127

ကမ္မဋ္ဌာန်းရွေးနည်း၊ ဝိပဿနာရှုနည်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားသောတရားတော်

ကမ္မဋ္ဌာန်းရွေးနည်း၊ ဝိပဿနာရှုနည်း

(ယောဂီသစ်များအတွက်)

ဝိပဿနာ ရှုနည်း သင်တော့မယ်ဆိုတော့ သတိပဌာန် လေးပါးနဲ့ ဝေဖန်ရလိမ့်မယ်။

ကာယာနုပဿနာဆိုတာ ရုပ်ကိုရှုတယ်၊ ဝေဒနာနုပဿနာ ဆိုတာက (ဝေဒနာကို ရှုတာပါ ဘုရား) အေး-စိတ္တာနုပဿ နာဆိုတာက (စိတ်ကိုရှုတာပါဘုရား) ဓမ္မာနုပဿနာဆိုတာက သညာ, သင်္ခါရ၊ နှစ်ခုကို (ရှုတာပါဘုရား)။

သတိပဋ္ဌာန်လေးပါး

သတိပဌာန်နဲ့ ဝေဖန်လိုက်တော့ ခန္ဓာငါးပါးက လေးပါး ဖြစ်တယ် (မှန်ပါ့) ခန္ဓာငါးပါးက ဘယ်နှစ်ပါး ဖြစ်သွားလဲ (လေးပါးဖြစ်သွားပါတယ်ဘုရား) ရုပ်ကိုရှုရင် (ကာယာနု ပဿနာပါ ဘုရား) ဝေဒနာကိုရှုရင် (ဝေဒနာနုပဿနာပါ ဘုရား)။

သညာနဲ့ သင်္ခါရတွဲနေတာရှုရင် (ဓမ္မာနုပဿနာပါ ဘုရား) ကဲ-စိတ်ဆိုတဲ့ ဝိညာဏ်ကို ရှုရင် (စိတ္တာနုပဿနာပါ ဘုရား) သတိပဌာန်ထဲ ဝင်သွားပြန်ပြီ ကိုစောမောင်၊ သြော် သတိပဌာန် ဆိုတော့ တခြားလား အောက်မေ့နေတယ်၊ ခန္ဓာငါးပါး လေးပုံပုံတာကို(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား) သတိပဌာန်ဆိုတာ ဘာပါလိမ့် (ခန္ဓာငါးပါးကို လေးပုံပုံပါ ဘုရား)။

လောဘအားကြီးတဲ့ပုဂ္ဂိုလ်

ကိုပေါ်, ကိုစောမောင်ရ လေးပုံပုံရလိမ့်မယ် (မှန်ပါ့) ပုံချင်လို့ ပုံတာမဟုတ်ဘူး၊ ဦးဘရှင်းက သေသေချာချာမှတ်၊ ဘဝများစွာ သံသရာထဲက လောအားကြီးတဲ့ပုဂ္ဂိုလ် ဝေဒနာ သူပေးမယ်၊ ဘုရားဆိုတော့ မပုံရပေဖူးလား (ပုံရပါတယ် ဘုရား) ပုံရလိမ့်မယ်၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)ဒိဋ္ဌိအား ကြီးတဲ့ပုဂ္ဂိုလ် ဘဝများစွာ သံသရာက ဒိဋ္ဌိအစွဲသန်တဲ့ ပုဂ္ဂိုလ် ကျတော့ စိတ္တာနုပဿနာ သူ့ပေးရလိမ့်မယ် (မှန်ပါ့)။

ဉာဏ်ထိုင်းတဲ့ပုဂ္ဂိုလ်

သဘောကျပလား (ကျပါတယ်ဘုရား) ဉာဏ်နံ့တဲ့ ပုဂ္ဂိုလ်ကျတော့ရင်ဖြင့် ရုပ်ကို ပေးရလိမ့်မယ် (မှန်ပါ့) ဉာဏ်အ ထက်ဆုံးပုဂ္ဂိုလ်ကျလို့ရှိရင်ဖြင့် ဒီ-ဓမ္မာနုပဿနာ ပေးရလိမ့်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါတယ်ဘုရား) အဲတော့ သတိပဌာန်က ဘယ်နှစ်မျိုးပုံ မတုံးဆိုတော့ (လေး မျိုးပုံမှပါဘုရား) ကဲ-ဒါဖြင့် ဒကာဒကာမတို့၊ လောဘများတဲ့ ပုဂ္ဂိုလ်ကျတော့၊ ဘာပေးရမယ် (ဝေဒနာနုပဿနာပါဘုရား)။

ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်

ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်ကျတော့ (စိတ္တာနုပဿနာ ပေးရပါ မယ်ဘုရား) ဉာဏ်နံ့တဲ့ ပုဂ္ဂိုလ်ကျတော့ (ကာယာနုပဿနာ ပေးရ ပါမယ်ဘုရား) ကာယာနုပဿနာ ပေးရမယ်တဲ့ (မှန်ပါ့) ဘာကြောင့်တုံး ဆိုတော့ အစိုင်အခဲရှိနေလို့ သူက မြင်လွယ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါဘုရား) ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ကျတော့ သူများနဲ့ တန်းမတူတဲ့ ပုဂ္ဂိုလ် ဓမ္မာနုပဿနာပေး ရမယ် (မှန်ပါ့)။

ရှင်းကြပလား (ရှင်းပါပြီဘုရား) ပေါ်ကြပလား (ပေါ်ပါပြီဘုရား) သြော်-ဒါဖြင့် ခန္ဓာငါးပါး ချုံးလိုက်ပြန်တော့ ကိုစံလှ ဘယ်နှစ်မျိုးတွေ့တုံး (လေးမျိုးတွေ့ပါတယ်ဘုရား) လေးမျိုးက မျိုးချင်လို့ မျိုးရတာလားလို့ မေးတဲ့အခါကျတော့ သတ္တဝါတွေ စရိုက်မတူလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်လိုပါလိမ့် သတ္တဝါတွေစရိုက်မတူလို့ပါဘုရား)။

သတ္တဝါစရိုက် မတူတာနဲ့ လေးမျိုးပြားလိုက်ရတယ် (မှန်ပါ့) တရားဟာ အားလုံးပဲ ကိုစောမောင်တို့ သိပြီးသား ရမ်းပေးလို့ မဖြစ်ဘူး (မှန်ပါ့) မဟုတ်ဘူးလား၊ တချို့ယော ဂီတွေ အမျိုးမျိုးအဖုံဖုံ ရှိကြပါတယ်၊ သူတို့ဆီရောက်ရင် သူတို့ ဟာပေးတာပဲ၊ ဘာစရိုက်-ဘာစရိုက်ရွေးသလား (မရွေး ပါဘုရား) ဒါဖြင့် ကိုက်ပါ့မလား (မကိုက်နိုင်ပါဘုရား)။

ဆရာကောင်းဖို့ အရေးကြီးတယ်

မကိုက်ဘူးတဲ့၊ ဒါတွေကို ခင်ဗျားတို့က စဉ်းစား ရှေ့နောက်အစဉ်လွဲလို့ မှားတာက တစ်မျိုး၊ ကမ္မဌာန်းအပေးလွဲလို့ (မှားတာကတစ်မျိုးပါဘုရား) ဒါဖြင့် မှားစရာအချက်တွေက ဘယ်လောက် များတုံး (များပါတယ်ဘုရား) အင်မတန်များ တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါတယ်ဘုရား)ကဲ-ဒါဖြင့် ဉာဏ်နဲ့ ကြပ်ကြပ်စဉ်းစားပြီး သကာလ သြော်-တို့ နိဗ္ဗာန်ကြီးကို လိုချင်ငြားသော်လည် ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို လိုချင် ငြားသော်လဲ၊ ခေါင်းဆောင်ကောင်း တော်တော် အရေးကြီး တယ်။

အလကားဆရာမျိုးကို ရှောင်ပါ

ကိုစောမောင်၊ ကိုစံလှတို့ သိသွားပြီ (မှန်ပါ့) မသိဘူး လား (သိပါပြီဘုရား) အခု ဘယ်လိုသိရတုံးဆိုတော့ ဒိဋ္ဌိမခွာ ဘဲနဲ့ ဝိပဿနာရှုနေသော်လဲ အလကားဝိပဿနာ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား) စရိုက်မသိဘဲနဲ့ ကမ္မဌာန်းပေးနေလို့ရှိရင်လဲ၊ အလကားဆရာဖြစ်ရမယ်။

ဘာဖြစ်လို့ အလကားဆရာဖြစ်ရတုံးဆိုတော့၊ ဒီအား ထုတ်တဲ့ပုဂ္ဂိုလ် ပန်းရုံပဲ (မှန်ပါ့) ကိုစောမောင် ဘယ်လိုဆိုကြ မယ် (အားထုတ်တဲ့ပုဂ္ဂိုလ် ပန်းရုံပါပဲဘုရား) ပင်ပန်းရုံပဲတဲ့။ ဘုရားက သတိပဌာန်လေးပါး ဘာဖြစ်လို့ ဝေဖန်ရတုံးဆိုတော့ စရိုက်နဲ့ ဝေဖန်တာ (မှန်ပါ့) စရိုက်နဲ့ ဉာဏ်အနံ့အထက်နဲ့ ဝေဖန်တာ၊ ပေါ်ပလား (ပေါ်ပါပြီဘုရား)။

သတ္တဝါစရိုက်တွေ မတူဘူး

တရားပေးတဲ့အခါ မတူဘူးဆိုတဲ့ သတ္တဝါ စရိုက်တွေ မတူဘူးဆိုတာ သိပြီးဝေဖန်တဲ့ အဓိပ္ပာယ်ပဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါဘုရား) အဲဒါ ဘုန်းကြီးတို့ ဒီမှာ တခါတလေ တချို့ဝေဒနာ ပေးတယ်၊ တချို့ကျတော့ စိတ်ပေးတယ်၊ သူ့ စရိုက်ကို အကဲခတ်ရတာကို (မှန်ပါ့) ကိုစောမောင် မပေးရဘူးလား (ပေးရပါတယ်ဘုရား) အင်း တချို့ကျတော့လည်း ရုပ် ကို ပေးရတယ်၊ တချို့ကျတော့လည်း သစ္စာပိုင်းက ချည်းပေးရ တယ်၊ ဓမ္မာနုပဿနာက သစ္စာ၊ ရှင်းပလား (ရှင်းပါဘုရား)။

အင်း-မင်းဒုက္ခသစ္စာကြီး ရှုစမ်း ဒီလိုလည်း ပေးရတာ ရှိတယ် သဘောပါပလာ (ပါပါပြီဘုရား)။

စရိုက်နဲ့တော်တဲ့ ကမ္မဌာန်းကို ပေးပါ

ကဲ-ဒါဖြင့် ဒကာဒကာမတို့ သတိပဌာန်လေးပါး ပြန် ကောက်ကြဦးစို့နော်၊ ဘယ့်နှယ်ကြောင့် လေးပါး ဝေဖန်ရပါလိမ့် (သတ္တဝါတို့၏ စရိုက်ကြောင့်ပါဘုရား)။

သတ္တဝါတို့၏ စရိုက်ကြောင့်နော်၊ ဒါဖြင့် သတ္တဝါစရိုက် သူ့စရိုက်နဲ့ တော်တဲ့ ကမ္မဌာန်း သူ့ပေး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) သူ့စရိုက် တော်တဲ့ ကမ္မဌာန်းကို (သူ့ပေးရမှာ ပါဘုရား) သူ့စရိုက်နဲ့ မတော်တဲ့ ကမ္မဌာန်းကို သူ့ပေးမိလို့ရှိရင်ဖြင့် မျောက် အုန်းသီးရဖြစ်လိမ့်မယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီဘုရား) မျောက် အုန်းသီးရတော့ ကိုစံလှ ဘယ့်နှယ်တုံး (မခွဲစားတတ်ပါဘုရား)။

ပါးစပ်နဲ့ ကိုက်ရမှာလည်း ခက်၊ သဘောကျပလား (ကျပါပြီဘုရား) ပေါက်ခွဲလို့ရှိရင်ကော ရပါ့ မလား (မရပါ ဘုရား) အဲ သူ့စရိုက်နဲ့ မတော်တဲ့ ကမ္မဌာန်းဆရာက ပေးမိလို့ရှိ ရင် ခင်ဗျားတို့ မျောက်အုန်းသီးရ ဖြစ်လိမ့်မယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီဘုရား) ရှင်းပြီနော် (ရှင်းပါပြီဘုရား) ဒါဖြင့် ကိုစောမောင်ရေ ဟောတဲ့ ဆရာဘုန်းကြီးက အစုံဟောလိမ့်မယ် (မှန်ပါ)။

အချဉ်ကြိုက်ရင် ဒေါသသမား

အစုံဟောမယ်၊ ကာယာနုပဿနာလည်း ဟော-၊ ဝေဒနာနုပဿနာလည်း ဟော-၊ စိတ္တာနု ပဿနာလည်း ဟော၊ ဓမ္မာနုပဿနာလည်း ဟော အကုန်ဟောလိမ့်မယ် (မှန်ပါ) ဟောတဲ့ အခါကျ လို့ရှိရင် ခင်ဗျားတို့က အချဉ်ကြိုက်လို့ရှိရင် ဒေါသသမားလို့မှတ် သဘောကျပလား (ကျပါပြီ ဘုရား) အချို ကြိုက်လို့ရှိရင် လောဘသမား (မှန်ပါ) အချိုကြိုက်ရင်.. (လောဘသမား ပါဘုရား)။

အချိုကြိုက်ရင် လောဘသမား

အချိုများများ ကြိုက်ရင် (လောဘသမားပါဘုရား) အဆိမ့်ကြိုက်ရင် မောဟသမားပါ၊ သဘောကျပလား (ကျပါပြီ ဘုရား) အခါးတို့ အဆိမ့်တို့ ကြိုက်ရင် (မောဟသမားပါ ဘုရား) အဲဒါ ကိုယ့်အစာနဲ့ ကိုယ်အကဲခတ်၊ အိမ်ကျတော့မှ အကဲခတ် ဒီဥစ္စာကို ရိပ်မိပလား (ရိပ်မိပါပြီဘုရား) အေးအိမ်ကျတော့ ကဲ-အချဉ်ကြိုက်ရင် ဘာပါလိမ့် (ဒေါသ သမားပါဘုရား)။

အခါးနှင့်အဆိမ့်ကြိုက်ရင် မောဟသမား

အချိုကြိုက်ရင် (လောဘသမားပါဘုရား) အင်း အခါး တို့ အဆိမ့်တို့ကြိုက်ရင် ( မောဟ သမား ပါ ဘုရား) လောဘ, ဒေါသူ မောဟတော့ မသေချာဘူးလား (သေချာပါတယ် ဘုရား) ဒါ သူ့စရိုက်နဲ့ သူစားတယ်၊ သူ့စရိုက်နဲ့ သူစားတယ်ဆို တာ ရိပ်မိပလား (ရိပ်မိပါပြီဘုရား) အဲ-လောဘ သမားဖြစ် ခဲ့လို့ရှိရင် ဝေဒနာနုပဿနာ ကမ္မဌာန်း သူကိုင်ရမယ်။

ဒေါသရှိရင် ဓမ္မာနုပဿနာရှု ၊

ကိုင်း ဒေါသသမားလည်း ဉာဏ်နဲ့ နီးတယ်၊ ဒေါသသမား ဆိုရင် ဓမ္မာနုပဿနာပေးရမယ်၊ သူက ငါမလုပ်တော့ဘူးဆို လို့ရှိရင် ဒေါသသမားက မလုပ်တော့ဘူး၊ ပျော့နွဲ့ပြီးသကာလ ဟိုကပ်ဒီကပ် လုပ်မနေတော့ဘူး၊ မလုပ်ဆို မလုပ်ဘူးဟေ့၊ ဒါ-ဒေါသသမား၊ အဲ-ဒေါသဖြတ်လိုက် လို့ရှိရင် ဉာဏ်ဘက်လှည့် သွားတယ် သဘောကျပလား (ကျပါတယ်ဘုရား) ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ဟာကိုယ် ချိန်တဲ့ အခါကျလို့ရှိ ရင် ဒါ တချို့ကျတော့လည်း အလုပ်တစ်ခု လုပ်မယ် ကြံလို့ရှိရင် ကြံလုံးဖန်လုံးတွေ ရှိသေးတယ်၊ ဖြုန်းခနဲ အလုပ်မသွားသေးဘူး အဲဒီဥစ္စာကျတော့ ဝိတက်သမား ဝိတက် စရိုက်ရှိတယ် သဘော ကျပလား (ကျပါပြီဘုရား) ဝိတက်စရိုက်ရှိတဲ့ အခါကျတော့ ကာယာနုပဿနာဖြစ်တဲ့ အာနာပါနစလုပ် (မှန်ပါ) ဒါမှ ရမယ်၊ နို့မို့လို့ရှိရင် ကမ္မဌာန်း လွဲမယ်။

