111

[1] [2]

မျက်ရည်ကျတဲ့ဇာတ်ကို သိမ်းကြပါ

အသံဖိုင်ခေါင်းစဉ်= ခန္ဓာငါးပါးကမ်းနားသစ်ပင်(နဒီသုတ်) ကုမာရကဿပမယ်တော်ဥပမာပြ တရားအားထုတ်သော ပုဂ္ဂိုလ်တို့သည် လိပ်ကဲ့သို့ ကျင့်ရမည်

စာအုပ်ခေါင်းစဉ်= မျက်ရည်ကျတဲ့ဇာတ်ကို သိမ်းကြပါ (ကုမာရကဿပမယ်တော်)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

မျက်ရည်ကျတဲ့ဇာတ်ကို သိမ်းကြပါ

(ကုမာရကဿပမယ်တော်)

(၈-၁၀-၅၆)

ရေနစ်တဲ့ ပုဂ္ဂိုလ် ဖြစ်စေ၊ ရေမျောတဲ့ ပုဂ္ဂိုလ် ဖြစ်စေ၊ အဆွဲမှားလို့ရှိရင် သစ်ကိုင်းခြောက် ဆွဲမိရင် ပြုတ်ကျ တာပဲ၊ ရေမျောလာတဲ့ ပုဂ္ဂိုလ်လည်း ထို့အတူပဲတဲ့ မိရာဖမ်းဆွဲ ငြား သော်လည်း၊ သစ်ပင် မခိုင်လို့ရှိရင် ဒီသစ်ပင်ကပဲ ဆွဲရာ ပုဂ္ဂိုလ် ပြန်ပိသေးတယ်။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟော တော်မူတယ်၊ ဘယ်လို ဟောတော် မူသလဲ ဆိုတော့ ဒကာ ဒကာမတို့ ဖြစ်စဉ်ဟာတဲ့ ဆရာကောင်းသမားကောင်း မတွေ့ မကြုံပြီဆိုမှဖြင့် စွဲမိစွဲရာ စွဲလမ်းမိ လမ်းရာလမ်း ဆိုသလို စွဲလမ်း မှုတွေနဲ့ အချိန်ကုန်ပြီး သကာလ နေကြမယ် ဆိုရင်ဖြင့် သူတို့ ဆွဲလို့ သူတို့ ဆွဲကိုင်ရာနဲ့ သူတို့ ပိပြီး သကာလ သူတို့ပဲ ဒုက္ခ ရောက်မဟေ့လို့ ဘုရားက ဟောတော်မူတယ်။

ဥပမာဘယ်လိုဟောတော်မူသတုံးဆိုတော့ အရှေ့ ဘက်ကနေပြီး သကာလ အင်မတန် ပြင်းထန် လှစွာသော ရေကြီးစီးပြီး ချောင်းကြီးထဲကို ရောက်အောင် မသိ မလိမ်မာတဲ့ ပုဂ္ဂိုလ်တစ်ဦး၊ တစ်ယောက်က ရေအယဉ်မှန်း မသိလို့ ဇတ်ဆို ရေထဲ ရောက်ပြီးသကာလ လာခဲ့တယ် (မှန်ပါ့)။

ရေက အင်မတန် အစီးကြမ်းပြီး သကာလ နေတော့ ရေကို ရေမှန်းမသိလို့ ဆင်းလာပြီ ဆိုတော့ ရေထဲရောက်တဲ့ အခါ ရေသည် အင်မတန် အစီးသန်သည် ဖြစ်လေ သောကြောင့် ရေထဲမှာ မျောရှာတယ်။

ရေမှန်းမသိလို့ဆင်းလာတယ်

ရေ၊ ရေမှန်းမသိလို့ ဆင်းလာတာကိုး ဆင်းလာတဲ့ အခါကျတော့ ရေက အစီးကသန်၊ ရေစီးက သန်တော့ သူက ရေထဲမျော၊ မျောတဲ့ အခါကျတော့ ရေမျောတဲ့ ပုဂ္ဂိုလ် ဒကာ ဒကာမတို့ အားကိုး ရှာလိမ့်မယ်ဆိုတာ အထင်အရှားပဲ (မှန်လှပါ)။

အဲဒီ အားကိုးရှာတော့ သူပက်လက်ကြီးမျော၊ မှောက်လျက်လည်းမျော အမျိုးမျိုး အဖုံဖုံ၊ ရေထဲမှာ မျောလာတော့ လမ်းမှာ ကမ်းနားသစ်ပင် ဆိုတာတွေက ရှိတယ်။

အဲဒီ ကမ်းနားသစ်ပင် တွေကို သူကဖြင့် ဒါဖြင့် ရေမှ တက်ရာပဲ ဆိုပြီး သကာလ သစ်ကိုင်းလေး တွေ့လိုက် ဆွဲလိုက် ပေါ့ဗျာ။

ကမ်းနားသစ်ပင်ဆိုတာ

ထိုကဲ့သို့ ဆွဲလိုက်တဲ့ အခါကျတော့ ကမ်းနားသစ်ပင် ဆိုတာ နဂိုကလည်း ရေစားထားလို့ အမြစ်တွေကပေါ် နဂိုက မခိုင့်တခိုင် နေတာလေး သွားပြီးသကာလ ဆွဲလိုက်တော့ ဒီအမြစ်နှင့်တကွ ဆွဲလိုက်တဲ့ သစ်ပင်က ကိုယ့်အပေါ်မှာ ပိလိုက်ပြီး မြေစိုင်နှင့်တကွ အမြစ်တွေပါ ပြုတ်ကျလာပြီး ဆွဲလိုက်တဲ့ ပုဂ္ဂိုလ် အပေါ်မှာပဲ ပိရတယ် (မှန်လှပါဘုရား)။

ပါးစပ်ထဲဝင် မျက်လုံးထဲဝင်ပြီး သကာလ မြေမှုန့်တွေ ဝင်မလာဘူးလား (ဝင်လာပါတယ် ဘုရား)။

ေဩာ် အားကိုးရှာလိုက်တာ အားကိုး ရမလားလို့ အားကိုး ရှာလိုက်တာ ဒကာ ဒကာမတို့ သေသေချာချာ ရှင်းရှင်းလင်းလင်း စဉ်းစားတော့ အားကိုးမှုကြောင့် ဒုက္ခပို ရောက်ပါပေါ့လား ရေမျော လာရှာတာလေ (မှန်လှပါ ဘုရား)

ရေမျောလာရှာတာ ဒကာ ဒကာမတို့ အားကိုးရှာပြီး ကမ်းနားသစ်ပင် ဆွဲလိုက်တာ မြေစိုင်နှင့် တကွ အမြစ်ပါ ပြုတ်ကျလာတော့ သူ့မျက်နှာပေါ်၌ မြေမှုန့်တွေ မျက်လုံးထဲ ဝင်လိုဝင်၊ ပါးစပ်ထဲ ဝင်လိုဝင်ပြီး သကာလ ေဩာ် ရေမျောလို့ အားကိုးရှာ အားကိုးရှာလို့ ဒုက္ခတွေ့ပြီ (မှန်လှပါ ဘုရား)။

ဒီလိုမနေဘူးလား (နေပါတယ် ဘုရား) ဒါနဲ့ပဲ ဒီလိုပဲ မျော၊ မျောပြီး သကာလ သွားလိုက်တာ၊ ကမ်းနား သစ်ပင်တွေ လျောက်ဆွဲတော့ တွေ့ရာဆွဲ ဆူးပင်တွေ ဆွဲလိုက်တော့ ဆူးပင်တွေက လက်စူး၊ အမြစ်ပါ ပြုတ်ကျတော့ ကိုယ့်အပေါ်မှာပိ။

ဒီလိုချည်း သွားလိုက်တာ ကိုးစားရာ အားထားရာ ဒကာ ဒကာမတို့ ဒီပုဂ္ဂိုလ်ရပါ့မလား (မရပါ ဘုရား)။

မရတဲ့ကြားထဲ ရေစီးကသန် ကိုးစားရာ အားထားရာ သစ်ပင်တွေလည်း၊ ဆွဲလိုက်တိုင်း ကိုယ့်အပေါ်မှာ ပြုတ်ကျ ဘယ်မှာသာလျှင် သူခိုကိုးရာ အားထားရာ ကယ်ဆယ်ရာ မြင်သေးရဲ့ လား (မမြင်ပါ ဘုရား)။

မမြင်တော့ဘူး၊ ဆွဲလေသမျှလည်း အမှားချည်းကို ဒါနဲ့ပဲ မြှုပ်ခြင်းမှာ အဆုံးသတ်ပြီး သကာလ သွားရတယ်။

နဂိုက မျောပြီးလာတာ ကမ်းနား သစ်ပင်တွေကို ဆွဲဆွဲ၊ ဆွဲဆွဲပြီး သကာလ လာလိုက်တော့ မြေစိုင်က ပြုတ်ပြုတ်ကျပြီး သူ့မျက်လုံးထဲဝင် သူ့ပါးစပ်ထဲဝင်၊ သူ့ကိုယ်ပေါ်ပိ၊ အဲဒီကဲ့သို့ ပိပိပြီး သကာလ မျောရာကနေ မြှုပ်ပြီး သကာလ သွားရတဲ့ ရေမျောသမား သည်ကားလို့ ဆိုရင် ဒကာ ဒကာမတို့ မြင်ရလို့ ရှိရင်ဖြင့် ေဩာ် – သနားစရာ ကောင်းလိုက်တာ။

ရေမျောလို့ ခိုကိုးရာ ရှာပါသော်လည်း၊ ခိုကိုးရာ သစ်ပင်ဟာ ပြုတ်ပြီး သူ့အပေါ် ကျပါပေါ့လား၊ သူသာလျှင် ဒုက္ခရောက်ပါလား ဆိုတော့ ခိုကိုးရာအားထားရာသည် ဘယ်ခါကာလမှ သူမရရှာပါလား ဆိုတာ ဒကာ ဒကာမတွေ အထင်အရှား မြင်ပြီးသား ဖြစ်ပါလိမ့်မယ်။

အဲတော့ ဒီမျောနေတဲ့ အထဲမှာ ခုနက သစ်ကိုင်းနဲ့ တကွ မြေစိုင်တွေက ပြုတ်ပြုတ်၊ ပြုတ်ပြုတ်ပြီး ကျသောကြောင့် ဒကာဒကာတို့ နဂိုက တစ်ယောက်တည်း မျောတုန်းက အများသက် သာသေးတယ်၊ ကိုးစားရာ အားထားရာ ကမ်းနား သစ်ပင်တွေ ရှာလိုက်တဲ့ အခါကျတော့ ကမ်းနား သစ်ပင်တွေက ပြုတ်ခါပြုတ်ခါနဲ့ သူ့အပေါ်မှာ ပိပိ၊ ပိပိပြီး လာသောကြောင့် မျောရာကနေ မြှုပ်ရ ရှာတယ်။ (မှန်လှပါ ဘုရား)။

သနားစရာကောင်းတယ်၊ သနားစရာ အလွန် ကောင်းတယ်၊ ဒကာ ဒကာမတို့ ရေမသိလို့ ရေထဲ ဆင်းတယ်၊ ဆင်းလို့ ရေစီးကသန်လို့ မျောတယ်။

မျောလို့ အားကိုးရှာ၊ အားကိုး ရှာတော့ ကိုယ်ပေါ်မှာ ပိကျတယ်၊ ပိကျတာနဲ့ မျောရာက နေပြီး မြှုပ်ခြင်း လမ်းဆုံး ရတယ် ဆိုတော့ အတော်လေးကိုပဲ ကံဆိုးမိုးမှောင်ဖြင့် တန်းကုန်ပါပေါ့လား၊ အင်မတန် မနစ်နာ ဘူးလားဗျာ (နစ်နာပါတယ် ဘုရား)

အေး- ဒါ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သံယုတ်ပါဠိတော် ပုပ္ဗဝဂ်မှာ ဟောတော် မူတယ်နော်။

အခုသံသရာရေယဉ်ကြီးထဲမျောနေကြပြီ

ထို့အတူပါပဲတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ အခု သံသရာ ရေယဉ်ကြီးထဲ မျောနေကြပါပြီ။

ဘာကြောင့် သံသရာရေ၊ တဏှာရေထဲမှာ မျောရ ပါသလဲလို့ မေးတဲ့ အခါကျတော့မှ ဒကာ ဒကာမတို့က လူ့ပြည် ရောက်ရပါလို၏လို့ ဆုတောင်းတော့ လူ့ပြည် မျော လာတယ်။ (မှန်လှပါ ဘုရား)။

လူ့ပြည် တဏှာရေထဲ မျောလာကြတယ်။ လူ့ပြည် ဆုတောင်းပြီး သကာလ နေတာက တဏှာ ကိုဗျ၊ အဲဒီတဏှာ ရေကမှ တစ်ခါတည်း တဏှာရေက မျှောလိုက်ပြန်တာနဲ့၊ တဏှာရေ ဆိုတာ ကလည်း ကြမ်းကြီးပါလားဗျ (မှန်လှပါ ဘုရား)။

အကုသိုလ်ရေကိုးဗျ၊ အကုသိုလ်ရေ ဆိုတော့ ဒကာ ဒကာမတို့ သိပြီးသားအတိုင်း ရေကောင်း တော့ မဟုတ်ဘူး၊ ရေကြမ်းပဲ ဆိုတာတော့ဖြင့် အင်မတန် ပြင်းပြင်းထန်ထန် စီးတဲ့ ကြမ်းတမ်းတဲ့ ရေပဲ ဆိုတာဖြင့် ဒကာ ဒကာမတို့ ငြင်းဖို့ မလိုတော့ပါဘူး (မလိုတော့ပါဘူး ဘုရား)။

အဲတော့ ဒကာ ဒကာမတွေဟာ အခု ဘယ်ရောက် လာကြသတုံးလို့ မေးလိုက်တဲ့အခါ လူ့ပြည်မှာ လူအဖြစ်ကို ရချင်တဲ့ သဘောနဲ့ ဆုတောင်း လိုက်သောကြောင့် ဆုတောင်း တဏှာရေက မျှောတာနဲ့ အခုဖြင့် လူ့ပြည်မျောလာကြပြီပေါ့ ဗျာ – (မျှောလာပါပြီ ဘုရား) သဘောကျပလား (တင်ပါ့ ဘုရား)။

လူ့ပြည် မျောလာကြပြီ ဒကာ ဒကာမတို့ ရိပ်မိကြပ လား (ရိပ်မိပါပြီ) အင်း- ဒကာ ဒကာမ တို့သည် အခုဘာဖြစ် နေကြသတုံးဆိုတော့ မျောတုံးပါပဲ ဘုရား။ (တင်ပါ့)။

ဘယ်ရေထဲ မျောလာတာတုံး မေးတော့ ကိုယ့် ဆုတောင်းရေထဲ ကိုယ်မျောလာတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ) ဘယ်ရေထဲ မျောလာပါလိမ့် (ကိုယ့် ဆုတောင်းရေထဲ မျောလာတာပါ)။

ကိုယ့်ဆုတောင်း ရေထဲမျောပြီး သကာလ လာကြ တော့ ဒီကျပြန်တဲ့အခါ ကျလို့ရှိရင်ဖြင့် ဘယ်သူ့ အားကိုးရပါ့ မလဲ စားဖို့သောက်ဖို့၊ နေဖို့ထိုင်ဖို့ ချမ်းသာဖို့ ဆိုပြီး အားကိုး တယ်၊ ရှာကြတယ်။

အမေအဖေအားကိုးတယ်

အားကိုးရှာတော့ အမေ အားကိုးတယ်၊ အမေက အနိစ္စမို့ ပြုတ်ကျတယ်၊ ဟင် ကမ်းနား သစ်ပင် ကိုးဗျ၊ အမေ အားကိုးတော့ အမေက အနိစ္စမို့ ပြုတ်ကျတယ်၊ ကိုယ့်မှာ ဝမ်းနည်း ပက်လက်နဲ့ အမေနဲ့ ခွဲရတာပေါ့ဆိုပြီး ငိုချင်းချတယ်။

အင်း ပြုတ်ကျပြီ၊ ပြုတ်ကျပြီ၊ ဒကာ ဒကာမတို့ တဏှာ ရေမျောလာရတဲ့ အထဲမှာ အမေ့ အားကိုး ရပါမလား အောက် မေ့တယ်၊ သူကလည်း အနိစ္စ ခန္ဓာကိုယ်ဖြစ်လို့ အကုန်ပြုတ် ကျတာနဲ့ သားတွေ သမီးတွေမှာ ရင်ကွဲပက်လက် အကုန်ဖြစ် ကြရတယ် (ဖြစ်ရပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီပုဂ္ဂိုလ်ရင်ကွဲပက်လက်ဖြစ်ရပါ လိမ့်မတုံးဆိုတော့ တဏှာ ရေထဲ မျောလာတာ အမေနဲ့ အဖေနဲ့ နေရလို့ရှိရင် တော်သေးရဲ့ဆိုပြီး သကာလ လာခဲ့ ကြတာ၊ အမေလဲ ပြုတ်ကျပြီ (မှန်လှပါ ဘုရား)။

ဘယ်သူ အပေါ်ပြုတ်ကျသတုံး ဆိုတော့ မျောတဲ့ ပုဂ္ဂိုလ်ပေါ်ပြုတ်ကျတယ်၊ သူပဲ ငိုရရှာတယ်၊ သူပဲ ရင်ထုရ ရှာတယ်၊ သူပဲ မြေလူး ရရှာတယ်။

အင်း အမေဆိုတာ အားကိုး လောက်တယ်ဆိုပြီး သကာလ၊ အမေအဖေ ရှိတယ်ဆိုလို့ရှိရင် ဒို့တတွေ ဘာပူစရာ ရှိတုံး၊ သူတို့ အားကိုးပြီး သကာလ ဒို့နေပါတော့မယ် ဆိုပြီး သကာလ အမေအဖေ အားကိုးပြီး ဆွဲလိုက်တော့ အမေအဖေ က အနိစ္စမို့ အနိစ္စ ခန္ဓာကိုယ် တွေဖြစ်လို့ ဒကာ ဒကာမတွေ ဘယ်သူ့ အပေါ် ပြုတ်ကျသတုံး (ဆွဲတဲ့ ပုဂ္ဂိုလ်ပေါ် ပြုတ်ကျပါ တယ် ဘုရား)။

တဏှာနဲ့ ဆုတောင်းပြီး မျောလာတဲ့ ပုဂ္ဂိုလ်ပေါ် ပြုတ်ကျတယ် (မှန်ပါ့ ဘုရား)။ အင်း- ခုတော့ဖြင့် ဒကာ ဒကာမတွေ ဘယ်လိုများနေကြပါသတုံး ဆိုတော့ဖြင့် ပြုတ်ကျတဲ့ ဥစ္စာတွေပဲ တွေ့ခဲ့ရတာပဲ။

