115

[1] [2]

ဒီကပြန်ရင် အလုပ်သာလုပ်ပေတော့ ( မြန်မာပြည်သား၊ မဟာပုဏ္ဏ )

အသံဖိုင်ခေါင်းစဉ်= ဝဋ်ကြွေးကို ခန္ဓာနဲ့မဆပ်ပဲ ဉာဏ်နဲ့ဆပ်ကြရန်

စာအုပ်ခေါင်းစဉ်= ဒီကပြန်ရင် အလုပ်သာလုပ်ပေတော့ (မြန်မာပြည်သား၊ မဟာပုဏ္ဏ)

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၏ အမှာစာ

ဤတရားတော်သည် မြန်မာပြည်သား ရှင်ပုဏ္ဏ မထေရ်အား မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က ကိုယ်တော်တိုင် ဟောကြားသော တရားတော် ဖြစ်ပါသည်။

နန္ဒီ သမုဒယာ၊ ဒုက္ခသမုဒယော

နန္ဒီနိရောဓာ၊ ဒုက္ခနိရောဓော၊

နှစ်သက်မှုရှိရင်၊ ဒုက္ခဖြစ်မယ်၊ နှစ်သက်မှုချုပ်ရင် ဒုက္ခချုပ်မယ်လို့ မြတ်စွာဘုရားက ဟောကြားခဲ့ပါသည်။ မဟာ ပုဏ္ဏက အသက်အရွယ်ကြီးပြီဖြစ်၍ တရားတိုတိုဟောပါလို့ လျှောက်ထား သဖြင့် တိုတိုနဲ့ နိဗ္ဗာန်ရောက်သော တရားတော် ဖြစ်ပါသည်။

ဤတရားတော်သည် မဟာပုဏ္ဏအား ရဟန္တာအဖြစ် ရောက်စေပါသည်။ ရဟန္တာဖြစ်၍ မြတ်စွာဘုရား သခင်နှင့် ရဟန္တာငါးရာတို့အား မြန်မာပြည် သို့ ပင့်နိုင်ခဲ့ပါသည်။ မြတ်စွာဘုရား ကိုယ်တော်တိုင် ကြွလာခဲ့ပါသည်။

နောင်လာနောက်သားများ ဖူးမြော်ကိုးကွယ်နိုင်ရန် အထက်စက်တော်ရာ၊ အောက်စက်တော်ရာ၊ ခြေတော်ရာ နှစ်ဆူထားခဲ့ပါသည်။

ထိုစဉ်ကပင် ရှေးမြန်မာကြီးများ ကိုယ်တိုင် မြတ်စွာ ဘုရားအားဖူးမြော်ခွင့်ရခဲ့ပါသည်။ တရားတော် နာခွင့်ရခဲ့ကြ ပါသည်။ မိမိတို့ ကိုယ်တိုင်အားထုတ်ကြ၍ အကျွတ်တရား ရခဲ့ကြပါသည်။

စိတ်ဝင်စားမိပါသည်။ အားတက်မိပါသည်။ သဒ္ဓါ တရားတိုးပွားလာစေပါသည်။ မြန်မာလူမျိုး ဖြစ်၍ ဂုဏ်ယူမိပါ သည်။

ပြည်ထောင်စုမြန်မာနိုင်ငံသို့ ဗုဒ္ဓမြတ်စွာ၏ အဆုံး အမသည် မည်သည့်အချိန်က ရောက်ရှိခဲ့ပါသနည်း ဆိုသော် မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကပင် ဖြစ်ကြောင်း ဤအထောက်အထားများအရ သိရပါသည်။

ရွှေတိဂုံစေတီတော် သမိုင်းကြောင်းကိုကြည့်ပါလျှင် ဂေါတမမြတ်စွာဘုရားပွင့်တော်မူစအချိန် ဗောဓိပင်၏တောင် ဘက်၊ လင်းလွန်းပင်ရင်း၌ မြတ်စွာဘုရား သီတင်းသုံးနေတော် မူစဉ်၊ သုနာပရန္တတိုင်း (မြန်မာပြည်) မှ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် မြတ်စွာဘုရားအား ဖူးမြော်ခွင့် ရခဲ့ကြပါသည်။

မြတ်စွာဘုရား၏ ဆံတော်ရှစ်ဆူပေးသနားတော်မူ သဖြင့် မြန်မာပြည် ဥက္ကလာပအရပ် သိင်္ဂုတ္တရ ကုန်းတော်တွင် ရွှေတိဂုံစေတီတော်ကြီး တည်ထားကိုးကွယ်ခဲ့ပါသည်။

မည်မျှရှေးကျပါသနည်းဟူမူ ဘုရားပွင့်တော်မူစဖြစ် ၍ သံဃာမရှိသေးပါ၊ ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ နှစ်ကြိမ်သာ ရွတ်ဆိုခြင်းကြောင့် ဒွေဝါစိကသရဏဂုံနှင့် ငါးပါးသီလသာ ခံယူဆောက်တည် ခဲ့ပါသည်။ (ဝိနည်းမဟာဝါ ပါဠိတော်မြန်မာပြန်မှ)

ရှေးအခါကာလက၊ တိုင်းကြီး (၁၆) တိုင်းခေါ်ဝေါ်ခဲ့ ရာတွင် မြန်မာပြည်၏ အရှေ့ဘက်သည် ကမ္ဘောဇတိုင်းတွင် ပါဝင်ပြီး၊ အနောက်ဘက်သည်၊ မဇ္ဈိမတိုင်း၏နယ်စွန်၊ နယ်ဖျား၊ တိုင်းငယ်တွင် ထည့်ထားပါသည်။

အပရန္တတိုင်းဟုသတ်မှတ် ခေါ်ဆိုထားပြီး သုနဟူ သောနိပါတ်ပုဒ်လာ၍ သုနာပရန္တတိုင်းဟု ခေါ်တွင်လေသည်။

သုနာပရန္တတိုင်းသည် မြန်မာပြည်၏ အနောက်ရိုးမ ပတ်ဝန်းကျင်ဖြစ်ရာ၊ တောင်ဘက်တွင် ဥက္ကလာပ ရန်ကုန်မြို့ တို့ဖြစ်၍ မြောက်ဘက်တွင် လယ်ကိုင်းမြို့၊ မင်းဘူးမြို့တဝိုက် ပါဝင်ပါသည်။

ဥပရိပဏ္ဏာသ ပါဠိတော်မြန်မာပြန်မှ ကောက်နှုတ် ဖေါ်ပြရပါလျှင် သုနာပရန္တတိုင်းမှ မဟာပုဏ္ဏသည် သာဝတ္ထိ ပြည်သို့ လှည်းအစီးငါးရာနှင့် ကုန်ရောင်းကုန်ဝယ်သွားရင်း ဇေတဝန်ကျောင်းတော်၌ မြတ်စွာဘုရား၏ တရားတော် ကိုနာကြားရသဖြင့်၊ ရဟန်းဝတ်၍ နေခဲ့ပါသည်။

ထို့နောက် သုနာပရန္တတိုင်း (မြန်မာပြည်) လယ်ကိုင်း မြို့သို့ ပြန်လာခဲ့ပြီး တရားအားထုတ်ရာ၊ မကြာမီ ပဋိသမ္ဘိဒါပတ္တ ဆဠာဘိညာ ရဟန္တာဖြစ်တော်မူသည်။

ညီဖြစ်သူစူဠပုဏ္ဏသည် ကုန်သည်ငါးရာနှင့် ရေလမ်း ခရီးသင်္ဘောဖြင့်ထွက်ခဲ့ရာ၊ ကျွန်းတစ်ကျွန်းမှ၊ စန္ဒကူးသစ်များ ရခဲ့ပါသည်။

စန္ဒကူးသားသည် အလွန်မွှေးကြိုင်ပြီး ကရမက်အနီ မျိုးဖြစ်ကြောင်းသိရပါသည်။

ညီဖြစ်သူစူဠပုဏ္ဏသည် လယ်ကိုင်းမြို့၌ ကျွန်းသစ် များ၊ စန္ဒကူးနံ့သာသစ်များဖြင့် ကျောင်းတော် ဆောက်လုပ်ပြီးသောအခါ အစ်ကိုဖြစ်သူ ရှင်ပုဏ္ဏမထေရ်သည်၊ မဇ္ဈိမတိုင်းသို့ သွား၍ မြတ်စွာဘုရားအား ကျောင်းတော်အလှူခံကြွရောက် ပါရန်ပင့်ဖိတ်လျှောက်ထားပါသည်။

မြတ်စွာဘုရားသခင်သည်၊ ရဟန္တာ သံဃာတော်များ ခြံရံလျက် ကောင်းကင်ခရီးဖြင့် မြန်မာပြည်သို့ ကြွလာတော်မှု ခဲ့ပြီး၊ စန္ဒကူးကျောင်းတော်ကို အလှူခံတော်မူသည်။

လမ်းခရီးတွင် မိစ္ဆာအယူရှိသော သစ္စဗန္ဓရသေ့အား၊ တရားတော် ဟောကြားဆုံးမသဖြင့် ဆဠာဘိညာရဟန္တာ ဖြစ်တော်မူသည်။ ထိုသစ္စဗန္ဓမထေရ် လျှောက်ထား တောင်းပန်သဖြင့် တောင်ထိပ်ပေါ်ရှိ ကျောက်ဖျာ၌ ခြေထောက်ရာပါဒ စေတီတော်တစ်ဆူ ချထားပေးသနာ တော်မူသည်။ အထက်စက်တော်ရာဖြစ်ပါသည်။

လမ်းခရီးတွင် နမ္ပဒါနဂါးမင်းလျှောက်ထားတောင်း ပန်သဖြင့် နမ္ပဒါမြစ်ကမ်းထက်၊ ကျောက်ဖျာ၌ ခြေတော်ရာ ပါဒစေတီတော်တစ်ဆူချထား ပေးသနားတော်မူခဲ့ပါသည်။ အောက်စက်တော်ရာဖြစ်ပါသည်။

ဤအကြောင်းအရာများသည် ဘုရားဟောပါဠိတော် တွင်ပါရှိသဖြင့် အငြင်းပွားစရာမရှိပါ။ မြန်မာပြည်သို့ မြတ်စွာ ဘုရား၏ ဆံတော်ရှစ်ဆူ၊ ယူလာခဲ့ကြောင်းကို၊ သိရပါပြီ။

မြတ်စွာဘုရား ကိုယ်တော်တိုင် မြန်မာပြည်သို့ ကြွခဲ့ ကြောင်းသိရပါပြီ၊ အထက်စက်တော်ရာ၊ အောက်စက်တော် ရာ၊ ခြေတော်ရာနှစ်ဆူချထားခဲ့ကြောင်း သိရပါပြီ။

စန္ဒကူးကျောင်းတော်ကြီးကို အလှူခံကြောင်းသိရပါ ပြီ၊ မြန်မာပြည်သားများ တရားတော်ကို နာကြားခွင့်ရ၍ ကြိုးစားအားထုတ်ကြသဖြင့် ရဟန်းကိစ္စများ ပြီးသွားကြောင်း သိကြရပြီဖြစ်ပါသည်။

ထိုထိုတို့ထက်၊ ပို၍ ရှင်ပုဏ္ဏမထေရ်အားကျွတ်တမ်း ဝင်နိုင်ရန် မြတ်စွာဘုရား ဟောကြားတော် မူသော တရားတော်ကို မိမိကိုယ်တိုင် နာကြားရပြီဖြစ်ပါသည်။ သိရှိကြရပြီ ဖြစ်ပါသည်။

သို့ပါ၍ မိုးကုတ်ဆရာတော်ဘုရားကြီး၊ ဤတရား တော်တွင် ဟောကြားဆုံးမတော် မူထားသည့် အတိုင်း အပါယ်ကြွေးကိုသေမှ ခန္ဓာနှင့်မဆပ်ပဲ ရှင်တုန်းမဂ်ဉာဏ်နဲ့ဆပ်နိုင်ရန် “ဒီကပြန်ရင်၊ အလုပ်သာလုပ်ပေတော့”–

သူတော်ကောင်းရတနာ(၇) ပါးကိန်းနိုင်ကြပါစေ။

၅၊ ၅၊ ၂၀၀၀။

အမှုဆောင်အဖွဲ့။

—–

ဒီကပြန်ရင် အလုပ်သာလုပ်ပေတော့

( မြန်မာပြည်သား၊ မဟာပုဏ္ဏ )

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်

ဒီကပြန်ရင် အလုပ်သာလုပ်ပေတော့

( မြန်မာပြည်သား၊ မဟာပုဏ္ဏ )

(၁-၁-၆၁)

သူကိုယ်တိုင် နိဗ္ဗာန်ယူမယ်ဆိုလို့ရှိရင်၊ သုမေဓါရသေ့ လက်ထက်ကတည်းက တစ်ယောက်တည်း အတွက်တော့ ရပါတယ်။

သူကိုယ်တိုင် နိဗ္ဗာန်ယူမယ်ဆိုလို့ရှိရင်၊ သုမေဓါရသေ့ လက်ထက်ကတည်းက တစ်ယောက်တည်း အတွက်တော့ သေချာပါတယ်။

ကောင်းကင်ပျံ၊ မြေလျှိုးပြီး သကာလ၊ နေနိုင်တဲ့ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ ဝိပဿနာ အားထုတ်လိုက်မယ် ဆိုလို့ရှိ ရင် ကိစ္စပြီးသွားမှာပဲ၊ (မှန်လှပါ ဘုရား)။

အများကောင်းစားရေးအတွက်

သို့သော်လည်းမယူဘူး၊ ဘာကြောင့်မယူသတုံးလို့ မေးတဲ့အခါကျတော့၊ တစ်ယောက် ကောင်းစားရေးကို အလို မရှိဘူး၊ အများတွေကယ်ယူမယ်ဆိုတဲ့–

ဗုဒ္ဓေါ ဗောဒေယျံ၊ ဗုဒ္ဓေါ – သူသည်ကားလို့ဆိုရင် စင်စစ်သစ္စာလေးပါး သိတဲ့အခါကျတော့ ဒီကျန်ရစ်တဲ့ ပုဂ္ဂိုလ်တွေလည်း သစ္စာလေးပါးသိပြီး နိဗ္ဗာန်ဝင်စေချင်တယ်။

သူသည်ကိလေသာ သံသရာကြီးကူးခတ်ပြီး သကာ လ၊ နိဗ္ဗာန်တည်းဟူသော ဟိုမှာ ဘက်ကမ်းကို၊ ကူးတဲ့အခါ လည်း၊ သူကူးသလိုကူးပြီး သကာလ၊ ရောက်စေချင်တဲ့ဆန္ဒက လည်းပြင်းပြလာတယ်။

မုတ္တာမောစေယျံ ဆိုတဲ့အတိုင်း၊ ကိလေသဝဋ်၊ ကာမဝဋ်၊ ဝိပါကဝဋ် တည်းဟူသော ဝဋ်ထဲမှာ တပြောင်းပြန် ပြန်လည်နေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း သူဝဋ်ကျွတ်သလိုကျွတ် စေချင်တဲ့ဆန္ဒ ရှိသောကြောင့် သုမေဓါရသေ့ဖြစ်ပြီးမှ ကျင့် လိုက်ရတဲ့အကျင့်တွေ၊ ဘုရားဖြစ်ချင်လွန်းလို့ ဤကိစ္စသုံးခု ရွက်ဆောင်ချင်လို့၊ ကိုယ်တော်ကြီးမှာဖြင့် အင်မတန့်ဆန္ဒ၊ အင်မတန့်အဓိက၊ ဆိုတဲ့စိတ်ထားကြီးဖြင့် ရွက်ဆောင်လာတယ်ဆိုတာ ဒကာ ဒကာမတွေငဲ့ညှာဖို့ကောင်းတယ်။

ကယ်ရမည့်တာဝန်က ဘုရားတာဝန်

ငဲ့ညှာဖို့ကောင်းတယ် ဆိုတာ တခြားမဟုတ်ပါဘူး၊ ကိုယ့်အမြင်က ဒုက္ခ မသိငြားသော်လည်း၊ သူ့အမြင်ကဒုက္ခသိ နေတော့ သူတို့မသိတာ အသာထား ငါကယ်ရမည့်တာဝန်က ငါ့တာဝန်။

သူတို့မသိတာက အပထားပေါ့ဗျာ၊ ကယ်ရမည့် တာဝန်က (ဘုရားတာဝန်ပါ ဘုရား) အဲဒီတော့ကို၊ ဒကာ ဒကာမတို့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့အတိုင်း၊ ဒကာ ဒကာမတွေကို သူ့စိတ်ထဲမှာ ဘယ်လိုသိပါလိမ့်မလဲ လို့အမေး ထုတ်လို့ရှိရင်ဖြင့်။

