101

မာတိကာ သို့

မသေသေးရင် ချက်ချင်းပြင်ပါ

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၌ ဟောကြားတော်မူသော တရားတော်

မသေသေးရင် ချက်ချင်းပြင်ပါ

အကျိုးစီးပွားကိုအလိုရှိလို့ ဆရာသမားကနေ့တိုင်း လိုပဲ ဒကာ ဒကာမတွေ ဉာဏ်တွေတိုးတက်ပြီးသကာလ သွားအောင် ပြောနေတယ်။

နေ့တိုင်းပဲ ဉာဏ်ထက်အောင်ချည်းပြောနေတယ် ဆိုတဲ့ဥစ္စာ မဂ်ဉာဏ်နားကပ်အောင် ပြောနေတာ (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေ သိစရာကလေး ဒီနေ့ ပြောချင်တာက သာသနာပမှာ ပုထုဇဉ်ဖြစ်ရတာ၊ သာသနာ တွင်းမှာ ပုထုဇဉ်ဖြစ်ရတာ ကျုပ်တို့ ပုထုဇဉ်တွေဖြစ်ခဲ့ကြတယ် ဆိုတာတော့ သေချာနေပြီ (မှန်ပါ့)။

အဲဒီတော့ မူလပဏ္ဏာသပါဠိတော် သမ္မာဒိဋ္ဌိသုတ်မှာ သာသနာတွင်း ကိုယ်ဖြစ်မဖြစ်ကို ယနေ့ချိန်ကြည့်ဖို့ ဘုန်းကြီး က ချိန်ခွင်ကလေးတစ်ခု ပေးလိုက်ပါ့မယ် (မှန်ပါ့)။

အဲဒါ တကယ်လို့ သာသနာတွင်းပုထုဇဉ် မဖြစ် သေးလို့ရှိရင် ဪ တို့သည်ကား လို့ ဆိုလိုရှိရင် ဒိဋ္ဌိမပြုတ်သေးပါကလားလို့ အောက်မေ့ရမယ် (မှန်ပါ့)။

အဲဒီတော့ သေသေချာချာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ပြီးတော့ ေဩာ် သာသနာ တွင်း ဖြစ်အောင် တို့လုပ်မှပဲ၊ ဒါမှ မဂ်ဉာဏ်,ဖိုလ်ဉာဏ် ရတော့ မှာပေါ့၊ နို့မဟုတ်လို့ရှိရင်ဖြင့် တို့ဝမ်းထဲ ငရဲမျိုးစေ့တွေက ပြည့်လို့၊ ဒီမျိုးစေ့တွေကလည်း ပေါက်ပွားလာရင် ငရဲကောင် ကြီးတွေ ပေါက်ပွားလာမယ်ဆိုတာလည်း ဒကာ ဒကာမတွေ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ပုထုဇဉ် နှစ်မျိုး ကစပြီး ပြောပါ့မယ်၊ သာသနာပ ပုထုဇဉ်တစ်မျိုး၊ သာသနာ တွင်း ပုထုဇဉ်တစ်မျိုး၊ ပုထုဇဉ် ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)။

ဒီဘက်က ဘာပါလိမ့် (သာသနာပ ပုထုဇဉ်ပါ ဘုရား) ဒီဘက်က ဘာပါလိမ့် (သာသနာတွင်း ပုထုဇဉ် ပါ ဘုရား) ဒကာ ဒကာမတွေ တို့ဆရာဘုန်းကြီး တို့ကိုဖြင့် အရေးတကြီး ကယ်တင်နေတယ်ဆိုတာကိုလည်း စိတ်ထဲကထားပြီးသကာလ တရားနာပါ (မှန်ပါ့)။

သေမှာက နေ့လားညလား

တို့ကို အရေးတကြီး ကယ်တင်နေတယ်ဆိုတော့ ဘယ့်နှယ်ကြောင့် ဘုန်းကြီးက ဒါလောက်အရေးကြီးရတာ တုံး၊ အို မနေ့ကပြောခဲ့ပြီ သေမှာက နေ့လားညလား မသိကြဘူး (မှန်ပါ့) သိကြရဲ့လား (မသိပါ ဘုရား)။

အဲဒီတော့ အရေးတကြီး ကယ်တင်ရတယ် ဆိုတဲ့ စကား သုံးထိုက်, မသုံးထိုက် (သုံးထိုက်ပါတယ် ဘုရား)။

အရေးတကြီး ကယ်တင်နေတော့ ဒကာ ဒကာမတွေ က ေဩာ် တို့ကို ဘာဖြစ်စေချင် သတုံးဆိုတော့ သာသနာ တွင်း ဖြစ်စေချင်တယ်ဆိုတာကို မှတ်ထားရမယ်၊ (မှန်ပါ့) ကောင်းပြီ သာသနာပ ပုထုဇဉ်တစ်မျိုး၊ သာသနာတွင်း ပုထုဇဉ်တစ်မျိုး တဲ့၊ ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုး ပါ ဘုရား)။

နှစ်မျိုးလုံး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထား ကြပါ (မှန်ပါ့) ဒီဘက်က ဘာပါလိမ့် (သာသနာပ ပုထုဇဉ်ပါ) ဒီဘက်က ဘာပါလိမ့် (သာသနာတွင်း ပုထုဇဉ်ပါ ဘုရား)။

ကောင်းပြီ ဒကာ ဒကာမတွေ ဒီနှစ်မျိုးကို မှတ် ထားတော့ သာသနာပ ပုထုဇဉ်က လှူမယ်, တန်းမယ်, ပေးမယ်, ကမ်းမယ်, ကောင်းတာလုပ် ကောင်းကျိုးပေးတာပဲ ငါလုပ် ငါရတာပဲလို့ ဒါလောက်ကလေး ဉာဏ်ရှိတယ်၊ကုသိုလ်လုပ်ရင် ငါရတာပဲ၊ ငါအကုသိုလ်လုပ်ရင် ငါခံရ မှာပဲလို့ ဒီလိုသိတဲ့ ပုထုဇဉ်ဟာ တဲ့ ဒကာ ဒကာမတို့ သာသနာပ ပုထုဇဉ် (မှန်ပါ့) ကိုစောမောင် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သာသနာပ ပုထုဇဉ်

ကုသိုလ်လည်း ငါလုပ်ရင် ငါရမှာပဲ၊ အကုသိုလ် လည်း ငါလုပ်ရင် ငါခံရမှာပဲ၊ ဤမျှလောက်သိတဲ့ ကမ္မဿ ကတဉာဏ်ကလေးမျှလောက်သိတဲ့ ပုထုဇဉ်ကို ဘာခေါ်ကြ မယ် (သာသနာပ ပုထုဇဉ်ပါ ဘုရား)။

သေသေချာချာမှတ်ပါ, သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့၊ ဪ ကံ, ကံ၏အကျိုးကို ယုံကြည်ပြီး သကာလ လှူကြ, တန်းကြ, ပေးကြ, ကမ်းကြ အပါယ် သွားကြောင်းဖြစ်တဲ့ တရားတွေကို မကောင်းတာလုပ်ရင် မတော်ဘူးဟေ့ မကောင်းတာလုပ်ရင် အပါယ်လေးပါး သွားရတယ်လို့ ဒါလောက်မျှသိနေတဲ့ ပုထုဇဉ်ကို ဘယ်လို ဆိုကြမယ် (သာသနာပ ပုထုဇဉ်ပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့က လည်း သာသနာတွင်းလူဖြစ်ပြီးသကာလ လာကြတော့ သာသနာတွင်းသာ ဖြစ်နေတယ်၊ သာသနာတွင်း ဉာဏ်ရပ လားလို့ မေးခွန်းထုတ်ပြန်တော့လည်း ဆရာကောင်း သမား ကောင်းနဲ့ အမျိုးမျိုး အဖုံဖုံ တိုက်တွန်းနှိုးဆော်ပြီး ကိုယ့်ဟာ ကိုယ် ကိုယ့်အကျိုး ကိုယ်သိပြီးသကာလ လုပ်မှသာလျှင် လည်း သာသနာတွင်း ပုထုဇဉ်က မောင်နိုင်တို့ ကိုစောမောင် တို့ ဖြစ်ကြရမှာကိုး (မှန်ပါ့)။

မွေးတာကလည်း အတူတူ ဖြစ်နေကြတယ်နော် (မှန်ပါ့) အမိဝမ်းခေါင်းထဲက မွေးကြတာ (အတူတူပါ ဘုရား) ပုထုဇဉ်ချည်း မွေးလာကြတယ် (မှန်ပါ့)။

သာသနာတွင်းပုထုဇဉ်

ကဲ ဒါဖြင့် သာသနာတွင်း ပုထုဇဉ်ကတော့ ကောင်းတာလုပ်, ကောင်းတာ အကျိုးပေးတယ်၊ မကောင်း တာလုပ် မကောင်းကျိုးပေးတယ်ဆိုတဲ့ ကမ္မဿကတဉာဏ် ရော (မှန်ပါ့)။

သစ္စအနုလောမိက ဉာဏ်ရော ရှိတယ် (မှန်ပါ့) သူကနှစ်ဉာဏ်ပေါ့ဗျာ (မှန်ပါ့)။

သေသေချာချာမှတ်ကြပါ ဒကာ ဒကာမတို့ ချိန်ခွင်ပေးတယ်နော် (မှန်ပါ့) ချိန်ခွင်ပေးပြီ၊ ဪ တို့သည် ဒီနှစ်စား ဘယ်အစားထဲကတုံးဆိုတာ ကိုယ့်ဟာ ကိုယ် ချိန်နိုင်အောင်လို့ ချိန်ခွင်ပေးနေတယ်လို့ မှတ်စမ်း ပါ (မှန်ပါ့)။

သာသနာတွင်း ပုထုဇဉ်ကတော့ ဒကာ ဒကာမတို့ ပေးလည်းပေးကမ်းတယ်၊ ကမ္မဿကတဉာဏ်လည်းရှိတာပဲ (မှန်ပါ့) ခန္ဓာကိုယ်ကြီး ဖြစ်ပျက်ရှုတဲ့ ဝိပဿနာဉာဏ် လည်းရှိတယ်၊ အဲဒါသာသနာတွင်း ပုထုဇဉ်ပါ (မှန်ပါ့)။

သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့ သေသေ ချာချာမှတ်ပါ။ ဒါဖြင့် သာသနာတွင်း ပုထုဇဉ်က လှူမှု၊ ပေးမှု၊ ကမ်းမှုလည်းရှိတယ် (မှန်ပါ့)။

ဝိပဿနာအလုပ်လည်း လုပ်တယ်၊ အဲဒါ ဘာခေါ် ကြမလဲ (သာသနာတွင်း ပုထုဇဉ်ပါ) သာသနာတွင်း ပုထုဇဉ်က နှစ်ဉာဏ်ပါတယ်နော် (မှန်ပါ့)။

သာသနာတွင်းကနှစ်ဉာဏ်

ဒီကတော့ တစ် ဉာဏ်တည်းပါတယ်၊ ဒီက ကမ္မဿကတဉာဏ်၊ ကံ, ကံ၏အကျိုး ယုံကြည်တဲ့ဉာဏ် ကစ်လုံးတည်း ပါတယ် သာသနာပ ပုထုဇဉ်က (မှန်ပါ့)။

သာသနာတွင်း ပုထုဇဉ်ကတော့ ကံ, ကံ၏ အကျိုး ယုံကြည်တဲ့ဉာဏ်လည်း သူ့မှာရှိတယ်၊ သစ္စာနဲ့လျော်အောင် ဖြစ်ပျက်မြင်တဲ့ဉာဏ်လည်း သူ့မှာရှိတယ် (မှန်ပါ့)။

ဤဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်မှ သာသနာတွင်းလို့ ကိုယ်ကိုယ် ကို ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)

ဒါဖြင့် ဒကာ ဒကာမတို့ တစ်ဉာဏ်ရှိတာနဲ့ နှစ်ဉာဏ်ရှိတာကွာတယ် (မှန်ပါ့)။

သာသနာပပုထုဇဉ်ကတော့ (တစ်ဉာဏ်ရှိပါ တယ် ဘု ရား) သာသနာတွင်း ပုထုဇဉ်ကတော့ (နှစ်ဉာဏ်ရှိပါတယ် ဘုရား) ကမ္မဿကတဉာဏ်ရယ်၊ သစ္စ အနုလောမိကဉာဏ်ရယ် နှစ်ဉာဏ်ရှိတယ်လို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)။

မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား) သာသနာပ ပုထုဇဉ်ကတော့ (တစ်ဉာဏ်ရှိပါတယ်) တာဉာဏ်ပါလိမ့် (ကမ္မဿကတဉာဏ်ပါ ဘုရား) ကံ, ကံ၏အကျိုးယုံကြည်တဲ့ ဉာဏ်ပဲ ဒီတစ်ဉာဏ်ပဲရှိတယ် (မှန်ပါ့)။

သာသနာတွင်း ပုထုဇဉ်ကတော့ ကမ္မဿကတ ဉာဏ်ရယ်, ဖြစ်ပျက်ရှုနိုင်တဲ့ သစ္စအနုလောမိကဉာဏ်ရယ်, နှစ်ဉာဏ်ရှိတယ် (မှန်ပါ့) ကိုစောမောင် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ မူလပဏ္ဏာသ ပါဠိတော်မှာ သမ္မာဒိဋ္ဌိသုတ် အဋ္ဌကထာကလည်း ဒီအတိုင်းဖွင့်လို့ ရှင်းနေအောင် ပြောတော့ ဪတို့သည်ကား အလုပ် မလုပ်ရသေးလို့ရှိရင် ဖြစ်ပျက် အနိစ္စအလုပ်ကို မလုပ်ရသေး၊ ဒုက္ခ, အနတ္တအလုပ်ကို မလုပ်ရသေးလို့ရှိရင် သာသနာ ၂၅၀၀ ခပ်လျော့လျော့ ကျန်ပြီး နေငြားသော်လည်း သာသနာပ ပုထုဇဉ်လို ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (သာသနာပ ပုထုဇဉ်လို့ ဆုံးဖြတ်ချက်ချရပါမယ်) ကိုင်း သာသနာရှိ, မရှိ ကို ကိုယ့်အကြောင်းကို ကိုယ်သိကြရောပေါ့ (မှန်ပါ့) မသိကြသေးဘူးလား (သိပါပြီ ဘုရား)။

