102

မာတိကာသို့

မသေရာ ရှာဖို့ အချိန်ရောက်ပြီ

အသံဖိုင်ခေါင်းစဉ်= ပပဉ္စတရားသုံးပါးချုပ်ရန်နှင့် ဝေဒနာနုပဿနာရှုပွားနည်း တရားတော်

စာအုပ်ခေါင်းစဉ်= မသေရာ ရှာဖို့ အချိန်ရောက်ပြီ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့တွင်

ဟောကြားတော်မူသော တရားတော်

မသေရာ ရှာဖို့ အချိန်ရောက်ပြီ

(၁-၂-၆၁)

ဒကာ ဒကာမတို့ အားလုံး တရားနာကြတဲ့ ပုဂ္ဂိုလ်တွေ သတိထားစရာ အချက်ကလေးတွေ ရှေ့ပိုင်းက နည်းနည်း ပြောပါ့မယ်။

သတိထားစရာ အချက်က ဘာပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက အမေးပုစ္ဆာ ထုတ်လို့ ရှိရင်ဖြင့် ကံကောင်းလို့ အသက်ရှည် နေတယ်ဆိုတာ လူတိုင်း အဖြေထွက်ကြမှာပဲ။ (မှန်ပါ့)။

ဦးခင်မောင် ဘယ်လို အဖြေထွက်ကြမယ်။ (ကံ ကောင်းလို့ အသက်ရှည်တာပါ ဘုရား)။

ကံကောင်းလို့ အသက်ရှည်ကြတယ်လို့ အဖြေထွက် ကြမယ်။

ကံကောင်းလာတာက ဘယ်လောက်ကြာပြီလဲလို့ မေးဖို့ လိုလာတော့ တပည့်တော်တို့ နေရတဲ့ အသက်နဲ့ အခု ရောက်ရှိနေတဲ့ အချိန်ကျအောင် ကြာရှိနေတာပါဘုရားလို့ အဖြေထွက်မယ်။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါ တယ် ဘုရား)။

ကံကောင်းတာက ဘယ်လောက်ကြာပလဲ။(အသက် နဲ့ အမျှပါပဲ ဘုရား)။

ဒီ အသက်နဲ့အမျှ အခု ရောက်တဲ့ အချိန် ရောက်အောင် ပေါ့။ (မှန်ပါ)၊ သဘော ကျကြပလား။ (ကျပါပြီ ဘုရား)။

အဲဒီ ကံကောင်းတာတွေကလဲ ဒကာ ဒကာမတွေ ဥပမာကလေး တစ်ခု ပြောလိုက်လို့ ရှိရင် ရှင်းသွား ပါလိမ့်မယ်။

ဘယ်လို ဥပမာပြောရင် ရှင်းမလဲလို့ ဒကာ ဒကာမ တွေက – မေးလို့ ရှိရင်ဖြင့် လောကီမှာတော့ အခုအခါမှာ ဆောင်းလအခါ ကူးလာပြီ၊ ရေကန်သည် မိုးရွာတုန်းက ရေပြည့်နေတယ်၊ ခုလို နေပူ လာတဲ့ အခါ ဦးခင်မောင်တို့ တဖြည်းဖြည်း ရေမခန်းဘူးလား၊ ခန်းသလား။ (ခန်းရပါ တယ် ဘုရား)။

ဘာဖြစ်လို့ ခန်းရသတုံး၊ ကန်တော့ ကောင်းသားပဲ။ မိုးရွာတုန်းက ရေပြည့် နေတာပဲ၊ အခု ဘာဖြစ်လို့ ခန်းတုံး ဆိုတော့ အို နေပူလို့ တဖြည်းဖြည်း ခန်းရတယ် ဘုရား လို့ ဆိုရင် လွဲပါ့မလား။ (မလွဲပါ ဘုရား)၊ မလွဲဘူး ဆိုတာ သဘောကျပြီနော်။ (မှန်ပါ့)။

ကန်ရေခန်းရင် ငါးသေတယ်

အဲ ဒီကန်ထဲ နေတဲ့ ငါးကလေး တွေဟာလဲ ရေဟာ တစ်နေ့ တစ်နေ့ ခန်းခြောက်, ခန်းခြောက် နေတော့၊ တစ်နေ့ တစ်နေ့ ခန်းခြောက်သွားတဲ့ အခါကျတော့ ငါးကပဲ တိရစ္ဆာန် မို့ မသိရင် ရှိရမယ်၊ ရေခန်းတာ ကတော့ဖြင့် ငါးသေဖို့ပဲ ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ ငြင်းဖို့ လိုသေးသလား။ (မလိုပါ ဘုရား)။

ရေခန်းတာ ဘာဖြစ်ချင်လို့ပါလိမ့်၊ အကဲခတ်စမ်း။ (ငါးတွေသေဖို့ပါ ဘုရား)၊ ငါးသေဖို့ဆိုတာ သေချာကြ ပလား။ (သေချာပါပြီ ဘုရား)။

သို့သော် ငါးက သိပါရဲ့လားလို့ တရားတစ်ပွဲလုံး မေးရင် ဘယ့်နှယ်ဖြေကြမလဲ။ (မသိပါ ဘုရား)၊ ငါးက တော့ မသိဘူး၊ ရေကကော (ခန်းပါတယ် ဘုရား)၊ ရေကတော့ ခန်းတယ်၊ ငါးကတော့ မသိဘူးဆိုတော့ ဒကာ ဒကာမတို့ စဉ်းစဉ်းစားစား ဂရုစိုက်ပါ၊ ရေကတော့ ခန်းတယ်၊ ငါးကတော့ တိရစ္ဆာန် မို့ မသိဘူးလို့ မဆိုထိုက် ဘူးလား။ (ဆိုထိုက်ပါတယ် ဘုရား)။

ရေကတော့ (ခန်းသွားပါတယ်)၊ ငါးကတော့ (မသိပါ ဘုရား)၊ တိရစ္ဆာန်မို့ မသိဘူး ဆိုတာကော သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

သြော် ဒါဖြင့် ကျုပ်တို့က ကုန်းပေါ်ကနေ ကြည့် ကြစို့၊ ကျုပ်တို့ ကုန်းပေါ်ကနေ ကြည့်တာပေါ့၊ သြော် ငါးတွေ ဘုရား နောက်များ မကြာမီဘဲ ရေခန်းပြီး သကာလ စွန်တို့၊ သိမ်းတို့၊ တောခွေးတို့၏ အစာ ဖြစ်တော့မယ် ဆိုတာကော ငြင်းဖို့ လိုသေးသလား။ (မလိုပါ ဘုရား)။

ဘာဖြစ်လို့ ဒီဥစ္စာ ဒီလိုဖြစ်ရပါလိမ့်မလဲလို့ မေးလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ရေခန်းလို့ သူတို့၏ ခိုစရာ, ကပ်စရာ ရှိသေးရဲ့ လား။ (မရှိပါ ဘုရား)။

ခိုစရာ, ကပ်စရာ မရှိတဲ့အတွက် အသက်ပါ ဆုံးရှုံး ခြင်းသို့ မရောက်ရဘူးလား။ (ရောက်ရ ပါတယ် ဘုရား)၊ ရေကန်မှာ မှီပြီး သကာလ နေရတာကိုးဗျ။ (မှန်ပါ့)။

ရေကန်က ရေခန်းတော့ ငါးသည်ကားလို့ ဆိုရင် ငါးသဘော အတိုင်း နေမယ်ဆိုလို့ ဦးခင်မောင်တို့၊ ဒကာသစ် တို့ ဖြစ်ပါ့မလား။ (မဖြစ်ပါ ဘုရား)။

ဘာမှီပြီး နေရပါလိမ့်ဗျာ။ (ရေမှီပြီး နေရပါတယ်)၊ ရေမှီပြီး နေရတယ်ဆိုတာ ဒကာ ဒကာမ တွေပဲ စဉ်းစားပါတော့၊ ရေခန်းလေလေ, ငါးအသက်တိုဖို့ နီးလေလေ ဆိုတာက အထူးသဖြင့် မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ထို့အတူပဲ ဒကာ ဒကာမတွေ၊ အသက်နဲ့အမျှ ကံ တည်းဟူသော ရေတွေက၊ ကျုပ်တို့ ပြုလုပ် ပစ်ခဲ့တဲ့ ကံတွေက ရေတွေနဲ့ တူပါတယ်နော်၊ ဒီကံတွေ ယခုအခါမှာ အရင် အတိုင်းပဲ ရှိသေးသလား၊ တစ်ဝက် ခန်းပြီလား ဆိုတာ ဒကာ ဒကာမတွေ ဉာဏ်နဲ့ကြည့်စမ်း။ (တစ်ဝက်ခန်းပါပြီ ဘုရား)။

ဒါဖြင့် ရေခန်းလို့ရှိရင် ငါးနဲ့တူတဲ့ ပုဂ္ဂိုလ် သတ္တဝါ တွေသည် ဒကာ ဒကာမတွေ အသက်ရှည်ဖို့နဲ့ တိုဖို့ ဘယ် ဟာက များပါလိမ့်။ (တိုဖို့က များပါတယ် ဘုရား)၊ တိုဖို့က များတယ် ဆိုတာ သေချာ ပလား။ (သေချာပါတယ် ဘုရား)။

ဒါဖြင့် တိုဖို့က များနေတဲ့ အထဲမှာ ကျုပ်တို့သည် ကံတည်း ဟူသော ရေတွေကဖြင့် ခန်းကုန် ပေါ့ဟ တို့ကဖြင့် မသိတဲ့ ငါးမိုက် သမားတွေပဲ၊ ငါးမိုက် သတ္တဝါတွေ လိုပဲ ပြေးလား၊ လွှားလား၊ ရှာလား၊ ဖွေလား၊ ခင်လား၊ မင်လား၊ ကြင်နာလား တွေနဲ့ နေကြလို့ ရှိရင်ဖြင့် ကျုပ်တို့ဟာ သေဘေး မသိတဲ့ ပုဂ္ဂိုလ်တွေလို့ ဆိုလို့ ရှိရင် လွဲပါ့မလား။ (မလွဲပါ ဘုရား)။

တယ် စဉ်းစားဖို့ ကောင်းတယ် ဆိုတာ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

အသက်ကြီးလေ ကန်ရေပိုခန်းလေ

ဘယ့်နှယ် နေကြသတုံး ဆိုတော့ အသက်နဲ့ အမျှ အသက်ကြီးတဲ့ ပုဂ္ဂိုလ်ဟာ ကန်ရေ ပိုပြီး ခန်းတယ် ဆိုလို့ ရှိရင် လွဲပါ့မလား။ (မလွဲပါ ဘုရား)၊ အသက်ကြီးတဲ့ ပုဂ္ဂိုလ် ဘယ်လို ဆုံးဖြတ်ချက် ချကြမယ်။ (ကန်ရေ ပိုခန်း ပါတယ် ဘုရား)။

ကန်ရေ ပိုခန်းတယ် ဆိုတာ အခု တရားတစ်ပွဲလုံး ဒကာ ဒကာမတွေ ခင်ဗျားတို့ အတိတ်က ပြုခဲ့တဲ့ ရေနက်တည်း ဟူသော ကံတွေဟာ အခုအခါမှာ တစ်နေ့တခြား ဘာဖြစ် နေသလဲ စဉ်းစား စမ်းပါ။ (ခန်းခြောက်ပါတယ် ဘုရား)၊ ခန်းတယ်နော်။ (မှန်ပါ့)။

ရေခန်းတာ ဘာဖြစ်လို့တုံးလို့ မေးလို့ ရှိရင် နေပူလို့ ရေခန်း ရတယ်၊ ရေခန်းလို့ရှိရင် ငါး ဘာဖြစ်မလဲ ဆိုတော့ သေခါနီး ဖြစ်ဖို့ပဲ ဆိုတာကော လွဲသေးသလား။ (မလွဲပါ ဘုရား)၊ ရေခန်းတာ ငါး ဘာဖြစ်ဖို့ပါလိမ့်။ (သေခါနီး ဖြစ်ဖို့ပါ ဘုရား)၊ သေခါနီး ဖြစ်ဖို့ပါပဲ ဆိုတာ ငြင်းဖို့ လိုသေး သလား။ (မလိုပါ ဘုရား)။

ဒီမှာလဲ ဘုန်းကြီးတို့ ပြုလာတဲ့ အတိတ်ကံတွေ ဘယ့် နှယ်များ နေကြပါလိမ့်။ (ခန်းကုန်ပါပြီ ဘုရား)၊ ခန်းလာ ပြီဆိုတာ သဘောကျပလား။ (ကျပါတယ် ဘုရား)၊

အတိတ်ကံတွေ အရင်လောက် ကျန်သေးရဲ့ လား။ (မကျန် ပါ ဘုရား)၊ ဘာဖြစ်ကုန်ကြပါလိမ့်။ (ခန်းကုန်ပါတယ်)၊ ခန်းကုန်တော့ ကျုပ်တို့သည် ခုထက်တိုင်ပဲ ငါးကလေးတွေ လိုပဲ အတောင် ကလေး ယှက်ပြီး သကာလ ယက်ကန်, ယက်ကန်နဲ့ ရေကြောထဲ ပျော်နေလို့ ရှိရင် သေမှာ မသိလို့ ပျော်တဲ့ အဓိပ္ပါယ် ဦးခင်မောင်တို့၊ ဒကာသစ်တို့ မရောက် လား။ (ရောက်ပါတယ် ဘုရား)။

ဒီမှာလဲ သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့၊ အရောင်းနဲ့၊ အဝယ်နဲ့၊ သွားလိုက်၊ လာလိုက်နေတဲ့ ပုဂ္ဂိုလ်များဟာ ကိုယ့် ကံ ရေခန်းတာ မသိဘဲနဲ့ ငါးပျော်, ပျော်နေတယ် ဆိုတော့ တိရစ္ဆာန်ပျော်, ပျော်နေတဲ့ အဓိပ္ပါယ် ရောက် မရောက် (ရောက်ပါတယ် ဘုရား)၊ အဲဒါတွေ စဉ်းစားစေချင်လို့ ရှေ့ ပိုင်းမှာ ဒါကလေး ထည့်ပြောပါတယ်၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် ကံကို အမှီပြုနေရတဲ့ ပုဂ္ဂိုလ် ကံခန်းလို့ရှိရင် အသက်တန်း ကုန်မယ် ဆိုတဲ့ ဥစ္စာ ငြင်းနေဖို့ လိုသေး သလား။ (မလိုပါ ဘုရား)၊ ကံကို အမှီပြုနေရတဲ့ ပုဂ္ဂိုလ် သည် ဒကာ ဒကာမတို့ ကံတည်း ဟူသော ရေခန်းလေလေ, အသက်တမ်း ကုန်လေလေပဲ ဆိုတာကော သဘောကျ ကြပလား။ (ကျပါတယ် ဘုရား)။

ယခု ကိုယ့်အသက်နဲ့ ကိုယ်ဟာနဲ့ကိုယ်ပဲ ဒကာ ဒကာမ ယှဉ်စပ်ပြီး သကာလ ကြည့်လိုက် စမ်းပါ၊ အတော် အားနည်းနေတယ် ဆိုတာကော မသေချာ ဘူးလား။ (သေချာ ပါတယ် ဘုရား)။

မသေရာရှာဖို့ အချိန်ရောက်ပြီ

ခုအချိန်မှာ ငါးတိရစ္ဆာန်ကဲ့သို့ ပျော်ချိန်, ရွှင်ချိန်လား တဲ့၊ မသေရာရှာဖို့ အချိန်လား ဆိုတာကို အကဲခတ်ပါ။ (မသေရာရှာဖို့ အချိန်ပါ ဘုရား)။

ကြပ်ကြပ် စဉ်းစားပါ ဒကာ ဒကာမတို့၊ မသေရာရှာဖို့ ရောက်နေတဲ့ အချိန်မှာ ငါးတွေလို မသိဘဲနဲ့ ရောင်းလိုက်၊ ဝယ်လိုက်၊ ပြောလိုက်၊ ဆိုလိုက်၊ နေလိုက်၊ ထိုင်လိုက်၊ သွားလိုက်၊ ရွှင်လိုက်, ပြုံးလိုက်နဲ့ ဦးခင်မောင် ဒီလိုနေလို့ ရှိရင်ဖြင့် လူ တိရစ္ဆာန်ထဲ သွင်းရင် လွဲမယ် မဟုတ်ပါဘူး။ (မဟုတ်ပါ ဘုရား)၊ သဘော ပါကြပလား။ (ပါ,ပါတယ် ဘုရား)။

အဲဒါတွေ ဉာဏ်နဲ့စဉ်းစားတော့မှ ငါတို့သည် မသေ ရာ ရှာဖို့အချိန်မှာ မရှာဘဲနဲ့ ငါးပျော်ပျော်ပြီး သကာလ နေကလဲပူ၊ ကန်ရေကလဲ ခန်း၊ ငါးပျော်ပျော်ပြီး နေလို့ရှိရင် ငါတို့ဖြင့် ခုနကပြောခဲ့တဲ့ ငါးတွေ ကျီးတို့၊ စွန်တို့၊ သိမ်း တို့ရဲ့ အစာ မဖြစ်ရပေဘူးလား။ (ဖြစ်ရပါတယ် ဘုရား)။

ဒီမှာလဲ တို့ ဒကာ ဒကာမတွေသည် အပျော်ဓာတ် နဲ့သာ နေကြမယ်ဆိုလို့ရှိရင်ဖြင့် အပါယ် လေးပါး တည်းဟူသော ကျီးတို့၊ စွန်တို့၊ သိမ်းတို့အစာ ဖြစ်ရလိမ့်မယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက် ချပါ။ (မှန်ပါ့)။ သဘော ကျကြပလား။ (ကျပါပြီ ဘုရား)။

ကဲ ဒကာ ဒကာမတို့ ပျော်ချိန်လား၊ မသေရာရှာဖို့ အချိန်ရောက်ပလားလို့ မေးလိုက်ပါတယ်။ (မသေရာ ရှာဖို့ အချိန်ရောက်ပါပြီ ဘုရား)၊ မသေရာရှာဖို့ အချိန်ရောက် ပြီ ဆိုတာကိုဖြင့် ငြင်းဆန် မနေကြပါနဲ့ တော့လို့ ပြောလိုက် ပါတယ်။ (မှန်ပါ့ ဘုရား)၊ သဘောကျကြပလား။ (ကျပါတယ် ဘုရား)။

မသေရာ အရှာလာတာပါ

ယခု တရားနာလာကြတာ ဘာကိစ္စပါလိမ့်မတုံးလို့ မေးလို့ ရှိရင်ဖြင့် “တပည့်တော်တို့ဘုရား မသေရာ အရှာ လာတာပါ” လို့ တစ်ပွဲလုံး ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ့)၊ ဘာလုပ် လာကြပါလိမ့်။ (မသေရာ အရှာလာတာပါ ဘုရား)။

