113

[1] [2]

အသက်ကြီးသူများအတွက် နိဗ္ဗာန်ရောက်ကြောင်းနှစ်မျိုး(မာလုကျပုတ္တ)

အသံဖိုင်ခေါင်းစဉ် = မာလုကျပုတ္တဥပမာပြတရားတော်

စာအုပ်ခေါင်းစဉ် = အသက်ကြီးသူများအတွက် နိဗ္ဗာန်ရောက်ကြောင်းနှစ်မျိုး(မာလုကျပုတ္တ)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

အသက်ကြီးသူများအတွက် နိဗ္ဗာန်ရောက်ကြောင်းနှစ်မျိုး

(မာလုကျပုတ္တ)

(၉-၁-၆၁)

ဒကာ ဒကာမတို့ ဒီခန္ဓာကိုယ်ကြီးဟာက ရောက်ရာ မှာ နှိပ်စက်လိမ့်မယ်ဆိုတာ မှတ်ထား ရမယ် (မှန်လှပါ ဘုရား)။

ဒီခန္ဓာကိုယ်ကြီးဖြင့် ဘယ်ရောက်လို့ ရှိရင်ဖြင့် အကောင်းအမွန်ဖြစ်ပါ့မလဲလို့ ဘယ်အခါ ကာလမှ မတွေးကြ နဲ့၊ ဒီခန္ဓာကိုယ်ကြီးဘယ်ရောက်ရောက် ကောင်းကောင်း မွန်မွန်နဲ့ ဖြစ်ပါ့မလား ဆိုတာ မတွေးပါနဲ့။

ဘယ်ခန္ဓာရရ, ဇရာ မရဏပါတယ်

ဘာ့ကြောင့်မတွေးပါနဲ့လို့ မေးရသတုံးဆိုလို့ရှိရင် ခန္ဓာကိုယ်က အမေ့ဝမ်းထဲကတည်းက အမေ့ဝမ်းထဲက ပြင်ဘက်ထွက်လာကတည်းက ဇရာ၊ မရဏ ခေါင်းပေါ်မှာ ရွက်ပြီးမွေးလာခဲ့ရတယ်။

ဇရာ မရဏခေါင်းပေါ်ရွက်ပြီး မွေးလာခဲ့ရတော့ နတ် ကလေးမွေးဖွားလာလည်း ဇရာ၊ မရဏ ပါမှာပဲ၊ ဗြဟ္မာမွေးဖွား လာတယ်ဆိုရင်ကော (ဇရာ မရဏ ပါပါတယ်) ဇရာ၊ မရဏပါမှာချည်း ဖြစ်နေတော့ ဪ သူမပါတဲ့နေရာမှ မရှိလို့ရှိရင်ဖြင့် ဒီခန္ဓာဟာ ဘယ်ခန္ဓာဖြစ်ရလို့မှ ကောင်းလိမ့် မယ်၊ မွန်လိမ့်မယ်၊ မြတ်လိမ့်မယ်၊ ဒကာကြွယ်တို့ ဦးလှဘူးတို့ မတွေးနဲ့တော့။

သူ့မွေးဖွားလာတယ်ဆိုကတည်းက သူ့ခေါင်းပေါ် ဘာပါလာလဲ (ဇရာ၊ မရဏ ပါလာပါတယ်) ဇရာ၊ မရဏပါတယ်၊ အိုရမယ်၊ သေရမယ်ဆိုတော့ ထောင်သား များမှာ မင်းဘယ်နှနှစ်ကျဆိုတဲ့ လည်ပင်းကွင်းနဲ့ တံဆိပ်ရိုက် သလို (မှန်ပါ့) မင်းဒါမှတ်ဆိုတဲ့ ဒုက္ခခံရမယ်ဆိုတဲ့ လည်ပင်း ကွင်းကြီးနဲ့ တံဆိပ်ရိုက် ပြီးပါခဲ့သလို ဘုန်းကြီးတို့ ခန္ဓာကိုယ် ကြီးမှာလဲတဲ့ မင်းမရဏ ပြည်ရောက်လာပြီလား၊ ရောက်လာ လို့ရှိရင် အိုရမယ်၊ သေရမယ်ဆိုတာ ခေါင်းပေါ်မှာပါပြီးသား ဖြစ်နေတယ်။

ဘာတွေ့တွေ့ ခေါင်းပေါ်မှာ ပါပြီးသားဖြစ်ပြီး သကာလနေသောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်ခန္ဓာဖြစ်ရင်ဖြင့်ကောင်းလိမ့်မယ်ဆိုတဲ့စိတ်ကို ဘယ်ခါ ကာလမှ မဥပါဒ်ဘဲနဲ့၊ ခန္ဓာဇာတ်သိမ်း ငြိမ်းရာသာ ကောင်းတယ် ဆိုတာကိုဖြင့် အမြဲစဉ်းစားထားပါလို့ဆိုတာ သတိပေး ရတယ်။

ခန္ဓာဇာတ်သိမ်းငြိမ်းမှကောင်းတယ်

ခန္ဓာဇာတ်သိမ်းငြိမ်းမှသာ ကောင်းတယ်ဆိုတာ အမြဲ စိတ်ထားရမယ်နော်၊ မသိသေးခင် ကတော့ ဪ လူ့ ဘဝ ဆင်းရဲတယ်၊ နတ်ဘဝကောင်းတယ် ဆိုတော့ ဒီဘဝ ဒုက္ခ သစ္စာ၊ နတ်က သုခသစ္စာလို့ ထင်ရတာပေါ့ဗျာ။

ထင်ပင်ထင်ရငြား သော်လည်း ဇရာ၊ မရဏ ခေါင်း ဆောင်းပြီး မွေးလာရတယ်ဆိုတော့ ထူးသေးရဲ့ လား (မထူးပါ ဘုရား)။

အဲဒါ မထူးတာကိုဖြင့် ဒကာ ဒကာမတွေက တဏှာ က မြှောက်တာနဲ့ အထူးလုပ်မနေပါနဲ့ ဆိုတာ ပြောလိုက်တယ် (မှန်ပါ့) တဏှာက မြှောက်လို့ အထူးလုပ်မနေနဲ့ (မှန်လှပါ)။

ဒီက မြှောက်လားပင့်လားလုပ်ထားတော့ တဏှာက ပါသကိုး (မှန်လှပါ ဘုရား) သူက ထူးတာနဲ့ ခင်ဗျားတို့က ဉာဏ်တိမ်ပြီး သကာလ မထူးလိုက်ပါနဲ့။

ဘုရားဟောတော်မူတာနဲ့ ဆရာသမားက ဘုရား – ဟောမူတဲ့နည်းအတိုင်း အမြင်ကို ပြောပြီး သကာလ နေတာကို သာ အတည်ပြုပြီးသကာလ မှတ်တမ်းယူပါ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်ခန္ဓာဖြစ်ဖြစ် ဇရာ၊ မရဏ ခေါင်းဆောင်းပြီးနေလာခဲ့ရတယ်ဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား)။

အဲဒီသေချာတာကို သိလို့ရှိရင်ဖြင့် သော် မသိ သေးတဲ့ပုဂ္ဂိုလ်များကဖြင့် လူ့ဘဝကောင်းနိုးနိုး၊ နတ်ဘဝ ကောင်းနိုးနိုး၊ ဗြဟ္မာဘဝကောင်းနိုးနိုး၊ နိုးနိုးသာထင်လိုက်ရ တယ်၊ မြတ်စွာဘု ရား ဘယ်ခါမှမစွန့်တဲ့ ပါဠိတော် ထောက်ကြည့်တော့

‘‘သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခသစ္စာ၊’’

ဟော ခန္ဓာငါးပါးက ဘာတွေတုံး (ဒုက္ခသစ္စာ ပါ ဘုရား)။

ခန္ဓာငါးပါးဒုက္ခသစ္စာ

ခန္ဓာငါးပါးဒုက္ခသစ္စာလို့ဟောထားကတည်းက သော် ဇရာ၊ မရဏကြောင့် ဟောပေတာပဲ ဘယ်လိုဆုံးဖြတ်ချက်ချ မလဲ (ဇရာ၊ မရဏကြောင့်ဟောခဲ့တာပါ)။

ဇရာ မရဏကြောင့် ဟောပေတာပဲဆိုတော့ ဘုရား ထက် သူများပြောတာကို ခင်ဗျားတို့က ဒကာသစ်တို့က ယုံစရာမလိုပါဘူး (မလိုပါဘူး ဘုရား)။

သံခိတ္တေန-အကျဉ်းအားဖြင့် ငါပြောရလို့ရှိရင်၊ ပဉ္စ ပါဒါနက္ခန္ဓာ-ဥပါဒါနက္ခန္ဓာတို့သည် ဒုက္ခာ-ဒုက္ခသစ္စာတို့ ချည်းပဲ။

ဒုက္ခသစ္စာတွေချည်းပဲလို့ ဟောထားသောကြောင့် ဦးဘအုန်းတို့က ဘာများကြက်တွန့် တက်ချင် သေးသလဲ (မတက်ချင်ပါ ဘုရား)။

မတက်ပါနဲ့တော့တဲ့ “အဒွေဝစနာ ဗုဒ္ဓါ” ဆိုတဲ့အတိုင်း နှစ်ခွန်းမပြောထားနဲ့ တစ်ခွန်းနဲ့ အမှန်ပြောတဲ့ကိုယ်တော်ကြီး စကားကို ကျုပ်တို့အတည်ပြုလိုက်ပါ (မှန်လှပါ ဘုရား)။

မသိတာက ကိုယ့်ဉာဏ်မမီလို့

ကိုယ်မသိချင်နေ အတည်ပြုလိုက်ပါ၊ သိတာ မသိ တာကတော့ ကိုယ့်ဉာဏ် မမီတာ၊ မီတာ ရှိလိမ့်ဦးမယ် (မှန်လှပါ ဘုရား)။

ဘုရားကတော့ သဗ္ဗံ ဇာနာတီတိ သဗ္ဗညု ဆိုတဲ့ အတိုင်း အလုံးစုံအကုန် သိပြီး သကာလနေတဲ့ ကိုယ်တော်ကြီး ဖြစ်ပြီးသကာလနေတော့ သူသိတာသာ ဒို့လိုက်ပါ့မယ်။

ဒို့ဟာကတော့ မွေးကတည်းက စုံလုံးကန်းမွေးလာတာ၊ ဘာမှ ဒို့က ဆင်ခြေ တက်နေစရာ မလိုဘူးလို့ သာ ဆုံးဖြတ်ချက်ချပြီးသကာလ ဘယ်ခန္ဓာမှ ဒုက္ခသစ္စာ လွတ်တာ မရှိဘူးလို့ ဆုံးဖြတ်ချက် ချလိုက် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ခန္ဓာဖြစ်ကြောင်း ကုန်အောင်လုပ်ပါ

ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ ဒီခန္ဓာမသိမ်းသရွေ့ ကာလပတ်လုံး ဒုက္ခမသိမ်း (မှန်ပါ့) ဒီခန္ဓာမသိမ်းသရွေ့ ကာလပတ်လုံး (ဒုက္ခမသိမ်းပါ ဘုရား)။

ဒါဖြင့် ဒုက္ခသိမ်းချင်လို့ရှိရင် ခန္ဓာသိမ်း ရလိမ့်မယ် (မှန်လှပါ ဘုရား) ခန္ဓာသိမ်းချင်လို့ရှိရင် ခန္ဓာဖြစ်ကြောင်း ကုန်အောင် လုပ်ရလိမ့်မယ်၊ ခန္ဓာသိမ်းချင်ရင် (ခန္ဓာ ဖြစ်ကြောင်း ကုန်အောင် လုပ်ရပါ့မယ် ဘုရား)။

ခန္ဓာဖြစ်ကြောင်းကုန်အောင်လုပ်ရလိမ့်မယ်။ အဲဒါဖြင့် ခန္ဓာက ဒုက္ခသစ္စာ၊ ခန္ဓာဖြစ်ကြောင်းက သမုဒယသစ္စာ၊ သဘောကျပလား (ကျပါပြီ) ခန္ဓာက (ဒုက္ခ (သစ္စာပါ ဘုရား) ခန္ဓာဖြစ်ကြောင်းက (သမုဒယသစ္စာပါ ဘုရား)။

အကြောင်းတရားသိမ်းလိုက်ရင်ပြီးတယ်

ခန္ဓာသိမ်းချင်လို့ရှိရင်ဖြင့် အကျိုးတရားမသိမ်းဘဲနဲ့ အကြောင်းတရား သိမ်းလိုက်ရင် ပြီးသွား တာပဲ (မှန်လှပါ ဘုရား) အကျိုးတရားမသိမ်းဘဲနဲ့ (အကြောင်းတရား သိမ်းလိုက်ရင်ပြီးပါတယ် ဘုရား) အကြောင်းတရားသိမ်းလိုက် ရင် ဒကာကြွယ် ပြီးသွားတာပဲ။

ကိုင်း-ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယခု သွားကျိုး၊ ဆံဖြူ ငယ်မူတွေပျောက်ပြီး သကာလ ရှေ့၊ သားသမီးမုန်း၊ အများမုန်း သုသာန်ရောက် ဆိုတာသာ ကျန်တော့တယ် (မှန်လှပါ ဘုရား)။

သားသမီးမုန်းအများမုန်းတော့မယ်

သားသမီးတွေကလည်း မုန်းတော့မယ်၊ အများ ကလည်း မုန်းတော့မယ်၊ ဒီစခန်းချည်း သွားနေတာက ခန္ဓာ လမ်းစဉ်၊ ဒီစခန်းသွားတာက (ခန္ဓာလမ်းစဉ်ပါ ဘုရား)။

အဲဒါ ခန္ဓာ့လမ်းစဉ်ကို လိုက်နေလို့ရှိရင် အရှက်တကွဲ အကျိုးနည်းလမ်းသာ မှတ်လိုက်တာပေါ့၊ ခနာ့လမ်းစဉ်က ဘာပါလိမ့်၊ (အရှက်တကွဲ အကျိုးနည်းလမ်းပါ ဘုရား)၊ ကိုယ့် အဝတ်မှ ကိုယ်မဖုံး နိုင်တဲ့ ဗျာဓိဒုက္ခကြီး လာဦးမှာကိုး (မှန်ပါ့) ရွာထဲက မောင်းနှင်ပြီး ထမ်းထုတ်တဲ့ မရဏ ဒုက္ခကြီးဟာ (လာမှာပဲ)။

ရွာထဲက မောင်းနှင်ပြီးထမ်းထုတ်တဲ့ မရဏဒုက္ခကြီး ဟာ (လာမှာပဲ) အသုဘဖြစ်တော့ ထုတ်ကြဦးမှာကိုးဗျ။

ဪ-ဒါဖြင့် ခန္ဓာလမ်းစဉ်ကဖြင့် ဘယ်ခန္ဓာရရ၊ ဒီ လမ်းနဲ့ ဒီစခန်း မလွဲတမ်းသွားမယ်ဆိုတာ ဒကာ ဒကာမတွေ တစ်ထစ်ချမှတ်ထားလိုက်စမ်းပါ (မှတ်ဖို့ပါ ဘုရား)။