သာသနာပ ပုထုဇဉ်ကတော့ ဘယ်နှစ်ဉာဏ်တဲ့ ၊ (တစ်ဉာဏ်ပါ ဘုရား) ဘာဉာဏ်ပါလိမ့် (ကမ္မဿကတ ဉာဏ်ပါ) ကောင်းတာလုပ် ကောင်းကျိုးပေးတယ်ကွ၊ မကောင်းတာလုပ်တာ မရှိဘူးကွ၊ ငါ့မှာ ကောင်းကျိုးပေးစရာ မရှိဘူး၊ ငါ့မှာ ဘာလုပ်စရာမှ မလိုဘူးဆိုတာ ဒါဘာခေါ်ကြမယ် (သာသနာပ ပုထုဇဉ်ပါ) သူ့မှာလုပ်စရာ ရှိနေ တာကို သူမသိဘူး (မှန်ပါ့)။

သာသနာတွင်း ပုထုဇဉ်ကတော့ ဒကာ ဒကာမတို့ အခုအထဲမှာပဲ ကိုယ့်ဟာကိုယ် ဝေဖန်နော် (မှန်ပါ့) လှူမှု, တန်းမှု, ပေးမှု, ကမ်းမှုဆိုတဲ့ ကောင်းတာလုပ်ကောင်းကျိုးပေးတယ်၊ မကောင်းတာလုပ် မကောင်းကျိုး ပေးတယ်ဆိုတဲ့ သိတဲ့ဉာဏ်လည်း သူ့မှာ ၁-နံပါတ်ရှိ တယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ကိုရှုတဲ့ ဒုက္ခသစ္စာကို လျော်အောင်မြင်နိုင်တဲ့ ဖြစ်ပျက်မြင်တဲ့ ဉာဏ်လည်းရှိတယ် (မှန်ပါ့ ဘုရား) ဒါက ဘာပါလိမ့် (သာသနာတွင်း ပုထုဇဉ်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဘာထူးသတုံး

နို့ – ဘာထူးသတုံးဘုရား, လို့ဆိုတော့ ဟာ တစ်ဉာဏ်ရှိတာနဲ့ နှစ်ဉာဏ်ရှိတာ ထူးတယ်လို့ မှတ်လိုက် (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (တစ်ဉာဏ်ရှိတာနဲ့ နှစ်ဉာဏ်ရှိတာ ထူးပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် အလုပ်မှ မလုပ်သေးလို့ (ဝါ) ဖြည်း ဖြည်းမှပဲဆိုပြီးသကာလနေတဲ့ ပုဂ္ဂိုလ်မှာ သူ့ကို ဘယ်အထဲ သွင်းကြမလဲ, (သာသနာပထဲ သွင်းပါတယ်) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် သာသနာပ ပုထုဇဉ်ဆိုလို့ရှိရင်ဖြင့် ဘယ်လို ဆုံးဖြတ်ချက်ချပေးရမလဲလို့ မေးဖို့လိုတယ် (လိုပါတယ်) လိုလာတော့ နားကြီးကြီးနဲ့ ထောင်လိုက်ပါ သတိပေး လိုက်တယ်နော်, နားကြီးကြီးနဲ့ ထောင်ပါလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို သတိပေးလိုက်တယ်။

ဉာဏ်ထက်စေချင်လွန်းလို့ ကယ်တင်တာ

ဒီတရား မသေးဘူးနော်, ဦးဘကလေး ဒီတရား အင်မတန်ကြီးတဲ့တရားတွေလို့ မှတ်ပါ (မှန်ပါ့ ဘုရား) ဉာဏ်ထက်စေချင်လွန်းလို့ကယ်တင်ပါတယ်လို့ဆိုတာကိုလည်း မူလက ပြောခဲ့ပါပြီ (မှန်ပါ့) မပြောခဲ့ဘူးလား (ပြောခဲ့ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် သာသနာပ ပုထုဇဉ်မှာတဲ့ ငါလုပ် ရင်ငါရတာပဲ၊ ငါမလုပ်လို့ရှိရင် ငါမရတာပဲဆိုတာက သူ့မှာ ကမ္မဿကတဉာဏ်က ရှိမနေဘူးလား (ရှိပါတယ်) ဒိဋ္ဌိပူးနေတယ် (မှန်ပါ့) ဒိဋ္ဌိကပ်မနေဘူးလား (ကပ်နေပါတယ် ဘုရား)။

ငါ စေတနာကောင်းရင် ငါ ရတာပဲကွ၊ ငါ စေတနာ မကောင်းရင် ငါမရတာပဲကွ ဆိုတဲ့ ဒီက ငါ ပြုတ်သေးရဲ့ လား (မပြုတ်ပါ ဘုရား) မပြုတ်တော့ သူလှူဒါန်း ပေးကမ်း သူလုပ်နေတဲ့ အလုပ်တွေဟူသရွေ့မှာ ဒိဌိမပြုတ် ဘူး (မှန်ပါ့)။

ဒိဋ္ဌိမပြုတ်လို့ ငရဲမျိုးစေ့ရှိတယ်

ဒိဋ္ဌိမပြုတ်တဲ့ အတွက် သူ့မှာ အပါယ်လေးပါး ငရဲမျိုးစေ့ သူ့ဝမ်းထဲမှာရှိတယ်၊ သာသနာပ ပုထုဇဉ်မှာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဒါလောက်ဆိုရင်လည်း ဆရာဘုန်းကြီးရှင်းပေးတာနဲ့တော့ ေဩာ် တို့သည် ကားလို့ ဆိုလို့ရှိရင်ဖြင့် တို့နဂိုက စိတ်ထားမွန်မြတ်လှပြီလို့ အောက်မေ့နေခဲ့တဲ့ဥစ္စာ ဒိဋ္ဌိတန်းလန်းကြီးနဲ့ ပါလားဆိုတာ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။

ဘယ်လိုပေါ်လာသတုံး (ဒိဋ္ဌိတန်းလန်းကြီး ပေါ်လာပါတယ်) ဒိဋ္ဌိတန်းလန်းနဲ့ ဆိုလို့ရှိရင်ဖြင့် ကောင်းတာ လုပ်, ကောင်းကျိုးတော့ပေးတာပဲ၊ မကောင်းတာလုပ် မကောင်းကျိုးပေးတာပဲ သိလောက်တဲ့ ကမ္မဿကတဉာဏ် က ဒိဋ္ဌိကိုမခွာနိုင်တဲ့အတွက် ဒကာ ဒကာမတို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို မရနိုင်ဘူး (မှန်ပါ့) သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

ဘုန်းကြီးကယ်တင်နေတာ

သေသေချာချာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အမေမိဘ ဆွေမျိုးညာတကာ မတော်ဘူးသူ မည်သည် မရှိလို့ ဒါလောက်ပဲ ကယ်တင်နေတယ်ဆိုတာတော့ဖြင့် စူးစူး စိုက်စိုက်ယုံကြည်တော့ ဆိုတဲ့ဥစ္စာ သေသေချာချာ သတိပေးပါတယ် (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီအကြောင်းကို ပြောရသဖြင့် ဒါ ရင်းရင်းနှီးနှီး ဉာဏ်ထက်အောင်လို့လဲ ပြောနေတယ်ဆိုတဲ့ဥစ္စာကိုလည်း မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

သစ္စာနဲ့လျော်တဲ့ဉာဏ်

သာသနာတွင်း ပုထုဇဉ်ဖြစ်ရတာ ကောင်းတာလုပ် ကောင်းကျိုးပေးတယ်၊ မကောင်းတာလုပ် မကောင်းကျိုး ပေးတယ်ဆိုတာသူလည်း ကမ္မဿကတဉာဏ်လည်းရှိတယ်။ နောက်ကျတော့ သစ္စာနဲ့လျော်တဲ့ဉာဏ်ကလေး သူတိုးလိုက် ပြန်တယ် (မှန်ပါ့) ဪ ဒီခန္ဓာကြီးဟာ ဆရာ သမားကောင်းဆီက နည်းယူပြီးသကာလ ခဏခဏ ပျက်နေ တဲ့ အနိစ္စတရားကြီးပါလားလို့ ဒီဉာဏ်ကလေးကတိုးတယ် (မှန်ပါ့) ဒီဉာဏ်ကို သစ္စအနုလောမိက ဉာဏ်ကဖြုတ်ချ လိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ငရဲမျိုးစေ့မရတော့ဘူး

ဒိဋ္ဌိမဖြုတ်တဲ့ဉာဏ်ကို (သစ္စအနုလောမိက ဉာဏ်ကဖြုတ်ချလိုက်ပါတယ်) သစ္စအနုလောမိက ဉာဏ်က ဖြုတ်ချလိုက်တော့ သူ့ကို ဘုန်းကြီးရှင်းပြပါမယ် အပါယ်သွား စေတတ်တဲ့ ငရဲမျိုးစေ့ မရှိတော့ဘူး (မှန်ပါ့) သူက ဒီဘဝ သစ္စအနုလောမိကဉာဏ်နဲ့ သစ္စာကို သိလို့ရှိရင်လည်း သူ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာကျအောင် သွားမယ် (မှန်ပါ့)။

အကယ်၍ ဒီဘဝမှာ ဖြစ်ပျက်မြင်ရုံနဲ့ပဲ သူသေသွား တယ် ဆိုလို့ရှိရင်လည်း သုဂတိခုနစ်ဘဝမှာ လမ်းဆုံးပါတယ်။ သုဂတိခုနစ်ဘဝဆိုရင် ရဟန္တာဖြစ်မယ် (မှန်ပါ့) အင်မတန်အားရှိစရာကောင်းတယ် သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြောရ တယ်၊ မပြောရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ လမ်းပြ အင်မတန်လိုပါတယ်ဆိုတာတော့ သေချာပါပြီ (သေချာ ပါပြီ ဘုရား)။

လမ်းပြဟာ အမျိုးမျိုးအဖုံဖုံ လမ်းပြတွေလည်းရှိ တယ်၊ ဆိုင်းဘုတ်တွေတပ်ပြီး သကာလ တချို့နေရာလေး လမ်းပြရှိတယ်၊ လမ်းဆုံးပြရှိတယ်ဆိုတဲ့ မြို့ကြီးတွေကျတော့ ပျဉ်ပြားတွေ ရိုက်ရိုက်ပြီး ပြထားတာတွေ မရှိဘူးလား (ရှိပါတယ် ဘုရား)

အဲဒီမှာ အပြမကောင်းရင် မောင်းမိမောင်းရာ မောင်းမယ်ကားတွေ (မှန်ပါ့) မောင်းမိမောင်းရာ မောင်းမယ်ဆိုလို့ရှိရင် ကိုယ်လိုချင်တဲ့ဆီတော့ မရောက်ပေ ဘူး (မှန်ပါ့) ဒါဖြင့် ဒီလမ်းပြဟာ အင်မတန်အရေး ကြီးတယ်ဆိုတာ ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။

လမ်းပြဆရာကောင်းကပြတာ

အဲဒါကြောင့် အခု လမ်းပြဆရာကောင်းက ဒကာ ဒကာမတို့မှာ ကမ္မဿကတဉာဏ် လည်းရှိတယ်၊ သစ္စ အနုလောမိကဉာဏ်ဆိုတဲ့ ဖြစ်ပျက်သိတဲ့အလုပ်တရား၊ ခန္ဓာ တရား၊ ဖြစ်ပျက်ဆိုတာ ကိုယ့်လက်ညှိုးကလေးနဲ့ ကိုယ့်ခန္ဓာ ကိုယ်ခြစ်ကြည့်၊ ေဩာ် ဒီနာတဲ့စိတ်ကလေး ပေါ်လာ တယ် ေဩာ် ယားတဲ့စိတ်ကလေး ပျောက်သွားတယ် ဆိုတာ လူတိုင်းသိတယ် (မှန်ပါ့)။

ဒါ ဝေဒနာက္ခန္ဓာရဲ့ ဖြစ်ပျက်ကိုသိနေတာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) နာတဲ့ စိတ်ကလေးပေါ်လာတယ်၊ နာတဲ့စိတ်ကလေး ပျောက်သွား တယ် (မှန်ပါ့)။

နာတဲ့စိတ်ကလေးပေါ်လာပြီ၊ ဘာဖြစ်သွားသတုံး (ပျောက်သွားပါတယ်) နာနေတာကလေးက ဒုက္ခဝေဒနာ ဖြစ်ပျက်၊ ပျောက်လာတာက သုခဝေဒနာ ပေါ်လာတာ ဆိုတော့ ဒီလိုကလေးကနေပြီး စ,ပြီးသိလို့ရှိရင် ဒါဟာသစ္စအနု လောမိကဉာဏ်ပဲ (မှန်ပါ့)။

သူ ဟာဒီဘဝရင်လည်း မဂ်ရသွားမယ်၊ မရလို့ရှိရင်လည်း သုဂတိသွားပြီး ခုနစ်ဘဝနဲ့ ကိစ္စပြီးမယ်၊ အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ကမ္မဿကတဉာဏ်လည်း ရှိပြီးသား၊ ကောင်းတာလုပ် ကောင်းကျိုးပေးတယ်၊ မကောင်း တာလုပ်ရင် မကောင်းကျိုးပေးတယ်ဆိုတာ နဂိုက မိဘရိုးရာ က ရှိလာခဲ့ကြတယ် (ရှိပါတယ် ဘုရား)။

ဝမ်းသာပြီးသားပါ ဘုန်းကြီးက ဒီဉာဏ်ရှိရင် ငါဘာကယ်တင်ရမှာတုံးဆိုတော့ သစ္စာနဲ့လျော်တဲ့ ဉာဏ် ကလေးတစ်ခု ဘုန်းကြီးက တိုးပေးရမယ် (မှန်ပါ့)။

တိုးပေးလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေလည်း ခန္ဓာကိုယ် ကြည့်လိုက်တဲ့အခါကျတော့ ဥပမာ လေကလေး ထုတ်တဲ့စိတ်ဟာ ထုတ်ပြီးရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိလို့ ပြန်ရှိုက်တဲ့စိတ် ပေါ်လာတာပေါ့ (မှန်ပါ့)။

ဪ ဒါဖြင့် ထုတ်တဲ့စိတ်ပျက်ပေါ့ တစ်ခါပြန် ထုတ်ပြန်တော့ ရှိုက်တဲ့စိတ် ရှိသေးရဲ့ လား (မရှိပါ ဘုရား) မရှိတာသည်ကား လို့ ဆိုလို့ရှိရင်ဖြင့် ဒါဖြစ်ပျက် ဒုက္ခသစ္စာပဲ (မှန်ပါ့ ဘုရား)။

ဒီလိုဉာဏ်နဲ့ မှန်းပြီးကြည့်လိုက်တဲ့အခါကျတော့ ဉာဏ်အမြင်ဆိုတာသည် ဒကာ ဒကာမတို့ မျက်စိအမြင်ထက် အဖိုးတန်တယ် (မှန်ပါ့)။

အရှင်ဘုရားက ပြောတော့ အလွယ်ကလေး တပည့် တော်ကာ မမြင်ဘူးဘုရား၊ လေထုတ်တဲ့စိတ်ကလေးဟာ လည်း လေအပြင်ဘက်မရောက်ခင် ဖြစ်ပြီးပျက်ပါတယ်၊ လေရှိုက် အိတ်ကလေးဟာလည်း လေတောင် အတွင်းမရောက်သေးဘူး သူကဖြစ်ပြီးပျက်နှင့်ပါပြီဆိုတော့ အရှင်ဘုရားပြောတာ အလွယ်ကလေးရယ်, တပည့်တော်တို့ကြည့်တော့ မမြင်ဘူး ဆိုတော့ မျက်လုံးနဲ့ ကြည့်လို့ပြောတာ၊ ဉာဏ်နဲ့ကြည့်တော့ ဟုတ်သားပဲ လိုက်မှာပဲ (မှန်ပါ့ ဘုရား)။

ဉာဏ်နဲ့ကြည့်တော့ (ဟုတ်သားပဲ လိုက်မှာပါပဲ ဘုရား) အဲဒီတော့ ဉာဏ်အမြင်နဲ့ မျက်မြင်ဟာ ဒကာ ဒကာမ တို့ဉာဏ်မြင်က နိဗ္ဗာန်လို့မှတ် (မှန်ပါ) ဉာဏ်မြင်မှ (နိဗ္ဗာန်သွားပါတယ် ဘုရား) သေသေချာချာမှတ်ပါ (မှန်ပါ့)။

နိဗ္ဗာန်သွားတာ မဂ္ဂင်တရား၊ မဂ္ဂင်ဆိုတာက သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိဆိုတာ စာလိုသုံးလို့ စင်စစ်ဉာဏ်ဆိုတော့ ဘုန်းကြီး တို့ ဒကာ ဒကာမတွေ အားငယ်စရာရှိရဲ့လား (မရှိ ပါဘူး ဘုရား)။

အဲဒါ-ဒီဖြစ်ပျက်မြင်တဲ့ ဉာဏ်ဟာ နောက်နွေခါကျ လာတော့ မောင်နိုင်ရေ ဈေးတွေမှာ ဖရဲသီးတွေ မတွေ့ကြ ဘူးလား (တွေ့ပါတယ် ဘုရား)။

ဖရဲသီး ဥပမာ

ဒီအတိုင်းကြည့်လိုက်ရင် ဖရဲသီး အစိမ်းပဲ၊ အတွင်းကို ခင်ဗျားတို့ဉာဏ်နဲ့သာကြည့် ဒီဖရဲသီးဟာ,တော်တော်နီမည့် ဖရဲသီးဆိုတာသိတယ် (မှန်ပါ့)။

အဲဒါမျက်မြင်ကျတော့ အခွံစိမ်းကြီးပဲ (မှန်ပါ့) ဉာဏ်မြင်ကတော့ အတွင်းမှာဖြင့် ပုတ်ပက်ကြည့်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် အသားတွေက နီနေလိမ့်မယ်၊ ဖရဲသီး ထုံးစံအတိုင်း အစေ့တွေလည်း မည်းနေလိမ့်မယ်ဆိုတာ ဉာဏ် အမြင်က ထိုးထွင်းသိတယ် (မှန်ပါ့) မျက်မြင်ကတော့ အပေါ်က စိမ်းနေတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဉာဏ်အမြင်ကထိုးထွင်းသိတယ်

ဒါဖြင့် မျက်မြင်နဲ့ ဉာဏ်မြင်သည် ဘယ်သူက ထိုးထွင်းသိသလဲ (ဉာဏ်အမြင်က ထိုးထွင်သိပါတယ်) အဲဒီ လို အတွင်းမှာ အစေ့မည်းရှိတယ်လို့ သိသလိုသိရင် ဘုန်းကြီး တို့က ဒါဟာသစ္စအနုလောမိကဉာဏ်ဖြစ်ပါပြီလို့ ဘုန်းကြီး တို့ ဒကာ ဒကာမတွေကို သေသေချာချာမှာပါတယ် (မှန်ပါ့)။

ဒီလိုမှာလို့ ဒီအတိုင်းသာ ပျော် ပျက်သွားပြီ၊ ဪ ပျက်သွားပြီလို့ သိ, သိနေလို့ရှိရင်ဖြင့် ဒါသစ္စ အနုလောမိကဉာဏ် ရသောကြောင့် ဒီဘဝသော် လည်းကောင်း မဂ်ဆိုက်ပါလိမ့်မယ် (မှန်ပါ့) အပါယ်လေးပါး တံခါးပိတ်လိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒုတိယဘဝမှာသောတာပန်

ဒီဘဝ မပိတ်လို့ ဒီဉာဏ်နဲ့ သေသွားလို့ ရှိရင်လည်း မပူပါနဲ့ဆိုတာ ဘုန်းကြီးက ရဲဝံ့စွာပဲ အားပေးပါတယ် (မှန်ပါ့) ဒုတိယဘဝမှာ သောတာပန်တည်၊သဘောကျပလား (ကျပါပြီ ဘုရား) ဒုတိယဘဝဆိုတာ ဒီဘဝကသေပြီး နတ်ပြည်ရောက် တော့မှာကိုး နတ်၏ ရင်ခွင်ထဲ ရောက်ခါရှိသေးတယ် ဒီဉာဏ်သွားပေါ်တယ်၊ ဒီဖြစ်ပျက်မြင်တဲ့ ဉာဏ်ကလာပေါ် တယ် (မှန်ပါ့ ဘုရား) နတ်ပြည်ရောက်တာ မသိသေးဘူး၊ သောတာပန်က အရင်တည်တယ်လို့ အင်္ဂုတ္တိုရ် ပါဠိတော်မှာ ကိုယ်တော်တိုင် ဟောထားတယ် (မှန်ပါ)။

သစ္စာနုလောမိကဉာဏ် ဘယ်လောက် ကျေးဇူးများ သလဲဆိုတာ ကိုစောမောင် ပေါ်ရောပေါ့ (ပေါ်ပါပြီ ဘုရား) ကဲ ဦးပြန့်တို့ ဦးမူတို့ အားငယ်စရာများရှိ သလား (မရှိပါ ဘုရား)။

တပည့်တော်တို့ဘုရား အရှင်ဘုရားဆီမှာ နည်းယူပြီး လုပ်နေတာ ဖြစ်ပျက်မြင်သေးတယ်၊ အို ဖြစ်ပျက်မြင်ရင် မပူနဲ့တော့ ကိုစောမောင် (မှန်ပါ့)။

ဖြစ်တာနဲ့ ပျက်တာကလေးမြင်ရင် မပူနဲ့တော့ ဟာ အဖြစ်မမြင်ဘူးဘုရား အပျက်ချည်း မြင်တယ်၊ သာပြီးမပူနဲ့တော့၊ အားကြီးတဲ့ ဝိပဿနာ ဖြစ်လာပြီ၊ ဘာမှ မပူနဲ့ဆိုတာ ဘုန်းကြီးက တာဝန်ခံပါတယ် (မှန်ပါ့)။

ဒါကလေးမှ မဖြည့်စွက်ကြဘူး ဆိုရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သာသနာပ ပုထုဇဉ် ဧကန်ဖြစ်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ပြင်ချိန် ဆင်ချိန်ကလေးလည်း ကျန်ပါသေး တယ် (မှန်ပါ့) ကျန်သေးတယ် မဟုတ်လား (ကျန်ပါ တယ် ဘုရား) ကိုယ့်အသက်တမ်းကလေး ကြည့်လိုက်တော့ လေ (မှန်ပါ့ ဘုရား) နက်ဖြန်သဘက်တော့ ဖြုန်းခနဲ မသေ သေးရင် ချက်ချင်းပြင်လိုက် (မှန်ပါ့)

မသေသေးရင် ချက်ချင်းပြင်ပါ

ဒကာ ဒကာမတွေ ဘယ်လိုစိတ်ကူးကြမယ် (နက်ဖြန် သဘက် မသေသေးရင် ချက်ချင်းပြင်ရပါမယ်) နက်ဖြန်သဘက်မသေသေးရင် ချက်ချင်းပြင်ပါဆိုတာ ကလေးဟာ သာသနာတွင်း ချက်ချင်း ဝင်လိုက်ပါပြောတာ (မှန်ပါ့) သာသနာတွင်း မဝင်လိုက်လို့ရှိရင်ဖြင့် ကမ္မဿကတ ဉာဏ်လောက်နဲ့တော့ သုဂတိရောက်တော့ ရောက်မှာပဲ၊ ဒိဋ္ဌိ က ပါသွားလို့ ထိုးကျပါလိမ့်ဦးမယ်လို့ သတိပေးလိုက်တယ် (မှန်ပါ့)။

ဥပမာကို ရှင်းအောင်ပြကြပါဦးစို့ဆိုတာ ဒကာ ဒကာမတွေ ခွေးသေ, နွားသေ လိုက်စားနေတဲ့ လင်းတ ဆိုတာ မြင်ဖူးကြပါလိမ့်မယ် (မှန်ပါ့) ငှက်ထဲမှာ တော်တော် အကောင်ကြီးတဲ့ သတ္တဝါ ဆိုတာရောသိကြပါပြီလား (မှန်ပါ့)။

အဲဒါ အဆိပ်လူးတဲ့ မြားကလေးနဲ့ သွေးစို့ ရုံကလေးမှန်ရုံကလေး မှန်အောင်ပစ်ပါ တဲ့၊ သွေးစို့ရုံနဲ့သူသည်ကား လို့ဆိုရင်ဖြင့် အကောင်ကြီးတဲ့အတွက် ဒကာ ဒကာမတို့ ကောင်းကင်တော့ ပျံသွားမှာပဲ (ပျံ မှာ ပါပဲ ဘုရား) မပျံပေဘူးလား (ပျံပါတယ် ဘုရား)။

အဆိပ်ပျံ့ရင်အောက်ကျမယ်

သို့သော် အရင်လို ပျံနိုင်ပါ့မလား၊ အဆိပ် မတက်ခင်ဘဲလားဆိုတာ ဆုံးဖြတ်ချက်ချ (အဆိပ် မတက်ခင်ပါ ဘုရား) အဆိပ်က ပါသွားပြီကိုးဗျ (မှန်ပါ့) ပျံ တော့ပျံတက်သွားတာပဲ၊ အဲဒီအဆိပ်က ပျံ့နှံ့လာတဲ့ တစ်နေ့ကျရင်ဖြင့် အောက်ကို ဝုန်းခနဲကျမယ် (မှန်ပါ့)။

ဘာ့ကြောင့်တုံး လို့ မေးခွန်းထုတ်လို့ရှိရင် အဆိပ်ပါသွားလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီမှာလည်း တဲ့၊ သစ္စအနုလောမိက, သမ္မာဒိဋ္ဌိ ဆိုတဲ့ ဖြစ်ပျက်မြင်တဲ့ သမ္မာဒိဋ္ဌိ ပါမသွားဘဲနဲ့ သုဂတိရောက်ခဲ့သော် ဒီ ၁-နံပါတ် ပုဂ္ဂိုလ်ဟာ အဆိပ်ပါသွားတယ်တဲ့။ ဒိဋ္ဌိ အဆိပ်ပါသွားတယ်၊ ပြန်ကျရမယ် (မှန်ပါ့) သဘော ပါကြပလား (ပါ,ပါပြီ ဘုရား)။

ဪ တော်တော် အရေးကြီးပါလားဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) သာမညပြောနေတာလား ဒကာ ဒကာမတို့ ယခုဟာ လေးလေး စားစား ပြောနေတာလား သတိထား (လေးလေး စားစား ပြောနေတာပါ ဘုရား)။

ဒီအဆိပ်ကိုဖျောက်ပစ်ပါ။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အဲဒီဒိဋ္ဌိကလေး ကို ဖြစ်ပျက်မြင်တဲ့ သစ္စာကျေးဇူးပြုမည့် ဉာဏ်ကလေးနဲ့ဖြင့် ဒီအဆိပ်ကလေးတော့ ဖျောက်ပစ်ပါ၊ တက်သွားရင်မကျ အောင်လို့ ဘုရားက ဟောတယ် (မှန်ပါ့) ကိုစောမောင်, ဟောထိုက်, မဟောထိုက် (ဟောလိုက်ပါတယ် ဘုရား)။

မဟာကရုဏာတော်ရှင် ဆိုတော့ ပြောဖို့လိုသေး သလား (မလိုပါ ဘုရား) ရင်ဝယ်သားကဲ့သို့ သနားတယ်၊ ရာဟုလာနဲ့ ကျန်တဲ့ပုဂ္ဂိုလ်တွေနဲ့ တစ်ထပ်တည်း ထားနိုင် တယ် (မှန်ပါ့)။

