125

ဘုရားအဆူဆူသွားတဲ့လမ်း (အဂ္ဂိဒတ္တရသေ့ကြီး)

အသံဖိုင်ခေါင်းစဉ်= အဂ္ဂိဒတ္တသုတ် လမ်းမှန်တရားတော်

စာအုပ်ခေါင်းစဉ်= ဘုရားအဆူဆူသွားတဲ့လမ်း

မှတ်ချက်။ ။အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားဆုံးမတော်မူသော

ဘုရားအဆူဆူသွားတဲ့လမ်း

(အဂ္ဂိဒတ္တရသေ့ကြီး)

(၄-၉-၅၅)

မဂ္ဂသစ္စာ ဆိုတာ မိမိတို့အများကြီးအလိုရှိအပ်တဲ့ သစ္စာလို့မှတ်ပါ (မှန်ပါ့)၊ မဂ္ဂသစ္စာဆိုတာ မဂ်ဉာဏ် ခေါ်တာပဲ (မှန်လှပါ)။

အဲဒီ မဂ္ဂသစ္စာကို ယနေ့ညစပြီး မဂ္ဂသစ္စာဆိုတာ ဘာပါလိမ့်မတုံးဆိုတော့ မဂ္ဂက – ခရီး၊ သစ္စာက – မှန်တာ၊ သံသရာတစ်လျှောက်လုံး ခရီးသွားလာတာ ဘယ်တော့မှ မမှန်ခဲ့ဘူး။

တောင်သွား မြောက်ရောက်၊ မြောက်သွား တောင် ရောက်၊ ရောက်ချင်သလို ရောက်ပြီး သကာလ လာခဲ့တာ ဒီတစ်ခါဖြင့် မဂ္ဂက – ခရီး၊ သစ္စာက – အမှန် လမ်းမှန်ရောက် ပေတော့မယ်လို့ ဒကာ ဒကာမတွေက အောက်မေ့ရမယ် (မှန်လှပါ)။

သံသရာတစ်လျှောက်လုံး ခရီးသွားပြီးသကာလ လာခဲ့တာ ဘယ်တော့မှ အမှန်မတွေ့ခဲ့ဘူး၊ ဒီနေ့ည နာရမည့် တရားက ခရီးမှန်၊ လမ်းမှန်ရောက်တော့မယ်ဆိုတာ မှတ်ရ မယ်၊ နားလည်လား ဒေါ်ရွှေ (နားလည်ပါတယ် ဘုရား)။

သံသရာတစ်လျှောက်လုံး လမ်းတွေလျှောက်လာခဲ့ ရတာကဖြင့် လမ်းမှန်ကို မတွေ့ခဲ့ဘူး (မှန်လှပါ ဘုရား)။ လမ်းမှားချည့်ပဲ တွေ့ခဲ့ကြရတယ် (မှန်ပါ့)။

ခရီးမှန်၊ လမ်းမှန်တွေ့ရမည့်နေ့

ယနေ့ည၊ ညနာရမည့်တရားက မဂ္ဂက – ခရီး၊ သစ္စာက – မှန်တာ၊ ခရီးမှန်၊ လမ်းမှန်ကိုဖြင့် ယနေ့တွေ့ရမယ်လို့ အသေအချာမှတ်ပါ (မှန်လှပါ ဘုရား)။

ခရီးလမ်းမှန်ကိုတွေ့ရတော့မယ်ဆိုတော့ ဒကာ ဒကာမတွေ အထူးဝမ်းသာဖို့ပါပဲ (မှန်လှပါ ဘုရား)၊ ဘာကြောင့်တုံးဆိုတော့၊ ရှေးတုံးက လာခဲ့ရတာက အင်းလှူလိုက် တန်းလိုက်၊ ထိုက်တန် သလောက် လှူဒါန်းပေးကမ်း ပြီး လာခဲ့ငြား သော်လည်း၊ ဒီဘဝဆင်းရဲလို့ နောက်ဘဝ ချမ်းသာအောင် ဆိုပြီး၊ ဘဝချမ်းသာရေးကို သာလှူဒါန်းလာခဲ့ကြတော့၊ နောက်ဘဝကျပြန်တော့လည်း ပဋိသန္ဓေ နေခြင်း ဆင်းရဲ၊ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲနဲ့ပဲ ကြုံရပြန်တယ် (မှန်ပါ့ ဘုရား)။

အဲ့ဒါ ခရီးမှန်၊ လမ်းမှန်လို့ ဆိုလို့ရရဲ့ လား (မရပါ ဘူး ဘုရား)။

ဒီဘဝဆင်းရဲတာနဲ့ ချမ်းသာမလားလို့ သွားလိုက်တာ၊ လှူဒါန်းပေးကမ်းပြီးသကာလ ချမ်းသာ တွေ့ ရပါလို၏။ နောက်ဘဝ ချမ်းသာ ရပါလို၏ ဆိုပြီး ဘဝချမ်းသာကြီး တောင့်တကြောင့်ကြပြီး လှူလိုက် တန်းလိုက်၊ ပေးလိုက် ကမ်းလိုက်တဲ့အတွက် ရောက်တော့ရောက်ပါရဲ့၊ ရောက်ပင် ရောက်ငြား သော်လည်း အို နာ သေ မွဲ ကွဲကြီးနဲ့ ဆုံမိ၊ ကြုံမိ။

အို နာ သေ မွဲ ကွဲကြီးနဲ့ဆုံမိ ကြုံမိတော့ကို ဘုန်းကြီး တို့ ဒကာ ဒကာမတွေမှာ လှူတာ လမ်းကောင်း ရောက် မလားလို့ လှူလိုက်တာ လမ်းမှားပဲ ပြန်ရောက်တယ် (မှန်လှပါ ဘုရား)၊ လမ်းမှားပဲ ပြန်ရောက်တယ် ဆိုတာ သဘော ကျပလား (သဘောကျပါတယ် ဘုရား)။

လမ်းမှားတွေက အပါယ်ပို့တယ်

အေး- လမ်းမှားတွေ၊ တစ်ခါ သားတွေ သမီးတွေနဲ့ နေရလို့ရှိရင် ပျော်ရ ပါးရ၊ စီးပွားဥစ္စာ ရတနာ ရလို့ရှိရင်လည်း အင်း- စိတ်ထဲချမ်းသာလို့၊ ကိုယ်ထဲ ချမ်းသာလို့ဆိုပြီး ဒီလောက်ဆိုရင်ဖြင့် တော်ပြီဆိုပြီး၊ အပျော်ကြူးပြီး သကာလ ချမ်းသာထင်နေတာနဲ့လည်း၊ လောဘတဏှာက လောဘ တဏှာ ကိုပင် ချမ်းသာ ထင်နေတာနဲ့၊ ဒီဘဝ စုတေမနေ သေလွန်ပြန်တော့လည်း၊ ဒါ လောက နိဗ္ဗာန် ဆိုပြီး နေလိုက် တာနဲ့၊ စုတေမနေ သေလွန်ပြီး အခြားမဲ့၌ လောဘဆိုတဲ့ သမုဒယသစ္စာက အပါယ် ပို့လိုက်တယ် (မှန်လှပါ ဘုရား)။

အဲ- ဒါဖြင့် ဒီလောက်ချမ်းသာရင်ဖြင့် ချမ်းသာတော် ပြီလို့ထင်လိုက်တဲ့ဥစ္စာ၊ ဒီချမ်းသာနဲ့ပဲ တော်လောက်ပါပြီလို့ ထင်တဲ့ဥစ္စာသည်၊ နောက်ဆင်းရဲကြီးနဲ့ မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့၊ နောက်တုန်းက နေခဲ့ ထိုင်ခဲ့ လုပ်ခဲ့ ကိုင်ခဲ့တာတွေ ဟူသ၍ လမ်းမှားချည့်ပဲတွေ့ ခဲ့တဲ့အတွက်၊ ယခုဘဝ တိုင်တိုင် အို နာ သေကြီးနဲ့ဟာ ကြုံနေရတယ် (ကြုံနေ ရပါတယ် ဘုရား)။

အိုလည်း အိုရမယ်၊ တော်ကြာ နာကြမယ်၊ တော်ကြာ သေကြမယ်၊ တော်ကြာ သားလင် ခင်ပွန်းနဲ့ ကွဲကြ ရမယ်၊ ရှိတဲ့ ရှာထားတဲ့ ပစ္စည်းလေးတွေ ကိုယ့်နောက်မပါလို့ မွဲကြရမယ်။

အဲ့ဒါ နောက်တုန်းက လာခဲ့တာကဖြင့် လမ်းမှန်ကို တွေ့ကြရဲ့လား (မတွေ့ပါဘူး ဘုရား)။

အဲ- ဒါကြောင့် မဂ္ဂသစ္စာဆိုတာ ဘယ်တော့မှမတွေ့ ခဲ့လို့၊ လမ်းမှားချည့်ကြုံပြီး အို နာ သေနဲ့ချည့်ပဲ အချိန်ကုန်၊ အပါယ်ငရဲနဲ့ အချိန်ကုန်၊ ပူရေး ဆွေးရေးတွေနဲ့ပဲ အချိန်ကုန် ဆိုတဲ့ဥစ္စာ လမ်းမှန် မရောက်ခဲ့ကြလို့ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

အေး- လမ်းမှန်မရောက်ခဲ့လို့ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနေ့ မဂ္ဂက-လမ်းနော်၊ သစ္စာက- (မှန်တာ ပါ ဘုရား)၊ မှန်တာတဲ့။

ဒီနေ့ နာရမဲ့တရားက ဘာတရားတုံးမေးရင် လမ်းမှန် တရား၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘာတရား နာရမှာ တုံး (လမ်းမှန်တရား နာရမှာပါ ဘုရား)။

တစ်သံသရာလုံး မတွေ့ခဲ့တဲ့လမ်းမှန်တရား

အေး- လမ်းမှန်တရား နာရလိမ့်မယ်၊ လမ်းမှန်တရား နာရလိမ့်မယ်၊ တစ်သံသရာလုံး မတွေ့ခဲ့တဲ့ လမ်းမှန်တရား လို့ မှတ်ကြပေတော့ (မှန်လှပါ ဘုရား)။

တစ်သံသရာလုံးကို မတွေ့ခဲ့တာ၊ အင်း- ဒီနေ့ညဖြင့် ဒို့ ကံထူးလို့၊ ဘုန်းကြီးရှိလို့ဖြင့် လမ်းမှန်တရား၊ လမ်းမှန်တရား ကို လိုက်ရလို့ရှိရင်ဖြင့် လမ်းမှန်ရောက်တော့မှာပဲ၊ အို နာ သေ မွဲ ကွဲကြီးနဲ့ တို့နဲ့ဖြင့် သေခန်း ရှင်ခန်း ပြတ်ပြီး၊ လွတ်ရေး ကျွတ်ရေး သေချာပေါ့ဆိုပြီးမှတ်ရမယ် (မှန်လှပါ ဘုရား)။

ဒါကြောင့် ယနေ့ညနာရမဲ့တရားက မဂ္ဂက-လမ်း၊ သစ္စာက (အမှန်ပါ ဘုရား)၊ ဘာတရားနာ ရမှာတုံး (လမ်းမှန်တရား နာရမှာပါ ဘုရား)။

အေး- လမ်းမှန်တရား နာရတော့မယ်ဆိုတော့ အထူးဝမ်းသာလိုက်တယ်ဆိုတာကော သဘောကျပလား (သဘောကျပါတယ် ဘုရား)။

လမ်းမှန်တရားနာရဖို့ဟာ၊ လွယ်ကြတာ မဟုတ်ဘူး

အေး- ဒါကြောင့် လမ်းမှန်တရား နာရမယ့်ဥစ္စာ လည်း လွယ်ကြတာမဟုတ်ဘူး၊ ခင်ဗျားတို့ ကလည်း ဒီအချိန် ဒီကာလ လူ့ဘဝလေး ရတာနဲ့ကြုံဦးမှ၊ ဒီလို ဆရာသမားနဲ့ လည်း ကြုံဦးမှ၊ ကြုံခဲ့သော် ဆရာသမားကလည်း ကျန်းကျန်း မာမာရှိဦးမှ၊ ဒီဒကာ ဒကာမတွေကကော (ကျန်းမာမှ ပါ ဘုရား)။

အဲ- သူတို့ကလည်း ကျန်းမာဦးမှ၊ အဲဒီကဲ့သို့ အကြောင်းညီညွတ်ဖို့ အရေးဟာက အင်မတန်မှ ခဲယဉ်းပါ တယ် (ခဲယဉ်းပါတယ် ဘုရား)။

လမ်းမှန်တရားတွေ့ဖို့ရာ လမ်းမှန်တရားတွေ့ဖို့ရာ မောင်ချစ်ဆွေ မလွယ်ဘူးကွ (မလွယ်ပါဘူး ဘုရား)၊ မလွယ်ဘူး သေချာစဉ်းစားကြည့်စမ်းပါ၊ မလွယ်ဘူး (မှန်လှပါ ဘုရား)။

တို့ တစ်သက်လုံးနေလာတာပဲ၊ ဒေါ်ခန့်တို့လည်း အသက် ခြောက်ဆယ်လောက်ရှိနေပြီ၊ ဒေါ်ကြွယ်တို့လည်း ငါးဆယ် နီးနေပြီ ဆိုကြပါစို့ (မှန်လှပါ ဘုရား)။

ဝမ်းမြောက်ဖို့ကောင်းတဲ့နေ့

လမ်းမှန်တရားကို မတွေ့ခဲ့ဘူး (မတွေ့ခဲ့ပါဘူး ဘုရား)၊ မတွေ့ခဲ့ရတော့ ခု လမ်းမှန် တရားကို တွေ့ရတော့ မယ်ဆိုတော့ အထူးတလည် မင်္ဂလာ ရှိတဲ့နေ့၊ ဝမ်းမြောက် ဝမ်းသာ ရှိဖို့ကောင်းတဲ့နေ့၊ ဟုတ်လား (မှန်လှပါ ဘုရား)။

အထူးမင်္ဂလာရှိတဲ့နေ့

တို့ ပြုလာတဲ့ တစ်သံသရာလုံး လမ်းမှန်တရားကို ရှာခဲ့ငြားသော်လည်း လမ်းမှားချည့် ရောက်ခဲ့တာဖြင့် ယခုဖြင့် လမ်းမှန်တရားနဲ့ အတွေ့အဆုံ ကြုံရပေါ့ဆိုပြီးသကာလ၊ ယနေ့သည် အထူး မင်္ဂလာရှိတဲ့ နေ့ပဲလို့ ဒကာ ဒကာမတွေက မှတ်ပါ (မှန်လှပါ ဘုရား)။

လမ်းမှန်တရားနာရမှာကိုး မဂ္ဂက-လမ်း၊ သစ္စာက (မှန်တာပါ ဘုရား)၊ ပေါင်းလိုက်တော့ (လမ်းမှန်တရား ပါ ဘုရား)။

အေး- လမ်းမှန်တရားကို ယနေ့ဖြင့် ကြုံရ ဆုံရတော့ မယ်ဆိုသဖြင့် ဒီလမ်းမှန်တရားကလည်း ဘုန်းကြီးက ဒီလောက် ဒကာ ဒကာမတွေကို အားရှိပါးရှိပြောပြီး နေရတာ က ဘုရားအဆူဆူ သွားတဲ့ လမ်းကိုးဗျ (မှန်လှပါ ဘုရား)။

ဘုရားအဆူဆူသွားတဲ့လမ်း

ဘုရားအဆူဆူ သွားတဲ့လမ်း ဆိုတော့၊ ကျုပ်တို့က သံသယရှိပြီး ဒီလမ်း ဟုတ်မှ ဟုတ်ပါ့မလားလို့၊ ကျုပ်တို့ သံသယရှိဖို့မလိုဘူး (မလိုတော့ပါ ဘုရား)။

ကျုပ်တို့ဖြင့် ဦးထိပ်ထားပြီး ကိုးကွယ်တဲ့ဘုရားကိုက ဒီလမ်းကသွားတာ (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲ့တော့ ဒီလမ်းအကြောင်းကို ခင်ဗျားတို့ သံသယရှိ ဖို့လိုသေးလား (မလိုတော့ပါဘူး ဘုရား)၊ ဒါကြောင့် ဒီလမ်းသည်ကားလို့ ဆိုရင်ဖြင့်၊ ကိုယ်တော်မြတ်နဲ့တကွ အရိယာတွေ ဒီလမ်းကချည့် သွားကြလို့၊ နိဗ္ဗာန်ဆိုတဲ့ဆီ ရောက်ရောက် ရောက်ရောက် သွားကြတော့။

ဪ ဒီလမ်းက တို့ကိုးကွယ်တဲ့ ဘုရားသခင်ကိုယ် တော်မြတ်ကြီးလမ်းဖြစ်လေ သောကြောင့် ဒီလမ်းသည်ကား လို့ဆိုလို့ရှိရင်ဖြင့် ခု ဆရာဘုန်းကြီးက ဟောလို့ တွေ့ရတော့ မယ်။

ဒီလမ်းများ သံသယမရှိဘူးဟေ့ ဖိလိုက်မှပဲဆိုတဲ့ စိတ် ဟာ မွေးမှရမယ် (မွေးရမှာပါ ဘုရား)၊ မွေးရလိမ့်မယ်၊ မွေးရလိမ့်မယ်။

