တာန် ပေါ်သ၍ ဉာဏ်နဲ့ ဖြတ်မယ် (မှန်လှပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့် သန္တာန်ပေါ်တဲ့ ဒုက္ခသစ္စာကို၊ မဂ္ဂသစ္စာချည့်ပဲ ဉာဏ်နဲ့ အမြဲကြည့်ရင်၊ သမုဒယသစ္စာ ဆိုတဲ့ သုံးနံပါတ် အကွက်ဟာ ဒကာ ဒကာမတို့ မပြတ်ဘူးလား ပြတ်လား (ပြတ်ပါတယ် ဘုရား)။

သုံး နံပါတ်အကွက် ပြတ်တယ်ဆိုကတည်းက လေး နံပါတ်လာပါ့မလား (မလာပါဘူး ဘုရား)။

ဒါဖြင့် လေးနံပါတ် ဒုက္ခချုပ်တယ် (မှန်လှပါ ဘုရား) လေးနံပါတ် ဒုက္ခသစ္စာ မချုပ်လား (ချုပ်ပါ တယ် ဘုရား)။

သစ္စာသိရင်သံသရာပြတ်တယ်

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သစ္စာသိရင် သံသရာ ပြတ်တယ်ဆိုတော့။ ပထမ နှစ်နံပါတ် အကွက်ကို ဒကာ ဒကာမတို့ သိတဲ့ ဉာဏ်လေးဟာ ဒီကနေပြီး သိလိုက်တော့ သံသရာ ရှည်သေးသလား၊ ဒီသမုဒယ သစ္စာ ပြတ်သလား၊ မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

နောက် ဒုက္ခလာသေးသလား (မလာပါဘူး ဘုရား) သော် သစ္စာသိလို့ သိတဲ့ ဉာဏ်ကလေး ဒီနေရာ ဝင်လိုက်တာနဲ့ ဦးလှဘူး ဒီဉာဏ်ဝင်လိုက်တာနဲ့ သမုဒယ သစ္စာ တည်းဟူသော တရား ပြတ်တယ် (ပြတ်ပါတယ် ဘုရား)။

နောက်သံသရာ အားပေးတဲ့တရား ပြတ်သည် (ပြတ်ပါတယ် ဘုရား)။

ဒါဖြင့် နောက်သံသရာ ဆိုတဲ့ ခန္ဓာငါးပါး၊ ဒုက္ခသစ္စာ တရားပေါ်သေးရဲ့လား (မပေါ်ပါဘူး ဘုရား)၊ ကိုင်း ဘာကြောင့် နောက် သံသရာသည် ပြတ်ပါလိမ့် ဒကာ ဒကာမတို့ (မဂ်ပေါ်လို့ပါ ဘုရား)။

မဂ်ဟာ ဘာသိတာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) အဲ ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ သိသောကြောင့် (မှန်လှပါ ဘုရား) ဒီသံသရာကြီး အကုန်ပြတ်တယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီစက်ဝိုင်းကြီးဟာ ဒီလို လည်နိုင်သေးရဲ့ လား (မလည်နိုင်ပါဘူး ဘုရား)။

သစ္စာမသိတဲ့သူအတွက်စက်ဝိုင်း

ေဩာ် ဒါဖြင့် သစ္စာမသိတဲ့ ပုဂ္ဂိုလ်အတွက် ရေးထားတဲ့ အကြောင်း (မှန်လှပါ ဘုရား) သစ္စာသိတဲ့ ပုဂ္ဂိုလ် မှာဖြင့်တဲ့ နှစ်ကနေ သုံးကူးသေးရဲ့ လား (မကူးတော့ပါ ဘူး ဘုရား)။

တစ်ခါတည်း မဂ်ပေါ်လာတော့တာပဲ (မှန်လှပါ ဘုရား)။ ကဲ သစ္စာကသစ္စာ၊ သိတာက မဂ္ဂသစ္စာက ဖြတ်တာ (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါတွေ သေသေချာချာ ဒကာ ဒကာမတွေက ကိုယ်တိုင် အမြင်နဲ့ ကိုယ်တိုင် သိတဲ့ အခါကျလို့ ရှိရင်ဖြင့်တဲ့၊ ငါသေသွားသော်လည်း ဆွမ်းမသွတ်နဲ့ဟေ့လို့ မှာလိုက် (မှန်လှပါ ဘုရား)။

