လောကအပြင်ဘက်ထွက် နိဗ္ဗာန်ရမယ်
မှတ်ချက်။ ။ဒကာရင်းများအားဟောသော နာရီဝက်တရားဖြစ်ပါသည်။ တရားနှစ်ပုဒ်ပါဝင်ပါသည်။
လောကအပြင်ဘက်ထွက် နိဗ္ဗာန်ရမယ် (၁)
လောကအပြင်ဘက်ထွက်မှ နိဗ္ဗာန်ရမယ် (၂)
အသံမကြည်ပါ။
အသံဖိုင်ခေါင်းစဉ်= လောကမှထွက်မြောက်ကြောင်း
စာအုပ်ခေါင်းစဉ်= လောကအပြင်ဘက်ထွက် နိဗ္ဗာန်ရမယ်
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌
ဟောကြားတော်မူသော တရားတော်
လောကအပြင်ဘက်ထွက် နိဗ္ဗာန်ရမယ် (၁)
(၁၅-၂-၆၂)
လောကကြီးထဲမှာ နေတဲ့ ပုဂ္ဂိုလ်ဟူသရွေ့ သည်။ လောကဆိုတဲ့ ဥစ္စာမှာ လောကီကို ဆိုသည်လို့ မှတ်ထား ရမယ်။ လောကီ ဟူသရွေ့ကို လောကလို့ မှတ်ထားကြပါ။
လောကုတ္တရာ ဆိုတာက လောက၏ အပြင်ဘက်မှာ ကျေးဇူးပြုတဲ့ တရား၊ နေတဲ့ တရားကို ဆိုသည်။
လောကုတ္တရာကိုးပါး
ကျေးဇူးပြုတဲ့ တရားလည်းအတူတူပဲ လောကုတ္တရာ။ လောကပြင်ဘက်မှာနေတဲ့ နိဗ္ဗာန်လည်း လောကုတ္တရာပဲ။
ဒါကြောင့် လောကုတ္တရာတရား ကိုးပါးလို့ ဆိုထားတယ်။
မဂ္ဂင်ရှစ်ပါးနှင့် မဂ်လေးတန်၊ ဖိုလ်လေးတန်နှင့် နိဗ္ဗာန်ကို လောကုတ္တရာတရား ကိုးပါးလို့ ခေါ်သည်။
အဲတော့ အခုဖြစ်နေတဲ့ ဖြစ်ထွေတွေကို သေသေ ချာချာ စစ်ကြည့်လို့ရှိရင်ဖြင့် လောကလည်း နားမလည်ကြ ဘူး။ လောကီ လောကကိုလည်း နားမလည်၊ လောကပြင် ဘက်မှာ ဟောတတ်တဲ့ တရား၊ ရှိတဲ့ တရားဆိုတဲ့ လောကုတ္တ ရာတရားကိုလည်း နားမလည်ကြဘူး။
ဒါကြောင့် ယခုအခါ ဘယ်လိုဖြစ်နေတုံးလို့ မေးဖို့ လိုတယ်။ ရှေးဦးစွာ ဒီဒကာ ဒကာမတွေက လောကဆိုတဲ့ ဥစ္စာ။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရဟန်းတွေက မေးလို့ “လောကောလောကောတိ ဘန္တေ ဝုစ္စတိ ကိတ္တာဝတာ နုခေါ ဘန္တေ လောကောတိ ဝုစ္စတိ၊”
လောကဆိုတာ ဘာဆိုပါ သတုံး ဘုရားလို့ ရဟန်းတွေက မေးတဲ့အခါကျတော့ လုဇ္ဇနပလုဇ္ဇနဋ္ဌေန လောကော ကွ ခဏခဏဖြစ်၊ ခဏခဏ ပျက်နေတာ အဲဒါ လောကကြီးမှတ်။
လောကဆိုတာ
အဲတော့ ဒီဒကာဒကာမတွေကကော လောကဆို တာသည် ဖြစ်မှု ပျက်မှုကို ဆိုတာပါလား၊ ဖြစ်မှု ပျက်မှု ရှိတဲ့ တရား၊ ဖြစ်မှုပျက်မှုနဲ့ ကြုံနေတဲ့ တရား။ ဖြစ်မှုပျက်မှုနဲ့ မကင်းတဲ့ တရားကို လောကလို့ ဆိုတယ်လို့ မှတ်ထားရမယ်။
လောကုတ္တရာဆိုတဲ့ တရားကတော့ လောက၏ ပြင်ဘက်ကို ကျေးဇူးပြုတဲ့တရားကို ဆိုတယ်။ ဒါက ဘာတုံး၊ မဂ်လေးခု၊ ဖိုလ်လေးခုလို့ မှတ်ပါ။
တနည်း၊ နိဗ္ဗာန်ကိုလည်း လောကုတ္တရာလို့ဆိုတယ်။
အဲဒါကတော့ လောကကြီး ပြင်ဘက်မှာ ရှိတယ်၊ ဒါဖြင့် လောကသည် လောကီ၊ လောကုတ္တရာ ဆိုတာသည် လောက၏ အပြင်ဘက်မှာ ရှိတယ်လို့ မှတ်ထား ရမယ်။
ကောင်းပြီ ဒါဖြင့်၊ လောကထဲမှာဖြင့် ဖြစ်မှုပျက်မှု ရှိသောကြောင့် ဒုက္ခသစ္စာသာ ရှိတယ်။
လောကုတ္တရာဆို
လောကုတ္တရာ ဆိုတာကတော့ဖြင့် ဖြစ်မှုပျက်မှု ချုပ်ငြိမ်း အဖြစ် ချုပ်ငြိမ်း၊ အပျက် ချုပ်ငြိမ်းလို့ ရုပ်သိမ်းလို့ နိဗ္ဗာန် တစ်ခုဟာဖြင့် လောကုတ္တရာ အစစ်ပဲလို့ ဆိုတာ မှတ်ထား ရမယ်။
ဒီအလုပ်ထဲ ဘယ်လိုပြန်ပြီး သကာလ ဖေါ်ဖို့ရာ ဘယ်လို စိတ်ကူးရပါ့မလဲ ဆိုတဲ့ဥစ္စာ၊ နဂိုက လုပ်နေတဲ့ လောကလည်း သူကောင်းကောင်း နားမလည်ဘူး။
အခုပြန်ဝင်ချင်တဲ့ စိတ်ကလည်း တပင်တပန်းကြီး ဖြစ်ပြီး သကာလ နေတာလည်း ဘယ်သွား မလို့ ဆိုတာလည်း သူမသိဘူး။
စစ်စစ် ဒီဒကာ ဒကာမတွေက သတိထားဖို့က နဂို လုပ်နေတဲ့ လူ့လောက လိုင်စင်ရနေလို့ ရောင်းဝယ်နေတဲ့ လောကကလည်း ဖြစ်မှုပျက်မှုပဲ ဒုက္ခသစ္စာ လုပ်နေတာပဲ။
ဒီဒုက္ခသစ္စာကြီးကို အဆက် ဖြတ်လိုက်တဲ့ အတွက် မကျေနပ်တော့ နောက်ဒုက္ခသစ္စာ ဘယ်လို ရှာရပါ့မလဲလို့ ဆိုတာ တိုက်ပွဲဆင်တဲ့ ဥစ္စာ နောက်ဒုက္ခ ရှာတာပဲလို့ မှတ်ရ မယ်။
တိုက်ပွဲဆင်တာ ဘာပါလိမ့် (နောက်ဒုက္ခရှာတာပါ) နောက်ဒုက္ခရှာတာ အရင်ဒုက္ခ လက်လွတ် သွားတာ နောက် ဒုက္ခ မရှိရင် ခက်ချေရဲ့။
အင်း ပုထုဇဉ် မှန်သမျှ လောကဒုက္ခ၊ လောက ဟာ ဒုက္ခပဲဆိုတဲ့ ဥစ္စာကို နားကိုမလည်ဘူး၊
ဒုက္ခသစ္စာ သိဖို့ခက်တယ်
ဒါကြောင့် ခဏခဏပြောနေတယ် ဒုက္ခသစ္စာသိဖို့ ခက်တယ်ဟေ့ ဆိုတော့ မှန်သွားပါပြီတဲ့။
လောကအရင် လုပ်နေတာလဲ သူ၊ လောကတရား ဒုက္ခသစ္စာအစစ် ဒီလောက တရားကြီးထဲက မင်းသည်ကားလို့ ဆိုရင် ဒီလိုပဲ လောကဓံတွေနဲ့ သိမ်းလိုက် ဆည်းလိုက်၊ သိမ်းလိုက် ပေးလိုက် ပေးလိုက်ရင် ပျော်နေပြီး သိမ်းလိုက်ရင် မဲ့ရတယ် ပေးလိုက်ရင် ပျော်တယ်။
လောကဓံတည်း ဟူသော အနတ္တ တရားကြီးက ပုဂ္ဂိုလ် သတ္တဝါ စိတ်ဒုက္ခကို တိုက်နေတယ်။
မလုပ်ပဲ နေတာကိုပင်လျှင် ေဩာ် လောကထဲ နေ ဒီလိုပဲ ဒုက္ခရောက်မှာပဲ ဆိုတဲ့ ခန္ဓာဒုက္ခ၊ အခုဖြစ်ပျက် နေတဲ့ ဒုက္ခသစ္စာကို သူတို့ အသိအမှတ် မပြုတော့ဘူး။
ဒီလောကတရား၊ လိုင်စင်ရတဲ့ လောက တရားထဲက အပြင်ဘက် ထွက်ရတော့မယ် ဆိုတော့ မကျေမနပ် ပွဲကြီး ဖြစ်ပြီး သကာလ နေတာဟာ ဘယ်သဘော ပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့ လောကပြင်ဘက် ထွက်ရမှာ စိုးရိမ် လွန်းလို့ လောကထဲ ဘယ်လို ပြန်ဝင်ရပါ့မလဲ။
လောကကို နားမလည်တဲ့ပုဂ္ဂိုလ်
လက်ရှိဒုက္ခ လွတ်သွားပြီ၊ နောက်ဒုက္ခ ဘယ်လိုရှာရ ပါ့မလဲလို့ ဒုက္ခကို ပြောင်းပြီး သကာလ လိုချင်တာကို ပင်လျှင် ဒုက္ခကို မသိတဲ့အတွက် ဝမ်းနည်းခြင်း၊ အကြံအစည် ထုတ် ခြင်း၊ ဆန့်ကျင်ဘက် ပုဂ္ဂိုလ်တွေနဲ့ တိုက်ခိုက်ပြီး သကာလ၊ ပြောမှု ဆိုမှုအလုပ်ကို လုပ်ခြင်းသည် လောကကို နားမလည် တဲ့ ပုဂ္ဂိုလ်တွေ၏ ဖြစ်ထွေပဲလို့ အစ်မတို့ မှတ်ထားရမယ်။
လောကကို နားမလည်ဘူး၊ ပထမတုံးက လောက လည်း နားမလည်ဘူး၊ ဒုတိယ သူတောင့်တတဲ့ ဒုက္ခသစ္စာ လည်း သူနားလည်ရဲ့ လား (နားမလည်ပါ ဘုရား)။
အဲဒီမလည်မှုကြောင့် လောကီ ဥပမာ ပြောကြပါစို့ ဆိုရင်ဖြင့် ဖြစ်တတ် ပျက်တတ်တဲ့ အထဲမှာ နေတဲ့ဥစ္စာ၊ ဒီ ဖြစ် တတ် ပျက် တတ်တဲ့ အထဲက လွတ်အောင်လို့ လောကဓံတွေက၊ လိုင်စင်တွေ ရုပ်သိမ်း လိုက်တယ်။ ရပ်လိုက် ကြတော့ဟေ့။
ဆိုပြီး သကာလ၊ လောကပြင်ဘက် ထွက်ကြဟေ့ဆို ပြီး တရားဟောတာပဲ ဒါရုပ်သိမ်း လိုက်တာ။
သို့သော် လောကသမားက လောကထဲက၊ လောက ကို ဒုက္ခသစ္စာလို့ မသိတဲ့အတွက် မကျေနပ်နိုင်ဘူး၊ ဒီဥစ္စာ ပြန်ရမှ အေးမယ်။
ဒါဖြင့် ဒုက္ခရှိနေတဲ့အထဲက ဒုက္ခလက်လွတ်သွားရင် ဒုက္ခပြန်ရမှ အေးမယ်ဆိုတဲ့ ဥစ္စာသည် လောက မသိတဲ့ ပုဂ္ဂိုလ်၏ တိုက်ပွဲဆင်လုံးလို့ မှတ်ရမယ်။ အင်မတန် ကြောက်စရာ ကောင်းတယ်လို့ မောင်ချစ်ဆွေတို့ မှတ်ရမယ်။
လက်ရှိ ဒုက္ခလည်းမသိ လက်မဲ့ဒုက္ခလည်း တောင့်တ ဆိုတော့ ေဩာ် ဒုက္ခသစ္စာ ဒုဗ္ဗိညေယျ အင်မတန် သိနိုင်ခဲတဲ့ တရားဆိုတာ အစ်မတို့ အင်မတန် မှန်သွားပြီ။
ဒုက္ခနဲ့ ခွဲရလို့ မကျေနပ်
အရင်ဒုက္ခနဲ့ အရောင်းအဝယ် အဆင်ပြေနေတာ လည်း ဒုက္ခ ရောက်နေတာ၊ ထစ်ခနဲ အခြေ အနေ ပြင်လိုက်တော့ အရောင်းအဝယ်လည်း အဆင်မပြေတာလည်း ဘာကြောင့် အဆင် မပြေပဲ ဖြစ်သွားရပါလိမ့်မလဲ ဒုက္ခနဲ့ ခွဲရလို့ မကျေနပ်နေလို့။
ဒုက္ခရမှ ကျေနပ်မယ်ဆိုတဲ့စိတ် ပေါ်လာလို့သာလျှင် ဒီစိတ်မျိုး တိုက်ပွဲဆင်တဲ့ အလုပ်မျိုးကို လုပ်တာပဲဆိုတာ အထူးသဖြင့် သေချာပါတယ်။
ဒါဖြင့် ဒီ ဒကာ ဒကာမတွေ သည်ကားလို့ ဆိုလို့ရှိရင် ဖြင့် လောကကိုလည်း ဒုက္ခသစ္စာပဲလို့ နားမလည် လောက ထွက်ကြောင်းကို သံဝေဂသဘောနဲ့ ကဲ လောကထဲက ထွက်တော့ကွာ မင်းနဲ့ ဒီဥစ္စာ အခုပေးလိုက် အခုရုပ်သိမ်း လိုက် အနတ္တကွ မပိုင်ဘူးလို့ အနုတ္တတရားလာရင် တစ်ခါ တည်း ဒေါမနဿ ဖြစ်ပါတယ်။
အနတ္တတရား လောကဓံ လာလို့ရှိရင်ဖြင့် ပုဂ္ဂိုလ် တွေဟာ တစ်ခါတည်း လောက ပြင်ဘက်ကို တရားသာထုတ် ငြား သော်လည်း လောကထဲ ပြန်မဝင်ရတဲ့ အတွက် ဒုက္ခသစ္စာ တစ်မျိုး ဒုက္ခသစ္စာ ပြောင်းတယ်။
အရင်တုန်းကတော့ကို ကာယိကဒုက္ခ၊ အရင်လုပ် နေတုန်းက ကိုယ်၏ဆင်းရဲမှုနဲ့ လုပ်နေတာ အဲဒါတောင် အိပ်ရေး မပျက်ဘူး။ လိုင်စင်ရတုန်းက မရပြန်တော့ စေတသိက ဒုက္ခဖြစ်တယ်။
အလုပ်လုပ်တုန်းကလည်း ကာယိကဒုက္ခမို့ ဒုက္ခ သစ္စာလို့ မသိခဲ့ဘူး။ လိုင်စင်တွေ သိမ်းလိုက်တော့ စိတ်ဒုက္ခ ရောက်တဲ့ စေတသိကဒုက္ခလည်း သူမသိပါဘူး။
မှောင်ထဲမွေးပြီး မှောင်ထဲသေမည့်ပုဂ္ဂိုလ်
ဒုက္ခနှစ်ချက်စလုံးကို မောင်ချစ်ဆွေ မသိပဲ ဖြစ်နေ တယ်။ မသိတော့ သူသည် ေဩာ် မှောင်ထဲ မွေးပြီး။ မှောင်ထဲသေမည့် ပုဂ္ဂိုလ်ထဲအပါအဝင်ပဲဆိုတာ ဆုံးဖြတ် ချက် ချရမယ်။