အေး- ယောက်ျားတွေဘက်က သဘောကျပလားကွ (ကျပါပြီ ဘုရား)၊ ဘာတရားဟောမှာတုံး (လမ်းမှန် တရားဟောမှာပါ ဘုရား)၊ လမ်းမှန်တရားဟောမယ် မောင် ချစ်ဆွေ၊ ဘာတရားဟောမယ် (လမ်းမှန်တရားဟောမှာပါ ဘုရား)။

အေး- မှတ်ထားကြစမ်းပါ လမ်းမှန်တရား၊ မတူတို့ ဘာတဲ့တုံး (လမ်းမှန်တရားပါ ဘုရား)၊ လမ်းမှန်တရားဆို တဲ့ဥစ္စာ ခုမှပဲ နာရတော့မယ် လမ်းမှန်တရား၊ ရှေးကဖြင့် လမ်းမှန်တရားကို မတွေ့ခဲ့လို့ သံသရာထဲမှာ အိုပွဲတွေ၊ ငိုပွဲ တွေနဲ့ချည့်ပဲ ဒေါ်ခန့်တို့ အချိန်မကုန်ခဲ့ရဘူးလား (အချိန် ကုန်ခဲ့ရပါတယ် ဘုရား)။

အကြီးအကျယ်အမြတ်ဆုံးနေ့

တစ်ခါ ဒီ ဆရာသမားနဲ့မတွေ့လို့ ဒီလမ်းမှန်တရား မရအုံးမယ်ဆို၊ ခင်ဗျားတို့ လမ်းမှား တရားကြီးနဲ့ပဲ သွားဦးမှာပဲ (သွားရဦးမှာပါ ဘုရား)။

အိုပွဲ၊ ငိုပွဲနဲ့ သေပွဲနဲ့ပဲ အချိန်ကုန်ရဦးမှာပဲ (အချိန်ကုန်ဦးမှာပါ ဘုရား)။

ကဲ- ဒါဖြင့် တို့သည်ကားလို့ဆိုရင်ဖြင့် ဒီနေ့ဖြင့် အကြီးအကျယ် မင်္ဂလာဆုကြီး၊ အကြီးအကျယ် အမြတ်ဆုံးနေ့ရယ်လို့ မှတ်ထားရမဲ့နေ့ပဲလို့ ဆုံးဖြတ်ချက်ချ (မှန်လှ ပါ ဘုရား)။

မဂ္ဂသစ္စာဆိုတာ လမ်းမှန်တရား

ဘာကြောင့်တုံး လမ်းမှန်တရားနာရမှာ (မှန်လှ ပါ ဘုရား)၊ မဂ္ဂက ဘာတဲ့ (လမ်းပါ ဘုရား)၊ သစ္စာက (အမှန်ပါ ဘုရား)၊ အေး- ဒါဖြင့် လမ်းမှန်တရား (မှန်လှပါ ဘုရား)။

လမ်းမှန်တရားကို နာရလို့ရှိရင်ဖြင့် ဒကာ ဒကာမ တွေ လမ်းမှန်သွားရတော့မှာပဲ ဒီတစ်ခါဖြင့် အမောအပန်း ဆိတ်ပြီးသကာလ၊ အသေဇာတ်တွေပါ သိမ်းပြီးသကာလ အပူပွဲတွေလည်း အကုန်ငြိမ်း တော့မှာပဲလို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)။

လမ်းမှန်တရား မရောက်ရင်သာ ဘုန်းကြီးက ဒါ မပြောရဲတာကိုး (မှန်လှပါ ဘုရား)၊ ခုတော့ လမ်းမှန် တရားကို ဟောရတော့မယ်၊ ပြောရတော့မယ်၊ ဒကာ ဒကာမတွေလည်း ပြရတော့မယ် ဆိုတော့။

အဆိုးတွေကုန်ပြီး အကောင်းဟူသ၍ ကြုံတော့မှာပဲ

အို- အိုပွဲ၊ ငိုပွဲနဲ့တကွ ပူပွဲ ဆွေးပွဲတွေ အကုန်သိမ်း၍ ငြိမ်းအေးတဲ့လမ်းပါလား၊ ဒီလမ်းပေါ်သာ တက်မိလို့ ဒီအတိုင်း လျှောက်လို့ရှိရင်ဖြင့်၊ အဆိုးဟူသ၍ ကုန်ပြီး၊ အကောင်းဟူ သ၍ အကုန် ကြုံတော့မှာ ပါပဲလားလို့ ဆုံးဖြတ်ချက်ချရမယ် (မှန်လှပါ ဘုရား)။

ကဲ- ဒါဖြင့် လမ်းမှန်တရားသည်ကားလို့ဆိုရင် ဘာ ပါလိမ့်မတုံးဆိုတော့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စာ။ ဒုက္ခ နိရောဓ ဆိုတာ ဒုက္ခချုပ်တာ၊ ဘယ်ဒုက္ခချုပ်တုံး မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ အလုံးစုံ ခင်ဗျားတို့မကြိုက်တဲ့ ဒုက္ခဟူသ၍ အကုန်ချုပ်ပဲ (မှန်လှပါ ဘုရား)။

ဒုက္ခနိရောဓ၊ ဒုက္ခက- ဒုက္ခ၊ နိရောဓက-ချုပ်တာ ဂါမိနိက-ရောက်မှာ၊ ဒုက္ခ၏ချုပ်ရာကို ရောက်မယ် (မှန်ပါ့)၊ ပဋိပဒါ သို့သော်လည်း ဒီအတိုင်းတော့ မရောက်ဘူးဟေ့ တဲ့ ကျင့်ရလိမ့်မယ်။

ဒုက္ခက ဆင်းရဲတာနော် (မှန်ပါ့)၊ နိရောဓက (ချုပ်တာ)၊ ချုပ်တာ ဂါမိနိက ရောက်မှာ၊ ဒုက္ခချုပ်ရာကို ရောက်မှာ၊ ဒီအတိုင်း ရောက်မှာလားလို့ မေးတော့ ပဋိပဒါတဲ့ ကျင့်ရလိမ့်ဦးမယ်ဟေ့ (မှန်လှပါ ဘုရား)။

နည်းနည်းကျင့်ရလိမ့်မယ်၊ တစ်လုံးချင်းပြောနေတယ် ကွ မောင်ချစ်ဆွေရ (မှန်ပါ့ ဘုရား)၊ ဒါမှ အကုန်ရှင်းသွား အောင်လို့၊ ဒုက္ခကဆင်းရဲတာနော် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)၊ နိရောဓက (ချုပ်တာပါ ဘုရား)၊ ဒါဖြင့် ဒုက္ခချုပ်တယ်။

ဂါမိနိက-ရောက်တာ၊ ပဋိပဒါက-အကျင့် (အကျင့်ပါ ဘုရား)၊ အေး- ဒုက္ခတို့၏ချုပ်ရာ ချုပ်ကြောင်း နေရာကို ရောက်မဲ့အကျင့် ဆိုတော့၊ အို- လမ်းမှကောင်းလိုက် တဲ့လမ်း ဘာပြောစရာ ရှိတုံး (ပြောစရာမရှိပါဘူး ဘုရား)။

ဘာမှပြောစရာမရှိအောင် မှန်ကန်ပြီး သကာလ လိုချင်ရင်းဖြင့် ဆိုက်ရတော့မှာပဲဆိုတာ၊ ခင်ဗျားတို့ ဝမ်းမြောက်လို့မ ဆုံးအောင်ဖြစ်မဲ့ အသွားပါပဲ၊ ယနေ့ နာရမဲ့ တရားကဖြင့် (မှန်လှပါ ဘုရား)။

ကဲ- ဒါဖြင့် မင်းတို့ယောက်ျားတွေဘက်က ကျေနပ် ကြပလားဟေ့၊ ဒုက္ခက ဘာတုံးကွ၊ မင်းတို့ယောက်ျားတွေ ဘက်က ဒုက္ခကဘာတုံး (ဆင်းရဲတာပါ ဘုရား)၊ အဲနိရောဓက (ချုပ်တာပါ ဘုရား)၊ ဒါဖြင့် ဆင်းရဲတာ ချုပ်မယ်တဲ့ကွ (မှန်လှပါ ဘုရား)။

ဂါမိနိကရောက်တယ်တဲ့ကွ၊ ပဋိပဒါက ဘာတုံး (အကျင့်ပါ ဘုရား)၊ အကျင့် ဒါဖြင့် ဒုက္ခတို့၏ ချုပ်ရာ ရောက်ကြောင်း အကျင့်၊ အကျင့်လမ်းကောင်းပဲ၊ ဒုက္ခတို့၏ချုပ်ရာ ရောက်ကြောင်း အကျင့် လမ်းကောင်းပဲ ဆိုတော့ တကယ့် အားတက်စရာနေ့ကြီးပါလား (မှန်လှပါ ဘုရား)။

အလွန့်ကိုကျေးဇူးများမည့်နေ့

အလွန့်ကို ကျေးဇူးများမဲ့နေ့၊ အလွန့်ကို မင်္ဂလာကျက် သရေတိုးမဲ့နေ့ပဲ၊ ဆင်းရဲပွဲဟူသ၍ အကုန်ဇာတ်သိမ်း၊ ချမ်းသာပွဲ ဟူသ၍သည်ကားလို့ ဆိုရင် အကုန်ကိုယ်ပိုင်ဖြစ် (မှန်လှပါ ဘုရား)။

ဒီလိုဖြစ်ရမဲ့နေကြီးဖြစ်ပြီးသကာလ နေသောကြောင့် ဒီဟာကို ဒုက္ခတို့၏ချုပ်ရာသို့ ရောက်ကြောင်း အကျင့် လမ်းကောင်းကို ယနေ့ ပြောရမှာဖြစ်လို့၊ ကိုထွန်းအောင်ရေ သိပ် ဝမ်းသာစရာ ကောင်းတယ် (ဝမ်းသာစရာကောင်းပါတယ် ဘုရား)၊ သိပ် ဝမ်းသာစရာကောင်းပါတယ်။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ ပြောကြပါစို့တဲ့၊ ဒီဥစ္စာ သမ္မာဒိဋ္ဌိ၊ ‘‘သမ္မာဒိဋ္ဌိ ကတမာစ ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စံ’’ ဆိုတော့၊ ကတမာစ ဘိက္ခဝေ သမ္မာဒိဋ္ဌိ ဆိုတော့၊ ဒီနေ့ သမ္မာဒိဋ္ဌိ မဂ္ဂင်ဟာ ဒကာ ဒကာမတို့ မှတ်လိုက်ပါ၊ မဂ္ဂင်ရှစ်ပါးထဲ ခေါင်းဆောင်ပဲ (မှန်လှပါ – ဘုရား)။

မဂ္ဂင်ရှစ်ပါးထဲမှာ သမ္မာဒိဋ္ဌိဆိုတာ ဘာပါလိမ့် (ခေါင်းဆောင်ပါ ဘုရား)၊ သမ္မာက-မှန်တာ၊ ဒိဋ္ဌိက-မြင်တာ ဟုတ်လား (မှန်လှပါ)၊ အမှန်မြင် တရားကို စပြောမယ် (မှန်လှပါ ဘုရား)။

အမှန်မြင်တရားကို စပြောမယ် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)၊ နိဗ္ဗာန်သွားတဲ့ဥစ္စာ အမှန်မြင်တဲ့ မျက်လုံး အရင်တပ်ပေးမှ ခင်ဗျားတို့လမ်းကို ဒီလမ်းမပေါ်သို့ သွားနိုင် မှာပေါ့ (မှန်လှပါ ဘုရား)။

အမှန်မြင်တဲ့မျက်လုံးကို တပ်ပေးမည့်နေ့

အဲ- ဒါကြောင့် အမှန်မြင်တဲ့မျက်လုံးကို ရှေးဦးစွာ တပ်ပါ့မယ်၊ ဘာလုပ်မှာတုံး အခုဟောမဲ့ တရားဆိုတာကော သိပလား (သိပါပြီ ဘုရား)၊ အမှန်မြင်တဲ့မျက်လုံးလေး တပ်ပေးမယ်။

ဒါပဲ၊ ဒကာ ဒကာမတွေ သန္တာန်၌ ယနေ့ ဆရာ ဘုန်းကြီးက ဘာကို တန်ဆာဆင်ပေးမှာတုံး ဆိုတာကော သိ ပလား (သိပါပြီ ဘုရား)၊ အမှန်မြင်တဲ့ မျက်လုံးကို တပ်ပေးမဲ့နေ့ပဲ (မှန်လှပါ ဘုရား)။

ဘာတပ်ပေးမှာတုံး (အမှန်မြင်တဲ့မျက်လုံးကို တပ်ပေးမဲ့နေ့ပါ ဘုရား)၊ အေး- အမှန်မြင်တဲ့ မျက်လုံးကို တပ်ဆင်ပေးမယ် အမှန်မြင်တဲ့မျက်လုံးကို တပ်ဆင်ပေးမယ်။

အောင်မာ- ဒါဖြင့် တပည့်တော်တို့ ဘာဖြစ်နေလို့တုံး လို့မေးမနေနဲ့တော့ (မှန်လှပါ ဘုရား)၊ အမှားမြင်တဲ့မျက် လုံးသာရှိနေလို့ (မှန်လှပါ)၊ အမှန်မြင်တဲ့ မျက်လုံးတပ်ရ မယ် (မှန်လှပါ ဘုရား)။

တပည့်တော်တို့ ဘာဖြစ်နေလို့တုံး

တပည့်တော်တို့ ဘာဖြစ်နေတုံးလို့ ဘာမှမတွေးတော ပါနဲ့ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ခင်ဗျားတို့မှာ နဂိုက ဘာမျက်လုံးရှိတုံး (အမှားမျက်လုံး ရှိပါတယ် ဘုရား)။

အမှားမျက်လုံးတွေရှိပြီးသကာလနေတော့ ဆရာ ဘုန်းကြီးက ဒီနေ့ဖြင့် အင်း- ဒါဖြင့် လမ်းမှန်တရားကို ပြောရ တော့မယ်ဆိုတော့၊ လမ်းမှန်တရားကို မှတ်နိုင်အောင်၊ မြင်နိုင် အောင် ဟုတ်လား၊ ကျင့်နိုင်အောင်ဆိုတော့ ခင်ဗျားတို့ကို အမှန်မြင်တဲ့မျက်လုံး တပ်ပေးရလိမ့်ဦးမယ် (မှန်လှပါ ဘုရား)။

သမ္မာဒိဋ္ဌိမျက်လုံးပေါ့ဗျာ (မှန်လှပါ ဘုရား)၊ သမ္မာက မှန်တာနော် (မှန်ပါ့ ဘုရား)၊ ဒိဋ္ဌိက မြင်တာနော် (မြင်တာပါ ဘုရား)၊ ဒါဖြင့် အမှန်မြင်တဲ့မျက်လုံးပေါ့ဗျာ။

ကဲ ဒါဖြင့် အားလုံး ဒကာ ဒကာမတို့၊ ယနေ့ခင်ဗျား တို့ကို ဘာတန်ဆာဆင်ပေးရမှာတုံး ဆိုတာကော ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊ ဘာတုံးဗျ (အမှန်မြင်တဲ့မျက် လုံးတပ်ဆင်ပေးမှာပါ ဘုရား)။

အေး- အမှန်မြင်တဲ့မျက်လုံးကို တပ်ဆင်ပေးရမယ်။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မျက်လုံးဟောင်းတွေ အကုန်ပြောင်း

အမှန်မြင်တဲ့ မျက်လုံးကို တပ်ဆင်ပေးရမယ်ဆိုလို့ရှိ ရင်ဖြင့်၊ အင်း- တို့သည်ကားလို့ဆိုရင်ဖြင့် အကုန်ပြောင်းတော့ မှာပဲ၊ နဂိုမျက်လုံး အဟောင်းတွေ အကုန်ပြောင်း၊ အမှန်မြင်တဲ့ မျက်လုံးတွေ တပ်မိ၊ ဆင်မိ ဒီလိုမှသာလျှင် ခင်ဗျားတို့ ခလုတ် မထိ ဆူးမငြိနဲ့ လိုရာခရီးကို ပေါက်ပေါက် ရောက်ရောက်ကြီး အထမြောက်မှာပေါ့ (မှန်လှပါ ဘုရား)၊ ဟုတ်ပလား (မှန်လှပါ ဘုရား)။

ဒါဖြင့် အမှန်မြင်တဲ့မျက်လုံးကိုဖြင့် ရတော့မှာပဲ၊ ကြုံ တော့မှာပဲ၊ ဆုံရတော့မှာပဲ ဆိုတဲ့ဥစ္စာသည် သေသေချာချာ ယနေ့ဖြင့် ကောင်းပါပြီလို့ ဆုံးဖြတ်ချက်ချကြပါတော့ (မှန်လှပါ ဘုရား)။

ကဲ- ဒါဖြင့် ကတမာစ ဘိက္ခဝေ သမ္မာဒိဋ္ဌိ ဆိုတော့ သမ္မာက-အမှန်၊ ဒိဋ္ဌိက-မြင်တာ၊ သမ္မာဒိဋ္ဌိ အမှန်ကိုမြင်တဲ့ မျက်လုံးဆိုတော့ အမှန်မြင်တဲ့မျက်လုံးနဲ့ တပ်ကြည့်လိုက်လို့ ရှိရင်ဖြင့် ဒီ အမှန်မြင်တဲ့ မျက်လုံးဟာ ဉာဏ်မျက်လုံးလို့ မှတ်လိုက်ပါ (မှန်လှပါ ဘုရား)။