ဒကာကြွယ် စကားကြီးသွားတယ် ထင်သလား (မထင်ပါဘူး ဘုရား) သစ္စာသိတဲ့ ပုဂ္ဂိုလ် သံသရာ ပြတ်တယ် (မှန်လှပါ ဘုရား)။

သံသရာပြတ်တယ် ဆိုတာ အောက် အပါယ်လေးပါး ငရဲတိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ် ရောက်မှ ဆွမ်းသွတ် ရမှာကိုးဗျ (မှန်လှပါ ဘုရား)။

သစ္စာသိရင်ဆွမ်းသွတ်စရာမရှိ

ခုတော့ သစ္စာသိတဲ့ ပုဂ္ဂိုလ်တွေ ဆွမ်းသွတ်စရာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား) အဲဒါကြောင့် ဘုန်းကြီး တို့ ဒကာ ဒကာမတွေ ကွာ ဒီအလုပ် သိအောင်လုပ်ပါ (မှန်ပါ့)။

သိလို့ရှိရင်လည်း အိမ်တိုင်းကို မှာခဲ့ပါ (မှန်လှ ပါ ဘုရား) ငါသေရင် ဆွမ်းမသွတ်နဲ့ ဟေ့ (မှန်လှပါ ဘုရား)။

ဘယ်လိုမှာရမတုံး (ငါသေရင် ဆွမ်းမသွတ်နဲ့ ပါ ဘုရား) ဒကာကြွယ် ရဲပါ့မလား (မရဲပါ ဘုရား)။

ရဲမှ၊ ရဲမှ၊ မရဲသေးရင် သစ္စာ မသိသေးလို့ (မှန်လှပါ ဘုရား) မသေသေးလို့ရှိရင် ကိစ္စပြီးနိုင် သေးတယ် (မှန်လှ ဘုရား)။

အဲဒီလို မရဲသေးလို့ ရှိရင်ဖြင့် မသိ,သိအောင်လုပ်ပါ ဆိုတာကိုလည်း ဒုတိယ တိုက်တွန်း လာပြန်တယ် (မှန်လှ ပါ ဘုရား)။

ဒကာ ဒကာမတို့ ခန္ဓာထဲက ဘာပေါ်ပေါ် ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) စားချင်တဲ့ စိတ်ပေါ်ရင် (ဒုက္ခသစ္စာပါ ဘုရား) အိပ်ချင်တဲ့ စိတ်ပေါ်ရင် (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာပဲ ဖြစ်ပြီး ပျက်တာ ချည့်ပဲ မဟုတ်လား (ဟုတ်ပါတယ် ဘုရား)၊ အဲဒါကြောင့် ဖြစ်ပျက်က ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် သစ္စာသိပါသလား (သိပါတယ် ဘုရား) ဒါဖြင့် အသိခံရတာက ဒုက္ခသစ္စာ၊ အသိဉာဏ်က ဘာတဲ့ (မဂ္ဂသစ္စာပါ ဘုရား)။

မဂ္ဂသစ္စာဆိုကတည်းက ဒကာ ဒကာမတို့ သုံးနံပါတ် တဏှာ၊ ဥပါဒါန်၊ ကံလာသေးရဲ့ လား (မလာပါဘူး ဘုရား)။

ဒီဘက်က ဇာတိ၊ ဇရာ၊ မရဏကော (မလာ ပါဘူး ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ သံသရာ မပြတ်လား (ပြတ်ပါတယ် ဘုရား)။

အောက် သံသရာ အကုန်ပြတ်တယ် ဆိုတာ သိပြီး သား ဖြစ်နေတော့ မောင်ဘသော်နဲ့ ဒကာ ဒကာမတွေရော အားလုံး မှာခဲ့ပါ (မှန်လှပါ ဘုရား)။