ဘာဖြစ်လို့ မသေရာ အရှာလာကြပါလိမ့်မလဲလို့ အမေးထုတ်တဲ့ အခါကျတော့မှ ကန်ရေ ခန်းလို့ သေခါက နီးပါပြီ၊ သဘောကျပလား။ (ကျပါတယ် ဘုရား)၊ ကန်ရေက ဘယ့်နှယ်တဲ့။ (ခန်းနေ ပါပြီ ဘုရား)၊ ကန် ဆိုတာ အတိတ်ကံကို ဆိုပါတယ်နော်။ (မှန်ပါ့)။

အတိတ်ကံ ရေခန်းတော့ ဒကာ ဒကာမတို့ ခန္ဓာကိုယ် က အရင်လိုပဲ ရှိသေး သလားတဲ့၊ သေခါနီး အမူအရာတွေ ပြနေသလား။ (သေခါနီးတဲ့ အမူအရာတွေ ပြနေပါတယ်)။

သေခါနီးတဲ့ အမူအရာတွေ ပြနေပြီ

သေခါနီးတဲ့ အမူအရာတွေ ပြပြီး သကာလ နေတာ တောင်မှ ဒကာ ဒကာမတို့ အပျော်မပျက်၊ အပြုံးမပျက် ဆိုလို့ ရှိရင် ဦးခင်မောင် ခက်သေးတယ်လို့ ဆိုရလိမ့်မယ်။ (ဆိုရပါတယ် ဘုရား)၊ မဆိုထိုက် ဘူးလား (ဆိုထိုက်ပါ တယ်)၊ ဘာနဲ့ တူနေပါလိမ့်မတုံး ဆိုတော့ မသိတဲ့ ငါးပျော်, ပျော်နေတယ် ဆိုလို့ ရှိရင် လွဲပါ့မလား။ (မလွဲပါ ဘုရား)။

အဲဒါကလေးတွေကိုလဲ အိမ်ပြန်ပြီး သကာလ တို့ဆရာ ဘုန်းကြီးက ဘယ်လိုများ ဆုံးမ လိုက်ပါလိမ့်၊ ပါးစပ် ကလေးနဲ့ ပျော်မယ်ကြံ၊ အရောင်းကလေး တိုးချဲ့မယ်ကြံ၊ အဝယ် ကလေး တိုးချဲ့ မယ်ကြံ၊ အဝတ်အစား ကလေး ပြည့်စုံအောင် လို့ တိုးချဲ့မယ်လို့ ကြံတိုင်း ကြံတိုင်း မင်းဟာက သေခါ နီးနေတာတောင်မှ တိရစ္ဆာန်မိုက်, မိုက်တုန်းပဲလားကွလို့ ကိုယ့်ကိုယ်ကိုယ် မေးစမ်းပါ။ (မှန်ပါ့ ဘုရား)၊

ဦးခင်မောင် မေးထိုက်, မမေးထိုက် (မေးထိုက်ပါတယ် ဘုရား)၊ ဒကာ သစ်တို့ မေးထိုက်, မမေးထိုက် (မေးထိုက်ပါတယ် ဘုရား)၊ သဘောကျကြပလား။ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ တရားပွဲထဲမှာ မှတ်ထား တဲ့ ဥစ္စာ အိမ်ကျရင် စဉ်းစားမှ အဖိုးတန် ပါလိမ့်မယ် နော်။ (မှန်လှပါ ဘုရား)။

အိမ်ကျ စဉ်းစားတဲ့ အခါကျလို့ ရှိရင် ငါတို့ သားနဲ့ ပျော်၊ သမီးနဲ့ပျော်၊ အိမ်ကြောင့်ကြဖွယ်၊ အများတွေနဲ့ အပျော် ကြီး ပျော်လိုက် နေလိုက်တဲ့ဥစ္စာ၊ ဘာပျော်ပါလိမ့်မတုံး မေးတော့ တိရစ္ဆာန်လို မသိလို့ သေခါနီး ပျော်ပျော်နေတာ ပါကလား ဆုံးဖြတ်ချက်ချလိုက်ပါ။ (မှန်ပါ့ ဘုရား)၊

ဘာ ပျော်ပျော် နေကြပါလိမ့်။ (သေခါနီးပျော်, ပျော်တာပါ ဘုရား)၊ သေခါနီးပျော်,ပျော်တာ နားထောင်လို့ ဦးခင်မောင် ကောင်း, မကောင်း (မကောင်းပါ ဘုရား)၊ ဒကာသစ်တို့ ကောင်း, မကောင်း (မကောင်းပါ ဘုရား)။

ငါးပျော်, ပျော်မနေကြနဲ့

အဲဒါ သေသေချာချာ စဉ်းစားကြပါ၊ တစ်ယောက်နဲ့ တစ်ယောက်လဲ ဓမ္မမိတ်ဆွေချင်း ခင်ဗျား ဘာလုပ်မတုံးလို့ ၊ သားကလေး ကိစ္စနဲ့ဗျာ လှည့်မလို့ ၊ မလုပ်နဲ့ဗျ သေခါနီး ကန်ရေတွေ ကုန်ခန်းပြီလို့ ဘုန်းကြီးက ဟောထားတယ်။

ငါးပျော်တော့ ပျော်မနေနဲ့၊ ငါးပျော်ဆိုတာ တိရစ္ဆာန်၊ – တိရစ္ဆာန်ဆိုတာ အဟိတ်ပုဂ္ဂိုလ်၊ အဟိတ်ဆိုတာ ဘာမှ မသိလို့ တော်တော်ကြာ ကျီး, လင်းတ တို့၏ အစာဖြစ်ရတယ်။ သိမ်း, စွန်တို့၏ အစာဖြစ်ရတယ်၊ ကျုပ်တို့ အပါယ်လေးပါး အစာတွေ ဖြစ်လိမ့်မယ်ဗျ ဆိုပြီး တစ်ယောက် တစ်ယောက်လဲ သတိပေးကြပါ၊ သဘောကျပလား။ (ကျပါပြီ)။

ဒါဖြင့် ရေကန်ကလဲ ခန်းခါနီးနေတော့ ဒီငါးကလေး တွေဟာ ဒကာ ဒကာမတို့ သေခြင်းဆိုး သေရတော့မယ် ဆိုတာ ဦးခင်မောင်တို့၊ ဒကာသစ်တို့ ငြင်းဖို့ လိုသေး သလား။ (မလိုပါ ဘုရား)။

ဒီမှာလဲ ကျုပ်တို့ ဒီအတိုင်းပဲ၊ သားနဲ့၊ မယားနဲ့၊ ဆွေနဲ့၊ မျိုးနဲ့၊ စီးပွားရှာ အမျိုးမျိုးနဲ့ အဖုံဖုံသာ နေကြတော့မယ် ဆိုလို့ ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စဉ်းစား တာပေါ့။

တိရစ္ဆာန်ပျော်, ပျော်ပြီး သကာလ တိရစ္ဆာန်သေ, သေရ လို့ ရှိရင်လဲ ကိုယ်ကျိုး လှလှကြီး နည်းရတော့မယ် ဆိုတဲ့ဥစ္စာ ငြင်းဖို့ လိုသေးသလား။ (မလိုပါ ဘုရား)၊ ခု ပြင်ချိန် ဆင်ချိန် ရောက်ပါ ပလားလို့ မေးလိုက်တယ်။ (ရောက် ပါပြီ ဘုရား)၊ ပြင်ကြ ဆင်ကြပါတော့၊ လိမ္မာကြပါတော့၊ မဝေးတော့ပါဘူး ဆိုတာ သဘောပါကြပလား။ (ပါ,ပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက ဒီလောက်တောင် သတိပေး နေရပါလိမ့်မလဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ က ရှင်းရှင်းနဲ့ ဘွင်းဘွင်း မေးလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ကိစ္စတွေ ထောက်ပံ့ လာရတာကြာပြီ၊ ယခုအချိန် မှာ အင်မတန် အားနည်းနေပြီလို့ ဆိုလို့ရှိရင်ဖြင့် ဒကာသစ် တို ၊ ဦးခင်မောင်တို့ လွဲပါ့မလား။ (မလွဲပါ ဘုရား)။ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် အခုအချိန် ဘာရှာဖို့ အချိန်လဲလို့ မေးလိုက် တယ်။ (မသေရာရှာဖို့ပါ ဘုရား)၊ မသေရာရှာဖို့ အချိန်နော် (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘယ်ကို ရောက်နေ ပါလိမ့်။ (မသေရာရှာဖို့ အချိန်ရောက်ပါပြီ ဘုရား)။

မသေရာရှာဖို့ အချိန်ရောက်ပါပြီ ဆိုတာ သတိထားဖို့ ကောင်းတယ်၊ ဒကာ ဒကာမတွေ ဖြစ်စဉ်က ဘုန်းကြီးက အရင်းအချာ တွေမို့ပဲ သတိပေး လိုက်ပါတယ်၊ သေခါနီးတွေ က သေခါဝေး တွေငဲ့ပြီး အလုပ်လုပ် နေတဲ့ဥစ္စာ အတော် ဆိုးတယ်နော်။ (မှန်ပါ့)၊ သေခါနီးတွေ ဘာတဲ့ (သေခါ ဝေးတွေ ငဲ့နေပါတယ် ဘုရား)။

သေခါဝေးငဲ့ပြီးသကာလ မအား မလပ်အောင်ဘဲ တစ်ခါတည်း စီးပွားရှာပြီး သကာလ နေတဲ့ ဥစ္စာဟာ အရုပ် အဆိုးဆုံးပဲ၊ မဆိုးဘူးလား။ (ဆိုးပါတယ် ဘုရား)၊ သေခါနီးမှ ဘယ်သူ့အတွက် ရှာပေးနေရသလဲ။ (သေခါဝေးတွေ အတွက် ရှာပေးနေရပါတယ်)၊ အခုဟာ မိုက်လိုက်ကြတဲ့ ဖြစ်ခြင်း ဟာ မပြောပါနဲ့တော့လို့ ဆိုလို့ ရှိရင် ဒကာသစ်တို့က နာစရာများ ရှိသေးသလား။ (မရှိပါ ဘုရား)။

သေခါနီးက ဘယ်သူ့ အတွက် ပြောနေပါလိမ့်

ဘယ့်နှယ်လုပ်မလဲ ဘုရား ဒီသားတွေ၊ ဒီသမီးတွေ နဲ့လို့ ဒကာ ဒကာမတွေ လက်ညှိုး မထိုးကြဘူးလား၊ တပည့်တော်တို့ အလုပ်တွေ အချိုးမကျလို့ ရှိရင် ဒီသားတွေ၊ ဒီသမီး တွေ ကြီးပွားရန် ကျောင်းထား ရမည့် အဖြစ်၊ အိမ်ထောင် ကျရေးတွေ အဖြစ်၊ သူတို့ လူလားမြောက်ဖို့ စရိတ်တွေ တပည့်တော်တို့ ဘယ့်နှယ် လုပ်ရမှာတုံးလို့ မေးခဲ့ကြရင် သေခါနီးက ပြောတာလား၊ သေခါဝေးက ပြောတာလား စဉ်းစားကြည့်စမ်း။ (သေခါနီးက ပြောတာပါ ဘုရား)။

သေခါနီးက ဘယ်သူ့ အတွက် ပြောနေပါလိမ့်။ (သေခါဝေးအတွက် ပြောနေတာပါ)၊ အို လွဲလိုက်တဲ့ ဖြစ်ခြင်း၊ ကိုယ့်အရေးတော့ ကိုယ်မသိ ပါကလား ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဘာတုံး။ (ကိုယ့်အရေး ကိုယ် မသိပါ ဘုရား)၊ ကိုယ့်အရေး ကိုယ်မသိတဲ့ ပုဂ္ဂိုလ်လို့ ပြောလို့ ရှိရင် လွဲပါ့မလား။ (မလွဲပါ ဘုရား)။

အဲဒီလောက် ကံတွေ အရုပ်ဆိုး အကျည်းတန် နေတဲ့ စိတ္တုပ္ပါဒ်တွေ ကိုလဲ သေခါနီးမှ အသေ လွတ်တာ ရှာဖို့ အရေး ကြီးပါတယ်။ (မှန်ပါ့)၊ ဦးခင်မောင် ဘာအရေးကြီး သလဲ (သေခါနီးမှ အသေလွတ် ရှာဖို့ အရေးကြီးပါတယ် ဘုရား)။

သေခါနီး အသေ လွတ်တာ ရှာဖို့ အရေးကြီးတယ် ဆိုတာ သေတာ ထုံးစံပဲလို့ ဒီလို မယူလိုက်ပါနဲ့၊ မသေရာ ရှိပါသေးတယ် ဆိုတာလဲ လမ်းခွဲကလေး မှတ်လိုက်ပါဦး။ (မှန်လှပါ ဘုရား)။

မသေရာ ရှိသေးတယ် ဆိုတာလဲ ဘယ်လိုမှတ်ကြ မယ်။ (လမ်းခွဲ ရှိပါသေးတယ်)၊ လမ်းခွဲ ရှိပါသေးတယ် ဆိုတာလဲ ကျေနပ်ပလား။ (ကျေနပ်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အခု သတိပေး လိုက်တဲ့ နှစ်ချက်ကို ကန်ရေခန်းတော့လဲ ဒကာ ဒကာမ တွေ သေခါနီးလို့ပဲ၊ မသေအောင် ရှာပါတော့။ (မှန်ပါ့)၊ တစ်ချက်နော်။ (မှန်ပါ့)၊

သေခါနီးတွေက သေခါဝေး အတွက် ဂရုစိုက်ပြီး နေတာလဲ အမှား အလွန်ကြီးတာပဲ တစ်ချက်။ ဒါကို ပြင်ကြ ဆင်ကြပါတော့ ဆိုတာ နှစ်ချက်တည်း သတိပေးထားတယ်။ (မှန်လှပါ ဘုရား)၊

ဘယ်နှစ်ချက် သတိပေးပါလိမ့်။ (နှစ်ချက်သတိပေးပါတယ် ဘုရား)၊ နှစ်ချက် သတိပေးတယ် ဆိုတာကိုလဲ လေးလေးစားစား ဒကာ ဒကာမတွေ မှတ်ပါ။ (မှန်ပါ့ ဘုရား)။

ကိုယ့်မှာ အဓိဋ္ဌာန်တွေက ဘယ့်နှယ်နေကြသလဲ၊ သေခါ မနီးသေးဘူးလား။ (နီးပါပြီ ဘုရား)၊ နီးပြန်တော့ လဲပဲ ကျုပ်တို့ လူသတ္တဝါတွေ သေခါနီး နေပြီဆိုတဲ့ ဥစ္စာ ငြင်းဖို့ လိုသေးသလား။ (မလိုပါ ဘုရား)၊ ဘာရှာဖို့ အချိန်ရောက်ပြီလဲ။ (မသေရာ ရှာဖို့ အချိန်ရောက်ပါပြီ ဘုရား)။

မသေရာ ရှာဖို့ အချိန်ရောက်ပြီ ဒကာ ဒကာမတို့၊ ဘာရှာဖို့ အချိန်ရောက်ပါလိမ့်။ (မသေရာ ရှာဖို့ အချိန်ရောက် ပါပြီ ဘုရား)၊ မသေရာရှာဖို့ အချိန်ရောက်ပြီ ဆိုတာလဲ သဘော ပါပလား။ (ပါ,ပါတယ် ဘုရား)။

မသေရာရှာဖို့ အချိန်ရောက်တဲ့ အခါမှာလဲ သားသမီးက သေခါဝေး၊ မိဘက သေခါနီး၊ သေခါနီးက သေခါဝေးတွေ အတွက် စိုးရိမ်ကြောင့်ကြပြီး သကာလ၊ ဂရုစိုက်ပြီး သကာလ အထူး တလည် လုပ်နေတဲ့ အလုပ်ဟာလဲ ဒကာ ဒကာမတွေ မိုက်ပုံ တစ်မျိုးပဲလို့ ဆိုလို့ ရှိရင်ဖြင့် လွဲပါ့မလား။ (မလွဲပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ကိုယ့်အရေးမသိတဲ့ ပုဂ္ဂိုလ်များမှာ ဒီနှစ်ခု ဘာမှ မစဉ်းစား တော့ဘူး။ (မှန်ပါ့)၊ စဉ်းစား သေးရဲ့လား။ (မစဉ်းစားပါ ဘုရား)၊ ကိုယ့်အရေး မသိတဲ့ ပုဂ္ဂိုလ်ဟာလေ၊ ကံတွေ ခြားနား နေတာကို သူ စဉ်းစားမိရဲ့လား။ (မစဉ်းစားပါ ဘုရား)၊ လူ့ဗာလ ဆိုတာကော တွေ့သေးရဲ့လား။ (မတွေ့ပါ ဘုရား)။

ငါတော့ သေခါနီးပြီ၊ ငါ့အရေးဟာ မသေရာ ရှာဖို့ အရေးသာ ငါ ရှိတော့တယ်၊ ကျန်တဲ့ ပုဂ္ဂိုလ်တွေ တော့ဖြင့် သူတို့ကံနဲ့ သူတို့ပဲလို့၊ ဒီလို ထားနိုင်တဲ့ ပုဂ္ဂိုလ်ကလဲ ရှာမှ ရှားလိမ့်မယ်လို့ ထင်တယ်။ (မှန်ပါ့)၊ ရှာမှ မရှားဘူးလား။ (ရှားပါတယ် ဘုရား)၊ အဲဒါတွေကလဲ ကိုယ့်စိတ် ကူးတွေဟာ အခု ပြောခဲ့တဲ့ အချက်တွေကလဲ အလွဲနဲ့ အချော်ချည်းပဲ။

ဒကာ ဒကာမတို့ ကိုယ့်စိတ်ကူး တွေဟာ ဘာတဲ့ တုံး။ (အလွဲနဲ့ အချော် ချည်းပါ ဘုရား)၊ အလွဲနဲ့ အချော် ချည်းပဲ ဆိုတာ ကြပ်ကြပ် သတိထား စမ်းပါ၊ ကိုယ့်စိတ်ကူး ဘာပါလိမ့် ဒကာ ဒကာမတို့ (အလွဲနဲ့ အချော်ချည်းပါပဲ ဘုရား)၊ အလွဲနဲ့ အချော်ချည်းပဲ ဆိုတော့ ဘယ်ဟာများ ကောင်းတာ ပါသေးရဲ့ လား။ (မပါ,ပါ ဘုရား)။

ဘယ်ဟာကမှ ကောင်းတာ မပါတဲ့ အလုပ်နဲ့ အချိန် ကုန်ပြီး သကာလ နေလို့ရှိရင်ဖြင့် အသေဆိုး သေချင်လို့ပဲ လို့ ဆုံးဖြတ်ချက်ချရင် လွဲပါ့မလား။ (မလွဲပါ ဘုရား)။

