123

သေနည်းသင်တရားတော် (သေနည်းသုံးမျိုး)

အသံဖိုင်ခေါင်းစဉ်= ဝေဒနာခွာပြီး အနိစ္စတွေ့အောင်ရှု ဖဂ္ဂုနရဟန်းဥပမာပြတရားတော်

စာအုပ်ခေါင်းစဉ်= သေနည်းသင်တရားတော် (သေနည်းသုံးမျိုး)

အသံဖိုင်ရက်စွဲ (၇-၈-၅၈)

စာအုပ်ရက်စွဲ (၈-၈-၅၈)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားဆုံးမတော်မူသော

သေနည်းသင်တရားတော်

(သေနည်းသုံးမျိုး)

(၈-၈-၅၈)

ဝေဒနာကို အရင်ဖြတ်ရမှာပဲဆို ဒကာ ဒကာမတွေ အမြင်သားပေါ့ဗျာ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ကိုင်း အားလုံး ဒကာ ဒကာမတွေ အချက်အလက် ပြောပြီနော် (မှန်ပါ့) နားကြီးကြီးနဲ့ ထောင်ပါ၊ နားကြီးကြီးနဲ့ထောင်ပါ ဒကာ ဒကာမ တို့။

ဖဂ္ဂုဏရဟန်းကို ဘုရားက လူမမာမေးတယ်

ဖဂ္ဂုဏ မင့်ဘယ့်နှယ်များ နေသတုံးကွာ၊ ဟာ ဒီဝေ ဒနာ မသက်သာဘူးဘုရား (မှန်ပါ့) အေး မင်းမှာ ဝေဒနာနဲ့ အနိစ္စမကွဲပြားဘဲ ဖြစ်နေတာကိုးကွ (မှန်ပါ့)။

ဆုံးမပုံ၊ ဆုံးမပုံ သတိထားလိုက်စမ်းပါဦး၊ ဘာတဲ့ (ဝေဒနာနဲ့ အနိစ္စ မကွဲပြားဘဲ ဖြစ်နေပါတယ် ဘုရား) ဝေဒနာနဲ့ အနိစ္စ မကွဲပြားဘဲ ဖြစ်နေတော့တယ် ဒကာ ဒကာမ တို့ (မှန်ပါ့ ဘုရား)။

ဝေဒနာနဲ့ အနိစ္စမကွဲပြားဘူးဆိုတော့ ဒကာ ဒကာမ တွေ ဘုန်းကြီးက အဲဒီနေရာကလေး ဉာဏ်ကူပြီး သကာလ ဆုံးဖြတ်ချက် ချပေးလိုက်ပါတော့မယ်။ ဝေဒနာကို ကျော်ပြီး သကာလ အနိစ္စတွေ့အောင်ရှာပါ။ ဝေဒနာကို ခွာဖြစ်အောင် ခွာပါလို့ သတိပေးလိုက်တယ် (မှန်ပါ့)။

ဥပမာ သစ်တစ်ပင်မှာ အကာတွေ ခွာလို့ရှိရင် အသားပေါ် ရမယ် (မှန်ပါ့) မပေါ်ပေဘူးလား (ပေါ်ပါ တယ် ဘုရား) ဒီမှာလည်း ဝေဒနာခွာလိုက်လို့ရှိရင်ဖြင့် အနိစ္စတွေ့ပါလိမ့်မယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ကြပ်ကြပ်သတိထားစမ်းပါ ဝေဒနာခွာလိုက်ရင် (အနိစ္စတွေ့ပါတယ် ဘုရား) ဟုတ်တယ် တဲ့ ဖြစ်တာ နဲ့ ပျက်တာ ဖြစ်တုန်းမှာ ဝေဒနာ၊ ပျက်တော့ ဝေဒနာ သဘော စွန့်ပြီး အနိစ္စမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဖြစ်တုန်းကတော့ (ဝေဒနာပါ ဘုရား) ပျက် တော့ (အနိစ္စပါ ဘုရား)။

ဝေဒနာ၏အပျက်ကို တွေ့အောင်ရှာပါ

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သန္တာန်မှာ နှိပ်စက်တဲ့ဝေဒနာတရား၏ အပျက်ကလေးကို တွေ့အောင်ရှာလို့ ရှိရင်ဖြင့် ဝေဒနာခွာ၍ အနိစ္စတွေ့ပါပြီ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာ တဲ့ (ဝေဒနာခွာ၍ အနိစ္စတွေ့ပါ မယ် ဘုရား) သာမည အရေးကြီးတယ်များ ထင်ကြသလား (မထင်ပါ ဘုရား)။

ဒကာ ဒကာမတို့ သေတဲ့အခါ ဒုက္ခဝေဒနာတော့ ရောက်ကြရလိမ့်မယ်။ ရကြလိမ့်မယ် ဆိုတာ ကတော့ဖြင့် ငြင်းဆန်မနေကြပါနဲ့တော့နော် (မှန်ပါ့)။

အဲ့ဒီတော့ ဒီဝေဒနာသည်ကားလို့ ဆိုရင်ဖြင့် ဖြစ်တာနဲ့ ပျက်တာပဲရှိတယ် (မှန်ပါ့ ဘုရား) ဖြစ်တုန်းက ဝေဒနာ၊ ပျက်တော့ (အနိစ္စပါ ဘုရား)။

အင်း ဒါဖြင့် ဝေဒနာတုန်းကတော့ ဒုက္ခဝေဒနာ က နှိပ်စက်တယ်ထားပါတော့၊ ပျက်သွားတဲ့ အခါကျတော့ သူတောင်ပျက်နေတဲ့ ဓမ္မဖြစ်တော့ ကိန်းရာပုဂ္ဂိုလ် နှိပ်စက် သေးရဲ့လား (မနှိပ်စက်ပါ ဘုရား)။

အနိစ္စနောက်က မဂ္ဂလိုက်လာတယ်

မနှိပ်စက်တော့ ဘာဖြစ်လို့ မနှိပ်စက်ပါလိမ့်မလဲလို့ မေးခွန်းထုတ်လို့ရှိရင် ဝေဒနာခွာတဲ့ပုဂ္ဂိုလ်မို့ အနိစ္စသာ တွေ့နေသောကြောင့် ဒကာ ဒကာမတွေ အနိစ္စ နောက်ကနေ ပြီး သကာလ တွေ့တဲ့မဂ္ဂ လိုက်လာ တော့တယ် (မှန်ပါ့)။

ဒါဖြင့် အနိစ္စကလည်း နာတာမဟုတ် တွေ့တဲ့မဂ္ဂ ကလည်း နာတာမဟုတ် သဘောကျပလား (ကျပါပြီ)။

အနိစ္စကတော့ (နာတာမဟုတ်ပါ ဘုရား) တွေ့တဲ့ မဂ္ဂကကော (နာတာမဟုတ်ပါ ဘုရား)၊ ဒါ ဝေဒနာ ခွာနိုင်တဲ့ ပုဂ္ဂိုလ် ဒီနှစ်ချက်ရ ဆိုပါလား (မှန်ပါ့)၊

ဝေဒနာကို ခွာထုတ်နိုင်တဲ့ပုဂ္ဂိုလ် ဘယ်နှစ်ချက် ရပါလိမ့် (နှစ်ချက်ရပါတယ် ဘုရား)။ အနိစ္စကလည်း နာတာဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။။

မဂ္ဂကတော (နာတာမဟုတ်ပါ ဘုရား) အနိစ္စ ရယ်လို့ ရှုနေတဲ့မဂ္ဂလည်း နာတာ မဟုတ်ပါဘူး (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ “ဝေဒနံ ဝိက္ခမ္ဘိတွာ” လို့ ဆိုသောကြောင့် ဝေဒနာခွာပြီး သကာလ ဒကာ ဒကာမတို့ ဝေဒနာလား၊ အနိစ္စလားလို့ မေးပြီး သကာလ ဪ အနိစ္စ ပေါ်လာတာပါလား ဆိုပြီး သကာလ အနိစ္စရောက်တဲ့ သဘောကလေး ပါလာပြီဆိုပြီးသကာလ အပျက်ကလေးကို မြင်အောင်ကြည့် (မှန်ပါ့)။

ဒါဖြင့် အပျက်ကလေးက ဘာပါလိမ့် (အနိစ္စပါ ဘုရား) မြင်အောင် ကြည့်နိုင်တာကလေးက (မဂ္ဂပါ ဘုရား)။

နေရာကျလိုက်တာဗျာ (မှန်ပါ့) အပျက်ကလေး ဟာ ဘာတဲ့ (အနိစ္စပါ ဘုရား) မြင်အောင် ကြည့်နိုင်တာ ကလေးက (မဂ္ဂပါ ဘုရား) တယ်လည်းအဖိုးတန်ပါလား ဒကာ ဒကာမတို့ (မှန်ပါ့)။

သေခါနီးမှာ မဂ္ဂနှင့်နေပြပါ

ဒါဖြင့် သေတဲ့အခါမှာ ဝေဒနာခွာပြီးသကာလ ဝေဒနာကျော်လွန်ပြီး သကာလ မဂ္ဂလိုက်ပြီး သကာလ ဒကာ ဒကာမတွေ သေခါနီးမှာ နေပြပါလို့ ဟောလိုက်တယ် (မှန်ပါ့)။

တော်တော် အရေးကြီးတယ် ဒကာ ဒကာမတို့ ဒါ့ကြောင့် သာမညနားနဲ့ မထောင်ပါနဲ့ဆိုတဲ့ဥစ္စာ လေးလေးနက်နက်ကြီး မှာကြားရတယ်နော် (မှန်ပါ့)။

ဒါက ဘယ်လိုပုဂ္ဂိုလ်တုန်းဘုရားလို့ မေးတဲ့အခါကျ တော့ အခုကိုက အနိစ္စပိုင်ထားတဲ့ ပုဂ္ဂိုလ်မှရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မီးမလောင်ခင်က ရေရှာထားကြ

အခုပိုင်ထားမှနော် (မှန်ပါ့) မီးလောင်မှ ရေရှာ လို့တော့ (မရပါ ဘုရား)။

မီးမလောင်ခင်က မဂ်တည်းဟူသောရေကို ယခုက ရှာထားလို့ရှိရင် အနိစ္စတွေ့ရင် မဂ္ဂ မဖြစ် ဖြစ်အောင် ကြိုးစား ထားလိုက်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ သေခါနီးမှာ မဂ္ဂ သစ္စာနဲ့သေရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာနဲ့သေရမလဲ (မဂ္ဂသစ္စာဖြစ်ပြီး သေရပါ မယ်) မဂ္ဂသစ္စာဖြစ်ပြီး သေရမယ်ဆိုတော့ ဒကာ ဒကာမတို့ သာမညအဖိုးတန်တဲ့ အဖြေလား၊ အကြီးအကျယ်အဖိုးတန် တဲ့အဖြေလားဆိုတာ မေးခွန်း ထုတ်ပါတော့ (အကြီး အကျယ် အဖိုးတန်တဲ့အဖြေပါ ဘုရား)။

သေနည်းသင်နေတဲ့တရား

စဉ်းစားကြပါ၊ စဉ်းစားကြပါ ဒကာ ဒကာမတို့ သေနည်းသင် နေတာနော် (မှန်လှပါ) ဘုရားက အရှင် ဖဂ္ဂုဏကို သေနည်းသင်နေတဲ့ တရားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘုရား၏ကိုယ်စားလှယ်ဖြစ်တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတို့ သေစရာလက်နက်တွေ ယူပြီး သကာလ မွေးဖွား လာတဲ့ပုဂ္ဂိုလ်မို့ သေမှာဧကန်သိနေသောကြောင့် သေနည်းကောင်း ပြနေတယ် ဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်လိုက်စမ်း ပါ (မှန်ပါ့ ဘုရား)။ ဘယ်လောက်များ အရေးကြီး သတုန်း (ကြီးပါတယ် ဘုရား)။

အရှင်ဘုရား အသေသင်ရတာလည်း မလွယ်ပါ ကလားဆိုတာ လူမိုက်များပြောတော့ မွေးတစ်နေ့ သေ တစ်နေ့လို့ ဆိုတာပဲ သို့သော် လားရာဂတိကို ထည့်ပြော နေတာ မဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။

အခုဘဝကတော့ ဒကာ ဒကာမတို့ လားရာဂတိကို ကောင်းတာလည်း ဖြစ်ချင်ဖြစ်ရမယ် (မှန်ပါ့) လားရာ ဂတိကို မရှိတဲ့အခြေအနေ့လဲ ရောက်ချင်ရောက်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဝေဒနာကျော်ပြီး အနိစ္စတွေ့အောင် ရှာပြီး သေပါ လားဆိုတာ အဓိပ္ပါယ် ပြောလိုက်ပါတယ် (မှန်ပါ့)။

ဒါ့ကြောင့် ယဉ်ကျေးမှုရှိတဲ့ ဒကာ ဒကာမတွေ ကတော့ ဪ ဖြစ်တာက ဝေဒနာ ပျက်တာက အနိစ္စ ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ယဉ်ကျေးပြီးသားသူအတွက်မှာဖြင့် အသေ တတ်နေပြီ (မှန်ပါ့) မယဉ်ကျေးသေးတဲ့ ပုဂ္ဂိုလ် ကတော့ ကျုပ်ဒီဝေဒနာနဲ့ ဒီတောင်ကမတက်တော့ပါဘူးဆိုပြီး ဝမ်းနည်းပြီး ဒေါသောနဲ့သေပြီး အပယ် ကျတတ်တယ် (မှန်ပါ့) ဘယ်လောက်များ ကြောက်စရာ ကောင်းသလဲ (ကောင်းပါတယ် ဘုရား)။

သေခါနီးဝေဒနာလာရင်

အသေ မတတ်လို့ ဒကာ ဒကာမတို့နော် (မှန်ပါ့) ဘယ်လောက်ထိအောင် ကြောက်စရာ ကောင်းတယ် ဆိုတာ ပေါ်ကြပလား (ပေါ်လာပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေခါနီး ဝေဒနာလာတဲ့အခါ ရှေးဦးစွာ ဘယ်လို လုပ်ရမယ် ဆိုတာ တစ်နံပါတ်က ဝေဒနာခွာပါ၊ ဝေဒနာကျော်ပါ (မှန်ပါ့)။ ဘာတွေ့ ရမယ် (အနိစ္စ တွေ့ရပါမယ် ဘုရား) အနိစ္စ တွေ့ရပါမယ်နော် (မှန်ပါ့ ဘုရား)။

ဝေဒနာခွာပြီး အနိစ္စတွေ့အောင်ရှာ

အဲ့ဒီတော့ ဝေဒနာခွာပြီးသကာလ ဒါဝေဒနာ မဟုတ်ပါဘူးဆိုပြီး ခွာလိုက်ပြီးသကာလ အနိစ္စကို ဖြစ်ပြီး ပျက်သွားတဲ့ သဘောကလေးကို ဒကာကြွယ်တို့ ဒကာအေး တို့က တွေ့အောင်ရှာလိုက် (မှန်ပါ့)။