ငါသေရင်ဆွမ်းမသွတ်နဲ့

ငါကွာ သေတော့ သေရမဲ့ဥစ္စာ ဘယ်တော့ သေမယ် လို့တော့ မသိဘူးပေါ့၊ သေလို့ ရှိရင်ဖြင့် ငါ့အတွက် ဆွမ်း မသွတ်ပါနဲ့လို့ မောင်ဘသော် မှာပါ (မှန်လှပါ ဘုရား)။

ဦးလှဘူးမှာပါ မှာပါ (မှာပါမယ် ဘုရား)။ ဒကာ ဒကာမတွေ ဘယ့်နှယ်တုံး (မှာပါမယ် ဘုရား)။

မမှာလို့ရှိရင် ခင်ဗျားတို့ ခင်ဗျားတို့ ကိုယ်တိုင် ဪ သံသရာ အောက်သံသရာ လည် သေးလို့ပဲ ဆိုတာ ကိုယ့်ဟာကိုယ် စိတ်မချရတဲ့ သဘော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

သစ္စာသိရင်စိတ်ချတော့

သစ္စာ ခုသိပလား (သိပါပြီ ဘုရား) သိရင် စိတ်ချတော့ (မှန်လှပါ ဘုရား) သိရင် စိတ်ချတော့ ပွား။ နောက်ကပွားပွားလေ သိလေ (မှန်ပါ့)။

ကြာတော့ ဒီသစ္စာကို ဒုက္ခသစ္စာကို ဒကာ ဒကာမတို့ နင် နေရစ်တော့ဆိုပြီး ပရိညာနဲ့ ပိုင်းခြား ပါလိမ့်မယ် (မှန်လှ ပါ ဘုရား)။

အဲဒီကျတော့ ပိုကောင်းတယ် (မှန်လှပါ ဘုရား) ခုသိရုံလေးနဲ့တောင် ဒုတိယဘဝ ကိစ္စပြီးတယ် ဆိုတာ ဘုရား အသေအချာ ဟောသည်(မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြွယ်တို့ ဒကာ ဦးလှ ဘူးတို့ မောင်ဘသော်တို့ သစ္စာသိဖို့ အရေးဟာ ခု ဆရာ ဘုန်းကြီး အကွက်ချပြီး ပြောလိုက်တော့ သြော် ငါတို့ တစ်ကိုယ်လုံး ဟာ ဒုက္ခသစ္စာမှတစ်ပါး ဘာမှ မရှိဘူး၊ ပေါ်ချင်တာပေါ် ငါဒုက္ခသစ္စာ ကြည့်မယ်လို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မြန်မြန်ကြိုးစားပြီးမှတ်ပါ

ကိုင်း ဒကာ ဒကာမတွေ တရားကလည်း နာရီက စေ့တော့မယ် မြန်မြန်ကြိုးစားပြီးမှတ်ပါနော် (မှန်လှပါ ဘုရား)။ မြန်မြန်ကြိုးစားပြီး မှတ်ပါလို့ဆိုတာ ဆရာဘုန်းကြီး က အထူးတလည် မေတ္တာကြီး ကြီးကြီးနဲ့ပဲ တိုက်တွန်းပါ တယ် (မှန်လှပါ ဘုရား)။

ခန္ဓာကိုယ်ထဲက ယားရင် ဘာသစ္စာ (ဒုက္ခသစ္စာ ပါ ဘုရား) နာရင် (ဒုက္ခသစ္စာပါ ဘုရား) ကောင်းရင်ကော (ဒုက္ခသစ္စာပါ ဘုရား) ကြည့်မိအောင်လဲ ရှုလိုက် ကြပါနော် (မှန်လှပါ ဘုရား)။

ဖြစ်ပျက်ဆိုတာ ယားတာလည်း ဖြစ်ပြီးပျက်၊ နာတာ လည်း ဖြစ်ပြီးပျက်၊ ကောင်းတာလည်း ဖြစ်ပြီး ပျက်တော့ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာချည့်ပဲလို့ ဒကာ ဒကာမတွေက ရှု လိုက်ပါ (မှန်လှပါ ဘုရား)။

