126

မလျှော့ မတင်း ကျင့်မှရမယ် (သောဏသူဌေးသား)

အသံဖိုင်ခေါင်းစဉ်= အာသဝေါတရား လေးပါးတရားတော်

စာအုပ်ခေါင်းစဉ်= မလျှော့ မတင်း ကျင့်မှရမယ် (သောဏသူဌေးသား)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

မလျှော့ မတင်း ကျင့်မှရမယ် (သောဏသူဌေးသား)

(၄-၁၂-၅၉)

ဒကာ ဒကာမတို့အခု ရှေ့က သုံးခုပြပြီး သကာလ ထားတဲ့ ဥစ္စာဟာ အရင်ပြောပြီးသား အတိုင်း ဒါလွန်ခဲ့တဲ့ဘဝ လို့ မှတ်ထားကြပါ။

ဒါ ယခုရောက်ဆဲ ပစ္စုပ္ပန်ဘဝ၊ ခန္ဓာငါးပါးရထားတဲ့ ဘဝလို့ မှတ်ထားကြပါ။ နိဗ္ဗာန်မရသေးရင် ကြုံရဆုံရမှာ အနာဂတ်ဘဝလို့ မှတ်ထားကြပါ။ ဘယ်နှစ်မျိုးရှိပါသလဲ။ (သုံးမျိုးရှိပါတယ် ဘုရား)။

သြော် ဒါဖြင့် ဘဝသုံးပါးမှာ ကျင်လည်မျောပါသွား ရတာ ဘယ်သူ့ကြောင့်တုံးလို့ မေးဖို့လိုမလာဘူးလား (လိုလာပါတယ် ဘုရား) ဘဝသုံးပါး ကျင်လည်မျောပါ သွားလာနေကြတာ ဘယ်သူ့ကြောင့် ပါလိမ့်မလဲလို့ ဒကာ ဒကာမတွေ အကြောင်း လက်သည်ကိုရှာကြပါစို့။

အကြောင်းလက်သည် ရှာတဲ့အခါကျတော့ တစ်နေ့ ကဟာလေး ပြန်ပြီးမှတ်ထားမှ လည်သာ လည်ရတယ် ကိစ္စ မရှိဘူး ဆိုတာကို လာမှာလည်း စိုးရိမ်ရတယ်။

ကိစ္စရှိတယ်ဆိုတာလည်း ဒကာ ဒကာမတွေ သိစေ ချင်တယ်။ ဒီလွန်ခဲ့တဲ့ ဘုန်းကြီးတို့ လာရာဘဝ၊ လာရာဘဝ ကလည်း ခန္ဓာငါးပါး။

ခန္ဓာငါးပါးကြီးက ဘာဖြစ်လာသတုံးလို့ မေးတဲ့အခါ ကျတော့။ ခန္ဓာငါးပါးက နောက်ဆုံး ပိတ်အဖြစ်၊ အဖြစ်ဆိုး က ဘာပါလိမ့်မတုံး ဆိုတော့ စုတိဆိုတဲ့ အသေဆိုးဟာ ဒါ အတိတ်ဘဝ၏ လမ်းဆုံးလို့ ဆိုလို့ရှိရင် မှန်တယ်လို့ပဲ ဆုံး ဖြတ်ချက်ချရမှာပဲ (မှန်ပါ)။

အတိတ်ဘဝ၏ လမ်းဆုံးဟာ စုတိ

အတိတ်ဘဝ၏ လမ်းဆုံးဟာ စုတိပဲ။ သေတာပဲ သဘောကျပလား (ကျပါပြီ) သေပြီး၊ ပြီးတာပဲ လားလို့ မေးတဲ့ အခါကျတော့ မပြီးသေးဘူး။ ဒါကြောင့် ဒီသေတဲ့ အချက် ကလေးဟာလည်း ဒကာ ဒကာမတွေ တစ်နေ့က နာပြီးသား ဖြစ်နေတော့ အာသဝ အစရှိသည်တို့ ပြောချင်လို့ ဒါစလာ တယ်လို့ မှတ်ရမယ်(မှန်ပါ့)။

စုတိဘာသစ္စာတဲ့ (ဒုက္ခသစ္စာပါ ဘုရား) အတိတ်ဘဝ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာနဲ့ ဇာတ်သိမ်း ခဲ့ရတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အတိတ်ဘဝက ဘာနဲ့ ဇာတ်သိမ်းခဲ့ရလဲ (ဒုက္ခသစ္စာနဲ့ပါ ဘုရား)။

နောက်ဘဝက ဆင်းရဲအမှန်နဲ့ ဇာတ်သိမ်းခဲ့တယ်

ဒုက္ခက ဆင်းရဲတာ၊ သစ္စာက မှန်တာ မောင်နိုင် ဆင်းရဲအမှန်နဲ့ ဇာတ်သိမ်း ခဲ့ကြရတယ် (မှန်ပါ) ဆင်းရဲအမှန် နဲ့ ဇာတ်သိမ်း ခဲ့ကြရတယ် ဆိုတာ ဒကာ ဒကာမတွေ လွန်ခဲ့တဲ့ ဘဝကဖြင့် အခုသာ ဉာဏ်နဲ့ကြည့်ပါတော့။

သြော် ဒို့ နောက်ဘဝက ဘာဖြစ်ခဲ့ပါလိမ့်ဆိုတော့ ဘာမှ မဖြစ်ခဲ့ဘူး။ ဒကာ ဒကာမတွေ ဆင်းရဲအမှန်နဲ့ ဇာတ် သိမ်းခဲ့တယ် ရှင်းကြပလား (ရှင်းပါပြီ) နောက်ဘဝက ဘာနဲ့ ဇာတ်သိမ်း ခဲ့ကြပါလိမ့် (ဆင်းရဲအမှန်နဲ့ ဇာတ်သိမ်း ခဲ့ရ ပါတယ် ဘုရား)။

ဆင်းရဲတာမှ မှန်လိုက်တဲ့ဖြစ်ခြင်း၊ စုတိပိဒုက္ခသစ္စာ ဆိုတာလည်း ငြင်းစရာ မရှိအောင်ပဲ မှန်ပြီး သကာလ နေတယ်။ ဆင်းရဲအမှန်နဲ့ ဇာတ်သိမ်းပြီး သကာလ ယခု ဒီဘဝ အမေ့ဝမ်းခေါင်းထဲကို ရောက်ပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရောက်ပြီးသကာလ လာကြတယ်။

လာကြတော့လည်း အင်းဘယ်နေရာများ ရောက်ပါလိမ့်မတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ်) ဇာတိပဋိသန္ဓေ ရောက်ပြီ(မှန်ပါ့)။

ဇာတိပဋိသန္ဓေနဲ့ မနေကြရပေဘူးလား(နေကြ ရပါတယ်) ပစ္စုပ္ပန်ဘဝအစ ဇာတိက ပေါ့ဗျာ (မှန်ပါ့)။

ယခုဘဝမှာ ဆင်းရဲအမှန်နဲ့ စကြရပြန်ပြီ

ဇာတိသစ္စာလေး ဒကာ ဒကာမတွေက ဖွဲ့လိုက်ပါဦး (ဒုက္ခသစ္စာပါ ဘုရား) သြော် ဒုက္ခသစ္စာ နဲ့ပဲ စရတယ် စရပြန်ပြီ ဒီဘဝ။

အင်း အတိတ်ဘဝကလည်း ဘာနဲ့ အဆုံးသတ် ခဲ့ကြ (ဒုက္ခသစ္စာနဲ့ပါ) ဪ ဒုက္ခသစ္စာနဲ့ အဆုံး သတ်ပြီး ယခုဘဝမှာလဲ ဘာနဲ့စရသလဲ (ဒုက္ခသစ္စာနဲ့ပါ)။

ကိုယ်ကျိုးနည်းပြီ၊ ကိုယ်ကျိုးနည်းပြီ ဒကာ ဒကာမတို့ ဟိုဘက်ဘဝကလည်း ဒုက္ခသစ္စာနဲ့ အဆုံးသတ်ခဲ့တယ် ဒီဘဝရောက်ရင် တော်ရောလားလို့ အောက်မေ့လိုက်တယ် ဒုက္ခသစ္စာနဲ့ စရတယ်။

အနေမှာလည်း ဆင်းရဲအမှန်နဲ့ နေကြရပြန်ပြီ

ဇာတိပိဒုက္ခသစ္စာလို့ ဘုရား အဆူဆူတိုင်း ဟော တယ်။ မှန်လည်း မှန်ပါပေတယ်။ ဒီဘဝ ဒကာ ဒကာမတွေ နေပြန်တော့လည်း၊ ဇရာအသက်ရှင်သလောက်ကလေး နေရပြန်တော့ သွားလား၊ လာလား၊ နေတာထိုင်တာ ပြောလားဆိုလားနဲ့ ရုပ်နာမ်တွေဟာ ဖြစ်ပျက်သဘောနဲ့ နေရတော့၊ ဪ အနေမှာလည်း ဒုက္ခသစ္စာနဲ့ပဲလို့ပဲ ဆုံးဖြတ်ချက်ချလိုက်ပါတော့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အနေမှာလဲ ဘာပါလိမ့် (ဒုက္ခသစ္စာပါ) ကိုင်းဒီဘဝလည်း သက်တန်းစေ့လို့ ကျုပ်တို့ မလွှဲသာတဲ့ အကြုံ မျိုး ကြုံကြပါစို့ဆိုတော့ သေရမှာပဲ၊ မသေရပေဘူးလား(သေရမှာပါ ဘုရား)။

ချမ်းသာဟူသမျှ၊ မြူမှမပါ

အဲဒီအသေ၊ သူတို့ပါသွားတဲ့ အသေကိုလည်း သစ္စာ လေးဖွဲ့လိုက်ပါဦး (ဒုက္ခသစ္စာပါ ဘုရား) သော် ဒကာ ဒကာမ တို့ အနေဒုက္ခသစ္စာနဲ့ ဇာတ်သိမ်းရမယ် ဆိုတော့ အရိယာ မျက်လုံး တပ်ပြီး ကြည့်မယ် ဆိုလို့ရှိရင်ဖြင့် “ချမ်းသာဟူမျှ မြူစမှမပါ” ဆိုတဲ့ အဓိပ္ပါယ် ရှင်းပြီ (ရှင်းပါပြီ ဘုရား)။ မရှင်းဘူးလား (ရှင်းပါပြီ)။

ကဲ ဒါဖြင့် ပစ္စုပ္ပန်ဘဝ၊ ယခုဘဝ၊ ဘုန်းကြီးကော၊ ဒကာ ဒကာမတွေကော သေကြ ကြေကြပါစို့ ဆိုတော့ ဒုက္ခသစ္စာနဲ့ ဇာတ်သိမ်းကြဖို့နော် (တင်ပါ့)။

ဘုန်းကြီးဟောတဲ့တရား၊ ဘုရားဟောတော်မူတဲ့ တရား၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ မရလို့ သစ္စာ မရကြသေးဘူး ဆိုလို့ရှိရင် အနာဂတ်ဘဝတော့ဖြင့် မကြုံမရှိတော့ဘူး၊

ကြုံတော့ အနာဂတ်ဘဝ ဇာတိက စပြန်လို့ရှိရင် လည်း ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ) သော် ဒါဖြင့် ပထမ ဘဝ၊ အတိတ်ဘဝ ကလည်း ဒုက္ခသစ္စာနဲ့ အဆုံးသတ်ပြီး ပစ္စုပ္ပန်ဘဝ ဒုက္ခသစ္စာနဲ့စ၊ အလယ် ဒုက္ခသစ္စာနဲ့နေ၊ အဆုံး ဒုက္ခသစ္စာနဲ့ဆုံး။

ဆုံးရာကနေပြီး အနာဂတ်ဘဝ၊ ဒကာ ဒကာမတွေက စလိုက်ပြန်ပြီဆိုမှဖြင့် ဒုက္ခသစ္စာပဲ ပြန်ရတော့ ဒုက္ခတွေနဲ့ ချည်း ဆွဲဆွဲသွင်းတာ လက်သည်ရှာကြပါစို့ ဆိုတဲ့ အဓိပ္ပါယ်ဟာ ရှင်းသွားပြီနော်။

သမုဒယသစ္စာမှာ၊ အဖော်ရှိသေးတယ်

လက်သည်ရှာကြပါစို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ တစ်နေ့က လောဘပြောခဲ့ရတယ်။ သမုဒယသစ္စာ ပြောခဲ့ တယ်။ အခု ပြောရမှာကတော့ သမုဒယသစ္စာမှာ အဖေါ် ရှိသေးတယ်ဟေ့လို့။ ဒကာ ဒကာမတွေကို ပြောချင်လို့ ဒီတရား စလာတာပဲ (မှန်ပါ့)။

သမုဒယသစ္စာဟာ သူချည်းသက်သက်နဲ့ မစွမ်းနိုင် ဘူးကွ အကူအညီတွေနဲ့ ယူပြီး သကာလ ဒီဒုက္ခတွေ၊ ဆွဲသွင်းနေတာပါကွ ဆိုလို့ရှိရင်လည်းအမှန်ပါပဲ ဆိုတာကို ဆုံးဖြတ်ချက် ချရလိမ့်မယ်နော်။

အာသဝ၏ ဒဏ်ချက်

အာသဝေါတရား လေးပါး၏ ဒဏ်ချက်၊ အာသဝေါ တရားလေးပါးက တစ်ခုသော ဒုက္ခသစ္စာ ပြီးလို့ရှိရင် တစ်ခုသော ဒုက္ခသစ္စာထဲသို့ အာသဝက တစ်ခါတည်း မျှောပေး လိုက်တယ် (မှန်ပါ့)။

ဒီကနေပြီး မွှေပေးလိုက်တော့ ဒုက္ခသစ္စာ ကျုပ်တို့ အဆက်မပြတ်ဘူး၊ ပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား)၊

ဪ အာသဝဒဏ်ချက် ကျုပ်တို့ဖြင့် ခန္ဓာဒုက္ခနဲ့သာ ကြုံရ တယ်လို့ပဲ ပြောကြပါစို့။

တစ်ခုသော ဒုက္ခပြီး တစ်ခုသော ဒုက္ခကို၊ သယ်ပို့ ယူဆောင်ပြီးသကာလ အရောက်ပို့တာ ဘယ်သူပါလိမ့် (အာသဝပါ ဘုရား)။

အာသဝမကုန်ရင် ဒုက္ခမကုန်ပါ

ဒါကြောင့် ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာ သဝတွေ၏ ဒဏ်ချက်ပဲ ဆိုတာဖြင့် သဘောကျ လောက်ပါပြီ (ကျပါပြီ) တစ်ခုသော ဒုက္ခအဆုံးမှာ တစ်ခုသော ဒုက္ခအစကို မရရအောင် သယ်ယူပို့ဆောင် ပို့လိုက်တာ ဘယ်သူပါလိမ့် (အာသဝပါ)။

ဒါကြောင့်တဲ့ အာသဝ မဆုံးသေးသ၍ ကျုပ်တို့သည် ဒုက္ခမကုန်ဘူး ဆိုတာကိုလည်း သေသေချာချာသာ မှတ်ကြပါတော့ အာသဝ မကုန်ရင် (ဒုက္ခမကုန်ပါ)။

