109

မာတိကာသို့

တရားနာတာသည် ပညာမျက်လုံးလာယူတာ

အသံဖိုင်ခေါင်းစဉ်= တရားရှာခန္ဓာမှာတွေ့ ၊ ပဒေါင်းလည်ပုံတရားတော်

စာအုပ်ခေါင်းစဉ်= တရားနာတာသည် ပညာမျက်လုံးလာယူတာ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသောတရားတော်

တရားနာတာသည် ပညာမျက်လုံးလာယူတာ

(ပဋိစ္စသမုပ္ပါဒ်တရားတော်)

(၂၇-၁၀-၆၀)

မနေ့ကမိုးဖျက်သွားတာနဲ့ ဒကာ ဒကာမတွေလာပြီး သား ပုဂ္ဂိုလ်တွေလည်း ကုသိုလ်တော့ ရပါတယ်လို့မှတ်ရမယ် နော် (တင်ပါ့ ဘုရား)။ ကုသိုလ်တော့ဘယ်လိုရပါလိမ့်မလဲလို့ မေးတဲ့အခါ ကျတော့ အနာထပိဏ်သူဌေးကြီးသည် ဘုရားသခင် ကိုယ်တော်မြတ်ကြီးပွင့်တယ်လို့ သတင်း ကြားတယ် (မှန်ပါ့)။

ဘုရားပွင့်ပြီဆိုတဲ့သတင်းကြားတဲ့အခါ

ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပွင့်တယ်လို့ သတင်း ကြားတာနဲ့ သူစိတ်ထဲမှာတစ်ခါတည်း ဘုရားဆိုတဲ့ အသံကြား တာနဲ့ ကြက်သီးမွေးညှင်းထပြီး ရိုးတွင်းခြင်ဆီက စပြီး ကြက်သီး မွေးညှင်း ထ,တယ်။

ထတာနဲ့ပဲ ဟာ ဘုရားဆီမနက်စောစောရောက် အောင်တော့ဖြင့် ကိုယ့်နေရာနဲ့ ဝေးလှတယ် ဆိုပြီး သကာလ အစောကြီး သူ့သူငယ်ချင်း မိတ်ဆွေ တစ်မြို့တစ်ရွာမှာရှိတဲ့ သူဌေးအိမ် သွားအိပ်တယ်။

သူဌေးအိမ်မှာသွားအိပ်တဲ့အခါကျလို့ရှိရင်လည်းတဲ့ ဒီပုဂ္ဂိုလ်ကြီးက အင်မတန်ကြည်ညိုတဲ့ သဒ္ဓါက ပြင်းထန်ပြီး သကာလ နေတယ်။

သူ့ကိုယ်ကအလင်းရောင်ထွက်တယ်

အင်မတန် သဒ္ဓါကပြင်းထန်ပြီး သကာလ နေတော့ သူ့စိတ်ထဲမှာ အိပ်လို့ကမပျော်၊ ဘု ရားနဲ့ တွေ့ချင်တဲ့ပီတိ သောမနဿတွေက များတော့ ဒကာကြွယ်ရေ သူ့ကိုယ် က အရောင်အဆင်း အလင်းတွေ ထွက်လာတယ်။

သူ့ကိုယ်ကအရောင်၊ အဆင်း၊ အလင်းတွေထွက်ပြီး လာတော့ သူ့အလင်းနဲ့သူပဲမိတ်ဆွေ သူဌေးအိမ်မှာ အိပ်နေတာ လင်းပြီထင်ပါရဲ့ လို့အောက်မေ့ရတယ်။

အင်း တကယ်လင်းတာပဲလား သူ့အဆင်းကလင်းနေ တာလား (သူ့အဆင်းကလင်းနေတာပါ ဘုရား) သူအဆင်း က လင်းနေတယ်ဆိုတာ ဒကာ ဒကာမတွေသိကြရမယ် (မှန်လှပါ ဘုရား)။

သဒ္ဓါရောင်၊ ပညာရောင်တွေထွက်တယ်

အဲဒီမှာ သဒ္ဓါရောင်ပညာရောင်တွေ၊ တစ်ခါတည်းတဲ့ ပီတိသြဘာသတွေ ထွက်ပြီး သကာလ လာလိုက်တဲ့ ဖြစ်ခြင်းသည်ကားလို့ ဆိုလို့ရှိရင် ပြောစရာမရှိဘူး (မှန်လှပါ)။

ဒါနဲ့ပဲ သူ့အလင်းနဲ့သူ မိတ်ဆွေသူဌေးအိမ်မှပဲ သူဌေး နှိုးပြီး သကာလ လင်းပြီဗျာ ကျုပ်ဘုရားဆီ သွားတော့မယ် ဆိုပြီး သကာလ တံခါးဖွင့်ပြီး ထွက်လာလိုက်တော့ သူ့အလင်းနဲ့သူ လမ်းလျှောက်လို့ ဖြစ်တယ် (မှန်လှပါ ဘုရား)။

တရားနာသွားတယ် ဆိုတဲ့လမ်းသွားသည်။ ဒကာ ဒကာမတို့ မည်မျှလောက် အဖိုးတန်တယ် ဆိုတာ ကြည်ညိုဇွဲသန် တဲ့အတွက် အင်မတန် အဖိုးတန်တယ် ဆိုတဲ့ဥစ္စာ စိတ်ထဲကသဒ္ဓါ တွေကြောင့် ခန္ဓာက အရောင်အလင်းတွေ ထွက်လာတယ် ဆိုတာ မှတ်ထားရမယ် (တင်ပါ့ ဘုရား)။

ရှေးကလူသေရင်၊ ရွာပြင်ထုတ်ထားတယ်

ဒီလိုနဲ့ပဲ ပြင်ထွက်ပြီးလာတော့ ရှေးအခါတုန်းကတော့ အသုဘဆိုတာ ညသေတယ်ဆိုလို့ရှိရင် ရွာပြင်ထုတ်ပြီး ပြင်ဘက်ဒီအတိုင်း အလောင်းကြီးအတိုင်း ခေါင်းတွေဘာတွေ မပါဘဲနဲ့ထားတယ်။

အရောင်တွေကွယ်သွားတယ်

ဒါနဲ့သူကလဲသွားတော့ အဲဒီတော်တော်လေး သွားမိတဲ့ အခါ အလောင်းသွားပြီး သကာလ၊ ခြေနဲ့ တိုက်မိတယ်၊ တိုက်မိ တဲ့အခါကျတော့ သူ့စိတ်ထဲ ဪ- ကြောက်သလိုလို၊ လန့် သလိုလိုလေး ဖြစ်တော့ ဒကာသစ်ရေ အရောင်အလင်းတွေ ကွယ်ပြီး သကာလ သွားတယ်။

အင်းအစောကြီး ရှိပါသေးသလား၊ ငါ့မိတ်ဆွေသူဌေးက ငါ့ဟာငါလည်း လင်းပြီ ထင်လို့ လာခဲ့တာ၊ အခုတော့ဖြင့် မှောင်နေပြန်ပေါ့လားလို့ဆိုတော့ အဲဒီသုသာန်မှာ စောင့်တဲ့ နတ်တွေက ဆင်အသိန်း၊ မြင်းအသိန်း၊ ရထားအသိန်း လှူတာ ထက် တရားနာသွားတာနဲ့ ဘုရားသွားတဲ့ ဘုရားကြည်ညိုသွား တဲ့ ခြေတစ်လှမ်း မမှီသေးပါဘူး (မှန်လှပါ ဘုရား)။

အစောင့်နတ်တွေကပြောကြတယ်

ဆင်အသိန်း၊ မြင်းအသိန်း၊ ရထားအသိန်း၊ သတို့သမီး တွေ အသိန်းတွေလှူငြားသော်လည်း၊ လှူငြား သော်လည်းတဲ့ တရားနာသွားတဲ့၊ ခြေတစ်လှမ်းကိုမမှီပါဘူး (မှန်လှပါ ဘုရား)။

အဲတော့ မနေ့ကလာပြီးမှ ဘုန်းကြီးကလည်း မိုးတွေ သည်းဖြစ်ပြီးနေတာနဲ့ မဟောဖြစ်ဘူး (မှန်လှပါ)။ အဲဒီ ဒကာ ဒကာမတွေ လာရကျိုးနပ်တယ် ဆိုတဲ့ ဥစ္စာလည်း ဒီဝတ္ထု သက်သေ သာဓက ထောက်ထားပြီး သကာလ အကျိုးရှိခဲ့တယ် ဆိုတာကိုတော့ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။

အကျိုးရှိခဲ့တယ်ဆိုတာမှတ်ထားရမယ် (တင်ပါ့ ဘုရား)။

ခြေတစ်လှမ်း၊ အသိန်း၊ အသန်းတန်တယ်

ဒါနဲ့ပဲ လျှောက်ပြီး သကာလ သွားလိုက်တာ၊ ဪ ငါ့နတ်ကတောင်မှ ဒကာကြီး သွားသာ သွားပါ၊ ဆင်အသိန်း၊ မြင်းအသိန်း၊ ရထားအသိန်း၊ သတို့သမီးအသိန်း လှူတာထက် ဒကာကြီး ခင်ဗျား ခြေလှမ်း တစ်လှမ်းက အဖိုးမဖြတ်နိုင်အောင် တန်ပါတယ်။

အဲဒါတွေထက်သာပါသေးတယ်လို့ပြောလိုက်တော့ သူ့စိတ်က၊ ဟာ အင်မတန် နေရာကျတဲ့ သွားခြင်းပါလား ဆိုပြီး ထပ်ပြီး သကာလ ဝမ်းမြောက်တော့ သူ့အရောင်အလင်းတွေ ထွက်လာတယ်။

ထပ်ပြီး သကာလ၊ ဝမ်းမြောက်လိုက်ပြန်တော့ အရောင် အဆင်းတွေ ထွက်လာတယ် (မှန်ပါ့)။

အဲဒီအရောင်အဆင်းတွေ ထွက်လာပြီး သကာလ အရောင်အဆင်းနဲ့သွားတယ်၊ သွားပြီး သကာလ ဘုရားက လည်း ဟိုကနေပြီး သကာလ သိတယ်၊ သူပင်ကိုနာမည်ရင်းက သုဒတ္ထလို့ခေါ် သည်၊ အနာထပိဏ်သူဌေး မဟုတ်ဘူး။

အနာထပိဏ်သူဌေးဆိုတာ

အနာထပိဏ်သူဌေး ဆိုတာက သူများ ဆိုင်းဘုတ်ဆွဲလို့ ဖြစ်တာ၊ သူများတွေ ကိုးကွယ်ရာ၊ ဆည်းကပ်ရာ ဖြစ်တဲ့ ဆင်းရဲ သူဆင်းရဲသားတွေကို ပေးခြင်း၊ ကမ်းခြင်းတွေများလွန်းလို့ သူ့ကို ကိုးကွယ်ဆည်းကပ်ပြီး သကာလ စားသောက် နေထိုင်ပြီး သကာလ သူ့အမှီပြုပြီး ချမ်းသာခြင်း၊ အနာထပိဏ္ဍိကလို့ ဆို ထားတာနော် (မှန်လှပါ ဘုရား)။

ကိုးစားရာ အားထားရာ မရှိတဲ့ပုဂ္ဂိုလ်တွေ၊ ကိုးစားရာ အားထားရာဖြစ်တဲ့ ပုဂ္ဂိုလ်ကြီးဆိုပြီး ဆိုင်းဘုတ် ဆွဲထားတာ (မှန်ပါ့ ဘုရား)။

သုဒတ္တလာပြီးလားဟေ့

ဒီတွင်ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သူလာခါ ရှိသေးတယ်၊ သုဒတ္တ လာပြီး လားဟေ့လို့ မေးလိုက်တော့ ဪ ငါ့နာမည်ရင်းကို မသိဘူး အောက်မေ့နေတာ အင်မတန်သိပါလား ဆိုပြီးတော့ ပိုဝမ်းမြောက်တယ်။

တစ်ခါမှ မတွေ့ဖူးပါဘူး၊ တစ်ခါမှလည်းမတွေ့ဖူးပဲနဲ့ သုဒတ္တလာပြီလားဟေ့လို့ပြောလိုက်တာနဲ့ ဝမ်းသာပြီး ဘုရား၏ ခြေသလုံးဖက်ပြီးတော့ တစ်ခါတည်း ဦးတိုက်ရှိခိုးပြီး သကာလ ကြည်ညို သဒ္ဓါတွေနဲ့ ဒကာ ဒကာမတို့ အဲဒီအချိန်ကစ၍ ဘုရား တရားဟောလို့ သစ္စာတရားဟောလို့ သောတာပန်တည်ရရှာ တယ် (မှန်လှပါ ဘုရား)။

တရားနာလာတဲ့ကုသိုလ်

သဘောကျပလား (ကျပါပြီ)၊ ဒါပြောချင်လို့မဟုတ်ပါ ဘူးတဲ့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မနေ့က ပင်ပန်းပြီး တောင်ဆီ မန္တလေးက လာကြ၊ တခြားမြို့ကလာကြ၊ အဝေးက လာကြတာတွေဟာ မိုးလည်းရွာ၊ မိုးကလည်း တကယ့်အချိန်ရွာ တာပဲ ဒကာကြွယ် (မှန်ပါ့ ဘုရား)။

အဲဒီအချိန်မိုးကလည်း ရွာချိန်မိုးပဲ ဒကာသစ်၊ သဲသဲမဲမဲ ပဲ(ရွာပါတယ် ဘုရား) အဲဒါကြောင့် အချေအနေလေး ပျက်သွားတဲ့ ဥစ္စာကိုလည်း ဒကာ ဒကာမတွေက အခြေအနေမပျက်ဘူး၊ အခြေအနေသည် ပိုပြီးအဖိုးတန်တယ် ဆိုတဲ့ အဓိပ္ပါယ်ကို အခု သေသေချာချာ ဟောသဖြင့် ခြေတစ်လှမ်းတွင် အမျိုးမျိုးမတတ် နိုင်အောင်ပဲ မဖြတ်နိုင်အောင်တန်တဲ့ အဓိပ္ပါယ်ကိုကြည့်ပြီး ဝမ်းမြောက်နေရမယ် (မှန်လှပါ ဘုရား)။

ခန္ဓာကိုယ်ကြီးသည်တရား

ကဲ-ဒါဖြင့် ဒကာ ဒကာမတွေ တရားကို စကြစို့ (မှန်လှ ပါ)။ တရားစကြ ဆိုတော့ တရားဘယ်က နေစကြမလဲလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ခင်ဗျားတို့ ကျုပ်တို့သည်ကားလို့ဆို ရင် ခန္ဓာကိုယ်ကြီးသည် တရားပဲ၊ တရားစတော့မယ် ဆိုလို့ရှိရင် ဒကာသစ်၊ ခန္ဓာကစရမယ် (မှန်လှပါ ဘုရား) တရားဟောပါ အရှင်ဘုရားတို့လို့ ဒကာ ဒကာမတွေက တောင်းပန်လို့ရှိရင်ဖြင့် ဘုန်းကြီး ကတော့ဖြင့် ခန္ဓာကိုယ်ကိုပဲ ကြည့်ပြီး ဟောရမှာပဲ (မှန်လှပါ ဘုရား)။

ဪ ဘုန်းကြီးက တရားဟောတယ်၊ တရား ဟောတယ်ဆိုတာ တခြားလား အောက်မေ့ နေတယ်၊ မြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးလည်း ဤသို့ပဲဟောတာပဲ (မှန်ပါ့)။