သဘောပါပလား (ပါ,ပါဘုရား) ဒါဖြင့် ကမ္မဌာန်းနဲ့ လူဟာလည်း လူနဲ့တော့ မဟုတ်ဘူးပေါ့ ဗျာ စရိုက်နဲ့၊ စရိုက် ဆိုတာက သေသေချာချာမှတ်ပါ၊ ဘဝများစွာက အမြဲတမ်း အထုံပါလာတယ်၊ ဘယ်လိုဆိုကြမယ် (ဘဝများစွာက အထုံ ပါလာတာပါဘုရား) အထုံက ဘယ်နည်းနဲ့မှ မစွန့်ဘူး၊ ရှင်သာရိပုတ္တရာ ချောင်းခုန်သလိုမှတ်ပါ။ ရဟန္တာဖြစ်တာတောင် (ချောင်းခုန်ကူးပါတယ် ဘုရား)။

အရေးကြီးတဲ့ ရွေးနည်း

မျောက်ဖြစ်ခဲ့တာ များလွန်းလို့ဆိုတော့ သေချာမနေဘူး လား (သေချာပါတယ်ဘုရား) သဘောပါကြပလား (ပါ, ပါ့ဘုရား) အဲတော့ ဒကာဒကာမတို့တဲ့ အင်မတန်အရေးကြီးတဲ့ ရွေးနည်းပါပဲ၊ ကိုစောမောင် ရွေးတတ်ပလား (ရွေးတတ်ပါ ပြီဘုရား) ရွေးတတ်လို့ရှိရင် ဒီဥစ္စာ ဘုန်းကြီးက အစုံပေးငြား သော်လည်း၊ တရားဟောတဲ့ ဘုန်းကြီးက အစုံပေးငြား သော်လည်း ခင်ဗျားတို့က ကိုယ့်စရိုက်နဲ့ကိုယ်-ကိုယ်ကြိုက်တဲ့၊ ဝေဒနာ ကြိုက်ရင် ဝေဒနာရှုပါ၊ ကိုယ့်စရိုက်နဲ့ လိုက်တာရှု (မှန်ပါ) သဘောကျပလား (ကျပါပြီဘုရား) အင်း-ဒိဋ္ဌိများလို့ရှိရင် စိတ္တာနုပဿနာ ရှုရလိမ့်မယ်၊ ပညာစရိုက်များ တဲ့ပုဂ္ဂိုလ် သစ္စာရှု (မှန်ပါ) သဘောကျပလား (ကျပါပြီဘုရား) ဉာဏ်နံ့တဲ့ ပုဂ္ဂိုလ် ရုပ်ရှု၊ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

သတိပဌာန်းလေးပါးဟာ စရိုက်လိုက်ပြီး ထားရတယ်ဆို ပြီးသကာလ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဟောတယ် နော် (မှန်ပါ) သတိပဌာန်လေးပါးထားရတာ ဘယ်လိုကြောင့် လေးပါး ဖြစ်လာပါလိမ့် (စရိုက်မတူလို့ပါဘုရား) စရိုက်က အမျိုးမျိုးရှိတယ်လို့ ကိုစံလှ၊ ကိုစောမောင် မှတ်ထားရမယ် (မှန်ပါ)။

စရိုက်ခြောက်ပါး

တချို့က ရာဂစရိုက် လောဘအားကြီးတယ်၊ တချို့တော့ လည်း ဒေါသစရိုက်အားကြီးတယ်၊ တချို့က မောဟစရိုက် ရှိတယ်၊ စရိုက်သုံးပါး မနေဘူးလား (နေပါတယ်ဘုရား) တချို့က သဒ္ဓါစရိုက်ရှိတယ်၊ တချို့က ဝိတက်စရိုက်ရှိတယ်၊ တချို့က ပညာစရိုက်ရှိတယ်၊ စရိုက်ခြောက်ပါး မှတ်မိကြပလား (မှတ်မိပါတယ်ဘုရား)။

သဒ္ဓါစရိုက်ဆိုတာ

လောဘစရိုက်-ဒေါသစရိုက်-မောဟစရိုက်-ဒါက လူ တိုင်း သိပြီးသား၊ သဒ္ဓါစရိုက်ဆိုတာက သဒ္ဓါတရား လွန်ကဲနေတာ ဘဲ၊ သူဟာ ပညာမပါဘူး၊ ဒီလိုကော မရှိဘူးလား (ရှိပါတယ် ဘုရား) ဘုရားချည်းပဲ ကြည်ညိုနေတာပဲ တစ်ခါးတည်း လူမြင်ရ လို့ရှိရင်လည်း တစ်ခါတည်း သက်ကြီး ဝါကြီး လည်း ကြည်ညိုနေ တာပဲ (မှန်ပါ) သဒ္ဓါစရိုက်သာ အားကြီးနေတာပဲ ပညာက မပါဘူး (မှန်ပါ)။

ဝိတက်စရိုက်ဆိုတာ အကြံအစည်များတာ

ဒီလိုလည်း ရှိရသေးတယ် (မှန်ပါ) ဝိတက်စရိုက်ဆိုတဲ့ ဥစ္စာလည်း ကိုစောမောင် သူ့ တွေ့လိုက် လို့ရှိရင် ကြံဖန်နေ တာနဲ့ပဲ ပြီးသွားတာပဲ၊ ပွားရတယ် ရှုရတယ်မရှိဘူး (မှန် ပါ) ဒီလို ဝိတက်စရိုက်လည်း မရှိဘူးလား (ရှိပါတယ်ဘုရား)

ပညာစရိုက်ဆိုတာကတော့ ထိုးထိုးထွင်းထွင်း သူက လာတယ်၊ သဘောကျပလား (ကျပါတယ် ဘုရား) အဲတော့ စရိုက်က ခြောက် ပါးရှိတယ်။

လောဘစရိုက်ရှိရင် ဝေဒနာနုပဿနာ

စရိုက်ခြောက်ပါးရှိတော့ လောဘစရိုက်ရှိတဲ့ ပုဂ္ဂိုလ်မှာ ဝေဒနာနုပဿနာရှု (မှန်ပါ) ရှင်းပလား (ရှင်းပါပြီဘုရား) လောဘစရိုက်ရှိတဲ့ပုဂ္ဂိုလ် (ဝေဒနာနုပဿနာရှုရပါမယ်ဘုရား)

သြော်-ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးဆိုတော့ ဝေဒနာနိရောဓော ဖြစ်မှ တဏှာနိရောဓော ဖြစ်မှာကိုး . . .(မှန်ပါဘုရား) ကိုစောမောင် ဝေဒနာ နိရောဓောဖြစ်မှ (တဏှာနိရောဓော ဖြစ်မှာပါ ဘုရား)။

သူ့ကို ဝေဒနာကမ္မဋ္ဌာန်းပေးပါ (မှန်ပါ) ဒကာဒကာမတို့ ဘာပေးကြမတုံး (ဝေဒနာကမ္မဌာန်း ပေးရမှာပါ ဘုရား) ရှင်းပြီ နော် (မှန်ပါ) ဦးဘရှင်း ဒီလိုမှ တည်အောင် မပေးလို့ရှိရင်လည်း ဒီပုဂ္ဂိုလ် ဟာ လွဲနေမှာပဲ (မှန်ပါ) လွဲနေလို့ရှိရင်ဖြင့် ဦးဘ ကလေးတို့က စဉ်းစားတာပေါ့၊ သြော်-အချိန်ကြာ သလောက် ခရီးမပေါက်ဘူး၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်ဘုရား)။

ဒေါသစရိုက်ရှိရင် ဓမ္မာနုပဿနာ

ကိုစောမောင် ရှင်သာရိပုတ္တရာတောင် အချိန်လွဲပါတယ် ဆိုတာ ပြောထားပေါ့ ၊ ကိုစံလှ ရိပ်မိပလား (ရိပ်မိပါဘုရား) ဒေါသစရိုက်ရှိလာတဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင် ပညာနဲ့ နီးပါတယ်နော်

(မှန်ပါ) ဒေါသစရိုက် ရှိနေတဲ့ပုဂ္ဂိုလ်ပညာနဲ့ နီးတယ်ဆို လို့ရှိရင်ဖြင့် ဒကာဒကာမတို့ ဓမ္မာနုပဿနာ ဒုက္ခသစ္စာပေး (မှန်ပါ) ရှင်းပလား (ရှင်းပါတယ်ဘုရား) မောဟစရိုက်ရှိတဲ့ ပုဂ္ဂိုလ် ကိုစောမောင် မလာဘူးလား (လာပါတယ်ဘုရား)။

မောဟစရိုက်ရှိရင် ကာယာနုပဿနာ

မောဟစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ အင်မတန် ဉာဏ်မ လေးပေဘူးလား၊ အဲဒီပုဂ္ဂိုလ်ကျတော့ ခုနင်ကလေးလေးဖြစ်တဲ့ အဖြစ်ကလည်း နှေး-အပျက်ကလည်းနှေးနဲ့၊ ရုပ်တရားများကို ပေးရမယ်ဆိုတော့ သူ့စရိုက်နဲ့သူ မလျော်ရင်တော်ပါ့မလား (မတော်ပါဘုရား)။

ဝိတက်စရိုက်ရှိရင် အာနာပါန

ဝိတက်စရိုက်ရှိတဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင်လည်း ဝိတက်က တောင်ပြေး မြောက်ပြေးနဲ့ သော်-ဒါဖြင့် အာနာပါန ပေးမှ ကိုက်မှာပေါ့ (မှန်ပါ)။

မပြေးတဲ့တရား အာနာပါနဆိုတော့ စိတ်က ပြေးခွင့်ရသေး ရဲ့ လား (မရပါဘုရား) ဒီလို ပေးရတယ်ဆိုတော့ ပေါ်ကြပလား (ပေါ်ပါဘုရား) ပညာစရိုက်ရှိတဲ့ ပုဂ္ဂိုလ်မျိုးကျတော့လည်း သစ္စာပေးပါ (မှန်ပါ) သစ္စာကမ္မဋ္ဌာန်းသာပေးလိုက်၊ ခဏလေး နဲ့ရတယ်၊ သဘောပါကြပလား (ပါ,ပါတယ်ဘုရား) ကောင်းပြီ။ ဒါဖြင့် ဒကာ,ဒကာမတို့ စရိုက်နဲ့ လျော်တာကို ဘုန်းကြီးကတော့ ရှင်းပြပေးနေတယ်၊ (မှန်ပါ့)။

ဒကာ,ဒကာမတွေဟာ အလုံးစုံပဲအပါယ်လေးပါး တံခါး ပိတ်ပြီး သကာလ သုဂတိ ဒုက္ခတွေ တောင်မှ သူ့မတွေ့စေလိုဘူး၊ ခန္ဓဇာတ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကိုသာ ရောက်စေချင်တော့ ဒီထဲ စရိုက် ကလည်း အမျိုးမျိုးရှိတယ်၊ မရှိပေဘူးလား (ရှိပါတယ် ဘုရား) အဲတော့ ကိုယ့်စရိုက်နဲ့ကိုယ် ကြိုက်ပြီး သကာလ ကိုယ်တော်တဲ့ ကမ္မဌာန်း ကိုယ်ယူပါဆိုတာကို ဒီကနေ့ ဝေဖန်ပေးနေ တယ် (မှန်ပါ)။

ကိုယ်နဲ့တော်တဲ့ ကမ္မဌာန်းကို ယူပါ

ဘယ်လိုယူကြမတုံး (ကိုယ့်စရိုက်နဲ့ တော်တာ ယူရ မှာပါဘုရား) ကိုယ်နဲ့ တော်တဲ့ ကမ္မဌာန်းကို ယူပါ။ သဘောကျ ပလား (ကျပါတယ်ဘုရား) သို့သော် ဘယ်လိုပင် ဒီဟာတွေက ဘယ်လိုပင် ထူးခြားသော်လည်း နောက်ဆုံးပိတ် အနိစ္စာ ဝတ သင်္ခါရာ- မလွတ်စေနဲ့ (မှန်ပါ) နောက်ဆုံး ပိတ်ကျတော့ ဖြစ်တဲ့တရား ပျက်တတ်တယ်။

ဝေဒနာရှုတဲ့ပုဂ္ဂိုလ်ကလည်း အင်း-သူလည်း လောဘစရိုက် ရှိတဲ့ပုဂ္ဂိုလ်-ဘာဖြစ်ဖြစ် လိုချင်, ရချင်တဲ့ပုဂ္ဂိုလ် ဝေဒနာက စ ရှုရမယ် (မှန်ပါ) သို့သော် တွေ့ တော့ ဖြစ်ပျက်ကို တွေ့ရမယ်။ ဖြစ်ပျက်တွေ့ရင် ပြီးတယ်။ နောက်ဆုံးမှာတော့ ဖြစ်ပျက်မှာ လမ်းဆုံးတယ်လို့ မှတ်ရမယ်၊ နောက်ပိတ်ဆုံး တစ်နေ့ ကျတော့ (ဖြစ်ပျက်မှာ လမ်းဆုံးပါတယ်ဘုရား)။

အယူလွဲရင် ကြာလိမ့်မယ်

ရှင်းပြီနော် (ရှင်းပါဘုရား) ကောင်းပြီ-ဒါဖြင့် အားလုံး ဒကာ,ဒကာမတွေ စရိုက်မသိဘဲနဲ့ ကမ္မဌာန်းကို ဆရာကပေးပေး တပည့်ကပဲ နေရာမကျလို့ ပဲ အယူလွဲလွဲ၊ ကြာလိမ့်မယ်ဆိုတာ မှတ်ရမယ် (မှန်ပါ) ဒကာကြီးလှိုင် ကြာလိမ့်မယ်နော် (မှန်ပါ) ကြာလိမ့်မယ်ဆိုတာ သေချာပလား (သေချာပါဘုရား) သေသေချာချာ သိထားတော့မှ ။

သြော်-ကမ္မဌာန်း ဆရာလုပ်ဖို့လည်း မလွယ်ပါလား (မှန်ပါ) ကိုစောမောင် လွယ်ပါ့မလား (မလွယ်ပါဘုရား) မ လွယ်ဘူးတဲ့၊ တချို့နေရာမှာများ ကိုစောမောင်တို့ ဒီနေရာ လာလို့ရှိရင် ရှူရှိုက်မှုပဲ လုပ်ဟေ့ ဆိုတော့ သူဟာ စရိုက်ရွေးသေး ရဲ့လား (မရွေးပါဘုရား) မရွေးတော့ သူ့ ဘာဖြစ်မလို့ မေးတဲ့အခါကျတော့ သူက ဝိတက်စရိုက်ရှိတဲ့ ပုဂ္ဂိုလ်မှပေးရမှာ (မှန်ပါ) ဝိတက်က တောင်ကြံ-မြောက်ကြံ အကြံအစည် များတယ်(မှန်ပါ)။

အကြံအစည်များတဲ့ပုဂ္ဂိုလ် အာနာပါနပေး

အကြံအစည်များတဲ့ ပုဂ္ဂိုလ်ကျ စိတ်က တောင်ရောက်မြောက်ရောက် ဒီလိုပုဂ္ဂိုလ်မှ အာနာပါန ပေးရမဲ့ဥစ္စာကို အင်းသူက ဝိတက်စရိုက်ရှိတဲ့ ပုဂ္ဂိုလ်လည်း ဒါ ပေး ဆိုလို့ရှိရင် ကို စောမောင်ရပါ့မလား (မရပါဘုရား) မရနိုင်ဘူးဆိုတာ သေချာ ပလား (သေချာပါပြီဘုရား) ဒါဖြင့် တောင်ဝှေးဆွဲလည်း အရေးမကြီးဘူးလား (ကြီးပါတယ်ဘုရား)။

လောဘစရိုက်ရှိတဲ့ပုဂ္ဂိုလ်

နောက်လိုက်ကော (အရေးကြီးပါဘုရား) နောက်လိုက် ကတော့ ဒီတရားမျိုးကို နာရမှ ရွေးတတ်တယ်၊ တောင်ဝှေးဆွဲ ကလည်း ဒီပုဂ္ဂိုလ်တွေရဲ့ စရိုက်တတ်မှ ဖမ်းတတ်မှ ကိုစောမောင် နေရာကျတယ် (မှန်ပါ) လောဘစရိုက်ရှိတဲ့ ပုဂ္ဂိုလ်များသွားတဲ့ အခါကျလို့ရှိရင်ဖြင့် ကိုစောမောင် ခြေထောက်ဟာ စမ်းသပ်ပြီး နူးနူးညံ့ညံ့သွားလေ့-နင်းလေ့ရှိတယ် .(မှန်ပါ) လောဘစရိုက် ရှိတဲ့ ပုဂ္ဂိုလ် ။ မကြွချင်-ကြွချင်ပေါ့ ဗျာ (မှန်ပါ) ခပ်နှေးနှေး နဲ့ ခပ်ဖြေးဖြေး ဒီလို သွားလေ့ လာလေ့ ရှိတယ်၊ သူ့အိပ်ယာ နေရာသွားကြည့်လို့ရှိရင်ဖြင့် နူးနူးညံ့ညံ့ သန့်သန့်ရှင်းရှင်း လုပ်ထား လေ့ရှိတယ်၊ ဒါ-သူ့ဝါဒနာ အတိုင်းလာတယ် (မှန် ပါ) ဒါကျတော့ သူ့ကို ဝေဒနာနုပဿနာ ပေးလိုက်ရင် မ တည့် ပေဘူးလား (တည့်ပါတယ်ဘုရား)။

ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်

ဒေါသစရိုက်ရှိတဲ့ ပုဂ္ဂိုလ် သူ့အိမ်သွားကြည့်လိုက်ရင် ။ သူ့အခန်း သွားကြည့်လိုက်ရင် ရှုပ်ပွေလိမ် နေတာပဲ၊ ဘယ်တော့မှ မလှည်းကျင်းဘူး၊ ကိုစောမောင် ဖြစ်သလိုနေတတ်တဲ့ ပုဂ္ဂိုလ် ကျတော့ ဘာစရိုက်ဆိုကြမယ် (ဒေါသစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား) အဲဒါတွေ ကျလာလို့ရှိရင်ဖြင့် သြော်-ဒေါသစရိုက် ရှိပါလား ဒေါသစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ဖြင့်လည်း ဘယ်ကမ္မဌာန်း ပေးရမှာတုံးဆိုတာ ဆရာက မရွေးချယ်ရဘူးလား (ရွေးချယ်ရ ပါတယ်ဘုရား)။

လမ်းသွားတဲ့ အခါကျလို့ရှိရင် ဒေါသစရိုက်ရှိတဲ့ ပုဂ္ဂိုလ် ကို အကဲခပ်ချင်ရင် သူ့ခြေရာ သူ့ခြေရာ သွားကြည့်လိုက်ရင် သိမယ်၊ သူ့ခြေရာက နဂိုက မသွားခင်က ရောက်ချင်နေတယ်၊ ဒေါသ စရိုက် သမား က၊ ဒေါသစရိုက်သမားက ဘာပါလိမ့် (မသွားခင်က ရောက်ချင်ပါတယ် ဘုရား)မသွားခင်က ရောက် ချင်နေတော့ သူခြေရာ သွားကြည့်လိုက်လို့ရှိရင် ကိုစောမောင် သူက ရှေ့ ကုတ်ကုတ်ပြီး မြေကြီးပေါ်မှာ သွားလေ့ရှိတယ် (မှန်ပါ)။

သူ့ဖိနပ်ကို သွားကြည့်လိုက်လို့ရှိရင်လည်း ဒီရှေ့ပိုင်းက ခြေမတို့ ခြေသူကြွယ်တို့ အစ ရှိသည် တို့က ကိုစောမောင် အဲဒီ နေရာက ဖိနပ်ခွက်နေတယ် (မှန်ပါ) ကတ္တီပါဖိနပ်ဆို အဲနေရာက စပြတ် တယ် ရိပ်မိပလား (ရိပ်မိပါပြီဘုရား) ဒါ-ဒေါသစရိုက်သမား။

မောဟစရိုက်ရှိတဲ့ ပုဂ္ဂိုလ်

မောဟစရိုက်သမား သွားကြည့်လို့ရှိရင် ခြေလှမ်း မဖြောင့် ဘူးတဲ့ (မှန်ပါ) တောင်နင်းလိုက်-မြောက်နင်းလိုက် ဒီလိုသွား တယ်၊ ဖြောင့်ဖြောင့်ကို မသွားဘူး၊ သူက တွေးပြီ သွားတာ ပဲ၊ ရိပ်မိပလား၊ (ရိပ်မိပါဘုရား)။

စရိုက်သိပြီးမှ ကမ္မဌာန်းပေးပါ ။

အဲဒီလို ဆရာသမားက စရိုက်တွေကို အကုန်သိပြီးမှ ကို စောမောင်ရေ ဒီဥစ္စာ ကမ္မဌာန်း ပေးလို့ရတယ် (မှန်ပါ) နို့မို့လို့ ရှိရင် ရပါ့ မလား (မရပါဘုရား) ဒါဖြင့် ဦးဘရှင်း ရမ်းလုပ် နေတဲ့ နေရာ ဆိုလို့ရှိရင်ဖြင့် ကြိုးသာကုန် မောင်ပုံ စောင်းမတတ် ဆိုတဲ့ အဓိပ္ပာယ်မျိုးရောက်မှာပဲ၊ မရောက် ပေဘူးလား (ရောက်ပါတယ်ဘုရား) ဒါကြောင့် ကိုစံလှ ကဲ-ဆရာသည် အရေးကြီးတယ်။

ဆရာအရေးအကြီးဆုံး

မကြီးပေဘူးလား (ကြီးပါတယ်ဘုရား) ဒါကြောင့် ရှင်အာနန္ဒာကို ပြောပေါ့ဘုရား၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က ညီတော်အာနန္ဒာ ဆရာသမားများ ဘယ်လောက်အရေး ကြီးသတုံးကွ၊ ဆရာသမားကြောင့် ဘုရားနိဗ္ဗာန်ရောက်တဲ့နေရာ မှာ ထက်ဝက်ပဲ သူ့တာဝန်ပါ့ဘုရား၊ တယ်ဖျင်း ပါလား၊ မင်း က သာဝကကိုးကွ သာဝကဉာဏ်လေးလောက်နဲ့ ပြောနေတာ၊ မဟုတ်ဘူးကွ၊ မဟုတ်ဘူး ကွ၊ သူ့တာဝန်လုံးလုံး၊ ရှင်းပလား (ရှင်းပါဘုရား)။

သူအမှီကောင်းမှ ရမယ်တဲ့၊ သူအမှီမကောင်းလို့ရှိရင် ကိုစောမောင် (မရပါဘုရား) ပေါ်ပလား (ပေါ်ပါဘုရား) ဒါဖြင့် ဒကာ,ဒကာမတို့ တရားနာရ၊ တရားတောင်းရ၊ ကိုယ် အလိုရှိလို့ အရွယ်ကြီးမှ နိဗ္ဗာန်ရောက်ကြောင်း ရှာကြပြန် တော့လည်း ဒီဆရာများနဲ့ တွေ့မှာ စရိုက်အကဲမခတ်တတ်ဘဲနဲ့ ပေးနေတဲ့ ကမ္မဌာန်းတိုက် တွေနဲ့ တွေ့ မှာလည်း စိုးရိမ်ရတယ် မစိုးရိမ်ရဘူးလား (စိုးရိမ် ရပါတယ်ဘုရား)။

အရှင်အနုရုဒ္ဓါ

အဲဒါ ယနေ့တော့ဖြင့် ရှင်းရှင်လင်းလင်းပြောတယ်ဆို တော့ -တော်တော် အရေးကြီး ပါလားဆိုတာ ပါလာတယ်၊ မပါဘူးလား (ပါ,ပါတယ်ဘုရား) ကြည့် အရှင်အနုရုဒ္ဓါဆိုတာ အဘိညာဉ် နေရာမှာ ဆိုရင်ဖြင့် ဧတဒဂ်ရ အဘိညာဉ်ဆိုတာ ကိုစောမောင် သေရင် ဘယ်သွားမယ်ဆိုတာ ချက်ချင်း သိတယ်၊ အဲဒီကိုယ်တော်ကြီးဟာ သောတာပန် သကဒါဂါမ် တည်ပြီး အနာဂါမ် ရဟန္တာ မဖြစ်ဘဲ ဖြစ်နေတယ်။

ဘာကြောင့် မဖြစ်တာတုံးဆိုတော့ သူ့မှာတဲ့ ဒကာ,ဒကာမ တို မာန ခံနေတယ်၊ ဪ- ငါလို ကြည့်နိုင်တဲ့ပုဂ္ဂိုလ် ရှားပါလိမ့် မယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ မာနခံနေတယ်၊ သဘောကျပလား . (ကျပါဘုရား) အဲဒီတော့ ရှင်သာရိပုတ္တရာကြီး သွားကပ်ရတယ် လို့ အင်္ဂုတ္တိုရ်ပါဠိတော် မှာလာတယ်၊ ရှင်သာရိပုတ္တရာက မင်းဟာ ကွာတဲ့၊ အထက်မဂ်ဖိုလ်တွေရမယ့်ဥစ္စာ၊ ဒီဟာမှ မသတ်ဘဲကိုး ဆိုတော့ ကိုစောမောင် သူဟာ သူ့စရိုက်ရှုမိတဲ့ အခါကျတော့မှ ..။

မာနစရိုက်ရှိတဲ့ပုဂ္ဂိုလ်

မာနစရိုက်ရှိနေတဲ့ပုဂ္ဂိုလ်၊ မာနဆိုတာက ဒေါသကလာတာ ကို (မှန်ပါ) ပညာက ထက်လွန်း လို့လည်း အဲဒီဘက် ကူးသွား တတ်တယ်၊ သဘောကျပလား (ကျပါဘုရား) အဲဒါကြောင့် သူ့ပညာ စရိုက်လည်း ရှိတယ်၊ ဒါကြောင့် မာနဘက် ထိုးထွင်း ပြီးသကာလ ပညာရှိတဲ့ ပုဂ္ဂိုလ်က မာနကို ရှိတတ်တယ် ကိုစောမောင်ရ (မှန်ပါ)။

အဲဒါကြောင့် မာနက နောက်ကလိုက်တော့ အထက်မဂ် အထက်ဖိုလ် တက်လို့ မရဘူး (မှန်ပါ) ရရဲ့လား (မရပါ ဘုရား) အနုရုဒ္ဓါမင်းသည်ကား ဆိုလို့ရှိရင် မာနကြပ်ကြပ် ရှု စမ်းကွ ဆိုတဲ့အခါကျတော့မှ မာနခံနေလို့ အထက်မဂ် မရတာ မာနဖြစ်ပျက်ရှုမှ ကိုစောမောင် တက်သွား တယ် (မှန်ပါ) မ လိုဘူးလာဗျာ (လိုပါတယ်ဘုရား)ရှင်သာရိပုတ္တရာကြီးက အကဲခတ်ပြီး တည့်ပေး သွားတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား)။

ပညာစရိုက်အားကြီးလို့

အေးပညာစရိုက်က သူက အားကြီးလို့ သူသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ပညာလွန်ပြီးသကာလ နေတော့ ကွေ့ကောက ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်သိတော့မှ မာနကြောင့် ကွေ့ကောက် နေတယ် ဆိုတာ သိတော့မာနဖြစ်ပျက်ရှုခိုင်းပစ်ရတယ် (မှန် ပါ) ဒီတော့မှ တက်သွားတယ် ဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ကောင်းပြီ-ဒါဖြင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒီနေ့ စရိုက်ရှင်းတမ်းကို တော်တော်လေး ပြောပြီပါပြီ။

တော်တော်လေး ပြောပြီးတော့ သတိပဌာန်လေးပါး ဘယ့် နှယ်ကြောင့် ပြားရသတုံးဆိုတော့ စရိုက်ပြောလို့ ပြောရတယ် (မှန်ပါ) ကိုစောမောင် ပေါ်ပြီ (ပေါ်ပါပြီဘုရား) သတိပဌာန် တစ်ပါးတည်း ဟောပါ တော့လားလို့ မေးတဲ့အခါကျတော့ ဖြေတတ်ကြပလား (ဖြေတတ်ပါပြီဘုရား) ဘယ်လိုဖြေကြမယ် (စရိုက်ပြားလို့ပါဘုရား) စရိုက်များလို့ ပြောရသည် ဦးဘ ရှင်းတို့ ကျေနပ်ပလား (ကျေနပ်ပါပြီဘုရား) စရိုက်များလို့ (ပြားရပါတယ်)။

ရမ်းပေးတဲ့ဆရာနဲ့ မရဘူး

အဲဒါစရိုက်များလို့ ပြားရသည်ဆိုတော့ ခင်ဗျားတို့ အင်မ တန် ရွေးချယ်ဖို့ အရေးကြီး လာပြီ ဆိုတာ ပေါ်လာတယ် ကိုစံ လှ မပေါ်သေးဘူးလား (ပေါ်ပါတယ်ဘုရား) ရမ်းပေးတဲ့ ဆရာ နဲ့ဆို ဘယ်လိုဆိုကြမယ် (မရပါဘူးဘုရား) မရပေဘူးလေ ဗျာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပညာနုံ့တဲ့လူ-ကာယာနုပဿနာရှု

ကောင်းပြီ-ဒါဖြင့် ဒကာ,ဒကာမတို့ ဉာဏ်နုံတဲ့ပုဂ္ဂိုလ် မှာ ထင်ထင်ရှားရှား ဖြစ်တဲ့ရုပ်ကို၊ လေးလေးကန်ကန် ဖြစ်တဲ့ရုပ် ကို ရှုရမယ်၊ သဘောကျပလား (ကျပါတယ်ဘုရား) ဉာဏ်နုံ တဲ့ပုဂ္ဂိုလ်ဟာ (ရုပ်ကိုရှုရပါမယ်ဘုရား) ဒါဖြင့် ကာယာနုပ ဿနာရှု။ သဘောကျပလား (ကျပါတယ် ဘုရား)။

တဏှာများတဲ့လူ-ဝေဒနာနုပဿနာရှု

ဉာဏ်ကတော့ ထက်ပါတယ်တဲ့ တဏှာက များနေတဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင် ဝေဒနာနုပဿနာရှု (မှန်ပါ့ဘုရား) သဘော ကျပလား (ကျပါပြီဘုရား)။

ဒိဋ္ဌိများတဲ့လူ-စိတ္တာနုပဿနာရှု

ဉာဏ်က ထက်တယ် မာနများနေတဲ့ ပုဂ္ဂိုလ်ကျတော့ ဓမ္မာနုပဿနာရှု၊ သဘောကျရဲ့လား (ကျပါတယ်ဘုရား) ဉာဏ်ထက်ထက်နဲ့ ဒိဋ္ဌိများတဲ့ပုဂ္ဂိုလ်ကျတော့ စိတ္တာနုပဿနာ ပေးပေါ်ပလား (ပေါ်ပါပြီဘုရား) ကဲ ကိုစောမောင် ရွေး လာတော့ ခက်မလာဘူးလား ခက်ပါတယ်ဘုရား)ဒီလို မရွေး ဘဲနဲ့ဆို နောက်က ဒကာ,ဒကာမတွေ သိတဲ့အတိုင်းပဲတဲ့ ကြိုးသာကုန် မောင်ပုံ စောင်းမတတ် ဆိုတဲ့အတိုင်း ဒကာ,ဒကာမ တို့ ရှေးကတော့ စောင်းကြိုးက ကျစ်ကျစ်ပြီး ထည့်ရတာကို ကိုစောမောင်နော်။

အခုခေတ်လို ကြေးနန်းကြိုးတွေ ဘာတွေက မဟုတ်တော့ ကြိုးတွေသာကုန်တယ် သူ့စောင်းတီးတဲ့ အတတ်က တတ်ကဲ့ လား (မတတ်ပါဘုရား) အဲဒီလို ဖြစ်နေတယ်၊ ပေါ်ကြပလား (ပေါ်ပါပြီဘုရား) ဒါဖြင့် ဒကာ,ဒကာမတို့ အရေးကြီးကြောင်း သိပြီပေါ့ဗျာ (မှန်ပါဘုရား) အရေးကြီးကြောင်း သိတဲ့အခါ ကျတော့ တစ်ခါ ဒါက ရှေးဦးစွာ ကမ္မဌာန်းကို ပြောဆိုတာ။

ဒိဋ္ဌိအရင် ခွာပါဦး

ကဲ-ဒါဖြင့် ဒီလောက်ဆို ဒကာ,ဒကာမတွေ သြော် ကိုယ့်စရိုက်နဲ့ကိုယ် လျော်တဲ့ကမ္မဌာန်း ကိုယ်ယူပြီး သကာလ ဒိဋ္ဌိအရင်ခွာရဦးမယ် (မှန်ပါ)၊ ကမ္မဌာန်းကတော့ စရိုက်အတိုင်း ယူရမယ်၊ ယူပြီးတော့ ဘာလုပ်ရမတုံး (ဒိဋ္ဌိခွာရပါမယ်ဘုရား) ဒိဋ္ဌိခွာရမယ်၊ ရှင်းပလား (ရှင်းပါတယ်ဘုရား)။

ကမ္မဌာန်းကတော့ဖြင့် စရိုက်နဲ့လျော်တဲ့ ကမ္မဌာန်းယူပြီး၊ ယူပြီး ဘာလုပ်မတုံး (ဒိဋ္ဌိ အရင် ခွာရပါမယ် ဘုရား) ဒိဋ္ဌိခွာပြီးမှ ဖြစ်ပျက်ရှုရမယ်၊ ဒါ-ဒီနေ့ အစီအစဉ်ပေးပြီး ဒကာ,ဒကာမတို့ သတိပဌာန် လေးပါး ဘာနဲ့ယူရမယ် စရိုက်နဲ့လျော်တာ ယူရ ပါမယ်ဘုရား) စရိုက်နဲ့လျော်တာ ယူပါ၊ သဘောကျပလား (ကျပါဘုရား) ကိုစောမောင် သတိပဌာန်လေးပါ တစ်ပါးပါးယူရလိမ့်မယ်။

ဘာနဲ့ယူရလိမ့်မယ် (စရိုက်နဲ့ လျော်တာ ယူရပါမယ် ဘုရား) စရိုက်နဲ့လျော်တာ ယူပါ၊ သဘောကျပလား (ကျပါတယ်ဘုရား) ကိုစောမောင် ပေါ်ပလား (ပေါ်ပါ့ဘုရား) စရိုက် လျော်တာ ယူပြီးလို့ရှိရင် ဘာလုပ်မတုံး (ဒိဋ္ဌိခွာရပါမယ်) လေးပါးအပေါ်မှာ ဒိဋ္ဌိခွာရမယ် (မှန်ပါ) ရုပ်ဟာလည်း ပုဂ္ဂိုလ် သတ္တဝါမဟုတ်ဘူး၊ ဝေဒနာကော (ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပါ့ ဘုရား)။