ရှာလိုက်တော့ တွေ့တယ်လို့ဆိုကြတော့ အတွေ့ ခံတာက အနိစ္စ၊ တွေ့ဉာဏ်ကမဂ္ဂ (မှန်ပါ့)။

အတွေ့ခံတာက (အနိစ္စပါ ဘုရား) အတွေ့ဉာဏ်က (မဂ္ဂပါ ဘုရား) ဒါဖြင့် မဂ္ဂဆိုတာ ဝေဒနာ ရှုရင်းနဲ့ မဂ္ဂငါးပါး နဲ့လည်း သေနိုင်တယ် (မှန်ပါ့)။

ဖဂ္ဂုဏသေနည်း

ဒို့ – ဒီလိုမသေပါဘူးတဲ့ ဖဂ္ဂုဏကျတော့ ဒကာ ဒကာမတွေ သိပ်ကောင်းတယ်ဗျာ အနိစ္စ တွေ့တဲ့အပြင် အနိစ္စကို တစ်ခါမုန်း ပြန်သေးတယ် ဖဂ္ဂုဏမှာ (မှန်ပါ့)။

နောက်ကြာလာတဲ့အခါကျတော့ အနိစ္စဆုံးပါရော့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် အနိစ္စတွေ့ အနိစ္စမုန်း အနိစ္စဆုံးပြီး သကာလ ဖဂ္ဂုဏလေးခါလောက် ဒီအတိုင်း ဖြစ်သွားတယ် (မှန်ပါ့) အနိစ္စမြင် အနိစ္စမုန်း အနိစ္စဆုံးတယ်၊ ၁-နံပါတ် (မှန်ပါ့)

နောက်တစ်ခါပြန်ကြည့်တော့လည်း အနိစ္စမြင် အနိစ္စမုန်း အနိစ္စဆုံးတယ် (မှန်ပါ့) နှစ်ခါရှိသွားပြီ (မှန်ပါ့)။

နောက်တစ်ခါကျတော့ အနိစ္စမြင် အနိစ္စမုန်း အနိစ္စ ဆုံးသွားတယ် ဘယ်နှစ်ခါရှိပလဲ (သုံးခါရှိပါပြီ ဘုရား) ဝေဒနာကို ကျော်ကျော်သွားတယ်နော် (မှန်ပါ့)။

စတုတ္ထအကြိမ်ကျပြန်တော့လဲ အနိစ္စမြင် အနိစ္စမုန်း၊ အနိစ္စပဲဆုံးသွားတယ် (မှန်ပါ့) အနိစ္စဆုံးတော့ နိစ္စနိဗ္ဗာန် တွေ့ ရတာပေါ့ဗျာ (မှန်ပါ့) မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။

တွေ့တော့သူရဟန္တာဖြစ်ရော (မှန်ပါ့) သူအနိစ္စ အဆုံးမြင်တာနဲ့ ရဟန္တာဖြစ်တာနဲ့ စုတိစိတ် နဲ့ဟာ တစ်ပြိုင် နက်လို ချုပ်ပြီးသကာလ သမသီသီ ရဟန္တာဖြစ်သွားတယ် (မှန်ပါ့)။

မြတ်စွာဘုရားပြန်ကြွတော်မူတယ်

ဒါနဲ့ ဘုရားသခင်ကိုယ်တော်ကြီးကလည်း ငါ့ တရားနာ ရလို့ သူ့ခန္ဓာထဲ ဉာဏ်ရောက်ပကွာ ဆိုပြီး သကာလ ဝေဒနာခွာနိုင်တဲ့ ပုဂ္ဂိုလ်ကလေး၊ ဝေဒနာကျော် နိုင်တဲ့ ပုဂ္ဂိုလ်ကလေး ဖြစ်လေ သောကြောင့် ငါဘုရား ကြွချိန် တန်ပြီဆိုပြီး ဘုရားလဲ ကြွသွားပါရော ဒီမှာလည်း ရဟန္တာဖြစ်တာနဲ့ စုတိချုပ်တာနဲ့ ဒကာကြွယ်တို့ ဒကာအေးတို့ ဒကာ သိုက်တို့ တစ်ပြိုင်နက်လို ဖြစ်သွားတယ် (မှန်ပါ့)။

သတိထားစမ်းပါ သတိထားစမ်းပါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝေဒနာကျော်ပြီး အနိစ္စ တွေ့တဲ့ ဒကာ ဒကာမတွေ၏ အဖြစ်တွေဟာ ဘယ်လောက် မွန်မြတ်တယ် ဆိုတာ ပေါ်လာအောင်လို့ ပြောရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖဂ္ဂုဏရဟန္တာ၏ထူးခြားချက်များ

ဒါနဲ့ ဘုရားသခင်ကြွသွားရော ရှင်အာနန္ဒာက အနားမှာရှိတော့ သူဝိညာဏ်ချုပ်တဲ့အချိန်မှာ ရဟန္တာဖြစ် တာနဲ့ ဝိညာဏ်ချုပ်တာနဲ့ တစ်ပြိုင်နက်လို ဖြစ်တော့ ခေါင်း ကြည့်လိုက်ပြန်တော့ လက်ယာဘက် စောင်းနေတယ် (မှန်ပါ့)။

သတိထားကြစမ်းပါ၊ ခေါင်းဘယ်ဘက် စောင်းပါ လိမ့် (လက်ယာဘက် စောင်းပါတယ် ဘုရား) ဖဂ္ဂုဏ ရဟန္တာဖြစ်သွားတော့ စောင်းတာက လက်ယာဘက်စောင်း တယ် (မှန်ပါ့ ဘုရား)။

မျက်စိတွေ နားတွေ, နှာခေါင်းတွေ အခု အချို့ ပုထုဇဉ်တွေ သေတော့ မျက်စိတွေမှိတ် (မှန်ပါ့) ကြည်ကြည် လင်လင်ကော ရှိသေးရဲ့လား (မရှိပါ ဘုရား)။

နားတွေကလည်း နောက်လန်ကော့ (မှန်ပါ့) ဒီလိုမနေဘူးလား (နေပါတယ် ဘုရား) အသားတွေ ကလည်း ဖြူတဲ့ပုဂ္ဂိုလ်ကလည်း အမျိုးမျိုး ဖောက်ပြန်၊ မည်းတဲ့ ပုဂ္ဂိုလ်ကလည်း အမျိုးမျိုး ဖောက်ပြန် နေတတ်ကြတယ် (မှန်ပါ့)။

ရှင်အာနန္ဒာအနားမှာရှိတယ်

ရှင်အာနန္ဒာက ဖဂ္ဂုဏမထေရ် ကြည့်လိုက်တယ်၊ ခေါင်းကလေး ကြည့်လိုက်ပြန်လည်း လက်ယာဘက် စောင်း၊ မျက်စိ, နား, နှာခေါင်းတွေ ကြည့်လိုက်ပြန်တော့လည်း လူကောင်းလို မသေတဲ့လူများလိုပဲ ကြည်ရွှင်နေသတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ခေါင်းက ဘယ်ဘက်စောင်းပါလိမ့် (လက်ယာ ဘက်စောင်းပါတယ် ဘုရား) မျက်စိ, နား, နှာခေါင်း ကိုယ် တွေက ဘာတဲ့ (ကြည်လင်ပါတယ် ဘုရား) အကုန်ကြည်လင် နေတယ် (မှန်ပါ့ ဘုရား)။

ဒါနဲ့ သူက ဖဂ္ဂုဏအလောင်း ထားပစ်ခဲ့ပြီးသကာလ ဘုရားထံ သွားတယ်၊ ဘုရားထံသွားပြီး ဒကာ ဒကာမတို့ – အရှင်ဘုရား ဖဂ္ဂုဏမထေရ်သေပုံ ထူလွန်းလို့ပါ ဘုရားတဲ့ (မှန်ပါ့)။

ဘယ်လိုများ ထူးဆန်းသတုံး အာနန္ဒာ လို့ မေးတော့ထူးပုံက ခေါင်းကလည်း လက်ယာဘက် စောင်းလို့၊ မျက်စိ, နား, နှာခေါင်းတွေကဘဲ မသေတဲ့လူလိုပဲဘုရာ့ ကြည်ရွှင်နေတယ်၊ အဲဒါ ငါဘုရား တရားကို နှလုံးသွင်းပြီး ငါက ဝေဒနာခွာ, ဝေဒနာကျော်ဆိုလို့ သူက ဝေဒနာနဲ့ အနိစ္စ နဲ့ မဂ္ဂနဲ့ချည့် မြင်သွားတယ်၊ ဒါကြောင့် ရဟန္တာ ပရိနိဗ္ဗာန်စံတာ (မှန်ပါ့) ပုထုဇဉ် အဖြစ်နဲ့ သေတာ မဟုတ်ဘူးတဲ့ (မှန်ပါ့)။

သေခါနီးမှာ ဝေဒနာကျော်ပြီး အနိစ္စတွေ့သွားလို့

ဒကာ ဒကာမတို့ နဂိုက ဘာမှမဖြစ်ခဲ့ဘူးနော် (မှန်ပါ့ ဘုရား) သေခါနီးမှ ဝေဒနာကျော်သွားပြီး အနိစ္စ တွေ့အောင်ရှာနိုင်တဲ့အချက်ကလေး မည်မျှလောက် ခရီး ပေါက်ရောက်သွားတယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

သေတတ်ကြပလား (သေတတ်ပါပြီ ဘုရား) ဘယ်လို သေကြပါ့မလဲ (ဝေဒနာခွာပြီး အနိစ္စ မြင်အောင် ရှုရပါမယ် ဘုရား) ဝေဒနာကျော်ပြီးတော့ ဘာတွေ့ရမလဲ (အနိစ္စတွေ့ရပါမယ် ဘုရား)။

အနိစ္စတွေ့အောင် ရှာပြီးသကာလ အနိစ္စရှုရင်း၊ အနိစ္စမုန်းရင်း၊ အနိစ္စဆုံးရင်း အနိစ္စကလေးကို မမြင်ရအောင် ဆုံးသွားတဲ့ အခြေအနေရောက်အောင် ဒကာ ဒကာမတွေ ရှုလိုက်လို့ရှိရင် ၁-နံပါတ် အဆင့်ဆိုရင် သောတာပန် (မှန်ပါ့)။

၂-နံပါတ်အဆင့်ဆိုရင် အနိစ္စမြင်, အနိစ္စမုန်း, အနိစ္စ ဆုံးသွားရင် သကဒါဂါမ် (မှန်ပါ့)။

၃-နံပါတ်အဆင့် အနိစ္စမြင်, အနိစ္စမုန်း, အနိစ္စဆုံး သွားရင် အနာဂါမ် (မှန်ပါ့)။

၄-နံပါတ်က ဝေဒနာကျော်ပြီးသကာလ အနိစ္စမြင်, အနိစ္စမုန်း, အနိစ္စဆုံးရင် ဘာတဲ့ (ရဟန္တာပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်သေရာလက် နက်ကြီး ကိုယ်ယူလာငြားသော်လည်း နောင်တစ်ခါမှာ နောင် တစ်ဖန်မသေနိုင်တဲ့နည်းကိုဖြင့် ဆရာဘုန်းကြီးက ပေးပြန် တော့တယ် (မှန်ပါ့)

ဘာနည်းပါလိမ့် (နောင်တစ်ဖန် သေထည်မရ တဲ့နည်းပါ ဘုရား)၊ မယူထိုက်ဘူးလား၊ ယူထိုက်သလား (ယူထိုက်ပါတယ် ဘုရား)။

ဒီတရားမှာ ဒကာ ဒကာမတို့ ဒီလိုထားလိုက်စမ်းပါ။ အဖန်ဖန် သေချင်ရင် ဒီနည်းကိုမယူပါနဲ့ (မှန်ပါ့)၊ အဖန်ဖန် မသေချင်တော့ပါဘူး၊ သေတဲ့လက်နက်ကြီးကို ရွက်ပြီး သကာလ သေခြင်းဆိုလည်း မသေချင်ပါဘူး ဘုရား ဆိုလို့ ရှိရင်ဖြင့် ဝေဒနာခွာပြီး သကာလ အနိစ္စရှာပြီး တွေ့အောင်၊ မုန်းအောင်၊ ဆုံးအောင် လုပ်လိုက်စမ်းပါ (မှန်ပါ့)။

သေမည့်ပုဂ္ဂိုလ်တွေမို့ သေနည်းသင်ပေးတာပါ

သတိပေးထိုက် မပေးထိုက် (ပေးထိုက်ပါတယ် ဘုရား)။

ဒါကြောင့် အားလုံး ဒကာ ဒကာမတွေ မပျင်းကြနဲ့၊ သေနည်းသင်တယ်ဆိုတာ သေမယ့် ပုဂ္ဂိုလ်တွေမို့ သင်တာလို့ မှတ်လိုက် (မှန်ပါ့)၊ တယ်အရေးကြီးပါလား (ကြီးပါ တယ် ဘုရား)။

ဒကာကြွယ် သာမညလား၊ အလွန့်အလွန်လား (အလွန့်အလွန်ပါ ဘုရား)၊ ဒီအထဲမှာ အကုန် မဆိုင်ဘူးလား ဒီတရား (ဆိုင်ပါတယ် ဘုရား)။

အကုန်ဆိုင်သောကြောင့် ခင်ဗျားတို့ ပေါ့ပေါ့တန် တန်နဲ့ အပင်ပန်းခံပြီး ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ နာနေတဲ့အခါ မှာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အရယူလိုက်စမ်းပါ။ ဒီသေနည်းကိုဖြင့် အရယူပြီဟ လို့ ဆုံးဖြတ်ချက် ချပါနော် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဖဂ္ဂုဏသေပုံ သဘောကျ ပလား (ကျပါပြီ ဘုရား)၊ ဝေဒနာခွာပြီး ဘာတွေ့သလဲ (အနိစ္စတွေ့ပါတယ် ဘုရား)။

ပထမ အနိစ္စတွေ့၊ ဒုတိယ အနိစ္စမုန်း၊ တတိယ အနိစ္စဆုံးအောင် ရှုပစ်လိုက်တယ် (မှန်ပါ့)၊ အနိစ္စဆုံးအောင် ရှုပစ်လိုက်တော့ နိစ္စနိဗ္ဗာန်တွေ့ပါတယ်နော် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သေနည်းသုံးမျိုး

အဲဒီလို သေလိုက်တော့ ရှင်အာနန္ဒာကို ရဟန္တာဖြစ် ပြီးသေတာကွ လို့ ဘုရားက ဟောလိုက်တော့၊ အာနန္ဒာ သံဃာတွေ အစည်းအဝေးစုရုံးလိုက်ပေါ့ သေနည်း သုံးမျိုး ငါဟောမယ် ဆိုပြီး တရားစလာတာပဲ (မှန်ပါ့)။

