099

ဝေဒနာကင်းအောင် ရှုပါ၊ သေရင် သုဂတိနဲ့ နိဗ္ဗာန် (အဿဇိရဟန်း)

အသံဖိုင်ခေါင်းစဉ်= အဿဇိရဟန်းဝတ္ထုတရားတော်

စာအုပ်ခေါင်းစဉ်= ဝေဒနာကင်းအောင် ရှုပါ၊ သေရင် သုဂတိနဲ့ နိဗ္ဗာန် (အဿဇိရဟန်း)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားသော တရားတော်

ဝေဒနာကင်းအောင် ရှုပါ

သေရင် သုဂတိနဲ့ နိဗ္ဗာန် (အဿဇိရဟန်း)

(၃၊ ၁၊ ၅၈)

ကိုင်းစကြစို့ – ဝက္ကလိက ပြီးသွားပြီ၊ ဝက္ကလိကို ဘုရား ပူဇော်ထိုက် မပူဇော်ထိုက် ဆိုတာတွေ ခွဲခြား ဝေဖန်ပြီးပြီ။ ဝက္ကလိ ပရိနိဗ္ဗာန်စံပုံကိုလည်း ပြောပြီးပြီ၊ ဒီနေ့ ဘာပြောရမှာ လည်းလို့ မေးတဲ့ အခါကျတော့ ဝက္ကလိနဲ့ ဆင်တူ ရိုးမှားပါပဲ။

ဆင်တူယိုးမှားပေမဲ့ သမထ ရှေ့သွားပုံ၊ အများကြီး ထူးခြားပြီး သကာလ နေတယ်လို့ မှတ်ရမယ်၊ ကိုင်း ဒီဝတ္ထုကို ရှေးဦးစွာ နားထောင် လိုက်တာပေါ့။

အဿဇိရဟန်း

ဘယ်လို နားထောင်ရမလဲလို့ မေးတဲ့အခါ ရာဇဂြိုဟ် ပြည်မှာ ဃောသိတာရုံ ကျောင်းတိုက် ဆိုတာ ရှိတယ်၊ အဲ့ဒီ ဃောသိတာရုံ ကျောင်းတိုက်မှာ အဿဇိ ဆိုတဲ့ ရဟန်းက ရှိတယ်။

အဲ့ဒီ အဿဇိဆိုတဲ့ ရဟန်းသည်ကား ဆိုရင်ဖြင့် မမာပြီး သကာလ လာတယ်လို့ မှတ်ပါ။

အဲ့ဒီ အဿဇိ ဆိုတဲ့ ရဟန်းက မမာပြီး သကာလ လာတဲ့ အခါ ဝက္ကလိလိုပဲ သူ့အနား ရှိတဲ့ သံဃာတွေကို ပြောပြတယ် ငါကွာ မမာတာက အင်မတန် ပြင်းထန် နေတယ်။ ဒါကြောင့် မြတ်စွာဘုရား သခင် ကိုယ်တော် မြတ်ကြီးထံ ငါက ရှိခိုးလိုက် တယ် ဆိုပြီး သကာလ ဘုရားကိုလည်း မင်းတို့က မေးကြ၊ ကျန်းမာပါရဲ့လား ချမ်းသာပါရဲ့လား လို့လည်းမေး ရှိခိုး လိုက်တယ် ဆိုတဲ့ အကြောင်းလည်း ပြောပါ။

ဘုရားထံလျှောက်ခိုင်းတယ်

အဿဇိသည် မမာပြီး သကာလ နေပါတယ်၊ အဲ့ဒီ မမာပြီး သကာလ နေတဲ့ အတွက် သနားသော အားဖြင့် အဿဇိထံ ခေတ္တကြွပါလို့ မင်းတို့က ပင့် ပါ၊ အဲဒီကဲ့သို့ ခိုင်းလိုက် ပါတယ်။

ခိုင်းလိုက်တဲ့ အခါကျတော့ အဿဇိ ဆိုတဲ့ပုဂ္ဂိုလ် ခိုင်း လိုက်တဲ့ အတိုင်း ရဟန်းတွေ ကလည်းတဲ့၊ မမာ နေတာပဲ၊ ဒို့က ရွက်ဆောင်ရမယ် ဆိုပြီး သကာလ ရဟန်းတွေက ဆိုင်ရာ ဆိုင်ရာ အလုပ်ကို မှာလိုက်တဲ့ အတိုင်း ရွက်ဆောင်ကြတယ်။

လူမမာမေးကြွတော်မူတယ်

ထိုကဲ့သို့ ရွက်ဆောင်တော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက သိတယ်၊ အင်း မမာတာပဲ မမာတာ ဆိုတော့ လူ မမာမေးတဲ့ ဝတ္တရားသည် အလွန် အဖိုးတန်တဲ့ ဝတ္တရား ဖြစ်တယ်၊ ဒါ ရှေး ဘုရားလောင်း သူတော်ကောင်းတွေ ဂီလာန ကို ရွက်ဆောင် ရတယ် ဆိုတာလည်း ကျေးဇူးများတယ်၊

ဒါကြောင့် ဂီလာန ရွက်ဆောင်တဲ့ အလုပ်ကိုဖြင့် ငါလုပ်မယ် ဆိုပြီး ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဃောသိတာရုံ ကျောင်းမှာပဲ အဿဇိ ရှိရာဌာနသို့ ကြွလာတယ်လို့ ဒကာ ဒကာမတွေက မှတ်ပါ။

အဲ့ဒီအတွက် အဿဇိရှိရာ ဌာနကို ကြွလာတော့ အဿဇိက ဘုရား ကြွလာတယ် ဆိုရင်ပဲ နေရာ ထိုင်ခင်းတွေ သူနေတဲ့ ကုတင်ပေါ်က ဆင်းမယ်လို့ လုပ်တယ်၊ ဟေ မဆင်းနဲ့ မဆင်းနဲ့ မင်းက လူမမာကွ ငါ့မှာ နေစရာ ထိုင်စရာတွေ ရှိတယ် မင်းသည်းခံပြီး သကာလ မင်းနေရာသာ မင်းနေပါ။

နေစရာထိုင်စရာ ရှိပါတယ်လို့ ဘုရားက ပြောလိုက် တယ်၊ ပြောလိုက်ပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ထုံးစံအတိုင်း မေးတာပေါ့။

မင်းဝေဒနာဘယ်လိုနေသလဲ

အဿဇိ မင်းဝေဒနာဟာ ဘယ်လ ိုနေသတုံးကွ မင်းဝေဒနာ နေပုံ အချင်းရာကာလ ပြောစမ်း ပါဦး၊ ရှေ့အစဉ် သာတက်သလား၊ နောက်ပဲ ဆုတ်နေသလား မေးလိုက်တယ်။

တပည့်တော် ဝေဒနာကတော့ တခြားမဟုတ်ပါဘူး နောက်ကို နည်းနည်းမှ ဆုတ်တဲ့ သတ္တိ မရှိပါဘူး၊ ရှေ့သို့သာ လျှင် တိုးပြီး သကာလ နေတဲ့အတွက် တပည့်တော်မှာဖြင့် မချမ်းသာမှု မကျန်းမာမှု တွေသည် အင်မတန်မှ ဆိုးပြီးနေပါ တယ်လို့ သူကလျှောက်တယ်။

ကောင်းပြီ ဆိုပြီး သကာလ ဘု ရားသခင် ကိုယ်တော်မြတ်ကြီးက ဝက္ကလိမေးသလိုပဲ ဒကာ ဒကာမတို့ ထုံးတမ်း အတိုင်း မေးပြန်တယ်။

မင်းစိတ်ထဲ နှလုံးမသာယာမှုရှိသလား

မင်းစိတ်ထဲ နှလုံးမသာယာမှု သောက ဖြစ်မှု တွေများရှိသလား? ကွ (တပည့်တော် အထူးတော့ မရှိပါဘူး ဘုရား) အထူးမရှိဘူး ဆိုတော့ မင်း ရှိတယ် ဆိုတာ သက် ရောက်နေတယ် အဲ့ဒီ ရှိတာလေးကို ငါ့လျှောက်တာပေါ့၊ ဒီမှာ ကွာ မင်း ရှိတာလေးကို ငါမေးပါရစေ။

မင်းအခုဝေဒနာလည်း ရောက်ပြီး သကာလ နေတယ် အဲဒီ ဝေဒနာက ရောက်ပြီး သကာလ နေတော့ သေရတော့ မယ်။

သီလပျက်မှုရှိသလား

သေရတော့မယ် ဆိုတော့ မင်းသီလ ပျက်တာ ကိုများ မင်းစိတ်ထဲမှာ သံသယ ရှိသလား၊ အကျင့်ပျက်တာတွေကို သံသယ ပေါ်လာသလား၊ မေးလိုက်တယ် ဒကာ ဒကာမတို့။

ဘာမေးပါလိမ့် ဒကာ ဒကာမတို့ သီလပျက်တာ ရှိသလား၊ အကျင့် ပျက်တာ ရှိသလားလို့ မေးလိုက်တယ်၊ အဲတော့ ဒီအမေးမျိုးကို မနေ့ကလည်း ပါပါတယ်။

ဒီအမေးမျိုးဘာ့ကြောင့်မေးရသလဲ

ယနေ့ ဒကာ ဒကာမကို ရှင်းချင်တာက ဒီအမေး သည် ဘုရားက ဘာဖြစ်လို့ လူမမာတိုင်းကို မေးရသတုံးလို့ ဆိုတဲ့ ဥစ္စာဟာ အချိန် ရောက်လာပြီ။

လူတစ်ဦးတစ်ယောက် သေတော့မယ် ဆိုရင်ဖြင့် ကိုယ့်ကိုယ် စွပ်စွဲတဲ့ အသွားဟာ ဒကာ ဒကာမတွေ အဆိုးဆုံး ပဲ၊ မှတ်မိကြပလား (မှတ်မိပါပြီ) ဘာပါလိမ့် (ကိုယ့်ကိုယ်ကိုယ် စွပ်စွဲတာ အဆိုးဆုံးပဲ)

သြော် ငါက ဘယ်လို နေခဲ့တာပဲ၊ ဘယ်လို ထိုင်ခဲ့တာပဲ။ ဘယ်လို မှားခဲ့တာပဲ၊ ဘယ်လို ဆိုးခဲ့တာပဲ၊ ဘယ်လို တေခဲ့တာပဲ။ ဘယ်လို ပေခဲ့တာပဲလို့ ကိုယ့်ကိုယ်ကိုယ် စွပ်စွဲပြီး သကာလ မှားခြင်း မတ္တနဲ့ စိတ်မချမ်းသာမှု ရှိတတ်တယ် သဘောကျ ပလား (ကျပါပြီ)။

ဖြစ်တတ်လို့ဘုရားကမေးတာ

အဲတော့ ဘုန်းကြီးက ဒကာ ဒကာမတွေကို ဆရာ ကောင်းတွေဖြစ်တော့၊ ဘုန်းကြီးက ဆုံးမတယ်၊ ဘုရားက ဖြစ်တတ်လို့ မေးတယ် ဆိုတာတော့ သဘောကျကြပြီ (ကျပါပြီ ဘုရား)။

ဘုရားက ဒီပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကိုယ် စွပ်စွဲ တတ်တယ်၊ ငါမှားမိလေခြင်း၊ ငါလုပ်တာ ဒီအတိုင်းပဲဟာ၊ ငါ့မှာဖြင့် မတရား အလုပ်တွေကျ တော်တော် များခဲ့တယ်၊ မသိ တုန်းက အတော် များခဲ့တယ်။

ဒီအမှားတွေ သည်ကားလို့ ဆိုလို့ရှိရင် ခက်ရချေရဲ့ သေခါနီး အခါကာလမှာ ကိုယ့်ကိုယ်ကိုယ် စွပ်စွဲတတ်တယ် ဆိုတော့ ဒကာ ဒကာမတို့ အခုလို ဆရာကောင်း သမားကောင်းက ပြောဆိုနေတာ ဘုရားကလည်း မေးနေတာ ထောက်တော့၊ လာတတ်တဲ့ သဘောပဲ၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဘယ်လိုလာတတ်ပါလိမ့်

ဘယ်လိုလာတတ်ပါလိမ့် (ကိုယ်လုပ်ခဲ့တာတွေ ပါ) ကိုယ်လုပ်ခဲ့ တာဟာလည်းပဲ၊ ပြန်တွေး လိုက်တဲ့ အခါကျတော့ ကိုယ်လုပ်တာတွေဟာ ပေါ်ပေါ် လာတတ်တယ်။ ပြောခဲ့တာတွေ အပြောမှား၊ အဆိုမှား၊ အထင်မှား၊ အထိုင် မှားတွေ မရှိပေဘူးလား (ရှိပါတယ်)။

အဲဒါတွေ သေခါနီး အခါကာလမှာ ကိုယ့်ကိုယ်ကိုယ် စွပ်စွဲတဲ့ သဘော ပေါ်တတ်တယ်၊ အဲဒါကို ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဟေ့-အဿဇိ မင်းကိုယ်မင်း သီလ သဘောနဲ့များ စွပ်စွဲသလား၊ ဒါသီလ ပျက်လို့ စွပ်စွဲတာနော်။

သီလနဲ့အကျင့်အပေါ်မှာ သံသယမရှိဘူးတဲ့

မင်းကိုယ်မင်း သီလသဘောနဲ့ စွပ်စွဲတဲ့ ဝိပရိဏာမ ဆိုတဲ့ နှလုံးမသာယာမှု ရှိနေသလား မရှိဘူးလား ဆိုတာ မေးတယ်။ တပည့်တော်မှာ ဘာမှ မရှိပါဘူးဘုရား ကိုယ့်သီလ တွေ၊ ကိုယ့် အကျင့်တွေ အပေါ်မှာတော့ သံသယ မရှိပါဘူး ဆိုတော့ ပြေလည် မသွားဘူးလား ဒကာ ဒကာမတို့ (ပြေလည် သွားပါတယ် ဘုရား)။

အဲဒီမှာ ဘုန်းကြီးက စကားသွင်းတယ်၊ ဒီကြားမှာ ဘုန်းကြီးက စကားသွင်းတယ် အားလုံး ဒကာ ဒကာမတွေ ဒီစကားကို နားထောင်ပါ ဘယ်နှယ်ကြောင့် ဒီအကြားမှာ ဘုန်းကြီးက စကား သွင်းရသလဲလို့ မေးတဲ့ အခါကျလို့ရှိရင် ခင်ဗျားတို့ လူဆိုတာ မမှားတဲ့ ပုဂ္ဂိုလ်၊ မသေသော ဆေးသမား ဆိုသလို ပေါ့ဗျာ။

မမှားသောပုဂ္ဂိုလ်၊ မသေသော ဆေးသမား ဆိုတာ ဘယ်သူမှ မရှိဘူး၊ ရှိကြတာချည့်ပဲ ဘယ်လူမရှိတဲ့ ပုဂ္ဂိုလ်လို့ ဒီအတိုင်း ရုပ်မြင်ပြစရာရှိကြရဲ့လား (မရှိပါဘူး)

မရှိတော့ ဘယ်သူဖြစ်ဖြစ်၊ မသိမှား၊ အမိုက်မှား မရှိ ကြပေဘူးလား (ရှိပါတယ် ဘုရား) ရှိပေမဲ့တဲ့ ဘုန်းကြီးများက ဆုံးမတယ်၊ ဒကာ ဒကာမတွေ ဒါကို မကြောက်ပါနဲ့ ဒါကို မကြောက်ပါနဲ့တဲ့။

ဝေဒနာဟာအနိစ္စလို့သာရှုပါ

ကိုယ့်ခန္ဓာကိုယ်၊ အခုဝေဒနာ ရောက်နေတယ်။ ဝေဒနာဟာ အရေးကြီးတယ် အနိစ္စပဲ ဆိုတာလေးသာ မပျောက်ဖို့ အရေးကြီးတယ်၊ သဘောကျပလား (ကျပါပြီ)။

ဘာအရေးကြီးသလဲ (အနိစ္စပဲဆိုတာ မပျောက်ဖို့ပါ ဘုရား) ဝေဒနာကတော့ ဒီအချိန် မပေါ်ဘူးလား၊ ပေါ်မလား (ပေါ်မှာပါ ဘုရား) ပေါ်မှာပဲ။