ကိုယ့်ဖြင့် တက်နိုင်တယ်၊ ရေလွတ်ပြီဆိုပြီး သကာလ တက်နိုင်တယ် လှမ်းနိုင်တဲ့ ခိုကိုးရာ မရသေးဘူး (မှန်လှပါ ဘုရား)။

အခု၊ အမေ ဆိုတာလည်း ကမ်းနားသစ်ပင်နော်၊ အဖေ ဆိုတာကော (ကမ်းနားသစ်ပင်ပါ) အဲဒါတွေအခု၊ ခင်ဗျားတို့ အမေ့အတွက် အဖေ့အတွက် ပြုတ်ကျလို့ ခင်ဗျား တို့ ဒုက္ခရောက်ပြီး ကြပလားလို့ မေးရင်၊ ဘယ်နှယ် ဖြေကြ မလဲ (ဒုက္ခရောက်ပြီးပါပြီ ဘုရား)။

အင်း- နဂိုကတော့ သမီးဆိုရင် မအေအားကိုး၊ သားဆိုရင် မအေအားကိုး၊ အဖေအားကိုးပြီး နေကြတာ အခုဖြင့် တောင်ကြီးပြိုလို့ ကမ်းပြိုလို့၊ ကိုယ့်အပေါ် ပိပါ ပေါ့လားဆိုတာ ဒကာ ဒကာမတွေ လူတိုင်း တွေ့ဖူးကြပါလိမ့်မယ် (တွေ့ဖူးပါတယ် ဘုရား)။ သဘောကျပလား (ကျပါပြီ)။

ကြည့်စမ်း၊ ရေမျောလာလို့ အားကိုးရှာတာ ပြုတ်ကျ တဲ့ သစ်ပင်ကိုပဲ ကမ်းနားသစ်ပင်နဲ့ တူတဲ့ အနိစ္စ ခန္ဓာကိုယ်တွေ သွားအားကိုးတော့ အနိစ္စပဲ။

ခန္ဓာကိုယ်ကြီးက အမေအဖေ အနိစ္စ ခန္ဓာကိုယ်တွေ ဖြစ်ပြီး သကာလ နေတော့၊ ခန္ဓာ ကိုယ်တွေက အကုန် အနိစ္စ ဖြစ်နေသောကြောင့် အားကိုးတဲ့ သားတွေ သမီးတွေ၊ သံသရာ ခရီးသည် တွေ ရေမျောလာတဲ့ တဏှာ ရေမျှောလို့ လူ့ပြည် ရောက်လာလို့ မျောနေတဲ့ ပုဂ္ဂိုလ်တွေ အပေါ်မှာ ပြုတ်ပြုတ် ကျတယ် (မှန်ပါ့)။

ကျလို့ပဲ အားကိုးရမလားလို့ အားကိုးလိုက်၊ ပြုတ်ကျ လိုက်၊ ပြုတ်ကျလိုက်တော့ ရင်ကွဲ ပက်လက်ဖြစ်တယ်၊ ဘယ်သူ့ အပေါ်ပိပါလိမ့်ဗျာ၊ (အားကိုးတဲ့ ပုဂ္ဂိုလ် အပေါ် ပိပါတယ် ဘုရား)။

တဏှာရေကမျှောလိုက်လို့မျောရတယ်

မျောလာတာကလဲ ဒကာစိန်တို့ကို လူ့ပြည် မျှောလိုက် တာက တဏှာရေက မျှောလိုက်တယ်၊ ခင်ဗျားတို့ တဏှာက ဆုတောင်းပြီး ယူလာတာသူ၊ သူ့ဆုတောင်း အတိုင်း ဖြစ်လာတာ သူ သူ့တဏှာ ရေမျှောသလို မမျောရဘူးလား (မျောရပါ တယ် ဘုရား)။

အေး- တဏှာရေမျှောသလို မျောရသောကြောင့် ဒီဘဝကျတော့ မျောလာပါပေါ့လား လူ့ပြည် တော့ဖြင့် မျောလာပါပေါ့ဟ၊

မည်သူ့ အားကိုးရပါ့မတုံးဆိုတော့၊ အို အမေ ရှိသားပဲ၊ အဖေရှိသားပဲဆိုပြီး ကမ်းနား သစ်ပင် အနိစ္စတွေ အားကိုး လိုက်တယ်။

အားကိုးလိုက်တော့ တဖြုတ်ဖြုတ်နဲ့ အမေတွေသေ၊ အဖေတွေသေ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)၊ အဲဒီတော့ အားကိုးရာ မရတော့ မျက်ရည်ကြီးငယ် ကျပြီး သကာလ ဒေါမနဿနဲ့ပဲ အချိန် မကုန်ခဲ့ကြရဘူးလား (အချိန်ကုန် ခဲ့ကြရပါတယ် ဘုရား)။

အင်း- ဒါလူ့ပြည်မျောလာလို့ ဒကာ ဒကာမတို့ ကမ်းနားသစ်ပင် မြေစိုင်နှင့်တကွ မျောတဲ့ ပုဂ္ဂိုလ် အပေါ် ပိပါ ပေါ့လား ဆိုရင် ငြင်းစရာ မလိုတော့ဘူး၊ ပိပြီးကြပြီလား၊ မိပြီး ကြပြီလား ဆိုရင် ဘယ့်နှယ်ဖြေမလဲ၊ (ပိပြီး ကြပါပြီ ဘုရား)။

အင်း- ခင်ဗျားတို့က ဒါတွေဘာပါလိမ့်မတုံးလို့ မေးလို့ရှိရင် သံသရာ ရေယာဉ်ကြောမှာ တဏှာ ရေထဲမှာ မျောလာကြတော့ အားကိုးကလဲ ရှာကြတာကိုး။

လူ့ပြည် မျောလာတာပေါ့ဗျာ၊ မျောလာပြီး သကာလ အားကိုး ရှာပြန်တော့လည်း၊ ဒကာ ဒကာမတို့ အမေပဲ၊ အဖေပဲ ဆိုပြီး အားကိုး လိုက်ကြတယ်။

အားကိုးလိုက်တော့ ဒီကခိုင်တဲ့ သစ်ပင်လား၊ အနိစ္စ တွေလား (အနိစ္စတွေပါ ဘုရား)၊ ဪ အမေလည်း အနိစ္စမို့ တပည့်တော်တို့ဘုရား၊ အမေသေလို့ကိုပဲ၊ ရင်ထု မြေလူးနဲ့ အတော် ဒုက္ခ ရောက်ခဲ့ ရပါတယ် ဘုရား။

အဖေ သေတော့လည်း ဆိုးလိုက်တဲ့ ဖြစ်ခြင်း၊ မပြော ပါနဲ့တော့၊ မျောလာတာကိုး၊ ကမ်းနား သစ်ပင် နှစ်ပင်က ဟိုက ပြုတ်ကျလိုက်၊ ဒီကပြုတ်ကျ လိုက် ဆိုတော့ ဘယ်သူ့အပေါ် ပြုတ်ကျပါလိမ့် ဆိုတော့ (မျောတဲ့ ပုဂ္ဂိုလ်ပေါ်ပါ ဘုရား)။

အင်း- ဒကာ ဒကာမတွေ ယခုနေရတဲ့ အခြေအနေ ကဖြင့် ဤအခြေအနေပါပဲ (မှန်လှပါ ဘုရား)၊ အမေတွေ လည်းပြုတ်ကျကုန်ပြီ၊ အဖေတွေလည်း ပြုတ်ကျကုန်ပြီ၊ သဘောကျပလား (ကျပါတယ် ဘုရား)။

သား၊ လင်၊ ခင်ပွန်း အားကိုးကြပြန်တယ်

ကိုင်း- ရှေ့ဖြင့် ဘယ်သူ့ အားကိုးရမတုံး ဆိုပြီး သကာလ အိမ်ထောင်ရယ်လည်း ကျပြန်ရော၊ သား, လင်, ခင်ပွန်းသည် ကို အားကိုး ကြပြန်တယ်။

အားကိုး ကြတာတွေကလည်း၊ သူတို့ ကလည်း ကမ်းနားသစ်ပင်၊ အနိစ္စတွေ ပြုတ်ဦးမှာပဲ၊ ဒကာ ဒကာမတွေ ခိုင်ပါ့မလား (မခိုင်ပါဘူး ဘုရား)၊ ဘာခန္ဓာကိုယ်တွေ လည်း (အနိစ္စခန္ဓာ ကိုယ်တွေပါ)။

အင်း- ဒကာ ဒကာမတွေ၊ ခင်ဗျားတို့ အတွက်ဖြင့် အမေ အဖေတွေ ပြုတ်ကျ၊ အနိစ္စတွေ ပြုတ်ကျလို့၊ ကမ်းနား သစ်ပင်တွေ ပြုတ်ကျတာတောင်မှ အခု ထက်တိုင်အောင်ပဲ သား လင် ခင်ပွန်း အားကိုးတုံးပဲ၊ ပြုတ်ကျမည့် အနိစ္စတွေ အားကိုးတုန်းပဲ ဆိုတော့၊ ပိချင်သေးလို့၊ မြုပ်ချင်သေးလို့ အားကိုးကြတာပဲ ဆိုတာ သေသေချာချာ စဉ်းစားကြပါတော့ (မှန်လှပါ ဘုရား)။

ဘယ်လောက်များ ခင်ဗျားတို့ ဆိုးဝါးချက် ပေါ်တယ် ဆိုတာဖြင့် အထူး ပြောစရာလိုသေးလား (မလိုတော့ပါ ဘူး)၊ တယ်ကြောက်စရာ ကောင်းပါလား (ကောင်းပါ တယ် ဘုရား)။

အခု- အစုံအလင်ရှိနေတဲ့ ပုဂ္ဂိုလ်တွေ အတွက်တော့ ဘာဖြစ်ဦးမှာတုံး မေးလို့ရှိရင် ဘယ်နှယ် ပြောတုံး (ပြုတ် ကျမှာပါ ဘုရား)၊ ကျဦးမှာပဲ၊ ရှေ့ပြုတ် နောက်ပြုတ်ပဲသာ အောက်မေ့တော့ (တင်ပါ့ ဘုရား)။

ပြုတ်တိုင်းပြုတ်တိုင်း ဘယ်သူ့ အပေါ်ပိမလဲလို့ မေးပါဦး (အားကိုးတဲ့ လူအပေါ် ပိမှာပါ ဘုရား)၊ ဪ- ဒကာ ဒကာမတို့ ခင်ဗျားတို့ အတွက်ဖြင့် ရှေ့လည်း စိတ်ချစရာ မရှိ ပါလား၊ နောက်ကလည်း ပြုတ်ကျလို့ ပိခဲ့ကြပြီ (မှန်ပါ့ ဘုရား)။

ရှေ့လည်း ပြုတ်ကျမည့် အပင် ဆွဲပြန်ပြီ ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ မြုပ်ချေသေးရဲ့၊ နစ်ချေသေးရဲ့ ဆိုတဲ့ အဓိပ္ပါယ် ဟာ သေချာရောက်ပါတယ်။ သဘောပါကြရဲ့လား (ပါ, ပါ တယ်)။

ဘုရားက အသေအချာဟောထား

ဘုရားဟောတော်မူတာ၊ ဘုရားဟောတော်မူတာ ပုပ္ဗဝဂ်မှာ အသေအချာ ဟောတော်မူတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲတော့ – ဒကာစိန်ရေ – ဒကာ ဒကာမတွေ အားကိုးနေသမျှဟာ ပြုတ်ကျမည့် ကမ်းနား သစ်ပင်ချည့် အားကိုးမိလျက် ကြုံနေရတယ်၊ ရိပ်မိကြပလား (ရိပ်မိပါ ပြီ ဘုရား)။

ကိုထွန်းအောင်ရေ – ခင်ဗျား ပြုတ်ကျပြီးပြီနော်၊ အေး ခင်ပွန်းသည်တွေ တည်ထောင် လိုက်တာ အခု ခင်ပွန်းမ ရှိသေးရဲ့ လား (မရှိတော့ပါ ဘုရား)၊ မရှိတော့ ဘာဖြစ် သွားသတုံး (ပြုတ်ကျ သွားပါတယ်)၊ ပြုတ်ကျတော့ ဘယ်သူ့ အပေါ်ပိပါလိမ့် (ကိုယ့်အပေါ်ပဲ ပိပါတယ်)၊ အင်း- ခင်တဲ့ လူအပေါ် (ပိပါတယ်)။

အင်း- ကိုယ်ကျိုးကြီး နည်းပါပေါ့။ လက်ရုံးကြီး ပြုတ်ပါပေါ့ ဆိုပြီး သကာလ ဒီအပေါ် လာပိတာပဲ (မှန်ပါ့)။

အေး- ဒါကြောင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ အားကိုးနေတဲ့ သားလင် ခင်ပွန်းသည် သည်ကားလို့ ဆိုလို့ ရှိရင် ကမ်းနားသစ်ပင်သာ မှတ်လိုက်ပါတော့၊ ပြုတ်ကျမှာ တည်းတည်းချည့်ပဲ။

အဘယ့်ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောရပါလိမ့်မလဲလို့ ဆိုတော့ အနိစ္စ ခန္ဓာကိုယ်တွေမို့ (မှန်လှပါ ဘုရား)၊ အနိစ္စကတော့ နိစ္စတော့ မဖြစ်နိုင်ဘူးပေါ့ဗျာ၊ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။

အဲ- ကိုထွန်းအောင် ဖြစ်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)၊ မဖြစ်နိုင်လို့ရှိရင် ဘာဖြစ်မယ်ထင်သတုံး (ပြုတ် ကျမှာပါ)၊ အေး- ပြုတ်ကျမှာပဲ ဆိုကြစို့၊ လောကီအမြင်နဲ့ ပြောရင်နော်။

လောကီအမြင်နဲ့ ပြောရင် ဒကာ ဒကာမတို့ ဘာဖြစ်လိမ့်မယ် ထင်သလဲ (ပြုတ်ကျမှာပါ ဘုရား)၊ အင်း- ပြုတ် ကျတော့၊ ဆွဲရာ ပုဂ္ဂိုလ်ဘက် ပြုတ်မှာ ဆိုတော့ လက်မှမလွှတ်ပဲကိုး။

သူ့ အားကိုးလို့ရမလားဆိုပြီး တစ်ခါတည်း ဆွဲလိုက် တာ၊ ဆွဲလိုက်သည်နှင့် တစ်ပြိုင်နက် တည်း ဒီသစ်ပင်က တခြားကို ပြုတ်ကျသလား၊ ဆွဲသော ပုဂ္ဂိုလ်၏ အပေါ်မှာပဲ ပြုတ်ကျသလား (ဆွဲသော ပုဂ္ဂိုလ်ပေါ် ပြုတ်ကျပါတယ် ဘုရား)။

အေး- ဒါကြောင့် သုသာန်များ သွားကြည့်စမ်းပါ၊ ပြုတ်ကျလို့ ပိပြီး သကာလ ငိုနေတဲ့ ပုဂ္ဂိုလ်တွေ၊ ကျုပ်ဖြင့် ကိုယ် ကျိုးကြီးနည်းပြီ သားတစ်ယောက်ကယ်လို့ အလွန်လိမ်မာ တယ်ဆိုပြီး အားကိုးတကြီး ထားလိုက်တာ အခုဖြင့် တစ်ခါ တည်း အမေပေါ် ဒုက္ခရောက်ပါပေါ့လား၊ အမေ ကိုးစားရာမဲ့ ဖြစ်ပါပေါ့လား ဆိုပြီး တစ်ခါတည်း ငိုချင်းချတာ (မှန်ပါ့)။

ပြုတ်ကျတဲ့ သဘောတွေ၊ တချို့လည်း ခင်ပွန်းသေ တာနဲ့ပြုတ်ကျတယ်၊ ဒီမိန်းမ အပေါ်မှာ ပြုတ်မကျဘူးလား (ကျပါတယ်)၊ တချို့လည်း ခင်ပွန်းမ သေတာနဲ့ ခင်ပွန်း သည် စိတ်မကောင်း လက်မကောင်းနဲ့ တစ်ခါတည်း ကိုယ့် အပေါ်ပဲ ပြုတ်မကျဘူးလား (ကျပါတယ် ဘုရား)။

ေဩာ်- ဆွဲတဲ့ ပုဂ္ဂိုလ်ပေါ် ပြုတ်တာပေါ့၊ ဒကာ ဒကာမ တွေ ဒီသစ်ပင်က မဆွဲရင် သူ့အလိုလို ပြုတ်ရင် မြစ်ထဲပြုတ် မှာပေါ့၊ ချောင်းထဲ ပြုတ်မှာပေါ့ (မှန်ပါ့)။

ခင်ဗျားတို့က ရေမျောလာတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတော့ အားကိုးရှာတော့ သူ့ဆွဲ တော့ ကိုယ့်အပေါ် ပြုတ် (မှန်လှ ပါ)၊ ကိုယ့်အပေါ် ပြုတ်တော့ ကိုယ့်အပေါ်ပိ၊ ကိုယ့်အပေါ် တဲ့ အခါကျတော့ ကိုယ်သာလျှင် မြုပ် (မှန်ပါ့ ဘုရား)။

ေဩာ်- ဒကာ ဒကာမတွေ ရှေ့လမ်း ခရီးဘာများဖြစ် ပါလိမ့်မလဲ ဆိုတော့ တွေးသာ ကြည့်ကြပေတော့၊ ဆွဲတာတွေ ကဖြင့် ခင်ဗျားတို့ ခိုင်တာ ဆွဲမိသလား၊ မခိုင်တာ ဆွဲမိသလား (မခိုင်တာ ဆွဲမိပါတယ် ဘုရား)။

သားရယ်လို့ အားကိုးတယ်၊ အနိစ္စ ဆွဲလိုက်လို့ ဒီအပေါ်ပဲ ပြုတ်ကျတာပဲ၊ သမီးရယ်လို့ အားကိုး ပြန်ရော (အနိစ္စမို့ ဒီအပေါ် ပဲပြုတ်ကျမှာပါ)၊ ပြုတ်ကျ အားကိုးတဲ့ အပေါ်မှာသာ ပြုတ်ကျမယ် ဒကာစိန် ရ၊ သူများအပေါ် ပြုတ်ကျမယ်ထင်သလား (မထင်ပါဘူး ဘုရား)၊ ဘယ်သူ့ ပြုတ်ကျမယ် ထင်သတုံး အားကိုးတဲ့ လူအပေါ်မှာသာ ပြုတ်ကျမှာပါ။

အင်း- ခင်ဗျားတို့ကလဲ အားကိုးလေး မရှိရင် နေလို့ မဖြစ်ကြဘူး၊ အင်း- သား လင် ခင်ပွန်းပဲ အားကိုး အားထား မရှိရင် ကျုပ် တစ်ကောင်ကြွက် ခက်ရချည်းရဲ့ ကိုး။