ဒါကြောင့် ဘုန်းကြီးကလည်း ဘုရားဟောတော်မူ တဲ့အတိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကို သေနည်းသုံး မျိုးကိုဟောပြပါ့မယ် (မှန်ပါ့ ဘုရား)၊ အခု ရဟန္တာဖြစ်ပြီး လို့ သေနည်းက တစ်မျိုးနော် (မှန်ပါ့)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ ဖဂ္ဂုဏမှာတော့ ဘုရား က အနားလာပြီးသကာလ ဟောတော်မူတာ မဟုတ်လား (မှန်ပါ့ ဘုရား)။

ဝေဒနာကျော်လိုက်ရင် အနိစ္စတွေ့တာပဲ

မင်းဟာ ဝေဒနာကျော်လိုက်ပါလားကွ၊ ဝေဒနာ ကျော်လိုက်ရင် အနိစ္စတွေ့တာပဲ လို့ ဟောလိုက်တဲ့ အတွက် သူ အနိစ္စတွေ့အောင်ရှာ၊ အနိစ္စကိုမုန်း၊ အနိစ္စဆုံး လို့ ရဟန္တာဖြစ်ပြီး လက်ယာဘက် ခေါင်းစောင်း ဣန္ဒြေတွေ အကုန်ကြည်လင်ပြီး သကာလ သေပွဲဝင်ရတော့ ဘုရား ဆီ ရှင်အာနန္ဒာ သွားတော့ အဲဒါ ဖဂ္ဂုဏသေတာ မဟုတ်ဘူး၊ ဒုက္ခခပ်သိမ်းငြိမ်းပြီး သကာလ ရဟန္တာ ပရိနိဗ္ဗာန်စံတာလို့ ဘုရားက မဟောလိုက်ဘူးလား (ဟောလိုက်ပါတယ် ဘုရား)၊ တယ် ဝမ်းသာစရာ ကောင်းတယ် (မှန်ပါ့)။

ဒါဖြင့် အဲဒီ ပုထုဇဉ်ဘဝနဲ့ ဝေဒနာရတယ် (မှန်ပါ့)၊ ဒကာ ဒကာမတွေ ဘာနဲ့ဝေဒနာရပါလိမ့် (ပုထုဇဉ်ဘဝနဲ့ ဝေဒနာရပါတယ် ဘုရား)။

သို့သော် ဘုရားက ဝေဒနာကျော်လိုက်ကွ၊ ခွာ လိုက်ကွ အနိစ္စရှာလိုက်ကွ လို့ ဟောလိုက်တဲ့ အတွက် ဒကာ ဒကာမတွေ ရဟန္တာ အဖြစ်ကျအောင် ရောက်သွားတယ် ဆိုတာဖြင့် ငြင်းဖို့ လိုသေး သလား (မလိုပါ ဘုရား)၊ ဘယ်လောက် အဖိုးတန်တယ် ဆိုတာပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် ယနေ့တရားပွဲမှာ နာရတဲ့ ဒကာ ဒကာမ တွေဖြင့် ဪ သေမယ့်ခန္ဓာကြီး ရထားတာ ဘယ်လို သေ ရမှန်းမသိသေးဘူးဆိုတာ ဖျောက်လိုက် (မှန်ပါ့ ဘုရား)၊ ဘာဖျောက်ရမယ် (ဘယ်လိုသေရမှန်း မသိဘူး ဆိုတာ ဖျောက်ရပါမယ် ဘုရား)။

ဘယ်လိုသေရမှန်းမသိသေးဘူးဆိုတာ ဖျောက်လိုက် စမ်းပါတော့ (မှန်ပါ့)၊ ဘာနဲ့ဖျောက်ရတုံး ဆိုတော့ ဝေဒနာခွာမှု (မှန်ပါ့)။

ဝေဒနာခွာမှု ဆိုတာ ဝေဒနာမဟုတ်ဘူး၊ ဒီဥစ္စာ အနိစ္စလို့ ဉာဏ်ရှုလိုက် (မှန်ပါ့)၊ ရှုလိုက်တဲ့အခါ အနိစ္စ မြင်လာမယ်၊ မြင်လာရင် မုန်းမှာပဲ (မှန်ပါ့)၊ မုန်းလာရင် အနိစ္စဆုံးတာ မကျေနပ်ပေဘူးလား (ကျေနပ်ပါတယ် ဘုရား)။

အဲ ဒီမှာ သောတာပန်၊ နောက်တစ်ခါ ဆုံး သကဒါဂါမ်၊ နောက်တစ်ခါဆုံး အနာဂါမ်၊ နောက်တစ်ခါ ဆုံး ရဟန္တာအဖြစ်နဲ့ သေတော့ လက်ယာဘက်ခေါင်းစောင်းပြီး သကာလ ဣန္ဒြေ ကြည်လင်ပြီး သေသောကြောင့် ပရိနိဗ္ဗာန် စံတာ (မှန်ပါ့)။

ဒါအကြောင်းပြုပြီးသကာလ ဘုရာသခင်ကိုယ်တော် မြတ်ကြီးက အာနန္ဒာ သံဃာတွေ စုရုံး လိုက်ပေါ့ သေနည်းသုံးမျိုး ဟောမယ်ဆိုပြီး ပုံသေနည်းဟောတော်မူ တယ် (မှန်ပါ့ ဘုရား)။

ဘုန်းကြီးတို့ ဒကာ ဒကာမတွေအတွက် ဟောရတဲ့ ဆရာသမားကလည်း ဝမ်းမြောက် လိုက်တာ၊ ဒကာ ဒကာမတွေကလည်း ဒီအတိုင်းသာ လုပ်မယ်ဆိုလို့ရှိရင်ဖြင့် တို့ဖြင့် မကြောက်ပါဘူး၊ ဒီနည်းနဲ့ အသုံးချမှာပေါ့လို့ အခု ရဲရဲတင်းတင်း လုပ်ထားလိုက်စမ်းပါ (မှန်ပါ့)။

ဒါကြောင့် မီးလောင်မှလည်း ရေမရှာပါနဲ့ဆိုတဲ့ သတိ ပေးချက်ကလေးကလည်း မမေ့လိုက်ပါနဲ့ (မှန်ပါ့)၊ ယခု ကိုက အနိစ္စတွေ့အောင်ရှာထားကြပါလို့ ဆိုတာကို လေးလေးနက်နက် သတိပေး လိုက်ပါတယ် (မှန်ပါ့)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ပထမသေနည်း

ကောင်းပြီ၊ သေနည်းသုံးမျိုး ငါဟောမယ်လို့ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ဟောတော့ ငါကတော့ ပရိနိဗ္ဗာန်စံမှာပါတဲ့၊ ငါမရှိတော့ ဒိပြင်ပုဂ္ဂိုလ်တွေ ဘယ်လို သေကြမယ်ဆိုတဲ့ မေးခွန်း ထုတ်ဖို့ မင်းတို့ လိုလာတဲ့အတွက် ငါဘုရားရှိတဲ့ အခါကျတော့ ငါဘုရားတရားနာပြီး ငါဘုရားက ဝေဒနာခွာဆို ခွာကြ၊ ဒီလိုသေကော့ ငါဘုရားရှိတုန်း ပြောတဲ့ စကားတော့ ခု ဖဂ္ဂုဏက ထောက်ခံချက် ပေးသဖြင့် သေချာပေါ့ကွာ (မှန်ပါ့)။

ငါဘုရားမရှိရင် မင်းတို့ ဘယ်လိုသေကြမတုံး ဆို တာလည်း မေးစရာရှိနေလို့ သေနည်းကို ငါဘုရားရှိတုန်း ငါဘုရားတရားဟော၍ သေပုံကတစ်မျိုး (မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ငါဘုရားမရှိသည့်နောက်ကျတော့ ငါဘုရား၏ တပည့်များ ဝိပဿနာ နိုင်နင်းတဲ့ ပုဂ္ဂိုလ်များ ပေါ့ဗျာ ခုနင် က ဒါနတရား၊ သီလတရားလောက်နဲ့လည်း ရဟန္တာ တိုက် ရိုက် မဖြစ်ပေဘူးပေါ့ဗျာ၊ သေခါနီးမှာနော် (မှန်ပါ့)။

ဒုတိယသေနည်း

အဲဒီတော့ အခုလိုဝေဒနာတွေ့တဲ့အခါကျလို့ရှိရင် ငါ ဘုရား တပည့်သာဝကများ ပင့်ပြီး သကာလ မင်းတို့သည် ဤကဲ့သို့ ဝိပဿနာအလုပ်ကို လုပ်ပါလား၊ ဝေဒနာကျော် ပါလား၊ ဝေဒနာ ခွာပါလား၊ အနိစ္စ တွေ့အောင် ရှာပါလား၊ ဒီလိုပုဂ္ဂိုလ်တွေနဲ့ မင်းတို့တွေ့အောင် ရှာပြီးသကာလ သေ ကြမယ် ဆိုရင်လည်း ပုထုဇဉ်အဖြစ်ကနေပြီး သောတာပန် သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်ပါတယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

တစ်နည်း ရဟန္တာလည်းဖြစ်နိုင်ပါတယ်၊ အတက် ကောင်းလို့ရှိရင် နော် (မှန်ပါ့)။

ဒါဖြင့် ဘုရား၏ တပည့်သားဆီ တရားနာ, တရား အားထုတ် သေရလို့ရှိရင်လည်း သောတာပန်, သကဒါဂါမ်, အနာဂါမ် ရဟန္တာ ကျအောင် ဖြစ်နိုင်ပါတယ်လို့ ဆုံးဖြတ်ချက် ချလိုက် ပါတော့ (မှန်ပါ့)၊ သဘောကျပလား (ကျပါ ပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားမရှိတော့လို့ ဘုရားနဲ့ မတွေ့ရလည်း မပူနဲ့ပေါ့ဗျာ (မှန်ပါ့)။

ဘုရား၏တပည့်သားများ အကူအညီ အထောက် အပံ့ ဝိပဿနာ အကူအညီတွေနဲ့ သေကြမယ် ဆိုလို့ရှိရင် လည်း သောတာပန်, သကဒါဂါမ်၊ အနာဂါမ်ဖြစ်နိုင်တယ် အာနန္ဒာလို့ ဘုရားက မမှာလား (မှာပါတယ် ဘုရား)။ နှစ်ချက်ရှိသွားပြီ (မှန်ပါ့ ဘုရား)။

ဘုရားရှိရင် ဘုရား၏နည်းနဲ့ တရားနာပြီးသေပေါ့ ဗျာ (မှန်ပါ့)၊ ဘုရားမရှိသည့်နောက် ဘုရား၏ တပည့် သားတွေ၏တရားကို နည်းယူပြီးသကာလ ဝေဒနာခွာတဲ့ နည်းယူပြီး သကာလ ရှုပွားပြီး သေကြလို့ မဟောလား (ဟောပါတယ် ဘုရား)။

ဒီလိုဆိုတော့လည်း သောတာပန်, သကဒါဂါမ်, အနာဂါမ် ရဟန္တာမဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားကလည်းမရှိတာ သေချာပြီ (မှန်ပါ့)၊ ဘုရား၏ တပည့် သားမြေးတွေက လည်း ဟောနိုင်တဲ့ပုဂ္ဂိုလ်က အဝေးရောက်နေမယ်၊ မဟော နိုင်တဲ့ပုဂ္ဂိုလ်က အနီး ရောက်နေမယ် ဆိုလို့ရှိရင်လည်း တော်ရုံ တန်ရုံနဲ့ ပြီးချင် ပြီးသွားမယ် (မှန်ပါ့)၊ ဒီလိုလည်း အချိုး မကျသေးဘူးပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဘုရားမရှိရင် ဘယ့်နှယ်လုပ်ရမှာတုံး

အဲဒီတော့ ဘုန်းကြီးတို့ ဒကဒကာမတွေ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက မှာပြန်ပြီ၊ ငါဘုရားလည်းမရှိ ဘူး၊ ငါဘုရား၏ တပည့်သားကောင်းလည်း မတွေကြုံဘူး၊ ဒီဝေဒနာသည် ဘယ့်နှယ် လုပ်ရမတုံး ဆိုတော့ ဒီလိုရှိ တယ်။

အခု ဒကာ ဒကာမတွေ ဘုန်းကြီးတို့ဆီမှာနာနေတဲ့ ဒကာ ဒကာမတွေ ဝေဒနာ ရှုလိုက်မယ် ဆိုရင် ဝေဒနာဟာ ခဏပဲတွေ့တာပဲ၊ တော်တော်ကြာ ဖျပ်ဖျပ်နဲ့ အနိစ္စကလေးတွေပဲ မြင်တာပဲ (မှန်ပါ့)၊ သေချာကြရဲ့လား (သေချာ ပါတယ် ဘုရား)။

အင်း ကျုပ်တို့က ကျော်တတ်ပြီးသား၊ လွှားတတ် ပြီးသား၊ ခွာတတ်ပြီးသား ဆိုတဲ့ အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

တတိယသေနည်း

ဒါကြောင့် ယခုကနေပြီးသကာလ ဖြစ်ပျက်တွေ့ အောင်ရှာထားပါဆိုတာများ မှာထိုက်သဗျာ (မှန်ပါ့)၊ မမှာထိုက်ကြဘူးလား ဒကာ ဒကာမတို့ (မှာထိုက်ပါတယ် ဘုရား)။

ကောင်းပြီး ဒါဖြင့် ငါဘုရားမရှိလို့ရှိရင်လည်း မင်းတို့သည်ကားလို့ဆိုရင် ကိုယ်နာထားတဲ့တရား ရရှိထား၊ ကိုယ်နာထားတဲ့တရားကို မင်းတို့ဟာမင်းတို့ ဝေဒနာခွာတဲ့ပြီး သကာလ ဖြစ်ပျက် အနိစ္စ ကလေး ရှုပြီး သကာလ မင်းတို့ နေကြမယ်ဆိုရင်ဖြင့် ဖြစ်ပျက်မြင်မှာပါပဲ တဲ့ (မှန်ပါ့)။

ဖြစ်ပျက်မုန်းတာက အနိစ္စမှန်းပဲ မကျဘူးလား (ကျပါတယ် ဘုရား)၊ ဖြစ်ပျက်ဆုံးတာကော အနိစ္စဆုံးမှာ ဘာနိဗ္ဗာန်ရှိသလဲ (နိစ္စနိဗ္ဗာန်ရှိပါတယ် ဘုရား)။

နိစ္စနိဗ္ဗာန်ရှိတယ်ဆိုတာ အနိစ္စဆုံးရင် နိစ္စနိဗ္ဗာန်ဟာ ဉာဏ်နဲ့ အာရုံပြုလိုက်တော့တာပဲ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားမရှိသော်လည်း မ ပါနဲ့၊ ဆရာသမားတွေ မရှိသော်လည်း မပူပါနဲ့၊ ကိုယ့်ဟာကိုယ် ဝိပဿနာရှုပြီး ဝေဒနာခွာပြီး အနိစ္စရှုသေရင်လည်း သောတာပန်, သကဒါဂါမ်, အနာဂါမ် ရဟန္တာဖြစ်နိုင်ပါတယ် (မှန်ပါ့)၊ ပူစရာများ ရှိသေးသလား (မရှိပါ ဘုရား)။

