097

မှန်းခြေပေါက်အလုပ် လုပ်ထားစေချင်တယ်

အသံဖိုင်ခေါင်းစဉ်= အတ္တပြုတ်အောင်ရှုနည်းတရားတော်

စာအုပ်ခေါင်းစဉ်= မှန်းခြေပေါက်အလုပ် လုပ်ထားစေချင်တယ်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၌ ဟောကြားတော်မူသော

မှန်းခြေပေါက်အလုပ် လုပ်ထားစေချင်တယ်

(၁၀-၃-၆၁)

မိမိတို့ လူဘဝကလေး ရောက်ပြီးလာတာ သိပြီး သကာလ မိမိတို့ ရတဲ့ ဘဝကလေး အလွဲသုံးစားမဖြစ် ရအောင် အထူးဂရုစိုက်ပါဆိုတာကလေး ရှေ့ပိုင်း နည်းနည်း ပြောချင်တယ်။ (မှန်ပါ့)။

အဖိုးတန်တဲ့ အလုပ် လုပ်ပါ

မိမိတို့ ဘဝကလေးဟာ အင်မတန် ရခဲပါတယ် ဆိုတဲ့ ဒုလ္လဘထဲမှာလဲ အပါအဝင် ဖြစ်ပြီး ရထားတာ၊ ရ,ထားတာ ကလေးကိုလဲ အလွဲသုံးစားနဲ့ သုံးပြီး သကာလ မဖြုန်းလိုက်ဘဲ နဲ့ အဖိုးတန်တဲ့ အလုပ်နဲ့ သိမ်းပြီး သကာလ အချိန်ကုန်စေ ချင်တယ် ဆိုတာကိုလဲ ဒကာ ဒကာမတွေ တိုက်တွန်းပါ တယ်။ (မှန်ပါ့ ဘုရား)။ ရတဲ့ ဘဝကလေးဟာလဲ အင်မတန် မရခဲဘူးလား။ (ရခဲပါတယ်ဘုရား)။

ရခဲတဲ့ ဘဝထဲမှာ ဒကာ ဒကာမတွေက ဘဝတဏှာ ခိုင်းတာနဲ့ပဲ အချိန်တွေ အလကား ဖြုန်းပြီး သကာလ အိုခြင်း ဆိုး တိုးနေတဲ့ ဥစ္စာ၊ သြော် တို့သည်ကားလို့ ဆိုရင် မရစဖူး အရထူးတာကြီး အလွဲ သုံးစား သုံးနေပါကလား ဆိုတာ ကလေးကိုလဲ သိစေချင်တယ်။ (မှန်ပါ့ ဘုရား)။

မရစဖူး အထူးတဲ့ ဘဝကြီးကို အလွဲသုံးစားဖြင့် မသုံးလိုက်ပါနဲ့ ဆိုတာ တရားတစ်ပွဲလုံး မှာပါတယ်။ (မှန်ပါ့ ဘုရား)။

အင်မတန် ရခဲတဲ့ ဘဝကြီး ဆိုတာကော သေချာ ပလား။ (သေချာပါပြီဘုရား)၊ အလွဲသုံးစား တို့ လုပ်နေတယ် ဆိုတာကော (သေချာပါပြီဘုရား)။

အလွဲသုံးစား တို့လုပ်နေတယ် ဆိုတာလဲ ဒကာ ဒကာမ တွေ လူ့ပြည်လာပြီး သကာလ အိမ်ထောင်ခြင်း၊ သားမွေး ခြင်း၊ သားသမီးတွေ လုပ်ကျွေးခြင်း ဒါ လုပ်မလို့လာတာ မဟုတ်ပါဘူးတဲ့၊ ဒုက္ခဝဋ်မှ ကျွတ်ချင်လို့ အပါယ်လေးပါးက တက်ပြီး သကာလ လာခဲ့ကြရတာ၊ ဒီကျမှ ယောင်ချာချာ ဘဝတဏှာက လှည့်စားလိုက်၊ ပတ်ဝန်းကျင်က လှည့်စား လိုက်နဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေမှာတဲ့ မရစဖူး အရထူးတဲ့ ဘဝကြီး အလွဲသုံးစားနဲ့ အချိန်တွေ ဖြုန်းလိုက်တဲ့ အတွက် အနာကြီး နာနေတယ် ဆိုတာဖြင့် သိအောင်ပဲ လုပ်ကြ ပါ။ (မှန်ပါ့ ဘုရား)။

ဒကာဝ ဆိုးလွန်းလို့ ပြောပါတယ်။ (မှန်ပါ့ ဘုရား)၊ အိမ်ရောက် သွားတယ် ဆိုရင် သားက လှည့်လိုက်၊ သမီးက လှည့်လိုက်၊ ပစ္စည်းက လှည့်လိုက် ဆိုပြီး ခန္ဓာကိုယ်ကြီး အချိန် ကုန်ပြီး သကာလ၊ အိုခြင်းဆိုးတွေ တိုးပြီး သကာလ နာခြင်း ဆိုးဘက် ပြေးသွားတဲ့ ဥစ္စာ သေခြင်းဆိုးနဲ့ နီးကပ် သွားတာ ကိုပဲ ဒကာ ဒကာမတို့က မသိလိုက်တော့ ရ,လာတဲ့ ဘဝ ကြီး အလွဲသုံးစားနဲ့ ဖြုန်းလိုက်တာ သေချာတယ် ဆိုတဲ့ ဥစ္စာ ဘာမှ ပြောစရာ မလိုတော့ဘူး။ (မလိုပါဘုရား)။

ဒါကြောင့် ဒီကနေ့ စ,ပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အလွဲသုံးစား ဇာတ်ကိုဖြင့် အသိမ်းကြီး သိမ်း၍ အငြိမ်းကြီး ငြိမ်းတဲ့ နိဗ္ဗာန်မရောက်, ရောက်အောင် ကြိုးစားပါတော့မယ် ဆိုတဲ့ စိတ်ကိုဖြင့် သန်သန်ထွားထွား ကြီး မွေးရမယ်။ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ သံသရာ ဇာတ်ရှည်တယ် ဆိုတာဖြင့် အနမတဂ္ဂ သံယုတ်မှာ “အနမတဂ္ဂါယံ ဘိက္ခဝေ သံသာရော ပုဗ္ဗကောဋိ န ပညာယတိ အဝိဇ္ဇာနီဝရဏနံ သတ္တာနံ တဏှာ သံယောဇနာနံ သန္ဓာဝတံ သံသရတံ” လို့ သေသေချာချာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောထား သောကြောင့် အဝိဇ္ဇာ, တဏှာ လှည့်တာနဲ့ ဒကာ ဒကာမတွေ အခု ယောင် ချာချာ ဖြစ်နေကြတယ် ဆိုတာလဲ မှတ်ထား လိုက်စမ်းပါဦး။ (မှန်ပါ့ ဘုရား)။

မှန်းခြေပေါက်အလုပ် လုပ်ထားစေချင်တယ်

ဒကာ ဒကာမတွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မှန်းခြေပေါက် မရှိသေးတော့ မှန်းခြေပေါက် အလုပ်ကလေး တော့ လုပ်ထား စေချင်တယ် နော်။ (မှန်ပါ့ ဘုရား)။

အခုအချိန်မှာ ဆရာဘုန်းကြီး ပြောတဲ့ စကားလဲ နား မထောင်၊ ဘုရားဟောတဲ့ တရားကိုလဲ ဂရုမစိုက်ကြဘူး ဆိုရင် ခင်ဗျားတို့ မှန်းခြေပေါက် မရှိသေးလို့၊ မှန်းခြေပေါက် သေချာတဲ့ အလုပ်ကိုဖြင့် လုပ်ဖြစ်အောင် လုပ်ထားပါလို့ တိုက်တွန်း ရတယ်နော်။ (မှန်ပါ့ ဘုရား)။

မှန်းခြေပေါက် မရှိဘဲနဲ့ သွားလာနေရခြင်းဟာ အင်မတန် အရုပ် မဆိုးဘူးလား။ (ဆိုးပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဒကာ ဒကာမတွေကွာ မှန်းခြေပေါက် မရှိပုံ ဥပမာကလေးနဲ့ ပြောပါဆိုလို့ ဥပမာကလေး ပြောရ တယ်။ (မှန်ပါ့)။

ဒကာ ဒကာမတို့ သစ်ပင်ကလေး တစ်ပင် ခုတ်လိုက်၊ တစ်ထောင့်ထွာလောက် တုတ်ကလေး အရင်း ဖြတ်လိုက်၊ အဖျား ဖြတ်လိုက်ပေါ့၊ တုတ်ကလေး သေးသေး တစ်ချောင်းတော့ မရလား။ (ရပါတယ် ဘုရား)။

အဲဒါကလေး တစ်ခါ ဒကာဝကဖြစ်စေ၊ ဦးခင်မောင် ကဖြစ်စေ ကောင်းကင် မြှောက်လိုက် တာပေါ့ ဗျာ နော် (မှန်ပါ့ ဘုရား)။

ကောင်းကင်မြှောက်တဲ့ တုတ်

ကောင်းကင် မြှောက်လိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတို့ တစ်ခါတလေလဲ အရင်းက ကျတယ်နော်၊ တစ်ခါတလေလဲ အဖျားကကော (ကျပါတယ်)၊ တစ်ခါ တလေ အလယ်ကကော (ကျပါတယ် ဘုရား)။

သြော် ဘယ့်နှယ်ကြောင့် ဒီတုတ်ကလေးသည်ကား လို့ ဆိုလို့ ရှိရင်ဖြင့် ကျချင်သလို ကျနေ ပါလိမ့်မလဲ ဆိုတော့ သြော် မှန်းခြေပေါက် မရှိသေးလို့ (မှန်ပါ့ ဘုရား)။

ဘယ်လို ဆုံးဖြတ်ချက်ချမယ်။ (မှန်းခြေပေါက် မရှိသေးလို့ပါ ဘုရား)။

မှန်းခြေပေါက် မရှိသေးဘူး၊ အဲဒါကြောင့် အခု ဘုန်းကြီး တို့ ဒကာ ဒကာမတွေလဲ မှန်းခြေ ပေါက် မရှိသေးဘူး ဆိုတာ ဒီ တုတ်ကလေးလို ဖြစ်နေတယ်။ (မှန်ပါ့)။

ဒီတုတ်ကလေးသည် တစ်ခါတလေ အရင်းကကျ၊ နွားချေးပုံပေါ်ကျ၊ လူကျင်ကြီးပုံ ပေါ်ကော မကျနိုင်ဘူးလား။ (ကျနိုင်ပါတယ် ဘုရား)။

သြော် ဒီတစ်ခါ ကျတော့လဲ ပိုးလောက်တွေ ဖြစ်ရ တယ် ဆိုတဲ့ အဓိပ္ပါယ်ပေါ့ဗျာ။ (မှန်ပါ့)၊ နွားချေးပုံပေါ် ကျပြန်တော့လဲ နွားချေးပိုး ဖြစ်ရတယ် ဆိုတဲ့ အဓိပ္ပါယ် မရောက်ပေဘူးလား။ (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် ကျုပ်တို့ အခုရနေတဲ့ အခြေအနေဟာ ဒကာ ဒကာမတို့ ကောင်းကင် မြှောက် လိုက် တဲ့ တုတ်လိုပဲ ကျချင်သလို ကျနေတဲ့ အခြေအနေ ဆိုက်နေ သေးတော့ မှန်းခြေပေါက် မရှိသေး တာကို မှန်းခြေပေါက် ဆရာဘုန်းကြီး ကရော၊ ဘုရားကရော ဟောနေတဲ့ အတွက် မှန်းခြေပေါက် ဖြင့် တို့ရှိအောင် လုပ်မဟ ဆိုတဲ့ စိတ် ယနေ့မွေးပါ။ (မှန်ပါ့ ဘုရား)။

ဘာမွေးရမယ်။ (မှန်းခြေပေါက်စိတ် မွေးရပါမယ် ဘုရား)၊ မှန်းခြေပေါက် ဒကာ ဒကာမတို့၊ ငါဖြင့် ဒီဘဝ စုတေ မနေ သေလွန်လို့ ရှိရင် ဘယ်မှ မသွားဘူး ဟေ့။ သုဂတိ ကနေ နိဗ္ဗာန် ကူးမဟေ့၊ ဒီလို တစ်ချက်။ (မှန်ပါ့)။

ဟာ ဒီဘဝပဲ ခန္ဓာဇာတ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကူးမဟေ့ ဆိုတဲ့ မှန်းခြေပေါက် နှစ်ခုအနက် တစ်ခုခုတော့ ရှိရမယ်။ (မှန်ပါ့ ဘုရား)။

ဒီတစ်ခုခုမှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှန်းခြေပေါက် အလုပ်ကို လုပ်မထားတော့ပါဘူး ဆိုရင် ကောင်းကင် မြှောက်လိုက်တဲ့ တုတ်ကလေးလိုပဲ ဒကာ ဒကာမတို့ အရင်း ကလဲ ကျချင် ကျမယ်။ (မှန်ပါ့)၊ အဖျားကရော (ကျပါ မယ် ဘုရား)၊ အလယ်ကရော (ကျပါမယ်ဘုရား)။

အဲဒါတွေက ကျုပ်တို့မှာ ယခုအချိန်မှာ ကန့်သတ်မှု မရှိသေးဘဲ ဖြစ်ပြီး သကာလ နေတော့ ဒကာ ဒကာမတို့ အလွန်မှ ကြောက်စရာ ကောင်းတယ်နော်။ (မှန်ပါ့)၊ အင်မတန် ကြောက်စရာ ကောင်းတယ်။ (မှန်ပါ့)။

ဥပရိ မိဖုရားကြီး

ဒီပြင်ဟာ မကြည့်ပါနဲ့ ဒကာ ဒကာမတို့၊ ဥပရိ မိဖုရားဟာ မိဖုရားကြီး အဖြစ်နဲ့ အရင်းက ကျနေတယ်၊ တော်ကြာ တိရစ္ဆာန်အဖြစ်နဲ့ အဖျားကနေ ကျတယ်။ (မှန်ပါ့)၊ မကျဘူးလား။ (ကျပါတယ်ဘုရား)။

မလ္လိကာ မိဖုရားကြီး

အဲဒါတွေ ထောက်ပြီး သကာလ ကြည့်လိုက်တဲ့ အခါ၊ တိစ္ဆာန်ဘုံ ကျသွားတာတွေ ကြည့် လိုက်တဲ့ အခါ ဥပရိ မိဖုရား တို့မှာ အတော်ဆိုးပါတယ်။ (မှန်ပါ့ ဘုရား)၊ မလ္လိကာတို့ မှာ မိဖုရားကြီး၊ တော်တော်ကြာ ကျတော့ အဝီစိ ခုနစ်ရက် ကျရတယ် ဆိုတော့ ဒကာဝရေ မှန်းခြေပေါက် မရှိလို့ ပေါ့။ (မှန်လှပါ ဘုရား)။

ဦးခင်မောင် ကျချင်သလိုကျတယ်ဆိုတာ သေချာ ပလား။ (သေချာပါပြီဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေကလဲ ကိုယ့်ဟာကိုယ် မြဲအောင် လုပ်ဖို့ရာ၊ မှန်းခြေပေါက် ကိုက်ဖို့ရာ အလုပ်ကလေး ကို ဆရာဘုန်းကြီးကလဲ နေ့တိုင်းပြော၊ ဒကာ ဒကာမတွေ ကလဲပဲ မှန်းခြေပေါက် ကိုယ်ပိုင် ရအောင် လုပ်ထားတော့မယ် ဆိုတဲ့ စိတ်ကို မွေးရလိမ့်မယ် (မှန်လှပါ ဘုရား)၊ မမွေး ရင် တော်ပါ့မလား။ (မတော်ပါ ဘုရား)။

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှာ ယခုလို အဝိဇ္ဇာတဏှာ ဖုံးလွှမ်းပြီး သကာလ အိမ်ကျ လာတဲ့ အခါ၊ တဏှာကနေ လှည့်လိုက်တဲ့ အခါကျတော့ သား ကိစ္စ တစ်မျိုး၊ သမီးကိစ္စ တစ်မျိုး၊ အဆွေခင်ပွန်း ကိစ္စတစ်မျိုး ဆိုတော့ မှန်းခြေပေါက် အလုပ်ကို မလုပ် လိုက်ရဘူး။ (မှန်ပါ့ ဘုရား)။

