098

ကယ်နိုင်တုန်း ကိုယ့်ကိုယ်ကယ်ကြပါ

အသံဖိုင်ခေါင်းစဉ်= ကိံသုကောပမသုတ် အမှတ်(၃) ဝိပဿနာရှုဖို့ အကြိမ်ကြမ်မှာပုံ တရားတော်

စာအုပ်ခေါင်းစဉ်= ကယ်နိုင်တုန်း ကိုယ့်ကိုယ်ကယ်ကြပါ

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

ကယ်နိုင်တုန်း ကိုယ့်ကိုယ်ကယ်ကြပါ

(၂၂-၃-၆၁)

တရားနာကြလို့ရှိရင် ဘုရားသခင် ကိုယ်တော်မြတ် ကြီးသည် ၁၇၉၂-ကြိမ် တိုင်တိုင် အရေးကြီးတဲ့ စကားကို မှာတယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ရလိမ့်မယ်နော် (မှန်ပါ့ ဘုရား)။

ဘယ်လိုများ ကိုယ်တော်ကြီးက အရေးတကြီးပြောပါ လိမ့်မလဲလို့ ဒကာ ဒကာမတွေ စူးစူးစိုက်စိုက်ပဲမှတ်ကြ ပါနော် (မှန်ပါ့ ဘုရား)။

ကိုယ်တော်မြတ်ကြီးကဖြင့် ၁၇၉၂-ကြိမ် တိုင်တိုင် မှာတယ်ဆိုတော့ဖြင့် သြော် သာမည အရေးကြီးလို့ မှာတာ မဟုတ်ပါလား၊ အလွန့်အလွန် အရေးကြီးလို့ မှာတယ် ဆိုတဲ့ ဥစ္စာဖြင့်ကျုပ်တို့ ယုံမှားစရာ မရှိပါဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီမှာတဲ့အတိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကဂရုစိုက်တော့မယ် ဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ရလိမ့် မယ် (မှန်ပါ့ ဘုရား)။

အားလုံး ခန္ဓာဇာတ်သိမ်း မငြိမ်းသေးတဲ့ ပုဂ္ဂိုလ်ဟူ သမျှဖြင့် ဂရုစိုက်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ပြောတာမှတ်ပြီး ခိုင်းတာလုပ်ပါ

ခန္ဓာဇာတ်သိမ်း ငြိမ်းပြီးသား ပုဂ္ဂိုလ်တွေ အတွက် မှာတော့ ဒါအရေး မကြီးတော့ပါဘူး၊ ခန္ဓာဇာတ်သိမ်း မငြိမ်းသေးတဲ့ ပုဂ္ဂိုလ်တွေ အတွက်မှာဖြင့် သြော် ဘုရားသည် ၁၇၉၂-ကြိမ် တိုင်တိုင် မှာတာဖြင့် တို့က သာမညနားနဲ့ ထောင်လို့ လည်း မရဘူး၊ သာမည စိတ်ကူး ကလေးနဲ့လည်း နေလို့ မတော်ဘူး၊ ခိုင်းတာ လုပ်ပြီး သကာလ ပြောတာ မှတ်ပြီး ခိုင်းတာ လုပ်ဖို့ အရေးဟာဖြင့် အရေးကြီးတဲ့ ပုဂ္ဂိုလ်က ကြီးတယ် ဆိုရင် မသိတဲ့ ပုဂ္ဂိုလ်က ယောင်ချာချာ လုပ်နေလို့ မတော်ဘူး၊ အရေးကြီး ပါတယ် ဆိုတဲ့ စိတ်ထား ပြင်းပြရမယ် ဆိုတာ ကိုလည်း မှတ်ကြပါ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ခုနစ်ရက် တစ်ပတ်လိုလို သတိပေးရတယ် လို့ ဦးခင်မောင်တို့ မှတ်ရ လိမ့်မယ်နော် (မှန်ပါ့ ဘုရား)။

ဘုရားတောင်မှ ၁၇၉၂-ကြိမ်မှာတော့ ဘုန်းကြီးတို့ ခုနစ်ရက် တစ်ပတ် ခဏခဏ သတိပေး ရမှာပေါ့ (မှန်ပါ့ ဘုရား)။

အတော်အရေးကြီးလို့မှာတာ

ဘုရား ၄၅-ဝါတည်း နေသွားတာပဲ၊ ၁၇၉၂-ကြိမ် တိုင်တိုင် မှာသွားတယ် ဆိုတော့ ဒါ အတော် အရေးကြီးတယ် ဆိုတဲ့ အဓိပ္ပာယ် ရှင်းနေပြီ (ရှင်းပါပြီ ဘုရား)။

ဘာတုန်းဆိုတော့ ‘ဈာယထ ဘိက္ခဝေ မာပမာဒတ္ထ” ဘိက္ခဝေ-ရဟန်းတို့၊ ဈာယထ-ခန္ဓာကိုယ် ဝိပဿနာရှုကြပါ (မှန်ပါ့ ဘုရား)။

ခန္ဓာ ဘာလုပ်ရမလဲ (ဝိပဿနာ ရှုရပါမယ်) မာ ပမာဒတ္ထ-သားရေး၊ သမီးရေး၊ စီးပွားရေး ကြောင့် မေ့မနေ နဲ့ (မှန်ပါ့ ဘုရား)။

သားရေး၊ သမီးရေး၊ စီးပွားရေးကြောင့် ဘာတဲ့ (မေ့မနေရပါ ဘုရား) ခန္ဓာ ဝိပဿနာ ရှုတဲ့ အလုပ်ကို သားရေး၊ သမီးရေး၊ စီးပွားရေးကြောင့် မေ့မနေနဲ့တဲ့။

ဪ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခန္ဓာဝိပဿနာ ရှုကြလို့ သေသေချာချာ မှာတယ်နော် (မှာပါတယ် ဘုရား) သားရေး၊ သမီးရေး၊ စီးပွားရေးကြောင့် (မေ့မနေကြပါနဲ့ ဘုရား)။

သြော် သားရေး၊ သမီးရေး၊ စီးပွားရေးကြောင့် တော့ မေ့မနေကြနဲ့လို့ မှာထားပြန်တော့ သြော် တော် တော် အရေးကြီးတဲ့ စကားပါ ကလား ဆိုတာ ပေါ်မလာဘူး လား (ပေါ်လာပါတယ် ဘုရား)။

တော်တော် အရေးကြီးတဲ့ စကားဆိုတာ ပေါ်ပြီး သကာလ လာတော့ ဒကာ ဒကာမတွေက မသိတဲ့ ပုဂ္ဂိုလ်က တော်အောင်နေလို့ တော်ပါ့မလား (မတော်ပါ ဘုရား)။

မသိတဲ့ပုဂ္ဂိုလ်က တော်အောင် မနေကြပါနဲ့ဆိုတာ ဘုန်းကြီးတို့က ဘုရား၏ တပည့်သားတွေ ဖြစ်နေတော့ ဒကာ ဒကာမတွေ မှာရပြန်တယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေကတော့ ပိဋကတ်ကလဲ ကျွမ်းကျင် ကြတာ မဟုတ်တော့ကို ကိုယ်က သိထားတာ ကလေးကလဲ နည်းပြီး သကာလ နေပြန်တော့ မသိကြတော့ အရေးကြီးတာကို အရေးကြီး သလို ဆရာသမားက ကောင်းရာကို ညွှန်ပြ ရမယ် ဆိုတဲ့ ဝတ္တရား ရှိတယ် (မှန်ပါ့ ဘုရား)။

မေ့လျော့ပေါ့ဆမနေနဲ့

ဒါကြောင့် “ဈာယထ ဘိက္ခဝေ” ဘိက္ခဝေ- ငါ၏ ချစ်သား တပည့်များတို့၊ ဈာယထ- ဝိပဿနာ အလုပ်ကို ရှုကြကွာ” ဝိပဿနာ အလုပ်ရှု ကြပါပေါ့ဗျာ (မှန်ပါ့) မာ ပမာဒတ္ထ- သားရေး သမီးရေး, စီးပွားရေး ကြောင့် မေ့လျော့ပေါ့ မနေလိုက်ပါနဲ့ (မှန်ပါ့ ဘုရား)။

သားရေး သမီးရေး, စီးပွားရေးကြောင့် ဘာတဲ့ (မေ့လျော့ပေါ့ဆ မနေလိုက်ပါနဲ့ ဘုရား) ဘာလုပ်နေရ မှာတုံး (ဝိပဿနာ ရှုနေရမှာပါ ဘုရား)။

မင်းတို့ ဒီလိုမလုပ်လို့ရှိရင် ဘာဖြစ်မလဲလို့ မေးတဲ့ အခါကျတော့ ပစ္ဆာ – သေရာ ညောင်စောင်း လျောင်းစက်တဲ့ အခါ ကာလကျမှ၊ မင်းတို့သည်တဲ့ ခန္ဓာ ရကတည်းက သေရာညောင်စောင်း လျောင်းစက် ရဦးမှာပဲကွာ၊ ကိုယ့်အိပ်ရာ ခန်းထဲမှာ ကိုယ်သေဖို့ရာ ကိစ္စ ရှိကြသေး သကိုးဗျ (မှန်လှပါ) မရှိကြပေ ဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီ ရှိတဲ့ အခါကျတော့မှ “ဝိပ္ပဋိသာရိနော” သြော် ငါသည် သားရေး သမီးရေး, စီးပွားရေး လိုက်နေတဲ့ အတွက် ငါဖြင့် အခက်ကြီး ခက်ပါပေါ့လားလို့ နှလုံး မသာယာခြင်း ရှိကြကုန်သည်၊ မာ အဟုဝတ္ထ- အဲဒီအချိန်ကျမှ မဖြစ်ကြကုန်လင့်။

သားရေး, သမီးရေး, စီးပွားရေးကြောင့် ဒီအချိန်ကျ မှ မင်းတို့သည် မျက်ရည်ကြီးငယ် မကျကြနဲ့ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဦးခင်မောင် ဒါအရေးမကြီးဘူး လား (ကြီးပါတယ်) ၁၇၉၂-ကြိမ်နော် (မှန်ပါ့ ဘုရား)။

ပိဋကတ်သုံးပုံကို ချုံးလိုက်တဲ့ အခါကျတော့ ပါတာ တွေ “ဈာယထ ဘိက္ခဝေ မာပမာဒတ္ထ” ဆိုတဲ့ မှာလုံးတွေကို စုလိုက်လို့ ရှိရင်ဖြင့် ၁၇၉၂-ကြိမ် တိုင်တိုင် ရှေးဆရာတွေ မှတ်ထား ကြတယ်နော် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ဘုန်းကြီးနဲ့ တကွ အားလုံး သံဃာတော်တွေရော ဒီဒကာ ဒကာမတွေရော သေရာ ညောင်စောင်း သေရာ အိပ်ရာ ကတော့ဖြင့် ကျုပ်တို့ ခင်ဗျားတို့ ကြုံကြ တွေ့ကြရမှာ မလွဲတမ်းပေါ့ဗျာ (မှန် ပါ့ ဘုရား)။

အခုလို ဝိပဿနာ တွေက ရှုမထား၊ ဒါန သီလတွေက ချို့တဲ့၊ ဝိပဿနာ အလုပ်ကလည်း မလုပ်ဘဲ နေပြီ ဆိုမှဖြင့် ကိုယ်တစ်ယောက် တည်း မြင်ရတဲ့ ကိစ္စ လာလိမ့်မတဲ့ ဦးခင်မောင်- (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်သူ မြင်ရမှာတဲ့ (ကိုယ်တစ် ယောက်တည်း မြင်ရမှာပါ ဘုရား)။

ကိုယ်တစ်ယောက်တည်း မြင်ရတဲ့ကိစ္စတွေ လာလိမ့် မယ်လို့ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့မှတ်ရမယ် (မှန် ပါ့ ဘုရား)။

ကိုယ်တစ်ယောက်တည်း မြင်ရတဲ့ ကိစ္စဆိုတော့ ဒကာ ဒကာမတို့ ဘယ်သူ့မှပြောလို့ တိုင်ပင်လို့ အကူအညီ တောင်းလို့ မရတဲ့ကိစ္စ ဆိုလိုတယ် (မှန်ပါ့ ဘုရား)။

သေခါနီးဇောဆိုတာ

တစ်ခါတည်း သေရတော့မယ် ဆိုတော့ မရဏသန္နဇော စောတယ် ဆိုတော့ သေခါနီး ဇော ပေါ့ဗျာ (မှန်ပါ့) အဲဒီ သေခါနီး ဇောသည်ကား လို့ဆိုရင် စောစောကလည်း စော တတ်တယ်၊ သေခါနီး မှာလည်း စောတတ်တယ်လို့ အဋ္ဌ ကထာ ဆရာများ နှစ်မျိုး ပြထားတာ ရှိတယ် (မှန်ပါ့)။

အဲဒီ သေခါနီးဇောက ကိုယ်က သားရေး သမီးရေး, စီးပွားရေးကြောင့် ဝိပဿနာ အလုပ်ကြီး အမေ့ကြီး မေ့ပြီး သကာလ သား လူလား မြောက်ဖို့ သမီး အိမ်ထောင် နေရာချ ထားရေး ဒါတွေသာ အရေးစိုက်ပြီး သကာလ ထိုက်တန်တဲ့ ပုဂ္ဂိုလ်နဲ့ အိမ်ထောင်ကျဖို့ ဒါတွေသာ လှအောင် ဝအောင် ရွက်ဆောင်ပြီး နေကြမယ် ဆိုလို့ ရှိရင်ဖြင့် ဝိပဿနာ အလုပ်က ချို့တဲ့ ပါတယ် (မှန်ပါ့ ဘုရား) မချို့တဲ့ ကြဘူးလား (ချို့တဲ့ပါ တယ် ဘုရား)။

ငရဲသွားရမည့်ပုဂ္ဂိုလ်

အဲဒီကဲ့သို့ ချို့တဲ့တဲ့ အခါကျတော့မှ ကိုယ်ကလည်း မနေသာ သေရွာ သွားရတဲ့ ကိစ္စကြီး ကလည်း ကြုံလာ ရတယ် နော် (မှန်ပါ့)။

ကြုံလာတဲ့ အခါကျတော့ ဗြုန်းခနဲကလည်း မသေ သေးတော့ ဦးခင်မောင်ရေ ခွေးနက်ကြီးတွေ မြင်လာတတ် တယ် (မှန်ပါ့) ခွေးနက်ကြီးတွေ မြင်လာတော့မှ သြော် ငါသည် ကားလို့ဆိုရင် တိရစ္ဆာန်ဘုံ သွားရတော့မယ်၊ တစ်နည်း အားဖြင့်လည်း ငရဲ သွားရတော့မယ်၊ ငါသည် သားရေး သမီးရေး စီးပွားရေးနဲ့ အချိန် ဖြုန်းခဲ့တာတွေ အခုဖြင့် ကိုယ်ကျိုး နည်းပါပေါ့ ကလား၊ ငါသွား ရမည့် လမ်းက လမ်းဆိုးကြီးနဲ့ လမ်းကြမ်းကြီး ပါကလား ဆိုတာ ပေါ်လာ တယ် (မှန်ပါ့ ဘုရား)။

သေပလား ဒီအချိန်မှာ (မသေသေးပါ ဘုရား) သြော် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခုဖြီးလိမ်း ပြုပြင် ဆင်ယင် ပြီး သကာလ စီးပွားတွေ တိုးတက် နေကြတာတွေ၊ ဆရာ သမားတွေနဲ့ တကွ အားလုံး သံဃာတွေက ဝမ်းသာ ကြပါ တယ်တဲ့၊ ပေးနိုင်ကြတယ်၊ ကမ်းနိုင်ကြတယ်၊ လှူနိုင် ကြတယ်။ လှူနိုင်ရင် သာသနာကြီး ကြီးပွားတယ်ဆိုတာ ဝမ်းသာကြငြား သော်လည်း လိုရင်း အလုပ် ဟာနေတော့ ကိုယ့်အတွက်မှာလည်း ဒကာ ဒကာမတို့ မျက်ရည်ကြီးငယ်မကျရဘူးလား (ကျရပါတယ် ဘုရား)၊ သေခါနီးမှနော် (မှန်ပါ့) သေခါနီးမှ မရဏာသန္နဇောတွေ စောလာတော့မှ ခွေးနက်ကြီးတွေ မြင် ငရဲအိုးကြီး တွေကလည်း တပွက်ပွက်ဆူပြီး ငရဲမီးတွေက တဟုန်းဟုန်းတောက်၊ ဒါ ငရဲသွားမှာ နိမိတ်မြင်လာ တယ် (မှန်ပါ့)။

ကိုမြရွှေ သေပလားဗျာ (မသေသေးပါ ဘုရား) ဒကာ ဒကာမတို့ မသေခင် မြင်ရတဲ့ အလုပ် နော် (မှန်ပါ့)။

စဉ်းစား နားထောင်ကြပါ ဒကာ ဒကာမတို့ အခု ပျော်သလောက် မျက်ရည်ကျရမှာ စိုးရိမ် လွန်းလို့ ဆရာဘုန်း ကြီး ပြောနေတယ်ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