သေနည်းသုံးမျိုး

ဒါဖြင့် ၁-နံပါတ် ဘုရားတရားနာရလို့ အားထုတ်ဖြစ် လို့ သေရင်လည်း သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်နိုင်၏ (မှန်ပါ့)။

၂- နံပါတ်ဘုရား၏ တပည့်သားများတရားကို နာရ လို့ ကျင့်ရန် ကြံ ကြိုးကုတ် အားထုတ်ရလို့ ရှိရင်လည်း သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်နိုင်၏ ပေါ့ဗျာ (မှန်ပါ့)။

ဘယ်သူမှ ဒီနှစ်မျိုးသောပုဂ္ဂိုလ်တို့ကို ဒကာ ဒကာမ တွေက မတွေ့ရတော့ပါဘူးဆိုလို့ရှိရင်ဖြင့် ကိုယ်အားထုတ်တဲ့ တရားကို ကိုယ်ပြန်ပြီးသကာလ ဝေဒနာခွာတဲ့ပြီးသကာလ အနိစ္စတွေ့အောင်, အနိစ္စမုန်းအောင်, အနိစ္စဆုံးအောင် ကိုယ် ဟာကိုယ်ဆင်ခြင်သေလဲ ဘုရားရှိတုန်းကလိုဘုရား၏ တပည့် သား တရားနာတုန်းကလိုပဲ ထိုသေနည်းဟာ သေနည်းသုံးမျိုး အတူတူပဲ ကွ ရဟန္တာထိအောင် ဖြစ်နိုင်တာချည်းပဲ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဘုရားဟောတော်မူတဲ့ ဒီသေနည်းကို ဆရာဘုန်းကြီးက နည်းပေးလိုက် မပေးထိုက် (ပေးလိုက်ပါတယ် ဘုရား)။

ပေးထိုက်တော့ ဒကာ ဒကာမတွေကလဲ ယခုနောက် ဆုံးပိတ် ၃- နံပါတ်ကိုဖြင့် မမေ့လိုက်ပါနဲ့ (မှန်ပါ့) ကိုယ်ရှု ပွားထားတဲ့ဝေဒနာကလေးတွေ ရှုပွားထားတဲ့ပုဂ္ဂိုလ်ကလည်း ဝေဒနာခွာရုံပဲ (မှန်ပါ့)။

ဝေဒနာခွာပြီးသကာလ အနိစ္စတွေ့အောင်ရှာ၊ အနိစ္စ မုန်းအောင်ရှု၊ အနိစ္စဆုံးအောင်ရှုလို့ ရှိရင်လဲ နိစ္စနိဗ္ဗာန် ဧကန် တကယ်ရပါတယ်လို့ ဘုရားမဟောဘူးလား (ဟောပါ တယ် ဘုရား) ဒါဖြင့် ကိုယ့်ဟာကိုယ် ဆင်ခြင်သေရင်လဲ ပြီးတာပဲ တဲ့ (မှန်ပါ့)။

သေတတ်ကြပလား (သေတတ်ပါပြီ ဘုရား) ဘယ်လောက်များ အရေးကြီးသလဲ (ကြီးပါတယ် ဘုရား)။

ဒကာ ဒကာမတွေ အမိ, အဖ ဆွေမျိုးဉာတကာ မတော်ဖူးသူ မရှိသလောက်ဖြစ်ပြီး သကာလ နေတော့ ဝတ္ထု ပေါင်းသက်သေ သာကေအများကြီး ဟောနိုင်ငြား သော်လည်း အမျိုးမျိုးအဖုံဖုံ ဝိပဿနာ ဉာဏ်တွေ ဟောနိုင်ငြားသော် လည်း မုန်းပုံကို စပြောနေတယ် (မှန်ပါ့ ဘုရား) အရေးကြီး တာကို စပြောနေတယ် (မှန်ပါ့) သဘောပါ ကြပလား (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ၁-နံပါတ်က ဘုရား၏တရားနာရလို့ အားထုတ် သေရင်လည်း သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်ရာ၏ (မှန်ပါ့)။

၂-နံပါတ်က ဘယ့်နှယ်ဆိုကြမယ် ဘုရား၏ တပည့်သားတရားနာရလို့ (အားထုတ် သေရင်လည်း သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်နိုင်ပါ တယ် ဘုရား)။

၃-နံပါတ် ဘယ်လိုဆိုကြမယ် (ကိုယ့်ဟာကိုယ် ဆင်ခြင်၊ သေရင်လည်း သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်နိုင်ပါတယ်)၊ အဲ ကိုယ့်ဟာကိုယ် တရားအား ထုတ်လို့ ဝေဒနာခွာပြီး ကျော်, အားထုတ်ခဲ့သော် သောတာ ပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်နိုင်ရာ၏ (မှန်ပါ့၊ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုရားတရားနာရလို့လည်း ဒကာ ဒကာမတို့ နာရုံနဲ့ မပြီးဘူး၊ ကိုယ့်ဟာကိုယ်ခွာနိုင်မှ (ဖန်ပါ့)။

ဘုရား၏ တပည့် သားတရားကို နာရုံနဲ့ မပြီး၊ ကိုယ့်ဟာကိုယ် ဝေဒနာခွာပြီး အနိစ္စမြင်၊ အနိစ္စမုန်း၊ အနိစ္စ ဆုံးအောင် ရှုနိုင်ပါမှ (မှန်ပါ့) ပေါ်မလား (ပေါ် ပါပြီ ဘုရား)။

ကိုယ့်ဟာကိုယ် ဆင်ခြင်တဲ့ပုဂ္ဂိုလ်မှာလည်း ဝေဒနာ ကို ဝေဒနာလို့ ဆင်ခြင်နေလို့ မပြီးဘူး၊ ဝေဒနာကျော်ပြီး အနိစ္စတွေ့အောင်ပဲ ဆင်ခြင်နိုင်မှသာလျှင် ဒကာ ဒကာမတို့ အနိစ္စမြင်၊ အနိစ္စမုန်း၊ အနိစ္စအဆုံးသို့ ရောက်ပါတော့တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သာမည အရေးကြီးသလား ဒကာ ဒကာမတို့ အလွန့် အလွန် အရေးကြီးသလား (အလွန့်အလွန် အရေးကြီး ပါတယ် ဘုရား)။

ကိုယ့်အတွက် ကြုံကြရမယ့်ကိစ္စကော ဟုတ်ပါရဲ့ လား (ဟုတ်ပါတယ် ဘုရား) ဒီအထဲမှာ လွတ်မယ့်ပုဂ္ဂိုလ် များ ပါကြသေးသလား (မပါ, ပါ ဘုရား)။

သေတတ်ကြပြီလား

ကိုင်း ဒကာ ဒကာမတို့ တဏှာနားနဲ့ ထောင် ရင်ဖြင့် သေတတ်ပလားမေးရင် လန့်သွား လိမ့်မယ် (မှန်ပါ့) ဉာဏ်နားနဲ့ ထောင်လိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတို့ သေတတ်ပလားလို့ မေးတော့ ဘယ့်နှယ်ဖြေကြ မလဲ (သေတတ်ပါပြီ ဘုရား)။

အဲဒါဉာဏ်နားတွေမို့နော် (မှန်ပါ့) တဏှာနားနဲ့ ဆိုရင် နိမိတ်မရှိ နမာမရှိ သေတတ်ပလားလို့ မေးလိုက်တာ ကျုပ်ဖြင့် စိတ်ကိုပျက်သွားတာပဲ ဆိုချင်လည်း ဆိုပစ်လိုက် မယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဉာဏ်နားနဲ့ထောင်တော့ ဒကာ ဒကာမတွေ သေ တတ်ပလား မေးတော့ ဘယ့်နှယ်ဖြေကြမလဲ (သေ တတ်ပါပြီ ဘုရား) လွတ်မှာလား၊ မလွတ်ဘူးလား (မလွတ်ပါ ဘုရား)။

ယူလာတာက သူဟာက ဝမ်းထဲက လွတ်ကတည်း က အိုဘေးနဲ့သေဘေးကို ဝမ်းထဲမှယူပြီး လာခဲ့ကြတယ် (မှန်ပါ့) လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

ဒါကြောင့် အစချီလာကတည်းက လွတ်စရာမရှိ အောင်ပဲ ဒကာ ဒကာမတွေ နားလည်မှု ရှိအောင် ပြောလာတဲ့ အတွက် သေနည်းသုံးမျိုးကို သင်လိုက်ခြင်းဖြစ်ပါတယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) သေ တတ်ပလား (သေတတ်ပါပြီ ဘုရား)။

ဒါဖြင့် ဘုရားကလည်း မရှိကို ဘုရားကိုယ်တိုင် ဟောဖို့ အားမကိုးနဲ့တော့ (မှန်ပါ့) ဘုရား၏ တပည့်သား ရှိငြားသော်လည်း ကြုံချင်မှကြုံ၊ ဆုံချင်မှဆုံမှာ ဖြစ်လေ သောကြောင့် ဒါလောက် အားမကိုးနဲ့ (မှန်ပါ့)။

ကိုယ်တိုင်ဆင်ခြင်ပြီး သေနည်းသာအားကိုးကြ

ကိုယ့်ဟာကိုယ် ဆင်ခြင်ပြီး သေနည်းသာ အားကိုး ကြတော့လို့ ၃-နံပါတ်ကို လက်ကိုင်ထား လိုက်ပါတော့ (မှန်ပါ့)

ဘာလက်ကိုင်ထားရမတုံး (၃-နံပါတ်ကို လက်ကိုင်ထားရပါမယ်) ၃-နံပါတ်သေနည်းက ဘာတဲ့ (ကိုယ့်ဟာကိုယ် ဆင်ခြင်ပြီး သေရမှာပါ ဘုရား)။

ကိုယ့်ဟာကိုယ် အနိစ္စမြင်၊ ကိုယ့်ဟာကိုယ် အနိစ္စ မုန်း၊ ကိုယ်ဟာကိုယ် အနိစ္စဆုံးပြီး သကာလ သေလိုက်စမ်း ပါလို့ ပြောလိုက်တယ် (မှန်ပါ့)။

အဲဒီလို သေလိုက်လို့ရှိရင် သေတာနဲ့ ရဟန္တာဖြစ် တာနဲ့ တစ်ပြိုင်တည်းလို ဖြစ်နိုင်တယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ အလွန်အရေးကြီး တဲ့ စကားကို ဆရာဘုန်းကြီး သုံးခွန်းမှာတဲ့ အနက်က တစ်ခွန်းကိုဖြင့် အမိယူလိုက်ပါလို့ ပြောလိုက်ပါတယ် (မှန်ပါ့)။

တစ်ခွန်း အမိယူလိုက်ပါဆိုတာ ဘာပါလိမ့် (ကိုယ့်ဟာကိုယ် ဆင်ခြင်ပြီး သေတာပါ ဘုရား) ကိုယ့်ဟာ ကိုယ် ဝေဒနာကျော်ပြီး အနိစ္စတွေ ဆင်ခြင်ပြီး သေလိုက် စမ်းပါလို့ ပြောလိုက်ပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မီးလောင်မှ ရေရှာရင် အိမ်ပြောင်လိမ့်မယ်

ကိုင်း ဒါဖြင့် တစ်ခွန်းကို ယူလိုက်ပြန်လို့ ရှိရင် လည်း မီးလောင်မှ ရေရှာတာတဲ့၊ အိမ်ပြောင် လိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မီးလောင်မှ ရေရှာနေသော် (အိမ်ပြောင်လိမ့် မယ်) ရေရှာရင်း အိမ်ပြောင်လိမ့်မယ် (မှန်ပါ့) မီး မလောင်ခင်က ရေရှာခဲ့သော် အိမ်ကျန်ရစ်ပါလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မီးမလောင်ခင်က ရေရှာနည်း

ဒါဖြင့် မီးမလောင်ခင်က ရေရှာကြစို့ဆိုတော့ ဒကာ ဒကာမတို့ (မှန်ပါ့) အခု.နောက်ဟောမယ့် တရားက သေခါနီး အထူးရှာမနေရအောင် ဝေဒနာတောင် ခွာမနေ ရအောင် အခုက အနိစ္စ ထားပါတော့မယ်ဆို မီးမလောင် ခင်က ရေရှာတာပေါ့ဗျာ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဥပဝါဏ ရဟန်း ကလေး သန္ဒိဋ္ဌိကောလို့ ဟောတာကို သန္ဒိဋ္ဌိက ဂုဏ်နဲ့ပဲ ခင်ဗျားတို့ ယနေ့ မီးမလောင်ခင်က ရေရှာနည်းကို ပြောပါတော့မယ် (မှန်ပါ့)။

ဥပဝါဏဆိုတဲ့ရဟန်းက ဘုရားသခင် ကိုယ်တော် မြတ်ကြီးကို မေးတယ်၊ အရှင်ဘုရား သန္ဒိဋ္ဌိကော သန္ဒိဋ္ဌိကော လို့ ပြောကြပါတယ်ဘုရား။

သန္ဒိဋ္ဌိကဆိုတာ အမိန့်ရှိပါဘုရား

အဲဒီ သန္ဒိဋ္ဌိက ဆိုတာကို တပည့်တော်အား အမိန့် ရှိပါဘုရားလို့ ဥပဝါဏရဟန်းက လျှောက်လို့ မီးမလောင်ခင် ရေရှာသလို သန္ဒိဋ္ဌိကောနဲ့ရှာကြ (မှန်ပါ့)။

“သန္ဒိဋ္ဌိကောတိ သာမံ ပဿိတဗ္ဗာ” ဆိုတော့ ဒကာ ဒကာမတို့ ကိုယ်တိုင်မြင်အောင် ကြည့်နိုင်ဖို့ အရေးကြီးတယ် (မှန်ပါ့)။

ဘာအရေးကြီးပါလိမ့် (ကိုယ်တိုင်မြင်အောင် ကြည့်နိုင်ဖို့ အရေးကြီးပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်တိုင်မြင်အောင် ကြည့်ဆိုလို့ရှိရင်ဖြင့် ကိုယ်ကိုယ်တိုင်မှာ ရှိလို့ရှိရင် ကိုယ်ကိုယ် တိုင်မှာ မြင်ရမှာပဲ (မှန်ပါ့)။

ကိုယ့်ကိုယ်ထဲရှိရင်ဖြင့် (ကိုယ်ကိုယ်တိုင် မြင်ရမှာပါ ဘုရား) ကိုယ်တိုင်မြင်ရမှာပေါ့ဗျာ (မှန်ပါ့)။

