104

မာတိကာသို့

ဗြဟ္မာတစ်သောင်း ကျွတ်တမ်းဝင်ပုံ

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

ဗြဟ္မာတစ်သောင်း ကျွတ်တမ်းဝင်ပုံ

( ဗကဗြဟ္မာကြီး )

ဒကာ ဒကာမတို့၊ အခု တရားနာနေတာဟာ အသုဘခန္ဓာကြီး ထမ်းပြီး တရားနာနေကြတာ၊ အသုဘခန္ဓာ ထမ်းပြီးသကာလ ဟိုဘ၀ ဒီဘဝ ဒကာ ဒကာမတို့ ကျင်လည် ကျက်စားပြီး နေရတယ် ဆိုတာကော သေချာပလား (သေချာပါတယ်)။

အဲဒါတွေ ဘုန်းကြီးတို့ ထောက်ကြည့်တော့မှ အင်း ဒို့သည် ဗြဟ္မာလူထွက်တွေပါလား၊ ဗြဟ္မာဘုံ သည် မည်မျှလောက် ထူးခြားတယ် ဆိုစေကာမူ၊ အင်း – အနိစ္စ၊ ဒုက္ခသစ္စာ ပါလား ၊ ဖြစ်ပျက် ဒုက္ခသစ္စာ၊ ဒါကျတော့ ကိုဝ မထိုးဖောက်နိုင်ဘူး (မှန်ပါ့)။

အင်း- သို့သော်လည်း မကောင်းဘူးလား ကောင်း သလား (ကောင်းပါတယ်)၊ ကောင်းပင် ကောင်းငြား သော်လည်း၊ ဒါကို ထိုးဖောက်နိုင်သလားမေးတော့ ဘယ်နှယ်ဖြေ ကြမယ် (မထိုး ဖောက်နိုင်ပါ ဘုရား)။

ဪ- ဒါကြောင့် ခင်ဗျားတို့ ပညတ်ပြောတယ်လို့ မယူပါနဲ့၊ ဒကာ ဒကာမတွေ ပြောရတယ်၊ ဒီသာသနာတွင်း မျက်လုံးမှာ ဒီဘုန်းကြီး တပ်ပေးတဲ့မျက်လုံး၊ ဒီ ဒကာ ဒကာမ တွေမှာ ရနေတဲ့ မျက်လုံးဟာ ဗြဟ္မာမျက်လုံးထက် သာတယ်လို့ အောက်မေ့ပါ (မှန်ပါ့)။

ကြည့်စမ်း၊ ဗကဗြဟ္မာကြီးဟာ ဒကာ ဒကာမတို့၊ သူ့ ခန္ဓာကြီးဟာလည်း၊ နိစ္စဓူဝ- နိစ္စဆိုတာ ခိုင်မြဲတာ၊ ဓူဝဆိုတာ ခိုင်တာ၊ သဿတ ဆိုတာ ဘယ်ခါမှမပျက်တာ၊ ဘယ်အခါမှ မကျိုး မပေါက်တာ၊ ကိုပေါ် ကိုဝ မှတ်လိုက်ပါ။

ဗကဗြဟ္မာကြီး ဒိဋ္ဌိဖြစ်နေတယ်

ဒီဟာတွေကိုတော့ သူဘယ်လိုရှုရှု၊ ဖြစ်ပျက်ဒုက္ခ သစ္စာမြင်ပါ့မလား (မမြင်ပါ ဘုရား)။ မမြင်ရတော့ သူဘာဒိဋ္ဌိဖြစ်နေသလဲ (သဿတဒိဋ္ဌိပါဘု ရား)။ သဿတဒိဋ္ဌိ ဖြစ်နေတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

အင်း- တစ်ခါစဉ်းစားပါဦးတဲ့၊ သူ့ကိုယ်သူ လှည့်ကြည့် ပြန်တော့ ကမ္ဘာလေးရာတိုင်တိုင် နေရပြန်တော့၊ ဪ- ဒီဘုံ ကြီးဟာ နိဗ္ဗာန်ဘုံကြီးပဲ၊ သူ့သဘော ဒီမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ကောင်းပြီ၊ ဗြဟ္မာမျက်လုံးဟာ စွမ်းရည်သတ္တိ ရှိ-မရှိ၊ (မရှိပါ ဘုရား)၊ မရှိဘူး ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)၊

အဲဒါကြောင့် ခင်ဗျားတို့ သာသနာတွင်းကျင့်ကြတဲ့ ဆရာ ဘုန်းကြီး အကူအညီပေးထားတဲ့ မျက်လုံးဟာ ဘယ်လောက် ထိအောင် ခင်ဗျားတို့မှာ ဪ ဗြဟ္မာမျက်လုံးထက်သာပြီး သကာလ သစ္စာမြင်တဲ့ မျက်လုံး သွားရတယ်၊ (မှန်ပါ့)။ ဘာမျက်လုံးရတယ် (သစ္စာမြင်တဲ့မျက်လုံးပါ ဘုရား)။

မသေခင်ဒါလေးမြင်အောင် ကြိုးစားပါ

သစ္စာမြင်တဲ့မျက်လုံးရတဲ့ အတွက် ဘုန်းကြီးက တောင်းပန်ပါရစေ၊ မတောင်းပန် ကောင်းလို့သာ၊ မသေခင် ဒါလေးမြင်အောင် ကြိုးစားလိုက်ပါဦး၊ (တင်ပါ့)။

အသေမစောလိုက်ကြပါနဲ့၊ ဒါလေးမြင်အောင်ကြိုး စားလိုက်ကြပါဦး၊ နိုမို့ သာသနာပ မျက်လုံးနဲ့ သေသွားလို့ ရှိရင် ဗြဟ္မာဘုံ အသုံးမကျတာ အထင်အရှားဖြစ်နေတယ်။

အသေမစောကြပါစေနဲ့

ဒါ့ကြောင့် ဒကာ ဒကာမတွေကို တောင်းပန်တယ်။ တိုးရှိုးတယ်၊ အင်မတန်မေတ္တာ၊ ကရုဏာ ရှေ့ထားပြီး သကာ လ အသေမစောကြပါစေနဲ့၊ ကျန်းမာရေး ဂရုစိုက်စမ်းပါ၊ ဒါပဲ ကြိုးစားလုပ်စမ်းပါ ဆိုရတယ်။

တစ်ခါတည်းနဲ့ ကိစ္စပြီးစေချင်လို့၊ ဒုက္ခခပ်သိမ်း ငြိမ်း စေချင်လို့ဆိုတဲ့ အဓိပ္ပါယ် ရှင်းပလား (ရှင်းပါပြီ)။ ဒါကြောင့် ဒကာ ဒကာမတို့ အားလည်း မလျှော့နဲ့၊ ကြိုးလည်း ကြိုးစားပါ ဆိုတာကို တိုက်တွန်း ရပါတယ်နော် (မှန်ပါ့)။

ဒီတွင်ပဲ ဗကဗြဟ္မာကြီးက ဒိဋ္ဌိဖြစ်နေတာနဲ့ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက တစ်ခါတည်း ဗြဟ္မာပြည် ကွေးတဲ့လက် ဆန့်သလောက်နဲ့ တက်သွားတယ်။

ဗြဟ္မာ့ပြည်ကို ကြွတော်မူတယ်

အဲဒီမှာ ဗကဗြဟ္မာကြီးက အို ရှင်ကြီး ဂေါတမ၊ မရောက်တာကြာပြီ အခုမှပဲ ကျုပ်တို့ဆီကို တစ်ကြိမ် တစ်ခေါက်လာတာ ထိုင်စမ်းပါ၊ နေစမ်းပါ။

ဒီရုပ်ကြီးဟာ ကျုပ်ခန္ဓာကြီးဟာ နိစ္စပါပဲ၊ ကျုပ်ခန္ဓာ ကြီးဟာ နိစ္စ၊ နိဗ္ဗာန်ခန္ဓာကြီးပါပဲ၊ ကျုပ်နေတဲ့ နိဗ္ဗာန်ဘုံကြီး ပါပဲ။ ဆိုတော့ နားထဲ ကန့်လန့်ကြီး ဝင်သွားတယ်၊ ခန္ဓာကို နိစ္စလို့၊ သဿတဒိဋ္ဌိ ယူလိုက်တာကိုး (မှန်ပါ့)၊ ဘုံကြီးကို လည်း သဿတခိုင်တယ်၊ မြဲတယ်လို့ ယူလိုက်တော့ တစ်ခါ တည်းတဲ့ ဘုရားကနားထဲ ကန့်လန့်ကြီး ဝင်သွားတော့၊

ဪ အဝိဇ္ဇာအုပ်ချုပ်တဲ့၊ အဝိဇ္ဇာအုပ်ချုပ်နေတဲ့၊ အဝိဇ္ဇာတည်း ဟူသော အမှိုက်ပုံပေါ် မျောချင်သလို မျောနေတဲ့ဗြဟ္မာပါ ကလားလို့ အောက်မေ့လိုက်တယ် (မှန်ပါ့)၊ သဘောပါ ပလား (ပါ ပါပြီ)။

ဘယ်လောက်များ ဆိုးသလဲဆိုတာ (ဆိုးပါ တယ် ဘုရား)။ အဲဒါကြောင့်တဲ့ ဒီ ဒကာ ဒကာမတွေ မျက်လုံးဟာ သာမညမျက်လုံးလား၊ ဗြဟ္မာ မျက်လုံးထက် သာသလားလို့ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်ပါ။ (သာပါတယ် ဘုရား)။ ဗြဟ္မာမျက်လုံးထက် အဆပေါင်းများစွာ သာတယ် ဆိုတာ ဆုံးဖြတ်ချက်ချစမ်းပါ။

ဒါ ချီးမြှောက်ပြောတာလား၊ ဝတ္ထုသက်သေသာဓက နဲ့ အထောက်အထားနဲ့ ပြောတာလား (အထောက် အထား နဲ့ပြောတာပါ ဘုရား)၊ အထောက်အထားနဲ့ ပြောတဲ့အတွက် ကိုဝတို့ အားမလျော့ပါနဲ့ (မှန်ပါ့ ဘုရား)။ ကိုပေါ်တို့ (မလျှော့ပါ)၊ မလျော့နဲ့၊ မလျော့နဲ့၊ အသေသာ မစောစေနဲ့ ဆိုတဲ့ အဓိပ္ပါယ်ကိုလည်း ပြောပါတယ်။

ဗြဟ္မာကြီး အဝိဇ္ဇာဖုံးနေတယ်

ဒီတွင် ဘုရားကို သူက ထိုင်ပါဦး၊ နေပါဦး၊ သူ့ခန္ဓာ ကြီးဟာလည်း နိစ္စတရား၊ သဿတပါပဲ၊ ဓူဝ- ခိုင်မြဲတဲ့ခန္ဓာ ကြီးပါပဲလို့၊ မူလပဏ္ဏာသပါဠိတော်မှာ ဒီအတိုင်းလာတယ်။ တစ်ခါတည်း ဒီအတိုင်း ဖြစ်နေတယ်။ ဒီဘုံကြီးဟာလည်း ထို့အတူပဲ၊ မသေရာဘုံဆိုတာ ဒါပါပဲ အစရှိသည်ဖြင့် သူကြွားပြီး သကာလ ရှင်ကြီးဂေါတမ ဒီနေရာရောက်ဖို့ကိုပဲ ကြိုးစားနော်။

အမယ် သူကတောင် ဟောလိုက်သေးတယ်၊ ဒီနေရာ ရောက်ဖို့သာကြိုးစားပါ။ ဒီနေရာ ခိုင်တယ်၊ မြဲတယ်၊ လောက ကြီးမှာ ဒီထက်ကောင်းတဲ့နေရာ၊ ဒီထက် အသေလွတ်တဲ့ နေရာ မရှိတော့ပါဘူးလို့ သေသေချာချာ ဟောနေတယ်။

အင်း- ဘုရားသခင်ကိုယ်တော်မြတ်ကြီး နားထဲမှာ တော့ ကန့်လန့်ကြီးပေါ့ဗျာ၊ (မှန်ပါ့)၊ ကန့်လန့်ကြီးဖြစ်ပြီး သကာလ သွားပါတယ်၊ အဲဒီ ကန့်လန့်ကြီးဝင်သွားတဲ့နေရာ , ဌာနမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ထိုင်ပြီး သကာလ ဪ- ဗကဗြဟ္မာကြီး အဝိဇ္ဇာဖုံးလှချည့်လားလို့ စဉ်းစားရင်း နဲ့ထိုင်နေတယ်၊ ဒကာ ဒကာမတို့ အဝိဇ္ဇာ စွမ်းရည်သတ္တိ ဘယ်လောက် ဆိုးသတုံး (ဆိုးပါတယ် ဘုရား)။

အနိစ္စတစ်ချက် မြင်လို့ရှိရင်ဖြင့် ဝိဇ္ဇာတစ်ချက်ဝင် တယ်လို့ မှတ်လိုက်စမ်းပါ၊ (မှန်ပါ့)၊ အနိစ္စ တစ်ချက်မြင်ရင် (ဝိဇ္ဇာတစ်ချက် ဝင်ပါတယ်)။ ဝိဇ္ဇာတစ်ချက်ဝင်တယ်လို့ ဒကာ ဒကာမတို့ သေသေချာချာကြီး ယူလိုက်စမ်းပါ။

မာရ်နတ်မင်းကြီး

ကိုင်း- ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့ သူတို့ ၊ ခေတ္တထိုင်ကာ ရှိသေးတယ်၊ ကိုပေါ်ရ၊ ဝသဝတ္တီပြည်က မာရ်နတ်ကြီးက အမြဲတမ်းကြည့်နေတာ၊ ဪ ယနေ့ ဂေါတမ ဘယ်များကြွပါလိမ့်၊ ဟာ လူ့ပြည်ကနေပြီး ဗြဟ္မာ ပြည်တက်သွားပြီ။

ဟင်- ဗြဟ္မာတွေ အကုန်ကျွတ်တမ်းဝင်တော့မှာပဲ။ ဗြဟ္မာတွေ ကျွတ်တမ်းဝင်တော့မှာပဲ၊ ငါမှမဖျက်လို့ရှိရင် ခက်ရ ချည်းရဲ့၊ ငါ့ကိုလွန်ပြီး သကာလ ဒီဗြဟ္မာတွေ သွားတော့မယ်၊ ဆိုပြီး တစ်ခါတည်း ဒီဗြဟ္မာပြည်လိုက်တာပဲ။