ကလေးတစ်ယောက် လေးဘက်သွားလေးရှိပါတယ်၊ အဲဒီလေးဘက်သွား ကလေးလေးဟာ၊ ဒုတ်ချောင်းလေး ကောက်စားလိုက်၊ ကျောက်ခဲလေး ကောက်စားလိုက်တဲ့၊ ကလေးကိုးဗျ။

ကလေးငယ်ဥပမာ

ဒကာသစ်၊ ကလေးဆိုတော့ တွေ့ရာကောက်စား တယ်၊ တွေ့ရာကောက်စား နေတဲ့ အခါကျလို့ရှိရင် မအေမိဘ က မေ့နေလို့ ကောက်စားတောင်မှပဲ တကယ်မြင်လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့်၊ ကလေးကတော့ဖြင့် ဒါဟာလည်မျိုး၊ လည်ချောင်းမှာ ပိတ်ပြီး သကာလ သေမှာ မသိရှာဘူး။

လှတာနဲ့စားချင်တာပဲ၊ ဆိုတဲ့ဝတ္တရားသာ သူသိတယ်၊ အမေမိဘလုပ်တဲ့ ပုဂ္ဂိုလ်ကတော့ ဒကာ ဒကာမတွေ သိတဲ့ အတိုင်း၊ ဒီကလေးလေး၊ ဘယ်ဘက်သွေ့ပြီး သကာလ၊ ဘယ်ဘက်လက်နဲ့ပွေ့ပြီး၊ ညာဘက်လက်၊ လက်ညှိုးနဲ့လက်မ နဲ့ကောက်ပြီး သကာလ၊ ပါးစပ်ထဲမှာ သွေးတွေထွက်ချင်ထွက် ပေစေကွ၊ ဒါတွေတော့အရ ဆွဲထုတ်ရမယ်ဆိုပြီး။

ကလေးပါးစပ်ထဲက အရဆွဲထုတ်ရတာသည် လူကြီး ဝတ္တရား၊ ကလေးသွေးထွက်တာကို မငဲ့နိုင်ပါဘူး၊ သွေးထွက် လို့ငိုရုံ အပြင် ပိုမရှိဘူး၊ ဒါလည်ချောင်းပိတ်ရင် သေမှာက အမှုကြီး ဖြစ်နေတယ်။

သွေးထွက်တာက အမှုငယ်၊ သေမှာက (အမှု ကြီးပါ ဘုရား)၊ အဲဒီဟာတွေသိ သိပြီးနေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကျုပ်တို့ မုန်းချင်မုန်းပါစေ၊ သူသည် ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ် ဆိုလို့ရှိရင် အချိန်ကာလ ကြည့်ပြီးစကားပြောတော့၊ ဟောတော့မှာပဲ၊ (မှန်လှပါ ဘုရား)။

ဟုတ်တယ်မှန်တယ်၊ အကျိုးရှိရင်ပြောရမှာပဲ

ဟုတ်တယ်၊ မှန်တယ် အကျိုးရှိတယ်ဆိုလို့ရှိရင် သတ္တဝါတွေက မကြိုက်နေစေကာမူ ပြောရမှာပဲ။

ဘာဖြစ်လို့တုံးလို့ ဒကာ ဒကာမတွေကမေးလို့ရှိရင် ဖြင့် ကလေးလိုဖြစ်နေကြလို့ (မှန်ပါ့ ဘုရား)။

တွေ့ရာကောက်ပြီး သကာလ နေလိုက်ကျတော့ ဒကာ ဒကာမတွေသိတဲ့အတိုင်း သေပွဲချည်း ဝင်ဖို့စခန်းကို ချည်းလှမ်းနေကြဆိုလို့ရှိရင်လည်း ငြင်းဖို့မလိုပါဘူး (မလိုပါဘူး ဘုရား)။

အဲဒီသေပွဲဝင်မည့်စခန်းကိုသာလှမ်းနေကြတာကို အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်က ငိုတန်ရင် ငိုပါစေ၊ သွေးထွက်ရင် ထွက်ပါစေ၊ ပါးစပ်ထဲက အတင်းဆွဲထုတ်ရမယ်ဆိုတာ ဘုရား ၏ဝတ္တရားအတိုင်း မိဘ၏ ဝတ္တရားအတိုင်း (မှန်လှပါ ဘုရား)။

ထို့အတူပဲတဲ့၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ကျုပ်တို့ ဒကာ ဒကာမတွေ မည်မျှလောက် ဗုဒ္ဓေါ ဗောဒေယျံ တိဏ္ဏော တာရေယျံ မုတ္တော မောစေယျံ။ ဆိုတဲ့အတိုင်း။

သံသရာဒုက္ခကြီးမှ မည်မျှလောက်လွတ်စေချင်တယ် ဆိုတာဖြင့် ဒကာကြွယ်တို့ ဒကာသစ်တို့ ဦးလှဘူးတို့ပြောဖို့ မလိုပါဘူး။

အဲတော့ကျုပ်တို့ကဖြင့် ဒီဟာဖြင့် မလုပ်ချင်ဘူး၊ ပျင်း တယ်၊ ဒီဝိပဿနာအလုပ်ကို မလုပ်ချင်ဘူး ပျင်းတယ်ဆိုပေ မယ့်လည်း ကိုင်း-ဒို့ကကြိုက်တဲ့ ငါးပါးအာရုံကာမဂုဏ်ကိုသာလျှင် လိုက်စားနေချင်တယ်။

ဝိပဿနာအလုပ် ဉာဏ်စခန်းကိုမလုပ်ချင်ပါဘူးဆို ငြားသော်လည်း ဘုရားကလုပ်ပေါ့ (မှန်လှပါ ဘုရား) ဟိုဟာ တွေ ဆွဲထုတ်၊ ငါးပါးအာရုံကာမဂုဏ်တွေ ဆွဲထုတ်ပြီး ဒါတွေ ကွာ၊ ဘာမှ အသုံးမကျပါဘူးဆိုပြီး သကာလ၊ ဘုရားကဖြင့် ဒါတွေ ဆွဲထုတ်နေတယ်။

ငိုပြီးလည်းလိုက်နာပါ၊ ပြုံးပြီးလည်းလိုက်မှာပါ

ဒကာ ဒကာမတွေက ကလေးနဲ့တူတော့ ငိုပြီး သကာလ လည်း လိုက်နာရမယ်၊ ပြုံးပြီး သကာလ လည်း (လိုက်နာရမယ်)။ အဲဒီလိုက်နာတဲ့ ဇာတ်ထုတ်ကိုဖြင့် ဘုန်းကြီး တို့ ဒကာ ဒကာမတွေ ဘယ်အခါကာလမဆိုပဲ ခင်းမြဲ ခင်းပါ။

ကိုယ့်အမြင်ကဖြင့် ဒီလိုချည့်ပဲဆိုတာ မှတ်ထားပါ။ လိုတာရယ်၊ မှားတာရယ်၊ မသိတာရယ်၊ ဒါကိုယ့်အမြင်ချည်း မှတ်ပါ။

ဒါကြောင့် ရှေ့သွားခေါင်းဆောင်ဖြစ်တဲ့ ကိုယ်တော် မြတ်ကြီးသည် ရင်ဝယ်သားကဲ့သို့ သနားတယ် ဆိုတာလည်း ဒကာကြွယ်တို့ ဒကာသစ်တို့ ယုံဖို့ကောင်းပါတယ်။

ဒုက္ကရစရိယာအကျင့်

ဒုက္ကရစရိယ ကျင့်လိုက်ရတာများ နည်းတဲ့ခြောက်နှစ် မဟုတ်ဘူးနော်၊ သူ့ရင်ဘတ်ကို စမ်းလိုက်တဲ့အခါ ကျောရိုး များသွားတွေ့တယ်၊ ရင်ဘတ်ကယ်လို့ စမ်းလိုက် ရင် ဗိုက်ကယ်လို့ စမ်းလိုက်ရင် ကျောရိုးသွားတွေ့တယ်။

ကျောရိုးရယ်လို့ စမ်းလိုက်ရင် ဒကာကြွယ်၊ ဗိုက်သွား တွေ့တယ်၊ တစ်ခါတည်း ချပ်ပြီး ကပ်နေတာပဲ။

အဲဒီလောက်တောင် သတ္တဝါတွေ သနားခြင်းကြောင့် ငါကူးမြောက်သလို ကူးမြောက်ပါစေ၊ ငါသိသလို သိပါစေ၊ ငါသံသရာထဲမှာ နစ်မွန်းမျောပါပြီးလာတာ ငါကိုယ်တိုင် မြင်ပြီး သကာလ နေရတဲ့အတွက် သူတို့လည်း ငါကဲ့သို့ မမျော ရအောင် ကယ်တင်မဟဲ ကူးမြောက်စေ မဟဲ့ ဆိုတဲ့စိတ်ထား သည် ဒကာကြွယ်တို့ ဘုန်းကြီးတို့ဖြင့် စိတ်မှမကူးရဲအောင် သူကျင့်တဲ့အကျင့်ဟာလေ။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီလို အခါကြုံတုန်း သူများထည့်ပေးတဲ့ထမင်းကို ခင်ဗျားတို့ ဇီဇာကြောင်ပြီး သကာလ နောက်မှစားမယ်၊ ဖြေးဖြေးမှ စားမယ်။ ကြမ်းတယ်၊ ချောတယ်၊ အေးတယ်ဆိုတာ လုပ်မနေနဲ့။

ဒါလုပ်မနေပါနဲ့ အမြန်ဆုံးနည်းနဲ့ အမြန်ဆုံးသာ ဒုက္ခ ဇာတ်သိမ်းပါတော့ မသိလည်း ဒီအလုပ်နဲ့ပဲသိမ်း၊ ကိုယ်မသိလည်း (ဒီအလုပ်နဲ့ပဲသိမ်းရပါမယ်)။ ဒီအလုပ်နဲ့ပဲ သိမ်းရမယ် ဆိုတာ ဒကာ ဒကာမတွေ ကျေကျေနပ်နပ်သဘောကျကြပါ။

မန်းစက်တော်ရာသမိုင်းကြောင်း

ကိုင်း-ဒါဖြင့် ဒီနေ့တော့ မန်းစက်တော်ရာရဲ့ အတ္ထုပ္ပတ္တိ၊ မန်းစက်တော်ရာ ပါဠိတော်မှာ လာတဲ့အတိုင်း မန်းစက်တော်မှာ ခြေတော်ရာချတဲ့ ကိုယ်တော်ပေါ့ဗျာ။

ခြေတော်ရာချဖို့ တောင်းပန်တဲ့ကိုယ်တော်ကြီး၊ ကျင့် စဉ်ကို ယနေ့ပြောမယ်။

မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီး သာဝတ္ထိ ပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးပြီး သကာလ နေကဲ့အခါကျတော့ သုနာပရန္တတိုင်း (မြန်မာပြည်) က လှည်း အစီးငါးရာနဲ့ ကုန်သည်ကြီး တစ်ယောက် ရောက်လာတယ်။

လှည်းအစီးငါးရာနှင့် သာဝတ္ထိပြည်ရောက်

ရောက်ပြီး သကာလ လာတဲ့အခါ ဇေတဝန်ကျောင်းနဲ့ မနီးမဝေးမှာပဲ လှည်းအစီးငါးရာနဲ့ လှည်းတန်းကြီးချပြီး သကာလ ရှေးထုံးစံအတိုင်း ရောင်းဖို့ဝယ်ဖို့ရန် စီစဉ်နေတယ်။

အဲဒီ သာဝတ္ထိပြည် တောင်တံခါးကနေပြီး သကာလ ဝတ်ဖြူစင်ကြယ်တွေနဲ့ ပန်းနံ့သာတွေ ယူပြီး သကာလ လူတွေ တစ်ပြုံကြီး သွားကြတာမြင်ပါတယ်။

လူတွေ တစ်ပြုံကြီးသွားကြတာမြင်တဲ့အခါကျတော့ ဆီးမေးတယ်၊ သွားပုံတယ်ထူးဆန်းတယ်၊ ဝတ်ဖြူစင်ကြယ်တွေနဲ့ ပန်းနံ့သာတွေယူပြီး သကာလ သွားကြလာကြတာတွေ ဒါဘာကိစ္စ ဘာလိမ့်မလဲ ဆိုပြီး သူသွားမေးတယ်။

ဘုရားပွင့်တဲ့သတင်းကြား

ခင်ဗျားတို့ အခုသွားကြမည့်ကိစ္စဟာ ဘာကိစ္စတုံး၊ ပြောကြစမ်းပါဦးလို့ သွားမေးတဲ့ အခါကျတော့ အမောင် တယ်ရိုင်းပါလား၊ သုံးလူထွတ်ထား သဗ္ဗညုမြတ်စွာဘုရားကြီး ပွင့်ထွန်းနေတယ် ဆိုတာ အမောင်မကြားဖူးလား။

အဲဒီကို ကျုပ်တို့ တရားနာပြီး သကာလ ပူဇော်ပသ ရန်ကို သွားကြပါတယ် ဖြေလိုက်တဲ့အခါမှာ ကိုးသောင်း ကိုးထောင်သော အမွေးကလေးတွေ ဒကာ ဒကာမတွေ ခန္ဓာကိုယ်မှာရှိတယ်။

အဲဒီဘုရားပွင့်တယ်ကြားတာနဲ့ ကြက်သီးမွေးညှင်းထ တယ်၊ ကိုးသောင်းကိုးထောင်သော အမွေးတွေ အကုန်ထောင်ပြီး သကာလ လာခဲ့တယ်။

ဒါနဲ့ပဲ ဒကာ ဒကာမတို့ ဘုရားပွင့်တဲ့အခါတောင်မှ ဘုရားသံ မကြားရတဲ့အရပ်က ရှိနေတယ်။ မရှိဘူးလား (ရှိပါ တယ်)။

တမင် မေးယူရတယ် ဒကာသစ်၊ အကဲခတ်တော့ (မှန်လှပါ ဘုရား) တမင်မေးယူရတယ် ဒကာ ဒကာမတွေ အကဲခတ်ပါတော့၊ ရှင်းကြပလား (ရှင်းပါပြီ)။

အဲဒါကြောင့်တဲ့ ခင်ဗျားတို့မှာလည်း အခုတရားဓမ္မ တွေ ဟောကြားညွှန်ပြ၊ ဆုံးမနေကြငြား သော်လည်း တချို့ မှာ သားရေး သမီးရေး စီးပွားရေး အရှုပ်ကြီး ရှုပ်ပြီး သကာလ နေကြတာနဲ့ ဒကာကြွယ်ရေး ကြားလျက်နဲ့လည်း မလာ နိုင်ကြပေဘူး။

သိရဲ့ သားနဲ့ ကောင်းမှန်းသိရဲ့သားနဲ့ မစားနိုင်တဲ့ ပုဂ္ဂိုလ်တွေလည်းရှိကြတယ်။ အဲ အင်မတန်မှ ကြုံကြိုက် ခဲတဲ့ အခါကြီးကိုဖြင့် ဒကာ ဒကာမတို့ ကြိုးစားဖြစ်အောင် ကြိုးစားကြပါ။ ဘုရားသာသနာ နည်းနည်း ကျန်တော့တယ် (မှန်လှပါ ဘုရား)။

တိုတိုပြောကြပါစို့ဆိုရင် ဒီ ဒကာ ဒကာမတွေ နောက်တစ်လ နှစ်လနေရင် သေတော့မယ် ဆိုလို့ရှိရင် တစ်လ နှစ်လနေရင် သူ့အတွက် သာသနာကွယ်သွားလိမ့် မယ်။

သာသနာကွယ်တယ်ဆိုတာ

သာသနာကွယ်တယ်ဆိုတာ သစ္စာသိဖို့ကွယ်သွားတာ၊ သစ္စာသိတဲ့ဉာဏ်ကွယ်သွားလို့ရှိရင် သံသရာလည်ပေ ရော့ဆိုတဲ့ အဓိပ္ပါယ်ဖြင့် ရှင်းလင်းနေတော့တယ်။

ဒါကြောင့် သာသနာဆိုတာ ခင်ဗျားတို့က နောက် ကျန်တဲ့ နှစ်ထောင့်ငါးရာ လျော့လျော့ကို မှတ်ပြီး သကာလ မနေပဲနဲ့ သွာ ငါ့သက်တမ်းဟာ အခုကြုံနေတာ သာသနာပဲ၊ နက်ဖြန်သေရင် သာသနာနဲ့ ငါနဲ့ အိုးစားကွဲတာပဲ။