မှန်းခြေပေါက် အလုပ်ကို မလုပ်လိုက်ရတဲ့ အခါကျတော့ ကောင်းကင် မြှောက်လိုက်တဲ့ တုတ်လို ဒကာ ဒကာမတို့ ကျချင်သလို ကျသွားလိမ့်မယ်။ (မှန်ပါ့)။

ဦးတိဿ ရဟန်းကြီး

ဘုရားကျောင်းပေါ်နေတဲ့ ဦးတိဿကြီး ဒကာ ဒကာမ တို့ မှန်းခြေပေါက် မရှိသေးတဲ့ အတွက် ခဏကလေး နေတော့ စုတေမနေ ညကျတော့ လေနာပြီး သေလိုက်တယ်၊ သေပြီး သကာလ သန်းကြီး သွားဖြစ်တယ် ဆိုတာလဲ ဓမ္မပဒမှာ အထင်အရှား လာတယ်။ (မှန်ပါ့ ဘုရား)။

မှန်းခြေပေါက် ရှိရဲ့လား။ (မရှိပါဘုရား)၊ ခုနင်က ဥပရိ မိဖုရားကြီး သေသည်၏ အခြားမဲ့၌ နောက်ချေး ပိုးထိုး ဖြစ်တယ် ဆိုတာကော (မှန်းခြေပေါက် မရှိလို့ပါ)၊ မှန်းခြေ ပေါက် မရှိဘူး။

မလ္လိကာ မိဖုရားကြီး သေသည်၏ အခြားမဲ့၌ အဝီစိ ၇ ရက် ကျသွားတယ် ဆိုတာကော (မှန်းခြေပေါက် မရှိလို့ ပါဘုရား)၊ ဪဒါ ဘယ့်နှယ်ကြောင့် မှန်းခြေပေါက် မရှိပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့မှ ဒကာ ဒကာမတို့ ဝိပဿနာ အလုပ်ကို ကိုယ်တိုင် လုပ်ပြီး သကာလ ခရီးပေါက် တဲ့ မဂ်ဆိုက်အောင် မရောက်တဲ့ အတွက် မှန်းခြေပေါက် မရှိဘဲ ဖြစ်ပြီး ကောင်းကင်မြောက်တဲ့ တုတ်လို အဖြစ်ကြီးဖြစ်မှ အကြုံကြီး ကြုံရတယ် မနာဘူးလားဗျာ။ (နာပါတယ် ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နေ့တိုင်း လိုလိုပဲ မသိတာတွေ ဖော်ပြောပြီး သကာလ သိပြန်တော့လဲ တိုက်တွန်း ရပြန်တယ်။ (မှန်ပါ့)။

တရားဟောတယ် ဆိုတာလဲ ရှေ့ပိုင်းက မသိတာ ဖော် ပြောတယ်နော် (မှန်ပါ့)၊ သိပြန် တော့လဲ မလုပ်ဘဲ နေမှာ စိုးလို့ တိုက်တွန်း ရပြန်တယ်။ (မှန်လှပါ ဘုရား)၊ အဲဒီတော့ ဒကာ ဒကာမတွေ ပေါ့လို့ ဆလို့ ဖြင့် တော်ပါ့မလား။ (မတော်ပါ ဘုရား)၊ မှန်းခြေပေါက် အရေးဟာ သူများအရေးလား ကိုယ့်အရေးလား ဆိုတာ အကဲခတ်စမ်းပါ။ (ကိုယ် အရေးပါ ဘုရား)။

ကိုယ်အရေးဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ ကိုယ် အရေးထက် ကြီးတာများ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)။

စဉ်းစားကြည့်ပါ ဒကာ ဒကာမတို့၊ ဘယ်အရပ် မီးလောင်တယ် ဆိုလို့ ရှိရင် ပစ္စည်း ရချင်ရ၊ မရချင်နေ ကိုယ် အရင် ထုတ်တာပဲ။ (မှန်ပါ့)၊ ကိုယ့်ကိုယ်ကိုယ် မီးလွတ်ရာ ပြန်ဆွဲ မထုတ်ဘူးလား။ (ထုတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မီးလောင်တဲ့ အခါကျတော့ ပစ္စည်းနဲ့ ခန္ဓာ ဘယ်သူ့ အရင် ဆွဲထုတ် ကြသတုံး။ (ခန္ဓာ အရင် ဆွဲထုတ်ပါတယ် ဘုရား)။

လားရာဂတိ သေချာအောင် လုပ်ထားဝါ

သြော် ကိုယ့်အရေး ကိုယ်သိတော့ ခန္ဓာ အရင် ဆွဲ ထုတ်တယ်၊ ပစ္စည်းကို ကမ္မသကာ ထားရတယ် နော်။ (မှန်ပါ့)။

ဒီမှာလဲ ဒကာ ဒကာမတို့ ဒီပြင်ဟာတွေ ကမ္မသကာ ထားပြီး သကာလ ကိုယ်လားရာ ဂတိ တစ်ခါတည်း သေချာဖို့ အလုပ်, မဂ်ဆိုက်, ဖိုလ်ဆိုက် အလုပ်ကို ဒကာ ဒကာမတို့ သေချာအောင် လုပ်ထားစမ်းပါလို့ ကိုယ့်အရေး ကိုယ်ဆွဲ ထုတ်စမ်းပါ ဆိုတာ ပြောပါတယ်။ (မှန်ပါ့ ဘုရား)၊ မပြော ထိုက်ဘူးလား။ (ပြောထိုက်ပါတယ် ဘုရား)။

ဘာကို အခု ပေးပါလိမ့် ဆရာဘုန်းကြီးက (ကိုယ့် အရေး ကိုယ်ဆွဲထုတ်ဖို့ ပေးပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဆင်ခြေလဲ လိုက်တာက ဒကာ ဒကာမတို့ သားကလေး ငယ်သေးလို့တဲ့၊ အင်းကိုယ့် အရေး ပြောပြန်သလား သူများအရေး ပြောပြန်သလား။ (သူများအရေး ပြောတာပါ ဘုရား)။

သမီးကလေး ထိန်းကျောင်း နေရသေးလို့ ဆိုတာကော ကိုယ့်အရေး ပြောတာလား သူများအရေး ပြောတာလား။ (သူများအရေး ပြောတာပါ ဘုရား)။

ခင်ဗျားတို့ ပြောသရွေ့ ဟာက ကိုယ့်အရေး ပါရဲ့လား။ (မပါ,ပါ ဘုရား)။

အိမ်ကလေး ဆောက်ချင်သေးလို့ ဆိုတာကော ကိုယ့် အရေး ဟုတ်ကဲ့လား။ (မဟုတ်ပါ ဘုရား)။

ခုနက ကောင်းကင် မြှောက်လိုက်တဲ့ တုတ်ကလေးလိုပဲ အကျမြဲဖို့ အလုပ် ဟုတ်ပါရဲ့လား။ (မဟုတ်ပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ပြောဆိုနေတဲ့ စကားတွေဟာ ကိုယ့်အရေးကို တစ်လုံးမှ မပါတဲ့ အတွက် သြော် ဒကာ ဒကာမတွေ ကိုယ့်အရေးကြီးကြောင်း မသိပါကလား၊ ကိုယ် ကဖြင့် ကောင်းကင် မြှောက်တဲ့ တုတ်လို ကျချင်သလို ကျနေ သေးတာ၊ မှန်းခြေပေါက် မရှိသေးတာ၊ ဦးခင်မောင် မှန်းခြေ ပေါက် ကိုက်အောင် လုပ်ရလိမ့်မယ်။ (မှန်ပါ့)။

ဒကာသစ်တို့၊ မောင်မြတို့ လုပ်ထိုက်-မလုပ်ထိုက် (လုပ်ထိုက်ပါတယ်ဘုရား)။

သူများ အရေးထက် ဘယ်အရေး ကြီးရမှာတုံး။ (ကိုယ့်အရေး ကြီးရမှာပါ ဘုရား)။

ဒါလင်မယား ရန်တိုက်၊ သားနဲ့၊ သမီးနဲ့၊ အမေနဲ့ ရန်တိုက်တာ မဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ မီးလောင်တဲ့ အခါနဲ့ ပုံစံပြတာပါ။ (မှန်လှပါ ဘုရား)။

မီးလောင်တော့ ဒကာ ဒကာမတွေ ကလေးက အိပ်နေတယ်၊ မီးက ဒီအနား ရောက်လာတဲ့ အခါ ဘယ်သူ့ အရင် ပြန်ထုတ်သတုံး။ (ကိုယ့်ကိုယ်ကိုယ် အရင်ပြန် ထုတ်ပါတယ် ဘုရား)။

နောက်တစ်ခါ မေ့နေလို့ မီးလောင်သေးရင် သား ကလေး ပြန်ထုတ်မှာပေါ့။ (မှန်လှပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ကိုယ့်အရေးဟာဖြင့် ယခု ဒကာ ဒကာမတွေ ဖြစ်နေတာဖြင့် ကောင်းကင် မြှောက်တဲ့ တုတ်လိုပဲ ရှိနေသေး တယ်နော်။ (မှန်လှပါ ဘုရား)။

ဘာဖြြစ်နေသလဲ။ (ကောင်းကင်မြှောက်တဲ့ တုတ်လိုပါပဲ ဘုရား)။

တစ်ခါတလေ အရင်းက ကျဗျာ။ (မှန်ပါ့)၊ တစ်ခါ တလေကော (အဖျားက ကျပါတယ်)၊ တစ်ခါတလေ အလယ်က ကျတယ်။ (မှန်ပါ့)။

ဘယ်နှယ်ကြောင့် ဒီတုတ် မမြဲပါလိမ့်မတုံး မေးတဲ့အခါ ကျတော့် မှန်းခြေပေါက် မရှိသေးလို့ (မှန်လှပါဘုရား)၊ သဘောကျပလား။ (ကျပါပြီ)၊ ဘာ မရှိသေးလို့ပါလိမ့်။ (မှန်းခြေပေါက် မရှိသေးလို့ပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ မှန်းခြေပေါက် ရှိအောင်ဖြင့် ကျုပ်တို့ ဝိပဿနာဉာဏ်ကို ကြိုးစား၊ ဝိပဿနာဉာဏ် ရင့်သန်ရင် မဂ်ဉာဏ် ဖြစ်လိမ့်မယ် ဆိုတာလဲ မသေချာဘူးလား။ (သေချာပါတယ် ဘုရား)။

ကိုယ့်အရေး သေချာအောင် လုပ်ထား

အဲဒါကြောင့် ဒကာ ဒကာမတို့ ကိုယ့်အရေး ကိုယ် သေချာအောင် လုပ်ပါဆိုတာကိုဖြင့် ပြောရလိမ့်မယ်။ (မှန်ပါ့)။

ဒါ အင်မတန် သဒ္ဓါတရားရှိတဲ့ ဆရာသမားလဲဖြစ်၊ အကျိုးစီးပွား အလိုရှိတဲ့ ပုဂ္ဂိုလ်လဲ ဖြစ်နေလို့ မောင်မြရေ၊ သူများအရေးထက် ကိုယ့်အရေး ကြီးစမ်းပါဆိုတာ တိုက် တွန်းရတယ်။ (မှန်လှပါဘုရား)။

သူများအရေးထက် (ကိုယ့်အရေးကြီးပါတယ်ဘုရား)။

ကိုယ့်အရေး ကြီးကြစမ်းပါဆိုတာ ဒကာ ဒကာမတို့ အခုမှ ဆုံကြ ကြုံကြတာတွေအတွက် လောကွတ်တွေ များ မနေစမ်းပါနဲ့။ (မှန်ပါ့ ဘုရား)၊ သားတွေ၊ သမီးတွေဆိုတာ ဒကာ ဒကာမတို့ အခုမှ ဆုံကြတာ မဟုတ်လား။ (မှန်ပါ့ ဘုရား)၊ ဒါ လောကွတ် များနေလို့ တော်ပါ့မလား။ (မတော်ပါ ဘုရား)။

အေး ဒါတွေ လောကွတ်များပြီး သကာလ နေလို့ သူတို့က ဒကာ ဒကာမတို့ အိုမှု တားနိုင် ကြရဲ့လား။ (မတားနိုင်ပါ ဘုရား)၊ သားတွေ၊ သမီးတွေ၊ ခင်ပွန်းတွေကလေ (မတားနိုင်ပါ ဘုရား)၊ နာမှုကို တားနိုင်ကြရဲ့လား။ (မတားနိုင်ကြပါ ဘုရား)။ သေမှုကို တားနိုင်ကြရဲ့လား။ (မတားနိုင်ကြပါ ဘုရား)။

ပြီးတော့ကော လားရာ ဂတိကို သူတို့က မြဲအောင် လုပ်ပေးနိုင်ကြရဲ့လား။ (မလုပ်ပေးနိုင်ပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ အပေါ်ယံနဲ့၊ ခင်ဗျားတို့က အပေါ်ယံ လေချိုသွေးတာနဲ့ ခင်ဗျားတို့က အရေးကြီးပြီး သကာလ ကိုယ့်အရေးတွေ ဖြုတ်နေကြတာ၊ တယ် နစ်နာပါကလား။ (နစ်နာပါတယ် ဘုရား)။

ကိုယ့်အရေး ကိုယ် ဂရုစိုက်စမ်းပါလို့ ဆိုတာကိုဖြင့် လေးစားစွာနဲ့ တိုက်တွန်းပါတယ်။ (မှန်ပါ့ ဘုရား)၊ မတိုက် တွန်းသင့်ဘူးလား။ (တိုက်တွန်း သင့်ပါတယ် ဘုရား)။

အခု ကိုယ့်အခြေအနေက ဘယ်ဆိုက်နေသတုံး မေး တော့ ကောင်းကင် မြှောက်တဲ့တုတ် အခြေအနေ ဆိုက်နေ တယ်။ (မှန်လှပါ ဘုရား)။

ဘယ်ဆိုက်နေသတုံး။ (ကောင်းကင်မြှောက်တဲ့ တုတ်အခြေအနေ ဆိုက်နေပါတယ် ဘုရား)။

စင်စစ် သူ သူဌေးပါပဲတဲ့၊ သား စွဲပြီးသေသွားတဲ့ အခါကျတော့ နက်ဖြန် ခွေးကြီး ဖြစ်ရတာ တွေကော မထင်ရှား ဘူးလား။ (ထင်ရှားပါတယ် ဘုရား)။

ဒါဖြင့် ဒီအဖြစ်ဟာ ဒကာ ဒကာမတို့ မှန်းခြေပေါက် – မရှိတဲ့အဖြစ် (မှန်ပါ့)။

ဦးခင်မောင် ဘယ်လို ဆုံးဖြတ်ချက် ချမယ် (မှန်းခြေ ပေါက် မရှိတဲ့အဖြစ်ပါ ဘုရား)။

စေတနာထားပြီး ပြောနေတာ

အေးလူတွေလဲ အများကြီးပါပဲ ဒကာ ဒကာမတို့ အားလုံး အပေါ်မှာ စေတနာ ထားပြီး ပြောနေတော့ သြော် ငါတို့ အဖြစ်ဟာ အဖြစ်ဆိုး ရှိပါသေးလား၊ မှန်းခြေပေါက် ဘယ်ဟာမှ မကိုက်သေး ပါကလား။ (မှန်ပါ့)၊ ပေါ်ကြ ပလား။ (ပေါ်ပါပြီ ဘုရား)။

ဘယ်လို ခေါ်ကြသလဲ။ (မှန်းခြေပေါက် ဘယ် ဟာမှ မကိုက်သေးပါ ဘုရား)။

မှန်းခြေပေါက် မကိုက်သေးဘူးဆိုတာ သေချာကြ ပလား။ (သေချာပါပြီ ဘုရား)။

ဒါဖြင့် မှန်းခြေပေါက် အလုပ်ကိုဖြင့် လုပ်ဖို့မသင့် ကြဘူးလား။ (သင့်ပါတယ်ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ မှန်းခြေပေါက် အလုပ်ကို ပြောပါတော့မယ်တဲ့၊ မှန်းခြေပေါက် အလုပ်ကို ကိုက်အောင် ပြောပါတော့မယ် ဆိုတော့ ဒကာ ဒကာမတို့ မှန်းခြေပေါက် အလုပ်ကို ပြောရတော့မယ် ဆိုလို့ ရှိရင်ဖြင့် ရှေ့ပိုင်းမှာ သုသိမ မပြောခင် ၁၊၂၊ သုညသာ မှတ်ပေတော့နော်။ (မှန်ပါ့ ဘုရား)။

