105

မာတိကာသို့

တရားထိုင်သူများအတွက် အားထုတ်စဉ်

အသံဖိုင်ခေါင်းစဉ်= သမာဓိအားကောင်းရန်လိုကြောင်း ပက္ကုသာတိမင်းကြီး ဥပမာပြ

စာအုပ်ခေါင်းစဉ်= တရားထိုင်သူများအတွက် အားထုတ်စဉ်

အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

တရားထိုင်သူများအတွက် အားထုတ်စဉ်

( နန္ဒိယ နှင့် ရေဝတီ )

(၆-၃-၅၆)

ကြိုပြောမယ် ဒကာမကြီးတွေ နားထောင်ကြ၊ အားလုံး နားထောင်ကြ၊ သမာဓိဆိုတာ ဘာတုန်းလို့ မေးလို့ရှိ ရင်ဖြင့် တည်ကြည်မှုကို ဆိုသည်။ အာရုံတစ်ခုကို တည့်တည့် မတ်မတ် ရှုနိုင်တာ သမာဓိလို့ မှတ်ကြပါ။

သမာဓိဆိုတာ

မိမိတို့ အလိုရှိတဲ့ဆီကို တည့်တည့် မတ်မတ် ရှုနိုင်လို့ ရှိရင် အဲတာ ဘာခေါ်ကြမယ် (သမာဓိပါ ဘုရား)၊

အေး မိမိအလိုရှိတဲ့ဆီကို တည့်တည့်မတ်မတ် ရှုနိုင်တာ သမာဓိ။

အဲဒါကြောင့် ပဋ္ဌာန်းပစ္စည်း ကျလို့ရှိရင် ဈာနပစ္စယော လို့ဟောလိုက်တယ်၊ ဈာန ပစ္စယော စိုက်၍ ရှုလိုက်သည် ဖြစ်၍ ကျေးဇူးပြုတတ်သော တရားသည် လည်းကောင်း၊ ပဋ္ဌာန်း နည်းနဲ့ဆိုရင် ဒါဟာ သမာဓိကို ဟောနေတာပဲ။

အဲတော့ကို အာရုံတစ်ခုကို စိုက်စိုက်စူးစူး ရှုတာသည် အဆိုးအကောင်း မရွေးပဲနဲ့ စိုက်စိုက် စူးစူး ရှုတာသည် သမာဓိ လို့မှတ်ကြပါ။ အဆိုး အကောင်းတော့ သူမရွေးဘူး၊ ရှုတဲ့အခါ မှာ အာရုံတစ်ခုကို စိုက်စိုက်စူးစူး ရှုလို့ရှိရင် ဘာခေါ်ကြမလဲ (သမာဓိပါ ဘုရား)။

မိစ္ဆာသမာဓိ

အဲဒါကြောင့် အဆိုးအကောင်းတော့ သမာဓိက မရွေးတတ်ပါဘူး၊ မိစ္ဆာသမာဓိ ကလည်းရှိတယ်၊ သမ္မာသမာဓိ ကလည်း ရှိတယ်၊ အခု အရှုခံ နေရာမှာ ဟောတာ ကတော့ဖြင့် အကောင်း ဘက်ကရှုတဲ့ သမာဓိလို့ မှတ်ပါ။

ခင်ဗျားတို့ ဓာတ်ရှင် ကြည့်ကြည့်၊ ဘုရားပွဲ ကြည့်ကြည့် သားရှိရာကို ကြည့်ကြည့်၊ ကတဲ့ ဆိုတဲ့ ပုဂ္ဂိုလ်တို့၏ ရှိရာကို ကြည့် အဲဒါလည်း ခင်ဗျားတို့ သမာဓိပဲ။ ဒါက မိစ္ဆာ သမာဓိ လို့ ခေါ်တယ်။

သမ္မာသမာဓိ

ဒီတရားထဲ ဘုန်းကြီးတို့ ပြောနေကျဖြစ်တဲ့ ဝေဒနာ ပေါ်၌လည်းကောင်း၊ ရုပ်ပေါ်၌ လည်းကောင်း စွဲအောင်ရှု နိုင်တဲ့ သမာဓိကတော့ သမ္မာသမာဓိ။

ပွဲကြည့်တယ်၊ ဓာတ်ရှင်ကြည့်တယ်၊ ကားနဲ့တည့် အောင်ရှုနိုင်တဲ့ ဒကာ ဒကာမတွေ၊ သဘင်သည် တွေနဲ့ တည့်အောင် ကြည့်နိုင်တဲ့ ဒကာ ဒကာမတွေ အဲဒါကျတော့ မိစ္ဆာ သမာဓိ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

သမာဓိနှစ်မျိုး

ပွဲလမ်း သဘင် ကြည့်တာကတော့ ဘာပါလိမ့် (မိစ္ဆာသမာဓိပါ ဘုရား)၊ မိစ္ဆာသမာဓိ၊ ဉာဏ်အမြင်နဲ့ ဖြစ်ပျက်တွေ ရှုနေတာကတော့ (သမ္မာသမာဓိ)၊ အေး သမ္မာ သမာဓိ၊ မိစ္ဆာသမာဓိ ဒကာသိုက်ရေ ဘယ်နှစ်မျိုး ပါလိမ့် (နှစ်မျိုးပါ)၊ အေး နှစ်မျိုးလို့ မှတ်လိုက်စမ်းပါ၊ နှစ်မျိုးလို့ မှတ်ကြစမ်းပါ။

ဒါကြောင့် မိစ္ဆာသမာဓိ ကလည်း သူ့ဟာနဲ့ သူတော့ တည့် တာပဲ၊ သမ္မာသမာဓိ ကလည်း သူ့ဟာလေးနဲ့ သူတော့ တည့်တာပဲ၊ အဲတော့ ဒီနေရာမှာ အရေးကြီးတာက ဒကာ ဒကာမတွေ သမ္မာသမာဓိ ကို အဓိက ထားပြောနေတယ်။

သမ္မာသမာဓိကို အဓိကထား ပြောနေတယ်၊ မယုံလို့ ရှိရင် ခင်ဗျားတို့ သမာဓိ ဆိုတာသည် အလွန်မှ အရေးကြီး တယ်၊ သမာဓိဟာ အလွန်မှ အရေးကြီးပါတယ်။

သမာဓိအလွန်အရေးကြီးသည်

ဘာဖြစ်လို့ သမာဓိသည် အလွန်မှ အရေးကြီးပါသလဲ လို့မေးတဲ့ အခါကျလို့ရှိရင် မနေ့က ပြောတယ်၊ သမာဓိ မပါဘဲနဲ့ သွားခဲ့သော် အလုပ်တစ်ခု လုပ်ခဲ့သော်၊ မယုံရင် သမာဓိ မပါ ဘဲနဲ့ ဓါးထက်ထက်နဲ့ ဒကာသိုက် ကြက်သွန်လှီးကြည့်၊ သမာဓိ မပါဘဲနဲ့ ဒီနေရာ လှီးပေမယ်လို့ ဒီနေရာမှ မတည့်လို့ရှိ ရင်ဖြင့်သမာဓိ မငြိမ်လို့ရှိရင်ဖြင့် ချက်ချင်း လက်ကို ဓါးထိ တယ်။ (မှန်ပါ့ ဘုရား)

ဒါဘယ်သူ ကင်းသွားတာတုံး ဆိုတာ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊ ဘယ်သူပါလိမ့် (သမာဓိပါ ဘုရား)။ သမာဓိ ကင်းသွားတာ။

ဒကာစိန်၊ ဘာကင်းတာလဲ (သမာဓိကင်းတာပါ) ဒကာစိန်တို့ တူရိုက်ကြည့်တဲ့ တည့်တည့် မတ်မတ် မသွားရင် (သမာဓိ ကင်းတာပါ ဘုရား)၊ သမာဓိ ကင်းတာ။

သမာဓိမတည်ရင် မဂ်ဉာဏ်မလာနိုင်

ဪ ဒါဖြင့် သမာဓိဟာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာ ရှုတဲ့နေရာမှာ သမာဓိ မတည့်သရွေ့ ကာလပတ်လုံး ခင်ဗျားတို့ မဂ်ဉာဏ် မလာနိုင်ဘူးဆိုတာ (မရနိုင်ပါ ဘုရား)။

တူရိုက်တာတောင်မှ လိုချင်တဲ့နေရာ မရိုက်မိလို့ရှိ ရင် ပစ္စည်းပျက်မှာပဲ (ပျက်မှာပါ ဘုရား)၊ ဟုတ်ဘူးလား (ဟုတ်ပါတယ်)၊ လိုချင်တဲ့ နေရာ ရိုက်မိတော့လဲ အဲဒါ အချိုးကျ (မှန်ပါ) လိုချင်တဲ့ နေရာ မရိုက်မိလို့ ချော်ချက်ပြီး ရိုက်မိခဲ့သော် (ပျက်မှာပါ ဘုရား)။

ဒီမှာလည်း ထိုနည်းတူပဲ၊ သမာဓိ ဆိုသော တရားက ခေါင်းဆောင်တယ်၊ သူက အရေး မကြီးဘူးလား (ကြီးပါ တယ်)၊ သမာဓိ အရေးကြီးတယ်တဲ့၊ သမာဓိဟာ အရေးကြီး တယ်

ဒါကြောင့် မနေ့က သံယုတ် ပါဠိတော်မှာ “သမာဓိတော ယထာဘူတံ ပဇာနာတိ။”

သမာဓိတည်ကြည်မှ အမှန်ကိုသိမြင်၏

သမာဓိတော- တည်ကြည်သော ပုဂ္ဂိုလ်အား၊ ယထာ ဘူတံ – ဟုတ်မှန်တဲ့ အတိုင်း (ဝါ) ဉာဏ်သည်၊ ပဇာနာတိ- အမှန်ကို သိ၏။

သမာဓိ တည်ကြည်ပြီ ဆိုမှဖြင့် ဒကာသိုက်ရေ အမှန် ကို ကြည့်လိုက်ရင် မြင်တယ်၊ သမာဓိ မတည်ကြည်ရင် (မမြင် ပါဘူး ဘုရား)၊ မမြင်နိုင်တော့ သမာဓိသည်ကား လို့ ဆိုလို့ရှိရင်ဖြင့် သူလည်း သူ့နေရာနဲ့သူ ခေါင်းဆောင်မှု ရှိတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ သူ့နေရာနဲ့သူ ခေါင်းဆောင်မှု ရှိတယ်လို့ မှတ်ကြစမ်းပါ။

သမာဓိ မပါလို့ရှိရင် ဘယ်အလုပ်မှ ဖြောင့်ဖြောင့် ဖြူးဖြူး သွားလိမ့်မယ်ဆိုတာကို အယုံ အကြည် မရှိပါနဲ့၊ သမာဓိ ပါပြီဆိုမှဖြင့် အလုပ်တစ်ခု ဖြောင့်ဖြောင့် ဖြူးဖြူး သွားတော့မှာ ပဲ၊ ဒါကြောင့် ဒကာစိန် ဘာအရေးကြီးလဲ (သမာဓိပါ ဘုရား)၊ အဲ သမာဓိ အရေးကြီးတယ်။

ဒါကြောင့် သမာဓိန္ဒြေ ဆိုတဲ့ဥစ္စာ၊ သမာဓိကြောင့် လည်း ကြီးစိုးပြီး သကာလ နေသေးတာ (မှန်ပါ့)၊ သူက လည်း ဉာဏ်ပေါ်ရင် ဉာဏ်နှင့် တကွ ဓမ္မတွေ ယှဉ်ဖော် ယှဉ်ဖက်တွေ အပေါ်မှာ ကြီးစိုးပြီး နေမှ သမာဓိန္ဒြေ ဆိုတဲ့ဥစ္စာ၊ သမာဓိကြောင့် ဣန္ဒြေ အဆင့် အထိကို ကြီးစိုးလာမှ ပညာ ကလည်း ဟုတ်တိုင်းမှန်စွာ သိလို့ရတယ်။

သမာဓိနဲ့ ပညာ ခွဲလို့မရ

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ လိုရာကိစ္စ ဆိုတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကြီးကို နိဗ္ဗာန်ကြီးကို ကိုယ်ပိုင် ကိုယ်တိုင် အဖြစ်နဲ့ အာရုံပြုသော အားဖြင့် ရောက်ချင် ရချင် ခဲ့လို့ရှိရင် သမာဓိ ဟာလည်း ခင်ဗျားတို့ ဖြစ်ပျက်ရှုတဲ့ နေရာမှာတော့ မရ,ရအောင် သမာဓိက ပိုပြီး ပညာနဲ့လည်း ရှုပေးပါ ဆိုတဲ့ဥစ္စာ၊ ဒီနှစ်ခုကိုဖြင့် မတွဲပဲနဲ့ ပြီးကို မပြီးဘူး၊ ဒကာသိုက် ရေ၊ (မပြီးပါဘူး)၊ မပြီးဘူးနော် ဒကာ ဒကာမတို့ (မပြီးပါ ဘုရား)။

အဲဒါကြောင့် သမာဓိ နဲ့ ပညာကိုဖြင့် ခွဲလို့ဖြင့် မရချေ ဘူး၊ တွဲပြီး အလုပ်လုပ်မှသာလျှင် ဒကာစိန်ရမယ်(မှန်ပါ့ ဘုရား)၊ ဆုံးဖြတ်ချက်ချကြပါ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

သူ့နေရာနှင့်သူ အရေးကြီးတယ်

အေး- ဒါကြောင့် သမာဓိ သည်ကားလို့ ဆိုလို့ရှိရင် သူ့ နေရာနဲ့ သူ အရေးကြီး၏။

“နတ္ထိဈာန မ ပညဿ ပညာနတ္ထိ အဈာယိနော၊

ယမှိဈာနဉ္စ ပညာစ သဝေနိဗ္ဗာန သန္တိကေ။”

ဓမ္မပဒ ပါဠိတော်မှာ ပါတယ်။

နတ္ထိဈာန၊ မပညဿ၊ အပညဿ =ပညာမရှိသော ပုဂ္ဂိုလ်အား၊ ဈာနံ- သမာဓိသည်၊ နတ္ထိ – မရှိ၊ ပညာမရှိ ပြန်လို့ရှိရင်လည်း၊ သမာဓိဟာ သူ့ချည်း သက်သက် အသုံး မကျပါဘူး (မှန်ပါ့)။

ပညာမပါလို့ သူ့ချည်းသက်သက် ဆိုရင်လည်း ဒီလောက် အသုံးမကျဘူး၊ ပညာနတ္တိ အဈာယိနော၊ အဈာယိနော -သမာဓိ မရှိတဲ့ ပုဂ္ဂိုလ်အား၊ ပညာ = ပညာသည်ကား ဆိုလို့ရှိရင်ဖြင့်၊ နတ္ထိ- မရှိနိုင်ပြန်ဘူး။

သမာဓိ မပါပြန်လို့ရှိရင်လည်း ပညာက ဟုတ်တိုင်း မှန်စွာ မသိနိုင်ပြန်ဘူး (မှန်ပါ့ ဘုရား)၊ အရေးကြီး တာချည်း ပဲနော် (မှန်ပါ့) အရေးကြီးတာ ချည်းပဲ။

ယမှိ ဈာနဉ္စ ပညာစ၊ ယမှိ – အကြင်ပုဂ္ဂိုလ်၌၊ ဈာနဉ္စ = သမာဓိသည် လည်းကောင်း၊ ပညာစ =ပညာသည် လည်းကောင်း၊ အတ္ထိ = ရှိ၏။ သမာဓိ၊ ပညာဟာဖြင့် တွဲထားရမယ် တဲ့၊ ဟုတ်ပလား (ဟုတ်ပါပြီ)။

သော နိဗ္ဗာနသန္တိကေ၊ သော – ထိုပုဂ္ဂိုလ်၊ ဝေ = စင်စစ်၊ နိဗ္ဗာနသန္တိကေ = နိဗ္ဗာန်အနီးသို့ ရောက်သည်၊ (ဝါ) နိဗ္ဗာန်တိုင် ဆိုက်ရောက်သည်၊ ဟောတိ = ဖြစ်၏။

သမာဓိနဲ့ ပညာသာ တွဲနိုင်ရင် ခင်ဗျားတို့ နိဗ္ဗာန် ရောက်တယ် (မှန်ပါ့)၊ ဒါ ဓမ္မပဒ ပါဠိတော်မှာ သူကိုယ် တော်တိုင် ဟောတာ၊ ကိုယ်တော်တိုင် ဟောတာ ဒကာ ဒကာမတို့၊ ကဲ ဒကာသိုက် ဘယ်လောက် အရေးကြီးသလဲ (အရေး ကြီးပါတယ် ဘုရား)

နတ္ထိဈာန မပညဿ၊ ပညာနတ္ထိ အဈာယိနော၊

ယမှိ ဈာနဉ္စ ပညာစ၊ သဝေ နိဗ္ဗာန သန္တိကေ။

ဆိုတော့ ေဩာ် မြတ်စွာဘုရား သခင်ကိုယ်တော် မြတ်ကြီးသည် “အသစ္စဝစနံ ဗုဒ္ဓံ” ဆိုတဲ့ အတိုင်း နှစ်ခွန်းသော စကား မပြောဘူး၊ ပညာနဲ့ သမာဓိ တွဲသာလွှတ် မင်းတို့ နိဗ္ဗာန် ရောက်မယ် ဆိုတာဖြင့် အမှန် ပြောခဲ့ပါတယ် ဆိုတာ ဒကာ ဒကာမတို့ ဆုံးဖြတ်ချက် ချပါ။

သမာဓိ နှင့် ပညာတွဲလွှတ်မှ နိဗ္ဗာန်ရောက်မယ်

ဒေါ်အုန်းခင် နှစ်ခုတွဲရမယ်နော်၊ နှစ်ခုတွဲရမယ်၊ နှစ်ခုတွဲရမယ်၊ နှစ်ခုတွဲ ရမယ်တဲ့၊ သမာဓိနဲ့ ပညာနဲ့ဖြင့် နှစ်ခု တွဲပြီး သကာလ၊ ဒကာ ဒကာမတို့ တကယ်တမ်း ကြိုးစားလိုက် မယ်ဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန် မရောက်လို့ရှိရင် ဘယ်နည်းနှင့်မှ မဖြစ်နိုင်ဘူး၊ နိဗ္ဗာန်ကို မုချ ရောက်ရမယ်လို့ ကိုယ်တော်မြတ် ကြီးသည်ပင်လျှင် တာဝန်ခံ ပါသည် (မှန်လှပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ဒါလောက် တာဝန်ခံ ကောင်းတဲ့ ကိုယ်တော်ကြီး၊ ဘယ်ပုဂ္ဂိုလ် ဘယ်အချိန် နိဗ္ဗာန် ရရမယ်၊ ဘယ်ပုဂ္ဂိုလ် ဘယ်အချိန် သေလိမ့်မယ်၊ ဘယ်ပုဂ္ဂိုလ် ဘယ်အချိန် မြေမျို လိမ့်မယ် ဆိုတဲ့ ဥစ္စာများ ဘုရားလက်ထက် က သက်သေ သာဓကတွေ ထောက်ပြီး ကြည့်လိုက်လို့ ရှိရင် ဖြင့် တစ်လုံးမှ မလွဲဘူး။

ဘုရားကတာဝန်ခံတယ်

မှန်တာနဲ့ အဓိပ္ပါယ် ရှိတာချည်းပဲ၊ မှန်တာနဲ့ အဓိပ္ပါယ် ရှိတာချည်းကို သာလျှင် ပြောလေ့ ဆိုလေ့ ရှိသောကြောင့်။ သမာဓိ မပါရင်လည်း၊ ပညာက ဟုတ်တိုင်းမှန်စွာ မသိဘူးတဲ့ (မှန်ပါ့) သမာဓိချည်း သက်သက်လည်း မဖြစ်နိုင်ဘူးတဲ့၊ သမာဓိ ပညာ တွဲလွှတ်လို့ရှိရင် နိဗ္ဗာန် ရောက်နိုင် ပါတယ်လို့ သေသေချာချာ တာဝန်ခံ ပါတယ် (မှန်လှပါ ဘုရား)။

ဒါကြောင့် သမာဓိပညာ တွဲပြီး သကာလ ခင်ဗျားတို့ စဉ်းစားကြည့်၊ သမာဓိ မပါလို့ရှိရင် ဟောဒီ လက်ညှိုးကလေးပဲ။ သမာဓိ မပါပဲနဲ့ ထိုးကြည့်၊ ထိုးချင်တာက အရှေ့ ဆိုရင် ရောက်တာက အနောက် ဖြစ်ချင် ဖြစ်မယ်။