ရှုလိုက်တော့ကိုးတဲ့ ဒီခန္ဓာက ဖြစ်ပျက် (မှန်လှပါ ဘုရား) ကြည့်တာက မဂ် (မဂ်ပါ ဘုရား) မဂ်လာတော့ ဝိစိကိစ္ဆာတွေ၊ တဏှာ၊ ဥပါဒါန်၊ ကံလာသေး ရဲ့ လား (မလာတော့ပါဘူး ဘုရား)။

မလာတော့ သံသရာရှည် သေးသလား၊ ပြတ်သလား (ပြတ်ပါတယ် ဘုရား) ဒီတော့ ဇာတိ ဇရာ။ မရဏကော (ပြတ်ပါတယ် ဘုရား)။

ဒါဖြင့် နောက်ဘဝ ခန္ဓာရှိသေးရဲ့လား (မရှိပါ ဘူး ဘုရား) အဲ ဒီဘဝ ကိစ္စပြီး လုပ်နိုင်ရင်လည်း ဒကာကြွယ် နောက်ဘဝ ခန္ဓာမရှိဘူး (မှန်လှပါ ဘုရား)။

မပြီးသေးလည်း မပူပါနဲ့တဲ့ ဒကာ ဒကာမတွေ သုဂတိရောက်ပြီး ရင်ခွင်ထဲ ရောက်ရင် သောတာပန် တည်မှာ ပါ (မှန်ပါ့ ဘုရား) ဉာဏ်ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သေသေချာချာ ခင်ဗျားတို့ ခု အတိတ်ဘဝက ကိလေသဝဋ်နဲ့ ကမ္မဝဋ် လုပ်ခဲ့ ကြတယ်၊ (မှန်လှပါ ဘုရား)။

ခု ခန္ဓာကြီးဟာ ဘာဝဋ်တဲ့ဗျာ (ကိလေသဝဋ်) ဝိပါကဝဋ် အကျိုးပေးတာ (မှန်လှပါ ဘုရား) အကျိုးပေး ပြီး ဝဋ်သင့်နေတာ (မှန်လှပါ ဘုရား)။

ဝဋ်သင့်နေကြတာ

ဝဋ်သင့်နေတာတော့ မပြောနဲ့ ဟို ရွှေ့ရ ဒီပြောင်းရ ဆိုတာ ဒကာ ဒကာမတို့ အငြိမ်နေလို့ ရရဲ့လား (မရပါ ဘူး ဘုရား)။

ကျင်ကြီး ကျင်ငယ် စွန့်ရတာက နားရတယ်လို့ရှိရဲ့ လား (မရှိပါဘူး ဘုရား)။ မရှိပါဘူးတဲ့ စားပြီးနား မဟုတ် သေးပဲ ခန္ဓာကိုယ်ကြီး အခွန်ဆက် ရတာကော အားရရဲ့ လား (အားမရပါဘူး ဘုရား)။

ဒါ ဝဋ်သင့်နေတဲ့ ပုဂ္ဂိုလ်မို့ သူ့ ကျွန်မခံရပဲနဲ့ ခန္ဓာ ကျွန် ခံနေရသောကြောင့် ဝဋ်သင့်နေတာ (မှန်လှပါ ဘုရား)။

အင်း ဘယ်သူ့ကျွန်ခံရပါလိမ့် (ခန္ဓာကျွန်ခံရပါ တယ် ဘုရား) ခန္ဓာကျွန်ခံ နေရ သောကြောင့် ဝဋ်သင့်တဲ့ ပုဂ္ဂိုလ် (မှန်လှပါ ဘုရား) မဆိုနိုင်သေးဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဘာဝဋ်သင့်ပါလိမ့် မေးရင် ဘယ့်နှယ့် ဖြေကြ မယ် (ဝိပါကဝဋ် သင့်နေပါတယ် ဘုရား) ဝိပါကဝဋ်ဟာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

ကောင်းပြီ၊ ဝိပါကဝဋ်က ဒုက္ခသစ္စာ ဆိုတာ ဘုန်းကြီး တို့ ဒကာ ဒကာမတွေက သိပြီးသား ဖြစ်သောကြောင့် ဝိပါကဝဋ် ပေါ်ချင်တာပေါ် ပေါ်လာရင် ဘယ့်နှယ်ရှုကြမတုံး (ဒုက္ခသစ္စာလို့ ရှုရမှာပါ ဘုရား)။