ဒို့ခန္ဓာကြည့်ပြီး ဟောရတယ် (မှန်ပါ) ဒါဖြင့် တရားရှာ၊ ခန္ဓာတွေ့ပေါ့ဗျာ၊ တရားရှာ ခန္ဓာတွေ့ ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လေးစားစွာ မှတ်ထားရမယ် (မှန်လှပါ ဘုရား)၊ တရားရှာ (ခန္ဓာတွေ့ပါ ဘုရား)။

ခန္ဓာရှိလျက်တရားမသိကြ

အဲတော့ ခန္ဓာရှိလျက်သားနှင့်တရားမသိလို့ တရားရှာ တာက တစ်ခု၊ ခန္ဓာကတော့တရား ဆိုတာကဖြင့် ဒကာ ဒကာမ တို့ ငြင်းစရာကို မလိုပါဘူး (မလိုပါ ဘုရား) သို့သော်လည်း တရား ရှိပေမယ့်လည်း တရားမသိတော့ အခက်ကြီးပါလား။

ဒကာကြွယ် တရားရှိပေမယ့် တရားမသိတော့ (ခက်ပါတယ် ဘုရား) တရားရှိပေမယ့် တရားမသိတော့ ခက်တယ် ဆိုတဲ့ အဓိပ္ပါယ်ဟာလည်း ခန္ဓာရှိလျက်နဲ့ ဒီခန္ဓာကြီးကို အထင်လွဲ၊ အမြင်မှားတွေက တိုးပွားနေတဲ့အတွက် ဒကာ ဒကာမတို့ တရားရှာကြပါ (တင်ပါ့ ဘုရား)။

စင်စစ်တရားကတော့ဖြင့် ဘုန်းကြီး ယူဆောင်လာတဲ့ တရားလား၊ ဒကာ ဒကာမတွေ ယူဆောင်လာတဲ့ တရားလားလို့ မေးလို့ရှိရင်ဖြင့် ဒကာသစ် ဘယ်နှယ့်ဖြေပါ့မလဲ (ဒကာ ဒကာမတွေ ယူဆောင်လာတဲ့တရားပါ ဘုရား)။

ဒကာ ဒကာမတွေ ယူဆောင်လာတဲ့ တရားပါ၊ ဒီတရားကို ဒကာ ဒကာမတွေက ကိုယ့်ဆေးနဲ့ ကိုယ့်ရောဂါနဲ့ ကိုယ်မှာ ရောဂါရှိငြားသော်လည်း ကိုယ်ပါလာတဲ့ ဆေးကိုပဲ သောက်ရင် ပျောက်လိမ့်မယ် ဆိုတာ မသိတဲ့အဓိပ္ပါယ်ကလည်း ရှိသေးတယ် (ရှိပါတယ် ဘုရား)။

သူယူလာတဲ့ဆေးနဲ့တိုက်နေတာ

အဲဒီလိုရှိပြီး သကာလ နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီကနေပြီး သကာလ ဒီခန္ဓာကြည့်ပြီး သကာလ ဒီတရားတွေကိုပဲ ဒီကနေပြီး ဆေးသမား သဖွယ်ဖြစ်တဲ့ ဘုရား သခင် ကိုယ်တော်မြတ်ကြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ တပည့်သားသဖွယ်ဖြစ်တဲ့ပုဂ္ဂိုလ်များက ဒီဆေးဒီလို သောက် လိုက်ပါဆိုတဲ့ ဥစ္စာ သူယူလာတဲ့ဆေး၊ သူ့တိုက်ဖို့ပါပဲ (မှန်လှပါ ဘုရား)။

သူ့ဉာဏ်နဲ့ သူရှုရမှာ၊ သူ့ဉာဏ်နဲ့သူ့ခန္ဓာကို (သူ ရှုရမှာ ဘုရား) သူ့ဉာဏ်နဲ့ သူ့ခန္ဓာရှုရမှာပဲ ဆိုတော့ဖြင့် ရှင်းလင်းနေပါပြီ (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် သူ့ဉာဏ်နဲ့ သူ့ခန္ဓာကြည့်ရငြားသော်လည်း ဆေးပါပြီး ဆေးမှန်းမသိတာက ရှိသေးတာကိုး။

အဲဒီလိုဖြစ်ပြီး သကာလ နေတော့ အင်းဆရာသမား အကူအညီ ကလျာဏမိတ္တ အကူအညီ မပါရင် မပြီးနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ် ရှင်းသွားပြီ (မှန်ပါ့)။

ဆရာအကူအညီရမှ သောတာပန်တည်မယ်

ကဲ-ဒါဖြင့် ကလျာဏမိတ္တဖြစ်တဲ့ဆရာသမား၏ ကူညီမှု ကို ခင်ဗျားတို့ယူပါမှ သောတာပန် တည်နိုင်မယ် (မှန်လှ ပါ ဘုရား) ဒီအကူအညီမယူဘူး၊ ကိုယ့်အိမ်နဲ့ ကိုယ်သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်ကုန်နေကြမယ်ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့၏ နေ့လည်ကပြောခဲ့တဲ့ပဋိစ္စသမုပ္ပါဒ်၊ ခြောက်ခုဟာ ဖြင့် တစ်နေ့လုံးလည်လို့ပတ်လို့ပြီးမှာ မဟုတ်ပါဘူး (မပြီးပါ ဘုရား)။

ပြီးပါ့မလား (မပြီးပါဘူး) အေးဒါကြောင့် ဘုန်းကြီး တို့ ဒကာ ဒကာမတွေသည်ကားလို့ ဆိုလို့ရှိရင် ဒီအရေးဟာ ကိုယ့်အရေးပဲ ကိုယ်မျက်စိတစ်သံသရာလုံး လည်နေတဲ့ဥစ္စာ၊ ဒီတစ်ခါမှ မပွင့်ခဲ့ရလို့ရှိရင် နောက်ပွင့်လမ်းမမြင်ဘူး ဆိုတာ အဓိပ္ပါယ် မှတ်ပါ (တင်ပါ့ ဘုရား)။

ကြိုးစားကြစမ်းပါဆိုတာ သတိပေးရတယ်နော်၊ ဘယ် နှယ်ကြောင့် သတိပေးပါလိမ့်မလဲ၊ ဆရာဘုန်းကြီးကလည်း ကြိုး စားပါ၊ ကြိုးစားပါလို့ တိုက်တွန်းရတာ၊ အကြိမ်များကို မရေမတွက် နိုင်ပါဘူးလို့ ဆိုငြားသော်လည်း ခန္ဓာကိုယ် စိတ်မချလို့ သာ မှတ်ပါ (မှန်လှပါ ဘုရား)။

စိတ်မချရတဲ့ခန္ဓာကိုယ်

ဘယ်နှယ်ကြောင့် ကြိုးစားပါလို့ တိုက်တွန်းရသလဲ (ခန္ဓာကိုယ်စိတ်မချရလို့ပါ ဘုရား) ခန္ဓာကိုယ် စိတ်မချရတာ ကလည်း အထင်အရှား (မှန်လှပါ)။

ဒကာကြွယ် ကိုယ့်ခန္ဓာကိုယ်စိတ်ချရရဲ့လား (မချ ရပါ ဘုရား) ကိုယ့်ခန္ဓာကိုယ်က မိမိတဏှာ လောဘက ခန္ဓာကြီး သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ခိုင်းလို့စေလို့ ခန္ဓာကိုခိုင်း၍ တဏှာ လောဘက စီမံသွားတာပဲ (မှန်ပါ့)။

အင်း- ခန္ဓာ သွားစဉ်ကတော့ ဖြင့် အို ရာကနာ၊ နာရာကသေတဲ့ဆီကို သူ အမြဲတန်း လမ်းလျှောက်နေတဲ့ မရောက် အရောက်သွားနေတဲ့ ခန္ဓာဝန်ပဲဆိုတာတော့ အမှန်ပါ ပဲ (အမှန်ပါ ဘုရား)။

အသေကမဦးခင် ဉာဏ်ကဦးကြပါစေ

ဒါကြောင့် ဒကာ ဒကာမတို့ကို သတိပေးရပါတယ်။ အသေကမဦးခင် ဉာဏ်ကင်းကြပါစေ (မှန်ပါ့ ဘုရား) ဘာတုံး (အသေက မဦးခင် ဉာဏ်ကဦးကြပါစေပါ ဘုရား)။

အသေကမဦးခင်ဉာဏ်ကဦးကြပါစေ – တဏှာခိုင်းတဲ့ အထဲ ချော့မော့ပြီး သကာလ ပျော့ပြီး သကာလ မနေပါနှင့် (မှန်လှပါ ဘုရား)။

တဏှာခိုင်းတဲ့ အတိုင်းသာလိုက်နေမယ်ဆိုရင်ဖြင့် ခင်ဗျားတို့ စိုးရိမ်မှုရယ်၊ သောကရယ်၊ ဗျာပါဒရယ်၊ အပါယ်ငရဲ ရယ် ဒါပဲအမြတ်ထွက်မယ် (မှန်ပါ့) ဒီပြင်ထွက်စရာရှိသေးလား (မရှိပါဘူး)။

တဏှာခိုင်းတဲ့အတိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ က လိုက်နာနေကြမယ်ဆိုလို့ရှိရင် ခင်မှုကြောင့်၊ စိုးရိမ်မှုလိုက် လိမ့်မယ် (တင်ပါ့) စိုးရိမ်မှုလိုက်လို့ရှိရင် သောက၊ ဗျာပါဒဆို တာ (လိုက်မှာပါ ဘုရား)။

အဲဒါသိလို့ဖြစ်တာလား၊ မသိလို့ဖြစ်တာလား (မသိလို့ ဖြစ်တာပါ) မသိလို့ဖြစ်တော့၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ ပြန် လှည့်တယ်၊ သင်္ခါရပစ္စယာ၊ ဝိညာဏံ (မှန်လှပါ ဘုရား) ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ ဒုက္ခအစုကြီး ရဖို့ပဲ (မှန်လှပါ ဘုရား)။

ဉာဏ်ခိုင်းတာ အဓိကထားပါ

အဲဒါကြောင့် ဒကာ ဒကာမတွေ တဏှာခိုင်းတာကို အရေးမထားဘဲနဲ့ တစ်ခါတလေမှ ပေါ်လာတဲ့ ဆရာသမား၊ တစ်ခါတလေမှ ပေါ်လာတဲ့ ဉာဏ်၊ ဒီဉာဏ်ကိုသာလျှင် ကိုးစား ရာ၊ အားထားရာ အစစ်ဖြစ်ပြီး သကာလ၊ ဉာဏ်ခိုင်းတာကိုသာ ငါတို့သည် အဓိကထားတော့မယ်။

တဏှာခိုင်းတာကိုဖြင့် ဒုက္ခခန္ဓာ ပင်လယ်ဝေတဲ့လမ်း၊ သံသရာမှာ မြုပ်လမ်းမျောလမ်းကို သူခိုင်းနေတယ်ဆိုတာ သိပြီးသားဖြစ်လေသောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေသည် ဉာဏ်အလုပ်ကို ပျင်းလည်းလုပ်ပါ (မှန်ပါ့ ဘုရား) မပျင်းလည်းလုပ်ပါ (မှန်လှပါ ဘုရား)။

ပျင်းလည်းအမှန်ဖြစ်ရမယ်၊ မပျင်းလည်းအမှန်ဖြစ်ရ မယ်။ အမှန်ဖြစ်ရမယ်ဆိုတာ သဘောကျပလား (ကျပါပြီး ဘုရား)။

အေး- ဒါကြောင့် ဒကာ ဒကာမတွေသည်ကားလို့ဆိုလို့ ရှိရင်ဖြင့် ခန္ဓာဉာဏ်နဲ့ ကြည့်တဲ့ အလုပ်ဟာဖြင့် ဒကာကြွယ်တို့ ဒကာသစ်တို့ အရေးအကြီးဆုံးအလုပ်ပါပဲ (မှန်လှပါ ဘုရား)။

ခန္ဓာကိုဉာဏ်နဲ့ကြည့်

ခန္ဓာဉာဏ်နဲ့ကြည့်တဲ့အလုပ်ဟာ အရေးအကြီးဆုံး (အလုပ်ပါ ဘုရား) ဦးလှဘူး အရေးကြီးတယ် (အရေးကြီး ပါတယ် ဘုရား)၊ အားလုံး ဒကာ ဒကာမတွေ၊ ဘယ်ဟာ ဘယ်ဟာ အရေးကြီးပါလိမ့် (ခန္ဓာဉာဏ်နဲ့ကြည့်ဖို့ပါ ဘုရား)။

ခန္ဓာတဏှာနဲ့ဘုန်းကြီးတို့က မကြည့်စေချင်ဘူး၊ ခန္ဓာ တဏှာနဲ့ ကြည့်လို့ရှိရင်ဖြင့် တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏဆိုပြီးသွားလိမ့်မယ် (မှန်ပါ)။

ခန္ဓာဉာဏ်နဲ့ကြည့်လိုက်ပြီဆိုမှဖြင့်တဲ့ အဝိဇ္ဇာချုပ်လို့ သင်္ခါရချုပ်ပါတယ် (မှန်လှပါ) မချုပ်ဘူးလား (ချုပ်ပါတယ်) ခန္ဓာဉာဏ်နဲ့ကြည့်လိုက်တော့ ခန္ဓာ၏ အနိစ္စအချက်တွေမြင် လိုက်တဲ့ အခါကျတော့ ဒကာကြွယ် အဝိဇ္ဇာက ဘာဖြစ်သွား သလဲ (ဝိဇ္ဇာဖြစ်ပါတယ် ဘုရား)။

ဝိဇ္ဇာ ဖြစ်သွားတော့ ဝိဇ္ဇာဖြစ်ကတည်းက သင်္ခါရလာနိုင် သေးရဲ့ လား၊ (မလာနိုင်ပါ ဘုရား) သင်္ခါရ မလာနိုင်တော့ အင်း အဝိဇ္ဇာချုပ်လို့ သင်္ခါရချုပ်တယ်၊ သင်္ခါရချုပ်လို့ ဝိညာဏ်သည် (ချုပ်ပါတယ်)။

ဒါတွေဟာ ချုပ်တဲ့အတွက် ဒုက္ခက္ခန္ဓဿနိရောဓော ဟောတိ (မှန်ပါ) ဒုက္ခအစုကြီး လည်း ချုပ်သွားတယ်ဆိုတာ ကဖြင့် ရှင်းလင်းနေပါပြီ (ရှင်းပါတယ် ဘုရား)။

ခန္ဓာဉာဏ်ရောက်သည် အရေးအကြီးဆုံး

အေး- ဒါဖြင့် ဆရာသမားပေးတဲ့ အတိုင်း ဘုရား ဟောတော်မူတဲ့အတိုင်း ခန္ဓာဉာဏ် ရောက်သည် အရေးအကြီး ဆုံးဖြစ်တယ် (မှန်လှပါ ဘုရား) ဘာဆုံးဖြတ်ချက် ချရမလဲ (ခန္ဓာ

ဉာဏ်ရောက်သည် အရေးအကြီးဆုံးဖြစ်ကြောင်းပါ ဘုရား)။

ခန္ဓာဉာဏ်ရောက်ဟာ အရေးအကြီးဆုံးအချက်ပဲ ဆိုတာမှတ်ထားကြပါ။ ဒီခန္ဓာဉာဏ်ရောက် ဆိုတဲ့စကားဟာ လည်း ဒကာကြွယ်ရ သေးသေးသိမ်သိမ် မမှတ်ပါနဲ့ (မှန်ပါ့ ဘုရား)။