ဒီအချိန် ပေါ်တော့ ခင်ဗျားတို့က ဘယ်နှယ်လုပ်ကြ မယ် (အနိစ္စ ရှုရပါမယ်) ဒါဖြင့် ဝေဒနာပေါ်လာ ပေါ်လာရင် ဘာလုပ်ကြမယ် (အနိစ္စ ရှုရပါမယ်) ဘယ် ဝေဒနာ ပေါ်လာ ပေါ်လာ အနိစ္စလို့ ဒါလေး မပြတ်ဖို့ပဲ အရေး ကြီးတယ်။

ဒီပြင်ဟာတွေဟာ မပေါ်ချင်နေ ရှင်းကြပလား (ရှင်းပါပြီ) ဒီပြင်ငယ်တုန်းက မိုက်တာ ဆိုးခဲ့ တာတွေ (မပေါ် စေနဲ့) ဘာကိုသာ အရေးတကြီး ထားရမလဲ (ဝေဒနာရဲ့ အနိစ္စ အရေးတကြီး ထား ရပါမယ်)။

အင်း ခင်ဗျားတို့ သန္တာန်မှာ ပေါ်လာတဲ့ နာ တယ် ဆိုရင် နာတဲ့ဝေဒနာ ကလေးကို သြော် ဖြစ်ပြီး ပျက် တဲ့ အနိစ္စ၊ နည်းနည်း သက်သာတယ် ဆိုပြန်တော့ သက်သာ တယ်ဆိုတဲ့ ဝေဒနာ ကလေးကို ဖြစ်ပြီးပျက်တဲ့ အနိစ္စလို့ ရှုပေး။

ဒါသာ မပျောက်စေနဲ့ ဒါမပျောက်လို့ရှိရင် သူသည် ဝိပဿနာ အရှုနဲ့ သေသွားမယ်၊ ဟိုဟာတွေ တွေးတော နေရင် ဒေါသောနဲ့ သေမယ်၊ သဘောကျပလား (ကျပါပြီ)

သေတတ်ကြပလား

ကိုယ်မှားခဲ့တာတွေ ကြည့်ရင် ဘာနဲ့သေမယ် (ဒေါသဇောနဲ့ သေမှာပါ ဘုရား) အဲဘုန်းကြီး ဟောတဲ့ အတိုင်း ဘုရား ဟောတဲ့ အတိုင်း ဝေဒနာတွေ ရှုသေမယ် ဆိုရင် (ဝိပဿနာနဲ့ သေမှာပါ) သေတတ်ကြပလား (သေတတ် ပါပြီ)။

ဒါအင်မတန် အရေးကြီးလို့ ပြောပါတယ်၊ ဦးဘအောင် အရေး မကြီးဘူးလား (ကြီးပါတယ်)၊ ခင်ဗျားတို့ ဘယ်သူ မှ မမှားတဲ့ ပုဂ္ဂိုလ် ဒီအထဲမှာ တစ်ယောက်မှ မရှိဘူး ဘုန်းကြီးက စပြီးသာ၊ စွဲချက် တင်လိုက် ပါတော့။

ဘယ်သူမှ မမှားဘူးတဲ့ ပုဂ္ဂိုလ် မရှိဘူး၊ သဘောကျ ပလား (ကျပါပြီ) မှားဘူးတဲ့ ပုဂ္ဂိုလ် ချည့်ပဲလို့ မဆိုနိုင် ကြဘူးလား (ဆိုနိုင်ပါတယ်)။

ဒီအသွားတွေကို ပြန်တွေးနေမယ် ဆိုရင် တွေးတဲ့ အခါ တွေးလုံးကြောင့် သောက၊ ဒေါသ၊ မလာပေဘူးလား (လာပါတယ်) ဒါဖြင့် ဒီသောက ဒီဒေါသ အပါယ် မြောက်ပြီ (မြောက်ပါပြီ) အေး သူများကြောင့် အပါယ်ကျ ဒါလား၊ ကိုယ်ဟာကိုယ် တွေးလုံးကြောင့် အပါယ်ကျတာလား (တွေးလုံးကြောင့် ကျတာပါ)။

ဒါဖြင့် ဒါတွေဖြုတ်ပြီး၊ တွေးလုံး ပြောင်းလိုက် (မှန်ပါ့) ဘယ်လို ပြောင်းကြမယ် (တွေးလုံး ပြောင်းရပါ့မယ် ဘုရား) ပေါ်တဲ့ ဝေဒနာကို ဘာလုပ်ရမယ် (ဝိပဿနာ ရှုရပါမယ် ဘုရား) ဒီလို ပြောင်းလိုက် တော့လည်း ပြီးမသွားဘူးလား (ပြီးသွားပါတယ် ဘုရား)။

သေခါနီးမှာ ဒီအတွေးတွေက နှိပ်စက်တတ်တယ် ( ဒါက၊ သေခါနီးမှ ဒီတွေးလုံးက နှိပ်စက်တတ်လို့၊ ဘုရားက၊ လူမမာ မေးလာပြီး သကာလ ဟောတိုင်း ဟောတိုင်း မင်းကိုယ်မင်း စွပ်စွဲသလား ဆိုတဲ့ မေးခွန်းဟာ မနေ့ကလည်း မလာဘူးလား၊ (လာပါတယ်) ဒီနေ့ကော (လာပါတယ်)။

ဒါဘယ့်နှယ်ကြောင့် ဘုရားသခင် ကိုယ်တော် မြတ်ကြီး၊ ဒီအရေးကို အရေးတကြီး ထားပြီး မေးရပါသလဲ ဆိုတော့ လာတတ်လို့၊ ရှင်းကြပလား (ရှင်းပါပြီ)။

အဲတော့ ဘုန်းကြီး ပြောတာ၊ သားလည်းမစွဲနဲ့၊ သမီး လည်းမစွဲနဲ့၊ ရှေးက ဟာတွေလည်း မတွေးနဲ့ ဟုတ်လား၊ ပြန်ပြီးတွေး တောပြီး သကာလ မနေနဲ့၊ ယခု လက်ရှိဝေဒနာကဖြင့် ကိုယ့်ခန္ဓာထဲ ရှိတာ အမှန်ပဲ၊ သဘော ကျပလား (ကျပါပြီ)။

ဝေဒနာ ဘယ်နှစ်မျိုး ရှိတတ်သလဲ (သုံးမျိုးပါ ဘုရား) သို့သော် မမာတဲ့အခါ ဘယ်ဝေဒနာ ပြင်းထန်သလဲ (ဒုက္ခဝေဒနာပါ ဘုရား) အဲဒီ ဒုက္ခဝေဒနာ ပြင်းထန်တာလေးကို၊ ဒကာ ဒကာမတွေက ဒါဝေဒနာ မဟုတ်ပါဘူးကွ၊ အနိစ္စလေး တစ်ခုပြတာပါ၊ သဘော ကျပလား (ကျပါပြီ)

ဝေဒနာလား၊ အနိစ္စလား (အနိစ္စပါ ဘုရား) ဘုရားက ဟောထားတယ် သဗ္ဗေ သင်္ခါရာ အနိစ္စလို့ ဟောတယ်၊ သဗ္ဗေ သင်္ခါရာ အနိစ္စလို့ ဟောထားတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ပေါ်လာ တာလေး အနိစ္စ ဖြစ်အောင်သာ ရှုဖို့ အရေးကြီးတယ်၊ (မှန်လှပါ)။

ဒီပြင် ဟာတွေ ဘာမှ မတွေးနဲ့ ဆိုတာ၊ အခုထဲက စောစောစီးစီး ပိတ်ပင်လိုက်တယ်၊ ပိတ်ပင်သင့် မပိတ်ပင်သင့် (ပိတ်ပင် သင့်ပါတယ်)

ကိုယ့်တွေးလုံးကြောင့်အပါယ်သွားတာ

အပါယ်သွားကြတယ် ဆိုတာသည်၊ ဒကာ ဒကာမတို့ သွားတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ကိုယ်က လုပ်ခဲ့တဲ့ ကံကသွားတာလား၊ ကိုယ့်တွေးလုံး ကြောင့် သွားတာလား၊ (ကိုယ့် တွေးလုံး ကြောင့် သွားတာပါ ဘုရား) သြော် ဒါဖြင့် ကိုယ့်ကိုယ်ကိုယ် လှံနဲ့ထိုးတဲ့ အဓိပ္ပါယ် မရောက် ဘူးလား (ရောက်ပါတယ်)။

ဒါဖြင့် ဒီတွေးလုံးဟာ တွေးချင်စရာလား မတွေး ချင်စရာလား (မတွေးချင်စရာပါ ဘုရား) ဒါဘာကြောင့် တွေးပြီး နေကြသတုံးလို့ မေးလို့ရှိရင်ဖြင့်တဲ့၊ အခုလို ပြောင်း ပေးမဲ့ ပုဂ္ဂိုလ် မရှိလို့ တွေးတာ၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်လိုပြောင်းရမလဲ

ကိုင်း-ဘယ်လို ပြောင်းကြမလဲ ဝေဒနာတွေ့ရင် ဝေဒနာ အနိစ္စပေါ့ဗျာ၊ ရုပ်တွေ့ရင် ရုပ်အနိစ္စ ပေါ့၊ ပူတာ အေးတာ တွေ့လို့ လိုက်ရှုနေရင်ကော မရလား (ရပါ တယ်)။

ဝေဒနာတွေ ပေါ်တိုင်း ပေါ်တိုင်း ရှုရင်ကော (ရပါတယ်) စိတ်တွေ ပေါ်တိုင်း ပေါ်တိုင်း ရှုရင်ကော (ရပါတယ်) အဲဒါ လက်ရှိပဲ မဟုတ်လား (ဟုတ်ပါတယ်) လက်မဲ့လား လက်ရှိလား (လက်ရှိပါ ဘုရား)။

ဘာပြုလို့ လက်ရှိလို့ ဆိုကြမလဲ၊ ဒီခန္ဓာနဲ့ တစ်စပ် တည်း ဖြစ်မနေဘူးလား (ဖြစ်ပါတယ်) အဲတော့ ဒီခန္ဓာကို ဉာဏ်လှည့် လိုက်ရင် မပြီးဘူးလား (ပြီးပါတယ်)။

မဂ်ဇောနဲ့ သေကြပါ

အဲတော့ အနိစ္စနဲ့ မဂ္ဂနဲ့ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်) ခန္ဓာကိုယ်က အနိစ္စ၊ ရှုတာက (မဂ္ဂပါ ဘုရား) ဒါဖြင့် မဂ်ဇောနဲ့ သေလိုက်ပါလားလို့ ဘုန်းကြီးက ပြောလိုက်တယ်၊ သဘောကျပလား (ကျပါပြီ)။

မဂ်ဇောနဲ့ သေရင် သေခါနီး မှာလည်း ရဟန္တာ ဖြစ်နိုင် တယ်။ အကယ်၍ ရဟန္တာမဖြစ်ရင် သုဂတိ သေချာတယ်၊ ရှင်းကြပလား (ရှင်းပါပြီ) ဘယ်လို ရှင်းပါလိမ့် (ရဟန္တာ မဖြစ်ရင် သုဂတိ သေချာပါတယ် ဘုရား)။

နည်းနည်း ညံ့ရင် သုဂတိ ဟုတ်လား၊ ကဲ – ဆရာ ဘုန်းကြီး ပြောထားတဲ့ အတိုင်း ယခုအချိန်က စပြီး သကာလ လေ့လာကြမယ် ဆိုရင်ဖြင့် သေခါနီး ရဟန္တာဖြစ်တာလည်း ခင်ဗျားတို့ ဟောပြီးသား ပြောပြီးသား ဖြစ်နေပြီ ရှင်းနေတယ် မို့လား (ရှင်းပါတယ်)။

ကောင်းပြီ ဒကာ ဒကာမတို့ သေခါနီး ပြောင်းတတ် ပလား (ပြောင်းတတ်ပါပြီ) ဘယ်လို ပြောင်းတတ်လဲ (ဝေဒနာပေါ်ရင် အနိစ္စ ရှုရပါမယ်) အဲဒါ ဘုန်းကြီးက ဝေဒနာ သန်လို့ ဝေဒနာ ပြောတာ မဟုတ်ဘူး၊ ခင်ဗျားတို့ ကိုယ်တိုင် ဒီအချိန်မှာ ဒါပဲ အကြီးဆုံး တွေ့ရမယ်။

ဒီပြင်ဘာတွေ့စရာ ရှိသေးလဲ (မရှိပါ ဘုရား) ဝေဒနာ ဟာဖြင့် ခင်ဗျားတို့ အခုကတည်းက ဝေဒနာ မဟုတ်ဘူး ဖြစ်ပျက်ပဲ၊ ဉာဏ်ရအောင် လုပ်ထားပါ။

အခုအချိန်ဘာလုပ်ရမလဲ

အခုအချိန်မှာ ဘာလုပ်ထားရမလဲ (ဝေဒနာ မဟုတ်ဘူး ဖြစ်ပျက် လုပ်ထားရပါမယ်) ဖြစ်ပျက် ဆိုတာ အနိစ္စ နော်။

ဒါဖြင့် အခုအချိန်မှာ လုပ်ထားမယ်ဆို တော့ ဟိုအချိန်ကျရင်လည်း ဒီဇောနဲ့ ဒီရှုနည်းမျိုးကော မလာပေ ဘူးလား (လာမှာပါ ဘုရား) ဒါဖြင့် ကြောက်စရာ ရှိသေး သလား (မရှိပါဘူး)။

ဘာဇောနဲ့ သေမလဲ (မဂ်နဲ့ပါ ဘုရား) ဝိပဿနာ မဂ်ဇောနဲ့ မသေဘူးလား (သေမှာပါ ဘုရား)

အောက်ဆုံးသုဂတိ၊ အထက်ဆုံး နိဗ္ဗာန်

ဒါဖြင့် ဝိပဿနာ မဂ်ဇောနဲ့ သေတော့ ခုနင်တုန်းက နှလုံးမသာယာမှုနဲ့ တွေးနေရင် အပါယ် သွားရမယ် အခုတော့ ဘယ်သွားရမလဲ (သုဂတိ ဘုံကို သွားရပါတယ်)

အောက်ဆုံး သုဂတိ၊ အထက်ဆုံး နိဗ္ဗာန် မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ်)။

ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အားငယ်စရာ ရှိရဲ့လား (မရှိပါ ) သြော် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် လူမမာ မေးတိုင်း မေးတိုင်း မင်းကိုယ်မင်း စွပ်စွဲသလားလို့ ဘုရားက မေးတိုင်း မေးတိုင်း ဒကာ ဒကာမတွေက ရိပ်မိကြပလား (ရိပ်မိပါပြီ)။

သြော် စွပ်စွဲတတ်လို့ပဲ၊ သဘောကျပလား (ကျပါပြီ) ဘယ်လိုကြောင့် ပါလိမ့် (စွပ်စွဲတတ် လို့ပါ)။

မစွပ်စွဲတတ်ရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မေးဖို့လိုသေးလား (မလိုပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် စွပ်စွဲတတ်လို့ မေးတော့ကို ဘုန်းကြီးက ပြင်ပေးလိုက်မယ်၊ အခုပြင်ပေး လိုက်တာ ကျေနပ်ပလား (ကျေနပ်ပါပြီ) ဘာရှုကြမလဲ (ဝေဒနာရှု ရပါမယ်) ဝေဒနာ ဖြစ်ပျက် ရှုရမယ်။

ကောင်းပြီ ဒါဖြင့် ဝေဒနာ ဖြစ်ပျက်ရှုပြီး သကာလ သွားလိုက်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ သုဂတိနဲ့ နိဗ္ဗာန် တစ်ခုခုပဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါတော့ ဘုန်းကြီးက ရှေ့သွားပြင်တယ်၊ ဒီဝတ္ထုမှာကို ပြင်ပေးတာ လာလိမ့်မယ်၊ ဒီနေ့ ဝတ္ထုမှာကို၊ ဒကာ ဒကာမ တို့ ရှေ့က လာဦးမယ်လို့ မှတ်ထားပါ။

ဒါတဲ့ မင်းကိုယ်မင်း စွပ်စွဲသလားလို့ မေးတော့ မစွပ် စွဲပါဘူးဘုရားတဲ့၊ ဒါဖြင့် မင်းက ဘာလို့ နှလုံး မသာယာခြင်း ဖြစ်နေရတာလဲကွတဲ့။

