ကိလေသာကြားထိုးရင် ဖြစ်ပျက်ရှု
(ပုဂ္ဂိုလ်လေးမျိုး)
အသံဖိုင်ခေါင်းစဉ်= ပုဂ္ဂိုလ်လေးမျိုးခွဲပြခြင်းတရားတော်
စာအုပ်ခေါင်းစဉ်= ကိလေသာကြားထိုးရင် ဖြစ်ပျက်ရှု (ပုဂ္ဂိုလ်လေးမျိုး)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌
ဟောကြားတော်မူသော တရားတော်
ကိလေသာကြားထိုးရင် ဖြစ်ပျက်ရှု
(ပုဂ္ဂိုလ်လေးမျိုး)
(၄-၉-၆၁)
ဒီ-အိုဘေး၊ နာဘေး၊ သေဘေးဟာ တဏှာ၏ လက်ချက်ပဲ ဆိုတာ သေသေချာချာ မှတ်ရမယ် (မှန်ပါ့ ဘုရား)။
အိုဘေး၊ နာဘေး၊ သေဘေးဟာ ဘယ်သူ၏ လက်ချက်ပါလိမ့် (တဏှာ၏လက်ချက်ပါ ဘုရား)။
တဏှာ၏လက်ချက်ကို ဒကာ ဒကာမတွေက သိထား တော့ တဏှာကို နိုင်တာရှာမယ်ဟ ဆိုပြီး သကာလ ဒကာ ဒကာမတွေက ရှာကြပါနော်။ (မှန်ပါ့)။
တဏှာသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် မဂ်ကမှ နိုင်တယ်လို့လဲ မှတ်ထားကြပါ။ (မှန်ပါ့)။
အဲဒီကဲ့သို့ မဂ်က နိုင်တော့ ဒီမဂ်ဖြင့် အရယူမှပဲ။ ဒီတဏှာကြောင့် အိုဘေး၊ နာဘေး၊ သေဘေးတွေ၊ အပါယ်ဘေးတွေ ဖြစ်နေတဲ့ဥစ္စာ သုံးဆယ့်တစ်ဘုံမှာ အိုအောင်၊ နာအောင်၊ သေအောင်၊ အပါယ်လေးပါး ရောက်အောင် လုပ်တတ်တာကဖြင့် တဏှာပဲ ဆိုပြီး သကာလ၊ ဒီ တဏှာကို ဖြင့် မဂ်မှပဲ နိုင်တယ် ဆိုပြီး သကာလ မဂ်ဉာဏ် ပေါ်အောင် ဒကာ ဒကာမတွေက ကြိုးစား ရမယ်။ (မှန်ပါ့ ဘုရား)။
ပထမပုဂ္ဂိုလ်
အဲဒီကဲ့သို့ မဂ်ဉာဏ် ပေါ်အောင် ကြိုးစားတဲ့ အခါကျ တော့ ကျင့်ရတာကလဲ ဆင်းရဲ, မဂ်ဉာဏ် ဖိုလ်ဉာဏ် ပေါ်လာ တာကလဲ နှေးတယ်။ (မှန်ပါ့)၊ ဒီလို ပုဂ္ဂိုလ်လဲ ရှိတယ်။ (မှန်ပါ့)။
ကျင့်တုန်းကတော့ ဘာတဲ့ (ဆင်းရဲပါတယ်)၊ မဂ် ဉာဏ် ပေါ်ဖို့ဟာကျတော့ (နှေးတယ်)၊ ဪ ဒီလို ပုဂ္ဂိုလ်က တစ်မျိုး ပါလား။ (မှန်ပါ့)။
ကျင့်ရတာကတော့ ဘာတဲ့ (ဆင်းရဲပါတယ်)၊ အို ရောဂါတွေ ကြားထဲ ဟိုရွှေ့ချင်၊ ဒီရွှေ့ချင်နဲ့ ထမင်း ဆာ သလိုလို၊ အညောင်းက များသလိုလို၊ သလိပ်က ကပ်သလိုလို၊ ဝမ်းက နာသလိုလိုနဲ့ ကျင့်ရတာ ကတော့ ဒကာကြွယ် – ဆင်းရဲတယ်။ (မှန်ပါ့ ဘုရား)။
ပြီးတော့ ဒီဒုက္ခ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်မြင်ဖို့ရာ, မဂ်ဉာဏ် ပေါ်ဖို့ရာကတော့ နှေးတယ်။ (မှန်ပါ့)၊ ဪ ဒီလို ပုဂ္ဂိုလ်မျိုးလဲ တစ်မျိုးလို့ မှတ်စမ်းပါ။ (မှန်ပါ့)။
ဆင်းဆင်းရဲရဲ ကျင့်၍ မဂ်ဉာဏ်အပေါ် နှေးတာက တစ်မျိုး(မှန်ပါ့)၊ ဒါ တစ်ယောက်နော်။ (မှန်ပါ့)။
ဘယ်လိုကျင့်ရပါလိမ့် (ဆင်းဆင်းရဲရဲ ကျင့်ရပါတယ် ဘုရား)၊ မဂ်ဉာဏ် အပေါ်ကျတော့ နှေးတယ်။ (မှန်ပါ့)။
သြော် ဒီလို ပုဂ္ဂိုလ်လဲ ရှိတယ်။ (မှန်ပါ့)၊ မှတ်မိ ကြပလား။ (မှတ်မိပါပြီ ဘုရား)။
ဒုတိယပုဂ္ဂိုလ်
ဒုတိယ ပုဂ္ဂိုလ်ကတော့ ဒကာ ဒကာမတို့ ဆင်းဆင်း ရဲရဲတော့ သူ ကျင့်တာပဲ (မှန်ပါ့)၊ မဂ်ဉာဏ် ပေါ်လာတဲ့ အခါ သူက မြန်သတဲ့ (မှန်ပါ့)၊ အင်းဒီ ပုဂ္ဂိုလ်ကလဲ တစ်မျိုးပဲလို့ ဒကာ ဒကာမတွေ မှတ်ရမယ် (မှန်ပါ့)။
ဘယ်နှစ်မျိုး ရှိသွားပလဲ (နှစ်မျိုး ရှိသွားပါပြီ)၊ အင်း ဒုတိယပုဂ္ဂိုလ်က ကျင့်ရတာကတော့ ဘာတဲ့ (ဆင်းရဲပါ တယ်)၊ မဂ်ဉာဏ် ပေါ်လာတာက (မြန်ပါတယ် ဘုရား)၊
ဪ ဒီပုဂ္ဂိုလ်ကလဲ တစ်မျိုးပဲလို့ ဆိုတာ မှတ်ရလိမ့်မယ်။ (မှန်ပါ့)၊ ဘယ်နှစ်မျိုး ရှိသွားပလဲ (နှစ်မျိုး ရှိသွားပါပြီ ဘုရား)။
နှစ်မျိုး ရှိသွားပြီတဲ့ ဒကာ ဒကာမတို့၊ လေးမျိုး စေ့အောင် နာကြပါနော်။ (မှန်ပါ့)၊ စတုက္က နိပါတ် အင်္ဂုတ္တိုရ် မှာ လာပါတယ်၊ အားတော့ လျှော့စရာ တစ်ကွက်မှ မရှိပါဘူး။ (မှန်ပါ့ ဘုရား)။
တတိယပုဂ္ဂိုလ်
အချို့အချို့ ပုဂ္ဂိုလ်ကျတော့ကိုတဲ့ ချမ်းချမ်းသာသာနဲ့ ကျင့်ရပါတယ်တဲ့ ဒကာ ဒကာမတို့ နော်။ (မှန်ပါ့)။
ဘာတဲ့တုံး။ (ချမ်းချမ်းသာသာနဲ့ ကျင့်ရပါတယ် ဘုရား)၊ မဂ်ဉာဏ် ပေါ်ကျတော့ နှေးတယ်။ (မှန်ပါ့)၊ အင်းသူကလဲ တစ်မျိုးပဲ။ (မှန်ပါ့)၊ ဘယ်နှစ်မျိုး ရှိသွား ပလဲ။ (သုံးမျိုး ရှိသွားပါပြီ ဘုရား)။
စတုတ္ထပုဂ္ဂိုလ်
အချို့အချို့ ပုဂ္ဂိုလ်ကျတော့ ဒကာ ဒကာမတို့ ကျင့်ရ တာကလဲ ချမ်းချမ်းသာသာ (မှန်ပါ့)၊ သဘောကျပလား။ မဂ်ဉာဏ် ပေါ်တာကလဲ မြန်သတဲ့။ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ သူက ဘယ်လိုပါလိမ့်ဗျာ (ကျင့်ရ တာကလဲ ချမ်းသာပါတယ်)၊ ဉာဏ်ပေါ် တာကလဲ (မြန်ပါ တယ်)၊ မဂ်ဉာဏ် ပေါ်တာကလဲ မြန်တယ်။ (မှန်ပါ့)။
ဪ ဒါဖြင့် , လောကကြီးထဲမှာဖြင့် ဒကာ ဒကာမတို့ ပုဂ္ဂိုလ် လေးမျိုး ရှိတယ်။ (မှန်ပါ့)၊ ပုဂ္ဂိုလ် လေးမျိုး ရှိတော့ကို ၁-နံပါတ်ပုဂ္ဂိုလ် ပြန်ပြီး ရှင်းပေးပါ ဦးမယ် ဒကာ ဒကာမတို့ (မှန်ပါ့)။
ပုဂ္ဂိုလ်လေးမျိုး
ဆင်းဆင်းရဲရဲ ကျင့်ပြီးသကာလ မဂ်ဉာဏ်ပေါ်တာ နှေးတာက တစ်ယောက် (မှန်ပါ့)၊
ဆင်းဆင်းရဲရဲ ကျင့်ပြီးသကာလ မဂ်ဉာဏ်ပေါ်တာ မြန်တာက တစ်ယောက် (မှန်ပါ့)၊
ချမ်းချမ်းသာသာ ကျင့်ရပြီ သကာလ ဒကာ ဒကာမတို့ မဂ်ဉာဏ်ပေါ်တာ နှေး တာက (တစ်ယောက်ပါ)၊
ချမ်းချမ်းသာသာလဲ ကျင့်ရတယ်၊ မဂ်ဉာဏ် ပေါ်တာလဲ မြန်တယ်။ (အဲဒါက တစ်ယောက်ပါ ဘုရား)၊ အားလုံး ဘယ်နှစ်ယောက်ပါလိမ့် (လေးယောက်ပါ ဘုရား)။
ကောင်းပြီ၊ ဒီလို သိထားတော့မှ ဪမ ဂ်ဉာဏ်က တော့ ပေါ်ကြတာချည့်ပဲ (မှန်ပါ့)၊ ဒုက္ခ ခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ် ကတော့ဖြင့် ဒကာကြွယ် ပေါ်တာ ချည့်ပဲ။ (ပေါ်တာချည့်ပါ ဘုရား)။
သို့သော် ကျင့်ပုံကျင့်နည်းကဖြင့် လေးမျိုး ရှိတယ်။ (မှန်ပါ့)၊ ဆင်းဆင်းရဲရဲ ကျင့်ရတာက နှစ်ယောက် (မှန်ပါ့)၊ ချမ်းချမ်းသာသာ ကျင့်ရတာက နှစ်ယောက်၊ ဒကာ ဒကာမ တို့ လေးမျိုး ရှိတယ်၊ ဘုရားက ဟောတယ်။ (ဟောပါ တယ် ဘုရား)။
ကိုင်း တရားနှလုံးသွင်းကြ၊ တရားနှလုံးသွင်းကြ၊ အခု တရားအားထုတ်တဲ့ ဒကာ ဒကာမတွေ ထဲမှာလဲ ဒီ လေးမျိုးဟာ ငါ ဘယ်အမျိုးမျိုးလဲ ဆိုတာကိုလဲ ကိုယ့်ဟာ ကိုယ် ဆုံးဖြတ်ချက် ချကြနော်။ (မှန်ပါ့)၊ အားလျှော့စရာတော့ တစ်ကွက်မှ မပါဘူးဆိုတာကိုလဲ ကိုယ့်ဟာကိုယ် မှတ်ထားကြ။ (မှန်ပါ့)။
မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တော့ မရလဲမရှိဘူး။ (မှန်ပါ့)၊ နှေးတာနဲ့ မြန်တာတော့ ကွာကြပါလိမ့်မယ်။ (မှန်ပါ့)။
အဲဒီတော့ကို အရှင်ဘုရားက တပည့်တော်တို့ ဒကာ ဒကာမတွေကတော့ အရှင်ဘုရားများ လိုပဲ ကျမ်းဂန် မနှံ့တော့ တပည့်တော်တို့ အကုန် ရထိုက်တဲ့အထဲ သွင်းရမလားလို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သူ့အလုပ်ကပဲ ပြောလာ လိမ့်မယ်။ (မှန်ပါ့)၊ အလုပ်က ပြောလာတော့ သံသယ ရှိစရာ လိုသေးရဲ့ လား။ (မလိုပါ ဘုရား)။
ကိုယ့်ကိုယ်ကိုယ် အကဲခတ်ဖို့တရားလေးပါး
အဲဒါကြောင့် ဒကာ ဒကမာတို့ ကိုယ့်ကိုယ်ကိုယ် အကဲခတ်ဖို့ တရားလေးပါးလို့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ဟောတော်မူတယ်။ (မှန်ပါ့)။
ကဲ ဒါဖြင့် ပြောကြပါစို့ တဲ့၊ ၁-နံပါတ် ပုဂ္ဂိုလ်က ဆင်းဆင်းရဲရဲ ကျင့်ပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အရနှေး တယ်။ (မှန်ပါ့)၊ ရတော့ ရတယ်၊ နှေးသွားတယ်။ (မှန်ပါ)။
ကောင်းပြီးတဲ့ ဒကာ ဒကာမတို့ ဘယ်လိုကြောင့် ဆင်းဆင်းရဲရဲ ကျင့်ရသတုံးလို့ မေးတဲ့ အခါကျတော့ တရား ကလေး ဖြစ်ပျက် နှလုံးသွင်းလိုက်၊ ကိလေသာက ကြားထိုးလာလိုက် (မှန်ပါ့)။
တရားကလေး နှလုံးသွင်းလိုက် (ကိလေသာက ကြားထိုးလိုက်ပါ ဘုရား)၊ ဒီလိုဆိုတော့ ဒကာ ဒကာမတွေ ကျင့်ရတာက နှေးသွားတယ်၊ ဆင်းဆင်းရဲရဲပေါ့ ဗျာ၊ သူ့ ဖယ်နေရတာနဲ့ ကြာနေတယ်။ (ကြာပါတယ် ဘုရား)။
ဒါဖြင့် ဒီဒကာ ဒကာမတွေမှာ တယ်လဲ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်က ရခဲသကိုး ဆိုတဲ့ ဆင်းရဲတဲ့ စိတ်တွေ မပေါ် ဘူးလား။ (ပေါ်ပါတယ် ဘုရား)၊ သဘောကျပလား။ (ကျပါပြီ)။
ကိလေသာထူပြောလို့
ဒါဖြင့် ဆင်းဆင်းရဲရဲ ကျင့်ရတာသည် ဘယ့်နှယ် ကြောင့်တုံးလို့ မေးတဲ့ခါကျမှ ကိလေသာ ထူပြောလို့ လို့ မှတ်လိုက်ပါ။ (မှန်ပါ့)။
ဆင်းဆင်းရဲရဲကျင့်ရတာ (ကိလေသာ ထူပြောလို့ပါ ဘုရား)၊ သေသေချာချာ မှတ်ပါ ဒကာ ဒကာမတို့၊ ကိုယ့်ဟာကိုယ် အားထုတ်တော့မှ သြော် ငါ ကိလေသာထူပြော လို့ အားထုတ် နေတဲ့ အထဲမှာ ကြားစိတ်တွေက ဝင်,ဝင် ထိုးသကိုး ဆိုပြီး သကာလ ကိုယ့်စိတ်ထဲမှာ မရနိုင်တော့ မဆင်းရဲ ဘူးလား (ဆင်းရဲပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဆင်းရဲတဲ့ ပုဂ္ဂိုလ်မှာ ကိလေသာ ထူပြော လို့ ဆင်းရဲတယ်လို့ မှတ်လိုက်စမ်းပါ။ (မှန်လှပါ)။ ဘယ်လိုမှတ်ကြမယ် (ကိလေသာထူပြောလို့ ဆင်းရဲ ပါတယ် ဘုရား)၊ ကိလေသာထူပြောလို့ ဆင်းရဲတာပဲ ဒကာ ဒကာမတို့ (မှန်ပါ့)။
ဘယ်လိုကြောင့် ဆင်းရဲပါလိမ့်
ဘယ်လိုကြောင့် ဆင်းရဲပါလိမ့် (ကိလေသာ ထူပြော လို့ ဆင်းရဲပါတယ် ဘုရား)။
