121

ပဋိစ္စသမုပ္ပါဒ် ထွက်ရာလမ်း

အသံမ​ကြည်ပါ။

ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ပဋိစ္စသမုပ္ပါဒ် ထွက်ရာလမ်း

(၁-၁၀-၆၂)

တယ်ပင်ပန်းပါလား

ဂေါတမမြတ်စွာဘုရား ဘုရားအလောင်း ဖြစ်စဉ်အခါ တုန်းက တွေးကြည့်တယ် တဲ့၊ သတ္တဝါတွေ ကြည့်လိုက်တယ်၊ အိုလိုက်, သေလိုက်၊ သတ္တဝါတွေ လှမ်းပြီး ကြည့်လိုက်၊ အိုလိုက်, သေလိုက် တယ်ပင်ပန်းပါလား၊ ဖြစ်ရာဘဝ အိုလိုက်, သေလိုက်နဲ့ အင်မတန် ပင်ပန်းပါလား ဆိုပြီးသကာလ သူ့စိတ်ထဲမှာ “ကိစ္ဆံ ဝတ အယံ လောကော” ဆိုတဲ့အတိုင်း တယ်ပင်ပန်းပါလား။

အိုလိုက်,သေလိုက်၊ အိုလိုက်,သေလိုက်၊ တစ်ဘဝဖြစ်ပြန် လည်း ကံပစ်ချရာဘဲ ခန္ဓာက ရောက်တယ်၊ ခန္ဓာက ရောက်ရာမှာ လည်း ဘယ်လိုနေရတုံးဆိုတော့ အိုလိုက် သေလိုက်နဲ့ပဲ အချိန် ကုန်ကြရတယ်၊ တယ်ပင်ပန်းပါလား၊ အင်မတန်ပင်ပန်းတဲ့ အဖြစ်ကြီးနဲ့ ကြုံနေပါလားလို့ သူ့စိတ်ထဲမှာ အင်မတန်မှ ကျဉ်းကြပ် ပြီး မကောင်းသော အမူအရာတွေ ပေါ်လာတာ ဘယ့်နှယ်ကြောင့် ဒါလောက်ဖြစ်ရာ ဘဝမှာ အိုလိုက်, သေလိုက် ဖြစ်ရပါလိမ့်မလဲ ဆိုတဲ့ဥစ္စာ ကိုယ်တော်မြတ်ကြီး ဘုရားအလောင်းဖြစ်စဉ်က တွေးတောတယ်။

ဒါနဲ့အစရှာမှ တော်မယ်လေ၊ သစ်ပင်တစ်ပင် တွေ့လို့ရှိ ရင်ဖြင့် သစ်ပင်အဖျားက ဖြတ်နေရင် အလကားဘဲ၊ အရင်း ကျဖြတ်မှ သူ မျိုးပြတ်မယ်ဆိုပြီးသကာလ အရင်းကရှင်းမှ တော်မယ် ဆိုတဲ့ စိတ်ဟာ ပေါ်ပေါက်လာတယ် (မှန်ပါ့ ဘုရား)။

အမြစ်ရှာမှပဲ

သတ္တဝါတွေကြည့်တော့ ပင်ပန်းလွန်းလို့နော် (မှန်ပါ့) ဒီအတိုင်းသာ အဖျားဖြတ်နေမယ် ဆိုလို့ရှိရင်ဖြင့် နေရာမကျဘူး၊ အရင်းဖြတ်တဲ့အလုပ်ဟာဖြင့် အမြစ်ပြတ်တဲ့အလုပ်၊ နောင်ကို အညွန်အညှောက် မပေါက်တဲ့အလုပ်၊ ဒီအလုပ်မှ နေရာကျမယ် ဆိုပြီးသကာလ သစ်ပင်ကို နွယ်ပင်ကို အဖျားကနေပြီး မြှောက် တယ်၊ အရင်းအရိုးရှာတဲ့နည်းကို ရှာလိုက်ပါတယ် (မှန်ပါ့)။

နွယ်ပင်တွေမှာ ချုံထဲမှ အပြင်ထွက်လာတဲ့အခါ အဖျား ဖြတ်ရုံဖြင့် တစ်ညွန့်က နှစ်ညွန့်တောင် ပွားလာသေးတယ်။ အဲဒီတော့ ဒီဟာ အမြစ်ရှာမှပဲ ဆိုပြီး ရှာရသလို၊ ဘုရားအလောင်း နုစဉ်အခါတုန်းက ရှာတော်မူတဲ့အခါမှာ အဖျားက မြှောက်ပြီး သကာလ အရင်းအမြစ်ကို မောင်သစ်ရှာတယ်လို့ အောက်မေ့ ရမယ် (မှန်ပါ့) သတ္တဝါအစ, ရှာတာပေါ့ ဗျာနော် (မှန်ပါ့)။

သတ္တဝါအစ တွေ့ မည်နေ့

အဲဒီ သတ္တဝါအစ,ရှာတော့ ဒကာ၊ ဒကာမတွေ ဒီနေ့တော့ သတ္တဝါအစ,တွေ တွေ့ပါလိမ့်မယ်၊ တွေ့ပြီး သကာလ အစကို ဉာဏ်နဲ့ ဖြတ်လိုက်လို့ရှိရင်ဖြင့် တစ်ခါတည်း ရောက်ရာဘဝ အို,နာ,သေ ဆိုတဲ့ အဓိပ္ပါယ်တွေဟာ အလုံးစုံ အကုန်ရှင်းလင်းပြီး သကာလ သွားပါလိမ့်မယ်လို့ဆိုတာ တရားနာ နေတဲ့ ဒကာဒကာမ တွေက ဪ ဒီလိုလုပ်ရင် ဒီလိုရှင်းသကိုးဆိုတာကိုပဲ မှတ်ထားရပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒါနဲ့ သူ့စိတ်ထဲ ဘုရားအလောင်း ပင်ပန်းတာနဲ့ အို,သေ၊ အိုသေကြည့်လိုက်၊ ဘယ်သူ့ ကြည့်လိုက် ကြည့်လိုက် အို,သေ ပါလာတယ်၊ ဘယ်သူ့ကြည့်လိုက်လည်း အို,သေပါလာတယ်၊

အို ခန္ဓာဖြစ်ရင် အို, သေပါတာချည်းပဲ၊ ခန္ဓာဖြစ်ရင် အို,သေ ပါလာတာချည်းပဲဆိုတော့ သူ့စိတ်ထဲ မြင်တော့ အင်မတန် ပင်ပန်းတော်မူတယ် (မှန်ပါ့ ဘုရား)။

အစ, ရှာမယ်ကွာဆိုပြီးတော့ အဖျားတော့တွေ့ပြီဟေ့ အဖျားကတော့ တွေ့တာအမှန်ဘဲ၊ အရင်းမကောင်းလို့ အဖျား မကောင်းတာပဲ (မှန်ပါ့ ဘုရား)။

အရင်းမကောင်းလို့ အဖျားမကောင်းတာပဲ ဆိုပြီး သကာလ အားလုံး ဒကာ၊ ဒကာမတွေ အရင်းရှာတယ် (မှန်ပါ့ ဘုရား)။ ဒီဒကာ၊ဒကာမတွေလည်း အရင်းတော့ ရှာတော့ရှာကြ တာပဲ၊ ဪ ကံမကောင်းလို့ အသက်တိုတိုနဲ့ အနာများ ရတယ်၊ အရင်းတော့ရှာတော့ ရှာတာဘဲ၊ ကံကိုရှာတွေ့ နေ တယ် (မှန်ပါ့ ဘုရား)။

လွဲပါတယ်တဲ့၊ ကံရှာတွေ့နေတော လွဲပါတယ်၊ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် စာရွက်ကို ကြည့်ပါလို့ သတိပေးလိုက်တယ်နော် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီအထဲမှာ စတုတ္ထနံပါတ်ကိုကြည့်လိုက်၊ ၄နံပါတ်ကြည့်လိုက်တော့ အို,သေ မတွေ့ဘူးလား- ဇရာ, မရဏ (တွေ့ပါတယ် ဘုရား)။

အိုသေဟာ ဇာတိက လာတာ

ကြည့်ကြပါ- ကြည့်ကြပါ ဇရာ,မရဏတွေ့ပြီ၊ ဇရာ, မရဏဆိုတာ ဪ ဘုရားအလောင်း ဖြစ်စဉ် အခါက အို, သေ ဆိုတာ ဒီအို,သေနဲ့ချည်းပဲ ဇာတ်သိမ်းရတာ ပင်ပန်း လိုက်တာဆိုပြီး သူရှာတဲ့ အခါကျတော့ အို,သေဆိုတဲ့ ဇရာ, မရဏဟာ ဒကာ၊ ဒကာမတို့ နောက်ပြန်ဆုတ်ကြည့်ပါ ဇာတိက လာပါတယ် (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

ဪ ဒါဖြင့် အို,သေက တခြားက လာတာမဟုတ် ပါဘူး။ ဇရာ,မရဏဟာ တခြားက လာတာ မဟုတ်ပါဘူး၊ ပဋိသန္ဓေ နေမိလို့ လာတာပဲဆိုတဲ့ သူနွယ်ကို အဖျားမြှောက် လိုက်တော့ တော်တော် ကလေးတော့ဖြင့် အရင်းနား နီးလာပြီဆိုတဲ့ အဓိပ္ပါယ်ကိုရောက်ပြီ (မှန်ပါ့ ဘုရား)။

ဇာတိဘယ်က လာပါလိမ့်

ဒါနဲ့ပဲ လိုက်ပြီးမြှောက်ပြန်တော့ နွယ်ကြီးမြှောက်မြှောက် သွားတော့ ဇာတိဘယ်က လာပါလိမ့်မလဲ-လို့ ဆိုတော့ ဒကာ၊ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ်ကြည့်စမ်း ဘယ်ကလာသတုံးဟင် (ကမ္မဘဝကပါ ဘုရား)။

ကမ္မဘဝက လာတယ်၊ တစ်ခုစီ နောက်ဆုတ်ပါ (မှန်ပါ့) အေး ကမ္မဘဝက လာတယ်။

ဪ ကမ္မဘဝဆိုတာ ကံပစ်ချသလို ဇာတိဖြစ်ရပါလား ဒါကြောင့် အို,သေဆိုတဲ့ ဇရာ, မရဏတွေ လာတာပါလား။ အစရှိသည်နဲ့ နွယ်ကြီးအဖျားက မြှောက်မြှောက်ပြီး ရှာလိုက်တဲ့ အခါကျတော့ အဲ ကမ္မဘဝတော့သိပြီကွာ။

ကမ္မဘဝက လာတယ်

ကဲ ဒါဖြင့် အို,သေက ဘယ်က လာသတုံးဆိုတော့ ဇာတိက လာတယ်။ ဇာတိဘယ်က လာသတုံး ဆိုတော့ ကမ္မဘဝ ကလာတယ်။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒီကမ္မဘဝဟာလဲ ဘယ်ကများလာလို့ ဒီကံတွေ ဖြစ်ပေါ်လာလိမ့်မတုံးလို့ မေးတော့ မောင်သစ် ဘာလာတွေ့ သတုံး (ဥပါဒါန်က လာပါတယ်) တွေ့ ပလား (တွေ့ပါပြီ) ဘာတွေ့သတုံး (ဥပါဒါန် တွေ့ပါတယ် ဘုရား)။

ဥပါဒါန်ကြောင့် ကံဖြစ်တယ်

ဪ စွဲလမ်းမှု ကာမုပါဒါန်, ဒိဋ္ဌပါဒါန်, သီလဗ္ဗတု ပါဒါန်, အတ္တဝါဒုပါဒါန် ဆိုတဲ့ ဥပါဒါန် လေးပါးကြောင့်ဖြစ် ရတာပဲ ဆိုတာ ဘုရားအလောင်း ဖြစ်စဉ်အခါတုန်းက နောက်ဆုတ် တွေးလိုက်တော့ ဒါလာတွေ့တယ်နော် (မှန်ပါ့) ရှင်းကြပလား။ (ရှင်းပါပြီ)။

အဲဒီတော့ ကံနေရစ်ပြီ မောင်သစ်ရေ (မှန်ပါ့) မင်းတို့ ထင်နေတဲ့ ကံနေရစ်ပြီ (မှန်ပါ့)။

ဘယ့်နှယ်တုံး ခင်ဗျားတို့က အို,ကံမကောင်းလို့၊ နာ,ကံမ ကောင်းလို့ပေါ့ မဟုတ်ပါဘူးကွ၊ နွယ်အရင်းရှာတဲ့ ဥစ္စာ အရင်းမှ မဟုတ်ဘဲနဲ့ မင်းတို့ဟာ အဖျားကို အရင်းလုပ်ထားတဲ့ အဓိပ္ပါယ်ကို မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

တဏှာကြောင့် ဥပါဒါန်ဖြစ်တယ်

အဖျားကို အရင်းလုပ်ထားတဲ့ အဓိပ္ပါယ် ရောက်ပြီး သကာလ နေတဲ့အတွက် တဲ့ ၊ ဘုရား အလောင်း နုစဉ် အခါတုန်းက ရှာလိုက်တဲ့အခါ ဥပါဒါန် ဘယ်က လာပါလိမ့်မလဲ လို့ပြန်သွားတော့ ဒကာ၊ ဒကာမတွေ ဘာတွေ့ကြသတုံး (တဏှာတွေ့ပါတယ် ဘုရား)။