အခု သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ပျော်သလောက် နောက်ဆုံးပိတ် မျက်ရည် ကျမှာစိုးလို့ လုပ်သင့်တဲ့ အလုပ် လုပ်ထား ပါဆိုတာ တိုက်တွန်း ချင်လွန်းလို့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက လည်းဟော, ဘုန်းကြီး တို့ကလည်း ဖြည့်စွက် ပြီးပြော (မှန်ပါ့)။

ပြိတ္တာဘုံသွားရမည့်ပုဂ္ဂိုလ်

တစ်ခါတည်း ပြိတ္တာဘုံသွားမည့် ပုဂ္ဂိုလ်ကျတော့ သေခါနီးမှာပဲ တောင်ကြီးတွေ ချောက်ကြီး ကြားကြီး တွေမြင် လာတယ် (မှန်ပါ့ ဘုရား)။

မောင်ကို ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား) ဒီအချိန်ကျတော့မှ ကိုယ်မှားခဲ့တာကော မသိဘူးလား (သိပါတယ် ဘုရား)။

ဪ ငါအနေဆိုးနေလို့အသေဆိုးနှင့်တွေ့ ပေါ့ (မှန်ပါ့ ဘုရား) အနေဆိုးနေခဲ့လို့ ဘာတုံး (အသေဆိုး တွေ့ရပါတော့မယ် ဘုရား)။

ဒကာ ဒကာမတို့အားလုံးပဲနော် အင်မတန် အရေးကြီးတယ်လို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီး ၁၇၉၂ကြိမ် တိုင်တိုင် ပိဋကတ် သုံးပုံ စုလိုက်တဲ့အခါ ဒါတွေ မှာတဲ့ ဥစ္စာ ဒကာသစ်တို့ သာမည အရေးလို့ဆိုကြမလားဗျာ (မဆိုပါ ဘုရား)။

မဆိုကြပါနဲ့ တဲ့ ဒကာ ဒကာမတို့ အင်မတန် အရေးကြီးပါတယ် ဆိုတာဖြင့် ပေါ်လာ ကြပါပြီနော် (မှန်ပါ့ ဘုရား) အဲ ငရဲသွားမည့် ပုဂ္ဂိုလ်ဖြင့် ငရဲမီးတွေ ငရဲအိုး ကြီးတွေ မသေခင်က မြင်ရပါတယ် (မှန်ပါ့)။

တိရစ္ဆာန်ဘုံသွားမည့်ပုဂ္ဂိုလ်

တိရစ္ဆာန် ဘုံသွားမည့် ပုဂ္ဂိုလ်ဖြင့်လည်း တိရစ္ဆာန်တို့ ၏ သွားပုံ လာပုံ အမူအရာတွေ တောတွေ တောင်တွေ မြင်ရ လို့၊ ပြိတ္တာဘုံ သွားမည့် ပုဂ္ဂိုလ်ဖြစ်ရင် ချောက်ကြီးတွေ ကြားကြီးတွေ မြင်ရလို့၊ နတ်ပြည် သွားမည့် ပုဂ္ဂိုလ်ဖြစ်လည်း ဒကာ ဒကာမတို့ နတ်သမီး ဗိမာန်၊ ပဒေသာပင် ကြီးတွေမြင်ရလို့ နော် (မှန်ပါ့)။

သို့သော် အသာထားပါဦး တဲ့ ကိုယ့်အရေးက အပါယ်လေးပါးသွားဖို့ နိမိတ်တွေက မြင်ပြီး သကာလ လာတော့ ကိုယ်ကလည်း သေရတော့မှာ၊ ဒီတောင်ကလည်း မတက်နိုင်၊ မြင်ရတာကလည်း မကောင်း ဆိုတော့ ပက်လက် ကလေးလှန်ပြီး မျက်ရည်တွေဟာ ဟိုဘက် ဒီဘက် စီးကျလာတယ် (မှန်ပါ့ ဘုရား)။

အလကား စီးကျတာလား တဲ့ ကိုယ်ကျိုးနည်း ပေါ့လို့ ဝမ်းနည်း တာလား(ကိုယ်ကျိုး နည်းပေါ့ လို့ ဝမ်းနည်းတာပါ ဘုရား)။ ကြောက်စရာ ကောင်းလိုက်တာ ဒကာ ဒကာမတို့ (မှန်ပါ့ ကောင်းပါတယ် ဘုရား)။

ခြောက်လှန့်နေတာမဟုတ်

အင်မတန် အရေးကြီးလို့ ဆရာသမားလည်း ကူညီ ဆုံးမ နေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဒါ ခင်ဗျားတို့ကို ခြောက်နေတဲ့ စကားလို့ ဒီလို မယူနဲ့ (မှန်ပါ့ ဘုရား)။

၁၇၉၂-ကြိမ် ဆိုတော့ ဦးခင်မောင် ခြောက်တာလား (မဟုတ်ပါ ဘုရား)။

ဟာ တို့ဆရာဘုန်းကြီးက တို့ကို ဝိပဿနာ အား ထုတ်စေချင်လွန်းလို့ သံဃာတွေ လှူဒါန်း ပေးကမ်း တာကို ပေးကမ်း စေချင်လွန်းလို့ ဒီလို ပြောနေတယ်လို့ ဒီ အခြေအနေ မပါနဲ့ (မှန်ပါ့) ဘုရား ကိုယ်တော်တိုင် ဟောလို့ ဆရာ ဘုန်းကြီး တစ်ဆင့် ပြောတယ်လို့ ဆိုတာသာ မှတ်လိုက်ပါတော့ (မှန်ပါ့ ဘုရား)။

ဘုရားကိုယ်တော်တိုင်ဟောခဲ့တာ

ဘုရား ကိုယ်တော်တိုင် ဟောတဲ့အတွက် (ဆရာဘုန်း ကြီးက တစ်ဆင့် ပြောပါတယ် ဘုရား)။

ဆရာဘုန်းကြီးက တစ်ဆင့်ပြောတဲ့ ကိစ္စကိုသာ သေသေချာချာ မှတ်ကြပါတော့ ဆိုတဲ့ဥစ္စာ ပြောရတယ်နော်။ (မှန်ပါ့ ဘုရား)။ ဒကာဝရေ ဘယ်အချိန်ကျမှ မျက်ရည်ကျ ပါလိမ့် (သေခါနီးကျမှ မျက်ရည်ကျပါတယ် ဘုရား)။

ဒါပြီးတော့ သေရတော့မယ်နော် (မှန်ပါ့) တစ်ခါတည်း ခေါင်းအုံးပေါ် မျက်ဖြူ ကလည်းဆိုက်၊ ဒကာ ဒကာမတွေ မျက်ရည်တွေက လည်းကျ၊ ဝမ်းကလည်း နည်းလိုက်တာ လွန်းလို့ပေါ့ဗျာ (မှန်ပါ့)။ ဝမ်းနည်း လိုက်တာလည်း လွန်လို့၊ ဘာ့ကြောင့် သူ နည်းပါလိမ့်မလဲ မေးတော့လည်း ပြောချိန်က မရှိဘူး (မှန်ပါ့) ပြောချိန်က ဘယ့်နှယ် ဖြစ်နေသလဲ (မရှိတော့ ပါ ဘုရား)။

သြော် ငါသည် သားကိစ္စ၊ သမီးကိစ္စ၊ ခင်ပွန်း ကိစ္စတွေနဲ့ လူ့ကိစ္စတွေ လိုက်ပြီး သကာလ နေတဲ့ အတွက် ငါသည် ကိုယ်ရေး ကိုယ်တာ ဖြစ်တဲ့ အသေဖြောင့်တဲ့ အလုပ် မလုပ်မိဘဲနဲ့ အနေဆိုး နေခဲ့လို့ ငါ့မှာဖြင့် သွားရမည့် လမ်းက ဖြင့် အသေဆိုး သေပြီး သကာလ နောက်ဖြစ်ရမည့် လမ်းမကြီး ကဖြင့် ကိုယ်ကျိုး နည်းပေါ့ (မှန်ပါ့ ဘုရား)။

ဒါ ဘယ်ပုဂ္ဂိုလ်မှာ ဖြစ်တာပါလိမ့် ဒကာ ဒကာမတို့ (သေကာနီး ပုဂ္ဂိုလ် ဖြစ်ပါတယ်) သေကာနီး ပုဂ္ဂိုလ်မှာ ဖြစ်ပါ တယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ ဘယ်ပုဂ္ဂိုလ် ဖြစ်ပါလိမ့် (သေကာနီး ပုဂ္ဂိုလ်မှာ ဖြစ်ပါတယ် ဘုရား)။

အဲ့ဒါကြောင့် မျက်ရည်တွေကျ၊ ခြေထောက်တွေက ဟိုကန် ဒီကန် တစ်ချို့လည်း အသံကလေး ထွက်ပြီး သကာလ မကယ်နိုင် ကြတော့ဘူးလား၊ မယူနိုင် ကြတော့ဘူးလား ဆိုတာ ဦးခင်မောင် လာသေးသဗျ (မှန်ပါ့ ဘုရား)။

ဒါ ဘယ်အချိန် လာတာပါလိမ့် (သေကာနီးမှာပါ ဘုရား) ကိုင်း ဘယ်လိုနေခဲ့လို့ ဘယ်လို နိမိတ်တွေ ထင်ပါ လိမ့်မတုံး ဆိုတော့ ဆရာသမားတွေ ပြောကြားတဲ့ စကား နားမထောင်ဘဲနဲ့ အနေဆိုး နေခဲ့တဲ့အတွက် အသေဆိုးဖြင့် ကြုံကြပြီ (မှန်လှပါ ဘုရား)။

အနေဆိုး နေခဲ့တဲ့အတွက် (အသေဆိုးဖြင့် ကြုံကြပါပြီ) ကိုင်း ဒကာ ဒကာမတို့ ခုအချိန်ဟာ ကျုပ်တို့ ကယ်နိုင်, ယူနိုင်တဲ့ အချိန် ဆိုတာကော သဘော ကျကြပလား (ကျပါပြီ ဘုရား)။

ကယ်နိုင်တုန်း ကိုယ့်ကိုယ်ကယ်ကြပါ

ကယ်နိုင်, ယူနိုင်တုန်းက ကိုယ့်ကိုယ်ကိုယ် ကယ်ကြ ပါ (မှန်ပါ့ ဘုရား) ဘယ်လိုမှာပါလိမ့် (ကိုယ့်ကိုယ် ကိုယ် ကယ်ကြပါ ဘုရား)။

သူများကယ်ရမှာလား ကိုယ့်ကိုယ်ကိုယ် ကယ် ရမှာလား (ကိုယ့်ကိုယ်ကိုယ် ကယ်ရမှာပါ ဘုရား)။

ဪ ခင်ဗျားတို့က ချော်လဲမှာစိုးတဲ့ အခါကျ တော့ ခြေထောက် ကလေးတွေ တွန့်ပြီး၊ မြန်မြန်များ ပြန်ဆုတ် လိုက်သေးတယ် (မှန်ပါ့)၊ ဒါ ကိုယ့်ကိုယ်ကိုယ် ကယ် တာကိုးဗျ (မှန်ပါ့)။

လမ်းမှာ ကင်းကလေး, ဘာကလေး တွေ့တဲ့ အခါကျ တော့ ကိုယ့်ကိုယ်ကိုယ် ကယ်တာ ဖျတ်ခနဲ ခုန်သွား လိုက်တယ် (မှန်လှပါ ဘုရား)။

အို အဲဒီ အကယ်တွေက ကိုယ့်ကိုယ်ကိုယ် ကယ် တာ မဟုတ်သေးပါဘူး ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ အဲဒါ ကိုယ့်ကိုယ်ကိုယ် ကယ်တင် လိုက်ရ တယ်ဆိုတဲ့ အဓိပ္ပါယ် ခင်ဗျားတို့ ရှင်းပါတယ်၊ အဲဒါ ကတော့နော် (မှန်ပါ့) ချောလဲမယ် ဆိုတော့ ခြေထောက် ကလေး ဆွဲရရင် တစ်ခါတည်း ဆွဲမထုတ် ကြဘူးလား (ဆွဲထုတ် ပါတယ် ဘုရား)

တိမ်းစောင်း သွားမယ်ဆိုရင် ကပျာကယာ မတည့် ကြဘူးလား (တည့်ပါတယ် ဘုရား)။

ဒါ ဘယ်သူ့ ကယ်တာပါလိမ့် (ကိုယ့်ကိုယ်ကိုယ် ကယ်တာပါ ဘုရား) အဲဒီ အကယ်က ဒီခန္ဓာကြီး ကယ်တော့ ကယ်တာပဲတဲ့၊ မလဲ, မကွဲအောင်သာ ကယ်တာလား အပါယ် မသွားဖို့ အတွက် ကယ်ဆယ်တာ ဟုတ်ပါရဲ့ လား (မဟုတ်ပါ ဘုရား)။

မလဲ, မကွဲအောင်သာ ကယ်ဆယ်တာ ဦးခင်မောင် ရေ (မှန်ပါ) တကယ်ချစ်ရာ ရောက်သေးရဲ့ လား (မရောက်ပါ ဘုရား)။

ဝိပဿနာရှုရလိမ့်မယ်

ယခု ဘုန်းကြီးနဲ့တကွ ဘုရားသခင် ကိုယ်တော်မြတ် ကြီး ဟောတော်မူတာကဖြင့် ကိုယ့်ကိုယ်ကို ဒီအချိန်က စ, ကယ်ပါ၊ မလဲ, မကွဲတဲ့ အချိန်က စပြီး သကာလ ကယ်ပါ၊ ဟို အကယ်က အကယ် မဟုတ်ပါဘူးနော် (မှန်ပါ့)။

ကဲ ဒါဖြင့်ဘာလုပ်ကြမလဲဆိုတော့ ခန္ဓာကိုယ် ဝိပဿနာရှုရလိမ့်မယ် (မှန်ပါ့ ဘုရား)။

“ဈာယထ ဘိက္ခဝေ မာ ပမာဒတ္ထ” ဘိက္ခဝေ=ရဟန်း တို့၊ ဈာယထ = ဝိပဿနာရှုကြကွ၊ မာ ပမာဒတ္ထ- သား ရေး သမီးရေး စီးပွားရေးကြောင့် မေ့မနေနဲ့ ဆိုတဲ့ ဥစ္စာ သေသေချာချာ မမှာဘူးလား (မှာပါတယ် ဘုရား)။

ပစ္ဆာ = သေရာညောင်စောင်း လျောင်းစက်တဲ့ အခါ ကာလကျမှ၊ ဝိပ္ပဋိသာရိနော-ခွေးနက် ကြီးတွေမြင်၊ ငရဲမီး ငရဲအိုးတွေ မြင်တော့ သြော် ငါမှားခြင်းကြီး မှားခဲ့ပြီလို့ နှလုံး မသာယာခြင်း ရှိကြ ကုန်သည်၊ မာ အဟုဝတ္ထ- အဲဒီ အချိန်ကျမှ မကယ်နိုင်, မယူနိုင်တဲ့ အချိန်ကျမှ မဖြစ်ကြပါစေ လင့်။

ဘုရားမှာတာနော် (မှန်ပါ့ ဘုရား) ဘုန်းကြီးက တစ်ဆင့်ပြောတာပါ (မှန်ပါ့)။

ဘယ်နှစ်ကြိမ်မှာပါလိမ့်

အကြိမ်ပေါင်း ဘယ်လောက် မှာပါလိမ့် (၁၇၉၂ ကြိမ်ပါ ဘုရား) အို ဒကာ ဒကာမတို့ တကယ် သနားတဲ့ ကိုယ်တော်ကြီး မဟာကရုဏာ ရှင်ကြီး ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါ ကျုပ်တို့က သူ့ကရုဏာ အသာထားစမ်းပါ။ ကျုပ်တို့ ကိစ္စမပြီးသေးလို့ တို့ကိုယ်တော် မြတ်ကြီးကို ခင်ဗျားတို့က တော်လှန်ချင်သေးလား (မတော်လှန်ချင် ပါ ဘုရား)။

မလုပ်ကြပါနဲ့ မလုပ်ကြပါနဲ့၊ မတော်ဘူး၊ သူဟာ နိဗ္ဗာန် ဝင်တာ တောင်မှ ကိုယ်တော်ကြီးဟာ ဝမ်းလျှောတဲ့ ဝေဒနာတွေ ခံစားပြီး ညည်းတော်မူတဲ့ ကိစ္စဆိုတာ ဘာမှ မလာဘူး (မှန်ပါ့ ဘုရား)။

တစ်ခါတည်း နိဗ္ဗာန်ဝင်ရတော့မယ် ဆိုတော့ ဒီခန္ဓာ ဝန်ချပြီး ဟိုခန္ဓာဝန် မရတဲ့ အတွက် ပြုံးတော်မူပြီး နိဗ္ဗာန်ဝင် သွားတယ် (မှန်ပါ့ ဘုရား)။ က သူ့ကိစ္စပြီးနေပြီ (မှန်ပါ့) ၁၇၉၂ ကြိမ်ဆိုတာ သူများ ကိစ္စပြောခဲ့တာ (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခြောက် လှန့် ဟောတဲ့ တရားလည်း မဟုတ်ပါဘူး (မှန်ပါ့)။