ဒါဖြင့် ဒကာသစ်ကပဲ အကဲခတ်တာပေါ့၊ သူများ အပြစ် တဲ့၊ ကိုယ့်အပြစ်လား။ (ကိုယ့်အပြစ်ပါ ဘုရား)၊ ဒါကြောင့် ဆင်းရဲနေတာ။ (မှန်ပါ့) ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ဆင်းဆင်းရဲရဲ ကျင့်ပြီး ရတဲ့အခါကျလို့ ရှိရင်လဲ နှေး တယ်။ (မှန်ပါ့)။
ရတဲ့အခါ ကျတော့ မဂ်ဥဏ်၊ ဖိုလ်ဉာဏ် ရတော့တာပဲ တဲ့၊ သူ နှေးသွားတယ်။ (မှန်ပါ့)၊ အချိန်ကြာတယ်ပေါ့ ဗျာ။ (မှန်ပါ့ ဘုရား)။
ဘယ် နှယ်ကြောင့် ကြာသတဲ့
ဘယ့်နှယ်ကြောင့် ကြာသတုံးမေးတော့ – သဒ္ဓါကလဲ မထက်၊ ဝီရိယကလဲ မသန်၊ သတိကလဲ လစ်လစ် နေပြန်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ သမာဓိကလဲ ဒကာ ဒကာမတို့ စူးစူး စိုက်စိုက် မရှိ (မှန်ပါ့)၊ ပညာကလဲ နုံ့ပြီး နေတာနဲ့ နှေးသွားတယ်။ (မှန်လှပါ ဘုရား)၊ ရတော့ ရပါတယ်တဲ့။ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ၁-နံပါတ် ပုဂ္ဂိုလ်ကဖြင့် ကိလေသာ ထူပြော၍ ပညိန္ဒြေ ညံ့ခဲ့သော်တဲ့ ဒကာ ဒကာမတို့ ဆင်းဆင်းရဲရဲ ထဲ ကျင့်ရတယ်။ (မှန်ပါ့)၊ ဣန္ဒြေ မထက်တဲ့ အတွက်လဲ အရနှေးရတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။
ဆင်းဆင်းရဲရဲလဲ (ကျင့်ရပါတယ် ဘုရား)၊ ဘယ့်နှယ် ကြောင့် ဆင်းဆင်းရဲရဲ ကျင့်ပါလိမ့် (ပညိနြေညံ့လို့ ပါ)၊ အင်း ကိလေသာ ထူပြောလို့ ဒကာသစ်ရ (မှန်ပါ့)၊ ဘယ့် နှယ်ကြောင့် အချိန်ကြာ သွားပါလိမ့် နှေးပါလိမ့်မတုံး ဆိုတော့ ဣန္ဒြေ မထက်လို့ (မှန်ပါ့)။
ဝိပဿနာပညာ မထက်လို့
သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ မထက်လို့ (မှန်လှပါ)၊ တိုတို ပြောတော့ ဝိပဿနာပညာ မထက်လို့ (မှန်ပါ့)။
ဒါဖြင့် ၁-နံပါတ် ပုဂ္ဂိုလ်မှာ ဒကာ ဒကာမတို့ ကိုယ် ပိုင် ဉာဏ်နဲ့ ကိုယ်တိုင် ရှင်းကြတာပေါ့ဗျာ (မှန်ပါ့)၊ ဆင်းဆင်းရဲရဲ ကျင့်ရတာ ဘာ့ကြောင့် ပါလိမ့်မတုံး။ (ကိလေသာ ထူပြောလို့ပါ ဘုရား)၊ အရနှေးတာက ဘယ့်နှယ်ကြောင့် ပါလိမ့်မတုံး။ (ဣန္ဒြေနုံ့ လို့ ပါ ဘုရား)၊ ဣန္ဒြေနုံ့လို့ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ ဆိုတဲ့ ဣန္ဒြေ ငါးပါးက ဘာဖြစ်နေသတုံး။ (နုံ့ပါတယ် ဘုရား)။
အဲဒီတော့ ကိုယ်က သိတယ်။ (မှန်ပါ့ ဘုရား)၊ သြော် ငါ့မှာ ဆင်းဆင်းရဲရဲ ကျင့်ရတာလဲ တခြားကြောင့် မဟုတ်ဘူး။ (မှန်ပါ့ ဘုရား)၊ အရနှေးတာလဲ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ပညိန္ဒြေ အစရှိသည် ညံ့လို့ (မှန်ပါ့)၊ မဆိုထိုက်ဘူးလား။ (ဆိုထိုက်ပါတယ် ဘုရား)။
ဒါဘုရားဟောပါ၊ ဘုရားဟောပါ ဒကာ ဒကာမ တို့ စတုက္ကနိပါတ် အင်္ဂုတ္တိုရ်မှာ ဟောတယ်။ (မှန်ပါ့)။
ဒကာ ဒကာမတို့ ၁-နံပါတ်ပုဂ္ဂိုလ်က ဆင်းဆင်းရဲရဲ ကျင့်ရတယ်ဆိုတာ ဘာကြောင့်ပါလိမ့်။ (ကိလေသာ ထူပြောလို့ ပါ ဘုရား)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် နှေးနှေးကွေးကွေးမှ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန် ရပါလိမ့်။ (ဣန္ဒြေနုံ့ လို့ပါ ဘုရား)၊ ဣန္ဒြေ နုံ့လို့ (မှန်ပါ့)၊ ရှင်းပြီ။ (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒီလိုလုပ်လိုက်၊ ဒကာ ဒကာမတွေ ဒါက ဘုရားဟောတဲ့နည်း၊ ဘုန်းကြီးက ပြင်ပြီး သကာလ ပေးပါဦး မယ် ဒီဥစ္စာကို၊ ဘုရား ကတော့ဖြင့် ကိလေသာ ထူပြောလို့ ရှိရင် ဆင်းရဲမယ်ကွ (မှန်ပါ့)၊ ဣန္ဒြေနုံ့လို့ ရှိရင်လဲ အရ နှေးလိမ့်မယ်ကွ(မှန်ပါ့)၊ ဘယ်နှစ်ချက် ပြသတုံး။ (နှစ်ချက် ပြပါတယ် ဘုရား)။
နှစ်ချက်ပြပြီး သကာလ နေတော့ ကျုပ်တို့က ဒီလို လုပ်ပါလို့ ဒကာ ဒကာမတွေ နည်းပေး ရတယ်။ (မှန်ပါ့)၊ ကြိုးစားလဲ ကြိုးစားကြပါ၊ နည်းတော့ အစုံ ပေးတာပဲနော်။ (မှန်ပါ့)၊ ကြိုးစားလို့ ဆိုတာ သတိပေး လိုက်ပါတယ်။ (မှန်ပါ့ ဘုရား)။
ဆင်းဆင်းရဲရဲ ကျင့်ရတာ ဘာ့ကြောင့်ပါလိမ့်။ (ကိလေသာ ထူပြောလို့ ပါ)၊ ဪ ဝိပဿနာ ရှုလိုက်၊ ကိလေသာ ကြားခိုလိုက်။ (မှန်ပါ့ ဘုရား)။
ဝိပဿနာရှုလိုက် (ကိလေသာက ကြားခိုလိုက်ပါ ဘုရား)၊ ကိလေသာက ကြားခိုလိုက် ဆိုတော့ ဒကာ ဒကာမတွေ ဖြစ်ပျက် မြင်လိုက်၊ အင်း သားသမီးစိတ်, အိမ် စိတ်တွေက ဝင်လာလိုက်၊ အလုပ်စိတ်တွေက ဝင်လာလိုက်၊ ဒကာကွယ်ရေ တယ်နာပါလား။ (နာပါတယ် ဘုရား)။
အဲဒါ သူ့မှာ သူများ ဖယ်နေရတာ ကိလေသာ ဖယ်နေရတာနဲ့ပဲ ကြာသွားရော (ကြာပါတယ်)၊ ကြာတော့ ဆင်းရဲတယ်။ (မှန်ပါ့)၊ မဆင်းရဲ ပေဘူးလား။ (ဆင်းရဲ ပါတယ် ဘုရား)။
အဲဒီတော့ ၁-နံပါတ်၏ ၁-ကို ပြင်ချင်လို့ ရှိရင် ကိုယ် က ဖြစ်ပျက်ကလေး တွေးပြီး ပထမ တစ်ချက် တွေးလိုက် (မှန်ပါ့)၊ တွေးလိုက်တဲ့ အချိန်မှာ ကိလေသာက ကြားခိုဝင်လာတော့ တစ်နေ့က ဒကာသစ်တို့ သင်လွှတ်လိုက်တယ်။ လာတဲ့ ကိလေသာ ဖြစ်ပျက် ရှုလိုက် (မှန်ပါ့ ဘုရား)။
ဘယ်လိုလုပ်ကြမယ် (လာတဲ့ ကိလေသာ ဖြစ်ပျက် ရှုရပါမယ် ဘုရား)။
လာတဲ့ ကိလေသာ ဖြစ်ပျက်ရှု
ဟာ ဒါဖြင့် ဒကာ ဒကာမတို့ ကိလေသာ ထူပြော လို့ ကျုပ်တို့မှာ ဆင်းဆင်းရဲရဲ ကျင့်ရမှာ သူ့ကို ပင်လျှင် ကျုပ်တို့ က ဖြစ်ပျက် ရှုလိုက်တဲ့ အခါတော့ ကိလေသာကို ပင်လျှင် ဖြစ်ပျက် ရှုလိုက်တဲ့ အတွက် ကျုပ်တို့မှာ ဆင်းရဲစရာကော ရှိသေးသလား။ (မရှိပါ ဘုရား)။
ဆရာဘုန်းကြီး သင်လိုက်တဲ့အတိုင်း ဣန္ဒြေဟာလဲ ကိလေသာ ရှုချလိုက်တယ်။ (မှန်ပါ့)၊ ပင်ကို ရုပ်တွေ၊ ဝေဒနာတွေသာ ရှုမနေနဲ့၊ ဝေဒနာဖြင့် ဝေဒနာသာ ရှုမနေနဲ့၊ ကိလေသာလာလဲ ကိလေသာ ရှုချလိုက် ဆိုတော့ ပညိန္ဒြေ ကလဲ ထက်မသွားဘူးလား။ (ထက်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဆင်းရဲတာလဲ ကိလေသာ ကြားထိုးလို့ (မှန်ပါ့)၊ ကြားထိုးတဲ့ ကိလေသာ ဘာလုပ် ကြမယ် (ဖြစ်ပျက်ရှု ရပါမယ် ဘုရား)။
ဖြစ်ပျက် ရှုလိုက်တော့ကို ဒကာ ဒကာမတို့ ဆင်းရဲမှု ပျောက်, ဉာဏ်ထက်မှုလဲ ရောက်တယ်။ (မှန်ပါ့ ဘုရား)။
ဆင်းရဲမှုလဲ (ပျောက်ပါတယ် ဘုရား)၊ ဉာဏ်ထက်မှု ကော (ရောက်ပါတယ် ဘုရား)။
ကိုင်း ဒကာကြွယ် ပြင်တတ်ပလား။ (ပြင်တတ် ပါပြီ)၊ အင်း ဒကာကြီး ဦးမာဒင် ပြင်တတ်ပလား။ (ပြင်တတ်ပါပြီ ဘုရား)။
အလုပ်သမားတွေကို အကူအညီပေးတဲ့ တရား
ဒါ အရေးကြီးတယ်၊ အရေးကြီးတယ် ဒကာ ဒကာမ တို့၊ ဒါ လူနည်းတဲ့နေမှာ အရေးကြီးတဲ့ အချက်အလက် ကလေးတွေချည်းပဲ၊ အလုပ်သမားတွေကို သက်သက် အကူ အညီ ပေးတဲ့ တရားလို့ မှတ်ပါ (မှန်ပါ့ ဘုရား)။
အလုပ်သမားတွေကို (သက်သက် အကူအညီ ပေးတဲ့ တရားပါ ဘုရား)။
သက်သက် အကူအညီ ဘုရားပေးတဲ့ နည်းတွေကို အမျိုးမျိုး တစ်ခါတည်း မြန်မြန် ရသည်ထက် ရအောင် နည်း ပေးနေတယ် ဆိုတဲ့ ဥစ္စာကိုလဲ ဦးလှဘူးတို့ မှတ်ရလိမ့်မယ်။ (မှန်ပါ့ ဘုရား)။
ကဲ ပထမပုဂ္ဂိုလ် ပြန်ရှင်းပါဦးမယ် ဒကာ ဒကာမ တို့ နော် (မှန်ပါ့)၊ ပထမ ပုဂ္ဂိုလ် ကတော့ ဆင်းဆင်းရဲရဲ ကျင့်ပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အရ နှေးသတဲ့ ဒကာသစ် ရာ (မှန်ပါ့)၊ ဒီပုဂ္ဂိုလ်က တစ်မျိုး ဆိုပါလား။ (မှန်ပါ့ ဘုရား)။
အင်း ဘယ့်နှယ်ကြောင့် ဆင်းဆင်းရဲရဲ ကျင့်ရပါလိမ့် ဆိုတော့ ဒကာသစ်တို့၊ ဦးမာဒင်တို့ ဘယ့်နှယ်ကြပေါ့ မလဲ။ (ကိလေသာ ကြားခိုလို့ ပါ ဘုရား)။
ဟာ နေရာကျပြီ၊ လက်သည် တွေ့ပြီ။ (မှန်ပါ့)၊ သူ့ကြောင့် ကျုပ်တို့ ဆင်းဆင်းရဲရဲ ကျင့်ရတာ (မှန်ပါ့)၊ သူ့ကို ပင်လျှင် ဆရာဘုန်းကြီး ပေးတဲ့နည်းနဲ့ ဧဟိပဿိကော ကို လက်မလွှတ် ဘဲနဲ့ ဧဟိ=လာခဲ့၊ ပဿ=ငါ့ကိုရှု၊ ကြားထိုး တာပဲ ရှုဆိုပြီး ဒကာ ဒကာမတွေက ဆင်းရဲဖို့ လာပေးတဲ့ တရားကို ပင်လျှင် သူ့ကို ကျုပ်တို့ က မိတ်ဆွေ အဖြစ်နဲ့ ဒကာသစ် ဘာလုပ်လိုက်ရမတုံး။ (ဖြစ်ပျက် ရှုလိုက်ရ ပါမယ် ဘုရား)။
ဒါဖြင့် သူက ဆင်းရဲပေးသလားတဲ့၊ ကျုပ်တို့ ကို ဉာဏ် ထက်မှု ပေးသလား။ (ဉာဏ်ထက်မှု ပေးပါတယ် ဘုရား)။
ဒါဖြင့် ဒီနည်းရကတည်းက တို့ နေရာ ကျပဟေ့ ဆင်းဆင်းရဲရဲ ကျင့်ပြီး နှေးနှေးရမည့် ပုဂ္ဂိုလ်ဟာ ဆင်းဆင်းရဲရဲ လဲ မကျင့်ရဘူး၊ မြန်မြန်လဲ ရမယ်။ (မှန်ပါ့)၊ ၁-က ၄-သွားဖြစ်တယ်။ (မှန်ပါ့ ဘုရား)။
၁-က ဘာသွားဖြစ်သတုံး။ (၄-သွားဖြစ်ပါတယ်)။ ဪ ဒကာကြွယ် တစ်သက်မှာ တစ်ခါ ကြားရတယ်လို့ မှတ်စမ်းပါ။ (မှန်ပါ့)၊ စာမှာ ဒီ ၄-ခုသာ ရှိတယ်။ (မှန်ပါ့ ဘုရား)။
ဒီ ပြင်နည်းဆင်နည်းက ဒီပြင် ကျမ်းဂန်မှာ ဘုရားပဲ ဟောထားတာ ရှိတယ်။ (မှန်ပါ့)၊ အဲဒါ အခု ဘုန်းကြီးက ဒါတွေ ဒကာ ဒကာမတွေကို သူ့အတွက် အကြီးအကျယ် ဆုံးသော ဉာဏ်နဲ့ အကူအညီ ပေးလိုက်တော့ ကိလေသာကြောင့် ဆင်းရဲတယ် ဆိုတာ ဘုရားက ဟောတယ်။ (မှန်ပါ့)၊ ဉာဏ်နှေး တာက ဣန္ဒြေ မရင့်လို့ -လို့ ဟော တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။
ဉာဏ်နှေးတာက ဣန္ဒြေမရင့်လို့
ဉာဏ်နှေးတာက (ဣန္ဒြေ နုံ့လို့ပါ)၊ အေး- သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ ဆိုတဲ့ ဣန္ဒြေ ငါးပါး ရှိတယ်။ (မှန်ပါ့)၊ အဲဒါတွေက မရင့်ကျက်လို့လို့ ဘုရားက ဟောလိုက်တယ်။ (မှန်ပါ့)၊ နှေးတာ နှေးတာ။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။