အမှန်မြင်တဲ့မျက်လုံး ဘာမျက်လုံးခေါ်ကြမလဲ (ဉာဏ်မျက်လုံးပါ ဘုရား)၊ အဲ့ဒီ ဉာဏ်မျက်လုံး ဟာ စာလိုသုံးတော့ သမ္မာဒိဋ္ဌိ သဘောကျပလား (သဘောကျပါပြီ ဘုရား)။

မြန်မာလိုသုံးတော့ အမှန်မြင်တဲ့ဉာဏ်မျက်လုံး ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ မြန်မာလို သုံးလိုက်တော့ ဘာတဲ့ (အမှန်မြင်တဲ့ ဉာဏ်မျက်လုံးပါ ဘုရား)။

အေး- အမှန်မြင်တဲ့ဉာဏ်မျက်လုံးလို့ အသေအချာ မှတ်ကြပါ၊ အမှန်မြင်တဲ့ ဉာဏ်မျက်လုံး ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)။

ဉာဏ်မျက်လုံးနဲ့ ဘယ်ကိုကြည့်ရမှာလဲ

အေး- ဒါဖြင့် ယနေ့တပ်ပေးမှာ အမှန်မြင်တဲ့ဉာဏ် မျက်လုံး၊ အဲတော့ ဘယ်ကြည့်ရမှာတုံး ဘုရား၊ အရှင်ဘုရား တပ်တော့ တပ်ပေးမှာပဲ၊ ဘယ်ကြည့်ရမှာတုံးလို့ မေးတော့ ခင်ဗျားတို့ ယခု လက်ရှိခန္ဓာကိုယ် ကြည့်ရမှာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အမှန်မြင်တဲ့မျက်လုံး တပ်ပေးလို့ရှိရင်၊ ခင်ဗျားတို့ ဘယ်ကိုကြည့်ခိုင်းမယ်ထင်တုံး (ယခု လက်ရှိ ခန္ဓာကိုယ် ကြည့်ပေးရမှာပါ ဘုရား)။

အင်း- ဒါဖြင့် တပည့်တော်တို့ မြင်ထားတာတွေ အမှားချည့်မို့ပေါ့ (မှန်လှပါ ဘုရား)၊ အမှန်မြင်တဲ့ မျက်လုံး တပ်ပြီးကြည့်ခိုင်းမှာကလည်း ဒီကိုယ်ပဲတဲ့ (မှန်လှပါ ဘုရား)။

နဂိုက တပည့်တော်တို့ ဒီကိုယ်မြင်သားပဲဆိုငြားသော် လည်း မမြင်ဘူး (မှန်လှပါ ဘုရား)၊ အမှား မျက်လုံးကြီးနဲ့ မြင်နေတာ (မှန်လှပါ ဘုရား)၊ အမှန်မြင်တဲ့ မျက်လုံးနဲ့ ယခုတပ်ပြီး ကြည့်ခိုင်းမဲ့ နေ့ကွ မောင်ချစ်ဆွေရ (မှန်လှပါ ဘုရား)။

ဟေ့ မင်းတို့ယောက်ျားတွေဘက်က ရိပ်မိပလားကွ (ရိပ်မိပါတယ် ဘုရား)၊ ဘယ်မျက်လုံးနဲ့ တပ်ပြီး ကြည့်ခိုင်း မှာတုံး (အမှန်မျက်လုံးနဲ့တပ်ပြီး ကြည့်ခိုင်းမှာပါ ဘုရား)။

အေး- အမှန်မြင်တဲ့မျက်လုံးနဲ့တပ်ပြီးသကာလ ဒကာ ဒကာမတွေကို ပင်ကို အရှိခန္ဓာကြီးကို ကြည့်ခိုင်းမှာပဲ (မှန်လှပါ ဘုရား)။

တပည့်တော်တို့ ရှေးတုံးကတော့ ကိုယ့်ကိုယ်ကိုတော့ ကိုယ်မြင်သားပေါ့ဗျာ၊ အဲ့ဒါက မင်းတို့က အမှား မျက်လုံးကြီးနဲ့ မြင်နေတာကွ (မှန်လှပါ)။

အမှားမျက်လုံးကြီးနဲ့မြင်နေလို့၊ ယခုတပ်ဆင်ပေးတဲ့ အမှန်မြင်တဲ့မျက်လုံးနဲ့ ကိုယ့်ကိုယ်ကို ပြန်ကြည့် လိုက်တော့ တစ်မျိုးကိုပြောင်းလိမ့်မယ်ဟေ့ (မှန်လှပါ ဘုရား)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

အစကစပြီး ပြင်ပေးမည့်နေ့

တစ်မျိုးပြောင်းမဲ့မျက်လုံး တပ်ပေးရမှာပဲ (မှန် လှပါ ဘုရား)၊ ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ယနေ့သည် ကား အစက ပြင်ပေးမဲ့နေ့နဲ့ တူတယ် (မှန်လှပါ ဘုရား)။

အစကပြင်ပေးမဲ့နေ့ပါပဲဆိုတာ ကျေနပ်ကျပလား (ကျေနပ်ပါတယ် ဘုရား)၊ အမှန်မြင်တဲ့ မျက်လုံး တပ်ပေးမယ် ဆိုကတည်းက၊ ကျုပ်တို့မြင်ထားတာတွေဟာ အမှားချည့် မို့ပေါ့ (အမှားချည့်ပါ ဘုရား)။

အဲ- မွေးကတည်းက မိဘရိုးရာ အစဉ်တစိုက် လျှောက်ပြီး သင်လာလိုက်တာ၊ ဒါ အဖေတဲ့၊ ဒါ အမေတဲ့၊ ဒါ မောင်တဲ့၊ ဒါ မောင်ဖားတဲ့၊ ဒါ နှမတဲ့၊ ဒါ ညီငယ်တဲ့ ဟုတ်လား ဒါ တူတဲ့ (မှန်လှပါ)။

ဒါတွေ သင်ထားတာက တစ်မျိုးဟုတ်လား၊ ချော တယ်၊ လှတယ်၊ ရုပ်ဆိုးတယ်လို့ သင်ထား တာက တစ်မျိုး ဟုတ်လား (တစ်မျိုးပါ ဘုရား)။

အကျည်းတန်တယ်၊ စက်ဆုပ်စရာဟဲဆိုတာ၊ ပုတယ်။ ကွတယ်၊ တိုတယ်လို့ သင်ထားတာက တစ်မျိုး (တစ်မျိုး ပါ ဘုရား)၊ အဲ့ဒါတွေချည့် ခင်ဗျားတို့မြင်လာတာပဲ (မှန်ပါ့ ဘုရား)။

ဘယ်တော့မှ ဒုက္ခသစ္စာရယ်လို့ကို မြင်ကိုမမြင်ဘူး (မမြင်ပါဘူး ဘုရား)၊ ရှိတာက ဒုက္ခသစ္စာ၊ မြင်တာက ချော တယ်၊ လှတယ်၊ ရုပ်ဆိုးတယ်၊ တူသားနာမည်ဖြစ်နေတယ် (မှန်လှပါ ဘုရား)၊ ဆိုတော့ အမှန်မျက်လုံးကို ရသေးရဲ့ လား (မရပါဘူး ဘုရား)။

မရတော့ဖြင့် ယနေ့သည်ကားလို့ဆိုလို့ရှိရင်၊ အမှန် မျက်လုံးတပ်ပြီးသကာလ၊ ခင်ဗျားတို့ လက်ရှိ ခန္ဓာကြီးကို ကြည့် ခိုင်းရလို့ ရှိရင်ဖြင့်၊ ရှေးမူတွေ ပျောက်၍ ဘုရားမူပေါ်ပေါက် လာတော့မှာပဲ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

ရှေး ခင်ဗျားတို့ ငယ်မူတွေပျောက်ပြီးသကာလ ဘုရားမှုပေါ်ပေါက်လာတော့မယ်၊ အမှန်မြင် မျက်လုံးနဲ့ ကြည့် ရလို့ရှိရင်ဖြင့် အမှန်တကယ်ရှိကို မြင်တော့မယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

မနည်းပါပဲလား၊ ဒီမျက်လုံးကို မနည်းဟောနေရပါ လားဟေ့၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အမှန်မျက်လုံး ဆိုတာ သမ္မာဒိဋ္ဌိရှင်းပလား (ရှင်းပါပြီ ဘုရား)။

သမ္မာဒိဋ္ဌိ၊ သမ္မာက မှန်တာ၊ ဒိဋ္ဌိက မြင်တာ၊ ကောင်း ပြီ ဒါဖြင့် အမှန်မြင်တာကို တပ်ပေးမယ် ဆိုလို့ရှိရင်ဖြင့်၊ အမှန် မြင်ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ခန္ဓာကိုယ်ကြီးကို ပြန်ပြီးသကာ လ အမှန်မျက်လုံးနဲ့ ကြည့်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့်၊ ဘာတွေမြင်ရမလဲလို့ မေးတဲ့အခါ ကျလို့ရှိရင်ဖြင့်၊ ခင်ဗျားတို့ သန္တာန်မှာ ရှိတဲ့ ရုပ်၊ နာမ်ကို မြင်လာလိမ့်မယ် (မှန်လှပါ ဘုရား)။

နာမ်တရားနဲ့ ရုပ်တရား

အမှန်မျက်လုံး တပ်ကြည့်လိုက်တဲ့အခါကျတော့ ဪ ယောက်ျားလည်းမဟုတ်ဘူး၊ မိန်းမလည်း မဟုတ်ဘူး၊ အသွားခိုင်းတာက နာမ်၊ သွားတာက ရုပ်၊ အပြောခိုင်းတာက နာမ်၊ ပြောတာက ရုပ် ဟုတ်လား။

ထိုင်ခိုင်းတာက နာမ် (ထိုင်တာကရုပ်ပါ ဘုရား)၊ ထိုင်တာက ရုပ်၊ ထိုင်ခိုင်းတာက နာမ်၊ ထိုင်တာက ရုပ်၊ အင်း ကွေးချင်တာက နာမ်၊ ကွေးတာက ရုပ် (ရုပ်ပါ ဘုရား)။

ဆန့်ချင်တာက (နာမ်ပါ ဘုရား)၊ ဆန့်တာက (ရုပ်ပါ ဘုရား)၊ အဲ့တော့ ဒကာ ဒကာမတွေ၊ အင်း- ဒီဥစ္စာက ကွေးတယ်၊ ကွေးချင်တာက နာမ်၊ ကွေးတာက ရုပ်၊ ဆန့်ချင် တာက နာမ်၊ ဆန့်တာက ရုပ်ဆိုတော့ ခု ကိုယ့်ဟာကိုယ် ထိုင်နေကြတယ်၊ ဒကာ ဒကာမတွေ သော်- ထိုင်ချင်လို့ ထိုင်တာ ဟုတ်ကြရဲ့လား (မဟုတ်ပါဘူး ဘုရား)၊ ဟုတ် တယ်ဗျာ၊ ထိုင်ချင်လို့ထိုင်တာပေါ့ မထိုင်ချင်ရင် ဒီကျောင်းတောင် မလာဘူး ခင်ဗျားတို့ ဟုတ်ပလား (မှန်လှပါ ဘုရား)။

ထိုင်ချင်တာ ကလေးက နာမ်ပေါ့ဗျာ (မှန်လှပါ ဘုရား)၊ ထိုင်ချင်တဲ့ စိတ်ကလေးက ဘာတုံး (နာမ်ပါ ဘုရား)၊ ထိုင်နေတဲ့ အထည်ကလေးက (ရုပ်ပါ ဘုရား)။

အေး- ဒါဖြင့် အမှန်မျက်လုံးတပ်ပြီး ကြည့်လိုက်တော့ ယောက်ျားတွေလား၊ မိန်းမတွေလား၊ နာမ်ရုပ်တွေလား (နာမ်ရုပ်တွေပါ ဘုရား)။

ဒါ အမှန်မျက်လုံးတပ်လာပြီ (တင်ပါ့)၊ အမှန် မျက်လုံးလေး နည်းနည်းတပ်ပေးတာ၊ အမှန် မျက်လုံးလေး နည်းနည်း တပ်ပေးလိုက်တဲ့ အခါကျတော့၊ အေး- ယောက်ျား တွေလား၊ မိန်းမတွေလား ဘာတွေပါလိမ့် (နာမ်ရုပ်တွေပါ ဘုရား)။

ထိုင်ချင်တာက နာမ်၊ ထိုင်တာက ရုပ်

အေး- နာမ်ရုပ်တွေတဲ့၊ နာမ်ရုပ်တွေ ဒါ အမှန် မျက်လုံးလေးတပ်ပေးလိုက်တာနဲ့၊ အင်း- ပင်ကိုအရှိက လည်း ထိုင်ချင်တာက နာမ်၊ ထိုင်တာက ရုပ်၊ ထချင်တာက နာမ်၊ ထတာက ရုပ်ဆိုတာ လေးဟာက ဟုတ်သားပဲ၊ ကိုယ်ပိုင် ဉာဏ်နဲ့ပဲ ကိုယ်တိုင်စဉ်းစားကြည့်ရင် ပေါ်ပါတယ်။

ထိုင်ချင်တဲ့သဘောလေးဟာ စိတ်ဆိုတဲ့နာမ်ကလေး ဟုတ်လား၊ ဒီစိတ်ကလေး ပေါ်လာလို့ ရှိရင်၊ တစ်ခါတည်း ရုပ်ကြီးဟာ အောက်ကိုတစ်ခါတည်း အောက်တဖြေးဖြေး နိမ့်နိမ့် နိမ့်နိမ့် မလာဘူးလား (နိမ့်နိမ့်လာပါတယ် ဘုရား)။

နိမ့်နိမ့်ပြီး သကာလ ထိုင်ချတော့တာပဲ (မှန်လှ ပါ)၊ ဟုတ်ဖူးလား (မှန်လှပါ့)၊ အဲ့တော့ ထိုင်ချင်တဲ့ စိတ် ကလေး (ဝါ) နာမ်ကလေး၊ စိတ်ကို နာမ်ခေါ်တာနော် (မှန်လှပါ)။

ထိုင်ချင်တဲ့စိတ်ကြောင့် ထိုင်ရုပ်ပေါ်လာတယ်

ထိုင်ချင်တဲ့ စိတ်နာမ်ကလေး ပေါ်လာလို့ရှိရင်၊ ထိုင်ရက်ကြီး တစ်ခါတည်း ခင်ဗျားတို့ ကိုယ်တိုင်ပဲ ပြောင်း သွားတာပဲ (ပြောင်းပါတယ် ဘုရား)။

အရင်မတ်တပ်နေသေးရဲ့ လား (မနေပါဘူး ဘုရား)၊ အင်း- ဒါဖြင့် ထိုင်ချင်တဲ့စိတ်ကြောင့် ထိုင်ချင်တဲ့ စိတ်ကလေးက ထိုင်တဲ့ ဆိုတာနဲ့ ခင်ဗျားတို့သန္တာန်မှာ ထိုင် ရုပ်ကြီး တစ်ခါတည်း ပေါ်မလာ ပေဘူးလား (ပေါ်လာပါ တယ် ဘုရား)။

ထချင်တဲ့စိတ်ကြောင့် ထရုပ်ကြီးပေါ်လာတယ်

ကဲ- ထချင်တဲ့ စိတ်ကလေး ပေါ်လာပြန်တော့၊ ဒီရုပ် ကြီးဟာ တစ်ခါတည်း ဒီရုပ်ကြီးဟာ ထရုပ်ကြီး ဖြစ်နေတယ် (ထရုပ်ကြီးဖြစ်ပါတယ် ဘုရား)။

အင်း- ဒါတွေသည်ကားဆိုရင် ဒကာ ဒကာမတွေက စဉ်းစားလိုက်တာပေါ့၊ အင်း- မွေးကတည်းက မြင်တာလား၊ အခုမှ ဆရာဘုန်းကြီး ပြောတာနဲ့ အမှန်မျက်လုံးနဲ့ကြည့်လို့ မြင်တာလားလို့ မေးရင် ဘယ်နဲ့ဖြေကြမတုံး (ဆရာ ဘုန်းကြီးပေးတဲ့ အမှန်မျက်လုံးနဲ့ မြင်တာပါ ဘုရား)။

တစ်ကိုယ်လုံးမှာ နာမ်ရုပ်သာရှိတယ်

အမှန်မျက်လုံးနဲ့ မြင်လာတာ၊ အင်း- ထိုင်ချင်တာက နာမ်၊ ထိုင်တာက ရုပ်၊ ထချင်တာက နာမ်၊ ထတာက ရုပ် အင်း- တို့တစ်ကိုယ်လုံးမှာ ယောက်ျားလည်းမရှိဘူး၊ မိန်းမ လည်းမရှိဘူး၊ နာမ်ရုပ်သာ ရှိတယ် ဆိုတာက ယောက်ျား၊ မိန်းမဆိုတာ အပြောသမုတိသစ္စာသာ ဟုတ်တာ (မှန်လှပါ)။

တကယ်ရှိတာကဖြင့် နာမ်ရုပ်သာရှိတယ်ဆိုတဲ့ အဓိပ္ပာယ်သည် ရှင်ကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီမျက်လုံးဟာက အမှန်မြင်မျက်လုံး (အမှန်မြင်မျက်လုံးပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ သမ္မာဒိဋ္ဌိမျက်လုံးပေါ့ဗျာ (မှန်လှပါ)။

သမ္မာက-မှန်တာနော် (မှန်လှပါ)၊ ဒိဋိက-မြင် တာနော် (မှန်ပါ့)၊ ဒါဖြင့် အမှန်မြင်တဲ့မျက်လုံးနဲ့ အခု ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တဲ့ အခါကျတော့၊ ယောက်ျား တွေလား၊ မိန်းမတွေလား လို့ မေးလိုက်လို့ရှိရင် ဘယ်နဲ့ဖြေ ကြမတုံး (နာမ်ရုပ်တွေပါ ဘုရား)။