အမှန် အကန်ပြောတဲ့ တရားလည်းဖြစ်နေတော့ ပြောရမည့် ဆရာသမား လည်းဖြစ်, နားထောင် တတ်တဲ့ ဒကာ ဒကာမတွေလည်းဖြစ်လိမ့်မယ်လို့ ဘုန်းကြီးလည်း ယုံကြည်ပြီး ပြောတာပဲ (မှန်လှပါ ဘုရား)။

အဲဒါ ခင်ဗျားတို့က ကြက်တွန့်တက်ပြီး သကာလ အနေဆိုးနေကြဦးမယ်ဆိုရင်ဖြင့် ကိုယ့်ကိုယ် ကိုယ်မှ မကယ် တဲ့ ပုဂ္ဂိုလ်တွေပဲ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ကိုယ့်ကိုယ်ကိုယ် မှ မကယ်တဲ့ပုဂ္ဂိုလ်တွေပါ ဘုရား)။

အံမာလေး ကိုယ့်ကိုယ်မှ မကယ်တဲ့ပုဂ္ဂိုလ်ဖြင့် သားကယ်ချင်ပါတယ်၊ သမီးကယ်ချင်ပါတယ်၊ သားအတွက် တိုက်တည်ချင်ပါတယ်၊ ကားဝယ်ပေးချင် ပါတယ် ဆိုတာ လောကွတ်ပါပဲ၊ ကိုယ့်ကိုယ်မှ သူ သူမကယ်နိုင်တဲ့ ပုဂ္ဂိုလ် ဟို အနတ္တကြီး သူက ကိုယ်ပိုင် လုပ်ချင်လို့ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။

အဲဒါကြောင့် မောင်ကိုတို့ ဘယ်သူ့အရင် ကယ်ရ မတုံးဟေ့ (ကိုယ့်ကိုယ်ကို အရင် ကယ်ရ ပါမယ် ဘုရား)။

အဲ ကိုယ့်ကိုယ်ကို ကယ်ပြီး သကာလ အရင်လုပ် ကြပါဆိုတာကို ဒကာ ဒကာမတို့ ခေါင်းအုံး ပေါ် မျက်ရည် စီးကျတဲ့ အခြေအနေ မရောက် ပါစေနဲ့ ဆိုတဲ့ အဓိပ္ပာယ် ရှင်းပြပါတယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

“အယံ ဝေါ အမှာကံ အနုသာသနီ”

အယံ- ဤငါပြောခဲ့တဲ့ မသေခင်က ဝိပဿနာရှု၊ သေကာနီးမှ မျက်ရည် ကြီးငယ် ကျပြီး ဝမ်းနည်းတဲ့ ကိစ္စကို မလုပ်ကြနဲ့ ဆိုတဲ့ စကားသည်၊ ဝေါ တုမှာကံ- သင်ချစ်သားတို့ အား၊ အမှာကံ-ငါဘုရားတို့၏၊ အနုသာသနီ- ကြီးကျယ် လှစွာသော အဆုံးအမ အစစ်ကြီး ပါပေတည်း ဟု ဘုရားက မှာတော်မူတယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘာလုပ်ရမှာပါလိမ့် (ဝိပဿနာ လုပ်ရမှာပါ ဘုရား) မလုပ်ဘဲနေရင် သေကာနီး မျက်ရည်ကျ ရလိမ့်မယ် (မှန်ပါ့)။

မလုပ်ဘဲနေကြရင် (သေကာနီး မျက်ရည်ကျရ ပါလိမ့်မယ် ဘုရား) မျက်ရည်ကျ ရလိမ့်မယ် ဆိုတော့ ကောင်း ကြသေးရဲ့လား (မကောင်းပါ ဘုရား)။

ကယ်နိုင်တဲ့အချိန်, ယူနိုင်တဲ့ အချိန်ကော ရှိသေးရဲ့ လား (မရှိပါ ဘုရား) အင်မတန်နည်း သွားပြီနော် (မှန်ပါ့)။

ကယ်နိုင်-ယူနိုင်တဲ့ ပုဂ္ဂိုလ်နဲ့တွေ့ဖို့ အဲဒီအချိန် ကျတော့ အင်မတန်နည်း မသွားဘူးလား (နည်းပါတယ် ဘုရား)။

အေး ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ဒီစကားကို အကြိမ်ပေါင်း ၁၇၉၂-ကြိမ်တိုင်တိုင် မှာတယ် ဆိုတာ ဦးခင်မောင် ကျုပ်တို့ အရေးပါ၊ သူ့အရေးက တစ်ပဲသားမှ မပါပါဘူး (မပါပါ ဘုရား)။

ကိုမြရွှေတို့ သူများ အရေးပါသေးသလား (မပါပါ ဘုရား)။ ဦးဇံရင်ရေ ကျုပ်တို့အရေး သက်သက်နော် (မှန်ပါ့) ဘုရား)။ ဘယ်သူ့အရေးပါလိမ့် (တပည့်တော်တို့ အရေး သက်သက်ပါ ဘုရား)။

ဝေနေယျ သတ္တဝါတွေ သနားတော်မူတဲ့ အရေး သက်သက်ပါပဲ (မှန်ပါ့)။ ဒကာဝ ဘယ်သူ့ အရေး ပါလိမ့် (ဝေနေယျ သတ္တဝါတွေ အရေးပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခုနစ်ရက် တစ်ပတ်လိုလို ဒါကလေး သတိပေး ရတာကလည်း ဦးခင်မောင် မပေးရင် မတော်လို့နော် (မှန်ပါ့) ကဲ-သဘော ပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် သားရေး သမီးရေး စီးပွားရေးကြောင့် အချိန် တွေ မဖြုန်းဘဲနဲ့ အင်း အလုပ်ချိန် တော့လည်း လုပ်တာ ပေါ့ဗျာ (မှန်ပါ့)။

ကိုယ့်ကိုယ်ကို ကယ်တင်တဲ့အရေး

သူ့ကိစ္စနဲ့ချည့် အချိန်တွေ မသုံးဘဲနဲ့ ကိုယ့်ကိစ္စ ကိုယ့် ကိုယ်ကို ကယ်တင်တဲ့ အရေး ကိုယ့်အရေး ထားပြီး လုပ်လိုက် စမ်းပါ (မှန်ပါ့ ဘုရား)။

ကိုယ့်ကိုယ်ကို ကယ်တင်တဲ့အရေးကို (ကိုယ့်အရေး ထားပြီး လုပ်လိုက်စမ်းပါ)။

ကိုယ့်အရေးထားပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လုပ်လိုက်စမ်းပါ၊ ပြောလိုက်တယ်နော် (မှန်ပါ့)။

ကဲ ဒါ သဘောပါကြလို့ ဒကာ ဒကာမတွေ လုပ် ပါတော့မယ်ဆိုတဲ့ ကတိကိုဖြင့် ခင်ဗျားတို့ ဝမ်းထဲမှာ ထားကြ ပါတော့ (မှန်ပါ့)။

ဘာ့ကြောင့်တုံးလို့မေးတော့ ကိုယ့်ကိုယ်ကို ကယ်တင် တဲ့အလုပ်ဖြစ်နေလို့ (မှန်ပါ့ ဘုရား) ဦးခင်မောင် ဘာတဲ့ (ကိုယ့်ကိုယ်ကို ကယ်တင်တဲ့အလုပ် ဖြစ်နေပါ တယ် ဘုရား)။

သားရေး၊ သမီးရေး၊ စီးပွားရေးဆိုတာ သူများကို ထောက်ပံ့ကူညီတာ (မှန်ပါ့) ကိုယ့်ကိုယ်ကို ပစ်ထား တယ် (မှန်လှပါ ဘုရား)။

အခု ဆရာဘုန်းကြီးနဲ့တကွ ဘုရား ဟောတော် မူတာကတော့ ဒကာ ဒကာမတို့ ဘယ်သူ့ ကယ်တင်တာပါလိမ့် (ကိုယ့်ကိုယ်ကို ကယ်တင်တာပါ ဘုရား)။

ဒါ့ကြောင့် “ဈာယထ ဘိက္ခဝေ မာ ပမာဒတ္ထ” ဝိပဿနာ ရှုကြဟေ့- ဝိပဿနာရှုကြဟေ့ ဆိုတာ ကိုယ့်ကိုယ်ကို ကိုယ်ရှု ကြ ကိုယ့်ကိုယ်ကို ကယ်တင်ကြပါဆိုတဲ့အကြောင်းကို လေး စားစွာနဲ့ ကိုယ်တော် မြတ်ကြီး အကြိမ်ပေါင်း ၁၇၉၂-ကြိမ် တိုင်တိုင် မှာလိုက်တဲ့ ဥစ္စာ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေက ပေါ့ပေါ့ တန်တန် စကားရယ်လို့ မယူ လိုက်ကြပါနဲ့ ဆိုတာ အထူးပဲ သတိပေး ပါတယ် (မှန်ပါ့) မပေးသင့်ဘူးလား (ပေးသင့် ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် လုပ်ပါတော့မယ် ဆိုတော့ သြော် ဘယ့်နှယ်ကြောင့် ဒကာ ဒကာမတွေ သည်ကား လို့ဆိုရင် ဘုရား ဘယ့်နှယ်ကြောင့် မှာပါလိမ့်မတုံး ဆိုတော့ အကိုး ကလေး တစ်ခုပြလိုက်မယ်နော် (မှန်ပါ့)။

အကိုးကလေး တစ်ခုပြလိုက်တော့ ပရိဗိုဇ် ရဟန်း , တွေက မေးတယ် ရှင်သာရိပုတ္တရာကို၊ ရှင်သာရိပုတ္တရာ အရှင်ဘုရား ကတော့ ပညာအရာမှာ ဘုရားအောက် တစ်ယောက်သာ ရှိတယ်လို့ ဘုရားကလည်း ဗျာဒိတ် ပေးထား တယ်၊ အဲဒီတော့ အရှင်ဘုရား သုခနဲ့ ဒုက္ခကိုဖြင့် ပြောစမ်းပါ ဘုရားလို့ သုခနဲ့ ဒုက္ခ ဆိုတာ ရှင်းပြစမ်းပါဦးလို့ ပရိဗိုဇ်က မေးတယ်နော် (မှန်ပါ့)။

အဲဒီအခါကျလို့ရှိရင်ဖြင့် ဘုရားသခင် ကိုယ်တော် မြတ်ကြီးက “အဘိနိဗ္ဗတ္တိ ဒုက္ခံ အဘိနိဗ္ဗတ္တိ-နောက်တဖန် ပဋိသန္ဓေ နေခြင်းဟာဖြင့် နောက်တစ်ဖန် ဖြစ်ပေါ်ရ ခြင်းဟာ၊ ဒုက္ခံ – ဒုက္ခပဲကွာ (မှန်ပါ့ ဘုရား) “အနဘိနိဗ္ဗတ္တိ” နောင်တစ်ဖန် မဖြစ်ရခြင်း သည်လည်း၊ သုခံ- သုခပဲ။

နောင်တဖန်ပြန်မဖြစ်ရရင်သုခ

ဒကာ ဒကာမတွေ ဖြေပုံ သိပ်ရှင်းတယ် (မှန်ပါ့) ပုံ သိပ်ရှင်းတယ် ဒကာ ဒကာမတို့ (မှန်ပါ့-ရှင်းပါ တယ် ဘုရား)။

နောင်တစ်ဖန် ပြန်ဖြစ်ရရင် (ဒုက္ခပါ ဘုရား) နောင်တစ်ဖန် ပြန်မဖြစ်ရရင် (သုခပါ ဘုရား)။

ဪ ဒါဖြင့် ပရိဗိုဇ်ရဟန်းကို မေးလို့ ရှင်သာရိ ပုတ္တရာက ဖြေလိုက်တာတဲ့ အဘိနိဗ္ဗတ္တိ-တစ်ဖန် ဖြစ်ရ ခြင်းသည်လည်း၊ ဒုက္ခံ- ဒုက္ခပဲကွ၊ အနဘိနိဗ္ဗတ္တိ- တစ်ဖန် မဖြစ် ရခြင်းသည်လည်း၊ သုခံ- သုခပဲလို့ ရှင်သာရိပုတ္တရာက ဒုက္ခနဲ့ သုခကို ဒကာဝ အကျဉ်းအားဖြင့် ဖြေလိုက်တာ တယ်မိ ပါကလား (မိပါတယ် ဘုရား)။

နောင်တစ်ဖန် ပဋိသန္ဓေ နေရရင် (ဒုက္ခပါ ဘုရား) နောင် တစ်ဖန် ပဋိသန္ဓေမနေရရင် (သုခပါ ဘုရား)။

ဪ ဒါဖြင့် ဒီစကားနှစ်လုံးဟာ ဒကာ ဒကာမ တို့ အရေးကြီးသလောက်ပဲ တိုပင်တိုငြား သော်လည်း အဖိုးမှာ မဖြတ်နိုင်အောင် တန်တယ် ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ် (မှန်ပါ့) မရောက်ကြဘူးလား (ရောက်ပါတယ် ဘုရား)။

နောင်တစ်ဖန် ပဋိသန္ဓေနေရရင် (ဒုက္ခပါ ဘုရား) နောင်တစ်ဖန် ပဋိသန္ဓေမနေရရင် (သုခပါ ဘုရား)။

အဲဒါဖြင့် အကျယ်ပဲ ပြောစမ်းပါဦး ဘုရား၊ အရှင် ဘုရား ကျဉ်းလွန်း လှပါတယ်လို့ ပရိဗိုဇ်က မေးတဲ့အခါ နောင် တစ်ဖန် ပဋိသန္ဓေ နေရလို့ ရှိရင်ကွာတဲ့ ကျင်ကြီး၊ ကျင်ငယ် စွန့်တဲ့ ကိစ္စတွေ၊ အိုရ နာရ သေရမည့် ကိစ္စတွေ၊ သားသမီး ပေါများမည့် ကိစ္စတွေ၊ သုသာန်ထဲကို ကိုယ့်အသုဘ ဆိုပြီး သကာလ ထုတ်မည့် ကိစ္စတွေ၊ ကျင်ကြီး၊ ကျင်ငယ် ကိစ္စတွေ ကော ရှုပ်ပွေပြီး သကာလ နောက် ဘယ်ဂတိ လားရမှန်း မသိတဲ့ ကိစ္စတွေ ဒကာ ဒကာမတွေ အားကြီး ရှုပ်သွားမယ် (မှန်ပါ့)မရှုပ်ဘူးလား (ရှုပ်ပါတယ် ဘုရား) နောင်တစ်ဖန် ပဋိသန္ဓေ နေရရင်လေ (မှန်ပါ့)။

အဲဒီတော့ နောင်တစ်ဖန် ပဋိသန္ဓေ နေလို့ရှိရင် အပူနဲ့လည်း တွေ့ရမယ်၊ အအေးနဲ့လည်း (တွေ့ရပါ မယ် ဘုရား) နေသံ၊ လေသံတွေနဲ့ကော (တွေ့ရပါမယ် ဘုရား)။

၉၆-ပါး ရောဂါတွေနဲ့ကော (တွေ့ရပါမယ် ဘုရား) အဲ – တွေ့ရတဲ့အခါကျလို့ရှိရင် မသာ အစစ်ကြီးနဲ့ ကော (တွေ့ရပါမယ် ဘုရား)။

ကဲ ဒကာ ဒကာမတို့ နောင်တစ်ဖန်ဖြစ်ရတဲ့ ဆင်းရဲဟာ ရေတွက်လို့မဆုံးနိုင်စရာ မြင်သေးရဲ့ လား (မမြင်ပါ ဘုရား)။

အဲဒါကြောင့် နောင်တစ်ဖန် ဖြစ်ရတာ ဘာတဲ့ (ဒုက္ခပါ ဘုရား) နောင်တစ်ဖန် မဖြစ်ရတာ ဘာဆိုကြမယ် (သုခပါ ဘုရား)။

နောင်တစ်ဖန်မဖြစ်ရတဲ့အလုပ်

အဲဒါကြောင့် ဘုန်းကြီးများက ဒကာ ဒကာမတို့ နောင်တစ်ဖန် မဖြစ်ရတဲ့အလုပ်ကို လုပ်ကြပါ ဆိုတာကို လည်း ဒီပါဠိတော်ကြီး၊ ဒသကနိပါတ် အင်္ဂုတ္တိုရ်မှာ လာတဲ့ အတိုင်း ဒကာ ဒကာမတို့အား ဘုန်းကြီးများက ဟောရ ပါတယ်တဲ့၊ လမ်းမသိလို့ ပြောရပါတယ်နော် (မှန်ပါ့)။

ဟောရတယ် ပြောရတယ်ဆိုတာ လမ်းမသိတဲ့ ပုဂ္ဂိုလ်တွေ ပြတာပါပဲ (မှန်ပါ့ ဘုရား)။

နောင်တစ်ဖန် ဖြစ်ရရင် ဘာတဲ့ (ဒုက္ခပါ ဘုရား) နောင်တစ်ဖန် မဖြစ်ရရင်ဖြင့် (သုခပါ ဘုရား) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် တပည့်တော်တို့ အင်မတန် ရှင်းသွား ပါပြီဘုရား၊ ကိုယ့်ကိုယ်ကို ကယ်တင်တဲ့ အလုပ် ဆိုတာသည်ကား နောင်တစ်ဖန် မဖြစ်အောင် ကယ်တင်မှ တော်တော့ မယ် (မှန်ပါ့)။