၁ ရယ်၊ ၂ ရယ်၊ သုညရယ်၊ ဦးခင်မောင် ဘယ် နှစ်မျိုးတုံး။ (သုံးမျိုးပါဘုရား)။

၁ ရယ် (၂ ရယ်၊ သုညရယ်ပါ ဘုရား)၊ ၁ ရယ်၊ ၂ ရယ်၊ သုညရယ်နော်။ (မှန်ပါ့)။

မှန်းခြေပေါက် အလုပ်ဆိုတာ

ဒကာ ဒကာမတို့ အခု ပြထားတဲ့ သုံးခုသည် ဘာ ပါလိမ့်။ (၁-၂-သုညပါ ဘုရား)၊ ၁ ရယ်၊ ၂ ရယ်၊ သုည ရယ်။ (မှန်ပါ့)။

ဒါလောက် ဆိုရင် ဒါ ရှေ့ပိုင်းမှာ တိုတိုနဲ့ မိအောင် ပြောတဲ့ ဂတိမြဲမှုကို သေသေချာချာ ပြောပါပြီ။ (မှန်ပါ့ ဘုရား)။

၁ ဆိုတာ ငါလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)၊ ၂ ဆိုတာ ငါ့ ဥစ္စာလို့ မှတ်လိုက် စမ်းပါ။ (မှန်ပါ့)၊ သုည ဆိုတာ ငါ့ဥစ္စာ မဟုတ်လို့၊ ဒီဉာဏ်ရလို့ ရှိရင်၊ ငါငါ့ဥစ္စာ မဟုတ်လို့ရှိရင် သုညဆိုက်တယ်။ (မှန်ပါ့)။

၁ က ငါ၊ ၂ က (ငါ့ဥစ္စာပါ ဘုရား)၊ ၃ က (ငါ-ငါ့ဥစ္စာ မဟုတ်ပါ ဘုရား)၊ သုည၊ သဘော ကျပလား။ (မှန်ပါ့)။

၁ က (ငါပါ ဘုရား)၊ ၂ က (ငါ့ဥစ္စာပါ ဘုရား)၊ ၃ က (သုညပါဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

သေသေချာချာ ဟောနေပါတယ် ဒကာ ဒကာမတို့၊ ဒါ ခင်ဗျားတို့ ဂတိမြဲဖို့ရာ အလုပ်၊ သေသေချာချာ ရှင်းပြ နေပါတယ်၊ ၁ က ဘာပါလိမ့်။ (ငါပါဘုရား)၊ ၂ က ဘာပါလိမ့်။ (ငါ့ဥစ္စာပါ ဘုရား)၊ ၃ က (သုညပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့မှာရှိတဲ့ တရားဟာ များများ ကျင့်စရာ မရှိပါဘူး၊ ၁ ဖြတ်, ၂ ဖြုတ်ပြီး သကာလ ၃ ကိုယ်ပိုင် ရဖို့ အရေးကြီးတယ်။ (မှန်ပါ့ ဘုရား)။

၁ ကိုလဲ ဖြုတ်ရလိမ့်မယ်။ (မှန်ပါ့)၊ ၂ ကိုကော (ဖြုတ်ရပါမယ်)၊ ၃ ဘာလုပ်ရမလဲ။ (ကိုယ်ပိုင် ရအောင် လုပ်ရပါမယ် ဘုရား)။

၃ ကိုယ်ပိုင်ရအောင် လုပ်ရလိမ့်မယ်၊ ကြပ်ကြပ်စဉ်းစား ပါ ဦးခင်မောင် (မှန်ပါ့ ဘုရား)။

ဒါ တိုတိုနဲ့ ခင်ဗျားတို့ ကောင်းကင်မြှောက်တဲ့ တုတ် ဘဝမှ လွတ်အောင် ဒီသုညဖြစ်လို့ ရှိရင် ဘာမှ မပူနဲ့တော့ (မှန်ပါ့ ဘုရား)၊ ဒီသုညဖြစ်ရင် မပူပါနဲ့တော့။

၁ က ဘာပါလိမ့် ဒကာ ဒကာမတို့ (ငါပါဘုရား)၊ ငါနော်။ (မှန်ပါ့)၊ ၂ က ဘာပါလိမ့်။ (ငါ့ဥစ္စာပါ ဘုရား)၊၃ကဘာပါလိမ့်။ (သုညပါဘုရား)၊ သုညတဲ့။

ဒီသုံးလုံးတည်း ရှေ့ပိုင်းမှာ ဟောတာဖြင့် ဘုန်းကြီး တို့ ဒကာ ဒကာမတွေက မမေ့ကြပါနဲ့နော်။ (မှန်ပါ့)၊ မမေ့ကြပါနဲ့လို့ သေသေချာချာ ပြောရပါတယ်။

ရှေးက ဘုရားသခင် ကိုယ်တော်မြတ်ကြီး လက်ထက် က အင်္ဂုတ္တိုရ် ပါဠိတော်ကြီး များမှာ လာတာက မောဃရာဇ ရဟန်းက အရှင်ဘုရား ကတိမြဲချင်ပါတယ်၊ ရောက်ရာဌာန လဲ မြဲချင်ပါတယ် ဆိုတော့ကွာ မင်း ၁ လဲ မဖြစ်စေနဲ့၊ ၂ လဲ မဖြစ်စေနဲ့၊ သုည ဖြစ်အောင် လုပ်လိုက်ကွာ မြဲတာ ပါပဲ။ (မှန်ပါ့)။

ဘာတဲ့တုံး ဒကာ ဒကာမတို့ (သုညဖြစ်အောင် လုပ်လိုက် မြဲတာပါပဲ)၊ ဘာဖြစ်အောင် လုပ်ရမတဲ့။ (သုည ဖြစ်အောင် လုပ်ရပါမယ် ဘုရား)။

သုည ဖြစ်အောင် လုပ်ရမယ်၊ ဒကာ ဒကာမတို့ တစ်ပွဲ လုံး မှတ်ကြစမ်းပါ၊ ဒီအရေးဟာ အတော် ကြီးပါတယ် ဆိုတဲ့ ဥစ္စာကိုဖြင့် ခင်ဗျားတို့မှာ ကောင်းကင်မြှောက်တဲ့ တုတ် ဘဝမှ လွတ်တဲ့ အရေးဟာဖြင့် ဒကာ ဒကာမတို့ ၁ မဖြစ်ဖို့၊ ၂ မဖြစ်ဖို့၊ သုညဖြစ်ဖို့ အရေးကြီးတယ်။ (မှန်ပါ့ ဘုရား)။

ဘာဖြစ်ဖို့ အရေးကြီးပါလိမ့်။ (သုညဖြစ်ဖို့ အရေး ကြီးပါတယ်ဘုရား)။

သုညဖြစ်ဖို့ အရေးကြီးတယ်

၁ လဲ မဖြစ်စေနဲ့နော်။ (မှန်ပါ့)၊ ၂ ကော (မဖြစ်စေနဲ့)၊ ဘာဖြစ်ရမလဲ။ (သုညဖြစ်ရပါမယ်)၊ သုည ဖြစ်ဖို့ အလွန့် အလွန် အရေးကြီးတယ် ဆိုတာ ပေါ်လာကြ ပလား။ (ပေါ်လာပါပြီ ဘုရား)။

အေး ဒါကြောင့် ဒါလောက်ဆိုလို့ ရှိရင်ဖြင့် တရားကလဲ တိုပြန်၊ ဂဏန်းနဲ့လဲ ပြပြန်ဆိုတော့ ဦးခင်မောင် မမှတ်မိစရာ မရှိပါဘူး။ (မရှိပါဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီကနေပြီးသကာလ မနေ့က ပြောခဲ့တဲ့ မဂ္ဂင်ငါးပါးနဲ့ ခန္ဓာ ကိုယ်ထဲမှာ ဒါကလေး တွေက ဝေဒနာ ဆိုကြပါစို့၊ စိတ်ဖြင့်လဲ စိတ်ဆို ကြပါစို့ နော်။ (မှန်ပါ့)၊ ငါ့စိတ် မဖြစ်စေနဲ့ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီဘုရား)။

ငါ့စိတ် (မဖြစ်စေရပါ ဘုရား)၊ အဲဒီဥစ္စာ ဒကာ ဒကာမတို့ ၁ နံပါတ်က ငါမဖြစ်စေနဲ့ ဆိုတာ ပေါ်လာတယ်။ (မှန်ပါ့ ဘုရား)။

၁ နံပါတ်က ဘာတုံး။ (ငါ မဖြစ်စေနဲ့ပါ ဘုရား)။

၂ နံပါတ်က ဒီဥစ္စာကိုတဲ့၊ ငါ့စိတ်မစမ်းနဲ့ဆိုပြီး ငါ ပိုင်တဲ့ သဘောမျိုးနဲ့လဲ ပြောတတ်ပါတယ်။ (မှန်ပါ့ ဘုရား)၊ ထင်ကော မထင်တတ်ဘူးလား။ (ထင်တတ်ပါ တယ် ဘုရား)။

ဒါဖြင့် ၁က စိတ်ကို ငါ ထင်တယ်၊ ၂ က စိတ်ကို ငါ့ဥစ္စာထင်တယ်။ (မှန်ပါ့ ဘုရား)၊ သဘော ကျပလား။ (ကျပါပြီဘုရား)။

၁ က စိတ်ကို ဘာထင်ပါလိမ့်။ (ငါထင်ပါတယ် ဘုရား)၊ ငါထင်တယ်ဆိုတော့ ဒိဋ္ဌိသွား ဖြစ်နေတယ်။ (မှန်ပါ့)၊ အတ္တဒိဋ္ဌိ သွားဖြစ်နေတယ်။ (မှန်ပါ့)။

ငါ့ဥစ္စာထင်တော့ အတ္တနိယဆိုတာ သွားဖြစ်တယ်။ ဘာသွားဖြစ်သတုံး။ (အတ္တနိယ သွားဖြစ်ပါတယ် ဘုရား)၊ အတ္တနိယ ဆိုတာ ငါ့ဥစ္စာ (မှန်ပါ့ ဘုရား)။

ဟော စိတ်ကလေး တစ်လုံးတည်းကို ငါထင်ရင် အတ္တ၊ ငါ့ဥစ္စာ ထင်ရင် (အတ္တနိယပါ ဘုရား)။

အတ္တနိယတွေ ဖြစ်ပြီး သကာလ နေတော့ အတ္တ အတ္တနိယ ပြုတ်လို့ ရှိရင် ဒကာ ဒကာမတို့ သောတာပန် တည်တော့ ဂတိမြဲတယ်။ (မှန်ပါ့ ဘုရား)။

ဦးခင်မောင် သောတာပန် တည်တော့ (ဂတိမြဲ ပါတယ် ဘုရား)။ ဂတိမမြဲဘူးလား။ (မြဲပါတယ် ဘုရား)။

ဪ ဒါဖြင့် ငါ,ငါ့ဥစ္စာ မဟုတ်ဘူး ဒီဥစ္စာ၊ ငါ, ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့ အခြေအနေ ရောက်အောင် ဒကာ ဒကာမတို့ ရှုရ လိမ့်မယ်။ (မှန်ပါ့ ဘုရား)။

ငါ, ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့ အခြေအနေ ရောက် အောင် (ရှုရမှာပါ ဘုရား)၊ ရှုရတဲ့ အခါ ကျတော့ ဒါ ငါလဲ မဟုတ်ဘူး၊ စိတ်ကလေး တစ်ခုကို ပေါ့လေ၊ ငါလဲ မဟုတ်ဘူး၊ ငါ့ဥစ္စာလဲ မဟုတ်ဘူး၊ ဟုတ်လား (မှန်ပါ့)၊ ငါ, ငါ,ဥစ္စာမှ ဆိတ်သုဉ်းတဲ့ သုညပေါ့။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီဘုရား)။

ငါ, ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့ ဘာတုံး။ (သုညပါ ဘုရား)၊ အဲသုညဖြစ်အောင် ဒကာ ဒကာမတို့၊ သုည ဖြစ်အောင် ဦးခင်မောင် လုပ်ရလိမ့်မယ်။ (မှန်ပါ့)။

ဒါ ဝေဒနာရှုလဲ ဒီအတိုင်းပဲ၊ စိတ်ရှုကော (ဒီအတိုင်း ပါဘုရား)၊ ရုပ်ရှုကော (ဒီအတိုင်းပါဘုရား)၊ ဒါဖြင့် ငါလဲ မဖြစ်စေနဲ့၊ ငါ့ဥစ္စာကော (မဖြစ်စေနဲ့)၊ ဘာဖြစ်အောင် လုပ်ရမလဲ။ (သုညဖြစ်အောင် လုပ်ရပါမယ် ဘုရား)။

သုည ဖြစ်အောင်၊ ငါ, ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့ သဘော ဖြစ်အောင် လုပ်ပါ။ (မှန်ပါ့)၊ ဒါ အင်မတန် မိတဲ့ တရားလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့ ဘုရား)။

မောဃရာဇ ရဟန်း

အင်မတန် မိတဲ့ တရား ဆိုတော့ အဲဒီမှာ မောဃရာဇ ရဟန်းကို ဟောလိုက်တာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကို အရှင်ဘုရား တပည့်တော် ကောင်းကင်မြှောက်တဲ့ တုတ် ဘဝမှလဲ လွတ်ချင် ပါတယ်၊ သေမင်း မမြင်ရာ ဌာနကိုလဲ တပည့်တော် သွားချင်ပါတယ် ဘုရားတဲ့။

ဟာ ဒါဖြင့် မင်း ဒီလို လုပ်ပါလားကွ၊ “သုညတော လောကံ အဝေက္ခဿု” ဆိုတာ သူ့ကို ဟောတာ။ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သုညတော လောကံ အဝေက္ခဿု၊

မောဃရာဇ သဒါ သတော၊

အတ္တာနုဒိဋ္ဌိံ ဦဟစ္စ၊

ဧဝံ မစ္စုတရော သိယာ၊

ဧဝံ လောကံ အဝေက္ခန္တံ၊

မစ္စရာဇာ န ပဿတိ။

သေမင်းတောင် မမြင်ပါဘူးကွပဲ၊ မင်း သွားမည့် နေရာဌာန နောက်ချေးပုံတို့၊ လူကျင်ကြီးပုံတို့၊ ခုနက ပြောခဲ့တဲ့ ခွေးဘဝတို့ ဆိုတာ အသာထားပါတဲ့ အဲဒါ သေစရာ ရှိပါသေးတယ် တဲ့။ (မှန်ပါ့)၊ အခုဟာက သူ့ကို မမြင်တဲ့ဆီ ရောက်ပြီ ဆိုတော့ နိဗ္ဗာန် ရောက်တယ် ပြောတာ။ (မှန်ပါ့ ဘုရား)၊ ဒီထက် မြဲစရာ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ တစ်ခုတစ်ခု ရှုလိုက် တဲ့အခါကျတော့ ဒီနားမှာ စားချင်တဲ့ စိတ်ကလေး၊ ဝတ်ချင်တဲ့ စိတ်ကလေး ဝမ်းထဲမှာ ပေါ်လာကြတယ် ဆိုကြ ပါစို့။ (မှန်ပါ့)၊ ဆင်ခြင်တဲ့ စိတ်ကလေး ပေါ်လာတယ် ဆိုကြပါစို့။ (မှန်ပါ့ ဘုရား)။

အဲဒါကလေးက ကြည့်လိုက်တဲ့ အခါကျတော့ ငါလား ဆိုတော့ မဟုတ်ပါဘူး၊ စိတ်ပါပဲ။ (မှန်ပါ့)၊ ငါ့ဥစ္စာလား ဆိုတော့ ငါ့ဥစ္စာလဲ မဟုတ်ပါဘူး၊ ဒီဟာ စိတ် သဘောပါပဲ။ (မှန်ပါ့)၊ ဟုတ်လား။ (မှန်ပါ့)။

အဲဒီတော့ ငါလားလို့မေးတော့ ဘယ့်နှယ်တုံး။ (မဟုတ်ပါ)၊ စိတ်ပဲ (မှန်ပါ့)၊ ဦးခင်မောင် ငါလားမေးတော့ တာ ဘာပါလိမ့်။ (စိတ်ပါဘုရား)၊ ငါ့ဥစ္စာလားလို့ မေးပြန်တော့ (စိတ်ပါ ဘုရား)။

အာရုံဒွါရကြောင့် ပေါ်တာ

ငါ့ဥစ္စာလဲ မဟုတ်ပါဘူး၊ စိတ်ဆိုတာက အာရုံဒွါရက လုပ်ထားတာ။ (မှန်ပါ့)၊ ငါက လုပ်ထား တာ ဟုတ်ကဲ့ လား။ (မဟုတ်ပါ)၊ အာရုံ ဒွါရကြောင့် စိတ်ပေါ်တာ။ (မှန်ပါ့)။

