114

[1] [2]

မဂ်တုပေါ်လို့ကျော်နိုင်ရင် ကိစ္စပြီးမယ်

အသံမ​ကြည်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသောတရားတော်

မဂ်တုပေါ်လို့ကျော်နိုင်ရင် ကိစ္စပြီးမယ်

(၁၁-၁၀-၁၉၆၂)

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သာဝတ္ထိ ပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတဲ့ အခါမှာ ဓုတင် ဆယ့်သုံးပါးဆောင်တဲ့ ရှင်မဟာကဿပကြီးက မေးခွင့်ကြုံလို့ မေးတယ်လို့ အောက်မေ့ရမယ် (မှန်ပါ)။ ဘယ်လို မေးသတုံး ဆိုတော့ ဘုရားဖြစ်စမှာ သိက္ခာပုဒ် တော်တွေ မရှိလှသေးဘူး၊ သိက္ခာပုဒ်က နည်းတယ်၊ အဲဒီနည်းတုန်းကလည်း ရဟန်းတွေ ကျင့်ကြံ ကြိုးကုတ် အားထုတ်ကြတာနဲ့ ရဟန္တာဖြစ်တာ သိပ်များ တယ်။

နောက်ကြာလာတော့ ၁၅-နှစ်၊ အနှစ်-၂၀၊ စသည် ရောက်လာတော့ သိက္ခာပုဒ်တွေ ပညတ်လာရတယ်၊ ရဟန်း တွေကလဲ များလာတယ်။ ထိန်းသိမ်းစရာ သိက္ခာပုဒ်တွေ၊ ကျင့်စရာ ကြံစရာ သိက္ခာပုဒ်တွေ များလာတယ်။ အဲဒီ များလာတဲ့ အချိန်ကျတော့ ရဟန္တာဖြစ်တာက နည်းသွားတယ် (မှန်ပါ)။

ဒီတော့ သိက္ခာပုဒ်နည်းတုံး ရဟန္တာ ဖြစ်တာ များတယ်၊ သိက္ခာပုဒ်တွေ များလာတော့မှ ရဟန္တာ ဖြစ်တာ နည်းတယ်လို့ မှတ်ထား ကြရမယ်နော် (မှန်ပါ)။

ရှင်မဟာကဿပကြီး၏ လျှောက်ထားချက်

အဲဒီတော့ ရှင်မဟာကဿပကြီးက အရှင်ဘုရား သိက္ခာ ပုဒ်တွေ နည်းတုန်းက ရဟန္တာတွေ ဖြစ်ကြတာ များလိုက်တာလွန်လို့၊ သိက္ခာပုဒ် တွေကလဲ များလာပါရော ရဟန္တာဖြစ်တာလဲ နည်းသွား တယ်၊ အဲဒါ အရှင်ဘုရား အမိန့်ရှိမှ တပည့်တော်များ သိရမှာ ဖြစ်ပါတယ်လို့ ရှင်မဟာကဿပကြီးက ဘုရားကို လျှောက်တယ် (မှန်ပါ)။

သိက္ခာပုဒ်များလို့ ရဟန္တာဖြစ်တာ နည်းတာလား

ဒီစကားဟာ မေးဖို့ ကြုံလာတယ်၊ ဘယ့်နှယ် သိက္ခာပုဒ် နည်းတုန်းကတော့ ရဟန္တာ ဖြစ်တာ များတယ်၊ သိက္ခာပုဒ်တွေ ပညတ်လို့ များလာတဲ့ အခါကျတော့ ရဟန္တာ နည်းသွားတယ် ဆိုတော့ စဉ်းစားစရာ အကွက် ပေါ်လာတာပေါ့ (မှန်ပါ)၊ သိက္ခာပုဒ် များလာတဲ့အခါ စောင့်ရှောက် ထိန်းသိမ်း ကျင့်ကြံစရာ တွေ များလာတော့ အားကြီး ပိုမိုပြီးတော့တောင် ရဟန္တာ ဖြစ်ဖို့ ကောင်းတယ် (မှန်ပါ)၊

သိက္ခာပုဒ် နည်းတုန်းကတော့ မသိလို့ ကျူးလွန်မိတာတွေ ရှိနေမယ်ဆိုလို့ ရှိရင်ဖြင့် ရဟန္တာ ဖြစ်တာ နည်းဖို့ကောင်းသေးတယ်။ အခုတော့ ဒီလိုမဟုတ်ဘူးတဲ့ သိက္ခာပုဒ် နည်းတုန်းကတော့ ရဟန္တာ တွေ ဖြစ်တယ်။ နောက် သိက္ခာပုဒ်တွေ ပညတ်လို့ များများလာ လေလေ ရဟန္တာ ဖြစ်တာက နည်းသွား တယ်။ အဲဒါ ဘယ်လို အကြောင်း ကြောင့်တုံးလို့ ဆိုတာ ရှင်မဟာကဿပကြီးက ဘုရားကို လျှောက်ပြီ လို့ မှတ်ရမယ် (မှန်ပါဘုရား)၊ ဒကာ၊ဒကာမတွေ ဒီအကြောင်းဟာ မေးလဲမေးသင့်တဲ့ အကွက်လဲ ကျတယ်ဆိုတာ မှတ်ထားကြပါနော် (မှန်ပါ)။

မြတ်စွာဘုရား၏အဖြေ

အဲဒီတော့ ဘုရားက- တရားစစ်တွေကြားထဲမှာ တရားတု တွေ ပေါ်လာလို့ ရဟန္တာဖြစ်တာ နည်းသွားတယ်တဲ့ (မှန်ပါ)၊ တရားတုတွေ ပေါ်လာတဲ့အတွက် တရားစစ်ကြားထဲမှာ တရား တုတွေ ပေါ်လာတဲ့ အတွက် နည်းပါးသွားရတယ် (မှန်ပါ)၊

မောင်သစ် တရားတုတွေ ဆင်တူ ရိုးမှားတွေ ပေါ်ပေး၊ ပေါ်ပေါ်ပြီ သကာလ ဆင်တူရိုးမှားတွေ ပေါ်လာတဲ့အတွက် ရဟန္တာအဖြစ် နည်းသွားတယ်တဲ့ (မှန်ပါ)၊ တရား တုတွေ တရားဆင်တူ ရိုး မှားတွေ ပေါ်လာလို့ ရဟန္တာအဖြစ် နည်းတယ်လို့ နောက်က ဒကာ၊ဒကာမတွေ မှတ်ဖို့ပါပဲ (မှန်ပါ)။

တရားတုတွေပေါ်လာလို့ ရဟန္တာအဖြစ်နည်းတာ

ဘယ့်နှယ်ကြောင့်တုံး (တရားတုတွေ ပေါ်လာပါတယ်)၊ တရားတုတွေ ပေါများလာတယ်နော်၊ တရားတုတွေ ပေါပေါပြီး သကာလ လာတဲ့အတွက် ရဟန္တာ အဖြစ် နည်းသွားတယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဖြေလိုက်တယ် (မှန်ပါ)။

တရားတုတွေက တရားစစ်တွေထက် ပိုကြီးထွားတယ်၊ များလာတော့ ဒီတရားတုတွေ များလာလေလေ ဆိုတဲ့ဥစ္စာ ဒီလိုမှတ်ရမယ် (မှန်ပါ)။

ဒီနေ့ပြောမယ့် တရားဟာ ဒကာ၊ဒကာမတွေ လုပ်နေတဲ့ အလုပ်ကို စစ်ဆေးဖို့ ပြောမှာ၊ မလုပ်သေးတဲ့ လူအတွက်မှာ ဘာမှ မဆိုင်သေးလို့ မှတ်ကြပါ (မှန်ပါ)။ လုပ်နေတဲ့ ပုဂ္ဂိုလ် အပေါင်းမှာ ဖြင့် တော်တော် စစ်ဆေးရမယ့် တရားကို ဆရာဘုန်းကြီးက ယနေ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောခဲ့တဲ့အတိုင်း တစ်ဆင့် ဟောမှာပါကလား ဆိုတဲ့ စိတ်ကလေးမွေးပြီး နာကြရမှာပဲ (မှန်ပါ)။

တရားတုကနှစ်မျိုး

အဲဒီတော့ ဒီတရားတုတွေက နှစ်မျိုးရှိတယ်။ မဂ်ဆိုက် ရောက်ကြောင်း တရားတုက တစ်မျိုး၊ ပရိယတ္တိ တရားတုက တစ်မျိုး (မှန်ပါ)၊ ပဋိပတ္တိမှာလဲ အစစ်တစ်မျိုး၊ အတုတစ်မျိုး၊ ပရိယတ္တိမှာလဲ အစစ်တစ်မျိုး၊ အတုတစ်မျိုး နှစ်မျိုး ရှိတယ်တဲ့၊ အဲဒီအတုတွေ များလာတဲ့ အတွက် ရဟန္တာအဖြစ် နည်းသွားတယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီဘုရား)။

ကောင်းပြီး၊ ဒါဖြင့် ဒကာ၊ဒကာမတို့၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရဖို့၌ အဓိက ပဋိရူပက ဆိုတဲ့ တရားက ဖျက်ဆီးတာမျိုး တရားတုကို ဖျက်ဆီးတာကို ရှင်းကြမယ် (မှန်ပါ)၊ အဲဒါကို အဋ္ဌကထာ ဆရာများက ဖွင့်ပြကြတယ်။

“ဩဘာသေစေဝ ဉာဏေစ၊ ပီတိယာစ ဝိကမတိ။

ပဿဒ္ဓိယာ သုခေစေဝ၊ ယေဟိစိတ္တံ ပဝေဓတိ။”

စသည့်ဖြင့် ဝိပဿနာ ဖျက်ဆီးခြင်းအကြောင်း ဆယ်ပါး ရှိတယ် (မှန်ပါ)၊ အဲဒါတွေဟာ ပဋိပတ္တိအတုတွေ၊ တရားတုတွေပဲ (မှန်ပါ)။

ဒကာ၊ ဒကာမတွေကို ဘုန်းကြီးက တရားနည်းပေး လိုက် မယ်။ ဒကာ၊ဒကာမတွေ-သဗ္ဗေ သင်္ခါရာနဲ့ ကြည့်ပါ။ အနိစ္စကို ပညာနဲ့ ကြည့်ပါလို့ မဟောဘူးလား (ဟောပါတယ်)၊ သဗ္ဗေ- အလုံးစုံ ကုန်သော၊ သင်္ခါရာ- ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည်၊ အနိစ္စာ- အနိစ္စချည်းပဲလို့ မှတ်ထားကြပါ။ အဲဒီသူက အနိစ္စ ဖြစ်နေတဲ့ ဖြစ်ပြီး ပျက်နေတဲ့ အချိန်၌ ပညာနဲ့ ရှုပါလို့ ဘုရားဟော အတိုင်း ဆရာဘုန်းကြီး ဆုံးမတယ်။ ရှင်းပြီးလား (ရှင်းပါပြီဘုရား)၊ ဟိုက အနိစ္စနဲ့ ဖြစ်နေတဲ့အချိန်မှာ ဒီက ပညာနဲ့ ရှုပေးရမယ်။ ခန္ဓာက အနိစ္စပြတဲ့ အချိန်မှာ ပညာက အနိစ္စလို့ ရှုပေးပါနော် (မှန်ပါ)။

တရားတု ဘယ်တော့ပေါ်သလဲ

ပညာက အနိစ္စလို့ ရှုပေးပါဆိုတဲ့ အချိန်ကျတော့ ခန္ဓာ ကလဲ ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စကို ပြတုန်း ဒကာ၊ ဒကာမတွေ ကလဲ ပညာနဲ့ သွားပြီး ခန္ဓာကိုယ်ထဲမှာ အဖြစ်နဲ့ အပျက်သာ ရှိပါကလားလို့ ဘာမှမရှိပါကလား၊ ယောက်ျားလဲမရှိ၊ မိန်းမလဲမရှိ၊ ပုဂ္ဂိုလ်သတ္တဝါမရှိ-ငါ- ငါ့ဥစ္စာမရှိ။ အဖြစ်နဲ့ အပျက်သာ ရှိနေပါကလားလို့ ဆိုကာ ဒကာ၊ဒကာမတွေက မြင်နေမယ် (မှန်ပါ)၊ အဲဒီ ဖြစ်နေတဲ့ အချိန်ကျတဲ့ အခါကျတော့ တရားတု ပေါ်လာမယ်။ မဂ်တု ဖိုလ်တု ပေါ်လာမယ်။

ဒါကို ကြပ်ကြပ် သတိထားပြီး နားထောင်။ (မှန်ပါ)၊ မဂ်တု ဖိုလ်တု ပေါ်လာတယ်။ မြင်တုန်းမှာ ပေါ်လာတယ်။ တရားကတော့ အမှန်သားပဲ၊ တရားမှန်က အမှန်သားနဲ့ မဂ်တု ဖိုလ်တုဆိုတဲ့ အဓိဂမ ပဋိရူပက ဆိုတာ ပေါ်လာတယ်။ အဓိဂမ ဆိုတာက မဂ်ဉာဏ် ဖိုလ်ဉာဏ်။ ပဋိရူပက ဆိုတာက အလားတူ အတု ကလေးပေါ့ဗျာ (မှန်ပါ)၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ အလားတူ အတုကလေး လာပြီး ပေါ်တတ်တယ် (မှန်ပါ)၊ ဒါပဲ မဂ်ဉာဏ် ဖိုလ်ဉာဏ် ထင်ပါရဲ့ ဆိုတဲ့ အထင်ကလေး ခန္ဓာထဲမှာ ပေါ်တတ် တယ် (မှန်ပါ)။

အလုပ်သမားအတွက် အရေးကြီးတယ်

ဒီတော့ ဒီဟာ အလုပ်သမားအတွက်မှာဖြင့် ယခုပြောလတ္တံ စကားသည် မောင်သစ်-အထူး အရေးကြီးပါတယ်။ (မှန်ပါ)၊ အလုပ်သမားမှာ အထူး အရေးကြီးပါတယ်။ ကိုယ့်ဉာဏ်နဲ့ ကိုယ် ဆုံးဖြတ် ချက်ချဖို့ တရားနည်း ပေးနေတယ် (မှန်ပါ)။