တစ်သံသရာလုံး အမြင်မှားနဲ့အချိန်ကုန်ခဲ့ရတယ်

အေး- ဒါက အရင်တုံးက တစ်သံသရာလုံးတော့ ဒီအမြင်မှား ဒီအမြင်မှန်ကို မရခဲ့တော့၊ အမြင်မှားနဲ့ပဲ အချိန်ကုန်လာခဲ့ကြတယ် (အချိန်ကုန်လာပါတယ် ဘုရား)။

အချိန်ကုန်လာခဲ့ကြတဲ့အခါကျတော့၊ အမြင်မှားနဲ့ အချိန်ကုန်လာခဲ့ကြတဲ့ အခါကျတော့၊ – လမ်းမှားလိုက် တယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ခုလို အမြင်မှန်နဲ့ကြည့်လိုက်တဲ့အခါကျတော့ ခုမှပဲ လမ်းမှန်၊ နည်းမှန်ကလေး ကျပေတော့တယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဒါ စ,ကာ ရှိသေးတယ်၊ စကာ ရှိသေးတယ် ဒကာ ဒကာမတို့။

သမ္မာဒိဋ္ဌိ အမြင်မှန်ကလေးကို စပြခါရှိသေးတယ်၊ မျက်လုံးမှန်ကလေးနဲ့ မြင်ကာစပဲ ရှိသေးတယ်။

အဲတော့ ဒီဥစ္စာဘယ်ကျမှပဲ ဒီဥစ္စာသည် ဒီမျက်လုံး တပ်မိသတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ခု ဆရာဘုန်းကြီး များနဲ့ကြုံလို့ ဆုံတဲ့အခါကျမှ ဆိုကြပါစို့ (မှန်လှပါ ဘုရား) နော်။

ယောက်ျား၊ မိန်းမတွေလား၊ နာမ်ရုပ်တွေလား

နဂိုတုံးကတော့ ပြောသံကြားပေါ့ဗျာ (မှန်ပါ့)။ ပြောသံကြားသာဖြစ်ခဲ့တယ်၊ ယခုတော့ဖြင့် ဒကာ ဒကာမတို့ ပြောသံကြားလား၊ ကိုယ့်ကိုယ်ထဲမှာပဲ သွားကြည့်တဲ့ အခါကျတော့ ယောက်ျား မိန်းမတွေလား၊ နာမ်ရုပ်တွေလား (နာမ်ရုပ်တွေပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ့တော့ အိမ်က လာခဲ့ကြတယ်ဆိုသဖြင့် လာချင် တာက နာမ်၊ လာတာက ရုပ် (မှန်လှပါ)၊ လှမ်းချင်တာ က နာမ်၊ လှမ်းတာက ရုပ် (ရုပ်ပါ ဘုရား)။

နောက်တစ်ခါ လှမ်းပြန်တော့လည်း လှမ်းချင်တာ က နာမ်ပါဘုရား၊ လှမ်းတာက ရုပ်ဆိုတော့ အို နာမ်ရုပ် တစ်လှမ်း၊ နာမ်ရုပ်တစ်လှမ်း၊ နာမ်ရုပ်တစ်လှမ်း၊ နာမ်ရုပ်တစ် လှမ်းနဲ့ လာခဲ့ကြတယ် (မှန်ပါ့ ဘုရား)၊ ရှင်းကြလား (ရှင်းပါပြီ ဘုရား)။

အဲ့ဒါသည်ကားလို့ဆိုရင် အမှားမျက်လုံးနဲ့ကြည့်လို့ လား၊ အမှန်မျက်လုံးနဲ့ကြည့်လို့လား (အမှန် မျက်လုံးနဲ့ ကြည့်လို့ပါ ဘုရား)။

အဲ့တော့ အမှန်မျက်လုံးနဲ့ကြည့်လိုက်တဲ့အခါကျလို့ ရှိရင်ဖြင့်၊ ဒါ နည်းမှန်လမ်းမှန်မြင်တာ (မှန်လှပါ ဘုရား)၊ ရှင်းကြလား (ရှင်းပါပြီ ဘုရား)။

အဲ မင်းတို့ယောက်ျားတွေဘက်က ဘယ်နဲ့တုံးကွ (ရှင်းပါပြီ ဘုရား)၊ နည်းမှန်လမ်းမှန် မြင်ပလားကွ (မြင်ပါ ပြီ ဘုရား)၊ အဲ- နည်းမှန်လမ်းမှန်ပဲတဲ့၊ ဒါ နည်းမှန်လမ်းမှန်ပဲ ဆိုတော့။

ခုမှ ဪ လမ်းမှန်ပေါ် တက်မိပါပေါ့လား၊ လမ်းမှန် ပေါ် တက်စပြုပါပေါ့လားလို့ ဒါလောက်ပဲ ရှိသေးတယ်၊ လမ်း မှန်ပေါ်တက်စရှိပါပေါ့လားလို့ ဒါလောက်ပဲ ဖြစ်ပါသေးတယ် တဲ့။

အိမ်ကလာခဲ့တာ နာမ်နဲ့ရုပ်ပဲ

အဲတော့ ဒကာ ဒကာမတို့၊ ဒါ သမ္မာဒိဋ္ဌိ မျက်လုံးနဲ့ တပ်ပြီးသကာလကြည့်လိုက်တာ၊ သမ္မာဒိဋ္ဌိမျက်လုံး တပ်ပြီး ဆရာဘုန်းကြီးပေးတဲ့ အမှန်မြင်မျက်လုံးလေးနဲ့ တပ်ပြီး သကာလ ကြည့်လိုက်တဲ့ အခါကျတော့၊ အင်း- ယောက်ျားတွေ လည်းမဟုတ်ဘူး၊ မိန်းမတွေလည်းမဟုတ်ဘူး၊ အိမ်က လာခဲ့တာ နာမ်နဲ့ရုပ်ပဲ (မှန်လှပါ ဘုရား)။

ဒီထိုင်နေတာကော (နာမ်နဲ့ရုပ်ပါ ဘုရား)၊ တော် တော်ကြာ ပြန်ကြဦးမယ်၊ တရားပွဲသိမ်းလို့ ရှိရင် ဘယ်သူတွေ များပြန်ကြဦးမှာတုံး (နာမ်နဲ့ရုပ် ပြန်မှာပါ ဘုရား)။

အဲ့ဒါ ဘာမျက်လုံးနဲ့ကြည့်တာတုံး (အမှန်မျက် လုံးနဲ့ကြည့်တာပါ ဘုရား)၊ အင်း- အမှန်မျက်လုံးနဲ့ ကြည့်လိုက် တဲ့အခါကျတော့ ပင်ကိုယ်ရှိ၊ တကယ်ရှိ မွေးကတည်းက ခင်ဗျားတို့ စဉ်းစား ကြည့်ပါတဲ့။

မွေးကတည်းက အမိဝမ်းခေါင်းထဲရောက်ကတည်း က နာမ်နဲ့ရုပ်ကလေးရောက်လာတာ ဟုတ်ဘူးလား (မှန်လှပါ ဘုရား)၊ နောက်ဘဝ ကံကပြုပြင်လိုက်တာက လူကလေး ပြုပြင်လိုက် သလားတဲ့၊ အမိဝမ်းခေါင်းထဲမှာ သွား ကြည့် ရောက်စမှာ သွားကြည့် ခင်ဗျားတို့ လူကိုမပါဘူး (မပါ ပါဘူး ဘုရား)။

ဟုတ်လား၊ ပဋိသန္ဓေစိတ်ရယ် ဟုတ်လား၊ ပဋိသန္ဓေ စိတ်ရယ် ပြီးတော့မှ ရုပ်ကလေးရယ် ဒီနှစ်ခုပဲ ပါတယ် (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အမိဝမ်းခေါင်းထဲ ဘာကလေးရောက်လာတုံး

အမိဝမ်းခေါင်းထဲရောက်တုန်းက ဘာလေးရောက် လာတုံးဆိုတော့ စိတ်နဲ့ရုပ်ရယ် (ဝါ) နာမ်နဲ့ရုပ်ပဲ သဘောကျ ပလား (သဘောကျပါတယ် ဘုရား)။

အမိဝမ်းခေါင်းထဲရောက်ကတည်းက ဘာရောက် လာတုံး (နာမ်နဲ့ရုပ်ပါ ဘုရား)၊ အင်း- နောက်ဘဝ ကံက နေပြီးပြုပြင်လိုက်ကတည်းက၊ အမိဝမ်းခေါင်းထဲမှာ ဒကာ ဒကာမတွေရော၊ ဘုန်းကြီးများရော ရောက်ပြီးသကာလ၊ နာမ်နဲ့ရုပ်ပဲရောက်လာတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ့ဒါ နာမ်နဲ့ရုပ်ရောက်တော့၊ ဒီပြင်ဖက်ကျမှ ခင်ဗျား တို့က ယောက်ျားတွေ၊ မိန်းမတွေနဲ့၊ ငါတွေနဲ့၊ သူတွေနဲ့၊ တစ်ခါတည်းရှုပ်ပွေပြီးသကာလ၊ အရင်းတွေ အကုန်ပျောက် အဖျားတွေနဲ့ ဆွေမျိုး ဖြစ်နေလိုက်တာက ဘာတုံး ခင်ဗျားတို့ က မျက်လုံးမှားဖြစ်လို့ပေါ့ (မျက်လုံးမှားဖြစ်လို့ပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခုတော့ အစက စရှင်းပေးတယ်လေ (မှန်လှပါ ဘုရား)၊ မင်းတို့ အမိဝမ်းခေါင်းထဲ ရောက်လာတော့ အမိဝမ်း ခေါင်းထဲမှာ ဘာလေးပေါ်လာတုံးဆိုလို့ရှိရင်ဖြင့် နာမ်ရုပ်ပဲ ပေါ်လာတာ မို့လား (နာမ်ရုပ်ပဲပေါ်ပါတယ် ဘုရား)။

နာမ်ရုပ်ပေါ်လာတော့ နဂိုကတည်းက နာမ်ရုပ်နဲ့မူ တည်လာတဲ့ဥစ္စာ ခုရှိတာဘာတုံး (နာမ်ရုပ် ဖြစ်လာတာပါ – ဘုရား)။

ဘယ်နဲ့ ဒီကျမှခင်ဗျားတို့က ယောက်ျားတွေ၊ မိန်းမ တွေ၊ ငါတွေ၊ သူတွေနဲ့ မောင်ချစ်ဆွေတို့က ရှုပ်ပွေ နေလိုက်တာကွာ၊ နဂိုပင်ကိုရင်းကို ပျောက်လို့ (ပျောက်နေပါ တယ် ဘုရား)။

အဲ့ဒါ မင်းတို့သည်ကားဆိုရင် ပင်ကိုအရင်း ပျောက် တာ တစ်ခြားကြောင့် ပျောက်တာ မဟုတ်ဘူးတဲ့၊ ပြင်ဘက် ကျမှ သူများပြောသံကြား သုတမရ ဟုတ်လား၊ သူများ ပြောသံကြား အနုသဝန အစဉ်ရှောက်သိတဲ့ အသိသည် ဟုတ်လား (မှန်ပါ့)။

အစဉ်ရှောက်သိ၊ ပြောသံကြားသိ၊ သူများပြောတာ ယုံကြည်သိ၊ ပြောသံကြားသိ အဲဒီ အသိတွေကြောင့် ခင်ဗျား တို့မှာ ခု တစ်ခါတည်း ပင်ကိုလာတာကြီး ပျောက်ပြီး ယောက်ျားပဲဟ၊ မိန်းမပဲဟ၊ မိန်းမပေမဲ့ ဘာကိစ္စရှိရမတုံး၊ ယောက်ျားပေမဲ့ ဘာကိစ္စရှိရမတုံး အစရှိသည်နဲ့ ယောက်ျား တွေ မိန်းမတွေ ဖြစ်ပြီးသကာလ နေလိုက်ကြတာ မူလဘူတ ကြီးကို အားလုံး ဒကာ ဒကာမတွေ ပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား) ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)။

နာမ်ရုပ်မူတည်တော့ နာမ်ရုပ်ပဲလာမှာပဲ

မူတည်ကတည်းက ခင်ဗျားတို့ အမိဝမ်းခေါင်းထဲ ဘာနဲ့ မူတည်တုံး (နာမ်နဲ့ရုပ်ပါပဲ ဘုရား) သို့ ဒီ နာမ်နဲ့ရုပ် မူတည်တော့ ယခုတော့ ဘာဖြစ်ဦးမှာတုံး နာမ်ရုပ် ရေသောက်မြစ်နဲ့ ဥစ္စာ နာမ်ရုပ်ပဲ လာမှာပဲ (မှန်လှပါ ဘုရား)။

တခြားဘာလာစရာရှိတုံး (ဘာမှ လာစရာ မရှိပါဘူး ဘုရား) အဲ့ဒါ ခင်ဗျားတို့က တခြား ဘာမှလာစရာ မရှိတော့ ခုတော့ဖြင့် ယောက်ျားတွေရှုပ်လို့၊ ငါတွေရှုပ်လို့၊ သူတွေရှုပ်လို့ ဟင် (မှန်လှပါ ဘုရား)။

တော်ကြာ နာမ်ရုပ်တွေပျောက်ပြီး၊ ငါတွေ သူတွေ ရှုပ်မနေဘူးလား (ရှုပ်နေပါတယ် ဘုရား) ယောက်ျား တွေကော မိန်းမတွေကော ရှုပ်မနေဘူးလား (ရှုပ်နေပါ တယ် ဘုရား)။

ဘာတွေပျောက်သွားတုံးဆိုရင် ဘယ်နဲ့ပြောကျမတုံး (နာမ်ရုပ်တွေ ပျောက်သွားပါတယ် ဘုရား) အဲ ခင်ဗျားတို့ ခုတော့ဖြင့် အဲဒီနာမ်ရုပ်၊ ပင်ကိုရှိနာမ်ရုပ်ကို ပြန်ပြီး ဆရာဘုန်းကြီးက လမ်းမှန် မျက်လုံးကလေးနဲ့ ဟုတ်လား (မှန်လှပါ)။

အမှန်မျက်လုံးကလေး တပ်ပေးလိုက်တဲ့အခါ ကျ တော့ ဒကာဒကာမတွေ ပင်ကိုရှိလေး မူလဘူတဟာ လေးပါ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

မောင်ချစ်ဆွေ (မှန်ပါတယ် ဘုရား) မူလဘူတ ဟာပါပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား) ဟေ့ မောင်လှညွန့်တို့ ကဲ ဘာပေါ်လာတုံးကွ (မူလဘူတ ပေါ်လာပါတယ် ဘုရား)။

ရုပ်နာမ်အသစ်၊ အသစ်တွေ ရောက်လာတယ်

အဲ မူလဘူတကလည်း ဘာရှိတုံးကွ (နာမ်ရုပ် ပါ ဘုရား)။ အဲ့ဒါတွေကို လမ်းမှန်မျက်လုံး၊ အမှန်မျက်လုံးလေး တပ်ကြည့်တဲ့ အခါကျတော့ မင်းတို့ အိမ်ကလာခဲ့တာ တစ်လှမ်း တစ်လှမ်း သွားတာက နာမ်၊ သွားတာက ရုပ်၊ ဟုတ်လား (မှန်ပါ့)။

တစ်ဆင့်တစ်ဆင့်နဲ့ နာမ်ရုပ်တွေကူးပြောင်းလာ

လှမ်းချင်တာက နာမ်၊ လှမ်းတာက ရုပ်နဲ့ ဒီတစ်ဆင့် တစ်ဆင့်၊ တစ်ဆင့် တစ်ဆင့်နဲ့ နာမ်ရုပ်တွေ ကူးပြောင်း၊ ကူးပြောင်း၊ ကူးပြောင်းပြီး နာမ်ရုပ် အသစ်အသစ်တွေနဲ့ ရောက်ရောက် မလာကျ ဘူးလား (ရောက် ရောက် လာပါတယ် ဘုရား)။

အဲဒါသည်ကားလို့ဆိုရင် အမှန်မျက်လုံးတပ်ပေးတာ အမှန်မျက်လုံးတပ်ပေးလို့ အမှန်မြင်တာ (အမှန်မြင်တာပါ ဘုရား) အင်း အမှန်မျက်လုံးတပ်ပေးလို့ အမှန်မြင်တာ (အမှန်မြင်တာပါ ဘုရား)။

အင်း အခုမှပဲ ကိုယ့်အကြောင်း ကောင်း ကောင်းသိပေတော့တယ်လို့ ယနေ့ဆိုကြ (မှန်လှပါ ဘုရား) မိမိအကြောင်း မိမိကောင်းကောင်းသိတာသည် အမှန်မျက်လုံး၊ ဆရာဘုန်းကြီးတပ်ပေးတာနဲ့ ကောင်းကောင်း သိလာတယ် (ကောင်းကောင်းသိလာပါတယ် ဘုရား)။

နို့မဟုတ် ဘယ်ကလာတာ သိမတုံးကွာ (မသိပါ ဘုရား) မသိတော့ဘူးကွ မောင်မြင့်တို့ရ (မှန်လှပါ) ခုသိပြီလား ကဲ (သိပါပြီ ဘုရား)။