မှောင်ထဲမွေး၊ မှောင်ထဲသေ ဆိုတဲ့ဥစ္စာ အရမ်းပြော နေတယ်လို့ မဆိုပါနဲ့၊ ပထမဒုက္ခ ရောက်နေ တာလည်း ကိုယ် မသိပါဘူး လိုင်စင် ရတုန်းက ဒုက္ခ ရောက်နေတာကို။
လိုင်စင်သိမ်းလိုက်လို့ ဒုက္ခရောက်နေတာကိုလည်း ဒုက္ခလိုချင်မှု ပြန်ရှိနေတဲ့အတွက် လာမည့်ဒုက္ခဟာ ရမှ အေးမယ်ထင်ပြီးသကာလ ဒုက္ခကို အေးမယ်ထင်တာလည်း လာမည့်ဒုက္ခ မသိတာပဲ။
ဒါဖြင့် မမြဲတုန်းကလည်း ဒုက္ခကို သူမသိ နောက် လာမှာလည်း တကယ်လို့ ကံကောင်း အကြောင်းသင့်လို့ တိုက်ပွဲ၊ အောင်ပွဲယူလို့ တနည်းတဖုံ ပြောင်းပေးလိုက်ပြန် လည်း ဒုက္ခပဲရမှာပဲ။
အဲဒီဒုက္ခကိုလည်း ဒုက္ခရောက်လိမ့်မယ်လို့ မသိ သောကြောင့် လုဇ္ဇနပလုဇ္ဇန လောကော ဆိုတဲ့ လောကထဲ မှာနေပြီး လောကထဲပဲ ပြန်ဝင်တာပဲ ဒီပုဂ္ဂိုလ်ဟာ ဒုက္ခ ရောက်ပြီး ဒုက္ခပဲ ပြန်ပြီး တောင့်တ,တာပဲ။
ပြန်တောင့် တ တဲ့ ဒုက္ခကို ရတယ်။ အဲဒီဒုက္ခနဲ့ ခွဲပြန်တော့ ဒုက္ခပြန်တောင့်တ,တယ်။ ဒုက္ခ ပြန်တောင့်တတော့ ဒုက္ခ ရောက်မှာပဲ။
ဒါဖြင့် ပထမရနေတာက ဒုက္ခသစ္စာ တောင့်တ, တာက သမုဒယသစ္စာ ပြန်ရတာက ဒုက္ခသစ္စာ၊ နောက် တစ်ခါ ဒီဒုက္ခ ရုပ်သိမ်းလိုက်ပြန်တော့ သမုဒယသစ္စာ ပြန်ဖြစ်တယ်။
ဒါဖြင့် သူ့မှာ၊ ဒီကုန်သည် တစ်စုမှာ ဘာဖြစ်နေသတုံး ဆိုတော့ ဒုက္ခ၊ သမုဒယ၊ လှည့်နေ တယ်လို့၊ ပဋိစ္စ သမုပ္ပါဒ် အဝိုင်းကြီး အတိုင်းပဲ ဟောရတော့မှာပဲ။
ရ ထားတာလည်း ဒုက္ခသစ္စာ၊ နောက်တစ်ခါ စိတ်ပျက်ပြီး သကာလ ရကြောင်း တောင့်တ,တာက သမုဒယ သစ္စာ တောင့်တ,တာ တနည်း လွဲရပြန်တယ်၊ အဲဒါက ဒုက္ခသစ္စာ။
အဲဒါ ပြန်ရုပ်သိမ်းပြန်တော့ နောက်ဒုက္ခ မရဘူး။ မရပြန်တော့ ကြိုးစားပြန်တော့ ရပြန်တာပဲ။
သံသရာအဝိုင်း၊ ပြေးနေတဲ့ပုဂ္ဂိုလ်
ကုန်ပြောင်းပြီး လုပ်လိုက်ပြန်တော့ ရပြန်တာပဲ၊ ရပြန်တာလည်း ဒုက္ခသစ္စာ၊ ဒါကြောင့် ဒုက္ခတလှည့် သမုဒယ တလှည့် ဒုက္ခတလှည့် သမုဒယတလှည့်။
သံသရာ အဝိုင်းပြေး ပြေးနေတဲ့ ပုဂ္ဂိုလ်တွေထဲ အပါ အဝင်ပဲ ဆိုလို့ရှိရင် ငြင်းနေဖို့ မလိုပါဘူး အမှန် ဖြစ်ပါတယ်။ ရှင်းကြပလား (ရှင်းပါပြီ)။
ဒါဖြင့် လောကကြီး ကတော့ဖြင့် ခဏခဏ ပေးလိုက် အပြုံးခိုင်းလိုက်၊ ရုပ်သိမ်းလိုက်၊ အမဲ့ ခိုင်းလိုက်၊ အပြုံးခိုင်း လိုက်၊ အမဲ့ခိုင်းလိုက်။
အပြုံးခိုင်းတာကိုပင် သူတို့ အကောင်းထင်တာပဲ။ အမဲ့ခိုင်းတာကိုပင် သူတို့ မကျေနပ်တာပဲ။
အပြုံးခိုင်းလိုက်လို့ သမုဒယ သစ္စာဖြစ်တာပဲ။ သိမ်း လိုက်တဲ့အခါကျတော့ မဲ့နေတာလည်း ဒုက္ခသစ္စာ ဖြစ်တယ်။
နောက်တစ်ခါ ပြုံးအောင် ကလေးအငိုတိတ်အောင် ချော့လိုက်ပြန်တော့လည်း သမုဒယသစ္စာ ဖြစ်တယ်။
အဲဒီသမုဒယနဲ့ ဒုက္ခလှည့်နေတာဟာ လူတို့၏ အလုပ်၊ ဒါကြီးပွားရေးလို့ ထင်လိုက်တယ်။ ကြီးပွားရေးလို့ ထင်လိုက်ပါတယ်တဲ့။
ဒါတကယ့် ကြီးပွားရေးလား ဆိုတော့ မီးနဲ့လောင်စာ လှည့်နေတာပါ သမုဒယကမီး ဒုက္ခက ထင်းလောင်စာ။
ထင်းလောင်စာ လှည့်နေတဲ့ဥစ္စာကို လောင်စာလှည့် ရင် ငိုတယ်။ လောင်စာ ပျောက်ရင် ငိုတယ်။
ထင်းနဲ့မီး လှည့်နေတယ်
ကျုပ်တော့ အလုပ်လက်မဲ့ဖြစ်ပြီး လောင်စာတွေ မရှိတော့ဘူး။ ဒါဖြင့် ရှာမှပဲ ဆိုပြီး သကာလ ချက်ချင်းပဲ မီး ပေါ်လာတယ်။ မီးပေါ်လာတော့ အထိုက် အလျောက်ပဲ။ ဒီကုန်မကောင်း ဟိုကုန် ပြောင်းရ ပြန်တော့ ထင်းရပြန်တာပဲ။
ထင်းရပြန်တဲ့ အခါကျတော့ ထင်းထဲကနေ မီးဖြစ် လာတာပဲ။ ထင်းသာယာ ပြန်တော့ မီးဖြစ်တာပဲ။
နောက်တစ်ခါ ဒီမီးရနေပြီး သကာလ ထင်းတစ်ခု လုပ်ပြန်တာပဲ။ ထင်းနဲ့လောင်စာ လှည့်နေတဲ့ အလုပ်ဟာ လောကီ သမားတို့၏ သမုဒယ ဒုက္ခ ဖြစ်စဉ်ပဲလို့ မှတ်ရမယ်။ ရှင်းပလား (ရှင်းပါတယ်)။
လောကပြင်ဘက်ထွက်ပါတော့လား
ဒါဖြင့် လောကုတ္တရာဘက် ထွက် ပါတော့လို့ တရားနာလို့ရှိရင် ကဲ လောကဓံ လေက တိုက်လိုက်တော့ ကဲ မဲ့လိုက်စမ်းကွာ နိန္ဒံ ပသံသံ သုခံ ဒုက္ခံ ဆိုပြီး သကာလ ဒုက္ခ လေ တိုက်ချ လိုက်တယ်။ လိုင်စင်သိမ်းတဲ့ ဒုက္ခလေ တိုက်ချ တယ်။
မင်းမပိုင်ဘူးကွာ အနတ္တ တရားပဲ၊ အခု ပျက်သွားပြီ ကွာ။ ဒုက္ခသစ္စာပဲကွာ၊ အင်း- ဒီအလုပ် ဟာဖြင့် ဒုက္ခရောက် တဲ့ အလုပ်ပဲ။ ဒုက္ခ မရောက်တာ ရှာပါတော့မယ် ဆိုတာ မလာပဲနဲ့ ဒုက္ခထဲ ရောက်တာကို မရလို့သာ သောက ပရိဒေဝ ဖြစ်ပါတယ်။ သဘောပါရဲ့ လား (ပါပါတယ်)။
တကယ်လို့ ဒါဟာ လောကုတ္တရာဘက် ထွက်သွားဖို့ တယ်ကောင်း၊ တရားဟောပြီကော။
လိုင်စင် သိမ်းလိုက်တယ် ဆိုလို့ရိရင် ဒါလောကဟာ ဒီလိုပဲ လောကပြင်ဘက်ထွက်မှ ဒီဟာတွေ အေးမှာပဲ။ ဒီလို နဲ့ ဉာဏ်က ထိုးထွင်းတဲ့သဘောက မပေါ်လာ။
ထိုကဲ့သို့ မပေါ်လာတော့ကို လောကပြင်ဘက် ထွက်မည့်တရား ဟောလို့ရှိရင်ဖြင့်တဲ့ သူ့မှာ ငိုချင်းချတယ်။ သောက ပရိဒေဝ ဖြစ်တယ်။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လောကထဲ နေတာလည်း ဒုက္ခ ရောက်လို့ မကြည့်နိုင်၊ လောကပြင်ဘက် ထွက်ခိုင်း ပြန်တော့လည်း ငိုချင်းချတယ်၊ လောကထဲ နေပြန် တော့လည်း ဒုက္ခရောက်လို့ ကိုယ်တော်ကြီးကလည်း သနား တယ်။ လောကပြင်ဘက် ထွက်ဖို့တရား ဟောလိုက်တဲ့ အခါ ကျတော့လည်း ငိုချင်း ချတယ် မထွက်ချင်လို့။
သူ့အတွက် ငါဘယ်လိုစဉ်းစားရမလဲ
မထွက်ချင်တော့ သူ့အတွက် ငါဘယ်လို စဉ်းစား ရမလဲ။ ဒုက္ခ ရောက်နေ တာလည်း ဧကန်၊ ဒုက္ခလွတ်ကြောင်း ကို အနတ္တတရား ဒုက္ခသစ္စာ တရား ဟောလိုက်ပြန်တော့ လည်း ငိုချင်းချပြန်တယ်။ ဒီဒုက္ခနဲ့ ခွဲရလို့။
ငါဘယ်လို လုပ်ရမတုန်း ဆိုတဲ့ စိတ်ဟာ ဘုရားမှာ ပေါ်လာတယ်။ ဒုက္ခလည်း မသိ၊ သိအောင်လည်း ဒုက္ခကို ဒါဟေ့ ဒုက္ခလို့ တရားဟော လိုက်ပြန်တော့လည်း ဒုက္ခ ပြင်ဘက် ထွက်ရမှာ စိုးလို့ ငိုချင်းချ ပြန်တယ်။
အင်း- ဒုက္ခလည်းမသိ ဒုက္ခဖြစ်မှာ ဟောလိုက်လို့ ရှိရင် ငိုချင်းချတယ်။ ဒုက္ခလက်လွတ်ရမှာ စိုးလွန်းလို့။
ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ အင်မတန် တရားဟော ခက်ပြီဆိုတဲ့ ညည်းလုံးဟာ ဒီနေရာ မျိုး သုံးတာပဲ။ ပုထုဇဉ် အကန်းတွေ ဒီအရူးတွေကို ငါဘယ်လို လုပ်ပြီး သကာလ ကယ်တင် ရပါ့မတုံး။
သူရူးတာလည်း သူမသိ သူကန်းတာလဲ သူမသိ သူ့ဟာသူသာ ဟုတ်နေတာပဲ ငါဘယ်လို လုပ်ပြီး ကြားဝင်ပြီး ဖြေရှင်း ပေးရပါ့မလဲဆိုတာ ဝင်လို့မရအောင် ပိတ်ထားတာ ဟာ လောက နားမလည်တဲ့ ပုဂ္ဂိုလ်၏အလုပ်။
ဘုရားဝင်လို့ မရတာဟာ ဘယ်အသိဉာဏ်ဆုတ် ယုတ်တဲ့ ပုဂ္ဂိုလ်၏ အလုပ်တုံးလို့ မေးတဲ့ အခါကျတော့ လောက နားမလည်တဲ့ ပုဂ္ဂိုလ်၏ အလုပ် ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောမှုပြောမှု လက်မခံ နိုင်မှုသည် ဘယ့်နှယ် ကြောင့်ပါ လိမ့် လောကနား မလည်ကြလို့။ (လောကနားမလည်ကြလို့ပါ ဘုရား) သဘော ကျပလား (ကျပါပြီ)။
ဒုက္ခထဲကလာပြီး ဒုက္ခထဲ ပြန်မဝင်ရရင် ကျေကို မကျေနပ်ဘူး၊ ကိုင်း- ဒါဖြင့်- ဒီဒကာ ဒကာမ တွေကို ဒီနေ့ ဟောရမည့် တရားက ဒါလော့ လောကကြီးကတော့ ဒီအတိုင်းပဲကွ။
ပြုံးရင်တဏှာ မဲ့ရင်ဒေါသ
ပြုံးလိုက်၊ မဲ့လိုက်နေမှာပဲကွ၊ ပြုံးတာမဲ့တာနဲ့ပဲ အချိန် ကုန်မှာပဲ ပြုံးရင်တဏှာ မဲ့ရင်ဒေါသကွ။
ပဋိစ္စသမုပ္ပါဒ် အလည်ကနေပြီး ဒုက္ခပေးတာနဲ့ အဆုံးကနေ ပတ်ပြီးဒုက္ခပေးတာ ဒီဒုက္ခနှစ်ခုပဲ မင်းတို့မှာ ဖြင့် အမြဲတန်း ကိုယ်ပိုင်ဥစ္စာဖြစ်နေတယ် ဆိုလို့ရှိရင် မလွဲ ပါဘူး (မလွဲပါ ဘုရား)။
အရောင်းအဝယ် ဖြောင့်နေလို့ရှိရင် သမုဒယသစ္စာလို့ မှတ်လိုက်ပါတော့၊ ပဋိစ္စသမုပ္ပါဒ် အလယ်ကနေ ဖောက်ချတယ်။
အရောင်းအဝယ် ဇာတ်သိမ်းလိုက်လို့ ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ် အဆုံးက နေပြန်ပြီး သကာလ အစ ပြန်ဆက် ပါ တယ်။
သူ့မှာဖြင့် တရား မဟောဘဲနေတော့ အလယ်ကစ တယ်၊ တရား ဟောလိုက်ပြန်တော့ အဆုံးက ပြန်ပတ်တယ်။
ဒီဒုက္ခ၊ ဆက်သာ ဆက်တော့၊ မဖြတ်ချင်တဲ့ သဘော ဟာ သူ့သဘောပဲ၊ လောကမသိတဲ့ ပုဂ္ဂိုလ်၏ သဘောပဲ။ ရှင်းပလား (ရှင်းပါပြီ)၊ လောကမသိတဲ့ ပုဂ္ဂိုလ်၏သဘောတဲ့။
ပဋိစ္စသမုပ္ပါဒ်လှည့်နေတယ်
အရောင်းအဝယ် ကောင်းနေ ပြန်တော့လည်း လောက သဘော အကုန် မသိဘူး၊ ပဋိစ္စသမုပ္ပါဒ် အလယ်က စ,နေလို့။
အရောင်းအဝယ် ပျက်စီး သွားပြန်တော့လည်း ပဋိစ္စ သမုပ္ပါဒ် အဆုံးက ပြန်စပြန်တယ်၊ ပဋိစ္စသမုပ္ပါဒ် လောကထဲက ပဲ မထွက်နိုင်ဘူး။