သဗ္ဗေသင်္ခါရာ အနိစ္စာ လို့ ဥပမာ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကလဲ စိတ်ကလဲ သဗ္ဗေသင်္ခါရာ အနိစ္စ ထဲကပဲ ဝေဒနာ ရှုပြန်လဲ သဗ္ဗေသင်္ခါရာ အနိစ္စထဲကပဲ ဝေဒနာကြိုက်ရင် ဝေဒနာ ရှုလိုက် ရတယ်။ ဒီသဗ္ဗေသင်္ခါရာ အနိစ္စ ထဲက မထွက်ဘူး။ ထွက်သေး ရဲ့ လား (မထွက်ပါ ဘူး)။

သညာသင်္ခါရတွေ ရှုလိုက်ပြန်တော့လဲ ၊ ဖဿတွေ ရှု လိုက်ပြန်တော့လဲ၊ သဗ္ဗေသင်္ခါရာ အနိစ္စ ထဲကပဲ မထူးပါဘူး (မှန်ပါ)၊ ရုပ်တွေ ကြည့်လိုက်ပြန်တော့လဲ ရုပ်လဲ သင်္ခါရပဲ။ ဒီသင်္ခါရဖြင့် အနိစ္စ လမ်းဆုံးတာပဲ (မှန်ပါ)၊ သူလဲ သဗ္ဗေသင်္ခါရာ အနိစ္စာပဲ။ အနိစ္စ လာတိုင်း လာတိုင်း ဒကာ၊ဒကာမတွေ သတိ ပဋ္ဌာန်လေးပါး ကြိုက်ရာ တစ်ပါးပါးနဲ့ ခန္ဓာကိုယ်ရှုနေ။ ရှုနေ တော့ မြင်နေတယ်။ မြင်တာက မဂ်၊ အရှုခံရတာက ဖြစ်ပျက် ဆိုတာ ခဏခဏ ဘုန်းကြီးလဲ ပြောတော့ ဒကာ၊ ဒကာမတွေလဲ ကြားဖူး ကြတာ နားရည်ဝ နေကြပါပြီနော် (မှန်ပါ)။

ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက်နေတုံး မဂ်အတုဝင်တယ်

မောင်သစ် အဲဒီအဖြစ် အပျက်နဲ့ မဂ်ကို ကိုက်နေတုံး (ဥဒယဗ္ဗယဉာဏ်)၊ သဒ္ဓမ္မ ပဋိရူပက ဆိုတဲ့ အဓိဂမအတု မဂ်တား ဖိုလ်တား တရားလာတတ်တယ် (မှန်ပါ)၊ မဂ်ယောင် ဖိုလ်ယောင် လုပ်ပြီး ဝင်လာတယ် (မှန်ပါ)၊ မဂ်လဲ မဟုတ်ဘူး၊ ဖိုလ်လဲ မဟုတ်ဘူး မဂ်ယောင် ဖိုလ်ယောင်လုပ်ပြီး ဝင်လာတာ (မှန်ပါ)။

ဒါဖြင့် ဒကာ၊ ဒကာမတွေ အထူး မှတ်သားထားစရာက သြော်-ဥဒယဗ္ဗယဉာဏ် ဖြစ်ပျက် မြင်တုန်းမှာ တရားတုတွေ ဝင်တတ်သကိုး၊ မဂ်တု ဖိုလ်တု ဝင်တတ်သကိုး။ ဒါ အရေးကြီးတဲ့ ပွိုင့်ကလေး (အချက်ကလေး)၊ မှတ်ထားပါနော် (မှန်ပါ)။

ဖြစ်ပျက်မြင်တဲ့ အချိန်မှာ (မဂ်တု ဖိုလ်တု ဝင်တတ်ပါတယ်)၊ အဲဒါကို ဝေဖန်ပြီးသိရမယ်တဲ့၊ ကိုယ်က ငါလုပ်နေတာ မဂ်အလုပ် လုပ်တာပဲ၊ ဒါဟာ မဂ်အစစ်ပဲလား၊ မဂ် အတုပဲလားလို့ ဝေဖန်ရမယ်တဲ့ (မှန်ပါ)။

ကိုင်း-ဒါဖြင့် ဒါဘာတုံးလို့ မေးတဲ့ အခါကျတော့ စာလို သုံးတော့ အဓိဂမ ပဋိရူပကလို့ ခေါ်တယ်၊ အဓိဂမ ဆိုတာသည် မဂ်ဖိုလ်ဉာဏ်။ ပဋိရူပက ဆိုတာ အလားတူ လာပြီးပေါ်တယ် (မှန်ပါ)၊ ရမယ့် မဂ်ဉာဏ် ဖိုလ်ဉာဏ်၏ အလားတူလာပေါ် တယ် (မှန်ပါ)။

မဂ်တုပေါ်ရင် ဝိပဿနာအဆင့် မသေးဘူးတဲ့

ဒီမဂ်တု ဖိုလ်တုလာတဲ့ ပုဂ္ဂိုလ်ဆိုရင် ဝိပဿနာ အဆင့်ကတော့ မသေးပါဘူး ဆိုတာကိုလဲ မောင်ချစ်စိန် တို့က မှတ်ရမယ် (မှန်ပါ)၊ ဒီအဓိပ္ပါယ်ဟာ မသေးပါဘူး၊ အလုပ်သမား အတွက်မှာဖြင့် ကိုယ်ခရီး ပေါက်တယ်၊ မပေါက်ဘူး၊ ဒီနေရာ ကိုယ့်စိတ် ဘယ်လို ပြုပြင် ရမယ်ဆိုတဲ့ ပြုပြင်နည်းကို လမ်းလွဲ သွားမှာ စိုးလို့၊ တစ်ဘက်စောင်း သွားမှာစိုးလို့ လမ်းဆုံရောက် နေတာကို ဒီဘက်လမ်း သာလိုက်၊ ဟိုဘက်လမ်း မလိုက်နဲ့ အသွား မျိုးပြောတာ (မှန်ပါ)၊ ဒါအရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

လမ်းဆုံတော့ ရောက်နေတာ။ လမ်းဆုံးဆိုတော့ ကိုယ်ကလဲ ဘယ်လမ်း သွားရမှန်းလဲမသိ။ သွားမိသွားရာ သွားပြန်တော့လဲ လွဲမှာ စိုးရတယ်။ (မှန်ပါ)၊ အဲဒါဟာ လမ်းဆုံေ ရာက်နေတဲ့ နေရာပဲ (မှန်ပါ)၊ ဒီနေရာမှာ ဆရာ ဖြစ်သူက လက်ဝဲရှောင်၊ လက်ယာ ရှောင်ကွေ့ပြီး ကိုယ့်လမ်းစဉ် တန်းတန်း မတ်မတ် သွားမှ လမ်းမှန် လိုရာခရီးကို ဆိုက်မယ်လို့ လမ်းမှန်ကို မပြလို့ရှိရင်လဲ အမှားမှား အယွင်းယွင်း ဖြစ်လိမ့်မယ်။ (မှန်ပါ) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

မဂ်တုပေါ်ရင် လမ်းဆုံရောက်ပြီ

အဲဒီလိုဖြစ်မှာ စိုးတဲ့အတွက် ခင်ဗျားတို့ ပေးထားတဲ့ ပဋိစ္စသမုပ္ပါဒ် စာရွက်မှာ ဒုတိယကွက်ကို တတိယကွက် မရောက် ခင် ရှုတဲ့ အချိန်မှာ လာမှာပဲ (မှန်ပါ)၊ ဒုတိယ အကွက်ထဲက စိတ်ကို ဖြစ်ပျက် ရှုနေတုံး ကြားထဲမှာ ဝိပဿနာ မဂ်တော့ ပေါ်တာဘဲ။ အဲဒီမဂ် ပေါ်နေတဲ့ အချိန်မှာ ခန္ဓာကိုယ်ထဲမှာ ဉာဏ်မဂ်လဲ ပေါ်တယ် ဆိုတာ မှတ်ရမယ်။ (မှန်ပါ)၊ သူမပါလို့ရှိရင်လဲ ဖြစ်ပျက် မမြင်ဘူး။

သူ့ကိုမြင်နေ တုန်းလဲ မဂ်တုက ကြားထိုး တတ်တယ် (မှန်ပါ)၊ မဂ်တုက ကြားထိုးတတ်တော့ ဒကာ၊ဒကာမ တွေ ဒီဥစ္စာ မတွေ့မယ့် အလုပ်လဲ မဟုတ်ဘူး၊ တွေ့ရမယ်။ တွေ့ပြန်ရင်လဲ ဂရုစိုက် ရမယ် (မှန်ပါ)၊ မတွေ့သေး လို့ရှိရင်လဲ ဥဒယဗ္ဗယမှာ လမ်းမမှန်သေးဘူး၊ ဉာဏ်မထက်သေးဘူး (မှန်ပါ)၊ တွေ့တဲ့ အခါမှာလဲ မရွေးတတ်လို့ရှိရင် စောင်းသွား တတ်တယ်။ (မှန်ပါ)၊ ဒီတော့ ဒီအရေးဟာ ဦးတင်တို့ အရေး ကြီးပါတယ်။ မကြီးဘူးလား (ကြီးပါတယ်ဘုရား)။

အရေးကြီးတယ်။ ဆရာ မကူလို့ရှိရင် ဒီဥစ္စာ ကိုယ့်ဟာ ကိုယ် အိမ်ပေါ်လုပ်နေလို့တော့ မဖြစ်သေးဘူးတဲ့ သဘောပါလား ဆိုတဲ့ဥစ္စာ ရှင်းနေပါတယ် (မှန်ပါ)။

ကဲ-ပြောတော့မပင်၊ အဓိဂမပဋိရူပက အကြောင်းကို။ အဓိဂမဆိုတာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရတာကို အဓိဂမလို့ ဆိုပါ တယ်။ အထွတ်အထိပ်၊ အလွန်အကဲ ရောက်သွားမှာလို့ ဆိုလိုတယ်။

မဂ်တုဆိုတာ ဘယ်လိုပါလိမ့်

ပဋိရူပက ဆိုတာက အလွန်အကဲ ရောက်မယ့် နေရာမှာ အလားတူ အတုအပ ပေါ်လာတာ (မှန်ပါ)၊ နိဗ္ဗာန် ရောက်မယ့် မြင်မယ့် တရား နေရာမှာ မရောက်သေးတဲ့ တရားက အလားတူ မဂ်ယောင် ဖိုလ်ယောင်နဲ့ လာပေါ်တယ်၊ ယောဂီ ပုဂ္ဂိုလ်က အဲဒါကို တကယ် မဂ်ဖိုလ်လို့ ထင်နေ တတ်တယ် (မှန်ပါ)၊ အဲဒီလို ထင်နေရင် လမ်းလွဲ သွားတတ်ပါတယ် (မှန်ပါ)။

အဲဒါက ဘာတုန်းလို့ မေးလို့ရှိရင် ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်နေရင် ဒကာ၊ဒကာမတွေ ကိုယ်က ရှုနေတဲ့ စိတ်ကလေးကို ဖြစ်ပျက် ရှုနေတယ်၊ မဂ်ကလေးက မြင်မြင် နေတယ်၊ ပျက်လိုက် မြင်လိုက်၊ ပျက်လိုက် မြင်လိုက်၊ ပျက်လိုက် မြင် လိုက်နဲ့ အင်မတန် ကိုက်နေတယ် (မှန်ပါ)၊ ပျက်လိုက် မြင်လိုက် ဆိုတော့ ရှေ့နဲ့ နောက်နဲ့ ကိုက်နေတာပေါ့ (မှန်ပါ)၊ ပျက်တာက ရှေ့ကျတယ်။ မြင်တာက နောက်ကျတယ်။ ပုရေနဲ့ ပစ္ဆာ အစဉ် တည့်နေရမယ်။ သဘောကျပြီလား (ကျပါပြီ)၊ ပုရေအစဉ်က ပျက်သွားတာ၊ ပစ္ဆာ အစဉ်က ဝိပဿနာ မဂ်နဲ့ရှုတာ၊ သဘော ကျပြီလား (ကျပါပြီ)။

ဒီမှာ ပုရေပစ္ဆာ အစီအစဉ်ချင်း ကိုက်နေတော့ ခန္ဓာကိုယ်က ဘယ်လို ဖြစ်တတ်သတုံးလို့ မေးတဲ့ အခါကျတော့ ခန္ဓာကိုယ် ဖျပ်ဆို အားထုတ်နေတဲ့ အခန်းထဲမှာ အရောင်တွေ ဖြာပြီးထွက် လာ တယ် (မှန်ပါ)၊ ထွက်ချင်ရင် အချို့ ပုဂ္ဂိုလ်များ ထွက်လာတယ်။ လူတိုင်းတော့ မဟုတ်ဘူး (မှန်ပါ)။

၁။ အရောင်တွေ ဖြာထွက်လာတယ်

အရောင်တွေ ဖြာထွက် လာတော့ ဟာ-ဒီဥစ္စာ မဂ်ဉာဏ် ရလို့ထွက်လာတဲ့ အရောင်ပဲ။ ဒီလို ထင်မှတ် သွားတတ်တယ်။ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီဘုရား)၊ မဂ်ဉာဏ်ရလို ထွက်လာတဲ့ အရောင် ဘယ်ဟုတ်မလဲ။ ဥဒယဗ္ဗယကြောင့် ထွက် လာ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီဘုရား)၊ ဝိပဿနာဉာဏ်၏ အရောင် ဒီဥစ္စာ။ မဂ်ဉာဏ်၏ အရောင် မဟုတ်ဘူး (မှန်ပါ)၊ အဲဒီမှာ ငါမဂ်ဉာဏ်ရလို့ ခန္ဓာကိုယ်က အရောင်ထွက်လာတာပဲလို့ ထင်တတ်တယ်။ ရှင်းပြီလား (ရှင်းပါပြီဘုရား)။