ဘာကြောင့်လည်း (သမာဓိ မပါလို့)၊ သမာဓိ မပါဘူးတဲ့၊ တစ်ခါတလေ ကျတော့ သမာဓိ မပါပဲနဲ့ သွားကြည့်၊ သွားချင်တာက ဘယ်လဲ၊ အခန်းထဲ သွားချင်တယ်၊ ရောက်တာ က ဘုရားခန်းဆီ ရောက်ချင် ရောက်နေတယ်၊ အဲဒါ ဘာလို နေတာလဲ (သမာဓိ လိုနေပါတယ်)။

ဪ သမာဓိလိုပြီ ဆိုမှဖြင့် သွားချင်တာက တစ်မျိုး၊ ရောက်တာက (တစ်မျိုးပါ)။ အဲတော့ သမာဓိ မပါလို့ ရှိရင်ဖြင့် ရောက်ချင်တဲ့ နေရာဌာန ရောက်ဖို့ အရေးကို လည်း အတော် ကွာဝေး နေတယ် ဆိုတာ ဒကာ ဒကာမတို့ မှတ်ကြပါ။

သမာဓိ အားကောင်းရင် လောဘ၊ ဒေါသ အာရုံတွေ မလာတော့ဘူး

ေဩာ် ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ် ကြီးသည် “ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ” – သမာဓိသည် ဝိပဿနာ အပေါ်မှာ ရှုတော့မယ် ဆိုလို့ရှိရင် ဖြင့် ဒီရုပ်တွေဟာ မသေးဘူးဟေ့ မောင်စောမောင်ရေ၊ ငါးပါး အာရုံ ကာမဂုဏ်ကို ခင်မင်နေတဲ့ လောဘတွေကို သေနိုင် တယ်၊ ဝိဝိစ္စေဝ ကာမေဟိ။ ကာမေဟိ = ကာမဂုဏ်တို့၌ ဝိဝိစ္စေဝ =ဆုတ်ယုတ် လာ၏။

သမာဓိ အားကောင်း လာပြီဆိုမှ ဖြင့် လောဘ အာရုံ၊ ဒေါသ အာရုံတွေ မထင် မလာတော့ဘူး (မှန်လှပါ ဘုရား)၊ မလာတော့ဘူးတဲ့ ဒေါ်ရွှေ (မလာပါ ဘုရား)။

သမာဓိ အားကောင်းရင် အကုသိုလ် တရားမလာဘူး

မလာတော့ဘူးတဲ့- သမာဓိ အားကောင်း လာလို့ရှိရင် သမာဓိ အားကောင်း လာလို့ရှိရင် ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ အကုသိုလ် တရားတွေလဲ မလာတော့ဘူး၊ ဒါ ဘာ အားကောင်း လာလို့လဲ (သမာဓိ အားကောင်းလာလို့)၊ သမာဓိအား ကောင်းတယ်တဲ့။

သမာဓိ အားကောင်း ပြီးနေပြီ ဆိုမှဖြင့် ငါးပါးအာရုံ ကာမဂုဏ် မလာ၊ အကုသိုလ် ဓမ္မတွေ အနား မသီနိုင် ဆိုတော့ ဪ သမာဓိ တန်ခိုးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဉာဏ် တွေ အားကိုးတဲ့ တရားထူး တရားမြတ်ပဲလို့ မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ်)။

အဲဒါကြောင့် သမာဓိနဲ့ ပညာကိုဖြင့် ခုနက ပါဠိတော် အတိုင်း ဒကာ ဒကာမတွေ ဘယ်အခါ ကာလမှ ခွဲခွာပြီး သကာလ မလုပ်ကြပါနဲ့လို့ ပြောလိုက်တယ်။

သမာဓိညံ့နေပြီဆိုရင်

ဒါကြောင့် ကိုယ့်အိမ်ထဲမှာ ကိုယ် နေတဲ့ အခါတောင် သမာဓိ ညံ့နေပြီဆိုမှဖြင့် သွားနေကျ နေရာ ချော်လဲတယ်၊ သွားနေကျ နေရာမှာ တိုက်မိတယ်၊ ဒါ ဘာကြောင့်တုံး ဒေါ်အုန်းခင်တို့ (သမာဓိ ကြောင့်ပါ ဘုရား)။

သွားနေကျနေရာ၊ လာနေကျနေရာ ချော်လဲရတယ်၊ (မှန်ပါ့)၊ သွားနေကျ နေရာ ဒီနေရာ ရှောင်ကွေ့ သွားရမည့် နေရာ တိုက်မိတယ်၊ ဘာကြောင့်ပါလိမ့် (သမာဓိကြောင့် ပါ)၊ ဒါကြောင့် ခင်ဗျားတို့ ကိုယ့်အိမ် ကိုယ့်ယာမှာတောင် တစ်ခါတလေ ကျလို့ရှိရင်ဖြင့် တိုက်မိသေးတယ် ဆိုတော့ ခင်ဗျားတို့က အဖြေက ခတ်ကောင်းကောင်း (မှန်ပါ့)။

လျှာနှင့် သွားတောင် ကိုက်မိသေးတာပဲ၊ ဘယ်လိုများ လာထားပါလိမ့်၊ (လျှာနဲ့သွားတောင် ကိုက်မိ သေးတာပဲလို့) ဒေါ်အုန်းခင်ကြီးက စကားတတ်တွေကိုးဗျ၊ သမာဓိ ကင်းတာတော့ ထည့်မပြောဘူး တစ်ခါတလေ ဖြစ်မှာပေါ့။

အမလေး ဒကာ ဒကာမတွေက သမာဓိ ကင်းတာကို အဖြေ ထွက်ပေးတယ်၊ ဒကာသိုက်တို့က တယ်လည်း စကား တတ်ပါလား၊ ဟင် လျှာနဲ့သွားတောင် ကိုက်မိသေးတာပဲကွာ ဘယ်တတ် နိုင်ပါ့မလဲ၊ တစ်ခါတလေ လျှာလွဲတဲ့ ဥစ္စာပဲ ဆိုတော့ မင်း သမာဓိ လိုတယ်လို့ ဒေါ်ရွှေ ပြောဘူးရဲ့ လား (မပြောဘူးပါ ဘုရား) ညှာတယ်ဗျ။

သမာဓိ လိုနေတာကို ပင်လျှင် မပြောမိဘူး၊ သို့သော် သူများလည်း မဟုတ်ပါဘူး၊ ကိုယ် ကိုယ်တိုင်က ဒီအလုပ်ကို မလုပ်ဖူးလို့ (မှန်ပါ့)။

ဒီအဓိပ္ပါယ်မျိုး တွေလည်း ကိုယ်က မသိဘူးဆိုတော့ သမာဓိလိုလို့ သာလျှင် ကိုယ်က လွဲရတယ်၊ ကိုယ်က မတိုက် သင့်တဲ့ ပစ္စည်းနဲ့ တိုက်မိရတယ်၊ ဒါတွေကျတော့ (သမာဓိ လိုလို့ပါ ဘုရား)၊ သမာဓိ လိုတယ်တဲ့။

အဲတော့ ဒကာ ဒကာမတို့ သမာဓိ ပညာကို ဘယ်လို လုပ်ကြမလဲ (သမာဓိ ပညာကို တွဲလွတ် ရပါမယ်) တွဲပြီးတော့ ခင်ဗျားတို့ လိုချင်တဲ့ အာရုံပေါ်မှာ ထားပါ၊ ဟင် ခင်ဗျားတို့ လိုချင်တဲ့ အာရုံပေါ်မှာ ထားပါ။

ထိုကဲ့သို့ နှစ်ခုထားလို့၊ နှစ်ခု ညီမျှခြင်းရှိပြီး သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ၊ သူကလည်း သဒ္ဓိန္ဒြေ ဆိုတော့ သူ ကလည်း ကြီးစိုးတယ်၊ ပညာကလည်း သူ့ဟာသူ ကြီးစိုးပြီး နှစ်ခု စလုံးတွဲပြီး သူတို့ နှစ်ခုသည်ကား လို့ဆိုရင် ဗြောင် ကြီး စိုးနိုင်ကြပြီ။ မင်းနဲ့ ငါနဲ့ဖြင့် အတူတူ တန်းတူပြီ ဆိုတဲ့ တစ်နေ့ ကျလာလို့ ရှိရင်ဖြင့် ခင်ဗျားတို့ အနိစ္စ အချက်ကလေးတွေဟာ ဘယ်မှ မပြေးနိုင် တော့ဘူး (မပြေးနိုင်ပါဘူး)၊ တစ်ခါတည်း တိုက်ရိုက် ဖမ်းမိ တော့တာပဲ ဒေါ်အုန်းခင် (တိုက်ရိုက် မိပါတယ်)။

သမာဓိကတော့ သမာဓိန္ဒြေ ထိုက်ရမယ်၊ ပညာ ကလည်း ပညိန္ဒြေ ထိုက်မယ် ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ခင်ဗျားတို့ အနိစ္စ ကိုဘယ်ပြေးမလဲ (မပြေးနိုင်ပါ ဘုရား)၊ သမာဓိ ပညာတို့၏ မျက်မှောက် ရောက်မလာဘူးလား (ရောက်လာပါတယ် ဘုရား)။

အဲ မျက်မှောက် အောက်ေ ရာက်လာတယ်၊ အဲဒီကဲ့ သို့ သမာဓိပညာတို့၏ မျက်မှောက် အောက်ကို ရောက်လာ လို့ရှိရင်ဖြင့် ေဩာ် တစ်ခါတည်းသာ မှတ်ပေတော့၊ ခုနက ခင်ဗျားတို့ ဖြစ်ပျက် ကလေးဟာ တစ်ခါတည်း၊ အရင်တုံးကတော့ အပျက် ကလေးသာ ဖြစ်နေတယ်။

သမာဓိနှင့်ပညာ ဣန္ဒြေထိုက်လာတဲ့အခါ

သူတို့နှစ်ခု ကြီးစိုးလာလို့ ရှိရင် သမာဓိကော ပညာကော ဣန္ဒြေ ထိုက်လာပြီ၊ ဗိုလ် ထိုက်လာပြီ ဆိုမှဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာလေးကို မဖြစ်ချင်ပါဘူးဆိုလို့၊ အပျက် ကလေးက မနေရတော့ဘူး (မှန်ပါ့)။

ဒုက္ခသစ္စာလေးဟာ ဖြစ်နေတယ်၊ ဒါဖြင့် သမာဓိက လည်း ဣန္ဒြေ အဖြစ်နဲ့ ကြီးစိုးပေးဖို့၊ ပညာကလည်း ဣန္ဒြေ အဖြစ်နဲ့ ကြီးစိုးခဲ့သည် ရှိသော် ဘုန်းကြီးတို့ ဒကာ ဒကာမတို့ရဲ့ လိုရာ မဂ္ဂင်သည်၊ ဒီနှစ်ခုသည် သူများအပေါ်မှာ ကြီးစိုးပြီး သူတို့ ကိုယ်တိုင် လွှမ်းမိုး နိုင်တဲ့အခြေအနေ ရောက်နေ သောကြောင့် မဂ္ဂင်ရှစ်ပါးထဲက သူတို့ကြီးစိုးပြီး လာသောကြောင့် သေသေ ချာချာ သူတို့မြင်တာက ဒုက္ခသစ္စာ၊ သူတို့နှစ်ခုက မဂ္ဂသစ္စာ ဒီလိုလာ ဖြစ်တာကိုး။

သူတို့က ဘယ်လောက် ထိအောင် ကြီးစိုးသလဲဆို တော့ ဒကာ ဒကာမတို့ ကိလေသာ ရန်သူတွေဆိုတဲ့ ငါးပါး အာရုံ ကာမဂုဏ်တွေ၊ အကုသိုလ် တရားတွေ ဟေ့ မင်းတို့ အနား မသီကြနဲ့၊ မင်းတို့ နေရာ မဟုတ်ဘူး ဆိုပြီး တစ်ခါတည်း သူတို့က ဒီနေရာ သူတို့ကြီးစိုး နေတဲ့အတွက် ဟိုဟာ တွေဟာ အနားသီလို့ ရသေးရဲ့ လား (မရပါ ဘုရား)။

မသီနိုင်တာသည် ဒကာ ဒကာမတို့ သူတို့သည် ဣန္ဒြေ အဖြစ်နဲ့ ကြီးစိုးပြီး သကာလ မဂ္ဂင် အဖြစ်သို့ ရောက်အောင် ပျောက်သွားသောကြောင့် “ကိလေသေ မာရန္တော” ဖြစ်တယ်၊ ကိလေသေ- ကိလေသာ တို့ကို၊ မာရန္တော -သတ် လျက်၊ နိဗ္ဗာနံ ဂစ္ဆတိ- နိဗ္ဗာန်သို့ သွား၏။

နိဗ္ဗာန်ဘက်အာရုံပြုတယ်

တစ်ခါတည်း သမာဓိနဲ့ ပညာက နိဗ္ဗာန်ဘက်ကို အာရုံပြု လိုက်တယ်၊ ဖြစ်ပျက်ကလေး ကျော်ဖြတ်ပြီး သကာလ ဖြစ်ပျက် ကလေး မရှိပဲနဲ့၊ ဖြစ်ပျက် အဆုံးဆိုတဲ့ ဖြစ်ပျက်ကလေး ချုပ်သွားတဲ့ အဆုံး၊

“ဒုက္ခဿန္တံ ကရိဿတိ” ဆိုတဲ့ အဲဒီဒုက္ခ အဆုံးကလေး၊ တစ်ခါတည်း အာရုံပြုပြီး သကာလ အကုသိုလ် တရားတွေ၊ ဒုက္ခ အဆုံးနော် သူက သမာဓိ ပညာ က သူက ဣန္ဒြေ္ဒလည်း ထိုက်ပါရော၊ ဒုက္ခအဆုံးကို မြင်ပါရော၊ ရန်သူတွေလည်း အဲဒီအချိန်မှာ သူတို့ ကြီးစိုးနေတဲ့ အတွက် တစ်ခါတည်း ဒို့နေရာ မဟုတ်တော့ပါဘူး၊ ဒို့ကိုဖြင့် သူတို့က နှင်ပါပေါ့ ဆိုပြီး တစ်ခါတည်း ပြေးတော့တာပဲ (မှန်ပါ့)။

သစ္စာလေးချက် တစ်ပြိုင်နက်

အဲဒီကဲ့သို့ပြေးသောကြောင့် ကိုယ့်အာရုံသည် နိရောဓသစ္စာ၊ ဒုက္ခအဆုံးက နိဗ္ဗာန်က နိရောဓ သစ္စာ၊ သူတို့ နှစ်ခုနှင့် တကွ အပေါင်း အဖော်တွေက မဂ္ဂသစ္စာ၊ ပြေးတဲ့ တရားတွေက သမုဒယတွေ ချုပ်ကုန်တယ်၊ သမုဒယ အကြောင်းတွေ အကုန်ချုပ်တယ်။

အဲဒီ အကုသိုလ် တရားတွေရော၊ ဒါတွင် မကသေးပါ ဘူးတဲ့ ကုသိုလ် တရားတွေ တောင်မှ သာမည ဝဋ်ထဲ ဝင်တဲ့ ကုသိုလ် တရားတွေတောင် ချုပ်သွား လိုက်သေးတယ်။

လူကောင်၊ နတ်ကောင်မဖြစ်တော့ဘူး

ချုပ်သွားပြီး သကာလ ကုသိုလ် အကုသိုလ် တို့က ဒီလူ ချမ်းသာ၊ နတ်ချမ်းသာတွေ ပေးမယ်လို့ လုပ်တာတွေ တောင်မှ မပေးနိုင်တော့ပဲနဲ့ ပဋိသန္ဓေနေမှုက စပြီး သိမ်းလိုက်တဲ့ အတွက် လူကောင်၊ နတ်ကောင်၊ ဗြဟ္မာကောင်တွေ ဖြစ်နိုင်သေးရဲ့လား (မဖြစ်နိုင်ပါဘူး)။

အဲဒီမဖြစ်နိုင်သည့် တိုင်အောင် သမာဓိနဲ့ ပညာကြီးစိုး လာပြီ ဆိုမှဖြင့် ကုသိုလ်နဲ့ အကုသိုလ် တွေဟာ တစ်ခါတည်း ဗိုင်းဗိုင်းလဲပြီး သကာလ ဒို့အကျိုး ပေးမယ်လို့ စောင့်ပြီး နေတာတွေ၊ ဒုက္ခတွေ အကျိုးပေးမယ်လို့ စောင့်နေတာတွေ၊ ဝဋ်ကုသိုလ်နဲ့ အကုသိုလ်တွေဟာ တစ်ခါတည်း ဗိုင်းဗိုင်းလဲ ပြီး သကာလ ပဋိသန္ဓေက စပြီး ချုပ်ပြီး အို နာသေ ပစ်ရတယ် ဆိုတာ တထစ်ချ မှတ်ပါ။

ဣန္ဒြေထိုက်ဖို့အရေးကြီးတယ်

ဒါဖြင့် ဣန္ဒြေ ထိုက်ဖို့ အတော် အရေးကြီးတာပဲ (ကြီးပါတယ်)၊ အင်မတန် အရေးကြီးတယ်၊ သမာဓိန္ဒြေ ပညိန္ဒြေ ဖြစ်လာဖို့ ဒကာ ဒကာမတွေ ကနေ့ည တရားမှာ အထူး မှတ်ပါ။

သမာဓိန္ဒြေ ဆိုတာ သမာဓိက ကြီးစိုးလာတယ်၊ ပညိန္ဒြေ ဆိုတာ ပညာက အားလုံး အပေါ်မှာ ကြီးစိုး လာတယ်၊ ကြီးစိုးလာတယ် ဆိုကတည်းက သူက အပေါင်းအဖော်တွေ ဟူသရွေ့ သည် သူတို့နှစ်ခု အလိုကျ မလိုက်ကြဘူးလား (လိုက်ကြရပါတယ်)။

သတိကလည်း သူတို့ နောက်လိုက်ကွာ၊ သမ္မာဝါစာ၊ သမ္မာသင်္ကပ္ပ တွေကလည်း သူတို့ နောက် လိုက်ကွာ ဝီရိယ တွေကလည်း ဝီရိယိန္ဒြေ အဖြစ်နဲ့ သူကလည်း ခေါင်းဆောင် ပြီး သကာလ သူကလည်း အစီအစဉ် အတိုင်း ကြိုးပမ်းမယ် ဆိုပြီး ပါလာတာပဲ။

ဒါကြောင့် သတိန္ဒြေ ၊ သမာဓိန္ဒြေ ၊ ပညိန္ဒြေ ၊ ဝီရိယိန္ဒြေ ၊ ဒါတွေဟာ ဣန္ဒြေ ထိုက်လာပြီ ဆိုမှဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အလိုရှိတဲ့ ဒုက္ခသစ္စာလေးကို ပိုင်းခြားပြီး နိရောဓ သစ္စာကို မျက်မှောက် ပြုလိုက်တယ် (မှန်ပါ့)။

သူတို့ ဣန္ဒြေ ထိုက်လာတယ်၊ သူတို့ ဣန္ဒြေ ထိုက်လာ ရော အကုသိုလ် ရန်သူတွေ၊ ဝဋ်ထဲပေးမဲ့ ကုသိုလ် ရန်သူတွေလည်း ချုပ်သွားတယ်၊ ချုပ်သွားတော့ နောက် ဇာတိ၊ နောက် ဇရာ၊ နောက်မရဏ ဆိုတာ ဒေါ်အုန်းခင် လာစရာ ရှိသေးသလား (မရှိပါ)။

အင်း သစ္စာလေးချက် တစ်ပြိုင်နက် ဖြစ်လာတာ၊ သူတို့ ဣန္ဒြေ ထိုက်လာဖို့ အရေးဟာ အတော် မကြီးဘူးလား ကြီးပါတယ်။

ပါရမီဆိုတာ ဘာပါလိမ့်

ဒါဖြင့် ဒကာ ဒကာမတွေ ဒီလိုလုပ်ကြပေတော့၊ ပါရမီ ပါရမီ ဆိုတာ ခင်ဗျားတို့က ဘာပါလိမ့်မလဲ ဆိုလို့ရှိရင် သမာဓိ ရိုးရိုးက သမာဓိန္ဒြေ ရှင်းပလား (ရှင်းပါပြီ)။

နဂိုကတော့ သမာဓိ ရိုးရိုးလေးနဲ့ ရှိတယ်၊ ရှုပါများလာ တော့၊ ဒီသမာဓိက သူများ အပေါ် ကြီးစိုးတဲ့ သမာဓိ ဖြစ်တယ် (ဖြစ်ပါတယ် ဘုရား)၊ အဲတော့ သမာဓိထက် သမာဓိန္ဒြေ က ရင့်တယ်။

သမာဓိနဲ့သမာဓိန္ဒြေ ဟာ သမာဓိချင်း အတူတူပဲ၊ သို့ သော် ပထမ သမာဓိက သူများ မကြီးစိုး နိုင်ဘူး၊ နောက် အားထုတ်ပါ များတော့ သမာဓိက သူတစ်ပါး ကြီးစိုး လာတယ်၊ ရန်သူတွေ အနား မကပ်အောင် လုပ်နိုင် လာတယ်၊ ဟုတ် ပလား (မှန်ပါ)။