ပဋိစ္စသမုပ္ပါဒ် တစ်ခုလုံးက ဒုက္ခလောက သာရှိတယ်၊ သုခလောက မပါဘူး အဝိုင်းပြေး၊ အလယ်က ဖြတ်ပြီး ဝိုင်းရ တာရယ်၊ အဆုံးကစပြီး ဝိုင်းရတာသည် ပင်လျှင် သူတို့၏ ကုန် သည်တို့၏ အလုပ် (တင်ပါ့) ကုန်သည် အလုပ်ဟာ ဒါပဲရှိ တယ်။
တရားဟောခွင့် မရတော့ဘူး၊ တရားဝင်ဖို့ဟာ ဘယ် နေရာဝင်ရမှာလဲ မေးတော့ အရောင်း အဝယ်လေး ရုပ်သိမ်း လိုက်တဲ့ အခါကျလို့ ရှိရင် လောကဟာ ဒီလိုပါလား၊ လောက ပြင်ဘက်ကို သွားနေမှ အေးတော့မယ် ဆိုတဲ့ဥစ္စာ မလာပါဘူး။
ကိုင်း-ဒီ ဒကာ ဒကာမတွေ ဒီလိုသာ မလာလို့ရှိဖြင့် အားကြီး ခက်တော့မယ် ဆိုတဲ့ဥစ္စာ ထွက်ပေါက် မမြင်တဲ့ အတွက် အခု တရားနာနေတဲ့ ဒကာ ဒကာမတွေကျတော့ လောကကြီး အကြောင်း ကောင်းကောင်း သိပြီဟေ့၊ လောက ပြင်ဘက်မှာပဲ ချမ်းသာ ရှိတော့မှာပဲ ဆိုတာကို ဆုံးဖြတ်ချက် ချတော့ လောကကို ဖြတ်ပစ်ရမယ်။
လောကဖြတ်ပစ်ရမယ် ဆိုတော့၊ ေဩာ်- ဒီလူတွေထဲ က ထွက်ရမှာလား၊ တောပဲ ထွက်ရ မှာလား၊ တစ်ယောက် တည်းပဲ တစ်ကိုယ်ရေ တစ်ကာယ နေရမှာလား မလိုပါ ဘူး။
ခန္ဓာဖြစ်စဉ် လောကကိုဖြတ်ရမယ်
ခန္ဓာထဲမှာဖြစ်စဉ် လောကကို ဖြတ်ရမယ် (တင့်ပါ) ခန္ဓာထဲက ဖြစ်စဉ် လောကကို ဖြတ်ရမယ်၊ တဏှာပြီး ဥပါဒါန် ဥပါဒါန်ပြီး ကံ၊ ကံပြီး ဇာတိ၊ ဇရာ၊ မရဏ၊ အဲဒီ ဇာတိ ဇရာ မရဏက နေပြီး သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ အဲဒီ လောကကြီးကို ဖြတ်ရမယ်။
ဒီလူ့လောကထဲက ထွက်ဖို့ကို ဆိုတာ မဟုတ်ပါဘူး၊ ပဋိစ္စသမုပ္ပါဒ် ဒုက္ခလောက ကြီးထဲက၊ သင်္ခါရ လောက ကြီးထဲက ဒါကို ထွက်ရမယ်လို့ ဆိုပါတယ်၊ ဒါကြီးပြတ်ဖို့ရာ အရေးကြီး ပါတယ်။
ကိုင်း-ဒါဖြင့် တပည့်တော်တို့ အတွက် ဘုရား၊ လူတိုင်းထဲကလည်း မထားဘဲနဲ့ လောက ပြင်ဘက် ကိုပဲပို့ပေး ပါတော့လို့ ဆိုလို့ ရှိရင်ဖြင့် လောကဖြစ်စဉ် ဖြစ်စဉ် တန်းနေတဲ့ ဟာဖြင့် ။
လောကအဝိုင်းကြီးလို့မှတ်
တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ ဇရာမရဏ၊ အဝိဇ္ဇာ သင်္ခါရ၊ ဝိညာဏ်၊ နာမ်၊ ရုပ်၊ သဠာယတနာ၊ ဖဿဝေဒနာ၊ တဏှာ၊ ဒီအဝိုင်းကြီးဟာ ဒကာ ဒကာမတွေ ဒါလောက အဝိုင်းကြီးလို့ မှတ်ထားပါ။
ဒီအဝိုင်းကြီးဟာ ဘာမှမဟုတ်ဘူး၊ လောကအဝိုင်း ကြီး၊ လောက အဝိုင်းကြီး ကြည့်လိုက်တော့ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာပဲ တွေ့တယ်၊ လောကအဝိုင်းကြီး ကြည့်လိုက်တော့ ဘာသစ္စာတွေ့ပါလိမ့် (သမုဒယသစ္စာနှင့် ဒုက္ခသစ္စာပါ ဘုရား)။
မီးနဲ့လောင်စာလှည့်နေတာ
သမုဒယနဲ့ ဒုက္ခသစ္စာပဲတွေ့တော့၊ သမုဒယကမီး၊ ဒုက္ခက လောင်စာ ဆိုတော့ မီးနဲ့ လောင်စာပဲ လှည့်နေတာပဲ။
မီးနဲ့လောင်စာပဲ လှည့်နေတော့ ဪ ဒီအသိုက် ဟာဖြင့် မီးနဲ့တစ်ခါနေလိုက်၊ လောင်စာ ဖြစ်ပြီး ဆုံးရှုံးလိုက်၊ မီးထပ် မွေးလိုက်။
ကိုယ့်ခန္ဓာထဲ ကိုယ်ရှို့တဲ့မီး၊ ကိုယ်ကိုယ်တိုင်မွှေး လိုက်၊ ကိုယ့်ခန္ဓာကြီးပါ အလောင်ခံ လိုက်ဆိုတော့ ကိုယ့်မီး ကိုယ်မွှေး၊ ကိုယ့်ကိုယ်ကို ပြာကျအောင် ကိုယ်လုပ်တာဟာ အဝိုင်းသဘောပဲ။
ကိုယ့်မီးကိုယ်မွှေးတာက တဏှာ၊ ကိုယ့်ခန္ဓာကို ဒီမီး လေးနဲ့ ရှို့ပစ်တာဟာလည်း ဒီ ဒကာ ဒကာမတွေ လုပ်ရိုး လုပ်စဉ် အလုပ်ပါပဲ။
ဒီလောက မီးနဲ့လည်း ခန္ဓာကြီး လောင်အောင် ရှို့ပစ် လိုက်တာ လောဘမီး မရှိလို့ ရှိရင်လည်း ဒကာ ဒကာမတွေ ကနေလို့မ ဖြစ်ဘူးလေ၊ နေလို့ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။
ဒုက္ခကြောက်တယ် ဆိုတာ အလကားပြောတာ ဒါ့ကြောင့် မီးနဲ့လောင်စာကို ကျုပ်တို့ဖြင့် အပူ၊ မတွေ့ ချင်ပါဘူး၊ ဒုက္ခဆိုတာ ကြောက်လှချည့်ရဲ့၊ အလကား ပြော နေတာ။
လောဘမီးလေး လိုချင်သလောက် မရလို့ မျက်ရည်ကျ တယ်၊ ဒီမီးက ဘာပြုလို့ မျက်ရည်ကျ ရတာတုံး ကိုယ့်ကိုယ် မလောင်လို့ မျက်ရည်ကျတာ၊ ဪ ဒါဖြင့် ဒကာ ဒကာမတွေ ကိုယ့်ဟာ ကိုယ် မီးမွှေး၊ ကိုယ့်ဟာကိုယ် အလောင် ခံ၊ ကိုယ့်မီးနဲ့ ကိုယ်ရှို့ပြီး သေခြင်းဆိုး သေရတဲ့ဟာ ကိုဖြင့် ဆုတောင်း ယူပြီး အကြိုက် ဓာတ်ကျနေတယ် ဆိုရင် လွဲပါ မလား (မလွဲပါဘူး)။
အဲဒါတွေ သေသေချာချာ စဉ်းစားတော့မှ ကိုင်း ဒါဖြင့် လောက ပြင်ဘက် ထွက်မှ သာလျှင် အချက် ကျတော့မှာ ပဲ ဆိုတဲ့ ဥစ္စာ စဉ်းစားကြပါစို့ ဆိုတော့ ဘာကို ဝိပဿနာဉာဏ် နဲ့ အဖြတ် အတောက် လုပ်ရမှာတုံး ဆိုတဲ့ မေးခွန်း ထွက်လာတယ်။
ထွက်လာတဲ့ အခါကျတော့ ပျော်ပျော် ရွှင်ရွှင် နေတုန်း မှာ ဝမ်းသာ နေတုန်း ဝိပဿနာ ရှုလို့မရဘူး။
ဖျတ်ဆို လိုင်စင်တွေသိမ်း၊ အရောင်းအဝယ်တွေက ပျက်သွားတဲ့ အခါကျတော့ သောက ဖြစ်တယ်၊ အဲဒီသောက တွေ၊ ဒေါသတွေ ကိုလည်း၊ အစ်မတို့က ဝိပဿနာ ရှုလိုက်လို့ ရှိရင် ပဋိစ္စသမုပ္ပါဒ် ကြည့်၊ ပဋိစ္စသမုပ္ပါဒ် အဆုံးကနေပြတ် တယ်၊ နောက်က ပတ်စရာ အကြောင်း မရှိဘူး။
ပျော်လည်းဖြစ်ပျက်ရှု၊ ပျင်းလည်းရှု
ဒါကြောင့်လောကကြီးထဲ ပျော်နေလည်း ပျော်စိတ် ကို ရှုပါ၊ လောက ပြတ်တာပဲ။ လောကကြီး ထဲမှာ စိတ်ပျက်လို့ ပျင်းတဲ့စိတ် လာလို့ ရှိရင်လည်း ပျင်းစိတ် ဝိပဿနာရှု (တင်ပါ့)။
ဒါ လောက စက်ဝိုင်း ပြတ်တာ ချည်းပဲဆိုတာ မှတ် လိုက်စမ်းပါ၊ ပျော်နေရင်လည်း ပျော်စိတ်ကို ဘာလုပ်ရမှာ လဲ(ရှုရမှာပါ ဘုရား)၊ ပျော်စိတ် ရှုလိုက်လို့ ရှိရင်ဖြင့် တဏှာက ဥပါဒါန် မကူးတာပဲ။
ပျင်းစိတ် ရှုလိုက်လို့ ရှိရင်ဖြင့် ဒေါသက သောကကို မကူးတာပဲ၊ ပျင်းတာက ဒေါသကိုး။
လောကကြီးထဲမှာ လောကဓံတွေ့ရလို့ စိတ်များပျက် ပါပေါ့ ဆိုလို့ရှိရင် အဲဒီပျက်တဲ့ စိတ်ကလေးကို ဖြစ်ပျက်ရှုရ လိမ့်မယ်၊ စိတ် မချမ်းသာ တာလေးကို ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှု ရပါမယ်)။
လောကပြင်ဘက်ကတရားမို့ လောကုတ္တရာ
ဖြစ်ပျက် ရှုလိုက်တဲ့ အခါကျလို့ရှိရင် လောက စက်ကြီး ပြတ်ပြတ် သွားတယ်။ လောက စက်ကြီး ပြတ်သွားတဲ့ အခါကျ တော့ကို ရှုတဲ့ဉာဏ်သည်၊ ဘာဉာဏ်တွေ ဖြစ်လာသတုံး ဆိုတော့၊ လောက စက်ကြီးကို ဘယ်တော့မှ၊ ဘယ်သူမှ လောက စက်ပြင်ဘက် မထွက်တာကို၊ လောကစက် ပြတ်အောင်လုပ် တတ် သောကြောင့် သူ့ကို လောက ပြင်ဘက်က တရားမို့လို့ လောကုတ္တရာလို့ ခေါ်လိုက်ပါတယ်။
လောကကြီး ဖျက်စီးတဲ့ တရား၊ လောကကြီး ပြုန်းတီး အောင်လုပ်တဲ့ တရား၊ လောကကြီး ကွယ်ပျောက် အောင်လုပ် တတ်တဲ့တရား၊ ဒါကြောင့် သူ့ကို လောကုတ္တရာလို့ ခေါ်လိုက် ပါတယ်၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဒါဖြင့် လောကဖြစ်ကြောင်းကို ဝိပဿနာရှုမှ လောကုတ္တရာ ဖြစ်မယ်၊ လောက ဖြစ်ကြောင်းကို (ဝိပဿနာရှုမှ လောကုတ္တရာ ဖြစ်မယ်)။
တဏှာကလည်း၊ တဏှာလာရင် ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ ဆိုတဲ့၊ သတ္တ လောကကြီး လည်းဖြစ်မယ်၊ သင်္ခါရ လောကကြီး လည်းဖြစ်မယ်။
အင်း- သင်္ခါရလောက ဖြစ်ကြောင်း ဝိပဿနာရှုလိုက် လို့ရှိရင်လည်း လောကုတ္တရာ ဖြစ်ပါတယ်။
အင်း- လိုင်စင်တွေ သိမ်းသွားလို့ အရောင်းအဝယ် ဟန်မကျလို့ ဒေါမနဿ ဖြစ်ပြန်လို့ ရှိရင်လည်း ဒေါမနဿကို ဒီ ဒကာ ဒကာမတွေက ဖြစ်ပျက် ရှုလိုက်လို့ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ အဝိဇ္ဇာ၊ သင်္ခါရ ဆိုတာတွေ အကုန်ဖြုတ် သွားတယ်။
ဖြတ်သွားတော့၊ ဟာ- ဘယ်သူက ဖြုတ်စေသတုံး ဆိုလို့ရှိရင် လောကုတ္တရာက ဖြုတ်စေတယ်၊ ပြတ်စေတယ်၊ ပျောက်စေတယ်လို့ မှတ်ရမယ်။ ဘယ်သူက ဖြုတ်စေသနည်း၊ ပြတ်စေသနည်း (လောကုတ္တရာ ကပါ ဘုရား)။
လောကုတ္တရာဆိုတာ ရှုမှတ်နေတဲ့ဉာဏ်
လောကုတ္တရာဆိုတာက ရှုမှတ်နေတဲ့ ဉာဏ်ကိုဆိုပါတယ်၊ သူက လောဘဖြတ်တတ်တဲ့ တရား၊ လောကကြီးဆုံး စေတဲ့တရား၊ လောကကြီး ကုန်စေတဲ့ တရားဆိုတာ သဘော ကျပလား (ကျပါပြီ)။
ဒါကြောင့် ဒီတရားဟာ ေဩာ်- လောကကြီး ရှေးဦး စွာကုန်စေတဲ့ တရား ဆိုသလိုပဲ၊ လောကီ မဂ်ကလည်း၊ လောကီ ပဋိစ္စသမုပ္ပါဒ် ဖြတ်တာပဲ။
လောကီ ပဋိစ္စသမုပ္ပါဒ်ကို ဖြတ်လိုက်လို့ ရှိရင်လည်း၊ လောကီ စက်ကြီး ပြတ်သွားတော့ လောကုတ္တရာ ဟာ အလိုလို ပေါ်တာပဲ။
ဒါကြောင့် ဝိပဿနာသည် လောကီမဂ်၊ လောကီမဂ် ဆိုတာ ဘာဖြစ်လို့ လောကီမဂ် ခေါ်ရပါ လိမ့်မလဲလို့ မေးတဲ့ အခါကျတော့ လောကုတ္တရာ မဂ်၏ ရှေ့တော်ပြေး လကျာ်တောင်နဲ့ တူတယ်။
ရှင်ဘုရင်ထွက်တော့မယ်ဆိုရင်
ရှင်ဘုရင်မင်း ထွက်တော့မယ် ဆိုရင် လမ်းရှင်းတဲ့ လက်ျာတောင် ထွက်ပြီးမှ ရှင်ဘုရင် ထွက်သလို သူက လောကီ ပဋိစ္စသမုပ္ပါဒ်ကြီး ဖြတ်ပြီးမှ၊ လောကုတ္တရာ မဂ်တည်း ဟူသော ရှင်ဘုရင်က နောက်က လိုက်လာတယ်၊ သဘောပါရဲ့ လား(ပါပါပြီ)။