အဲဒီလို ပုဂ္ဂိုလ်က ပြောတာဖြစ်နေတော့ ကိုယ်တော် ကြီးက လောကွတ်ချော်တယ်လို့ ဒကာ ဒကာမတွေက မဆို ပါနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သနားလွန်းလို့လောကွတ်ချော်တာလား၊ သနားလွန်းလို့လား (သနားလွန်းလို့ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် သာသနာတွင်းဖြစ်အောင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ကမ္မဿကတဉာဏ်လည်း ရှိပါတယ်လေ (မှန်ပါ့) လှူကြ ပေးကြ, ကမ်းကြနဲ့ အကုသိုလ်လုပ်ရင် အပြစ် ရှိတယ်ဆိုတာလည်းသိပြီး ရှောင်ကြတယ်၊ သို့သော်ဒါကလေး ဖြင့် ဖြည့်လိုက်ပါဦး၊ ဖြစ်ပျက်မြင်တဲ့ ဉာဏ်ကလေး ဖြည့် လိုက်ပါဦးဆိုတာကို ယနေ့ အေးအေးဆေးဆေးပဲ ဒကာ ဒကာမတွေ မမှတ်မိ, မှတ်မိအောင်ဆိုပြီး အဲဒါကို မောင်နိုင် ပြောဆိုနေတယ် (မှန်ပါ့)။ ကဲ ဦးပြန့်တို့ ကျေနပ်ပလား (ကျေနပ်ပါ ပြီ ဘုရား)။

ဝိပဿနာလုပ်ပါ

ဒါဖြင့် ခင်ဗျားတို့ ဘယ်နှစ်ဉာဏ်ရှိမှ တော်မတုံး (နှစ်ဉာဏ်ရှိမှ တော်မှာပါ) သူက ဒိဋ္ဌိက ပါနေတယ် (မှန်ပါ့) ကဲ နောက်တစ်ဉာဏ် ဖြည့်လိုက်ဦး (သစ္စအနုလောမိကဉာဏ်ပါ) သစ္စအနုလောမိကဉာဏ်ဆိုတာ ဝိပဿနာ အလုပ်ကလေး လုပ်လိုက်ဦး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ကမ္မဿကတဉာဏ်ထဲမှာပါတဲ့ ဒိဋ္ဌိကလည်း ပြုတ်ထွက်သွားမယ်ဆိုတော့ သူလှူတာ ဝိဝဋဒါနအစစ် ဖြစ်သွားပြီ (မှန်ပါ့) သူပေးတာ ကမ်းတာတွေ ဘာဖြစ် သွားသတုံး (ဝိဝဋ္ဋဒါန ဖြစ်သွားပါပြီ ဘုရား)။

ဝဋ်ထဲမှာ သုံးဆယ့်တစ်ဘုံ၌ အကျိုးမပေးတော့ဘူး၊ မအို, မသေ, အမြဲနေတဲ့ နိဗ္ဗာန်ကိုသာ အကျိုးပေးတော့မယ် ဆိုတာ ဒိဋ္ဌိဖြုတ်ပေးလို့ အကျိုးပေးတယ်ဆိုတာကို ဒကာ ဒကာမတွေ လေးလေးနက်နက် ဆုံးဖြတ်ချက်ချလိုက် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ပြန်သိမ်းပြန်ပြီ ဒကာ ဒကာမတို့ ဒီဘက်က ပုထုဇဉ်ဟာဘာတဲ့ (သာသနာပပုထုဇဉ်ပါ ဘုရား) ဒီဘက်က ပုထုဇဉ်က (သာသနာတွင်း ပုထုဇဉ် ပါ ဘုရား)။

သာသနာပ ပုထုဇဉ်က ဘာရှိသတဲ့ (ကမ္မဿ ကတဉာဏ် ရှိပါတယ်) ဒိဋ္ဌိပြုတ်ရဲ့လား (မပြုတ်ပါ ဘုရား) ငါလုပ် ငါရတယ်၊ ငါအကုသိုလ်လုပ်ရင် ငါခံရမှာ ပေါ့၊ ဒါလောက်ပဲသိတယ်၊ ငါကုသိုလ်လုပ်ရင် ငါစံရမှာပေါ့။ ဒါလောက်ပဲသိတယ် (မှန်ပါ့)။

ဒါ့ကြောင့် ဒိဋ္ဌိကမပြုတ်တော့ ငါဟူသော ဒိဋ္ဌိရှိနေတဲ့ အတွက် တက်သွားငြားသော်လည်း တာဝတိံသာ ယာမာတွေ တက်သွားပြီး ကုသိုလ်လုပ်လိုက်လို့ အဆိပ်ပါသွားတာကွ တဲ့၊ ဘုရားက ဒိဋ္ဌိပါသွားတယ် (မှန်ပါ့) ဝုန်းဆို ပြန်ကျ မယ် တဲ့၊ ဟိုအရှိန်အဝါ ကုန်လို့ရှိရင် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အရှိန် ကုန်ရင်ပြန်ကျမယ်

အရှိန်အစော်ကုန်ရင် (ပြန်ကျပါမယ် ဘုရား) ဒိဋ္ဌိ အဆိပ်သင့်ပြီး ပြန်ကျမယ် (မှန်ပါ့) လူ့ပြည်ကျမယ်၊ အပါယ်လေးပါးကျမယ်၊ မကျနိုင်ဘူးလား (ကျပါမယ် ဘုရား)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရင်ဝ လှံစူး ဦးခေါင်းမီးလောင်တာကို ဖြည်းဖြည်းမှ နှုတ်ချင်နှုတ်၊ ငြိမ်းချင်ငြိမ်းကြပါကွ၊ ဒိဋ္ဌိကိုဖြင့် ဖြုတ်မိအောင် ဖြတ်ပါလို့ သံယုတ် ပါဠိတော်ကြီးများမှာ အင်မတန် သနားလွန်းလို့ဟောတော်မူတယ် (မှန်ပါ့) ကိုစောမောင်, ဟောသင့် မဟောသင့် (ဟောသင့်ပါတယ် ဘုရား)။ ဘယ်လောက် အရေးကြီးတယ် ဆိုတာဖြင့် ခင်ဗျား တို့က မကြားဖူးလို့သာ အရေးမကြီးရှိရမယ် ဘုရားမှာတော့ သိတော်မူလွန်းလို့ ကြီးလိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့၊ ဒိဋ္ဌိခွာတဲ့အလုပ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ပေါ်ကြပြီနော် (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒီဘက်က ပုထုဇဉ်က ဘာတဲ့ (သာသနာတွင်း ပုထုဇဉ်ပါ ဘုရား) သူက ဘယ်နှစ်ဉာဏ်ရှိ သလဲ (နှစ်ဉာဏ်ပါ ဘုရား) တစ်ဉာဏ်က ဘာပါလိမ့် (သစ္စအနုလောမိက ဉာဏ်ပါ ဘုရား) သစ္စအနုလောမိကဉာဏ် ဆိုတာ ဖြစ်ပျက်သိတဲ့ဉာဏ် (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ်ကြီးမှာ သဗ္ဗေသင်္ခါရာ အနိစ္စာလို့ ဘုရားက ဟောထားတာ ́ ခန္ဓာထဲ ကြည့်လို့ ဘုရားက ဟောတာ (မှန်ပါ့) ခင်ဗျားတို့က ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ေဩာ် တရားတွေ သယ်ယူလာတယ်လို့ မအောက်မေ့နဲ့ ဒီခန္ဓာကိုယ်ကြီး ကြည့်ဟောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုရားက တရားတွေ သယ်လာပြီး ဟောတာလား ဒီခန္ဓာကြီးအကြောင်းကို ရှင်းရှင်းလင်းလင်း အပြောလာတာ လားသာ ဒါပဲအကဲခတ် (ဒီခန္ဓာကြီးအကြောင်းကို ရှင်းရှင်းလင်းလင်း အပြောလာတာပါ ဘုရား)။

အဲဒီ ရှင်းရှင်းလင်းလင်း ပြောတတ်တဲ့ ကိုယ်တော် ကြီးက မျက်လုံးမြင်တဲ့ ကိုယ်တော်ကြီး၊ ကျုပ်တို့က အကန်း တွေမို့ သူကအနိစ္စဆိုတဲ့ဥစ္စာ ကျုပ်တို့က အဲဒီ သူပြောတဲ့ အတိုင်း လိုက်ကြည့်လို့ရှိရင် ကျုပ်တို့လည်း အမြင်ဖြစ်မှာပဲ (မှန်ပါ့) အမြင်ဖြစ်သွားလို့ရှိရင်ဖြင့် ဘာမှ မပူနဲ့တော့ ဒိဋ္ဌိ ပြုတ်ပါပြီ (မှန်ပါ့) ရှင်းပလား (ရှင်းသွားပါပြီ) ကဲ သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

ပေါ့ပေါ့တန်တန်နဲ့ မနေလိုက်ပါနဲ့ ( ဒါဖြင့် ဒကာ ဒကာမတို့ အေးအေးဆေးဆေး ပေါ့ပေါ့ တန်တန်နဲ့ မနေလိုက်ပါနဲ့ သာသနာတွင်းသားဖြစ်အောင် လုပ်ပါဆိုတာကို လေးစားစွာနဲ့ တိုက်တွန်းပါတယ် (မှန်ပါ့) တိုက်တွန်းသင့်, မတိုက်တွန်းသင့် (တိုက်တွန်း သင့်ပါတယ်) ပေါ်ကြပြီနော် (ပေါ်ပါပြီ ဘုရား)။

အင်မတန် ကံကောင်းလို့ ခင်ဗျားတို့ တွေ့ကြ ဆုံကြ, ကြုံကြရတယ်ဆိုတာရော မှတ်လိုက်တာပေါ့ (မှန်ပါ့) နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ ကံ, ကံ၏ အကျိုး ယုံကြည်ပါ ကုန်သည်ဖြစ်၍ ပဲပုထုဇဉ်ပဲ ပြန်ချတယ် (မှန်ပါ့) ကံ, ကံ၏အကျိုးကို ယုံကြည်ပါ ကုန်သည်ဖြစ်၍ ကမ္မဿကတ ဉာဏ် အမှူးထား၍ ဘယ်မှာ ဘုန်းကြီးလိုက်လိုက် ဒါချည်း ကြားခဲ့ရတာပဲ (မှန်ပါ့)

ဒါချည်းကြားရတယ်ဆိုတော့ ဒီဘက်က သစ္စအနုလောမိကဉာဏ် ပါသေးရဲ့ လား (မပါ, ပါ ဘုရား)။

မပါတော့ ရေစက်ချတဲ့ အတိုင်းပဲ ကျုပ်တို့တော့ဖြင့် ကျေးဇူးများတော့မှာပဲလို့ ခင်ဗျားတို့က အောက်မေ့တော့ အဆိပ်ပါသွားတဲ့ လင်းတပျံသလို ဖြစ်မယ် (မှန်ပါ့) ပြန်ကျလာမယ်၊ သနားစရာ သိပ်မကောင်းဘူးလား (ကောင်းပါတယ်) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်ကြည့်တဲ့အားထည့်ပေးပါ

ဒါဖြင့် ဒီဟာကလေးဟာ မပါရင် မဖြစ်ဘူးဆိုတဲ့ ဘယ်ဟင်းချက်ချက် ဆားမပါရင်ဖြင့် ဘယ်လောက်ပဲ ကောင်းတဲ့သားငါးကို ချက်စေကာမူလည်း ပျက်တာပဲ (မှန်ပါ့ ဘုရား)။

ဆားကလေးကတော့ဖြင့် ထည့်ပေးကြစို့ (မှန်ပါ့) ဖြစ်ပျက်ကြည့်တဲ့ ဆားကလေးကတော့ ထည့်ပေး ကြပါဆိုတာ ဒကာ ဒကာမတွေကို တိုက်တွန်းရပြန်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီဖြစ်ပျက်သိလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဘာမှ မပူနဲ့တော့ ခုနစ်ဘဝအတွင်းမှာ ကိစ္စ ပြီးပါတယ်၊ ဒီဘဝမဂ်မရရင် မဂ်စစ်ကို မရလို့ရှိရင် မဂ်ငါးပါး သာ ရတယ်ဆိုပါတော့ ဖြစ်ပျက်မြင်တာ၊ မဂ်ရှစ်ပါးပြည့်ရဲ့ လား (မပြည့်ပါ ဘုရား)။

အဲ မပူပါနဲ့တော့ သေပါခင်ဗျားတို့ မပူပါနဲ့တဲ့ သုဂတိကိုလည်း သွားတာတစ်ကြောင်း သုဂတိကနေပြီး သကာလ ခုနစ်ဘဝအလွန်ဆုံး ငါဟောတယ်ဆိုတာကိုလည်း ဘုရားက ဟောပြန်တော့ ဘာမှ ပူစရာမရှိပါဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာကြီးလှိုင် ဒီအလုပ်ဟာ ငါဖြစ်ပျက် မြင်ပြီကွ မုန်းပြီကွဆိုလို့ရှိရင် ဘာပူစရာ ရှိတော့သတုံး (မရှိပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မိမိကိုယ်ကို ဆရာ ဘုန်းကြီးဟောစက ချိန်ခွင်ပေးပါ့မယ်လို့ ပြောခဲ့တယ် (မှန်ပါ့) ဒကာ ဒကာမတွေ ယနေ့ ချိန်ခွင်ပေးပါ့မယ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ချိန်ခွင်နှင့်ချိန်ကြပါ

ကဲ ချိန်မိကြရဲ့လား (ချိန်မိပါတယ်) ချိန် မိတော့ ကိုယ့်ဟာကိုယ် ဝမ်းထဲမှာ ဝမ်းထဲမှာ ထားကြ၊ သော် ငါသာသနာတွင်းသား ဖြစ်ပြီဟေ့၊ ငါဖြင့် သာသနာပ ရှိသေး သဟေ့ ဆိုတာ ကိုယ့်ဟာကိုယ် ဝမ်းထဲမှာထားပြီး သကာလ ကိုယ့်ဟာကိုယ် ပြင်ကြ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