နောက်ကျတော့ ဒီသမာဓိ သည်ပင်လျှင် ဣန္ဒြေ္ဒတွေ ဖြစ်လာတယ်၊ နောက်ကျတော့ ဒီထက် ကြီးကျယ်တဲ့ မဂ္ဂင်ကြီး ဖြစ်လာတယ်၊ ပါရမီရင့်တယ် ဆိုတာ ဒါပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ပါရမီရင့်တယ်ဆိုတာ ဘယ်လိုမှတ်သတုံး

ပါရမီရင့်တယ်ဆိုတာ ဒကာ ဒကာမတို့ သေသေ ချာချာ မှတ်ထားကြပါ၊ ပါရမီ ရင့်တယ် ဆိုတာ ခင်ဗျားတို့က ဘယ်လိုမှတ်တုံး၊ တစ်ဘဝထက် တစ်ဘဝစီ မှတ်နေတယ်။

သေသေချာချာ လွဲတယ် ဒီဥစ္စာ၊ တစ်ဘဝထက် တစ်ဘဝ ခင်ဗျားတို့ သာဝကတွေ ဒီလို မယူပါနဲ့။

ဘုရားလို့ဆိုတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘုရားဆိုတဲ့ ဘုရားလောင်းတွေ ကျတော့ ယူတာပေါ့။ ခင်ဗျားတို့လို ကျတော့ ဒီလိုမယူပါနဲ့။

တရားထိုင်သူများအတွက် အားထုတ်စဉ်

ပထမရှုစ်မှာ သမာဓိ၊ ရှုစမှာတော့ သမာဓိနဲ့ ပညာ နဲ့တွဲနေတယ်၊ သမာဓိကလည်း ရိုးရိုးပဲပေါ့၊ ခံနိုင်ရုံပေါ့၊ ပညာ ကလည်း ခပ်အေးအေးပဲ ဆိုတော့ ဖြစ်ပျက်မြင်တယ်။ မြင်ပါတယ်၊ မြင်ပင်မြင်ငြား သော်လည်း အကြောင်းတွေ မမြင်ဘူး (မှန်လှပါ ဘုရား) မြင်စရာ ကျန်သေးတယ်။

ဒါသမာဓိပညာ ရိုးရိုးမြင်နော်၊ ရိုးရိုးသမာဓိ၊ ရိုးရိုး ပညာ ဖြစ်နေတယ်၊ နောက်ကျတော့ ဒကာ ဒကာမတွေက ဆရာဘုန်းကြီးက ပြောတယ်၊ ဣန္ဒြေ္ဒ၊ သမာဓိတွေ အကြီးကြီး ကိုဖြစ်ရမယ်၊ ပညာကိုလဲ အကြီးကြီး ဖြစ်အောင် လုပ်မယ်။

ဆိုပြီးသကာလ၊ စိတ်ပြင်းပြပြီး သကာလ၊ သမာဓိ ဆို ရင်လည်း မလျော့ဘူးကွ၊ ပညာကိုလည်း မလျော့ဘူးကွ ဆိုပြီး ခုနက ထက် အားတွေ တိုးမလာဘူးလား (လာပါတယ် ဘုရား)၊ တိုးလာရင် ခုနကထက် အနိစ္စ အချက်ကို စွန့်တယ်၊ သဘော ကျပလား(ကျပါပြီ ဘုရား)။

နောက်ကျလာတဲ့ အခါကျတော့ ဒီလိုတွင် မကဘူး၊ ဒကာ ဒကာမတို့ ဒီထက် တိုးလိုက်ဦး (မှန်ပါ့)၊ ကောင်းပြီ ကိလေသာ ရန်သူကို ဖြိုဖျက်နိုင်တဲ့ အခြေရောက်အောင်ဖြင့် ရှု သဖြင့် ပြတ်အောင် လုပ်ပါတော့မယ် ဆိုပြီး သကာလ၊ သမာဓိ မဂ္ဂင်၊ ပညာမဂ္ဂင် ဖြစ်အောင်သာ မင်းတို့က တစ်ဆင့်တိုးပြီး ကိလေသာ ရန်သူကို အပြုတ် တိုက်မဟ ဆိုပြီး သကာလ မင်းတို့ အားတင်း ပေးလိုက်လို့ရှိရင်ဖြင့် မဂ္ဂသစ္စာ ဖြစ်လာမယ်။

ပါရမီဆိုသော တစ်ဘဝထဲမှာဟောသည်

နဂိုက သမာဓိရိုးရိုး၊ နောက်သမာဓိန္ဒြေ ၊ နောက် သမာဓိမဂ္ဂင်၊ ဟော သုံးဆ တက်ယူရမယ်၊ ရိပ်မိပလား (ရိပ်မိ ပါပြီ)၊ ဒါဟာ တစ်ဘဝထဲမှာ ဟောသည် (မှန်လှပါ ဘုရား)။ ဘဝ ပြားသေးသလား (မပြားပါဘူး ဘုရား)။

အားထုတ်ရင် ဒီအတိုင်းဖြစ်ရမယ်

မင်းတို့ အားထုတ်စဉ် အတိုင်းနော်၊ ဟေ့ မောင်မြင့်တို့ မင်းတို့ အားထုတ်ရင် ဒီအတိုင်း ဖြစ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒီနေ့ည အားထုတ်စဉ် ပြောတယ်၊ ကြပ်ကြပ် သတိ ထား နားထောင်ပါ၊ ကြပ်ကြပ် သတိထား နားထောင်ပါ ဒကာ ဒကာမတို့၊ သတိထား နားထောင်ပါ ဆိုတာ၊ ပထမတော့ ရှုရှု၊ ရှူရူ ဆရာ ဘုန်းကြီးတို့ ရှူရှူ ဆိုတဲ့ ဝေဒနာတွေပေါ်ရာ လျှောက် ပြီး သကာလ သူ့သဘောထဲမှာ ကြားတဲ့ နေရာတွေ လျှောက် ရှုခိုင်းတာက ခင်ဗျားတို့ သမာဓိက ရိုးရိုး သမာဓိ (မှန်ပါ့)၊ ပညာကကော (ရိုးရိုးပညာ) အဲဒီတော့ မြင်တော့ မြင်ပါရဲ့ တဲ့ မြင်တန်သလောက် ရှုအား ရှိသလောက် မြင်တာပေါ့ဗျာ (မှန်ပါ့)။

သို့သော် ဣန္ဒြေ္ဒ မထိုက်သေးဘူး၊ မဂ္ဂင် မထိုက်သေး ဘူး (ဝါ) မဂ်မရသေးဘူး ဆိုတာပေါ့။ နောက်ကျတော့ ဒကာ ဒကာမတွေ ဘုန်းကြီးက အားပေးလိမ့်မယ်၊ သံဝေဂဉာဏ်တွေနဲ့ အားပေး လိမ့်မယ် (မှန်ပါ့)။

ဒါ မလုပ်မဖြစ်ဘူးနော်၊ မလုပ်မဖြစ်ဘူး ခင်ဗျားတို့ ဟိုမှာ ဒယ်အိုးကြီးတွေ ဆူနေတယ်၊ ငရဲမီးတွေ ဟုန်းဟုန်း တောက်နေတယ်၊ အဲဒါခင်ဗျားတို့၏ ပစ္စည်းတွေ၊ ဘုန်းကြီးက ဒီလို ပြောလိုက်တယ်။

မရ မရှိဘူး၊ ရအောင်လုပ်ပါ

ဟုတ်လည်း ဟုတ်နေတာကိုးဗျ၊ အဲဒီကဲ့သို့ ပြောလိုက် တဲ့အခါကျတော့ ဒကာ ဒကာမတွေက ကြောက်တယ်၊ မရ မရှိပါဘူးကွာ၊ ရအောင် လုပ်ပေါ့ ဆိုတော့ အခုနထက် မပြင်းလား (ပြင်းပါတယ်)။

သမာဓိကော မပြင်းဘူးလား (ပြင်းပါတယ်)၊ ပညာကော (ပြင်းပါတယ်)၊ ပြင်းတယ် ဒကာစိန်ရ (မှန်ပါ့)၊ အဲဒီလို ဒါကြောင့် နေ့တိုင်း သံဝေဂ ထည့်ပေးတယ် ဆိုတာ ခင်ဗျားတို့ သွေးပေးတာ ထက်အောင် ထက်သတဲ့ ထက်အောင်လို့ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

နို့မို့လို့ရှိရင် တရား နာရီဝက်လောက်ဆို ခင်ဗျားတို့ ကို ဒီဥစ္စာကြီး ထက်အောင်ကို အားပေး နေတာ (မှန်ပါ့)။ ဣန္ဒြေ ထိုက်လာအောင် (မှန်ပါ့)။

ဣန္ဒြေ ထိုက်လာတော့ ဒီဘဝတော့ ဒီဥစ္စာဖြင့် ဒီပြင် စိတ်တွေ အဝင်မခံဘူးကွာ၊ ဒီအပေါ်မှာကို အနိစ္စတွေလည်း မပြတ်စေဘူး၊ သမာဓိလည်း မပြတ်စေဘူး၊ ပညာလည်း မပြတ်စေဘူးဆိုတော့ မောင်စောမောင် ပြင်းမလာဘူးလား (လာပါတယ်)။

ထူးခြားတဲ့ အမြင်တွေ့လာမယ်

ပြင်းလာတဲ့ အခါကျတော့ ခုနက ရိုးရိုး အမြင်ထက်၊ ထူးခြားတဲ့ အမြင် မလာပေဘူးလား (လာပါတယ် ဘုရား)၊ အဲဒီလို ဆိုတော့ ရင့်မလာဘူးလားဗျာ (ရင့်လာပါတယ် ဘုရား)။

ရင့်ပြန်တော့ တစ်ခါဘုန်းကြီးက အားပေးပြန်တယ်၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ လုပ်တာလည်း၊ ငရဲမီးတော့ ငြိမ်းတန် သလောက်တော့ ငြိမ်းပြီး၊ ငြိမ်းတန် သလောက် ငြိမ်းတာက တစ်ဘဝ၊ နှစ်ဘဝပဲ ငြိမ်းသေးတယ်ဗျာ။

ငရဲမီး တစ်ခါတည်း ခင်ဗျားတို့နဲ့ သေခန်း၊ ရှင်ခန်း ပြတ်အောင် ငြိမ်းတန်ပြီဟေ့ ဆိုတော့မှ ဟာ ဒါဖြင့် ကြိုးစား ဦးမယ်ဗျာ၊ ဒီထက်ပို ကြိုးစားဦးမယ် ဆိုလို့ရှိရင်ဖြင့် သမာဓိက လည်း မဂ္ဂင်ဖြစ်လာမယ်၊ ပညာကကော (မဂ္ဂင်ဖြစ်လာမှာပါ ဘုရား)။

ငရဲမီးငြိမ်းပြီး ဒယ်အိုးပါပျောက်တယ်

အဲဒီ မဂ္ဂင် ဖြစ်လာတော့မှ ဒကာ ဒကာမတွေ ဟိုကမီး တွေက ငြိမ်းတာကိုးဗျ၊ ဒယ်အိုး တွေကလည်း အိုးပါပျောက်၊ မီးတွေကလည်း ပြာမကျန် အောင်ပျောက် (မှန်လှပါ ဘုရား)။

ဒကာစိန်ရေ ဒါဖြင့် မီးတွေဟ မကျန်အောင် ပျောက်အောင် ဒယ်အိုးတွင်မက အလုံးစုံ အကုန်ပျောက်အောင် ဒယ်အိုးတွင်မက အလုံးစုံ အကုန် ပျောက် အောင်ဖြင့် ခုနက သမာဓိ ရိုးရိုး တင်မနေပဲနဲ့ ဣန္ဒြေ္ဒ ကြီးကြီး ကျယ်ကျယ် ဣန္ဒြေ ဖြစ်အောင်လုပ် (မှန်ပါ့ ဘုရား)။

ဒီထက်တစ်ခါ အားတက်ပြီး သကာလ မဂ္ဂင်ဆိုက် အောင်လုပ်လိုက်မယ် ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ ငရဲမီးငြိမ်း၍ ပြာမကျန်အောင် အိုးတွေ ပျောက်၍ ကျုပ်တို့နှင့် ဘာမှမဆိုင် (တင်ပါ့)၊ အဲဒီ အခြေအနေ ခင်ဗျားတို့ ဒီဘဝ ရောက်မယ်၊ သဘောကျပလား (ကျပါပြီ)။

ငရဲအိုးဆူပြီး စောင့်နေတယ်

အဲတော့ အားထုတ်တဲ့ ပုဂ္ဂိုလ်ဖြင့် ငရဲမီးငြိမ်းပြီး အိုး ပျောက်မှာပဲ၊ အားမထုတ်ဘူး၊ ထုံးစံအတိုင်း တပည့်တော်တို့ အင်း နာတော့ နာပါတယ်၊ သို့သော်လည်း သားရေး သမီးရေး စီးပွားရေးက စိတ်၊ ရောင်းဝယ်ရေးက စိတ်၊ မအားမလပ် တာတွေက စိတ်ပဲ ရှိတယ်။

ခင်ဗျားတို့စိတ်ဟာ ကိစ္စမရှိဘူး၊ ခင်ဗျားတို့ သေရင် အဲဒီ ငရဲမီးကလည်း မငြိမ်းသေးဘူး၊ အဲဒီအိုးကြီး ကလည်း ဆူတာ၊ ခင်ဗျားတို့ စောင့်နေတာ (မှန်ပါ့ ဘုရား)။

ဘုန်းကြီးလျှောက်လို့လဲ မလွတ်ဘူး

ခင်ဗျားတို့က သားရေး သမီးရေးထည့်ပြီး ဘုန်းကြီးကို လာပြီး လျှောက်မနေနဲ့ (မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့ သွားရမည့် လမ်း၊ အဲတော့ ဘုန်းကြီး လျှောက်လို့လဲ လွတ်တာ မဟုတ်ဘူး၊ မရွှေ စောင်းဟော နေတယ်လို့ အောက်မေ့ မနေနဲ့ဦး၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ဆင်ခြေလဲစရာ လိုသေးလား (မလို ပါ ဘုရား)၊ ဒေါ်အုန်းခင်ကြီးက လဲချင် သေးသလား (မလဲချင်ပါ ဘုရား)၊ မလဲနဲ့ဗျ၊ ငရဲမီးငြိမ်းပြီး အိုးပျောက်မှ နေရာကျမယ် မဟုတ်လား (ဟုတ်ပါတယ် ဘုရား)။

အဲတော့ မင်းတို့သွားရင် အဆင်သင့်ပဲဟေ့၊ အင်း မင်းတို့ကလည်း မဂ်မရသေးဘူး ဆိုလို့ရှိရင် သွားရဦးမှာပဲ။ သွားရဦးမယ် ဆိုတော့ ဟိုက ရှိနှင့်တယ်လို့ မပြောဘူးလား (ပြောပါတယ်)။

ဒါကြောင့် တစ်နေ့က ပြောခဲ့တယ်မို့လား၊ နန္ဒိယက လူ့ပြည် ကျောင်းဆောက်တော့၊ ဒကာ ဒကာမတို့ သူမသေခင် က တာဝတိံသာ နတ်ပြည်မှာ ဘာဖြစ်သလဲ (ဘုံပေါက် ပါတယ် ဘုရား)။

လူ့ပြည်ကျောင်းဆောက်၊ နုတ်ပြည်ဘုံပေါက်

အံမယ်- မသေခင်က ပေါက်နေတယ် ဆိုတော့ အံ့ လိုက်တာ၊ ဟုတ်ဘူးလား (ဟုတ်ပါတယ်)၊ လူ့ပြည် ကျောင်းဆောက်တော့ နတ်ပြည် ဘုံပေါက်တော့၊ ခင်ဗျားတို့ က သိပ်ပြီး သဘောကျ တာပေါ့လေ (မှန်ပါ့)၊ တယ်လဲ ကျောင်းဆောက် ချင်ကြတယ်။

ခင်ဗျားတို့ အကုသိုလ် လုပ်နေတော့လည်း လူ့ပြည်က အကုသိုလ် လုပ်နေတော့ ငရဲဘုံ ပေါက်တာပေါ့ (တင်ပါ့)၊ ဒေါ်အုန်းခင် ဒီအထဲ ရိပ်မိပလား(ရိပ်မိပါပြီ)၊ ငရဲဘာ ဖြစ်သတုံး (ဘုံပေါက် ပါတယ် ဘုရား)။

အကုသိုလ်လည်း ငရဲဘုံပေါက်တယ်

ဘုံပေါက်တယ်၊ လာရင် အဆင်သင့်ဖြစ်ဖို့ (တင်ပါ့)၊ အဲတော့ ကြာနေမှာ စိုးရတယ်၊ ဒေါ်ရွှေရေ မျက်စိများ လည်နေမှာ စိုးလို့၊ ခက် ခက်ရချည့် ဘုံပေါက်ပြီးပြီ၊ လမ်းများမှား ဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ဘယ်လမ်း မှားလိမ့်မတုံး ဒကာ ဒကာမတို့က မိစ္ဆာ သမာဓိ ဟုတ်လား၊ မိစ္ဆာဉာဏ်၊ မိစ္ဆာသမာဓိ တွေကလည်း အဲဒါ မိစ္ဆာမဂ္ဂင် ဆိုတယ်၊ မိစ္ဆာမဂ္ဂင် ဆိုတော့ မဂ္ဂင်ဆိုတာ လမ်း မဟုတ်လား (ဟုတ်ပါတယ်)။

ခင်ဗျာဒယ်အိုးက ဒါပဲ

အံမယ် တယုတယ လိုက်ပို့ လိုက်တယ် (မှန်ပါ့)၊ မမှား ရပါဘူးတဲ့၊ ခင်ဗျား ဒယ်အိုး ဒါပါပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ မှားမှာကိုကော စိုးရိမ ်သေးသလား (မစိုးရိမ် ပါ ဘုရား)။

ခင်ဗျားတို့ မဂ္ဂင်ငါးပါးနဲ့၊ လောကုတ္တရာ မဂ္ဂင်ရတော့ နိဗ္ဗာန် လမ်းမှား သေးသလား (မမှားပါ ဘုရား)၊ တစ်ကြောင်း တည်းသော ခရီးလို့ ဘုရားက ဟောလိုက်သေး တယ် (မှန်ပါ့)။

ခင်ဗျားတို့ပြုထားတဲ့ အကုသိုလ်တွေ ကျတော့လည်း ဘယ်နှယ် ဆိုကြမလဲ (တစ်ကြောင်း တည်းသော ခရီးပါ) လမ်းမမှားဘူး၊ တစ်ကြောင်း တည်းသော ခရီး (မှန်ပါ့)၊ ဟုတ် ပလား ဒေါ်သန်းရဲ့ (ဟုတ်ပါတယ် ဘုရား)။

ဒါဖြင့် ဘယ်သူက လိုက်ပို့မှာလည်း ဆိုတော့ မိစ္ဆာသမာဓိရယ်၊ မိစ္ဆာဉာဏ်ရယ်၊ အဲဒီ နှစ်ခုက မဂ္ဂင်ဖွဲ့ပြီး လိုက်ပို့မယ် ဒေါ်အုန်းခင်ကြီးရ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲတော့ ခင်ဗျားတို့က မဂ္ဂင် ကျတောဖြင့် မဂ္ဂင်ဆိုတာ ဟေ့ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ” တဲ့၊ တစ်ကြောင်း တည်း သော ခရီးနဲ့ နိဗ္ဗာန် ရောက်တယ် ဒကာ ဒကာမတွေက မဂ္ဂင်ကျ ရင် သိပ်သဘော ကျတယ် (ကျပါတယ်)၊ ဟုတ်လည်း ဟုတ်တာပဲ။

တစ်ကြောင်းတည်းသောခရီး

ဒါဖြင့် နိဗ္ဗာန် မဂ္ဂင်ကလည်း တစ်ကြောင်းတည်းသော ခရီးပဲ၊ အပါယ်လေးပါး သွားမည့် ပုဂ္ဂိုလ် ဖြစ်ဖြစ်၊ တိရစ္ဆာန် သွား မည့် ပုဂ္ဂိုလ်ဖြင့် တိရစ္ဆာန် တစ်ကြောင်းတည်း ကျတယ် (မှန်ပါ့)။

ဟုတ်လား၊ ပြိတ္တာဘုံ ကျမည့် ပုဂ္ဂိုလ်ကော (တစ် ကြောင်းတည်း ကျပါတယ်)၊ အဲဒီတော့ ဒကာ ဒကာမတွေ ခုနက ပြောခဲ့တာနဲ့ ပြတ်ပါတယ်။