အဲဒီတွင် ခန္ဓာကိုယ်က အရောင်ထွက် လာတော့ ဖြစ်ပျက်ကို ရပ်ပစ် လိုက်ပါတယ်။ မဂ်ရပြီ ဆိုပြီးတော့ (မှန်ပါ)၊ ခန္ဓာကိုယ်ထဲက ထွက်တဲ့ အရောင် အဆင်းဟာ တချို့မှာ အခန်းတွင်းလောက် တချို့လဲ ကိုယ်ကို မြင်လောက်အောင်၊ တချို့လဲ တစ်ကျောင်း လုံး အရာမ် တစ်ခုလုံး စသည့်ဖြင့် အမျိုးမျိုး ထွက်တတ်ကြပါ တယ်။ ဘုရားကျတော့ ဒီလို မဟုတ်ဘူး။ အောက်လဲ အဝီစိ ကျအောင် လင်းတယ်။ အထက်လဲ ဗြဟ္မာပြည် ကျအောင် လင်း တယ်။ ဒီဥဒယဗ္ဗယ အားထုတ်တဲ့ အချိန်မှာ (မှန်ပါ)။

ဖြစ်ပျက်မြင်တဲ့ ဉာဏ်အရောင်တွေ ထွက်လာတာ

ကျုပ်တို့ ခင်ဗျားတို့ မှာတော့ ဒါလောက် ဘုန်းကံ ပါရမီရှိတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်တော့ တစ်ချို့လဲ နည်းနည်း ခန္ဓာကိုယ်လင်းရုံ၊ တချို့လဲ တစ်ခန်းလုံး လင်းအောင်၊ တချို့များ ကျတော့ တောင် တစ်ခုလုံး လင်းအောင် ဒီလိုလဲ ထွက်တတ်ပါတယ် (မှန်ပါ)။ ဖြစ်ပျက်မြင်တဲ့ ဉာဏ်ဟာ ဉာဏ်က အရောင် ထွက်လာတယ် (မှန်ပါ)။

အဲဒီ ဥဒယဗ္ဗယ ဝိပဿနာ ဉာဏ်က အရောင် ထွက်လာ တာဟာ မဂ်ဉာဏ်က ထွက်တဲ့ အရောင်ပဲ ဆိုပြီးတော့ ယောဂီ ပုဂ္ဂိုလ်က အလုပ်ရပ်စဲ ပစ်လိုက်တယ် (မှန်ပါ)၊ ရပ်စဲပစ်လိုက်တော့ကို သြော်-ဒါဟာ မဂ်ဉာဏ်၏ အတုဉာဏ်က အတု အယောင်က နေပြီး သကာလ မဂ်အစစ် မဂ်ဉာဏ် မရောက်ခင် ဖျက်ဆီ းပစ်လိုက်တယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီဘုရား)။

မဂ်ဉာဏ် အစစ် မရောက်ခင် (ဖျက်ဆီးပစ်လိုက် တတ်ပါ တယ်၊ ကိုယ့်စိတ်ထဲမှာ ထင်မြင် လာတတ်တယ်၊ ဟာ-ဒါဟာ မဂ်စစ် ဖိုလ်အစစ်မို့ ဒီ အရောင် ထွက်လာတာပဲ။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီလို အဓိဂမ ပဋိရူပက ဆိုတဲ့ မဂ်တု ဖိုလ်တုက ပေါ်လာ ပြီး မဂ်စစ် ဖိုလ်စစ်ကို ဖျက်ချ လိုက်တာ မောင်သစ်- ကန့်လန့် ကြီး ဖြစ်သွားတယ် (မှန်ပါ)၊ အထက်ဉာဏ် တွေလဲမရ၊ နိဗ္ဗာန် လဲ မမြင်ရ (မှန်ပါ)၊ ခန္ဓာကိုယ် အရောင်အလင်း ထွက်တာနဲ့ ဒါမဂ်၊ ဒါမဂ်၏ အရောင်ပဲ ဖိုလ်၏ အရောင်ပဲ ဆိုပြီး သကာလ ဆုံးဖြတ်ချက် ချပြီး အလုပ်ကို ရပ်စဲပစ် လိုက်တတ်တယ်။ (မှန်ပါ)၊

နောက်လဲ ဆက်လက်ပြီး မလုပ်တော့ဘူး ဆိုတော့ သူ့မှာ ပုထု ဇဉ်ဟာ ပုထုဇဉ်ပဲ ရှိသေးတာပေါ့ (မှန်ပါ)၊ ဝိပဿနာဉာဏ်နဲ့ သေသွားတာကိုး (မှန်ပါ)။

ဒီဘဝမှာ မဂ်ရမယ့် နိမိတ်တော့ ပြပါရဲ့၊ သူ,နိမိတ်ပြတာ ကို အစစ်ထင်ပြီး ရှေ့ဆက် ဆက်မလုပ်လို့ လမ်းလွဲသွားတာ (မှန်ပါ)၊ အတုကို ဘာဖြစ်သတုံး (အစစ်ထင်နေပါတယ်)၊ အစစ်ထင် နေလို့ ရှေ့ကို ဆက်မလုပ်တော့ သဖြင့် အစစ် ပျောက်သွားရတယ်။ ရှင်းပြီလား (ရှင်းပါပြီ၊ ဒါ ကိုယ့်ဉာဏ် ထက်အောင် ဉာဏ်မျက်ခြေ မပြတ်စေရဘူး (မှန်ပါ)။

အဲဒီလို ဩကာသဆိုတဲ့ အရောင်အလင်း အဓိဂမပဋိရူပက ဝင်ပြီး ထင်တတ်တယ် (မှန်ပါ)။

တချို့ကျတော့လဲ ဩကာသ အရောင်အလင်း ထွက်လို့ ရှိရင် တစ်မျိုး ထွက်လာတယ်၊ အမျိုးမျိုးပေါ့။ ဆယ်မျိုးတောင် ရှိတယ်။ (မှန်ပါ)၊ ဉာဏ်က ရှုလိုက်တယ်၊ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ခနဲ ကိုက်ခနဲ သွားလို့ ဉာဏ်က သိပ်မှန်နေတယ် (မှန်ပါ)။

၂။ ဝိပဿနာဉာဏ် ထက်မြက်လာတယ်

မောင်သစ် ရှေ့ကဖြစ်ပျက်၊ နောက်က မဂ်နဲ့ ကိုက်ပြီး ကြားထဲမှာ ကိလေသာကို မခြားဘူး၊ မဝင်ဘူး အင်မတန် လိုက်နေတယ်၊ တွေးလိုက်တိုင်း မှန်သလို ဖြစ်နေတာပေါ့ လေ (မှန်ပါ)၊ လေးသမားဟာ ပစ်လိုက်တိုင်း ပစ်လိုက်တိုင်း မှန်းခြေ ပေါက် မှန်သလို ဒီမှာလဲ ဖြစ်ပျက် ကလေး တွေကို ဉာဏ်နဲ့ သွားသွားပြီး မှန်တယ်။ (မှန်ပါ)၊ မှန်တယ် ဆိုတာ မြင်တာပေါ့ (မှန်ပါ)၊

အဲဒီလို မြင်လိုက်တော့ ဉာဏ်က အင်မတန် ထက်မနေ ဘူးလား (ထက်နေပါတယ် ဘုရား)၊ ဟာ-ဒါဟာ မဂ်ဉာဏ်မို့ ထက်တာပဲ၊ ဝိပဿနာ ဉာဏ်အားကောင်းတာကို မဂ်ဉာဏ်နဲ့မို့ ဒီလောက် လင်းတာပဲဆိုပြီး ရပ်စဲပစ် လိုက်တယ် (မှန်ပါ)၊ ဒါကြောင့် ဒီဉာဏ်က မဂ်ဉာဏ် အတုပဲ လာဖြစ်တယ် (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီဘုရား)။

ဘယ်သူက လာပြီထင်သတုန်း (ဝိပဿနာဉာဏ်က လာထင်ပါတယ်)၊ ဘယ်သူက အတုပါလိမ့် (မဂ်ဉာဏ်က အတုပါဘုရား)၊ အဲဒါကြောင့် အဓိဂမ ပဋိရူပကလို့ ခေါ်တယ် (မှန်ပါ)၊ ရမည့် တရားစစ်ကို အတုက လာဖျက်တယ်၊ ဉာဏ်ချင်း တော့တူရဲ့၊ အစစ်ဉာဏ် မဟုတ်ဘဲနဲ့ အတုဉာဏ် ဖျက်ချလိုက် တယ် (မှန်ပါ)၊ အစစ်ဉာဏ် ဆီသို့ မရောက်နိုင်တော့ဘူး မတက်နိုင် တော့ဘူး (မှန်ပါ)။

ဘယ်နှစ်ချက်ရှိသွားပြီလဲ(နှစ်ချက်ပါဘုရား)၊ နှစ်ချက် ရှိသွားပြီ။ အရောင်အလင်းကလဲ ဖျက်တတ်တယ်။ ဝိပဿနာ ဉာဏ် ထက်မြက်မှုကလဲ (ဖျက်တတ်ပါတယ်ဘုရား)၊ အဲဒါကို မှတ်ထားကြပါ။ ဒါဝိပဿနာ တကယ်တန်း ခရီးပေါက် အောင် လုပ်နေတဲ့ ပုဂ္ဂိုလ်မှာ ဒီဆယ်မျိုးထဲက တစ်ခုခု မလာဘဲ နဲ့တော့ မပြီးဘူး (မှန်ပါ)၊ လာပြန်လဲ ရှောင်တတ်မှ ရှားတတ်မှ (မှန်ပါ)။

အရောင်အလင်းတွေ ကြည့်မနေနဲ့

နှစ်ခုပြီး သွားတော့ ဒကာ၊ဒကာမတွေကို ဘုန်းကြီး ရှင်းပေးမယ်။ အရောင် အလင်း ထွက်လာတယ်ဆိုရင်လဲ ဟာ ဘာမှမဆိုင်ဘူး၊ ဒါနဲ့ မဂ်နဲ့ မဆိုင်သေးဘူး၊ မဂ်မဟုတ်သေး ဘူးဆိုပြီး ကိုယ်ဖြစ်ပျက်ပဲ ကိုယ်ပြန်ရှု၊ အရောင်အလင်း တွေကို ကြည့်မနေနဲ့ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဉာဏ်ထက်နေလို့လဲ ရပ်မပစ်လိုက်နဲ့။ ဆက်လက်ပြီး ရှုသာနေပါ။ သူ့ဟာသူ တက်သွား။ ဉာဏ်ထက်တာနဲ့ ပြည့်စုံပြီ ဆိုပြီး ရပ်မပစ်လိုက်ပါနဲ့။ သဘောပါပြီလား (ပါပါပြီဘုရား)။

ဉာဏ်ကတော့ ထက်လိမ့်မယ်။ အရောင်မထွက်တဲ့ ပုဂ္ဂိုလ် ဉာဏ်ကတော့ ထက်ချင်လဲ ထက်လာ လိမ့်မယ် (မှန်ပါ)၊ ထက်လာလို့ရှိရင်လဲ ဒါဟာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ပဲလို့ ကိုယ်က ဆုံးဖြတ်ချက် မချနဲ့ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ)။

မဂ်ဉာဏ် ဖိုလ်ဉာဏ်ပဲလို့ ဆုံးဖြတ်ချက်မချနဲ့၊ သြော် ဒါဟာ အလုပ်စဉ် အတိုင်း ပေါ်လာတာပဲ ဆိုပြီး ဆက်သာရှု။ (မှန်ပါ)၊ ဆက်ရှုပြီးသကာလ ဥဒယဗ္ဗယက နေပြီး မဂ်ကို တက်ချင်လဲ တက်သွားမယ် (မှန်ပါ)၊ တက်သွား ရင်တော့ ခုနင်က အထင်ကလေး ပျောက်သွားမှာပေါ့ ဗျာ။ ဆက်သာ တက်သွားပါ (မှန်ပါ)၊ နှစ်ခုရှိ သွားပြီနော် (မှန်ပါ)။

နို့ မဟုတ်ရင် ဒါတွေဟာ ဆရာဘုန်းကြီးက ရှေ့က ဝေဖန်ပြောထားမှု မပြုလို့ရှိရင် တကယ် ထင်လာတော့ မဖယ်တတ် မရှင်းတတ် ဖြစ်နေအုံးမယ် (မှန်ပါ)၊ ဘုရားကလဲ ဒါတွေဟာ အဓိဂမ အစစ်ကို ကွယ်စေတတ်တဲ့၊ ဖုံးစေတတ်တဲ့ တရားတွေကို ဟောခဲ့တာ ခုနင်က ပြောခဲ့ပြီနော် (မှန်ပါ)၊ အဲဒီဟာကို ဟောတော်မူတာ (မှန်ပါ)။

တစ်ခါတလေ ကျတော့ ၃-နံပါတ်များ တက်လာတော့ ခန္ဓာကိုယ်ကြီးများ ကြွသွားတယ် (မှန်ပါ)၊ ပေါ့ ပြီး သကာလ အထက်များ ပျံသွားသလိုပဲ (မှန်ပါ)၊ ဒီလို ပီတိတွေလဲ လာတတ် တယ် (မှန်ပါ)။

၃။ ပီတိတွေလာပြီး ခန္ဓာပေါ့သွားတယ်

ရှုရင်းမတ္တနဲ့ လာတာ (မှန်ပါ)၊ ရှုရင်းမတ္တနဲ့ ဒီလိုပီတိတွေ လာပြီးသကာလ ခန္ဓာကိုယ်ကြီးဟာ ပေါ့သွားသလိုလို အမျိုးမျိုး အဖုံဖုံလာတာပဲ (မှန်ပါ)၊ အဲဒီလိုလာရင် သြော်- ငါတော်တော် နေရာကျ ပြီဆိုတဲ့ အတွေး မဝင်စေဘဲနဲ့ ဆက်သာရှု (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။