ဒါဖြင့် ငါလဲ မဟုတ်၊ ငါ့ဥစ္စာကော (မဟုတ်ပါ)၊ နောက် ရှုရင်းမတ္တနဲ့ ဒီဟာကလေးဟာက ဒကာ ဒကာမတို့ ငါ, ငါ့ဥစ္စာ မဟုတ်ကြောင်းကို သူက ဆတ်ခနဲ ပျောက် မပြဘူးလား။ (ပျောက်ပြပါတယ် ဘုရား)။

ဆိတ်သုဉ်းတဲ့ သဘော

ပျောက်ပြလိုက်တဲ့ အခါကျတော့ ငါလဲ မဟုတ်၊ ငါ့ဥစ္စာလဲ မဟုတ်ပါလား၊ သက်သက် သုညတ သဘောပါလား၊ ငါ, ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့ သဘောပါလားလို့ မြင်အောင် ကြည့်လိုက် (မှန်ပါ့)၊ ဒီစိတ်ကလေး မြင်အောင် ကြည့်ပါ။ (မှန်ပါ့)။

ဒီစိတ်ကလေး ချုပ်ပျောက်သွားတာ မရှိတာကို မြင်အောင် ကြည့်လိုက်စမ်းပါ။ (မှန်ပါ့)၊ သဘောပါကြ ပလား။ (ပါ,ပါပြီဘုရား)။

ဒါဖြင့် စိတ်ကလေးတစ်ခု ပေါ်လာလို့ ရှိရင်ဖြင့် ငါလား ဒကာ ဒကာမတို့။ (မဟုတ်ပါ ဘုရား)၊ ငါလဲ မဟုတ်ဘူး၊ စိတ်ပဲ။ (စိတ်ပါ ဘုရား)။

ငါ့ဥစ္စာလားလို့ မေးပြန်တော့ စိတ်ဆိုတာ ထမင်းဟင်း စားချင်ရင် ထမင်းကြောင့် ပေါ်တာ၊ ဟင်းစားချင်ရင် (ဟင်းကြောင့် ပေါ်တာပါ ဘုရား)။

အင်း သူများလုပ်ထားတဲ့ စိတ်ဆိုတော့ ငါ့ဥစ္စာလို့ ဆိုနိုင်ပါ့မလား။ (မဆိုနိုင်ပါ ဘုရား)၊ အာရုံဒွါရက လုပ်ထားတာ၊ စာသမားများ အတွက်တော့နော်။ (မှန်ပါ့)။

အဲဒီတော့ ငါ့ဥစ္စာကော ဟုတ်ပါရဲ့လား။ (မဟုတ် ပါ)၊ ကြည့်ရင်း မတ္တနဲ့ ဒီစိတ်ကလေး ဘာဖြစ်သွားသလဲ။ (ပျောက်သွားပါတယ်)၊ ချုပ်ပျောက် သွားတယ်။ (မှန်ပါ့)။

အဲဒီတော့ ချုပ်ပျောက်သွားတော့ ငါလဲ မဟုတ်၊ ငါ့ဥစ္စာလဲ မဟုတ်ဘူး၊ သက်သက် ငါ, ငါ့ဥစ္စာ မဟုတ်တဲ့ တရားလို့ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

သေချာတဲ့အခါကျတော့ ၁ ဆိုတဲ့ ငါလဲ ဟုတ်သေး ရဲ့လား။ (မဟုတ်ပါ)၊ ၂ ဆိုတဲ့ ငါ့ဥစ္စာကော (မဟုတ် ပါဘုရား)၊ ကဲဒါဖြင့် ငါ, ငါ့ဥစ္စာ မဟုတ်တော့ ဘာဖြစ်သွားသလဲ။ (သုညပါ ဘုရား)။

သုညတ ဖြစ်သွားတယ်၊ သုညတ ဖြစ်သွားတယ်လို့ အဲဒီ ကျအောင် ဒကာ ဒကာမတွေက ရှုလို့ရှိရင် မဂ္ဂင်ငါးပါးနဲ့ ရှုရှုပေး (မှန်ပါ့ ဘုရား)။

စိတ်ကလေးတစ်ခု ပေါ်လာလို့ရှိရင် ငါလား ဒကာ ဒကာမတို့ (မဟုတ်ပါ ဘုရား)၊ မဟုတ်ရင် ဘာတုံး။ (သုညပါ)၊ စိတ်ပဲ (မှန်ပါ့)။

အိပ်ချင်တဲ့ စိတ်

ဒါကလေးလဲ အဖြေထွက်ကြပါ ဒကာ ဒကာမတို့၊ ဘယ်စိတ်ပေါ်လာလာ ဒကာ ဒကာမတို့၊ အိပ်ချင်တဲ့ စိတ် ကလေး ပေါ်လာတယ်။ ဒါကလေးဟာ ငါလား။ (မဟုတ် ပါဘုရား)၊ စိတ်ပဲနော်။ (မှန်ပါ့)။

ထိနမိဒ္ဓစိတ်ပဲ၊ ထိနမိဒ္ဓ စေတသိက်တို့ ဒါဝဲ ရှိတာပဲ။ ဒေါသစိတ်တို့ ဒါပဲရှိတာပဲ။ (မှန်ပါ့)။

ငါ့ဥစ္စာလားလို့ မေးတော့ ထိနမိဒ္ဓ ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတို့ တွေဝေပြီး သကာလ လာတာ၊ ထမင်း အဆိမ့် အအိမ့်တွေ စားချင်ခြင်းတည်းဟူသော အာရုံတွေကြောင့် ပျက်တဲ့သဘောဖြစ်ပြီး သကာလ လာတာ။ (မှန်ပါ့)

အိပ်ရာတွေမြင်လို့ အိပ်ချင်တဲ့စိတ်၊ အစားတွေများ လို့ အိပ်ချင်တဲ့စိတ် ဆိုပြီး သကာလ ဒီအကြောင်း တွေကြောင့် ဖြစ်တဲ့တရား ဆိုခြင်းကြောင့် ငါ့ဥစ္စာလား။ (မဟုတ်ပါ ဘုရား)။

ငါ့ဥစ္စာ မဟုတ်ဘူး၊ ကြည့်နေနော် ဒကာ ဒကာမ တို့။ (မှန်ပါ့)၊ ကြည့်နေရင်း မတ္တနဲ့ ထိနမိဒ္ဓကလေး ဘာ ဖြစ်သွားသလဲ။ (ပျောက်သွားပါတယ် ဘုရား)။

အဲဒါကြောင့် ဘုရားက “သံခိတ္တံ ဝါစိတ္တံ သံခိတ္တံ စိတ္တန္တိ ပဇာနာတိ”ကွ (မှန်ပါ့)၊ “သမုဒယဓမ္မာ နုပဿီဝါ ဝယဓမ္မာနုပဿီဝါ” တဲ့။ (မှန်ပါ့)။

အိပ်ချင်တဲ့ စိတ်ကလေးဟာ ဒကာ ဒကာမတို့ ရှိသေး ရဲ့လား။ (မရှိတော့ပါဘုရား)၊ မရှိတော့ ငါကော ဟုတ်သေးရဲ့ လား။ (မဟုတ်ပါ ဘုရား)။

ငါ့ဥစ္စာကော (မဟုတ်ပါ)၊ ဘာဖြစ်သွားသလဲ။ (ဆိတ်သုဉ်း သွားပါတယ်)၊ ငါ, ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့ သုညတ ဖြစ်သွားတယ်။ (မှန်ပါ့)။

ငါ, ငါ့ဥစ္စာမှ ဆိတ်သုဉ်းသွားတာ

ငါ, ငါ့ဥစ္စာမှ ဆိတ်သုဉ်းသွားတာ ဘာခေါ်ကြ မယ်။ (သုညတ ဖြစ်သွား ပါတယ်)၊ ငါ, ငါ့ဥစ္စာမှ ဆိတ် သုဉ်းသွားတဲ့ သုညတ (ဝါ) သုည။ (မှန်ပါ့)၊ သဘော ကျပြီလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် ဦးဘအုန်းတို့ သုညဖြစ်ဖို့ တယ်အရေးကြီး ပါတယ်၊ ဟုတ်လား။ (ကြီးပါတယ် ဘုရား)၊ မကြီးဘူးလား ဒကာသစ်။ (ကြီးပါတယ် ဘုရား)။

ဒါဖြင့် ဘာကလေးပေါ်ပေါ် ဒီ ၃ ကျအောင် ဒကာ ဒကာမတို့ အရောက် သွားစမ်းပါ။ (မှန်ပါ့ ဘုရား)၊ ကဲ စိတ်ကလေးဟာ ပျံ့လွင့်နေတယ်၊ ပျံ့လွင့်နေတာ၊ ငါ ပျံ့လွင့် နေတယ် ဆိုတာကော ဟုတ်ပါရဲ့လား။ (မဟုတ်ပါ ဘုရား)။

သူ့ အာရုံကြောင့် ပေါ်လာတဲ့ တရားဖြစ် သောကြောင့် ငါ့ဥစ္စာကော ဟုတ်ပါရဲ့လား။ (မဟုတ်ပါ ဘုရား)၊ တော်တော်ကြာ ကြည့်လိုက်တဲ့ အခါကာလ ချုပ်မသွားဘူး လား။ (ချုပ်သွားပါတယ် ဘုရား)၊ ချုပ်ပျောက်သွားတယ် ဆိုတာ မသေချာဘူးလား။ (သေချာပါတယ် ဘုရား)။

ဒါဖြင့် ငါ ဟုတ်ကဲ့လား။ (မဟုတ်ပါ)၊ ငါ့ဥစ္စာ ဟုတ်ကဲ့လား။ (မဟုတ်ပါ)၊ ဘာဖြစ်သွားပါလိမ့်။ (ချုပ်ပျောက်သွားပါတယ် ဘုရား)။

သုညတဖြစ်သွားတယ် ငါ ငါ့ဥစ္စာ အဖြစ်မှ ဆိတ်သုဉ်း သွားတယ်။ (မှန်ပါ့ ဘုရား)၊ ရှင်းကြ ပလား။ (ရှင်းပါပြီ ဘုရား)။

အဲဒီလို ပေါ်တိုင်း,ပေါ်တိုင်း ဒကာ ဒကာမတွေ ပျက် သွားရင် ဪ ငါ, ငါ့ဥစ္စာ မဟုတ်ပါလား၊ သုညပဲ၊ ငါ, ငါ့ဥစ္စာမဟုတ်၊ သုညပဲလို့ ဒီလိုသာ ရှုနေ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီဘုရား)။

သုညပဲ သုညတပဲလို့သာ ရှုနေ

ပျက်တိုင်း,ပျက်တိုင်း ဘယ်လို ရှုရမယ်။ (ငါ, ငါ့ဥစ္စာ မဟုတ်လို့ ရှုရပါမယ်)၊ ငါ,ငါ့ဥစ္စာ မဟုတ်တဲ့ သုညချည်းပဲ ဆိုတော့ ကဲ နောက်ကျတော့ နားလည်ပါပြီ တဲ့၊ ငါလဲချုပ်၊ ငါလဲ ပြုတ်ပြီး သားတွေ ဖြစ်သွား တယ်၊ ငါ့ဥစ္စာကော (ပြုတ်ပြီးသားပါ ဘုရား)၊ အင်း ပေါ်လာတာ ကလေးဟာ သုညပဲ သုညတပဲ လို့သာ ရှုနေ။ (မှန်ပါ့)။

ပေါ်လာတဲ့ စိတ်ကလေးကို ဘယ်လို ရှုရမယ်။ (သုညတ သုညတလို့ ရှုရပါမယ်)၊ သုညတ သုညတ၊ သြော် ငါ, ငါ့ဥစ္စာမှ ဆိတ်သုဉ်းတာပဲ၊ အဓိပ္ပါယ် ရှင်းချင် ရင်ပေါ့ဗျာ။ (မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ ရှုလိုက်တဲ့အခါကျတော့ သူက သုညတ၊ ဒီက ရှုနေတာ ကလေးက (မဂ္ဂပါဘုရား)၊ မဂ္ဂ သူက ဘာပါလိမ့်။ (သုညတပါဘုရား)၊ ရှုနေတာကလေးက (မဂ္ဂပါဘုရား)။

အဲသုည မြင်တာ ဘယ်သူပါလိမ့်မတုံး မေးရင် ဘယ့်နှယ် ပြောကြပါ့မလဲ။ (မဂ္ဂပါဘုရား)၊ ဪ မဂ်ကမှ သုညမြင်တာ။ (မှန်ပါ့)။

မဂ်က (သုညမြင်တာပါ ဘုရား)၊ အဲဒါကြောင့် ဘာ ပေါ်လာလာ၊ ဘယ်စိတ် ပေါ်လာလာ၊ ဘယ်ဝေဒနာ ပေါ်လာလာ ဒကာ ဒကာမတို့ ငါလဲ မဟုတ်၊ ငါ့ဥစ္စာလဲ မဟုတ်၊ သုညတသာ ဟုတ်နေ တာပဲ။ (မှန်ပါ့)၊ ရှင်း ပလား။ (ရှင်းပါပြီဘုရား)။

အာရုံက သုညတ, ရှုတာက မဂ္ဂ

ငါလဲ (မဟုတ်ပါ)၊ ငါ့ဥစ္စာလဲ (မဟုတ်ပါ ဘုရား)၊ ဘာသာ ဟုတ်ပါလိမ့်။ (သုညတသာ ဟုတ်ပါတယ် ဘုရား)။

သုညတသာ ဟုတ်တယ်လို့ တစ်ခါတည်း ဉာဏ်နဲ့ တည့်တည့် တည့်တည့်ပြီး ရှုလိုက်တော့ အာရုံက သုညတ၊ ရှုတာက (မဂ္ဂပါ ဘုရား)။

မဂ္ဂဆိုတော့ ဒကာ ဒကာမတို့ တစ်ခါတည်း ငါ ငါ့ဥစ္စာ ဆိုတဲ့ ဒိဋ္ဌိတွေ နောက်က အကုန် ပြုတ်တယ်။ (မှန်လှ ပါ)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် သုညတကလေး ရှေ့ကထား၊ ဒကာ ဒကာမတွေက မဂ္ဂနဲ့ရှု။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ)၊ အဲဒီတော့ ဒါကလေး သုညတ ဖြစ်သွားပြီ၊ ဘယ် စိတ်ကလေး ဖြစ်ဖြစ် သုညတ ဖြစ်သွားပြီ ဆိုလို့ ရှိရင်ဖြင့်တဲ့၊ ဒကာ ဒကာမတို့သိတဲ့ အတိုင်း ရှေ့က သုညတ၊ နောက်က (မဂ္ဂပါ ဘုရား)၊ သေတာက အတ္တ၊ အတ္တနိယ (မှန်လှပါ)၊ မှတ်မိပလား။ (မှတ်မိပါပြီ)။

သေတာက (အတ္တ အတ္တနိယပါ)၊ အတ္တက ငါ၊ အတ္တနိယက ငါ့ဥစ္စာ။ (မှန်ပါ့)၊ ဒိဋ္ဌိတဏှာ သေတယ်။ (မှန်ပါ့)၊ ရှုတတ်ပလား။ (ရှုတတ်ပါပြီ)၊ ဒါ တိုတိုနဲ့ ပြတာနော်။ (မှန်လှပါဘုရား)။

တိုတိုနဲ့ပြတာ၊ ဒကာ ဒကာမတွေက သေးသေး အဓိပ္ပါယ်လို့ မမှတ်လိုက်ပါနဲ့၊ မောဃရာဇ ရဟန်းကို ဘုရားက ဟောတော်မူတာ။ (မှန်ပါ့ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ မြင်တိုင်း,မြင်တိုင်း ဘာ ဖြစ်အောင် ရှုရမတုံး။ (သုညတ ဖြစ်အောင် ရှုရပါမယ် ဘုရား)။

ဒါဖြင့် ရှေ့က သုညတ၊ နောက်က (မဂ္ဂပါဘုရား)၊ သေတာက (အတ္တ အတ္တနိယပါ ဘုရား)။

အတ္တနဲ့ အတ္တနိယ၊ တစ်ခါတည်း ဒိဋ္ဌိပြုတ်တယ်။(မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘာပြုတ်ပါလိမ့်။ (အတ္တနဲ့ အတ္တနိယ ပြုတ်ပါတယ် ဘုရား)။