လက်ျာတောင် အနေနဲ့ လောကီမဂ် မပါပဲနဲ့ လောကု တ္တရာမဂ်က ရှင်ဘုရင်နဲ့တူတဲ့ လောကုတ္တရာ မဂ်က ထွက်လာ နိုင်ပါ့မလားလို့ မေးလို့ရှိရင် မရှင်းမလင်း ရသေးလို့ ရှိရင် မထွက်လာ နိုင်ဘူး။
လက်ျာတောင်နဲ့ တူတဲ့ လောကီမဂ်က ကိလေသာ အညစ်အကြေး၊ ခုနကပြောတဲ့ လောက နားမလည်တဲ့ တရားတွေ အကုန် ရှင်းလင်း ပေးပြီးတော့မှ လောကုတ္တရာမဂ် က ထွက်နိုင်တယ်၊ သဘော ပါသလား (ပါပါပြီ)။
ဒါဖြင့် ဒီအရေးသည်ကား လို့ ဆိုလို့ရှိရင်ဖြင့် ေဩာ် ဒို့ဆရာ ဘုန်းကြီးက အခုဝမ်းသာတယ်၊ အရောင်း အဝယ် ဖြောင့်နေလို့ ဖြစ်ပျက်ရှုဟေ့၊ ဖြောင့်တဲ့ စိတ်ကလေး ဖြစ်ပျက်ရှု။
အရောင်းအဝယ် နေရာမကျလည်း၊ နေရာမကျတဲ့ စိတ်ကလေး ရှုဟေ့ ဆိုတော့ လက်ျာတောင် အထွက်ခိုင်းတာ၊ ဘယ်နှယ်ကြောင့် လက်ျာတောင် ထွက်ခိုင်းသလဲ ဆိုတော့၊ သူလည်း အရောင်းအဝယ် ဖြောင့်နေတုန်း ရှုလိုက်တော့ တဏှာ၊ ဥပါဒါန်ကို ရှင်ဘုရင် မှတ်ချက်နဲ့ သွားပြီး သူကရှင်း လင်းထား ပစ်လိုက်တယ်။
အရောင်းအဝယ် မဖြစ်တော့ သောက၊ ပရိဒေဝ၊ ဒေါမနဿ ဖြစ်လာတော့ ဒီသောက၊ ဒေါမနဿ တွေကိုပင် အစ်မတို့က ဖြစ်ပျက်ရှု ပစ်လိုက်တော့ သူနဲ့ ပတ်သက်တဲ့ ရှေ့ပိုင်း က ရှင်းသင့် တာတွေကို အကုန်ရှင်းနှင့်ပြီးသား သွားဖြစ်တာပဲ။
ဒါဖြင့် သူက ပဋိစ္စသမုပ္ပါဒ် သမုဒယနဲ့ ဒုက္ခတွေကို ရှင်းနှင့်ပြီးသား ဖြစ်နေတော့၊ ပဋိစ္စသမုပ္ပါဒ် အလယ်ကလည်း မစနိုင်၊ အဆုံးကလည်း ပြန်ပြီး မပတ်နိုင်။
ဝိပဿနာမဂ်က ရှင်းလင်းထားတယ်
ရှုတာကတော့၊ အစက ဖြတ်ထားတာ ဖြစ်လေသော ကြောင့် ရှုတယ် ဆိုတော့ ဝိဇ္ဇာကိုး၊ ရှုတာက အစကဖြတ် တယ်၊ ရှုလိုက်တဲ့ အခါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အစကို လည်းဖြတ်၊ အလယ်ကိုလည်း ဖြတ်၊ အဆုံးက ပြန်ပတ်မှာကို လည်း ဖြတ်ပြီးသား ဖြစ်လေ သောကြောင့် ဝိပဿနာ မဂ်သည် လောကုတ္တရာ မဂ်ဆိုတဲ့ ရှင်ဘုရင်၏ ရှင်းရှင်းလင်းလင်း ထွက် လာဖို့ရာ ရှင်းလင်း ထားတဲ့ဥစ္စာ၊ ဝိပဿနာ မဂ်မှတ်ပါ။
ဝိပဿနာမဂ် မရှင်းလင်းပဲနဲ့၊ လောကုတ္တရာမဂ် ဘယ်တော့မှ ထွက်ရိုး ထုံးစံ ဓမ္မတာ မရှိဘူး (တင်ပါ့)။
အဲတော့ကိုး လောကကြီးထဲက ထွက်တာ လောကုတ္တ ရာဆိုတော့ ဖျတ်ဆို အရောင်း အဝယ် ကောင်းလာ လည်း ဖြစ် ပျက်ရှုလိုက်။
အရောင်းအဝယ် အချိုးကျလည်းရှုပါ မကျလည်း ရှုပါ
အရောင်းအဝယ် အချိုးကျလည်း ဖြစ်ပျက်ရှုလိုက်၊ အချိုးမကျတဲ့စိတ်ကိုလည်း ဖြစ်ပျက် ရှုလိုက်၊ အချိုးကျ အနေ ကောင်းလည်း ဖြစ်ပျက်ရှုလိုက်။
အချိုးကျနေတုန်းလည်း အရှုလိုက်ခိုင်းတာပဲ၊ အချိုး ကျနေတော့ကိုး၊ ပဋိစ္စသမုပ္ပါဒ် ခလယ်က ဖောက်စမှာကို မသိတဲ့ ပုဂ္ဂိုလ်မို့ အရှုခိုင်း ရပါတယ်။
အချိုးမကျတော့ဘူး အရောင်းအဝယ်က ခတ်ပျက် ပျက်၊ ခတ်ပျက်ပျက် ဖြစ်နေတယ် ဆိုတော့ သူသည်၊ ပဋိစ္စ သမုပ္ပါဒ်ကို အဆုံးကနေ ပြန်ပတ်မလို့၊ ဒုက္ခ မရှိလို့ဖြစ်ကိစ္စ ဖြစ် လေ သောကြောင့် ဒုက္ခ မရ ရအောင် ရှာမည့် စိတ်ကူးတွေ ပေါ်မှာစိုးတဲ့အတွက် ဖြစ်ပျက် ရှုရမယ်။
အရောင်းအဝယ် မဖြောင့်တဲ့ စိတ်ကိုလည်း ဖြစ်ပျက် ရှုရမယ်။ ဖြစ်ပျက်ရှု လိုက်တဲ့အတွက် ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း မှာ ဒုက္ခနဲ့ သမုဒယရှိတဲ့ အနက်က ဒုက္ခလည်းချုပ်၊ သမုဒယ လည်းချုပ် ဆိုတော့ စက်ဝိုင်းကွင်းကြီးဟာ အကုန် ပျက်သွား ပါတယ်။
ဒုက္ခ၊ သမုဒယစက်ဝိုင်းကြီး ပျောက်သွားတယ်
စက်ဝိုင်းကွင်းကြီး အကုန်ပျက်သွားတယ် ဆိုတော့ ဘာတွေများ ပျက်သွား၊ ပျောက်သွား ပါသလဲလို့ မေးတော့၊ အကြောင်း အကျိုး၊ အကြောင်း သမုဒယ၊ အကျိုး ဒုက္ခ ပျောက် သွားတာပဲ။
အကြောင်း သမုဒယသစ္စာ၊ အကျိုး ဒုက္ခသစ္စာပျောက် သွားတယ်၊ စက်ဝိုင်းထဲ ဘာကျန်ရစ် သေးသတုံး (ကိုင်း)။
အကြောင်း သမုဒယသစ္စာ၊ အကျိုး ဒုက္ခသစ္စာ ပျောက် သွားတယ်၊ စက်ဝိုင်းထဲ ဘာကျန်ရစ် သေးသတုံး (ဘာမှ မကျန်ရစ်ပါ ဘုရား)၊ ဒီသစ္စာ နှစ်ပါးပဲ ရှိတာကိုး။
အဲတော့ အကြောင်းအကျိုးတွေ ချုပ်သွားတော့ အဝိုင်း ပျောက်ပြီး သကာလ ရှင်းရှင်း လင်းလင်း ပေါ်လာပါ တယ်၊ အဝိုင်းပျောက်ပြီး ဘာပေါ်လာသလဲ (ရှင်းရှင်း လင်းလင်း ပေါ်လာတယ်)။
မီးနဲ့လောင်စာမရှိလို့ အေးငြိမ်းတဲ့အရပ်
အဝိုင်းကြီးက သမုဒယသစ္စာလှည့်နေတာပဲ၊ ဒါဖြင့် မီးမရှိတော့ လောင်စာလည်း မရှိတော့ ဘူးပေါ့၊ ဒီအရပ်ဖြင့် အေးပေါ့လို့ ဆိုသလို့။
သွားကြည့်လိုက်တဲ့ အခါကျတော့ မီးနဲ့လောင်စာနဲ့ တွဲနေတုန်း ကတော့ ဟုန်းဟုန်း ဟုန်းဟုန်းနဲ့ တောက်တယ်။
နောက် ရေစက်တွေဘာတွေနဲ့ ဖျန်းကြ၊ ငြိမ်းကြတဲ့ အခါကျတော့ မီးစလည်း မတွေ့ဘူး၊ မီးလည်း မတွေ့တော့ဘူး၊ လောင်စာတွေလည်း တစ်ခုမှ မတွေ့တော့ဘူး။
ဒီအရပ်၊ အခုမှပဲ စိတ်အေးရတယ်ဟေ့ ဆိုသလိုပဲ၊ ဒီခန္ဓာရှိတဲ့ သုံးဆယ့်တစ်ဘုံ ခန္ဓာရှိတဲ့ အရပ်ကြီးဟာ ခန္ဓာတွေ လောင်စာနဲ့မီးတွဲ နေတဲ့ အရပ်ကြီးဟာဖြင့် ရှင်းသွားပြီ၊ ကိလေသာ မီး ကလည်း မရှိဘူး။
လောင်စာ ထင်းဌာနကြီးကလည်း မရှိဘူး၊ ထင်း လည်း မရှိဘူး၊ မီးလည်း မရှိဘူး။
ကျက်သရေမင်္ဂလာရှိတဲ့အရပ်
ဒီအရပ်ကြီးဟာ ကျက်သရေ မင်္ဂလာ ရှိလိုက်တာ၊ ကိလေသာကလည်း ကင်းလိုက်တာ။
နောက်ဖြင့် ဒီဒုက္ခမျိုးတော့ဖြင့် ငြိမ်းပေါ့ ဆိုတဲ့ဥစ္စာ၊ လောကုတ္တရာမဂ်က အဲဒီ အငြိမ်း မြင်တယ်။ လောကီမဂ်က ငြီးငွေ့စရာ အကြောင်းကို ရှင်းလင်း တယ်၊ လောကီမဂ်က ဘာပါလိမ့် (ငြီးငွေ့ရာ အကြောင်း ကိုရှင်းပါတယ် ဘုရား)။
နိဗ္ဗာန်ဆိုတာ အေးငြိမ်းပြီးရှင်းလင်းတာ
လောကုတ္တရာ မဂ်က ဘာပါလိမ့် (ငြိမ်းပြီးရှင်း လင်းပါတယ်)၊ ငြိမ်းပြီး ရှင်းလင်းနေတာ။
ဒါကြောင့် – မငြိမ်းတာကို သုခ ထင်နေတဲ့ အတွက် နိဗ္ဗာန် ဟောလို့ အင်မတန် ခက်တယ် ဆိုတာ ပေါ် လာကြပြီနော် (ပေါ်လာပါပြီ ဘုရား)။
နိဗ္ဗာန်ဆိုတာက လောင်စာသိမ်း မီးငြိမ်းတာ ခေါ် သည်၊ လောင်စာသိမ်း မီးငြိမ်းနေလို့ ရှင်းလင်းတာကို ခေါ်သည်။
နိဗ္ဗာန်ရောက်တော့ ဘာနဲ့နေရမှာတုံး
တပည့်တော်တို့ နိဗ္ဗာန် ရောက်တော့ ဘာနဲ့ နေရမတုံး မေးတဲ့ ပုဂ္ဂိုလ်က လောင်စာမီးသာ မြင်ဘူး၍ ရှင်းလင်းတာကို မမြင်ဘူးတဲ့ ပုဂ္ဂိုလ်က မေးတာ (တင်ပါ့)။
လောင်စာနဲ့ မီးကိုသာ သူသည် ဉာဏ်ထဲမှာ တွေးတတ် တယ် (မှန်ပါ့)၊ မီးငြိမ်းနေတဲ့ လောင်စာ သိမ်း၍ မီးငြိမ်း တာ သူဘယ်တော့မှ မတွေ့ဘူးတဲ့ ပုဂ္ဂိုလ် ဖြစ်လေ သောကြောင့် တဲ့ သူ သမုဒယလည်း မသိတဲ့ပုဂ္ဂိုလ်၊ ဒုက္ခလည်း မသိတဲ့ ပုဂ္ဂိုလ်မို့ နိဗ္ဗာန် ဆိုတာ ဘာမှမရှိဘူး ယူတာပါ။
နိဗ္ဗာန်ဆိုတာ မီးကြောက်သူ့အတွက် အေးရာ အရပ်
စင်စစ်အားဖြင့် နိဗ္ဗာန်ဆိုတာက သမုဒယသစ္စာ လည်း မီးမရှိတော့ဘူး၊ ဒုက္ခသစ္စာ ဆိုတာလည်း လောင်စာ လည်း မရှိတော့ဘူး။
အဲဒီ လောင်စာသိမ်း၍ မီးငြိမ်းတာကို၊ မီးနဲ့ မီးကြောက် တဲ့ပုဂ္ဂိုလ်၊ လောင်စာကို စိုးရိမ်တဲ့ ပုဂ္ဂိုလ် သွားကြည့်လို့ ရှိရင်၊ ဒီအရပ်တော့ဖြင့် အေးရတယ်ဟေ့ ဆိုသလို။
သမုဒယမှာ သမုဒယချုပ်ခြင်း သဘောကျတ ဲ့ပုဂ္ဂိုလ်၊ ဒုက္ခသိမ်းခြင်းကို သဘော ရောက်တဲ့ ပုဂ္ဂိုလ် ဆိုလို့ ရှိရင်လည်း နိဗ္ဗာန် သဘော ကျပါတယ်။
နို့မို့ သဘောကျဖို့ ဖြစ်ကို မဖြစ်ဘူး၊ နိဗ္ဗာန် သဘောကျ ဖို့ ရှိကို မရှိဘူး။
ဒါကြောင့် အခုတိုက်ပွဲ ဆင်နေတာသည် လောကပြင် ဘက်ထွက်ကြ ဆိုတဲ့ ပုဂ္ဂိုလ်များဟာ မကျေနပ်လို့ လောကထဲ ပြန်ဝင်ချင်တဲ့ ပုဂ္ဂိုလ်၏ တိုက်ပွဲလို့ မှတ်လိုက်စမ်းပါ။
လောကီ၊ လောကုတ္တရာ နားလည်ဖို့လို
လောက ပြင်ဘက် ထွက်ကြလို့ ဓမ္မက ပြောငြား သော် လည်း ကျုပ်မထွက်ချင်ဘူး၊ မဝင်ရ မနေနိုင်ဘူး ဆိုတဲ့ပုဂ္ဂိုလ် တို့၏တိုက်ပွဲ။
ဒါဖြင့် လောကီနှင့် လောကုတ် မခွဲသော ပုဂ္ဂိုလ်၏ အလုပ်လို့ဆိုလို့ရှိရင်ဖြင့် ရှင်းသွားပြီ၊ လောကီလောကုတ် နားမလည်ဘူး။
ဖြစ်တတ် ပျက်တတ် ဖြစ်တဲ့ဥစ္စာ ဒီပြန်ဝင်လည်း မတော်ပါလားလို့ လောကီလည်း သူနားမလည်ဘူး၊ လောကုတ္တရာလည်း ရှိမှန်း မသိဘူး၊ ဒီပုဂ္ဂိုလ်၏ တိုက်ပွဲပဲ။
လောကီကိုလည်း ဖြစ်တတ် ပျက်တတ်တဲ့ ဒုက္ခသစ္စာ လို့ သူမသိပါဘူး၊ မသိလို့ ပြန်ဝင် ချင်တာပေါ့။
