ဘာကြောင့် မဂ်မရကြပါလိမ့် သမာဓိမရှိလို့
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌
ဟောကြားတော်မူသော တရားတော်
ဘာကြောင့် မဂ်မရကြပါလိမ့် သမာဓိမရှိလို့
ဒီတရားကို နာကြတယ်ဆိုတဲ့ဥစ္စာ ကောင်းလို့နာတာ မဟုတ်ဘူး၊ ထွက်ရပ်လမ်းဆိုတဲ့ ဒုက္ခ ခပ်သိမ်း ငြိမ်းချင်လို့ နာကြတယ်လို့ မှတ်ရမယ်နော် (မှန်ပါ့)။
ဒုက္ခခပ်သိမ်း ငြိမ်းချင်လို့ နာတဲ့ ပုဂ္ဂိုလ်ဟာ လက်ရှိ ဒုက္ခကို မသိဘဲနဲ့ နောက် ဒုက္ခငြိမ်းချင် လိမ့်မယ် ဆိုတဲ့ ဥစ္စာ ပေါ်, မပေါ် (မပေါ်ပါ ဘုရား)။
လက်ရှိဒုက္ခသိဖို့အရေးကြီးတယ်
လက်ရှိဒုက္ခသိမှ နောက်ဒုက္ခကို သြော် ဒီလိုဒုက္ခ ကြီးများ နောက်လာရင် ခက်ချေရဲ့ ဆိုတဲ့ သဘောနဲ့ ဒုက္ခ သိမ်းဖို့ကို တရားနာကြတဲ့ ဒကာ,ဒကာမတွေ ရှာကြမှာပဲ၊ (မှန်ပါ့)။
ဒါဖြင့် နောက်ဒုက္ခကို သိဖို့နဲ့ လက်ရှိ ဒုက္ခသိဖို့ ဘယ် ဟာ ပိုအရေးကြီးသလဲ (လက်ရှိ ဒုက္ခ သိဖို့ အရေးကြီးပါတယ် ဘုရား)၊ လက်ရှိ ဒုက္ခသိဖို့ ပို အရေးကြီးတယ် ဆိုတာ မှတ်ထား ရမယ် (မှန်ပါ့)။
ဒါဖြင့် ဒကာ,ဒကာမတို့ လက်ရှိ ဒုက္ခသိဖို့ အရေး ဟာက ၁နံပါတ်ထားပါ။ နောက်ဒုက္ခ ကြောက်တာကို ၂, နံပါတ်ထားပါလို့ သတိပေး လိုက်တယ်နော် (မှန်ပါ့)။
လက်ရှိ ဒုက္ခရောက်တာက ၁, နံပါတ်၊ နောက်ဒုက္ခ ကြောက်တာက ၂, နံပါတ်၊ ဒကာ, ဒကာမတို့ လက်ရှိ ဒုက္ခကို မကြောက်တဲ့ ပုဂ္ဂိုလ်၊ မသိသေးတဲ့ ပုဂ္ဂိုလ်ဟာဖြင့် လက်မဲ့ ဒုက္ခကို ကြောက်လိမ့်မယ် ဆိုတဲ့ စကားဟာ မလာပါဘူး (မလာပါဘုရား)၊ လာနိုင်စရာရော ရှိရဲ့လား (မရှိပါ ဘုရား)။
လာနိုင်စရာလည်း မရှိတော့ ဘုန်းကြီးတို့ ဒကာ, ဒကာမတွေ ဒီ ခန္ဓာကိုယ်ကြီးဟာ လက်ရှိ ဒုက္ခလို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)၊ ဒီ ခန္ဓာကိုယ်ကြီးဟာ ဘာပါလိမ့် (လက်ရှိ ဒုက္ခပါ ဘုရား)။
အဲဒီ လက်ရှိဒုက္ခကို အခုဘုန်းကြီးက ဒီခန္ဓာကိုယ်ကြီး ဟာ လက်ရှိဒုက္ခ (ဝါ) ဒုက္ခသစ္စာလို့ ဘယ်လိုပဲပြောပြော ဒကာ,ဒကာမတွေ သိတာကတော့ ဘယ်လိုမှ သိသတုံးလို့ မေးတဲ့အခါ နာလာမယ်၊ ကျဉ်လာမယ်၊ ကိုက်လာမယ်၊ ခဲ လာမယ်၊ အိုခြင်းဆိုး၊ နာခြင်းဆိုးတွေ တိုးလာတဲ့ အခါကျရင် သြော် ဆရာဘုန်းကြီး ပြောတာ လက်ရှိ ဒုက္ခပဲ ဆိုတာ အခုမှပဲ သိပေတော့တယ်၊ အဲဒီ သိတဲ့ အချိန်ကျပြန်တော့ လည်း အိုခြင်းဆိုး၊ သေခြင်းဆိုး နီးနေလို့ ဉာဏ်မကူနိုင်တော့ ဘူး (မှန်ပါ့)၊ ကူနိုင်သေးရဲ့လား (မကူနိုင်ပါ ဘုရား)။
လက်ရှိဒုက္ခဆိုတာ
အဲဒါကြောင့် ဒကာ,ဒကာမတို့ ယခုအချိန်ဟာ အားလုံး တရားနာနေကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဉာဏ်ကူနိုင်တဲ့ အချိန်မှာ နဂို သိထားတဲ့ ပုဂ္ဂိုလ်တွေဟာ ဪ ဒီဥစ္စာဖြင့် အင်မတန် ထင်ရှားတဲ့ ဒုက္ခတွေ့လို့ ဒါတွေ မဟုတ်သေးပါဘူး၊ စင်စစ် ဒုက္ခအစစ်က ဘယ်သူ ဘာလုပ်မလဲ ဆိုတာကို သေသေ ချာချာ နားထောင်တော့မှ လက်ရှိ ဒုက္ခဟာ ကျန်းမာတဲ့ ဒုက္ခသိမှ ဒကာဒကာမတို့ ဟိုဘက် ဒုက္ခကို ကြောက်မယ်နော် (မှန်ပါ့)။
ကျန်းမာတဲ့ ဒုက္ခသိမှ (ဟိုဘက် ဒုက္ခ ကြောက်ပါမယ်) ကျန်းမာနေတုန်း ပုထုဇဉ် အမြင်က ကျန်းမာနေတာပဲ၊ ဘယ် မှာတုံး ကျုပ်တို့ဒုက္ခ၊ စီးပွားရေးလည်း ဖြောင့်နေတာပဲ၊ ဘယ်မှာတုံး ကျုပ်တို့ ဒုက္ခ အစရှိသည်နဲ့ ဒီအချိန်မှာ ဉာဏ်ကတော့ ပြပေးမည့် သူရှိရင် ထက်တဲ့ အချိန်ပဲ၊ သို့ရာတွင် ကိုယ်က ဉာဏ်မရှာ သေးခဲ့လို့ ရှိရင် ဒီအချိန်မှာ ဉာဏ်ထက် တဲ့ အချိန်မှာ ဉာဏ်တုံးပြီး သကာလ ခုနင်က ဉာဏ်မဟုတ်ဘဲနဲ့ နောက်မှ အိုတာတွေ သေတာတွေ, နာတာတွေ ကြည့်ပြီး ဟိုဟာ ကျတော့လည်း ဒကာ,ဒကာမတွေ သံဝေဂ ဉာဏ်ဖြစ် ပြီး သကာလ ဝိပဿနာဉာဏ် မဖြစ်နိုင် အောင်ဘဲ ဖြစ်နေ ပြန်တယ်၊ သဘောကျပလား (ကျပါပြီဘုရား)။
တကယ့်ကို သိလာတော့လည်း သံဝေဂ ဉာဏ်သာ သွားတော့တယ်၊ ကိုစောမောင် ဝိပဿနာ ဉာဏ် ဖြစ်နိုင်သေး ရဲ့လား (မဖြစ်နိုင်ပါ ဘုရား)။
အဲဒါကြောင့် ဒီနေ့ ခွဲခြားပြီး သကာလ ပြောရမည့် တရားကို ဒကာ, ဒကာမတွေ ကြိုးကြိုး စားစား နားထောင် ကြည့်မှ သြော် တို့ ကျန်းမာတုန်းကို ရှိနေတဲ့ ဒုက္ခသိမှ ကိုစောမောင် ဘာတဲ့တုံး (နောက်ဒုက္ခ သိမှာပါ ဘုရား)။
ကိုစောမောင်, ဒါသိဖို့ အရေးကြီးတယ်နော် (မှန်ပါ့)၊ ကျန်းမာတုန်း ရှိနေတဲ့ ဒုက္ခကိုသိမှ ဦးဘကလေးတို့ ဒုက္ခအစစ်ကို သိမယ် (မှန်ပါ့)။
သံဝေဂဉာဏ်နဲ့သိတဲ့ဒုက္ခ
မကျန်းမာလို့ သိတဲ့ဒုက္ခ၊ အို ခြင်းဆိုးတွေ လာလို့ သိတဲ့ ဒုက္ခ၊ နာခြင်းဆိုး များလာလို့ သိတဲ့ ဒုက္ခက သံဝေဂဉာဏ်လို့ ခေါ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။ အဲဒီတော့ သံဝေဂဉာဏ်နဲ့ သိတဲ့ဒုက္ခသည် ဒကာ, ဒကာမတို့ မရပါဘူး၊ မဂ်ဉာဏ် ပေါ်နိုင်ဖို့ ခဲယဉ်းတယ် (မှန်ပါ့ ဘုရား)၊ ကျန်းမာ တုန်းကို သိနေတဲ့ ဒုက္ခမှ ဒကာ ဒကာမ တို့ တကယ် မဂ်ဆိုက်, ဖိုလ်ဆိုက် ဒုက္ခလို့မှတ်ပါ (မှန်ပါ့)။
ဒါဖြင့် ဒီနေ့ ဆရာဘုန်းကြီး စကား စ,တည်းက ဒကာ,ဒကာမတွေ မှတ်စရာက တို့သိပြီး သကာလ ထားရတဲ့ ဒုက္ခ, ဒုက္ခညည်း နေတာတွေက တကယ့်ကို မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ကျေးဇူးပြုတဲ့ ဒုက္ခ မဟုတ်သေးပါ ကလား၊ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။
အခုလို သွားရင်း လာရင်း နေရင်း ထိုင်ရင်း ခန္ဓာ လှည့်လိုက်တော့ ဒုက္ခမြင်မှ ဪ ဒါဟာ မဂ်ဆိုက် ဖိုလ်ဆိုက် ဉာဏ်နဲ့ သိတဲ့ဒုက္ခ ပါလားလို့ အားလုံး ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
ကျန်းမာတုန်းတရားနာတဲ့ပုဂ္ဂိုလ်တွေ
ဒါဟာ ဘယ်လို ထောက်ကြည့်ရတုံး လို့ မေးတဲ့ အခါကျတော့ ဘုရားဆီသွားပြီး သကာလ ရာဟုလာပဲ နာနာ, ယသော်ဓရာပဲ နာနာ, ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလာန်ပဲ နာနာ, မကျန်းမာတုန်း သွားနာတဲ့ ပုဂ္ဂိုလ် မပါဘူးနော် (မှန်ပါ့ဘုရား) ပါရဲ့လား (မပါ, ပါ ဘုရား)။
အဲ ကျန်းမာတုန်း သွားနာတော့ ဘုရားက သစ္စာ မဟောဘူးလား (ဟောပါတယ် ဘုရား) သစ္စာ ဟောလိုက်တဲ့ အခါကျတော့ သူ့ခန္ဓာ သူကြည့်လိုက်တဲ့ အခါကျတော့ ကျန်းမာနေတုန်းကို သစ္စာ မြင်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
အဲဒါကြောင့် သူတို့ ကျန်းကျန်း မာမာ ချမ်းချမ်း သာသာနဲ့ နိဗ္ဗာန်ကို ရောက်သွား ကြတယ် (မှန်ပါ့) ဒါဖြင့် မကျန်းမာလို့ မရှူနိုင်, မကယ်နိုင်ဖြစ်တဲ့ ဒုက္ခတွေ ကတော့ ပါကဋ ဒုက္ခတွေ ဖြစ်သော ကြောင့် သံဝေဂဉာဏ်သာ ဖြစ်ပါ၏။ မဂ်ဉာဏ် မဖြစ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ကျုပ်တို့ တကယ် မဂ်ဆိုက် ဖိုလ်ဆိုက် သိရမည့် ဒုက္ခကဖြင့် ကျန်းမာတုန်း သိရမည့်ဒုက္ခ (မှန်ပါ့) သဘောပါကြပလား (ပါ, ပါပြီဘုရား)။
ကျန်းမာတုန်းမြင်တဲ့ဒုက္ခ
ဒီစကားဟာ သာမည လို့ ကိုယ်, ကိုစောမောင် တို့က မမှတ်နဲ့နော် (မှန်ပါ့ ဘုရား) ကျန်းမာတုန်းကို ကိုယ်ကတော့ လောက ထုံးစံ အတိုင်း ကျန်းကျန်း မာမာ ရှိသေးတယ်၊ အဲဒီလို ကျန်းကျန်း မာမာ ရှိတုန်းမှာ မြင်ရတဲ့ ဒုက္ခမှသာလျှင် သူသည် ဒုက္ခသစ္စာ ဖြစ်တော့မယ် (မှန်ပါ့)။
သူ မကျန်းမာ မချမ်းသာလို့ အိုကြီး အိုမ ဖြစ်ပြီး သကာလ ဝေဒနာတွေဖြစ် ဒီဘက် စောင်းလိုက်ရင် ဟိုဘက် ယိုင်ချင် ယိုင်သွားတဲ့ အသွားမျိုးကြောင့် သြော် ဒုက္ခ ဒုက္ခ ဆိုတာ မောင်နိုင် ပါကဋ ဒုက္ခလို့ခေါ်တယ် (မှန်ပါ့) ပါကဋ ဆိုတာ မြန်မာလို ပြောပါတယ် ဒကာ ဒကာမတို့ ထင်ရှားတဲ့ ဒုက္ခ, တိရစ္ဆာန်တောင် သိနိုင်တာမျိုး (မှန်ပါ့)။
အဲဒီ ဒုက္ခကတော့ သစ္စာ မဆိုက်ပါဘူးတဲ့ (မှန်ပါ့) မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်ဖို့ မလွယ်ဘူး (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီဘုရား) ကျန်းမာတုန်းကို ခန္ဓာ ကြည့်လိုက်လို့ ပေါ်လာတဲ့ ဒုက္ခမှ သာလျှင် မဂ်ဉာဏ် ဖိုလ် ဉာဏ်ကို ရနိုင်တဲ့ဒုက္ခ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် မောင်နိုင် ဒုက္ခ ဘယ်နှစ်မျိုး ရှိသတုံး (နှစ် မျိုးပါ) မကျန်းမာမှ တွေ့ရတဲ့ ပါကဋ ဒုက္ခ တစ်မျိုး ကျန်းမာတုန်း မတ္တနဲ့ ပကတိမျက်စိနဲ့ မမြင်ရဘဲ ဉာဏ်မျက်လုံးနဲ့ကြည့် မှ မြင်တဲ့ အပါကဋ ဒုက္ခ တစ်မျိုး၊ ကိုစောမောင် ဘယ်နှစ်မျိုး ရှိသလဲ (နှစ်မျိုးပါ ဘုရား) ဒါဖြင့် ပါကဋဒုက္ခ အပါကဋ ဒုက္ခလို့ နှစ်မျိုး မှတ်လိုက် (မှန်ပါ့)။
ပါကဋဒုက္ခဆိုတာ
ပါကဋ ဒုက္ခဆိုတာ တိရစ္ဆာန် တောင် သိနိုင်တဲ့ ဒုက္ခ သဘောကျပလား (ကျပါပြီ) တိရစ္ဆာန် များလည်း အိုလာတဲ့ အခါကျတော့ သူ့ခန္ဓာကြီး သူသဘော မကျတာ တွေ့မလာ ဘူးလား (လာပါတယ်) အဲဒီ ဒုက္ခဟာ သစ္စာဆိုက် ပါ့မလား (မဆိုက်ပါ ဘုရား) မဆိုက်သေးဘူးတဲ့၊ မဂ်ဉာဏ်, မပေါ်နိုင်ဘူး သဘောကျပလား (ကျပါပြီဘုရား)။