ကျုပ် တစ်ကောင်ကြွက် ခက်ရချည်ရဲ့ဆို အားကိုး ရှာ၊ အားကိုးရှာတော့ အနိစ္စတွေဖြစ် (မှန်လှပါ ဘုရား)။

အနိစ္စတွေမို့ ပြုတ်ပြုတ် ပြုတ်ပြုတ်ပြီး အနိစ္စသဘော တွေလည်း ပြောလိုက်ပါရော၊ ဒီပြုတ် ကျတဲ့ ခံရတဲ့ ပုဂ္ဂိုလ် မျက်ရည်ကြီးငယ် ကျပြီး သကာလ သံသရာ ရေယာဉ်ကြောထဲ မှာ တဏှာ ရေက မျောပြီး လာရတဲ့ အထဲမှာတဲ့ မခိုင်လို့ပြုတ်ကျ တာတွေကို အနိစ္စတွေကို အနိစ္စ မကျေနပ်တာနဲ့ ဒကာ ဒကာမတွေ အနိစ္စဖြစ်တာကို မကျေနပ်တော့ ဒေါမနဿတွေနဲ့ ရေထဲ မျောရတယ်။

ဒေါမနဿနဲ့ မျောတဲ့ အခါကျတော့ တော်တော်ကြာ ကျတော့ ပိပါများတော့၊ သားကိစ္စတွေ ကြုံရတာများ၊ ခင်ပွန်းကိစ္စတွေက ကြုံရတာများ၊ ဆွေမျိုး ညာတကာ ကိစ္စတွေ ဆိုတဲ့ ကမ်းနား သစ်ပင်တွေ အတွက် ပြုတ်ပြုတ်ကျတာ များတော့ ကိုယ့်အပေါ်မှာပဲ အကုန်ပိတယ်၊ သဘော ကျပလား (ကျပါတယ်)။

ကိုယ့်အပေါ်မှာ အကုန်ပိပြီး သကာလ၊ မြေစိုင်နှင့် တကွ ပြုတ်ကျတဲ့ သစ်ပင်တွေသည် ဆွဲသော ပုဂ္ဂိုလ် အပေါ်မှ တစ်ပါး ဘယ်များရွေ့သေးလဲ (ဘယ်မှမရွေ့ပါ ဘုရား)။ သူက သွားဆွဲတော့ သူ့အပေါ်မှာပေါ့ဗျာ။

ဒါဖြင့် ဒကာ ဒကာမတွေ အဆွဲလွဲလို့ ရှိရင်ဖြင့် မျောပွဲ ကနေပြီး မြုပ်ပွဲတောင် ဆင်းစရာ ရှိတော့တယ် ဆိုတာဖြင့် ဘုရား ဟောတော်မူတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဆုတောင်းဆိုတာ တဏှာ

ခင်ဗျားတို့သည်ကား ဆိုလို့ရှိရင်ဖြင့် မျောပွဲကြီးကဖြင့် လူ့ဘဝ မျောလာတာ အထင်အရှားပဲ၊ ဆုတောင်းနဲ့ မျောလာ ခဲ့ကြတယ်၊ ဆုတောင်း ဆိုတာ တဏှာပေါ့ဗျာ၊ အဲဒီ တဏှာ ရေနဲ့ မျောလာကြတဲ့ လူ့ဘဝမှာ လူရယ်လို့ ဖြစ်လာကြပြန်ပြီ ဆိုတော့ အားကိုးတွေ ရှာလိုက်လို့ ရှေးက ပြုတ်ကျခဲ့လို့ ကိုယ့် မျက်ရည်ကြီးငယ် ကျခဲ့ရပါပြီ။

နောက်ဆက်မှာ တွေကလည်း ဘာတွေဘာတွေပါ လိမ့် (ပြုတ်ကျမှာပါ ဘုရား)၊ ပြုတ်ကျမှာ ချည်းပဲ၊ သဘော ကျပလား (ကျပါပြီ)၊ မျက်ရည်ကြီးငယ် ကျမှာ ပြုတ်ကျမှာ ချည်းဆိုတာ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဆွဲနေတဲ့၊ ငင်နေ တဲ့ဥစ္စာတွေဟာ အနိစ္စ မမြင်တော့ ဆွဲလိုက်တာပေါ့၊ ဆွဲမိတဲ့ အခါ ပြုတ်ကျတာပေါ့၊ ပြုတ်ကျတော့ ဆွဲတဲ့ ပုဂ္ဂိုလ်မှာ ပိတာပေါ့။

ပိတဲ့ အခါကျတော့ မျောရုံမက မြုပ်တဲ့ဆီကို ကျသွား တယ်၊ မျောရုံမက မြုပ်တဲ့ဆီကို ကျသွားတာ၊ ဒါကြောင့် သံသရာ ကျင်လည်ရတဲ့၊ သံသရာ ရေထဲမျောတဲ့ ပုဂ္ဂိုလ်၊ ဘယ်များ သွားကြပါလိမ့်မလဲ ဆိုတော့ အထဲတည်းပဲ မြုပ်ချည်းပဲ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

အထဲတည်းပဲလို့ ဘာပါလိမ့် (အမြုပ်ချည်းပါ ဘုရား)၊ အထဲတည်းပဲ အမြုပ်ချည်းပဲ ဆိုတာ ကျေနပ်ကြ ပလား (ကျေနပ်ပါပြီ ဘုရား)၊ ဘယ်လောက်များ ကြောက် စရာ ကောင်းသလဲ (ကောင်းပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ဒါ သူများ ပြောလား၊ ကိုယ်တိုင် ကောတွေ့ပြီးပလား (ကိုယ်တိုင် တွေ့ပြီးပါပြီ ဘုရား)။

အားကိုးလိုက် ပြုတ်ကျလိုက်

အင်း- ခိုင်မလားလို့ အမေရယ်လို့ အားကိုးလိုက် ပြုတ်ကျလိုက်၊ အဖေရယ်လို့ အားကိုးလိုက် ပြုတ်ကျလိုက်၊ အင်း- ခင်ပွန်းရယ်လို့ အားကိုးလိုက် (ပြုတ်ကျလိုက်)။ မောင်ဘွားရယ်လို့ အားကိုးလိုက် (ပြုတ်ကျလိုက်)။

အေး- တပြုတ်တည်း ပြုတ်ပြီး သကာလ ဘယ်သူ့ အပေါ်ပိပါလိမ့် (ကိုယ့်အပေါ်ပိပါတယ် ဘုရား)၊ ဒါ အားကိုး တဲ့ပုဂ္ဂိုလ်ပေါ့ဗျာ၊ အားကိုးတဲ့ ပုဂ္ဂိုလ် အပေါ်မှာ မပိဘူးလား (ပိပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ သုသာန် သွားပြီး သကာလ အသုဘ ပို့ကြတဲ့ အခါ မြင်ပါလိမ့်မယ်၊ ဘာပြုလို့ ငိုတာတုံး? ခဲနှင့်တကွ မြေစိုင်ပါပိလို့ ငိုတာ ရိပ်မိပလား. (ရိပ်မိပါပြီ)။

သုသာန်ငိုကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာဖြစ်လို့ပါလိမ့်၊ (ခဲနှင့်တကွ မြေစိုင်ပါပိလို့ ငိုတာပါ ဘုရား)၊ ကမ်းနား သစ်ပင် သွားပြီး တစ်ခါတည်း ခိုကိုးရာ အားထားရာဆိုပြီး ဆွဲလိုက်တော့၊ နဂိုက ကမ်းနား သစ်ပင်၊ အနိစ္စ ပင်ပါလို့ ပြောထား ဒါပဲ (မှန်လှပါ ဘုရား)။

ကမ်းနားသစ်ပင် ဆိုတာ ဒကာစိန်တို့ မြင်ဖူးလိမ့်မယ်၊ အမြစ်တွေ ရေစားလို့ ဘာမှ တွယ်တာစရာ ကမ်းလဲ မရှိဘူးတဲ့၊ ရေထဲ တန်းလန်းကြီး ကျနေတယ်၊ အဲဒါ သွားဆွဲတာ။

အဲဒါ သွားဆွဲတော့ ဆွဲတဲ့ ပုဂ္ဂိုလ်မှာ ဒီပင်လုံးကြီးက ပိမလာပေဘူးလား (လာပါတယ် ဘုရား)၊ သူက ယူလာ တဲ့မြေစိုင်က ကိုယ့်ပါးစပ်ထဲဝင်၊ မျက်လုံးထဲ မဝင်ပေဘူးလား (ဝင်ပါတယ် ဘုရား)။

အမလေး ဆင်းရဲတဲ့ အထဲမှာ အမော တိုးလာသေး တယ်၊ ဒုက္ခ ပိုလာသေးတယ်၊ မဆို ထိုက်ဘူးလား (ဆို ထိုက်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ မျောနေတဲ့ အထဲမှာ မြုပ်စရာ အကြောင်းတွေ ခင်ဗျားတို့က အားကိုး အားထား ထားကြပြန်တော့ ဒီဒကာ ဒကာမတွေအတွက် ဘယ်လိုကယ်၊ ဘယ်လိုဆယ် ရပါ့မလဲ ဆိုတာ ဘုရားသခင် ကိုယ်တော်မြတ် နှင့်တကွ ဘုန်းကြီးတို့လို အသိဉာဏ် ရှိတဲ့ ပုဂ္ဂိုလ် တွေက ဒါ ဒီလိုကယ်မှ ဖြစ်တော့မှာပဲ၊ သူတို့ဟာကဖြင့် မျှော်မှန်းလည်း မသိဘူး၊ ကမ်းနား သစ်ပင်လည်း ဆွဲချင်သေးတယ်။

မျောရာမှ မြုပ်မှာစိုးလို့ တရားဟောနေရတယ်

မျောနေတာလဲ သူတို့ မသိ၊ ကမ်းနား သစ်ပင် ခိုင်မခိုင် လည်း သူတို့က မကြည့်၊ မျောလည်း နေသေးတယ်၊ ခိုင်တာ လည်း မကြည့်ပဲနဲ့ အရမ်း ဆွဲရင်ဖြင့် မျောရာက မြုပ်ရှာတော့ မယ်ဆိုပြီး တရားဟော နေရတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘယ်အတွက်ကြောင့် တရား ဟောနေရလဲ (မျောရာက မြုပ်တော့မှာမို့လို့ပါ ဘုရား)၊ အေး ဒါကြောင့် ဘုရား ပွင့်လာတာလည်း ဒကာ ဒကာမတွေ ဤအတိုင်းသာ မှတ်ကြပါ။

မျောနေတဲ့အထဲမှာ အားကိုးလွဲပြီး ဆွဲလိုက်ပြန်လို့ ရှိရင်ဖြင့် သူတို့အပေါ်ပိပြီး သူတို့ သာလျှင် ဖိ၊ သူတို့သာလျှင် မြုပ်၊ ဒီလိုဖြစ်မှာ စိုးရိမ်တဲ့ အတွက်တဲ့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးသည် တရားထူး တရားမြတ်တွေကို ယခု ကိုယ်တော် မြတ်ကြီး ဟောကြားဆုံးမတဲ့ အတိုင်း ဘုန်းကြီးများက ဒကာ ဒကာမတွေ မျောနေတာ မြင်လို့ ဒီအတိုင်းသာ၊ ငါပစ်ထားရင် မြုပ်ချေသေးရဲ့ဆိုတာ သေချာတယ်၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဘယ်လို သေချာသတုံး ဆိုတော့ ကြည့်စမ်းတဲ့ ဒကာ ဒကာမတို့ အမေအားကိုးတော့ အမေက ပြုတ်ကျတယ်၊ ပြုတ် ကျမှာပေါ့၊ သူက ဘာအမျိုးတုံး ဆိုတော့ အနိစ္စအမျိုး၊ ကမ်းနား သစ်ပင်မျိုး ဘုရား၊ အနိစ္စမျိုး (မှန်လှပါ)။

အဖေ အားကိုးတော့ (ကမ်းနား သစ်ပင်မျိုး ဘုရား)၊ အနိစ္စမျိုး၊ ဆိုတော့ ဘယ်သူ့ အပေါ် ပြုတ်ကျ သတုံး (အားကိုးတဲ့ ပုဂ္ဂိုလ်အပေါ်ပါ)၊ အားကိုးတဲ့ ပုဂ္ဂိုလ် အပေါ်ပေါ့ ဒကာစိန်ရာ၊ အမေ အားကိုး၊ အဖေ အားကိုးတဲ့ ပုဂ္ဂိုလ်အပေါ်ပေါ့၊ သဘောကျပလား (ကျပါပြီ)။

အဲတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြုတ်ကျပြီး ကြပါပြီလို့ ကိုထွန်းအောင် ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)၊ အင်း- ဒါကြောင့် ခင်ဗျားတို့ အတွက်မှာဖြင့် ရှေးက ပြုတ်ကျတာတောင် ခုထက်ထိ အဆွဲ လက်မလျော့သေးဘူး (မှန်ပါ့)။ (မှန်ပါ)။

တဏှာက အမျောသမား

တွေ့ရင် စွဲဦးမတဲ့၊ ခင်ဦးမဟဲ့၊ မင်ဦးမတဲ့၊ အားကိုးဦး မဟဲ့ ဆိုပြီး ခင်ဗျားတို့ မျောသက်ရှည် ကြီးနဲ့ အခုတစ်ခါ ဆွဲဦးမဟဲ့ လို့ လုပ်နေကြပြန်ပြီ (မှန်ပါ့)။

ပြုတ်ပါလိမ့်ဦးမယ်၊ ပိပါလိမ့်ဦးမယ်၊ မြုပ်ပါလိမ့်ဦးမယ်လို့ ဆိုတာ မပြော ထိုက်ဘူးလား (ပြောထိုက် ပါတယ် ဘုရား)၊ အင်မတန် စိုးရိမ်လို့ ပြောတာနော်။

ခင်ဗျားတို့ကကော အမျောရပ်ပလား (မရပ်သေး ပါ ဘုရား)၊ မရပ်သေး ဆိုတာကလည်း တခြား မဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ တဏှာ မသေသေး၊ မရပ်သေး၊ ဟုတ်ပလား၊ တဏှာ မသေသေးတဲ့ အခါကျတော့ အမျောတော့ ရပ်ပါ့မလား (မရပ်ပါ)။

သက္ကာယဒိဋ္ဌိက အဆွဲသမား

သက္ကာယဒိဋ္ဌိ မပြုတ်သေးတော့ ဆိုင်တယ် ထင်ပြီး တစ်ခါ အားကိုး ကြလိမ့်ဦးမယ်၊ တဏှာနဲ့ သက္ကာယဒိဋ္ဌိ၊ တဏှာ ကအမျောသမား၊ သက္ကာယဒိဋ္ဌိက မခိုင်တာ ခိုင်တယ်လို့ ထင်ပြီး ဆွဲသမား ပေါ့ဗျာ။

အဲဒီ ဆွဲချလိုက်တဲ့ အခါကျတော့ ကမ်းနားသစ်ပင်နဲ့ တူတဲ့ အနိစ္စ ခန္ဓာကိုယ်တွေ၊ ဆွဲမိမှာပေါ့၊ ဆွဲမိတော့ ဆွဲသော ပုဂ္ဂိုလ် အပေါ်မှာပဲ ပြုတ်ကျတယ်၊ ဒကာ ဒကာမတွေ ရိပ်မိ ပလား (ရိပ်မိပါပြီ)။

အဲဒါဖြင့် ဒကာ ဒကာမတွေ ယခု ဘယ်အခြေအနေ စိုက်နေသတုံး ဆိုတော့ မျောတုံးပါပဲ ဘုရား၊ မျောလို့ရှိရင် ကမ်းနားသစ်ပင် မဆွဲစေနဲ့ ဆိုတော့ တပည့်တော်တို့ က အားကိုး မရှိရင် နေမဖြစ်တဲ့။

ဆိုပြီး သကာလ၊ သားအားကိုး၊ သမီးအားကိုး၊ ခင်ပွန်း အားကိုး၊ ပစ္စည်းအားကိုး၊ အဲဒါတွေက အနိစ္စတွေ၊ ပြုတ် ချည်းကျနေတယ်။

ပစ္စည်း ဆိုတာက အခုရှိလိုက်၊ တော်ကြာ မရှိလိုက်၊ အနိစ္စကိုး (မှန်ပါ့)၊ သား၊ လင်၊ ခင်ပွန်း ဆိုတာလည်း အခုအကြောင်း ညီညွတ်တယ်၊ တော်ကြာ အကြောင်းမညီ ညွတ်ဘူး ဆိုတာ အနိစ္စ (အနိစ္စပါ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ)။

သမီးလေး အားကိုး၊ ကြီးရင် အားကိုး ရမယ် ဆိုပြီး ဖျပ်ခနဲ၊ ဖျပ်ခနဲ ပျက်စီး သွားပြန်တော့၊ သစ်ပင်လိုပဲ ပြုတ် ပြုတ်ကျတယ်။ ဒီအမေကြီး ခက်ပါပေါ့လား၊ ဒီအဖေကြီး ခက်ပါပေါ့လား ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

ပြုတ်ကျလို့ ငိုကြတာဗျ ဟုတ်လား၊ ငါ့ဖြင့် နင်ဒုက္ခ ရောက်အောင် လုပ်ပစ်ခဲ့တာပဲ၊ ဆိုတာ ကမ်းနား သစ်ပင်ပြုတ် ကျတာ (မှန်ပါ့)၊ ကမ်းနား သစ်ပင် ပြုတ်ကျတုန်းက ဟိုမှာ အော်လိုက်တဲ့ ဖြစ်ခြင်း၊ တစ်ခါတည်း တက်သွား မတတ်အော် လိုက်တယ်။

ဘာဖြစ်ကြတာတုံး (ကမ်းနား သစ်ပင် ပြုတ်ကျ တာပါ)၊ ဒီက ခိုင်တာ ဆွဲတာလား၊ မခိုင်တာ ဆွဲတာလား (မခိုင်တာ ဆွဲတာပါ ဘုရား)။

ဒါ အနိစ္စ သွားဆွဲတာကိုး၊ နိစ္စ နိဗ္ဗာန် ဆွဲလိုက်ပါလား၊ ဘယ်တော့ ပြုတ်ကျမှာတုံး၊ အခုတော့ သူအဆွဲ လွဲလို့ သူ့အပေါ် ပြုတ်ကျတာကို၊ ကျုပ် ကယ်ကြပါဦး ဆိုတော့ မကယ်နိုင်ဘူးသာ ပြောလိုက် နောက်ကို (မှန်လှပါ)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)။

ဘယ်လို ငိုနေနေ ခင်ဗျားတို့က ဘယ်လို အောက်မေ့ ကြမတုံး၊ သူအဆွဲလွဲလို့ သူ့ဟာသူ ပိတာဆို သေသေကွာ လို့ လုပ်၊ ဒကာစိန် ရိပ်မိပလား (ရိပ်မိပါပြီ)၊ ပိလဲ မကယ် နိုင်ပါဘူး၊ ပြောရုံသာပဲ (မှန်ပါ့)၊ အေး- ဒကာစိန်တို့က ပြော မှာပဲလေ (မှန်ပါ့)။

