အနိစ္စမြင်လျက်သားနဲ့ နိဗ္ဗာန်မရ
အသံဖိုင်ခေါင်းစဉ်= တစ်မဂ်တစ်ဖိုလ်ရပုံ အဓိပ္ပာယ်ကို ရှင်းပြခြင်း တရားတော်
စာအုပ်ခေါင်းစဉ်= အနိစ္စမြင်လျက်သားနဲ့ နိဗ္ဗာန်မရ (ဆန္နအမတ်)
အသံမကြည်ပါ။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မာရုံ၌
ဟောကြားဆုံးမတော်မူသော
အနိစ္စမြင်လျက်သားနဲ့ နိဗ္ဗာန်မရ (ဆန္နအမတ်)
(၁၇-၉-၆၂)
ကြိုးစားပြီး တရားမှတ်ကြတဲ့၊ ဒီအတိုင်း ရှုကြရလိမ့် မယ်လို့ မှတ်ထားရမယ်။ (မှန်ပါ့)။
အလုပ်ပေးတဲ့ တရား
ဒီ နေ့လယ် ဟောနေတဲ့ တရားက အလုပ်ပေးတဲ့ တရားလို့ မှတ်ရမယ်။ (မှန်ပါ့ဘုရား)၊ ဘယ်လိုရှု ဘယ်လိုလုပ်ကြလို့ , ဘယ်လိုကိုင်ကြလို့ ဟောတဲ့တရားလို့ မှတ်ရမယ်။ (မှန်ပါ့)။
ရှေးက ဘုရားလက်ထက်တုန်းက ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ ဖွားဘက်တော် မောင်ဆန်ဆိုတာ ကြားဖူး ကြလိမ့်မယ် ဟင် (မှန်ပါ့)။
ဖွားဘက်တော် မောင်ဆန်
အဲဒီ မောင်ဆန်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကို မြင်တော့ မြင်တယ်၊ ရှုလိုက်ရင် ဖြစ်မှု, ပျက်မှုတွေ မြင်တော့ မြင်တာပဲ၊ မြင်ပြီးတော့ သူ့စိတ်ထဲမှာ အနိစ္စတွေ၊ ဒုက္ခတွေ၊ အနတ္တတွေ ကြည့်တာပဲ၊ ခန္ဓာထဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တသာ ရှိတာပဲ၊ အားကိုးစရာတော့ ဘာမှ မရှိဘူး၊ အကုန် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်ခဲ့လို့ ရှိရင် ဘာအားကိုးမတုံး ဆိုတဲ့ဥစ္စာ သူ့စိတ်ထဲမှာ ပြန်ပြန်ပေါ်နေတယ် ။ (မှန်ပါ့ ဘုရား)။
အားလုံး အနိစ္စ၊ ဒုက္ခ၊ အနတ္တဖြစ်ခဲ့လို့ ရှိရင် ခန္ဓာကိုယ် တစ်ကိုယ်လုံးထဲမှာ အကုန် အနတ္တ တွေဖြစ်နေလို့ ရှိရင် ဘယ်ဟာမှ, ကိုယ့်ဟာမှ မဟုတ်တော့ဘဲ ဆိုတော့ ဘယ်မှ အားကိုးစရာ မရှိတော့ ဘူးတဲ့၊ သူ့စိတ်ထဲ အားကိုးရာ ပျောက် ပျောက်သွားတယ်။ (မှန်ပါ့ဘုရား)။
ဒကာ ဒကာမတို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုလိုက်တယ်၊ ရှုလိုက်တဲ့ အခါကျတော့ မြင်တော့ မြင်တယ်၊ ပျောက်ပျောက် သွားတာပဲ။ (မှန်ပါ့)၊ ပျောက်သွားလိုက်, ပျောက်သွားလိုက်, ပျောက်သွား လိုက်၊ ရှုလိုက်ရင် ပျောက်သွားတာ မြင်တယ်၊ ဒီလိုသာ ပျောက်သွားလို့ ရှိရင်ဖြင့် ဘာအားကိုး ရမှာ တုံးတဲ့ ဆိုတော့ ပျောက်သွားတာ ကိုပဲ သူ့ စိတ်ထဲမှာ ပျောက် သွားတဲ့ အနတ္တကိုပဲ မကျေနပ်ဘူး ။ (မှန်ပါ့ ဘုရား)။
အားကိုးရာ မရှိတော့ဘူးတဲ့၊ စိတ်ဝင်လာတယ် ဆိုတော့ သူ့မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မမြင်ဘူးလား, မြင်သလားလို့ မေးရင် ဘယ့်နှယ် ဖြေကြမလဲ (မြင်ပါတယ်ဘုရား)။
ဘယ်ဟာ အားကိုးရမှာလဲ
အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်ပါတယ်၊ မြင်ပြီးတော့ သူ့စိတ်ထဲမှာ အလုံးစုံ အနတ္တတွေ ဖြစ်နေလို့ ရှိရင် ဘယ် ဟာ အားကိုးရမလဲ ဆိုတဲ့ စိတ်က ဝင်လာတယ်။ (မှန်ပါ့ ဘုရား)။
ဒါ အားလုံး ဒကာ ဒကာမတွေ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ မြင်လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ခန္ဓာကိုယ် ထဲမှာ ဘာအားကိုးစရာ ရှိသေးသတုံး၊ ဒီလို အားကိုးစရာ မရှိလို့ရှိရင် ဘယ်ဖြစ်နိုင် ပါ့မလဲ ဆိုတော့ ဦးကျော်မောင်တို့ သူ့ စိတ်ထဲမှာ မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရတဲ့အပြင် အားကိုး ပျောက်သွားလို့ ခက်တယ်ဆိုတဲ့ အဓိပ္ပါယ်တောင် လာသေးတယ်။ (မှန်ပါ့ ဘုရား)။
အားကိုးပျောက်သွားလို့ ခက်တယ်ဆိုတဲ့ အဓိပ္ပါယ်တောင် လာသေးတယ်၊ ဒီလိုဆိုရင် ဘယ့်နှယ် အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ မြင်တယ်၊ ပျောက်ပျောက်သွားတယ် ဆိုလို့ ရှိရင်ဖြင့်၊ ရုပ်နာမ် ပျောက်ပျောက် သွားလို့ ရှိရင်ဖြင့် နိဗ္ဗာန်ပေါ်ဖို့ပဲ။ (မှန်ပါ့)၊
သူ့မှာတော့ နိဗ္ဗာန်မပေါ်တဲ့အပြင် ဆုတ်နစ်တဲ့စိတ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကြည့်လိုက်၊ ခန္ဓာကိုယ်ထဲ မြင်လိုက်၊ အလုံးစုံ အားကိုးစရာမရှိတဲ့ အဓိပ္ပါယ် ရောက်လာတယ်။ (မှန်ပါ့ ဘုရား)။
အားကိုးရာ မရှိတဲ့ တရားပဲ၊ သူ့စိတ်ထဲ အားကိုးရာ မရှိတဲ့ တရားပဲလို့ ပြန်ပြန် ပေါ်နေတဲ့ အတွက် နိဗ္ဗာန်ကို မပေါ်လာဘဲ ဖြစ်နေတယ်။ (မှန်ပါ့ဘုရား)။
ဒါ ကြပ်ကြပ်စဉ်းစား နားထောင်ပါ၊ ဒီဥစ္စာ ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော်မှာ သေသေချာချာ ရှင်းပြပြီး ပါဠိတော်ပဲ ဆိုတာ မှတ်ရမယ်နော်။ (မှန်ပါ့ဘုရား)။
ဒီမှာလဲ ဒကာ ဒကာမတွေ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ခန္ဓာကိုယ်ထဲမှာ ဖျတ်ခနဲပေါ်လိုက် ပျောက်သွားလိုက်၊ ပေါ်လိုက် ပျောက်သွားလိုက်၊ ပေါ်လိုက် ပျောက်သွားလိုက် ဆိုလို့ ရှိရင် ဘာအားကိုး ရမှာတုံး၊ ဒီဥစ္စာတွေဟာ ကိုယ့် သဘော ကိုယ်ပိုင်တာ, ကိုယ်ခင်တာမှ ဘာမှ မရှိဘဲ၊ အားကိုးရာမဲ့ချည်း ဖြစ်ဖြစ်နေရင် စိတ်ထဲမှာ ဖိုခနဲ ဖိုခနဲ ဖြစ်သွားတယ်။ (မှန်ပါ့ဘုရား)။
ဖိုခနဲ ဖိုခနဲ ဖြစ်သွားတော့ကို အားကိုးရာမရှိတဲ့ အဓိပ္ပါယ်မျိုး ရောက်သွားတယ်၊ နိဗ္ဗာန် မပေါ်ဘူး။ (မှန်ပါ့ ဘုရား)။
ဘယ်လို ဖြစ်သွားသတုံး (နိဗ္ဗာန်ပေါ်မလာပါ)၊ အားကိုးရာမရှိတဲ့ သဘောဖြစ်ပြီး သူ့ စိတ်ထဲ ပေါ်ပေါ်သွား တယ်နော်၊ အားကိုးရာ မရှိတဲ့ သဘောဖြစ်ပြီး ပေါ်ပေါ်သွား ပြီး နိဗ္ဗာန် မပေါ်လာဘူး။ (မှန်ပါ့ဘုရား)။
ဘာဖြစ်လို့တုံးဆိုတော့ သူက အားကိုးရာ မရှိလို့ ရှိရင် မဖြစ်ဘူး။ (မှန်ပါ့)၊ တစ်ခုခုတော့ဖြင့် ရှိမှပဲ၊ အားကိုးရာ ရှိမှပဲ၊ အခုတော့ အားကိုးရာမရှိတဲ့ တရားတွေချည်း ခန္ဓာ ကိုယ်ထဲမှာ ဖြစ်နေတယ်၊ ဒီလိုဆိုရင် ဘာအားကိုးရမလဲ လို့ ဆိုတဲ့စိတ် ယှဉ် ယှဉ်ပြီး လာတယ်။ (မှန်ပါ့ဘုရား)။
အနတ္တမြင်ရင် အားကိုးရာမဲ့ ဖြစ်သွားတယ်
မောင်သစ် ဒီဥစ္စာ သေသေချာချာမှတ်ပါ၊ အနတ္တ မြင်ရင် သူ့စိတ်ထဲမှာ အားကိုးရာမဲ့ ဖြစ်ဖြစ် သွားတယ်။ (မှန်လှပါ ဘုရား)။
အနတ္တမြင်ရင် (အားကိုးရာမဲ့ ဖြစ်ဖြစ်သွားပါတယ်)၊ အနတ္တ မြင်လိုက်လို့ ရှိရင် ခန္ဓာထဲမှာ ဖျတ်ခနဲ ပျောက်သွား တယ်၊ ရုပ်ကလေး ရှုလိုက်လို့ ပျောက်သွားလဲ အနတ္တပဲ။ ဝေဒနာ ကလေး ရှုလိုက်လို့ ပျောက်သွားလဲ အနတ္တပဲ၊ စိတ်ကလေး ရှုလိုက်လို့ ပျောက်သွားလဲ အနတ္တပဲ၊ အနတ္တချည့် ဖြစ်နေတော့ အားကိုးရာ တစ်ခုမှ မရှိပါလား ဆိုပြီး သူ့စိတ်ထဲမှာ ဆုတ်နစ်တဲ့ စိတ် ပေါ်ပေါ် လာတယ်။ (မှန်ပါ့ဘုရား)။
နိဗ္ဗာန် မပေါ်တဲ့အပြင် မောင်သစ် ဆုတ်နစ်တဲ့စိတ်က ပေါ်လိုက်သေးတယ်။ (မှန်ပါ့)၊ မောင်သစ် ဒါ အရေးကြီး တယ်။ (မှန်ပါ့ဘုရား)။
သာဝတ္ထိပြည်မှာ နေတယ်
ဒါနဲ့ သူ ရှင်ဆန္နသည် သာဝတ္ထိပြည်မှာနေတော့ သူ ရှုလိုက်ရင် ဒီလိုချည့် ဖြစ်နေတော့ ရဟန်းတွေကို သူက သွားပြီး တောင်းပန်တယ်၊ အရှင်ဘုရားတို့ တပည့်တော် ကို တရား ဟောကြ ပါဦးလို့၊ ဟိုကျောင်းသွားပြီး တရားဟော ကြပါဦး၊ တပည့်တော်ဖြင့် ခန္ဓာချုပ်ငြိမ်း ရုပ်သိမ်းတဲ့ နိဗ္ဗာန် မပေါ်လာဘူး။ (မှန်ပါ့ဘုရား)။
ခန္ဓာချုပ်ငြိမ်း – ရုပ်သိမ်းတဲ့ နိဗ္ဗာန်ဖြင့် မပေါ်လာဘူး၊ ဒါနဲ့ ရဟန်းတွေက ဟောတဲ့ ပုဂ္ဂိုလ် တွေကလဲ ဒကာ ဒကာမ တို့ ညံ့ဖျင်းတဲ့ ပုဂ္ဂိုလ် မပါဘူး။ (မှန်ပါ့)၊ ဘုရား ပရိနိဗ္ဗာန် စံပြီး ရက် အနည်းငယ် အတွင်းမှာ ရှိပါသေးတယ် ။ (မှန်ပါ့ဘုရား)။
ဒီတွင် ရဟန်းတွေကတော့ကွာ ရုပ် အနိစ္စ၊ ရုပ် အနတ္တ ပေါ့ကွ၊ ဝေဒနာ အနိစ္စ၊ ဝေဒနာ အနတ္တပေါ့ကွ၊ သညာ အနိစ္စ သညာ အနတ္တပေါ့ကွ၊ ဝိညာဏ် အနိစ္စ၊ ဝိညာဏ် အနတ္တ တစ်ကိုယ်လုံးကွာ “သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ ဓမ္မာ အနတ္တာ” ပါပဲ ဟောလိုက်တယ်။ (မှန်ပါ့ ဘုရား)။