သညာသင်္ခါရကော (ပုဂ္ဂိုလ်သတ္တဝါမဟုတ်ပါဘူး ရား) ကဲ-ရှင်းပြီနော် အင်း-စိတ်ဟာလည်း (ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပါဘုရား) စရိုက်နဲ့ လျော်ပြီးသကာလ ဒကာ,ဒကာမတွေ က ဝေဒနာ ကြိုက်ရင် ဝေဒနာယူတယ်၊ သစ္စာကြိုက် သစ္စာယူ တယ်၊ ရုပ်ကြိုက် ရုပ်ယူတယ်၊ ယူချင်တာယူပါ ကိုယ့်စရိုက်နဲ့ ကိုယ် ကြိုက်တာယူလို့ရှိရင်ဖြင့် ဒါ ကမ္မဌာန်း ပေါက်ရောက်တာပဲ။

သို့သော် ဒီလောက်တင် ဉာဏ်နဲ့ ဖြတ်ပိုင်းပြီးသကာလ တော်လောက်ပြီလို့ ခင်ဗျားတို့က မယူထားပါနဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီဘုရား) စရိုက်နဲ့ တော်တာယူပြီး နောက် ကိုစောမောင် ဘာလုပ်ရမတုံး (ဒိဋ္ဌိခွာရပါမယ်ဘုရား) ဒိဋ္ဌိခွာပြီးသည့်နောက်မှ ကိုစောမောင်ရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ ရှုရမယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီဘုရား)။

တရားအားထုတ်ဖို့ နည်းပေးနေတာ

ဒါဖြင့် ဒကာ,ဒကာမတို့ ယနေ့ ရှေးဦးစွာ ကမ္မဌာန်းအား ယူတော့မယ်ဆိုလို့ရှိရင်ဖြင့် ဘာနဲ့ လျော်တာ ဘာယူရမယ် (စရိုက်နဲ့လျော်တဲ့ ကမ္မဌာန်းယူရမှာပါဘုရား) ကိုယ့်စရိုက်နဲ့ လျော်တာယူရမယ်၊ ဒါတရားဟောနေတာမဟုတ်ဘူး၊ နည်းပေး နေတာ၊ ကဲ-ယူပြီးပါပြီ ကိုစောမောင်၊ အားထုတ်ရုံပဲလား မေးတော့ မဟုတ်ဘူး အားမထုတ်နဲ့ဦး၊ သိမှုအရင်လုပ်လိုက်ဦး၊ သဘောကျပလား (ကျပါဘုရား) သိမှုဆိုတာ ဘာတုံးဆိုတော့ .။ ဒိဋ္ဌိရှိသလား မရှိဘူးလား သိမှု၊ အဲဒီ ဒိဋ္ဌိခွာတဲ့ အလုပ် သိမှုကို အရင်လုပ်လိုက်ပါ (မှန်ပါ) သဘောကျပလား (ကျပါဘုရား) ဒိဋ္ဌိသိမှုနဲ့ ခွာပြီးတော့မှ ပွားမှုနဲ့ခွာရမှာကိုး (မှန်ပါ) ပွားမှုနဲ့ ခွာပြီးတော့မှ ပယ်မှုနဲ့ (ခွာရမှာပါဘုရား) အခွာ ဘယ်နှစ်မျိုးပါလိမ့် (သုံးမျိုးပါဘုရား)။

သိမှု တစ်နံပါတ် ခွာရမယ်၊ နှစ်နံပါတ် (ပွားမှုနဲ့ ခွာရမှာပါဘုရား) သုံးနံပါတ်က (ပယ်မှုနဲ့ ခွာရမှာပါဘုရား) ပယ်မှုနဲ့ခွာရမယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ,ဒကာမတို့ ကမ္မဌာန်းပေးပြီလို့ အောက်မေ့ပါတော့၊ ကမ္မဌာန်းပေးတော့ကို အနုရာဓမင်းသည်ကား ဆိုလို့ရှိရင် ကွာတဲ့ ခန္ဓာငါးပါးရှိတယ်၊ ခန္ဓာငါးပါးရှိတဲ့အနက်က ချုံးလိုက်တော့ သတိပဌာန်လေးပါး ဖြစ်ပါတယ်၊ ခန္ဓာငါးပါးကို ချုံးလိုက်တဲ့အခါ (သတိပဌာန်လေးပါးဖြစ်ပါတယ်) သတိပ ဌာန် လေးပါးဖြစ်တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီဘုရား)။

အဲဒါ သတိပဌာန်လေးပါးထဲက ကိုစောမောင်ရေ တစ်ပါး ပါးကို စရိုက်နဲ့ ပျော်တာ မယူရ ပေဘူးလား (ယူရပါတယ် ဘုရား) ယူပြီးသည့်နောက်မှ သူသည်ကားဆိုလို့ရှိရင် ပဌမရှေးဦး စွာ သူ့ကို သတိပဌာန်လေးပါးထဲက ယူငြားသော်လည်း ခန္ဓာ ငါးပါးနဲ့ သူ့ကို အရင်ခွာ (မှန်ပါဘုရား) သဘောကျပလား (ကျပါတယ်ဘုရား) ခန္ဓာငါးပါးနဲ့ (အရင်ခွာရမှာပါဘုရား) ခန္ဓာငါးပါးကို ရှေးဦးစွာ ပြပြီးတော့မှ သတိပဌာန် လေးပါးနဲ့ ဝေဖန် ။

ဝေဖန်ပြီးတော့မှ တစ်ခါ ခန္ဓာငါးပါးကို အကုန်ခွာပေးလိမ့် မယ် တစ်ပါး ငြိနေလျှင်လည်း မရမှာစိုးလို့ (မှန်ပါ ဘုရား) ဒါလေးလည်း သတိထားလိုက်ပါဦး၊ ခန္ဓာက ဘယ်နှစ်ပါး ရှိသတုံး (ငါးပါးရှိပါတယ်ဘုရား) သတိပဌာန်နဲ့ ဝေဖန်လိုက် တော့ (လေးပါးပါဘုရား) လေးပါးပဲ ရှိတော့တယ် လေးပါးကို တစ်ခါ ဖြန့်လိုက်တော့ ငါးပါးပြန်မဖြစ်ဘူးလား (ဖြစ်ပါ တယ်ဘုရား) ဘာဖြစ်လို့ ပြန်ဖြန့် ရပါလိမ့်မတုံး တစ်ခုခု ကပ်နေမှာစိုးလို့ (မှန်ပါဘုရား)။

ဒါဖြင့် ဒကာဒကာမတို့ သိတဲ့အတိုင်း အနုရာဓဟောတော့ ဒါ-ငါဝေဖန်ပြီးပြီ၊ မင်းသည်ကား ဆိုလို့ရှိရင် ဒီခန္ဓာငါးပါးကို သေသေချာချာ အနုရာဓ မင်းမှတ်၊ ဆိုပြီးသကာလ ကိုစောမောင် ရေ ဝိပဿနာ အရှုခိုင်းတယ်၊ ဒိဋ္ဌိခွာပြီး (မှန်ပါဘုရား) ကဲဒါဖြင့် ဒကာ,ဒကာမတို့ အနုရာဓ မင်းသည် ကားဆိုလို့ရှိရင်ဖြင့် ဟောဒီရုပ်ကလေးကို အနိစ္စယူမလား နိစ္စယူမလားလို့ မေးလိုက် ပါတယ် (အနိစ္စ ယူရပါမယ်ဘုရား)။

အနိစ္စယူရမယ် သဘောပါပလား (ပါပါတယ်ဘုရား) ရုပ်တရားလေး တစ်လုံးကိုနော် (မှန်ပါဘုရား) ရုပ်ဆိုတာ ဘယ့်နှယ်ကြောင့် ရုပ်တုံးဆိုတော့ ဖောက်ပြန်ပျက်စီးတာ ရုပ်လို့ ဆရာ ဘုန်းကြီး ဟောပြီးပြီ (မှန်ပါဘုရား) ဖောက်ပြန်ပျက်စီး တာ ရုပ်ပါ၊ ဟောထားတော့ ဖောက်ပြန်တာနဲ့ ပျက်စီးတာဟာ ဖောက်ပြန်တယ်ဆိုတာလည်း ပင်ကိုသဘောစွန့်တာ၊ ပျက်စီး တယ်ဆိုတာလည်း ပင်ကိုသဘောစွန့်တာ ဒါဖြင့် ခင်ဗျားတို့ ပင်ကိုသဘောကို စွန့်မှ အမှန်ရောက်မယ်။

ပင်ကိုသဘောကို စွန့်တာသိမှ ဝိပဿနာရှုတာ

ခင်ဗျားတို့ ရှုတဲ့အခါတော့ ပင်ကိုသဘောစွန့်လား၊ မ စွန့်ဘူးလာ၊ စွန့်တဲ့အခြေအနေရောက်မှ ကိုစောမောင် အနိစ္စ မှန် (မှန်ပါ) အနိစ္စမှန်ဆိုတာ ဘာပါလိမ့် (ပင်ကိုသဘောစွန့် တာပါဘုရား) ပင်ကိုသဘောစွန့်မှ၊ ရုပ်ဟာ ရုပ်သဘောစွန့်မှ ဝေဒနာဟာ (ဝေဒနာသဘောစွန့်မှပါဘုရား) သညာဟာ (သညာသဘောစွန့်မှပါဘုရား) အင်း-သင်္ခါရကကော (သင်္ခါ ရ သဘော စွန့်မှပါ ဘုရား) စိတ်ဟာ (စိတ်သဘောစွန့်မှပါဘုရား)။

ဟော ကိုစောမောင် အနိစ္စဆိုတာ ဒါဆိုတာပါလား (မှန်ပါ) ရှင်းပလား (ရှင်းပါဘုရား) ပင်ကိုသဘောစွန့်တာက အနိစ္စ၊ ပင်ကိုသဘောကို မစွန့်ဘဲနဲ့ အသီးသီးဟာ ဒါရုပ်၊ ဒါ ဝေဒနာ၊ ဒါသညာ ပဲလို့ သိတာက ဒိဋ္ဌိခွာတာ၊ ပင်ကိုသဘော စွန့်တာကိုသိမှ၊ ဝိပဿနာရှုတာ၊ ဒါ-သေသေ ချာချာ မှတ်ပါ။ ဒကာ,ဒကာမတို့ သူ့အမည်နာမနဲ့ ခန္ဓာကိုယ်ထဲမှာ သိနေတာက ဒါ-ဘာခွာ တာတုံး (ဒိဋ္ဌိခွာတာပါ ဘုရား)။

သိမှုနဲ့ ဒိဋ္ဌိခွာတာ

ရှင်းပြီနော် (ရှင်းပါဘုရား) ဦးဘကလေးရှင်းပြီ (မှန်ပါ) အခု ခန္ဓာငါးပါးက နဂိုက ငါးပါးရှိတယ်၊ ငါးပါးရှိတဲ့ အနက်က ဒကာ,ဒကာမတွေ ပုဂ္ဂိုလ်သတ္တဝါတွေပျောက်သွားပြီ၊ ခန္ဓာငါးပါးမှ တစ်ပါး အပိုအလျှံမရှိဘူးလို့ သိတာသည် ကိုစော မောင်ဘာတုံး (ဒိဋ္ဌိခွာတာပါဘုရား) အဲဒါ ဉာတပရိညာပြီး သွားပြီ (မှန်ပါ) သိမှုပြီးသွားပြီ (မှန်ပါ)။

ပွားမှုနဲ့ဒိဋ္ဌိခွာတာ

ဒကာ,ဒကာမတို ဘာပြီးသွားပြီတုံး (သိမှုပြီး သွားပါပြီ ဘုရား) ကိုင်း-ပွားမှုနဲ့ ပယ်ကြစို့ ဆိုတော့ ဒီ-ဒိဋ္ဌိ (မှန်ပါ) ပွားမှုနဲ့ ပယ်ကြပေတော့ ဆိုတဲ့ဥစ္စာက ဘယ့်နှယ်ကြောင့် ဒီတရားကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဒုတိယအချက် ဟောရပါလိမ့် မတုံးဆိုတော့ ပွားမှုကို မမေး ထိုက်ဘူးလား (မေးထိုက်ပါတယ် ဘုရား) ဒိဋ္ဌိတော့ ကွာတော့ ကွာတယ်တဲ့ ဒကာ,ဒကာမတို့ သူ-သိရုံလေး ခန္ဓာငါးပါးလို့ သူသိပြီး သကာလ နေတာ၊ ပင် ကိုသဘောစွန့်တာ မသိသေး လို့ရှိရင် ဖြင့်တဲ့ သညာနဲ့ ကွာတာ၊ ပညာနဲ့ ကွာတာ မဟုတ်သေးဘူး (မှန်ပါ) ဒါ-သေသေချာချာ မှတ်ပါ (မှန်ပါ)

ဒီ-ငါးပါးတော့ သိပြီ၊ ဘယ်အချိန်ပဲပွားပွား ဒီငါးပါးကို မသိကြဘူးလား (သိကြပါဘုရား) သိပြီ ပူတာ-အေးတာရုပ်ပဲ။ ခံစားတာ ဝေဒနာ၊ မှတ်တာက သညာ၊ပြုပြင်စေ့ဆော်တာ သင်္ခါရ၊ သိတာ ဝိညာဏ်၊ ဒါလောက်သိရင် ဒိဋ္ဌိတော့ကွာပါရဲ့ တဲ့၊ သညာနဲ့ကွာတာ၊ ကိုစောမောင်ဘာနဲ့ ကွာတာတုံး (သညာ နဲ ကွာတာပါဘုရား) အဲတော့ ပညာနဲ့ ကွာတာ ကျန်နေတယ်၊ ပညာကလည်းနှစ်မျိုးယူပါ ၊ လောကီပညာနဲ့ ကွာတာတစ်မျိုး လောကုတ္တရာပညာနဲ့ ကွာတာတစ်မျိုး (မှန်ပါ) ကိုစောမောင် ဒီလိုခွဲရအုံးမှာဗျ (မှန်ပါ) ဒီလိုမှ စိပ်စိပ် ရှင်းရှင်း မလာလို့ဆို ရင်ဖြင့် ကိုစံလှ ကိုယ်ကျိုးနည်းပြီသာ အောက်မေ့တော့ (မှန်ပါ)။

အလုပ်ခွင် ဝင်ကြစို့

ကဲ-ဒါဖြင့် ရှေးဦးစွာ အခု ခန္ဓာငါးပါးထဲမှာ ပုဂ္ဂိုလ်သတ္တဝါ မပါပါဘူး ကိုစောမောင်ရေ (မှန်ပါ) ဒါ-ခင်ဗျားတို့ပညာနဲ့ ခွာထားတာလား (သညာနဲ့ခွာထားတာပါဘုရား) ဆရာဘုန်း ကြီးပေးတဲ့ အမှတ်အသားနဲ့ ခွာထားတာ (မှန်ပါ) ရှင်းပလား (ရှင်းပါဘုရား) ကဲ-ဒီက ရှေ့တက်ကြစို့၊ ကိုစောမောင် အလုပ်ခွင်ဝင်ကြစို့ (မှန်ပါ) အလုပ်ခွင်ဝင်ကြစို့ဆိုတော့ လောကီ ပညာနဲ့ ခွာရ လိမ့်မယ် (မှန်ပါ)။

ပညာနဲ့ ဒိဋ္ဌိခွာရမယ်

သဘောကျပလား (ကျပါဘုရား) လောကီပညာနဲ့ ခွာ တော့မယ် ဆိုတော့ ရုပ်ဟာ ဘာသဘောစွန့် (ပင်ကိုသဘောစွန့် ပါဘုရား) သူ့သဘောသူစွန့်တယ် (မှန်ပါ) ရုပ်ကိုမကြည့်ဘူး (မှန်ပါ) ရုပ်ဟာ ရုပ်သဘောစွန့်သွားတော့ ရုပ်ရှိသေးရဲ့လား (မရှိပါဘုရား) ဝေဒနာဟာဝေဒနာသဘော စွန့်ရင် (ဝေဒနာ မရှိပါဘုရား) သညာ-သညာသဘောစွန့်ရင် (သညာမရှိတော့ ပါဘုရား) သင်္ခါရဟာ-သင်္ခါရသဘောစွန့်ရင် (သင်္ခါရမရှိတော့ ပါဘုရား)။ အဲဒီ သဘောစွန့်တာလေးကို မြင်အောင် ကြည့်နိုင်လို့ရှိရင်ဖြင့် လောကီပညာဟာ ကိုစောမောင် ပိုင်ပြီ၊ သဘောကျပလား (ကျပါဘုရား) အဲတော့ ရုပ်ရှုနေတာဗျ။ ရုပ်ချည်း တွေ့နေတာပဲ ဆိုလို့ရှိရင်ဖြင့် ဒါ-တီရဏ ပရိညာဆိုတဲ့ ပွားမှု ဟုတ်ကို မဟုတ်ဘူး (မှန်ပါ)။