ဗြဟ္မာကိုယ်ထဲဝင်ပြီးပူးတယ်

သူကလဲ တော်တော်တန်ခိုးကြီးတယ်နော်၊ (မှန်ပါ့)၊ အဲဒီဗြဟ္မာပြည်လိုက်ပြီး သကာလ ဒကာ ဒကာမတွေ တစ်ခုသော တန်ခိုးငယ်တဲ့ ဗြဟ္မာထဲမှာ ဗြဟ္မာ၏နှလုံးသွေးထဲ၊ ခန္ဓာ ကိုယ်ထဲ ဝင်ပြီး သကာလ ပူးတယ်။

ရှင်ကြီးဂေါတမ၊ ရှင်ကြီးဂေါတမ၊ သူက ဗြဟ္မာလုပ် ပြီးပြောတယ်။ အဲဒီ ဗကဗြဟ္မာကြီး ပြောတဲ့ စကား အကုန်ယုံတော့ သူ့ခန္ဓာဟာ နိဗ္ဗာန်၊ နိဗ္ဗာန်ခန္ဓာ၊ သူ့ဘုံကြီးဟာလည်း နိဗ္ဗာန်ဘုံကြီး။

ရှင်ကြီးဂေါတမ သူပြောတာ နားထောင်လို့ရှိရင်ဖြင့် ရှင်ကြီးဂေါတမသည် အလွန် အကျိုးရှိ လိမ့်မယ်။ သူကတောင် ကြားဝင်ဖောက်လိုက်သေးတယ်၊ ဘယ်လောက်များဆိုးတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

သူကတော့ မိတ်ဆွေ လုပ်ချင်လို့ ပြောတာပါ။ သူ့နယ်က ဗြဟ္မာတွေ ကျွတ်လွတ်သွားမှာ စိုးလို့၊ သူ့နယ်က ဗြဟ္မာတွေ ကျွတ်လွတ်သွားမှာ စိုးတာနဲ့၊ ရှင်ကြီးဂေါတမ ဆိုပြီး ဝင်ပူးတာပဲ၊ သူကလည်း နည်းတဲ့ တန်ခိုးမဟုတ်ဘူး၊ (မှန်လှပါ ဘုရား)။

ဗကဗြဟ္မာကြီးပြောတဲ့စကားယုံပါတဲ့

ရှင်ကြီးဂေါတမ ဒီဗကဗြဟ္မာကြီးပြောတဲ့စကား အကုန်ယုံ၊ အကုန်ယုံပါ၊ အကုန်မှတ်ပါတဲ့၊ သူဟာ အခုနိဗ္ဗာန် ခန္ဓာကြီးပါပဲ၊ နိဗ္ဗာန်ဘုံကြီးပဲ၊ ရှင်ကြီးဂေါတမ မပယ်နဲ့နော်၊ သူ့ဘုံရောက်အောင် ကြိုးစား။

အကယ်၍ သူပြောတဲ့စကား ပယ်လိုက်လို့ရှိရင် နောက်ကဗြဟ္မာတွေ လိုက်လာတာ၊ တုတ်နဲ့ ပယ်ချသလို သင် သည် ဆိုးဝါးတာ ရောက်သွားလိမ့်မယ်။

အမယ် သူကတောင် ဟောလိုက်သေးတယ်၊ (မှန်ပါ့)။ နောက်ကဗြဟ္မာတွေ လိုက်လာတဲ့အခါ ဒါမကြိုက်ပါဘူး ဆိုလို့ ရှိရင် နောက်ကဗြဟ္မာတွေကို မကြိုက်တဲ့စိတ်နဲ့ ပယ်ချတာနဲ့ ဆင်တူတော့မယ်၊ ဗြဟ္မာပြောတဲ့စကား အကုန်နားထောင်ပါ။ ကြောက်စရာကြီးပါလား (မှန်ပါ့)။

အမလေး ကြောက်စရာကြီးပါလား၊ မာရ်နတ်က ဝင်ပူးပြီး တစ်ခုသော ဗြဟ္မာကြီး ဝမ်းထဲ ဝင်ပူးပြီး သကာလ သူကပဲ ပြောဆိုနေတယ်။

မာရ်နတ်ကိုနှိမ်တော်မူတယ်

ဒီတွင် ဘုရားက ဗြဟ္မာတရား မဟောရသေးဘူး၊ သူ့နှင်ဖို့ရာက အရင်ပေါ်လာတယ်၊ (မှန်ပါ့)၊ သူ့နှိမ်ဖို့ရာ ဟေ့ မာရ်နတ် မင်းဟာ မသိဘူးများ ထင်မနေနဲ့ မင်းသည်ကားလို့ ဆိုလို့ရှိရင် သတ္တဝါတွေကို အလုံးစုံအကုန်၊ အပါယ်လေးပါး မြုပ်လမ်း၊ မျောလမ်းသွားပြီး၊ အိုဘေး နာဘေး သေဘေးတွေ နဲ့ မိတ်ဆွေဖြစ်နေတာ၊ မင်းက အင်မတန်ကြည့်ချင်နေတဲ့သူ တစ်ဦးတစ်ယောက် ဖြစ်ပါတယ်။

မင်းအခု ဗြဟ္မာပြည် ရောက်ပြီး သကာလ တစ်ခုသော ဗြဟ္မာဝမ်းထဲ ဝင်ပူးကပ်ပြီး သကာလ မင်းဟာ ဗြဟ္မာလုပ်ပြီး သကာလ၊ ငါ့လာပြီး သကာလ တရားများ ဟောနေလိုက်သေး တယ်။

မင်း ငါကမသိဘူးမှတ်လို့လားလို့ ဘုရားပြောလိုက် တော့ ငြိမ်သက်သွားတယ်။

ဗြဟ္မာကြီးရဲ့ သက်တမ်းက ကမ္ဘာပေါင်း (၄၀၀) ကျော်

ဒကာ ဒကာမတို့ သံသရာနယ်ထဲက ထွက်သွားဖို့၊ အင်မတန် ကန့်ကွက်ချင်တဲ့သူဟာ မာရ်နတ်ပဲ ဆိုတာ သဘော ကျပလား (ကျပါပြီ)။

ဒါနဲ့- ဗကဗြဟ္မာကြီးကို မင်းဒီပြည်မှာနေရတာ ကမ္ဘာ (၄၀၀) ရှိခဲ့ပါပြီ၊ ဒီပြင် အောက်ဘုံတွေ မှာလည်း သင်နေခဲ့ တာ ကမ္ဘာ (၃ဝဝ)၊ ကမ္ဘာ (၂၀၀) နေခဲ့ရတော့ သင်သည် ကား လို့ဆိုလို့ရှိရင် သင့်ခန္ဓာကြီးကို ခိုင်တယ်၊ မြဲတယ်လို့ယူတော့၊ ဘယ်က ပုဂ္ဂိုလ်ကြီး၊ ဘယ်ကလာလို့ ဘယ်လိုအကျိုး စီးပွားကြောင့် ဗြဟ္မာ ဖြစ်လာတယ်လို့ သင်မှမသိပဲ။

သင့်ကိုယ်ကြီးကို ခိုင်တယ်၊ မြဲတယ်လို့ သင်ယူမှာပေါ့။ သူက ဒီမှာပဲကြာနေတော့ နောက်က ဟာတွေ အကုန်မေ့နေတယ်။

အမေ့နို့ရည်နံ့အောင် မပျောက်သေးဘူးတဲ့

ရှင်ကြီး ဂေါတမ ဒီလိုမပြောနဲ့လေ၊ ရှင်ကြီး ဂေါတမ ပြောဆိုတဲ့စကား၊ ရှင်ကြီးဂေါတမ ကျုပ်ထက် အများကြီး ငယ်တယ်၊ ရှင်ကြီးဂေါတမ ပြောဆိုတဲ့အကြောင်း၊ ကျုပ်ယုံရမှာ အင်မတန် ခဲယဉ်းတယ်၊ ရှင်ကြီးဂေါတမပါးစပ်က အမေ့နို့ရည် နံ့တောင် မပျောက်သေးဘူး။

သူကတောင် လာလိုက်သေးတယ်။ ကြောက်စရာကြီး ပါလား၊ ဒကာ ဒကာမတို့၊ ကြောက်စရာ ကြီးနော်၊

မင်းက အမေ့နို့ရည်နံ့တောင် မပျောက်သေးပါဘူးတဲ့ သူ့ ရဲ့ အသက် က အင်မတန် ကြီးကျယ်တော့၊ ကမ္ဘာပေါင်း များစွာနေရတဲ့ ပုဂ္ဂိုလ် ဘယ်တော့မှ မသေတဲ့ဥစ္စာကြီး၊ ရှင်ကြီးဂေါတမ၊ သင်း သည်ကားလို့ဆိုလို့ရှိရင်၊ သေတတ်တာတွေ၊ သေခဲတာတွေ သေပြီးလာခဲ့တာတွေ မင်းမမြင်ဘူး ဆိုတာသည် ကလေးပြော တာ လူကြီးက ယုံရမှာလား ဆိုပြီး ရှင်ကြီးဂေါတမ မဟုတ်နိုင် ပါဘူး၊ သူက ကန့်ကွက် လိုက်တယ်။

အသက်ရှည်လွန်းလို့ သဿတဒိဋ္ဌိဖြစ်နေတယ်

သဘောကျပလား (ကျပါပြီ) အသက်ရှည်လွန်းလို့ သဿတဒိဋ္ဌိဖြစ်နေတယ်။ အသက်ရှည် လွန်းလို့ (သဿတဒိဋ္ဌိ ဖြစ်နေတယ်) သဿတဒိဋ္ဌိဖြစ်နေတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ ကဲကွာ တဲ့ မင်းကိုယ်မင်း ခိုင်တယ်မြဲတယ် တည်တံ့တယ်၊ မင်းဘုံကြီး ကလည်း နိဗ္ဗာန်ဘုံကြီးလို့ ထင်ခဲ့လို့ရှိရင် မင်းအကြောင်း ငါပြောပြပါမယ်။ မင်းထက် ပညာ သာတယ်ဆိုတာ မှတ်လိုက်စမ်းပါ။

ငါကလေးလို ပါးစပ်က အမေ့နို့ရည်နံ့မပျောက်သေး ဘူးဆိုတာ မဟုတ်ပါဘူး။ မင်းထက် ငါသာပါတယ် ဆိုတော့ တန်ခိုးပြရတယ်။ တန်ခိုး မပြရင်ခက်ပြီ (မှန်ပါ) ယုံမှာမှ မဟုတ်ဘဲ။

ဒီကုသိုလ်ကြောင့် ဗြဟ္မာဖြစ်လာတာ

ဒါနဲ့ သင်ဟာတစ်ချိန်က ဈာန်ရတဲ့ရသေ့ကြီးဖြစ်ခဲ့ တယ် အဲဒီအခါမှာ ညအချိန် သဲကန္တာရထဲ သွားတဲ့အခါ လူတွေက အိပ်ပျော်နေကြပြီး နွားတွေက အစာရေစာတွေ ဝိုင်းစားနေတာ တွေ့တယ်။ သူတို့ဟာ နေ့ လည်ကျရင်၊ သဲကန္တာရထဲမှာ သဲပူမိပြီး အော်ကြ ဆူကြနဲ့ သေကုန်ကြတော့မယ်လို့ သင်ဟာ ဈာန်အဘိညာဉ်ရတဲ့ ရသေ့ဖြစ်လို့ ကြိုပြီးမြင်တယ်။

အဲဒီတော့ ငါ့ရှေ့တော့ဖြင့် သူတို့ မသေကြပါစေနဲ့ဆို ပြီး သင့်တန်ခိုးနဲ့ ရေတွေ လာပါစေ သတည်း ဆိုပြီး သင်ကယ် လိုက်တယ်၊ သူတို့လည်း အသက်ချမ်းသာရာ ရသွားတယ်။

အဲဒီကုသိုလ်တွေကြောင့် သင်ဗြဟ္မာ ဖြစ်လာတယ်။ အဲဒါမပြောဘဲနဲ့ ကူတဲ့အတွက် သင်ဗြဟ္မာဖြစ်လာတာ။

ဒီနောက်မှာသင်သည် ဂင်္ဂါမြစ်ထဲမှာ လူတွေစုပြီး မင်္ဂလာအခမ်းအနား လုပ်တဲ့အခါမှာ မြစ်ကြီးတစ်ခုလုံး လှေတွေ၊ သင်္ဘောတွေပြည့်ပြီးနေတဲ့အချိန်မှာ ရေစောင့် နဂါးကြီးက ဒီလူတွေ တယ်မြူး ကြတယ်။ ငါ့ကို အလေး အမြတ်မပြုဘူး ဆိုပြီး ရေထဲက နဂါးကြီး ပေါ်လာတယ်။

ခုနက မြစ်ကမ်းပါးမှာ ပျော်နေတာတွေဟာ တစ်ခါ တည်း တဝေါဝေါ အော်သံကြားလို့ ဘာသံပါလဲ ဆိုပြီး သကာလ ကြည့်ကြည့်ကြတယ်။ နဂါးကြီးက အကုန်ရေထဲမှာ မျှောမလို့ စိတ်ကူးနေတုန်း သင်က ငါ့ရှေ့မှာ မသေစေနဲ့ ဆိုပြီး ဂဠုန်ယောင် ဖန်ဆင်းပြီး တန်ခိုးနဲ့ပြလိုက်တော့ နဂါးကြီး ရေထဲ ပြန်ငုပ်ရတယ်။

အဲဒီကုသိုလ်တွေကြောင့် သင်က ဗြဟ္မာကြီးဖြစ်လာ တာ။

ရှင်ကြီးဂေါတမ ကျုပ်အကြောင်းသိပါလား

ဟင်-ရှင်ကြီးဂေါတမ ကျုပ်အကြောင်း သိသကိုး၊ သူကမသိဘူး (မှန်ပါ့)။ ဒါကြောင့် မင်းကိုငါက မင်းက ငါ မိခင်နို့ရည်နံ့တောင် မပျောက်သေးဘူးလို့ မင်းကဆိုတာ၊ မင်းထက် ငါက သိတာပေါ့တဲ့။

မင်းထက်ငါကပညာရှိလို့ မင်းထက်ငါက သိတာပေါ့ ဆိုတော့ နည်းနည်းလေး အောက်ကျ သွားတယ် (မှန်ပါ့)။

နည်းနည်းလေး အောက်ကျသွားတယ်၊ ကြည့်စမ်း ဒကာ ဒကာမတို့ ဒိဋ္ဌိလေးခွာပြီးသကာလ၊ သူအရိယာဖြစ်ဖို့ ဟောဖို့ရာ အကြောင်းကိုပဲ တန်ခိုးပြိုင်ရသေးတယ် (တင်ပါ့) ကိုပေါ် လွယ်ပါ့မလား (မလွယ်ပါဘူး ဘုရား)။