နက်ဖြန်သေရင် (သာသနာနဲ့ ငါနဲ့ အိုးစားကွဲတာပါ ဘုရား) သာသနာနဲ့ ငါနဲ့ အိုးစားကွဲတာပဲ ဆိုရင် ခင်ဗျားတို့ ကတော့ အမျိုးမျိုးအဖုံဖုံ လူနာကြည့်နေရလို့၊ ဒုက္ခိတတွေ မ နေရလို့၊ သားငယ် သမီးငယ်လေးတွေက ရှိနေသေးလို့ ဆိုပြီး ဒကာသစ်တို့က ဆင်ခြေများဦးပေါ့ဗျာ။

များတဲ့ဆင်ခြေကိုလည်း အကုန်သာ အကဲခတ်ပါ တော့၊ ကိလေသာက လဲနေတာ (မှန်ပါ့) များတဲ့ဆင်ခြေတွေ ကို ဘယ်သူကလဲပါလိမ့် (ကိလေသာကလဲနေတာပါ ဘုရား)။

ဒီနေ့ဖြင့် မသွားနိုင်သေးဘူး၊ မလာနိုင်သေးဘူး။ ကလေးတွေက နေမကောင်းသေးဘူး၊ လူကြီးတွေက နှာစေး ချောင်းဆိုးဖြစ်နေတယ်၊ စီးပွားရေးတွေကလည်း လသာခိုက် ဗိုင်းငင်ရတယ်။

ဘုရားအဆူဆူနဲ့လွဲခဲ့ရတယ်

အဲဒါတွေ ဒကာသစ် ဘယ်သူက အသံထွက်လာ သလဲ (ကိလေသာကပါ ဘုရား) အဲဒီကိလေသာ အသံတွေ နားထောင်နေခဲ့လို့ ဘုရားအဆူဆူနဲ့ လွဲခဲ့ရတယ်၊ ကိလေသာ အသံတွေ နားထောင်နေခဲ့လို့ ဘာဖြစ်သလဲ (ဘုရားအဆူ ဆူနဲ့ လွဲခဲ့ရပါတယ် ဘုရား)။

ဘုရားအဆူဆူနဲ့လွဲပြီး သကာလ အပါယ်မှာချည်း ခန္ဓာကိုယ်နဲ့ အကြွေးဆပ်နေရတယ်၊ အပါယ်မှာချည်း (ခန္ဓာ ကိုယ်နဲ့ ကြွေးဆပ်ခဲ့ရပါတယ် ဘုရား)။

ဘယ်သူဆင်ခြေလဲမှုကြောင့် ဤမျှလောက် နစ်နာ ရသလဲ (ကိလေသာဆင်ခြေလဲမှုကြောင့်ပါ ဘုရား) ကိလေသာ ဆင်ခြေလဲ မှုကြောင့် ဤမျှလောက်နစ်နာရတဲ့ ငရဲ ပွဲကြီးထဲမှာ ခန္ဓာနဲ့ထိုးအပ်ပြီး နွှဲနေရတယ်ဆိုတော့ ဒကာသစ် ကောင်းသေးရဲ့ လား (မကောင်းပါ)။

မနေ့က ငရဲမီး၊ ပိုးစုန်းကြူးလောက်နဲ့ လှည်းသုံးစီး တိုက်လောက်ရှိတဲ့ ခုနက သဖန်းသား ကြီးတောင် ချလိုက် သည်နှင့် တစ်ပြိုင်နက်တည်း ပိုးစုန်းကြူးလောက် မီးလေးကျ သည်နှင့် တစ်ပြိုင်နက်တည်း ပြာကျသွားပါတယ်ဆိုတာ လည်း မနေ့ကပြောခဲ့တယ်။

အဲဒါကြောင့် ဒကာ ဒကာမတွေ ကိလေသာဆင်ခြေ လဲတာတွေ နားထောင်မနေပါနဲ့၊ ဘယ်လိုပါလိမ့် (ကိလေသာ ဆင်ခြေလဲတာတွေ နားမထောင်ဖို့ပါ ဘုရား)။

ကိလေသာက ဘုန်းကြီးများထက် ဘုန်းကြီးများက တော့ ဒီလာတဲ့ ဒကာ ဒကာမသာ ဟောနိုင်တယ်၊ ကိလေသာက ခင်ဗျားတို့မှာ အသီးအသီးရှိနေတော့ ကိုယ်စီ ကိုယ်ငှ ဟောနေကြတယ်။

အသီးအသီးရှိနေတဲ့အတွက် (ကိုယ်စီကိုယ်ငှဟော နေပါတယ် ဘုရား) အဲတော့ ခင်ဗျားတို့ဟာက ဘုန်း ကြီးကတော့ လာမှဟောနိုင်တယ်၊ သူကတော့ ကိုယ်စီ ကိုယ်ငှ အမြဲတန်း ဟောနေတယ်။

ကိလေသာရဲ့ ဆင်ခြေတွေ

ဒီ-ဘုန်းကြီးဟောနေတာလည်း ဟုတ်ပါတယ်။ တရားတွေကလည်း မှန်ပါတယ်၊ နင်တို့ဒုက္ခ ကယ်တင်နေ တာလည်း မှန်ပါတယ်။

သို့သော် နင်တည်ထောင်ထားတဲ့ နင့်အရိပ်အာဝါသ နင့်သား နင့်သမီးတွေ နင့်အိုးနှင့် အိမ်တွေကကော နင်လူချင်း မတူမှာကော နင်ပဲစဉ်းစားဦးဆိုတာတွေ ကိလေသာက တယ်ဟောတယ်၊ မဟောဘူးလား (ဟောပါတယ်)။

အဲဒီကိလေသာဟောချက်နဲ့ပဲ သက်ဆိုးရှည်ပြီးလာ ခဲ့ကြတာလည်း ဒကာကြွယ်တို့ ဒီအသက်နဲ့အမျှပဲ။

ဘယ်သူ့ဟောချက်နဲ့ အသက်ကြီးလာကြသတုံးလို့ မေးလို့ရှိရင်လည်း ဖြေနိုင်ကြပါ့မလား (ဖြေနိုင်ပါတယ် ဘုရား) ခုထက်ထိ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်က ကောင်းကောင်း ကြီး မရနိုင်သေးတာ ဘယ်သူတရားဟောချက်ပါလိမ့်မလဲ ဆိုတာလည်း ဒကာသစ်တွေးစမ်း (ကိလေသာ ဟောချက်ပါ ဘုရား)။

ကိလေသာဟောချက်ကို ခင်ဗျားတို့က ဟုတ်ပါ့တို့၊ မှန်ပါ့တို့ လိုက်နေတဲ့အတွက် အနစ်နာကြီး နစ်နာနေရတယ်၊ ကိလေသာဟောချက်ကို ဟုတ်ပါ့၊ မှန်ပါ့ လိုက်နေတာနဲ့ ဘာတုံး (အနစ်နာကြီး နစ်နာနေရပါတယ် ဘုရား)။

ခေါင်းတွေလည်းဖြူ အစွယ်တွေလည်းကျိုးကုန်ပြီ

အသက်လည်းကြီးကြပြီ၊ ခေါင်းတွေလည်းဖြူကုန်ပြီး အစွယ်တွေလည်း ကျိုးကုန်ကြပြီ၊ အခုအထိလည်း ဒီလူဟာ ကောက်ကျစ်တတ်တဲ့ ကိလေသာဆိုတာ ဒကာကြွယ်တို့က မရိပ်မိသေးတော့ ခေါင်းပေါင်း၊ ပေါင်းပြီး သကာလ ဟိုကိစ္စ ရှိသေးသလိုလိုဒီကိစ္စရှိသေးသလိုလို ကိလေသာခိုင်းတာ ပြာပြာသလဲလုပ် နေသေးတယ်ဆိုတာ မပါးသေးတဲ့အဓိပ္ပါယ်ဟာ ဦးလှဘူး ထင်ရှားနေတယ်။

ပါးကြပါတော့ ပါးကြပါတော့၊ ဘယ်လို မှာပါလိမ့် (ပါးကြပါတော့) ပါးကြပါတော့ဆိုတာ အသေအချာဟောရတယ်။

ဒါ့ကြောင့် ဒကာ ဒကာမတို့ ကိလေသာ ရန်သူ လောက်ကြီးတာ ဘယ်ရှိမလဲ၊ တဏှာဥပါဒါန်ကံ ဆိုလို့ရှိရင် သွားပြီဇာတိဇရာမရဏ၊ သူသာပါလာလို့ရှိရင် ဘယ့်နှယ်လုပ် မလဲ (ဇာတိ ဇရာ မရဏပါ ဘုရား)။

ဇာတိ ဇရာ မရဏမှ တစ်ပါးပြေးစရာ လွှားစရာရှိ သေးရဲ့ လား (မရှိပါ ဘုရား) ဒါဖြင့် သူ့စကား လိုက်နာနေလို့ရှိရင်ဖြင့် ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ မရဏဒုက္ခ ကိုယ်ပိုင်ပစ္စည်းဖြစ်အောင် တွန်းနေတာပဲ ဆိုနိုင်ကြပလား (ဆိုနိုင်ပါပြီ ဘုရား)။

အဲဒါကြောင့် ကောက်ကျစ်တကာ့ ကောက်ကျစ် တဲ့အထဲမှာဖြင့် ဒကာကြွယ်၏ ကိလေသာ အကောက်ကျစ် ဆုံးပဲဆိုတာ အသေအချာမှတ်ပါ (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

အဲ ဒါဖြင့် ခုနက မဟာပုဏ္ဏဆိုတဲ့ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်သည်တဲ့ သာဝတ္ထိပြည်ထဲက လူတွေထွက်တဲ့ အခါ သွားပြီး သကာလ မေးလိုက်တဲ့အခါမှာ ဘာကိစ္စများ ကြမှာတုံး ဒီဝတ်ဖြူ စင်ကြယ်တွေနဲ့ ပန်းနံ့သာတွေကိုင်ပြီး ဘာလုပ်များ သွားကြမှာပါလိမ့်မလဲဆိုတာကို ဘုရားပွင့်တာ ကို ကိလေသာ ကိစ္စကြောင့် သူမသိဘူး။

ဘုရားလည်းပွင့်နေတာပဲ၊ ဘာကိစ္စကြောင့် မသိတာ လဲ (ကိလေသာကြောင့်ပါ ဘုရား)။

ဒကာ ဒကာမတို့ ဘုရားပွင့်တယ်ဆို အိုးထိန်းစက် ကဲ့သို့ မြေကြီးလှုပ်လိုက်တာ၊ ဥဒယဗ္ဗယဉာဏ်များ ဆိုတာ အရောင်တွေ အောက်အဝီစိကျအောင်လင်းတယ်။

အင်း အထက်ဗြဟ္မာပြည်ကျအောင် လင်းတယ်၊ ဒါတွေ တပြည်လုံးလင်းနေတာတောင် သူမသိပါဘူး၊ အင်း ဘယ်ကိစ္စပါလိမ့် (ကိလေသာ ကိစ္စကြောင့်ပါ ဘုရား)။

ကိလေသာကိစ္စ တယ်ကြီးကျယ်ပါလား၊ ဖုံးနိုင်သရွေ့၊ ဖိနိုင်သရွေ့၊ ဖိထားတယ်ဆိုတာ ဒကာ ဒကာမတို့ ရိပ်မိကြ ပလား (ရိပ်မိပါပြီ)။

အခုကြည့်စမ်း ခုနကပြောခဲ့တယ်၊ သွားကျိုးဆံဖြူ၊ ငယ်မူတွေပျောက်ပြီး သကာလ နေတာတောင်မှ ကိလေသာ ကိစ္စ အတောမတတ်သေးဘူး၊ ကိလေသာကိစ္စ ဘာပါလိမ့် (အတောမသတ်သေးပါ ဘုရား)။

ကြောက်စရာကောင်းလိုက်တဲ့ဖြစ်ခြင်း၊ ကိလေသာ၊ “ကိလေသီတိ ကိလေသော” ဆိုတဲ့အတိုင်း ပင်ပန်းအောင် လုပ်တတ်တဲ့တရားက ပင်ပန်းအောင် လုပ်နေတာကိုပင်လျှင် အမောင်တော်ပါတော့ ကျုပ်တို့သွားကျိုးဆံဖြူ ငယ်မူတွေ ပျောက်ပါပြီ။

မောင်ခိုင်းတာတော့ မလုပ်ပါရစေနဲ့တော့ တော်ပြီ၊ တန်ပြီ၊ ရန်သူမှန်းလည်းသိပါပြီလို့ တော်လှန်တဲ့စိတ်ကလေး ဒကာသစ် မလာသေးဘူး (မလာသေးပါ ဘုရား) တယ်လည်း နစ်နာပါလား (နစ်နာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မြန်မာကုန်သည် မဟာပုဏ္ဏ

ကိုင်း-ဒါဖြင့် ခုနက မဟာပုဏ္ဏသည်ကားဆိုရင် ဒကာ ဒကာမတို့ ဘုရားပွင့်နေတာ မသိလို့ သာဝတ္ထိပြည် တောင်တံခါးကနေပြီး ထွက်နေတဲ့ ပုဂ္ဂိုလ်တွေအများကြီးရှိကြ တယ်။

ဘုရားဆီသွားကြမလို့ဟာ ဘယ်ကိစ္စရယ်လို့ မသိ ရလောက်အောင် ဒီပြည်မှာ လှည်းအစီး ငါးရာနှင့် အရောင်း လာတာတောင်မှ ဘုရားပွင့်နေတယ်ဆိုတာ မသိသေးဘူး။ သွားတဲ့လူတွေဆီ သွားမေးရသေးတယ်။

မေးတဲ့အခါကျတော့မှ အမောင်ဘယ်ကတုံး? သုနာပရန္တတိုင်းကပါ ဖြေတာပေါ့ဗျာ။

အမောင် တယ်ပြီး သကာလ ထူပါ၊ အ,ပါလား၊ သုံးလူထွတ်ထား သဗ္ဗညုမြတ်စွာ ဘုရားသခင်ဟာ သုံးပါးသောလူတို့၏ ထွတ်ထား သဗ္ဗညုမြတ်စွာဘုရားဆိုတာ မွေးတဲ့ အခါလည်း ထူးခြားတယ်၊ မထူးခြားဘူးလား(ထူးခြားပါတယ်)။

အင်း တောထွက်တဲ့အခါကော (ထူးခြားပါတယ်) အင်း ဘုရားဖြစ်ခါနီးရော (ထူးခြားပါတယ်) အင်း တန်ခိုးပြာဋိဟာတွေပြတုန်းကကော (ထူးခြားပါ တယ်) အဲဒါကို မသိဘူးဗျာ။

ခက်လိုက်တဲ့ဖြစ်ခြင်းမှ ဒကာ ဒကာမတို့ ကိလေသာ ကိစ္စတွေဟာ (မှန်ပါ့) ဘာကိစ္စပါလိမ့် (ကိလေသာ ကိစ္စပါ ဘုရား)။

ဪ- ဒကာ ဒကာမတို့ နှိပ်စက်တဲ့တရားဟာ နှိပ် စက်ပြီး သကာလ ထားတာ၊ နှိပ်စက်မှန်း မသိအောင်လည်း ဖုံးကာ ဖိကာနှင့် နင်လုပ်မှ နင်စားရမှာလို့ ပြန်ဖြေရတယ်၊ သဘောကျပလား (ကျပါပြီ)။

နင်လုပ်မှ နင်စားရမှာ၊ စားရမှာလေးကိုပြောနေ တယ်၊ ဒုက္ခဖွင့်ကို မပြဘူး၊ အဲတော့ ဒါ အဝိဇ္ဇာနဲ့ တဏှာတို့က တဏှာက အချော့သမား အဝိဇ္ဇာတည်းဟူသော အဖ၊ တဏှာတည်းဟူသော အမိတို့၏ ချော့မှု၊ မြှောက်မှု၊ ချောက်မှုတွေနဲ့ ဒကာကြွယ်တို့ အချိန်ကုန်လာတာ ကြာပြီနော် (ကြာ ပါပြီ ဘုရား)။

ကြာပြီ၊ ကြာပြီ၊ ဒကာ ဒကာမတို့ ဒီတစ်ခါလွတ်ရေး ကျွတ်ရေးကိုဖြင့် အရေးတကြီး ပြတော့မယ်ဆိုတာ စိုက်ပြီး သကာလ နားထောင်ကြပါ။ အရေးတကြီးပြတော့မယ်ဆိုတာ မှတ်ပါ။