ကိုယ်ကိုယ်တိုင် မြင်ရမှာပဲဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတော်မူတယ်၊ ဆုံးမတော်မူတယ် ဒကာ ဒကာမတို့ ဒါကလေးကို လေးလေးနက်နက် မှတ်လိုက် စမ်းပါဦး (မှန်ပါ့)။

ဝိပဿနာအလုပ် ခုနင်က တရားဆက်မိအောင်လို့ သန္ဒိဋ္ဌိက ဂုဏ်ကို ထုတ်လာပါတယ် (မှန်ပါ့) သံယုတ် ပါဠိတော်လို့ မှတ်လိုက်ပါတော့ (မှန်ပါ့)။

ကိုယ်တိုင်မြင်အောင်ကြည့်ပါ

သံယုတ် ပါဠိတော်မှာ ဥပဝါဏရဟန်းက ဘုရားကို လျှောက်တဲ့အတွက် သန္ဒိဋ္ဌိကောဆိုတာ ကိုယ်တိုင်မြင် အောင် ကြည့်ပါလို့ပြောတာ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်တိုင် မြင်အောင် ကြည်တဲ့အခါကျလို့ရှိရင်ဖြင့် ခုနင်တုန်းက ထိုင်စက ဒကာ ဒကာမတွေ မညောင်းမညာပါဘူး၊ အခု တစ်နာရီပြည့်သွားပြီ၊ တစ်နာရီပြည့်သွားတော့ ဒကာ ဒကာမ တို့ အောက်ပိုင်းက ဝေဒနာ၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ် စိတ်ကလေးတွေ မပေါ်လားဗျာ (ပေါ်ပါတယ် ဘုရား)။ ဒုက္ခဝေဒနာ မပေါ်လားဗျာ (ပေါ်ပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဒုက္ခဝေဒနာ ပေါ်လာတာကို ခင်ဗျားတို့သည်ကား လို့ဆိုရင်ဖြင့် ကိုယ်တိုင် ကြည့်လိုက် ပါ (မှန်ပါ့ ဘုရား)။

ဪ ဒါ ဒုက္ခဝေဒနာလို့ မသိဘူးလား (သိပါတယ် ဘုရား) ရှုရင်း မတ္တနဲ့ ကြည့်တဲ့စိတ် ကလေးလဲ ပေါ်ပါရော ဒုက္ခဝေဒနာက ချုပ်တယ် (ချုပ်ပါတယ် ဘုရား)။

ကြည့်တဲ့ စိတ်ကလေးပေါ်တော့ (ဒုက္ခဝေဒနာ ချုပ်ပါတယ် ဘုရား) မကြည့်ဘဲ နေတုန်း ကတော့ ဒီနေရာ နာတယ်ပေါ့ဗျာ (မှန်ပါ့) နာတဲ့နေရာ ကိုယ်တိုင်ကြည့် လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နာတာကလေး ရှိသေးသလား၊ မရှိတော့ဘူးလား (မရှိတော့ပါ ဘုရား)။

ဒီ မရှိတာကလေးသည်ကား လို့ ဆိုလို့ရှိရင် ဖြင့် ဒကာ ဒကာမတို့ မရှိတာကို သိတာက နောက်ကလိုက် လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း မရှိတာက အနိစ္စ ဖြစ်သွားတယ် (မှန်ပါ့) သိတာက (မဂ္ဂပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂတည်းဟူသော ကိုယ်တိုင် ဉာဏ်နဲ့ မရှိတာကို ကိုယ်တိုင် မမြင်ရဘူးလား (မြင်ရပါ တယ် ဘုရား)။

ဘာမြင်ရပါလိမ့် (မရှိတာကို ကိုယ်တိုင်မြင်ရ ပါတယ် ဘုရား) ဒါဖြင့် သူများပြောလား၊ ကိုယ်တိုင် မြင်လား (ကိုယ်တိုင်မြင်ပါ ဘုရား)။

ကိုယ့်သန္တာန်ဖြစ်တဲ့ ဝေဒနာကလေး၏ နိရောဓဆိုတဲ့ ချုပ်မှုကလေးကို ဒကာ ဒကာမတို့ သူများပြောလား၊ ကိုယ်တိုင် မြင်လား (ကိုယ်တိုင်မြင်ပါ ဘုရား)။

ဒါဖြင့် သန္ဒိဋ္ဌိကော သာမံ ပဿိတဗ္ဗာ ကိုယ်တိုင် မြင်အောင်ရှုရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်လိုရှုရမှာပါလိမ့် (ကိုယ်တိုင်မြင်အောင် ရှုရမှာပါ ဘုရား)။

ကိုယ်တိုင်မြင်အောင်ဆိုတာဘယ်လိုလဲ

ကိုယ်တိုင်မြင်အောင် ရှုရမယ်ဆိုတဲ့ဥစ္စာသည် ဒကာ ဒကာမတို့ မှတ်လိုက်စမ်းပါ၊ ဝေဒနာ ကလေး ပေါ်လာတယ်၊ ဒီနေရာဉာဏ်နဲ့ စိုက်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ဉာဏ်ရောက် လာတယ် ဆိုရင် ဝေဒနာက ချုပ်ပြီးသား ဖြစ်နေ နှင့်ပြီ (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဖြစ်တော့ ဒါကလေးဟာ မရှိဘူးဆိုတာကလေးကို ဉာဏ်က မသိဘူးလား (သိပါတယ် ဘုရား) သိတဲ့ဉာဏ် သည် သန္ဒိဋ္ဌိကော (မှန်ပါ့)။

သိတဲ့ဉာဏ်ကို ဘာဆိုကြမယ် (သန္ဒိဋ္ဌိကောပါ ဘုရား) ဒါ သူများပြောလား၊ ကိုယ်တိုင် မြင်တာလား (ကိုယ်တိုင်မြင်တာပါ ဘုရား)။

ဘာကလေးကို မြင်တာတုံး လို့ဆိုတော့ ခုနင်က ရှိနေတာကလေး မရှိဘူးလို့ ကိုယ်တိုင် မြင်လိုက်တယ် (မှန်ပါ့)။

ဘယ်လိုမြင်ပါလိမ့် (ခုနင်က ရှိနေတာကလေး မရှိဘူးလို့ ကိုယ်တိုင်မြင်လိုက်ပါတယ် ဘုရား)။

ခုနင်က ဖြစ်နေတာကြီးဟာ အခုမရှိတော့ပါလားလို့ မသိဘူးလား (သိပါတယ် ဘုရား)။

ဒါဖြင့် မရှိတာသည်ကား လို့ ဆိုလို့ရှိရင် ကိုယ်တိုင်မြင်စရာ တရား (မှန်ပါ့) သိတာသည်ကား လို့ ဆိုရင် ကိုယ်တိုင်မြင်တဲ့တရား (မှန်ပါ့) သဘောပါ ပလား (ပါ,ပါပြီ ဘုရား)။

မရှိတာက ဘာတဲ့ (ကိုယ်တိုင်မြင်စရာ တရား ပါ) သိတာက (ကိုယ်တိုင်မြင်တဲ့ တရားပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုယ်တိုင်မြင်လိုက်တော့ သန္ဒိဋ္ဌိကော သာမံ ပဿိတဗ္ဗော ကိုယ်တိုင်မရှိတာ သိလိုက်ပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သန္ဒိဋ္ဌိကောဆိုတာ မရှိတာကို ကိုယ်တိုင်သိ အောင်လုပ် (မှန်ပါ့)။

ရှိရာက မရှိတာကို ကိုယ်တိုင်မြင်အောင်လုပ်ပါ

သန္ဒိဋ္ဌိကောဆိုတာ ဘာပါလိမ့် (ကိုယ်တိုင်သိအောင် လုပ်ရပါမယ်) ရှိရာက မရှိတာကို ကိုယ်တိုင်မြင်အောင် လုပ်ပါတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သတိထား, သတိထား, အင်မတန် မှန်တဲ့တရား (မှန်ပါ့) သန္ဒိဋ္ဌိကောဆိုတာ ဘာပါလိမ့် (ကိုယ်တိုင်မြင်အောင် လုပ်ရပါမယ် ဘုရား)။

အဲ ရှိရာက ပျက်သွားတဲ့တရားကလေးကို မျှော် ပျက်သွားပေါ့လို့ ကိုယ်တိုင်မသိရဘူးလား (သိရပါတယ် ဘုရား) အဲဒါ ဘာခေါ်ကြမယ် (သန္ဒိဋ္ဌိကောပါ ဘုရား) သဘောပါပလား (ပါ, ပါပြီ ဘုရား)။

သန္ဒိဋ္ဌိကောဆိုတာ ဒကာ ဒကာမတွေ နေရာကလေး ဘာကလေးပြင်ကြတဲ့ အခါကျလို့ရှိရင် ဘယ့်နှယ်ကြောင့် ပြင်ပါလိမ့်မတုံး မေးတဲ့အခါကျတော့ ဒီနေရာမှာ တပည့်တော်က ပူလွန်းလို့၊ အိုက်လွန်းလို့၊ နာလွန်းလို့၊ ကိုက်လွန်း လို့၊ ခဲလွန်းလို့ ပြောင်းလိုက်ရပါတယ်ဘုရား လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ပြောင်းလိုက်တော့ ရှိသေးရဲ့လား (မရှိပါ ဘုရား) ရှိရာက မရှိတဲ့ တရား ကလေး မရှိဘူးလို့ သိတာသည် (သန္ဒိဋ္ဌိကောပါ ဘုရား)။

ရှိရာက မရှိတာသိရင် သန္ဒိဋ္ဌိကော

ရှိရာက မရှိတဲ့တရားကလေးသိရင် ဘာခေါ်ကြမယ် (သန္ဒိဋ္ဌိကောပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ရှိပြီး ၊ ပျက်သွားတဲ့တရားချည်းပဲ တစ်ကိုယ်လုံး ရှိတယ် (မှန်ပါ့) အဲဒီတော့ ဘယ်စိတ်ပေါ်ပေါ် ရှိရာက မရှိတာသိရင် ပြီးတာ ပဲ (မှန်ပါ့ ဘုရား)။

ဘယ်ဝေဒနာပေါ်ပေါ်၊ ဘယ်ရုပ်ပေါ်ပေါ်၊ ရှိရာက မရှိတာသိရင် ဘာခေါ်ကြမယ် (သန္ဒိဋ္ဌိကောပါ ဘုရား)

ဪ သန္ဒိဋ္ဌိကော ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် အခုအခါက သန္ဒိဋ္ဌိကောဖြစ်အောင် လုပ်သွား တော့ သေခါနီးကျတော့လဲ ဒီသန္ဒိဋ္ဌိက ကံ ပျောက်ဦးမှာ လား (မပျောက်ပါ ဘုရား)။

အဲဒါကြောင့် မီးမလောင်ခင်က ရေရှာထားပါဆိုတဲ့ တရားကို ဒကာကြွယ်တို့ ဒကာအေးတို့ ဒကာသိုက်တို့ ဟောရတယ် (မှန်ပါ့) ဦးလှဘူး မဟောရပေဘူးလား (ဟောရပါတယ်) ရှာတတ် ကြပလား (ရှာတတ် ပါပြီ ဘုရား)။

သန္ဒိဋ္ဌိကောဖြစ်အောင် ဘယ်လိုလုပ်ကြပါမယ် (ရှိရာက မရှိတာကိုသိအောင် လုပ်ရပါမယ် ဘုရား)။

စားချင်တဲ့ စိတ်ကလေးပေါ်လာတယ် ဒကာ ဒကာမ တို့ စားချင်စိတ်ကလေး ရှိမနေဘူးလား (ရှိနေပါ တယ် ဘုရား) တော်တော်ကြာ ကျတော့ စားချင်တဲ့ စိတ်ကလေးသည်ကား လို့ ဆိုရင်ဖြင့် ဟိုမှာ ကိစ္စရှိလို့ စကားပြောလိုက်တော့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒါ သူ့ကို ဘာခေါ်ကြမယ် (အနိစ္စ ပါ ဘုရား) ပျက်သွားပေါ့ လို့ မသိဘူးလား (သိပါတယ် ဘုရား)။

အဲ ပျက်သွားပေါ့ ပျက်သွားပေါ့လို့ သိတာသည် သန္ဒိဋ္ဌိကော (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သန္ဒိဋ္ဌိကောကို ကောင်းကောင်းကျေနပ်ပလား (ကျေနပ်ပါပြီ) အင်မတန်ကို ဒကာ ဒကာမတွေ စဉ်းစားမှ ဪ ဒီဥစ္စာခက်တာလည်း မဟုတ်ဘဲနဲ့ တို့သည်ကား လို့ ဆိုရင်ဖြင့် ကိုယ်တိုင် မမြင်လိုက် ရတာသည် ဆရာကောင်း သမားကောင်း နည်းနာမရလို့ဘဲ လို့ဆိုတာ မှတ် လိုက်ပါတော့ (မှန်ပါ့)။

အခုတော့ ဘယ်တရားကလေး ပေါ်ပေါ် ဒကာ ဒကာမတို့ တွေးလိုက်ရင် ရှိမရှိ (မရှိပါ ဘုရား) မရှိတာကို မသိရဘူးလား (သိရပါတယ် ဘုရား) သိတာကို ဘာ ခေါ်ကြမယ် (သန္ဒိဋ္ဌိကောပါ ဘုရား)။

အေး ဒကာသိုက် မိပြီ ဒီလိုဆိုလို့ရှိရင် (မှန်ပါ့) မမိသေးဘူးလား (မိပါပြီ ဘုရား)။

ဘယ်တရားပေါ်ပေါ် ရှိမရှိ တွေး

ဘယ်တရားပေါ်ပေါ် ရှိ မရှိ တွေးလိုက်စမ်း (မရှိ ပါ ဘုရား) မရှိတာ မသိဘူးလား (သိပါတယ်) မရှိတာ အနိစ္စ၊ သိတာက မဂ္ဂ (မှန်ပါ့) အဲဒီမဂ္ဂဟာ သန္ဒိဋ္ဌိကော (မှန်ပါ့)။

ဒီမဂ္ဂဟာ ဘာခေါ်ကြမယ် (သန္ဒိဋ္ဌိကောပါ ဘုရား) အဲဒါ ဘုရားဘယ်နေရာများ တရားရှာရတာ ခက်လိုက်တာ လို့များ ခက်လိုက်တာ လို့ ညည်းလုံးထုတ်လို့ ရှိရင်ဖြင့် ကြောင်တောင်ကန်း လို့ပြောရမယ် (မှန်ပါ့) မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား)။

ဆိုနိုင်တယ် ဒကာ ဒကာမတို့ ဘယ်တရားပေါ်လာ လာ ရှိ-မရှိတွေးရုံပဲ (မှန်ပါ့) တွေးတဲ့စိတ် လာရင် မူလ ဖြစ်တဲ့စိတ် ရှိသေးရဲ့လား (မရှိပါ ဘုရား)ဒါဖြင့် ၁-မှာ ဖြစ်ပျက်၊ ၂-မှာ မဂ် (မှန်ပါ့)။

