096

သာသနာဝမ်းထဲရောက်ကြပြီလား

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

သာသနာဝမ်းထဲရောက်ကြပြီလား

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဝစ္ဆ ပုဏ္ဏားကို ဟောသည်, ငါဘုရား၏ အယူကကွာတဲ့ ခန္ဓာငါးပါး တစ်ပါး ပါးကို ဖြစ်တာ ပျက်တာ သိရမယ်, ခန္ဓာငါးပါး တစ်ပါးပါး ဖြစ်တာပျက်တာ သိရမယ်, ဖြစ်တာ ပျက်တာကို သိတဲ့ဉာဏ် ဟာတဲ့ ဒါ ဒီဉာဏ် အလုပ်ဟာ တို့ဘုရားများ၏ အလုပ်ပဲတဲ့ ဒါဒီလို အသိဉာဏ်ရတဲ့ အလုပ်ဟာ ငါဘုရားတို့၏ အယူဝါဒ အလုပ်ပဲ အသိဉာဏ် ရဖို့ အလုပ်ဟာ ဘုရား၏ အယူဝါဒ အလုပ်လို့ ဒကာ- ဒကာမတွေ မှတ်ထားပါ (မှန်လှပါ ဘုရား)။

ဖြစ်တာ ပျက်တာကို အသိဉာဏ်ရတဲ့ အလုပ်ဟာ ဘုရားတို့၏ ဓမ္မတာ ထုံးတမ်း အလုပ်, သဘောကျလား (ကျပါတယ် ဘုရား)။ ဖြစ်တာ ပျက်တာကို ဒကာ- ဒကာမတို့ ဝေဒနာလေးဖြင့် ဝေဒနာလေး ဖြစ်တာပျက်တာ သိအောင် လုပ်ဖို့ စိတ်ဖြင့်လည်း စိတ်ကြိုက်တဲ့ ပုဂ္ဂိုလ်က စိတ်ကို ဖြစ်ပျက် သိအောင် လုပ်ဖို့ အဲ့ဒါ ဘုရား၏ အယူဝါဒ, ဘုရားတိုင်း မစွန့်တဲ့အလုပ်, ဘုရားက မဟောဘူးလား၊ (ဟောပါတယ်)။

ဘုရား၏အယူဝါဒ

ဒါဖြင့် ဘုရား၏ အရှင်ဘုရား၏ အယူပြောစမ်းပါဆို တော့ ဒါဖြစ်ပျက်ကို သိတဲ့ဉာဏ် အလုပ်ဟာ, ဉာဏ်အလုပ်, လုပ်တဲ့ အယူဝါဒ အလုပ်ဟာ ငါဘုရား၏ အလုပ်လို့ ဝဏ္ဏ – ပုဏ္ဏားကို ဟောပါ တယ်နော် (မှန်လှပါ)။

အဲ့ဒီတော့ ဒကာ- ဒကာမတွေက ဒီမှာတိုတိုပဲ စဉ်းစားလိုက်တဲ့ အခါကျတော့ ခန္ဓာကိုယ်ထဲမှာ, သေသေချာချာ ကြည့်လိုက်ပြီဆိုမှ ဖြင့် ဖြစ်တာနဲ့ ပျက်တာ မှတစ်ပါး၊ ဆံပင်လည်း မတွေ့ဘူး သွား လည်း မသွားဘူး, အရေလည်း မတွေ့ဘူး ဖြစ်တာ, ပျက်တာ လေးတွေ ချည်းဘဲ, အားလုံး ဒကာ- ဒကာမတွေ တွေ့ပါလိမ့် မယ်နော် (မှန်ပါ)။ ဒါဖြင့် ဘယ်လိုကြည့်မှ တွေ့မတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်)။