ဒုက္ခမကုန်ဘူးဆိုတာ ရှင်းကြလင်းကြပါပြီလား (ရှင်းပါပြီ) တစ်ခါ ပစ္စုပ္ပန်ဘဝ၊ အခုဘဝ၊ သေရမယ့်စုတိမှာ နောင်အနာဂတ်ဘဝ အနာဂတ်ဒုက္ခကြီးနဲ့ ဆက်သွယ် ပေးလိုက်တာ ဘယ်သူတုံး (အာသဝပါ)။ အာသဝတို့ ဩဃတို့ ယောဂတို့ပေါ့ဗျာ၊ သဘောကျပလား(ကျပါပြီ)။

အာသဝ၏ စွမ်းရည်သတ္တိ

ဒီလိုချည့်ပဲ ကျုပ်တို့သည် တစ်သံသရာလုံးဖြင့် တစ်ခုသော ဒုက္ခဆီက တခုသော ဒုက္ခဆီကို အရောက်ပို့တာ အာသဝေါတို့၏ စွမ်းရည် သတ္တိကဖြင့် သူတို့မကုန်သ၍ ကျုပ်တို့မှာ တစ်ခုသော ဒုက္ခနဲ့ တခုသော ဒုက္ခကို အခြား မရှိအောင် ဆက်ပေးပါလိမ့်မယ် ဆိုတာကို မှတ်လိုက်တာပေါ့ (မှန်ပါ့)။

အခြားမရှိအောင် ဆက်ပေးပါလိမ့်မယ် ဒကာ ဒကာမတို့ (မှန်ပါ့) အခြားမရှိအောင် ဆက်ပေး ဆိုတာ ရှင်းရှင်းလင်းလင်းပဲ မှတ်လိုက်ပါဦး။

အနန္တရပစ္စည်းက ကျေးဇူးပြုတယ်

အနန္တရ ပစ္စယော ဆိုတာ ကြားဘူးကြလိမ့်မယ်၊ အနန္တရ ပစ္စယောဆိုတာ ကြားဘူးကြ လိမ့်မယ်။ မြန်မာလို ပြန်လိုက်တဲ့အခါ အခြားမရှိမူ၍၊ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊ ဘယ်လိုပါလိမ့် (အခြားမရှိမူ၍ ကျေးဇူးပြုတတ်သော တရားပါ)။

အဲဒီ အသင့်ရှိသည့် ဟောဒီ ယခု ရောက်ဆဲဖြစ်တဲ့ ပစ္စုပ္ပန် အမေ့ဝမ်းခေါင်းထဲ ရောက်တဲ့ ပဋိသန္ဓေနဲ့ဟာ ကြားထဲ မှာ လေတောင် မသွေးလိုက်ပါဘူး။ ဒကာ ဒကာမတွေ ကြားထဲမှာ လေတောင် မသွေးလိုက်ပါဘူးတဲ့။ အခြားမရှိ ပါဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

သေခြင်းဆင်းရဲပြီးတော့ နေခြင်းဆင်းရဲ လာတယ် (မှန်ပါ့) သေခြင်း ဆင်းရဲပြီးတော့ (နေခြင်း ဆင်းရဲလာ ပါတယ်)။

အင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ ဆင်းရဲနှစ်ခုကို တစ်ဆက်တည်း စပ်ပေးလိုက်တာသည်၊ ပဋ္ဌာန်းနည်းနဲ့ ပြောတော့ အနန္တရပစ္စည်းလို့ ဆိုရမယ်။

သုတ္တန်နည်း

သုတ္တန်နည်းနဲ့ ပြောရလို့ရှိရင် အာသဝေါတရားတို့၏ ဆက်သွယ်မှုပဲ၊ ပဋ္ဌာန်းနည်းနဲ့ ပြောလို့ရှိရင် (အနန္တရ ပစ္စည်း) အနန္တရက အနန္တရပစ္စယော ဆိုပြီး ကျေးဇူးပြုချ လိုက်တယ်၊ အဘိဓမ္မာနည်းနဲ့။

သုတ္တန်နည်းနဲ့ ဆိုလို့ရှိရင် အာသဝေါတရားက ဆက်သွယ်ပေးလိုက်တာပဲ၊ စုတိဒုက္ခနဲ့ ပဋိသန္ဓေဒုက္ခ ဆက် သွယ်ပေးလိုက်တာပဲ။ သုတ္တန်နည်းမှာ အာသဝေါတရား တို့၏စွမ်းရည်သတ္တိ သဘောကျပလား (ကျပါပြီ)။

အဘိဓမ္မာနည်း

အဘိဓမ္မာနည်းမှာ အနန္တရ၏ စွမ်းရည်သတ္တိ ရှင်း ကြပလား (ရှင်းပါပြီ) သုတ္တန်နဲ့ အဘိဓမ္မာ နှစ်ခုစလုံး ညီအောင် ဟောနေတယ်လို့ မှတ်ပါနော်။

ကိုင်း ပစ္စုပ္ပန်ဘဝ အခုဘဝမှ အနေဒုက္ခတွေ ပေးပြီး သကာလ သားရေး၊ သမီးရေး၊ စီးပွားရေး တွေနဲ့ မလွှဲသာ မရှောင်သာ အသေဒုက္ခက ကြုံကြရတယ်။ ရောက်မယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ မငြင်းကြပါနဲ့နော်။

အဲဒီအသေဒုက္ခနဲ့ အနာဂတ်ဘဝ နိဗ္ဗာန်မရလို့ ဘုန်းကြီး ပြောတဲ့တရား၊ ဘုရား ဟောတော် မူလို့ တရားတွေ အားမထုတ်ကြတော့ဘူး ဆိုရင်ဖြင့် အနာဂတ်ဘဝကို လာလတ္တံ့ ဘဝဖြစ်တဲ့ ပဋိသန္ဓေ ဒုက္ခနဲ့ သွားဆက်ဦးမယ် (မှန်ပါ့)။ အဲတာလဲ အနန္တရပဲ အဘိဓမ္မာနည်းနဲ့။

သုတ္တန်နည်းနဲ့တော့ အာသဝက ဆက်ပေးတယ် သဘောကျပလား (ကျပါ ပြီ) သုတ္တန် နည်းနဲ့တော့ (အာသဝက ဆက်ပေးပါတယ်)။

သြော် ဒါဖြင့် ဒီအာသဝဟာ သြဃ၊ ယောဂတို့ကို ကျုပ်တို့ မကျော်လွန်နိုင်၊ မကူးမခတ်နိုင်၊ မဖြောင့်တတ်နိုင် သည် ဆိုမှဖြင့် တပည့်တော်တို့ ဘာဖြစ်ရမှာတုံး ဘုရားလို့ မမေးပါနဲ့တော့ အင်မတန် ဝမ်းနည်းစရာ ကောင်းပါတယ်နော်။

အာသဝမကျော်နိုင်ရင် ဒုက္ခဟာ ကိုယ်ပိုင်ပစ္စည်း

ဒီအာသဝ၊ ဩဃ၊ ယောဂတွေ ဒကာ ဒကာမတွေ ဘုရား ဟောတော်မူတဲ့ အတိုင်း၊ ဆရာသမား ဆုံးမတဲ့အတိုင်း အဖြောင့် မကောက်ကြတော့ဘူး ဆိုရင်ဖြင့် တပည့်တော်တို့ ဘာမှမဖြစ်ဘူး၊ တစ်ခုဒုက္ခပြီး၊ တစ်ခုဒုက္ခဟာ မင်းတို့ ကိုယ်ပိုင်ပစ္စည်းပဲလို့ ဒါပဲ ပြောရမယ်။

တစ်ခုဒုက္ခပြီး၊ တစ်ခုဒုက္ခဟာ (ကိုယ်ပိုင်ပစ္စည်း ပါ) အဲဒီကျသွားတယ် မရှင်းသေးဘူးလား (ရှင်းပါ တယ်)။ ( အဲတော့ ဒကာ ဒကာမတို့ ဒီလိုလုပ်ကြပါပေတော့၊ ဒီလိုပဲ ခင်ဗျားတို့ ဟောတာ အတိတ်ဘဝ၊ ဟောတာက ပစ္စုပ္ပန် ဘဝ၊ ဟောတာက အနာဂတ်ဘဝ၊ အနာဂတ်ဘဝ ဖြစ်ပြီးရင်လည်း၊ ဒီဘက် ပြန်လှည့်ဦးမှာပဲ ဒါ ပစ္စုပ္ပန်ပြန် ဖြစ်ရမယ် မဖြစ်ပေဘူးလား (ဖြစ်ပါတယ်)။

အနာဂတ်ဘဝက သေပြန်တော့ကို၊ အင်း ဘယ်သွား ပါသတုံးဆို၊ ကြုံရာယခုဘဝ ပြန်ရောက်လာတော့၊ ပစ္စုပ္ပန် ပဋိသန္ဓေနဲ့ ပြန်ဆက်မယ်။

ပစ္စုပ္ပန်စုတိနဲ့ ဒကာ ဒကာမတို့ဟောဒီ အနာဂတ် ပဋိသန္ဓေနဲ့ ပြန်ဆက်တယ်၊ ဟောဒီ ပဋိသန္ဓေနဲ့ ပြန်ဆက် တယ်၊ မဆက်ဘူးလား (ဆက်ပါတယ်) ဆက်တော့ ဘဝ သုံးပါးကျင်လည် ပြေးသွားကုန်သောဆိုတာ ဒါပဲ။

ဘာသစ္စာတွေနဲ့ သွားလာနေကြပါလိမ့် (ဒုက္ခ သစ္စာတွေနဲ့ပါ) သြော် အသေ ဒုက္ခသစ္စာနဲ့ အနေဒုက္ခ သစ္စာနဲ့ ဒါပဲ လှည့်နေတယ်၊ ဘာတွေ လှည့်နေပါလိမ့် (ဒုက္ခ သစ္စာတွေ လှည့်နေပါတယ်)။

အနေဒုက္ခသစ္စာ၊ အသေဒုက္ခသစ္စာ

သြော် ရှင်းရှင်းပြောပါဆိုတော့ အသေဒုက္ခ သစ္စာနဲ့ (အနေဒုက္ခသစ္စာပါ) အနေဒုက္ခသစ္စာနဲ့ လှည့်နေတယ် သဘောကျပလား (ကျပါပြီ) အဲဒီအနေဒုက္ခ သစ္စာနဲ့ ဘာနဲ့လှည့်နေလဲ (အသေ ဒုက္ခသစ္စာ နဲ့လှည့်)။

အဲဒီ အသေ ဒုက္ခသစ္စာ ပြီးတော့ ဘာနဲ့ လာပြန်လဲ (အနေ ဒုက္ခသစ္စာနဲ့ လှည့်ပါတယ်) အနေဒုက္ခသစ္စာနဲ့ ဘာနဲ့ ဆက်ပြန်လဲ (အသေဒုက္ခသစ္စာနဲ့ပါ) အဲဒီ အသေဒုက္ခ သစ္စာနဲ့ ဘာနဲ့ ဆက်ပြန်လဲ (အနေဒုက္ခသစ္စာနဲ့ပါ)။

ကိုင်း ဒကာ ဒကာမတို့ သြော် သံသရာ သူများ ပြောနေတာက ဒီလောက် မဆင်းရဲဘူး အောက်မေ့နေတာ ယခုဘဝသုံးပါး ကူးသန်းသွားလာနေပုံတွေကို သေသေ ချာချာ ရှင်းပြတော့မှ သြော် အကောင်းဆိုတာ မြူစမှ မပါပါ ကလားဆိုတာ သေချာရှင်းသွားပြီ။

အကောင်း ဆိုတာ မြူစမပါဘူး၊ ပါကြသလား(မပါပါဘူး) ဒါဖြင့် ဒကာ ဒကာမတို့ ဒီဖိုခနောက်ဆိုင်ပါ ကူးနေကြတော့မှာလား ဆိုတဲ့ဥစ္စာ မောင်နိုင်တို့ ကိုမြင့်တို့ မေးဖို့ လိုလာပြီ (မှန်ပါ့)။

မျက်စိကန်း တစ္ဆေမကြောက်

ဒီလိုပဲ ကူးနေကြတော့မလားဆိုတော့ မျက်စိကန်း တစ္ဆေမကြောက် သွားနေကြတော့မလားလို့ မေးတာပဲ ဘယ်လိုများ မေးပါလိမ့် (မျက်စိကန်း တစ္ဆေမကြောက် သွားနေကြလို့ပါ) မျက်စိကန်း တစ္ဆေ မကြောက်သွားနေကြ တော့မှာလားလို့ ဒါပဲ မေးစရာရှိတော့တယ် (မှန်ပါ့)။

မျက်စိကလဲ အကန်းနောက် သွားရတယ်၊ တစ္ဆေတွေ ကလည်း သရဲသဘက် တွေကလည်း ဘယ်လိုပဲ အန္တရာယ်နဲ့ ဂုတ်ချိုး စားမယ်ဆိုလဲ မျက်စိကန်းတော့ သွားမြဲသွားမှာပဲ မျက်စိကန်းတဲ့ ဒုက္ခကြောင့် အသေခံရတဲ့ ဒုက္ခကြုံရမှာပဲ သဘောကျပလား (ကျပါပြီ)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီခရီးနဲ့ ဒီခရီးဖြင့် အကောင်း မပါဘူး ဆိုတာကိုဖြင့် သစ္စာ ဉာဏ်နဲ့သာ ကြည့်ကြ ပါတော့၊ ဆုံးဖြတ်ချက် ချပေးပါပြီ။ အကောင်း မပါပါဘူး သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် သြဃလေးပါးသည် ဒကာ ဒကာမတို့ကို ဒီဘဝက ဒီဘဝမျှောလိုက်၊ ဒီဘဝက ဒီဘဝမျှောလိုက်၊ တစ်ခုသောဒုက္ခပြီးရင်၊ မင်းကိုယ်ပိုင် နောက်တစ်ခုသော ဒုက္ခရောက်လိမ့်မယ်။

မင်း တစ်ခုသော ဒုက္ခဖြစ်လို့ရှိရင် မင်းကိုယ်ပိုင် နောက်ထပ် တစ်ခုသော ဒုက္ခ ရလိမ့်မယ် ဆိုတော့ ဆုကြီး လာဘ်ကြီးက တစ်ခုမှ အကောင်းမပါဘူး။ ပါကြပါရဲ့လား (မပါပါဘူး)။

ကာမောဃနှင့် ဘဝေါဃ

ဆုကြီး လာဘ်ကြီး တစ်ခုမှ အကောင်းမပါပါ၊ ဒါကို ကျုပ်တို့က ဘယ်ဘဝ ရောက်ရပါလို၏၊ ဟိုဘဝ ရောက်ရပါ လို၏၊ ဒီဘဝ ရောက်ရပါလို၏ ဆိုတော့၊ သြော် ရောက် ရပါလို၏ ဆိုတဲ့တဏှာက ကာမောဃ၊ ရောက်ရာဘဝ ဒုက္ခသစ္စာလို့ မသိတာက ဘဝေါဃလို့ ခေါ်သည်၊ သဘောကျပလား (ကျပါပြီ)။

ဟိုဘ၀ ဒီဘဝ မျှောတာက ကာမောဃပေါ့ဗျာ၊ သဘောကျပလား (ကျပါပြီ) ဟိုဘ၀ ဒီဘဝ ရောက်အောင် မျှောတာက၊ ကာမောဃ၊ ဟိုဘ၀ ဒီဘဝ ရောက်ရာ ပျော်နေတာက ဘဝတဏှာ ဆိုတော့ ဘဝေါဃ။