ဟောလိုက်တော့ သူ အဟောခိုင်းတဲ့ ပုဂ္ဂိုလ်တွေ ဟောတဲ့ တရားဟာ ဦးဘသန်း အမှန် ချည့်ပဲနော်။ (မှန်ပါ့)၊ မှန်တာ ဟောကြငြား သော်လဲ သူ့စိတ်ထဲ အို ဒီအနိစ္စတွေ၊ ဒီ အနတ္တ တွေတော့ သူ မြင်နေတာပဲ၊ မြင်ပင် မြင်ငြားသော်လဲတဲ့၊ ခုနင်က ပြောခဲ့တဲ့အတိုင်း ဒီဟာတွေ အကုန် အနတ္တ ဖြစ်ခဲ့လို့ ရှိရင် ဘယ်ဟာ အားကိုးရမလဲ ဆိုတဲ့ စိတ်ဟာ သူ့စိတ်ထဲ ပြန်ပြန်လာတယ်။ (မှန်ပါ့)၊ တွေးတော့ နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်ဟာတော့ ဒီလို မဟုတ်ဘူးလို့ သူ့ဟာသူ တွေးမိတယ်။ (မှန်ပါ့ဘုရား)။
သူ့မှာ နိဗ္ဗာန်ပေါ်မလာဘူး
နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်ကတော့ ခန္ဓာချုပ်ငြိမ်း ရုပ်သိမ်းတာ တွေ့ရတယ်၊ ခန္ဓာကုန်တာ တွေ့ရတယ်၊ နိဗ္ဗာန် ပေါ်လာတယ်၊ ဒီလို ဘုရားက ဟောထားတယ်၊ သူ့မှာဖြင့် ခန္ဓာချုပ်ငြိမ်း ရုပ်သိမ်းတဲ့ နိဗ္ဗာန် မပေါ်လာ၊ တဏှာသေတဲ့ နိဗ္ဗာန်လဲ မပေါ်လာသေး၊ ဘာ အားကိုးရမလဲ၊ အကုန် အနတ္တ ဖြစ်ခဲ့လို့ ရှိရင် အားကိုးရာမဲ့ ဖြစ်သွားတဲ့ အတွက် စိတ်ထဲမှာ ဆုတ်နစ်တဲ့ စိတ်သာ ပေါ်ပေါ် လာတာကို တွေ့ရတယ်။
ဒါကြောင့် ဒီကိုယ်တော်တွေ ဟောတဲ့“သဗ္ဗေ သင်္ခါ ရာ အနိစ္စ၊ သဗ္ဗေ ဓမ္မာ အနတ္တာ” ဆိုတဲ့ တရားတွေဟာ သူကဖြင့် မြင်ပါတယ်။ (မှန်ပါ့)၊ မြင်ပင် မြင်ငြားသော် လဲ နိဗ္ဗာန် မပေါ်လာဘူး ဆိုတော့ ဒီမှာ အခု တရားနာတဲ့ ဒကာ ဒကာမတွေက စဉ်းစားရမယ်၊ ဘယ်လို စဉ်းစားရမလဲ ဆိုတော့ သြော် အနိစ္စတွေ၊ ဒုက္ခတွေ၊ အနတ္တတွေ မြင်လျက်သားနဲ့ နိဗ္ဗာန်မရဘူး။ (မှန်ပါ့)။
ဒါဖြင့် အရှင်ဆန္နက မောင်သစ် သက်သေခ ံနေ တယ်။ (မှန်လှပါ ဘုရား)၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ အကုန် မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။
မြင်လျက်သားနဲ့ သူ့မှာ ဘာအားကိုးစရာရှိတော့သတုံး ဆိုတဲ့ အဓိပ္ပါယ် ပြန်ပြန်လာတယ်တဲ့၊ နိဗ္ဗာန်တော့ မပေါ် လာဘူး။ (မှန်ပါ့)။
အနိစ္စမြင်လျက်သားနဲ့ နိဗ္ဗာန်မရ
ဒါနဲ့ သူ့စိတ်ထဲ ခုနင်က ရဟန်းကြီးတွေကို သူ သိပြီးသား၊ သူ မှတ်ပြီးသား၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ သူ မြင်ပြီးသား၊ ရှင်းပြီးသား၊ သို့သော် နိဗ္ဗာန်တော့ သူ မပေါ်လာဘူး၊ ဒါကြောင့် ဒီကိုယ်တော်တွေ ဟောတဲ့ တရားနဲ့ တော့ သူ လုပ်ပြီးသား တရားနဲ့ သူတို့က နိဗ္ဗာန်ပေါ်လိမ့်မယ်လို့ ဟောတယ်၊ သူ လုပ်ကြည့်တော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ အမြင်သား၊ မြင်ပင် မြင်ငြား သော်လဲ နိဗ္ဗာန်က မပေါ်လာဘူး၊ အဲဒီတော့ ဒီကိုယ် တော်တွေ ဟောတဲ့ တရားနဲ့တော့ သူ ကျွတ်တမ်းဝင်ဖို့ မလွယ်ဘူး။ (မှန်လှပါဘုရား)။
ဒီလိုဆိုတော့ နောက်က ဒကာ ဒကာမတွေ စဉ်းစဉ်း ခန်းထုတ်ဖို့ ကောင်းတယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကို ဖွားဘက်တော် ရှင်ဆန္နဟာ မြင်လျက်သားနဲ့ နိဗ္ဗာန် မရဘူးဆိုတော့ နိဗ္ဗာန်တည်း ဟူသော အာရုံ သူ့မှာ မပေါ် လာဘူး ဆိုတာ သူ့စိတ်ထဲ အားကိုးရာမဲ့ ဖြစ်ပြီး အားကိုးရာ တစ်ခုခုကို ရှာနေတယ်လို့ အဓိပ္ပါယ် မပေါ်လာဘူးလား ။ (မှန်ပါ့)။
ဒီတော့ အားကိုးရာ ရှာတယ် ဆိုတော့ တဏှာပါနေ တယ်။ (မှန်ပါ့)၊ မပါဘူးလား ။ (ပါ,ပါတယ် ဘုရား)။
အားကိုးရာရှာတယ် ဆိုတော့ ဒကာ ဒကာမတွေ တဏှာပါနေတယ်။ (မှန်ပါ့)။
အဲဒီ တဏှာပါနေတော့ကို မောင်ချစ်စိန် နိဗ္ဗာန်က ပေါ်လာပါဦးမလား။ (မပေါ်လာပါဘုရား)။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ မမြင်လို့ လား မြင်လျက်သား နဲ့လား ။ (မြင်လျက် သားနဲ့ ပါ ဘုရား)။
အဲဒီတော့ ဒီ ဒကာ ဒကာမတွေ ဒီနေ့ စဉ်းစားကြည့်။ ဒကာ ဒကာမတွေ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်ငြားသော်လဲ နိဗ္ဗာန်မရတာ ဟောဒီ ရှင်ဆန္နပဲ (မှန်ပါ့ဘုရား)၊ သဘော ပါပလား ။ (ပါ,ပါပြီဘုရား)။
အနိစ္စတွေ၊ ဒုက္ခတွေ၊ အနတ္တတွေ မြင်လျက်နဲ့ နိဗ္ဗာန် မရတာ ဘယ်သူပါလိမ့် (ရှင်ဆန္နပါ ဘုရား)။
ဘာဖြစ်လို့ မရသတုံး
ရှင်ဆန္န ဘာဖြစ်လို့ မရသတုံး ဆိုတော့ အခုကတည်း က သေသေချာချာ မှတ်ထား၊ ဒါတွေ အကုန် အနတ္တ ဖြစ်ခဲ့လို့ ရှိရင် ဘာ အားကိုးရမလဲ ဆိုတဲ့ စိတ်က ဝမ်းထဲ ပေါ်, ပေါ်လာတယ်။ (မှန်ပါ့)။
အဲဒီတော့ သူ့မှာ အားကိုးရာ ရှာတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် ဖြစ်နေတော့၊ ခန္ဓာငါးပါး တစ်ပါးပါး အားကိုး ချင်တဲ့စိတ်က ရှိနေတော့ နိဗ္ဗာန် ပေါ်နိုင်ပါ့မလား ။ (မပေါ်နိုင်ပါ ဘုရား)။
ဒါဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ မမြင်လို့ လား၊ မြင်လျက်နဲ့ မရတာလား ။ (မြင်လျက်နဲ့ မရတာပါ ဘုရား)။
အဲဒါကြောင့် ဒီ ဒကာ ဒကာမတွေ ယနေ့ လေးလေး စားစားနဲ့ပဲ ဆရာဘုန်းကြီးက ပြောတယ်၊ သြော် အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်ငြား သော်လဲနော်၊ မြင်ရုံနဲ့ မရသေးဘူး ဆိုတာ ရှင်ဆန္နက သက်သေခံ နေတဲ့ အတွက် တို့မှာလဲ မြင်ပင်မြင်ငြား သော်လဲ မရတဲ့နည်းတစ်မျိုး ရှိသေးသကိုး ဆိုတဲ့ဥစ္စာ ဒီဝတ္ထုက သက်သေခံပြီး သကာလ နေသဖြင့် လိုသေးတာ တစ်ခုခုပါရမယ်။ (မှန်ပါ့)၊ လိုတာ တစ်ခုခု ရှိရမယ် ဆိုတာ ဒကာ ဒကာမတွေ မှတ်ထားပါ။ (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် နားမလည်လို့
လိုတာ တစ်ခုခုရှိတယ်။ (မှန်ပါ့)၊ ကြည့်ပါလား၊ သူ့မှာ လိုတာ ဘာလိုနေသတုံး ဆိုတော့ ဒီ ပဋိစ္စသမုပ္ပါဒ် ဒေသနာ နားမလည်လို့ (မှန်ပါ့)။
မှတ်ချက်။ ။ပဋိစ္စသမုပ္ပါဒ်= ကြောင်းကျိုးဆက်မှု
မောင်ချစ်စိန် ဘာတဲ့တုံး (ပဋိစ္စသမုပ္ပါဒ် ဒေသနာ နားမလည်ပါဘုရား)။
အဲဒီ နားမလည်ဘဲနဲ့ ရှုနေလို့ (မှန်ပါ့)၊ ကဲဘယ် လောက် အရေးကြီးသတုံး။ (ကြီးပါတယ် ဘုရား)။
ဒကာ ဒကာမတွေ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်ပါလျက် သားနဲ့ နိဗ္ဗာန်ကို မပေါ်လာတာဟာ ဘာကြောင့်တုံးလို့ မေးရင် ဘယ့်နှယ်ဖြေမတုံး။ (ပဋိစ္စသမုပ္ပါဒ် နားမလည် လို့ ပါ ဘုရား)။
ဒါဖြင့် သူ့ကို ရှေ့ထားပြီး ကြည့်ရမယ်။ (မှန်ပါ့)၊ ပြီးတော့မှ လက္ခဏာရေး သုံးပါး ရှုရမယ် ဆိုတော့ ဒါ သက်သေခံ လုံလောက်နေတာပဲ။ (မှန်ပါ့)။
အဲဒါကြောင့် အားလုံး ဒကာ ဒကာမတွေ သြော် ဝိပဿနာ ရှုရှု ဆိုရုံနဲ့ နိဗ္ဗာန် မရသေးပါ ကလား ။ (မှန်ပါ့)၊ ကိုယ်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ် မပါဘဲနဲ့ ရှုတဲ့အတွက် အားကိုးရာပင် မရှိတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်အသစ်သာ ပေါ်လာပြီး နိဗ္ဗာန် မပေါ်လာဘဲ ဖြစ်တတ်တယ်။ (မှန်ပါ့)။
မောင်ချစ်စိန် ဘာတုံး (ပဋိစ္စသမုပ္ပါဒ် နားမလည် လို့ပါ ဘုရား)၊ ဒါ ဘုန်းကြီးက ပြောတာ မဟုတ်ဘူး၊ ဒီအတိုင်း လာတယ် ။ (မှန်ပါ့)။
ဒီအတိုင်း လာတယ်ဆိုတော့ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း ဒေသနာကို နားမလည်ဘဲနဲ့ ရောက်လာရင် ဆရာက ဖြစ်စေ၊ ဆရာဘုန်းကြီးက ဖြစ်စေ ရှုကွရှုကွ၊ ဒါ ရုပ်နာမ်ပဲ, ရှုစရာရှိတာပဲ၊ ရုပ်နာမ်ရှုကွလို့ ပြောတဲ့ ကမ္မဋ္ဌာန်းဆရာ၊ ကမ္မဋ္ဌာန်းကျောင်းနဲ့ တွေ့လို့ ရှိရင်ဖြင့် နိဗ္ဗာန်နဲ့ လွဲပြီ။ (မှန်ပါ့)၊ မရပေဘူး။ (မှန်ပါ့)။
ဘာဖြစ်လို့တုံးဆိုတော့ ရှုလိုက်တဲ့အခါ အားကိုးစရာ တွေက ဘာမှမရှိဘဲ ဖြစ်သွားတယ်။ ဘယ်ဟာ အားကိုးရမှာတုံးဆိုတဲ့ ဆုတ်နစ်တဲ့ စိတ်တွေက ပြန်ပြန် ပေါ်တတ် တယ် (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ)။
ဘယ်ဟာ အားကိုးရမှာတုံးဆိုတဲ့ ဆုတ်နစ်တဲ့စိတ်တွေ ပြန်ပြန်ပေါ်နေတော့ အားကိုးတဲ့ တဏှာက လာပြီးသကာလ နိဗ္ဗာန်ကို ကန့်ကွက်တယ်။ (မှန်ပါ့)။