အာနာပါနအားထုတ်တဲ့ပုဂ္ဂိုလ်

အခုလို နှလုံးမသာယာခြင်း ဖြစ်တာ တခြားမဟုတ် ပါဘူးဘုရား၊ တပည့်တော် နဂိုက အာနာပါန အားထုတ်တဲ့ ပုဂ္ဂိုလ်ပါတဲ့၊ အဿဇိက အဿဇိက ဘယ်လို လျှောက်သလဲ (အာနာပါန အားထုတ် ပါတယ်)။

အဲဒါ အာနာပါန အားထုတ် တယ် တဲ့ ယခု တပည့်တော် ဝေဒနာ ရောက်ပြီး သကာလ လာတော့ အာနာ ပါန အားထုတ်ပြီး သကာလ စမယ်လို့ အာနာပါန အာရုံတွေပဲ ယူတော့မယ် ဝေဒနာ ဘက်ဖြင့် မလှည့်တော့ပါဘူး ဆိုတော့ တပည့်တော် ဝေဒနာပြင်းထန် လာတာနဲ့ အာနာပါန အရင်လို အားထုတ်ကြည့်လို့ မရတော့ဘူး သဘောကျပလား (ကျပါပြီ) ဘာပါလိမ့် (အရင်လို အာနာပါန မရတော့ပါ ဘုရား)။

ဝေဒနာလာရင်အာနာပါနနှင့်ပေါက်ခဲ့တယ်

တပည့်တော် ရှေးကတဲ့ ကျန်းမာစဉ်တုန်းကတော့ ဘာဝေဒနာ လာလာ အာနာပါနနဲ့ ပေါက်ပစ် လိုက်လို့ ရှိရင် ပျောက်ထွက် သွားပါတယ် သဘောကျပလား (ကျပါပြီ) ဘာနဲ့ပျောက်သလဲ (အာနာပါနနဲ့ ပျောက်ပါတယ်)။

အခုတော့ ဘယ် အခြေအနေဆိုက် နေသလဲ (အာနာပါနလုပ်လို့ မရပါ) အာနာပါနလုပ်လို့ မရဘူး အဲဒါကြောင့် ငါဖြင့် ကမ္မဋ္ဌာန်း လက်လွတ်ပေါ့ ဆိုပြီး သကာလ မချမ်းသာတာ အဲဒါပါပဲဘုရား ဘယ်သူက လျှောက်သလဲ (အဿဇိကပါ ဘုရား) တယ်လဲ မှတ်စရာ ကောင်းသဗျာ (ကောင်း ပါတယ်)။

ဒကာ ဒကာမတွေ မှတ်စရာ မကောင်းဘူးလား (ကောင်းပါတယ်) သူနေ့တိုင်းဘာ အားထုတ် လေ့ ရှိသလဲ (အာနာပါနပါ ဘုရား) အခု ဝေဒနာစတဲ့ အခါကျတော့ ဘယ်နှယ် ဖြစ်နေသလဲ (အားထုတ် လို့ မရပါဘု ရား) အာနာပါန အားထုတ်လို့ မရဘူးတဲ့ ဒကာ ဒကာမတို့ ဘာအား ထုတ်လို့ မရပါလိမ့် (အာနာပါနပါ ဘုရား)။

အခုတော့ ဒုက္ခရောက်ရတော့မယ်

အဲဒါသူ့စိတ်ထဲ ငါ့ ကမ္မဋ္ဌာန်းတွေ ပျက်ကုန်ပြီ ငါတော့ ဒုက္ခ ရောက်တော့မှာပဲ ဒီလို သံသယ ရှိလာတယ် အင်း ကမ္မဋ္ဌာန်းတွေ ပျက်ကုန်ပြီ ငါတော့ ဒုက္ခ ရောက်တော့မှာပဲ။

အဲဒါကြောင့် နှလုံး မသာယာမှုဟာဖြင့် တပည့်တော် မှာဖြင့် တာဝန် အကြီးဆုံး ဖြစ်ပါတယ် ဘယ်သူက လျှောက်သလဲ (အဿဇိက လျှောက်ပါတယ်)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဖြေတော့မယ် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဖြေတော့မယ် ဒါသတိထားပြီး နားထောင်ပါ။

အဿဇိ မင်းနဂိုတုန်းက အားထုတ်တာက အာနာပါန မင်း နဂိုတုန်းက အားထုတ်တာက အာနာပါန အားထုတ်ခဲ့တယ်၊ အခုသေခါနီး ဝေဒနာ ရောက်လာတဲ့ အခါမှာ အာနာပါနကို မင်းဖမ်းလို့ မရတော့ဘူး။

ဖမ်းလို့ မရတော့ ငါပြောပြပါမယ်ကွာ အာနာပါန ဆို တာ သမထကွ၊ သဘောကျ ကြပလား (ကျပါပြီ) အာနာပါန ဆိုတာဘာတဲ့ (သမထပါ) သမထကွတဲ့ အာနာပါနဟာ သမထ။

အနှစ်ရှိတယ်လို့မဟောပါ

အဲဒီ အာနာပါန သမထကို ငါဘုရားက အနှစ်သာရ ရှိတယ်လို့ မဟောဘူး၊ သဘောကျပလား (ကျပါပြီ) ဘာတဲ့ တုံး (အနှစ်သာရ ရှိတယ်လို့ မဟောပါ ဘုရား)။ အာနာပါနကို သမထ ဖြစ်တဲ့ အတွက် အနှစ်သာရ ရှိတယ်လို့ ငါဘုရားက မဟောဘူး ရိပ်မိကြပလား (ရိပ်မိပါပြီ) ဘယ်လို ဟောပါလိမ့် (အနှစ်သာရ ရှိတယ်လို့ မဟောပါ ဘုရား)

ပြီးတော့ ဒါတွေလည်းကွာတဲ့ မင်းတို့ ဝမ်းထဲ အလုပ် ဖြစ်တယ်လို့လည်း ငါမဟောဘူး နှစ်ချက်ပြတယ်။

အာနာပါနဟာ အနှစ်သာရရှိတဲ့တရားလို့လည်း ငါမဟောဘူး သဘောကျလား (ကျပါပြီ)

အမြတ်ဆုံးအလုပ်လို့လဲမဟောပါ

ရဟန်း၏ အထွတ်အမြတ်ဆုံး အလုပ်လို့လဲ ငါမဟော ဘူး ဘယ်နှစ်ချက် ပါလိမ့် (နှစ်ချက်ပါ ဘုရား)။

ဒါကြပ်ကြပ် သတိထားပါ ဒကာ ဒကာမတို့ ခင်ဗျားတို့ အာနာပါနနဲ့ တင်းတိမ်ပြီး နေမှာစိုးတဲ့ အတွက် ဘုရားက ဟောလိုက်ပြီ မပေါ်သေးဘူးလား (ပေါ်ပါပြီ) ဘာပါလိမ့် (အာနာပါနဟာ အနှစ်သာရ ရှိတယ်လို့ မဟောပါ) ရဟန်း၏ အကျင့်တရားမှာလည်း အထွတ်အထိပ် အစစ် မဟုတ် သေးဘူး။

ရဟန်း၏ အကျင့်တရား မှာလည်း ဘာတဲ့ (အထွတ်အထိပ် အစစ် မဟုတ်သေးပါ ဘုရား) အထွတ် အထိပ်အစစ် မဟုတ်ဘူး၊ သမထကိုလည်း အာနာပါနကို လည်း အနှစ်သာရလို့ ငါဘုရားက မဟောဘူး၊ သဘောကျ ပလား (ကျပါပြီ)။

အဲတော့ အဿဇိက ဘယ်နှယ် ဖြစ်သွားမယ်လို့ ထင်ကြသလဲ သက်သာသွားတယ်၊ သက်သာ သွားတယ် သူအင်မတန် အားကိုးထားတာကြီးဟာ မင်းဟာ မဟုတ်သေး ပါဘူး။

ငါဟုတ်တာကို ပြောမယ်ဆိုတဲ့ အာဘော်ကပ် မလာဘူးလား (ပါလာပါတယ်)။

အဲလိုပါလာတော့ ဒကာ ဒကာမတွေ စဉ်းစားကြည့် တာပေါ့၊ သြော်- ဘုရားသခင် ကိုယ်တော် မြတ်ကြီးသည် အဿဇိကို သက်သာအောင် လုပ်တာလား၊ ဟုတ်လား အကောင်းနဲ့ အစစ်ကို ရွေးချယ် မလို့လားလို့ ဟုတ်လား၊ ဒီလို လုပ်ပါ အကာနှင့် အနှစ်ကို ရွေးချယ်မယ် မဆိုနိုင်သေးဘူး လား (ဆိုနိုင် ပါတယ်)။

ဘာရွေးချယ်မလို့ စကားသွင်း လိုက်တာလဲ (အကာနှင့် အနှစ်ကိုပါ ဘုရား) အကာနှင့် အနှစ်ကို ရွေးချယ် ပြီး သကာလ ဘုရားက ပြောတော့မယ်ဆိုတာ ဒကာဒကာတွေက မှတ်ထားပါ၊ ရှင်းပလား (ရှင်းပါပြီ)။

အာနာပါနက အကာ

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အဿဇိတဲ့ ငါဘုရား သာသနာတော်မှာ ဒီအာနာပါန ကိုကွာ စတုတ္ထဈာန် လို့ခေါ်ပါတယ်တဲ့၊ အဲဒီ စတုတ္ထဈာန်ကို ငါဘုရားက အနှစ် သာရ ပြည့်စုံတဲ့ တရားလို့ မဟောဘူး ပယ်လိုက်တယ် သဘောကျပလား (ကျပါပြီ)

ရဟန်းထဲမှာလည်း ဒီအလုပ်ကို အာနာပါန လုပ်နေ တော့ ရဟန်းကိစ္စ ပြီးပြီလို့ ငါဘုရားက ဒီအလုပ်နဲ့တော့ မဟောဘူး ရှင်းပလား (ရှင်းပါပြီ) ဘယ်နှစ်ခု ပယ်လိုက်သလဲ (နှစ်ခု ပယ်လိုက် ပါတယ်)။

ရဟန်းအတွက်မှာလည်း ဒီအလုပ် လုပ်ရင် ဆုံးနေပြီ လို့ ငါမဟောပါဘူးတဲ့ အာနာပါန လုပ်နေရုံနဲ့ ပေါ့ဗျာ ရဟန်း အလုပ်ဆုံးပြီလို့ ဟောရဲ့ လား (မဟောပါဘူး) အနှစ်သာရရှိ တဲ့ တရားလို့ကော ဟောရဲ့လား (မဟောပါဘူး) ရိပ်မိ ကြပလား (ရိပ်မိပါပြီ)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အဿဇိ မင်း မစိုးရိမ်နဲ့ကွ မင်းမစိုးရိမ်နဲ့ မင်းအခု နှလုံး မသာယာခြင်း ကိစ္စ တွေ မင်းအေးနေပြီ မဟုတ်လား၊ မင်းအာနာပါန မင်းသွားမရ လို့ မင်းစိတ်ပျက် တာ ပေါ်ပလား (ပေါ်ပါပြီ) ဘာတဲ့တုံး (အာနာပါနသွားမရလို့ပါ) အာနာပါနခွဲမရလို့။

ဒကာ ဒကာမတို့ အာနာပါန ခွဲမရလို့ သူ့စိတ်ထဲ ငါတော့ ကိုယ်ကျိုးနည်းပေါ့ ဦးဘတင် ဒီလို မလာဘူးလား (လာပါတယ်)။

အခုဘုရားက သင်လိုက်တော့ မင်း အာနာပါနဟာ အနှစ်သာရ မဟုတ်ပါဘူးလို့ ဖော်ပြော လိုက်တယ် နော်။ ရဟန်းမှာလည်း အာနာပါနလောက် ကျင့်နေလို့ ရှိရင် အကျင့်ဆုံးတဲ့ တရားလို့ ငါမဆိုသေး ပါဘူးလို့ ပယ်လိုက်တာ မြင်ကြပလား (မြင်ပါတယ်)။

သို့သော် တစ်ခါ စဉ်းစားလိုက်ပါ၊ ဘယ်လို စဉ်းစား ရမလဲ စိတ်သက်သာအောင် ဟောတာလား အကာနဲ့ အနှစ် ရွေးတာလားဆိုတာ ခင်ဗျားတို့ကလည်း ဝေဖန်ပါဦး (အကာ နှင့် အနှစ်ရွေးတာပါ ဘုရား) အကာနဲ့ အနှစ်ရွေးတာ။

လုံးလုံးအသုံးမကျဘူးလို့မဆိုနဲ့

သြော် လုံးလုံး အသုံးမကျဘူးလို့ မဆိုနဲ့ သဘောကျ ပလား (ကျပါပြီ) အကာနှင့် အနှစ် ရွေးလိုက်တဲ့ အခါကျတော့ ဝိပဿနာက အနှစ်၊ သူက ဘာတဲ့တုံး (အကာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမယ် (အာနာပါန က အကာပါ ဝိပဿနာက အနှစ်ပါ) ဟုတ်ပြီ၊ သမထက ဘာတဲ့ (အကာပါ) ဝိပဿနာက (အနှစ်ပါ)။

သြော် ဒါဖြင့် ဒကာ ဒကာမတို့ အကာနှင့် အနှစ်ကို ဝေဖန်ပြီး သကာလ သိသွားတော့ ဒါဘုရားက ကိုယ်ကဖွင့်ပြီး ပြောလို့ ကျုပ်တို့မှာ မယုံကြည်ထိုက် ယုံကြည်ထိုက် ဒကာဦးစံရီတို့ လိုသေးသလား (မလိုပါ ဘုရား) မလိုတော့ဘူး။

သေခါနီးတဲ့အခါ ဝိပဿနာသာလုပ်

ဒါဖြင့် ဘုန်းကြီးသည် ဒီဒကာ ဒကာမတွေကို ဘယ်လို ဟောလိုက်သတုံးလို့ မေးခွန်း ထုတ်တော့ မင်းတို့ သေခါနီး အခါမှာ ဝိပဿနာသာ လုပ်လို့ ဆိုတဲ့ ဥစ္စာလေးကလည်း သတိ ပေးခဲ့တယ်၊ မပေးခဲ့ဘူးလား (ပေးခဲ့ပါတယ်)။

ဒါ ဘာကြောင့် ပေးရသတုံး ဆိုတာလည်း ခင်ဗျားတို့ ရိပ်မိပြီ (ရိပ်မိပါပြီ) အကာတွေ ပေးတာလား အနှစ်ပေး တာလား (အနှစ်ပေးတာပါ)။

ဝိပဿနာ လုပ်နေတော့ သမထ မပါဘူးလား (ပါပါတယ် ဘုရား)။

သမထလုပ်နေတော့ ဝိပဿနာမပါဘူး (မပါပါ ဘုရား)။

သတိထား အခြေအနေ သတိထားရမယ် သမထ အလုပ်လုပ် နေရင် ဝိပဿနာက (မပါပါ) ဝိပဿနာ လုပ်ရင် (သမထပါပါတယ်။)

ကဲ- ဦးစံရီ သေချာရောပေါ့ မသေချာသေးဘူးလား (သေချာပါတယ်) အားလုံးဒကာ ဒကာမတွေ သေချာပလား (သေချာပါပြီ) ဝိပဿနာ လုပ်တော့ (သမထပါပါပြီ ဘုရား) သမထ လုပ်တော့ (ဝိပဿနာ မပါပါ) မပါဘူးတဲ့။

သမထလုပ်နေ ဝိပဿနာ မပါဘူးတဲ့၊ သမထ ဆိုတာ တစ်ခုတည်းသော အာရုံကြည့်နေရတာ၊ မပျောက်အောင် မှ ကြည့်နေရတာ။

ဝိပဿနာက ပျောက်တာကို ကြည့်ရတာ၊ သမထက ဘာပါလိမ့် (မပျောက်အောင် ကြည့်နေ ရတာ) မပျောက်အောင် ကြည့်နေရတာ၊ ဝိပဿနာက (ပျောက်တာကို ကြည့်နေရတာ) ပျောက်တာ ပျက်တာကို မြင်အောင် ကြည့်နေရတာ၊ မကွာဘူးလား (ကွာပါတယ်)။