အဲဒါကြောင့် သမ္မာဒိဋ္ဌိ၊ သမ္မာက အမှန်နော် (မှန်လှပါ) ဒိဋ္ဌိက မြင်တာနော် (မှန်ပါ့) အမှန်မြင်တဲ့ မျက်လုံးတပ်ပေးပြီကွ (မှန်လှပါ ဘုရား)။

နာမ်ရုပ်နဲ့ပဋိသန္ဓေနေခဲ့ပြီး အခုလဲ နာမ်ရုပ်ပဲ

အမှန်မြင်တဲ့ မျက်လုံးတပ်ပေးတဲ့ အခါကျတော့ ဒကာဒကာမတွေ ပင်ကိုအမိဝမ်းခေါင်းထဲက မူလဘူတ ဖြစ်စဉ်အတိုင်းပဲ၊ ယခုလည်း နာမ်ရုပ်ပဲ၊ နဂိုတုံးကလည်း နာမ်ရုပ် ပဋိသန္ဓေနေခဲ့တော့၊ ပြင်ဘက် မွေးတော့လည်း နာမ်ရုပ် (နာမ်ရုပ်ပါ ဘုရား)။

နည်းနည်းကလေး အရွယ်လေးရောက်လာတော့ လဲ ဘာတုံး (နာမ်ရုပ်ပါ ဘုရား) ဒီထက်ကြီး လာတော့ လည်း (နာမ်ရုပ်ပါ ဘုရား) နာမ်ရုပ်ပဲဆိုတော့။

အဲ ဒကာဒကာမတွေ ခုမှပဲ အင်းမျက်လုံးမှန် ကလေးရသွားတယ်။ အမှန်အကန်မြင်တဲ့ မျက်လုံးလေးရ သွားတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) အမလေး နို့မဟုတ်ရင် မင်းတို့ မျက်လုံးကို ကန်းနေတာပေါ့ (မှန်လှပါ)။

အမှန်မျက်လုံးမရှိဘူး (မှန်လှပါ ဘုရား) အမှား မျက်လုံးကြီးနဲ့ ဒေါ်ခန့်တို့ ဒေါ်ရွှေတို့က အချိန်ကုန် နေလိုက် တာ (မှန်လှပါ ဘုရား) ဟုတ်လား၊ အဲဒီအချိန်တွေ ဘုန်းကြီး က နှမျောတယ် (မှန်လှပါ ဘုရား)။

ဘယ်နဲ့ ကြောင့် ဘာကြောင့် အဲဒီအချိန်တွေ နှမျော သလဲလို့ ဒကာ ဒကာမတွေ မေးလို့ရှိရင်၊ ခင်ဗျားတို့ အမှား မျက်လုံးကြောင့် ခုဒုက္ခတွေ ရောက်နေကြတာ (မှန်လှပါ ဘုရား)။

အမှားချည်းလုပ်ခဲ့လို့ အပူချည်းတွေ့ခဲ့တယ်

ရောင်းတဲ့ ဝယ်တဲ့ သားပူ၊ လင်ပူ ဟုတ်လား (မှန်လှပါ ဘုရား) ရပ်ပူ၊ ရွှေပူ၊ မျိုးပူ ဟုတ်လား (မှန်လှပါ ဘုရား) စစ်အပူတွေ အမျိုးမျိုး မမိခဲ့ကျဘူးလား (အမျိုး မျိုးမိခဲ့ပါတယ် ဘုရား)။

အဲတာ ဘယ်မျက်လုံး အမှားမျက်လုံး တပ်ပြီးသကာလ နေမိတဲ့အတွက်ကြောင့်၊ အမှားချည့် ရှောက်လုပ်လာ သမျှ အပူ ချည့် တွေ့လာခဲ့တယ် (မှန်လှပါ ဘုရား)။

နဂိုကတော့ ဒီလိုဆရာဘုန်ကြီးကောင်းနဲ့ တွေ့လို့အမှန် မျက်လုံး တပ်ပေးမယ်ဆိုလို့ရှိရင် ခင်ဗျားတို့ သားပူ၊ ဆွေပူ၊ မျိုးပူ၊ ခင်ပွန်းပူ ဟုတ်လား (မှန်လှပါ ဘုရား)။

ရှေးလူကြီးတွေ ပြောတဲ့မျက်လုံး

တွေ့ပါ့မလား (မတွေ့ပါဘူး ဘုရား)၊ ခုတော့ အမှန် မျက်လုံးက တပ်ပေးမဲ့လူ မရှိတော့၊ ကိုယ့်ပင်ကို မျက်လုံး ပြောသံကြား မျက်လုံးကြီးနဲ့ ဟုတ်လား သူများ ရှေးလူကြီးတွေ ပြောတဲ့ မျက်လုံး ဟုတ်လား (မှန်လှပါ ဘုရား)။

ကိုယ့်ဟာကို ကြံဆတဲ့ မျက်လုံး အဲ့ဒီမျက်လုံးတွေနဲ့ ခုနေလာခဲ့ကြတာ အဲ့ဒိမျက်လုံးတွေ အတိုင်း လိုက်ပြီး သကာလ လျှောက်လုပ်လာ လိုက်ကျတော့၊ ခုတော့ဖြင့် ဒုက္ခပင်လယ် ၊ ဝေပါ ပေါ့လား (မှန်လှပါ ဘုရား)။

ဘယ်မျက်လုံးနဲ့တုံးဗျ (အမှားမျက်လုံးနဲ့ပါ ဘုရား) အေး ပြောသံကြား မျက်လုံး (မှန်လှပါ ဘုရား)၊ ဟုတ်လား အစဉ် လျှောက်လာတဲ့ မျက်လုံး (မှန်လှပါ ဘုရား)။

ကိုယ့်စိတ်နဲ့ ကိုယ်တွေးပြီးသကာလ၊ ကိုယ့်သဘောနဲ့ ကိုယ် မပိုင်ပဲနဲ့ တွေးတဲ့မျက်လုံး (မှန်လှပါ ဘုရား)။ အဲဒီ မျက်လုံးနဲ့ ခင်ဗျားတို့ နေကြထိုင်ကြပြီ။

သားတန်းလန်း၊ သမီးတန်းလန်း၊ ဆွေတန်းလန်း၊ ကြွေးတန်းလန်း၊ ရစရာတန်းလန်း ဟုတ်ပလား (မှန်လှ ပါ ဘုရား)။

အဲဒီ တန်းလန်းနဲ့ ခု နေ့ပူ ညမဆဲ ဆိုတဲ့ဥစ္စာ နေ့လည်းပူ၊ ညလည်းမအား အဲဒိ အပူပွဲကြီး နွှဲနေရတာက ခင်ဗျားတို့ ဘယ်နဲ့ကြောင့်တုံးဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာတုံးဗျာ (အမှားမျက်လုံး ကြည့်မိလို့ပါ ဘုရား) အမလေး အမှားမျက်လုံး ဘယ်တုံးက စမှားခဲ့တုံး ဆိုတော့ အရင်းကို ပျောက်တယ် (မှန်လှပါ ဘုရား)။

ပဋိသန္ဓေ နေတုံးက နာမ်ရုပ်ပါ တစ်ခါတည်း ပျောက် ပြီးသကာလ ခင်ဗျားတို့က အမှား မျက်လုံးကြီးနဲ့ အသားယူ ပြီး သကာလ တစ်ခါတည်း အိမ်ထောင် တည်ထောင်ကြ ဟုတ်လား၊ ဝတ်ကြ၊ ဆင်ကြ၊ ပြင်ကြ၊ ကြွားကြ၊ မော်ကြ၊ မောက်ကြ၊ ဟော ဒါတွေနဲ့ ခုတော့ဖြင့်ဗျာ –

ကောင်းစားစရာတွေလား၊ ဆိုးဝါးစရာတွေသာ များနေတော့တယ်ဆိုတဲ့ဥစ္စာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ်လှည်းတုတ်

ခုတော့ မရုန်းနိုင် မကန်နိုင်ပေါ့ဗျာ (မှန်လှပါ ဘုရား) ဒုက္ခကြီးမှ ဟင် (မှန်လှပါ) လှည်းသမားက လှည်း နွားလို မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

နောက်ဆုတ်ပြန် လှည်းတုတ်တဲ့ (မှန်လှပါ) ရှေးတိုးပြန် ထမ်းပိုးတဲ့ (မှန်လှပါ) ဘယ်နား ဆုတ်သာ တက်သာ ရှိသေးလား (ဆုတ်သာ၊ တက်သာမရှိပါဘူး ဘုရား)။

အမလေး ဘယ်မျက်လုံး နှိပ်စက်လိုက်တာတုံး ၊ (အမှားမျက်လုံး နှိပ်စက်ပေးလိုက်တာပါ ဘုရား) အမလေး ဒီလိုအမှန်မျက်လုံးများ ပေးရမယ်ဆိုတဲ့၊ ပေးတဲ့ဆရာကောင်း သမားကောင်းနဲ့ တွေ့မယ်ဆိုလို့ရှိရင်၊ ခင်ဗျားတို့ ဒီရုန်းတဲ့ ဝန်တွေ ခု တွေ့တဲ့ အပူပွဲကြီးတွေ ဟုတ်လား (မှန်လှပါ ဘုရား)။

အဆွေးပွဲကြီးတွေ၊ မျက်ရည်ကျပွဲကြီးတွေဟာ အကုန် ဇာတ်သိမ်းသွားမယ် (ဇာတ်သိမ်းမှာပါ ဘုရား) မသိမ်း ပေဘူးလား (သိမ်းမှာပါ ဘုရား) သိမ်းမှာပဲတဲ့

ခုတော့ မျက်လုံးမှားကြီးနဲ့ ရှေးပေါရာဏ မျက်လုံးမှား တစ်ဆင့်ပြီး မျက်လုံးမှား၊ ကိုယ့်ဟာကိုယ် ဘာနဲ့နေတုံး ဆိုရင် တစ်ခါတလေများ သက်ပိုင်းကြီးများ ချပြီး နေလိုက်တာ ဟင် ဆိုတဲ့ အသံကြီးဟာ ကြောက်စရာကြီးကို ဖြစ်လာတယ် (မှန်လှပါ ဘုရား)။

မဖြစ်ဘူးလား ဖြစ်လား ခင်ဗျားတို့ (ဖြစ်ပါတယ် ဘုရား) ဖြစ်လိုက်တဲ့ဖြစ်ခြင်း သက်ပြင်းကြီးများ ချလို့ဆိုတာ ဒေါ်ရွှေဖြစ်ဖူးရဲ့လား (ဖြစ်ဖူးပါတယ် ဘုရား)။

ကိုင်း ဘယ်လောက်ဆိုးသတုံးဆို (ဆိုးပါတယ် ဘုရား) အဲ့ဒီလောက်ထိအောင် ဆင်းရဲခဲ့တာ ဘယ်မျက်လုံး ကြောင့်တုံး (အမှားမျက်လုံးကြောင့်ပါ ဘုရား)။

အဲ ဒါကြောင့် အမှန်မျက်လုံးဆိုတဲ့ဥစ္စာဟာ အထူး အရေးကြီးတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါ ပြီ ဘုရား)။

အဂ္ဂိဒတ္တ ပုဏ္ဏားကြီး

ခင်ဗျားတို့ ကလို မဆိုထားပါနဲ့၊ ဒီ ဒကာ ဒကာမတွေ လို့ကို မဆိုထားပါနဲ့၊ အမှန်မျက်လုံး မရလို့ရှိရင်ဖြင့် အမှား မျက်လုံးနဲ့ နေရလို့ ဒုက္ခတွေ့ကြုံတယ်ဆိုတာ၊ နောက်ဆုံးပိတ် နိဗ္ဗာန်ဝင်မဲ့ အဂ္ဂိဒတ္တ ဆိုတဲ့ ပုဏ္ဏားကြီးတောင်၊ ခင်ဗျားနှယ် ဒီဘဝ နိဗ္ဗာန်ဝင်မှာတောင်၊ အမှားမျက်လုံးကြီးနဲ့ သူ့မှာဖြစ်နေ လို့ ဟို အကျပ်အတည်း တွေ့နေတာပေါ့ (တင်ပါ့ ဘုရား)။

အမှားမျက်လုံးကြီးနဲ့ ဒီဘဝ နိဗ္ဗာန်ဝင်မဲ့လူ ဒါတောင် အမှားမျက်လုံးကြီးနဲ့ သူရနေတယ်၊ အဂ္ဂိဒတ္တမှာလေ (မှန်လှပါ) အဂ္ဂိဒတ္တ။

အဂ္ဂိဒတ္တရသေ့ကြီးမှာ တစ်ခါတည်း အမှားမျက်လုံး ကြီးနဲ့ ဖြစ်ပြီး သကာလ နေတော့၊ သူက ပသေနဒီ ကောသလ မင်းကြီးရဲ့ ပုရောဟိတ် ပုဏ္ဏားကြီး ဖြစ်ပြီး သကာလ၊ သူ ပုရောဟိတ် ပုဏ္ဏားလည်း မလုပ်ချင်တော့ပါဘူးလေ ဆိုပြီးတော့ တောထွက်မှပါပဲ ဆိုပြီး၊ ရှင်ဘုရင်ဆီ တောင်းပန်ပြီး တောထွက်သွားတော့။

သူကလည်း ပညာရှိကြီး တစ်ဦးလုပ်ပြီးသကာလနေ တော့၊ တစ်ခါတည်း သူ့နောက် ပုဏ္ဏားတွေက ထောင်ကိုးရာ တစ်ခါတည်း သူတောထွက်တယ် ဆိုတော့ အကုန်လိုက်ပေါ့။

လိုက်သွားပြီး၊ သူက တောထဲဆရာကြီးလုပ်ပြီး သကာလ၊ အမှားမျက်လုံးကြီးနဲ့ ဒေါ်ခန့်ရေ တရားဟောတာပေါ့ (မှန်လှပါ ဘုရား)။

အမှားမျက်လုံးကြီးနဲ့ဆရာလုပ်တယ်

ဟေ့၊ တောင်တွေကိုးကွယ်ကြကွ၊ တောတွေ ကိုးကွယ်ကြကွ၊ စည်းစောင်ရန်းတွေ ကိုးကွယ်ကြကွ၊ သစ်ပင် ကြီးတွေ ကိုးကွယ်ကြကွ၊ ဒါ ကိုးကွယ်လို့ရှိရင် မင်းတို့သည် ကားလို့ရှိရင် ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ၊ သရဏ မုတ္တမံ။

ဒါမှ ဘေးမထိ ရန်မခမယ်၊ ရန်တို့မသွယ်ပဲနဲ့ အန္တရာယ်ကင်းပြီး နိဗ္ဗာန်ရောက်မယ်။

ကဲ မဟောလိုက်ဘူးလား (မှန်လှပါ ဘုရား) အဂ္ဂိဒတ္တက ဟောတာလေ (မှန်လှပါ ဘုရား)။

တော ကိုးကွယ်ကြ၊ တောင် ကိုးကွယ်ကြ၊ တောင်ပို့ ကိုးကွယ်ကြ၊ သစ်ပင်ကြီးတွေ ကိုးကွယ်ကြ၊ စည်းစောင်ရန်းတွေ ကိုးကွယ်ကြ။

ဒါတွေ မင်းတို့သည်ကားလို့ ဘေးမခ ရန်မသွယ် အန္တရာယ်ကင်းတဲ့ နိဗ္ဗာန်ဆီ ရောက်မယ် (မှန်လှပါ ဘုရား) ဘယ်နဲ့တုံး ဒကာ ဒကာမတွေ (အမှားမျက်လုံးပါ ဘုရား)။

အမှားမျက်လုံးကြီးနဲ့ ဟောထားပြီ (မှန်လှပါ)။ မဟောဘူးလား (ဟောပါတယ် ဘုရား) အမှားမျက်လုံးနဲ့ ဟောထားလိုက်တာမှ၊ မကိုးကွယ် ကောင်းတာတွေကို၊ အကုန် သူ့တပည့် တစ်ထောင်ကိုးရာ တွေကို ဒါတွေချည့်ပဲ ဟောတော့တာပဲ (မှန်ပါ့)။

ဒိပြင် သူကလည်း အမှားမျက်လုံးနဲ့ဟောတော့၊ ဟို ကလည်း အမှားမျက်လုံးနဲ့ ပုဂ္ဂိုလ်တွေက၊ ဟုတ်တယ် တို့လည်း ကိုးကွယ်ရမယ် ဆိုပြီးတော့ တောတွေ၊ တောင်တွေ၊ ရေတွေ၊ မြေတွေ လျှောက်ပြီး သကာလ ကိုးကွယ်နေကျ တာ (မှန်လှပါ ဘုရား)။

အချို့ပင်စိမ်းပင် ကိုးကွယ်ကြတယ်

ခု ဟိန္ဒူတွေ ဘာတွေကြည့်ပါလား၊ ကိလေသာရေ မျောတယ်ဆိုတော့ ကိုးကွယ်နေတာ သူတို့ (မှန်လှပါ ဘုရား) သဘောကျပလား (သဘောကျပါတယ် ဘုရား)။

တချို့တောင်ပို့ ကိုးကွယ်တာတွေကော ရှိတာပဲ (ရှိပါတယ် ဘုရား) တချို့ ပင်စိမ်းပင် ကိုးကွယ် တာတွေလည်း ရှိတာပဲ (ရှိပါတယ် ဘုရား) တချို့ ညောင်ပင်ကိုးကွယ် တာတွေကော (ရှိပါတယ် ဘုရား)။