ဘုရားပွင့်တယ်ကြားလို့ ကြက်သီးမွေးညှင်းထ

ကိုင်း- ဒါဖြင့် ခုနက မဟာပုဏ္ဏသည်ကားဆိုလို့ရှိ ရင် ကိုးသောင်းကိုးထောင်သော အမွေးတွေက ကြက်သီး မွေးညှင်းထပြီး သကာလ လာတာနဲ့ ဘုရားသံကြားလိုက် တာ ကြက်သီး မွေးညှင်းထလာတာနဲ့ ကိုင်း တရားနာလိုက်ပါ တော့မယ်ဆိုပြီး သကာလ၊ ဒီလူတွေနဲ့ တွဲလိုက်သွားတယ်။

တွဲ လိုက်သွားတဲ့ အခါ မြတ်စွာဘု ရားသခင် ကိုယ်တော်မြတ်ကြီး အသံတော်က အင်မတန်မှ ပရိသတ် ဆွဲငင်တဲ့ အသံတော်တွေဖြစ်ပြီး သကာလ နေတော့ တရား ကလည်း အင်မတန်မွန်မြတ် အသံတော်ကလည်း အင်မတန် ကြည်လင်တော့ ဒေါင့်တစ်ဒေါင့်ကနေ တရားနာလိုက်တာ သူ့စိတ်ထဲမှာ ဪ ဒီလိုနေလို့တော့မဖြစ်ဘူး။

ဘုရားထံမှာ သင်္ကန်းဝတ်တယ်

ဆိုတဲ့စိတ်တစ်ခါတည်းပေါ်လာတယ်၊ ဒီလိုနေလို့ တော့ မဖြစ်ဘူး၊ သာသနာ့ဝန်ထမ်း ရဟန်းအဖြစ်နဲ့ပဲ ရွက် ဆောင်မှသာလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ပေါက်ဆိုတဲ့ အလုပ်ဟာ ဖြစ်တော့မယ်ဆိုတဲ့ စိတ်ကလေးပေါ်ပေါက်လာ တယ်။

အဲဒီပေါ်ပေါက်လာပြီး သကာလ နေတော့၊ ခုနက လှည်းအစီးငါးရာမှ သူ့စာရေးကြီးကို ဟောဒီ ဥစ္စာကွာ ငါ့ညီကို အကုန်သာ စာရင်းနဲ့ အင်းနဲ့တကွပြန်ပြီး သကာလ အပ်လိုက် ပါတယ်။

ငါတော့ဖြင့် သင်္ကန်းဝတ်တော့မယ်ဆိုပြီး သကာလ အပြည့်အစုံအပ်ပြီး ဒီပစ္စည်းတွေ အကုန် ပြန်မကြည့်ဘဲနဲ့ ဘုရားဆီသွားတယ်။

ဘုရားဆီသွားပြီး သင်္ကန်းဝတ်လိုက်တယ်။ ဇေတဝန် ကျောင်းမှာ။

အသက်ကြီးလို့ တရားတိုတိုးမြှင့်ပါ

သင်္ကန်းဝတ်ပြီး သကာလ ဘုရားသခင် ကိုယ်တော် မြတ်ကြီး သွားလျှောက်တယ်၊ အရှင်ဘုရား တပည့်တော်ဟာ အသက်အရွယ်လည်းကြီးပါပြီဘုရား၊ တရားလည်းတိုတိုလေးနဲ့ ခရီးပေါက်တာကို လိုချင်ပါတယ်ဆိုပြီး သကာလ သေသေ ချာချာ သွားတောင်းပါတယ်။

အရှင်ဘုရားတရားကို တိုတိုဟောပြီး တိုတိုရလို့ရှိရင် လည်း တပည့်တော်သည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာ နေပြီး သကာလ ရာဂ၊ ဒေါသ၊ မောဟတွေ ချုပ်ငြိမ်းရာဖြစ် တဲ့ နိဗ္ဗာန်ကို မရောက်ရောက်အောင်ပဲ ကြိုးစားမယ်ဆိုတဲ့ စိတ်ထားပြင်းပြနေပါတယ်ဘုရား။

ဒါကြောင့် တိုသောတရားကို ချီးမြှောက်တော်မူပါလို့ သွားလျှောက်တယ်။

ဒါဖြင့် ဒီ ဒကာ ဒကာမတွေမှာ ယနေ့ တိုတိုနဲ့ မဂ်ဖိုလ်ဆိုက်မည့်တရားကို ကိုယ်တိုင် ရတော့မှာပဲ ဆိုတာ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)။

တိုတိုနဲ့မဂ်ဖိုလ်ရမည့်တရား၊ ကိုယ်တိုင်ရမယ် ရပြီး ရင်လည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကိုယ်တိုင် အားထုတ်ဖြစ်အောင် အားထုတ်ရလိမ့်မယ်။ အားထုတ်ဖြစ်အောင် အားထုတ်ရလိမ့်မယ် (မှန်လှပါ ဘုရား)။

ဓမ္မသာဝနကုသိုလ်နဲ့စိတ်မချရသေးဘူး

အကယ်၍ အားမထုတ်တော့ပါဘူး၊ တပည့်တော်တို့ ဖြင့် တရားနာကုသိုလ်ဖြစ်ရုံပဲဆိုလို့ ရှိရင်ဖြင့် ဒီကုသိုလ် ကတော့ဖြင့် ဓမ္မသာဝနကုသိုလ်လောက်နဲ့တော့ဖြင့် ဒကာ ဒကာမတို့ စိတ်မချရသေးဘူး။

ဓမ္မသာဝန ကုသိုလ်လောက်နဲ့ဖြင့် (စိတ်မချရပါ ဘုရား)။

အဲတော့ကို ခင်ဗျားတို့ အနာများဆေးကုတဲ့အခါ ဒကာကြွယ်တို့ သိပါလိမ့်မယ်၊ ဆရာဝန်ကို သွားမေးတယ်၊ ဆရာ ကျုပ်အနာပျောက်ပလား၊ စိတ်ချရပါသလား၊ မမေး ကြဘူးလား (မေးကြပါတယ် ဘုရား)။

မတော်ဖောက်ပြန်ပြီး သကာလ လာစရာများရှိသေး သလားဆရာလို့ မေးတဲ့အခါကျတော့ ဖောက်ပြန်စရာ ရှိသေး တယ်ဆိုရင် ဆေးရုံက မဆင်းသေးဘူးဆိုတာ လူတိုင်းပြော မှာပဲ မပြောပေဘူးလား (ပြောပါတယ်)။

ဖောက်ပြန်စရာမရှိတော့ပါဘူး ဆိုလို့ရှိရင်ဖြင့် စိတ်ချ လက်ချ ဆင်းကြမှာပဲ၊ မဆင်းကြပေဘူးလား (ဆင်းကြမှာပါ ဘုရား)။

စိတ်ချရတဲ့အလုပ်လုပ်ကြပါ

အဲဒီမှာလည်း ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကို စိတ် မချရတဲ့ အလုပ်ကလေးနဲ့ တင်းတိမ်ပြီး မနေဘဲနဲ့ စိတ်ချရတဲ့ အလုပ်ကို ကိုယ်ပိုင်ရအောင်လုပ်ပါဆိုတာ ဆရာဝန်မေးလို့ ဆေးရုံက ဆင်းတဲ့အခါ စိတ်ချရသလိုပေါ့ဗျာ။

ဒီမှာလည်း ငါဖြင့် အပါယ်လေးပါးစိတ်ချရတဲ့ တစ်မဂ်တစ်ဖိုလ်ရအောင်ဖြင့် ငါသည်ကားလို့ ဆိုရင် လုပ်မှပဲ တော်မယ်ဆိုတဲ့စိတ်ထား မွေးကြပါ။ အပါယ်စိတ်မချရ သေးဘူးဆိုရင် စိတ်ချရတဲ့ အလုပ် လုပ်မဟ၊ သဘောပါကြ ပလား (ပါပါပြီ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နို့မိုလို့ ရှိရင် အပါယ်စိတ်မချရသေးလို့ရှိရင်ဖြင့် အင်း သောက၊ ပရိဒေဝတွေကလည်း ကိုယ့်ပစ္စည်း စိုးရိမ်မှုဟာလည်း (ကိုယ့်ပစ္စည်း) အင်း ငိုကြွေးမှု ဟာလည်း (ကိုယ့်ပစ္စည်း) အဘိဇ္ဈာ ဆိုတဲ့ သူ့စည်းစိမ်ပျက်မှု ကြံမှု အကုသိုလ်တွေ ကရော (ကိုယ့်ပစ္စည်း) ဒေါမနဿဆိုတဲ့နှလုံးမသာယာ ဒေါမနဿ ဖြစ်ရတာတွေရော (ကိုယ့်ပစ္စည်းပါ ဘုရား)။

ဪ ဒါဖြင့် ရန်သူ ကိုယ့်ပစ္စည်းဖြစ်မှာစိုးရိမ်တဲ့ အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နိုးနိုးကြားကြားနဲ့ ကဲ စိတ်ချရတဲ့အလုပ် လုပ်ပါတော့မယ်ဆိုတဲ့ဥစ္စာကိုဖြင့် ကြား ဖြတ်ပြီး တိုက်တွန်း ချင်တယ်။

မဟာပုဏ္ဍအား ဟောသောတရားတော်

ဒါနဲ့ သင်္ကန်းဝတ်ပြီး သကာလ တပည့်တော် တိုတို တရားလေးဟောပါဘုရားလို့ ဆိုတဲ့အခါကျတော့ ဘယ်လို ဟောလိုက်သတုံးဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့

“ နန္ဒီ သမုဒယာ၊ ဒုက္ခသမုဒယော’’ လို့ ဟောလိုက်တယ်၊

‘‘နန္ဒီ နိရောဓာ၊ ဒုက္ခနိရောဓော’’ လို့ ဟောလိုက်တယ်။

နန္ဒီ သမုဒယာ၊ ဒုက္ခသမုဒယော၊ နှစ်သက်မှုရှိရင် ဒုက္ခဖြစ်မယ်ဟေ့၊ သဘောကျပလား (ကျပါပြီ) နှစ်သက်မှု ရှိရင် (ဒုက္ခဖြစ်မှာပါ ဘုရား)။

ဒီဘက်က နှစ်သက်မှု၊ တဏှာ၊ ဒီဘက်ကကော ဇာတိ ဇရာ မရဏ ဒီသုံးခုဟာ ဇာတိ၊ ဇရာ၊ မရဏ နှစ်သက် မှုရှိရင် ဒုက္ခရမယ်။

ဒါဖြင့် ဒကာ ဒကာမတို့ နှစ်သက်မှု ချုပ်ရင် ဒုက္ခ ချုပ်မယ်၊ နှစ်သက်မှု ချုပ်ရင် (ဒုက္ခချုပ်မှာပါ ဘုရား) ဒကာသစ် ကျေနပ်ပလား (ကျေနပ်ပါပြီ)။

ဪ ဒါဖြင့် လက်သည် ဖမ်းမိပြီ ဒကာ ဒကာမတို့ ပုဏ္ဏဟောနေတာနော်။

နှစ်သက်မှုရှိရင် ဒုက္ခရောက်မယ်

ဒါတွေ ဒကာ ဒကာမတို့ သန္တာန်မှာလည်း ဒီတရားတွေဟာ ရှိပြီး သကာလ နေပြန်တော့ ဪ နှစ်သက်မှု ရှိရင် ဒုက္ခရောက်တော့မှာပဲ၊ နှစ်သက်မှုမရှိရင် ဒုက္ခသိမ်းတော့မှာပဲ၊ နှစ်သက်မှုရှိရင် (ဒုက္ခရောက်တော့မှာပါ ဘုရား)။

အင်း နှစ်သက်မှုသိမ်းလိုက်ရင် (ဒုက္ခသိမ်း တော့မှာပါ ဘုရား)။ အေး-ဒါကြောင့် ဘုရားက တိုတိုဟော ပါဆိုလို့ ဒကာသစ် မတိုလားဗျာ (တိုပါတယ်)။

နန္ဒီ သမုဒယာ၊ ဒုက္ခသမုဒယော၊ သဘောပါပလား (ပါပါတယ်) နန္ဒီ သမုဒယာ (ဒုက္ခသမုဒယော)။

နန္ဒီ သမုဒယာ – နှစ်သက်မှုရှိသောကြောင့်၊ ဒုက္ခ သမုဒယော ဒုက္ခ၏ဖြစ်ခြင်းသည်၊ ဟောတိ- ဖြစ်၏။

နှစ်သက်မှုချုပ်ရင် ဒုက္ခချုပ်မယ်

နန္ဒီ နိရောဓာ – နှစ်သက်မှုချုပ်လေ သောကြောင့် ဒုက္ခနိရောဓော – ဒုက္ခ၏ချုပ်ခြင်းသည်၊ ဟောတိ-ဖြစ်၏။

တယ်လည်းတိုပါလား (တိုပါတယ် ဘုရား) နှစ်သက်မှုရှိရင် (ဒုက္ခဖြစ်ပါမယ် ဘုရား) ဒုက္ခဖြစ်ရမယ်တဲ့ ဒကာ ဒကာမတို့ နှစ်သက်မှုချုပ်ရင် (ဒုက္ခချုပ်မှာပါ ဘုရား) ဒုက္ခချုပ်ရမယ်ဆိုတော့ မသေချာဘူးလား (သေချာပါတယ်)။

သစ္စာလေးပါးဟောတယ်

ဒါဖြင့် – ဘုရားဘာဟောပါလိမ့်မတုံးဆိုတော့ ‘‘သစ္စာ ဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ’’ ဆိုတဲ့အတိုင်း သစ္စာလေးပါး သူ ဟောထားတယ်။

သမုဒယချုပ်ရင် ဒုက္ခချုပ်တယ်ဆိုတော့ သစ္စာနှစ်ပါး ပြီး မသွားဘူးလား ပြီးသွားပါတယ်ဘုရား၊ သမုဒယဖြစ်ရင် (ဒုက္ခဖြစ်ပါတယ် ဘုရား)။ ဟော သစ္စာနှစ်ပါးပေါ်လာတယ် (မှန်လှပါ ဘုရား)။

သမုဒယက-သမုဒယသစ္စာ၊ ဒုက္ခက – ဒုက္ခသစ္စာ၊ သမုဒယချုပ်လျှင် (ဒုက္ခချုပ်ပါတယ် ဘုရား)၊ အဲ သမုဒယချုပ်တာ၊ ချုပ်အောင် လုပ်နိုင်တာက မဂ္ဂသစ္စာ၊ သဘောကျပလား (ကျပါပြီ)၊ ဒုက္ခချုပ်တာက (နိရောဓ သစ္စာ) နိရောဓသစ္စာဆိုတာ သေချာကြပလား (သေချာ ပါတယ်)။

အေး-ဒါတွေသိထားတော့မှ တိုတိုနဲ့ မိမိ၊ ဒကာ ဒကာမတွေ အမှန်အကန်သိထားတော့ ဪ အား ထုတ်စရာ အလွယ်လေးပါလား၊ နှစ်သက်မှုချုပ်လို့ရှိရင် ပြီးတာပါပဲ။

ခြေတော်ရာတောင်းပန်မည့်ရှင်ပုဏ္ဏ

ဒါရှင်ပုဏ္ဏကို ခြေတော်ရာတောင်းပန်မည့် ရှင်ပုဏ္ဏ ဟောနေတာ ဒကာကြွယ်ရေ (မှန်ပါ့ ဘုရား)။

ခြေတော်ရာချဖို့ရာ သုနာပရန္တတိုင်း (မြန်မာပြည်) မှာ ခြေတော်ရာချခဲ့ပါဆိုတဲ့ အဲဒီရဟန္တာ၊ နောက် ရှင်ပုဏ္ဏ ရဟန္တာဖြစ်ပါတယ်။

သူကတောင်းပန်လို့ အကျဉ်းဆုံးနဲ့ တပည့်တော်ကို ဟောပါဆိုလို့ ဟောရတဲ့တရား၊ ဒကာသစ်ရ (မှန်လှ ပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

နှစ်သက်မှုရှိရင် (ဒုက္ခဖြစ်မှာပါ ဘုရား)၊ နှစ်သက်မှု ချုပ်ရင် (ဒုက္ခချုပ်မှာပါ ဘုရား) ဪ-ခင်ဗျားတို့ သစ္စာလေးပါးဟောရှာတာ ဒကာကြွယ်ရေ ဘာများဟောပါလိမ့် (သစ္စာလေးပါး ဟောတာပါ ဘုရား)။ သစ္စာလေးပါး ဟောနေတယ်ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ဒီသစ္စာတရားတော်ကိုရှင်းပြမယ်