သိထားပြီ မဟုတ်လား, အခုနှစ်ခုကို (သိ ထားပါပြီ) သိထားတဲ့ အခါကျတော့ ကိုယ့် အတွက်က ဘယ်လိုစဉ်းစားဖို့ သင့်သတုံး (ကိုယ့်အတွက် ပြင်ရပါ မယ်) သာသနာတွင်း မပြည့်စုံသေးရင် ဒီဖြစ်ပျက်မြင်တဲ့ အလုပ်ကို လုပ်လိုက်ဦး (မှန်ပါ့) လုပ်ရင်းမတ္တနဲ့ပဲ ဖြစ်ပျက်တွေ ဘာတွေ ဆုံးသွားမယ် ဆိုရင်လည်း ချက်ချင်းသောတာပန် တည်သွားမှာပဲ (မှန်ပါ့ ဘုရား)။

ရူးခဲ့ မိုက်ခဲ့မိလို့ ဘာလုပ်ခဲ့ လုပ်ခဲ့ ပဉ္စာနန္တရိယကံ မရှိဘူးဆိုရင် ရနိုင်တယ်လို့ ဆိုတာလည်း ဒီဘဝတွင် မဂ်လေးတန် ရနိုင်တယ်ဆိုတာလည်း ဆုံးဖြတ်ချက်ချ , (မှန်ပါ့) ပူစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒါကြောင့် ဘုရားအလောင်းလည်း ယစ်ထုပ်ကြီး ဖြစ်ခဲ့ဖူးတယ်၊ အမိုက်ဗိုလ် လက်ဝှေ့သမားကြီးလည်း ဖြစ်ခဲ့ သေးတာပဲ (မှန်ပါ့) နောက်တော့ ဒီဉာဏ်နဲ့ တက်ယူတော့လည်း သူဟာလွတ်သွားတာပဲ၊ ကျွတ်သွားတာပဲ ဆိုတာ ကိုလည်း အထူးပြောစရာ မလိုပါဘူး (မှန်ပါ့ ဘုရား)။

သူတော်ကောင်းနဲ့ပေါင်းမှ လိမ္မာကြတာ

ဘယ်သူမှ သံသရာနုစဉ်ကဖြင့် မလိမ္မာခဲ့ပါဘူး၊ ကလျာဏမိတ္တဆိုတဲ့ သူတော်ကောင်းနဲ့ပေါင်းမှ လိမ္မာကြတာချည်းပဲဆိုတာကိုလည်း ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) မချထိုက်ဘူးလား (ချထိုက်ပါတယ် ဘုရား) ကိုစောမောင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါကြောင့် မဂ်ရခြင်း၏ အကြောင်းမှာ ဆရာသမား ဆိုတဲ့ ကလျာဏမိတ္တ သိပ်အရေးကြီးပါတယ်ကွာ ဆိုတာ ဘုရားက သေသေချာချာ ဟောတော်မူတယ် (မှန်ပါ့) တစ်သင်္ချေနဲ့ကမ္ဘာ တစ်သိန်း ပါရမီဖြည့်ပြီးသား ရှင်သာရိ ပုတ္တရာတို့ ရှင်မောဂ္ဂလာန်တို့ဟာ ရှင်အဿဇိဆိုတဲ့ ရဟန္တာနဲ့ မတွေ့လို့ ရှိ ရင် မျောသွားဦးမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဘယ်လောက် ကလျာဏမိတ္တ ဆရာကောင်း အရေးကြီးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အရှင်အဿဇိ

တစ်သင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ကုသိုလ်ဒါနတွေကို ကမ်းကုန်လုပ်ခဲ့တယ် (မှန်ပါ) ဝိပဿနာအလုပ် အစရှိ သည်တို့ကိုတော့ ဒါကနည်းပါမှ လုပ်တတ်တာကိုး (မှန်ပါ့) အဲဒီအထဲမှာ ဆရာမပြလိုက်လို့ရှိရင် သူဟောတာ ကြည့်လိုက်ပါလား အရှင်အဿဇိက

‘‘ယေဓမ္မာ ဟေတုပ္ပဘဝါ တေသံဟေတုံ တထာ ကတော့ အာဟတေသဉ္စ နိရောဓော၊ ဧဝံ ဝါဒီ မဟာသမဏာ။’’

ဆိုပြီး အကြောင်းဖြစ်ရင် အကျိုးဖြစ်တယ်၊ အကြောင်းချုပ် ရင် အကျိုးချုပ်တယ်ဆိုပြီး တစ်ခါတည်း ဝိပဿနာငုံပြီး ဟောချလိုက်တယ် (မှန်ပါ့)။

ရှင်သာရိပုတ္တရာ

ရှင်သာရိပုတ္တရာကလည်း တစ်ခါတည်း မီးမှုတ်လိုက် တော့ ကိုစောမောင် ပြာဖုံးဖြစ်နေတော့ ဟိုက ယေဓမ္မာ ဟေတုပ္ပဘဝါရွတ်လိုက်တာနဲ့ ဪ အကြောင်းဖြစ်လို့ အကျိုးဖြစ်တာပဲ၊ အကြောင်းချုပ်ရင် အကျိုးချုပ်မှာပဲဆိုပြီး သောတာပန်တည်နေပြီ (မှန်ပါ့)။

လမ်းမှာ ဟိုကလည်း ဆွမ်းခံရင်း ကိုစံလှရေ၊ ဒီက လည်းတိတ္ထိအဖြစ်နဲ့ သူကလည်း ဆွမ်းခံထွက်တယ် သူက တိတ္ထိရှိသေးတယ် အဲဒီတုန်းက (မှန်ပါ့) အဲဒီမှာ လမ်းမှာ သွားတွေ့ကြတယ် (မှန်ပါ့)။

အကြောင်းဖြစ်ရင် (အကျိုးဖြစ်ပါတယ် ဘုရား) အကြောင်းချုပ်ရင်း (အကျိုးချုပ်ပါတယ် ဘုရား) ေဩာ် ခန္ဓာထဲမှာ အကြောင်းအကျိုးပဲ ရှိတာပဲ ဖြစ်ချုပ် ရှိလာပဲလို့ သွားပြီးသိတယ် (မှန်ပါ့) ဉာဏ်နဲ့သွားသိတော့ ဖျတ်, ဆိုလမ်းတွင် သောတာပန်တည်တယ် (မှန်ပါ့)။

ဂါထာတစ်ပိုဒ်မှာ ရှစ်လုံးဆိုတော့ ရှစ်လေးလီ သုံးဆယ့်နှစ်လုံး မရှိဘူးလား (ရှိပါတယ် ဘုရား) ရှစ်လုံးတွင်သောတာပန် တည်တယ် (မှန်ပါ့)။

ဆရာကောင်းအရေးကြီးတယ်

ဒကာ ဒကာမတို့ ဆရာကောင်း ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) နဂိုက သိဉ္စည်းဆရာကြီးတပည့်ဗျ နှစ်ပေါင်းများစွာ နေလာတာ ဘာမှအကျိုးမရခဲ့ဘူး၊ ကလျာဏမိတ္တက မဟုတ် ဘူး (မှန်ပါ့)။

ကလျာဏက ကောင်းတာ၊ မိတ္တက အဆွေခင် ပွန်း၊ အဲဒီအဆွေခင်ပွန်းကောင်းက သူကယ်တင်နိုင်တော့ ရှင်အဿဇိမထေရ်က ဟောလိုက်လို့ သောတာပန်တည်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီလိုကျတော့မှ ရှင်သာရိပုတ္တရာတို့ တစ်သင်္ချေ နှင့် ကမ္ဘာတစ်သိန်း ကျင့်ပြီးသား၊ မီးခဲပြာဖုံးနေတဲ့ဥစ္စာ ဖွင့်ပေးမည့်သူမရှိဘဲနဲ့ သေသွားရင်ဖြင့် သွားလေဦးတော့ မှာပဲ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဘယ်လောက် အရေး ကြီးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘာအရေး ကြီးသတုံး (ဆရာအရေးကြီးပါတယ်) ဆရာသမားအရေးကြီး တယ်ဆိုတာဖြင့် ရှင်းရှင်းလင်းလင်းပဲ မှတ်ပါတော့ ဘုရားက ပဲ ဖွင့်ဟောချပြီ (မှန်ပါ့)။

ကဲ ဒါဖြင့် ဘုန်းကြီးများကလည်းဒကာ ဒကာမ တို့ကို ဉာဏ်ထက်အောင် ဉာဏ်ထက်အောင်ဆိုပြီး နေ့တိုင်း ပြောတယ်(မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဉာဏ်ထက်အောင်လို့ဆိုတော့ ကမ္မဿကတဉာဏ် က သစ္စအနုလောမိကဉာဏ်ထက်အောင် ဒါကိုဟောတာ (မှန်ပါ့) ဒီကတက်ပြီးသကာလ မဂ်ဉာဏ်တက်အောင် (မှန်ပါ့) ဒါကို နေ့တိုင်း ကယ်တင်နေတာပဲ (မှန်ပါ့) သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ကိုယ့်ဟာကိုယ် ချိန်ခွင်ကလေး ပေးလိုက်တာဖြင့် ယနေ့ပြန်တော့ ချိန်ကြည့်တာပေါ့ (မှန်ပါ့ ဘုရား) ချိန်ကြည့်တော့ ငါသည် ဒိဋ္ဌိမပြုတ်တဲ့အသွား ဖြစ်နေသေးလို့ရှိရင်ဖြင့် ငါသည် ဪ သာသနာတွင်း မှာ လူဖြစ်ငြားသော်လည်း ဉာဏ်က သာသနာတွင်း မဟုတ်သေးပါကလား (မှန်ပါ့)။

ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ဉာဏ်က သာသနာတွင်း မဟုတ်သေးပါ ဘုရား) လူက သာသနာတွင်း ဉာဏ်ကတော့ သာသနာတွင်း မဟုတ်သေးဘဲ ဖြစ်နေတယ် (မှန်ပါ့ ဘုရား) ကိုစောမောင် ဘယ်လို ဆုံးဖြတ်ချက် ချမလဲ (လူကသာသနာတွင်း၊ ဉာဏ်က သာသနာတွင်း မဟုတ်ပါ ဘုရား)။

နိဗ္ဗာန်ကို ဘာနဲ့သွားကြမယ် (ဉာဏ်နဲ့ သွားကြ မှာပါ ဘုရား) အဲဒီဉာဏ်က သာသနာတွင်း မဖြစ်သေးဘူး တဲ့ သာသနာပဉာဏ်, ကမ္မဿကတဉာဏ်ကလေးနဲ့သူအချိန်ကုန်နေရော (မှန်ပါ့)။

သာသနာပဉာဏ် ဖြစ်နေတယ်ဆိုတော့ ကိုယ်ကျိုး နည်းပေါ့ဟလို့ ဆိုထိုက်, မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) သို့သော်အချိန်တော့ ပြင်နိုင်သေးတယ်၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဆေးမီသေးတယ်လို့မှတ်ပါ

ဒါ့ကြောင့် အခုအားလုံး ဒကာ ဒကာမတွေကို ဘုန်းကြီးသည် အမှန်အကန် ပြောတဲ့အတွက် ဘုရားဟော တွေချည်း ပြောနေတဲ့အတွက် ဆေးမီသေးတယ်လို့မှတ်ပါ (မှန်ပါ့)။

ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ဆေးမီပါ သေးတယ် ဘုရား) ဆေးမီသေးတယ်ဆိုတာ ခင်ဗျားတို့ မသေ နှင့်သေးလို့ မီသေးတယ်ပြောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဆေးမီတဲ့ ပုဂ္ဂိုလ်သည်ကား လို့ဆိုရင်ဖြင့် ဘာမှ မပူပါနဲ့ ဆေးမမီလိုက်လို့ လွန်သွားတာတွေတော့ ဘုရား လည်းမတတ်နိုင်ဘူး၊ အရှုံးကြီး ရှုံးပြီကွ ဆိုတာ တမြန် နေ့ကပဲ ဟောခဲ့သေးတယ် (မှန်ပါ့) အခု ဆေးမီတဲ့ ပုဂ္ဂိုလ်ဟာ မရှုံး စေနဲ့ဆိုတာကိုဖြင့် မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား)။

တိုက်တွန်းသင့်တော့ ဪ ဆေးလည်းမီသေး တယ်ဆိုသဖြင့် ဒီအလုပ်ကလေးကိုဖြင့် နှလုံးသွင်းလိုက်ဦး မဟ ဆိုလို့ရှိရင်လည်း ပြီးသွားတာပဲ (မှန်ပါ့) သဘော ပါပလား (ပါ, ပါပြီ ဘုရား)။

ကိုင်း ဒီဥစ္စာ ဉာဏ်ချိန်ခွင် ရှေ့ပိုင်းက ပေးတယ် ဆိုတာရော ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) ကဲ ဉာဏ်ချိန်ခွင်ခန်းကို သိမ်းလိုက်ပါတော့ တဲ့၊ အလုပ်ကိုပြောပါတော့မယ်။

သစ္စအနုလောမိကဉာဏ် အလုပ်ကို မောင်နိုင် ပြောတော့မယ် (မှန်ပါ့) ပြောတော့မယ် ဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကိုပဲ မူတည်ပြပါဦးစို့ ကိုစောမောင် (မှန်ပါ့)။

ဘုရားသခင်၏ဝေဒနာ

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သာလီ ပြည်မှာ သီတင်းသုံးနေတယ်၊ ဝေသာလီပြည်မှာ သီတင်းသုံး ပြီးသကာလနေတော့ သူ့ဟာသူတော့သိတယ်၊ နောက်သုံးလ ရှိလို့ရှိရင် ငါဘယ်နည်းနဲ့မှ မနေရဘူး၊ သေတတ်တဲ့ ခန္ဓာကြီး ရ,ထားတဲ့အတွက် သူ့ဟာသူ သိတော်မူတယ် (မှန်ပါ့)။