တဏှာတွေ့တယ်၊ ဒီတဏှာကြောင့် နိဂုံးချုပ်လိုက် မောင်သစ် အို,သေ လာတယ်၊ မဟုတ်ဘူးလား (ဟုတ်ပါ တယ် ဘုရား)။

ကံဟုတ်သေးရဲ့လား (မဟုတ်ပါဘူး) မဟုတ်ပါဘူးတဲ့၊ ကံမဟုတ်ပါဘူး ဒကာ၊ဒကာမတို့ သေသေချာချာမှတ်ပါ။ ကံမကောင်းလို့ အို၊ ကံမကောင်းလို့ နာ၊ ကံမကောင်းလို့ လို့ ခင်ဗျားတို့ စွဲချက်က လွဲပြီး သကာလ နေတော့ လုပ်တဲ့ လူလက်သည် မဟုတ်ဘဲနဲ့ ဟုတ်လား မဟုတ်တဲ့ လူလက် သည်ဖမ်းနေလို့ရှိရင် ဘယ်နည်းနဲ့မှ ဒီအမှု အမှန်ရောက်နိုင်ပါမလား (မရောက်နိုင်ပါ ဘုရား) ဒီအမှုမှန် မရောက်နိုင်ဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဝေဒနာကြောင့် တဏှာဖြစ်တယ်

အေး ဒါကြောင့် ဘုရားအလောင်း နုစဉ်အခါတုန်းက အို,သေသည် အင်မတန် ပင်ပန်းတဲ့ အလုပ်၊ ဒါဘယ်က လာပါ လိမ့်မယ်တုံးလို့ နောက်ဆုတ်, နောက်ဆုတ်နဲ့ နွယ်ကြီးအဖျားက မြှောက် ရှာသလို ရှာလိုက်တော့ ဒီတဏှာကလဲ ဘယ်ကများ လာပါလိမ့်မလဲ လို့မေးတဲ့အခါကျတော့ အကြံအစည် ဖြစ်လိုက်တော့ ဒကာ၊ဒကာမတွေ ဘာတွေ့သလဲ (ဝေဒနာတွေ့ ပါတယ် ဘုရား) ဝေဒနာ တွေ့ပါတယ်။

ဝေဒနာဆိုကတည်းက ခင်ဗျားတို့ တွေ့ပြီ။ခန္ဓာတွေ့ပြီ (မှန်ပါ့) ဒီကျမှ ခန္ဓာလာတွေ့တယ် (မှန်ပါ့) ခန္ဓာက ပေါက်ဖွားတာ ရှင်းပလား (ရှင်းပါပြီ)။

ဝေဒနာ မတွေ့ဘူးလား၊ ကဲ (တွေ့ ရပါတယ် ဘုရား)။

အားလုံးဒကာဒကာမတွေ ပဋိစ္စသမုပ္ပါဒ်ကို ဘုရားရှင် ကိုယ်တော်မြတ်ကြီး နုစဉ်အခါတုန်းက တွေးလိုက်ခြင်းကြောင့် တွေးလုံးကို မှန်မှန်ဖြစ်အောင်လို့ မောင်ချစ်စိန်က တွေးတတ်အောင်လို့ မင်းတို့ အတွေးလွဲလို့ရှိရင် အဖမ်းလွဲ၊ အဖမ်းလွဲလို့ရှိရင် အသတ်လွဲ၊ အသတ်လွဲလို့ရှိရင် အညွန့်ပေါက်မှာ (မှန်ပါ့) အသေဖြစ်ပဲလား၊ အညွန့်ပေါက်သွားပလား (အညွန့်ပေါက် သွားပါပြီ ဘုရား)။

မြန်မာတွေမှာ ကမ္မဝါဒီ ဒိဋ္ဌိများတယ်

အဲဒါကြောင့် ကမ္မဝါဒီ ဒိဋ္ဌိများဟာ သိပ်ကြောက်စရာ ကောင်းတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်ပါပြီ ဘုရား)။

မြန်မာတွေမှာ ကမ္မဝါဒီ ဒိဋ္ဌိများတယ်၊ ဘာဖြစ်ဖြစ် ကံချည်း ချလိုက်တာဘဲ၊ ဟင် (မှန်ပါ့)။

ဘာလေးဖြစ်ဖြစ် ဘာစွဲချက်တင်လိုက်သတုံး (ကံကိုသာ စွဲချက်တင်ပါတယ် ဘုရား)။

ရောင်းကောင်းလဲ ကံပဲ၊ ရောင်းမကောင်းလဲ ကံပဲ (မှန်ပါ့) သစ်ပင် အညွန့်ပေါက်တာလဲ-အင်း ကံကောင်းတော့ မိုဃရွာတယ် မိုဃရွာတော့ အညွန့်ပေါက်တယ်။

နေ့စဉ် ကံပဲ ထည့်နေတော့ အတော်ခဲယဉ်းတာ ပြုသမျှ ကိစ္စလေးတွေကို မှတ်နော် (မှန်ပါ့)။

ဖဿကြောင့် ဝေဒနာဖြစ်

အဲဒီတော့ကို ဒီဝေဒနာ ဘယ်က လာပါလိမ့်မလဲလို့ တစ်ခါဆက်တွေးပြန်တော့ ဖဿက လာတယ် (မှန်ပါ့) ဖဿဆိုတော့လည်း ခန္ဓာပဲ ပြန်တွေ့တယ်၊ သဟဇာတ ခန္ဓာလာတွေ့တယ်၊ သဟဇာတ ဆိုတာ ဝေဒနာနဲ့ ဖဿ ဘယ်တော့မှ ခွဲတာမဟုတ်ဘဲကိုး ဝေဒနာတွေ့တာဘဲ၊ သို့သော် ဖဿကို အမွှမ်းတင်လိုက်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အင်း ဝေဒနာသုံးပါးကြောင်း တဏှာဖြစ်တယ်။ ဖဿခြောက်မျိုးကြောင့် ဝေဒနာခြောက်မျိုး ဖြစ်တယ်၊ ဟုတ်တယ် သူ့ကြောင့်ပဲ အို,သေတွေ လာတာပဲ၊ အို,သေဟာ သူကချည်း လာတာ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ)။

ကဲ ဒါနဲ့ ဆက်ပြီးသကာလ တွေးပြန်တော့ ဒီဖဿကလဲ ဘယ်ကများ လာတုံး မိုးပေါ်ကျပဲလား၊ ဘယ့်နှယ်ကြောင့် ဖြစ်ပေါ်လာပါလိမ့်မတုံး သူလည်း အို,သေလက်သည် တစ်ယောက်အပါအဝင်ဘဲ အို,သေဖြစ်ကြောင်းဘဲ ဆိုပြီး သကာလ တွေးလိုက်တော့ သူလည်း မိုးပေါ်ကျ မဟုတ်ဘူးနော် (မှန်ပါ့ ဘုရား) သဠာယတနကြောင့် (မှန်ပါ့) မတွေ့ သေး ဘူးလား (တွေ့ပါပြီ ဘုရား)။

သဠာယတနကြောင့်ဖြစ်တယ်ဆိုတာ ပဋိစ္စသမုပ္ပါဒ် ဒကာ ဒကာမတွေ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဖဿဘယ်က လာသတုံး (သဠာယတနက ပါ ဘုရား) ဪ သဠာယတနတည်း ဟူသော အကြောင်းကြောင့် ဖဿဖြစ်ရတယ် ဆိုတော့ စက္ခာယတန, သောတာ ယတန, ဃာနာယတန, ဇိဝှာယတန, ကာယာယတန, မနာ ယတန ဆိုတဲ့အတိုင်း ဒီအာယတနတွေကြောင့် ဖဿ ဖြစ်ရတယ်၊ ဒီသဠာယတနကလဲ မိုးပေါ်ကျပဲလား သူဟာ အကြောင်းကြောင့် ပေါ်လာတာ ပဲလားလို့ ဆက်ပြီး သကာလ ဒကာ ဒကာမ တွေ တွေးပါဦး တဲ့(နာမ်ရုပ်ကြောင့်ပါ ဘုရား)။

နာမ်ရုပ်က လာတယ်၊ ပဋိလောမ တွေးရင် (မှန်ပါ့ ဘုရား) နာမ်ရုပ်ရှိလို့ဟေ့၊ အို,သေ လာတာပဲဟ (မှန်ပါ့ ဘုရား)။

နာမ်ရုပ်မရှိရင် အို,သေမလာဘူး

ပေါ်ကြပလား (ပေါ်ပါပြီ) နာမ်ရုပ်မရှိရင် (အို,သေ မလာပါ ဘုရား)။

နာမ်ရုပ်မရှိရင် အို,သေမလာဘူး တဲ့ ဒီဒကာ ဒကာမတွေက အို,သေလောက်ကြောက်တယ်၊ ကျုပ်တော့ အိုရမှာ အကြောက်ဆုံးပဲ၊ သေရမှာ အကြောက်ဆုံးပဲဆိုတော့ နာမ်ရုပ်မှ မကြောက်ပဲ (မှန်ပါ့) နာမ်ရုပ် ကြောက်လိုက် လို့ရှိရင် အို,သေမလာဘူး (မှန်ပါ့)။

မဟုတ်ဘူးလား၊ နာမ်ရုပ်မလိုချင်၊ မရချင်လို့ရှိရင် အိုသေ ဘယ့်နှယ်နေပါ့မလဲ (မလာပါ ဘုရား)။

အို,သေမလာဘူး တဲ့၊ အခုတော့ နာမ်နဲ့ ရုပ်တော့ ဆုတောင်းယူကြပြီး သကာလ အို,သေ ကျတော့ ကြောက်နေတော့ ဦးတင်မဖြစ်နိုင်ဘူး (မှန်ပါ့)ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင် ပါ ဘုရား)။

အဲဒါကြောင့် ဒီနာမ်ရုပ်ကလဲ-တစ်ခါ မိုးပေါ်ကျပဲလား ဘယ်လိုသောအကြောင်းကြောင့် သူပေါ်ပေါက်လာပါလိမ့် မတုံးလို့ တွေးပြန်တော့လဲ ပစ္စုပ္ပန်ဘဝမှာ ဝိညာဏ်ကြောင့် (မှန်ပါ့)။

ဒီကျတော့ လက်သည်မိပြီ (မှန်ပါ့) ရှင်းတယ် မဟုတ် လား (ရှင်းပါတယ် ဘုရား)။

ကဲ ဒါဖြင့် နာမ်ရုပ်ဟာ ဝိညာဏ်ကြောင့် လာတယ် ဆိုလိုက်တော့၊ ဪ ဝိညာဏ်ရှိလို့ နာမ်ရုပ်ပေါ်တယ်၊ နာမ်ရုပ်ရှိလို့ အို, သေလာတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဝိညာဏ်ရှိလို့ နာမ်ရုပ်ပေါ်တယ်

ဝိညာဏ်ရှိလို့ နာမ်ရုပ်ပေါ်တယ် ၊ နာမ်ရုပ်ရှိလို့ (အို,သေလာပါတယ် ဘုရား) အဲဒီတော့ နာမ်ရုပ်နဲ့ ဝိညာဏ် နဲ့ဟာလည်း အကြောင်းအကျိုးသာ ဆိုကြတာ သူတို့ဝိညာဏ်က အကြောင်းစစ်စစ် နာမ်ရုပ်က အကျိုးစစ်စစ်လားလို့ ဒီလိုလည်း ဘုရားအလောင်း ဖြစ်စဉ်အခါတုန်းက တွေးလိုက် ပြန်တော့လဲ မဟုတ်ဘူးပေါ့ သူတို့က “ဝိညာဏပစ္စယာ နာပရူပံ၊ နာမရူပ ပစ္စယာ ဝိညာဏံ” တွေ (မှန်ပါ့) အညမညတွေပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အညမညတွေချည်းပဲ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဝိညာဏ်နဲ့နာမ်ရုပ်ဟာ ဖြစ်ဖော်ဖြစ်ဖက်

ဝိညာဏပစ္စယာ (နာမရူပံပါ) နာမရူပ ပစ္စယာ (ဝိညာဏံပါ ဘုရား)ဟာ ဒါဖြင့် နာမ်ရုပ်နဲ့ ဝိညာဏ်နဲ့ဆိုတဲ့ ဥစ္စာ တစ်ခါတည်း ဖြစ်ဖော်ဖြစ်ဖက်ဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဖြစ်ဖော်ဖြစ်ဖက် ဖြစ်ပြီး သကာလ နေတော့ ဝိညာဏ်ကို ဝိညာဏဓာတ်ခြောက်ပါး ကိုလည်း ခင်ဗျားတို့ ဖြစ်ပျက်ရှုလိုက် လို့ရှိရင် နာမ်ရုပ်ချုပ်ရတော့မယ် (မှန်ပါ့) နာမ်ရုပ်ချုပ်လို့ရှိရင် နာမ်ရုပ်ကြောင့် ဖြစ်တဲ့ သဠာယတနဟာ နေရစ်ရမှာပဲ၊ ပေါ်နိုင်ပါ ဦးမလား (မပေါ်နိုင်ပါ ဘုရား)။

ဒါဖြင့် ဪ “ဝိညာဏပစ္စယာ နာမရူပံ”လို့ ဘုရားက ဟောထားသောကြောင့် “နာမရူပ ပစ္စယာ ဝိညာဏံ”လို့လည်း ဟောထားသောကြောင့် သူတို့ရှိလို့ရှိရင် အို, သေလာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