ဒါကြောင့် သမထလုပ်တဲ့ အခါကျတော့ သတိရယ်၊ ဝီရိယရယ်၊ သမာဓိရယ် သုံးခုပေါင်း လုပ်တယ်၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ မပါဘူး (မပါပါ ဘုရား) သမထ လုပ်တော့ ဘယ်နှစ်ခု ပေါင်းသလဲ (သုံးခု ပေါင်းပါတယ်)။

ဝိပဿနာလုပ်တဲ့ အခါကျတော့ ငါးခုပေါင်းတယ် ဒီဟာ ဖြစ်ပျက် ဆိုရင် ဒီငါးခုက မှတ်တာပဲ ရှင်းပလား (ရှင်းပါပြီ)

သမထအလုပ်က ဘာပါလိမ့် (သုံးခုပေါင်း လုပ်ပါတယ်) ဝိပဿနာ အလုပ်က (ငါးခု ပေါင်းပါ တယ်) ဒါဖြင့် ဘယ်သူက အနှစ်ဆို တာ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

ဝိပဿနာ မပါလို့ရှိရင် ခင်ဗျားတို့ ဖြစ်ပျက် မြင်ပါ့ မလား (မမြင်ပါဘူး) မမြင်နိုင်ဘူးတဲ့၊ သမထက မပျောက်အောင် ကြည့်နေဖို့ပဲ ရှင်းကြပလား (ရှင်းပါပြီ)။

အနှစ်နှင့်အကာရွေးတတ်ကြပြီလား

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အနှစ်နဲ့အကာ ရွေးတက်ကြပလား (ရွေးတတ်ပါပြီ) ဘယ်လို ရွေးတတ်ပါလိမ့် (သမထ လုပ်ရင် သမထပဲ ဝိပဿနာ လုပ်ရင် သမထပါ) သမထ လုပ်ရင် ဘာပါသတုံး သမထပဲ ဝိပဿနာ လုပ်ရင် သမထပါတယ် ဝိပဿနာ လုပ်ရင် သမထပါပြီးသား ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)

ဒီကဖြစ်ပျက်ကို မြင်တဲ့ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ နဲ့သာ ရှုလို့ ရှိရင် သတိ၊ ဝီရိယ၊ သမာဓိက (ပါပြီးသားပါ ဘုရား)။

ပါပြီးသား ဆိုတော့ကာ အဲဒါဖြင့် ဒို့အထွတ်အထိပ် သာ ကိုင်တော့မယ်၊ ဘယ်လိုဆိုကြမယ် (အထွတ် အထိပ်သာ ကိုင်မယ် ဘုရား)

အထွတ်အထိပ်သာ ကိုင်လိုက်တော့ကို ပြီးမသွားဘူး လား (ပြီးသွားပါတယ် ဘုရား)။

ကိလေသာနှင့်ရှင်းပြတယ်

ကောင်းပြီ၊ တစ်ခါ ကိလေသာနဲ့ ယူပါဦး ဒကာ ဒကာမ တို့ ရှင်းအောင် သမထက ကိလေသာ ဖြတ်တဲ့ အခါမှာတဲ့ အမြစ် မပြတ်ဘူး ဝိပဿနာမဂ်က အမြစ်ပြတ်တယ်။

ဒါ ထောက်ကြည့်ပါလား ဦးစံရီတို့၊ ကဲ မကွာဘူးလား (ကွာပါတယ်) သမထက ကိလေသာ သတ်တော့ ဘယ်နှယ် တုံး (အမြစ်မပြတ်ပါ ဘုရား) ဝိပဿနာက အမြစ်ပြတ် ပါတယ်။

ကိုင်း- ဝိပဿနာ အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ အပေါ် ကလည်း ပြတ်တာပဲ အောက်ကလည်း ပြတ်တာပဲ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ်)။

သမထအားထုတ်တဲ့ ပုဂ္ဂိုလ်က ဒကာ ဒကာမတို့ မှတ်စရာက အပေါ်မှာတင် ပြတ်သွားပြီး အမြစ်တွေက ကျန်နေသေးတယ်၊ မိုးဦးကျ ပြန်ပေါက်မယ်၊ မပေါက်ပေဘူး လား ပေါက်မှာလား (ပေါက်မှာပါ ဘုရား)။

တို့သေခါနီး ဘာအရေးကြီးပါလိမ့်

အဲဒီတော့ ဒကာ ဒကာမတို့ အင်း တို့ သေခါနီး ဘာအရေးကြီး ပါလိမ့်မတုံး ဆိုတာ ဘယ်လို ဆုံးဖြတ်ချက် ချကြမလဲ (ဝိပဿနာ လုပ်ရပါမယ်)။

ရှာ ရမည့် ကမ္မဋ္ဌာန်းလား လက်တွေ့ လား (လက်တွေ့ပါ ဘုရား)။ သြော် ဒါဖြင့် မမိ မိအောင် ဖမ်းမယ် ဆိုတဲ့ စိတ်မွေးထား (မှန်ပါ့ ဘုရား) မမွေးသင့်ဘူးလား (မွေးသင့်ပါတယ် ဘုရား)။

အဲတော့ မမိစရာလည်း မရှိပါဘူးဆိုတာ ဒကာ ဒကာမ တွေ ရိပ်မိပလား (ရိပ်မိပါပြီ) ဘုန်းကြီးက ဒီနေ့ညမှာ အဿဇိ ဟောတဲ့ ဝတ္ထုဖြစ်နေလို့ အဿဇိကို ဘုရားက သေသေချာချာ သင်ပုံကို ပြောရလိမ့်မယ်။

ဝက္ကလိ ထက် ရှူပုံမှာ သေချာ သေးတယ်၊ ဒီဝတ္ထုမှာ ဝက္ကလိရှုပုံ ဟောတဲ့ အခါမှာ ဘုရား နည်းနည်း လျှော့တယ်၊ အဿဇိကို ဟောတဲ့အခါမှာ ရှုပုံက အင်မတန် ထင်ရှားအောင်ပြလို့ ဟောလေ့ရှိတယ်။

ကောင်းပြီ တစ်ဖန် ခုနက ဝတ္ထုလေး ပြန်ဆက်ပါဦး မင်းကွာတဲ့ ငါဘုရား သာသနာတော်မှာ သမထ အနှစ်ထားတာ မဟုတ်ပါဘူး၊ အဲဒါနဲ့ ရဟန်းကိစ္စ ပြီးပြီလို့ ငါမဟော ပါဘူး၊ သမထနဲ့လည်း အရေးကြီးတာက ငါပြောမှာသာ အရေးကြီးတယ်ကွ။

ဝေဒနာသုံးမျိုးရှိတယ်

ငါပြောမှာ အရေးကြီးတယ် ဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပလား သူပြောမှာ ဘာတုံးလို့ မေးတဲ့ အခါကျတော့ ဝေဒနာ ပြောတယ်။

ဒကာ ဒကာမတို့ ဝေဒနာ ဘယ်နှစ်မျိုး ရှိသလဲ (သုံးမျိုး ရှိတယ်)၊ သုံးမျိုး ဒါအရေးကြီး တာပေါ့ကွတဲ့ ဆိုတော့ ဝေဒနာ ပြတာနဲ့ ဒကာ ဒကာမတွေက ရိပ်မိဖို့ ကောင်းပြီ၊ သူ ဝိပဿနာ ခေါင်းတည်ပြီး ပြတော့မှာပဲ၊ ဘာပြမှာပါလိမ့် (ဝိပဿနာပါ)။

ဝိပဿနာ ခေါင်းတည်ပြမယ်၊ ဒါက ဘာဝေဒနာတုံး (သုခဒေဝနာ)၊ ဒါက (ဒုက္ခဝေဒနာ) ဒါက (ဥပေက္ခာ ဝေဒနာ)၊ ဒါက ခင်ဗျားတို့ ခုနက အဖေခေါ်တဲ့ နာမည်ပဲ ဟုတ်လား (မှန်ပါ)။

ဒါ ဘယ်သူ့ ဖြစ်ပျက်တုံး မေးတဲ့အခါကျတော့ ဒါ သုခဖြစ်ပျက်၊ ဒါက (ဒုက္ခဖြစ်ပျက်)၊ ဒါက (ဥပေက္ခာ ဖြစ်ပျက်)၊ ဒါဖြင့် အဖေခေါ်တာ သားကလေး မသိတော့ အဖေနာမည် မေးတယ်၊ စင်စစ် ကတော့ဖြင့် ဝေဒနာ ရှုရမှာလား ဖြစ်ပျက် ရှုရမှာလား (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။

ဝေဒနာရင် ဘာဖြစ်သတုံး

ဝေဒနာရှုရင် ဘယ်အဓိပ္ပါယ် ရောက်တယ်၊ ဖြစ်ပျက် ရှုရင် ဘယ်အဓိပ္ပါယ် ရောက်တယ် ဆိုတာ ဆရာဘုန်းကြီး နည်းပေးထားပြီ၊ ပေးမထားဘူးလား (ပေးထားပါတယ်)၊ ပေးထားတော့ ဝေဒနာရှုရင် ဘာဖြစ်သတုံး (သမထပါ)။ ဝေဒနာရှုလို့ရှိရင် နာမပရိစ္ဆေဒ ဉာဏ်၊ ဝိပဿနာ အောက်ဆင့်၊ သဘော ကျပလား (ကျပါပြီ)၊

ဝေဒနာရှုရင်ဘာပါလိမ့် (နာမ ပရိစ္ဆေဒဉာဏ်ပါ ဘုရား)၊ နာမပရိစ္ဆေဒ ဉာဏ်၊ နာမရူပပရိစ္ဆေဒ ဉာဏ် ပေါ့ဗျာ၊ ဘုန်းကြီးက ဝေဒနာနဲ့ ဉာဏ်ဘက်က လှည့်ဟောလိုက်တယ်။

ဝေဒနာမြင်တဲ့ပုဂ္ဂိုလ်က ဘာပါလိမ့်၊ (နာမရူပ ပရိစ္ဆေဒဉာဏ်ပါ ဘုရား)၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာ ဉာဏ်အောက် ဆင်းသွားတာပေါ့။

ဝေဒနာမတွေ့စေနဲ့

ရှုတာက ဘာရှိသလဲ (အနိစ္စပါ)၊ ဖြစ်ပြီးပျက်တဲ့ အနိစ္စ မရှိဘူးလား (ရှိပါတယ်)၊ ဒကာ,ဒကာမတို့ အနိစ္စသာ တွေ့အောင်ရှု၊ ဝေဒနာ မတွေ့စေနဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်လို ရှင်းလဲ (အနိစ္စတွေ့အောင် ရှုရမယ် ဘုရား)။

ဝေဒနာကို (ဖြစ်ပျက် ရှုရမယ်)၊ ဝေဒနာက အဖေ ခေါ်တာ၊ ဒီကလေးဟာ ဘယ်သူ့ကလေးလဲ၊ ဒီအနိစ္စကလေး လေးဟာ သူ့အဖေ ဘယ်သူတုံး၊ သုခဝေဒနာ၊ ဒုက္ခရောက် တဲ့ကလေး လေးဟာ သူ့အဖေ ဘယ်သူတုံး မေးတော့ ဒုက္ခဝေဒနာ။

အဲဒီတော့ကို သေသေချာချာ စဉ်းစားတော့ ဒကာ, ဒကာမတွေ အဖေ ခေါ်ချင်လို့၊ စင်စစ် ကတော့ဖြင့် သားနဲ့တူ တဲ့ အနိစ္စကို ခင်ဗျားတို့က တွေ့ရမှာ၊ သဘောကျပလား (ကျပါပြီ)။

ဘယ်သူအနိစ္စ ရောက်တယ်ဆိုတာ မသိမှာစိုးလို့ သုခ ဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာ ဝေဒနာလို့ ပြောရခြင်းဖြစ်ပါ တယ်၊ နို့မို့ရင် ပြောစရာ လိုသေးသလား (မလိုပါဘူး)။

ဒီလိုမှ အဖေ ခေါ်စရာ မရှိပြန်လို့ ရှိရင်လည်း ဘယ်သူ့ အနိစ္စတုံး ဆိုတဲ့ အခါကျတော့ ဉာဏ်ထဲ ရှင်းပါဦးမလား (မရှင်းပါ ဘုရား)၊

တစ်နည်း ပဋိစ္စသမုပ္ပါဒ်မှာလည်း ရှုပ်သွား ဦးမယ်၊ သုခဝေဒနာ ပစ္စယာလည်း တဏှာကိုးဗျ၊ ဒုက္ခ ဝေဒနာပစ္စယာ (ဒေါသ)၊ ဥပေက္ခာ ဝေဒနာပစ္စယာ (မောဟ) အဲဒါတွေနဲ့ ကျတော့ ရှုပ်မသွား ပေဘူးလား (ရှုပ်ပါတယ်)။

အဲတော့ နာမည် မဖေါ်ရင် လည်း ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)၊ နာမည်တော့ ဖော်ကြရမှာပဲ၊ နာမည်ဖေါ်ပြီး နာမည်ရှိတဲ့ တရား ရှုရမှာလား၊ ပျောက်ပျက်တဲ့ တရား ရှုရမှာလား (ပျောက်ပျက်တဲ့ တရား ရှုရမှာပါ)။

ပျောက်ပျက်တဲ့ အနိစ္စရှုရမှာ

ဒါဖြင့် ခင်ဗျားတို့ အရေးကြီးတာပေါ့၊ ဝေဒနာ ရှုရမှာ လား၊ ပျောက်ပျက်တာ ရှုရမှာလား (ပျောက်ပျက်တာ ရှုရမှာပါ ဘုရား)၊ ပျောက်ပျက်တာ ဘာပါလိမ့် (အနိစ္စ ပါ ဘုရား)။

ပျောက်ပျက်တာ ဒကာ,ဒကာမတို့ အနိစ္စပဲ မဟုတ် လား (ဟုတ်ပါတယ်)၊ ဒါဖြင့် ပျောက် ပျက်တာ အနိစ္စကို ခင်ဗျားတို့ သိနေသဖြင့် ပျောက်ပျက်တာက အနိစ္စ၊ သိတာက ဘာတဲ့လဲ (မဂ္ဂပါ ဘုရား)။

သြော် ဒါဖြင့် ဒီစိတ်နဲ့ ဒီဉာဏ်၊ ဒီက အနိစ္စ၊ ဒီက ဘာပါလိမ့် (မဂ္ဂပါ ဘုရား)၊ ကောင်းပြီ ဒါဖြင့် သေခါနီး မှာဖြင့် အနိစ္စနဲ့ မဂ္ဂနဲ့ ဆိုတော့ အနိစ္စက ပြင်ဘက်ကနေ၊ မဂ္ဂက ဟဒယ ဝတ္ထုပေါ် ရောက် နေတယ်။

သေခါနီးမှာ မဂ်ကပို့ဆောင်ပေးတယ်

မဂ္ဂက ဘယ်ရောက်ပါလိမ့် (ဟဒယဝတ္ထု ပေါ်မှာပါ ဘုရား)၊ ဟဒယဝတ္ထုပေါ် ရောက်နေတော့ သူသည် ဒကာ,ဒကာမတို့ သူကပဲ ဓမ္မဖြစ်လေ သောကြောင့် သူဆောင်ရာ ကျုပ်တို့ သွားရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

သူက မဂ္ဂ ဓမ္မဆိုသောကြောင့် သုဂတိနဲ့ နိဗ္ဗာန်ပဲ ဆောင်မယ်၊ ဘယ်ကို ဆောင်တယ် (သုဂတိနဲ့ နိဗ္ဗာန်ပဲ ဆောင်ပါတယ်)၊ ဒါ ဘယ်သူ ပူနေစရာ လိုသေးသတုံး (မလိုပါဘူး)၊ ဘေးကနေ သင်္ကန်းတွေ ပြနေစရာကော လိုသေးသလား (မလိုပါဘူး)၊ မင်းလှူထားတဲ့ သင်္ကန်းတွေ မင်း အောက်မေ့လို့ကော လိုသေးသလား (မလိုပါ ဘုရား)။