ခန္ဓာ ဘာသစ္စာ (ဒုက္ခသစ္စာ)၊ ခန္ဓာဖြစ်ကြောင်း (သမုဒယသစ္စာပါ ဘုရား) အင်း-သမုဒယသစ္စာ ဖြတ်လိုက်လို့ ရှိရင် ခန္ဓာဖြစ်ပါဦးမလား (မဖြစ်တော့ပါ ဘုရား)။

ဒါဖြင့် စဉ်းစားကြည့်ပါလား ဒကာ ဒကာမတို့က ဪ -ဖြတ်တဲ့ ပုဂ္ဂိုလ်ဟာ အခု ဒကာသစ်က သမုဒယသစ္စာ ဖြတ်လိုက်တယ်၊ အခု ဒကာကြွယ်တို့ ဦးလှဘူးတို့က သမုဒယ သစ္စာဖြတ်လိုက်တော့ သမုဒယသစ္စာဖြတ်တဲ့ ပုဂ္ဂိုလ်ဟာ နောက်ခန္ဓာမလာတော့ဘူး (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒီဉာဏ်သမားတွေဟာဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန် သွားတဲ့ဉာဏ်သမားပေါ့ (မှန်လှပါ ဘုရား) နိဗ္ဗာန်သွားတဲ့ ဉာဏ်သမားဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

နိဗ္ဗာန်သွားတဲ့ဉာဏ်သမားဖြစ်အောင်လုပ်ပါ

အဲ-နိဗ္ဗာန်သွားတဲ့ဉာဏ်သမားဖြစ်အောင် ဒကာ ကြွယ် လုပ်ပါဗျ (မှန်ပါ့ ဘုရား) ခန္ဓာစိတ် အမျိုးမျိုး အဆင်း အမျိုးမျိုး အကျင့်အမျိုးမျိုးနဲ့ ဒကာကြွယ် ကြော်ငြာ ထုတ်နေ လို့ နိဗ္ဗာန်ရောက်မှာ မဟုတ်ပါဘူး (မရောက်ပါ ဘုရား) ရောက် ပါ့မလား (မရောက်ပါဘူး)။

မရောက်ပါဘူး၊ လောကီစီးပွားရေး၊ ကြီးပွားရုံမှ တစ်ပါး ဒကာသစ် ဘာရှိသေးသလဲ (ဘာမှမရှိပါ ဘုရား)။

အဲဒါ နိဗ္ဗာန်ဖြစ်ကြောင်းကို ကောင်းကောင်းသိတဲ့ ပုဂ္ဂိုလ်ထဲအပါအဝင်ဖြစ်အောင် ဒကာ ဒကာမတွေ လုပ်ပါလို့ ဆိုတာ သတိပေး လိုက်တယ်နော်။

နိဗ္ဗာန်ဖြစ်ကြောင်း ကောင်းကောင်း မဂ္ဂင်ဖြင့် သမုဒယ ဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်မှ လူစွမ်းကောင်း ကိုးဗျ (မှန်လှပါ ဘုရား) နိဗ္ဗာန်ဖြစ်ကြောင်း ကောင်းကောင်းမဂ္ဂင်ဖြင့် သမုဒယဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်မှ (လူစွမ်းကောင်းပါ ဘုရား)။

မဂ္ဂသစ္စာကိန်းတဲ့ပုဂ္ဂိုလ်ဖြစ်ပါစေ

နိဗ္ဗာန်ရောက်ကြောင်းကိုကောင်းကောင်း သမုဒယ ဖြတ်နိုင်တဲ့ မဂ္ဂသစ္စာကိန်းအောင်းရာ ပုဂ္ဂိုလ်ဖြစ်ပါမှ ဦးဘအုန်းရ နေရာကျမယ်၊ အကောင်းစားဖြစ်မယ်နော် (မှန်လှပါ ဘုရား)။

အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက (၄၅)ဝါ ကာလပတ်လုံး နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်း အဖြစ်ကို နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ အလုပ်တွေချည်းပဲ ဟောသွားတယ်။

တချို့ကျတော့လည်း သုဂတိရောက်ကြောင်းပဲ ဟော သွားတယ်၊ ဒါဘုရား အပြစ် မတင်ကြပါနဲ့လို့ ဘုန်းကြီးတို့က ဒကာ ဒကာမတွေကို တောင်းပန်ရတယ်။

နိဗ္ဗာန်ရောက်ကြောင်းမှ နားမထောင်နိုင်တဲ့ပုဂ္ဂိုလ်ကို သုဂတိပို့ခဲ့ရတယ် (မှန်လှပါ ဘုရား)။

နိဗ္ဗာန်ရောက်ကြောင်း နားထောင်နိုင်တဲ့ပုဂ္ဂိုလ်ကျ တော့ နိဗ္ဗာန်ပို့ခဲ့ရတယ် (မှန်လှပါ ဘုရား)။

အားလုံး ဒကာ ဒကာမတွေက ဪ ပုဂ္ဂိုလ် အမျိုးမျိုးရှိလို့ ဘုရားရှေ့မှာဖြင့် အကောင်းချည်း ဖြစ်တာ ကြည့်ချင်လို့ သုဂတိလည်းဟောသွားတာပဲ၊ ဗြဟ္မာပြည်လည်း (ဟောပါတယ် ဘုရား) နိဗ္ဗာန်လည်း (ဟောပါတယ် ဘုရား)။

အပါယ်သွားမည့်ပုဂ္ဂိုလ် သုဂတိ

ဟောသွားတာပဲဆိုတော့ ဟောတဲ့ပုဂ္ဂိုလ်ကတော့ဖြင့် မဟာကရုဏာရှိနေတော့ ဒကာသစ်ရေ အပါယ်သွားမည့် ပုဂ္ဂိုလ် သုဂတိပို့ခဲ့မှာပဲ သဘောကျပလား (ကျပါပြီ)။

အင်း-သုဂတိထက် ထိုက်တန်တဲ့ပုဂ္ဂိုလ်ကျပြန်တော့ ဗြဟ္မာပြည်ပို့ခဲ့မှာပဲ၊ ဟာ-ဗြဟ္မာပြည် တောင်မှလည်း နေရာ မကျသေးပါဘူး ဗြဟ္မာထက် အထက်တန်း ရောက်နိုင်တဲ့ ကိလေသာ နည်းပါးတဲ့ ပုဂ္ဂိုလ်ကျပြန်တော့လည်း သိတဲ့အတိုင်း ပဲ ကိလေသာချုပ်တဲ့ နိဗ္ဗာန် ပို့ဖို့ရာဟောမှာပဲ။

အဲတော့ ဘယ်ဟာမှ မပယ်နဲ့တဲ့ သုဂတိရောက် ကြောင်းကိုလည်း အချို့ကျဟောရပေမှာပဲ၊ ဗြဟ္မာပြည် ရောက်ကြောင်းကိုလည်း (အချို့ကျဟောရမှာပါ ဘုရား) အချို့ကျဟောရမှာပဲတဲ့၊ နိဗ္ဗာန် ရောက်ကြောင်းကော (ဟောရမှာပါ ဘုရား) ဒကာကြွယ် ပုဂ္ဂိုလ်က အမျိုးမျိုးရှိနေ တာကိုးဗျ (မှန်လှပါ ဘုရား)။

စဏ္ဍာလီ ဒကာမကြီး

အင်း- စဏ္ဍာလီ ဒကာမကြီးတို့လို ကျတော့လည်း အားလုံးပဲသိတဲ့အတိုင်း ဘုရားနဲ့ ရှင်သာရိပုတ္တရာ ဆွမ်းခံသွားတော့ စဏ္ဍာလီ ဒကာမကြီး တုန်တုန်ယင်ယင်နဲ့ ဘုရားရှေ့ ကန့်လန့် ကန့်လန့်လုပ်နေတယ် ကန့်လန့် ကန့်လန့်ဆိုတာ အိုလို့မသွားနိုင်တာ (မှန်လှပါ ဘုရား)။

ဘုရားသခင် တွေ့လိုက်တဲ့အခါကျတော့ ပြုံးတယ်၊ ရှင်မောဂ္ဂလာန် ကလည်း ပြုံးတာ ကြည့်လိုက်တော့လည်း သိ တယ်၊ ဪ ဟိုအနားကျ နွားဝှေ့ သေတော့မှာပဲ ဆိုတာ သိတယ်။

အဲဒီနွားသေမည့်ပုဂ္ဂိုလ်၊ သိနေတဲ့ပုဂ္ဂိုလ်ကျတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဘယ့်နှယ်လုပ်ပြီး ဒီအချိန် မင်းခန္ဓာရှုတဲ့၊ သစ္စာလေးပါး ဆိုက်အောင် လုပ်တဲ့လို့ ပြောချိန်များ ဦးဘအုန်း ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒီဘုရားနဲ့ ဆွမ်းခံသွား၊ အခုတွေ့ပြီ ဟိုအနားတင် နွားသေမှာကိုးဗျ၊ အဲဒါကျတော့ ခုနက နိဗ္ဗာန် ရောက် ကြောင်းဟောလို့ အချိန်မီသေးရဲ့လား (မမီပါ ဘုရား)။

ဒကာမကြီး ဘုရားကို ဦးချရှိခိုးပါ

မမီတော့ ရှင်မောဂ္ဂလာန် ကလည်း ကဲ ဘာမှလည်း ဟောချိန်မရှိဘူး၊ ဘာမှလည်း ပြောချိန် မရှိဘူး၊ သေရင်အပါယ် သွားမှာစိုးရတယ် ဘာမှလည်းမသိဘူး၊ ဒကာမကြီး ဘုရား ဝတ်ချလိုက်စမ်း။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဆိုလိုက်စမ်း၊ ဒါလောက်နဲ့ပဲ တင်း တိမ်ပြီးသကာလ သူ့အချိန်က ဒီလောက် ရတာကိုးဗျ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

သူ့အချိန်က ဒါလောက်ရတော့ သူအချိန်ပဲ ဗုဒ္ဓနုဿတိ ပဲ ဟောလိုက်ရတယ် (မှန်လှပါ ဘုရား)။

ဒီပြင်သစ္စာလေးပါးဟောလို့ရသေးရဲ့ လား (မရပါ – ဘုရား) ဘာကြောင့် မဟော ရပါလိမ့်မလဲလို့ ဘုန်းကြီးတို့ဒကာ ဒကာမတွေက တွေးလုံးထုတ်ပါလား (အချိန်မရလို့ပါ)

ဒါ အချိန်မရလို့ အချိန်ကမရလို့။

သုဂတိတော့ပို့လိုက်တယ်

အချိန်က မရတဲ့အပေါ်မှာ တုန်တုန်ယင်ယင်နဲ့ အသက်ကကြီးမှ သစ္စာလေးပါးဟောလို့လည်း ဒကာသစ် ဘယ်နှယ်လုပ်မလဲ (မရပါ ဘုရား)။

အသက်ကလည်းကြီးပြန် သေခါကလည်းနီးပြန် ဒီပုဂ္ဂိုလ်ကျတော့ ဘယ်လိုမှ မတတ်နိုင်တဲ့ အတွက် ဒကာမကြီး ဘုရားရှိခိုးလိုက်၊ ဘုရားဦးတိုက်လိုက်၊ ရှင်မောဂ္ဂလာန်က နောက်က တို့ရရှာတာပေါ့။

ဒါနဲ့ ရှိခိုးပြီးသကာလ ဟိုအနားကျတော့ နွားဝှေ့ သေတာပဲ၊ ဒီရှိခိုးတဲ့ကုသိုလ်လေးကြောင့် သုဂတိတော့ ရောက်သွားတယ် (မှန်လှပါ ဘုရား)။

ဒါကျတော့ မဟောသင့်ဘူးလား၊ ဟောသင့်သလား (ဟောသင့်ပါတယ် ဘုရား) သဘောကျပလား (ကျပါတယ်)။

ကိုင်း-ဒါဖြင့် ခုနက ဓနဉ္စာနီ ပုဏ္ဏားကြီးတို့ကျတော့ ကို ဘုရားက ရှင်သာရိပုတ္တရာက ဟောလိုက်တယ်တဲ့ ဓနဉ္စာနီပုဏ္ဏားကြီးကျတော့ ဓနဉ္စာနီပုဏ္ဏားကြီးကျတော့ သေခါနီး ရှင်သာရိပုတ္တရာက သွားဟောတယ်။

ဓနဉ္စာနီပုဏ္ဏား ဗြဟ္မာပြည်ပို့လိုက်တယ်

နတ်ပြည်ရောက်ကြောင်း ကောင်းသလား နတ်ပြည် ထက် ဘယ်ပြည်ကောင်းသတုံး ဗြဟ္မာပြည် ကောင်းတယ် ဆို ပြီး ဟောဟောသွားလို့ ဗြဟ္မာပြည်ရောက်လာတယ်။ ဗြဟ္မာ ပြည်ရောက်တဲ့ တရားဟောပစ်ခဲ့လို့ ဗြဟ္မာပြည် ရောက်ကြောင်း ဟိုကနှလုံးသွင်းလိုက်လို့ ဗြဟ္မာပြည် ရောက်သွား တယ်။

ဓနဉ္စာနီပုဏ္ဏားကြီးကျတော့ အဲဒီကျတော့ ရှင်သာရိ ပုတ္တရာကြီး တရားဟောပြီး ဒကာကြွယ် ပြန်သွားတယ်နော်။

ပြန်သွားတော့ ဒီပုဏ္ဏားကြီးက စုတေစိတ်ကျတော့ ဗြဟ္မာပြည် ရောက်သွားတယ်၊ ဗြဟ္မာပြည် ရောက်ပြီးသွားတဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ ရှင်သာရိပုတ္တရာ ကလည်း ဘုရားဆီသွား တော့ မင်းဘယ်က ပြန်ခဲ့သတုံး၊ ဓနဉ္စာနီပုဏ္ဏားကြီးတရား ဟောခဲ့တယ်ဘုရား။

မင်းတရားဟောညံ့တယ်တဲ့

ဘာတရားဟောခဲ့သတုံး ဗြဟ္မာပြည်ရောက်ကြောင်း ဟောခဲ့တယ်ဘုရား၊

ဒါကြောင့် ဗြဟ္မာပြည်သူရောက်ကြောင်း နှလုံးသွင်းနေရစ်တယ်ဆိုတော့ ဘုရားက ဪ မင်း တရားဟောညံ့တယ်။

နိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ် မင်းက ဗြဟ္မာပြည်ရောက် ကြောင်း မင်းက သွားပြီး သကာလ ဟောတယ်၊ သွားမင်းပြန် ဟော်ချေဦးဆိုပြီး သကာလ မင်းတရားဟောညံ့တယ်ဆိုလို့ ဗြဟ္မာပြည် လိုက်ဟောတော့ ရဟန္တာဖြစ်သေးတယ်။

ဒီပုဂ္ဂိုလ်ကျတော့လည်း မီတဲ့အလိုက်ပဲ၊ တင်လိုက်ရ ပြန်တယ်၊ သဘောကျပလား (ကျပါပြီ)။

အဲဒီမှာတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ အားလုံးပဲ သိအောင်ပဲ နားထောင်ပါ၊ နိဗ္ဗာန်ရောက်ကြောင်း တစ်ခုပဲ အဓိကထားနေတယ်ဆိုတာမှတ်တာပေါ့၊ ဘာအဓိက ထားပါလိမ့် (နိဗ္ဗာန် ရောက်ကြောင်း တစ်ခုတည်းကိုပါ ဘုရား)။