မင်းတင်သေတာ မဟုတ်ဘူး၊ မင်းဆွေမျိုး၊ မင်းအဖေ၊ မင်းခင်ပွန်းတင် သေတာ မဟုတ်ဘူး၊ တစ်မြို့လုံး သေမျိုးချည်း ပဲကွ (မှန်လှပါ ဘုရား)၊ ဒီလိုတော့ ဒကာစိန်တို့လည်း သုံးမှာပဲ (သုံးပါတယ် ဘုရား)၊ သုံးမှာပဲတဲ့။

သို့သော် ကိုယ်ကလည်း မျောတုန်း၊ ဆွဲလည်း ဆွဲတုံး၊ ဆွဲတုန်း ဆိုတော့ ကိုယ်လည်း မြုပ်ပြန်၊ မျောပြန်တဲ့ အခါ၊ ငါ့ ကယ်ကြပါဦး၊ ကူကြပါဦး မလုပ်နဲ့ဦး၊ ရိပ်မိပလား (ရိပ်မိ ပါပြီ)။

ခင်ဗျားတို့ အားကိုးလေသမျှ ယခုက စပြီး မခိုင်မှန်း သိကြပါတော့၊ သားလေး အားကိုးလည်း ရုပ်နဲ့နာမ်ပဲ အနိစ္စ ဘုရား၊ အားကိုးလို့ မဖြစ်ဘူးဘုရား၊ သဘောကျပလား (ကျပါပြီ)။

အဲ့တော့ကို သမီးလေး အားကိုးပြန်လည်း အင်း ဒါလေးတွေ ဟာလည်း ဘာလေးတွေပါလိမ့် (အနိစ္စပါ ဘုရား)၊ ကမ်းနား သစ်ပင် အနိစ္စ ရိပ်မိကြပလား (ရိပ်မိ ပါပြီ)။

ခင်ပွန်း အားကိုး လိုက်ပြန်တော့လည်း (ကမ်းနား သစ်ပင်အနိစ္စပါ)၊ ခင်ပွန်းမ အားကိုး လိုက်ပြန် တော့ကော (ကမ်းနားသစ်ပင် အနိစ္စပါ ဘုရား)။

လောကကြီးထဲမှာ ခိုကိုးရာမရှိ

ဒါဖြင့် လောကကြီးထဲမှာဖြင့် ခိုကိုးရာ၊ အားထားရာ၊ ကိုးစားရာ၊ ဆွဲကိုင်ရာ မရှိပါဘူး (မှန်ပါ့ ဘုရား)။

လောကပြင်ဘက် ဆိုတဲ့ နိဗ္ဗာန်သာလျှင်၊ နိစ္စ နိဗ္ဗာန်ဆို လို့၊ ခိုင်တယ်၊ မြဲတယ်၊ ဘယ်သူပဲ လာအောင်းအောင်း၊ ဟုတ်လား၊ နိဗ္ဗာန်ဖြင့် ညှိုးလာတယ်၊ ကိုင်းလာတယ်၊ ပြုတ်ကျတယ်လို့ မရှိဘူး (မှန်လှပါ ဘုရား)။

ဒါကြောင့် နိစ္စ နိဗ္ဗာန်၊ ဓုဝ နိဗ္ဗာန်၊ ဒကာ ဒကာမတွေ ဆွဲမိမှ သာလျှင် ပြုတ်ကျတဲ့ ဒဏ်ချက်နဲ့ အသက် မထွက်မယ် ဆိုပြီး ဟောရတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အခုဖြင့် ဘုန်းကြီး ပြောနေတာက၊ နည်းပါလိမ့်ဦး မယ် ထင်ပါတယ်၊ ဒကာ ဒကာမတွေ ပြုတ်ကျတဲ့ ဒဏ်ချက်ပိခဲ့ ရတာ ဒဏ်ချက်ပေါင်း ဘယ်လောက် ရှိပြီလဲ (မရေ မတွက် နိုင်ပါဘူး ဘုရား)၊ ဒီဘဝတွင် ဒီဘဝတွင်။

နောက်တုန်းက ပြုတ်ခဲ့ရတာတွေ မြုပ်ခဲ့ရတာ အသာ ထားစမ်းပါ၊ ဒီဘဝတွင်ဘဲ ဆွေမျိုး အားကိုးလို့ ဆွေမျိုးသေ၊ အင်မတန် ကုန်အရောင်းအဝယ်၊ ကိုယ့်စွံ့အောင် လုပ်ပေးတဲ့ ပုဂ္ဂိုလ်၊ ကိုယ့်ကုန်ပေး နေတဲ့ပုဂ္ဂိုလ်၊ သူ့အားကိုး နေတယ်၊ သူက ပြုတ်ကျ၊ ဖောက်သယ်တွေက ပြုတ်ကျ၊ ကိုယ့်အလုပ်တွေက စီးပွားရေးက ပြုတ်ကျ။

ဟာ ဒါဖြင့် အားကိုးတဲ့ ပုဂ္ဂိုလ် အပေါ်မှာဖြင့် စားမဝင်၊ အိပ်မပျော်၊ မျက်ရည်ကြီးငယ် ကျပြီး ဒေါသဇောနဲ့ ချည်းပဲ မြုပ်လမ်းချည်း သွားနေတယ်၊ ရိပ်မိပလား (ရိပ်မိ ပါပြီ)။

အဲဒါကြောင့် လောကကြီးထဲမှာ ဒကာ ဒကာမတို့ ကမ်းနားသစ်ပင် အနိစ္စသာ ရှိ၍ ကိုးစားရာ၊ အားထားရာ မရှိ ပါဘူး ဆိုတာ ယခုက သေသေချာချာ မှတ်ပါ၊ သဘောကျ ပလား (ကျပါပြီ)။

ကိုင်း- ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သံယုတ် ပါဠိ တော်မှာလာတဲ့ အတိုင်း ကဲ- ဒါဖြင့် သားလည်း အားမကိုး တော့ပါဘူး၊ အင်း- သားဟူသော အမှတ်သည် ပညတ်ပဲဟ၊ အကြောင်း ညီညွတ် သလို ဖြစ်မှာပဲဟ၊ အားကိုး အားထား တော့ဖြင့် မထားတော့ဘူး၊ အဘယ့်ကြောင့် ဆိုသော် ကမ်းနား သစ်ပင်နဲ့တူတဲ့ အနိစ္စဖြစ်သောကြောင့်။

ခင်ပွန်းလည်း အားမကိုးတော့ပါဘူး၊ ဘာကြောင့်တုံး ဗျာ (ကမ်းနားသစ်ပင်နဲ့ တူတဲ့ အနိစ္စ ဖြစ်သောကြောင့်ပါ ဘုရား)။

မဂ္ဂင်ဖောင်သာအားကိုး

အဲတော့ ဒကာ ဒကာမတို့ ဘယ်သူ့ အားကိုးကြမလဲ လို့မေးလို့ရှိရင်ဖြင့် အခုဘုန်းကြီး ဟောလတ္တံ့ ဖြစ်တဲ့ မဂ္ဂင်ဖောင်ကြီးသာ အားကိုးပါ (မှန်လှပါ ဘုရား)။

ဘယ်လိုလှိုင်း၊ ဘယ်လိုလေ၊ ဘယ်လိုပဲ၊ ဘယ်လိုရေ ကြော၊ ဘယ်လိုရေကြောင်း သူ့ဖြင့် ချုပ်အောင်၊ မျောအောင် မလုပ်နိုင်ဘူး။ ၊

ဆန်တက်တဲ့ မဂ္ဂင်ဖောင်ကို၊ ကိုယ်ပိုင်၊ ကိုယ်တိုင်ရမှ သာလျှင် ဘယ်သူ့မှ အားမကိုး ရပဲနဲ့၊ ကိုယ့်အပေါ် ပြုတ်ကျတာ လွတ်ပြီး သကာလ၊ ဒကာ ဒကာမတွေ ဆန်တက်တဲ့ နိဗ္ဗာန်၊ ခိုင်မြဲတဲ့ နိဗ္ဗာန်ကို သူက ယူဆောင် ပို့ပါလိမ့်မယ်၊ သဘော ကျ ပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ယခု အခြေအနေဖြင့် ဖောင် မရှိရင် ခက်သေး တယ်၊ မခက်ပေဘူးလား (ခက်ပါတယ်)။

အဲဒါကြောင့် ယနေ့ဖြင့် မဂ္ဂင်ဖောင်ကြီး ဆင်ပြီး သကာ လ ဒကာ ဒကာမတွေ ဟောဒီ မဂ္ဂင် ဖောင်ဝမ်းထဲက မထွက်စေ နဲ့ (မှန်လှပါ ဘုရား)။

ဟောဒီ မဂ္ဂင်ဖောင်ဝမ်းထဲက မထွက်စေနဲ့ဆိုတာဖြင့် – ဘုန်းကြီး အရေးတကြီး ပြောရလိမ့်မယ်။

မပြောလို့ရှိရင် ဒကာစိန်ရ၊ ဒကာ ဒကာမတွေက ကမ်းနားသစ်ပင်တွေ လျှောက်ဆွဲ နေပြန်ပြီ၊ ဘာဖြစ်စရာ မြင် တုံး (ပြုတ်မှာ မြုပ်မှာပါ)။ အေး- သူ့မျက်လုံးထဲ ဝင်ပြီး သကာလ ဆူးတွေ စူးပြီး သကာလ၊ သူသာလျှင် မြုပ်စရာ၊ မျောစရာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

လောကကြီးထဲ အားကိုးရာမရှိ

အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ လောကကြီး ထဲမှာဖြင့် အားကိုးရာ မရှာလိုက်ကြပါနဲ့၊ မရှိလို့ ပြောနေပါ တယ်၊ (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။ ရှိရင် ရှိလို့ ပြောတာလား၊ မရှိလို့ ပြောတာလား (မရှိလို့ ပြောတာပါ ဘုရား)၊

ကိုယ်ကိုယ်တိုင် ဆွဲကြည့်လို့ ပြုတ်ကျတာ တွေ မြင်ပါ လျက်သားနဲ့ ဒကာ ဒကာမတို့ ကြီးတဲ့ ပုဂ္ဂိုလ်မို့ သေတာ၊ ငယ်တဲ့ ပုဂ္ဂိုလ် ဆိုလို့ရှိရင်ဖြင့် ကိစ္စ မရှိဘူးလို့များ ထင်သေးသလား (မထင်ပါဘူး ဘုရား)။

ငယ်တဲ့ပုဂ္ဂိုလ်လည်း ကမ်းနား သစ်ပင် အနိစ္စပဲ၊ သဘောကျပလား (ကျပါပြီ)။

အဲဒါနဲ့ပဲ ဘေးက ဟာတွေ အားကိုးလို့ ပြုတ်ကျတာ တွေမြင်တော့ တချို့ဒကာ ဒကာမတွေက ဒီလောက်ပြုတ်ကျ နေတာတောင်မှ ကိုယ်မြုပ်မျောတဲ့ သဘောတွေ ကိုယ့်ဟာ ကိုယ်တွေ့ နေတာ တောင်မှ မလျော့သေးဘူးဟ။

ကိုယ့်ဟာကိုယ် အားကိုးဦးမယ် ဆိုပြီး ကိုယ့်ခန္ဓာ ငါးပါး ကိုယ် အားကိုးပြန်တယ်၊ မှန်ပါ့၊ ဖျင်းလိုက်တဲ့ ဖြစ်ခြင်း မပြောပါနဲ့တော့၊ မပြောပါနဲ့တော့ ကိုထွန်းအောင်ရေ (မှန်လှပါ ဘုရား)၊ အားကိုး ပြောင်းပြန်ပြီဗျာ။

ကိုယ့်ခန္ဓာ ကိုယ်အားကိုးပြန်တယ်

ဘယ်လိုများ ပြောင်းလိုက်ပါလိမ့် (ကိုယ့်ဟာ ကိုယ်အားကိုးပါတယ် ဘုရား)၊ ကိုယ့်ခန္ဓာကိုယ် ကိုယ်အားကိုး ပြန်တော့လည်း အင်း- သူများ အားကိုးနေရတာ၊ သူများအား ကိုးတာတွေသည် ဘာမှ အသုံးမကျခဲ့ဘူး၊ အားကိုးရာ၊ ကိုးစား ရာ ဘာမှ မရခဲ့ဘူး။

ကိုယ့်လက် ကိုယ့်ခြေနဲ့ ကိုယ့်ဟာကိုယ်ပဲ အားကိုးပါတော့မယ် ဆိုပြီး သကာလ ကြက်မ ဖြစ်စေကာမူ တွန်ပဟ ဆိုတဲ့ သဘောလေး၊ မိန်းမစွမ်းကောင်းတွေ ရှိသေးတာကိုးဗျ။ ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒီကဲ့သို့ ကိုယ့်ဟာကို အားကိုးပါဦးမယ် ဆိုပြီး အားကိုး ပြန်တော့လည်း ဘာအားကိုး သတုံး ဆိုတော့ မျက်လုံး ရှိတော့ မျက်လုံး အားကိုးတယ် (မှန်ပါ့)။

နားရှိတော့ (နားအားကိုးတယ်)၊ အေး- ဒီလိုမျက်လုံး က ကိုယ်တိုင်မြင်ပြီး ကိုယ်တိုင် ကြားဖော် ရရင် ထမင်းတစ် လုပ်ကိစ္စမရှိဘူး၊ ကိုယ့်ဟာကိုယ် ကိုယ့်မျက်လုံးနဲ့ ကိုယ့်နား အားကိုးတယ်။

အမလေး ဒကာ ဒကာမတို့ မခိုင်တာ ပြောင်းလိုက် ပြန်ပြီ။

အရင် မခိုင်တာတွေ သိလျက်သားနဲ့ နောက်မခိုင်တာ ကိုင်ပြန်ပေါ့လား၊ တယ်လည်း ဆိုးပါလား (မှန်လှပါ ဘုရား)။

ဟေ့- ဒေါ်အုန်းခင်ကြီး သဘောကျပလား (ကျ ပါပြီ ဘုရား)၊ အခုကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် အားကိုးမယ်ဟေ့ ဆိုပြီး သကာလ နေတဲ့ မုဆိုးမ တွေလည်း ရှိတယ်၊ မုဆိုးဖိုတွေ လည်းရှိတယ်၊ ဒကာစိန် စောင်းတယ်များ အောက်မမေ့နဲ့ (ကိစ္စမရှိပါဘူးဘုရား၊ ခံနိုင်ပါတည် တပည့်တော်)၊

ကဲ- ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကိုယ် အားကိုးမယ်ကွ၊ ဘယ်သူမရှိ၊ ရှိရှိ ထွက်သွားကွ ဘာမှ အရေးမကြီးဘူးကွ ဆိုတော့လည်း သူ့ဟာက အနိစ္စ ပြန်ပြီး ဆွဲပြန်တာပဲ။

ဝေဒနာက္ခန္ဓာကြီး အားကိုးပြန်တယ်

ဘယ်သူ့ အားကိုးပြန်လည်း ဆိုတော့ ခန္ဓာငါးပါး အားကိုးပြန်တယ်။

မျက်လုံးဆိုတော့ ဥပေက္ခာဝေဒနာကို သွားအားကိုး လိုက်တယ်၊ နားဆိုတော့ ဥပေက္ခာဝေဒနာ (အားကိုးပါတယ်)၊

အေး- နှာခေါင်းဆိုတော့ ဥပေက္ခာဝေဒနာ (အားကိုးပါ တယ်)၊ လျှာဆိုတော့ ဥပေက္ခာဝေဒနာ (အားကိုးပါတယ်)

အေး- ကိုယ်ဆိုတော့ သုခ၊ ဒုက္ခ (အားကိုးပါတယ်)။

အေး- ဝမ်းထဲမှာပေါ်တဲ့ ကြံလုံး၊ ဖန်လုံးဆိုတော့ သုခ၊ ဒုက္ခ၊ ဥပေက္ခာ ဒါလဲ (အားကိုးပါတယ် ဘုရား)။

အဲဒီတော့ ဝေဒနာက္ခန္ဓာကြီး သွားအားကိုးလိုက်ပြန် တော့လည်း၊ ဝေဒနာက္ခန္ဓာ ကလည်း အနိစ္စ၊ အင်း လွဲပါလိမ့် ဦးမယ်၊ ပြုတ်ပါလိမ့် ဦးမယ်၊ ဘယ်သူ့ အပေါ်ပြုတ်မလဲ (ကိုယ့်အပေါ် ပြုတ်မှာပါ ဘုရား)၊ အားကိုးတဲ့ ပုဂ္ဂိုလ် အပေါ်ပဲ ပြုတ်လိမ့်မယ်၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ရိပ်မိတော့ ဒီနေ့ဟောတဲ့ တရားကဖြင့် ဘေးက သား လင်၊ ခင်ပွန်း၊ ဆွေမျိုး ညာတကာလည်း အားမကိုးပါနဲ့၊ ကိုယ့်ကိုယ်လည်း အားမကိုးပါနဲ့ ပြုတ်ကျမှာ၊ အနိစ္စတွေသာ ဖြစ် နေပါတယ် ဆိုတာ သေချာအောင် ပြောတာ(ဒါ တယ်အဖိုး တန်ပါတယ် ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

သူတပါးလည်း အားမကိုးပါနဲ့ (အားမကိုးပါ ဘုရား)၊ ပြုတ်ကျမှာချည်းပဲ၊ ကိုယ့်ခန္ဓာ ငါးပါးလည်း (အားမကိုးပါ ဘုရား)၊ ဘာကြောင့်တုံး ဒကာစိန် (ပြုတ်ကျမှာပါ ဘုရား) အနိစ္စတွေလေ။

ခန္ဓာငါးပါးဟာ အနိစ္စ

သဗ္ဗေသင်္ခါရာအနိစ္စ – မမြဲပါဘူး ဆိုတာ သွားဆွဲလိုက် ရင်တော့ဖြင့် မမြဲသလိုတော့ ပြလိုက် မှာပဲ (ပြမှာပါ ဘုရား)။ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ကိုယ့်ခန္ဓာ အားကိုးတော့ ကိုယ့်ခန္ဓာကလည်း (အနိစ္စ ပါ ဘုရား)၊ ခင်ဗျားတို့ ရပြီးသားပဲ ‘‘သဗ္ဗေ သင်္ခါရာ အနိစ္စာ၊’’ အလုံး စုံသော ခန္ဓာငါးပါးဟာ အနိစ္စဆိုတာ မမြဲပါ။