၁-မှာ (ဖြစ်ပျက်ပါ ဘုရား) ၂-မှာ (မဂ်ပါ ဘုရား) အဲဒါ ဘာခေါ်ကြမလဲ (သန္ဒိဋ္ဌိကောပါ ဘုရား) အဲ ရှေ့ကဖြစ်ပျက် နောက်က မဂ်ဟာ သန္ဒိဋ္ဌိကောပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ၏ သန္တာန်မှာ စိတ်မကူး – ဘဲနေတဲ့ အချိန် ပါသေးသလား (မပါပါ ဘုရား) အဲဒီ ကူးတဲ့ စိတ်ကလေးရှိ မရှိ တွေးစမ်း (မရှိပါ ဘုရား) မရှိတာက ဘာခေါ်ကြမယ် (အနိစ္စပါ ဘုရား) သိတာက (မဂ္ဂပါ ဘုရား) အဲဒီမဂ္ဂကို ဘာဆိုကြမယ် (သန္ဒိဋ္ဌိကော ပါ ဘုရား)။

အဲ သန္ဒိဋ္ဌိကော တဲ့၊ အဲဒီမဂ်နဲ့ တပည့်တော် ကိုယ်တိုင်ဖြစ်ပါတယ်ဘုရား လို့ ဆိုရာ ရောက်ပါတယ် (မှန်ပါ့)။

ဒကာကြွယ် သိပ်မိပလား (မှန်ပါ့) အင်မတန်မိပါတယ်

ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပာဒ်ကလေးများ ပြတ်ကဲ့ လားလို့ မေးတဲ့အခါကျတော့ သတိထား လိုက်စမ်း၊ သတိထား လိုက်စမ်း၊ ရေသောက်ချင်တဲ့ စိတ်ကလေး ပေါ်လာတယ်။ ရှိ မရှိ တွေးလိုက် စမ်းဗျာ (မရှိပါ ဘုရား)။

မရှိတာကအနိစ္စ သိတာကမဂ္ဂ

ဒါဖြင့် မရှိတာက (အနိစ္စပါ ဘုရား) သိတာက (မဂ္ဂပါ ဘုရား) အဲဒီ မဂ္ဂဘာခေါ်ကြမလဲ (သန္ဒိဋ္ဌိကောပါ ဘုရား) ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား)။

ကိုယ်တိုင်မြင်တာ ဟုတ်ပါရဲ့ လား (ဟုတ်ပါတယ် ဘုရား) ခုနင်က ရေသောက်ချင်တဲ့ စိတ်ကလေး ရှိသေးရဲ့ လား (မရှိပါ ဘုရား) မရှိတာ မသိဘူးလား (သိပါ တယ် ဘုရား)။

ဒါဖြင့် မရှိတာသိတာလည်း ကိုယ်ကိုယ်တိုင်သိပါ တယ် မရှိကြောင်းကို (မှန်ပါ့) သဘော ကျပလား (ကျပါ ပြီ ဘုရား)။

သူများပြောလား၊ ကိုယ်တိုင် မရှိကြောင်းကိုသိလား (ကိုယ်တိုင်မရှိကြောင်းကို သိတာပါ ဘုရား)။

အဲ ကိုယ်တိုင် မရှိကြောင်းကိုသိတော့ ဘာတဲ့ (သန္ဒိဋ္ဌိကောပါ ဘုရား) သန္ဒိဋ္ဌိကော ကိုယ်တိုင် မြင်ပါတယ်ကွ တဲ့ မရှိတာကို (မှန်ပါ့)။

ဟာ ဒကာကြွယ် သေပျော်တဲ့တရားပါလား (မှန်ပါ့) ရရဲ့ သားနဲ့ ကျုပ်တို့ ဝိပဿနာ မလုပ်တတ် လို့ ခက်နေတာ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ခက်နေတာပါလိမ့် (ရရဲ့သား နဲ့ ဝိပဿနာ မလုပ်တတ်လို့ပါ ဘုရား) ရတော့ ရပါရဲ့၊ ဝိပဿနာ အသုံးမချတတ်လို့ ခက်နေတယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ သန္ဒိဋ္ဌိကောဆိုတာလေ ကိုယ့်သန္တာန်ဖြစ်တဲ့စိတ်ရှိ မရှိ သန္ဒိဋ္ဌိကော ဖြစ်ပါတယ် (မှန်ပါ့)။

သေသေချာချာ မှတ်စမ်းပါ ဒကာ ဒကာမတို့၊ ကိုယ့် သန္တာန်ဖြစ်တဲ့ စိတ်ကလေးဟာလည်း ဖြစ်ပြီး ပျက်၊ ပျက်ပြီး ဖြစ်၊ ဖြစ်ပြီးပျက်၊ ပျက်တိုင်း ပျက်တိုင်း နောက်က အသိလိုက် နေမယ်ဆိုရင် ဘာဖြစ်ကြပါလိမ့် (သန္ဒိဋ္ဌိကောပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အင်မတန် အရေးကြီးနေပါလား (ကြီးပါတယ် ဘုရား) အင်မတန်အရေးကြီးလို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးဟောတာပေါ့ (မှန်ပါ့) ဥပဝါဏ ရဟန်းက လျှောက် လို့နော် (မှန်ပါ့)။

သန္ဒိဋ္ဌိကော မလုပ်ရင်ဘာဖြစ်မလဲ

အကယ်၍ ဒကာ ဒကာမတွေ ရေသောက်ချင်တဲ့ စိတ်ကလေး ရှိ မရှိ မတွေးတော့ပါဘူး၊ ဆရာဘုန်းကြီး တရားလည်း နားမထောင်၊ သန္ဒိဋ္ဌိကောဆိုတဲ့ဥစ္စာလည်း အလုပ်မလုပ်ဆိုတော့ ရေသောက်ချင်တယ် ဆိုတာက တဏှာ (မှန်ပါ့)။

မသောက်ရ မနေနိုင်ဘူးလို့ ထွက်မသွားဘူးလား (သွားပါတယ် ဘုရား) အဲဒါက ဘာပါလိမ့် (ဥပါဒါန်ပါ ဘုရား)။

ငါ့ဟာငါ သွားသောက်မယ်လို့ ပါးစပ်ကလည်းပြော၊ ခြေထောက်ကလည်း လှမ်းဆိုတော့ ကာယကံ, ဝစီကံဆိုတဲ့ ကမ္မဘဝဖြစ်တယ် (မှန်ပါ့)။

ဒါဖြင့် သောက်ချင်တာက တဏှာ၊ မသောက်ရရင် မနေနိုင်တာက (ဥပါဒါန်ပါ) ကာယကံ, ဝစီကံနဲ့ သွားတာက (ကမ္မဘဝပါ ဘုရား) ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား) ဘယ်လောက် ကြောက်စရာ ကောင်းတယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်လည်မယ်

အဲဒီတော့ ဒကာ ဒကာမတွေ သန္ဒိဋ္ဌိကော မလုပ်ရင် ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်ကြီး လည်ပါရောတဲ့ (မှန်ပါ့ ဘုရား)။

ရေသောက်ချင်တဲ့ စိတ်ကလေးဟာ ဒကာ ဒကာမ တွေက ရှိ မရှိ မတွေးတော့ဘူး၊ သန္ဒိဋ္ဌိကော ဖြစ်အောင် မလုပ်တော့ဘူးဆိုပါတော့ဗျာ၊ မလုပ်တော့ ရေသောက်ချင် တာက ဘာပါလိမ့် (တဏှာပါ) မသောက်ရ မနေနိုင် အောင် ဖြစ်လာတာက (ဥပါဒါန်ပါ ဘုရား)။

ကာယကံနဲ့ သွားပြီး ဝစီကံနဲ့ ပြောသွားတာက (ကမ္မဘဝ) သဘောကျပလား (ကျပါပြီ) ကမ္မဘဝ ပစ္စယာ (ဇာတိ) ဇာတိပစ္စယာ (ဇရာ မရဏပါ ဘုရား)။

ဇရာ, မရဏဆိုတော့ မသွားသေးဘူးလား(သွားပါပြီ) အင်မတန် ကြောက်စရာ မကောင်း ဘူးလား (ကောင်း ပါတယ် ဘုရား)။

ဒါဟာ ဘယ့်နှယ်ကြောင့် ဒီလို ပဋိစ္စသမုပ္ပါဒ်ကြီး သံသရာကူးသွား ပါလိမ့်မတုံး၊ ဇာတိဆိုတော့ ရောက်မသွား သေးဘူးလား (သွားပါပြီ) ဇရာ, မရဏဆိုတော့ ဟိုဘက် သေပွဲမဝင်သေးဘူးလား (ဝင်ပါပြီ ဘုရား)။

အနာဂတ်သေပွဲဝင်ရတယ် သဘောကျပလား (ကျပါပြီ) အဲဒါ ဘယ့်နှယ်ကြောင့် သံသရာ ဆက်ပါလိမ့် မလည်းလို့ မေးခွန်းထုတ်လို့ရှိရင် သန္ဒိဋ္ဌိကော မလုပ်မိလို့ ပါဘုရား (မှန်ပါ့) သံသရာ ဆက်တာ ဘယ့်နှယ်ကြောင့် ပါလိမ့် (သန္ဒိဋ္ဌိကော မလုပ်မိလို့ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဪ ဒကာ ဒကာမတွေ ပါဠိတွေရရဲ့ သားနဲ့ အသုံးမချတတ်တာနဲ့ သံသရာ ခရီးသည် ဖြစ်ရတာ နာလိုက် တာဗျာ (မှန်ပါ့) မနာဘူးလား (နာပါတယ် ဘုရား)။

ဒကာကြွယ်ရေ လဲသေလိုက်ဖို့ကောင်းတယ်၊ ပါဠိလဲ အရသားနဲ့ သံသရာချောက်ကျပြီး သေပွဲတွေ နွှဲရတာ ဘယ်လောက် ဆိုးဝါးသတုံး (ဆိုးဝါးပါတယ်) ဒါ ဘာ မလုပ်တတ်လို့ပါလိမ့် (သန္ဒိဋ္ဌိကော မလုပ်တတ်လို့ပါ ဘုရား)။

မဂ္ဂသည် သန္ဒိဋ္ဌိကော

ဒါဖြင့် သန္ဒိဋ္ဌိကော လုပ်တတ်လို့ရှိရင် ဒကာ ဒကာမ တို့ ပဋိစ္စသမုပ္ပာဒ် ဘယ့်နှယ်နေသတုံး (ပြတ်ပါတယ်) စဉ်းစား ကြည့် ရေသောက်ချင်တဲ့ စိတ်ကလေး ရှိမရှိ သွေးစမ်း (မရှိပါ) မရှိတာက (အနိစ္စပါ) သိတာက (မဂ္ဂပါ) ဟော မဂ္ဂကို ဘာခေါ်ကြမယ် (သန္ဒိဋ္ဌိကောပါ ဘုရား)။

သန္ဒိဋ္ဌိကော ခေါ်တယ်၊ မဂ္ဂနဲ့ ကိုယ်တိုင် မမြင်လိုက် ဘူးလား (မြင်လိုက်ပါတယ်) မြင်လိုက်တော့ ဒကာ ဒကာမတို့ တဏှာ မဟုတ်တော့ပါဘူး၊ အနိစ္စဖြစ်သွားတယ် – (မှန်ပါ့)။

အနိစ္စဖြစ်သွားတော့ ဥပါဒါန်ကို ကျေးဇူးပြုသေးရဲ့ လား (မပြုပါ) ဥပါဒါန်ကို ကျေးဇူးမပြုတော့ ကမ္မဘဝဆို တဲ့ ကာယကံ, ဝစီကံ, လာသေးရဲ့ လား (မလာပါ ဘုရား)။

ကာယကံ ဝစီကံမှ မလာလို့ရှိရင် ကမ္မဘဝပစ္စယာ ဇာတိကော (မလာပါ ဘုရား) ဇာတိမှ မလာဘဲနဲ့ အို,သေ တန်းပြီး နောက်တစ်ခါ နေရဦးမှာလား (မနေရပါ ဘုရား)။

အံမာလေး အဖိုးတန်လိုက်တဲ့ဖြစ်ခြင်း သန္ဒိဋ္ဌိက (မှန်ပါ့) အဖိုးတန်လိုက်တဲ့ သန္ဒိဋ္ဌိက ဒကာ ဒကာမတွေ ပြောစရာ မရှိတော့ဘူး (မှန်ပါ့ ဘုရား)။

လမ်းသွားတဲ့အခါ လုပ်ကြည့်ပါ

သေသေချာချာ နာကြစမ်းပါ၊ ဒကာ ဒကာမတို့ ဒါ အိမ်ကျတော့ လုပ်ကြည့်၊ လမ်းသွား ကြည့်တော့လဲ လုပ်ကြည့်တာပေါ့ (မှန်ပါ့ ဘုရား)။

နင်းလိုက်တဲ့ အခါ ဝေဒနာကလေးပေါ်တယ်။ ဒီဝေဒနာ ကလေးရှိ မရှိ တွေးလိုက်တဲ့အခါ ခြေကြွတော့ ရှိသေးရဲ့ လား (မရှိပါ ဘုရား) မရှိရင် သန္ဒိဋ္ဌိက ဖြစ်တာပဲ၊ အနိစ္စနဲ့ မဂ္ဂဖြစ်သွားတာပဲ (မှန်ပါ့) မဖြစ်ဘူးလားဗျာ (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ သန္ဒိဋ္ဌိကော ဘယ်လောက် အရေးကြီးသတုံး (ကြီးပါတယ် ဘုရား) ဒကာသိုက်တို့၊ ဒကာအေးတို့ သန္ဒိဋ္ဌိကော ဘယ်လောက် အရေးကြီးသတုံး (ကြီးပါတယ် ဘုရား)။

ဘာကြောင့် သံသရာရှည်ခဲ့ပါလိမ့်

ဒါဖြင့် ခင်ဗျားတို့ သံသရာရှည်ခဲ့တာ ပေါ်ပလား (ပေါ်ပါပြီ) ဘာကြောင့် ရှည်ခဲ့ပါလိမ့် (သန္ဒိဋ္ဌိကော မလုပ်ခဲ့လို့ပါ) သန္ဒိဋ္ဌိကော သပိတ်မှောက်ခဲ့လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာ သပိတ်မှောက်ခဲ့လို့ပါလိမ့် (သန္ဒိဋ္ဌိကော သပိတ်မှောက်ခဲ့လို့ပါ) သန္ဒိဋ္ဌိကောဆိုတာ သံယုတ်ပါဠိတော် မှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကိုယ့်သန္တာန် ဖြစ်တဲ့ လောဘ, ဒေါသ, မောဟနဲ့ ကုသိုလ်တွေ ရှိမရှိ တွေးတာ သန္ဒိဋ္ဌိကတဲ့ (မှန်ပါ့ ဘုရား)။