အပါကဋဒုက္ခဆိုတာ
ဒါဖြင့် ကျန်းမာတုန်းကို မြင်ရတယ်၊ ဆရာပြလို့ ကိုယ်ပိုင် ဉာဏ်နဲ့ကြည့်လို့ သိရတဲ့ ဒုက္ခ သာလျှင် ဒကာဒကာမ တို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်မည့် ဒုက္ခလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ဘုရား)။
ဒါဖြင့် အပါကဋဒုက္ခ မြင်ပါမှ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်မယ် (မှန်ပါ့) ပါကဋ ထင်ရှားတဲ့ ဒုက္ခ မြင်ရုံနဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်ဖို့ မလွယ်ဘူး (မှန်ပါ့) သဘော ကျပလား (ကျပါပြီဘုရား)။
ဒါ သေသေ ချာချာ မှတ်ပြီး ထားတော့မှ ဒုက္ခပေမယ့်လည်း မကျန်းမာတဲ့ ဒုက္ခတွေ အိုကြီး အိုမ ဖြစ်ပြီး သကာလ ဝေဒနာတွေ ထူထပ်နေတဲ့ လူချင်းမတူ သူချင်းမမျှ ဆိုတဲ့ ဒုက္ခတွေကတော့ သံဝေဂဉာဏ်သာ ကျေးဇူးပြု၍ မဂ်ဉာဏ် မဖြစ် (မှန်ပါ့ ဘုရား)။
ဒုက္ခအစစ်မြင်မှမဂ်ဉာဏ်
ကျန်းမာတုန်းမှာ ခန္ဓာကြည့်လိုက်တဲ့ အခါမှာ ဆရာကောင်း သမားကောင်းက ညွှန်ပြလို့ ကိုယ်ပိုင်ဉာဏ်နဲ့ ကြည့်လို့ မြင်တဲ့ ဒုက္ခမှ သာလျှင် သြော် ဒါမှ ဒုက္ခအစစ် ပါလား ဆိုပြီး သကာလ မဂ်ဉာဏ် ပေါ်လာတယ် (မှန်ပါ့) သဘောပါကြပလား (ပါ, ပါပြီဘုရား)။
ဒါဖြင့် ပါကဋဒုက္ခ မြင်မှလား အပါကဋ ဒုက္ခ မြင်မှလား (အပါကဋ ဒုက္ခမြင်မှပါ) ကဲ ဒါဖြင့် နေရာကျ ပြီ ဒကာဒကာမတို့ ဒီနှစ်လုံးကိုဖြင့် မမေ့ပါစေနဲ့ (မှန်ပါ့) ဒီနှစ်လုံး မမေ့စေနဲ့လို့ ကိုစံလှ အရေးတကြီး ပြောတယ် (မှန်ပါ့ဘုရား)။
ကျန်းမာတုန်း မြင်နေတဲ့ ဒုက္ခမှ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်တယ်နော် (မှန်ပါ့) မကျန်းမာလို့ ဒုက္ခတွေကို ဒကာ ဒကာမတွေက တွေ့ပြီး သကာလ နေလို့ရှိရင်ဖြင့် သြော် ဒီလိုများတော့ မဖြစ်ချင်ပါဘူး၊ ဒါကြီး ဖြစ်ချင် ပါတယ် ဆိုငြား သော်လည်းတဲ့ ဖြစ်ချင်တဲ့ ဉာဏ်တော့ ပေါ်ပါ ရဲ့ ဟိုဟာ မဂ်ဉာဏ် မဟုတ်ဘဲ ဖြစ်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
ဒါဖြင့် ကျန်းမာတုန်း မြင်တဲ့ ဒုက္ခနဲ့ မကျန်းမာ မချမ်းသာ ဖြစ်လာမှ မြင်တဲ့ဒုက္ခနဲ့ မောင်နိုင်တို့ သေသေ ချာချာ စဉ်းစား ကြည့်ပါ ဉာဏ်ချင်း ကွာပါလိမ့်မယ် (ကွာပါတယ် ဘုရား) မကျန်းမာတဲ့ ဒုက္ခတွေက ဒကာဒကာမတွေ ဉာဏ်တော့ လာတာပဲ၊ သံဝေဂဉာဏ်သာ ဖြစ်နေတယ် လို့ မှတ်လိုက် စမ်းပါ (မှန်ပါ့ဘုရား)။
ဘယ်လိုမှတ်ကြမယ် (သံဝေဂ ဉာဏ်သာ ဖြစ်ပါ တယ်ဘုရား) ကျန်းမာတုန်း ကိုပဲ ဆရာကောင်း သမားကောင်း ပေးတဲ့နည်းနဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ ကြည့်လိုက်လို့ မြင်လာတဲ့ ဒုက္ခတော့ဖြင့် မဂ်ဉာဏ် ဖြစ်မယ် (မှန်ပါ့) ကိုစံလှ မကွာလား (ကွာပါတယ်) အင်မတန် ကွာပါတယ် ဆိုတာ ဒကာ ဒကာမတွေ သေသေ ချာချာ မှတ်ပါနော် (မှန်ပါ့ ဘုရား)။
အိုရင်တော့အားမထုတ်နဲ့တဲ့
ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အင်္ဂုတ္တိုရ် ပါဠိတော်များမှာ အိုရင်တော့ အားမထုတ်နဲ့တော့ ဟေ့လို့ တချို့ နေရာမှာလည်း လာတယ် (မှန်ပါ့ဘုရား)။
ကိုစောမောင်, ဘာတဲ့တုံး (အိုရင်တော့ အားမထုတ်ပါနဲ့တော့) အိုရင် အားမထုတ် ပါနဲ့တော့ ဆိုတာ သံဝေဂဉာဏ်သာ များတော့မယ် ဟိုဉာဏ်က မလာတော့ ဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)
သံဝေဂဉာဏ်တော့ သူတို့ အိုတော့ မများ ဘူးလား (များပါတယ်) များပေမယ့်လည်း ခုနင်က ပြောခဲ့တဲ့ ထိုးထွင်းဉာဏ်က (မလာပါဘုရား) မလာနိုင်တော့ အဲဒါ လျှော့ရ မလို ဖြစ်နေတဲ့ နေရာလည်း ရှိသေးတယ် (မှန်ပါ့ ဘုရား)။
ဒုက္ခနှစ်မျိုး
ဒါဖြင့် – အခု ဆရာ ဘုန်းကြီး ဟောလိုက်တာ ဒုက္ခ ပေမယ့်လည်း နှစ်မျိုးပါလား (မှန်ပါ့) ပါကဋ ဒုက္ခက တစ်မျိုး အပါကဋ ဒုက္ခက တစ်မျိုး (မှန်ပါ့) အပါကဋ ဒုက္ခ ဆိုတာ မထင်ရှားဘူးတဲ့၊ ရှိတော့ ရှိတယ် အဲဒီ မထင်ရှားဘဲနဲ့ ရှိနေ တာကို ကိုစံလှတို့ မြင်မှ ကိုက်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပကတိ မျက်လုံးနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ မမြင် ပါဘူးတဲ့၊ ဉာဏ် မျက်လုံးနဲ့ တပ်ကြည့် လိုက်တဲ့ အခါကျတော့ သြော် တော်တော် ဒုက္ခအစစ်ပါလား ဆိုတာ ကိုယ်တိုင် မြင်လာလိမ့်မယ် (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒုက္ခကို ဒီနေ့ ဘယ်နှစ်မျိုး ခွဲပြီး ပြောပါလိမ့် (နှစ်မျိုးခွဲ ပြောပါတယ်) ပါကဋဒုက္ခက သံဝေဂ ဉာဏ်ကိုသာ ဖြစ်စေတယ် ဆိုတော့ (မှန်ပါ့) အပါကဋ ဒုက္ခက မဂ်ဉာဏ်ကို ဖြစ်စေတယ် ဆိုတော့ ဪ ဒီစကားဟာ မလွယ်ပါလား (မှန်ပါ့ဘုရား)။
သူတို့ငယ်ငယ်နဲ့မဂ်ရကြတယ်
ဒီစကားဟာ မလွယ်ပါလား ဆိုတာ နားကြီးကြီးနဲ့ ထောင်ကြည့်တော့မှ ကိုစောမောင် ဒုက္ခကွဲ လာတယ် (မှန်ပါ့ဘုရား) နို့ မဟုတ်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေ ရာဟု လာဟာ ငယ်ငယ်နဲ့ သောတာပန် တည်တယ် ဆိုတာ ကျန်းမာ လို့ (မှန်ပါ့) မဆို နိုင်ဘူးလား (ဆိုနိုင် ပါတယ်) ယသော်ဓရာ တို့လည်း ၃၀, ၃၅ လောက်မှာ သူ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်တယ် ဆိုတာ ကျန်းမာလို့လား (ကျန်းမာလို့ပါ ဘုရား) ကျန်းမာတုန်း ဉာဏ်ထက် တုန်းပေါ့ဗျာ (မှန်ပါ့)။
ဒါဖြင့် ရှင်သာရိပုတ္တ ရာ, ရှင်မောဂ္ဂလာန်တို့ အလောင်း တွေဟာလည်း လူပျိုကြီးတွေပဲဗျာ၊ မဟုတ်ဘူးလား (မှန်ပါ့) ဘယ်အချိန်များ သူတို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရလိုက်ပါလိမ့် မတုံး ဆိုတော့ ကျန်းမာ ချမ်းသာတုန်း (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
ဘယ်အချိန်ရပါလိမ့် (ကျန်းမာ ချမ်းသာတုန်း ပါဘုရား) ကျန်းမာ ချမ်းသာတုန်း ရတယ် ဆိုတော့ ကိုစောမောင် အဲဒီ ဝတ္ထုတွေက မထင်ရှားဘူးလား (ထင်ရှား ပါတယ်) ထင်ရှား နေတော့ သူတို့ ဘယ်ဒုက္ခ မြင်လို့ပါလိမ့်မလို့ မောင်နိုင်က တွေးတာပေါ့ (အပါကဋ ဒုက္ခမြင်လို့ပါ ဘုရား)။
ဒါဖြင့် ဒုက္ခသည် လူတိုင်းမြင်နိုင်တဲ့ ဒုက္ခတစ်မျိုး၊ သဘောပါပလား (ပါပါပြီ) လူတိုင်း မမြင် နိုင်တဲ့ ဒုက္ခက (တစ်မျိုးပါ ဘုရား) ဘယ်ဒုက္ခမြင်မှ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရမတုံး (အပါကဋ ဒုက္ခ မြင်မှပါ ဘုရား) အပါကဋဒုက္ခ ဆိုတာ လူတိုင်း မမြင်နိုင်ပါဘူး သဘောကျပလား (ကျပါပြီဘုရား)။
ကိုင်း ဒါဖြင့် ဒကာဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတာကိုပဲ ဘုန်းကြီးက ထုတ်ပြပါ မယ်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သံယုတ် ပါဠိတော် မှာ ဘယ်လို ဟောလိုက် သတုံး ဆိုလို့ ရှိရင် ရဟန်းတွေ ဟာတဲ့ သူတို့ တရားတော့ အားထုတ်ပြီး သကာလ နေကြ တယ်၊ ဖြစ်ပျက်တွေ မြင်အောင်တော့ဖြင့် မောင်နိုင် ကြိုးစား နေကြတယ် (မှန်ပါ့)။
ဘာ့ကြောင့်မဂ်မရကြတာလဲ
ဘုရားကလည်း သဗ္ဗညုတဉာဏ်တော်နဲ့ ကြည့်လိုက် တယ် ဒီကိုယ်တော်တွေကို၊ ဪ ဒီရဟန်းတွေဟာ ကြိုးစားတော့ ကြိုးစား နေတာပဲ၊ ခန္ဓာကိုယ် ကြည့်ပြီး သကာလ ဖြစ်ပျက်မြင် အောင်တော့ ကြည့်နေ ကြတာပဲ၊ ဖြစ်ပျက်တာ ဒုက္ခသစ္စာကိုး (မှန်ပါ့) သဘော ကျပလား (ကျပါ ပြီဘုရား)။
အဲဒီ ဒုက္ခသစ္စာကို သူတို့က ကြည့်ပြီး သကာလ နေတော့ သြော် ကြည့်သာ ကြည့်တယ် သမာဓိ မရှိဘူး တဲ့၊ ဘုရားက သိတယ် (မှန်ပါ့) ကြည့်သာ ကြည့်နေ ကြတယ်၊ သမာဓိ မရှိဘူးတဲ့ (မှန်ပါ့)။
သမာဓိမရှိရင်ဒုက္ခမမြင်နိုင်
ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တရားအား ထုတ်နေတဲ့ ရဟန်းတွေ ခေါ်ပြီး သကာလ မင်းတို့ အားထုတ် နေတာတော့ဖြင့် ထုတ်တာပဲကွာ၊ ထုတ်ပင်, ထုတ်ငြား သော် လည်း မင်းတို့သည်ကား ဆိုလို့ ရှိရင်ဖြင့် သမာဓိ မရှိဘဲနဲ့ မင်းတို့ အားထုတ်နေတဲ့ အတွက် ဟုတ်တိုင်း မှန်စွာ ဒုက္ခကို မင်းတို့ မမြင်တော့ဘူးတဲ့၊ သဘောကျပလား (ကျပါပြီ) အပါကဋ ဒုက္ခကို မမြင်နိုင်ဘူးတဲ့ ပေါ်ကြပလား (ပေါ် ပါပြီဘုရား)။
သမာဓိမရှိလို့မဂ်မရတာ
သြော် သမာဓိ မရှိဘဲနဲ့ ဝိပဿနာ လုပ်နေရင် ဝိပဿနာ ဆိုတာ ဒုက္ခကို မြင်အောင် ကြည့်တာ ကိုစောမောင် ရေ (မှန်ပါ့) အဲဒီတော့ သူတို့က သမာဓိ မရှိဘဲနဲ့ ဖြစ်ပျက် ဒုက္ခသစ္စာ မြင်အောင် ကြည့်နေတော့ ဒီရဟန်းတွေတော့ လွဲကုန်ပြီ ဆိုပြီး ဘုရားက ဇေတဝန် ကျောင်းက နေပြီး ခုနင်က တရား အားထုတ်နေတဲ့ ကိုယ်တော်တွေ ခေါ်ဟေ့ ဆိုပြီး တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေကို အခေါ်ခိုင်းလိုက် တယ်နော် (မှန်ပါ့ဘုရား)။
တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ အခေါ်ခိုင်းလိုက် ပြီး မင်းတို့ ဘာများ လုပ်နေကြသတုံး တပည့်တော်တို့ ဘုရား ခန္ဓာထဲမှာ ဖြစ်ပျက်နေတဲ့ ဒုက္ခသစ္စာကို ရှာနေပါတယ် (မှန်ပါ့ ဘုရား) ရှာပင် ရှာငြား သော်လည်းကွာ မင်းတို့ မရနိုင်ဘူးတဲ့။ ဒါ့ကြောင့် ငါသေသေချာချာ သင်ဦးမယ် ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “သမာဓိံ ဘိက္ခဝေ ဘာဝေထ” ဒါကို အရင်ဟောလိုက်တယ်၊
ဘိက္ခဝေ= ငါ၏ချစ်သား တပည့်များ တို့၊ သမာဓိံ= သမာဓိကို၊ ဘာဝေထ = ရှေးဦးစွာ တည်
ဆောက်လိုက်ကွတဲ့ (မှန်ပါ့ဘုရား)။
သမာဓိအရင်တည်ထောင်ပါ
ဘာတဲ့တုံး (သမာဓိကို ရှေးဦးစွာ တည်ထောင် ရပါမယ်) သမာဓိ တည်ထောင် လိုက်ကွာ ဆိုတော့ ကျန်းမာတဲ့ ရဟန်းတွေ ဟောနေတယ် ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
သမာဓိကို တည်ထောင်လိုက်ကွ ဆိုတော့မှ ဒကာ ဒကာမတွေ ဒီရဟန်းတွေကို သမာဓိ အတည် ခိုင်းတယ်။ သမာဓိ ဆိုတာကတော့ တစ်ခု တည်းသော အာရုံပေါ်မှာ ကိုယ့်စိတ်ထားလို့ မပြေးရင်ပြီးတာပဲ (မှန်ပါ့ ဘုရား)။
သမာဓိဆိုတာ
သမာဓိ ဆိုတာ ဘာပါလိမ့် မတုံးလို့ ခင်ဗျားတို့ ဘာမှ မေးစရာ မရှိဘူး ဒီတိုင်ကြီး ခင်ဗျားတို့ ကြည့်နေတယ် တိုင်ကြီး ဆီမှ တစ်ပါး စိတ်ဟာ ဘယ်မှ ဘေးမပြေးလို့ ရှိရင် ဒါသမာဓိ ပဲ (မှန်ပါ့) ဒါကြောင့် သူဟာ မဂ်ဖိုလ် မဆိုက်နိုင်ဘူး ဆိုတာ သေချာပလား (သေချာပါပြီဘုရား)။
ဘာမှမြင်တာ မဟုတ်ဘဲ၊ ဒီအပေါ်မှာ တည်တာရှိ တာပဲ သဘော ကျပလား (ကျပါပြီ) ဒီအထဲမှာ ဒုက္ခ သစ္စာ သူမြင်နိုင်သလား (မမြင်နိုင်ပါ) ဒါဖြင့် အသုဘ သူမြင်နိုင်သလား (မမြင်နိုင်ပါ) မမြင်နိုင်ဘူး ဒကာ ဒကာမတို့ သမာဓိဟာ သမာဓိ တစ်ခုတည်းသော အာရုံပေါ် မှာ ဘယ်မှ မပြေးတာ ရှိတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
ထိုးထွင်းသိ မပါသေးဘူး
ဒါဖြင့် သမာဓိကို ရှေးဦးစွာ တည်ထောင်ကွာလို့ ဆိုတော့ တစ်ခုတည်းသော အာရုံမှာ ရှေ့က မောင်နိုင်က ဖြစ်စေ၊ ကိုစံလှက ဖြစ်စေ၊ ရှေ့ကတစ်ခု ထားပြီး စိုက်ကြည့်၊ စိုက်ကြည့်နေတဲ့ အခါ ကျတော့ ဒီစိတ်ဟာ ဒီမှာပဲ စိုက်နေတယ်၊ ဘယ်မှ မပြေးတော့ဘူး၊ ၁၀-မိနစ်၊ ၁၅မိနစ်၊ နာရီဝက်၊ သမာဓိပဲ မောင်နိုင်ရဲ့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒီဟာကလေး စိုက်နေရတာပဲ ရှိတာပဲ ကိုစံလှ ရဲ့၊ ဒီအထဲမှာ ထိုးထွင်းသိ သူ့အထဲပါရဲ့ လား (မပါ, ပါ ဘုရား) မပါသေးတဲ့ အတွက် သမာဓိချည်း သက်သက်ဆိုလည်း ကိုစောမောင် မရဘူး (မှန်ပါ့) သစ္စာဆိုက် ဖြစ်ပါ့မလား (မဖြစ်ပါဘုရား)။
သမာဓိရှိမှ သစ္စာမြင်မယ်
ဒါဖြင့် ဒကာဒကာမတို့ ဘုရားက ခုနင်က ရဟန်း တွေ ခေါ်လိုက်ပါပြီ၊ မင်းတို့ သမာဓိ မရှိဘဲနဲ့ သစ္စာကြည့် နေလို့တော့ဖြင့် မင်းတို့ မြင်ကြမယ် မဟုတ်ဘူး၊ သမာဓိကို တည်ထောင်ဦးကွတဲ့၊ ဒါကို အရင် ဟောလိုက်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း ဒီရောက်လာတဲ့ အလုပ်တောင်းတဲ့ ဒကာ ဒကာမတွေ အလုပ် လုပ်တဲ့ ဒကာ ဒကာမတွေ တစ်ရက် ဆိုလို့ ရှိရင် ဘုန်းကြီးက အလုပ်ကို မပေး သေးဘူး ကိုစောမောင်၊ သမာဓိ ဖမ်းပါဦးလို့ ပြောလိုက်တယ်, (မှန်ပါ့ ဘုရား)။
အာနာပါန အရင်လုပ်ပါဦး
ပထမရောက်လာတဲ့နေ့ သမာဓိ ဖမ်းပါဦး၊ မင်းတို့ ဆယ့်ငါးမိနစ်မှ နာရီဝက် ရပလား ဆိုတာ ဒါက နဂိုကမှ အပါကဋ ဒုက္ခသစ္စာကို တော်တော် ကြည့်ရမည့် ဥစ္စာ သမာဓိက မပါဘဲ နဲ့ ကြည့်နေမယ် ဆိုရင် မောင်နိုင်, ရပါ့မလား (မရပါ ဘုရား)။
အဲဒါကြောင့် ဒကာဒကာမတွေ အိမ်မှာ အားထုတ် နေတဲ့ ဒကာ ဒကာမတွေ အတွက် ဆိုရင် ရှေးဦးစွာ အာနာပါန ဖြစ်တဲ့ ထွက်လေ ကလေးကြည့်၊ ဝင်လေ ကလေး ကြည့်ပြီး နှာသီးဖျား စိတ်ထားပြီး ထွက်တာသိ, ဝင်တာသိ ကလေးကို ဆယ်မိနစ် ဆယ့်ငါးမိနစ်၊ ဒါဟာ ရှေးဦးစွာ လုပ်တဲ့ ပုဂ္ဂိုလ် မှာ လုပ်ပေးပါ (မှန်ပါ့) သဘောကျပလား (ကျပါ ပြီဘုရား)။
အဲဒီတော့ ထွက်တိုင်း ဝင်တိုင်း သိနေတော့ စိတ်ဟာ ဒီလေဆီမှ တစ်ပါး ဘယ်မှ မပြေး တော့ဘူး ဆိုတာ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။
လေကို သူသိနေတာပဲ၊ ထွက်သွားတဲ့လေ ကိုလည်း ထွက်သွားတဲ့ လေလို့ သူသိတယ်၊ ဝင်လာတဲ့ လေရော (ဝင်တဲ့လေလို့ သိပါတယ် ဘုရား)။
ဒါဖြင့် သူလေပေါ်မှ တစ်ပါး တခြားကို မသွားတော့ ဘူး၊ ဆယ်မိနစ် ဆယ့်ငါးမိနစ်ဟာ ထွက်တိုင်းသိ, ဝင်တိုင်းသိ, သိနေတော့ သြော် လေပေါ်မှ တစ်ပါး သူဘယ်မှ မပြေး တဲ့ အတွက် သမာဓိ တည်ပြီလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
နာရီဝက်တိုင်တိုင်သိနေ
သမာဓိ တည်ပြီနော်, ဒကာ ဒကာမတွေ (မှန်ပါ့ ဘုရား) ကောင်းပြီ ဆယ်မိနစ် ဆယ့်ငါးမိနစ်မှ နာရီဝက် တိုင်တိုင် ဘယ်မှ မပြေးတော့ဘူး ဘုရား၊ ထွက်တိုင်းသိ, ဝင်တိုင်းသိ, လေပေါ်မှာသာ တပည့်တော်, သတိနဲ့သာ သမာဓိ ရှိတော့တယ်၊ လေပေါ်မှသာ သတိနဲ့ သမာဓိ ရှိတော့တယ် ဆိုလို့ ရှိရင်ဖြင့် မောင်နိုင်, ဖြုတ်လိုက်ပါတော့ တော်ပြီ သူ့ကို (မှန်ပါ့ ဘုရား) ကိုစံလှ, တော်ပြီနော် ဆယ့်ငါးမိနစ် လောက် ရရင် တော်ပါပြီ (မှန်ပါ့)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “သမာဓိံ ဘိက္ခ ဝေဘာထ” မင်း သမာဓိကို ရှေးဦးစွာ ပွားကွ ဆိုတော့ ခုနင်က အလုပ်ခိုင်းတာ ကိုစောမောင်, သဘောကျပလား (ကျပါပြီဘုရား)။
“သမာဟိတော ယထာဘူတံ ပဇာနာတိ။” သမာဟိတော= တည်ကြည်သော ပုဂ္ဂိုလ်သည်၊ ယထာဘူတံ = အပါကဋ ဖြစ်တဲ့ ဖြစ်ပျက် ဒုက္ခသစ္စာကို၊ ပဇာနာတိ= သိ၏တဲ့၊ ခုနင်က သမာဓိ တည်ပြီး တဲ့ ပုဂ္ဂိုလ်မှ၊ ခန္ဓာ လှည့်လိုက်တဲ့ အခါ မှာ အပါကဋ ဒုက္ခသစ္စာ သွားတွေ့တယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီဘုရား)။
ဘာသွားတွေ့သလဲ (အပါကဋ ဒုက္ခသစ္စာ သွားပြီးတွေ့ပါတယ် ဘုရား) ပါကဋ ဒုက္ခသစ္စာ ကတော့ အနာ ပေါက်တာမျိုးကို ဆိုတာ ကိုစောမောင်ရေ (မှန်ပါ့)။
အနာပေါက်တာ, လေနာတာ, ခေါင်းကိုက်တာ၊ ဪ ဒုက္ခ, ဒုက္ခ သြော် ဒုက္ခ, ဒုက္ခ ဆိုတော့ သူကလည်း သံဝေဂဉာဏ် သက်သက်သာ သွားတယ်၊ မဂ်ဉာဏ် ဘက်လာရဲ့လား (မလာပါဘုရား)။
အဲဒါကြောင့် ဒုက္ခနှစ်မျိုး ရှိတယ်လို့ ဆရာဘုန်း ကြီးက စောစောက ဝေဖန်ခဲ့တာရော ကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။
ထင်ရှားတဲ့ဒုက္ခနဲ့မဂ်မရနိုင်
နို့ မဟုတ်လို့ရှိရင်ဖြင့် လူကြီးတွေဟာ သြော် ဒုက္ခ ဪဒုက္ခ ဆိုတာတွေ ကတော့ သူတို့လည်း ထ,လည်း ဒုက္ခ၊ ထိုင်လည်း ဒုက္ခ ကတော့ ကိုစောမောင် ခင်ဗျားလည်း၊ ကြားဖူးမှာပဲ (ကြားဖူးပါတယ် ဘုရား)။
ကြားဖူးပင် ကြားဖူးငြား သော်လည်း သူမဂ်ဉာဏ် ဖိုလ်ဉာဏ် ရသွားသလား (မရပါ ဘုရား) ဘာဖြစ်လို့ မရတာတုံး, ပါကဋဒုက္ခ လောက်သာ သိနေလို့ (မှန်ပါ့) ထင်ရှားတဲ့ ဒုက္ခ တဲ့ သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် မထင်ရှားနိုင်တဲ့ ဉာဏ်နဲ့ကြည့်မှ မြင်နိုင်တဲ့ ဒုက္ခကို မြင်ပါမှ မဂ်ဆိုက်မယ် ဆိုတာကို လေးလေး စားစား မှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သေခါနီးမှ ကြိုးစားရင်မဖြစ်ဘူး
ဒါဖြင့် ကျန်းမာစဉ် လုပ်ရမှာလား၊ မကျန်းမာစဉ် လုပ်ရမှာလား (ကျန်းမာစဉ် လုပ်ရမှာပါ ဘုရား) ဒါ့ကြောင့် တရားနာ နေကြတဲ့ ဒကာ ဒကာမတွေ ကျန်းမာချိန်ကို မြင် ရမည့် ဒုက္ခမှ ခင်ဗျားတို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရမှာ သေခါနီးမှ ကြိုးစားမယ် ဆိုရင်လည်း မဖြစ်ဘူး (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။
သေခါနီးမှ ကြိုးစားမယ် ဆိုရင် (မဖြစ်ပါ ဘုရား) ဝေဒနာတွေ ထူထပ်မှ ကြိုးစားမယ် ဆိုရင်ရော (မဖြစ် ပါဘုရား) ဘာ့ကြောင့်တုံး ဝေဒနာ ထူထပ်မှ ကြိုးစားတော့ ပါကဋဒုက္ခ လောက်သာ သူဖြစ်ပြီး သံဝေဂဘက် သွား တော့မယ် (မှန်ပါ့) မဂ်ဉာဏ် ဖိုလ်ဉာဏ် လာပါဦးမလား (မလာပါ ဘုရား)။
ဒါဖြင့် ဒကာဒကာမတို့ အခုတရားနာကြတဲ့ ဒကာ ဒကာမတွေ အားလုံး ကျန်းမာလို့ ကြီးတဲ့ ပုဂ္ဂိုလ်လည်း ကျန်းမာလို့ ငယ်တဲ့ ပုဂ္ဂိုလ်ရော (ကျန်းမာလို့ပါ ဘုရား)။
ကျန်းမာလို့ လာပြီး နာကျတဲ့ အခါကျတော့ တကယ့် မဂ်ဆိုက် ဖိုလ်ဆိုက် ဒုက္ခ သိချင်လို့ ရှိရင် ဘယ်အချိန် လုပ်ရ မှာပါလိမ့် (ကျန်းမာတဲ့ အချိန် လုပ်ရမှာပါ) သဘော ကျပလား (ကျပါပြီ ဘုရား)။
အရွယ်ကောင်းတုန်းကြိုးစားပါ
ဘယ်အချိန် လုပ်ရမှာလဲ (ကျန်းမာတဲ့ အချိန် လုပ်ရပါမယ်) ကျန်းမာတဲ့ အချိန် အရွယ် ကောင်းတုန်း ကို ကြိုးစား လိုက်ပါ ဆိုတာ ကိုလည်း ဘုရားက တိုက်တွန်းသည့် အတိုင်း ဘုန်းကြီးက နိုးဆော်ပါတယ် (မှန်ပါ့) သဘော – ကျပလား (ကျပါပြီဘုရား) ဦးဘကလေး, ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ကောင်းပြီ, ဒါဖြင့် “သမာဓိံ ဘိက္ခဝေ ဘာဝေထ” ဆိုတော့ ကိုစံလှရေ သမာဓိ ကလေး နည်းနည်း တည်အောင် လုပ်ပါ (မှန်ပါ့) တည်ပြီးတော့ ခန္ဓာဘက် ဉာဏ်လှည့်လိုက်၊ တည်ပြီးလို့ ရှိရင် လေဘက်ကို မလှည့် နဲ့တော့ (မှန်ပါ့) လေထွက်တာ ဝင်တာကို သိတာကို မလှည့်နဲ့တော့ (မှန်ပါ့)။