ဒါဖြင့် အသေဆိုးနဲ့ ဇာတ်သိမ်းကြမလား ဒကာ ဒကာမတို့၊ မသေရာပဲ သွားကြမလား ဆိုတာ အမေးထုတ် ပါပြီ။ (မသေရာဘဲ သွားပါမယ် ဘုရား)၊ မသေရာ သွားတဲ့ နည်းကို ရှာဖို့ အချိန်ကော ရောက်ကြ ပလားလို့ မေးလိုက် ပါတယ်။ (ရောက်ပါပြီ ဘုရား)၊ အချိန်လဲ သေသေချာချာ ရောက်ပါပြီ ဆိုတာ ငြင်းဆန်ဖို့ လိုသေးသလား။ (မလိုပါ ဘုရား)။

အချိန် ရောက်တယ် ဆိုတာ တခြား မဟုတ်ပါဘူး၊ ကံတွေက အားနည်းလာလို့ အချိန် ရောက်ပါပြီ၊ သေခါနီး ဖြစ်နေလို့ သေခါဝေး အရေးတွေ ဂရုစိုက်ဖို့ အချိန်လဲ လျှော့ ဖို့ ရောက်ပါပြီ ဆိုတာ ငြင်းဖို့ လိုသေးသလား။ (မလိုပါ ဘုရား)။

တဏှာ ကုန်တဲ့အလုပ်သည် မသေရှာတဲ့အလုပ်

ဒါကြောင့် ဒကာ ဒကာတို့ မသေရာရှာတဲ့ အလုပ် ကို ပြောကြပါစို့၊ ဘာပြောရမယ် (မသေရာ ရှာတဲ့အလုပ် ကို ပြောရပါမယ်)၊ မသေရာ ရှာတဲ့ အလုပ်ကို ဟောတော့မယ်။

ဒကာ ဒကာမတွေ မသေရာရှာတဲ့ အလုပ်ကို သေသေချာချာ မှတ်ပြီး မသေရာရှာတဲ့ အလုပ်ဟာဖြင့် ဘယ်အလုပ်ပါလိမ့် မတုံး မေးတဲ့အခါကျတော့မှ တဏှာ ကုန်တဲ့ အလုပ်သည် မသေရှာတဲ့ အလုပ် (မှန်လှပါ ဘုရား)။

ဒါကလေး“နုတ်” လုပ်ပြီး မှတ်လိုက် စမ်းပါ။ (မှန်ပါ့)၊ ဒကာ ဒကာမတို့ မသေရာရှာတဲ့ အလုပ်ဟာ ဘယ်အလုပ် ပါလိမ့်။ (တဏှာ ကုန်တဲ့ အလုပ်ပါ ဘုရား)၊ တဏှာ ကုန်အောင် လုပ်တဲ့ အလုပ်ပဲ့ ဆိုတာ ကျေနပ်ပလား။ (ကျေနပ် ပါပြီ)။

အင်း ဟင် မသေရာ ရှာတဲ့ အလုပ်ဟာ ဘယ် အလုပ်ပါလိမ့်။ (တဏှာ ကုန်အောင် လုပ်တဲ့ အလုပ်ပါ ဘုရား)၊ ရှင်းပြီနော်။ (မှန်ပါ့)၊ ဒီ တစ်လုံးဟာ အင်မတန် အဖိုးတန်တယ် ဆိုတာ မှတ်လိုက် စမ်းပါ။ (မှန်ပါ့)။

ကျုပ်ဖြင့် မသေရာ ရှာတာပဲ ဆို တော့ ဒကာ ဒကာမတွေက မသေရာ ဆိုတာ နိဗ္ဗာန်ပဲလို့ ပြောကြတာပဲ။ ဒကာသစ် မပြောကြပေဘူးလား။ (ပြောပါတယ်)၊

ပြောပင် ပြောငြားသော်လဲ သူက လိုရင်းလား၊ တဏှာ ကုန်မှ သူ့ဆီ ရောက်မှာလား။ (တဏှာ ကုန်မှ သူ့ဆီ ရောက်မှာပါ ဘုရား)။

တဏှာကုန်မှ သူ့ဆီ ရောက်မှာ ဖြစ်နေ သောကြောင့် မသေရာသွားတဲ့ အလုပ်သည်ကားလို့ ဆိုရင် တဏှာ ကုန်အောင် လုပ်နိုင်တဲ့ အလုပ်သည် မသေရာသွားတဲ့ အလုပ်၊ ဒိဋ္ဌိ ကုန်အောင် လုပ်နိုင်တဲ့ အလုပ်သည်လဲ လေးပိုင်း တစ်ပိုင်း မသေရာ သွားတဲ့ အလုပ်ပဲ ဆိုရင်ကော လွဲပါ့မလား။ (မလွဲပါ ဘုရား)။

ဒါကြောင့် ယနေ့ ဒကာ ဒကာမတို့ တဏှာသတ်, ဒိဋ္ဌိသတ်တွေကို ဟောတော့မယ်ဆိုတော့ သေသေချာချာ မှတ်ပါနော်။ (မှန်လှပါ)၊ ယနေ့ ဘယ်တရားဟောမယ် ထင်ကြသလဲ။ (တဏှာသတ်, ဒိဋ္ဌိသတ်တွေ ဟောမှာပါ ဘုရား)။

တဏှာသတ်နဲ့ ဒိဋ္ဌိသတ်ကို ဟောလိမ့်မယ်နော်၊ တဏှာ သတ်လို့ ရှိရင်လဲ တဏှာနဲ့ ဒိဋ္ဌိက တွဲလျက်ကြီး ဖြစ်ပြီး သကာလ နေသောကြောင့် ပါသွားလိမ့်မယ် ဆိုတာကိုဖြင့် ရှင်းရှင်းလင်းလင်းနဲ့ပဲ မှတ်ထားကြပါ။ (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် မနေ့က သုတ်ကိုပဲ ဒကာ ဒကာမတို့ မနေ့က ပြောခဲ့တဲ့ အချက်ကလေးကို အလုပ်စဉ်နဲ့ တကွ ပြရ မှာဖြစ်ပြီး သကာလ နေတော့ သုံးရက်မြောက်လဲ ရှိပါပြီ ဒကာ ဒကာမတို့ ၊ ၁-နံပါတ် ကလေးကစ,ပြီး ခင်ဗျားတို့ ဖြေရှင်း ကြရတာပေါ့နော်။ (မှန်ပါ့ ဘုရား)။

သိကြားမင်းက မေး

သိကြားမင်းက ဘုရားထံ လာလျှောက်တယ်နော်။ လူတွေဟာ ရောဂါ ဥပဒ် အန္တ ရာယ် တွေ များမှာ အင်မတန် ကြောက်ကြပါတယ် ဘုရားတဲ့၊ ထိုသို့ပင် ကြောက်ငြား သော် လဲ ရောဂါဥပဒ် အန္တရာယ် များများ ပြီးတော့ နေတာ ဘာ့ကြောင့်ပါလိမ့် မလဲလို့ လျှောက်တော့ ဘုရားက ဘာဖြေလိုက် သလဲ။ (ဣဿာ မစ္ဆရိယ ကြောင့်ပါ ဘုရား)။

ရောဂါများတာ ဘာ့ကြောင့်လဲ

သြော် ဣဿာ မစ္ဆရိယကြောင့် ရောဂါဥပဒ် အန္တရာယ်တွေ များတယ်လို့ ဖြေလိုက်တော့ ဒါလဲ ပြီးသွား တာ မဟုတ်လား။ (မှန်ပါ့)၊ ဣဿာ မစ္ဆရိယဆိုတဲ့ တရား ဟာလဲ ဒကာ ဒကာမတို့ အကြောင်း မရှိဘဲနဲ့ လာပါ့ မလား။ (မလာပါ ဘုရား)။

ချစ်ခြင်း , မုန်းခြင်း ရှိလို့

အကြောင်းမရှိဘဲနဲ့ မလာတော့ အကြောင်းရှာကြ ပါစို့ ဆိုတော့ သိကြားက မေးတယ်၊ အရှင်ဘုရား ဣဿာ မစ္ဆရိယ ဘယ်ကများ လာပါလိမ့်။ (ချစ်ခြင်း, မုန်းခြင်း, ပီယာ ပီယကြောင့်ပါ)၊

ချစ်ခြင်း, မုန်းခြင်းရှိလို့ ရှိရင် ဣဿာ မစ္ဆရိယ လာတယ်၊ ဣဿာ မစ္ဆရိယ ရှိလို့ ရှိရင် ရောဂါ များတယ်၊ ဘေးဥပဒ် အန္တရာယ်တွေ များတယ် ဆိုတာကော ရိပ်မိကြပလား။ (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါက တိုတိုပဲ ပြောသွား ပါ့မယ်၊ အလုပ် စခန်း ယနေ့ သေသေချာချာ ပြရမှာ ဖြစ်နေလို့ ၊ ကိုင်း ဒကာ ဒကာမတို့ ချစ်ခြင်း, မုန်းခြင်းသည် ဘယ်ကများ လာပါလိမ့်မလဲလို့ မေးလိုက် ပါတယ်။ (ဆန္ဒက လာပါ တယ် ဘုရား)။

ဆန္ဒက လာတယ်လို့ ဘုရားက သိကြားကို လိုက် တဲ့အခါ သိကြားက ယုံမှား သံသယ ကင်းပါပြီ ဘုရား လို့ လျှောက်လိုက်တယ်၊ အကျယ် မပြောတော့ဘူး၊ အကျယ် မနေ့က ပြောပြီးပြီနော်။ (မှန်လှပါ ဘုရား)။

ဒီ ဆန္ဒက ဘယ်က လာပါလိမ့်မတုံးလို့ အမေးထုတ် ပြန်တော့လဲ ဘုရားက ဘယ့်နှယ် ဖြေလိုက်ပါလိမ့်။ (ဝိတက်က လာပါတယ် ဘုရား)၊ ဝိတက်က လာတယ်လို့ ဖြေလိုက်တော့ ဒါလဲ သိပြီးသားပဲ ထားပါတော့နော်။ (မှန်ပါ့)။

ဒီ ဝိတက်က ဘယ်က လာပါလိမ့်မတုံး ဘုရားလို့ အကျိုးအကြောင်း ဆက်ပြီး သကာလ သိကြားက မေးပြန်တော့ ဘုရားက တဏှာ၊ မာန၊ ဒိဋ္ဌိက လာတယ်လို့ ဖြေတော်မူတယ်။ (မှန်ပါ့)၊ မဖြေဘူးလား။ (ဖြေပါ တယ်)၊

ဘယ်က လာပါလိမ့်။ (တဏှာ၊ မာန၊ ဒိဋ္ဌိက လာပါတယ်)၊ တဏှာ၊ မာန၊ ဒိဋ္ဌိ ဆိုတဲ့ ပပဉ္စက လာတယ် လို့ ဘုရားက ဖြေလိုက်တယ်နော်။ (မှန်ပါ့)၊ အဲသုတ် မဟာဝါ ပါဠိတော်မှာ သက္က ပဥှသုတ် ဆိုပြီး သကာလ ဒီအတိုင်းပဲ ဟောတယ်။

ကောင်းပြီ ဒါတွေ ကတော့ဖြင့် ဒကာ ဒကာမတို့ သူ့အကျိုး အကြောင်း ဆက်ပြီး သိထားတော့ တစ်ခါ သိကြားက ဆက်ပြီး သကာလ ဦးခင်မောင်တို့၊ ဒကာသစ် တို့ မေးပြန်တယ်နော်။ (မှန်ပါ့)။

တဏှာ၊ မာန၊ ဒိဋ္ဌိချုပ်ချင်ရင် ဝေဒနာ ရှု

အရှင်ဘုရား ဒီ တဏှာ၊ မာန၊ ဒိဋ္ဌိ ဆိုတဲ့ ပပဉ္စတရား တော့ဖြင့် သဘောကျပါပြီ၊ သူက လာတယ် ဆိုတဲ့ဥစ္စာ သူ့ကြောင့် ဝိတက်ဖြစ်တယ် ဆိုတာ တပည့်တော် ကျေနပ်ပါပြီ။ တဏှာ၊ မာန၊ ဒိဋ္ဌိချုပ်တဲ့ တရား မရှိဘူးလား ဘုရားတဲ့၊ ဦးခင်မောင် ဒါ အချက်ပဲ။ (မှန်ပါ့)။

ဒကာ ဒကာမတွေ တဏှာ၊ မာန၊ ဒိဋ္ဌိချုပ်တဲ့ တရား မရှိဘူးလား ဘုရား၊ ချုပ်အောင် ကျင့်စရာ တရားများ မရှိဘူးလား ဘုရာ့လို့ မေးပါတယ်။ (မှန်ပါ့ ဘုရား)၊

မေးတဲ့ အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဝေဒနာ ကမ္မဋ္ဌာန်းရှုကွတဲ့၊ ဘာဖြေ လိုက်ပါလိမ့်။ (ဝေဒနာ ကမ္မဋ္ဌာန်းရှုတဲ့)။

ဝေဒနာနုပဿနာ ရှုနည်း

ကိုင်း ဒကာ ဒကာမတို့၊ ယနေ့ ဘာဟောရမယ် ဆိုတာဖြင့် တရား ထွက်လာပါပြီ။ (မှန်ပါ့)၊ ဘာဟော ရမယ်။ (ဝေဒနာ ကမ္မဋ္ဌာန်း ဟောရပါမယ် ဘုရား)။

ဝေဒနာကမ္မဋ္ဌာန်း ဟောရမယ်၊ ဝေဒနာနုပဿနာ ရှုနည်းနိဿရည်း ကိုပဲ ဒကာ ဒကာမတွေ ချီးမြှောက် ထောက်ပင့် ရတော့မယ် ဆိုတဲ့ ဥစ္စာဖြင့် ဘုန်းကြီးတို့က ဟော တာလား၊ ဘုရားက ဝေဒနာ ရှုမှ တဏှာ၊ မာန၊ ဒိဋ္ဌိ စင်မယ်လို့ သိကြားကို ဟောတာကို ဘုန်းကြီးတို့က အတုလိုက်ပြီး သကာလ ဟောရခြင်း၊ ပြောရခြင်း ဖြစ်ပါတယ် ဆိုတော့ ခိုင်လုံတဲ့ အဓိပ္ပါယ်တွေ မသေချာဘူးလား။ (သေချာပါ တယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တဏှာ၊ မာန၊ ဒိဋ္ဌိ ဘယ်က လာပါလိမ့်မလဲလို့ မေးတဲ့ အခါ ကျတော့ တဏှာ၊ မာန၊ ဒိဋ္ဌိ ကုန်စေချင်လို့ ရှိရင်ဖြင့် ဘယ်တရားများ ကျင့်ကြံကြိုးကုတ် အားထုတ် ရပါ့ မလဲ မေးလိုက်တဲ့ အခါ ကျတော့ ဘုရားက ဘာဖြေလိုက်ပါလိမ့်။ (ဝေဒနာရှုပါ)၊ ဝေဒနာ ကမ္မဋ္ဌာန်း ကြိုးစားရှု၊ ဒကာ ဒကာမတို့ ဘာကြိုးစား ရမယ် (ဝေဒနာ ကမ္မဋ္ဌာန်း ကြိုးစားရပါမယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဝေဒနာ ကမ္မဋ္ဌာန်း ကြိုးစားရမယ် ဆိုတော့ ဒကာ ဒကာမတို့ သိပါပြီ၊ ယခု ဝေဒနာ ကမ္မဋ္ဌာန်း ပဲ ဆရာဘုန်းကြီး ဟောရတော့မယ် ဆိုတဲ့ အချိန်လဲ ရောက် ပါပြီနော်။ (မှန်လှပါ ဘုရား)။

ဝေဒနာကမ္မဋ္ဌာန်းကို ဒကာ ဒကာမတို့ ပြောပြမယ်။ သတိထားပါ၊

သောမနဿ ဝေဒနာက နှစ်မျိုး၊ သောမနဿ ဝေဒနာက ဘယ်နှစ်မျိုးပါလိမ့်။ (နှစ်မျိုးပါ ဘုရား)။

ဒေါမနဿ ဝေဒနာကလဲ နှစ်မျိုးပဲလို့ မှတ်ထား လိုက်စမ်းပါ၊

ဥပေက္ခာ ဝေဒနာကော နှစ်မျိုးပဲလို့ မှတ်ထား လိုက်စမ်းပါ ဒကာ ဒကာမတို့။

ကိုင်း ဒါ အားထုတ်ရမည့် တရားဖြစ် သောကြောင့် အသေကို လွတ်အောင် လုပ်ရမည့် တရားက တဏှာသတ်မှ အသေလွတ်မှာဖြစ်လို့ “ဝေဒနာ ပစ္စယာ တဏှာ” ဆိုတော့ ဝေဒနာမှ မသတ်ရင်လဲ အားလုံး တရားတစ်ပွဲလုံး ဒကာ ဒကာမတို့ တဏှာသေပါ့မလား။ (မသေပါ ဘုရား)။

ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)၊ ဟော ဝေဒနာသာ ရှိရင် တဏှာ လာမယ်၊ သေချာ ကြပလား။ (သေချာပါ တယ် ဘုရား)၊ ကိုင်း ဘုရားကပဲ ဟောလိုက်တယ်၊ ဝေဒနာ နိရောဓာ (တဏှာ နိရောဓောပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ခုနက ဖြေခဲ့တဲ့ ဆရာဘုန်းကြီး ပြောဆိုတဲ့ စကားအတိုင်း နိဗ္ဗာန် လိုချင်ရင် တဏှာ သတ်မှ ရမယ်ဆိုတဲ့ ဥစ္စာသည် ဪ ဒီဝေဒနာကို မရှုလို့ရှိရင် တဏှာကဖြင့် ဘယ်နည်းနဲ့မှ မသေဘူး၊ ဝေဒနာ ဝင်တိုင်းသာ သာယာ နေကြမယ် ဆိုရင် ဝေဒနာပစ္စယာ ဘာလာမယ် (တဏှာ လာပါမယ် ဘုရား)။

ကောင်းပြီ၊ ဝေဒနာကို ကျုပ်တို့က ဝိပဿနာ ရှုကြပါစို့ ဆိုတော့ ဝေဒနာ နိရောဓာ (တဏှာ နိရောဓောပါ ဘုရား)၊

သြော် “ဝေဒနာ နိရောဓာ တဏှာနိရောဓော” ဆိုတော့ တဏှာ သေချင်ရင် ဝေဒနာရှု၊ ရှင်းကြပလား (ရှင်းပါပြီ)၊ တဏှာ သေချင်ရင် (ဝေဒနာ ရှုရပါမယ် ဘုရား)၊ ဝေဒနာရှုရမယ် ဆိုတာ ဒကာ ဒကာမတို့ သဘော အထူးပါကြ ပလား။ (ပါ,ပါတယ် ဘုရား)။