ဆက်သာ ဆက်သာရှု။ နို့မဟုတ်ရင် ဒီပီတိက မဂ်ယောင် ဖိုလ်ယောင်လုပ်ပြီး ဝင်ဖျက်ပြန်တယ် (မှန်ပါ)၊ ဘယ်နှယ်ခု ရှိသွားပြီလဲ (သုံးခုရှိသွားပါပြီ)၊ အဲဒါတွေဟာ အဓိဂမ ပဋိရူပက တွေလို့ ဘုရား ဟောတော် မူပါတယ် (မှန်ပါ)။

ဒါတွေဟာ ဆရာသမားများကသာ ပြောပြထားပြီး မကယ် ရင် ဦးတင်- ရပါ့မလား (မရပါဘူး ဘုရား) ကိုယ့်ငါးချဉ် ကိုယ် ချဉ်ပြီး အဟုတ်ထင်နေမှာပဲ (မှန်ပါ)၊ ပြီးတော့ နောက်ကို ဘယ်သူမှလဲ မေးမြန်းပြီး စိစစ်တော့မှာလဲ မဟုတ်ဘူး။ ကိုယ့်မှာ ကိစ္စပြီးပြီဆိုပြီးတော့ တစ်ဘဝအတွက် ကြီးပြင်း သွားတော့ မှာပဲ (မှန်ပါ)၊ မနာဘူးလား (နာပါတယ်ဘုရား)၊ အစစ် မဟုတ်ဘဲ (မှန်ပါ)၊ မနာဘူးလား (နာပါတယ်ဘုရား)၊ အစစ် မဟုတ်ဘဲနဲ့ ရပ်စဲပြီး နစ်နာသွားတာကို ယောဂီမှာသာ နစ်နာတာပဲ။ ပေါ်ကြ ပြီလား (ပေါ်ပါပြီဘုရား)၊ ပီတိ တဲ့ ဒါကလဲ ဖျက်ဆီးတတ် တယ်ဆိုတော့ အဓိဂမ ပဋိရူပက တစ်မျိုးလို့မှတ်။ သုံးမျိုး ရှိသွားပြီနော် (မှန်ပါ)။

၄။ ကိုယ်ရောစိတ်ရော ငြိမ်းနေတယ်

တချို့ကျတော့လဲ ရှုရင်းမတ္တနဲ့ ကိုယ်လဲ ရှိတယ်မထင် ဘူး။ စိတ်လဲ ရှိတယ်မထင်တော့ဘူး။ ရှုဉာဏ်ကလေးနဲ့ပဲ နေတော့တာပဲ။ သြော်-ဒါဖြင့် ငါဟာ ခန္ဓာထဲပျောက်ပြီ၊ ကိုယ် ရော စိတ်ရော ငြိမ်းပြီး၊ သကာလ နေပြီ၊ ကာယပဿဒ္ဓိ၊ စိတ္တပ ဿဒ္ဓဖြစ်ပြီး သကာလနေပြီ၊ ဒါဟာ မဂ်ဉာဏ် ဖိုလ်ဉာဏ် အစစ်ရလို့ ဖြစ်တဲ့ အဖြစ်ပဲ ဆိုပြီး ရပ်ပစ်လိုက်တတ်တယ် (မှန်ပါ)၊ ကိုယ်ငြိမ်း စိတ်ငြိမ်း တာနဲ့ ရပ်ပစ်တတ်တယ် (မှန်ပါ)။

ရပ်ပစ်လိုက်ပေမယ့်လဲ ကိလေသာမှ မငြိမ်းသေးပဲကိုး (မှန်ပါ)၊ မငြိမ်းသေးတော့ ကိုယ်ငြိမ်း စိတ်ငြိမ်း ဝင်လာတဲ့ ပဿဒ္ဓိက မဂ်အတု လုပ်ပြီး ဖျက်ချလိုက်တယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မဂ်တုလုပ်ပြီး ဖျက်ချတော့ မဂ်စစ်ပေါ်သေးရဲ့လား (မပေါ် လာပါဘူး)၊ ဒါဖြင့် အဓိဂမ ပဋိရူပက ရမယ့်တရား၏အသွင်က တူလာပြီး ဖျက်လိုက်တယ် (မှန်ပါ)၊ ဘယ်နှယ်မျိုး ရှိသွားပြီလဲ (လေးမျိုးပါ ဘုရား)။

ဒါကြောင့် အဓိဂမပဋိရူပကကို ယနေ့ ဟောရခြင်းသည် မည်သူ့အတွက်မှ မဟုတ်ဘူး၊ အလုပ်သမား အတွက် စစ်ဆေးမှုကို ပေးတဲ့ နည်းပဲ (မှန်ပါ)၊ ကိုယ့်ဟာကိုယ် စစ်ဆေးမှုကိုပေးတဲ့ နည်းဆိုတာ မှတ်ရမယ် (မှန်ပါ)။

၅။ လောကီချမ်းသာတွေ ရနေတယ်

တချို့ကျတော့လဲ ရှုရင်းမတ္တနဲ့ ဥဒယဗ္ဗယမှာ ဖြစ်ပျက် တွေမြင်လို့ ဘယ်လောကီ ချမ်းသာနဲ့မှ မတူတဲ့ လောကီချမ်း သာတွေ ရတာပဲ။ သိပ်ချမ်းသာတာပဲ။ ဒီတော့ ဟာ- ဒါဖြင့် ငါမဂ်ဆိုက်သွားပြီ။ မဂ်ဟာ အေးစေတတ်တယ် ဆိုတဲ့အတိုင်း ငါ့မှာ တစ်ကိုယ်လုံး ချမ်းသာ အေးမြသွားပြီ ဆိုပြီး သကာလ ဒီနေရာမှာလဲ မဂ်စစ် ထင်ပြီး သကာလ ရပ်ပစ်လိုက်တယ် (မှန်ပါ)။

သုခအတု ပေါ်တာပဲ။ ရှင်းပြီလား (ရှင်းပါပြီ)၊ သူကလဲ ဘာတုံးလို့ဆိုတော့ အဓိဂမ ပဋိရူပက ပဲတဲ့။ ရမယ့်တရားနဲ့ အလားတူပေါ်တာ။ (မှန်ပါ့)၊ ရမယ့်တရားကလဲ ဒီလို အေးချမ်း တာရမှာပဲ။ အေးချမ်းတာချင်း လာဖျက်တယ် (မှန်ပါ)။

သို့သော် ဘုန်းကြီးတို့ ဒကာ၊ဒကာမတွေကို ဘုန်းကြီးက ဒီဂရီ တိုးဖို့ ကလေး တစ်ခု ရှင်းပြ ချင်ပါတယ်၊ သူက ဘယ်လိုပဲ ဖျက်ဖျက် အေးချမ်းလိုက်တာလဲ လွန်လို့၊ ခန္ဓာကိုယ်ထဲမှာ၊ သို့ပေမယ့် ကိုယ်မြင်နေတာ ဖြစ်ပျက် ဆိုလို့ရှိရင် ဒါဟာ မဂ် အစစ် မဟုတ်သေးဘူးသာ ဆုံးဖြတ်ချက်ချ (မှန်ပါ)။

မဂ်စစ်ဆိုတာက ဖြစ်ပျက်မရှိတာကို မြင်မှကိုးဗျ (မှန်ပါ)၊ ကိုယ်ခြင်နေတာ ဖြစ်ပျက် မဂ်ပေါ် နေတုန်း ရှိသေးတယ်ပဲ (မှန်ပါ)၊ ဖြစ်ပျက်နဲ့ သုခပေါ်နေတယ် (မှန်ပါ)၊ ဖြစ်ပျက်မြင်တဲ့ မဂ် ပေါ်တယ်။ သုခချမ်းသာပြီး ပေါ်နေတယ်။ အဲဒါ ဝိပဿနာ မဂ်ပဲ ရှိသေးတယ်။ ရှင်းပြီလား (ရှင်းပါပြီဘုရား)၊ ဒီတော့ နိဗ္ဗာန်မြင်ပြီး ချမ်းသာတာ ဟုတ်ကဲ့လား (မဟုတ်ပါဘူး)၊ သင်္ခါရမြင်ပြီး ချမ်းသာနေတာ (မှန်ပါ)။

သင်္ခါရမြင်ပြီး ချမ်းသာနေတာဖြစ်တော့ မောင်သစ်ရေတို့ ဒကာ၊ ဒကာမတွေ ကျတော့ ဒီက မဂ် ပြထားလိုက်တော့ အတုက မဖျက်နိုင်ဘူး။ ဟ- ဒါမဟုတ်သေးဘူး၊ ဆက်ရှုရ တယ် (မှန်ပါ)၊ ကိုယ်က ဝီရိယ တက်လာတယ်၊ ဆက်ရှုမယ်ဆိုတဲ့ စိတ်ကလေး မလာပေဘူးလား (လာပါတယ်)၊ ဘယ်နှခု ရှိ သွားပြီလဲ (ငါးခုရှိသွားပါပြီ)၊ အခု ငါးခုရှိသွားပြီ၊ဒါမျိုးက ဆယ်ခုတောင် ရှိတယ်နော်။ မနည်းဘူး (မှန်ပါ)။

ဘယ့်နှယ်ကြောင့် ဆယ်ခု ဟောရသတုံးလို့ မေးတဲ့ အခါကျတော့ ပုဂ္ဂိုလ် စရိုက်က မတူတော့ ပေါ်ချင်တာ ပေါ်တယ်။ ပုဂ္ဂိုလ် တစ်ဦးမှာ တစ်မျိုး (မှန်ပါ)၊ ဘုရားက သတ္တဝါတွေ စရိုက် အကုန် သိမြင်တော် မူတော့ ဒီဥစ္စာ ဆယ်မျိုး ရှိတယ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် အတု ဆယ်မျိုး ရှိတယ်ဆိုတော့ ပုဂ္ဂိုလ်တွေ အမျိုးမျိုးကြောင့် အဖျက် အမျိုးမျိုး ပေါ်ရတယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

အခု ဘယ့်နှခုရှိသွားပြီလဲ (ငါးခုပြီးသွားပြီ)၊ ငါးခု ရှိ သွားတော့ သြော်- ဒီငါးခုဟာလဲ ဘယ်သူ့ကို ဖျက်ဖို့ အတုတွေ ပေါ်လိမ့်မတုံးဆိုတော့ ရမယ့်မဂ် ဖိုလ် နိဗ္ဗာန်ကို ဖျက်ချလိုက်တယ်။ ရှင်းပြီလား (ရှင်းပါပြီ)၊ ရမယ့်နိဗ္ဗာန် အတုမဂ်ဉာဏ်က ဝင် လိုက်တော့ ဆက်မလုပ်ရင် အစစ်မဂ်ဉာဏ် ပျက်သွားတာတဲ့ (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ)။

လောကုတ္တရာမဂ် မဟုတ်သေးဘူး

အဲဒီတော့ ဒီဒကာ၊ဒကာမတွေ ဘုန်းကြီးက ပြောလိုက် တယ်။ ဖြစ်ပျက်မြင်တဲ့ ဉာဏ်တဲ့၊ ပေါ်နေသေးလို့ ရှိရင် ဒါ လောကုတ္တရာမဂ် မဟုတ်သေးဘူးလို့သာ ဆုံးဖြတ်ချက်ချထား။ ဖြစ်ပျက် မြင်တုံး ဒါတွေ ပေါ်နေမှာကိုး၊ ဝမ်းထဲမှာ (မှန်ပါ)၊ ပေါ်နေလို့ရှိရင် ဒါကို ဘယ်နှယ် ဆုံးဖြတ် ချက်ချမလဲ (မဂ်တုကိုပဲ ရှိပါသေးတယ် ဘုရား)၊ ကိုယ်ရှုတဲ့ ဖြစ်ပျက်ကို လွှတ်မပစ်နဲ့၊ ရပ်မပစ်လိုက်နဲ့ ဆက်သာရှု၊ သဘောပါပြီလား (ပါပါပြီ)။

ဒါက ဘယ်သူက ဖျက်တာတုံးလို့ မေးတဲ့အခါကျတော့ အဓိဂမပဋိရူပကတဲ့၊ မဂ်တုက မဂ်စစ်ကို ဖျက်တာပဲ။ ရွှေကို ရွှေတုဖျက်သလို စိန်စစ်ကို ဓာတုဗေဒစိန်က ဖျက်သလိုပေါ့ ၊ မိုးကုတ် ကျောက်ကို ပြင်သစ် ကျောက်က ဖျက်သလိုပေါ့ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ)။

ကဲ- ဒီငါးခုကို အသာထားပါတော့။ ဒီငါးခုပဲ ဒီနေ့ဟော မယ်။ အဓိပ္ပါယ်တွေ ပြောစရာက ရှိနေတယ်။ နက်ဖြန်ကျမှ ကျန်ငါးခုကို ဆက်ပြောမယ်။ (မှန်ပါ)။

ရွှေစစ်ကို ရွှေတုက ဖျက်တယ်

ဒီငါးခု ဟောရမယ့် တရားစစ်ကို မရအောင် ဖျက်တယ်။ ရွှေစစ်ကို ရွှေတုက ဖျက်ပါတယ်။ စိန်စစ်ကို (စိန်တုက ဖျက်ပါတယ်)၊ ပတ္တမြား အစစ်ကို (ပြင်သစ်ကျောက်က ဖျက်ပါတယ်)။

အဲဒီလိုရှိတော့ ဘုရားက လောကီဥပမာ ပြပါမယ်တဲ့။ ရှေးက နက္ခတ်ပွဲတွေ ရှိပါတယ်။ နက္ခတ်ပွဲ တွေကျတော့ တစ်အိမ် မှာ လူပျိုသုံး၊ အပျိုသုံးရယ်လို့ ထားကြရတယ်။ နက္ခတ်ပွဲ ပျော်ရွှင် ချင်တဲ့လူဟာ ဒီလိုထားကြရတယ်။ နက္ခတ်ပွဲထွက်ပြီး ကစား ကြရတယ်။ (မှန်ပါ)။