အဲဒီတော့မှ ရှင်ကြီးဂေါတမတဲ့ ရှင်ကြီးဂေါတမဟာ တန်ခိုးတော့ကြီးပါရဲ့ တဲ့၊ ကျုပ်အကြောင်း ကိုလည်း ကောင်း ကောင်းသိတယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်တဲ့၊ သို့ရာ တွင် ရှင်ကြီးဂေါတမ ကျုပ်ထက်တော့ ငယ်တာအမှန်ပဲ။

လူငယ်ကပြောတာကို လူကြီးက ယုံရမယ်ဆိုတာ အတော်ကလေးတော့ ခဲယဉ်းနေတယ် မလျော့ဘူး (မလျော့ ပါ ဘုရား)။

ရှင်ကြီးဂေါတမနှင့်တန်ခိုးပြိုင်မယ်

ရှင်ကြီးဂေါတမနဲ့ ကျုပ်နဲ့ တန်ခိုးပြိုင်မယ်၊ အမယ်လေး လာချည့်သေးတယ်၊ ဒကာ ဒကာမတို့ တန်ခိုး ပြိုင်ဦးမတဲ့ (မှန်ပါ့ ဘုရား) ဘယ်လောက်ထိအောင် ဒိဋ္ဌိသန်သလဲ ဆိုတော့ သူ့အယူသူ မစွန့်ဘူး။

တန်ခိုးပြိုင်ကြည့်ဦးမယ်၊ တန်ခိုးပြိုင်ကြည့်လို့ ရှုံးမယ် ဆိုရင် အမှန်ယူမယ်လေ။

ဗြဟ္မာစွမ်းရည်သတ္တိ

ဒီတွင်မှ သူသည်ကားလို့ဆိုရင် ဘာတွေကြောင့် တန်ခိုးပြိုင်မလဲလို့ မေးတဲ့အခါကျတော့ ဗြဟ္မာစွမ်းရည် သတ္တိကလည်း ကိုယ်တို့ ကိုဝတို့ တော်တော် သတ္တိမဟုတ် ဘူး၊ သူ့ခန္ဓာကိုယ်ကို ပဋိသန္ဓေနေစက အခြေကိုပြန်ပြီး ဖန်ဆင်းလိုက်လို့ရှိရင် မည်သူမှကြည့်လို့ မရဘူး။

သူက တူပုန်းတန်းကစားမယ်၊ ကျုပ်တော့တူပုန်းမယ် ရှင်ကြီးဂေါတမက ကျုပ်ရှာနိုင်ရှာပါ၊ ရှာနိုင်လို့ရှိရင်ဖြင့် ကျုပ် အရှုံးပေးမယ်။ မရှာနိုင်လို့ ရှိရင်ဖြင့် ရှင်ကြီးဂေါတမ ကျုပ်ထက်ငယ်လို့ တန်ခိုးနည်းလို့ ဖြစ်တော့ ရှင်ကြီးဂေါတမ ပြောဆိုတဲ့စကား ကျုပ်မယုံနိုင်ဘူး။

တူတူပုန်းတမ်း ကစားဦးမယ် ဒီတော့မှ ဘုရားသခင် က မင်းက တူပုန်းချင်တယ် ဆိုလို့ရှိရင် ပုန်းတာပေါ့ကွ၊ ကိစ္စ မရှိပါဘူး ငါရအောင်ရှာပါ့မယ်။

သူကဗြဟ္မာတို့၏ ထုံးတမ်းအတိုင်းပဲ ပဋိသန္ဓေနေတဲ့ ရုပ်နာမ်ပြန်လုပ်တယ်၊ ပဋိသန္ဓေနေတဲ့ ရုပ်နာမ် ဆိုတာ ဒကာ ဒကာမတို့ သိတဲ့အတိုင်း၊ ကလလရေကြည် ဆိုတော့ ပြောပလောက်တဲ့ အခြေအနေ ရှိရဲ့လား (မရှိပါဘူး)။

အဲဒီလို အဲဒီအထိ သူကပြန်ပြီးတော့ သူ့ကိုယ်သူ ဖန်ဆင်းလိုက်တယ်၊ ဘုရားက ဖန်ဆင်းခွင့်ကို မပေးဘူး၊ ဒီနေရာ ရောက်အောင်ကို မပေးဘူး။

ပဋိသန္ဓေနေစ အခြေဖန်ဆင်းလို့မရ

ဒီနေရာ ရောက်အောင်ကို မပေးတဲ့အခါကျတော့ ပုန်းမှာပေါ့ သူကတော့ဖြင့် လုံပြီထင်တာပေါ့၊ အယောင်ဆောင်ပြီး ပုန်းနေလိုက်၊ ဟိုဒီထဲ၊ ဘုံကြားကပ်ပြီး ပုန်းနေ လိုက်၊ ဘုရားက မင်းဒီအထဲ၊ ဘုံကြား ကပ်နေတယ်၊ အင်း ဟိုကြား ရောက်ပြန်ပြီး ဗကဗြဟ္မာကြီး ရယ်စရာကြီးပါလား ပုန်းတာ လုံအောင်မှ မပုန်းဘဲကိုး၊ ဘုရားက အိုး-ပဋိသန္ဓေ ဆီ ပြန်လို့မှ မရဘဲ၊ ပြန်ခွင့်ကို မပေးဘူး ဘုရားက ပဋိသန္ဓေ ဆီပြန်ခွင့်ပေးလို့ရှိရင် ဘုရားတောင် မမြင်နိုင်ဘူးတဲ့ (မှန်ပါ့) သူ့တန်ခိုးကလည်း သေးတာ မဟုတ်ဘူး။

အဲလိုပြန်ခွင့်မပေး၊ ရုပ်လိုနေလို့ ရုပ်ကလာပ်ကို ပြန် သွားရတာ ဒီတွင်မှ ဘေးကစောင့်နေတဲ့ ဗြဟ္မာတွေ ကတော့ ဖြင့် တရားနာနေတဲ့ ဗြဟ္မာတွေကလည်း၊ ဗကဗြဟ္မာကြီးဟာ အပုန်း ကောင်းလိုက်တာ ကျုပ်တို့ဖြင့် မြင်သားပဲ၊ လှောင်ကြ ပြောင်ကြ ပေါ့ဗျာ။

အဲဒီတွင် သူရှက်ပြီ၊ ရှက်ပြီးသကာလ ရှင်ကြီး ဂေါတမ အရှုံးတော့ မပေးသေးဘူး၊ ကျုပ်ပုန်းတာ ကိုတော့ဖြင့် နေရာတိုင်းမှာ မြင်တယ် ဆိုတော့ဖြင့် ကျုပ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အရှုံးတော့ မပေးသေးဘူးတဲ့၊ ရှင်ကြီးဂေါတမ ပုန်းပါဦး ကျုပ်ရှာမယ်။

သေးငယ်တဲ့ရုပ်ကလာပ်ဖန်ဆင်းတယ်

ဆိုတော့မှ ဘုရားသခင်ကိုတော်မြတ်ကြီးကလည်း အင်မတန်သေးငယ်တဲ့ရုပ်ကလာပ်ကို ဖန်ဆင်းပြီး သကာလ ပုန်းတယ်၊ ဒီနေရာတွင် ပုန်းတယ်၊ ထိုင်တဲ့နေရာတွင် ပျောက် တယ်၊ ပျောက်ပေမယ့်လည်း ငါ့စွဲချက် တင်လိမ့်မယ်တဲ့၊ ဗက ဗြဟ္မာကကော သူ့ဗြဟ္မာ ပရိသတ်တွေကကော၊ ရှင်ကြီး ဂေါတမ ပုန်းလိုက်တာကဖြင့် ဗကဘုံတွေရောက်အောင်ပဲ ပုန်းတယ်လို့ ထင်မှာစိုးတယ်။

ဒါကြောင့် ပုန်းတယ်၊ မြင်လည်းမမြင်ရဘူး၊ တရား လည်း ဟောနေတယ်၊ မြင်လည်း မမြင်ရဘူးနော် (တင့်ပါ) တရားလည်း ဟောနေတယ်၊ ဒါမှသာလျှင် ဒီအနားတွင်ပဲ ရှိတယ်။ မတွေ့ရဘူး၊ ငါပုန်းတယ် ဆိုတာ သေချာအောင်လို့။

မြင်လည်းမမြင်ရဘူး တရားဟောနေတယ်

ဒီနေရာ တရားဟောနေတယ်၊ ပုန်းရင်း ဟောနေ တယ်၊ ပုန်းရင်းပဲ ဟောနေတယ်။ မြင်လည်း မမြင်ရဘူး၊ သဘောကျပလား (ကျပါပြီ)။ ဟို ဗကဗြဟ္မာကြီးက ပုန်းလို့ရသေးရဲ့ လား (မရပါဘူး)။

အဲဒါ ပဋိသန္ဓေသွားမယ် ဆိုတော့ ဘုရားက တားမြစ် ထားလိုက်တယ်၊ ဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကဲ-မင်းရှာတော့ဆိုပြီး သကာလ တစ်ဘဝ အဖြစ်နဲ့ ဒီနေရာ တွင်ပဲ မမြင်အောင် လုပ်ပလိုက်တယ်။

သို့သော် တခြားသွားပုန်းနေတယ် ထင်မှာစိုးတဲ့ အတွက် ဒီနေရာကနေ တရားဟောနေတယ်။ ပုန်းရင်းဟော နေတယ်။

အဲ ဗြဟ္မာတွေ ကျွတ်တယ်ဆိုတာ ဒကာ ဒကာမ တွေ မှတ်ပါ၊ ဘာဟောလိုက်လို့ ကျွတ်တယ် ဆိုတာ သိရအောင်နော် (မှန်ပါ့ ဘုရား)။

တူတူပုန်းရင်းတရားဟောတယ်

ကိုင်း- ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တူတူ ပုန်းရင်းပဲ ဒီကနေ ဟောလိုက်တယ်၊

‘‘ဘဝေဟံ ဘယံဒိသွာ ဘဝဉ္စ ဝိဘဝေ သိနံ ဘဝေဟံ ဘယံ ဒိသွာ’’ ဆိုပြီးသကာလ ပုန်းရင်း ဟောတယ်။

အဟံ-ငါသည်၊ ဘဝေ- ဘဝများစွာ သံသရာကြီးထဲ၌ ဘယံ- ဘေးကို ဒိသွာ- ငါမြင်၍၊ ဘဝရမှာ ကို အင်မတန ်စိုးရိမ်တယ်၊ ဘဝရမှာ ငါအကြောက်ဆုံးပဲ၊ သဘောကျပလား (ကျပါပြီ) ဘဝရမှာ (အကြောက်ဆုံးပါ ဘုရား)။

ဝိဘဝေသညာ – ဘဝများစွာ သံသရာထဲက ဘဝကင်းရာကို ရှာခဲ့တဲ့အခါ ရကိုမရဘူးတဲ့၊ ဘဝထဲချည်း ပြန်ရောက်နေတယ် သဘောကျပလား (ကျပါပြီ)။ သူသည် ဘဝအသစ်ကိုတော့ သူမြင်တယ်။

သို့သော်လည်း ဟိုဘဝ၊ ဒီဘဝ၊ ငါမသွားရအောင် လို့ ကြိုးစားငြား သော်လည်းတဲ့ ဒီဘဝတည်းမှာပဲ ပြန်ပြန် ရောက်နေတယ်၊ သဘောကျပလား (ကျပါပြီ) ဒါပုန်းရင်း ဟောနေတဲ့ တရားနော် (မှန်ပါ့)။

ဘဝကင်းရာရာလို့မရခဲ့ဘူး

ဘဝေဟံ ဘယံဒိသွာ ဘဝဉ္စ ဝိဘဝေသိနံ

အဟံ- ငါသည် အလုံးစုံသိတယ်၊ ဘဝေ- ဘဝကို၊ ကိံစိ- တစ်စုံတစ်ခုမှ ငါသည် မနှစ်သက် ပါဘူးကွာ၊ နဘဝဉ္စ- နှစ်သက်ခြင်းကိုလည်း၊ ငါသည်ကားဆိုရင် စွဲလမ်းမှုတော့ မယူပါဘူးကွာ။ ဒကာ ဒကာမတို့ သစ္စာ ဟောတယ်၊ သစ္စာဟောနေတယ်၊ သစ္စာလေးပါးဟောလိုက်တယ်။

ဘဝကင်းရာကိုတဲ့ သူသည်ရှာငြားသော်လည်း ဘဝထဲပဲ ကျတယ် ဆိုတော့၊ ဘဝထဲ ပြန်ကျအောင် လုပ်တာ က တဏှာ၊ ပြန်ကျတာက ဒုက္ခသစ္စာ၊ ဘဝထဲပြန်ကျအောင် လုပ်တာက (တဏှာ) တဏှာသမုဒယသစ္စာ အဲကွာ ဘဝပြန်လာတာက (ဒုက္ခသစ္စာ)။

ဪ – ဒကာ ဒကာမတို့ လှူကြ၊ တန်းကြ၊ ပေးကြ၊ ကမ်းကြတဲ့ ပုဂ္ဂိုလ်များဟာ တောင်းတာ၊ ဘဝကင်းရာကို နားမလည်တော့၊ ဒီဘဝမကောင်း ဟိုဘဝပြောင်းရ တာပေါ့။

ဒီဘဝဆင်းရဲ၊ ဟို ဘဝချမ်းသာဖို့ပေါ့ဆိုတော့၊ သူသည်ချမ်းသာစစ်ကို ရှာနိုင်တဲ့ စွမ်းရည်သတ္တိ ရှိသေးရဲ့လား မရှိပါဘူး။

ဘဝဆုံးရာ ရှာကြသော်လည်း ဉာဏ်မမှီကြ

ဘဝကင်းရာကို ရှာတော့ ရှာပါတယ်တဲ့၊ သူသည် သူ့ဉာဏ်ကမမှီတော့ ဘဝထဲပဲ ဒီဘဝ မကောင်းတော့ ဟိုဘဝတော့ ကောင်းရတော့မှာပဲ ဆိုပြီး ကြံလိုက်တယ် သဘောကျ ပလား (ကျပါပြီ)။

ဘဝေဟံ ဘယံဒိသွာ၊ ဘဝေ-ဘဝ၌၊ ဘယံ-ဘေးကို၊ ဒိသွာ – မြင်၍၊ အဟံ-ငါဘုရားသည်၊ ဝိဘဝေသိနံ- ဘဝကင်းအောင် ရှာခဲ့သည်ရှိသော်၊ ငါသည် ဘဝထဲမှာ ဘဝဘေး ကြောက်လွန်းလို့ ဘဝကင်းရာကိုရှာခဲ့တယ်။