သို့သော် သက္ကပဥှှ သုတ်မှာ ဟောတော်မူတဲ့ ဝေဒနာ သည် သောမနဿ ဝေဒနာကလဲ နှစ်မျိုး။ (မှန်ပါ့)၊ ဒေါ မနဿ ဝေဒနာကော (နှစ်မျိုးပါ ဘုရား)၊ ဥပေက္ခာဝေဒနာကော (နှစ်မျိုးပါ ဘုရား)၊ နှစ်မျိုးလို့ မှတ်ထား စမ်းပါ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဝေဒနာ ဘယ်နှစ်မျိုးစီ ရှိပါလိမ့် (နှစ်မျိုးစီ ရှိပါတယ် ဘုရား)။

နှစ်မျိုးစီရှိပြီး သကာလ နေတော့ ဒီဝေဒနာတွေကို ဒကာ ဒကာမတွေ ရှေးတုန်းက ဘုန်းကြီး ပြောခဲ့တာက သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာလို့ ဝေဒနာသုံးမျိုး တည်းပဲ ဟောခဲ့ တယ်နော်။ (မှန်ပါ့)။

ဒီ သက္ကပဥှသုတ် ကျပြန်တော့လဲ ခြောက်မျိုးလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောပြန်တယ်၊

ဝေဒနာကို စုလိုက်တဲ့ အခါကျတော့ သုခ၊ ဒုက္ခ၊ ဥပေက္ခာပဲ ရှိပါ တယ်။ (မှန်ပါ့)၊ ဦးခင်မောင် ဘာရှိသတုံး။ (သုခ၊ ဒုက္ခ၊ ဥပေက္ခာပဲ ရှိပါတယ်)၊ ပေါင်းလိုက်တော့ (သုခ၊ ဒုက္ခ၊ ဥပေက္ခာပဲ ရှိပါတယ်)။

သို့သော်လဲ သုခနဲ့ သောမနဿ အတူတူ ထားလိုက်၊ အဲဒီတော့ သောမနဿ ဝေဒနာကလဲ နှစ်မျိုးကွလို့ ဘုရား က ဒီနေရာမှာ ဟောထားတယ်။ (မှန်လှပါ ဘုရား)၊ ဒေါမနဿ ဝေဒနာကော (နှစ်မျိုးပါ ဘုရား)၊ ဥပေက္ခာ ဝေဒနာကား (နှစ်မျိုးပါ ဘုရား)။

ကောင်းပြီတဲ့၊ ဝေဒနာ အခုပြထားတော့ သောမနဿ က နှစ်မျိုး၊ ဒေါမနဿက နှစ်မျိုး၊ ဥပေက္ခာက နှစ်မျိုး ဆိုတော့ ဒကာ ဒကာမတို့ ခြောက်မျိုး မနေဘူးလား။ (မှန်လှပါ ဘုရား)၊ ခြောက်မျိုး ပေမယ့် သောမနဿ ဆိုတော့ သောမနဿချင်း အတူတူပါပဲ၊ ဒေါမနဿချင်းကော (အတူတူပါ ဘုရား)၊ ဥပေက္ခာချင်းကော (အတူတူပါ ဘုရား)၊ အတူတူ ပါပဲတဲ့၊

သို့သော် ဘယ့်နှယ် ကြောင့် မြတ်စွာဘုရားသည် ဤနေရာမှာ သောမနဿ နှစ်မျိုး၊ ဒေါမနဿ နှစ်မျိုး၊ ဥပေက္ခာန ှစ်မျိုးထားပြီး ဟောပါလိမ့်မလဲ လို့ ဆိုတဲ့ ဥစ္စာက ဒကာ ဒကာမတို့ ယနေ့ ရှင်းပြပါ တော့ မယ်။ (မှန်ပါ့)။

သောမနဿက ခင်ဗျားတို့ အပါယ်ကျစေတတ်တဲ့ သောမနဿက တစ်မျိုး၊ သဘောကျပလား (ကျပါပြီ)၊ အပါယ်ကျ စေတတ်တဲ့ သောမနဿက တစ်မျိုးပါ၊ အပါယ် မကျစေတတ်တဲ့ သောမနဿက (တစ်မျိုးပါ)။

သြော် ဒါကြောင့် နှစ်မျိုးပြောတာကိုး။ (မှန် လှပါ)၊ ရိပ်မိပလား။ (ရိပ်မိပ၊ပြီ)၊ သောမနဿက အပါယ် ကျစေတတ်တဲ့ (သောမနဿ တစ်မျိုး)၊ အပါယ် မကျစေတတ်တဲ့ (သောမနဿ တစ်မျိုး)၊ ဘယ်နှစ်မျိုး ရှိသွားပြီလဲ (နှစ်မျိုးပါ ဘုရား)။

ကဲ ဒါဖြင့် ဒေါမနဿကလဲ တစ်ခါ လုပ်ကြပါဦး စို့၊ အပါယ် ကျစေတတ်တဲ့ ဒေါမနဿက (တစ်မျိုးပါ)၊ အပါယ် မကျစေတတ်တဲ့ ဒေါမနဿက (တစ်မျိုးပါ ဘုရား)။

ဖြုန်းခနဲ ဆိုတော့ နားထဲမှာ ဆန်းသွားတယ်။ (မှန်ပါ့)၊ ဒေါမနဿ ဆိုရင် အပါယ် ကျတာ ချည်းပဲလို့ ဒီလိုလဲ မှတ်ချင် မှတ်လိမ့်မယ်နော် နောက် ရှင်းပြပါ့မယ်တဲ့၊ ဒါ သေသေချာချာ မှတ်ကြပါ၊ ဖြစ်ကောင်းတဲ့ ဒေါမနဿ ရှိပါသေးတယ်။ (မှန်ပါ့)။

ဥပေက္ခာကလဲ ဒကာ ဒကာမတွေ ဒီအတိုင်းပဲ။ အပါယ် ကျစေတတ်တဲ့ ဥပေက္ခာက တစ်မျိုး၊ အပါယ် မကျစေ တတ်တဲ့ (ဥပေက္ခာ တစ်မျိုးပါ ဘုရား)၊ ဒါ သေသေ ချာချာ မှတ်ပါ၊ ဒီတရားကို ယနေ့မှပဲ စ,ပြီး အရင် ဒကာ ဒကာမတွေ နာနေတဲ့ တရားနဲ့ သြော် သက္ကပဥှ သုတ်မှာ ဟောပြန်လို့ ခွဲလာတာ ကိုးလို့ ဆိုတာ ဒကာသစ်တို့၊ ဦးခင် မောင်တို့ တရားတစ်ပွဲလုံး မှတ်ကြစမ်းပါ။ (မှန်ပါ့ ဘုရား)။

ကောင်းပြီ ပြန်မေးရမယ် ဒကာ ဒကာမတို့၊ မသေ ရာ ရှာတာ ဒီဝေဒနာတွေနဲ့ ရှာရမှာ ဖြစ်နေတော့ ဒီအားလုံးမှာ ဝေဒနာချည်း ပါပဲနော် (မှန်လှပါ ဘုရား)၊

အဲဒီ ဝေဒနာတွေကို ဒကာ ဒကာမတွေက သောမနဿ ဝေဒနာ ကတော့ ဘယ်နှစ်မျိုး ပါလိမ့်။ (နှစ်မျိုးပါ ဘုရား)၊ အပါယ် ကျစေတတ်တာ (တစ်မျိုးပါ ဘုရား)။ အပါယ် မကျစေတတ် တာ (တစ်မျိုးပါ ဘုရား)၊

ဒေါမနဿကလဲ (နှစ်မျိုးပါ ဘုရား)၊ အပါယ်ကျစေ တတ်တာ (တစ်မျိုးပါ ဘုရား)၊ အပါယ် မကျစေတတ် တာ (တစ်မျိုးပါ ဘုရား)၊

ဥပေက္ခာကလဲ (နှစ်မျိုးပါ ဘုရား)၊ အပါယ်ကျစေတတ်တာက (တစ်မျိုးပါ ဘုရား)၊ အပါယ်မကျ စေတတ်တာက (တစ်မျိုးပါ ဘုရား)၊ ဒီလို ကြည့်ပါ၊ သိကြား ရတဲ့ ဝေဒနာကို ဒီလိုခွဲတယ်၊ သဘော ပါကြပလား။ (ပါ,ပါတယ် ဘုရား)။

ဝေဒနာ ဘယ်ဘက် လှည့်နေသလဲ၊ သောမနဿ ပေမယ့်လဲ အပါယ်ကျတဲ့ သောမနဿ၊ အပါယ်မကျတဲ့ သောမနဿ။

ဒေါမနဿကလဲ အပါယ်ကျတဲ့ ဒေါမနဿ၊ အပါယ် မကျတဲ့ ဒေါမနဿဆိုတော့ ဦးခင်မောင်တို့ နားထဲတော့ ခပ်ဆန်းဆန်း ဖြစ်ချင်လဲ ဖြစ်သွားမယ်။ (မှန်ပါ့)၊ ဒေါ မနဿဆို အပါယ် သွားတာ ချည်းပဲကွ၊ လိုလဲ ယူပစ်ကြ လိမ့်မယ်နော်။ (မှန်ပါ့)၊ ဒီလို မယူနဲ့ တဲ့။

ဥပေက္ခာ ထဲကလဲ အပါယ် ကျစေတတ်တဲ့ ဥပေက္ခာ နော်။ (မှန်ပါ့)၊ အပါယ်မကျ စေတတ်တဲ့ (ဥပေက္ခာ)၊ ဒီလို မရှိပေဘူးလား။ (ရှိပါတယ် ဘုရား)။

အပါယ်ကျစေတတ်တဲ့ သောမနဿ

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ ရှင်းပြီး သကာလ ပြပါတော့မယ်၊ ဒီ သောမနဿ ဒကာ ဒကာမတွေ စဉ်းစားကြည့်စမ်း၊ ချောချောလှလှ, ယဉ်ယဉ် ကျေးကျေး နူးနူးညံ့ညံ့ ကလေးတွေ ကိုင်ရ၊ တွယ်ရ၊ မြင်ရ တဲ့အခါကျတော့ လိုချင်တဲ့ သောမနဿ မလာဘူးလား။ (လာပါတယ် ဘုရား)၊ လောဘ သောမနဿ မလာဘူးလား။ (လာပါတယ် ဘုရား)။

အဲဒီ သောမနဿမျိုးကျတော့ ဘယ်လို ဆုံးဖြတ်ချက် ချပါမတုံး ဆိုတော့ လိုချင်တဲ့ သောမနဿ မျိုးဖြစ်တော့ ဒါ တဏှာ မဖြစ်သေးဘူးလား။ (ဖြစ်ပါတယ် ဘုရား)၊ တဏှာ လာလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် ဆက်ကြပေတော့၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဇာတိ၊ ဇရာ၊ မရဏ ဆိုတော့ အပါယ် ဇာတိ၊ ဇရာ၊ မရဏပဲ ထားလိုက်ပါတော့ ဒကာ ဒကာမတို့။

သြော်ဒီ သောမနဿမျိုးကျတော့၊ လောဘ သောမနဿ မျိုးကျတော့ အပါယ်ကျစေတတ်တဲ့ သော မနဿမျိုး၊ ရှင်းကြပလား။ (ရှင်းပါ)၊ ဒါ အပါယ်ကျ စေတတ်တဲ့ သောမနဿမျိုး ဆိုတာ ဒကာ ဒကာမတွေ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ပြန်ပြောပါဦး၊ ဒါကလေး ရှင်းသွားအောင်နော်။ (မှန်ပါ့)၊ ကိုင်း အပါယ်ကျ စေတတ်တဲ့ သောမနဿ တစ်မျိုး၊ အပါယ် မကျစေတတ်တဲ့ သောမနဿ တစ်မျိုး ရယ်လို့ နှစ်မျိုး ဘုရားက ဟောထားတဲ့ ဥစ္စာ၊ အပါယ်ကျ စေတတ်တာက ဘာပါလိမ့်မလဲလို့ ဒကာ ဒကာမတွေကို ရှင်းလင်းပြီး ပြရလို့ ရှိရင်ဖြင့် သိကြားကို ဘုရားရှင်ပေးတဲ့ အတိုင်း ဘုန်းကြီး ရှင်းပေးနေတယ် ဆိုတာကိုလဲ ဒကာသစ် တို့၊ ဦးခင်မောင်တို့ ကျေနပ်ပလား။ (ကျေနပ်ပါတယ် ဘုရား)။

အပါယ်ကျ စေတတ်တဲ့ သောမနဿ တစ်ခုသော အာရုံကို စိန်ကလေး၊ ကျောက်ကလေး၊ မြကလေး၊ တိုက် ကလေး၊ ကားကလေး အစရှိသည် မြင်တဲ့အခါကျလို့ရှိရင် ဖြင့် ဒီပုံကလေး သဘော ကျလိုက်တာ၊ ဒါကလေး ရချင် လိုက်တာဆိုတော့ ဝမ်းမြောက် ဝမ်းသာနဲ့ပဲ ဦးခင်မောင် ရချင် တယ် ဆိုတာ ငြင်းဖို့ လိုသေးသလား။ (မလိုပါ ဘုရား)၊ ဒါ ဘာ သောမနဿလို့ ဆိုမတုံး။ (လောဘ သောမနဿပါ ဘုရား)။

လောဘ သောမနဿဆိုတော့ လောဘက တွဲမနေ ဘူးလား (တွဲနေပါတယ်)၊ လောဘ ဆိုတာ တဏှာပဲ မဟုတ်လား။ (တဏှာပါ ဘုရား)၊ အဲ တဏှာ ပစ္စယာ (ဥပါဒါနံပါ ဘုရား)၊ ဥပါဒါန် ဖြစ်သွားပြီနော်။ (မှန်ပါ့)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝပါ)၊ ကမ္မဘဝပစ္စယာ (ဇာတိ ပါ)၊ ဇာတိပစ္စယာ (ဇရာမရဏပါ)။

ဇရာ မရဏတွေ ဆိုတော့ ဒကာ ဒကာမတွေ ယဉ် ကျေးပြီးသားတွေ ဖြစ်နေတော့ ဒီ သောမနဿ ဖြစ်ကောင်း၊ မဖြစ်ကောင်း (မဖြစ်ကောင်းပါ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ဒီ သောမနဿ သည်ကားလို့ ဆိုရင် အပါယ်ကျမှာ ဖြစ်လေ သောကြောင့် ဖြစ်ကောင်း ပါရဲ့လား (မဖြစ် ကောင်းပါ)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန် ရောက်စေတတ်တဲ့ သောမနဿ

သြော် ဒါဖြင့် အပါယ် မကျစေတတ်တဲ့ သောမနဿ၊ နိဗ္ဗာန် ရောက်စေ တတ်တဲ့ သောမနဿ ကျလာတော့လဲ ဒကာ ဒကာမတို့ ဒီလို လုပ်ကြစို့၊ အာရုံကလေး တစ်ခု မြင်လိုက်တယ်။ မြင်လိုက် သည်နှင့် တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ အာရုံ တစ်ခုကို ဒီ တရားဓမ္မ အားထုတ် လိုက်တဲ့ အခါကျလို့ ရှိရင် တရားဓမ္မတွေ ခန္ဓာကိုယ်ထဲမှာ ဝေဒနာ ဖြစ်စေ၊ စိတ်ဖြစ်စေ ဒကာ ဒကာမတို့ ဘုန်းကြီး သင်ထားတာက ဖြစ်ပြီး ပျက် တယ်လို့ ရှုပါလို့ သင်မထားဘူးလား။ (သင်ထားပါ တယ်)။

အဲဒါကလေး တစ်ချက် မိလိုက်တဲ့ အခါကျတော့လဲ ဝမ်းမသာဘူးလား။ (ဝမ်းသာပါတယ် ဘုရား)၊ ဟ ဖြစ် ပျက် တစ်ချက်တော့ မိပြီ၊ ဖြစ်ပျက် အနိစ္စ တစ်ချက်တော့ မိပြီ ဆိုတော့ ဝမ်းမသာ ဘူးလား။ (သာပါတယ် ဘုရား)၊

အဲဒီ ဝမ်းသာတာမျိုးဆိုတော့ ဝိပဿနာနဲ့ ဝမ်းသာတာဖြစ် နေသောကြောင့် ဒကာသစ်တို့ ၊ ဦးခင်မောင်တို့ ဖြစ်ကောင်းတဲ့ သောမနဿ (မှန်လှပါ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒါက ဝိပဿနာ အလုပ်လုပ်မှ ဖြစ်မှာပါကလား။ (မှန်ပါ့)၊ ဒကာ ဒကာမတွေ ဘယ်လိုမှ ဖြစ်မှာပါလိမ့်။ (ဝိပဿနာ အလုပ်,လုပ်မှ ဖြစ်မှာပါ ဘုရား)၊ အလုပ်,လုပ်မှ ဖြစ်မှာပဲဆိုတာ မသေချာ ဘူးလား။ (သေချာပါတယ် ဘုရား)။

ဒါဖြင့် ခုနက ကောင်းစားတာနဲ့ ဒီကောင်းစားတာနဲ့ မခြားနားဘူးလား။ (ခြားနားပါတယ် ဘုရား)၊ ဒါဖြင့် လိုချင်, ရချင်တဲ့ သောမနဿ ပဋိစ္စသမုပ္ပါဒ် ဆက်တယ်။ (မှန်ပါ့)၊ တရားအားထုတ်လို့ ဝမ်းမြောက်တဲ့ သောမနဿမျိုး ကျလာတဲ့ အခါကျလို့ ရှိရင် တရားကို မြင်လိုက်လို့ ဝမ်းမြောက်ပြီး သကာလ သြော် ဖြစ်ပျက် ကလေးတွေ မြင်ရ တာ အနိစ္စ ရှိလို့ အနိစ္စ သိရတာ ဝမ်းမသာဘူးလား။ (ဝမ်းသာပါတယ် ဘုရား)။