နိဗ္ဗာန်ရောက်ကြောင်း အဓိကထားဟောတယ်

နိဗ္ဗာန်ရောက်ကြောင်း အဓိကထားပြီးသကာလ နေတော့တယ်ဆိုတာ မှတ်ထားလိုက်တော့၊ ခုနက တရားချီး လိုက်ကတည်းက ဒကာ ဒကာမတွေ သိပါပြီ၊ ဘယ်ခန္ဓာရရ၊ ဇရာ၊ မရဏ ခေါင်းဆောင်းပြီး မွေးခဲ့ရတယ်ဆိုတာသိတော့ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဘယ်ခန္ဓာသည် နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာ၊ ဘယ် ခန္ဓာကြိုက်ကြသတုံး (ဘယ်ခန္ဓာမှ မကြိုက်ပါ ဘုရား) ကြိုက်ရင် ဇရာ မရဏ ကြိုက်တာ၊ ကြိုက်ရင် (ဇရာ မရဏ ကြိုက်တာပါ)။

ဇရာ မရဏကြိုက်တယ်ဆိုတာ ဒါရူးလို့ကြိုက်တာ၊ ဇရာ မရဏ ကြိုက်တာက (ရူးလို့ ကြိုက်တာပါ ဘုရား) ရူးလို့ကြိုက်တာ ဇရာကလည်း ဒုက္ခသစ္စာ မရဏကလည်း ဒုက္ခသစ္စာဆိုတော့ သူကြိုက်နေတာသည် ဒကာသစ်၊ ကိလေသာရူး၊ ရူးလို့ကြိုက်တာ (မှန်လှပါ ဘုရား) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

ခန္ဓာဇာတ်သိမ်းဖို့အရေးအကြီးဆုံး

အဲဒါတွေစဉ်းစားကြည့်လိုက်တဲ့အခါကျတော့မှ ဒီ ဘုန်းကြီး အခုဒကာ ဒကာမတွေ ကယ်ယူ ပို့ဆောင် တင်နေတဲ့ အဓိပ္ပါယ်ဘာပါလိမ့်မလဲဆိုလို့ရှိရင် ခန္ဓာဟူသရွေ့ ဇာတ်သိမ်း ဖို့တင်နေတယ်။

ဒကာကြွယ် ဘာပါလိမ့် (ခန္ဓာဟူသရွေ့ ဇာတ်သိမ်း ဖို့တင်နေတာပါ ဘုရား) ခန္ဓာဇာတ်သိမ်းဖို့ အရေး အကြီးဆုံးပဲ။

ဘယ်နှယ်ကြောင့် ဒါလောက်အဓိကထားရပါလိမ့် မလဲဆိုတော့ ဒီပုဂ္ဂိုလ်တွေဟာ သယ်ယူ ပို့ဆောင်တင်လို့ရှိရင် ဖြင့် ဒီတရားနားလည်တယ်ဆိုကတည်းက သူဘယ်နည်းနဲ့ မဆို ရောက်ရ တော့မယ်။

ဒီဘဝမရောက် နောက်ဘဝရောက်ရမယ်ဆိုတာက သေချာနေပြီ၊ အဲဒါကြောင့် ဒကာ ဒကာမတွေ ဒီဟာကို မကြိုက်လည်း နာပေတော့၊ မကြိုက်လည်း အားထုတ်၊ သဘောကျပလား (ကျပါပြီ)။

ခေါင်းဆောင်ကောင်း နောက်ကလိုက်ပေတော့

ကြိုက်လည်း အားထုတ် ဒါဆိုတော့ ဦးလှဘူးက တင်းလှချည်းလားလို့မဆိုနဲ့၊ ကိုယ့်မျက်လုံးက စုံလုံးကန်း ဖြစ်နေတော့၊ ရှေ့သွားခေါင်းဆောင် ကောင်းသလောက်သာ နောက်ကဖိလိုက်ပေတော့။

ကိုယ့်မျက်လုံးအတွက်တော့ ထည့်မစဉ်းစားနဲ့ သဘောကျပလား (ကျပါပြီ) ကိုယ့်မျက်လုံး အတွက်ထည့် မစဉ်းစားနဲ့ဆိုတာ အမေမွေးကတည်းကိုက ဘာမှမပါခဲ့တာ (မှန်လှပါ ဘုရား)။

စုံလုံးကန်းတွေဆင်ခြေမကြပါနဲ့

ရုပ်နာမ်လည်း မသိဘူးဗျာ၊ အနိစ္စ၊ ဒုက္ခလည်း (မသိပါဘူး) ဒုက္ခသစ္စာလည်း မသိပါဘူး၊ မသိတော့ စုံလုံးကန်း မွေးလာတာ၊ စုံလုံးကန်းက ဆင်ခြေ ထူနေလို့ မဖြစ်ဘူး။

စုံလုံးကန်းက ဆင်ခြေထူနေလို့ရှိရင် အလွဲနဲ့ အချော်ပဲ ရောက်သွားလိမ့်မယ်၊ သဘော ကျပလား (ကျပါပြီ) အဲဒါကြောင့် စုံလုံးကန်းဆင်ခြေထူတဲ့ တရားပွဲတော့ မဖြစ်ပါစေနဲ့။

ဒါကလက်တို့ပြီး ခင်ဗျားတို့အိမ်ကျမှ ဘုန်းကြီးက တော့ ဟောရှာတယ်။ ကိုယ်ကလည်း အားထုတ်ပါတယ်၊ သုဂတိလောက်များရောက်နေပြီလား၊ ဘာလျှော့ဈေးတွေ ဘာတွေ အိမ်ကျ လုပ်မနေနဲ့။

ဖြစ်ပျက်မြင်ရင် နိဗ္ဗာန်ရောက်မယ်

လက်တို့ပြီး တိုးတိုး၊ တိုးတိုးနဲ့ အင်း နိဗ္ဗာန် ရောက်ဖို့ရာ ကျုပ်အားတော့ထုတ်တာပဲ၊ အားထုတ်နေတာ ဖြစ်ပျက်လေးလောက်ပဲ ရှိတယ်၊ ဖြစ်ပျက်မြင်ရင် ရောက်မယ်။ နိဗ္ဗာန်ကို ဖြစ်ပျက် မြင် ရောက်မှာပဲ။

ဆက်သာ အားထုတ်ပါ၊ ဖြစ်ပျက်မြင်ရင် ရောက်ရမှာ ပဲဆိုတာ သေချာတယ်၊ အဲဒါကြောင့် ဘာမှ အားလျော့ နေစရာမလိုဘူး။

တစ်နေ့က ဘိက္ခုနီမတွေ အားလျော့တဲ့ ဘိက္ခုနီမ သောတာပန်လောက်တည်တယ်၊ အားတက်တဲ့ ပုဂ္ဂိုလ်တွေ ရဟန္တာတောင် ဖြစ်သွားတယ် ဆိုတာ ရှင်နန္ဒက တရားဟောတော့ ဒကာသစ် ကြားလိုက်ပြီ (ကြားပါတယ် ဘုရား)။ ဒါကြောင့် ကိုယ့်စိတ်ကို ခပ်မြင့်မြင့်ထားပါ။

ငါဒီဘဝနိဗ္ဗာန်အရယူမယ်

ငါတို့ ဒီဘဝခန္ဓာဇာတ်သိမ်းငြိမ်းတဲ့နိဗ္ဗာန်အရယူမယ် (မှန်လှပါ ဘုရား) ခန္ဓာမုန်းရင် ရရမယ်၊ ဒီခန္ဓာမုန်းရင် (ရရ မယ်) ရရမှာဧကန်ဖြစ်နေတော့ ရမှ ရပါ့မလားဆိုတဲ့ သံသယ ဝိစိကိစ္ဆာတွေ မသုံးပါနဲ့ (မှန်လှပါ ဘုရား)။

ဘုန်းကြီးရဲဝင့်စွာ တာဝန်ခံတော့ အင်္ဂုတ္ထိုပါဠိတော် မှာ ဒီဘဝမရတဲ့ပုဂ္ဂိုလ် နောက်ဘဝရမယ်၊ ဒီဘဝရပြီးသား ပုဂ္ဂိုလ် နောက်ဘဝကိစ္စ ပြီးတာပဲ သဘောကျပလား (ကျပါပြီ)။

ဘယ်ခန္ဓာကောင်းတယ်ဆိုတာ နားမယောင်နဲ့

အဲဒါ သေချာသိနေတော့ ဘယ်ခန္ဓာကောင်းတယ်ဆို တာဖြင့် မယောင်လိုက်ပါနဲ့ သဘော ကျပလား (ကျပါပြီ)။

ဘယ်ခန္ဓာကောင်းတယ်လို့ပြောလို့ရှိရင် ဘယ်မှ အသုဘချစရာမပါဘူး (မပါပါ ဘုရား) တွက်စမ်း၊ တွက်စမ်း ကဲ ။

ဘယ်ခန္ဓာကောင်းတယ်ဆိုရင်ဖြင့် ဘယ်ခန္ဓာ အသုဘချရတယ်လို့ ပြောစရာမလာဘူး (မလာပါ ဘုရား)၊ ဒကာသစ် စဉ်းစားကြည့်စမ်း၊ အားလုံး ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်ခန္ဓာကောင်းတယ်ဆိုရင် အသုဘကိစ္စရှိရပါ့ မလား (မရှိရပါ ဘုရား) အခုတော့ ဘယ်ခန္ဓာလာလာ ဘာကိစ္စတွေသာတွေ့ရလဲ အသုဘကိစ္စတွေသာ တွေ့ရ တယ်၊ ရှင်တုန်းလည်း ကျင်ကြီး ကျင်ငယ်စွန့်ရတယ်၊ ဝမ်းထဲ အသုဘတွေရှိလို့၊ အသုဘကိစ္စ ရွက်ဆောင်နေရတယ်။ သဘောကျပလား (ကျပါပြီ)။

သေတော့လည်း သူများမကြည့်ချင်လို့သုသာန် ထမ်း ပိုးပြီး တစ်ခါတည်း လေးပေတွင်း၊ ခြောက်ပေတွင်းထဲမှာ လေး ပေလောက်တူးပြီး မြုပ်နေရတယ်၊ နံမှာစော်မှာစိုးလို့ပေါ့ဗျာ (မှန်လှပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ဘယ်ခန္ဓာကောင်းတယ်လို့ဆိုတာ ခင်ဗျားတို့ ကျင်ကြီး ကျင်ငယ်စွန့်ရတာ ထောက်သဖြင့် လည်း အသုဘပဲ ရှင်တုန်းလေ (မှန်လှပါ ဘုရား)။

သေတဲ့အခါရွာအပြင် မြို့အပြင်ထုတ်ရခြင်းကြောင့် လည်း ဘာတုံး (အသုဘပါ)။

အင်း ဘယ်ခန္ဓာကောင်းတယ်လို့ပြောနေလို့ရှိရင် အပြောသမားသာ ဖြစ်တော့မယ်၊ အလုပ် ကဖြင့် မကောင်းတာ အမှန်ပဲ ပေါ်ကြပလား (ပေါ်ပါပြီ)။

အဲဒါ-နိဗ္ဗာန်သဘောကျချင်လို့ရှိရင်လည်း ဒကာ ဒကာမတွေ ခပ်ကြမ်းကြမ်းပဲ ဘုန်းကြီးက ပြောပါ့မယ်၊ ခန္ဓာက ဒုက္ခသစ္စာ ခန္ဓာဖြစ်ကြောင်းက (သမုဒယသစ္စာ) အဲဒီ သမုဒယသစ္စာကို မဂ်နဲ့ ဖြတ်နေတဲ့ ဝိပဿနာမဂ်နဲ့ ဖြတ်နေ တဲ့ ပုဂ္ဂိုလ် ဒီပုဂ္ဂိုလ်ဟာ ဒုက္ခမရောက်မည့် ပုဂ္ဂိုလ်ပဲဆိုတာ သေချာတယ် (မှန်လှပါ ဘုရား)။

ဒုက္ခမရောက်မည့်ပုဂ္ဂိုလ်

ဒုက္ခမရောက်မည့်ပုဂ္ဂိုလ် အသုဘမဖြစ်မည့်ပုဂ္ဂိုလ်ပဲ ဆိုတာကော (သေချာပါတယ်)။

အဲဒီကတည်းက နိဗ္ဗာန်ဆိုတဲ့ ဥစ္စာ၊ နိဗ္ဗာန်ရောက် ကြောင်း အလုပ်လုပ်တဲ့ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်သည်။ ပုဂ္ဂိုလ်အဖြစ်နဲ့လုပ်ဦးတော့ အသုဘဇာတ်သိမ်းနေတာ ဘာ ဇာတ်သိမ်းနေတာလဲ (အသုဘ ဇာတ်သိမ်းနေတာပါ ဘုရား)။

အသုဘဇာတ်သိမ်းနေတဲ့ အလုပ်ကို ခင်ဗျားတို့က ဒီအနာပေါက်နေတဲ့ ဥစ္စာ ဒီအနာပျောက်တဲ့ အလုပ် လုပ်တဲ့ ဥစ္စာပဲ၊ ဒါဆေးကောင်း ဝါးကောင်း မှတစ်ပါး ဒီဆေးမှ တစ်ပါး မှီဝဲစရာမရှိဘူး ဆိုတာကို ကိုယ့်စိတ်ထဲ ဆုံးဖြတ်ဖို့ပါ၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ အသုဘဇာတ်သိမ်း တဲ့ တရားဟောကြပါစို့ (မှန်လှပါ ဘုရား)။

အသုဘဇာတ်သိမ်းတဲ့တရား

အသုဘဇာတ်သိမ်းတဲ့တရားဆိုတဲ့ဥစ္စာက ရှင်းရှင်း လင်းလင်း မှတ်ထားတော့ တဏှာသိမ်းတဲ့ တရား အသုဘ ဇာတ်သိမ်းတဲ့တရား ဆိုတာ ဘာပါလိမ့် (တဏှာသိမ်းတဲ့ တရားပါ ဘုရား)။ ရှင်းရှင်း မှတ်လိုက်တော့ ဒါပဲရတယ်။

ရှင်းရှင်းမှတ်လိုက်တော့ တဏှာမလာအောင် ဆည်း နိုင်တဲ့ပုဂ္ဂိုလ်၊ တားနိုင်တဲ့ပုဂ္ဂိုလ်ကို ဒကာကြွယ်ရေ အသုဘ ဇာတ်သိမ်းတဲ့တရား ဒုက္ခဇာတ်သိမ်းတဲ့ (တရားပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဪ- ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အသုဘလည်းဇာတ်သိမ်းပါတယ် ဒုက္ခလည်း ဇာတ်သိမ်းပါ တယ်ဆိုပြီး ကြိုက်ပြီဘုရားဆိုပြီး တစ်ပွဲလုံး ဆုံးဖြတ်ချက် ချဖို့ပဲ (မှန်လှပါ ဘုရား)။