နန္ဒိယ လူ့ပြည် ကျောင်းဆောက်တော့ နတ်ပြည် ဘုံ ပေါက်တာကို ခင်ဗျားတို့ အကျေနပ်ကြီး မကျေနပ်ဘူးလား (ကျေနပ်ပါတယ် ဘုရား)။ ရှင်မောဂ္ဂလာန်ကြီး ပြန်လာတော့လည်း မယုံကြည် ဘူးလား (ယုံကြည်ပါတယ်)

အေး ငရဲမှာကျတော့လည်း ဒီလိုပဲ ဘုံပေါက်နှင့် မယ် ဆိုတာလည်း ရှင်မောဂ္ဂလာန် ငရဲလည်း ရောက်ပါတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အဲတော့ အဲဒီကျတော့ မသွား ချင်ဘူး ဆိုလို့ ရရဲ့လား (မရပါ ဘုရား)။

မသွားချင်ရင် ငြိမ်နေလို့မရဘူး

မသွားချင်ရင် ခင်ဗျားတို့ မဂ္ဂင် သွားအောင်လုပ် (မှန်ပါ့)၊ မသွားချင်ရင် ငြိမ်နေလို့ မရဘူးတဲ့၊ ခင်ဗျားတို့ သားရေး သမီးရေး၊ စီးပွားရေးနဲ့ မိစ္ဆာသမာဓိနဲ့ မိစ္ဆာဉာဏ်သာ သွားလုပ် နေကြမယ် ဆိုရင် မောင်ထွန်းလှိုင် မသွားချင်ပါဘူး နေလို့ မရဘူးနော် သွားရမှာပဲ (မှန်ပါ့)။

ဒီကလည်း မိစ္ဆာမဂ္ဂင် လမ်းမတော်ကြီးထဲသွားတယ်၊ သမ္မာမဂ္ဂင်ကလည်း လမ်းမတော်ကြီး (မှန်ပါ့)၊ အဲတော့ ခင်ဗျားတို့မှာ ဘုန်းကြီး ပြောနေတာက သမ္မာမဂ္ဂင် လမ်းမတော် ကြီးကို ပြောနေတယ် (မှန်ပါ့)။

ခင်ဗျားတို့က မိစ္ဆာ မဂ္ဂင်လမ်းမတော်ကြီးကို ခင်ဗျား တို့ နေပုံထိုင်ပုံက သွားချင်တဲ့သဘော၊ လုပ်ရတယ်၊ အဲတော့ ခင်ဗျားတို့က တေတယ်၊ ဆိုးတယ် ဆိုလို့ရှိရင် ခင်ဗျားတို့ ခံရတော့မှာပဲ (မှန်ပါ့)။

ဘာကြောင့်တုံး ဆိုလို့ရှိရင် လောဘ၊ ဒေါသ၊ မောဟ တွေ ရောင်းရေး ဝယ်ရေးနဲ့ ဝိပဿနာ အလုပ်ကိုတော့ မလုပ် ဘူး၊ လျော့ဈေး ဆိုပါတော့ဗျာ၊ ဪ ဘယ်သွားဖို့ အရေးက သာများ နေသလဲ (အပါယ် သွားဖို့ အရေးက များပါတယ်)။

အပါယ်သွားဖို့ အရေးက ဘယ်သူပို့မှာတုံး ဆိုတော့ မိစ္ဆာသမာဓိ၊ မိစ္ဆာဉာဏ် သဘော ကျပလား(ကျပါပြီ)၊ မိစ္ဆာ သမာဓိနဲ့ မိစ္ဆာဉာဏ်က ဘယ်ပို့မှာလည်း (အပါယ် ပို့မှာပါ ဘုရား)။

လမ်းဆုံရောက်နေပြီ ဘယ်လမ်းလိုက်မလဲ

အဲဒါလမ်းကိုဗျ၊ အဲဒီ လမ်းမတော်ကြီး တက်မိက တည်းကိုက ဘယ်သူမှ ဆွဲလို့ မရတော့ဘူး။ အဲဒါကြောင့် ခင်ဗျားတို့ အခုတော့ဖြင့် ဒကာ ဒကာမတွေ လမ်းဆုံရောက် နေပြီ (မှန်ပါ့)။

ဘယ်လမ်း လိုက်ကြမယ် စိတ်ကူးသတုံး ဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန်လမ်းကို လိုက်ပါ့မယ် ဘုရားလို့ လျှောက်မှာပဲ (လျှောက်မှာပါ ဘုရား)။

အဲတော့ လျှောက်ရုံနဲ့တော့ မရောက်ဘူး၊ လျှောက်ရုံ နဲ့မရောက်ဘူး လုပ်မှ ရမယ်၊ တစ်ခါတည်း ဒုက္ခသစ္စာ ပိုင်းခြား တာမြင်ပြီး နိရောဓ သစ္စာ မျက်မှောက်ကိုပြုမှ ဒေါ်အုန်းခင် စိတ်ချ ရမယ်။

နို့မို့လို့ရှိရင် ဟိုလမ်းမကြီးကလည်း ဒီအနားမှာ ရှိနေ သေးတာပဲ၊ ကဲ- ဒကာသိုက် ဘယ်လမ်း သွားချင်သလဲ (နိဗ္ဗာန် ပါ)၊ အဲ နိဗ္ဗာန်လမ်းပဲ သွားချင်တယ်၊ နိဗ္ဗာန်လမ်းပဲ သွားချင်တယ်။

ဆုတောင်းလို့မရဘူး၊ အလုပ်လုပ်ရမယ်

နိဗ္ဗာန်လမ်း သွားချင်လို့ ရှိရင်ဖြင့် ဝေဒနာနဲ့ ဝိပဿနာ စိတ်ကိုရှု၊ ဖြစ်ပျက် ရှုတော့ ဒုက္ခသစ္စာ ဖြစ်ပြီး ပိုင်းခြား နိုင်တဲ့ အခြေအနေ ရောက်လို့ ရှိရင်ဖြင့် ဆုမတောင်းရပါဘူး (မှန်ပါ့)၊ မဂ္ဂင်ပေါ် ရောက်ပြီကွာ။

မရောက်ပေဘူးလား (ရောက်ပါတယ်)၊ ကဲ အကုသိုလ် များလုပ်တော့ ကျုပ်သည် ဘယ်အပါယ် ရောက်ရ ပါလို၏လို့ ဆုတောင်း ရသေးသလား (မတောင်းရပါ ဘုရား)။

အကုသိုလ် မဂ္ဂင်လမ်း နှစ်ခုက ခင်ဗျားတို့ ဝမ်းထဲရှိနေ တော့ ဒီလမ်းနှစ်ခုကနေ တစ်ခါတည်း အပါယ်ပို့ သွားတော့ တာပဲ ဒကာစိန်ရ (မှန်လှပါ ဘုရား)၊ ရိပ်မိပလား(ရိပ်မိ ပါပြီ)။

ဒေဝဒတ်ကြီး ဘယ်သူလိုက်ပို့သတုံး

ဒေဝဒတ်ကြီး သည်ကားလို့ ဆိုရင် ဥပစ္ဆေဒကကံ၊ သံဃဘေဒက ကံ ဆိုတဲ့ အကုသိုလ် မဂ္ဂင်နှစ်ပါးကြောင့် မိစ္ဆာ သမာဓိနဲ့ မိစ္ဆာဉာဏ်တွေက ကျောက်မောင်း ဆင်ထားတဲ့ မိစ္ဆာ ဉာဏ်တွေ၊ အဲဒီဉာဏ်တွေက နေပြီး သကာလ တစ်ခါတည်း မြေထဲက နေပြီး သကာလ ပို့တာပဲ။

ဒါဖြင့် ဘယ်သူက လိုက်ပို့သတုံး ဆိုရင် ရိပ်မိပလား (ရိပ်မိပါပြီ)၊ မိစ္ဆာသမာဓိရယ် (မိစ္ဆာ ဉာဏ်ရယ်ပါ ဘုရား)၊ မိစ္ဆာဉာဏ်ရယ် ဒေါ်အုန်းခင် (မှန်ပါ့)။

ဘုန်းကြီးပြောတဲ့အလုပ် မလုပ်ရင်

အဲတော့ ဒကာ ဒကာမတွေ ဘုန်းကြီးပြောတဲ့ အလုပ် ကို မလုပ်လို့ရှိရင် ငါသေလို့ ရှိရင် မစိုးရိမ်ကြနဲ့ ငါ့ဟာ ငါသွားမယ် ပြောလိုက် (မှန်လှပါ)။

ဘုန်းကြီး ပြောတဲ့အလုပ်ကို လုပ်လို့ရှိရင်ဖြင့် ငါသေ ရင် ဆွမ်းမသွတ်နဲ့ ပြောလိုက် (မှန်ပါ့)၊ နိဗ္ဗာန် ရောက်ပြီ၊ ဟုတ်လား။

ဘုန်းကြီးပြောတဲ့ အလုပ်ကို မလုပ်ခဲ့လို့ရှိရင် ငါသေ ရင် ဆွမ်းမသွတ်နဲ့ပဲပြော၊ ငါအမျှ ခေါ်ဖို့ရာ အချိန် မရှိတော့ ဘူး။

ဒေါ်အုန်းခင်ကြီး ဘယ်ဟာကြိုက်သတုံး သမ္မာမဂ္ဂင် လမ်းလိုက်၊ သမ္မာ မဂ္ဂင်လမ်း ရိပ်မိပလား (ရိပ်မိပါပြီ)၊ မိစ္ဆာမဂ္ဂင် လမ်းကိုဖြင့် မလိုက်ကြနဲ့၊ မလိုက်ကြနဲ့ ဆိုတာ ဘုန်းကြီးက အမြင်နဲ့ သေသေ ချာချာ ပြောတာ။ ဟုတ်ဘူးလား (ဟုတ်ပါတယ်) အမြင်နဲ့ သေသေချာချာ ပြောတာ။

နန္ဒိယကကျောင်းဒကာ၊ ရေဝတီကခင်ပွန်းမ

ကြည့်- နန္ဒိယတို့ လင်မယားသည် သူ့ ဒကာမက ရေဝတီ ဆိုတာ မောင်စောမောင်တို့ ကြားဘူးမှာပေါ့ (ကြားဘူးပါတယ်)။

နန္ဒိယက ကျောင်းဒကာ၊ ရေဝတီလည်း ကျောင်း အမ ဖြစ်ဖို့ တယ်ကောင်းပေါ့။ မဟုတ် ဘူးလား၊ အဲတော့ ရေဝတီကလည်း ကျောင်းဆောက် တာကို မတတ်သာလို့ လင်ဆောက် လို့သာ ဆောက်ရတယ်၊ သူစိန်ဝယ်ဖို့လောက် အရေးကြီးတာ မဟုတ်ဘူး၊ ဒီလိုဖြစ်နေတာ (မှန်ပါ့)။

ဒီလိုဖြစ်နေတော့ သူတို့က သဒ္ဓါတရားမပါဘူး ယောက်ျား မလွန်နိုင်လို့ လျှော့လိုက်ရတာ၊ မင်းဟာမင်း ဆောက်လေ၊ သဘောတူ သလိုလိုပေါ့လေ၊ သူကတော့ လှူမှု တန်းမှု၊ ပေးကမ်းမှုလည်း ဝါသနာမပါ၊ ဣဿာ မစ္ဆရိယ ကများ (မှန်ပါ့ ဘုရား)။

နန္ဒိယကနတ်ပြည်မှာဘုံပေါက်တယ်

ဒီလိုဖြစ်နေတော့ အင်း- နန္ဒိယကလည်း ကျောင်း ဆောက်ပြီး ဘုံပေါက်တယ်၊ ရေဝတီ ကျတော့ ငရဲက လာပြီး ငရဲက ငရဲသား နှစ်ယောက်က လာခေါ်တယ်။

ငရဲသား နှစ်ယောက်က လာခေါ်ပြီး နန္ဒိယ ဘုံသွား ပြလိုက်သေးတယ်၊ ဟောဒါ နင့်လင်၊ နင်၏ ခင်ပွန်းသည် နေဖို့ ဘုံ၊ အင်း ကျမလည်း ခင်ပွန်းမပဲ၊ ဒီဘုံ ကျမ ထားခဲ့ပါ။

ဟာ- ထားခဲ့လို့ မဖြစ်ဘူး၊ နင်က မိစ္ဆာမဂ္ဂင်နဲ့၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)၊ သူက မိစ္ဆာမဂ္ဂင်နဲ့ကို၊ ဟိုက သမ္မာ မဂ္ဂင်နဲ့ကို အဲတော့ သမ္မာမဂ္ဂင် သမားကတော့ စုတေ မနေ သေလွန်တော့ နန္ဒိယကတော့ ဟိုဘုံရောက်သွားတယ် (မှန်လှပါ)။

ခင်ပွန်းမ ရေဝတီကတော့ ငရဲကျတယ်

သူ့ခင်ပွန်းမ ရေဝတီကိုတော့ ပြတော့ပြသေးတယ်။ သမ္မာမဂ္ဂင် သမားကတော့ ဒီဟာ၊ ခင်ဗျား မိစ္ဆာမဂ္ဂင်လမ်း သမားဖြစ်လို့ သူ့ကျတော့ ဒယ်အိုးထဲ ပစ်ထည့်တယ် (မှန်ပါ့)။

တာဝတိံသာကနေ ပစ်ချလိုက်တာ (တင်ပါ့)၊ အရိုးနဲ့ အသား တခြားစီ သွားဖို့ မကောင်း ဘူးလား (ကောင်းပါတယ်)၊ အမှန်မယ် သူက လုံးရက် သွားတယ်၊ တခြားစီ မသွားဘူး၊ ဒယ်အိုးထဲ အဆင်သင့် ဖြစ်အောင်လို့ (မှန်ပါ့)၊ နို့မို့ရင် ငါးဆီ ဘူးထဲ ကျော်သလို ဖြစ်မှာ၊ ငါးတစ်ကောင်လုံး ကျော်ချင်တာ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘယ်လမ်းကြိုက်သလဲ

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်လမ်းကြိုက်ကြလဲ၊ (သမ္မာမဂ္ဂင်လမ်းပါ ဘုရား)၊ သမ္မာမဂ္ဂင် လမ်းကြိုက်တယ်၊ ရေဝတီလမ်းတော့ မကြိုက်ဘူး ဆိုပါတော့ (တင်ပါ့)၊ နန္ဒိယ လမ်းကျတော့ (ကြိုက်ပါတယ် ဘုရား)။

နန္ဒိယ လမ်းကတော့ အကောင်းချည့်ပဲ၊ ရေဝတီလမ်း ကတော့ (မကောင်းပါ ဘုရား)၊ အေး- ဒါကြောင့် မှတ်ထား၊ ဒို့သည် သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်ပြီး သကာလ ဝိပဿနာ အလုပ်ကို ရှောင်ဖယ် နေကြလို့ ရှိရင် ရေဝတီလမ်းဟ ရိပ်မိပလား (ရိပ်မိပါပြီ)။

နန္ဒိယလမ်းလိုက်ကြပါ

ဝိပဿနာအလုပ် လုပ်လို့ရှိရင် (နန္ဒိယ လမ်းပါ)။ နန္ဒိယလမ်း၊ အေး- ဆိုင်းဘုတ် ကလေး ဆွဲထား အိမ်ကျတော့၊ နန္ဒိယလမ်းလား? ရေဝတီလမ်းလား? ဆိုတာ အိမ်ကျတော့ ဆိုင်းဘုတ်ဆွဲကြ၊ ဒကာစိန်ရေ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အဲတော့ ဘယ်လမ်းတုံး (နန္ဒိယလမ်း လိုက်မှာပါ ဘုရား)။

နန္ဒိယလမ်းပဲ လိုက်မှ ဖြစ်မှာပဲတဲ့၊ ရေဝတီလမ်းလိုက် လို့ရှိရင် အတော် မဆိုးပေဘူးလား (ဆိုးပါတယ်)။

အေး- ဒါကြောင့် ဒကာ ဒကာမတို့ ယောက်ျားလုပ် တာနဲ့ ဒို့မိန်းမ ရပြီလို့ အောက်မေ့မနေနဲ့ (တင်ပါ့ ဘုရား)၊ မိန်းမ အလုပ် လုပ်နေရင် ယောက်ျားက အေး- မင်းတို့တော့ ဝိပဿနာ အလုပ်သွားပြီး အားထုတ်တော့၊ ဒို့တော့ စားရေး ရှာမကွ ဆိုရင်လည်း (မရပါ ဘုရား)၊ သူလည်း ရေဝတိလမ်း ဖြစ်သွားလိမ့်ဦးမယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဝိပဿနာမှာ သာဓုခေါ်လို့မရဘူး

အဲတော့ ရေဝတီ လမ်းမကြိုက်လို့ရှိရင်လည်း နန္ဒိယ လမ်းလိုက်မယ် မဟုတ်ဘူးလား(တင်ပါ့)၊ အဲတော့ ဒီမှာ လည်း ခင်ဗျားတို့ လုပ်တာကိုဖြင့် အားလုံး ကူညီပြီး သကာလ ခင်ဗျားတို့ ဒါန အမျှဝေ ဆိုလို့ သာဓု၊ သာဓု ဆိုလို့ အတူရတယ်လို့၊ ဒီအသွားမျိုးက ဒါနမှာ ရတယ်၊ ဝိပဿနာမှာ မရ ဘူး၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

အဲ ဒေါ်ရွှေ ဘယ်လမ်း လိုက်ချင်သလဲ (ဝိပဿနာပါ)၊ အေး- နန္ဒိယလမ်းလိုက် ဟုတ်လား၊ ဒကာသိုက်ကတော့ (နန္ဒိယလမ်းပါ)၊ ရေဝတီလမ်း ခင်ဗျားမသွားချင်ဘူး၊ ကိုင်း ဒါဖြင့် လမ်းနှစ်လမ်း ပေါ်ကြပလား (ပေါ်ပါပြီ)။

အေး- ဒါကြောင့် နန္ဒိယ လမ်းကတော့ကို သမာဓိ၊ သမ္မာသမာဓိလမ်း ပညာလမ်း၊ သမ္မာ သမာဓိလမ်း ပညာ လမ်း၊ ရေဝတီ လမ်းကတော့ မိစ္ဆာသမာဓိနဲ့ မိစ္ဆာဉာဏ်လမ်း၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ သူက မကုန်ဖို့နဲ့ မကျဖို့နဲ့ ဒါပဲ အရေးကြီးတယ် (မှန်ပါ့)။

လှူတာ၊ တန်းတာ ကိုယ့်အတွက်

ဟိုကတော့ ကုန်ရင်ကုန်၊ ကျရင်ကျလကွာ ဒါ ဖိတ် ခြင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်တာ ဆိုပြီး ဟိုကတော့ သူ့အိတ် ထဲဖိတ်တယ်လို့ ယူလိုက်တယ်။

သူကတော့ မဟုတ်ဘူး၊ သူများ အိတ်ထဲ ဖိတ်တယ်လို့ ယူလိုက်တယ်၊ လှူတာတန်းတာ ကတော့ သူများ အိတ်ထဲ ဖိတ် တာမဟုတ်ဘူး၊ ကိုယ့်အိတ်ထဲ ဖိတ်တာ ရိပ်မိပလား (ရိပ် မိပါပြီ)၊ ကိုယ့်အတွက် လှူတာကိုးဗျ။

တရားအားထုတ်တာ ကိုယ့်အတွက်

တရား အားထုတ်တာ ကတော့ (ကိုယ့်အတွက်ပါ)၊ ကိုယ့်အတွက် အားထုတ်တာကိုပဲ ခင်ဗျားတို့က ကိုယ့်အတွက် အားထုတ်တာ တော်လောက် ထင်ပါရဲ့ ဒီနေ့ တစ်နာရီလောက် ရပြီ။

အမယ် ကိုယ့်ဖို့ကို တစ်နာရီပဲ ဆိုတော့ ကိုယ့်ဖို့ကို တစ်နာရီလောက် ဆိုလို့ရှိရင် တော်ပြီ ဆိုတော့ ကိုယ့်ဖို့ကို နည်း နည်း ယူချင်တဲ့ သဘောလား၊ များများ ယူချင်တဲ့ သဘောလား (နည်းနည်း ယူချင်တဲ့ သဘောပါ)၊ ဘာပြုလို့လည်း သူများ အတွက်လား ကိုယ့်ဖို့လား (ကိုယ့်ဖို့ပါ)။

အခွင့်ကောင်းကို လျှော့ဈေးလုပ်နေတယ်

ဒီနေရာ လောဘ သေးလှချည်လား၊ ဘာဖြစ်နေတာတုံး၊ ထီတော့ ထိုးလိုက်တာ သိန်းဆု ပေါက်ချင်လို့ အခွင့် ကောင်းကျတော့ လျှော့ဈေး လုပ်နေတယ်၊ ဘာဖြစ်နေတာလဲ။