နောင်တစ်ဖန် မဖြစ်အောင် (ကယ်တင်မှတော်တော့ မယ်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်ကိုယ်ကို ကယ်တင်တယ်ဆိုတဲ့ ဥစ္စာ ကိုယ့်ကိုယ် ကို ဒုက္ခသစ္စာကြီး၊ ဒုက္ခသစ္စာကြီးကို သုခသစ္စာ ဆိုတဲ့ နိရောဓ ဘက် ဆွဲတင်ရမယ် (မှန်ပါ့ ဘုရား)။

ဒီဟာမှသာလျှင် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကို သနားလို့ ကိုယ့်ကိုယ်ကို ယဉ်ကျေးတဲ့ ပုဂ္ဂိုလ် အဖြစ်သို့ ရောက်ပါတယ် ဆိုတဲ့ဥစ္စာ ဘုရားဟော ဘုရားဟော ပါဠိတော် တွေ အများကြီး ရှိပါတယ် (မှန်ပါ့)။

ဒါဖြင့် ကိုယ်ကိုယ်ကို ကယ်တင်တဲ့ အလုပ်သည် ဒုက္ခ ဘက်မှ သုခဘက် ဆွဲတင်တာပဲ (မှန်ပါ့)။ ကိုယ့်ကိုယ်ကို ကယ်တင်တဲ့ အလုပ်ဆိုတာ ဘာပါ လိမ့် (ဒုက္ခဘက်မှ သုခဘက် ဆွဲတင် တာပါ ဘုရား)။

ဒီ ယခု ရ ထားတဲ့ ခန္ဓာကြီးက ဘာသစ္စာ (ဒုက္ခသစ္စာ ပါ) ကဲ ဒီဒုက္ခသစ္စာ ကြီးကို နောင်မတွေ့ လိုလို့ ရှိရင်ဖြင့် ဒုက္ခချုပ်ကြောင်း အလုပ်ကို မဂ္ဂင်အလုပ်- လုပ်လိုက်တဲ့ အခါ ကျတော့ ကယ်တင်ရာ မရောက်ဘူးလား (ရောက်ပါတယ်) တစ်ခါတည်း နိဗ္ဗာန် ရောက်သွားတယ် (မှန်ပါ့)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကို သနားတဲ့ ပုဂ္ဂိုလ်ဖြင့် ကိုယ့်ကိုယ်ကို ကယ်တင်ဖို့ အရေးဟာဖြင့် အကြီးဆုံး အရေးထားကြပါ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

တရား လုပ်စေချင် လွန်းလို့ ဟောတာလား ကိုယ့် ကိုယ်မှ မသနား တတ်တဲ့ အခြေအနေ ရောက်နေလို့ ပြောရ ဟောရတာလား ဆိုတာလည်း ခင်ဗျားတို့ပဲ ဝေဖန်ပါတော့ (ကိုယ့်ကိုယ်မှ မသနားတဲ့ အခြေအနေ ရောက်နေလို့ ပြောရတာပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

တဏှာပြောတာမသုံးပါနှင့်

ခင်ဗျားတို့ ကိုယ့်ကိုယ်ကို မသနားလို့ ကလေးသူငယ် လူမမယ် ကလေးက ရှိနေသေးလို့ ဘုရား ဝိပဿနာ အလုပ် မလုပ်နိုင် သေးဘူး ဘုရား၊ စားရေး သောက်ရေး က မပြည့်စုံသေးလို့ တပည့်တော် တို့မှာဘုရား အရှင် ဘုရားတို့လိုလည်း လွယ်လွယ်ကူကူနဲ့ ဆွမ်းခံ လို့က ရတာ မဟုတ်တော့ တပည့်တော်တို့ မှာတော့ မလွယ်ဘူး ဘုရား၊ ကိုယ့်ကိုယ်ကို ကယ်တင်တဲ့ အလုပ်ကို ဆင်ခြေများ လဲနေ တယ် (မှန်ပါ့ ဘုရား)။

ဘာလဲတာပါလိမ့် (ဆင်ခြေ လဲတာပါ ဘုရား) အင်း ကိုယ့်ကိုယ်ကို မသနားလို့ လဲတာပါ ဘုရား။

တပည့်တော်တို့ စက်ရှင်ကြီး ကျနေတာကို အရှင် ဘုရားတို့သည်ကား အထူး မပြောပါနဲ့ တော့ ဘုရား၊ ကျမြဲ ကျပါရစေတော့ ဆိုတဲ့ အဓိပ္ပာယ် ရောက်တယ် (မှန်ပါ့ ဘုရား) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဉာဏ်ကပြောတာသုံးပါ

အဲဒါလောက် ဆိုးရွားတာကိုလည်း တဏှာက ပြော တာတွေကို မသုံးဘဲနဲ့ ဉာဏ်က ဟောတာကို သုံးပါ (မှန်ပါ့)။

တဏှာက ဟောတာကို (မသုံးဘဲနဲ့) ဉာဏ်က ဟော တာကို (သုံးရပါမယ် ဘုရား) အဲ ဉာဏ်က တော့ဖြင့် နင့်ကိုယ်နင် ကယ်တဲ့ ဝိပဿနာ အလုပ်လုပ်တဲ့ ဒါ ဘယ်သူက ပြောတာပါလိမ့် (ဉာဏ်က ပြောတာပါ ဘုရား)။

တဏှာက ပြောတာတော့ အို နင့်မှာ ဒီအလုပ် တော့ လုပ်တာပေါ့၊ မလုပ်ရဘူးလို့ မဆိုဘူး၊ နင့်သားသမီးတွေ တစ်ခါတည်း သူချင်း မတူ၊ သူချင်းမမျှ ဖြစ်နေမှာပေါ့ ဒါက ဘယ်သူက ဟောတာ ပါလိမ့် (တဏှာကပါ ဘုရား)။

အဲဒီတော့ တဏှာက ဟောတာနဲ့ ဉာဏ်က ဟောတာ ကိုလည်း ဒကာ ဒကာမတို့ ဘယ်ဟာ မိတ်ဆွေ ဘယ်ဟာ ရန်သူ ဆိုတာလည်း ခွဲလိုက်ပါဦး (တဏှာက ရန်သူ ဉာဏ်က မိတ်ဆွေပါ ဘုရား)။

တဏှာက ဟောတာတော့ (ရန်သူပါ ဘုရား) ဉာဏ် ကဟောတာကတော့ (မိတ်ဆွေပါ ဘုရား) အဲ မိတ်ဆွေ နောက်လိုက် လို့ရှိရင် ချမ်းသာရာ ရကြလိမ့်မယ်နော် (မှန်ပါ) ရန်သူနောက် လိုက်လို့ ရှိရင် မြုပ်ခြင်း မျောခြင်းလမ်း သွားကြ ရလိမ့်မယ် (မှန်ပါ့) မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ ပေါ်ကြ ပြီ (ပေါ်ပါပြီ ဘုရား) ဒကာဝတို့ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လုပ်ကြပါစို့တဲ့၊ နောင်တစ်ဖန် ပဋိသန္ဓေ မနေတဲ့ အလုပ် လုပ်ကြပါစို့ (မှန်ပါ့ ဘုရား) နောင်တစ်ဖန် ပဋိသန္ဓေ နေရရင် ဘာတဲ့ဗျာ (ဒုက္ခပါ ဘုရား) ပဋိသန္ဓေ မနေရရင် (သုခပါ ဘုရား)။

အဲ- ပဋိသန္ဓေ မနေရလို့ ရှိရင်ဖြင့် ဇာတိ ဒုက္ခဆုံး၊ ဇရာ ဒုက္ခဆုံး၊ ဗျာဓိ ဒုက္ခဆုံး၊ ဇရာမရဏ ဒုက္ခဆုံး၊ ဒုက္ခ ဟူသရွေ့ ဆုံးတာသည် နောင်တစ်ဖန် ပဋိသန္ဓေ မနေတာပဲ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီလိုလုပ်ကြစို့ ဒကာ ဒကာမတို့ နောင်တစ်ဖန် ပဋိသန္ဓေ မနေတဲ့ အလုပ်ကို မနေ့က ပြောတဲ့ ဝတ္ထုလိုပဲ ဘုရား သခင် ကိုယ်တော်မြတ်ကြီးက လုပ်ပုံလုပ်နည်း နှင့်တကွ ပြော တာကို ကျုပ်တို့ လုပ်ကြစို့ ဆိုတော့ (မှန်ပါ့ ဘုရား) ဒါ ဝိပဿနာ အလုပ်သင်တော့မှာပဲ (မှန်ပါ့)။

ဝိပဿနာ အလုပ် သင်တော့မယ် ဒကာ ဒကာမတို့ ဝိပဿနာအလုပ် လုပ်ကြလို့ရှိရင်ဖြင့် သြော် ဘာလုပ် ပါလိမ့်မတုံးလို့ အထူးတလည် မမေးကြဘဲနဲ့ ကိုယ်ကိုယ်ကို ကယ်တင်တဲ့ အလုပ် ဆိုတာ ဆုံးဖြတ်ချက် ချလိုက် (မှန်ပါ့)။

ဝိပဿနာ အလုပ် ဆိုတာ ဘာပါလိမ့် (ကိုယ့်ကိုယ်ကို ကယ်တင်တဲ့ အလုပ်ပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတွေ နောက်ဘုန်းကြီးက မေးလိမ့်မယ်၊ ဆရာကောင်း သမားကောင်း တွေက မေးလိမ့်မယ်၊ ဒကာ ဒကာမတို့ ဝိပဿနာများ ရကြ ရဲ့လား၊ နည်းနည်းပဲ ဘုရား (မှန်ပါ့) ခင်ဗျားတို့က လျှောက်ချင် လျှောက်မယ် (မှန်ပါ့ ဘုရား)။

နည်းနည်း ကလေးပဲ ဘုရား လုပ်ရတာက ကိစ္စတွေက များလွန်းလို့ နည်းနည်းပဲ ကယ်ရတယ် (မှန်ပါ့) ဘယ်သူ့ ကယ်ရတာပါလိမ့် (ကိုယ့်ကိုယ်ကို ကယ်ရတာပါ ဘုရား)။

များများက နစ်နေတယ် (မှန်ပါ့) နည်းနည်းကယ်ရ တော့ များများက ဘယ့်နှယ်ဖြစ်နေသလဲ (နစ်နေပါတယ် ဘုရား) အဲဒါ ကျေနပ်တဲ့ သဘောနဲ့ လျှောက်နေတဲ့ အဓိပ္ပာယ်ကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် စကားတတ်လို့ပြောသည် မဟုတ်ပါ ဘူး၊ ခင်ဗျားတို့ ကိုယ့်ကိုယ်ကို မသနားကြလို့ ဟောခြင်း ဖြစ်ပါ တယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ကိုယ့်ကိုယ်ကို မသနား တတ်လို့ (ဟောခြင်းဖြစ်ပါ တယ် ဘုရား) ဟောခြင်း ဖြစ်ပါတယ် ဆိုတာကော သေချာ ပလား (သေချာပါတယ် ဘုရား)။

ပုထုဇဉ်ရဟန်း

အဲ ဒါဖြင့် ဒကာ ဒကာမတို့ မနေ့က ပုထုဇဉ် ရဟန်းသည်ကားလို့ ဆိုရင် လျှောက်ပုံကို ဒကာ ဒကာမတွေ မနေ့က အကျယ်တဝင့် တော်တော် ကလေး ပြောလို့ ဒီနေ့တော့ အတိုနဲ့ပြောပြီး သကာလ သူ ဘုရားဆီ သွားလျှောက် ပြီး ဘုရားက အဖြေပေးပုံ ပြောပြဦးမယ် (မှန်ပါ့)။

ရဟန်းလေးပါး ရှိတယ်၊ ရဟန္တာချည့်ပဲနော် (မှန်ပါ့) ဒကာ ဒကာမတို့ ဒီလေးပါး ဘာပါလိမ့် (ရဟန္တာ ချည့်ပါ ဘုရား) ရဟန္တာ လေးပါးကို ဒီပုဂ္ဂိုလ်က ပုထုဇဉ် ရဟန်းက အရှင်ဘုရားတို့ အမြင်မှန် ရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါ တယ်၊ တပည့်တော်ကို အမြင်မှန် ပြောပေးစမ်းပါလို့ ပုထုဇဉ် က မလျှောက် လားဗျာ (လျှောက်ပါတယ် ဘုရား)။

ရဟန္တာလေးပါးအဖြေ

လျှောက်တဲ့ အခါကျတော့ အာယတန ခြောက်ပါး ဖြစ်ပျက်ရှုလို့ ရှိရင် အမြင်မှန် ရပါလိမ့် မယ်ကွ (မှန်ပါ့ ဘုရား) မဟောဘူးလား (ဟောပါတယ် ဘုရား)။

ဒါ မြန်မာလိုပြောလိုက်တာနော် (မှန်ပါ) စက္ခု သောတ ဃာန ဇိဝှာ ကာယ မနဆိုတဲ့ အာယတန ခြောက်ပါး၊ အဇ္ဈတ္တိကာယတန ခြောက်ပါး စာလိုသုံးရင် (မှန်ပါ့) မြန်မာလို သုံးတဲ့ အခါကျတော့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် (မှန်ပါ့ ဘုရား)။

ဒါတွေကို ဟုတ်တိုင်းမှန်စွာ ဖြစ်ခြင်း၊ ပျက်ခြင်း မြင် လို့ ရှိရင် အမြင်မှန်ပါပဲကွာ လို့ ပထမ ရဟန္တာကြီးက ဖြေလိုက်တယ် (မှန်ပါ့)။

အာယတနခြောက်ပါးဖြစ်ပျက်မြင်ရင်

ကဲ ဒကာ ဒကာမတွေကော သဘောကျရဲ့လား (ကျပါတယ်) ဖြစ်ပျက် မြင်ရင် ဘာတဲ့ (အမြင်မှန်ပါ) အာယတန ခြောက်ပါး ဖြစ်ပျက် မြင်ရင်ဘာတဲ့ (အမြင် မှန်ပါ ဘုရား)။

သြော် ဒကာ ဒကာမတွေ သန္တာန်၌ ဒီ အာယတန ခြောက်ပါးသည် လူတိုင်း ရှိကြတယ် ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

အဲဒီ ရှိတာကလေးကို ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်နဲ့ ခန္ဓာကိုယ်ထဲ နေတာ ကလေးကို “သဗ္ဗေ သင်္ခါရာ အနိစ္စာ” ဆိုတဲ့ အတိုင်း အနိစ္စသဘော ကလေးနဲ့ နေတာကလေးကို ဒကာ ဒကာမတွေက မြင်အောင်ကြည့် ပါတဲ့၊ အဲဒါ အမြင်မှန်ပါပဲ (မှန်ပါ့ ဘုရား)။

ဒါ-ကြည့်လိုက်တဲ့ အခါကျတော့ ယောက်ျားလည်း မတွေ့ဘူး၊ မိန်းမလည်း မတွေ့ဘူး၊ ကိုယ့်ကိုယ်လည်း မတွေ့တော့ဘူး (မှန်ပါ့ ဘုရား) ဘာတွေ့ပါလိမ့် (ဖြစ်ပျက်တွေ့ ပါတယ် ဘုရား) အဲ-ဖြစ်ပျက်တွေ့ တော့ ဒီအမြင် ဘယ့်နှယ် ဆိုကြမယ် (အမြင်မှန်ပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ နဂိုကလည်း ဖြစ်ပျက်ရှိလို့ အခုတစ်ခါ ကြည့်လိုက်တဲ့ အခါလည်း ဖြစ်ပျက် သိတဲ့ ဉာဏ်ကလေးက ပေါ်လာတော့ သြော် ဖြစ်ပျက် ရှိလို့ ဖြစ်ပျက် သိတာဖြင့် ဦးခင်မောင် ဘာဆိုကြမယ် (အမြင်မှန်ပါ ဘုရား) ဒကာ ဒကာမတို့ အမြင်မှန် ကျေနပ်ကြ ပလား (ကျေနပ်ပါတယ် ဘုရား)။

အေး- ဒီအမြင်ကလေးကိုဖြင့် ဒကာ ဒကာမတွေ ကြည့်ဖြစ်အောင် ကြည့်ကြစမ်းပါ (မှန်ပါ့) ဒါ ရဟန္တာ ပြောတာကိုးဗျ(မှန်ပါ့) ဒီရဟန္တာက ဒီအမြင် မှန်နဲ့ သူ နိဗ္ဗာန် ရောက်လာခဲ့တာ (မှန်ပါ့)။

ဒီ ၁-နံပါတ် ရဟန္တာက ဘာတဲ့ (ဒီအမြင်မှန် နဲ့ နိဗ္ဗာန် ရောက်လာ တာပါ ဘုရား) ပုထုဇဉ် ရဟန်း ကတော့ ဦးခင်မောင် ဒီမကျေနပ်တာနဲ့ အရှင်ဘုရား ဒီအမြင်မှန်သည် ခန္ဓာငါးပါး မစုံဘူး၊ ခြွင်းချက် ရှိတယ် ဆိုပြီး သွားလိုက်တော့ အရှင်ဘုရားလို ပုဂ္ဂိုလ် ဘယ်မှာ ရှိသေးသတုံး မေးပြီးတော့ ဒုတိယ ရဟန္တာဆီ သွားတယ် (မှန်ပါ့)။