ခန္ဓာဉာဏ်ရောက်ဖို့ အရေးဟာ တော်တော့ဆရာ သမားနဲ့ဆိုရင်ဖြင့် ဘယ်နှယ်မှမပြနိုင်ပါဘူး (မပြနိုင်ပါ ဘုရား) မပြနိုင်ဘူး၊ အထည်ကြီးလောက်နေတာပဲ (မှန်ပါ ဘုရား)။

ခန္ဓာအစစ်ကို ခန္ဓာ၏ပင်ကိုသဘောကို မရောက်ပါ ဘူး (မရောက်ပါ ဘုရား) ခန္ဓာ၏ပင်ကို သဘောကို မရောက်ပါ ဘူး၊ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ ဉာဏ်မျက်လုံး တပ်ပေးတဲ့ သုတဝါ အရိယာသာဝကော ဆိုတဲ့အတိုင်း ဪ အရိယာတို့၏ တပည့်သား အဖြစ်နဲ့ နားထောင်နေမှ သာလျှင် မျက်လုံးမှန်လည်းရသကိုး (မှန်လှပါ ဘုရား)။

တရားနာတာသည် ပညာမျက်လုံးလာယူတာ

နို့မို့လို့ရှိရင် မျက်လုံးမှန်ရဖို့ရန် (မလွယ်ပါ ဘုရား)။ သဘောပါပလား (ပါ-ပါပြီ ဘုရား)

ဒါကြောင့် တရားနာ မှုသည် ဘာပါလိမ့်မတုံးမေးတဲ့အခါ ပညာမျက်လုံးတပ်ပေးတာ ပဲ (မှန်ပါ ဘုရား)။

ဒကာ ဒကာမတွေက ပညာမျက်လုံးလာယူတာပဲ (မှန် ပါ ဘုရား) ဒီပညာမျက်လုံးနဲ့ ဘာကြည့်ရမှာလည်း (ခန္ဓာကြည့်ရ မှာပါ) အဲ ခန္ဓာကြည့်လိုက်တော့ ခန္ဓာ၏ပင်ကိုသဘောကို ခန္ဓာက ပြောပါလိမ့်မယ် (မှန်ပါ)။

ခန္ဓာ၏ပင်ကိုသဘောကို (ခန္ဓာကပြောပါလိမ့် မယ်) အေး-ခန္ဓာ၏ပင်ကိုသဘော ခန္ဓာက ပြောလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ လူပြော၊ သူပြောနဲ့ မိမိတို့ အထိမ်းအမှတ်မှာဖြင့် မယူတော့ပါဘူး (မယူတော့ပါ ဘုရား)။

ခန္ဓာပြောကို အဓိကထားယူပါတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာဉာဏ်ရောက် အလုပ်ဟာ ဖြင့် အရေးအကြီးဆုံးပဲ (ကြီးပါတယ် ဘုရား)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်သွားတယ်၊ ရှင်သာရိပုတ္တရာတို့၊ လက်ဝဲရံ ရှင်မောဂ္ဂလာန်တို့ဖြစ်ပြီးသွား တာသည် အင်း-ဘယ်လိုများဖြစ်သွားကြပါလိမ့်၊ ဘယ်လိုများ အာသဝေါ ကုန်ကြပါလိမ့်မတုံးမေးတဲ့ အခါကျတော့မှ ဒကာ ဒကာမတို့ ခန္ဓာအမှန်သိလို့ အာသဝေါကုန်တာ (မှန်လှပါ ဘုရား)။

ခန္ဓာအမှန်သိလို့ အာသဝေါကုန်တယ်

ဘယ်လိုကြောင့်ကုန်ပါလိမ့် (ခန္ဓာအမှန်သိလို့ပါ ဘုရား) ခန္ဓာအမှန်သိလို့ အာသဝေါ ကုန်သွားတယ် ဆိုတဲ့ဥစ္စာတော့ ရှင်းပါပြီ (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် ခန္ဓာအမှန်သိမှ အာသဝေါကုန်တယ်၊ ခန္ဓာ အမှန်သိဖို့ဟာလည်း ကလျာဏမိတ္တ ဆီယူမှရတယ် (မှန်ပါ့)။

ခန္ဓာအမှန်သိမှလည်း (အာသဝေါကုန်ပါတယ်) အာသဝေါကုန်တယ်၊ ခန္ဓာအမှန်သိမှ (အာသဝေါကုန် ပါတယ်) ခန္ဓာအမှန်သိမှ အာသဝေါကုန်တယ်နော်၊ ခန္ဓာအမှန် သိချင်ရင်လည်း ကလျာဏမိတ္တ ဆည်းကပ်ပါဦး (မှန်လှပါ ဘုရား)။

ခန္ဓာအမှန်သိချင်လည်း (ကလျာဏမိတ္တ ဆည်းကပ်ရ ပါမယ် ဘုရား) ခန္ဓာအမှန် သိချင်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကလျာဏမိတ္တအရေးကြီးပါတယ်။

ကလျာဏမိတ္တ၏ ဂုဏ်ကျေးဇူးတော်

ဒါကြောင့် ရှင်အာနန္ဒာကို ဘုရားကမေးတယ်၊ ရှင်အာနန္ဒာ၊ ညီတော်အာနန္ဒာ၊ မင်းသည်ကား ကလျာဏမိတ္တ များဟာဖြင့် လူတစ်ဦးတစ်ယောက်အပေါ်၌ ဘယ်လောက် များများ ကျေးဇူးများ သတုံးကွာလို့ ဘုရားက မေးလိုက်တယ်။

သူကတော့ သောတာပန်ကိုး တဝက်ဟာဖြင့် ဘုရား သူ့အကူအညီပါပဲ အဲဒီလိုဖြေလိုက်တယ်။

ဪ မင်းသည်ကားလို့ဆိုလို့ရှိရင် သာဝကဖြစ် တဲ့ ငါ၏တပည့်သာဖြစ်တဲ့ သာဝက အညံ့ဆုံး ဉာဏ်နဲ့ ကြည့် လိုက်တော့ မင်းတဝက်လို့ပြောတာပေါ့ကွာတဲ့ မဟုတ်ပါဘူးကွ တဲ့၊ အလုံးစုံ အကုန် သူ့တာဝန်ချည်းပါပဲ (မှန်ပါ့ ဘုရား) သဘော – ပါပလား (ပါ-ပါပြီ ဘုရား)။

ဒီတရားတစ်ပွဲလုံး အမျိုးမျိုး အဖုံဖုံ ဘုန်းကြီး တစ်ပါး တည်းပဲ အကုန် သယ်နေရတာပဲ (မှန်လှပါ ဘုရား) ဒကာ ဒကာမတွေ အပါယ်လေးပါး ပိတ်ဖို့၊ အင်း မဂ်ဉာဏ်ဖိုလ်ဉာဏ် ရဖို့ နိဗ္ဗာန်မြင်ဖို့ ဘယ်သူမှမပါဘူး (မပါ-ပါ ဘုရား)။

ဒီတစ်ယောက်တည်းကနေပြီး သကာလ ဒီ ကလျာဏ မိတ္တ၊ ကလျာဏကောင်းတယ် မိတ္တက = အဆွေခင်ပွန်း၊ ဆရာ သမား၊ သူ တစ်ယောက်တည်း အပေါ်မှာ ဒကာကြွယ် အကုန် မှီနေရတယ် (မှီရပါတယ် ဘုရား) သဘောပါပလား(ပါ-ပါပြီ ဘုရား)။

ဆရာသမားကောင်းပေါင်းရမယ်

ဒါကြောင့် ခန္ဓာဉာဏ်နဲ့ကြည့်ချင်လို့ရှိရင် ကလျာဏ မိတ္တပေါင်းရမယ်၊ ကလျာဏမိတ္တပေါင်းမှ ကလျာဏမိတ္တက ယောနိသောမနသီကာရ ဆိုတဲ့မျက်လုံးတပ်ပေးမယ် (မှန်လှပါ ဘုရား)။

ယောနိသောမနသီကာရဆိုတဲ့မျက်လုံးလေး တပ်ပေး တဲ့အခါကျတော့ ခင်ဗျားတို့က အဲဒီယောနိသောမနသီကာရ ဆိုတဲ့ ဉာဏ်မျက်လုံးကလေးနဲ့မှ ခန္ဓာကြည့်ရတယ်၊ ခန္ဓာကြည့် တော့မှ ခန္ဓာက တစ်နေ့ကပြောတဲ့ပါဠိတော်အတိုင်းပေါ့ဗျာ၊ ခန္ဓာကဘာတုံးဆိုလို့ရှိရင်ဖြင့် ခန္ဓာက “ဧဟိပဿိကော’’ ငါ့ကို ကြည့်ပါ၊ ငါ့ကိုကြည့်ပါ။ ခန္ဓာကပြောနေတယ် (မှန်ပါ့)။

အဲဒီကျတော့မှ ခန္ဓာကခေါ်တာနဲ့ ခန္ဓာကပြောတာ သိတယ်၊ ဒီအချိန်မှ ဆရာက ပေးထားတဲ့ ကလျာဏမိတ္တ မျက်လုံးကလေးနဲ့ ဒကာ ဒကာမတွေက၊ ဪ သန္ဒိဋ္ဌိကော ကိုယ်တိုင်မြင်အောင် ကြည့်လိုက်ရတယ် (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါပြီ)။

ဆရာပေးတဲ့မျက်လုံးနဲ့ကိုယ်တိုင်မြင်အောင်ကြည့်

အင်း ဒါဖြင့် ဆရာပေးထားတဲ့မျက်လုံးနဲ့၊ ခန္ဓာကို၊ ခန္ဓာကခေါ်တာကို ကိုယ်တိုင်ကြည့်လိုက်ပြီ ဆိုမှဖြင့် ခန္ဓာက၊ ကျုပ်ဟာ ဒုက္ခသစ္စာပါပဲဆိုတဲ့အကြောင်းကို ခန္ဓာကပြောနေ တယ် သဘော ကျပလား ကျပါပြီ။

ဘယ်သူကများ ပြောနေလည်း (ခန္ဓာကပြောပါ တယ်) ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ)ဪ ခန္ဓာက ပြောတဲ့အခါကျတော့ ဒကာ ဒကာမတို့ လူပြော သူပြော လမ်း ဆုံးသွားပြီ (ဆုံးပါပြီ ဘုရား)။

ခန္ဓာကပြောတော့ လူပြောသူပြော လမ်းဆုံးသွားတယ် (မှန်ပါ့ ဘုရား) ခန္ဓာကပြောတဲ့အခါ (လူပြောသူပြော လမ်းဆုံးသွားပါတယ်)။

ခန္ဓာပြောလို့ နားမထောင်ရသေးတဲ့ပုဂ္ဂိုလ်များမှာဖြင့် ဟိုဆရာကကောင်းနိုးနိုး၊ အင်း-ဒီဆရာက ကောင်းနိုးနိုး ပြောင်းသွားတယ်၊ ဒကာကြွယ်ရေး (မှန်လှပါ ဘုရား)။

ခန္ဓာကပြောတာမိအောင်ကြည့်

ခန္ဓာက ပြောတာကို သေသေချာချာမိတဲ့၊ ပုဂ္ဂိုလ်ကျ တော့ အင်း ဘယ်သူပြောပြော၊ ခန္ဓာဆီသာလက်ညှိုးညွှန် ကြမှာပဲ၊ ခန္ဓာကပြောတာအမှန်ဆုံးပဲ (မှန်ပါ) ဒီဆုံးဖြတ်ချက် မကျပေ ဘူးလား (ကျပါတယ်)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ခန္ဓာ ဉာဏ်ရောက်ဖို့အရေးဟာလည်း နှလုံးသွင်းမှန်မှ ရောက်နိုင်ပါ တယ်၊ သဘောပါပလား (ပါ-ပါပြီ)။ –

နှလုံးသွင်းမှန်အောင်လည်း ကလျာဏမိတ္တက မျက်လုံး တပ်ပေးဦးမှ (မှန်လှပါ) ကိုယ့်မိဘရိုးရာ မျက်လုံးနဲ့ဖြင့် အမေပဲ သိမှာပဲ၊ အဖေပဲသိမှာပဲ၊ ညီအကိုမောင်နှမပဲ သိမှာပဲ (မှန်လှပါ ဘုရား)။

ရောင်းရတယ်၊ ဝယ်ရတယ်လို့သာသိမှာပဲ တဏှာ အလုပ်သာသိတယ်၊ ဉာဏ်အလုပ်မသိပါဘူး (မသိပါ ဘုရား) ဆုံးဖြတ်ချက်ချပါတော့၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဘုရားဟောတော်မူတာဘာကြောင့်

ဒါ့ကြောင့် ဘုရားသခင်ကို ယ်တော်မြတ်ကြီး ဟောတော်မူတဲ့တရားဟာ သွက္ခာတော၊ ဘဂဝတာ ဓမ္မော၊ ဘဂဝတာ – မြတ်စွာဘုရား၏ သွက္ခာတော-မင်းတို့အတွက် ကောင်းအောင် ဟောနေတာသည် ဘုရားဟောတော်မူတာဘာ တဲ့? ဒီ ဒကာ ဒကာမတွေအတွက် ကောင်းအောင် ဟောနေ တယ် ဆိုတာ သေချာပလား (သေချာပါပြီ)။

ဪ-ဒါဖြင့် ဘုရားဟောတော်မူတဲ့ သစ္စာတရား သည် ဒကာ ဒကာမတွေ ကောင်းအောင် ဟောနေတော့ ဘယ်လိုကောင်းအောင်တုံးလို့ မေးဖို့အချက်ပေါ်လာတယ် (မှန်လှပါ ဘုရား)။

ဒုက္ခပြတ်အောင်ဟောနေ

ဘယ်လိုကောင်းအောင်တုံးဆိုတော့ ခုနက ကလျာဏ မိတ္တချည်းပဲ၊ ဘုရားက ကောင်းအောင် ပြောနေတဲ့ အခါ ကျတော့ ခင်ဗျားတို့မှာ ဒုက္ခအစုဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ် ခန္ဓာကျအောင်ပြတ်တယ်။

ဒုက္ခအစုကြီးဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကြီးဟာ ဘာဖြစ်သွား သလဲ (ပြတ်သွားပါတယ် ဘုရား) ကောင်းအောင် ဟောထားတဲ့ တရားမို့ ပြတ်တာကိုး၊ ကောင်းအောင်ဟောထားတဲ့တရားကိုမှ ဒကာ ဒကာမတွေက မလိုက်နာ၊ မကျင့်ကြံကြဘူးဆိုလို့ရှိရင် ဖြင့် ကိုယ့်ခန္ဓာကို၊ ဒီဒုက္ခပြီး၊ ဟိုဒုက္ခဟာ ငါပစ္စည်းပဲ လို့သာ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

သိပ်ကြောက်စရာကောင်းပါလား (ကောင်းပါ တယ် ဘုရား) ဒကာ ဒကာမတို့ ဒီအရေးကို သေးသေး ကွေးကွေး မထင်ပါနဲ့ (မထင်ပါဘူး ဘုရား)။

ပန်းတစ်ပွင့်နဲ့သူဌေးဖြစ်တယ် သို့သော်

ဒီဘဝကို ကုဋေပေါင်းများစွာ ချမ်းသာဖို့ ပန်းတစ်ပွင့်နဲ့ ဆုတောင်း ယူရင်ရပါတယ် (ရပါတယ် ဘုရား)၊ ဒီဟာက ရတောင်မရဘူး (မရပါ ဘုရား)။