ဒေါ်အုန်းခင် ဘာဖြစ်နေတာတုံး၊ ကိုယ်ဖို့ကျတော့ လျှော့ဈေး ဟုတ်ဖူးလား (ဟုတ်ပါတယ်)။

အဲတော့ တိုတို ပြောကြပါစို့ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ဖို့ သူဖို့ ဆိုရင် ပြောသေးတယ်နော် (မှန်ပါ့)၊ ဒေါ်သန်းရေ ကိုယ့်ဖို့သူ့ဖို့ ဆိုတော့ ဒီအထိ ခွဲလို့ မရသေးဘူး၊ ဒီနေ့တော့ တစ်နာရီ လောက်ဆိုရင် နေ့တွက် စီပြီ (မှန်ပါ့)။

အကုသိုလ်အလုပ်ကျတော့ နေ့ရောညရော လုပ်တယ်

သမ္မာဒိဋ္ဌိအလုပ်၊ သမ္မာသမာဓိအလုပ် တစ်နာရီ လောက် ဆိုရင် တစ်စတစ်စနဲ့ဆို ပြည့်သွား မှာပဲ၊ မိစ္ဆာသမာဓိ အလုပ်ကျတော့ တစ်နေ့ (၇) နာရီ (၈) နာရီ မပြည့်နိုင်သေး ဘူး (မှန်ပါ့ ဘုရား)၊ အခု လုပ်နေကြတာတွေ ဟုတ်လား။

သမ္မာဒိဋ္ဌိ အလုပ်ကျတော့ ဒီလောက် ဆိုရင် အင်း တဖြည်းဖြည်း ပြည့်သွားမှာပဲ၊ ဟိုဟာ ကျတော့ မြန်မြန် ပြည့် တာ ကြိုက်တယ်၊ သမာဓိ အလုပ်ကျတော့ သမာဓိစခန်း၊ သမ္မာသမာဓိ စခန်းကျတော့ ဖြည်းဖြည်း တစ်စတစ်စ ပြည့် သွားမှာတဲ့။

အကုသိုလ် အလုပ်ကျတော့ နေ့လုပ်လို့ မပြီးသေးဘူး။ ညတောင်မှ ဟုတ်လား ကူလုပ်ကြ သေးတယ်၊ မကူဘူးလား (ကူပါတယ်)။

ဒကာ ဒကာမတွေ မလိမ်မာကြသေးဘူး

အဲတော့ ကိုယ့်ဖို့ မဟုတ်တာကျတော့ အပြည့်ယူ တယ်၊ ကိုယ့်ဖို့ ဟုတ်တာ ကျတော့ လျော့ယူတယ်၊ တော်တော် ဆိုးပါလား၊ မလိမ်မာ သေးပါဘူး ဒီဒကာ ဒကာမတွေ (မှန်ပါ့)။

ဒေါ်အုန်းခင်ကြီး ရိပ်မိပလား (ရိပ်မိပါပြီ)၊ အဲဒါ ဒေါ်အုန်းခင်ကြီးကို ဆိုတာ မဟုတ်ပါဘူး၊ မိစ္ဆာသမာဓိနဲ့ သမ္မာ သမာဓိ မခွဲတတ်တဲ့ ပုဂ္ဂိုလ်ကို ဆိုတာပါ ရိပ်မိပလား (ရိပ်မိ ပါပြီ)၊ ဘယ်သူ့ကို မျက်စောင်းထိုး ဆိုတယ်လို့ အောက်မေ့ မနေနဲ့ (မှန်ပါ့)။

လမ်းနှစ်လမ်းကို ခွဲခြားပြီး သူ့ဖို့ ကိုယ့်ဖို့ မသိတဲ့ ပုဂ္ဂိုလ် ကို ဆိုသည်၊ (အကုန်လုံးပါပဲ ဘုရား)၊ အကုန်လုံးပဲလား တော်ပါသေးရဲ့၊ ဒါဖြင့်။

ကဲ ဒကာသိုက် ဒါတော်တော်အရေးကြီးတယ်နော်၊ အေး- ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ဖို့ သူ့ဖို့ကော ကွဲကြပလား (ကွဲပါပြီ)၊ ဒါဖြင့် ကိုယ့်ဖို့လျှော့မလား (မလျှော့ပါ ဘုရား)။ ကိုယ့်ဖို့ လျှော့မလား (မလျှော့ပါ ဘုရား)၊ ကိုယ့်ဖို့ကိုယ် လုပ်ရမယ်နော် (မှန်ပါ့)။

အေး- အပါယ်ရောက်ဖို့ အလုပ်တွေတော့ လျှော့ရ မယ် (မှန်ပါ့)၊ အပါယ်ရောက်ဖို့ အလုပ်လျှော့၊ ကိုယ့်ဖို့ အလုပ်ကို (လုပ်ရမယ် ဘုရား)။

အပါယ်ရောက်ဖို့ လုံးဝမရှိရင်ကောင်းတယ်

လျှော့ဆိုတာတောင်မှ ဒကာသိုက်ရ၊ ဘုန်းကြီး အပြောမှားတယ်၊ လျော့ဆိုလို့ ရှိရင် သူ့ဖို့ နည်းနည်း ကျန်သေး တယ်၊ အပါယ်ဘုံ နည်းနည်း ကျန်သေးတယ်၊ မကျန်ဘူးလား (ကျန်ပါတယ်)။

အဲ- အဲဒီဘက်က လုံးဝ မရှိရင် ကောင်းတယ် (မှန်ပါ့ ဘုရား)၊ ဒီလိုဖြင့် တပည့်တော်တို့ အငတ် ထားတာလားလို့ မေးချင်မေးလိမ့်မယ်၊ မေးပေမယ့် အငတ်ထားတာ မဟုတ်ဘူး။

အငတ် ဆိုတာမျိုးက ဒါမျိုးကို ဆိုတာမဟုတ်ဘူး၊ သံသရာမှာ တောက်လျှောက် သွားနေတဲ့ ပုဂ္ဂိုလ်သာ ငတ်တာ၊ ဘယ်တော့မှ သူမဝဘူး၊ ဝသေးရဲ့လား (မဝပါ ဘုရား)။

အမေ့နို့ရည် ဒီဘဝ အမေ့နို့ရည်တွေ သောက်ပြီး၊ နောက်ဘဝ အမေ့နို့ရည်တွေ သောက်ပြန်တာ၊ ဝလို့လား မဝလို့လား (မဝလို့ပါ ဘုရား)၊ စောစောဘဝ ဆက်သောက် ပြန်တာကော (မဝလို့ပါ ဘုရား)။

အဲ- အဲဒီလို သံသရာရှည်တဲ့ ပုဂ္ဂိုလ်သာ အငတ်ပါ၊ ခင်ဗျားတို့ ဒီဘဝမှာ တကယ်တမ်း အားထုတ် လိုက်မယ် ဆိုလို့ ရှိရင် ခင်ဗျားတို့ တဏှာလောဘ မရှိတဲ့ အတွက် အငတ်ပြေ ပါလိမ့်မယ် (မှန်ပါ့)။

သမာဓိမဂ္ဂင်နဲ့ သမ္မာသမာဓိ မဂ္ဂင်နဲ့ ပညာမဂ္ဂင် ဝင်ရင် အငတ်မပြေ သေးဘူးလား (ပြေပါတယ်)။

အငတ်ဆိုတာ ဘယ်သူက ငတ်တာတုံးမေးတော့ လောဘက ငတ်တာ၊ သူချုပ်သွား ကတည်းက အငတ်က ဘယ်နှယ် နေသလဲ (ပြေပါတယ်)။

အငတ်ပျောက်ဆေးသည် မဂ္ဂင်ရေအေး

ဒါဖြင့် အငတ်ပျောက်ဆေးသည် မဂ္ဂင်ရေအေးပဲ (မှန်လှပါ ဘုရား)၊ မသောက်ချင်ဘူးလား (သောက်ချင် ပါတယ်)၊ သောက်ဖြစ်အောင် သောက်ကြစမ်းပါ၊ တကယ်ပဲ အေးလာလိမ့်မယ် ရိပ်မိပလား (ရိပ်မိပါပြီ)။

အခုလို အချိန်ကတော့ တစ်ခါတည်း ယနေ့ငတ်ပြီး နက်ဖြန် ရေရှာ ထွက်ပြန်တယ်၊ သဘက်ခါ ကျတော့ ဘာလုပ် ပြန်လဲ (ရေရှာ ထွက်ပြန်တယ်)၊ အို ငတ် ငတ်လွန်းတယ်၊ ဟုတ်ဘူးလား (ဟုတ်ပါတယ်)။

ဝအောင် ဝအောင် ဆို၊ ဝတယ်လို့ ရှိရဲ့ လား (မရှိပါ)၊ မရှိကြဘူးလား၊ မရှက်ကြဘူးလား ဒေါ်အုန်းခင်တို့ (ရှက်ပါ တယ်)၊ ကိုယ့်လိုလူချည်း ဘာရှက်စရာ ရှိသလဲ၊ သူလည်း အငတ်၊ ကိုယ်လည်း အငတ်ဖြစ်နေတယ်၊ အဲဒါကြောင့် မရှက် ကြတာကိုး (မှန်ပါ့)။

ေဩာ်- ခင်ဗျားတို့ မရှက်တာက ငတ်လာတဲ့ လူချင်း လမ်းသွားနေလို့ပေါ့ (မှန်လှပါ)၊ ဒီလို ဖြစ်မနေ ဘူးလား (ဖြစ်နေပါတယ်)၊ အဲဒီအဓိပ္ပါယ် ရောက်တယ် (မှန်ပါ့)၊ ဒေါ်ရွှေ သဘောကျပလား (ကျပါပြီ)၊ အတော်မဆိုးဘူးလား ခင်ဗျားတို့ (ဆိုးပါတယ်)။

ဒါဖြင့် နောက်ကျတော့ ကြည့်ကြပါဦး ဟုတ်လား၊ ဘုရားသခင် ကိုယ်တော်မြတ် ကြီးနှင့်တကွ ကုဋေရှစ်ဆယ်နဲ့ ဗိုလ်ခြေတစ်သိန်း ဆိုတဲ့ဟာ ဟေ့ ဒို့ဆီ နေတိုင်း ဆွမ်းခံလာ သေးသလား မေးကြည့်စမ်းပါ (မလာပါဘူး)၊ လာသေးသ လား (မလာပါ ဘုရား)။

ဘာဖြစ်သွားလို့တုံး (နိဗ္ဗာန်ရောက်သွားလို့ပါ)၊ နိဗ္ဗာန် ရောက်သွားတော့ လောဘဆိုတဲ့ အငတ် ပျောက်သွားတယ်၊ ဒါဖြင့် ခင်ဗျားတို့ဆီမှာ သပိတ်နဲ့ လာရပ်သေးရဲ့လား (မရပ်တော့ပါ ဘုရား)။

ခင်ဗျားတို့ဖြင့် ဟိုအိမ် သွားလိုက်ပြန်ပြီ၊ ရပ်စရာလည်း ရှိပေးခဲ့ပါ၏ ဒါလေးဖြင့်ကြည့်လုပ်ဦးမှပဲ ဖြစ်ပျက်တွေ ကြောက်နေတယ်၊ အံမလေး ရှုပ်လိုက်တဲ့ ဖြစ်ခြင်း။

တတ်ကြပလား (တတ်ပါပြီ)၊ ဘာဖြစ်လို့သွား တာတုံးဆိုတော့ ငတ်လို့သွားတာ (ငတ်လို့ပါ ဘုရား)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)။

ဒီအငတ် ပြဿနာကြီး ပြေစေချင် မဂ္ဂင်ရေအေးကို သောက်သုံးမှ သာလျှင် ဒကာစိန်ရ၊ အငတ် ပြဿနာ ပြေမယ် (မှန်ပါ)၊ နို့မို့လို့ရှိရင် ဒီဘဝ သေရင် ဟိုဘဝ အမေ့နို့ရည်တွေ သောက်ဦးမှာပဲ၊ ဒေါ်အုန်းခင် ဟို ဘက်ဘကော (သောက်ဦးမှာပါ ဘုရား)။

သောက်ဦးမှာပဲ လာမည့်ဘဝကော (သောက်မှာ ပါ ဘုရား)၊ ဟ သူ့အငတ်က ငတ်တာ ရှည်ကြီးပါလား (ရှည်ပါတယ် ဘုရား)၊ ဒါဖြင့် ငတ်တာရှည် ကြိုက်သလား ချက်ချင်း အငတ် ပျောက်တာ ကြိုက်သလား (ချက်ချင်း အငတ် ပျောက်တာ ကြိုက်ပါတယ် ဘုရား)၊ အင်း- အပြောတော့ သိပ် ဟုတ်တာပဲ (မှန်ပါ့)။

ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သိပ်တော့ မညံ့ဘူး ဗျ။ လုပ်တော့သာ သူက ရှောင်ဖယ်၊ ရှောင်ဖယ်ကြီး ဖြစ်နေတာ။

ကိုင်း ဒကာ ဒကာမတို့ လုပ်ကြစမ်းပါ ဆိုတော့ ငတ်ပုံ တွေကို ပြောရခြင်း ဟာလည်း ခင်ဗျားတို့ လုပ်နေတဲ့ အလုပ်တွေ ဟာ၊ ေဩာ် တို့သည် အငတ်ပြေမလားလို့ လုပ်လိုက်တာ မပြေ တဲ့အပြင် တိုးတိုးသာ လာတော့တယ် ဆိုတာ ခင်ဗျားတို့ ကိုယ် တိုင်သိတယ် (မှန်လှပါ ဘုရား)။

နဂိုက သောင်းကိုးထောင် မရှိခင်ကလည်း ပေါ့ သောင်းကိုးထောင် ရှိရင်တော်ပါပြီ၊ အခုတော့ သူချမ်းသာ တာက ဘယ်အခြေ ပြစရာ ရှိသေးလဲ (မရှိပါ ဘုရား)။ အဲဒါ ကြောင့်၊

ပညာကြောင့် အာသဝေါကုန်တယ်

“သီလပရိဘာဝိတော၊ သမာဓိမဟပ္ဖလော ဟောတိ”

သီလပရိဘာဝိတော – သီလကို ဆောက်တည်ပွား များနေတဲ့ ပုဂ္ဂိုလ်သည်၊ သမာဓိ မဟပ္ဖလော – သမာဓိမှာ များစွာ ကျေးဇူးရှိတယ်၊

“သမာဓိပရိဘာဝိတော၊ ပညာမဟပ္ဖလော ဟောတိ၊ မဟာနိသံတော”

သမာဓိပရိဘာဝိတော – သမာဓိ တည်ကြည်သော ပုဂ္ဂိုလ်သည်၊ သမာဓိ တည်ကြည် လာပြန်တော့လဲ၊ ပညာမှာ အားရှိလာပြန်တယ်။

“ပညာပရိဘာဝိတံ စိတ္တံ၊ အာသဝေဟိ စိတ္တံ ဝိမုစ္စတိ”

ပညာပရိဘာဝိတံ – ပညာအားရှိလာတဲ့ ပုဂ္ဂိုလ်ကျပြန် တော့၊ ပညာက ခုနင်က ပြောသလို၊ အဆင့်အတိုင်း တက်လာ တဲ့ ပုဂ္ဂိုလ်ကျတော့ အာသဝေါတရားဟာ၊ ပညာကြောင့် ကုန် ရတယ် (မှန်လှပါ ဘုရား)။

ကုန်တာတော့ ပညာကြောင့် ကုန်တာပဲ၊ သို့သော် ပညာကို သမာဓိက အားပေးတယ်၊ သမာဓိကို သီလက အားပေးတယ် (မှန်ပါ့)၊ ဒါဖြင့် သီလ သမာဓိ ပညာစုံမှ အာသဝေါ ကုန်တယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

သီလ သမာဓိ ပညာစုံမှ ဘာတဲ့ (အာသဝေါ ကုန်ပါတယ်)၊ အာသဝေါ တရားတို့၏ ကုန်ရာဟာ နိဗ္ဗာန်ပဲ (မှန်ပါ့)။

ဒေါ်အုန်းခင် ရိပ်မိပလား (မှန်ပါ့)၊ ဘာပါ ဘာပါ စုံရမတဲ့(သီလသမာဓိ ပညာ စုံရပါမယ် ဘုရား)။

ခေါင်ချုပ် ကတော့ ပညာလိုရင်းပဲ မှ အဲဒီကဲ့သို့ သံယုတ် ပါဠိတော်မှာ လာတယ်။

“သီလပရိဘာဝိတော သမာဓိ မဟပ္ဖလော ဟောတိ။ သမာဓိပရိဘာဝိတော ပညာ မဟပ္ဖလော ဟောတိ။ ပညာပရိဘာဝိတံ စိတ္တံ အာသဝေဟိ စိတ္တံ ဝိမုစ္စတိ။”

သို့သော် ခေါင်ချုပ်ကတော့ ပညာလိုရင်းပဲ(မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

သီလက ဘယ်သူ့အားပေးသတုံး (သမာဓိအား ပေးပါတယ်)၊ သမာဓိက ဘယ်သူ့ အားပေးသတုံး (ပညာပါ ဘုရား)၊ ပညာကမှ ဒေါ်အုန်းခင်တို့ မရီတို့ အာသဝေါ တရား ကုန်စေ နိုင်တယ် (မှန်ပါ့)။

ဘယ်သူကမှ ကုန်စေနိုင်သတုံး (ပညာကပါ ဘုရား)။ သို့သော် သူ့အခြံအရံ ကတော့ဖြင့် သီလလည်းပါမှ သမာဓိကော (ပါမှပါ ဘုရား)၊ အဲ သူတို့ပါမှ သာလျှင် ပညာက ကုန်စေနိုင်တယ်။ အကူအညီ မပါပဲနဲ့တော့ မပြီးဘူး (မှန်ပါ)။

ဒါ့ကြောင့် သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိ လို့ ဝိသုဒ္ဓိ စင်လာတယ် (မှန်ပါ့)။

သီလလုံခြုံမှ သမာဓိ တက်လို့ရတယ်၊ သမာဓိတက် လို့ရမှ ပညာဘက်ကို (တက်လို့ ရပါတယ်)။ တက်လို့ရတယ်၊ ကူးလို့ရတယ်၊ ခတ်လို့ရတယ်၊ ကဲ မတူတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ငါးပါးသီလဟာ အမြဲသီလ

ဒါဖြင့် သီလလည်း မပျက်စေကြပါနဲ့ ဒကာ ဒကာမတို့ ခင်ဗျားတို့ ငါးပါးသီလ ကလေးဟာလေ (မှန်ပါ)၊ ဘုရားရှေ့ မှာမခံလည်း ခင်ဗျားတို့ ဝမ်းထဲမှာ ရှိတယ် (မှန်ပါ့)၊ ဘုရားရှေ့ သွားပြီး ဆောက်တည် ရင်ကော (ရှိပါတယ် ဘုရား)၊ မဆောက်တည် လည်း ရှိ ဆောက်တည် လည်း ရှိသောကြောင့် ငါးပါးသီလဟာ လူ့သီလမှာဖြင့် ဒကာ ဒကာမတို့ အမြဲ သီလလို့ မှတ်လိုက် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

ငါးပါးသီလဟာ ဘာသီလ ပါလိမ့် (အမြဲသီလပါ ဘုရား) ဆောက်တည် လည်း ရှိတာပဲ (မှန်ပါ့) မဆောက် တည်ဘဲ နေရင်ကော (ရှိပါတယ် ဘုရား) အဲဒါ နိစ္စသီလလို့ ခေါ် သည် (မှန်ပါ့)။

အဲဒီ သီလ မပျက်ပဲနဲ့ နေလို့ရှိရင် ခင်ဗျားတို့ အားထုတ်တဲ့ သမာဓိ ဝိပဿနာ အလုပ်ဟာ သေသေချာချာ ပြီးနိုင်တယ် (မှန်ပါ့) သူမပါလို့ရှိရင်ဖြင့် ဘယ့်နှယ် ဖြစ်မလဲလို့ မေးလို့ရှိရင် ဘုန်းကြီး ပြောပြမယ် အောက်က မြေက မညီဘူး၊ ဒီအပေါ်မှာ ဓါးသွေး ကျောက်တင်တယ်။ ဓါးက သွေးလိုက် တယ် ဆိုတော့ မြေမညီတဲ့ အပေါ် ဓါးသွေးကျောက် တင်သွေးရင် ဒီဓါးဟာ တုံးရမှာလား ထက်ရ မှာလား (တုံးရ မှာပါ ဘုရား) ဘာဖြစ်လို့တုံး (မြေမညီလို့ပါ)။ မြေမညီလို့ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် သီလဟာ မြေနဲ့တူတယ်၊ သမာဓိဟာ ကျောက်နဲ့တူတယ်၊ ဓါးဟာ ပညာနဲ့တူတယ်၊ ကိုင်သွေးတဲ့ လက်က ဝီရိယနဲ့ တူတယ် (မှန်ပါ့)။ အဲဒီတော့ အောက်က မြေမညီပြီ ဆိုမှဖြင့် ကျောက်မငြိမ်ဘူး၊ ကျောက်မငြိမ်ရင် ဓါးမထက်ဘူး (မှန်ပါ) ဓါးမထက်ရင် ဘယ်ဟာ ခုတ်လို့မှ (မရပါဘူး) မပြတ်တော့ဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒီအတိုင်းပါဘဲ ဒကာ ဒကာမတို့ သီလကိုလည်း လုံခြုံအောင်လုပ်ပါ။ သမာဓိ ပညာကိုတော့ တွဲလွှတ်ပါ။ ရတာပဲ (မှန်ပါ) သီလဟာဖြင့် ၁ နံပါတ် အရေးကြီးတော့တယ် ဆိုတာ သဘောကျပလား (ကျပါပြီ)။

