124

ဆေးခွက်ကိုင်ရင်၊ မပြေးကြပါနဲ့

အသံဖိုင်ခေါင်းစဉ် = ကိုယ့်အသေကိုယ်ကြည့်တာ ဝိပဿနာဖြစ်ပုံ

စာအုပ်ခေါင်းစဉ် = ဆေးခွက်ကိုင်ရင်၊ မပြေးကြပါနဲ့

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ဆေးခွက်ကိုင်ရင်၊ မပြေးကြပါနဲ့

(ကိလေသာလောက်ကိုက်)

(၂၅- ၁၁- ၆၀ )

ဒကာ ဒကာမတို့ ဒီတရားပွဲကြီး နားထောင်ကြ၊ ကျင့်ကြံကြ အားထုတ်ကြမလို့ ရည်ရွယ်ချက်ဘဲ အပင်ပန်း ခံပြီးသကာလ လာကြတယ်၊ ဒီပင်ပန်းမှုကလေးဟာ အပါယ် ငရဲမှာ တစ်စက္ကန့် ပင်ပန်း သလောက် မခံရပါဘူး၊ အပါယ် ငရဲမှာ တစ်စက္ကန့်ဆိုတာ က တစ်ကိုယ်လုံးမှာ အပ်သွားချစ ရာ မရှိလောက်အောင် ပူမှုလောင်မှုတွေ ခံစားရပါတယ်။

ငရဲဒုက္ခနဲ့ နှိုင်းစာရင်

အဲဒီတော့ ဒကာကြွယ်၊ ဦးလှဘူးတို့က စဉ်းစားရမယ် ဪ ဒီဒုက္ခဟာ ဆရာသမားဆီလာပြီး တရားနာ ရတာ အင်မတန် ကျဉ်းကြပ်တာပဲ၊ လူတွေကလဲ များဘိသနဲ့၊ ချွေးတွေကလဲ -ကျပါဘိသနဲ့၊ ဒီလိုစိတ်မှာမထားကြပါနဲ့၊ အပါယ်ငရဲနဲ့ နှိုင်းစာပြီး ဒီဒုက္ခကြီးလွတ်ချင်လို့ ဒုက္ခကလေး နဲ့ရင်းနှီးပြီး ဒုက္ခကြီး ကျွတ်ချင်လို့ဆိုပြီးသကာလ ဒီဒုက္ခကို ဒုက္ခထဲမသွင်းဘဲနဲ့ တရားနာကြပါဆိုတာ သတိပေးလိုက် တယ်နော် (မှန်ပါ့)။

အပါယ်ငရဲကျမည့် ဒုက္ခ ပြိတ္တာကြီး ဖြစ်ကတည်းက ဘယ်သောအခါမှ ရေမသောက်ရဒုက္ခ၊ ဘယ်သောခါမှ အစာမမြင်ရတဲ့ဒုက္ခ အဲဒီဒုက္ခတွေနဲ့ စာလို့ရှိရင် ဒကာကြွယ် တို့၊ ဦးလှဘူးတို့ ဒီဒုက္ခဖြစ်လောက်ရဲ့လား (မဖြစ်လောက်ပါ ဘုရား)။

အဲဒီ ဒုက္ခမဖြစ်လောက်တာ ဧကန်သိ တကယ်သိ ဖြစ်ပြီး သကာလနေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ဒီဒုက္ခကလေးကို ဒို့သည်းခံပြီးမှတ်လိုက် ယူ လိုက် သင်လိုက် ကြားလိုက် အားထုတ်လိုက်လို့ရှိရင်ဖြင့် ဒုက္ခပေါင်း အနန္တ လွတ်ရှာတော့မယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ ဘုရား)။

ရေကန်နဲ့ရေမှုန်ဥပမာ

လောကီဥပမာကို ဘုရားကဟောတော်မူတယ်၊ သစ္စ သံယုတ်မှာ ယူဇနာပတ်လည် ငါးဆယ်ရှိတဲ့ရေကန်ကြီး၊ အနက်ကလဲ ယူဇနာငါးဆယ်၊ ရေတွေကလဲ နှုတ်ခမ်းနဲ့ ညီအောင်ရှိတယ်လို့ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ မှတ်ထား လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

အဲဒီရေကို သမန်းမြက်ကလေးတို့တို့ပြီး ဟိုဘက် ခုနှစ်ခါ ပစ်လိုက်ပါတဲ့၊ ယူဇနာပတ်လည် ငါးဆယ်၊ အနက်လဲ ငါးဆယ်ရှိတဲ့ရေတွေ အပြင်ဘက်မှာ ကျသွားတဲ့ရေတွေနဲ့ စာလိုက်လို့ရှိရင် အပြင်ဘက်မှာကျသွားတဲ့ သမန်းမြက်ဖျားနဲ့ ခုနှစ်ခါတို့ပြီး ခါရတဲ့ ရေပေါက်နဲ့ဆိုရင်ဖြင့် နှိုင်းချိန် လောက် ပါရဲ့လား (မနှိုင်းချိန်လောက်ပါ ဘုရား)။

ဒုက္ခချုပ်အောင်ကြိုးစားမယ်

အဲဒီတရားကို နာရတယ်၊ ဒီတရားကိုကြိုးစားရတယ်။ ဒုက္ခချုပ်တာ မြင်ရပြီဆိုမှဖြင့် အပြင်ဘက် သမန်းမြက်ဖြင့် ခုနှစ်ခါ တို့လောက်ဖြစ်တဲ့ ဒုက္ခလောက်သာကျန်တော့တယ်။ (မှန်ပါ့) ရေ ကန်အထဲမှာ အပြည့်အနှက်နှုတ်ခမ်းနဲ့အညီရှိတဲ့ ရေလောက်ဒုက္ခ တွေကုန်သွားပြီ (မှန်ပါ့)။

အဲဒါတွေထောက်ပြီးကြည့်လိုက်တော့မှ ဪ ကြိုးစားလိုက်မဟ၊ မရရအောင် နည်းယူပြီး သကာလ ခန္ဓာဉာဏ် လှည့်မဟဆိုတာကိုဖြင့် ပြင်းပြင်းထန်ထန် စိတ်ထားနဲ့ ကြိုးစားကြပါ (မှန်ပါ့ ဘုရား)။

အသိဉာဏ်ရှိသူက ကယ်တင်နေတာ

အဲဒါတွေကို ဘုန်းကြီးတို့အရင်းကျတဲ့ ဒကာ ဒကာမ တွေ ဖြစ်နေတော့၊ ဒကာကြွယ် အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကမှ ကယ်ယူဆောင်ကြဉ်းအလုပ်ကို မလုပ်တော့ပါဘူး ဆိုလို့ ရှိရင်ဖြင့်၊ ခင်ဗျားတို့ သဘောနဲ့ တဏှာရေထဲမှာ မျောနေတဲ့ မြုပ်မျောနေကြတဲ့ ပုဂ္ဂိုလ်တွေဟာ၊ ဒီလိုပဲ လျစ်လျူရှုထားမယ် ဆိုရင်ဖြင့်၊ ဒီတစ်ခါသည် လသာတဲ့အခါကလေးမှ ဗိုင်းငင်တဲ့ အလုပ်ကို ဒကာ ဒကာမ တွေမလုပ်၊ ကယ်ယူတဲ့ပုဂ္ဂိုလ်ကလဲ မကယ်ယူတော့ဘူး ဆိုလို့ရှိရင်ဖြင့်၊ ယူဇနာငါးဆယ်ပတ် လည်ရှိတဲ့ ရေနဲ့အမျှ ဒုက္ခတွေထဲမှာ မြုပ်လိုက်၊ မျောလိုက်၊ အသေကောင်ဖြစ်လိုက်၊ သူများနှိပ်စက်လို့ သူများ ပါးစပ်ထဲ သေလိုက်၊ သူများလှံချက် မိပြီးသေလိုက်၊ ဒကာကြွယ်တို့ ဦးလှဘူးတို့ ဒီအတိုင်းချည့် ဒုက္ခတွေ တွေ့ရတော့မယ် (မှန်ပါ့)။

အဲဒါတွေ ထောက်ပြီးသကာလ သော် ဒီဒုက္ခဟာ ဘာမှမဖြစ်လောက်ပါလား (မှန်ပါ) ဒီဒုက္ခကလေး ဟာ ဘာမှ မဖြစ်လောက်ဘူး၊ အခု တရားနာတဲ့ဒုက္ခဟာ မဖြစ်လောက်ဘူး (မဖြစ်လောက်ပါ ဘုရား) မဖြစ်လောက်ပါဘူး ဆိုပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက တွေးလိုက် (မှန်ပါ့ ဘုရား)။

ယူဇနာငါးဆယ်ရှိတဲ့ ရေနဲ့အမျှ ဒုက္ခတွေ အကုန် ဆုတ်လျော့သွားတယ်ဆိုလို့ရှိရင်ဖြင့် ကျုပ်တို့ဒီဒုက္ခကို ဦးလှဘူး ဒုက္ခထဲတောင်သွားဖို့မလိုပါဘူး (မှန်ပါ့ ဘုရား)။

ကိုယ့်အရေးကိုယ်မသိကြလို့ဘုရားကဟောရတာ

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌ ကိုယ့်အရေးကိုယ် မသိလို့ဘုရားက ရေကန် ဥပမာ၊ ရေမှုန် ဥပမာတွေနဲ့ လိုက်ခြင်းကို သေသေချာချာ စဉ်းစားတော့ ခင်ဗျားတို့က ငါးပါးအာရုံ ကာမဂုဏ်ထဲမှာ မြုပ်မှု မျောမှု အလုပ်တွေကို လုပ်နေတဲ့ဥစ္စာ ဒီဒုက္ခတွေကြိုက်လို့ လုပ်နေ တာနဲ့ တူတယ် (မှန်ပါ့ ဘုရား)။

မြုပ်မှုမျောမှု အလုပ်ဆိုတာမျောနေလဲ မသက်သာ ဘူး၊ မြုပ်သွားကော (မသက်သာပါ ဘုရား) အဲဒီတော့ မျောမြုပ်ထဲမှာ နေကြရမည့်ပုဂ္ဂိုလ်တွေ ကိုယ့်ကိုယ်တိုင် မသိလို့ ရှောင်ဖယ်ရှောင်ဖယ်နဲ့ ညောင်းသလေး ညာသလေး ကိုက်သလေးခဲသလေး လူတွေကြပ်ဘိနဲ့၊ ချွေးတွေကထွက်ပါ ဘိသနဲ့၊ ခရီးဝေးပါဘိသနဲ့ ဆိုပြီး ဆင်ခြေလဲပြီး သကာလ နေလိုက်ရင်ဖြင့် ကယ်မည့်သူလာ တိုင်းပြေးတာနဲ့ အတူတူပဲ (တူပါ့ ဘုရား)။

ဒကာကြွယ် ဘာနဲ့တူပါလိမ့် (ကယ်မည့် သူလာတိုင်းပြေးတာနဲ့တူပါတယ် ဘုရား) ကယ်မည့်သူ လာတိုင်း ပြေးတာနဲ့ တူတယ်ဆိုတာတော့ ဪ ဘုန်းကြီးတစ်နေ့က ပြောသလို လည်ပင်းဂုတ်မှာ အနီကြီးနဲ့ ခွေးသည် ဆေးပေးမည့် သူလာလေ ပြေးလေ ဖြစ်နေလို့ ရှိရင်ဖြင့် ဘေးက ပညာရှိ တစ်ယောက်ကကြည့်မယ် ဆိုလို့ ရှိရင်ဖြင့် ဆေးခွက်ကိုင်တဲ့ ပုဂ္ဂိုလ်ဟာဖြင့် ပျောက်ခြင်းကို အလိုရှိတဲ့ ပုဂ္ဂိုလ်ပဲ၊ ပြေးတဲ့ ပုဂ္ဂိုလ်ဟာဖြင့် ပျောက်ခြင်းကို မနှစ်သက်တဲ့ ပုဂ္ဂိုလ်ပဲ (မှန်ပါ့ ဘုရား) မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ဒီပွဲမှာ သည်းညည်းခံပြီး သကာလ တရားနာကြလို့ရှိရင် ဆေးခွက်နဲ့ လိုက်တဲ့ ပုဂ္ဂိုလ်ဟာ အနာပျောက်အောင်ကုတော့မလို့ ဖြစ်သောကြောင့် အနာကု နေတဲ့ ဆေးဒဏ် ကြောင့် စပ်သလား၊ ခါးသလားဆိုတာ ခဏလေးတော့ တွေ့မှာပဲ (မှန်ပါ့) သို့ရာတွင် တစ်သံသရာလုံး ပျောက်မည့် ကမ္ဘာ့အနာ ခန္ဓာကြီးသည် ကားလို့ဆိုရင် ရောဂတောလို့ ဘုရားက ဟောထားတယ် (မှန်ပါ့ ဘုရား)။

ဆေးခွက်ကိုင်ရင်မပြေးကြပါနဲ့

ရောဂါအပြည့်ရှိနေတဲ့ ခန္ဓာကြီးကို ဝိပဿနာဆေး၊ မဂ်ဆေးနဲ့ ကုလိုက်ရလို့ ရှိရင်ဖြင့် ရောဂါ ခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို သေသေချာချာရောက်ရမှာ ဖြစ်သောကြောင့် ဆေးခွက်ကိုင်ပြီး တရားဟောတဲ့ ဆရာတော်ဟာ၊ ဒကာ ဒကာမတွေ ဝေဒနာသည်တွေကို ကုနေတဲ့ပုဂ္ဂိုလ်ကို၊ ခင်ဗျား တို့က အကုမခံတဲ့သဘောနဲ့ ပြေးခဲ့သည်ရှိသော်၊ ခုနင်က ခွေးကတော့ တိရစ္ဆာန်မို့ ပြေးတယ်လို့ ဆိုစရာ ရှိတယ်နော် (မှန်ပါ့) လူတွေက မနေဘူး၊ မကြိုး စားတော့ဘူး ဆိုရင် လူတိရစ္ဆာန်မို့ ပြေးတယ် ဆိုတဲ့ အဓိပ္ပာယ် ရောက်တယ် (ရောက်ပါတယ် ဘုရား)။

ဒါတွေ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်စဉ်းစားပြီး သကာလ၊ ဒကာ ဒကာမတွေ စဉ်းစားတော့မှ ဒို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ အလိုရှိတဲ့ပုဂ္ဂိုလ်က ကုသမ လို့ဟာ၊ အလိုရှိသလို ဝေဒနာပျောက်ဖို့ ဆေးရှိတဲ့ပုဂ္ဂိုလ်၊ ဆေးသိတဲ့ပုဂ္ဂိုလ်က ကုသခဲ့သည် ရှိသော်၊ အဆင်သင့် ခံယူဖို့ပဲ၊ ဒို့အရေး ဒို့အရေး ဆိုတာ ဒါပဲလို့ မှတ်ကြပါ (မှန်ပါ့) ဆေးကုသတဲ့အရေးဟာ ကိုယ့်အရေးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

ကိုယ်ကိုယ်တိုင်ကတော့ ဆေးလဲမသိဘူး၊ ကုရမှန်းလဲ မသိဘူး လည်ပင်းတရမ်းရမ်းနဲ့ သာလျှင် နက်ဖြန် ဘာဖြစ်နိုင် သန်ဘက် ဘာဖြစ်နိုးနိုးဆိုပြီး တောင်ကမြောက်ပြေး၊ မြောက်က တောင်ပြေးနဲ့ လည်ပင်းတရမ်းရမ်းနဲ့ ပြေးနေ တာပဲ (မှန်ပါ့ ဘုရား)။

မြောက်က တောင်ပြေးတယ်၊ မန္တလေးပြေးလိုက်၊ တောင်မြို့ ပြန်လာလိုက်၊ ဒီနေ့ နေရာမကျခဲ့၊ နက်ဖြန် နေရာမကျခဲ့၊ လည်ပင်း တရမ်းရမ်းနဲ့ တလှုပ်လှုပ်နဲ့ အနာတွေ ပေါက်လို့ပြေးနေတာ (မှန်ပါ့) ဘာနာတုံးလို့မေးတော့ ကိလေသာ ပူပန်တဲ့အနာ (မှန်ပါ) ဒီအနာမပျောက်သရွေ့ ပုဂ္ဂိုလ်တွေ အပြေး ရပ်ပါ့မလား (မရပ်ပါ ဘုရား) အပြေး မရပ်သရွေ့ ကာလပတ်လုံးလဲ ရောဂါမသက်သာလို့ ပြေးနေ ရတာပဲဆိုတာ သဘောပေါက်ကြပလား (ပေါက်ပါပြီ ဘုရား)။

ကိလေသာလောက်ကိုက်လို့

အဲဒါတွေကြည့်တော့မှ ငါတို့ရောဂါသည်ကားလို့ ဆိုရင်၊ တပြေးပြေး တလွှားလွှားနေတာ အိုခြင်းဆိုး၊ သေခြင်း ဆိုး ခေါင်းထဲသာလိုက်တယ်၊ ရောဂါ ကမပျောက်ဘူး (မပျောက်ပါ ဘုရား)

ဝိပဿနာမဂ်ဉာဏ်ဆေးမို့ ငါတို့သည် အေးအေးကလေး ကုတဲ့ပုဂ္ဂိုလ်ထံ အကုသမခံခဲ့သည် ရှိသော်၊ ငါတို့ဟိုပြေးဒီပြေး ဟာ ကိလေသာလောက်ကိုက်လို့ ပြေးတာလို့ မှတ်လိုက်ပါ (မှန်ပါ ဘုရား)။

ကိလေသာလောက်ကိုက်လို့ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ ကိလေသာ လောဘက လိုချင်တယ်၊ နက်ဖြန်လဲ သွားဦးမယ်၊ သန်ဘက်လဲ လာဦးမယ် ဆိုတာ လောဘလိုချင်မှု၊ ဒေါသ မကျေနပ်မှု၊ မောဟက ဘယ်လို ဘေးအန္တရာယ်တွေ တွေ့ပေမယ်လို့ ရှေ့နေပူ လေပူတွေနဲ့ တွေ့ကြုံငြား သော်လဲ မသိအောင် ဖုံးထားတယ် (မှန်ပါ့ ဘုရား)။

ရန်သူသုံးယောက်နှိပ်စက်နေတာ

ဒါဖြင့် ခင်ဗျားတို့ အဖြစ်တွေသည် ကိလေသာ လောက်လဲကိုက်ပြန်၊ ဒေါသလဲမကျေနပ်လို့ အပြေးခိုင်းပြန်၊ မောဟကလဲ ရှေ့အန္တရာယ်တွေကိုမသိအောင် ဖုံးဖိထားပြန် ဆိုတော့၊ ခင်ဗျားတို့ ရန်သူသုံးယောက်နှိပ်စက်နေတာကို အပြေးအလွှားခံနေရတယ်ဆိုလို့ရှိရင် ငြင်းစရာလိုသေးလား (မလိုပါ ဘုရား)။