ဒါကြောင့် ကလျာဏမိတ္တက တပ်ပေးလို့ ယောနိသော မနသီကာရ မျက်လုံးမရသရွေ့ ဒကာသစ်၊ ဘယ်တော့မှ ဒုက္ခ ဇာတ်မသိမ်းဘူး (မသိမ်းပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ကလျာဏမိတ္တကယောနိသောမနသီကာရ မျက်လုံး တပ်မပေးရင် (ဘယ်တော့မှ ဒုက္ခ ဇာတ်မသိမ်းပါ ဘုရား)

ဘယ်တော့မှ ဒုက္ခဇာတ်မသိမ်းဘူးဆိုတာ သေသေချာချာမှတ် ပါ၊ ရှင်းပလား (ရှင်းပါပြီ)။

နေ့တိုင်းတရားဟောတာဘာပါလိမ့်

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နေ့တိုင်းတရား ဟောတာ ဘာပါလိမ့်မလဲလို့ အကဲခတ် ကြည့်တော့မှ ဪ ဒို့မျက်လုံးမကြည်၊ ကြည်အောင် တင်ပေးနေတာပါလား (မှန်လှပါ ဘုရား)။

မကောင်းသေးပြင်တပ်လိုက်၊ နည်းနည်းမြင်သေးရင် များများမြင်အောင် ပြင်တပ်လိုက် (မှန်လှပါ ဘုရား)။

ဒီလိုနေ့တိုင်း တိုးတိုးပြီး သကာလ ပေးနေရတာဟာ ဒီမှာ ဒကာကြွယ်၊ သေသေချာချာ ကလျာဏမိတ္တ၏ ဂုဏ်ထူး ဝိသေသထူးတွေပေါ်လာတယ် – (ပေါ်လာပါတယ် ဘုရား)၊ မပေါ်လာ ဘူးလား (ပေါ်လာပါတယ် ဘုရား)။

ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ နို့မို့လို့ရှိရင် ခင်ဗျားတို့ လုပ်နေတဲ့ အလုပ်ဟာ ဘာအလုပ်များ လုပ်နေသတုံးလို့ မေးတဲ့ အခါကျလို့ရှိရင်ဖြင့် တစ်နေ့တုန်းက သီတင်းနေ့က ဟောခဲ့တဲ့၊ ဦးမာဒင် ဝေသွားတဲ့၊ ပဋိစ္စသမုပ္ပါဒ်ကြီး ရှိပါတယ် (ရှိပါတယ်၊ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ကြီးကို ဒကာ ဒကာမတွေကြည့်လိုက်တဲ့ အခါကျတော့ အဝိဇ္ဇာ၊ တဏှာက၊ ဒကာ ဒကာမတွေ သိတဲ့ အတိုင်း ပဒေါင်းကြီးလို့ တစ်နေ့က ဟောခဲ့တယ် (ဟောခဲ့ပါ တယ် ဘုရား)။

အဝိဇ္ဇာက မသိမှု၊ တဏှာကလိုချင်မှု

အဝိဇ္ဇာတဏှာက (ပဒေါင်းကြီးပါ ဘုရား) ပဒေါင်းကြီး လို့ ဟောခဲ့တယ်၊ ဪ-အဝိဇ္ဇာက မသိမှု၊ တဏှာက- လိုချင် မှု၊ (မှန်လှပါ ဘုရား) ဒီနှစ်ခုဟာ ဘာတဲ့ (ပဒေါင်းကြီးပါ ဘုရား)၊ ဪ သံသရာစက်ရထားကြီး၏ ပဒေါင်းပဲ (မှန်လှ ပါ ဘုရား)။

ဘယ်လိုပါလိမ့် (သံသရာစက်ရထားကြီး၏ ပဒေါင်းပါ ဘုရား) သံသရာစက်ရထားကြီး၏ ပဒေါင်းကြီးပဲ ဆိုတဲ့ဥစ္စာ လည်း ခင်ဗျားတို့ ဥပုသ်နေ့ကလည်း နာရတယ် (နာပြီးပါပြီ ဘုရား)။

ဒီပဒေါင်းကြီးသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ပဒေါင်းဟာ ခင်ဗျားတို့က သေးသေးကွေးကွေးလို့ မမှတ်ပါနဲ့၊ ငါ့သား ငါ့သမီး ဆိုတာ မသိလို့ပြောတာ၊ တစ်ခါတည်း ပဒေါင်းစလည်တယ် (မှန်ပါ)။

ဒကာကြွယ်၊ ငါ့သား ငါ့သမီး ငါ့မြေးဆိုတာ သစ္စာတွေ မြင်သေးရဲ့ လား (မမြင်ပါ ဘုရား) အဲဒါတွေ စဉ်းစားကြည့်ပါ၊ ဒကာကြွယ်တို့ သစ္စာမမြင်ကတည်းက အဝိဇ္ဇာပဲ (မှန်လှပါ ဘုရား) ဒါဖြင့် ပဒေါင်း စလည်တာ။

မိုးလင်းရင်ဒို့ဘာလုပ်နေကြသလဲ

အင်း- မိုးလင်းလို့ရှိရင် ဒကာ ဒကာမတို့ ဒို့ဘာအလုပ် လုပ်ပါလိမ့်မလဲလို့ မေးလိုက်တဲ့ အခါကျတော့ တပည့်တော်တို့ စ၊ စခြင်းဘုရား၊ သားလေးနေကောင်းရဲ့လား၊ သမီးကလေး နေကောင်းရဲ့ လား၊ အင်း တစ်အိမ်လုံး ကျန်းမာကြရဲ့လား၊ ဘယ်သူက၊ ဘယ်သွားဖို့အရေးဟာ၊ ဘယ်ကိစ္စ ရှိသေးတယ်ဆို တာလည်း စီစဉ်ရတော့ ပုဂ္ဂိုလ်သတ္တဝါတွေပေါ်လာတယ် (ပေါ် လာပါတယ် ဘုရား)။

မပေါ်လာကြဘူးလား (ပေါ်လာပါတယ်) အင်း ပေါ်လာလို့ရှိရင်၊ ဒကာ ဒကာမတွေက စဉ်းစားပါတော့၊ မရှိတဲ့ အရှိက ပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား) မသိလို့ ပြောတဲ့ အလုပ်တွေ ပေါ်လာတယ်၊ ပေါ်လာတော့ မသိတာ ဘာတုံး (အဝိဇ္ဇာပါ့ ဘုရား)။

ဪ မိုးလင်းရင် ပဒေါင်းကြီးတပ်တယ်၊ သဘောကျ ပလား (ကျပါပြီ)၊ မိုးလင်းရင်ဘာတဲ့ (ပဒေါင်းကြီး တပ်ပေးပါတယ် ဘုရား)။

ဒကာကြွယ် မိုးလင်းမှာတောင် ဘုန်းကြီးဖြင့် ဒကာ ဒကာမတွေအတွက် စိုးရိမ်တယ် (မှန်ပါ) မိုးလင်းလို့ရှိ ရင် သားဘယ်သွားတဲ့၊ သမီးဘယ်သွားတဲ့၊ ငါဘာလုပ်မတဲ့၊ ဆိုတဲ့ဥစ္စာတွေ တစ်ခါတည်း ရုပ်နာမ်၊ ဒုက္ခသစ္စာတွေအကုန် ပျောက်ပြီး သကာလ ဒါပျောက်ကတည်းကမသိလို့ပျောက်တယ် (မှန်လှပါ ဘုရား)။

သံသရာလည်ဖို့ ပဒေါင်းတည်နေတယ်

ရှိလျက်သားနဲ့ (မသိလို့ပျောက်ပါတယ်) ရှိလျက်သားနဲ့ မသိတာနဲ့ (ပျောက်ပါတယ်) ပျောက်သွားတယ်၊ မိုးလင်း ဒကာ ဒကာမတွေ ဘာလုပ်ပါလိမ့်မတုံးဆိုတော့ သံသရာလည်ဖို့ ပဒေါင်း တည်တယ်ဘုရား (မှန်ပါ)။

ဉာဏ်နှင့် နားထောင်ကြည့်ပါ၊ အင်း မိုးလင်း ဘာလုပ်ကြမလဲ (သံသရာလည်ဖို့ ပဒေါင်း တည်ပါတယ် ဘုရား) သံသရာလည်ဖို့ ပဒေါင်းတည်တယ်၊ ဒကာသစ်ဉာဏ်နဲ့ သေသေချာချာ ကြည့်မှနော် (မှန်လှပါ ဘုရား)။

ဉာဏ်နဲ့သေသေချာချာကြည့်မှ ဒကာကြွယ်အတော် ဆိုးနေတယ် (ဆိုးပါတယ် ဘုရား)။

သားရယ်၊ သမီးရယ်၊ ဆွေရယ်၊ မျိုးရယ်၊ ကိစ္စရယ်၊ ပစ္စည်းတွေရယ်၊ ပေါ်လာကတည်းက ဒုက္ခသစ္စာဆိုတဲ့ဉာဏ်က ရောက်ကို မရောက်တော့ဘူး (မရောက်ပါ ဘုရား) ဖြစ်ပျက် ကလည်း မပေါ်လာဘူး (မပေါ်ပါ ဘုရား) မပေါ်လာတော့ ပုဂ္ဂိုလ် သတ္တဝါတွေ ပေါ်လာတယ်။

ဒါဘာပါလိမ့်မတုံးလို့ အကဲခတ်ကြည့်လိုက်တော့ ပဒေါင်းတည်တာ (ပန်းတောင်းတည်တာပါ ဘုရား) ဒါလေး ပေါ်လာပြီး သကာလ အင်း သူတို့နေကောင်းလို့၊ ဝမ်းပဲသာရသေးတယ်ဆိုတော့ သွားဖော်၊ လာဖော်ရလို့တော်တော် ရသေးတယ်။

ဒါလေးက တော်တော်လေးရဲ့ ဆိုတာ ဘာတုံးလို့မေးတဲ့ အခါကျတော့ ဒကာ ဒကာမတို့ ခင်လို့ပေါ့ (မှန်လှပါ ဘုရား) ဘယ်လိုဆိုကြတယ် (ခင်လို့ပေါ့ပါ ဘုရား)။

ဒါဖြင့် ရောက်ရာ ရထားတဲ့၊ သားသမီးတွေနဲ့ ရောက် ရာရထားတဲ့ ခန္ဓာကြီးကို ခင်တာက တဏှာ၊ ကိုယ့်ခန္ဓာကြီးကို ငါဘာလုပ်ရမလဲဆိုတဲ့ဥစ္စာမျိုးကို ခန္ဓာကြီးကို တကယ်ငါထင် သူထင် ယောက်ျားထင် မိန်းမထင်ပြီး သကာလ နေတာက အဝိဇ္ဇာ။

ကိုယ့်ခန္ဓာကိုယ်ခင်၊ သားသမီးတွေခင်တာက တဏှာ (မှန်လှပါ) မိုးလင်းလာတဲ့ တစ်ပြိုင်နက် တည်း ဒကာကြွယ် ပဒေါင်းတည်ပြီ၊ ရှင်းကြပလား (ရှင်းပါပြီ)။

မိုးလင်းသည်နှင့်တစ်ပြိုင်နက်တည်း (ပဒေါင်းတည်ပါ တယ် ဘုရား) ဒါကို ပဋိစ္စသမုပ္ပါဒ်၊ ဒကာကြီး အခုပေးထားတဲ့ ပဋိစ္စသမုပ္ပါဒ်ကြည့်လိုက်လို့ရှိရင်ဖြင့် ကိုဘသော်တို့ ပေါ်လိမ့်မယ်၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ပေါ်တယ်တဲ့။

ဪ ငါ-မိုးလင်းလို့ရှိရင်ဖြင့် လင်းလျှင်လင်းခြင်း ခန္ဓာ ဉာဏ်စိုက်ပြီးတော့ ဖြစ်ပျက်ရှုပြီး ထ,မဟဲ့ ဆိုတဲ့စိတ်ဟာ တယ်ပါခဲတယ် (ပါခဲပါတယ် ဘုရား)။ အင်မတန်ပါခဲပါလိမ့်မယ် ဆိုတော့ မသိကစပြီး လာခဲ့တော့တယ်ဆိုတာ အဝိဇ္ဇာတွေ (အဝိဇ္ဇာတွေပါ ဘုရား)။

မသိလို့ရှိရင်ဖြင့် ဘယ်သူနေကောင်းကြလား၊ ဘယ်ဝါ နေကောင်းကြသလား၊ ဘယ်လူဟာဖြင့် ဘယ်ဟာ ဘာလုပ်နေ ကြပါလိမ့်မတုံးဆိုပြီး သကာလ ဪ သွားနိုင် လာနိုင်တဲ့ သားလေးတွေ၊ သမီးလေးတွေမြင်လိုက်တယ်ဆို၊ ခင်လိုက်တာ ကနောက်ကလိုက်လာတယ် (မှန်ပါ့ ဘုရား)။

အဲတော့ မိုးလင်းရင် ဘာတည်ကြမလဲ (ပဒေါင်းတည် မှာပါ ဘုရား) ဒကာကြွယ် တယ်ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)၊ မိုးလင်းရင် ဘာလုပ်ကြမယ် (ပဒေါင်း တည်မှာပါ ဘုရား)။

ဪ- သံသရာဘီးကြီးကိုစပြီး သကာလ၊ ပဒေါင်းမပါ လို့ရှိရင် ဒေါက်စိုက်စရာမရှိဘူး (မရှိပါ ဘုရား) ပဒေါင်းမပါရင် (ဒေါက်စိုက်စရာမရှိပါ ဘုရား)။ ဒေါက်စိုက်စရာမရှိဘူး ဆိုတာ သေချာပလား (သေချာပါပြီ)။

ကိုင်း-ဒါဖြင့် ခင်ဗျားတို့ဟာ စောစောစီးစီး ဘာလုပ်ပါ လိမ့်မတုံးမေးတဲ့အခါကျမှ ဒကာသစ်ရေ ဘာတဲ့ (ပဒေါင်းတည် ရအောင်ပါ ဘုရား)။

ပဒေါင်းစပြီး မူတည်လိုက်တယ်၊ ရှင်းပလား (ရှင်းပါပြီ) အင်း-ပဒေါင်းတည်ပြီးလို့ရှိရင် ဒီဘီးကြီးဟာ ပဒေါင်းချည်း သက်သက်ဆိုလို့ရှိရင်ဖြင့် မလည်နိုင်သေးပါဘူး (မှန်လှပါ)။

အိပ်ရာကနိုးလာလို့ရှိရင်

ဒီတွင်မှ အိပ်ရာကလဲ ထပါရောတဲ့ ကာယကံနဲ့ ဒကာ ဒကာမတွေက ဟေ့ လဘက်ရည် မဆူသေးဘူးလား၊ အင်း ကော်ဖီလေးတစ်ခွက်မှ မရသေးဘူးလား ဆိုတဲ့ ကာယကံတွေက ဝစီကံတွေက မလုပ်ကြဘူးလား (လုပ်ပါတယ်) ကာယကံက ချောင်းမြောင်းကြည့်လိုက် ဝစီကံက ယူခဲ့ဟေ့လို့ ပြောလိုက် (မှန်လှပါ ဘုရား)။

အင်း-ဒါတွေက ဘာတွေပါလိမ့်ဆိုတော့ ကံတွေ၊ သဘောကျပလား (ကျပါပြီ) ဒါတွေက ဘာတွေပါလိမ့် (ကံတွေပါ ဘုရား)။