အေး ဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အရေးဟာ အမြဲတန်း သီလ ရှိပြီး သကာလ နေတော့ ခင်ဗျားတို့ တစ်ခါတစ်ခါ ကျတော့ ကျုပ်ဖြင့် ဒီနေ့ မုသားကလေး ပြောခဲ့မိပြီ။ အပြစ်ရှိပြီ ဆိုတော့ နဂိုက သီလ ရှိနေလို့ သီလ ကျိုးတာ (မှန်ပါ) သီလ ကျိုးတာ၊ သီလ ပေါက်တာ၊ သီလ ပျောက်တာ၊ သဘော ကျကြပလား (ကျပါပြီ)။

သီလနဲ့ သမာဓိအကူအညီလိုတယ်

အေး ဒါကြောင့်သီလကို ခင်ဗျားတို့ ရှေးဦးစွာ လုံခြုံအောင် လုပ်၊ ပြီးတော့မှ ဘုန်းကြီးပြောတဲ့ စေတနာ တွေကို သမာဓိနဲ့ ပညာနဲ့တွဲလုပ် (မှန်ပါ့) အဲဒီ တွဲလုပ်လိုက်လို့ ရှိရင် ခင်ဗျားတို့ အာသဝေါ တရား ကုန်ရာန ိဗ္ဗာန်ကိုဖြင့် မရောက် မရှိပါဘူး။ သေသေချာချာ ဘုရား တာဝန်ခံတယ် (မှန်ပါ့)။

သီလပရိဘာဝိတော – သီလကို ပွားများစောင့် ရှောက်သော ပုဂ္ဂိုလ်သည် သမာဓိ မဟပ္ဖလော ဟောတိ – သမာဓိအပေါ် များစွာ ကျေးဇူး ပြုတာပဲဟေ့ -တဲ့ (မှန်ပါ) သမာဓိ ပရိဘာဝိတော ပညာ မဟပ္ဖလော ဟောတိ။ သမာဓိ ပရိဘာဝိတော – သမာဓိကို ပွားများတည်ထောင်တဲ့ ပုဂ္ဂိုလ် သည် ပညာ မဟပ္ဖလော – ပညာမှာ များစွာ အကူအညီ ရသကွာတဲ့ (မှန်ပါ့) ပညာ ပရိဘာဝိတံ စိတ္တံ- ပညာကို ပွားများ တဲ့စိတ် သည်၊ အာသဝေဟိ- အာသဝေါတရားတို့မှ၊ စိတ္တံ- စိတ်သည် ဝိမုစ္စတိ- လွတ်၏ (မှန်ပါ့)။

ပညာက လွတ်စေ တာကတော့ အမှန်ပဲ၊ သို့သော် ဟိုအကူအညီ လိုတယ် (မှန်ပါ့) သီလနဲ့ သမာဓိ အကူအညီ လိုတယ် (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည် အိုဘေး နာဘေး သေဘေး တို့၏ ချုပ်ရာ ကင်းရာ ငြိမ်းရာကို သွားချင်ကြလို့ ရှိရင်ဖြင့် သီလ သမာဓိ ပညာကိုဖြင့် ဒကာ ဒကာမတို့ ညီမျှအောင်လုပ်ကြ စမ်းပါ (မှန်ပါ) မတိုက်တွန်း သင့်ဘူးလား (တိုက်တွန်း သင့်ပါတယ်)။

သီလ၊ သမာဓိ၊ ပညာ၊ စုံအောင်ပြောတဲ့နေ့

ဒါဖြင့် သီလ သမာဓိ ပညာကို ယနေ့တော့ဖြင့် အစုံ ပြောတဲ့ နေ့လို့သာ မှတ်ပေတော့ (မှန်ပါ့)။ သမာဓိချည့် တစ်လုံးတည်းဟောလို့ သူချည့်လည်း နိဗ္ဗာန် ရောက်မှာမှ မဟုတ်ဘဲကိုးဗျ (မှန်ပါ) အဲဒီတော့ မတွဲ မဖြစ်တော့ဘူး (မှန်ပါ့) သူ့ချည့် ဆိုလို့ရှိရင်လည်း မဖြစ်နိုင်ဘူး။

ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ဟောတဲ့ တရားမှာ ဘယ်နှစ်လုံးပါလိမ့် (သုံးလုံးပါ ဘုရား)။ သီလ သမာဓိ ပညာ စုံမှသာလျှင် ခုနင်က ပြောသလို မြေနဲ့သီလနဲ့ တူတယ်၊ ကျောက်နဲ့ ဘာနဲ့ တူသတုံး (သမာဓိနဲ့ တူပါတယ်) ဓါးနဲ့ ဘယ်သူနဲ့ သူသတုံး (ပညာနဲ့တူပါတယ်)။

ဓါး ကိုင်သွေးတဲ့ ဝီရိယ လက်ငြိမ်ငြိမ်နဲ့ သွေးလိုက်လို့ ရှိရင် မြေငြိမ်ပေါ်မှာ သွေးလိုက် ရလို့ ရှိရင်ဖြင့် ဒီဓါးထက်မယ် (မှန်ပါ့) ဒီဓါးထက်လို့ ရှိရင်ဖြင့် ၁၅၀၀ ကိလေသာ တည်းဟူသော သံယောဇဉ် ကြိုးတွေဟာ တစ်ပင်မှ မကျန်အောင် ပြတ်ထွက် သွားမယ်။ ထက်လာ တာကိုးဗျ (မှန်ပါ) ထက်မလာ လို့ရှိရင် ပြတ်နိုင်ပါ့မလား (မပြတ်နိုင် ပါဘူး)။

ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက – ဆိန္ဒသောတံ ပရက္ကမ။ သောတံ- တဏှာ တည်း ဟူသော ရေအလျဉ်ကို ၁၅၀၀ တည်း ဟူသော ကြိုးအမျှင်တွေကို၊ ပရက္ကမ – လုံ့လပြု၍၊ ဆိန္ဒ – ဖြတ်လိုက်ပါလော့ (မှန်ပါ့) ကာမေပနုဒဗြာဟ္မဏ – ကာမအာရုံ တွေကို မင်းတို့ဖြတ်လိုက် လို့ ရှိရင်လည်း တစ်ခါတည်း ဒီဥစ္စာဟာ ပြတ်သွား တာပါပဲကွာ တဲ့ (မှန်ပါ)။

ဘယ်လို ဖြတ်ရမှာတုံး ဆိုတော့ “သင်္ခါရာနံ ခယံ ဉတွာ” တဲ့၊ ခင်ဗျားတို့ စေတနာ ကလေးဟာ သင်္ခါရတရား ကလေး။ အဲဒါ ကလေး ကုန်တာ မြင်မှ ပြတ်မယ် (မှန်ပါ့)၊ ကုန်တာ မမြင်ရင် (မပြတ် ပါဘူး) ဒါဖြင့် ပညာက သိပ်အရေး ကြီးနေတာပေါ့ (မှန်ပါ့) ပညာက သိပ်အရေးကြီး နေတယ် ဒကာ ဒကာမတို့ (မှန်ပါ့)။

သင်္ခါရာနံ ခယံ ဉတွာ- သင်္ခါရတရား ဆိုတော့ ခင်ဗျားတို့ သန္တာန်ပေါ်တဲ့ ဝေဒနာ ဟူသ၍ဟာ သင်္ခါရချည်း မှတ်လိုက် (မှန်ပါ့) အဲဒါကလေးတွေ ကုန်တာဖြင့် မြင်အောင် ကြည့်ကြစမ်းပါ (မှန်ပါ့) ဖြစ်ပြီး ပျက်သွားလို့ မကုန်ဘူးလား ဗျာ (ကုန်ပါတယ်)။ ဖြစ်ပြီး ပျက်တယ် ဆို ကုန်တာဘဲ။ ရုပ်ပျက် တယ် ဆိုတော့ ဒကာသိုက် ကုန်တာပဲ (ကုန်တာပါပဲ)။ ရှာလို့ တွေ့သေးလား (မတွေ့ပါဘူး)။

အဲဒီတော့ အဲဒါကလေး ကုန်တာကို သိလို့ ရှိရင်ဖြင့် အကရညူ ဆိုတဲ့ နိဗ္ဗာန်သို့ ဗြာဟ္မဏ မကောင်းမှုမှ အပပြုတဲ့ ရဟန္တာ အဖြစ်သို့ ရောက်သည်။ ဟောတိ- ဖြစ်၏တဲ့။ နိဗ္ဗာန်သို့ ရောက်တဲ့ ရဟန္တာ ဖြစ်တယ်ကွာတဲ့ (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝယ- သဘောလေး ကုန်တဲ့ သဘော ကလေးကို ကြည့် ရတဲ့ အရေးဟာဖြင့် သူကတော့ ကုန်တော့ ကုန်နေတာပဲ။ ခန္ဓာကိုယ်ထဲမှာ ဖျပ်ဆို ကုန်တာပဲ။ မနေ့ကလိုပဲ ဘုန်းကြီးက ပြောလိုက်ပါတယ်။

ထွေးခံကို ခေါက်တယ် ဆိုတော့ ခင်ဗျားတို့ ကြားစိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ်) ပြန်ကြည့် လိုက်တော့ ကုန်နေတယ် (မှန်ပါ)။

ဉာဏ်နဲ့ ပြန်ကြည့်တော့ ဘယ့်နှယ် နေသလဲ (မရှိပါဘူး ဘုရား)။ ကုန်နေပြီ ဟုတ်လား (မှန်ပါ) ကုန်နေပြီလို့ သိတော့ ဘယ်မှာ ကုန်သတုံးလို့ မေးလိုက်တဲ့ အခါ ဘယ့်နှယ် ဖြေပါ့မလဲ (နားမှာ ကုန်ပါတယ်) အေး နားထဲမှာ ကုန်တယ် ဆိုကြပါစို့။ သဘောကျပလား (ကျပါပြီ)။

နားထဲမှာ ကုန်သွားတော့ ေဩာ် ဒါကလေး သည်ကားလို့ ဆိုလို့ရှိရင် သင်္ခါရတရားမို့ ကုန်ခြင်း ဆုံးတာပဲ ကိုး (မှန်ပါ) သင်္ခါရ တရားမို့ ပျက်ခြင်း ဆုံးပဲကိုး။ ကုန်ခြင်း ဆုံးတာပဲကိုးလို့ ခင်ဗျားတို့ မသိပေဘူးလား (သိပါတယ်)။

အဲဒီတော့ နားဆီကို ဉာဏ်ကလေး လိုက်ပို့တာ ဘယ်သူက လိုက်ပို့တာတုံး (သမာဓိက ပို့တာပါ) ကုန်တာ ကလေး သိတာကတော့ ဘယ်သူက သိတာတုံး (ဉာဏ်က သိပါတယ်)။ ဪ ဒါဖြင့် သူတို့နှစ်ခုကွဲမှ သာလျှင် ဒကာ ဒကာမတို့ နားထဲမှာ ပျက်တယ် ဆိုတဲ့ဥစ္စာ နားထဲကို ပညာ ကလေး လိုက်ရှုနိုင်တဲ့ အခြေအနေ ရောက်အောင် ဟဒယ ဝတ္တု ပေါ်မှာ ပေါ်လာတဲ့ ပညာ ကလေးကို နားထဲမှာ စိုက်ပါ အဲဒီမှာ ပျက်တာပါလို့ ဆိုတာ သမာဓိက ညွှန်ပြမှ ခင်ဗျားတို့ ဟဒယ ဝတ္ထုပေါ် ရှိတဲ့ ပညာက အဲဒီနေရာမှာ ပျက်တာ ကလေးကို သူမြင်လာတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ သမာဓိက ညွှန်ပြသမား (မှန်ပါ) ပညာက ကြည့်သမား (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ရေနံရှာတဲ့ဥပမာ

အေး ဒါကြောင့်-အခုအခါမှာ ဥပမာမယ် ရေနံ သတ္တုတွေကို နိုင်ငံခြားက လာပြီးရှာတဲ့ ပုဂ္ဂိုလ်တွေ ဒီက မြို့ခံ တောသူ တောင်သား မပါဘဲနဲ့ သူတို့ သိပါ့မလား ၊ (မသိပါ ဘုရား) တောသူ တောင်သားက တောထဲတော့ ကျုပ် လိုက်ပို့ ရမှာပဲဗျာ။ ဘယ်တော ဘယ်တောင် ခင်ဗျားတို့ သွားချင်တဲ့ တောတော့ ပြောဆိုတော့ သူတောထဲတော့ လိုက်ပို့တယ် (မှန်ပါ) ရေနံရှိ မရှိတော့ သူမသိဘူး။ သူ့မှာ ပညာမှ မပါဘဲ (မှန်ပါ) သဘော ကျပလား (ကျပါပြီ)။

ဒီမှာလည်း တောသူ တောင်သားနဲ့ သမာဓိနဲ့ တူတယ် ဟုတ်လား (မှန်ပါ) ဥရောပ တိုက်သား တွေက လိုက်ပို့ပါ ဆိုတော့ လိုက်ပို့ လိုက်တော့ ဟိုကျတော့ ရေနံကို ဓါတ်ဖာလ် လုံးတွေ ဘာတွေနဲ့ ချိန်ကြည့် လိုက်တဲ့အခါ ရေနံရှိနေရာမှာ ခုံကြွပြီး နေတဲ့ အခါကျတော့ သူတို့ကတော့ ပညာပါလို့ ရေနံဟာ ဘယ်နှစ်ပေမှာ ရှိတယ်လို့ သိတယ် (မှန်ပါ) မသိပေ ဘူးလား (သိပါတယ်)။

အဲဒီတော့ တောသူ တောင်သားနဲ့ ဘာနဲ့တူသတုံး (သမာဓိနဲ့ တူပါတယ်) အဲ ရေနံ အကြောင်း ကောင်းကောင်း နားလည်တဲ့ ဥရောပ တိုက်သားနဲ့ ဘာနဲ့ တူသတုံး (ပညာနဲ့ တူပါတယ်)။

အဲ သမာဓိ မပါဘဲလည်း မပြီးဘူး၊ ပညာ မပါဘဲ လည်း (မပြီပါဘူး ဘုရား) သို့သော် အရေး အကြီးဆုံး ကတော့ ဖြင့် ပညာဘဲ (မှန်ပါ)။ နားလည်ကြပလား (နားလည်ပါပြီ)

ဒေါ်အုန်းခင် ဒီနေ့ပြောတဲ့ တရားကို ကြပ်ကြပ် မှတ်ပါ (မှန်ပါ့) အင်မတန် အရေးကြီးလို့ ပြောနေတယ် (မှန်ပါ့)။

အဲဒီတော့ သမာဓိ မရှိတဲ့ ပုဂ္ဂိုလ်များကျတော့ ခင်ဗျားတို့ သမာဓိက မရှိဘူး စိတ်တွေက တောင်ပြေး မြောက်ပြေး ပြေးပြီး နေတော့ ဒေါ်ခန့်တို့ ဆေးလိပ်သောက် သလိုပေါ့ ဆေးလိပ် မီးဖွားကဖြင့် ကိုယ့်အဝတ်ပေါ်ကျ စိတ်က တောင်ပြေးနဲ့၊ တွေးရင်း သောက်နေ တာကိုးဗျ၊ သမာဓိ ပါသေး ရဲ့ လား (မပါပါဘူး)

ဟိုအဝတ်မှာ လေးငါးပေါက် လောက်ရှိတာ တောင် မသိသေးဘူး (မှန်ပါ့) နောက်မှ သူများ က ပြောမှသိရတယ် (မှန်ပါ) ဘာဖြစ်နေတာတုံး ဆိုတော့ သမာဓိ မရှိဘူး (မှန်ပါ့)။

သမာဓိမရှိဘူး ဝိတက်တွေက တောင်ပြေး မြောက် ပြေးနေတော့ ကျတုန်းက ကျမှန်း သိလိုက် သေးရဲ့ လား (မသိပါဘူး) မသိတာ သည်ကားလို့ ဆိုရင် သမာဓိ မရှိလို့ မသိဘူး (မှန်ပါ့) မသိတော့ ဟိုမှာ ဘာဖြစ်နေတယ် ဆိုတာလည်း ဉာဏ်က သိသေးရဲ့လား (မသိပါဘူး)။

အေး ဒါကြောင့် ခင်ဗျားတို့ သမာဓိမရှိပြီဆိုမှ ဖြင့် ပညာဟာ ဘယ်လမ်းမှ မလိုက်နိုင်တော့ဘူး (မှန်ပါ့)။ ဒါကြောင့် သမာဓိရှိမှ သာလျှင် ပညာက လိုက်နိုင်တယ် ဆိုတဲ့ ဥစ္စာကိုလည်း ခင်ဗျားတို့ သေသေချာချာ မှတ်ပါ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

သမာဓိပညာ ညီရမယ်

ဒါ့ကြောင့် သမာဓိပညာသည် ဒကာ ဒကာမတို့ အလွန်မရှိဘဲနဲ့ ညီမျှခြင်း အရေးကြီးတယ် ဆိုတာ မှတ်ပါ (မှန်ပါ့)။

သမာဓိပညာ ဘယ်လို အရေးကြီးသတုံး (ညီမျှဖို့ အရေးကြီးပါတယ်) တစ်ခုမှ မလွန်ပါစေနဲ့ ဆိုတာလည်း ယနေ့ အထူးမှာ နေတယ် (မှန်ပါ)။ ဘာဖြစ်လို့ မှာရသတုံး ဆိုတော့ လိုရာ ခရီးကို ဖြုန်းခနဲ ရောက်အောင်လို့ (မှန်ပါ့) အာသဝေါ ကုန်တဲ့ ဆီကို ဒကာသိုက် ဖြုန်းခနဲ ရောက်အောင် ပြောနေတယ် (မှန်ပါ) နားလည်ပလား (နားလည်ပါပြီ)။

သမာဓိ လွန်ခဲ့သည်ရှိလို့ရှိရင်ဖြင့် ခုနင်က ပြောခဲ့တဲ့ ထိနမိဒ္ဓက လာပြီ (မှန်ပါ) ပညာ လွန်ပြန် တော့လည်း ခုနင်က ကောက်ကျစ်တဲ့ ဘက် သွားပြန်ပြီ (မှန်ပါ)

အဲဒါကြောင့် သူတို့နှစ်ခုသည် ဘယ်သူမှ မသာရမှ သာလျှင် ခင်ဗျားတို့ အာသဝေါကုန်တဲ့ နိဗ္ဗာန် ရောက်မယ် (မှန်ပါ)။ တစ်ခုခု လွန်နေရင်ဖြင့် အပျက်သာ အောက်မေ့ (မှန်ပါ)။

ဒကာသိုက်ရေ သမာဓိလွန်လည်း အပျက်ဘဲ (မှန်ပါ) ပညာလွန်ကော (အပျက်ပါ ဘုရား)။

အေး ဒါကြောင့် သမာဓိလွန်တဲ့ အပျက် ပညာ လွန်တဲ့ အပျက် ဖြစ်သောကြောင့် ခင်ဗျားတို့မှာ တစ်ခါတည်း ထိုင်လိုက်တယ် ဆိုလို့ရှိရင် သမာဓိနဲ့ ပညာကိုချိန်၊ ဘယ်သူမှ မလွန်ရအောင် ချိန်လိုက် (မှန်ပါ) ချိန်ပြီး သကာလမှ ဝေဒနာ ပေါ်တဲ့ဆီကို တစ်ခါတည်း နှစ်ခုပြိုင် လွှတ်လိုက်။ ပြိုင်လွှတ် လိုက်တဲ့ အခါကျတော့ သမာဓိက အပို့သမား ပညာက အကြည့်သမား ဆိုတော့ အိုး သင်္ခါရ ကလေးတွေက ပျက်နေလိုက်တာ တစ်ကိုယ်လုံးပဲ။ ဟိုနေရာ ပေါ်လိုက် ပျက်လိုက်၊ ဒီနေရာပေါ်လိုက် ပျက်လိုက်၊ ဟိုနေရာ ပေါ် လိုက် ပျက်လိုက်၊ ဒီနေရာ ပေါ်လိုက် ပျက်လိုက်၊ ဒါတွေခင်ဗျားတို့ မြင်လာ လိမ့်မယ် (မှန်ပါ့) မမြင်ပေဘူးလား (မြင်ပါ တယ်)။