သစ္စာမသိခင်တုန်းက ဘဝထဲချည်းပြန်ရောက်ခဲ့ တယ် (မှန်လှပါ ဘုရား) ဒါသဘောပါပဲ၊ သဘောပါပဲ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

စဉ်းစဉ်းစားစားနားထောင်ပါ မရှင်းဘူးလား ဘဝများစွာ သံသရာမှာ ဘဝမကောင်းဘူး ဆိုတာတော့ သိတယ်။ သိပင် သိငြားသော်လည်း ဘဝ၏ချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို မသိတော့ အင်း ဒီဘဝက ဟိုဘဝ ပြောင်းဖို့ဆိုရင် ကောင်း နိုးနိုး ဆိုပြီး ငါ့မှာဒီတဏှာ ချယ်လှယ်မှုကို ခံရတဲ့အတွက် ဘဝကူးဆိုတဲ့ ချောက်ထဲချည်း ပြန်ကျတယ်၊ ရှင်းကြပလား (ရှင်းပါပြီ)။

ခင်ဗျားတို့အားလုံး တရားနာတဲ့ ဒကာ ဒကာမတို့ လှိုက်လှိုက်လှဲလှဲနဲ့ပဲ သတိပေးပါတယ်။

ခင်ဗျားတို့သစ္စာ မသိလို့၊ နိရောဓသစ္စာ၊ ဒုက္ခ ခပ်သိမ်း ငြိမ်းတဲ့ နိရောဓသစ္စာကို ခင်ဗျားတို့ ယခုဘဝမှာတဲ့ ဖြစ်ပျက် အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို မသိလို့ရှိရင် ဘဝထဲပြန်ကျမှာပဲ၊ မကျ ဘူးလား (ကျမှာပါ ဘုရား)။

အင်း-ဒီဘဝမကောင်းလို့ရှိရင် ရှိပါစေတော့ စုတေ မနေသေလွန်တဲ့အခါ နောက်ဘဝ ဒီဆင်းရဲနှင့် ဒီအနာမျိုးဖြင့် ကင်းရပါလို၏ဆိုတော့ ဘယ်ပြန်ကျမလဲ (ဘဝထဲပြန် ကျမှာပါ)။

ဘဝကင်းရာရှာသော်လည်း ဘဝပဲပြန်တွေ့

ဒီဘဝကိုကြောက်လို့ သူ့ခမျာမှာ အိုမှု၊ နာမှု၊ သေမှု ကြီးကိုယ်တိုင်တွေ့ရတဲ့အတွက် ဘဝကူး ကြောက်စရာ ကောင်းလို့ ဘဝကင်းရာကို ရှာလိုက်တာ ဘာပြန်တွေ့ သလဲ (ဘဝပဲပြန်တွေ့ပါတယ်)။

သစ္စာမသိတော့ နိရောဓသစ္စာ မသိတဲ့အတွက် ဒကာ ဒကာမတို့ ဘဝကူးချည်း ပြန်ရောက် တယ်၊ အဲဖြစ်ပျက် သံသရာ လည်ခဲ့ပါတယ်တဲ့၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကြီးကို ဘယ်အချိန်၊ ဘယ်ကာလမှ မကြားဖူးဘူး၊ ဘယ်အချိန် ဘယ်ကာလမှ အားထုတ်လို့မရခဲ့ဘူး။

အားထုတ်တဲ့နည်းကိုလည်း ပိုင်ပိုင်နိုင်နိုင်မရခဲ့ဘူး၊ ဘဝချုပ်ရာ၊ ဖြစ်ပျက်ချုပ်ရာကိုလည်း ကျုပ်တို့က မသိခဲ့ (မှန်ပါ့) မတွေ့ခဲ့တော့ ဒီဘဝမှာဖြင့် အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုးကြီးနဲ့ဖြင့် ဒီခန္ဓာကြီးဟာဖြင့် အတူနေရပြီ။

ကိုင်း-အိုခြင်း၊ နာခြင်း၊ သေခြင်းနဲ့ နောက်ဘဝ ဆိုရင် ဒီဟာမျိုးမတွေ့ရပါလို၏၊ ဒီသားနဲ့ မတွေ့ရပါလို၏၊ ဒီသမီးနဲ့ မတွေ့ရပါလို၏၊ ဒီအနာနဲ့ မတွေ့ရပါလို၏လို့ ဆိုရသော်လည်း ဒီဘဝပဲ ပြန်ကျတယ်။

ဘဝကင်းရာကို ရှာငြားသော်လည်း (ဘဝပဲပြန်ကျ တယ်) အဲတော့ ခင်ဗျားတို့ ယခု အချိန်မျိုးမှာ ဆရာဘုန်းကြီး သတိပေးပါတယ်၊ မိရင်မိကြပါ သစ္စာတရားကို မမိလို့ရှိရင် ခင်ဗျားတို့ ယုန်ဖြစ်ပါလိမ့်မယ် (မှန်ပါ့)။

တောထဲကယုန်ဥပမာ

တောထဲကယုန်ဆိုတာ တစ်နေ့လုံး ချုံပုတ်ကလေးထဲ မှာ ဝပ်နေရတယ်။ သူက ကြောက်ရတာ ချည်းပဲကိုးဗျ။

ကြောင်လာလည်း သူတို့ကြောက်ရ၊ ခွေးလာလည်း (ကြောက် ရပါတယ်) လုံခြုံမှု၊ ချုံပုတ် ကလေးထဲမှာ မပုန်းရဘူးလား (ပုန်း ရပါတယ်)။

နေ့စဉ်လှုပ်ရဲပါ့မလား (မလှုပ်ရဲပါ ဘုရား) မလှုပ်ရဲတော့ ကျင်ကြီးလည်း ဒီအနားမှာ ဝပ်လျက် ကလေး စွန့်ရတယ်၊ ကျင်ငယ်ကော (ဒီအနားမှာပါပဲ) ဪ -ဒါဖြင့် ဒီလိုပဲ ဒီမြေပေါ်မှာနေရလို့ ဒီလိုပဲ ဒုက္ခ၊ သုခ၊ တလန့်တည်းလန့်ပြီး သကာလ ဒီကျင်ကြီး ကျင်ငယ်တွေနဲ့ တစ်နေ့လုံးပဲ မခွဲရ မခွာရ ဖြစ်ပါတယ်။ ဒီလိုသာဖြင့်နေလည်း မနေချင်ပါတော့ဘူး ဆိုပြီး ထခုန်ပြန်တယ်။

ခုန်ပေမဲ့ ကိုဝ စဉ်းစားကြည့် အပေါ်ကို နှစ်တောင် မြင့်မှာပေါ့ ပြီးတော့ ဘယ်ပြန်ကျလဲ (မြေပေါ် ပြန်ကျတယ်)။

ခင်ဗျားတို့ဖြစ်စဉ်နောက်တုန်းက ဘဝကူးချည်း ကျင်လည်ခဲ့တယ်၊ ဘဝကူးချည်း ကျင်လည် ခဲ့တော့ ဇာတိ ထဲချည့် ပြန်မကျဘူးလား၊ ဘယ်လောက် နစ်နာသလဲ (နစ်နာပါတယ် ဘုရား), ပေါ်ကြပလား (ပေါ်ပါပြီ)။

ဘဝပဲပြန်ဆုတောင်းနေကြတယ်

အဲဒါနိရောဓသစ္စာဆိုတဲ့ ဘဝဖြစ်ရာ နိရောဓသစ္စာ မသိတဲ့အတွက်ကြောင့် ဒကာ ဒကာမတို့ ဒီဘဝ မကောင်းတော့ ဟိုဘဝဖြင့် အနာမျိုး (၉၆)ပါး ကင်းတဲ့ကိုယ်ဖြစ်ရပါ လို၏၊ ကိုယ်ဖြစ်ရပါလို၏ လာတာကိုးဗျ၊ ဘယ်ပြန်ကျသလဲ၊ ဇရာ (ထဲပဲပြန်ကျပါတယ်) ဇရာထဲပဲ ပြန်ကြတယ်။

ကဲ ခုနက ယုန်ကောင်နဲ့ကော ဘာထူးသေးလဲ (မထူးပါဘူး ဘုရား) မုန်းလို့ ခုန်တာ မြေပေါ်ပဲ ပြန်ကျတယ်။ မြေမုန်းလို့ခုန်တာ (မြေပေါ်ပြန်ကျပါတယ်)။

အခုမြို့ထဲရွာထဲမှာဖြစ်စေ၊ တောရွာတွေမှာဖြစ်စေ၊ ဆရာကောင်း သမားကောင်းနဲ့ ဝေးတဲ့ နေရာမှာ ဖြစ်စေ၊ ကိုဝ မြေပုံပေါ်မှာ ပြန်ကျမည့်လူ များလိမ့်မယ် ဆိုတာ ခင်ဗျားတို့ ဆုံး ဖြတ်ချက်ချ၊ များမလား၊ မများဘူးလား (များပါတယ် ဘုရား)။

နောက်ဘဝတောင့်တကြတယ်

ဘဝဆုံးတာ သူသိသေးရဲ့လား (မသိပါဘူး) ဘယ်သိပါ့မလဲ ဘဝဆုံးတာ သူမသိတဲ့ အခါကျတော့ မြေပေါ် နဲ့ တူတဲ့ ဇာတိချောက်ထဲ၊ ဒီဘဝဖြင့် ရောဂါကလည်းထူ၊ – ပစ္စည်းကလည်းမွဲ၊ သားသမီးကလည်းမစွံ အင်မတန် ဆိုးဝါးတယ်၊ နောက်ဘဝဖြင့် ဒီသား၊ ဒီသမီး၊ ဒီအမွဲမျိုးနဲ့ ဒီဆင်းရဲမျိုး လွတ်ရပါလို၏။

မြေပေါ်ပြန်ကျတယ်၊ ကျ၊ မကျ စဉ်းစားကြည့်စမ်း ပါ (ကျပါတယ် ဘုရား) ကိုင်း ဒါဘာ မသိတာလဲ (နိရောဓ သစ္စာပါ ဘုရား) နိရောဓသစ္စာ သူမသိလို့၊ နိရောဓသစ္စာ မသိ လို့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ကိုယ်ကိုယ်တိုင်ပဲ ခုလိုဆရာ ကောင်း သမားကောင်းဆီကို မှီဝဲဆည်းကပ် နေတာ မရှိခင် တုန်းက ကိုယ်လည်းဒီအတိုင်းပြန်ကျမှာပဲ၊ (မှန်ပါ့ ဘုရား) ယုန်မို့လို့ ပြန်ကျတယ် ဆိုတာ သေချာကြပလား။ (သေချာပါတယ်)။

အဲဒါကြောင့် ဒကာ ဒကာမတွေကို ပြောရတယ်၊ မလုပ်ကြစမ်းပါနဲ့ ဒီနိရောဓဆိုတာ ဒုက္ခနိရောဓ လို့မှတ်လိုက် စမ်းပါ၊ သဘောကျပလား (ကျပါပြီ) နိရောဓဆိုတာ (ဒုက္ခ နိရောဓပါ ဘုရား)။

သစ္စာမသိလို့

ဒုက္ခနိရောဓလို့ ဆိုသဖြင့် ရုပ်နာမ်နိရောဓပါ၊ ရုပ်နာမ် က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) အဲဒုက္ခသစ္စာ ၏ ချုပ်တာသာ ရှိတာ၊ ဒကာ ဒကာမတို့ ဒုက္ခသစ္စာသိမှ ဒုက္ခသစ္စာချုပ်တာကို သဘောကျ မှာပေါ့ (မှန်ပါ့)။

ဒုက္ခ သစ္စာမှမသိတာ ကိုဝ၊ ဖုံးပစ်လိုက်တယ် ဒုက္ခသစ္စာကို (မှန်ပါ့) သဘောကောကျရဲ့လား (မကျပါဘူး) ဪ မကောင်းမှန်းသိမှသာ သူမရှိရင် ကောင်းလေစွ လာမှာဖြစ်တယ်။

သူ့မှာ ဒုက္ခသစ္စာမသိတဲ့ ပုဂ္ဂိုလ်ဟာ ဟိုဒုက္ခသစ္စာကို ကော ရ, ရပါလို၏ဆိုတာ လာမလား၊ မလာဘူးလား (လာမှာပါ ဘုရား)။

ကိုင်း-ဒကာ ဒကာမတို့ ဒီဘဝ ဆင်းရဲဒုက္ခ မကပ်ချင်ရင် ဟိုဘဝဆင်းရဲဒုက္ခနှင့် တွေ့ရပါလို၏ ဆိုတဲ့ အဓိပ္ပါယ်ဟာ သူ့ပါးစပ်က မထွက်ဘူးနော် (မထွက်ပါ ဘုရား) ဘယ်လောက် ကြောက်စရာ ကောင်းသလဲလို့ (ကောင်းပါတယ် ဘုရား)

ခင်ဗျားတို့လူကြီးသူမတွေ ဒီလိုသစ္စာတရား မနာရ သေးတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖြစ်ထွေကို ဘုန်းကြီ းပြောရမှာဖြင့် ဘဝထဲမှာ နေပြီးသကာလ ဘဝကိုပင်ပြန်ပြီး သကာလ အမေ မိဘကလည်း ရကြောင်း ယူကြောင်းကိုပဲ ဟောလေ့ရှိတယ်။ ဒုက္ခသစ္စာကိုမသိ၊ ဘာရကြောင်း ယူကြောင်းကို ဟောလေ့ရှိ သလဲ (ဒုက္ခသစ္စာကိုပါ ဘုရား)။

ဒုက္ခသစ္စာရကြောင်းကို ဟောလေ့ ရှိတယ် ဆိုတော့ ကိုပေါ် သိပ်ကြောက်စရာ ကောင်းတယ် (ကောင်းပါတယ်) အဲတော့ ဘဝအဆုံးကို မသိလို့ဆိုတော့ ဒကာ ဒကာမတို့ ဘုန်းကြီးက ဒါကြောင့် တစ်လံမျှလောက်သော ခန္ဓာကိုယ် ထဲမှာ ဖြစ်ပျက်လိုက်စမ်းပါ။

လိုက်လို့ရှိရင်ဖြင့် ဒီခန္ဓာကြီးဟာ ဆုံးသွားပါလိမ့်မယ် လို့၊ နတ်သားကို၊ ဘုရားက မဟောဘူးလား (ဟောပါ တယ်) ဟောတော့ ဆုံးသွားတဲ့ အခါကျတော့ ဪ -ဒါဘာ ဆုံးပါလိမ့်မလဲ ဆိုတော့ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်ကြီးရသားပဲ။

ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿဆိုတော့ တစ်ကိုယ်လုံးကို ဆိုတာ (မှန်ပါ)။

ဒါဖြင့် ဒုက္ခအစုကြီးလို့ မဆိုဘူးလား (ဆိုပါတယ်) အဲဒါတွေဆုံးသွားရင် ဘာဆိုကြမလဲ (နိရောဓပါ ဘုရား) အဲတော့ ဒီအနားတွင်ရှိတယ်၊ ဒီခန္ဓာအဆုံးမှာတွေ့ မယ် (မှန်ပါ) ဖြစ်ပျက်အဆုံးမှာ (တွေ့ပါတယ် ဘုရား)။

ဖြစ်ပျက်အဆုံးမှာတွေ့နေတာကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက -ဘဝသာလျှင် လိုချင် တောင့်တတော့ အခုလည်း ဖြစ်ပျက်ဒုက္ခသစ္စာ နောင်လည်းဖြစ်ပျက်ဒုက္ခ သစ္စာနဲ့ဆိုတော့ ယုန်သဘော ပြန်ရောက်နေတယ် (မှန်ပါ့ ဘုရား)။

မြေပေါ်ကနေခုန်တယ်၊ မြေပေါ်ပြန်ရောက်တယ်။ ဘယ်လောက်များဆိုးသလဲ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သစ္စာမသိရင် သိအောင်တရားနာပါ

အဲဒါကြောင့် ခင်ဗျားတို့ သစ္စာမသိသေးလို့ရှိရင် မသိသိအောင်လည်း နာကြပါ၊ မသိ သိအောင်လည်း ခန္ဓာ ရှုပါ (တင်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒီတရား အသာလေးထားပါတဲ့ ခင်ဗျားတို့ ကြည့်တတ်တဲ့အသိကို ကြားထိုးပေးတာပါ၊ သဘောကျ ပလား (ကျပါပြီ)။

ကြည့်တတ်တဲ့ အသိကြားထိုးပေးတော့ ဘာမှ ဒကာ ဒကာမတို့ သိပ်မတွေးနဲ့ သစ္စာဆိုတာ ဘာပါလိမ့်မတုံး၊ ဒုက္ခ သစ္စာဆိုတာ ဘာပါလိမ့်မတုံးဆိုတာကို သံသယမဖြစ်နဲ့နော်။

ခင်ဗျားတို့ သန္တာန်၌ ဥပမာမယ်-ယားတယ်၊ ယား ၊ တာ ဝေဒနာပဲဆိုတာ လူတိုင်းသိပါတယ်၊ ဒုက္ခဝေဒနာပဲဆို (တာ သိတယ် (မှန်ပါ့) ဝေဒနာက္ခန္ဓာကလေး ဆိုရင်ကော မမှန်ဘူးလား (မှန်ပါတယ်)။

ဒီဝေဒနာက္ခန္ဓာကလေး မရှိတာ ဒါဘာမရှိတာတုံး မေးရင် ခန္ဓာမရှိတာ (မှန်ပါ့) ဘာမရှိတာပါလိမ့် (ခန္ဓာမရှိတာပါ) ရှင်းပလား (ရှင်းပါပြီ)။

ခင်ဗျားတို့ခန္ဓာက ဝေဒနာက္ခန္ဓာမဟုတ်လား (မှန်ပါ) ဒီဝေဒနာက္ခန္ဓာကလေးက ယားလာတယ်၊ နောက် ချုပ်ပျောက်သွားတယ်၊ ဘာမရှိတုံးလို့ (ခန္ဓာမရှိတာပါ ဘုရား)။

ဒီဝေဒနာက္ခန္ဓာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာလေးမရှိတာကို ခင်ဗျားတို့ မြင်အောင်ကြည့် ပါ (မှန်ပါ့)၊ အဲ ဒုက္ခသစ္စာ ဆိုတာ ဘာတုံးလို့ မေးတဲ့အခါကျတော့ ဖြစ်ပေါ်မှုနှင့် ပျောက်ဆုံးမှု (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) ဖြစ်ပေါ်မှုနဲ့ (ပျောက်ဆုံး)။

အဲဒါဒုက္ခသစ္စာပဲ၊ ခင်ဗျားတို့က စာကြီးထဲမှာ သစ္စာ ဆိုတာ တယ်လည်း နက်နဲတယ်နော်၊ သိပ်ခက်တယ်နော်၊ ဆရာဘုန်းကြီးကဟောတော့ ဟောရှာပါရဲ့၊ သိပ်ခက်တယ် နော်ဆိုပြီး ကိုဝတို့ နောက်မဆုတ်ပါနဲ့ (မှန်ပါ့)၊ ဦးသန်းတို့ နောက်မဆုတ်ပါနဲ့ (မှန်ပါ့) ကိုပေါ် (မဆုတ်ပါ ဘုရား) အားလုံး တရားနာနေတဲ့ ဒကာ ဒကာမတို့ (မဆုတ်ပါ ဘုရား) မဆုတ်နဲ့နော်။

ဖြစ်ပြီးပျက်တာမှန်သမျှ – သစ္စာ

သစ္စာဆိုတာက တခြားလား မှတ်နေတယ် ဆိုတော့ ဘာမှမဟုတ်ဘူးတဲ့၊ ဖြစ်ပြီးပျက်တာ မှန်သမျှ သစ္စာလို့မှတ်ပါ (မှန်ပါ) ဖြစ်ပြီးပျက်တာ (သစ္စာပါ ဘုရား)။

စိတ်ကလေးဖြစ်ပြီး ပျက်တာကော (သစ္စာပါ ဘုရား) ဝေဒနာကလေး ဖြစ်ပြီးပျက်တာကော (သစ္စာပါ)။

ဪ -သစ္စာဆိုတာ တခြားလား မှတ်တယ် ဒကာ ဒကာမတို့ ဝေဒနာပေါ် ဝေဒနာသဘော စွန့်ရင် သစ္စာ (မှန်ပါ့) သစ္စာဟာ သူ့သဘော စွန့်ရင်သစ္စာ၊ လောဘဟာ လောဘသဘော စွန့်ရင် သစ္စာ၊ ဒေါသဟာ ဒေါသ သဘော စွန့်ရင် (သစ္စာပါ ဘုရား)။

သစ္စာဆိုတာ ပင်ကိုသဘောစွန့်တာဟူသရွေ့ ကို သစ္စာချည့်မှတ်ပါ၊ ရှင်းကြပြီလား (ရှင်းပါပြီ) ပင်ကို ၊ သဘောစွန့်တာ ဟူသရွေ့ (သစ္စာပါ ဘုရား)။

ပင်ကိုသဘောစွန့်ဟာ ဒုက္ခသစ္စာ

ယားတာကလေးဟာ ကိုဝ၊ ယားတာကလေး မရှိ တော့ ယားတဲ့ ပင်ကိုသဘောကို မစွန့်ဘူးလား (စွန့်ပါတယ်) သူ့ဘာသစ္စာ ဆိုမလဲ (ဒုက္ခသစ္စာပါ ဘုရား) စားချင်တဲ့ စိတ်ကလေးဟာ အခုစားချင်တာကို မစားချင်တော့ဘူး ဆိုတော့ စားချင်တဲ့သဘောသူ မစွန့်ဘူးလား စွန့်သလား (စွန့်ပါတယ်)။

စားချင်တဲ့စိတ်ကလေးဟာ ဒီဓာတ်ပျက်သွားတော့ ပင်ကိုသဘော စွန့်မသွားဘူးလား (စွန့်သွားပါတယ်) သူ့ဘာသစ္စာ ခေါ်မလဲ (ဒုက္ခသစ္စာပါ)။

ဒေါသကလေးဟာ သိပ်ဖြစ်နေတယ်ကွဆိုတော့ ပေါ်လာပြီ၊ တော်ပါပြီကွာ ဒေါသ အလကားပါပဲ ဆိုတော့ ဒေါသ သဘောကလေးဟာ ရှိသေးရဲ့လား (မရှိပါဘူး) ဒေါသရဲ့ ပင်ကို သဘော မစွန့်ပါလား (စွန့်ပါတယ်) အဲဒါ ဘာခေါ်ကြမယ် (ဒုက္ခသစ္စာပါ ဘုရား) ဒါသစ္စာပဲတဲ့ ဒုက္ခသစ္စာ။

ဒကာ ဒကာမတို့ သစ္စာ၊ သစ္စာဆိုတာ သိပ်ခက်ပါ လား ဆိုတော့ အမြင်မှားနေပြီး သကာလ တယ်နက်နဲတဲ့ တရားလို့ အရုပ်ဆိုးတယ်။

စင်စစ်တော့ဖြင့် ခင်ဗျားတို့ သန္တာန်ပင်ကိုသဘော စွန့်တာဟူသရွေ့ သစ္စာချည့်မှတ်လိုက် (မှန်ပါ့ ဘုရား) ရိပ်မိ ပလား (ရိပ်မိပါပြီ) ပင်ကိုသဘော စွန့်တာဟူသရွေ့ (သစ္စာပါ ဘုရား)။

ခန္ဓာကြီးကဒုက္ခသစ္စာ

ဪ -ဒါဖြင့် ခန္ဓာထဲမှာ ပင်ကိုသဘောမစွန့်တာ ရှိသေးရဲ့ လား (မရှိပါ ဘုရား) ဒါဖြင့် ဒီခန္ဓာကြီး ဘာသစ္စာခေါ်မလဲ (ဒုက္ခသစ္စာပါ)။

ဘာကြောင့် ကိုဝတို့ ကိုပေါ်တို့ ဒုက္ခသစ္စာခေါ်ရ သလဲ (ပင်ကိုသဘောစွန့်လို့ပါ ဘုရား) ပင်ကိုသဘော စွန့်တာမှ တစ်ပါးဘာမှမရှိဘူး (မှန်ပါ) အင်း-ဝေဒနာ ပဲကြည့်ပါတဲ့ တော်ကြာ သူ့သဘော စွန့်သွားတယ်။

သညာကြည့်လိုက်ပြန်လည်း (သဘောစွန့်ပါတယ်) မှတ်တတ်တဲ့သညာ ပေါ်တယ်၊ ဟော မမှတ်မိပြန်ဘူး ဆိုတော့ ၊ သညာသဘောစွန့်တယ် (မှန်ပါ့) စေတနာ ကြည့်လိုက်ပြန်တယ် ဟော စေတနာ ကောင်းလိုက်တာ ဟော-မလှူတော့ ဘူးဆိုတော့ စေတနာ သဘောဟာ ဘယ့်နှယ်လဲ (စွန့်ပါ တယ်) ဒါဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာဆိုတာ ဒကာ ဒကာမတို့ တခြားတဖုံလား လို့အောက်မေ့မနေနဲ့ မဟုတ်ပါဘူး (မှန်ပါ့) ဒီခန္ဓာငါးပါးကြီးဟာ သူ့ပင်ကို သဘောစွန့်တာတွေရှိနေတာ (မှန်ပါ) ဒါဖြင့် ခန္ဓာငါးပါးဟာ တစ်ပါးပါး စိုက်ကြည့်နေရင် ပင်ကိုသဘော စွန့်တာတွေ့ပါလိမ့်မယ် (မှန်ပါ့)။

ပင်ကိုသဘောစွန့်မှန်းသိတာက မဂ္ဂသစ္စာ

ပင်ကိုသဘောစွန့်ရင် ဘာဆိုကြမယ် (သစ္စာပါ ဘုရား) အဲ-အဲဒီ ဒုက္ခသစ္စာ မြင်အောင်ကြည့်ပါ။ ဪ ပင်ကို သဘောစွန့်တာက ဒုက္ခသစ္စာ စွန့်မှန်းသိသွားတာက မဂ္ဂသစ္စာ (မှန်ပါ့ ဘုရား)။

ဪ ဘယ်ခန္ဓာကြည့်လိုက်၊ ကြည့်လိုက် ဗြဟ္မာ ခန္ဓာကြီး သွားကြည့်လိုက်လည်း ပင်ကို သဘောစွန့်တာပဲ တွေ့ မှာပဲ (မှန်ပါ့ ဘုရား) နတ်ခန္ဓာကြီး ကြည့်လိုက်တော့လည်း (ပင်ကိုသဘော စွန့်ပါတယ် ဘုရား)။

ဒီလို ခဏခဏတွေ့တဲ့အခါကျတော့ ဪ- သူမရှိမှ ကောင်းမှာပဲ ပင်ကိုသဘော စွန့်တာကြီးဟာ ပေါ်လိုက်၊ စွန့် လိုက်၊ ပေါ်လိုက် စွန့်လိုက်၊ ဖြစ်ပေါ်လိုက်၊ ပျောက်ပျက်လိုက် ဖြစ်ပေါ်လိုက် ပျောက်ပျက်လိုက်၊ ဒါမရှိတဲ့နေရာမှ ချမ်းသာ မှပဲဆိုတာ သစ္စာသိတဲ့ ပုဂ္ဂိုလ်ဟာ၊ ဒီဉာဏ် ပြောင်းသွားတယ်၊ မပြောင်းပါနဲ့ဆိုလို့ (မရပါ ဘုရား)။

ဘုန်းကြီးက ထိုးထိုးထွင်းထွင်းသိစေချင်လို့

အဲဒီမှာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ထိုးထွင်း ပြီးသိစေချင်လို့ ဖြစ်ပျက်ရှုကြပလားဟေ့ ဖြစ်ပျက်ကို မြင်ပလားဟေ့၊ မြင်ရင်ကော စိပ်ပလားဟေ့၊ ကဲ ကိုဝတို့ ကိုယ်တို့၊ မေးထိုက် မမေးထိုက် (မေးထိုက်ပါတယ် ဘုရား)။

ဘယ်လောက်အရေးကြီးတဲ့တရားလဲ ဒီအမေးတစ်ခု (ကြီးပါတယ် ဘုရား) အင်မတန် ကြီးတာပေါ့။ မင်းသစ္စာ သိ ပလားဟေ့ မေးတာ မင်းသစ္စာသိတဲ့တစ်နေ့ သူ့ဘဝသူ မြုပ်တော့မှာလား၊ မမြုပ်တော့ဘူးလား (မမြုပ်တော့ပါ ဘုရား)။