အဲဒါတွေက ဝေးပါတယ်၊ အလှူပေး ထားတာက သားငယ်ငယ်တုန်းက ပေးထားတာ၊ နောက်မှ ပြန်တွေးစမ်းပါ ဆိုတော့ ဓာတ်ပုံတွေတောင် မရှိတော့ဘူး၊ အဲဒီအချိန်မှာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ကိုယ့်ဝေဒနာနဲ့ ကိုယ် ဆိုတော့ ဒကာ,ဒကာမတွေ ဘယ့်နှယ် နေကြသလဲ၊ ဘယ်အချိန် ခွဲခွာလို့ ရသလဲ (မရပါ)၊ အဲ ဘယ်အချိန်မဆို ဒီဥစ္စာသည် အနီးစပ်ဆုံး ဆိုရင်ကော လွဲမလား (မလွဲပါ ဘုရား)။

မဂ်ဇောနဲ့သေမယ်

ဒါဖြင့် လုပ်တတ်ကြပလား (လုပ်တတ်ပါပြီ ဘုရား)၊ ဘာကို အားကိုးအားထား၊ ထားကြမယ် (ဝိပဿနာပါ ဘုရား)၊အေး ဝေဒနာက အနိစ္စ ဟုတ်လား၊ ရှုတာက (မဂ္ဂပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ဘယ်ဇောနဲ့သေမလဲ (မဂ်ဇောနဲ့ သေမှာပါ)။

ဝေဒနာက ခန္ဓာကိုယ်တွင် အနိစ္စ ရောက်ပြီး နေရစ်မှာ ပဲ (မှန်ပါ့)၊ သေတဲ့ပုဂ္ဂိုလ်က ဒီဇောနဲ့ သေမယ်၊ သဘောကျ ပလား (ကျပါပြီ)၊ ဘာဇောနဲ့ သေမလဲ (မဂ်ဇောနဲ့ပါ)။

ဒီမဂ်ဇောလေးက သူဘယ်လို ရွက်ဆောင် နိုင်သလဲ (သုဂတိနဲ့ နိဗ္ဗာန်ပါ)၊ သုဂတိနဲ့ နိဗ္ဗာန် ကိုသာ ရွက်ဆောင်နိုင် တယ်ဆိုတာ နှစ်ချက်မှတ်ထား။

မဂ်မရသေးရင် သုဂတိ ဆောင်မယ်၊ မဂ်ရသွားလို့ရှိ ရင် နိဗ္ဗာန် ဆောင်မယ်၊ ခင်ဗျားတို့မှာ ဒီလို ဆရာကောင်း သမားကောင်းနဲ့ တွေ့ပြီး သကာလ၊ သြော် တို့ဟာဖြင့် လမ်းပြောင်း ပေးတဲ့တရား၊ ဒို့လာတတ်တဲ့ တရားတွေဟာဖြင့် ဘုရား တောင်မေးတယ်၊ မကောင်း တာတွေချည်း လာတတ်တယ်။

မလာဘူးလား (လာပါတယ်)၊ အခု ဒီလိုတတ်တာ တွေကော ရှိသေးသလား (မရှိတော့ပါ ဘုရား)၊ ဒါဖြင့် ဒကာ, ဒကာမတို့ သေတတ်ပလားလို့ မေးလိုက်တယ် (သေတတ်ပါပြီ ဘုရား)၊ ဘယ်လို သေကြမယ် (မဂ်ဇောနဲ့ သေမယ် ဘုရား)။

သေရင် သုဂတိနှင့်နိဗ္ဗာန်

မဂ်ဇောနဲ့ သေမယ် ဆိုတော့၊ သိပ်ကျေးဇူး များတာပေါ့ ဗျ၊ သုဂတိနဲ့ နိဗ္ဗာန်မှတစ်ပါး ဘယ်များ သွားသေးသတုံး (ဘယ်မှမသွားပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ကောင်းပြီ ဒါဖြင့် ဒကာ,ဒကာမတို့ ဟောဒါ သုခ ဝေဒနာ ရှုရင် သုခဝေဒနာ မဖြစ်စေနဲ့၊ သတိ ထားစမ်းပါ၊ ဒုက္ခ ဝေဒနာရှုရင် (ဒုက္ခဝေဒနာမဖြစ်စေပါနဲ့)၊ ဥပေက္ခာ ဝေဒနာ ရှုရင် (ဥပေက္ခာ ဝေဒနာ မဖြစ်စေပါနဲ့ ဘုရား)၊ ဘာဖြစ်ရမလဲ (အနိစ္စ ဖြစ်ရပါ့မယ်)။

ပျောက်ပျက်တဲ့ အနိစ္စတွေ့ပါစေ

အဲဒါလေးဖြစ်မှာကို လည်း ဆရာဘုန်းကြီးက ကူလိုက်တယ်၊ ဒါ ဖြစ်မှာ စိုးရိမ်လို့၊ ဒါဟာ သုခ ဝေဒနာရှုရင် သုခဝေဒနာ မဖြစ်စေနဲ့၊ ဘယ်နှယ်တုံး အရှင်ဘုရား၊ သုခ ဝေဒနာလည်း အရှုခိုင်းသေးရဲ့ သုခဝေဒနာ မဖြစ်စေနဲ့လည်း ဆိုသေးရဲ့ ဆိုတော့ ဒကာ, ဒကာမတွေ သဘောပါသလား (ပါပါပြီ)၊ ဘယ်လိုပါ ပါလိမ့် (ပျောက်ပျက်ခြင်း ရှုရ ပါမယ်)။

ပျောက်ပျက်ခြင်း ရှုလိုက်တော့ ဦးစံရီတို့ ဦးခင်မောင် တို့ တည့်မနေဘူးလား (တည့်နေ ပါတယ်)၊ ဒါဖြင့် ရှေ့က ပျောက်ပျက်တာ၊ နောက်က ပျောက်ပျက်တာ မြင်တာ၊ ဒီလို မတွေ့သေး ဘူးလား (တွေ့ပါတယ်)။

ဒကာ,ဒကာမတွေ ရိပ်မိကြရဲ့လား (ရိပ်မိပါပြီ)၊ အဲတော့ သုခဝေဒနာတွေ့သေးရဲ့ လား (မတွေ့ပါ ဘုရား)၊ ဘာတွေ့သတုံး (အနိစ္စတွေ့ပါတယ်)၊ ပျောက်ပျက်တဲ့ အနိစ္စတွေ့တယ်၊ ဒီဘက် ဆက်ရှုတော့ ဒုက္ခ ဝေဒနာကြားထဲ မှာ ခေါင်းကိုက်တယ်၊ လည်နာတယ်၊ ရင်နာတယ်ပေါ့ဗျာ၊ ရှုလိုက်တဲ့ အခါ ဘာတွေ့သတုံး (ပျောက်ပျက်တာ တွေ့ပါ တယ်)။

ပျောက်ပျက်တာ ဘာပါလိမ့် (အနိစ္စပါ)၊ ပျောက် ပျက်မှန်း သိတာက (မဂ္ဂပါ) ဆိုတော့ ဪ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒါဘယ်သူ့ ဟောနေပါလိမ့် (အဿဇိ ဟောနေတာပါ)။

ဝေဒနာတွေ့မှာစိုးရိမ်တယ်

မင်း ငါစိုးရိမ်တာ ဝေဒနာတွေ့မှာ စိုးရိမ်တာပဲ၊ ဒကာ, ဒကာမတို့ အဿဇိ ဘယ်နှယ် ဟောပါလိမ့် (ဝေဒနာတွေ့ မှာ စိုးရိမ်ပါတယ်)။

ဝေဒနာတွေ့ သွားတော့ သုခဝေဒနာ တွေ့ရင် တဏှာ လာမယ် ဒုက္ခဝေဒနာ တွေ့ရင် (ဒေါသလာမယ်) ဥပေက္ခာ ဝေဒနာတွေ့ရင် (မောဟလာမယ်)

ဝေဒနာတွေ့မှာ ကြောက်တယ်၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘာကြောက်သတုံး ဘုရားက (ဝေဒနာတွေ့ မှာ ကြောက်ပါတယ်)။

ခင်ဗျားတို့ကလည်း ခက်နေတာက သာမညဆရာ သမားနဲ့ ဆိုလို့ရှိရင် ဝေဒနာကို မတွေ့သေးဘူး ပြောချင်ပြော နေမှာ၊ ဝေဒနာလေး တွေ့ရင် ကျေနပ်ပါပြီ ပြောချင် ပြောနေ မှာ၊ မပြောပေဘူးလား (ပြောပါတယ်)။

ဒါဖြင့် ဘုရား ဟောတော်မူတာနဲ့ ဦးစံရီ ဘယ့်နှယ် နေသတုံး (ဆန့်ကျင်ပါတယ်)၊ ဘုရား ဟောတော် မူတာနဲ့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ကန့်လန့်ကြီး မနေဘူးလား (နေပါတယ်)။

ကောင်းပြီ ဘုရားက ဘာမတွေ့စေနဲ့တဲ့ (ဝေဒနာ မတွေ့စေနဲ့ပါ)၊ သုခရှုရင် (သုခ မတွေ့စေနဲ့ပါ ဘုရား)၊ သုခ မတွေ့စေနဲ့၊ ဒုက္ခ ရှုရင် (ဒုက္ခမတွေ့စေနဲ့)၊ ဥပေက္ခာရှုရင် (ဥပေက္ခာ မတွေ့စေနဲ့ပါ ဘုရား)၊ ဘာတွေ့ ရမလဲ (အနိစ္စ ပါ ဘုရား)။

အဲ ဒီလိုမှ ကိုက်တယ်၊ အဲဒါဟာ ဘယ်သူ စိုးရိမ် လို့၊ ဒီအကြောင်းကို ဖော်ထုတ်ပြီး ဟောရပါ သတုံး ဆိုတာကော ရိပ်မိကြပလား (ရိပ်မိပါပြီ)။

အဿဇိ ဘာတွေ့မှာ စိုးရိမ်သတုံး (ဝေဒနာတွေ့ မှာပါ)၊ ဟုတ်လား၊ ဝေဒနာတွေ့ နေတော့ ဒကာ,ဒကာမတို့ အင်မတန် ဆိုးပလိုက်မယ် (မှန်ပါ့)၊ ဝေဒနာ တွေ့ရင် အင်မတန် ဆိုးမယ်နော်၊ သတိထားပါ။

သုခ ဝေဒနာတွေ့တယ် ဆိုရင်ဖြင့် ပျောက်ချင်တဲ့ တဏှာ လိုက်မယ်တဲ့၊ ဝေဒနာ တွေ့တဲ့အတွက် ဦးဘအုန်း၊ ဝေဒနာ တွေ့တဲ့ အတွက် ဆိုးဝါးလာတာ ပေါ်ပလား (ပေါ်ပါပြီ)၊ သုခဝေဒနာ ပစ္စယာ (တဏှာပါ ဘုရား)။

ဒုက္ခတွေ့နေတယ်ဆိုရင် (ဒေါသ)၊ အဲဒီက ဒေါသ လိုက်မယ်ကွတဲ့၊ ရှင်းပလား (ရှင်းပါပြီ)၊ ဥပေက္ခာ တွေ့နေ တယ်ဆိုတော့(မောဟ)၊ ဘယ်ကောင်း နိုင်တာ ရှိသေးလဲ (မကောင်းပါ)၊ ဒါ ဝေဒနာတွေ့တဲ့ အပြစ် (မှန်ပါ)၊ ဘာတွေ့တဲ့ အပြစ်လဲ (ဝေဒနာတွေ့တဲ့အပြစ်ပါ။)

ဪ ဒါဖြင့် ဒကာ,ဒကာမတွေ ဘုန်းကြီးအရင်း ထားပြီး သကာလ ဒီဥစ္စာတွေ ပြောပြီး သကာလ နေတော့၊ ခင်ဗျားတို့ စာအုပ်တွေ သွားပြီး ကြည့်လို့ ရှိရင်လည်း ကောင်းကောင်းကြီး လွဲတာပဲ။

စာအုပ်မှာလမ်းဆုံးအထိမပါဘူး

စာအုပ်က သုခဝေဒနာမြင်ပြီး ဒုက္ခဝေဒနာ (မြင်ပါ တယ်)၊ ဥပေက္ခာဝေဒနာ (မြင်ပါတယ်)၊ ဟုတ်လား၊ စာအုပ် က ဒီလို ဆိုထားတယ်၊ အဲဒါတွေ သတိပဋ္ဌာန် ပါဠိတော် က ဆိုထားတာကိုး၊ စာအုပ်က မမှန်ဘူးလား မေးတော့ အို ဘုရားဟောတာပဲ၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။

သို့သော် လမ်းဆုံးရဲ့လား (မဆုံးပါ)၊ ဒါဖြင့် ဘုန်းကြီး ပြောတာက ဟို ဘုရားကိုလည်း ပယ်သလားတဲ့၊ လမ်းမဆုံး သေးလို့ ဘုန်းကြီးက လမ်းဆုံး ဟောတဲ့ နေရာ ပြတာလားလို့ မေးစမ်း (လမ်းဆုံး ဟောတဲ့ နေရာ ပြတာပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘုရားသည်ကားလို့ ဆိုရင်ဖြင့် ဝေဒနာတွေ့ အောင် သုခဝေဒနာ သိအောင်လုပ်၊ ဒုက္ခဝေဒနာ သိအောင် လုပ်၊ ဥပေက္ခာဝေဒနာ သိအောင်လုပ်၊ အချို့ကမ္မဌာန်းတွေ ကျတော့ဟေ့၊ ကောင်းတာလည်း ကောင်းတယ်၊ ကောင်း တယ်လို့ သိအောင်လုပ်။

ဝေဒနာသိအောင်လုပ်ဆိုတာက

မကောင်းတာလည်း (မကောင်းဘူး၊ မကောင်းဘူးလို့ သိအောင်လုပ်)၊ မကောင်း တကောင်းကော (မကောင်းတကောင်း သိအောင်လုပ်)၊ မကောင်းတကောင်း သိအောင် လုပ်၊ ဘာသိအောင် လုပ်နေတာလဲ (ဝေဒနာသိအောင်ပါ)။

ဝေဒနာ သိအောင် လုပ်ဆိုတော့ ဘုရားဟောတဲ့ ဝေဒနာကို သိလို့ရှိရင် ဝေဒနာအပြစ်က လာလိမ့်မယ်၊ မလာပေဘူးလား (လာပါတယ်)။

သုခဝေဒနာရှုရင် ဘာလာမယ် (တဏှာလာ မယ်)၊ ဒုက္ခဝေဒနာရှုရင် (ဒေါသလာမယ်)၊ ဥပေက္ခာဝေဒနာ ရှုရင် (မောဟလာမယ်)။

အင်း – ဒါဖြင့် ဘုရား ဟောတော်မူတဲ့ စကားမကုန်ပဲ နဲ့ ဆက်ထားတဲ့ တရားလို့ ဆိုထိုက် ကျပလား (ကျပါပြီ)၊ ဒါဖြင့် ယခု ဘုန်းကြီးက ဒေသနာ ဆုံးအောင် ဟောလိုက်တဲ့ အတွက် ခင်ဗျားတို့က ရိပ်မိပါပြီ။

ဘာကွာသွားသလဲ (အာရုံ ကွာသွားပါတယ်) အာရုံက အနိစ္စမို့ ဒီက မဂ္ဂဖြစ်တာ၊ ဟုတ်လား၊ အာရုံက ဝေဒနာဖြစ်ရင် ဒီက တဏှာဖြစ်မယ်၊ သဘောကျပလား (ကျပါပြီ)။

အာရုံက ဝေဒနာဖြစ်ရင် (ဒီက တဏှာဖြစ်ပါ တယ်)၊ အာရုံက ဒုက္ခဖြစ်ရင် (ဒီက ဒေါသ ဖြစ်ပါတယ်)၊ အာရုံက ဥပေက္ခာ ဖြစ်နေရင် နောက်က လိုက်တာ (မောဟ ဖြစ်ပါတယ်)၊ မောဟ ဖြစ်မယ် ဆိုတာ သဘောကျပလား (ကျပါပြီ)၊ ဒါဖြင့် ရှင်းပလား (ရှင်းပါပြီ)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘယ်ကျမှဟော ပါလိမ့်မလဲလို့ မေးတော့၊ သတိပဋ္ဌာန် ပါဠိတော်ထဲမှာလည်း ဟောပါတယ်၊ သံယုတ် ပါဠိတော်မှာလည်း ဟောပါတယ်။