တစ်ပွဲလုံး တညီတညွတ်တည်း ဆုံးဖြတ်ချက်ချဖို့ပါပဲ ဆိုတာ သေချာကြပလား (သေချာပါပြီ) ဒါဖြင့် အခုဟော မည့် တရားသည် အသုဘနှင့် ဒုက္ခသိမ်းမည့် တရား၊ ဘာ တရားပါလိမ့် (အသုဘနဲ့ ဒုက္ခသိမ်းမည့် တရားပါ ဘုရား)။

ဒီအထဲကမှကျုပ်ဖြင့်ဟောတော့ ဟောတာပဲ တရားတော့ နာလို့ကို မဖြစ်ဘူး ဆိုလို့ရှိရင်ဖြင့် အသုဘနဲ့ ဒုက္ခသိမ်းတာ သူဟာ နားကိုမလည်လို့ပဲ၊ အသုဘသိမ်းမှာ ဒုက္ခသိမ်းမှာ ကြောက်လွန်းလို့ပဲ မဆိုထိုက် ဘူးလား (ဆိုထိုက်ပါ တယ် ဘုရား)။

ဆေးခွက်ကိုင်ရင်ပြေးတဲ့ခွေးလို

အဲတော့ကိုး၊ ခင်ဗျားတို့ တိရစ္ဆာန်မိုက်၊ မမိုက်ပါနဲ့ ဆိုတာ ရှေ့ပိုင်းက စကားပြောရတယ်၊ တိရစ္ဆာန်မိုက် ဆိုတာ က ခွေးတစ်ကောင် ဂုတ်အနာရှိလို့၊ ဒီကရှိတဲ့ဆေးတွေနဲ့ ဖီနိုင်နဲ့ ကုပေးမလို့ ဆေးခွက် ကိုင်ရင်ပြေးတယ်။

ဘာဖြစ်လို့တုံးလို့မေးလို့ရှိရင်ဖြင့် အနာရှိမှန်းလည်း မသိ၊ အနာကုပေးမည့် ကျေးဇူးရှင် ရယ်လို့လည်း (မသိပါ ဘုရား) ဒါမသိပြေး၊ ပြေးနေတယ်။

အနာရှိမှန်းလည်း မသိ၊ အင်း- အနာလာကုပေးမည့် ကျေးဇူးရှင်ရယ်လို့လည်း (မသိပါ ဘုရား) အင်း-အခုရုပ်နာမ် ဓမ္မတွေဇာတ်သိမ်းမည့်တရားကိုဟောလို့ မကြိုက်လို့ရှိရင်ဖြင့် ခွေးနာ လည်ပင်းရတဲ့ ဆေးခွက် ကိုင်လို့ ပြေးတဲ့ ခွေးမျိုးထဲက ကျုပ်တို့ အတူတူဖြစ်နေပြီ (မှန်လှပါ ဘုရား)။

မဖြစ်ဘူးလား ဖြစ်သလား (ဖြစ်ပါတယ် ဘုရား)၊ အဲဒါ အသေအချာစဉ်းစားတော့ ဪ ဒို့ဟာ မကြိုက်လည်း ဒီအလုပ် လုပ်ရတော့မှာပဲ၊ ကြိုက်ရင်လည်း (ဒီအလုပ်လုပ်ရ – မှာပါ ဘုရား)။

ဒို့ဟာဖြင့် ခွေးနာ ဖြစ်နေပြီ၊ ခွေးဆိုတာ တိရစ္ဆာန်ကိုး ဗျ၊ ဘာမှမသိတော့ ဆေးခွက်ကိုင်ရင် သူ ခဲကိုင်တယ် မှတ်ပြီး ပြေးချင် ပြေးမယ် (ပြေးပါတယ် ဘုရား)။

မကြိုက်လည်းနာ ကြိုက်လည်း နာ အားထုတ်

အဲဒါကြောင့် ဒကာ ဒကာမတို့ မကြိုက်လည်းနာ၊ ကြိုက်လည်းနာ၊ အားထုတ်၊ ဒါလုပ်ရမည့် စခန်းဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။

ဒါ ခပ်မာမာနဲ့ ခပ်တင်းတင်း ပြောတယ်လို့ ဒကာသစ် က မဆိုနဲ့နော်၊ မသိတဲ့ ပုဂ္ဂိုလ်တွေ ကလည်း ရှိသေးသကိုး၊ မရှိ ပေဘူးလား (ရှိပါတယ် ဘုရား)။

အမြင်မှတ်တွေနာပြီးသကာလ နတ်ပြည်ကောင်း နိုးနိုး၊ ဗြဟ္မာပြည်ကောင်းနိုးနိုး၊ ဇရာ မရဏလည်း သွား မကြည့်ဘူး၊ အဲဒီကောင်းနိုးနိုးသမားတွေကို အခုဟာက ဒကာ ဒကာမတို့ ခွေးနာ ဥပမာနဲ့ ဟပ်ပြီးသကာလ၊ ခင်ဗျားတို့ကို ပြောလိုက်တာ မနာပါနဲ့ (မနာပါဘူး ဘုရား)။ ဒီလို ဖြစ်စရာတွေက မြင်နေလို့ (မှန်လှပါ ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ပြောကြစို့ဆိုတော့ တဏှာဇာတ်သိမ်း ခန္ဓာသိမ်းတဲ့ တရား ပြောကြစို့။

နိဗ္ဗာန်ရောက်ကြောင်းနှစ်မျိုး

တဏှာဇာတ်သိမ်း၊ ခန္ဓာသိမ်းတဲ့တရားကတော့ ဒကာ ဒကာမတို့ လွယ်ပါတယ်တဲ့၊ ဝိပဿနာ ရှုနိုင်လည်း ရှု၊ မရှုနိုင်လို့ ရပ်တန်းက ရပ်နိုင်လို့ရှိရင်လည်း ရပ်၊ ဒီနှစ်မျိုးရှိ တယ် (မှန်လှပါ ဘုရား)။

၁။ ရပ်တန်းကရပ်နိုင်လို့ရှိရင်လည်း ရပ်ဖို့ပဲ၊

၂။ ဝိပဿနာရှုမှပဲ တပည့်တော်တို့ ရပ်တန်းကရပ် လို့ရတယ်ဆိုလို့ရှိရင်လည်း ဝိပဿနာပဲ ရှုကြပါ။

ဒါဖြင့် ဒကာကြွယ် နိဗ္ဗာန်ရောက်ကြောင်း နှစ်မျိုး (မှန် လှပါ ဘုရား) ရပ်တန်းကရပ်လို့ ရှိရင်လည်း နိဗ္ဗာန်ရောက် တယ်၊ ရပ်တန်းကရပ်လို့ လွန်သွားမှ ဝိပဿနာရှုရင်လည်း (နိဗ္ဗာန် ရောက်ပါတယ်)။

ရပ်တန်းက ရပ်တဲ့နည်း

ဒါဖြင့် ရပ်တန်းကရပ်၍ နိဗ္ဗာန်ရောက်နိုင်တာက တစ်မျိုး၊ သဘောကျပလား (ကျပါပြီ)၊ မရပ်နိုင်တဲ့ပုဂ္ဂိုလ် ဝိပဿနာ ရှုမှရနိုင်ရင် ရနိုင်တဲ့နိဗ္ဗာန်က (တစ်မျိုးပါ ဘုရား) တစ်မျိုးဆိုတော့ နှစ်မျိုး ပြတယ်နော် (မှန်လှပါ ဘုရား)။

ကဲ-ဒီနေ့တော့ဖြင့် အချိန်က ဒကာ ဒကာမတို့ ရပ်တန်းက ရပ်တဲ့ အချိန်ကို ပြောရတော့မယ်၊ ရပ်တန်းက ရပ်တာနဲ့ နိဗ္ဗာန်ရတာကိုပြောရလိမ့်မယ်၊ ရပ်တန်းကရပ်တာ နဲ့ (နိဗ္ဗာန်ရတာကိုပါ ဘုရား)။

အဲဒါကျတော့ ဒကာအားလုံးပဲ နှစ်တိုင်းလည်း ဟော နေလို့ ဒကာကြွယ်တို့လည်း သိပါလိမ့်မယ်။

မာလုကျပုတ္တ

ဘုရားသခင်ကိုယ်တော်မြတ်ကြီးရှိစဉ်အခါတုန်းက မာလုကျပုတ္တဆိုတာ မာလုကျပုဏ္ဏေးမရဲ့ သားပေါ့ဗျာ၊ အဲ မာလုကျသား ကျတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဆီ သူကသွားလိုက်တယ်၊ မာလုကျပုတ္တဆိုတဲ့လူက-

‘‘အရှင်ဘုရား တပည့်တော်သည် တရားဓမ္မကြိုးစား ချင်တယ်၊ ဝီရိယနဲ့ ကြိုးစားပါ့မယ်၊ တိုတိုနဲ့ကျဉ်းကျဉ်းပဲ တပည့်တော်က အသက်အရွယ်လည်း ကြီးတယ်ဘုရား၊ တိုတို နဲ့ ကျဉ်းကျဉ်း တရားကို တပည့်တော် အားထုတ်ပါရစေ’’

အသက်ကြီးလို့ တရားတိုတိုဟောပါ

သူလျှောက်ပုံကလည်း အသက်အရွယ်ကလည်းကြီး သတဲ့လေ တိုတိုနှင့် နိဗ္ဗာန် ရောက်တဲ့ တရားကို အရယူချင် တယ်။

ဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပထမ တော့ အပြစ်တင်လိုက်သေးတယ်။

ဘယ်လိုအပြစ်တင်လိုက်သလဲ ဆိုတော့ မင်းဟာ အသက်အရွယ်ကြီးမှလည်း လာပြန်တယ် ကွာ၊ တရားလည်း တိုတိုနဲ့ နိဗ္ဗာန်သွားချင်တယ် ဆိုတော့ မင်းဟာတယ် မလွယ် ပါလား၊ ပြောကော မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား) ပြောထိုက်တယ်နော်။

အသက်အရွယ် ကလည်း ကြီးပြန်တယ် တရား ကလည်း တိုတိုကလေးနဲ့ နိဗ္ဗာန် ရောက်ချင်တယ် ဆိုတော့ အားလုံး ဒကာ ဒကာမတွေပဲ စဉ်းစားကြည့်၊ ဘုရားမို့ သည်းခံ ပြီး နားထောင် ရတော့တာပဲ (မှန်လှပါ ဘုရား)။

အဲတော့ သူကပဲ ပြန်စတော့ မင်းငယ်စဉ်အခါ တုန်းကဘာလုပ်နေတုန်းကွ။

မင်းငယ်ငယ်တုန်းကဘာလုပ်နေတုန်း

အို- ငယ်စဉ်အခါတုန်းကတော့ တပည့်တော်တို့ တဏှာခိုင်းတာ လုပ်နေရတယ်၊ သူက အမှန် လျှောက်ပေ တယ် (မှန်ပါ့ ဘုရား)။ ငယ်စဉ် အခါတုန်းကတော့ (တဏှာခိုင်းတာ လုပ်ရပါတယ်)။

ဒီအရင်ကဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီမာလုကျပုတ္တနဲ့ အတူတူပဲဗျ (မှန်လှပါ ဘုရား)။ အခုမှ ဒကာကြွယ်တို့ (၆၀)ကျော်မှ ဘုန်းကြီးနား ရောက်လာတယ်၊ ဒကာသစ်တို့ ရောက်လာတယ်၊ ဟ ငယ်ရွယ်စဉ်ကာလက ဘာလုပ်နေသတုန်းမေးရင် ဘယ်နှယ် ဖြေမလဲ (တဏှာခိုင်းတာ လုပ်နေရ ပါတယ် ဘုရား)။

တဏှာခိုင်းတာ လုပ်နေရတယ် ဘုရား၊ ဪ မင်းခက်ပါဘိတော့တယ်ကွာ၊ ဒါဖြင့် ဒီစကား ပြောတာက တခြားမဟုတ်ဘူး၊ ငယ်ရွယ်စဉ် အခါတုန်းက တဏှာခိုင်းတာ လုပ်နေပြီး၊ ကြီးမှ တရားတိုတိုနှင့် နိဗ္ဗာန် သွားချင်တယ် ဆိုတော့ မင်းဟာ မခက်ဘူးလားလို့ ဘုရားက ပြောတယ်။

အသက်ကြီးသော်လည်းကြိုးစားပါမည်

အဲတော့ မခက်ပါဘူးတဲ့ တပည့်တော်၊ တပည့်တော် အားလည်းရှိပါသေးတယ်၊ ကြိုးစားမယ် ဆိုလည်း ရပါတယ်။ အရှင်ဘုရားသာ၊ တပည့်တော်တို့အား ချီးမြှောက်ပါတဲ့၊ တိုတို နှင့် မိမိကို (မှန်လှပါ ဘုရား)။

အဲ တိုတိုနဲ့ မိမိ အားထုတ်ရလို့ရှိရင် တပည့်တော်ရနိုင် တဲ့ စွမ်းရည်သတ္တိ ရှိတယ် ဆိုတာ နောက်က ရဟန်းငယ်တွေ ကြားအောင် ပြောနေတာ (မှန်လှပါ ဘုရား)။

ဟေ့-ရဟန်းငယ်တွေစဉ်းစားကြည့်စမ်း၊ မာလုကျ ပုတ္တ အသက်အရွယ်ကြီးမှလည်း လာသေးတယ်၊ သို့သော် လည်း တပည့်တော် အားအင်ဗလ ရှိသေးတယ်၊ ကြိုးစားနိုင် ပါသေးတယ် ဆိုတော့ မင်းတို့ငယ်ငယ်တွေ ဘယ့်နှယ်ကြောင့် မကြိုးစားသလဲဆိုတာကိုလည်း ရဟန်းငယ်တွေ သိအောင်လို့ အခုနက အပြစ်တင်လိုက်ခြင်း ဖြစ်ပါတယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

ငယ်လည်းရနိုင် ကြီးလည်းရနိုင်

အဲတော့ ဒီအထဲမှာလည်း လူကြီးတွေလည်း မာလုကျပုတ္တ အရွယ်တွေလည်း ပါတယ်၊ မာလုကျပုတ္တ ငယ်စဉ် အခါတုန်းက တဏှာခိုင်းနေတဲ့ အရွယ်တွေလည်း ပါပါတယ် (ပါပါတယ် ဘုရား)။

ထိုကဲ့သို့ ပါတော့ ငယ်လည်းရနိုင်တာပဲ၊ ကြီးလည်း ရနိုင်တာပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ငယ်လည်း (ရနိုင်, ပါတယ်) ကြီးလည်း (ရနိုင်ပါတယ်)။

အဲ လုံ့လဝီရိယနဲ့ တရားဟောဆရာက မှန်မှန် ကန်ကန်ပြုပြီး ကိုယ်က လုံ့လ ဝီရိယ၊ သတိပညာနဲ့ ဦးဘအုန်း နေလို့ရှိရင် ရရမှာပဲ၊ ရှင်းပလား (ရှင်းပါပြီ)။ ရပ်တန်းက ရပ်နိုင်လို့ နိဗ္ဗာန် ရတယ်။

အဲတော့ ယနေ့တော့ မာလုကျပုတ္တပြောရမှာဖြစ်နေ တော့ ဪ ရပ်တန်းက ရပ်နိုင်တာနဲ့ နိဗ္ဗာန် ရနိုင်တာကို ပြောရတော့မယ် (မှန်ပါ့)။