မမြဲတာ သွားဆွဲရင် ဘာဖြစ်မယ်ထင်သလဲ (ပြုတ်ကျ မှာပါ ဘုရား)၊ ပြုတ်ကျရင် ဘယ်လူ့ ပိမှာတုံး (ဆွဲတဲ့လူ ပိမှာပါ ဘုရား)၊ ကိုင်း ဒကာစိန်ရေ ဆွဲတဲ့ပုဂ္ဂိုလ်မှာ ပိမယ်တဲ့။

ကွာ ငါကောင်းတာလေးတွေ ကုန်ပါ့ပေါ့လားကွ ဆို တော့၊ ကိုယ့်သုခ ဝေဒနာ ကလေးတွေ ပျက်သွားတာနဲ့ ကိုယ် ဒုက္ခ ရောက်တယ်၊ ဟုတ်ဘူးလား။

ငါ့ မျက်လုံးကလေးနဲ့ ထမင်းစားနေတာ၊ ဒီမျက်လုံး လေးအခုဒီလိုဖြစ်သွားတာ ငါမခက် သေးဘူးလား ဆိုတော့ မျက်လုံးဥပေက္ခာ ဝေဒနာ အားကိုးတာနဲ့ ငါပါပိပြန်ပြီ၊ သဘော ကျပလား ဒကာစိန်တို့ (ကျပါပြီ ဘုရား)။

ရှင်းကြပလား (ရှင်းပါပြီ)၊ ဥပမာကွာ ဒီစိတ် ကလေး ချမ်းသာနေတာ ဘယ်နှယ်တုံးကွာ၊ ဒုက္ခကြီး လှလှရပါ ပေါ့လား၊ သုခဝေဒနာ အနိစ္စလေး ဖြစ်သွားတော့လေ၊ ဒကာ ဒကာမတွေက သုခဝေဒနာ နောက်ကနေပြီး ဒေါသတွေက လိုက်မလာဘူးလား (လိုက်လာပါတယ် ဘုရား)။

သူများ အားမကိုးတော့ဘူး ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားကိုးလိုက်ပြန်တော့လည်း အနိစ္စပဲ သွားအားကိုး မိလိုက် ပြန်လို့ အားကိုးတဲ့ ပုဂ္ဂိုလ်ပဲ ပြန်ပိပြန်တယ်၊ အဲဒါကြောင့် ဒီနေ့ တရားနာကြတဲ့ ဒကာ ဒကာမတွေ သေသေချာချာ မှတ်လိုက် ပါတော့။

သား၊ လင်၊ ခင်ပွန်း၊ ဆွေမျိုး ညာတကာလည်း အနိစ္စ တွေမို့ အားမကိုးလိုက်ပါနှင့်၊ မိမိ ခန္ဓာငါးပါး ကြီးကိုလည်း (အားမကိုး လိုက်ပါနဲ့)။

‘‘သဗ္ဗေ သင်္ခါရာ အနိစ္စာ’’ လို့ ခန္ဓာငါးပါး အနိစ္စလို့ ဆိုသော ကြောင့် ပြုတ်ကျမှာတွေ ဖြစ်လေ သောကြောင့် လည်း အားမကိုး လိုက်ပါနဲ့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မဂ္ဂသစ္စာမြန်မြန်ရအောင်လုပ်ပါ

ဘာအားကိုးရမလဲလို့ မေးတော့ နိစ္စ နိဗ္ဗာန်ကို ရောက် ရာ ရောက်ကြောင်း ဖြစ်တဲ့၊

‘‘မဂ္ဂဿ နိယျာနဋ္ဌော’’ ဆိုတဲ့ မဂ္ဂသစ္စာ မြန်မြန်ရအောင် လုပ်ပြီး သကာလ၊ နိဗ္ဗာန်သာဆွဲ ကိုင်လိုက် ပါတော့၊ မဂ်မျက်လုံးနဲ့ နိဗ္ဗာန် ဆွဲကိုင်လိုက်ရင်၊ မြဲသည်၊ ခိုင်သည်၊ တည်သည် တန့်သည်၊ ပြုတ်ကျစရာ တစ် ကွက်မှ၊ တစ်စက်မှ မရှိတော့ပါဘူး ဆိုတာ သေချာ မှတ်ကြပါတော့။

ဒါကြောင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီးကို အနိစ္စ ကိုပြပြီး သကာလ ဝေဒနာက္ခန္ဓာကြီးကို အနိစ္စပြ ဟောနေတာ မခိုင်မှန်း သိရင် အားမကိုးပါစေနဲ့၊ အားကိုးရင် မြုပ်မှာစိုးလို့၊

ဝေဒနာက္ခန္ဓာက နေပြီး သကာလ မဂ္ဂင်ဖောင်ကြီး ပေါ်လာပြီး၊ နိဗ္ဗာန် အမြင်ဆိုက်ပြီး ဆွဲရာ ကိုင်ရာ ရှိပါစေတော့ အသွားနဲ့ ဟောနေတာ (အတော် ကျေးဇူးများပါတယ် ဘုရား)၊ ရိပ်မိ ကြပလား (ရိပ်မိပါပြီ)။

အင်မတန်မှ မှတ်သားစရာ ကောင်းတယ်၊ ဘုရား သခင် ကိုယ်တော်မြတ်ကြီး တန်ဆာ ဆင်ပြီး သကာလ သံယုတ် ပါဠိတော် ပုပ္ဗဝဂ် ခန္ဓဝဂ္ဂသံယုတ်မှာ ဒီဟာ ဟောတော်မူတာ သည် ဒကာ ဒကာမတို့ အတွက်မှာဖြင့် ေဩာ် ယနေ့နာရတဲ့ တရားဟာဖြင့် ဘေးလည်း အားမကိုးနဲ့တဲ့၊ ဆွေမျိုး ညာတကာ လင်သား ခင်ပွန်း အားမကိုးနဲ့တဲ့။

ဘာကြောင့်တုံး အနိစ္စတွေမို့ ပြုတ်ကျမှာစိုးလို့တဲ့။

ဒါတွေ အားကိုးလို့၊ အားကိုးလို့ ဆွဲလိုက်သည်နှင့် တစ် ပြိုင်နက်တည်း ပြုတ်ကျမှာပဲ၊ နဂိုက အနိစ္စကို (မှန်ပါ့ ဘုရား)။

တော်ကြာ သားသေတယ်၊ ခင်ပွန်း သေတယ်၊ ဆွေ သေတယ်၊ မျိုးသေတယ်၊ အမေ သေတယ်၊ အဖေ သေတယ် ဆိုတော့ ခင်ဗျားတို့ မျက်ရည်ကြီးငယ် ကျပြီး၊ နဂိုက အားကိုးထားလို့၊ သွားဆွဲထားလို့ ဖြစ်တာ။

မဂ်ဉာဏ်ရရင် အားကိုးရပြီ

သူတို့နှင့် တဏှာ အဆက်ပြတ်ပြီး သကာလ၊ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာတွေ မဟုတ်ပါဘူး၊ ဒီဥစ္စာတွေ ငါ့ဥစ္စာတွေ မဟုတ်ပါဘူး၊ ငါနဲ့ ဘာမှ မဆိုင်ပါဘူး၊ အနိစ္စတွေသာ မှန်ပါ တယ်လို့များ၊ အနတ္တတွေ၊ မခိုင်တာတွေ မပိုင်တာတွေသာ မှန်ပါတယ်လို့များ ဉာဏ်ကလေး ရလိုက်လို့ ရှိရင် ဘယ်သူ့ အားကိုးဦးမလဲ (ဘယ်သူ့မှ အားမကိုးပါ ဘုရား)။

ဘယ်သူ့မှ အားမကိုးတော့လည်း သူတို့ဟာသူတို့ ပြုတ်ကျတာ ကျုပ်တို့နဲ့ ဘာဆိုင်သလဲ (ဘာမှ မဆိုင်တော့ ပါ ဘုရား)။

အခုတော့ ကိုယ့်ကိုယ်တိုင်က မလွှတ်ပဲနဲ့ ဆွဲထား တော့ ဒီအနိစ္စကြီး ပြုတ်ကျတာ ကိုယ့်အပေါ် အကုန်ရောက် ကြတာပေါ့၊ ဘာလောက်များ ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

ဒကာ ဒကာမတွေ သူများ ပြောလား၊ ခင်ဗျားတို့ လက် တွေ့လား မေးချင်ပါတယ် (တပည့်တော်တို့ လက်တွေ့ပါ ဘုရား) မျက်ရည်ကြီးငယ်များ ကျဖူးကြသလား (ကျဖူးပါတယ် ဘုရား)

ဟ- ဘာဖြစ်လို့တုံး (မခိုင်တဲ့ဟာဆွဲလို့ပါ ဘုရား)၊ မခိုင်တဲ့ဟာဆွဲတော့ ဘယ်သူ့ အပေါ် ပြုတ်ကျတုံး (ဆွဲတဲ့ ပုဂ္ဂိုလ်ပေါ်ပါ ဘုရား)။

အဲ- ဒါကြောင့် ဒကာ ဒကာမတို့ ငိုတဲ့ ပုဂ္ဂိုလ်တွေ့ တော့ ဘာပြုတ်ကျတုံးမေး၊ နောက်ကျတော့ ဒကာ ဒကာမ တွေ အရင်တွေ့ပြီ ဆိုမှဖြင့် မျက်ရည်ကြီးငယ်တွေ ကျနေလိုက် တာ၊ ဘာပြုတ်ကျ သတုံးမေး၊ သူ့သွားမေး၊ ဟုတ်လား။

ဘာပြုတ်ကျတုံးမေးတဲ့အခါကျတော့ သားလေးဆုံး လို့ သွားပြီးဆွဲထားတာကိုး၊ အင်း- ဒီဥစ္စာ အနိစ္စ၊ ကမ်းနား သစ်ပင်ပဲ၊ ဘုရားက ဟောထားတာ၊ ဆရာဘုန်းကြီးက ဟော ထားတယ်၊ ဘယ်သူ့မှ ကိုယ်က မဆွဲနဲ့ ပြုတ်ကျမှာ ချည်းပဲ။

ပြုတ်ကျမှာတွေ မဆွဲနဲ့

အငိုလွတ်ချင်လို့ ရှိရင် ပြုတ်ကျမှာတွေ မဆွဲနဲ့၊ အမြုပ် လွတ်ချင်လို့ရှိရင် ပြုတ်ကျမှာ တွေကြောင့် ကိုယ်ပေါ် အပိမခံ နဲ့ ဆိုတာ မဟောထိုက်ဘူးလား (ဟောထိုက်ပါတယ်)။ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

အခု ဒကာ ဒကာမတွေ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနဲ့ နေကြထိုင်ကြရတာသည် သုံးနှစ်သုံးသီး တိုင်တိုင် မျက်ရည် ကြီးငယ် ကျပြီးသကာလ စားမဝင် အိပ်မပျော် ပြုတ်ကျနေ လိုက်တာဗျာ (မှန်လှပါ ဘုရား)။

မနည်းပါဘူး ပြုတ်ကျနေ လိုက်တာ၊ ဒကာ ဒကာမတွေ ပြုတ်ကျနေလိုက်တဲ့ ပုဂ္ဂိုလ်တွေ၊ ဒကာ ဦးခင်ကြီးတို့ မြင်ဘူး ရဲ့ လား (မြင်ဘူးပါတယ်)၊

အမလေး၊ သုံးနှစ်သုံးသီး တောင်မကသေးဘူး၊ အခုထက်ထိ မျက်လုံးထဲက မထွက် သေးဘူး၊ တွေးလိုက်ရင် မျက်ရည်လည်တုံး ရှိသေးတယ်တဲ့ (မှန်လှပါ ဘုရား)။

အမလေးပြုတ်ကျကြတာ ဘယ်လောက်များနာတယ် ဆိုတာ အတော်ကိုမဆိုးဘူးလား (ဆိုးပါတယ်)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့အတွက်ဟာ ဖြင့် အမျောသမား တွေမှာ အားကိုး လွဲမှာဖြင့် ဘုန်းကြီး စိုးရိမ် တယ် ဆိုတဲ့ဥစ္စာဖြင့် ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

မိမိတို့ဉာဏ်သာ မိမိတို့အားကိုးပါ

ဒါဖြင့် မိမိတို့ဉာဏ်သာ မိမိတို့ အားကိုးရမယ် ဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါပြီ)၊ အဲဒါ ဘုန်းကြီး ပြောပြ ပါဦးမယ်တဲ့၊ မိမိတို့ ဉာဏ်ကို မိမိတို့ အားကိုးလို့ ဘယ်သူခရီး ပေါက်သွားတယ် ဆိုတဲ့ ဥစ္စာ၊ ဒကာ ဒကာမတို့ကို ရှင်းသည် ထက်ရှင်း၊ လင်းသည်ထက် လင်းအောင် ဝတ္ထုတိုကလေး ထုတ်ပြ ပါဦးမယ်။

ဒီဝတ္ထုတိုကလေးက ဘာတုံး ဆိုလို့ရှိရင် ရှေးက ကလေးမလေး တစ်ယောက် ဘုရား လက်ထက်က ရှိတယ်။

ဘိက္ခုနီမဝတ်ဖို့ စိတ်ကူးနေတယ်

ကလေးမလေး တစ်ယောက်က သူက ဘိက္ခုနီ အပျို အရွယ် ထဲက ဘိက္ခုနီမ ဝတ်ဖို့ကို စိတ်ကူး နေတယ်၊ အမေမိဘ ကလည်း သမီးတစ်ယောက် ဆိုပြီး ရွှေပေါ်မြတင် ဆိုပြီး အလွန် ချစ်တယ်၊ မခွဲနိုင်ဘူး။

မခွဲနိုင်တော့ သမီးကလည်း သူတော်ကောင်းစိတ် ကလေးရှိတော့ ဘိက္ခုနီမ ဝတ်ပြီး သကာလ ဒီအဝတ်နဲ့ပဲ နိဗ္ဗာန် လိုချင်တော့ အိမ်ထောင် သားမွေး အစရှိသောအလုပ် မလုပ်ချင်ဘူး။

မိဘက အိမ်ထောင်ပြုပေးတယ်

မလုပ်ချင်တော့ အမေမိဘကလည်း အမွေစား၊ အမွေဆက်မှ မရှိတော့ ဒီကလေးမလေး အတွက် သူက အတင်းပဲ တစ်ယောက်သော သတို့သားနဲ့ အိမ်ထောင် ပေးစား လိုက်တယ်။

အိမ်ထောင် ပေးစား လိုက်တော့ ကလေးမလေးက လိုက်ရ ရှာတာပေါ့လေ၊ မအေမိဘ ဩဇာ မလွန်ဆန် နိုင်တာနဲ့ လိုက်ပြီး သကာလ သွားတော့ ထိုသတို့သားနဲ့ သူနဲ့ အိမ်ထောင် ကျရော။

အိမ်ထောင်ကျပြီး သတို့သား သူ့အကျိုး အကြောင်း ပြောပြတယ်၊ တစ်လ၊ နှစ်လ၊ သုံးလ နေတဲ့ အခါကျတော့ ကျမဟာ ဘယ်သူနဲ့မှ ပေါင်းသင်း ဆက်ဆံချင်တဲ့ သဘော လည်း မရှိပါဘူး၊

သို့ရာတွင် မအေမိဘများကလည်း သမီး တစ်ယောက်ဆိုပြီး သကာလ သူတို့ အမွေအဆက် ပြတ်မှာ စိုး တာနဲ့ ကျမကို ရှင့်နောက်ကို ထည့်လိုက်တယ်။

ကျမ နဂိုစိတ်ကဖြင့် ဘိက္ခုနီမလုပ်ချင်တာ အမှန်ပဲ။

အရင်တုံးကဖြင့် အမေမိဘဆီ တောင်းပန်ပါတယ်။ ထိုကဲ့သို့ တောင်းပန်ငြား သော်လည်း သူတို့က လက်မခံဘူး။ မရဘူး၊ အဲဒါနဲ့ ရှင့်နောက် ရောက်လာတယ်။

ဘိက္ခုနီမ ဝတ်ခွင့်ရတယ်

ရောက်လာတော့ အခုတော့ အမေမိဘလည်း မပိုင် ဘူး၊ ရှင်ကပဲ ပိုင်တယ်၊ အဲတော့ ကျမ၏ ပါရမီ ကူညီဖြည့်သော အားဖြင့် ဘိက္ခုနီမ လုပ်ခွင့်ပေးပါ။

ကလေးမလေးက အကျိုးအကြောင်း ပြောတယ်၊ အဲဒီ ကဲ့သို့ အကျိုးအကြောင်း ပြောတော့၊ ကလေးမလေးက မွန်မွန် ရည်ရည်လည်းရှိ၊ ယောက်ျားကလည်း သူတော်ကောင်း သဘော ရှိတာနဲ့ ကောင်းပြီလေ၊

ဒါဖြင့် ငါကပဲ ဘိက္ခုနီမ ကျောင်း လိုက်ပြီး သကာလ ပို့တော့မယ် ဆိုပြီး သကာလ ဘိက္ခုနီမကျောင်း ရောက်သွားတယ်။

ဝတ်ပါတော့ဆိုပြီး ကောင်းသောခွင့်ပြုခြင်းနဲ့ ခွင့်ပြု လိုက်တယ်။

ခွင့်ပြုလိုက်တော့ ပေါင်းသင်းဆက်ဆံပြီး သကာလ နေတာက တစ်လ နှစ်လ သုံးလ နေတော့ ဘိက္ခုနီမကျောင်း ရောက်လို့ များမကြာမီ ဒီက ပေါင်းသင်း ဆက်ဆံခဲ့တဲ့ အတွက်ကြောင့် ကိုယ်ဝန်လေး ပေါ်နေတယ်။

ကိုယ်ဝန်လေး ပေါ်ပြီး သကာလ နေတော့၊ ပို့ထားတာ ကလည်း ဘယ်ကျောင်း ရောက် သွားသလဲ ဆိုတော့ ဒေဝဒတ် တို့အုပ်စုဘက်က ကျောင်းရောက် သွားတယ် (တင်ပါ့)။

ကိုယ်ဝန်ပြဿနာပေါ်လာတယ်

ဒါနဲ့ အဲဒီမှာ ကိုယ်ဝန်ကလေးက လလေးရလာတဲ့ အခါကျတော့ ဒေဝဒတ်၏ ဘိက္ခုနီမတွေက ပြောတာပေါ့လေ၊ ဒို့အထဲက ဘိက္ခုနီမလေး တစ်ယောက်ဟာ ဒီလို၊ ဒီလို ဖြစ်နေတယ်။

ဒေဝဒတ်ကလည်း ဂုဏ်ယူချင်တဲ့ အခါ သူကလည်း ဘုရားနဲ့ ပြိုင်တုန်းကို၊ သူ့ဘိက္ခုနီမ ထဲက ဒီလို ဖြစ်ရပါ့မလား “ထွက်စေ” ဆိုပြီး သူက အမိန့် ထုတ်လိုက်တယ်။