သတိပဋ္ဌာန်ပါဠိတော်မှာ ဘယ်လိုဟောသလဲဆို တော့ မင်းတို့

သမုဒယ ဓမ္မာ နုပဿိ ဝါ ဝေဒနာ ဝိဟရတိ

ဝယဓမ္မာနုပဿိ ဝါ ဝေဒနာ ဝိဟရတိ

မင်းတို့သည် အဖြစ်နဲ့ အပျက်မြင်အောင် ရှုဆိုတော့ နောက်ပိုင်း ကျတော့ ချုပ်သွားတယ်၊ မပြောဘူးလား ပြော သလား (ပြောပါတယ်)။

နောက်ပိုင်းမသွားတတ်တော့လွဲတယ်

အဲဒီ နောက်ပိုင်းလေးကို ဒကာ, ဒကာမတွေက အဲဒီ နောက်ပိုင်း ကျအောင်က ကိုယ်ကလည်း မသွားတတ်တော့၊ အင်း ဝေဒနာ ကျုပ်ဖြင့် ဖမ်းတုန်းပဲ ဆိုတော့ မလွဲဘူးလား လွဲသလား လွဲပါတယ်၊ ရှင်းကြပလား (ရှင်းပါပြီ)။

ကိုင်း- ဘယ်လို လုပ်ကြမယ် ဒီကရှေ့ (အနိစ္စဖြစ် အောင်ရှုရမှာ)၊ အနိစ္စ ဖြစ်အောင်ရှု ဆိုတော့ ခင်ဗျားတို့က လုပ် ရှုရမှာလား၊ ပရမတ္ထ ဖြစ်တာလား (ပရမတ္ထ ဖြစ်တာပါ)။

ပရမတ္ထဖြစ်နေတာ ခင်ဗျားတို့က လုပ်ရှုမနေနဲ့၊ ခင်ဗျားတို့မှားလိမ့်မယ်၊ ပယောဂမပါဘူး (ပါပါတယ်)။

အဲဒီတော့ ဝိပဿနာ ရှုတယ်ဆိုတာ ပယောဂ လွတ်ရ တယ်၊ ကိုယ်က လုပ်ရတဲ့ တရား တစ်ခုမှ မပါဘူး (မှန်ပါ့)။

ဒီကသူ့သဘော၊ ဒီက ဉာဏ်သဘော သဘောကျ ပလား (ကျပါပြီ) ဒီက အနိစ္စ၊ ဒီက ဘာဆိုကြမယ် (မဂ္ဂ ပါ ဘုရား) ဒါ သူက လုပ်လို့ဖြစ်တာလား၊ ဟိုက ပရမတ်ကြောင့် ဖြစ်တာလား (ပရမတ် ကြောင့်ပါ)။

ဝေဒနာတွေ့တဲ့ပုဂ္ဂိုလ်အပြစ် (၃) ခုရတယ်

ဒီက အနိစ္စမိုလို့ ဒီက ဘာဖြစ်ရမှာလဲ (မဂ္ဂပါ ဘုရား) အနိစ္စမှန်း သိတာ ဒီက ဝေဒနာဖြစ်ခဲ့ရင် (ဝေဒနာမှန်း သိတာ) အဲဝေဒနာမှန်း သိတော့ ဒီက သုခဝေဒနာ၊ သုခဝေဒနာ ပစ္စယာ တဏှာ၊ ဟုတ်ပလား။

ဒါလေးက ချမ်းသာတယ်ဆိုရင် ချမ်းသာတာ သဘောကျတယ် မလာပေဘူးလား (လာပါတယ်)။

ဒါလေးဟာ ကိုယ်ပေါ်မှာ ဆင်းရဲတယ်လို့ ဒကာ ဒကာမတွေ မလာပေဘူးလား (လာပါတယ်) အင်း ကိုယ်ပေါ်မှာ ဆင်းရဲရင် ကျုပ်မကျေနပ်ဘူး ဘာလိုက်လာ သလဲ (ဒေါသ)။

ဥပေက္ခာ ဝေဒနာဆိုတာက နူးညံ့တယ် ဒကာ ဒကာမ တို့ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်တဲ့အခါ မနူးညံ့ဘူးလား (နူးညံ့ပါ တယ်) နူးညံ့တာ ဆိုတော့ သိသေးရဲ့ လား (မသိပါ ဘုရား)။

သူက နူးညံ့တာ ဒီကနူးညံ့လို့ မသိတာ မသိတာက မောဟ ရှင်းပလား (ရှင်းပါပြီ) ဒါက ဘာတုံး (နူးညံ့ တာပါ) နူးညံ့တာ ဒီဘက်က (မသိတာ) မသိတာ ဒီဘက်က ဘာတုံး (မောဟပါ) အဲဒါ အဝိဇ္ဇာ ဆိုလိုက် ပါတော့ဗျာ။

ကောင်းပြီ ဒကာ ဒကာမတို့ ဒါကဖြင့် မသိတာ ဒါက (အဝိဇ္ဇာ) အဝိဇ္ဇာ ရှင်းပလား (ရှင်းပါပြီ) ဒါက နူးညံ့တာ ဒါကဘာတုံး (အဝိဇ္ဇာ) ရှင်းပလား (ရှင်းပါပြီ)။

ဝေဒနာတွေ့တဲ့ပုဂ္ဂိုလ်တွေမှာ ဒီအပြစ်ရ၊ မရ (ရပါ တယ်)၊ ရှင်းပလား (ရှင်းပါပြီ)။

ဝေဒနာမတွေ့တဲ့ ပုဂ္ဂိုလ်တွေမှာ မဂ်ရတယ်။

ဝေဒနာတွေ့တဲ့ ပုဂ္ဂိုလ်တွေမှာ ဒီအပြစ်သုံးခု ရတယ် သဘောကျပလား (ကျပါပြီ) ဝေဒနာ တွေ့တဲ့ ပုဂ္ဂိုလ်မှာ အပြစ် ဘယ်နှစ်ခု သင့်လဲ (သုံးခုပါ) တဏှာရယ်၊ ဒေါသရယ် မောဟရယ် ဒါဝေဒနာ တွေ့အောင် ရှာနေတဲ့ ပုဂ္ဂိုလ် သဘော ကျပလား။

လောကီအလုပ်မှာလည်း အပြစ် (၃)ခုလိုက်တယ်

ခင်ဗျားတို့ ကိုယ်တိုင် လောကီ အလုပ်တွေ လုပ် နေတာ ရှိပါတယ်။ လောကီ အလုပ်တွေ လုပ်နေတဲ့ အခါကျလို့ ရှိရင်၊ ငွေလေး ဘာလေးတွေ ရကြပြီ ဆိုလို့ ရှိရင် သုခမနေဘူးလား (နေပါတယ်)။

သုခနဲ့ နေပြီး သကာလ တဏှာက နောက်က လိုချင် တာ မလိုက်ဘူးလား လိုက်သလား (လိုက်ပါတယ်)။

ဒုက္ခရောက်တဲ့အခါ ဘာလိုက်လေ့ရှိသတုံး (ဒေါသပါ) ကောင်းပြီ ဥပေက္ခာ ဖြစ်တဲ့အခါ ဘာလိုက် လေ့ ရှိသတုံး (မောဟပါ)။

ဒါအလုပ် လုပ်တာ ခင်ဗျားတို့ လောကီ အလုပ်လုပ် တာ ဒီသုံးခု လိုက်လျက် ချည်းမှတ် ရှင်းပလား (ရှင်းပါပြီ) လောကီ အလုပ်မှာ ဘယ်နှစ်ခု လိုက်သလဲ (သုံးခုပါ)။

သုခတွေ့ရင် ဘာလိုက်သတုံး (လောဘ) ဒုက္ခ တွေ့ရင် (ဒေါသ) ဥပေက္ခာတွေ့ရင် (မောဟ) အဲဒါ ခင်ဗျားတို့ လောကီ အလုပ်မှာလည်း ဒါတွေ လိုက်နေတာပဲ။

အဲတော့ ဒီဝေဒနာ တွေ့နေတဲ့ ပုဂ္ဂိုလ်ဟာ လောကီ အလုပ်လုပ်နေတဲ့ ပုဂ္ဂိုလ်နဲ့ ဦးစံရီတို့ ထူးခြားသေးရဲ့ လား မထူးခြားပါဘူး၊ ဦးခင်မောင် (မထူးပါဘူး)။

ဒါဖြင့် ဘာလိုက်မှ တည့်မလဲ (အနိစ္စလိုက်မှပါ ဘုရား) မဂ်လိုက်မှ ကိုက်မယ် ရှင်းပလား၊ လောဘ၊ ဒေါသ၊ မောဟလိုက်လို့ (မကိုက်ပါ) မကိုက်ဘူး၊ ဘာလိုက်မှ (မဂ်လိုက်မှ) မဂ်လိုက်မှ ဆိုတော့ ဒီကဝေဒနာ တွေ့ရုံနဲ့ မဂ်မလိုက်ဘူး၊ ဘာတွေ့လိုက်မလဲ (အနိစ္စတွေ့မှပါ)။

ကောင်းပြီ ဒါဖြင့် ဒီဥစ္စာ ဒကာ ဒကာမတွေ ယနေ့ ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်၊ ဒီအထဲမှာ ခင်ဗျားတို့ ရှုတဲ့ အချိန် ဝေဒနာကို ဘာမှမရှိစေနဲ့ ဟင်၊ သုခဝေဒနာလည်း မရှိစေနဲ့ သဘောကျပလား (ကျပါပြီ)။

ဘုရားအလိုတော်က အနိစ္စတွေ့စေချင်တယ်

ဒီအထဲမှာ (သုခဝေဒနာ) ဒီမှာကော (ဒုက္ခဝေဒနာ) မရှိစေနဲ့ ရှိစေချင်တာက ဘုရားအလိုက ဘာပါလိမ့် (အနိစ္စ) အနိစ္စပဲ တွေ့စေချင်တယ် ဘုရားအလိုက ဘာတွေ့စေချင် ပါလိမ့် (အနိစ္စပါ ဘုရား)။

အနိစ္စဆိုတာက ဒီနေရာမှာ ရှိသေးရဲ့လား (မရှိပါ ဘုရား) အဲဒီ မရှိတာတွေ့ စေချင်တယ်၊ ဝေဒနာကို မတွေ့စေချင်ဘူး၊ သဘောကျပလား (ကျပါပြီ)။

ဒီနေရာ ဖြစ်ပျက် သွားပြီ ဆိုဒါကို တွေ့စေချင်တယ်။ ဒီနေရာမှာ ဖြစ်ပျက်သွားပြီ ဆိုတာကို (တွေ့စေချင်တယ်) ဒါဖြင့် ဒီက မရှိတာ ဒီက မရှိမှန်း သိတာ ရှေ့က ဘာပါလိမ့် (မရှိတာ) နောက်က ဟာက (မရှိမှန်း သိတာ)။

မရှိတာ မရှိမှန်းသိပါ

မရှိတာ၊ မရှိမှန်း သိပြီ ဆိုတော့ ဒကာ ဒကာမတို့ မရှိတာ မရှိမှန်း သိတဲ့ ပုဂ္ဂိုလ်ဟာ စားချင်မှု လောဘ လာပါ့ မလား (မလာပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဘယ်နှယ်ကြောင့် စားချင်မှု လောဘ မလာပါလိမ့် (မရှိတာ မရှိမှန်းသိလို့ပါ) မရှိတာ မရှိမှန်း သိတဲ့ အတွက် လောဘ မလာဘူး၊ မရှိတာ မရှိမှန်း သိနေတဲ့ အကြင်လင် မယားသည် ဒေါသကော ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား) ကိုင်း မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

မရှိတာ မရှိမှန်း သိရင် လောဘလည်း မလာဘူး၊ မရှိတာ မရှိမှန်း သိနေကြရင် (လောဘ မလာပါ) ခိုးဝှက်ထား တာ ရှိရင် ရန်ဖြစ်မယ် မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) ဒါဖြင့် မရှိတာ မရှိမှန်း သိရင် (လောဘ မလာပါ) ဒေါသလည်း မဖြစ်ဘူး လောဘကော (မဖြစ်ပါ)။

ဥပေက္ခာလည်း ထိုနည်းအတူပဲ မမြင်တာ မမြင်မှန်း သိနေလို့ ရှိရင်ဖြင့် (မောဟ မလာပါ) မမြင်တာ မမြင်မှန်းသိ တဲ့ဟာ ချုပ်သွားလို့ မမြင်တော့ဘူး ဆိုကတည်း ကိုက မမြင်တာ မမြင်မှန်း သိတယ် ဆိုတည်းက အမြင်ကန်းလား ဆိုတာ လာစရာ လိုသေးလား (မလိုပါ ဘုရား)။

သဘောကျပလား (ကျပါပြီ) ဒါဖြင့် ဒကာ ဒကာမတို့ မရှင်းသေးဘူးလား (ရှင်းပါပြီ)။

ရှုတိုင်းဝေဒနာပျောက်ရမယ်

ဒါဖြင့် ရှုတိုင်းရှုတိုင်း ဝေဒနာပျောက်ရမယ်၊ ရှုတိုင်း ရှုတိုင်း ဘာပါလိမ့် (ဝေဒနာ ပျောက်ရ ပါမယ် ဘုရား)။

ဒကာ ဒကာမတို့ ရှုတိုင်းရှုတိုင်း ဝေဒနာပျောက်ရမယ် ဆိုတော့ ဒီဝေဒနာသည် နာမည်နဲ့တကွ ပျောက်ရမှာလား အထည်ပါ ပျောက်ရမှာလား (အထည်ပါ ပျောက်ရမှာပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဘာပျောက်ရမလဲ (အထည်ပါ ပျောက်ရမှာပါ) နဂိုကကော အထည် ရှိသလား (မရှိပါ) အဲ မရှိတာလေး။ နဂိုကလည်း အထည် မရှိတဲ့ အထဲမှာ သတ္တိပါ မရှိတာ မြင်အောင် ကြည့်ရမယ်။

သဘောကျတယ်နော်၊ နဂိုကလည်း အထည်ရှိရဲ့ လား (မရှိပါ) နို့ ဘာကို မြင်အောင် ကြည့်ရမှာ ပါလိမ့် (သတ္တိပါ) သတ္တိတောင် မရှိတော့ဘူး အကုန် ရုပ်သိမ်းသွား ပြီ အနိစ္စမှ စစ်လိုက်တဲ့ ဖြစ်ခြင်း မပြောပါနဲ့တော့၊ မလာသင့် ဘူးလား ? (လာသင့်ပါတယ်)။

ဘာများ ရှာတွေ့သေးလဲ (မတွေ့ပါ) ဒီအိမ်မှာ ဗုံးကျလိုက်တာ သားရော၊ သမီးရော ပစ္စည်းရော အိမ်ကော မြေရော ဘာမှ မကျန်ရစ်ခဲ့ဘူးလို့ ဆိုသဖြင့် ဒကာ ဒကာမတို့ ဘယ်ဟာ သာယာ သေးသလဲ (ဘယ်ဟာမှ မသာယာပါဘူး)။

ထိုနည်းတူပဲတဲ့ ဝေဒနာတစ်ခု ချုပ်သွားတယ် ဆိုရင် ဘာမှမကျန်ရစ်တာ ခင်ဗျားတို့ မြင်အောင် ကြည့်ပါ ဆိုထိုက် ပလား (ဆိုထိုက်ပါတယ်) အဲဒီကဲ့သို့ ဆိုလိုက်တော့ ဒကာ ဒကာမတွေ မရှိတာက ဘာခေါ်ကြမယ် (အနိစ္စပါ) မရှိမှန်း သိတာက (မဂ္ဂပါ) အဲဒါမှ မဂ်ဖြစ်မယ်တဲ့။

ဒီကရှိနေရင် ဝေဒနာပစ္စယာ တဏှာ၊ တနည်း အတ္ထိ ပစ္စယော သွားဖြစ်မယ်၊ အတ္ထိပစ္စယော ရှိသည်ဖြစ်၍ ကျေးဇူး ပြုသည့် တရားသည် လည်ကောင်း ဆိုတော့ မခက်သေးဘူးလား (ခက်ပါတယ်)။