ရပ်တန်းကရပ်နိုင်တာနဲ့ နိဗ္ဗာန်ရနိုင်တာ ဒကာ ဒကာမတွေ မှတ်ရတော့မယ်။ မရပ်နိုင်လည်း ဘုန်းကြီးက ကိစ္စမရှိပါဘူး၊ မရပ်နိုင်လည်း ပွားများနည်း ပေးရမယ်၊ ဦးဘအုန်း မရပ်နိုင်တော့ ပွားများနည်း ပေးမှာပါ ဘုရား) ရပ်နိုင်တော့ ရပ်တဲ့နည်းပေး လိုက်ရုံပဲ။

နိဗ္ဗာန်တော့ရောက်တာချည်းပဲ ဆိုတာ မှတ်လိုက်စမ်း ပါ (မှန်လှပါ) လိုရင်းက တဏှာမလာပဲနဲ့ ချုပ်ရင်ရောက်တာ ပဲ (မှန်လှပါ ဘုရား)။ တဏှာမလာဘဲနဲ့ (ချုပ်ရင်ရောက် ပါတယ် ဘုရား)။

တဏှာလာခွင့်မပေးဘဲနဲ့ ချုပ်လို့ရှိရင် ဒကာကြွယ် ရောက်တာပဲလို့ မှတ်လိုက်စမ်းပါ ရှင်းကြပလား (ရှင်းပါပြီ)။

ကဲ-ဒါဖြင့်ကွာ မာလုကျပုတ္တ မင်းဟာ အသက် အရွယ်ကြီးပြီ မင်းကလည်း တရားတိုတို လိုချင်တော့ အားထုတ်ပါ့မယ် ဆိုတော့ မင်းကလည်း တာဝန်ခံတော့ ငါ့ ဝတ္တရားအတိုင်းတော့ဖြင့် ငယ်တဲ့ ပုဂ္ဂိုလ်လည်း ကယ်တင်ရ မှာပဲ၊ ကြီးတဲ့ပုဂ္ဂိုလ်လည်း ကယ်တင်ရမှာပဲကွ၊ မင်းငါဟောတဲ့ တရားသေချာမှတ်စမ်း။

ဟောပြီ ဒကာ ဒကာမတို့ ဥပမာမယ် ငါပြောပြပါ မယ်ကွာတဲ့ ဗန္ဓရသရက်သီး ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ မြင်လည်း မမြင်ဖူးကြပါဘူး (မှန်ပါ့) မြင်ဖူးကြရဲ့လား (မမြင်ဖူးပါ ဘုရား)။

ဗန္ဓရ သရက်သီးဥပမာ

အင်း- မြင်လည်းမမြင်ဖူးဘူးနော်၊ အင်း-ယခု ပစ္စုပ္ပန် စားကော စားဖူးကြရဲ့လား (မစားဖူးပါ ဘုရား) မစားဖူးတော့ ဗန္ဓုရ သရက်သီးလို့ ပြောလိုက်ပြန်လည်း ကြားတော့ ကြား လိုက်တာပဲ။ စားချင်တဲ့စိတ်ကလေးပေါ်ရဲ့လား (မပေါ်ပါ ဘုရား)။

ဘာကြောင့်လည်း မြင်လည်း မမြင်ဖူးဘူးစားလည်း (မစားဖူးပါ ဘုရား) နောက်စားရပါစေ လို့လည်း တောင့်တ သေးရဲ့လား (မတောင့်တပါ ဘုရား)။ ဘယ်နှယ်ကြောင့်တုံး မေးတော့ မြင်လည်း မမြင်ဖူးဘူး၊ စားလည်းမစားဖူးဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အင်း-မြင်ဖူးတယ်လည်းမဟုတ်ဘူး၊ စားဆဲဆိုလို့ရှိရင် လည်း ပစ္စုပ္ပန်စားဆဲ ဆိုလို့ရှိရင်လည်း နောက်ထပ် တောင့်တ ဦးမှာပေါ့ဗျာ။

အခုတော့ ဒကာ ဒကာမတွေ မြင်လည်းမမြင်ဘူး ကြားလည်းမကြားဘူး၊ စားလည်း မစားဘူး ဖြစ်နေတယ် (မှန်လှပါ ဘုရား) ကြားလည်း (မကြားဘူးပါ ဘုရား) စားလည်း (မစားဘူးပါ ဘုရား)။

ကြားလည်း မကြားဘူး၊ စားလည်းမစားဘူးဆိုတော့ ကြားတုန်းကတည်းက ကျုပ်ဖြင့် လွမ်းပါရဲ့ ဆိုတာလည်း မလာပါဘူး။

စားလည်း မစားဘူးသဖြင့် စားချင်တယ်ဆိုတာကော (မလာပါ) ကြားတုန်းက လွမ်းပါရဲ့ ဆိုတာလည်းလောဘပဲ၊ စားတုန်း၊ စားဆဲလည်း မဟုတ်တော့ စားချင်လိုက်တာ ဆိုတဲ့ စားဖူးခြင်း ကြောင့် စားချင်လိုက်တာဆိုတဲ့ အာသာကော လာသေးလား (မလာပါ ဘုရား)။

ဒါဖြင့် ကြားတာကြားခြင်းကြောင့်လည်း လောဘ မလာဘူး၊ သဘောကျပလား (ကျပါပြီ) မစားဖူးကြောင့်လည်း စားချင်စိတ်က (မလာပါဘူး ဘုရား)။

စားချင်တဲ့တဏှာမလာဘူး

မကြားဖူးကြောင့်လည်း ကြားချင်တဲ့တဏှာလာရဲ့ လား (မလာပါ ဘုရား) မစားဖူး သောကြောင့်လည်း နောက် စားချင်တဲ့ တောင့်တတဲ့တဏှာလာရဲ့လား (မလာပါ ဘုရား)။

ဒါဖြင့် သူ့မှာ တဏှာ မလာဘူး ကြားကာမျှမတ္တပဲ ဘယ်လိုပါလိမ့် (ကြားကာမျှ မတ္တပါ ဘုရား) ကြားကာမျှ မတ္တပဲ။

ဗန္ဓရ သရက်သီး လို့ပြောတော့ ဗန္ဓရ သရက်သီး ဆိုတာ ကြားလိုက်တာပဲ ရှိတာ၊ အင်းကြားခြင်း ကြောင့်လည်း တဏှာလာရဲ့လား (မလာပါ ဘုရား)။

အင်း-ဒကာ ဒကာမတို့ မစားဖူးသောကြောင့်လည်း စားဆဲလည်း မဟုတ်သောကြောင့် စားချင်တဲ့ တဏှာကော (မလာပါ ဘုရား)။

ဒါဖြင့် ကြားရုံနဲ့ပဲ သူပြီးသွားတယ်၊ တဏှာလာသေး ရဲ့လား (မလာပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒါက ပိုပြီး ရှင်းအောင်ပြောလိုက်ခြင်းဖြစ်တယ်။

ရှေးကလည်းမမြင်ဖူးဘူး

ကဲ-တစ်ခုသော အဆင်းကလေးကို ရှေးကလည်း မမြင်ဖူးဘူး၊ ရှေးကကော (မမြင်ဖူးပါ ဘုရား) အခုလည်း မြင်ဆဲ မဟုတ်ဘူး၊ မြင်ဆဲမဟုတ်တဲ့ ပုဂ္ဂိုလ် အဲဒီလိုခင်ဗျားတို့ ရှေးကလည်း မမြင်ဖူးဘူး၊ အခုလည်း မြင်ဆဲ မဟုတ်ဘူးဆိုတဲ့ ဝတ္ထုပစ္စည်းတစ်ခုကို ခင်ဗျားတို့သည် မြင်ရပါလို၏လို့ တောင့်တဦးမလား (မတောင့်တပါ ဘုရား)။

ဘာကြောင့်လည်း ရှေးကလည်း မမြင်ဖူးဘူး၊ အခု လည်း (မြင်ဆဲ မဟုတ်ဖူးပါ ဘုရား)။

အခုလည်းမြင်ဆဲမဟုတ်ဘူး

ယခုလည်း မြင်ဆဲ မဟုတ်ပါ၊ ရှေးကလည်း (မမြင်ဖူး ပါ) ယခုလည်း (မြင်ဆဲမဟုတ်ပါ) အဲတော့မြင်လည်း မမြင် ဖူးဘူး အခုလည်း မြင်ဆဲမဟုတ်တာကိုး၊ နောက်ထပ် ဒါမျိုး မြင်ချင်လိုက်တာလို့ လာသေးရဲ့လား (မလာပါ)။

အင်း-တဏှာကို မလာတာ၊ အဲဒီသဘောမျိုးလိုပဲတဲ့ ခင်ဗျားတို့ အဆင်းလေးမြင်တယ် ဆိုတော့၊ အင်း အဆင်းလေး လို့သိတယ်။ စိတ်ထဲက ဘာမှမဆက်နဲ့တော့ (မှန်လှပါ ဘုရား)။

အဆင်းလေးမြင်တော့ ဖြူတယ်ဆိုရင် ဖြူတာ ကလေး သိပြီး ရပ်ပစ်လိုက်၊ နီတယ် ဆိုရင်ကော (နီတာလေး သိပြီး ရပ်လိုက်ရပါမယ်) နီတာလေးသိပြီး ရပ်ပစ်လိုက်တော့ နီတာ နီတာလေး သိပြီး ရပ်ပစ်လိုက်။

သိပြီးရပ်ပစ်လိုက်ပါ

နီတယ်သိတယ်ဆိုပြီးသကာလ ဒီပြင်စိတ်မလာစေနဲ့ နော် (မလာရပါ ဘုရား) အဲဒါဖြင့် ချိုတာကို ချိုမှန်းသိပြီး ရပ်ပစ်လိုက်။

ချဉ်တာကို စားရင်ကော (ချဉ်တာသိပြီး ရပ်ပစ်ရပါ မယ်) အင်း-မွှေးတာလေး သိရင်ကော မွှေးတာကိုသိပြီး (ရပ် ပစ်ရပါမယ် ဘုရား)။

သို့သော်တဲ့ သာမညပါရမီ သာမညဉာဏ်နဲ့ဖြင့် ဒါမရနိုင်ဘူး (မှန်ပါ့) မရနိုင်ဘူးတဲ့၊ ဘာကြောင့်တုံး ဆိုတော့ ခင်ဗျားတို့က အင်မတန် အပြေးသန်တဲ့ပုဂ္ဂိုလ်။

ခင်ဗျားတို့က အဝေးကြီးက ပြေးလာတဲ့ပုဂ္ဂိုလ် ဖျတ်ခ နဲ လှမ်းဆွဲလိုက်ရင် ဥပမာမယ်၊ အင်း.. ကိုက်(၂၀) လောက် ပြေးမည့်ဥစ္စာ(၁၅) ကိုက်လောက်က နေပြီး လက်လှမ်းဆွဲလိုက် လို့ရှိရင် သူက ကိုက်(၂၀) လောက်ပြေးမည့် ပုဂ္ဂိုလ် ဒကာသစ် က (၁၅)ကိုက်လောက်ကနေ ဆွဲတော့ သူ့မှာ အားရှိတုန်း မနေဘူးလား (နေပါတယ် ဘုရား)။

အဲတော့ လက်လှမ်းဆွဲရင် ဟပ်ထိုးလဲလိမ့်မယ်၊ မလဲ ပေဘူးလား (လဲမှာပါ ဘုရား)။

ဘယ်နှယ်ကြောင့် လဲသတုံးဆိုတော့ သူကပြေးနေ ကြမို့လို့ အရှိန်မသတ်နိုင်ဘူး (မှန်လှပါ ဘုရား) သဘောကျ ပလား (ကျပါပြီ)။

ပြေးနေကျမို့ အရှိန်မသတ်နိုင်ဘူးဆိုတာ ပေါ်ကြ – ပလား (ပေါ်ပါပြီ)။

အဲ-ခင်ဗျားတို့ကလည်း ခုမှ ဒီဥစ္စာကိုမြင်တာမြင်ရုံ တင်ရပ်၊ အရှိန်သတ်မရဘူးဘုရား၊ ခင်ဗျားတို့က လာလိမ့်မယ်၊ သဘောကျပလား (ကျပါပြီ)။

ရပ်ပါဆိုရင် အရှိန်မသတ်နိုင်ကြဘူး

ကြားတာ၊ ကြားရုံတင်ရပ်ပါဆိုရင်ကော (အရှိန် မသတ်နိုင်ပါ ဘုရား) မဟုတ်ဘူး၊ ကျုပ်က ကြားရုံနဲ့ မကျေဘူး – ဗျ၊ ခင်ဗျားတို့ကလည်း မကျေနပ်တဲ့ဘက် လှည့်လှည့်သွားတယ် (မှန်လှပါ ဘုရား)။ မြင်တာနဲ့ပဲ ကျုပ်က စိတ်ပျက်လာတယ်၊ ဟေ..စိတ်ပျက်တဲ့ဘက် လှည့်ပြန်ပြီ၊ မြင်ရတာနဲ့ ကျုပ်ကလည်းဗျာ၊ ဒါကို ဘဝက အကြောင်းထင်ပါရဲ့ ခင်လိုက်တာ ခင်ဗျားတို့ရပ်လို့ကို မရဘူး။

ဘယ်နှယ်ဖြစ်နေတာလဲ အပြေးကတယ်သန်တာကိုး ရိပ်မိပလား (ရိပ်မိပါပြီ)။

အင်း-အပြေးကတယ်သန်တော့ ရပ်လို့မရဘဲ ဖြစ်နေ တော့၊ ဘုရားကလည်း အရပ်ခိုင်းတယ် ဦးဘအုန်း (မှန်ပါ့ ဘုရား) ခင်ဗျားတို့က ဘယ်နှယ်ဖြစ်နေလဲ (ရပ်လို့မရပါ ဘုရား)။

ဒကာသစ်တို့က အပြေးသန်သမား (မှန်ပါ့) အပြေး သန်သမားဆိုတော့ ရပ်ပါဆိုလို့ရှိရင် ရပ်မရဘူး၊ သဘောကျ ပလား (ကျပါပြီ) ရပ်ပါဆိုလို့ရှိရင် (ရပ်မရပါ)။

ရပ်မရလို့ရှိရင်ဖြင့်တဲ့ ဟပ်ထိုးလည်းမလဲစေနဲ့တဲ့ သူ့ကို တရားတစ်မျိုးပေးမှရမယ် (မှန်လှပါ ဘုရား)။

မာလုကျပုတ္တတော့ ဒီအတိုင်းပေးတာပဲ မြင်တယ်၊ သိတယ်ဆိုရင် ရပ်လိုက်ကွာ၊ ကြားတာ၊ ကြားတယ်သိတယ် ဆိုရင်ကော (ရပ်ရမှာပါ ဘုရား)။ ကြားတာက နားကကြား တယ်၊ သိတာက အသံလို့ သိတယ်၊ ရပ်လိုက် (မှန်လှပါ ဘုရား)။

ဆိုတော့ ဒီအသံနားခါးတယ်ဆိုတာ ခင်ဗျားတို့က လာဦးမှာနော်၊ ရပ်မည့် လူစား တစ်ယောက်မှမပါဘူး၊ ပါပါ့ မလား (မပါပါ ဘုရား)။ –