အနိစ္စ ရှိ၍ အနိစ္စ သိရတာ ဝမ်းသာတဲ့ အခါကျလို့ရှိရင် ဖြင့် ဒီ ဝမ်းသာလုံးကျတော့ ဒကာ ဒကာမတွေ ဘယ်နည်းနဲ့ သူ အပါယ်သွားဦးမလဲ။ (မသွားပါ)၊ တရားထဲများ ဖြစ်ပျက် ကလေးတွေ မြင်လို့ ၊ ဖြစ်ပျက် ကလေးတွေ မုန်းတဲ့ ဉာဏ်ကလေးတွေ မြင်လို့၊ အဖြစ်အပျက် အဆုံးကလေးတွေ မြင်လိုက်လို့ ဝမ်းသာတာကော မရှိဘူးလား။ (ရှိပါတယ် ဘုရား)၊ အဲဒီ ဝမ်းသာတာကလဲ သောမနဿပဲ မဟုတ်လား။ (မှန်ပါ့)၊ ဒီ သောမနဿ ကလေး ကျတော့ ဒကာ ဒကာမတို့ ဖြစ်ကောင်း ပါတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် သောမနဿက ဘယ်နှစ်မျိုးထားပါလိမ့် ဘုရားက (နှစ်မျိုးထားပါတယ် ဘုရား)၊ ဖြစ်ကောင်းတဲ့ သောမနဿ(တစ်မျိုးပါ ဘုရား)၊ မဖြစ်ကောင်းတဲ့ သော မနဿ(တစ်မျိုးပါ ဘုရား)၊ သောမနဿ ဘယ်နှစ်မျိုး ရှိပါလိမ့်။ (နှစ်မျိုးပါ ဘုရား)၊ ဖြစ်ကောင်းတဲ့ သောမနဿ က (တစ်မျိုးပါ ဘုရား)၊ မဖြစ်ကောင်းတဲ့ (သောမနဿ တစ်မျိုးပါ ဘုရား)။

ဒါဖြင့် ဝိပဿနာ မရှုဘဲနဲ့ လိုချင်မှု ရချင်တဲ့ သော မနဿကျတော့ ဘယ့်နှယ် ဆိုကြပါမယ်။ (မဖြစ်ကောင်းတဲ့ သောမနဿ)၊ မဖြစ်ကောင်းတဲ့ သောမနဿ၊ အဘယ့်ကြောင့် မဖြစ်ကောင်းသတုံး ဆိုတော့ ပဋိစ္စသမုပ္ပါဒ် စက် ရဟတ်ကြီး လည်သောကြောင့် (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ဘယ့်နှယ် ကြောင့် မဖြစ်ကောင်းပါလိမ့်။ (ပဋိစ္စ သမုပ္ပါဒ် စက်ရဟတ် လည်သောကြောင့်ပါ)၊ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် လည်သောကြောင့် ဆိုတာ ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။

ဖြစ်ကောင်းတဲ့ သောမနဿ

ကောင်းပြီ ဖြစ်ကောင်းတဲ့ သောမနဿကတော့ ဒကာ ဒကာမတွေ တရားကလေး အားထုတ်လို့ အနိစ္စ ကလေး မြင်တဲ့အတွက် ဝမ်းသာ၊ ဒုက္ခကလေးမြင်တဲ့အတွက် ဝမ်းသာ၊ အနတ္တ မြင်တဲ့အတွက် ဝမ်းသာပြီးသကာလ ဒုက္ခ အဆုံးကလေးများ မြင်လိုက်လို့ ဝမ်းသာရတဲ့ အခါကော မရှိ ဘူးလား။ (ရှိပါတယ် ဘုရား)။

ဝမ်းထဲမှာ အေးချမ်းပြီးသကာလ ဝမ်းထဲမှာ ဝမ်း မြောက်လို့ မဆုံး ဖြစ်နေတဲ့ အခါကော မရှိဘူးလား။ (ရှိပါ တယ် ဘုရား)၊ အရင်က မတွေ့ဖူးတဲ့ အာရုံ၊ တစ်သံသရာ လုံးက အနိစ္စမမြင်ဘူး၊ ဒီ အနိစ္စတွေမြင်ရလို့ ဝမ်းသာလိုက် တာ ဆိုတာမျိုးကျတော့လဲ ဒီဝမ်းသာလုံးကလေးက ဖြစ်ကောင်း, မဖြစ်ကောင်း (ဖြစ်ကောင်းပါတယ် ဘုရား)။

ဒါဖြင့် ဘယ့်နှယ်ကြောင့် ဖြစ်ကောင်းပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက အမွေးထုတ်လို့ ရှိရင် ပဋိစ္စသမုပ္ပါဒ် ဖြတ်တဲ့ သောမနဿဖြစ်သောကြောင့် ဘုရားက ဖြစ်ကောင်း တယ်တဲ့၊ သောမနဿ ဘယ်နှစ်မျိုး ပါလိမ့်။ (နှစ်မျိုးပါ ဘုရား)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဝိပဿနာရှုပုံ ကိုတော့ နောက်မှ ပြောကြပါစို့၊ ဒီ ခြောက်ခုကို ဘုရား ဟောတဲ့ အတိုင်း နည်းနည်းကလေး ရှင်းပြ ပါဦးမယ်နော်။ (မှန်ပါ့)။

ဒေါမနဿ နှစ်မျိုး

ဒေါမနဿကလဲ ဒကာ ဒကာမတို့ မဖြစ်ကောင်း တဲ့ ဒေါမနဿတစ်မျိုး၊ ဖြစ်ကောင်းတဲ့ ဒေါမနဿ(တစ် မျိုးပါ)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ဒေါမနဿကလဲ ဘာတဲ့ (နှစ်မျိုးပါပဲ ဘုရား)၊ ဖြစ်ကောင်းတဲ့ (ဒေါမနဿ တစ်မျိုးပါ ဘုရား)၊ မဖြစ်ကောင်းတဲ့ (ဒေါမနဿတစ်မျိုး ပါ ဘုရား)။

ဪ ဒေါမနဿပေမယ့် ဦးခင်မောင်ရေဖြစ် ကောင်း, မဖြစ်ကောင်း ရှိပါသေးသလား။ (မှန်ပါ့)၊ ဖြစ် ကောင်း, မဖြစ်ကောင်း ရှိသေးတယ်ဆိုတာ ဒကာ ဒကာမ တွေ ကျေကျေနပ်နပ် သဘောကျပလား။ (ကျပါပြီ ဘုရား)။

မဖြစ်ကောင်းတဲ့ ဒေါမနဿဆိုတာ

ကိုင်း ဒီ ဒေါမနဿ မဖြစ်ကောင်းတာကတော့ ဒီဘက်က နေပြီး သကာလ ကိုယ်နဲ့မတည့်တဲ့ ပုဂ္ဂိုလ်မြင်လိုက် တဲ့အခါကျလို့ ရှိရင်ဖြင့် မျက်နှာကလေး ယမ်းသွားလိုက်၊ မျက်စိကလေး, ပါးကလေး ယမ်းပြီး သကာလ ကျောပေး နေလိုက်ဆိုတော့ ဒါဟာ ဖြစ်ကောင်း, မဖြစ်ကောင်း စဉ်းစား စမ်းပါ။ (မဖြစ်ကောင်းပါ ဘုရား)။

အဲဒီ ဒေါမနဿကျတော့ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ၊ အဝိဇ္ဇာ၊ သင်္ခါရအနေနဲ့ ပဋိစ္စ သမုပ္ပါဒ် ဆက်-မဆက် (ဆက်ပါတယ် ဘုရား)၊ ဒါ ဖြစ်ကောင်း, မဖြစ်ကောင်း (မဖြစ်ကောင်းပါ ဘုရား)၊ မဖြစ်ကောင်းတဲ့ ဒေါမနဿဆိုတာ ကျေနပ်ပလား။ (ကျေနပ် ပါတယ် ဘုရား)။

ဖြစ်ကောင်းတဲ့ ဒေါမနဿ

ကောင်းပြီ ဖြစ်ကောင်းတဲ့ ဒေါမနဿကို ဘုန်းကြီး ရှင်းပါတော့မယ်၊ ရှင်းပေးမယ်၊ မဖြစ်ကောင်း တာကတော့ လူတိုင်း သိပြီးသား ဆိုကြပါစို့နော်။ (မှန်ပါ့)။

ဖြစ်ကောင်းတဲ့ ဒေါမနဿကတော့ ဒကာ ဒကာမ တွေက အင်း ဟင် ငါတို့သည် အပါယ် လေးပါး တံခါး ပိတ်တဲ့ သောတာပန်တည်ဖို့ အလုပ်ကို ငါတို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်ပျက်တွေ ရှုပြီး သကာလ နေတယ်၊ မြင်ကို မမြင် နိုင်သေးဘူး၊ ဘုရားကလဲ ဟောထားတာ ဖြစ်ပျက် မြင်ဖို့ အရေးကြီးတယ်၊ ဖြစ်ပျက်မုန်းဖို့ အရေးကြီးတယ်။ ထိုဖြစ်ပျက်လွန်ဖို့ အရေးကြီးတယ်လို့ ဟောထား ပါတယ်။ ငါ့မှာတော့ မမြင်ဘူး၊ ခက်လေခြင်း ဆိုတော့ ဒါလဲ ဘာခေါ် ကြမလဲ။ (ဒေါမနဿပါ)၊ ဒေါမနဿပဲ။ (မှန်ပါ့)၊ ဒီ ဒေါမနဿမျိုး ကျတော့ ဖြစ်ကောင်းတယ်။ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘယ့်နှယ် ဆိုကြမယ်။ (ဖြစ်ကောင်း ပါတယ် ဘုရား)။

သြော် အပါယ်လေးပါး တံခါးပိတ်တဲ့အလုပ် ကြီး လုပ်နေတော့ အပါယ်လေးပါး တံခါး ပိတ်ကြောင်း ကိုပဲ ငါတို့သည်ကားလို့ ဆိုရင် မမြင်သေးဘူး၊ အနိစ္စ မမြင် သေးဘူး၊ ဖြစ်ပျက် မမြင်သေးဘူး၊ ခက်လိုက်တာ ဆိုတဲ့ တစ်ခါ တလေ မလာကြဘူးလား။ (လာပါတယ် ဘုရား)၊ အဲဒီ ဒေါမနဿ မျိုးကျတော့ ဘယ့်နှယ်ကြမယ်။ (ဖြစ်ကောင်း ပါတယ် ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့်ဒေါမနဿ ဘယ်နှစ်မျိုးထားကြမယ်။ (နှစ်မျိုးပါ ဘုရား)၊ ဖြစ်ကောင်းတဲ့ (ဒေါမနဿ တစ်မျိုး ပါ ဘုရား)၊ မဖြစ်ကောင်းတဲ့ (ဒေါမနဿ တစ်မျိုးပါ ဘုရား)၊ ရှင်းပြီနော်။ (ရှင်းပါပြီ)၊ အဲဒါသည်ကားလို့ ဆိုရင်ဖြင့်တဲ့၊ အဋ္ဌကထာဆရာက ဝတ္ထုထုတ်ပြီး သကာလ ပြတာကလေး ကို နည်းနည်း မှတ်လိုက်ကြတာပေါ့နော်။ (မှန်ပါ့ ဘုရား)။

မဟာသီဝ ကိုယ်တော်ကြီး

ဘုရားလက်ထက်က ဟိုမဟာသီဝ ကိုယ်တော်ကြီး ဆိုတာ ရှိတယ်နော်၊ မဟာသီဝ ကိုယ်တော်ကြီး ဆိုတာက ဒကာ ဒကာမတို့ အင်မတန် စာပေကျမ်းဂန် တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်ကြီးလို့ မှတ်ထား လိုက်စမ်းပါ။ (မှန်ပါ့)၊ ဖြစ်ကောင်း တဲ့ ဒေါမနဿ ဝတ္ထုကို ထုတ်ပြတယ်။ (မှန်ပါ့ ဘုရား)။

ဖြစ်ကောင်းတဲ့ ဒေါမနဿဝတ္ထုကို ဒကာ ဒကာမ တွေ တိုတိုကလေး မှတ်ကြရအောင်နော်။ (မှန်ပါ့ ဘုရား)။

မဟာသီဝ ကိုယ်တော်ကြီး သည်ကားလို့ ဆိုရင် ကျောင်း ပေါင်း ငါးရာလောက် စာချနေတဲ့ ပုဂ္ဂိုလ်ကြီးပါပဲ၊ အင်မတန် စာပေကျမ်းဂန် တတ်ကျွမ်းတယ်။ (မှန်ပါ့ ဘုရား)။

သူ့တပည့်တွေက တောတွင်းမှာ ရဟန္တာ ဖြစ်ပြီး သကာလ နေကြလို့ တရား ကျင့်ကြံ ကြိုးကုတ် အားထုတ်တာနဲ့၊ တပည့်တွေက အဘိညာဉ် ပါရတာနဲ့ ငါတို့ ဆရာကြီးဟာ ရဟန်းကိစ္စ ပြီးလေပလား၊ ရဟန္တာ ဖြစ်လေပလားလို့ သူတို့က အဘိညာဉ်နဲ့ ကြည့်လိုက်တယ်နော်။ (မှန်ပါ့ ဘုရား)။

ထိုကဲ့သို့ အဘိညာဉ်နဲ့ ကြည့်လိုက်တဲ့ အခါကျတော့ မှ ဘာမှ မဟုတ်သေး ပါကလားလို့ ဆိုတာ မြင်သွားကြ တယ်။ (မှန်ပါ့)၊ ဒါနဲ့ တောထဲက နေပြီး ရဟန္တာမထေရ် က ကောင်းကင်းက နေပြီး ကြွလာတယ် ဦးခင်မောင်ရေ့ (မှန်လှပါ)၊ ကြွလာပြီးတော့ သူ့ရှေ့မှာပဲ ဝတ်ချ၊ ဝတ်ချပြီး သကာလ ငါ့ရှင် ဘာလုပ်လာသတုံးလို့ မေးတော့ အနု မောဒနာ တရားလေး တစ်ပုဒ် လိုချင်လို့ ပါဘုရားလို့ လျှောက်လိုက်တယ်၊ ဟ ငါ့တပည့်ရ၊ ငါ့မှာ အချိန်အား မရှိဘူးလို့ အမိန့်ရှိတယ်။

ဒါဖြင့် ဘုရား ဆွမ်းခံသွားမည့် အချိန် ဆွမ်းခံ မထွက် ခင်ကလေး သပိတ်ကလေး ဘာကလေး ပိုက်ပြီး ခဏရပ်တဲ့ အချိန်ကလေးမှာ မေးပါရစေ၊ ဒီလို လောက်တော့ ဒီအချိန် မှာလဲ မရဘူး၊ မအားဘူး လို့ ပြောလိုက်တယ်။

ဒါဖြင့် အိပ်ရာထ,ထ,ချင်းကော မရဘူးလား ဘုရား လို့ လျှောက်ပြန်တော့ မရဘူးကွ၊ ဒီအချိန်မှာပဲ သုတ္တန်ဆောင် ပုဂ္ဂိုလ်၊ အဘိဓမ္မာဆောင် ပုဂ္ဂိုလ်တွေက သူ့အချိန်နဲ့ သူပေးထားလို့ အချိန်တွေ စေ့နေတယ်၊ ဘယ်အချိန်မှ မေးချိန် ကို မရနိုင်ဘူးလို့ ပြန်ပြောတယ်၊ ဒကာသစ်ရေ အချိန်တွေ ကုန်နေတယ်။ (မှန်လှပါ ဘုရား)၊ သူ့မှာ ဖြေနေရတဲ့ အချိန်နဲ့ မအားတာပေါ့ ဗျာ။ (မှန်ပါ့)။

ဒါနဲ့ တပည့် ရဟန်းဖြစ်တဲ့ ပုဂ္ဂိုလ်က အရှင်ဘုရား ဒီလိုဖြင့် သေချိန်များမှ ရှိသေးရဲ့လားလို့ ငေါ့လုံး သုံးလုံးနဲ့ ပြောလိုက်တယ်၊ သဘောကျပလား။ (ကျပါတယ် ဘုရား)၊ သေချိန်မှ ရှိသေး ရဲ့လားလို့ ငါ့လုံး သုံးလုံးနဲ့ ပြောလိုက်တယ်၊ ပြောပြီး သကာလ သံဝေဂ ရစေတော့လို့ ဆိုပြီး သကာလ ဒကာသစ်ရေ ကောင်းကင်ပဲ သူ့ရှေ့ ပျံတက်သွားတယ် (မှန်လှပါ ဘုရား)။

ကောင်းကင်ပျံတက်သွားတယ်

ကောင်းကင်ပျံ တက်သွားတယ်တဲ့၊ အဘိညာဉ်ရနေ တဲ့ ရဟန္တာ ပုဂ္ဂိုလ် ဖြစ်နေတော့ ကောင်းကင်ပျံ နိုင်တယ်လို့ ဒကာသစ်တို့ မှတ်လိုက်စမ်းပါ။ (မှန်လှပါ ဘုရား)။

အဲဒီလို ပျံပြီးသကာလ သော်ဒီပုဂ္ဂိုလ် တယ်ထူးတဲ့ ပုဂ္ဂိုလ်ပါကလား၊ ငါ့ဆီ အနုမောဒနာ တရား တောင်းလာတာမှ ဟုတ်ပါရဲ့လား၊ သတိပေးမလို့ လာတာနဲ့တူတယ်။ ငါကလဲကွာ၊ ဒီရဟန္တာ ဖြစ်ဖို့ အလုပ်ဟာ မခဲယဉ်းပါဘူး ဆိုပြီး သကာလ သူလဲ ပရိယတ် လုပ်ငန်းတွေကို စွန့်ပြီး သကာလ ဒကာ ဒကာမတို့ တောထဲသွားပြီး တရားအား ထုတ်တဲ့ အချိန်ကျတော့ သူ့စိတ်ထဲက ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ ပြန်လာမယ်ဆိုပြီး ၁၃-ရက်နေ့လောက်မှာ ဦးခင်မောင် တောထွက်သွားတယ်။ (မှန်လှပါ)၊

သုံးရက်လောက် အားထုတ်ရင် ရဟန္တာဖြစ်ပါတယ်၊ မခဲယဉ်းပါဘူး လို့ သူ့စိတ်ထဲမှာ အတော်ပဲ ဘဝင်မြင့်တယ် ဆိုတာ မှတ် ထားလိုက်တာပေါ့ (မှန်ပါ့)၊ သုံးရက် အားထုတ်ရင် ရပါ သတဲ့၊ သူ ရဟန္တာ ဖြစ်ဖို့ ရလိမ့်မယ်လို့ ဧကန် ယူထားပါ တယ်နော်။ (မှန်ပါ့)။

ဒါနဲ့ပဲ အားလုံး ဒကာ ဒကာမတို့ ဖြစ်ပျက် အနိစ္စ တွေ အားထုတ် လိုက်တာ သုံးရက်စေ့ သွားတယ် ဒကာ ဒကာမတို့၊ တောထဲမှာသာ ဝါဆိုဖို့ အချိန် ရောက်သွားတယ်။ ဝါဆို လပြည့်ကျော် ရောက်လို့ ဝါဆို ကြပါတယ်၊ သူတောထဲ တစ်ရက်နေ့ ပြန်လာပြီး ရဟန္တာ အဖြစ်နဲ့ ဝါဆိုမယ်တဲ့။ မှန်းခြေကြီးဟာ တရား မပေါက်လို့ ဝါဆို နိုင်သေးရဲ့ လား။ (မဆိုနိုင်ပါ ဘုရား)၊ ဒကာ ဒကာမတို့ မလွယ်ကူဘူးနော်။ (မှန်ပါ့)၊ မလွယ်ကူဘဲ ဖြစ်သွားတယ်။