ဝေဒနာအပေါ်မှာ ဘာသံမှမထွက်စေနဲ့

ရှိရင် ကျေးဇူးပြုမှာပဲ၊ မရှိတော့ (ကျေးဇူးမပြု ပါဘူး) ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာ ရှုတိုင်း ရှုတိုင်း ဒီနေ့ညမှာ ရှင်းရှင်းပြောနေတာ သဘောကျပလား (ကျပါပြီ) ဘယ်လိုကျသလဲ (ဝေဒနာ အပေါ် ဘာသံမှ မထွက်နဲ့ပါ) ဝေဒနာ အပေါ် ဘာသံမှ မထွက်စေနဲ့ (မှန်ပါ့)။

သုခသံကော ဘာသံမှ မထွက်စေနဲ့ ဒုက္ခသံကော (မထွက်ရပါ) ဥပေက္ခာ သံကော (မထွက်ရပါ) ဘာသံမှ မထွက်စေနဲ့ မရှိတာပဲ သိရမှာပဲ ဒီနေရာ ခုနက ဒီဓမ္မလေး ရှိတယ် အခု မရှိဘူးလို့ သိရင် တော်ပြီ၊ သဘောကျ ပလား (ကျပါပြီ)။

ဒီနေရာမှာ နဂိုက သုခသဘော ကလေး ရှိတယ်၊ အခု ရှာတွေ့တဲ့အခါ သုခနဲ့ ပတ်သက်တာ လုံးဝ မတွေ့ ဒီနေရာ ဒုက္ခကလေး ရောက်တယ်၊ ဦးစံရီ၊ ကြည့်လိုက်တဲ့ အချိန်မယ်၊ ဒုက္ခနဲ့ ပတ်သက်တာ လုံးဝမတွေ့။

မျက်လုံးထဲ ဥပေက္ခာဖြစ်တယ်၊ နားထဲ ဥပေက္ခာ ဖြစ်တယ်၊ ဟုတ်တယ် မဖြစ် မရှိပါဘူး၊ ဒါတွေ ဝိပါက်တွေပဲ ဖြစ်ရမှာပဲ ထိုကဲ့သို့ ဝိပါက် တရားတွေကို ရှာလိုက်တဲ့အခါ ကျတော့ ဥပေက္ခာ အရိပ် အငွေ့များ တွေ့သေး သလား (မတွေ့ပါဘူး)။

ဘာတွေ့သလဲ ခင်ဗျားတို့ (အနိစ္စတွေ့ပါတယ်) အနိစ္စပဲတွေ့တယ် အနိစ္စတွေ့တော့ကို ဒကာ ဒကာမတို့ အနိစ္စဖြစ်လို့ရှိရင်ဖြင့် ဒီဟာ မဂ္ဂဖြစ်ရမှာသေချာတယ်။ ဦးဘအုံး မသေချာဘူးလား (သေချာပါတယ်)။

အနိစ္စ မတွေ့ရင်တော့ဖြင့် (မဂ္ဂမဖြစ်ပါ) မဂ္ဂမဖြစ်ဘူး၊ ဝေဒနာဆိုတာ အနိစ္စပဲ၊ ဒုက္ခ ဝေဒနာလည်း အနိစ္စပဲ၊ သုခ ဝေဒနာကော (အနိစ္စပဲ) ရှုနေရင်တော့ဖြင့် အနိစ္စ၊ ဥပေက္ခာ ဝေဒနာကော (အနိစ္စ)။

အဲတော့ ဘုရားသည် ပဋိစ္စသမုပ္ပါဒ် ဟောတဲ့အခါမှာ ရှိတုံး ဟောတာလား မရှိပဲနဲ့ ဟောတာ လား။ ဝေဒနာပစ္စယာ တဏှာ ရှိတုန်း ဟောတာ သဘောကျပလား။

ဝေဒနာသာ ရှိနေမယ်၊ ဝေဒနာသာ ရှိနေမယ်ဆိုရင် ဘာတဲ့ (တဏှာ လာမှာပါ) ဒုက္ခဝေဒနာ ပစ္စယာ (ဒေါသ) ဥပေက္ခာ ဝေဒနာ ပစ္စယာ (မောဟ) ဒါရှိတုန်းဟော တာလား၊ မရှိဘဲနဲ့ ဟောတာလား (ရှိတုန်း ဟောတာပါ)။

အင်း- ဒါဖြင့်လောဘ ဒေါသ မောဟဆိုတာဟာ သူတို့ဝေဒနာ သဘောရှိနေရင် လာမှာပဲ၊ ရှင်းပလား (ရှင်းပါပြီ)၊ ဝေဒနာ သဘော ရှိနေရင် (လာမှာပါ)

ဝေဒနာသဘော အကုန်စွန့်ပါ

ကိုင်းဝေဒနာ သဘော အကုန်စွန့်၊ ဘာလာမလဲ (အနိစ္စ) အနိစ္စတွေ့တယ် ဝေဒနာသဘော အကုန်စွန့်ရင် လောဘ၊ ဒေါသ၊ မောဟ၊ လာမလား မလာဘူးလား (မလာပါ ဘုရား) ဘာလာမတုံး (မဂ်လာမယ်) မဂ်လာ မယ်၊ ဒါကြောင့် ဝေဒနာ သဘော မစွန့်ရင် လောဘ၊ ဒေါသ မောဟ လာမယ်။

ဝေဒနာသဘောကို စွန့်အောင် ရှုနိုင်တဲ့ ဒကာ ဒကာမ ဖြစ်ခဲ့လို့ရှိရင် ဘာလာမလဲ (မဂ်လာ မယ်) ဒါဖြင့် မဂ် ရဖို့ဟာသည် ခင်ဗျားတို့ နည်းကောင်း ပေးလိုက်မယ် ကိုကြိုင် ဒီနည်း မကောင်းဘူးလား (ကောင်း ပါတယ်)။

ရှုဖို့ဟောတဲ့တရား

ကဲ ဒါဖြင့် ဒီပြင်တရားတွေနဲ့လည်း ရှုပ်ထွေး မနေနဲ့တဲ့၊ နောက်ဆုံးပိတ် တစ်နေ့မှာ၊ သဗ္ဗေ သင်္ခါရာ အနိစ္စလို့ ဘုရား – ဟောတော်မူ သောကြောင့် ရှုစရာကဖြင့် အနိစ္စလို့ ရှုလိုက်ပါ။

သဗ္ဗေ သင်္ခါရာ ဒုက္ခလို့ ဟောသောကြောင့် ရှုစရာက (ဒုက္ခပါ) သဗ္ဗေ ဓမ္မာ အနတ္တလို့ ဟောသောကြောင့် (အနတ္တ) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဝေဒနာပါသလား (မပါပါ) ရုပ်ပါသလား (မပါပါ) သော် ခန္ဓာငါးပါးပါသလား (မပါပါဘူး) ရှုရမည့်နေရာဟောတော့လေ။ ဘာတွေချည်းဟောသလဲ (အနိစ္စ၊ ဒုက္ခ၊ အနတ္တပါ)။

အနိစ္စ ဒုက္ခ အနတ္တ ချည့်ဟောလေ့ မရှိဘူးလား (ရှိပါ တယ်) အဲတော့ ရှုတဲ့ နေရာ ဟောတာ သဘောကျပလား (ကျပါပြီ)

သိဖို့ဟောတဲ့တရား

ဒါဖြင့် ခန္ဓာငါးပါး၊ အာယတန (၁၂) ပါး၊ ဓါတ် (၁၈) ပါးတွေ၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဟောထားတယ် မဟုတ်လားဘုရား၊ အေး အဲတာ ရှုတဲ့နေရာ ဟောတာ မဟုတ် ဘူး၊ သိဖို့ ဟောထားတာ။

ဘယ်လိုပါလိမ့် (ရှုတဲ့ နေရာ ဟောတာ မဟုတ် ဘူး သိဖို့ ဟောတာပါ ဘုရား) ဒါဖြင့် သိဖို့ ဟောတာကို ခင်ဗျား တို့က ရှုနေရင်လည်း လွဲလိမ့်မယ် ရှုဖို့ဟောတာကို သိနေရင် လည်း (လွဲမှာပါ ဘုရား)။

ကဲ – အခုတော့ ကွဲကြပလား (ကွဲပါပြီ) ရှုဖို့ ဟောတာ ဘာလုပ်မယ် (ရှုရပါမယ်) သိဖို့ဟောတာ ဘာလုပ်မယ် (သိရပါမယ်)။

ဒါကြောင့် ဟိုဘက်က ဉာတပရိညာ ဒီဘက် ရှုရ မှာက တိရဏ ပရိညာ မခွဲဘူးလား (ခွဲရမှာပါ) ဒါဖြင့် ဒကာ ဒကာမတွေ ယနေ့ည ကောင်းကောင်း မရှင်း သေးဘူးလား (ရှင်းပါတယ်)။

ကောင်းပြီ ဒါနဲ့ အဿဇိကို ဘုရားသခင် ကိုယ်တော် မြတ်ကြီးက မင်းသည်ကားလို့ ဆိုရင် ကွာတဲ့ အာနာပါန လေးနဲ့ မင်းသည်ကားလို့ ဆိုရင်ဖြင့် တရားအားထုတ်လို့ မရတာနဲ့ အားမငယ် ပါနဲ့ကွာတဲ့။

ဘယ်သူကပြောသလဲ (မြတ်စွာဘုရားက ပြောပါ တယ်) မင်း အာနာပါနက ဘာမှ အရေးမကြီး ပါဘူးတဲ့ ငါဘုရား သာသနာတော်မှာ အနှစ်ကယ်လို့ ငါဟောတာ မဟုတ်ပါဘူး။

ရဟန်းတွေမှာလည်း အာနာပါန ကျင့်ရုံနဲ့ အကျင့် ကောင်း၊ အကျင့်ဆုံးလို့ အကျင့်မြတ်လို့ ငါဘုရား မဟောပါ ဘူး၊ အဲတော့ ငါဘုရား ဟောတာ မင်းမှတ်စမ်းပါ ဆိုတော့ ခုနင်က ပြောခဲ့တာ ဟောတယ် ရိပ်မိပလား (ရိပ်မိပါပြီ)။

ဝေဒနာကင်းအောင်

ဘာတွေဟောပါလိမ့် (ဝေဒနာ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တပါ ဘုရား) ဝေဒနာတောင်မှ မထည့်ဘူး၊ ဝေဒနာကို ရှုတိုင်း ရှုတိုင်း ဝေဒနာ ကင်းပါပြီကွာတဲ့ ပါဠိတော်က။

သို့သော် ပါဠိရွတ်နေလည်း အပိုဖြစ်နေတယ် ခင်ဗျား တို့က ဝေဒနာ ကင်းအောင်ရှု သုခဖြစ်ရင် ဘာကင်းရမလဲ (သုခ ကင်းရပါမယ်) သုခဝေဒနာ ကင်းအောင်ရှု ဒုက္ခဖြစ်ရင် (ဒုက္ခဝေဒနာ ကင်းအောင် ရှုရပါမယ်) ဥပေက္ခာဖြစ်ရင် (ဥပေက္ခာ ဝေဒနာ ကင်းအောင် ရှုရပါမယ်)။

ဒါဖြင့် သူတို့ ဝေဒနာတွေ ကင်းသွားတဲ့ အခါ ဘာကျန်ရစ်လဲ (အနိစ္စ ကျန်ပါတယ်) အေး သူတို့ ဝေဒနာတွေ ကင်းသွားတယ် ဆိုကတည်းက အနိစ္စပဲ ကျန်ရစ်တယ် ရှင်းပလား (ရှင်းပါပြီ) ဘာကျန်ရစ် ပါလိမ့် (အနိစ္စ ကျန်ရစ် ပါတယ်)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ယနေ့၊ အဿဇိကို အထူးပါလား ဝေဒနာ ကင်းအောင်ရှု ဝေဒနာ ကင်းအောင်ရှု ဆိုတာ ဘုန်းကြီးလည်း ယနေ့ ရှင်းရှင်း ပြောနေ တယ်၊ ဦးဘအုန်းရေ ကျေနပ်ပလား (ကျေနပ်ပါပြီ)။

နောက်က ဒကာ ဒကာမတွေ ဘယ်လိုရှုကြမလဲ (ဝေဒနာကင်းအောင် ရှုရမယ်) ဝေဒနာ ကင်းအောင်ရှု ဆိုတော့ သုခလည်း မပါဘူး ဒုက္ခ (မပါပါ ဘုရား) ဥပေက္ခာ (မပါပါ ဘုရား)။

ဒါဖြင့် ဝေဒနာကင်းတယ် ဆိုကတည်းက ဒီနေရာမှာ နဂိုက ဝေဒနာ ဝေဒနာကင်းရင် ဘာတုံး (အနိစ္စပါ) ပေါ်ပလား (ပေါ်ပါပြီ)။

ဒီနေရာ ဒုက္ခဝေဒနာ ပေါ်တယ် သူကင်းအောင်ရှု (တင်ပါ့) ဒါဖြင့် သူမရှိတာ ရှုပေါ့၊ ရိပ်မိပလား (ရိပ်မိ ပါပြီ) ဥပေက္ခာ ဝေဒနာကိုလည်း ဥပေက္ခာ ဝေဒနာ မတွေ့စေနဲ့ ဒကာ ဒကာမတို့ ဘယ်လို လုပ်ရမလည်း သူမရှိအောင်ရှု။

ဝေဒနာကင်းရင် အနိစ္စ နောက်ကမဂ္ဂ

သူမရှိအောင် ရှုတော့ ဘာဖြစ်မယ် (အနိစ္စ) အနိစ္စ တွေ့တော့ ခင်ဗျားတို့ မသေချာဘူးလား (သေချာပါ တယ်) သေချာတော့ အနိစ္စ နောက်က ဘာလိုက်လာမလဲ (မဂ္ဂပါ) ကောင်းပြီ ဒါမှတ်ထား၊ ဒါမဂ္ဂင်ရှစ်ပါး လိုက် တယ်၊ မရသေးရင် ငါးပါးပေါ့ဗျာ (မှန်ပါ့)။

ရပြီးသားဖြစ်ခဲ့သော် (ရှစ်ပါးပါ) ရှစ်ပါး လိုက်တယ် လို့ထားလိုက်တော့ ဒီရှစ်ပါး ဘာလုပ် သလဲလို့ မေးခွန်ထုတ် ဖို့မလိုဘူးလား (လိုပါတယ်) ဦးစံရီ မလိုဘူးလား (လိုပါတယ်) လိုပါတယ်။

ဒီရှစ်ပါးက ဒီကလာတဲ့ ပဋိစ္စသမုပ္ပါဒ် ဖြတ်တာပဲ၊ ဒီကလာမည့် ပဋိစ္စသမုပ္ပါဒ်ကော (ဖြတ်ပါတယ်) ဒီကလာတဲ့ ပဋိစ္စသမုပ္ပါဒ်ကော (ဖြတ်ပါတယ်) သဘောကျပလား (ကျပါပြီ)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီကလာတဲ့ ပဋိစ္စသမုပ္ပါဒ်က သုခဝေဒနာ ပစ္စယာ ဘာတုံး (တဏှာပါ ဘုရား) တဏှာ ဆိုတော့ တဏှာတင် ရပ်ကဲ့လား (မရပ်ပါ ဘုရား)။

တဏှာတင်ရပ်ကဲ့လား (မရပ်ပါ) ဥပါဒါန်၊ ဘဝ၊ သူက လာမည့် ပဋိစ္စသမုပ္ပါဒ် ဘယ်နှယ် နေမလဲ (ဖြတ်ပါ တယ်) ရှုတဲ့ ပုဂ္ဂိုလ်မှာ သဘောကျပလား (ကျပါပြီ)။

ဒီကလာတဲ့ မရှိတာ ရှုနိုင်တဲ့ ဒကာ ဒကာမတွေ ဒီကလာရင် ဒေါသ မလာပေဘူးလား (လာပါတယ်) အဲဒီဒေါသလာခွင့်ပေးသေးသလား (မပေးပါ)။

ဒေါသလာရင် သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဇာတိ ဇရာ မရဏ မဆက်ပေဘူးလား (ဆက်မှာပါ)။

ဘာဖြစ်လို့ဆက်ပါလိမ့် အရှုလွဲ လို့ပေါ့ဗျာ ဝေဒနာရှု လည်း လွဲဦးမှာပဲ။ သူမရှိတာ ရှုနိုင် ရင်တော့ (ပြတ်ပါတယ်) အင်း ဘယ်သူ့ကြောင့် ပြတ်ပါလိမ့် (မဂ်ကြောင့်ပါ)။ မဂ်ကြောင့် ပြတ်တယ် ဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘယ်လိုပုဂ္ဂိုလ်မဂ်ရထိုက်သတုံး