ဒါဖြင့် ဝိပါကဝဋ်က ဒုက္ခသစ္စာ ရှုတာက (မဂ္ဂသစ္စာပါ ဘုရား) သဘောပါပလား (ပါပါတယ် ဘုရား)။

ဒါဖြင့် မဂ်ရပြီ (မှန်ပါ့) ရှုတိုင်း ရှုတိုင်း မဂ်ရပြီ (မှန်လှပါ ဘုရား)။

ဒါက လောကီမဂ်ရသည် (မှန်လှပါ ဘုရား) ဒကာကြွယ် မဂ်ရတုံး (လောကီမဂ်ရပါပြီ ဘုရား)။

လောကုတ္တရာမဂ်ရချင်ရင်

လောကုတ္တရာမဂ်ရချင်တော့ ဘယ့်နှယ်လုပ်ရမှာတုံး မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဒါ မုန်းအောင်ရှု (မှန်လှပါ ဘုရား) ဒီဟာကြီး ဆုံးအောင်ရှု (မှန်လှပါ ဘုရား)။

ဆုံးအောင်ရှုလိုက်တော့ ဒီက မဂ္ဂင်ရှစ်ပါးဖြစ်တော့ လောကုတ္တရာမဂ် ဖြစ်ပါတယ် (မှန်လှပါ ဘုရား) လောကုတ္တ ရာ မဂ်ဖြစ်တော့ ဒကာ ဒကာမတို့ အပါယ်လေးပါး ဒီတင် တံခါးပိတ်တယ် (ပိတ်ပါတယ် ဘုရား)။

အကယ်၍ ပိတ်ပြီးသေသွားလို့ သုဂတိရောက်ရင် နတ်ပြည်ရောက်မှ ပိတ်မယ် (မှန်လှပါ ဘုရား) အပါယ် လေးပါးတော့ ပိတ်တာချည့်ပေါ့ဗျာ (မှန်လှပါ ဘုရား)။

သို့သော်လည်း တစ်ဘဝ ရွေ့ ရတယ်ဆိုရင်ဖြင့် ဒကာ ကြွယ် မကောင်းဘူးပေါ့ဗျာ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲက ဘာပေါ် ပေါ် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) သိတာက ဘာတုံး (မဂ္ဂသစ္စာပါ ဘုရား) သေတာက ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)။

နောက် ခန္ဓာ မလာတာက (နိရောဓသစ္စာပါ ဘုရား) အဲ ဒုက္ခနိရောဓသစ္စာ နောက် မလာ တာက (ဒုက္ခ နိရောဓသစ္စာပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အရှုခံရတာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ဒီကြည့် ဒီခန္ဓာကြီး ခန္ဓာငါးပါး ရတာက ဒါတွေ စုနေတော့ ဘာသစ္စာတဲ့ (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒီ ရှုတဲ့ဉာဏ်လေးက (မဂ္ဂသစ္စာပါ ဘုရား) ဒီဉာဏ်လေးက ခုဆရာ ပေးလို့ ရှုလိုက်ပြီ (မှန်လှပါ ဘုရား)။

ဒီဉာဏ်လေးက ဒီအကြောင်းကို မဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒီက ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ ဘုရား) ဒီတရားတွေလာသေးရဲ့လား (မလာပါဘူ ဘုရား) မလာတာက သမုဒယသေတာ (မှန်ပါ့ ဘုရား)။

သမုဒယသေတော့ နောက်ခန္ဓာ လာသေးရဲ့လား။ (မလာပါဘူး ဘုရား) ဒါက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခနိရောဓသစ္စာ။

ဒုက္ခချုပ်တဲ့သစ္စာ (မှန်လှပါ ဘုရား) သဘောပါ ပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ရှုတတ်ကြပြီလား (ရူတတ်ပါပြီ ဘုရား) ဘယ်အချိန် ရှုမှာတုန်းလို့ မေးမနေနဲ့ ခန္ဓာက ပြတဲ့ အချိန် ရှုလိုက် (မှန်လှပါ ဘုရား)။