အင်း-ပဒေါင်းတည်ပြီး သကာလ ဒကာ ဒကာမတွေ ကံတည်းဟူသော အကုသိုလ်ကံတည်း ဟူသော ဒေါက်တွေက လည်း ထောက်လိုက်တယ် (မှန်ပါ့ ဘုရား) ဒီဘက်ကြည့်ပါ ဒကာကြွယ်တို့ အကုသိုလ်ကံဒေါက်၊ ထောက်ရတယ် (မှန်ပါ့)။

အိပ်ရာက နိုးလာလို့ရှိရင် ပဒေါင်းအရင်တည်ပြီး ကံ တည်းဟူသော အကုသိုလ်ကံ ဒေါက်ထောက် ရတယ်၊ အင်းအိပ်ရာကနိုးလာလို့ရှိရင် ပဒေါင်းအရင်တည်ပြီး ကံတည်းဟူသော ဒေါက် (ထောက်ပါတယ် ဘုရား)။

ဒီဒေါက်ထောက်ပြီး သကာလ အကုသိုလ်ဒေါက် ထောက်၊ ဘုရားတွေဘာတွေလည်းရှိခိုးဦးမှ ယနေ့အတွက်ဖြင့် အန္တရာယ်ကင်း၊ ဘေးရှင်းအောင် ခန္ဓာကိုယ်ကြီးအတွက် အန္တရာယ်ကင်း၊ ဘေးရှင်းအောင် ဆိုပြီး ဘုရားရှိခိုးဒါတွေရှိသေး တယ် (ရှိပါတယ် ဘုရား)။

ခန္ဓာကိုယ်၊ အန္တရာယ်ကင်း၊ ဘေးကင်းအောင် လူကြီး ကနေပြီး သကာလ အကုန် ရှေ့ဆောင် လုပ်ပြီး သကာလ လုပ်မှသာလျှင် တစ်အိမ်လုံးလည်း ကျန်းမာကြမှာပေါ့ဆိုပြီး သကာလ ဘုရားတွေ ဘာတွေရှိခိုး၊ ဆွမ်းတော်ပွဲလေး ရလို့ရှိရင် တင်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အဲဒါက ဘာတုံးမေးတဲ့ အခါကျတော့ကိုတဲ့ ကိုယ့်ရဲ့ ခန္ဓာ ကြီး ကျန်းမာရေး၊ ချမ်းသာရေး၊ နောက်ဘဝကောင်းစားရေး၊ ဒီဒေါက်ကလည်းတစ်ခါတည်း ပုညာဘိသင်္ခါရဒေါက်က လာတာ (မှန်ပါ့ ဘုရား)။

ဘုံဘဝအလိုရှိတဲ့ကုသိုလ်နိဗ္ဗာန်မရောက်

ဒကာကြွယ် – ပုညဘိသင်္ခါရဒေါက် ဆိုတာ သဘော ကျပလား (ကျပါပြီ) အင်း-ဒါကုသိုလ် ဒေါက်ပေါ့ (မှန်ပါ့ ဘုရား) ကုသိုလ်ဒေါက်၊ သို့သော် ဒီကုသိုလ်က နိဗ္ဗာန်ရောက်တဲ့ ကုသိုလ်လား၊ မရောက်တဲ့ ကုသိုလ်လားလို့မေးတော့ ကျန်းမာ ရေး၊ ချမ်းသာရေးနဲ့ ဘုံဘဝ အလိုရှိလို့ လုပ်တဲ့ ကုသိုလ် ဆိုရင်ဖြင့် နိဗ္ဗာန်မရောက်ဘူး။

ဒေါက်၊ သူသွားဖြစ်တယ် (မှန်ပါ့ ဘုရား) ပဋိစ္စသမုပ္ပါဒ် လည်စေတဲ့ ဒေါက်သွားဖြစ်တယ်၊ ခုနင်က စားချင်တဲ့ သောက် ချင်တဲ့စိတ်ကလေးက အကုသိုလ်ဒေါက် (မှန်ပါ့ ဘုရား) ခုတစ်ခါ ဘုရားသွားရှိခိုးပြီး ဆွမ်းတော်ပွဲလေးနဲ့ ကျန်းမာရေး၊ ချမ်းသာရေး အလိုရှိပြီး လုပ်လိုက်တာလား (ကုသိုလ် ဒေါက်ပါ ဘုရား) ကုသိုလ်ဒေါက်နော်။

အင်း-ဒေါက်ဘယ်နှစ်ခုတပ်ပြီးပြီလဲ (နှစ်ခုပါ ဘုရား) အင်း-အိပ်ရာကနိုးတုံး ပဒေါင်း ဆင်လိုက်တယ်၊ နိုးတော့ ဒေါက်တပ်တယ် (မှန်လှပါ ဘုရား)။ အမလေးကြောက်စရာကြီး ပါလား၊ ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။

ကြောက်စရာကြီးပါလား ဆိုတဲ့ဥစ္စာသည် ဘုန်းကြီးက ရမ်းဟောနေတာလား၊ ခင်ဗျားတို့၏ စိတ်ဖြစ်စဉ်ကိုကြည့်ပြီးတော့ ဘုရားက ဒေါက်တပ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် သာသနာပ အခါကျတော့လည်း ဒီဘက်က ရူပကုသိုလံဒေါက်တို့၊ အရူပ ကုသိုလ်ဒေါက်တို့၊ ဒေါက်တွေက မတပ်ပေဘူးလား (တပ်ပါတယ်)

အေး ဒီဒေါက်တွေသည်ကားဆိုရင် တခြားလားအောက်မေ့နေတယ် ဒကာ ဒကာမတို့ ဘီးကြီးလာ ပဒေါင်းလာစိုက်ကြတယ်။

ပဒေါင်းလာစိုက်တော့ ခုနကကုသိုလ်တွေဟူသရွေ့က လဲတဲ့ ဒကာ ဒကာမတွေသိတဲ့အတိုင်း ဒီကုသိုလ်ကလဲ အိုသေပဲ ကျေးဇူးပြုတယ်။

အကုသိုလ်သည် အိုသေမှာလမ်းဆုံးတယ်

အကုသိုလ်ကလည်း (အိုသေပဲကျေးဇူးပြုပါတယ်) ခုနက ဒီကျန်းမာရေး၊ ချမ်းသာရေး၊ ဘဝကောင်းစားရေး လုပ်တဲ့ ကုသိုလ်ကလည်း ဘယ်သွားမှာလဲ (အိုသေပါ ဘုရား)။ အင်းဒီဘက်က အိုသေပဲ လမ်းဆုံးတယ်၊ သဘောကျပလား (ကျပါပြီ) ဒီဘက်က ဘယ်လမ်းဆုံးသလဲ (အိုသေပဲ လမ်းဆုံး ပါတယ်)။

အိုသေပဲလမ်းဆုံးတယ်ဆိုတာပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ)၊ ဒီဘက် အကုသိုလ်ကလည်း အပါယ်သွားပြီး အိုသေပဲလမ်းဆုံးတယ်၊ ဇရာ၊ မရဏပဲ လမ်း ဆုံးတယ် (မှန်လှပါ ဘုရား)။

ဒီဘက်က ရူပဘုံ၊ အရူပဘုံရောက်ကြောင်း ပုဂ္ဂိုလ် တွေ လုပ်တာကော အိုသေပဲလမ်းဆုံးတယ် (မှန်ပါ့ ဘုရား)။ အရူပ ဘုံရောက်ကြောင်း ပုဂ္ဂိုလ်တွေကလည်း (အိုသေပဲ လမ်း ဆုံးပါတယ်)။

ဆိုတော့ ဒကာ ဒကာမတွေ ဒီခန္ဓာကိုယ်ကြီးသည်ကား လို့ဆိုလို့ရှိရင် အလည်ပဒေါင်းဟာမှာ ခုနက ဒေါက်လေးခု တပ်လိုက်တယ်။

အိုသေ၊ သံပတ်ခွေက ချုပ်ထားတယ်

ဒေါက်လေးခုကို သံပတ်ခွေနဲ့တူတဲ့ အိုသေကနေ ချုပ် လိုက်တယ် (မှန်လှပါ ဘုရား) ဘာလုပ်လုပ် ခင်ဗျားတို့ အိုသေမှာ ခေါင်းစိုက်ရမယ် (မှန်ပါ)။

အကုသိုလ်လုပ်လည်း (အိုသေမှာခေါင်းစိုက်ရ မယ်) ဘုံဘဝနေတတ်တဲ့ကုသိုလ်လုပ်ရင်ကော (အိုသေ မှာ ခေါင်းစိုက်ရမယ်) အရူပဘုံရောက်ကြောင်း ကုသိုလ်လုပ် ရင်ကော (အိုသေမှာပါ ဘုရား) ရူပဘုံရောက်ကြောင်း ကုသိုလ်လုပ်ရင်ကော (အိုသေမှာပါ ဘုရား)။

အိုသေမှာ ခေါင်းစိုက်တော့ အိုသေကို ဘုရားက သံပတ်ခွေကြီးကွ (မှန်ပါ့) ဒေါက်တွေက သူပါလို့မြဲနေတာ ရှင်းပလား (ရှင်းပါပြီ။)

ဒါဖြင့် အကုသိုလ်ဒေါက်ဟာလည်း သံပတ်ခွေ လမ်း ဆုံးတယ် (မှန်ပါ့) အကုသိုလ် ဒေါက်ဟာလည်း (သံပတ်ခွေ လမ်းဆုံးပါတယ်)။

သံပတ်ခွေဆိုတာ ဘာပါလိမ့်မလဲဆိုတော့ ဇရာ၊ မရဏ (မှန်ပါ့ ဘုရား)။ ဒကာ ဒကာမတို့ ဘယ်လမ်းဆုံးမလဲ (ဇရာ မရဏမှာပါ) ဒါဖြင့် အကုသိုလ်လုပ်လည်း အိုသေမှာ လမ်းဆုံးတယ်။

ဘုံဘဝကို ရချင်လို့လုပ်တဲ့ ကုသိုလ်တွေလည်း (အိုသေမှာပဲ လမ်းဆုံးပါတယ်) နိဗ္ဗာန်ကို မရောက်ဘူး၊ သံပတ် ခွေကပိတ်ထားတယ်၊ ဘုံဘဝကိုရချင်လို့လုပ်တဲ့ ကုသိုလ် သဖြင့် ဒီမှာလမ်းဆုံးတယ်ဆိုတာဖြင့် သေချာကြပလား (သေချာပါပြီ) ဪ- ဒါဖြင့် ဒကာသစ်ရေ ကြောက်စရာကြီးပါလား (ကြောက်စရာကြီးပါ ဘုရား)။

အင်း-အရိယာမျက်လုံး တပ်ပေးမည့်လူမရှိလို့ရှိရင်ဖြင့် တစ်နေ့လုံးဟာ ရထားလမ်းဘေး ထင်နေတာပဲ (မှန်လှပါ ဘုရား) အရိယာမျက်လုံး တပ်ပေးမည့်လူမရှိရင် (ရထားလမ်းဘေးထင်နေ မှာပါ ဘုရား)။

တစ်နေ့ ဘီးပေါင်း ဘယ်လောက် လုပ်ပါလိမ့်မတုံးဆိုရင် မရေတွက်နိုင်ဘူး၊ ဒါကြောင့် တစ်နေ့က နေ့လည်ပြောခဲ့တာကို နည်းနည်းနားထောင်ကြည့်ပါ၊ ဒကာ ဒကာမတို့ ပေါ်လာလိမ့် မယ်နော်။

အခုဒီဒေါက်တွေနဲ့ ကျုပ်တို့ သံသရာလည်လာလို့ ဘယ်ကနေပြီး လှိမ့်လာတဲ့ဘီးမှန်းမသိဘူး၊ လူ့ပြည်တော့ရောက် နေပြီ လူ့ပြည်ရောက်ပြီး သကာလ ဒကာ ဒကာမတွေ ဒီအတိုင်း နေကြမှာလား၊ အိုသေပဲသွားကြမှာလား (အိုသေပဲ သွား ကြမှာပါ ဘုရား)။

ဪ လူ့ပြည်ရောက်လာပြီး ဒီဘီးကြီးသည် အိုသေမှာပဲ လမ်းဆုံးတယ်၊ ဒီကနေပြီးတော့ လှိမ့်သွားမယ်ဆို ရင်ဖြင့် ခင်ဗျားတို့ ငယ်ငယ်တုန်းကဆုတောင်းတွေအတိုင်း ဆိုရင် နတ်ပြည် လှိမ့်ဦးမှာပဲ။

နတ်ပြည်လှိမ့်တော့ကို အဆုံးဘာရမလဲဆိုတာ အကဲ ခတ်ကြည့်ပါဦး (အိုသေပါ ဘုရား) အိုသေပဲ ရမယ်၊ ဒီကနေတက်ပြီး လှိမ့်ဦးတော့ ဗြဟ္မာပြည်ရောက်တယ် ဆိုရင်လည်း (အိုသေပါ ဘုရား)။

ဒေါက်တွေတပ်တာပုဂ္ဂိုလ်တွေ

ဒီရထားကြီးမောင်းချင်တဲ့ဆီမောင်းတဲ့ သံပတ်ခွေပြင် ဘက်ကို မထွက်ဘူး (မှန်လှပါ ဘုရား) ဒါဖြင့် ဒီလိုယူကြပေတော့၊ ပြုတဲ့ အလည်ဒေါက်တွေတပ်တာဟာ ပုဂ္ဂိုလ်တွေမှတ်၊ ဒေါက်တပ်တာဟာ ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။

ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်၊ အကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်၊ ကုသိုလ်လုပ်တာ၌ ရိုးရိုးကုသိုလ် မဟုတ်ဘူးနော်၊ ဝဋ္ဋလုပ်တဲ့ ကုသိုလ်၊ ဝဋ္ဋကုသိုလ် ဆိုလိုက် ဒကာကြွယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒီဒေါက်တွေဟာလည်း အခု အပြည့်အစုံနဲ့ ဒကာ ဒကာမတွေမှာ တပ်ထားတယ်၊ ဒီဘီးကြီး လည်လာလို့ လူ့ပြည် ရောက်ပြီ၊ ဒီကနေပြီး သကာလ ဒကာ ဒကာမတွေ ဘယ်လည် ကြဦးမလဲ ဆိုတော့လဲ မပြောတတ်သေးဘူး (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ်ဉာဏ်ဖိုလ်ဉာဏ်မရရင် မပြောတတ်သေးဘူးပေါ့ ဗျာ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရရင်တော့ ဒီကနေ ဘယ်မှ မလိမ့် တော့ပါဘူး (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဒကာကြွယ် တို့အဖြစ်တွေဟာလည်း တယ်ဆိုးတယ် နော်၊ ဒကာကြွယ်တို့ အဖြစ်တွေ၊ ဒဏှာသစ်တို့အဖြစ် သိပ်ဆိုးပါတယ်၊ ဘာတွေ ဆိုးသတုံးလို့ ဆိုလို့ရှိရင် မျက်လုံကလေးဖွင့်လိုက်တယ် (မှန်ပါ့)။

မျက်လုံးလေးဒီနေ့မနက်စောစောပိုင်း မျက်လုံးလေး ဖွင့်လိုက်တယ်၊ ဖွင့်လိုက်တယ် ဆိုကတည်းက မျက်လုံးကလေး က သားကလေးမြင်လိုက်၊ သမီးကလေးမြင်လိုက်၊ မမြင်ပေဘူးလား (မြင်ပါတယ်)။

အင်း-မြင်လို့ရှိရင် ဒါက သား အာရုံ၊ ဒကာ ဒကာမတွေက မျက်လုံးနဲ့ကြည့်လိုက်တဲ့ အခါကျလို့ရှိရင် မြင်တယ်၊ မြင်လို့ ရှိရင် ခင်တယ်၊ သဘောကျပလား (ကျပါပြီ)။