အေး သမာဓိကလည်း ပေါ်ရာ လိုက်ပို့မယ်၊ ပညာကလည်း ပေါ်ရာ လိုက်ရှုရမယ် (မှန်ပါ့) အဲဒီတော့ ပညာက သူချည့် သက်သက် ပေါ်ရာကို မရှုနိုင်ဘူး၊ သမာဓိ ပို့ရာ လိုက်ရှု ရရှာတယ် (မှန်ပါ့)။

သမာဓိကရှေ့ကအပို့သမား

အဲဒီတော့ သမာဓိက ရှေ့က အပို့သမား ပညာက ဘာတုံး (အရှုသမားပါ ဘုရား)။ အေး အရှုသမား၊ သို့သော် သွားတဲ့ အခါတော့ အတူတူသွား (မှန်ပါ့)။

သွားတဲ့ အခါကျတော့ အတူတူ သွားတယ်၊ ခုနင်က ရေနံမြေ ညွှန်ပြတဲ့ လူနဲ့ ရေနံအကြောင်း ကောင်းကောင်း နားလည်တဲ့ ပုဂ္ဂိုလ်နဲ့ဟာ တွဲမသွားကြဘူးလား၊ (တွဲသွားကြ ပါတယ်)၊ တွဲတော့ သွားတာ ဘဲတဲ့ ဟိုကျတော့ ရေနံ အကြောင်းကို သိတာကတော့ တောသူ တောင်သားက မသိဘူး (မှန်ပါ) ဥရောပ တိုက်သား ရေနံ ပါရဂူတွေက သိတယ် (မှန်ပါ) အဲ သွားတုန်း ကတော့ အတူတူသွား ကြတာဘဲ။ ဒီတောထဲ အတူတူ ဝင်ကြတာဘဲ (မှန်ပါ)။

ဒီမှာလည်း ဝေဒနာ တောထဲ ကိုတော့ဖြင့် သမာဓိနဲ့ ပညာက အတူတူ ဝင်ကြတာဘဲ။ ထိုသို့ပင် ဝင်ငြားသော် လည်း အပျက်ကိုတော့ သမာဓိက သိကို မသိဘူး (မှန်ပါ့)။ ပညာကတော့ (သိပါတယ် ဘုရား)။

အေး ဒါကြောင့် ပညာမှသာလျှင် ခင်ဗျား တို့ လိုရာ ခရီးကို ဒကာသိုက် ရောက်နိုင်တယ် ဆိုတာ ဆုံးဖြတ် ချက်ချပါ (မှန်ပါ) ပညာမပါရင် (မရောက်နိုင် ပါဘူး)။ မရောက်နိုင်ဘူး ဆိုတာ သေသေ ချာချာ မှတ်ပါ။

ဒါဖြင့် ပညာသည် ခင်ဗျားတို့ အတွက်မှာဖြင့် အရေး ကြီးတယ်လို့ ဆိုငြား သော်လည်း အကူ အညီ ပါဦးမှ ဆိုတာ ကလေးလည်း ချွင်းချက်ထား မှတ်လိုက်စမ်းပါဦး (မှန်ပါ့) ချွင်းချက် မထားရင် တော်ပါ့မလား (မတော်ပါဘူး)။

အေး ဒါကြောင့် ခင်ဗျားတို့ကို ပြောပြီး သကာလ နေတာ စိတ်မတည်တဲ့ ပုဂ္ဂိုလ်ဟာ ဒီက ပြောလိုက်ပေမဲ့ ခင်ဗျားတို့ မမှတ်မိဘူး၊ သမာဓိ လိုနေတယ် (မှန်ပါ့) သမာဓိ လိုတော့ ပညာက မှတ်နိုင် သေးရဲ့လား (မမှတ်နိုင်ပါ ဘူး)။ စိတ်တည်တဲ့ ပုဂ္ဂိုလ်ပြောလိုက်ပြီ ဆိုမှဖြင့် အကုန် မှတ်မိ တယ် (မှန်ပါ့)။

အဲဒါ အိမ်ကျတော့ ဘုန်းကြီးဟောတဲ့ တရားတွေ ကျုပ်မမှတ်မိဘူးလို့ ပြောလို့ရှိရင် ခင်ဗျားတို့ ချင်း ဝေဖန် (မှန်ပါ) မဝေဖန် တတ်သေးဘူးလား (ဝေဖန်တတ်ပါတယ်) ဘာလိုနေလို့တုံး (သမာဓိ လိုနေလို့ပါ)။ သမာဓိ လို သောကြောင့် ပညာက မှတ်နိုင်သေးရဲ့ လား (မမှတ်နိုင်ပါဘူး)။

အဲဒါကြောင့် အိမ်ကျတော့ မမှတ်မိဘူး ပြောလို့ရှိရင် ရှက်စရာကြီး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာဖြစ်လို့ ရှက်စရာ ကောင်းသတုံး (သမာဓိလို နေလို့ပါ) သမာဓိ လိုသွားတယ် ဆိုတာနဲ့ စိတ်က ဘယ်များ သွားနေလို့တုံးလို့ မေးရုံပဲ ရှိတော့တယ် (မှန်ပါ)။ မဟုတ်ဘူးလား (မှန်ပါ) အဲဒီတော့ မမှတ်မိအောင် အိမ်ကျတော့ မြုံနေ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

သွားပြောလိုက်လို့ ရှိရင် ကိုယ်ပါ ဘာဖြစ်ဦးမတုံး ဆိုလို့ ရှိရင် မင်းစိတ် ဘယ်သွား နေလို့တုံးလို့ သူများ မေးတော့မှာ ပဲ (မှန်ပါ) မမေးပေဘူးလား (မေးပါတယ် ဘုရား) မေးနေတယ် ဆိုလို့ရှိရင် အမေးခံ ရတဲ့လူက ရှက်စရာကြီး (မှန်ပါ့)။

ကဲ ဒေါ်ရွှေ, မရှက်ဘူးလား (ရှက်စရာကြီးပါ ဘုရား)။ အေး ရှက်စရာကြီး အဲဒါ ဘာတုံး ဆိုလို့ရှိရင် သမာဓိ မပါလို့ (မှန်ပါ့)။

တရားနာ သွားတယ် ဆိုပြီး သမာဓိ မပါဘူး ပညာ လည်း မပါဘူး ဆိုလို့ရှိရင် တော်ပါ့မလား (မတော်ပါ ဘူး)။

အဲဒါကြောင့် ကျုပ်ဖြင့် မှတ်ကို မမှတ်မိဘူး ဆိုလို့ရင် သမာဓိလိုပြီ (မှန်ပါ့) အဲဒါကြောင့် စူးစူးစိုက်စိုက် သမာဓိ ထားပြီး သကာလ စူးစူးစိုက်စိုက် ပညာနဲ့နာပါ (မှန်ပါ)။

ခန္ဓာ ကိုယ်ကြည့်တဲ့ အခါမှာလည်း ထို့အတူ စူးစူးစိုက်စိုက် သမာဓိ ထား၍ စူးစူးစိုက်စိုက် ပညာနဲ့ ကြည့်ပါ ဆိုတာ ဒကာသိုက် တိုက်တွန်း ရတယ် (မှန်ပါ)။ မတိုက်တွန်းရင် မဖြစ်ဘူး (မှန်ပါ့)။

မဖြစ်ဘူးတဲ့ ဒီအရေးဟာ အင်မတန်ကြီးတဲ့ အရေးမို့ ဒကာ ဒကာမတွေ အထူးပဲ ပြောနေတယ် (မှန်ပါ ဘုရား)။

ကိုင်း ဒါဖြင့်

“ဆိန္နသောတံ ပရက္ကမ၊ သင်္ခါရာနံ ခယံဉတွာ၊ အကရညူတိ ဗြာဟ္မဏ”

ဆိုတဲ့ ဥစ္စာသည် သင်္ခါရတို့၏ အဖြစ် အပျက်ကို မြင်တာကဖြင့် ဒကာ ဒကာမတို့ ဝေဒနာတို့၏ အဖြစ် အပျက်ကို မြင်တာ ကဖြင့် ပညာကသာ မြင်နိုင်တယ် (မှန်ပါ့)။ ဝေဒနာ ရှိရာကို ဟောဒီမှာ ဟောဒီမှာလို့ ညွှန်ပြတာကတော့ (သမာဓိပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ မှတ်ထား မျက်စိ မမြင်တဲ့လူ ဒိုးထိုး သလိုသာမှတ် (မှန်ပါ့) မျက်စိ မမြင်တဲ့လူဟာ ဒိုးထိုးတာ ခင်ဗျားတို့ မြင်ဘူးကြရဲ့လား (မမြင်ဖူးပါဘူး ဘုရား)။

မျက်စိမမြင်တဲ့လူ၊ ဒိုးထိုးသလို

မမြင်ဖူးဘူး၊ တယ်လည်း ဂွကျသကိုး မျက်စိ မမြင်တဲ့လူ ဒိုးထိုးပြီ ဆိုမှဖြင့် ဒိုးကို ဒီက ခေါက်ပြ ရတယ် (မှန်ပါ့)။ ဟိုကနေပြီး သူက ဒိုးထိုးတယ် (မှန်ပါ) အဲဒီခေါက်ပြ တဲ့ဆီမှန်းပြီး ထိုးတာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ခေါက်ပြတာနဲ့ သမာဓိနဲ့ တူတယ်ဗျ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။ ဒီနေရာ ဒီနေရာ ဆိုတဲ့ ဥစ္စာက သမာဓိနဲ့ မတူဘူးလား (တူပါတယ် ဘုရား)။ မှန်အောင် ထိုးနိုင်တာက ပညာနဲ့ တူတယ် (မှန်ပါ)။

အံမာလေး ဒကာစိန် မျက်စိမမြင်တဲ့လူ ဒိုးထိုးတာ တောင် မမြင်ဖူးဘူး ဆိုတော့ အတော် ခက်နေတာ (မှန်ပါ့) မော်လမြိုင် သွားဗျ မျက်စိ မမြင်တဲ့လူတွေ ဘောလုံး ကန်နေတယ် (မှန်ပါ) ရိပ်မိပလား (မှန်လှပါ)၊ မြေကြီး နား နားနဲ့ ကပ်ကပ်ပြီးတော့ သူတို့က လိုက်တာ (မှန်ပါ့)။

ဘောလုံးကျတဲ့ နေရာကို သူတို့က ကန်တယ် ဆိုကတည်းက တစ်ခါတည်း မြေကြီးနားနဲ့ ကပ်ပြီးတော့မှ အဲဒီကျတဲ့ နေရာကို လိုက်တာ (မှန်ပါ)။ ရိပ်မိပလား (ရိပ်မိပါပြီ)။ တယ် လည်း ဗဟုသုတ နည်းကြတာကိုး။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မျက်စိမမြင်တဲ့ လူဒိုးထိုး တော့ကို တစ်ယောက်သော ပုဂ္ဂိုလ်က ဒိုးကို ခေါက်ပြရတယ်။ ခေါက်ပြတဲ့သူနဲ့ ဘာနဲ့ တူသတုံး (သမာဓိနဲ့တူပါတယ်)။ မျက်စိ မမြင်တဲ့လူက ဒီဒိုးကို မှန်အောင် ထိုးနိုင်တာနဲ့ ဘာနဲ့တူ သတုံး (ပညာနဲ့ တူပါတယ်)။

သမာဓိကခေါက်ပြသမား

အေး သမာဓိက ခေါက်ပြသမား၊ ပညာက ဒီနေရာ မှန်အောင် ပစ်သမား (မှန်ပါ) ကဲ ဒေါ်အုန်းခင် ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါလောက်ဆိုရင် ကျေနပ်လောက်ပြီ ထင်တယ် (မှန်ပါ့) သမာဓိနဲ့ ပညာ အကြောင်း ကောင်းကောင်း မသိသေး ဘူးလား (သိပါပြီ ဘုရား)။

ကဲ ဒါဖြင့် သမာဓိက ဒီနေရာမှာ ရှိပါတယ်လို့ ညွှန်ပြ၊ ပညာက ဒီနေရာမှာစိုက် (မှန်ပါ)၊ ထိုကဲ့သို့ စိုက်လိုက်သည် ရှိသော် ရှိတာကို အကုန် မြင်ပါလိမ့်မယ် (မှန်ပါ့)၊ မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)။

အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဘူတံ ဘူတသော ဒိသွာ ဘူတဿ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓါယ သမ္မာဒိဋ္ဌိ ဟောတိ” (မှန်ပါ)

ဘူတံ- ထင်ရှားရှိတာ ကလေး – ဒီနေရာမှာ ရှိတာကလေးကို ဘူတသော – ထင်ရှား ရှိသော အားဖြင့်၊ ဒိသွာ – မြင်၍ (မှန်ပါ့) ဒီနေရာ ကလေးမှာ ဝေဒနာ ရှိနေတယ် ဆိုရင် ဒါကလေးကို ေဩာ် ဒီနေရာမှ တစ်ပါး ဘယ်မှ မရှိဘူး ဆိုပြီး ခင်ဗျားတို့က သိရမယ် (မှန်ပါ့)၊ ဘူတဿ နိဗ္ဗိဒါယ-တဲ့ – အဲဒီ ရှိတာကလေးကို ခင်ဗျားတို့ ငြီးငွေ့အောင် မလိုချင်အောင် ရှုနိုင်လို့ ရှိရင် မဂ္ဂင် ဖြစ်ပါပြီတဲ့ (မှန်ပါ)။

မလိုချင်တာဟာ သမ္မာဒိဋ္ဌိမဂ္ဂင်

ကိုင်း ဒီနေရာ ကလေးမှာပေါ်တဲ့ ဝေဒနာ ကလေးကို ခင်ဗျားတို့က တစ်ခါတည်း ဒီနေရာ ကလေးမှာ ပျက်နေတဲ့ ဓမ္မကလေး ဘဲလို့ ခင်ဗျားတို့က သိရမယ် (မှန်ပါ့)

အဲဒါ ကလေးကို ပျက်နေတာ ကလေးကို ထပ်ပြန် တလဲလဲကြည့် လိုက်တဲ့ အခါ ရွံမုန်း လာပါလိမ့်မယ် (မှန်ပါ့) မလာ ပေဘူး လား (လာပါတယ်) အဲဒီ ရွံမုန်း လာလို့ ရှိရင်ဖြင့် မလိုချင် တာ ဆိုတာ လိုက်လာမယ် (မှန်ပါ)၊ အဲဒီမ လိုချင်တာ လိုက်လာလို့ရှိရင် မလိုချင်တာဟာ သမ္မာဒိဋ္ဌိမ ဂ္ဂင်ဖြစ်ပြီး (မှန်ပါ)။

အဲဒီတော့ သမာဓိလည်း ပါသွားပြီ ဟုတ်လား (မှန်ပါ) ဝီရိယကော (ပါသွားပါပြီ) အကုန် ပါသွားပြီ (မှန်ပါ)။

အဲဒီတော့ သမ္မာဒိဋ္ဌိ မဂ္ဂင်ဖြစ်တဲ့ ဥစ္စာ ဒီနေရာမှာ ရှိတယ်လို့မှ ပြမည့်လူ မရှိလို့ရှိရင် သမ္မာဒိဋ္ဌိက အလိုလို မဖြစ်နိုင်ဘူးဗျ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်ရှစ်ပါး ဖြစ်ချင်လို့ရှိရင် သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်အကန် ပညာမဂ္ဂင် ဖြစ်ချင်လို့ ရှိရင် ဒကာ ဒကာမတို့ စဉ်းစားလိုက် ဒီနေရာ ရှိတယ်လို့ ညွှန်ပြတဲ့လူ မရှိလို့ရှိရင် သူချည့်သက်သက် မဖြစ်နိုင်ဘူး၊ (မဖြစ်နိုင်ပါဘူး)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ညွှန်ပြတာက သမာဓိ

ဒါဖြင့် ညွှန်ပြတာက ဘယ်သူလဲ (သမာဓိပါ) ရှုတာက ဘယ်သူလဲ (ပညာပါ)။ အေး ဒါကြောင့် ဒကာ ဒကာမတွေကို ဘုန်းကြီးက ပြောထားတယ်၊ စောစော စီးစီးက ညွှန်ပြထားတယ် (မှန်ပါ)။

ဒါကြောင့် မျက်လုံးထဲ ဘာဝေဒနာ ပေါ်တတ်သလဲ (ဥပေက္ခာဝေဒနာပါ) နား၊ နှာခေါင်း၊ လျှာမှာ (ဥပေက္ခာ ဝေဒနာပါ) ကိုယ်ပေါ်မှာ (သုခ ဒုက္ခပါ)၊ ဟဒယဝတ္ထုပေါ်မှာ (သုခ ဒုက္ခ ဥပေက္ခာပါ)

အဲဒါကလေးသာ ဘုန်းကြီးကို ညွှန်ပြ ထားတယ်၊ ဘုန်းကြီးက ရှေးဦးစွာ သမာဓိ စခန်းနဲ့ ညွှန်ပြ ထားတယ် (မှန်ပါ)။

အဲဒီလိုညွှန်ပြထားတော့ ဒီလို သမာဓိစခန်းကလေးနဲ့ ခင်ဗျားတို့က သိလို့ရှိရင် မျက်လုံးထဲ ပေါ်ရင် ဥပေက္ခာသာ ရှုရမှာဘဲ ဆိုတဲ့ ဉာဏ်ကလေး မလာပေဘူးလား (လာပါတယ်)။

အဲဒီတော့ ညွှန်ပြတာနဲ့ သမာဓိနဲ့ တူတယ် (မှန်ပါ့) ရှုတာနဲ့ (ပညာနဲ့ တူပါတယ်)။

ပုက္ကုသာတိမင်းကြီး

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘယ်သူ့ကို ဟောသလဲလို့ မေးတဲ့ အခါကျတော့မှ ပုက္ကုသာတိ မင်းကြီး ကျတော့ – ပုက္ကုသာတိမင်းကြီ အသင်သည် ကားလို့ဆိုရင် ယူဇနာ နှစ်ရာ ကျော်က နေ လာပြီး သကာလ အိုးထိန်းသည် အိမ်မှာ လာတည်း နေတယ်။ ခရီးတွေလည်း ပန်းလာပြီ၊ သမာဓိတွေ ဘာတွေကို အထူးသီးခြား လုပ်မနေနဲ့ တစ်ခါတည်း သမထနဲ့ ဝိပဿနာကို ခန္ဓာကိုယ်ထဲ တွဲလွှတ် လိုက်စမ်းကွာ ဆိုပြီး ဘုရား ကိုယ်တိုင် ညွှန်ပြတယ် (မှန်ပါ့)

သမထနဲ့ ဝိပဿနာ ဝေဒနာ ပေါ်မှာ တွဲလွှတ်လိုက် စမ်း ဆိုတော့ ဥပမာ ဒေါ်အုန်းခင်ကြီးတို့ မရီတို့လူစု၊ ဒေါ်ရွှေတို့ လူစုတွေက ခြေဖဝါးဖြင့် ဝေဒနာ ပေါ်ပြီဗျာ။ ဒေါ်ရွှေ ကဲ သမာဓိ ပညာတွဲ လွှတ်စမ်းဗျာ (ဖြစ်ပါတယ် ဘုရား)၊ မြင်တယ်တဲ့၊ ဒီနေရာပဲ မဟုတ်လား (မှန်ပါ) ဒီနေရာပဲ ဆိုတာ သမာဓိ၊ မြင်တယ်ဆိုတာက (ပညာပါ ဘုရား)။

အဲဒီတော့ ဒီနေရာမှာပဲ ဖြစ်သွားတယ် (မှန်ပါ့)။ ဒီနေရာမှာပဲ (ပျက်သွားပါတယ်)။

အဲဒီတော့ ဒီနေရာဖြစ် ဒီနေရာပျက် ခင်ဗျားတို့ ဒီကပြန်တော့ လှမ်းကြည့်စမ်းပါ၊ ခြေဖဝါးပြင်မှာ ပေါ်တဲ့ ယားလုံးကလေး နာလုံးကလေး ခဲနင်းမိတဲ့ ကြိတ်လုံးကလေး ဒီနေရာပဲ ပေါ် ရတယ် (မှန်ပါ့) ဒီနေရာပဲ ပျက်ရမယ် (မှန်ပါ့)။