အနှစ် (၄၀) လောက် အားထုတ်တယ်
အဲဒီ နိဗ္ဗာန်လာပြီး ကန့်ကွက်တဲ့အတွက် ဆန္ဒမှာ တိုတို ပြောကြပါစို့ ဆိုတော့ ဘုရား ဖြစ်ပြီးတော့ သုဒ္ဓေါဓန မင်းကြီးက မောင်ဆန် မင်း ဘုရားသွားပင့်ချေကွာ ဆို တော့ သူ မပြန်လာဘဲနဲ့ ရဟန်း ပြုတယ်၊ အဲဒီအချိန်ကစပြီးတော့ သူ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ အားထုတ်တယ်။ (မှန်ပါ့)။
ဘုရားနှင့်တကွ တပည့်သား သာဝကတွေထံမှာ နေ့စဉ် အားထုတ်တယ်၊ မောင်သစ် ရကိုမရဘူး။ (မှန်ပါ့)၊ တိုတိုပြောကြစို့ ဆိုတော့ အနှစ် ၄၀ လောက် အားထုတ်တယ် မရဘူး။ (မှန်ပါ့)။
မရတာ အခု ဒီနေ့ အဓိပ္ပါယ် ဆရာဘုန်းကြီးပြော တော့ ဒကာ ဒကာမတွေ ရှင်းလောက်ပါပြီ။ (ရှင်းပါပြီ)၊ ဘာနားမလည်လို့ လဲ။ (ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ပါ ဘုရား)။
ဒါ နားမလည်ဘူး၊ နားမလည်ဘူး၊ နားမလည်တော့ ဘုရား ပရိနိဗ္ဗာန်စံသွားပြီး အဲဒီအချိန်လဲ သူ မောင်သစ် နိဗ္ဗာန်မရသေးဘူး။ (မှန်ပါ့)၊ ခက်လိုက်တာ နှစ်ပေါင်း ၄၀ ပဲ (မှန်ပါ့ဘုရား)။
ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း ဒေသနာ ဘယ်လောက်အရေး ကြီးတယ် ဆိုတာ ယနေ့ မပေါ်သေး ဘူးလား ။ (ပေါ်ပါပြီ)၊ သူ့ကို နားမလည်ရင် မရနိုင်ဘူး။ (မှန်ပါ့ဘုရား)။
ဒါနဲ့ ဘုရားကလဲ ပရိနိဗ္ဗာန်စံသွားတော့ ဘုရားအမှီ ပြုနေတဲ့ပုဂ္ဂိုလ် ဘုရားနဲ့ ခွဲပြီးနေရတော့ သူ အားကိုးရာမဲ့ ဖြစ်ပြီးသကာလ နိဗ္ဗာန်လဲ မမြင်ရသေးဘူး။ (မှန်ပါ့ ဘုရား)။
ဒါနဲ့ ဟိုကျောင်းသား၊ ကျောင်းသွား မောင်သစ်၊ သူ့ကျောင်းတံခါးပိတ်ပြီး သကာလ ဟိုကျောင်းသွားမေး၊ အရှင်ဘုရားတို့ တပည့်တော်ကို တရားဟောဦးမှပဲ (မှန်ပါ့)၊ ဟောကြစမ်းပါတဲ့၊ ဟောတော့ ဟောသားပဲ၊ အနိစ္စတွေ၊ ဒုက္ခတွေ၊ အနတ္တတွေ ဟောကြပါတယ်၊ ခန္ဓာ ငါးပါးပဲ ဟောတယ်။ (မှန်ပါ့ဘုရား)။
ဟောပြန်လဲ သူ့စိတ်ထဲက မောင်ချစ်စိန် မကျေနပ် ဘူး။ (မှန်ပါ့)၊ ဒီတရားတွေ သူ မြင်ပြီးသားပဲ။ (မှန်ပါ့)၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ မြင်ပြီးသားပဲ၊ သို့သော်လဲ နိဗ္ဗာန်မတွေ့ပါဘူး။ (မှန်ပါ့ဘုရား)။
မြင်လျက်နဲ့ မရတာ
နိဗ္ဗာန် မတွေ့ပါဘူးတဲ့၊ အဲဒီတော့ သူ ပြောတဲ့စကားကို မောင်သစ်တို့က ထောက်ကြည့်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မမြင်လို့ မရတာ မဟုတ်ဘူး၊ မြင်လျက်နဲ့ မရတာ။ (မှန်ပါ့ဘုရား)။
ဦးကျော်မောင် ဘာတဲ့တုံး ။ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်လျက်နဲ့ မရပါဘုရား)၊ မြင်လျက်နဲ့ မရဘူး၊ ဦးဘသန်း ကျေနပ်ပလား (ကျေနပ်ပါပြီ)၊ ဘာတဲ့တုံး။ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်လျက်နဲ့ နိဗ္ဗာန်မရပါဘုရား)။
ဒါဖြင့် မောင်ချစ်စိန် အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတာ မောင်ချစ်စိန် နောက်မှ လုပ်ယူ(မှန်ပါ့)၊ သူ့ကို နားလည်အောင် ရှေ့ပိုင်းက ထားလုပ်။ (မှန်ပါ့ဘုရား)။
ပဋိစ္စသမုပ္ပါဒ် ဒေသနာကို (ရှေ့ပိုင်းကထား လုပ်ရ ပါမယ်)၊ ရှေ့ပိုင်းကထား လုပ်ရမယ် ဆိုတဲ့ ဥစ္စာလဲ ရှင်ဆန္န ဝတ္ထုကို ထောက်သဖြင့် သေချာပြီ၊ တို့ဆရာဘုန်းကြီး သင်နေတာ၊ သူ့ကို ရှေ့ထား တယ်။ (မှန်ပါ့)၊ ပြီးတော့မှ အရှုခိုင်းတယ် ဆိုတာလဲ ပေါ်ကြရော့မယ်။ (ပေါ်ပါတယ်)၊ ဒါဖြင့် ဒီအတိုင်း သာလုပ်။ (မှန်ပါ့ဘုရား)။
ဘုရားကလဲ သိတယ်၊ ငါ ပရိနိဗ္ဗာန်စံမှ၊ ငါ ပရိနိဗ္ဗာန် စံမှ သူ တရားရှာပြီး ကျကျနန ရှုမယ်၊ ဒီအတိုင်းတော့ ရှုနေတာပဲ၊ ရှုနေပေမယ့် မရနိုင်ဘူး။ (မှန်ပါ့ဘုရား)။
သူ ရှုလိုက်တဲ့အခါ ဘာ အားကိုးရမှာတုံး၊ ဒါတွေ အကုန် အနတ္တ ဖြစ်ကုန်ပြီ၊ ဘာ အားကိုး ရမှာတုံး ဆိုတဲ့ စိတ်သာ ပေါ်,ပေါ်လာတယ်။ (မှန်ပါ့)၊ နိဗ္ဗာန်တော့ မပေါ်လာဘူး။ (မှန်ပါ့)၊ ဘယ်လောက် ခက်တယ် ဆိုတာသိကြပြီ။ (သိပါပြီ ဘုရား)။
ပဋိစ္စ သမုပ္ပါဒ် နားလည်မှုကို ရှေ့ထားပါ
အေး ဒါကြောင့် ဒကာ ဒကာမတွေ ဝိပဿနာကို ရှေ့ထား မရှုပါနဲ့၊ ပဋိစ္စသမုပ္ပါဒ် နားလည် မှုကို ရှေ့ထားပါ ဆိုတဲ့ အကြောင်းကို ယနေ့ သက်သေခံ လုံလောက်အောင် ပြောလိုက် ရတယ်။ (မှန်ပါ့ဘုရား)။
ဘာ ရှေ့ထားရမယ်။ (ပဋိစ္စသမုပ္ပါဒ် နားလည်မှုကို ရှေ့ ထားရပါမယ်)၊ ဝိပဿနာ ရှုမှုကို (နောက်ထားရပါ မယ် ဘုရား)။
နောက်ထားရမယ် ဆိုတော့ မောင်သစ် ဒါ အစဉ်လွဲလို့ မရတဲ့ အဓိပ္ပါယ် ပေါ်နေပြီ။ (မှန်ပါ့)၊ ဘယ်လို ပေါ်လာ သတုံး။ (အစဉ်လွဲလို့ မရပါ)၊ ရှေ့နောက် လွဲတာ (မှန်ပါ့ဘုရား)၊ ရှေ့နောက် လွဲတာနဲ့ မရတာ ပေါ်လာတယ် ဆိုတာ မရှင်းကြသေး ဘူးလား။ (ရှင်းပါပြီဘုရား)။
ဒါနဲ့ ခုနင်ကလို ဟိုကျောင်းသွားပြီး တရားတောင်း ပန်၊ ဒီကျောင်းသွားပြီး တရားဟောတော်မူပါ တောင်းပန်တာ၊ ဟို ကိုယ်တော်တွေ ဟောတာ ဦးကျော်မောင် လွဲ သလား၊ မှန်သလား ။ (မလွဲပါ ဘုရား)။
သူ လိုနေတာနော်။ (မှန်ပါ့)၊ တရားကလဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တအပြင် ပို ကျင့်စရာရှိသေးရဲ့လား ။ (မရှိပါ)၊ ပေါင်းလိုက်တော့ ဖြစ်ပျက် ဆိုတဲ့ဥစ္စာ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ပေါင်းချုံးပြီး သကာလ ပြောတဲ့ စကား (မှန်ပါ့ ဘုရား)။
ဒါနဲ့ သူ့စိတ်ထဲ ဒီ ကိုယ်တော်ဟောတဲ့သဘောနဲ့ သူ ရှုကြည့်တယ်တဲ့၊ နဂိုကလဲ ရှုပါတယ်။ (မှန်ပါ့)၊ နောက်ထပ်လဲ ကိုယ်တော်တွေ သင်နည်း ရှုကြည့်တဲ့ အခါကျတော့ အကုန် အနတ္တတွေ ဖြစ်သွားတာ မြင်လိုက် သားပဲ။ (မှန်ပါ့)၊ အကုန် အနတ္တ ဆိုရင် ဘာအားကိုး ရမလဲ ဆိုတဲ့ စိတ်က သူ့စိတ်ထဲ ပြန်ပြန်လာတယ်။ (မှန်ပါ့ ဘုရား)။
အဲဒီတော့ အနတ္တဉာဏ်ပေါ်လိုက်၊ အားကိုးချင်တဲ့ တဏှာက နောက်က လိုက်လိုက်၊ အားကိုးရာ ရှာတဲ့ တဏှာက နောက်က လိုက်တယ်။ (မှန်ပါ့ဘုရား)။
ဒီလို ဖြစ်နေတော့ ခန္ဓာတို့၏ ချုပ်ငြိမ်း ရုပ်သိမ်းတဲ့ နိဗ္ဗာန် မပေါ်လာဘူး ။ (မှန်ပါ့)၊ သူ အားကိုးရာ ရှာတာကိုး၊ ရှင်းပလား။ (ရှင်းပါပြီဘုရား)။
ဥစ္ဆေဒဒိဋ္ဌိ ဝင်နေတယ်
အဲဒီတော့ သူ့မှာ ဘာဖြစ်နေသတုံးဆိုတော့မှ လိုရင်း – အကျဉ်းချုပ် ပြောကြပါစို့ဆိုရင်, အကုန်အနတ္တဖြစ်လို့ ရှိရင် ဘာမှ အားကိုးစရာ မရှိဘူး၊ ပြတ်သွားတာပဲ ဆိုတဲ့ ဥစ္ဆေဒ ဒိဋ္ဌိဝင်တယ် ။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။
ဘာဝင်နေသတုံး (ဥစ္ဆေဒဒိဋ္ဌိဝင်နေပါတယ်ဘုရား)၊ ဥစ္ဆေဒဒိဋ္ဌိ ဝင်နေလို့ ရှိရင် ဒိဋ္ဌိက မဂ်တားမှာပဲ။ (မှန်ပါ့)၊ မပေါ်လာသေးဘူးလား။ (ပေါ်လာပါပြီဘုရား)။
ဒိဋ္ဌိက ဘာတားသတုံး။ (မဂ်တားပါတယ်)၊ ဒိဋ္ဌိ မဂ်တားတယ် ဆိုသဖြင့် ဒိဋ္ဌိကွာမှုဟာ ပဋိစ္စသမုပ္ပါဒ် နားလည်မှ ဒိဋ္ဌိကွာတယ်။ (မှန်ပါ့ဘုရား)။
ဒိဋ္ဌိကွာပြီး အားထုတ်မှ ဒိဋ္ဌိကိုမြင်တဲ့ ဉာတပရိညာ ဆိုတဲ့ သိမှုနဲ့ ကွာပြီး အားထုတ်မှ(ဝါ) အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆုံးသွား ပြီးသည့်နောက် ခန္ဓာ ချုပ်ငြိမ်း ရုပ်သိမ်းတဲ့ နိဗ္ဗာန် ကြီး ပေါ်လာတာကို သဘောကျပလား။ (မှန်ပါ့)၊ နို့ မဟုတ်လို့ ရှိရင်ဖြင့် သဘော မကျနိုင်ပါဘူး ဆိုတာ မောင်သစ်တို့ ပေါ်မြဲ (မှန်ပါ့ဘုရား)။
ဒါဖြင့် ဒီ ဒကာ ဒကာမတွေ ယနေ့ ဘုရား ဒေသနာ တော်ကို ဘုန်းကြီးက ဟောပြီး သကာလ နေတော့ ဪ ရှေ့နောက်လွဲလို့ ရှိရင်လဲ အချိန်သာကြာ၍ မီးမတောက် ပါလား ။ (မှန်ပါ့ဘုရား)။
ဘယ်လိုဆိုကြမယ် (ရှေ့နောက်လွဲလို့ ရှိရင် အချိန် သာ ကြာ၍ မီးမတောက်ပါဘုရား)။
ရှေ့က ပဋိစ္စသမုပ္ပါဒ် နားလည်မှု၊ နောက်က ဝိပဿနာ – အားထုတ်မှု (မှန်ပါ့)။