သူတို့ရှိလို့ရှိရင် (အို,သေလာပါတယ်) ဝိညာဏ်, နာမ်ရုပ် ရှိရင် (အို,သေလာပါတယ် ဘုရား) အို,သေလာတာဘဲ ဆိုတော့ အို,သေဆိုတာ ဝိညာဏ်, နာမ်ရုပ်ကြောင့် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။

ဝိညာဏ် နာမ်ရုပ်ရှိရင် အို,သေလာတယ်

အို,သေဆိုတာ ဘယ်က လာသတုံး (ဝိညာဏ်နာမ်ရုပ်က လာပါတယ်) ဝိညာဏ် နာမ်ရုပ် ကြောင့် ဝိညာဏ်နဲ့ နာမ်ရုပ်က တွဲလျက် (မှန်ပါ့)။

ဝိညာဏပစ္စယာ (နာမရူပံပါ ဘုရား) နာမရူပ ပစ္စယာ (ဝိညာဏ်ပါ ဘုရား) အတူတူပဲကွ တဲ့၊ နဠကလာပီသုတ် မှာလည်း ဟောတယ်၊ ကျူစည်းတွေ နှစ်ခုထောင်ထား၊ ထိပ်တိုက် ထောင်ထား ၊ တစ်စည်းဆွဲရင် တစ်စည်းလဲတာပဲကွ တဲ့။ ဒီမှာလည်း ဝိညာဏ်ချုပ်လို့ရှိရင် နာမ်ရုပ် လဲတာပဲ ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။

အဲဒီတော့ ဝိညာဏ်ဆိုတာ ဘာပါလိမ့်မတုံးလို့ ပဋိသန္ဓေ ဝိညာဏ်, ပဝတ္တိဝိညာဏ် နှစ်မျိုး ခွဲလိုက် (မှန်ပါ့)။

ပဝတ္တိဝိညာဏ်

ပဋိသန္ဓေတုန်းက ပဋိသိန္ဓေစိတ်ကို ပဋိသန္ဓေဝိညာဏ်လို့ ခေါ်တယ် (မှန်ပါ့) ယခုအခါမှာ မြင်စိတ်,ကြားစိတ် ဘုန်းကြီး ရေးထားတဲ့ ဆယ့်နှစ်ခုကို ပဝတ္တိဝိညာဏ် လို့ခေါ်တယ် (မှန်ပါ့) ယခုအခါမှပေါ်တဲ့ ဝိညာဏ်ပဝတ္တိဝိညာဏ်၊ စ,စခြင်း ပေါ်တဲ့ ဝိညာဏ် ပဋိသန္ဓေဝိညာဏ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ပဋိသန္ဓေဝိညာဏ်

စ,စခြင်းပေါ်တဲ့ဝိညာဏ် (ပဋိသန္ဓေ ဝိညာဏ်ပါ ဘုရား) ယခုအခါမှာ စိတ်တွေ ဘာစိတ်ပေါ်ပေါ် (ပဝတ္တိဝိညာဏ် ပါ ဘုရား) ပဝတ္တိဝိညာဏ်လို့ ဒကာ၊ဒကာမတွေ မှတ်လိုက်တော့ ရှင်းသွားတာပေါ့ (မှန်ပါ့) မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

ဝိပဿနာရှုရင် အို,သေဇာတ်သိမ်းတယ်

ဒါဖြင့် ဒီဝိညာဏ်ကို ကျုပ်တို့က အင်း သူ့ကြောင့် အို,သေ လာတာပဲဆိုပြီး ဝိညာဏ်ကို ကျုပ်တို့က ကဲကွာ မင်းကို ဝိညာဏ်ဘဲ ငါ,ဝိပဿာရှပါတော့မယ်ဆိုရင် အို, သေ ဇာတ်သိမ်းပါတယ် ၊ ပေါ်ပြီ ဦးတင်ရဲ့ (မှန်ပါ့)။

ဝိညာဏ်ရှုလိုက်လို့ရှိရင် (အို,သေ ဇာတ်သိမ်းပါတယ် ဘုရား)။

ဝိညာဏ်နောက်က မဂ်လိုက်လာလို့ရှိရင်တော့ ဒကာ၊ ဒကာမတို့ တစ်ခါတည်း တဏှာ, ဥပါဒါန်တို့ လိုက်နိုင်သေး ရဲ့လား (မလိုက်နိုင်ပါ ဘုရား)။

စဉ်းစားကြည့်ပါ တဲ့၊ ဝိညာဏ်နဲ့ နာမ်ရုပ်ဆိုတာ အကုန်ပါသွားပြီ၊ ပဝတ္တိဝိညာဏ်နဲ့ဆိုရင် ပဝတ္တိဝိညာဏ်က စိတ်ကုန်တယ်၊ ဟုတ်လား (မှန်ပါ့) နာမ်ရုပ်က စေတသိက် ကုန်-ရုပ်ကုန်တယ် ဆိုတော့ ဘာကျန်သေးသတုံး (မကျန်ပါ ဘုရား)

မကျန်တော့ ဖဿဝေဒနာဆိုတာ အစွန်းထွက်တာရှိတယ် ဒီဟာ နာမ်ရုပ်ထဲ ပါသွားပြီနော် (မှန်ပါ့) မပါဘူးလား (ပါ,ပါတယ် ဘုရား)။

အဲဒီတော့ ဒီထဲက ဝိညာဏ်တစ်ခုကို ကျုပ်တို့ ဝိပဿနာ ဉာဏ်နဲ့ ရှုလိုက်ရလို့ရှိရင် အခုနင်က တဏှာ, ဥပါဒါန်, ကံတွေလဲမလာ-ဇာတိ,ဇရာ, မရဏတွေကော (မလာပါ ဘုရား)။

စိတ္တာနုပဿနာ

ဪ ဒါဖြင့် ဝိညာဏ်ရှုလို့ရှိရင် ဘာအနုပဿနာ ဖြစ်ပါ့မလဲလို့ မေးတဲ့အခါကျတော့ စိတ္တာနုပဿနာ။ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဝိညာဏ်ရှုရင် ဘာအနုပဿနာဘာလိမ့် (စိတ္တာနု ပဿနာပါ ဘုရား)။

စိတ္တာနုပဿာနာ ဆိုတော့ ခင်ဗျားတို့ စာရွက်ကလေးတွေ ပေးထားတဲ့ ဪ ဝိညာဏ်ချုပ်ရင် နာမ်ရုပ် ချုပ်တာပဲ (မှန်ပါ့) နာမ်ရုပ်ချုပ်ရင် ဟိုဘက်-၄-နံပါတ်မှာရှိတဲ့ ဇရာ, မရဏကော (ချုပ်ပါတယ် ဘုရား)။

လက်သည်အမြစ် တွေ ပေါ့ ဗျ (တွေ့ပါပြီ)ဒါဖြင့် အမြစ်ဖြတ်ကြစို့ (မှန်ပါ့) ဆိုနိုင်ကြပလား (ဆိုနိုင်ပါ တယ် ဘုရား)။

ဒကာ၊ဒကာမတွေ ဘယ်လိုမှတ်ကြမယ် (အမြစ်ဖြတ် ကြရပါမယ် ဘုရား)။

အမြစ်ဖြတ်ရမယ် အမြစ်ဖြတ်ရမယ်ဆိုတော့ ဒကာ၊ ဒကာမ တို့ စိတ္တာဝိညာဏ်ရှုလိုက်လို့ရှိရင် အမြစ်ပြတ်ပါပြီ (မှန်လှပါ ဘုရား)။

ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ (ဝိညာဏံ ပါ ဘုရား) ကဲ တစ်ခါသွားလိုက်ဦး၊ ဝိညာဏ နိရောဓာ (နာမရူပနိရောဓော) နာမရူပနိရောဓာ (ဝိညာဏ နိရောဓော)

ဟော သူပြတ်ရင် အကုန်ပြတ်တယ် (မှန်ပါ့)။

ဒါဖြင့် သူတို့နှစ်ခုကို၊ ဝိညာဏ်တစ်ခုကိုပဲ ဖြစ်ပျက် ရှုလိုက်လို့ရှိရင်ဖြင့် ဖြစ်ပျက်-မဂ် ရှုတဲ့ဥစ္စာ သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်ပါလိမ့်မယ် (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဖြစ်တဲ့အခါကျတော့ ဝိညာဏ်ပဲ ချုပ်ငြိမ်းသွားပေါ့ နာမ်ရုပ်က တန်းလန်းကျန်ဦးမှာလား (မကျန်ပါ ဘုရား)။

သဠာယတနတွေကကော (မကျန်ပါ ဘုရား) အို,သေ တွေကကော (မကျန်ပါ ဘုရား)။

ဟာ ဒါဖြင့် ဆရာဘုန်းကြီးပေးထားတဲ့ စိတ္တာနုပဿနာ ဆိုတာ ဝိညာဏနုပဿနာပဲ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

တစ်ချို့နေရာ ဝိညာဏ်သုံးတယ်၊ တစ်ချို့ နေရာ စိတ်သုံးတယ်

ဆရာဘုန်းကြီးပေးထားတဲ့ စိတ္တာနုပဿနာဆိုတာ ပဋိစ္စ သမုပ္ပါဒ်နည်းနဲ့ သိမ်းလိုက်တော့ ဝိညာဏနုပဿနာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ အဲ တစ်ချို့နေရာ ဝိညာဏ် သုံးတယ်၊ တစ်ချို့နေရာ စိတ်သုံးတယ်၊ သဘောကျပလား (ကျပါပြီ) သတိပဋ္ဌာန်နေရာမှာ စိတ်သုံးတယ်။ ပဋိစ္စသမုပ္ပါဒ် နေရာကျတော့ ဘုရားက ဝိညာဏ်သုံးတယ် (မှန်ပါ့) မသုံး ဘူးလား (သုံးပါတယ် ဘုရား)။

စိတ်နဲ့ဝိညာဏ်အတူတူပဲ

အေး သို့သော် အတူတူပဲဆိုတဲ့ အဓိပ္ပါယ်ကော ရှင်းကြ ပလား (ရှင်းပါပြီ) စိတ်ရှုလည်း ရတာဘဲ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတွေ အို,သေကိုဖြင့် တပည့်တော်တို့ ကြောက်ပါတယ်၊ ရွံပါတယ်၊ မုန်းပါတယ်၊ အို,သေမရှိရာဘဲ ရောက်ချင်ပါတယ်၊ လှမ်းချင်ပါတယ်၊ သွားချင်ပါတယ် ဆိုရင်ဖြင့် ဝိညာဏ်ကို ဆုံးအောင်ရှု (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဝိညာဏ်ကို (ဆုံးအောင်ရှုရမှာပါ ဘုရား) အဲ ဝိညာဏ်ကို ဆုံးအောင်ရှုလိုက်တော့ ရုပ်နာမ်က တွဲလောင်း ကျန်သေးလား (မကျန်ပါ) သဠာယတနက (မကျန်ပါ) အဲ အမြစ်ဖြတ်ပစ်လိုက်ပြီ (မှန်ပါ့)။

ဒကာ၊ ဒကာမတို့ ဘာဖြတ်ပစ်လိုက်သလဲ (အမြစ်ဖြတ် ပစ်လိုက်ပါတယ် ဘုရား)။

အမြစ်ဖြတ်ပစ်လိုက်တယ်ဆိုတဲ့ဥစ္စာ ဦးတင် ဒီနေ့တရား ဟာ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်ပဲ (မှန်ပါ့)။

မောင်ချစ်စိန် အဖိုးတန်သွားပြီ (တန်သွားပါပြီ ဘုရား) အခုပေးထားတဲ့ စိတ္တာနုပဿနာဟာ တော်တော် အရင်းကျကျတဲ့ ဟာပါလား၊ အို,သေဖြတ်တာပါလား (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဝိဇ္ဇာနဲ့ တဏှာပြတ်တယ်

ဘာဖြတ်တာတုံး (အို,သေဖြတ်တာပါ) အဲ အိုသေ ဖြတ်တာပဲဆိုတော့ နို့ တဏှာလည်း မဖြတ်ပါလားဆို တော့ဟာ တဏှာ ဝိညာဏ် ဖြစ်ပျက်မြင်ကတည်းကိုက မဂ်ဝင်လာလို့ တဏှာက ပြတ်နေပြီ။ လာကိုမလာဘဲနဲ့ ပြတ်နေပြီ (မှန်ပါ့) မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

အဝိဇ္ဇာ မပြတ်ပါလားဆိုလဲ ဟာဘယ့်နှယ် အဝိဇ္ဇာ မပြတ်ရမလဲ၊ ဝိညာဏ် ဖြစ်ပျက်မြင်တဲ့ ဥစ္စာပဲ၊ ဝိဇ္ဇာလာတော့ အဝိဇ္ဇာပြတ်တာပေါ့ ဆိုတော့ အာသဝဝင်ရိုး မကျိုးသေးဘူးလား (ကျိုးပါပြီ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဪ -သတ္တဝါဆိုတာမှာ အာသဝဝင်ရိုးလှည့်ပြီး ခန္ဓာ အမျိုးမျိုးနဲ့ ပြောင်းပြီးသကာလ အို,သေ ထမ်းပြီး လည်နေရတဲ့ အဓိပ္ပါယ်နော် (မှန်ပါ့) အခုတော့ ဝင်းရိုးကြီးနဲ့ လှည့်နိုင် သေးရဲ့လား (မလှည့်နိုင်ပါ ဘုရား)။