ဒိဋ္ဌောဃ နှင့် အဝိဇ္ဇောဃ

ရောက်ရာဘဝမှာ ငါ့သား ငါ့သမီးလို့ထင်နေတာက ဒိဋ္ဌောဃ သဘောကျပလား (ကျပါပြီ) ရောက်ရာ ဘဝမှာ သစ္စာတွေ ရှိပါလျက်နဲ့ မမြင်တာက အဝိဇ္ဇောဃ၊

ကိုင်းဒကာ ဒကာမတို့ သဘောပါကြရဲ့လား (ပါ ပါတယ် ဘုရား)။

ကာမောဃက မျှောတယ်၊ ဟောဒီ စုတိကနေပြီး သကာလ ဒီဘက် ပဋိသန္ဓေဘက်ကို မျှောချ လိုက်တာက ကာမောဃ၊ ကာမောဃဆိုတာ လောဘပေါ့ဗျာ။

အဲဒီရောက်ရာဘဝမှာ တစ်ခါတည်း၊ သားနဲ့သမီးနဲ့၊ ဆွေနဲ့မျိုးနဲ့၊ တွင်းနဲ့ကျင်းနဲ့၊ အရောင်းအဝယ်နဲ့၊ ချော့ထား လိုက်တာက ဘဝတဏှာဆိုတဲ့ ဘဝေါဃ။

အဲဒီရောက်ရာ သားသမီးတွေကို ပင်လျင်၊ ငါ့သား သမီးပဲ၊ ငါ့ကိုယ်ငါ့ဟာ တွေပဲ ဆိုတာက ဒိဋ္ဌောဃ။

ဒီခန္ဓာကြီး၊ ဒုက္ခသစ္စာကြီးကို နည်းနည်းမှ မကြည့်မိ တာက အဝိဇ္ဇောဃ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဘယ်သူ့ လက်ချက်နဲ့ ကျုပ်တို့သည် မျောပြီး သကာလ ဒုက္ခဖြစ်ရပါလိမ့်လို့ မေးလို့ရှိရင် သြဃလေးပါး တို့၏ ဒါဏ်ချက် ပေါ်ကြပလား ပေါ်ပါပြီ၊ ဘယ်သူ့ဒါဏ်ချက် ပါလိမ့် (သြဃလေးပါးတို့၏ ဒါဏ်ချက်ပါ)။

အာသဝေါတရားကုန်မှ နိဗ္ဗာန်

ဒါကြောင့် အာသဝေါတရား ကုန်မှ နိဗ္ဗာန်ရောက် မယ်၊ မဟောသင့်ဘူးလား (ဟောသင့် ပါတယ်)။

အာသဝေါတရား ကုန်မှ နိဗ္ဗာန်ရောက်မယ် ဆိုတာ၊ သေသေချာချာ ဟောသင့်တယ် ဆိုတာ၊ အခုသြဃလေးပါး မျှောလိုက်တာ၊ တစ်ခုသော ဒုက္ခပြီး တစ်ခုသော ဒုက္ခဆီ အရောက်ပို့တာ၊ သြဃ လေးပါးက မျှောယူဆောင်ပြီး၊ ပို့လိုက်တယ် ဆိုတာသာ မှတ်လိုက်ပါတော့ (မှန်ပါ့)။

ဘယ်လောက် ကြောက်စရာ ကောင်းသလဲ ဒကာ ဒကာမတို့၊ ဒါကြောင့် ဒီလို သွန်သင် ပြသမည့် ဆရာကောင်း သမားကောင်းနဲ့လည်း ကြုံတဲ့အခါ၊ ထောင်တတ်တဲ့နား ကလေးနဲ့ ဘဝပါရမီ ပါတဲ့အခါမှာ ကျင့်တတ်တဲ့ဉာဏ် ကလေးနဲ့ အာသဝေါ ဖြုတ်ကြပါတော့ (မှန်ပါ့)။

ကျင့်တတ်တဲ့ဉာဏ်ကလေးအသုံးချစမ်းပါ

ဟောတတ်တဲ့ ဆရာနဲ့လဲ ကြုံပါပြီ ထောင်တတ်တဲ့ နားနဲ့ကော (ရပါပြီ) ကျင့်တတ်တဲ့ ဉာဏ်ကလေး အသုံးချစမ်း ပါဆိုတာကိုဖြင့် ဘုန်းကြီးများက မေတ္တာရပ်ပါတယ် သဘောကျလား (ကျပါပြီ)။

ဟောတတ်တဲ့ ဆရာနဲ့လည်း (ပြည့်ပါပြီ) ထောင် တတ်တဲ့ နားနဲ့လည်း (ပြည့်ပါပြီ) ကျင့်တတ်တဲ့ ဉာဏ်လေး အသုံးချမှုကို လိုနေကြတယ်၊ ဘာလေးလိုပါလိမ့် (ကျင့်တတ် တဲ့ ဉာဏ်အသုံးချမှု လိုပါတယ်) တော်တော် အရေးကြီးတဲ့ အချက်ဆိုတာ မှတ်လိုက်စမ်းပါ။

ဟောတတ်တဲ့ဆရာလည်းကြုံပါပြီ

တော်တော်အရေးကြီးတဲ့ အချက်ပဲဆိုတဲ့ ဥစ္စာ ဟောတတ်တဲ့ ဆရာနဲ့ကြုံဖို့ဟာလည်း ဒုလ္လဘလို့ အင်္ဂုတ္တိုရ်မှာ လာထားတယ်နော်။

ထောင်တတ်တဲ့နားနဲ့ ကြုံဖို့ရာကော(ဒုလ္လဘ ပါ) အင်မတန်ရခဲတယ်၊ တောထဲမှာရှိတဲ့ဆင်တွေ လူတွေ သွားဟောလို့ ဘယ်မှာနားလည်မလဲ၊ ထောင်တတ်တဲ့နား မပါဘူး၊ ဘယ်နည်းနှင့်မှ အာသဝေါ ကုန်ရာ နိဗ္ဗာန်ရောက် နိုင်မလဲ (မရောက်နိုင်ပါ)။

ထောင်တတ်တဲ့နားလည်း၊ ရှိပါပြီ

ခင်ဗျားတို့မှာတော့ ဟောတတ်တဲ့ ဆရာနဲ့ကြုံ၊ ထောင်တတ်တဲ့ နားနဲ့လည်း ရှိပြီး၊ ကျင့်တတ်တဲ့ အကျင့် ကလေး၊ မကျင့်လိုက်မှာ ကိုဖြင့် ခင်ဗျားတို့ အင်မတန် အကြီးအကျယ် လွဲလို့ မဟာ အလွဲတော်ကြီးပဲဆိုတာ ကိုယ့် ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဟောတတ်တဲ့ ဆရာကြုံပါပြီလား(ကြုံပါပြီ) ထောင်တတ်တဲ့ နားရှိတာကြုံပါပလား (ကြုံပါပြီ) ကျင့်တတ် တဲ့ဉာဏ်ကလေးနဲ့ မကျင်မှာဖြင့် ခင်ဗျားတို့အကြီးဆုံးသော ဗုဒ္ဓပ္ပါဒ ဒုလ္လဘလွဲတာပဲ။

သဒ္ဓါသမ္ပတ္တိဘာဝ ဒုလ္လဘလွဲတာပဲ၊ မလွဲဘူးလား (လွဲပါတယ်) ကျင့်တတ်တဲ့ ဉာဏ်ကလေး တစ်လုံးသာ ဖြည့်ပါတော့လို့ ဘုန်းကြီးတို့က မေတ္တာရှေ့ထားပြီး သကာလ အင်မတန်ပဲ ပြောပါတယ် ဆိုတာ ဒကာ ဒကာမတွေက လေးစားစွာနဲ့ပဲ မှတ်စေတာပဲ သဘောကျပလား(ကျပါပြီ)။

ဆင်ခြေတွေ မလဲကြပါနဲ့တော့

ဆင်ခြေတော့ဖြင့် မလဲကြပါနဲ့၊ ပြောလိုက်တယ်နော် ကျင့်တတ်တဲ့ ဉာဏ်ကလေးနဲ့ အသုံးချကြပါ ဆိုတာ၊ ဆင်ခြေတော့ဖြင့် မလဲကြနဲ့၊ လဲတဲ့ ဆင်ခြေတွေဟာ အာသဝေါက ဆိုတာ ခင်ဗျားတို့ စွဲချက်တင်ပါ (မှန်ပါ့)။

လဲတဲ့ ဆင်ခြေတွေဟာ ဘာပါလိမ့် (အာသဝေါက ပါ ဘုရား) လဲတဲ့ ဆင်ခြေတွေဟာ ဒကာ ဒကာမတို့ အာသဝကနော် သဘောကျပလား (ကျပါပြီ)။

ကာမာသဝက၊ သားကိစ္စရှိသေးတယ် သမီးကိစ္စ ရှိသေးတယ် ဘုရာ့၊ ဝတ်ရေးစားရေးက ရှိသေးတယ်၊ ဒါ မပြည့်စုံရင် မခက်ဘူးလား၊ ကာမာသဝက တားတယ်၊ သဘောကျပလား (ကျပါပြီ)။

တပည့်တော် ဒီအရေးတွေက ရှိသေးတယ်ဆိုတာ ဘယ်သူပါလိမ့် (ကာမာသဝပါ) ဆင်ခြေလဲရင် အာသဝ ပါတယ် ရှင်းပလား (ရှင်းပါပြီ)။

ချည်နှောင်လို့ တုပ်လှည့်ပြီး သကာလ၊ ဟောနေတယ် လို့ ဦးခန့်တို့ ဦးဘလေးတို့ မယူပါနဲ့၊ မယုံလဲကြည့် ခင်ဗျားတို့ လဲတဲ့ ဆင်ခြေကို ဘုန်းကြီးက တရားကိုယ် ကောက်ပြမယ်။

လဲတဲ့တင်ခြေမှာ ခင်ဗျားဝမ်းထဲမှာ၊ အခုအချိန်မှာ ဘယ်သူကလဲ နေတာလည်း၊ ကာမာသဝ က လဲနေတာ များတယ်၊ သဘောကျပလား (ကျပါပြီ) ကာမာသဝက လဲနေတာများတော့ ဘဝါသဝကလည်း ဒီလို လုပ်ကိုင်နေ ရတာကို ပျော်နေတယ်၊ သဘောကျပလား (ကျပါပြီ)။

ဒိဋ္ဌာသဝကလည်း ငါရှိနေတော့ ငါ့သား၊ ငါ့သမီး၊ ဘယ်သူကျွေးမှာတုံး၊ ဒိဋ္ဌာသဝကလည်း ဒါသူဆင်ခြေလဲ တာပဲ၊ အဝိဇ္ဇာသဝကလဲ၊ ခန္ဓာကိုယ်ကြီးကို ဒါ ဒုက္ခသစ္စာ နောက်မရဏကပ်နေပြီ ဆိုတာတောင်မှ မသေနိုင်သေးပါ ဘူး၊ အဝိဇ္ဇာသဝ ကလည်း ဟုတ်တယ်တဲ့။

ဆင်ခြေလဲတာ အာသဝ

နက်ဖြန် သေမှာတောင် မသေနိုင်သေးပါဘူး၊ သူက ပြောတုံးရှိသေးတယ်၊ သဘောကျပလား (ကျပါပြီ) လဲတဲ့ ဆင်ခြေဟူသ၍ ဟာ ခုနက၊ ဟောတတ်တဲ့ ဆရာနဲ့ကြုံ၊ ထောင်တတ်တဲ့နားနဲ့လဲ ကြုံပါလျက်သားနဲ့ ကျင့်တတ်တဲ့ အချိန်ကလေးကို၊ ဒကာ ဒကာမတွေ မကျင့် ဖြစ်တာဖြင့် အာသဝေါ၏ ခုခံတွန်းလှန်မှုကြောင့် ဖြစ်ရလေခြင်း၊ ဒါပဲ မှတ်ရမယ်၊ သဘောကျပလား (ကျပါပြီ)။

ဘယ်သူ၏ တွန်းလှန်နေခြင်းကို ကြုံနေကြရလဲ (အာသဝေါ၏ တွန်းလှန်ခြင်းကိုပါ) စဉ်းစားပါ စဉ်းစားပါ၊ ဒီဥစ္စာ သေသေချာချာ သတိပေး နှိုးဆော်တဲ့ သဘော ကလေးဟာ၊ ကိုယ့်သန္တာန် ဘယ်သူက ဆင်ခြေလဲ နေတယ် ဆိုတာကိုလဲ ရှင်းရှင်းလင်းလင်း သိအောင်လို့၊ ဒကာ ဒကာမတို့။

နက်ဖြန် လုပ်မယ်၊ သန်ဘက်ခါ လုပ်မယ်။ ဒီနေ့တော့ မအားသေးလို့ဆိုတော့၊ ဟိုလ ဒီလတွေ ရွှေ့ပြီးသကာလနေတာ ဘယ်သူတုံးလို့ လက်သည်ရှာကြ၊ နောက်က ဒကာ ဒကာမ တွေ ဘယ်သူပါလိမ့် (အာသဝတွေပါ ဘုရား) သဘော ကျပလား (ကျပါပြီ)။

သြော် ဒို့ဟာ၊ သူကလည်း ဒုက္ခဆက်ပေးသေးတယ် သူကလဲ မလုပ်ဖြစ်အောင် ဆင်ခြေလဲပြီး သကာလ၊ အာ သဝေါကုန်တဲ့ အလုပ်ကို မလုပ်ဖြစ်အောင် ဆင်ခြေလဲနေ တာဟာ၊ သြော် ဒို့အပေါ် မှာဖြင့် နည်းနည်းမှ မေတ္တာ၊ ကရုဏာ မပါတဲ့တရားဟာ သူပဲ (မှန်ပါ့)။

မပါးသေးလို့ ဆင်ခြေလဲတာ

ဘယ့်နှယ်ကြောင့် သူဆင်ခြေလဲတာ လိုက်နာနေပါ လိမ့်မလဲလို့ မေးဖို့မလိုဘူးလား (လိုပါတယ်) ကျုပ်တို့ က မပါးသေးလို့ပေါ့ဗျာ၊ ဘယ်လိုများ ဆုံးဖြတ်ချက်ချကြမလဲ (မပါးသေးလို့ပါ ဘုရား) မပါးသေးလို့လို့ ဆုံးဖြတ်ချက် ချကြစမ်းပါလို့ သတိပေးလိုက်ပါတယ်။

မပါးသေးတော့ မကျင့်ဖြစ်သေး၊ မကျင့်ဖြစ်သေးတော့ အာသဝေါ စကား နားထောင်ပြီး သကာလ သားရေး သမီးရေး၊ စီးပွားရေးက အလုပ်ခွင်ကလေးက မပြေပြစ်သေးလို့ ဆိုတော့ သူက မလုပ်ဖြစ်တဲ့ဆီ ရောက်အောင် အာသဝေါ ကုန်မှာ စိုးရိမ်တဲ့ အတွက် အာသဝေါ တရားကပဲ ဒီမှာ ဒုက္ခရောက်မှာ အဆက်ပြတ်မှာ စိုးရိမ်တဲ့ အတွက် ဝင်တားနေတာလို့ မှတ် လိုက်စမ်းပါ။