ခန္ဓာငါးပါးဖြစ်ပျက်မြင်ရင် အမြင်မှန်

ဒုတိယ ရဟန္တာဆီ သွားပြီး အရှင်ဘုရား အမြင်မှန် ကလေး တပည့်တော် အမိန့် ရှိစမ်းပါ ဘုရားလို့ သဠာယတန ဝဂ္ဂသံယုတ်မှာ ဟောပြန်တော့ ဟ အမြင်မှန် ဆိုတာ တခြား မဟုတ်ပါဘူးကွာ ခန္ဓာငါးပါး ဖြစ်ပျက်မြင်ရင် အမြင် မှန်ပါပဲ (မှန်ပါ့)။

ဒုတိယရဟန္တာ ဘယ်လိုများ ဖြေလိုက်ပါလိမ့် (ခန္ဓာငါးပါး ဖြစ်ပျက်မြင်ရင် အမြင်မှန်ပါ ဘုရား) ခန္ဓာ ငါးပါး၏ ဖြစ်မှုပျက်မှု မြင်လို့ ရှိရင်ဖြင့် တစ်ပါးပါး၏ ဖြစ်မှု ပျက်မှုမြင်လို့ ရှိရင် ဘယ့်နှယ်တဲ့ (အမြင်မှန်ပါ ဘုရား)။

သြော် ဒီကိုယ်တော်ကလည်း အကုန်ဟောတာ ကိုး ဟိုကိုယ်တော် ကတော့ မကုန်ဘူး (မှန်ပါ့)။

ပထမကိုယ်တော်က ခြောက်ခုသာ ဆိုတာ ခန္ဓာငါးပါး မစုံဘူးပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဒုတိယ ကိုယ်တော်ကတော့ စုံတော့စုံတယ်တဲ့၊ သို့သော်လည်း တစ်ပါးနဲ့ တစ်ပါး မတူတော့ကို စုံစမ်းရေးဆို တာတော့ စုံစမ်းတာ ကောင်းတယ်လေ ဆိုပြီး အရှင်ဘုရား လိုမြင်တဲ့ ပုဂ္ဂိုလ်များ ဘယ်မှာ ရှိပါသေးသတုံး တဲ့။

ဟော တတိယပုဂ္ဂိုလ် ရှိသေးတယ်ကွလို့ ညွှန် လိုက်တော့ တတိယ ပုဂ္ဂိုလ်ဆီမှာ ပုထုဇဉ် ရဟန်း ရောက် မသွားဘူးလား (ရောက်သွားပါတယ် ဘုရား)။

ဓါတ်ကြီးလေးပါးဖြစ်ပျက်မြင်ရင်အမြင်မှန်

မေးပြန်တာပဲ ဒကာ ဒကာမတို့ “အရှင်ဘုရား တပည့်တော် ပုထုဇဉ် ရဟန်းလည်း ဖြစ်ပါတယ်၊ အမြင်မှန် ကလေးကို အရှင်ဘုရားတို့ ဆုံးမကြပါ။ သွန်သင်ကြပါ ဆိုတော့” အို “ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော” တစ်ခုခု ဖြစ်ပျက် မြင်ရင် အမြင်မှန်ပေါ့ကွာ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ပုထုဇဉ်က မကျေနပ်ဘူး (မှန်ပါ့) ဒီကိုယ်တော်က သာနည်းသေးတယ် (မှန်ပါ ဘုရား)။

ဒီကိုယ်တော်ကသာ နည်းသေးတယ်ဆိုပြီးတော့ သူ့စိတ်ထဲ ကျေကျေနပ်နပ် ရှိပါရဲ့လား (မရှိပါ ဘုရား)။

သူ ကျေနပ်တာ – မကျေနပ်တာ အပထား ဒကာ ဒကာမတို့ ဒါဟာ ကာယာနုပဿနာ သတိပဋ္ဌာန် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာပါလိမ့်ဗျာ – (ကာယာနုပဿနာ သတိပဋ္ဌာန်ပါ ဘုရား) ကာယာနုပဿနာ သတိပဋ္ဌာန် ဟောတာဖြင့် ဒါလွဲ တယ်လို့ ဆိုစရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

အဲဒီလောက်တောင် မှန်နေတဲ့ သတိပဋ္ဌာန်ကိုပင် လျှင် ပုထုဇဉ်ရဟန်းက ဒီပုဂ္ဂိုလ်က သာပြီး ခြွင်းချက်နဲ့ ဟောပါကလား၊ ခန္ဓာ ငါးပါးတောင်မှ မစုံပါ ကလား၊ ဓာတ်လေးပါး ဟောနေပါကလား တဲ့။

ဘာပဲဟောဟော ဒကာ ဒကာမတို့ ဖြစ်ပျက်မြင်လို့ ရှိရင် အမြင်မှန်ပဲ (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် သတိပဋ္ဌာန် ပါဠိတော်ကြီး ကျတော့ “သမုဒယဓမ္မာ နုပဿီဝါ ဝယဓမ္မာ နုပဿီဝါ” လို့ သမုဒယ နဲ့ ဝယ အရေးကြီးသကွား (မှန်ပါ့ ဘုရား) မဟောဘူးလား (ဟောပါတယ် ဘုရား)။

အဲဒါကြောင့် ဖြစ်ပျက်မြင်ဖို့ အရေးကြီးတယ် ဆိုတာ ဒကာ ဒကာမတွေ ကြိုးစား မှတ်ပြီး ခန္ဓာကိုယ် ဉာဏ်စိုက် ကြ စမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ်လိုမှာပါလိမ့် (ကြိုးစားမှတ်ပြီး ခန္ဓာကိုယ် ဉာဏ်စိုက်ကြပါ ဘုရား)။

ခန္ဓာကိုယ် ဉာဏ်စိုက်ကြစမ်းပါတဲ့၊ ခန္ဓာဉာဏ်စိုက် လိုက်ပြီ ဆိုမှဖြင့် ခန္ဓာရှိတာကို ခန္ဓာကပဲ ပြောပါ လိမ့်မယ် (မှန်ပါ့ ဘုရား)။

ဘယ်သူက ပြောမလဲ (ခန္ဓာကပဲပြောမှာပါ) ခန္ဓာက ပြောမနော် (မှန်ပါ့ ဘုန်းကြီးက ပြောတာကို ချင့်ယုံချင် ယုံပါ ခန္ဓာက ပြောတာကိုဖြင့် တစ်ခါတည်း စိုက်စိုက်သာ ယုံလိုက်ပါတော့ ဆိုတာကို လေးနက်စွာပဲ ဒကာ ဒကာမတွေ မှတ်သားခိုင်း လိုက်ပါတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာကပြောတာဖြင့် လေးလေးနက်နက် မှတ်လိုက် စမ်းပါ ဆိုတာ ဒကာ ဒကာမတွေ တိုက်တွန်းရင်း သတိပေးရင်း နဲ့ပဲ ဒီနေ့ ဟောနေပါတယ် (မှန်ပါ့) သဘောပါကြပလား (ပါ, ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဓာတ်လေးပါးထဲက လမ်းသွားတယ်၊ လှုပ်လိုက် ငြိမ်လိုက် ဆိုတာ မရှိပေ ဘူးလား (ရှိပါတယ် ဘုရား)။

ဪ လှုပ်လိုက် ငြိမ်လိုက် ဆိုတဲ့ဥစ္စာ လှုပ်တာ သည်ကားလို့ ဆိုရင် လှုပ်တဲ့ ဝါယော၊ ငြိမ်သွား ပြန်တော့ ဒီဝါယောဟာ အကုန် ပျက်သွားတယ် (မှန်ပါ့ ဘုရား)။

တစ်ခါငြိမ်ရာကနေ လှုပ်ပြန်တော့ ထောက်ကန် ဝါယော ဆိုတာ ငြိမ်အောင် လုပ်တဲ့ ဝါယော ဦးခင်မောင် ပျက်ပြန်တယ် (ပျက်ပါတယ်) လှုပ်တဲ့ဝါယောနဲ့ သွားနေတယ် (မှန်ပါ့ ဘုရား)။

လှုပ်တဲ့ရုပ်ကတခြား

ဒါဖြင့်- လှုပ်လိုက် ငြိမ်လိုက် ဆိုတဲ့ဥစ္စာ လှုပ်တဲ့ရုပ်က တခြား ငြိမ်တဲ့ရုပ်က တခြားဆိုတော့ လှုပ်တဲ့ရုပ် ဖြစ်ပျက်ပြီး မှ ငြိမ်တဲ့ ရုပ်သည်ကားလို့ ဆိုရင် ဖြစ်ပေါ်ရတယ် (မှန်ပါ့) ဒီလိုဆိုတော့ လှုပ်တဲ့ရုပ်လည်း ဖြစ်ပြီး ပျက်သွားတာပဲ (မှန်ပါ့) ငြိမ်တဲ့ရုပ်ကော (ဖြစ်ပြီး ပျက်တာပါ ဘုရား)။

ငြိမ်တဲ့ရုပ်လည်း လှုပ်လိုက်သည်နဲ့ တစ်ပြိုင်နက် သူဖြစ်ပြီး ပျက်သွားတာပဲ (မှန်ပါ့ ဘုရား)။

အင်း ခန္ဓာကိုယ် တစ်ကိုယ်လုံး ကြည့်လိုက် တော့ ဒကာ ဒကာမတွေ ရုပ်တွေ ကြည့်လိုက် လည်း ဖြစ်ပျက်ပဲ ရှိတာပဲ (မှန်ပါ့ ဘုရား)။

တတိယ ရဟန္တာ ဟောတာလည်း မမှန်ဘူးလားဗျာ (မှန်ပါတယ် ဘုရား) မှန်ပင်မှန်ငြား သော်လည်း ဒီပုဂ္ဂိုလ်ဟာ လည်း ခြွင်းချက်နဲ့ ပြောတယ် တဲ့၊ ခန္ဓာငါးပါး တောင် မစုံဘူး၊ ရူပက္ခန္ဓာ တစ်ပါးတည်း ဟောတယ်၊ အရှင်ဘုရားလို များ ရဟန္တာ ဖြစ်ပြီး အမြင်မှန်ရတာ ရှိသေးသလားလို့ မေးတော့ ဟောဟိုမှာ တစ်ပါး ရှိသေးတယ် မင်းသွားမေးပါ ဆိုပြီး သကာလ အမေးခိုင်း လိုက်လို့ ဒကာ ဒကာမတို့ စတုတ္ထ ရဟန္တာဆီ ရောက်ပြန်တယ် (မှန်ပါ့ ဘုရား)။

ဖြစ်တတ်တဲ့တရားပျက်တယ်

စတုတ္ထ ရဟန္တာဆီ ရောက်ပြန်တော့လည်း အရှင်ဘုရား တပည့်တော် ပုထုဇဉ် ရဟန်း ဖြစ်ပါတယ်၊ အမြင်မှန် – ကလေးဖြင့် အရှင်ဘုရားများ ဆုံးမပါ, သွန်သင်ပါ ဆိုတော့ ငါ့ရှင် ဖြစ်တတ်တဲ့ တရား ပျက်တာချည့်ပဲ၊ အဲဒါရှု အဲဒါ အမြင်မှန်ပဲ (မှန်လှပါ ဘုရား)။

အို သူက သာရှင်းတယ် (မှန်ပါ့) ဖြစ်တတ်တဲ့ တရားဟာ (ပျက်တာချည်းပါ ဘုရား)။

အဲ ဖြစ်တဲ့တရားဟာ ပျက်တာပဲ ရှိတယ်ဆိုတော့ ဦးခင်မောင် ကုန်ပြီဗျ (ကုန်ပါပြီ ဘုရား)။

“ယံကိဉ္စ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မန္တိ” လို့ စတုတ္ထရဟန္တာကြီးက ဟောလိုက် ပါတယ်နော် (မှန်ပါ့ ဘုရား)။

ဟောလိုက်တဲ့ အခါကျလို့ရှိရင် ဒကာ ဒကာမတွေ တရားတော့ဖြင့် ကုန်နေပြီ (မှန်ပါ့) ပုထုဇဉ်က ကျေနပ် မကျေနပ် (မကျေနပ်ပါ ဘုရား)။

တရားက ဘယ့်နှယ်နေသတုံး (ကုန်ပါပြီ) တရား ကတော့ ကုန်နေပြီ-တဲ့၊ ပုထုဇဉ် ရဟန်းက မကျေနပ်တော့ ဒကာ ဒကာမတို့ ရဟန္တာတွေ ဆိုတာက သူတက်လာတဲ့ လမ်းကတော့ဖြင့် လမ်းမှန် ချည့်သာ ဧကန်ပါပဲ (မှန်ပါ့) သူ မကျေနပ်တာတော့ မတတ်နိုင်ဘူး (မှန်ပါ့) ဒီပုဂ္ဂိုလ်တွေ ဒီကနေ အမြင်မှန်ရပြီး နိဗ္ဗာန် ဆက်မြင်ကြတာပဲ (မှန်ပါ့) ရှင်းကြပလား(ရှင်းပါပြီ ဘုရား)။

အဲဒီ လောက်တောင် ဘုရားက မှန်နေတာတောင်မှ ပုထုဇဉ် လျှာရှည်မှု ကလည်း ရှုပ်လွန်း နေတယ်ဆိုတာ ဦးခင်မောင် ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။

ပေါ်တဲ့ အခါကျလို့ ရှိရင်ဖြင့်လည်း သူ မေးလိုက်တယ် အရှင်ဘုရားတို့ ရ တဲ့တရားဟာ အမြင်မှန်ရ တဲ့ တရားဟာ အရှင်ဘုရားတို့ ကိုယ်တိုင် ထိုးထွင်းပြီး အမြင်မှန် ရတာလား သို့မဟုတ် ဘယ်က ရကြတာတုံး၊ အခု အမြင်မှန် ရတဲ့နည်းတွေဟာ။

ငါ့ရှင် ဘုရားသခင် ကိုယ်တော် မြတ်ကြီး ဆီက ရတာပေါ့ကွာ၊ ဒါကြောင့် ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဒါရှုဆိုလို့ တို့ ဒါရှုတာပါကွာ၊ တစ်ခြားက တရားတော့ မဟုတ်ပါဘူးဆိုတော့ ဒါဖြင့် ဈေးသည်လိုပဲ ဒကာ ဒကာမတို့ ပင်ရင်း လိုက်မှပဲ (မှန်ပါ ဘုရား)။

ဘယ့်နှယ် ဖြစ်သွားသတဲ့ (ပင်ရင်း လိုက်မှပါပဲ ဘုရား) ပင်ရင်း လိုက်မှပဲ ဆိုတော့ ဒီပြင် ကော်မရှင်စား ဆိုရင်၊ တယ် မဝယ်ချင်တော့ဘူးလေ (မှန်ပါ့) ပင်ရင်းလိုက်မှ ပဲဆိုပြီး ပင်ရင်း လိုက်ပြီ။

ကိုင်း ဒါဖြင့် ဘုရားဆီ ပုထုဇဉ် ရဟန်းရောက် သွားတယ်၊ ဒကာ ဒကာမတို့ ဘယ်ရောက် သွားသတဲ့ (ဘုရားဆီ ရောက်သွားပါတယ် ဘုရား)။

ဘုရားဆီရောက်သွားတယ်

ဘုရားဆီ ပုထုဇဉ် ရဟန်း ရောက်သွားတယ်၊ ဘုရား ဆိုတာတော့ “သဗ္ဗံ ဇာနာတီတိ သဗ္ဗညု” ဆိုတဲ့အတိုင်း အလုံးစုံ အကုန်သိပြီး သကာလ သူတစ်ပါး ကိုလည်းသိ, မိမိ သန္တာန် ဖြစ်စဉ်တွေလည်း သိပြီး သကာလ လာတော့ ပုထုဇဉ် ရဟန်း လာပဟ ဆိုတာ သိတယ် (မှန်ပါ့ ဘုရား)။

ပုထုဇဉ်ရဟန်းလာပြီဆိုတာသိတော့ အရှင်ဘုရား တပည့်တော်သည်ကားလို့ ဆိုရင် အမြင်မှန် ကလေး ရချင်လို့ သွားပြီး သကာလ မေးပါတယ် ဘုရား၊ မေးခဲ့ တာ လေးပါးမေးတယ် ဘုရား၊ လေးပါးစလုံး ဘယ်သူ့ ဘယ်သူ မတူကြပါဘူး (မှန်ပါ့ ဘုရား)။

အဲဒါ တပည့်တော်ကလည်း ဒီဟာ မကျေနပ်တာနဲ့ တချို့က ခြွင်းချက်နဲ့၊ တချို့က အလုံးစုံ ဟောတယ်၊ တချို့ ကလည်း ကျဉ်းကျဉ်းကလေး ဟောလိုက်ပါတယ်၊ အဲဒါကြောင့် တပည့်တော် သည်ကားလို့ ဆိုရင် အရှင်ဘုရားဆီ ဆည်းကပ် ခြင်း ဖြစ်ပါတယ် တပည့်တော်ကို အမြင်မှန် ကလေး သနားပါ ဆိုပြီး သကာလ လျှောက်တာပဲ (မှန်ပါ့)။