အဲဒီတော့ ဈေးလဲသွားကြရတယ်၊ နက္ခတ်ပွဲ ဝတ်ဖို့ ဆင်ဖို့ ပန်းထိမ်သည်၊ ရွှေကုန်သည်၊ ငွေကုန်သည်တွေထံ သွားကြရ တယ်။ နက္ခတ်ပွဲ ဝတ်ဖို့ဆင်ဖို့ (မှန်ပါ)၊ ဒီတော့ ရွှေသည်၊ ငွေသည်၊ ပန်းထိမ်သည်တွေက ရွှေစစ် ငွေစစ်ကို မဝယ်ကြနဲ့၊ ဒီဟာအဖိုးလဲ နည်းတယ်။ အရောင်အဆင်းလဲ အစစ်ထက်တောင်မှ သူက ကောင်းသေးတယ်။

ဒါဟာ နက္ခတ်သဘင် ပျော်ဖို့မြူးဖို့ဟာ တော်တော် သုံးဖို့ ကောင်းတဲ့ပစ္စည်းတဲ့၊ အကယ်၍ ပျောက်ရှသွားလဲ အဖိုး က မတန်လှဘူးဆိုတော့ အဖိုးနည်းဝန်ပါ၊ ကြိုက်တဲ့လူက ဝယ်သွား တာပေါ့လေ။ (မှန်ပါ)၊ နက္ခတ်ပွဲကျတော့လဲ အဖိုး များများ တန်တာ ဝတ်တဲ့သူနဲ့ အဖိုး နည်းနည်း တန်တာ ဝတ်တဲ့ သူနဲ့လဲ တယ်ပြီးမထူးလှဘူး။ ဒီတော့ ကိုင်း- ရွှေစစ်တွေ မြေမြှုပ်ပြီး သိမ်းဆည်း ထားကြဖို့ ဆိုတာ ဖြစ်လာတယ် (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီဘုရား)။

ရွှေစစ်တွေ ရှိငြားသော်လည်း ဂုဏ်မှ မတက်တော့ဘဲ၊ ဂုဏ်မတက်တော့ ဘာလုပ်ကြသတုံး (မြေမြှုပ်ပြီး သိမ်းထား ရပါတယ်)၊ ဒီမှာလဲ အတုတွေ ဝင်လာတော့ အတုတွေကို အစစ်ထင်ရင် အတုက အစစ်တွေ ပျောက်ကွယ်အောင် လုပ်ပစ် တယ် (မှန်ပါ)၊ ဒါကြောင့် အဓိဂမ ပဋိရူပကလို့ ဆိုရတယ်။ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီဘုရား)၊ ရရှိမယ့် တရားစစ်ကို တရားအတုက လာဖျက် တယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်ရောက်ကြောင်း လောကုတ္တရာ မဂ်ပေါ်မှာကို ဝိပဿနာမဂ်က မဂ်စစ်လုပ်ပြီး ဖျက်ချ လိုက်တယ်။ ဝိပဿနာ မဂ်ကြောင့်ဖြစ်တဲ့ ခုနင်က သဘောငါးမျိုးတွေ ဖျက်ချလိုက်တယ်။ ရှင်းကြပြီလား (ရှင်းပါပြီဘုရား)။

မဟုတ်သေးပဲနဲ့ သောတာပန်လို့ပြောတယ်

ဦးတင်- ဒီဥစ္စာကို သိမ်းထားလို့ရှိရင် ထင်လုံးလာမှာပဲ (မှန်ပါ)၊ ထင်လုံးလာမှာပဲ ဆိုတာက ခင်ဗျားတို့ သေသေချာချာ မှတ်ပါ။ ဒီဥစ္စာကို ဘုန်းကြီး ဟောရခြင်း အကြောင်းကလဲ ဒီပါဠိတော်ကလဲ ကဿပသံယုတ်မှာ ရှိနေတယ်။ အခုအခါမှာလဲ ဦးတင်တို့ ဘာမှမဟုတ်သေးတဲ့လူက သောတာပန် တည်တယ် ပြောချင် ပြောနေကြတာ။ ခက်လိုက်တဲ့ဖြစ်ခြင်းမှ ..။ မများ ဘူးလား (များပါတယ်)၊

ကျုပ် တစ်ခါမှ မချုပ်လိုက်ရဘူး၊ တစ်ခါမှ မငိုက်လိုက်ဘူးဆိုတဲ့ အသွားတွေ ရှိသေးတယ်၊ အဲဒါတွေ နက်ဖြန်ကျတော့ လာလိမ့်မယ်၊ ဒီဥစ္စာတွေ ဒီနေ့တော့ ဒီငါးခုတင် ဟောမယ်။ ရှေ့ဆက်ပြီး ဟောရမှာတွေက ရှိသေး တယ် (မှန်ပါ)၊ အဲဒါဟာ အဓိဂမပဋိရူပက သဘောတွေ လောက်တွေနဲ့ပဲ သူတို့ အချိန်ကုန်ပြီး သကာလ နောက်ကို ဘယ်ဆရာဆီမှလဲ မကပ်တော့ဘူး၊ ဘယ်အလုပ်မှလဲ မလုပ်တော့ဘူး။ ကျုပ်တော့ ကိစ္စပြီး နေပြီဗျာ၊ ကျွမ်းထိုး နေနေ အရေး မကြီးတော့ဘူး။ လွတ်ပါပြီ၊ ဘာညာနဲ့ ဒီလိုထင်နေတဲ့ ပုဂ္ဂိုလ်တွေ ကလဲ တစ်ပုံကြီးရှိကြတယ် (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။

မဂ်စစ် မဟုတ်သေးဘူး

အဲဒီတော့ အဲဒါမျိုးတွေက အတု ပေါ်တာလောက်ကို အစစ် ထင်နေတတ်ကြတာ (မှန်ပါ)၊ ဒီလို ပါဠိတော်ကြီးတွေ ထင်ရှားရှိမှန်း မသိကြ၊ မတွေ့ကြ၊ မနာကြဘူးတော့ သူတို့ အတွက်မှာ အလကား ဘဝင်မြင့်ပြီး ကျန်နေရစ်တတ်တယ်။ နစ်နာနေတတ်ကြတယ် (မှန်ပါ)၊ မကျန်ရစ်ပေဘူးလား (ကျန်ရစ် ပါတယ်ဘုရား)၊ အဲဒီလို ကျန်တဲ့လူတွေ အခုခေတ်မှာ မရှိဘူးလားလို့မေးရင် မန္တ ရော၊ ရန်ကုန်ရော ပုံလို့ (မှန်ပါ)၊ အစစ်လားလို့ မေးပြန်တော့လဲ မဟုတ်ဘူး၊ အတုက ဖျက်ထားတာ (မှန်ပါ)။

ပြန်ပြီး နိဂုံးချုပ်ပြပါမယ်။ အဲဒါကြောင့် သိက္ခာပုဒ်တွေ များလာတဲ့ အချိန်ကျမှ ရဟန္တာ အဖြစ်နည်း တာဟာ အဲဒါကြောင့်ပဲလို့ ဘုရားရှင်က ရှင်မဟာကဿပကို ဟောတော် မူခဲ့တယ်။ (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီဘုရား)။

မဂ်တု ဖိုလ်တုက လာဖျက်တာ ဒကာ၊ဒကာမတို့ ဒီဥစ္စာတွေဟာ ဘုန်းကြီးတို့လို ပရိသတ် များစွာတွေနဲ့ ဆက်ဆံရတဲ့ ပုဂ္ဂိုလ်မျိုးတွေ ကျတော့ ဒီလိုဟာတွေနဲ့ လာကြုံရတာ တစ်ပုံကြီးပဲ (မှန်ပါ)၊ ဟုတ်လဲဟုတ်သေးတာ မဟုတ်သေးဘူး သူ့ဟာက (မှန်ပါ)၊ သူမြင်တာကိုက သင်္ခါရဖြစ်ပျက်ကို အာရုံပြုတုန်း ရှိသေးတယ်။ ရတာက သူကတော့ မဂ်အစစ် ထင်နေတယ် (မှန်ပါ)၊ မဂ်အစစ်ဆိုရင် အသင်္ခတကို အာရုံပြုရမှာ၊ အသင်္ခတဆိုတာက နိဗ္ဗာန်။

ဖြစ်ပျက်မရှိမှ နိဗ္ဗာန်

နိဗ္ဗာန်ဆိုတာက ဖြစ်ပျက် မရှိတော့ဘူး (မှန်ပါ)၊ အဲဒီ အသင်္ခတ အာရုံအစစ် ပြုလို့ရှိရင်တော့ ဘုန်းကြီးတို့က ဒါဟာ ဟုတ်လောက်ပြီ ပြောပေးရမှာပေါ့ ၊ မင်းဟာဟုတ်ပြီဟေ့ စသည်နဲ့ (မှန်ပါ)၊ အခုတော့ သူဟာက ဖြစ်ရတာက ဖြစ်ပျက်ရှိ သင်္ခတ ရှိသေးတယ်။ ရတာက မဂ်စစ် ပြောနေတော့ ခုတ်ရာ တစ်ခြား ရှရာ တစ်ခြား မနေဘူးလား (နေပါတယ်ဘုရား)။

အဲဒီလိုဟာတွေဟာ အင်မတန်မှ များပါတယ် ဆိုတဲ့ ဥစ္စာကိုလဲ ပါဠိတော်ကြီးက နဂိုက ရှိပြီးသား ဖြစ်နေတယ်။ ဘုရားလက်ထက်ကတည်းက (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

မန္တလေးမှ ရန်ကုန်သွားတဲ့ ခရီးသည်

ဒီနေ့ ဘယ်နှချက်ဟောသတုံး (ငါးချက်ဟောပါတယ်)၊ အဲဒီဥစ္စာ ရွှေစစ်ကို ရွှေတုက ဖျက်တဲ့ ဥစ္စာ သေသေ ချာချာ မှတ်ကြပါ (မှန်ပါ)၊ ဒါကို ရှင်းအောင်ပြောကြပါအုံးစို့ ။ ဒီကနေပြီးသကာလ မောင်သစ်ကို ဖြစ်စေ၊ ဦးတင်ကိုဖြစ်စေ မန္တ လေးက ရထားစီးတယ်။ ဥပမာ-ရမည်းသင်း၊ သာစည် တွေ့ပြီ၊ တွေ့တဲ့အခါ ဒါရန်ကုန်လမ်းတော့ မှန်ပြီ။ မမှန်သေးဘူးလား (မှန်ပါပြီ)၊ တောင်ဘက်ဆီသို့ ရထားခုတ်တော့မှာပဲ ဆိုတာ မသေချာဘူးလား (သေချာပါတယ်)၊ ရမည်းသင်း၊ သာစည်မှ မတွေ့သေးလို့ ရှိရင်ဖြင့် ရထားစီးတဲ့လူက သံသယ ရှိလိမ့်မယ်။ ရန်ကုန်လမ်းမှ ဟုတ်ရဲ့လားလို့ (မှန်ပါ)။

ဒီမြို့တွေတွေ့ရင် ရန်ကုန်လမ်း မှန်ပြီ

ထိုအတူပဲ ဒီပြောခဲ့တဲ့အချက်တွေ မတွေ့လို့ ရှိရင်လဲ နိဗ္ဗာန်လမ်း မဟုတ်သေးဘူး (မှန်ပါ)၊ သူ့တွင် ရပ်နေလဲ မရောက်သေးဘူး (မှန်ပါ) ရမည်းသင်း၊ သာစည် မတွေ့သေး လို့ရှိရင်လဲ နိဗ္ဗာန်လမ်း မမှန်သေးဘူး (မှန်ပါ)၊ တွေ့တော့ တွေ့ရမယ် တစ်ခုခု (မှန်ပါ)၊ တွေ့ပြီး ကျော်သွားရမယ်။ အဲဒီ မှာတင် ရပ်မနေဘူး (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီဘုရား)။

ဒါတွေတွေ့ရင် ဘာလုပ်ရမှာတုံး

တွေ့လို့ရှိရင် ဘာလုပ်ရမှာတုံး (ကျော်သွားရပါမယ်)၊ အဲကျော် သွားရမယ်၊ သူဟာ ဝိပဿနာမဂ်ပဲ ရှိသေးတယ်။ ငါလုပ်နေတဲ့ ဝိပဿနာ၏ အညစ်အကြေး တွေပါကလား၊ သူက မဂ်အစစ်ကို တို့အထင်က မှားယွင်းအောင် လာဖျက်နေတာ ဆိုပြီး နောက်မဆုတ်ပါနဲ့။ ကိုယ့် ဖြစ်ပျက်ကို ကိုယ်ဆက်လက်ပြီး ရှုသွားပါ။ သမာဓိ အားကောင်းကောင်းနဲ့ ရှုနေပါ။ ဉာဏ်တက် သွားမှာပဲ။ ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံးတာတွေ လာမှာပဲ(မှန်ပါ)၊ ကိုယ်က ဒီနေရာမှာ ကိစ္စပြီးပြီ ထင်လိုက်လို့ ရှိရင်တော့ လွဲသွားမယ် (မှန်ပါ)၊ မလွဲပေဘူးလား (လွဲပါတယ် ဘုရား)။