လောကုတ္တရာသည် တကယ်ပဲ အေးချမ်းတယ် ဆိုတာ ကိုတော့ အသံမှ မကြားဖူးပါဘူး၊ ဒါဖြင့် သူ့မှာ တိုက်ပွဲဆင် နေတဲ့ ပုဂ္ဂိုလ်ဟူသရွေ့ တခြားက ဆင်ဆင် ဒီလူက ဆင်ဆင်၊ ဆင်တဲ့ ပုဂ္ဂိုလ် ဟူသရွေ့သည် လောကကိုလည်း နားမလည်၊
လောကုတ္တရာ ကိုလည်း နားမလည်နဲ့၊ အတုန်းသမားတွေ၏ အလုပ်တစ်ခု ပေါ်ပေါက် နေတာပဲ ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။ ရှင်းပလား(ရှင်းပါပြီ)။
ကိုင်း ယနေ့ ဒီတွင်နားပါဦး။
သာဓု သာဓု သာဓု။
———-
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၌ ဟောကြားတော်မူသော တရားတော်
လောကအပြင်ဘက်ထွက်မှ နိဗ္ဗာန်ရမယ် (၂)
(၁၇-၂-၆၂)
လောကသုံးပါး
လောကသုံးမျိုးကို ရှေးဦးစွာ မှတ်ရမယ်၊ လောကသုံး မျိုးရှိတယ်၊ သတ္တလောက ဆိုတာက ပုဂ္ဂိုလ် သတ္တဝါတွေ၊ ယောက်ျားတွေ၊ မိန်းမတွေ၊ တိရစ္ဆာန်တွေ၊ ဒါတွေ သတ္တဝါ တွေဖြစ်သောကြောင့် သတ္တလောကလို့ ခေါ်တယ်။
အိမ်တွေ၊ ဘုံတွေ၊ မြေကြီးတွေ၊ ရေတွေ ဒါတွေက တော့ သတ္တဝါ မဟုတ်တဲ့ အတွက် တည်ရာဌာန ဖြစ်လေ သော ကြောင့် ဩကာသ လောက လို့ခေါ်တယ်။
ရုပ်နာမ် ဓမ္မ ခဏ ခဏ အစားထိုးလိုက်၊ ပျက်လိုက်၊ အစားထိုးလိုက်၊ ပျက်လိုက် ဒါက သင်္ခါရ လောကလို့ ခေါ်တယ်၊ ဒါကြောင့် လောကသုံးပါးကို သိသောကြောင့် လောကဝိဓူလို့ ဘုရား နာမည် ပေးထားတယ်။
လောကက လောကသုံးပါး၊ ဝိဓူက သိတာ၊ လောကသုံးပါးကို သိသောကြောင့် သူ့ကို လောကဝိဓူလို့ ခေါ် ထားတာ၊ အဲတော့ ဒကာ ဒကာမတွေက လောကသုံးပါးကို သိထား ရမယ်။
သတ္တလောက
ပြန်ပြောပါ့မယ်၊ သတ္တလောကဆိုတာက ယောက်ျား တွေ၊ မိန်းမတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ သတ္တဝါ ဟူသမျှကို သတ္တလောကလို့ မှတ်ထားပါ။
သင်္ခါရလောက
သင်္ခါရလောက ဆိုတာကတော့ ဖြစ်အောင် လုပ်လိုက် ပျက်သွားလိုက်၊ ဖြစ်အောင် လုပ်လိုက် ပျက်သွားလိုက်၊ အဲဒီ ရုပ်ဖြစ်ဖြစ်၊ နာမ်ဖြစ်ဖြစ် ဖြစ်လိုက် ပျက်လိုက်နဲ့ နေတာကိုတော့ သင်္ခါရ လောကလို့ မှတ်ထားပါ။
ဩကာသလောက
မြေတွေ၊ ရေတွေ၊ အိမ်တွေ၊ ဘုံတွေ၊ တိုက်တွေတာ တွေ ဒါတွေတော့ တည်ရာဌာန သတ္တဝါ တို့၏ တည်ရာ ဌာန ဖြစ်လေ သောကြောင့် ဩကာသ လောကလို့ မှတ်ထားပါ။ လောက ဘယ်နှစ်ပါး ရှိပါလိမ့် (သုံးပါး ရှိပါတယ် ဘုရား)။
လောကသုံးပါးလို့ မှတ်ထားရမယ်၊ အဲဒီလောကသုံး ပါးကတော့ ကိုယ်ကိုယ်တိုင် သိတဲ့ လောကသုံးပါးလို့ အခု ဆရာသမား ပြောလို့ သိရတဲ့ လောကသုံးပါး ဆရာ သမား ဘယ်ကရတုံး?၊ မှတ်ထားတော့၊ လောကဝိဒူ ကိုယ်တော်ကြီးက ပြောထားလို့၊ လောက သုံးပါး သိတာ။
လောကဝိဒူဆိုတာ
ဒါကြောင့် ဘုရားရှိခိုးတဲ့အခါကျတော့ လောကဝိဓူ လောကဝိဓူ လို့ ပါကြတာ၊ အဲဒီ လောကဝိဓူ ဆိုတာ လောကက လောကသုံးပါးကို ဆိုတာ၊ ဝိဓူက သိတာ၊ အဲဒါ ကြောင့် သူ့ကို လောကဝိဓူ ဆိုတဲ့ ဂုဏ်ပုဒ်ကြီး ရတာ၊ ဒီပြင်လူ ဘယ်သူမှ မသိဘူး။
ခုပြောနေကြတာက သူပြောတာကို မှတ်ပြီး သကာလ နောက်ယောင်ခံပြီ သိနေကြတဲ့ အသိ၊ ရှေးဦးစွာ သိတာကတော့ သူတစ်ယောက်တည်း သိတာ၊ ဒါဖြင့် သူ့ကို လောကဝိဒူ ဆိုတဲ့ ဂုဏ်ပုဒ် ကြီးဟာ သူရထိုက်တဲ့ ပုဂ္ဂိုလ်ပဲလို့ မှတ်ထား ကြပါ။
အဲဒီ လောကဝိဓူကိုယ်တော်ကြီးက မင်းတို့ကွာ သင်္ခါရလောက ဆိုတာလည်း ဖြစ်လိုက် ပျက်လိုက်ကို ဆိုတာ၊ ဩကာသ လောက ဆိုတာလည်း ကမ္ဘာပျက် အကုန်ပါသွား တာပဲ၊ သတ္တ လောက ဆိုတာ ခဏ ခဏ မသာပို့ နေရတာ သတ္တလောက၊ ဘယ်လောကမှ မကောင်းပါဘူးကွာ။
ဘယ်လောကမှ မကောင်းဘူး
ဘယ်လောကမှ မကောင်းပါဘူး၊ လောကဟူသည်မှာ သင်္ခါရလောက ကလည်း ဖြစ်လိုက်၊ ပျက်လိုက်၊ သြကာသ လောက ကလည်း ကမ္ဘာမီးလောင် ပြောင်တာပဲ၊ နတ်ဘုံတွေ ရော၊ မြင့်မိုရ် တောင် တွေရော၊ တိရစ္ဆာန် တွေနေတဲ့ ရေတွေ ရော အကုန် ဟာလာ ဟင်းလင်း ဖြစ်သွား တာပဲ၊ သတ္တလောက ဆိုတာကတော့ ခဏ ခဏ မသာပို့၊ ခဏ ခဏ မွေး၊ ခဏ ခဏ သေ၊ သတ္တဝါ တွေသေလို့ မသာချရတာနဲ့ ဒါကြောင့် မသာချတဲ့လောက က သတ္တလောကလို့ မှတ်ပါ။
ခဏခဏဖြစ်ပြီး ခဏခဏပျက်နေ၊ ဉာဏ်နဲ့ကြည့်မှ မြင်တာကတော့ သင်္ခါရလောက လို့မှတ်လိုက် တာပဲ ကမ္ဘာပျက်တော့ ပြောင်သွားတဲ့ ဘုံနန်းတွေ၊ မြေကြီးတွေ တောတောင် သမုဒ္ဒရာတွေ၊ ဒါတွေဟာ ဩကာသ လောကလို့ မှတ်လိုက်တာပေါ့၊ ဒီလောက သုံးပါးကို ဘယ်သူ ပြောလို့ အခုတရားထဲမှာ ထည့်ဟောနိုင်သတုံး မေးလို့ ရှိရင်ဖြင့် လောကဝိဓူက ပြောလို့သိတာ။
လောကဝိဓူဆိုတော့ ဒီ ဒကာ ဒကာမတွေက မသိ ဘူး၊ လောကက လောကသုံးပါးကိုဆိုသည်၊ ဝိဓူက သိသည်၊ အဲဒီ သိတဲ့ ပုဂ္ဂိုလ်က ဟောတာ၊ ကိုယ့်အလိုဖြင့် ဘယ်လောက မှမသိဘူးဆိုတာ မှတ်ထားပါ (တင်ပါ့ ဘုရား)။
လောကပြင်ဘက်ထွက်မှ နိဗ္ဗာန်ရမည်
အဲဒီလောကသုံးပါးက သင်္ခါရလောကကလည်း ထွက်မှဖြစ်မှာ၊ ဩကာသ လောကကလည်း ကမ္ဘာမီးလောင် ပြောင်လို့၊ အသေလွတ်ချင်လို့ရှိရင် သူကလည်း ထွက်မှရ မယ်၊ သတ္တလောက ဆိုတဲ့ သတ္တဝါကလည်း ခဏခဏ မသာပို့ နေရလို့၊ ခဏ ခဏ ဆေးသမား ခေါ်နေရလို့၊ သတ္တဝါဖြစ်ရ တာလည်း ဆေးသမားနဲ့ မသာ ပို့ရတာနဲ့၊ တောင်ဝှေးထောက် မျက်မှန် စွပ်နေရတဲ့ သတ္တဝါ တွေဟာလည်း သတ္တ လောကလို့ ခေါ်တယ်၊ အဲဒီလောကထဲ ကလည်း ထွက်မှပဲ၊ ဒုက္ခကျွတ် မှာပဲ။
သင်္ခါရလောက ကလည်း ဒုက္ခသစ္စာပဲ၊ သူကလည်း ထွက်မှပဲ၊ ဩကာသ လောက ကလည်း နောက်ဆုံးပိတ် ပျက်စီး ခြင်း လမ်းဆုံး သွားတာပဲ၊ သူလည်း ဒုက္ခသစ္စာပဲ။
ဒါဖြင့် လောကသုံးပါးက မထွက်နိုင်သေးသ၍ ကာလပတ်လုံး ဒကာ ဒကာမတွေမှာတဲ့၊ နတ်ဘုံတက်လိုက် ပြန်တော့ ဩကာသလောက ကြိုက်တယ်၊ လူ့ဘုံ တက်လိုက် ပြန်တော့ ဩကာသလောက ကြိုက်တယ်၊ ငါးက ရေကြိုက် လိုက်ပြန်တော့ ရေက ဩကာသလောက၊ ပုရွက်ဆိတ် မြေ ကြိုက်ပြန်တော့လည်း မြေက ဩကာသလောက၊ သြကာသ လောက ကလည်း တော်ကြာ ပြောင်တာပဲ။
နေတွေများ နှစ်စင်း၊ သုံးစင်း၊ ငါးစင်းလောက်ထွက် တယ်ဆို ပြောင်သွားတာ၊ ဘာမှ မကျန်တော့ဘူး။
အဲတော့- ဒီလောက သုံးပါးထဲမှာ ဘယ်နေရာနေလို့ ခိုကိုးရာ၊ မှီခိုရာ၊ အားထားရာ ဖြစ်ပါ့ မလဲလို့ မရှာပါနဲ့ဆိုတာ ဒီနေ့ည တရားက ပိတ်ပင် လိုက်တယ်၊ လောကသုံးပါးကို မရှာနဲ့ (တင်ပါ့ ဘုရား)။
လောက ရှာလို့ ရှိရင်ဖြင့် ဘယ်လောကဖြင့် ကောင်းတယ်လို့ ထင်မှတ်မှားလို့ ရှိရင်ဖြင့် ပျက်စီးပွဲနဲ့ နွှဲရမှာပဲ လို့ မှတ်ရမယ်။
မြတ်စွာဘုရားကတော့ လောကထဲနေပေမဲ့
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လောကထဲနေငြသော်လည်း ငါလောကနဲ့ မရောဘူးကွ၊ လောကထဲ နေငြား သော်လည်း ငါ လောကနဲ့ မရောဘူး၊ သူများငိုလို့လည်း ငါ့ငိုစရာ မရှိဘူး၊ သူများ ပျက်စီးသလိုလည်း ငါ့ပျက်စီးစရာ မရှိဘူး၊ ဒီတစ်ခါ ပျက်ပြီး နောက် ပျက်စရာ မရှိတော့ဘူး၊ ဩကာသ လောကထဲလည်း ငါလွတ်သွားပြီ၊ ဘယ်ကမ္ဘာပျက်မှ ငါမပါတော့ဘူး။
ဘယ်မသာမှလည်း ငါ့ကိုနာမည်တပ်ပြီး ဆိုင်းဘုတ် ဆွဲပြီး ချစရာ မရှိတော့ဘူး၊ ဘယ်ရုပ်နာမ်မှ မရှိလို့ သင်္ခါရ လောက အောက်မှလည်း ငါထွက်သွားပြီး ဆိုသဖြင့် လောက ပြင်ဘက်ကို ဒီဒကာ ဒကာမတွေ မထွက်နိုင်သ၍ ကာလပတ်လုံး၊ ဘယ်လောက မဆို ဒုက္ခလမ်းဆုံးတယ်လို့ မှတ်ထား လိုက်လို့ရှိရင် ဪ- တို့ကလည်း ဖျင်းလိုက်တာ၊ လူလောက မကောင်း၊ နတ်လောက ပြောင်း၊ လောက ဟူသ၍ဟာ ပျက်စီးခြင်း လမ်းဆုံးတယ်။
ဘယ်ကလာ တို့က အကောင်းရှာ နေသလဲ ဆိုတော့ ဪ- မျက်စိလည်တဲ့ ပုဂ္ဂိုလ် လမ်းမှားတဲ့ ပုဂ္ဂိုလ်မို့ ချောက်ကျ တာပဲလို့ မှတ်ရမယ်၊ လောကသုံးပါးမှာ ဘယ်လောကမှ မရှာ ပါနဲ့၊ ဘယ်လောကမှ အန္တရာယ်ကင်းလို့ ဘေးရှင်းတာ မရှိဘူး ဆိုတာ အစ်မတို့ မှတ်ထားရမယ်(မှန်လှပါ ဘုရား)။
နိုင်ရာစားဘဝ
အဲတော့- လောကဝိဓူက ပြောလို့ သိတယ်လို့ မောင်ချစ်ဆွေက မှတ်ကွ (တင်ပါ့ ဘုရား)၊ လောကဝိဓူက သာ မပြော ခဲ့ပါဘူးလို့ ဆိုလို့ရှိရင် ငှက်ကလေးတွေလို ဖြစ်နေကြလိမ့်မယ် ငှက်ကလေးတွေ ကောင်းကင်မှာ ကလေးတွေက သားရေ ပတ်လေး လေးတွေနဲ့ ပစ်လိုက်တဲ့ အခါ ချုံထဲ ပြေးတယ်၊ ချုံထဲမှာ ကျတော့ ချုံကလည်း ဩကာသလောကပဲ၊ အဲဒီချုံထဲလည်း သေနိုင်တာပဲ။ သူ့ဖမ်းစားမဲ့ သတ္တဝါတွေက ရှိနေတယ်၊ ဒီက ပစ်လိုက်တဲ့ လက်နက်နဲ့ မသေလည်း ဟိုမှာ သူ့လာတဲ့ အချိန် ဖမ်းစားမဲ့ သတ္တဝါတွေက ရှိနေတယ်။
နိုင်ရာစားတွေက ရှိနေတော့ တစ်လောကက တစ် လောက ပြောင်းလိုက်ရင် သေပွဲရှိတာပဲ၊ ဒါကြောင့် သြကာသ လောက ပြောင်းလည်း သေပွဲ နွှဲရတယ် ဆိုတာ မှတ်ရမယ် (တင်ပါ့ ဘုရား)။