ရပ်မည့်လူစား ပါကို မပါတော့၊ ဒီဒကာ ဒကာမတွေ တော့ဖြင့် မာလုကျဝတ္ထုကို ရှိလို့သာ ဟောရတယ်၊ ဒို့ဒကာ ဒကာမတွေက အရှိန်က အင်မတန်သန်တယ် ဆိုတဲ့ဥစ္စာလည်း သိပြီးသားပါပဲ (မှန်လှပါ ဘုရား)။

မြင်တယ်၊ သိတယ်ရပ်လိုက်

အဲတော့ သံယုတ်ပါဠိတော်က ဒီအတိုင်းပဲ မြင်တယ်၊ ( သိတယ်၊ ရပ်လိုက်၊ ဒိဋေ ဒိဋ္ဌမတ္တံ့ကိုး၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ့မြင်တယ်၊ သိတယ် တော်ပြီ၊ ကြားတယ်၊ သိတယ် (တော်ပါပြီ ဘုရား)။

စားတယ်၊ သိတယ်( တော်ပါပြီ) နံတယ်၊ သိတယ် (တော်ပါပြီ)၊ အဲ-သိရုံတော့ အပြစ်မရှိပါဘူး၊ အခုတော့ ခင်ဗျားတို့က အို-သိလို့ကိုပဲ ကျုပ်ကမကျေနပ်တာ။

ခင်ဗျားတို့က ရှည်လိုက်တဲ့ဖြစ်ခြင်းမှ ရပ်လို့ကော ရကြရဲ့လား (မရပါ ဘုရား) မရဘူးတဲ့ မရတော့ ဒကာ ဒကာမ တွေအတွက် တရား တစ်မျိုးပဲ၊ ဘုရားက ဟောတော်မူတယ်။

ရပ်ခြင်းကြောင့်နိဗ္ဗာန်ရောက်တဲ့တရား

ဒါကြောင့် ဒီဟာကရပ်ခြင်းကြောင့် နိဗ္ဗာန်ရောက် တာကတစ်မျိုး ပွားခြင်းကြောင့် နိဗ္ဗာန်ရောက်တဲ့ တရား တစ်မျိုး မပေးရပေဘူးလား (ပေးရမှာပါ)၊ ပေးရတာပဲ ဆိုတာ ဒကာကြွယ်တို့ ရိပ်မိပလား (ရိပ်မိပါပြီ)။

ကဲ-ဒါဖြင့် ဒကာသစ်ရေ မာလုကျပုတ္တတော့ ဖြင့်တဲ့ မြင်တယ် သိတယ်ဆိုရင် ရပ်ပစ် လိုက်တာပဲ၊ ကြား တယ် သိတယ်ဆိုရင် (ရပ်ပစ်လိုက်ပါတယ် ဘုရား) သဘော ကျပလား (ကျပါပြီ)။

အဲဒီလို ရပ်ရပ်၊ ရပ်ရပ် ပစ်လိုက်တော့ ကြံတယ် သိတယ်ဆိုပြီးတော့ကော (ရပ်ပါတယ် ဘုရား)။

အင်း-ဒွါရခြောက်ပေါက်စလုံး ဆိုတော့ သိပြီး ရပ်တာ ချည်းပဲ နောက်ဆက်တွဲ မလာဘူး၊ သဘော ကျပလား (ကျပါပြီ)။

ခင်ဗျားတို့က စိတ်ကူးရှည်သမားတွေကိုး၊ ကြံတယ် သိတယ်ဆိုလို့ရှိရင်လည်း နေစမ်းပါဦး စိတ်ကူးကောင်းတုန်း ရှိသေးတယ်၊ လူစိတ်ကူး မရှိဘူး ဆိုရင်လည်း ခင်ဗျားတို့က ကဲ့ရဲ့ နေတဲ့လူတွေ (မှန်လှပါ ဘုရား)။

စိတ်ကူးရှည်မှ ခင်ဗျားတို့က ကျေနပ်တဲ့လူတွေ၊ ဒကာကြွယ်တို့များ စိတ်ကူးရှည်လိုက်တာ ဟောဒီသူနဲ့ နေပြီး အထည်သည်တောင် ဖြစ်လာလိမ့်မယ်လို့တောင် ရှည်လိုက် သေးတယ်၊ မရှည်ဘူးလား (ရှည်ပါတယ်)။

ရှည်တယ်၊ ဘယ်အဆင်နဲ့ ဘယ်အဆင်နဲ့၊ အသား ဘယ်လိုဖြစ်လာလိမ့်ဆိုတဲ့ ဥစ္စာတောင်မှ ရှည်လိုက်တဲ့ မြင်ရုံ တင်နဲ့ ရပ်မှာ ဝေးလိုက်သေးတယ်။

ဈေးကျအောင် ဒီဥစ္စာဖြင့် ဘယ်ဈေးထားရင် လူကြိုက်မှာပဲဆိုပြီး ဒီကျအောင်ပဲ စိတ်ကူးရှည် တွက်ချလိုက် တယ် (မှန်လှပါ ဘုရား)။

အဲဒီစိတ်ကူးရှည်တဲ့ပုဂ္ဂိုလ်နဲ့တော့ မာလုကျပုတ္တဝတ္ထု နဲ့ ကိုက်ကိုမကိုက်ဘူး၊ ကိုက်ပါ့မလား (မကိုက်ပါ ဘုရား)။

မာလုကျပုတ္တရဟန္တာဖြစ်တယ်

ဒါဖြင့် ဒကာ ဒကာမတို့မြင်ပြီးရပ်တဲ့ မာလုကျပုတ္တ ဖြင့် ရဟန္တာဖြစ်တာအမှန်ပဲ၊ ရဟန္တာ အသေအချာ ဖြစ်ပါတယ်၊ သူက သူက မြင်တယ် သိတယ်ဆိုရင် ရပ်ပစ်လိုက်တယ်။

ရပ်ပစ်လိုက်တော့ တဏှာ ဥပါဒါန် ကံက (မလာပါ ဘုရား) ကြားတယ်၊ သိတယ်ဆိုရင်ကော (ရပ်ပစ်လိုက်ပါတယ်) ရပ်ပစ်လိုက်တော့ ကြားတာက ကောင်းတယ်ဆိုတာ လာသေးလား (မလာပါ ဘုရား)။

ကြားရတာမကောင်းဘူးဆိုတဲ့ ဒေါသတွေကော (မလာပါ ဘုရား) မာလုကျပုတ္တက တစ်ခါတည်း၊ သတိနဲ့ ပညာနဲ့ကိုအုပ်ပြီး သကာလ ရပ်ရပ်ပစ်လိုက်တယ်။

မြင်ရုံ သိရုံတင် ရပ်ရမတဲ့၊ ကြားရုံ သိရုံတင် ရပ်ရမ တဲ့ ဆိုပြီး ရပ် ရပ်ပစ်လိုက်တဲ့ အတွက် သူ့မှာတော့ဖြင့် ကိလေသာတွေက ကုန်ကုန် သွားတယ် (မှန်လှပါ ဘုရား)။

တဏှာချုပ်ငြိမ်းသွားတယ်

ရပ်တဲ့သတိပညာကပါသွားတယ်၊ ရပ်တဲ့သတိပညာ ကပါသွားတဲ့အတွက် သူ့မှာတော့ဖြင့် ကိလေသာ ချုပ်ငြိမ်း သွားတယ်။

ကိလေသာ ချုပ်ငြိမ်းတော့ ခုနကပြောခဲ့တဲ့ တဏှာ ချုပ်ငြိမ်းသွားတယ်၊ သဘောကျပလား (ကျပါပြီ) ကိလေသာ ချုပ်ငြိမ်းတော့ (တဏှာချုပ်ငြိမ်းပါတယ်)။

ဒီ ဒကာ ဒကာမတွေ ဒီတရားသာ ဟောရမယ်ဆိုလို့ `ရှိရင်ဖြင့်တဲ့ ခင်ဗျားတို့ဥစ္စာ၊ ရပ်မရတဲ့အထဲ လဲဦးမလိုလိုဖြစ် နေတယ်၊ မဖြစ်ပေဘူးလား၊ ဖြစ်မှာလား (ဖြစ်မှာပါ ဘုရား) သေသေချာချာ ဖြစ်မယ်ဆိုတာ သေချာတယ် ဦးလှဘူးရ (မှန်လှပါ ဘုရား)။

ကဲ-ဒါဖြင့် ဒီလိုလုပ်ကြပေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မူလပဏ္ဏာသ ပါဠိတော်ကျတော့ကွာတဲ့ ဒီလိုလုပ်ရင်ဖြစ်ပါသေးတယ်။

အာသဝေါတရား ဆိုတာ အခုနလောဘစိတ်ဆိုတာ ကာမာသဝတွေကိုးဗျ၊ ကာမာသဝ ဘဝါသဝတွေနော်၊ အဝိဇ္ဇာသဝလည်း ပါတာပဲ။ ဒီပြင် ဒိဋ္ဌာသဝလည်း ပါတာပဲ။ လောဘတစ်လုံး ဖြစ်ရင် အကုန်ပါတာပဲ။

သဟဇာတအဖြစ်နဲ့ အကုန်ပါပြီးနေတယ်၊ သမ္ပယုတ္တ ဓမ္မအဖြစ်နဲ့ အကုန်ပါနေကြတယ်ဆိုတာ သိပြီးသား ပေါ့ဗျာ။

အာသဝကိုပွားသဖြင့်လည်းပယ်နိုင်တယ်

သိတော့ ဒီအာသဝတွေဟာကွာတဲ့ အာသဝကို ပွား သဖြင့်လည်း ပယ်နိုင်ပါတယ်။ ဘုရားက အဲဒီနေရာ ကျတော့ ဒီအာသဝတွေဟာ ပွားသဖြင့်လည်း ဘာဝေတဗ္ဗကိစ္စနှင့် ပွားသဖြင့်လည်း ပယ်နိုင်ပါတယ်။

ခုနကတော့ ရပ်သဖြင့် ပယ်တာကိုး မာလုကျပုတ္တတော့ (ရပ်သဖြင့် ပယ်ပါတယ် ဘုရား) ရပ်ပြီးတော့ ပယ်တယ်၊ မလာအောင် တားပစ်လိုက်တယ်။

ရပ်နိုင်တဲ့စွမ်းရည်သတ္တိ မသေးဘူးနော်၊ အေး- ရပ်နိုင် တဲ့စွမ်းရည်သတ္တိ မှသေးတော့ ခင်ဗျားတို့က ဒီအတိုင်း သွားပြီး သကာလ နေရမယ်ဆိုလို့ရှိရင် ခင်ဗျားတို့က အင်မတန်မှ ကိလေသာ ရန်သူတွေ ထူပြောတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတော့ ခုနက အပြေးသန်တဲ့ ပုဂ္ဂိုလ်တွေလိုပဲ ရပ်မရ၊ ဆီးမရ၊ တားမရ အတော်များတယ်၊ မများဘူးလား (များပါတယ်)။

ရပ်နိုင်ရင်လည်း နိဗ္ဗာန်ရောက်တယ်

အဲဒီတော့ ရပ်နိုင်ရင်လည်း ရပ်ကြပါ။ နိဗ္ဗာန်ရောက်ပါ တယ်၊ ရပ်နိုင်ရင် (ရပ်ကြပါ နိဗ္ဗာန် ရောက်ပါတယ်) နိဗ္ဗာန် ရောက်ပါတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် မြင်တယ် သိတယ် ရပ်လိုက်တော့ ကြားတယ် သိတယ် (ရပ်လိုက်ပါ) နံတယ် သိတယ် (ရပ်လိုက်ပါ) စားတယ် သိတယ် (ရပ်လိုက်ပါ) ရပ်လိုက်ပါတဲ့ ဝတ်တယ်။ သိတယ်၊ ရပ်လိုက်ပါ။ ကြံတယ် သိတယ် (ရပ်လိုက်ပါ) ရပ်လိုက်တော့တဲ့ ဟိုဘက် လောဘ၊ ဒေါသ၊ မောဟ၊ မလာစေနဲ့။

ဣန္ဒြေလုံခြုံလို့ အာသဝကုန်တယ်

သူကလည်း ဒကာ ဒကာမတို့တဲ့ ဘာ့ကြောင့်တုံး ဆိုတော့ ဣန္ဒိယသံဝရ ဣန္ဒြေ လုံခြုံတာနဲ့ အာသဝ ကုန်သွား တယ် (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။ ဣန္ဒြေ လုံခြုံတာနဲ့ (အာသဝ ကုန်သွားတာပါ ဘုရား)။

သို့သော်တဲ့ စာမှာတော့ဖြင့် မာလုကျဝတ္ထုကို သွားကြည့်ရင် အခုဘုန်းကြီးပြောတဲ့ အဓိပ္ပါယ် ပါမှာ မဟုတ် ဘူး။

စင်စစ်တော့ ဣန္ဒိယသံဝရ လုံတာနဲ့ ဒကာ ဒကာမ တို့ အာသဝ မလာတာ ရိပ်မိပလား (ရိပ်မိပါပြီ) ဣန္ဒိယသံဝရ လုံခြုံတာနဲ့ အာသဝမလာတော့ ဒါအာသဝပယ်ပြီးသား ဖြစ် မသွားဘူးလား (ဖြစ်သွားပါတယ် ဘုရား)။

ဒါဖြင့် ဒီအာသဝပယ်ပြီးသားဖြစ်လို့ရှိရင် အာသဝ နိရောဓါလည်း နိဗ္ဗာနံပဲ (မှန်ပါ့ ဘုရား)။

အာသဝဆိုတာ တဏှာပဲကိုးဗျာ၊ သူတို့ချုပ်သွား လည်း ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။

အဲ မာလုကျပုတ္တမှာ ဒကာကြွယ်ရပ်တာနဲ့ရတယ်၊ ဣန္ဒိယသံဝရ လုံခြုံတာနဲ့ပဲ ရသွားတယ် (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ကိုင်း- ဒီ ဒကာ ဒကာမတွေတော့ သူနဲ့မကိုက်ပါဘူး ဒို့အသွားနဲ့ ခင်ဗျားတို့တွေးကြပေတော့၊ ဒီတရားနဲ့ နို့နဲ့ကိုက် ပါ့မလား (မကိုက်ပါ ဘုရား) မကိုက်တဲ့အဓိပ္ပါယ်တွေက များမနေဘူးလား (များပါတယ် ဘုရား)။

ကိုယ်နဲ့ကိုက်ရင်လည်း လုပ်ကြပါဆိုတာ တိုက်တွန်း ပါတယ်။

မကိုက်သေးရင် နောက်တရားပေးမယ်

မကိုက်သေးလို့ ရှိရင် နောက်တရားပေးမယ်၊ မကိုက် သေးလို့ရှိရင်လည်း နောက်တရား ပေးမယ်တဲ့၊ နောက်တရား က ဘာတုံးဆိုတော့ မြင်တယ်၊ သိတယ်။

မြင်တာကိုလည်း သည်ကနေဖြစ်ပျက်ရှု၊ သိတာလေး ကိုလည်း (ဖြစ်ပျက်ရှုရမှာပါ ဘုရား) ဒီလိုရှုလိုက်တဲ့ အခါကျတော့လည်း ဒီနေရာ အာသဝလာရမည့်နေရာ၊ တဏှာလာရ မည့်နေရာ လာသေးရဲ့ လား (မလာပါ ဘုရား)။