ကိုင်း- ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီသစ္စာ နန္ဒီ သမုဒယာ၊ ဒုက္ခသမုဒယော ကိုရှင်းပြပါတော့မယ်။

သူဟာ နှစ်သက်စရာမရှိဘဲနဲ့ နှစ်သက်တဲ့တရား မဟုတ်ဘူး၊ နှစ်သက်စရာရှိလို့ နှစ်သက်တာပဲ သဘောကျ ပလား (ကျပါပြီ)။

နှစ်သက်စရာရှိလို့ နှစ်သက်လို့ရှိရင်လည်း ဒုက္ခတော့ ဖြစ်တော့မှာပဲ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

အဲတော့ ဒီတရားကို ပဋိစ္စသမုပ္ပါဒ်ထဲသွင်းလိုက်ပါ တော့၊ ပဋိစ္စသမုပ္ပါဒ်ထဲသွင်းလိုက်တော့ နှစ်သက်တာက တဏှာကိုးဗျ။

တဏှာလာလို့ရှိရင် သူ့အဖေါ်ဖြစ်တဲ့ဥပါဒါန်၊ ကံက လာတော့မယ်၊ ကံလာလို့ရှိရင်၊ ဒီသုံးခု ဇာတိ ဇရာ မရဏ ဆိုတာ မလာရပေဘူးလား (လာမှာပါ ဘုရား)။

ဪ ဒါဖြင့်၊ နှစ်သက်မှုတစ်ခု ချုပ်ရင်၊ ဥပါဒါန်၊ ကံလည်းချုပ်မှာပဲ၊ သူချုပ်သွားလို့ရှိရင် ဇာတိ ဇရာ မရဏ အိုဘေး၊ နာဘေး၊ သေဘေးတွေကမလွတ်ပေဘူးလား (လွတ် မှာပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီ နန္ဒီ ဆိုတဲ့ နှစ်သက်မှု ဘယ်က များလာပါလိမ့်မလဲဆိုတာ ကျုပ်တို့ တရားကူကြဖို့ပဲ လိုသေး ရဲ့လား (မလိုပါဘူး)။

နှစ်သက်မှုဘယ်ကလာပါလိမ့်

အေး- ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေသေချာချာနားထောင်ပြီး သေသေချာချာ ရှုကြပါဆိုတာ ကိုပဲ တိုက်တွန်းတယ်နော်။

အဲတော့ ဒီဥစ္စာ၊ ဒီဘက်ကအဆင်းလေးရှိတယ်။ အဆင်းလေးရှိတော့ ဒီဘက်ကနေ မြင်ကြတယ်၊ ဒကာ ဒကာမတွေက (မှန်ပါ့)။

အဆင်းရှိပြန်တော့ သမီးလေးမျက်နှာလေးကြည့် လိုက် ငါ့သမီးကလေးက ဖြူဖြူဖွေးဖွေး လေးပဲ ဆိုပြီး သကာလ မြင်တဲ့စိတ်ကလေးပေါ်လာတယ်။

မြင်ကဲ့စိတ်ကလေးပေါ်လာတော့ မြင်ရုံတင် ခင်ဗျား တို့က ရပ်နိုင်ကြတာမဟုတ်တော့ နှစ်သက်ပြန်တယ်၊ နှစ်သက်တော့ နန္ဒီဖြစ်လာတယ်၊ တဏှာဖြစ်လာတယ်၊ သဘောကျပလား (ကျပါပြီ)။

နှစ်သက်တော့ ဘာဖြစ်လာသလဲ (တဏှာဖြစ်လာပါ တယ်) အေး တဏှာဖြစ်လာတယ် ဆို တာ မသေချာသေး ဘူးလား (သေချာပါတယ်)။

အဲတော့ နန္ဒီ သမုဒယာ (ဒုက္ခသမုဒယော) ဒုက္ခ သမုဒယောသွားပြီ၊ နန္ဒီ သမုဒယာ (ဒုက္ခသမုဒယော ပါ ဘုရား)။

တဏှာဖြစ်ဖို့အကြောင်း

ဪ-ဒါဖြင့် မြင်တယ်၊ အဆင်းကလေး၊ သမီး ကလေးမျက်နှာလေးမြင်တယ်၊ မျက်နှာလေးက အဆင်း၊ မြင်တာက မြင်စိတ်ပေါ့ဗျာ၊ မြင်စိတ်၊ မြင်ရုပ်တွေတွဲပြီး မြင် ကြတာပေါ့။

ဪ-အဲဒီအဆင်းချည်းသက်သက်လည်း တဏှာ မဖြစ်နိုင်ဘူး၊ မြင်တာချည်း သက်သက်လည်း တဏှာမဖြစ် နိုင်ဘူး၊ သူတို့နှစ်ခုပေါင်းလိုက်တာ ငါ့မှာတဏှာဖြစ်ဖို့ အကြောင်းပဲ (မှန်လှပါ)။

အဆင်းနဲ့ မျက်စိပေါင်းလိုက်တာ (တဏှာဖြစ် ဖို့ အကြောင်းပါ ဘုရား) တဏှာဖြစ်ဖို့အကြောင်း အသေအချာ မလာဘူးလား (လာပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ)။

သံသယရှင်းသထက်ရှင်းအောင်

အေး- ဒါကြောင့် သတိပဋ္ဌာန်ပါဠိတော်နဲ့ စာလေးဘာလေး ဝါသနာပါတဲ့ပုဂ္ဂိုလ် သံသယ ရှင်းသထက် ရှင်း အောင် ဘုန်းကြီး အကိုးအကားလေး ထုတ်ပြီးပြမယ်။

ဓမ္မာနုပဿနာ သတိပဋ္ဌာန်မှာသွားကြည့်လိုက်တော့ စက္ခုဉ္စ ပဇာနာတိ၊ ရူပေစ ပဇာနာတိ၊ ယဉ္စသတိပဋ္ဌာနံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ ဆိုတဲ့ တဏှာကလာတော့မယ်၊ မလာ ဘူးလား (လာပါတယ် ဘုရား)။

စက္ခုဉ္စ ပဇာနာတိ၊ ရူပေစ ပဇာနာတိ၊ သူတို့နှစ်ခု နှစ်ခု ပေါင်းလိုက်လို့ရှိရင် ယဉ္စ သတိပဋ္ဌာနံ ပဋိစ္စ သံယောဇနံ ဆိုတဲ့ ခုနက နန္ဒီလာတော့မယ်။

သူတို့နှစ်ခုဟာလက်သည်

ဪ- သူတို့နှစ်ခု လက်သည်ပဲ၊ ပေါ်ပြီ ဒကာ ဒကာမတို့ (မှန်ပါ) အင်း အဆင်းနဲ့ မျက်စိပဲပေါ့။

ဒီလူတွေ သမုဒယသစ္စာဖြစ်စေတာ ဘယ်သူပါလိမ့် (အဆင်းနဲ့ မျက်စိပါ ဘုရား)၊ အင်း ပါဠိတော်နဲ့ကော ကိုက်ကဲ့လား (ကိုက်ပါတယ်) အင်း-ဘုရားကလဲ ဟော လိုက်တာ၊ ဒါကြောင့် သတိပဋ္ဌာန်ပါဠိတော်နဲ့ အခု ရှင်ပုဏ္ဏ ကျတော့ ဥပရိပဏ္ဏာသပါဠိတော်နဲ့ နှစ်ခုရောဟောတယ်။

နှစ်ခုရောဟောနေတယ်လို့ သေသေချာချာမှတ်ပါ။ ဘုရားတစ်ဆူတည်းမို့ တစ်ထပ်တည်း ပဲလို့လည်း မှတ်လိုက် ပါ။ ဘုရားတစ်ဆူတည်းမို့ (တစ်ထပ်တည်းပါ ဘုရား)။

သတိပဌာန် ပါဠိတော်ကတော့ စက္ခုဉ္စ ပဇာနာတိ၊ ရူပေစ ပဇာနာတိ။ စက္ခု ရူပတဲ့ဗျာ သူတို့နှစ်ခုကြောင့် ယဉ္စ သတိပဋ္ဌာနံ ပဋိစ္စသူတို့နှစ်ခုပေါင်းလိုက်တဲ့ ယဉ္စသံယောဇနံ အဲဒီ- သံယောဇဉ်ပေါ်လာတယ်။

တဏှာ နန္ဒီ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)၊ အင်း- ဒီတဏှာပေါ်လာရင် ဥပါဒါန် ကံတွေက နေပါဦးမလား (မနေပါ ဘုရား)။

မနေလို့ရှိရင်ဖြင့်တဲ့ ဇာတိ၊ ဇရာ၊ မရဏတွေက ကျုပ်တို့ ကိုယ်ပိုင်တွေဖြစ်ရတော့မယ်၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါတွေကို သဘောနှင့်တကွ ဘု ရားဟော ပါဠိတော်နဲ့ သေသေချာချာစစ်တမ်းထုတ်ပြီး ကြည့်လိုက်တဲ့ အခါကျတော့ ဪ ငါတို့သည်ကားလို့ဆိုရင် ဒီကြား မဂ်ဝင်မှတော်မှာပါလား၊ ပေါ်လာပြီ။

အဆင်းနဲ့မြင်စိတ်ထား၊ မဂ်ဝင်ရမယ်

အင်း အဆင်းနဲ့ မြင်စိတ်ကြား ဘာဝင်ရမလဲ (မဂ်ဝင်ရပါမယ် ဘုရား)၊ မဂ်ဝင်ရလိမ့်မယ် ဒကာ ဒကာမတို့ မဝင်ရင် နန္ဒီဆိုတဲ့ တဏှာလာလိမ့်မယ်၊ မဝင်ရင် ဘာလာ မယ်ထင်သလဲ (တဏှာလာမှာပါ ဘုရား)။

တဏှာလာလိမ့်မယ် သံယောဇဉ်လာလိမ့်မယ်၊ တဏှာနဲ့ သံယောဇဉ် အတူတူပဲ တဿတီတိ တဏှာ ဆိုတာ အမြဲတမ်းလိုနေတယ်၊ တောင့်တ,သောကြောင့် လည်း တဏှာ၊ သံယောဇဉ်ဆိုတာ သတ္တဝါတွေ ဝဋ်ထဲကမထွက် ရအောင်၊ သူကြောင့် မထွက်ရအောင် ဖွဲ့ထားသောကြောင့် သူလည်း သံယောဇဉ် မခေါ်နိုင်ဘူးလား (ခေါ်နိုင်ပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း- ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟေ့ ပုဏ္ဏ၊ မင်းသည်ကားလို့ ဆိုလို့ရှိရင် ကွာတဲ့၊ ဟောဒီတဏှာ မလာအောင် လုပ်နိုင်လို့ရှိရင်ဖြင့်၊ သမုဒယချုပ်၍ ဒုက္ခချုပ် ပါတယ် (မှန်လှပါ ဘုရား) ဒီ တဏှာလာရင် သမုဒယဖြစ်၍ (ဒုက္ခဖြစ်ပါတယ်)။

ဒါဖြင့် ကျုပ်တို့က အဋ္ဌကထာဆရာကလည်း ဖွင့်ပါ တယ်တဲ့ ထိုရူပါရုံကိုသော်လည်းကောင်း၊ ထိုစက္ခုကိုသော် လည်းကောင်း၊ ဖြစ်ပျက်ရှု ရပါလိမ့်မယ်၊ သဘောကျပလား (ကျပါပြီ)။

မြင်တဲ့အဆင်းကိုဖြစ်ပျက်ရှု

အင်း-ဒါဖြင့်မြင်တဲ့အဆင်းကို သား၏ မျက်နှာ ကလေးမြင်လိုက်တော့၊ အင်း သူကြည့်ရတာ၊ မြင်တဲ့ အဆင်းကလေးကိုပဲ ခင်ဗျားတို့ ဖြစ်ပျက်ရှုနိုင်ရှု၊ ဟာ မရှုနိုင်ဘူးဆိုရင် ကိုယ့်မျက်လုံးနဲ့ မြင်စိတ်ကို ဖြစ်ပျက်ရှုပါ။

ဟိုဘက် မရှုနိုင်လို့ရှိရင်၊ ဗဟိဒ္ဓ မရှုနိုင်ရင် အဇ္ဈတ္တ ရူပါ၊ ဗဟိဒ္ဓမရှုနိုင်ရင် (အဇ္ဈတ္တရှုရပါမယ်)။

တစ်ခုခုမှ ဒကာသစ်တို့က မရှုတော့ပါဘူး၊ ကြားက နေပြီး သကာလ မရှုတော့ပါဘူးဆိုရင်ဖြင့် နန္ဒီလာတော့မယ်။

နန္ဒီ သမုဒယ (ဒုက္ခ သမုဒယော) သဘောပါ ကြပလား (ပါပါပြီ)။ နန္ဒီ သမုဒယ (ဒုက္ခ သမုဒယော) ဒုက္ခသမုဒယောဟာ မဖြစ်ချင်ပါဘူးဆိုလို့ ဒကာကြွယ်ရေ မရပါဘူး၊ ဒကာဦးလှဘူးရရဲ့ လား (မရပါ ဘုရား)။

အဲဒါကြောင့်တဲ့၊ ဒကာ ဒကာမတို့ မြင်ရာကိုလည်း ဖြစ်ပျက်ရှုချင်ရှုပါ၊ မြင်တဲ့ရုပ်နဲ့နာမ်ကိုသော် လည်းကောင်း (ဖြစ်ပျက်ရှုရပါမယ်)။ ဒါဖြင့် ကျုပ်တို့က စိတ္တာနုပဿနာရှုပြီး နေတဲ့ ဒကာ ဒကာမတွေ ဖြစ်ပြီး သကာလ နေတဲ့အတွက် မြင် စိတ် ကလေးမြန်မြန်ရှုပေး (မှန်လှပါ ဘုရား)။

ဖြစ်ပျက်ရှုနိုင်တဲ့ပုဂ္ဂိုလ်

ဘယ်လိုလုပ်ရမလဲ (မြင်စိတ်ကလေးမြန်မြန် ရှုရပါမယ် ဘုရား)။ အဲဒါဖြင့် ဒီလိုရှုလိုက်တဲ့ အခါကျတော့ မြင်စိတ်က “စက္ခုဝိညာဏံ အနိစ္စံ”ဆိုတဲ့အတိုင်း မြင်စိတ်က ဖြစ်ပျက်၊ ရှုတာကမဂ်၊ သေတာက သမုဒယ သဘောကျ ပလား (ကျပါပြီ)။

ချုပ်တာက ဒုက္ခ၊ သေတာက သမုဒယ၊ ဒုက္ခချုပ် တော့၊ တဏှာ နိရောဓော နိဗ္ဗာနံ၊ ခန္ဓာနိရောဓော နိဗ္ဗာနံ၊ ဪ တဏှာရောခန္ဓာရောချုပ်သွားတယ်။

ဘယ်လိုပါလိမ့် ဒကာ ဒကာမတို့ တဏှာရော ခန္ဓာ ရော ချုပ်သွားတယ်၊ အင်း ဘယ်နှယ့်ကြောင့် ဒီတဏှာ ရော၊ ခန္ဓာရော ချုပ်ရပါလိမ့်မလဲလို့ မေးတဲ့အခါကျလို့ရှိရင် မြင်တဲ့ ရူပါရုံ ရှုနိုင်သောကြောင့် လည်းကောင်း မြင်စိတ် ကလေးကို (ရှုနိုင်လို့ပါ ဘုရား) ရှုနိုင်သောကြောင့် လည်းကောင်း နန္ဒီလည်းချုပ် ဒုက္ခလည်း (ချုပ်ပါတယ် ဘုရား)။

ဖြစ်ပျက်မရှုနိုင်တဲ့ပုဂ္ဂိုလ်

ဪ ဒါဖြင့် မရှုတဲ့ပုဂ္ဂိုလ်တွေအတွက်မှာ ဒကာ ကြွယ်တို့ အိမ်မှာနေ၊ ဒကာသစ်တို့ အိမ်မှာ နေတဲ့အခါ ကျလို့ရှိရင် ဈေးနဲ့၊ ဆိုင်နဲ့၊ ကနားနဲ့ အရောင်းနဲ့ အဝယ်နဲ့ နေတဲ့အခါကျလို့ရှိရင်၊ ဒါကလေးက လှပါတယ်၊ ဒါလေး ယူသွားပါ။