သင်္ခါရလောက ပြောင်းချင်ရင်ကော (သေပွဲသာ နွှဲရမှာပါ ဘုရား)၊ ဒါပဲရှိတာပဲ၊ သတ္တလောက လူသတ္တဝါမှ အသက်ရှည်တယ်၊ ဗြဟ္မာ သတ္တဝါတွေများ ကမ္ဘာပေါင်း ရှစ်သောင်း လေးထောင်၊ အသက် ရှည်တယ် ဆိုပေမယ့်လည်း၊ သင်္ခါရလောက နယ်ကျတော့၊ မျက်စိတစ်မှိတ်မှာ ရုပ်ဖြင့် ကုဋေ ငါးထောင်ကျော် ပျက်ရဲ့၊ နာမ်ဖြင့် ကုဋေတစ်သိန်းပျက် ရဲ့၊ သင်္ခါရလောက ကျတော့ မထူးတော့ဘူး။
ဘယ်လောကမှ မပြောင်းပါနဲ့ အတူတူပဲ
ဒါဖြင့်- ဘယ်လောက ပြောင်းရ၊ ရွှေ့ရ၊ နေရထိုင်ရ လို့ရှိရင် သင့်မြတ်ပါ့မလဲ ဆိုတဲ့ စိတ်ကူးဟာ ယနေ့ည ဖျောက် ရမယ်(တင်ပါ့ ဘုရား)၊ ဘယ်လောကမှ မပြောင်းပါနဲ့ ဆိုတာလည်း သတိပေး လိုက်တယ်။
ပေးချင်လို့ ပေးရတာလား ဆိုတော့ လောက၏ အကြောင်း ကောင်းကောင်း သိလို့ ပေးတယ် လို့ မှတ်ထားလိုက် စမ်းပါ၊ လောက၏ အကြောင်း ကောင်းကောင်း သိတဲ့ ကိုယ်တော်ကြီးက ပြောလို့ ခင်ဗျားတို့နည်းရပြီ။
ေဩာ် ဒကာ ဒကာမတွေက လောကထဲမှာ အောက် တန်း မနေချင်ပါဘူး၊ ရှေ့တန်းက နေချင် ပါတယ် ဆိုပြီး သူ ဩကာသလောက ထဲ ပြောင်းတာပဲ ပြောင်းပင် ပြောင်းငြား သော်လည်း သူပြောင်းတဲ့ နေရာက အန္တရာယ်ကင်းလို့ ဘေး ရှင်းသလားလို့ မေးတော့ အတူတူပဲ (မှန်ပါ ဘုရား)။
ဒီမှာလည်း ဝေဒနာရတာပဲ၊ ဟိုမှာလည်း ဝေဒနာရ နိုင်တာပဲ၊ ဟိုမှာလည်း သေနိုင်တာပဲ၊ ဒီမှာလည်း သေနိုင် တာပဲ၊ ဒီ ဒိဋ္ဌိချည်း ပြောင်းနေကြတာလို့ မှတ်လိုက်ကြပါ (တင်ပါ့ ဘုရား)၊ ဩကာသလောက ဘုံပြောင်းနေကြတာ (တင်ပါ့ ဘုရား)။
သို့သော် ပုထုဇဉ် တဏှာကတော့ မသိရှာတော့ ဟိုမှာလည်း ရှုပ်ရှုပ်ရှက်ရှက်နဲ့ နားမချမ်းသာဘူး (တင်ပါ့ ဘုရား)၊ ဒီမှာ နားချမ်းသာတယ်၊ ဟိုမှာ နားမချမ်းသာတဲ့၊ ဒုက္ခဝေဒနာ လည်း ပျက်တယ်၊ ဒီမှာ နားချမ်းသာတဲ့ သုခဝေဒနာလည်း (ပျက်တာပါပဲ ဘုရား)။
ဟိုဘက် သင်္ခါရလောက လည်းပျက်တာပဲ၊ ဟိုမှာ ရှိတဲ့ သင်္ခါရလောကဆိုတဲ့ ဝေဒနာလည်း ပျက်တာပါပဲ၊ ဒီရောက် လာလည်း နားချမ်းသာတာ ဆိုတဲ့ သုခဝေဒနာ လောက သင်္ခါရလောက ကလည်း ပျက်တာပဲ။
အလကား ရသေ့စိတ်ဖြေ လှည့်ပြေး နေတာပဲရှိ တယ် ချမ်းသာစစ် ရှာတတ်လို့ ရှာတဲ့ သဘော မဟုတ်ပါ ဘူး ရှင်းကြပလား(ရှင်းပါပြီ ဘုရား)။
ရွှေ့ချင်တဲ့ဆီရွှေ့ ဒီဩကာသ လောက ဆိုတဲ့ ဘုံ တွေကို လယ်ယာဌာန အိမ်ရာ ထိုင်ခင်း တွေကို ပြောင်းချင် တဲ့နေရာပြောင်း၊ ဒီသင်္ခါရလောက ကြီးက ပျက်လျက်ပဲ။ ဩကာသ လောကက လည်းပျက်မှာပဲ၊ သတ္တလောကက လည်း မသာချရမှာပဲ။
အဲတော့- ဘယ်နေရာပြောင်းရ ရွှေ့ရရင် ကျုပ်တို့ တော်ပါ့မလဲ ဆိုတဲ့ဥစ္စာ၊ လောက သုံးပါးထဲမှာ မရှာနဲ့လို့ ပိတ် ပင်တယ်၊ နားလည်ကြပလား (နားလည်ပါတယ် ဘုရား)။
လောကသုံးပါးတော့ (နားလည်ပါတယ် ဘုရား)။ ဘယ်နေရာမ ှတော်လိမ့်မယ် ဆိုတာကို အောက်မေ့ပြီး သကာ လ အရှာမလွဲပါနဲ့ဆိုတာ သတိပေး လိုက်တယ်၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။
ဟိုနေရာ အိမ်ဆောက်၊ ဒီနေရာ အိမ်ဆောက်၊ ဟိုနေ ရာမှ အကျိုးပေးတယ်၊ ဒီနေရာမှ အကျိုး ပေးတယ်၊ အလကား ပြောနေတာ၊ ဟိုနေရာမှာ ဩကာသ လောကကလည်း ပျက် မှာ၊ သင်္ခါရ လောက ဆိုတဲ့ ရုပ်နာမ်တွေကလည်း ပျက်မှာ သတ္တလောက ဆိုတဲ့ ခန္ဓာကြီးကလည်း ဟိုနေရာလည်း မသာ ပို့ရတယ်၊ ဟိုနေရာလည်း သေနိုင်တာပဲ၊ ဒီနေရာလည်း သေ နိုင်တာကြောင့် မသာလောင်း ရှိရင် ဖြစ်နိုင်တာချည်းပဲ (တင်ပါ ဘုရား)။
လောကနားမလည်တဲ့ပုဂ္ဂိုလ်
ဒါဖြင့် ခင်ဗျားတို့ ပြောင်းကြရွှေ့ကြ နေကြထိုင်ကြ ဒီနေရာဘာဖြစ်တယ်၊ ဟိုနေရာ ဘာမဖြစ်ဘူး ဆိုတာ၊ ဒီနေရာ က မြေခံ မကောင်းဘူး၊ ဟိုနေရာက မြေခံကောင်းတယ်၊ ဒီ နေရာက အပေါင်း အသင်း မကောင်းဘူး၊ ဟိုနေရာက အပေါင်းအသင်း ကောင်းတယ် ဆိုတာ ေဩာ်- လောကနား မလည်တဲ့ ပုဂ္ဂိုလ်တို့၏ စခန်းသွားနေတဲ့ လမ်းစဉ်ပါလားလို့ မောင်ချစ်ဆွေ က မှတ်ရမယ် (တင်ပါ ဘုရား)။
အစ်မတို့ ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)၊ လောက နားမလည်တဲ့ ပုဂ္ဂိုလ်၏ စခန်း သွားနေတဲ့ အလုပ်စဉ် တွေ မှတ်ရမယ် (တင်ပါ ဘုရား)။
နားမလည်တော့ ဟိုနေရာကောင်းနိုးနိုး၊ ဒီနေရာ ကောင်းနိုးနိုး၊ ဟိုလူနဲ့ပေါင်း ကောင်းနိုးနိုး၊ ဒီလူနဲ့ပေါင်း ကောင်းနိုးနိုး၊ ပေါင်းချင်တဲ့ လူနဲ့ပေါင်း၊ မသာနဲ့ တွေ့ရမှာပဲ။ ပေါင်းတဲ့ ပုဂ္ဂိုလ်၊ အပေါင်းခံတဲ့ ပုဂ္ဂိုလ်က မသာပဲ၊ ပေါင်းတဲ့ ပုဂ္ဂိုလ်ကလည်း ဒီပုဂ္ဂိုလ် ဒီအချိုးပဲ။
လောကကြီးထဲလှည့်ပြေးနေတယ်
ဒီလောကတွေထဲ ပြောင်းနေလို့ထူးဦးမှာလား တစ်ဘုံနဲ့တစ်ဘုံ ပြောင်းလဲ (မထူးပါဘူး ဘုရား) ဒါဖြင့် လောကကြီးထဲ လှည့်ပြေးနေတဲ့ ဥစ္စာဖြင့် ေဩာ် ဒီဒကာ ဒကာမတွေ လောကကြီးထဲပဲ လှည့်ပြေး တတ်တယ် လောကအပြင်ဘက် ရှာမှမရှာတတ်တော့ သေရွာ ပြောင်းတာနဲ့ အနာရကြလို့ ပြောင်းတာနဲ့ ဒါပဲရှိတာ ပဲ။
ဟိုနေရာက ဒီအနာမပေါက်ဘူး ဒီနေရာတော့ ဒီအနာသာ ပေါက်တယ် ဟိုအနာမျိုးမရှိဘူး အစရှိသည် နဲ့ ဖြစ်နေတဲ့ဥစ္စာ ဒီခန္ဓာကြီးက သင်္ခါရလောက ခန္ဓာကြီး ပျက်နေတော့ ဘယ်နေရာမှ မျက်စိတစ်မှိတ် အသက်ရှည် တယ်လို့ မရှိဘူး။
လောကသိတဲ့ဉာဏ်မရလို့
ဟိုနေရာလည်း ဖြစ်လိုက် ပျက်လိုက် ခဏပဲ ဒီနေရာလည်း ဖြစ်လိုက် ပျက်လိုက် ရုပ်နာမ် ကတော့ဖြင့် ဘယ်ရွေ့သွားသွား ထူးကြသေးရဲ့ လား (မထူးပါဘူး ဘုရား)။
ဒါဖြင့် လောကကြီးထဲ ဟိုနေရာ ကောင်းနိုးနိုး ဒီနေရာ ကောင်းနိုးနိုး ပြောနေတာ ဘာပါ လိမ့်မလဲ ဆိုတော့ လောကဝိဓူ လောက သိတဲ့ ဉာဏ်မရလို့ပဲ နားလည် ကြပလား (နားလည် ပါတယ် ဘုရား) ဘာဉာဏ် မရလို့တုံး (လောကသိတဲ့ ဉာဏ်မရလို့ပါ ဘုရား)။
နွားခြံထဲကနွားလို့
နေရာရွှေ့ကြ ဘုံပြောင်းကြ ခန္ဓာကိုယ် အမျိုး မျိုး အဖုံဖုံပြုပြင်ကြ ဘယ်လိုပြုပြင်၊ ပြုပြင် ဒီထဲ လှည့်ပြေး နေတော့ နွားခြံထဲမှာ သတ်မလို့ ဖမ်းတဲ့ နွားဟာ ခြံလှောင်ပြီးသား ဖြစ်နေတော့ သူပြေးနိုင် ခြံတစ်ပတ်ပဲ ပြေးနိုင်မှာပဲ တော်ကြာ နွားသတ်သူ လက်ထဲကို ရောက်မှာပဲ နွားခြံထဲ လှောင်ထားတာ သတ်မလို့ လှောင်ထားတာ သတ်ခါနီး ဖမ်းတဲ့ဥစ္စာ ကျတော့ သူကြောက်လို့ ပြေးငြား သော်လည်း ဒီခြံ တစ်ပတ် အပြင် ပြေးနိုင်ရဲ့လား (မပြေးနိုင်ပါဘူး ဘုရား)။
ဒီမှာ ဟိုပြောင်း ဒီပြောင်း ပြောင်းကြသော်လည်း ခြံတစ်ပတ်ပဲ ပြေးနိုင်တာပါ ဒီပြင် ပိုပြေး နိုင်သေးရဲ့လား (မပြေးနိုင်ပါဘူး ဘုရား)။
အဲဒါကြောင့် လောကကြီးထဲမှာဖြင့် ပြောင်းရွှေ့ပြီးနေလို့ အန္တရာယ်ကင်း၊ ဘေးရှင်းမဖြစ်ဘူး ဆိုတာ ယနေ့ည-တရားမှာ မှတ်ရမယ်။
လောကပြင်ဘက် ပြေးနိုင်တဲ့ ပုဂ္ဂိုလ်ဖြင့် အန္တရာယ်ကင်း ဘေးရှင်းဖြစ်လိမ့်မယ် လောကကြီးထဲ လှည့်ပြေးနေတဲ့ ပုဂ္ဂိုလ်ဖြင့် လောကသုံးပါးထဲ လည်ပြေးနေတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့လို့ရှိရင်ဖြင့် ေဩာ် မသာမြှုပ်ရာ ဌာနရှာတာ တစ်မျိုးပဲသာမှတ် ရမယ် သဘောပါပလား (ပါပါပြီ ဘုရား)။
လောကကြီးထဲ လှည့်ပြေးနေတဲ့ ပုဂ္ဂိုလ်ကတော့ ဟိုနေရာ ကောင်းနိုးနိုး ဒီနေရာ ကောင်းနိုးနိုး ဆိုတာက ကိုယ့်မြှုပ်ရာ တွင်းရှာတာနဲ့ အတူတူပဲ (တင်ပါ ဘုရား)။
ဒါ သေချာဉာဏ်နားနဲ့ ထောင်မှ ဟိုနေရာမှ ကြိုက်တယ် ကျုပ်က ဒီနေရာတော့ မကြိုက်ဘူး ဆိုတဲ့ အသွားတွေဟာက လောက နားမလည်တဲ့ ပုဂ္ဂိုလ်၏ အသွား တွေ ရိပ်မိပလားကွ (ရိပ်မိပါပြီ ဘုရား)။
သူ့စိတ်သူ၊ ရသေ့စိတ်ဖြေလုပ်နေတာ
အဲဒါကြောင့် ဆရာကောင်း သမားကောင်း အသိဉာဏ်ပေးတဲ့ ပုဂ္ဂိုလ်၏အကြောင်း မသိ ကျတော့ ကို ဘုန်းကြီး ဖြစ်စေ လူဖြစ်စေ ဒီကျောင်းက ခိုက်သလိုလို ဒီအိမ်က ခိုက်သလိုလို ခုမှပဲ အန္တရာယ် ကင်းသွားသလိုလို အပြီးသတ်တော့ ဘာမှ သူတို့က ခိုက်တာ မဟုတ်ဘူး လောကကြီးထဲ လျှောက် ပြေးနေတဲ့ ပုဂ္ဂိုလ်မို့ အထင်လွဲ အမြင်လွဲနဲ့ သူ့စိတ်ကိုသူ ရသေ့စိတ်ဖြေ လုပ်နေတယ်လို့ မှတ်ရမယ်(တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ရသေ့စိတ်ဖြေ လုပ်နေတာမှ တစ်ပါး ဘာများ သူ့မှာ အမြတ်အစွန်း ထွက်သေးတုံး (ဘာမှ မထွက်ပါဘူး ဘုရား) ခုနက စိတ်ဓါတ်ပြင်းပြင်းနဲ့ ဟန်စွယ်မာန်ဆွယ် လုပ်နေတဲ့ အခါကျတော့ မြေရွေး သွားတာနဲ့ တယ်တူတာပဲ ဒီနေရာဖြင့် မသေချင်ဘူး ဟိုနေရာဖြင့် သေမယ်ဆိုတဲ့ အဓိပ္ပာယ်မှတစ်ပါး ဘာမှမရှိတော့ဘူးဆိုတဲ့ အဓိပ္ပါယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲဒါဖြင့် ယနေ့ည လောကအကြောင်း ကောင်း ကောင်းသိပြီ (သိပါပြီ ဘုရား) လောက အကြောင်း ကောင်းကောင်း သိတော့ကို အင်း-လောကဖြင့် ဘယ်လောကမှ အကောင်း မရှိပါလား အဆိုးချည်းပါလား ဆိုတာ ပေါ်သွားတယ် (တင်ပါ ဘုရား)။