ခင်တယ်ဆိုတော့ အကုသိုလ်ဖြစ်တယ်၊ ခင်တယ်ဆိုရင် ခင်တာတင်မရပ်ဘူး စွဲလမ်းတယ် (မှန်ပါ)စွဲလမ်းတယ် တင်မဟုတ်ဘူး သူ့ကိုပဲ စိုးရိမ်တယ်၊ ကြောင့်ကြတယ်။ ကာယကံ၊ဝစီကံတွေနဲ့ ဟိုလမ်းမသွားနဲ့၊ ဒီလမ်းဖြင့် မသင့်တော် ဘူးဆိုတဲ့ ဝစီကံတွေကို ပြောမိတယ် (ပြောမိပါတယ် ဘုရား)။

ဪ ဒါတွေက မျက်လုံးပေါက်ကနေပြီး ဒကာ ဒကာမတို့ ဘာလုပ်ပြန်ပါလိမ့်မလဲလို့ မေးတဲ့အခါ ကာယကံ ဝစီကံ လုပ်တယ်ဘုရား၊ သဘောကျပလား (ကျပါပြီ) မျက်လုံး ပေါက်က ဘာလုပ်သလဲ (ကာယကံ၊ ဝစီကံလုပ်ပါတယ်)

ဒါဖြင့် ဒကာဒကာမတို့ ဒီအထဲမှာ ဒေါက်တွေ၊ ဒေါက် လဲရတယ် (မှန်ပါ့ ဘုရား) ပထမဒေါက် ပျက်သွားလို့ ရှိရင် နောက်ဒေါက်လဲဖို့ အဆင်သင့်ပြင်ထားတယ် (မှန်လှပါ ဘုရား) မျက်လုံးပေါက်က လုပ်တဲ့ဒေါက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘယ်ကလုပ်တဲ့ ဒေါက်လည်း (မျက်လုံးပေါက်က လုပ်တဲ့ ဒေါက်ပါ)။

ဟိုဒေါက်ပျက်ပြီလားလို့ မေးလို့ရှိရင်၊ အရင်လာတဲ့ ဘီး ကြီးမှာ ဒေါက်တွေနဲ့ ပျက်ကုန်လို့၊ သံသရာအကန့်အကွက်တွေ ပျက်ပါပေါ့လားလို့ ဒီလိုမဆိုလိုက်ပါနဲ့တဲ့ မပျက်ခင်ဒီက ဒေါက် လုပ်ထားတယ်။

သေသေချာချာစဉ်းစား၊ ရမ်းပြောလို့မရဘူး၊ သေသေ ချာချာ စဉ်းစားတော့ ဒကာ ဒကာမတွေ မျက်လုံးပေါက်က ဘာတွေလုပ်ပါလိမ့်၊ ဒေါက်တွေလုပ်ပါတယ် အရင်ဘီး ကြီးက ပျက်ပြီလား (မပျက်သေးပါဘူး)၊ အို မပျက်သေး ဘူး။

မပျက်သေးတာအရင်သံသရာလည်တဲ့ဇာတ်ကြီးက စခန်းမသတ်သေးဘူး၊ ဒေါက်ကြီးနဲ့ လည်တုံးပဲ၊ သို့သော်ဒီက အစားလုပ်ထားတယ် (မှန်ပါ့) ဘာလုပ်ထားလဲ (အစား လုပ်ထားပါတယ်)။

ဘာဖြစ်လို့တုံး (ရှေ့လည်ဖို့ပါ) ရှေ့လည်ဖို့ဆိုတာ ရိပ် မိပလား (ရိပ်မိပါပြီ ဘုရား) အမလေး ဒကာ ဒကာမတွေ သံသရာလည်ဖို့ ဓာတ်ကြီးဟာ ဒီဥစ္စာကြီး ဘီးကြီး အကုန်ပျက် သွားရင် သိပ်ကောင်းမယ် (မှန်လှပါ ဘုရား)။

ကောင်းပင် ကောင်းငြား သော်လည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒေါက် အဆင်သင့် လုပ်ထားတော့ကို၊ ခုအဆင် သင့်လုပ်ပစ်လိုက်တာ အရင်ပဒေါင်း အပေါ်၌ နောက်ဒေါက် စိုက်ဖို့ပဲဆိုတဲ့ ဥစ္စာမျက်လုံးပေါက်က၊ အသစ်လုပ်ပစ်လိုက်တယ် (မှန်လှပါ ဘုရား)။

ဟောင်းရင်လဲဖို့၊ ဘယ်လိုပါလဲ (ဟောင်းရင်လဲဖို့ပါ ဘုရား)၊ ဒကာ ဒကာမတွေ ဘယ်လို အဓိပ္ပါယ် ရသလဲ၊ (ဟောင်း ရင်လဲဖို့ပါ ဘုရား) ဟောင်းရင်လဲဖို့ပဲရတယ် ဒီပြင်ဘာမှမရဘူး (မှန်လှပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ကိုင်း-မျက်လုံးပေါက်ကနေပြီး သားအတွက် သမီး အတွက် စိုးရိမ်မှုကြောင့်ကြမှုတွေဟာ ဘာလုပ်ကြတာတုံးလို့ မေးတော့ ဘီးကြီးကိုလဲဖို့ ဒေါက်အပိုဆောင်တာ (မှန်လှပါ ဘုရား)။

မျက်လုံးပေါက်စက်ရုံကနေပြီး သကာလ ဒကာ ဒကာမတွေ ခုနကဘီးကြီးဟာ ဒေါက်တွေ အဆင်သင့်လုပ်တာပဲ၊ ဒကာကြွယ်ဘယ်နှယ်ကြောင့် လုပ်ပါလိမ့် (လဲဖို့ပါ ဘုရား) လဲဖို့ ဆိုတော့ အရင်ဘီးကြီးလည်နေရတဲ့ဥစ္စာ၊ မလည်နိုင်မှာစိုးလို့။

သံသရာကြီးလည်နေတဲ့ ဘီးကြီးကို (မလည်နိုင်မှာစိုးလို့ ပါ ဘုရား) မလည်နိုင်မှာစိုးလို့ဒေါက် တစ်ခုကျိုးသွားရင် ဘီးကိုး ယိုကားယားဖြစ်ပြီး သုံးဆယ့်တစ်ဘုံထဲ ဒိုင်းဒိုင်းမပြေးနိုင်မှာစိုး လို့ ဒေါက်လဲဖို့ မျက်လုံးပေါက်ကနေ ရိပ်မိပလား (ရိပ်မိပါပြီ)။

တစ်နေ့ဘယ်နှစ်ကြိမ်ဒေါက်တွေများ ခင်ဗျားတို့လုပ် ထားပါလိမ့် (မရေတွက်နိုင်ပါ ဘုရား) အံမယ် အရင်ဟာထက် များနေဦးမယ်နော် ရှင်းပလား (ရှင်းပါပြီ)။

ဒကာ ဒကာမတွေ ခင်ဗျားတို့ ဒီဥစ္စာကို မသိလို့ရှိ ရင်လည်း မျက်လုံးပေါက်က ဝိပဿနာဉာဏ်တွေ မလိုက်လို့ ရှိရင်လည်း ဒေါက်လုပ်တာသက်သက် (မှန်လှပါ ဘုရား)။

ဒေါက်တင်မကဘူး၊ ဒကာ ဒကာမတို့ ပဒေါင်းပါဆက် လုပ်တယ် (မှန်လှပါ) ခက်လိုက်တာ သားလေးလို့ ဆိုတော့ မသိတာက အဝိဇ္ဇာ၊ ခင်တာက တဏှာ (မှန်လှပါ ဘုရား)။

ဟောမိုးလင်းလာလို့ရှိရင် ပဒေါင်းလည်းလုပ်လိုက်၊ ကာယကံ၊ ဝစီကံနဲ့လည်းပြောလိုက် ဆိုလိုက်ဆိုတော့ ပဒေါင်း လည်း လုပ်ပြီးသား၊ ဒီစက်ရုံက ဒေါက်လည်းလုပ်ပြီးသား ရိပ်မိ ပလား (ရိပ်မိပါပြီ)။

ဪ- ဒကာ ဒကာမတို့ နေ့တိုင်း ဘာလုပ်ကြပါလိမ့် ဆိုတော့ ပဒေါင်းကွဲရင် ပဒေါင်းလဲဖို့ ဘုရား၊ ဒေါက်ကျိုးရင် (အစားထိုးဖို့ပါ ဘုရား) သေသေချာချာမှတ်ပါခင်ဗျားတို့ (မှန်ပါ့)။

ပဒေါင်းကွဲရင် (ပဒေါင်းလဲဖို့ပါ ဘုရား) အင်းပဒေါင်းကွဲ ရင် လဲဖို့၊ ဒေါက်ကျိုးရင်အစားထိုးဖို့၊ အဲဒါခင်ဗျားတို့ နေ့တိုင်း လုပ်နေတဲ့အလုပ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သားလေးဖြစ်စေ၊ သမီးလေးဖြစ်စေ မြင်လိုက်တယ် ဆိုလို့ရှိရင် ဒုက္ခသစ္စာပဲလို့မမြင်ဘဲနဲ့ သားဟူသော အမှတ်မြင် လိုက်တယ်ဆိုရင် ဒါအဝိဇ္ဇာပဲ (မှန်ပါ) မြင်လို့ရှိရင်လည်း ဒီဥစ္စာ အားကိုးရာ အားထားရာပဲ၊ ခင်ရာမင်ရာပဲဆိုတော့ တဏှာ။

ဒါမျက်လုံးပေါက်ကနေပြီး ရှေးဦးစွာ ပဒေါင်းလုပ်တာ၊ သစ္စာမသိသောကြောင့် အဝိဇ္ဇာ၊ ခင်သောကြောင့် (တဏှာ) အဝိဇ္ဇာနဲ့တဏှာကပဒေါင်း (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

အင်း-မပြောလည်းမပြီး မတီးလည်းမမြည်ဆိုသလိုပဲတဲ့ စိုးရိမ်ကြောင့်ကြတာ အမေမိဘ ဆိုတော့ လူကြီးရယ်လို့ဖြစ်လာတော့၊ ကာယကံနှင့် စမ်းသပ်ကြည့် နေများကောင်းရဲ့ လား (တင်ပါ့) ကိုယ့်သားသမီးလေးတွေကို စမ်းဖူးကြရဲ့လား (စမ်းဖူးကြပါတယ် ဘုရား) အမယ် တစ်ပြိုင်နက် ထွက်လာတယ်။

ကာယကံနဲ့ စမ်းပြီးတော့ ဝစီကံနဲ့ ဒီလမ်းမသွားနဲ့ ဒီအစာမစားနဲ့ပြောမိဘူးလား (ပြောမိပါတယ် ဘုရား) ဒါတွေ က ဒကာဒကာမတွေ ခင်လို့ပြောတာတွေနော် (မှန်ပါ့)။

ကာယကံ၊ ဝစီကံတွေကဘာတုံး

ဒီကာယကံ ဝစီကံတွေက ဘာတုံးဆိုတော့ ဒေါက်လုပ် တာ၊ ပြန်ပြောပါတယ်၊ ဒကာ ဒကာမတွေ ဒါကိုသတိထားပါ (မှန်လှပါ ဘုရား)။

မနက်မိုးလင်း သားလေးမြင်လိုက်တာ၊ သားရယ်လို့သာ အမှတ်ထားလိုက်လို့ရှိရင် ဒါမသိတော့ဘူး၊ ခင်တဲ့တဏှာ ကလည်း လိုက်ပြီ၊ အင်း ဘာလုပ်ပြီးတုံး၊ ကာယကံ ဝစီကံ နဲ့ ဒကာ ဒကာမတွေက ပြောမိဆိုမိ။

ဒေါသနဲ့ ပြောမိ ဆိုမိ၊ တစ်ခါတရံလည်း လောဘနဲ့ ပြောမိတဲ့အခါကော (ပါ-ပါတယ် ဘုရား) ဒီအချိန် ဒီကံ တွေက ဘာလုပ်ကြတာတုံး (ဒေါက်လုပ်ပါတယ်) ဒေါက်လုပ် တယ်နော်။

အင်း- ဒကာ ဒကာမတို့ မိုးလင်းလို့ရှိရင်ဖြင့် ပဒေါင်း ပျက်ရင် ပဒေါင်းအစားထိုးဖို့၊ နောက်ဘဝက ပါလာတဲ့ ပဒေါင်း ကြီးနဲ့ အစားထိုးဖို့ ဒေါက်တွေပျက်လို့ရှိရင် (ဒေါက်အစားထိုးဖို့ ပါ ဘုရား)။

ဒီလိုဆိုလို့ရှိရင် သံပတ်ခွေကြီးဟာ ဒကာ ဒကာမတို့ ဇရာ မရဏ သံပတ်ခွေကြီးဟာ ဘယ်ခါကာလမှ ပြုတ်တော့မှာ မဟုတ်ဘူး (မပြုတ်တော့ပါ ဘုရား) ပဒေါင်းပျက်ရင် ပဒေါင်း အစားထိုး၊ အင်းဒေါက်ပျက်ရင် (ဒေါက်အစားထိုးပါ ဘုရား)။

ဒီသံပတ်ခွေပြုတ်စရာမြင်သေးရဲ့ လား (မမြင်တော့ပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့ အိုသေ ဘယ်တော့မှ မလွတ်တော့ ဘူး (မလွတ်တော့ပါ ဘုရား)၊ သဘောပါပလား (ပါ-ပါပြီ ဘုရား)။

အိုသေဟာ ဘယ်နှယ်လဲ (မလွတ်ပါ ဘုရား) ဘာ ဖြစ်လို့ မလွတ်ကြပါလိမ့်မတုံးလို့ မေးတဲ့အခါ မိုးလင်းရင် ပဒေါင်းနဲ့ ဒေါက်က တပည့်တော်တို့က အပုံကြီးလုပ်ထားတာ ရှင်းပလား (ရှင်းပါပြီ)။

ဟ ဘာပြုလို့ ဒီလောက်တောင် အကြီးအကျယ် လုပ်ပါလိမ့်မတုံးဆိုတော့ တပည့်တော်တို့က အိုသေကို အားမရ ကြသေးလို့ ပဒေါင်းအစားထိုးရ၊ ဒေါက်ကော (အစားထိုးရပါ တယ်)။

ဒွါရခြောက်ပေါက်စက်ရုံ

အင်း-ဒါဖြင့် ဒွါရခြောက်ပေါက်စက်ရုံကနေပြီး သကာလ နေ့တိုင်း ပဒေါင်းနဲ့ ဒေါက်လုပ်တယ် (မှန်ပါ့ ဘုရား) ဒွါရခြောက်ပေါက်စက်ရုံကနေပြီး (နေ့တိုင်း ပဒေါင်းနဲ့ ဒေါက် လုပ်ပါတယ် ဘုရား)။

သေသေချာချာ စဉ်းစားနားထောင်ပါ၊ ဪ- ငါတို့ ပြောသရွေ့ ဆိုသရွေ့ဖြင့် ဘယ်လိုများ ကျေးဇူးများသတုံးဆိုတဲ့ ဥစ္စာ ဒကာကြွယ် ပေါ်လာပြီ၊ လူကြီးမို့ပြောရတယ်၊ မနေသာ တာတွေ မလာဘူးလား (လာပါတယ်)။