ဒါကလေးကလည်းလှတယ် ဆိုင်ခံလေးထားမှပဲ။ ရှုဖြစ်တယ်လို့ကို မရှိဘူး ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ရှုဖြစ်တယ်လို့ကိုမရှိဘူး၊ တောင်မြို့မှာလည်း ယက္ကန်း သည်တွေဟာ ဒီအဆင်ကလေးနဲ့ ဒီအဆင်ကလေး တည့်အောင်၊ ဆင်ပေးမှပဲ ဒါမှ အထည်သည်တွေက ကြိုက်မှာ ဆိုပြီး သကာလ သူများကြိုက်ဖို့တွေ လုပ်နေတယ်။

ကိုယ်ကြိုက်မှ သူများကြိုက်မှာဆိုတာလည်း ပါလိုက် သေးတယ် (မှန်လှပါ ဘုရား) အင်း နန္ဒီ သမုဒယာ၊ ဒုက္ခသမုဒယော၊ မလာပေဘူးလား (လာပါတယ် ဘုရား)

ခန္ဓာနဲ့ဆပ်မယ်သာပြင်ကြပေတော့

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ ကိလေ သာကြွေးတွေကဖြင့် ခန္ဓာနဲ့ ဆပ်မယ်သာ ပြင်ကြပေတော့။ ကိလေသာ ကြွေးတွေဘာနဲ့ဆပ်ရမလဲ (ခန္ဓာနှင့် ဆပ်ရ မှာပါ ဘုရား)။

နန္ဒီတွေက ခဏခဏလာနေတာကိုး၊ ဘာနဲ့သွားပြီး အပါယ်ဆပ်ကြရမယ် (ခန္ဓာနဲ့သွားပြီး ဆပ်ကြရမှာ ဘုရား)။

ခန္ဓာနဲ့ဆပ်ရမယ် ဆိုတော့ ဒကာကြွယ်ရေ မနေ့က ငရဲခန်းကို ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ငါကိုယ်တိုင် မြင်လို့ငါကိုယ်တိုင် ဟောပါတယ်ကွ။

သူများပြောသံကြားနဲ့ ဟောတာမဟုတ်ပါဘူးကွ၊ ရဲဝံ့စွာ တာဝန်ခံပြောစဉ်အခါတုန်းက ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သိခဲ့သားပဲ၊ ခံနိုင်ရည်ရှိကြရဲ့လား (မရှိပါ ဘုရား) အပါယ်လေးပါးလေ။

ဘာနဲ့ဆပ်ကြမလဲ

ခံနိုင်ရည်မရှိလို့ရှိရင်ဖြင့်၊ ဘာနဲ့ဆပ်ရမှာတုံး ဆိုလို့ ရှိရင်ဖြင့် မဂ်ဉာဏ်နဲ့ဆပ်ရလိမ့်မယ်။ ဘာနဲ့ဆပ်ကြမလဲ (မဂ်ဉာဏ်နဲ့ဆပ်ပါမယ် ဘုရား)။

အဲ ဒီဉာဏ်ဝင်လာရင်တော့ဖြင့် ငရဲမီးငြိမ်း၍ ငရဲအိုးသိမ်းတယ်လို့လည်း မနေ့ကလည်း ပြောခဲ့ပြီ မပြော ခဲ့ဘူးလား (ပြောခဲ့ပါတယ်) ဒါဖြင့် ဒကာ ဒကာမတို့ “အတ္တာ ဟိ၊ အတ္တနောနာထော” ဆိုတဲ့အတိုင်း မိမိအားထုတ်ထား တဲ့၊ မဂ္ဂင်သာ မိမိအားကိုးပါတော့ ဆိုတဲ့ စကားတွေနဲ့ကော မကိုက်သေးဘူးလား (ကိုက်ပါတယ် ဘုရား)။

ဘာအားကိုးကြမလဲ

ဒါကြောင့် ဒကာကြွယ် ဘာအားကိုးမယ် (မိမိအား ထုတ်ထားတဲ့ မဂ္ဂင်သာ အားကိုးရပါမယ် ဘုရား) အားထုတ် ထားတဲ့ မဂ်ဉာဏ်ကိုအားကိုးရမယ်၊ မကိုးရပေဘူးလား (ကိုးရပါမယ် ဘုရား)။

သားလေးတွေက ရှိပါရဲ့၊ သမီးကလေးတွေက ရှိပါရဲ့၊ ဘယ်နှယ်နေသတုံး၊ နေကောင်းရဲ့လား ဒါကလေး စားချင် တယ်၊ ဒါပဲ တတ်နိုင်တယ်၊ အပါယ်သွားပို့ကျတော့ (မတတ် နိုင်ပါ ဘုရား)။

မတတ်နိုင်တော့ ခင်ဗျားတို့သားတွေသမီးတွေလည်း ဖြစ်ပေါ်လို့လာငြား သော်လည်း တကယ်တမ်းအရေးကျတော့ တကယ်တမ်း သူတို့လက်မှိုင်ချပြီးနေမှာပဲဆိုတာ ခင်ဗျားတို့ သိကြပါတော့။

တကယ့်အရေးကျတော့ သူတို့လည်း လက်မှိုင်ချပြီး မျက်ရည်နဲ့ပဲ သူတို့က ဒါ လွမ်းဆွတ် နေရစ်မှာပါပဲ။

ကိုယ့်အတွက်ခက်တယ်

သူကလွမ်းဆွတ်မှာနဲ့ ကျုပ်တို့က မဂ်က ကိလေသာ ကို မဖြတ်လို့ အပါယ်သွားရတဲ့အခါ သူတို့ လွမ်းဆွတ်တာက တခြား၊ ကျုပ်တို့အပါယ်မှာရောက်ရတာက (တခြားပါ ဘုရား)

တခြားဖြစ်နေတော့ ဪ သူတို့ အတွက် ခက်တယ်လို့ခင်ဗျားတို့က မပြန်နဲ့ ကိုယ့်အတွက် ခက်တယ်လို့ ဆိုပါ။

သူတို့အတွက်ဖြင့် မခက်ပါနဲ့ ကိုယ့်အတွက်ဖြင့် (ခက် ပါတယ် ဘုရား)။

အဲ အခုကခက်မှ ဒကာ ဒကာမတို့နေရာကျမယ် အခုကခက်ပါမှ နေရာကျမယ် ဆိုတာ သဘောပါပလား (ပါပါပြီ)

ကိုင်း-ဒါဖြင့် အခုက၊ အခုကြွေးတင်နေတာ ဒကာ ဒကာမတို့ သေတော့ ခန္ဓာနဲ့ ဆပ်ရတယ်၊ အခုအရှင် ဆိုတော့ မဂ်နဲ့ဆပ်မယ်။

ကိုင်းဒကာ ဒကာမတို့ ဘယ်လမ်းယူကြမှာတုံး။

သေမှခန္ဓာနဲ့ဆပ်မလား၊ ရှင်တုန်းမဂ်နဲ့ ဆပ်မလား

သေမှ ခန္ဓာနဲ့ဆပ်တာကြိုက်သလား၊ ယခုမဂ်ဉာဏ်နဲ့ ဆပ်တာကြိုက်သလား၊ (အခုမဂ်ဉာဏ်နဲ့ ဆပ်တာကြိုက်ပါ တယ် ဘုရား)။

ဒါဖြင့် အကြွေးပေးလို့ ဦးလှဘူး၊ မရဘူး ဖြေးဖြေးမှ လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကိုယ်လေပြေ ထိုးတဲ့ အသုံးတွေ အကုန်ဖြုတ်ပါ။

ဖြည်းဖြည်းမှ၊ ဟိုနေ့မှ ဒီနေ့မှဆိုတဲ့ လေပြေထိုး အသုံးတွေဟာ ဒကာသစ်ရေ ကိလေသာက ရေးပေး တာနော် (မှန်ပါ့) သေပေါက်သေဝရောက်အောင် သူ တွန်း ပို့နေတာ။

ဒါမလုပ်ဖြစ်အောင် သူကန့်ကွက်နေတယ် ဦးလှဘူး ဆိုထိုက်တယ်နော် (ဆိုထက်ပါတယ် ဘုရား)။

အေး-ဒါတွေ သေသေချာချာ သိတော့မှ သော် တယ်ကြီးတဲ့ နန္ဒီပါလား၊ တယ်ကြီးတဲ့ ကိလေသာ ပါလား၊ ဒို့ ရက်ရွှေ့ပေးနေတာလည်း သူပဲ။

ရက်ရွှေ့သွားလို့ရှိရင်၊ ကျုပ်တို့ခန္ဓာကိုယ်က အိုမှု ဒုက္ခ၊ နာမှုဒုက္ခ ရောက်လေလေပေါ့၊ အဲဒီလိုရောက်နေတဲ့ ဥစ္စာ သူရက်ရွှေ့တာ ကျုပ်တို့က အကောင်းမှတ်ပြီး နားထောင်နေလို့ရှိရင်ဖြင့် သော် ကျုပ်တို့ထူလွန်းလှတယ်၊ အ,လွန်းလှတယ် ဆိုတဲ့အဓိပ္ပါယ်မျိုးဟာ သုံးရတော့မယ်။

အိမ်မှာကိလေသာမင်းမူနေတယ်

မသုံးပါနဲ့ဆိုလို့ (မရပါ ဘုရား) အဲဒါကြောင့် အိမ်မှာ ခင်ဗျားတို့ ကိလေသာမင်းမူနေတယ်လို့ ဘုန်းကြီးက စွဲချက် တင်လိုက်ပါတယ်၊ အိမ်မှာ ဘာဖြစ်နေကြသလဲ (ကိလေသာ မင်းမူနေပါတယ် ဘုရား)။

ဟိုအိမ်ကြည့်လိုက်ပြန်တော့ ဘယ်သူမင်းမူနေသလဲ (ကိလေသာပါ ဘုရား) ဒေါသ ကိလေသာက မင်းမူလိုက်တာ နဲ့၊ လောဘ ကိလေသာက (မင်းမူပါတယ် ဘုရား)။

လောဘ၊ ဒေါသမင်းမူနေတယ်

အိမ်ပေါ်များတစ်ခါတလေ သဘောမကျတာနဲ့ တစ်အိမ်လုံးနဲ့များ၊ ကိုယ်တစ်ယောက်တည်းနဲ့ ဆူနေအောင် စိတ်ဆိုးတဲ့အခါလည်း ပါသေးတယ်။

တစ်ခါတလေကျတော့ ငါချည်းလုပ်ကျွေးပါမယ် ဆိုတဲ့ လောဘကများ မင်းမူပြီး သကာလ၊ နေလိုက်တဲ့အခါ ကျွန်ပေါက်သွင်းပြီး နေတာများပါလိုက်သေးတယ် (ပါပါ တယ် ဘုရား) မပါဘူးလား (ပါပါတယ်)။

အဲဒါတွေ သေသေချာချာ ကြည့်တော့မှ ဪ- ဒို့အိမ် ဘယ်သူမင်းမူနေပါလိမ့်မတုံးဆိုတော့ ရန်သူအုပ်ချုပ်နေပါ လား၊ ဘယ်လိုမှတ်ကြမယ် (ရန်သူအုပ်ချုပ်နေပါတယ် ဘုရား)

လောဘ၊ ဒေါသ၊ မောဟတွေ အုပ်ချုပ်နေတယ်

လောဘ၊ ဒေါသ၊ မောဟတွေအုပ်ချုပ်နေတယ်နော် ကိုင်း ဒါဖြင့် ခုနကပြောတဲ့ စကားလေး နှစ်လုံးကိုဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်အခါကာလမှမမေ့ပဲနဲ့ သေမည့် ခန္ဓာနှင့် အပါယ်ကို ကြွေးဆပ်မလား၊ မသေခင်မဂ်နဲ့၊ အပါယ် ဇာတ်ကို ကြွေးဆပ်လိုက်မလား အပါယ်ဖြစ်နေတဲ့ ငရဲမီး၊ ငရဲအိုးသိမ်းမလားဆိုတဲ့ဥစ္စာ ဒါကိုသာ မဂ်နဲ့ဆပ်ကြစို့ (မှန်လှပါ ဘုရား)။

ခန္ဓာနဲ့ကြွေးဆပ်မလား၊ မဂ်နဲ့ဆပ်မလား

ကြာနေလိမ့်မယ် ခန္ဓာနဲ့ကြွေးဆပ်မလား၊ မဂ်နဲ့ ဆပ်မလား (မဂ်နဲ့ဆပ်ပါမယ် ဘုရား) ကိလေသာ ရွှေ့တာကို လိုက်နာမလား၊ မရွှေ့ပဲနဲ့ပဲ၊ မဂ်ဝင်အောင်လုပ်မလားဆိုတာ မေးရဦးမယ် (မရွှေ့ပဲနဲ့ မဂ်ဝင်အောင် လုပ်ပါမယ် ဘုရား)။

ဒီတရားပွဲထဲတော့ ဘုန်းကြီးရှေ့လည်းဖြစ်ပြန်၊ တရားကလည်း သက်ဝင်နေကြပြန်တော့ ဘာမှကိစ္စမရှိဘူး ပေါ့ဗျာ၊ ခန္ဓာနဲ့တော့ တပည့်တော် ငရဲမဆပ်နိုင်ဘူးဘုရား။

မဂ်ဉာဏ်နဲ့ငရဲမီးငြိမ်း၍ ငရဲအိုးသိမ်းလိုက်တော့မယ် ဆိုတော့ တယ်ဖြောင့်တဲ့စကား မဖြောင့်လားဗျာ (ဖြောင့် ပါတယ် ဘုရား)။

ဖြောင့်ပါတယ်၊ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ မရဏဒုက္ခ တွေကိုလည်း ဉာဏ်နဲ့ပဲ ဆပ်မယ်ဘုရား၊ အဲဒီဒုက္ခသစ္စာ တွေကိုလည်း ကိုယ်နဲ့တော့ သွားပြီးမခံတော့ပါဘူး။

လက်ငင်းဆပ်ရင် ရန်ကင်းတယ်

ဒါ ဒကာ ဒကာမတို့ လက်ငင်းဆပ်ရင် ကိလေသာ ရန်သူကင်းပါတယ်၊ လက်ငင်းဆပ်ရင် (ကိလေသာရန်သူ ကင်းပါတယ်) နက်ဖြန်၊ သန်ဘက်ရွှေ့နေရင် (မကင်းပါ ဘုရား)။

မကင်းပါဘူးဆိုတော့ သူ့စကားဟာ မင်းမူတဲ့စကား နားထောင်ရာ ရောက်ပါတယ် မင်းမူတဲ့စကား နားထောင်တယ်ဆိုတာ ကျေနပ်ကျပလား ကျေနပ်ပါတယ်ဘုရား။

အေး- ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို စိတ်ဓါတ်ဆွဲနေတယ်လို့ မယူနဲ့ဖြစ်စဉ် အင်မတန် ကြီးလွန်း လို့ ပြောနေတာ (မှန်လှပါ ဘုရား)၊ စိတ်ဓါတ်ဆွဲတာ မဟုတ် ပါဘူး ခင်ဗျားတို့ စိတ်ကို ခင်ဗျားတို့ပဲ စဉ်းစားပြီး ဆုံးဖြတ် ချက်ချပါလို့ ပြောပါတယ်။

ခန္ဓာနဲ့ ကြွေးဆပ်မလား ဉာဏ်နဲ့ဆပ်မလား (ဉာဏ်နဲ့ဆပ်ပါမယ် ဘုရား) ဉာဏ်နဲ့ဆပ်ရလို့ ရှိရင်ဖြင့် မပြေ မရှိပါဘူး၊ ဒကာသစ် ရေ အရေးကြီးလာပြီ (မှန်လှပါ ဘုရား)။

ကိုင်း သွားလေသူတွေ ကြည့်လိုက်တဲ့အခါကျလို့ ရှိရင်ဖြင့် အပါယ်ရောက်ကြတဲ့ ပုဂ္ဂိုလ်တွေ ခန္ဓာနဲ့ ဆပ်နေရပြီ သဘောကျပလား (ကျပါပြီ) သွားလေသူတွေ ကြည့်လိုက် ကြတဲ့အခါကျတော့ (ခန္ဓာနဲ့ဆပ်နေရပြီ ဘုရား)။

အင်း ခင်ဗျားတို့ ကံကောင်းအကြောင်း သင့်လို့ ဆပ်နည်းတစ်မျိုး လေးပေါ်လာပြီ၊ ကံကောင်း အကြောင်း သင့်တာနဲ့ ဘာပေါ်လာလဲ (ဆပ်နည်းတစ်မျိုး ပေါ်လာ ပါတယ် ဘုရား)။

အေး-ဉာဏ်နဲ့ဆပ်ရမယ်၊ ဒကာကြွယ်ဘာနဲ့ဆပ်မယ် (ဉာဏ်နဲ့ဆပ်ရပါမယ် ဘုရား) ဉာဏ်နဲ့ ဆပ်ရတာ စားရိတ်ကုန်သလား (မကုန်ပါ ဘုရား)။

ခန္ဓာနဲ့ ဆပ်ရတာ ထွက်ပေါက်မရှိဘူး၊ ခန္ဓာနဲ့ ဆပ်ရ တာကျတော့(ထွက်ပေါက်မရှိပါ ဘုရား) ထွက်ပေါက်မရှိဘူး ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

တရားနာပါ၊ သိပါစေ၊ ကျင့်နိုင်ပါစေ

ဒါကြောင့်ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အင်မတန် ပဲ၊ ဘုန်းကြီးများတို့သည် တရားနာပါစေ သိပါစေ ကျင့်နိုင် ပါစေဆိုတဲ့ စေတနာသုံးချက်ဟာ အမြဲထားပြီး ပြောနေတော့ ..