ဘယ်လို ဆုံးဖြတ်ချက်ချမလဲ ဒုက္ခ အဆက်မပြတ်ရ အောင်လို့ သူဝင်ပြီး ဆင်ခြေလဲ နေတာ ရှင်းပလား (ရှင်းပါပြီ) ဒုက္ခအဆက်မပြတ်ရအောင်လို့ (ဆင်ခြေလဲနေတာ) ဘယ်သူကပါလဲ (အာသဝကပါ)။

ကိုင်း ဒကာ ဒကာမတို့ ခင်ဗျားတို့ ပါးစပ်က မဟုတ် ပါဘူး၊ တပည့်တော် မအားသေးလို့ တပည့်တော် မလပ် သေးလို့ တပည့်တော် ကိစ္စတွေက မပြီးပြတ်သေးလို့ပါ ဘုရားလို့ ဘုန်းကြီးက မေးလို့ လျှောက်လျှောက်၊ ကိုယ့်ဝမ်း ထဲမှာ ဒါလေးပြီးမှ လုပ်မယ်ပဲ ဆိုဆို အာသဝေါက ဝင်ပြီ၊ သဘောပါကြပလား (ပါပါတယ် ဘုရား)။

ဘယ်လူက ဝင်ပြီး ဆင်ခြေလဲနေလဲ (အာသဝေါ ကပါ) အဲဒါ ပါးစပ်က မဟုတ်ဘူး၊ ပယောဂက လာတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ်သူက လာတာပါလိမ့် ( ပယောဂကလာတာပါ) ဘယ်တရားက ပါလိမ့်တုံး (အာသဝေါ တရားကပါ)

အာသဝက ချယ်လှယ်နေသော

ကိုင်း ဒကာ ဒကာမတို့ ဒီလောက်ဆိုလို့ရှိရင် ဘုန်းကြီးတရား ကိုဖမ်းပြီး သကာလ အမိဆုံးဖြတ်ချက် ချတာဖြင့် သြော် ဒို့ ကိုယ်တိုင် သိဖို့ဟာဖြင့် အတော် ခဲယဉ်းပါလား၊ ဆရာ ဘုန်းကြီးက သေသေချာချာ ရှင်းပေး လို့သာ ဒို့လဲနေတဲ့ ဆင်ခြေတွေဟာ ပါးစပ်က ထွက်တာ မဟုတ်ဘူးဟ နော်၊ အာသဝေါက ဝမ်းထဲကနေ ချယ်လှယ် နေတာ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (အာသဝေါက ဝမ်းထဲက ချယ်လှယ်နေတာ) ရှင်းကြပလား (ရှင်းကြပါပြီ)။

ဒီနေ့ မနည်းပဲ ကြိုးစားခဲ့ရတယ်ဆိုတာ အာသဝေါ ကျော်ရတာနော်၊ ဒီနေ့ဖြင့် ဟာသွားပြီ ဆိုတာ အာသဝေါက တားလိုက်တာ သဘောကျပလား (ကျပါပြီ)။

ဒါကြောင့် ခင်ဗျားတို့ ဒုလ္လဘကို ခင်ဗျားတို့ အလွဲ သုံးစားလုပ်တော့မလားလို့ ဆိုတဲ့မေးခွန်းဟာ မမေးပါနဲ့ ဆိုလို့မရဘူး၊ မေးရတော့မှာပဲ။

ဟောတတ်တဲ့ ဆရာနဲ့ တွေ့ ပါပလား (တွေ့ပါပြီ) ထောင်တတ်တဲ့နားလေးရော ရှိကြပါပလား (ရှိပါပြီ)။ ကျင့်တတ်တဲ့ ဉာဏ်ကလေး ဘယ်နှယ်ကြောင့် မကျင့်ပါလိမ့် မလဲဆိုတော့၊ အာသဝေါ၏ တရားကို တပည့်တော်တို့ တသွေမတိမ်း လိုက်နာနေလို့ပါဘုရား၊ ဆိုတဲ့ အဖြေပဲ ထွက်တယ်၊ သဘောပါကြပလား (ပါပါတယ်)။

သေသေချာချာ ဉာဏ်နားနဲ့ထောင်မှ ဒီဥစ္စာတစ်လုံး မှ မလွဲဘူးနော်၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

အာဠဝကဘီလူးကြီး

အဲဒါကြောင့် ဒီအာသဝေါတရား အာသဝကို ဩဃ တို့ ယောဂတို့ကို အရှင်ဘုရားတဲ့၊ အာဠဝက ဘီလူးက မေးတယ်၊ ဒီဘဝ သုံးပါးကို မျှောမျှောပေးနေတာ ဒီအာသဝနော် (မှန်ပါ့)။

ဘဝသုံးပါး၊ ဟိုဘဝဒီဘဝနဲ့ ဒုက္ခရောက်အောင် ဖြစ်ရတာ ဒီကနေ ဒီမျှော၊ ဒီကနေ ဒီမျှော၊ ဒီကနေ ဒီပြန်မျှော ဒုက္ခ အဆက်မပြတ်အောင် မျှော်နေတာ ဘယ်သူပါလိမ့် (အာသဝပါ) အာသဝေါ တရား ကျေနပ်ပါလား (ကျေနပ်ပါပြီ)။

အဲဒီမှာ အာဠဝက ဘီလူးဆိုတာ အောင်ခြင်းရှစ်ပါး ထဲပါပါတယ်၊ အာဠဝက ဘီလူးတို့လည်း ခင်ဗျားတို့ သိကြ ပါတယ်နော် (မှန်ပါ့)။

ဘုရားနဲ့တန်ခိုးပြိုင်တယ်

အဲဒီအာဠာဝက ဘီလူးက တန်ခိုးတွေ ပြိုင်ပြီး သကာ လ၊ ဘုရားကို သူနေတဲ့ ရာဇပလ္လင်မှာ ဘုရားတက်ထိုင်ပြီး နေတဲ့အခါ၊ သူ့နန်းတော်ထဲမှာ သူဟာ အင်မတန် တန်ခိုး ကြီးတဲ့ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်၊ ငါ့နေရာ တက်ထိုင်ရမလား ဆိုပြီး ဘုရားနဲ့ စစ်ထိုးတယ် ဆိုတာ၊ ကိုမြင့်တို့၊ မောင်နိုင်တို့ ကြားဘူးပါတယ် (မှန်ပါ့)။

တောင်ကြီးတွေ သူ့ခြေထောက်နဲ့ ဆောင့်လိုက်မယ် ဆိုရင်ဖြင့် မြင်းမိုရ်တောင်ကြီးတောင် ထက်ခြမ်း အက်တယ်၊ ဒီလောက်တောင် ကမ္မဇိဒ္ဓိ ကံကြောင့် ဖြစ်တဲ့တန်ခိုး ရှိပါတယ်နော်။

ပုဆိုးကို မြှောက်လိုက်မယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ တောတွေ တောင်တွေဟာ အကုန် မီးဟုန်းဟုန်း ထတောက်ပါတယ်၊ ဒါလောက် တန်ခိုးကြီးတယ်။

အဲဒီတင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို၊ ဘယ်တန်ခိုးနဲ့မှ ပြိုင်လို့မရဘူး၊ ဒါပေမဲ့ လက်နက် အမျိုးမျိုး နဲ့ ပစ်ချပြီး ပြိုင်လိုက်တဲ့အခါ၊ အကုန် ဘုရားရှေ့မှာ ပန်း ပေါက်ပေါက် ဖြစ်ပြီး သကာလ ဘုရား မေတ္တာတော် ကရုဏာ တော်ကို မထိုးဖောက် နိုင်တာနဲ့၊ ကိုင်း ငါတော့ဖြင့် ဒီအတိုင်း တော့ အရှုံးမပေးသေးဘူး။

သြဃလေးပါးကို ဘယ်သူနဲ့ ကူးခတ်မလဲ

ရှင်ကြီးဂေါတမ မေးမှပဲဆိုပြီး၊ ရှင်ကြီး ဂေါတမ သြဃလေးပါး ဘယ်သူနဲ့ ကူးခတ်မလဲ မေးတာကိုး။

သြဃလေးပါးသည် ဒီဩဃသည် ဒီက ဒီမျှော ၊ ဒီက ဒီမျှော၊ ဆိုတော့ ရေဩဃ တွေပေါ့လေ။

အဲဒီကဲ့သို့ ဟိုကဒီမျှော၊ ဒီကဟိုမျှော်နေတဲ့ဥစ္စာ၊ ရှင်ကြီးဂေါတမ ဒါဘယ်သူနဲ့ ကူးခတ်ပြီး၊ သြဃလေးပါး လွန်မြောက်နိုင်သလဲ။

ဆိုတော့ သဒ္ဓါယ တရတိဩယံ ဘုရားက ဖြေချ လိုက်တယ်၊ မင်းသည် သဒ္ဓါကောင်းကောင်းနဲ့၊ ဘုရား ဟောတော်မူတာ၊ သေသေချာချာ ယုံကြည်ပြီး သကာလ၊ သစ္စာရှိတယ် ဖြစ်ပျက်အနိစ္စ ရှိတယ် ဆိုတာ သေသေချာချာ ယုံကြည်ပြီး သကာလ၊ မင်းတို့သည်ကားလို့ ဆိုရင် ယုံကြည်လုံး သန်သန်နဲ့သာ ထားပြီး အလုပ်လုပ်မယ် ဆိုလို့ ရှိရင်ဖြင့်ကွာတဲ့ ဒီဩဃ မမျှောနိုင်ပါဘူး။

ပစ္စုပ္ပန်ဘဝက အနာဂတ်ဘဝ၊ အနာဂတ်ဒုက္ခကို မမျှောပါဘူးတဲ့၊ သဒ္ဓါတရား ဖြူဖြူစင်စင်နဲ့၊ ဘုရားဟောတော် မူသောကြောင့် ဧကန် သစ္စာရှိပြီး၊ ဧကန် ဒုက္ခသစ္စာ ရှိရင် နိရောဓသစ္စာ ရှိတယ်။ မောင်နိုင် ဒုက္ခသစ္စာရှိရင် (နိရောဓသစ္စာ ရှိပါတယ်) ဆက်ဆက်သာ ယုံစမ်းပါတဲ့ (မှန်ပါ့)

သဒ္ဓါယ တရတိ ဩဃံ ဆိုတဲ့အတိုင်း မြတ်စွာဘုရား သခင် ကိုယ်တော်မြတ်ကြီး၊ ဗောဓိဆိုတဲ့ ဉာဏ်ကို တစ်ခါတည်း ယုံယုံကြည်ကြည်နဲ့ အဟုတ်ကိုပဲ သစ္စာရှိ၍ သစ္စာသိအောင် လုပ်မယ်ဆိုတဲ့ သဒ္ဓါ ယုံယုံကြည်ကြည် နဲ့သာ ဆိုလို့ရှိရင် ဒီဩဃပြတ်ရမယ်ကွ။

“သဒ္ဓါယ တရတိ ဩဃံ” လို့ ဘုရားက ဖြေလိုက် တယ်။

“အပ္ပမာဒေန အဏ္ဏဝံ” တဲ့ မမေ့မလျော့တဲ့ သတိ ဉာဏ်နဲ့ နေမယ် ဆိုရင်ဖြင့်ကွာ ဒီဩဃကြီး ဘယ်လောက် ကျယ်ကျယ် ကူးခတ်နိုင်ပါတယ်။

“ဝီရိယေန ဒုက္ခမစ္စေတိ” တဲ့ ဝီရိယလေးလဲ ကူပါကွ တဲ့၊ သဒ္ဓါရယ်၊ သတိရယ်၊ ဝီရိယရယ် ပေါ့လေ။

“ပညာယ ပရိသုဇ္ဇတိ” တဲ့ ပညာနဲ့ဆိုရင် ဟောဒီ အာသဝေါတရားတွေ အကုန်ဖြူစင် ထွက်ပါတယ်ကွ။ သဘောကျပလား (ကျပါပြီ)။

သဒ္ဓါ၊ သတိ၊ ဝီရိယ၊ ပညာ

ဒါကြောင့် သဒ္ဓါတို့၊ သတိတို့၊ ဝီရိယတို့ ပညာတို့ဟာ အလွန်အရေးကြီးတဲ့ တရားဆိုတာကို ဒကာ ဒကာမတို့ သိပလား(သိပါပြီ)။

ဒီဒုက္ခနဲ့ ဒီဒုက္ခမဆက်ချင်ရင် သဒ္ဓါလိုမယ်၊ သတိလိုမယ်၊ ဝိရိယလိုမယ်၊ ပညာလိုမယ်၊ သဘောကျပလား (ကျပါပြီ) ရှင်းပြီနော်(ရှင်းပါပြီ)။

အာသဝေါတရားဖြတ်ပုံ

ဒါဖြင့် ဒကာ ဒကာမတို့ကို ဘုန်းကြီးက ဘုရားအပေါ် မှာ ယုံယုံကြည်ကြည်နဲ့ ဘုရားက အနိစ္စ ရှိတယ် ဆိုလို့ရှိရင် ဖြင့် ခင်ဗျားတို့က၊ ဒါ ဘုရားဟောထားတာ တစ်လုံးမှ မလွဲတဲ့ဥစ္စာ၊ အနိစ္စရှိတာကို၊ အနိစ္စ အရှိကိုပဲ မရှိတာမှ မဟုတ်ဘဲရှိတာ၊ ဘုရားအပေါ် ယုံကြည်ပြီး သကာလ အရရှာလိုက် မောင်နိုင် ခန္ဓာပေါ် အရရှာ (မှန်ပါ့)။

မတွေ့ပေဘူးလား၊ တွေ့ပါတယ်၊ ဒါ ဘုရားအပေါ် မှာ ဒါ ခင်ဗျားတို့က ဉာဏ်က မထင် သေးတောင်မှ ယုံယုံ ကြည်ကြည်နဲ့ ဘုရားက ရှိတယ်လို့ ပြောလို့၊ ဒုက္ခသစ္စာလဲ ရှိတယ်၊ ဖြစ်ပျက် ဒုက္ခသစ္စာလဲရှိတယ် ဆိုသဖြင့် သေသေ ချာချာ တွေ့မယ်၊ သဘောကျပလား (ကျပါပြီ)။ သည်။

အဲဒီသဒ္ဓါနဲ့ ကူးခတ်လို့ရှိရင် ရပါတယ်ဆိုတာကော သဘောကျပလား (ကျပါပြီ)။

ဖြစ်ပျက်တွေ့ပြီ ဆိုကတည်းက ဩဃ ချုပ်တော့ မှာကို သဘောကျပလား (ကျပါပြီ) သဒ္ဓါက ယုံယုံကြည် ကြည်နဲ့ လုပ်စမ်းပါ။

သတိကလည်း အင်း-ဘယ်လိုပဲ ခန္ဓာကိုယ်ထဲမှာ အစုံအလင် ရှိတဲ့တရားတွေကိုဖြင့်၊ သတိထားပြီး သကာလ အမြဲတန်း စောင့်စောင့်ကြည့်နေမယ် ဆိုလို့ရှိရင်လည်း သတိ အကူအညီနဲ့ ဆိုလို့ရှိရင်၊ ဒုက္ခသစ္စာတွေ တွေ့မှာပဲ ဖြစ်ပျက်တွေ၊ မတွေ့ပေဘူးလား (တွေ့မှာပါ ဘုရား)။

အပ္ပမာဒေန အဏ္ဏဝံ ဆိုတာလည်း သတိပါပဲ၊ သူက အာသဝ သမုဒ္ဒရာကြီးကို ကူးနိုင် ခတ်နိုင်တယ် ဆိုတယ်။