ဒကာကြီးလှိုင် သေသေချာချာမှတ်နော် (မှန်ပါ) ဒါအလုပ်ခွင်မြို့ သေသေချာချာ ပြောနေ ပါတယ်၊ ဒကာ,ဒကာမတို့၊ ကဲ-ဒါဖြင့် ဒကာ,ဒကာမတို့ ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ကဲ-အကုန် နေလို့ရှိရင် ပြီးမှာ မဟုတ်တော့ဘူး ကိုစောမောင် ရေ စိတ်တစ်လုံးတည်းပြောမယ် (မှန်ပါ)၊ စိတ်တစ်လုံး ပြောကြ ပါစို့တဲ့၊ ဒကာ,ဒကာမတို့-ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်တွေပဲစိတ်ပဲ၊ ကဲမူတည် လိုက်ပါဦးတော့ စိတ်မူတည်လိုက်တဲ့အခါကျတော့ ။ စိတ်ဟာ သူဟာ၊ ကြံစည် အောက်မေ့ တတ်တာကို စိတ်လို့ ခေါ်တယ် (မှန်ပါ)။

ကြံစည်အောက်မေ့တတ်တာ စိတ်

ဒကာ,ဒကာမတို့ စိတ်ဆိုတာဘာတုံး (ကြံစည်အောက် မေ့တတ်တာပါဘုရား) ကြံစည် အောက်မေ့တာ၊ အာရမ္မဏံ စိန္တေ တီတိ စိတ္တံ – ပေါ့ ဗျာ-အာရမ္မဏံ- အာရုံကို၊ စိန္တေတိ- ကြံတတ်၏။ ဣတိတသ္မာ- ထို့ကြောင့်၊ စိတ္တံ- စိတ်မည်၏။ စိတ်ဆိုတာ ကို စောမောင်ဘာတုံး (အာရုံကို ကြံစည် တတ်တာပါ ဘုရား)။

ဝိပဿနာအမြင်ဆိုတာ

အဲဒီ ကြံစည်အောက်မေ့တတ်တဲ့ သဘောလေး စွန့်သွား တာကို မြင်တော့မှ ဝိပဿနာ အမြင် (မှန်ပါ) သဘောကျပလား (ကျပါဘုရား) ကြံစည်အောက်မေ့တတ်တဲ့ သဘောလေးစွန့်

သွားရင် (ဝိပဿနာပါဘုရား) ဝိပဿနာအမြင်ဆိုတာ ကျေနပ် ပလား (ကျေနပ်ပါပြီဘုရား) ဒါဖြင့် ဒီစိတ်ကလေးတစ်ခု ခင်ဗျားတို့သန္တာန် ဘယ်စိတ်လာလာ ပုထုဇဉ်သန္တာန်လာတဲ့ စိတ်ကို ရှုရလိမ့်မယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါ ပြီဘုရား)။

ဝိပဿနာရှုနည်း

ပုထုဇဉ်သန္တာန်လာတဲ့စိတ်ကို ရှုပါတဲ့၊ လောဘလာရင် လောဘရှု၊ ဒေါသလာရင် ဒေါသရှု၊ မောဟလည်း ရှုပါတဲ့။ ဣဿလာကော (ရှုရပါမယ်ဘုရား) မစ္ဆရိယလာရင်ကော (ရှုရမှာပါ ဘုရား) အိပ်ချင် ထိုင်းမှိုင်းတဲ့ စိတ်လာရင်ကော (ရှုရမှာပါဘုရား) အင်း-ရှုရလိမ့်မယ် ဒကာ, ဒကာမတို့ ..။

ရှုစိတ် ရှိုက်စိတ်ကလေးကော (ရှုရပါမယ်ဘုရား) အင်း စားစိတ် ဝါးစိတ်ကလေးကော (ရှုရပါမယ်ဘုရား) ကြားစိတ် ကလေးကော (ရှု ရပါမယ်ဘုရား)၊ ယားစိတ် ယံစိတ်တွေ ကော (ရှုရပါမယ်ဘုရား) ရှုရမှာ၊ ကိုယ်သန္တာန်ကလာတဲ့ စိတ်ဟူ သ၍ကိုဖြင့် ဒကာ,ဒကာမတို့ ဧဟိပဿိကောနဲ့လုပ် (မှန်ပါ) သဘောကျပလား (ကျပါဘုရား) ချုပ်သွားတဲ့ တရားက ဧဟိ-လာပါ၊ ပဿ- ရှုပါ။

ကိုစောမောင် ဧဟိက လာပါ၊ ပဿက (ရူပါဘုရား) လာရှု၊ ဒကာ,ဒကာမတို့ စိတ်က ဘယ်နှယ့်ခေါ်ပါလိမ့် (လာရှုပါတဲ့ ဘုရား) လာရှုပါဆိုတော့ ကိုစောမောင်တို့က စိတ် ပေါ်တာ ကို လာမရှုရပေဘူးလား (ရှုရပါဘုရား) သဘောကျလား (ကျပါဘုရား) ဧဟိက (လာပါတဲ့ဘုရား) ပဿက (ရှုပါတဲ့ဘုရား) ဟင်-သူက ဘယ်လိုများခေါ်ပါလိမ့် (လာရှုပါတဲ့ဘုရား) လာရှုပါဆိုတော့ ခင်ဗျားတို့က ကျုပ်ကို အာရုံပြုပြီး နေပါလို့ ။ ရှုပါလို့ ကျုပ်ဘာဖြစ်တယ်ဆိုတာ ခင်ဗျားရူပါဆိုတာ မဂ္ဂင်ကို ခေါ်တာ (မှန်ပါ) စိတ်ကို ဘယ် သူ့ကိုခေါ်တုံး (မဂ္ဂင်ကို ခေါ်ပါတယ်ဘုရား) ရှင်းပြီနော်။

ဒါ-ဝိပဿနာ အလုပ်စစ်တွေကို ပေးနေတယ် (မှန် ပါ) စိတ်က ဘယ်လိုခေါ်တုံး (လာရှု ပါတဲ့ ဘုရား) လာရှုပါခေါ် တယ်၊ ဘယ်နှယ့်တဲ့ (လာရှုပါတဲ့ဘုရား) ဘယ်သူက ခေါ်တာ တုံး (စိတ်က ခေါ်တာပါဘုရား) ဒါဖြင့် ဒကာ,ဒကာမတို့ အရှုခံက အရှုဉာဏ်ကို ခေါ်သည် (မှန်ပါ)။

အရှုခံတရားက၊ အရှုဉာဏ်ကိုခေါ်တယ်

အရှုခံတရားက (အရှုဉာဏ်ကို ခေါ်ပါတယ်ဘုရား) အရှုခံတရားက အရှုဉာဏ်တရားကို ခေါ်တဲ့သဘော (မှန်ပါ) သဘောကျပလား (ကျပါဘုရား) အဲဒီလို ခေါ်တဲ့အခါကျတော့ ကိုတဲ့ ခေါ်လို့သွားတယ် ခေါ်လို့က ခင်ဗျားတို့က ဥပမာ လောဘစိတ်ကလေးပေါ်လာတယ်၊ အင်း-သူက ကျုပ်လောဘပါ ပဲဆိုပြီးသကာလ ခင်ဗျားတို့က နောက်က လောဘဖြစ်တယ်လို့ မသိရ ပေဘူးလား (သိရပါတယ်ဘုရား) သိတာ သူခေါ်လို့လာတာ (မှန်ပါ) လောဘက ခေါ်လို့လာတာ၊ ကိုစောမောင် လောဘက မခေါ်ရင် မဂ္ဂင်က (မလာပါဘုရား) မလာဘူးဆို တာ သေချာပလား (သေချာပါ ဘုရား)။

ခေါ်တဲ့တရားကလည်း နာမ်၊ အခေါ်ခံရတဲ့ တရား လာမဲ့တရားကကော (နာမ်ပါဘုရား) နာမ်ဆိုတော့ နှစ်ခုဖြစ် ကောင်းရဲ့လား (မဖြစ်ကောင်းပါဘုရား) မဖြစ်ကောင်းတော့ သူက ခေါ်လည်း ခေါ်တယ် သူ့သဘောလည်း ပြောပြတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါဘုရား) ခေါ်လည်း ခေါ်တယ် (သူ့သဘောလည်း ပြောပြပါတယ်ဘုရား) ခေါ်လည်းခေါ် တယ်ဆိုတာက ကျုပ်လောဘ ဖြစ်နေ တယ်လို့ ခေါ်တာ ။

ခေါ်တော့ ဒီကလည်း လာတယ်-မဂ္ဂင်ကလာတယ်၊ လောကီသမားက၊ လာတဲ့အခါကျတော့ကို ဒကာ,ဒကာမတို့ မရှိဘူး (မှန်ပါဘုရား) သူသဘောသူစွန့်သွားတယ်၊ လောဘ သဘောက (စွန့်သွားပါတယ် ဘုရား) ကျုပ်ဟာကျုပ်ကို ကျုပ် မနိုင်ဘူး။

ပင်ကိုသဘောစွန့်တယ် ၊

ကျုပ်သည်ကား ဆိုလို့ရှိရင်ဖြင့်တဲ့၊ ကျုပ်သဘောစွန့်ပါပြီ ဆိုတဲ့အကြောင်းကို လာလိုက်တဲ့ တရားကလည်း လာပါရောသူ့ ပင်ကိုသဘော စွန့်ပြီးသား ဖြစ်နေတယ် (မှန်ပါဘုရား) မစွန့် ဘူးလား (စွန့်ပါတယ်ဘုရား) အဲ-ပင်ကိုသဘောစွန့်ပြီးသား ဖြစ်နေတာကို ကိုစောမောင်က ဦးဘရှင်းတို့က မြင်ပါမှ လက္ခဏာကို သွားတွေ့တယ် (မှန်ပါဘုရား) အနိစ္စလက္ခဏာကို သွား တွေ့တယ်၊ သဘော ပါကြပလား (ပါ,ပါပြီဘုရား) ဘာသွား တွေ့တုံး (အနိစ္စ၏ လက္ခဏာကို သွားတွေ့တယ်) ရှင်းပလား (ရှင်းပါတယ်ဘုရား)။

အနိစ္စလက္ခဏာ တွေ့ရမယ်

ဒါဖြင့် အနိစ္စတွေ့ရုံနဲ့၊ အနိစ္စဆိုတာ ဒီတရားလေး ဟာ အနိစ္စရောက်မဲ့တရားလို့ သိတာ အနိစ္စပဲ (မှန်ပါဘုရား) သဘောကျပလား (ကျပါတယ်ဘုရား) လက္ခဏာကတော့ ဒီ တရားလာတဲ့ အချိန် မရှိတာတွေ့မှ လက္ခဏာတွေ့မယ် (မှန်ပါဘုရား) သဘောကျပလား (ကျပါတယ်ဘုရား) ဒါဖြင့် အနိစ္စနဲ့လက္ခဏာ ဘယ်ဟာမိမှ အချိုးကျပါလိမ့် (လက္ခဏာမိမှ အချိုးကျပါမယ်) ဒါ-သေသေချာချာမှတ်ပါတဲ့၊ ဒါ-အလုပ်စဉ်ကို သေသေချာချာ ပြောနေတယ် (မှန်ပါဘုရား)။

သေသေချာချာ ပြောနေတာဆိုတာ ဒီဟာ ပြောရတာက ကျင်းပြီး ပြောရတာမဟုတ်တော့ ခင်ဗျားတို့ ထင်မြင်မှု ဂရုစိုက်ရ တဲ့အတွက် သော်-အနိစ္စလက္ခဏာမြင်မှတို့သည်ကားဆိုလို့ ရှိရင် ပဋိစ္စသမုပ္ပါဒ် ပြတ်ပါလားဆိုတာမှတ်ပါ (မှန်ပါ့ဘုရား) ရှင်းပလား (ရှင်းပါတယ်ဘုရား) ဘာမြင်မှ ဘာလိမ့် (အနိစ္စ ၏လက္ခဏာမြင်မှာပါ) ဧဟိပဿိကောဆိုပြီး ရှေ့ပိုင်းက စိတ်က လေးက ခေါ်တယ် (မှန်ပါဘုရား) ခေါ်လို့လာတဲ့အခါကျတော့ ဉာဏ်သည်လာတဲ့တရားသည် ဘာကို တွေ့သတုံးလို့ မေးလို့ရှိရင် ကိုစောမောင် စိတ်တွေ့သလားတဲ့ စိတ်၏ အနိစ္စလက္ခဏာကို တွေ့သလား (အနိစ္စ၏ လက္ခဏာကိုတွေ့ပါတယ်)။

စိတ်တွေ့ဖို့ မဟုတ်ဘူး

အဲ-စိတ္တာနုပဿနာလို့ ဆိုငြားသော်လည်းတဲ့ သူဟာ ပြောမဖြစ်လို့ပြောတာ (မှန်ပါဘုရား) သဘောကျပလား (ကျပါတယ်ဘုရား) စင်စစ်စိတ်တွေ့ဖို့မဟုတ်ပါဘူး (မှန်ပါ) စိတ်၏ အနိစ္စ လက္ခဏာ တွေ့ဖို့ပါ၊ သဘောပါပလား (ပါ,ပါပြီ) စိတ်တွေ့ဖို့လား (စိတ်၏ အနိစ္စလက္ခဏာ တွေ့ဖို့ပါ) စိတ် တွေ့နေလို့ရှိရင် ခင်ဗျားတို့ခက်ပြီ၊ စိတ်တွေ့နေလို့ရှိရင် ဒီကမ္မ ဌာန်းဆရာ အလကား ဆရာလို့ မှတ်ပါ (မှန်ပါဘုရား) ရှင်းပလား (ရှင်းပါတယ်ဘုရား) ခင်ဗျားတို့က တွေ့နေတဲ့ ပုဂ္ဂိုလ်လည်း အရူးမို့လို့ တွေ့တယ်လို့ပြောတာ (မှန်ပါဘုရား)။

နှစ်စိတ်ပြိုင်ကောင်းရဲ့လား (မပြိုင်ကောင်းပါဘုရား) မပြိုင်ကောင်းဘူးဆိုတာ သေချာပြီ မှုတ်လား (သေချာပါပြီ ဘုရား) ခေါ်တော့မခေါ်ဘူးလား (ခေါ်ပါတယ်) ခေါ်တော့်ခေါ် တယ်နော်၊ ဥပမာမယ်- ခင်ဗျားတို့ ရှင်းသထက်ရှင်းအောင် ပြောမယ်ဆိုတော့ ခြင်လေးက ပခုံးကျောလည်မှာ ကိုက်နေတယ် ဆိုပါတော့ ကိုစောမောင် (မှန်ပါတယ်ဘုရား) ကျောလည်မှာ ကိုက်နေတဲ့ အခါကျတော့ ယားလား (ယားပါတယ်ဘုရား) လက်ကလေးက သွားလိုက်တဲ့အခါကျတော့ ခြင် ရှိသေးလားလို့ မေးရင် (မရှိတော့ပါဘူးဘုရား) သြော်-ခြင် မရှိတော့ဘူး။

ဒါဖြင့် ခေါ်သာခေါ်တယ် ခြင်မတွေ့ဘူး၊ ဘာတွေ့သတုံး မေးတဲ့အခါကျတော့ ဖောက်ပြန် နေတာ တွေ့တယ်၊ မယားတာမှ ယားတာတွေ့တယ် (မှန်ပါဘုရား) မယားတာမှ ယားတာတွေ့ တယ်၊ ဒါဖြင့် ဖောက်ပြန်နေတာပဲ (မှန်ပါဘုရား) ပင်ကိုက အယားလား-မယားတာချုပ်သွားလို့ ယားတာပေါ်နေတာလား (မယားတာ ချုပ်သွားလို့ ယားတာပေါ်နေတာပါ) အဲ ဖောက်ပြန် ပျက်စီးတာတွေ့မှ ကိုစောမောင် ပင်ကိုသဘောစွန့်တာ ခြင်ကို မတွေ့မှ သဘောကျပလား (ကျပါတယ်ဘုရား)။

စိတ်မရှိတာတွေ့ရမယ်

ဒီမှာလည်း စိတ်က ခေါ်ငြားသော်လည်း ဘာမတွေ့ မှတုံး (စိတ်မရှိတာ တွေ့မှပါဘုရား) သေသေချာချာမှတ်ပါ၊ သေသေ ချာချာ ရှင်းရှင်းလင်းလင်းပြောနေတယ်၊ စိတ်က ခေါ်ငြားသော် လည်း (စိတ်မရှိတာတွေ့ရမှာပါ) ဘာတွေ့ ရမှာတုံး (စိတ် မရှိတာ တွေ့ရမှာပါ) အဲ-ခြင်ဆီလို့ လက်ကသွားသော်လည်း ခြင်မတွေ့ စေနဲ့တဲ့၊ ခြင်သတ္တ တွေ့ရင်ပြီးတာပဲ၊ သဘောကျပလား (ကျပါ ပြီဘုရား) ခြင်တွေ့ နေလို့ရှိရင် ကိုစောမောင် ဘယ်နေ ရာကျမတုံး .(မကျပါဘုရား)။