မဂ်တုမတွေ့ရင် ခရီးမပေါက်သေးဘူး

အဲဒီတော့ မတွေ့ရင်လဲ တွေ့လိမ့်မယ်မဟုတ်။ တွေ့လို့ မရှာတတ်လို့ရှိရင်လဲ သွားပြီ။ ဒီနှစ်ချက် မှတ်ရမယ်။ (မှန်ပါ)၊ ဒီမဂ်တုကို မတွေ့လို့ရှိရင်လဲ အတွေ့ မဟုတ်သေးဘူး။ လမ်းစဉ် ခရီး မရောက်သေးဘူး ဆယ်ချက်ပေါ့ လေ။ ဒီနေ့ပြောခဲ့တာ ငါးချက်။ တစ်ခုခုတော့ တွေ့ရမယ် (မှန်ပါ)၊ ဒါကိုတွေ့မှ ဟိုဘက် အမှန် ဆိုတာက ရောက်မယ်။ ဥပမာ- ရန်ကုန်ကို သွားတော့ ရမည်းသင်း၊ သာစည် လမ်းတွေ့မှ ရန်ကုန်လမ်းဟာ အမှန်တိုင်း (မှန်ပါ)၊ ဒီတော့ မတွေ့ရင်လဲ မဟုတ်သေးဘူးတဲ့ (မှန်ပါ) တွေ့လို့ ရပ်နေရင်လဲ မဟုတ်သေးဘူး (မှန်ပါ)။

တွေ့လို့ ရပ်နေရင်လဲ ဆုံးရှုံးမယ်

ဒါကြောင့် မတွေ့လို့ရှိရင်လဲ ကိုယ့်အလုပ်ဟာ ခရီးမပေါက် သေးဘူး၊ တွေ့တာကို ရပ်စဲ နေပြန်လို့ မရှာတတ်ပြန်လို့ရှိရင်လဲ ဆုံးရှုံးခြင်းတစ်မျိုးနဲ့ တွေ့ရတယ် (မှန်ပါ)၊ မကြုံဘူးလား (ကြုံပါတယ် ဘုရား)၊ အင်မတန် ကြောက်စရာ မကောင်းကြဘူးလား (ကောင်းပါတယ် ဘုရား)။

ဒါကြောင့် ဆရာကောင်း သမားကောင်း၊ ကျမ်းဂန် ဗဟု သုတရှိပြီး ကျမ်းဂန်နဲ့ မလွဲအောင် အလုပ်စဉ်ကို အမှန်အကန် ပြတတ်တဲ့ ဆရာသမားများနဲ့ မတွေ့သရွေ့ ကာလပတ်လုံးဟာ မောင်သစ် မသေချာလှဘူး (မှန်ပါ)၊ သေချာပါ့မလား (မသေချာ ပါဘူး)။

တချို့ကကွာ ဥပမာ-တို့ဆီက စာအုပ်ကြည့် ကြည့်ပြီ သူဟာသူ ဆရာလုပ်နေလို့ မဟုတ် သေးဘူး။ ဒီလောက်နဲ့လဲ မဟုတ်သေးဘူးကွ၊ ဟာ-ဘုန်းကြီး ဟောထားတာ ဒီစာအုပ်ထဲမှာ ဒီအတိုင်းပဲ ကျုပ်တို့လဲ ပြောဆိုပြီး ဆုံးမနေတာပဲ ဆိုပေမယ့် မဟုတ်သေးဘူး။ စာအုပ်ထဲမှာ ဒါတွေက မပါသေးဘူး (မှန်ပါ)၊ ဒီလို စစ်ဆေးတဲ့ နည်းတွေ ပါပြီလား (မပါပါဘူး)၊ မပါ သေးတော့ကို စာအုပ် တစ်အုပ်တည်းနဲ့၊ ၃-၄ အုပ်နဲ့၊ ၄-၅ ခါဟောထားတဲ့ ဟာတွေ မကုန်နိုင်ဘူး။ ဘယ်လောက် ထုတ်တော့ မကုန်ဘူး (မှန်ပါ)။

တွေ့လို့ ကျော်သွားနိုင်ရင် ဒီဘဝပြီးနိုင်တယ်

ကဲ-အခုပြောတာတွေ၊ နောက်ပြောတာတွေက မတွေ့ ရင်လဲ အခုဆယ်ချက် ငါးချက်ကို မတွေ့ရင်လဲ မဟုတ်ဘူး။ ကြည့်ရင်လဲ တွေ့ရမယ်နော် တစ်ခုခုကို။ (မှန်ပါ)၊ တွေ့ လို့ ကျော်သွား နိုင်လို့ ရှိရင်လဲ ဒီဘဝမှာ ကိစ္စ ပေါက်နိုင်ပါလိမ့်မယ်။ (မှန်ပါ)၊ တွေ့တာကလေးကို ဒါဟာ မဂ်စစ် ဖိုလ်စစ်ပဲလို့ ထင်လိုက်ပြန်လို့ရှိရင်လဲ ဒီဘဝရနိုင်တဲ့ဟာ ဆုံးရှုံးတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။

မတွေ့ရင်လဲ မမှန်သေးဘူး

မတွေ့ရင်လဲ (ကိုယ်လုပ်နေတဲ့လမ်း မမှန်သေးပါဘူး) တွေ့အောင်လုပ်မယ်၊ တွေ့ပြီးတဲ့ နေရာ ရပ်နေလို့ ရှိရင်လဲ ဆုံးရှုံးမှု ကြုံရမယ် (မှန်ပါ)၊ တွေ့တာကို ကျော်လွှားသွား မှလည်း ကိစ္စပြီးစီးမယ် (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

တွေ့တာကို ကျော်သွားမှ ကိစ္စပြီးမယ်

ဒီစကား အသုံးအနှုန်းတွေ ဒီအဆင် အပြင်တွေဟာ မောင်သစ် အရေးကြီးတယ် (မှန်ပါ)၊ မကြီးဘူးလား (ကြီးပါ တယ်ဘုရား)၊ မောင်ချစ်စိန်- လုပ်နေတဲ့ ပုဂ္ဂိုလ် အတွက်မှာ အရေးကြီးတယ် (မှန်ပါ)။

ဒါကြောင့် ဆရာမပါပဲနဲ့ ကိုယ်ငါးချဉ် ကိုယ်ချဉ်နေပြီး ကိုယ့်ဟာကိုယ် လုပ်နေတဲ့ ပုဂ္ဂိုလ်များ ကျတော့ ဒီလို အကျဉ်း အကြပ်နဲ့ တွေ့တဲ့အခါကျတော့ ခွကျတယ်။ မကျပေဘူးလား (ကျပါတယ်)။

ဘုရားကလဲ ဒါကြောင့် ဟောပစ်ခဲ့တာပဲ။ သိက္ခာပုဒ်တွေ များတဲ့အခါ ဆိုတာ အခုအခါ သိက္ခာပုဒ် များတဲ့အခါပဲ (မှန်ပါ)၊ ဘုရား ပရိနိဗ္ဗာန်စံပေမယ့် ဒီသိက္ခာပုဒ်တွေက စုံနေတာပဲ။ ရှင်းပြီလား၊ ကျုပ်တို့ စောင့်ရှောက်ရမယ့် အလုပ်တွေလေ (မှန်ပါ)၊ အဲဒီအချိန်မှာ ဘယ်နှယ်ကြောင့် ရဟန္တာအဖြစ် နည်းသတုံး ဆိုတော့ ဒီအတုတွေ ဖျက်နေလို့ (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီဘုရား)၊ ဘာတွေ ဖျက်နေသတုံး (အတုတွေ ဖျက်နေ ပါတယ်)၊ အခုပြောခဲ့တဲ့ ငါးခုသည် နက်ဖြန်ပြောမယ့် ငါးခုသည် ဒီအတုတွေ အဓိဂမခေါ်တဲ့ မဂ်ဖိုလ်စစ်ကို ဖျက်နေတယ်ဆိုတဲ့ဥစ္စာ မှတ်ထားကြပါ (မှတ်ပါ)။

ဖျက်တာက သူတို့က ဖျက်တာက သူတို့ လာရိုးလာစဉ် လာတာ။ သူတို့လာပုံလမ်း အမှန်ပါပဲ။ ကိုယ်က အထင်မှား တတ်တာ (မှန်ပါ)၊ အဲဒါကို ဖျက်တယ်လို့ ဝေါဟာရ သုံးနေတာပါ (မှန်ပါ)။

ဆယ်ခုထဲက တစ်ခုပေါ်ရင် တိဟိတ်

သူတို့က ဘာတုံး (လာရိုးလာစဉ် လာတာပါ)၊ သူတို့ ကတော့ ယောဂီပုဂ္ဂိုလ် အတွက် တိဟိတ် ဟုတ်တယ်၊ မဟုတ်တယ် လာပြတာ (မှန်ပါ)၊ ဒီငါးခု ဆယ်ခုထဲက တစ်ခုခု တက်လာရင် တိဟိတ်ပဲ။ ဟုတ်လား ဒီငါးခု ဆယ်ခုထဲက တစ်ခုခု ပေါ်တာ ကိုး (မှန်ပါ)၊ ဒွိဟိတ် ကျတော့ ဒါတွေ မပေါ်ပါဘူး (မှန်ပါ)၊ ဒွိဟိတ် ကတော့ ဒီထိအောင် မပေါ်နိုင်ပါဘူး၊ ဝိပဿနာ ကုသိုလ်ထူးကြီး ရရုံနဲ့ ဒီဘဝပါရမီ ဖြစ်ရုံပါပဲ။ ကုသိုလ်ကတော့ အင်မတန် ကြီးကျယ်တဲ့ ကုသိုလ် ရသွားတာပေါ့ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါတွေကို သိထားတော့မှ မောင်သစ် ခလုတ်တွေကို ကျော်သွားနိုင်တယ် (မှန်ပါ)၊ ခလုတ်တွေကတော့ ရှေ့ကထား မှာပဲ။ ထားပေမယ့် မင်းဟာ လမ်းဆုံး မဟုတ်သေးဘူး မင်းကို ကျော်ရလိမ့်အုံးမယ်၊ မဟုတ်ဘူးလား (မှန်ပါ)၊ အဲဒီတော့ အမျိုးမျိုး အဖုံဖုံ သိလာဖို့အရေးဟာ မလုပ်ခင် ရှေ့ပြေးပဲ (မှန်ပါ)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)၊ သိထားနှင့်ဖို့ အရေးဟာ မလုပ်ခင်ရှေ့ပြေးပေါ့ ဗျာ (မှန်ပါ)။

သိမှုရှိပြီးမှ ပွားမှုလုပ်ပါ

ဒါကြောင့် ဘုရားက ဉာတပရိညာပြီးမှ တိရဏပရိညာကို ဟောတာ (မှန်ပါ)၊ ဘာဖြစ်လို့တုံး။ သိမှုရှိပြီးတော့မှ ပွားမှုကိုလုပ်။ ပွားမှုလုပ်မှ နောက်က ပယ်မှုလိုက်မယ် ဆိုတာ ဘာမှမကျန်အောင် ဟောထားတာ (မှန်ပါ)၊ ကျန်သေးသလား (မကျန်ပါဘူး)။

အဲဒီတော့ သိမှုကိုရှေ့ထား၊ ပွားမှုအလယ်၊ ပယ်မှုအဆုံး၊ ဒီလိုသွားကြရမှာဆိုတော့ ဒါစာစဉ်အတိုင်းပါပဲ (မှန်ပါ)၊ ပရိညာ သုံးပါး အစဉ်အတိုင်းပါပဲဆိုတာ မောင်သစ် ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။

ကဲ-နေရာကျကြပြီလား (ကျပါပြီဘုရား)၊ ရန်ကုန်သွားတဲ့ လူဟာ ရမည်းသင်း၊ သာစည် မတွေ့ရင် ရန်ကုန်လမ်း မှန်ပါ မလား (မမှန်ပါဘူးဘုရား)။

ရမည်းသင်း၊ သာစည်ကို တွေ့ပြန်တော့ သူတို့ကိုပဲ ရန်ကုန် ထင်နေရင်တော့လဲ မှားပြန်ပြီ (မှန်ပါ)၊ ရန်ကုန်ရယ်လို့ ဆင်းနေလိုက် ရင်တော့ ရမည်းသင်း၊ သာစည်မှာ သောင်တင် နေမှာပေါ့ (မှန်ပါ)၊ ရန်ကုန် ရောက်ပါ့အုံးမလား (မရောက်ပါဘူး)၊ မဆင်းပဲနဲ့ ကျော်ခုတ် သွားရင်တော့ (ရောက်မှာပါ ဘုရား)၊ ရောက် မှာပဲ ဆိုတဲ့ အဓိပ္ပါယ်ကို ယနေ့ ရှင်းရှင်လင်းလင်းပဲ မောင်သစ် ပြောနေရတယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီဘုရား)။

အဲဒီတော့ ဒါသည် ဘာတရားတုံး မေးတဲ့အခါကျတော့ ရှိရင်ဖြင့် သိက္ခာပုဒ် များတဲ့အချိန်မှာ တကယ်ဆိုတော့ အရိယာ ဖြစ်တာ များပြားလာဖို့လုပ်တာ အရိယာဖြစ်မှုမများဘဲနဲ့ အတု တွေကို အစစ်ထင်ပြီးတော့ ရပ်စဲနေကြတဲ့အတွက်ကြောင့် အရိယာ အဖြစ်နည်းတယ်။ သဘောပေါက်ပြီလား (ပေါက်ပါပြီ)၊ နို့မဟုတ်ရင် အရိယာ ဘယ်တော့မှ မဆိတ်သုဉ်းဘူး၊ ဘုရားမရှိ လည်း ရှိရမယ်။ အရိယာတွေ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အနိစ္စဉာဏ်ဖြစ်ရင် နိဗ္ဗာန်ရောက်နိုင်တယ်