ပညာယ ပရိသုဇ္ဈတိ တဲ့ ပညာကျတော့ကွာတဲ့ ဒီဥစ္စာ အာသဝေါတရား လေးပါးအကုန် ခန်းခြောက် သွား တာပါပဲတဲ့ သဘောကျပလား (ကျပါပြီ)။

အလုပ်လုပ်မှ၊ ဒုက္ခမဆက်မှာ

ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့သည် လုပ်ကြပါစို့ တဲ့ အလုပ်လုပ်မှဘဲ ဒီဒုက္ခနဲ့ ဒီဒုက္ခ မဆက်နိုင်မှာ။

အတိတ်ဒုက္ခနဲ့ ပစ္စုပ္ပန်ဒုက္ခ၊ အလုပ်နဲ့မှ မဆက်နိုင် မှာ ပစ္စုပ္ပန်ဒုက္ခနဲ့ အနာဂတ်ဒုက္ခ မဆက် မိအောင်လည်း (အလုပ်လုပ်ရမှာပါ) အေး အလုပ်ဆိုတော့ ခုနက ဒကာ ဒကာမတို့ သိပြီး ဟောထားတဲ့ အတိုင်း သတိ ဝိရိယ သမာဓိ ပညာတို့နဲ့ လုပ်ကြရလိမ့်မယ်နော် သဘောကျပလား (ကျပါပြီ)။

ကိုင်း ဒါဖြင့် အာသဝေါတရား ဖြတ်ပုံလဲ သိပါပြီ၊ အာသဝေါတရား ဖြတ်နည်းကိုလည်း ပြပါတော့မယ် ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ လေးစားစွာနဲ့ မှတ်ပါတော့နော်။

လေးစားစွာနဲ့ မှတ်ရတော့မယ်ဆိုတော့ ဒကာ ဒကာမ တို့ ဝတ္ထုလေးတစ်ခု ထုတ်လိုက် မယ်နော်။

သောဏသူဌေးသား

ခြေဖဝါးမှာတောင်မှ အင်မတန် နူးညံ့လို့ အမွေး ကလေးတွေ ပေါက်တဲ့ သောဏသူဌေးသား ဆိုတာ မောင်နိုင် တို့ ကြားဘူးကြလိမ့်မယ်နော်၊ သောဏ သူဌေးသား ဆိုတာ အင်မတန် ချမ်းသာ တယ်နော် (တင်ပါ့)။

ဆန်သုံးနှစ်ရှိတဲ့ ဆန်မှ နံ့သာတွေ ဘာတွေနဲ့ လှောင် ပြီး သကာလ သူစပါးခင်းမှာ နွားနို့ရေ၊ သကာရေ တို့နဲ့ ရေသွင်းပြီး သကာလ၊ သူ့တန်ခိုးနဲ့ စပါးတွေ စိုက်ပြီး နွားနို့ ထဲက အပင်ပေါက် နေတယ်။

နွားနို့နဲ့ ရေနဲ့ရောပြီး အပင်ပေါက်တယ်၊ ဒီအထဲမှာ နံ့သာမှုန့်တွေကြဲပြီး သကာလမှ စပါးသီး၊ စပါးပွင့်တွေ ဖြစ်နေတယ်၊ ဖြစ်လာတော့ သူစပါးခင်း ပွင့်လိုက်တယ်ဆိုရင် အားလုံး မွှေးကြိုင်နေတာပဲ။

ဒီကြားထဲမှာ အမေအဖေက ငါ့သားတန်ခိုး၊ ဣဒ္ဓိ ပါတ်နဲ့ပြည့်စုံတယ်ဆိုပြီး သကာလ ဒီအသီးတွေကို စပါးသီး တွေ၊ စပါးနှံတွေကို စပါးကျီထဲ သုံးနှစ် အမွေးအကြိုင်တွေနဲ့ လှောင်လို့ သုံးနှစ်ရှိတဲ့ စပါးမှ ထောင်းရတယ်။

သူ့စပါးခွံဟာ ပေါင်ဒါနံ့ထက်မွှေးတယ်

ရိုးရိုး ပြောကြပါစို့ဆိုရင် သူ့စပါးဟာ မောင်နိုင်၊ သူ့စပါးခွံဟာ အခုပေါင်ဒါမှုန့်ထက်မကဘူး အလိုလို မွှေးနေတယ်၊ စပါးပင်အနေနဲ့ သူ့စပါးခွံကိုယ်က အခုပေါင်ဒါ တွေထက် မကဘူး အလိုလို မွှေးတယ်။

ဒါလောက်ပဲသူဟာ ဘုန်းတန်ခိုးအာနုဘော် ကြီးပြီး သကာလ ပစ္စည်းကလည်း ချမ်းသာ၊ ပုဗ္ဗစ ကလည်းပါပြီး သကာလနေလို့။ နေတဲ့ ပုဂ္ဂိုလ်ဟာ ဘုရားသခင် ကိုယ်တော် မြတ်ကြီးတွေ့တဲ့ အခါကျ လို့ ရှိရင်၊ သာသနာဘောင် ဝင်ချင် တယ်ဆိုတဲ့စိတ် ပေါ်ပေါက်ပြီး သကာလ သာသနာဘောင် ဝင်လိုက်တာပဲ (မှန်ပါ့)။

သောဏရဟန်း သုသာန်မှာ အားထုတ်တယ်

သောဏသူဌေးသားပေါ့ဗျာ၊ ဒါနဲ့ သောဏသူဌေး သားဟာ သူ့မှာ ဒီပြင်ဟာ ကိစ္စ မရှိဘူး၊ အရင်က သူဌေးသား ဖြစ်ပြီး သကာလ နေတော့ ဘယ်သူမှ မမြင်ရ၊ အိမ်ထဲမှာ ရှိတဲ့ မောင်းမမိဿံ တွေသာ မြင်ရတယ်။

သူဌေးသားကလည်း သူများသူဌေးသားနဲ့က မတူ၊ အင်မတန် နူးညံ့တဲ့ သူဌေးသား၊ အစစ ယဉ်ကျေးတာမှာလဲ တန်းကုန်ဖြစ်ပြီး သကာလနေလို့၊ လာကြည့်ဒါနဲ့ပဲ သူ့အကြည့် ခံရတာနဲ့ မအားတာနဲ့၊ တောတွင်း သုသာန်သွားပြီး မောင်နိုင် တရား အားထုတ်တယ်။

တရားအားထုတ်တော့ အင်မတန် ခြေဖဝါး လက် ဖဝါးက နုတဲ့ပုဂ္ဂိုလ်ဖြစ်ပြီး သကာလ နေတော့ စင်္ကြံနဲ့ချည်း ကြိုးစား လိုက်တယ်။

ခြေဖဝါးက သွေးတွေထွက်လာတယ်

မတ်တပ်စင်္ကြန်နဲ့ ကြိုးစားလိုက်တော့ နဂိုကမှ နေမထိ၊ လေမထိ၊ ရွှေနန်းဆောင် ဆိုသလိုပဲ၊ သူဌေးမှာ သုံးဆောင်ထဲ ကူးသန်းပြီး နေတဲ့ ပုဂ္ဂိုလ်ဟာ အခုတောထွက်တော့ တစ်ယောက် တည်းလဲ နေရ၊ သုသာန် ဇရပ်ပေါ် စင်္ကြံ လျှောက်ရတဲ့ အခါ ခြေဖဝါးမှာ တစ်ခါတည်း သွေးတွေထွက်လာတယ်။

ဝီရိယ သိပ်ကြိုးစားပြီး စင်္ကြံ သွားလိုက်တယ်၊ နဂိုက လည်း နုနေတာနော်၊ အဲဒါတောင်မှ မရဘူး မဂ်ဖိုလ် မရဘူး။

ဒူးနဲ့လက်နဲ့ထောက်ပြီးသွားတယ်

မဂ်ဖိုလ်မရတော့၊ ဟာမလျှော့သေးဘူးဟ ဆိုပြီး သကာလ၊ ဒကာ ဒကာမတွေ ကြားဘူးတဲ့ အတိုင်း၊ ခြေဖဝါး ပြင်နဲ့ မသွားနိုင်တဲ့အခါ၊ ဒူးနဲ့လက်နဲ့ ထောက်ပြီး သကာလ လေးဘက် သွားတယ် ပေါ့ဗျာ။

လေးဘက် သွားပေမဲ့ မရဘူး မောင်နိုင်၊ မရဘူး၊ အဲဒီကဲ့သို့ မရတော့မှ ဘုရားသခင်က ကျောင်းမှာ နေတာ၊ သူကတော့ သုသာန်ထဲမှာ တရားအားထုတ် နေတာ။

သူ့စိတ်ထဲ အောက်မေ့နေတယ်။ ကိုင်း ငါသည်ကား ဆိုရင် စင်္ကြံနဲ့ သွားအားထုတ်တာ ခြေဖဝါးတွေ သွေးတွေ ထွက်ပြီး သကာလ မသွားနိုင်တော့ဘူး။

ဒါ လုံ့လဝီရိယ မလျှော့ပဲနဲ့ ငါသည်ကားလို့ ဆိုလို့ ရှိရင် ဒူးထောက်ပြီး သကာလ၊ သွားရင်း ကြိုးစား ပြန်တော့ လည်း၊ ဒူးတွေမှာလည်းခု သွေးတွေဘာတွေ ထွက်ပြီး သကာ လ မသွားနိုင် မလာနိုင် ဖြစ်နေပြန်ပြီ။

ဒီဘဝမဂ်မရထိုက်တဲ့ ပုဂ္ဂိုလ်များလား

ငါသည်ကားလို့ဆိုရင် ဥဂ္ဃဋိ တညူ ပုဂ္ဂိုလ်လည်း မဟုတ်၊ ဝိပဉ္စိတညူ ပုဂ္ဂိုလ်လည်း မဟုတ်၊ နေယျပုဂ္ဂိုလ်လည်း မဟုတ်ဘူး၊ အင်မတန် ညံ့ဖျင်းတဲ့ အဖျင်းဆုံး ဒီဘဝ မဂ်မရထိုက်တဲ့ ပဒပရမ ပုဂ္ဂိုလ်သာ၊ ငါသည်ကားလို့ ဆိုလို့ရှိရင်ဖြစ်လေခြင်းပဲ။

အဲဒီတော့ ငါ့မှာလည်း ပစ္စည်းဥစ္စာ ရတနာတွေ ကလည်း အိမ်မှာ နည်းတာတွေ မဟုတ်ဘူး၊ အမေအဖေမှာ ဒီဟာတွေနဲ့ပဲ လှူဒါန်း ပေးကမ်းပြီး နေမှထင်ပါရဲ့၊ မဂ်ဖိုလ် ရထိုက်တဲ့ ပုဂ္ဂိုလ် မဟုတ်ပါဘူး ထင်ပါရဲ့လို့ လျှော့တယ်။

ဘုရားက သိတော်မူတယ်

လျှော့လိုက်တော့ ဘုရားက ကျောင်းပေါ်ကသိတယ်၊ ကျောင်းပေါ်ကနေ သောဏ ဘယ်လို နေတုံးလို့ ကြည့်လိုက်တဲ့ အခါ၊ သောဏ လျှော့ကုန် ပါပေါ့လား ဆိုပြီး၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက သူလျှော့တဲ့ အသံကိုလည်း ဒိဗ္ဗ သောတ အဘိညာဏ်နဲ့ ကြားတာနဲ့၊ တစ်ခါတည်း သူ့ရှေ့ မှောက်မှာပဲ ဣဒ္ဓိပါဒ် အဘိညာဏ်နဲ့ တစ်ခါတည်း မောင်နိုင် ရေ၊ သူ့ရှေ့မှောက်မှာပဲ တင်ပလ္လင် ခွေလေး ရောက်လာ တယ်။

ဘုရားက မေးလို့ဖြေတယ်

ဟေ့ သောဏ မင်းဘယ်နှယ်များ အားထုတ် နေသတုံး ပြောစမ်းပါဦးကွ ဆိုတဲ့အခါကျတော့၊ တပည့်တော် ဟာ ဘုရား၊ အင်မတန်မှ အာသဝေါ ကုန်ခန်းတဲ့ နိဗ္ဗာန်ကြီးကို ရောက်ချင်တာနဲ့၊ တပည့်တော် စင်္ကြန် တွေနဲ့ ကြိုးစား လိုက်တာ ခြေဖဝါးတွေ သွေးထွက်ပြီးသကာလ၊ မရပါဘူးဘုရား အာသ ဝေါကုန်ခန်းတဲ့ နိဗ္ဗာန်ကြီးကို မမြင်ရပါဘူး။

တပည့်တော် လုံ့လဝီရိယမလျှော့ပဲနဲ့ ဒူးထောက်ပြီး သကာလ သွားပါတယ်။ ကြမ်းပေါ်မှာ အဆင့်ဆင့် သွားပါ တယ်။

သွားလိုက်တဲ့အခါ သုသာန်ဇရပ်ပေါ်မှာ ဖြစ်နေ တော့ သုသာန်ကြမ်းပေါ်မှာ ဖြစ်နေတဲ့အတွက်၊ တပည့်တော် မှာ ပင်ပန်းပြီး သွေးတွေ ဘာတွေထွက် နိဗ္ဗာန် မရပါဘူးဘုရား ဒုက္ခသစ္စာချုပ်တဲ့ နိဗ္ဗာန် မမြင်ရပါဘူးဘုရား။

အဲ ငါ့သား သောဏ၊ မင်း ငါဥပမာလေး တစ်ခု ပြောပါ့မယ်ကွာ၊ မင်းလဲ သတိထားပါဦး ဆိုပြီး သကာလ ဘုရားက ဥပမာလေးတခု ပြောတယ်။

မင်းဟာ သူဌေးသား မဟုတ်လား (ဟုတ်ပါတယ်) မင်းသည်ကားလို့ဆိုရင်၊ သူဌေးသား ဖြစ်စဉ် အခါတုန်းက စောင်းတွေ ဘာတွေများ ဝါသနာပါခဲ့သလား (ပါပါတယ် ဘုရား၊ စောင်းတီး အတတ်လဲ တပည့်တော် တတ်ပါတယ်။)

စောင်း ဥပမာ

အေး စောင်းတီးတတ်ရင် မင်းစဉ်းစားပုံ ပြောစမ်း ပါကွာ၊ ဘယ်လိုများ စဉ်းစားရမလဲဆိုရင်၊ စောင်းကြိုးက သိပ်တင်းတဲ့ အခါကျတော့ အသံ ဘယ့်နှယ်နေသတုံးကွ-ဟာ အသံက သိပ်ပြီး သကာလ ကြမ်းကြမ်း တမ်းတမ်း ထွက်လာ တယ်။

အဲဒါ ရှိပါစေတော့ကွာ၊ တင်းလွန်းတော့လည်း ကြမ်းတမ်းတယ် ဆိုတာ ဟုတ်တာပေါ့ကွ၊ အင်းမင်း ရော့ရော့လေး ထားလိုက်ပြန်တော့၊ မင်းရော့နိုင်သမျှ ရော့ရော့လေး ထားလိုက်ပြန်တော့ မင်း ဘယ်နှယ်နေသတုံး ကွ၊ အိုအသံကို မမြည်တော့ပါဘူး ဘုရား။