ဒါကြပ်ကြပ် စဉ်းစားနားထောင်ပါ ဒကာ ဒကာမတို့ ဒကာကြွယ်ကြီးဖြစ်စေ၊ ဦးလှဘူးကြီးဖြစ်စေ၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဖြစ်စေ၊ ဒီကနေမန္တလေးပြေးတာဟာ အကြောင်းရှိလို့ ပြေးတာပေါ့ ဘုရား၊ ဒါပဲ ဖြေမယ် (မှန်ပါ့)။

ဘာအကြောင်း တုံးမေးလို့ ရှိရင် ကိလေသာ လောက်ကိုက်လို့ဘုရား (မှန်ပါ့) ဘာအကြောင်းတုံး မေးလို့ ရှိရင် လိုချင်မှု ကိလေသာလောက် ကိုက်လို့ဘုရား (မှန်ပါ့) တစ်နည်းအားဖြင့် ကိုယ်ရမှာကလေး မမီလိုက်မှာ စိုးရိမ်လောက်ကိုက်လို့ဘုရား (မှန်လှပါ ဘုရား) တစ်နည်း အားဖြင့် ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒကာကြွယ် အလကားပြေးတာလား ကိလေသာ လောက်ကိုက်လို့ပြေးတာလား (ကိလေသာ လောက်ကိုက် လို့ပါ ဘုရား)။

ကိလေသာလောက်ကိုက်လို့ ပြေးတာ မထင်ရှား ကြဘူးလား (ထင် ရှားပါတယ်) အဲဒီတော့ ဘေးကနေပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့ တကွ သူတော်ကောင်းတွေ ကြည့်တော့၊ ဪ ပြေး မည့်ခရီးကလဲ လေပူနေပူတွေနဲ့ သူခိုး၊ ဓါးပြကြားတွေပဲ ခလုပ်ကန်သင်းတွေ ကြားတွေထဲ (မှန်ပါ့) မော်တော် ကားများတိုက်လို့၊ မော်တော်ကားကပဲ လမ်းမှာချို့ယွင်းပြီး ချောက်ထဲ တွန်းချမလား မပြောနိုင်ဘူး (မှန်ပါ့ မပြောနိုင်ပါ ဘုရား)။

ကိလေသာလောက်ကလဲ အတင်းကိုက်နေတော့ မပြေးပဲ မနေနိုင်၊ အဝိဇ္ဇာကလဲ ဘေးအန္တရာယ် တွေ မသိအောင် ဖုံးထားတယ် (မှန်ပါ့)။

ဒီလိုနဲ့များ ဒကာ ဒကာမတွေ အဝိဇ္ဇာက အန္တရာယ် မသိအောင်ဖုံး၊ လောဘလောက်ကကိုက်၊ ဒေါသလောက်က မကျေနပ်လို့ ခဏခဏတွန်း၊ ဒီလိုနဲ့သွားရင်း မတ္တနဲ့ သက်ဆိုး ရှည်ပြီး သကာလ နေတယ်၊ နောက်ဆုံးပိတ်ကြတော့ သေပွဲ ဝင်ရမဲ့ အလုပ်ကော မရောက်ပေဘူးလား (ရောက်ပါ တယ် ဘုရား)။

ဒီဆရာဘုန်းကြီးကုမပေးရင်

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာမဂ် တည်းဟူသော လောကုတ္တရာမဂ်တည်း ဟူသော ဆေးနဲ့မှ ဒီဒကာ ဒကာမတွေ ကိလေသာလောက်ကိုက်နေတဲ့ ရောဂါကို၊ ဒီဆရာဘုန်းကြီး ကုသ မပေးတော့ပါဘူး ဆိုလို့ရှိရင် အဝိဇ္ဇာ မှောင်ကြီးက ရန်သူတွေကို တွယ်ပြီးသကာလ၊ အတိုး ခိုင်းတာပဲ ခင်ဗျားတို့ သေပွဲ ဝင်ရတော့မယ် (မှန်ပါ့)

လောက်ကိုက်လို့လဲ ငြိမ်းငြိမ်းမနေ နိုင်ဘူးဆိုတဲ့၊ ထပ်ပြန် တလဲလဲနဲ့ ဒကာကြွယ်တွန်းလိမ့်မယ် (မှန်ပါ့ ဘုရား)။ အဲဒီတော့လမ်းမှာ ဟပ်ထိုးလဲပြီး သေပွဲဝင်သွားမယ် ဆိုတော့၊ ဟဒီခွေးနာ ဘာဖြစ်တာတုံး ဆိုတော့ အို ခွေးနာသည်ကားလို့ ဆိုရင် ချောက်ကျသေတယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုဆုံးဖြတ်ချက်ချမလဲ- (ခွေးနာ ချောက်ကျ သေပါတယ် ဘုရား) ခွေးနာ လောက်ကိုက် တာနဲ့ ချောက်ကျ သေရှာပါတယ်ဘုရာ့ (မှန်ပါ့ ဘုရား)

ဒကာကြွယ် နာစရာမရှိပါဘူး (မရှိပါဘူး ဘုရား) ဖြစ်စဉ်ကော ကိုက်ပါရဲ့ လား (ကိုက်ပါတယ် ဘုရား)

အဲဒါ စိုးရိမ်တော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ သွားလာနေကြတာဟာ ကိုယ်သွားလာနေတဲ့ လမ်းခရီးကို ကြည့်ပါဦး အန္တရာယ်ကင်းလို့ ဘေးရှင်းတဲ့လမ်းလား (မဟုတ်ပါ ဘုရား)။

ဒီလမ်းကြီးချည့် ဘယ့်နှယ်ကြောင့် တစ်ပြေးတည်း ပြေး၊ တစ်လွှားတည်းလွှားပြီး သကာလ နေပါလိမ့်မတုံး မေးပြန်တော့ ဘာလောက်ကိုက်လို့လဲ (ကိလေသာ လောက်ကိုက်လို့ပါ ဘုရား)။

ဪ လမ်းကြမ်းတဲ့ ကိလေသာလောက် ကိုက်လို့ ပြေးတော့ အဝိဇ္ဇာမှောင်ကြီးကလဲ ပိတ်ဆီးထား ပြန်တော့ အန္တရာယ်တွေ မမြင်၊ ဘေးရန်တွေ မမြင်၊ မာန်တွေ မမြင်ဆိုတော့ အန္တရာယ်တွေ၊ မာန်တွေ-ဒကာကြွယ် နေရာတိုင်းရှိတယ် (ရှိပါတယ် ဘုရား)။

ဒီအထဲ အတင်းတိုးပြီးသကာလ ကိလေသာလောက် ကိုက်တယ်၊ လောဘက မြန်မြန်သွားတဲ့၊ ဒီရန်ထဲမှာပဲ နင်တိုးတဲ့ နင့်သက်တမ်း နင်အလကားဖျန်းတဲ့ဆိုပြီး သကာလ၊ တွန်းထိုးပြုပြီး ဒီသုံးယောက် ဝိုင်းပြီးနှိပ်စက် လိုက်တာ ဒကာ ဒကာမတွေ အနေဆင်းရဲပြီး သကာလ အသေငရဲပွဲ ရောက်ရတော့မယ် (မှန်လှပါ ဘုရား) မရောက်ရပေဘူးလား (ရောက်ရပါတယ် ဘုရား)။

နိဗ္ဗာန်ပို့မလို့ဟောနေတာ

အဲဒါတွေကို စိုးရိမ်လို့ ဆရာဘုန်းကြီးသည် ဒီဒကာ ဒကာမတွေအား ကိလေသာ လောက်တွေ ကိုလဲ ဝိပဿနာမဂ် လောကုတ္တရာမဂ်တည်းဟူသော ဆေးတွေနဲ့ “သေအောင် ကျေအောင် လုပ်ပေးမယ်” ရှေ့အန္တရာယ်တွေ ရှိတာကိုလဲ အဝိဇ္ဇာကို ဝိဇ္ဇာဖြစ်အောင် လုပ်လို့ရှိရင်ဖြင့် အန္တရာယ်တွေ၊ မာန်တွေ၊ ရန်တွေမြင်ပြီး သကာလ သူတို့သည် အဝိဇ္ဇာချုပ်လို့ တဏှာသေခဲ့သည် ရှိသော်၊ လောက်ကိုက်လဲ သက်သာ ချောက်ကျလဲ လမ်းဆုံးပြီး သကာလ နေစရာလဲကောင်း၊ သေစရာ မရှိတဲ့ နိဗ္ဗာန် ပို့မလို့ ဟောနေတဲ့ တရားပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

ဒါဟာ စကားပြောကောင်းလို့ အသွယ်အဝိုက် ကောင်းလို့ မထင်နဲ့၊ ကိုယ့်ဖြစ်စဉ်ကိုက် ပြောတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတွေ တောင်ကမြောက်သွား၊ မြောက် ကတောင်သွားတာ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ) ဘာဖြစ်လို့ပါလိမ့် (ကိလေသာလောက် ကိုက်လို့ပါ ဘုရား) ကြောက်စရာကြီး ပါလား (ကြောက်စရာကြီးပါ ဘုရား)။

ကိလေသာလောက် ကိုက်သတဲ့နော် (မှန်ပါ့) ဒကာ ဒကာမတို့ ဘာဖြစ်ကြသတုံး (ကိလေသာ လောက် ကိုက်ပါတယ် ဘုရား) ကိလေသာလောက်က ဘယ်သူ ကိုက်တာပါလိမ့်မတုံး မေးတော့ ခန္ဓာကိုက်တာ (မှန်ပါ့ ဘုရား)။

ကိလေသာလောက်ကိုက်တာ ဘယ်သူ ကိုက်တာ ပါလိမ့် (ခန္ဓာကိုက်ပါတယ် ဘုရား)။

ခန္ဓာကိုက်တော့ လောက်ကိုက်တဲ့ပုဂ္ဂိုလ်သည် ပြေးမိ ပြေးရာ မပြေးပေဘူးလား (ပြေးပါတယ်) ပြေးမိပြေးရာ ပြေးတော့ကို ချောက်တွေ ကျင်းတွေ ကန်သင်းတွေနဲ့ မတိုက်မိ မခိုက်မိပေဘူးလား (ခိုက်မိပါတယ် ဘုရား)။

အဲ လောဘရှိလာပြီဆိုမှဖြင့် ဒေါသကလည်း အတင်းမောင်းနှင်ပြီးသကာလ၊ မောဟဆိုတဲ့ တရားက ချောက်ကျင်း မမြင်အောင် လုပ်ပြီဆိုမှဖြင့် လူသေမသေရ၊ ခွေးသေသေရဆိုတဲ့ အဓိပ္ပာယ် ဒကာကြွယ်ဦးလှဘူးတို့ မရောက်ကြပေဘူးလား (ရောက်ပါတယ် ဘုရား)။

ကိလေသာလောက်ကောင်သေမှအပြေးရပ်မယ်

အဲဒါကြောင့် ကိလေသာ လောက်ကောင်သေမှသာ လျှင်၊ ဒကာ ဒကာမတို့ ကျုပ်တို့မှာ အပြေးရပ် တော့မယ်(မှန်ပါ့) သဘောကျပလား (ကျပါပြီ) မျက်စိကလေး မြင်အောင်လုပ် ပေးမှ သာလျှင်လဲ အန္တရာယ်တွေ ရှိကြောင်း မြင်တော့တယ် (မှန်ပါ့) အန္တရာယ်ရှိကြောင်း သိပြန်တော့လည်း ဒီလမ်း မတိုးတော့ဘူးပေါ့ဗျာ (မှန်ပါ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာတည်းဟူသော မှောင်ရန်သူတွေ ပေါလှတဲ့ မှောင်ကိလေသာ တည်းဟူသော လောက်ကိုက် သူကို ယနေ့ ဇာတ်သိမ်းရအောင် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဝိဇ္ဇာ အမှောင်ကြီးကို ယနေ့ အလင်းပေးရ အောင် (မှန်ပါ့) ကိလေသာ လောက်တွေကိုလဲ ယနေ့ မဂ်ဆေး ဝိပဿနာဆေးနဲ့ အသက်အရေးကို ကြီးစွာသော အရေးလုပ်ပြီးသကာလ သတ်ကြ ရအောင်၊ ဒီတရားပွဲ ကြိုးစားကြပါလို့ တိုက်တွန်းတယ်နော် (မှန်ပါ့ ဘုရား)။

ဟိုဒကာ ဒကာမတွေကြည့်လိုက်ပြန်လဲ ဖျာယာ ခတ်နေတယ်၊ ဒီဒကာ ဒကာမတွေ ကြည့်လိုက်ပြန်လဲ ဖျာယာ ခတ်နေတာပဲ (မှန်လှပါ) အားလုံးသော ဒကာ ဒကာမ တွေကို အိမ်လိုက် ကြည့်တော့ အငြိမ် မရှိဘူးဗျ၊ သူတို့အိမ် ကြည့်ရတာ ဣနွေရလိုက်တာဆိုတဲ့ အိမ်များရှိသေးရဲ့ လား (မရှိပါဘူး ဘုရား) ဟာ ဒါဖြင့် ဒီဘက်အိမ်ကမရှိဘူး၊ ဟိုဘက်အိမ်က ဘာဖြစ်နေသတုံး မေးပြန်တော့ ပျာယာခတ် နေတာပဲ(မှန်ပါ့) သဘောကျပလား (ကျပါပြီ) တစ်ခါဈေးချို တစ်ခုလုံး လျှောက်ကြည့် ပြန်တော့လဲ ဘာဖြစ်နေသတုံး (ပြာယာခတ်နေပါတယ် ဘုရား)။

ဟာ ဘာဖြစ်တာတုံး ဣန္ဒြေမရ တည်တည် ကြည်ကြည်မနေရ၊ ဟာ-ဘာဖြစ်ကြပါလိမ့်မတုံးလို့ ဉာဏ်မျက်လုံးလေးနဲ့ ဒကာကြွယ်တို့၊ ဦးလှဘူးတို့က ကြည့် လိုက်တာပေါ့ဗျာ(မှန်ပါ့) ကြည့်လိုက်တော့ မမြင်သေးဘူးလား (မြင်ပါတယ် ဘုရား) ဪ ရောဂါသည်တွေ ပါလား (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမယ်-(ရောဂါသည်တွေပါ ဘုရား)။ ရောဂါသည်တွေပါလားဆိုတာ ငြင်းလို့ရမလား (မရပါ ဘုရား)။

ဒီရောဂါတွေပျောက်တဲ့ဆီ ပြေးတာလား၊ ချောက်ကျ မည့်ဆီ ပြေးတာလားလို့၊ ဒီရောဂါ ကိုလည်း ဒီရောဂါနဲ့ ဒီနေရာတွင် ဝပ်သေမှာလား၊ ဟိုပြေးဒီပြေးနဲ့ ချောက်ကျင်း တွေထဲ ကျသေမှာ ပဲလား၊ ရောဂါကိုလည်း မေးပါဦး (ချောက်ကျင်းတွေထဲ ကျသေမှာပါ ဘုရား) အံမာလေး နေတော့ ရောဂါနဲ့ သေတော့ ချောက်ကျင်းကျတယ် (မှန်ပါ့) ဘယ်မှာ သက်သာခွင့်ပါကြရဲ့လား (မပါပါ ဘုရား)။

အနေဆိုးနေပြီး၊ အသေဆိုးသေတယ်

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အနေ ဆိုး အသေဆိုးဖြင့် သွားလေရဲ့(မှန်ပါ့) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) ဒကာကြွယ် ဘယ်နေရာ ကောင်းခန်းပါသေးသလဲ (မပါပါ ဘုရား)။

ဒါတွေ အခြေအနေဆိုးကို သေစေချင်တဲ့ ဝိပဿနာ မဂ်နဲ့ ကိလေသာလောက်တွေကို သတ်ရ လိမ့်မယ်(မှန်ပါ့) အသေဆိုး မသေစေချင်လို့ရှိရင် အဝိဇ္ဇာက ဝိဇ္ဇာဖြစ်မှပဲ စိတ်အေးရတော့မယ် (မှန်လှပါ ဘုရား) ဒါမှအမြင်မှန် ရမှာ ကိုးဗျ (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ဒကာ ဒကာမတွေ ဘယ်သူ ပျာယာခတ်လို့ သိန်းပေါင်းများစွာ ချမ်းသာ သတဲ့ဆိုတာ ဝမ်းမသာလို့ ပြောတာ မဟုတ်ပါဘူးနော် (မှန်ပါ့) သူ့မှာ လောက်ကိုက်တဲ့ အနာကြောင့် မသက်သာတာကြီးကိုသာ ဘုန်းကြီးတို့မြင်နေလို့ သနားတာပါ (မှန်လှပါ ဘုရား)။

လောက်ကိုက်နာနဲ့ ခွေးသည် ပြေးမိပြေးရာ ပြေးနေခဲ့ သော် ချောက်ကျင်းမှ ကျပါ့မလား (ကျပါတယ် ဘုရား) လောက်ကိုက်တဲ့ခွေးဟာ အလင်းနေချင်လား၊ အမှောင် ပြေးချင်လား အကဲခတ်စမ်းပါဦး-(အမှောင်ပြေးချင်ပါ တယ် ဘုရား) ဪ အဝိဇ္ဇာ အမှောင်ထုကြီးထဲမှာ ပြေးချင်တယ် ဆိုတာ မသေချာဘူးလား (သေချာ ပါတယ် ဘုရား)။

ဒကာကြွယ်ရေ အားလုံး ဒကာ ဒကာမတွေကို အင်မတန် ကရုဏာရှေ့ထားပြီးသကာလ၊ ကိလေသာ လောက်ကိုက်လို့ မှောင်ထဲချည့် ပြေးနေတာတွေ မြင်နေ သောကြောင့်၊ လောက်ကိုက်တာ ကလဲ မသက်သာ ချောက်ထဲ ကျတာကလဲမကောင်း၊ အသုဘဖြစ်မှာစိုးလို့ လောက်ကိုက် နာကို ကုမကွ၊ အမှောင်နဲ့ အလင်း ခွဲခြားပြီး အလင်းကလေး ရအောင်ကိုလဲ မျက်စိနှစ်ကွင်း အလင်းကလေး ရအောင် ကြိုးစားပေးမယ်ဆိုပြီး ဟောနေရတာ (မှန်ပါ့) လွယ်ကူ ပါ့မလား (မလွယ်ကူပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အံမာလေး ဒကာ ဒကာမတွေက ငါပြောတာ ဘာပြော တာပါလိမ့်မတုံးဆိုတာကော ယနေ့တော့ ရိပ်မိကောင်း – ပါပြီ (ရိပ်မိပါပြီ ဘုရား) ဘယ့်နှယ်ကြောင့်ပါလိမ့် (ကိလေသာလောက် ကိုက်လို့ပါ ဘုရား)။

ကိလေသာလောက်ကိုက်တဲ့ ပုဂ္ဂိုလ်ဟာ လမ်းရွေး သေးသလား (မရွေးပါ ဘုရား) ရမယ်ဆို ဘယ်လမ်းဖြစ်ဖြစ် (ပြေးပါတယ် ဘုရား) ဘယ်လမ်းက အန္တရာယ်ကင်း သတုံးဆိုတော့ မဂ္ဂင်လမ်းသာ အန္တရာယ် ကင်းတယ် လောကီလမ်းတွေက အန္တရာယ်ကင်းတာရှိရဲ့လား (မရှိပါ ဘုရား)။