ဒီအထဲ မနေရဘူး ဆိုတော့ ဘိက္ခုနီမလေးက ထွက်ရ ရှာတာပေါ့ဗျာ၊ သူတို့ပိုင်နက် ရောက်နေတော့ ထွက်ပြီး သကာလ၊ ဒီလိုလည်း မနေချင်ပါဘူး၊ ဂေါတမဘုရားဆီ ဘိက္ခုနီမ အသင်းထဲပဲ နေချင်ပါတယ် ဆိုတော့ ကဲ ဒါဖြင့် ကြိုက်ရာသွား ဆိုတော့ အဲဒီ သွားတယ်။

သွားပြီး အဲဒီကျတော့ လလေး ဘာလေးကြာလာ တော့ လစေ့ အခါကျတော့ ဘိက္ခုနီမ အသင်း မသိသေးဘူး။

ဘုရားကျောင်းရောက်သွားရော ဘုရား၏ ဘိက္ခုနီမ ကျောင်းရောက်သွားတယ်၊ ရောက်သွားတဲ့ အခါ ဘုရား ကတော့ သိတယ်။

ဒါ ဘိက္ခုနီမ ဖြစ်မှ ပဋိသန္ဓေ ရတာ မဟုတ်ဘူး၊ သူ့ ဟိုခင်ပွန်းနှင့် တည်ထောင်တုန်းက ဖြစ်တာ၊ ဘိက္ခုနီမအဖြစ် သူအသန့် အရှင်းကြီး (တင်ပါ့)၊ ဘုရားကတော့ သိတယ်။

သို့သော် ဒေဝဒတ်တွေနဲ့ အပြိုင်အဆိုင် လုပ်နေရ တော့ ဒေဝဒတ်တွေက ဂုဏ်ယူပြီး သကာလ၊ ဟိုက မသိပဲနဲ့ လက်ခံတာ၊ ဘာညာနဲ့ ဆိုမှာ စိုးရသေးတာကိုး။

ဝိသာခါကျောင်းအမကြီးက စစ်ဆေးတယ်

ဒါနဲ့ ဘုရားက ဝိသာခါတို့ မိန်းမတွေ ဘုရား၏ တပည့် သားမြေးတွေခေါ်ပြီး၊ ဒီဘိက္ခုနီမ လေးဟာ သူ ခြေလက်အင်္ဂါ ပျက်ပုံနဲ့ ပဋိသန္ဓေ ရတာနဲ့ တွက်ပြီး သကာလ ငါဘုရား လျှောက်ကြရမယ် ဆိုတော့ ဘုရားကတော့ သိပြီး သားပေါ့ကွာ။

ဒါနဲ့ ဝိသာခါတို့က အမျိုးမျိုးအဖုံဖုံ ကလေးမလေးကို တဲ့မိန်းမအချင်းအရာ ဆိုတော့ အကုန် နားလည်တာပေါ့ဗျာ၊ စစ်လိုက်တဲ့ အခါကျတော့ ဘယ် ဘိက္ခုနီမ ဖြစ်မှရတဲ့ ပဋိသန္ဓေ မှမဟုတ်ဘဲပဲ၊ လူဝတ်ကြောင်တုန်းက ပါလာတာ။

အဲဒါနဲ့ပဲ ဘုရား သွားလျှောက်တော့ ကဲ ဒါဖြင့် သက်သေ သာဓကလုံ လောက်ပြီ ဆိုပြီး ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ချီးမွမ်းပြီး သကာလ ဒီမှာပဲ ဘိက္ခုနီမ ကျောင်းပေါ်၌ နေစေ ဆိုပြီး အမိန့်ထုတ် လိုက်တယ်။

နောက်တော့ များမကြာမီမှာ ကလေးလေး မွေးဖွား လာတယ်။

ကလေးလေး မွေးဖွားလာတော့၊ ကောသလ မင်းကြီး ကလည်း ဘုရား ကျောင်းတော် သွားတော့ ဘိက္ခုနီမကျောင်း နားက ဖြတ်ရတယ်၊ ဖြတ်သွားတဲ့ အခါကျတော့ ဘိက္ခုနီမ ကျောင်းထဲက ကလေး ငိုသံကြားတယ်၊

ဘာတုံးလို့ မေးတဲ့အခါ ကျတော့ အရှင်မင်းကြီး အရင် ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ဝိသာခါတို့ အရှင်မင်းကြီးတို့ စုံစမ်းစစ်ဆေးရတဲ့ ကလေးမလေး သားပါ။

ကလေးကို ဘုရင်မင်းမြတ်က မွေးစားတယ်

အို ဒါဖြင့်ကွာ၊ ဒီကလေးလေးကို နန်းတော်ထဲ လိုက်ကွာ၊ ဒီ ဘိက္ခုနီမလေး ဆင်းရဲ နေရော့မယ် ဆိုပြီး သကာ လ နန်းတော် ပို့လိုက်တော့ ကောသလ မင်းကြီးက မွေးစားတာ ကုမာရ ဆိုတဲ့ နာမည်လေး ပေးတယ်။

ကုမာရ ဆိုတာ မြန်မာလိုပြန်တော့ သူငယ်လေး (မှန်ပါ့)၊ သူငယ်လေး ဆိုတဲ့ နာမည် ပေးထားတယ်။

နောက်ကျတော့ ဒီသူငယ်လေးကလည်း ရှစ်နှစ် ကိုး နှစ် အစရှိသည်ဖြစ်ပြီး သကာလ လာတော့ နန်းတော်ထဲမှာ သားအမှတ်နှင့် မွေးစား ထားတော့ ရှင်ဘုရင့်သားတွေနဲ့ သူနဲ့ ဆိုတော့ ရှင်ဘုရင်ကလည်း သူလည်းသားကိုး။

သားတွေဖြစ်တော့ ဒိုးထိုးတမ်း ကစားကြတယ်၊ ဒိုးထိုးတမ်း ကစားကြတော့ သူကချည်း နိုင်တယ်။

သူကချည်းနိုင်တော့ ဒီပြင်ကလေးတွေက ဒိုးတွေ ကုန်တော့ မပေးနိုင်ဘူး၊ မပေးနိုင်တော့ သူက တွန်းလှဲ လက်သီးနှင့် ဘာနဲ့ ထိုးပေါ့ဗျာ၊ အင်း- အမေအဖေ မရှိတဲ့သား က ဒို့ကို နှိပ်စက် လေခြင်း၊ ကလေးတွေကပေါ့ဗျာ နာအောင် ဆိုကြတယ်။

အဖေအမေ မရှိတဲ့ သားလေးက ဒို့ကို နှိပ်စက်တယ်၊ ဒို့ကို နှိပ်စက်တယ် ဆိုတော့ သူက ကြားတယ်၊ ငါ့မှ အမေ အဖေ မရှိဘူးလို့ ပြောနေတယ်၊ ငါ့အဖေအမေ မရှိဘူးလို့ပြော နေတယ် ဆိုတော့ တစ်ခါတည်း ကောသလ မင်းကြီးဆီ သွား မေးတယ်။

မောင်ချစ်ဆွေ (ဘုရား)၊ ကောသလ မင်းကြီးဆီ သွားမေးတယ် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

အမေမရှိ၊ အဖေမရှိတဲ့သား

ဒီကလေးတွေက ဆိုနေကြတယ်၊ အမေမရှိ၊ အဖေ မရှိတဲ့သား၊ အမေ မရှိတဲ့သားက ဒို့ကို နှိပ်စက်တယ်ချည်း အော်အော်ပြီး သကာလ ကျုပ်ကို ဆဲနေကြတယ်၊ ဟ- သူတို့ က ကလေး ဆိုတော့ ဘာသိတာ မှတ်လို့ ငါမင်းအဖေလို့ ကောသလ မင်းကြီးက ပြောတယ်။

မင်းအဖေပဲ၊ ဟောဒါတွေလည်း နို့ထိန်းတွေပြပြီး ဒါ မင်းအမေတွေ၊ ဒါနဲ့ နောက်နည်းနည်းလေး ငြိမ်သွားပြန်တာ ပေါ့ဗျာ။

နောက် ဒိုးထိုးတမ်း ပြန်ကစားပြန်တော့ ဒီအသံပဲ ထွက်လာတယ်၊ သူမကျေနပ်ဘူး၊ သူ့ကိုယ်သူ သံသယ ရှိလာ တယ်။ သူ့ကိုယ်သူ ငါ့ကို ဖအေမရှိ၊ မမေမရှိတဲ့ သားလို့ ဆိုလာပြန်ပြီ။

ဒါနဲ့ ကောသလမင်းကြီးကို အတင်း အဓမ္မမေးတော့ တာပဲ၊ မေးတော့ ဒီကလေးဟာ တယ်ပါးတဲ့ ကလေးပဲ၊ ငါဟာ အဖေပဲ၊ နို့ထိန်းတွေဟာ အမေပဲ ဆိုတာ ယုံကို မယုံဘူး၊ သုံးလေးခါ ထပ်မေး နေပြန်ပြီ။

တယ်ဆိုးတဲ့ကံပါလား

ဒါဖြင့် ငါအမှန် ပြောလေမှပဲ ဆိုပြီး သင့်အမေက ဘိက္ခုနီမ၊ သင့်ကို ဘိက္ခုနီမက မွေးတော့ ဘိက္ခုနီမ ကျောင်း မှာ မတော်တာနဲ့ သင့်ကို ငါက မွေးစားထားတာ၊ ဒီလိုပြော လိုက်တော့ သူ ခုနစ်နှစ်၊ ရှစ်နှစ်လောက် ရှိသေးတယ်၊ သံဝေဂ ရသွားတယ်၊ တယ်ဆိုးတဲ့ကံပါလား၊ ငယ်ငယ် ကတည်းက အဖေအမေနဲ့ ခွဲခွာပြီး သကာလ နေရတာ ငါ့ဖြင့် ဆိုးတဲ့ကံပဲ။

ကဲ- ဒီလောက်ဆိုးတဲ့ ကံကိုဖြင့် ကံကောင်းလုပ်မှ တော်မယ်၊ ကံဆိုးကို ကံကောင်း လုပ်တော့မယ်၊ ဒကာ ဒကာမ တွေ ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲတော့ ခင်ဗျားတို့လည်း အခုကံဆိုးကို ကံကောင်း လုပ်ကြ (မှန်လှပါ ဘုရား)၊ ဘာပြုလို့တုံး ဆိုတော့ ခင်ဗျား တို့ သားရေးသမီးရေး၊ စီးပွားရေးနဲ့ ပူရ၊ ပင်ရတဲ့ ဘဝတွေဟာ ယခုဘဝတွင်ပဲ မနည်းလှပါဘူး၊ ကံမကောင်းလို့ပေါ့ဗျာ။

သားပူ၊ သမီးပူ၊ ဆွေမျိုးပူ၊ ခင်ပွန်းပူ၊ အပူတွေက မစုံသေးဘူးလား (စုံပါပြီ ဘုရား)၊ ဘယ် အပူများ ကျန်သေးလဲ (မကျန်ပါ ဘုရား)။

ကံဆိုးတွေကို ကံကောင်းဖြစ်အောင်လုပ်ပါ

အဲဒါ ကံဆိုးတွေကို အခု သတိပဋ္ဌာန် အလုပ်လုပ် လိုက်လို့ ခုနက လိပ်ခွံအောက် ပြန်သွင်း သလို သွင်းလိုက်ရင် ခင်ဗျားတို့ ဒေါ်ကံကောင်းတို့၊ မကံကောင်းတို့ ဖြစ်မယ်၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါ ကံကောင်း လုပ်ဖို့ ဥစ္စာများ ခင်ဗျားတို့က ဖြေးဖြေးဖြင့်မှ လုပ်ချင်သေးလား (မလုပ်ချင်ပါ ဘုရား)၊ မြန်မြန် သွက်သွက် လုပ်ပါ၊ မတူ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘယ်လို လုပ်ရမလဲ (မြန်မြန် သွက်သွက် လုပ်ပါ)။

ကံမကောင်းတဲ့ ဥစ္စာကို ကံကောင်းချင်တဲ့ အခါကျတော့ ဓာတ်ဆရာ သွားမေးတဲ့ အခါ အုန်းသီး တစ်လုံး တစ်ဆယ်ဆိုလည်း ဝယ်မှာပဲ၊ အရေးကြီး လာပြီကိုး၊ အဲဒီလို ဟိုဟာက ပျောက်တာ မပျောက်တာ၊ မပျောက်တာ ရှိတယ်၊ ဒီဟာက တကယ် ကံကောင်း ဖြစ်ရမယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒါကြောင့် ကလေးလေးဟာ ကံဆိုးက ကံကောင်း လုပ်မှပဲ ဆိုပြီးသကာလ သူ့ဖခမည်းတော် ကောသလ မင်းကြီး ပြောလိုက်တော့ ကျွန်တော် သင်္ကန်းဝတ်ချင်တယ်။

အမယ်- သဘော ကျလိုက်တာကွာ၊ သင်္ကန်းဝတ်ချင် တယ်ဆိုတော့ ငါလဲ ချီးမြှင့်ရတာပေါ့။ သူက အဆောင် အယောင်တွေနဲ့ နန်းတော်က နေပြီး ရှင်လောင်းကြီး အကြီး အကျယ် ယူပြီး သကာလ သွားပြီး ရှင်ပြုတာပေါ့။

ရှင်ပြုပြီး ကံဆိုးတယ် ဆိုပြီး သာသနာ့ဘောင်ဝင် တော့ ကံကောင်း ဖြစ်အောင်ပဲ ကြိုးစား သထက် ကြိုးစားပြီး လုပ်ပါတော့မယ် ဆိုပြီး စာတွေ သင်တယ်။ တရားတွေ ဟောတတ် ပြောတတ် ဖြစ်လာတယ် (မှန်ပါ့)။

ကုမာရကဿပရဟန်း

သူ ရဟန်းဖြစ်တော့ ကဿပလို့ နာမည်ပေးတယ်။ လူနာမည်က ကုမာရ၊ အဲဒီလို ကုမာရနဲ့ ကဿပ ပေါင်းပြီး ကုမာရကဿပ ဖြစ်လာတယ်၊ အဲဒီ ကုမာရကဿပ ဖြစ်ပြီး ကျော်ကြား လာတယ်။

ဟိုက ပသေနဒီကောသလ မင်းကြီးက ကလေးလေး မွေးစ ရှိသေးတယ်၊ နန်းတော်သိမ်း သွားတော့ ရှင်ဘုရင်မို့သာ ကိုးဗျ၊ အမေ ဆိုတာ ဘယ်ပေးချင်လိမ့်မလဲ၊ အဲဒီနေ့က စပြီး မျက်ရည် ကျနေ လိုက်တာ စားလို့လည်း မဝင်ဘူး၊ အိပ်လို့ လည်း မပျော်ဘူး၊ မျက်ရည် မကျတဲ့နေ့ တစ်ခါမှ မရှိဘူးတဲ့၊ သူ့သားကို လွမ်းတာ။

သူ့သားကဖြင့် အခု ရဟန်းဖြစ်လို့ တော်တော့ကို ရဟန်းကိစ္စပြီးလို့၊ တော်တော် ကျော်ကြား နေပြီ၊ ကုမာရ ကဿပဟာ တရား ဟောတာမှာ ပထမတန်းပဲ၊ အားလုံးသော ပုဂ္ဂိုလ်တွေ ယဉ်ကျေးအောင် နိဗ္ဗာန် ရောက်ကြောင်းကို ဖြင့် ဟောနိုင်တဲ့ ပုဂ္ဂိုလ်ပဲ ဆိုတာ မောင်ချစ်ဆွေ အတော် ကျော်ကြားတယ် (မှန်လှပါ ဘုရား)။

ကုမာရကဿပမယ်တော်

ကျော်ကြားလာပေမယ့် သူ့အမေဆီ မသွားဘူး၊ မသွားတော့ သူ့အမေက ဆယ့်သုံးနှစ်လောက် ရှိနေပြီတဲ့ မျက်ရည်က ဆည်လို့ မရဘူး၊ ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်၊ အနှစ် နှစ်ဆယ် ရလာပြီ၊ မျက်ရည် ဆည်လို့ ဘယ်တော့မှ မရဘူး၊ တရားအားထုတ်လို့လည်း ဘယ်တော့မှ မရဘူး။

ဘာပြုလို့တုံးဆိုတော့ သားအားကိုး နေတာကိုး၊ ဒီသားလေး လူလား မြောက်လာပြီ၊ ဒီသားလေးနဲ့ နေရာကျမှာ ပါပဲ။

သားကလေးကလည်း ငါ့ကို ပြန်မငဲ့သေးဘူး၊ တစ်နေ့ နေ့တော့ ငဲ့ကောင်းပါရဲ့ လေ၊ သူ့ပဲ အားကိုးရမှာပဲ၊ သူများချည်း အားကိုးနေတယ်၊ ကိုယ့်ကိုယ်ကိုယ် အားမကိုးဘူး၊ ဒီဘိက္ခုနီ မက မျက်ရည်သာ ကျနေတာပဲ။

အဲဒီလို ဖြစ်ပြီး သကာလ နေတော့ တစ်နေ့သ၌ ကျတော့ ကုမာရကဿပ ရဟန်းက ဆွမ်းခံရာမှာ ရှေးအခါက ဘိက္ခုနီမတွေ ဆွမ်းခံစားတယ်၊ ဒီကုမာရကဿပ ရဟန္တာ ကလည်း ဆွမ်းခံ စားတယ်။

သားကိုမြင်တော့ အတင်းလိုက်တယ်

ဆွမ်းခံစားတော့ သူ့သားကို မြင်တာကိုး၊ တစ်ခါတည်း ဘိက္ခုနီမက သူ့သပိတ်ပွေ့ပြီး အတင်း လိုက်တယ်၊ သူ့သားကို သင်္ကန်း ဆွဲမလို့ (မှန်ပါ့)။

သင်္ကန်းဆွဲမလို့ တစ်ခါတည်း လိုက်တော့ ယောက်ျား ခြေနှင့် မိန်းမ ဘယ်တူမလဲ ယောက်ျားက သွက်တယ်၊ မိန်းမက နှေးတယ်၊ နှေးသော်လည်း ချစ်တဲ့ ဇောနဲ့ အတင်း လိုက်တော့ မှီလုမှီခင် ဖြစ်တယ်။

မှီလုမှီခင် ဖြစ်တော့ သားလုပ်တဲ့ ပုဂ္ဂိုလ်က ဒကာမကြီး လို့ ခေါ်လိုက်လို့ ရှိရင် သြော် ငါ့ကို ခင်သေးတယ်၊ ချစ်ရှာတယ် တွေ့ တော့လည်း ခေါ် ရှာသားပဲ ဆိုလို့ ရှိရင်ဖြင့် သူဟာ ဒီခင်လုံးစိတ် မဖြတ်နိုင်တာနဲ့ ငါ့အားကိုး နေတာနဲ့ တရားရမှာ မဟုတ်ဘူး (တင်ပါ့ ဘုရား)။