ဒီနှစ်ခုရှိမှ သာလျှင် ဖြစ်နိုင်ပါတယ် ဆိုတဲ့ အဓိပ္ပါယ် ကို ယနေ့ ဒီဝတ္ထုက သက်သေခံပြီး ရှင်းသွားတယ်။ (မှန်ပါ့)၊ သဘောပါပလား။ (ပါ,ပါပြီဘုရား)။
ဒါနဲ့ ဆန္ဒပဲ ဆက်ကြစို့ ၊ မောင်သစ်တို့ သူ သာဝတ္ထိ ပြည်မှာ နေပြီး၊ ကိုယ်တော်တွေ တရား ဟောပြီး ဟောပေ မယ့်လဲ သူ ဒါတွေ မြင်ပြီးသား၊ ဖြစ်ပြီးသား သူက (မှန်ပါ့)၊ မြင်တော့ မြင်တာ အမှန်ပဲ သူက၊ နိဗ္ဗာန်သာ မရတာ။ (မှန်ပါ့)။
အဲဒါတွေ ထောက်ကြည့်တော့မှ သော်အနိစ္စ, ဒုက္ခ, အနတ္တ မြင်ပေမယ့် တစ်ခုသော တရား သိမှုကို လိုနေသေးရင် နိဗ္ဗာန် မရသေးဘူး ဆိုတာ လုံလောက်ပြီ။ (မှန်ပါ့)၊ သက်သေခံ မလုံလောက် သေးဘူးလား။ (လုံလောက် ပါပြီဘုရား)၊ ပေါ်ကြပလား။ (ပေါ်ပါပြီဘုရား)။
အေး ဒါကြောင့် မောင်သစ်၊ ဆရာသမားဟာ တော်တော် အရေးကြီးပါတယ်။ (ကြီးပါတယ် ဘုရား)။
ရှေ့နောက် အစဉ်တည့် ပေးတတ်တဲ့ ဆရာ၊ ဘယ်ဟာ အရင် ဟောပြောပြီးမှ ဘယ်ဟာ နောက်ဟောမှ သာလျှင် ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ် ကျွတ်ရမယ် (မှန်ပါ့)၊ ဒီ ရှင်ဆန္န ဟာ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်ပဲ။ (မှန်ပါ့)။
ရှေ့နောက် လွဲနေလို့
ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်ဟာ နှစ်ပေါင်း ၄၀ တိုင်တိုင် အားထုတ်တာ မောင်ချစ်စိန် မကျွတ်တာ၊ နိဗ္ဗာန် မမြင်တာ ဘာတုံးမေးလို့ ရှိရင် ရှေ့နောက် လွဲနေလို့ (မှန်ပါ့ဘုရား)။
ဘာ လွဲနေသလဲ (ရှေ့နောက် လွဲနေပါတယ်ဘုရား)၊ ရှေ့နောက် လွဲနေတယ်လို့ ဒကာ ဒကာမတွေက မှတ်ကြ ပါ၊ ပဋိစ္စသမုပ္ပါဒ် သိမှုကို ရှေ့ထားရမယ်။ (မှန်ပါ့)၊ ကျင့်မှုကို နောက်ထားရမယ် ။ (မှန်ပါ့)။
အခုတော့ ကျင့်မှုက ရှေ့ရောက်ပြီး သကာလ သိမှုက ချွတ်ယွင်းချက် ဖြစ်နေတယ်။ (မှန်ပါ့)။
သိမှုက ဘာပါလိမ့်။ (ချွတ်ယွင်းနေပါတယ် ဘုရား)။
သိမှုက ချွတ်ယွင်းချက် ဖြစ်နေတော့ မောင်သစ် နှစ်ပေါင်း ၄၀ တိုင်တိုင် ခဲလေသမျှ သဲရေကျ ဖြစ်ရှာတယ်။ (မှန်ပါ့)၊ မနာဘူးလား။ (နာပါတယ်ဘုရား)၊ အင်မတန် နာတယ်ဆိုတာ ပေါ်ကြပလား ။ (ပေါ်ပါပြီ)။
ဒါဟာ မောင်ချစ်စိန် သေးသေးသိမ်သိမ်စကားလို့ ဒီဥစ္စာ မှတ်လို့ မရဘူး။ (မှန်ပါ့)။
ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း နှစ်ပေါင်း ၄၀ တိုင်တိုင် အားကြိုး မာန်တက် သတိ, သမာဓိ, ပညာ, ဝီရိယတွေနဲ့ ကြိုးစားငြားသော်လဲ ကန့်ကွက်တဲ့တရားကို ရှင်းမထားမိလို့ ကန့်ကွက်မြဲ ကန့်ကွက် နေတယ်။ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ်ကို နားမလည်တော့ ဒိဋ္ဌိက ခံနေ တယ်။ (မှန်ပါ့)။
အကုန် အနတ္တဖြစ်လို့ ရှိရင် ဘာ အားကိုးမလဲ။ အားကိုးချင်တဲ့ စိတ်ကလေးက ကန့်ကွက် နေတယ်။ (မှန်ပါ့)။
အဲ နှစ်ပေါင်း ၄၀ ကျော် တိုင်တိုင် ဦးဘသန်း အဟောသိကံ ဖြစ်နေတယ်။ (မှန်ပါ့)၊ မနာဘူးလား။ (နာပါတယ် ဘုရား)။
နောက်ဆုံးပိတ်ကျမှ နောက်ဆုံးပိတ် ရှင်အာနန္ဒာက သူ ပဋိစ္စသမုပ္ပါဒ် ပြောပြမယ်၊ ပြောပြီးမှ အားထုတ်တော့ သူ ကျွတ်ပါလိမ့်မယ်။ (မှန်ပါ့)၊ ဒီ ဝတ္ထု ဆုံးပါလိမ့်မယ်၊ ယနေ့ ပြောလို့ ။ (မှန်ပါ့)။
ကဲမောင်သစ်တို့၊ နောက်က ဒကာ ဒကာမတို့၊ သြော် ရှေ့နောက် လွဲလို့ရှိရင် ကိုယ်ကျိုး နည်းပါလား ဆိုတာ ပေါ်လာတယ်။ (မှန်ပါ့)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ရှေ့နောက်လွဲရင် (ကိုယ်ကျိုး နည်းပါတယ် ဘုရား)။ ကဲ ဦးကျော်မောင် တကယ်စစ် လိုက်တော့ ခက်မနေ ဘူးလား။ (ခက်နေပါတယ် ဘုရား)။
ဦးဘသန်း တကယ်စစ်လိုက်တဲ့ အခါကျတော့ ဆရာ သမားကလဲ တယ်လို ပါကလား ဆိုတဲ့ အဓိပ္ပါယ် ပေါ်လာ တယ်။ (ပေါ်လာပါတယ်ဘုရား)။
မောင်သစ်တို့ မပေါ်သေးဘူးလား။ (ပေါ်ပါပြီ)၊ ပေါ်သွားပြီနော်။ (မှန်ပါ့)။
ဒါနဲ့ သူ သာဝတ္ထိပြည်ကနေပြီး ခုနင်က ကိုယ်တော် တွေ ဟောတာကို အားထုတ်တယ်၊ အားထုတ်တော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ မြင်ပါတယ်၊ မြင်ပင် မြင်ငြား သော်လဲ နိဗ္ဗာန် မပေါ်လာဘူး၊ ဘယ်ဟာ အားကိုးရမလဲ ဆိုတဲ့ စိတ်တောင် နောက်ထပ် ပေါ်,ပေါ် နေသေးတယ်၊ နိဗ္ဗာန် မပေါ် လာတဲ့ အပြင် (မှန်ပါ့)၊ ဒီလို ဆိုတော့ အင်မတန် မနစ်နာ ဘူးလား ။ (နစ်နာပါတယ် ဘုရား)။
ရှင်အာနန္ဒာက ကောသမ္ဗီပြည်မှာ
နစ်နာတာနဲ့ သူ့နဲ့ ဖွားဘက်တော် ဘယ်မှာ ရှိသတုံး သွားရှာစမ်းတော့ ကောသမ္ဗီပြည်မှာ ရှင်အာနန္ဒာက ရှိတယ်။ (မှန်ပါ့)၊ သူက သာဝတ္ထိပြည် ရောက်နေတယ်။ (မှန်ပါ့ဘုရား)။
ဒါနဲ့ ဒီ ကိုယ်တော်တွေ ဟောတဲ့ တရားနဲ့တော့ သူ နိဗ္ဗာန်နဲ့ ဝေးပါသေးတယ်။ (မှန်ပါ့)၊ ဒီတရား သူ အားထုတ်ကြည့်တယ်၊ မြင်သားပဲ၊ မြင်ပေမယ့်လဲ ဘာ အားကိုရမလဲ ဆိုတဲ့ စိတ်တောင် နောက်ထပ် ပြန်ပြန် လာသေးတယ်။
စိတ်ပေါ်လိုက်, အနတ္တကလေး ပေါ်လိုက်၊ အားကိုးရာ မရှိဘူးဆိုတဲ့ စိတ်က ပေါ်လိုက်၊ ဒီလို ဖြစ်နေတယ်။ (မှန် ဘုရား)။
ဒါနဲ့ ကဲသွားမှပဲ ဆိုပြီး, ပရိက္ခရာ သင်္ကန်းကလေး ယူပြီး, ကျောင်းတံခါး ပိတ်ပြီး ကောသမ္ဗီပြည် သူ သွား တယ်။ (မှန်ပါ့ဘုရား)။ အရှင်ဆန္န ကောသမ္ဗီပြည် သွားတော့ သွားသွားချင်းပဲ ရှင်အာနန္ဒာနဲ့ တွေ့တယ်၊ ရှင်အာနန္ဒာ အရှင်ဘုရားနဲ့ တပည့်တော် ဖွားဘက်တော်ချင်းလဲ ဖြစ်တယ်၊ နန်းတော် ထဲမှာ အတူတူ ကြီးခဲ့ကြတယ်၊ ကပိလဝတ်ပြည်မှာ (မှန်ပါ့)၊ အဲဒီတော့ တပည့်တော် ကိုတော့ တရားထူး တရားမြတ် ဟောမှ တော်မယ်၊ ခန္ဓာချုပ်ငြိမ်း ရုပ်သိမ်းတဲ့ နိဗ္ဗာန်၊ တဏှာသိမ်းတဲ့ နိဗ္ဗာန်ကို တပည့်တော် ဘယ်ဟာ မှန်းလဲ မသိဘူး။
တပည့်တော်ဟာ သာဝတ္ထိပြည်မှာ နေပါတယ်၊ တပည့်တော် ဟောကြပါဦးဆိုပြီး ကျောင်းတိုင်း ရဟန်းတော် တို့ ကို အဟောခိုင်းပါတယ်၊ ကိုယ်တော်တွေလဲ ဟောကြ တယ်။
ဟောကြတဲ့အတိုင်း အားထုတ်ကြည့်တော့ သူတို့ ဟောတာ တပည့်တော် အရင်တုန်းက အမြင်နဲ့ ပြန်ပြီးတော့ အရင်တုန်းကလဲ တပည့်တော် အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကို မြင်တာပါပဲတဲ့၊ ကိုယ်တော်တွေကလဲ ဒါကို ထပ်ဟောတယ်၊ အဲဒီ ဟောတဲ့ အတိုင်း အားထုတ် ကြည့်ပြန်တော့လဲ နိဗ္ဗာန်က မပေါ်လာဘူးတဲ့။ မပေါ်လာတဲ့အပြင် အကုန် အနတ္တ ဖြစ်လို့ ရှိရင် ဘာ အားကိုးရမလဲဆိုတဲ့ စိတ်က ပြန်ပြန် လာတယ်တဲ့။ (မှန်ပါ့ဘုရား)။
အဲဒါကြောင့် ရှင်အော့နန္ဒာပဲ အားကိုးရာရှိတော့ တယ်။ (မှန်ပါ့)၊ သူ အကုန်ထုတ်ပြောတာပဲ။ (မှန်ပါ့ ဘုရား)။
ဒါနဲ့ ရှင်အာနန္ဒာက မောင်သစ် စဉ်းစားကြည့် တယ် ။ (မှန်ပါ့)၊ ဘယ့်နှယ်တုံး၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်လျက်နဲ့ နိဗ္ဗာန် မရဘူး ဆိုတဲ့ဥစ္စာ ဒီ ဆန္ဒ ဘာများ လိုနေလို့ ပါလိမ့်။ (မှန်ပါ့ဘုရား)။
ဟာ ရှင်အာနန္ဒာက တွေးမိပြီ။ (မှန်ပါ့)၊ ရှင်အာနန္ဒာက တွေးမိပြီ၊ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း ဒေသနာကို မသိသေးဘူး (မှန်ပါ့)၊ ခန္ဓာကိုယ်သာ ကြည့်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေသာ အားထုတ်နေတာပဲ၊ အကျိုး အကြောင်းသိမ်းဆည်းတဲ့ သဘောကို နားမှ မလည်သေးဘဲ၊ ဒါကြောင့် အကုန် အနတ္တဖြစ်ခဲ့လို့ ရှိရင် ဘာအားကိုးရမလဲဆိုတဲ့ စိတ်သာ လာတယ်၊ နိဗ္ဗာန်မပေါ်လာတဲ့ဥစ္စာ ပဋိစ္စသမုပ္ပါဒ် မသုံးသပ်ဘဲနဲ့ အရမ်းအားထုတ်နေလို့ ဖြစ်နေတာ။ (မှန်ပါ့ ဘုရား)။
ရှင်အာနန္ဒာက သူ့ကို စွဲချက် တင်လိုက်တယ်၊ မလုံ လောက်ဘူးလား (လုံလောက်ပါတယ်)၊ နှစ်ပေါင်း ၄၀ လောက် မောင်ချစ်စိန် မနာဘူးလား ။(နာပါတယ်)၊ နောက် က ဒကာ ဒကာမတွေ မနာဘူးလား။ (နာပါတယ်)၊ဘာလို နေတာတုံး။ (ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း ဒေသနာပါဘုရား)။
စက်ဝိုင်းဒေသနာကို သူ့စိတ်ထဲ မရှင်းဘူး။ (မှန်ပါ့ ဘုရား)၊ မရှင်းဘူး၊ သိဖို့ လဲ နှလုံးမသွင်းဘဲနဲ့ အရမ်း ကြိုးစားနေတဲ့ အဓိပ္ပါယ် မောင်သစ် မရောက်ဘူးလား။ (ရောက်ပါတယ် ဘုရား)။