ဟာ-မကင်း ကင်းကင်း ရမယ်ဆို သွားရမှာပဲ လောက်ကလဲ ကိုက်ပြန်၊ ဒကာ ဒကာမတွေ ရမယ်ဆိုတဲ့ လောက်က ကိုက်ပြီး နေပြန်တော့ သွားမိသွားရာ သွားတဲ့ အခါကျတော့ အန္တရာယ် မကင်းတဲ့ အခါ ရောဂါဥပါဒ် အန္တရာယ်တွေ များတဲ့အထဲ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား) အဲဒါကလဲ အမှောင်ကိုခွင်းနိုင်တဲ့ အလင်းဝိဇ္ဇာမရလို့ ဖြစ်ရခြင်း ဖြစ်ပါတယ် (မှန်လှပါ ဘုရား) သိပ်ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)။

ကိလေသာလောက်ကိုက်တဲ့ဘဝချည်းပဲ

တစ်သံသရာလုံး တပည့်တော်တို့ ဘယ်လိုနေ ဘယ်လိုသေခဲ့ပါလိမ့်မတုံးဘုရာ့လို့ ဆိုတော့ ကိလေသာ လောက်ကိုက်ပြီး ချောက်ကျသေခဲ့တဲ့ ဘဝချည်းပဲ (မှန်ပါ့)။

ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ကိလောသာလောက် ကိုက်ပြီး ချောက်ထဲကျသေတဲ့ ဘဝချည်းပါ ဘုရား) ကိလေ သာလောက်ကိုက်ပြီး ချောက်ကျချည့်သေခဲ့ရတာချည်းပဲ (မှန်ပါ့) ခွေးဖြစ်ပြန်လို့ ရှိရင်လဲ ဒီဘက်က ကိလေသာလောက် ကိုက်ပြန်တယ် (မှန်ပါ့) သေမိသေရာ သေတော့ တာပဲ (မှန်ပါ့) ဟို ခေါက်ဆွဲဖိုဝင်စားလို့ ရေနွေးပူနဲ့ အပက်ခံပြီး သေလိုက်ရတဲ့ ဖြစ်ခြင်းတွေ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ကိလေသာလောက် ကိုက်တော့၊ ခေါက်ဆွဲဖိုမှ စားရလိမ့်မယ်ထင်တော့ ကိလေသာ လောက်ကလဲ ခေါက်ဆွဲ ဖို တွန်းလွှတ်တဲ့အခါကျလို့ရှိရင်၊ ခေါက်ဆွဲဖိုကနေပြီး သကာလ ဒီအနားမှာ ငါတို့ဝယ်ထားတဲ့ သားငါးတွေ သူပဲ စားတတ်တာပဲဆိုပြီး၊ ရေနွေးပူနဲ့ ပက်တော့ သေခြင်းဆိုး မသေရ ဘူးလား (သေရပါတယ် ဘုရား) လောက်ကိုက် လို့ သွားမိသွားရာ သွားပြန်တော့ သေခြင်းဆိုး သေရတယ် (မှန်ပါ့ ဘုရား)။

ဒီဒကာ ဒကာမတွေလဲ အခု ဘယ့်နှယ် ဖြစ်နေသတုံး ဆိုတော့၊ ဒကာကြွယ်တို့ ဦးလှဘူးတို့ မေးခဲ့သော် ဘယ့်နှယ် ဖြေကြပါမလဲ (လောက်ကိုက်ပါတယ် ဘုရား) ကိလေသာ လောက်ကိုက်ပြီး သွားမိသွားရာသွားလို့ ဘယ်မှာ ငှက်ဖျား သင့်ပြီး သေသတဲ့ဘုရာ့ (မှန်ပါ့) ဘယ်မှာ ကားတိုက် လို့တဲ့၊ ဘယ်မှာဘာဖြစ်လို့တဲ့၊ မကြားရဘူးလား (ကြားရပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် အဲဒီအသေဆိုးကြီးတွေ သေရ ပါလိမ့်မတုံးဆိုတော့ လောက်ကိုက် အတည်တကျ နေမရ လို့ပါ (မှန်ပါ့) ဘယ်လိုဆိုကြပါ့မလဲ (လောက် ကိုက်လို့ အတည်တကျ မနေရပါ ဘုရား) ဒါ လူတိုင်း အလုပ်နော် (မှန်ပါ့)။

အဲဒီတော့ ဘုန်းကြီးများက ကိလေသာ ခပ်သိမ်းငြိမ်း တဲ့ မဂ် ရေစင်ဖျန်းလို့ (မှန်ပါ့) သွားမိ သွားရာ ရန်သူထဲသွား မည့် ဥစ္စာကိုလဲ မမြင်၊ ဝိဇ္ဇာဓာတ်ကြီးကိုပေး၍ ကိလေသာ လောက်တွေကို မဂ်ရေစင်နဲ့ ဖျန်းပြီးသေစေ၊ အမြင်ဓာတ် ဖြစ်တဲ့ ဝိဇ္ဇာဓာတ်တွေကို ပေးရလို့ရှိရင်ဖြင့်၊ လောက်မကိုက် သောကြောင့် မပြေး၊ မပြေးလို့ သေခြင်းဆိုး မသေရ (မှန်ပါ့)။

ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ လောက်မကိုက်သောကြောင့် ပြေးရသေးရဲ့ လား (မပြေးရပါ ဘုရား) ပြေးမိပြေးရာ မပြေးလို့ သေခြင်းဆိုး သေစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာနဲ့ တဏှာပဲ၊ တဏှာတည်းဟူသော လောက်ကိုတော့ အဝိဇ္ဇာမှောင်ကြီးက ဖုံးထားတော့ ပြေးမိ ပြေးရာပြေး၊ သေခြင်းဆိုးချည့် သေရတဲ့ ဘဝတွေ နည်းနည်း နောနောဘဝတွေ မဟုတ်သည် ဖြစ်လေသောကြောင့်၊ ဒီ တစ်ခါဖြင့် လောက်သေဆေးနဲ့ မျက်စိနှစ်ကွင်း အလင်းရတဲ့ ဆေး ပေးရတော့မယ် (မှန်ပါ့ ဘုရား)။

တောင်းပန်ပြီးကုပေးနေသော

ဒါကို ခင်ဗျားတို့ မျက်စဉ်းခပ်ပေးမည့် ကြံရင် ပြေး ပြီး သကာလ မနေလိုက်ပါနဲ့ (မှန်ပါ့ ဘုရား) ဆေးခွက် ကိုင်ပြီး လောက်တွေကို သတ်ပေးမလို့ လာတာကိုလဲ မြင် တိုင်း မပြေးလိုက်ပါနဲ့ဆိုတဲ့ ဥစ္စာကိုလဲ ဒကာကြွယ် တောင်း ပန်ပြီး ကုနေရတယ် (မှန်ပါ့) ဘယ်လိုလုပ်ပြီး ကုသရ ပါလိမ့် (တောင်းပန်ပြီး ကုသရမှာပါ ဘုရား)။

တောင်းပန်ပြီး ကုသနေရတယ်ဆိုတော့၊ ခင်ဗျားတို့ အတွက်မှာဖြင့် အတော် ကျက်သရေ ယုတ်တယ် (မှန်ပါ့ ဘုရား) ရောဂါကို တောင်းပန် ကုနေရပါတယ် ဆိုကတည်းက ရောဂါသည်ဟာ အရူးဖြစ်နေတယ် (မှန်ပါ့) ဘယ့်နှယ်ဆိုကြမလဲ (ရောဂါသည်ဟာ အရူး ဖြစ်နေပါတယ် ဘုရား)။

အံမာလေး ရောဂါလဲရသေးတယ်၊ အရူးကလဲ ရူးလိုက်သေးတယ်ဆိုလို့ရှိရင်ဖြင့် ကိုယ်ကျိုးဖြင့် နည်းပေါ့ (နည်းပါတယ် ဘုရား)- တယ်လဲ ဆိုးဝါးပါလား (ဆိုးဝါးပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အေး ဒါကြောင့် ဒီတစ်ခါ ဆေးကုခံချင်ခံ ဟုတ်လား (မှန်ပါ့) မျက်စဉ်းပေးလို့ရှိရင်လဲ အလင်း ရလိမ့်မယ်၊ ကိလေသာ လောက်တွေလဲ မဂ်ရေစဉ်ဖျန်းလို့ ရှိရင်ဖြင့် ကိလေသာလောက်တွေ သေလို့ ရှိရင်ဖြင့် နိရောဓ ဆိုတဲ့ ဓုဝနိဗ္ဗာန်၊ သုခနိဗ္ဗာန်၊ အမတနိဗ္ဗာန်ဆိုတာတော့ဖြင့် ရောက်တော့မှာပဲ (မှန်ပါ့ ဘုရား) ကဲ ဒါဖြင့် ရောက်အောင် ကြိုးစားကြစို့နော် (မှန်ပါ့ ဘုရား)။

ဝိပဿနာမဂ်ကို ရှေးဦးစွာလုပ်ရမယ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီဟာလောက်တွေ ကိုက်တာနဲ့ အမှောင်ကို အလင်းရဖို့ အရေးဟာ ဘာလုပ် ရမှာပါလိမ့်မတုံးလို့ မေးလို့ရှိရင်ဖြင့် အားလုံး ဒကာ ဒကာမ တွေ ဝိပဿနာမဂ်ကို ရှေးဦးစွာ လုပ်ရမယ် (မှန်ပါ့ ဘုရား) အဲ ဝိပဿနာမဂ်ကို ရှေးဦးစွာ လုပ်ရမယ် သေချာပလား (သေချာပါပြီ ဘုရား)။

ဝိပဿနာမဂ် ရင့်ကျက်လာလို့ရှိရင် လောကုတ္တရာ မဂ်ဟာ ဝိပဿနာမဂ်က အနန္တရပစ္စည်း (မှန်ပါ့) လော ကုတ္တရာမဂ်က အနန္တရပစ္စည်း၏ ပစ္စယုပ္ပန် (မှန်ပါ့) အခြား ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဝိပဿ နာမဂ်နဲ့ ကိလေသာလောက်တွေကို သေစေပြီး သကာလ လောကုတ္တရာမဂ်နဲ့ “ဝိဇ္ဇာဥဒပါဒိ အာလောကော ဥဒပါဒီ” ဆိုတဲ့ အလင်းကိုဖြင့် ပေးတော့မှာပဲဆိုတဲ့ဥစ္စာ ဒကာကြွယ် တို့ ဦးလှဘူးတို့ သေသေချာချာကြီး မှတ်ပေတော့ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဝိပဿနာမဂ်၊ လော ကုတ္တရာမဂ် မဂ်ဘယ်နှစ်မျိုး ရှိပါလိမ့် (နှစ်မျိုးပါ ဘုရား) ဝိပဿနာမဂ် အနန္တရပစ္စည်း၏ ပစ္စယုပ္ပန် (မှန်ပါ့) ဒါက စာလိုသုံးတာ (မှန်ပါ့ ဘုရား)။

ဝိပဿနာမဂ်ကအကြောင်း

မြန်မာလို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နားလည်မှု ပြောကြပါစို့ ဆိုတော့၊ ဝိပဿနာမဂ်က အကြောင်း လောကုတ္တရာမဂ်က (အကျိုးပါ ဘုရား) အဲ ဝိပဿနာမဂ် အားထုတ်မှ လောကုတ္တရာမဂ် ရမယ် (မှန်ပါ့) ဝိပဿနာ မဂ်အားမထုတ်ခဲ့သော် (လောကုတ္တရာမဂ်မရပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိလေသာ လောက်ကိုက် တာကို သေချင်လို့ရှိရင် ဝိပဿနာမဂ်ကို လုပ်ပါ (မှန်ပါ့) အာလောကော ဥဒပါဒိ ဆို တဲ့ သွားတဲ့ နေရာမှာ မဂ်ကိုလုပ်ပါ (မှန်ပါ့) အာလောကော ဥဒပါဒိဆိုတဲ့ သွား တဲ့နေရာမှာအလင်းရမှ အန္တရာယ်ကိုရှောင်နိုင်တယ်ဆိုတာ သိရအောင်တော့ဖြင့် လောကုတ္တရာမဂ်ကို အရောက်အား ထုတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

သို့သော် လောကုတ္တရာမဂ်ကို ဒကာသစ်တို့ ခုန်တက် လို့ရပါ့မလား (မရပါဘူး ဘုရား) ဘယ်မဂ်မှ ရပါလိမ့် (ဝိပ ဿနာမဂ်ရမှ လောကုတ္တရာမဂ် ရမှာပါ ဘုရား) ဝိပဿနာ ) မဂ်ရမှ လောကုတ္တရာမဂ်ရလိမ့်မယ် ဆိုတာကိုလဲ သေသေ ချာချာတ်ပါ (မှန်ပါ့ ဘုရား)ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ ဘယ်မှာ ဟောပါလိမ့်မတုံး မေးတဲ့အခါကျ တော့၊ နိဒါနဝဂ္ဂသံယုတ်မှာ ကြည့်လိုက်တဲ့ အခါကျတော့ သုသိမသုတ်မှာ ဘယ်လိုဟောသတုံးဆိုတော့

“ပုဗ္ဗခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ” သုသိမ- သုသိမပရိဗိုဇ်၊ ပုဗ္ဗေ- ရှေး အဖို့၌၊ ဓမ္မဋ္ဌိတိဉာဏံ- ဝိပဿနာဉာဏ်သည်၊ ဟောတိ- ဖြစ်၏။

မင်း တို့ ရှေးဦးစွာလုပ်ရမှာက ဝိပဿနာဉာဏ်တဲ့ (မှန်ပါ့)။

“ပစ္ဆာ နိဗ္ဗာနေ ဉာဏံ” ပစ္ဆာ- နောက်ကာလ၌၊ နိဗ္ဗာနေ ဉာဏံ= နိဗ္ဗာန်ကို အာရုံပြုနိုင်တဲ့ မဂ်ဉာဏ်သည်၊ ဟောတိ- ဖြစ် ၏။

နောက်မှလောကုတ္တရာမဂ်ဉာဏ် လာပါ တယ်ကွာတဲ့ (မှန်ပါ့ ဘုရား) ဒါဖြင့် ရှေ့ကဘာမဂ်တုန်း (ဝိပဿနာမဂ်ပါ ဘုရား) နောက်ကဘာမဂ်တုန်း (လောကုတ္တရာမဂ်ပါ ဘုရား)။

ဝိပဿနာမဂ်ရှေးဦးစွာကြိုးစားပါ

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာမဂ်ကို ရှေးဦးစွာကြိုးစားပါလို့ ဒကာကြွယ်တို့ တိုက်တွန်းတယ် (မှန်ပါ့ ဘုရား)မှတ်ထားနော် (မှန်ပါ့) ၊ လောကုတ္တရာမဂ်ကတော့ ဖြစ်ပျက်ဆုံးတာကို မြင်တယ် (မှန်ပါ့ ဘုရား)။

ဝိပဿနာမဂ် ဘာမြင်ပါလိမ့် (ဖြစ်ပျက်မြင်ပါ တယ် ဘုရား) မှတ်ထားနော် (မှန်ပါ့) လောကုတ္တရာမဂ်က တော့ ဖြစ်ပျက်ဆုံးတာကိုမြင်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်စမှ၊ ဖြစ်ပျက်ဆုံးမြင်မှာပေါ့ (မှန် ပါ့) ဝါးအစကိုမမြင်ဘဲနဲ့ ဝါးအဆုံးကို ဒကာကြွယ်တို့၊ ဦးလှဘူးတို့ မြင်ချင်ပါတယ်ဆို (မမြင်ပါဘူး ဘုရား) ဝါးမှမတွေ့တဲ့ ပုဂ္ဂိုလ်ဟာ ဝါးအစလဲ မတွေ့ပါဘူး၊ ဝါးအဆုံးကော (မ တွေ့ပါ ဘုရား) ဝါးအစတွေ့လို့ ဝါးအဆုံးလိုက်မယ် ဆိုရင် ကောဗျာ (တွေ့ပါတယ် ဘုရား)။

အဲ ဝိပဿနာမဂ်ရပြီးလို့ ကိလေသာလောက်သေပြီ ဆိုမှဖြင့်၊ ဒကာ ဒကာမတို့ လောကုတ္တရာမဂ် ဆိုတဲ့အလင်းကြီး ဟာ ရပါတယ် (ရပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားကိုပဲ ဝိပဿနာမဂ်ကိုပဲ စကြပါဆိုတဲ့ အဓိပ္ပာယ်ကိုပဲ ပြောရတော့တယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဝိပဿနာမဂ်လုပ်ဖို့ သင်လဲသင်မယ်နော်၊ ခန္ဓာထဲလဲ ဉာဏ်လှည့် လိုက်ပါ။ ဒီအချိန် ကလေး ဉာဏ်လှည့်လိုက်တာ ခင်ဗျားတို့ စကြဝတေးမင်း စည်းစိမ် ချမ်းသာတွေ ထက် သာတယ်လို့ အောက်မေ့ပါ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်တစ်ချက်မြင်တာကမြတ်တယ်

ဒီအချိန် တစ်ချက်လောက် လှည့်လိုက်ရရင်ပဲ “ဧကာ ဟံ ဇီဝိတံ သေယျော” ဆိုတဲ့အတိုင်း၊ အသက်တစ်ရာ ရှည်ရ တာထက် ဖြစ်ပျက်တစ်ချက် မြင်ရတာက မြတ်ပါတယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဓမ္မပဒပါဠိတော်မှာ ဟောထားတဲ့ အတိုင်း၊ ရှေးဦးစွာ ဝိပဿနာမဂ်ကို ရမှသာလျှင် လောကုတ္တရာမဂ်ကို ရနိုင်တယ်လို့၊ နိဒါနဝဂ္ဂ သံယုတ်သုတ် တော်မှာ သုသိမပရိဗိုဇ်ကို ဟောထားသည်ဖြစ်လေ သောကြောင့်လဲ ကျုပ်တို့သည် ရှေ့ပိုင်းက စပြီး လုပ်ကြပါစို့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘာစလုပ်ရမလဲ (ဝိပဿနာ မဂ်လုပ်ရပါမယ်) ရှေ့ပိုင်းကစပြီး ဝိပဿနာမဂ် ကို လုပ်ကြ ပါစို့ (မှန်ပါ့)

အားလုံး ဒကာ ဒကာမတွေ ဒါ ကိလေသာလောက်ကိုက်တာ ကုတော့မလို့ (မှန်ပါ့) ပြီးတော့မှ မျက်စိအလင်း ကုရမှာ (မှန်ပါ့ ဘုရား)။

ကိလေသာ လောက်ကိုက်တာ ဝိပဿနာဉာဏ်နဲ့ အရင်လုပ်ပါမှ ဒကာ ဒကာမတို့၊ လောကုတ္တရာမဂ် ရနိုင် တယ်ဆိုတာလဲ သေချာပလား (သေချာပါပြီ) အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ငါက ဆေးသမား ကြီးကွာ၊ မင်းတို့က လူနာသည်တွေကွတဲ့ (မှန်ပါ့ ဘုရား)။