ဆရာကောင်း သမားကောင်းဆီက နည်းနာယူပြီး ကြည့်မှ တွေ့မယ် (မှန်ပါ)။ ကလျာဏမိတ္တ ဆိုတဲ့ ဆရာကောင်း သမားကောင်း ဆီက နည်းနာယူပြီး သကာလ, ဉာဏ်မျက်လုံးလေး တပ်ပေးတဲ့ ဆရာနဲ့ တွေ့မှ ဒီဖြစ်မှု-ပျက်မှုကို တွေ့မယ်လို့ ကိုစောမောင် အသေအချာမှတ်ပါ (မှန်ပါ) ဒါဟာ ဒီကျမှ ဘုရား၏ အယူဘက်ကို ကျုပ်တို့လိုက်လာတာ (မှန်ပါ)။ ဘုရား၏ အယူဆိုတာ ဒကာ- ဒကာမတို့ ဖြစ်တာ ပျက်တာမြင်တဲ့အယူဝါဒဟာ ဘုရားတို့၏ အယူလို့ မှတ်ကြ ပါ (မှန်လှပါ)။

ဒါနဲ့ အဲ့ဒီ ဝစ္ဆပုဏ္ဏားက-ဒကာ- ဒကာမတို့ ဖြစ်တာ ပျက်တာမြင်တဲ့ ဉာဏ်တော့ရပြီ ဘုရား, ထိုကဲ့သို့ ဖြစ်တာ ပျက်တာ မြင်တဲ့ဉာဏ် ရတော့ ဘာဖြစ်သလဲ ဆိုတော့ တဏှာ တို့ ဥပါဒါန်တို့ ကံတို့ ချုပ်တယ်လို့ ပြောလိုက်တယ်နော်၊ (မှန်ပါ)။

ဖြစ်တာ-ပျက်တာ မြင်လို့ ရှိရင် ဒကာ- ဒကာမတို့ ဘာဖြစ်ပါလိမ့် (တဏှာ-ဥပါဒါန် ကံချုပ်ပါတယ်)။ တဏှာ-ဥပါဒါန်-ကံချုပ်တယ်, အဲ့ဒီတော့ ဒါက သူ့တရား အတိုင်း ဟောသွားလို့ မဖြစ်ဘူးတဲ့ ဒကာ- ဒကာမတွေ အလုပ်ပေးတဲ့ အနေနဲ့ ပြောမှ ကိုစောမောင်ရမယ် (မှန်ပါ)။

ဖြစ်ပျက်မြင်မှ သာသနာတွင်းသား

ဘုရားကတော့ဖြင့် ဖြစ်တာပျက်တာ မြင်လို့ရှိရင်ဖြင့် အင်း- တဏှာဥပါဒါန် ချုပ်တယ်လို့ ဘုရားကတော့ ဟောတာ ပဲ, ကျုပ်တို့က အလုပ် လုပ်ကြည့်တော့မှ ချုပ်-မချုပ် သေချာမယ် (မှန်ပါ)။ အလုပ် လုပ်ကြည့် ကြပါလို့ ဘုန်းကြီးက ဒကာ-ဒကာတွေ ဟောရတယ် (မှန်ပါ)။

သာသနာတွင်း တရား ဆိုတာက ဖြစ်တာပျက်တာ မြင် မှ သာသနာတွင်းသား သာသနာ တွင်းသူ ဖြစ်တော့တယ်နော် (မှန်ပါ)။ နို့မို့လို့ရှိရင်, ဒကာ- ဒကာမတွေမှာ ဖြစ်တာ ပျက်တာ မမြင် သေးတဲ့ ဒကာ- ဒကာမတွေ ဟာဖြင့်, သာသနာ တွင်းသား သာသနာတွင်းသူတွေ မဖြစ်သေးဘူး၊ (မှန်ပါ့ ဘုရား)။

ဘာကြောင့် တုံးဆိုတော့ ငါးပါးသီလဆို တာ သာသနာပလည်း စကြဝတေးမင်းက အစ ပေးနေတာ (မှန်ပါ)။ ငါးပါးသီလ ဟာလေ (မှန်ပါ) ကိုစံလှ ဘယ်သူက စ,ပေးနေလဲ (စကြဝတေး မင်းကပါ ဘုရား)။ စကြဝတေးမင်းက စ,ပေးနိုင်တယ် ဆိုတော့ ငါးပါးသီလဟာ ဒကာ ဒကာမတွေ ရှိပြီးသားပဲ ထားလိုက်ပါတော့ (မှန်ပါ)