ဒါက ဥပမာ ပြောတာနော်၊ ခုနင်က အစားလွန်ကဲနေတဲ့ ခြင်ကိုတော့ ခင်ဗျားတို့ ဖိသတ်ရင် တွေ့ချင်တွေ့မှာပေါ့ ဥပမာ ပြောတာပါ၊ သဘောပါပလား (ပါ,ပါတယ်ဘုရား) ကောင်းပြီ၊ ဒါဖြင့် ဧဟိပဿိကော ဧဟိလာခဲ့ပါ၊ ပဿရူပါလို့ ဆိုငြား သော်လည်း ကိုစောမောင်ရေ ရှုပါလာပါလို ခေါ်တာလည်း အမှန်၊ သွားလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ပင်ကိုသဘော စွန့်သွားတာ လည်းအမှန်၊ အဲဒီ ပင်ကိုသဘောစွန့်သွားတာလေး ဒကာ,ဒကာမတွေ မြင်လို့ရှိရင် ညနေအားထုတ် မနက်ရပါတယ် (မှန်ပါတယ်ဘုရား)။

မနက်အားထုတ် (ညနေရပါတယ်) ညနေရပါတယ် ဆိုတာ ဘုရားဟောတာပါ (မှန်ပါဘုရား)ကိုယ်ရှင်းပလား (ရှင်းပါပြီဘုရား)

အနိစ္စလက္ခဏာ မတွေ့ရသေး၍ မမှန်သေးဘူး

ဒါဖြင့် ကျုပ်တို့ရှုတဲ့အခါ ဘာတွေ့ဖို့ လိုပါလိမ့်ဗျာ (ပင်ကိုသဘောကိုစွန့်သွားတာကို တွေ့ဖို့လိုပါတယ်) သဘောကျ ပလား (ကျပါတယ်ဘုရား) အနိစ္စလက္ခဏာ မတွေ့သေးလို့ ရှိရင်ဖြင့်တဲ့၊ ဒကာ,ဒကာမတို့ တရားမမှန်သေးဘူးလို့ မှတ်ပါ။

ဒါ မှုရှိုက်မှုတွေ ပြောတာမဟုတ်ဘူးနော်၊ တကယ့် နိဗ္ဗာန်တရားကို ပြောနေတာ၊ သဘော ကျပလား (ကျပါ တယ်ဘုရား) ရှူရှိုက်မှုတွေ ပြောနေတာ မဟုတ်ဘူး၊ ရှူရှိုက်မှု တွေကတော့ ရှူတယ်ရှိုက်တယ် သိနေပြီးတာပဲ၊ ဒါ-ပြီးနေတာပါပဲ။ တကယ့် ဝိပဿနာကျလာတော့ ဧဟိပဿိကော လက်လွှတ်လို့ မရပါဘူး (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား) ဧဟိပဿိကောကို (လက်လွှတ်လို့ မရပါဘူး) လက်လွှတ်လို့ ဘယ်ရမလဲ ကိုစောမောင်ရဲ့ ၊ ဧဟိ-လာခဲ့ပါ။ပဿ-ရှုပါဆိုတာက ချုပ်သွားတဲ့တရားက ခေါ်တာပါ။ ချုပ် သွားတဲ့တရားက ဘာခေါ်တာတုံး (မဂ္ဂင်ကို ခေါ်တာပါ)။

ရှိရာက မရှိတာမှ လက္ခဏာ

မဂ္ဂင်ကိုခေါ်တာ ရှင်းပလား (ရှင်းပါတယ်ဘုရား) ချုပ်သွားတဲ့တရားက (မဂ္ဂင်ကိုခေါ်တာပါ) အဲ-မဂ္ဂင်ကို ခေါ်တော့ မဂ္ဂင်ဒီနေရာရောက်တော့ ကိုစောမောင် သူရှိသေး ရဲ့ လား (မရှိတော့ပါဘူး ဘုရား) ဒါဖြင့် မရှိခြင်းလက္ခဏာဟာ အနိစ္စလက္ခဏာ၊ မရှိခြင်း လက္ခဏာဟာ (အနိစ္စလက္ခဏာပါ) ပင်ကိုတကယ် မရှိဘူးဆိုရင်လည်း ပညတ်ဖြစ်သွားပြီ (မှန်ပါ ဘုရား) ရှိရာကို မရှိတာမှ လက္ခဏာ (မှန်ပါဘုရား) သဘော ကျပလား (ကျပါတယ်ဘုရား)။

ပင်ကိုက မရှိလို့ရှိရင် ပညတ်၊ ပင်ကိုက မရှိရင် (ပညတ်ပါ) အဲဒါကျတော့ ဧဟိပဿိကောက မခေါ်ဘူး (မှန်ပါဘုရား)ခေါ်ကြရဲ့လား (မခေါ်ပါဘူးဘုရား) အဲဒါကြောင့် ဧဟိပဿိကော ကလည်း ခေါ်ရမယ်၊ သဘောကျရဲ့ လား (ကျပါတယ်ဘုရား) ပြီးတော့ကို ခေါ်လို့ရောက်တဲ့ အချိန်မှာလည်း မရှိရဘူး (မှန်ပါဘုရား) ဒီနှစ်ခုညီရင် ခင်ဗျားတို့ ခဏလေး ပေါက်ရောက်တော့မယ်၊ သဘောကျပလား (ကျပါတယ်ဘု ရား) ဒီနှစ်ခုညီရင် (ခဏလေးပေါက်ရောက်တော့မှာပါ) ခေါ် တာက၊ အရှုခံတရားက ဧဟိပဿိကော (မှန်ပါ)။

ဧဟိ-လာခဲ့ပါ၊ ပဿ-ရှုပါလို့ ခေါ်လဲခေါ်တယ် ကိုစောမောင် ရှိလည်းမရှိဘူး၊ ခေါ်တာလည်း ဘယ်သူခေါ်တာတုံး.. (အရှုဉာဏ်ကိုခေါ်တာပါ) အရှုဉာဏ်ကိုခေါ်တာ၊ အရှုဉာဏ်က လည်း သူဒီနေရာကို ဦးတည်လိုက်ပါရော ကိုစောမောင် ရှိသေးရဲ့လား (မရှိပါဘူးဘုရား) ဒါဖြင့် ခင်ဗျားတို့ တွေ့တဲ့အခါ ဘာတွေ့တုံးဆိုတော့ ဘယ့်နှယ်ဖြေကြမတုံး (မရှိတာကို တွေ့ပါတယ်) မရှိတာကို တွေ့တယ်ဆိုတာ မရှိတာ ဘယ်သူ၏ လက္ခဏာတုံး (အနိစ္စ၏လက္ခဏာပါ)။

အနိစ္စ၏ လက္ခဏာတွေ့မှအမှန်

သူဟာ ပင်ကိုက အနိစ္စသဘော (မှန်ပါဘုရား) ပင်ကိုက အနိစ္စတရားလေး၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား) အနိစ္စတရားလေးသွားပြီ ရှုလိုက်တဲ့အခါကျတော့ ဒါ သူ့လက္ခဏာ ဒီကလည်း ဧဟိပဿိကောနဲ့ ခေါ်လို့လာလည်း လာပါရော သူလည်း မတွေ့တော့ဘူး . . .(မှန်ပါဘုရား) တွေ့သေး ရဲ့လား (မတွေ့ပါဘူးဘုရား) မတွေ့တော့ အနိစ္စတွေ့သလားအနိစ္စရဲ့ လက္ခဏာတွေ့သလား (လက္ခဏာတွေ့ ပါဘုရား) လက္ခဏာတွေ့မှ အမှန်၊ ကိုစံလှ ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ဘာတွေ့မှတုံး (လက္ခဏာတွေ့မှပါဘုရား) ဒီလိုသာ ဘုန်းကြီး အခုပြောသလို ဒကာ, ဒကာမတွေ ဉာဏ်ထဲမှာ စိတ်ကလေးက ဥပမာ-ယားတဲ့ စိတ်ကလေး လက်မောင်းမှာပေါ် တယ်-ပေါ်တော့ ကိုစောမောင် အရင်ယားတဲ့ စိတ်ကလေးဆီကို ဉာဏ်ကနေပြီး ကြည့်လိုက်တဲ့ အခါ ကျလို့ရှိရင် ဉာဏ်ကခေါ်လို့ သွားရပကောဗျ (မှန်ပါဘုရား) မသွားဘူးလား (သွားပါ တယ်ဘုရား) သွားတဲ့အခါ ယားတာကလေးကို မရှိတာ တွေ့ရ တယ်၊ မရှိတာတွေ့ရင် သူ့လက္ခဏာတွေ့ရတယ်၊ သူက ပင်ကိုက အနိစ္စသာဆိုတယ် လက္ခဏာကို မပြောရသေးဘူး ကိုစောမောင် (မှန်ပါတယ် ဘုရား)။

လက္ခဏာကို ပြောလိုက်တဲ့အခါကျတော့မှတဲ့၊ ဒကာ,ဒကာ မတို့က သော်-အနိစ္စဆိုတာ လက္ခဏာမှာ လမ်းဆုံးတယ် (မှန်ပါဘုရား) အနိစ္စဆိုတာ (လက္ခဏာမှာ လမ်းဆုံးတယ်) ဒါဖြင့် ခင်ဗျားတို့သုံးကြတဲ့ အာလုံး ဒကာ,ဒကာမတွေ သုံးနေ ကြတာအနိစ္စရှုဖို့ပ၊ ကိုစောမောင် မသုံးကြ ဘူးလား (သုံးကြပါတယ်ဘုရား) အနိစ္စရှုဖို့ပဲ သုံးကြတယ်၊ ဒကာကြီးဦးလှိုင် (မှန်ပါတယ်ဘုရား) တွေ့တာက အနိစ္စတွေ့သလား-လက္ခ ဏာတွေ့သလား (လက္ခဏာတွေ့ပါတယ်) ရှင်းပလား (ရှင်း ပါတယ်ဘုရား)။

အနိစ္စလက္ခဏာဆိုတာ

ဒါကြောင့် ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာက “အနိစ္စန္တိ ခန္ဓာ ပဉ္စကံ”၊ အနိစ္စဆိုတာကွာ-ခန္ဓာငါးပါး ရှိနေတာဆိုတာပါ၊ သဘော ကျပလား (ကျပါဘုရား) အနိစ္စလက္ခဏာဆိုတာ “ဟုတွာ အဘာဝတ္ထေန လက္ခဏာ” ဟုတွာ- ဖြစ်ပြီး အဘာဝတ္ထေန ဟိုက မဂ္ဂင်လာတဲ့အခါ မရှိတာမှ သူ့လက္ခဏာကွ (မှန်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီဘုရား) မရှိတာမှ (လက္ခဏာ) ရှင်းပြီ၊ ဒါဖြင့် ခင်ဗျားတို့ မှတ်စရာက ကိုစံလှတို့ သေသေချာချာ မှတ်၊ ရှိရာက မရှိတာ ဒါ-အနိစ္စလက္ခဏာ (မှန်ပါဘုရား) ရှိရာက မရှိတာ (လက္ခဏာပါဘုရား)။

ဒါကြောင့် ဒီမှာ ဧဟိပဿိကောနဲ့ တစ်လုံးတိုးလိုက်တယ်။ သန္ဒိဋ္ဌိကောကို ခင်ဗျားတို့ လက်မလွှတ်နဲ့ (မှန်ပါဘုရား) ဧဟိပဿိကောက ခေါ်သမား၊ သဘောကျပလား (ကျပါတယ် ဘုရား) ဧဟိပဿိကောက ခေါ်သမားလို့ ဆိုတဲ့အခါကျတော့ ဟောဒီတရားက သန္ဒိဋ္ဌိကော ဖြစ်ရမယ် (မှန်ပါဘုရား) သူကိုယ်တိုင်မြင်ရတယ် (မှန်ပါဘုရား) သြော်-ရှိရာက မရှိဘူးလို့၊ သူက ဆုံးဖြတ်ချက်ချ၊ မဂ္ဂင်က ဆုံးဖြတ်ချက် ချလိုက်တဲ့အခါကျတော့ ဧဟိပဿိကောကို သန္ဒိဋ္ဌိကောနဲ့ လိုက်တယ်၊ လိုက်တော့ လက္ခဏာ သွားတွေ့တယ် (မှန်ပါ ဘုရား)။

သဘောကျပလား (ကျပါတယ်ဘုရား) ဧဟိပဿိကော ဘာပါလိမ့် ကိုစောမောင် (အခေါ်သမားပါ) အခေါ်သမား သက်သက်ခေါ်ပြီး ပြေးသလိုပဲ၊ ကိုစောမောင် ခေါ်ပြီး ပြေးပြီး သကာ လ သန္ဒိဋ္ဌိကောနဲ့ ကျုပ်တို့က ကိုယ်တိုင်မြင်အောင် လိုက်မယ် ဆိုပြီး လိုက်,လိုက်တဲ့အခါကျတော့ ခင်ဗျားတို့ ကျုပ်တို့ လက္ခ ဏာ သွားမတွေ့ဘူးလား (တွေ့ပါတယ်ဘုရား) ဒါဖြင့် သန္ဒဋ္ဌိ ကောနဲ့ လိုက်တဲ့အခါကျတော့ ဘာသွားတွေ့တုံး (လက္ခဏာ တွေ့ပါတယ်ဘုရား) ဧဟိပဿိကော ခေါ်တုံးက ပေါ်စရှိသေး၊ သဘောကျပလား (ကျပါတယ်ဘုရား)။

သန္ဒိဋ္ဌိကောနဲ့လည်း လိုက်လိုက်ပါရော ခုနင်က ဖြစ်နေတဲ့ တရားလေး သတ္တိတွေ စွန့်သွားတာသာ တွေ့တော့တယ် (မှန်ပါဘုရား) ပေါ်ကြပလား (ပေါ်ပါတယ်ဘုရား) ဘာတွေ့ပါလိမ့်.. .(သတ္တိစွန့်သွားတာ တွေ့ပါတယ်ဘုရား) ဒါဖြင့် ဒီနှစ်ခု လွှတ်လို့ မရဘူး (မရပါဘုရား) ကိုပေါ် လွှတ်လို့မရပါဘူး၊ အာလုံးနောက်က ဒကာ,ဒကာမတွေရော (လွှတ်လို့ မရပါ ဘုရား) ဒါ-နှစ်လုံးတည်း ပြောနေငြားသော်လည်း ကိုစောမောင် သဘောဆိုက်အောင် ပြောရတာမလွယ်ပါဘူး (မှန်ပါဘုရား) ဦးဘရှင်း လွယ်ပါ့မလား (မလွယ်ပါဘူးဘုရား)။

ကဲ-ဒါဖြင့် ပြန်ပြောတယ်၊ စိတ်ကလေးတစ်ခု ဒကာ, ဒကာမတွေ ဘယ်စိတ်က လာလာ ရှုပြီး ဘယ်စိတ်လာလာ စိတ်က ဘာလုပ်တတ်သတုံး မေးလို့ရှိရင် ဘယ်နှယ်ပြောကြမတုံး (ဧဟိ ပဿိကော တဲ့ပါဘုရား) ဧဟိလာခဲ့ပါ၊ ပဿရှုပါ။ ၊ သူ့လာရှုပါချည်း မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား) ခေါ်တော့ ခင်ဗျားတို့ ဘယ်ပါဠိတော်နဲ့ လိုက်မတုံး (သန္ဒိဋ္ဌိကောနဲ့ လိုက်ပါမယ်) သန္ဒိဋ္ဌိကောနဲ့ သာမံပဿိတဗော၊ သာမံ -ကိုယ်တိုင် ပဿိတဗ္ဗော၊ မြင်အောင်လိုက်မယ် ဆိုပြီး လိုက်လိုက်တဲ့ အခါကျတော့ ကိုစောမောင်ရေ၊ ဟိုက ခေါ်ပြေးသွားတယ် (မှန်ပါဘုရား)။

လက္ခဏာတွေ့မှ အနိစ္စဉာဏ်

ခေါ်လည်းခေါ် ပျောက်လည်းပျောက်တယ် (မှန်ပါဘုရား) လိုက်လိုက်တဲ့ အခါကျတော့ကိုတဲ့၊ အထည်တွေ့သ လား-လက္ခဏာတွေ့သလား (လက္ခဏာတွေ့ပါတယ်ဘုရား) လက္ခဏာတွေ့မှ အနိစ္စလက္ခဏာ၊ ဒါကြောင့် သူသည် အနိစ္စဉာဏ်သွားဖြစ်တယ်၊ လက္ခဏာမတွေ့ရင် အနိစ္စဉာဏ် မဖြစ်ဘူးတဲ့၊ ဝေဒနာ တွေ့ နေလို့ရှိရင် ဒီဥစ္စာ အနိစ္စဉာဏ် မဖြစ်တဲ့အပြင် နာမပရိစ္ဆေဒဉာဏ် သွားဖြစ်တယ်၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