သမာဓိ တည်နေတဲ့ ပုဂ္ဂိုလ်ဟာ ခန္ဓာက မောင်နိုင်, နဂိုကလည်း ဖြစ်ပြီးပျက်တဲ့ ဒုက္ခသစ္စာကိုး (မှန်ပါ့) အဲဒီတော့ သမာဓိတည်ပြီး နေတဲ့ ပုဂ္ဂိုလ်သာ နောက်ပညာနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ဒီခန္ဓာ ဒုက္ခသစ္စာကို ဒုက္ခသစ္စာ ရယ်လို့ပဲ သူ့မှာ ပညာနဲ့ ကြည့်လိုက်တဲ့ အခါ ကိုစောမောင်, သမာဓိ တည်ပြီးမှ ကြည့်တဲ့ အခါကျတော့ တွေ့တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
သမာဓိတည်ပြီးမှကြည့်
ဘယ်အချိန် ကြည့်ရမှာပါလိမ့် (သမာဓိတည် ပြီးတဲ့အချိန်ကြည့်ရမှာပါ) သမာဓိတည်ပြီးမှ ကြည့်လိုက်တဲ့ အခါကျတော့ ဟိုနေရာက ရွရွ၊ ဒီနေရာက ရွရွ၊ ဒီနေရာက ယားသလိုလို၊ ဟိုနေရာက ယားသလိုလိုနဲ့ အို ဖောက် ပြန် ပျက်စီး နေလိုက်တာ (မှန်ပါ့ဘုရား)။
ဖောက်ပြန် ပျက်စီး နေလိုက်တာ ဟိုနေရာ လှုပ်လှုပ် ဒီနေရာက ဘာလိုလို အဲဒီလို ဘာလိုလို ဟူသရွေ့သည်ကား၊ ဟိုကရွရွ၊ ဒီကရွရွ အစရှိသည်တို့ဟာ ဒါဟာ ဖြစ်ပြီး ပျက်နေတဲ့ သဘော တွေပဲ ဆိုတော့ ခင်ဗျားတို့ စဉ်စားကြည့် အနာပေါက် နေတာမျိုး ဟုတ်ပါရဲ့လား၊ ကျန်းမာ ပါလျက်နဲ့ ပြနေတာလား (ကျန်းမာလျက်နဲ့ ပြနေတာပါ ဘုရား)။
ဒါမှမဂ်ဉာဏ်ကျေးဇူးပြုမယ်
ကျန်းမာလျက်ပြနေတဲ့ ခန္ဓာထဲမှာ ဖောက်ပြန်မှုသည် သာလျှင် မဂ်ဉာဏ်ကို ကျေးဇူးပြုတယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီဘုရား)။
ဒါဖြင့် ဒုက္ခ ဘယ်နှစ်မျိုး ရှိသတုံး လို့ မေးရင် ဘယ့်နှယ် ဖြေကြမလည်း (နှစ်မျိုးပါ ဘုရား) ပါကဋဒုက္ခ တစ်မျိုး (အပါကဋ ဒုက္ခတစ်မျိုးပါ ဘုရား)။
အပါကဋဒုက္ခ ဘယ်အချိန်ကြည့်ရမှာတုံး (ကျန်းမာတုန်း ကြည့်ရမှာပါ ဘုရား) ပါကဋ ဒုက္ခ ဆိုတာ ဘယ်အချိန် ပေါ်တတ်သတုံး (မကျန်းမာတုန်း ပေါ်တတ်ပါတယ် ဘုရား) မကျန်းမာတုန်း သိတာကတော့ ဒုက္ခတော့ သိပါရဲ့ တဲ့၊ သံဝေဂဉာဏ်သိ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကျန်းမာတုန်း သမာဓိ တည်ပြီး ကြည့်လိုက်တဲ့ ဥစ္စာ တော့ ကြည့်လိုက်လို့ မြင်တာကတော့ဖြင့် ဒကာဒကာမတို့ သူများ မထင်ရှားတာကို ထင်ရှား အောင်မြင်တယ်၊ ဒါကြောင့် အပါကဋ ဒုက္ခလို့ ဆိုလိုက်တယ် (မှန်ပါ့) ကိုစံလှ, ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာဒကာမတွေ ဘုရားက ဘယ်အချိန် လုပ်စေချင်ပါလိမ့် မလည်း ဆိုတာ ပေါ်သွားပြီ (ပေါ်သွား ပါပြီဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဒါ့ကြောင့် လေးလေး နက်နက်ပဲ ပြောနေတယ် ဆိုတဲ့ ဥစ္စာ ဘုရားသခင် ကိုယ်တော် မြတ်ကြီးဟာ အင်မတန် အရေးကြီးတဲ့ အချက်ကို အရေးကြီး သလို မှတ်ဖို့ မောင်နိုင်, ပြောနေတယ် (မှန်ပါ့ဘုရား) ကိုပေါ် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ခင်ဗျားတို့ ကျန်းမာ သေးတယ် မဟုတ်လား (မှန်ပါ့) အဲ ကျန်းမာသေးတဲ့ အချိန်မှာ ခန္ဓာထဲမှာ သမာဓိ တည်အောင် လုပ်ပြီးကြည့်လိုက်လို့ ရှိရင် ခုနင်က သံဝေဂ ဉာဏ် လာမလား မဂ်ဉာဏ် လာမလား (မဂ်ဉာဏ် လာမှာ ပါ ဘုရား)။
ကဲ ဒကာဒကာမတွေ ဒီနေ့ ဒီတစ်လုံးတည်း ခင်ဗျားတို့ သြော် တို့ သိတာ ဒုက္ခ တစ်မျိုးတည်း အောက်မေ့နေတယ်၊ ဘယ်ဟုတ်မလဲ (မှန်ပါ့) ကိုစော မောင်, တစ်မျိုးတည်း အောက်မေ့နေတယ် (မှန်ပါ့) သံဝေဂဉာဏ် ရတဲ့ ဒုက္ခက တစ်မျိုး၊ မဂ်ဉာဏ်ရတဲ့ ဒုက္ခက (တစ်မျိုးပါ ဘုရား)။
အဲဒီလို သေသေ ချာချာ ရှင်းလင်းပေးတဲ့ ဆရာနဲ့ တွေ့တော့မှ သြော် ဒါဖြင့် ရှေးက ဝတ္ထု သက်သေ သာဓက၌ ကြည့်လိုက်ပြန်လို့ ရှိရင်လည်း ကျန်းမာတုန်းမှာ ရကြတဲ့ မဂ်ဉာဏ်က များတယ် (မှန်ပါ့) မကျန်းမာတုန်း ရသွားတဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်က ကျန်းမာတုန်းမှာ ကြိုးစား ပြီးသား ပုဂ္ဂိုလ်များ ရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အရွယ်ကိုလည်း စောင့်မနေ ကြနဲ့၊ အချိန်ကိုလည်း စောင့်မနေကြနဲ့ ကျန်းမာတုန်း မြင်ရ မည့်ဒုက္ခမှ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရမှာ ဖြစ်လေသောကြောင့် ဒီအချိန် အကောင်းဆုံးပဲ ထားပြီး ကြိုးစားပါ (မှန်ပါ့)။ ပေါ်ပလား (ပေါ်ပါပြီဘုရား)။
သံယုတ်ပါဠိတော်မှာလာတယ်
ကိုင်း ဒါကို ဘယ်မှာဟောပါသတုံး ဆိုတော့ သံယုတ် ပါဠိတော်မှာ ဘုရားက “သမာဓိံ ဘိက္ခဝေ ဘာဝေထ၊” ရှေးဦးစွာ သမာဓိ တည်ထောင် လိုက်ဟေ့ တဲ့၊ ငါးမိနစ်, ဆယ်မိနစ်, ဆယ့်ငါးမိနစ် တည်ထောင်လိုက်, ပြီးတာပဲနော် (မှန်ပါ့)။
တည်ထောင်ပြီး သကာလ သမာဟိတော = တည် ကြည်ပြီးသော ပုဂ္ဂိုလ်သည်၊ ယထာဘူတံ = ခန္ဓာထဲမှာ ရှိတဲ့ အပါကဋ ဒုက္ခကို၊ ပဇာနာတိ -သူသိရမယ် တဲ့၊ ကဲ မောင်နိုင်, ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ကျန်းမာတုန်းကိုပဲ မောင်နိုင်တို့က သမာဓိ တည်ပြီး သကာလ ကျန်းမာတုန်းလည်း ခန္ဓာ ပြန်ကြည့် လိုက်ပါတဲ့။ သမာဓိ တည်ပြီးမှ ကြည့်လိုက်လို့ ရှိရင် ဟုတ်တိုင်း မှန်စွာသိတဲ့ ဒုက္ခသစ္စာကို ကိုစောမောင် သိမယ် (မှန်ပါ့)။
ဒါဖြင့် ဘယ်အချိန် သိရမှာပါလိမ့် (ကျန်းမာ တုန်း သိရပါမယ် ဘုရား) ကျန်းမာတုန်း ကြည့်ရမယ်လို့ အားလုံး ဒကာ ဒကာမတွေ သတိ ပေးလိုက်တယ်နော် (မှန်ပါ့)။
နို့ မကျန်းမာတဲ့အခါ မြင်တဲ့ ဒုက္ခတွေကတော့ ရော အို အဲဒါတွေကတော့ ပါကဋ ဒုက္ခ ဖြစ်လေ သောကြောင့် သံဝေဂဉာဏ်ကို ကျေးဇူးပြုပြီး မဂ်ဉာဏ်ပေါ်ဖို့ မလွယ်သောကြောင့် ဒကာဒကာမတို့ အကျိုးများ သင့်သလောက် မများ ဘူး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) အကျိုးများ သင့်သလောက် မများဘူးလို့ ဟောလိုက်ပါတယ် (မှန်ပါ့ဘုရား)။
သံဝေဂ ဉာဏ်ကမှ မဂ်ဉာဏ်ကို တက်ရမှာကိုး (မှန်ပါ့) အဲဒီတော့ ပထမ အဆင့်တွင် မောင်နိုင်, အချိန်ကုန် နေပြီ၊ ဒုတိယ အဆင့် ရောက်နိုင်သေးရဲ့လား (မရောက် နိုင်ပါ ဘုရား)။
ဒါ့ကြောင့် ဒကာ ဒကာမတို့ မြန်မြန်လုပ်, မြန်မြန် လုပ်လို့ ဆိုတဲ့ဥစ္စာ ဉာဏ် ကောင်းတုန်း မြန်မြန် လုပ်လို့ ပြော တာ၊ ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား)။
ရှေးဦးစွာသမာဓိလုပ်ပါ
အဲဒီမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ ကို ငါဟောတာ ရှေးဦးစွာ သမာဓိလုပ်၊ လုပ်ပြီးသည်၏ အခြားမဲ့မှ ခန္ဓာကို ဉာဏ်စိုက်, ဒီလိုဟောလိုက်တယ် (မှန်ပါ့)။
အဲဒီလို ခန္ဓာဉာဏ် စိုက်လိုက်တဲ့ အခါကျလို့ရှိရင် ကွာ တဲ့၊ ဘယ်လို ဖြစ်လာသတုံးလို့ မေးလို့ရှိရင် မိမိခန္ဓာကြီး ဖြစ်တာကိုလည်း သိပါတယ်, ပျက်တာကိုလည်း သိပါ တယ် သဘော ကျပလား (ကျပါပြီ ဘုရား)။
မိမိ ခန္ဓာကြီး၏ ဖြစ်တာကိုလည်း သိပါတယ်, ပျက်တာ ကိုလည်း သိပါတယ် တဲ့၊ ခန္ဓာဉာဏ် စိုက်လိုက်လို့ ရှိရင် (မှန်ပါ့)။
ဒါဖြင့် သမာဓိရှိပြီး သကာလ ကျန်းမာတုန်းက ခန္ဓာ ထဲမှာ ဉာဏ်စိုက်တဲ့ ပုဂ္ဂိုလ်ဟာ ခန္ဓာ ဖြစ်တာကိုလည်း (သိပါတယ် ဘုရား) ချုပ်တာကိုရော (သိပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ရှင်းပြတော့မယ် တဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဤအတိုင်း ဟောတော်မူပြီ။
ကဲ ဒါဖြင့် ဒကာဒကာမတို့ ဒကာဒကာမတို့ ဆိုရတာကလဲ ခေါ်ဝေါ်နေကျမို့သာ ခေါ်ရတယ်၊ စင်စစ်တော့ ခန္ဓာငါးပါးပဲ (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ရှိတာက ဘာပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား) သြော် ခန္ဓာငါးပါးကို၊ ခန္ဓာ ငါးပါးကို သမာဓိ တည်ပြီးတဲ့ ပုဂ္ဂိုလ်က ကိုစောမောင်, ရေ ကြည့်ပေးနော် (မှန်ပါ့)။
သမာဓိပြီးရင် ဘာလုပ်ရမလဲ
သမာဓိတည်ပြီးရင် ဘာလုပ်ရမလဲ (ခန္ဓာငါးပါး ကို ကြည့်ပေးရပါမယ် ဘုရား) ခန္ဓာငါးပါးကို ကြည့်ပေးရမယ်။
ငါးပါးစလုံး မကြည့်နဲ့တဲ့၊ ဘာကြောင့်တုံး ဆိုတော့ သတိပဋ္ဌာန် လေးမျိုး ဟောထားတယ် သတိပဋ္ဌာန်က လေးမျိုး တည်း ဟောထားတယ် (မှန်ပါ့) သတိ ထားရမှာက လေးမျိုး တည်း ရှိတယ်ကွတဲ့ (မှန်ပါ့) ငါးပါး စလုံး ကြည့်ရမယ်လို့ လာရဲ့လား (မလာပါဘုရား) ကာယာ နုပဿနာ သတိပဋ္ဌာန် ဆိုရင် ရုပ်ဘက်က ကြည့်ကွ တဲ့၊ သဘောကျပလား, (ကျပါပြီဘုရား) ဝေဒနာ နုပဿနာ ဆိုတော့ ဝေဒနာတွေကြည့်၊ နာမ်ဘက်က တောင် အကုန် မပါဘူး (မှန်ပါ့ဘုရား) ဘာကြည့်ရမတုံး (ဝေဒနာတွေ ကြည့်ရပါ့မယ် ဘုရား)။
ကြည့်လေ သတိပဋ္ဌာန်နဲ့ ဝေဖန်လာတာ၊ အကုန်ငါးပါးစလုံး ကြည့်ရမယ်လို့ လာရဲ့ လား (မလာ ပါ ဘုရား)။
စိတ္တာ နုပဿနာ ဆိုတော့ ဘာကြည့်ရမတုံး (စိတ်ကြည့်ရပါမယ် ဘုရား) သဘောကျပလား (ကျပါ ပြီဘုရား)။