သူ့ဘဝသူ မမြုပ်တော့လို့ရှိရင်ဖြင့် နောက်ဒီခန္ဓာမျိုး ရမည့် ဘဝမျိုးဟာ ဗြဟ္မာဖြစ်ရ ဖြစ် နတ်မင်းကြီးဖြစ်ရ ဖြစ်ရ၊ သိကြားမင်းကြီး ဖြစ်ရ ဖြစ်ရ၊ ကိုယ့်ဘဝ၏ ပင်ကို သဘောစွန့်တယ်ဆိုတော့ ဟိုဟာတွေလည်း ဒီအတိုင်းပဲလို့ မလာပေဘူးလား (လာပါတယ်)။

အဲတော့ ဘဝကင်းရာသာကြိုက်ပါတော့တယ် (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား) ဘဝ ကင်းရာသာကြိုက်ပါတော့တယ်ဆိုတာ သေသေချာချာ လာတော့တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အမြင်မှားတဲ့ဘေးသင့်နေတယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်ဘေးသင့်သတုံးလို့ ဆိုလို့ရှိရင်ဖြင့် စဉ်းစားကြည့်ပါတဲ့၊ အမြင်မှားတဲ့ ဘေးသင့်နေ တယ် (မှန်ပါ)။

အသန္ဒိဋ္ဌိတောဝါ- အမြင်မှားတဲ့ဘေးမှ လည်းကောင်း ဘေးတွေ မလာဘူးလား (လာပါတယ် ဘုရား) အသန္ဒိဋ္ဌိတော ဝါ – (အမြင်မှားတဲ့ဘေးသင့်ပါတယ်)။

ကိုင်း-ခင်ဗျားတို့မှာ ဟိုဘဝ ခင်တယ်၊ ဒီဘဝ ဆင်းရဲနေ တယ်၊ ဟိုဘဝချမ်းသာတယ်၊ ဒီဘဝတော့ဖြင့် ဒို့စားရမဲ့ သောက်ရမဲ့ဖြစ်နေတယ်၊ ငွေရင်းလိုက်ပြန်လည်း အကျိုး မပေး (မှန်ပါ့)။

အရောင်းအဝယ် လုပ်ပြန်လည်း အရှုံးနဲ့ကြုံ၊ နည်းနည်းလေးမြတ်မယ်၊ စွန်းမယ် ကြံပြန် တော့လည်း၊ မြတ် တာလေး ရပြန်တော့လည်း အိမ်ကလူ မမာနဲ့ကုန်၊ ခင်ဗျားတို့ က ဒါတွေနဲ့ ရှုပ်နေပြီပေါ့ဗျာ၊ မကုန်ဘူးလား (ကုန်ပါတယ်)။

အဲဒီအချိန်ကျတော့ ကိုင်း-နောက်ဆိုအလှူဒါနပြုပြီး သီလစင်ကြယ်မှပဲ၊ နောက်ဘဝ ချမ်းသာ တော့မှာပဲ၊ သူဘာပြု တယ် ဆိုတာ ပါသေးသလား (မပါ,ပါ ဘုရား) ပါသေးရဲ့ လား (မပါ,ပါဘူး)။

သူ့ဟာ ယုန်မဖြစ်သေးဘူးလား (ဖြစ်ပါတယ်) ဒီနေရာကျင်ကြီးပုံ၊ ဒီနေရာ ကျင်ငယ် စွန့်ရတယ်၊ ဒီမြေပေါ်ဖြင့် မနေတော့ပါဘူး ဆိုပြီး ထခုန်သော်လည်း၊ ဒီမြေပေါ်ပဲ ပြန်ကျ ရတယ် (မှန်ပါ) ဒီကျင်ကြီးပုံနဲ့ ကျင်ငယ်စွန့်တဲ့နေရာပဲ ပြန်ကျ ရတယ်၊ ဒီပြင်တခြားကျစရာများရှိသေးရဲ့လား (မရှိပါ ဘုရား)။

သစ္စာမသိလို့ဘဝတဏှာဆွဲရာကကြရတယ်

အင်း-သစ္စာမသိသေးလို့ရှိရင် ခန္ဓာမသိသေးလို့ရှိရင် ခန္ဓာထဲမှာ ဖြစ်ပျက်ကို မသိသေးလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဘဝတဏှာဆွဲရာ ကရမှာပဲ၊ ဘယ်လို ဆိုကြမယ် (ဘဝတဏှာ ဆွဲရာ ကရမှာပါ ဘုရား) ဘဝတဏှာဆွဲရာ ကရမှာပဲ။

ဒီဘဝလည်း ကိုယ့်သားသမီးလေးနဲ့ ကိုယ့်စီးပွားရေး နဲ့ ရောင်းချင်သေးလို့ရှိရင်ဖြင့် ဪ-ဒီဘဝနေ့စဉ်ပျော်ပညာ ဆိုတော့ ဘဝတဏှာလာသေးတာပဲ မလာဘူးလား (လာပါတယ်)။

ဘဝတဏှာလာတော့၊ တဏှာဥပါဒါန်ကံဆိုပြီး သကာလ ခင်ဗျားတို့ နောက်ဘဝ ပြန်မဆက်ပေဘူးလား (ဆက်ပါတယ်) တဏှာ၊ ဥပါဒါန်၊ ကံ၊ ကမ္မပစ္စယာ (ဇာတိ) ကဲ ဘဝပြန်ဖြစ်တယ် (မှန်ပါ)။

ဒီဘဝပြန်လိုချင်လို့ရှိရင်လည်း ဘဝပြန်ဖြစ်တယ်၊ သဘောကျပလား (ကျပါပြီ) အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တူပုန်းရင်းဟောရှာတယ်။

ဘဝဆိုတာ ငါသိတယ်ကွာ၊ ဘဝလွတ်ရာငါရှာတော့ ဘဝထဲချည်း ပြန်ပြန် ရောက်နေတယ်။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘဝလွတ်ရာသူရှာပါတယ်တဲ့ (မှန်ပါ့) ဘယ်ပြန်ရ သလဲ (ဘဝထဲချည်း ပြန်ရောက်ပါတယ်) မုန်းလို့ ခုန်တဲ့ ယုန်လည်း မြေပေါ်ပဲပြန်ကျတယ်။

သာသနာပမှာ ငါရှာခဲ့တာ၊ ဒါကြောင့်ကွာတဲ့ ဘဝကို ငါမုန်းပါတယ်၊ အိုလာတော့လည်း ငါ့ကိုယ်ငါ မုန်းပါတယ်၊ နာတာကိုလည်း မုန်းပါတယ်တဲ့၊ မုန်းပင်မုန်းငြား သော်လည်း ဘဝကင်းရာကို ရှာငြားသော်လည်း၊ ဪ အသက်တိုတိုဖြစ် ရတော့ အသက်ရှည်တဲ့ဗြဟ္မာကြီးဟာ ကောင်းနိုးနိုး ဆိုတော့ ဘဝပြန်ကျတယ်။

ဘယ်လောက်ဆိုးဝါးသလဲ၊ သဘောပါပလား (ပါ,ပါ ပြီ) အဲဒီ ဒကာ ဒကာမတွေကလည်း အခုဘဝ တိုင်တိုင် ဖြစ်တုံး ရှိသေးတယ်၊ သူတို့က ချမ်းသာတယ်၊ နောက်ဘဝ လည်း သူတို့လို ချမ်းသာအောင် လုပ်မှပဲ၊ ဘဝပြန်ကျတယ် (တင်ပါ) မကျဘူးလား (ကျပါတယ်)။

လူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘဝဆိုတာ

ဘဝဆိုတာ ဘာသစ္စာတုန်းဆိုတာ အကဲခတ်လိုက် စမ်းပါ၊ (ဒုက္ခသစ္စာပါ ဘုရား) အေးလူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာ ဘဝဆိုတာ ဒုက္ခသစ္စာတွေ၊ ဒီဒုက္ခဟောင်းလို့၊ သူတွေက ဆိုရင် နောက်ပြန်လိုက် ပြန်တော့ ဘယ်ပြန်ရလဲ၊ ဟိုဒုက္ခပြန် ရတယ် (မှန်ပါ့) မရဘူးလား (ရပါတယ်)။

ဒါ-ဘာမသိလို့ပါလဲ (သစ္စာမသိလို့ပါ) နိရောဓ သစ္စာ သူမသိဘူး (မှန်ပါ့) ဒုက္ခသစ္စာလည်း သူမသိဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သိပြန်တော့လည်း သစ္စာဆိုက်အောင်၊ ဖြစ်ပျက် ကျအောင် သူမသိဘူး (မှန်ပါ့) ကာယိက ဒုက္ခ၊ စေတသိက ဒုက္ခ၊ ဆင်းရဲတာကို ဒါလောက်ပဲ သိမယ်တဲ့ သစ္စာအနုလောမိကဉာဏ် ဆိုက်တဲ့အထိ သူသိပါရဲ့လား (မသိပါဘူး)။

အေး-မသိတဲ့အခါကျတော့ ဒီဘဝမှာ အကုန်လုံး စားရမဲ့ သောက်ရမဲ့ဘဝ၊ ပစ္စည်းမဲ့လူတန်းစား၊ ကျောမွဲ၊ အင်း- နောက်ဘဝဖြင့် လှူမယ်လို့ စိတ်ထဲ၊ နောက်ဘဝ ကောင်းကောင်း ဖြစ်အောင်လုပ်မှာပဲ၊ ဆောက်တည်တဲ့လူ ကလည်း နောက်ဘဝ အကောင်းချည်းဖြစ်အောင် ဆောက်မှာ ပဲဆိုတော့ သွားပြီပေါ့ (မှန်ပါ့)။

မြေမုန်းခဲ့တဲ့ ယုန်ကလေးနော် ဘယ်အပေါ်ကျလဲ (မြေပေါ်ကျပါတယ်) သွားပြီ ခင်ဗျားတို့ သစ္စာသိဖို့ ဘယ်လောက် အရေးကြီးသလဲ (ကြီးပါတယ် ဘုရား) ပေါ်ကြ ပလား (ပေါ်ပါပြီ)။

ဖြစ်ပျက်မြင်လို့မရချင်မှ နိရောဓသစ္စာရမယ်

ကိုင်း-ခင်ဗျားတို့ ဖြစ်ပျက်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ဒီဖြစ်ပျက်မျိုး ခဏခဏမွေး၊ ခဏခဏ သေတဲ့ ခန္ဓာမျိုး ရချင်သေးရဲ့လား (မရချင်ပါ ဘုရား)။

အဲ-ဖြစ်ပျက်မြင်လို့မရချင်ဘူးဆိုတော့မှ -ဖြစ် ပျက်ဆုံးမှ အေးမှာပဲ (မှန်ပါ့) မလာဘူးလား၊ လာမလား (လာမှာပါ ဘုရား) ဖြစ်ပျက်ဆုံးမှ အေးမှာပဲ ဆိုတော့ ဖြစ်ပျက် က ဒုက္ခသစ္စာ ဆုံးသွားတော့ အေး ဒါက နိရောဓသစ္စာ (မှန်ပါ့)။

ဒီတော့ ဖြစ်ပျက်တွေ့တဲ့ပုဂ္ဂိုလ်မှ နိရောဓသစ္စာကိုရ မယ် (မှန်ပါ့) ဖြစ်ပျက်သိတဲ့ပုဂ္ဂိုလ်မှ ဖြစ်ပျက် အဆုံး နိရောဓ သစ္စာကို သူကြိုက်မယ် (မှန်ပါ့) ဖြစ်ပျက်ဘာမှ မသိသေးတဲ့ ပုဂ္ဂိုလ်က ကြိုက်ပါ့မလား (မကြိုက်ပါ ဘုရား)။

သစ္စာအနုလောမိကဉာဏ်ဆိုတာ

အေး- ဒါကြောင့် ဒကာ ဒကာမတို့ မူလဋီကာဆရာ ဖွင့်တဲ့အတိုင်း အင်း သစ္စာအနုလောမိက ဉာဏ်လမ်း သည် ဝိပဿနာဉာဏ်ကွတဲ့ သစ္စာအနုလောမိကဉာဏ်ဆို တာဘာလဲ မင်းတို့ ရှုနေတဲ့ ဖြစ်ပျက်ကို မြင်တဲ့ဉာဏ်ကွ၊ သေသေချာချာ ဖွင့်တယ်၊ သဘောကျပလား (ကျပါပြီ)။

ခင်ဗျားတို့ဖြစ်ပျက်မြင်တဲ့ဉာဏ်သည် သစ္စာသိတဲ့ ဉာဏ်တဲ့၊ သဘောကျပလား (ကျပါပြီ) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဆရာဘုန်းကြီးကနေ့တိုင်း တိုက်တွန်းနေတယ်

အဲဒါဖြင့် ဘုန်းကြီးက ဖြစ်မှုနဲ့ ပျက်မှုကွာ အာရုံမှာ မိအောင် ရှုကြစမ်းပါ၊ စောင့်ကြည့်ပြီး မိအောင် ရှုစမ်းပါ။

ဆရာဘုန်းကြီးက တိုက်တွန်းလိုက်တာမှ နေ့တိုင်းလိုလိုပဲ ဆိုသလိုပဲ၊ မတိုက်တွန်းဘူးလား (တိုက်တွန်းပါတယ်)။

ဘာသိစေချင်လို့များပါလိမ့် (သစ္စာသိစေချင်လို့ပါ) သစ္စာသိစေချင်တော့ ခင်ဗျားတို့ကလည်း သာဝကအဖြစ်နဲ့ သာသစ္စာသိပြီး အသာဝက ဖြစ်တဲ့ ဘုံမဲ့တဲ့သစ္စာမသိတော့ နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာ လေထိုး၊ ရင်ကြပ် ဒါကို သာ ဒုက္ခသစ္စာထင်ပြီး သကာလနေတော့ ဒါကလေးကိုတော့ ဖြင့် ဒီဘဝရောဂါရှိရင် နောက်ဘဝရှင်ဗာကူဖြစ်ရပါလို၏။ ဖြစ်မှာပေါ့ဗျ (မှန်ပါ့)။

ရှင်ဗာကူဖြစ်ချင်ရင် ဒုက္ခသစ္စာ

ဒီဘဝအနာများတယ်၊ နောက်ဘဝ ရှင်ဗာကူဖြစ်ရပါ လို၏ဆိုတော့ ဘာထူးဦးမှာလဲ (မထူးပါ ဘုရား) အို၊ နာသေ တွေကကော လွတ်မှာလား (မလွတ်ပါ ဘုရား)။