ပျက်မည့်တရားက အခေါ်သမား

ကိုပေါ် ဒါမလွယ်ဘူးနော် မလွယ်ဘူး၊ ဒကာ,ဒကာမတို့ ဒီနေ့တရားကို အထူးဂရုစိုက်ပြီး နာမှပဲ၊ ဦးဘရှင်းရေ လိုရင်း ဆိုက်မယ် (မှန်ပါဘုရား) အခုပြောနေတာမှ မဆိုက်သေးလို့ ရှိရင်လဲ၊ ဒကာ,ဒကာမတွေ အတော်လေး အားထုတ်ရမယ် (မှန်ပါဘုရား) ကဲ-ဒါဖြင့် အခုဓမ္မဂုဏ်တော် ၆-ပါးထဲမှာ ဒီနေ့ ဘယ်နှစ်လုံးသုံးပါလိမ့် (နှစ်လုံးသုံးပါတယ်ဘုရား) ဧဟိပဿိကောက ရှေ့က အပျက်က၊ ပျက်မဲ့တရားက ခေါ်တာ သဘောကျပလား (ကျပါတယ်ဘုရား) သန္ဒိဋ္ဌိကောက (လိုက်ရမယ့်တရားပါဘုရား) လိုက်ရှုရမယ်။

ဉာဏ်နဲ့လိုက်တော့ သူလက္ခဏာပဲ တွေ့တယ်

သာမံ ပဿိတဗ္ဗော၊ သာမံ ကိုယ်တိုင်ဆိုတာ ဉာဏ်ကို ပြောတာ (မှန်ပါဘုရား) ဉာဏ် ကိုယ်တိုင် လိုက်တဲ့အခါကျတော့ ဘာတွေ့သတုံး (လက္ခဏာတွေ့ပါတယ်ဘုရား) ဒါဖြင့် သန္ဒိဋ္ဌိကောလို့ ဆိုငြားသော်လည်း ဒကာ့ဒကာမတို့ စိတ်က သူခေါ်တော့ ခေါ်တာအမှန်ပဲတဲ့၊ ခေါ်ပျောက်-ပျောက်ရ လိမ့်မယ် (မှန်ပါဘုရား) သဘောကျပလား (ကျပါတယ် ဘုရား) ခေါ်ရင်း မတ္တနဲ့ (ပျောက်ရပါတယ်ဘုရား) ပျောက်သွား တော့ကို သန္ဒိဋ္ဌိကောနဲ့လည်း ကိုစောမောင်တို့က လိုက်လိုက် ပါရောတဲ့ သူ့လက္ခဏာပဲသွားတွေ့ တော့တယ် (မှန်ပါဘုရား) ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ဘာတွေ့သတုံး– (သူ့လက္ခဏာပဲတွေ့ပါတယ်) အဲဒီလို ချည်း ဒကာ့ဒကာမတွေ ခေါ်တိုင်းလိုက်၊ လက္ခဏာတွေ့၊ ခေါ်တိုင်းလိုက်၊ ခေါ်တိုင်း (လိုက်ရပါမယ်) ခေါ်တိုင်းလိုက်ရ မယ်၊ လိုက်တဲ့အခါ လက္ခဏာတွေ့၊ ဒါဖြင့် ခေါ်တာကိုလည်း ကိုစောမောင်အရေးကြီးတယ် (မှန်ပါ) လိုက်တဲ့အခါ လက္ခဏာ တွေ့ဖို့လဲ (အရေးကြီးပါတယ်ဘုရား) ဒါဖြင့် ခေါ်တာရှိမှ လိုက်တဲ့အခါလည်း လိုက်မှ (မှန်ပါဘုရား) လိုက်တဲ့အခါ အထည်တွေ့နေ မှားမယ် (မှန်ပါဘုရား) လိုက်တဲ့အခါ ကျတော့ အထည်တွေ့နေရင် မှားပါတယ်၊ အဲ-အထည်တွေ့ နေရင် မှားပြီ (မှန်ပါဘုရား)။

လက္ခဏာတွေ့မှ အမှန်

လက္ခဏာတွေ့မှ (အမှန်ပါဘုရား) ဒကာကြီးလှိုင် သဘောပါရဲ့လား (ပါ-ပါတယ်ဘုရား) ခေါ်လဲခေါ်မှာပဲ (မှန်ပါဘုရား) လိုက်လဲလိုက်ရမှာပဲ (မှန်ပါဘုရား) လိုက်တဲ့အ ခါဘာတွေ့တုံး (လက္ခဏာတွေ့ရပါမယ်ဘုရား) ဒါဖြင့် ခေါ်တုံးက ကိုစောမောင် သူတစ်ခုတည်း ဖြစ်နေတယ်၊ သဘော ကျရဲ့လား (ကျပါတယ်ဘုရား) လိုက်တဲ့တရား မဖြစ်သေးဘူး (မဖြစ်သေးပါဘူးဘုရား) မဖြစ်သေးဘူးတဲ့၊ နောက်လိုက်တဲ့တရား ဖြစ်လာလို့ လိုက်-လိုက်တဲ့အခါကျတော့ ခေါ်တဲ့ တရားမရှိဘူး (မရှိပါဘူးဘုရား)။

ဒါကြောင့် လက္ခဏာတွေ့မှ ကိုက်တယ် (မှန်ပါဘုရား) သဘောပါပလား (ပါ-ပါတယ် ဘုရား) သော်-တော်တော် အရေးကြီးပါလား (မှန်ပါဘုရား) ရှင်းကြပလား (ရှင်းပါ တယ်ဘုရား) ကိုစံလှကြီး ကျေကျေနပ်နပ် သဘောကျရဲ့လား (ကျပါတယ်ဘုရား) ဧဟိပဿိကောက ဘာတုံး (ခေါ်ပါ တယ်ဘုရား) ခေါ်တာရှိတုံး ခေါ်တာ၊ သန္ဒိဋ္ဌိကောက အဲဒီအချိန် လိုက်နိုင်ပလား (မလိုက်နိုင် ပါဘူး ဘုရား)။

အင်း-ခေါ်တဲ့တရား ပျောက်သွားတော့မှ (လိုက်ပါ တယ်ဘုရား) လိုက်တဲ့အခါကျတော့ ဘာတွေ့တုံး (မ ရှိတဲ့လက္ခဏာတွေ့ပါတယ်ဘုရား) မရှိတဲ့လက္ခဏာ မတွေ့ ဘူးလား (တွေ့ပါတယ် ဘုရား) ဒါဖြင့် ဘယ်သူမရှိတာတုံး မေးတဲ့အခါကျတော့ဖြင့် ခုနင်က ခေါ်တဲ့စိတ်ကလေး မရှိတာ (မှန်ပါဘုရား) သဘောကျပလား (ကျပါတယ်ဘုရား) ခေါ်တဲ့ စိတ်ကလေး မရှိတာ တွေ့တော့မှ အဲဒီကျတော့မှ သော်-ဘာမှ မမြဲပါလားဆိုတာ ဒီက ဆုံးဖြတ်ချက်ချတာ (မှန်ပါဘုရား)။

လိုက်တဲ့တရားက (ဆုံးဖြတ်ချက်ချပါတယ်ဘုရား)လိုက်လိုက်တော့ သူအထည်မှ မတွေ့တာပဲ (မတွေ့ပါဘုရား) မမြဲတာ ေဩာ်-ဒီနေရာက ခေါ်လည်း ခေါ်တယ်၊ ရှာလည်း မတွေ့ဘူး ဆိုတာ ဒီလိုက်တဲ့ တရားက မသိဘူးလား (သိပါ တယ်ဘုရား) ခေါ်ကော (ခေါ်ပါတယ် ဘုရား) လိုက်ကော (လိုက်ပါတယ်ဘုရား) လိုက်တော့ အထည်တွေ့ ရဲ့ လား (မတွေ့ ပါဘုရား) ဘာတွေ့တုံးဆိုတော့ လက္ခဏာပဲတွေ့တယ်။

အဖြစ်က အခေါ်သမား

ဦးဘရှင်း ရှင်းပြီလား (မှန်ပါဘုရား) ဘယ်တရားရှုရှု ဒီအတိုင်းသွားရမယ် (မှန်ပါဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် ဖြစ်-ပျက်ဆိုငြားသော်လည်း အဖြစ်က အခေါ် အပျောက်က လက္ခဏာပြ၊ ဒကာ,ဒကာမတို့ အဖြစ်က အခေါ်ပါ။ အပျောက်က (လက္ခဏာပြပါဘုရား) ဒါ-မှတ်ထားလိုက်ရင် ရှင်းပြီ၊ အဖြစ်က (အခေါ်ပါ) အပျောက်က (လက္ခဏာကို ပြပါတယ်ဘုရား) အပျောက်ဆိုတာ မရှိတာ၊ မရှိတဲ့ လက္ခဏာ ကိုပြတာ၊ ရှင်းပြီနော် (ရှင်းပါပြီဘုရား)။

အပျက်က လက္ခဏာပြတာ

ဒကာ,ဒကာမတို့ ဘယ်လိုမှတ်မတုံး (မရှိတဲ့လက္ခဏာ ကို ပြပါတယ်ဘုရား) ကဲ-ဖြစ်,ပျက်ဗျာ၊ အဖြစ်က ဘာတုံး (အခေါ်သမားပါဘုရား) အပျက်က (လက္ခဏာပါဘုရား) အဲလက္ခဏာ ပြတယ် ဆိုတော့ ဒါကမှသာလျှင်-“ဟုတွာ အဘာဝတ္တေန အနိစ္စံ” သွားကိုက်တယ်၊ ဟုတွာ ဖြစ်၍ ကိုစောမောင် ဒီနေရာမှာ ပျက်တယ်၊ နားဖြစ်ဖြစ် မျက်လုံးထဲမှာဖြစ်ဖြစ်၊ ဘယ်ထဲဖြစ်ဖြစ် ပေါ့ ဗျာ၊ သူ့နေရာနဲ့သူ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်ဘုရား) ဟုတွာ ဒီမျက်လုံးထဲမှာ ဖြစ်၍ အဘာဝတ္တေန ဒီသန္ဒဋ္ဌိကော က လိုက်လိုက်တဲ့အခါ မရှိခြင်းသည်ပင်လျှင် ဒါ-သူလိုက်တဲ့အခါမှာ မရှိတာတွေ့ရမယ် (မှန်ပါဘုရား)။

မရှိတာတွေ့မှ မမြဲမှန်းသိမယ်

မရှိတာတွေ့မှ ဘာမှ မမြဲပါလားဆိုတာ မလာဘူးလား (လာပါတယ်ဘုရား) ဒါဖြင့် ဘာမှ မမြဲပါလား ဆိုတာသည် ဒီလိုက်တဲ့ တရားက ပြောတာ (မှန်ပါဘုရား) ဒါဖြင့် လိုက်တဲ့ တရားသည် ဒကာ,ဒကာမတို့ သူလိုက်တယ်-မလိုက်တယ်ဆိုတာ ဟာ ခင်ဗျားတို့ စဉ်းစားကြည့်ပါတဲ့၊ သူလိုက်လို့ လိုက်တာအမှန်ဆို ရင် ပဋိစ္စသမုပ္ပါဒ်ပြတ်တယ် (မှန်ပါ့) သူလိုက်တာ မမှန်ရင် မပြတ်ဘူးဆိုတာ သူနဲ့ပဲ ဒီဂရီ ထိုးကြည့်လိုက်တဲ့ အခါကျတော့မှ ကိုစံလှ ပေါ်သွားတယ် (မှန်ပါဘုရား) ပေါ်ပလား (ပေါ်ပါ တယ်ဘုရား)။

ဒါဖြင့် ဒကာ,ဒကာမတို့ ဖြစ်ပျက်ရှုလို့ ဆိုငြားသော်လည်း ဘုန်းကြီးများက ရှင်းအောင် ပြောတာပါလို့ မှတ်လိုက်တာပေါ့ အဖြစ်က ခေါ်တယ်-အပျက်က လက္ခဏာပြတယ် (မှန် ပါတယ် ဘုရား) အဖြစ်က ခေါ်ပါတယ်၊ အပျက်က (လက္ခဏာ ပြပါတယ်ဘုရား) ဒါဖြင့် ဉာဏ်က ဘာတွေ့တုံး အပျက် တွေ့ပါတယ်ဘုရား) ဉာဏ်က လက္ခဏာ တွေ့ရတယ် (မှန်ပါဘုရား) ရှင်းပလား (ရှင်းပါတယ်ဘုရား) လက္ခဏာတွေ့တော့မှ သူက အနိစ္စလက္ခဏာ၊ သူက မဂ္ဂသစ္စာ၊ ရှင်းပလား (ရှင်းပါတယ်ဘုရား)။

ဉာဏ်က မဂ္ဂသစ္စာ

မရှိတာကလေးက အနိစ္စလက္ခဏာ၊ ဉာဏ်က (မဂ္ဂ သစ္စာပါဘုရား) မရှိတာလေးက (အနိစ္စလက္ခဏာ) ဉာဏ်က (မဂ္ဂသစ္စာ) ဒါ-ကိုက်ရမယ် ဒကာဒကာမတို့၊ သဘောပါပလား (ပါ-ပါတယ်ဘုရား) ဒီလိုသာကိုက်မယ်ဆိုရင် ခင်ဗျားတို့ ခုနင်က ပြောတဲ့ ပါဠိတော်ပဲတဲ့၊ မနက်အားထုတ် ညနေရရမယ် (မှန်ပါဘုရား) မရဘူးလား၊ ညနေအားတုတ်ရင် (မနက်ရပါ မယ်ဘုရား)။

ကိုင်း-ဒါဖြင့် အခုလက္ခဏာသိတဲ့ ဒကာ,ဒကာမတွေ ကျတော့ ကိုစောမောင် အရင်လို တစ်ခါတည်း ဒါလေးဟာ စိတ်ကလေးပဲ ဆိုရုံနဲ့ ဒိဋ္ဌိကွာတာ မဟုတ်သေးရဲ့လား .. (မဟုတ်ပါဘူး ဘုရား) စိတ်ကို စိတ်မှန်းသိတော့ သညာနဲ့ ကွာတာ (မှန်ပါဘုရား) ခုတော့ လက္ခဏာလေး မြင်ရတဲ့အခါကျ တော့ဖြင့် လောကီပညာနဲ့ ကွာပါပြီ (မှန်ပါဘုရား) ဘာနဲ့ ကွာ (လောကီပညာနဲ့ ကွာပါတယ်ဘုရား)။

ဒိဋ္ဌိကွာပုံချင်း မတူဘူး

လောကီပညာနဲ့ ဘာကွာသွားတုံးကိုစောမောင်၊ ဒိဋ္ဌိကွာ ပုံချင်းကို မတူဘူး (မှန်ပါဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါတယ်ဘုရား) အရင်ဟာက (သညာကွာပါ ဘုရား) နောက်ဟာက (လောကီပညာ ကွာပါဘု ရား) လောကီပညာနဲ့ကွာတော့၊ ကိုစောမောင် ဝေဖန်ပါအုံး၊ သြော်-သညာနဲ့ ပညာကွာ၊ သညာကွာက အထည်ရှိပါလား (မှန်ပါဘုရား) ပညာကွာက (အထည်မရှိပါဘုရား)ဒီမှာထူးခြား သွားတယ်၊ မထူးခြားဘူးလား (ထူးခြားပါတယ် ဘုရား)။

သညာကွာက (အထည်ရှိပါတယ်ဘုရား) ပညာကွာက (အထည်မရှိပါဘုရား) ကဲ-ဘယ်သူက ဒဏ်ချက်-ဉာဏ် ချက်ပြင်းသတုံး။ အကဲခတ်ကြည့်ပါ (ပညာက ဉာဏ်ဒဏ် ချက်ပြင်းပါတယ်ဘုရား) ပညာက၊ သော်-ငါ့ကိုယ်ငါ့ဟာ လုပ်စရာဘယ်ရှိမတုံး၊ မလာဘူးလား (လာပါတယ်ဘုရား) ဟို-ရှိနေတုန်းကတော့ ရုပ်-ရုပ်မှန်သိ၊ စိတ်-စိတ်မှန်းသိတုန်း ကတော့ သြော်-ရှိတဲ့စိတ်က ပြောတာကို ဆိုတော့၊ အရှိခံနေတယ် (မှန်ပါတယ် ဘုရား)။

နည်းနည်းလေး အရှိခံနေသေးတယ် (မခံဘူးလား) အခုတော့ သေသေချာချာ ဝိပဿနာ ဉာဏ်နဲလိုက်-လိုက်တဲ့ အခါကျတော့ အရှိခံသေးရဲ့ လား (မခံတော့ပါဘူးဘုရား) မခံတော့ဘူး ဆိုတော့ လက္ခဏာ မပြဘူးလား (ပြပါတယ် ဘုရား) လက္ခဏာပြတော့ကိုတဲ့၊ ပြတာက လက္ခဏာ သိတာက မဂ္ဂသစ္စာ (မှန်ပါဘုရား) ရှင်းပလား..(ရှင်းပါတယ်ဘုရား)။