ဒါကတော့ ဘာဝေတဗ္ဗကိစ္စနဲ့ နိဗ္ဗာန်ရောက်တာ (မှန် လှပါ ဘုရား) ခုနကတော့ ဣန္ဒိယ သံဝရသီလ လုံခြုံတာနဲ့ နိဗ္ဗာန်ရောက်တာ၊ နိဗ္ဗာန်ရောက်ပုံချင်းတော့အတူတူပဲ (မှန်လှပါ) ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ)။

ဒါကို ဦးဘအုန်းတို့ နှစ်မျိုးထားဟောမှရတယ်နော်။

ဘာပြုလို့တုံးဆိုတော့ ပုဂ္ဂိုလ်စရိုက်က အမျိုးမျိုးကိုး (မှန်လှ ပါ ဘုရား)။

မာလုကျပုတ္တမြင်တယ်စပြီး၊ မြင်တယ် သိတယ်ဆိုရပ် နိုင်တာနဲ့ သူ အာသဝကုန်သွားလို့ နိဗ္ဗာန် ရောက်တာအမှန်ပဲ မရောက်ဘူးလား (ရောက်ပါတယ်)။

ခင်ဗျားတို့ကတော့ မြင်တယ် သိတယ် ဆိုလို့ရှိရင်ဖြင့် သိတာလေးကို သိလို့ကို ကျုပ်က မကျေနပ်တာ လာချင်လာမှာ ဒေါသကလေး (မှန်ပါ့) သိလို့ ကျုပ်က ခင်မိတာဆိုတာကော (လာမှာပါ ဘုရား)။

အဲ-ခင်ဗျားတို့ကလည်း ခင်တာရယ်၊ မကျေနပ်တာ ရယ်၊ ဒါတွေချည်း နောက်က လိုက်နေတယ်၊ အဲတော့ ရပ်လို့ မရတာသေချာတယ်၊ ကာမာသဝတွေ လိုက်မနေဘူးလား (လိုက်နေပါတယ် ဘုရား)။

အဝိဇ္ဇာသဝတွေကကော (လိုက်နေပါတယ်) မကျေ နပ်ဘူးဆိုကတည်းက အဝိဇ္ဇာက ပါနေပြီ၊ အဝိဇ္ဇာ ဆိုတာ မောဟ၊ မောဟဆိုတာ အကုသိုလ်စိတ် (၁၂)ခု အကုန်ယှဉ် တယ်ဆိုကတည်းက ဒေါသနဲ့လည်း ယှဉ်နေပြီ (မှန်လှပါ ဘုရား)။

အဲတော့ အဝိဇ္ဇာသဝကလည်း လာမနေဘူးလား (လာပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) ဒါဖြင့် ခင်ဗျားတို့ ဦးလှဘူးတို့ ဒကာကြွယ်တို့ ဒကာသစ်တို့ ဦးဘအုန်းတို့ ရပ်နိုင်ပါ့မလား မေးရင် ဘယ်နှယ်ဖြေကြမလဲ (မရပ်နိုင်ပါ ဘုရား)။

မရပ်နိုင်ဘူးဘုရား၊ တပည့်တော်တို့ ဒီဥစ္စာအတော် ခက်နေပြီ၊ ရပ်နိုင်တဲ့နေရာ ရှိတော့ ရှိပါတယ်၊ ကိုယ့်ကမ္မဋ္ဌာန်း ကျောင်းလေးနဲ့ ကိုယ်နေတဲ့အခါကျတော့ ဟိုပြုတင်းပေါက် ကလေး ကြည့်လိုက် မြင်တယ် သိတယ်။

ဘာဝနာနဲ့အာသဝပယ်ချတယ်

အင်း-ဟိုဟာလေး ကြည့်လိုက် မြင်တယ် သိတယ်၊ လမ်းသွားတဲ့အခါကျတော့ ခက်တယ် (မှန်ပါ့) အိမ်မှာသား တွေ သမီးတွေ ဆော့နေရင် (ခက်ပါတယ် ဘုရား) ခက်တယ်၊ သားတွေ သမီးတွေက အသုံးအဖြုန်း နေရာမကျ (ခက်ပါတယ်) ခက်တယ်ဆိုတဲ့ အဓိပ္ပါယ်တွေက အမျိုးမျိုး မလာပေဘူးလား (လာပါတယ်)။

အဲဒါကျတော့ ကိုးတဲ့ ဘာဝေတဗ္ဗနဲ့တား၊ ဘာဝနာနဲ့ အာသဝပယ်ချကွတဲ့၊ သဘောကျပလား (ကျပါတယ်) ဘာနဲ့ ပယ်ချ (ဘာဝနာနဲ့ အာသဝ ပယ်ချပါတယ်)။

ပွားခြင်းကြောင့်လည်း နိဗ္ဗာန်ရောက်တဲ့တရား

ဒါဖြင့် ဒကာ ဒကာမတို့မြင်တဲ့ စိတ်ပေါ်လည်း ဖြစ် ပျက်ရှု၊ သိတဲ့စိတ် ပေါ်ရင်ကော (ဖြစ်ပျက် ရှုရပါမယ်) အဲဒါ ဖြင့် အဲဒါမြင်တာ ရှုနိုင်လို့ရှိရင်ဖြင့် စက္ခုန္ဒြေ ရှုတာပဲ။

သိတာ၊ သိတာလေး ရှုနိုင်လို့ရှိရင်လည်း သိတဲ့ ကာမာဝစရ ကုသိုလ်စိတ်ရှုတာပဲ၊ ရှုချင်တာရှုတဲ့ မြင်တာက ဖြစ်ပျက်၊ ရှု တာက မဂ်၊ သူ့ဘာဝေတဗ္ဗကိစ္စကို (မှန်ပါ့ ဘုရား)။

သိတာကဖြစ်ပျက် ရှုတာကမဂ်၊ မြင်တာက (ဖြစ်ပျက် ပါ) ရှုတာက (မဂ်ပါ ဘုရား) မြင်တော့ မျက်လုံး ကလေးကိုပဲ ဖြစ်ပျက်ရှုပစ်လိုက်ပါ၊ သိတဲ့ဝမ်းထဲက စိတ် ကလေးကိုလည်း (ဖြစ်ပျက်ရှု ပစ်ပါတယ်)။

ဖြစ်ပျက်ရှုပစ်လိုက်တော့ တဏှာ လာသေးရဲ့ လား (မလာပါ) ဒီကျတော့ ဒကာ ဒကာမတွေက ဘုန်းကြီးတို့ဆီမှာ ကိုးကွယ် ဆည်းကပ်ပြီး တရားနာနေတဲ့ ပုဂ္ဂိုလ်ဟာ အရှုသမား တွေ၊ အရပ်သမား မဟုတ်ဘူး၊ သဘောကျပလား (ကျပါပြီ)။

အရပ်သမားလား အရှုသမားလား

အရပ်သမားတွေလား အရှုသမားတွေလားမေးရင် (အရှုသမားတွေပါ ဘုရား) အရှုသမားတွေ ဖြစ်နေတော့ ကျုပ်တို့ ဝါသနာနဲ့ ကျုပ်တို့ ဪ မာလုကျပုတ္တ နိဗ္ဗာန် ရောက်တာလည်း တစ်မျိုးပဲ (မှန်လှပါ ဘုရား)။

အင်း- အာသဝ မလာရင် တဏှာမလာပဲကိုး၊ အဲဒါ တွေက မလာတာသာပဓာန၊ ရှုလို့ရပ်ရပ် သဘောကျ ပလား (ကျပါပြီ) ရပ်နိုင်လို့ရပ်ရပ်၊ ရှုလို့ပဲ အာသဝေါ ရပ်ရပ်ပေါ့ဗျာ ရပ်နိုင်တဲ့သတ္တိ ရှိလို့ပဲ ရပ်ရပ် အာသဝ မလာရင် နိဗ္ဗာန် ရောက်တာပဲ။

အာသဝမလာရင် နိဗ္ဗာန်ရောက်တာပဲ

ဘယ်လိုဆိုကြပါ့ (အာသဝ မလာရင် နိဗ္ဗာန်ရောက် ပါတယ်) ဒါဖြင့် မာလုကျပုတ္တ ရောက်ငြား သော်လည်း တပည့်တော်တို့ လူစုရောက်ပုံ မရဘူး၊ ဒကာကြွယ် ဆိုရတော့မယ် (မှန်လှပါ ဘုရား) အားလုံးတရား တစ်ပွဲလုံး ကျေနပ်ကဲ့လား (ကျေနပ်ပါတယ်)။

ကြိုက်တာတော့လုပ်ပေါ့ဗျာ၊ ဒါ ရပ်လို့ရတယ်ဆိုလို့ ရှိရင်လည်း တပည့်တော်က ဒီကမ္မဋ္ဌာန်းနှင့် လျှော်တယ်၊ ဆိုရင်ရပ်သာ ရပ်နေကြ၊ မြင်တယ် သိတယ် ကြားလည်း သိတယ် တော်ပြီ ရပ်လိုက်တာကိုး။

မှားတယ်လို့တော့ သွားမဆိုနဲ့ မှားတယ်လို့တော့ သွားမဆိုနဲ့ ဘုရားဟော (မှန်ပါ့) သူကိုယ်တိုင် လည်း ရဟန္တာ ဖြစ်တယ် မာလုကျပုတ္တ သဘောကျပလား (ကျပါပြီ)။

ဘာပြုလို့လည်း ရပ်မယ်ဆိုတဲ့သတိက သူ့မှာပါပြီး သား ဒီနေရာကျလို့ရှိရင် ရပ်မယ်ဆိုတဲ့ ပညာကရော (ပါပြီး သားပါ ဘုရား) အဲ သတိပညာကပါနေတော့ အားကလည်း စိုက်ထားတော့ မဂ္ဂင်က ပါပြီးသား ဖြစ်နေတယ် သဘောကျပလား (ကျပါပြီ)။

ဣန္ဒြိယဘာဝနာနှင့် ဗောဇ္ဈင်မဂ္ဂင်ဘာဝနာ

မဂ္ဂင်ကပါပြီးသား ဖြစ်နေတော့ သူလည်း မဂ္ဂင် အလုပ်လုပ်တာပဲ၊ ကျုပ်တို့ရှုတာလည်း ဘာတုံး (မဂ္ဂင်အလုပ် လုပ်တာပါ ဘုရား) ကျုပ်တို့ဖြစ်ပျက်ရှုတာလည်း မဂ္ဂင်အလုပ် လုပ်တာပဲ (မှန်ပါ့)။

ဒါဖြင့် သူကဘာတုံး ဣန္ဒိယဘာဝနာ သဘောကျ ပလား (ကျပါပြီ) သူက ဣန္ဒိယဘာဝနာ၊ ကျုပ်တို့သည်ကားလို့ ဆိုရင် ဗောဇ္ဈင်မဂ္ဂင်ဘာဝနာ ဒါထူးခြားပါတယ် (မှန်လှ ပါ ဘုရား)။ ရှင်းကြပလား (ရှင်းပါပြီ)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ကို ဘယ်လိုဟာရမှာ တုံးဆိုလို့ရှိရင် မြင်တယ်၊ သိတယ်၊ နှစ်ချက်လာလို့ ရှိရင် “မြင်” ရှုနိုင်ရှု၊ မရှုနိုင်လို့ရှိရင် “သိ” ကို (ရှူရမှာပါ ဘုရား)။

မြင်တယ်၊ သိတယ်၊ ဖြစ်ပျက်ရှု

“မြင်’ ရှုရင် မျက်လုံးထဲရှုပါနော်၊ မျက်လုံးထဲမြင်စိတ် ကလေး ဖြစ်ပျက်ရှုပါ။

“သိ” တာလေးဖြစ်ပျက်ရှုပါ၊ ကျုပ်ဟာ သော် ဘယ်သူ ရယ်လို့ သိပါတယ်ဆိုလို့ရှိရင် သိတဲ့စိတ် ကလေးဟာ ဝမ်းထဲ ပေါ်တယ် အဲဒီ ဝမ်းထဲပေါ်တဲ့စိတ် ဘာလုပ်ရမယ် (ဖြစ်ပျက် ရှုရပါမယ်)။

အဲဒီနှစ်ချက် တစ်ချက်ချက်မိလို့ရှိရင် “ကျုပ်တို့က လည်းတဲ့ ခုနက တဏှာ ဥပါဒါန်ကံဆိုတဲ့ အာသဝတွေကို ကျုပ်တို့က ဘာဝနာနဲ့ ပယ်ချတာ (မှန်လှပါ ဘုရား) သဘော ကျပလား (ကျပါပြီ)။

မာလုကျပုတ္တက ဣန္ဒြေလုံခြုံတာနဲ့ပယ်ချတယ်

ဟိုက ဣန္ဒြေနဲ့ ပယ်ချလိုက်တယ်၊ ဣန္ဒြေ လုံခြုံတာ နဲ့ ပယ်ချလိုက်တယ်၊ ဒီက ဘာဝနာနဲ့ ပယ်ချတယ်၊ နှစ်ခု စလုံး မှန်တယ်လို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား) သဘော ကျပလား (ကျပါပြီ) ဘယ်လိုပါလိမ့် (နှစ်ခုစလုံး မှန်ပါတယ် ဘုရား)။

အင်း-သူလည်း သတိထားတာပဲ၊ သတိထားတော့ ဝီရိယကော (ထားပါတယ်) ဝီရိယလည်း ထားတာပဲ၊ ပညာ ကျလို့ရှိရင်ဖြင့် ငါသည် မရပ် မရှိရဘူးဆိုတဲ့ သဘောကော (ထားပါတယ် ဘုရား) သူလည်း အာသဝတားမြစ်တာပဲ ရှင်း ပလား (ရှင်းပါပြီ)။

နှစ်မျိုးစလုံးနိဗ္ဗာန်ရောက်တယ်

ဒီကရှုတဲ့ ပုဂ္ဂိုလ်ကကော (အာသဝတားမြစ်ပါတယ်) ဒါဖြင့် အာသဝေါတရားကုန်ရင် နိဗ္ဗာန် ရောက်တယ်။

အာသဝေါတရားကုန်ရင် (နိဗ္ဗာန်ရောက်ပါတယ်) နိဗ္ဗာန် ရောက်တာချည်းပဲဆိုတာ ရှင်းကြပလား (ရှင်းပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့မြင်တဲ့စိတ်ကို ဘာလုပ်မယ်၊ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) အင်း- သိတဲ့စိတ်ကို (ဖြစ်ပျက်ရှု) အဲဒါကြောင့် စက္ခုဝိညာဏံ အနိစ္စံ၊ ရှုလည်းရတယ်၊ မနောဝိညာဏံ အနိစ္စံ ရှုလည်း ရတယ် သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကဲ-ကြားတယ်၊ သိတယ်ဆိုရင်ဖြင့် ကြားတဲ့စိတ်ကို ကော (ဖြစ်ပျက်ရှုရပါမယ်) သိတဲ့စိတ်ကော (ဖြစ်ပျက်ရှုရပါမယ်)။