အခုတော့ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ၁နံပါတ်ပဲ မေးလိုက်ပါတယ်၊ ၁-နံပါတ်တို့ ၏ ၁-ကို မေးလိုက်တော့ ဒကာ ဒကာမတွေ ဘယ့်နှယ်ကြောင့် ဆင်းဆင်းရဲရဲ ကျင့်ရသတုံး။ (ကိလေသာ ကြားခိုလို့ ပါ ဘုရား)။
ဒါဖြင့် ဆရာဘုန်းကြီး ပြင်တဲ့ဆီ လိုက်ကြ (မှန်ပါ့)၊ လာတဲ့ ကိလေသာ ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။
သြော် ပင်ကိုကလဲ ကျုပ်တို့က ဝေဒနာဖြင့် ဝေဒနာ၊ စိတ်ဖြင့် စိတ်ရှုနေတုန်း ကိလေသာက ကြားထိုးလာ တယ်။ (မှန်ပါ့)၊ ကြားထိုး လိုက်တဲ့ အခါကျတော့ ဧဟိပဿိကော ကို လက်မလွှတ်နဲ့ (မှန်လှပါ)၊
ဧဟိ=လာခဲ့၊ ပဿ=ရှုပါလို့ သူကနေပြီး သကာလ ခေါ်ရာ မရောက်ဘူးလား။ (ရောက်ပါတယ်)၊ ဒါဖြင့် ကြားထိုးတဲ့ ကိလေသာ ဘာလုပ်ကြမယ်။ (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။
ဖြစ်ပျက် ရှုလိုက်တဲ့အတွက် တဲ့၊ ၁-နံပါတ်၏ ၁ဟာလဲ ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့၊ ဆင်းဆင်းရဲရဲ မဖြစ်တော့ဘူး။ (မဖြစ်တော့ပါ ဘုရား)။
ရှုစရာ များတယ်။ (မှန်ပါ့)၊ ကိလေသာ ကြားထိုး ရင်သာ ရှုစရာ မရှိမှာကိုး။ (မှန်ပါ့)၊ အခုတော့ ကြားထိုး တဲ့ ကိလေသာ ဘာလုပ် ပစ်လိုက်သလဲ။ (ဖြစ်ပျက်ရှုပါ တယ် ဘုရား)။
ဖြစ်ပျက်ရှုတော့ ဉာဏ်ချင်းနီးတယ်
ဖြစ်ပျက်ရှုလိုက်တော့ သြော် ဖြစ်ပျက် နဂိုကလဲ ရှုတဲ့ ဉာဏ်။ (မှန်ပါ့)၊ ကြားထိုးတဲ့ ကိလေသာ ကိုလဲ ဆရာ ဘုန်းကြီးက ပေးလို့ ဖြစ်ပျက်ရှုလိုက်တဲ့ ဉာဏ်နဲ့ ဆိုတော့ ဉာဏ်က ဉာဏ်ချင်း နီးမသွား ဘူးလား။ (နီးပါတယ် ဘုရား)။
ခုနင်က ရိုးရိုးဝေဒနာ ရှုနေတာ ဖြစ်ပျက် အပေါ်မှာ ကြားထိုးတဲ့ ကိလေသာကို ဖြစ်ပျက်ရှု လိုက် ရပြန်တော့ ကျုပ် တို့မှာ ဉာဏ်ချင်းက မနီးဘူးလား။ (နီးပါတယ် ဘုရား)၊ ဉာဏ်ချင်းက အာသေဝန ပစ္စယော ဆိုတဲ့ အဖန်တလဲလဲက ကပ်လာတယ်။ (မှန်ပါ)။
အဲဒါကြောင့် ဒကာ ဒကာမတို့ သြော် ဆင်းရဲစွာ ဖြင့် ကျင့်ပြီး နှေးနှေးမှ ရမည့် ပုဂ္ဂိုလ်ပင်လျှင် ဆရာ ဘုန်းကြီးက ကူပေးလိုက်တယ်၊ ဘုရားက တစ်နေရာမှာ ဟောတာ ကြည့်ပြီးတော့ (မှန်ပါ့)။
လာတဲ့ ကိလေသာ ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရ ပါမယ်)၊ ဖြစ်ပျက် ရှုလိုက်တော့ ဉာဏ်ချင်းက ဘယ့်နှယ် နေသတုံး (နီးသွားပါတယ် ဘုရား)။
ဉာဏ်ချင်းနီးတော့ ဣန္ဒြေ ထက်လာတယ်
အရင် ဝေဒနာရှုတဲ့ဉာဏ်၊ စိတ်ရှုနေတဲ့ ဉာဏ်နဲ့ နောက် ကြားထိုး အိမ်ကိစ္စ ရာကိစ္စတွေ ပေါ်လာတဲ့ ကြားထိုးစိတ် ရှုလိုက်တဲ့ ဉာဏ်နဲ့ ဉာဏ်ချင်း မနီးဘူးလား။ (နီးပါတယ် ဘုရား)။
ဉာဏ်ချင်း နီးတော့ ဣန္ဒြေကလဲထက် (မှန်ပါ့)၊ ဆင်းရဲ ကျင့်မှုကလဲ ပျောက်ဆိုတော့ ၁-နံပါတ် ပုဂ္ဂိုလ် ဖြစ်လင့်ကစား ဒကာကြွယ်ရေ ၄-နံပါတ်ထဲ ဝင်သွား တယ်။ (မှန်ပါ့ ဘုရား)၊ ချမ်းချမ်းသာသာ ကျင့်၍ မြန်မြန် ရတဲ့ အထဲ ပါတယ်။ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီးများကလဲ အင်မတန် အကူအညီ ပေးပြီး သကာလ အရေးကြီးတဲ့ အကူ အညီ၊ နို့မဟုတ်လို့ ရှိရင် သူတို့ ဒီဘဝ အသေကစော ဆင်းဆင်းရဲရဲ ကျင့်ပြီး သကာလ ဉာဏ်ကနှေးလို့ မရင့်ဘဲနဲ့ သေသွားမယ် ဆိုတော့ နောက်ဘဝမှ ရမည့်အဓိပ္ပါယ်က ရောက်နေတယ်။ (ရောက်ပါတယ် ဘုရား)၊ သဘောကျ ပလား။ (ကျပါပြီ)။
အဲဒီလို နောက်ဘဝမှ ရမယ်ဆိုတော့လဲ ဒကာ ဒကာမ တို့ ပဋိသန္ဓေ တစ်ခါ နေရလို့ ရှိရင်ပဲ အပြစ်ကြီးစွာ သင့်တယ်။ (မှန်လှပါ ဘုရား)။
ပဋိသန္ဓေ တစ်ခါ နေရရင် (အပြစ်ကြီးစွာ သင့်ပါ တယ် ဘုရား)၊ ဒကာသစ် အဲဒီ အပြစ် ကိုတောင်မှ ဆရာ ဘုန်းကြီးက မသင့်စေချင်တာနဲ့ ဒကာ ဒကာမတို့ ဆင်းဆင်း ရဲရဲကျင့် ဆိုတာ ဘာ့ကြောင့် ကျင့်ရပါလိမ့်။ (ကိလေသာ ကြားခိုလို့ ပါ ဘုရား)၊ သေသေချာချာမှတ်။
ဒကာကြွယ် ဆင်းဆင်းရဲရဲကျင့်ဆိုတာ ဘာ့ကြောင့် ပါလိမ့်။ (ကိလေသာကြားခိုလို့ ပါ ဘုရား)။
ကဲဦးမာဒင်တို့က ဘယ်လိုလုပ်မယ်။ (ဖြစ်ပျက် ရှုရပါမယ်)၊ ကြားထိုးကို (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
အဲ ပင်ကို ရှိတာကိုလဲ ဖြစ်ပျက်ရှု (မှန်ပါ့)၊ ရှုနေ တုန်း သူက ကြားထိုးလာတော့ သူလဲ ဖြစ်ပျက်ပဲ, အနိစ္စပဲ လို့ ဒကာ ဒကာမတွေက ရှုလိုက်တော့ ဉာဏ်ချင်းက နီးသွားတယ်။ (နီးသွား ပါတယ် ဘုရား)၊ ဉာဏ်ချင်းက နီးသွားတော့ ဉာဏ်ကလဲ မထက်ဘူးလား။ (ထက်ပါ – တယ် ဘုရား)၊ ဒါဖြင့် ဣန္ဒြေ ထက်သွားပြီ။ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ဆင်းရဲအောင် လုပ်တဲ့ ကိလေ သာကလဲ ကျုပ်တို့ကို အကူအညီ ပေးတယ်။ (မှန်ပါ့)။
ဆင်းရဲအောင် လုပ်တဲ့ ကိလေသာကလဲ (အကူအညီ ပေးပါတယ် ဘုရား)၊ ဉာဏ်နုံ့ နေတာကလဲ ဘာဖြစ်သွား သတုံး။ (ထက်သွားပါတယ် ဘုရား)။
အို သေပျော်ပြီ ဒီအတိုင်းသာလုပ် (မှန်ပါ့)၊ ဒီ အတိုင်းသာလုပ် ဒကာကြွယ်။ (မှန်ပါ့)၊ အားလုံး ဒကာ ဒကာမတွေ နားလည်ကြရဲ့လား။ (နားလည်ပါတယ် ဘုရား)။
ဆင်းရဲတာ ဘယ်သူ့ကြောင့် ဆင်းရဲပါလိမ့်။ (ကိလေ သာ ကြားခိုလို့ ပါ ဘုရား)၊ ဉာဏ် မထက်တာသည် ဘယ့် နှယ်ကြောင့် မထက်ပါလိမ့်မတုံး ဆိုတော့ ဉာဏ်ချင်း ဝေးလို့ (ဝေးလို့ပါ ဘုရား)။
အခုတော့ဖြင့် ကြားထိုးကို ဒကာ ဒကာမတွေက ဝိပဿနာ ရှုလိုက်တဲ့ အတွက် ဉာဏ်ချင်း ကကော (နီးပါ တယ် ဘုရား)၊ ကြားထိုး အဖျက်ကလဲ ကျုပ်တို့ကို အကူအညီ မပေးဘူးလား။ (ပေးပါတယ် ဘုရား)။
ဒါဖြင့် အဖျက်က အကူအညီပေး၊ ဉာဏ်ချင်းက နီးလို့ ဒကာ ဒကာမတို့ ဣန္ဒြေက ရင့်တယ်။ (မှန်ပါ့)၊ ဆိုတော့ အင်း၁-နံပါတ်ပုဂ္ဂိုလ်တို့ ဖြစ်တောင်မှ ဆရာဘုန်းကြီး ပေးတဲ့နည်းနဲ့ လုပ်လိုက်လို့ ရှိရင်ဖြင့် ချမ်းချမ်းသာသာ ကျင့်ပြီး သကာလ အမြန်ရတဲ့ စတုတ္ထပုဂ္ဂိုလ် ဖြစ်နိုင် တယ်။ (မှန်လှပါ)၊ ဒါ လွယ်တဲ့ အဓိပ္ပါယ် မဟုတ်ဘူး။ (မှန်ပါ့)။
ဘုရားကတော့ ပုဂ္ဂိုလ်လေးမျိုးပဲ ဟောတယ်
ဒကာကြွယ် ဘယ့်နှယ်တုံး။ (မလွယ်ပါ ဘုရား)။ မလွယ်ဘူးတဲ့၊ ဘုရားက လေးမျိုးပဲ ဟောထားတယ်။ (မှန်ပါ့ ဘုရား)၊ ဘုရားက လေးမျိုးပဲ ဟောထားတယ် ဆိုတော့ ဘုန်းကြီးက တခြားသော ကျမ်းဂန်တွေ၊ ဘုရား ဟောတာတွေပဲ၊ နောက်ပိုင်းနဲ့ ရှေ့ပိုင်း ညှိလိုက်တော့မှ ဟာ ဒီလို လုပ် ဖြစ်တာပဲ (မှန်ပါ့) ဆိုတော့ ၁-နံပါတ်က ၄-နံပါတ် ဖြစ်အောင် ဒကာ ဒကာမတို့ ဘယ်လိုလုပ်မလဲ ဆိုတော့ ၄-ဟာ ဒကာ ဒကာမတို့ အကြိုက်ဆုံးပဲ။ (မှန်ပါ့)၊ ချမ်းချမ်းသာသာ ကျင့်ပြီး အမြန် မဂ်ဖိုလ် ရတယ်၊ ၄-နံပါတ်ဟာလေ။ (မှန်ပါ့)။
၄-နံပါတ်က ဘာတဲ့ (ချမ်းချမ်းသာသာ ကျင့်ပြီး အမြန် မဂ်ဖိုလ်ရပါတယ် ဘုရား)။
အဲဒီ ပုဂ္ဂိုလ်ဖြစ်ချင်တော့, ကိုယ်ကလဲ ၁-နံပါတ် ပုဂ္ဂိုလ် ဖြစ်နေပြန်တော့ ၄-နံပါတ် ပုဂ္ဂိုလ်ဖြစ်ဖို့ ဘယ်လိုများ အကြံထုတ်ပြီး ဘယ်လို ကြိုးစားရပါ့ မလဲ ဆိုတာ ဒကာ ဒကာမတွေ ဉာဏ်ထဲတော့ ဝေနေမှာ စိုးရတယ်။ (မှန်လှပါ)၊ မဝေပေဘူးလား။ (ဝေပါတယ် ဘုရား)။
အဲ အခုတော့ဖြင့် ဒကာ ဒကာမတို့ စိတ်တွေ ဘာတွေ ဝေနေစရာရှိသေးရဲ့လား။ (မရှိပါ ဘုရား)။
ကဲ ဒါဖြင့် လုပ်ကြပါစို့ တဲ့၊ ဒကာ ဒကာမတို့ ၁-နံပါတ် ပြန်မေးတယ်၊ ဆင်းဆင်းရဲရဲ ကျင့်ပြီး နှေးနှေးမှ ရတာ ၁-နံပါတ် ပုဂ္ဂိုလ် (မှန်ပါ့ ဘုရား)၊ ဘာ့ကြောင့် ဆင်းဆင်းရဲရဲ ကျင့်ရသတုံး။ (ကိလေသာ ကြားထိုးလို့ပါ)၊ ကိလေသာ ထူပြောလို့ (မှန်ပါ့)၊ ကိလေသာ ကြားထိုးလို့ (မှန်ပါ့) အဲဒါ ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။
ဖြစ်ပျက် ရှုလိုက်တော့ ဒကာ ဒကာမတို့ ကိလေသာ သည် ဘုန်းကြီးတို့အား ဆင်းဆင်းရဲရဲ ကျင့်ရအောင်လို့ လာ လုပ်တယ်။ (မှန်ပါ့)၊ ဆင်းဆင်းရဲရဲ ကျင့်ရအောင်လို့ လာ လုပ်တယ် ဆိုတာ သေချာပလား။ (သေချာပါပြီ)၊
အဲဒါ ကျုပ်တို့ က မင်းပဲ တို့ကို အကူအညီ ပေးပါကွယ် ဆိုတဲ့ သဘောမျိုးလို (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ကျုပ်တို့က သူ့ကိုပဲ ဝိပဿနာဉာဏ် ရှုလိုက်ပါတယ်။ (မှန်ပါ့)။
သံသယလာရင် ဖြစ်ပျက် ရှု
ကိလေသာ ဘာလုပ်လိုက်သတဲ့ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ရာဂလာရင် ရာဂကို ဖြစ်ပျက်ရှု (မှန်ပါ့)၊ စိတ်မချ တာလာရင် စိတ်မချတဲ့ ဒေါသကို (ဖြစ်ပျက်ရှု ရမယ်)၊ ငါက ဒီလာနေတယ်၊ အိမ်များ ဘာဖြစ်နေမလဲ ဆိုတဲ့ သံသယ ဝင်လာရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ သံသယ ၊ ဝိစိကိစ္ဆာကို ဖြစ်ပျက်ရှုချ။ (မှန်ပါ့)။
ဖြစ်ပျက်ရှုချလိုက်တော့ ဒကာ ဒကာမတွေပဲ စဉ်းစား တော့၊ ဉာဏ်ချင်း ဘယ့်နှယ်နေသလဲ။ (နီးပါတယ် ဘုရား)။
မူလရှုနေတဲ့ ကမ္မဋ္ဌာန်းဉာဏ်နဲ့၊ ကြားထိုး ရှုလိုက်တဲ့- ဉာဏ်နဲ့ မနီးဘူးလား။ (နီးပါတယ် ဘုရား)၊ ဉာဏ်နီးချင်းကြောင့် ဣန္ဒြေရင့်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဉာဏ်နီးခြင်းကြောင့် (ဣန္ဒြေ ရင့်ပါတယ် ဘုရား)၊ တယ်လဲ အဖိုးတန်ပါလား။ (အဖိုးတန် ပါတယ် ဘုရား)။