ဒိဋ္ဌိတဏှာ ပြုတ်တယ်

အတ္တဆိုတာ ငါနော်။ (မှန်ပါ့)၊ အတ္တနိယ ဆိုတာ (ငါ့ဥစ္စာပါ ဘုရား)၊ ငါ့ဥစ္စာ ပြုတ်သွားတယ် ဆိုတော့ အတ္တက ငါ၊ ငါ့ဥစ္စာ ဆိုတာက တဏှာ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)၊အင်း ဒိဋ္ဌိ တဏှာ ပြုတ်သွားတယ်။

ဒကာ ဒကာမတို့ ဘာပြုတ်ပါလိမ့်။ (ဒိဋ္ဌိ တဏှာ ပြုတ်ပါတယ် ဘုရား)၊ ဪ ခင်ဗျားတို့က ဘယ်လိုများ မြင်လိုက်လို့ ပြုတ်တာပါလိမ့်။ (သုညတ မြင်လိုက်လို့ ပြုတ်တာပါ ဘုရား)၊ ဦးခင်မောင် အတော်မိပြီ။ (မှန်ပါ့)၊ ဦးဝ အတော်မိတဲ့ တရား ဆိုတာ သေချာပလား။ (သေချာ ပါပြီ ဘုရား)။

အင်မတန် ဂရုစိုက်ပြီး ဦးဇံရင်တို့ သတိ ပေးတယ် နော်။ (မှန်ပါ့ ဘုရား)၊ သတိ ပေးနေတယ် ဒကာ ဒကာမ တို့၊ ဒီနှစ်လုံးသည် ခင်ဗျားတို့ ကောင်းကင် မြှောက်တဲ့ တုတ် ဘဝမှ လွတ်မယ်။ (မှန်ပါ့ ဘုရား)။

ဒီအတ္တ အတ္တနိယ ပြုတ်ပါတယ် ဆိုကတည်းက ဒိဋ္ဌိ ပြုတ်သွားပကောဗျ (မှန်ပါ့ ဘုရား)၊ ဒိဋ္ဌိပြုတ်ရင် ဝိစိကိစ္ဆာ အလိုလိုပါသွားတယ်။ (မှန်လှပါ)။

ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်ရင် သောတာပန်

ဒိဋ္ဌိပြုတ်ရင် (ဝိစိကိစ္ဆာ အလိုလို ပါသွားပါတယ် ဘုရား)၊ အဲဒီတော့ ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်ရင် သောတာပန် အစစ်။ (မှန်ပါ့ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ။

ဒီ သောတာပန် အစစ်ဆိုလို့ ရှိရင် ဒကာ ဒကာမတို့ စုတေမှနေ သေလွန်တဲ့ အခါကျလို့ ရှိရင် သောတာပန် အဖြစ် နဲ့ သေသွားတဲ့ အခါ သုဂတိမှ တစ်ပါး ဘယ်သွားသေး သတုံး။ (ဘယ်မှမသွားပါ ဘုရား)။

ကောင်းကင် မြှောက်တဲ့ တုတ်လို ကျချင်သလို ကျတာ လား၊ မှန်းခြေပေါက် ရှိသလား (မှန်းခြေပေါက် ရှိပါတယ် ဘုရား)၊ အဲဒီတော့ ဒကာ ဒကာမတို့ ဒီ သုညကလေး ဖြစ်အောင်ဟာ ခင်ဗျားတို့ ဝန်မလေး ကြပါနဲ့။ (မှန်ပါ့ ဘုရား)။

သုညကလေး ဖြစ်အောင် (ဝန်မလေး ကြပါနဲ့ ဘုရား)၊ ဝန်မလေး ကြပါနဲ့ ဆိုတာ သေသေ ချာချာ ပြောပါတယ်။ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ဟာလဲ ကောင်းကင် မြှောက်တဲ့ တုတ်လို မမြဲဘူး။ (မှန်ပါ့)၊ ခင်ဗျားတို့ သားသမီးတွေကလဲ (မမြဲပါ ဘုရား)။

မမြဲသေးတော့ ဒီ သုညတ ဆိုက်အောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ဖြင့် ( မြဲပါတယ်ဘုရား)၊ မြဲပြီး သုည ဆိုက်အောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ဖြင့် (မြဲပါပြီဘုရား)။

မြဲပြီဆိုတာ သေချာပလား။ (သေချာပါပြီ)၊ ဒါဖြင့် ဒီသုညတသည် ငါတို့ကို ကယ်မည့်သူ သုညတ (မှန် လှပါဘုရား)၊ ဘယ်လို ဆိုကြမယ် (သုညတသည် ငါတို့ကို ကယ်ယူမည့် သုညတပါ ဘုရား)။

ငါတို့ကို ကောင်းကင် မြှောက်တဲ့ တုတ်ဘဝမှ လွတ် အောင်လုပ်တဲ့ သုညတ (မှန်ပါ့)၊ ဆိုနိုင်ကြမလား။ (ဆိုနိုင်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒီအလုပ်ဟာ ဒကာ ဒကာမတို့ ခဲယဉ်း သလားလို့ တစ်ခါ မေးပြန်ဦးမယ်။ (မခဲယဉ်းပါ)၊ မခဲ ယဉ်း ဘူးနော်။ (မှန်ပါ့)၊ ဒါဖြင့် ငါလဲ မဟုတ်ဘူး၊ ငါ့ဥစ္စာ လဲ မဟုတ်ဘူး၊ ပျက်သွားတဲ့ ဓမ္မကလေးဟာ ငါငါ့ ဥစ္စာမှ ဆိတ်သုဉ်းတဲ့ ဓမ္မပဲလို့ ဆိုတာ ဝန်လေးသလား။ (မလေးပါ ဘုရား)။

ဘယ်ဟာ ပေါ်လာလာ ငါ ငါ့ဥစ္စာ ရှိသေးရဲ့ လား။ (မရှိပါ ဘုရား)၊ ခန္ဓာထဲ စိုက်ကြည့်ပါ ဒကာ ဒကာမတို့၊ ဝေဒနာ ကလေး ပေါ်လာလဲ ကြည့်စမ်း၊ ငါလား။ (မဟုတ်ပါ ဘုရား)။

ငါ မဟုတ်ပါဘူး ဝေဒနာပါ ဒကာ ဒကာမတို့။ (မှန်ပါ့)၊ ငါ့ဥစ္စာလား ဆိုလို့၊ အို ငါ့ဥစ္စာ မဟုတ်ပါဘူး၊ ဖဿ ပစ္စယာ ဝေဒနာပါ (မှန်ပါ့)၊ ဖဿက လုပ်ထား တာပါ။ (မှန်လှပါ)၊ သေချာပလား။ (သေချာပါပြီ ဘုရား)။

ဒါကလေးဟာ ကြည့်ရင်းမတ္တနဲ့ တစ်ခါ ဆိတ်သုဉ်း သွားပြန်တော့ ငါ, ငါ့ဥစ္စာ အဖြစ်မှ မရှိပါကလား ဆိုတာ မတွေ့ဘူးလား။ (တွေ့ပါတယ် ဘုရား)။

ဒါဖြင့် ငါ, ငါ့ဥစ္စာ မရှိတာ သည်ကားလို့ ဆိုရင်ဖြင့် သုညတ (မှန်ပါ့)၊ မြင်တာက (မဂ္ဂပါ) သေတာက (အတ္တ-အတ္တနိယပါ ဘုရား)၊

အတ္တ-အတ္တနိယ၊ တစ်ခါတည်း ဒိဋ္ဌိ ပြုတ်ထွက်သွား တယ်။ (မှန်ပါ့)၊ တစ်ခါတည်း ဒိဋ္ဌိပြုတ် ထွက်သွားတော့ ဒီတရားထက် ပိုင်တာ ဒကာ ဒကာမတွေ ရှိသေးရဲ့လား။ (မရှိပါဘုရား)။

အဲဒီ လောက်တောင် ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ သြော် ဘာပဲပေါ်ပေါ် သုညဖြစ်အောင် လုပ်ဖို့ရာ တို့အရေးပါ ကလား။ (မှန်လှပါ)။

သုညဖြစ်အောင် တို့က ရှုနိုင်လို့ရှိရင်ဖြင့် မရှိတာ တွေ့မယ်၊ ပြင်မယ် မရှိတာ သိရင်ဖြင့် သုညဖြစ်တာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီဘုရား)။

မရှိတာသိရင် (သုညဖြစ်ပါတယ်)၊ မရှိတာ ၁ လို့လဲ ရေးလို့ဖြစ်ကဲ့လား ဦးခင်မောင် (မဖြစ်ပါဘုရား)၊ ၂ ကော ရေးလို့ ဖြစ်ကဲ့လား (မဖြစ်ပါ ဘုရား)၊ ဘာရေးမတုံး မရှိတာ (သုည ရေးရပါမယ် ဘုရား)။

ဒါကြောင့် သုညလို့ ဆရာဘုန်းကြီးက ပြောနေတယ်၊ စာလိုတော့ သုညတ (မှန်လှပါဘုရား)၊ ခင်ဗျားတို့ ၁ ဆိုတဲ့ ငါကော ရေးလို့ ဖြစ်ကဲ့လား။ (မဖြစ်ပါဘုရား)၊ ၂ ဆိုတဲ့ ငါ့ဥစ္စာကော (မဖြစ်ပါ ဘုရား)၊ ဘာရေးမတုံး။ (သုညရေးရပါမယ်ဘုရား)၊ ဟောဒီဉာဏ်နဲ့ သုညသာရေး (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သူက သုည (ဝါ) သုညတ၊ သူက ဘာတုံး။ (မဂ္ဂပါဘုရား)၊ အင်း သေတာက ဘာပါလိမ့်။ (အတ္တနဲ့ အတ္တနိယပါဘုရား)။

အတ္တ-အတ္တနိယဆိုတော့ ၁ နဲ့ ၂ ပြုတ်သွားတယ်။ (မှန်ပါ့ ဘုရား)၊ ဒကာ ဒကာမတွေ ဘာပြုတ် သွားသလဲ။ (၁ နဲ့ ၂ ပြုတ်သွားပါတယ် ဘုရား)။

၁ နဲ့ ၂ ပြုတ်ပြီး ဉာဏ်ထဲမှာ သုညကျန်ရစ်တယ်။ (မှန်ပါ့ ဘုရား)၊ ဉာဏ်ထဲမှာ ဘာကျန်ရစ် ပါလိမ့်။ (သုည ကျန်ရစ်ပါတယ် ဘုရား)။

အထက် နတ်ပြည်သာ သွားမည်

နားလည်ကြရဲ့လားနားလည်ကြရဲ့လား။ (နား လည်ပါတယ်ဘုရား)၊ ဘုန်းကြီးကဖြင့် စိတ်ရော ကိုယ်ပါ ဒကာ ဒကာမတို့ ကောင်းကင် မြှောက်တဲ့ ဘဝမှ တစ်ခါတည်း လွတ်ပြီး သကာလ ကဲ ဒီဘဝက သောတာပန်တည်၊ တည်ပြီး သကာလ နတ်ရွာ သုဂတိပဲ၊ ခင်ဗျားတို့ ဘယ်မှ မသွားဘူး၊ အထက်သာတက်။ (မှန်ပါ့ ဘုရား)။

နတ်ပြည်က တစ်ခါ သောတာပန် တည်ပြီး သကာလ အထက် အထက် မဂ်သာ တက်သွား တယ် ဆိုတာ သေချာ ပလား (သေချာ ပါပြီ)။

အဲဒီတော့ ငါတို့ဟာဖြင့် စုန်သမား, မျောသမား မဟုတ်တော့ဘူး။ (မှန်ပါ့)၊ အမြှုပ်သမား, အမျော သမား (မဟုတ်တော့ပါ ဘုရား)၊ အင်း အဆန်သမား သက်သက် (မှန်ပါ့ ဘုရား)။

ဦးခင်မောင် ဘာတဲ့တုံး။ (အဆန်သမား သက်သက် ပါဘုရား)၊ ဒကာ ဒကာမတွေ ယခု တော့ဖြင့် မြုပ်ချည်တစ် လှည့်၊ မျောချည် တစ်လှည့် ဆိုတော့ ကောင်းကင် မြှောက်တဲ့ တုတ်လို ဖြစ်နေတယ်။ (မှန်လှပါဘုရား)၊ သေချာကြရဲ့လား။ (သေချာပါတယ် ဘုရား)။

အဲဒါကြောင့် ကောင်းကင် မြှောက်တဲ့ တုတ်လို ကျချင်သလို ကျတဲ့ ဘဝမှ လွတ်ချင်ကြလို့ ရှိရင် သုည ဖြစ်အောင် ရှုပါ။ (မှန်လှပါဘုရား)။

တရားတော်တ ကယ်တင်တယ်

မိပြီ ဒကာ ဒကာမတို့၊ တရားတော့ဖြင့် (မှန်ပါ့)၊ တရားကဖြင့် ခင်ဗျားတို့ကို အကုန် ကာကွယ် တော့မှာပဲ။ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ တရားကဖြင့် ခင်ဗျားတို့ကို အကုန် ကယ်တင်မှာပဲ။ (မှန်ပါ့)။

ဦးခင်မောင် ဘာတဲ့တုံး။ (တရားကဖြင့် ကာကွယ် ပါမယ် ဘုရား)၊ တရားက ကယ်တင် ချင်ပါတယ်၊ ကယ်တင် နိုင်တဲ့ စွမ်းရည် သတ္တိရှိပါတယ်၊ “ဓာရေတီတိ ဓမ္မော ကိုး” (မှန်ပါ့)။

ဓာရေတိ- ဆောင်တတ်၏၊ ဣတိ တသ္မာ-ထို့ကြောင့်၊ ဓမ္မော- ဓမ္မမည်၏ ဆိုတော့ တရား ကတော့ ကယ်တင် နိုင်တဲ့ သတ္တိ ရှိတယ်၊ ခင်ဗျားတို့က ဒီတရားကို ဝမ်းထဲ ရောက်အောင် မသွင်းလို့ ရှိရင်ဖြင့် သူက ပြင်ဘက်ကတော့ မကယ်နိုင် ဘူး။ (မှန်ပါ့ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ)။

ပြင်ဘက်ကကော (မကယ်တင်နိုင်ပါ ဘုရား)၊အတွင်း ရောက်ရင်တော့ (ကယ်တင် နိုင်ပါတယ် ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့က သူ့ကိုပဲ အတွင်း ရောက်အောင် ကြိုးစားပါ ဆိုတာ ပြောဖို့လိုသေးလား၊ (မလိုပါဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီနေ့ တရားမှာ ဘာမြင်မြင် ရုပ်မြင်လဲ သုညတ ဖြစ်အောင်ရှု၊ နာမ်မြင်ကော (ရှုရပါ မယ်)၊ သူက သုညတ ဆိုတော့ မြင်တာက (မဂ္ဂပါဘုရား)၊ သေတာက (အတ္တနဲ့ အတ္တနိယပါ ဘုရား)။

အတ္တ-အတ္တနိယ၊ အတ္တက ဒိဋ္ဌိ၊ အတ္တနိယက တဏှာ (မှန်ပါ့)၊ သူတို့ ပါသွားတယ် ဆို ကတည်းက အဝိဇ္ဇာကလဲ ရောချုပ်ပြီ။ (မှန်ပါ့)၊ မချုပ် သေးဘူးလား။ (ချုပ်ပါတယ် ဘုရား)၊ အဲဒါတွေ သေသေချာချာ ဆရာ ဘုန်းကြီးက ရှင်းလင်းပြီး သကာလ ပြနေတော့ ဪ တို့သည် ကောင်းကင် မြှောက်တဲ့ တုတ်လို အရင်းကကျ၊ အဖျားကကျ၊ အလယ်ကကျ၊ တို့မှာ အခု အတိုင်းသာ နေလို့ ရှိရင် အကျမမြဲ သေးပါကလား။ (မှန်ပါ့ ဘုရား)၊ သဘော ကျပလား။ (ကျပါပြီ)။

ငရဲလဲ ကျနိုင်တယ် ဆိုတာပဲ၊ နတ်ရွာ သုဂတိကော (ရောက်နိုင်ပါတယ် ဘုရား)၊ အင်း ဟင် တိရစ္ဆာန်ဘုံကော (သွားနိုင်ပါတယ် ဘုရား)။

သွားနိုင်တယ် ဆိုတော့ ကိုယ့်မှန်းခြေ ပါသေးသလား။ (မပါ,ပါ ဘုရား)၊ ဟောဒါကတော့ ကိုယ့်မှန်းခြေ၊ အထက်သာ ဆန်တယ်။ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဒါ ကိုယ့်မှန်းခြေပဲ၊ အထက်သာ ဆန်တော့တယ်၊ အောက် မစုန်တော့ပါဘူး။ (မှန်ပါ့ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်လိုရှုရင် အထက်ဆန်သလဲ (သုညဖြစ်အောင် ရှုရင် အထက်ဆန် ပါတယ် ဘုရား)။