ဗောဓိညောင်ရယ်လို့မှ မဟုတ်ဘူး၊ ညောင်မြင်သရွေ့ ကိုးကွယ်တာ (မှန်လှပါ ဘုရား) အဲ့ဒါတွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အမှန်မျက်လုံးဆိုတာ မတပ် ရသေးခင် တော့ဖြင့် ရမ်းချင်သလို ရမ်းနေတာပဲ (မှန်လှ ပါ ဘုရား)။

အဲတော့ ခင်ဗျားတို့ကိုလည်း အခု အမှန်မျက်လုံး တပ်ပေးမှသာလျှင်၊ ခင်ဗျားတို့ အကိုးအကွယ် မမှားမယ် (မှန်လှပါ ဘုရား)။

နို့မဟုတ်ရင် ခင်ဗျားတို့ အကုန်ကိုးကွယ်မယ် (မှန်လှပါ ဘုရား) အကုန်ကိုးကွယ်မယ်၊ သစ်ပင်တွေ့မယ် ခင်ဗျားတို့ ဝတ်ချချင် ချမဲ့လူစားတွေ ဖြစ်လာမယ် (မှန်လှပါ ဘုရား) ဟုတ်ပလား (မှန်လှပါ ဘုရား)။

ဘယ်လောက်ဆိုးဝါးတယ်ဆိုတာ ပေါ်လာကြပါ လား (ပေါ်လာပါတယ် ဘုရား)။

ဒါဖြင့် အမှန်မျက်လုံး တပ်ပေးမှသာလျှင် ခင်ဗျားတို့ အကိုးအကွယ်လည်း မှန်ပြီး သကာလ အရောက်လည်း မှန်တော့မယ်ဆိုတာဖြင့် ဆုံးဖြတ်ချက်ချရလိမ့်မယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒိ အဂ္ဂိဒတ္တ ရသေ့ကြီးသည်ကားလို့ ဆိုလို့ရှိရင် ဖြင့်၊ တပည့်ပေါင်း ထောင်ကိုးရာနဲ့ တစ်ခါတည်း တောကိုးကွယ်ကြ၊ တောင်ကိုးကွယ်ကြ၊

‘‘ဗဟူဝေ သရဏံ ယန္တိ ပဗ္ဗတာနိ ဝနာနိစ’’ တောတွေတောင်တွေ အကုန်ကိုးကွယ်ကြ။ ‘‘အာရာမရုက္ခာ စေတယာနိ’’- အရန်သစ်ပင်တွေလည်း ကိုးကွယ်ကြ။ မနုဿာ ဘယ တစ္ဆေတ တဲ့ လူတွေ ဘေး အန္တရာယ်ကင်းတာ ဒါတွေကိုးကွယ်မှ ကင်းတာတဲ့။

ဒီလို့ကို ဟောနေတာပဲ (မှန်လှပါ ဘုရား) ‘‘ဧတံ ခေါ သရဏံ ခေမံ ဧတံသရဏ မုတ္တမံ’’-တဲ့ ဒါတွေ ကိုးကွယ် လို့ရှိရင် ဘေးမရှိဘူးကွတဲ့။

‘‘ဧတံ ခေါ သရဏံ ခေမံ’’ တဲ့ ဒါတွေ လေးစားလို့ရှိရင် မင်းတို့ ဘေးမရှိဘူးတဲ့၊ ‘‘ဧတံ သရဏ မာဂမ္မ သဗ္ဗ ဒုက္ခာ ပမုစ္စတိ’’ တဲ့၊ ဒါတွေကိုးကွယ်လို့ရှိရင် အလုံးစုံ ဒုက္ခက လွတ်လိမ့် မယ်ဟေ့ မောင်ချစ်ဆွေ ဟောချလိုက်တာ (မှန်လှပါ ဘုရား)။

တစ်ခါတည်း အဂ္ဂိဒတ္တ ဟောချလိုက်တာ ရိပ်မိ ပလား (ရိပ်မိပါတယ် ဘုရား) တောတွေ တောင်တွေ ကိုးကွယ်ကြကွတဲ့၊ ဒီစည်းစောင်ရန်းတွေ ကိုးကွယ်ကြကွတဲ့၊ အဲဒါကိုးကွယ်လို့ရှိရင် ဒုက္ခမျိုးစုံမှ လွတ်လိမ့်မကွာ ဒီလို့ကို ဟောချလိုက်တယ် (မှန်လှပါ ဘုရား)။

ဘယ်လောက်များဆိုးတုံး (ဆိုးပါတယ် ဘုရား) – အဲ တပည့်ပေါင်း တစ်ထောင်ကျော် ရှိတယ် (မှန်လှပါ) တပည့်ပေါင်း တစ်ထောင်ကျော်ဟာ တစ်ခါတည်း ရသေ့တွေလုပ်ပြီး ဒါတွေချည့် ဟောထား တာပဲ (မှန်လှ ပါ)။

နောက်တော့ သူတို့ပဲ ဒီအခါမှာ ကြီးကြီးကျယ်ကျယ် သူကလည်း ဂုဏ်ရှိသိမ်ရှိ ပုရောဟိတ် ပုဏ္ဏားကြီးက ရသေ့ကြီး ဖြစ်လာတယ် ဆိုတော့၊ အင်မတန်မှ သူက ဂုဏ်ရှိ သိမ်ရှိ ဖြစ်နေတော့ ဟို ကောသလတိုင်း တိုင်းကြီး တစ်ဆယ့် ခြောက်တိုင်းက လူတွေကလည်း အကုန် ကိုးကွယ်ကျတယ်။

သူဟောတဲ့တရား မှန်တယ်။ တောတောင်ကိုးကွယ် တယ်ဆိုလို့ရှိရင်ဖြင့် ချမ်းသာမယ်၊ ကျန်းမာမယ်၊ အန္တရာယ် ကင်းမယ်၊ နိဗ္ဗာန်ရောက်မယ်။

ဟို ဥပုသ်နေ့ ဥပုသ်နေ့ဆိုလို့ရှိရင် ဒေါ်ခန့် လာလိုက်တဲ့တိုင်းကြီး သောဠသကလူတွေ နည်းတာမဟုတ် ဘူး အင်္ဂတိုင်း၊ မာဂဓတိုင်း အကုန်လာတယ် (မှန်လှပါ ဘု ရား)။ ဘယ်လောက် တန်ခိုးကြီး နေတယ်ဆို တာ သဘောကျပလား (သဘောကျပါတယ် ဘုရား)။

ဟောတဲ့တရားကမမှန်ဘူး

ဟ-ဟောတဲ့တရားကတော့ အမှန် မျက်လုံးမရှိလို့ မှန်ရဲ့လား (မမှန်ပါဘူး ဘုရား)၊ မမှန်ဘူးတဲ့။

အမှန် မျက်လုံး ကောင်းကောင်း မတပ်ရသေးဘူး မျက်လုံးစပြီးသကာလ ခု နည်းနည်းလေး ချိန်ခါစ ရှိသေး တယ် (မှန်လှပါ)။

သို့သော်လည်း ဒီ အဂ္ဂိဒတ္တရသေ့ကြီးဟာ ဤကဲ့သို့ ဟောပြီး သကာလနေတော့၊ သူ့တဲလေးနဲ့ သူ့တဲလေးနဲ့ သူ့စိတ်ထဲ အောက်မေ့တယ်၊ တစ်ခါတည်း ဒီ ငါဟောနေတဲ့ တရားတွေ မှန်လို့ပေါ့။

အားလုံး ဆည်းကပ်ကြတာ၊ အားလုံး လေးစား ကြတာဆိုပြီး၊ သူ့မှာ ဆရာကြီးလုပ်ပြီး သကာလ နေတော့ ဘဝင်တောင် မြင့်နေလိုက်သေးတယ်။

ဉာဏ်တော်ထဲမှာ အဂ္ဂိဒတ္တရသေ့ထင်လာတယ်

အမှားလည်း ဟောသေးတယ်၊ ဘဝင်ကလည်း မြင့် နေလိုက်သေးတယ် (မှန်လှပါ ဘုရား) တစ်နေ့သ၌ ကျလာတဲ့ အခါကျတော့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မနက်မိုးလင်းတဲ့အခါ ဉာဏ်မှန်ကြီး ထောင်ကြည့်လိုက်တဲ့ အခါကျတော့…

အဂ္ဂိဒတ္တ ရသေ့ကြီး ဉာဏ်ထဲမှာ အရိပ်ထင်တယ်။ ဉာဏ်မှန်အရိပ်ထင်တယ် (မှန်လှပါ ဘုရား) အင်း ဘာပါလိမ့်မတုံးလို့ ကြည့်လိုက်တော့။

ဪ အဂ္ဂိဒတ္တ ရသေ့ကြီး တရားမှားတွေ ဟောကုန်ပါပေါ့လား၊ သတ္တဝါတွေလည်း ကျွမ်းထိုး မှောက်ခုံ ဖြစ်ကုန် လောက်ပြီ သူလုပ်ထာနဲ့။

အင်း သူ့သွားပြီး ချွတ်မှ တော်တော့မယ်လို့ဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကြံစီလိုက် တယ်။

ရှင်မောဂ္ဂလာန်ကို အရင်လွှတ်တယ်

သို့သော်လည်း လေ ရှေ့တော်ပြေး ရှင်မောဂ္ဂလာန် ခေါ်ပြီး လွှတ်ဦးမှပါပဲဆိုပြီး၊ တစ်ခါ အရှင်မောဂ္ဂလာန် ခေါ်၊ အရှင်မောဂ္ဂလာန် လာခဲ့ဦး ဆိုပြီး ခေါ်တဲ့ပြီး သကာလ၊ မင်းဟာ အဂ္ဂိဒတ္တရသေ့ တရားမှားတွေ ဟောနေတာ သိပြီလား။

ကြားပါတယ် ဘုရား၊ သိပါတယ်၊ အဲတာ မင်းသွားပြီး သကာလ နှိမ်နင်းရမယ်၊ တရားမှားတွေ ဟောကုန်ပြီ၊ ဘာမှ မဟုတ်တဲ့ တရားတွေ တော ကိုးကွယ်ကြ၊ တောင်ကိုးကွယ်ကြ၊ စည်းစောင်ရန်း ကိုးကွယ်ကြ။

အန္တရာယ် ကင်းမယ်၊ ဘေးကင်းမယ်၊ ဒုက္ခမှ လွတ် လိမ့်မယ်လို့ ဟောနေတယ်၊ နိဗ္ဗာန်ဆိုတာ တစ်လုံးမှမပါဘူး ဒုက္ခလွတ်ရာ အဲ့ဒါ မင်းသွားချည်ရမယ် ဆိုတော့ အရှင်ဘုရားတဲ့-တပည့်တော် သွားရမယ်ဆိုရင် အရှင်မောဂ္ဂလာန်ဆိုတာ တန်ခိုးအရာမှာ အကြီးဆုံးပေါ့ဗျာ(မှန်လှပါ ဘုရား) အဂ္ဂိဒတ္တက တကယ့် တိုင်းကြီး သောဠသနဲ့ တကွ ကိုးကွယ်ဆည်းကပ်ပြီး သကာလ နေတာ တပည့်တွေ ကလည်း နည်းတာမဟုတ်ဘူး (မှန်လှပါ)။

သွားလို့ဖြစ်ပါ့မလားတဲ့

တပည့်တော် တစ်ယောက်တည်း သွားလို့ ဖြစ်ပါ့ မလား၊ ဒီလောက်တောင် ကြောက်ရတယ် (တင်ပါ့)၊ ဘယ်လောက်ဒီ တရားသာ မှားနေတာ၊ သူ့ဘုန်းတန်ခိုးက သေးတာမဟုတ်ဘူး (မှန်လှပါ ဘုရား)။

အဲဒီလိုဖြစ်ပြီး သကာလ သွားသာ သွားနှင့်ပါကွာ၊ ငါ လာခဲ့ပါ့မယ်၊ နောက်က၊ နောက်က ငါလိုက်ခဲ့ပါ့မယ်လို့ ဘုရားက လွှတ်လိုက်ရတယ် (မှန်လှပါ ဘုရား)။

ဒါနဲ့ အရှင်မောဂ္ဂလာန်ကသွား၊ အရှင်မောဂ္ဂလာန်က သွားတော့ သူတို့စုပြီး သကာလ တစ်ထောင်၊ နှစ်ထောင်စုပြီး သကာလ ရသေ့တွေ စကားပြောနေလို့ သွားလို့ရှိရင်၊ ငါက ဘယ်လိုပဲ တစ်ယောက်တည်း သွားပြော၊ ငါ အရှုံးပေးရမှာ (မှန်လှပါ)။

အဘိညာဉ်နဲ့မိုးရွာချတယ်

မဖြစ်သေးဘူး၊ ဒီရသေ့တွေ လမ်းခွဲဦးမှပဲဆိုပြီး အဂ္ဂိ ဒတ္တတို့နေတဲ့နေရာ ရောက်တဲ့ အခါကျတော့၊ အရှင်မောဂ္ဂလာန်က တစ်ခါတည်း သူ့တန်ခိုးနဲ့ မိုးရွာစေသတည်း ဆိုပြီးတော့ကို အဘိညာဉ် ဖန်ဆင်းလိုက်တယ်၊ မိုးတွေ အကုန်ရွာတယ် (မှန်လှပါ ဘုရား)။

မိုးတွေ ရွာတော့မှ ဆရာကြီး လုပ်တဲ့ပုဂ္ဂိုလ်က ကဲ မိုးရွာပြီ၊ ကိုယ့် ကမ္မဋ္ဌာန်းကျောင်း ကိုယ်ပြန် ဆိုတော့ တစ်ယောက်စီ ဖြစ်သွားတယ် (မှန်လှပါ ဘုရား)။

အဲဒီကျတော့မှ မိုးတွေအကုန် သူ့ကမ္မဋ္ဌာန်းကျောင်း သူ သွားကုန်တော့ မိုးတွေ ရွာပစ်ပြီးသည့် နောက်မှ ရှင် မောဂ္ဂလာန်က အဂ္ဂိဒတ္တ ဆရာကြီးဆီကို လမ်းကနေပြီး ဆီး ခေါ်တယ် (မှန်ပါ)။

သူ့ တဲနားကနေပြီး လှမ်းခေါ်တယ်၊ အဂ္ဂိဒတ္တ၊ အဂ္ဂိဒတ္တလို့ ခေါ်တော့ မထူးဘူး ဟိုက (မှန်လှပါ) ဘယ်နဲ့ ငါ့ကို အဂ္ဂိဒတ္တ ခေါ် ရမယ်လို့ ဆရာကြီး ခေါ်ရမှာ ကိုးကွ (မှန်လှပါ ဘုရား)။

သူကလည်း နည်းတဲ့ဆရာ မဟုတ်ပဲလား (မှန်လှပါ ဘုရား) ဆရာကြီး ခေါ်ရမဲ့ ဥစ္စာကို၊ အဂ္ဂိဒတ္တလို့ ခေါ်တော့ မထူးဘူး ပေနေတယ် (မှန်လှပါ)။

ဒါနဲ့နောက်တော့ အို ခေါ်ပါများတဲ့အခါကျတော့ သူက မထူးဘူး၊ ငါ့ကို အဂ္ဂိဒတ္တခေါ်တာ ဘယ်သူတုံး ရဟန်းပါ ရဟန်းပေမဲ့၊ ရဟန်းပေမဲ့ ဘာလုပ်လာတုံး။

တစ်ညလောက်တည်းခိုပါရစေ

ဒီမှာ တစ်ည တည်းခိုပါရစေ၊ အိုး နေစရာ မရှိဘူး ဘောက်ပြောလိုက်တာ (မှန်လှပါ ဘုရား) သူ့ ခေါ်ထားကတည်းက မုန်းနေပြီကောဗျ။

မုန်းနေပြီ၊ မုန်းနေတော့ နေစရာမရှိဘူး၊ ဟာ နေစရာမရှိလို့ ဘယ်ဖြစ်မလဲ၊ တစ်ညတော့ တည်းခိုရမှာပေါ့။ မင်းတို့ လည်း ဘာတုံး အရှင်မောဂ္ဂလာန်က မေးတော့ ရဟန်းပါ။

တို့လည်း ရဟန်းပဲကွ၊ ရဟန်း ရဟန်းချင်း ဆိုတာ လက်ခံရတယ် (မှန်လှပါ) နေစရာမရှိဘူး လက်ခံပေမဲ့ နေစရာမရှိဘူး၊ လက်ခံချင်ပေမဲ့ နေစရာမရှိဘူး ကိုယ့်တဲနဲ့ ကိုယ်ကိုစေ့နေတာပဲ။

မဟုတ်ပါဘူးလေ နေစရာ တစ်ခုခုပေးပါ။ လုံးဝ နေစရာမရှိဘူးလား၊ မရှိဘူး။ နို့ ဟိုနားက တောင်ကြီးက ဘာတုံး၊ ဟိုနားက တောင်ခေါင်းကြီးက ဘာတုံး အို အဲ့ဒါက နဂါးနေတာ။

အဲ့ဒီနားမှာလည်း သဲတောင်ကြီးတွေ ရှိသေးတာကိုး (မှန်လှပါ ဘုရား) အဲဒိ သဲတောင်ကြီးက သူတို့ ကိုးကွယ်နေတဲ့ နဂါး၊ အဲဒိနဂါးက နဂါးလည်း သူတို့က ကိုးကွယ်တယ်။ (မှန်လှပါ ဘုရား)။