အဲဒီကျအောင် ကျုပ်တို့မှာ သစ္စာမသိတော့၊ မိုက် ချက်က သန်လွန်းတယ်လို့ ကိုပေါ် မဆိုထိုက်ဘူးလား (ဆို ထိုက်ပါတယ် ဘုရား)။ ကောင်းပြီ ဒါဖြင့် ဒါဘယ်သူဟောနေ တာတုံးဆိုတော့ တူပုန်းရင်း ဘုရားသခင် ကိုယ်တော်မြတ်ကြီး က ဟောနေတယ်လို့ အောက်မေ့ပါ (မှန်ပါ့)။

တူတူပုန်းရင်း ဟောနေတာ၊ သစ္စာချည်း ဟောနေတာ၊ သဘောကျပလား (ကျပါပြီ) ဘာသစ္စာ ဟောနေလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဘဝဟောင်းကကွာတဲ့ ငါသည် ဘဝမုန်းပါတယ်။ မုန်းပင် မုန်းငြားသော်လည်း ဘဝထဲချည်း ပြန်ပြန်ရောက်နေ တယ်ဆိုတော့ ဘဝမုန်းတဲ့ ဉာဏ်လေးတော့ လာပါရဲ့ တဲ့ ဘဝထဲချည်း ပြန်ကျနေတယ်။

ယခုတော့ဖြင့်ကွာ ဘဝကိုလုံးလုံးမှမနှစ်သက်တော့ ပါဘူးဆိုတော့ ဘဝချုပ်ရာနိဗ္ဗာန်ဘဝ၊ မနှစ်သက်တာက မဂ်ဉာဏ် သွားဖြစ်တယ်၊ ခုနက ဘဝထဲပြန်ကျတယ်ဆိုတော့ ဘဝပြန်ကျချင် တာက သမုဒယသစ္စာပြန် ကျတာက ဒုက္ခသစ္စာ ဒီမှာ တူပုန်းရင်း ဟောနေတာ (မှန်ပါ့)။ သစ္စာလေးပါး ဟောနေတယ် ရိပ်မိပလား (ရိပ်မိပါပြီ)။

ဗြဟ္မာတွေက ကြည့်တော့ ဘုရားမြင်သလား (မမြင် ပါဘူး) အသံတော့ (ကြားပါတယ်) ဒါဖြင့် ဘာတရားတွေ ဟောသလဲ (သစ္စာတရားပါ) သစ္စာတရားဟောတယ်။

ဗြဟ္မာတွေသစ္စာသိကြပြီ

သစ္စာတရား ဟောတော့ ဗြဟ္မာတွေက ဪ ဒို့သည် ကားလို့ ဆိုရင် တစ်သံသရာလုံး ဒီဗြဟ္မာပြည်မှာ ရောက်နေတဲ့ အခါထဲက ခိုင်တယ်၊ မြဲတယ် သုခသစ္စာလို့ ဗြဟ္မာလောက် ချမ်းသာတာ မရှိဘူး ထင်လိုက်တယ်။

ကြောက်စရာကြီးပါလား၊ ဒုက္ခသစ္စာအစုကြီးနဲ့ တို့သည်ကားလို့ဆိုသဖြင့် ပျော်နေပါလား ဆိုပြီး တို့ဟာ ကလေးလေးနဲ့ တူနေပြီ၊ ကလေးဟာ ဝမ်းထဲက စွန့်ခါစ ကျင်ကြီးကျတော့ ခပ်နွေးနွေးလေး မနေဘူးလား (မှန်ပါ့) ကလေးလေး တစ်ယောက်မှာပေါ့ဗျာ၊ ဝမ်းထဲက စွန့်စ ကျင်ကြီး ကျတော့ ခပ်နွေးနွေးလေ းမနေဘူးလားဗျာ (နေပါတယ်)။

ဝမ်းထဲက အပူဓာတ်တွေစွန့်ရတာကိုးဗျ၊ အဲဒါ ကျတော့ ကလေးလေးဟာ မသိတော့ သူ့ကျင်ကြီးလေးနဲ့သူ လက်နဲ့ကိုင်ပြီး ကစားနေတယ်၊ မကစားဘူးလား (ကစားပါတယ်)။

သူ့ကျင်ကြီးနဲ့သူကစားနေတယ်နော် ရိပ်မိ ပလား (ရိပ်မိပါတယ်) ဒီမှာလည်း ခင်ဗျားတို့ သည်တဲ့ ကျင်ကြီး ဒုက္ခသစ္စာကြီးနဲ့ ခင်ဗျားတို့ တဏှာနဲ့ရော ပျော်နေ တယ် (မှန်ပါ့)။

ကိုယ့်ကျင်ကြီးကို ကိုင်နေတယ်၊ ကလေးရဲ့ စိတ်တွေ မပျောက်သေးဘူးတဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဦးဘလှိုင်ကြီး က အသက်ကြီးတော့မှ ကလေးကျင်ကြီး ကစားခြင်းနဲ့ ဘာထူးသေးသလဲ (မထူးပါ ဘုရား)။

ကျင်ကြီးကစားချင်တဲ့စိတ်

မထူးတော့ဘူးနော် (မှန်ပါ) ငါမသေချင်သေး ဘူး၊ မသေချင်သေးဘူးကွ၊ ဘာ့ကြောင့်တုံး၊ ဒီမြေးတွေ လူလားမြောက်တာ ကြည့်ချင်သေးတယ်ကွ၊ ကျင်ကြီးကစား ပြီ မကစားသေးဘူးလား (ကစားပါတယ်)။

သူမွေးထားတဲ့ သူ့မြေးမဟုတ်လား၊ (ဟုတ်ပါတယ်) အဲဒါလေးတွေနဲ့ သူနဲ့၊ ပခုံးဖက်လိုက်၊ မုန့်တောင်းတာကို ပေးချင်တဲ့စိတ်နဲ့ ပျော်လိုက်၊ ကျင်ကြီး ကစားချင်တဲ့စိတ်က ပေါ်ပေါ်နေတယ် (ပေါ်ပါတယ် ဘုရား)။

ဒါကြောင့် ဟိုတုန်းက မမြင်လို့ လက်လျှော့လိုက်ရ လို့ မပြောတတ်ဘူး၊ ဒါလေးတွေ လူလား မြောက်လာတော့ မျက်စိအောက်ကြည့်ချင်သေးတယ်ဆိုတော့ ဒါလေးတွေနဲ့ ကစားချင်သေးတယ်။

ကိုယ်စွန့်ထားတဲ့ကျင်ကြီးနဲ့ (ကစားချင်ပါ တယ်) နွေးနွေးလေးကိုး၊ ရိပ်မိပလား (ရိပ်မိပါပြီ) အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။ ခင်ဗျားတို့ နာအောင် ပြောတယ်လို့ အောက်မေ့မနေနဲ့ ဒါဖြစ်စဉ် လူတိုင်း နာအောင်ပြောတာလား၊ ဖြစ်စဉ်လူတိုင်း ပြောတာလား (ဖြစ်စဉ်ပြောတာပါ)။

အင်း-သားသမီးမို့လို့ မပြတ်ဘူး၊ မွေးတဲ့သားသမီး မို့မပြတ်ဘူးလေ၊ သူတို့က မွေးတဲ့ မြေးကလေး တွေနဲ့ကော (မပြတ်ပါ) ပျော်ချင်သေးတယ် ဆိုတော့ ဒါကလေးတွေက ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) ကျင်ကြီး ဒုက္ခသစ္စာ လေးတွေ (မှန်လှပါ ဘုရား)။

ဒါလေးတွေ နဲ့ ပျော်ချင်ပါသေးတယ်ဆိုတော့ ဒါကလေးက သူ့ဒွါရကထွက်လာတဲ့ကျင်ကြီးကို သူနွေးနွေးလေးနဲ့ ကစားနေတာ၊ အမေက ဒီကျင်ကြီးနှယ်ဆိုပြီး သကာလ သူက မလုပ်ရဘူးလား (လုပ်ရပါမယ် ဘုရား) ရေချိုးပေးလိုက်တယ် ငိုရှာတယ်။

ဒီကလေးက ဘာဖြစ်သလဲ (ငိုပါတယ်) ဘာလို့ ငိုတာလဲ (ရေချိုးလို့ပါ) သူနွေးနွေးလေး သဘောကျနေတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ) ဘာသဘောကျလဲ (နွေးနွေးလေး သဘောကျပါတယ်) ခင်ဗျားတို့ကလည်း နွေးနွေးလေး သဘောကျနေတယ် ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာသဘောကျလည်း (နွေးနွေးလေးသဘောကျပါ တယ်) သားလေးဆွဲလိုက်၊ သမီးလေး ဆွဲလိုက်၊ မြေးလေးတွဲ လိုက်၊ အင်းသူတို့ကိုယ်၌က ခပ်နွေးနွေးကိုး (တင်ပါ့) သဘော ပါပလား (ပါ, ပါပြီ ဘုရား)။

အင်း-ပူလာတော့ဖြင့် တိရစ္ဆာန်ဖြစ်ပါလိမ့်မယ်၊ နွေးနွေးကလေးသာ ဆိုရင် ငါကလေးဆီ သွားဦးမယ်ကွာ၊ ငါ ဒီကလေးပွေ့ချီပြီး လည်လိုက်မဟေ့ မလာဘူးလား လာ မလား (လာမှာပါ ဘုရား)။

ကိုယ့်ကျင်ကြီးနဲ့ ကိုယ်ကစားချင်တယ်

ဒါဘယ်သွားပါလိမ့် (ကျင်ကြီးကစားသွားတာ) သူများစွန့်တဲ့ ကျင်ကြီးလား၊ ကိုယ့်ဟာကိုယ် သွားတဲ့ ကျင်ကြီး လား (ကိုယ်ဟာကိုယ်သွားတဲ့ကျင်ကြီးပါ ဘုရား) ဒါဖြင့် ကိုယ့်ကျင်ကြီးနဲ့ ကိုယ် ကစားနေတာပေါ့ (မှန်ပါ့ ဘုရား)။

ဒါကြည့်လို့ဆိုရင်ဖြင့် လူကြီးတွေလား ကလေးတွေလား (လူကြီးတွေပါ ဘုရား)။

ငါသည်တဲ့ ဘဝမုန်းလို့ ဘဝလွတ်ရာကိုရှာဖွေငြား သော်လည်း၊ သာသနာတွင်း မကြုံတော့ကို ဘဝထဲကို ပြန် ရောက်ပြီးနေတယ်၊ ဒီကျင်ကြီးပဲ ပြန်ကစားရတယ် (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒကာ ဒကာမတွေ ခင်ဗျားတို့သစ္စာမသိပြီဆိုမှဖြင့် ကျင်ကြီးတွေကစားပြီး ကျင်ကြီးတွေနဲ့ဖြင့် သော် သေမင်း နိုင်ငံကို မတတ်သာလို့လိုက်ရတောင်မှ တော်တော်နေပြီးမှ လိုက်ပါရစေ။

အမလေး နာလိုက်တဲ့ဖြစ်ခြင်း၊ ဘဝတဏှာ ဘယ်လောက်များ ဆိုးသတုံး (ဆိုးပါတယ် ဘုရား) ကျင်ကြီး ကစား ချင်တဲ့ ဇာတ်ထုတ်မသိမ်းချင်တာလား၊ သိမ်းချင်တာလား (မသိမ်းချင်တာပါ ဘုရား)။

ဘယ်လောက်များ ကိုဝ၊ ဆိုးတယ်ဆိုတာ ပေါ်ရော ပေါ့ (ပေါ်ပါပြီ ဘုရား)။ မပေါ်သေးဘူးလား (ပေါ်ပါ တယ်)။

တူပုန်းရင်းသစ္စာလေးပါးဟောတယ်

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ် တော်မြတ်ကြီးသည် တစ်ဘဝအဖြစ် ဖန်ဆင်းပြီး သကာလ ဗကဗြဟ္မာကြီးကို တူတူပုန်းရင်း သစ္စာလေးပါး ဟောတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

သစ္စာလေးပါးဟောလိုက်တဲ့အခါကျတော့ ဗြဟ္မာ တွေ သံဝေဂ ရကြတယ်နော် ၊ဗြဟ္မာတွေကတော့ ကြော် ငါတို့ ထင်ကြေးက အမှားချည်းပါလား၊ ငါတို့ကျင်ကြီးနဲ့ငါတို့ ကစား နေကြပါလား။

သူတို့ခန္ဓာနဲ့သူတို့ပျော်နေတာကိုး (မှန်ပါ့) သူတို့ ခန္ဓာက ဒုက္ခသစ္စာပဲ အသုဘ၊ သဘော ကျပလား (ကျပါပြီ) ခန္ဓာကဘာလဲ (အသုဘပါ) အသုဘထဲကို ဒုက္ခသစ္စာ (မှန်ပါ့)။

ဗြဟ္မာပေါင်းတစ်သောင်းကျော်ကျွတ်တယ်

အသုဘဒုက္ခသစ္စာကြီးနဲ့ ဒါကြီးနဲ့ မစွန့်ချင်ဘူး ဆို တော့ အသုဘက ကျင်ကြီး၊ ကျင်ငယ်ပဲ မစွန့်ချင်တာဘဲ မဟုတ်လား (မှန်ပါ့ ဘုရား)။ အဲဒါနဲ့ ပျော်နေတယ် ဆိုပြီးတော့ ဪ မှားလိုက် လေခြင်း၊ မှားလိုက်လေခြင်း ဆိုပြီး သကာလ ဗြဟ္မာမျက်လုံးကို ဘုရားပေးတဲ့သစ္စာ အနုလောမိကဉာဏ် မျက်လုံးနှင့် တပ်ပေးလိုက်တော့မှ ဗြဟ္မာ ပေါင်းတစ်သောင်းကျော် ကျွတ်တယ်။

သစ္စာမနာရရင် နိဗ္ဗာန်မရနိုင်

ဒါကြောင့် သစ္စာမနာရဘဲနဲ့ ဘယ်သူမှ နိဗ္ဗာန် မရောက်ဘူး (မှန်ပါ့) သေသေချာချာ မှတ်မိကြပလား (မှတ်မိပါပြီ) သစ္စာ မနာရပဲနဲ့ဖြင့် (ဘယ်သူမှ နိဗ္ဗာန်မရောက် ပါ ဘုရား) ဘယ်သူမှ နိဗ္ဗာန် မရောက်ဘူးဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တထစ်ချသာ မှတ်ပေတော့ (မှန်ပါ့ ဘုရား)။

နောက်ဆုံးပိတ် ဘာဟောဟော သစ္စာလမ်းဆုံးရ မယ် (မှန်ပါ့) အခုဟောကြမှာပဲ မဟုတ်ဘူးလား၊ မဂ်ဆိုက် ဖိုလ်ဆိုက်အောင် သစ္စာမဆိုက်သေးလို့ ရှိရင်ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက် ဘယ်သူမှ မရသေးဘူး။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး သစ္စာ သံယုတ်မှာ ဟောတယ်ဆိုတာ သဘော ကျပလား (ကျပါပြီ)။