ဘုရားက ဘာတဲ့ (ဆေးသမားကြီးပါ ဘုရား) ဒကာ ဒကာမတွေက ဘာလဲ (လူနာသည်တွေပါ ဘုရား) အဲဒီ ဆေးသမားနဲ့ လူနာသည်ကားလို့ ဆိုရင် ဆေးသမားက ပညာသည်မှတ်လိုက်စမ်း (မှန်ပါ့) လူနာသည်တွေ ကတော့ဖြင့်၊ အနာရှိလို့လဲ ရှိမှန်းမသိဘူး (မှန်ပါ့)။ အနာလွန်မှ သိပြန်တော့လဲ ကုလို့မရပါဘူး (မရပါ ဘုရား)။

အဲဒါကြောင့် အခု ဒကာ ဒကာမတွေအတွက်မှာ စဉ်းစားရတာကဖြင့်၊ ဒကာ ဒကာမတို့ အနာကလဲ မလွန်သေး၊ ဆေးသမား၏ ဆေးတွေက ဘုရားသခင် ကိုယ်တော် မြတ်ကြီး၏ ဆေးတွေ ထားပစ်ခဲ့တော့၊ ဘုန်းကြီးကလဲ ဆေးသမားဖြစ်ပြီး ကုသပေးနေတဲ့ အချိန်မှာ၊ အနာမလွန်ခင် ဆေးကလေး တွေ့ကြလို့ရှိရင်ဖြင့်၊ ခင်ဗျားတို့သည် လောက် ကိုက် ပျောက်ပြီး သကာလ အလင်းရ သောကြောင့်၊ ငြိမ်ငြိမ် နေတဲ့ သန္တိလက္ခဏာ ရှိတဲ့နိဗ္ဗာန်ကြီးရပါလိမ့်မယ် (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဘယ်ဟာ အားထုတ်ရမှာတုံးလို့ မမေးပါနဲ့

ကဲ ဒါဖြင့် ကြိုးစားကြပါစို့ဆိုတာ တရားတစ်ပွဲ လုံးကပဲ ဆုံးဖြတ်ချက်ချကြပါတော့ (မှန်ပါ့ ဘုရား) တရားတစ်ပွဲလုံး ဆုံးဖြတ်ချက်ချကြပါစို့ ဆိုလို့ရှိရင်၊ ဒကာ ဒကာမတို့ ဘယ်ဟာ အားထုတ် ရမှာတုံး၊ အို ဒကာ ဒကာမတို့ ဘယ်ဟာ အားထုတ်ရမှာတုံးလို့ မမေးပါနဲ့တော့ ဒီခန္ဓာကြီးထဲမှာ စိတ်ဟာလဲ ခန္ဓာပဲ (မှန်ပါ့) ဝေဒနာ ကော (ခန္ဓာပါ ဘုရား) ရုပ်ဟာကော (ခန္ဓာပါ ဘုရား) သညာ သင်္ခါရတွေကော (ခန္ဓာပါ ဘုရား) ဪ ဒါဖြင့် ကိုယ့်ခန္ဓာကို ကိုယ်ကြည့်ကြစို့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာမဂ်ဆိုတာ ဘာပါ။ လိမ့်မတုံးလို့ မေးလို့ရှိရင် ကိုယ့်ခန္ဓာ ကိုယ်ကြည့်တာ ဝိပဿနာမဂ် (မှန်လှပါ ဘုရား) ဘယ်လိုမှတ်ကြမယ် (ကိုယ်ခန္ဓာကိုယ်ကြည့်တာ ဝိပဿနာမဂ်ပါ ဘုရား)။

ဝိပဿနာမဂ်ဆိုတာ

ဝိပဿနာမဂ်ဆိုတာ ကိုယ့်ခန္ဓာကိုယ် ကြည့်လို့ မြင်လို့ ရှိရင်ဖြင့် ဝိပဿနာမဂ်ဖြစ်တော့တာပဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) အဲဒါကြောင့် ဒကာ ဒကာမတို့ ဝိပဿနာမဂ်ဆိုတာ တခြားလား အောက်မေ့နေတယ်၊ ကိုယ့်ခန္ဓာကိုယ် ကြည့်ဖို့ပါပဲ (မှန်လှပါ ဘုရား)။ ရှင်းပလား (ရှင်ပါပြီ ဘုရား)။

ကိုယ့်ခန္ဓာကလဲ ဘုရား၊ ခန္ဓာငါးပါးတောင် ဘုရာ့ဆို တော့ ငါးပါးလုံး မကြည်နဲ့လို့ ဘုန်းကြီးက သတိပေးလိုက် တယ် (မှန်ပါ့) ဝေဒနာပေါ် ရင် ဝေဒနာတွင်ကြည့်ပါ (မှန်လှပါ ဘုရား) စိတ်ပေါ်ရင် (စိတ်ကိုကြည့်ပါ) စိတ်ကို ကြည့်ပါဆိုတော့ ဝိညာဏက္ခန္ဓာကို ကြည့်တာပေါ့ (မှန်ပါ့ ဘုရား)။

ကြည့်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမ တို့ မြင်တယ် မမြင်တယ် ဆိုတာ ဘုန်းကြီး ရှင်းပြမယ် (မှန်ပါ့) မြင်တယ်၊ မမြင်တယ်ဆိုတာ ရှင်းပြပါ့မယ် ဒကာ ဒကာမ တို့ သေသေချာချာ နားထောင်ပါ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဒကာ ဒကာမတို့၏ အသက်သည် ပထမစိတ်ဖြစ်တယ်၊ ပထမစိတ်နဲ့ လူရှင်ဖြစ်ရတယ်လို့ မှတ်လိုက်ပါ (မှန်ပါ့) ဒုတိယစိတ် ဖြစ်လာရင် (ဒုတိယစိတ်နဲ့ လူရှင် ဘုရား) ပထမစိတ်နဲ့ (ပထမစိတ် နဲ့ ရှင်ပါတယ်) ပထမစိတ်နဲ့ လူရှင်နော် (မှန်ပါ့) ဒုတိယ စိတ်ဖြစ်လာရင် (ဒုတိယစိတ်နဲ့ ရှင်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ပထမစိတ်နဲ့ လူရှင်သည် ဒုတိယ စိတ်ဖြစ်တဲ့ အခါကျတော့ကို ဒကာ ဒကာမတို့ အသေမဖြစ် သေးဘူးလား (ဖြစ်ပါတယ် ဘုရား) ဒုတိယစိတ်က အရှင် ဖြစ်နေပြီ (မှန်ပါ့ ဘုရား) ကဲ ဒုတိယစိတ်က ရှင်နေပြန်တော့ ဒုတိယစိတ်ကလဲ ဖြစ်ပြီး ပျက်သွားတဲ့ သဘောကလေး နဲ့ ကုန်ဆုံး သွားတော့ တတိယစိတ်နဲ့ အသက်မရှင်ရဘူးလား (ရှင်ရပါတယ် ဘုရား) ဒါဖြင့် ဒုတိယစိတ်နဲ့ ဒကာကြွယ်၊ တစ်ယောက် ဦးလှဘူး တစ်ယောက် ဆုံးရှုံးတယ် သေသွား ပြီဆိုလို့ရှိရင်ဖြင့် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အသေကို ကိုယ်ကြည့် တာ ဝိပဿနာ (မှန်ပါ့) ကိုယ့်ခန္ဓာ ကိုယ် ကြည့်တာ (ဝိပဿနာပါ ဘုရား) ကိုယ့်အသေကိုယ်မြင်တာ (ဝိပဿနာပါ ဘုရား) ဪ ဒါဖြင့် ဒကာကြွယ် နေရာ ကျပါပေါ့လား (မှန်ပါ့) နေရာကျပါပေါ့လား၊ ဒကာ ဒကာမတို့။ ကိုယ့်အသေ ကိုယ်မြင်တာ (ဝိပဿနာပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီအသေတွေကို မမြင်ကြလို့ ဒကာကြွယ်ရေ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတွေ ဖြစ်ဖို့ ဆုတောင်းကြတာ (မှန်ပါ ဘုရား) ဒီအသေတွေ ခဏ ခဏသေနေတဲ့ အသေတွေကို မမြင်ကြတဲ့ အတွက်၊ ဘုန်းကြီး တို့ ဒကာ ဒကာမတွေ နောက်ဘဝ လူဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်တဲ့ တဏှာ လာတာကိုးဗျ (မှန်ပါ့ ဘုရား)

ဒီ အသေမြင်ချင်ကြရင်ဖြင့် ဖြစ်တဲ့တဏှာကြီးပွားချင်တဲ့ ကိလေသာဆိုတဲ့ လောက်တွေ သေရမယ် (မှန်ပါ့ ဘုရား) မသေပါနဲ့ဆိုလို့ (မရပါ ဘုရား)။

မရပါဘူးဆိုသဖြင့် ဪ ဒကာ ဒကာမတို့ ကိလေသာလောက်ကိုက်လို့ ဟိုပြေး၊ ဒီပြေး တာဟာ အသေ မမြင်လို့ပါလား (မှန်ပါ့ ဘုရား) ပေါ်လာတယ်နော် (ပေါ်လာပါတယ် ဘုရား)။

ခွေးနာလောက်ကိုက်လို့ပြေးနေတာ

ကိလေသာ လောက်ကိုက်လို့ ဟိုပြေး ဒီပြေးနဲ့ မန္တလေးပြေးလိုက်၊ တောင်မြို့ပြန်လာလိုက်၊ ဒီကနေ ရန်ကုန် ပြေးလိုက်၊ ရန်ကုန်ကနေ လှည့်ပြန်လာလိုက်၊ ဟာ-တစ်ခါ တည်း ဒေါင်ချာစိုင်းလို့ (မှန်ပါ့ ဘုရား) တစ်ခါတလေ ကျတော့ တချို့သော ပုဂ္ဂိုလ်ကျတော့ သေခဲ့ရတာပါပဲ (မှန်ပါ့ ဘုရား) ပြန်လာတဲ့ဆီ ရောက်သေးရဲ့ လား (မရောက်ပါ ဘုရား) မှောင်ထဲခွေးနာ ပြေးသလို ပြေးရလို့ ချောက်ကျ (မှန်ပါ့) ခွေးနာလောက်ကိုက်လို့ ပြေးတော့ ချောက်ကျပြီးသေရ (မှန်ပါ့ ဘုရား)။

ဒီအဓိပ္ပါယ်တွေချည့်ပဲ ဒကာ ဒကာမတွေ၊ သံသရာ တစ်ခုလုံးမှာ မဆုံးနိုင်အောင် ပြေးလား- လွှားလား ချောက် ကျလားနဲ့ပဲ အချိန်ကုန်ခဲ့ရတယ် (မှန်လှပါ ဘုရား)။

ဘာနဲ့ အချိန်ကုန်ခဲ့ရသလဲ (ပြေးလား-လွှားလားနဲ့ အချိန်ကုန်ခဲ့ရပါတယ် ဘုရား) ပြေးလား- လွှားလား ချောက် ကျပြီး သကာလ သေခဲ့ကြေခဲ့ရတဲ့ ဘဝတွေ များလွန်းလို့ ဒကာ ဒကာမတွေ တယ်ဆိုတဲ့ ကိလေသာ လောက်ပါလား ဆိုပြီး လောက်နိုင်ခြေကို အရင်ပေးနေတယ်ဆိုတာကို ဒကာကြွယ် ဦးလှဘူးတို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။

လောက်နိုင်ဆေးအရင်ပေးနေရတယ် (မှန်ပါ့) လောက်နိုင်ဆေး ဘာပါလိမ့်မတုံးဆိုတော့ ကိုယ့်အသေ ကိုယ်မြင်တဲ့ဉာဏ် (မှန်ပါ့) ကိုယ့်အသေ ကိုယ်မြင်တဲ့ဉာဏ် သည် ကိလေသာလောက်ကို သေစေနိုင်တဲ့ ဉာဏ်ဆေးပဲ (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဥပမာ လယ် လွန်းတဲ့စက်ဘီး တစ်ခုရှိပါတယ်။ စက်လည် ဒီဇယ်ထည့် မောင်းမောင်း ဓာတ်ဆီထည့်မောင်းမောင်း ဒကာကြွယ် ဘီးကြီးက သိပ်လည်တာပဲ (လည်ပါတယ် ဘုရား) ဟာ တစ်မိနစ်ဆိုလျှင် နှစ်ထောင်လောက်လည်တယ် နှစ်ထောင့်ငါးရာလောက် လည်တယ်ဆိုပါတော့ (မှန်ပါ့) စိတ်တွေလဲ ဒီလိုပါပဲတဲ့၊ တစ်စိတ်ပြီးတစ်စိတ် ဖြစ်နေတာပဲ ဒီလိုလည် ဖြစ်နေတာပဲ ဆိုတာကို မှတ်ထားကြစမ်းပါ (မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ မှတ်ထားကြတဲ့အခါကျတော့ ဒကာ ဒကာမတို့ ကိုယ့်စိတ်ဟာလဲ ကိုယ်ရှုကြတော့ ဆိုတဲ့ အဓိပ္ပာယ် သည် ဒကာ ဒကာမတို့ မနက်ထစဉ်းစားကြစမ်း၊ အိပ်ရာက နိုးလာတော့ နိုးလာတဲ့ စိတ်ကလေး မလာဘူးလား (လာပါတယ် ဘုရား) နိုးတဲ့စိတ် ကလေးဟာလဲ ဖျတ်ဆိုနိုး လာပြီး သကာလ နိုးမှန်းသိတဲ့ စိတ်ကလေးကလဲ နောက်က လိုက်မလာဘူးလား (လာပါတယ် ဘုရား) အဲဒီအချိန်မှာ နိုးမှန်းသိတဲ့ စိတ်ကလေးဟာ ရှိသေးရဲ့ လား (မရှိပါ ဘုရား) နိုးမှန်းသိတဲ့စိတ်သာ ရှိတော့တယ်ဆိုတာ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ကောင်းပြီး ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး က သေသေချာချာ ဟောတယ် နော် “အဘိက္ကန္တ ပဋိက္ကန္တနဲ့” လာလိုက်တဲ့ဖြစ်ခြင်း၊ မသိရမည့် နေရာများ ရှိသေးသလား (မရှိပါ ဘုရား) အဲဒါဟာ ကိုယ့်အသေ ကိုယ်သိခိုင်းနေတာလို့ မှတ်လိုက်စမ်းပါး (မှန်ပါ့ ဘုရား)။

ကဲ နိုးတဲ့စိတ်ကလေးဟာ နိုးမှန်းသိပြီးသကာလ ဒီနိုးမှန်းသိတဲ့ စိတ်ကလေးဟာ ထမှပါပဲ ဆိုတာနဲ့ စိတ်ကလေး လာတော့ ခုနင်က နိုးမှန်းသိတဲ့ စိတ်ကလေး ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။

မရှိတော့ နိုးမှန်းသိတဲ့ စိတ်ကလေးက အနိစ္စ ဟုတ်လား (မှန်ပါ့) မရှိဘူးလို့ သိတာကလေးက (မဂ္ဂ ပါ ဘုရား) ဒီလိုကလေး လိုက်ပေးပါတဲ့၊ အခုတော့ ဒကာ ဒကာမတွေက ဒီလို ဝိပဿနာမဂ် မလိုက်ဘဲ ဖြစ်နေတော့ နိုးပြီးနိုးလို့ ရှိရင်ဖြင့် လဘက်ရည် အခန်းရင် လဲသွားမယ်၊ ကုဋီကျင်ငယ် အခန်းရင်လဲ သွားမယ်လို့ဆိုတော့ ဒီကြားထဲ မဂ်မသွင်းဘူးဗျ (မှန်ပါ့) သွင်းသေးရဲ့ လား (မသွင်းပါ) နိုးမှန်းသိတဲ့ စိတ်ကလေးဟာ ရှိသေးသလား မရှိတော့ဘူးလား ဆိုတာ ဒကာကြွယ်ရေ ဝိပဿနာ ရှုရမယ် (မှန်ပါ့ ဘုရား)။

ရှုလိုက်တဲ့အခါကျတော့ နိုးတဲ့စိတ်ကလေးသည် ရှိသလား မရှိဘူးလားလို့ တွေးလိုက်တာ ပေါ့ဗျာ (မှန်ပါ့) တွေးလိုက်တဲ့ အခါကျတော့ နိုးတဲ့စိတ်ကလေး ရှိသေး သလား (မရှိပါ ဘုရား) အဲ မရှိတာ ဘာခေါ် ကြမယ် (အနိစ္စပါ) မရှိမှန်းသိတာက (မဂ္ဂပါ ဘုရား)။

ဝိပဿနာမဂ္ဂ ဖြစ်လာတော့ ဪ ဒကာ ဒကာမတို့ နိုးပြီးလဲသေပြန်တာကိုး (မှန်ပါ့) ဘယ့်နှယ် ဆိုကြမလဲ နိုးပြီးလဲသေပြန်တာပဲ (မှန်ပါ့) နိုးကာ ရှိသေးတယ် တစ်ယောက်သေပြန်ပြီ ဒကာကြွယ်ရ (မှန်လှပါ ဘုရား) နိုးတဲ့လူတွေ ရှိသေးရဲ့လား (မရှိပါ ဘုရား) နိုးတဲ့စိတ်ကလေး (မရှိပါ ဘုရား) နိုးပြီး ဘာဖြစ်သွား ပါလိမ့် (သေသွားပါတယ် ဘုရား) နိုးပြီး သေသွားတယ်ဆိုတဲ့ အဓိပ္ပာယ်လဲ မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

ကိုယ့်အသေကိုယ်မြင်တာ ဝိပဿနာ

ဒါဖြင့် ဝိပဿနာဆိုတာ ဒကာ ဒကာမတို့ ကိုယ့်အသေ ကိုယ်ကြည့်တာ ဝိပဿနာ (မှန်ပါ့) ကိုယ့်ခန္ဓာ ကိုယ်ကြည့်တာ (ဝိပဿနာပါ ဘုရား) ကိုယ့်အသေကိုယ် မြင်တာ (ဝိပဿနာပါ ဘုရား)။

နိုးတဲ့စိတ်ကလေးကို ရှိ မရှိ နောက်က ဒကာကြွယ် တို့၊ ဦးလှဘူးတို့ အကဲခတ်လိုက်စမ်းပါ (မှန်လှပါ) အကဲ ခတ်လိုက်တဲ့ စိတ်လာရင် ဘယ့်နှယ်တုံး (သေသွား ပါတယ် ဘုရား) ဪ အိပ်ရာက နိုးပြီး သေသွားပြန်ပြီ (မှန်ပါ့) ကိုယ့်အသေ ကိုယ်မမြင်လိုက်ဘူးလား (မြင်ပါတယ် ဘုရား)။

အဲ ဝိပဿနာမဂ်နဲ့ ကြည့်ပြီဆိုမှဖြင့် ကိုယ့် အသေကိုယ်မြင်တော့တယ် (မှန်ပါ့) မမြင်ဘူးလား (မြင်ပါတယ်) ဒါဖြင့် နိုးတဲ့စိတ်က အနိစ္စ၊ နိုးတဲ့စိတ် မရှိတာကို သိတာက (မဂ္ဂပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီလို သိထားတဲ့အခါကျတော့ ဒီနေ့ အိပ်ရတာ နိုးရတာဖြင့် ကောင်းလိုက်တာပဲ ဆိုတဲ့ တဏှာ လာသေးရဲ့လား (မလာပါ ဘုရား)။