ဓမ္မာနုပဿနာဆိုတော့ သစ္စာကြည့်ကွ တဲ့။ သဘောကျပလား (ကျပါပြီဘုရား) ဓမ္မာနုပဿနာ ဆိုတော့ ခန္ဓာငါးပါးရယ်လို့ ဝေဖန် မနေနဲ့တော့ ဖြစ်ပျက်ကြည့် (မှန်ပါ့)။
ဓမ္မာနုပဿနာ ကျတော့ ဘာကြည့်ရမတုံး (ဖြစ် ပျက်ကြည့်ရပါမယ် ဘုရား) ဖြစ်ပျက် ကြည့် ဆိုတော့ အကုန် ငါးပါး စလုံးဟာ မောင်နိုင် ဘာချည်းတွေ့သတုံး (ဖြစ် ပျက်တွေ့ပါတယ် ဘုရား) အဲဒါ သစ္စာလည်း ဖြစ်ပျက်တစ်ခု တည်းသာ စိုက်ကြည့်တော့ (မှန်ပါ့ဘုရား) ကိုစောမောင် ကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။
သတိပဋ္ဌာန်လေးပါး
ဒါဖြင့် ငါးပါးစလုံး ကြည့်ရမယ်လို့ ပါရဲ့လား (မပါ, ပါဘုရား) မပါဘူး တဲ့၊ သတိပဌာန် လေးပါးနဲ့ ဝေဖန် ကြည့်လိုက်တော့ ငါးပါးလုံး ကြည့်ရမယ်လို့ မပါ, ပါဘူး၊ ကာယာနုပဿနာ တစ်ချက်, ဝေဒနာနုပဿနာ တစ်ချက် စိတ္တာနုပဿနာ တစ်ချက် ဖြစ်ပျက် တစ်ခုတည်း အကုန်ဟာ ဘာမှ မရှိဘူး၊ ဖြစ်ပျက် ချည်းပဲ ဆိုပြီး ဓမ္မာနုပဿနာ တစ်ချက် ဒီလို ကြည့်လိုက်ရင် ပြီးသွားတာပဲ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီဘုရား)။
ဒါဖြင့် သတိပဋ္ဌာန်လေးမျိုး မထားဘူးလား (ထားပါတယ်ဘုရား) သတိပဋ္ဌာန် လေးမျိုးတော့ ခန္ဓာငါးမျိုး ရှိနေတယ်ဆိုတော့ ငါးပါးစလုံး ကြည့်ရမည့် သတိပဋ္ဌာန်က ပါကို မပါဘူး (မှန်ပါ့)။
နောက်ဆုံးပိတ် ဓမ္မာနုပဿနာ ဆိုတာလည်း ငါးပါး ကို အကုန်ခြုံကြည့်တာ မဟုတ်ဘူး၊ ဘယ်ဟာ ပေါ်ပေါ် ဉာဏ် ထဲမှာ ဖြစ်ပျက် တွေ့ရင် ပြီးရော (မှန်ပါ့ဘုရား) သဘော ကျပလား (ကျပါပြီဘုရား) ရှင်းကြပြီနော် (ရှင်း ပါပြီ ဘုရား)။
ဒါဖြင့် ဒကာဒကာမတို့ ခန္ဓာငါးပါးစလုံး ရှုရမှာလား (မဟုတ်ပါဘုရား) တစ်ခု ကောင်းရှု (မှန်ပါ့) တစ်ခု ကောင်းရှုပါလို့ သတိပေး လိုက်တယ်နော် (မှန်ပါ့) ဘာရှု ရမယ် (တစ်ခုကောင်း ရှုကြရပါမယ် ဘုရား)။
သောတာပန်တည်ချင်ရင်
တစ်ခု ကောင်း ရှုတော့ကို ကိုင်း ဒကာဒကာမတို့ ရှေးဦး မဂ်သည် ရှေးဦးစွာ မဂ်ဟာ မောင်နိုင် သိပြီ၊ သောတာ ပတ္တိမဂ်ပဲ၊ (မှန်ပါ့) ကိုစောမောင် သိတာရော (သောတာ ပတ္တိမဂ်ပါ ဘုရား)။
ဒါဖြင့် သောတာပတ္တိမဂ်သည် ဘာကိုဖြုတ်စေခြင်း အကျိုးငှာ ဒကာဒကာမတို့ ဘာကို အရေးတကြီး ဖြုတ်ရပါ လိမ့်မလဲလို့ သောတာပတ္တိမဂ်ကို သွားမေး၊ မေးတဲ့အခါ ကျတော့ ကျုပ်ဟာ ဒိဋ္ဌိ ဖြုတ်တယ်လို့ ပြောပါလိမ့်မယ်၊ သဘောကျပလား (ကျပါပြီဘုရား)
ဒိဋ္ဌိအရင်ဖြုတ်ပါ
မဂ်ထဲမှာ ဘယ်မဂ် အရင်ရ ရမှာတုံးဗျ (သော တာပတ္တိမဂ်ပါ ဘုရား) သောတာပတ္တိ မဂ်ကလည်း ဘာဖြုတ်ရ မှာတုံး (ဒိဋ္ဌိဖြုတ်ရမှာပါ ဘုရား)။
ဒါဖြင့် ဒိဋ္ဌိဖြုတ်တဲ့အလုပ်ကို ရှေးဦးစွာ ၁-နံပါတ်ထား လုပ်ပါ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဘာလုပ်ရမယ် (ဒိဋ္ဌိဖြုတ်တဲ့ အလုပ်ကို ၁နံပါတ်ထား လုပ်ရပါမယ် ဘုရား) ရှင်းပလား မောင်နိုင် (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် အခု သတိပဋ္ဌာန် လေးပါး ရှိသည် အနက်က ရုပ်ကို ကြည့်ရမည့် သတိပဋ္ဌာန် ဝေဒနာကို ကြည့်ရ မည့် သတိပဋ္ဌာန်၊ စိတ်ကို ကြည့်ရမည့် သတိပဋ္ဌာန်၊ ဖြစ်ပျက်ကို ကြည့်ရမည့် သတိပဋ္ဌာန်လို့ သတိပဋ္ဌာန် လေးမျိုး ရှိတယ် (မှန်ပါ့)။
အဲဒီတော့ ဒိဋ္ဌိအစွဲဆုံးကို ရှာကြစို့၊ မဟုတ်လား (မှန်ပါ့) ဘာရှာကြရပါမယ် (ဒိဋ္ဌိ အစွဲဆုံးကို ရှာကြရ ပါမယ်) ဒိဋ္ဌိ အစွဲဆုံးကို ရှာကြရတော့မယ် ဆိုတာ ဒကာ ဒကာမတွေ သေချာပလား (သေချာပါပြီ ဘုရား)။
စိတ်ပေါ်မှာ ဒိဋ္ဌိအများဆုံး
အဲဒီတော့ မှတ်လိုက် တဲ့၊ သမ္မောဟ အဋ္ဌကထာမှာ ပြတာက စိတ်ပေါ်မှာ အများဆုံး တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဒကာဒကာမတို့ သောတာပန် တည်ချင်ရင် ဒိဋ္ဌိဖြုတ် ရလိမ့်မယ် (မှန်ပါ့) ဒိဋ္ဌိကလည်း ဘယ်သူ့ အပေါ်မှာ အစွဲဆုံးလဲ (စိတ်ပေါ်မှာ အစွဲဆုံးပါ ဘုရား)။
ဒါဖြင့် စိတ္တာနုပဿနာ စ,လုပ် (မှန်ပါ) ကိုစံလှ, ဘာစ,လုပ်ရမလဲ (စိတ္တာ နုပဿနာစ, လုပ်ရပါမယ် ဘုရား)။
သမာဓိ တည်ပြီးရင် ဘယ်ဝိပဿနာ, ခန္ဓာငါးပါးထဲ က ဘယ်ဟာကို အရင်ကြည့်ရမလဲ (စိတ္တာနုပဿနာ ကို အရင် ကြည့်ရပါမယ်) စိတ်ကိုကြည့် ကိုစောမောင် ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။
ကဲ မောင်နိုင် ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) ဒါ အဆင်ပြေအောင်ကို တစ်ခါတည်း အစ,ကစ,ပြီး သကာလ ဒကာ ဒကာမတွေ နားမလည် မရှိရအောင် နည်းအမျိုးမျိုးနဲ့ ရှင်းပြီး သကာလ၊ ပါဠိတော်တွေ အမျိုးမျိုး ပြုပြီးသကာလ မောင်နိုင်, ဒါလာတာ ပဲ (မှန်ပါ့) ကိုပေါ် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဘယ်အပေါ်မှာ ဒိဋ္ဌိအများဆုံးလဲ (စိတ်ပေါ်မှာ ဒိဋ္ဌိ အများဆုံးပါ ဘုရား) ဒါဖြင့် သူ့အရင် ဖြုတ်ရမှာပဲ။ သူမဖြုတ် ဘဲနဲ့ ဒီပြင်ဟာ လုပ်နေလို့ ရှိရင်ဖြင့် ပါရမီသာ ဖြစ်၍ ဒီဘဝ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရမှာ မဟုတ်ဘူး (မှန်ပါ့) သဘော ကျပလား (ကျပါပြီဘုရား)။
ပါရမီတော့ မဖြစ်ဘူးလို့ ဘုန်းကြီးဟောလို့ မဖြစ်ဘူး ပါရမီတော့ ဖြစ်ပါရဲ့ ဒီဘဝ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရတဲ့ အလုပ်ထဲ မှာ သူဦးစီးပြီး လုပ်ပါလားလို့ မေးလို့ရှိရင် မလုပ်သေးဘူးလို့ ဖြေရမယ် (မှန်ပါ့) မဖြေရပေဘူးလား (ဖြေရပါ မယ်ဘုရား)။
စိတ္တာနုပဿနာရှုစမ်းပါ
ဒါ့ကြောင့် ဒကာ ဒကာမတွေကို စိတ္တာနုပဿနာ ရှုစမ်းပါ မြင်စိတ်ကို မြင်စိတ် ရှုစမ်းပါ၊ ကြားစိတ်ဖြင့် ကြားစိတ် ရှုစမ်းပါဆိုတာ ကိုစောမောင်, နေ့တိုင်း လိုလို မသင်ဘူးလား (သင်ပါတယ် ဘုရား)။
ဒါ ဘယ့်နှယ်ကြောင့် သင်နေပါလိမ့် မတုံး ဆိုတာ ကိုပေါ်တို့ မောင်နိုင်တို့ အထူး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒိဋ္ဌိ အများဆုံးမို့ ဒိဋ္ဌိ ခွာနေကာ, (မှန်ပါ့)
ကိုစံလှ, ဘယ်လိုကြောင့်ပါလိမ့် (ဒိဋ္ဌိ အများဆုံး မို့ ဒိဋ္ဌိ ခွာနေတာပါ) ဒိဋ္ဌိ အများဆုံးမို့ ဒိဋ္ဌိခွာ နေတယ် ဆိုတာ လေးလေး စားစား မှတ်ပါ (မှန်ပါ့)။
ဝေဒနာရှုနေရင် တဏှာများတဲ့ ပုဂ္ဂိုလ် ဝေဒနာ ပေးရမှာကိုး (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာဒကာမတို့ ဒိဋ္ဌိလည်း များတဲ့ ပုဂ္ဂိုလ်, ဉာဏ်လည်း နုံ့မဲ့ ပုဂ္ဂိုလ်ဆိုရင် စိတ်ပေါ်တာ အသိ လွယ်ဆုံးပဲဆိုတာ သမ္မောဟ အဋ္ဌကထာမှာ သေသေချာချာ ဖွင့်တဲ့အတွက် ဒကာဒကာမတို့ စိတ္တာနု ပဿနာ ရှုပါလို့ သောတာပန် တည်ချင်ရင် ပြောတာပါ (မှန်ပါ့)။
နို သူရှုတော့ ဒီပြင်ဟာတွေရော မပျက်ဘူးလား ဆိုတော့ မောင်နိုင်တို့ သင်ထားတယ်၊ ကိုစောမောင်တို့ သင်ထားတယ်၊ ကျူစည်းပါကွာ, တစ်ခုလဲရင် အကုန် လဲတာ ပါပဲ (မှန်ပါ့) ကျူးစည်း နှစ်ခု မှီပြီး ထောင်ထားတော့ တစ်ခုဆွဲ လိုက်ရင် (အကုန်လဲ ပါတယ် ဘုရား)။
တစ်ခုလဲရင် ဟိုဘက် တစ်စည်းရော (လဲပါ တယ် ဘုရား) ဒီမှာလည်း နာမ်လဲရင် ရုပ်လဲတယ် ပြောတာ ပဲ၊ စိတ်ဟာ နာမ်ပဲ (မှန်ပါ့) ဒီတော့ ဒီပြင်ဟာ လိုက်ရှု နေစရာ လိုသေးသလား (မလိုပါ ဘုရား)။
သမာဓိရှိပြီးရင်စိတ်ကိုရှုပါ
အဲဒီလိုလည်း အဆစ် အပိုင်းတွေနဲ့ တကွ အလုံးစုံ အကုန် ရှင်းလင်း နေအောင် ပြောတဲ့ အတွက် သမာဓိ ရှိပြီးတဲ့ အခါကျလို့ ရှိရင် စိတ်ကို ရှုလိုက် (မှန်ပါ့) မြင်စိတ် လာရင် မြင်စိတ် ဖြစ်ပျက်ရှုပြီး ကြားစိတ်လာရင် (ကြားစိတ် ဖြစ်ပျက် ရှုရပါမယ် ဘုရား) နံစိတ်လာရင် (နံစိတ် ဖြစ်ပျက် ရှုရပါမယ် ဘုရား) စားစိတ် လာရင် (စားစိတ် ဖြစ်ပျက် ရှုရပါမယ် ဘုရား) ကိုယ်ပေါ်မှာ ယားစိတ်, ယံစိတ် လာရင် (ယားစိတ်, ယံစိတ်ဖြစ်ပျက် ရှုရပါမယ် ဘုရား) ကိုယ်ပေါ် မှာ ကောင်းစိတ် လာရင် (ကောင်းစိတ် ဖြစ်ပျက် ရှုရပါ မယ် ဘုရား)။
ဝမ်းထဲမှာ ဝမ်းသာတဲ့ စိတ်လာရင် (ဝမ်းသာတဲ့ စိတ် ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဝမ်းနည်းတဲ့ စိတ်လာရင် (ဝမ်းနည်းတဲ့စိတ် ဖြစ်ပျက် ရှုရပါမယ် ဘုရား) ဥပေက္ခာထား ချင်တဲ့ စိတ်လာရင် (ဥပေက္ခာ စိတ်ကို ဖြစ်ပျက်ရှု ရပါမယ် ဘုရား) ဥပေက္ခာ ထားတဲ့စိတ် ဖြစ်ပျက် ရှုချ (မှန်ပါ့) ဘာမှ မရှိရင် ဒကာဒကာမတို့ လေကို ထွက်အောင်လုပ်တဲ့ စိတ်ကို ဖြစ်ပျက်ရှုပါ (မှန်ပါ့) လေကို ပြန်ရှိုက်တဲ့ စိတ်ကို ရှုပေး (မှန်ပါ့)။
အဲ သူတို့နှစ်ခုချည်း အမြဲရှု၊ ကျန်တာတွေ ကတော့ပေါ်တဲ့ ဆီဖမ်းလိုက် (မှန်ပါ့) အမြဲရှု ရမှာကဖြင့် လေကို ထွက်အောင် အားထုတ်တဲ့စိတ် လေကိုပြန်ရှိုက်တဲ့စိတ် ဒီနှစ်ခုကို အမြဲရှုပါ၊ သမာဓိ တည်ပြီး ရင်နော် (မှန်ပါ့)။
ကျန်တဲ့ ခုနင်က ပြင်ဘက်က စက္ခု, သောတ, ဃာန, ဇိဝှာ, သုခ သဟဂုတ် ကာယ ဝိညာဏ်စိတ်၊ ဒုက္ခ သဟဂုတ် ကာယ ဝိညာဏ်စိတ်၊ သောမနဿစိတ်၊ ဒေါမနဿစိတ်၊ ဥပေက္ခာ စိတ်တွေ ကတော့ မရှိဘူးလား (ရှိပါပြီ ဘုရား)။