မလေ့လာဘဲနဲ့ အားထုတ်လို့ မရတာ
ကိုင်း ဒါဖြင့် ရှင်အာနန္ဒာက စဉ်းစား လိုက်တယ်၊ သူသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မြင်တယ်၊ မြင်ပေမယ့် နိဗ္ဗာန်က မပေါ်လာ၊ အကုန် အနတ္တဖြစ်လို့ ရှိရင် ဘာ အားကိုးရမလဲဆိုတဲ့ တဏှာက သာလျှင် ပြန်ပြန် လာတယ်။ (မှန်ပါ့)၊ ဪငါ သိပြီ၊ ပဋိစ္စသမုပ္ပါဒ် မလေ့လာဘဲနဲ့ အရမ်း အားထုတ် နေလို့ မရတာ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီဘုရား)။
ဘာတဲ့တုံး ။ (ပဋိစ္စသမုပ္ပါဒ် မလေ့လာဘဲနဲ့ အရမ်း အားထုတ်နေလို့ ပါ ဘုရား)။
အရမ်း အားထုတ်နေတယ် ။ (မှန်ပါ့)၊ အရမ်းပဲ အနိစ္စ၊ ဒုက္ခ၊ အနုတ္တ အားထုတ်နေတယ် ။ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကြီးကို လည်လည် ဝယ်ဝယ် သိပြီး သကာလ အားထုတ်တာ မဟုတ်ဘူး ဆိုတဲ့ အဓိပ္ပါယ် ပေါ်လာတယ်။ (မှန်ပါ့ဘုရား)၊ ရှင်းပြီးနော်။ (ရှင်းပါပြီ)။
ကောင်းပြီ၊ ဒါနဲ့ ရှင်အာနန္ဒာက သူ့စိတ်ထဲမှ သြော် နိဗ္ဗာန်တော့ လိုချင်တာ အမှန်ပဲ။ (မှန်ပါ့)၊ သူက စဉ်းစားကြည့်တယ်၊ ဆန္ဒဟာ နိဗ္ဗာန် လိုချင်တာတော့ အမှန်ပဲ။
နိဗ္ဗာန်လိုချင်ပြီး မရတာလဲ ငါသိပြီ၊ တွေးမိတဲ့အချိန် မှာ သူ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း ဒေသနာကို သဘောမကျလို့ မရတာလဲ ငါ သိပြီ ဆိုပြီး သကာလ သူ့ကို နည်းနည်း ချော့ဦးမှပဲ ဆိုပြီး ရှင်အာနန္ဒာက သူ့ကို ချော့တယ်။ (မှန်ပါ့)။
မပူနဲ့ မင်း နိဗ္ဗာန်ရထိုက်တဲ့ ပုဂ္ဂိုလ်
မင်း မပူနဲ့ဟေ့၊ မင်း နိဗ္ဗာန်ရထိုက်တဲ့ ပုဂ္ဂိုလ်ပဲ (မှန်ပါ့)၊ မင်း နိဗ္ဗာန် ရထိုက်တဲ့ ပုဂ္ဂိုလ်ပါကွာ၊ မင်း ဘယ်မရဘဲ ရှိမလဲ၊ မင်း ရမယ်ကွတဲ့။ (မှန်ပါ့)။
နဂိုက စိတ်က ခပ်ပျက်ပျက် ဖြစ်နေတဲ့ ဥစ္စာ မောင်သစ် ပျော်သွားတာပေါ့၊ ရှင်အာနန္ဒာက ပြောလိုက်တော့ (မှန်ပါ့ဘုရား)။
မင်း ဒါလောက် နိဗ္ဗာန် လိုချင်နေတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ပဲ၊ မင်း ရရမှာပေါ့၊ ဘယ်မှာ မရဘဲ ရှိမတုံး ။ (မှန်ပါ့ဘုရား)။
ချွတ်ယွင်းချက်ကလဲ သူ သိတယ်၊ စိတ်ဆုတ်နစ်မှာ စိုးလို့လဲ သူက ဝမ်းမြောက်အောင်လို့ လုပ်ပေးလိုက် တယ်။ (မှန်ပါ့)။
နေဦးကွတဲ့၊ ငါ သတိရတုန်း မွှေလိုက်ဦးမယ်။ – မွှေနှောက်မယ်။ (မှန်ပါ့)၊ မင်းနဲ့တော်တဲ့ တရား ရှာဦးမကွတဲ့ ဆိုတော့ သူ့စိတ်ထဲမှာ အားရှိသွားတာပေါ့၊ ဟိုကလဲ ပိဋက သုံးပုံဆောင် ပုဂ္ဂိုလ်ကြီးကိုး။ (မှန်ပါ့ဘုရား)။
မင်းနဲ့ တော်တဲ့တရား ငါ ရှာဦးမဟဆိုပြီး ချော့ပြီး လိုတာကို သူ့ဝမ်းထဲက သိနေပြီ။ (မှန်ပါ့ဘုရား)။
ဟာဆန္န တွေ့ပြီဟေ့တဲ့၊ ဘုရားသခင်ကိုယ်တော် မြတ်ကြီး သက်တော် ထင်ရှား ရှိတုန်းက ကစ္စာန အနွယ်ကို ဟောတဲ့ သဿတ, ဥစ္ဆေဒ ခွာတဲ့ တရား ရှိတယ်ကွတဲ့ အဲဒါ မင်းနဲ့ သိပ်တော် တာပဲတဲ့။ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ်ကို သူ ပြတော့မှာကိုး။ (မှန်ပါ့ဘုရား)။
မနေ့က ပြောခဲ့တယ် မဟုတ်လား၊ ပဋိစ္စသမုပ္ပါး နားလည်တော့ သဿတလဲ စင်ပါတယ်၊ ဥစ္ဆေဒလဲ စင်ပါ တယ်လို့ မပြောခဲ့ဘူးလား ။ (ပြောခဲ့ပါတယ်ဘုရား)။
ကစ္စာနအနွယ် ရဟန်းကို ဟောတဲ့ တရား
အဲဒါ မင့်အတွက် တွေ့ပြီကွ၊ ကစ္စာန အနွယ် ဟော တရား၊ သဿတ, ဥစ္ဆေဒ ခွာတဲ့တရား ရှိတယ်ကွ၊ အဲဒါ မင်း နာစမ်းကွ၊ ဘုရား ဟောတော်မူတယ်ကွ ဆိုပြီးတော့ ရှင်အာနန္ဒာက ဟောတယ်။
“ဒွယနိဿိတော ခေါ ကစ္စာန လောကော ယေဘုယျန အတ္ထိတဉ္စ နတ္ထိတဉ္စ”
ဘုရားက ကစ္စာနရဟန်းကို ဟောတယ်၊ သူ ရအောင် လို့ (မှန်ပါ့)၊ လောကကြီး၏ ဖြစ်စဉ်ကို သိလို့ ရှိရင် ဥစ္ဆေဒ ဒိဋ္ဌိ မရှိဘူးကွတဲ့၊ ပဋိစ္စသမုပ္ပါဒ် ဆိုတာ လောကကြီးကိုး ၊ ဗျ။ (မှန်ပါ့ဘုရား)။
လောကကြီး၏ ချုပ်စဉ်ကို သိလို့ ရှိရင်လဲတဲ့။ သဿတဒိဋ္ဌိ မရှိဘူးကွတဲ့။ (မှန်ပါ့ဘုရား)။
လောကကြီး၏ဖြစ်စဉ် သိလို့ ရှိရင် (ဥစ္ဆေဒဒိဋ္ဌိ မရှိပါ)၊ လောကကြီး၏ ချုပ်စဉ် သိလို့ ရှိရင် (သဿတ ဒိဋ္ဌိ မရှိပါဘုရား)။
အဲဒါ ဘုရားက ကစ္စာနအနွယ်ဖြစ်တဲ့ ရဟန်းကို ဟောထားတယ်ကွ တဲ့၊ နောက်ဆုံး ပိတ် ကျတော့
“ဒုက္ခမေ၀ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဇမာနာ နိရုဇ္ဇတိ၊ ဧတ္တာဝတာ ခေါ ကစ္စာန သမ္မာဒိဋ္ဌိ ဟောတိ” ဒါ ဟောတယ်ကွတဲ့။ (မှန်ပါ့ဘုရား)။
ဖြစ်တာလဲ ဒုက္ခ၊ ပျက်တာလဲ ဒုက္ခ၊ ဒါကိုသိလို့ ရှိရင်ဖြင့် သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်တဲ့။ (မှန်ပါ့ ဘုရား)။
ပြီးတော့မှ လောက သမုဒယ ဆိုတာ ပဋိစ္စသမုပ္ပါဒ် ဖြစ်ကြောင်းကွ၊ လောက နိရောဓ- လောကကြီး ချုပ်သွားတယ် ဆိုတာ ပဋိစ္စသမုပ္ပါဒ် ချုပ်ကြောင်းကွ ဆိုပြီး ဒါကို ကောက်ဟောတယ်။ (မှန်ပါ့)၊ ကောက်ဟောပြီးတော့ အားထုတ် ခိုင်းတော့တာပဲနော် ။ (မှန်ပါ့ဘုရား)။
ကိုင်း ဒါသည်ကား ဒကာ ဒကာမတွေ ရှင်အာနန္ဒာ က ပါဠိကို ဒီလို ဟောငြား သော်လဲ ကျုပ်တို့ ခင်ဗျားတို့မှာ တော့ဖြင့် ဒါလောက်နဲ့ မရသေးပါဘူး။ (မရသေးပါ)၊ ဒါလောက်နဲ့ မရသေးပါဘူး။
အဲဒီတော့ ဒကာ ဒကာမတွေက ကိုယ့်ပါလာတဲ့ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကြီးကို ကြည့်ပါနော်။ (မှန်ပါ့)၊ ကြည့်ကြ, ကြည့်ကြ၊ ဒီက ပြပေးမယ်။
ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်
လောကကြီးဟာ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။ သိကြပြီနော်။ (မှန်ပါ့)၊ သင်္ခါရကြောင့် ဘာဖြစ်သတုံး ။ (ဝိညာဏ် ဖြစ်ပါတယ်)၊ သြော် ဝိညာဏ် ကြောင့် နာမ်ရုပ် ဖြစ်တယ်၊ နာမ်ရုပ် ကြောင့် (သဠာယတန ဖြစ်ပါတယ်)၊ သဠာယတန ကြောင့် (ဖဿ ဖြစ်ပါတယ်)၊ ဖဿကြောင့် (ဝေဒနာ ဖြစ်ပါတယ် ဘုရား)။
ဝေဒနာ ဖြစ်တယ် ဆိုတော့ လောက ကြီးဟာ ဒီလိုပဲ ရှေ့က အကြောင်း နောက်က အကျိုး, ရှေ့က အကြောင်း နောက်က အကျိုး (မှန်ပါ့ဘုရား)။
ဒကာ ဒကာမတွေ ရှေ့က ဘာတုံး။ (အကြောင်း ပါ)၊ နောက်က (အကျိုးပါဘုရား)။
ဤကဲ့သို့ သိသွားတော့ လောကကြီး ထဲမှာတဲ့ ရှေ့က အကြောင်း နောက်က အကျိုး ရှေ့က အကြောင်း နောက်က အကျိုး ချည့်ပဲ ဖြစ်နေတော့ သြော် လောကကြီး ဟာ အစဉ် မပြတ်ပါလားလို့ ဆိုတာ မသိနိုင်ဘူးလား ။ (သိနိုင်ပါတယ် ဘုရား)။
ရှေ့က အကြောင်း နောက်က အကျိုး, ရှေ့က အကြောင်း နောက်က အကျိုး ချည့်သွားတော့ ဝိုင်းမသွားဘူးလား။ (ပိုင်းသွားပါတယ် ဘုရား)။
မောင်ချစ်စိန် ရှေ့က ဘာတဲ့တုံး။ (ရှေ့က အကြောင်းပါ)၊ နောက်က (အကျိုးပါဘုရား)။
တစ်ခါ အဲဒီအကျိုးက အကြောင်း ပြန်ဖြစ် ပြန်ရော (မှန်ပါ့)၊ သူက ရှေ့က အကြောင်း ပြန်ဖြစ်ရော (မှန်ပါ့)၊
နောက်က ဘာဖြစ်မလဲ (အကျိုး ဖြစ်ပါတယ် ဘုရား)။
ပုဂ္ဂိုလ် သတ္တဝါမရှိ အကြောင်း အကျိုးသာ ရှိတယ်
ဒါဖြင့် လောကကြီးထဲမှာ ပုဂ္ဂိုလ် သတ္တဝါ မရှိ၊ အကြောင်း အကျိုးသာ ရှိတယ်။ (မှန်ပါ့)၊ ဒါကလေး မှတ်လိုက် စမ်းပါ။ (မှန်ပါ့ ဘုရား)။
လောကကြီးထဲမှာ (ပုဂ္ဂိုလ် သတ္တဝါမရှိ၊ အကြောင်း အကျိုးသာ ရှိပါတယ်၊ သက္ကာယဒိဋ္ဌိ အပြန်အလှန် ခွာပေးနေတာ (မှန်ပါ့)၊ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။ , ဘာ ခွာပေး လိုက်သတဲ့။ (သက္ကာယဒိဋ္ဌိ ခွာပေးပါ တယ်)။
သက္ကာယဒိဋ္ဌိ ခွာပေးလိုက်တော့ကို ရှေ့က အကြောင်း က ချုပ်သွားပြီးတော့ နောက်က အကျိုးက ပေါ်ပြန်တယ်။ (မှန်ပါ့)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ပေါ်သွားတာ ကြည့်လိုက် ပြန်တဲ့ အခါကျလို့ ရှိရင် သြော် အကြောင်း ချုပ်ပြီးတော့ အကျိုး ပေါ်တာပဲ၊ အကြောင်း ချုပ်ပြီး အကျိုး ပေါ်တာပဲ ဆိုတာ မသေချာဘူးလား ။ (သေချာပါတယ် ဘုရား)။