သုညဖြစ်အောင် ရှုစမ်းပါ။ (မှန်ပါ့ ဘုရား)၊ အားလုံး ဒကာ ဒကာမတွေ ဘယ်လိုဖြစ်အောင် ရှုရပါမယ်။ (သုညဖြစ်အောင် ရှုရပါမယ်ဘုရား)။

သုညတဆိုက်အောင် ရှုပါ

ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မောဃရာဇ- မောဃရာဇ၊ ရဟန်း၊ လောကံ-မင်းသန္တာန်၌ ရှိတဲ့ ဝေဒနာ, သညာစိတ် အစရှိသည်ကို၊ သုညတော-သုညတ ဆိုက်အောင်၊ အဝေက္ခဿု- စေ့စေ့ငုငု ရှုပေးကွ။ (မှန်ပါ့)။

ဒါကလေး သုညတ ဆိုက်အောင် ရှုပေး (မှန်ပါ့)၊ ရုပ်ကိုလဲ သုညတ ဆိုက်အောင် (ရှုပေး ရပါမယ်)၊ ဝေဒနာ ပေါ်လာရင် (သုညတ ဆိုက်အောင် ရှုပေး ရပါမယ် ဘုရား)။

သုညတ ဆိုက်အောင် ရှုပါ၊ စိတ်ပေါ်လာရင် (သုညတ ဆိုက်အောင် ရှုရပါမယ်)၊ သူ မဆိုက်စရာကော ဦးဘအုန်း ရှိသေးရဲ့လား။ (မရှိပါဘုရား)၊ စိတ်ကလေး တစ်ခု ပေါ်လာတယ်၊ ဒေါသစိတ် ကလေး ပေါ်လာတယ် ဒကာ ဒကာမတို့၊ ဒါဟာ ငါလားလို့ မေးတော့ ဒေါသစိတ် (မှန်ပါ့ ဘုရား)၊ ငါ ဟုတ်ကဲ့လား။ (မဟုတ်ပါ ဘုရား)။

ငါ့ဥစ္စာလားလို့ မေးတော့ ဒီ ဒေါသနဲ့ သမီးနဲ့ မတည့်လို့ ဖြစ်တဲ့ ဒေါသ၊ သမီး အာရုံကြောင့် ဖြစ်တာ (မှန်ပါ့)၊ ကိုယ်လုပ်ထားတာ ဟုတ်သေးရဲ့လား။ (မဟုတ် ပါဘုရား)၊ ဟို အာရုံက လုပ်ထားတာ ဆိုတာ မသေချာဘူးလား။ (သေချာပါတယ် ဘုရား)၊ အဲဒီတော့ ငါ့ဥစ္စာကော ဟုတ်သေးရဲ့ လား။ (မဟုတ်ပါ ဘုရား)။

ကြည့်ရင်းမတ္တနဲ့ ဒါကလေးက ချုပ်သွားတော့ ဒကာ ဒကာမတို့ ငါ, ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့ တရား(မှန်ပါ့)၊ ဖြစ်နိုင် မဖြစ်နိုင် (ဖြစ်နိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒီတရား ဘာတရား ခေါ်ကြမယ် (သုညတ တရားပါဘုရား)၊ အဲသုညတ တရားကို ဒကာ ဒကာမ တွေက သုညတဆိုက်တိုင်း, ဆိုက်တိုင်း ဒီကနောက်က နေ မဂ်လိုက်ပေးစမ်းပါ။ (မှန်ပါ့ ဘုရား)၊ သုညတ-မဂ္ဂ၊ သဘောကျပလား။ (ကျပါပြီဘုရား)။

ရှေ့က ဘာပါလိမ့်။ (သုညတပါဘုရား)၊ နောက် က (မဂ္ဂပါဘုရား)၊ ဪ သုညတ နောက်က မဂ္ဂလိုက်, လိုက်တဲ့ အခါကျတော့ အတ္တနဲ့ အတ္တနိယဟာ ဘာဖြစ်သွား သလဲ (သေသွားပါတယ် ဘုရား)။

သြော် ဒီမဂ်က ဖြတ်ပစ်လိုက်တယ်။ (မှန်ပါ့)၊ သူတို့ ရှိမှသာလျှင် ဒကာ ဒကာမတို့ ဂတိ မမြဲမှာကိုး။ (မှန်ပါ့)၊ အတ္တ-အတ္တနိယ ရှိရင်ကော (ဂတိမမြဲပါ ဘုရား)။

အတ္တက ငါနော်။ (မှန်ပါ့)၊ အတ္တနိယက (ငါ့ ဥစ္စာပါ)၊ အတ္တက ဒိဋ္ဌိ၊ အတ္တနိယက လောဘ (မှန်ပါ့)၊ သေချာပလား။ (သေချာပါပြီ)။

အတ္တက (ဒိဋ္ဌိပါဘုရား)၊ အတ္တနိယက (လောဘပါ ဘုရား)၊ ဪ ဒိဋ္ဌိနဲ့ လောဘ ပါကလား (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

သေမင်း မမြင်နိုင်ပါ

အဲဒီ ဒိဋ္ဌိနဲ့ လောဘ မပြုတ်ဘူးလား။ (ပြုတ်ပါ တယ်)၊ ပြုတ်ကတည်းကိုက ဦးခင်မောင်ရေ မောဃရာဇ ရဟန်း သဒါ- အခါခပ်သိမ်း၊ သတော- သတိရှိသည်ဖြစ်၍၊ လောကံ- ရုပ်နာမ် လောကကို၊ သုညတော၊ သုညတ ဆိုက် အောင်၊ အဝေက္ခဿု- ရှုလိုက်စမ်းပါကွ၊ ဧဝံ-ဤသို့၊ လောကံ-လောက ကြီးကို၊ အဝေက္ခဒံ- စေ့စေ့ငုငု ကြည့်ရှုသော ပုဂ္ဂိုလ်ကို၊ မစ္စရာဇာ- သေမင်းသည်၊ နပဿတိ-မမြင် တော့ဘူး။

နိဗ္ဗာန်သွားမည့် ပုဂ္ဂိုလ်ကို သေမင်းက မြင်သေးရဲ့ သေမင်းက မြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ ဪ ဒါဖြင့် တို့အလုပ်သည် သိပ်ပြီး ပင်ပန်းတဲ့ အလုပ် လား၊ ပေါ်လာတဲ့ ဓမ္မကို ငါငါ့ဥစ္စာ မဟုတ်ကြောင်း သိဖို့ အလုပ်ပဲ (မှန်ပါ့ ဘုရား)၊ ပေါ်လာတဲ့ ဓမ္မတွေ ဘယ့်နှယ် ဆိုကြမယ်။ (ငါငါ့ဥစ္စာ မဟုတ်ကြောင်း သိဖို့အလုပ်ပါ ဘုရား)၊ ငါငါ့ဥစ္စာ မဟုတ်ကြောင်း သိဖို့အလုပ်ပဲ။

ဒါဖြင့် ဒီတရားသည် ဒကာ ဒကာမတို့ သုသိမလဲ ပြောရမှာ ဖြစ်လို့ ဒီအတိုကောက် ကလေး တွေလဲ ခင်ဗျားတို့ အိမ်မှာ ရှုဖြစ်ပါစေလို့ အမျိုးမျိုးကို တန်ဆာဆင် ပြောနေရ တယ်။ (မှန်လှပါ ဘုရား)၊ ဒါက ရှုတတ်ဖို့ ပြောနေတာ။ (မှန်ပါ့)၊ ရှင်းပြီနော်။ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဘယ်တရား ပေါ်လာလာ သုညတ ဆိုက်အောင်ရှု။ (မှန်လှပါ)၊ သဘော ကျပလား။ (ကျပါပြီ)။

ဘယ်တရား ပေါ်လာလာ (သုညတ ဆိုက်အောင် ရှုရ ပါမယ်)၊ ဟုတ်ကော မဟုတ်ဘူးလား။ (ဟုတ်ပါတယ် ဘုရား)၊ ငါလား ဒီတရားကလေး မဟုတ်ပါ ဘုရား)၊ ငါ့ ဥစ္စာလား (မဟုတ်ပါ ဘုရား)၊ ဒါဖြင့် ငါ, ငါ့ဥစ္စာမှ ဆိတ် သုဉ်းတဲ့တရား ဘာခေါ်ကြမယ် (သုညတ တရားပါ ဘုရား)။

အဲဒီက သုညတ ဆိုက်တော့ကို ဒီရှုတာက (မဂ္ဂပါဘုရား)၊ သေတာက (အတ္တ အတ္တနိယပါ ဘုရား)၊

သြော် အတ္တ အတ္တနိယ ဆိုတော့ တဏှာ ဥပါဒါန် ကံတွေ၊ ဦးခင်မောင်တို့၊ ဦးဝတို့ အကုန် ချုပ်ကုန်ပြီ။ (မှန်လှ ပါ)၊ ဇာတိ,ဇရာ မရဏတွေ လာနိုင်သေးရဲ့ လား။ (မလာ နိုင်ပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဇာတိ, ဇရာ, မရဏတွေချုပ်ရာ, သိမ်းရာ, ငြိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်ကိုပဲ ဒကာ ဒကာမတို့ သောတာပတ္တိမဂ် ရတယ်ဆိုလဲ အထက်သို့ဆန်၊ လေးမဂ် စလုံး ရသွားမယ် ဆိုလို့ ရှိရင်လဲ လားရာ ဂတိကိုပဲ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)။

လားရာဂတိ ဆိုတာ

လားရာဂတိ မရှိဘူးဆိုတဲ့ဥစ္စာ သေချာပလား။ (သေချာပါပြီ)၊ အဲဒီပြင်ဟာတွေမှာ လားရာ ဂတိတွေက ရှိရှိ နေတယ် ဦးခင်မောင်ရေ။ (မှန်လှပါ ဘုရား)။

လားရာဂတိဆိုတဲ့ ဥစ္စာသွားရာ ဌာနကို ဆိုပါတယ်။ (မှန်ပါ့ ဘုရား)၊ ဂတိမိဂါနံ- ပဝနံ ကိုးဗျ၊ စာက လာတာက (မှန်ပါ့)၊ မိဂါနံ- သားသမင်တို့၏၊ ဂတိ- လားရာကား၊ ပဝနံ- တောတည်း။ (မှန်ပါ့)။

သမင်တို့၏ လားရာသည် တော

သားသမင်တွေက ခင်ဗျားတို့ စဉ်းစားကြည့်၊ ခင်ဗျား တို့က ခြောက်လှန့် လိုက်လို့ရှိရင် ဘယ်မှ မပြေးဘူး၊ တော ထဲပဲ ပြေးတယ်။ (မှန်ပါ့)။

သားသမင်တွေဟာ ခင်ဗျားတို့က ခြောက်လှန့်လိုက် ရင် ဘယ်ပြေးပါလိမ့်။ (တောထဲ ပြေးပါတယ် ဘုရား)၊ အဲဒါကြောင့် “ဂတိ-မိဂါနံ-ပဝနံ” မိဂါနံ-သားသမင် တို့၏၊ ဂတိ-လားရာကား၊ ပဝနံ-တောတည်း၊ တောထဲသာ ပြေးလေ့ ရှိတယ်။ (မှန်ပါ့)။

ငှက်တို့၏ လားရာသည် ကောင်းကင်

အာကာသော ပက္ခီနံ ဂတိ -တဲ့၊ ငှက်များ ကတော့ မောင်းလိုက်လို့ ရှိရင် ကောင်းကင် ပျံပြေး တာပဲ။ (မှန်ပါ့)၊ ငှက်တို့၏ လားရာကတော့ ဘာပါလိမ့်။ (ကောင်းကင်ပါ ဘုရား)၊ “ဂတိမိဂါနံ၊ ပဝနံ၊ အာကာသော ပက္ခီနံ ဂတိ” ဆိုတဲ့ အတိုင်းတဲ့ ဒကာ ဒကာမတို့၊ သားသမင်ကတော့ တောထဲ ပြေးတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

သားသမင်ကတော့ ဘယ်ပြေးသလဲ။ (တောထဲ ပြေးပါတယ်ဘုရား)၊ အင်း သူတို့အားကိုးရာ ဒါပဲ ထင်တာ ပဲ။ (မှန်ပါ့ ဘုရား)။

“အာကာသော ပက္ခီနံ ဂတိ၊ ဝိဘဝေါ ဂတိ ဓမ္မာနံ” ခင်ဗျားတို့ ဟောဒီ တရားကလေးဟာ စိတ်တရား၊ ဝေဒနာ တရားကလေး ဟာတော့ဖြင့် ပျောက်ပျက်တာ သူတို့ ဂတိလို့ မှတ်ပါ။ (မှန်ပါ့)၊ အဲဒီ ဂတိမြင်ဖို့ အရေးကြီးပါတယ်။ (မှန်လှပါဘုရား)။

“ဝိဘဝေါ ဂတိ ဓမ္မာနံ” ဓမ္မာနံ-ရုပ်-နာမ် ဓမ္မတို့၏။ ဝိဘဝေါ- ကင်းရာသည်၊ ဂတိ- ဂတိပဲ။ (မှန်ပါ့)၊ သူတို့၏ လားရာပဲဆိုတော့ ဒကာ ဒကာမတို့ မြင်ဖို့ရာက ဒါကလေး သိပ်အရေး ကြီးပါတယ်။ (မှန်ပါ့ ဘုရား)။

သုညဖြစ်သွားတဲ့ အမြင်ကလေး ဆိုတော့ သူ ဘယ်ပြေး သွားတယ်လို့ သိသေးရဲ့လား ဒကာ ဒကာမတို့ (မသိပါဘုရား)၊ ပျောက်သွားတာပဲ။ (မှန်ပါ့)၊ ပျောက်သွား တော့ သုညတ မဖြစ်သေး ဘူးလား။ (ဖြစ်ပါတယ် ဘုရား)။

အဲဒါကြောင့် “ဝိဘဝေါ ဂတိ ဓမ္မာနံ” ဓမ္မာနံ- တရားတို့၏၊ ဝိဘဝေါ- ကင်းခြင်းသည်၊ ဂတိ-ဂတိပဲတဲ့။ ချုပ်ပျောက်သွားတာ သုဂတိပဲလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့ ဘုရား)။

ရုပ်နာမ်တို့၏ လားရာက ဘာတုံး

ဦးခင်မောင် မှတ်မိပလား။ (မှတ်မိပါပြီ ဘုရား)၊ ကဲဒါဖြင့် ဂတိ ဘယ်နှစ်မျိုး ပြီးသွားပလဲ။ (သုံးမျိုး ပြီးပါတယ်) သားသမင်တို့၏ ဂတိကတော၊ ငှက်တို့၏ သွားရာက (ကောင်းကင်ပါ ဘုရား) ရုပ်နာမ်ဓမ္မတို့၏ လားရာကတော့ ဘာတုံး ဆိုတော့ မရှိတာ ဘဲ။ (မှန်ပါ့)၊ ပျောက်ပျက်ခြင်း မရှိတာပဲ။ (မှန်ပါ့)။

အဲဒါ မြင်လို့ရှိရင် သုညတ ဆိုက်တာပဲ။ (မှန်ပါ့ ဘုရား)၊ ရုပ် နာမ် ဓမ္မတို့ဟာ ဒကာ ဒကာမတို့ ရှုတိုင်း, ရှုတိုင်း ပျောက်ပျက် မသွားဘူးလား။ (သွားပါတယ် ဘုရား)။

ပျောက်ပျက်သွားတာ

အဲ ပျောက်ပျက်သွားတာ မြင်လို့ ရှိရင်တော့ ရုပ် နာမ် ဓမ္မတို့၏ လားရာ ဂတိပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပြီလား။ (ရှင်းပါပြီဘုရား)၊ ဒါဖြင့် မဂ်ဆိုက်သော ပုဂ္ဂိုလ်၏ ဂတိက လိုသေးတယ်၊ မလိုဘူးလား။ (လိုပါတယ် ဘုရား)။

ရုပ် နာမ် ဓမ္မ ဂတိကတော့ သိပြီနော် ဦးခင်မောင် (မှန်ပါ့)၊ ဘာတုံး၊ ပျောက်ပျက်တာပဲ (မှန်ပါ့)၊ ရှင်းကြ ပလား။ (ရှင်းပါပြီ)။