အဲ့ဒိ သဲတောင်ကြီးကလည်း သူတို့ ရသေ့တွေပဲ စုပုံ ပြီး သကာလ လောဘ, ဒေါသ, မောဟ လာလို့ရှိရင် ကိုယ့် ကိုယ်ကို ဒဏ်ပေးကြဆိုပြီး သဲတွေ စုစုပြီး ထမ်းရတာကိုးဗျ (မှန်လှပါ)။

လောဘလာလို့ ရှိရင် ကိုယ့်ဟာကို သိလို့ရှိရင် ကိုယ်သဲထမ်း သဲထမ်းပြီး အဲ့ဒိနေရာသွားပုံ၊ ကြာတော့ တောင်ကြီး ဖြစ်နေတယ်။ လူတွေကလည်း များလွန်းလို့။

နဂါးတောင်မှာ တည်းခိုခွင့်ရတယ်

အဲ့ဒိနဂါးကြီးက အဲ့ဒီတောင်ကြီး ဖြစ်နေတာနဲ့၊ အဲ့ဒိ နဂါးကြီးက ဒီတောင်ကြီးထဲ ဖောက်ပြီး နဂါးကြီးကလည်း နေတာပဲ။ အဲဒိနဂါးကြီးကိုလည်း သူတို့က ကိုးကွယ် ဆည်းကပ်ပြီး နေရတယ်။ ကြောက်နေရတယ် (မှန်လှပါ ဘုရား)။

ဒါနဲ့ အဲ့ဒိနေရာ ဘာနေရာတုံးလို့ အရှင်မောဂ္ဂလာန် က မေးလိုက်တယ်။ မေးလိုက်တဲ့ အခါကျတော့ ဒီဥစ္စာ နဂါးနေတဲ့နေရာ၊ အို အဲ့ဒိနေရာ ပေးပါ့လား၊ အို သင်ဖွဲပြာ ဖြစ်သွားလိမ့်မယ်။

သိပ်တန်ခိုးကြီးတယ်၊ ဒီနဂါး ကျုပ်တို့ကိုးကွယ်နေရ တဲ့ နဂါး၊ ခု သင်ကသာ ခွင့်ပြုပါ ငါသွားနေပါမယ် (မှန်လှပါ ဘုရား) မပေးချင်ဘူး သင်သေလိမ့်မယ် ဆိုတော့ ဟာ ပေးသာပေးပါ ခွင့်ဆိုတော့။

အရှင်မောဂ္ဂလာန်က သွားပြီး သကာလ နေတာ ပေါ့ကွာ (မှန်လှပါ) သွားရင်ပဲ ဟိုနဂါးက သိပြီ၊ ဒီရဟန်းဟာ ငါရှိမှန်း မသိဘူးထင်တယ်။ ဟိုကလည်း မာန်နဲ့ ကိုးကွ (မှန်လှပါ)။

နဂါးရန်နှိမ်နင်းတယ်

ဒါကြောင့် လာပြီဆိုပြီး သကာလ၊ တစ်ခါတည်း အရှင်မောဂ္ဂလာန် လာတယ်ဆို၊ နဂါးက နေဝင်ရီတရော ဖြစ်နေတော့ အခိုတွေ လွှတ်တော့တာပဲ၊ သူ့ဆီကို နဂါးက မှုတ်ပြီးတော့ အခိုးတွေ ထုတ်တယ်။

အရှင်မောဂ္ဂလာန်ကလည်း တန်းခိုးဖန်ဆင်းပြီး အခိုးတွေထုတ်၊ အခိုးတွေထုတ်တဲ့ အခါကျတော့ အခိုးတွေ က တစ်ခါတည်း မီးတွေလိုနီပြီး တက်လာပြီး သကာလ၊ တာဝတိံသာ နတ်ပြည်လောက် ကျအောင် အခိုးတွေ နှစ်ဘက် တက်တာပေါ့ (မှန်လှပါ ဘုရား)။

ဒါနဲ့ ရသေ့တွေက ကြည့်ကြတယ်။ ဒီရဟန်းဟာ နဂိုက မသွားပါနဲ့ဆိုတာကို ခု နဂါးက မီးနဲ့ရှို့ပြီ။ အခိုးတွေနဲ့ လောင်အောင် လုပ်ပြီ၊ ဒီရဟန်းတော့ဖြင့် ခက်တော့မှာပဲ။ သူတို့ကဖြင့် စိုးရိမ် နေကြတာပေါ့ကွာ (မှန်ပါ့ ဘုရား)။

အခိုးတွေက နှစ်ယောက်စလုံး မမြင်ရတော့ဘူး (မှန်လှပါ ဘုရား)။ အဲဒီလိုဖြစ်ပြီး သကာလ နေတယ်။

ဒါနဲ့ပဲ ကဲ အခိုးတွေဖြင့် ငြိမ်းသွားပြီဆိုပြီး ဘယ်သူ့မှ လည်း ရှာမတွေ့တော့ဘူး ဆိုပြီး သကာလ မနက်မှပဲရှာကြ၊ ဖွေကြ စို့လို့၊ ဆိုခဲ့ကြတယ်။

နဂါးအပေါ်မှာထိုင်နေတယ်

မနက်ကျတော့ အရှင်မောဂ္ဂလာန်က အပေါ်မှာ၊ နဂါးကခွေတဲ့ အပေါ်မှာ အရှင်မောဂ္ဂလာန် ကထိုင်၊ နဂါး ပါးပျဉ်းက မိုးပြီး သကာလ အရှင်မောဂ္ဂလာန်ကို၊ အရှင် မောဂ္ဂလာန် အပေါ်ကနေ ဒီပါးပျဉ်းနဲ့မိုးပြီး သကာလ စောင့် ရှောက်နေရတာပေါ့ဗျာ (မှန်လှပါ ဘုရား)။

နဂါးက ရှုံးတာကိုးဗျ (မှန်လှပါ ဘုရား) မနက် ကျတော့ အဲဒီ အဂ္ဂိဒတ္တ တို့ တစ်ခါတည်း လူသေ ရှာလာကြ တာပေါ့ကွာ (မှန်ပါ ဘုရား)။

ရှာလာတဲ့အခါကျတော့ အမလေး! ဒို့ ကိုးကွယ်တဲ့ နဂါးကြီး ကြည့်စမ်း၊ မောဂ္ဂလာန်က ဒီအပေါ်မှာလည်း ထိုင် နေသေးတယ်၊ နဂါးကလည်း ပါးပျဉ်းနဲ့ အုပ်ပြီး သကာလ မိုးရသေးတယ်၊ တယ်လည်း တန်ခိုးကြီးပါလား (မှန်လှပါ ဘုရား)။

ဘုရားသခင်ကကောင်းကင်ကကြွလာတယ်

သူတို့စိတ်ထဲ အောက်မေ့ပြီး သကာလ နေတယ်။ ဒီလို အောက်မေ့ပြီးနေတုန်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟို ကောင်းကင်က နေပြီး ကြွလာတယ် (မှန်လှပါ ဘုရား)။

သူလိုက်ခဲ့မယ်ဆိုတဲ့အတိုင်း လိုက်လာတာပေါ့လေ။ (မှန်လှပါ ဘုရား) လိုက်ခဲ့မယ်ဆိုတဲ့ အတိုင်း လိုက်လာတော့၊ တစ်ခါတည်း အရှင်မောဂ္ဂလာန်က နဂါးကြီး အပေါ်က ဆင်းပြီး သကာလ ဒီ နားလေး ရောက်လာရော။

ဂေါတမမြတ်စွာဘုရားဆိုတာဒါပဲ ၊

ဟိုက လာတာ ဘယ်သူတုံးမေးတော့၊ ဒါ တို့ဆရာ ဂေါတမမြတ်စွာဘုရား ဆိုတာ ဒါပဲ အမလေး သူ့ တပည့်တောင် ဒီလောက် တန်ခိုးကြီးရင်၊ သူ့ဆရာဆိုရင် ပြောစရာမရှိဘူး။ နဂါး နဂါး နဂါး နိုင်ကတည်းက ကြောက်ပြီကောကွ (မှန်လှပါ ဘုရား)။

နဂါးနိုင်ကတည်းက ကြောက်နေပြီ (မှန်လှပါ) သူ့ဆရာ ဆိုရင်ဖြင့် ပြောစရာမရှိဘူးဆိုတဲ့ မာန်က နည်းနည်း ကျကုန်ပြီကွ။ ဒါကြောင့် အရှင်မောဂ္ဂလာန် အရင်လွှတ်လိုက် ရတာ (မှန်လှပါ ဘုရား)။

နဂိုက မာန်ခံနေတာ (မှန်လှပါ) အဲဒါနဲ့ပဲ အရှင် မောဂ္ဂလာန်က တစ်ခါတည်း နဂါးအပေါ်က ဆင်းပြီး သကာလ ဘုရားလာတော့ ဝတ်ချ၊ ဝတ်ချပြီးသကာလ နေတော့လည်း သူတို့လည်း ဝတ်ချကြတာပေါ့ဗျာ (မှန်လှပါ ဘုရား)။

ဘုရားကမေးတော်မူတယ်

ကြောက်လာပေါ့၊ လန့်လာပေါ့ (မှန်လှပါ) အဲဒီ ကဲ့သို့ လန့်လာတဲ့အခါ၊ ဟေ့ အဂ္ဂိဒတ္တ ဘုရားက ခေါ်တယ်၊ မင်းဘာတွေများ ဟောနေတုံးကွ၊ ပရိသတ်တွေကလည်း များပါဘိနဲ့၊ မင်းဆီ နေ့တိုင်း လိုလိုပဲ။

တိုင်းကြီးသောဠသကလည်း အင်္ဂတိုင်း၊ မဂဓတိုင်း တွေကလည်းလာတယ်၊ သီတင်းနေ့ သီတင်းနေ့ဆိုရင် နည်း တာတွေမဟုတ်ဘူး၊ အဲ့ဒါတွေ ဘယ်နဲ့ ဟောတုံးဆိုတော့၊ တပည့်တော်ဟာ ဒီလို ဟောပါတယ်ဘုရား၊ တော ကိုးကွယ် ကြ၊ တောင် ကိုးကွယ်ကြ၊ စည်းစောင်ရန်း ကိုးကွယ်ကြ၊ ဒုက္ခမှ လွတ်လိမ့်မယ် ဒီလို ဟောပါတယ် ဘုရား၊ လွဲလိုက်တဲ့ ဖြစ်ခြင်းကွာ။

ဒုက္ခသစ္စာမသိလို့၊ ဒုက္ခကိုးကွယ်ခိုင်းတာတွေ

ဒုက္ခသစ္စာမသိလို့ ဒုက္ခကိုးကွယ်ခိုင်းတာကိုးဗျ (မှန်လှပါ ဘုရား) တောတွေ တောင်တွေက ဒုက္ခသစ္စာတွေကွာ (မှန်ပါ့) ဒုက္ခသစ္စာတွေ ကိုးကွယ်ကြဆိုတော့ ကိုထွန်းအောင် ဘယ်နဲ့နေတုံး (မှားပါတယ် ဘုရား)။

ဒုက္ခသစ္စာဆိုတာ ပရိညာပိုင်းခြားပြီး ရွံမုန်းငြီးငွေ့ပြီး သကာလ သွားရမှာမို့လား (မှန်လှပါ ဘုရား) အဲ့ဒါ ကိုးကွယ်ခိုင်းတာ (မှန်လှပါ ဘုရား)။

အဲတော့ သစ္စာသိဖို့ အမှန်မျက်လုံးရဖို့ အရေးကြီး တယ်ဆိုတာ ဒီဝတ္ထုမှာ မသေချာဘူးလား (သေချာပါ တယ် ဘုရား)။

အဲ ဒါနဲ့ပဲ၊ ဟေး ဒီဥစ္စာတွေသည် မဟုတ်ဘူးကွ၊ မဟုတ်ဘူးကွ၊ တောတွေတောင်တွေ စည်းစောင် ရန်းတွေ ကိုးကွယ်တာ၊ တောင်ပို့တွေ ကိုးကွယ်တာတွေ ဒါတွေဘာမှ မဟုတ်ဘူးကွာ။

ရတနာသုံးပါးသာကိုးကွယ်ရမယ်

မင်းတို့ ကိုးကွယ်စရာက ‘‘ယောစ ဗုဒ္ဓဉ္စ ဓမ္မဉ္စ သံဃဉ္စ သရဏံကတော’’ = ဘုရားရတနာ၊ တရားရတနာ၊ သံဃာ ရတနာသာ ကိုးကွယ်ရမယ်။

‘‘ဧတံမေ သရဏံ ခေမံ ဧတံ သရဏမုတ္တမံ’’ ဒါမှ ကိုးကွယ်ရာအစစ် ဟုတ်လား (မှန်လှပါ ဘုရား) ဒါက ကိုးကွယ်ရမှာ ဟောတာ (မှန်ပါ ဘုရား)။

ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ကိုးကွယ်ရမယ်နော် (မှန်လှပါ ဘုရား) သဘောကျပလား (သဘောကျပါတယ် ဘုရား)။

သစ္စာလေးပါးကိုသာကျင့်ရမယ်

ကျင့်ရမှာကတော့

‘‘ဒုက္ခ ဒုက္ခ သမုပ္ပါဒံ ဒုက္ခဿစ အတိက္ကမံ အရိယတ္ထင်္ဂီကံ မဂ္ဂံ ဒုက္ခူပ သမဂါမီနံ ဧတံ ခေါ သရဏံ ခေမံ ဧတံ သရဏ မုတ္တမံ ဧတံသရဏ မာဂမ္မ သမ ဒုက္ခ ပမုစ္စတိ”

ကျင့်ကြံရမှာတော့ သစ္စာလေးပါး (မှန်ပါ့) ကိုး ကွယ်ရမှာကတော့ ဘုရား၊ တရား၊ သံဃာ (မှန်လှပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)။ ကျင့်ကြံ ရမှာက ဘာတုံး (သစ္စာလေးပါး ပါ ဘုရား)။

သစ္စာလေးပါးကို ကျင့်ကြံရမယ်ဆိုတော့ ဒီမှာလာ တာပဲ ကိုထွန်းအောင်ရေ (မှန်ပါ ဘုရား)။ ရိပ်မိကြပ လား (ရိပ်မိပါတယ် ဘုရား)။

ဒုက္ခသစ္စာကိုမြင်အောင်ကြည့်

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဒုက္ခသစ္စာကို မြင်အောင် ကြည့်ရလိမ့်မယ် (မှန်လှပါ ဘုရား) ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ဟောပြီ၊ ဒီလိုဟောလိုက်တော့မှ သစ္စာလေးပါးကို သေသေချာချာ ဟောတော့မှ ခုနက ပြောခဲ့တဲ့အတိုင်း အမှန်မျက်လုံး တပ်လိုက်တာပေါ့ဗျာ (မှန်လှပါ ဘုရား)။

ခင်ဗျားတို့ တပ်သလိုပေါ့ သွားချင်တာကနာမ်၊ သွားတာကရုပ်၊ ထိုင်ချင်တာက ဘာတုံး (နာမ်ပါ ဘုရား) ထိုင်တာကရုပ် (ရုပ်ပါ ဘုရား)။

ဟုတ်လား အိပ်ချင်တာက နာမ်၊ အိပ်တာက ရုပ် (ရုပ်ပါ ဘုရား) ထချင်တာက နာမ်၊ ထတာက (ရုပ်ပါ ဘုရား)။

နာမ်ရုပ်အဟောင်းအဟောင်းပျက်လို့

အဲ့ဒီကဲ့သို့ ဆိုတော့ ဒကာ ဒကာမတွေ နာမ်ရုပ် အသစ် အသစ် မပြောင်းဘူးလား (ပြောင်းပါတယ် ဘုရား) ပြောင်းတယ်ဆိုကတည်းက အဟောင်းအဟောင်း ပျက်လို့ အသစ်အသစ် ပြောင်းရတယ် ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီကဲ့သို့ အဟောင်းအဟောင်း ပျောက်တာသည် ဒုက္ခသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) အသစ် အသစ် ပေါ်လာတာ သည် ဒုက္ခရောက်မှာ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

အဟောင်း ပျောက်သွားတာကဘာတုံး (ဒုက္ခ သစ္စာပါ ဘုရား)။ အသစ်ပေါ်လာတာက (ဒုက္ခရောက် မှာပါ ဘုရား)။ ဒုက္ခရောက်မှာ ဆိုတော့ ဒကာ ဒကာမတွေ သန္တာန်မှာ ဘာတွေများ လှည့်နေတုံးမေးရင် ဘယ်နဲ့ပြော မတုံး (ဒုက္ခသစ္စာနဲ့ ဒုက္ခရောက်မှာပါ ဘုရား)။

ဒုက္ခသစ္စာနှင့် ဒုက္ခရောက်မှာ

အဲ အဟောင်း အသစ်လှည့်ပြီး ဒုက္ခသစ္စာရယ် ဒုက္ခရောက်မှာရယ် (မှန်ပါ) တော်ကြာတော့ ဒုက္ခရောက်မှာက ဒုက္ခ သစ္စာ ဖြစ်ပြန်ပြီ အသစ်ပေါ်လာတာက ဒုက္ခရောက်မှာ (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ကဲ ကဲ ခင်ဗျားတို့ အကုန်နားလည်အောင် ဆိုလို့ရှိရင်ဖြင့်၊ ထိုင်တဲ့ နာမ်ရုပ်သည် ထတဲ့ဆီ ပါရဲ့လား (မပါပါဘူး ဘုရား) ဒါဖြင့် ထိုင်တာက ထတဲ့ဆီ မပါသောကြောင့် ထိုင်တာက ဒုက္ခသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ထတာက ဒုက္ခရောက်မှာ (ဒုက္ခရောက်မှာပါ ဘုရား)။