ဝေလာမပုဏ္ဏား

ဒါနကလည်း ဒါနဘက်ကလဲ ဝေလာမပုဏ္ဏား တို့သည် ကားဆိုလို့ ရှိရင် သာသနာပ ပါဘဲလို့ ဝေလာမပုဏ္ဏားဟာ ရွှေခွက်ပေါင်း ရှစ်သောင်း လေးထောင်နဲ့ ငွေတွေအပြည့် ထည့်ပြီး သကာလ, လှူတာတွေဟာ မောင်နိုင် သာသနာပဘဲ နော်၊ (မှန်ပါ)။ သာသနာပ ဟုတ်တယ်, မဟုတ်တယ် စိန်ခေါ် ကြည့်လိုက် သေးတယ်သူက, ဝေလာမပုဏ္ဏားကြီးက (မှန်ပါ)။

ဒီသာသနာပမှာ ဒီဒါနတွေဟာ ရှိနေတယ်ဆိုတဲ့ ဥစ္စာ သူကိုယ်တိုင်ဘဲ လှူကြည့်တယ်, ဒါဖြင့် ဝေလာမပုဏ္ဏား ဆိုတာ အားလုံး ဒကာ ဒကာမတွေ, မှတ်ထား လိုက်ကြစမ်း ဘုရားအလောင်းလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

နုစဉ်အခါ တုန်းကဖြစ်တယ်နော် (မှန်ပါ)။ ရွှေခွက်တွေနဲ့ ငွေတွေ အပြည့်ထည့်လှူတယ်, ငွေခွက်တွေနဲ့ ကြေးတွေ အပြည့်ထည့် လှူတယ်, ကြေးခွက်တွေနဲ့ ဒီပြင် အဖိုးတန် ပစ္စည်းတွေ စိန်မြ ကျောက်တွေ အပြည့်ထည့်လှူ ရှစ်သောင်း လေးထောင်, ရှစ်သောင်း လေးထောင် လှူတယ်၊ နွားတွေ ဆင်မြင်း အကုန် ရှစ်သောင်း လေးထောင်ချည်း လှူတယ်, မောင်နိုင် မကြီးကျယ် ဘူးလား (ကြီးကျယ် ပါတယ် ဘုရား)။

အလှူခံထိုက်တဲ့ပုဂ္ဂိုလ်မရှိခဲ့ဘူး

အဲ့ဒါဟာ, သူဟာတဲ့ အလှူပေးချင်တဲ့ စိတ်ပေါ်ပါ တယ်, ပေါ်တဲ့ အခါကျလို့ရှိရင် သူဟာ ရေကရားလေး ကိုင်ပြီး သကာလ ရေကရားလေးထဲမှာ ရေထည့်ပြီး ရေအောက်သွန် ကြည့် တယ်တဲ့ အလှူခံ ပုဂ္ဂိုလ် သာသနာတွင်း အလှူခံ ပုဂ္ဂိုလ် ရှိခဲ့သော်, အလှူခံထိုက်တဲ့ ပုဂ္ဂိုလ် ရှိခဲ့သော် ဒီရေ ကရားက ရေထွက် စေသတည်းလို့ သူအဓိဋ္ဌာန် လိုက်တယ်, ရေလှည့်ပြီး ငဲ့ပြီး သွန်တာဘဲ, စောင်း သွန်တာဘဲ ဒကာ ဒကာမတို့ ရေအောက် မကျဘူး(မှန်ပါ)။

ကဲ ဒကာ ဒကာမတို့ သာသနာပကျလို့ရှိရင် အလှူခံ စင်ကြယ်တဲ့ ပုဂ္ဂိုလ်မရှိဘူး (မှန်ပါ)။ ခုလို ရဟန်းတွေ ဘာတွေဆို ဝေးလို့ပေါ့ဗျာ (မှန်ပါ)။ ဒါနဲ့သူ့ဟာသူ- သြော်- လှူတော့ လှူရမှာဘဲ, အလှူခံ ပုဂ္ဂိုလ်တွေက မရှိပါလား, အလှူခံထိုက်တဲ့ ပုဂ္ဂိုလ်တွေ၊ အဖိုးတန် အလှူခံထိုက်တဲ့ ပုဂ္ဂိုလ်တွေ မရှိပါလား ဆိုပြီး ဓိဋ္ဌာန်ပြီးမှ