ဝင်ရိုးကြီးက မလှည့်နိုင်တော့ သတ္တဝါတွေဟာ ဟိုရောက်, ဒီရောက် ရောက်နိုင်သေးရဲ့လား (မရောက်နိုင်ပါ ဘုရား)။

အဲ ဝင်ရိုးချိုးပစ်လိုက်တဲ့အတွက် သံသရာ စက်ရဟတ် ရပ်သွားပြီ မှတ်လိုက် (မှန်ပါ့)။

ဝင်ရိုးချိုးပစ်လိုက်တဲ့အတွက် ဘယ်လိုမှတ်ကြမယ် (သံသရာ့စက်ရဟတ် ရပ်သွားပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ)။

ဒါဖြင့် ဒီလိုလုပ်ကြပေတော့ ခုနင်က ပြောလိုက်တဲ့ နှစ်ချက်ကို မောင်သစ်တို့ ဦးတင်တို့ သေသေချာချာ မှတ်ရမယ် (မှန်ပါ့) အာသဝဝင်ရိုး ကျိုးပေါ့ဟာ အဝိဇ္ဇာနှင့် တဏှာ သတ်ပြီးသား မကျသေးဘူးလား (ကျပါပြီ ဘုရား)။

ဝေဒနာနဲ့ တဏှာကြားမှာ မဂ်ပေါ်တယ်

အဲဒီတော့ကို ဥပမာ စိတ်ကလေးတစ်ခုကို မြင်စိတ်, ကြားစိတ်, နံစိတ်, စားစိတ်, ယားစိတ်, ယံစိတ်, ကောင်းစိတ်ကို ပေါ်ရာ ဖြစ်ပျက်ရှုလိုက်ပါတယ်ဆိုတော့ ရှုတဲ့မဂ်က ဝေဒနာနဲ့ တဏှာကြားမှာ ပေါ်တာကိုး။ ဒီပြင် နေရာတွေ ပေါ်မှမပေါ်ဘဲ (မှန်ပါ့) ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။

ဝေဒနာနဲ့ တဏှာကြားပေါ်တော့ မဂ်ပေါ်ရင် တဏှာကို မလာဘဲနဲ့ ချုပ်တယ် (မှန်ပါ့)။

မဂ်ပေါ်ရင် (တဏှာကို မလာဘဲနဲ့ ချုပ်ပါတယ်) လာခွင့်မရဘဲနဲ့ ချုပ်ပါတယ် (မှန်ပါ့) အဲဒီတော့ တဏှာ သတ်တယ်ဆိုတာ မှန်ပလား (မှန်ပါ့)။

ဖြစ်ပျက်ဆိုတဲ့ဥစ္စာသည် ဖြစ်ပြီးပျက်တဲ့ အနိစ္စကို (ဝါ) ဖြစ်ပျက်တဲ့ ဖြစ်ဒုက္ခ ပျက်ဒုက္ခကို မမြင်-မြင်အောင် ဝိညာဏ်ကို ရှုနေလို့ရှိရင်လည်း ဝိဇ္ဇာပဲရှိတာပဲ။ အဝိဇ္ဇာက မြင်ကိုမမြင်ဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် တဏှာက မလာဘဲနဲ့ ချုပ်တယ်။ အဝိဇ္ဇာကတော့ နှင်ထုတ်လို့ ချုပ်တယ် (မှန်ပါ့) ဒါ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

အဝိဇ္ဇာနဲ့ တဏှာချုပ်တယ်

အဝိဇ္ဇာကတော့ ဝိဇ္ဇာက နှင်ထုတ်လို့ (ချုပ်ပါတယ်) တဏှာကတော့ (မလာဘဲနဲ့ ချုပ်ပါတယ်) မလာဘဲနဲ့ချုပ် ၊ သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ အဝိဇ္ဇာကတော့ ဝိဇ္ဇာက ပယ်သောအားဖြင့် ချုပ် နော် (မှန်ပါ့) တဏှာကတော့ဖြင့် အနုပ္ပါဒနိရောဓ မလာဘဲနဲ့ချုပ်အောင် လုပ်လိုက်တယ်နော် (မှန်ပါ့) လာခွင့် မရအောင် လုပ်လိုက်သည် ဆိုတာကော ရှင်းပလား (ရှင်းပါပြီ ဘုရား)

ဪ ဒါဖြင့် အဲဒီ ပဋိစ္စသမုပ္ပါဒ်ဖြစ်ရပ်မှာ အလယ်မှာ အဝိဇ္ဇာနဲ့ တဏှာဆိုတာကြီး မပါဘူးလား (ပါ,ပါတယ်) အဲဒါ ဝင်ရိုးကြီးပဲ (မှန်ပါ့) အဲဒီ ဝင်ရိုးကြီး ဘာဖြစ်သွား တယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ကျိုးသွားပြီ (ကျိုးပါပြီ) နှစ်ခုစလုံး အသုံးချလို့ ရသေးရဲ့ လား (မရပါ) မရတော့ဘူးဆိုတဲ့ဥစ္စာ ရှင်းသွားပြီ။

အေး- ဒါကြောင့် သီလရှင်တွေရော လူဒကာ၊ ဒကာမ တွေရော ဪ သံသရာ မလည်ချင်ရင် ဝင်ရိုးကျိုးမှပါလား (မှန်ပါ့ ဘုရား)။

ဝင်ရိုးကျိုးတော့ အားလုံးရပ်ပြီ

သံသရာ မလည်ချင်ရင် (ဝင်ရိုးကျိုးမှပါ) ဝင်ရိုးကျိုးမှ ဆိုတော့၊ ဒို့သည် ဝင်ရိုးကျိုးတယ် ဆိုတော့ အကန့်တွေကော အသုံးချလို့ ရသေးရဲ့လား (မရပါ ဘုရား)။

အကန့်တွေ ဒေါက်တွေလည်း အသုံးချလို့ မရဘူး။ ပုံတောင်းလည်း လည်နိုင်သေးရဲ့ လား (မလည်နိုင်ပါ) ဘေးက ပတ်ထားတဲ့ သံပတ်ခွေကြီးနဲ့တူတာကော (မလည်နိုင်ပါ ဘုရား)။

မလည်နိုင်ပါဘူး၊ ပုံကျသွားပြီ။ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ခန္ဓာကြီးဟာ ဒီဘက်ငါးပါး၊ ဟိုဘက်ငါးပါးနဲ့ ငါးပါးနှစ်ဆယ်ဟာကော လည်သေးရဲ့လား (မလည်ပါ) အဲ ငါးပါးနှစ်ဆယ်ဟာလည်း မလည်တော့ကို ခြင်းရာနှစ် ဆယ်လည်း ပြုတ်ထွက် သွားတယ် (မှန်ပါ့) မပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား)။

ဝိပဿနာအလုပ်ဟာ ဘာအလုပ်တုံး

အဲဒီတော့ ဝင်ရိုးဟာ ပဓာနဖြစ်နေတော့ ဝိပဿနာ အလုပ်ဟာ ဘာအလုပ်ပါလိမ့်မလဲ မေးတော့ သံသရာ့ဝင်ရိုး ချိုးတဲ့အလုပ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ဝိပဿနာအလုပ်ဟာ ဘာအလုပ်ပါလိမ့် (သံသရာ့ဝင်ရိုး ချိုးတဲ့အလုပ်ပါ) သံသရာလှည့်နေတဲ့ ဘီးကြီးတွေ, ဝင်ရိုးကြီး တွေကို ချိုးတဲ့အလုပ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ရှေးကတော့ ဝင်ရိုးကျိုးမှ အေးတယ်လို့ ဆိုငြားသော်လည်း ဝင်ရိုး မချိုးတတ်ဘူး (မှန်ပါ့)

အခုတော့ “ဝိညာဏ ပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ ဝိညာဏ်”ဆိုတော့ ဝိညာဏ် တစ်ခုကို ကျုပ်တို့က၊ ပေါ်တဲ့ ဝိညာဏ်ကို ဝိပဿနာမဂ်နဲ့ရှု။

ရှုလိုက်တဲ့အခါကျတော့ ဝိညာဏ်ဆယ့်နှစ်ပါး ရေးထားတဲ့ အနက်က ပေါ်ရာကိုလိုက်။ မပေါ်လို့ရှိရင်ဖြင့် ရှူစိတ်, ရှိုက်စိတ်ကိုရှု။ အိမ်သည်, ဧည့်သည်ခွဲပြီးသကာလ ရေးထားတော့ကို မောင်သစ် ဝိညာဏ်ချည်း အရှုခိုင်းတာ (မှန်ပါ့) ဝိညာဏ်ရှုတော့ နာမ်ရုပ်ပါသွားတယ် (ပါ-ပါ တယ်) မပါသေး ဘူးလား (ပါ,ပါတယ်) သဠာယတနကော ပါသွားပြီ (မှန်ပါ့) ပါသွားပြီ တဲ့။

တစ်ခုရှုရင် အကုန်ပါတယ်

ထိုသို့ ပါသွားတဲ့အတွက် ပထမ ၂-နံပါတ် တစ်ခုလုံးဟာ တစ်ခုရှုလိုက်ရင် အကုန်ပါတယ်မှတ် (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ၂-နံပါတ် အကွက်ဟာလေ (မှန်ပါ့)။ ဝိညာဏ်တစ်ခု ရှုလိုက်တာနဲ့ (အကုန် ပါသွားတယ်) နာမ်ရုပ်ရော, သဠာယတနရော, ဖဿရော မပါသေးဘူးလား (ပါ- ပါတယ် ဘုရား)။

အဲဒီတော့ ဒီအလုပ် လုပ်လိုက်လို့ရှိရင် ပဋ္ဌမအကွက်မှာ သိစရာအကွက်၊ ပဋ္ဌမအကွက်နော် (မှန်ပါ့) ရှုရမည့်အကွက်က တဲ့ ဒုတိယနဲ့ တတိယကြားထဲမှာ ရှိပါတယ်။ တတိယရောက် သွားလို့ရှိရင် မောင်သစ်လွန်သွားပြီ (မှန်ပါ့) လွန်သွားပါပြီ မလွန်သေးဘူးလား (လွန်သွားပါပြီ ဘုရား)။

မဂ္ဂသစ္စာအကွက်၊ ဘာကြောင့်ထည့်မရေးတာလဲ?

အဲဒီတော့ကို ဒုက္ခသစ္စာနောက်က မဂ္ဂသစ္စာအကွက်ကို ဘာပြုလို့ ထည့်မရေးသတုံးလို့ မေးတဲ့အခါကျတော့ ဟိုက သံသရာရှည်ကြီး ခရီးစဉ်ပြရတဲ့အတွက် ထည့်မရေးတော့ဘူး (မှန်ပါ့) ဒါက ဘုရားပွင့်မှ ပေါ်တဲ့အကွက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုရားပွင့်မှ ပေါ်တဲ့အကွက်

ဒီအကွက်က (ဘုရားပွင့်မှ ပေါ်တဲ့အကွက်ပါ) အဲဒီတော့ ဘုရားမပွင့်တာက များနေတော့ ဘုရားပွင့်တဲ့ အကွက်ကို သံသရာ ၄-ကွက်ထဲမှာ ထည့်လို့မရဘူး၊ ရေးလို့ရပါ့မလား (မရပါ ဘုရား)။

ဘုရားက ခုနှစ်ရက် ခုနှစ်လီ မိုးအုံ့နေတဲ့အထဲ လျှပ်စစ် လက်သလောက်ကလေးသာ သူက ပွင့်တာကိုး (မှန်ပါ့ ဘုရား)။

ခုနှစ်ရက် ခုနှစ်ရက်လီ မိုးတွေအုံနေတဲ့အထဲမှာ ဖျတ်ကနဲ လျှပ်စစ်လင်းသလောက် ဘုရားပွင့်ချိန်ကတော့ အင်မတန် အချိန်ပိုင်းက တိုတောင်းနေတယ်။ အဲဒီတော့ သူ့ထည့်ရေးလို့ ဖြစ်ပါမလား (မဖြစ်ပါ ဘုရား)။

အဲဒါက ဘုရားပွင့်တဲ့အခါမှာ ဘုရားနှုတ်တော်က မြွက်တဲ့ အတွက် (မှန်ပါ့) မောင်သစ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘုရားပွင့်တဲ့အခါမှာ ဘုရားနှုတ်တော်မြွက်တဲ့ အတွက် ပါ) သူ့နှုတ်တော်မှ ဟောခဲ့ တာတွေလည်း အရှိသားဘဲ။ ဒီအကွက် ကို ဟောကို မဟောဘူး (မှန်ပါ့) ဟောရဲ့လား (မဟောပါ ဘုရား)။

မဟောတော့ ဒီအကွက်ဟာဖြင့် သာသနာတွင်းတောင်မှ မြုပ်ချည်ပေါ်ချည်ဖြစ်နေတယ် (မှန်ပါ) သာသနာတွင်းတောင် မြုပ်ချည်ပေါ်ချည်မဟုတ်ဘူးလား (မှန်ပါ ဘုရား)။

အဲဒီလောက်ဖြစ်နေတော့ ဒီဒကာ၊ ဒကာမတွေ အကြောင်း သင့်ပြီး သကာလ အခွင့်ကြုံတဲ့ အခါမှာ သာသနာကွက်ကလေးဟာ ဒီကြားမှဟေ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ၂-နဲ့၃ကြားထဲမှာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သာသနာတွင်း အကွက်လို့ မှတ်လိုက်