နှောင့်နှေးဖို့ ရာကိုလဲ ကိုလေသာ ကြားထိုးရင် သူက ပဋိစ္စသမုပ္ပါဒ် တန်းမလို့ လာတာ။ (မှန်ပါ့)၊ တန်းခွင့် ရသေး သလား။ (မရပါ ဘုရား)။
ချမ်းသာစွာကျင့်ပြီး မြန်မြန်ရလိမ့်မယ်
အဲဒါဖြင့် ကျုပ်တို့သည်ကားလို့ ဆိုရင် ချမ်းသာစွာ ကျင့်ပြီး သကာလ ဒကာ ဒကာမတို့ မြန်မြန် ရလိမ့်မယ်။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ)၊ ချမ်းသာစွာ ကျင့်ပြီး (မြန်မြန် ရမှာပါ ဘုရား)။
ဒီနည်းပေးချင်တာ ဒကာကြွယ် ကြာလှပြီ။ (မှန်ပါ့ ဘုရား)၊ ဒီအကြောင်းက မတိုက်ဆိုင်တာနဲ့ ဒကာသစ်ရေ အချိန်တွေ ဆွဲဆွဲ ထားရတယ်၊ ဒီပြင် သိစရာတွေကလဲ များသကိုးဗျ (များပါတယ် ဘုရား)။
ကဲ အခုတော့ဖြင့် ယနေ့ ဒကာ ဒကာမတွေ အထူး ကံကောင်းတဲ့ နေ့ပဲဆိုတော့ ကိုယ်ကတော့ဖြင့် , ဒီအထဲ များသောအားဖြင့်, ဆင်းဆင်းရဲရဲ ကျင့်ပြီး နှေးနှေးမှ ရမည့် ပုဂ္ဂိုလ် များလိမ့်မယ် ဆိုတာကဖြင့် ကိုယ့်ကိုယ်ကိုယ် အသိဆုံး (မှန်လှပါ)။
ဘယ်လိုဆိုကြမယ် (ကိုယ့်ကိုယ်ကိုယ် အသိဆုံးပါ ဘုရား)၊ ကဲ ဒါဖြင့် ကိုယ့်ကိုယ် ကိုယ့်ဆရာ ဘုန်းကြီး ပေးတဲ့ နည်း၊ ဘုရားပေးတဲ့ နည်းနဲ့ ပြင်တတ်ပလား။ (ပြင်တတ် ပါပြီ ဘုရား)၊ တယ် အဖိုးတန်ပါလား (တန်ပါတယ် ဘုရား)။ အင်မတန် အဖိုးတန်တယ် ဆိုတာ ဒကာ ဒကာမတွေ သေသေချာချာ နားကြီးကြီး, ဉာဏ်ကြီးကြီးနဲ့ ထောင်ကြည့်တော့မှ သြော် ဆရာဘုန်းကြီး ကူလိုက်တဲ့ အချက်ဟာက ၁-ကကိုပဲ ၄-နံပါတ် ဖြစ်ရမလား။ (မှန်လှပါ ဘုရား)။
၁-နံပါတ်က (၄-နံပါတ်ဖြစ်ပါတယ် ဘုရား)၊ ၄နံပါတ် ဆိုတာက တကယ့်ကို ဒကာ ဒကာမတို့ ချမ်းချမ်း သာသာ ကျင့်ပြီး သကာလ အမြန်ရတဲ့ ပုဂ္ဂိုလ်။ (မှန်ပါ့)။
ချမ်းချမ်းသာသာ ကျင့်ပြီး (အမြန်ရတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)၊ ကဲ ဒကာသစ် သေပျော်တယ်။ (သေပျော်ပါ တယ် ဘုရား)၊ သေပျော်ပါတယ် ဒကာ ဒကာမတို့၊ ပါရမီစောင့်မနေနဲ့။ (မှန်ပါ့)၊ ကိလေသာ ကြားထိုးတယ် ဆိုတာ သူ ပါရမီညံ့လို့ (မှန်ပါ့)၊ မဟုတ်ဘူးလား။ (ဟုတ်ပါ တယ် ဘုရား)၊ ကိလေသာ ထူပြောတဲ့ ပုဂ္ဂိုလ်ဟာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရခဲတာကိုးဗျ။ (မှန်ပါ့ ဘုရား)။
အခု ကြည့်စမ်း၊ ၁-နံပါတ် ပုဂ္ဂိုလ်မှာ နဂို ဘုရား ဟောထားတာက ဆင်းဆင်းရဲရဲ ကျင့်ပြီး နှေးနှေး ရမယ်တဲ့။ (မှန်ပါ့)၊ ဆင်းဆင်းရဲရဲ ကျင့်ရတာ တခြားမဟုတ်ဘူးကွ တဲ့၊ ကိလေသာ ထူပြောလို့ (မှန်ပါ့)၊ နှေးနှေးမှ ရတာက ဟောဒီ ဉာဏ်တွေက မထက်လို့ (မှန်ပါ့)၊ ဣန္ဒြေ တွေက မထက်လို့ (မှန်ပါ့)၊ ဣန္ဒြေ ဆိုတော့ စာသံပါနေတယ်။ ဉာဏ်မထက်လို့ လို့ ပြောလိုက်တယ်။ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာသစ် နည်းရပလား။ (ရပါပြီ)၊ ဆင်းဆင်းရဲရဲ ကျင့်ရတာ ဘာထူပြောလို့တုံး။ (ကိလေသာ ထူပြောလို့ ပါ ဘုရား)။
ကဲ ကြားထိုးတဲ့ ကိလေသာ ခဏခဏ လာမှာပဲ။ (လာမှာပါ)၊ လာရင် ဘယ့်နှယ် လုပ်မယ် (ဖြစ်ပျက်ရှုရ ပါမယ် ဘုရား)။
ဖြစ်ပျက်ရှုလိုက်တော့ နှစ် ကိစ္စ ပြီးတယ်
သြော် ဒကာကြွယ် နေရာကျပြီ။ (ကျပါပြီ)၊ ဖြစ်ပျက် ရှုလိုက်တော့ကို- နှစ်ကိစ္စ ပြီးတယ်။ (မှန်ပါ့)၊ နှေးမှာ လဲ မြန်တယ်။ (မှန်ပါ့)၊ တစ်ခါ ဆင်းရဲမှာလဲ ချမ်းသာ တယ်။ (မှန်ပါ့)၊ ဉာဏ်ကလဲ (ထက်ပါတယ် ဘုရား)။
အင်း ဒါဖြင့် ဒကာ ဒကာမတို့ နှစ်ခုစလုံး ကိစ္စပြီးစေ နိုင်တဲ့ စာလို သုံးရင် “ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ” (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ အခုတော့ဖြင့် “သုခပဋိပဒါ ခိပ္ပါဘိညာ” သွား ဖြစ်တယ်။ (မှန်ပါ့)။
ချမ်းချမ်းသာသာ လဲ ကျင့်ရတယ်၊ ကျင့်တာ ဘယ့်နှယ် ကြောင့် ချမ်းချမ်းသာသာ ကျင့်ရသလဲ ရှုစရာတွေ များလို့ ရှိရင် ကျုပ်တို့ ဉာဏ်ထက်တယ်။ (မှန်ပါ့)။
ရှုစရာတွေ များလို့ ရှိရင် (ဉာဏ်ထက် ပါတယ် ဘုရား)၊ ဪ ဒကာသစ်ရေ ၁-က ဘာဖြစ် သွားသလဲ (၄-နံပါတ် သွားဖြစ်ပါတယ်)၊ ၄-နံပါတ် သွားဖြစ်တယ် ဆိုတာ ခင်ဗျားတို့ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ အင်မတန် ကံကောင်းတယ်လို့ ဒီဟ ာကြားရတာဗျား (မှန်ပါ့ ဘုရား)။
ကံစွမ်း ဉာဏ်စွမ်း ကုန်နေလို့ ကူညီတာ
ဒါ ထုံးစံအတိုင်း ဟောနေမယ် ဆိုရင် ခင်ဗျားတို့က ဒီ လေးယောက် တောင် ရှိတာပဲ၊ တို့ က ပထမပုဂ္ဂိုလ်ထဲ ကပဲ အင်း ဆင်းဆင်းရဲရဲ ကျင့်ရမှာပဲ၊ ဖြည်းဖြည်းမှလဲ ရမယ်၊ မတတ်နိုင်ဘူး၊ ဒီအတိုင်း သွားရမှာပဲ၊ ဆင်းရဲလဲ ခံရုံပဲ၊ ဖြည်းဖြည်းမှ ရလဲ ဖြည်းဖြည်း ယူရုံပဲ၊ ဘာမှ မတတ် နိုင်တော့ဘူး၊ ခင်ဗျားတို့ ဉာဏ်စွမ်း, ကံစွမ်း ကုန်နေပြီ။ (ကုန်နေပါပြီ ဘုရား)။
အခုတော့ဖြင့် ဆရာဘုန်းကြီးက အကူအညီ ပေးလိုက် တယ်။ (မှန်ပါ့)၊ အကူအညီ ပေးလိုက်တယ်၊ ဒကာ ဒကာမတို့ ဆင်းရဲတာ ဘယ်သူ့ကြောင့် ဆင်းရဲတာတုံး။ (ကိလေသာ ကြားထိုးလို့ ပါ ဘုရား)။
နှေးနှေး ရတာက ဘယ့်နှယ်ကြောင့် နှေးနှေး ရပါ လိမ့်။ (ဉာဏ်မထက်လို့ပါ)၊ ဉာဏ်မထက်လို့၊ ဉာဏ်ချင်း ဝေးနေတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
အဲဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက စဉ်းစား လိုက်တာပေါ့ ၊ ဆရာဘုန်းကြီး သတိပဋ္ဌာန် ပါဠိတော်ကြီး ကြည့်ပြီး အကူအညီ ပေးလိုက်ပြီ ဆိုတော့ ဆင်းရဲလုံး တွေဆိုတာ ကိလေသာ ကြားထိုးလို့ ဆင်းရဲတာ။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။
ဘယ်သူ့ကြောင့်ပါလိမ့် (ကိလေသာ ကြားထိုးလို့ပါ ဘုရား)၊ ကိုင်း ဒကာ ဒကာမတွေ ဘယ့်နှယ် လုပ်လိုက် မယ် (ဖြစ်ပျက် ရှုလိုက်ရပါမယ် ဘုရား)။
ဒါဖြင့် သူကိလေသာ ဆိုတာ ကျုပ်တို့ ကို ပင်ပန်း အောင် လုပ်မလို့၊ (ဝါ) ဆင်းရဲအောင် လုပ်မလို့ လာ တာ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။
အခု သူကပဲ ကျုပ်တို့ကို မိတ်ဆွေ အဖြစ်နဲ့ ခင်ဗျား ကျုပ် အမှီပြုပြီး ရှုပါဗျာ၊ ဉာဏ်ထက် ပါလိမ့်မယ် လို့ မပြောသော်လဲ ပြောဘိသကဲ့သို့သော အခြေအနေ ရောက် တယ် ဦးလှဘူး (ရောက်ပါတယ် ဘုရား)၊ မရောက်ဘူးလား။ (ရောက်ပါတယ် ဘုရား)။
၁- နံပါတ် က ၄- နံပါတ် ပုဂ္ဂိုလ် ဖြစ်သွားပြီ
ဒါဖြင့် ကျုပ်တို့သည် ၁-နံပါတ် ပုဂ္ဂိုလ်က ၄နံပါတ် ပုဂ္ဂိုလ်အဖြစ်သို့ ရောက်တယ်။ (မှန်ပါ့)။
ဒါ ခင်ဗျားတို့ ကိုယ်ကိုယ်တိုင် ဒီအတိုင်းလုပ်ကြ လို့ ရှိရင်ဖြင့် ၁-က ၄-ရောက်ဖို့ ဆိုတာ ခင်ဗျားတို့ ရှေ့က ထုံးစံ အတိုင်း ဆိုလို့ ရှိရင် ဦးမာဒင်တို့ သြော် တို့က ၁-နံပါတ် ဆိုတော့ ဆင်းဆင်း ရဲရဲလဲ ကျင့်ရမှာပဲ။ (မှန်ပါ့)၊ နှေးနှေးမှလဲ (ရမှာပါပဲ ဘုရား)၊ ဪ သူ့ပါရမီနဲ့ သူ လာတာကိုး။ (မှန်ပါ့)၊ ပါရမီကို သူ မမြင်တော့ဘူး။ (မှန်ပါ့)။
အခုဟာက ဒီလို မဟုတ်ဘူး၊ ခင်ဗျားတို့ နောက်က ဘယ်လိုပဲ ထိုင်းခဲ့, ထိုင်းခဲ့၊ ဆင်းရဲတာ ကိုလဲ ချမ်းသာအောင် လုပ်ပေးတယ်။ (မှန်ပါ့)၊ ပါရမီ နှောင့်နှေးတာကိုလဲ ထက်အောင် လုပ်ပေး တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။
ဒါဖြင့် ဦးမာဒင်ရေ သိပ်အဖိုးတန်တဲ့နေ့ (မှန်ပါ့)၊ ဒကာသစ် နည်းရပလား။ (ရပါပြီ)၊ နောက်က ဒကာ ဒကာမတွေ (ရပါပြီ ဘုရား)။
ဆင်းရဲတာ ဘယ်သူ့ကြောင့် ဆင်းရဲသတုံး။ (ကိလေသာ ကြားထိုးလို့ပါ ဘုရား)၊ ဉာဏ် ဘယ့်နှယ်ကြောင့် မထက်သတုံး ဆိုတော့ ဉာဏ်ချင်း ဝေးနေလို့ (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ကိလေသာ ကြားထိုး လို့ ဆင်းရဲတော့ ကိလေသာ ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ်)၊ သူလဲ အနိစ္စပဲ (မှန်ပါ့)၊ နဂိုက ရှုနေတာလဲ (အနိစ္စပါ ဘုရား)၊ သူ့ ရှုလိုက် ပြန်တော့ (အနိစ္စပါ ဘုရား)။
သင်္ခါရတရားဟူသရွေ့ အကုန်ရှုပါ
အဲဒါ ဘုန်းကြီး အကူအညီ ပေးတယ်လို့ ဆိုတာ ခင်ဗျားတို့ ဘုန်းကြီးက ဂုဏ်ယူရာ ရောက်မှာ စိုးလို့၊ ဘုရားက “သဗ္ဗေ သင်္ခါရာ အနိစ္စာ” လာတာရှုတဲ့ (မှန်ပါ့)၊ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။
“သဗ္ဗေ သင်္ခါရာ အနိစ္စာ” လာတာကို ဘာလုပ်ရမလဲ။ (ရှုရပါမယ် ဘုရား)၊ ကဲ မရှု ကောင်းတာရယ်လို့ ပါရဲ့လား။ (မပါ,ပါ ဘုရား)၊သင်္ခါရ တရားတွေ ဟူသရွေ့ အကုန် ရှုပါကွ (မှန်ပါ့) ဆိုတော့ လာတာကို ကျုပ်တို့က ရှုပစ် လိုက်။ (မှန်ပါ့ ဘုရား)။
လာတဲ့ ကိလေသာ သင်္ခါရကို ကျုပ်တို့က ဘာလုပ် ပစ်လိုက်သတဲ့။ (ရှုပစ် လိုက်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဆင်းဆင်းရဲရဲ ကျင့်တဲ့ အဓိပ္ပါယ်ကော ရသေးသလား။ (မရပါ ဘုရား)၊ နှေးနှေးမှ ရမယ်ဆိုတဲ့ အဓိပ္ပါယ် ရောက်သေးရဲ့လား။ (မရောက်ပါ ဘုရား)။