ရေကရား သွန်ကြည့်တော့ ရေကို မထွက်ဘူး မောင်နိုင် (မှန်ပါ)။ ဒါနဲ့ ကိုင်း ရှိပါစေတော့ အလှူခံ ပုဂ္ဂိုလ်တွေကတော့ ဖြင့် စင်ကြယ်တဲ့ ပုဂ္ဂိုလ်လည်း မရှိဘူး, အလှူခံထိုက်တဲ့ ပုဂ္ဂိုလ်လည်း ကောင်းကောင်း မရှိတာဖြင့် ဒီရေကရားကဘဲ ဓိဋ္ဌာန်လိုက် တော့ ရေမထွက်ပဲ နေတာ ကိုစောမောင် သက်သေခံ လုံလောက်ပါတယ် (လုံလောက်ပါ ဘုရား)။

အလှူပေးတဲ့ပုဂ္ဂိုလ်ကစင်ကြယ်တယ်

အလှူပေး ပုဂ္ဂိုလ်က စင်ကြယ်ပါရဲ့ လားလို့ ဆိုပြီး သကာလ သူ့စိတ်ထဲမှာ အလှူပေး ပုဂ္ဂိုလ်က စင်ကြယ်လို့ ရှိရင်လည်း ဒီရေကရားက ရေထွက်စေသတည်း ဆိုတော့ ကိုစောမောင် ရေသွန်လိုက် ထွက်လာတယ် (မှန်ပါ)။

ဟော သူတစ်ယောက်ထဲ စင်ကြယ်တယ်, အလှူပေး ပုဂ္ဂိုလ်က သာ စင်ကြယ်တယ် (မှန်ပါ)။ အလှူခံ ပုဂ္ဂိုလ်က (မစင်ကြယ်ပါဘူး ဘုရား)။ ရှိလည်း မရှိဘူး အလှူခံထိုက်တဲ့လူ က (မှန်ပါ)။ သဘောပါလား (ပါပါတယ် ဘုရား)။ ဒါနဲ့သူ ရွှေခွက်ပေါင်း ရှစ်သောင်းလေးထောင်နဲ့ ငွေတွေ ထည့်ပြီး သကာလ, ဒီဆင်-ဆင် ရှစ်သောင်း လေးထောင်, မြင်း ရှစ်သောင်း လေးထောင် မောင်နိုင် စုံလို့ပေါ့ကွာ (မှန်ပါ)။

သာသနာပမှာလည်းရှိတယ်

ကဲ-ဒကာ- ဒကာမတို့ အဲ့ဒါ သာသနာပမှာ သူရှိ နေတယ်ဆိုတာ သဘောကျလား (ကျပါတယ် ဘုရား)။ ဒိဋ္ဌိက မကွာတော့ နိဗ္ဗာန်က မရောက်ဘူး (မှန်လှပါ)။ သဘောကျလား (ကျပါတယ် ဘုရား)။ သီလလည်း စကြဝတေး မင်းကြီးက လေးကျွန်း စလုံးဘဲ ငါးပါးသီလဘဲ သူလျှောက် ဟောတာဘဲ ကိုစောမောင် (မှန်ပါ)။

ဘယ်သူ နိဗ္ဗာန် သွားတယ်လို့ ရှိရဲ့လား၊ (မရှိပါဘူး)။ သဘော ပါလား (ပါပါတယ် ဘုရား)။

သို့သော် မပါလို့ မပြီးပါဘူးတဲ့ သီလက လုံခြုံအောင်တော့ လုပ်ကြရမှာဘဲတဲ့ သူချည်း သက်သက် မပြီးတာ ပြောတာ (မှန်ပါ)။ ရှင်းပြီလား၊ (ရှင်းပါတယ်)။