အနိစ္စသာ ရှိနေရင် အနိစ္စဉာဏ် ရှိရမှာပဲ၊ သဘောပါကြ ပြီလား (ပါပါပြီ)၊ အနိစ္စဉာဏ် ဖြစ်ရင် နိဗ္ဗာန် ရောက်နိုင်တာပဲ (မှန်ပါ)၊ ဆက်ပြီး တက်သွားရင် မရောက်ပေဘူးလား (ရောက်ပါ တယ်)၊ သို့သော်လည်း အနိစ္စဉာဏ် အချိန်မှာ ခုနင်က ပြောခဲ့တဲ့ အတုဟာ မဂ်ဉာဏ် လုပ်ပြီး ဝင်လာတယ် (မှန်ပါ)၊ ဒါတွေဟာ မဂ်ဉာဏ် ထင်ပါရဲ့ ဆိုပြီး အရောင်အဆင်း အလင်းတို့ကို ဉာဏ်လက်မှုတို့ကို ထင်နေတတ်တယ် (မှန်ပါ)၊ အဲဒါတွေ မလာပေဘူးလား (လာပါတယ်)၊ ဒါတွေကို တကယ်တမ်း မဂ်စစ် ဖိုလ်စစ် လုပ်မယ်၊ မဂ်စစ် ဖိုလ်စစ်ပဲလို့ သူတို့ကို ထင်နေ ကြတဲ့ အဖြစ်ဟာ အတုကို ကျုပ်တို့က အစစ် ထင်ပစ်လိုက်တာနဲ့ ကျုပ်တို့မှာ ဆုံးရှုံးခြင်းဖြစ်ပါတယ်။ (မှန်ပါ)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ်ဘုရား)။

ဒါဖြင့် ဒီဆုံးရှုံးမှုဟာလဲ မောင်ချစ်စိန် နစ်နာတဲ့ ဆုံးရှုံးမှုပဲ (မှန်ပါ)၊ ဒီနေရာမျိုး ကျတော့ ခုနင်ကပြောတဲ့ အာစရိယဝါဒ မရတဲ့ ပုဂ္ဂိုလ်များမှာ အာစရိယက- ဆရာ၊ ဝါဒက ဆုံးမညွှန်ကြား ထားတာ (မှန်ပါ)၊ အဲဒီ ဆရာသမား ဆိုဆုံးမတာကို မသိနှင့်တဲ့ ပုဂ္ဂိုလ် အတွက်မှာဖြင့် နစ်နာ နေတဲ့ အရာပဲ(မှန်ပါ)၊ မဆိုနိုင် ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဒါဟာ နစ်နာတဲ့ နေရာနော် (မှန်ပါ)။

သိက္ခာပုဒ်နည်းတုန်းက ရဟန္တာအဖြစ်များတယ်

ကိုင်း-ဒါဖြင့် ဒီလို လုပ်ကြပါစို့။ ဘုရား သာသနာတော်မှာ သိက္ခာပုဒ်တွေ နည်းတုန်း ရဟန္တာ အဖြစ်များတယ်၊ သိက္ခာပုဒ် များလာတဲ့ အခါကျတော့ ရဟန္တာ အဖြစ် နည်းသွားတယ် ဆိုတာက သိက္ခာပုဒ် နည်းတုန်းကတော့ အများအားဖြင့် ပဋိသမ္ဘိဒါပတ္တတွေမို့ ဘုရားက ဒါလုပ်ဆိုရင် ဒါပဲ လုပ်တယ်၊ ဒီပြင်ဟာတွေ ဘာမှ မလုပ်တော့ဘူး (မှန်ပါ)၊

ဒါလုပ်ကြ၊ ကျင့်ကြဆိုရင် ဒါပဲ ကျင့်ကြံ နေကြတော့ ကျူးလွန်မှုတွေ သိပ်ပြီး ပေါ်မလာ၊ အလုပ်ကလဲ ဝီရိယအားသွန်ပြီး လုပ်နေတော့ သူတို့အတွက် ဥပဒေသစ် ထုတ်စရာရှိသေးရဲ့လား (မလိုပါဘူး)၊ သူတို့က ကျူးလွန်မှု မရှိတော့ဘူး။ ဒါလုပ်ဆိုဒါပဲ လုပ်တာပဲ။ ဒီပြင်ဟာတွေ လွန်ကျူးတယ်လို့ ရှိသေးရဲ့လား (မရှိပါဘူး)၊ ဒါပဲရှိတော့ကို တစ်လမ်းတည်း ထွက်လာတဲ့အတွက် ဧကာယနောယံ ဘိက္ခဝေ၊ မဂ္ဂါ- တစ်ကြောင်းတည်း လိုက်တဲ့ အတွက် ရဟန္တာအဖြစ် များတယ် (မှန်ပါ)။

နောက်ကျလာတဲ့ အခါကျတော့ နည်းနည်းလွန်ကျူးလိုက် သိက္ခာပုဒ်တွေ တိုးလာလိုက်။ နည်းနည်း လွန်ကျူးလိုက် သိက္ခာ ပုဒ်တွေ တိုးလာလိုက်နဲ့ ဆိုတော့ လွန်ကျူးလို့ တိုးလို့ ရကတည်း ကိုက ဟိုမှာ ကန့်ကွက်မှု တွေများပြီ (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီဘုရား)။

ဒါကြောင့် သိက္ခာပုဒ်များ လာတော့ လုံခြုံအောင် လုပ်နိုင်ရင် ကောင်းပါရဲ့၊ လုံခြုံအောင် လုပ်ရမှာပဲ ဝတ္တရားက (မှန်ပါ)၊ သို့သော် မလုံခြုံအောင် လုပ်ကြလို့ သိက္ခာပုဒ်တွေ ပေါ်လာတယ် (မှန်ပါ)။

ဘယ်လိုမှတ်ကြမလဲ (မလုံခြုံအောင်လုပ်လို့ သိက္ခာပုဒ်တွေ ပေါ်လာတယ်ဘုရား)၊ အဲဒီလို ပေါ်လာတော့ ဒါတွေဟာ ကုသိုလ်တွေလား၊ အကုသိုလ်တွေလား မေးရင် ဘယ့်နှယ် မလဲ (အကုသိုလ်တွေပါ ဘုရား)၊ သိက္ခာပုဒ် လွန်ကျူးလာရင်တော့ အကုသိုလ်ပဲ။ အကုသိုလ်တရား ပိတ်နေတာနဲ့ အချိန်ကုန်မယ် ကုသိုလ် အလုပ်ကို ဝီရိယ စိုက်လုပ်ရတာ ဒီဂရီ လျော့သွားမယ် (မှန်ပါဘုရား)၊ ပေါ်ပြီလား (ပေါ်ပါပြီဘုရား)။

ဒါဖြင့် ပိတ်ပင်နေရတဲ့ အချိန်တွေက ရှိနေတော့ ပွားနေရတဲ့ အချိန်ကလဲ နည်းသွားလိမ့်မယ် (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ)၊ ပိတ်နေရတဲ့ အချိန်သည် သီလဖြစ်နေတယ်။ လုံခြုံပြီးမှ လုပ်နေတဲ့ အချိန်သည် ပွားများနေတဲ့ အချိန် (မှန်ပါ)။

အဲဒီတော့ ပိတ်ပင် နေရတာက များနေတယ်၊ လုံခြုံပြီးမှ ပွားရတဲ့အချိန်က နည်းပါးနေလို့ လျော့သွားလို့ သိက္ခာပုဒ်များတဲ့ အချိန်မှာ မဂ်ဖိုလ်အရ နည်းတယ်။ (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ)၊ ဒါဟာ မလွယ်ဘူးနော် (မှန်ပါဘုရား)။

အထူးအရေးကြီးတဲ့တရား

ကိုင်း-ဒါဖြင့် ဒကာ၊ဒကာမတွေမှာ ယနေ့ အထူးတလည် ဆုံးဖြတ်ချက် ချစေရမယ်။ ဘာ အကြီး အကျယ် ဆုံးဖြတ်ချက်ချ ပေးရမလဲ- ဒီဟာက မလာမဖြစ်တဲ့ တရား။ လာပြန်လို့ အထင်မှား ပြန်လဲ ကန့်ကွက်တဲ့တရား (မှန်ပါ)။

မလာရင် (မဖြစ်နိုင်ဘူး)၊ တိဟိတ်ဆိုရင် လာနိုင်တယ်။ မဂ်ဉာဏ် ရမယ့် ပုဂ္ဂိုလ်ဆိုရင် ဒီဆယ်ချက်ဟာ တစ်ချက်လာရမှာပဲ (မှန်ပါ)။ သူက ဉာဏ်ထက် တာကြောင့် သတ္တိ တန်ခိုး ပြလိမ့်မယ်၊ သူ့ကိုလဲ ကျော်လွှားရမယ် ဆိုတော့ သူမပါလဲ မပြီး (မှန်ပါ)၊ ပါလာတော့ သူကိုလဲ လမ်းဆုံး ထင်လိုက်ပြန်ရင်လဲ လွဲသွားတာပဲ (မှန်ပါ)၊ မလွဲပေဘူးလား (လွဲပါတယ်)။

ရှုဉာဏ်နဲ့ အရှုခံတရား

အဲဒါကြောင့် ဒကာ၊ဒကာမတွေကို ဘုန်းကြီးတို့ ဆုံးဖြတ် ချက်ချပေးလိုက်မယ်။ ဒါက အာရုံနဲ့ ဆုံးဖြတ် ချက်ချမယ်။ ဟိုဟာက အရမ္မဏိကနဲ့ ဆုံးဖြတ်ချက်ချတယ် (မှန်ပါ)၊ ဟိုဟာက ရှုဉာဏ်နဲ့ ဆုံးဖြတ် ချက်ချတာ။ (မှန်ပါ)၊ ဘုန်းကြီး ပြောမှာက အရှုခံတရားနဲ့ ဆုံးဖြတ် ချက်ချပေးမယ်။ (မှန်ပါ)။

ဘာနဲ့ ဆုံးဖြတ် ချက်ချပေးမလဲ (အရှုခံနဲ့ ဆုံးဖြတ်ချက်ချ ပေးပါမယ်)၊ ဩဘာသ-အရောင် အလင်း စသည် ပေါ်တာက ရှုဉာဏ်နဲ့ ဆုံးဖြတ်ချက် ချပေးမယ်၊ ဉာဏ်လာရင် ဒါတွေ ပေါ် တာကိုး-အာရမ္မဏိကနဲ့ ဆုံးဖြတ်ချက်ချတာလို့ မှတ်ထား ကြပါ (မှန်ပါ)။

ဘာနဲ့ ဆုံးဖြတ်ချက်ချပေးမလဲ (အရှုခံနဲ့ ဆုံးဖြတ်ချက်ချ ပေးပါမယ်)၊ ဩဘာသ အရောင် အလင်း စသည်ပေါ်တာက ရှုဉာဏ် နဲ့ ဆုံးဖြတ်ချက် ချပေးမယ်။ ဉာဏ်က လာရင် ဒါတွေ ပေါ်လာတာ ကိုး၊ အရမ္မဏိကနဲ့ ဆုံးဖြတ်ချက်ချတာလို့ မှတ်ထားကြပါ (မှန်ပါ)၊ ယခု ဘုန်းကြီး ပြောမှာသည် အာရုံဘက်က ဆုံးဖြတ် ချက်ချ ပေးမယ်နော် (မှန်ပါ)။

ဖြစ်ပျက်မြင် ဝိပဿနာဉာဏ်

သူက အရောင်အဆင်း ဉာဏ်တွေ ထက်မြက်ပြီးသကာလ ကိုယ်ငြိမ်း စိတ်ငြိမ်း ငြိမ်းချင်တာ ငြိမ်းပေစေ။ မောင်သစ် ကိုယ်မြင်နေတာက ဖြစ်ပျက်ပဲ ရှိသေးလို့ ရှိရင်ဖြင့် ဒါဟာ ဝိပဿနာဉာဏ်ပဲ ရှိသေးတယ်။ မဂ်ဉာဏ် မဟုတ်ဘူး။ ဝိပဿ နာဉာဏ်လို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ကိုယ်မြင်နေတာက ဖြစ်ပျက်ပဲ ရှိသေးတယ် ဆိုလို့ရှိရင် သူ့ကို ဘာဉာဏ် ဆိုကြမလဲ (ဝိပဿနာ ဉာဏ်ပါဘုရား)၊ ဝိပဿနာ ဉာဏ်ပဲလို့ ဆုံးဖြတ်ချက်ချ ဆိုတော့ မှားစရာရှိသေးရဲ့ လား (မရှိပါဘူး)။

ဟိုက ဘယ်လိုပဲ ခန္ဓာကိုယ်ကို မြှောက်ပင့်ပေး နေငြား သော်လည်း မြှောက်လို့ ရသေးရဲ့လား (မရပါဘူး)။ ဟေ့- မင်း မမြှောက်လာနဲ့ တို့ကို ဆရာက ဆုံးဖြတ်ချက်ချပေးတယ်။ သင်္ခါရ အာရုံပြု နေရင် ဝိပဿနာဉာဏ် ချည်းခေါ်တယ်။ အသင်္ခတ ကိုဖြစ်မှ နိဗ္ဗာန်တဲ့ (မှန်ပါ)၊ မဂ်ဉာဏ်တဲ့ ဆိုတော့ မောင်ချစ်စိန်ရဲ့ ရှင်းမသွားဘူးလား (ရှင်းသွားပါတယ်)။

သင်္ခတမြင်နေရင် (ဝိပဿနာဉာဏ်ပါ)၊ ဝိပဿနာ ဉာဏ်ဆိုတော့ မဂ်ဉာဏ် မဟုတ်သေးဘူး (မှန်ပါ)၊ မသေချာ ဘူးလား (သေချာပါတယ်ဘုရား)၊ အသင်္ခက မြင်လို့ရှိရင်တော့ (မဂ်ဉာဏ်ပါဘုရား)၊ အဲဒါကျတော့ဖြင့် ခုနင်က ဟာတွေက သံသယ မရှိနဲ့တော့ ကိစ္စပြီးလို့ပဲ (မှန်ပါ)၊ ဒါဖြင့် ဒီကအဖြစ်နဲ့ ဆုံးဖြတ်ချက်ချ (မှန်ပါ)၊ ဟိုကဉာဏ်ကြောင့် ပေါ်လာတာ (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ)။