ဒကာကြွယ် ဘယ်အချိန် ရှုမှာပါလိမ့် (ခန္ဓာက ပြတဲ့အချိန် ရှုမှာပါ ဘုရား)။

ဒါဖြင့် ခန္ဓာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) သိတာက (မဂ္ဂသစ္စာပါ ဘုရား) သေတာက (သမုဒယ သစ္စာပါ ဘုရား) နောက် ခန္ဓာမလာတာက (ဒုက္ခနိရောဓ သစ္စာပါ ဘုရား) နိရောဓသစ္စာ။ ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)။

ဒီလောက်ဆိုရင် ဒကာ ဒကာမတို့ မသေရဲသေးဘူး လား (သေရဲပါပြီ ဘုရား)။

ဒါကြောင့် ဘုန်းကြီးက ယနေ့ ဘာတရားဟောတုံး လို့မေးရင် အနားယူပြီး ပြန်တဲ့သူက ဖြစ်စေ (မှန်လှပါ ဘုရား) ကိုယ့်ရပ်ကိုယ်ရွာ ပြန်တဲ့ ပုဂ္ဂိုလ်ကဖြစ်စေ ဒို့ သပိတ် သွတ်လွတ်တဲ့ တရားဟေ့လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

သပိတ်သွတ်လွတ်တရား

ဘာတရားဟောပါလိမ့် (သပိတ်သွတ်လွတ် တရားဟောပါတယ် ဘုရား)။ သစ္စာသိရင် သပိတ် သွတ်လွတ် ပြီ (မှန်လှပါ ဘုရား)။

သစ္စာသိရင် (သပိတ်သွတ်လွတ်ပါပြီ ဘုရား) သပိတ်သွတ် ဆိုတာက သစ္စာမသိတဲ့ ပုဂ္ဂိုလ် သေမှ ပြိတ္တာ ဖြစ်မယ် (မှန်လှပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် အားလုံး ဒကာ ဒကာမတွေ ငါသေရင် သပိတ်မသွတ်နဲ့လို့ အားလုံး မှာရဲပါ့မလား (မှာရဲပါ တယ် ဘုရား)။

မှာဖြစ်အောင်မှာပါ၊ သေမှ အရှက်ကွဲမခံပါနဲ့ (မှန်လှပါ ဘုရား)။

သေဘာတဲ့ (အရှက်ကွဲမခံပါနဲ့ ဘုရား) ေဩာ် ငါ့အမေ သေသွား၊ ငါ့အဖေ သေသွား၊ ငါ့ညီ သေသွားပြီ။

ပြိတ္တာများ ဖြစ်နေသလား မပြောတတ်ဘူးကွာ သပိတ်ကလေး သွတ်ကြဦးစို့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် သပိတ်သွတ်တဲ့ ပုဂ္ဂိုလ်သည် ရည်ရွယ်ချက်က စိတ်ချလို့ သွတ်တာလား၊ စိတ်မချလို့ သွတ်တာလား (စိတ်မချလို့သွတ်တာပါ ဘုရား)။

ဒါဖြင့် သေတဲ့လူက စိတ်ချရပါရဲ့ သားနဲ့ နောက်လူက အရှက်ကွဲတော့ သေတဲ့လူ မနာ ဘူးလား (နာပါတယ် ဘုရား)။

ငါသေရင်သပိတ်မသွတ်နဲ့

ဒါဖြင့် ဒကာကြွယ် အရှက်ကွဲခံဦးမလား (မခံပါ ဘူး ဘုရား) မခံချင်ရင် ဘယ့်နှယ် မှာခဲ့မတုံး (ငါသေရင် သပိတ်မသွတ်နဲ့ပါ ဘုရား)။ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဒါဖြင့် ယနေ့ ဘာတရားဟောတုံး (သပိတ် သွတ်လွတ်တရားပါ ဘုရား)။

သစ္စာသိရင် သပိတ်သွတ်လွတ်ပါတယ် (မှန်လှ ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း နာရီကစေ့ပြီ။

ယနေ့ ဒီတွင်တော်ကြစို့။

သာဓု သာဓု သာဓု။