တို့သည် ရှာခြင်းရှာရင် လောက အပြင်သာ ရှာတော့ မယ်ဟေ့ လောကကြီးထဲ အကောင်း မရှိတာ ယနေ့ည ကောင်းကောင်း သိပြီ လောကသုံးပါးထဲမှာဖြင့် အသေလွတ် ဆင်းရဲလွတ် မရှာလေနဲ့ မရှိတဲ့အထဲ ရှာတာနဲ့ တူတယ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
မရှိတဲ့အထဲရှာရင် ဘာရမတုံး (ဘာမှမရပါဘူး ဘုရား) လောကကြီးထဲ လျှောက်ရှာ နေတာဟာ ဘာများ ရမတုံးလို့ မေးလိုက်တော့ နောက်ဆုံးပိတ် စကား ပြောလိုက်တော့ ကိုယ်မြှုပ်ရာ နေရာမှတစ်ပါး အသေ လွတ်တော့ မဖြစ်နိုင် (တင်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
လောကအပြင်ရောက်တဲ့ပုဂ္ဂိုလ်ဖြစ်ပါစေ
ဒါဖြင့် လောကဝိဓူဖြစ်အောင် မင်းတို့ ယနေ့ည ဟောနေတာပဲ (တင်ပါ ဘုရား) လောကကြီး သိတဲ့ ပုဂ္ဂိုလ်၊ လောက က လောက သုံးပါး၊ ဝိဓူက- သိတာ လောက သိတဲ့ ပုဂ္ဂိုလ်တွေထဲ အပါအဝင် ဖြစ်ပါစေတော့ ဆိုတော့ နိဗ္ဗာန်သွားတဲ့ လောကအပြင်ဘက်မှာ ရောက်နေတဲ့ ပုဂ္ဂိုလ်တွေထဲသို့ အပါအဝင် ဖြစ်ပါစေတော့ ထွက်ပါစေတော့ အရှာဖြင့် မလွဲပါစေနဲ့ ရယ်စရာကြီးဖြင့် မလုပ်ပါစေနဲ့၊ ရသေ့စိတ်ဖြေ ဆိုတဲ့အလုပ်ကို အဟုတ်ကြီး သကာလ ထင်ပြီးတော့ မနေပါစေနဲ့ဆိုတဲ့ အသွားနဲ့ ယနေ့ည ဒီတရား ဟောတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘယ်နေရာ ဘယ်ဌာန ရောက်မှ တော်ပါ့ မလဲ ဆိုတဲ့အခါကျတော့ လောကအပြင်ဘက် ရောက်မှပဲ လောကဒဏ်ချက် လွတ်တော့မယ် လောက အပြင် ဘက် မရောက်သေးရင် လောက ဒဏ်ချက်ကဖြင့် (မလွတ်သေးပါ ဘုရား)။
လောကဓံတရားရှစ်ပါး
ဒါကြောင့် လောကဓံတရား ရှစ်ပါး (တင်ပါ ဘုရား) လောကထဲ နေတဲ့ပုဂ္ဂိုလ် ဒီရှစ်ပါး သိရမယ် “နိန္ဒံ ပသံသံ သုခံ ဒုက္ခံ လာဘော အလာဘော ယသော အယသော” တစ်ခါတလေ ရတာလည်း ရှိတယ် တစ်ခါ တလေ မရတာလည်း ရှိတယ် တစ်ခါတလေ လာဘ် ဝင်တာလည်း ရှိတယ် လာဘ် မဝင်တာလည်း ရှိတယ် တစ်ခါတလေ အခြံအရံ များတာရှိတယ် တစ်ခါတလေလည်း အခြံအရံ မများဘူး။
တစ်ခါတလေ ကဲ့ရဲ့ခြင်းခံရတယ် တစ်ခါတလေ သူများတွေ ချီးမွမ်းခြင်းခံရ တစ်ခါတလေ သုခချမ်းသာ နေရင်းနဲ့ တစ်ခါတလေ ဒုက္ခနဲ့ သေပွဲ ဝင်ကြရတယ်။
ဒါဖြင့် လောကထဲမှာ ဘယ်လောကထဲ နေနေ ဒီရှစ်ခုသော ဒဏ်ချက်က မလွတ်တမ်းခံရမှာပဲ (တင်ပါ ဘုရား)။ ဒါဖြင့် ဘယ်လောက ကြိုက်ကြတုံး (ဘယ်လောကမှ မကြိုက်ပါဘူး ဘုရား)။
လောကပြင်ဘက်ရောက်မှလွတ်မယ်
ဘယ်လောကထဲနေနေ ရှစ်ချက်သော ဒဏ်ချက်နဲ့ အသက်ထွက် ရမယ် ဆိုတာ သေချာ မှတ်ရမယ် လောက ထဲ နေမိလို့ ရှိရင် ဒဏ်ရှစ်ချက် သင့်လိမ့်မယ် ဆိုတာဖြင့် အစ်မ ပေါ်သွားပြီ (ပေါ်ပါတယ် ဘုရား)။
ဒါဖြင့် လောကအပြင်ဘက်မှာမှပဲ ဒဏ်ရှစ်ချက် လွတ်တော့မှာပဲ လောကဓံရှစ်ပါး လွတ်မှာကိုး (တင်ပါ ဘုရား) လောကပြင်ဘက်ကို မပြေးနိုင်တဲ့ ပုဂ္ဂိုလ်ဖြင့် ဒီရှစ်ချက် လှည့်ခံရုံပဲ သဘောပါ ကျပလား (သဘော ပါပါပြီ ဘုရား)။
ဒါဖြင့် ကျုပ်တို့ ဒီနေရာ အကျိုးမပေးဘူး ဟိုနေရာမှ အကျိုးပေးတယ် ကျုပ်တို့ ဒီနေရာ ရောက်မှ အားလုံး ပဲ ဖျားကြတယ် ဟိုနေရာရောက်တော့ အန္တရာယ် ကင်းကြတယ် ဒီထဲပြေးနေပြီး သကာလ ဒီဖြစ်ပျက်က အမြဲ ရိုက်နေတဲ့ ဥစ္စာကို ဘယ်နေရာက အရိုက်လွတ်မှာတုံး လောကထဲ နေတဲ့ဥစ္စာ (ဘယ်နေရာမှ အရိုက်မလွတ်ပါ ဘူး ဘုရား)။
လောကဝိဒူဉာဏ်ကိုမရလို့ ဖြစ်
ဘယ်နေရာမှ အရိုက် မလွတ်တာကို ပင်လျှင် တောင် ပြောမြောက်ပြောနဲ့ လောက နားမလည်လို့ လောက ဝိဓူ ဉာဏ်ကို မရလို့ တောင်ပြော မြောက်ပြော ပြောနေ တာ (တင်ပါ ဘုရား) ရှင်းရဲ့ လားကွ (ရှင်းပါတယ် ဘုရား)။
လောကကြီး အကြောင်း နားမလည်တာနဲ့ တောင် ပြောမြောက်ပြော နေတာပဲ ဒါကြောင့် ပုထုဇဉ်တို့ ပြောနေတဲ့ စကားဟာဖြင့် အရူးစကားပဲလို့ ဆုံးဖြတ် ချက်ချပါ တစ်လုံးမှ အမှန်မပါဘူး တချို့များအိမ်ထဲ ဆင်းတဲ့အခါကျတော့ မြေတွေများ ထွန်သွားတွေနဲ့ လှန်ကြ သေးရဲ့လား ဒီလောက ကလည်း ပျက်တတ်တဲ့ လောက ပဲ ဒီနေရာမှာ နေရင် ဒီနေရာမှာ အသက်ဆုံးရှုံးမှာပဲ မလှန် လှန်လှန် ထူးသေးရဲ့ လား (မထူးပါဘူး ဘုရား)။
လူကြီးမိုက် မိုက်နေတာ
သို့သော် လောက အကြောင်း နားမလည်တဲ့ ပုဂ္ဂိုလ် ကတော့ လောကကြီးထဲ နေရင် ဖြစ်မှု ပျက်မှု လောကဓံ ရှစ်ချက်နဲ့ အသက်ထွက်မှု ဝိညာဏ်ချုပ်မှု ဒါပဲ ရှိတယ် ဆိုတာ မသိတော့ လောကကြီး သူတို့က ရသေ့စိတ်ဖြေ လှည့်စားတယ် ကလေး အငိုတိတ်အောင်လို့ ပြောတဲ့ စကားမျိုး ဖြစ်နေတယ် အဲဒီလောက် ကျအောင် လူကြီး မိုက် မိုက်နေကြတာဟာ ဘာဖြစ်လို့ ဒီလောက် ကျအောင် အမိုက်ကဲ ရပါသလဲဆိုတော့ လောကဝိဓူ လောကကြီး ကိုသိတဲ့ ဝိဓူကသိတာ လောက က လောက လောက သိတဲ့ဉာဏ်မရတာနဲ့ မိုက်တွင်း နက်နေတာလို့ မှတ်ရမယ်။
(ကလေးငယ်ငယ် လူကြီးတွေကလည်း အစဉ် လျှောက်ပြီးဆုံးမထားတာပါ ဘုရား)
အဲဒါ လောကဝိဓူမှ မဟုတ်ပဲကို လောကဝိဓူ မဟုတ်တော့ကို မျက်လုံးကန်း က တောင်ဝှေးဆွဲ
မျက်လုံးတစ်ဘက်မမြင်တဲ့ ပုဂ္ဂိုလ်က တောင်ဝှေးဆွဲ စုံလုံးကန်က နောက်ကလိုက် ဆိုတော့ဖြင့် ဒီအသွားမှ တစ်ပါး ဒီဥပမာမှတစ်ပါး ဘာမှ ပြောစရာမရှိဘူးတဲ့ အကန်း ဆင်ပြသလို ဖြစ်နေတယ်
အကန်းဆင်ပြသလို
အကန်းဆင်ပြတော့ လက်မောင်းကိုင်မိတဲ့သူက ဘူးနွယ်ကြီးနဲ့ တူတယ် ဗိုက်ကိုင်မိတဲ့သူက ဆင်ဆိုတာ စဉ်းအိုးကြီးနဲ့ တူတယ် ပြောချင်ပြောနေမှာ (တင်ပါ ဘုရား)။
အဲဒါတွေ ခေါင်းဆောင် ထားလိုက်တော့ အကန်း ခေါင်းဆောင် ထားတော့ကို နောက်က လူကလည်း မမြင်သေးတော့ ဆင်ဦးစီးလိုပဲ ဒီလို ဖြစ်နေကြတာ။
အဲဒါကြောင့် ဒီလောကကြီးထဲမှာဖြင့် အရူးခေါင်းဆောင်ပြီး အနှမ်း နောက်လိုက် ဖြစ်နေတယ် ဆိုတာတော့ဖြင့် သေချာပြီ လောကဝိဓူ မပေါ်မချင်း အရူးခေါင်းဆောင် အနှမ်းနောက်လိုက် (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
လောကဝိဓူ ပေါ်လာတဲ့ အချိန်လေး မိလိုက်ရင် ဒါ လောကအပြင်ဘက်မှာ လမ်းစ,လေး ပေါ်လာတာပဲ (တင်ပါ ဘုရား)။
လောကဝိဓူ မပေါ်သေးသ၍ ကာလပတ်လုံးဖြင့် အရူးခေါင်းဆောင် အနှမ်း ခေါင်းဆောင်မှ တပါး မောင်ချစ်ဆွေ ဘာမှမရှိဘူး(တင်ပါ ဘုရား)။
ရှေးလူကြီးတွေဆိုတာ
အဲဒါမင်းပြောတဲ့ ရှေးလူကြီးတွေ လောကဝိဓူ မဟုတ်တဲ့ ပုဂ္ဂိုလ်တို့၏ လမ်းကို လောကဝိဓူ မဟုတ်တဲ့ ပုဂ္ဂိုလ် က လိုက်နေတယ် (တင်ပါ ဘုရား) လောကဝိဓူ မဟုတ် တဲ့ ပုဂ္ဂိုလ်က ရှေ့သွား ခေါင်းဆောင် လုပ်တယ် လောက ဝိဓူ မဟုတ်တဲ့ ပုဂ္ဂိုလ်ကပဲ နောက်က လိုက်တယ်။
ဆိုတော့ အနှမ်းနောက်က ဘာလိုက်ပါလိမ့်မတုံး မေးတော့ အနှမ်းနောက်က အမှားပဲ လိုက်တယ် ဒါကြောင့် လောကဝိဓူ ဆိုတာ ဘုရားကို ဆိုသည် အဲ ဒီလောကဝိဓူ ဆိုတာ ဘုရားကို ဆိုသည် အဲဒီဘုရား တစ်ဆူ မပွင့်လာလို့ ရှိရင်ဖြင့် တစ်သံသရာလုံး ငါတို့ ဘယ်လိုများ နေရပါ့ လိမ့်မတုံး တစ်ခါတလေ စုံလုံး ကန်းက တောင်ဝှေးဆွဲ သွားတာနဲ့ စုံလုံးကန်းအဖြစ်နဲ့ သူချောက်တွေ ကျတော့တာပဲ။
တစ်ခါတလေ တစ်ဘက်ကန်းကနေပြီ ဆွဲတာနဲ့ စုံလုံးကန်းတွေလည်း ချောက်တွေကျကြတာ လောကဝိဓူ မလာသ၍ ဒီချောက်နဲ့ ဒီအကန်းနဲ့ဟာ မိတ်ဆွေကြီးပါပဲ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီချောက်နဲ့ ဒီအကန်းဟာ (မိတ်ဆွေကြီးဖြစ်နေတာ ပါ ဘုရား) မိတ်ဆွေကြီး ဖြစ်နေတာပဲ လောကဝိဓူ မပေါ်သေးသ၍ ကာလပတ်လုံး ဒီအတိုင်း သွားနေမှာပဲ။
ချောက်နဲ့အကန်းနဲ့မိတ်ဆွေဖြစ်နေတယ်
ဒါကြောင့် မင်းတို့ လောကဝိဓူ လောကဝိဓူ ဆိုတာ ကြုံကြိုက်ဖို့ အတော် ခဲယဉ်းပါလား တစ်ခါမှ မကြုံဘူး တာနဲ့ ချောက်နဲ့ အကန်းနဲ့ မိတ်ဆွေ ဖြစ်နေတာဟာ ဘယ်လောက် ကြာပြီတုံးလို့ မေးလို့ရှိရင် မရေတွက်နိုင် ဘူးဆိုတဲ့ အဓိပ္ပာယ် အဖြေထွက်ဖို့ ရှိတယ်။
ဒီတစ်ခါ ဖြောင့်ပေးတဲ့ လောကဝိဓူနဲ့ တွေ့ပြန်တဲ့ အခါမှာ အဖြောင့်လိုက်လို့ ရှိရင်ဖြင့် ချောက်နဲ့ မိတ်ဆွေ ကွဲသွားမှာပဲ အဖြောင့် မလိုက်သေးပါဘူး သူများ လည်း ဒီအတိုင်း နေတာပဲ ကိုယ်လည်း ဒီအတိုင်း နေရ မှာ ဘယ်တတ်နိုင်ပါ့မတုံး ဆိုရင်ဖြင့် ဘယ်တော့မှ ဒီချောက်နဲ့ အကန်းနဲ့ဟာ လွတ်ကင်းတော့မှာ မဟုတ်ပါဘူးတဲ့ မိတ်ဆွေ အဖြစ်သာ ဖြစ်နေတော့မယ်ဆိုတာ ယနေ့ ထူးထူး ခြားခြား မှတ်ရမယ် (တင်ပါ ဘုရား)။