ရဟန္တာပုဂ္ဂိုလ်တို့၏ လားရာဂတိသည် နိဗ္ဗာန်

အဲဒီတော့ ခင်ဗျားတို့ ရှုတာ ဘာမြင်ဖို့ အရေးကြီး သတုံး။ (ရုပ် နာမ် ဓမ္မတို့၏ ဖြစ်ပျက်မြင်ဖို့ အရေးကြီး ပါတယ်)၊ နိဗ္ဗာနံ အရဟတော ဂတိ (မှန်ပါ့)၊ နိဗ္ဗာနံ- နိဗ္ဗာန်သည်၊ အရဟတော-ရဟန္တာ ပုဂ္ဂိုလ်တို့၏၊ ဂတိ- လားရာတည်း။ (မှန်ပါ့)။

သြော် ရဟန္တာ ပုဂ္ဂိုလ်များ သေတော့ ဘယ်သွားပါလိမ့် ဆိုတော့ နိဗ္ဗာန်တဲ့။ (မှန်ပါ့)၊ အဲဒီတော့ မှန်းခြေ ပေါက် မရှိဘူးလား။ (ရှိပါတယ် ဘုရား)၊ ဦးခင်မောင်, ဘာတဲ့။ (မှန်းခြေပေါက် ရှိပါတယ် ဘုရား)။

အဲခင်ဗျားတို့ မဂ်ဆိုက် ဖိုလ်ဆိုက် လုပ်တဲ့ ပုဂ္ဂိုလ် ကတော့ မှန်းခြေပေါက် ရှိတယ်။ (မှန်ပါ့), ကောင်းကင် မြှောက်တဲ့ တုတ်လို ဟုတ်သေးရဲ့ လား။ (မဟုတ်ပါ ဘုရား)၊ အင်မတန် အဖိုးမတန် သေးဘူးလား။ (တန်ပါ တယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တဲ့ဂတိ ဒီနေ့ လေးမျိုး ရှင်းပြလိုက်ရတာ ဘုန်းကြီးက အင်မတန် ကျေနပ်ပါ တယ်။ (မှန်ပါ့ ဘုရား)။

ဦးခင်မောင်ရေ သမင်တို့၏လားရာက (တောပါ ဘုရား)၊ ဪ လွတ်ကဲ့လား ဗျာ သေဘေး (မလွတ်ပါ ဘုရား)၊ အဲလားသာ လားရတယ်၊ မလွတ်ပါဘူးတဲ့ နော်။ (မှန်ပါ့)။

ငှက်တို့၏ ဂတိကတော့ ဘာတဲ့ (ကောင်းကင်ပါ ဘုရား)၊ အင်း အသေလွတ် ပါရဲ့လား။ (မလွတ်ပါ ဘုရား)၊ မလွတ်ပါဘူးတဲ့၊ အဲဒါတွေက အလကားပါ။ (မှန်ပါ့)။

ဓမ္မ၏ ဂတိကတော့ ပျောက်ပျတ်သွားတာ

ခင်ဗျားတို့ ရှုနေတဲ့ ဓမ္မ၏ ဂတိကတော့ ဘာတုံး။ (ပျောက်ပျက်သွားတာပါဘုရား)။

အဲ ခင်ဗျားတို့ ရှုတဲ့ဥစ္စာ တပည့်တော်တို့ ဘယ်အမြင် မှန်ရမှ နေရာကျမလဲလို့ မေးတော့ သူ့ဂတိကို ရှုရင် ပြီးတာ ပဲ။ (မှန်ပါ့)၊ သူ့ဂတိ ဆိုတာက ပျောက်ပျက် သွားတာ၊ ရှင်းပလား။ (ရှင်းပါပြီ)။

ပျောက်ပျက် သွားတာသည် ရုပ်နာမ် ဓမ္မတို့၏ ဂတိ (ဝါ) နာမ် ရုပ် ဓမ္မတို့၏ လားရာ။ (မှန်လှပါ)၊ ရိပ်မိကြပလား။ (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ရုပ် နာမ် ဓမ္မဖြစ်ပျက်ကို ဖြစ်ပြီး ပျက်သွား တာကလေး သိတဲ့ ပုဂ္ဂိုလ်သည် သုညတလဲ ဆိုက်ပါတယ်။ သူ့ ဂတိကိုလဲ မြင်လိုက်ပါတယ်။ (မှန်ပါ့)။

ရုပ် နာမ်- ဓမ္မတို့၏ ဂတိကို (မြင်လိုက်ပါတယ် ဘုရား)၊ အဲဒီ အမြင်ဆိုရင် ဒါအမြင်မှန်ပြီတဲ့။ (မှန်လှပါ ဘုရား)၊ ကဲတစ်ခါ သွားလိုက်ပါဦး၊ “နိဗ္ဗာနံ အရဟတော ဂတိ” နိဗ္ဗာနံ- နိဗ္ဗာန်သည်၊ အရဟတော- ရဟန္တာပုဂ္ဂိုလ် တို့၏၊ ဂတိ-လားရာပဲ ဆိုတော့ ခင်ဗျားတို့ ဒီ မဂ်တွေ ဆက်ဆက် နေတဲ့ ပုဂ္ဂိုလ်ကျတော့ နိဗ္ဗာန်မှ တစ်ပါး သွားစရာ – ရှိသေးရဲ့ လား။ (မရှိပါဘုရား)၊ ဒါဖြင့် တစ်နေရာတည်း ပေါ့။ (မှန်လှပါဘုရား)၊

ဒါဖြင့် ကောင်းကင်မြှောက်တဲ့ တုတ်ဘဝမှ လွတ် မလွတ် (လွတ်ပါတယ်ဘုရား)၊ သေချာပလား။ (သေချာ ပါပြီ)။

သြော် ဒါဖြင့် ဒီအလုပ်သည် ဒကာ ဒကာမတို့ လုပ်ရမှာလား မလုပ်ရတော့ဘူးလား။ (လုပ်ရပါမယ် ဘုရား)၊ ကောင်းကင်မြှောက်တဲ့ တုတ်ဘဝမှ လွတ်ချင်ရင် ဘာတုံး။ (လုပ်ရပါမယ် ဘုရား)၊ ရှင်းပလား။ (မှန်ပါ့)။

အဲဒီတော့ လုပ်ရမှာက ဒီလိုပါ ဒကာ ဒကာမတို့၊ ဘာလုပ်ရမှာတုံး ဆိုတော့ ဝိဘဝေါ ဂတိ ဆိုတဲ့ ခန္ဓာတို့၏ ဖြစ်ပြီး ပျောက်ပျက် သွားတာကလေးကို ဒါကို ခင်ဗျားတို့က မြင်ဖို့ အရေးကြီးတယ်။ (မှန်ပါ့ ဘုရား)။

ဒါ မြင်လို့ရှိရင်ဖြင့် မဂ္ဂင်ငါးပါးက မဂ္ဂင် ရှစ်ပါးဖြစ် လိမ့်မယ် ဆိုတာ မသေချာဘူးလား။ (သေချာပါတယ် ဘုရား)။

သုညတဖြစ်အောင် လုပ်ပါ

သေချာတဲ့ အခါကျလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန် မှတစ်ပါး လားရာဂတိ ကျုပ်တို့ ရှိသေးရဲ့ လား။ (မရှိပါ)၊ ဟိုကျ၊ ဒီကျ ဒီသဘောမျိုး ရှိသေးရဲ့လား။ (မရှိပါဘုရား)။

ဪ ဒါဖြင့် ဦးခင်မောင်ရေ သုညဖြစ်ဖို့ တယ် အရေးကြီးပါကလား။ (ကြီးပါတယ် ဘုရား)၊ ရှင်းကြ ပလား။ (ရှင်းပါပြီ)၊ ဘာဖြစ်ဖို့ (သုည ဖြစ်ဖို့ပါ ဘုရား)။

သုညဆိုတာ ဘာပါလိမ့်မတုံးဆိုတော့ ဒကာ ဒကာမ တို့ ငါလို့လဲ ရေးမဖြစ်တာ၊ ငါ့ဥစ္စာလို့လဲ (ရေးမဖြစ် တာပါ)၊ ရေးမဖြစ်တော့ ဒီဥစ္စာသည် ငါ, ငါ့ဥစ္စာမှ ဆိတ် သုဉ်းတဲ့ သဘောမြင်အောင် ကြည့်ပါ။ (မှန်ပါ့)။

ဒါဖြင့် ပျက်သွားတယ်၊ ပျက်သွားတယ် ဆိုရင် ဘယ်လိုမြင်အောင် ကြည့်ရမယ်။ (သုညတ ဖြစ်အောင် ကြည့်ရပါမယ် ဘုရား)။

ဒီအတိုင်း ရှုနေပါ

ငါ, ငါ့ဥစ္စာမဟုတ်လို့ ပျက်သွားတယ်၊ ငါ, ငါ့ဥစ္စာ မဟုတ်လို့ ပျက်သွားတယ်လို့ ဒီအတိုင်း ရှုနေရုံပဲ။ (မှန်ပါ့ ဘုရား)။

ပါးစပ်ကလဲ မမြည်ပါနဲ့ မအော်ပါနဲ့၊ သြော် ငါ, ငါ့ဥစ္စာ မဟုတ်ကြောင်း သေချာ လိုက်တာ သေချာ လိုက်တာလို့သာ စိတ်ထဲက ရှုနေ။ (မှန်ပါ့)။

ရှုတဲ့ စိတ်ကလေးလဲ သေချာလိုက်တာ၊ ရှိုက်တဲ့ စိတ်ကလေးလဲ မပျက်ပါစေနဲ့ ဆိုလို့ရရဲ့လား (မရပါ ဘုရား)။

မြင်တဲ့စိတ်ကလေး မပျက်ပါစေနဲ့ (မရပါ)၊ ကြားတဲ့ စိတ်ကလေး မပျက်ပါစေနဲ့ (မရပါ)၊ နံတဲ့ စိတ်ကလေး – မပျက်ပါစေနဲ့ (မရပါဘုရား)။

ယားတဲ့ စိတ်ကလေး မပျောက်ပါစေနဲ့ (မရပါ)၊ ခံသာတဲ့စိတ်ကလေး မပျောက်ပါစေနဲ့ (မရပါ)၊ ဝမ်းသာတာ ကလေး မပျောက်ပါရစေနဲ့။ (မရပါဘုရား)။

မရဘူး၊ တစ်ခါတည်း ငါလဲ မဟုတ်ဘူး၊ ငါ့ဥစ္စာလဲ မဟုတ်ဘူး၊ တော်တော်ကြာကျလို့ ရှိရင် ဝိဘဝေါ ဂတိ ဆိုတဲ့ အတိုင်း ပျောက်ပျက်သွားတာပဲ။ (မှန်ပါ့)။

အဲဒီ ပျောက်ပျက်သွားတာသည် သုညတ၊ မြင်တာ က (မဂ္ဂပါဘုရား)၊ သေတာက (အတ္တ-အတ္တနိယပါ ဘုရား)။

အတ္တ-အတ္တနိယ သေတယ် ဆိုတော့ အတ္တက ငါ (မှန်ပါ့)၊ အတ္တနိကာက (ငါ့ဥစ္စာပါဘုရား)၊ ဒီလိုဆိုတော့ ဒိဋ္ဌိ တဏှာ မသေဘူးလား။ (သေပါတယ် ဘုရား)။ ဘယ့်နှယ်နေသလဲ။ (မလာပါ ဘုရား)။

အေး ပဋိစ္စသမုပ္ပါဒ်ကြီး ကောင်းကောင်းကြီး ပြတ် မသွားဘူးလား။ (ပြတ်သွားပါတယ် ဘုရား)၊ ရှင်းကြ ပလား။ (ရှင်းပါပြီ ဘုရား)။

ဘယ်ဟာရှုရှု သုညတဆိုတ်ရင် ပြီးတယ်

ဒါဖြင့် ဒီ ဒကာ ဒကာမတို့ ဒီနေ့ ရှုနည်းကို သေသေ ချာချာ ပြောနေတယ်။ (မှန်ပါ့)၊ ဘယ်ဟာကို ရှုရှု၊ သုညတ ဆိုက်ရင် ပြီးတာပဲ။ (မှန်ပါ့ ဘုရား)။

ဘယ်ဟာရှုရှု (သုညတ ဆိုက်ရင် ပြီးပါတယ် ဘုရား)၊ သုညတ ဆိုက်ရင် ပြီးတာပဲ၊ ငါ, ငါ့ဥစ္စာ မဟုတ်ကြောင်း သိရင် ပြီးတာပဲ။ (မှန်ပါ့)။

ဘယ်ဟာရှုရှု ငါ, ငါ့ဥစ္စာ မဟုတ်ကြောင်း သိရင် ပြီးတာပဲ၊ ငါ, ငါ့ဥစ္စာ မဟုတ်လို့ ပျက်သွား တာပဲလို့၊ ပျောက်သွားတာပဲလို့ သိလို့ရှိရင် ဝိဘဝေါ ဂတိ ဆိုတာ မှန်ပြီ။ (မှန်ပါ့)၊ မမှန်သေး ဘူးလား။ (မှန်ပါပြီဘုရား)၊ သဘောပါကြပလား။ (ပါ,ပါပြီဘုရား)။

ကိုင်း ဒါဖြင့် ဒီဟာ ရုပ်ပေါ်လာရင်လဲ ဒီအတိုင်း ရှုပါ၊ ဝေဒနာ ပေါ်လာရင်လဲ (ဒီအတိုင်း ရှုပါ)၊ စိတ်ပေါ် လာရင် (ဒီအတိုင်းရှုပါ)၊ သညာ သင်္ခါရပေါ်လာရင် (ဒီအတိုင်းပါ ဘုရား)။

အဲဒါဖြင့် ၁ လဲ မဖြစ်စေနဲ့၊ ၁ ဆိုတာ ဘာပါ လိမ့်။ (ငါပါဘုရား)၊ ၂ လဲ မဖြစ်စေနဲ့၊ ၂ ဆိုတာ ဘာ ပါလိမ့်။ (ငါ့ဥစ္စာပါ ဘုရား)။

အင်း သုည ဖြစ်ပါစေ ဆိုတော့၊ ဘယ်လိုပါလိမ့်။ (ငါ, ငါ့ဥစ္စာ မဟုတ်ပါ)၊ ငါ, ငါ့ဥစ္စာ မဟုတ်ကြောင်း ကောင်းကောင်း သိပါစေ ဆိုတာ သေသေချာချာ ပြောပါ တယ်။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ဒီအထဲမှာ ဒီလောက် ပြောနေလျက်မတ္တနဲ့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ မရှုတဲ့ပုဂ္ဂိုလ် ပါစရာများ မြင်သေးရဲ့လား။ (မမြင်ပါဘုရား)။

သေသေချာချာ လုပ်ကြပါနော်။ (မှန်ပါ့)၊ သေသေ ချာချာ လုပ်ကြပါဆိုတာ ဘယ့်နှယ် ကြောင့်တုံးလို့ မေးတဲ့ အခါကျတော့ ခုနင်က တရားချီးကတည်းက ဦးခင်မောင် ပါခဲ့တယ်။ (မှန်ပါ့)။

ဒကာ ဒကာမတို့ ယနေ့ မိဖုရားကြီး၊ နက်ဖြန် နောက်ချေးပိုးဆိုတော့ မြဲရဲ့ လား။ (မမြဲပါ)၊ ကျချင်သလို ကျသွားတာ။ (မှန်ပါ့ ဘုရား)။

ဒီဟာဒီသုညတ မဆိုက်လိုက်တဲ့အတွက် ဘယ်လောက် ကြောက်စရာ ကောင်းသတုံး။ (ကြောက်စရာ ကောင်းပါတယ်ဘုရား)။

ယနေ့ မိဖုရား၊ နတ်ဖြန် ငရဲသား

ယနေ့ မိဖုရား၊ နက်ဖြန် ငရဲသားကြီး ဆိုတော့ကော ဒကာ ဒကာမတို့ မြဲရဲ့ လား။ (မမြဲပါ ဘုရား)၊ ကောင်းကင် မြှောက်လိုက်တဲ့ တုတ်လိုပဲ ဟိုဘက် အပါယ်ထဲကို ထိုးကျသွားတယ်။ (မှန်ပါ့)၊ မကျဘူးလားဗျာ။ (ကျပါ တယ် ဘုရား)။

ယနေ့ ရဟန်းကြီး၊ နက်ဖြန် သန်းကြီး ဆိုတော့ကာ ဒကာ ဒကာမတို့ မြဲရဲ့လား။ (မမြဲပါ)၊ ဦးတိဿကြီး ကျတော့လေ (မှန်ပါ့ ဘုရား)။