ဪ ဒို့ ဆပ်နည်းနှစ်မျိုးရှိတာ ယနေ့ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

ရိပ်မိပြီ၊ ရိပ်မိပြီ၊ ခန္ဓာနဲ့ဆပ်နည်းလည်း (ရိပ်မိ ပါပြီ ဘုရား) အင်းဉာဏ်နဲ့ဆပ်နည်းလည်း (ရိပ်မိပါပြီ ဘုရား) သဘောကျပလား (ကျပါပြီ)။

မနေ့က မိလက္ခရဟန်းကျတော့ ခန္ဓာနဲ့ ဆပ်ရမှာ သေချာပြီးသား ဘာနဲ့ဆပ်သွားသလဲ (ဉာဏ်နဲ့ဆပ်သွား ပါတယ် ဘုရား) ဉာဏ်နဲ့ဆပ်မသွားဘူးလား (ဆပ်သွားပါတယ်)။

ဉာဏ်နဲ့ဆပ်သွားလို့ အပါယ်ရောက်သေးရဲ့ လား (မရောက်ပါ ဘုရား) ကိုင်း အဲဒါတွေကလည်း အထင်အရှား မြင်ပြီးသားဖြစ်ပြီး သကာလ နေတဲ့အတွက် ဒကာကြွယ်ရေ ဉာဏ်ပဲအားကိုးရာ ရှိတော့တယ်။

ဘာပဲအားကိုးရာရှိကြသလဲ (ဉာဏ်ပဲအားကိုး ရာရှိပါတယ်)

ဒီဉာဏ်ပြီးအောင်လုပ်ပါ

အေး- ဒါကြောင့် ဒီဉာဏ်ကိုပေးနေတဲ့ဆရာ၊ ဒီဉာဏ် ကိုပေးဖို့ရာ ခင်ဗျားတို့ အချိန်အခါ ကာလ ကြုံတုန်း၊ နက်ဖြန် သေလို့ရှိရင် ဒီဉာဏ်နဲ့ ခင်ဗျားတို့ အိုးစားကွဲလိမ့်မယ်၊ ခန္ဓာ နဲ့ သွားဆပ်ကြပေတော့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီဉာဏ်ပြီးအောင်လုပ်လိုက်ရင် ကောင်း တယ်၊ ဘယ်လိုပါလိမ့် (ဒီဉာဏ်ပြီးအောင် လုပ်လိုက်ရင် ကောင်းပါတယ် ဘုရား) ဒီဉာဏ်ပြီးအောင်လုပ်လိုက်ရင် ကောင်းပါတယ်ဆိုတာကို လေးစားစွာနဲ့ တိုက်တွန်းရပြန် တယ် (မှန်လှပါ ဘုရား)။

ခင်ဗျားတို့ အလိုက ကိလေသာက အိမ်မှာအုပ်ချုပ် ပြီး သကာလ နေတော့၊ ဉာဏ်မဝင် နိုင်အောင် သူကအမြဲ ကန့်ကွက်နေတယ်၊ ဉာဏ်မဝင်နိုင်အောင် (အမြဲကန့်ကွက် နေပါတယ် ဘုရား)။

အမြဲကန့်ကွက်နေတယ်တဲ့၊ ဘယ်သူမမာလို့ ဘယ် သွားစရာရှိလို့၊ အခြားပစ္စည်းက လိုနေသေးလို့၊ ကိလေသာက ဒီလိုပစ်သွားလို့ ဘယ်ကောင်းပါ့မလဲ။

ဒီလိုမကျွေးမမွေးပဲနဲ့ မလှမပနဲ့ ထားလို့ရှိရင် ဘယ် တော်ပါ့မလဲ ဒါဘယ်သူက ဆင်ခြေလဲ နေတာလဲ (ကိလေသာ ကပါ ဘုရား) ကိလေသာက ဆင်ခြေလဲနေတာ ဒကာကြွယ် ရေ၊ ရှိလည်း လဲတုန်းပဲ၊ မရှိတဲ့ ပုဂ္ဂိုလ်လည်း (လဲပါတယ် ဘုရား)။

အင်း ဒါနဲ့ပဲ ဒကာ ဒကာမတို့ သေပေါက် သေဝ ရောက်ပြီး သကာလ အပါယ်ခန္ဓာနဲ့ပဲ ဆပ်လိုက်ရတယ်သူ ဆင်ခြေလဲတာ ကျုပ်တို့အမြတ်များထွက်ပါရဲ့ လား (မထွက်ပါ ဘုရား) အရှုံးချည်း ထွက်တယ်ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

အချိန်ဆွဲရင် ခန္ဓာနဲ့ဆပ်ချင်လို့

ဒါကြောင့် အချိန်ဆွဲတဲ့ ပုဂ္ဂိုလ်တွေ ခန္ဓာနဲ့ ဆပ်ချင် လို့ (မှန်လှပါ ဘုရား) အပါယ်လေးပါးကို (ခန္ဓာနဲ့ဆပ်ချင်လို့ ပါ ဘုရား) ခန္ဓာနဲ့ဆပ်ချင်လို့ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။

အဲဒါတွေ သေသေချာချာ သိတော့မှ တော်ပြီဟေ့၊ မင်းတို့စားတာ သောက်တာတော့ မကြည်ညိုလို့ မဟုတ် ပါဘူး၊ ဒို့ခန္ဓာနဲ့ ဆပ်ရမှာကြောက်လှချည့်ရဲ့ ဒို့ဉာဏ်စခန်း ဒို့အားကိုးရဦးမယ် ဆိုပြီး သကာလ ကိုယ့်အလုပ်ကိုယ်လုပ် ပါ (မှန်လှပါ ဘုရား)။

သဘောကျပလား (ကျပါပြီ ဘုရား) သားတွေသမီး တွေ စားတာ၊ အမေအဖေတွေကျွေးရတာ၊ မကြည်ညိုလို့ မဟုတ်ပါဘူး။

ကြည်ညိုပါတယ်တဲ့ ဘုရားကလည်း မာတာပီတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿသင်္ဂဟော ဆိုတဲ့ အတိုင်း အမိအဖများ လည်း လုပ်ကျွေးကွ၊ သားမယားများကိုလည်း သင်္ဂြိုဟ် ထောက်ပံ့ကွ ဆိုတာလည်း ဝတ္တရားရှိပါတယ်။

ကိုယ့်အရေးမို့မဂ်ဉာဏ် အလုပ်လုပ်ပါ

ဝတ္တရားရှိတာ ဝတ္တရားအတိုင်း ဟောဒီလခနဲ့ ဟောဒီအစားနဲ့ စားကြသောက်ကြတာပေါ့ကွာ ကိုယ်ခန္ဓာနဲ့ ဆပ်ရမယ့်ကြွေးကိုဖြင့် ကိုယ့်အရေးအကြီးဆုံးမို့ ကိုယ့် မဂ် ဉာဏ် အလုပ်လုပ်ရဦးမယ်။

ဒါပြောင်းပစ်ပါ၊ ဒကာကြွယ်မပြောင်းပဲ မနေနဲ့ (မှန်လှပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ (ပြောင်းရမှာပါ ဘုရား) ပြောင်းမှ၊ ပြောင်းမှ ရမယ်၊ ခန္ဓာနဲ့ ဆပ်ရလို့ ရှိရင်ဖြင့် ထွက်ပေါက် မရှိဘူးနော်၊

ခန္ဓာနဲ့ဆပ်ရလို့ရှိရင် ဘုရားသခင်ကိုယ်တော်မြတ် ကြီးက၊ ခင်ဗျားတို့ ဒိဋ္ဌိမပြုတ်လို့ ကျသွားတော့၊ ကျောက်ခဲ ကလေးတွေရေထဲကျရင် ဘယ်အခါကာလမှ မပေါ်ပါဘူး (မပေါ်ပါ ဘုရား)။

ခန္ဓာနဲ့ဆပ်ရရင်ပြန်ရက်မရှိ

အဲ ခန္ဓာနဲ့ဆပ်မိပြီဆိုမှဖြင့် ငရဲကတက်လာ၊ တိရစ္ဆာန်ဘုံ၊ တိရစ္ဆာန်ဘုံ ရောက်ပြန်တော့ နိုင်ရာစားအဖြစ်နဲ့ တိရစ္ဆာန်တွေကစားကြသောက်ကြပေါ့ဗျာ၊ အဲဒီမှာ ပြန်ပြီး ငရဲပဲပြန်ကျတယ်။

ဒါဖြင့် ငရဲကျလိုက်၊ တိရစ္ဆာန်ဘုံကနေပြီး သကာလ တက်လာလိုက် တိရစ္ဆာန်ဘုံကနေ ငရဲပြန်ကျလိုက်။

ဒီပုဂ္ဂိုလ် ဘယ်တော့ လူ့ပြည်နတ်ပြည် ရောက်နိုင် ပါ့မလဲ၊ အဲ ခန္ဓာနဲ့တစ်ခါ ဆပ်မိလို့ရှိရင် ပြန်ရက် မရှိတဲ့ အဓိပ္ပာယ်က ရှင်းတယ်၊ ဘယ်လိုမှတ်ကြမယ် (ပြန် ရက်မရှိတဲ့အဓိပ္ပာယ်က ရှင်းပါတယ် ဘုရား)။

ပြန်ရက်မရှိဘူးဆိုတာ ဒကာကြွယ် သေချာပလား (သေချာပါပြီ) ဦးလှဘူး သေချာပလား (သေချာပါပြီ)။

ဉာဏ်နဲ့ဆပ်ရင်မသွားရဘူး

ဉာဏ်နဲ့ဆပ်လို့ရှိရင်သွားကို မသွားရဘူး၊ ဉာဏ်နဲ့ ဆပ်ရင် (မသွားရပါ ဘုရား)။ )

ဒါဖြင့် မသွားရတာနဲ့ ပြန်ရက်မရှိတာနဲ့ ဘယ်ဟာ ကြိုက်သတုံး (မသွားရတာကြိုက်ပါတယ် ဘုရား)၊ ကိုင်း ဒါဖြင့် လုပ်ကြပါစို့ဗျာ။

မသွားရတာ ကြိုက်ပါတယ်၊ သွားလို့ရှိရင် ပြန်လမ်း မရှိဘူးဆိုတာ သေချာပလား (သေချာပါပြီ)။

ကောင်းပြီ ဒါဖြင့်၊ ပုဏ္ဏ မင်းသည်ကားလို့ဆိုလို့ ရှိ ရင်ကွာ တဏှာ၏ ရေသောက်မြစ်ကို၊ တဏှာ၏ ရေသောက်မြစ်ဆိုတာ တခြားရယ်လို့အောက်မေ့မနေနဲ့၊ ဒီအာရုံ လွှတ်တဲ့ တရားကလည်း လာတတ်ပါတယ်။ သဘောကျပလား (ကျပါပြီ)။

အာရာမိကဖြစ်တဲ့ တရားကလည်း (လာတတ်ပါ တယ်) သူတို့နှစ်ခုဟာ တဏှာရေသောက်မြစ် (မှန်လှပါ ဘုရား)။

ဒါဖြင့် တဏှာရေသောက်မြစ်တွေကို ကျုပ်တို့က မဂ် ဉာဏ်နဲ့ မင်းအနိစ္စပဲ၊ မင်းအနိစ္စပဲလို့ ရှုလိုက်တဲ့ အခါကျတော့ မဂ်ကဒီကြား ဝင်လာတယ် (မှန်လှပါ ဘုရား)။

နန္ဒီတို့ ဒုက္ခတွေကြားထဲ ဝင်လာတယ်၊ ဝင်မလာဘူး လား (ဝင်လာပါတယ် ဘုရား) ဒါဖြင့် နန္ဒီနဲ့ဒုက္ခ၊ နန္ဒီဆိုတာ တဏှာ၊ ဒုက္ခဆိုတာ ခန္ဓာငါးပါး၊ ဇာတိ ဇရာ မရဏ သဘော ကျပလား (ကျပါပြီ ဘုရား)။

အဲဒါတွေသိထားတော့ ဪ မဂ်ကြားဝင်မှ ဒီဘက်က ဇာတိ၊ ဇရာ၊ မရဏ၊ အပါယ်လေးပါး၏ ဇာတိ ဇရာ မရဏကြီးသည် နန္ဒီမလာမှ အပါယ်လေးပါးခန္ဓာ မလာမှာ၊ နန္ဒီ- လာခဲ့သော် (အပါယ်လေးပါး ခန္ဓာလာမှာပါ ဘုရား)။

အနာမပေါက်ပဲနေတာကောင်းတယ်

အပါယ်လေးပါးခန္ဓာဖြစ်နေတော့၊ ကိုင်း အနာ မပေါက်ပဲနဲ့နေတာနဲ့ ပေါက်ပြီးမှပျောက်တာနဲ့ ဒကာကြွယ် ဘယ်ဟာကြိုက်သလဲ (အနာမပေါက်ပဲနေတာကြိုက် ပါတယ် ဘုရား)။

အနာမပေါက်ပဲနဲ့နေတာ ပျောက်တာကောင်းပါ တယ်။ ဒါဖြင့် ပေါ်ခွင့်ကို မပေးနဲ့တော့၊ နန္ဒီ ပေါ်ခွင့်မပေးနဲ့။

သူမပေါက်လို့ရှိရင် ဒီဒုက္ခကြီးတွေ့ပါဦးမလား (မတွေ့ ပါ ဘုရား)။

အေး-ဒါတွေသိတော့မှ မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုက်နက်တည်း မြင်တဲ့ရုပ်ကလေး ကိုလည်း အနိစ္စရှု (မှန်ပါ့ ဘုရား)။

မြင်စိတ်ဖြစ်ပျက်

ဟိုဟာမရှုမိတော့ဘူး ဆိုရင် မြင်စိတ်ကို (ဖြစ်ပျက်ရှု ရမှာပါ ဘုရား) မြင်စိတ်ရှုလိုက်တဲ့ အခါကျတော့ မြင်စိတ်က ဖြစ်ပျက်ရှုတာကမဂ်၊ မြင်စိတ်ကဖြစ်ပျက် (ရူတာကမဂ် ပါ ဘုရား)။

ပေါ်ခွင့်ရသေးရဲ့လား (မရပါ ဘုရား) ပဋိစ္စ သမုပ္ပါဒ်ကိုမတန်းတော့ပါဘူး၊ တန်းသေးရဲ့လား (မတန်းပါ ဘုရား) မတန်းတော့ တဏှာမတန်းလို့ရှိရင် ဥပါဒါန်ကံတွေ ချုပ် (မှန်ပါ)။

အင်း ဇာတိ ဇရာ မရဏတွေ ကာ (ချုပ်ပါတယ် ဘုရား) ကြော်-ဒါဖြင့် ဇာတိ ဇရာ မရဏဆိုတာ အနာဂတ် ဘဝတွေပေါ့ (မှန်ပါ့)။

ဒီဘဝမဟုတ်ဘူးဗျာ၊ အနာဂတ်ဘဝမို့လား (မှန်ပါ့ ဘုရား)၊ ဪ အနာဂတ်ဆိုတော့ သေပြီးမှ ဖြစ်ရမည့် ဥစ္စာတွေ (မှန်ပါ့)။