လောကနဲ့ငါမရောဘူး
အဲဒါကြောင့် လောကထဲမှာ နေရငြားသော် လည်း လောကနဲ့ ငါမရောဘူးကွ ငါလောကထဲမှာ မွေးတော့ မွေးတာပဲ သူများတွေလို အမေအဖေက မွေးတာပဲ သူများလိုပဲ စားတာ သောက်တာပဲ သို့သော် လောကထဲ အသိတွေနဲ့ ငါ့အသိနဲ့ရောကို မရောဘူး (တင်ပါ ဘုရား)။
ဘာလို့ မရောသတုံးလို့ ဆိုလို့ရှိရင် ငါက ချောက်နဲ့ အကန်းနဲ့ မိတ်ဆွေ အဖြစ်မှ လွတ်သွားပြီ (တင်ပါ့ ဘုရား) ကျန်တဲ့သူတွေက ချောက်နဲ့ အကန်းနဲ့ မိတ်ဆွေ ဖြစ်တုန်း ရှိသေးတယ် ဒါဖြင့် ငါကတော့ ကြာနဲ့ရေနဲ့ မရောသလို ပဲ ရေထဲက ပေါ်ငြား သော်လည်း တစ်ခါတည်း ကြာချပ် ကလေးတွေ ဖြေကာ ဖြန့်ကာနဲ့ ကြည့်လိုက်တဲ့ အခါကျလို့ရှိ ရင် ရေမပါသလို လောကကြီးထဲမှာ မွေးငြား သော်လည်း လောက အပြင်ဘက် ငါရောက်ပြီကွ
ဘုရားက ဝမ်းသာတော်မူရှာတယ်
အကန်းနဲ့ချောက်နဲ့တော့ လွတ်ပြီကွာ ဘုရားက ဝမ်းသာတော်မူ ရှာတယ် ဒီဒကာ ဒကာမ တွေဖြင့် ဒီလောက် ကြီးကျယ်တဲ့ တရားမျိုးကိုလည်း မနာဖူးဘူး၊ ဒီလောက် အသိဉာဏ်မျိုး လုပ်ပေးတဲ့ ပုဂ္ဂိုလ်နဲ့ မကြုံဖူးတော့ ရှေးလူကြီး တွေ ဒီလိုလုပ် သွားတာပဲ ချောက်နဲ့အကန်းနဲ့ တွဲလိုက် ပြန်ပြီ၊ ချောက်နဲ့ အကန်းနဲ့ တွဲလိုက်တာပဲ။
ချောက်နဲ့အကန်းနဲ့တွဲတာကိုပင်လျှင် တစ်ခါတည်း ဘုရားတစ်ဆူ ဂူတစ်လုံးမှတ်ပြီး သကာလ ကျုပ်တို့ဖြင့် ဒါတော့ မစွန့်နိုင်ဘူး၊
ဘာနဲ့ ဘာမစွန့်နိုင်တာတုံး ကျုပ်တို့ ကလည်း အကန်း ဆွဲတဲ့လူကလည်း အကန်း ဒါကြောင့် ကျုပ်တို့နောက်ကျပြီပဲ အဲဒီချောက်နဲ့ အကန်းဟာ ကျုပ် တို့ဖြင့် မခွဲနိုင်ဘူးလို့ ပြောတာပဲ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) အတော်ဆိုးတဲ့ အဖြစ်ပါလားဆိုတာ မပေါ် လာဘူးလား (ပေါ်ပါတယ် ဘုရား)
အဲဒါကြောင့် လောကဝိဓူ တစ်ယောက် ပေါ်ဖို့ လွယ်ကြပါ့မလား (မလွယ်ပါဘူး ဘုရား) မလွယ်ပါဘူး စိတ်ဆင်းရဲ သွားပြီ ကြာလေ ဆင်းရဲလေ ကြာလေ ဆင်းရဲလေ။
ဘုရားဟောတရားတွေ၊ ထိုက်တန်တဲ့လူဆီမှာ သာကျန်တယ်
လောကဝိဓူ ကိုယ်တော်ကြီးကလည်း (၂၅၀၀) သူ့စကားတွေကလည်း ဒီလောက် ကျန်နေရစ်သေး ဒါက အားလုံး အပေါ်ကျန်တာ မဟုတ်တော့ဘူး အားလုံး အပေါ် ကျန်တာ မဟုတ်တော့ဘူး (တင်ပါ ဘုရား)။
ထိုက်တန်တဲ့ လက်ရွေးစင်လေး ပေါ်မှာသာ ကျန်တော့တာ ဒါလည်း ကလျာဏ မိတ္တ ဆိုတဲ့ သူတော်ကောင်းနဲ့ ချဉ်းချဉ်းကပ်ကပ် နီးနီးကပ်ကပ် ဒီလို ဆုံးမတဲ့ ပုဂ္ဂိုလ်နဲ့လည်း တွေ့ဦးမှ မတွေ့လို့ ရှိရင်လည်း လောက ကြီးထဲလျှောက်ပျော်နေတဲ့ တရားတွေနဲ့ တွေ့ရင်လည်း ခက်ဦးမယ် (မှန်လှပါ ဘုရား) ဒီဟာက လောက ဝိဓူမှ မဟုတ်ပဲကို (မှန်ပါ ဘုရား)။
လူ့လောက မကောင်း နတ်လောက ပြောင်းနေလိုက် ကွဆိုတာနဲ့ အတူတူပဲ သို့မဟုတ် သံသရာ ရှေ့အကျိုး ပေးလိမ့်ဦးမယ်ကွ အစရှိသည်နဲ့ ရှေးအပြောတွေ ရှေးအဆိုတွေပေါ့လေ။
အဲဒါတွေ လိုက်နာပြီး သကာလ နေတဲ့အတွက် လောကထဲပဲ လှည့်ပြေးနေတာ သတ်မဲ့ နွားခြံထဲမှာ ပြေးသော်လည်း လွတ်ရိုး ကျွတ်ရိုး မရှိသေးပါဘူး ဆိုတာ မှတ်ရမယ် ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
လောကပြင်ဘက်ထွက်မှ ချမ်းသာမယ်
ဒါဖြင့် လောကအပြင်ဘက်ထွက်မှ အလွတ် ကြီးလွတ်၍ အကျွတ်ကြီးကျွတ်ပြီး အချမ်းသာကြီး ချမ်းသာ လိမ့်မယ်ဆိုတာ ယနေ့ည မှတ်ရလိမ့်မယ် (တင်ပါ ဘုရား)။
လောကအပြင်ဘက် မထွက်နိုင်ရင်တော့ (မကျွတ်ပါဘူး ဘုရား) မရဘူး အဲတော့ ဘုန်းကြီးများက ယနေ့ တိုက်တွန်းပါတယ် ခင်ဗျားတို့ကသာ လောကကြီး ထဲ လိုက်ပျော်မနေနဲ့နော် ခင်ဗျားတို့ လောကကြီးထဲ မိုက်ပြစ် တွေက နောက်က လိုက်တယ် လောကကြီးထဲ မိုက်ပြစ် တွေက နောက်က လိုက်ဖြစ်နေတော့ လောကထဲ လျှောက် ပြေးနေတဲ့ပုဂ္ဂိုလ်ဟာ ဟိုသင်္ခါရ လောကဆိုတဲ့ တရား ကြီးက နောက်ကလိုက် သတ္တလောကက ရှေ့ကပြေး သတ္တဝါက ရှေ့ကပြေး သင်္ခါရ လောကဆိုတဲ့ ကံတွေက နောက်ကလိုက် လွတ်ပါ့မလား (မလွတ်ပါဘူး ဘုရား)။
သူပြေးတာက လောကထဲတင် လှည့်ပြေးတတ်တာ ကို (တင်ပါ ဘုရား) အဲ သတ္တလောက ကပြေး သင်္ခါရ လောက က နောက်ကလိုက် ဗိုင်းခနဲ သေလိုက် ဗိုင်းခနဲ အနာကြီး ရလိုက် ဒီလို မနေပေဘူးလား (နေပါတယ် ဘုရား)။
ေဩာ် လောကပြင်ဘက် မထွက်နိုင်သေးသ၍ ကာလပတ်လုံး သတ္တလောက က လှည့်ပြီး သင်္ခါရ လောကကလည်း သတ်လိုက်ဖြတ်လိုက် သြကာသ လောကကြီးကလည်း မီးလောင်လိုက်နဲ့ ပြေးသာပြေးတယ် ပွဲထဲပြေးသလို ပြေးနေတာကိုးဗျ (တင်ပါ ဘုရား)။
ရန်သူလာလို့ ပြေးကြစို့ ဆိုတော့ ပွဲထဲကလို ဖြစ်နေတာ (တင်ပါ ဘုရား) ဒီပြင်ဘာမှ မထူးဘူး ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား) အဲဒီလောက် ဒကာ ဒကာမတွေက ဆိုးဝါး တယ် မသိမှု များတယ် ဆိုလို့ ရှိရင် ငြင်းဖို့ လိုသေးလား (မလိုပါဘူး ဘုရား)။
လောကအပြင်ဘက်၊ ဘယ်ကနေထွက်ရမှာတုံး
အဲ လောက အပြင်ဘက် ထွက်မှရမယ် ဒါဖြင့် လောက အပြင်ဘက် ထွက်မယ်ကြံတော့ ဘယ်ကနေ ထွက်ရမှာတုံး ဘုရားဆိုတော့ သင်္ခါရလောကကို ကြည့်ပေး ပါ (တင်ပါ ဘုရား) သင်္ခါရလောက ကြည့်ပေးပါ။
သင်္ခါရလောကဆိုတာ ဘာပါလိမ့် ရုပ်နာမ်ကို ဆိုတာ ရုပ်ဆိုတာလည်း ကံ၊ စိတ်၊ ဥတု၊ အာဟာရက လုပ်လို့ ပေါ်လာတာ နာမ်ဆိုတာလည်း နာမ်ဆိုတာလည်း အာရုံဒွါရက တိုက်ဆိုင်ပြီး လုပ်လိုက်လို့ ပေါ်လာတာ အဲဒီပေါ်လာတဲ့ တရားတွေက သူတို့ သူများ ပြုပြင်လို့ ပေါ် လာသောကြောင့် သူ့ကို သင်္ခါရလောကလို့ ဆိုလိုက်တယ်။
အဲဒီ သင်္ခါရလောက ကလေး၏ သူ့ဖြစ်စဉ် အလိုက်ကို အစအဆုံး ကြည့်ပေးပါ (တင်ပါ ဘုရား)
သူ့ဖြစ်စဉ် အလိုက်ကို အစအဆုံးကြည့်ပေးလိုက်တော့ကို ဒုက္ခ သည်ကလေး မွေးပြီး ဒုက္ခသည် ကလေး ဒုက္ခရောက်တာပဲ ရှိတယ် မွေးလာတာက ဒုက္ခသည်ကလေး သေသွား တဲ့ သေသွားတဲ့ ဒုက္ခရောက်မှုနဲ့ပဲ လမ်းဆုံးတယ် ဒုက္ခ သည်မွေး၍ ဒုက္ခရောက် သေတာပဲ။
မွေးတော့ ဘာကလေး မွေးလာတုံး (ဒုက္ခသည် ကလေးမွေးပါတယ် ဘုရား) သေတော့ ဘာဖြစ်သွား တုံး (ဒုက္ခရောက် သွားပါတယ် ဘုရား) ဒုက္ခသည် ကလေး မွေးတော့ ဒုက္ခ ရောက်တာက သင်္ခါရလောက (တင်ပါ ဘုရား)။
ဒါဖြင့် ဒီသင်္ခါရလောက ထဲဖြင့် ကိုယ့်အကြောင်း ကိုယ်သိပါပြီ ကိုယ့်ရုပ်နာမ်တွေဟာ ဒုက္ခသည် မွေးပြီး ဒုက္ခရောက်သွားတာ ရှိတာပဲ ဆိုသဖြင့် ကိုယ့်ရုပ်နာမ်ကို ဖြစ်မှု သဘော ပျက်မှု သဘော ဒါတွေကို ပိုင်ပိုင်နိုင်နိုင် မြင်လို့ ရှိရင်ဖြင့် ဒီသင်္ခါရလောကကြီးထဲ သဗ္ဗေသင်္ခါရ အနိစ္စ ပေါ်သွားတာပဲ။
သင်္ခါရလောကဟာ အနိစ္စချည်းပဲ
သင်္ခါရ လောကဟာ အနိစ္စချည်းဆိုပြီးရော သင်္ခါရ လောက ဟူသ၍ (အနိစ္စပါ ဘုရား) ဘယ်ဟာမှ မြဲတယ်လို့ မရှိဘူး ခိုင်တယ်လို့ မရှိဘူး တည်တံ့တယ်လို့ မရှိဘူး ပိုင်တယ်လို့ကော (မရှိပါ ဘုရား)။
အဲဒီလိုမြင်တော့ ကိုင်း ဒီဒုက္ခက ထွက်ပါတော့မယ် ဆိုပြီး သကာလ ဒီလောက မြင်အောင် ကြည့်မှုသည် ယထာဘူတဉာဏ်ပဲ (တင်ပါ ဘုရား) ပြီးတော့မှ ဒီလောကကြီး မုန်းရင် နိဗ္ဗိန္ဒဉာဏ် ရမှာပဲ။
ဒီလောကကြီးကိုဖြင့် အင်း ပေါ်လာက တည်းက ဒုက္ခသည်ကလေးပဲ နောက် ဒုက္ခရောက်သွား တာပဲလို့ ဒုက္ခကို ပိုင်ပိုင်နိုင်နိုင် သိလို့ရှိရင်ဖြင့် တဲ့ ပိုင်ပိုင် သိတဲ့ ဉာဏ်လည်း လာရော လောက အပြင်ဘက် ပို့တတ်တဲ့ တရားက ကိုယ့်ဝမ်းထဲ ရောက်လာတာပဲ (တင်ပါ ဘုရား)။
လောကပြင်ဘက်ပို့တာမဂ္ဂင်
ဒီလိုဆိုလို့ရှိရင်ဖြင့် လောက အပြင်ဘက်ကို ပို့တတ် တာဟာ မဂ္ဂင်ပဲ ရှိတယ်မှတ်ပါ (တင်ပါ ဘုရား)။
လောက မြင်တဲ့ ဉာဏ်သည် လောက၏ အပြစ်ကို မြင်တဲ့ဉာဏ်သည် အပြစ်ကို ဆုံးအောင် လိုက်နိုင်သောကြောင့် လောက ပြင်ဘက်ကိုလည်း သူနှစ်ဘက်မြင် ဖြစ်သွားတယ်။
ဝိပဿနာရှေ့ထားပြီ မဂ်ဉာဏ်ကြိုးစားပါ။
လောက မြင်တာသည် ဝိပဿနာဉာဏ် လောက အပြင်ဘက်ကို မြင်တာသည် မဂ်ဉာဏ် ရှင်းကြ ပလား (ရှင်းပါတယ် ဘုရား) ဒါဖြင့် လောကမြင်တဲ့ ဉာဏ်မရပဲနဲ့ လောက အပြင်ဘက် သိတဲ့ဉာဏ် ဘယ်နည်းနဲ့ မှ မရနိုင်ဘူး ဆိုသဖြင့် ဝိပဿနာဉာဏ် ရှေ့ထားပြီး မဂ်ဉာဏ် ကြိုးစားရင် လောက အပြင်ဘက် အသေအချာ ရောက်တော့ အပြေး မမှားတော့ဘူး၊ အရွှေ့ မမှားတော့ဘူး အနေ မမှားတော့ဘူး သူများ ပြောလည်း မယုံတော့ဘူး ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ- ယနေ့ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။