ဒါဟာ ဘယ်သူတုံး (၂-နဲ့ ၃-ကြားမှာပါ ဘုရား)။

၂-နဲ့ ၃-ကြားထဲ အကွက်ကလေး ယူရမယ် (မှန်ပါ့) ဒါက သာသနာတွင်းကွက်လို့ မှတ်လိုက်နော် (မှန်ပါ ဘုရား)။

မောင်သစ် ထည့်လိုက်။ ဟိုဟာတွေ သာသနာပချည်းပေါ့ကွ၊ ဒုက္ခ သမုဒယ၊ ဒုက္ခ, သမုဒယ ဆိုတဲ့ အကွက်လေးကွက် ဟာ ဘယ့်နှယ်တဲ့တုံး (သာသနာပ,ပါ) ကဲ သာသနာ တွင်းကို ပါသေးရဲ့ လား (မပါ-ပါ ဘုရား)။

အေး-ဒါကြောင့် ဝိပဿနာ သံယုတ်အဋ္ဌကထာ ဆရာ တွေက သာသနာတွင်းမှာ ပေါ်တယ် ဆိုတဲ့ဥစ္စာ၊ ကဲ သာသနာ တွင်းတောင် မြုပ်ချည်ပေါ်ချည် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (သာသနာတွင်းတောင် မြုပ်ချည် ပေါ်ချည်ပါ ဘုရား)။

ကဲ ဒါဖြင့် မင်းတို့ဟာ အခု ဒီအကွက်လေးထဲမှာ ကိုယ်ရှုလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ကိုယ့်ဟဒယဝတ္ထု ပေါ်၌ ဒီမဂ်စိတ်ကလေး, မဂ္ဂင်ငါးပါးကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အလုပ်လုပ်တဲ့အချိန်မှ ပေါ်တဲ့မဂ်အကွက်

ဘယ်အကွက်တုံး မေးလို့ရှိရင် သူအတွက် အကွက်မရှိ ဘူးလား၊ လုပ်တဲ့အချိန် ပေါ်လာတာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လုပ်တဲ့အချိန် (ပေါ်လာပါတယ်) မလုပ်တဲ့အချိန် ဒီအကွက်ဟာ ဟိုဘက်ဆက်နေတယ် (မှန်ပါ့) ဝေဒနာပစ္စယာ တဏှာဟုတ်လား (မှန်ပါ့ ဘုရား) ဝေဒနာပစ္စယာတဏှာနဲ့ ဒကာ၊ ဒကာမတွေ ဆက်မနေဘူးလား (ဆက်နေပါတယ် ဘုရား) အဲဒီတော့ ခင်ဗျားတို့ အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်အတွက် မှာဖြင့် ဪ တစ်နေ့ကို ၂-ကနေပြီး ၃-ကျအောင် ဘယ်လောက် ဖောက်ပြန်ကြသတုံးလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေမလဲ (မရေတွက်နိုင်ပါ ဘုရား) မရေတွက်နိုင်ဘူး။

ဒါဖြင့် ၂-ကနေပြီး ၂-ဝိညာဏ် စပ်လိုက်တော့ ဝိညာဏ် မရှုမိလို့ရှိရင် ဟင် (မှန်ပါ့) နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ကံ ပွားလိုက်ပြန်ရော (မှန်ပါ့) မျက်လုံးဖွင့်လိုက် ပြန်ရင်လဲ ကံရောက် သွားတယ် (မှန်ပါ့)။

ကဲ နားက ထောင်လိုက်ပြန်တော့၊ နားဝိညာဏ်ပြီးတော့ တဏှာ, ဥပါဒါန်, ကံ မပွားဘူးလား (ပွားပါတယ် ဘုရား) နှာခေါင်းဝိညာဏ် ဖွင့်လိုက်ပြန်တော့ကောကွာ (ကံရောက် သွားပါတယ် ဘုရား)။

မင်းတို့ကံပွားတွေဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား) ဒါဖြင့် ဇာတိပွားမယ်၊ ဇရာမရဏကော (ပွားပါ မယ် ဘုရား)။

ပွားမှပဲဆိုတဲ့ အဓိပ္ပါယ်က အကြောင်းအကျိုး လုပ်ထား တာ၊ အကြောင်းဖြတ်တရား မလာသေးသ၍ ကာလပတ်လုံး ဒီ အကြောင်းတွေဟာ အကျိုးပေးနေမယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သိရုံကလေးနဲ့ အကြောင်းမပြတ်ဘူး

ဒါကြောင့်မို့ အခုဘာလုပ်နေတာတုံး လို့ မေးတော့မှ ဒကာ၊ ဒကာမတွေ ခင်ဗျားတို့ သိရုံကလေး များနဲ့တော့ ဘယ်နည်း နဲ့မှ ဒီအကြောင်းက ဒီနေရာမှာ မပြတ်ဘူး (မှန်ပါ့) ပွားမှ ပြတ်မယ် (မှန်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ့်နှယ်လဲ (သိရုံနဲ့ မပြတ်ပါဘုရား ပွားမှပြတ်ပါ တယ် ဘုရား) ပွားမှပြတ်မယ်ဆိုတာ ဒကာ၊ ဒကာမတွေ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ဒါလောက်နဲ့မရဘူး ကိုယ်တိုင်သွားရမယ်

အဲဒါကြောင့် ခင်ဗျားတို့ ယီးတီးယားတား လုပ်ပြီးသ ကာလ ဟာ ငါတို့ လှူဒါန်းထားတာပဲ၊ ပေးထားတာပဲ။ ကမ်းထားတာပဲ၊ သီလကလေးမြဲတာပဲ၊ ဆရာသမားဆီ နားထောင်လို့ အတော် အသိဉာဏ်ကလေးလည်း ပွားတာပဲ ဒါလောက် နဲ့မရဘူး ကိုယ်တိုင်သွားမှ ကိုယ်သန္တာန် မဂ်ရောက် လာမယ် (မှန်ပါ့) ကိုယ့်မဂ်ရောက်လာမှ ခုနက ကံမမြောက်မယ် (မှန်ပါ့)။

မဂ်မရှိသ၍ (ကံမြောက်နေပါမယ် ဘုရား) ကံမြောက် နေတော့ ဒီကံတွေကို ဘုန်းကြီး ခဏခဏ ပြောတယ်၊ တဏှာက စုဆောင်းထားတယ် (မှန်ပါ့)။

ဒကာ၊ ဒကာမတွေ ဒီ ကံတွေ ဘာတဲ့ (တဏှာက စုဆောင်းထားပါတယ်ဘရား) တဏှာက စုဆောင်းထားပါတယ်။ ကံတွေကို (တဏှာ စုဆောင်းထားပါတယ် ဘုရား)။

တဏှာရှိတဲ့ပုဂ္ဂိုလ် ကံမကုန်ဘူး

တဏှာက စုဆောင်းထားတော့ တဏှာရှိတဲ့ပုဂ္ဂိုလ် ကံမ ကုန်ဘူး (မှန်ပါ့) ဒီတစ်ကံပြီးရင် ဒီတစ်ကံ ကုန်သွားရင် နောက်တစ်ကံ တဏှာက လွှတ်ပေးတာပဲ (မှန်ပါ့)။

ဥပမာမယ် အင်မတန် ကြီးစွာလှသော ခြင်းကြီးတစ်ခု ယက်ပြီးသကာလ ပိုးကောင် ကလေးတွေ အပြည့်ထည့်ထား၊ ဟုတ်လား တစ်ကောင်စီ လွှတ်နေမယ်ဆိုရင် ကုန်နိုင်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား) တောင်ပို့ထဲက ပလူထွက်လာသ လိုဘဲ၊ ကုန်နိုင်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား) တိုးထွက်တောင် မကုန်ဘူး (မှန်ပါ့)။

ဒီမှာလည်း ဒီမှာ ငရဲပြည်၊ ဒီကနေ တစ်ကံလောက် လွှတ်ပေးတယ် တဏှာခြင်းကြီးထဲက ဟိုမှာရှိနေတာ ငရဲအထွက် ခိုင်းပြီးဆိုတော့ နောက်တစ်ကံ လွှတ်ပေးလိုက်တယ် ဒီမှာ ဆက်မိအောင်လို့ (မှန်ပါ့) ဒီတော့ ထွက်ပေါက်ဘယ့်နှယ် နေကြသလဲ (မရှိပါ ဘုရား) ငရဲက ထွက်ပေါက် ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဒါကြောင့် ကမ္မသမဂီဆိုတာ ကံကို ထိန်းသိမ်းတယ်လို့ ဆိုတယ်၊ ကမ္မသမဂီပုဂ္ဂိုလ် ကံကို ထိန်းသိမ်းထားတဲ့ ပုဂ္ဂိုလ် ပုထုဇဉ်မှာ (မှန်ပါ့) ပုထုဇဉ်က ကံကို ထိန်းသိမ်းထားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပုထုဇဉ်သည် ဘာကိုထိန်းသလဲ (ကံကိုထိန်းပါတယ် ဘုရား) ပုထုဇဉ်က ထိန်းသိမ်းတာလား ပုထုဇဉ် သန္တာန်ရှိတဲ့ တဏှာက ထိန်းသိမ်းတာလား (တဏှာက ထိန်းသိမ်းပါ တယ် ဘုရား) အဲ တဏှာ ရှိတော့ ကံဟာ အဟောသိကံ မဖြစ်ဘူး (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တဏှာပြုတ်တော့၊ ကံအဟောသိကံဖြစ်တယ်

တဏှာရှိတော့ကို (ကံအဟောသိကံ မဖြစ်ပါ ဘုရား) ကံက အဟောသိကံမဖြစ်နိုင်၊ တဏှာပြုတ်တော့ ကံအဟောသိကံ ဖြစ်တယ် (မှန်ပါ့) ဒါကြောင့် မဂ်က သမုဒယသစ္စာ ပယ်လိုက် လို့ရှိရင် ကံပြုတ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ်က ဘယ်ဟာ ပယ်လို့ရှိရင်လဲ (သမုဒယသစ္စာပါ ဘုရား) သမုဒယသစ္စာ ပယ်လိုက်တော့ ကံထိန်းသိမ်းတာ ပယ် လိုက်တဲ့အတွက် တဏှာဟာ ကျန်သေးရဲ့လား (မကျန် ပါ ဘုရား) အဲဒါကြောင့် တဏှာလည်း သမုဒယသစ္စာ၊ ဥပါ ဒါန်လည်း သမုဒယသစ္စာ၊ ကံလည်း သမုဒယသစ္စာပဲ ဆိုပြီးတော့ သူကို သမုဒယသစ္စာအကွက်ထဲ ထည့်တယ်၊ သို့သော် ခေါင်းဆောင်က တဏှာကွ (မှန်ပါ့) အဲဒီအကွက်ထဲ သုံးခုမပါဘူးလား (ပါ-ပါတယ် ဘုရား)။

တဏှာကခေါင်းဆောင်

တတိယအကွက်မှာလေ တဏှာ, ဥပါဒါန်, ကံထဲ ဘယ်သူ ခေါင်းဆောင်တုံး (တဏှာပါ ဘုရား) တတိယ အကွက်ထဲ ဘယ်သူခေါင်းဆောင်တုံးကြည့်စမ်း (တဏှာခေါင်းဆောင်ပါ ဘုရား) တဏှာ ခေါင်းဆောင် သူကဥပါဒါန်လည်း ထိန်းတာပဲ၊ ကံလည်းထိန်းတာပဲ၊ မဟုတ်ဘူးလား (မှန်ပါ့)။

အဲဒီတော့ကို ဒကာ၊ ဒကာမတွေ ကံမကုန်တာ ငရဲမှာ အသက်ရှည်တာ ထွက်ပေါက်ထွက်ရပ် မပါတာ ဘာကြောင့်တုံး ဆိုရင် ဒီကံက များနေတော့ တဏှာကနေပြီး စုဆောင်ထားတာ တစ်ခုချင်း လွှတ်ပေးနေလို့ လို့မှတ် (မှန်ပါ့) တစ်ပုဒ်မပြီး, တစ်ပုဒ်မ တပ်ပြီး ချပြန်တာပဲ (မှန်ပါ့) နောက်တစ်ခါ တစ်ပုဒ်မတပ်ပြီးတော့ (ချပြန်တာပဲ) နောက်တစ်ခါ တစ်ပုဒ်မတပ်ပြီးတော့ (ချပြန်တာပဲ)။

အဲဒီမှာ တရားသူကြီးများနဲ့ တူပါတယ်တဲ့၊ ပုဒ်မတွေ တပ်ပြီးချလိုက်တော့ ဒီအထဲမှာရှိတဲ့ အမှုကလည်း နည်းတာ မဟုတ်ဘူး (မနည်းပါ ဘုရား) အဲဒီတော့ ထွက်ပေါက်ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ငရဲမှာ သက်တမ်းမရှိဘူး

အဲဒါကြောင့် ငရဲမှာ သက်တမ်းမရှိဘူးဆိုတာ ပေါ်ပလား (ပေါ်ပါပြီ) ငရဲမှာ သက်တမ်းမရှိဘူး၊ နတ်ပြည်တို့ကျတော့ စတုမဟာရာဇ် အနှစ်ငါးရာ၊ တာဝတိံသာမှာ တစ်ထောင် သူ့ဟာ သက်တမ်းတွေ ရှိတယ်၊ ဟိုမှာ အသက်တမ်းမရှိဘူး (မှန်ပါ့)။