သူ့ချည်း သက်သက်ဖြင့် ဒိဋ္ဌိကွာရဲ့ လား (မကွာပါဘူး)။ မကွာ ပါဘူးတဲ့ ဒါကြောင့် မရနိုင်ဘူး၊ သူလည်း မပါရင် မပြီးဘူး (မှန်ပါ)။ ကဲ-ဒါဖြင့် ဝေလာမပုဏ္ဏားကြီး ထောက်သဖြင့်လည်း ဒါနတွေ သာသနာပလည်း အထူးတလည် ရှိကြောင်းကို ထင်ရှားတယ် ဆိုတာ ပေါ်သွားပြီ (ပေါ်သွားပါ ဘုရား)။

သီလလည်း စကြဝတေး မင်းကြီး စကြဝတေးမင်း ဆိုတာ သာသနာပမှာ ပေါ် ရတာဘဲ (မှန်ပါ)။ ငါးပါးသီလတွေ လည်း သူဟော နေတာဘဲ, သူ့ထဲမယ်၊ (မှန်ပါ)။ ဒီလိုဘဲ ပါဏာတိပါတ, သူ့အသက်မသတ်ကြနဲ့ သူ့ဥစ္စာမခိုးကြနဲ့ သူ့သား မယားဆီသွားလိုက် လွန်ကျူးမှုမလုပ်ကြနဲ့ မုသား မဆိုကြနဲ့ သေရည်သေရက် မသောက်ကြနဲ့ ဒါဘဲဆုံးမခဲ့တာ ဘဲတဲ့ (မှန်ပါ)။ သဘောပါလား၊ (ပါပါတယ်)။ ဒါဘဲ ဆုံးမခဲ့တာဘဲတဲ့ အဲ့ဒီတော့ ဒါတွေဟာ သာသနာပ တရားတွေဆိုတာ ပေါ်ပြီလား (ပေါ်ပါတယ်)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို လေးလေးနက်နက် ဆုံးမတယ်, ခင်ဗျားတို့ အခုအချိန်မှာ ကိုယ့်ခန္ဓာထဲမှာ ဝေဒနာလေးတွေ၏ ဖြစ်ပျက်၊ သို့မဟုတ် ကိုယ့်စိတ်ကလေး၏ ကိုယ်ဖြစ်ပျက်ကို မမြင်သေးလို့ရှိရင် ဒို့ဟာ သာသနာတွင်းတော့ မွေးတာဘဲ, ဒို့တော့ သာသနာ ဝမ်းထဲ မရောက်သေးဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ)။

သာသနာဆိုတာအဆုံးအမ

သဘောကျလား (ကျပါတယ်)။ သာသနာတွင်း တော့ (မွေးပါတယ်)။ မွေးပါတယ် သာသနာ ဝမ်းထဲကို (မရောက်သေးပါဘူး)။ ကိုစောမောင် ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

သာသနာတွင်းတော့ဖြင့် သူမွေးပါတယ်၊ ငါးထောင် အတွင်း မွေးကြတာကိုး (မှန်လှပါ)။ သာသနာတွင်း ကတော့ မွေးပါတယ်တဲ့ သို့သော် သာသနာ အဆုံးအမ သာသနာ ဆိုတာ အဆုံးအမ, အဲ့ဒီ အဆုံးအမတော့ ဝမ်းထဲ မရောက်သေးဘူး (မှန်ပါ)။ ဖြစ်ပျက် မမြင်သေး လို့ရှိရင် (မှန်ပါ)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သာသနာ တွင်းသားလည်း ဖြစ်အောင်, သာသနာ တွင်းသူလည်း ဖြစ်အောင် ဒီဖြစ်ပျက်မြင်မှ ဒိဋ္ဌိ ကွာမယ်၊ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါတယ်)။ ဖြစ်ပျက် မြင်မှ ဘာတုံး ဒကာ ဒကာမတို့ (ဒိဋ္ဌိကွာမှာပါ)။ ဒိဋ္ဌိကွာမယ် ဆိုတာ သေချာ ပြီလား (သေချာပါတယ်)။