ဒါဖြင့် ခင်ဗျားတို့ မဂ်သည်ကားလို့ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဘယ်လို ပုဂ္ဂိုလ် ရထိုက် သတုံးလို့ မေးကြည့်စမ်း (ရှုတဲ့ပုဂ္ဂိုလ်ပါ) ပေါ်ပြီ သဘောကျပလား (ကျပါပြီ)။

မဂ်ဟာ ဘယ်လိုပုဂ္ဂိုလ် ရထိုက်သတုံးလို့ မေးကြည့် တော့ သြော် ရှုတဲ့ပုဂ္ဂိုလ် ရထိုက်တယ်၊ ဆုတောင်းတဲ့ ပုဂ္ဂိုလ် (မရပါဘူး) ဘယ် လို ပုဂ္ဂိုလ် ရထိုက်ပါလိမ့် (ရှုတဲ့ပုဂ္ဂိုလ် ပါ ဘုရား)။

ဒါခင်ဗျားတို့က ရှုလည်းမရှုပဲနဲ့ ဘုရားရှေ့သွားပြီး မပေးနိုင်တဲ့ ပစ္စည်း တောင်းတာနဲ့ တူနေပြီ ဘုရား ရှေ့သွားပြီး ဘာတောင်းသလဲ (မပေးနိုင်တဲ့ပစ္စည်း တောင်းပါတယ်) မပေးနိုင်တဲ့ပစ္စည်း တောင်းတော့ အတော်ခက်တယ်။

တပည့်တော် မအိုရပါစေနဲ့ဘုရား၊ မနာရပါစေနဲ့ ဘုရား၊ မသေရပါစေနဲ့ သွားတောင်းတော့ ရပါ့မလား (မရပါ ဘုရား) ဆုမပြည့်နိုင်တာက ဒကာ ဒကာမတို့ အို နာ သေ ဆိုတာ ဘယ်လို တောင်းတောင်း မအိုရပါစေနဲ့၊ မနာရပါစေနဲ့ မသေရပါစေနဲ့ မမွဲရပါစေနဲ့၊ မကွဲရပါစေနဲ့ ဆိုတာ မပြည့်ထိုက်ဘူး။

ဘယ်သူ့ဆီ တောင်းတောင်း မပြည့်ဘူး၊ ဟုတ်လား (မှန်ပါ့) သို့သော် ဒကာ ဒကာမတွေ ဘုရားလည်း အားမနာ ဘာလည်း အားမနာနဲ့ ဒီသား ဒီသမီးနဲ့ အိုအောင် မင်းအောင် ပေါင်းရပါစေ မခွဲပါရစေနဲ့လို့ လာချင်သေးတာ မလာဘူး လား လာသလား (လာပါတယ်)။

အဲဒါတွေက ပြည့်နိုင်တဲ့ သဘောလား မပြည့်နိုင်တဲ့ သဘောလား (မပြည့်နိုင်တဲ့ သဘောပါ) မပြည့်နိုင်တဲ့ သဘောတဲ့၊ အခု ဆုတောင်းလို့ မပြည့်နိုင်တာက အိုနာသေ, မွဲ ကွဲ, ဒါတွေ ဆုတောင်း လို့ပြည့်ရဲ့ လား (မပြည့်ပါ)။

မအိုရပါစေနဲ့ ရရဲ့လား (မရပါ) မနာရပါစေနဲ့ (မရပါ) မသေရပါစေနဲ့ (မရပါ) မမွဲရပါစေနဲ့ (မရပါ) မကွဲရပါစေနဲ့ (မရပါ)

ဘာဖြစ်လို့ မရသတုံး ပင်ကိုသဘော ခန္ဓာရှိရင် ဒီငါးခုက အမြဲရှိရမယ်၊ သဘောကျပလား (ကျပါပြီ) ဒါဖြင့် ဒကာ ဒကာမတို့ ရှုနည်းသေချာပလား (သေချာပါပြီ) ဘယ်လို သေချာတာတုံး (အနိစ္စ တွေ့အောင် ရှုရပါမယ်)။

ကောင်းပြီ ဒါလေး တစ်ချက်ကို လုံးလုံး မှတ်ထားပါ မသေခင်က မှတ်ထား ရမယ် ဝေဒနာကို မပေါ်အောင် ရှုရမယ် ဝေဒနာ ကင်းအောင်သာ ရှုပေး သဘောကျပလား (ကျပါပြီ)

ဝေဒနာတွေ့နေရင်မဂ်မရသေးဘူး

တပည့်တော် ဝေဒနာ တွေ့သေးတယ်လို့ ခင်ဗျားတို့ စိတ်ထဲမှာ ပေါ်လာသေးလို့ ရှိရင်ဖြင့် ငါမဂ်မရသေးဘူးလို့ ဆုံးဖြတ်ချက်ချ၊ ရှင်းပလား (ရှင်းပါပြီ) ဝေဒနာ တွေ့နေရင် (မဂ်မရသေးပါ ဘုရား)။

အဲတော့ကိုး ဝေဒနာမတွေ့ပဲနဲ့ ဘာတွေ့ဖို့ အရေး ကြီးသလဲ (အနိစ္စတွေဖို့ အရေးကြီးပါတယ်) အနိစ္စ ဆိုတာ ဒကာ ဒကာမတို့ မှတ်ပေတော့ ဝေဒနာ ကင်းတာတွေ့တာ။

ဝေဒနာတွေ ရှုတုန်းကတော့ ဝေဒနာပဲ ခန္ဓာကိုယ် ပေါ် ပေါ်တုန်းကတော့ ဘာပါလိမ့် (ဝေဒနာပါ ဘုရား) သို့သော် သူကင်းသွားတဲ့အခါမှာ ဒီနေရာမှာ ဝေဒနာ သဘောကို ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဒါဖြင့် ဝေဒနာ သဘော မရှိရင် ဘာရှိပါလိမ့် (အနိစ္စ သဘောရှိပါတယ်) အနိစ္စပဲ ရှိတယ် ဒါဖြင့် ဘယ်ဝေဒနာ မဆို ဒကာ ဒကာမတွေ ဒီအတိုင်း မနေဘူးလား (နေပါတယ်)

အဲဒီအချိန်မှာ အဿဇိ၊ မင်းသည်ကားလို့ ဆိုရင်ဖြင့် မင်းပြောတဲ့ သမထကို ငါက အနှစ်သာရ ရယ်လို့လည်း မယူ ရဟန်း၏ အကျင့်လမ်းဆုံးလို့လည်း ငါက မင်းကို မဟောပါဘူး။

ဝေဒနာကင်းအောင် ရှုနိုင်ရင် ကိစ္စပြီးတယ်

ဟောဒီဝေဒနာတွေကိုမင်းက ဝေဒနာကင်းအောင် ရှုနိုင်လို့ရှိရင်ဖြင့် မင်းကိစ္စပြီးပါတယ်။

ဘယ်သူဟောတာလဲ (အဿဇိကို ဟောတာပါ) ဘယ်လိုဟောပါလိမ့် (ဝေဒနာကင်းအောင် ရှုနိုင်ရင် မင်းကိစ္စ ပြီးပါတယ်)။

ဝေဒနာကို ဝေဒနာ ကင်းအောင် ရှုနိုင်ဖို့ ဆိုတော့ အားလုံး ဒကာ ဒကာမတွေ တော်တော် အကြားခက်တဲ့ စကားနော်၊ လွယ်တဲ့ စကားလို့ ခင်ဗျားတို့ မထင်နဲ့။ ဘယ်လို မလွယ်သလဲ (ဝေဒနာကို ဝေဒနာ ကင်းအောင် ရှုဖို့ပါ)။

ဝေဒနာလည်း ရှုခိုင်းသေးရဲ့ ဝေဒနာ ကင်းအောင်ရှု၊ အခုတော့ဖြင့် ဆရာသမားကလည်း ထပ်ပြန် တလဲလဲပြော ခင်ဗျားတို့ကလည်း ဉာဏ်ရည်က ဝလာတော့၊ ဆရာဘုန်းကြီး ပြောတာ ဟုတ်တယ်လို့ ယုံတယ်။

ဆရာဘုန်းကြီး ပြောတာ၊ ဘုရား ဟောတော်မူတာကို အကုန်ကြိုးစားပြီး သကာလ သေသေချာချာ ပြောတာပဲ ဆိုတာ သဘောကျပလား (ကျပါပြီ)။

ကောင်းပြီ ဝေဒနာကင်းအောင် ရှုဆိုတာ ဘာပါလိမ့် ဒကာ ဒကာမတို့ (အနိစ္စမြင်အောင်ပါ) အနိစ္စမြင်အောင်ရှု၊ သဘောကျပလား (ကျပါပြီ) ဝေဒနာကို ပါသေးရဲ့လား (မပါပါဘူး)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး လိုချင်ရင်း ကော ပေါ်ကြပလား (ပေါ်ပါပြီ) ဘယ်လို ပေါ်ပါလိမ့် (အနိစ္စ မြင်အောင်ရှုပါ ဘုရား) အနိစ္စ မြင်အောင်ရှုဆိုတော့ ဒါဖြင့်ရုပ်ရှုတဲ့ ပုဂ္ဂိုလ် ရုပ်တရား မြင်အောင်ရှု သဘော ကျပလား (ကျပါပြီ)။

စိတ်ရှုတဲ့ပုဂ္ဂိုလ်က (စိတ်တရားမြင်အောင်ရှုပါ) ရှင်းပလား (ရှင်းပါပြီ) ကောင်းပြီ ဒကာ ဒကာမတို့ သြော် ဒါမှသာလျှင် နဂိုရှိပေါ်မှာပဲ၊ နို့မို့လို့ရှိရင် အနိစ္စတွေဟာ မငုပ် ပေဘူးလား ငုပ်မလား (ငုပ်မှာပါ ဘုရား)။

ဝေဒနာတွေ့နေရင် ဘယ်သူငုပ်တုံး (အနိစ္စ ငုပ်ပါတယ်) ဝေဒနာ မတွေ့တော့ဘူးဆိုရင် ဘယ်သူပေါ်လာ မလဲ (အနိစ္စ ပေါ်လာပါတယ်)။

အဲဒါ အငုပ်နဲ့အပေါ် ဟောနေတာ၊ ဒါဖြင့် ဒကာ ဒကာမတွေ ရှုတိုင်း ရှုတိုင်း ဘာတွေ့အောင် ရှာရမလဲ (အနိစ္စတွေ့အောင် ရှာရပါမယ်)။

အနိစ္စဆိုတာ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်မှာ ဝေဒနာ ကင်းအောင် ရှုနိုင်ရင် အနိစ္စတွေ့မှာပဲ ဝေဒနာ ကင်းအောင် မရှုနိုင်သေးရင် (အနိစ္စမတွေ့ပါ) သဘောကျပလား (ကျပါပြီ)။

အဲဒီတင်မှ အဿဇိတဲ့ မင်းဒါရူပါကွ ဝေဒနာကင်း အောင် မင်းရှုစမ်းပါ သဘောကျကြပလား (ကျပါပြီ) အဿဇိ ဘယ်နှယ် ဟောပါလိမ့် (ဝေဒနာကင်းအောင် ရှုဖို့ပါ)။

အဿဇိရဟန်းဝေဒနာကင်းအောင်ရှုတယ်

ဒါဖြင့် ဝေဒနာ ကင်းအောင် ရှုပါဆိုတဲ့ အတိုင်း အဿဇိက ရှုတာပဲ၊ ရှုလိုက်တော့ကွာတဲ့၊ ဝေဒနာဆိုတာ ဒီလိုပါတဲ့ ကိုယ်ရယ်ရှုစရာတွေနဲ့ တွေ့တော့ ဒုက္ခဿကာယ ဝိညာဏ် မပေါ်ဘူးလား (ပေါ်ပါတယ်) သုခတွေကော (ပေါ်ပါတယ်)။

ကောင်းပြီ ကွာတဲ့ဒီဥစ္စာတွေဟာ ဒါကအကြောင်း တရား၊ ဒါနှစ်ခုက အကြောင်းတရား ဝေဒနာက အကျိုးတရား၊ သဘောကျပလား (ကျပါပြီ)။

အကျိုးအနိစ္စကို မင်းမြင်ပါပြီတဲ့ ဝေဒနာဟာလည်း ဒီမှာ လမ်းဆုံးခဲ့ပြီ ဆိုသဖြင့် မင်းက ဉာဏ်တံမြက်စည်း လှဲလိုက်တော့ အကျိုးတရား တောင်မှ ပျက်စီးရသေးတာပဲ သူ့ကို ဖြစ်စေတတ်တဲ့ တရားကလည်း ခုမှလာပြီး ဖြစ်စေတော့ သူလည်း ယာယီဖြစ်စေတဲ့ တရားမို့ ယာယီအနိစ္စ (မှန်ပါ) ဒီဘက် ကကော (ယာယီအနိစ္စ)။

သူကလည်း ပေါ်လာတဲ့ တရားကလည်း ယာယီပဲ သူ့ဘယ်နှယ် ဆိုကြမလဲ (ယာယီပါ) ဒီဘက်က ရုပ်နှစ်ခု လည်းချုပ်၊ ဒီဘက်ကကော ဝေဒနာကော (ချုပ်ပါတယ်)။

ကောင်းပြီတဲ့ ဒီလို ချုပ်သွားတော့ကိုတဲ့ ကိုယ်ရော၊ စိတ်ရော၊ ရုပ်ရော၊ နာမ်ရော ချုပ်တာ ကွတဲ့၊ သဘောကျကြ ပလား (ကျပါပြီ) ဘာတွေချုပ်လဲ (ရုပ်ရော နာမ်ရော) ရုပ်ရော နာမ်ရော ချုပ်တော့ ကိလေသာက ကျန်နေ သေးသလား (မကျန်ပါဘူး)။

ရုပ်နာမ်ချုပ်တော့ငြိမ်းအေးတယ်

ကောင်းပြီ ဒါဖြင့် ရုပ်ရော နာမ်ရော ချုပ်တော့ ကိလေသာ မကျန်တော့ အဲတာ ငြိမ်းအေးတဲ့ ပီတိဘူတ ဆိုတာ ဒါပဲ သဘောကျပလား (ကျပါပြီ) ဒါဖြင့် ဒကာ ဒကာမတွေ ကောင်းကောင်း မှတ်မိပလား (မှတ်မိပါပြီ) ဘာကို မှတ်မိတာလဲ (ဝေဒနာ ကင်းအောင်ရှုပါ) အရေးအကြီး ဆုံးက ဒါတစ်ချက်တည်း ဒီနေ့ဟောနေတာ (မှန်ပါ)။

ဒီသုံးချက်မှတ်ကြပါ

တစ်နံပါတ် အရေးကြီးတာ သေခါနီးမှာ ဝိပ္ပဋိသာရ မလာရအောင် ဒါလုပ် တစ်နံပါတ်က။

နှစ်နံပါတ်က သမထဟာအကာ၊ ဝိပဿနာက (အနှစ်ပါ)။

သုံးနံပါတ်က ဘုန်းကြီး လိုချင်ရင်း ဘုရား လိုချင်ရင်း ကို ပြောရလို့ရှိရင် ဒကာ ဒကာမတို့ ဝေဒနာ ကင်းအောင်လုပ် သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒီနေ့ ဘယ်နှစ်ချက် မှတ်ကြမယ် (သုံးချက်ပါ) တစ်နံပါတ်က ဘာပါလိမ့် သေခါနီးမှာ ကိုယ့်ခန္ဓာနဲ့ကိုယ် ကိုက်အောင်ရှု သဘောကျပလား (ကျပါပြီ)။

နှစ်နံပါတ်က ဘာပါလိမ့် (သမထဟာ အကာ၊ ဝိပဿနာက အနှစ်) အေး ဒါသိအောင် လုပ်ထား။

သုံးနံပါတ်က (ဝေဒနာ ကင်းအောင်ရှု) ဝေဒနာ ကင်းအောင်ရှု၊ ဒါဖြင့် ဒီနေ့ အဿဇိကို ဟောတဲ့ နေရာမှာ သုံးချက်ထဲ ပါတယ်၊ သဘောကျပလား (ကျပါပြီ)။

ကဲ – ကနေ့ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။