ဥပမာ ဖဿချုပ်ပြီး ဝေဒနာ ပေါ်တာပဲ၊ ဝေဒနာချုပ် ပြီးတော့ (တဏှာ ပေါ်ပါတယ် ဘုရား)။
တဏှာ ပေါ်တာ သိလိုက်တော့ ခိုင်မြဲတာ ပါသေး သလား။ (မပါ,ပါ)၊ တစ်ခုခု ချုပ်ပြီးမှ တစ်ခုဖြစ်လာတာ။ (မှန်ပါ့)၊ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာလဲ ဘာတုံး ။ (တစ်ခု ချုပ်ပြီးမှ တစ်ခု ပေါ်တာပါ ဘုရား)။
တစ်ခု ချုပ်ပြီးမှ တစ်ခု ဖြစ်တာပဲ ဆိုတာ မပေါ်လာဘူး လား။ (ပေါ်လာ ပါတယ်)၊ တစ်ခု ချုပ်ပြီးမှ တစ်ခုဖြစ်တာ ပေါ်လာတော့ သြော် သဿတ ရှိသေးသလား။ (မရှိပါ ဘုရား)။
သက္ကာယဒိဋ္ဌိ ကွာတယ်
ခုနင်က ၁-နံပါတ် ပြလိုက်တာက အကြောင်းနဲ့ အကျိုး ရှိတယ်လို့ သိတာက သက္ကာယဒိဋ္ဌိ ကွာတာ။ (မှန်ပါ့)၊ ဒုတိယ ပြလိုက်တာက အကြောင်း ချုပ်ပြီးမှ အကျိုး ဖြစ်တယ် ။ (မှန်ပါ့)၊ နောက် တစ်ခါ အကျိုး ချုပ်ရင် အကျိုး ကလေးက ချုပ်သွား ပြန်တယ်၊ ချုပ်သွားပြီး နောက်က အကြောင်း ဖြစ်လာပြီး သကာလ နောက်က အကျိုး တစ်ခု မပေါ်လာဘူးလား။ (ပေါ်လာ ပါတယ်)၊ ဖဿ ချုပ်ပြီးတော့ မှ(ဝေဒနာ ပေါ်ပါတယ်)၊ ဝေဒနာ ချုပ်ပြီးတော့မှ (တဏှာ ပေါ်ပါတယ် ဘုရား)။
ဪ လောကကြီး ထဲမှာလဲ ဒါ လောကပဲ။ (မှန်ပါ့)၊ ခိုင်တာ မြဲတာ ရှိသေး သလား ။ (မရှိပါဘုရား)။
သဿတဒိဋ္ဌိစင်ပြီ
မရှိတော့ သဿတဒိဋ္ဌိက စင်သွားပြီ။ (မှန်ပါ့)၊ မစင်ဘူးလား ။ (စင်ပါတယ်)၊ ၁-နံပါတ်တုန်းက အကြောင်းနဲ့ အကျိုး လှည့်နေတယ် ဆိုတုန်းက (သက္ကာယဒိဋ္ဌိ စင်ပါတယ် ဘုရား)၊ သက္ကာယဒိဋ္ဌိ စင်တယ်။ (မှန်ပါ့ ဘုရား)။
နောက်က ဒကာ ဒကာမတွေ အေးစက်စက် လုပ်မနေ နဲ့၊ တော်တော် အရေးကြီးတယ်။ (မှန်ပါ့)၊ အခုပြောတဲ့ စကားဟာ အင်မတန် အရေးကြီးတယ်။
၁-နံပါတ်ထဲက ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း ဒေသနာမှာ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်, အဖြစ်ချည့် ပြတာက ပုဂ္ဂိုလ် သတ္တဝါ မပါဘူး ပြတာ (မှန်ပါ့)၊ ဘာဒိဋ္ဌိ စင်သွားသတုံး။ (သက္ကာယဒိဋ္ဌိ စင်သွား ပါတယ်)၊ သက္ကာယဒိဋ္ဌိ စင်သွားတယ်။ (မှန်ပါ့ ဘုရား)။
အင်း သဿတ စင်အောင် လုပ်ဦးမှ (မှန်ပါ့)၊ သဿတ စင်အောင် လုပ်ဦးမယ်၊ ဂရုစိုက်ပြီး နားထောင်ပါ၊ သက္ကာယ စင်သွားတာတော့ ရှင်းသွားပြီ။ (မှန်ပါ့ဘုရား)။
အကြောင်းတွေ၊ အကျိုးတွေ လှည့်နေရင် အကြောင်းနဲ့ အကျိုးသာ လှည့်နေတယ်လို့ သိလို့ ရှိရင်လဲ စိတ်က ဘယ်လို မှတ်မလဲ (သက္ကာယဒိဋ္ဌိ စင်ပါတယ် ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဘာတုံး။ (သက္ကာယ ဒိဋ္ဌိ စင်ပါတယ် ဘုရား)၊ သက္ကာယ ဒိဋ္ဌိ စင်တယ်၊ ဒီထဲ ပုဂ္ဂိုလ် သတ္တဝါ ပါသေးရဲ့ လား။ (မပါ,ပါ ဘုရား)။
အကြောင်းနဲ့ အကျိုးနဲ့ အကြောင်းကြောင့် အကျိုး၊ အကြောင်းကြောင့် အကျိုး (မှန်ပါ့)၊ ပုဂ္ဂိုလ် သတ္တဝါ ယောက်ျား မိန်းမရယ်လို့ ဒီထဲမှာ ပါသေးရဲ့ လား ။ (မပါ,ပါ ဘုရား)၊ လောကကြီးထဲလေ ဒါ လောကပဲ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ)။
ဘာ ဒိဋ္ဌိ စင်သတုံး။ (သက္ကာယဒိဋ္ဌိ စင်ပါတယ် ဘုရား)။
ဒီ ဒုတိယအချက် ပြောပါတော့မယ်၊ အကြောင်း ချုပ်ပြီးမှ မောင်သစ်ရ အကျိုး ဖြစ်ရတာ။ (မှန်ပါ့)၊ အဲဒီ အကျိုးက တစ်ခါ အကြောင်း သဖွယ် ဖြစ်ပြီး ချုပ်သွားပြီးတော့မှ နောက်တရား မပေါ်ရ ဘူးလား။ (ပေါ်ရပါတယ် ဘုရား)။
ဒါဖြင့် ဖဿ နိရောဓာ-ဖဿချုပ်မှ (ဝေဒနာ ဖြစ်ပါ တယ် ဘုရား)၊ မဟုတ်ဘူးလား။ (မှန်ပါ့)၊ ဝေဒနာ ချုပ်သွားတော့မှ (တဏှာ ပေါ်ပါတယ် ဘုရား)၊ တဏှာချုပ် သွားတော့ (ဥပါဒါန် ပေါ်ပါတယ် ဘုရား)။
သြော် ဒါဖြင့် ချုပ်ပြီးမှ ပေါ်တဲ့ တရားတွေပဲ။ အကြောင်း ချုပ်ပြီးမှ အကျိုး ပေါ်တဲ့ တရား တွေပဲလို့ ကော မသိရဘူးလား (သိရပါတယ် ဘုရား)။
သိရတော့ ပတ်မိအောင် လှည့်လိုက်တဲ့ အခါကျတော့ မချုပ်တဲ့ တရား ပါသေးရဲ့ လား။ (မပါ,ပါ ဘုရား)။
အဲဒီတော့ ခိုင်မြဲတဲ့ တရား ပဋိစ္စသမုပ္ပါဒ် ဒေသနာထဲ ပါသေးရဲ့ လား။ (မပါ,ပါ ဘုရား)၊ ဒီလို သိသွား ပြန်တော့ သဿတ စင်သွားတယ် (မှန်ပါ့)။
ဒီလိုသိတော့ ဘာတဲ့ (သဿတဒိဋ္ဌိ စင်ပါတယ် ဘုရား)။
ကဲ ဥစ္ဆေဒ ကျန်တာ ပြောဦးမယ်နော် (မှန်ပါ့)၊ ခုနင်က ဖဿ ချုပ်သွားတော့ ဝေဒနာ ပေါ်တယ်။ (မှန်ပါ့)၊ ဝေဒနာ ချုပ်ပြီးတော့ (တဏှာ ပေါ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ချုပ်ချုပ် သွားတယ်၊ ရှေ့ ကျေးဇူး ပြုလျက်ပဲလို့ ကော မသိဘူးလား ။ (သိပါတယ် ဘုရား)၊ ရှေ့တရားက ချုပ်သွား ငြား သော်လဲ နောက်တရားကို ပေါ် စေတယ်။ (မှန်လှပါ ဘုရား)၊ ဒီတော့ ရှေ့တရားက နောက် စိတ်တရားကို ပေါ်စေတာ သိရင် ဥစ္ဆေဒ ရှိသေးရဲ့ လား ။ (မရှိပါ ဘုရား)၊ ပြတ်သွား သေးရဲ့လား ။ (မပြတ် ပါ ဘုရား)။
ဥစ္ဆေဒ စင်တယ်
မပြတ်ဘူး၊ ချုပ်သွားရင် သူက တရားတစ်ခု ပေါ်စေ လိုက် (မှန်ပါ့)၊ ချုပ်သွားလိုက် (ပေါ်စေ လိုက်ပါ ဘုရား)။
ပေါ်စေလိုက် ဆိုတော့ ချုပ်သာ ချုပ်သွား တာကိုး၊ ရှေ့ တရား တစ်ခုကို ပေါ်စေတဲ့ သဘော ရှိသောကြောင့် သြော် ချုပ်သွားပြီး ပြီးရောလို့ ဆိုတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ ရှိသေးရဲ့လား ။ (မရှိပါ ဘုရား)၊ မရှိဘူး၊ သဘောကျကြပလား ။ (ကျပါပြီ ဘုရား)။
ဒိဋ္ဌိ ဘယ်နှစ်မျိုး စင်သွားပလဲ (သုံးမျိုး စင်သွားပါ ပြီ)၊ သုံးမျိုး စင်သွားတယ်တဲ့၊ ဒီလိုဆိုတော့ သုံးမျိုး စင်သွားတော့ ဒီဥစ္စာ ရှေးဦးစွာ သိရမှာက အကြောင်းနဲ့ အကျိုး (မှန်ပါ့)၊ တစ်နည်းအားဖြင့်လဲ အကြောင်း ချုပ်ပြီး အကျိုး ပေါ်တာပဲ၊ ခိုင်တာ မြဲတာ မရှိဘူးနော်။ (မှန်ပါ့)။
ကဲ ချုပ်သွားတဲ့ တရားက ဒါဖြင့် နောက်ထပ် အကျိုးတစ်ခုကို အစား ထားခဲ့တယ် ဆိုတဲ့ အဓိပ္ပါယ်ကော မသိဘူးလား။ (သိပါတယ်ဘုရား)၊ ပြတ်သွားတယ်လို့ လောကကြီးမှာ ရှိရဲ့လား ။ (မရှိပါဘုရား)၊ မရှိတော့ ဒိဋ္ဌိ သုံးမျိုး ဘယ့်နှယ် နေကြသလဲ။ (ဒိဋ္ဌသုံးမျိုး စင်ပါတယ် ဘုရား)။
အဲဒီ ဒိဋ္ဌိ သုံးမျိုး စင်သဖြင့်လဲ ကစ္စာန အနွယ်ဝင်ကို ဒီလို ဟောတယ်ကွ ဆိုတော့ ရှင်ဆန္န ဒီမှာ တရားနာရင်း လက်သည်နဲ့ တွေ့နေပြီ။ (မှန်ပါ့)၊ ဒိဋ္ဌိ ဘယ်နှစ်မျိုး စင်သွားပလဲ။ (သုံးမျိုး စင်ပါတယ် ဘုရား)။
သုံးမျိုး စင်ပြီး သကာလ သွားနေပြီတော့ ဒါဖြင့်ကွာ မင်း ဒါကို ကောင်းကောင်း သဘောကျ ပလားလို့ မေးတယ်။ (ကျပါပြီဘုရား)၊ ပဋိစ္စသမုပ္ပါဒ်ကို ထိုးပြတာပဲ။ (မှန်ပါ့)။
သူ ဖြစ်ပုံမသိဘဲနဲ့, ကဲ မောင်သစ်တို့ စဉ်းစား၊ မောင်ချစ်စိန်တို့ စဉ်းစား၊ ဒိဋ္ဌိ သုံးမျိုးစင်ဖို့ မဝေး ဘူးလား။ (ဝေးပါတယ် ဘုရား)။
ဒိဋ္ဌိက မဂ်ဖိုလ်တားတယ်
ဒါဖြင့် ဒိဋ္ဌိခံနေရင်လဲ ဒိဋ္ဌိက မဂ်ဉာဏ်,ဖိုလ်ဉာဏ် မတားဘူးလား။ (တားပါတယ် ဘုရား)။
ဒီ သုံးမျိုးဟာ တစ်မျိုးမျိုးကို နားမလည်တော့ပါဘူး ဆိုရင် ဘာဖြစ်မယ်ထင်ကြသလဲ။ (မဂ်ဉာဏ်ဖိုလ်ဉာဏ် တားပါတယ်ဘုရား)။
ဒါဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်ငြားသော်လဲ ဒီပဋိစ္စ သမုပ္ပါဒ် သုံးမျိုးကို ဒိဋ္ဌိခွာတဲ့ သုံးမျိုး နားမလည်ခဲ့သော် တားမှာပဲ။ (မှန်ပါ့)။
ဒါဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်မှုနဲ့ မောင်သစ် ဒိဋ္ဌိခွာမှု၊ ပဋိစ္စသမုပ္ပါဒ်ထဲမှာ ဒိဋ္ဌိခွာမှု သုံးမျိုးကို သိမှုနဲ့ ဘယ်သူ့ရှေ့ထားမှ ခရီးပေါက်မယ်ဆိုတာ ဟော ပေါ်သွားပြီ။ (ပေါ်ပါပြီ ဘုရား)၊ မပေါ်သေး ဘူးလား။ (ပေါ်ပါပြီ)။
ဘယ်လို ပေါ်ကြသလဲ။ (ဒိဋ္ဌိခွာမှုကို ရှေ့ထားရ ပါ့မယ်ဘုရား)။
ဖြစ်ပျက်ရှုမှု နောက်ထား
ဒိဋ္ဌိခွာမှုကို ရှေ့ထားတဲ့၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်ပျက် ရှုမှုကို နောက်ထား ရမယ်။ (မှန်ပါ့)၊ နော် (မှန်ပါ့ ဘုရား)။