နောက် ဒီလိုချည့်ပဲ နိုးပရစေ၊ ဒီလို ကောင်းကောင်း အိပ်ပြီး ကောင်းကောင်း နိုးချင်တဲ့ ဥပါဒါန်တွေ စွဲလမ်းမှုတွေ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒီလိုလာလို့ရှိရင် ကာယကံ ဝစီကံနဲ့ ပေါ့ပေါ့ပါးပါး လိုက်ဦးမယ်လေ၊ ကာယကံ၊ ဝစီကံနဲ့ပဲ ကျုပ်ဖြင့် ဒီနေ့ အိပ်ရတာ ပေါ့ပေါ့ပါးပါး လိုက်ဦးမယ်လေ၊ ကာယကံ၊ ဝစီကံနဲ့ပဲ ကျုပ်ဖြင့် ဒီနေ့ အိပ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ ထ, နိုင်တယ်၊ ဆိုနိုင်တယ်၊ ပြောနိုင်တယ် ကြည်ကြည် လင်လင်ပဲ အစရှိသည်နဲ့ ကာယကံ၊ ဝစီကံတွေ မလာပေဘူး လား (လာပါတယ်) အဲဒီလိုလာတော့ တဏှာ၊ ဥပါဒါန်၊ ကံတွေက မဆက်ဘူးလား (ဆက်ပါတယ်) တဏှာ ဥပါဒါန်ကံတွေ ဆက်တော့ ဇာတိ ဇရာ မရဏ နေပါ့မလား (မနေပါ ဘုရား)။

ကိုယ့်အသေကိုယ်မမြင်ရင် တဏှာဆက်တယ်

ဒါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ပဲ စဉ်းစားပါတော့၊ ကိုယ့်အသေကိုယ်မမြင်တဲ့ ပုဂ္ဂိုလ်ဟာ တဏှာ ဥပါဒါန်ကံ ဆက်တယ် (မှန်ပါ့ ဘုရား)။

ကိုယ့်အသေကိုယ်မမြင်တဲ့ ပုဂ္ဂိုလ်ဟာ (တဏှာ ဥပါဒါန် ကံဆက်ပါတယ်) ကိုယ့်အသေ ကိုယ်မြင်တဲ့ ပုဂ္ဂိုလ် ကျတော့ တဏှာ ဥပါဒါန်ကံ ဆက်သေးရဲ့လား (မဆက် ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ပဲ ဝေဖန်ပါတော့၊ ကိုယ့် အသေ ကိုယ်မြင်တာ ဘာခေါ်ကြမယ် (ဝိပဿနာပါ ဘုရား) ဟုတ်ပြီ “ဧကစိတ္တသမ ယုတ္တာကိုးဗျ” တစ်ခုသော စိတ်နဲ့ အသက်ရှူနေတဲ့ လူတစ်ယောက် တစ်ယောက်မှာ နှစ်စိတ်နဲ့ အသက်မရှင်ပါဘူးတဲ့ (မှန်ပါ့) တစ်စိတ်နဲ့ အသက်ရှင် နေတာ ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) နိုးတော့ ဘယ် သူနဲ့ အသက်ရှင်နေသတုန်း (နိုးစိတ်နဲ့ အသက်ရှင်နေ ပါတယ် ဘုရား)။

အဲဒီနိုးစိတ်ကလေးကို နောက်ကနေ ကြည့်တာပေါ့ ဒကာ ဒကာမတို့၊ ဘယ်လောက်ပဲ စိတ်တွေ ခြားခြား နောက် ကနေပြီး ကြည့်လိုက်တဲ့အခါကျတော့၊ နိုးစိတ်ကလေးဟာ ကြည့်တဲ့စိတ် ပေါ်လာတော့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဘာရှိနိုင်ပါ့မလဲ ဒကာ ဒကာမတို့ ကြည့်တဲ့စိတ်နဲ့ အသက်ရှင်နေရတာပဲ၊ နိုးတဲ့စိတ်က သေပြီးသား ဖြစ်နေ တယ် (မှန်ပါ့) ဒါဖြင့် အသေကို အရှင်ကနေကြည့်တာ ဘာခေါ်ကြမယ် (ဝိပဿနာပါ ဘုရား) အသေကို အရှင်က နေ မကြည့်ရင် ပဋိစ္စသမုပ္ပာဒ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အသေကို အရှင်ကနေ မကြည့်ရင် ပဋိစ္စသမုပ္ပါဒ်

အသေကို အရှင်ကနေ မကြည့်ရင် (ပဋိစ္စ သမုပ္ပါဒ်ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် ဒုက္ခသစ္စာတန်းပြီ (မှန်ပါ့ ဘုရား) အသေကို အရှင်ကနေကြည့်ရင် (ဝိပဿနာ ပါ ဘုရား)။

အသေကို အရှင်ကနေပြီး မကြည့်လို့ရှိရင် ဒုက္ခသစ္စာ ပွားပေါ့ (မှန်ပါ့) ဒီစကား မသေးပါဘူး ဒကာကြွယ်၊ ဉာဏ်နားနဲ့ ထောင်ကြည့်မှ ဒကာ ဒကာမတို့ ကြီးကျယ်မှန်း သိတယ် (မှန်ပါ့ ဘုရား) ဉာဏ်နားနဲ့ ထောင်ကြည့်မှ ဒကာ ဒကာမတို့ ကြီးကျယ်မှန်း သိတယ်ဆိုတာ သေသေချာချာ မှတ်လိုက် စမ်းပါ (မှန်ပါ့ ဘုရား)။

အသေကို အရှင်ကသိတော့ ဘာတုံး (ဝိပဿ နာပါ ဘုရား) အသေကို အရှင်က မသိလို့ ရှိရင်ဖြင့် အဝိဇ္ဇာ ပစ္စယာသင်္ခါရာ (မှန်ပါ့ ဘုရား)။

ဒါကလေးနှစ်လုံးရတာနဲ့ပဲ ဪ သံသရာဆက်ပုံ နဲ့ သံသရာပြတ်ပုံဟာ တယ်ခြားနားပါလား ဆိုတာ ကောင်းကောင်းကြီး ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဒကာသစ် မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

အသေကို အရှင်ကမြင်တော့ ဘာတဲ့ (ဝိပ ဿနာပါ ဘုရား) ဟုတ်သားပဲ ရှေ့သေတာကို နောက် ရှင်နေတဲ့ ဝိပဿနာဉာဏ်နဲ့ အသက်ရှင်တော့ အဲ ဒီဉာဏ်က ကြည့်လိုက်တဲ့ အခါကျတော့ အသေက အနိစ္စ၊ အရှင်က မဂ္ဂ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

သေတော့ သေတာပဲ၊ ရှင်တော့ ရှင်နေတာပဲတဲ့၊ ရှင်တဲ့စိတ်တွေ မကြည့်တဲ့စိတ်တွေ လာမယ် (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။

မကြည့်တဲ့စိတ်တွေ လာတဲ့အခါကျတော့ဖြင့် အသေ စိတ်က ဒုက္ခသစ္စာကို မသိတဲ့စိတ် လာနေတော့ ဒုက္ခသစ္စာ မသိတော့ ဒုက္ခေအညာဏံ ဆိုတဲ့ အဝိဇ္ဇာ လာတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အသေကို အရှင်က မသိလို့ ရှိရင် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ (မှန်ပါ့) အသေကို အရှင်ကသိလို့ ရှိရင် (ဝိပဿနာပါ ဘုရား)။

ဒီနှစ်လုံးကို မမေ့ပါနဲ့

ဒီနှစ်လုံးကို မမေ့ပါနဲ့ (မှန်ပါ့) အသေကို အရှင်က သိရင် (ဝိပဿနာပါ) အသေကို အရှင်က မသိရင် (ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)။

အို ဒီနှစ်လုံးဟာ ဒကာကြွယ်၊ ပထမတစ်လုံးက ဘုရားပွင့်တာ (မှန်ပါ့) ဒုတိယ နောက် စကားက ဘုရား ပရိနိဗ္ဗာန်စံတာ (မှန်ပါ့) ဘုရား ပရိနိဗ္ဗာန်စံသွားတော့ ခင်ဗျား တို့ သန္တာန်ဟောမည့် ပြောမည့် ပုဂ္ဂိုလ်မရှိတာဘဲ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် အသေကို အရှင်ကသိရင် ဘုရားပွင့် တာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) အသေကို အရင်ကမသိလို့ရှိရင် ဘုရားပရိနိဗ္ဗာန်စံတာ (မှန်ပါ့) ခင်ဗျားတို့ သွန်သင်တဲ့ပုဂ္ဂိုလ် မရှိတော့ဘူး (မှန်ပါ့) ရှိသေးရဲ့ လား (မရှိပါဘူး)

အသေကိုအရှင်ကသိရင်ဝိပဿနာ

အသေကိုအရှင်က သိရင်- (ဝိပဿနာပါ ဘုရား) ဝိပဿနာတဲ့၊ ဒါဝိပဿနာဉာဏ်၊ ပေါ်လာတာ (မှန်ပါ့)

ဪ သေတာက အနိစ္စ၊ သိတဲ့ဉာဏ်က မဂ္ဂဆိုတော့ ဝိပဿနာမဂ် မဖြစ်လာဘူးလား (ဖြစ်လာပါတယ် ဘုရား) ရှင်းလို့ ဒကာကြွယ်ရေ (မှန်ပါ) မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

အသေကို အရှင်က မသိခဲ့သော် (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ ဘုရား) အသေကို အရှင်က မသိတော့ မသိတာ သည်ကားလို့ဆိုရင် ခဏခဏ စိတ်ကလေးတွေဟာ ပျက်စီး နေတယ်။ နိုးတဲ့စိတ် ကလေးဟာ ပျက်စီးနေတယ်။ နိုးတဲ့စိတ် ကလေး ပျက်စီးတာ သူမသိပါဘူးတဲ့၊ မသိတာက အဝိဇ္ဇာ (မှန်ပါ့) အဝိဇ္ဇာပစ္စယာ သင်္ခါရာဆိုတဲ့ တော်အောင် ရော်အောင် အလုပ်တွေ မလုပ်ပေဘူးလား (လုပ်ပါ တယ် ဘုရား)။

ဒါဖြင့် အသေကို အရှင်ကမသိရင် (အဝိဇ္ဇာ ပစ္စယာသင်္ခါရာပါ ဘုရား) သဘောကျပလား (မှန်ပါ့) ဒကာ ဒကာမတွေ ဒီတရားကြားရ ဒီလိုသိရတဲ့အခါကျတော့ ငါတို့ဟာ မသိအဝိဇ္ဇာ (မှန်ပါ့) သိတာ ဝိပဿနာ (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် ဝိပဿနာရှုတယ်ဆိုလို့ရှိရင် ဒါဘုန်းကြီးများက ကိလေသာ လောက်ကိုက် တာတော့ဖြင့် ဒကာကြွယ်ရေ လောက်သေတော့မယ် ဆိုတာ ရှင်းသွားတယ် (ရှင်းပါတယ် ဘုရား)။

အခု ပြောခဲ့တာတွေ ဒကာကြွယ်သေသည့်တိုင် အောင် မှတ်ထားပါ (မှန်ပါ့) ဘယ့်နှယ်ကြောင့် ဆရာ ဘုန်းကြီး အရေးတကြီး ထိပ်သံမှိုနှက်သည်ထက် မြဲအောင် သေသည့်တိုင် မှတ်ပါလို့ ဆိုရသတုံး ဆိုတော့ ဝိပဿနာလဲ ကင်းလိုက်ပါရော၊

‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဒုက္ခက္ခန္ဓဿ၊ သမုဒယော ဟောတိ’’ ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကြီးဟာ ဒကာ ကြွယ်တို့ မဆုံးတော့ဘူး (မှန်လှပါ ဘုရား) ဆုံးပါဦးမလား (မဆုံးပါ ဘုရား)။

ဒုက္ခက္ခန္ဓဿ သမုဒယောကြီး မဆုံးတော့ဘူး ဆိုလို့ ရှိရင် ဒုက္ခစက်ကြီးသာလည်တော့လို့ ပြောတာပဲ (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အသေ ကို အရှင်ကသိရင် (ဝိပဿနာပါ ဘုရား) အသေကို အရှင်ကမသိရင် (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ ဘုရား)။

ဒါဖြင့် ရှင်တော့ရှင်နေတာပဲ၊ မသိရင် ရှင်နေလို့ ရှိရင် ဖြင့် သော် စုံလုံးကန်းလမ်းသွားနေတာပဲ (မှန်လှပါ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (စုံလုံးကန်း လမ်းသွားနေ တာပါ ဘုရား) အသေကို အရှင်ကမသိဘူး၊ ရှင်တော့ရှင်နေ တယ် သူ့ဟာ (မှန်ပါ့) ရှင်ပြီးလုပ်ချင်တာတွေလုပ်၊ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ ရောင်းဝယ်ရေး တောင်ပြေးမြောက် ပြေး (မှန်ပါ့) ဒါတွေသာ လုပ်ပြီးသကာလနေတဲ့ အခါ ကျတော့ ဒကာ ဒကာမတို့သိတဲ့အတိုင်းပဲ စုံလုံးကန်း လျှောက်ပြေး နေတာ (မှန်ပါ့ ဘုရား)။

ရင်းချာလို့ ခပ်ကြမ်းကြမ်းဆုံးမနေရတော

ဘယ့်နှယ့် ဆိုပါ့မလဲ (စုံလုံးကန်းလျှောက်ပြေး နေပါတယ် ဘုရား) ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရင်းလို့ချာလို့ ခပ်ကြမ်းကြမ်းပြောပြီး သကာလ သွန်သင်ဆုံးမ နေရတယ်။ စုံလုံးကန်းက ဒီဥစ္စာ လေးလုံးရှိရင် ဒီထက် ဆိုးမယ်နော် (မှန်ပါ့ ဘုရား) လေးလုံးက ထည့်ရဦးမှာ အခုတော့ စုံဆိုတော့ နှစ်ခုထဲ ကန်းသေးတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ သံသရာရှည်ရတာ စုံလုံးကန်းရှည်နေ တယ်ဆိုရင် ရှေ့မှာရှိတဲ့ ခလုတ်လဲ စုံလုံးကန်းတိုက်ရမည့် ခလုတ်ပဲ (မှန်ပါ့) ရှေ့မှာရှိတဲ့ ကျင်းတွေကလဲ စုံလုံးကန်း ကျရမည့်ကျင်းတွေ (မှန်ပါ့) အရှေ့မှာရှိတဲ့ မြွေတွေကင်း တွေကလဲ စုံလုံးကန်းကိုက်မလို့ စောင့်နေတာတွေ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒီလောက် ဆိုးဝါးသွားမှာစိုးတဲ့အတွက် ဒကာဒကာ မတို့ အသေကိုအရှင်ကသိရင် ဘာခေါ်မယ် (ဝိပဿနာ ပါ ဘုရား) အသေကို အရှင်ကမသိရင် (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ) အဲ အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဆိုတာ စုံလုံးကန်း လမ်းသွားတာဆိုတာ (မှန်ပါ့ ဘုရား)။

အဲ တစ်သံသရာလုံး ကျုပ်တို့ တစ်ခါတလေ လူ့ပြည်အမိဝမ်းခေါင်းချောက်ထဲကျလိုက် (မှန်ပါ့) တော်တော်ကြာ ခွေးဝမ်းခေါင်းချောက် ဆိုတဲ့ ချောက်ထဲကကော (ကျပါတယ် ဘုရား) ဘယ့်နှယ်ကြောင့် ကျပါလိမ့်မတုံး (စုံလုံးကန်းသွားလို့ပါ ဘုရား)။

စုံလုံးကန်းလမ်းသွား ဘယ့်နှယ်ကြောင့် သွားဖြစ် ပါလိမ့်မတုံးဆိုတော့ အသေကို အရှင်က မသိလို့ (မှန်လှပါ ဘုရား) အသေကို အရှင်က မသိလို့ (မှန်လှပါ ဘုရား) အသေ ကို အရှင်က မသိလို့ဆိုတော့ ရှင်တော့ရှင်နေတာပဲ၊ စုံလုံး ကန်းရှင်ဖြစ်နေလို့ ချောက်တွေချည့် ကျနေတယ် (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါကြောင့် ယနေ့ဟောတဲ့တရားဟာ ဒကာ ဒကာမ တွေလဲ ဒီမြို့ရောက်မှဆိုရင်လဲ ဟောကို မဟော သေးပါဘူး (မှန်ပါ့) ဪ ဒါဖြင့် အသေကိုအရှင်က လို့ရှိရင် ဒါဝိပဿနာဉာဏ်အစစ် (မှန်ပါ့) ရှင်တော့ ရှင်နေတယ် တဲ့ စုံလုံးကန်းရှင်နေတော့ ကိုယ်သေတာ ကိုယ်သိသေးရဲ့ လား (မသိပါ ဘုရား) မသိတော့ မသိတာက အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)။

ကြောက်စရာကောင်းလိုက်တာ ဒကာ ဒကာမတို့ နဂိုတုန်းကလဲ အဝိဇ္ဇာပစ္စယာသင်္ခါရာက လာခဲ့တယ် (မှန်ပါ့) ယခုလဲ ဘာလုပ်နေပြန်ပါလိမ့်မတုံး (အဝိဇ္ဇာ ပစ္စယာ သင်္ခါရာလုပ်နေပါတယ် ဘုရား) အို ဒါဖြင့် အမှောင်ထဲကလာပြီး အမှောင်ထဲသွားပြန်ပါပြီ (မှန်ပါ့)

ဘယ့်နှယ်ဆိုကြမလဲ (အမှောင်ထဲကလာပြီး အမှောင် ထဲသွားပါတယ် ဘုရား)။

အမှောင်ထဲလာပြီး အမှောင်ထဲသွားတော့ ချောက် တွေကျင်းတွေဆိုတဲ့ ချောက်တွေ အမိဝမ်းခေါင်း ဆိုတဲ့ ကျင်းတွေဟာ စုံလုံးကန်းတို့၏ ကိန်းရာ အောင်းရာ ရောက်ရာ ဒုက္ခ ထောင်ကြီးတွေပဲ (မှန်ပါ့ ဘုရား) လွဲပါ့မလား (မလွဲပါ ဘုရား) အင်မတန်မဆိုးဝါးဘူးလား (ဆိုးဝါး ပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ အင်မတန် ကြားရကြုံရခဲ တော့၊ ဒီကိုယ့်အသေကိုယ်ကြည့်တဲ့ဥစ္စာ ဝိပဿနာဆိုတာ ကိုလဲ၊ ဒကာကြွယ်တစ်သက်နဲ့ တစ်ကိုယ်ကြားရတာ အင်မတန်ကြားရခဲတယ်နော် (မှန်ပါ့) မှန်လိုက်တာ (မှန်ပါတယ် ဘုရား)။ မှန်လိုက်တာလဲ လွန်နေတာပဲ (မှန်ပါ့)။