ဟိုဟာက အထွတ်ဆုံး မဂ္ဂပစ္စည်ကို ဟောတာ၊ ဒါက ပုဂ္ဂိုလ်တွေ ဝိပဿနာရှုတဲ့ သန္ဒိဋ္ဌိကလို့ မှတ်လိုက် (မှန်ပါ့) ဘယ်လောက် အဖိုးတန်သတုံး (တန်ပါတယ် ဘုရား)။

ဒီတရားနာရလို့ သေပျော်ပါပြီ

သေပျော်ပါပြီ၊ ဒီတရားနာရတာ ဒကာ ဒကာမတွေ သေပျော်ပလား (သေပျော်ပါပြီ ဘုရား) မလုပ်တတ် စရာကော (မရှိပါ ဘုရား)။။

ကိုယ့် သန္တာန် စိတ်ကလေးပေါ်လဲ ဘယ်စိတ် ပေါ်ပေါ် ဘယ်လိုတွေးရမလဲ (ရှိ မရှိ တွေးရပါမယ် ဘုရား) ရှိမရှိ တွေးရင် ဘာဖြစ်ပါလိမ့် (သန္ဒိဋ္ဌိကော ဖြစ်ပါ တယ် ဘုရား) သန္ဒိဋ္ဌိကော ဖြစ်မှာပဲ၊ မရှိဘူး မရှိဘူးလို့ ၊ ဆိုတာ ကိုယ်တိုင် မသိရဘူးလား (သိရပါတယ် ဘုရား)။

ဒကာကြွယ် သိပ်များ ခက်နေသလား (မခက် ပါ ဘုရား) မလုပ်ဖြစ်မှာ စိုးရိမ်ရတယ်၊ မခက်တာ ဆရာဘုန်း ကြီးက ပြလို့ ရှင်းသွားပြီ (မှန်ပါ့)။

ဒကာ ဒကာမတွေက အိပ်ကြတဲ့ အခါကျတော့ သံသရာ လည်ချင်လာတယ်၊ ရေသောက် ချင်တာလည်း မတွေး၊ မတွေးတော့ ကျုပ်မသောက်ရ မနေနိုင်ဘူးဆိုတဲ့ ဥပါဒါန်က လာ (မှန်ပါ့ ဘုရား)။

ရေသောက်ချင်တာက တဏှာ၊ မသောက်ရ မနေနိုင် တာက (ဥပါဒါန်ပါ ဘုရား) ဘယ်သူက ယူပေးပေ မပေးပေး ကျုပ်ဟာကျုပ် သွားသောက်မယ်ဆိုတဲ့ ကာယကံ ဝစီကံ မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား) အဲဒါက ဘာပါလိမ့် (ကမ္မဘဝပါ ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိ ပါ ဘုရား) ဟာ သံသရာကို ကူးသွားတယ် (မှန်ပါ့)။

ဇာတိပစ္စယာ (ဇရာ မရဏပါ ဘုရား) အင်း ဒီဘဝတောင် အိုပွဲ သေပွဲမလွတ်သေးဘူး၊ ဟိုဘဝ အိုပွဲ, သေပွဲထပ်ပြီးတော့ရမယ်လို့ ရွယ်ပြီးသား၊ ဆုတောင်း ပြီးသား ဖြစ်သွားတယ် (မှန်ပါ့) ဘယ်လောက်များ နာတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

မဂ်ရထိုက်တဲ့ ကုသိုလ်ကံပါနိုင်ပါတယ်

ဒါကြောင့် ဒကာ ဒကာမတွေ ဘုန်းကြီးများနဲ့ တွေ့ ဆရာကောင်း, သမားကောင်းနဲ့တွေ့၊ သာသနာတွင်းကြုံ၊ ဘုန်းကြီးကလည်း ကျန်းကျန်းမာမာမို့ ဒကာ ဒကာမတွေလဲ ကျန်းကျန်းမာမာမို့ မဂ်ရထိုက်တဲ့ ကုသိုလ်ကံ ပါနိုင်ပါတယ် လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

အားမငယ်ကြစမ်းပါနဲ့၊ အားမငယ်ကြစမ်းပါနဲ့၊ မဂ် ရထိုက်တဲ့စိတ် သန္ဒိဋ္ဌိကောဂုဏ် ပြည့်စုံရင် ဧကန် ရပါတယ် (မှန်ပါ့) သဘောကျလား (ကျပါပြီ ဘုရား)။

သန္ဒိဋ္ဌိကောဆိုတာ ဘာပါလိမ့် (ကိုယ်တိုင်မြင် အောင် ကြည့်ရပါမယ် ဘုရား) ကိုယ်တိုင် မြင်ရမယ် (မှန်ပါ့) ဘယ်သူ့သန္တာန်မှာ မြင်ရမှာပါလိမ့် (ကိုယ့်သန္တာန်မှာ မြင်ရမှာပါ ဘုရား)။

ကိုယ်တိုင်မြင်အောင်ကြည့်ဖို့ အရေးကြီးတယ်

အဲ ကိုယ့်သန္တာန်ဖြစ်တဲ့ စိတ်ကလေးရှိ မရှိကို တွေးလိုက်လို့ မရှိတာတွေ့ရင် သန္ဒိဋ္ဌိကော (မှန်ပါ့) မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ သန္ဒိဋ္ဌိကော ဆိုတာသည် ကားလို့ ဆိုလို့ရှိရင်ဖြင့် အလွန် အရေးကြီးကြောင်းဖြင့် ဆရာ ဘုန်းကြီးသုံးလေးခါထပ်ပြောလို့ သိကြပါပြီ (မှန်ပါ့ ဘုရား)။

သန္ဒိဋ္ဌိကော ဥစ္စာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သန္ဒိဋ္ဌိကောကို တွဲစရာကလေးတစ်ခု ထည့်ပေးပါဦးမယ် (မှန်ပါ့ ဘုရား)။

တွဲစရာကလေး သတိထားလိုက်စမ်း ဒကာ ဒကာမ တို့၊ ဧဟိပဿိကော (မှန်ပါ့ ဘုရား) ဧဟိ= လာခဲ့၊ ပဿ =ရှုပါတဲ့ (မှန်ပါ့)။

ကျုပ် ရှုစမ်းပါဗျာ၊ ကျုပ် ရှုစမ်းပါဗျာ လို့ တရား ကခေါ်နေတယ် ဆိုပါကလား (မှန်ပါ့)။

ဧဟိလာခဲ့၊ ပဿရှုပါ၊ လာရှုစမ်းပါ၊ လာရှုစမ်းပါလို့ ဘယ်သူက ခေါ်သတုံး (တရားက ခေါ်ပါတယ် ဘုရား)။

ဪ တရားတွေက ခေါ်ရှာပါရဲ့၊ ခင်ဗျားတို့က ကျောပေးနေလို့ ခက်နေတာ (မှန်ပါ့) ဘယ့်နှယ်ကြောင့် ခက်နေသလဲ (ကျောပေးနေလို့ ခက်ပါတယ် ဘုရား)။

မဟုတ်ဘူးဗျာ၊ တရားတော့ ကျောမပေးကြနဲ့ ခင်ဗျား တို့ တရားကြောင့် တရားသဘော အတိုင်း လူဖြစ်လာကြတာ (မှန်ပါ့)။

တရားကခေါ်ရင် သွားဖြစ်အောင်သွားပါ

ခင်ဗျားတို့ကို ဘယ်သူက ဖန်းဆင်းလို့မှ လူဖြစ် လာတာ မဟုတ်ဘူး (မှန်ပါ့) အဲဒီတရားတော့ ကျောမ ပေးနဲ့ (မှန်ပါ့) တရားကခေါ်ရင် သွားဖြစ်အောင် သွားပါ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဧဟိ-ဘာတဲ့ (လာခဲ့ပါ) ပဿရှုပါ (မှန်ပါ့) ဘယ်သူက ခေါ်ပါလိမ့် (တရားကခေါ်ပါတယ် ဘုရား)။

ဒါဖြင့် တရားတိုင်းဟာ ခေါ်နေတာချည်းပဲ (မှန်ပါ့) ခင်ဗျားတို့က မရှုဘူး (မှန်ပါ့) ဘာဖြစ် နေသလဲ (ကျောပေးနေပါတယ် ဘုရား)။

ဪ ကျေးဇူးရှင် ကျေးစွပ်တာပဲ (မှန်ပါ့) ရိပ်မိမလား (ရိပ်မိပါပြီ ဘုရား)။

ကျေးဇူးရှင် ကျေးစွပ်တယ်၊ ခင်ဗျားတို့ လူ့ဘဝရလာ တာ ဘယ်သူပို့လိုက်တာတုံး (တရားက ပို့ပါတယ် ဘုရား)။

ဪ ပို့ပြီးရင်တော့ သူ့တာဝန်ကျေပြီး၊ နောက် များ လှည့်တောင် မကြည့်ဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ ခင်ဗျားတို့ က နေတာလား (မှန်ပါ့)။

မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား) အတော်ဆိုးရွားတဲ့ ဒကာ ဒကာမတွေ မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။

ဧဟိက ဘာတဲ့ (လာပါ) ပဿက (ရူပါ) ဘယ်သူက ခေါ်တာတုံး (တရားကခေါ်တာပါ ဘုရား)။

အံမာလေး တရားက ခေါ်လျက်တောင်မှ ခင်ဗျား တို့က မရှုဖြစ်ဘူးဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ ကျေးဇူးရှင် ကျေးစွပ်တာပဲ (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆို ထိုက်ပါတယ် ဘုရား)။

ခင်ဗျားတို့ အတော်ခက်တဲ့ ဒကာ ဒကာမတွေတဲ့၊ ဧဟိပဿိကောဆိုတာ ဧဟိ-လာခဲ့၊ ပဿရှုပါလို့ ပြောလျက် သားနဲ့ ခြင်ကိုက်တော့ ခင်ဗျားတို့ မှောင်ထဲမှာ ခြင်ကိုက် တာတောင် ကျောမှာ ကိုက်လို့ ရှိရင် ခင်ဗျားတို့ စိတ်ကလေး က လက်ကိုညွှန်ပြပြီး အဲဒီနေရာ အယားဖျောက်တဲ့ဆိုတာ တရားက ခေါ်လို့ သွားတာ (မှန်ပါ့)။

ခြင်ကိုက်တဲ့နေရာ ခေါ်တော့ သွားတယ်၊ အနိစ္စ ရောက်တဲ့နေရာက ခေါ်တော့ (မသွားပါ ဘုရား) ဖြစ်မှ ဖြစ်ရလေ အတော်ဆိုး နေတယ် (မှန်ပါ့)။

ခြင်ကိုက်တဲ့နေရာကျတော့ စမ်းများသွားလိုက်သေး တယ် လက်ကလေးက (မှန်ပါ့) အနိစ္စ ရောက်တဲ့ နေရာ က ခေါ်တော့ (မသွားပါ ဘုရား)။

ဪ မဂ်ဖိုလ်ရမှာများ ကြောက်ရှာကြတယ် (မှန်ပါ့) အဓိပ္ပာယ်က ဒီမရောက်ဘူးလား (ရောက်ပါ – တယ် ဘုရား)။

ဘာကြောက်နေကြသလဲ (မဂ်ဖိုလ်ရမှာ ကြောက်နေ သလိုပါ ဘုရား) အပါယ်တံခါး ပိတ်သွားရင် တပည့်တော် နောက်ထပ် မသွားရရင် ကိုယ်ကျိုးနည်းချည်ရဲ့၊ ဒီလိုများ ဖြစ်နေသလို မပြောထိုက်ဘူးလား ပြောထိုက်သလား (ပြောထိုက်ပါတယ် ဘုရား) ခင်ဗျားတို့ ဖြစ်စဉ်လေ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဧဟိက ဘာတဲ့ (လာပါ) ပဿက (ရှုပါ) လာရှုစမ်းပါလို့ ဘယ်သူကခေါ် သတုံး (တရားက ခေါ်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် တရားကခေါ်လို့ရှိရင်ဖြင့် သန္ဒိဋ္ဌိ ကောက လိုက်ပါတော့ ကိုယ်တိုင်မြင်အောင် လိုက်ပါတော့ (မှန်ပါ့ ဘုရား)။

ဧဟိပဿိကောက အခေါ်သမား

မင်းခေါ်တော့ကွာ၊ ကိုယ်တိုင်မြင်အောင် လိုက်မယ်။ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဧဟိပဿိကောက အခေါ်သမား (မှန်ပါ့) သန္ဒိဋ္ဌိ ကောက အရှုသမား (မှန်ပါ့) ဘယ်လို လုပ်ကြမယ် (ကိုယ်တိုင် မြင်အောင် ရှုရပါမယ်) ဧဟိပဿိက ခေါ်တဲ့ဆီကို သန္ဒိဋ္ဌိက လိုက်ပါ (မှန်ပါ့)။

သတိထားစမ်းပါ သတိထားစမ်းပါ ဒီနှစ်လုံးနဲ့ ဒီနေ့ တရားပွဲကြီးမှာ (မှန်ပါ့) ကြပ်ကြပ် သတိထား စမ်းပါ။

ဧဟိပဿိကော ဘာတဲ့ (အခေါ်သမားပါ ဘုရား) ကျုပ်ဆီလာခဲ့ ကျုပ်ဆီလာခဲ့လို့ မခေါ်ဘူးလား (ခေါ် ပါတယ် ဘုရား)။

သန္ဒိဋ္ဌိကောက ဘာလုပ်ရမတုံး (မြင်အောင်ရှုရ ပါမယ်) သူခေါ်တဲ့ဆီကို ရှုမယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ပြန်ပြောစမ်းပါ၊ ဧဟိပဿိကောက (အခေါ် သမားပါ) ခေါ်တာလည်း တရားပဲနော် (မှန်ပါ့) သန္ဒိဋ္ဌိကော က ဘာလုပ်ရမလဲ (လိုက်ရှုရပါမယ်) လိုက်ရှုတာ လည်း ဉာဏ်နဲ့လိုက်ရှုရမှာပဲ (မှန်ပါ့)။

အခေါ်နဲ့အရှု ပေါင်းမိရင် နိဗ္ဗာန်ရောက်ပါတယ်

ဒါဖြင့် အခေါ်သမားနဲ့ အရှုသမား ပေါင်းမိလို့ရှိရင် ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သေသေချာချာ ခင်ဗျားတို့ နိဗ္ဗာန်ရောက်ပါတယ် (မှန်ပါ့)။

အခေါ်သမားက အခု အနိစ္စခေါ်, ဒုက္ခခေါ်, အနတ္တ ခေါ်မှာကိုးဗျ (မှန်ပါ့)။

နောက်ကျတော့ အနိစ္စ, ဒုက္ခ, အနတ္တဆုံးသွားတော့ အခေါ် သမားက နိဗ္ဗာန်ဖြစ်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာကြွယ် ဒါမှတ်စမ်း (မှန်ပါ) ဘယ်လောက် အရေးကြီးသတုံး (ကြီးပါတယ် ဘုရား)။