အဲ ရှိချင်ရှိပစေ သူတို့ကတော့ ကြိုကြိုကြား ကြား မှပေါ်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အပြင်ဧည့်သည်
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သင်ပေး လိုက်တယ်၊ ဒကာ ဒကာမတို့ ဟောဒီ ပြင်ဘက်က မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ဆင်းရဲတဲ့စိတ်၊ ချမ်းသာတဲ့စိတ် ဆိုတာ အပြင် ဧည့်သည် ခြောက်ယောက်လို့ ခဏခဏ မသင် ဘူးလား (သင်ပါတယ်ဘုရား) အပြင် ဧည့်သည်လို့ ဆိုလိုက်တာက ကိုစောမောင် ရိပ်မိပြီ၊ အမြဲ မရှိဘူး (မှန်ပါ့)။
ဧည့်သည် ဆိုကတည်းက ဒကာ ဒကာမတွေ သူ့ကို အမြဲ ဆိုမလား၊ ဧည့်သည်ပဲ ဆိုမလား (ဧည့်သည်ပါ ဘုရား) ကိုစံလှတို့ နည်းပေး နေတယ် (မှန်ပါ့)
အတွင်းဧည့်သည်
အတွင်း ဧည့်သည် ကတော့ မများပါဘူးတဲ့ မောင်နိုင် ရာ ဝမ်းသာတဲ့စိတ်၊ ဝမ်းမသာတဲ့ စိတ်၊ ဝမ်းနည်းတဲ့စိတ် ပေါ့လေ သဘောကျပလား (ကျပါပြီ ဘုရား) ဥပေက္ခာ ထားတဲ့ စိတ်၊ အတွင်း ဧည့်သည်က ဘယ်နှစ်ယောက် ရှိသလဲ (သုံးယောက် ရှိပါတယ် ဘုရား)။
မှတ်ချက်။ ။ဝေဒနာနည်းနှင့်ဝေဖန်လျှင် အတွင်းဧည့်သည်သုံးယောက်။
အပြင်ဧည့်သည်က ဘယ်နှစ်ယောက်ပါလိမ့် (ခြောက် ယောက် ပါဘုရား) အတွင်း ဧည့်သည် က (သုံးယောက်ပါ ဘုရား) ဒါဖြင့် ဧည့်သည်ရှိရင် အိမ်သည်ရှိ ရလိမ့်မယ် (မှန်ပါ့)။
ဧည့်သည်ရှိရင် (အိမ်သည် ရှိရမှာပါ ဘုရား) စဉ်းစားကြည့်ပါ ခင်ဗျားတို့၊ ကျုပ် အိမ်သည်များ လွန်းလို့ဆို လို့ရှိရင် အိမ်သည်က ပြောတာ (မှန်ပါ့)။
ကျုပ်အိမ်ဗျာ လူကို မပြတ်ဘူး ဆိုတာ ဘယ်သူ က ပြောတာတုံး (အိမ်သည်က ပြောတာပါ) ဧည့်သည် ရှိတယ် ဆိုကတည်းက အိမ်သည် ဆိုတဲ့ စကားဟာ ရှိပြီးသား ဖြစ်ရမယ် (မှန်ပါ့) မရှိပေ ဘူးလား (ရှိပါတယ် ဘုရား)
အိမ်သည်
အဲ အိမ်သည်ကတော့ ခင်ဗျားတို့ အမြဲတမ်း လေအပြင်ဘက် ထုတ်နေတဲ့ စိတ်၊ လေကို ပြန်ရှိုက်တဲ့ စိတ်၊ သူမရှိရင် သေသွားမယ် ကိုစောမောင်, ရ (မှန်ပါ့)။
သူမရှိရင် ဘယ့်နှယ် ဆိုကြမလဲ (သေသွားမှာပါ ဘုရား) အိမ့်သည် စိတ်နှစ်ခု ရှိတယ်၊ အဲဒါကို ခင်ဗျားတို့ သမာဓိ တည်ပြီးတဲ့ ပုဂ္ဂိုလ် မှန်ခဲ့သော် ဒီစိတ်တွေကို ပေါ်ရာ လိုက်ရှု၊ ဘာမှ မရှိရင် ဒီနှစ်ခုပဲရှု (မှန်ပါ့)။
အိမ်သည် နှစ်ခုကို ဘာလုပ် နေရမလဲ (အမြဲ ရှုနေရပါမယ်) လှည့်ရှု နေပါဆိုတာ သဘောကျ ပလား (ကျပါပြီ ဘုရား) ဟိုဟာတွေ ကတော့ ဧည့်သည်တွေ ဆိုတော့ ပေါ်ရင် သာရှု (မှန်ပါ့) ကိုစောမောင် မပေါ်ရင် (မရှုရပါ ဘုရား)။
ဒီဘက်က အပြင်ဧည့်သည် ခြောက်ယောက်လည်း ပေါ်ရင် (ရှုရမှာပါ ဘုရား) ပေါ်တဲ့အခါ ဘယ်တော့မှ နှစ်ယောက်စုံ မပေါ်ဘူး (မှန်ပါ့)။
ရှုရမှာကတစ်ခု
ကိုစံလှရေ ဘယ်လို ပေါ်မတုံး (စုံပေါ်ပါ ဘုရား) တစ်ခုပဲ ပေါ်မယ် (မှန်ပါ့) တစ်ခုပေါ် နေလို့ရှိရင် ဒကာ ဒကာမတွေက မှတ်လိုက်၊ အခု ဆယ့်တစ်ခု ပြထားတယ်။ တစ်ခု ပေါ်နေလို့ ရှိရင် ကျန်တဲ့ ဆယ်ခုဟာ လုံးဝကို မရှိဘူး ခန္ဓာထဲမှာ (မှန်ပါ့) ရှိပါ့မလား (မရှိပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဧကောဓမ္မော ပဲ လုပ်ပါတော့ ဆိုပြီး ဒီကနေ မဂ္ဂင်ငါးပါးနဲ့ ရှုလိုက်တဲ့အခါ တစ်ခုသာ ရှုပါတော့ (မှန်ပါ့) အကုန်ရှု ရမှာလား (တစ်ခုပဲ ရှုရမှာပါ ဘုရား)။
ရှုကောင်းတာက ဆယ့်တစ်
ရှုကောင်းတာ ပြတာကဖြင့် အခုပြောတာ ဆယ့်တစ် ပြတယ် (မှန်ပါ့) ရှုရမှာ ကတော့ ပေါ်တဲ့ တစ်ခုပဲရှု (မှန်ပါ့)။
ကိုစံလှရေ ရှုကောင်းတာ ကတော့ (ဆယ့်တစ်ပါ) ရှုရမှာကတော့ (တစ်ခုပါဘုရား) ပေါ်ရာ တစ်ခု ကိုသာ ရှု၊ ဧည့်သည် ပေါ်ရင် ဧည့်သည်ရှု၊ အတွင်း ဧည့်သည် ပေါ်ရင် (အတွင်းဧည့်သည် ရှုရပါမယ်) အိမ်သည် ပေါ်ရင် (အိမ်သည် ရှုရပါမယ် ဘုရား)။
ဒီ အိမ်သည်ကား လို့ဆိုရင် သူများထက် အကြိမ် များလို့သာ အိမ်သည် ခေါ်လိုက်ရပါတယ်၊ သူတို့လည်း ဧည့်သည်ပါပဲ (မှန်ပါ့) သူက သူများထက် အကြိမ်များတယ်၊ ခန္ဓာထဲမှာ စောင့်နေတာ ကိုးဗျ (မှန်ပါ့)။
ခန္ဓာမှာ သက်စောင့် ဆိုတော့ ကိုစောမောင် သူတို့က အကြိမ် မများပေဘူးလား (များပါတယ် ဘုရား) ဒီဟာတွေ အာဂန္တု ဧည့်သည်လို ဖြစ်လိုက် ပျက်လိုက် နည်းပါ မလား (မနည်းပါ ဘုရား) အဲဒါကြောင့် စိတ္တာ နုပဿနာ ရှုနည်းမှာ ဒါဟာ တန်းကုန် သွားပြီ (မှန်ပါ့)။
သမာဓိတည်ပြီးမှရှုပါ
ကဲ နည်းရကြပလား (ရပါပြီဘုရား) အပြင် ဧည့်သည် (ခြောက်ယောက်ပါ) အတွင်းဧည့်သည် (သုံးယောက်ပါ) အိမ်သည် (နှစ်ယောက်ပါဘုရား) အဲဒါ တွေ လှည့်ရှုနေတဲ့ သမာဓိ တည်ပြီးရင် ဒါတွေ ရှုပါ၊ သဘော ကျပလား (ကျပါပြီ ဘုရား)။
ရှုလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတို့ သြော် ဘာတွေများ မြင်သတုံးလို့ ပြောတော့ မနေ့က ဒကာ ဒကာမ တွေ တ ချို့လည်း လာကြတယ်၊ တချို့လည်း မိုးကြောင့် မလာနိုင်ဘူး၊ မလာနိုင်တော့ ဘုန်းကြီးက ရှုတဲ့ အခါမှာ မောင်နိုင်, မနေ့က သင်ပေးခဲ့တယ်နော် (မှန်ပါ့)။
သတ္တဝါမဟုတ်အသက်မဟုတ်
နိဿတ္တ နိဇ္ဇီဝသဘာဝ ,လို့ မပါခဲ့ဘူးလား (ပါ, ပါတယ် ဘုရား) ဒါ ကလေးဟာ သတ္တဝါရော ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) အသက်ရော (မဟုတ်ပါ ဘုရား) သဘောကလေးပဲ၊ သဘာဝ ကလေး ဆိုထားတယ် (မှန်ပါ့)။
နိဿတ္တ= သတ္တဝါရော ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) နိဇ္ဇီဝ တဲ့ = အသက်ရော (မဟုတ်ပါ ဘုရား) ဘယ်လို ဆိုလိုပါလိမ့်မလဲ (သဘောကလေး ဆိုပါတယ် ဘုရား)။
သဘောကလေး ပေါ်ပြီးပျက်တာ
ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ ခင်ဗျားတို့ အတုံးကလေး ကျေသွားသလို ပျက်တာတော့ မမြင်ဘူး တဲ့၊ သဘော ပေါ်၍ သဘော ပျက်တာပဲ မြင်မယ် (မှန်ပါ့) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုမြင်ကြမှာတုံး (သဘောပေါ်၍ သဘော ပျက်တာပဲ မြင်ကြမှာပါ ဘုရား) သဘော ကလေး ပေါ်လာပြီး သဘော ကလေး ရုတ်သိမ်း သွားမှာပဲ (မှန်ပါ့)။
အဲဒါကို ဒီကနေ လိုက်နေလို့ရှိရင်ဖြင့် ဒကာ,ဒကာမ တွေက အပါကဋ ဖြစ်တဲ့ သူများ မတိုး နိုင်တာကို ထိုးသွင်းပြီး မြင်တဲ့ ဟိုမှာ မွေးသေကို သွားမြင်ပြီး၊ ကိုစောမောင် (မှန်ပါ့ ဘုရား)၊ ဒုက္ခသစ္စာ သွားမမြင်သေး ဘူးလား (မြင်ပါပြီ ဘုရား)။
ဒါဖြင့် ကျန်းမာတုန်း ကြည့်လို့မြင်တာနော် (မှန်ပါ့)၊ ခုနင်က ဆေးချိန်နဲ့ ဝါးချိန်နဲ့ အနှိပ်သည် အချိန်နဲ့ ဟိုကနာ, ဒီကအောင့်နဲ့ နေတုန်းမှာ ဒါမမြင်ဘူး (မှန်ပါ့)။ မြင်ပါ့မလား (မမြင်ပါဘုရား)။
ဘယ်အချိန် ဝိပဿနာရှုရမှာတုံး
ဒါဖြင့် ကိုစံလှ ဘယ်အချိန် ဝိပဿနာရှုရမှာတုံး။ (ကျန်းမာတုန်း ဝိပဿနာ ရှုရမှာပါ)၊ မကျန်းမာတဲ့ အချိန်မှာ မြင်ရတဲ့ ဒုက္ခက ဘာဒုက္ခတဲ့တုံး (ပါကဋ ဒုက္ခပါ)၊ ကျန်းမာပြီး ဉာဏ်ထက် မြက်တဲ့ အချိန်ကြည့်ရမယ် ဒုက္ခကတော့ ဘာဒုက္ခ တဲ့တုံး (အပါကဋ ဒုက္ခပါ ဘုရား)။
ဒါ့ကြောင့် ပါကဋ ဒုက္ခကို မြင်လို့ရှိရင် သံဝေဂဉာဏ် (မှန်ပါ့)၊ အပါကဋ ဆိုတဲ့ ခဲခဲယဉ်းယဉ်း ဆရာ နည်းကောင်းလို့ မြင်ရတဲ့ ဥစ္စာမျိုးမှ သာလျှင် မဂ်ဉာဏ် ဖြစ်တယ် (မှန်ပါ့)၊ အများကြီး ခြားနား သွားတယ် (မှန်ပါ့)။
ဒကာ,ဒကာမတွေ အများကြီး မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)။
အဲဒီတော့ ဒီလို ဇစ်ဇစ်မြစ်မြစ် ဒကာ,ဒကာမတွေကို အခြေအမြစ်နဲ့ တကွ ပြောမှ သာလျှင် သြော် ဒုက္ခတိုင်း လည်း မဂ်မဆိုက်ပါလား (မှန်ပါ့)။
ဘယ်လိုဆိုကြမယ် (ဒုက္ခတိုင်းလည်း မဂ်မဆိုက် ပါဘုရား)၊ ဘယ်ဒုက္ခမှ မဂ်ဆိုက်သလဲလို့ ကိုစောမောင် ရှင်းရှင်းလင်းလင်း ပြောစမ်းပါ (အပါကဋ ဒုက္ခမှပါ ဘုရား)။
အပါကဋ ဒုက္ခက ကျန်းမာတဲ့ အချိန် ပေါ်လာတာ နော် (မှန်ပါ့)၊ မကျန်းမာတဲ့ အချိန်ပေါ်တဲ့ ဒုက္ခကတော့ လူတိုင်း သိတဲ့ဒုက္ခ (မှန်ပါ့)။
ခင်ဗျား, ဘယ့်နှယ် နေသတုံး မေးနိုင်တာချည်းပဲ (မှန်ပါ့)၊ မမေးနိုင်ဘူးလား (မေးနိုင်ပါတယ်)၊ မျက်လုံး ကလေးမှေးနေတယ်၊ ခေါင်းကလေး စောင်းနေတယ် ဆိုရင် ဪ ခင်ဗျား ဘယ့်နှယ် နေသလဲ ဆိုကတည်းက ခေါင်း ကိုက်တာ ဘယ့်နှယ် နေသတုံး ဆိုတာ ကောက်မေးတာ (မှန်ပါ့)။
ဒါကတော့ လူတိုင်းသိတဲ့ ဒုက္ခ တဲ့၊ ဒကာ ဒကာမတို့ ဉာဏ်နဲ့သိတဲ့ ဒုက္ခ မဟုတ်ဘူး တဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
ဘယ်လိုဒုက္ခမှ မဂ်ဖိုလ်ဆိုက်မလဲ
ဒါဖြင့် ဒကာ,ဒကာမတို့ ဘယ်ဒုက္ခမှ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်ပါ့မလဲ (အပါကဋ ဒုက္ခမှ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုက်ပါမယ် ဘုရား) သဘောပါသလား (ပါ, ပါပြီ ဘုရား)။
အပါကဋ ဒုက္ခ ဆိုတာလည်း အထည်လား တဲ့။ သဘောဖြစ်၍ သဘော ပျက်တာလား (သဘောဖြစ်၍ သဘောပျက်ပါ ဘုရား)။