ခန္ဓာကြီးရတာ သူ့သတ္တိက ဘာပါလိမ့် (သေ တတ်တဲ့ ခန္ဓာကြီးပါ ဘုရား) သေတတ်တဲ့ခန္ဓာပဲဆိုတာ ငြင်းစရာလိုသေးသလား (မလိုပါ ဘုရား) ဘာနဲ့အုပ် ထားထား၊ ဘာနဲ့ဖုံးထားထား၊ ဘာနဲ့ ပြုပြင်ထားထား သူ့သဘောက ဘာတုံး (သေတတ်ပါတယ်) သေတတ် တဲ့ခန္ဓာမို့ သေမှာပဲ (မှန်ပါ့)။

အဲဒါကို လည်း အပိုင်း အခြားနဲ့ တကွ ကိုယ်တော်မြတ်ကြီးက သိတယ်၊ သုံးလရှိရင် ငါသေလိမ့်မယ်၊ ပရိနိဗ္ဗာန်စံတော့မယ်ဆိုတာ သူ သက်တော်ရှစ်ဆယ်ပြည့်ပေါ့ ကိုးဗျ (မှန်ပါ့)။

ဒါနဲ့ ဝေသာလီပြည်မှာ သီတင်းသုံးနေတော့ ဝေသာလီပြည်ထဲတော့ မတော်ပါဘူးကွယ် ဝေသာလီ ပြည်ထဲက ဝေဠုရွာကို သံဃာတွေနဲ့ ကြွသွားတယ်၊ သံဃာ တွေနဲ့ ကြွသွားပြီး စဉ်းစားတယ် ဝေဒနာက ပရိနိဗ္ဗာန်ပြုမည့်ဝေဒနာ၊ ဝမ်းလျှောတဲ့ ဝေဒနာကို ကိုစောမောင်ရဲ့ (မှန်ပါ့)။

ဝမ်းလျှောတဲ့ဝေဒနာဆိုတာ ခင်ဗျားတို့ သိတဲ့အတိုင်း ပဲ သုံးခါလောက်လျှောရင်ပဲ မျက်စိ မျက်နှာတွေ အောက်ချိုင့် ပြီး သေတတ်တဲ့ ဝေဒနာမျိုး (မှန်ပါ့)။

အဲဒီဝေဒနာကို သိတော်မူတယ်၊ ဒီဝေဒနာတော့ဖြင့် လာပြီ၊ ကဲ ငါတစ်ပါးတည်း နေချင်တယ် ဆိုတဲ့ စိတ်မျိုး ပေါ်လာတယ်၊ ညီတော် အာနန္ဒာ၊ ရဟန်းတွေ ခေါ်လိုက် ကွာ မင်းတို့ရဲ့ မိတ်ဆွေသင်္ဂဟ ဒကာ ဒကာမ ရှိတဲ့ဆီ ကို သွားကြ၊ ဒီရွာကလေးဟာ ဆွမ်း, ကွမ်းလုံလောက်မယ် မဟုတ်ဘူး၊ ငါတော့ဖြင့် တစ်ပါးတည်းနေဦးမယ် မင်းတို့ ဆိုင်ရာဆိုင်ရာသွားပြီး ဝါဆိုကြလို့ နှင်ထုတ်လိုက်တယ် (မှန်ပါ့)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဝေဒနာက ပြင်းထန်လာတဲ့အခါကျတော့ ဒီဝေဒနာကို ဘာလုပ်ရပါမတုံး လို့ မောင်နိုင် စဉ်းစားလိုက်တယ် (မှန်ပါ့)။

အလွယ်ကလေးပဲ တဲ့ ဒီဝေဒနာဟာ နိဗ္ဗာန်ကို ဉာဏ်နဲ့အာရုံပြုပြီးသကာလ နေလို့ရှိရင်ဖြင့် နိဗ္ဗာန် အာရုံ ပြုတဲ့ဉာဏ်က ကိုစောမောင်, ဒီဝေဒနာတွေကို အကုန်ပယ်ထုတ်လိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကို ရောက် အောင် လုပ်စမ်းပါဆိုတာ အသေတားနိုင်လို့ ဒါလောက် ဟောတာ (မှန်ပါ့)။

ဒါနဲ့ပဲ ဝေဒနာတွေက ပြင်းထန်လာတယ်၊ ပြင်းထန် လာတော့ ကိုင်း ဒီဝေဒနာတွေကို ဖြစ်ပျက်ရှုပြီး သကာလ ဖြစ်ပျက်ဆုံး နိဗ္ဗာန်ကို အာရုံပြုပြီး နေပါ့မယ်ဆိုတော့ ဝေဒနာတွေ မရှိတော့ဘူး (မှန်ပါ့) ကျန်းမာသလိုဖြစ်နေ တယ်၊ မောင်နိုင်သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဟာ ဒကာ ဒကာမတွေ အလုပ်တရားဟာ ဤမျှ လောက် ကျေးဇူးများတယ်ဆိုတာ ပေါ်ကြပလား (ပေါ် ပါပြီ ဘုရား) ဒါနဲ့ တစ်လလောက်နေပြီးသကာလ ဘုရား သခင် ကိုယ်တော်မြတ်ကြီးက ဒီဝေဠုရွာကျောင်းကလေးမှာပဲ နည်းနည်းသက်သာပြီဆိုပြီးသကာလ ကျောင်းနောက်ဖေးသွားပြီး ထိုင်နေလိုက်တယ်၊ ထိုင်ပြီးသကာလနေတော့ ရှင်အာနန္ဒာကတော့ သောတာပန်တည်နေတဲ့ပုဂ္ဂိုလ်, ညီတော်လည်းဖြစ်ပြန်, ပုထုဇဉ် သာသာကလေးဖြစ်နေတော့ ဒီအနားကပ်လာပြီး အရှင်ဘုရား မြင်ရတာဝမ်းသာလိုက်တာ နဂိုကတော့ မကျန်းမာဘူး၊ အခုကျန်းမာလာတာ မြင်ရတော့ ဝမ်းသာတယ် အရှင်ဘုရား လို့ ညီတော် အာနန္ဒာက လျှောက်တယ် (မှန်ပါ့)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း သူ လျှောက်နေတာအသာထားပြီးသကာလ ငါသည် ဒီဝေဒနာကို အခု နိဗ္ဗာန်အာရုံပြုတဲ့ဉာဏ်နဲ့ ခန္ဓာကိုယ်ကြီးကို ချုပ်စပ်ထား တာ တခြား မဟုတ်ဘူး၊ နောက်ဆုံးပိတ်ပြောစရာ ရှိတယ်၊ သံဃာတွေရော လူတွေရော မပြောမဆိုဘဲနဲ့ ပရိနိဗ္ဗာန်စံလို့ ရှိရင် မသင့်တော်ပေဘူး (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ မျက်စိသူငယ်အကုန်ဖြစ်ကုန်လိမ့်မယ်။ လိုရင်းကို ငါမပြောရသေးလို့ရှိရင်ဖြင့် ပရိနိဗ္ဗာန်မစံသေးဘူး ဆိုပြီး နိဗ္ဗာန်အာရုံပြုတဲ့ဉာဏ်နဲ့ ခန္ဓာကိုယ်ကြီးကို ဖရိုဖရဲသွား မှာကို အကုန်အပ်နဲ့ချုပ်သလို ဉာဏ်နဲ့ချုပ်ထားရတယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

သေမှာတောင်မှ ကိုစောမောင် (ချုပ်ထားနိုင်ပါ တယ်)၊ ကိုစံလှ, ကဲ ဘယ်လောက်သတ္တိထက်တယ် ဆိုတာ သဘောပါပလား (ပါ, ပါပြီ ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ ဒုက္ခဆုံးတဲ့ဆီများ မြင်အောင် လုပ်ထားကြစမ်းပါဆိုတဲ့ဥစ္စာ မဟောထိုက်ဘူးလား (ဟောလိုက်ပါတယ် ဘုရား)၊ အခု ဘုရားက သေသေချာချာ ဟောပြနေတာ (မှန်ပါ့)။

ဒါ မဟာဝဂ္ဂသံယုတ်မှာ လာပါတယ်၊ ပါဠိတော်မှာ, အဋ္ဌကထာတောင် မဟုတ်သေးပါဘူး၊ အဋ္ဌကထာဆိုတာက သာဝကတွေရတာ၊ ဒါက ကိုယ်တိုင်ဟောနေတာ (မှန်ပါ့)။

ဒါနဲ့ပဲ ကျောင်းနောက်ဖေးမှာနေတဲ့အချိန်မှာ တပည့် တော်ဖြင့် ဘုရား အရှင်ဘုရားကျန်းမာလာတယ်, ချမ်းသာလာတယ်၊ အရင်ရုပ်တွေပျောက်ပြီးတော့ အခု ကျန်းမာချမ်းသာလာတဲ့ရုပ်တွေမြင်ရတော့ တပည့်တော် အင်မတန်ဝမ်းသာတယ် တဲ့၊ ဘုရားကတော့ မဟုတ်ဘူး၊ ချုပ်စပ်ထားတာ ကိုစောမောင် (မှန်ပါ့)။

မဟာကရုဏာတော်

တပည့်သာဝတတွေကို လိုရင်းဖြစ်တာတွေကို သတိ ပေးချင်လွန်းလို့ ခန္ဓာကိုယ်ကြီး ချုပ်စပ်ပြီး စောင့်နေတယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

အဲဒီကတည်းက ဒကာ,ဒကာမတွေက စဉ်းစားဖို့ သိပ်ကောင်းတယ်၊ ဪ တကယ့် မဟာကရုဏာတော် ရှင်ကြီးပဲ၊ ပရိနိဗ္ဗာန်ပြုမှာတောင်မှ ဖလသမာပတ်ဆိုတာနဲ့ ချုပ်စပ်ပြီး သကာလ ဝီရိယစိုက်ပြီးချုပ် စပ်ပြီးထားလိုက်တော့ အခုမသေဘူး၊ ဘယ့်နှယ်ကြောင့်ပါလိမ့် တပည့်သာဝက တွေကို ဆရာ့လက်ဆုပ်ဆိုတာ ပေးတော့ ပေးပြီးသားကိုး၊ ခြွင်းချက်မရှိ တရားတော့ဟောတာပဲ၊ ဟောပင်ဟောငြား သော်လည်း နောက်ထပ် ဒါကို မမေ့နဲ့ဆိုတာ ငါပေးချင်သေးတယ် (မှန်ပါ့)။

ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဒကာ,ဒကာမ တို့ ပေါ်လာရောပေါ့ (မှန်ပါ့)၊ မပေါ်ဘူးလား (ပေါ်လာ ပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ အခု ဒီနေ့ည ပြောနေတာက ဒကာ,ဒကာမတို့ ခင်ဗျားတို့ ကရုဏာ တော်ရှင်ကြီးကိုလည်း ထောက်ဖို့ကောင်းပါတယ် (မှန်ပါ့)၊ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ ဘာဆိုလို့တုံး မလုပ်လိုက်ပါနဲ့၊ အမိုက်သွားမှာစိုးလို့ (မှန်ပါ့)၊ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

ညီတော်အာနန္ဒာ

ကဲ ဒါနဲ့ ဒကာ,ဒကာမတို့ ညီတော်အာနန္ဒာ ကလည်း ကျန်းမာတယ် ချမ်းသာတယ်လို့ ဝမ်းသာပြီး သကာလ နေတာ မင်းဝမ်းသာတော့ ငါဖြင့် သဘောကျပါရဲ့၊ ဘယ်လိုကြောင့် ဝမ်းသာနေတယ်ဆိုတာ မင်းက အစုံအလင် သိတာ မဟုတ်ဘူးတဲ့။

သူကတော့ ရမ်းပြီးဝမ်းသာတာ ကျန်းမာလို့ ဝမ်းသာ တာ၊ သူက သမုဒယသမားကိုးဗျ (မှန်ပါ့)၊ ဘုရားကို အင်မတန်ခင်တယ်၊ အင်မတန်ကြည်ညိုတယ်၊ ဒါကြောင့် ခလုတ်မထိ ဆူးမငြိအောင် သူအရေးကြီးနေတာ (မှန်ပါ့)။

အဲဒါနဲ့ သူကဝမ်းသာတဲ့အကြောင်းတွေ လျှောက် ပြောတော့ ငါဟာကွာ အခြားကြောင့်မဟုတ်ပါဘူး၊ သတ္တဝါတွေ အများကြီးရှိပါတယ်၊ ဒါတွေကို ငါသည်ကား လို့ဆိုရင် နောက်ဆုံးပိတ်ဟောတာဖြင့် မမေ့ရစ်နဲ့၊ ဒါမေ့ရင် ကိုယ်ကျိုးနည်းလိမ့်မယ်ဆိုတာကလေး ငါပြောချင်လို့ ငါဉာဏ်နဲ့ချုပ်စပ်ပြီးသကာလ ခန္ဓာကိုယ်ကြီးကို တည်ထားတာ ပေါ့တဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာလုပ်တာတုံး (ခန္ဓာကိုယ်ကြီး တည်ထားပါတယ် ဘုရား)။

လှည်းအိုကြီးမောင်းနေတာ

ငါဥပမာပြောမယ် အာနန္ဒာ, လှည်းအိုကြီး ဒေါက် တွေလည်းကျိုးကုန်ပြီကွာ တဲ့၊ အဲဒါကလေး ကြိုးနဲ့ကောက် စည်းပြီးသကာလ မောင်းနေရတယ်၊ ဒေါက်တွေကျိုးကုန်ပြီ( မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒေါက်တွေပြုတ်ကုန်ပြီ၊ သံပတ်ခွေတွေလည်းပြုတ် ပြုတ်ခင်၊ အဲဒါကလေးကို သံချောင်းကလေး သာမညနဲ့ရိုက် ပြီး သကာလ ခပ်ဖြည်းဖြည်းမောင်းနေတဲ့ လှည်းအိုကြီးဖြစ် နေတော၊ မင်းက ဝမ်းသာတာတော့ ဟုတ်ပါရဲ့ တဲ့၊ ဖလ သမာပတ်နဲ့စပ်ထားတယ်ပြောတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ,ဒကာမတို့ စပ်ချင်လို့ စပ်တာလား တဲ့၊ လိုရင်းပြောချင်လို့ သူစပ်ထားတာလား (လိုရင်းပြော ချင်လို့ စပ်ထားတာပါ ဘုရား)။