အခုတော့ဖြင့် အခေါ် သမားက အနိစ္စကခေါ်လိုက်၊ ဒုက္ခကခေါ်လိုက်နဲ့ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)

နောက်တော့ အနိစ္စ, ဒုက္ခ, အနတ္တတွေက ဆုံးမသွားဘူးလား (ဆုံးသွားပါတယ် ဘုရား) နိဗ္ဗာန်က ခေါ်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။

ဟာ ဒကာကြွယ် တယ်အဖိုးတန်ပါလား (မှန်ပါ့) အခုတော့ဖြင့် အနိစ္စက ခေါ်လိုက်၊ ဒုက္ခက (ခေါ်လိုက်ပါ ဘုရား) အနတ္တက (ခေါ်လိုက်ပါ ဘုရား)။

အနိစ္စအဆုံးမှာ နိဗ္ဗာန်

နောက်ကျတော့ အနိစ္စလည်းချုပ်၊ ဒုက္ခလည်း ချုပ် သွားတော့ ဘယ်သူ ခေါ်မတုံး (နိဗ္ဗာန်က ခေါ်ပါမယ် ဘုရား)။

ဟော အနိစ္စအဆုံးမှာ နိဗ္ဗာန်၊ ဒုက္ခအဆုံးမှာ နိဗ္ဗာန်၊ အနတ္တ နိဗ္ဗာန် * (မှန်ပါ့)

မှတ်ချက်။ ။* နိဗ္ဗာန်သည်လည်း အနတ္တပင်၊ သို့ဖြစ်၍ သင်္ခတအနတ္တအဆုံးမှာ အသင်္ခတအနတ္တ ဖြစ်သော နိဗ္ဗာန်ဟု ပြလိုပါသည်။

အဲဒါတွေ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။

ဒါဖြင့် ဧဟိပဿိကောက အခေါ်သမား ဟုတ်လား (မှန်ပါ့) သန္ဒိဋ္ဌိကောက လိုက်ရှုသမား၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒီတရားကို မမေ့ကြနဲ့

မမေ့နဲ့နော် ဒီတရားကို (မှန်ပါ့) အဲဒီအခေါ် သမားနဲ့ အရှုသမားသာ တွဲနေမယ်ဆိုရင်ဖြင့် ဒကာကြွယ်တို့ ဦးစံရီတို့၊ ဒကာအေးတို့ ပဋိစ္စသမုပ္ပာဒ်ပြတ် မပြတ် ကိုယ့် ကိုယ် (ပြတ်ပါတယ် ဘုရား)။

အနိစ္စခေါ်တဲ့ဆီကို အနိစ္စဉာဏ်သာလိုက်လို့ရှိရင် ဉာဏ်ဟာ မဂ်ပဲ (မှန်ပါ့) မဂ်ဆိုရင် ပဋိစ္စသမုပ္ပါဒ် မပြတ် ဘူးလား (ပြတ်ပါတယ် ဘုရား)၊ ပြတ်သည်နှင့်တစ်ပြိုင် နက်တည်း သံသရာဆက်ဦးမှာလား (မဆက်ပါ ဘုရား)

ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)၊ တယ်လည်း အဖိုးတန်ပါလား (တန်ပါတယ် ဘုရား)။

ဒါဖြင့် ဒီနေ့တရားမှာ ဒကာ ဒကာမတို့ ဘယ်နှလုံး မှတ်မှာပါလိမ့် (နှစ်လုံးပါ ဘုရား)။

တစ်လုံးက အခေါ်သမားက ဘယ်သူပါလိမ့် (ဧဟိပဿိကောပါ ဘုရား) အလိုက်သမားက (သန္ဒိဋ္ဌိပါ ဘုရား) အလိုက်သမားက သန္ဒိဋ္ဌိကော၊ ကိုယ်တိုင် မြင်အောင်လိုက်နော် (မှန်ပါ့)။

အခေါ်သမားကဘာတဲ့ (ဧဟိပဿိကောပါ) ဧဟိပဿိကော တဲ့၊ ကျုပ်ပျက်နေပြီ၊ လာရှုလှည့်ပါ၊ ကျုပ်ပျက်တဲ့ဆီကို ရှုစမ်းပါ (မှန်ပါ့) မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား) အဲဒါ ဧဟိ ပဿိကော၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သန္ဒိဋ္ဌိကောဟာ ပျက်နေရင် ကိုယ်တိုင်ကြည့်ပါ သော်ကောဆိုပြီး “သာမံပဿိတော” နဲ့ ကိုယ်တိုင် လိုက်လိုက် (မှန်ပါ့) ကိုယ်တိုင်ကြည့်လိုက်တော့ ဪ မရှိတာ မသိရပေဘူးလား (သိရပါတယ် ဘုရား)။

ဒါဖြင့် မရှိတာက (အနိစ္စပါ) ကိုယ်တိုင်သိ တာက (မဂ္ဂပါ ဘုရား)။

အဲ ဒါကြောင့် ဒိဋ္ဌဓမ္မောဆိုတာ ကိုယ်တိုင်မြင်ပါ တယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီနှစ်လုံးတည်းနဲ့ နိဗ္ဗာန်ရောက်တယ်

မသေပျော်သေးဘူးလား ဒကာအေး (မှန်ပါ့) သေပျော်ပြီ သေပျော်ပြီ၊ ဒီနှစ်လုံးတည်းနဲ့ နိဗ္ဗာန် ရောက်နိုင်တယ် (မှန်ပါ့) ဒီနှစ်လုံးတည်းနဲ့ နိဗ္ဗာန် ရောက်တယ်ဆိုတာ ဒကာ ဒကာမတွေ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သိပ်အဖိုးတန်လွန်းလို့ ပြောနေပါတယ် (မှန်ပါ့) ဒကာ ဒကာမတွေ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ထမင်းစားချင်တဲ့စိတ်ကလေး ပေါ်လာပြီ ဟုတ်လား (မှန်ပါ့) နောက်ကနေ သန္ဒိဋ္ဌိကောနဲ့ လိုက်လိုက်စမ်းပါ၊ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိတဲ့ဆီ လိုက်လိုက်တော့ကို ခင်ဗျားတို့က လိုက်ချင်လို့ လိုက်တာလား၊ ဟိုတရားကိုက ခေါ်နေတာလား (တရားကိုက ခေါ်တာပါ ဘုရား) မရှိတဲ့တရား ကလေးက ခေါ်မနေဘူးလား (ခေါ်နေပါတယ် ဘုရား)။

ကျုပ်သေပါပြီ လာကြည့်ပါဦး၊ ကျုပ်သေပါပြီ လာ ကြည့်ပါဦးဆိုတော့ ကျုပ်သေတာ လာကြည့်ပါဦး ဆိုတာက ဧဟိပဿိကော (မှန်ပါ့) သန္ဒိဋ္ဌိကောကလည်းပဲ လာခဲ့ မယ်ဆိုပြီး ကြည့်လိုက်တော့ အသေ မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။

ဒါဖြင့်သေတာ အနိစ္စ၊ တွေ့တဲ့ဉာဏ်က (မဂ္ဂပါ ဘုရား) မဂ္ဂဆိုသဖြင့် ဒကာ ဒကာမတို့ လောဘသေလို့ နောက်က လိုက်ကြည့်ပြန်လည်း သေတာက အနိစ္စ၊ လိုက် ကြည့်တာက (မဂ္ဂပါ ဘုရား)။

ဒီလိုဆိုတော့ ဥပါဒါန်, ဘဝ, ဇာတိ, ဇရာ, မရဏ, မပြက်ဘူးလား (ပြတ်ပါတယ် ဘုရား)။

ကဲ ဒေါသကလေးဖြစ်တယ်၊ ဒကာ ဒကာမ တွေက သားတွေ၊ သမီးတွေပေါ်မှာ အဲဒီဖြစ်တဲ့ ဒေါသ ကလေးရှိ မရှိတွေးစမ်း (မရှိပါ ဘုရား)။

ဒါဖြင့် မရှိတော့ ဘယ်သူက ခေါ်သွားလို့ပါလိမ့်၊ ဧဟိ ပဿိကောဆိုတဲ့ အနိစ္စက မခေါ်ဘူးလား (ခေါ်ပါ တယ် ဘုရား) ခေါ်တော့ ဒကာ ဒကာမတွေက သန္ဒိဋ္ဌိကောနဲ့ မလိုက်ရဘူးလား (လိုက်ရ ပါတယ် ဘုရား)။

ထိုကဲ့သို့ လိုက်ရတဲ့အခါကျတော့ အခေါ်သမားက အနိစ္စ၊ အလိုက်သမားက (မဂ္ဂပါ ဘုရား)။

သံသရာပြတ်တဲ့တရား

ဒေါသနောက်ကနေပြီး မဂ္ဂလိုက်တော့ သောက ပရိဒေဝဒုက္ခ ဒေါမနဿ လိုက်သေးရဲ့ လား (မလိုက် ပါ ဘုရား) သူမှ မလိုက်ဘဲနဲ့ အာသဝ သမုဒယာ၊ အဝိဇ္ဇာ သမုဒယောကော လိုက်ပါဦးမလား (မလိုက်ပါ ဘုရား) သံသရာပြတ်ပါကလား ဒကာ ဒကာမတို့ (မှန်ပါ့)။

ဒကာကြွယ်ရေ သေပျော်တယ်။ သေပျော်တယ် (မှန်ပါ့) အင်မတန်အရေးကြီးတယ် ဒကာ ဒကာမတို့ (မှန်ပါ) နှစ်လုံးတည်းနဲ့ ကော မမိဘူးလား (မိပါတယ် ဘုရား) ဧဟိပဿိကောက အခေါ်သမား၊ သန္ဒိဋ္ဌိကောက ဘာ (လိုက်ရှုသမားပါ ဘုရား) လိုက်ရှုသမားဆို တော့ အခေါ် သမားက လည်း မပြတ်ခေါ်နေမှာပဲ (မှန်ပါ့) သန္ဒိဋ္ဌိကော တရားကလည်း မပြတ်လိုက်နေခြင်းဟာ ပဋိစ္စ သမုပ္ပာဒ် ပြတ် မပြတ် (ပြတ်ပါတယ် ဘုရား)။

ပြတ်လို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပာဒ်ပြတ်တဲ့ တရားသည် “ဒုက္ခပြတ်တဲ့တရား” “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” (မှန်ပါ့) ဒုက္ခပြတ်တဲ့ တရားဆိုတာ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒုက္ခပြတ်တော့နိဗ္ဗာန်

ဒုက္ခပြတ်တယ်ဆိုတော့ ဒုက္ခပြတ်တဲ့ ပုဂ္ဂိုလ်သည် ဒုက္ခဿန္တံ ကရိဿတိ၊ ဒုက္ခဿ=ဒုက္ခ၏၊ အန္တံ= အဆုံးဖြစ်တဲ့ နိဗ္ဗာန်သို့၊ ကရိဿတိ= ရောက်လတ္တံ့ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

“ကရိဿတိ ပါပုဏိဿတိ” ဆိုတဲ့ ပါဠိတရားတော် များအရ ဆိုလို့ရှိရင်ဖြင့် အင်မတန် အဖိုးတန် မသွားဘူးလား (တန်ပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ နက်ဖြန်ကစပြီး သကာလ ဒီပဋိစ္စသမုပ္ပာဒ်ကို ၄ နာရီကစပြီး ကွမ်းသီးလုံးနဲ့ ကျောင်းပေါ်မှာ စပြပြီး ဖြတ်ပုံရော, ဆက်ပုံရော နေ့တိုင်း ဆက်ဟောလိမ့်မယ် (မှန်ပါ့) ၄ နာရီကအစ ၅ နာရီ အဆုံးပေါ့ဗျာ (မှန်ပါ့)။

အဲဒါလက်တွေ့ တရားတွေချည့် ပြလိမ့်မယ်။ လက်တွေ တရားတွေချည့်ပြမှာ ဖြစ်လေ သောကြောင့် ဒီ အပြင်အရေးတွေ နောက်ထားပြီး တကယ့် အရေးရယ်လို့ အဓိကထားပြီး လာကြလို့ ရှိရင် ခင်ဗျားတို့ အတွက်မှာဖြင့် ဒုက္ခ ခပ်သိမ်း ငြိမ်းနိုင်လိမ့်မယ်လို့မှတ် (မှန်ပါ့)။

ဟာ မအားလို့ မလာသေးဘူးဆိုရင်ဖြင့် မအား အောင် ခံနေရတဲ့အပါယ်မှာ ပျော်ကြမှာပဲ (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အခေါ်သမားက ဘာတဲ့ (ဧဟိပဿိကောပါ ဘုရား) အလိုက်သမားက (သန္ဒိဋ္ဌိကောပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ပြတ်၍ နိဗ္ဗာန်မုချရမယ်

အဲ အခေါ်သမားခေါ်တိုင်း ခေါ်တိုင်း အလာ သမားကသာ ရှုနေမယ်ဆိုရင်ဖြင့် ပဋိစ္စသမုပ္ပါဒ် ပြတ်၍ နိဗ္ဗာန် မုချရနိုင်သည်လို့ ဆုံးဖြတ်ချက်ချ၊ ဘယ်တရားက ခေါ်ခေါ် သွားပါ (မှန်ပါ့)။

ခင်ဗျားတို့ သန္တာန်ပေါ်မှာလည်း လောကီတရား ချည်းပဲ၊ လောကီတရားဟူသရွေ့ဟာလည်း အပျက်ချည့်ပဲ (မှန်ပါ့)။ အပျက်ကချည့်ခေါ်မှာပဲ (မှန်ပါ့) ခေါ်တိုင်း ခေါ်တိုင်းသွားကြည့်ပါ (မှန်ပါ့)၊ ခေါ်တာက အနိစ္စ၊ ရှုတာက (မဂ္ဂပါ ဘုရား) ဖြတ်တာက သံသရာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အခေါ်သမားကအနိစ္စ၊ အလိုက်သမားကမဂ္ဂ

ခေါ်သမားက (အနိစ္စပါ ဘုရား) လိုက်သမားက (မဂ္ဂပါ ဘုရား) ဖြတ်တာက သံသရာ ပဋိစ္စသမုပ္ပါဒ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ရမှ ရနိုင်ပါ့မလား (ရနိုင်ပါတယ် ဘုရား) ဆုတောင်းရဦးမှာလား၊ ကိုယ်တိုင် ဖြတ်လိုက်တာလား (ကိုယ်တိုင် ဖြတ်လိုက်တာပါ ဘုရား) ကိုယ်တိုင်ဖြတ်ရမှာ ဆုတောင်း နေရုံမျှနဲ့တော့ မရဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ကိုင်း ယနေ့ ၅ နာရီထိုးပြီ၊ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။