ဒါနဲ့ပဲ၊ ကဲကွာ သီတင်းကျွတ်ထိအောင် အားထုတ် ရင်တော့ ဘယ်မှာ မရဘဲ နေရလိမ့်မလဲ ဆိုပြီး သီတင်းကျွတ် ကျရင် ပဝါရဏာပွဲကျမှ ရဟန္တာ အဖြစ်နဲ့ ဝင်တော့မယ်ကွ ဆိုပြီး သကာလ ကြိုးစား လိုက်တာလဲ ဒကာသစ်တို့၊ ဦးခင်မောင်တို့ သီတင်းကျွတ်လဲ မရဘူး။ (မှန်လှပါ)၊ ဒကာ ဒကာမတို့ မှန်းခြေ ကိုက်သေးရဲ့လား။(မကိုက်ပါ ဘုရား)။

ကဲ တိုတို ပြောကြပါစို့၊ အနှစ် ၃၀-ကြာ သွားတယ် နော်၊ အနှစ် ၃၀-ကြာ အောင်ပဲ မရဘဲ ဖြစ်တယ်၊ ရှင်း ပလား။ (ရှင်းပါပြီ)၊ ဘယ်လောက် ကြာသွားသတုံး။ (အနှစ် ၃ဝ-ကြာသွားပါတယ်)၊ အနှစ် ၃၀-မရဘဲ ဖြစ်ပြီး သကာလ သွားတော့ သူ့စိတ်ထဲမှာ သြော် ငါကတော့ဖြင့် မဂ်ဖိုလ် ရထိုက်တဲ့ ပုဂ္ဂိုလ် ဟုတ်မယ် မထင်ပါဘူး၊ ဥဂ္ဃဋိတညု ဝိပဉ္စိတညူ နေယျပုဂ္ဂိုလ် မဟုတ်ဘဲ အလွန် ညံ့ဖျင်းတဲ့ ပဒပရမ ပုဂ္ဂိုလ်တော့ဖြင့် ငါဖြစ်ပြီ ဆိုပြီး ဒေါမနဿ ဖြစ်ပါတယ်။ (မှန်ပါ့)။

တရားမရလို့ပါ

ဘယ့်နှယ်ကြောင့် ဒေါမနဿ ဖြစ်တာတုံး အကဲခတ် ကြစမ်း။ (တရားမရလို့ပါ)၊ တရားမရလို့ ဖြစ်တာ၊ ရှင်းကြပလား။ (ရှင်းပါပြီ)၊ ဘယ့်နှယ်ကြောင့် ဒေါမနဿ ဖြစ်ပါလိမ့် (တရားမရလို့ ပါ ဘုရား)။

အဲ တရားမရလို့ ဖြစ်တဲ့ ဒေါမနဿမျိုး ဖြစ်ကောင်း တယ်လို့ မှတ်ပါ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ တရား မရလို့ ဖြစ်တဲ့ ဒေါမနဿမျိုးကျတော့ (ဖြစ်ကောင်း ပါတယ် ဘုရား)၊ ဖြစ်ကောင်း ပါတယ် ဆိုတာ သေချာကြ ပလား။ (သေချာပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ တရားမရလို့ ဖြစ်တဲ့ ဒေါမနဿကို ဖြစ်ကောင်းတယ်လို့ပဲ ဆုံးဖြတ်ချက် ချပါဆိုတာ ဒီဝတ္ထုမှာ ထုတ်ပြတယ်။ (မှန်ပါ့)၊ ကျေနပ် ကြပလား။ (ကျေနပ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီဒေါမနဿမျိုးများ လာဖူးသလား မေးရင် ဒကာ ဒကာမတွေ ဘယ့်နှယ် ဆိုကြပါမယ်။ (မလာဖူးပါ ဘုရား)၊ လာဖူးရဲ့လား။ (မလာဖူးပါ ဘုရား)၊

လာဖူးလို့ရှိရင် ဒီ ဒေါမနဿဟာ အပါယ် ချလိမ့်မယ်လို့ မယူပါနဲ့။ (မှန်ပါ့ ဘုရား)၊ ဒီ ဒေါမနဿသည် အပါယ် ချမလား နိဗ္ဗာန် ကျေးဇူးပြုမလို့လား။ (နိဗ္ဗာန် ကျေးဇူး ပြမလို့ပါ ဘုရား)။

မဟာသီဝရဟန်းကြီး ငိုပြီ

ကောင်းပြီ၊ ဒါနဲ့ အနှစ် ၃၀-ရှိတော့ တရားအားထုတ် လိုက်တာ ဦးခင်မောင်တို့၊ ဒကာသစ်တို့ မရဘဲ ဖြစ်နေတယ်နော် (မှန်ပါ့)၊ မှန်းခြေက သုံးရက်၊ အနှစ် ၃၀-တောင် ပြည့်သွားတော့ ဦးခင်မောင် သူ့စိတ်မှာ စိတ်မပျက်ပေဘူးလား။ (ပျက်ပါတယ် ဘုရား)၊ စိတ်ပျက်တာနဲ့ ထ,ပြီး ငိုတော့တာပဲ၊ ငါဖြင့် အတော်ဖျင်းတဲ့ ပုဂ္ဂိုလ်ပဲ၊ မှန်းခြေတွေ အကုန်လွဲကုန်ပြီ ဆိုပြီး သကာလ ငိုရှာတယ်။ (မှန်ပါ့)၊ မဟာသီဝ ရဟန်းကြီး ငိုပြီ ဆိုတာ ဒကာ ဒကာမတို့ သဘော ကျပလား။ (ကျပါပြီ)၊ ငိုတာဟာ သောမနဿလား၊ ဒေါမနဿလား။ (ဒေါမနဿပါ ဘုရား)။

အဲ ဒေါမနဿ သေသေချာချာ သိသဖြင့် ဘယ့်နှယ် ကြောင့် ဒီကိုယ်တော်ကြီး ငိုပါလိမ့်မလဲ ဆိုတာကော အကဲ မခတ်မိဘူးလား။ (ခတ်မိပါတယ်)၊ ဘာဖြစ်လို့ပါလိမ့်။ (တရားမရလို့ပါ ဘုရား)၊ တရားမရလို့ ဖြစ်ကောင်းမှု မဖြစ်ကောင်း (ဖြစ်ကောင်းပါတယ် ဘုရား)။

အေး ဒါကြောင့် ဖြစ်ကောင်းတယ် ဆိုတာကိုလဲ ဒီ ဒေါမနဿမျိုးကျတော့ မှီဝဲကောင်းတဲ့ ဒေါမနဿဆိုတာ သေချာကြပလား။ (မှန်ပါ့)။

ကောင်းပြီ ဒါနဲ့ပဲ သူ အားထုတ်ရာ ဌာန သစ်ပင် စောင့်တဲ့ နတ်သမီးကလဲ ဪ ဒီ ကိုယ်တော်ကြီးနှယ် ဖျင်းပဲ ဖျင်းလွန်း လှတယ်၊ တရား မရတာနဲ့ဘဲ ငိုရတယ်။

ယောက်ျား လုပ်နေပြီး သကာလ ဘယ့်နှယ် ပါလိမ့်မတုံး၊ အစ ရှိသဖြင့် အောက်မေ့ပြီး သကာလ သူကလဲ လူယောင် ဖန်ဆင်း ပြီး ဒကာသစ်ရေ ဒီကိုယ်တော်ကြီး ငိုနေတဲ့နေရာနဲ့ မနီး မဝေးမှာ သူကလဲ ထိုင်ပြီး ငိုပြန်တယ်၊ ဒီ နတ်သမီးကလဲ နော်။ (မှန်ပါ့)။

နတ်သမီးက ထိုင်ငိုတယ် ဆိုတာကော သဘောကျ ပလား။ (ကျပါပြီ)၊ အဲဒီတွင်မှ အို ငါ့မှာလဲ ငို၊ ဒီ ကိုယ်တော်ကြီးကလဲ ငိုတာနဲ့ ပထမငိုစ,တော့ မကြားကြ သေးဘူး ပေါ့၊ လေ၊ နောက်တော့ ဒီကိုယ်တော်ကြီးက ငိုရင်းမတ္တနဲ့ ဟို ဒကာမ ငိုတာကို ကြားတယ်။

ဒကာမ ငိုတာကြားတော့ ဒကာမ ဘယ့်နှယ် ကြောင့် ဒီနားမှာ လာငိုနေရတာတုံး လို့ သူက ဦးစွာပဲ မေးလိုက်တယ်၊ မဟာသီဝ ကိုယ်တော်ကြီးက မေးလိုက် – တယ်။ (မှန်ပါ့)၊ တပည့်တော်လဲ ဘုရား တရား များ ရမလားလို့ ငိုနေတာပါပဲလို့ လှောင် လိုက်တယ်၊ ရိပ်မိ ပလား။ (ရိပ်မိပါပြီ)၊ ဘယ်လိုများ ပြောပါ (တရားများ ရမလားလို့ ငိုနေပါသတဲ့၊ တရား ရမလား လို့ငိုနေတယ် ဘုရာ့၊ တပည့်တော်လဲ ဒီစိတ်ကူးနဲ့ပဲ ငိုတာပဲလို့ ပြောလိုက် တော့ ရဟန်းကြီး ခံနိုင်ရည် ရှိပါ့မလား။ (မရှိပါ ဘုရား)။

လေးဆင့် တက်သွားတယ်

အဲဒီ ခံနိုင်ရည်မရှိတဲ့ အခြေအနေ ရောက်မှ ဒကာသစ် တို့၊ ဦးခင်မောင်တို့ ရဟန်းကြီး ရှက်သွားတယ်၊ ဒကာမတောင် ငါ့ကို လှောင်သလို ပြောင်သလို ဖြစ်နေပါပေါ့လား ဆိုပြီး သကာလ ပြန်ပြီး တရား အားထုတ်တယ်၊ ပြန် အားထုတ်တော့မှ ရဟန္တာ ဖြစ်အောင် တရား ရသွားတယ်။ (မှန်ပါ့)၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာ ဖြစ်အောင် လေးဆင့် တက်သွားတယ်လို့ ဒကာ ဒကာမတွေ မှတ်လိုက်တာပေါ့နော်။ (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

အဲဒီလို တက်သွားတဲ့ အခါကျတော့ စိတ်ကလဲ ဦးခင်မောင် အတော် ပြင်းထန်တဲ့ ပုဂ္ဂိုလ် ဖြစ်နေ သောကြောင့် အနှစ် ၃ဝ-စလုံးမှာ ကိုင်း ငါ တရားမရရင် ခြေမဆေး တော့ဘူး ဆိုတဲ့ ဥစ္စာ ခြေထောက်မှာ ဂျွတ်တက်နေတယ် ဆိုတာ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ခြေကို မဆေးတော့ဘူး ဒကာ ဒကာမတို့၊ တရားချည်း အားထုတ်နေတာပဲ၊ ဘာအလုပ်မှ မလုပ်ဘူး၊ ခြေဆေးတာတောင် မလုပ်ဘူး ဆိုတော့ ဒကာ ဒကာမတို့ ကမ်းကုန်ပြီ ဆိုတာကော သဘောကျပလား။ (ကျ ပါပြီ ဘုရား)။

ရဟန္တာဖြစ်နေပြီ

ဒါနဲ့ပဲတဲ့၊ ခုနက ရဟန္တာ ပုဂ္ဂိုလ်က ငါ၏ဆရာ ကိုယ် တော်ကြီး ဘယ်လိုများနေပါလိမ့်မလဲဆိုပြီး စဉ်းစား လိုက်ပါ တယ် (မှန်ပါ့)၊ စဉ်းစားလိုက်တော့ ရဟန္တာ ဖြစ်နေပြီ၊ ငါ ခြေသွား ဆေးပေးမှပဲ ဆိုပြီး ခုနက အနုမောဒနာ တရားတောင်းတဲ့ ရဟန္တာ မထေရ်ကလဲ ကြွလာပါတယ်၊ ဒီပြင် တပည့်တွေလဲ ကြွလာကြတယ်၊ သိကြားကလဲ ကောင်းကင် ကနေ မနေနိုင်လို့ သုဇာတာ ခေါ်လာပြီး သကာလ ကိုယ်တိုင် ခြေဆေး ပေးကြရတယ် ဒကာ ဒကာမတို့၊ ရဟန္တာဖြစ်မှ ခြေဆေးခံတယ် ဆိုတာကော သဘောကျပလား။ (ကျပါ တယ် ဘုရား)။

အဲဒီ ဒေါမနဿမျိုး ဘယ့်နှယ်ဆိုကြမယ်။ (ဖြစ် ကောင်းတဲ့ ဒေါမနဿပါ ဘုရား)၊ ဒါဖြင့် ဒေါမနဿကို ဘယ်နှစ်မျိုး ထားကြမယ်။ (နှစ်မျိုးပါ ဘုရား)၊ ဖြစ်ကောင်း တဲ့ (ဒေါမနဿတစ်မျိုး)၊ မဖြစ်ကောင်းတဲ့။ (ဒေါမနဿ တစ်မျိုးပါ ဘုရား)၊ ဒေါမနဿ ဘယ်နှစ်မျိုးပါလိမ့်။ (နှစ်မျိုးပါ ဘုရား)။

ဘုန်းကြီး ဝေဒနာနုပဿနာကို ဟောပါတော့မယ် နော်၊ ဟောတဲ့ အခါကျလို့ရှိရင် အဲ အိမ်ပြန်တော့ ဒကာ ဒကာမတွေ မမြင်, မြင်အောင်ကြည့်၊ မမြင်ရင် ဘယ့်နှယ်ကြောင့် မမြင် ရှိရမတုံးဆိုတဲ့ ဥစ္စာ မြင်အောင် ကြည့်ပြီး ဒကာ ဒကာမတွေ ကြိုးစားရလိမ့်မယ် ဆိုတာကော တိုက်တွန်းချက် ပါပြီ မဟုတ်လား။ (ပါ,ပါပြီ ဘုရား)။

ဥပေက္ခာလဲ နည်းအတူပဲ၊

ကဲ ဥပေက္ခာလဲ ထိုနည်းအတူပဲ၊ ဒကာ ဒကာမတို့ တစ်ခုသောအာရုံ မြင်တယ် ဆိုတော့ မြင်တာသည်ကားလို့ ဆိုရင်ဥပေက္ခာပဲ “ဥပေက္ခာသဟဂတံ စက္ခုဝိညာဏ်” မြင်တာပဲ။

အဲဒီ ဥပေက္ခာကလေး မသိလိုက်တဲ့ အခါကျလို့ရှိ ရင်ဖြင့် မြင်ခြင်းကြောင့် လိုချင်တယ်, ရချင်တယ် ဆိုတာတွေ နောက်က လိုက်မလာပေဘူးလား။ (လိုက်လာပါတယ် ဘုရား)၊ အဲဒီတော့ ဒီဥပေက္ခာမျိုးသည် ဖြစ်ကောင်း, မဖြစ် ကောင်း (မဖြစ်ကောင်းပါ ဘုရား)၊ ဘာ့ကြောင့် ဒါ မဖြစ် ကောင်းသလဲ မေးတော့ ပဋိစ္စသမုပ္ပါဒ် ဆက်လို့-လို့ မှတ်လိုက် တာပေါ့၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဝိပဿနာဥပေက္ခာ

ကိုင်း ဒါ ဘာပဲတွေ့တွေ့ ဥပရိပဏ္ဏာသမှာလာ သလို ဒကာ ဒကာမတွေ ဖြစ်ပျက်ချည်း မြင်နေရတော့၊ ရှုလိုက်တိုင်း ဖြစ်မှု, ပျက်မှုချည်း မြင်နေတော့ ရုပ်ကြည့် လိုက်လဲ ဖြစ်ပျက်၊ ဝေဒနာ ကြည့်လိုက်လဲ ဖြစ်ပျက်၊ စိတ်ကြည့်လိုက်လဲ ဖြစ်ပျက်၊ ဒုက္ခသစ္စာ ကြည့်လိုက်ပြန်လဲ အဖြစ် အပျက်တွေပဲ တွေ့နေတော့ တစ်တန်းတည်း ဖြစ်မနေ ဘူးလား။ (ဖြစ်နေပါတယ် ဘုရား)။

တစ်တန်းတည်း ဖြစ်နေတဲ့ အခါကျတော့ ဝိပဿနာ ဉာဏ်သည် ဥပေက္ခာ မဖြစ်ဘူးလား။ (ဖြစ်ပါတယ် ဘုရား)၊ ဝိပဿနာဥပေက္ခာမဖြစ်ဘူးလား။ (ဖြစ်ပါတယ် ဘုရား)၊ အဲဒီ ဝိပဿနာ ဥပေက္ခာမျိုး ကျတော့ ဖြစ်ကောင်းတဲ့ ဥပေက္ခာ၊ ရှင်းပလား (ရှင်းပါပြီ)၊ မြင်ပြီး လိုချင်,ရချင်တဲ့ ဥပေက္ခာ မျိုးကတော့ (မဖြစ်ကောင်းပါ ဘုရား)။

ဒါဖြင့် ဖြစ်ကောင်းတဲ့ ဥပေက္ခာ, မဖြစ်ကောင်းတဲ့ ဥပေက္ခာဆိုတာ ယနေ့ကွဲပလား။ (မှန်ပါ့)၊ ကွဲသွားတဲ့ အခါကျလို့ ရှိရင် ဪဒါ ဘုရားသခင် ကိုယ်တော်မြတ် ကြီး ဟောတော်မူလို့ သောမနဿမှာလဲ ဖြစ်ကောင်း, မဖြစ်ကောင်း နှစ်မျိုး၊ ဒေါမနဿ လာရင်ကော (ဖြစ်ကောင်း မဖြစ်ကောင်း နှစ်မျိုးပါ ဘုရား)၊ဥပေက္ခာကော (ဖြစ်ကောင်း, မဖြစ်ကောင်း နှစ်မျိုးပါ ဘုရား)၊ နှစ်မျိုး ဆိုတာ သေချာကြ ပလား။ (သေချာပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒါက ဗဟုသုတ အကျိုးငှာ လည်းကောင်း၊ ဝိပဿနာ အကျိုးငှာ လည်းကောင်း ပြောလိုက်ပါတယ်၊