ဘုရားက ရိပ်မိတယ်၊ သြော် ပုထုဇဉ် ပုထုဇဉ် များ တယ်ခက်ပါကလား အမြင်မှန်ကလေး ရဖို့ရာ ဟိုရဟန္တာကြီးတွေ ဟောလိုက်တဲ့ ဥစ္စာ အမြင်မှန်ချည့်ပဲ၊ ဒါကိုပင်လျှင် မကျေနပ်တော့ ဟိုပုဂ္ဂိုလ်ကြီး တွေကတော့ သူတို့က အာယတန ခြောက်ပါးနဲ့တက်ပြီး နိဗ္ဗာန် ရောက်ခဲ့ တယ် ပထမ ပုဂ္ဂိုလ် ပေါ့ဗျာ (မှန်ပါ့)။

ဒုတိယပုဂ္ဂိုလ်က ခန္ဓာငါးပါး ဖြစ်ပျက်မြင်ပြီး နိဗ္ဗာန် မြင်ခဲ့တယ် (မှန်ပါ့) ခန္ဓာငါးပါး အဆုံးမှာ နိဗ္ဗာန်ကိုးဗျ (မှန်ပါ့ ဘုရား)

တတိယ ပုဂ္ဂိုလ်က ဓာတ်လေးပါး ဖြစ်ပျက်မြင် ပြီး သကာလ ဓာတ်လေးပါးအဆုံး နိဗ္ဗာန် မြင်ခဲ့တယ် လို့ ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။

စတုတ္ထ ပုဂ္ဂိုလ်ကတော့ အလုံးစုံသော ဖြစ်တတ်တဲ့ တရားဟူသ၍ အပျက်မှာ လမ်းဆုံးတယ် ဆိုပြီး အဲဒီဖြစ်ပျက် အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို မြင်ခဲ့တယ်လို့ မဟောဘူးလား (ဟောပါတယ်) မမှန်ကြဘူးလားဗျာ (မှန်ပါတယ် ဘုရား)

ပုထုဇဉ်၏အထင်လွဲမှု

အာယတနခြောက်ပါး အဆုံးမှာလည်း နိဗ္ဗာန်ပဲ ဒကာ ဒကာမတို့ (မှန်ပါ့) ခန္ဓာငါးပါး အဆုံးမှာ ကော (နိဗ္ဗာန်ပါ ဘုရား) ဓာတ်လေးပါး အဆုံးမှာကော (နိဗ္ဗာန် ပါ ဘုရား) ဖြစ်ပျက် အဆုံးမှာကော (နိဗ္ဗာန်ပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဒီကိုယ်တော် လေးပါး ဟောတာ ဘယ်သူက မှားတယ်လို့ ဒကာ ဒကာမတွေက ဆိုကြမလဲ (ဘယ် သူမှမမှားပါ ဘုရား) ပုထုဇဉ် အထင်လွဲမှုသာ မှတ်ကြပါတော့ (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (ပုထုဇဉ် အထင်လွဲမှုပါ ဘုရား) ပုထုဇဉ် အထင်လွဲမှုသာ မှတ်ကြပါစို့ ဆိုတော့ ဒကာ ဒကာမတို့ မသိသေးတဲ့ ပုဂ္ဂိုလ် ပြောရတာသည်ကား ဦးခင်မောင် ဆန်အိတ် ပိုးရတာက သက်သာ သေးတယ်နော် (မှန်ပါ့)။

အင်မတန်မှ လေးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတော့ ဘုရား သခင် ကိုယ်တော်မြတ်ကြီးက ဒီပုဂ္ဂိုလ် မင်းက ဒီနေရာ မကျတာ ဟိုကိုယ်တော်တွေ ဟောတာက အမှန်ပဲလို့ မြည်လိုက် တွန်လိုက်လို့ ရှိရင်လည်း သူ့ခမျာ ခက်ရချေ တော့မယ်၊ ဘုရားက သနားတော်မူတယ် (မှန်ပါ့)။

ဟို ရဟန္တာကြီး လေးပါး ဟောတာ အမှန်ပဲ။ မင်းဖျင်းလို့ ပြောလိုက်လို့ ရှိရင်လည်း စကား ကတော့ မှန်ပါရဲ့ သနားတဲ့ စိတ်ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မပြောဘူး (မှန်ပါ့)။

ဦးခင်မောင်ရေ စကားကတော့ ပြောသင့်တယ် နော် (မှန်ပါ့) သို့သော် ဘုရားက အမိန့်ရှိရဲ့လား (မရှိပါ ဘုရား) ဘုရားကအမိန့်မရှိဘူး ဒကာ ဒကာမတို့ နော် (မှန်ပါ့ ဘုရား)။

ပေါက်ပင်ဥပမာ ငါပြမယ်

ကိုင်း ဒါဖြင့် ဘုရားက ဘယ်လို အမိန့်ရှိသတုံး ဆိုလို့ဖြင့် ကွာတဲ့ ပေါက်ပင် ဥပမာနဲ့ ငါပြမယ်ဟေ့ ပုထုဇဉ် ရဟန်း ပေါက်ပင်ဥပမာနဲ့ မင့်ကို ငါပြမယ်ကွ ဆိုတော့ ကိံသုကောပမ သုတ်ကို ဦးခင်မောင်ရဲ့ နော် (မှန်ပါ့)၊ ပေါက်ပင် ပြရတော့မှာကိုး (မှန်ပါ့)။

ပေါက်ပင် ရောက်ပါမည့် အကြောင်း နှစ်ရက်လောက် ကြာနေတယ်၊ ဒီနေ့မှ ပေါက်ပင် ရောက်တယ် ဦးခင်မောင် ရေ (မှန်ပါ့ ဘုရား)။ အတော့်ကို ဝေးနေတယ် (မှန်ပါ ဘုရား)၊ ကဲ ဒါဖြင့် ပေါက်ပင်တော့ရောက်ပြီ ပေါက်ပင် ဥပမာနဲ့ ငါပြမယ်။

ကွာတဲ့၊ ပေါက်ပင် ဥပမာနဲ့ ငါပြမယ် ဆိုတော့ ဘယ်လိုပြရမှာတုံး ဆိုလို့ရှိရင် မင်းသည်ကား လို့ဆိုရင် အဲဒီ ပေါက်ပင် နားမလည်တဲ့ ပုဂ္ဂိုလ်လို ဖြစ်နေတယ်ကွာ။

ရှေးက ဆရာကြီး တစ်ယောက် ရှိတယ်တဲ့၊ တီဘီမြစ် ခြောက် ရောဂါစွဲ နေတဲ့ ပုဂ္ဂိုလ်တွေက လာကြတယ်၊ အရှေ့ ဘက်က လူက လာတဲ့ အခါကျတော့ ဆရာကြီး ကျွန်တော့်မှာ ဖြင့် တီဘီ မြစ်ခြောက် စွဲနေပါတယ်၊ ဒီဟာကလေးဖြင့် ကုပေး ပါ, သပေးပါ ဆိုတော့ ဆရာကြီးက ကုပေး တယ်တဲ့၊ ဟောဒီဆေး ယူသွားကွ။

သို့သော် မင်းက ဖြည့်စွက်ရမှာက ပေါက်သား ကို အရည်ကျို၊ အရည်ကျိုပြီး သကာလ အဲဒီ အရည်တွေ စစ် ပြီး သကာလ ဒီဆေးနဲ့ အဲဒီအရည်နဲ့ သောက်လို့ရှိရင် မင်း မြစ်ခြောက် ပျောက်ပါ လိမ့်မယ် (မှန်ပါ့)၊ တီဘီ မြစ်ခြောက် ပျောက်ပါ လိမ့်မယ်လို့ ပြောလိုက်တယ် (မှန်ပါ့)

မီးလောင်ငုတ်ကြီးလို့ ပေါက်ပင်

ဒါနဲ့ ဟိုပုဂ္ဂိုလ်က သွားပြီး သကာလ ရှာလိုက်တယ်၊ ရောဂါရှင်က သွားရှာ လိုက်တော့ ပေါက်ပင်က အရွက်ချတုန်း ဆိုတော့ ဒကာ ဒကာမတွေ မီးလောင် ငုတ်ကြီးလို ဖြစ်နေ တယ် (မှန်ပါ့)၊ သူကတော့ နားလည်တဲ့ အတွက် ဒီပေါက်သား ကိုယူပြီး သကာလ ခုနင်က အိမ်ရောက် လာတဲ့အခါ ရေနွေး နဲ့ပြုတ်ပြီး ကျို၊ ကျိုပြီး အဲဒီက ပေါက်ရည်နဲ့ ခုနင်က ဆရာကြီး ပေးတဲ့ဆေးနဲ့ ရော သောက်တော့ တီဘီ မြစ်ခြောက် ရောဂါပျောက်သွားတယ် (မှန်ပါ့)၊

ဒီလိုပဲပျောက်လိုက်တာ ဒကာဝ လေးယောက် စလုံး ပျောက်တယ် (မှန်ပါ့)၊ အနောက်က လာတဲ့ လူလည်းပျောက်၊ အရှေ့က လာတဲ့လူလည်း ပျောက်၊ တောင်က လာတဲ့လူလည်း ပျောက်။

နောက် တောသား ဇနပုဒ်သား တစ်ယောက်က လာ ပြန်တယ်၊ ဒီမှာ မြစ်ခြောက် ရောဂါ အကု ကောင်းတဲ့ ဆရာကြီး ရှိတယ်လို့ ကြားတာနဲ့ (မှန်ပါ့)၊ အဲဒီ လေးယောက်က ပေါက်ပင် ရှာပုံက ဦးခင်မောင် မတူဘဲ ဖြစ်နေတယ် (မှန်ပါ့)။

အပွင့် ပွင့်နေတဲ့ပေါက်ပင်

ပထမပုဂ္ဂိုလ် ပေါက်ပင် အရွက်ချတုန်း သွားရှာတယ်၊ ဒုတိယ ပုဂ္ဂိုလ်ကတော့ ပေါက်ပင် ပွင့်တုန်းမှာ ပေါက်သား ခုတ်လာ ခဲ့တယ် (မှန်ပါ့)၊ အဲဒါနဲ့ ဆရာကြီး ပေးတဲ့ဆေးနဲ့ သောက်လိုက်တဲ့ အခါ ရောဂါ ပျောက်သွားတယ် (မှန်ပါ့)

အသီးသီးနေတဲ့ပေါက်ပင်

တတိယ ပုဂ္ဂိုလ်ကတော့ ပေါက်ပင်တွေ တွဲလျောင်း ကြီး သီးနေတုန်း ပေါက်သား ခုတ်ပြီး ယူခဲ့ ရတယ်နော် (မှန်ပါ့)၊ အဲဒီ ပေါက်သား သုံးခွက်တစ်ခွက်တင် ကျိုတဲ့ရေနဲ့ ဆရာကြီး ပေးတဲ့ဆေးနဲ့ ရောသောက် လိုက်တာ ပျောက်ပါတယ် (မှန်ပါ့ ဘုရား)။

စတုတ္ထ ပုဂ္ဂိုလ်ကတော့ ပေါက်ပင်က အရွက်တွေ ဖားပြီး အသီးတွေ ဘာမှမရှိတာကြောင့် ညောင်ပင်လို ဝိုင်းအုပ်နေတဲ့ အချိန်မှာ ဒီအသား သွားခုတ်ပြီး ဒီအသားကို ကျို၊ ကျိုပြီး ဒီအရည်နဲ့ ဆရာကြီး ပေးတဲ့ ဆေးနဲ့ သောက်လို့ ပျောက်ပါတယ် (မှန်ပါ့ ဘုရား)။

အရွက်တွေနဲ့ပေါက်ပင်

သူတို့ ပေါက်ပင်တွေ့ကြတာချင်းက အချိန်ကာလ မတူကြဘူး (မတူပါ ဘုရား)၊ ပထမ ပုဂ္ဂိုလ်က ဒကာ ဒကာမ တို့ အရွက်ချတုန်း သွားတွေ့တယ် (မှန်ပါ့ ဘုရား)၊ ဒုတိယ ပုဂ္ဂိုလ်က ပွင့်တုန်း သွားတွေ့တယ်၊ တတိယ ပုဂ္ဂိုလ်ကတော့ အသီးသီးတုန်း (မှန်ပါ့ ဘုရား)၊ စတုတ္ထ ပုဂ္ဂိုလ်က အသီးတွေ တုံးပြီး အရွက်ဖားတဲ့ အချိန်မှာ (သွားတွေ့ပါတယ် ဘုရား)။

တွေ့ပုံချင်း တူကြရဲ့လား (မတူပါ ဘုရား) သို့သော် ပေါက်ပင်တော့ အတူတူပဲ (မှန်ပါ့)၊ တွေ့ပုံသာ မတူတာ၊ အပင် ကတော့ဖြင့် (တူပါတယ် ဘုရား)။ ပေါက်ပင်ချည့်ပဲ ဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား)။

တောသား တစ်ယောက်က မြစ်ခြောက်စွဲပြီး သကာလ လာတော့ ဒီလေးယောက် ပျောက်တာ မြင်တာနဲ့ ဆရာကြီး ဆီကို ယူသွားတယ်၊ ဆရာကြီး ကျွန်တော်လည်း ဒီရောဂါ ရှိပါ တယ်ဗျာ ကုပေး စမ်းပါဦး။

ဒါဖြင့် ကုပေးတာ ပေါ့ကွာ ဟောဒီ ငါ့ဆေးယူ သွားကွ၊ အဲဒါ ပေါက်သား ကျိုပြီး အဲဒီအရည်နဲ့ သောက်ကွာ လို့ ပြောလိုက်ပါတယ် (မှန်ပါ့)၊ ကျွန်တော် ပေါက်သား နား မလည်ဘူးတဲ့ နားမလည်လို့ ရှိရင် ဟောဒီ လေးယောက် တောင်ကွာ ပျောက်နေပြီ၊ သွားမေး ဆိုတော့ ပထမပုဂ္ဂိုလ် သွားမေး လိုက်တယ်။

ပထမ ပုဂ္ဂိုလ် သွားမေး လိုက်ပါတယ် ဦးဝရဲ့ (မှန်ပါ့)။ ခင်ဗျား ပေါက်သားကို ခင်ဗျား သိတယ်လို့ ပြောပါတယ်၊ ကျုပ် ကို ရှင်းရှင်း လင်းလင်း ကလေး ပြောစမ်းပါ၊ ကျုပ်လဲ ဒီရောဂါ စွဲလို့ ဒီပေါက်သား အရည်ကျိုပြီး သောက်ရမှာပဲ ဖြစ်နေလို့ ကျုပ်ကို ပြောပါ ဆိုတော့ ဟိုပုဂ္ဂိုလ်က တောထဲ သွားရှာ ကွာ ပေါက်ပင် ဆိုတာ မီးလောင် ငုတ်တိုလိုပဲပေါ့ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာနဲ့တူသတဲ့ (မီးလောင်ငုတ်တို နဲ့တူပါသတဲ့ ဘုရား)။

ဪ မီးလောင်ငုတ်တို ဆိုလို့ရှိရင် ကျက်သရေ မရှိတဲ့အပင်က ဆေးနဲ့ဖြင့် မသောက်ဘူး၊ မပျောက်ချင် နေပါ စေ၊ ပုထုဇဉ် လျှာရည်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါ ပြီ ဘုရား)။

အရှေ့သွားရင် ငွေရမယ် ဆိုတာ သိလျက်သားနဲ့ အရှေ့မှာ နတ်တိုက်ထားတယ် ဆိုပြီး မသွားဘဲ နေတဲ့လူနဲ့ တူနေတာပေါ့(မှန်ပါ့ ဘုရား)။

ပုထုဇဉ်ဟာ တယ်ရှုပ်ပါကလား (ရှုပ်ပါတယ် ဘုရား)။ ဒီနေ့ ပြဿဒါး ဖြစ်နေတယ်၊ ငွေတောင် သွားမယူ သေးဘူး ဆိုတော့ နက်ဖြန် ဆုံးချင်လို့နဲ့ တူတယ်သူဟာ (မှန်ပါ့)။

ပုထုဇဉ်က သိပ်ရှုပ်ပါတယ် ဆိုတာ သဘောပါ ပလား (ပါ ပါတယ် ဘုရား)။

အဲဒီလိုလည်း ရှုပ်ပြီး သကာလ မနေကြပါနဲ့ ဆိုတာ ပုထုဇဉ်ဟာ အင်မတန်မှ ဟိုနိမိတ်လိုက်, ဒီလောကီလိုက်နဲ့ ဒိဋ္ဌိဘက်တွေက အတော် သန်တယ်နော်- ဦးခင်မောင် (မှန်ပါ့)၊ ကြောက်စရာ သိပ်ကောင်း တယ်နော် (ကောင်း ပါတယ် ဘုရား)။

ပြီးတော့ သက်ကြီးစကား သက်ငယ်ကြား မဟုတ် တာတွေကလည်း တချို့ ပါနေတာတွေ တစ်ပုံကြီး ရှိတယ် (မှန်ပါ့)၊ မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

မင်္ဂလာရှိသောနေ့ဆိုတာ

ကိုင်း အဲဒါတွေကိုလည်း ရှောင်ပြီး သကာလ သူတော်ကောင်း အလုပ်- လုပ်တဲ့ နေ့ဟာ မင်္ဂလာရှိတဲ့ နေ့လို့သာ မှတ်ကြ (မှန်လှပါ ဘုရား)။