ဒါဖြင့် ကျုပ်တို့သည် သေပြီးမှဖြစ်ရမည့်အလုပ်ဟာ ဘယ်သူ့လက်ချက်တုံးဆိုတော့ ဟောဒီ နန္ဒီကြောင့် ဖြစ်ရတာ ဒီတဏှာကြောင့်ဖြစ်ရတာဆိုတာ သေချာပလား (သေချာပါ ပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီတဏှာချုပ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အနာဂတ်ခန္ဓာလာသေးရဲ့ လား (မလာပါ ဘုရား) အေး မလာအောင် ဒကာသစ်တို့က ဒကာ ဦးလှဘူးတို့က မြင်ရာ မြင်တတ်တဲ့ အဆင်းကို ရှုချင်ရှုပါ။

သို့မဟုတ် သူ့မမိလိုက်ဘူးဆိုရင် မြင်စိတ်ကလေးကို (ရှုရပါမယ် ဘုရား) ရှုလိုက်တဲ့ အခါကျတော့ အဆင်းက ဖြစ်ပျက်၊ ရှုတာကမဂ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မြင်စိတ်၊ မြင်ရုပ်ကဖြစ်ပျက် ရှုတာကမဂ်

မြင်တတ်တဲ့၊ မြင်စိတ်မြင်ရုပ်က (ဖြစ်ပျက်ပါ ဘုရား) ရှုတာက (မဂ်ပါ ဘုရား) မဂ်ဆိုတော့ ဒါဖြင့် သူတို့က ဒုက္ခသစ္စာဖြစ်နေတယ်၊ သဘောကျပလား (ကျပါ ပြီ) သူတို့ကမဂ္ဂသစ္စာဖြစ်နေတယ်။

အင်း သူကချုပ်သွားလို့ သမုဒယသေသွားတယ်။ အင်း သူကချုပ်သွားလို့ စုတေမနေ သေလွန်တော့ နိဗ္ဗာန်ရောက်ရတယ်။

ဪ – နိဗ္ဗာန်ရောက်တဲ့ ပုဂ္ဂိုလ်ဟာ ငြိမ်းအေးခြင်း နဲ့သာနေရတယ် အပူမျိုးစုံနဲ့ ကြုံရသေးရဲ့ လား၊ (မကြုံရပါ ဘူး ဘုရား)။

ဝိပဿနာအလုပ်မှ ကယ်နိုင်တယ်

ဒါတွေ ထောက်ကြည့်တော့ ဝိပဿနာ အလုပ်ပဲ၊ ဒကာကြွယ်ရေ ကယ်မည့်သူ၊ ယူမည့်သူရှိ တော့တယ် (မှန်လှပါ ဘုရား)။

ဘာအလုပ်မှလဲ (ဝိပဿနာအလုပ်မှပါ ဘုရား) ဒါဖြင့် ဒကာသစ်တို့ မောင်တွေ နှမတွေ ဆွေတွေမျိုးတွေ သားတွေ သမီးတွေ ရှိကြတယ်နော်၊ (ရှိကြပါတယ် ဘုရား) ကယ်နိုင်ကြရဲ့လား (မကယ်နိုင်ပါ ဘုရား)။

သူတို့ကယ်နိုင်တာလေးပြောရလို့ရှိရင် ခင်ဗျားတို့ ရှက်စရာကြီး သူတို့ကယ်နိုင်တာက ခင်ဗျားတို့က သေကြ၊ ကြေကြပြီး သကာလ နေတဲ့အခါကျတော့ အိမ်နားကပ်နေတဲ့ ပြိတ္တာ ကလေးများဖြစ်နေတဲ့အခါကျတော့ အမျှဟေ့ အမျှ၊ ဒီကဆွမ်းကလေး၊ ကွမ်းကလေး၊ သင်္ကန်းလေး ဆိုပြီး သကာလ ဒီအမျှကိုထက်ဝက်ယူပါ၊ အမျှဆိုတော့ သူတို့လည်း ယူထား လိုက်သေးတယ်။

အမျှဆိုတော့ထက်ဝက်ပဲပေးတာ

ခင်ဗျားတို့အိမ်နားပြိတ္တာဖြစ်တဲ့ ပုဂ္ဂိုလ်ကို ထက်ဝက် ပေးလိုက်တယ်၊ သားတွေသမီးတွေ ချစ်လိုက်တာက၊ အကုန် ပေးတာလား၊ ထက်ဝက်ပေးတာလား (ထက်ဝက်ပေးတာ ပါ ဘုရား)။

အဲဒီထက်ဝက်ကလည်း ပါးစပ်ကအမျှနော် (မှန်ပါ့) အိမ်မှာရှိတဲ့စိန်တွေ ရွှေတွေ ငွေတွေ ပေးတာလား (မဟုတ် ပါဘူး ဘုရား) အမလေး နာလိုက်တဲ့ဖြစ်ခြင်း (နာပါတယ် ဘုရား)။

တစ်သက်လုံး လုပ်ထားခဲ့တာတွေတော့ မပေးဘူးတဲ့။ အခုဘာမှမတန်တဲ့ အမျှကလေး ကျတော့ပေးတယ်၊ ဆွမ်း တန်ဖိုး၊ ကွမ်းတန်ဖိုးလေးကြည့်လိုက်တော့၊ အိမ်၊ တိုက်တာ၊ ကားတွေနဲ့ စာကြည့်တော့ ဒကာသစ် ကွာတယ် (ကွာပါ ဘုရား)။

အဲဒီ အမျှကလေးကျတော့ မပေးကြပေဘူးလား (ပေးပါတယ်) ပေးကြသော်လည်း ဒကာ ဒကာမတို့ အကုန် ပေးလား ထက်ဝက်ပေးလား (ထက်ဝက်ပေးပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ပြိတ္တာဘုံဆိုတာ

အင်း-ထက်ဝက်ပဲရတယ်နော်၊ ကိုယ့်မှာဖြင့် ဖြစ်စဉ် ကဖြင့် ခန္ဓာက ပြိတ္တာဘုံ၊ အငတ်အပြတ် ဖြစ်နေပြီ၊ သူများတွေ စွန့်ပစ်ထားတဲ့ နှပ်တွေကောက်စားနေရပြီ၊ သူများစွန့် – ထားတဲ့ ကျင်ကြီးပုံ ရွေးချယ် စားနေရပြီ၊ ပြိတ္တာစခန်းက ဒါကိုးဗျ (မှန်လှပါ ဘုရား)။

ကြောက်စရာ မကောင်းဘူးလား (ကောင်းပါ တယ် ဘုရား)။ အဲဒါတွေ သေသေချာချာသိတော့ အမျှနဲ့ လည်း မတင်းတိမ်ပါဘူးကွာ၊ မင်းတို့အမျှလည်း ငါမခံလိုတော့ဘူး။

အမျှမခံလိုဘူး၊ ဉာဏ်နဲ့ဇာတ်သိမ်းမယ်

ဉာဏ်နဲ့ငါ့ဟာငါ၊ ဇာတ်သိမ်းပါတော့မယ်၊ ဘယ်လို မှတ်ကြမယ် (ဉာဏ်နဲ့ ကိုယ့်ဟာကိုယ် ဇာတ်သိမ်းမှာပါ ဘုရား) ဘာလုပ်ကြမယ် (ဉာဏ်နဲ့ ဇာတ်သိမ်းမှာပါ)။

ဉာဏ်နဲ့ဇာတ်သိမ်းပါတော့မယ်ဆိုလို့ရှိရင်ဖြင့် ဒီဥစ္စာ မြင်အောင်ကြည့်ပါ၊ ဖြစ်ပျက်မြင်အောင် (ကြည့်ရမယ် ဘုရား)။

ဖြစ်ပျက်မြင်အောင်ကြည့်လိုက်လို့ ရှိရင်ဖြင့်တဲ့ အားလုံး ဒုက္ခသစ္စာချည်းပဲလို့ သိသွားလိမ့်မယ်။

ဖြစ်ပျက်မြင်ရင် အပါယ်လွတ်တယ်

အဲဒီတော့ ဒုက္ခသစ္စာသိလို့ရှိရင် နိရောဓသစ္စာလည်း မြင်တော့တာပဲ၊ မြင်သည်နှင့် တစ်ပြိုင်နက်တည်း အပါယ်လေးပါးမှ လွတ်သွားတာပဲ။

ဟ-လွတ်ချင်လို့လွတ်တာလားဆိုတော့ နန္ဒီမလာလို့ ဟောဒီ အပါယ်လေးပါးကြီးမလာတာ (မှန်ပါ့) နှစ်သက်မှု မလာလို့ အပါယ်လေးပါးမလာတာဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အပြောခဲ့မပြီးဘူး

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာနဲ့ဆပ်မလား ဉာဏ်နဲ့ ဆပ်မလား (ဉာဏ်နဲ့ဆပ်ပါမယ် ဘုရား) အပြောနဲ့ မပြီးဘူးနော်၊ ဉာဏ်ဆိုတာ ကိုယ့်ဝမ်းထဲမှာရှိတဲ့ ဆရာပေးထားတဲ့ ဉာဏ် (မှန်လှပါ ဘုရား)။

အဲဒီဉာဏ်နဲ့ ကိုယ့်ခန္ဓာမှာရှိတဲ့ အဆင်းသော် လည်းကောင်း၊ စိတ်သော်လည်းကောင်း၊ ခင်ဗျားတို့က ကြိုက်တာသာရှု။

အဲဒါရှုလိုက်လို့ရှိရင်ဖြင့် အရှုခံရတာက အနိစ္စ၊ ရှုဉာဏ်က မဂ္ဂ၊ အရှုခံရတာက (အနိစ္စပါ)၊ ရှုဉာဏ်က (မဂ္ဂပါ ဘုရား) အင်း အဲဒီမဂ်ကလေးကို တစ်ခါတည်း လောကီမဂ်ကနေပြီး ဒကာကြွယ်ရေ လောကုတ္တရာမဂ် ဖြစ်အောင်လုပ်ပစ်လိုက်ပါ (မှန်လှပါ ဘုရား)။

လောကီမဂ်ကနေပြီး (လောကုတ္တရာမဂ်ဖြစ် အောင် လုပ်ရပါမယ်)။

ဒါဖြင့် လောကီမဂ်မှ မပါတဲ့ပုဂ္ဂိုလ်များ လောကုတ္တ ရာ မဂ်ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

ဝိပဿနာလုပ်မှ လောကုတ္တရာမဂ်ရမယ်

ဒါကြောင့် ဘုန်းကြီးဆုပေးတဲ့အခါ ခင်ဗျားတို့ နားထောင်ကြရင် သိပါတယ်၊ အားထုတ်ဆဲ ဖြစ်သော ဝိပဿနာ ဉာဏ်သည် ဆိုတာ လောကီမဂ်ကို ဆိုလိုက်တာပါ၊ လျင်မြန် စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ ဆိုတာက ဝိပဿနာမဂ်ကိုရမှ လောကုတ္တရာမဂ်ကို ရှစ်ပါးရတယ်။

ဝိပဿနာမဂ်မှ မရရင် လောကုတ္တရာမဂ္ဂင်ရှစ်ပါး မဂ်ကို ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား) အဲဒါကြောင့် ဝိပဿနာ မလုပ်လို့ရှိရင် ဒကာ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာ နဲ့သာ ဆပ်မယ် စိတ်ကူးပါတော့။

ဘယ်လိုစိတ်ကူးကြမလဲ (ခန္ဓာနဲ့သာ ဆပ်ရပါမယ် ဘုရား)၊ ဒကာသစ်ရေ ခန္ဓာနဲ့တော့ ပြေးနိုင်ပါ့မလား (မပြေး နိုင်ပါ ဘုရား) နှစ်ထပ်တိုးတွေက များတယ်။

နှစ်ထပ်တိုးက ဘယ်လိုများ များသတုံးဆိုတော့ ခန္ဓာနဲ့ ဆပ်လိုက်တော့ ငရဲသက်က ငရဲသက်လည်း မနေ့ကပြောခဲ့ပါတယ်။ ဒကာကြွယ်ကြားဖူးပါတယ်။

ငရဲမှာ သက်တမ်းမရှိ

ငရဲဆိုတာ နှစ်ပေါင်း တစ်သိန်း နှစ်သိန်း သုံးသိန်း လေးသိန်း ခံရလိမ့်မယ်လို့ ဒီလို မဟုတ်ပါဘူး။

မိမိပြုထားတဲ့ကံအတိုင်း နေရမှာပါ၊ သက်တမ်းမရှိ ပါဘူး၊ တစ်သက်တစ်ကျွန်းလို့ ဆိုလို့ရှိရင် ဒီအတိုင်း ဖြစ်နေသလို ကျနေပြီ သဘောကျပလား (ကျပါပြီ)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ငရဲသက်တမ်း ရှိပါ ရဲ့ လား (မရှိပါဘူး) ခန္ဓာနဲ့ ဆပ်ရလို့ရှိရင်ဖြင့် ဘယ်နှ နှစ်ရှိရင် ငါပြန်လာနိုင်တယ်လို့ကော (မရှိပါ ဘုရား)။

ပြောပေးမယ့်ဆရာရှိလို့ ကြွေးဆပ်နည်းသိရတာ

အဲဒါတွေမရှိသဖြင့် ဪ ကြောက်စရာ ကောင်းလိုက်တာ တစ်ချက်တိမ်းရင်မရတော့ပါလား၊ ဉာဏ်ပဲကိုးစားရာ အားထားရာရှိ ပါတော့လားဆိုပြီး ပြောပေးမယ့် ဆရာနဲ့ ခင်ဗျားတို့ အားထုတ် တတ်တဲ့ ထောင်တတ်တဲ့ နားလေးရှိလို့ ဪ ဆပ်နည်းတစ်မျိုး ရှိသေးတာပဲဆိုတာ ယနေ့ပေါ်လာပြီ သဘောကျပလား (ကျပါပြီ)။

နို့မို့ရင်ဖြင့် ဆပ်နည်းကိုရှာမတွေ့ဘူး၊ အင်း ဘာ လုပ်ရတော့မလိုလို၊ ညာလုပ်ရတော့မလိုလို၊ ဒကာကြွယ်ရေ ဆပ်နည်းတွေက အမျိုးမျိုးသွားနေတယ် (မှန်လှပါ ဘုရား)။

မိလက္ခရဟန်း၊ ဉာဏ်နဲ့ဆပ်သွားလို့ အနာဂါမ်တည်တယ်

အဲဒါကြောင့် မနေ့က မိလက္ခရဟန်းမှာ ခန္ဓာနဲ့ ဆပ်ရမှာ သေချာပြီးသား (မှန်လှပါ ဘုရား) နောက်ဘာနဲ့ ဆပ်သွားပါလိမ့် (ဉာဏ်နဲ့ဆပ်သွားပါတယ် ဘုရား) ဉာဏ်နဲ့ ဆပ်သွားတော့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တည် လို့၊ အထက်ဗြဟ္မာပြည်တောင် သွားပြီး နိဗ္ဗာန်သာကူးတော့ တယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။

ယနေ့ဟောတဲ့တရားဟာ နှစ်လုံးတည်းရယ်၊ တရား သိပ်မများပါဘူး။

ကြားတဲ့အခါကျလို့ရှိရင်လည်း ကြားတဲ့အသံကို ရှုချင်ရှု၊ သို့မဟုတ် ကြားစိတ်ကလေးရှုချင်ရှုပါ၊ ရှုလိုက်လို့ရှိ ရင် ကြားစိတ်ကဖြစ်ပျက်၊ ရှုတာကမဂ်၊ သေတာက နန္ဒီ၊ ရတာက ဒုက္ခချုပ်တာ၊ ဒီအတိုင်း မသွားဘူးလား (သွားပါတယ်)။

အဲဒါတွေ သေသေချာချာ သိတော့ ဪ သစ္စာ လေးပါးတရားပါလား၊ သဘောကျပလား (ကျပါပြီ)။

ဒီကပြန်ရင် အလုပ်သာ လုပ်ပေတော့

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာ) ရှုတာက (မဂ္ဂသစ္စာ) သေတာက (သမုဒယ သစ္စာ) ကိုယ်တိုင်ရတာက (နိရောဓသစ္စာ) ဟော သေချာ သွားပြီ ဒကာကြွယ် နေရာကျပြီ (ကျပါပြီ ဘုရား)။

ကနေ့က စပြီး ခန္ဓာနဲ့ဆပ်ရမည့်ကြွေးတွေ မနည်း တော့ဘူး၊ အဲဒီတော့ ဒီဉာဏ်နဲ့ပဲ ဆပ်ပါတော့မယ် ဆိုပြီး ဒီက ပြန်ရင် အလုပ်သာ လုပ်ပေတော့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ ကနေ့ နာရီစေ့သွားပြီ။

သာဓု သာဓု သာဓု။

[1] [2]