ဝိပဿနာ အစစ်ကို ပြကြစို့

ကဲ ဘုန်းကြီးတို့ ပြရိုးပြစဉ်ပဲ ဝိပဿနာ အစစ်ကို ပြကြစို့ရဲ့၊ အလုပ်လုပ်ဖို့ အစစ်ကို ပြုကြစို့ ၊ ဒကာ ဒကာမတွေ ဒါကို ဂရုတစိုက် နားထောင်ပါ။ (မှန်ပါ့)၊ အခု ဘာပြမယ်ဆိုတာ သေချာပလား။ (မှန်ပါ့ သေချာပါတယ် ဘုရား)၊ အခု ဝိပဿနာအစစ်ကို ပြတော့ မယ်နော်။ (မှန်ပါ့)။

ခုနက ဖြစ်ကောင်း, မဖြစ်ကောင်း ဆိုတာက တစ်မျိုး၊ အခုဟာက ဘယ်က လာလာ ရှုရမယ် ဆိုတဲ့ ဥစ္စာ ပြတော့ မယ်။ (မှန်ပါ့)၊ ဘာပြမယ် ထင်ကြသတုံး။ (ဝိပဿနာ အစစ်ကို ပြပါမယ်)၊ ဘယ်ဟာ လာလာ ဝိပဿနာ ရှုရမယ် ဆိုတဲ့ အဓိပ္ပါယ် ပြမယ်နော်။ (မှန်ပါ့)။

ကဲ ဒါတွေ ခြောက်ခု ပေါင်းလိုက်လို့ ရှိရင် ဒကာ ဒကာမတို့ သုံးခုပဲ မဖြစ်ဘူးလား (မှန်ပါ့)၊ ကဲ သုံးခုပဲ ဖြစ်ကြပါစို့၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာ ဝေဒနာလို့ ဒကာ ဒကာမတို့ ဘယ်နှစ်မျိုး ရှိသတုံး။ (သုံးမျိုးပါ ဘုရား)၊ ဒီဘက်က ဘာပါလိမ့်။ (သုခဝေဒနာ ပါ)၊ ဒီဘက်က (ဒုက္ခဝေဒနာ)၊ ဒီဘက်က (ဥပေက္ခာ ဝေဒနာပါ)၊ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ ဝေဒနာ ဘယ်နှစ်မျိုး ရှိပါလိမ့်။ (သုံးမျိုးပါ ဘုရား)။

သုခဝေဒနာ

တစ်ခါတလေ ကျလာတော့ ဒကာ ဒကာမတွေ ကိုယ်လဲ ချမ်းသာ၊ စိတ်လဲ ချမ်းသာတာ များကော မရှိဘူးလား။ (ရှိပါတယ် ဘုရား)၊ အင်း ဟင် ဒါကျတော့ သုခဝေဒနာ ပေါ့ဗျာ။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ)၊

ကိုယ်လဲချမ်းသာ၊ စိတ်လဲချမ်းသာနေတော့ တစ်ကိုယ်လုံး မှာ ဘာဝေဒနာတွေ ဆိုကြပါမလဲ။ (သုခဝေဒနာတွေပါ ဘုရား)၊ ဒါပေမယ့်လို့ ဝေဒနာက္ခန္ဓာ ဟုတ်ပါရဲ့လား။ (ဟုတ်ပါတယ် ဘုရား)။

ဒုက္ခဝေဒနာ

တစ်ခါတလေကျတော့ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲကော မရှိဘူးလား။ (ရှိပါတယ် ဘုရား)၊ ဒါကျတော့ ဘာဝေဒနာ လို့ ဆိုမလဲ။ (ဒုက္ခဝေဒနာပါ ဘုရား)၊ ဒီအချိန် လက်ညှိုး ထိုးတော့လဲ ဒီအချိန်မှာ ဘေးကလူ လက်ညှိုးထိုးရင် ဘာ လက်ညှိုး ထိုးမိမယ် ထင်သကြ သတုံး။ (ဒုက္ခ ဝေဒနာကိုပါ ဘုရား)၊ ဝေဒနာချင်း ထိုးမိမှာပဲ၊ ရိပ်မိကြပလား။ (မှန်လှ ပါ ဘုရား)။

သုခဝေဒနာ ရှိတဲ့အချိန် ထိုးမိလို့ ရှိရင်လဲ သုခဝေဒနာ ချင်း ထိုးမိမှာ။ (မှန်ပါ့)၊ ဒုက္ခများများ ဖြစ်နေတဲ့ အချိန် ထိုးကြည့်လို့ရှိရင် ဘာကို ထိုးမိမယ် ထင်ကြသတုံး။ (ဒုက္ခ ဝေဒနာချင်း ထိုးမိမှာပါ ဘုရား)။

ဥပေက္ခာဝေဒနာ

တစ်ခါတလေကျတော့ ဒကာ ဒကာမတွေ အားလုံးပဲ ဥပေက္ခာဝေဒနာ ကလေးများ ဖြစ်ရင် အလုံးစုံသော ပုဂ္ဂိုလ်တွေ ကမ္မသကာပဲ ဆိုပြီး သကာလများ ဉာဏ်လှည့် နေတဲ့အခါ မရှိဘူးလား။ (ရှိပါတယ် ဘုရား)၊ အဲဒီ အခါမျိုး ကျတော့ ဥပေက္ခာ ဝေဒနာတွေ မဖြစ်ပေဘူးလား။ (ဖြစ်ပါတယ် ဘုရား)။

မျက်လုံးထဲ မြင်တာ ဥပေက္ခာ၊ နားထဲ ကြားတာကော (ဥပေက္ခာပါ ဘုရား)၊ နှာခေါင်းထဲ နံတဲ့ စိတ်ကလေးတွေကော (ဥပေက္ခာပါ ဘုရား)၊ အဲ “ ဥပေက္ခာ သဟဂတံ ဃာနဝိညာဏံ” အစရှိသည် ပေါ့ဗျာ နော်။ (မှန်ပါ့)၊ အဲ လျှာပေါ်, ပေါ်တာကော (ဥပေက္ခာပါ ဘုရား)၊ ဝမ်းထဲမှာ ကမ္မသကာ ထားတာတွေ ဟူသရွေ့ (ဥပေက္ခာပါ ဘုရား)။ ဥပေက္ခာတွေပဲ ဆိုတာ သဘောကျပလား။ (ကျပါပြီ ဘုရား)။

အဲဒီ မြင်နေတဲ့ အခါမှာလဲ ဪဘာခန္ဓာလို့ ဆိုကြ မလဲ။ (ဥပေက္ခာ ခန္ဓာပါ ဘုရား)၊ ဥပေက္ခာ ဝေဒနာက္ခန္ဓာ (မှန်ပါ့)၊ ကြားနေတဲ့အခါ (ဥပေက္ခာ ဝေဒနာက္ခန္ဓာပါ)၊ နံနေတဲ့အခါကော (ဥပေက္ခာ ဝေဒနာက္ခန္ဓာပါ)၊ စားတဲ့အခါ (ဥပေက္ခာ ဝေဒနာက္ခန္ဓာပါ)၊ ဝမ်းထဲမှာ ကမ္မသကာ ထားတဲ့အခါ (ဥပေက္ခာ ဝေဒနာက္ခန္ဓာပါ ဘုရား)။

ဥပေက္ခာ ဝေဒနာက္ခန္ဓာပဲ မှတ်ထားတော့၊ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ဝေဒနာ ဘယ်နှစ်မျိုး ရှိသတုံး။ (သုံးမျိုးပါ ဘုရား)။

အားလုံး မနာရသေးတဲ့ ပုဂ္ဂိုလ်များလဲ သေသေချာချာ မှတ်ပါ၊ အလုပ်,လုပ်ရမည့်တရား ဖြစ်နေသောကြောင့် သေသေချာချာ မှတ်မှသာလျှင် ကိုယ့်အိမ်မှာ အလုပ်,လုပ် လို့ ဖြစ်မယ်ဆိုတာ ကျေကျေနပ်နပ် မှတ်ကြစမ်းပါ၊ သဘော ကျကြစမ်းပါနော်။ (မှန်ပါ့ ဘုရား)။

သုခဝေဒနာလဲ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ သူ့ အခိုက်အတန့် သူ မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)၊ ဒုက္ခဝေဒနာကော (ပေါ်ပါတယ် ဘုရား)၊ သူ့ အခိုက်အတန့်နဲ့သူ ပေါ်တာနော်။ (မှန်ပါ့)၊ ဥပေက္ခာ ဝေဒနာကော (ပေါ်ပါတယ် ဘုရား)၊ သူ့ အခိုက်အတန့်နဲ့သူ ပေါ်တယ် ဆိုတာ သဘောကျပလား။ (ကျပါပြီ)။

ဝေဒနာကင်းတဲ့အချိန် မရှိ

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်မှာ ဝေဒနာကင်းတဲ့ အချိန် ပြောစမ်းပါဆိုရင် ဘယ့်နှယ်ဆိုကြ မယ်။ (မရှိပါ ဘုရား)၊ ဝေဒနာကင်းတဲ့အချိန် ဘယ်အချိန်မှ မရှိဘူးလား (မရှိပါ ဘုရား)၊ တစ်ခါတလေ သုခနဲ့ နေတယ်၊ တစ်ခါတလေကျတော့ကော (ဒုက္ခနဲ့နေပါတယ်၊ ဘုရား)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ ဝေဒနာကင်းသော ပုဂ္ဂိုလ် ဒီအထဲမှာ ပါ,ပါရဲ့ လား။ (မပါ,ပါ ဘုရား)၊

သြော် ဝေဒနာကင်းတဲ့ပုဂ္ဂိုလ် တစ်ယောက်မှ မပါဘူး၊ သူ့ဝေဒနာနဲ့သူ၊ သူ့ဝေဒနာနဲ့၊ သူ့ အခိုက်အတန့်နဲ့၊ သူ့အခိုက် အတန့်နဲ့ နေကြတာချည်းပဲဆိုတာ ရှင်းကြပလား။ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီးကို ဘာခန္ဓာ လို့ ဆိုကြပါ့မယ်။ (ဝေဒနာက္ခန္ဓာပါ ဘုရား)၊ ဝေဒနာက္ခန္ဓာ လို့ ဆိုကြပါစို့နော်။ (မှန်ပါ့)၊ ဝေဒနာက္ခန္ဓာလို့ဆိုကြပါစို့၊ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီး ဘာဆိုကြမယ်။ (ဝေဒနာက္ခန္ဓာပါ ဘုရား)၊ ဝေဒနာက္ခန္ဓာလို့ ဆိုရမယ်ဆိုတာကော သေချာပလား။ (သေချာပါတယ် ဘုရား)။

တစ်ခါတလေ ဘာဝေဒနာနဲ့ နေသလဲ (သုခဝေဒနာ နဲ့ နေပါတယ်)၊ အဲဒီအချိန်လဲ ဝေဒနာက္ခန္ဓာပဲ။ (မှန်ပါ့)၊ တစ်ခါတလေ ဘာနဲ့နေပါလိမ့်။ (ဒုက္ခေ ဝဒနာနဲ့ နေပါ တယ် ဘုရား)၊ ဒီအချိန်လဲ ဘာခန္ဓာ ဆိုကြမလဲ။ (ဝေဒနာက္ခန္ဓာပါ ဘုရား)။

တစ်ခါတလေကျတော့ ဘာနဲ့နေပါလိမ့်။ (ဥပေက္ခာ ဝေဒနာနဲ့နေပါတယ်)၊ အဲဒီအချိန်လဲ ဘာခန္ဓာဆိုကြမလဲ။ (ဝေဒနာက္ခန္ဓာပါ ဘုရား)။

သြော်ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ လက် ညှိုးထိုးကြည့်လို့ ရှိရင်ဖြင့် အရှေ့ထိုးလဲ ကောင်းကင်ထိုးမှာ ပဲ၊ အနောက်ထိုးကော (ကောင်းကင်ပါပဲ ဘုရား)၊ အပေါ်ထိုးကော (ကောင်းကင် ပါပဲ)၊ ဘယ်လို လှည့်ပြီး ထိုးချင်ရာထိုး၊ ကောင်းကင်ချည်းသာ ထိုးမိမှာပဲ။ (မှန်ပါ့)၊ မတ် တတ်ရပ်ပြီး ထိုးပါတဲ့၊ မတ်တတ်ရပ်ပြီး အောက်လက်ညှိုး ထိုးပြန်လဲ မြေကြီးထိုးမိတယ် ဆိုမလား၊ မြေကြီးနဲ့၊ လက်ညှိုး နဲ့ အဝေးကြီး ရှိသေးတယ်၊ ကြားထဲမှာ ကောင်းကင် ကလေး ရှိနေသေးတယ်။ (မှန်ပါ့)၊ မရှိဘူးလား။ (ရှိပါတယ် ဘုရား)၊ ကောင်းကင်ပဲ ထိုးမိရာ မရောက်ပေဘူးလား။ (ရောက်ပါတယ် ဘုရား)၊

ဒီမှာလဲ ဘယ်အချိန်မဆို ခန္ဓာကိုယ် ထဲမှာ ကြည့်ကြည့် ဝေဒနာကို တွေ့အောင် ကြည့်ရမယ်။ (မှန်ပါ့)၊ သဘောပါပလား။ (ပါ,ပါပြီ)၊ ဘယ်အချိန် ခန္ဓာကြည့်ကြည့် (ဝေဒနာတွေ့အောင်ကြည့်ရပါမယ် ဘုရား)။

ဝေဒနာတွင်လား၊ ဝေဒနာကို မိအောင် ကြည့်ရမယ်။ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘယ်အချိန် ကြည့်,ကြည့် ဘာပါလိမ့်။ (ဝေဒနာကို မိအောင် ကြည့်ရပါမယ်)၊ ဝေဒနာမိအောင် ကြည့်ရမယ် ဆိုတာကော သဘောကျ ပလား။ (ကျပါပြီ)၊

ခုနက လက်ညှိုးထိုးတော့ ဘယ် ထိုးထိုး ဘာကို ထိုးမိသလဲ။ (ဒီကောင်းကင် ထိုးမိပါ တယ် ဘုရား)။

ဝေဒနာက္ခန္ဓာ

ဒီမှာလဲ ဒကာ ဒကာမတွေ ဉာဏ်နဲ့ ဘယ်အချိန် လက်ညှိုးထိုးထိုး ဝေဒနာချည်း တွေ့ရမယ်။ (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ)၊

ဉာဏ်နဲ့ ဘယ်အချိန် လက်ညှိုးထိုးထိုး ဘာတွေ့ရမယ်။ (ဝေဒနာချည်းတွေ့ရ ပါမယ်)၊ ဝေဒနာချည်း တွေ့ရမယ်ဆိုတာ ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။

ဘာကြောင့် ဝေဒနာချည်း တွေ့ရမယ်လို့ ဆရာ ဘုန်းကြီး ဟောပါလိမ့်မတုံး ဆိုတော့ ခန္ဓာကိုယ်ကြီးက ဘာ ခန္ဓာတဲ့။ (ဝေဒနာက္ခန္ဓာပါ ဘုရား)၊ အဲ ခန္ဓာကိုယ်ကြီးက ဝေဒနာက္ခန္ဓာ ဆိုတော့ ဒကာ ဒကာမတို့ ဘယ်အချိန်မှာ လက်ညှိုးထိုးထိုး, ဘာထိုးမိမယ် ထင်ကြသလဲ။ (ဝေဒနာက္ခန္ဓာ ထိုးမိပါမယ်)၊ ဝေဒနာပဲ ထိုးမိမယ် ဆိုတာ မသေချာဘူးလား။ (သေချာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဝေဒနာထိုးမိအောင် ထိုးလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ သေချာပါတယ်နော်။ (မှန်ပါ့)။

အဲဒီတော့ ခန္ဓာကိုယ်ထဲမှာ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာရယ်လို့ ဝေဒနာသုံးမျိုး မရှိဘူးလား။ (ရှိပါတယ် ဘုရား)၊

ဝေဒနာပေါ်တိုင်း, ပေါ်တိုင်း ဒကာ ဒကာမတို့ သူ့ ဝေဒနာကလေးပေါ်တာကို ရှင်းပြီး နည်းနည်း ပြမယ်၊ ဝေဒနာ ပေါ်တဲ့ နေရာတွေက ကိုယ်ပေါ်ကျလို့ ရှိရင် ဒကာ ဒကာမတို့ မှတ်ထား လိုက်စမ်းပါ၊ ကိုယ်ပေါ်မှာ သုခဝေဒနာ ပေါ်တယ်၊ သဘောကျပလား။ (ကျပါတယ်)၊ ဝမ်းထဲမှာ သောမနဿ ဝေဒနာ ပေါ်တယ်။ (မှန်ပါ့)။

ကိုယ်ပေါ်မှာ (သုခဝေဒနာပေါ်ပါတယ်)၊ ဝမ်းထဲ ကျတော့ (သောမနဿဝေဒနာပေါ်ပါတယ်)၊ ဝမ်းသာလို့ ရှိရင် ဝမ်းထဲကို လှမ်းရှု ရလိမ့်မယ်၊ ကိုယ်ပေါ်မှာလဲ လေတိုက် လို့ ဟိုနေရာကလေးက နေလို့ကောင်း၊ ဒီနေရာကလေး ကနေလို့ ကောင်းဆိုရင် အဲဒီကောင်းတဲ့နေရာကို သုခ ဝေဒနာလို့ ရှုရမယ်။

သောမနဿဝေဒနာ

ဝမ်းသာရင် (သောမနဿဝေဒနာပါ)၊ သောမနဿ ဝေဒနာကို ဘယ်မှာရှုရမယ်။ (ဝမ်းထဲ ရှုရမှာပါ ဘုရား)၊ ကိုယ်ပေါ်မှာ ချမ်းသာ ကလေးတွေ့ရင် ချမ်းသာတဲ့ နေရာ ကလေးကို ဉာဏ်ဦး တည်ပြီး ရှုရတော့မယ်၊ သဘောကျ ပလား။ (မှန်ပါ့)၊ ဝေဒနာဟာ ကိုယ်ပေါ်မှာ ပေါ်ရင် ကိုယ်ပေါ်မှာ ဉာဏ်လိုက်ပါ၊ ဝမ်းထဲမှာ ပေါ်ရင် (ဝမ်းထဲ လိုက်ရပါမယ်)။

ဒုက္ခဝေဒနာ

ကိုင်း တစ်ခါ ဒုက္ခဝေဒနာ ဆိုတဲ့ နာတယ်၊ ကျဉ် တယ်၊ ကိုက်တယ်၊ ခဲတယ်၊ ယားတယ်၊ စပ်တယ် အစ ရှိသည်ဖြင့်ဟာ တစ်ကိုယ်လုံးမှာ ပေါ်နိုင်ပါတယ်။ (မှန်ပါ့ ဘုရား)၊ အဲဒီလိုဆိုလို့ ရှိရင်လဲ ပေါ်တဲ့ နေရာမှာ လိုက်ပေါ့နော်။ (မှန်ပါ့)၊ ပေါ်တဲ့နေရာ ဘာတွေ့မယ်ထင် သတုံး။ (ဒုက္ခ ဝေဒနာ တွေ့ပါမယ် ဘုရား)။