ဝေဒနာနောက်က ပညာလိုက်ပေးပါ

အဲဒီတော့ တပည့်တော်တို့ဘုရား ဒီနေရာ ပေါ်ပြီး ဒီနေရာ ပျက်တဲ့ ဒုက္ခ ဝေဒနာ ကလေးက စိတ်ထဲမှာ မချမ်းသာဘူး ဆိုတာက ဒါက ခင်ဗျားတို့ဟာက ခက်တယ် (မှန်ပါ့)။ ပေါ်တာက ဟိုမှာ ပေါ်လိုက်တော့ကို ပေါ်တာက ခြေဖဝါး ပြင်မှာ ဆူးစူး ကျောက်ကြိတ် မိတယ်၊ အဲဒီ ဒုက္ခဝေဒနာ မပေါ် ဘူးလား (ပေါ်ပါတယ်)၊

ဝမ်းထဲက မကျေမနပ် ဖြစ်နေတယ် ဆိုတော့ ခင်ဗျားတို့ အတွက်က အတော် ခက်တယ် (ခက်ပါ တယ်) ပေါ်တာ ပေါ်တဲ့ နေရာကလေးမှာ ဖြစ်ပြီး ပျက်တယ်လို့ ရှုလိုက်လို့ရှိရင် ဝမ်းထဲက မကျေမနပ် လာသေးရဲ့ လား (မလာပါဘူး)။

အဲဒီတော့ ခင်ဗျားတို့က အကြောင်းကလေး လိုနေလို့ (မှန်ပါ့)၊ ဝေဒနာ နောက်က နေပြီး ပညာက မလိုက်ဘဲ ဖြစ်နေ တယ်။ ဝေဒနာ နောက်က နေပြီး ဝမ်းထဲမှာ ဒေါသ လိုက်လာ တယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

နာတာက ခြေဖဝါးပြင်မှာနော် (မှန်ပါ့) အဲဒီ တော့ ရှုရတာကလည်း ဝမ်းထဲမှာ ရှုရမှာ မဟုတ်လား (မှန်ပါ့)၊ မရှုဘူး ဒကာ ဒကာမတွေ တစ်ခါတည်း ကျွတ်ထိုး လာတယ်၊ ကျွတ်ကျွတ် ကျွတ်ကျွတ်နဲ့ (မှန်ပါ့) အဲဒီကျွတ်ကျွတ် ကျွတ်ကျွတ် ထိုးလာလို့ ရှိရင် ဝမ်းထဲက ထိုးလာတာ အောက်မေ့ ပေတော့ (မှန်ပါ့) အဲဒါ ဝမ်းထဲက လာနာပြီ (မှန်ပါ့)။

အဲဒီ ခြေဖဝါးပြင် တစ်ချက်နာ (မှန်ပါ) ဟဒယ ဝတ္တု ပေါ်မှာ (တစ်ချက် နာပါတယ်) ခြေဖဝါးပြင် နာတာက ဒုက္ခဝေဒနာ၊ ဟဒယဝတ္တုပေါ် နာတာက ဒေါမနဿ ဝေဒနာ (မှန်ပါ့)၊ ဟော ဝေဒနာ နှစ်ချက် ရတယ် (မှန်ပါ့)။

ခင်ဗျားတို့ ဆူးစူးရင် ဝေဒနာ ဘယ်နှစ်ချက် ရသလဲ (နှစ်ချက် ရပါတယ်) ခြေဖဝါးပြင်မှာ တစ်ချက် ဝမ်းထဲမှာကော (တစ်ချက်ပါ ဘုရား)၊ အံမာ ဒီကျောက် ကလေးက ဝမ်းထဲတောင် လိုက်စူး သကိုး (မှန်ပါ့) ဒါ ခင်ဗျားတို့မှာ ပညတ်က ဝမ်းထဲတောင် ရှောက်ပြီး စူးသေးတယ် ဆိုတော့ ကောင်းသေး ရဲ့ လား (မကောင်းပါဘူး)။

ခြေဖဝါးပြင်မှာတွင် နာဖို့ဥစ္စာ ခင်ဗျားတို့ က ဝိပဿနာ ဉာဏ် သမာဓိ ပညာ တွဲမလွှတ်တာနဲ့ မောင်ထွန်းလှိုင် ရေ ဟိုမှာ မရှုမိဘူး၊ မရှုမိတော့ ဝမ်းထဲမှာ ခင်ဗျားတို့ ကျွတ်ထိုးပြီး သကာလ ဒေါမနဿ ဖြစ်မလာ ဘူးလား ဖြစ်လာပါတယ်) ဟာ အတော်ဆိုး သွားပြီ (မှန်ပါ့)။

ပုထုဇဉ်ကနှစ်ချက်ခံရတယ်

ဒါဖြင့် – ကျောက်ခဲသည် တစ်ချက် ကြိတ်လား နှစ်ချက် ကြိတ်လား (နှစ်ချက် ကြိတ်ပါ ဘုရား)၊ ခြေဖဝါးပြင် တစ်ချက် ကြိတ်တယ်၊ ဟဒယဝတ္ထုထဲ တစ်ချက်လာ ကြိတ်တယ် (မှန်ပါ့)။ ဒါဖြင့် ခင်ဗျားတို့ ဘယ်နှစ်ချက် နာရသလဲ (နှစ်ချက် နာရပါတယ်)။ အတော် ဆိုးပါလား။

ဒါက ပုထုဇဉ်မှာ ဆရာကောင်း၊ သမားကောင်း နည်းနာ မရရင် နှစ်ချက်ချည့် နာမယ် (မှန်ပါ) ဒုက္ခဝေဒနာ လာရင် ဘယ်နှစ်ချက် နာဖြစ်မလဲ (နှစ်ချက်နာ ချည်း ဖြစ်ပါတယ်)။

အရိယာများ ကတော့ ဒီလို မဟုတ်ဘူးတဲ့ (မှန်ပါ့) အရိယာ ကတော့ ဒီလို မဟုတ်ဘူးတဲ့ ဒကာ ဒကာမတို့ သေသေချာချာ ပြောနေတယ် မှတ်ပါ၊

အရိယာကတော့ ခြေ ဖဝါးပြင်မှာ ဒုက္ခဝေဒနာ ပေါ်တယ်၊ သူလည်း အတူတူပဲ ပေါ်တာပဲ (မှန်ပါ့) ပေါ်လို့ ရှိရင်ဖြင့် အဲဒီ ပေါ်တဲ့ ဝေဒနာ ကလေးကို မင်းလည်း ဖြစ်ပျက်ဘဲ ဆိုပြီး ဟဒယဝတ္ထု ပေါ်မှာ တင်ပြီး ရှုတယ် (မှန်ပါ့) ဉာဏ်နဲ့ ပြန်ရှု လိုက်တယ် (မှန်ပါ)

လူကတော့ ဟိုကတစ်ချက် ထိုးရင် ဒီက တစ်ချက် ပြန်ထိုးတယ် (မှန်ပါ) ခင်ဗျားတို့က ဟိုက တစ်ချက် ထိုးတယ်ဆိုရင် ဝမ်းထဲ ရောက်အောင် နှစ်ချက်ခံရတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

ဒါဖြင့် ကျောက်ခဲ၏ – ဒဏ်ချက်ကို ပုထုဇဉ် နှစ်ချက် ခံရတယ် (မှန်ပါ့)၊

အရိယာကတော့ ဒီလို မဟုတ်ဘူး ကျောက်ခဲ၏ ဒဏ်ချက်ကို သူက တစ်ချက် ဖြေဖဝါးပြင် ထိုးလိုက်သဖြင့် ကိုယ်က ခြေဖဝါးပြင်မှာ ဉာဏ်နဲ့ အနိစ္စနဲ့ တစ်ချက် ပြန်ထိုးတယ် (မှန်ပါ) ဘဲစား ဘဲချေ ကျတယ် (မှန်ပါ့) အဲဒီလို ကွာတယ် (မှန်ပါ့) သံယုတ် ပါဠိတော်မှာ ဟောတယ် (မှန်ပါ့)။ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ဘယ်လို လုပ်ကြမလဲ ဆိုတာ ရိပ်မိကြပြီ (ရိပ်မိပါပြီ) ဘယ်လို လုပ်ကြမယ် (ဖြစ်ပျက် ရှုပစ်ရပါတယ်) ဖြစ်ပျက် ရှုတော့ ကိုယ်က တစ်ချက်ပြန်ထိုး ရတယ် (မှန်ပါ့)။

ခြေဖဝါးပြင်မှာ ကျောက်ခဲက ထိုးလိုက်တော့ ဝေဒနာ မပေါ်ဘူးလား (ပေါ်ပါတယ်) အဲဒီပေါ်တဲ့ ဝေဒနာ ကလေးဟာ ဝမ်းထဲ ထိုးတော့မလို့ သူလာပြီး (မှန်ပါ) ကဲ မင်းမလာရဘူးကွ၊ မလာရဘူး ဆိုပြီး ဝမ်းထဲက နေပြီး ဆရာ ဘုန်းကြီးက သမာဓိနဲ့ ပညာနဲ့ တွဲလွှတ်လိုက်၊ အဲဒါကလေး ဟာ ဖြစ်ပျက်လို့ မြန်မြန် ရှုလိုက်လို့ ဆိုတော့ ခင်ဗျားတို့ ဝမ်းထဲ မှာ သူလာနိုင်သေးရဲ့လား (မလာနိုင်ပါဘူး)။

အဲ အဲဒီလိုရှုနိုင်တဲ့ ပုဂ္ဂိုလ် ကျလာတော့ ဒကာ ဒကာမတို့ အရိယာ ဖြစ်တယ် (မှန်ပါ့)၊ ပုထုဇဉ်က နှစ်ချက် ခံရတယ်နော် (မှန်ပါ့) ခြေဖဝါးပြင်မှ ာတစ်ချက် ဟဒယဝတ္ထ ထဲမှာ (တစ်ချက်ပါ ဘုရား)။ နှစ်ချက် အထိုးခံရတယ် (မှန်ပါ့)။

အရိယာကတော့ သူက ဝေဒနာက ကျောက်ခဲနဲ့ ခြေဖဝါးပြင် တစ်ချက် နာအောင် လုပ်လိုက် တယ်။ သူကနေ တစ်ချက် မနောပေါက် က နေပြီး သူနာတဲ့ နေရာပြန်ပြီး သကာလ ထိုးပစ် လိုက်တယ် (မှန်ပါ့)၊ သူက တစ်ချက်ဆို ငါက တစ်ချက်ပဲ (မှန်ပါ) ဒီလိုဆိုတော့ ဟိုက ဆက်ပြီး လာသေးရဲ့ လား (မလာပါဘူး)။

ဒါဖြင့် အရိယာနဲ့ ပုထုဇဉ် ဘာကွာတယ် ဆိုတာ ပေါ်လာကြပြီ (ပေါ်လာပါပြီ ဘုရား) ပုထုဇဉ်က နှစ်ချက် ခံရတယ်။ ခြေဖဝါးပြင်မှာ တစ်ချက်၊ ဝမ်းထဲမှာ (တစ်ချက်ပါ ဘုရား)။ နှစ်ချက်ခံ ရတော့ မနာဘူးလား (နာပါတယ်)။

အရိယာကတော့ ဘယ်လို လုပ်သတုံး (တစ်ချက်ပဲ ခံရပါတယ်) တစ်ချက်ပဲ သူက တစ်ချက် ဆိုရင် ကိုယ်က တစ်ချက် ပြန်ထိုးတယ် (မှန်ပါ)။ သဘောကျပလား (ကျပါပြီ)။

အရိယာတွေမှာ အပြုံးမပျက်ဘူး

သူက ဒုက္ခဝေဒနာ တစ်ချက် ခြေဖဝါးပြင်မှာ ဒုက္ခ ဝေဒနာ ပေါ်လိုက်တယ်၊ တစ်ခါတည်း ဉာဏ်က နေပြီး သကာလ ခြေဖဝါးပြင်မှာ ဒုက္ခဝေဒနာ လေးဟာ ဖြစ်ပျက် ပဲကွာလို့ တစ်ခါတည်း ရှုနေတယ် (မှန်ပါ့)။

ဒါကြောင့် အရိယာများ ကျပြန်တော့ ဘယ်လို ဝေဒနာလာလာ သူတို့မှာ အပြုံး မပျက်ပါဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) အရိယာတွေမှာ ဘယ်လို ဝေဒနာ လာလာ အပြုံးမပျက်ဘူး ဆိုတဲ့ ဥစ္စာ ကိုယ်က ပြန်ထိုး နိုင်တယ် (မှန်ပါ့)။

ခင်ဗျားတို့ကတော့ မျက်စိနာတယ် ဆိုရင် ကိုယ်ပါ ဖျားချင်လာရော အနာရှိန် ထင်ပါရဲ့ တောင် ပြောလိုက် သေးတယ် (မှန်ပါ့) ခက်လိုက်တဲ့ ဖြစ်ခြင်းမှ ဒကာ ဒကာမတွေ ကလည်း ဆိုးလိုက်တာ (မှန်ပါ့)၊ အနာတစ်လုံး ပေါက်တာ ရှိသေးတယ် လူပါ ဖျားချင် လာတယ် (မှန်ပါ့) ဘာဖြစ်တာတုံး (နှစ်ချက် တိုက်လာပါ)။

အဲ ဝမ်းထဲမှာလည်း တစ်ချက် တိုက်ပြန်တယ် (မှန်ပါ)၊ ပြင်ဘက်ကလည်း မျက်လုံးမှာလည်း ဟုတ်လား နေပူဓါတ်ကြောင့် အနာတစ်ချက် ပေါ်တယ်၊ အဲဒီ အနာက နေပြီး ဆက်ပြီး ဒီနေပူကနေ တိုက်လိုက်တာ ဟဒယဝတ္ထု ပေါ်လည်း တစ်ချက် ပေါ်လာတော့ မျက်စိကျိန်း နေတာနဲ့ ကျုပ်ဖြင့် နေတောင် မကောင်းဘူး ဖြစ်လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

တယ်ဖျင်းပါလား ဒေါ်အုန်းခင်ကြီးတို့ လူစုတွေက (မှန်ပါ) အရိယာစိတ် အခု ထားနိုင်ကြ ပါ့မလား (ထားနိုင် ပါတယ်) ပေါ်တဲ့နေရာ ဘာလုပ်ရ မလဲ (ဖြစ်ပျက် ရှုရ ပါမယ်) ပေါ်တဲ့နေရာ ဉာဏ်က နေပြီး တစ်ချက် ပြန်ထိုး ဟဒယဝတ္ထု ပေါ် ဉာဏ်ထား အဲဒီက နေပြီး သူ့ပြန်ထိုး ဝေဒနာ ကို (မှန်ပါ) သူက တစ်ချက်ဆို ကိုယ်ကတစ်ချက်လုပ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

အဲဒီလိုဆိုရင်ဖြင့် ခင်ဗျားတို့ ခုနင်က ပြောတဲ့ ကိုယ်သာနာ၍ စိတ်မနာဘူး ဆိုတာ ပေါ်လာတယ် (ပေါ်လာပါ တယ်) ရိပ်မိပလား (ရိပ်မိပါပြီ) ကိုယ်သာ နာတယ် မဟုတ်လား (မှန်ပါ) စိတ်က နာသေးရဲ့ လား (မနာပါဘူး)။

ခင်ဗျားတို့တော့ ကိုယ်နာပြီဆိုမှဖြင့် စိတ်ကလည်း မခံချင်ဘူးတဲ့။ ကိုယ်နာရင် ကျုပ်က စိတ်ခံချင်တာ မဟုတ်ဘူး ဆိုတော့ ကိုယ်နာရင် စိတ်နာကုန်ပြီ (မှန်ပါ) ခင်ဗျားတို့က လွန်လွန်းတယ် ဟုတ်လား (မှန်ပါ)။

ကိုယ်နာသော်လည်း စိတ်မနာဘူး

အရိယာကတော့ ကိုယ်နာသော်လည်း စိတ်မနာဘူး၊ ဘာနာမလဲ ဒေါ်အုန်းခင်ရဲ့ ဉာဏ်နဲ့ ပြန်ရှု လိုက်တယ် (မှန်ပါ)။

ခင်ဗျားတို့ကတော့ ကိုယ်နာရင် ဘာတုံး (စိတ်နာပါတယ်) ခင်ဗျားတို့ ကတော့ နှစ်ချက် မိကိုးဗျ (မှန်ပါ) ကိုယ်လည်း ဒဏ်ရာ တစ်ချက် ရလိုက်သေးတယ် (မှန်ပါ) စိတ်မှာကော (တစ်ချက်ရပါတယ်) အဲဒါ ပုထုဇဉ် ခေါ်တယ် (မှန်ပါ)။

အရိယာကတော့ ကိုယ်သာ နာတယ် စိတ်မနာဘူးတဲ့ ကိုယ်ပေါ်မှာ ဒုက္ခဝေဒနာ ပေါ်တယ် ဆိုတော့ မနောက နေပြီး သကာလ ဖြစ်ပျက်ရှု ချလိုက်တဲ့ အတွက် ဖြစ်ပျက်ကဉာဏ် ဖြစ်နေတော့ နာတဲ့စိတ် ဟုတ်သေးရဲ့လား (မဟုတ် ပါဘူး)။

ဒါဖြင့် ခင်ဗျားတို့နဲ့ အရိယာနဲ့ ကွာတော့ အရိယာ ဖြစ်အောင် လုပ်ချင်လို့ ရှိရင် တစ်ချက်သာ နာပေစေ ဖြစ်ပျက် ရှု (မှန်ပါ) တစ်ချက်ကတော့ ဘုရားလည်း တားလို့ မရဘူး၊ ဘုရားလည်း ခြေမမှာ သွေးစိမ်း တည်တယ် ဆိုရင် ဒုက္ခ ဝေဒနာ ပေါ်တာပဲ (မှန်ပါ) ဘယ်သူမှ တားလို့ မရဘူး၊ တစ်ချက် ကတော့ သို့သော် နှစ်ချက် မလိုက်လို့ ရှိရင် အရိယာ (မှန်ပါ)။ ဒေါ်ခန့် ရိပ်မိပလား (ရိပ်မိပါပြီ)။

နှစ်ချက် လိုက်ရင် ဘာတုံးဗျ (ပုထုဇဉ်ပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ကစပြီး ဘယ်ဝေဒနာ ပေါ် လာလာ တစ်ချက်သာ အတိုက်ခံပြီး ဒီက ဖြစ်ပျက် လိုက်လိုက် ပေး (မှန်ပါ) ဖြစ်ပျက် လိုက်လိုက်ပေး လို့ ရှိရင်ဖြင့် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သမာဓိ ပညာက (မဂ္ဂသစ္စာပါ)။

ေဩာ် ဒါကြောင့် သမာဓိ ပညာဆိုတာ သမာဓိ ဝီရိယ သတိတို့ဟာ သမာဓိမဂ္ဂင်လို့ မပြောခဲ့ ဘူးလား (ပြောခဲ့ပါတယ်)။

အဲဒါကြောင့် သမာဓိ ပညာတို့က မဂ္ဂသစ္စာ (မှန်ပါ) သမာဓိ ပညာ လာကတည်းက ဟိုက နောက်တစ်ချက် လာနိုင်သေးရဲ့လား (မလာနိုင်ပါဘူး) မလာနိုင်တော့ အရင် လာနေကျ လောဘ ဒေါသ လာသေးရဲ့ လား (မလာပါ ဘူး)။

အဲဒါတွေ ချုပ်သွားတာက သမုဒယသစ္စာ (မှန်ပါ) ဒါတွေ ချုပ်သွားလို့ ရှိရင်ဖြင့် ဥပါဒါန်ဘဝ ဇာတိ ဇရာမရဏ မလာတာက (နိရောဓသစ္စာပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

အရိယာနှင့် ပုထုဇဉ်ဘာထူးသလဲ

ဒါဖြင့် ယနေ့ည တရားမှာ ခင်ဗျားတို့ အရိယာနဲ့ ပုထုဇဉ် ထူးပလား (ထူးပါပြီ) အရိယာကတော့ ဒုက္ခ ဝေဒနာ ကိုယ်ပေါ် ပေါ်လို့ ရှိရင် ပြန်ရှုတယ် (မှန်ပါ) ပုထုဇဉ် ကတော့ ဒုက္ခဝေဒနာ ကိုယ်ပေါ်ပေါ် ရင် (စိတ်ထဲကလည်း နာပါတယ်) ကိုယ်လည်းနာ စိတ်လည်းနာ (မှန်ပါ)

အရိယာ ကတော့ ကိုယ်သာ နာ၍ (စိတ်မနာပါဘူး)၊ ပုထုဇဉ် ကတော့ (ကိုယ်ရော စိတ်ရော နာပါတယ်)။

ဒါဖြင့် ခင်ဗျားတို့ ယောဂီသမားတွေ ကျတော့ ဒီလို မလုပ်နဲ့၊ ကိုယ်သာနာ၍ စိတ်မနာစေနဲ့ ဖြစ်ပျက်ရှု (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

ကဲ ယနေ့ဒီတွင်တော်ကြစို့။

သာဓု သာဓု သာဓု။

 
မာတိကာသို့