ဒါဖြင့် ဘယ်အဓိပ္ပါယ် ရောက်ပါလိမ့်မတုံးလို့ ဒကာ ဒကာမတွေက မေးတော့မှ မဆင်းရဲဘဲနဲ့ အမြန်ရတယ်။ (မှန်ပါ့ ဘုရား)။
မဆင်းရဲဘဲနဲ့ အမြန်ရတယ်
မဆင်းရဲဘဲနဲ့ (အမြန်ရပါတယ် ဘုရား)၊ ခင်ဗျားတို့ ရီကော်ဒါထဲပါတယ်၊ အင်မတန် ကောင်းတဲ့ အဓိပ္ပါယ် (ကောင်းပါတယ် ဘုရား)။
ခင်ဗျားတို့ ကိုယ်တိုင် ရီကော်ဒါ မရှိတဲ့ ပုဂ္ဂိုလ်များလဲ ဒီအတိုင်း ဉာဏ်ထဲမှာ မှတ်ထား။ (မှန်ပါ့)၊ မှတ်ပြီး တစ်ခါတည်း သြော် တို့ဆရာဘုန်းကြီးက ဘုရား တစ်နေ ရာမှာ ဟောတာကို တစ်နေရာ ဟောတဲ့ အကူအညီပြန်ပေး လိုက်တဲ့ အခါကျတော့လဲ ၁-က ၄-နံပါတ်ဖြစ်တယ် ဆိုတော့ နည်းတဲ့ အဓိပ္ပါယ် မဟုတ်ဘူး။ (မှန်ပါ့ ဘုရား)။
၁-က ဘာဖြစ်သွားသတုံး။ (၄-နံပါတ်ဖြစ်သွား ပါတယ် ဘုရား)။
၄-နံပါတ်က ဒကာသစ်၊ ဒကာကြွယ်၊ ဦးမာဒင်တို့ပဲ စဉ်းစားကြည့်ပါလား၊ ချမ်းချမ်းသာသာ ကျင့်၍ အမြန် ရရမယ်။ (မှန်ပါ့ ဘုရား)၊ ဒီရောက်သွားတယ်။ (ရောက် ပါတယ် ဘုရား)။
ချမ်းချမ်းသာသာ ကျင့်၍ (အမြန် ရရပါမယ်)၊ ကဲ ဒါဖြင့် ၁-လောက်ပဲ အစွမ်းရည်သတ္တိ ရှိတဲ့ ပုဂ္ဂိုလ်ကို ၄-အဖြစ်ကို ထိုးတင်ပေး လိုက်တယ် ဆိုကတည်းက ဒကာကြီး ဦးမာဒင် နည်းတဲ့ ဉာဏ်မဟုတ်ဘူး။ (မနည်းပါ ဘုရား)၊ အင်မတန် အရေးကြီးတယ်။ (ကြီးပါတယ် ဘုရား)၊ ဒကာကြွယ် ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။
ကဲ ဒကာသစ် သေပျော်ပြီ ဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။
ဒီအတိုင်းသာ လုပ်ပါ ဒကာ ဒကာမတို့၊ ၁-နံပါတ် ပုဂ္ဂိုလ်ဟာ ၄-နံပါတ် ပုဂ္ဂိုလ် ဖြစ်ရမယ်။ (ဖြစ်ရပါမယ်)၊ ၄-နံပါတ် ပုဂ္ဂိုလ် ဖြစ်ရမယ် ဆိုတာ သေချာကြပလား။ (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ၁-နံပါတ်ဖြင့် ၁-က ၄-ဖြစ်အောင် ဆရာဘုန်းကြီးက ဘုရားသခင် ကိုယ်တော် မြတ်ကြီး၏ နည်း အမျိုးမျိုးနဲ့ ကူညီလိုက်တဲ့ အတွက် ဒကာ ဒကာမတို့ ၁-က ၄-ဖြစ်တာဟာဖြင့် တို့ ပါရမီ ထူးလို့ပဲ။ (မှန်ပါ့)၊ နည်းပေးကောင်းလို့ ပဲ။ (မှန်ပါ့)၊ တို့ ဖြင့် ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ် မို့ ပဲဆိုပြီး ဒီနည်းအတိုင်းသာလုပ်, ၁-က ၄-ဖြစ်ရမယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
၂- နံပါတ်ပုဂ္ဂိုလ်အတွက်
ကဲတစ်ခါ သွားကြဦးစို့ ၊ ၂-နံပါတ် ပုဂ္ဂိုလ်ကတော့ ဒကာ ဒကာမတွေ ဆင်းဆင်းရဲရဲ ကျင့်ပြီး သကာလ ဘာတဲ့ တုံး။ (မြန်မြန် ရပါတယ်)၊ ဆင်းဆင်းရဲရဲ ကျင့်ပြီး မြန်မြန် ရရမယ် ဆိုတော့ သူက ဆင်းဆင်းရဲရဲ ကျင့်ရတာကတော့ ဒကာ ဒကာမတွေ တစ်မူတည်း သာမှတ်။ (မှန်ပါ့)၊
ဪ ကိလေသာများလို့ (မှန်ပါ့)၊သဘောကျပလား။ (ကျပါပြီ ဘုရား)။
ဆင်းဆင်းရဲရဲ ကျင့်ရတာကဖြင့် (ကိလေသာ များလို့ ပါ)၊ ကိလေသာ ထူပြောလို့ (မှန်ပါ့)၊ ရှင်းကြပါပြီ။ (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဒကာသစ်တို့၊ ဦးမာဒင်တို့က အကူအညီ ခုနင်က ပေးတဲ့ အတိုင်း ပေးလိုက်တာပေါ့။ (မှန်ပါ့)၊ ကဲ ကိလေသာ ပေါတော့ ပေါတဲ့ ကိလေသာ ဘာလုပ် မလဲ (ဖြစ်ပျက် ရှုရပါမယ် ဘုရား)၊ ဒါ ဖြင့် ဉာဏ်ချင်းကကော (နီးသွားပါတယ် ဘုရား)။
ဉာဏ်ချင်းကလဲ နီးသွားပြီ၊ သူ နဂိုကလဲ ရင့်နေတဲ့ ပုဂ္ဂိုလ် (မှန်ပါ့)၊ နဂိုကလဲ ရင့်နေတဲ့ ပုဂ္ဂိုလ် ဆိုတော့ ဒကာ ဒကာမတို့ နဂိုကလဲ ဆင်းဆင်းရဲရဲ ကျင့်ပြီး သူ အမြန်ရမည့် ပုဂ္ဂိုလ်ကိုး (မှန်ပါ့ ဘုရား)။
ဆင်းရဲတတ်တဲ့တရား ဝိပဿနာ ရှုပစ်ပါ
အဲဒီတော့ ဆင်းဆင်းရဲရဲကို ကျုပ်တို့ က ဝိပဿနာ ဉာဏ်နဲ့ အကုန် ရှုပစ် လိုက်သဖြင့်, ဆင်းရဲတတ်တဲ့ တရားတွေ အကုန် ရှုပစ်လိုက်သဖြင့် (ဝါ) ကန့်ကွက်တတ်တဲ့ တရားတွေ အကုန် ရှုပစ်လိုက် သဖြင့်တဲ့၊ ကျုပ်တို့ သည် ၄-နံပါတ်ပဲ ပြန်ဖြစ်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။
ဘာပြန်ဖြစ်ပါလိမ့်။ (၄-နံပါတ်ပဲ ပြန်ဖြစ်ပါတယ်)၊ ၄-နံပါတ် အဓိပ္ပါယ်က ဘာပါလိမ့်။ (ချမ်းချမ်း သာသာ ကျင့်ပြီး မြန်မြန် ရပါတယ်)။
ချမ်းချမ်းသာသာ ကျင့်ပြီး သကာလ အမြန်ရတယ်။ (မှန်ပါ့)၊ ဒီမှာလဲ ကိလေသာ နိုင်ရင် အမြန်ရတာ ချည့် မှတ်လိုက်။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။
သြော် ဒါဖြင့် ဒကာကြွယ်ရေ သိပ်အဖိုးတန်ပါ ကလား။ (တန်ပါတယ် ဘုရား)။
ဒီလိုသာ ဆရာကောင်းနဲ့ မတွေ့ဘူး၊ နည်းပေး ကောင်းနဲ့ မတွေ့ဘူးဆိုရင် ဦးမာဒင်တို့ စဉ်းစားကြည့်ပါ၊ သြော် ကျုပ်တို့ကလဲ ဘဝပါရမီက ကိလေသာက ထူပြောတော့ ကျုပ်တို့ ပုဂ္ဂိုလ် သုံးယောက်ထဲက တစ်ယောက် ဖြစ်နေတော့ ဖြည်းဖြည်းနဲ့ နှေးနှေးသွား, လိပ်သွား သလို သွားရမှာပဲ။ (မှန်ပါ့)၊ အင်း ကိုယ့်ဟာကိုယ် လျှော့ပစ် လိုက်ပြီ (မှန်ပါ့ ဘုရား)။
ကိုယ့်ဟာကိုယ် လျှော့ပစ် လိုက်တော့ ဒကာ ဒကာမ တို့ အသေ စော သွားတယ်။ (မှန်ပါ့)၊ အသေစော သွားတော့ နောက်ဘဝ ပဋိသန္ဓေ နေရတယ်။ (မှန်ပါ့)၊ နေရတော့ တစ်ဘဝ, နှစ်ဘဝ ရတယ် ဆိုရင် နည်းတဲ့ ဒုက္ခလား။ (မနည်းပါ ဘုရား)။
ဒီက ပါသွားတာလေးတွေကလဲ အကုန် မပျောက် သေးဘူးလား။ (ပျောက်ပါတယ်)၊ ပျောက်သွား လို့ ရှိရင် ဒကာ ဒကာမတို့ ကိုယ်ကျိုးနည်းပြီ။ (နည်းပါပြီ)၊ အင်မတန် မနစ်နာဘူးလား။ (နစ်နာပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အခုပြောတဲ့ အတိုင်း လိုက်နာလို့ ရှိရင်ဖြင့် ၁-ကလဲ ၄-ဖြစ် (မှန်ပါ့)၊ ၂-ကလဲ (၄-ဖြစ်ပါတယ်)၊ သြော် တယ်အဖိုးတန် ပါကလား ဆိုတာ ပေါ်လာတယ်။ (ပေါ်လာ ပါတယ်)၊ မပေါ်လာဘူးလား။ (ပေါ်လာပါတယ် ဘုရား)။
တို့ဟာ မဂ်ဖိုလ် ရထိုက်တဲ့ ပုဂ္ဂိုလ်
ကိုင်း ဒါဖြင့် ဒကာကြွယ်ရေ သိပ်အဖိုးတန်တဲ့ အဓိပ္ပါယ်ကို ခင်ဗျားတို့ ကိုယ်ပိုင် ရလိုက်သဖြင့် ခင်ဗျားတို့ သာမည ပါရမီရှိတဲ့ ပုဂ္ဂိုလ်လို့ မဆိုနဲ့ (မှန်ပါ့)၊ ခင်ဗျားတို့ အကူအညီ ပေးတဲ့ ပုဂ္ဂိုလ်ဟာ ခင်ဗျားတို့ ပါရမီကို အထ မြောက်အောင် လုပ်ပေးနေတဲ့ ပုဂ္ဂိုလ် ရှိပြီးသားပဲ၊ ခင်ဗျားတို့ သေချာတယ်။ (မှန်ပါ့)၊ သေချာပလား။ (သေချာပါပြီ ဘုရား)။
တို့ ဟာ မဂ်ဖိုလ် ရထိုက်တဲ့ ပုဂ္ဂိုလ်မှ ဟုတ်ရဲ့ လား လို့ဆိုတာ သံသယ မရှိနဲ့ (မှန်ပါ့)၊ လူမစွမ်း နတ်မ, ဆိုတာ ဖြစ်နေပြီ။ (မှန်ပါ့ ဘုရား)။
လူမစွမ်း နတ် မ, ဖြစ်နေပြီ
လူမစွမ်း နတ်မ,ဆိုတာ (ဖြစ်နေပါပြီ)၊ ဖြစ်နေပြီတဲ့၊ ကိုယ့်ဉာဏ်စွမ်းနဲ့တော့ ဒါ ဒီဥစ္စာ ဒီလို မသွားနိုင်တော့ဘူး။ (မသွားနိုင်ပါ)၊
၁-ပုဂ္ဂိုလ် ဖြစ်ခဲ့လို့ ရှိရင်လဲ ကျုပ်ဟာ လူပျိုတုန်း အားထုတ်၊ သေခါနီးမှ ရချင်ရမှာ ထင်ပါရဲ့ တဲ့။ (မှန်ပါ)၊ ဒီလိုပဲ တစ်ခါတည်း ဘုထိုင်, ထိုင်ပစ်မယ်။ (ထိုင်ပါတယ်)၊ ဦးလှဘူး မထိုင်ပေ ဘူးလား။ (ထိုင်ပါ တယ် ဘုရား)။
ဒီလို ဆရာကောင်း သမားကောင်းနဲ့ ပြင်ဆင်ပေးမည့် လူနဲ့ နည်းနာ နိဿယနဲ့ ဘုရား ဟောတော် မူတာတွေ ညှိနှိုင်း ပြီတဲ့ ပြင်ပေးမည့် လူမရှိရင် ဒကာသစ် သိပ်ကျပ်သွား မယ့်။ (မှန်ပါ့ ဘုရား)။
သူ ကျပ်ပုံက သူ့စိတ်ကူး ဘယ်လိုလာမတုံး ဆိုတော့ ကိုယ့်ဟာကိုယ် အားထုတ်ကြည့်တယ်၊ ကိလေသာ ကြားထိုးတယ်၊ ဪ ဒါဖြင့် ဘုန်းကြီးဟောတဲ့ အတိုင်း ဘုရား ဟောတော်မူတဲ့ အတိုင်း တို့ က ဆင်းဆင်းရဲရဲ ကျင့်ပြီး နှေးနှေးမှ ရမှာ၊ အဲဒီတော့ နှေးနှေးပဲ ဆိုပြီး ကိုယ့်ဟာကိုယ် တစ်ခါတည်း ဒကာ ဒကာမတို့ အကုန်ပဲ ပျော့လျော့ကုန် တယ် ဆိုတဲ့ အဓိပ္ပါယ် သက်ရောက် လာတယ်။ (ရောက်ပါ တယ်)၊ မနစ်နာဘူးလား။ (နစ်နာပါတယ်)၊
အမြန်ရမှာ ဘယ့်နှယ်ဖြစ်သတုံး။ (နှေးသွားပါတယ်)၊ နှေးသွားတော့ အသေက စောပြန်ပြီ ဆိုတော့ ကိုယ်ကျိုးက နည်းတယ်။ (မှန်ပါ့)၊ အင်မတန် ကြောက်စရာ မကောင်းဘူးလား။ (ကောင်းပါတယ် ဘုရား)။
အေး ဒါကြောင့် ဒကာ ဒကာမတို့၊ အခု ဒီနေ့ ပြောတဲ့ အရေးဟာဖြင့် ကိုယ့်ခန္ဓာကြီး ကိုယ့် ဒုက္ခကိုယ် သိမ်းချင်တဲ့ နည်းမှာဖြင့် အမြန်သိမ်းနည်း, အနှေးသိမ်းနည်း နှစ်မျိုး ပါရမီတွေက ဘယ်လိုပင် မရှိစေကာမူ အကူအညီ ကောင်းပြန်လို့ ရှိရင် အနှေး သိမ်းမည့် ပုဂ္ဂိုလ်တောင်မှ အမြန် သိမ်းနိုင်တယ်။ (မှန်ပါ့ ဘုရား)။
ဆရာ အရေးကြီးတယ်
အနှေး သိမ်းရမည့် ပုဂ္ဂိုလ်တောင်မှ (အမြန် သိမ်းရ ပါတယ်)၊ အမြန် သိမ်းနိုင်တယ် ဆိုတဲ့ဥစ္စာ ဒကာ ဒကာမ တို့ လဲ ဆရာနည်း အပေါ်မှာ မှီတယ်။ (မှန်ပါ့ ဘုရား)။
ရှင်းကြည့်ပါတဲ့ ဒကာ ဒကာမတို့ ၊ ရှင်သာရိပုတ္တရာ ဝါတွင်းသုံးလ ဟောတဲ့ ပန်းထိမ်သည် ကလေးဟာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မရဘူး။ (မှန်ပါ့)၊ နိမိတ်တောင် မထင်လာဘူးတဲ့။ (မှန်ပါ့)၊ ဘုရားကို မနက် အပ်သွားတယ်၊ နည်းပေးကောင်းတော့ ညနေ ရတယ်။ (မှန်ပါ့ ဘုရား)။
ဘုရား ဆီမှာ တစ်နေ့နှင့် ရဟန္တာဖြစ်တယ်
ရှင်သာရိပုတ္တရာ ဆီမှာ ဝါတွင်း သုံးလ (မှန်ပါ့)၊ ဘုရားဆီ ကျတော့ မနက်အပ်သွားတယ်၊ ညနေကျတော့ ရဟန္တာ ဖြစ်နေတယ်။ (မှန်ပါ့ ဘုရား)။