အသင်္ခတမြင်မှ မဂ်ဉာဏ်

ဒါဖြင့် ဘာနဲ့ ဆုံးဖြတ်ချက်ချကြမယ် (အမြင်ဉာဏ်နဲ့ ဆုံးဖြတ်ချက် ချကြရပါမယ်)၊ အမြင်ဉာဏ်က မြင်ရာ အာရုံကို ဆုံးဖြတ်ချက် ချပါ (မှန်ပါ)၊ မြင်ရာ အာရုံက သင်္ခတ ဖြစ်ပျက် မြင်လို့ရှိရင် ဝိပဿနာ (မှန်ပါ)၊ အသင်္ခက မြင်လို့ ရှိရင်ဖြင့် ဒီဉာဏ်ဟာ မဂ်ဉာဏ် (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီဘုရား)။

အဲဒီလို ဆုံးဖြတ်ချက် ချနိုင်မှသာလျှင် မောင်သစ် အမှန်ရောက်တယ်။ နို့မဟုတ်ရင် (မရောက်ပါဘူးဘုရား) မရောက်နိုင်ဘူး ဆိုတော့ ဒါက ခရီးပေါက်နိုင်တဲ့ ပုဂ္ဂိုလ် အတုလာ ဖြစ်တယ်ဆိုတဲ့ တရားကဖြင့် အတော် သေချာတယ်နော် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

တကယ်လို့များ ကိုယ်စိတ် ငြိမ်းသွားတဲ့အခါကျတော့ ဖလသမာပတ် ဝင်စားသလိုများ ဖြစ်နေလိုက်သေးတယ် သူက ဟိုမှာ နိဗ္ဗာန်တော့ မြင်တာမဟုတ်ဘူး (မှန်ပါ)၊ သူ့ဟာသူ ငြိမ်းနေတာ (မှန်ပါ)၊ ဟုတ်ကြပြီလား (ဟုတ်ပါပြီဘုရား)။

ဝိပဿနာမြင်နည်း

အဲဒီလို ဖြစ်တဲ့အခါကျလို့ရှိရင်ဖြင့် ဒါ, နိဗ္ဗာန်မြင်တာ မဟုတ်သေးဘူးလို့ လုပ်ထားသဖြင့် ဒီဥစ္စာဟာ မဂ်ဉာဏ်လဲ မဟုတ်ဘူး ဖိုလ်ဉာဏ်လဲ မဟုတ်ဘူးသာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊ ဒါဝိပဿနာ မြင်နည်း ပြောနေတယ် (မှန်ပါ)။

ဘာတဲ့တုံး (ဝိပဿနာမြင်နည်း ပြောနေပါတယ်ဘုရား)၊ အဲဒါကြောင့် ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်မှာ ၂-နံပါတ်ထဲက ဖြစ်ပျက်တွေ ဒုက္ခသစ္စာတွေ မြင်နေသည့် ကာလပတ်လုံး ခင်ဗျား တို့ရှုတဲ့ဉာဏ်ဟာ ဒုက္ခသစ္စာတွေ မြင်နေသည့် ကာလ ပတ်လုံး ဘယ်အခါကာလမှ နိဗ္ဗာန် မဟုတ်သေးဘူးလို့ ဆုံးဖြတ်ချက်ချပါ(မှန်ပါ)။

ဒုတိယအကွက်ထဲက တရားတွေကို ဉာဏ်ထဲမှာ မြင်နေ သရွေ့ ကာလပတ်လုံး နိဗ္ဗာန် မဟုတ်သေး၊ ရှင်းပြီလား (ရှင်းပါပြီ)၊ ဒုတိယ အကွက်ထဲက တရား ဖြစ်ပျက် မြင်နေသရွေ့ ကာလပတ် လုံး နိဗ္ဗာန် မဟုတ်သေးဘူး။ မြင်တဲ့ဉာဏ်လဲ မဂ်ဉာဏ် မဟုတ်သေး (မှန်ပါ)။

ဒုတိယအကွက်က ဟာတွေကို ဒုက္ခသစ္စာမြင်ပြီး ဖျတ်ခနဲ ချုပ်သွားလို့ ဒုတိယအကွက်ထဲမှာ ဒုတိယကွက်ဆိုတာ ခန္ဓာကွက် (မှန်ပါ)၊ အဲဒီခန္ဓာ ဖြစ်ပျက်တွေ ဘာမှမရှိတော့ဘူး၊ ချုပ်ငြိမ်း ရုပ်သိမ်း သွားတာ မြင်တော့မှ မောင်သစ်-တစ်နေ့က ဟောခဲ့တဲ့ ဒုက္ခနိရောဓ (မှန်ပါ)။

ဘာတဲ့တုံး (ဒုက္ခနိရောဓပါ)၊ ဒုက္ခနိရောဓမြင်မှ နိဗ္ဗာန်ကိုး (မှန်ပါ)၊ ဒုက္ခတွေချုပ်သွား၊ ချုပ်သွားတာဆိုတော့ မရှိတာ (မှန်ပါ)၊ အဲ-ဒုတိယအကွက်ထဲက တရားတွေ အကုန် ချုပ်သွားတာ မြင်လို့ရှိရင်ဖြင့် ဘာဆိုကြမလဲ (နိဗ္ဗာန်ပါဘုရား)။

အဲ-ဘုန်းကြီးက ပြောပြထားပါမယ်၊ ဒုက္ခတွေ မြင်ပြီး တော့မှ ဒုက္ခနိရောဓကို တွေ့ရမယ်။ ဒါဟာ အမှန်ဆုံး ဒုက္ခဖြစ် ပျက်ကို မြင်ပြီးသည့်နောက်မှ (ဒုက္ခနိရောဓကို မြင်ရပါမယ်)၊ ဒီလိုမြင်ရင် အမြင်မှန် (မှန်ပါ)၊ ဒုက္ခကို ရှေးဦးစွာ မြင်ရမယ် (မှန်ပါ)၊ ပြီးတော့မှ ဘာဖြစ်ရမတုံး (ဒုက္ခ နိရောဓကို မြင်ရပါမယ်) အဲ-ဒုက္ခကို ရှေးဦးစွာမြင်။ ပြီးတော့မှ ဒုက္ခ နိရောဓကို မြင်တယ် ဆိုလို့ရှိရင်ဖြင့် ဒီအမြင်မှန် နှစ်ခုဟာဖြင့် အစဉ်ကျတယ် (မှန်ပါ)။

မောင်ချစ်စိန် ဘာတဲ့တုံး (အစဉ်ကျပါတယ်)၊ အစဉ်ကျမှာ ကလဲ စိုးရသေးတာကိုးနော် (မှန်ပါ)၊ ဦးတင် အစဉ်မကျမှာလဲ အတော်စိုက်ရပါတယ် (မှန်ပါဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြ ဘုရား)။

ဒုက္ခနိရောဓမြင်ရင် မဂ်ဉာဏ်အစစ်

ကိုင်း-ဒါဖြင့် ဒုက္ခမြင်ပြီးတော့မှ ဒုက္ခနိရောဓကို မြင်သော အမြင်သည်သာလျှင် မဂ်ဉာဏ်အစစ် (မှန်ပါ)၊ ဒုက္ခမြင်ရင် ဝိပဿနာဉာဏ် ရှိသေးတယ် (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ ဒုက္ခ နိရောမြင်ရင် (မဂ်ဉာဏ်ပါ ဘုရား)၊ မဂ်ဉာဏ်ဆို တော့ သြော်-ဒါဖြင့် တို့ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းနဲ့ ကိုက်ကြည့်တာ အရှင်းဆုံးပဲ (မှန်ပါ)၊ ပေါ်ပြီလား (ပေါ်ပါပြီ)။

ပဋိစ္စသမုပ္ပါဒ် အကွက်နဲ့ ကိုက်ကြည့်တာ ပိုရှင်းလိမ့်မယ် (မှန်ပါ)၊ ကိုယ်ခန္ဓာ၏ ဒုတိယ အကွက်ဟာ ကိုယ့်ဉာဏ် ဒုတိယနဲ့ပဲ ပြန်ကြည့် (မှန်ပါ) ဒုတိယ ဒုတိယချင်း ကြည့်တယ် ဆိုကတည်းက မောင်သစ် ပစ္စုပ္ပန်ချင်း တည့်ပြီ (မှန်ပါ) မတည့်သေးဘူးလား (တည့်ပါပြီဘုရား)၊

အရှုခံတဲ့ ဒုတိယကွက်ကလဲ ပစ္စုပ္ပန်ပဲ။ ရှုဉာဏ်ကလဲ ပစ္စုပ္ပန်ပဲ (မှန်ပါ)၊ အဲ-ပစ္စုပ္ပန် ပစ္စုပ္ပန်ချင်း ဆိုလို့ရှိရင်ဖြင့် ဒါတည့်နေတဲ့ အလုပ်ပဲဆိုတာ ဘာမှ ငြင်းစရာ မလိုတော့ဘူး (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီဘုရား)။

ဒုက္ခနိရောဓဆိုတာ

ဒါဖြင့် ဒကာ၊ဒကာမတွေသည် ဟိုက ငါးခု ယနေ့ ဟော ပြီးတဲ့ ငါးခုက ဖျက်ငြား သော်လည်း အထင်မှားစရာ ရှိသေးသလား (မရှိပါဘူး)၊ ဒုတိယကွက်ကိုပဲ အမြဲရှု။ ဒုတိယကွက် အမြဲရှုတော့ ဒုတိယကွက်ဟာ ဒုက္ခသစ္စာတွေပဲ ဖြစ်ပျက်တွေ မြင်နေတယ် (မှန်ပါ့) အဲဒီဖြစ်ပျက်နေရာမှ ဖျတ်ခနဲ ချုပ်သွားမယ်။ မောင်သစ်ဒါကို ဘာဆိုမလဲ (ဒုက္ခနိရောဓပါဘုရား)၊ ဒီလို သူ့ဟာနဲ့သူ မြင်လို့ ဒီအစဉ်အတိုင်းကျရင် ဦးတင်-မှန်ပြီ (မှန်ပါ)၊ သဘော ပါပြီလား (ပါပါပြီ)၊ ဒီအစဉ်အတိုင်း ကျဖို့ရာ သိပ်အရေးမကြီး ဘူးလား (ကြီးပါတယ်ဘုရား)။

နိဗ္ဗာန်မြင်ပုံကလေး ပြောစမ်းပါ

ကောင်းပြီ ဒါဖြင့် အကိုးအကား ကလေး တစ်ခု ပြောကြ ပါစို့။ မိလိန္ဒပဉှာ ပါဠိတော်မှာ ရှင်နာဂသိန်ကို မိလိန္ဒမင်းကြီးက မေးတယ်၊ အရှင်ဘုရားတို့ နိဗ္ဗာန်မြင်ပုံကလေး ပြောစမ်းပါတဲ့ (မှန်ပါ)၊

နိဗ္ဗာန်မြင်ပုံကလေး ပြောစမ်းပါဆိုတော့ ဒကာတော် မင်းမြတ်-ဥပမာ- စိတ်တစ်ခု ဖြစ်နေတယ်၊ ဖြစ်ပျက်တွေ ဖြစ်ပျက်တွေ မြင်နေတာပဲတဲ့၊ ဒီမြင်ရာက နေပြီး သကာလ ဖြစ်ပျက် မရှိတဲ့ဘက် လှည့်သွားတာပဲတဲ့ (မှန်ပါ)၊ ဖြစ်ပျက်ရှိတဲ့ဘက် မလှည့်ပဲနဲ့ မရှိတဲ့ဘက် လှည့်တယ်၊ အဲဒါ နိဗ္ဗာန် ကူးတာပဲတဲ့ (မှန်ပါ)၊ ဒါ,မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ကို ဖြေတာ (မှန်ပါ)။

“တဿ တံ စိတ္တံ အပရာပရံ မနသိကရောတော ၊

ပဝတ္တိ အတိက္ကမိတွာ အပဝတ္တံ သြက္ကမတိ။

အပ္ပဝတ္တမနုပ္ပတ္တေ မဟာရာဇ သမ္မာပဋိပန္နော

နိဗ္ဗာနံ သစ္ဆိကရောတီတိ ဝုစ္စတိ။” (မိလိန္ဒပဉ္စာ-၃၁၁)။

ဒါ မိလိန္ဒပဉှာပါဠိတော်နော် (မှန်ပါ)၊ ဖြစ်ပျက်တွေ မြင်ရာမှ ဖြစ်ပျက်မရှိတဲ့ဘက်ကို ဉာဏ်လှည့်သွားတယ် (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ)။

ဖြစ်ပျက်က သူ့ဟာသူ ဖြစ်ပျက်ပြီး ကျန်တော့ နေရစ်တယ်။ ကိုယ့်ဉာဏ်က ဟိုဘက် လှည့်သွားတယ် (မှန်ပါ)။

ကိုယ့်ဉာဏ်က နဂိုက ဘယ်ဘက်လှည့် နေသတုံး (ဖြစ် ပျက်ဘက် လှည့်နေပါတယ်)၊ နောက် ဒီဉာဏ် ဘယ်ဘက် လှည့်သွားသတုံး (ဖြစ်ပျက် မရှိတဲ့ဘက် လှည့်သွားပါတယ်)၊

ဖြစ်ပျက်မရှိတဲ့ဘက် လှည့်သွားတဲ့ဥစ္စာ ဖြစ်ပျက်မရှိတော့လို့ လှည့်သွားတာလား ဆိုတော့ ဖြစ်ပျက်ကတော့ နဂိုအတိုင်း ရှိရစ်တာပဲ။ ဉာဏ်က အချိန်ရောက်တာနဲ့ ဖြစ်ပျက် မရှိတဲ့ဘက်ကို လှည့်သွားတယ် (မှန်ပါ)၊ သဘောပါပြီလား (ပါပါပြီ)။

အဲဒါ မိလိန္ဒပဉှာ ပါဠိတော် အကိုးအကား ထားပြီး ဆုံးဖြတ်ချက် ချလိုက်တော့ ဟိုငါးချက် တည်းဟူသော ရန်သူ တွေဟာ မကပ်နိုင်တော့ဘူး။ ကပ်နိုင်သေးရဲ့ လား (မကပ်နိုင်ပါဘူး)။

ကဲ-ယနေ့ ဒီတွင်တော်ကြစို့။

သာဓု သာဓု သာဓု။

[1] [2]