အဲဒါရှုနိုင်မှ ရမှာ၊ ဒါတောင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကြားတာ သိပြီး အတော်ကြာနေမှ ရှုဖြစ်တာက ပါသေးတယ်၊ ဒီရပ်ရမှာ ဝေးလို့၊ အတော်လေး မျှောသွားသေးတယ်ဗျာ၊ မနည်း ပြန်ဆယ်ရတယ်။

ကိလေသာကြားခိုရင်၊ မဂ်ရနှေးတယ်

မနည်းပြန်ဆယ်ရတဲ့နောက် ကြားထဲ ကိလေသာ ကြားခိုတယ်၊ ကိလေသာ ကြားခိုသွားတယ်။ ကိလေသာကြား ခိုတော့ ခင်ဗျားတို့ မဂ်ရနှေးတယ်၊ သဘောပါကြပလား (ပါပါပြီ)။

ကိလေသာကြားခိုရင် (မဂ်ရနှေးပါတယ် ဘုရား) ကျုပ် ဂရုတော့စိုက်တာပဲ ဖြုန်းခနဲဆိုရင် မရှုဖြစ်ဘူး၊ ဖြုန်း ခနဲမရှုဖြစ်ဘူးဆိုတော့ ဒီကြားထဲ တစ်ခုခုကတော့ ဝင်ရတော့မယ် (ဝင်ပါတယ် ဘုရား)။

ဝင်တာ၊ ဘယ်သူဝင်တာများသလဲဆိုတော့ မသိတဲ့ အဝိဇ္ဇာဝင်တာ များတယ်၊ အဝိဇ္ဇာဇော (၇)ကြိမ် ဝင်သွားတယ်။ မဝင်ဘူးလား (ဝင်ပါတယ်)။

အဲ အဝိဇ္ဇာဇော (၇)ကြိမ်ဝင်သွားတော့ မြင်တယ်။ သိတယ် မရှုဖြစ်ဘူး နောက်မှ ရှုဦးမှပါပဲ ဆိုပြီး မြင်တာ သိတာ လေးရှုလိုက်တယ်၊ အင်း-ကြားထဲ အဝိဇ္ဇာဇော (၇)ကြိမ်က ဝင်သွားရော ဒါဖြင့် ကိလေသာကြား ခြားသွားတယ်။

ဘယ့်နှယ်ဆိုကြမယ် (ကိလေသာကြားခြားသွားပါ တယ်) ကိလေသာကြား ခြားသွားလို့ ရှိရင်ဖြင့် အရနှေးလိမ့် မကွတဲ့ ကိလေသာ ကြားခြားရင် (အရနှေးမှာပါ ဘုရား)။

ကိလေသာမရောရင် (၇)ရက်နှင့်ရနိုင်တယ်

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အင်္ဂုတ္တိုရ်ပါဠိတော် မှာ (သသတံ သမိတံ အဗ္ဘောကိဏ္ဏံ စေတသာ အဓိမုစ္စမာနော ပညာယ) ဟောတယ်၊ ကိလေသာ မရောပဲနဲ့ မပြတ်ရှုလိုက်လို့ ရှိရင်ကွာတဲ့ (၇)ရက် (၇)လ (၇)နှစ်ဆို ရပါတယ်။

မြန်ရင် (၇) ရက်ပါပဲ မသေချာဘူးလား (သေချာပါ တယ်) သို့သော် အခု ဒကာ ဒကာမတွေ ဘယ်နှယ်ကြောင့် မရပါလိမ့် ဆိုပြီး စိတ်တော့ မပျက်လိုက်နဲ့ (မှန်လှပါ ဘုရား)။

နိဗ္ဗာန်ဘာ့ကြောင့်မတွေ့သေးပါလိမ့်

တပည့်တော်ဘုရား၊ ဖြစ်ပျက်တွေမြင်ပါလျက်နဲ့ နိဗ္ဗာန်ကိုဘုရား မတွေ့သေးဘူး၊ ဟ- ဒကာ ဒကာမတွေ မတွေ့တာ သူများအပြစ်လို့ အောက်မေ့မနေနဲ့ နိဗ္ဗာန် မရှိလို့ မတွေ့တာ မဟုတ်ဘူး၊ ကိလေသာ ကြားခြားနေလို့၊ ဘယ်လို မှတ်ကြမယ် (ကိလေသာ ကြားခြားနေလို့ပါ ဘုရား)။

ကိလေသာ ကြားခြားနေလို့ မရလိုက်တာကို ဒကာသစ်တို့က ကံမကောင်း အကြောင်း မသင့်လို့လည်း မယူနဲ့ ရှင်းပလား (ရှင်းပါပြီ)။

ဒီဘဝကျွတ်မှ ကျွတ်ထိုက်ပါရဲ့လားလို့ ပါရမီများ ကညံ့ရော့လားလို့ ဒီဘက်ကိုဆင်ခြေမသွားနဲ့ သဘောကျ ပလား (ကျပါပြီ) ဘာဖြစ်နေတာလဲ (ဒီဘဝကျွတ်မှ ကျွတ် ထိုက်ပါ့မလားလို့)။

ကိလေသာ ကြားခြားတာကိုကြာတော့ ဒီတစ်ခါ ကိလေသာ ကြားခြားမှန်း သိတော့ကိုး၊ နောက်တစ်ခါဖြင့် ဝီရိယ ပိုထားလိုက်။

ဝီရိယ ပိုထားလိုက်တော့

ဝီရိယ ပိုထားလိုက်တော့ ဒကာသစ်ရေ နောက် တစ်ခါကျတော့ မြင်တဲ့ စိတ်ကလေးကော မိချင် မိသွားမယ်၊ သိတဲ့စိတ်ကလေးကော (မိမှာပါ ဘုရား) ကြံတဲ့စိတ် ကလေးကော (မိမှာပါ ဘုရား) သိတဲ့စိတ်ကလေးကော (မိမှာပါ ဘုရား)။

အဲဒီလိုမိသွားတဲ့အခါကျတော့ ကြာတော့ ဦးဘအုန်း စိပ်မလာဘူးလား (လာပါတယ် ဘုရား) စိပ်လာတဲ့အခါ ကျတော့ကို ဖြစ်ပျက်ကလည်းစိပ်၊ မဂ်ကလည်းစိပ်၊ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကြားထဲမှာ ကိလေသာ မခြားရင် (၇) ရက်အတွင်း ရမယ်။

ဖြစ်ပျက်နဲ့ မဂ်နဲ့ကြားထဲမှာ (ကိလေသာမခြားရင် (၇) ရက်အတွင်းရပါမယ် ဘုရား) ကိလေသာ မခြားရင် လောကုတ္တ ရာ မဂ် (၇) ရက်အတွင်း ဖြစ်မယ်၊ ဖြစ်ပျက်နဲ့ လောကီမဂ် အတွင်းမှာ ကိလေသာ မခြားရင် (လောကုတ္တရာမဂ်(၇) ရက် အတွင်းဖြစ်မှာပါ ဘုရား)။

(၇) ရက်နဲ့ လောကုတ္တရာမဂ်ရမယ်ဆိုတာ သေချာ ပလား (သေချာပါပြီ) အဲဒါ သေသေချာချာ ဟောပါတယ်။

သေသေချာချာ ဘုရားဟောတော်မူလို့ ဘုန်းကြီးတို့ က ရဲဝံ့စွာ ဟောတာပါ။

(ယော ဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဌာနေ ဧဝံ ဘာဝေယျ သတ္တာဟံ)။

ဒီအတိုင်းသာ သွားကြည့်စမ်းပါ (၇) ရက်အတွင်း ရပါတယ် ဒါဖြင့် တပည့်တော်တို့ ဘုရား၊ ကြာလည်းကြာပြီ၊ ဆရာဘုန်းကြီးနဲ့ တွေ့နေတာ၊ အခုလည်း လုပ်ရက်ပါပဲ ဘုရား။

ဘယ်နှယ်ကြောင့် ဘာများဖြစ်နေသတုံးဆိုတာ မေးဖို့ လိုသေးသလား (မလိုပါဘူး) မလိုလို့ရှိရင် ကိုယ့်ဟာကိုယ် ဖော်ရုံရှိတော့တယ်၊ ဘယ်နှယ် ဖော်ကြမယ် (ကိလေ သာကြားခိုနေလို့ပါ ဘုရား)။

ပါရမီကြောင့်လား၊ ဝီရိယကြဲလို့လား

ကိလေသာကြားထိုးနေတယ်ဆိုတဲ့ အဓိပ္ပါယ် ရှင်းပလား (ရှင်းပါပြီ ဘုရား) အေးလေ ဒါကြောင့် ပါရမီကို မချပါနဲ့ဆိုတာဖြင့် ဒကာသစ်မှာလိုက်တယ်။ ပါရမီမချပါနဲ့တဲ့ ပါရမီချမယ်ဆိုလို့ရှိရင် ဒီဖြစ်ပျက်ကို မတွေ့ပါဘူး သဘောကျ ပလား (ကျပါပြီ)။

ပါရမီချရမှာလား ကိုယ့်ဝီရိယက ကြဲနေသေးတာ လား (ကိုယ့်ဝီရိယက ကြဲနေလို့ပါ ဘုရား) ကဲဒါဖြင့် ဝီရိယ စိပ်စိပ်၊ စိပ်စိပ်ပြီး သကာလ ပေးလိုက်စမ်းပါ။

ဝီရိယ စိပ်စိပ်၊ စိပ်စိပ်ပြီးသကာလ ပေးလိုက်တဲ့ အခါ ကျတော့ဖြင့် ကိလေသာ ကြားထိုး နိုင်သေးရဲ့လား (မထိုးနိုင် ပါ ဘုရား)။

ညနေအားထုတ်၊ မနက်ရပါတယ်

မထိုးနိုင်တော့ အဘယရာဇ ကုမာရ မင်းသားတို့ သုတ်တွေ ထောက်ကြည့်လိုက်တော့ အို ဒီလိုသာ မင်း ရှုသွားမယ်ဆိုကွာ ဆရာကောင်းနဲ့လည်း ကြုံမယ်ဆိုလို့ရှိရင် ညနေ အားထုတ် မနက်တောင် ရပါတယ်လို့ ဘုရားက ပြောလိုက်သေးတယ်၊ သဘောပါပလား (ပါပါပြီ)။

ဒါဖြင့် မဂ်ရမည့်နည်းဟာဖြင့် ဒကာ ဒကာမတို့ ကိလေသာကြား မခိုဖို့ဟာ တော်တော် အရေးကြီးပါလား၊ ဘာ အရေးကြီးပါလိမ့် (ကိလေသာကြား မခိုဖို့ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ မြင်တာကိုလည်း ဖြစ်ပျက်ရှု၊ သိကာကော (ဖြစ်ပျက်ရှုရမှာပါ ဘုရား) တစ်ချက်ချက် မိပါ စေနော်၊ တစ်ချက်ချက် မိရင် ကိလေသာကြား မခိုနိုင်တော့ ဘူး၊ ကြားတာကို ရှုနိုင်၊ သိတာကိုကော (ရှုနိုင်ရူပါ ဘုရား)

အင်း ကြားတာက ကြားတယ်၊ ကြားတဲ့စိတ်ရှု၊ သိတာက ငှက်သံပဲ၊ ခွေးသံပဲလို့ သိချင် သိနေမယ်၊ သိတဲ့ စိတ် ဘာလုပ်ရမလဲ (ဖြစ်ပျက် ရှုရမှာပါ) နံတာကိုကော (ဖြစ်ပျက် ရှုရမှာပါ) မွှေးတယ် ကြိုင်တယ် ဆိုတဲ့ သိတဲ့စိတ်ကော (ဖြစ်ပျက်ရှုရမှာပါ)။

အဲ-ဖြစ်ပျက်ရှုပြီး စားတာလည်း စားတဲ့စိတ်ကလေး .ကိုသော်လည်းကောင်း (ဖြစ်ပျက် ရှုရမှာပါ) အင်း-ချိုတယ် ချဉ်တယ် ဖြစ်တဲ့စိတ်ကလေး (ဖြစ်ပျက်ရှုရမယ်)။

အကုန်ရှုပါတဲ့ ဒွါရ ခြောက်ပေါက်မှာ ဒကာ ဒကာမ တို့ အကုန်ရှုလိုက်ပြီဆိုမှဖြင့် အင်း ဘာဝနာ ကိစ္စနဲ့ ကျုပ်တို့က နိဗ္ဗာန်သွားတာ။

ဒီမာလုကျပုတ္တကတဲ့သတိကို ထိမ်းပြီးသကာလ၊ အာသာဖယ်သွားတယ်၊ သဘောကျပလား (ကျပါပြီ)။

ကျုပ်တို့က ဘာဝနာကိစ္စနဲ့ အာသဝပယ်တယ် သူက ဣန္ဒိယသံဝရနဲ့ ကိစ္စနဲ့ ပယ်သွားတယ်၊ ရိပ်မိကြပလား (ရိပ်မိ ပါပြီ)။

ဒါဖြင့်-ဒကာ ဒကာမတို့ သူ့နည်းနဲ့သူ ရောက်တာကို လည်း အပြစ်မဆိုနဲ့၊ ကိုယ့်နည်းနှင့် ကိုယ်ရောက်တာကို အဓိကထား ပေါ်ကြပလား (ပေါ်ပါပြီ)။

ကိုယ့်နည်းက ဖြစ်ပျက်ရှုတဲ့ဂိုဏ်း

ဒါဖြင့် ကိုယ့်နည်းကဖြစ်ပျက်ရှုတဲ့ဂိုဏ်း၊ ဖြစ်ပျက်ဆို တာလည်း ဒကာသစ် အထူးရှာရမှာလား နဂိုရှိလား (နဂို ရှိပါ ဘုရား)။

မြင်တဲ့စိတ်ကလေးလည်းမြင်ပြီး ပျက်တာပဲ၊ စားတဲ့ စိတ်ကလေးဟာကော (စားပြီး ပျက်ပါတယ်) စားပြီး ပျက်တာ ကို နောက်ကနေပြီး ခင်ဗျားတို့က ပျက်ပြီ၊ ပျက်ပြီလို့သာ သိလိုက်နေပါ။

ကြာတော့ ဒီအပျက်တွေဟာ ကိုယ့်အသေတွေ ဖြစ်လို့၊ ကိုယ့်အသေတွေဖြစ်လို့ အပျက်တွေ မုန်းပါလိမ့်မယ်။

ကိုယ့်အသေတွေ အပျက်တွေ မုန်းလို့ ကိုယ့်ခန္ဓာကြီး သူလိုချင်ပါဦးမလား (မလိုချင်ပါ ဘုရား) မလိုချင် မရတော့ ခန္ဓာဇာတ်သိမ်းတာပဲ၊ မလိုချင်တော့မရဘူး၊

ဒါဖြင့် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ မလိုချင်တာက လိုချင်တာ ချုပ်သွားတာက လိုချင် သမုဒယ ချုပ်သွားတာက သမုဒယသေတာ၊ သူသေခြင်းကြောင့် နောက်ခန္ဓာ မပေါ်တာက နိရောဓသစ္စာ၊ ရိပ်မိပလား (ရိပ်မိ ပါပြီ)။

ကိုင်း ယနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။

[1] [2]