ဘာဖြစ်လို့ သက်တမ်းမရှိသတုံးဆိုလို့ရှိရင် ကံကုန်မှ ကုန်တယ်ဆိုတော့ ကံက လွှတ်ပေးနေတဲ့ တရားက ရှိတော့ ကုန်နိုင်စရာကော ရှိသေးရဲ့လား (မရှိပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

တစ်ချက်တိမ်းရင် ဆည်လို့မရဘူး

ဒါဖြင့် ခင်ဗျားတို့ တစ်ချက်တိမ်းရင် ဆည်မရဘူး (မှန်လှပါ ဘုရား)။

ဒါကြောင့် ဘုန်းကြီးကပြောတယ်။ ကျောက်ခဲရေကျကွ။ ဒီဘဝကနေပြီးသကာလ မဂ်ဉာဏ်, ဖိုလ်ဉာဏ်မရဘဲနဲ့ သေကြ မယ်ဆိုရင်ဖြင့် ကျောက်ခဲရေကျကွ၊ ဆိုတဲ့ဥစ္စာ ဘယ်တော့မှ မပေါ်ဘူး ပြောတာ (မှန်ပါ့)။ ကျောက်ခဲရေကျ ဘာတဲ့တုံး (ဘယ်တော့မှ မပေါ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဘာဖြစ်လို့တုံးဆိုတော့ ဒီဘဝပြုလုပ်တဲ့ ကုသိုလ်ကလေးက ခင်ဗျားတို့က မဂ်,မဆိုက်တဲ့ ကုသိုလ်ဆိုရင်တော့ ဘဝကုသိုလ်က တွန်းချလိုက်တယ် (မှန်ပါ) ပေါက်ထုတ်ပစ်လိုက်တယ် ဒီမြားနဲ့ ဒီမြားနဲ့ ထိုးချလိုက်တယ် (မှန်ပါ့) မဂ်ကုသိုလ်ကျတော့ သူက ရပ်ရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ကုသိုလ်တိုင်းကို အားကိုးရတယ်လို့ အောက်မေ့မနေနဲ့ (မှန်ပါ့) သူများ တိုက်ထုတ်လို့ အရှုံးပေးတဲ့ ကုသိုလ်ကျတော့ အလကားကုသိုလ် (မှန်ပါ့) ရှင်းပလား သူများ တိုက်ထုတ်လို့ မရတဲ့ ကုသိုလ်သည်သာလျင် ကုသိုလ်, အဓိပတိကုသိုလ်ပေါ့ဗျာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

စိတ္တာနုပဿနာ လက်သည်ရှာတဲ့တရား

ဒါဖြင့် မင်းတို့ ဒီနေ့တရားကို စ, လာလာခြင်း စိတ္တာနုပဿနာ လက်သည်ရှာတဲ့တရား (မှန်ပါ့) ဘယ်သူရှာတာတုံး ဆိုတော့ ဘုရားလောင်းနုစဉ်က ရှာလာတာ (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ) နောက်ပိတ်ဆုံး ဝိညာဏ်လာတွေ့တယ် (မှန်ပါ့) ဒီဘဝ ဝိညာဏ်ထက် အထက်သွားစရာ ရှိသေး ရဲ့ လား (မရှိပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ ဒီဘဝမှာ ဝိညာဏ် အထက်သွားစရာ (မရှိပါ) မရှိဘူး အတိတ်ဘဝဆိုတော့ လှမ်းကူးလို့ ရတာမှမဟုတ်ဘဲကိုး (မှန်လှပါ) ကဲ နေရာကျကြပလား (မှန်ပါ့)။

စိတ်ဝိညာဏ် ဆယ်နှစ်မျိုး

ဒါဖြင့် ဒကာ၊ ဒကာမတွေ စာရွက်ကလေးထဲမှာ စိတ်ဝိ ညာဏ် ဘယ်နှမျိုးရေးထားသတုံး (ဆယ့်နှစ်မျိုး ရေးထားပါ တယ် ဘုရား)။

ဆယ့်နှစ်မျိုးရေးထားတယ်၊ အဲဒါကို ခင်ဗျားတို့က စိတ်ဝိ ညာဏ် ဘယ်အကွက်ထဲကတုံးလို့ ပဋိစ္စသမုပ္ပါဒ် ကြည့်လို့ရှိရင်ဖြင့် ၂-နံပါတ်အကွက်ထဲက (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်အကွက်ထဲ ပါကြသလဲ (၂-နံပါတ် အကွက်ထဲ ပါကြပါတယ် ဘုရား)။

အဲဒီ ပဋိစ္စသမုပ္ပါဒ် သေသည့်တိုင်အောင် မပျောက်မှ သူ့ဟာက သော် ၂-နံပါတ်အကွက်ဟာ သူများက ပြောကြ တယ် ပစ္စုပ္ပန်တည့်မှ ပစ္စုပ္ပန်တည့်မှလို့ဆိုတော့ ဟာ ပစ္စုပ္ပန် ဘဝကြီး မတည့်စရာ မရှိပါဘူး၊ ပစ္စုပ္ပန်ပဲ မဟုတ်ဘူးလား (မှန်လှပါ) ပစ္စုပ္ပန် အကျိုးထဲနေတာကြီးပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပေါ်ဆဲကိုယ်က ဂရုစိုက်လိုက်ရင် ပစ္စုပ္ပန်ဖြစ်နေတာ၊ ဘဝကလည်း ပစ္စုပ္ပန်၊ ပေါ်လာတာက အခုအကြောင်း တိုက်ဆိုင်မှ အခုပေါ်လာတာကိုး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

အခုပေါ်နေတဲ့တရားကို အခုမဂ်နှင့်ရှုပါ

ကောင်းပြီး ဒါဖြင့် ပစ္စုပ္ပန်, ပစ္စုပ္ပန်ချင်းရှ (မှန်ပါ့) အခုပေါ်လာတဲ့ တရားကို အခုမဂ်နဲ့ရှု (မှန်ပါ့)။

အခုပေါ်လာတဲ့ တရားကို (အခုမဂ်နဲ့ရှုရပါမယ်) အခု မဂ်နဲ့ ရှုလိုက်တော့ မောင်ချစ်စိန် သိမ်းပိုက် ထားတဲ့ တဏှာကော လာသေးသလား (မလာပါ) သူအားပေးလို့ဖြစ်တဲ့ ဥပါဒါန် (မလာပါ) သတ္တဝါတွေကံကြောင့် ကံကြောင့် သူနှိပ်စက်နေတဲ့ ကံကော (မလာပါ ဘုရား)။

မလာဘူး ဆိုတော့ ဒါကြောင့် ကံပြတ်တယ်ဆိုတာ၊ ဒီကံကို တိုက်ရိုက်ဖြတ်တာ မဟုတ်တော့ဘူး မောင်သစ် တဏှာဖြတ် လိုက်ရင် ကံပြတ်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) တဏှာဖြတ်လိုက်ရင် (ကံပြတ်ပါတယ် ဘုရား)။

ကံပြတ်သွားတယ်ဆိုတော့ ဒကာ၊ ဒကာမတွေ ဘာမှ လင်းပါးနေစရာ မလိုတော့ဘူး (မှန်ပါ့) စစ်ဆေးစရာကော (မရှိပါ ဘုရား) မရှိတော့ဘူးဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီး၊ ဒါဖြင့် ဒီနောက်ဆုတ် နောက်ဆုတ် အို, သေ ဘယ်က လာသတုံးလို့ တွေးလိုက်တော့ နောက်ဆုတ် နောက်ဆုတ်တွေးလိုက်တာ နောက်ဆုံးပိတ် ရေသောက်မြစ် သွားတွေ့တယ်၊ မောင်သစ်၊ ဦးတင် ဘာလာတွေ့သလဲ (ဝိညာဏ်တွေ့ပါတယ် ဘုရား)။

ဝိညာဏ်မပေါ်အောင်လုပ်ဖို့ အရေးကြီး

ဝိညာဏ်ကို ကျုပ်တို့က ယထာဘူတကျအောင် ကြည့်ဖို့ အရေးကြီးတယ် (မှန်ပါ့) ဝိညာဏ်ကို မုန်းဖို့အရေးကြီးတယ် (မှန်ပါ့) ဝိညာဏ်ဆိုတာ မပေါ်အောင်လုပ်ဖို့ (အရေးကြီး ပါတယ် ဘုရား)။

အရေးကြီးတော့ သူဆုံးလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် ဒီဘဝတွင် အဆုံးဖြစ်သွားတယ် (မှန်ပါ့) ဒီဘဝ ဆုံးလို့ရှိရင် သူဆုံးတာ ဟာ ဒုက္ခသစ္စာဆုံးသောကြောင့် တစ်နေ့က ဥပုသ်နေ့က ဟောခဲ့သလို ဒုက္ခနိရောဓသစ္စာ ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။

ဒုက္ခနိရောဓဆိုတာ နိဗ္ဗာန်

သူက ဒုက္ခကိုး၊ ဒုက္ခသစ္စာ ဆုံးသွားတော့ ဘယ့်နှယ် ဆိုကြမလဲ (ဒုက္ခနိရောဓသစ္စာ ဖြစ်သွား ပါတယ် ဘုရား)။

ဒုက္ခနိရောဓသစ္စာ မဖြစ်သေးဘူးလား (ဖြစ်ပါတယ်) ဒုက္ခနိရောဓသစ္စာဆိုတာ နိဗ္ဗာန်ကို ဆိုပါတယ် (မှန်ပါ့ ဘုရား)။

ဒုတိယအကွက်ဟာ နှစ်မျိုးဖြစ်နိုင်တယ်

ဒါဖြင့် ဒုတိယအကွက်ဟာ ဒုက္ခသစ္စာလဲ-ဖြစ်နိုင်တယ် (မှန်ပါ့) သာသနာတွင်း ပုဂ္ဂိုလ်များ အတွက်ပါ ဒုက္ခနိရောဓ သစ္စာလဲ-ဖြစ်နိုင်တယ် (မှန်ပါ့ ဘုရား)။

ဒါကလေးဟာ မသေးဘူး၊ ဒါကလေးဟာ သေသေချာချာ မှတ်ပါ ဒကာ၊ ဒကာမတို့၊ သာသနာတွင်း ပုဂ္ဂိုလ်များမှာ ဒုတိယအကွက်ဟာ ဒုက္ခသစ္စာလို့ပဲ သူသိတယ်၊ သိနိုင်တဲ့ သဘောသတ္တိရှိတယ် (မှန်ပါ့) သူ့ကို ရှုရတော့ ဖြစ်ပျက်ကိုး (မှန်ပါ့) ဖြစ်ပျက်သိရတော့ ဘာသစ္စာ သိသလဲ (ဒုက္ခသစ္စာသိပါတယ် ဘုရား)။

ဒုက္ခနိရောဓအကွက် သွားဖြစ်တယ်

အဲ ဒုက္ခသစ္စာကွက်လဲ-သူသိတယ် (မှန်ပါ့) နောက်ဒီ အကွက်ပဲ၊ ဒီအကွက်ဆိုတော့ ဒီခန္ဓာကြီးပဲ ကြည့်နေရင်း မတ္တနဲ့ပဲ ဒုက္ခမုန်းလို့ ဒုက္ခဆုံးသွားတဲ့အခါကျတော့ ဒီအကွက် ဘာအကွက် ဖြစ်ကြမလဲ။(ဒုက္ခနိရောဓကွက်ပါ) ဒုက္ခနိရောဓကွက် ဖြစ်သွားတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုရားဟောတော်မူတာနဲ့ မောင်သစ်တို့ ဦးတင်တို့ ကိုက်တယ် (ကိုက်ပါတယ် ဘုရား)။

“လောကဿ အန္တံ”ဆိုတဲ့ဥစ္စာ လောက မဆုံးဘဲနဲ့လည်း နိဗ္ဗာန်မရောက်ဘူး ဟုတ်လား (မှန်ပါ့) ဘုရားကရော ဟိတဿ နတ်သား ဟောတဲ့နေရာ မလာဘူးလား (လာပါတယ် ဘုရား)။

အရှင်ဘုရား ဘယ်လိုကြောင့်ဘာလဲ၊ လောကကြီးကို တပည့်တော် သွားခဲ့ပါတယ်၊ ဘယ်တော့မှ မဆုံးဘူးဆိုတော့ အို လောကအဆုံးကို မသွားဘဲနဲ့ မရောက်ဘူး၊ မဆုံးဘဲနဲ့ လည်းမရောက်ဘူး၊ “လောကန္တံ ဒုက္ခသစ္စာ”ကို တစ်ခါလာ စပ်တယ် (မှန်ပါ့ ဘုရား)။

ဒုတိယအကွက် ဆုံးအောင်ရှုပါ

လောကဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) အဲ ဒုတိယ အကွက်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာကွက်ပါ) အဲဒါ လော ကွက်ပဲ (မှန်ပါ့) အဲဒီ လောကကွက်ဆုံးအောင် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီလောကကွက်ကို (ဆုံးအောင်) ဆုံးရင် “လောကနိရောဓန္တိ နိရောဓသစ္စံ” (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