အားကိုးမှာစိုးလို့

အသံကို မပေးဘူးဆိုပြီး သကာလ ဟိုက သင်္ကန်း လိုက်ဆွဲမည် လုပ်လေလေ၊ ကိုယ်တော်က ခတ်သွက်သွက် သွားလေလေ၊ အားကိုးမှာ စိုးလို့။

သူ့ကိုယ်သူ အားကိုးမှ မဂ်ဖိုလ် ရမှာကိုး၊ အခု သူတစ်ပါး အားကိုးနေတယ်၊ သူ့သားကိုပဲ မျှော်ကိုး နေတယ်။

အဲဒါနဲ့ သူ့စိတ်ထဲမှာ ဒါကိုလည်း မြင်ပြီးသား၊ မြင်ပြီး သား ဖြစ်တော့ ခုနက ဘိက္ခုနီမက အရူးမိုက်၊ မိုက်တုန်းပေါ့ ဗျာ၊ အရူးမိုက် မိုက်တုံးပဲ တစ်ခါတည်း သပိတ်ကြီးပွေ့ပြီး သူ့သား သင်္ကန်းစ လိုက်ဆွဲ။

ခေါ်လည်းမခေါ်ပြောလည်းမပြော

ဟိုကလည်း အတင်း လျှောက်နေတယ်၊ ခေါ်လည်း မခေါ်ဘူး ပြောလည်း မပြောဘူး လှည့်လည်း မကြည့်တော့ဘူး။

လှည့်ကြည့်နေရင် ငဲ့တယ် ထင်ဦးမှာ၊ ငါ့ကိုငဲ့တယ် ထင်နေရင် သူတရား ရမှာ မဟုတ်ဘူး၊ တရား အားထုတ်ရင် သူ့ဟာသူ အားကိုးမှ တရားရမှာ ဆိုပြီး သကာလ ကိုယ်တော် က ကုမာရကဿပ ကဖြင့် မောင်ချစ်ဆွေ နောက်ကို လှည့် မကြည့်ဘူး၊ အတင်းသာ သွားနေတာပဲ။

အတင်းသွားနေတော့ ဒီက အတင်းလိုက်၊ အတင်း လိုက်တာနဲ့ မှီလုမှီခင် သင်္ကန်းဆွဲ မလို့ တအားဆွဲ လိုက်တော့ မှောက်လျက်ကြီး လဲတယ်။

ဘယ်လောက်များ ဆိုးသလဲ (ဆိုးပါတယ် ဘုရား)၊ ခင်လုံးခင်လုံး၊ ဘယ်လောက်ဆိုး သလဲ ဆိုတာ မှောက် လျက်လဲအောင်ပဲ ခင်ရတယ်၊ ဘယ်လောက်များ ဆိုးတယ် ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

အဲဒါ ခင်ဗျားတို့ ဒကာမတွေကသာ မိုက်တယ်၊ မဆိုးဝါးဘူးလားဗျာ (ဆိုးဝါးပါတယ်)။

တန်းတူဖြစ်ချင်ရင် ဒီဘဝမဂ်ရအောင်လုပ်

ဒကာမတွေကသာ မိုက်တယ်တဲ့၊ ခင်မိပြီ ဆိုလို့ရှိရင် မျက်စိအောက်က မပျောက်နိုင်၊ တစ်နေ့ပဲ ဒီသားလေး၊ သမီး လေးတွေနဲ့ ခွဲရပြီဆိုရင် လပေါင်း များစွာချင့်ပြီးများ ခင်လိုက် သေးတယ်၊ မဆိုးဝါး ဘူးလား (ဆိုးဝါးပါတယ်)။

အေး- ဒါကြောင့် ခင်ဗျားတို့ မိန်းမတွေဟာ မြန်မြန် သာ အလုပ်၊ လုပ်ယူလိုက်ပါ၊ နို့မို့ရင် ဒီဆိုးဝါး ဆက်ကြီးဟာ ဘယ်တော့သိမ်းမှာ (မသိမ်းပါ ဘုရား)။

ဆိုးဝါးဆက်ရှိလေလေ၊ အပါယ်နဲ့ နီးလေလေ၊ ရောက် လေလေ၊ ကျလေလေ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

အေး- ဒါ့ကြောင့် မိန်းမများ မှာတဲ့ ဆိုးဝါးတဲ့ စိတ်ဒုက္ခ ရှိသောကြောင့် စကြဝတေးမင်း မဖြစ်ရဘူး၊ မိန်းမ အဖြစ်နဲ့ ဆိုရင် စကြဝတေးမင်း မဖြစ်နိုင်ဘူး၊ ဗြဟ္မာမင်း လည်း မဖြစ် နိုင်ဘူး၊ ဘုရားလည်း မဖြစ်နိုင်ဘူး။

ကဲ-ဒါနဲ့ ချိန်လိုက်ရင် မိန်းမ ဆိုးတယ် ဆိုတာ ပေါ်လာ ကြပလား (ပေါ်လာပါပြီ ဘုရား)၊ ဖြစ်ကို မဖြစ်နိုင်ဘူးတဲ့၊ အဲဒါကြောင့် ကိုယ့်ဘဝကိုလည်း ကိုယ် မသာယာကြဘဲနဲ့၊

ကိုင်း ဘယ်လောက် ယုတ်မာတယ်၊ ဆိုးဝါးတယ် ဆိုတဲ့ ဘဝ၊ သူများ နဲ့ တန်းတူ ဘယ်ဟာမှ မဖြစ်နိုင်တဲ့ ဘဝကိုဖြင့် ကဲ-ဒီဘဝဇာတ် သိမ်းလိုက်ပါတော့မယ် ဆိုတော့ နိဗ္ဗာန် ကျတော့လည်း တစ်တန်းတည်း သွားဖြစ်တယ်။

ယောက်ျားနိဗ္ဗာန်၊ မိန်းမနိဗ္ဗာန်လို့ မရှိတော့ဘူး၊ အဲဒီ ကျတော့ အတူတူပဲ၊ ငြိမ်းချမ်း၊ ချမ်းသာ ဒါချည်း ဖြစ်နေ တယ်။

အဲဒါဖြင့် တန်းတူချင်လို့ ရှိရင်ဖြင့် ဒီဘဝမှာ ခင်ဗျားတို့ တန်းမတူ နိုင်တော့ဘူး၊ တန်းတူ ဖြစ်ချင် ဒီဘဝ မဂ်ဖိုလ်ရအောင် လုပ်လိုက်ရင် ဘယ်သူနဲ့မဆို တန်းတူမယ်၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)။

အခုဘဝနစ်နာနေတယ်

အခုတော့ ခင်ဗျားတို့မှာ အရှုံးကြီး ရှုံးပြီး သကာလ အင်မတန် မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား) ဆူစရာ ရှိလည်း ခင်ဗျားတို့၊ မျက်နှာကောင်း မရစရာ ရှိလည်း ခင်ဗျားတို့၊ တစ်နေ့ တစ်နေ့လည်း ပင်ပန်း လိုက်တာကော (တပည့်တော်တို့ပါ ဘုရား)။

ငွေရလမ်းက ခင်ဗျားတို့ မလုပ်နိုင်တဲ့ အတွက် အော် တာ၊ အင်တာ၊ ငေါက်တာ ခံရတာကော (တပည့်တော်တို့ပါ ဘုရား) သိမ်လိုက်တဲ့ ဂုဏ်ဗျာ၊ မပြောပါနဲ့တော့ (မှန်ပါ့)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ ခုနက ဘိက္ခုနီမက ဟပ်ထိုးကြီးလဲတယ် ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

သူကပဲ ခင်တာကိုးဗျ၊ တယ်လည်း အားကိုးတာကိုး၊ အဲဒီ အားကိုးတဲ့ အတွက်တဲ့ သူ့စိတ်ထဲမှာ ဟပ်ထိုးကြီးလဲ တယ်။

ဟပ်ထိုးကြီးလဲတဲ့ အခါကျတော့ သူ့စိတ်ထဲမှာ ေဩာ် ငါ့သားမှာ နည်းနည်းမှ အမေ့စိတ် မရှိဘဲပဲ (မှန်လှပါ) ငါ့ဖြင့် အခုနှစ်ပေါင်း နှစ်ဆယ် အစိတ် မျက်ရည်နဲ့ မျက်ခွက် ဘယ်တရားမှလည်း အားမထုတ် နိုင်ခဲ့ဘူး။

ဒီနေ့ကစပြီး မင်းကို အားမကိုးတော့ဘူး

သူ့စိတ်နဲ့ပဲ အချိန်ကုန် နေရတာပဲ၊ အခုတွေ့ပြန်တော့ စိမ်းကား လိုက်တာ၊ ဒီနေ့က စပြီးတော့ မင်းကိုဖြင့် အားမကိုး တော့ပါဘူးလို့ ဆုံးဖြတ်ချက် ချတယ်။ ဆုံးဖြတ်ချက် ချလိုက်တယ်။

အဲဒီ ဆုံးဖြတ်ချက် ချပြီး ဘိက္ခုနီမ ကျောင်းပြန်တော့ တာပဲ၊ ရှက်လည်း ရှက်သွား တာပေါ့ဗျာ၊ ဟပ်ထိုးလည်း လဲခဲ့ ပေါ့၊ ရှက်ပြီ။

ရှက်တာနဲ့ ဘိက္ခုနီမ ကျောင်း ရောက်တော့ မောင်ချစ်ဆွေ တိုင်မှီပြီး ဒီနေ့တော့ဖြင့် တရားမရ မထဘူးကွာ၊ ကိုယ့်ဟာ ကိုယ် အားကိုးမယ် ဆိုတော့မှ ခုနက ဝေဒနာတွေ ဒကာ ဒကာမတွေ လှည့်ပြီး ဉာဏ်အောက် သွင်းတော့တာပဲ။

အဲဒီ သူများ အားမကိုးတဲ့ ညမှာ ရဟန္တာမ ဖြစ်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ကိုယ့်ဉာဏ်ကိုအားကိုးလို့ရဟန္တာမ ဖြစ်တယ်

ကိုယ့်ဟာကိုယ်လည်း အားကိုးလိုက်ပါရော ရဟန္တာ ဖြစ်တာပဲ၊ အဲဒါကြောင့် ဒကာ ဒကာမတွေ ဒီဝတ္ထုပြောချင် တာက တခြားမဟုတ်ပါဘူး၊ မိန်းမဆိုတာ အားငယ်တတ်တဲ့ ပုဂ္ဂိုလ် အချိုးအစားလည်း ဖြစ်တယ်၊ မျက်စိ သူငယ်နဲ့ ကြောက် တတ်၊ လန့်တတ်တဲ့ အမျိုးအစားလည်း ဖြစ်တယ် ဆိုတော့ သူတပါးပဲ အားကိုး နေတာပဲ။

အဲ- သူတစ်ပါး အားကိုးနေတဲ့ အတွက် ဟိုဘိက္ခုနီမမှာ နှစ်ပေါင်းနှစ်ဆယ် အစိတ် သားကို ခင်ပြီး သားအားကိုးတဲ့ အတွက် သူလိုရင်း ဆိုက်ကဲ့လား (မဆိုက်ပါဘူး)။

ကိုင်း- ဒီလောက်တောင် စိမ်းကားတာဖြင့် သူ့ကိုဖြင့် ယနေ့က စပြီး ဖြတ်ပါတော့မယ်၊ ကိုယ့်အား ကိုယ်ကိုးပါတော့မယ် ဆိုပြီး သကာလ အားထုတ်တဲ့ ညကျတော့ ရဟန္တာ မ ဖြစ်တယ် (မှန်လှပါ ဘုရား)။

ဒါ့ကြောင့် ဒကာ ဒကာမတွေလည်းတဲ့ ဘယ်သူ့မှ အားမကိုးပါနဲ့ ကိုယ့်ဉာဏ်ကိုသာ ကိုယ်အားကိုးပြီး သကာလ လုပ်ကြလို့ရှိရင်ဖြင့် ခင်ဗျားတို့ နေရာကျမှာပဲ။

ကိုယ့်ကိုယ်ကိုယ် အားကိုးရာနော် (မှန်လှပါ ဘုရား) ကိုယ့်ကိုယ်ကိုယ် ဆိုတာ တခြား မဟုတ်ပါဘူး၊ တကယ် အခုရှိ တဲ့ ခန္ဓာကိုယ်ကြီးကို မဆိုလိုက်ပါနဲ့ (မှန်ပါ)။

ဘုန်းကြီး ပေးထားတဲ့ မဂ်ဉာဏ်ကလေး ရှုတတ်တဲ့ ဉာဏ်ကလေးကို အားကိုးပါ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ကိုယ့်ကိုယ်ကိုယ်ဆိုတာဘာပါလိမ့်

ကိုယ့်ကိုယ်ကိုယ်ဆိုတာ ဘာပါလိမ့် (ရူတတ်တဲ့ဉာဏ် ပါ ဘုရား) အဲဒီဉာဏ်ကို ကိုယ့်ကိုယ် ဆိုတယ်။

နားမလည်တဲ့ ဒကာတွေက နားမလည်တဲ့ ဆရာ တွေက ပြောလို့ရှိရင် ကိုယ့်ကိုယ်ကိုယ် အားကိုးကြ ဆိုတာ ခင်ဗျားတို့ လွဲလိမ့်မယ်နော်။

ဒီပုဂ္ဂိုလ်ကြီးက အနိစ္စကြီး ဘယ် သူ့သွားအားကိုးလို့ ဘာအသုံးကျမှာတုံး၊ သဘောကျပလား (ကျပါပြီ)။

ပုဂ္ဂိုလ် ဆိုတာ ဒီရုပ်နာမ်ကြီး အားကိုးလို့ ဆိုတာလား (မဟုတ်ပါဘူး) ခင်ဗျားတို့ ရှုတဲ့ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ကို အားကိုး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

အဲတော့ ခင်ဗျားတို့က လောကမှာလည်း ခင်ဗျားတို့ ပြောသံကြားနဲ့ ဖြစ်နေတာ တွေကော လွဲတယ်နော်၊ ကျုပ်တို့ တော့ ဘယ်သူ့မှ အားမကိုးဘူး၊ ကိုယ့်ကိုယ်ကိုယ် အားကိုး တာပဲ ဆိုတော့ ဒီပုဂ္ဂိုလ်ကြီး ယူလိုက်တယ်၊ လွဲတယ်နော်၊ လွဲတယ်၊ လွဲတယ် ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား) ရိပ်မိပ လား (ရိပ်မိပါပြီ)။

ကိုယ့်ကိုယ်ကိုယ် အားကိုးလို့ ဘုရားဟောတော်မူ တာက အတ္တာဟိ အတ္တာဧဝ၊ မိမိ အားကိုးသော မဂ်ဉာဏ် သည်ပင်လျှင်၊ အတ္တနော – မိမိ၏၊ နာထော- ကိုးကွယ်ရာ တည်း။

မိမိအားထုတ်တဲ့ဉာဏ်ကိုအားကိုးရမယ်

မိမိအားထုတ်တဲ့ ဉာဏ်သည် မိမိ အားကိုးရမယ်၊ အတ္တနာဟိ သုဒန္တေန၊ အတ္တနာဟိ – မိမိကိုယ် သည်၊ သုဒန္တေန – မဂ္ဂင်ရှစ်ပါး ဖြစ်ပေါ်လာသဖြင့်၊ မဂ္ဂင်ရှစ်ပါး တည်း ဟူသော ယာဉ်ကြီး တရား၊ လှေရထားကြီး၊ ဖောင် ရထားကြီး ဖြစ်ပေါ်လာသဖြင့်၊ ဒုလ္လဘံ- ရခဲသော၊ နာထံ- အရဟတ္တ ဖိုလ်တည်း ဟူသော မှီရာကို၊ လဘန္တိ- ရနိုင်တယ်။

ဒီမဂ်ဉာဏ်အားကိုးမှ ရနိုင်တယ်၊ ဒီဝိပဿနာဉာဏ် အားကိုးရင် ရမယ်။

ကိုင်း- ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကိုယ် အားကိုး ဆိုတာ ဘာတုံး သိပြီလား (သိပါပြီ) ဘာတုံး (ဝိပဿနာ ဉာဏ်၊ မဂ်ဉာဏ် အားကိုးရပါမယ်) အေး ဝိပဿနာဉာဏ် မဂ်ဉာဏ် ပေါ့ဗျာ။

ကုမာရ ကဿပ မယ်တော်ကိုကြည့်ပါ

ကိုင်း-ခုနက ဒကာမကြီး ကုမာရကဿပမယ်တော် ကြည့်လိုက် (မှန်ပါ့) ကုမာရကဿပ မယ်တော် ကြည့်လိုက်၊ မင်းဖြင့် အားမကိုးတော့ပါဘူးဟေ့၊ ကိုယ့်ဟာကို တရားပဲ အား ကိုးပါတော့မယ် ဆိုပြီး အားကိုးလိုက်တဲ့ တစ်နေ့ကျတော့ ဘာဖြစ်သလဲ (နိဗ္ဗာန်ရပါတယ် ဘုရား)။

အဲ- ဒကာ ဒကာမတို့ သားလင် ခင်ပွန်းတွေ အားကိုး ပြီး သကာလ မနေပါနဲ့ (မှန်လှပါ ဘုရား)။

သားလင် ခင်ပွန်းက မင်း နေမကောင်းဘူးလား၊ နေ မကောင်း ဒီဆေးသောက် ဒါပဲ ပြောတတ် တယ်၊ ပျောက်မယ်၊ မပျောက်မယ်က သူတာဝန် မယူနိုင်ဘူး၊ တကယ်လို့ ဝေဒနာ ရလို့၊ သေ လောက်တဲ့ ဝေဒနာ ရလို့ ရှိရင်လည်း ကျုပ်ကယ်ပါ ဦး ဆိုလို့ ဘယ်သူ တတ်နိုင်မလဲ (မှန်လှပါ)။

မတတ်နိုင်တော့ ကိုယ့်ဝန် ကိုယ်ထမ်း၊ ကိုယ့်လမ်း ကိုယ်သေပဲ၊ ဘာများ အားကိုးရာ ရသလဲ (မရပါ ဘုရား)။

အဲတော့ ခင်ဗျားတို့ နေကြ ထိုင်ကြတာ အပြောနဲ့ လွမ်းနေတာနဲ့ တယ်တူတယ်၊ ဟုတ်ဘူးလား (ဟုတ်ပါတယ်) အပြောနဲ့ လွမ်းနေတာနဲ့ တယ်တူတယ်။

ယောက်ျားပြောတာရမ်းယုံတယ်

မင်း- ငါဒီမှာရှိနေတယ်၊ ဘာပူစရာ ရှိသတုံး၊ ဟိုက ယောက်ျားက အဟုတ် ပြောလိုက်တယ်၊ ပြောလိုက်တော့ ခင်ဗျားတို့က ရမ်းယုံတယ်။