ကိုယ့်အသေကိုယ်မသိတောပဋိစ္စသမုပ္ပါဒ်ဆက်တာ

ကိုယ့်အသေကိုယ်မသိတာဘာတဲ့ (ပဋိစ္စသ မုပ္ပါဒ်ဆက်တာပါ) ကိုယ့်အသေကိုယ်မသိတော့ အသေဒုက္ခ သစ္စာ။ မသိတာက အဝိဇ္ဇာကိုးဗျ (မှန်ပါ့) ဒါဖြင့် “အဝိဇ္ဇာ ပစ္စယာသင်္ခါရာ” မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါကြောင့် ယနေ့တရား ဘုန်းကြီးတို့ ဘာများဆုံးမပါ လိမ့်မတုံး၊ ကိုယ့်အသေ ကိုယ်သိတာ (ဝိပဿနာပါ ဘုရား) ကိုယ့်အသေ ကိုယ်မသိတာ (အဝိဇ္ဇာပစ္စယာသင်္ခါ ရာပါ ဘုရား)။

ဪ တစ်သံသရာလုံး ဒီနှစ်ခုမှာ ဘယ်ဟာနဲ့ နေပါလိမ့်မလဲဆိုတာ၊ ကိုယ်ပိုင်ဉာဏ် ကိုယ်တိုင် အကဲခတ် ကြည့် ပေါ်လာလိမ့်မယ် (ပေါ်ပါတယ်) ပေါ်လာတော့ ဘယ်ဟာတွေ့ပါလိမ့်၊ ကိုယ့်အသေ ကိုယ်မသိတာ(ပဋိစ္စ သမုပ္ပါဒ်ဆက်တာပါ ဘုရား) ဒါနဲ့အချိန်ကုန်လာတယ် (မှန်လှပါ ဘုရား)။

ဘယ်လောက်များ နစ်နာတယ် ဆိုတာဖြင့် ဒကာ သစ်တို့ ပြောဖို့လိုသေးလား (မလိုပါ ဘုရား) ဦးလှဘူး အသေမစောလိုက်နဲ့ဦး၊ ကိုယ်အသေကိုယ်သိတဲ့အလုပ် လုပ် စမ်းပါ (မှန်ပါ့ ဘုရား)။

ကိုယ့်အသေကိုယ်သိပြီးမှ သေစမ်းပါ

နောက်က ဒကာ ဒကာမတွေ ဘုန်းကြီးဘာကို မေတ္တာရပ်ပါလိမ့်ဗျာ (ကိုယ့်အသေကိုယ်သိတဲ့ အလုပ် လုပ်ပါ ဘုရား) ကိုယ့်အသေ ကိုယ်သိပြီးမှ သေစမ်းပါလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ကိုယ့်အသေအနိစ္စ၊ ကိုယ်သိတာက မဂ္ဂ (မှန်ပါ့) ကိုယ့်အသေ ကိုယ်မသိတာက ဒကာ ဒကာမ တို့ အဝိဇ္ဇာ (မှန်ပါ့) ပြုချင်သလိုပြုတာက (သင်္ခါရပါ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။

ကိုင်း – ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကလည်း လမ်းနှစ်လမ်း ဟောတဲ့အနက် သမ္မာမဂ္ဂလမ်း၊ မိစ္ဆာ မဂ္ဂလမ်းလို့ မဟောခဲ့ဘူးလား (ဟောခဲ့ပါတယ် ဘုရား) သမ္မာမဂ္ဂလမ်းက ကိုယ့်အသေ ကိုယ်သိတာ (မှန်ပါ့ ဘုရား)

အဲဒီတော့ သမ္မာမဂ္ဂလမ်း၊ မိစ္ဆာမဂ္ဂလမ်းရယ်လို့ ဟောတယ်၊ အဲဒါတွေ ဝေဖန်ကြည့်တော့မှ ဒကာ ဒကာမတို့ ကိုယ့်အသေ ကိုယ်မသိတဲ့အချိန်များနေလို့ရှိရင် ဪ ငါသည်စုံလုံးကန်း လမ်းသွား နေပါပေါ့လား (မှန်ပါ့) ငြင်းစရာလိုသေးလား (မလိုပါ ဘုရား) ဒါကြောင့် ကိုယ့် အသေ ကိုယ်သိတဲ့ အလုပ်ဟာ ဘာခေါ်ကြမယ် (ဝိပဿနာပါ ဘုရား)။

ဒါဖြင့် မူလစကားလေး ပျောက်သွားရော့မယ် ဒကာ ဒကာမတို့ ဝိပဿနာ ရှေ့ထားရမယ်နော် (မှန်ပါ့) နိုးတဲ့ စိတ်ကလေးရှိမရှိ ရှုလိုက်စမ်းဒကာကြွယ် (မရှိပါ ဘုရား) မရှိတာအနိစ္စ၊ သိတာက (မဂ္ဂပါ) မရှိတာကိုသိတာဘာ -ခေါ်မယ်၊ ဝိပဿနာ (မှန်ပါ့ ဘုရား)။

မရှိတာသိတာက (ဝိပဿနာပါ) ဒီလိုနိုးတဲ့စိတ် ကိုလဲသိရမယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကလဲ ဟောထားတော့

“သယာနော ဝါသယာနောမိတ ိပဇာနာတိ” ကိုးဗျ (မှန်ပါ့) အိပ်တယ်ဆိုရင် အိပ်တယ်လို့ သိရမယ်။ နိုးတယ်ဆိုရင် (နိုးတယ်လို့သိရပါမယ် ဘုရား) အဲဒီကဲ့သို့ သိတဲ့စိတ်ကလေးနဲ့ဆိုတော့ ကိုယ့်အသေ ကိုယ်သိတာ (မှန်ပါ့)။

စိတ်တစ်ခုနဲ့ အသက်ရှင်တယ် ဆိုတော့ အရင်စိတ်က သေ နောက်စိတ်ကသိ၊ သဘော ကျပလား (ကျပါပြီ ဘုရား) အဲဒီနောက်စိတ် သေပြန်တော့ နောက်တတိယစိတ် ကသိဆိုတော့ ကိုယ့်အသေကိုယ် သိမသွားပေဘူးလား (သိသွားပါတယ် ဘုရား)။

ဘဝတွေဝီထိတွေဘယ်လောက်ခြားခြား

အဲဒါ ဘဝတွေ ဝီထိတွေ ဘယ်လောက်ခြားခြား သတိပဌာန်က ကိစ္စမရှိဘူး၊ ကြားထဲ ကိလေသာ မခြားဘဲနဲ့ သိရင်ပြီးတာပဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့တရားမှာ နှစ်လုံးတည်း ဟောနေတာမှ အိမ်ပြန်မပါလို့ရှိရင် ကိုယ်ကျိုးနည်းကြလိမ့်မယ် (မှန်ပါ့) မနည်းကြပေဘူးလား (နည်းပါတယ် ဘုရား)။

ကိုယ့်အသေကိုယ်သိတာ (ဝိပဿနာပါ ဘုရား) ကိုယ့်အသေကိုယ် မသိတာ (ပဋိစ္စသမုပ္ပါဒ် ဆက်တာပါ ဘုရား) ဒါလိုရင်းတော်တော်ဆိုက်တယ်နော် (မှန်ပါ့) ဒကာကြွယ် အကုန်မပြီးသေး ဘူးလား (ပြီးပါတယ် ဘုရား) ဝိပဿနာဉာဏ်မှာ အကုန်မပြီးသေးတဲ့သဘောကို ပြောနေ တယ်နော် (မှန်ပါ့) ကိုယ့်အသေကိုယ် မသိတိုင်း မသိတိုင်း သံသရာလည်နေတာ(မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (ကိုယ့်အသေ ကိုယ်သိ တိုင်း ဝိပဿနာလုပ်နေတာပါ ဘုရား) မသိတိုင်း မသိတိုင်း သံသရာလည်နေတာပါ ဒကာကြွယ်ရေ၊ ဒါဖြင့် ဝိပဿနာ သမားနဲ့ မလုပ်တဲ့လူနဲ့ဟာ ဝိပဿနာလုပ်တဲ့ သူကတော့ဖြင့် ကိုယ့်အသေ ကိုယ်မြင်တာကိုးဗျ (မှန်ပါ့) ဝိပဿနာမလုပ်တဲ့ ပုဂ္ဂိုလ်က ကိုယ့်အသေကိုယ် မမြင်တော့ အဝိဇ္ဇာပစ္စယာသင်္ခါ ရာဆိုတဲ့ စုံလုံးကန်းဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ် ဘုရား)

ကိုယ့်ကိုယ်ကိုယ်စစ်ဆေးကြည့်ပါ

အဲ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးကြည့်တာပေါ့၊ ငါ စုံလုံးကန်းချိန် ဘယ်လောက်တုံး၊ မြင်တဲ့အချိန် ဘယ် လောက်တုံး (မှန်ပါ့) တွေးကြည့်လိုက်ရင် သိပြီ၊ မသိသေးဘူးလား (သိပါပြီ ဘုရား) စုံလုံးကန်းတဲ့ အချိန်က ဘယ်လောက်တုံး၊ မြင်တဲ့အချိန်က ဘယ်လောက်တုံး မချိန်တတ်ဘူးလား (ချိန်တတ်ပါတယ် ဘုရား)။

အဲဒီတော့ စုံလုံးကန်းချိန်မှာတော့ ခလုတ်တွေ ကျင်း တွေ ကန်သင်းတွေဆိုတဲ့ သင်္ခါရ အလုပ်တွေ လုပ်ချင်တာ လုပ်လိမ့်မယ် (မှန်ပါ့) မြင်တဲ့ အခါကျတော့ ခုနင်က တဏှာဥပါဒါန် ကံတွေ မသေဘူလား (သေပါတယ် ဘုရား)။

ဒါဖြင့်ရနိုင်တဲ့ အချိန်ဟာ နည်းပြီးတော့ ရန်သူပွားတဲ့ အချိန်က များခဲ့သော် ကိုယ်ကျိုးနည်း ကြလိမ့်မည် (မှန်လှ ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြောရ တယ် ဒကာ ဒကာမတွေကလဲ ဪ ဘုန်းကြီး တရားနာရပြီ ဆိုမှဖြင့် တပည့်တော်များမှာ စုံလုံးကန်းအချိန် ကို ယနေ့ တပည့်တော်တို့ ထူးထူးခြားခြား သိလာတယ် (မှန်ပါ့) မသိကြဘူးလား (သိပါတယ် ဘုရား)။

ကိုယ့်အသေ ကိုယ်မမြင်တိုင်း ဘာအချိန်ဘာလိမ့်။ စုံလုံးကန်း အချိန်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီ စုံလုံးကန်း အချိန် ဆိုတာကတော့ တခြားကြောင့် ပြောတာ မဟုတ်ပါဘူးတဲ့၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ-အဝိဇ္ဇာ ဆိုတာ မသိတာ စုံလုံးကန်း-(မှန်ပါ့) သင်္ခါရဆိုတာ ပြုတာ (မှန်ပါ့) ပြုတာဟာ အကောင်း ပြုတာလား၊ အဆိုးပြုသလား ဆိုတော့ အို-အဝိဇ္ဇာကြောင့်ဖြစ်တဲ့ သင်္ခါရပဲ ဒကာသစ်ရာ အဆိုးပြု တာတွေပေါ့- (မှန်ပါ့) သင်္ခါရပစ္စယာ ဝိညာဏံ ဆိုတော့ ဒုက္ခသစ္စာကြီး ပေါ်မလာဘူးလား (ပေါ်လာ ပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ-ဒုက္ခရောက်တဲ့ဘက် ပြေးပြေး မသွားဘူးလား (သွားပါတယ်) ဒါကြောင့် ဒကာကြွယ်တို့၊ ဦးလှဘူးတို့ မျက်စိနှစ်ကွင်းအလင်းရတဲ့ အချိန်ကလေးလဲ၊ ကိုယ့်အသေ ကိုယ်မြင်တဲ့ အချိန်ကလေးပဲ ဒကာ ဒကာမတို့၊ ဘုရားတစ်ဆူ တစ်ဆူပွင့်မှ ဝိပဿနာက ပေါ်လာတာနော် (မှန်ပါ့) ဒီ အထဲ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ စုံလုံးကန်းနေတဲ့ အချိန်တွေ နှုတ်မယ်ဆိုလို့ရှိရင်၊ အားလုံး ဒကာ ဒကာမတွေ ဘာကျန်သေးတုံး (မကျန်ပါ ဘုရား) ကန်းချိန်နဲ့ မြင်ချိန် ဘယ်အချိန်က များသတုံး (ကန်းချိန်က များပါတယ် ဘုရား)။

စုံလုံးကန်းနဲ့မြင်ချိန်ဘယ်ဟာကများသတုံး

ခက်လိုက်တာ ခက်လိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့ ဒကာ ဒကာမတို့ မြည်တယ်၊ တွန်တယ်လဲ အောက်မေ့ မနေပါနဲ့တော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချတော့ (မှန်ပါ့) စုံလုံးကန်း အချိန်နဲ့မြင်ချိန် ဘယ်ဟာများသတုံး (စုံလုံးကန်းချိန်များပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့က ဖွင့်လျှောက်တာပဲ မရှက်လို့ဘဲ (မှန်ပါ့) မရှက်လို့ဘဲ လျှောက်တဲ့ အဓိပ္ပာယ် ရောက်နေပြီ (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား) ဟုတ်နေတော့လဲ ဒါမှန်တယ်လို့ ဆုံးဖြတ်ချက် ချရမယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဆရာဘုန်းကြီးကို လေးစားသောအားဖြင့် လည်းကောင်း၊ ကိုယ့်စုံလုံးကန်း၊ ချောက်တွေ ကျင်းတွေ ကျပြီး သေမှာကို၊ သေခြင်းဆိုးသေမှာတွေကို စိုးရိမ်သောကြောင့် လည်းကောင်း၊ ကိုယ့်ကိုယ် သနားသောအားဖြင့်ပေါ့ဗျာ (မှန်ပါ့) ဒကာ ဒကာမတွေ ကိုယ့်အသေ ကိုယ်မြင်တဲ့ အလုပ်ဖြင့် ကြိုးစားပါလို့ တိုက်တွန်းရတယ် (မှန်ပါ့)မတိုက်တွန်းသင့် ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား)။

အေး ဒါကြောင့် ဒီလိုတိုက်တွန်းမည့် ဥစ္စာကလဲ -ဒကာကြွယ် အကြောင်းပြုပြီး တိုက်တွန်း ရတာ မလွယ်ဘူး – နော် (မှန်ပါ့) ကိုင်း ဒကာ ဒကာမတို့ နိုးတဲ့စိတ်က လေးကို ရှိ-မရှိတွေးတယ် ဆိုတော့ ဘယ့်နှယ်တုံး နိုးတဲ့စိတ် ကလေးဟာ (မရှိပါ ဘုရား) မရှိတာက (အနိစ္စပါ) သိတာက (မဂ္ဂပါ ဘုရား)။

ဒါဖြင့် ကိုယ့်အသေကိုယ်သိတာ (ဝိပဿနာပါ) ဟောဒီအထဲဝင်သွားတာပဲ (မှန်ပါ့) နိုးတာမှ နိုးမှန်းမသိ၊ နိုးပြီးသကာလ ဒကာ ဒကာမတွေ ကျင်ငယ်အိမ် သွားရဦး မယ်ဆိုတော့ နိုးတဲ့ ရုပ်နာမ် သဘော သိရဲ့လား (မ သိပါ ဘုရား) မသိတော့ သူသည်ကားလို့ဆိုရင် မသိသွား၊ သွားပြန်ပြီ (မှန်ပါ့) စုံလုံးကန်း သွားပြီလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ကိုယ့်အသေကိုယ်မသိတာ (အဝိဇ္ဇာပစ္စ ယာသင်္ခါရာပါ) အဝိဇ္ဇာပစ္စယာသင်္ခါရာ စုံလုံးကန်းလမ်း သွားတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) မနာဘူးလား (နာပါတယ် ဘုရား)။

နောက်ကိုမဲ့မှာစိုးလွန်းလို့

ဒကာ ဒကာမတို့ ခင်ဗျားတို့ ဘုန်းကြီး အရင်းအချာဆို တော့ ပြောရတယ်(မှန်ပါ့) ဘယ်လို ပြောသတုံး ဆိုတော့ ခင်ဗျားတို့ အခုပြုံးသလောက် နောက်ကိုမဲ့မှာစိုးလွန်းလို့နော် (မှန်ပါ့) မပြောထိုက် ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

အခု ပြုံးတာဟာ ဒကာ ဒကာမတို့ မချိသွားဖြဲကိုးဗျ (မှန်ပါ့) ပြုံးလို့ကော အရသာရှိတာကလေး သိပါရဲ့လား (မသိပါ ဘုရား) နောက်အပါယ်ငရဲ ရောက်လို့၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံများ ပေါ်ပေါက်လာတော့ မယ့် အချိန်နဲ့ မျက်ရည်ကျချိန်တဲ့ ကယ်ပါယူပါ တစာစာ

အော်ချိန်ပဲရှိ တော့တယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် အခုအပြုံးကလေး အကုန်လျှော့ပြီး သကာလ အခု ဣန္ဒြေရရနဲ့ ကိုယ့်အသေ ကိုယ်ကြည့်တဲ့ အလုပ်ကို လုပ်ပါ၊ ဝိပဿနာဉာဏ်၊ ရှေ့ထားပါဆိုတာ လေးနက်စွာနဲ့ တိုက်တွန်းတယ် (မှန်ပါ့)မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား)

ကိုင်း ဒါဖြင့် နိုးပြီး သကာလ ဒကာ ဒကာမတွေ က ကျင်ငယ်စွန့်ချင်တယ်၊ ကျင်ငယ်စွန့်ချင်တဲ့ စိတ်ကလေးကို ပဲ ဒကာ ဒကာမတွေ နောက်ကစိတ်နဲ့ ပြန်ကြည့်လိုက်စမ်းပါ၊ စွန့်ချင်တဲ့ စိတ်ကလေး ဟာ ရှိသေးရဲ့ လား (မရှိပါ ဘုရား) မရှိ တာက(အနိစ္စပါ)သိ တာက- (မဂ္ဂပါ) ဒါဖြင့် ကိုယ့်အသေကိုယ် သိတာ (ဝိပဿနာပါ ဘုရား)။

ဒီအတိုင်း ရိုးရိုးကလေး ထသွားတဲ့ပုဂ္ဂိုလ်တော့ ကိုယ့် အသေကိုယ်မသိတာ (ပဋိစ္စသမုပ္ပါဒ် ဆက်တာပါ) အဝိဇ္ဇာပစ္စယာသင်္ခါရာ(ဝါ)စုံလုံးကန်း လမ်းသွားတာ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဣရိ ယာပထပဗ္ဗ၊ သမ္ပဇညပဗ္ဗ- ဆိုတာတွေ၏ ကိုယ့်အသေကိုယ် ကြည့်ခိုင်းနေတာ (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဝိပဿနာဉာဏ်၊ ဒကာ ဒကာမတွေ ရှေ့ စိတ်ကို နောက်စိတ်နဲ့သာ ဝေဖန်ပြီး သကာလ သိကြပါတော့ ဆိုတာ ဝိပဿနာမှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။