မလျှော့မတင်း ကျင့်မှရမယ်

ဒါဖြင့် မင်းသည်ကားလို့ ဆိုရင်ဖြင့် ဘယ်လိုထား ရသတုံးကွ ၎င်းစောင်းကို ပြောစမ်းပါဦး ဆိုတော့၊ မလျှော့ မတင်းပဲ ထားရတယ်ဆိုတာ သူ့ဆီကလာတဲ့စကား၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)။

အဲဒီလို မလျှော့မတင်းထားလိုက်တဲ့ အခါကျတော့ အသံတွေဟာ ကောင်းကောင်းမွန်မွန် ဖြစ်လာပါတယ်ဘုရား။

အဲဒီတော့ ကွာတဲ့ မင်းသည်ကားလို့ဆိုလို့ရှိရင် မင်းဟာ ဘယ်လိုဖြစ်နေသတုံး ဆိုလို့ရှိရင်ဖြင့် ငါပြောပြမယ် ကွာတဲ့၊ တရားအားထုတ်တဲ့အခါ မင်းဟာ၊ ဝီရိယနဲ့ သမာဓိ မညီမျှဘူး။

ဝီရိယ လွန်နေတယ်၊ သိပ်ဉာဏ်စောနေတယ်၊ သိပ်ကြိုးစားပစ်တယ်၊ မရမနေဘူးကွ၊ သိပ်ဝီရိယ လွန်နေ တော့ သူ့မှာ သွေးတွေထွက်နေတယ်၊ စိတ်တွေမောနေတယ် မောင်နိုင် ရသေးရဲ့လား (မရပါ)။

ဒီဘက်က ဖြစ်ပျက်တွေပေါ့လေ။ ဒီဘက်က ခန္ဓာ၏ ဖြစ်ပျက်တွေ ထားပါတော့၊ ဒီဘက်က သောဏပဲ ထားပါတော့။

ဝီရိယလွန်ရင် သမာဓိနောက်ဆုတ်တယ်

သိပ်ပြီး ပြင်းထန်လွန်းပြီးသကာလ ဝီရိယလွန်ပြီး ကြိုးစားပြန်တော့ ဗလဝဝီရိယံ မန္ဒသမာဓိံ၊ ဗလဝဝီရိယံ- အားကြီးသော ဝီရိယရှိသောသူ၊ မန္ဒသမာဓိံ- သမာဓိညံ့တယ်။ နောက် ဆုတ်သွားပြီကွ သဘောကျပြီလား (ကျပါပြီ)။

ဝီရိယလွန်တော့ ဘာနောက်ဆုတ်သွားသလဲ (သမာဓိ နောက်ဆုတ်သွားပါတယ်) သမာဓိက ကောသဇ္ဇ ပဋိပက္ခတာ ကွတဲ့၊ ဘုရားက ဟောပြန်တယ်၊ ဝီရိယလွန်သွား ပြန်တော့လည်း သမာဓိ မရှိဘူး၊ ဥဒ္ဓစ္စ ဆိုတဲ့ ပျံ့လွင့်မှု မလုပ်ချင်မှုတွေ ဝင်လာတယ်။ သဘောကျပလား (ကျပါ တယ်)။

ဝီရိယလွန်သွားတော့ ဘာတွေဝင်လာလဲ (ပျံ့လွင့်မှု) ဥဒ္ဓစ္စ ဆိုတဲ့ ပျံ့လွင့်မှု၊ မလုပ်ချင်မှုတွေ ဝင်လာတယ် သဘောကျပလား (ကျပါပြီ)။

အဲဒါကိုတဲ့ မင်းသည်ကားလို့ဆိုရင်၊ ဝီရိယ လွန်တယ်၊ ဥဒ္ဓစ္စ ဆိုတဲ့ ပျံ့လွင့်မှု ဝင်ပြီး သကာလ နေသောကြောင့်၊ မင်းဖြစ်ပျက်ကို မတွေ့ဘူး။

ဒါ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်များ မှတ်စမ်းပါ၊ ဝီရိယလွန် ရင် ပျံ့လွင့်မှု၊ မလုပ်ချင်တော့ဘူး ဆိုတာတွေ ဝင်လာ တတ်တယ်၊ အဲဒီကျလို့ ရှိရင်ဖြင့်၊ ပျံ့လွင့်မှု ဝင်လာလို့ ရှိရင်ဖြင့်၊ ဗလဝ ဝီရိယံ မန္ဒသမာဓိံ- သမာဓိ နုံ့သွားလို့သာ အောင်မေ့ပေတော့လို့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

ဝီရိယလွန်ရင် ပျံ့လွင့်မှုဝင်လာ

ဝီရိယလွန်ခဲ့လို့ ပျံ့လွင့်မှု ဝင်လာတယ်၊ ဘာ့ကြောင့် ပျံ့လွင့်မှု ဝင်သတုံးလို့ မေးဖို့လိုတယ်၊ ဘာဖြစ်သွားသလဲ (သမာဓိ အားနည်းသွားလို့ပါ) သမာဓိ အားနည်းသွားပြီ သဘောကျပလား (ကျပါပြီ)။

သောဏကို ဟောနေတာနော် ဘုရားက၊ ခုနက သူက ဝီရိယကောင်းတဲ့လူ၊ အရိုးကြေကြေ၊ အရေခြောက်ခြောက် သွားပြီးလုပ်တဲ့ ပုဂ္ဂိုလ်ပါလား၊ နည်းတဲ့ ဝီရိယလား။

အဲတော့ ဝီရိယကောင်းတော့ သမာဓိက ဘာဖြစ် သွားသလဲ (နုံသွားတယ်) နုံ သွားတော့ မလုပ်တော့ဘူး ကဲ အိမ်ပြန်ပြီး လှူဒါန်းပေးကမ်းနေတော့မယ်၊ ဥဒ္ဓစ္စ ဝင်လာတယ်။

ဒီအလုပ်ပေါ်မှာ ပျံ့သွားပြီ၊ မပျံ့ဘူးလား၊ (ပျံ့ပါ တယ်) သဘောပါကြပလား (ပါပါတယ်)။

အဲဒါကြောင့် အားထုတ်နေတဲ့ ယောဂီပုဂ္ဂိုလ်သည်၊ အိမ်မှာပဲ အားထုတ် အားထုတ်၊ ဒီမှာပဲ အားထုတ် အားထုတ်၊ အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ဝီရိယဟာ၊ မလွန်ရပါဘူး ဆိုတာ သေသေချာချာ မှတ်ပါ၊ သောဏကို ဘုရားဟောနေပြီ သဘောကျပလား (ကျပါပြီ)။

အကြောင်းပြပြီး ဟောတယ် မဟုတ်လား၊ တင်းလွန်း တော့လည်းကွ၊ အသံမကောင်းဘူး ဆိုတော့၊ ဝီရိယလွန်လွန်း တော့လည်း မရဘူးပြောတာ၊ သဘောကျပလား (ကျပါပြီ)။

ဒါကြောင့် ဝီရိယလွန်တော့ ဘယ်သူနုံ့ သလဲ (သမာဓိ) သမာဓိနုံ့ တော့ ဘယ်သူဝင်လာသလဲ (ဥဒ္ဓစ္စ ဝင်လာပါတယ်) ပျံ့လွင့်မှုဝင်လာတယ်။

ဥဒ္ဓစ္စဆိုတာ ပါဠိလို မြန်မာလို၊ ပျံ့လွင့်မှု ဝင်လာ တယ်၊ မလုပ်တော့ဘူးဘုရား၊ ဒီနေ့တော့ လျှော့လိုက်ဦးမယ် မလာပေဘူးလား (လာပါတယ် ဘုရား)။

ဝီရိယနဲ့ သမာဓိ ညီပါစေ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ဝီရိယနဲ့ သမာဓိကို ညီညီလေးသွားပြီး ဖြစ်ပျက်ရှုတဲ့ စိတ်ကလေး ခန္ဓာပေါ် လွှတ်ပါ၊ သဘောကျပလား(ကျပါပြီ) ဝီရိယနဲ့ သမာဓိ ညီညီထားပြီးတော့ (ခန္ဓာပေါ်လွှတ်ပါ) ခန္ဓာပေါ်ကို ညီမျှ နေအောင် ထားပြီးတော့ အဖြစ်အပျက်ရှုပေး။

တည့်တည့်ကြီး လွှတ်စမ်းပါ၊ ရရမယ်ကွတဲ့၊ ဘုရားက ရှင်းပလား (ရှင်းပါပြီ) သဘောပါပလား (ပါပါပြီ)။

ကိုင်း ဒါဖြင့် ဝီရိယ လွန်လို့ရှိရင် မရဘူးဆိုတာ၊ ဥဒ္ဓစ္စ၊ ပျံ့လွင့်မှု ဝင်တယ် ဆိုတာ၊ သမာဓိ ညံ့ပြီး ပျံ့လွင့်မှု ဝင်လာ တယ်ဆိုတာ၊ ကိုမြင့်တို့ မောင်နိုင်တို့ ကျေနပ်ပလား (ကျေနပ် ပါပြီ)။

ကဲ ဒီအထဲက သမာဓိကို ဒီဘက်ကထားလိုက်စမ်းပါ။ သမာဓိ လွန်တဲ့ အခါကျလို့ရှိရင်ဖြင့်၊ ဗလဝသမာဓိ မန္ဒဝိရိယံ နော်၊ သမာဓိ လွန်သွားပြန်လိ ရင်ဖြင့်လည်း ဝီရိယက နုံ့မသွားဘူးလား (သွားပါတယ်)။

အဲ ဝီရိယက နုံ့သွားလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ ကောသဇ္ဇတွေ လာပြန်တာပဲ။

ဒါဖြင့် တိုတိုပြောကြပါစို့၊ ဝီရိယနဲ့ သမာဓိကို နွား နှစ်ကောင် ကြိုးစုံကိုင်ပြီး သကာလ၊ အောက်ပြည်မှာ မောင်း သလို ဘယ်သူမှ မသာအောင် မောင်းပစ်ပါ။ လမ်းဖြောင့် ဖြောင့်သွားတာကိုး ဒီကျတော့။

ဖြစ်ပျက်အပေါ်မှာ ဖြောင့်ဖြောင့် သွားတော့တယ် ဆိုတာ ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါပြီ) အဲဒါ အားထုတ်တဲ့ ပုဂ္ဂိုလ်တွေ အတွက်မှာဖြင့်၊ သောဏ ဘုရားဟောတာသည် နမူနာပဲ ဆိုတာ ဒကာ ဒကာမတို့ မှတ်ရမယ်။

သောဏနည်းကိုယူပါ

ဒကာ ဒကာမတွေလည်း အဲဒီနည်း မယူလို့ရှိရင် ရကိုမရဘူး၊ သဘောကျပလား (ကျပါပြီ) ဖြစ်ပျက်ပေါ်မှာ ဝီရိယနဲ့ သမာဓိကို ညီမျှအောင် လုပ်ပါ၊ ဖြစ်ပျက်ပေါ်မှာ (ဝီရိယနဲ့ သမာဓိကို ညီမျှအောင် လုပ်ရပါမယ်)။

ညီမျှအောင် လွှတ်လိုက်လို့ရှိရင်ဖြင့် ဒီဖြစ်ပျက် မတွေ့ မရှိဘူး၊ သဘောကျပလား (ကျပါပြီ) ဖြစ်ပျက်တွေ့တဲ့ တစ်နေ့ကျ လို့ရှိရင် ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်တွေ့ ရမယ်။

ဖြစ်ပျက်မှ မတွေ့တဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်တွေ့ဖို့အရေး ကွာဝေးပါတယ်လို့ မှတ်လိုက်စမ်းပါ၊ သဘောကျလား (ကျပါပြီ)။

ဒါဖြင့် ဒီနှစ်လုံးဟာ အရေးမကြီးဘူးလား (ကြီးပါ တယ်) ဘယ်သူ့ ဟောတာတုံးလို့ မေးတဲ့ အခါကျတော့ သောဏ ဟောနေတာ (မှန်ပါ့)။

ကောင်းပြီ အားထုတ်ပါတော့၊ ဒီနှစ်လုံးတည်းနဲ့ အားထုတ်လို့ မရသေးဘူး၊ ဒီဝီရိယ ဆိုတာ ဖြစ်ပျက်မြင်တဲ့ တရားမဟုတ်ဘူး၊ ညီမျှအောင်ပဲ ရှိတာပဲ၊ သမာဓိ ဆိုတာ ညီရုံ ရှိတာပဲ၊ ဖြစ်ပျက်မြင်တဲ့ တရားတော့ မဟုတ်သေးဘူး။

ပညာကမှဖြစ်ပျက်မြင်တယ်

ညီညွတ်အောင်လို့သာ ထားပါလို့ပြောတာ၊ ဖြစ်ပျက် မြင်တဲ့တရားအစစ်ကတော့ ဒကာ ဒကာမတို့ ပညာမှ မြင်တယ်နော်။

ပညာကို သူတို့က အကူအညီတွေကို မောင်နိုင်ရ (မှန်ပါ့) အဲတော့ ပညာနဲ့ သဒ္ဓါကိုလည်း တစ်ခါ ဘုရားက ညှိပြန်တယ်။

ပညာနဲ့ သဒ္ဓါဟာလည်းကွာတဲ့၊ ဗလဝပညော မန္ဒသဒ္ဓေါ တဲ့၊ ပညာက သိပ်ပြီး ခေါင်းဆောင် နေပြန်လို့ရှိရင် လည်း၊ သဒ္ဓါက နောက်ဆုတ်သွားတယ်။

ဘုရားအပေါ်မှာ မယုံကြည်တဲ့အတွက် ကိုယ့်ဉာဏ် လေးအသုံးချချင်တယ်၊ သဘောကျပလား (ကျပါတယ်) ကိုယ့်ဉာဏ်နဲ့ ဒီလိုသွင်းလိုက်မယ်၊ ဒီလိုသုံးလိုက်မယ် ဆိုလို့ ရှိရင်၊ လွယ်လွယ်နဲ့ မရဘူးသူက (မှန်ပါ့)။

ဘုရားအပေါ်မှာ ယုံကြည်လုံးသန်သန်နဲ့ ဘုရားက ဒီလိုဟောလို့ ဒီလိုမြင်ရမယ် ဆိုတဲ့ဥစ္စာကို စွဲရတယ်။

ဘုရားအပေါ်မှာ ယုံကြည်မှု ပြင်းထန်ရမယ်

ကိုယ့်ဉာဏ်နဲ့ကိုယ် အသုံးချလို့ မရဘူး၊ သဘောကျ ပလား (ကျပါပြီ) ဘုရားအပေါ်မှာ မမှန်တဲ့ဟာကို တစ်လုံးမှ မပြောဘူး၊ မှန်တာကိုသာ ဆိုလေ့ ပြောလေ့ရှိတယ်၊ မှန်တာကိုသာ ဟောလေ့ ပြောလေ့ ရှိတယ်။

သူပြောတဲ့အတိုင်း အမှန်လုပ်လို့ရှိရင်ဖြင့် အမှန် ရောက်တာပဲလို့၊ သူ့ အပေါ်မှာ ယုံကြည်တာ ပြင်းပြင်း ထန်ထန် ထားရမယ်၊ သဘောကျ ပလား (ကျပါပြီ)။