အဲ ဒီဥစ္စာကို ခန္ဓာကိုယ်ထဲမှာ လိုက်နေပါတဲ့၊ ဘယ်နှယ့်ကြောင့် ဆရာ ဘုန်းကြီး ဒါလောက် တောင် အသေး စိပ် ပြောနေပါလိမ့် မတုံး ဆိုတော့ မနေ့က ပြောခဲ့တဲ့ ဓမ္မသင်္ဂဏီ ပါဠိတော်မှာ ဘုရားက နိဿတ္တ နိဇ္ဇီဝ သဘာဝ တဲ့ (မှန်ပါ့)။
ဒါတွေလည်း ပေါ်ရင် ဘယ့်နှယ့်ဆိုကြမလဲ (နိဿတ္တ နိဇ္ဇီဝ သဘာဝ ပါဘုရား)၊ သတ္တဝါလည်း မဟုတ်ဘူးကွ တဲ့၊ အသက်လည်း မဟုတ်ဘူး တဲ့၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
သဘောကလေးပဲ ရှိတယ်လို့ ပြောနေတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။
သုညတ တရားဆိုတာ
အဲဒီတော့ ဒီသဘောကလေးကို သိလိုက်တဲ့ အခါ သဘောကလေးဖြစ်ပြီး သဘော ကလေး ပျက်တဲ့ အခါကျ တော့ သုညတ ဆိုက်တယ်ကွာတဲ့ (မှန်ပါ့)၊ သုညတ ဆိုတာ ငါ, ငါ့ဥစ္စာ မဟုတ်တော့ဘူး (မှန်ပါ့)။
ကိုစောမောင်, သုညတ ဆိုတာ ဘာပါလိမ့် (ငါ, ငါ့ဥစ္စာ မဟုတ်ပါ ဘုရား)၊ ငါ, ငါ့ဥစ္စာ ဆိုတာက ဒိဋ္ဌိ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
အဲဒီ ဒိဋ္ဌိပြုတ် မသွားဘူးလား (ပြုတ်သွားပါတယ် ဘုရား)၊ ဒိဋ္ဌိပြုတ် သွားရင် ပထမမဂ် မရဘူးလား (ရပါ တယ် ဘုရား)၊ အဲဒါကြောင့် ဒါလောက် ပြောနေတယ် တဲ့၊ အဓိပ္ပာယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သေသေ ချာချာ ဒကာ,ဒကာမတို့ နားကြီးကြီးနဲ့ ဂရု စိုက်ပြီးတော့ မှတ်မှ ဪ တယ် အရေးကြီး ပါကလား၊ ဒီဥစ္စာ ဝိပဿနာမှ အစစ်ဆုံး ပါလား ဆိုတဲ့ဥစ္စာ ကိုစောမောင်, ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။
သေသေချာချာ ဉာဏ်နားနဲ့ ထောင်ကြည့်တော့မှ ဒကာ,ဒကာမတို့ နိဿတ္တ နိဇ္ဇီဝ သဘာဝ မှ မရောက်သေး လို့ရှိရင်ဖြင့် သတ္တဇီဝ ဖြစ်နေဦးမယ် (မှန်ပါ့)၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။
သတ္တ ဖြစ်လို့ ရှိရင်လည်း သတ္တဝါ ဖြစ်မယ်၊ သတ္တဆို တာ သတ္တဝါ ဆိုတယ်၊ ဇီဝ ဆိုတာက အသက်ကို ဆိုတာ အသက်လို့ ထင်နေတာကို ဆိုတာ (မှန်ပါ့)၊ အဲဒီတော့ မောင်နိုင် သဘော ရောက်ပါဦး မလား (မရောက်ပါ ဘုရား)။
သဘောမှ မရောက်ခဲ့သည် ရှိသော် ဒကာ,ဒကာမတို့ ပရမတ် ဆိုတာ သဘော မျှသာ ရှိတာ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)၊ အဲဒီတော့ သူ ပရမတ်ကို တွေ့သေးရဲ့ လား (မတွေ့ပါ ဘုရား)၊ မတွေ့ရင် သူ ပညတ် တွေ့ နေမှာ ပညတ် တွေ့ နေ တော့ဖြင့် နိဗ္ဗာန် မရောက် ပါဘူး (မှန်ပါ့ ဘုရား)။
ကိုစောမောင် ဘယ်လို ဆိုမလဲ (ပညတ်တွေ့ နေရင် နိဗ္ဗာန် မရောက်ပါဘုရား)၊ ပရမတ် တွေ့နေရင်တော့ ဖြင့် (နိဗ္ဗာန် ရောက်ပါတယ်)၊ ဒါဖြင့် ပရမတ်ဆိုတာ ပရမတ္ထ သဘာဝေါ လို့ မဆိုဘူးလား (ဆိုပါတယ်)၊ သဘောချည်း ပြောနေတာ၊ ပရမတ္ထ သဘာဝေါ ဆိုကတည်းက ကိုစံလှ, ရိပ်မိရောပေါ့ (ရိပ်မိ ပါပြီ)၊ အထည် ပြောသလား၊ သဘော ပြောသလား (သဘော ပြောပါတယ် ဘုရား)။
ဝိပဿနာရှုတဲ့အခါ
အဲဒါကြောင့် ဝိပဿနာရှုတဲ့ အခါကျတော့ သဘော ကလေးတွေဖြစ်ပြီး သဘော ကလေးတွေ ပျက်တာကို မြင်ရင် ပြီးတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီဘုရား)။
သဘော ကလေးတွေ ဖြစ်၍ (သဘော ကလေး တွေ ပျက်တာမြင်ရင် ပြီးတာပဲ)၊ အဲဒီလို မြင်လိုက်တဲ့ အခါ သဘောဖြစ်၍ သဘော ပျက်တယ် ဆိုကတည်းက ပုဂ္ဂိုလ် စင်သွားပြီ၊ သတ္တဝါရော (စင်သွားပြီ)၊ အသက်ရော (စင်သွား ပါပြီ)၊ ရှိကို မရှိဘူး။ ပါရဲ့ လား, အသက်လို့ (မပါပါ)၊ မပါတော့ ဒိဋ္ဌိ ကွာတယ်၊ ကိုစောမောင် (မှန်ပါ့ ဘုရား)၊
ဒီအမြင်ဟာ ဘာအမြင်ပါလိမ့် (ဒိဋ္ဌိကွာတဲ့ အမြင်ပါ)။ ဒိဋ္ဌိကွာတဲ့ အမြင်ဆိုတော့ သူသည် မဂ်အမြင် (မှန်ပါ့)၊ ကိုစံလှ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။
ဒိဋ္ဌိကွာရင် သောတာပန်တည်
ဒီအမြင်ဟာ ဘာအမြင်ပါလိမ့် (မဂ်အမြင်ပါ ဘုရား)၊ ဘာကွာပြီး မြင်တဲ့ အမြင်ပါလိမ့် (ဒိဋ္ဌိကွာပြီး မြင် တဲ့ အမြင်ပါ)၊ ဒါဖြင့် သောတာပန်တည်ရမယ် (မှန်ပါ)။ သဘောကျ ပလား (ကျပါပြီ)၊ ဒီအတိုင်းသာ လိုက်သွားရင် သောတာပန် စခန်း မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
သစ္စာတရားနာပါ
ဒါဖြင့် သောတာပန်တည်ချင်လို့ ရှိရင် ကလျာဏမိတ္တ ပေါင်းမှ ရမယ် (မှန်ပါ့)၊ ကလျာဏမိတ္တ ပေါင်းပြီး တရားနာ ရလိမ့်မယ် (မှန်ပါ့)၊ ဒီပြင် တရားလည်း နာလို့ မရဘူး တဲ့၊ သစ္စာ တရားနာနိုင်မှ (မှန်ပါ့ ဘုရား)။
ဒီပြင် ဒါနတရား, သီလတရားနဲ့ တိုက်ရိုက် မရနိုင် သေးဘူး (မှန်ပါ့)၊ ရနိုင်ပါ့မလား (မရနိုင်ပါ)၊ သစ္စာဆိုက် ဦးမှကိုး (မှန်ပါ)၊ ကဲ မောင်နိုင်, သဘောပါပလား (ပါ,ပါပြီ ဘုရား)။
သူ့ရဲ့သဘောကလေးရှုရမှာ
ကောင်းပြီ ဒါဖြင့် မင်းတို့ ဘာတွေများ ရှုကြမှာတုံး လို့ဆိုလို့ရှိရင် မြင်စိတ်လို့သာ ဆိုရတယ်၊ သူ့သဘော ကလေး ရှုရမှာ (မှန်ပါ့)၊ ကြားစိတ်လို့သာ ဆိုတယ် (သူ့ သဘောကလေး ရှုရမှာပါ ဘုရား)။
သဘောကလေးပဲ ရှုရမယ်တဲ့၊ ဒါကလေးဟာ ဒီနေရာမှာ ခုနင်က ရှိသလိုလိုနဲ့ ပေါ် သလိုလိုနဲ့ ယခု မရှိဘူး ဆိုတော့ ဒီနေရာသာ ပြောလိုက်ရတယ်၊ သူတော့ မြင်တာ မဟုတ်ပါဘူးတဲ့၊ ဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါကျတော့မှ ဪ ဒီနေရာမှာ ခုနင်က ယားသယောင်ယောင်နဲ့ အခု အယားလည်း မရှိတော့ဘူး (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
ယားတာ ကလေးရော ခင်ဗျားတို့ မြင်ကြရရဲ့လား (မမြင်ကြပါ ဘုရား)၊ ဉာဏ်နဲ့ ကြည့်လိုက်တော့ (မြင်ပါ တယ် ဘုရား)၊ ယားတာကလေး မရှိတာလည်း ဉာဏ်နဲ့ကြည့် လိုက်တော့ (မြင်ရပါတယ် ဘုရား)။
ခင်ဗျားတို့က သိတာက နဂိုက အနာကလေး ပေါက် နေတယ်၊ အခု အမာရွတ် ကျန်မှ အနာ ပျောက်ပြီတဲ့၊ ဒီလို ပြောချင်ပြောမယ် (မှန်ပါ့)၊ ခင်ဗျားတို့ သိတာက အနာ ပေါက်တာရယ်၊ အနာပေါက် လို့ သွေးရဲရဲ သံရဲရဲဖြစ် တာရယ်၊ ချပ်သွားတာရယ် ဒါပဲ သိတယ် (မှန်ပါ့)၊ အဲဒါ အထည်တွေ နိဿတ္တ နိဇ္ဇီဝ သဘာဝ ဖြစ်ပါ့မလား (မဖြစ်ပါ)၊ ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။
ဘာကိုရှုရမှာတုံး
ဒါဖြင့် ဘာရှုရမှာတုံး ဆိုတော့ သဘောကို (မှန်ပါ့)၊ သဘောပါကြ ပလား (ပါ,ပါပြီ)၊ ဘာရှု ရမှာတုံး (သဘောကို ရှုရပါမယ်)၊ နိဿတ္တ နိဇ္ဇီဝ သတ္တဇီဝ ကင်းပြီး သဘော ကြည့်ရမှာ (မှန်ပါ့)၊ သဘောပါကြ ပလား (ပါ, ပါပြီ ဘုရား)။
သတ္တဝါ ဟူသော အမည်လည်း ဖျောက်ရလိမ့်မယ် (မှန်ပါ့)၊ သတ္တဝါလို့ မြင်နေတာလည်း (ဖျောက်ရမှာ ပါပဲ)၊ အသက်ရယ်လို့ ထင်နေတာရော (ဖျောက်ရ မှာပါ)၊ သူ ဝေဒနာနဲ့ အသက်ရှင် နေတယ်လို့ ကိုစောမောင်က ပြောချင်ပြောဦးမှာ (မှန်ပါ့ဘုရား)။
သူ ဒီစိတ်ကလေးနဲ့ အသက်ရှင် နေတယ်လို့ ပြောချင် ပြောဦးမှာ (မှန်ပါ့)၊ စိတ်ကလေးကို အသက်လုပ်ချင် လုပ်ပစ် လိုက်ကြဦးမှာ၊ ခင်ဗျားတို့က (မှန်ပါ့)၊ မလုပ်ပေ ဘူးလားဟေ့ (လုပ်ပါတယ် ဘုရား)။
အဲဒါကြောင့် နိဿတ္တ သတ္တဝါ လည်းမဟုတ်မှ နိဇ္ဇီဝ သူ့ကိုလည်း အသက်ကလေးရယ်လို့ မထင်ဘဲနဲ့ သဘော ကလေးမျှသာ ထင်လို့ ရှိရင်ဖြင့် ဒိဋ္ဌိပြုတ်ပြီ (မှန်ပါ့)၊ လွယ်လိုက်တာ ဒကာ, ဒကာမတို့ သဘော ကျပလား (ကျပါပြီ)၊ ဒိဋ္ဌိ ပြုတ်ဖို့ရာ မလွယ်ဘူးလား (လွယ်ပါတယ် ဘုရား)။
ပထမမဂ်ရဖို့ရှေ့ပြေးဝိပဿနာ
ဒါဖြင့် ဒိဋ္ဌိပြုတ်တဲ့ မဂ်သည် ဒကာ, ဒကာမတွေ ပထမမဂ် ရဖို့၏ ရှေ့ပြေး သေချာတယ်၊ ဒီဝိပဿနာ ဟာလေ (မှန်ပါ) ပထမမဂ် ရဖို့ ရှေ့ပြေး မသေချာဘူးလား (သေချာပါတယ်)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒါဟာ မောင်နိုင် ဒိဋ္ဌိခွာ ထားပြီး သား ဆိုတာရော ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် ဒကာ, ဒကာမတို့ သဘော မြင်ရင် ဒိဋ္ဌိကွာပေါ့ (မှန်ပါ့)၊ ဒကာ, ဒကာမတို့ ဘယ့်နှယ် ဆိုကြမလဲ (သဘောမြင်ရင် ဒိဋ္ဌိ ကွာပါတယ် ဘုရား)။
အဲ အဖြစ်သဘော, အပျက်သဘော ကလေး မြင်လိုက်လို့ရှိရင် ကိုစောမောင် ဘာကွာသတုံး (ဒိဋ္ဌိကွာ ပါတယ်ဘုရား)၊ ဘယ်သူက ပြောသတုံးဆိုတော့ နိဿတ္တ နိဇ္ဇီဝ =သတ္တဝါ မဟုတ်၊ ဇီဝ မဟုတ်ပါဘူး တဲ့၊ သဘာဝ ဖြစ်ပါပြီ တဲ့၊ ဓမ္မသင်္ဂဏီ, က ပြောတယ် (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။
သတ္တရော ဟုတ်ရဲ့လား (မဟုတ်ပါဘုရား)၊ ဇီဝ ရော (မဟုတ်ပါ ဘုရား)၊ အဲ သတ္တ ဇီဝ မဟုတ်တဲ့၊ ဘာကလေး တွေ့ပါလိမ့် (သဘော ကလေး တွေ့ပါတယ် ဘုရား)။
ဒါကလေးဟာ သတ္တဝါလည်း မဟုတ်ဘူး၊ အသက် လည်း မဟုတ်ဘူး၊ သဘော သက်သက် ပဲလို့ ခင်ဗျားတို့ ဉာဏ်ထဲမှာ ရှင်းသွား လိမ့်မယ် (မှန်ပါ့)၊ မရှင်းပေဘူးလား (ရှင်းပါတယ် ဘုရား)။
အဲဒီကဲ့သို့ ရှင်းသွားလို့ ရှိရင်ဖြင့် သဘော ကလေးဖြစ် ပြီး သဘောကလေး ပျက်တာကို မောင်နိုင်တို့ ကြည့်လိုက်ပြီ၊ ကိုမောင်တို့ ကိုစံလှတို့က ကြည့်လိုက်ပြီ ဆိုတော့ ဪ ဒီဥစ္စာ ဒိဋ္ဌိကို ပါကို မပါတော့ဘူး (မှန်ပါ)။ ပါသေးရဲ့ လား (မပါ,ပါ ဘုရား)။