ထိုင်ချင်တဲ့စိတ်လာလဲ ထိုင်ချင်တဲ့စိတ်ဖြစ်ပျက်ရှု (မှန်ပါ့) ထချင်တဲ့စိတ်လာရင်ကော (ထချင်တဲ့စိတ် ဖြစ်ပျက်ရှု ရပါမယ်) သွားချင်တဲ့စိတ်လာရင်ကော (သွားချင်တဲ့စိတ် ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

အဲဒီတော့ ထိုင်တဲ့စိတ်သည် အသေပဲ (မှန်ပါ့) သိတာသည် ဝိပဿနာပဲ (မှန်ပါ့) ရှိ-မရှိ ကြည့်လိုက်တော့ အသေကို အရှင်ကကြည့်တာပဲ (မှန်ပါ့)သဘောပါ ကြရဲ့လား (ပါ-ပါတယ်) ဘာကိုကြည့်တာပါလိမ့် (အသေကို အရှင်ကကြည့်တာပါ) အသေကို အရှင်ကကြည့် တာဆိုတော့ ကောင်းကောင်း ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒါဖြင့် ဝိပဿနာဆိုတာ အသေကို အရှု ခိုင်းတာ-(မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) ဒါကြောင့် အနိစ္စဆိုတာလဲ ဖြစ်ပြီးပျက်တာပဲ (မှန်ပါ့)

အသုဘဆိုတာလဲ သေသွားတာပဲ- (မှန်ပါ့) ဒုက္ခသစ္စာဆိုတာ လဲ ဒုက္ခရောက်သွားတာပဲ- (မှန်လှပါ) ဒုက္ခသစ္စာ ဆိုတာလဲ ဒကာ ဒကာမတို့၊ ဒုက္ခသစ္စာအပါအဝင်ပဲ (မှန်ပါ့) သူနဲ့ သဟဇာတ ဖြစ်တဲ့ ရုပ်တွေရော (သေပါတယ် ဘုရား) ရောသေတော့ တစ်ခုသေရင် အကုန်သေတာပဲ ဆိုတာ မှတ်ထားလိုက်ပေါ့ (မှန်ပါ့)သဘောပါကြပလား (ပါပါပြီ ဘုရား)။

အဲဒီ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကိုယ့်အသေ ကိုယ်မြင်တော့ ခန္ဓာငါးပါး ခဏခဏ ပြောင်းလွဲတာ မမြင်ရ ဘူးလား (မြင်ရပါတယ် ဘုရား)။

ဘယ်လိုမြင်တာမှ ကောင်းသတုံး

မြင်တဲ့အခါကျတော့ ဘုန်းကြီးက အားလုံးတရားနာ ကြတဲ့ ဒကာ ဒကာမတွေကို ကြည့်နည်း ကလေး ပေးချင် တယ် (မှန်ပါ့)၊ ဘယ်လိုမြင်တာမှ ကောင်းသတုံး ဘုရား၊ ကိုယ့်အသေ ကိုယ်မြင်တာ ကြောက်လုံးနဲ့ မမြင်နဲ့ (မှန်ပါ့)၊ ကြောက်လုံးနဲ့လည်း မကြည့်နဲ့ (မှန်ပါ့)၊ ဪ ဒီဥစ္စာ အရင် သေသွားတဲ့ဥစ္စာ၊ သေသွားတာကသူစိမ်း သူစိမ်း သဘောနဲ့ မြင်နေရမယ် (မှန်ပါ ဘုရား)။

ဘယ်လိုမြင်ရမတုံး (သူစိမ်းသဘောနဲ့ မြင်ရ ပါ့မယ်)၊ သူစိမ်းသဘောနဲ့မြင်မှ ပရတောဆိုတာ သွားပြီး ကိုက်တယ် (မှန်ပါ့ ဘုရား)။

ဪ သူစိမ်းသဘောပဲ၊ မသေပါနဲ့ဆိုလို့လည်း မရဘူး၊ ဒီခန္ဓာငါးပါးသည်ကားဆိုလို့ရှိရင် မသေပါနဲ့ဆိုလို့ လည်း မရဘူး၊ နေပါဆိုလို့လည်း နေတာမဟုတ်ဘူး၊ သူပေါ် ရင် ပေါ်လာတာပဲ၊ သူပျက်ချင် ပျက်သွားတာပဲလို့ သူစိမ်း သဘောနဲ့ ခုနင်က ကိုယ့်အသေ ကိုယ်ကြည့်နေစမ်း (မှန်ပါ့)၊ ငါသေလို့ ဝမ်းနည်းမနေလိုက်ပါနဲ့ (မှန်ပါ့)၊ သူစိမ်းသဘောနဲ့ကြည့်ပြီးနေလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ်လိုကြည့်ရမလဲ (သူစိမ်းသဘောနဲ့ကြည့် ပြီး နေရပါမယ်)၊ သူစိမ်းသဘောနဲ့ ကြည့်နေတော့ သေလိုက်တာ၊ ဪ သေလိုက်တာ၊ ဪ သေလိုက် တာလို့ ကိုယ့်အသေတွေ ကိုယ်မြင်နေတော့ သူစိမ်းသဘော တွေချည်း ကြည့်နေတော့ ကြောက်ခြင်းလည်းမရှိဘူး၊ လန့် ခြင်းကော (မရှိပါ ဘုရား)။

သူစိမ်းသဘောနဲ့ဆိုတော့ တုန်လှုပ်တဲ့သဘောရှိသေး ရဲ့လား (မရှိပါ ဘုရား)၊ သူမရှိတော့ ဒီဥစ္စာ ပရတော ဆိုတဲ့ အနတ္တသဘောမြင်တယ် (မှန်ပါ့ ဘုရား)။

သူစိမ်းမြင် မြင်အောင်ကြည့်ပါ

ဒါဖြင့် မြင်တဲ့အခါမှာလည်း သူစိမ်းမြင်မြင်အောင် ကြည့်ပါ (မှန်လှပါ ဘုရား)၊ အားလုံး တရား တစ်ပွဲလုံး ဒကာ ဒကာမတို့မြင်တဲ့အခါ ဘယ်လိုအမြင်နဲ့ မြင်ရမယ် (သူစိမ်းအမြင်နဲ့ မြင်ရပါ့မယ် ဘုရား)။

ဪ သူစိမ်းသဘောပဲ၊ ဒီနေရာမွေး ဒီနေရာ သေရှာတယ် (မှန်ပါ့)၊ ဒီနေရာမွေး ဒီနေရာ သေရှာတာ ပါကလားလို့ ရှင်တဲ့ဉာဏ်က ကြည့်ပေးလိုက်စမ်းပါ(မှန်ပါ့)၊ ကြည့်ဖန်များပြီဆိုမှဖြင့် သူစိမ်းသဘော၊ သူ့ဟာသူ ဖြစ်ကြောင်း တိုက်ဆိုင်လို့ဖြစ်ပြီး ချုပ်ငြိမ်းရုပ်သိမ်းသွားတာပဲဆို တာ ကြည့်ပေးလိုက်စမ်းပါ (မှန်လှပါ ဘုရား)။

အဲဒီကဲ့သို့ ကြည့်ပေးတော့ ဝိပဿနာဝိဉာဏ် ရင့်လာပါလိမ့်မယ် (မှန်ပါ့)၊ ရင့်လာတဲ့ အခါကျတော့ သူစိမ်းနဲ့ မပေါင်းချင်တာ လာမလား မလာဘူးလား (လာ ပါတယ်)၊ သူစိမ်းနဲ့ မပေါင်းချင် ဆိုတာ လာရတော့မယ် ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ဘာလာမယ်ထင်ကြသလဲ (သူစိမ်းနဲ့ မပေါင်း ချင်တာ လာကြရပါ့မယ်)၊ သူစိမ်းနဲ့ မပေါင်း ချင်တာ၊ သူစိမ်း နဲ့အတူတူမနေချင်တာဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒီကဲ့သို့ လာတဲ့အခါကျလို့ရှိရင် မနေချင်ဘူး၊ မပေါင်းချင်ဘူးဆိုတော့ ဒကာ ဒကာမတွေ သန္တာန်ဝမ်းထဲ ကိန်းနေတဲ့ အနုသယတဏှာ ပါးသွားတယ် (ပါးပါတယ် ဘုရား)၊ ဒါ ငါ့ဟာမဟုတ်ဘူး ဆိုတာလည်း သိထားပြီ၊ သူစိမ်း မှန်းသိသွားပြီ (မှန်ပါ့)၊ အဲဒီမှာ ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်သွား တယ် (မှန်ပါ့ ဘုရား)။

သူစိမ်းနဲ့မပေါင်းချင်ဘူးလို့ အစစ်သာလာလို့ရှိရင် ဒီ သူစိမ်းတွေတည်းဟူသော ဖြစ်ပျက်ဟာ ဒကာကြွယ် ဘယ်တော့မှ မလာတော့ဘူး (မှန်လှပါ ဘုရား)၊ မလာတော့ အသေမလွတ်သွားဘူးလား (လွတ်သွားပါတယ်)။ ဘယ်သူ့အသေတွေ လွတ်ပါလိမ့် (ကိုယ့်အသေတွေ လွတ်ပါတယ် ဘုရား)။

မသေရာအမှန်ပြည်နိဗ္ဗာန်

အဲ မိမိအသေတွေ လွတ်သွားတော့ မသေရာ အမှန်ပြည်နိဗ္ဗာန်ဆို ကိုယ့်အသေကိုယ် မမြင်ရတော့ဘူး (မှန်လှပါ) ကိုယ့်အသေ မရှိတာက နိဗ္ဗာန်၊ မရှိဘူးလို့ မြင်မိတာက မဂ်ဉာဏ်(မှန်ပါ့ ဘုရား)။

ကိုယ့်အသေမရှိတာက (နိဗ္ဗာန်ပါ) မရှိဘူးလို့ သိတာက (မဂ်ဉာဏ်ပါ ဘုရား) အဲ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ် ဆိုတာမြင်နိုင်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ကိုယ့်အသေ ကိုယ်သိတာ ဝိပဿနာ (မှန်ပါ့) ကိုယ်အသေမရှိတာကို မရှိဘူးလို့ သိတာက မဂ်ဉာဏ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)

ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားမှာ သုံးချက်မှတ်ရမှာ ပေါ့ (မှန်ပါ့)၊ ကိုယ့်အသေ ကိုယ်သိတာက (ဝိပဿနာပါ)၊ ကိုယ့်အသေကိုယ် မသိတာက (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ)၊ ကိုယ့်အသေ မရှိတာကို သိတာက (မဂ်ဉာဏ် ပါ)၊ အဲဒီလို သုံးခုရောက်တော့မှ ဪ သံသရာခရီး သည်လမ်းက တစ်မျိုးပါလား။

သံသရာစခန်းသတ်တဲ့ ပုဂ္ဂိုလ်တို့၏အမြင်က တစ်မျိုး ပါလားဆိုတဲ့ဥစ္စာ ထူးထူးခြားခြားကြီး မလာသေးဘူးလား (လာပါတယ် ဘုရား)။

သုသိမ ပရိဗိုဇ်

ထူးထူးခြားခြား လာတော့မှ ပါဠိတော်လာဝတ္ထုကူး ချင်တယ် (မှန်ပါ့)၊ သုသိမ ပရိဗိုဇ်က ဒကာ ဒကာမတို့ ဘယ်လိုဖြစ်လာမတုံးဆိုတော့ သူက တိတ္ထိကိုးဗျ၊ ပရိဗိုဇ်ဆိုတော့နော် (မှန်ပါ့ ဘုရား)။

ပရိဗိုဇ်ပေမဲ့လည်း သူက ဉာဏ်ကောင်းတဲ့ပရိဗိုဇ် (မှန်ပါ့)၊ ဘုရားပွင့်လာတဲ့အခါမှာ တိတ္ထိတွေဟာ၊ နေထွက်လာတဲ့အခါ ပိုးစုန်းကြူတွေဟာ အရောင်မထွက်နိုင်သလို၊ တိတ္တိတွေ နဂိုရ်က ဘုရားလုပ်ပြီး နေကြတော့ လာဘ်သပ် ပကာတွေ အင်မတန်ပေါ၊ ကျောင်းကန်တွေ အင်မတန်ပေါ ပေါ့ဗျာ (မှန်ပါ့)။

ဘုရားလည်းပွင့်လာပါရော နေကြီး ထွက်တော့ ပိုးစုန်းကြူးတွေ ပျောက်ရသလို လာဘ်သပ်ပကာ တွေနည်း၊ ကျောင်းကန်တွေ ဆောက်မည့်သူမရှိ၊ အဝတ် သင်္ကန်းမှ လှူဒါန်း ပေးကမ်းမည့်သူ မရှိလောက်အောင် ဖြစ်တော့ တိတ္ထိတွေကလည်း စည်းဝေးကြတယ်။

ဂေါတမဘုရားပွင့်ထွန်းပေါ်လာကတည်းက ဒို့မှာဖြင့် ပိုးစုန်း ကြူပမာ အရောင်တွေဖြင့် ငုတ်လျှိုးသွားပြီးသကာလ ပျောက်ကွယ်မတတ်ဖြစ်ကုန်ပြီ (မှန်ပါ့ ဘုရား)။ အဲဒီတော့ ဒို့လည်း သူတို့ တရားဟောဖို့ရာလည်း ဒို့မှာ အမြင်စွမ်းရည်သတ္တိကမရှိ၊ အဲဒီတော့ ဒို့လည်း ဉာဏ် ပညာကောင်း တစ်ယောက် ရှာပြီး ခေါ်မှဆိုတော့ သုသိမ ပရိဗိုဇ်ကို သွားတွေ့တယ် (မှန်ပါ့ ဘုရား)။

သုသိမပရိဗိုဇ်ကို သွားခေါ်ချေဆိုပြီးလာတဲ့အခါကျ တော့၊ သုသိမ-ဒို့တိတ္ထိတွေမှာ အခု ဒုက္ခအကြီးအကျယ် ရောက်ကုန်ပြီကွ၊ မင်းမှမကယ်လို့ရှိရင်လည်း ကယ်မည့်သူ မရှိတော့ဘူးကွ၊ မင်းက ဉာဏ်ကောင်းတယ်၊ အဲဒါကြောင့် မင်းကို ဒို့ကပဲ အဆိုသွင်း ထောက်ခံပါတယ်ကွာ၊ ဂေါတမ ဘုရားဆီသွားပြီး သင်္ကန်းဝတ်တော့၊ ဂေါတမဘုရားက ဟောလုံး ပြောလုံးတွေ အကုန်နည်းယူခဲ့ဟေ့၊ ပြီးတော့ မင်း ဒို့ကိုလာပြီး သင်ပါ၊ ဒို့က ဒို့တရားနဲ့ ဂေါတမဘုရား တရား နဲ့ရောပြီး ဟောလို့ရှိရင် နည်းနှစ်မျိုး တောင် ဖြစ်နေတယ်၊ အဲဒီတော့ ဒို့မှာ လာဘ်သပ်ပကာပေါမှာပေါ့ ဆိုပြီး သုသိမက ဒါနဲ့ သူတို့ဂိုဏ်း ကောင်းစားရေးဖြစ်နေတော့ ကိုင်း- တာဝန်ယူပါ့မယ်တဲ့ (မှန်ပါ)။

ဒကာ ဒကာမတို့ ဘာကောင်းစားရေးတဲ့တုံး (ဂိုဏ်းကောင်းစားရေးပါ)၊ တိတ္ထိဂိုဏ်ကြီး ကောင်းစားရေးပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဒါနဲ့ သူတို့ဂိုဏ်းဂဏ ကောင်းစားရေး သူတို့အမျိုး သား ကောင်းစားရေးနဲ့ သူက တာဝန်ယူပြီး ဘုရားထံသွား မလို့ စိတ်ကူးလိုက်တဲ့အခါ ဘယ်သူ့ထံ အရင်ကပ်ရပါမတုံး၊ အဝင်ကောင်းမှ နေရာ ကျမယ်၊ မတော် နှင်ထုတ်ရင်ဖြင့် ခက် နေမယ်၊ ရှင်သာရိပုတ္တရာဆီလည်း သွားလို့မတော်ဘူး၊ ရှင်မောဂ္ဂလာန် ဆီလည်း သွားလို့မတော်ဘူး၊ ရှင်အာနန္ဒာဆီ သွားမှ တော်မယ်၊ သူ့ဆီသွား ကပ်ရလို့ ရှိရင် ဘုရားဆီကို အမြန်ရောက်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ် ဆိုပြီး ရှင်အာနန္ဒာဆီ သွားကပ်ပါတယ်။

ရှင်အာနန္ဒာ ကျုပ်တွိသာသနာမှာ မပျော်ပါဘူး။ ရှင်အာနန္ဒာတို့ သာသနာပဲ ကြည်ညိုတယ်၊ ဘုရားအဆုံးအမ ပဲ ကျင့်လိုပါတယ်၊ ဒါကြောင့် သင်္ကန်းဝတ်ချင်ပါတယ်ဘုရား၊ ဘုရားကို အရှင်အာနန္ဒာ လျှောက်ပေးစမ်းပါ ဆိုတော့ ရှင် အာနန္ဒာက အကဲခတ်မိတယ်၊ သုသိမဟာ တိတ္ထိမှာ ခေါင်းဆောင်၊ ခေါင်းဆောင်ကနေပြီး ဒီသာသနာတော် ကြည်ညို ပါတယ်ဆိုတဲ့ဥစ္စာ ရိုးမှရိုးရဲ့ လား၊ အသိဉာဏ်လည်း မရတော့ မသိဘူးပေါ့ဗျာ (မှန်ပါ့ ဘုရား)။

တရားခိုးယူမလို့ လာတာ

ဒါနဲ့ သင်္ကန်းဝတ်ပေးမယ်၊ မပေးဘူးလို့ သူက တာဝန် မခံဘူး၊ ဘုရားကမှ သိမှာပဲ၊ အဲဒီတော့ ဘုရားဆီပို့မှပဲ ဆိုပြီး သုသိမနဲ့ ရှင်အာနန္ဒာ ဘုရားဆီသွားကြတယ် (မှန်ပါ့ ဘုရား)။

ဘုရားဆီကျတော့ ရှင်အာနန္ဒာက လျှောက်တယ်၊ သုသိမပရိဗိုဇ်က ဘုရားတပည့်တော်တို့ သာသနာ ကြည်ညို လွန်းလို့၊ ဒီသာသနာကြီးထဲမှာ ရဟန်းပြုပြီးသကာလ၊ တရား ဓမ္မတွေ ကျင့်ချင် ကြံချင်ပါသတဲ့လို့ လျှောက်တော့ ဘုရားက ကြည့်လိုက်တယ်၊ ဪ- သုသိမ လာတာ ရည်ရွယ်ချက် ကောင်းနဲ့တော့ လာတာမဟုတ်ဘူး၊ စိတ်ကောင်းပါရဲ့ လား (မပါ ပါ ဘုရား)၊ ဘယ်ပါမလဲ ဒကာ ဒကာမတို့ တရားခိုးယူ မလို့ လာတာပဲ (မှန်ပါ့)၊ တရားခိုးယူရန် လာရတာဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သို့သော်လည်း တရားနည်းခိုးရင်းနဲ့ သူ ရဟန္တာဖြစ် လိမ့်မယ်လို့ မြင်တော်မူတယ် (မှန်ပါ့)၊ အံမာ သူခိုးပုံက ပေမယ့်နေရာအကျကြီးဗျ (မှန်ပါ့)၊ ခိုးရင်းနဲ့ဘာဖြစ်မှာပါ လိမ့် (ရဟန္တာဖြစ်မှာပါ ဘုရား)။

အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အာနန္ဒာ သုသိမ ရေချိုးပြီး ရဟန်းခံ ပေးလိုက်လို့ အမိန့်ပေးတော့ သုသိမတော့ ကျေနပ်ပြီ၊ ငါတော့ တရားခိုးခွင့်ရပြီ ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ရဟန္တာဖြစ်မယ်လို့ သိတော်မူတယ်

သူကလည်း အင်မတန် ကျေနပ်နေတယ်၊ ကျေနပ် ပေမဲ့ ဘုရားက နှစ်ဖက်သိတယ်၊ ကိုယ်ကတော့ ခိုးဖို့ရာ ကလေး အကြောင်း ညီညွတ်တာသာ သိတယ် (မှန်ပါ့)။ ဘုရားကတော့ ခိုးရင်းမနဲ့ သူဘာဖြစ်မယ်လို့သိသလဲ (ရဟန္တာဖြစ်မယ်လို့ သိပါတယ် ဘုရား)၊ အဲ- ရဟန္တာဖြစ်မယ် ဆိုတာ သိတော်မူတာနဲ့ ရှင်အာနန္ဒာကို ရဟန်းခံပေးလိုက် ကွာလို့ဆိုပြီး ရဟန်းခံပေးလိုက်တယ် (မှန်ပါ့ ဘုရား)။

ရဟန်းဖြစ်ပြီး တစ်ခါတည်း သူက တရားတွေ ခိုးယူ စုံထောက်လုပ်တော့တာပဲ (မှန်ပါ့)၊ ဒါနဲ့ ဝါကျွတ်တဲ့ အခါ ကျတော့ ရဟန်းတော်အချို့ ဘုရားဆီလာကြတယ်၊

ဪ ဒီကိုယ်တော်တွေ တယ်ထူးတယ်၊ သူတို့နဲ့ မြှောင်ပြီး ဘုရား ဆီလိုက်မှပဲဆိုပြီး လိုက်သွားတယ်၊ ဒီရဟန်းတွေကလည်း

‘‘တပည့်တော်ဘုရား ပဋိသန္ဓေနေမှုတော့၊ နောက်ကိုမရှိဘူး ဘုရား၊ ‘‘ဝိသုတံ ဗြဟ္မစရိယံ’’ ကျင့်စရာအလုပ်တွေလည်း အကုန်ကျင့်ပြီးပြီဘုရား၊’’ ဝိပဿနာရော၊ မဂ်ရော အကုန်ကျင့် ပြီးပြီ (မှန်ပါ့)၊ ရဟန္တာတွေဖြစ်ပြီလို့ ပြောကြတာပေါ့ဗျာ (မှန်ပါ့)၊ ‘‘ကတံကရဏီယံ’’ ကတံ-ပြုဖွယ်ကိစ္စကို ကရဏီယံ ပြုပြီးပြီ (မှန်ပါ့)၊ ပြုစရာတွေ တပည့်တော်တို့ အကုန် ပြုလုပ်ပြီးပြီဘုရား၊ နောက်လုပ်စရာတွေ မလိုတော့ဘူး (မှန်ပါ့ ဘုရား)။

ကျုပ်တို့ ပုထုဇဉ်တွေကတော့ ဒါလုပ်ပါဦးဟ၊ သီလ လုပ်ဦးဟ၊ ပြုစရာတွေ ရှိသေးသကိုးဗျ (မှန်ပါ့)၊ သူတို့ မှာတော့ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။

‘‘နာပရံဣတ္ထတ္တာယာတိ ပဇာနာတိ၊’’ မဂ်ကိစ္စ တစ်ဆယ့်ခြောက်ချက်လည်း တပည့်တော်တို့ လုပ်စရာ မရှိတော့ပါဘူးလို့ ဘုရားလျှောက်တော့ ဘုရားက သာဓု-သာဓု လို့ အနုမောဒနာ ပြုတော်မူ လိုက်တယ် (မှန်ပါ့ ဘုရား)။

တရားခိုးတဲ့အလုပ်စပြီ

သုသိမက ကြားတယ်၊ ဘုရား သာဓုခေါ်တဲ့ တရား ဟာကတော့ ဒါ- ဆရာ့လက်ဆုပ်ပဲ၊ တော်တော် အရေးကြီးတဲ့ စကား၊ ဒီစကားတော့ မရရအောင်အစ်မှပဲ၊ ရှာမှပဲ (မှန်ပါ့)။ သူ ဒါပဲ တွေးနေတာ တရားနာတာ မဟုတ်ဘူး၊ ဒကာ ဒကာမတို့ တရားခိုးနေတာ (မှန်ပါ့ ဘုရား)။

ဒါနဲ့ ဘုရားက ဒီကိုယ်တော်တွေကို ကဲ-ကဲ မင်းတို့ ခရီးရောက် မဆိုက်ဖြစ်တယ်၊ အညောင်းအညာ ဖြေကြဦး သွားကြဦး၊ လာကြဦးဆိုပြီး၊ ဘုရားက ခွင့်ပြုလိုက်တဲ့အခါ ရဟန်းတွေ ဟိုကျောင်း ဒီကျောင်း ဝင်ကြ သွားကြတာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

သုသိမက ဘုရားဆီလည်း မမေးချင်တော့ ဒီကိုယ် တော်တွေနောက် လိုက်မှပဲဆိုပြီး လိုက်သွားတယ် (မှန်ပါ့)၊ ဒီရဟန္တာတွေ နောက်လိုက်သွားတယ် (မှန်ပါ့)၊ ရဟန္တာနောက် လိုက်သွားပြီး၊

‘‘အရှင်ဘုရားတို့ ဘုရားဆီမှာ အရှင် ဘုရားတို့ လျှောက်တာ ဇာတိပဋိသန္ဓေနေမှုကုန်ပြီ၊ ပုသိတံ ဗြဟ္မစရိယံ မြတ်သောအကျင့်တွေလည်း အကုန်ကျင့်ပြီးပြီ ဆိုတော့ အရှင်ဘုရားတို့ ကောင်းကင်ပျံနိုင်ရဲ့လား’’ လို့ သွား မေးတယ် (မှန်ပါ့)၊ ကန့်လန့်လုပ်ပြီး သွားမေးတယ် (မှန်ပါ့)၊ မဂ်ဖိုလ် ရတိုင်း ကောင်းကင်ပျံနိုင်တာ မဟုတ်ဘူးလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

အဲဒီလမ်းက ဝိပဿနာသက်သက်နဲ့ တက်လာတာ (မှန်ပါ့)၊ ဝိပဿနာ သက်သက်ဖြင့် မဂ်ဖိုလ်ရတဲ့ ပုဂ္ဂိုလ်ဟာ ကောင်းကင်မပျံနိုင်ပါဘူး (မှန်ပါ့)၊ နောက်မှ သီးသန့် ပထမဈာန် အဘိဉာဏ်တွေ အားထုတ်ယူရင်တော့ တက်ချင် တက်နိုင်တယ် (မှန်ပါ့ ဘုရား)။

အဲဒီလိုဖြစ်ပြီးသကာလနေတော့ သုသိမ ဒို့ကောင်း ကင်လည်း မပျံနိုင်ဘူးကွ၊ မြေလဲ မလျှိုးနိုင်ဘူးကွ၊ ကိလေသာ ကုန်တာတော့ အမှန်ပဲ၊ ရဟန္တာ ဖြစ်တာတော့ အမှန်ပဲ (မှန်ပါ့ ဘုရား)၊ အို- အရှင်ဘုရားတို့ ပြောတာ တယ်ရှုပ်သကို၊ ရဟန္တာ ဆိုရင် ကောင်းကင်ပျံ မြေလျှိုးရမယ်ကိုး (မှန်ပါ့)။ သူ ဒါလောက်မှတ်ထားတာ (မှန်ပါ့)။

မြေကြီးက တစ်ထွာမှမခွာနိုင်တဲ့ရဟန္တာတွေ

ဒီ ဒကာ ဒကာမတွေလည်း ဘယ်သူဟာ ရဟန္တာ ဆိုပေတဲ့ ကောင်းကင်ပျံမြေလျှိုးများ မှတ်မနေနဲ့နော် (မှန်ပါ့)၊ မြေကြီးက တစ်ထွာမှမခွာနိုင်တဲ့ ရဟန္တာတွေက လည်း ပုံနေတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒါနဲ့ ဒီအတိုင်းပဲ သွားမေးတော့ အရှင်ဘုရားတို့ တပည့်တော်ကို သေသေချာချာဖြေစမ်းပါဘုရားတဲ့၊ ငါတို့ ဖြေရမှာတော့ကွာ..

“ပညာဝိမုတ္တာခေါ မယံ သုသိမ”

သုသိမ- သုသိမပရိဗိုဇ်၊ မယံ- ငါတို့သည်။ ပညာ ဝိမုတ္တာ- ဝိပဿနာပညာနဲ့ နိဗ္ဗာန် ရခဲ့ကြကုန်သည် (ဝါ) ကိလေသာမှ လွတ်ခဲ့ကြကုန်သည်၊ ဟောန္တိ = ဖြစ်ကြကုန်၏။

ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်နဲ့ ရဟန္တာဖြစ်လာတယ်၊ သမထ မပါဘူးလို့ ပြောလိုက်တာ (မှန်ပါ့ ဘုရား)၊ ဒကာကြွယ် ဘာတဲ့တုံး (သမထ မပါ ပါ ဘုရား)၊ သမထမပါပဲနဲ့ ရှေ့ပိုင်းက ဝိပဿနာဉာဏ်၊ မဂ် ဉာဏ်ရပြီး ရဟန္တာ ဖြစ်ခဲ့တာပဲ (မှန်ပါ့ ဘုရား)။

ဝိပဿနာသာ အားထုတ်ပါ မဂ်ဉာဏ်လိုက်လာလိမ့်မယ်

ကဲ- သဘောကျပလား (ကျပါပြီ)၊ ရှေ့ပိုင်းက ဘာပါလိမ့် (ဝိပဿနာဉာဏ်ပါ)၊ သူ့နောက်က (မဂ် ဉာဏ်ပါ ဘုရား)၊ အဲ-ဝိပဿနာဉာဏ်သာ အားထုတ်ပါ။ မဂ်ဉာဏ်က နောက်က လိုက်လိမ့်မယ် ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

အဲဒီလို ရဟန္တာတွေက ဖြေလိုက်တယ်၊ ဒို့ကွာ ဝိပဿနာဉာဏ် နောက်ပညာနဲ့ ကိလေသာမှ လွတ်ခဲ့ပါတယ် (မှန်ပါ့ ဘုရား)၊ ကိလေသာ ခန္ဓာကိုယ်ထဲမရှိအောင် ပညာနဲ့ လုပ်ခဲ့တာကွ၊ သမာဓိနဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူးလို့ ဖြေလိုက် တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေလည်း ဒီလမ်းကို ဘုန်းကြီး က ဟောနေတယ် (မှန်ပါ့)၊ ရှေ့က ဝိပဿနာ လုပ်ပါ။ နောက်က မဂ်လိုက်လာ လိမ့်မယ် (မှန်ပါ့)၊ ရှေ့က ဝိပဿနာနဲ့ ကိုယ့်အသေ ကိုယ်မြင်လို့ရှိရင် နောက်ကိုယ့် အသေ ကိုယ်မမြင်တဲ့မဂ်ဉာဏ်လိုက်မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်အသေ ကိုယ်မြင်တာ ဝိပဿနာဉာဏ် (မှန်ပါ့)၊ ကိုယ့်အသေတွေ ကိုယ်မရှိတော့ဘူးလို့ သိတာ (မဂ်ဉာဏ်ပါ ဘုရား)၊ အဲဒီနှစ်ဉာဏ် သွားရမှာဖြင့် နှစ်ဉာဏ် စလုံးပညာပဲ၊ ပညာနဲ့ကိလေသာမှ လွတ်ခဲ့တယ် (မှန်ပါ့)၊ ရှေ့ဉာဏ်က တဒင်္ဂလွတ်ခဲ့တယ်၊ နောက်ကဉာဏ်က သမုစ္ဆေဒအားဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ လွတ်ခဲ့ တယ် (မှန်ပါ့)။

အဲဒီလိုတော့ သုသိမက ကိုယ်တော်တို့ ဟောနေတာ နားမလည်ပါဘူး၊ ပညာနဲ့ ကိလေသာမှ လွတ်တယ် ဆိုတာ တပည့်တော် နားမလည်ဘူးတဲ့၊ ကဲ- နားလည်ချင်လည်း မလည်ချင်နေ၊ ဒို့တော့ ပညာနဲ့ ကိလေသာမှ လွတ်ခဲ့တယ်။ ဒီနှစ်ဉာဏ်နဲ့ လွတ်ခဲ့တာပဲ ပြောတာပဲ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ အဲဒါ ရဟန္တာကိုယ်တော်ကြီးတွေက ဟောတာ (မှန်ပါ့)၊ သို့သော် သုသိမက တိတ္ထိဘက်က လာတော့ ဒကာသစ် ကျေကျေနပ်နပ် သဘောကျ နိုင်ပါ့မလား (မကျပါ ဘုရား)။ မကျဘူးတဲ့ စကားပြောလိုက်တော့ ဘယ်မှာ ကျေကျေနပ်နပ် သဘောကျ နိုင်ပါ့မလဲ (မှန်ပါ့ ဘုရား)။

သုသိမက ဘုရားထံလျှောက်တယ်

အဲဒီတွင်မှ ဘုရားဆီသွားမယ်ဆိုပြီး ဘုရားဆီ သွား လိုက်တယ် (မှန်ပါ့)၊ ဘုရားဆီ ရောက်တော့ အရှင်ဘုရား ဟိုရဟန္တာပုဂ္ဂိုလ်တွေက ကောင်းကင်လဲမပျံနိုင်ဘူး၊ မြေလဲ မလျှိုနိုင်ဘူး၊ သူတို့က ပဋိသန္ဓေနေခြင်း ကုန်ပြီ၊ ကျင့်စရာကိစ္စ မရှိတော့ဘူး ပြောနေတယ်ဘုရား၊ တပည့်တော်အား ရှင်းပေးတော်မူပါ ဘုရားတဲ့၊ သူ တရားခိုးမလို့ပုဂ္ဂိုလ်ကိုးဗျ (မှန်ပါ့ ဘုရား)။

ဘုရားက “ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ” လို့ ဟောလိုက်တယ် (မှန်ပါ့)၊

သုသိမ = သုသိမပရိဗိုဇ်၊ ပုဗ္ဗေ – ရှေ့ကာလ၌၊ ဓမ္မဋ္ဌိတိ ဉာဏံ = ဖြစ်ပျက် ကိုရှုတဲ့ ဓမ္မဋ္ဌိတိဉာဏ် သည်၊ ဟောတိ- ဖြစ်၏။ ဝိပဿနာ အ ရင်လုပ်ကွတဲ့ (မှန်ပါ့) ဒါဘယ်သူဟောပါလိမ့် (ဘုရားက ဟောပါတယ် ဘုရား)။

ပစ္ဆာ- နောက်ကာလ၌၊ နိဗ္ဗာနေ ဉာဏံ=နိဗ္ဗာန်ကို မြင်တဲ့ဉာဏ်သည်၊ ဟောတိ- ဖြစ်၏။ နောက်မဂ်ဉာဏ် လိုက်လာလိမ့်မယ်လို့ ဟောလိုက်တာ (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ရှေ့ကဘာဉာဏ်တဲ့ (ဝိပဿနာဉာဏ်ပါ) နောက်က (မဂ်ဉာဏ်ပါ ဘုရား) ဘုရားက ဒီအတိုင်း ဟောတာ နှစ်ဉာဏ်ပေါ့ဗျာ (မှန်ပါ့) ခုနင်က ရဟန္တာမ ထေရ်မြတ်တွေကတော့ ဒို့ဉာဏ်နဲ့ ကိလေသာမှ လွတ်ခဲ့တယ် လို့ တစ်လုံးထဲ ပြောလိုက်တယ် (မှန်ပါ့)အဲဒီတော့ ရှေ့ က ဝိပဿနာဉာဏ်သာ အားထုတ်၊ နောက်မဂ်ဉာဏ် ပေါ်လာ လိမ့်မယ်လို့ ဟောလိုက်တယ်နော် (မှန်ပါ့ ဘုရား)။

သုသိမကိုဖြစ်ပျက်ရှုခိုင်းတယ်

သုသိမက အရှင်ဘုရား တပည့်တော် နားမလည် ပါဘူး၊ အရှင်ဘုရားဟာက ကျဉ်းလွန်း ပါတယ် ဆိုတော့ ရှေး ဦးစွာ ဝိပဿနာ အားထုတ်ရမယ်ကွ၊ ဝိပဿနာ အားထုတ် လို့ရှိရင် နောက်မဂ်ဉာဏ် ရမယ်၊ ဒါပဲကွ ဆိုတော့ သူက နား မလည်ဘူးပေါ့ဗျာ (မှန်ပါ့)၊ နားမလည်တာနဲ့ ဘုရား သခင်ကိုယ်တော်ကြီး သူလည်း ဉာဏ်ရင့်လာပေါ့လေဆိုပြီး တစ်ခုသောတရားကို ဖြစ်ပျက် ရှုခိုင်းတယ် (မှန်ပါ့)။

ဖြစ်ပျက်ရှုခိုင်းတော့ ဝေဒနာကလေးတစ်ခု စိတ် ကလေးတစ်ခု ဖြစ်ပျက်ရှုခိုင်းလို့ ဘုရား ရှေ့တော်မှာပဲ ရှုတာပဲ။ နောက် ရှုရင်းမတ္တနဲ့ ဖြစ်ပျက်တွေ မုန်းလာတယ်၊ ဖြစ်ပျက်တွေ မုန်းပြီး သကာလ ဖြစ်ပျက်တွေ ဆုံးသွားတယ်၊ သူ့ အသေတွေ သူဆုံးသွားတယ်၊ လေးခါလောက်လည်း ဆုံးရော ရဟန္တာလည်း ဖြစ်ရော ဆိုကြပါစို့ (မှန်ပါ့ ဘုရား)။

သုသိမ ရဟန္တာဖြစ်တယ်

ဒီတွင်မှ ရဟန္တာဖြစ်တာကို ဘုရားသိလို့ သုသိမ ကောင်းကင်ပျံနိုင်ရဲ့လားလို့ မေးတယ်၊ မပျံနိုင်ပါဘူးလို့ ဖြေ တယ်။

ကဲ- ဒကာ ဒကာမတွေ သုသိမဝတ္ထုမဆုံးဘူး နာရီ က စေ့သွားပြီ။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။