သူတော်ကောင်းအလုပ် လုပ်တဲ့နေ့ဟာ (မင်္ဂလာရှိ တဲ့နေ့ပါ ဘုရား)။

အဲ“သုနက္ခတ္တံ သုမင်္ဂလံ” ဆိုတာ ကောင်းသော နက္ခတ်။ ကောင်းသော မင်္ဂလာနဲ့ ကြုံတဲ့ နေ့ဟာ ခင်ဗျားတို့ သူတော်ကောင်း အလုပ် စ, လုပ်တဲ့ အချိန်ဟာဖြင့် ပြဿဒါးသော ရက်ရာဇာသော-ရက်ပုပ်သော- ရက်ကန်းသော ရွေးမနေနဲ့။ မင်္ဂလာရှိတဲ့နေ့ပဲ သူတော် ကောင်း ရတနာဝင်တဲ့ နေ့ပဲ မှတ်လိုက် (မှန်ပါ့ ဘုရား)။

နေ့ရက်ရွေးမနေကြပါနဲ့

နေ့ရွေး, ရက်ရွေး မနေကြပါနဲ့လို့ ပြောလိုက်တယ် နော် (မှန်ပါ့ ဘုရား) ရွေးနေလို့ ရှိရင် ခင်ဗျားတို့ ဝိပဿနာ ရူမှာတောင် ရက်ရွေး နေဦးမယ် ဆိုရင်ဖြင့် နောက် ခုနစ်ရက် တစ်ပတ်မှ အားထုတ် တော့မယ် ဆိုတော့ ဒီကြားမှာ မသေနိုင် ဘူးလား (သေနိုင်ပါတယ် ဘုရား)။

အဲဒါ ရက်ရွေးမှုကြောင့် အန္တရာယ် ဖြစ်သွားတာ (မှန်ပါ့ ဘုရား) ဒါ့ကြောင့် ဒကာ ဒကာမတွေ ဘာမှ ရွေး မနေပါနဲ့ သူတော်ကောင်း အလုပ် လုပ်တဲ့ အချိန်ဟာ ရတနာ ဝင်တဲ့ အချိန်သာ မှတ်ပေရော့ (မှန်ပါ့) မင်္ဂလာရှိတဲ့ အချိန်ကော (မှန်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် အမိ, အဘ လုပ်ကျွေးတာတောင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လုပ်ကျွေးတဲ့ အချိန် မင်္ဂလာ အချိန်ကွလို့ မဟောဘူးလား (ဟောပါတယ် ဘုရား) ပြဿဒါး ရက်ရာဇာ ပါသေး သလား (မပါပါ ဘုရား)။

မပါပါဘူးဗျ ဒကာ ဒကာမတို့ – “ဒါနဉ္စဓမ္မစရိယာဆိုတာ အလှူပေးတဲ့ နေ့ဟာ ဘာနေ့တဲ့ (မင်္ဂလာရှိတဲ့ နေ့ပါ ဘုရား)။

ပြဿဒါးနေ့ ပေးလည်း “ဒါနဉ္စ ဓမ္မစရိယာပဲ” (မှန်ပါ့) ရက် ရာဇာနေ့ ပေးကော (ဒါနဉ္စ ဓမ္မစရိယာ ပါပဲ ဘုရား) ရက်ပုပ် ရက်ကန်းတဲ့ နေ့ပေးကော (ဒါနဉ္စ ဓမ္မစရိယာပါပဲ ဘုရား)။

“ဧတံမင်္ဂလ မုတ္တမံ”လို့ ဘုရားက ဟောထားတယ် (မှန်ပါ့) အင်မတန် မြတ်တဲ့ မင်္ဂလာလို့ ဟောထားတော့ ပြဿဒါးနေ့ လှူလည်း မြတ်တယ် ဟောတာပဲ(မှန်ပါ့)။

ခင်ဗျားတို့က ပြဿဒါး နေ့ကျလို့ရှိရင် ဘာဖြစ်ရဦး တော့မလိုလို (မှန်ပါ့ ဘုရား)။

သူများပါးစပ်လမ်းဆုံးနေတယ်

ဒီလိုဖြစ်နေတော့ ခင်ဗျားတို့ဟာက သူများပြောသံ ကြား သူများပါးစပ်ကို လမ်းဆုံးနေတဲ့ အဓိပ္ပါယ် ဟာလည်း ကိုယ့်လာဘ်တွေ ဆုံးရှုံးခြင်းဖြစ်တယ် (မှန်ပါ့) မဖြစ်ပေ ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အေး အဲဒီလို ပုထုဇဉ် လျှာရှည်တယ် ဆိုတာ ကလေး စပ်မိလို့ ပြောပါတယ် (မှန်ပါ့) နောက် ရှည်ကြ ဦးမလား ခင်ဗျားတို့ (မရှည်ပါ ဘုရား)။

အင်း အိမ်ကျမှ ရှည်ကြနော် ဒီနေရာ ရှည် လို့တော့ မဖြစ်ဘူး၊ အိမ်ကျတော့ မဟုတ်ဘူး သက်ကြီး စကား သက်ငယ်ကြား၊ လောကီ ဆိုတာ ဟုတ်တည်ရှိတယ်၊ မဟုတ်သည် ရှိတယ် အကုန် ပယ်လို့လည်း ဘယ်ဟုတ်မလဲ၊ မိန်းမက အော်လိုက်၊ ယောက်ျားက ယောင်ချာချာနဲ့ဆို အေး ဟုတ်တယ် ထင်ပါရဲ့ ဆိုပြီး သကာလ တော်တော် ကြာကျလို့ ရှိ ရင်ဖြင့် မဟုတ်တာတွေ ပါလာ တတ်တယ် ဦးခင်မောင် (မှန်ပါ့) မပါပေဘူးလားဗျာ (ပါပါတယ် ဘုရား)။

မင်းတို့ မသိပါဘူး ဆိုပြီး ယောက်ျားက သန်တာတွေ ကော မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒါတွေလည်း အများကြီး ကြုံကြ ဆုံကြတာပါပဲ ဆိုတော့ အဲဒါ ဒိဋ္ဌိမပြုတ်သေးလို့ လာတာတွေနော် (မှန်ပါ့)။

ဘယ်က လာတာပါလိမ့် (ဒိဋ္ဌိ မပြုတ်သေးလို့ လာတာပါ ဘုရား) အဲ သက္ကာယဒိဋ္ဌိ မပြုတ် သေးရာက လာတာ ဆိုတော့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး က ပေါက်ပင် ဥပမာနဲ့ ပြလိုက်တော့ ခုနင်က တောသားက အရွက်ချတဲ့ အချိန်သွားပြီး သကာလ သူ ဒီအရွက်ချတဲ့ အပင် ကဖြင့် မီးလောင်ငုတ်နဲ့ တူလို့ သူမသောက်လိုပါဘူး၊ ရောဂါ မပျောက်ချင် နေပါစေ ဆိုတဲ့ ဥစ္စာလည်း တော်တော်ဆိုးတဲ့ လူ

(မှန်လှပါ ဘုရား)။

ကိလေသာ ရောဂါပျောက်တဲ့ ဥစ္စာ အင်မတန် မကောင်းဘူးလား(ကောင်းပါတယ် ဘုရား)။

ကောင်းပင် ကောင်းငြား သော်လည်း ဒီနေ့တရား သွားပြီး အားထုတ်မယ်၊ အိမ်က နေပြီး စွန့်ပြီး အားထုတ် တော့မယ် ဆိုတော့ ရက်ကလေးများ ရွေးချင်ကြသေးသလား (မရွေးချင်ပါ ဘုရား)။

ဟုတ်ကဲ့လား ခင်ဗျားတို့ မရွေးနဲ့နော် ဒကာ ဒကာမတို့ (မှန်ပါ့) ရွေးမနေနဲ့၊ ကုသိုလ်စိတ် အားထုတ် ချင်တဲ့စိတ် ပေါ်လာတဲ့နေ့ဟာ မင်္ဂလာ ရှိတဲ့နေ့မှတ် (မှန်ပါ့)။

အဲဒါ “သုနက္ခတ္တံ သုမင်္ဂလံ” ဆိုတဲ့ ကောင်းသော ထ, ခြင်း၊ ကောင်းသော နိုးခြင်းဟာ ဒါပါပဲ (မှန်ပါ့)။

သုခဏာ= တဲ့ ကောင်းသောခဏ ဟာလည်း အခုပေါ်လာတဲ့ ခဏကလေးဟာ ကောင်းတဲ့ ခဏပါပဲလို့ သုတ္တနိပါတ်မှာ လာပါတယ်နော် (မှန်ပါ့)။

ကိုင်း ဒါနဲ့ ဦးခင်မောင် ဒီပုဂ္ဂိုလ်က ဟိုပုဂ္ဂိုလ် ပြောတဲ့အတိုင်း ဒီအပင်ကို သူက ယူချင်တဲ့ စိတ်များ ရှိရဲ့ လား (မရှိပါ ဘုရား)။

ဒါနဲ့ ပထမပုဂ္ဂိုလ်ကို သူသွားမေးတော့ ပေါက်ပင် ဟာကွာ မီးလောင်ငုတ်နဲ့ တူတယ် ဆိုတာနဲ့ သူ့စိတ်ထဲ သောက်ချင်တဲ့ စိတ်တွေ ပျောက်ထွက် သွားတယ် (မှန်ပါ့)။

ခင်ဗျားလို ပေါက်ပင် သိတဲ့ပုဂ္ဂိုလ် ဘယ်ပုဂ္ဂိုလ်များရှိ သေးတုံး ဆိုတော့ ဟိုနား ရှိတယ်ကွ ဆိုပြီး သွားတော့ ခင်ဗျား ကျုပ်မှာ ပေါက်ရည်နဲ့ သောက်ရမယ် ဆိုလို့ ခင်ဗျားကလည်း ပေါက်ပင် အကြောင်း ပြောစမ်းပါ ဆိုတော့ ပေါက်ပင် ဆိုတာ ကွာ နီနေတဲ့ အပင်၊ တောထဲမှာ တစ်ပင်လုံး နီနေရင် ပေါက်ပင်သာမှတ် (မှန်ပါ့)။

ရော ခတ်လိုက်တာ၊ ခုနင်က မီးလောင်ငုတ်တဲ့၊ ခုနင်က အမည်း၊ အခု အနီ ဆိုတော့ သူ သံသယရှိတယ် (မှန်ပါ့) သံသယရှိတယ်။

ဒီလိုဖြစ်နေပြီ၊ ပုထုဇဉ်များ ဒီလိုဖြစ်နေပြီ ဆိုတာ ဥပမာအားဖြင့် ဘုရား ဟောလိုက်တာ ဦးခင်မောင် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒါနဲ့ သူ ဒီလို ဖြစ်နေတော့ အရင် ပေါက်ပင်နဲ့ မတူဘူး ဆိုပြီး သူ့စိတ်ထဲမှာ သံသယ ရှင်းရဲ့လား (မရှင်းပါ ဘုရား)။

မရှင်းတာနဲ့ ခင်ဗျားလို ပေါက်ပင် သိတဲ့ ပုဂ္ဂိုလ် ပြော စမ်းပါဦး ဆိုတော့ ဟိုတတိယ ပုဂ္ဂိုလ်ဆီ သွားခိုင်းတော့ တတိယ ပုဂ္ဂိုလ် သူနဲ့ တွေ့တဲ့ အခါကျတော့ ကျုပ်ကို ပေါက် ပင်အကြောင်း ပြောစမ်း ပါဗျာ၊ ကျုပ်မှာလည်း ဒီဝေဒနာနဲ့ ပေါက်မြစ်ကို ပြုတ်သောက် ရမယ်ဆိုလို့ ဆေးနဲ့ ရောရမယ်ဆို လို့ ကျုပ်ရှာပါတယ်၊ အို ပေါက်ပင် ဆိုတာကွ သံလျက်သီး ဓားအိမ်ကြီးတွေလို တွဲလောင်းကြီး သီးနေတဲ့ အပင်တွေ့ရင် ပေါက်ပင်သာမှတ် (မှန်ပါ့ ဘုရား)။

သူတွေ့ဖူးတာ သူပြောတာကိုး (မှန်ပါ့) သို့သော် ပေါက်ပင် ပြားသေးသလား(မပြားပါ) ဒီဟာ ပေါက်ပင် ချည့်ပဲ မဟုတ်လား (ဟုတ်ပါတယ် ဘုရား)။

ဪ သူတို့ကသာ ရှုပ်နေတာ၊ ဟိုမှာ ပေါက် ပင်ကတော့ ပေါက်ပင်ပဲ (မှန်ပါ့ ဘုရား)။

မီးလောင်ထားတဲ့ အရွက်ချနေတဲ့ ဟာလည်း ဘာပင် တုံး (ပေါက်ပင်ပါ ဘုရား) အပွင့်တွေ ပွင့်နေလည်း (ပေါက်ပင်ပါ) အသီးတွေ သီးနေလည်း (ပေါက်ပင်ပါ ဘုရား)။

ပေါက်ပင်ပါပဲ ဆိုတော့ ကြော် ပေါက်ပင် ဆိုတာ အမျိုးမျိုးကိုးလို့ သူ့စိတ်ထဲမှာ သံသယ ရှိနေတယ် (မှန်ပါ့ ဘုရား)။

ဒါနဲ့ ခင်ဗျားလို ပေါက်ပင်သိတဲ့ ပုဂ္ဂိုလ် ဘယ်နားများ ရှိသေးသတုံး ဆိုတော့ ဦးခင်မောင် သွားလို့ ပြီးနိုင်စရာ ရှိသေးသလား (မရှိပါ ဘုရား) သွားလို့ကို မပြီးတော့ဘူး။

သို့သော် လေးခေါက် ပြည့်အောင်တော့ သွားပါရစေ ဦးဗျာ၊ ဘုရားက လေးခါ ဟောထားတာ ကိုးဗျ (မှန်ပါ့) ဒါနဲ့ နာရီစေ့သွားမှာလည်း စိုးရသေးတယ် ဒကာ ဒကာမတို့ (မှန်ပါ့)။

ဒီလိုသွားတော့ ပေါက်ပင်သိတဲ့ ပုဂ္ဂိုလ် ရှိတယ်ကွ ဟို နားမှာ ဆိုပြီး သွားပြန်တော့ ဆရာကြီး ကျုပ်ကလည်း မြစ်ခြောက် တီဘီစွဲ နေတဲ့ အတွက် ပေါက်သားကို ကျိုပြီး သောက်ရမယ် ဆိုလို့ ကျုပ် ပေါက်ပင် အကြောင်း သိချင်လို့၊ ခင်ဗျားလည်း သိတယ်လို့ ဘေးက ပုဂ္ဂိုလ်တွေက ပြောကြ တယ်၊ ပေါက်ပင် ပြောစမ်းပါဦး ခင်ဗျားတို့ မြင်ဖူးတဲ့ အကြောင်း တဲ့၊ ပေါက်ပင် ဆိုတာကွာ အရွက်တွေ ဖားဖားကြီး ညောင်ပင်ဝိုင်းကြီး လိုနေတယ် (မှန်ပါ့ ဘုရား)။

ဂွကျသွားပြီ (မှန်ပါ့) ဂွကျပြီ၊ အရွက်ဖားတုန်း သွား တွေ့တယ် (မှန်ပါ့ ဘုရား)။

ပေါက်ပင်တစ်ခုတည်း ဖြစ်ပျက်ပြောသော

ဒါနဲ့ ခုနင်ကပြောခဲ့တဲ့ ရောဂါသည်မှာ ဒကာဝရေ ပေါက်မြစ်ရသေးရဲ့ လား (မရပါ ဘုရား)။

အဲဒီတော့ မင်းဟာလည်း အဲဒီလို ဖြစ်နေပြီကွ-တဲ့၊ စင်စစ်တော့ဖြင့် ဟိုရဟန္တာကြီး လေးပါး ဟောတာ ပေါက်ပင် တစ်ခုတည်း ဖြစ်ပျက် ပြောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာတဲ့တုံး (ပေါက်ပင် တစ်ခုတည်းပါ ဘုရား) အဲ ပေါက်ပင် တစ်ခုတည်းပဲတဲ့၊ ရုပ်ရှုလည်း ဖြစ်ပျက်မြင်ဖို့ အရေးကြီးတယ် (မှန်ပါ့)

အာယတန ခြောက်ပါးရှုလည်း ဘာမြင်ဖို့ အရေးကြီးသလဲ (ဖြစ်ပျက်မြင်ဖို့ အရေးကြီးပါတယ်) ဒါဖြင့် ခန္ဓာငါးပါး ရှုပြန်တော့ကော (ဖြစ်ပျက်မြင်ဖို့ အရေးကြီး ပါတယ် ဘုရား)။ သဘောပါပလား (ပါပါပြီ ဘုရား)။ ဓာတ်လေးပါး ရှုပြန်တော့ကော (ဖြစ်ပျက်မြင်ဖို့ အရေးကြီးပါတယ် ဘုရား)။