အဲ နောက်ထား လိုက်တဲ့ အခါကျတော့ ဒါကြောင့် ဘုရားက ဒိဋ္ဌိဝိသုဒ္ဓိပြီးတော့မှ ကင်္ခါ ဝိတရဏ ဝိသုဒ္ဓိ၊ ပြီးတော့မှ မဂ္ဂါမဂ္ဂ ဉာဏဒဿန ဝိသုဒ္ဓိ၊ ဝိသုဒ္ဓိ ကျင့်စဉ်မှာလဲ သူ့ကို အရင်ခွာ၊ ပြီးတော့မှ ဖြစ်ပျက်ရှု ဆိုတဲ့ အဓိပ္ပါယ် မပါဘူးလား ။ (ပါ,ပါတယ် ဘုရား)။
အဲ ဒီပုဂ္ဂိုလ်ဟာ ဖြစ်ပျက်က ရှေ့ထားပြီး ဒိဋ္ဌိဝိသုဒ္ဓိက မပါဘဲ ဖြစ်နေတယ်။(မှန်ပါ့)၊ အစဉ် ဘယ့်နှယ် နေသလဲ (ရှေ့နောက် လွဲပါတယ် ဘုရား)။
အစဉ် ရှေ့နောက် လွဲတယ် ဆိုတာ ဒကာ ဒကာမတွေ မှတ်ထား လိုက်စမ်းပါ။ (မှန်ပါ့)။
ကဲ ရှေ့နောက် လွဲတာ နှစ်ပေါင်း ၄၀ တိုင်တိုင် မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရှင်ဆန္န မရဘူး။ (မှန်ပါ့)၊ မရဘူးနော်။ (မှန်ပါ့ ဘုရား)။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ မမြင်လို့လား မြင်လျက်နဲ့ မရတာလား ။ (မြင်လျက်နဲ့ မရတာပါ ဘုရား)။
မြင်လျက်နဲ့ မရတာ တယ်နာတယ်နော်။ (မှန်ပါ့)၊ မနာဘူးလား ဦးဘသန်း (နာပါတယ်ဘုရား)။
ကဲ ဒါနဲ့ ရှင်အာနန္ဒာက ကစ္စာန အနွယ်ကို ဘုရားက ဒီလို ဒိဋ္ဌိသုံးမျိုး ခွာတဲ့ အကြောင်း ဟောသကွ ဒီ ဘုန်းကြီး ဒိဋ္ဌိခွာသလို ခွာပေးလိုက် တယ်။ (မှန်ပါ့)။
ရှင်ဆန္န ရဟန္တာဖြစ်တယ်
ခွာပေးပြီး ခဏပဲ ခဏ အားထုတ်တဲ့ အခါကျတော့၊ ဒိဋ္ဌိက ဉာဏ်ထဲ ခွာပြီးသား ဖြစ်နေတော့ ဖြစ်ပျက်မြင်, ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံး ဆိုပြီး သကာလ လေးခါလောက် ဆုံးတော့ သူ ရဟန္တာ ဖြစ်တယ် ။ (မှန်ပါ့)။
ဒီကျတော့ ဘာ အားကိုးရမလဲဆိုတာ လာသေးရဲ့ လား။ (မလာပါဘုရား)။
ကွာ.. ဒုက္ခဖြစ်၍ ဒုက္ခ ချုပ်တာသာ ရှိတာပဲကွ၊ အကြောင်း ချုပ်ရင် အကျိုး ချုပ်တာပဲကွ၊ အကြောင်း ဖြစ်ရင် အကျိုး ဖြစ်တာပဲကွ၊ ဒါလဲ လုပ်လိုက်တဲ့ အခါကျတော့ သြော် ဒါဖြင့် သည်ဥစ္စာတွေ သည်ကားလို့ ဆိုလို့ ရှိရင် ဒုက္ခ ချုပ်ငြိမ်းပြီးမှ ချမ်းသာ အစစ် ရမှာပဲလို့ အားကိုးက ပြောင်းသွားတယ်။ (မှန်ပါ့ဘုရား)။
ဒုက္ခချုပ်ငြိမ်းတာမှ အားကိုးရာ အစစ်
အရင်တော့ ဒီဒုက္ခတွေ တစ်ခုခု မရှိလို့ ရှိရင် ဘယ်ဟာ အားကိုး ရမတုံး ဖြစ်နေတယ်။ (မှန်ပါ့)၊ အခုတော့ ထိုဒုက္ခ ချုပ်ငြိမ်းတာမှ အားကိုးရာ အစစ်ပါလား ဆိုတာ ပြောင်းသွား တယ်။ (မှန်ပါ့)၊ ပေါ်ပလား ။ (ပေါ်ပါပြီ ဘုရား)။
အရင်တုန်းကတော့ ဒုက္ခတွေ သူ အားကိုး ရှိသေးတာ ကိုးဗျ။ (မှန်ပါ့)၊ အခုတော့ ဒုက္ခ အကုန် ချုပ်ငြိမ်းပြီး သကာလ ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်ကို အားကိုး ရမှာပါကလားလို့ ပြောင်းသွားတယ်။ (မှန်ပါ့)၊ မပြောင်း သေးဘူးလား ။ (ပြောင်းသွား ပါတယ် ဘုရား)။
ဘာနားလည်လို့ မောင်သစ် ပြောင်းသွားတာတုံး။ (ပဋိစ္စသမုပ္ပါဒ် နားလည်လို့ ပြောင်းသွား တာပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် ဒေသနာ တော်ကြီးကို နားလည်လို့ ပြောင်းသွားတယ်။ (မှန်ပါ့)၊ အရင်တုန်း ကတော့ ပဋိစ္စ သမုပ္ပါဒ် ထဲက တစ်ခုခုကို အားကိုး နေတယ်။ (မှန်ပါ့ ဘုရား)။
ပဋိစ္စ သမုပ္ပါဒ် တစ်ခုခုထဲမှာ သဗ္ဗေ သင်္ခါရာ အနိစ္စ နဲ့ သဗ္ဗေသင်္ခါရာ ဒုက္ခတွေ မောင်ချစ်စိန်ရ ဘယ်အားကိုးစရာ ပါရမတုံး ။ (မပါ,ပါ)၊ ပါသေးလား။ (မပါ,ပါဘုရား)။ ပဋိစ္စသမုပ္ပါဒ် ထဲက အားကိုးရင် ဒုက္ခက္ခန္ဓဿ ရှိလိမ့် မယ်။ (မှန်ပါ့)၊ ဒိပြင် ဘာရှိသေးသတုံး ။ (မရှိပါ)၊ ဒုက္ခ အားကိုးရာ မရောက် ပေဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒီလို ရှင်းရှင်း လင်းလင်းကြီး နားမလည်တော့ မောင်သစ်ရေ ရှင်ဆန္နမှာ အတော် ရှုပ်သွားတယ်။ (မှန်ပါ့)၊ ကဲ အခုတော့ဖြင့် ဒါ နားလည်ပြီး အားထုတ်တော့၊ ရဟန္တာ ဖြစ်ပြီ။ (မှန်ပါ့ ဘုရား)။
အလုပ်စဉ် မှန်သွားလို့ ရဟန္တာဖြစ်တာ
ရဟန္တာ ဖြစ်သွားတော့ ဖြစ်ချင်လို့ ဖြစ်ရတာလား၊ အလုပ်စဉ် မှန်သွားလို့ လား ဆိုတဲ့ ဥစ္စာ မေးခွန်း ထွက်လာ တယ်။ (မှန်ပါ့)၊ ဘယ်လို ဖြေကြမလဲ။ (အလုပ်စဉ် မှန်သွားလို့ပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ စိတ်ကောင်း ဆန္ဒ ကောင်းနဲ့ အားထုတ်ငြား သော်လဲ ရှေ့နောက် လွဲနေလို့ ရှိရင်လဲ ကိုယ်ကျိုး နည်းတာပဲ။ (မှန်ပါ့ဘုရား)။
ဘယ့်နှယ် ဆိုကြမယ်။ (ကိုယ်ကျိုး နည်းပါတယ်)၊ စိတ်ကောင်း ဆန္ဒကောင်းနဲ့ အားထုတ်ငြား သော်လဲ ရှေ့နောက် – လွဲနေလို့ ရှိရင် ဘာဖြစ်မလဲ (ကိုယ်ကျိုး နည်း ပါတယ် ဘုရား)။
ဒါဖြင့် ဒီနေ့ ဟောလိုက်တဲ့ တရားမှာ ဒကာ ဒကာမ တို့ ဒိဋ္ဌိ သုံးပါး ခွာပြီးမှ ဖြစ်ပျက်အလုပ်ကို လုပ်ပါလို့ ဆိုတာ တိုက်တွန်းရမည့် သဘော (မှန်ပါ့)၊ နော် (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိ သုံးပါး ခွာပြီးတော့မှ ဝိပဿနာ အားထုတ်ကြ ပါ။ (မှန်ပါ့)၊ ပေါ်ပလား ။ (ပေါ်ပါပြီဘုရား)။
ဒိဋ္ဌိ သုံးပါး ခွာပြီးမှ (ဝိပဿနာ အားထုတ်ရပါမယ် ဘုရား)၊ ဝိပဿနာ အားထုတ်ပါ၊ အချို့ နေရာကတော့ ဒါ စကားစပ်မိလို့ သွင်းထည့် လိုက်ပါတယ်၊ ဝိစိကိစ္ဆာ – ခွာပြီးမှလဲ တရား အားထုတ်ပါ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီဘုရား)။
သူတို့ နှစ်ခုဟာ တော်တော် အရေးကြီးတယ် ။ (မှန်ပါ့)၊ တချို့နေရာမှာ ဘာခွာပြီးမှ အားထုတ် ရမတုံး။ (ဝိစိကိစ္ဆာ ခွာပြီးမှ အားထုတ် ရပါမယ် ဘုရား)။
အဲဒီတော့ သုံးကြပါစို့ တဲ့၊ ဒကာ ဒကာမတို့ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာဟာ သောတာပတ္တိ မဂ်တားတဲ့ တရားနှစ်ခု (မှန်ပါ့ ဘုရား)။
သောတာပတ္တိမဂ် ဖြစ်ရင် သူတို့ ပယ်ရတာကိုး။ (မှန်ပါ့)၊ ဒါဖြင့် သောတာပတ္တိ မဂ်မရတဲ့ ပုဂ္ဂိုလ် ဒီနှစ်ခုက ဝင်တား တာပဲ။ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား ။ (ဆိုနိုင် ပါတယ် ဘုရား)။
ဆိုနိုင်တော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌ ဒီ ဒိဋ္ဌိနဲ့ – ဝိစိကိစ္ဆာ ကွာမှုဟာဖြင့် ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော် နားလည်မှ သာလျှင်၊ ပဋိစ္စသမုပ္ပါဒ် ဒေသနာ အတိုင်း ကြိုးစားမှ သာလျှင် ဒိဋ္ဌိ ဝိစိကိစ္ဆာ ကွာမယ် (မှန်ပါ့ (ဘုရား)။
နို့မဟုတ်ရင် ငါ ဘယ်က လာပါလိမ့်မတုံး ဆိုတဲ့ အဝိဇ္ဇာ သင်္ခါရက လာတယ်လို့ မသိပြန်လဲ အခက်ပဲ၊ ဟင် (မှန်ပါ့)၊ သိကြား, ဗြဟ္မာ, ဘုရားက ဖန်ဆင်းလို့ လူဖြစ် လာတယ်လို့ ယူလိုက်ပြန်လဲ ဒါ ဝိစိကိစ္ဆာ၊ ငါ ဘယ်က လာပါလိမ့်မတုံး၊ အဝိဇ္ဇာ သင်္ခါရက ဖြစ်လေရော့သလား၊ ဪ ဘုရားတွေကပဲ ဖန်ဆင်း လေရော့ သလား ဆိုတဲ့ ဒီ လားတွေ ခက်နေရင်လဲ ဝိစိကိစ္ဆာ ခံနေလို့ မဂ်ဉာဏ်မရ နိုင်ဘူး ။ (မှန်ပါ့ ဘုရား)။
ဒါကြောင့် အားလုံး ဒကာ ဒကာမတွေ၊ တရား အားထုတ်တဲ့ ဒကာ ဒကာမတွေမှာဖြင့် ပဋိစ္စသမုပ္ပါဒ် မပါဘဲနဲ့ အရမ်း အားထုတ်ပြီး သကာလ နေကြပါမူကား နှစ်ခုစလုံး တားလိမ့်မယ်။ (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိကလဲ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို (တားပါတယ်)၊ ဝိစိကိစ္ဆာကလဲ (မဂ်ဉာဏ်, ဖိုလ်ဉာဏ် တားပါတယ်)၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ် တားမယ် ဆိုတာ မသေချာဘူးလား ။ (သေချာပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ သြော် မဂ်ဉာဏ်, ဖိုလ်ဉာဏ် တားတဲ့ တရားနှစ်ခုဟာ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပါ ကလား၊ ပေါ်ပြီ။ (ပေါ်ပါပြီ ဘုရား)။
ဒိဋ္ဌိခွာမှုမှာ ဘယ်သူက ကူညီသလဲ
ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို ဉာဏ်ထဲ ရှင်းမှု လင်းမှုကလဲ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း ဒေသနာက သာလျှင် အကူအညီ ရပါကလား။ (မှန်ပါ့)၊ ပေါ်ကြပလား ။ (ပေါ်ပါပြီ ဘုရား)။