လောကန္တိ ဒုက္ခသစ္စာ၊ လောကနိရောဓန္တိ နိရောဓသစ္စ (မှန်ပါ့ ဘုရား)။

လောကန္တိ (ဒုက္ခသစ္စံ) လောကနိရောဓန္တိ (နိရောဓ သစ္စာပါ ဘုရား)။

ကဲ ဒါဖြင့် ဒီအကွက်ဟာ နှစ်မျိုးဖြစ်နိုင်တဲ့ အကွက်ပဲ ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်မှာ အင်မတန်ရှင်းတဲ့အလုပ်ပဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီအကွက်ဟာ လောကကွက်ဖြစ်တယ်၊ လောက နိရောဓကွက်လဲ- မောင်ချစ်စိန် ဖြစ်ရမယ် (ဖြစ်ရပါမယ် ဘုရား)။

ဘယ်လိုပုဂ္ဂိုလ် ဖြစ်ရမှာတုံး၊ သာသနာတွင်းသားမှ ဖြစ်ရ မယ် (မှန်ပါ) သာသနာပသားမှာ ဒီဥစ္စာ ဖြစ်နိုင်ပါရဲ့ လား (မဖြစ်နိုင်ပါ ဘုရား) မဖြစ်နိုင်ဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်အကွက် ဝိပဿနာရှုရမှာတုံး

ဒါဖြင့် ဒကာ၊ ဒကာမတို့ ဘယ်အကွက် ဝိပဿနာရှုရမှာတုံး မေးရင် (နံပါတ် ၂-အကွက်ပါ) နံပါတ်-၂။

ဘယ်အကွက်ဆုံးအောင် ရှုရမှာတုံးမေးရင်ကော (နံပါတ် ၂-အကွက်ပါပဲ ဘုရား)။

ဦးတင် အင်မတန်ကံကောင်းလို့ ကြားရတဲ့အလုပ် (မှန်ပါ့) ကံကောင်းလို့ ကြားရတဲ့အလုပ်၊ နိဗ္ဗာန် အဝေးကြီး ပြောနေကြတယ် (မှန်ပါ့)။

နိဗ္ဗာန်အဝေးကြီး ပြောနေတော့ ဒီအကွက်ထဲက တရား တွေ အကုန်မရှိဘူးဆိုတာ ခန္ဓာငါးပါး မရှိတာဘဲ (မှန်ပါ့) ခန္ဓာငါးပါးမရှိတော့ ခန္ဓာသိမ်းနိဗ္ဗာန်ပဲ၊ “ခန္ဓနိရောဓော နိဗ္ဗာနံ”ပဲ၊ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

ခန္ဓနိရောဓော (နိဗ္ဗာနံပါ ဘုရား) ကဲ ဒီအကွက် သိမ်းတာပဲ မဟုတ်လား (မှန်ပါ့)။

ဒီအကွက် သိမ်းသွားတယ်ဆိုကတည်းက ခန္ဓာကဒုက္ခ သစ္စာ၊ နိရောဓောက=နိရောဓသစ္စာ၊ သဘောပါပလား (ပါ,ပါပြီ)။

အိုသေရဲ့ လက်သည်အရင်းက ဝိညာဏ်

ဒါဖြင့် ဒကာ၊ ဒကာမတွေ့၌ ဘုရားသခင် ကိုယ်တော်မြတ် ကြီးလည်း-အိုသေ ဘယ်က လာသတုံးလို့ လက်သည် အရင်း စစ်ခိုင်းတော့ ဝိညာဏ်တွေ့တာပဲ (မှန်ပါ့)။

နောက်တစ်ခါ “ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ ဝိညာဏ်”လို့ ဘုရားက ဪ တစ်ခုချုပ်ရင် အကုန်ချုပ်တာပဲ ဆိုတာလည်း ဟောတယ် (မှန်ပါ့)။

ဝိညာဏနိရောဓာ (နာမရူပနိရောဓော) နာမရူပ နိရောဓာ (ဝိညာဏနိရောဓော) သူတို့နှစ်ခုဟာ အသွားအပြန် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခနိရောဓအကွက် ဖြစ်သွားတယ်

အဲဒီကဲ့သို့ ချုပ်သွားတဲ့အခါကျတော့ ဒီအကွက်ဟာ ချုပ်သွားတော့ ဒုက္ခနိရောဓကွက် (မှန်ပါ့) မချုပ်ခင် ဒုက္ခ သစ္စာကွက် (မှန်ပါ့)။

ဒါဖြင့် ဒုက္ခသစ္စာကွက်ကို မြင်ပြီးမှ ဒုက္ခနိရောဓသစ္စာ ကွက်ကို မြင်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် နိဗ္ဗာန် ဝေးသလား နီးသလား (နီးပါတယ်) ဒီအကွက်ထဲ၊ ဒီအကွက် ဆုံးသွားတဲ့ အခါကျတော့ နိဗ္ဗာန်မှာ တွေ့မှာပဲ ခင်ဗျားတို့ ဘယ်မှသွားစရာ မလိုတော့ဘူး (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒုတိယအကွက်ဟာ အရေးအကြီးဆုံး

ဒါဖြင့် ဒီအကွက်ဟာ သာမည အရေးကြီးသလား၊ အလွန့်အလွန် အရေးကြီးသလား ဆိုတာ ဦးတင် မပေါ်သေး ဘူးလား (ပေါ်ပါပြီ) ပေါ်ပြီ။

တတိယကွက်ဟာ ဘာမှမလိုဘူး (မှန်ပါ့) တတိယ ကွက်ဟာ သာသနာတွင်းသာဖြစ်ပါစေ မလာဘဲနဲ့ ချုပ်တဲ့ အကွက် (မှန်ပါ့) စတုတ္ထအကွက်ဟာ မလာဘဲနဲ့ ချုပ်တဲ့ အကွက် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

တတိယကွက်က (မလာဘဲနဲ့ ချုပ်ပါတယ် ဘုရား) သာသနာတွင်းသမားမှာ မလာဘဲနဲ့ ချုပ်တယ်၊ ဖြစ်ပျက်က မြင်လိုက်တော့ ဒီကြားထဲ မဂ်ကွက်က ဝင်လာတာကိုး (မှန်ပါ့) မဝင်လာဘူးလား (ဝင်လာပါတယ် ဘုရား)။ ၊ ဒီကြားထဲ မဂ်ကွက်ကလေးဝင်လာတော့ ဒကာ၊ ဒကာမ

တွေ တတိယအကွက် လာသေးရဲ့လား (မလာပါ ဘုရား) မဂ်က တတိယလာဖြစ်နေတယ် (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် မောင်သစ်တို့ ဦတင်တို့ .အို,သေ ဘယ်ကလာ သတုံး အရင်းကျကျသာ ရှာလိုက်တော့ (ဝိညာဏ်ကလာပါ တယ် ဘုရား)။

ဝိညာဏ်မုန်းလို့ မလိုချင်ရင် မဂ်ဉာဏ်

ဟာ ဒါဖြင့် ဝိညာဏ် ကျုပ်တို့က မုန်းပြီဖြစ်ပျက်နေလို့၊ ဝိညာဏ်ကို ယထာဘူတဉာဏ်နဲ့ ရလို့၊ ဝိညာဏ်ကို နိဗ္ဗိန္ဒ ဉာဏ်နဲ့ မုန်းလို့ ၊ ဝိညာဏ်ကို မလိုချင်တဲ့ ဉာဏ်နဲ့ မဂ်ဉာဏ်သာ ပေါ်မယ် ဆိုလို့ရှိရင်ဖြင့် ဘယ်အို,သေ လာတော့မတုံး (မှန်လှ ပါ ဘုရား)။

ဒါ ဘုရားသခင်နုစဉ်အခါတုံးက ပင်ပင်ပန်းပန်းနဲ့တွေ့လို့ လက်သည်ရှာတဲ့နည်းဆိုတော့ ဪ ဒါ စိတ္တာနုပဿနာ ရှာတာကိုး (မှန်ပါ့)။

ဘာရှာသတုံး (စိတ္တာနုပဿနာရှာတာပါ) စိတ္တာနုပ ဿနာ ရှာတော့ အခု ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ရှာလိုက်တော့မှ ပိုမိုပြီးသကာလ မောင်သစ် နီးစပ်တာ မတွေ့ရသေးဘူးလား (တွေ့ ရပါတယ် ဘုရား) သဘောပါပလား (ပါပါတယ် ဘုရား)။

ဝိညာဏ်ကို မသိမှာ ကြောက်ပါ

အဲဒီတော့ကို အိုသေ၏လက်သည်ဖြင့် ယနေ့တွေ့ ပေပြီလို့၊ အို ရမှာကြောက်တဲ့ ပုဂ္ဂိုလ် ဖြစ်ခဲ့သော် နာရမှာကြောက်တဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့သော် သေရမှာကြောက်တဲ့ပုဂ္ဂိုလ်ပါ သူ့ကို မကြောက်နဲ့ ဝိညာဏ်ကို မသိမှာကြောက်၊ ဝိညာဏ်ကို မမုန်းမှာ ကြောက်၊ ဝိညာဏ်ကို မလိုချင်တဲ့ဉာဏ် မလာမှာ ကြောက်၊ အို,သေ မကြောက်နဲ့ (မှန်ပါ့) ဒီဉာဏ် မလာမှာ ကြောက်ရမယ် (မှန်ပါ့)

ဒီဉာဏ်လာရင် အို,သေလာသေးရဲ့လား (မလာပါ) ဒါဖြင့် တယ်လည်း အဖိုးတန်ပါလား (တန်ပါတယ်) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတွေ ခင်ဗျားတို့ ရေးပေးထား တဲ့ ဆယ့်နှစ်ချက်ဟာ ဝိညာဏ်ချည်း ရေးပေးထားတယ်။

ဝိညာဏ်ဆိုတာ စိတ်နော် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ မနေ့ကပဲ ပြောခဲ့ပါတယ်၊ ဒီစိတ် မနိုင်လို့ရှိရင် “စိတ္တေန နိယျတေ လောကော” ဆိုတော့ သူက ဆောင်သွားလိုက် တာ ဇာတိ, ဇရာ, မရဏရောက်ပါရော (မှန်လှပါ ဘုရား)။

စိတ်မနိုင်တဲ့အတွက် ဘယ်ဆောင်သွားသလဲ (ဇာတိ, ဇရာ, မရဏဆောင်သွားပါတယ် ဘုရား) အို,သေချည်း ဆွဲယူသွားတာပဲနော် (မှန်ပါ့)။

စိတ်နောက်ကို သတ္တဝါတွေ လိုက်ရလို့ရှိရင် ခန္ဓာတွေ ဖြစ်ဖြစ်ပြီး လိုက်ရတယ် (မှန်ပါ့) မလိုက်ဘူးလား (လိုက်ပါ တယ် ဘုရား)။

စိတ်ကြောင့် ခန္ဓာဖြစ်၊ ခန္ဓာကဖြစ်လို့ ဒကာ၊ ဒကာမတို့ အို, သေနဲ့ သွားတိုးတယ် (မှန်ပါ့) မတိုးဘူးလား (တိုးပါ တယ်) အဲ “စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသမနွဂူ” ဆိုတာလဲ မှန်သွားပြီ (မှန်ပါ့ ဘုရား)။

ဒီစိတ်ကလည်း “ပါပသို့” ရမဟိမနော” ဆိုတဲ့အတိုင်း သူကလဲ အိုဘက်, သေဘက်ချည်း ဆောင်တာပဲ (မှန်ပါ့) မဆောင်ဘူးလား (ဆောင်ပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ စိတ်အလိုလိုက် စိတ်ကြိုက်တိုင်း နေကြလို့ရှိရင်တော့ဖြင့် ကိုယ်ကျိုးနည်း သွားပြီ (မှန်ပါ ဘုရား)။

စိတ်အလိုလိုက် စိတ်ကြိုက်တိုင်းနေကြရင် ကိုယ်ကျိုးနည်းပြီ

စိတ်အလိုလိုက် စိတ်ကြိုက်တိုင်းနေကြရင် ဘာဖြစ်မယ် ထင်သလဲ (ကိုယ်ကျိုးနည်းသွားပါပြီ) ကိုယ်ကျိုးနည်း သွားပြီ ဆိုတဲ့ဥစ္စာ မပေါ်လာသေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေမှာ စိတ်ကို မနိုင် သေးသ၍ ကာလပတ်လုံး ခင်ဗျား တို့သည် စိတ်သွားရာကို လိုက်ကြရဖို့ပဲရှိတယ် (မှန်ပါ့) စိတ်ကလဲ မကောင်းမှုရှိရာမှာ သွားတယ်၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

စိတ်ဟာ မကောင်းမှုရှိရာ သွားတယ်

အဲဒီတော့ စိတ်ကကို မကောင်းမှုရှိရာမှာ သွားတယ် ဆိုလို့ရှိရင်ဖြင့်တဲ့၊ စိတ်က ပင်ကိုက မည်းတဲ့စိတ်မရှိ၊ ပင်ကိုက အဖြူပဲ၊ အဖြူပင်ဖြစ်ငြားသော်လဲ အပေါင်းအသင်း မည်းပြန်တော့ မည်းရတယ်။

{* ‘‘ပဘဿရမိဒံ ဘိက္ခဝေစိတ္တံ၊ တဉ္စခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိတ္တဋ္ဌံ။’’ အင်္ဂုတ္တိုရ် ပါဠိတော် (၉)}

စိတ်ဟာ ပင်ကိုက အဖြူ (မှန်ပါ့) အမည်းအကုသိုလ် စေတသိက်တွေနဲ့ ပေါင်းလိုက်ရင် (မည်းသွားပါတယ် ဘုရား) အလတ်စားနဲ့ပေါင်းရင် အလတ်စားမည်းတယ်၊ အမည်းဆုံးနဲ့ ပေါင်းရင်လဲ- အမည်းကြီးဖြစ်၊ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)။