ထတဲ့ ရုပ်နာမ်သည် လှမ်းနိုင်ရဲ့လား (မလှမ်း နိုင်ပါဘူး ဘုရား)။ မလှမ်းနိုင်တော့ ထတဲ့ ရုပ်နာမ်က ဘာတုံး (ဒုက္ခသစ္စာပါ ဘုရား) အေး လှမ်းတာက (ဒုက္ခရောက်မှာပါ ဘုရား)။

အဲဒီကဲ့သို့ ခင်ဗျားတို့ ဒုက္ခသစ္စာနဲ့ ဒုက္ခရောက်မှာပဲ ခင်ဗျားတို့ လှည့်နေတော့ ဒုက္ခသစ္စာချည့်ပဲ ဆိုရင် လွဲသလား (မလွဲပါဘူး ဘုရား)။

ဒုက္ခသစ္စာထဲမှာ အချိန်ကုန်နေကြတာ

အဲဒီကဲ့သို့ ဒါတွေကို ခင်ဗျားတို့က အမှန်မျက်လုံးနဲ့ မြင်မြင်မြင်လာမှသာလျှင်၊ ဪ လောကကြီး ထဲမှာ ဒုက္ခသစ္စာတွေ ချည့်ပါပဲလား ဆိုတော့မှ၊ ဒီဒုက္ခသစ္စာကို သေသေ ချာချာ မြင်တဲ့ အခါကျတော့မှ၊ ခင်ဗျားတို့သည် ဪ ဒို့နေတာဟာ ဒီထဲမှာ နေရတာပါလား၊ ဒုက္ခ ၊ သစ္စာထဲမှာ အချိန်ကုန်နေတာပါလား။

ဒါ ရွံ့စရာ၊ မုန်းစရာ၊ ငြီးငွေ့စရာပါလားလို့ ဆိုတဲ့ ခင်ဗျားတို့ ဉာဏ်မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ပေါ်တော့ ဒါတွေ မလိုချင်တဲ့အခါကျတော့မှ၊ ခုနက နိဗ္ဗာန် ဆိုတာ မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။

ဆင်းရဲမြင်မှချမ်းသာဘက်သွားတာ

အဲဒီတွေ့တော့ အမှန်မြင်မှသာလျှင် ဒီဘက်က ဆင်းရဲမြင်မှ ဟိုဘက်က ချမ်းသာကို ခင်ဗျားတို့ သွားတာ (မှန်လှပါ ဘုရား)။

ဒီဘက်က ဆင်းရဲမမြင်ရင် ဟိုဘက်က၊ ချမ်းသာ ဘက်ကို (မသွားပါဘူး ဘုရား) ရိပ်မိလား (ရိပ်မိ ပါတယ် ဘုရား)။

အဲဒီကဲ့သို့ အဂ္ဂိဒတ္တကို တစ်ခါတည်း ဒုက္ခသစ္စာနဲ့ ဒုက္ခရောက်မှာတွေ လှည့်ပြီးသကာလ ဟောလိုက်တာ၊ အေး ဒီဒုက္ခသစ္စာနဲ့ ဒုက္ခရောက်မှာတွေဟာ မင်း သန္တာန်မင်း ဒုက္ခ သစ္စာချည့်ပဲ အကုန်ရှိတယ်ဆိုပြီး ဟောလိုက်တော့။

အဂ္ဂိဒတ္တရဟန္တာဖြစ်တယ်

အဂ္ဂိဒတ္တက တိုတိုပြောကြပါစို့ကွာ ရဟန္တာ ဖြစ်တယ် (တင်ပါ့ ဘုရား) ရဟန္တာဖြစ်တယ် (မှန်ပါ့ ဘုရား)။ ဒုက္ခသစ္စာ ဟောလိုက်တာနဲ့ ရဟန္တာဖြစ်တယ် (မှန်ပါ ဘုရား)

ကြည့်ဦးလေ ဒကာ ဒကာမတွေ၊ ဒုက္ခရောက်မှာနဲ့ ဒုက္ခသစ္စာကို လှည့်ရမယ်နော် (မှန်လှပါ ဘုရား)။ ထိုင်နေ တဲ့ ရုပ်သည်ကားလို့ ဆိုရင်ဖြင့် ထတဲ့ဆီ ပါရဲ့လား (မပါပါဘူး ဘုရား) မပါလို့ရှိရင် ထိုင်တာက ဒုက္ခသစ္စာ၊ ထတာက (ဒုက္ခရောက်မှာပါ ဘုရား) ဒုက္ခရောက်မှာပဲ။

အဲဒီထတာသည်က လှမ်းနိုင်ရဲ့လား (မလှမ်း နိုင်ပါဘူး ဘုရား)။ လှမ်းတော့ သိစိတ်နဲ့ သိရုပ် မလှမ်းရ ဘူးလား (လှမ်းရပါတယ် ဘုရား)။

ဒုက္ခသစ္စာနဲ့ ဒုက္ခရောက်မှာလှည့်နေတယ်

ဒါဖြင့် ထတာက ဒုက္ခသစ္စာ၊ လှမ်းတာက (ဒုက္ခ ရောက်မှာပါ ဘုရား) အဲဒီကဲ့သို့ ဒုက္ခသစ္စာနဲ့ ဒုက္ခရောက်မှာ ချည့်လှည့်မနေဘူးလား (လှည့်နေပါတယ် ဘုရား)။

အဲတော့ စိတ်တွေမှာလည်း ဒီအတိုင်းပဲ၊ ပထမ ချုပ်သွားတဲ့စိတ်ဟာ ဒုက္ခသစ္စာ၊ နောက်ပေါ် လာတာက ဒုက္ခရောက်မှာပဲ၊ တော်တော်ကြာ ချုပ်သွားပြန်တော့ ဘာဖြစ်တုံး (ဒုက္ခဖြစ်ပါတယ် ဘုရား) ဒီလိုချည့် လှည့် မနေဘူးလား (မှန်လှပါ ဘုရား)။

အဲဒီကဲ့သို့ ဒုက္ခသစ္စာနဲ့ ဒုက္ခရောက်မှာလှည့်နေတော့ စကားမို့ ပြောတာပါ၊ စင်စစ် ဒုက္ခသစ္စာ ချည့်ပဲ (မှန်လှပါ ဘုရား) ဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

အဲတော့ ဒုက္ခသစ္စာနဲ့ ဒုက္ခရောက်မှာချည့် ဒကာ ဒကာမတွေ ခန္ဓာကိုယ် လှည့်မနေဘူးလား (လှည့်နေပါတယ် ဘုရား) အဲတော့ နဂိုရှိ အမှန်မှာ ခုနကထက် ပိုမြင် မလာဘူးလား (ပိုမြင်လာပါတယ် ဘုရား)။

ဒုက္ခသစ္စာတွေ ပိုင်းခြားပြီးမြင်လာတယ်

ခုနက နာမ်ရုပ်တင်မြင်တယ် (မှန်လှပါ ဘုရား) ခုတော့ဖြင့် ဒုက္ခသစ္စာတွေ ပိုင်းခြား မြင်မလာဘူးလား (မြင်လာပါတယ် ဘုရား)။

အင်း ထိုင်နေတာက ဒုက္ခသစ္စာ၊ ထိုင်တာသည် ထတဲ့ဆီ မလိုက်သောကြောင့် ထိုင်တဲ့ ရုပ်တွေသည် ဒီနေရာ မှာ အကုန်ပျောက် (မှန်လှပါ ဘုရား) ဟုတ်လား။

ထတဲ့ဆီမပါသောကြောင့် ဒုက္ခသစ္စာပဲ၊ ဆင်းရဲပြီး ချုပ်ငြိမ်းကုန်ပြီ (မှန်လှပါ) မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။

ခု ထနေတာက ဒုက္ခရောက်မှာပဲ သူလည်း လှမ်း လိုက်တဲ့အခါ ဒုက္ခသစ္စာ ပြန်မဖြစ်ပေဘူးလား (ပြန် ဖြစ်မှာပါ ဘုရား)။

အမှန်မျက်လုံးရလို့ ရဟန္တာဖြစ်တယ်

အဲဒီကဲ့သို့ချည်း ခင်ဗျားတို့ ဉာဏ်ထဲမှာ ရှုရှု၊ ရှုရှု၊ ရှုရှုပြီး သကာလ နေလို့ရှိရင်ဖြင့်၊ အဂ္ဂိဒတ္တမှာ ဒီလိုလည်း ဟောလို့ သူ့ဉာဏ်ထဲ ဒီလိုလည်း ရှုလိုက်ပါရော ရဟန္တာ ဖြစ်တယ် (မှန်လှပါ ဘုရား)။ ရိပ်မိပလား (ရိပ်မိပါ တယ် ဘုရား)။

အမှန်မျက်လုံးရပြီလား (မှန်ပါ့) အမှန်မျက်လုံး ရသွားတဲ့အခါကျတော့၊ သူသည်ကားလို့ဆိုရင် ရဟန္တာ ဖြစ်တယ်။ (မှန်လှပါ ဘုရား)။

အဲဒီကဲ့သို့ ဒကာ ဒကာမတွေ အမှန်မျက်လုံးရမှုက ဒီနေ့ကစပြီး သူက စမ်းကြည့်တာ (မှန်လှပါ)။ ခပ်ကြမ်း ကြမ်းက စမ်းကြည့်တာ (မှန်ပါ့)။

အဲတော့ အမှန်မျက်လုံးရသွားတော့ အဂ္ဂိဒတ္တမှာ ရဟန္တာဖြစ်တယ်၊ အဲ့တော့မှ အဲဒီနေ့ ဟာလည်း ဥပုသ်နေ့ကြီး ဖြစ်နေတော့ အင်္ဂတိုင်း၊ မဂဓတိုင်းတွေက တစ်ခါတည်း ကိုးကွယ် ဆည်းကပ်မဲ့ လူတွေ အစားအသောက်တွေနဲ့ လာ လိုက်ကြတာတွေပေါ့ကွာ၊ နည်းတဲ့လူတွေ မဟုတ်ဘူး (မှန်လှပါ ဘုရား)။

သီတင်းတိုင်း လာနေကြကိုးကွ (မှန်လှပါ) သီတင်းတိုင်း လာနေကြကိုးကွ (မှန်လှပါ) ဒီပုဏ္ဏားကြီး ဟောတာ၊ အဂ္ဂိဒတ္တ ဟောတာသည် တောတောင်၊ လည်းစောင်ရန်းတွေ ကိုးကွယ် ဆည်းကပ် ရမယ် ဆိုပြီး သကာ လ ဟောထားလို့ တရားကျနေတဲ့ ပုဂ္ဂိုလ်တွေ၊ အမှားကျနေ တဲ့ ပုဂ္ဂိုလ်တွေ လာလိုက်တာ။

ဘယ်သူကဆရာလဲ

သူတို့လာပြန်တော့ ဘုရားနဲ့ အရှင်မောဂ္ဂလာန် တွေ့ပြန်တယ် (မှန်လှပါ ဘုရား) အင်း ဒို့ ဆရာကြီး တန်ခိုးကြီးလွန်းလို့ ဘုရားနဲ့ အရှင်မောဂ္ဂလာန်တောင် ဒီ ပူဇော်ပသလာရတယ်လို့ သူတို့က ထင်လိုက်သေးတယ် (မှန်ပါ့ ဘုရား)။

ဘယ်လောက်ထိအောင်များ အထင်လွဲကုန်တော့ သူတို့မှာ အမှန်မျက်လုံးက မရှိပဲကိုး, (မှန်လှပါ ဘုရား) အဲဒီ အမှန်မျက်လုံး မရှိတော့ သူလည်း တွေးချင်သလို တွေးတာပေါ့ကွာ (မှန်လှပါ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ တွေးလုံးတွေဟူသ၍ ကလည်း အမှားချည့်သာဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါနဲ့ပဲ သူလည်း ရဟန္တာဖြစ်သွားတော့မှ အားလုံး သော ပုဂ္ဂိုလ်တွေက ဘယ်လိုတွေးကြတုံး ဆိုတော့၊ ဂေါတမ ကလည်း နာမည်တော့ နာမည်ကြီးပဲ၊ ဂေါတမက ဆရာလား၊ ဒို့ အဂ္ဂဒတ္တ ဆရာကြီးက ဆရာလားလို့၊ ဟိုက သံသယက နည်းနည်းရှိတယ် (မှန်လှပါ ဘုရား)။

တချို့က တွေးတတ်တဲ့ ပုဂ္ဂိုလ်ကတော့ ဂေါတမက ဆရာလား၊ အဂ္ဂိဒတ္တက ဆရာလား၊ တချို့ကလည်း လူပြိန်းတွေကတော့ ဒီလိုမဟုတ်ဘူး၊ ဒို့ဆရာကြီးဆီလာရင် ဒို့ ဆရာကြီးက ဆရာ ဟိုက လာရတာကိုး (မှန်ပါ့)။

ဘုရားကသံသယကို ဖြေရှင်းခိုင်းတယ်

သူတို့က ဒီလိုသာ တွေးတောတာပဲ (မှန်ပါ့) အဲဒီကဲ့သို့ တွေးနေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က သံသယရှိတဲ့ လူတွေဖြင့် အားလုံး အကုသိုလ်ဖြစ်ကုန် လိမ့်မယ်။

ဆရာတပည့်ရွေးနေတာနဲ့၊ အဂ္ဂိဒတ္တ မင်းတပည့်တွေ၊ ခု အင်္ဂတိုင်း၊ မဂဓတိုင်းက လာတဲ့ ပုဂ္ဂိုလ်တွေ သံသယကင်းရှင်းအောင် လုပ်လိုက်၊ ဘုရားက ပြောတော့မှ သူက အဘိညာဉ် ရတာကိုးကွ (မှန်လှပါ ဘုရား)။

အဂ္ဂိဒတ္တက ကောင်းကင်ပျံပြီး သုံးကြိမ်ရှိခိုးတယ်

ရဟန္တာတင် ဖြစ်တာမဟုတ်သေးဘူး အဘိညာဉ် တန်ခိုးပါ ပျံနိုင်တာ (မှန်လှပါ ဘုရား) ဒါနဲ့ ထန်းတစ်ဖျား လောက်တက်ပြီး သကာလ၊ တပည့်တော်သည် အရှင်ဘုရား ၏ ဒုက္ခသစ္စာ ပိုင်းခြား သိခြင်းကြောင့်၊ ရဟန္တာဖြစ်ရသော ကြောင့်၊ အရှင်ဘုရား ဟောတော်မူတဲ့ ဒုက္ခသစ္စာကို ပိုင်းခြား ပြီး၊ ဒုက္ခသစ္စာနဲ့ ဒုက္ခရောက်မှာတွေကို ပိုင်းခြားဝေဖန်ပြီး သိလို့ ရဟန္တာ ဖြစ်ရတဲ့အတွက်။

အရှင်ဘုရားဟောတဲ့တရား၊ အရှင်ဘုရားဆုံးမ တာကို လိုက်နာတဲ့အတွက်၊ တပည့်တော်သည် တပည့်ရင်း အဖြစ်ဖြင့် ရှိခိုးပါတယ်ဘုရား (မှန်လှပါ ဘုရား) သုံးကြိမ် ရှိခိုးရတယ်။ (မှန်လှပါ ဘုရား) ကောင်းကင်ပျံပျံ ပြီးတော့မှ (မှန်လှပါ ဘုရား)။

သူ့တပည့်တွေအကုန်ကျွတ်တမ်းဝင်တယ်

အဲဒီကျတော့မှ ဒေါ်ခန့်နှယ် အကုန်ညွှတ်လာတာ (မှန်လှပါ ဘုရား) အဲဒီညွှတ်လာတော့မှ ခုနက ဒုက္ခသစ္စာတို့ ဒုက္ခရောက်မှာတို့ကို ဆက်ပြီး ဟောရပြန်တာပေါ့ကွာ (မှန်လှပါ ဘုရား)။

အဲဒီတော့မှ အင်္ဂတိုင်း၊ မဂဓတိုင်းတွေက လူတွေပါ အကုန်ကျွတ်တမ်းဝင်တယ် (မှန်ပါ့ ဘုရား) အမှန်မြင်လို့ ပေါ့ဗျာ (အမှန်မြင်လို့ပါ ဘုရား)။

အမှန်မမြင်တုန်းက တောတွေ တောင်တွေ ကိုးကွယ် နေတုံးက ဘယ် အာသဝေါကုန်လိမ့်မလဲ (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ခုတော့ အမှန်မျက်လုံးလေး ဘုရားတပ်ပေးလိုက်တာ နဲ့ ဘယ်နဲ့နေတုံး (အာသဝေါ ကုန်ပါတယ် ဘုရား)။

အာသဝေါ ကုန်ခမ်းတဲ့ ရဟန္တာတွေ အကုန် ဖြစ်မကုန်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါ ယနေ့ တပ်ပေးတာ အမှန်မျက်လုံး တပ်စပဲ ရှိသေးတယ် (မှန်လှပါ ဘုရား) ရုပ် နာမ်ခွဲပြီး သကာလ ဒုက္ခသစ္စာနဲ့ ဒုက္ခရောက်မှာလေးပဲ ခင်ဗျားတို့ ဝေဖန်ပေးလိုက် သေးတယ် (မှန်လှပါ ဘုရား)။

မစိပ်သေးဘူးပေါ့ဗျာ (မှန်လှပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။