ငါဟေ့၊ – လူတစ်ယောက်က တိုင်မပါဘဲနဲ့ အိမ်မှာ – အခြင်တွေ ဒိုင်းတွေကြဲခဲ့တယ်ဆိုရင် ကိုဝတို့ ကိုပေါ်တို့ ဦးကံသာတို့ကို ယုံရမှာလား (မယုံပါ ဘုရား)။ ဒါကြောင့် တိုင်မပါဘဲနဲ့ ဒီဒိုင်းတွေ ဘယ်သွားမြဲမှာလည်း (မမြဲပါ ဘုရား)၊ တိုင်တို့ ယောက်တို့မပါဘဲနဲ့များ (မမြဲပါဘူး) ဖြစ်နိုင်ပါ့မလား။ (မဖြစ်နိုင်ပါဘူး) )

သစ္စာမသိဘဲနဲ့ကွာ ငါသောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ဖြင့် အဲဒီ တိုင်မပါဘဲနဲ့ ဒိုင်းကြဲ – တယ်ဆိုတော့ လူလိမ်၊ လူကောက်စကားလို့မှတ်ပါ။

သစ္စာမပါရင် နိဗ္ဗာန်ဘယ်သူမှ မရဘူးဆိုတာ မင်းတို့ တထစ်ချမှတ်ပါ၊ သဘောကျပလား (ကျပါပြီ) ကောင်းကောင်း ရှင်းပါပလား (ရှင်းပါပြီ)။

ဒါကြောင့် အခုဗြဟ္မာပေါင်းတစ်သောင်းကျော်၊ ကိုဝ တို့ ကိုယ်တို့ ဦးဘတို့ ကျွတ်သွားတာ ဘာဟောလို့လဲ (သစ္စာ ဟောလို့)။

လက်ညှိုးထောင်ရင်ယူဇနာတစ်သောင်းလင်းတယ်

သစ္စာဟောလိုက်တော့ အဲဒီအကြောင်းကို ဗြဟ္မာ မျက်လုံးဟာ ခင်ဗျားတို့က အတော် ကြည်တယ်လို့ ခင်ဗျားတို့ က အောက်မေ့တယ်၊ လက်ညှိုးတစ်ချောင်း ထောင်ရင် ယူဇနာ တစ်သောင်း လင်းတယ် ဆိုတော့ အကုန်မြင်နိုင်တယ်။ မမြင်ဘူးလား (မြင်ပါတယ်) သစ္စာကျတော့ (မမြင် ပါ ဘုရား)။

မမြင်လို့စ,ဟောယူရတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)၊ အဲဒီတော့မှ ဗြဟ္မာပေါင်း တစ်သောင်း ကျွတ် ပြီး သကာလ သွားတယ်။

ဗကဗြဟ္မာကြီးလည်းကျွတ်တယ်

ဗြဟ္မာပေါင်းတစ်သောင်းကျွတ်ပြီးသကာလ သွားတော့ ဗကဗြဟ္မာလည်းဒီအထဲမှာ အပါအဝင် ဖြစ်တယ်နော်၊ မာရ်နတ်က တစ်ခါတည်း ဟိန်းဆိုပြီး ဗြဟ္မာပြည် တက်လာတယ်။

ငါ့ရှေ့မှာ ငါ့နေရာလွန်သွားခဲ့ပြီ၊ ဗြဟ္မာပေါင်း ၈ တစ်သောင်းဆိုပြီးသကာလ၊ ရှင်ကြီးဂေါတမ ရှင်ကြီးဂေါတမ သည် ဘုရားအဖြစ်ကိုရောက်လာလို့ရှိရင် ကိုယ့်ဟာကို ဖလသမာပတ်ကို ဝင်စား နေပါလား၊ ဘယ်လူကို သစ္စာတရား လည်ဟောနေဖို့ လိုသေးသတုံး။

မာရ်နတ်ကဗြောင်တိုက်တယ်။

တစ်ခါတည်းသူကနေ ဗြောင်တိုက်တော့တာပဲ၊ အခု သစ္စာဟောလို့ ဗြဟ္မာအပေါင်း တစ်သောင်း ကျွတ်သွားပြီ (မှန်ပါ့) ကိုယ့်ဟာကိုယ် ဘုရားဖြစ်ချင်လို့ ဘုရားဆုတောင်းတဲ့ ဥစ္စာပဲ၊ ကိုယ့်ဟာကိုယ် အေးအေးနေတာပေါ့ ဖလသမာပတ် ဝင်စားပါလား၊ နောင်ကို သစ္စာဘယ်သူ့မှ မဟောပါနဲ့လို့ သေသေချာချာ ကန့်ကွက်တာပဲ။

သစ္စာဘယ်လောက်အရေးကြီးဆိုတာ (အရေးကြီးပါ တယ်) ပေါ်ကြပလား (ပေါ်ပါပြီ)။

ကိုင်း ဒကာ ဒကာမတွေ ဘာတရားကို နေ့တိုင်း နာရသလဲ (သစ္စာတရားပါ ဘုရား) သစ္စာတရား နေ့တိုင်းနာရတော့ သစ္စာဆိုတာ ဘာတုံးမေးပြန်တော့ ခင်ဗျားတို့ ခင်ဗျားတို့ခန္ဓာထဲမှာ ဘယ်ဟာပါလိမ့် ၊ (ဖြစ်ပျက်ပါ)။

အဲ ဖြစ်ပျက်ဒုက္ခသစ္စာ (မှန်ပါ့) ဒါ မြင်အောင်ကြည့် နေဖို့ပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) ဒါ မမြင် သေးလို့ရှိရင်ဖြင့် ခင်ဗျားတို့တဲ့ သစ္စာအနုလောမိကဉာဏ် မရသောကြောင့် မဂ်ဉာဏ် မရနိုင်ဘူးတဲ့။

မြဲတဲ့မဂ်ဉာဏ် မရနိုင်ဘူး၊ မြဲတဲ့မဂ်ဉာဏ်မှ မရလို့ ရှိရင် သောတာပန် သကဒါဂါမ် အနာဂါမ် ဖြစ်လိမ့်မယ်လို့ အင်္ဂုတ္တိုရ်ပါဠိတော်က ဘယ်တော့မှ မယုံကြည်နဲ့ဟေ့တဲ့ (မှန်ပါ့ ဘုရား)။

သစ္စာမသိဘဲနဲ့ ငါသောတာပန်တည်လိမ့်မယ်ဆိုတာ များ သူသည် တိုင်မပါဘဲနဲ့ ကြဲခဲ့တယ် ဆိုတဲ့ဥစ္စာ ငါပြောတဲ့ ပုံသာ မင်းတို့မှတ်ထား ဘယ်တော့မှ မယုံနဲ့ (မှန်ပါ့ ဘုရား)။ သူသောတာပန် ဆိုလည်း မယုံနဲ့ သကဒါဂါမ် ဆိုရင်ကော (မယုံပါနဲ့) အနာဂါမ် ဆိုရင်ကော (မယုံပါနဲ့) ရဟန္တာ ဆိုရင်ကော (မယုံပါနဲ့)။ မယုံနဲ့ ပစ္စေကဗုဒ္ဓဆိုရင်ကော (မယုံ ပါနဲ့) ဟာ ဘုရားလို့ ပြောရင်ကော (မယုံပါနဲ့) မယုံနဲ့ကွတဲ့ ငါသေသေချာချာမှာခဲ့မယ်တဲ့ သဘောပါပလား (ပါပါပြီ)။

ဒီမှာ ဗြဟ္မာပေါင်းတစ်သောင်း ကျွတ်သွားတာသည် ဒကာ ဒကာမတို့ ဘဝကို ဒုက္ခသစ္စာလို့ ဟောလိုက်တာနဲ့ ခန္ဓာကို ဖြစ်ပြီး ပျက်နေတဲ့ဥစ္စာ ဒုက္ခသစ္စာပါပဲကွ။

ဘဝမလိုချင်တဲ့ဉာဏ်နဲ့ကြည့်ပါ

ဘဝမနှစ်သက်ပါနဲ့ သမုဒယသစ္စာနဲ့ မနှစ်သက်ပါနဲ့ ဘဝမလိုချင်တဲ့ ဉာဏ်နဲ့ကြည့်ပါဆိုတော့ မလိုချင်တဲ့ ဉာဏ်က မဂ်ဉာဏ်ပေါ့ဗျာ အဲဒီဝိပဿနာမဂ်ဉာဏ်နဲ့ ဖြစ်ပျက်ကြည့် ပါလို့ ကိုယ်တော်ကြီးက တူပုန်းရင်း ဟောရှာတာနဲ့ ဗြဟ္မာပေါင်း တစ်သောင်းကျော် ကျွတ်သွားတယ်။

ဘာဟောလိုက်သလဲ (သစ္စာဟောပါတယ်) အဲဒီက ခင်ဗျားတို့ ဖြစ်ပျက်ဟာ မူလဘူတ အရေးကြီးတယ် ဆိုတာ ပေါ်လာကြပလား (ပေါ်ပါပြီ)။

သစ္စာဆိုက်တယ် ဆိုတာကော သေချာပလား (သေချာပါပြီ) ရှင်းပြီနော် ရှင်းပါပြီ မာရ်နတ်ကြီး ထပြီး ပွက်တာကော သိပလား (သိပါပြီ)။

သစ္စာဟောလို့ နိဗ္ဗာန်ရကြတာ

အရှင်ဘုရား၊ ဘုရားဖြစ်တယ်၊ ဘုရားပီပီ ကိုယ့်ဟာ ကိုယ် ဖလသမာပတ်တွေ ဝင်စားပြီး နိဗ္ဗာန် အာရုံပြုနေပါ ဘာပြုလို့ သစ္စာကိုလည် ဟောနေရသတုံးဆိုတော့မှ ဘုရား သခင် ကိုယ်တော် မြတ်ကြီးက မင်းကြိုက်ချင်ကြိုက် မကြိုက် ချင်နေ၊ သစ္စာမဟောလို့ရှိရင် ဘယ်သူမှ နိဗ္ဗာန် မရဘူး၊ ဟောရလိမ့်မယ်ကွာ။

ဘုရားက ခက်ထန်ထန် ပြောရတယ်၊ သူက အတိုက် အခံလာတာကိုး သူကလည်း ခက်ထန်တယ် ဘုရားကလည်း (ခက်ထန်တယ်) ခက်ထန်တာကိုး (မှန်ပါ့)။

ဖြစ်ပျက်မြင်အောင်ကြည့်ပါ

သစ္စာဘယ်လောက်အရေးကြီးတယ် ကန့်ကွက်တယ် ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ) ဒါကြောင့် ခင်ဗျားတို့ လုပ်တဲ့အလုပ်ဟာ ထောက်ခံချက်ပေးလိုက်ပါ တယ် ဖြစ်ပျက်အလုပ်သည် မြင်အောင်ကြည့်ပါ။

ပထမသစ္စာမြင်ပါလိမ့်မယ် သစ္စာဟုတ်တယ် မဟုတ် တယ် ကြည့်တဲ့အခါကျတော့ ဒုက္ခသစ္စာ ဆိုတာ ပရိညာယနဲ့ ပိုင်းခြားရမယ်ဆိုတဲ့အတိုင်း ဒီဒုက္ခသစ္စာကြီး ခင်ဗျားတို့ မလိုချင်တဲ့ဉာဏ်လာပြီးမှ သော် သူဖြင့် သူနဲ့မနေချင်ပါဘူး ဆိုတာ လာမှာပေါ့ဗျာ။

သူမှ မပေါင်းဘဲနဲ့ဖြင့် သူနဲ့မနေချင်တဲ့ဉာဏ်ဟာ သူနဲ့ မနေချင်တဲ့သဘောတွေဟာ ရှိနေမှာဘဲ။

သုံးဉာဏ်ပဲဟောတယ်

ဒါကြောင့် ဘုရားက အနတ္တလက္ခဏသုတ်မှာ သုံးဉာဏ်ပဲ ဟောတယ်၊ ပဋိသမ္ဘိဒါမဂ်တွေ ကျတော့ သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ် တွေ ဟောဒါပေါ့ဗျာ အနတ္တလက္ခဏ သုတ်တွေ ကြည့်လိုက်တဲ့ အခါကျတော့။

ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ ဟုတ်တိုင်းမှန်စွာ ဖြစ်ပျက်သာမြင်ပါစေကွာ။ (ယထာဘူတဉာဏ်)

ဧဝံပဿံ ဘိက္ခဝေ သုတဝါ အရိယ သာဝကော – အင်း ဝေဒနာရှုရင် ဝေဒနာယပိ နိဗ္ဗိန္ဒတိ – နိဗ္ဗိန္ဒဉာဏ် ဖြစ်အောင် လုပ်လိုက်စမ်းပါ ဟောဘူးလား (ဟောပါတယ် ဘုရား)။

နိဗ္ဗိန္ဒန္တော ဝိရဇ္ဇတိ။ ဝိရဇ္ဇတိ = မလိုချင်တဲ့ဉာဏ်လာတယ် ဝိရဇ္ဇတီတိ မဂ္ဂေါကွ ဆိုပြီး သစ္စာအနုလောမိကဉာဏ် ရအောင် လုပ်ပါ။

ဆိုတော့ (၁) က သစ္စာအနုလောမိကဉာဏ်ပေါ့ (၂) ကကော (သစ္စာအနုလောမိကဉာဏ်ပါ) (၃) ကျတော့ မဂ်ဉာဏ်ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။

ဒီပြင်ဉာဏ်တွေ ဒီသုံးဉာဏ်ထဲအကုန်ဝင်တယ်

ဖြစ်ပျက်မြင်တာသည် သစ္စာအနုလောမိကဉာဏ်၊ ဖြစ်ပျက်မုန်းတာသည် (သစ္စာ အနုလောမိကဉာဏ်) ဖြစ်ပျက် အဆုံးမြင်တဲ့ဉာဏ်သည် (မဂ်ဉာဏ်) မဂ်ဉာဏ်ဆိုတော့ တကယ်သစ္စာ ဖြစ်တယ်။

ဒီဉာဏ်သုံးဉာဏ်နဲ့သာ တက်သွားလို့ရှိရင် ဒီပြင် ဉာဏ်တွေဟာ ဒီကြားထဲကြားခဲ့ပြီး အကုန် ဝင်လာတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) လုပ်တတ်ပလား (လုပ်တတ် ပါပြီ)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။

 မာတိကာသို့