ဒေါမနဿဝေဒနာ

ကဲ ဒုက္ခဖြစ်ခြင်းကြောင့် ဝမ်းထဲမှာ ဒေါမနဿကော မပေါ်တတ်ဘူးလား။ (ပေါ်တတ်ပါတယ် ဘုရား)၊ အဲဒါလဲ ဒီအချိန်ကျလို့ရှိရင် ဒေါမနဿကို မမိ, မိအောင် ဖမ်းပါတဲ့၊ သူက ဝေဒနာဖြစ် သောကြောင့် ဉာဏ်က ဝမ်းထဲမှာ လိုက် ရမယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဥပေက္ခာဝေဒနာ

ဒါဖြင့် လိုက်စရာ, နေစရာတွေ ဒီအတိုင်းပဲ ဆိုတာ ကော သဘောကျပလား။ (ကျပါပြီ)၊ ဥပေက္ခာဝေဒနာ ကတော့၊ တစ်ခါတလေ ကျတော့ မြင်တယ် ဆိုရင် မျက်လုံးထဲ ဥပေက္ခာ ဝေဒနာ ပေါ်တယ်၊ ကြားတယ် ဆိုရင် (နားထဲ မှာ ပေါ်ပါတယ်)၊ နံတယ်ဆိုရင် (နှာခေါင်းထဲမှာ ပေါ် ပါတယ်)၊ နှာခေါင်းထဲမှာ ဥပေက္ခာဝေဒနာပေါ်တယ်။

စားတယ်ဆိုရင် (လျှာပေါ်မှာ)၊ လျှာပေါ်မှာ ဥပေက္ခာ ဝေဒနာပေါ်တယ်၊ ဝမ်းထဲမှာ ကမ္မသကာ ထားတဲ့အခါ မရှိဘူးလား။ (ရှိပါတယ်)၊ အဲဒီအခါ ဝမ်းထဲမှာ ဥပေက္ခာ မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)၊

အဲ တစ်ခါတလေ ကျတော့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာကို လိုက်ပါ၊ တစ်ခါ တလေကျတော့ ဝမ်းထဲ လိုက်ပါ၊ ဥပေက္ခာလဲ သူပေါ်တဲ့ နေရာကို သိမှ၊ ခွဲခြားသိမှ အသုဘ လိုက်ရှုတယ် ဆိုတာလဲ မှတ်မိကြပလား။ (မှန်ပါ့)၊ သူ သေတဲ့နေရာ မသိဘဲနဲ့ ကျုပ်တို့ ဉာဏ်နဲ့ လိုက်ရှု နေလို့ တော်ပါ့မလား။ (မတော် ပါ ဘုရား)။

ပေါ်ရာကို လိုက်ပါ

ဒါဟာ အင်မတန်အရေးကြီးတဲ့ အချက်ဆိုတာကော ပေါ်ကြပလား။ (ပေါ်ပါပြီ)၊ ဒါဖြင့် ပေါ်ရာကို လိုက်ရ ပါလိမ့်မယ်ဆိုတာ သဘောကျပလား။ (ကျပါပြီ)၊ ကောင်း ပြီ၊ ပေါ်ရာ လိုက်တော့ သုခ ဝေဒနာ ဘယ်မှာ ပေါ်သတဲ့။ (ကိုယ်ပေါ်မှာ ပေါ်ပါတယ်)၊ သောမနဿ ဝေဒနာ (ဝမ်းထဲမှာ ပေါ်ပါတယ် ဘုရား)။

ဒုက္ခဝေဒနာ (ကိုယ်ပေါ်မှာ ပေါ်ပါတယ်)၊ ဒေါ မနဿဝေဒနာ (ဝမ်းထဲမှာ ပေါ်ပါတယ်)၊ ဝမ်းထဲမှာပေါ် တယ်၊ သဘောကျရဲ့ နော်။ (မှန်ပါ့)၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ (ဥပေက္ခာဝေဒနာပါ)၊ ကမ္မသကာထားတဲ့ အခါ(ဝမ်းထဲမှာ ပေါ်ပါတယ်)၊ ဝမ်းထဲမှာ ပေါ်တယ် ဆိုတော့ သူ့ နေရာကလေးနဲ့ သူပေါ်တာကို သိပါ။ (မှန်ပါ့)။

သိတဲ့အခါကျတော့မှ ဪ ဝေဒနာ သည်ကားလို့ ဆိုရင်ဖြင့် သုခ၊ ဒုက္ခ၊ ဥပေက္ခာလို့ ဆိုငြား သော်လဲ ပေါ် နိုင်တဲ့ နည်းနဲ့ ဝေဖန်လိုက်တဲ့ အခါကျတော့ ခြောက်ခု ဖြစ်သွားတယ် ဆိုတာလဲ သဘော ကျပါ။ (မှန်ပါ့)၊ သူပေါ် တဲ့ နေရာနဲ့ လိုက်လိုက်တဲ့ အခါကျတော့ ဘယ်နှစ်မျိုး ရှိသွား သတုံး။ (ခြောက်မျိုးပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာဘယ်နှစ်မျိုး ရှုရ မှာပါလိမ့်မလဲလို့ မေးတော့၊ ရှုရမှာတော့ သုံးမျိုးပဲ ဘုရား၊ ပေါ်ရာ ဌာနနဲ့ လိုက်လို့ ရှိရင်တော့ အခု မျက်စိ၊ နား၊ နှာခေါင်း၊ လျှာနဲ့ပါ ပေါင်းမည် ဆိုရင် မနည်းလှဘူးပေါ့ ဗျာ။ (မှန်ပါ့)၊ သို့ သော် သိထားရင်ဖြင့် တော်ပြီ ဆိုတာ ကျေနပ်ပလား။ (ကျေနပ်ပါတယ် ဘုရား)။

ဝေဒနာတွေရှုမှ ပပဉ္စသေမယ်

ကောင်းပြီ ဒါဖြင့် ဝေဒနာ တွေ ရှုပါမှ ပပဉ္စဆိုတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိ သေမယ်။ (မှန်ပါ့)၊ သဘောကျ ပလား။ (မှန်လှပါ)၊ ဒီဝေဒနာတွေ ရှုပါမှ(ပပဉ္စ သေပါ မယ်)၊ ပပဉ္စသေမယ်လို့ ဘုရားက ဟောသည် ဖြစ်လေ သောကြောင့် ကျုပ်တို့ ဝေဒနာကိုတော့ မရှုရင် ဖြစ်ပါ့မလား။ (မဖြစ်ပါ ဘုရား)။

အဲဝေဒနာ ရှုမယ်ကြံတော့ ဝေဒနာက အခု ဝမ်းထဲမှာ ပေါ်တာက သုံးခု၊ ပြင်ဘက်မှာ ပေါ်တာသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ အကျဉ်း ဆိုတော့ သုံးခုပေါ့ဗျာ၊ အကျယ် သည်ကားလို့ ဆိုရင် ဌာနအားဖြင့်တော့ ခြောက်ခုပေါ့၊ မှီဝဲသင့်၊ မမှီဝဲသင့် အနေအားဖြင့် ခြောက်ခု ပေါ့၊ ဆရာဘုန်းကြီး ပြောခဲ့တဲ့ အတိုင်းပဲ သိထားကြဖို့ သတိပေးပါတယ်၊ သဘောပါကြလား။ (ပါ,ပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ပေါ်ရာကို ခင်ဗျားတို့ လိုက်ရမယ်နော်။ (မှန်ပါ့)၊ ကိုယ်ပေါ်မှာ ပေါ်ရင် (ကိုယ် ပေါ်မှာ လိုက်ရပါမယ်)၊ ဝမ်းထဲမှာ ပေါ်ရင် (ဝမ်းထဲမှာ လိုက်ရမယ်)။

အင်း ဟင် ကိုယ်ပေါ်မှာ ပေါ်ရင် (ကိုယ်ပေါ်လိုက်၊) ဝမ်းထဲမှာ ပေါ်ရင် (ဝမ်းထဲလိုက်)၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာမှာ ပေါ်ရင် (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာမှာ လိုက် ရပါမယ်)၊ ဝမ်းထဲမှာ ပေါ်ရင် (ဝမ်းထဲ့ လိုက်ရပါမယ်)၊ ကိုင်း နာရီကလဲ စေ့နေလို့ ရှုနည်းတိုတို ကလေး ပေးလိုက် မယ်၊ နောက်လဲ အကျယ်တဝင့်လဲ ပြောပါလိမ့်မယ်နော်။ (မှန်ပါ့ ဘုရား)။

ဧဟိပဿိကော

ကဲ ဒကာ ဒကာမတွေ ရထားတဲ့ ပါဠိကလေး နှစ်လုံးကို ဦးခင်မောင် သေသေချာချာ မှတ်စမ်းပါ။ (မှန်ပါ့)၊ ဧဟိ ပဿိကော တဲ့၊ ရကြရဲ့လား။ (ရပါ တယ်)၊ ဆိုစမ်းပါဦး။ (ဧဟိပဿိကော ပါ ဘုရား)၊ ရတယ်နော်။ (မှန်ပါ့)၊

ဧဟိ က မြန်မာလို ပြန်လိုက်တော့ =လာခဲ့၊ ပဿိက= ရှုပါ(မှန်ပါ့)၊ ဧဟိက (လာခဲ့)၊ ပဿိ က (ရှုပါ)၊ ဒီ တရားက အခု ပြောခဲ့တဲ့ တရားတွေက လာပါ၊ ရှုပါလို့ သူတို့က ခေါ်တယ်၊ ဒီခြောက်ခုက တာပါလိမ့်။ (လာပါလို့ ခေါ်ပါတယ်)၊ ဧဟိပဿိကော ခေါ်သမားနော်။ (မှန်ပါ့)။

ဧဟိ၊ လာခဲ့ပါ။ ပဿိ၊ ကျုပ်တို့ကို ရှုပါ။ သဘော ကျပလား။ (ကျပါပြီ)၊ ဧဟိက (လာခဲ့ပါ)၊ ပဿိက (ရှုပါ)၊ ရှုပါ ဆိုတော့ ဒီခြောက်ခုက ဘယ်လိုများ ပြောလေ့ ရှိပါလိမ့်။ (ခေါ်ပါတယ် ဘုရား)၊ လာရှုပါလို့ (မှန်ပါ့)၊ ကျုပ်တို့ ခေါ်လိုက်တယ်၊ လာရှုပါလို့၊ သဘောကျပလား။ (ကျပါပြီ)၊ ကျုပ်တို့ ခေါ်နေတယ်။ (လာရှုပါလို့)။ လာရှုပါလို့ ခေါ်တယ်လို့၊ ဒါဖြင့် အခေါ်သမားက ဦးခင် မောင် ဘယ်လောက် တဲ့တုံး။ (ခြောက်ခုပါ ဘုရား)။

ခြောက်ခု သေချာကြပလား။ (သေချာပါတယ်)၊ မဖြစ်ဘဲနဲ့နေရင် ခြောက်ခုပါပဲ။ (မှန်ပါ့)၊ ရှင်းကြ ပလား။ (ရှင်းပါပြီ)၊ ဒါဖြင့် ဤခြောက်ခုသာ ဘယ် ပါဠိတော်အတိုင်း ဒကာ ဒကာမတွေ သူ ပြောလေ့ဆိုလေ့ ရှိသလဲလို့ မေးလို့ ရှိရင် ခင်ဗျားတို့ ဓမ္မဂုဏ်တော်ထဲမှာ ဧဟိပဿိကော မှတ်ထား စမ်းပါ။ (မှန်ပါ့)၊ ဧဟိက ဘာတုံး။ (လာပါ)၊ ပဿိက (ရှုပါ)။

ဒါဖြင့် သူတို့က လာရှုစမ်းပါ၊ လာရှုစမ်းပါလို့ ခေါ်ပါတယ်၊ သဘောကျပလား (မှန်ပါ့)၊ သူတို့က ဘယ်လိုခေါ်ပါလိမ့်။ (လာရှုပါ, လာရှုပါလို့ ခေါ်ပါ တယ်)၊ ခင်ဗျားတို့က မဂ္ဂင်ငါးပါး လိုက်ရမယ်၊

မှတ်ချက်။ ။မဂ္ဂင်ငါးပါး= သမ္မာဒိဋ္ဌိ။ သမ္မာသင်္ကပ္ပ။ သမ္မာဝါယမ။ သမ္မာသတိ။ သမ္မာသမာဓိ။

သန္ဒိဋ္ဌိကော

သန္ဒိဋ္ဌိကော ရွတ်လိုက်ကြစမ်း၊ ဘာတဲ့တုံး။ (သန္ဒိဋ္ဌိကောပါ ဘုရား)၊ သန္ဒိဋ္ဌိကော သာမံ ပဿိ တဗွေ(မှန်ပါ့)၊ သန္ဒိဋ္ဌိကောဆိုတာ သာမံ၊ ကိုယ်တိုင်။ ပဿိတထွာ၊ မြင်အောင်လိုက်ပါ။ (မှန်ပါ့ ဘုရား)။

အလိုက်သမားက ငါးပါး

ခင်ဗျားတို့က ဧဟိ ပဿိကောက ခေါ်လို့ ရှိရင် သန္ဒိဋ္ဌိ ကောက လိုက်ပါ၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ဧဟိပဿိ ကောက ခေါ်ခဲ့သော် (သန္ဒိဋ္ဌိကောနဲ့လိုက်ပါ)၊ ကိုယ်တိုင် သာ လိုက်ပါ။ (မှန်ပါ့)၊ ဟောဒီ ငါးလုံးနဲ့ ဒီဝေဒနာလေး ဖြစ်ပျက်ကို မြင်အောင်လိုက်ပါ၊ သဘောကျပလား။ (ကျ ပါပြီ)၊ သူက ဘာတဲ့တုံး။ (သန္ဒိဋ္ဌိကောပါ)၊ ကိုယ်တိုင် မြင်အောင် လိုက်ရမည့် တရားက ဘယ်လောက်ပါလိမ့်။ (ငါးပါးပါ ဘုရား)။

အခေါ်သမားက ခြောက်ယောက်

အခေါ်သမားက ဘယ်နှစ်ယောက်ပါလိမ့် ( ခြောက်ယောက်ပါ ဘုရား) အခေါ်သမား ခြောက်ယောက်ကို အလိုက်သမား ငါးယောက်က လိုက်ရမယ်။

အခေါ်သမားက (ခြောက်ယောက်ပါ) သူက အမြဲခေါ်မှာတဲ့၊ တစ်ခုက မခေါ်ရင် တစ်ခုက ခေါ်လိမ့်မယ်။ ရှင်းပြီနော်။

ခင်ဗျားတို့ ငါးပါးကတော့ သန္ဒိဋ္ဌိကောဆိုတဲ့အတိုင်း ကိုယ်တိုင် မြင်အောင် လိုက်လိုက်စမ်းပါ။

လိုက်လိုက်တဲ့ အခါကျတော့ ကို အခေါ်သမား အလိုက်သမား ဘယ်နှစ်မျိုးရှိသတုံး။(နှစ်မျိုးပါ ဘုရား)။ ဒါအလုပ်လုပ်တော့မယ့် ဒကာ ဒကာမတို့ အလုပ်စဉ်ကို သေသေချာချာ ဟောနေတယ်၊ (မှန်ပါ့)။ ဘာဟောနေတယ်ဆိုတာ သိပြီလား။(အလုပ်လုပ်စဉ်ကို ဟောနေပါတယ်၊)

အလုပ်လုပ်စဉ်ကို သေသေချာချာ မှတ်ပါ။ အခေါ်သမားက ဘယ်နှစ်ယောက်ပါလိမ့်၊ (ခြောက်ယောက်ပါ ဘုရား)။ အလိုက်သမားက (ငါးယောက်ပါဘုရား)။

အလိုက်သမားက မဂ္ဂင်ငါးပါး

အဲ အလိုက်သမားက မဂ္ဂင်၊ အခေါ်သမားက အနိစ္စ၊ သဘောကျပလား။(ကျပါပြီ ဘုရား)။

အခေါ်သမားက (အနိစ္စပါ ဘုရား)

အလိုက်သမားက (မဂ္ဂင်ပါ ဘုရား)။

အနိစ္စနောက် မဂ္ဂလိုက် (မှန်ပါ့)။

အနိစ္စနောက် (မဂ္ဂလိုက်ပါ ဘုရား)။

မဂ္ဂနဲ့လိုက် လိုက်တဲ့ အခါကျတော့ အနိစ္စ ဧဟိပဿိကော အနိစ္စနဲ့ အမြဲတမ်းလိုက်၊ သဘောကျပလား (မှန်ပါ့)။

အနိစ္စက (ဧဟိပဿိကော)၊ အနိစ္စက ဧဟိပဿိကော၊ ဧဟိ= လာခဲ့ပါ။ ပဿ= ရှုပါ။ မခေါ်ဘူးလား၊ (ခေါ်ပါတယ် ဘုရား)။ ခင်ဗျားတို့က ဘာနဲ့လိုက်ရမယ်။ (သန္ဒိဋ္ဌိကောနဲ့ လိုက်ရပါမယ်)

သန္ဒိဋ္ဌိကောဆိုတော့ မဂ္ဂင်နဲ့လိုက်၊ သဘောကျပလား(မှန်ပါ့) လိုက်လိုက်တဲ့ အခါကျတော့ ခေါ်တဲ့ဆီကို လိုက်ပေးပါနော် (မှန်ပါ့)။

အနိစ္စကို မဂ္ဂနဲ့လိုက်ပါ

အဲ့ဒီတော့ ခေါ်တာက အနိစ္စ၊ လိုက်တာက (မဂ္ဂ ပါဘုရား)။ ဒါဖြင့် အနိစ္စကို မဂ္ဂနဲ့လိုက်ပါ (မှန်ပါ့)။ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)၊ အနိစ္စ (မဂ္ဂနဲ့လိုက်ပါ)၊ ခေါ်တာက ပါဠိတော် ဘယ်သူပါလိမ့်။ (ဧဟိ ပဿိကော ပါ ဘုရား)၊ အလိုက်သမားက (သန္ဒိဋ္ဌိကောပါ)၊ ဪ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်ပါ။ (မှန်ပါ့)။

ဧဟိပဿိကော ခေါ်ရာကို (သန္ဒိဋ္ဌိကောနဲ့ လိုက်ပါ)၊ သန္ဒိဋ္ဌိကောနဲ့ လိုက်ပါဆိုတာ သဘော ကျပလား။ (မှန်ပါ့)၊ ကဲ လိုက်ခြင်း၏ အကျိုး၊ မလိုက်ခြင်း၏ အပြစ် ကိုတော့ နက်ဖြန်မှ ရှင်းမယ်။

ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

 
မာတိကာသို့