ဦးတိဿကြီး ကျတော့ ဒကာ ဒကာမတို့ ယနေ့ ရဟန်း၊ ဇေတဝန် ကျောင်းတော်မှာ ရဟန်း၊ နက်ဖြန်ကျတော့ သူ့သင်္ကန်း ခေါက်ပေါ်မှာ သန်းကြီး ဖြစ်နေတယ်။ (မှန်ပါ့)၊ ကောင်းသေးရဲ့ လား။ (မကောင်းပါ)၊ အင်မတန် မဆိုး ရွားဘူးလား။ (ဆိုးရွားပါတယ်ဘုရား)။

အဲဒီတော့ ကျုပ်တို့မှာ ကောင်းကင်မြှောက်တဲ့ တုတ် လိုပဲ၊ ဒကာ ဒကာမတို့ အကျမြဲရဲ့ လား။ (မမြဲပါ)၊ ဒါဖြင့် အကျမြဲချင်ရင် ဘာရှုရမတုံး။ (သုညတဖြစ်အောင် ရှုရပါမယ်)။

နဂိုကလဲ သုညပဲ မဟုတ်ဘူးလား။ (မှန်ပါ့ ဘုရား)၊ နဂိုကလဲ ဒကာ ဒကာမတို့ ဥပမာမယ် ဒါကလေးဟာ စားချင်တဲ့ စိတ်ကလေး ဥပမာထားလိုက်စမ်းပါ ဦးခင်မောင် ရဲ့။ (မှန်လှပါဘုရား)။

စားချင်တဲ့စိတ်ဟာ ငါလားလို့မေးတော့ ဘယ် ငါ ဟုတ်ရမှာတုံး၊ စိတ်ပဲ။ (မှန်ပါ့)၊ ငါ ဟုတ်ကဲ့လား။ (မဟုတ်ပါ)၊ ဘာပါလိမ့် (စိတ်ပါဘုရား)။

ဒီ စားချင်တဲ့ စိတ်ကလေးဟာ ဒကာ ဒကာမတို့ ငါ့ဥစ္စာကော ဟုတ်ကဲ့လား။ (မဟုတ်ပါ)၊ ဘယ်မှာ ငါ့ဥစ္စာ ဟုတ်ရမလဲ၊ ထမင်းမြင်လို့ စားချင်တဲ့စိတ် ပေါ်လာတာ။ (မှန်ပါ့)၊ ထမင်းက လုပ်ထားတာ။ (မှန်ပါ့)။

ဘယ်သူက လုပ်ထားတာတုံး။ (ထမင်းက လုပ်ထားတာပါ)၊ ထမင်းက လုပ်ထားတော့ ငါ့ဥစ္စာကော ဟုတ်ကဲ့လား။ (မဟုတ်ပါ ဘုရား)၊ ထမင်းတည်း ဟူသော အာရုံဒွါရက လုပ်ထားတယ် ဆိုတာ မသေချာ ဘူးလား။ (သေချာပါတယ် ဘုရား)။

ဒါဖြင့် ငါ့ဥစ္စာကော ဟုတ်ပါရဲ့လား။ (မဟုတ်ပါ)၊ ဒါဖြင့် ငါလဲ မဟုတ်၊ ငါ့ဥစ္စာလဲ မဟုတ် ဆိုတော့ ရှုရင်း မတ္တနဲ့ ပျောက်သွားပြန်တော့ သူ့ကို ဘယ့်နှယ်ဆိုကြမလဲ (သုညတပါ ဘုရား)၊ သုညတ ဖြစ်သွားတယ် ဆိုတာ မသေချာဘူးလား။ (သေချာပါတယ် ဘုရား)။

ဒါဖြင့် ငါ, ငါ့ဥစ္စာ မဟုတ်ကြောင်း မသေချာဘူး လား။ (သေချာပါတယ်)၊ အဲဒါသည် အနတ္တ ကောင်းကောင်း ပိုင်အောင် ရှုတဲ့နည်းကို ပြောနေတာ။ (မှန်ပါ့)။

ဘာပြောတာပါလိမ့်။ (အနတ္တရှုတဲ့နည်းကို ပြော တာပါဘုရား)၊ အနတ္တ ကောင်းကောင်း ပိုင်အောင် ရှုတဲ့နည်း သေသေချာချာ ဟောနေတာပါ ဒီနေ့ (မှန်ပါ့ ဘုရား)၊ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီသုည ကလေးဟာ ခင်ဗျား တို့ကို ကယ်တင်မည့် သုည ပါကလား။ (မှန်ပါ့)၊ ဒီ သုညတဟာ ဘာတဲ့ (တပည့်တော်တို့ကို ကယ်တင်မည့် – သုညတပါ ဘုရား)။

ဒါဖြင့် ဒီ သုညတမှတစ်ပါး ဒီပြင်ဟာ ရှုနေလို့ရှိ ရင်ငါ,ငါ့ဥစ္စာ လာတော့မယ်။ (မှန်ပါ့)၊ ငါလာလို့ ရှိရင် လဲ ငါ့ဥစ္စာ နောက်က လိုက်မယ် (မှန်ပါ့)၊ လိုက်လို့ ရှိရင်ဖြင့် ဒိဋ္ဌိ,တဏှာ, ဥပါဒါန်, ကံ, ဇာတိ, ဇရာ, မရဏ မလာပေဘူးလား။ (လာပါတယ်ဘုရား)၊ ပဋိစ္စသမုပ္ပါဒ်က ဖြတ်လို့ရသေးရဲ့လား။ (မရပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ နဂိုကမှ ခင်ဗျား တို့က ငါ့သားနဲ့၊ ငါ့သမီးနဲ့၊ ငါ့ပစ္စည်းနဲ့ ရှုပ်ရတဲ့အထဲမှာ ငါ့စိတ်တွေ၊ ငါ့ကိုယ်တွေနဲ့ ရှုပ်ဦးမယ်ဆိုလို့ ရှိရင်ဖြင့် ကောင်းကင်မြှောက်တဲ့ တုတ်လိုပဲ ကျင်ကြီးပုံပေါ် ကျလိုကျ၊ နွားချေးပုံပေါ် ကျလိုကျ၊ ရေထဲကျလိုကျ၊ ငါးဖြစ် လိုက်ပေါ့ဗျာ။ (မှန်ပါ့)၊ ကောင်းနိုင်စရာ ရှိကြသေးရဲ့လား။ (မရှိပါ)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

ငါ မဖြစ်စေနဲ့၊ ငါ့ဥစ္စာ မဖြစ်စေနဲ့

ဒါဖြင့် ၁ လဲ မဖြစ်စေနဲ့။ (မှန်ပါ့)၊ ဘာပါလိမ့်။ (၁ လဲ မဖြစ်စေနဲ့)၊ အဓိပ္ပါယ်က ငါ မဖြစ်စေနဲ့။ (မှန်ပါ့)၊ ၂ လဲ မဖြစ်စေနဲ့ငါ့ဥစ္စာ မဖြစ်စေနဲ့။ (မှန်ပါ့)။

ငါ့ဥစ္စာလဲ မဖြစ်စေနဲ့၊ ငါ့ဥစ္စာလဲ မဟုတ်ဘူးဗျ၊ သူများ လုပ်ထားတဲ့ စိတ်တွေ။ (မှန်ပါ့)၊ ရုပ်ဟာလဲ သူများ လုပ်ထားတာပဲ။ (မှန်ပါ့)၊ စိတ်ဟာ (သူများလုပ် ထားတာပါပဲ)၊ ဝေဒနာကော (သူများ လုပ်ထားတာပါ ဘုရား)။

ဖဿပစ္စယာ ဝေဒနာလို့ ခင်ဗျားတို့ ရွတ်နေတယ်၊ ဖဿက လုပ်ထားတာ။ (မှန်ပါ့)၊ ခင်ဗျားတို့ လုပ်ထား တာ ပါ,ပါရဲ့လား။ (မပါ,ပါ)၊ သေချာပလား။ (သေ ချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာကလေးတစ်ခု ဥပမာ ထားလိုက်ပါတော့၊ ငါလား။ (မဟုတ်ပါ ဘုရား)၊ မဟုတ်တာ ဘာပါလိမ့်ဝေဒနာပေါ့။ (မှန်ပါ့)။

ငါ့ဥစ္စာလားဆိုတော့ (မဟုတ်ပါ) ငါ့ဥစ္စာဖြင့် ငါ လုပ်ထားတာ ဖြစ်ရမှာပေါ့ (မှန်ပါ့)။

ငါ လုပ်ထားတာ ဟုတ်ပါရဲ့လားမေးတဲ့အခါကျ တော့ ဖဿပစ္စယာ ဝေဒနာလို့ ပဋိစ္စသမုပ္ပါဒ်က ဟောထား တယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီဘုရား)။

ဖဿက လုပ်ထားတာနော်။ (မှန်ပါ့)၊ ငါ လုပ် ထားတာ ဟုတ်ပါရဲ့လား။ (မဟုတ်ပါ)၊ ငါ လုပ်ထားတာ ဖြင့် ငါ့ဥစ္စာ ဆိုချင်ဆိုပေါ့ ဗျာ (မှန်ပါ့ ဘုရား)။

အခုကော ဒီလိုဆိုစရာ ပါ,ပါရဲ့ လား။ (မပါ,ပါ ဘုရား)၊ မပါတော့ ငါ့ဥစ္စာကော (မဟုတ်ပါ ဘုရား)၊ အင်းတော်တော်ကြာ ပျောက်သွားပြီး ဒကာ ဒကာမတို့ ဒီဝေဒနာလေး ဘာဖြစ်သွားသတဲ့။ (သုညတ ဖြစ်သွားပါ တယ် ဘုရား)။

သုညတဖြစ်သွားပြီ၊ ငါ, ငါ့ဥစ္စာမှ ဆိတ်သုဉ်းသွား ပြီ။ (မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြမလဲ။ (ငါ, ငါ့ဥစ္စာမှ ဆိတ်သုဉ်းသွားပါပြီ)၊ အဲဒီတော့ ငါ, ငါ့ဥစ္စာ ဆိတ်သုဉ်း သွားတာက သုညတ(မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ မြင်တာက (မဂ္ဂပါဘုရား)၊ သေတာက (အတ္တ- အတ္တနိယ ပါဘုရား)။

ဟော အတ္တ- အတ္တနိယ၊ ငါရော သေတယ်၊ ငါ့ဥစ္စာ ရော (သေပါတယ်ဘုရား)၊ ဪတယ် အဖိုးတန်ပါကလား ဒကာ ဒကာမတို့ (တန်ပါတယ် ဘုရား)၊ ပဋိစ္စ သမုပ္ပါဒ် သေသေချာချာ မပြတ်ဘူးလား။ (ပြတ်ပါတယ် ဘုရား)။

ကိုင်း ဒီအတိုင်း သုညတွေ- သုညတွေ- သုညတ တွေ- သုညတတွေ ဒကာ ဒကာမတွေက ရှုလိုက်ပြီ ဆိုကြ ပါစို့ဗျာ။ (မှန်ပါ့)၊ ကြာတော့ ဒီ သုည-သုည-သုညတ သုညတတွေချည်း ဦးခင်မောင် မြင်နေပြီ ဆိုကြပါစို့။ (မှန်ပါ့)၊

မြင်ရင်းမတ္တနဲ့ ဒကာ ဒကာမတွေက အင်း ဒီ သုညတတွေဟာလဲ နောက်ကို အစား မထိုး လာတော့ဘူး၊ သုညတနဲ့ ပတ်သက်တာ အစား မထိုးတော့ဘူး ဆိုတော့၊ သုညနဲ့ ပတ်သက်တာ အစားမထိုးတော့ဘူး ဆိုတော့ ဒကာ ဒကာမတို့ သဘောပါပလား (ပါ,ပါပြီ)၊ သုညတ နိဗ္ဗာန် ဘက် ကူးပြီ။ (မှန်ပါ့)၊ ပထမတော့ သုညတ (မှန်ပါ့)၊

နောက်ကျတော့ သုညတနိဗ္ဗာန် (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)။

သုညတနိဗ္ဗာန် ကူးသွားတယ်

ပထမတော့ ဘာတုံး (သုညတပါ)၊ နောက်ကျတော့ ဒီသုညတကိုပဲ ရှာမတွေ့တော့ဘူး ဆိုတော့ ဒီနေရာမှာ သုညတ ဖြစ်တဲ့ တရားတွေ လာသေးရဲ့လား။ (မလာ ပါဘုရား)။

မလာတဲ့အခါကျလို့ ရှိရင်ဖြင့်တဲ့ သုညတ နိဗ္ဗာန်ဘက် သူ့ဟာသူ ကူးတယ်၊ ဒီက မဂ္ဂင်ရှစ်ပါး သွားဖြစ်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

သြော် သုညတကလဲ သုညတ-တစ်မျိုးဖြစ်ပျက် ဆိုတဲ့ သုညတက တစ်မျိုး (မှန်ပါ့)၊ ဖြစ်ပျက် မရှိတဲ့ သုညတ နိဗ္ဗာန်က (တစ်မျိုးပါ ဘုရား)။

ဪ ဒါဖြင့် သုညတက နေပြီး သုညတ နိဗ္ဗာန်ဘက် ကူးသွားတာလဲ အနီးကလေး ပါကလား။ (နီးပါတယ် ဘုရား)၊ ဒါဖြင့် သုညတ မြင်အောင် ရှုဖန်များရင် ဘယ် သွားမယ်။ (သုညတ နိဗ္ဗာန်ဘက် သွားပါမယ် ဘုရား)။

သုညတ နိဗ္ဗာန်ဘက် ကူးမယ် ဆိုတာ မသေချာဘူး လား။ (သေချာပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားထက် တိုတာကော ရှိသေးရဲ့လား။ (မရှိပါဘုရား)၊

ဪ ဒါဖြင့် ဦးခင်မောင်ရေ ဒီလိုလုပ်ကြစို့ရဲ့ နော် ငါလဲ ပြုတ်အောင်လုပ်၊ ငါ့ဥစ္စာကော (ပြုတ်အောင် လုပ်ရပါမယ်)၊ သုညတ ကျန်အောင်လုပ်၊ ရှင်းပလား။ (ရှင်းပါပြီ)။

သုညတ ကျန်အောင် လုပ်လိုက်တဲ့ အခါကျတော့ ရှု ရှုရှု ဒါသုညတပဲ၊ ဒါသုညတပဲ၊ ဒါငါ, ငါ့ဥစ္စာ မဟုတ်တဲ့ တရားပဲလို့ ရှုရှု—ရှု၊ ရှုရင်းမတ္တနဲ့ပဲ ဒီသုညတတွေက မလာတော့ဘူး။ (မှန်ပါ့)၊ ရုပ် နာမ် သုညတတွေ လာသေးရဲ့ လား။ (မလာပါဘုရား)။

မလာတော့ ဒီနေရာမှာ ရုပ်နာမ်နဲ့ ပတ်သက်တာ ရှိသေးရဲ့ လား။ (မရှိပါဘုရား)။

ရုပ်နာမ်နဲ့ မပတ်သက်တဲ့ နိဗ္ဗာန်

ဒါဖြင့်ရုပ်နာမ်နဲ့ မပတ်သက်တဲ့ နိဗ္ဗာန်ဟာ ဒီမှာ အစားထိုး သွားပေါ့။ (မှန်ပါ့)၊ ရုပ်နာမ်နဲ့ မပတ်သက်တဲ့ နိဗ္ဗာန်သည် (အစားထိုးပါတယ် ဘုရား)။

ဒါဖြင့် သုညတ နိဗ္ဗာန်ဆိုတော့ ဒါသုညတမြင်တဲ့ မဂ်ဉာဏ် သွားဖြစ်တယ်။ (မှန်ပါ့)၊ မဖြစ်သေးဘူးလား။ (ဖြစ်ပါတယ် ဘုရား)။

အဲဒါကြောင့် သုညက နေပြီး သုညတ နိဗ္ဗာန်ကူးပါ တယ်။ (မှန်ပါ့)၊ အင်မတန် နီးကပ်ပါတယ် ဆိုတာကော ပေါ်လာကြပလား။ (ပေါ်လာပါတယ် ဘုရား)။

ရှင်းပြီနော်။ (ရှင်းပါပြီ)၊ သုသိမ သိမ်းဖို့ပဲ ဒကာ ဒကာမတို့၊ ဒီ အလုပ်ရှည်သွားတာနဲ့ မသိမ်းနိုင်ဘူး။

ကဲနာရီစေ့ပြီ၊ တော်ကြဦးစို့။

သာဓု သာဓု သာဓု။