သွာက္ခာတော ဘဂဝတာ ဓမ္မော၊ ပေါ့လေ ဘဂဝတာ – မြတ်စွာဘုရားသည် သွာက္ခာတော မဟုတ်ပဲနဲ့ဟာ တစ်လုံးမှ မပြောပဲနဲ့၊ အဟုတ်ချည်း အမှန်ဟောတော်မူတဲ့ ကိုယ်တော်၊ ဒီလို ဘုရား အပေါ်မှာ ယုံကြည်တဲ့ သဒ္ဓါနဲ့၊ ဒီပညာ ကလည်း မလွန်ပဲနဲ့၊ ပညာလွန်တော့ ကိုယ့်ဉာဏ်စွမ်း ကိုယ် သုံးပစ်လိုက်တယ်၊ ကောက်ကျစ်တဲ့ဘက် လှည့်လှည့်ပြေး တယ်၊ သဘောကျပလား (ကျပါပြီ)

ဒါကြောင့် ဗလဝပညောမန္ဒသဒ္ဓေါ လို့ ဟောတာ၊ ပညာလွန်လို့ရှိရင် သဒ္ဓါနောက်ဆုတ် တယ်ကွ၊ မရဘူးတဲ့ ရိပ်မိပလား (ရိပ်မိပါပြီ)။

ပညာလွန်တော့၊ သဒ္ဓါနောက်ဆုတ်တယ်

ပညာလွန်ပြန်တော့ သဒ္ဓါနောက်ဆုတ်တယ်၊ မရနိုင် ဘူးတဲ့၊ ဒီဖြစ်ပျက်ကို မမြင်နိုင်ဘူး၊ ဖြစ်ပျက် အဆုံး နိဗ္ဗာန်ကို၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် သဒ္ဓါသက်သက် လွန်နေပြန်လို့ရှိရင်လည်း မောင်နိုင် မရပြန်ဘူး၊ သဒ္ဓါက ဘာတုံး ဆိုလို့ရှိရင်ဖြင့်တဲ့၊ သဒ္ဓါဆိုတာ သူက ယုံကြည်တတ်တာသာ ရှိတာပဲ။

သူ့မှာ ပညာနဲ့ မတွဲလို့ ရှိရင်၊ သူယုံကြည်ချင်တဲ့ ဥစ္စာ ယုံကြည်ချလိုက်တာပဲ၊ မှန်တယ်၊ မမှန်တယ် ရွေးသေးရဲ့ လား (မရွေးပါဘူး)။

အဲဒါ သဒ္ဓါနဲ့ ပညာနဲ့ဟာတဲ့၊ သဒ္ဓါက ယုံကြည်ချင် တာကိုလည်း ရမ်းပြီးမယုံကြည်ပဲနဲ့၊ ပညာနဲ့ တွဲပြီး သကာလ ယုံကြည်ဦး။

တစ်ခုသော တရားကို နှစ်ခုပေါင်းပြီး သကာလ ယုံကြည်နဲ့ ပညာနဲ့တွဲပြီး အလုပ်လုပ်ရမယ်။

ဒါဖြင့် သဒ္ဓါကိုလည်း မလွန်စေနဲ့၊ ပညာကိုကော (မလွန်စေနဲ့) အဲ သဒ္ဓါပညာ၊ သဒ္ဓါ လွန်လို့ ရှိရင် ဒကာ ဒကာမတို့ မဟုတ်တာကို ကြည်ညိုလေးစားပြီး သကာလ သွားတတ်တယ်၊ သဘောကျ ပလား (ကျပါပြီ)။

ဒါရုစီရိယ

ရှေးတုန်းက သဒ္ဓါလွန်လို့ ဒါရိုစီရိယကိုကြည့်၊ ဒါရုစီ ရိယဆိုတာ သင်္ဘောပျက်ပြီး သကာလ သွားတယ်၊ ဒကာ ဒကာမတို့ သိတဲ့အတိုင်း သင်္ဘောပျက်ပြီးသွားတော့ ခုနစ်ရက် တိုင်တိုင် သင်္ဘောပျက်ပြီး ခုနှစ်ရက် မြောက် ကျမှ ကမ်းနား ရောက်တယ်။

ကမ်းနားရောက်တဲ့အခါ၊ သူ့မှာ အဝတ်မပါဘူး၊ သစ်တုံးတစ်တုံးပေါ်မှာနေပြီးသကာလ နေရတော့၊ ဒကာ ဒကာမတို့ သူက အဝတ်မပါတာနဲ့ မြစ်ကမ်းနားမှာရှိတဲ့ ကျူရိုး ကလေးတွေ ဝါးအစကလေးတွေကို သစ်သားကလေးနဲ့ ခက်ခက် ခက်ခက်ပြီး ဗျပ်ကလေးလုပ်တာပေါ့ဗျာ။

ဗျပ်ကလေး လုပ်ပြီး ဝတ်သွားတဲ့ အခါကျလို့ရှိရင်၊ ဟိုလှေဆိပ်ကို လျှောက်သွားတယ်၊ စားချင် သောက်ချင်လို့။

ဒီပုဂ္ဂိုလ်မှ အခြိုးခြံဆုံးပုဂ္ဂိုလ်

အဲဒီမှာ ပုဂ္ဂိုလ်တွေက ဘုရားကလည်း ပွင့်နေတဲ့ အခါ ဖြစ်တော့၊ သဒ္ဓါလွန်ပြီး သဒ္ဓါချည်း သက်သက် အသုံးချ လိုက်တော့ အိုဒီပုဂ္ဂိုလ်မှ လောကကြီးထဲမှာ ခြိုးခြံ တဲ့ ပုဂ္ဂိုလ်ပဲ၊ ဒါ အခြိုးခြံဆုံး ပုဂ္ဂိုလ်။

ကြည်ညိုလိုက်တာ သိပ်ကြည်ညိုသွားတယ်၊ ကဲ သဒ္ဓါချည်း ဆိုတော့ မှားမနေ ဘူးလား (မှားပါတယ်) သဘောကျကြပလား (ကျပါတယ်) သဒ္ဓါချည်းတော့ (မှားပါတယ် ဘုရား)။

အဲဒါကြောင့် သဒ္ဓါကို ပညာနဲ့တွဲမှ အမှန်ရောက်မယ်၊ သဒ္ဓါကို (ပညာနဲ့တွဲမှ အမှန် ရောက်ပါမယ်) ရှင်းပလား (ရှင်းပါပြီ)။

သဒ္ဓါချည်း သက်သက် ဆိုရင်၊ ဒါအဝတ်မပါတာ ရဟန္တာလို့ ထင်နေကြတယ်၊ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ။ သူ့ခမျာ သင်္ဘောပျက်လို့ အဝတ်မပါတာ၊ အဲတော့ ဒီပုဂ္ဂိုလ်မှ ရဟန္တာတဲ့၊ အင်မတန်ကြိုးခြံတာ အဝတ်ကို မရှိတော့ဘူးဆိုတော့ (မှန်ပါ့)။ သဒ္ဓါဟာ ဘယ်နှယ်နေသတုံး ကွာ မောင်နိုင် (မပါပါဘူး)။

သဒ္ဓါလွန်ပြန်တော့ ပညာနောက်ဆုတ်တယ်

အဲဒါကြောင့် သဒ္ဓါလွန်ပြန်လို့ရှိရင်လည်း ဒကာ ဒကာမတို့ ပညာဆုတ်သွားတဲ့အတွက် မကြည်ညိုသင့်တာ ကြည်ညိုတတ်တယ်၊ သိပ်ကြောက်စရာ ကောင်းပါလား၊ သဘော ကျပလား (ကျပါပြီ)။

အဲဒါကြောင့် သောဏ ဟောတာ၊ သောဏ မင်းသဒ္ဓါနဲ့ပညာ မခွဲနဲ့နော်၊ ဖြစ်ပျက် ရှုတော့မှ သဒ္ဓါနဲ့ ပညာ ဘာတဲ့ (မခွဲရပါ ဘုရား) ရှေ့နောက် မထားနဲ့ကွ၊ ပြိုင်တူ ဖြစ်ပျက် ရှုတဲ့အခါ ခန္ဓာဘက်ကို လှည့်ပါ၊ သဘောကျပလား (ကျပါပြီ)။

သဒ္ဓါနဲ့ ပညာ ဘယ်သူ့ ရှေ့ထားရမယ် (ပြိုင်တူ ထားရမယ်) ပြိုင်တူထား ကြည့်တော့ ဖြစ်ပျက်ကြည့်၊ ခန္ဓာဆီ ကြည့်ရမှာပေါ့လေ။ ဘယ်သူမှ မသာ၊ ဘယ်သူ့ဘယ်သူမှ မသာစေနဲ့ သောဏရ (မှန်ပါ့)။

သေချာဟောထားတယ်၊ မဟောဘူးလား (ဟောပါ တယ်) ဒါဖြင့် သဒ္ဓါနဲ့ ပညာ ဘယ်သူ့ အသာထားရမယ် (ပြိုင်တူထားရပါမယ်)။

ပညာသာရင် ကောက်ကျစ်တယ်

ပညာသာရင် ကောက်ကျစ်တယ်ကွ၊ ကိုယ့်ဉာဏ် ကိုယ်အသုံးချပစ်တယ်၊ အလွဲချည်း ဖြစ်တယ်။

သဒ္ဓါချည်း သက်သက်ကြီး ထားပြန်တော့လည်း၊ မဟုတ်တာသွားပြီး ကြည်ညိုတတ်တယ်ကွ၊ ဒါဖြင့် ဒကာ ဒကာမတို့ ယခုတချို့ကြည်ညိုပြီး သကာလ နေကြတာတွေ၊ အမျိုးမျိုး အဝတ်မဝတ် တာတွေ၊ အမျိုးမျိုး ကြည်ညိုပြီး သကာလ။

အမျိုးမျိုးအဖုံဖုံပေါ့ဗျာ၊ မရှိဘူးလား ရှိပါတယ်၊ အဲဒါ တချို့သဒ္ဓါလွန်ပြီး၊ ဒါမှ ခြိုးခြံတယ် ဒါမှအလုပ်၊ ရဟန္တာ အလုပ်ထင်ပြီးသကာလ သဒ္ဓါလွန်တာနဲ့ပဲ တစ်ခါတည်း ဒကာ ဒကာမတို့ ပညာဆွံပြီး သကာလ အမှန် မရောက်တော့ဘူး ရောက်သေးရဲ့ လား (မရောက်ပါဘူး)။

အကြည်ညိုလွဲတယ်၊ မလွဲဘူးလား (လွဲပါတယ်) ဒါကြောင့် သဒ္ဓါချည်းလောက်ကို ရှောင်ကွ၊ ဘုရားက မဟော ဘူးလား၊ ဟောပါတယ် သေချာဟောတယ်နော်၊ ခင်ဗျား တို့က သဒ္ဓါတရား ကောင်းတာကို သိပ်ချီးမွမ်းနေတယ်။

ပညာမပါရင် အလကားပဲ

သဒ္ဓါချည်း ကောင်းနေလို့ရှိရင် အလကားပဲ၊ ပညာ မပါရင် အလကားပဲ၊ သဒ္ဓါချည်း ကောင်းနေတဲ့ အခါကျတော့ ကြည်ညို လိုက်တာ၊ ကြည်ညိုလိုက်တာ ဆိုပြီးသကာလ သဒ္ဓါ ချည်းကောင်း နေပြီး သကာလ နေတယ်။

သဒ္ဓါချည်း ကောင်းနေပြီး သကာလ ပညာ မပါတော့ ပြီ ဆိုလို့ရှိရင်ဖြင့်၊ ဒကာ ဒကာမတို့ မကြည်ညိုသင့်တာကို ကြည်ညိုတဲ့ အဓိပ္ပါယ် ရောက်ပါတယ် ရှင်းပြီးနော်(ရှင်းပါတယ်)။

ခုနက၊ ဒါရုစိရိယ အဝတ်မဝတ်တာကို သူတို့ ရဟန္တာ လုပ်ပလိုက်တယ်၊ သဒ္ဓါသမားက ဘာလုပ်ပစ်လိုက်သလဲ (ရဟန္တာ လုပ်ပစ်လိုက်ပါတယ်) ဒါမှ ခြိုးခြံတာ အစစ်။

မရှိလို့မဝတ်တာ၊ ရဟန္တာထင်နေတယ်

မရှိလို့ မဝတ်တာ ခင်ဗျားတို့က ဘာဖြစ်နေ(ရဟန္တာဖြစ်ပါတယ်) ဒါမှ ခြိုးခြံတဲ့ ပုဂ္ဂိုလ်ဆိုတော့ မောင်နိုင် ပညာပါသေးရဲ့ လား (မပါပါဘူး) ရှင်းပလား(ရှင်းပါပြီ)။

ဒါကြောင့် သဒ္ဓါချည်းသက်သက်လည်း ဒကာ ဒကာမ တို့ အမှန်မရောက်ဘူး၊ ပညာချည်း သက်သက်လည်း၊ ကောက်ကျစ်တဲ့ဘက်ပြေးလို့၊ ကိုယ်ပိုင်ဉာဏ် သုံးလိုက်ပြန် ရင်လည်း၊ ကိုယ်ပိုင်ဉာဏ်က လက်နှစ်သစ်လောက်နဲ့ ဘုရား ဉာဏ်ကို နှိုင်းယှဉ် လိုက်ပြန်တော့လည်း မှားသွားတယ်၊ ပညာ လွန်တော့လည်း မှားတယ်။

သဒ္ဓါလွန်တော့လည်း ဒကာ ဒကာမတို့ မကြည်ညို သင့်တာ ကြည်ညိုတယ်၊ ပညာလွန်သော် ကောက်ကျစ်တယ်၊ သဘောကျပလား (ကျပါပြီ)။

သဒ္ဓါလွန်တဲ့အခါကျလို့ရှိရင်ဖြင့်တဲ့ မကြည်ညို ထိုက်တာ ကြည်ညိုတယ်၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် သဒ္ဓါပညာ ဘယ်လိုထားကြမယ် (အညီအမျှ ထားရမယ်) ဖြစ်ပျက် ပေါ်မှာ ပြိုင်တူထား၊ ဝီရိယနဲ့သမာဓိ ကိုလည်း (ပြိုင်တူထားရမယ်)။ မှ ဒီလိုချည်းနဲ့ ဝိပဿနာ လုပ်ရင်၊ မရမရှိဘူး ဆိုတာ အသေအချာ ဘုရားအဆုံးအဖြတ် ချပေးပါတယ် ဆိုတာ ကောင်းကောင်း ကျေနပ်ပလား (ကျေနပ် ပါပြီ)။

ဒါ အလုပ်သမားအတွက်

ကောင်းပြီ ဒါ အလုပ်သမား အတွက်မှာဖြင့် မောင်နိုင်၊ သဒ္ဓါပညာ ညီဖို့ရာ အတော် အရေးကြီး တယ်နော်။ ဝီရိယ သမာဓိ ညီညွတ်ဖို့ (အရေးကြီးပါတယ်) ဒီလေးခု ညီညွတ်လို့ရှိရင် ဒကာ ဒကာမတွေ ဘယ်နည်းနှင့်မှ မရမရှိဘူး ဆိုတဲ့ ဥစ္စာ၊ ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်အဆုံး ဖြစ်တဲ့ နိဗ္ဗာန် ခင်ဗျားတို့ ရရမယ်။

မရ မရှိဘူး၊ ဒီလိုညှိပေးမည့် ဆရာမရှိပြန်လို့ရှိရင်၊ ပြင်ပေးမည့် ဆရာ မရှိလို့ရှိရင်လည်း၊ တစ်ခါတည်း တချို့ကျ တော့ ဝီရိယနည်း သမာဓိလွန်ပြီး သမထဘက် လှည့်သွားပြီး၊ ကြောက်စရာ လန့်စရာတွေ ပေါ်လာပြီး သွေး၊ လေ ပျက် ရူးတာပဲ။