ပြတာက လက္ခဏာ၊ သိတာက မဂ္ဂသစ္စာ

ပြတာက (လက္ခဏာပါ) သိတာက (မဂ္ဂင်သစ္စာပါ) ဒီလိုဖြင့် ဒကာ,ဒကာမတို့ ဘုန်းကြီးက ရှင်းသထက်ရှင်းအောင် ပြောနေတယ်တဲ့၊ သြော်-တယ်ခက်ပါလားလို့ ဒီလိုလည်း မယူနဲ့၊ ရှုလိုက်တော့ ဒါပဲတွေ့မှာပဲ (မှန်ပါဘုရား) ရှုတော့ လက္ခဏာပဲ တွေ့မှာပဲ (မှန်ပါဘုရား) ရှင်းပလား (ရှင်းပါပြီဘုရား)ဟာ- တရားက ကြာလေခက်လေ, ကြာလေခက်လေ ရမှရနိုင်ပါ့မလား၊ ဒီဘက်ကို မသွားနဲ့ ရှုတဲ့အခါ ဒီနည်းအတိုင်း ဖြစ်လိမ့်ပြော တာ (လက္ခဏာတွေ့ရပါမယ်ဘုရား) စိတ်လာရှု ဝေဒနာ လာရှု၊ ဒီနည်းအတိုင်းသွားမှာ (မှန်ပါဘုရား) ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

ကောင်းပြီ-ဒါဖြင့် ကိုစောမောင် သေပျော်ပြီဆိုတဲ့ အဓိပ္ပာယ် မရဘူးလား (ရပါတယ်ဘုရား) ဒါဖြင့် နာမရူပ ပရိစ္ဆေဒကျမ်းကို ထည့်လိုက်ပါတဲ့၊ စိတ်လာတိုင်း-လာတိုင်း ကိုစောမောင်ရေ ဧဟိပဿိကောနဲ့ခေါ်လို့ သန္ဒကောနဲ့ လိုက်-လိုက်တာ၊ ဧဟိပဿိက က ခေါ်လိုက်-အဖြစ်က ခေါ်လိုက်နော်၊ အလိုက်က လက္ခဏာတွေ့လိုက်၊ ဦးဘရှင်း ရှင်းပလား (ရှင်းပါတယ် ဘုရား)။

အဖြစ်က ခေါ်သမား အပျက်က လက္ခဏာပြောသမား၊ သဘောကျပလား (ကျပါတယ် ဘုရား) အဖြစ်က (အခေါ် သမားပါဘုရား) အပျက်က လက္ခဏာပြောသမား၊ လက္ခဏာပြော လိုက်တယ်၊ သူ့လက္ခဏာ ဒါပါပဲ ပြောလိုက်တော့ ခင်ဗျားတို့ ဒိဋ္ဌိ မစင်ချင်လို့ ရအုံးမလား (မရတော့ပါဘုရား) ခိုင်တာ၊ မြဲတာ ရှိသေးရဲ့လား (မရှိတော့ပါဘုရား) ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ပညာက ပွားရမယ်

ခိုင်တာမြဲတာ ငါ့ကိုယ် ငါ့ဟာကော (မရှိပါဘုရား) မရှိ တော့ဘူးတဲ့၊ လောကီပညာက အင်မတန် ကောင်းပါတယ်၊ ဒါ ဖြင့် ပညာက တစ်ကြိမ်တည်း ဖြစ်ရမှာလား မေးတဲ့အခါ ကျတော့ဖြင့် ပဋိသမ္ဘိဒါမဂ်က ပညာဟာ ပွားရလိမ့်မယ်ဟေ့ (မှန်ပါဘုရား) ဒီပညာဟာ ဘာတဲ့ (ပွားရမှာပါ) ဒါဖြင့်

“ပရိပါက-ကမေနေဝံ၊ ပရိဘာဝိတဘာဝန ပရိစ္စဇန္တိ သင်္ခါရေ၊ ပက္ခန္ဒတိ အသင်္ခတေ”

သူ့ပါဠိ ဒီပါဠိသက်သက် ဘာတုံး ဆိုရင်ဖြင့် မင်း ကြပ်ကြပ် ပွားစမ်းပါတဲ့။

ဒကာ,ဒကာမတို့ စိတ်ပေါ်တိုင်း-ပေါ်တိုင်း ဒီက ဧဟိပဿိ ကောက ခေါ်၊ သန္ဒိဋ္ဌိကောက လိုက်၊ လက္ခဏာတွေ့၊ သဘော ကျပလား (ကျပါတယ်ဘုရား) ဧဟိပဿိကောကခေါ်၊ သန္ဒိဋ္ဌိကောက (လိုက်ပါတယ် ဘုရား)ဒီမဂ္ဂင်က လိုက်ပေါ့ (မှန်ပါ ဘုရား) ဘာတွေ့ မတုံး (လက္ခဏာတွေ့ပါမယ်) လက္ခ ဏာတွေ့ ကိုမြင့် ရှင်းပြီနော် (ရှင်းပါပြီဘုရား) ကိုစံလှတို့ကော (ရှင်းပါပြီ) ဧဟိပဿိကောက ခေါ်ပါတယ်၊ သန္ဒဋ္ဌိကောက လိုက်တယ်၊ ဘာတွေ့တုံး (လက္ခဏာ တွေ့ပါတယ်) ဘယ်သူ ၏ လက္ခဏာ တုံး မေးတော့မှ အနိစ္စ၏ လက္ခဏာ ရှင်းပလား .. (ရှင်းပါပြီဘုရား)။

ဘာတွေ့ပါတုံး (အနိစ္စ၏လက္ခဏာ) အနိစ္စ၏လက္ခ ဏာ သွားတွေ့တယ် ကိုစောမောင် ဘယ်သူ၏လက္ခဏာ သွား တွေ့တုံး (အနိစ္စ၏ အလက္ခဏာ သွားတွေ့ပါတယ်) အနိစ္စ၏ လက္ခဏာ သွားတွေ့တယ်တဲ့၊ နွားတွေ တစ်ပုံကြီးရှိငြားသော် လည်း ကိုယ့်နွားကျတော့ ဘာမှတ်တုံးဆိုတော့ နွားတွေ မွေးထားတဲ့အထဲ ကိုစောမောင် ကိုယ်မွေးတဲ့နွား ရွေးချင်တဲ့ အခါကျတော့ကိုတဲ့၊ နွားချင်း အတူတူပဲတဲ့ လက္ခဏာကို သိပြီး ဖမ်းတယ် (မှန်ပါဘုရား)။

ကိုယ့်နွားမှန်း ဘာဖြစ်လို့ သိသတုံး

သဘောကျပလား (ကျပါတယ်ဘုရား) နွားတွေအများ ကြီးရှိတဲ့အနက် ကိုစောမောင် နွားကလည်း အဲဒီအထဲမှာ ဝင် နေတယ်ဆိုတော့ ကိုစောမောင် သွားဖမ်းတဲ့အခါကျတော့ ဒီပြင်နွား ဖမ်းမလား ကိုယ့်နွားဖမ်းမလား ..(ကိုယ့်နွားဖမ်းပါ မယ်ဘုရား) ဟ-နွားချင်းအတူတူ ကိုယ့်နွား ဘာဖြစ်လို့ သိသလုံး မေးတော့ လက္ခဏာ မတူဘူးဘုရား။ ဘယ်လိုပါလိမ့် (လက္ခဏာချင်း မတူပါဘူး ဘုရား)။

ဒီမှာလည်း လက္ခဏာကို တွေ့ပါမှ ဒကာဒကာမတို့ ဟို အမှန်ရောက်ပါလိမ့်မည် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါ တယ်ဘုရား) လက္ခဏာကိုတွေ့မှ ကိုယ့်ဟာအစစ် (မှန်ပါ ဘုရား) လက္ခဏာမတွေ့ခင်တုန်းက မဟုတ်သေးဘူး၊ နွားတွေ တစ်ပုံကြီးရှိတယ် (မှန်ပါဘုရား) သဘောကျပလား (ကျပါ တယ်ဘုရား) ကဲ-ဒါဖြင့် ဒကာ,ဒကာမတို့ အနိစ္စနဲ့ လက္ခဏာကော ထူးပလား (ထူးပါပြီ) နွားတွေလို့ ဆိုတုန်းက ဒါအနိစ္စတွေထားပါတော့ ကိုစောမောင်က သူ့ဟာရယ်လို့ မှတ်ပြီး ဖမ်းလိုက်တယ်၊ သူဘာကြည့်ဖမ်းတုံးမေးရင် (လက္ခဏာကြည့် ဖမ်းပါတယ် ဘုရား)။

ဂျိုနေပုံ မတူဘူးကွ၊ အမွေးနေပုံ မတူဘူးကွ၊ ကိုစောမောင် မလာဘူးလား (လာပါတယ် ဘုရား) အဲဒါ ဘာကြည့်ဖမ်းသတုံး (လက္ခဏာကြည့်ဖမ်းပါတယ်) ဒါဖြင့် အနိစ္စရှုငြားသော် လည်း အနိစ္စတွေတစ်ပုံကြီးထဲက ခင်ဗျားတို့ ဉာဏ်ထဲမှာ မိရ မှာက လက္ခဏာမိရမှာ မှတ်ပါ (မှန်ပါဘုရား) ဘာမိရမှာတုံး (လက္ခဏာမိရမှာပါဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

ဘယ်လောက်ထိအောင် မိရမှာတုံး

ဒါဖြင့် လက္ခဏာကို ဘယ်လောက်ထိအောင် မိရမှာတုံး ကိုစောမောင်ရေလို့ မေးတော့ ကိုယ့်သန္တာန်မှာ ပုထုဇဉ်သန္တာန် မှာပေါ်တဲ့ စိတ်တွေ ပေါ်တိုင်း-ပေါ်တိုင်း ဒါ လက္ခဏာမိအောင် လိုက်ပါ (မှန်ပါဘုရား) သဘောကျပလား (ကျပါတယ် ဘုရား) ပေါ်တိုင်း-ပေါ်တိုင်း (လက္ခဏာမိအောင် လိုက်ရမှာပါ) လက္ခဏာမိအောင် လိုက်-လိုက်တဲ့အခါကျတော့ကိုတဲ့၊ ခင်ဗျား တို့ကျတော့ ဒီလက္ခဏာတွေချည်း တွေ့ပြီး တွေ့ပြီးနေတော့ ရှင်းသွားရော၊ လက္ခဏာတွေဟာဖြင့် အကုန်ပဲတွေ့ပြီဘုရား။

ဘယ်စိတ်မှ ဘယ်စိတ်ကယ်လို့ မဟုတ်ဘူးဘုရား တပည့် တော်ဖြင့် အဲဒီစိတ်ကလေးတွေဟာ နာမည်သာတပ်လိုက်ရတယ် တပည့်တော်တွေ့တာဖြင့် ပျက်စီးတဲ့လက္ခဏာလေးတွေပဲ တွေ့ လိုက်ရတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါဘုရား) ခင်ဗျားတို့ တွေ့ ကြာခါကျတော့ (ပျက်စီးတဲ့ လက္ခဏာပဲ တွေ့ပါတယ် ဘု ရား) ဒါဖြင့် လိုက်ပါများတော့ ။ ပျက်စီးတဲ့ လက္ခဏာတောင်မှ ကိုစောမောင်ရေ မတွေ့တော့ဘူး (မှန်ပါ) မတွေ့တော့ဘူး (မှန်ပါ) လိုက်ပါများတော့ (မတွေ့တော့ပါဘုရား) မတွေ့တော့ဘူး၊ ဒကာ,ဒကာမတို့ လိုက်ပါများတဲ့အခါကျတော့ မတွေ့ တော့တာ ဘာဖြစ်လို့တုံးလို့ မေးဖို့မလိုဘူးလား (လိုပါ တယ်ဘုရား) မတွေ့တာက ဒီလိုပါတဲ့၊ ဒကာ,ဒကာမတို့ မ တွေ့တာသည်ကားလို့ ဆိုလို့ရှိရင် ။

ဉာဏ်ရင့်လာလို့ ပျက်စီးတဲ့လက္ခဏာ မတွေ့တာ

ဉာဏ်ရင့်လာလို့မှတ်၊ သဘောကျပလား (ကျပါဘုရား) ဉာဏ်ရင့်လာရင် (မတွေ့တော့ပါ ဘုရား) မတွေ့ဘူးသာ မှတ် ရမယ်နော်၊ လိုက်ပါများလာလို့ ဒီဉာဏ်ဘယ့်နှယ့်ကြောင့် ရင့်ပါ လိမ့်မတုံး မေးတဲ့အခါကျတော့ သူသတ်တဲ့ ဒိဋ္ဌိက ဒကာ,ဒကာမ တို့ ပါး-ပါးသွားလို့ မတွေ့တာ (မှန်ပါ) ရှင်းပလား (ရှင်းပါ ဘုရား) ဒါဖြင့် သူသတ်တဲ့ ဒိဋ္ဌိက ဝမ်းထဲမှာ အနုသယသဘော နဲ့ ကိန်းနေတာ။

နိစ္စလက္ခဏာ သွားတွေ့တယ်

ရှင်းပလား (ရှင်းပါဘုရား) အဲဒီ ကိန်းအောင်းနေတဲ့ တရားလေး ပျောက်သွားတဲ့အချိန်မှာ လက္ခဏာ မတွေ့တော့ဘူး၊ သဘောကျပလား (ကျပါဘုရား) လက္ခဏာမတွေ့ဘူးဆိုတော့ အနိစ္စလက္ခဏာ မတွေ့တော့ဘူး၊ သဘောကျပလား (ကျပါဘု ရား) ဘာတွေ့မတုံးဘုရားလို့ မေးဖို့မလိုဘူးလား (လိုပါဘုရား) အင်း-နိစ္စလက္ခဏာသွားတွေ့တယ် (မှန်ပါ) ဒကာ,ဒကာမတို့ ဘာသွားတွေ့တုံး (နိစ္စလက္ခဏာသွားတွေ့ပါတယ်ဘုရား)။

နိစ္စလက္ခဏာတွေ့ရင် နိဗ္ဗာန်

လိုက်ပါများတော့ (နိစ္စလက္ခဏာ တွေ့ပါတယ်) ပဌမ တော့ ခင်ဗျားတို့ ဘာတွေချည်း တွေ့နေမတုံး (အနိစ္စလက္ခဏာ တွေချည်း တွေ့ပါတယ်) နောက်ကျတော့ အနိစ္စလက္ခဏာကို မတွေ့တော့ဘူး ကိုစောမောင် (မှန်ပါတယ်ဘုရား) ဘာတွေ တွေ့နေတုံး (နိစ္စကိုတွေ့ပါတယ်) ဒါဖြင့် နိစ္စလက္ခဏာတွေ့ရင် နိဗ္ဗာန်မှတ် (မှန်ပါဘုရား) အနိစ္စလက္ခဏာတွေ့က ဝိပဿနာ ဉာဏ်မှတ် (မှန်ပါဘုရား) နိစ္စလက္ခဏာတွေ့ ရင် (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်ဆိုတော့ ဒါ-ဒိဋ္ဌိသေတဲ့ နိဗ္ဗာန်ကိုတွေ့တဲ့ အခါကျလို့ရှိရင် ဒါ-နိစ္စလက္ခဏာတွေ့တာပဲ (မှန်ပါဘုရား)။

သဘောကျရဲ့လား (ကျပါတယ်ဘုရား) ဒိဋ္ဌိ, ဝိစိကိစ္ဆာ သေတဲ့အခါကျတော့ နိစ္စနိဗ္ဗာန် (မှန်ပါဘုရား) ဒိဋ္ဌိဝိစိကိစ္ဆာ မသေ့တသေ ဖြစ်နေလို့ရှိရင် အားနည်းရုံလေး ရှိနေသေးရင် . (အနိစ္စလက္ခဏာပဲ တွေ့မှာပါ) ဒါဖြင့် ဒကာ,ဒကာမတို့ ရှုပါများ လာတဲ့ အခါကျတော့ ကိုတဲ့၊ ဧဟိပဿိကော က အနိစ္စလက္ခဏာက လည်း အနိစ္စကလည်း မရှိဘူး။

သင်္ခတမှ အသင်္ခတကူးတာအမှန်

လက္ခဏာကလည်း မပြတော့ဘူးဆိုလို့ရှိရင် ဒီဉာဏ်သည် ဘာတွေ့မတုံး (နိစ္စလက္ခဏာ တွေ့ပါတယ်) နိစ္စလက္ခဏာက နိဗ္ဗာန်၊ အနိစ္စလက္ခဏာက ဒကာ,ဒကာမတွေ သိတဲ့အတိုင်း သင်္ခါရသဘော (မှန်ပါဘုရား) ရှင်းပလား (ရှင်းပါတယ်ဘု ရား) ဒါဖြင့် သင်္ခတသဘောက အသင်္ခတ ပြောင်းမယ်။ သင်္ခတသဘောက (အသင်္ခတ ပြောင်းပါတယ်ဘုရား) ရှင်းပလား (ရှင်းပါတယ်ဘုရား) အနိစ္စလက္ခဏာသည် သင်္ခတ၊ ရှင်းပလား (ရှင်းပါပြီဘုရား) နိဗ္ဗာန်သည် (အသင်္ခတပါ ဘုရား) ဒါဖြင့် သင်္ခတမှ အသင်္ခတ ကူးတာမှ တရားမှန် (မှန်လှပါဘုရား)။

သင်္ခတမှ (အသင်္ခတသို့ ကူးတာမှ တရားမှန်ပါ) လုပ်တတ်ပလား (လုပ်တတ်ပါပြီဘုရား) ဒါ-အနုရာဓ မဆက် နိုင်ဘူး ခင်ဗျားတို့ သင်ကြားနေတာနဲ့ နာရီစေ့သွားပြီး။

ကဲ-ယနေ့ ဒီတွင် တော်ပါဦး။

သာဓု သာဓု သာဓု။