ဘာကွာသွားသတုံး ဆိုတော့ နည်းပေး ကွာသွားတာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
သြော် ဘာကွာသွားပါလိမ့် (နည်းပေး ကွာသွား ပါတယ် ဘုရား)။
ဒါဖြင့် အခုနည်းဖြင့် ဒကာကြွယ် လိုလေသေး မရှိ ဘူး။ (မှန်ပါ့)၊ ရှိသေးရဲ့ လား။ (မရှိပါ ဘုရား)။
ကဲ ဒါဖြင့် အားလုံး တရားနာ လာကြတဲ့ ဒကာ ဒကာမတွေ ဪ ဒီနေ့ ပါရမီ အကြီး အကျယ် ပြည့်တဲ့ နေ့ပါလား။ (မှန်ပါ့ ဘုရား)။
ဘယ်လိုဆိုကြမယ် (ပါရမီ အကြီးအကျယ် ပြည့်တဲ့ နေ့ပါ ဘုရား)။
ပါရမီ အကြီးအကျယ် ပြည့်တဲ့နေ့ပဲ ဆိုတာ ခင်ဗျားတို့ ဉာဏ်နဲ့ သေသေချာချာ စဉ်းစား ကြည့်တော့ ဆင်းဆင်းရဲရဲ ကျင့်ပြီး သကာလ နှေးနှေးမှ ရမယ်လို့ ဘုရားကိုက ဟောတာ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ)၊ ဒီပုဂ္ဂိုလ် ရှိသေးတယ်ကွ တဲ့။ (မှန်ပါ့)၊ ဒကာကြွယ် မဟော ဘူးလားဗျာ။ (ဟောပါတယ် ဘုရား)။
စတုက္ကနိပါတ် အင်္ဂုတ္တိုရ်မှာ သေသေချာချာ ကိုယ်တော် တိုင် ဟောပါတယ်။ (မှန်ပါ့ ဘုရား)။
နည်းပေး ကောင်းပြန်တော့လဲ ခုနင်က ရှင်သာရိ ပုတ္တရာက သုံးလ နည်းပေးတယ်၊ မရဘူး။ (မှန်ပါ့)၊ ဘုရား က မနက်မှာ နည်းပေးတယ်၊ ညနေ ရဟန္တာ ဖြစ်တယ်။ (မှန်ပါ့)၊ ဒီတစ်ယောက်တည်း, ဒီတစ်ယောက်တည်း (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။
ဒါဖြင့် ဆရာ့နည်း ပေါ်မှာလဲ မှီသေးတယ် ဆိုတဲ့ ဥစ္စာ ပါရမီချည့် မချနဲ့ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ)။
ဒီဘဝတွေ့ရတဲ့ ဆရာကို အားထားပါ
တို့ ဘဝက ညံ့ဖျင်းခဲ့တယ်၊ ဘဝတွေ ချမနေနဲ့ (မှန်ပါ့)၊ ဒီဘဝ တွေ့ရတဲ့ ဆရာ အမှီပြုပြီး သကာလ အမြန် သွားနိုင်တဲ့ နည်းဟာလဲ ဒကာကြွယ် ရှိသေးတယ် မှတ်လိုက် ပါ။ (မှန်ပါ့)။
ကဲ ဦးမာဒင်တို့ သေပျော်ပလား။ (သေပျော်ပါပြီ ဘုရား)၊ သေပျော်ပြီတဲ့ ဒကာ ဒကာမတို့၊ ဒီဥစ္စာ ချီးမြှောက်ပြီး ပြောနေတဲ့ စကားလို့ မအောက်မေ့နဲ့။ (မှန်ပါ့)၊ အမှန် ရှိပြီးသား ပုဂ္ဂိုလ်ကို အမြန် ဖြစ်အောင် လုပ်တာ (မှန်ပါ့)။
အမှန်ကတော့ ခင်ဗျားတို့ ဆင်းဆင်းရဲရဲ ကျင့်ပြီး နှေးနှေးမှ ရမှာချည့်ပဲ, ဒီပုဂ္ဂိုလ်တွေဟာ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ)။
အခု ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပြင်ပေးသလို ရှင်သာရိပုတ္တရာ တောင်မှ အပေး မှားနေလို့ ဘုရား ပြင်ပေးရ သလို ဒီမှာလဲ ဘုရား ဒီနေရာမှာ ဒီဟာ ဟောငြား သော်လဲ ဟို နေရာမှာ ဘုရားက ဒီလိုရှုရင် ရသေးတယ် ဆိုတဲ့ဥစ္စာ တစ်နေ့က ပါဠိတော်နဲ့ တော့ ကိုက်သွားရောပေါ့ ဒကာ သစ်ရာ။ (မှန်ပါ့)။
ကိလေသာ ကြားမခိုရင် မြန်မြန် ရမယ်။ (မှန်ပါ့)၊ အဲဒီ ပါဠိကို သွင်းလိုက် (မှန်ပါ့)၊ ဒကာကြွယ် နေရာကျ ပလား။ (ကျပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ၁-ကလဲ ၄-ဖြစ် ပါတယ်။ (မှန်ပါ့)၊ ၂-ကကော (၄-ဖြစ်ပါတယ် ဘုရား)။
သြော် နေရာကျ လိုက်တာ ဒကာသစ်ရေ၊ နေရာကျ တယ်၊ နေရာကျတယ် ဒကာ ဒကာမတို့ နော်။ (မှန်ပါ့)။
သြော် ခင်ဗျားတို့ ဆရာဘုန်းကြီးကလဲ ကျန်းကျန်း မာမာနဲ့၊ ခင်ဗျားတို့ ကလဲ ထောင်နိုင်တဲ့ နားနဲ့ ကျန်းကျန်း မာမာလဲရှိလို့ တို့ ဘာလိုသေးသတုံးလို့ တွေးမနေနဲ့တော့ နော်။ (မှန်ပါ့ ဘုရား)၊ လာတာ ရှုပေး အမြန် ဉာဏ်ထက် မှာပဲဆိုတာ တွေးတော့။ (မှန်ပါ့)၊ လာတာ ရှုရင်ဖြင့် ဒကာ ဒကာမတို့ မဆင်းရဲပါဘူး။ (မှန်ပါ့ ဘုရား)။
ကြားထိုး လာတာတွေသာ ရှုရင် (မဆင်းရဲပါဘူး)၊ ဘာဖြစ်လို့ မဆင်းရဲသတုံး ဆိုတော့ ကြားထိုး လာတာက ပဋိစ္စသမုပ္ပါဒ် တန်းမလာလို့ လာတာ (မှန်ပါ့ ဘုရား)၊ အဲ တန်းမလို့ လာတာကို ကျုပ်တို့က သူ့ အတန်းခံသလား၊ သူ့ကြောင့် မဂ်ဖြစ်စေသလား။ (သူ့ကြောင့် မဂ်ဖြစ်စေ ပါတယ် ဘုရား)။
အင်း လာတာ ဖြစ်ပျက် ရှုလိုက်၊ ကျုပ်တို့ ဉာဏ် မဂ်ကနေပြီး ပဋိစ္စသမုပ္ပါဒ် ဖြတ်ချလိုက် (မှန်လှပါ)၊ ဖြတ်ချလိုက်တော့ ဦးလှဘူးရေ မြန်သွားတယ်။ (မြန်ပါ တယ် ဘုရား)၊ မမြန်ဘူလား။ (မြန်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဆင်းရဲစွာကော ကျင့်ကြရ သေးသလား။ (မကျင့်ရပါ ဘုရား)၊ ဉာဏ်ချင်းကလဲ ဆက် သွားတဲ့အတွက် ဉာဏ်ကလဲ ထွက်သွားပြီ ဉာဏ်ချင်း မဝေးလို့ ဆိုတဲ့ ဥစ္စာလဲ ဒကာ ဒကာမတွေ သိပါပြီ။ (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာကြွယ်တို့၊ ဦးမာဒင်တို့ သြော် တယ် လိုပါကလား ဆိုတာ ပေါ်လာတယ်။ (ပေါ်ပါတယ် ဘုရား)။
ပန်းထိမ်သည်ကို အသုဘကမ္မဋ္ဌာန်းပေးတယ်
တယ် လိုပါကလားဆိုတာ ကြည့်ပါလား ပန်းထိမ် သည်ကလေး ရှင်သာရိပုတ္တရာ သူ့ဆွမ်းခံ အိမ်က ကလေး ကလေး, သူ သင်္ကန်း ဝတ်ပေးတယ်။ (မှန်ပါ့)၊ တစ်ခါတည်း သင်္ကန်းဝတ်ပြီး ကျင့်ကွာ၊ အသုဘ ဆိုတဲ့ (မှန်ပါ့)၊
တော်တော်ကြာ တစ်လလောက်ရှိတော့ ဝါဆိုလပြည့်က ဝါခေါင်လပြည့်လောက်တော့ မေးကြည့်တယ်၊ မင်း ဘယ့်နှယ်နေသတုံး၊ ပြောစမ်းပါဦးတဲ့၊ ဘာမှ မမြင်သေး ပါဘူးဘုရာ့။ (မှန်လှပါ)။
ဝါခေါင်လပြည့်က တော်သလင်း လပြည့်လောက် ကျတော့ တစ်ခါခေါ်ပြန်တယ်။ မင်း ဘယ့်နှယ်တုံးကွ ငါပေးထားတဲ့ ကမ္မဋ္ဌာန်း မမြင်သေးဘူးလားတဲ့၊ မမြင်သေးဘူး ဘုရာ့၊ အင်း ကိုယ်တော်ကြီးက လျှော့ချင်လာ တယ်၊ မင်း ငါ ချွတ်လို့ ကျွတ်မထင်ပါဘူးတဲ့။ (မှန်ပါ့)။
သုံးလကြာသော်လဲ မဂ်မရ
ပြီး နောက် သီတင်းကျွတ်တော့ မေးကြည့်တော့လဲ ဦးမာဒင် မရဘူး ပြောတယ်။ (မှန်ပါ့)၊ ဒီတွင် ကိုယ်တော် ကြီးက ဆုံးဖြတ်ချက် ချတယ်။ (မှန်ပါ့)၊ ငါက သာဝက တဲ့၊ သာဝက ချွတ်လို့ ရသည့် ပုဂ္ဂိုလ် မဟုတ်ပါဘူး၊ ဗုဒ္ဓ ဝေနေယျ ထင်ပါရဲ့၊ဘုရားချွတ်မှ ရမှာ ထင်ပါရဲ့ လို့ သူ့က အောက်မေ့တယ်။ (မှန်)။
ဒါနဲ့ ဘုရားဆီ ဒီရဟန်းလေး ခေါ်သွားပြီးတော့ ဘုရားက ပြုံးတာပေါ့ ဗျ (မှန်ပါ့)၊ အင်း ရှင်သာရိပုတ္တရာ ကမ္မဋ္ဌာန်းပေး လွဲနေပြီတဲ့။ (မှန်လှပါ)။
လွဲနေပြီ၊ ဘယ်လိုလုပ်၊ ဘယ်လိုကိုင်ဆိုတာ သူ့မှာ အပြင်ဆင်မရှိဘူး၊ အမေမှာတဲ့ ဆန်တစ်ခွဲ သုံးစိတ်နဲ့မလဲ ဖြစ်နေပြီ။ (မှန်ပါ့)၊ ဒါပညာဧတဒဂ်ရပြီးသားဗျ။ (မှန်လှပါ)၊ ဒါတောင် ဒကာကြွယ် ခြေချော် နေတယ်ဆိုတော့ ပြောဖို့ လိုသေးသလား။ (မလိုပါ ဘုရား)။
ဪ ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကဲကွာတဲ့ မင်းတပည့် အပ်ထားခဲ့တာပေါ့၊ မင်း ညနေ တစ်ခေါက် လာခဲ့တာပေါ့တဲ့။ (မှန်ပါ့)၊ ပြောတောင်ပြော လိုက်သေးတယ်။ (မှန်ပါ့)။
ဘုရားက ကြာပန်းပေးတယ်
အင်း ကိုယ်တော်မြတ်ကြီးက ကြာပွင့်ကြီး သဲပုံပေါ် မှာ တန်ခိုးနဲ့ စိုက်ပြီး ကြာပွင့်တွေ ကြွေကျတာ အနိစ္စ အဖြစ်ကို ပေးချ လိုက်တယ်။ (မှန်ပါ့)၊ အဲဒါရှုကွာ အဲဒါရှုကွာ တဲ့၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက အဲဒီလို ကြွေကျ တာမျိုး ခင်စရာ, မင်စရာ ရှိရဲ့လား။ (မရှိပါ)၊
ခင်စရာ မင်စရာ မရှိရင် တဏှာ သေတာပဲ၊ တဏှာ သေလို့ ရှိရင် တစ်မဂ် ရနိုင်တာပဲ၊ နောက် များများသေလို့ ရှိရင် တဏှာ လေးခါ သေရင် လေးမဂ်ရမှာပဲ ဆိုပြီး ကိုယ်တော်ကြီးက ဒီက နေပြီး သကာလ ဒီကြာပန်းကြီး အကြောင်းရင်း ခံပြီး မင်း အဲဒါသာ ကြည့်ပြီး ရှုနေတော့၊ ခန္ဓာဉာဏ် လှည့် လိုက်ကွတဲ့။ (မှန်လှပါ ဘုရား)၊
ဒီ ခန္ဓာ ကြာပန်းလိုပဲ ဖျတ်ဖျတ် ဖျတ်ဖျတ်နဲ့ အနိစ္စတွေ လည်နေတယ်၊ ပြန်ကြည့် လိုက် ဆိုတော့ ဟိုမှာ ရဟန္တာ ဖြစ်နေပြီ။ (မှန်ပါ့)။
ညနေကျတော့ ရှင်သာရိပုတ္တရာလာတော့ အံ့အား သင့် တယ်။ (မှန်ပါ့ ဘုရား)၊ ဒကာကြွယ် ဘာဖြစ်လို့ အံ့အား သင့်နေသလဲ၊ သူ နည်းပေး လွဲနေလို့ (မှန်ပါ့ နည်းပေး လွဲနေလို့ ပါ ဘုရား)။
တစ်ရက်နဲ့ ရဟန္တာဖြစ်တယ်
ဟိုမှာတော့ တစ်ရက်နဲ့ပြီးတယ်။ (မှန်ပါ့)၊ သူ့မှာ တော့ ရက်ပေါင်း ကိုးဆယ် (မှန်ပါ့ ဘုရား)၊ ကိုးဆယ်နဲ့ တစ်ရက်နဲ့ ဆိုတော့ ဦးလှဘူး မကွာဘူးလား။ (ကွာပါ တယ် ဘုရား)။
အဲဒါ ဘာလိုလို့ဆိုတာလဲ ဒကာ ဒကာမတွေ နှိုင်းချိန် ကြည့် ပေါ်ပါပြီ (နည်းပေးလိုလို့ ပါ ဘုရား)၊ နည်းပေး ဆရာ လိုနေတယ်။ (မှန်လှပါ ဘုရား)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဆရာကတော့ဖြင့် အခု နည်း မပေးလိုပါဘူး။ (မလိုပါ ဘုရား)၊ ခင်ဗျားတို့က လိုရင်တော့ ကြာလိမ့်မယ်။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိ ပါပြီ ဘုရား)၊
ဆရာကတော့ဖြင့် (နည်းပေးမလိုပါ ဘုရား)၊ နောက် ကြာနေရင်တော့ ဘယ်သူ လိုလို့လဲ (တပည့်တော် လိုလို့ပါ ဘုရား)။
အဲဒါလဲ ဂုဏ်မယူကြပါနဲ့။ (မှန်ပါ့)၊ ဟာ တပည့် တော်တို့ လိုတယ်ဘုရား၊ လိုတာတော့ မပြောနဲ့တော့ ဘုရာ၊ အို ပြောပါရစေဦး၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)၊ လိုတာတော့ ပြောပါရစေဦး ဒကာကြွယ်၊ မပြောထိုက် ဘူးလား။ (ပြောလိုက်ပါတယ် ဘုရား)၊ ဘယ့်နှယ် ဖျင်းတာတွေ အကုန် ဖော်ပါရစေဦး။ (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ)။