လိုရင်းပြောချင်လို့စပ်ထားတာဖြစ်တော့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဘုရားက လိုရင်းပြောတော့ မှာပဲ၊ ဒီလိုရင်းဖြင့် တော်ရုံတန်ရုံလောက် အရေးကြီးလို့ရှိရင် ဒီခန္ဓာကြီးအသေဆိုင်းပြီးသကာလ ပြောမည့်စကားမဟုတ် ဘူး၊

အလွန်အရေးကြီးတဲ့စကားဖြစ်သောကြောင့် အသေကို တောင်မှ တားနိုင်တဲ့နည်းနဲ့ တားပြီးသကာလ စောင့်ဆိုင်း ပြီးသကာလ ဒီအတိုင်းပရိနိဗ္ဗာန်စံလိုက်ရင် မတော်ဘူး။ မျက်စိသူငယ်ဖြစ်ကုန်လိမ့်မယ်ဆိုပြီး ငါစောင့်ဆိုင်းနေတယ် ဆိုတဲ့ အဓိပ္ပာယ်ကို အခုကြားရ, သိရတော့ ဒကာ,ဒကာမတို့ အရေးကြီးတဲ့အချက်ကို ပြောလိမ့်မယ်ဆိုတာကိုလည်း အခု ကတည်းက မှတ်ထားပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာပြောမှာပါလိမ့် (အရေးကြီးတဲ့အချက်ကို ပြောမှာပါ ဘုရား)၊ အရေးကြီးတဲ့အချက်ကို အရေးကြီးသလို သူပြောချင်ဆိုချင်လွန်းလို့ သတ္တဝါတွေပေါ် အင်မတန် ကြီးမားတဲ့ကရုဏာနဲ့ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က ဗုဒ္ဓဂုဏာ-အနန္တာလို့ ရွတ်တော့ ရွတ်ပါရဲ့၊ ဒီလောက်ထိတောင် မသိတော့လည်း ကြည်ညိုမှုကနည်းတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါလောက်ထိအောင်သိထားတော့ ကြည်ညိုမှုဟာ ဘယ့်နှယ်နေသတုံး (သန်သွားပါတယ် ဘုရား)၊အင်မတန် သန်သွားပါတယ်ဆိုတာ ဒကာ,ဒကာမတွေ ငြင်းဖို့လိုသေး သလား (မလိုပါ ဘုရား)။ အဲဒါလောက် ကိုယ်တော်မြတ်ကြီးပါ တဲ့၊ ခင်ဗျားတို့ကျုပ်တို့၏ ကျေးဇူးတော်ရှင်ဆိုတာ ပြောစရာမလို တော့ပါဘူး (မှန်ပါ့)။

လိုရင်းအချက်ကိုသတိပေးချင်သေးလို့ အခုကြည့်စမ်း သူ့ဟာသူ ဝေဒနာတွေက သေ လောက်မည့် ဝေဒနာဆိုတာလည်း သူ့ဟာသူသိတော်မူတယ်။ ငါ့တပည့် သာဝကတွေ နောက်ဆုံးပိတ်မှ ငါလိုရင်းအချက် ကို သတိမပေး မနှိုးဆော်ရသေးလို့ရှိရင် ပရိနိဗ္ဗာန် မပြုသေး ဘူးဆိုပြီး ဝီရိယစိုက်ပြီးသကာလ ဖြစ်ပျက်အဆုံး နိဗ္ဗာန်မြင် တဲ့ဉာဏ်နဲ့ ခန္ဓာကိုချုပ်စပ်ထားလိုက်တယ် (မှန်ပါ့)၊ ကိုစောမောင် ဖရိုဖရဲ သွားသေးရဲ့ လား(မသွားပါ ဘုရား)။

မသွားတော့ ဒီမှာပြန်ပြီး သကာလ ကျောင်းကလေး နောက်ဖေးမှာ ရှင်အာနန္ဒာက ရမ်းပြီး ဝမ်းသာနေလို့ ငါ့မှာ ဖာထေးထားတာပါကွ လို့ပြောတယ် (မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဖာထေးပါလိမ့်၊ ကိုယ်တော်မြတ် ကြီးဟာ ပရိနိဗ္ဗာန်မပြုချင်လို့ ဖာထေးတာလားဆိုတော့ မဟုတ်ဘူး တဲ့၊ တပည့်သာဝကတွေ အကုန်မျက်စိ သူငယ်ဖြစ်ပြီး သကာလ မနေရအောင် အရင်တော့ ဟော ပြီးသားပါ၊ ထပ်ပြန်ပြီး သကာလ သတိပေးချင်တဲ့စိတ်က ပေါ်လာပြန်တော့ ကိုစောမောင်, ချုပ်စပ်ထားပြန်တယ်ဆို တာရော သဘောကျပလား (ကျပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒီလိုနဲ့ပဲ ကဲ အာနန္ဒာနဲ့မင်းသည်ကား လို့ ဆိုရင် သံဃာတွေစုကွာ တဲ့၊ လူတွေလည်း စုပေါ့ တဲ့၊ ဘုရားကလည်း ပရိနိဗ္ဗာန်စံတော့မယ်၊ လိုရင်းကို မအေမိဘနဲ့ တူစွာ မင်းတို့ကိုနောက်ဆုံးပိတ် ကယ်တင်ချင်တဲ့ စိတ်ကိုသိရအောင် မင်းတို့လည်း ကျွမ်းထိုးမှောက်ခုံမဖြစ် အောင်စုကြဟေ့ အရေးကြီးတာကို ငါပြောမယ်တဲ့ (မှန်ပါ့) ဆိုပြီး ရှင်အာနန္ဒာကို အကုန်စုခိုင်းတာပဲ၊ ဒကာ, ဒကာမတို့၊ အဲဒီလိုစုလို့ သံဃာတွေလည်းစု လူတွေလည်းစုလို့ အကုန်လုံးစုလာတဲ့ အခါကျတော့မှ ဒကာ,ဒကာမတို့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက သတိပဋ္ဌာန်လေးပါးရှိ တယ်နော် ဒကာ,ဒကာမတို့ (မှန်ပါ့)။

သတိပဋ္ဌာန်လေးပါး

ကိုယ်ရှုရင် ကာယာနုပဿနာ သတိပဋ္ဌာန် (မှန်ပါ့ ဘုရား)၊ ဝေဒနာရှုရင် (ဝေဒနာနုပဿနာ သတိပဋ္ဌာန် ပါ ဘုရား)၊ စိတ်ရှုရင် (စိတ္တာနုပဿနာ သတိပဋ္ဌာန်ပါ ဘုရား)၊ ဖြစ်ပျက်တစ်ခု တည်းပဲရှုမယ်၊ ဘယ်ဟာလာလာ ဖြစ်ပျက်ချည်း ရှုလိုက်မယ်ဆိုရင် (ဓမ္မာနုပဿနာ သတိပဋ္ဌာန် ပါ ဘုရား)။( အဲဒီ သတိပဋ္ဌာန်လေးပါးကို လူထုရော သံဃာထု ကြီးထဲမှာ လုပ်တတ် ကိုင်တတ်အောင် တစ်ခါတည်း ပေးတော့တာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီနည်းကို မင်းတို့ သေသေချာချာ လုပ်ကြ ကိုင်ကြ လို့ သတိမမေ့ဘဲနဲ့ မင်းတို့ လုပ်ကြမယ် ဆိုလို့ရှိရင် ငါဘုရား ပရိနိဗ္ဗာန်စံတာလည်း နိဗ္ဗာန်သွားတာပဲ၊ မင်းတို့လည်းဒီ အလုပ်က နိဗ္ဗာန်ပို့မှာပဲ (မှန်ပါ့)။

ငါဘုရားသွားတဲ့လမ်းနဲ့ တစ်ထပ်တည်းတဲ့ (မှန်ပါ့)၊ မင်းတို့လည်း ငါရောက်တဲ့ နိဗ္ဗာန်ရောက်မှာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ နိဗ္ဗာန်ဟာ တစ်မျိုးတည်းပဲရှိတယ်၊ နိဗ္ဗာန်ကျမှ အတန်းခွဲနေတယ်လို့ ဒီလိုမဟုတ်ပါဘူး (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်ဆိုတာ အားလုံးချမ်းသာပြီးသကာလ နေတာ နိဗ္ဗာန်ပါပဲ၊ ဘယ်သူရောက်ရောက် ချမ်းသာတာပဲ၊ သူရောက် လည်းချမ်းသာတာပဲ၊ ငါရောက်လည်း ချမ်းသာတာပဲ၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

သတိပဋ္ဌာန်တစ်ပါးပါးကို ကြိုးစားရစ်ကြ

အဲဒီ ချမ်းသာချင်းအတူတူ ဖြစ်ချင်ကြလို့ရှိရင်ဖြင့် သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးကို ကြိုးစားရစ်ကြဆိုတာ သေသေချာချာ မှာတယ် (မှန်ပါ့)။

ပရိနိဗ္ဗာန်စံမည့်ဥစ္စာကို တားပြီးသကာလ ဒကာ, ဒကာမတို့ ဒီဟာ ဟောတယ်ဆိုတော့ ဘုန်းကြီးတို့ ဒကာ, ဒကာမတွေ ဒီအတိုင်းနေလို့ သင့်ပါ့မလား (မသင့်ပါ ဘုရား)။

ဒါ ခင်ဗျားတို့ကို အားထုတ်စေချင်လို့ ပြောတာလား၊ ဘုရားဟောတာကို လျှောက်ပြောနေတာလား ဆိုတာကို လည်းသတိထားပါဦး (ဘုရားဟောတာကိုပြောနေတာ ပါ ဘုရား)။

ဘုန်းကြီးက တိုက်တွန်းကောင်းတယ်လို့ အိမ်ကျမှ လက်တို့ပြီးပြောမနေကြနဲ့ (မှန်ပါ့)၊ ဘုရားကိုယ်တော်တိုင် ဟောလို့ ပြောနေတဲ့သဘောသာမှတ်ပါ (မှန်ပါ့)။

ဘုန်းကြီးက အပြောကောင်းတယ်၊ ဒကာ,ဒကာမ တွေကို အားထုတ်စေချင်တယ်၊ ဒီလို ခင်ဗျားတို့ ယူလို့ရှိရင် ဖြင့် ဘုရားကရုဏာတော် မငဲ့ဘဲနဲ့ ဘုန်းကြီးအပေါ်မှာသာ ခင်ဗျားတို့ ရောက်နေတယ် (မှန်ပါ့)၊ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။ 

ငါရောက်တဲ့နိဗ္ဗာန် မင်းတို့ရောက်လိမ့်မယ်

ပြီးတော့ ဘုရားက ငါရောက်တဲ့နိဗ္ဗာန်ကို မင်းတို့ ရောက်ပါလိမ့်မယ်လို့ ပြောတဲ့အထဲက ကျုပ်တို့ ခင်ဗျားတို့က ခပ်ပေပေ ခပ်တေတေလုပ်နေလိုက်လို့ရှိရင်ဖြင့် အပါယ်ကို ကျုပ်တို့ရောက်တော့မယ် (မှန်ပါ့)။

သူကတော့ နိဗ္ဗာန်ရောက်ပြီလေ (မှန်ပါ့)၊ ကျုပ်တို့က ပေတေတေ လုပ်လိုက်လို့ရှိရင်လည်း၊ ကဲ ဒီ အလုပ် ဖြည်းဖြည်းမှ လုပ်တော့မယ်ဖြစ်စေ၊ လုပ်တော့လုပ် တာပေါ့, လို့ဖြစ်စေ၊ ဒီလိုဆိုရင် ဒါဟာ အပါယ်မျက်စောင်း ထိုးတဲ့အသံဟာ သေချာသွားတယ် (မှန်ပါ့)၊ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။

အဲဒါကြောင့် ဒါလောက်အရေးကြီးတာ မဟာဝဂ္ဂ သံယုတ်မှာ ဒကာ,ဒကာမတို့ သေသေချာချာ ကိုယ်တော် မြတ်ကြီး၊ ညီတော် အာနန္ဒာ ငါစောင့်စားတာဟာ ဖာထေးစောင့်တာ ဟောတာလို့ ပြောချင်လွန်းလို့ ဒီအလုပ်ကို သင်ချင်လွန်းလို့ မင်းတို့က ဖာထေးစောင့်နေတာလို့ သေသေ ချာချာ မဟောဘူးလား (ဟောပါတယ် ဘုရား)။

လှည်းအိုကြီး ကျပ်စည်းထားတာကွ မင်းက အကောင်းထင်မနေနဲ့လို့ မဟောဘူးလား (ဟောပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဟောဒီအလုပ်ကိုသာ အားကိုးပါ

အဲဒီတော့ ဘာကို သူဟောလိုက်သတုံး, ဆိုတော့ အတ္တဒီပါဝိဟရထ အတ္တသရဏာ အနညသရဏာ၊ ဓမ္မာဒီပါ ဓမ္မသရဏာ, မင်းတို့ ဘယ်သူမှ အားမကိုးနဲ့၊ ဟောဒီအလုပ် ကိုသာ အားကိုးတဲ့ (မှန်ပါ့) မိမိကိုယ်ကြီးလည်း အားမကိုးနဲ့၊ သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

ဒီအလုပ်တရားမဂ္ဂင်ကို အားကိုးပါကွာ ဒါမှသာ လျှင်မင်းတို့သည်ကား ဆိုလို့ရှိရင်ဖြင့် အပါယ်လေးပါး ကိုယ့်ရွာကြီးဖြစ်နေတာ၊ ဒါမှ အိုးစားကွဲမယ် တဲ့၊ သေသေချာချာ မဟောဘူးလား (ဟောပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့မှာ အခု တော့သံသယရှိနေကြတယ်၊ ငါများသေရင် ဘယ်များသွားရမှာတုံး, ဟင် မပြောတတ်ဘူး၊ ကိုယ့်ဟာ ကိုယ်ဆုံးဖြတ်ချက်ချကြတယ်၊ မချပေဘူးလား (ချပါ တယ် ဘုရား)။