ဒါဖြင့်မရ, အရ လုပ်မယ်ဆိုတဲ့ ဥစ္စာမွေးစမ်း (မှန်လှပါ)။ ဖြစ်ပျက် မမြင် မြင်အောင် လုပ်မယ်ဟ, အဖြစ် မမြင် လို့ရှိရင် အပျက်မြင်အောင် လုပ်မယ်ဟ ဟာ အဖြစ်အပျက် နှစ်ခုစလုံး မြင်လို့ ရှိရင်လည်း မြင် ဒီဟာတွေ အဖြစ်ပဲမြင်မြင်, အပျက်ပဲ မြင်မြင် မောင်နိုင် သာသနာတွင်း သားတော့ ဖြစ်ပြီ။ (မှန်ပါ)။ ကျွတ်တမ်းဝင်မည့် မျိုးစေ့လည်း မှန်ပြီလို့ ဆုံးဖြတ် ချက်ချ (မှန်လှပါ)။ ကျွတ်တမ်း ဝင်မည့် မျိုးစေ့ကော (မှန်ပါတယ်)။ မှန်ပြီလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက် ချပါ။

အခုကြည့်စမ်း, ငါဘုရား၏ အယူကတော့ကွာတဲ့ ဒီရုပ်တရားသည် ဖြစ်တယ် ပျက်တယ်, ဒီဝေဒနာ တရားသည် ဖြစ်တယ် ပျက်တယ်, ဒီသညာ တရားသည် ဖြစ်တယ်, ပျက်တယ်, ဒီသင်္ခါရ ဆိုတဲ့ စေတနာ သဘောသည် ဖြစ်တယ် ပျက်တယ်, ဒီစိတ်သည် ဖြစ်တယ်ပျက်တယ် အဲ့ဒီလိုသိရမည့် အယူဟာ ငါဘုရား၏ ထုံးစံ အယူဝါဒပါဘဲ ဝစ္ဆပုဏ္ဏား ဟောနေတယ် (မှန်ပါ)။

သာသနာတွင်းသားဖြစ်ချင်ရင်

ကောင်းပြီ ဒါဖြင့် ဒကာ- ဒကာမတို့လည်း ဘုရား၏ အယူဝါဒ အစစ် သာသနာတွင်းသူ သာသနာတွင်းသား ဖြစ်ချင်ရင် ဘာလုပ်ကြရမှာတုံး (ဖြစ်ပျက် မြင်အောင် လုပ်ရမှာပါ)။ ခန္ဓာ၏ ဖြစ်ပျက်ကို မမြင် မြင်အောင်ကြည့် (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါတယ်)။ ဘာပါလိမ့် (ခန္ဓာ၏ ဖြစ်ပျက်ကို မမြင်-မြင်အောင် ကြည့်ရမှာပါ)။

ခန္ဓာ၏ ဖြစ်ပျက်ကို မြင်တော့မှ မှတ်လိုက်စမ်း ပါတဲ့ ဒကာ ဒကာမတွေ သစ္စာနဲ့ လျော်တဲ့ ဉာဏ် ဝမ်းထဲ ရောက်တယ် (မှန်ပါ)။ ဘယ်သူ ရောက်လည်း (သစ္စာနဲ့ လျော်တဲ့ဉာဏ် ရောက်ပါ တယ်)။ ဖြစ်ပျက်က ဒုက္ခသစ္စာကိုး, သိတဲ့ ဉာဏ်က သစ္စဉာဏ် သွားဖြစ်တော့ကို ဒကာ- ဒကာမတွေ ဖြစ်ပျက် မြင်တဲ့ ဉာဏ်သည် သစ္စာနဲ့ လျော်အောင် မြင်တဲ့ ဉာဏ်ဘဲ (မှန်ပါ)။

ဘုရားပွင့်မှပေါ်တဲ့ဉာဏ်

ဖြစ်ပျက်က ဘာသစ္စာလည်း (ဒုက္ခသစ္စာပါ)။ အဲ ဒုက္ခသစ္စာကို မြင်တာပါဘဲတဲ့၊ ဒါအဲ့ဒီတော့ သစ္စာနဲ့ လျော်တဲ့ ဉာဏ်ဟာ ဘုရားပွင့်မှ ပေါ်တယ်လို့ မှတ်လိုက် စမ်းပါ (မှန်ပါ)။