အဲဒါလောက် ခင်ဗျားတို့ ဖျင်းတာတွေသည်ကားလို့ ဆိုရင် ကိုယ်လိုလို့သာ မှတ်ပေတော့၊ ဒီဥစ္စာ နည်းပေးဖြင့် ကုန်နေပြီ။ (ကုန်နေပါပြီ ဘုရား)။
ဒကာကြွယ် နောက် မညည်းနဲ့နော်။ (မညည်းပါ ဘုရား)၊ ဪ နိဗ္ဗာန် ဆိုတာ လွယ်လွယ်လား မှတ်တယ် ဘုရား၊ လုပ်တော့ အတော် လုပ်ရပါကလား။ (မှန်ပါ့)။
အံမာ လေချိုးတော့ မသွေးလာနဲ့။ (မှန်ပါ့)၊ နေရာ မကျဘူးတဲ့၊ ကိုယ်လိုတာ သက်သက်ပါ (မှန်ပါ့)။
လာတာ ရှုတယ် ဆိုကတည်းက အနိစ္စဉာဏ် ပြတ် သေးရဲ့လား။ (မပြတ်ပါ ဘုရား)၊ ဘယ်က လာပြီး ပဋိစ္စ သမုပ္ပါဒ် ဆက်နိုင်သေးရဲ့ လား။ (မဆက်နိုင်ပါ ဘုရား)။
မဆက်နိုင်လို့ ရှိရင် မဆက်တာ ဟူသရွေ့ နိဗ္ဗာန်ချည့် ကျေးဇူးပြုတယ်။ (မှန်ပါ့)။
ပဋိစ္စသမုပ္ပါဒ် ဆုံးရင် ဘာဆိုကြမယ် (နိဗ္ဗာန်ပါ ဘုရား)၊ ဘယ်နေရာက ဆုံးဆုံး, တဏှာက ဆုံးလဲ တဏှာ ဆုံးလို့ နိဗ္ဗာန်ပဲ။ (မှန်ပါ့)၊ ဥပါဒါန် ဆုံးရင်ကော (နိဗ္ဗာန် ပါ ဘုရား)၊ ကံဆုံးရင်ကော (နိဗ္ဗာန်ပါ ဘုရား)။
တဏှာငြိမ်း နိဗ္ဗာန်၊ ကံငြိမ်းလဲ နိဗ္ဗာန်
အဲဒါတွေ သေသေချာချာ မှတ်ထားပါ။ (မှန်ပါ့)၊ တဏှာ ငြိမ်းလဲ နိဗ္ဗာန်၊ ဥပါဒါန် ငြိမ်းလဲ (နိဗ္ဗာန်ပါ)၊ ကံ ငြိမ်းလဲ (နိဗ္ဗာန်ပါ ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီး “ကုသလာကုသလံ ဇဟံ” ဆိုတော့ ဘုရားဖြစ်တာပဲ။ (မှန်ပါ့)။
ဟာ ဥပါဒါန်မရှိတဲ့ ပုဂ္ဂိုလ်ဟာ ဘဝပဋိသန္ဓေ မနေဘူး ဆိုတော့လဲ နိဗ္ဗာန်ပဲ။ (မှန်ပါ့)၊ “တဏှာနိရောဓော နိဗ္ဗာနံ”လို့ ဆိုလိုက်ပြန်တော့ တဏှာ ချုပ်တော့ကော (နိဗ္ဗာန် ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့၊ သူ့အဆက် မခံနိုင်တဲ့ ကျုပ် တို့ လာသရွေ့ ဖြစ်ပျက် ရှုနေတဲ့ ကံသည် တဏှာကိုလဲ ငြိမ်း စေလို့ နိဗ္ဗာန် (မှန်ပါ့)၊ ဥပါဒါန်နဲ့လဲ ငြိမ်းစေလို့။ (နိဗ္ဗာန်ပါ ဘုရား)၊ ကံကိုလဲ ကုန်စေလို့ (နိဗ္ဗာန်ပါ ဘုရား)၊ ကဲ ဒကာကြွယ် ဝေးသေးသလား။ (မဝေးပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ပြတ်တာ နိဗ္ဗာန်
ကိုင်းဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် ပြတ်တာဟာ နိဗ္ဗာန်ပဲ ကိုယ်က မဖြတ်လို့ မပြတ်တာ။ (မှန်ပါ့)၊ ကိုယ်က လာတိုင်းသာ ဉာဏ်နဲ့ ဖြတ်ပေးနေရင် (ပြတ်ပါတယ် ဘုရား)၊ ပြတ်တယ် ဆိုတာ သေချာပလား။ (သေချာပါပြီ ဘုရား)။
ဒါကြောင့် ဘုရားက “ယထာ ယထာပနဿ ကာယော ပဏိဟိတော၊ တထာ တထာ ပဇာနာတိ” အိုလာတာသာ ရှုနေတဲ့၊ နောက်ဆုံးပိတ် နိဂုံးချုပ် လိုက်တယ်။ (မှန်ပါ့)။
ဒကာကြွယ် ဘာတဲ့ (လာတာသာ ရှုနေပါတဲ့ ဘုရား)၊ လာတာ ရှုနေကွာ၊ အကုန် ကြားထိုးလဲ ရှု၊ ပင်ကို ရှိတာ (မှန်ပါ့)၊ ပင်ကို ရှိတဲ့ နေရာမှာ ကြားထိုးလာရင်လဲ (ရှုရမှာပါ ဘုရား)၊ ဒီလိုဆိုတော့ ဒကာသစ် ဉာဏ်ပြတ်သေး , ရဲ့ လား။ (မပြတ်ပါ ဘုရား)။
ဉာဏ်မပြတ်ရင် ဉာဏ်ထက်တယ်
ဉာဏ်မပြတ်လို့ လဲ ဉာဏ်ထက်တယ်။ (မှန်ပါ့)၊ အရှုပ်တရား တွေကိုလဲ အကူအညီ ယူ သောကြောင့် ကျုပ်တို့ သည် ချမ်းသာတယ် (မှန်ပါ့ ဘုရား)။
အရှုပ်တရားတွေ အကူအညီ ရသောကြောင့် (ချမ်း သာ ပါတယ်)၊ ဉာဏ်ကလဲ လာတာ ရှုနေ သောကြောင့် (ထက်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ချမ်းသာစွာ ကျင့်၍ မြန်မြန် ရမယ်။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။
ဘယ်လိုပါလိမ့်ဗျာ (ချမ်းသာစွာ ကျင့်၍ မြန်မြန်ရမှာ ပါ ဘုရား)၊ ချမ်းသာစွာ ကျင့်၍ မြန်မြန် ရမည့်နည်းကို ယနေ့ ပေးတာပဲ။ (မှန်ပါ့)။
ကိုင်း ဒကာ ဒကာမတို့ ၃-နံပါတ်ကလေး ပြောဦး တဲ့။ (မှန်ပါ့)၊ ချမ်းချမ်းသာသာ ကျင့်ပြီးတော့ နှေးနှေးမှ ရမယ်။ (မှန်ပါ့ ဘုရား)။
ဘာတဲ့တုံး။ (ချမ်းချမ်းသာသာ ကျင့်ပြီးတော့ နှေးနှေးမှ ရပါမယ် ဘုရား)။
ချမ်းချမ်းသာသာကျင့်ပြီး နှေးနှေးမှ ရမယ်လို့ ဆိုထား ပြန်တော့ အင်း သူ ချမ်းသာတာ ကတော့ ကိလေသာတော့ ဖြင့် ပါးရဲ့ ပေါ့ဗျာ။ (မှန်ပါ့)။
ကိလေသာ ကတော့ ပါးတယ်တဲ့ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ကိလေသာ ပါးတဲ့အတွက် ကျင့်ရတာ တော့ဖြင့် သိပ်ပြီး သကာလ မပင်ပန်းဘူးပေါ့ ဗျာတဲ့။ (မှန်ပါ့)၊ နှေးတော့ (နှေးပါတယ် ဘုရား)။
အဲဒီ နှေးတဲ့ ပုဂ္ဂိုလ်ကလဲ ဒကာ ဒကာမတို့ တခြား မဟုတ်ဘူးတဲ့၊ ဉာဏ်ဝေးလို့ နှေးတာ။ (မှန်ပါ့)။
ဘယ်လိုယူကြမယ် (ဉာဏ်ဝေးလို့ မေးတာပါ)၊ ဉာဏ် ဆက် ဝေးလို့ လို့ ယူလိုက်စမ်းပါ။ (မှန်ပါ့ ဘုရား)။
ဉာဏ်ဆက် ဝေးလို့ နှေးတာ
ဘယ်လိုယူကြမယ် (ဉာဏ်ဆက် ဝေးလို့ပါ)၊ ဉာဏ် ဆက်ဝေးလို့ နှေးတယ်။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ဉာဏ်ဆက်ဝေးလို့ နှေးပါတယ် ဆိုတာလဲ ဒကာသစ် တစ်ခါတည်း သံသယရှိဖို့ လိုသေးသလား။ (မလိုပါ ဘုရား)၊ ဉာဏ်ဆက် နီးရင် အမြန်ရမယ်။ (မှန်ပါ့)။
ဉာဏ်ဆက်နီးရင် (အမြန်ရမယ်)၊ အမြန်ရမယ် ဆိုတာ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဘုရားက ဒီပုဂ္ဂိုလ်လဲ ရှိသေးသကွ တဲ့။ (မှန်ပါ့)၊ ချမ်းချမ်းသာသာ ကျင့်ပြီး သကာလ နေရ ငြားသော်လဲ အရ နှေးတယ်ကွ ဆိုတော့ သြော် ဉာဏ် တစ်ဉာဏ်က တစ်ဉာဏ် ဖြစ်ပျက် မြင်တာ တော်တော်ဝေးနေ လို့ပဲ။ (မှန်ပါ့)၊ မဆိုထိုက်ဘူးလား။ (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒီလို ဆိုလိုက်တော့ ဘုန်းကြီးတို့က ဒကာ ဒကာမ တွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောထားတာ ရှိသေး တယ် ဟုတ်လား။ (မှန်ပါ့)။
နှေးတယ် ဆိုတာကလဲ ဒကာ ဒကာမတို့ ဝီရိယပေါ့လို့ ဒါကြောင့် တပည့်တော်တို့ ဆွမ်းကလေး၊ ကွမ်း ကလေးနဲ့ သင်္ခါရပြုတော့ လူ့သင်္ခါရ၊ နတ်သင်္ခါကျတော့ ဝီရိယက မပြောဘူးလား။ (ပြောပါတယ် ဘုရား)။
အဲဒီတော့ အဲဒီ နေရာကျတော့ ဒကာသစ်တို့က ဝီရိယ ပြင်းထန်ပေးလိုက် (မှန်ပါ့)၊ လာသရွေ့ ရှုဗျာ၊ မလွတ်စေ ဘူးဆိုတဲ့ ဝီရိယ ဘာလုပ်ပေးရမလဲ (ပြင်းထန်ပေးရ ပါမယ်)၊ ပြင်းထန် ပေးရမယ် ဆိုတာ ပေါ်လာပလား။ (ပေါ်လာပါပြီ ဘုရား)။
ဒါဖြင့် ဝီရိယ ပြင်းထန်ပေးလိုက်တဲ့ အခါကျတော့ နှေး သလား။ (မနှေးပါ ဘုရား)။
ဝီရိယ ပြင်းပြင်းထန်ထန်လုပ်ပါ
သူဟာသည်ကား လို့ ဆိုရင် ကံပေးမှ ယူမယ် ဆိုတဲ့ အဓိပ္ပါယ်ကိုး။ (မှန်ပါ့)၊ ဘုန်းကြီးများက အို ဝီရိယ နဲ့သာ မြန်မြန် ယူလိုက်တာ အေးပါတယ် ဆိုတော့ လာသရွေ့သာ ခင်ဗျားတို့က ဖြစ်ပျက် ရှုပေး၊ ဝီရိယ ပြင်းပြင်းထန်ထန် နဲ့ လုပ်လိုက်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ဘယ်လိုလုပ်ကြမယ်။ (ဝီရိယ ပြင်းပြင်းထန်ထန် လုပ်ကြရပါမယ် ဘုရား)။
ဝီရိယ ပြင်းပြင်းထန်ထန်နဲ့ လုပ်လိုက်ပြီ ဆိုမှဖြင့် မရသေးတာ ရအောင်ပဲ လုပ်မယ်၊ ရပြီးသား ခိုင်မြဲအောင် လုပ်မယ် ဆိုတဲ့ ဝီရိယ နှစ်ခု သုံးလိုက်တာပေါ့။ (မှန်ပါ့)။
ဘုရားက ဒီဥစ္စာ ချမ်းချမ်းသာသာ ကျင့်ပြီး နှေးနှေး ရမယ် ဆိုတော့ နှေးတာတော့ ကျုပ်တို့ မခံနိုင်ဘူး ဆိုပြီး ကိုယ့်စိတ်ထဲက အမြန်ပဲ ရချင်တယ်၊ အသေက စောသွားရင် ခက်မယ် ဆိုပြီး သကာလတဲ့၊ ချမ်းချမ်းသာသာနဲ့ ကျင့်ရ ငြားသော်လဲ လာသရွေ့ ကိုဖြင့်, ဒကာ ဒကာမတို့ ကိလေသာ ကတော့ဖြင့် သူ ပါးတော့ ပါးတယ်၊ ပါးပေမယ့်လဲ ပါးသလောက် ကြားတော့ ထိုးဦးမှာပဲ။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ ဘုရား)။
ပါးသလောက် (ကြားထိုးဦးမှာပါ)၊ ကြားထိုးဦး မှာပဲ။ (မှန်ပါ့)။
အဲဒီ ကြားထိုးကို ဒကာ ဒကာမတွေက ဘယ်လိုလုပ် မလဲ။ (ဖြစ်ပျက် ရှုရမှာပါ ဘုရား)၊ သူကတော့ ဖြည်းဖြည်းမှ ကြားကလေး တစ်ခါ တစ်ခါ ထိုးမယ်။ (မှန်ပါ့)၊ ကိလေသာ ပါးတဲ့ ပုဂ္ဂိုလ် ကိုးဗျ။ (မှန်ပါ့)။
သို့သော် ထိုးတာကို ပင်လျှင် ကျုပ်တို့က ဘာလုပ် မယ်။ (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။
ကိုင်း ဒါဖြင့် ဖြစ်ပျက်တွေချည့် ရှုထားတာကလဲ ဉာဏ်ကလဲထက် (မှန်ပါ့)၊ ကြားထိုး ကိလေသာက ပဋိစ္စ သမုပ္ပါဒ် ဆက်မလို့ လာတာလဲ ကျုပ်တို့ ဆက်ရသေးရဲ့လား။ (မဆက်ရပါ ဘုရား)။
မဆက်ရတော့ နဂိုကလဲ ဉာဏ်ရှိန်က ကြီးလာတာ ကလေးကိုလဲ ဉာဏ်အဖြစ်နဲ့ပဲ, ဉာဏ်နဲ့ပဲ အသုံး ချလိုက် တယ်။ (မှန်ပါ့ ဘုရား)။
ဘယ်လို လုပ်လိုက်သလဲ။ (ဉာဏ်နဲ့ပဲ အသုံးချလိုက် ပါတယ် ဘုရား)။
ဉာဏ်နဲ့ပဲ အသုံးချလိုက်တော့ ဒကာ ဒကာမတို့ ချမ်းချမ်းသာသာလဲ ကျင့်ရ(မှန်ပါ့)၊ ဉာဏ်ချည့် အသုံးချတဲ့ အတွက် မြန်မြန်လဲရ (မှန်ပါ့)၊ ဒါဖြင့် စတုတ္ထထဲ ဝင်သွား တယ်။ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ပထမလဲ စတုတ္ထထဲ ဝင်တာပဲ။ (မှန်ပါ့)၊ ဒုတိယကော (စတုတ္ထထဲ ဝင်ပါတယ် ဘုရား)၊ တတိယကော (စတုတ္ထထဲ ဝင်ပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ကျုပ်တို့ အသက်တမ်းကလဲ ဒကာကြွယ် အင်မတန် တိုပါတယ်။ (တိုပါတယ် ဘုရား)။