အဲဒါ တွေ ထောက်ကြည့်တော့မှ ဪ ဒါဖြင့် မည်းလဲ ဖြစ်ပျက်ရှုကွ၊ ဖြူလဲ (ဖြစ်ပျက် ရှုရမှာပါပဲ) ဖြစ်ပျက်ရှုမကွ၊ ဘာဖြစ်ဖြစ် မင်းတို့ ဒုက္ခသစ္စာချည်းပဲ၊ ဒို့သိအောင် လုပ်မယ် ဆိုလို့ရှိရင်ဖြင့် သူ့ကြောင့် မဂ္ဂသစ္စာပေါ်မှာဘဲ (မှန်ပါ့)။

ဓမ္မကို အားကိုးရစ်ကြ

သူ့ရှုလို့ရှိရင် (မဂ္ဂသစ္စာ ပေါ်မှာပါ) မဂ္ဂသစ္စာပေါ်မှာပဲ ဆိုတဲ့ဥစ္စာ သေချာကြပလား (သေချာပါပြီ ဘုရား)။

အဲဒီ မဂ္ဂသစ္စာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဓမ္မဒီပါ ဘိက္ခဝေ ဝိဟရထ ဓမ္မသရဏာ” ဘိက္ခဝေ= ရဟန်းတို့၊ ဓမ္မဒီပါ= မိမိတို့ အားထုတ်ထားတဲ့ မဂ်တရားပင်လျှင် ကျွန်းကြီးသဖွယ် တည်ရစ်ကြကုန်သည်၊ ဟောထ= ဖြစ်ရစ်ကြကုန်၊ ဓမ္မကိုးကွယ် ရစ်ကြ၊ ဓမ္မအားထားရစ်ကြ၊ သေသေချာချာ ဒီဥစ္စာလည်း သံယုတ်ပါဠိတော်မှာ လာပြန်တာပဲနော် (မှန်ပါ ဘုရား)။

အဲ ဖြစ်ပျက်ရှုလိုက်တော့ နာမ်ရုပ်လဲ၊ သဠာယတနလဲ၊ ဖဿလဲ၊ အကုန်ပြုံလဲကုန်တာဘဲ (မှန်ပါ) မလဲဘူးလား (လဲပါတယ် ဘုရား)။

အဲဒီလောက် စိတ်ကိုမှီပြီးသကာလ နေတော့ ဒကာ၊ ဒကာမ တွေ ခင်ဗျားတို့ စိတ္တာနုပဿနာ မလျှော့နဲ့နော် (မှန်ပါ့ ဘုရား)။

တစ်ခါ သမ္မောဟအဋ္ဌကထာဆရာက ဆိုလိုက်တာက ဉာဏ် နည်းပါးတဲ့ ပုဂ္ဂိုလ်များမှာတဲ့ ကိလေသာကလည်း များမယ်။ ဉာဏ်ကလည်း နည်းမယ် ဆိုလို့ရှိရင်ဖြင့် ကာယာနုပဿနာရှု။ ဉာဏ်ကလေးက အသင့်အတင့်နဲ့ ဒိဋ္ဌိများနေတယ်ဆို စိတ္တာနု ပဿနာရှုတဲ့ (မှန်ပါ့) သူဟာ ဝေဖန်ထား ပါသေးတယ်နော် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ကိုယ့်စိတ်ကို, ကိုယ်ဘာတုံး (ဖြစ်ပျက် ရှုရပါမယ်) ကိုယ့်စိတ်ကိုယ်ရှု (မှန်ပါ ဘုရား)။

နို့ သူများစိတ်ဆိုတော့ မှားသည်ရှိ, မှန်သည်ရှိတယ် (မှန်ပါ့) ပြုံးသလိုလိုနဲ့ မဲ့တဲ့စိတ်တွေ ရှိသေးတယ်၊ သူများ စိတ်ရှုရတာ (မှန်ပါ့ ဘုရား)။

ကိုယ့်စိတ်ကိုယ်ရှုဆိုတော့ ၁-နံပါတ်ကို ၂-နံပါတ်စိတ်နဲ့ ရှုလိုက်တဲ့အခါကျတော့ မှားစရာ မှောက်စရာ ရှိသေးသလား (မရှိပါ ဘုရား) မရှိတော့ဘူး။

ကောင်းပြီ၊ ဝိပဿနာရှုတော့ကို ကိုယ့်စိတ်ကိုရှုတော့ ၁-ကို ၂-နဲ့ရှုလို့ ဆရာဘုန်းကြီးက ဆုံးမထားတယ်၊ တစ်နည်း အသေကို အရှင်နဲ့ရှုလို့လည်း ဆုံးမထားတယ် (မှန်ပါ့) မဆုံး မဘူးလား (ဆုံးမပါတယ် ဘုရား)။

အသေကို (အရှင်နဲ့ ရှုမှာပါ) အရှင်နဲ့ ရှုဆိုတာက နောက်စိတ်က အရှင်ကို မောင်ချစ်စိန်ရ (မှန်ပါ့) အရင်စိတ် သေသွားပြီ (သေသွားပါပြီ ဘုရား)။

အသေကို (အရှင်နဲ့ရှုရပါမယ်) ၁-ကို (၂-နဲ့ရှုပါ) ၂-နဲ့ရှု။ အသေကို (အရှင်နဲ့ရှုရပါမယ်) အရှင်နဲ့ရှုဆိုတဲ့ ဥစ္စာကို ဖြစ်ပျက်ကို မဂ်နဲ့ရှု၊ အတူတူပဲ (မှန်ပါ့) ဒါအတူတူပဲ ဒီစကားတွေဟာ (မှန်ပါ့ ဘုရား)။

စကား အမျိုးမျိုးသာ သုံးပြနေပါတယ်၊ စင်စစ်တော့ ၁ကို ၂-နဲ့ ရှုလည်း မှန်တာပါပဲ။ အသေကို အရှင်နဲ့ရှုလည်း မှန်တာပဲ။ ဖြစ်ပျက်ကို မဂ်နဲ့ ရှုကော (မှန်တာပါပဲ) မှန်တာ ချည်းပဲ။ ဒါသဘောမှာ တစ်မျိုးတည်း၊ နားလည်မှုမှာ အမျိုးမျိုးရှိအောင်လို့သာ တန်ဆာဆင်ပြီး သကာလ ပြောနေ တယ် ဆိုတာ မောင်သစ် ရိပ်မိရဲ့လား ( ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီလိုရှုလိုက်တဲ့ အခါကျတော့ ဘယ်လို များ မြင်မှာတုံးဘုရား ဆိုတော့ အို ‘‘ဟတွာ ုအဘာဝဋ္ဌေန အနိစ္စံ” ကိုး (မှန်ပါ့ ဘုရား)။

ဖြစ်ပြီး၍ မရှိခြင်းသည် အနိစ္စ

ဟုတွာ=ဖြစ်ပြီး၍၊ အဘာဝဋေန=မရှိခြင်းသည်ပင်လျှင်၊ အနိရုံ=အနိစ္စပဲ (မှန်ပါ့ ဘုရား)။

ဒီနေရာမှာ ၁-နံပါတ်ကလေးဖြစ်ပြီး ၁-နံပါတ်ကလေး မရှိတာ ဘာခေါ်မလဲ (အနိစ္စပါ ဘုရား)။

အဲဒီတော့ ၂-နံပါတ်ကနေ ကြည့်တော့ အို ၂-နံ ပါတ်ဟာ နောက်မှဖြစ်ရတာပဲ၊ သူမရှိတာ သိတာပဲ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမလဲ (၂-နံပါတ်နောက်မှ ဖြစ်ရတာပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာမြင်ကြသတုံးမေးရင် (၁-နံပါတ်ကို ၂-နံပါတ်က မြင်ပါတယ်ဘရား) မရှိတာ မြင်နိုင်သည် (မှန်ပါ့ ဘုရား)။

ဒီနေရာမှာ နဂိုက ၁-နံပါတ်ကလေး ဖြစ်သွားတယ်၊၁- နံပါတ်လေး ချုပ်သွားတယ် (မှန်ပါ့) ၂-နဲ့ ကြည့်ပါဆိုတော့မှ ၁-ပြီးမှ ၂-တွေ့ရတာပဲဆိုတော့ ၁-ပြီးမှ ၂-လာတဲ့ဥစ္စာပဲ ၁ကို တကယ်တွေ့မှာလား ဟုတ်လား (မှန်ပါ့) ၁-ချုပ်ပြီး ဒီနေရာမှာ မရှိတာကို သိမှာလား (မရှိတာကို သိမှာပါ ဘုရား)။

ဪ မရှိတာသိရင် အနိစ္စပဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ “ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ”ဆိုတဲ့ အဋ္ဌကထာဆရာတွေ ဖွင့်တဲ့ အဓိပ္ပါယ်ဟာ မောင်သစ် သိပ်ရှင်း ပါပြီ (မှန်ပါ့ ဘုရား)။

ဟုတွာ=ဒီနေရာ ၁-နံပါတ်ဖြစ်၍၊ အဘာဝဋ္ဌေန= ၁နံပါတ် ဤနေရာ၌ မရှိခြင်းသည်ပင်လျှင်၊ အနိစ္စံ= အနိစ္စပဲ ဆိုတော့ သူက အနိစ္စ (မှန်ပါ့) အနိစ္စပေါ်ပြီးမှ အနိစ္စဉာဏ်က နောက်မှ ပေါ်ရမှာ (မှန်ပါ့) ရှင်းကြပြီနော် (ရှင်းပါပြီ ဘုရား)။

အနိစ္စ ပေါ်ပြီမှသာလျှင် ဘာပေါ်ရသတုံး (အနိစ္စဉာဏ်ပေါ်ရပါတယ်) အနိစ္စဉာဏ်က နောက်က လိုက်ရမှာ မဟုတ်လား (မှန်ပါ့ ဘုရား)။

ဒါဖြင့် အနိစ္စ, အနိစ္စဉာဏ်ဆိုတဲ့ ဥစ္စာသည် အနိစ္စကရှေ့ ဉာဏ်ကနောက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အနိစ္စက (ရှေ့မှာပါ) ဉာဏ်က (နောက်မှာပါ) အဲ ဒီလို ရှေ့နောက်ကြားထဲမှာ ကိလေသာ မဝင်ရင်၊ ဒီရှေ့နဲ့ နောက်နဲ့ကြားထဲမှာ ကိလေသာ မဝင်ရင် ခုနှစ်ရက်နဲ့ နိဗ္ဗာန်ရ နိုင်တယ်၊ ခုနှစ်ရက်နဲ့ သောတာပန် တည်နိုင်တယ် (မှန်ပါ့ ဘုရား)။

ညနေအားထုတ် မနက်ရမယ်

ရှေ့နဲ့- နောက်နဲ့ကြားထဲမှာ ကိလေသာ မဝင်ခဲ့သော်၊ ကိလေသာ ကြားမထိုးခဲ့သော် ခုနှစ်ရက်နဲ့ ရမယ်၊ ညနေ အားထုတ် မနက်တောင် ရမယ်လို့ ဘုရားကလည်း ဟောသည် (မှန်ပါ့) မဟောဘူးလား (ဟောပါတယ် ဘုရား)။

ဟောတော့ ခင်ဗျားမရတာ ဘာကြောင့်တုံးလို့ မေးဖို့ရာ အဖြေထွက်လာတယ်၊ ဪ ကိလေသာ ကြားခြားသွားလို့ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဒါကြောင့်မို့ နှောင့်နှေးနေတာပဲ၊ ဒါကြောင့်နှောင့်နှေး နေတာပဲဆိုတဲ့ အဓိပ္ပါယ်ကတော့ဖြင့် ဘာမှ ငြင်းဆန်နေဖို့ မလိုတော့ပါဘူး (မှန်ပါ့) လိုကြသေးရဲ့လား (မလိုပါ ဘုရား)။

အေး ဒါကြောင့် ကျွတ်ခဲလိုက်တာ ဒုက္ခတွေက ရှုနေတာ ကြာလှပြီ။ ဟ, ဘာဆုံးမလဲ နင်တို့ ဟုတ်လား။ အနိစ္စနဲ့ အနိစ္စ ဉာဏ်ထဲမှာ ကိလေသာကလည်း တောထ, နေတယ် (မှန်ပါ့) ဘာမှမဝင်မှ ထူးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သန္ဒိဋ္ဌိကော ချက်ချင်းလိုက်ရမယ်

အခုတော့ အနိစ္စနဲ့ အနိစ္စဉာဏ်ထဲမှာ ပုရေပစ္ဆာက, အနိစ္စက ပုရေ မဟုတ်ဘူးလား။ ဉာဏ်က ပစ္ဆာဆိုတော့ နောက်ကျတော့ ဟုတ်ပါရဲ့ အင်မတန်ကြီး နောက်ကျသွားတော့ လည်း မတတ်နိုင်ဘူး (မှန်ပါ့ ဘုရား)။

အခုတော့ဖြစ်ပျက်နဲ့ မဂ်နဲ့ဟာ ဘယ်လို ကိုက်ရမှာ တုံးဆိုတော့ ဟိုတုံးက ဟောခဲ့အတိုင်း ဧဟိပဿိကော နောက်က သန္ဒိဋ္ဌိကော ချက်ခြင်းလိုက်ရမယ် (မှန်ပါ့ ဘုရား)။

ကဲ ဒီနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။