ဒိဋ္ဌိ ခွာမှုမှာ ဘယ်သူက အကူအညီ ပေးသတဲ့။ (ပဋိစ္စ သမုပ္ပါဒ်ပါ)၊ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း ဒေသနာတော် နော်။ (မှန်ပါ့ ဘုရား)။
ဝိစိကိစ္ဆာ ကွာမှုလဲ ဘယ်သူက အကူအညီ ပေးပါလိမ့် မတုံး ။ (ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း ဒေသနာပါ ဘုရား)။
ဒါဖြင့် အရင် ရှေ့ထားပြီး လုပ်ရမယ့် စက်ဝိုင်း ဒေသနာ အလုပ်ဟာ ရှေ့ထား လုပ်ရမည့် အလုပ် ဆိုတာ ဦးကျော်မောင် ပေါ်သွားပြီ။ (ပေါ်သွားပါပြီ)၊ မပေါ်သေးဘူးလား ။ (ပေါ်သွားပါပြီ)။
မောင်ချစ်စိန် ပေါ်ပြီကွ (ပေါ်ပါပြီ)၊ နောက်က ဒကာ ဒကာမတွေကော သဘောကျပလား။ (ကျပါပြီ)၊ အဲဒါကြောင့် ခင်ဗျားတို့ သူ့ကို နားလည်ပြီးတော့သာ အားမထုတ်ဘဲ နေလို့ မရဘူး ။ (မရပါ ဘုရား)။
သူ့ကိုလဲ နားလည်ရမယ်, ရှေ့ပိုင်းက (မှန်ပါ့)၊ သူ့ နားလည်ရုံနဲ့ နေပြန်တော့လဲ ဉာတပရိညာ ဖြစ်ရုံပဲ။ တီရဏ ပရိညာ မဖြစ်ပါဘူး။ (မှန်ပါ့)၊ မဟုတ်ဘူးလား။ (မှန်ပါ့ ဘုရား)။
သူဟာ ဉာတပရိညာနဲ့ သူ့ကို နားလည်ပြီးမှ တီရဏပရိညာနဲ့ အားထုတ်မှ သာလျှင် မောင်သစ် နှစ်ခုတွဲမှ အောင်ပွဲရမယ်။ (မှန်ပါ့)၊ နိဗ္ဗာန်တည်း ဟူသော ပန်းကို ဆွတ်လှမ်း နိုင်ပါတယ်။ (မှန်ပါ့)၊ မဆိုနိုင် ဘူးလား။ (ဆိုနိုင်ပါတယ် ဘုရား)။
ဒါဖြင့် ဒီဒေသနာတော်ကို ခင်ဗျားတို့ ကို နေ့တိုင်း ဘုန်းကြီးက လက်ကိုင် ထားပြီး သကာလ ပြောနေတဲ့ အဓိပ္ပာယ်ဟာ နိဗ္ဗာန် သဘောကျ ချင်တယ် ဆိုရင် သူ့ကြည့်မှ (မှန်ပါ့)၊ မဟုတ်ဘူးလား။ (မှန်ပါ့)။
ပုဂ္ဂိုလ် သတ္တဝါ မရှိမှန်း သိချင်တယ်။ (သူ့ကြည့် ပါ)၊ သဿတ ခွာချင်တယ်။ (သူ့ကြည့်ပါ)၊ ဥစ္ဆေဒ ခွာချင်တယ်။ (သူ့ကြည့်မှပါဘုရား)။
အရာရောက်တဲ့ စက်ဝိုင်း ဒေသနာ
သူ့ကြည့်မှပဲ၊ ပဋိစ္စသမုပ္ပါဒ် ဖြစ်တာကိုလဲ သိမှသာ လျှင် ပြတ်လို့ ရှိရင် ဘယ်လိုဖြတ်မှ ပြတ်တယ် ဆိုတာလဲ သူ့ကြည့်မှ ပြတ်တာ မပြတ်တာ ဒီအထဲမှာ (မှန်ပါ့)။
ဒါဖြင့် သူဟာ ရှေးဦးစွာ အရေးပါ အရာရောက်တဲ့ စက်ဝိုင်း ဒေသနာပဲဆိုတာ မောင်သစ် ဆိုထိုက်ပြီ။ (ဆိုထိုက် ပါတယ် ဘုရား)။
အဲဒီ ရှင်ဆန္နမှာ ဒါ မပါဘဲ ဖြစ်သွားတာပဲ။ (မှန်ပါ့)၊ ဒါ မပါတော့ သဿတ ဥစ္ဆေဒ၊ သူ့မှာတော့ ဥစ္ဆေဒဖြစ်သွား တယ်။ (မှန်ပါ့)၊ ဘာ အားကိုးရမတုံး ဆိုတော့ အကုန် ပြတ်တဲ့ အဓိပ္ပါယ် ရောက်မသွား ဘူးလား။ (ရောက်သွား ပါတယ် ဘုရား)၊အဲ သူ့မှာတော့ ဥစ္ဆေဒ ခံတယ်။ (မှန်ပါ့)၊ ဒါလဲ ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ ပဲ,။ (မှန်ပါ့)၊ ရှင်းကြ ပလား ။ (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတွေ နေ့တိုင်း အားထုတ် နေကျ ဖြစ်တဲ့ စာရွက်ကလေးကို ခင်ဗျားတို့ က ၁၃ ချက်ရှိတဲ့ စိတ်ကို ဘယ်စိတ်ဟာ အမြဲတမ်း ရှုရမှာလဲ၊ လေကို ထွက်စေတဲ့စိတ်၊ လေကို ပြန်ရှိုက်တဲ့ စိတ်၊ အဲဒီ စိတ်နှစ်ခုကို ဖြစ်ပျက် ရှုရမယ်။ (မှန်ပါ့)၊ အမြဲတမ်း ရှုနေ မယ်။ (မှန်ပါ့)။
အဲဒီ ရှုတဲ့အထဲကမှ အပြင်ဧည့်သည် ၆ ယောက် တစ်ယောက် ယောက် လာလို့ ရှိရင် ဟိုဟာ နှစ်ခု လွှတ်ပြီး အပြင်ဧည့်သည်ရှု (မှန်ပါ့)၊ အပြင်ဧည့်သည်က မလာပြန် တော့လဲ့ အိမ်သည်နှစ်ခု ပြန်ဆက်ရှု။ (မှန်ပါ့)။
ဒါ အတွင်းဧည့်သည်က ကြားပေါက် ပေါ်လာလို့ ရှိရင်တော့ မောင်သစ် ဘာလုပ်မလဲ (အတွင်း ဧည့်သည် ရှုရပါမယ်)၊ အတွင်းဧည့်သည် ရှု။
အတွင်းဧည့်သည်က မလာပြန်ဘူးဆိုရင်ကော (အိမ် သည် နှစ်ခု ရှုရပါမယ်ဘုရား)။
ဒါဖြင့် အိမ်သည်ဟာ အမြဲထားပြီး အပြင် ဧည့်သည်နဲ့ – အတွင်းဧည့်သည်က လာမှလိုက် (မှန်ပါ့)၊ သဘောကျ ပလား ။ (ကျပါပြီ ဘုရား)။
မန္တလေးက ဒကာ ဒကာမတွေ အရေးတကြီး ပြောနေ တဲ့ စကားလို့ မှတ်စမ်းပါ။ (မှန်ပါ)။
အိမ်သည် နှစ်ခုကိုဖြင့် အမြဲလိုက်၊ လေထုတ်စေတဲ့ စိတ်ကလေးလဲ ဖြစ်ပြီး ပျက်သွားပြီ၊ လေသွင်းတဲ့ စိတ် ကလေးလဲ ဖြစ်ပြီး ပျက်သွားပြီ၊ ဒီကြားထဲကမှ နားထဲက ကြားလာတယ်၊ ကြားတဲ့ စိတ်ကလေး လိုက်ရှု၊ အင်း သူလဲ ဖြစ်ပျက်ပဲ ဆိုပြီး သိလိုက်၊ သိပြီး သကာလ ဘယ်စိတ်မှ မလာလို့ ရှိရင် ခုနင်က ရှူစိတ်, ရှိုက်စိတ် ကလေးကို ဆိုတဲ့ အိမ်သည်ကို ပြန်ကောက် (မှန်ပါ့)၊ မဟုတ်ဘူးလား။ (မှန်ပါ့ဘုရား)။
ဒါကြောင့် စာအုပ်တွေထဲမှာ ပါ,ပါတယ်၊ ပင့်ကူကြီး ဆိုတာ လှုပ်ရာလိုက်၊ မလှုပ်ရင် အလယ် ပြန်ထိုင် ဆိုတဲ့ဥစ္စာ ပါပြီ မဟုတ်လား ။ (မှန်ပါ့)။
ပင့်ကူကြီးလို အလယ် ပြန်ထိုင်
လှုပ်ရာကိုတော့ (လိုက်ရပါမယ် ဘုရား)၊ နောက်ကျ တော့ကို (အလယ် ပြန်ထိုင် ရပါမယ် ဘုရား)။
အလယ် ပြန်ထိုင်ဆိုတာ ဒီဖြစ်ပျက်နေတဲ့ အလယ်စိတ် နှစ်ခုကို သူ့ဆီ ပြန်ရှု (မှန်ပါ့)၊ ဘေးက တစ်ခါ ကြားစိတ် ၊ ကလေးက လှုပ်လာရင် ကြားစိတ် ရှု (မှန်ပါ့)၊ နံစိတ် ကလေးက လှုပ်လာရင် (နံစိတ်ရှု)၊ အဲ တစ်ခုတည်း ပေကြည့်လို့ တော့ မဖြစ်ဘူး။ (မှန်လှပါ ဘုရား)။
ဘာဖြစ်လို့တုံး၊ ခန္ဓာကိုယ်ထဲ တစ်ခုတည်း ပေါ်တာမှ မဟုတ်ဘဲ၊ ကျဘန်း ပေါ်လာတာ။ (မှန်ပါ့)။
ဟာ အဟုတ်ကိုပဲ ဘေးက ဟာတွေ မဝင်လာပါဘူး ဆိုတာ တောင် နှစ်ခုကို ရှုရမယ်။ (မှန်ပါ့)၊ ဟုတ်ပလား ။ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဧကော ဓမ္မော= တစ်ခုတည်း ရှုပါတဲ့၊ အဲဒီ ပါဠိကလဲ ဘုန်းကြီးတို့ ခင်ဗျားတို့ကို သင်ထားတဲ့ ပါဠိကလဲ စိတ်တစ်ခုတည်း ရှုပါတဲ့။ (မှန်ပါ့)၊ အပြင်ဧည့်သည် ဆိုတာလဲ စိတ် (မှန်ပါ့)၊ အတွင်း ဧည့်သည် ဆိုတာလဲ (စိတ်ပါပဲ)၊ အိမ်သည် ဆိုတာလဲ (စိတ်ပါပဲ)၊ ဒီတော့ ဧကော ဓမ္မော= သွားမကျ ဘူးလား ။ (ကျပါတယ် ဘုရား)၊ စိတ် တစ်မျိုးတည်း ရှု။ (မှန်ပါ့)။
စိတ်တစ်မျိုးတည်း ရှုလိုက်တော့ စေတသိက်လဲ ပါသွားတယ်။ (မှန်ပါ့)၊ စိတ်ကြောင့် ဖြစ်တဲ့ ရုပ်တွေကော (ပါသွားပါတယ် ဘုရား)၊ ကဲ နောက်ဆုံးပိတ် ကျတော့ မောင်သစ် ခန္ဓာငါးပါး ပါတယ်။ (မှန်ပါ့)၊ ရှင်းပလား ။(ရှင်းပါပြီ)။
အဲဒီတော့ တစ်ခုသောစိတ် ဖြစ်ပျက်ကို ရှုလို့ ရှိရင် ခန္ဓာငါးပါး မပါ မရှိပါဘူး။ (မှန်ပါ့)၊ သဘော ပါကြပလား ။ (ပါ,ပါပြီ ဘုရား)။
အဲဒါ ခန္ဓာငါးပါး ပါပါ, ပါပါသွားတော့ အဲဒါ ၊ ဖြစ်ပျက် မြင်အောင် ရှု (မှန်ပါ့)၊ ၎င်း ဖြစ်ပျက်ကို ကိုယ့် စိတ်ထဲမှာ ကိုယ့်အသေတွေ ဆိုပြီး သကာလ မုန်းအောင် (မှန်ပါ့)။
မုန်းအောင် ရှူဆို ကိုယ်က မုန်းချင်လို့ မဟုတ်ဘူး၊ ဓမ္မ သဘော အတိုင်း ကိုယ့်ဉာဏ်က ထက်ပြီး မုန်းတာ။ (မှန်ပါ့)၊ သဘောပါပလား ။ (ပါ,ပါပြီ ဘုရား)။
အဲဒီ မုန်းပြီးသည်၏ အခြားမဲ့မှ ဒါကြီးဟာ ဒုက္ခ သစ္စာပဲ၊ ငါတို့ ရှုနေတဲ့ ဖြစ်ပျက်တွေဟာ ဒုက္ခသစ္စာပဲ။ သုခသစ္စာ တစ်ခုမှ မပါ,ပါဘူး၊ ဖြစ်,ဒုက္ခ၊ ပျက်ဒုက္ခမှ တစ်ပါး ခန္ဓာကိုယ်ထဲ ဘာမှ မရှိပါဘူး ဆိုတာကို ဆုံးဖြတ် ချက် ချလို့ ရှိရင် ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် သိရင် ဖျတ်ဆို ခန္ဓာပါ ပျောက်သွားတယ်။ (မှန်ပါ့ဘုရား)။
နိဗ္ဗာန်ဆိုတာ ဒါပဲ
ခန္ဓာပျောက်သွားလို့ ရှိရင်, သြော် ခန္ဓာ မရှိဘူးလို့ ခန္ဓာ မရှာဘဲ ခန္ဓာ အဆုံး နိဗ္ဗာန် ဆိုတာ ဒါပဲ ဒါပဲ ဒါပဲလို့သာ ဆင်ခြင်နေပါ။ (မှန်ပါ့)၊ သဘောကျ ပလား ။ (ကျပါပြီ ဘုရား)။
ခန္ဓာအဆုံး နိဗ္ဗာန်ဆိုတာ (ဒါပါပဲ)၊ ဒါပါပဲလို့သာ ဆင်ခြင်နေ၊ ခန္ဓာမရှာနဲ့။ (မှန်ပါ့)။
ခန္ဓာ မရှာဘဲနဲ့ ဆင်ခြင်နေလို့ အကြိမ်များစွာ ရလို့ ရှိရင် ကိလေသာ ဝေးသွားတာပဲ။ (မှန်ပါ့)။
ဒါတစ်မဂ်, တစ်ဖိုလ် ရတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ယနေ့ ရှင်းပေးပါတယ်။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ)။
ကဲယနေ့ ဒီတွင် တော်ကြဦးစို့ ။
သာဓု သာဓု သာဓု။