အသက်တမ်းက (တိုပါတယ်)၊ အင်း လေကလေး ပြင်ဘက် ထုတ်တဲ့ စိတ်ကလေး ပြီးရင် နောက် ရှိုက်တဲ့စိတ် ဝမ်းထဲ မပေါ်တော့ဘူး၊ ဒကာကြွယ် ဘယ်လို ဆုံးဖြတ်ချက် ချမလဲ။ (သေပါတယ်)၊ သြော် တယ်တို တဲ့ အသက် တမ်းပါကလား ဆိုတာ ပေါ်လာတယ်။ (ပေါ်လာပါတယ်)၊ မပေါ်လာ ဘူးလား။ (ပေါ်လာပါတယ် ဘုရား)။
အခုလို တစ်ခါ အတွမ်းမစ်တွေ ဘာတွေ အသံတွေ ပလံတွေနဲ့ ရှုပ်လာပြန်တော့လဲ အင်း ကမ္ဘာကြီး တောင် ပျက်နိုင်ပါလား ဆိုတဲ့ အတိုကကော (တိုပါတယ်)၊ မရှိ ဘူးလား။ (ရှိပါတယ် ဘုရား)။
အဲဒါတွေ ရှိနေတော့ ဒါလောက် တိုတဲ့ အထဲမှာ ကျုပ်တို့ က ဆင်းဆင်းရဲရဲကျင့်၊ နှေးနှေး ရမယ်။ (မှန်ပါ့)၊ ဆင်းဆင်းရဲရဲကျင့် မြန်မြန်ရမယ်၊ ဒါလဲ မလိုချင်ဘူး။ (မှန်ပါ့)၊ ချမ်းချမ်းသာသာ ကျင့်ပြီး နှေးနှေး ရမှာကော (မလိုချင်ပါ ဘုရား)။
ဟာ မြန်မြန်ကြီး တစ်ခါတည်း ဒကာ ဒကာမတို့ ချမ်းချမ်း သာသာလဲ ကျင့်မှု မြန်မြန်လဲ ရတဲ့ နည်းကိုလိုက် (မှန်ပါ့ ဘုရား)။
ဘယ်ဟာ လိုက်ကြမယ်။ (ချမ်းချမ်းသာသာ ကျင့်ပြီး မြန်မြန်ရတဲ့ နည်းကို လိုက်ရပါ မယ် ဘုရား)။
ဒကာ ဒကာမတွေ ကျင့်တဲ့အခါလဲ ချမ်းချမ်းသာသာ ဆိုတော့ ဒကာ ဒကာမတို့ အကြိုက်ပဲ ကျမယ်။ (ကျပါ တယ်)၊ အမြန်ရတယ် ဆိုတော့ (အကြိုက်ပဲကျပါတယ်)၊ ဒါဖြင့် ကိုယ့်အကြိုက် ဟိုမှာ ၄-နံပါတ် သွားနေတယ်။ (မှန်ပါ့ ဘုရား)။
ကိုယ့်အကြိုက်က (၄-မှာ သွားနေပါတယ်)၊ ၄ဆိုတာ ဘာပါလိမ့် ဒကာကွယ်ရေ (ချမ်းချမ်း သာသာ ကျင့်ပြီး မြန်မြန် ရတာပါ ဘုရား)။
ချမ်းချမ်းသာသာလဲ ကျင့်ရတယ်၊ အမြန်လဲ ရတယ်။ ၄-နံပါတ်ကလေ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ အကြိုက်ဆုံး ဒီထဲမှာ ဘယ်ဟာပါလိမ့် (၄-နံပါတ် ဘုရား)၊ ၄-နံပါတ်ပဲ။ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ၄-နံပါတ်ဟာ ခင်ဗျားတို့၏ ခေတ်အကြိုက်ပဲ ဆိုရင်လဲ မလွဲပါ။ (မှန်ပါ့)၊ ၄-နံပါတ်ဟာ ခေတ်အကြိုက် ပဲဆိုရင် (မလွဲပါ ဘုရား)။
ပြင်ရင် ရပါတယ်
အဲဒီ ၄-ဖြစ်ချင်လို့ ရှိရင်လဲ ၁-ကိုလဲ ပြင်ရင် ရပါ တယ်။ (မှန်ပါ့)၊ ၂-ကို ပြင်ရင်လဲ (ရပါတယ်)၊ ၃-ကို ပြင်ရင် (ရပါတယ်)၊ ဒါကတော့ ဆရာသမား အပေါ်မှာ မှီတယ်။ (မှန်ပါ့ ဘုရား)။
ပင်ကို ပါရမီက ၁-ပုဂ္ဂိုလ်လဲ ပါကြတာပဲ။ (မှန်ပါ့ ဘုရား)၊ ၂-ပုဂ္ဂိုလ် (ပါ,ပါတယ်)၊ ၃-ပုဂ္ဂိုလ် (ပါ,ပါ တယ်)၊ ပါကြတာပဲ၊ သို့သော် များသော အားဖြင့် ၁-၂- ၃-ကတော့ များတယ်။ (မှန်ပါ့)၊ ၄-ဟာ ဘုရား လက်ထက်က လူတွေများတယ်။ (မှန်ပါ့ ဘုရား)။
၄-ဟာ (ဘုရားလက်ထက်က လူတွေ များပါတယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အခု အများဆုံးကို ရေတွက်ရင်ဖြင့် ၁-ပုဂ္ဂိုလ် များတယ်။ (မှန်ပါ့)၊ အဲဒီ ၁-ပုဂ္ဂိုလ်ကို ၄-ပုဂ္ဂိုလ် ဖြစ်ချင် ရင်လဲ ခင်ဗျားတို့ အခုပြောတဲ့ နည်းကိုသာ လိုက်ပါ။ (မှန်ပါ့ ဘုရား)။
၁-ပုဂ္ဂိုလ်ဟာ ၄-ဖြစ်ချင်ရင် (အခုပြောတဲ့ နည်းကို သာ လိုက်ရပါမယ် ဘုရား)
ပြောတဲ့နည်း ဆိုတာက ကြားထိုး ကိလေသာကို ကိုယ်ပိုင် ဖြစ်အောင် လုပ်ဖို့ပဲ။ (မှန်ပါ့ ဘုရား)။
ဘာဆိုကြမယ် (ကြားထိုးကိလေသာကို ကိုယ်ပိုင် ဖြစ်အောင် လုပ်ဖို့ပါ)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။
ဒါရုစီရိယ
ကြည့်ပါတဲ့ ဒကာ ဒကာမတို့၊ ဒါရုစီရိယတို့ ယူဇနာ တစ်ရာ့ နှစ်ဆယ့်ခရီး ညတွင်းပေါက် ပြေးတယ်။ (မှန်ပါ့)၊ ဘုရားက ဆွမ်းခံ သွားနေတာ၊ ဆွမ်းခံရင်း မတ်တတ် အရှင် ဘုရား တရားဟော ပါတဲ့ (မှန်ပါ့ ဘုရား)။
ဆွမ်းခံရင်း မတ်တတ် တရားဟောပါ ဆိုတော့ ဟ ဒါရုစီ၊ ဘယ် ဆွမ်းခံရင်း တရားဟော ရမှာတုံး၊ မဟုတ်ပါဘူးကွ၊ ဝတ္တရား ပျက်ကုန်လိမ့်မယ်။ (မှန်ပါ့ ဘုရား)။
မဟုတ်ဘူးဘုရား၊ အရှင်ဘုရား ဆွမ်းဘုဉ်း ပေးရတာ ကြာလှပါပြီ၊ ဘဝများစွာ သံသရာမှာ ဆွမ်းမစားဖူး ခဲ့တာ မရှိပါဘူး။ (မှန်ပါ့)၊ မြန်မြန်သာ ဟောပါ။ (မှန်ပါ့)၊ အရှင်ဘုရား ခန္ဓာကိုယ်ကလဲ အနိစ္စ၊ တပည့်တော်တို့ ခန္ဓာ ကိုယ်ကလဲ အနိစ္စ၊ ဒါကြောင့် မြန်မြန်ပါလို့ ပြောဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တားမြစ်တယ်၊ ဒါရုစီရိယက အမော ဆိုက်နေတော့ ဉာဏ်ကလေးက မထက်ဘဲ ဖြစ်နေတယ်။ (မှန်ပါ့ ဘုရား)။
ညတွင်းချင်း လာတယ်
သူက ယူဇနာတစ်ရာ့ နှစ်ဆယ် ခရီး ညတွင်းချင်း လာခဲ့ ရတယ်။ (မှန်ပါ့)၊ အဲဒီတွင် ဉာဏ်က တိမ်နေတယ်။ (မှန်ပါ့)၊ ဟို ဝိတက်တွေက ဝင်နေတယ်။ (မှန်ပါ့ ဘုရား)။
ဒီတွင် ဘုရားက ဆိုင်းပါဦးကွ ဆိုပြီး နောက်တစ်ပြ လောက် ဆွမ်းခံ သွားပြန်တော့ အရှင်ဘုရား ဟောပါတော့ ဘုရား၊ မဖြစ်ဘူး ဆိုပြီး သကာလ ဟောခိုင်းတော့လဲ နေပါဦး ကွတဲ့၊ အမောက ကောင်းကောင်း မပြေသေးလို့။ (မှန်ပါ့ ဘုရား)။
အမော ကောင်းကောင်း မပြေသေးတော့ ဉာဏ်က ထက်ပါ့မလား။ (မထက်ပါ ဘုရား)။
မြင်တာ ကြားတာ ဖြစ်ပျက်ရှု
အဲဒါနဲ့ နောက်သုံးခါ ကျတော့ ကဲကွာ မင်းသည်ကား လို့ ဆိုရင် မြင်တာ ဖြစ်ပျက်ရှု (မှန်ပါ့)၊ ကြားတာကို (ဖြစ်ပျက်ရှုရပါ့မယ်)၊ အေး အဲဒါ အကုန် ရှုလိုက်လို့ ရှိရင် ပြီးတာပါပဲကွ ဆိုတော့ ဘုရားလဲ ဟောပြီးရော သူလဲ ရှုလိုက်တာပဲ၊ ရှုလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း မဂ်လေးတန်ကို ခြေထောက် မှီရင်း ရတယ်။ (မှန်ပါ့)၊ မမြန်ဘူးလား။ (မြန်ပါတယ် ဘုရား)။
အဲဒါ ဘာတုံးဆိုလို့ ရှိရင် ဒကာ ဒကာမတို့ ကဲ၊ မြင်တာရော ကြားတာရော,ဘာရော အကုန်လုံးပြီး သကာလ အကုန်သာ ဖြစ်ပျက် ရှုတော့ကွာ ဆိုတော့ ဒီတရားထဲ ပါတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)၊
လာသရွေ့ ဖြစ်ပျက်ရှုတာ ဒါရုစီရိယ ဟောနည်း
လာသရွေ့ ကို အကုန် ဘာလုပ်မယ် (ဖြစ်ပျက်ရှုရ ပါမယ်)၊ အဲ လာသရွေ့ ဖြစ်ပျက်ရှု ဆိုတော့ ဒကာ ဒကာမ တို့ ဒီကိလေသာ အလုပ်ကြီးကော ဆင်းရဲပေးမလို့ လာတာကော ကျုပ်တို့ကို ကန့်ကွက် နိုင်သေးရဲ့လား။ (မကန့် ကွက်နိုင်ပါ ဘုရား)။ သူ လာလို့ရှိရင်, သူ့စကား နားထောင်လို့ရှိရင် ကျုပ် တို့ အလုပ်ရှည်သွားမယ်။ (မှန်ပါ့)၊ အရ နှေးသွားမယ်။ (မှန်ပါ့ ဘုရား)။
အဲဒီတော့ သူ့စကားလဲ နားမထောင်ဘူး၊ တစ်ခါ တည်း ကြားထိုးပါ ဖြစ်ပျက် ရှုလိုက်လို့ ဘုန်းကြီးတို့ ပြောတာ၊ ဒါရုစီရိယ ဟောနည်းကို ပြောလိုက်တာ။ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ရိပ်မိပလား။ (ရိပ်မိပါပြီ)၊ ဦးမာဒင် ရိပ်မိပြီ။ (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဒီကပြန်တော့ ထိုင်တာပေါ့ဗျာ။ (မှန်ပါ့)၊ ထိုင်ကြည့်လိုက်တဲ့ အခါကျတော့ လာပြီးတော့ ကြားထိုးတာ ကတော့ လာမှာပဲ။ (လာပါတယ်)၊ လာတာ ဘာလုပ်ကြမယ်။ (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။
ရန်သူဟာ မိတ်ဆွေအဖြစ်နဲ့ အမှုထမ်းတယ်
အဲ ဖြစ်ပျက် ရှုလိုက်တော့ ပင်ပန်းဖို့ရာ သူက ကျုပ် တို့ကို အဖျက်သဘောနဲ့ လာတာ။ (မှန်ပါ့)၊ ကျုပ်တို့ က အပြုသဘောနဲ့ ရှာကြည့်လိုက်တော့ အဖျက်သဘောက အပြုသဘော ဖြစ်သွားတဲ့ အခါ ကျတော့ ကျုပ်တို့ ၏ ရန်သူ သည် ဟုတ်လား။ (မှန်ပါ့)။
ရည်ရွယ်ချက်က ရန်သူအဖြစ်နဲ့လာတာ။ (မှန်ပါ့)၊ ကျုပ်တို့ဆီ ရောက်တဲ့ အခါကျတော့ မိတ်ဆွေ အဖြစ်နဲ့ အမှုထမ်း သွားတယ်။ (မှန်ပါ့ ဘုရား)။
ဒီလို လုပ်ပစ်လိုက်လို့ ရှိရင် မကြာပါဘူး။ (မှန်ပါ့)၊ ကဲ ဒကာ ဒကာမတွေ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။
ချမ်းချမ်းသာသာ ကျင့် ရပြီ
ဒါဖြင့် ကိလေသာ ကြားထိုးတိုင်း ကြားထိုးတိုင်း ဘာလုပ်မယ် (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။
ဖြစ်ပျက် ရှုလိုက်တဲ့ အတွက် ဆင်းရဲစွာ ကျင့်ရမှာလား ဒကာ ဒကာမတို့ တဲ့၊ ချမ်းချမ်းသာသာ ကျင့်ရမှာလား။ (ချမ်းချမ်းသာသာ ကျင့်ရမှာပါ ဘုရား)။
ဟာ ကိုယ်က နဂိုက ဖြစ်ပျက် ရှုနေတာပဲ၊ သူ ကြား ထိုးပေမယ့် သူ့စကားမှ နားမထောင်တော့ ကျုပ်တို့ က သူလဲ အရှုခံလာတာပဲ ဆိုပြီး ဖြစ်ပျက်သာရှုလိုက်။ (မှန်ပါ့ ဘုရား)။
အဲဒါ ဉာဏ် ဘယ့်နှယ်ဖြစ်သွားသတုံး။ (ထက် သွားပါတယ်)၊ ဉာဏ်ထက်ပြီးတော့လဲ ဣန္ဒြေက မရင့်လား။ (ရင့်ပါတယ် ဘုရား)၊ ပညိန္ဒြေ ရင့်လာတယ်။ (မှန်ပါ့)။
ဒီနည်းအတိုင်း အမြဲ အားထုတ်ကြပါ
ဒါဖြင့် ချမ်းချမ်းသာသာ ကျင့်ရ၍ ဟုတ်လား။ (မှန်ပါ့)၊ ဣန္ဒြေ ရင့်လွယ် သောကြောင့် ဒကာ ဒကာမတို့ စတုတ္ထ ပုဂ္ဂိုလ် ဖြစ်ရမယ် (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီနေ့ အလုပ်ပေးနည်းကို သေသည့် တိုင်အောင် ခင်ဗျားတို့ မပျောက်ပါနဲ့။ (မှန်ပါ့)၊ အလွန် အရေးကြီးတဲ့ စကား ဆိုတာလဲ သိလောက်ပါပြီ။ (သိပါပြီ ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။
ကဲယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။