အပြီးသတ်တော့ ခင်ဗျားတို့ဖြစ်တဲ့အနာ၊ ချောင်းဆိုး တာလေးတောင် ပျောက်အောင် မလုပ်နိုင်ဘူး၊ ကုနိုင်ရဲ့ လား (မကုနိုင်ပါ ဘုရား)။ သွေးနာ၊ လေနာတွေ ကျတော့ကော (မကုနိုင်ပါ ဘုရား) ရင်နာတွေ ကျတော့ကော (မကုနိုင်ပါ ဘုရား) နောက်ကြော တတ်တာ ကျတော့ကော (မကုနိုင်ပါ)။

တစ်ခါ အိုလာတာ ကြီးကျတော့ (မကုနိုင်ပါဘူး) ဒါဖြင့် ဘယ်ဟာကော သူတို့ ပြောတာ ယုံနေတာများ၊ ခင်ဗျားတို့ ရူးလို့ဖြစ်မယ် (မှန်ပါ့ ဘုရား)။

ရိပ်မိပလား (ရိပ်မိပါပြီ) ရူးလို့ယုံတယ်ဆိုတာ ရိပ်မိ ကြပလား (ရိပ်မိပါပြီ)။

ကျုပ်က ယုံတတ်တယ်လို့ လုပ်မနေနဲ့ဦး၊ ခင်ဗျားတို့က အတော်ဆိုးတာ၊ ရူးလို့ယုံတယ် ဆိုတာ ရိပ်မိကြပြီလား (ရိပ်မိ ပါပြီ) ကျုပ်က ယုံတတ်တယ်လို့ မလုပ်ပါနဲ့တဲ့၊ ယုံလို့ပဲ ပုံအပ် လိုက်တာပဲ။ အမလေး ဒကာ ဒကာမတို့ အ,လိုက်တဲ့ ဖြစ်ခြင်း ရိပ်မိပလား၊ (ရိပ်မိပါပြီ)။ အလကား ပြောနေကြတာ။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ အမေက သမီး ကို မကယ်နိုင်ပါဘူး၊ သမီးကလည်း အမေကို မကယ်နိုင်ပါဘူး၊ ခင်ပွန်းမက၊ ခင်ပွန်း ယောက်ျားကို (မကယ်နိုင်ပါ)။

ဘယ်ကယ်နိုင်ကြမလဲ အနတ္တတွေလေ (မှန်ပါ့ ဘုရား) သူလည်း အနတ္တ၊ ကိုယ်ကော (အနတ္တပါ ဘုရား) ဒါဖြင့် ဘယ်သူက ဘယ်သူ့ ကယ်နိုင်တယ်လို့ ဘုရား ကိုယ်တော်တိုင်က ဟောသလား (မဟောပါ ဘုရား)။

ေဩာ် ခင်ဗျားတို့ လက်လွတ် ဆိုတာ ယုံတာ ပေါ့ ရိပ်မိပလား (ရိပ်မိပါပြီ) လက်လွတ် ဆိုတာ ယုံနေတာ ကဲဒါဖြင့် မတူတို့ လက်လွတ် ဆိုတာလေးကို နားထဲက မထွက်သေးဘူး လုပ်နေသေးလား (မလုပ်ပါ ဘုရား)။

မလုပ်တော့ပါဘူး ဆိုတော့ အခါတော့ နည်းနည်းပါး လာပြီ မရီကော ပါးပြီလား (ပါးပါပြီ) အင်း ဒကာကြီး ကြားနေပါဦးမယ်။

ကဲ ယုံပြီလား၊ ဘယ်သူ့ အားကိုးသေးသလဲ (ကိုယ့် ဟာကိုယ် အားကိုးပါတယ်) ကိုယ်အားထုတ်တဲ့ ဝိပဿနာ ဉာဏ်နော်။

ဝိပဿနာဉာဏ်ကိုသာ အားကိုးကြ

ဒီဒကာ ဒကာမတွေ ဒီနေ့အားကိုးသေးသလား (မကိုးပါဘူး ဘုရား) မကိုးပါဘူးတဲ့ ကိုယ့်ဟာကို အားကိုးပေါ့ကွာ ရိပ်မိပလား (ရိပ်မိပါပြီ)။

ကိုယ့်ဟာကိုယ်အားကိုး ကိုယ်လုပ်မှ ကိုယ်ရမယ် ဆိုတာ ဒါကိုဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ခုနက ကုမာရကဿပ မယ်တော် ဒကာသစ်ရေ သူ့သား အားကိုးနေတုန်းက ဘာများ ဝိပဿနာ ဉာဏ်ရ သလဲ (မရပါ ဘုရား) မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရဲ့ လား (မရပါ)။

အိုဘေး နာဘေး တားတတ်တဲ့ မဂ်ဉာဏ်သူ့မှာ ပေါ်လာရဲ့ လား (ပေါ်မလာပါ ဘုရား) ဘာကြောင့်တုံးကွာ (ခင်လုံးတွေနဲ့ အားကိုးနေတယ်) အေး သူ့သားလေး ခင်ပြီး အားကိုးနေတယ်။

ငါ့သားလေး လူလား မြောက်လာပြီ၊ ငါ့သားလေး နာမည်ကြီးလာပြီ ဆိုပြီး အဲဒီ အားကိုး နေတယ်၊ အဲဒီ အားကိုး နေတဲ့အတွက် နှစ်ပေါင်း အစိတ် သုံးဆယ် သူ့မှာ မျက်ရည် သာ ကျပြီး တရား မရဘူး၊ ရူးမသွားတာ ကံကောင်းပေါ့ဗျာ။

ခင်ဗျားတို့ လည်း ရူးသွားချေရဲ့ ရိပ်မိပလား (ရိပ်မိပါပြီ) အဲဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်သူ့ အားကိုးကြမှာတုံး၊ (မိမိတို့အားထုတ်တဲ့ ဝိပဿနာဉာဏ်ကိုပါ ဘုရား) အေး မိမိအားထုတ်တဲ့ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ် ကိုသာ အားကိုးလိုက်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ ခင်ဗျားတို့ အသေဟာလည်း မလာတော့ဘူး၊ ခင်ဗျားတို့ အနာကော (မလာတော့ပါ)။

ခင်ဗျားတို့ ပဋိသန္ဓေနေမှု ဆင်းရဲကြီးကော (မလာ တော့ပါ) အင်း သူမှသာလျှင် အိုမှု နာမှု သေမှုကို တားနိုင် တာ။

ခင်ဗျားတို့ သားလင်ခင်ပွန်းတွေက ခင်သာခင် ရတယ် မင်သာမင်ရတယ် ဘာမှမဟုတ်ဘူး (မှန်လှပါ ဘုရား)။

သားတွေဖြင့် မွေးလိုက်ရတာ၊ သမီးလေးတွေများ မွေးလိုက်ရတာ လေးနှစ်ကစပြီး မွေးခဲ့ရယ် နင်ဆိုးပုံနဲ့ နင့်လား ဇိကုတ် သတ်ချင်သေးတယ် လာသေးတာ ခင်ဗျားတို့ အလုပ်က ရိပ်မိပလား (ရိပ်မိပါပြီ)။

အခု အားမကိုးရတော့ပဲကိုး မရီ စောင်းပြောနေတယ် အောက်မေ့ မနေနဲ့ဦး ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကို အားကိုး ဆိုတာ ပေါ်လာကြပြီ (ပေါ်ပါပြီ ဘုရား) ခုနက ဘိက္ခုနီမကြီး ဘယ်သူ့ အားကိုးသလဲ (ကိုယ့်ကိုယ်ကို အားကိုးပါတယ်) အားကိုးတဲ့ ညမှာ မဂ်ဉာဏ် ဆိုက်တယ်။

သူများအားကိုးလို့ နှစ်ပေါင်းများစွာ ကြာခဲ့တုံးက မျက်ရည် ကျခဲ့ရတယ် ကိုယ့်ကိုယ်ကိုပဲ အားကိုးပါရော (မဂ်ဉာဏ် ဆိုက်ပါတယ်)

အဲဒါ ဘယ်နှယ်လုပ်ကြမလဲ (တပည့်တော်တို့လဲ ဒီလိုပဲ မဂ်ဉာဏ်ရအောင် လုပ်မှာပါ) အို ခင်ဗျားက တစ်ကောင်ကြွက်ကြီး ပြောမနေစမ်းပါနဲ့ (ရယ်ကြ သည်)။

ဖြစ်ပျက်သိတဲ့ဉာဏ် အားကိုးပါ

အေး- ဒါကြောင့် ကိုယ့်ကိုယ်ကို အားကိုး ဆိုတာ သည် ဒကာ ဒကာမတို့ ယနေ့ည တရားမှာဖြင့် ဘာတုံးလို့ ဆိုလို့ ရှိရင်ဖြင့် ဖြစ်ပျက်ကို သိတဲ့ ဉာဏ်ကိုသာ အားကိုးပါ။ သဘော ကျပလား (ကျပါပြီ)။

အဲဒါဖြင့် ဝေဒနာ သုံးမျိုးဟာ ပေါ်ချင်ရာပေါ် ဒကာ ဒကာမတွေ ဉာဏ်အောက် ရောက်အောင် သွင်းလိုက်လို ရှိရင်ဖြင့် ဒီဉာဏ်သည် ဒကာ ဒကာမတို့အား အိုမှု နာမှု သေမှုကို တကယ်တမ်း တားပြီး ချမ်းသာမှုကိုသာ ရွက်ဆောင် ပေးတော့တယ် ဒါဖြင့် ဒီဉာဏ် အားကိုး ရမယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် လုပ်တတ်ကြပလား (လုပ်တတ်ပါပြီ) ဘယ် ဝေဒနာ လာလာ ဒကာ ဒကာမတွေက ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါ့မယ်) ဖြစ်ပျက်ရှုပြီး ဉာဏ်အောက်ရောက် အောင်လုပ်။ ဖြစ်ပျက်ရှု လိုက်ရင် ဉာဏ်အောက် ရောက် တာပဲ။

အဲတော့ ဖြစ်ပျက် မရှုမိမှာဖြင့် ဘုန်းကြီးက သိပ်စိုး ရိမ်တယ် သဘောကျပလား (ကျပါပြီ) ကိုင်း- ဖြစ်ပျက်ရှုဖို့ အရေး သည်ကားလို့ ဆိုရင် ခင်ဗျားတို့ ကိုယ့်ကိုယ်ကို အားကိုး တဲ့အရေးပဲ၊ သဘော ကျပလား (ကျပါပြီ)။

ဒါဖြင့်ဗျာ၊ ခင်ဗျားတို့ လောကီတွေဖြင့် ဘယ်သူက ဘာပြောပြော မယုံကြနဲ့၊ သားတွေကလည်း လိမ်လိမ်မာမာနဲ့ ကနွဲ့ကယနဲ့ အမေ ကျွန်တော်ကြီးလာရင် ဘာမှမပူးနဲ့ဗျာ၊ အခုတော့ ပညာ တတ်အောင် ဝယ်ဦးဗျာ ဆင်ဦးဗျာ ဒါချော့လုံးဗျ။

မြင်ကြပလား တော်တော် ကြာကျတော့ သူ့ဟာသူ သွားမှာပဲ ဒါခင်ဗျားတို့က သူများ သားသမီးတွေ ဒီလို သွားနေတာပဲ ငါ့သားတော့ ဟုတ်မယ် မထင်ပါဘူးဆိုတော့ ခက်တယ်။ ခက်ဘူးလား (ခက်ပါတယ်)။

ကဲ- ဒကာ ဒကာမတို့ ဒီသားတွေ သမီးတွေပြောတာ ကော ယုံစရာရှိရဲ့ လား (မရှိပါဘူး) မိမိအတွက် အားကိုး အလုံးကြီးထားတဲ့ ခင်ပွန်းသည်တွေ ပြောတာကော (မယုံ ပါဘူး ဘုရား)။

အမှန်တရားဆိုတာ မဂ္ဂသစ္စာ

အေး တော်တော်ကြာကျလို့ ရှိရင် ဒကာ ဒကာမတို့ ပြောတဲ့ ပုဂ္ဂိုလ်ကလည်း အနတ္တမို့ သူက အရင် ဆုံးရှုံးချင်လည်း ဆုံးရှုံးမယ်၊ အပြော ကျန်ရစ်မယ် (မှန်လှပါ) ဒီကတည်းက အမှန် မဟုတ်လို့ပေါ့ ဒါဖြင့် အမှန်တရား လိုက်ကြပါ။

အမှန်တရားဆိုတော့ မဂ္ဂသစ္စာ မဂ္ဂက- ခရီးမှန် သစ္စာက မှန်တာ၊ မဂ္ဂက ခရီး၊ သစ္စာက မှန်တာ ဒါဖြင့် ခရီး မှန် လမ်းမှန်ဖြင့် မဂ်ဉာဏ်ပဲ ရှိမယ်။

မောင်ချစ်ဆွေ၊ ခရီးမှန် လမ်းမှန်ကဖြင့် ဘာတုံး (မဂ်ဉာဏ်ပါ ဘုရား) မဂ္ဂသာ ရှိတဲ့ အခါကျတော့ သူ့ကိုသာ ဉာဏ်အောက်ကို အရောက် သွင်းလိုက်လို့ ရှိရင်ဖြင့် ဘုန်းကြီး တို့ ဒကာ ဒကာမတွေ့၌ ခရီးမှန် လမ်းမှန်တွေ ဘယ်သူပြော တာမှ မဟုတ်ဘူး၊ သူကိုယ်တိုင်က ဆောင်တာ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဉာဏ်အောက်မသွင်းမိမှာစိုးရိမ်တယ်

သူက လောကွတ်ပါသေးရဲ့ လား (မပါပါဘူး) အဲတော့ ဘုန်းကြီး စိုးရိမ်တာက ဒကာ ဒကာမတွေ ကိုတဲ့ ဘယ်လို စိုးရိမ် သလဲလို့မေးလို့ ရှိရင်ဖြင့် ဉာဏ်အောက်ကို ရောက်အောင် မသွင်းမိမှာဘဲ စိုးရိမ်တယ်။

ဝေဒနာက ဖြစ်ပျက်တွေ တော့မှာပဲ၊ ပြတဲ့အချိန် တိုင်း ခင်ဗျားတို့က ဉာဏ်အောက် ရောက်အောင် မသွင်းမိပြီ ဆိုမှဖြင့် ဝေဒနာက တဏှာဘက်သွားမှာပဲ။

တဏှာဘက် သွားတော့ ဥပါဒါန်ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏဆိုတော့ သေမင်း ထိုးအပ် လိုက်တယ်၊ ကြောက်စရာ ဘယ်လောက် ကောင်းသလဲ (ကောင်းပါတယ် ဘုရား)။

ဒါဖြင့် ဉာဏ်အောက် ရောက်အောင် သွင်းလို့ ရှိရင်ဖြင့် သေမင်း ထိုးအပ်သေးရဲ့ လား (မအပ်ပါ ဘုရား)။

ဉာဏ်အောက် ရောက်အောင် မသွင်းလို့ရှိရင်ဖြင့် ဝေဒနာပစ္စယာတဏှာ ဝေဒနာနောက်က ဉာဏ်မလာပဲနဲ့ ၊ တဏှာ လာတယ်။ အဲဒီ တဏှာ လာပြီ ဆိုမှဖြင့် ဥပါဒါန်၊ ဘဝ၊ ဇာတိဇရာမရဏ ဆိုတော့ တဏှာက သေမင်း ထိုးမအပ်ဘူးလား (အပ်လိုက်ပါတယ် ဘုရား)။

အဲဒီကျရင်ဖြင့် ဘုန်းကြီးတို့က မတတ်နိုင်ဘူး။

ဉာဏ်အောက်ကိုသာ သွင်းမယ်ဆိုရင်ဖြင့် သေမင်း လက်တွင်းက လွတ်ကင်းတယ် ဆိုတာ ရဲဝင့်စွာ တာဝန်ခံတယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် နေတတ်ကြပြီလား (နေတတ်ပါပြီ ဘုရား) ဘယ်သူ့ အားကိုးမယ် (ဝိပဿနာဉာဏ်ပါ ဘုရား) ဝိပဿနာ ဉာဏ်အားကိုး။

ဘယ်သူက ပြောပြော မယုံနဲ့နော် (မယုံပါ ဘုရား) အေး ပြောလို့ရှိရင်ဖြင့် တစ်ဖက်နားနဲ့သာ ထားလိုက်ပါ။ ခင်ဗျားတို့ ထုံးစံအတိုင်း ပေါ့ဗျာ။

သူကတော့ ပြောရှာတယ် ကျုပ်က အယုံအကြည်မရှိ တော့ တစ်ဖက်နား ထားလိုက်တာ ပေါ့ဗျာ၊ အဲဒီတစ်ဖက် နားလေးကို ဒီနေရာ သုံးပစ်စမ်းပါ။ ရိပ်မိ ပလား (ရိပ်မိပါပြီ)။

လိပ်လိုနေရမယ်

ဒီလိုဆိုရင် ဘာကြောင့်ကြစရာရှိသေးလဲ (မရှိပါ ဘုရား)။

ကဲ- ဘယ်လိုနေကြမယ် ဒါဖြင့် (လိပ်လိုနေပါမယ် ဘု ရား) လိပ်လို နေရမယ် ဘယ် အပေါက်က လာလာ ခြေထောက်က လာလည်း ဉာဏ်အောက်သွင်း လိပ်ခွံအောက် သွင်းသလို ဘယ်ဝေဒနာ လာလာ ဉာဏ်အောက် ရောက်အောင် လုပ်လိုက်လို့ရှိရင် ကိစ္စပြီးပါတယ်လို့ ဆုံးဖြတ်ချက် ချ (ချပါမယ် ဘုရား)။

မျက်ရည်ကျ ဇာတ်ကို သိမ်းကြပါ

ကိစ္စပြီးတာလည်း ကုမာရကဿဖ မယ်တော်မှာ သူ့ကိုယ်သူ အားကိုးပြီး ဉာဏ်အောက် ရောက်အောင် သွင်းလိုက်တာနဲ့ ဘယ်သူ့မှ အားမကိုးတော့ဘူး။

သူ့ဉာဏ်လေးသူ အားကိုး လိုက်ပြီး သကာလ ဒီနေ့ည အားကိုးလိုက်တယ် ဒီနေ့ည ခရီးပေါက်တယ်၊ ဟိုအား မကိုးခင်တုံးကတော့ မျက်ရည်ကျတယ်။

ကဲ- မျက်ရည်ကျမလား မဂ်ရတာကြိုက်သလား (မဂ်ရတာကြိုက်ပါတယ် ဘုရား) မဂ်ရတာကြိုက်လို့ရှိရင် မျက်ရည်ကျဇာတ်ကို သိမ်းကြပါတော့ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ကဲ- ဒီနေ့ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

[1] [2]