မနေသာလို့ ပြောရတယ်ဆိုတာ ဝစီကံ၊ မနေသာလို့ သားရေး သမီးရေးနဲ့ သွားရတာက (ကာယကံပါ ဘုရား) ကာယကံ သဘောကျပလား (ကျပါပြီ) မနေသာလို့ သွားရလာရတာက (ကာယကံပါ ဘုရား)၊ မနေသာလို့ ပြောရဆိုရတာက (ဝစီကံပါ ဘုရား) ဒါတွေက ဒေါက်မှတ်လိုက် (မှန်လှပါ ဘုရား)။

ဘယ်သူ့ကိစ္စတုံး အို သားကိစ္စပေါ့ဘုရား (မှန်လှပါ) သမီးကိစ္စပေါ့ဘုရား၊ ဒါက အဝိဇ္ဇာ၊ ဒါတွေဟာ ခင်ဗျားနဲ့ ဘာစပ်သတုံးဆိုတော့ အရှင်ဘုရား ဒီဥစ္စာ တပည့်တော် ရင်သွေးတွေပေါ့ ဘုရား ဆိုတော့ တဏှာက ဝင်စွက် တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် မိုးလင်းလာရင် ဘာတွေများလုပ်ပါလိမ့်မတုံး၊ ဝိပဿနာမလုပ်တဲ့လူတွေ ဘာတွေများ လုပ်နေပါလိမ့်မတုံး မေးရင်ဖြင့် (ပဒေါင်းနဲ့ ဒေါက်လုပ်ပါတယ်) ပဒေါင်းနဲ့ဒေါက် လုပ်နေတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အရင်ပဒေါင်းနဲ့ တော်တော်အိုလို့လားဗျ၊ အရင်ဒေါက် တွေက ပျက်စီးမည့်ဆဲဆဲ မို့လို့လားလို့ မေးလို့ရှိရင် မဟုတ်သေးပါဘူး၊ လိုတော့တပ်ဖို့၊ ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ်လိုဖြစ်နေကြလဲ (လိုတော့ တပ်ဖို့ပါ ဘုရား)။

ဒကာကြွယ်၊ ပဒေါင်းတို့ဒေါက်တို့လိုတော့ တပ်ဖို့ကို စက်ရုံပေါင်း ဘယ်လောက်က လုပ်ပါလိမ့်မလဲ (စက်ရုံခြောက်ခု ကပါ ဘုရား) ဒွါရခြောက်ပေါက်ဗျာ၊ စက်ရုံခြောက်ရုံကနေပြီး ဒကာ ဒကာမတွေ လုပ်လိုက်တဲ့ဖြစ်ခြင်း၊ တစ်နေ့မှာ ဒီဟာက အနောက်နိုင်ငံ စက်ရုံကြီးတွေ ကြီးကျယ်တယ် ဆိုတာ ခင်ဗျားတို့ အိပ်နေသလောက်ရှိသေးတယ် (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

အင်း-မျက်လုံးဖွင့်လိုက် ဘယ်နှစ်ခါဖွင့်မှန်းလဲ မသိဘူး။ ဖွင့်တိုင်းဖွင့်တိုင်းလည်း ပဒေါင်းနဲ့ ဒေါက်က လုပ်ပြီးသားချည်း ဖြစ်နေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

လူတစ်သိန်းသေလို့ နိဗ္ဗာန်မရောက်

ဒါဖြင့် ခင်ဗျားတို့ဟာ လူတစ်သိန်းသေလို့တစ်ယောက်၊ နိဗ္ဗာန်မရောက်ပါဘူးကွာ၊ သုဂတိတောင် (မှန်ပါ့ ဘုရား) နိဗ္ဗာန် မရောက်ဘူးဆိုတာကို ယုံပလား (ယုံပါပြီ)။

ဟ- ဘာတွေလုပ်နေလို့မရောက်ပါလိမ့်မတုံးဆိုတော့ သံသရာလည်ဖို့ ပဒေါင်းနဲ့ ဒေါက်လုပ်နေတဲ့ ပုဂ္ဂိုလ်ချည်းပဲ (မှန်လှပါ ဘုရား)။

ပဒေါင်းချိုးတဲ့ ပုဂ္ဂိုလ်ရှာမှရှား (ရှားပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ) အင်း-ဒေါက်ဖြစ်ရင် ဒေါက်ချိုးတဲ့ ပုဂ္ဂိုလ်ကော ရှာမှရှား ဒကာကြွယ်ရေ (မှန်လှပါ ဘုရား)။

အခုဟာ ဒကာဒကာမတွေ၊ နားကြီးကြီးလာ တော့၊ အင်မတန်မြင့်လာပြီ၊ သဘောကျပလား (ကျပါပြီ) နားကြီးလာတဲ့အတွက် မြင့်သောတရားကို နားကြီးတဲ့ပုဂ္ဂိုလ်မို့ ဘုန်းကြီးကလည်း နားလည်အောင် ပြောရမည့် ဝတ္တရားရှိတယ် (မှန်လှပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ)။

ကောင်းပြီ ဒါဖြင့် မျက်လုံးဖွင့်လိုက်လို့ရှိရင်ဖြင့် ဒကာကြွယ်၊ ဒကာသစ်ရေ၊ သစ္စာမသိလို့ ရှိရင်ဖြင့်တဲ့ ပဒေါင်းလုပ်တော့မယ်၊ ကာယကံ၊ ဝစီကံ လိုက်လာရင် ဒေါက်လုပ်တယ်၊ ရှင်းပလား (ရှင်းပါပြီ)။

ဒီပဒေါင်းတွေ၊ ဒီဒေါက်တွေ၊ ဘယ်လမ်းဆုံး ပါလိမ့် မတုံး မေးတဲ့အခါ သံပတ်ခွေမှာ လမ်းဆုံးတယ်၊ (မှန်လှပါ ဘုရား) အို သေမှာ (လမ်းဆုံးပါတယ် ဘု ရား)၊ အို သေမှာ လမ်းဆုံးတယ် ဆိုတာပေါ်ပလား၊ (ပေါ်ပါပြီ)။

ဒီကြည့်လေ သံပတ်ခွေပတ်ထားတာ၊ ဒါဘယ်ပြေး နိုင်သေးရဲ့လား (မပြေးနိုင်ပါ ဘုရား)။

ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်လည်းအိုသေပဲ၊ ဝဋ်ကုသိုလ်တွေ ကိုးဗျ (မှန်ပါ့ ဘုရား)၊ အကုသိုလ်လုပ်တဲ့ ပုဂ္ဂိုလ်တွေ (အိုသေပါ ဘုရား)၊ ရူပဘုံရောက်ကြောင်း လုပ်တဲ့ကုသိုလ်တွေ (အိုသေပါ ဘုရား) အရူပဘုံ ရောက်ကြောင်းလုပ်တဲ့ ကုသိုလ်တွေလည်း (အိုသေပါပဲ ဘုရား)။

ကိုင်း သံပတ်ခွေ ပြင်ဘက်ထွက်နိုင်ကြရဲ့လား (မထွက်နိုင်ပါ ဘုရား)၊ မထွက်နိုင်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ၊ ဆရာသမား အကူအညီ ကင်းခဲ့သည်ရှိသော် ဒကာ ဒကာမတို့ သိတဲ့အတိုင်း၊ ဘယ်နည်းနဲ့မှ၊ ဒီပဒေါင်းကြီး မပျက်နိုင်ဘူး၊ (မှန်လှပါ ဘုရား)။

ဘယ်နည်းနဲ့မှဒီဒေါက်တွေလုပ်ပြီးသား၊ ခင်ဗျားတို့ အစားမထိုးပဲ မရှိဘူး၊ သဘောကျကြပလား (ကျပါပြီ)၊ ဒါဖြင့် ခင်ဗျားတို့ တပည့်တော်တို့နောက်တုံးက ဘာများ ဖြစ်ခဲ့ကြပါလိမ့်မတုံးဘုရား ဆိုရင် ဒီဘီးကြီးအတိုင်းပေါ့ (မှန်လှပါ ဘုရား)။

အဝိဇ္ဇာ တဏှာ ပဒေါင်းကြီးနဲ့ပုညာဘိသင်္ခါရ။ အပုညာ ဘိသင်္ခါရ၊ ဆိုတဲ့ဒေါက်တွေနဲ့၊ ဇရာ၊ မရဏဆိုတဲ့ အခွေကြီးနဲ့ (၃၁)ဘုံမှာ ခန္ဓာဝန်ထမ်းပြီး၊ ဒိုင်းဒိုင်းပြေး နေတာပေါ့ကွ၊ ဒါပဲပြောချင်တယ်၊ (မှန်လှပါ ဘုရား)

ဒီပြင်များဘာရှိသေးလဲ (ဘာမျှမရှိပါဘူး ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒီတစ်ခါ အခု ဆရာကောင်း သမားကောင်းနဲ့ တွေ့ပြီ၊ ဘုန်းကြီးတို့ဒကာ ဒကာမတွေမှာ ထောင်နိုင်တဲ့နားလေးနဲ့ ဒကာကြွယ်ရှိနေပြန်တော့ (မှန်လှပါ ဘုရား) ဒီတခါ ပဒေါင်းကို ချိုးနိုင်ဘူး၊ ဒေါက်တွေကို ချိုးနိုင်ဘူး၊ ဒီတခါမှမချိုးမိလို့ရှိရင်ဖြင့် မြေကြီး(၁၃)မိုင်တက်တောင်မှ ခင်ဗျားတို့ အိုသေတော့ မလွတ် ပါဘူး၊ လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

ရောက်ရာခင်တဲ့တဏှာဟာအဆိုးဆုံး

သိပ်ကြောက်စရာကောင်းပါလား (ကောင်းပါ တယ် ဘုရား) ခင်ဗျားတို့ကို သတိပေးချင်တာက များများ မဟုတ်ပါဘူး၊ ရောက်ရာခင်တဲ့ တဏှာဟာ အဆိုးဆုံးပဲ (မှန်လှပါ ဘုရား) ရောက်ရာခင်တဲ့ တဏှာ (အဆိုးဆုံးပါ ဘုရား)။

ရောက်ရာခင်တဲ့တဏှာဆိုတာ၊ ကိုယ်ခန္ဓာကြီးက လည်း ခုကိုယ်ခန္ဓာကိုယ် ခင်တာ ရောက်တဲ့ ဘဝမှာ ကိုယ်ခင် တာ (မှန်ပါ့)။

ခွေးဘဝရောက်ပြန်လည်း ခွေးက၊ ခွေးခန္ဓာလေး ခင် နေတာပဲ၊ ရောက်ရာခင်တဲ့တဏှာ၊ ရောက်ရာမသိတဲ့အဝိဇ္ဇာ၊ ဒီဟာကြောက်စရာအကောင်းဆုံးပဲ။

ရောက်ရာမှာ မွေးတဲ့သားသမီး၊ ဒါလေးတွေအသစ် လုပ်ပြီး သကာလ ခင်ဗျားတို့ကဘာလဲ (ခင်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ)။

အဲဒီ အဝိဇ္ဇာနဲ့ ဘဝတဏှာဟာ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ပဒေါင်းဗျ (မှန်ပါ့) အဝိဇ္ဇာနဲ့ ဘဝတဏှာဟာ (ပဒေါင်းပါ ဘုရား)။

ပဒေါင်းပဲ ဆိုတာ သေချာပလား (သေချာပါတယ်) အဲဒီတော့ ကိုယ့်သန္တာန်မှာကိုယ် က အင်း ကိုယ့်ခန္ဓာကြီး ဒုက္ခသစ္စာ၊ လို့မသိတာက အဝိဇ္ဇာ၊ အင်းသားသမီးတွေ ခင်တာက တဏှာဆိုတော့ နေ့တိုင်း ဒီဥစ္စာကြီးက ပဒေါင်းလဲ နေတာပဲ (မှန်ပါ့ ဘုရား)။

ပဒေါင်းတွေပဲ ထပ်လုပ်နေတာပဲ ဆိုတာငြင်းဖို့လို သေးလား၊ မလိုပါဘူးဘုရား၊ ဒါတွေနဲ့ ပတ်သတ်ပြီး သကာလ၊ ကိုယ့်အရေးမို့ ပြောရဦးမယ်၊ ကိုယ်သားသမီး အရင်းမို့ ကျုပ် မနေနိုင်ဘူး၊ ပြောရလိမ့်မယ်၊ ကျုပ်မဆိုင်ရင် ကျုပ်မပြောပါဘူး၊ (မှန်ပါ့)

သူကတဏှာနဲ့ဒါနဲ့ကိုးဗျ၊ ဆိုင်တယ်ဆိုတာ တဏှာက ပြောတာ၊ မဆိုင်ရင်ကျုပ်မပြောပါဘူး၊ ကျုပ်ဟာ အင်မတန် သူတော်ကောင်းပါ။ မခံသာတာနဲ့ပြောလိုက်ရတယ်၊ ဆိုင်လည်း နေတာနဲ့ ပြောလိုက်ရတယ်။

ဆိုင်တာကတဏှာ၊ပြောရတာက ကာယကံ၊ ဝစီကံ၊ (မှန်ပါ့) ဒါကြောင့်တမင် လာပြောပါတယ် ဆိုတော့၊ တမင် လာတာက- ကာယကံ၊ ပြောပါတယ်ဆို တာက ဝစီကံ၊ ရိပ်မိပလား (ရိပ်မိပါပြီ)

တမင်လာပြောတယ်ဆိုတဲ့စကားဟာလေ၊ မြို့သုံး ယဉ်သလောက်၊ လာတာကဘာတဲ့လဲ- (ကာယကံ၊ ဝစီကံ ပါ ဘုရား)၊ တမင်လာပြောရတယ်ဆိုတာက (ဝစီကံပါ ဘုရား)၊

နင်တို့နင်တို့ တမင်တကာကိုး၊ ပြောနေတာ၊ အမလေး ဒေါက်တပ်တာတွေ အတော်ရဲနေပြီ၊ မရဲဘူးလား-(ရဲပါတယ် ဘုရား)၊ ဘာရဲတာလဲ (ဒေါက်တပ်ရဲတာပါ ဘုရား)၊

အရင်ဒေါက်တွေဆွေးမြေ့သွားလို့ရှိရင် ဒီဒေါက်နဲ့ ပြန်လဲပြီး သကာလ ဒီအိုပွဲ၊ သေပွဲဝင်အုံးမယ်၊ ဒါကို ရဲရဲ တင်းတင်းပြောတာ (မှန်လှပါ ဘုရား) သဘောကျပလား(ကျပါပြီ)၊

ခင်ဗျားတို့ကလည်း ဘာအပြစ်ရှိသတုံး ပြောချင်လည်း ပြောမှာ။ အပြစ်ကတော့ဖြင့် ပြောစရာ မရှိပါဘူး။ ဒကာ ဒကာမ တို့အပါယ် လေးပါးပါပဲလို့ (မှန်လှပါ ဘုရား)။

ပြောရုံပဲရှိပါတယ်၊ သဘောပါပလား (ပါပါပြီ)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ မိုးလင်း ရင် ဒကာသစ် ဘာလုပ်ကြသတုံးလို့ မေးရင် ဘယ်နှယ့်ဖြေပါ့ မလဲ (ပဒေါင်းနဲ့ဒေါက်တပ်တာပါ ဘုရား)။

မလင်းနဲ့ဦး၊ ဟိုမှာမအိုသေးဘူး၊ သံသရာ လည်တုံးရှိ သေးတယ်၊ အခုဟာအဆင်သင့်၊ ဆောင်ထားတာ၊ မော်တော် ကား၊ စပယ်ယာဝယ်ထားတာလို၊ ဈေးတက်မှာစိုးလို့၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)။