ဘုန်းကြီးပြောတဲ့ဘုရား ဟောတော်မူတဲ့အလုပ်ကို လုပ်လိုက်လို့ ရှိရင် ငါသေရင် ဘယ်မှမသွားဘူး ဒကာ ဒကာမ တို့ နိဗ္ဗာန်သုဂတိ ဒီနှစ်ခုပဲရှိတယ် (မှန်ပါ့) ရှင်းပလား (ရှင်ပါပြီ ဘုရား)။ 

အခုတော့ဖြင့် ဒကာ ဒကာမတွေ သံသယနဲ့နေကြရ တယ်၊ သံသယနဲ့ နေကြရတော့ အောက်လားဟ အထက်လားဟမပြောတတ်ဘူးဟေ့ ကံပစ်ချသူလို့ခံ ရမှာပဲဆိုပြီး ဒီမှာခင်ဗျားတို့ လမ်းဆုံးသွားတယ် (မှန်ပါ့) မဆုံးဘူးလား (ဆုံးပါတယ် ဘုရား)။

ဉာဏ်ကသုဂတိနဲ့ နိဗ္ဗာန်

ဘုရားက ဒီလိုမဟောပါဘူး၊ သတိပဋ္ဌာန် အားထုတ် လိုက်၊ ဉာဏ်စီမံရာ လိုက်ပါဆိုတော့ ပြီးသွားတာပဲ (မှန်ပါ့)ဉာဏ်ကဘယ်တော့မှ အပါယ်လေးပါးကို သူမစီမံဘူး၊ နိဗ္ဗာန်နဲ့ သုဂတိကိုပဲ စီမံပေးမယ် (မှန်ပါ့)။

အဲဒီတော့ ကံစီမံရာ ဖျောက်ပြီး, ဉာဏ်စီမံရာ အရောက်သွားပါဆိုတဲ့ဥစ္စာ သတိပဋ္ဌာန်ပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကံစီမံတာကိုမလိုက်နဲ့

ကံစီမံတာကို ခင်ဗျားတို့မလိုက်နာပါနဲ့၊ ကံဆိုတာက တစ်နေ့က ခင်ဗျားတို့ကိုပြောခဲ့တယ်၊ ခင်ဗျားတို့ကို ဘောလုံး လုပ်နေတယ် အထက်ကန်လိုက် တစ်ခါ အထက်ရောက်သွားပြန်ပြီ ၊တော်တော်ကြာခြေထောက် နဲ့ဖိထားလိုက်၊ အောက် ရောက်သွားပြန်ပြီ ဒီလိုလုပ်နေတာ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဲ့ဒီတော့ ဒါလောက်နဲ့တင်းတိမ်နေလို့ တော်ပါ့ မလား (မတော်ပါ ဘုရား) အကုသိုလ်ကံက အောက်ဖိချ လိုက် အပါယ်လေးပါးရောက်ပြန်ပြီ၊ ကုသိုလ်ကံကမြှင့်တင် လိုက်ပြန် သုဂတိရောက်ပြန်ပြီ အမြဲကိုရှိသေးရဲ့လား (မရှိပါ ဘုရား)။

အမြဲမရှိတာလောက် ပင်ပန်းဆင်းရဲတာ ကျုပ်တို့မှာ ဘယ်မှာရှာတွေ့မလဲ (မတွေ့ပါ ဘုရား) တွေ့နိုင်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။ အဲဒါ ကံစီမံရာလိုက်နေလို့ ခင်ဗျားတို့ ဒါလောက်တောင် လူ့ဘောလုံးဖြစ်ရတယ် ဆိုတာလည်း ရိပ်မိလောက်ပါ ပြီ (ရိပ်မိပါပြီ)

အခု သတိပဋ္ဌာန်ဆိုတာ ဉာဏ်စီမံတာ (မှန်ပါ့)။ ဒကာကြီးလှိုင် ကျေနပ်ပလား (ကျေနပ်ပါပြီ) အပြောကောင်းလို့ ပြောနေတာ မဟုတ်ပါဘူး၊ အမှန်ကိုပြောနေတယ်ဆိုတာကိုလည်း ဆုံးဖြတ်ချက် ချပြီး နားထောင်ပါ (မှန်ပါ့) သဘောပါပြီနော် (ပါ, ပါပြီ ဘုရား)။ 

ဘုရားမှာခဲ့တာဘာပါလိမ့်

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်ပဲပြကြပါစို့ ဉာဏ်အလုပ်ပြလိုက်ရင် ခင်ဗျားတို့ ပိုပြီးရှင်းပါလိမ့်မယ် (မှန်ပါ့) မရှင်းပေဘူးလား (ရှင်းသွားမှာပါ ဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဒကာ ဒကာမ တို့အစောင့်ကြီး စောင့်ပြီးသကာလ အပြောကြီးပြောတဲ့ စကားဟာ ဘာပါလိမ့်မတုံးဆိုတော့ သတိပဋ္ဌာန်းလေးပါထဲ က တစ်ပါးပါးကို အားထုတ်ကွ၊ အဲဒါ မင်းတို့၏ အားကိုး စရာအစစ်ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မင်းတို့အားထုတ်တဲ့ဉာဏ်ကိုအားကိုး

ဒီကိုယ်ကြီးလည်း အားမကိုးနဲ့တဲ့ဓမ္မဒီပါဘိက္ခဝေဓမ္မ သရဏာဘိက္ခဝေ = ရဟန်းတို့ ဓမ္မဒီပါ= မင်းတို့ အားထုတ်တဲ့ ဉာဏ်ကလေးကိုသာလျှင် ကျွန်းကြီးသဖွယ် အားကိုးကြသည်။ဟောထ ဖြစ်ကြကုန်လော့၊ ဒီဉာဏ်အားကိုးလို့ရှိရင် ငါရောက်တဲ့ နိဗ္ဗာန် မင်းတို့ရောက်မှာပဲတဲ့၊ ဒါမလုပ်လို့ ရှိရင်တော့ဖြင့် ငါက ပရိနိဗ္ဗာန်စံ နိဗ္ဗာန်ရောက် မင်းတို့ အပါယ် ရောက် ဒီလိုဖြစ်မှာစိုးလို့ မင်းတို့ကို ဒါကလေး ပြောချင် လွန်းလို့ ခန္ဓာကိုယ်ကြီး ဖာထေး ဖေးမ, ပြီးသကာလ ထားတယ်ဆိုတာလည်း ကိုစောမောင် မရှင်းဘူးလား (ရှင်းပါတယ်) သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။ 

ဒါဖြင့် ဒကာ ဒကာမတို့ ဘာလုပ်သင့်သတုံး (သတိပဋ္ဌာန်လေးပါး တစ်ပါးပါး လုပ်သင့်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

စားချင်တဲ့စိတ်ကလေး

တစ်ပါးပါး လုပ်သင့်တယ်ဆိုတော့ တစ်ပါးပါးကို တစ်ခုသော တရားကလေးကို ဥပမာ ဒကာ ဒကာမတွေက ကိုယ့်စိတ်ကလေး ကိုယ်ရှုနေတယ်၊ စားချင်တဲ့စိတ်ကလေး ပေါ်တယ် ဟုတ်လား၊ စားချင်တဲ့စိတ်ကလေး ပေါ်လာတော့ ဒကာ ဒကာမတွေ ဘုန်းကြီးသင်ထားတာက ဒကာ ဒကာမတွေ ရှေ့စိတ်ကို နောက်စိတ်ကရှုပါလို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။

စားချင်တဲ့စိတ်ကလေး ရှိ မရှိကို နောက်စိတ်ကသာ ကြိုးစား (မှန်ပါ့) ရှိပါ့မလား (မရှိပါ ဘုရား) နောက်စိတ် ပေါ် ရင် ရှေ့စိတ်ကမရှိတော့ဘူး (မှန်ပါ) အညံဥပ္ပဇ္ဇတေ စိတ္တံ၊ အညစိတ္တံ့နိရုဇ္ဇတိ၊ အဝိဓိမနုသမ္ပန္နော၊ နဒီသောတောင် ယ ဂစ္ဆတိ လို့ ဟောထားသောကြောင့် ဒီစိတ်ချုပ်ပြီးမှ ဒီတွေးတဲ့စိတ်ကပေါ်လာတာ၊ ဪ ဒီတွေးတဲ့စိတ်က အရင်စိတ်ရှိ, မရှိတွေးရာ (မှန်ပါ့) ရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိတော့ မရှိတာက အနိစ္စဟုတ်လား၊ သိတာ မဂ္ဂ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) မရှိတာက (အနိစ္စ ဘုရား) သိတာက (မဂ္ဂပါ) ဒါသည် ဒကာ ဒကာမတို့ နိဗ္ဗာန်ပို့တဲ့တရားအစစ် (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ပို့တဲ့တရားအစစ်

ကိုစောမောင် ဒီဘက်ကဟာဘာတုံး (နိဗ္ဗာန်ပို့တဲ့ တရားအစစ်ပါ ဘုရား) နိဗ္ဗာန်ပို့တဲ့ တရားအစစ်ဆိုတော့ “နိဗ္ဗနံ ဂစ္ဆတီကိမဒေါ့” နိဗ္ဗနံံ-နိဗ္ဗာန်သို့၊ ဂစ္ဆတိ-သွားတတ်၏။ ဣတိ တသ္မာ ထို့ကြောင့် မဂ္ဂေါ-မဂ်မည်၏ဆိုတော့ သူဟာ မဂ်ပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီဓမ္မ ကိုအားကိုးရစ်ကြ

ဪ ဒါဖြင့် မင်းတို့ငါမရှိသည့်နောက် ဒီဓမ္မ ကို အားကိုးရစ်ကြတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘာအားကိုးရမလဲ (ဓမ္မအားကိုးရပါမယ် ဘုရား)။

ဒီဓမ္မ အားကိုးရစ်ကြဆိုတာ အခု ဆရာသမားက ပြောတယ်၊ ကိုယ့် စိတ်ကိုယ်ရှုကြပါ၊ ဒကာ ဒကာမတို့ ဆေးလိပ်သောက်ချင်တဲ့စိတ်၊ ရေသောက်ချင်တဲ့စိတ် ဟုတ်လား (မှန်ပါ့ ဘုရား) ဆေးလိပ်သောက်ချင်တဲ့စိတ် ကို နောက်ကနေတွေး၊ ဆေးလိပ်သောက်ချင်တဲ့စိတ်တော့ ပေါ်ပြီ၊ အဲဒီစိတ်ရှိ၊ မရှိကို တွေးလုံးက မထုတ်တတ်တော့ဘူး လား (ထုတ်တတ်ပါတယ်)

ထုတ်တတ်လို့ရှိရင်တော့ ဒီစိတ်က ဘယ့်နှယ်နေသတုံး (မရှိတော့ပါ) မရှိတာက အနိစ္စပဲ၊ သိတာကမဂ္ဂပဲ (မှန်ပါ့ ဘုရား)။

ဒီမဂ်ဟာ ဓမ္မပဲ

ဒီမဂ်ဟာ ဓမ္မပဲမဟုတ်လား (မှန်ပါ့) ဒါ့ကြောင့် ဓမ္မဒီပါ ဒီဓမ္မကို မင်းတို့ ကျွန်းကြီးသဖွယ် ကိုးစားရစ်ပါ။ ငါမရှိသည့်နောက်ကိုဆိုတာ ဘုရားက မဟောဘူးလား (ဟောပါတယ်) ဒီဓမ္မက နိဗ္ဗာန်မှတစ်ပါး ဘယ်မှမသွား ဘူး (မှန်ပါ့) ကံလို အထက်ပစ်ရောပစ် ဟုတ်သေးရဲ့ လား (မဟုတ်ပါ) ဒါဖြင့် ကိုးစားရာအစစ် ဆရာ ဘုန်းကြီး တစ်ခုအနည်းငယ် ပြပါမယ်၊ နာရီစေ့လို့နော် (မှန်ပါ့) ဒါကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်စိတ်ကိုယ်ရှုပါ (မှန်ပါ့) ဘယ်စိတ်တုံး ဆိုတော့ ခင်ဗျားတို့ သန္တာန်မှာ ပေါ်ချင်စိတ်ပေါ်လိမ့်မယ်၊ အဲဒီစိတ် ရှိမရှိကို နောက်ကနေ သာ တွေးလုံးထုတ်ပါ (မှန်ပါ့) တွေးလုံး ထုတ်လို့ရှိရင် သတ္တဝါသန္တာန်မှာလည်း နှစ်စိတ်မပေါ် ကောင်းတော့ အရင် စိတ်မရှိဘူးဆိုတာကို တွေးလုံးက အမြဲတမ်း သိနေမှာပဲ (မှန်ပါ့ ဘုရား)။

ကိုယ့်ကိုယ်ကိုယ်အားကိုးကြ ကို သိနေတော့ စိတ်ဟာ ဝိညာဏက္ခန္ဓာဆိုတော့ ကိုယ့် ခန္ဓာပျက်နေတာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘာပျက်နေတာတုံး (ကိုယ်ခန္ဓာပျက်နေတာ) ဒါဖြင့် ကိုယ့်အသေကိုယ်သိတယ် (မှန်ပါ့) ကိုယ့်အသေဟာ အနိစ္စ၊ ကိုယ့်သိတာက (မဂ္ဂပါ) အဲဒါကို ကိုယ်လုပ်ရမှာ၊ ဒီကိုယ်ကို အားကိုးကြ ဒီခန္ဓာကိုယ်ကြီးကတော့ သုသာန် ပစ်ရမှာ (မှန်ပါ့) ဒီမဂ္ဂင်တည်းဟူသော ကိုယ့်ကိုယ် အားကိုးကြဆိုတာ မဟောသင့်ဘူးလား (ဟောသင့်ပါ တယ်) သဘောပါပလား (ပါ, ပါပြီ ဘုရား)။

ကဲ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။

မာတိကာ သို့