ဘုရားမပွင့်ရင် ရှိကို မရှိဘူး (မှန်ပါ)။ ဘုရား သည် ဘယ်အကျိုးငှါ ဘုရားအဖြစ်ကို ဆုတောင်း ပါလိမ့် မတုံး။ ဘယ့်နှယ်ကြောင့် ဘုရားဖြစ်၊ အို သစ္စာသိလို့ ဘုရား ဖြစ်တယ် (မှန်လှပါ)။ ရှင်းပြီလား၊ (ရှင်းပါတယ်)။ ဘုရားဟာ ဘယ့်နှယ်ကြောင့် ဘုရားဖြစ် (သစ္စာသိလို့ ဘုရား ဖြစ်ပါတယ်)။

အဲ ခင်ဗျားတို့လည်း အခု သာသနာတွင်းသူ သာသနာတွင်းသား ဖြစ်ချင်လို့ရှိရင် သစ္စာနဲ့ လျော်တဲ့ ဖြစ်ပျက် သိအောင် လုပ်မှ သာလျှင် အထက်သစ္စာကို သိမယ်လို့ ကိုစောမောင် အသေအချာ မှတ်ပါ (မှန်ပါ)။ ဒါသစ္စာနဲ့ စ,လျော်ပြီနော် (မှန်ပါ)။

ဖြစ်ပျက်မြင်လို့ရှိရင် သစ္စာနဲ့ စ,လျော်ပြီ ဒကာ ဒကာမတို့နော် (မှန်လှပါ)။ သဘောပါ ကျလား (ပါပါတယ်)။ အဲ့ဒီ တစ်ချက် ဖြစ်ပျက်ကို မြင်လို့ ရှိရင်ဖြင့် စူဠသောတာပန် အမျိုးအစား သေသေချာချာ ရောက်တယ် (မှန်ပါ)။

တစ်ဘဝတော့ အပါယ်မလားဘူး ဒကာ- ဒကာမတို့ ဖြစ်ပျက် မြင်လို့ရှိရင် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ ဖြစ်ပျက် မြင်လို့ရှိရင် တစ်ဘဝတော့ ဘယ့်နှယ် (အပါယ်မလားပါဘူး)။ အပါယ် မလားတာ သေချာတယ်ဆိုတာ ဒီပြင်ဟာတွေကတော့ အာသန္နကံ ဝင်နှောင့်ယှက် လိုက်တယ်ဆို ကိုစောမောင် သွားတာဘဲ (မှန်ပါ)။ မသွားပေဘူးလား (သွားပါတယ်)။

မလ္လိကာမိဖုရားကြီး

အဝီစိငရဲကြီးထဲ ဒီဟိုဒင်းတို့ မလ္လိကာ မိဖုရားကြီးတို့ ဟာ အသဒိသ ဒါန အလှူကြီး လှူလိုက်တယ် ဆိုတော့ ဘုရား ကိုယ်တိုင် ရှိတုန်းကို လှူချလိုက်တာ၊ (မှန်ပါ)။ အသဒိသဒါန ဆိုတာ ခုန ဝေလာမ ပုဏ္ဏားလိုပဲ မောင်နိုင်ရ (မှန်ပါ)။ ဝေလာမပုဏ္ဏား ဆိုတာလည်း ဘုရားတစ်ဆူကြား တစ်ခါပေါ် တာဘဲ (မှန်လှပါ)။ ဒီမလ္လိကာတို့ လှူတဲ့ အလှူဟာလဲ အသဒိသဒါန အလှူ ဘယ်သူနဲ့မှ မတူအောင် လှူတာ, ရှင် ဘုရင်နဲ့ မိဖုရားက လှူတာ သဘောကျလား (ကျပါ တယ်)။

အဲ့ဒါ ဘုရားတစ်ဆူမှ တစ်ခါ ပေါ်တဲ့အလှူ (မှန်ပါ)။ ဘယ်သူမှ နှစ်ခါ လှူလို့လည်း မရဘူး, ဒီဥစ္စာကို သူ့ထက် သာတာမှ မရှိတော့ဘဲ (မှန်ပါ)။ အဲ့ဒါတောင်မှ စိတ်မချ ရသေးဘူး, အဲ-အဝီစိ ခုနစ်ရက် ကျသွားသေးတယ်။