အဲဒီလိုလုပ်ထားတာပါဆိုတာကော ဒကာ ဒကာမ တွေရှင်းပလား (ရှင်းပါပြီ) အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌တဲ့ဆရာ မကူလို့ရှိရင်ဖြင့်၊ နေ့တိုင်း ပဒေါင်း ပျက်ရင်၊ ပဒေါင်းလဲဖို့ ဆောင်၊ (မှန်ပါ့) ဒေါက်ပျက်ရင် (ဒေါက်လဲဖို့ ဆောင်ပါတယ် ဘုရား)။

ဒွါရခြောက်ပေါက်ကချိုးရင်ရတယ်

အင်းဒေါက်ကျိုးသွားရင် ဒေါက်လဲဖို့ပြင်ကြမှာပဲ။ ဒွါရခြောက်ပေါက်ကို၊ ဘုန်းကြီးတို့က ဒကာ ဒကာမတို့ အသစ်ပဒေါင်းလည်း မလုပ်ပါနဲ့၊ ဒေါက်လည်း မလုပ်ပါနဲ့လို့ ပြောရတယ်၊သဘောကျပလား (ကျပါပြီ)။

ဒွါရခြောက်ပေါက်ကနေပြီး လုပ်တဲ့ပဒေါင်းကို၊ ဒွါရ ခြောက်ပေါက်က နေပြီး ချိုးရင်လည်း ရတယ်(ရပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒီခြောက်ပေါက်က လုပ်ရင်လည်း ရတယ်၊ မလုပ်ပဲ နေရင်လည်း( ရပါတယ်)၊ အဲဒါ ခင်ဗျားတို့က အလုပ်ဆိုတာ တွင်မှ ကောင်းတယ်လို့ အောက်မေ့နေရင်ခက်လိမ့်ဦးမယ်။ ရိပ်မိ ပလား (ရိပ်မိပါပြီ)။

အလုပ်ဆိုတာဘာတဲ့ (တွင်မှကောင်းမှာပါ ဘုရား)။ ဒီအတွင်ကလည်း တွင်လေလေ၊ အပါယ်သက် ရှည်လေလေပဲ (မှန်လှပါ ဘုရား) တွင်လေလေ အပါယ်သက်ရှည်လေလေပဲ (မှန်လှပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ)။

အဲဒါကြောင့်ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ၊ ခင်ဗျားတို့ရှည်နေတဲ့အသက်ဟာ၊ ဒီလိုသစ္စာတွေ မသိပဲနဲ့၊ ဝိပဿနာဉာဏ်ဘုန်းကြီးနေ့တိုင်း ဟောနေတာ ဒကာ ဒကာမတွေ မလုပ်ပဲနဲ့ နေကြမယ်ဆိုရင်ဖြင့် အသက်ရှည် သလောက်သံသရာရှည်တော့မှာပဲ၊ ဘယ်နှယ်ဆိုကြမယ်၊ (အသက်ရှည် သလောက် သံသရာရှည်တော့မှာပဲ)

အသက်ရှည်သလောက် သံသရာရှည်ကြာကြတော့မယ်၊ သံသရာဆိုတော့ခင်ဗျားတို့က အသံကောင်း ဟစ်နေဦးမှာနော်၊ (မှန်ပါ့)

အသက်ရှည်သလောက် အိုမှု၊ သေမှု၊ ရင်ထုမှုများ ရှာလိမ့်မယ်၊ ဒါပဲရှိမယ်၊ ဒီပြင်ဘာရှိသေးလဲ (မရှိပါဘူး) သဘောပါလား (ပါပါပြီ)။

ဒါဖြင့် ဒွါရခြောက်ပေါက်ကလာတဲ့ ပဒေါင်း၊ ဒွါရ ခြောက်ပေါက်ကလာတဲ့ဒေါက်၊ ဒီစက်ရုံတွေက မဖျက်လို့ရှိရင် လည်းတဲ့၊ ဒကာ ဒကာမတွေမှာစက်ရုံတွေကို မဂ်ဉာဏ်တည်း ဟူသော ဗုံးတွေနဲ့ကြဲမှ ရမလိုဖြစ်နေတယ် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဝိပဿနာဉာဏ်ရဖို့လွယ်ပါတယ်

က အင်းဒီစက်ရုံတွေ ဒကာ ဒကာမတို့မဂ်ဉာဏ်ဝင်မှ ရမယ်၊ မဂ်ဉာဏ်မဝင်ရင် (မရပါ ဘုရား) မရတော့ ဒီလိုလုပ် လိုက်တာပေါ့ ဒကာ ဒကာမတို့၊ ဝိပဿနာဉာဏ်လေး ဟောဖို့အလွယ်လေးပါတဲ့ (မှန်လှပါ ဘုရား)။

ဥပမာ မြင်လိုက်တယ်၊ မြင်တဲ့အာရုံကိုလည်း ဖြစ်ပျက် ရှုရင် ရှု၊ သို့မဟုတ် မြင်စိတ်ကို ရှုပစ်လိုက်။

မြင်စိတ်ရှုပစ်လိုက်တော့ အင်း ဝိညာဏံအနိစ္စ ဆိုတဲ့အတိုင်းနော် စက္ခုဝိညာဏံ အနိစ္စံ ဆိုတဲ့အတိုင်း၊ စိတ္တာနုပဿနာလည်း ဖြစ်သွားပြီးတော့ စိတ်က ဖြစ်ပျက်၊ ရှုတာက မဂ်ဖြစ်သွားတယ်။

ဒီဘက်က ဒကာ ဒကာမတို့ စိတ်ကဖြစ်ပျက်၊ ရှုတာက မဂ်ဆိုကတည်းက ပဒေါင်းရှိသေးရဲ့ လား (မရှိပါဘူး)။

ပဒေါင်းမှ မရှိလို့ရှိရင်ဖြင့် ကာယကံ၊ ဝစီကံ ဆိုတဲ့ ဒေါက်တွေကော မဂ်က လုပ်နိုင်ရဲ့လား (မလုပ်နိုင်ပါ ဘုရား)၊ မဂ်သည်ကားလို့ဆိုရင်ဖြင့် ဒကာဒကာမတို့ ဖြစ်ပျက် နဲ့ မဂ်ဆိုကတည်းက ခုနကပြောတဲ့ကံတွေကို သူကဖြတ်တယ် (မှန်ပါ့ ဘုရား)။

မဂ်ဆိုတာကံဖြတ်တရား

ပဒေါင်းချိုးလိုက်ပြီ၊ မဂ်ဆိုတာကံဖြတ် (မှန်ပါ့) မဂ်ဆိုတာ (ကံဖြတ်ပါ) ကံဖြတ်ဆိုကတည်းက၊ ဒေါက်ချိုးတာ၊ သဘောကျပလား၊ (ကျပါပြီ)။

ဖြစ်ပျက်မြင်တာသည်၊ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ မြင်တာကဝိဇ္ဇာ၊ မဂ္ဂသစ္စာဆိုတော့ ဝိဇ္ဇာလာကတည်းကိုက ဒကာ ဒကာမတို့ အဝိဇ္ဇာပဒေါင်းကြီးရှိသေးရဲ့ လား (မရှိတော့ပါ ဘုရား)။

ဝိဇ္ဇာလာကတည်းက၊ ခုနကမြင်တာလေးဖြစ်ပျက်၊ ကိုယ်စိတ်ကလေး ဖြစ်ပျက်၊ ရှုပြီး သကာလ နေလို့ ရှိရင်၊ တဏှာကောလာသေးရဲ့ လား (မလာပါ ဘုရား)။

အင်း- အဝိဇ္ဇာလည်းမလာ၊ တဏှာလဲမလာဆိုတော့၊ ဒကာ ဒကာမတို့၊ အဝိဇ္ဇာကဝိဇ္ဇာဖြစ်၊ တဏှာက အလောဘ ဖြစ်၊ မဖြစ်သေးဘူးလား၊ (ဖြစ်ပါတယ် ဘုရား) ဒီကတည်းက ပဒေါင်း လုပ်တဲ့စက် ဟုတ်သေးရဲ့ လား (မဟုတ်တော့ပါ ဘုရား)

ဒီဘက်ကနေပြီး၊ ဆက်ပြီး သကာလ၊ ကာယကံနဲ့ ပြောမိဆိုမိ၊ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ မရှိတော့ ကံတွေကိုလည်း မဂ်ကဖြတ်ချလိုက်တယ်၊ နောက်လာမည့်ကံ တွေလည်း (မဂ်ကဖြတ်ချလိုက်တယ်)။

ဒါဖြင့်ဒကာ ဒကာမတို့ ပဒေါင်းလည်းမလုပ်၊ ဒေါက် တွေလည်း မပြင်ဆင်တာဒီမဂ်ပဲ၊ရှုတဲ့မဂ်ပဲ၊ (မှန်လှပါ ဘုရား)။

ရှုတဲ့မဂ်သည် ပဒေါင်းကိုလည်းအသစ်မလုပ်တော့ ပါဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာ ဒကာမတို့ဒေါက်ကိုလည်းသူအသစ်လုပ်သေး ရဲ့လား (မလုပ်ပါ ဘုရား) ဒါဖြင့်ဟို ဘီးကြီးကုန်ရင်၊ ခင်ဗျားတို့နောက်ထပ်လည်စရာမရှိဘူး၊ ဟိုဘီးကုန်သွားရင် (နောက်ထပ် လည်စရာ မရှိတော့ပါ ဘုရား)။

မူလဘီးကြီးကုန်သွားရင် နောက်ထပ်လည်စရာ၊ပတ်စရာရှိသေးရဲ့ လား (မရှိတော့ပါ ဘုရား)။

ဒါကြောင့်ဝိပဿနာသည်ကားလို့ဆိုရင် ကံဖြတ် ဆိုတာ၊ ဒေါက်ဖြတ်ပြောတာ၊ ဝိပဿနာသည် ဘာပါလိမ့်။ (ကံဖြတ်ဆိုတာ ဒေါက်ဖြတ်ပြောတာပါ ဘုရား) ဒေါက်ဖြတ်တာ၊

အဝိဇ္ဇာကပဒေါင်းမလုပ်ပါနဲ့ဆိုတော့၊ ဖြစ်ပျက်က ဒုက္ခ သစ္စာ၊ အဲဒီဒုက္ခသစ္စာမြင်ကတည်းက၊ ဝိဇ္ဇာလား အဝိဇ္ဇာလား (ဝိဇ္ဇာပါ ဘုရား) ဝိဇ္ဇာလာကတည်းက ဒကာ ဒကာမတို့၊ သားကိုမြင်ဦးတော့၊ သမီး စိတ်ကိုမြင်ဦးတော့၊ ဒီစိတ်ကလေး သာယာသေးရဲ့ လား၊ (မသာယာပါ ဘုရား)။

မသာယာလို့ရှိရင်ဖြင့်တဲ့၊ဒကာ ဒကာမတွေ သိတဲ့ အတိုင်းအဝိဇ္ဇာနဲ့ တဏှာပဒေါင်းကလည်း မရှိတော့ပါဘူး၊ (မရှိတော့ပါ ဘုရား)။

မဂ်၏အကျိုးကျေးဇူး

မရှိတဲ့အတွက်တဲ့ ဒီမဂ်သည် မရှိတာကိုသိသွားတဲ့ မဂ်သည်ကားလို့ဆိုရင် နောက်ကံ တွေလည်း လာခွင့် မပေးသောကြောင့်၊ ဒကာ ဒကာမတို့သည်မဂ်သည်၊ ပဒေါင်းကိုလည်း ချိုးပါတယ်၊ သဘောကျပလား (ကျပါပြီ)။

ဒေါက်တွေကိုလည်းပျက်စီးစေပါတယ်၊ ဒါဖြင့် ပဒေါင်း၊ ဒေါက်မရှိတော့၊ သံပတ်ခွေကြီး ဟာလည်း သူ့ဟာသူ နေသေးရဲ့ လား၊ (မနေတော့ပါဘူး ဘုရား) ကျုပ်တို့ အဆက်အသွယ်နဲ့ ပြတ်သွားပြီ၊ ဆိုတာသဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒွါရခြောက်ပေါက်ကနေပြီး သကာလ ဒကာ ဒကာမတွေပေါ်တဲ့ မြင်စိတ်ကလေး၊ ဖြစ်ပျက်ရှု၊ ပေါ်တဲ့ ကြားစိတ်၊ ကြံစိတ်တွေ အကုန်ဖြစ်ပျက်ရှု၊ (ရူပါမယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ကုသိုလ်တရား၊ ကုသိုလ်စိတ်တွေပေါ်လာရင် (ဖြစ်ပျက်ရှုရမှာပါ ဘုရား) ယုတ်စွအဆုံးဗျာ၊ လောဘ၊ ဒေါသ၊ မောဟ ပေါ်လာရင် (ဖြစ်ပျက်ရှုရမှာပါ)။

အင်း-ရှူစိတ်၊ ရှိုက်စိတ်ကလေးတောင်မှ (ဖြစ်ပျက် ရှုရမှာပါ) ဖြစ်ပျက်ရှုလိုက်တာသည် ဒကာ ဒကာမတို့၊ ပဒေါင်း ကိုဖျက်စီး၍၊ ဒေါက်ကိုချိုးတဲ့အလုပ် (မှန်လှပါ ဘုရား)။

ပဒေါင်းကို (ဖျက်စီး၍) ဒေါက်ကို (ချိုးတဲ့အလုပ် ပါ ဘုရား)

ဝိပဿနာအလုပ်သည်အကောင်းဆုံး

ဒီအလုပ်ထက် ကောင်းတာရှိသေးရဲ့ လား (မရှိပါ ဘုရား)၊ ဒါဖြင့်သံသရာစခန်းသတ်တာသည်၊ ဒီဘီးကြီး လည်နိုင်သေးရဲ့ လား (မလည်နိုင်ပါ ဘုရား)။

အာသဝတွေကလည်း မလှည့်နိုင်တော့ဘူး။ ကျုပ်တို့က ဖြစ်ပျက်မြင်တော့ ကာမသဝကလည်း ကာမဘုံ၊ ကာမအာရုံ မလိုချင်တော့ဘူး (မလိုချင်တော့ပါ ဘုရား) ဘဝါသဝကဟိုဘုံ လည်း ဖြစ်ပျက်ဆိုတာသိပြီးသား ဖြစ်ခြင်းကြောင့် ဘဝါသဝ ကလည်းမလာပါဘူး၊ သဘောကျပလား (ကျပါပြီ)။

ဖြစ်ပျက်မြင်သောကြောင့် ဒိဋ္ဌိကောလာသေးလား (မလာပါ ဘုရား) ဒိဋ္ဌာသဝလည်းမလာဘူး။ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲလို့သိသောကြောင့် အဝိဇ္ဇာသဝကော (မလာပါ ဘုရား)၊ ဒါဖြင့် ဝင်ရိုးလည်း မလုပ်ဘူး။

ဝင်ရိုးလည်း မလုပ်၊ ပဒေါင်းလည်းမလုပ်၊ ဟုတ်လား၊ ဒေါက်တွေလည်းကျိုးတဲ့ဥစ္စာဖြင့် ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ် ပဲရှိတယ်ဒကာကြွယ်ရေ (မှန်လှပါ ဘုရား)။

ဒါခင်ဗျားတို့ အားကိုးရာအစစ်ဆိုတာပေါ်ပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒီဝိပဿနာပဲလုပ်ပါ၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲတော်ကြဦးစို့။

သာဓု သာဓု သာဓု။

 
မာတိကာသို့