ကိုင်း နောက်ဆုံးပိတ်တော့ ဖြစ်ပျက်ကိုပဲ တိုက် ရိုက်ဟောထားတယ် (မှန်ပါ့ ဘုရား)။

နောက်ဆုံးပိတ် ကိုယ်တော်ကတော့ ဘယ်လိုဟော လိုက်ပါလိမ့် (ဖြစ်ပျက်ကိုပဲ တိုက်ရိုက် ဟောထားပါ တယ် ဘုရား)။

အဲဒီပုဂ္ဂိုလ် ပြောတဲ့အထဲမှာ အားလုံး တရား နာတဲ့ ပုဂ္ဂိုလ်တွေ စကား မကုန်သေးဘူးလား (ကုန်ပါတယ် ဘုရား)။

အဲဒါ မင်းကသာ ပေါက်ပင် ရှာသလို ရှာနေတာကွာ တဲ့၊ စင်စစ်ကဖြင့် ဟိုပုဂ္ဂိုလ်ကလည်း သူက ဒကာ ဒကာမတွေ ခြောက်ပါးနဲ့ တက်လာလို့ နိဗ္ဗာန် မြင်တာပဲ (မှန်ပါ့) ပထမ ပုဂ္ဂိုလ်ကလေ (မှန်ပါ့ ဘုရား)။

ဒုတိယပုဂ္ဂိုလ်က ခန္ဓာငါးပါး အဆုံးမှာ နိဗ္ဗာန် မြင် တယ် (မှန်ပါ့ ဘုရား)။

တတိယပုဂ္ဂိုလ်ကတော့ ဓာတ်လေးပါးအဆုံးမှာ (နိဗ္ဗာန်မြင်ပါတယ် ဘုရား)။

စတုတ္ထပုဂ္ဂိုလ်က ဖြစ်ပျက် အဆုံးမှာ (နိဗ္ဗာန်မြင်ပါ တယ်) နိဗ္ဗာန်မြင်ပါတယ် ဆိုတာ သဘော ကျပလား (ကျပါ ပြီ ဘုရား)။

အဲဒါကြောင့် တဲ့၊ ဒကာ ဒကာမတို့ ဆုံးအောင် လိုက်လို့ ရှိရင်ဖြင့် ဖြစ်ပျက်ဆုံးအောင် လိုက်လို့ ရှိရင်ဖြင့် အားလုံး ဒကာ ဒကာမတွေ ဖြစ်ပျက် အဆုံးဟာ နိဗ္ဗာန်ပဲ (မှန်ပါ့ ဘုရား)။

ကိုယ့်ခန္ဓာထဲဘာတွေရှိနေလဲ

ကိုယ့်ခန္ဓာကြီးထဲ ဘာတွေရှိနေသလဲ (ဖြစ်ပျက်တွေ ရှိနေပါတယ် ဘုရား)။

ယောက်ျားမှာလည်း ဘာတွေ့ရှိသလဲ (ဖြစ်ပျက်တွေရှိ ပါတယ်) ကလေးမှာကော (ဖြစ်ပျက်ပဲ ရှိပါတယ်) အပျို အရွယ် ကလေးတွေ မှာကော (ဖြစ်ပျက်ပဲ ရှိပါတယ် ဘုရား) သေကာနီး တွေမှာကော (ဖြစ်ပျက်ပဲ ရှိပါတယ် ဘုရား)။

ဒါဖြင့် ဘာထူးသေးသတုံး (မထူးပါ) ကိုယ့်ရှိတာ ကိုယ်ရှုရုံပဲ (မှန်ပါ့ ဘုရား)။

ဖောက်ပြန်တာ ချည့်ပဲ မဟုတ်လား (မှန်ပါ့) အိုတာနဲ့ပဲ ကျက်သရေ မရှိဘူးလို့ လုပ်နေဖို့ မလိုဘူး (မှန်ပါ့) ငယ်ငယ် ကလေးမို့လည်း ကျက်သရေ မရှိဘူးလို့ လုပ်နေဖို့ မလိုပါဘူး (မှန်ပါ့ ဘုရား)။

ခုနင်က အတိုင်းပါပဲ၊ ပုထုဇဉ်ရဟန်း လျှာရှည်သလို ရှည်မနေနဲ့ ဘုရားက ဟေ ပုထုဇဉ် ရဟန်း မင်း သည်ကားလို့ ဆိုရင်ဖြင့် ဖြစ်ပျက်ရှု ဆိုတဲ့ အဓိပ္ပာယ် ပြောလိုက် တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာရှုရမှာတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား) ရှင်းကြပြီ နော် (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတို့ လက်ကိုင်ထားရမှာ ဘာပါလိမ့် (ဖြစ်ပျက်ပါ ဘုရား)။

ဘာကိုတွေ့အောင်ရှာရမှာတုံး

အဲ ဝေဒနာရှု ဆိုတဲ့ ပုဂ္ဂိုလ်လည်း ဘာကိုတွေ့ အောင် ရှာရမှာတုံး (ဖြစ်ပျက် တွေ့အောင် ရှာရမှာပါ ဘုရား)။

စိတ်ရှုဆိုတဲ့ ပုဂ္ဂိုလ်လည်း ဘာတွေ့အောင်ရှာရမှာ တုံး (ဖြစ်ပျက် တွေ့အောင် ရှာရမှာပါ ဘုရား)။

ရုပ်ရှုဆိုတဲ့ ပုဂ္ဂိုလ်ကော (ဖြစ်ပျက် တွေ့အောင် ရှာရ မှာပါ) အဲ သညာ သင်္ခါရ ဆိုတဲ့ ဓမ္မာနုပဿနာ ရှုဆိုတဲ့ ပုဂ္ဂိုလ်ကော (ဖြစ်ပျက် တွေ့အောင် ရှာရမှာပါ ဘုရား)။

သစ္စာရှုတဲ့ ပုဂ္ဂိုလ်ကော (ဖြစ်ပျက် တွေ့အောင် ရှာရ မှာပါ ဘုရား) ဖြစ်ပျက် တွေ့အောင် ရှာရမှာပဲ (မှန်ပါ့) ဖြစ်ပျက်ဟာ သစ္စာပဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ တရားဟာ တစ်ခု တည်း သြော်- ဒီတစ်လုံး တွေ့ဖို့ အရေးကြီး တာ ပါကလား ဆိုတာ ခုနင်က ဒကာ ဒကာမတွေ သိတဲ့အတိုင်း ဘုရား ဥပမာ ပေးလိုက်တာ ဦးခင်မောင် တယ်ကောင်းတယ် (ကောင်းပါတယ် ဘုရား)။

မီးလောင်ငုတ်နဲ့တူတဲ့ အပင်က အသားယူပြီး ကျို သောက်လည်း ပျောက်မှာပဲ (မှန်ပါ့) နီနေတဲ့ အပင်က အသားယူပြီး ကျိုသောက်ရင်ကော (ပျောက်မှာပါ ဘုရား) သံလျက်လို တွဲလောင်းကြီး သီးနေတဲ့ ပေါက်ပင်က အသား ယူပြီး ကျိုသောက်ကော (ပျောက်မှာပါပဲ ဘုရား)။

အဲ ကျိုသောက်ရင် ပျောက်မှာချည့်ပဲ (မှန်ပါ့) ဒီမှာလည်း ဖြစ်ပျက်ရှုရင် (နိဗ္ဗာန်ရောက်မှာပဲ) သဘောပါကြ ပလား (ပါပါတယ် ဘုရား)။

ဖြစ်ပျက်ရှုရင် (နိဗ္ဗာန်ရောက်မှာပါပဲ) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဲဒါကလေး ဘုန်းကြီးက ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကလည်း မင်းဟာ ပေါက်ပင်ရှာတဲ့ ပုဂ္ဂိုလ်လို ဖြစ်နေပြီ၊ မင်းက မသိတာ၊ စင်စစ် ဟိုကိုယ်တော် တွေ ပြောတာ တော့ သူတို့ နှလုံးသွင်း အတိုင်း သူတို့ ပြောတာ ဖြစ်လေ သောကြောင့် ဒကာ ဒကာမတို့ အမှန်ချည့်ပဲ တဲ့ (မှန်ပါ့ ဘုရား)။

သူတို့နှလုံးသွင်း အတိုင်း သူတို့ပြောတော့ သူတို့ ကျင့်စဉ်အတိုင်း သူတို့ပြောတော့ ဖြစ်ပျက်မှာ လမ်းဆုံးပြီး အမှန်တွေချည့် မရောက်ကြဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ဘယ်ရဟန္တာ ပြောတာက မှားသေး သတုံး (မမှားပါ ဘုရား)။

ဖြစ်ပျက်မြင်ရင်နိဗ္ဗာန်ရောက်ပါတယ်

မင်း အာယတန ခြောက်ပါး ဖြစ်ပျက်မြင်ရင် နိဗ္ဗာန် ရောက်ပါတယ် (မှန်ပါ့ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။

ခန္ဓာငါးပါး ဖြစ်ပျက်မြင်ရင် (နိဗ္ဗာန်ရောက်ပါ တယ် ဘုရား)။

ဓာတ်လေးပါးဖြစ်ပျက်မြင်ရင် (နိဗ္ဗာန်ရောက်ပါ တယ် ဘုရား)။

အလုံးစုံသော တရားတွေ ဖြစ်ပျက်မြင်ရင် (နိဗ္ဗာန်ရောက်ပါတယ် ဘုရား)။

စင်စစ် ဒကာ ဒကာမတို့ ဒီပေါက်သားချည့်ပဲ မကျ ဘူးလား (ကျပါတယ် ဘုရား)။

ပွင့်နေတုန်းမို့ ပေါက်သား မဟုတ်ဘူးလို့ ဆိုမလား (မဆိုနိုင်ပါ ဘုရား)။

အရွက်ချနေတုန်းမို့ ပေါက်သား မဟုတ်ဘူးလို့ဆို မလား(မဆိုနိုင်ပါ ဘုရား)။

အသီးသီးနေတုန်းမို့ ပေါက်သား မဟုတ်ဘူးလို့ဆို မလား (မဆိုနိုင်ပါ ဘုရား)

အရွက်ဖားနေတုန်းမို့ ပေါက်သား မဟုတ်ဘူးလို့ ဆိုမလား (မဆိုနိုင်ပါ ဘုရား)။

ပေါက်သားတစ်ခုသာ အဓိကထားပါ (မှန်ပါ့ ဘုရား) ဒီပြင် မီးလောင်ငုတ်ကြီးလို နေတာ ကိုလည်း ဦးခင်မောင် အဓိက မထားပါနဲ့ (မှန်ပါ့) နီနေတာ လည်း(အဓိက မထားပါနဲ့) သံလျက်လို သီးနေတာတွေ ကော (အဓိက မထားပါနဲ့) အရွက်ဖားကြီးနဲ့ နေတာကို ကော (အဓိကမထားပါနဲ့) မထားပါနဲ့၊ ဒီအသားထဲမှာ ရှိတဲ့ ဩဇာကို ရဖို့ အရေးကြီးပါတယ် (မှန်ပါ့ ဘုရား)။ အသား ခုတ်ပြီး ကျိုလိုက်တဲ့အခါ ဒီအထဲမှာ အဆီအစေး ဩဇာတွေ ကျုပ်တို့ ထုတ်ယူ နိုင်ဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)။

ဒီမှာလည်း ခြောက်ပါးလည်း ဖြစ်ပျက် အဆီထုတ် ယူပါ (မှန်ပါ့ ဘုရား)။

ငါးပါးရှုလည်း(ဖြစ်ပျက်အဆီ ထုတ်ယူပါ) လေးပါးရှုကာ (ဖြစ်ပျက် အဆီထုတ်ယူပါ) နှစ်ပါး ရှုတော့ကော (ဖြစ်ပျက် အဆီထုတ်ယူပါ)။

အဲ နှစ်ပါးရှုတော့ ဖြစ်ပျက် အဆီတောင် ထုတ် စရာ မလိုပါဘူး၊ သူက ဖြစ်ပျက် ဟောထားပြီ (မှန်ပါ့) သဘောကျပလား(ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘာမှ ရှုပ်မနေနဲ့၊ ခန္ဓာ ရှုလည်း နိဗ္ဗာန်ရောက်မှာပဲ (မှန်ပါ့)။

အာယတနရှုလည်း (နိဗ္ဗာန်ရောက်မှာပဲ) ဓာတ်ရှုလည်း (နိဗ္ဗာန်ရောက်မှာပါပဲ ဘုရား)။

သို့သော် ဘယ်လိုမှ ရောက်မှာတုံးလို့ မေးတဲ့ အခါကျလို့ ရှိရင်ဖြင့် ဖြစ်ပျက်သိအောင် အကုန် ဝင်မှ ရောက် မယ်- (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)

ဖြစ်ပျက်သိအောင် (အကုန်ဝင်မှ ရပါမယ် ဘုရား)။

အကုန်ဝင်မှ ရမယ်၊ ဖြစ်ပျက် မဝင်လို့ရှိရင် (မရ ပါ ဘုရား)။

အဲ ဒကာ ဒကာမတွေ ရှင်းပြီနော် (ရှင်းပါ ပြီ) အဲဒီတော့ ပုထုဇဉ်ရဟန်းက လျှာသာ ရှည်နေတယ်၊ လိုရင်း ဆိုက်ကဲ့လား (မစိုက်ပါ ဘုရား) သဘောပါ ပလား (ပါပါပြီ ဘုရား)။

ဘာကိုအဓိကထားရမယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဘာကို ကျုပ်တို့ အဓိက ထားမယ် (ဖြစ်ပျက်ကို အဓိက ထားပါမယ် ဘုရား)။

ဖြစ်ပျက် အဓိက ထားရလိမ့်မယ် ဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား)။

ဝေဒနာရှုတဲ့ပုဂ္ဂိုလ်လည်း ဘာတွေ့အောင်ရှာရမယ် (ဖြစ်ပျက် တွေ့အောင် ရှာရပါမယ် ဘုရား)။

စိတ်ရှုတဲ့ ပုဂ္ဂိုလ်လည်း (ဖြစ်ပျက် တွေ့အောင် ရှာရပါမယ်) သဘောကျပလား (ကျပါပြီ)။

ဖြစ်ပျက်ဆုံးတော့မဂ်ဉာဏ်

ဓာတ်လေးပါး ရှုတဲ့ ပုဂ္ဂိုလ်ကော (ဖြစ်ပျက် တွေ့အောင်ရှာရပါမယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။

အဲဒီတော့ ဖြစ်ပျက် ရှုလိုက်တဲ့ အခါကျတော့ ဖြစ်ပျက်မြင်တာသည် ယထာဘူတဉာဏ် (မှန်ပါ့)။

ရှုဖန်များလာတော့ ဖြစ်ပျက် မုန်းတော့ ဘာဉာဏ် ခေါ်မယ် (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား)။

ဟာ ဖြစ်ပျက်တွေရှုရင်း မတ္တနဲ့ဆုံးတော့ ဘာ ဉာဏ်ခေါ်မယ် (မဂ်ဉာဏ်ပါ ဘုရား)။

မျက်ရည်ကျစရာမရှိ

ဒါဖြင့် ဖြစ်ပျက်မြင်ရင် ဘာဉာဏ်ခေါ်မယ် (ယထာဘူတဉာဏ်ပါ ဘုရား) ဖြစ်ပျက်မုန်းရင် (နိဗ္ဗိန္ဒ ဉာဏ်ပါ ဘုရား) ဖြစ်ပျက် ဆုံးသွားပြီ ဘုရား၊ ရှုရင်းမတ္တနဲ့ (နိဗ္ဗာန်ပါ ဘုရား) အဲဒီလမ်းနဲ့သာ လိုက်မယ် ဆိုရင် ဒကာ ဒကာမတို့ သေသေချာချာ နိဗ္ဗာန်ကို ရပါတယ် (မှန်ပါ့) သေခါနီး မျက်ရည်ကျစရာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

နိဗ္ဗာန်မြင်ပြီးတဲ့ ပုဂ္ဂိုလ်သည် လေးခါလောက် မြင်မယ် ဆိုရင် နောက်ခန္ဓာ မရခြင်း ကြောင့် လည်း နောက်ခန္ဓာ မဖြစ် ခြင်းသည် သုခပဲ ဆိုတဲ့ ဆီကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဖြစ်ပျက်တစ်လုံး၊ အဆုံးလိုက်ပါ

ကဲ ဒီလို ရပြီးသား ပုဂ္ဂိုလ်ကျတော့ ဒကာ ဒကာမတို့ မျက်ရည် ကြီးငယ်ကော (မကျပါ ဘုရား) နောက်ဒုက္ခကော (မရပါ ဘုရား)။

မျက်ရည် ကြီးငယ်လည်း မကျရ၊ နောက်ဒုက္ခလည်း မရ ဆိုတော့ဖြင့် သြော် ဒီဖြစ်ပျက် တစ်လုံးကို ငါတို့ အဆုံး လိုက်မှ သာလျှင် ကိစ္စပြီးမယ် ဆိုတာ ယနေ့ သဘော ကျပလား (ကျပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

နက်ဖြန်ကျတော့ ဖြစ်ပျက် သေသေချာချာ လိုက်ပုံနဲ့ တကွပြဦးမယ်။

ကဲ ယနေ့ နာရီစေ့ပြီ တော်ကြဦးစို့။

သာဓု သာဓု သာဓု။