ဒါ သမာဓိ၊ သမာဓိလွန်တာပဲ၊ သဘောကျပလား (ကျပါပြီ) ဝီရိယနဲ့ သမာဓိလည်း ညီမျှအောင် အားထုတ်၊ သမာဓိချည်း လွှတ်ပေးလိုက်တဲ့အခါ၊ သမထဘက် လွဲမသွား ဘူးလား (လွဲသွားပါတယ်)။

သတိကတော့ ပိုတယ်မရှိ

ဒီဘက်လွဲပြီး ကြောက်စရာ လန့်စရာတွေ မြင်ပြီး သကာလ၊ ရူးနောက်ပြီး သွားတတ်တယ်၊ အဲတော့ ညှိဖို့ရာ အလွန် အရေးကြီးတယ်၊ သဘောကျပလား (ကျပါပြီ)။

ဝီရိယနဲ့ သမာဓိကို ဘယ်လိုထားရမယ်(အညီ အမျှ ထားရမယ်) အညီအမျှထားရမယ်၊ ဖြစ်ပျက် ရှုတဲ့ဆီကို အညီအမျှ ထားရမယ်။

သဒ္ဓါပညာကော (အညီအမျှထားရမယ်)။

သတိဆိုတဲ့ တစ်လုံးကတော့ဖြင့်၊ သတိဆိုတဲ့ တစ်လုံး ကတော့ဖြင့် ဒကာ ဒကာမတို့ နေရာတိုင်းမှာ အသုံးချရ သလိုပဲ၊ ဆားမပါရင် ဘယ်ဟင်းမှ မကောင်းသလိုပေါ့ဗျာ။

သူကတော့ဖြင့် အပိုအလိုမရှိပါဘူးတဲ့ ဒကာ ဒကာမ တို့ အမြဲတမ်း ပါအောင်လုပ်ပါ (မှန်ပါ့)။

သဒ္ဓိန္ဒြေ ၊ ပညိန္ဒြေ ၊ သမာဓိ န္ဒြေ ၊ ဝီရိယိန္ဒြေ ၊ သတိန္ဒြေ ဆိုတာ ဣန္ဒြေ သဘောကျပလား (ကျပါပြီ) အဲဒီငါးခုဖြင့် ဒကာ ဒကာမတို့ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်မှာ ညီမျှအောင်လုပ်လို့ ရှိရင် မရ မရှိပါဘူးတဲ့ (မှန်ပါ့) သဘော ပါပလား (ပါပါပြီ)။

မှတ်ချက်။ ။ဣန္ဒြေ(၅)ပါး= သဒ္ဓိန္ဒြေ ၊ ဝီရိယိန္ဒြေ ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ။

ကောင်းပြီ ဒါဖြင့် ငါးခုပေါ့ကွာ၊ဣန္ဒြေ ငါးပါးပေါ့၊ ညှိ တတ်ပလား (ညှိတတ်ပါပြီ) ပထမနှစ်ခုက ဦး မရှိစေနဲ့၊ ညီတူ ညီမျှပေါ့၊ ဒုတိယ နှစ်ခုကကော (ဦးမရှိစေနဲ့ပါ)။

ဪ ဝီရိယနဲ့ သမာဓိ။ သဒ္ဓါနဲ့ (ပညာ) ရှေ့နှစ်ခုက ဘာပါလိမ့် (ဝီရိယနဲ့ သမာဓိပါ) အဲ မလွန်စေနဲ့နော် (တင်ပါ့)။

နောက်နှစ်ခုက ဘာပါလိမ့် (သဒ္ဓါနှင့် ပညာပါ) သဒ္ဓါနှင့် ပညာ သူတို့နှစ်ခုလည်း ပြိုင်ဘက်နော်၊ သတိ ကတော့ ဘယ်အခါမဆို လိုလို့ အမြဲတန်းတွဲထားတယ် ရှင်းပလား (ရှင်းပါပြီ)။

ဣန္ဒြေ ညီရင်မရမရှိ

ဒီဣန္ဒြေ ညီမျှလို့ရှိရင် ငါဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဒီပုဂ္ဂိုလ်ဘယ်တော့မှ မရဘူးလို့ မဟောပါဘူးကွာ ညီညွတ်အောင်လုပ်ပေးတတ်တဲ့ဆရာနဲ့သာ ကြုံပါစေ၊ ဘယ်လောက် အရေးကြီး တယ် ဆိုတာ ပေါ်ကြပလား (ပေါ် ပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ)။

အဲဒီလိုဟောပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တန်ခိုးနဲ့လာပြီး၊ တန်ခိုးနဲ့ ကျောင်းတော် ပြန်တယ်။

ဘုရားသခင် ကိုယ်တော်မြတ်ကြီး တန်ခိုးနဲ့ ကျောင်းတော် ပြန်သွားတော့ သောဏက၊ ဒီတစ်ခါတော့ဖြင့် ကျကျ နန လုပ်လိုက်မှပဲ၊ ဘုရားက စောင်းဥပမာလည်း ပြသွားပြီ၊ ဘယ်သူ့ ဘယ်သူ မလွန်စေနဲ့။

ဘုရားဟောတဲ့အတိုင်း သောဏကျင့်တယ်

ဝီရိယလည်း မလွန်စေနဲ့၊ သမာဓိလည်း မလွန်စေနဲ့ ညီညီမျှမျှ စောင်းသံ ကောင်းသလို ပေါ့နော်။

သဒ္ဓါကိုလည်း မလွန်စေနဲ့ပညာကိုလည်း မလွန်စေနဲ့ သတိကတော့ဖြင့် နေရာတိုင်းထားကွ၊ သေသေချာချာ ဟောသွားတဲ့အတွက် ငါ ဒီတစ်ခါဖြင့် ကြိုးစားပါတော့မယ် ဆိုပြီး ကြိုးစားလိုက်တယ်။

ကြိုးစားလိုက်တော့ ခန္ဓာကိုယ်မှာ လှည့်ပြီးကြည့် လိုက်တာပဲ၊ တစ်ခါတည်း ဒကာ ဒကာမတွေ အနိစ္စတွေ မြင်လာတယ်။

အနိစ္စတွေမြင်လာပြီး အနိစ္စမုန်း၊ အနိစ္စဆုံး ဆိုတဲ့ သောတာပန် တည်တာပဲ ညှိချလိုက်တာပဲ၊ သဘောကျပလား (ကျပါပြီ) ညှိလိုက်တော့ ဒကာ ဒကာမတို့ မမြန်လား (မြန်ပါတယ်)။

အာသဝေါကုန်လို့ရဟန္တာဖြစ်တယ်

နောက်တစ်ခါ ဒီအတိုင်းသာ အားထုတ်တော့၊ တစ်ခါတည်း ရဟန္တာဖြစ်တယ် ဆိုကြပါစို့၊ ဒါညီရင်ရတာပဲ သဘောကျပလား (ကျပါပြီ)။

ရပြီးသကာလ၊ ကိုင်း နေရာကျပြီဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဆီ သွားပြန်တယ်။

အရှင်ဘုရား၊ ကျေးဇူးတော်ရှင် ဂုဏ်တော်အနန္တနဲ့ ပြည့်စုံတဲ့ ကိုယ်တော်ကြီး ဖြစ်တဲ့အတွက် တပည့်တော်ဖြင့် အာသဝေါကုန်ခန်းလို့ ရဟန္တာဖြစ်ပါပြီလို့ အသေအချာ လျှောက်တာပဲ ။

အလုပ်လုပ်တဲ့ပုဂ္ဂိုလ်ရတဲ့နည်း

ဒါမရတဲ့ပုဂ္ဂိုလ် ရတဲ့နည်း (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဘယ်သူ့အတွက် ဟောတယ်ဆိုတာဖြင့် အလုပ် မလုပ်တဲ့ ပုဂ္ဂိုလ်မှာ ဒါနည်းရရုံပဲ၊ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်မှာဖြင့် ဒါသာ ညီမျှရင် မရမရှိဘူးလို့ မှတ်ပါ၊ ကျေနပ်ပလား (ကျေနပ် ၊ ပါပြီ)။

ဒါဖြင့် သောဏမှာ ပါရမီပါလို့လား၊ ဒါညီမျှလို့လား စဉ်းစားပါ (ညီမျှလို့ပါ)။

နဂိုက ပါရမီပါလို့ပဲ သာသနာ ဘောင်ဝင်ပေါ့ပဲ၊ သို့သော်လည်း သူနောက်တောင် ဆုတ်ပြီ၊ ငါ့ပစ္စည်းတွေ ရှိသားပဲ၊ ငါမဂ်ရထိုက်တဲ့ပုဂ္ဂိုလ် မဟုတ်ပါဘူး၊ ငါ့ပစ္စည်းတွေ နဲ့ပဲ လှူဒါန်း ပေးကမ်းပြီး သကာလ၊ အဲဒီကပဲ နေပါတော့မယ်။

ရဟန်းအဖြစ်မှ လူထွက်ပြီး သကာလ သူဌေးသား အဖြစ်နဲ့ပဲ လှူဒါန်းပေးကမ်းပြီး နေပါ တော့မယ်၊ ဒီဘဝ ငါရထိုက်တဲ့ ပုဂ္ဂိုလ် မဟုတ်ဘူးဆိုတော့ ကမ္မဋ္ဌာန်းက လွန်နေ ပြီ သဘောကျပလား (ကျပါပြီ)။

ဘာလွန်နေတယ်ဆိုတာ ဝိရိယလွန်နေတာ၊ ဝီရိယ လွန်နေတော့ သမာဓိက ဘယ်နှယ် နေသလဲ (နုံ့ သွားတယ်) နုံ့ သွားတဲ့ အခါကျတော့ ခုနက မလုပ်တော့ဘူးဘက် သွားတယ်၊ မလုပ်တော့ဘူး ဆိုတော့ ပျင်းတာပေါ့။

အဲဒီဘက် လှည့်သွားတယ် ဆိုတာ သဘောကျပလား (ကျပါပြီ) ဒါဖြင့် သောဏ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က သဒ္ဓါ ပညာတွေ ညီပါစေကွာ၊ ဝိရိယနဲ့ သမာဓိညီမျှပါစေ။

မင်း စောင်းဥပမာလည်း ငါပြောပြီးပြီပေါ့၊ မင်းဒီ အတိုင်းသာ ကြိုးစားတော့ဆိုပြီး ဘုရား နည်းပေးပြီး ပြန်တာပဲ (မှန်ပါ့)။

သောဏထေရ်ကတရားနဲ့ ပူဇော်တယ်

ပြန်သွားပြီး သကာလ ဒီအတိုင်း ကြိုးစားတော့လည်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အဖြစ်သို့ ရောက်လို့ ဘုရားဆီကို ကျေးဇူးတော်အစုံ ဂုဏ်တော် အနန္တ ကိုယ်တော်ကြီးဆိုပြီး သွားပြီး ပူဇော် ကန်တော့တာပဲ။ တရားနဲ့ ပူဇော်တာပဲ ရိပ်မိပလား (ရိပ်မိပါပြီ)။

မရစရာ အကြောင်း ရှိရဲ့လား (မရှိပါဘူး) ဒါဖြင့် ဒီနေရာ ဘယ်သူ လိုသလဲ ဆိုတော့၊ ကလျာဏမိတ္တ ဆိုတာ ဆရာသမား သိပ်လိုတယ် မလိုဘူးလား (လိုပါတယ်) သူမပါရင် မရပါဘူးတဲ့။

သူမပါရင် မရဘူး၊ သူမပါလို့ရှိရင် ကိုယ်ပိုင်ဉာဏ် လွန်သွားမှာပဲ၊ သမထဘက် စောင်းသွားမယ်၊ သဘောကျ ပလား (ကျပါပြီ)။

အဲဒီကဲ့သို့ စောင်းသွားပြန်လို့ ရှိရင်လည်း ကိုယ်ကျိုး နဲတတ်တယ်၊ သဘောကျပလား (ကျပါပြီ) သမထဟာ ဆရာ နဲ့ ကင်း၍ မဖြစ်ဘူး ဆိုတဲ့ ဥစ္စာကို၊ ဒကာ ဒကာမတို့ ကျေကျေ နပ်နပ် သဘောကျပလား (ကျပါပြီ)။

သောဏမှာ အခု ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ပဲ၊ သူတစ်ခု လွန်နေလို့၊ ဝီရိယ လွန်နေလို့ ဆရာ လာလုပ်ရတယ်၊ နို့မို့ရင် လုပ်စရာ ရှိသေးရဲ့ လား (မရှိပါဘူး)။

ညီမျှရေးကို မမေ့ပါနဲ့

ကိုင်း ဒါဖြင့် ညီမျှရေးကို ဘယ်အခါကာလမှ မမေ့ ပါနဲ့၊ အလုပ်သမားတွေနော်။

ဝီရိယနဲ့(သမာဓိ) ညီမျှရမယ်၊ သူကတွဲဖက် နှစ်ခုကို၊ သဒ္ဓါနဲ့ပညာ (ညီမျှရမယ်) ညီမျှလို့ရှိရင် သတိ ဟာ ဘယ် အခါကာလမှ ပိုတယ်လို့ မရှိ ဘူး၊ ပါတာချည်းပဲ (မှန်ပါ့)။

ဆိုတော့ ဒါ သဒ္ဓိန္ဒြေ၊ ပညိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ဝီရိယိန္ဒြေ ဆိုတော့ စုလိုက်တဲ့အခါ ဣန္ဒြေငါးပါး သွားဖြစ်တယ်၊ စုလိုက်တဲ့အခါ ဘာဖြစ်သလဲ (ဣန္ဒြေ ငါးပါးသွားဖြစ်တယ်)။

အဲဒီဣန္ဒြေ ညီမျှရင် မရမရှိဘူးတဲ့၊ ရှင်းပလား (ရှင်းပါပြီ) ဣန္ဒြေ ညီမျှရင် (မရမရှိပါ) အဲဒီတော့ ဒီဣန္ဒြေ ညီမျှရင် ခုနက သြဃလေးပါး အကုန် ကူးခတ်ပြီး သကာလ ဒကာ ဒကာမတို့ နိဗ္ဗာန် ဆိုတဲ့ ဥစ္စာ ဩဃ မရှိတာ။

ဒီအတိုင်းကြိုးစားရင်ရမယ်

အာသဝ မရှိတာ နိဗ္ဗာန် ဆိုသောကြောင့်၊ ဒီငါးခုနဲ့ ကူးခတ် လိုက်လို့ရှိရင် အာသဝနယ်က လွန်မြောက်ပြီး၊ အာသဝေါတရားတွေ ချုပ်ရာ နိဗ္ဗာန် သေချာ ရောက်တယ်လို့ ငါဘုရား တာဝန်ခံ တယ်လို့ သေချာဟောတာ သဘောကျ ပလား (ကျပါပြီ)။

အားငယ်စရာများရှိရဲ့ လား (မရှိပါဘူး) ဒီအတိုင်း ကြိုးစားရင် ရမယ် ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါပြီ) ကိုင်း ဒါဖြင့် ဒီအတိုင်းကြိုးစား။

ကဲ ဒီနေ့တော်ကြဦးစို့။

သာဓု သာဓု သာဓု။