ဒါဖြင့် ဒိဋ္ဌိ မပါတဲ့အမြင်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဒါဖြင့် ဒိဋ္ဌိမပါတဲ့ အမြင်ဆိုတော့ ဒိဋ္ဌိ သတ်တဲ့ အမြင် (မှန်ပါ့)၊ ဒါဖြင့် မဂ်ပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါကြောင့် ကျန်းမာတုန်း ရှုပြောတာ ကိုစံလှ ရိပ်မိ ပလား (ရိပ်မိပါပြီဘုရား) ကိုပေါ် ရိပ်မိပြီ (ရိပ်မိပါ ပြီဘုရား)၊ မကျန်းမာတုန်း မြင်တာတွေ ကတော့ မောင်နိုင် ဘာဆိုမတုံး၊ သံဝေဂသာ သူဆို နေတာပဲ၊ မဂ်ဉာဏ်မှ မဟုတ် ဘဲ သံဝေဂဉာဏ် သာဖြစ်တယ်၊ မဂ်ဉာဏ် မဖြစ်ဘူးတဲ့ (မှန်ပါ့)။
ယခုတော့ဖြင့် သေချာပလား (သေချာပါပြီ ဘုရား)၊ ဒီနေ့ဟော နေတာ ဘာဉာဏ် ဟောနေ ပါလိမ့် (မဂ်ဉာဏ် ဟောနေပါတယ် ဘုရား)၊ မဂ်ဉာဏ် ဘာမြင်မှပါလိမ့် (သဘောမြင်မှပါ ဘုရား)။
သဘောကလေးဖြစ်၍ ပျက်တာမြင်ရတယ်
သဘော ကလေးကို မြင်တယ်။ သဘောကလေး ဖြစ်၍ သဘောကလေး ပျောက်တာကို မြင်ရမယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီဘုရား)။
သဘော ကလေးဖြစ်၍ (သဘောကလေး ပျောက်တာကို မြင်ရပါမယ် ဘုရား)၊ ခင်ဗျားတို့ ကြည့်ပါ။ ပြော တာကတော့ မဖျောက်နဲ့ ဒီနေရာတွင် ယားတာ ကလေးပေါ်ပြီး ဒီနေရာတွင် ပျောက်တာပဲ (မှန်ပါ့)။
အထည်ကလေး ပျောက်တာလား၊ သဘောကလေး ပေါ်ပြီး၊ သဘောကလေး ပျောက်တာလား (သဘော ကလေး ပေါ်ပြီး သဘောကလေး ပျောက်တာပါ ဘုရား)။
ဪ ဒါဖြင့် သတ္တဝါ မဟုတ်၊ အသက် မဟုတ်၊ သဘော ကလေး ဖြစ်၍ သဘော ကလေး ပျက်ပါကလား လို့ ဉာဏ်ထဲ မထင်လာ ပေဘူးလား (ထင်လာပါတယ် ဘုရား)၊ ဒါဖြင့် ဒိဋ္ဌိသတ်ပြီး မြင်တဲ့ ဉာဏ်အမြင် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒိဋ္ဌိသတ်ပြီးတဲ့ဉာဏ်အမြင်
ဘာသတ်ပြီး မြင်တဲ့ ဉာဏ် အမြင်ပါလိမ့် (ဒိဋ္ဌိ သတ်ပြီး မြင်တဲ့ဉာဏ် အမြင်ပါ)၊ သဘောဖြစ်၍ သဘော ချုပ်တာပဲ၊ သဘော ကလေး ဖြစ်၍ သဘော ချုပ်တာပဲ ဆိုတော့ မောင်နိုင် နှယ် ခုနင်က မျက်လုံး ပျက်တယ်လို့တောင် မလာတော့ဘူး (မှန်ပါ့)၊ နားပျက်တာလို့ရော (မလာ ပါဘုရား)။
ချုံးမဖြစ်လို့သာ ပြောရတယ်၊ မြင်စေချင်တာက သဘောဖြစ်, သဘောပျက်ကို မြင်စေချင်တယ် (မှန်ပါ့)၊ နာမည် မတပ်ရင် ဘယ်သူမှ အထည် မကောက်တတ်မှာ စိုးလို့ ကိုစံလှ, နာမည် တပ်နေရတာ (မှန်ပါ့)။
စင်စစ် ခင်ဗျားတို့ မြင်စေချင်တဲ့ သဘောက တော့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘယ်လိုမြင်စေ ချင်ပါလိမ့် (သဘောဖြစ်, သဘောပျက်ပါ ဘုရား)။
ပုဂ္ဂိုလ် သတ္တဝါ ဟူသော အမည် လုံးဝ မရှိဘဲနဲ့ သဘော ကလေးမျှ ဖြစ်ပြီး သဘော ကလေးမျှ ပျက်တာကို မြင်စေချင်တာ အမှန်ပါပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီဘုရား)။
ဦးဘကလေး နေရာကျပြီနော် (ကျပါပြီ ဘုရား)၊ ကောင်းပြီ ဒီလိုမြင်တော့ ဒီအမြင်သည် မောင်နိုင်, ဒိဋ္ဌိရော သေးရဲ့လား (မရောပါ ဘုရား)၊ ဒိဋ္ဌိ, မရောတော့ ဒိဋ္ဌိ, မရောတဲ့ အမြင်ဆိုတော့ ဒိဋ္ဌိ, မရောတဲ့မဂ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါဖြင့် သူ့အတိုင်းသာ ဆက်လိုက်သွား၊ မလိုက်သင့် ဘူးလား (လိုက်သင့် ပါတယ်ဘုရား)၊ သူ့အတိုင်း ဆက်လိုက်သွားတဲ့ အခါ သဘောကလေးဖြစ်, သဘော ကလေးပျက်၊ ဒီသဘော ကလေးတွေချည်း ဖြစ်တာကို ခုနင်က ဉာဏ်စဉ် အတိုင်း မုန်းချင်လည်း မုန်းလာမှာပဲ (မှန်ပါ)။ မမုန်းပေဘူးလား (မုန်းပါတယ် ဘုရား)။
ခန္ဓာဒုက္ခဆိုတာ
ဒီဥစ္စာသည် သဘောဖြစ်, သဘောပျက်တွေပဲ၊ ဒီတရားသည်ကား လို့ဆိုရင် ခန္ဓာထဲမှာ ရှိတဲ့ ဒုက္ခဆိုတာ ဒါပဲ၊ ခန္ဓာဒုက္ခ ဆိုတာ ဒါပဲ၊ မလာပေဘူးလား (လာပါ တယ် ဘုရား)။
ဒါ ခန္ဓာပဲ မဟုတ်ဘူးလား (မှန်ပါ့)၊ ဒါ ဝိညာဏက္ခန္ဓာ ပေါ့ စိတ်ပဲ (မှန်ပါ့)၊ ဒါ ခန္ဓာဒုက္ခ ဆိုတာ မပေါ်လာ သေးဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဒီ သဘောဖြစ်, သဘောပျက် ကလေးဟာ ဘာပါလိမ့် ဒကာ, ဒကာမတို့ (ခန္ဓာဒုက္ခပါ ဘုရား)၊ ခန္ဓာဒုက္ခ ဆိုတော့ ဒကာ, ဒကာမတွေ ခန္ဓာထဲမှာ သဘောဖြစ်, သဘောပျက်သာ ရှိတော့ ဘာသစ္စာ သာ ရှိတော့သလဲ (ဒုက္ခသစ္စာသာ ရှိပါတယ် ဘုရား)။
ဒုက္ခသစ္စာသာ ရှိတော့တယ် ဆိုပြီး အမှန် ဆုံးဖြတ်ချက် ချလိုက်လို့ ရှိရင် ခုနင်က ဒုက္ခသစ္စာက ချုပ်တယ် (မှန်ပါ့)၊ အမှန် ဆုံးဖြတ်ချက် ချလိုက်တာ မဂ်လာဖြစ်တယ်၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
သောတာပတ္တိမဂ်ဉာဏ်အစစ်
ဧကန် ဒုက္ခသစ္စာပဲလို့ ဆုံးဖြတ်ချက် ချလိုက်လို့ရှိရင် အရှုခံတဲ့ ဒုက္ခသစ္စာ၊ သဘောဖြစ်, သဘောပျက်က မလာတော့ဘူး (မှန်ပါ့)၊ လာသေးရဲ့လား (မလာပါ ဘုရား) ဒီဉာဏ်ကလည်း သောတာပတ္တိမဂ် ဉာဏ်အစစ် မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲဒီတွင် ဒကာ,ဒကာမတို့ ဝမ်းထဲမှာ ကိန်းနေတဲ့ အနုသယ သဘောနဲ့ အကြောင်း တိုက်ဆိုင်မှ ကြောင်လက် သည်းပျောက်, ကြွက်မြင်မှ လက်သည်း ထွက်မလို့ အောင်းနေ တဲ့ လက်သည်း ကလေး ဆိုတဲ့ ဒိဋ္ဌိဟာ ဝမ်းထဲမှာ ရှိတယ် (မှန်ပါ့ဘုရား)၊ အဲဒါ ပျောက်ထွက် သွားတယ် (မှန်ပါ့)။
သဘောဖြစ်, သဘောပျက်ဟာ ဧကန် ဒုက္ခသစ္စာပဲ လို့ ဧကန် ဆုံးဖြတ်ချက် ချပါရော၊ ကြောင်လက်မှာ ဝှက် ထားတဲ့ လက်သည်းဟာ ကြွက်မြင်လို့ ထွက်တဲ့ဥစ္စာ သူ့နဂိုရှိနှင့် တယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်တယ်
အဲဒီလိုရှိနှင့်ပြီး အောင်းနေတဲ့ ဒိဋ္ဌိ အနုသယနဲ့ ဝိစိကိစ္ဆာ အနုသယ ပြုတ်ထွက် သွားတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီနှစ်ခု ပြုတ်ထွက် သွားတော့မှ ဟို အပါယ်လေးပါး က သူတို့ကြောင့် ကျရတာကိုး (မှန်ပါ့)၊ ဒိဋ္ဌိကြောင့် ကျရတာလို့ နေ့တိုင်း မပြောဘူးလား (ပြောပါတယ် ဘုရား)။
အဲဒါ သဘောဖြစ်, သဘောပျက်ကို ဒုက္ခအစစ်ရယ် လို့လည်း ဆုံးဖြတ်ချက် ချလိုက်ပါရော၊ အပါကဋ ဒုက္ခကို ဆုံးဖြတ်ချက် ချတယ် (မှန်ပါ့)၊ ပါကဋ ချတာ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒါမှသာလျှင် ခန္ဓာနာမ်ရုပ် အစစ်ပဲဆိုတာ ကိုစောမောင်, လေးလေး နက်နက် သဘောကျ ပလား (ကျပါပြီ ဘုရား)။
အပါယ်တံခါး ပိတ်တယ်
ဒါဖြင့် ဒီအမြင်ကလေး ရောက်ပြီး၊ ဒီအမြင် ဆုံးသွား လို့ရှိရင် ဒကာ,ဒကာမတို့ အပါယ်လေးပါး တံခါးပိတ်တယ် ဆိုတာ ဝမ်းထဲမှာ အောင်းနေတဲ့ အနုသယ ပြုတ်လို့သာ မှတ် ပေတော့ (မှန်ပါ့)။
ဘယ်လိုကြောင့် မှတ်ကြမယ် (ဝမ်းထဲမှာကိန်း နေတဲ့ အနုသယပြုတ်လို့ပါ ဘုရား)၊ ကျုပ်တို့တော့ဖြင့် ဒိဋ္ဌိ ကင်းပါပြီလို့ ဆိုငြား သော်လည်း သဘောဖြစ်, သဘောပျက် ကလေးမှ ပျောက်အောင် မလိုက်နိုင်သေးလို့ ဒုက္ခသစ္စာ အစစ်ကို မသိသေးလို့ ရှိရင် အောင်းလျက်ပါပဲ (မှန်ပါ့)။
ကြောင်လက်ထဲမှာ လက်သည်းဟာ အမြဲ ရှိသလိုပေါ့ ဗျာ (မှန်ပါ့)၊ သွားကြည့်တော့ မမြင်ရဘူး၊ ကြွက်ပြမှ ထွက်လာတယ် ဆိုသလို ခင်ဗျားတို့ သန္တာန်မှာ ရှိနေတဲ့ ဒိဋ္ဌိဟာ သဘောဖြစ်, သဘောပျက်ပဲ၊ ဒုက္ခသစ္စာလို့ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် မချနိုင်သေးရင် အမြဲတမ်း ဒီ ဒိဋ္ဌိ အကြောင်း မရှိသေးလို့ မပေါ်တာသာ မှတ်ပေတော့၊ ငုတ်ပြီး နေတယ်လို့သာ မှတ်ပေတော့ (မှန်ပါ့)။
ဘေလုံးရှိတဲ့ ပုဂ္ဂိုလ်ဟာ အစားမှား စောင့်နေသလိုပဲ၊ သဘောကျပလား (ကျပါပြီဘုရား)။
ဘေရှိတဲ့ ပုဂ္ဂိုလ်ဟာ (အစားမှား စောင့်နေသလို ပါဘုရား)၊ အစားသာ မှားပေးလိုက်၊ ဒီဘေလုံး ကြွပြီး ငှက်ဖျား ထ,တာပဲ (မှန်ပါ့)၊ မထပေဘူးလား (ထပါတယ် ဘုရား)။
ဒီမှာလည်း အစားမှား စောင့်နေတဲ့ အနုသယ ရှိတယ် (မှန်ပါ့)၊ သဘောဖြစ်, သဘောပျက်ကို ပျောက်အောင်ရှု နိုင်တဲ့ ဒကာ, ဒကာမတွေဖြင့် အခုနင်က အစားမှားစောင့် နေတဲ့ ဘေလုံးနဲ့ တူတဲ့ အနုသယဟာ မောင်နိုင် ရှိပါ့မလား (မရှိပါ ဘုရား)၊ သဘောကျပလား (ကျပါပြီဘုရား)။
နိရောဓသစ္စာ၊ မဂ္ဂသစ္စာ
ဒါဖြင့် ရှေ့က သဘောဖြစ်, သဘောပျက် ချုပ်သွား တာက နိရောဓ သစ္စာ (မှန်ပါ့)၊ သဘောဖြစ်, သဘော ပျက်ကလေး ကိုဖြင့် ဒုက္ခအစစ်ပဲလို့ အမှန်အကန် ဆုံးဖြတ်ချက် ချ နိုင်တာက ဘာပါလိမ့် (မဂ္ဂသစ္စာပါ ဘုရား)။
သမုဒယသေတယ်
ခုနင်က ကြောင်လက်သည်း ထဲမှာ လက်သည်းပါ ပျောက်သွားတဲ့ ဥစ္စာက သမုဒယ သေတာ (မှန်ပါ့ဘုရား)။ ဒိဋ္ဌိနုသယ သေတော့ ဝိစိကိစ္ဆာနုသယ က ရောပြီး သေတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပထမနိဗ္ဗာန်ရတယ်
အဲဒီတော့ အပါယ်လေးပါး တံခါးပိတ်တာက ပထမ နိဗ္ဗာန်ရတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)၊ ဘာနိဗ္ဗာန်ပါလိမ့် (ပထမ နိဗ္ဗာန်ပါ ဘုရား)၊ သဘော ပါပလား (ပါ, ပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။