သေသည်၏ အခြားမဲ့၌ အတွက် အာသန္နကံ ဝင်နှောင့်ယှက် ချလိုက်တယ် (မှန်ပါ)။ စိတ်ချ ရရဲ့လား (မချရပါ ဘူး)။ အာသန္နကံလေး ဝင်နှောင့်ယှက် ချလိုက်တော့ ဒကာ ဒကာမတွေ ခုနက တစ်ဘဝ အပါယ်မလား သလောက် တောင်မှ သူမလာဘူး (မှန်ပါ)။ ကိုစောမောင် လာရဲ့ လား (မလာပါဘူး)။

ဖြစ်ပျက်မြင် တစ်ဘဝ အပါယ်မလားဘူး စူဠသောတာပန် ဖြစ်လို့ (မှန်ပါ)။ သဘောကျလား (ကျပါ တယ်)။ အထက် မရချင် နေပါစေဦး, ခုနက အသဒိသ အလှူကြီးသမားက တစ်ဘဝ မလားဘူး ဆိုရမလား စုတေပြီး တစ်ခါထဲ အဝီစိ ကျသွားတယ် ဆိုတာ ထင်ရှားတယ် (မှန်ပါ)။ မထင်ရှား ဘူးလား၊ (ထင်ရှားပါတယ်)။

အဲ့ဒါတွေကြောင့် ဒကာ ဒကာမတွေ သာသနာတွင်း တရားဟာ ဘယ်တရားတုံး ဆိုတာ ယနေ့ ခင်ဗျားတို့ တရားတစ်ပွဲလုံး ဆုံးဖြတ်ချက် ချအောင် ပြောနေတယ် (မှန်ပါ)။

ဘာမြင်မှဘဲ (ဖြစ်ပျက်မြင်မှပါ)။ ခန္ဓာ၏ ဖြစ်ပျက်ကို မမြင်မြင်အောင် ကြိုးစားပါ, မြင်မှဘဲ သာသနာ တွင်းသား အပါယ် မလားတဲ့ တစ်ဘဝ အပါယ်မလားတဲ့ ပုဂ္ဂိုလ် စဖြစ်တော့တယ် နော် (မှန်ပါ)။ သေချာပြီလား၊ (သေချာပါတယ်)။

တိဿရဟန်းကြီး

ကောင်းပြီ ဒါဖြင့် ဟို တိဿကြီး ဇေတဝန်ကျောင်း နေတဲ့ သီလတော့ အတော်လုံတဲ့ ကိုယ်တော်ကြီးဘဲ, အာသန္န ကံ ဝင်ပြီး သင်္ကန်းလေး ဥပါဒါန် စွဲလိုက်တဲ့ သေခါနီးမှာ အာသန္နကံ ဝင်ဖျက် လိုက်တော့ သန်းကြီး သွားဖြစ်လိုက်တာလည်း ကိုစောမောင် ခဏခဏ ပြောနေတယ် (မှန်ပါ)။ မပြောဘူးလား (ပြောပါတယ်)။

သီလမှာတော့ ဇေတဝန်ကျောင်း ဘုရားနဲ့ အတူနေတဲ့ ကိုယ်တော်ကြီးဘဲ စိတ်မချရလို့ ကျသွားတာပေါ့ (မှန်ပါ)။ မကျပေဘူးလား (ကျပါတယ်)။ သီလမှ ရိုးရိုး သီလလား ဆိုတော့ နှစ်ရာ့ နှစ်ဆယ် ခုနစ်သွယ်သော သီလ (မှန်လှပါ)။ သဘောကျလား (ကျပါတယ်)။

သင်္ကန်းပေါ်မှာသန်းဖြစ်တယ်

ငါးပါးလောက် ရှစ်ပါးလောက်ကို မဟုတ်ပါဘူး, နှစ်ရာ့နှစ်ဆယ် ခုနစ်သွယ်သော သီလနဲ့ နေတာတောင် အာသန္နကံ ဆိုတဲ့ သူ့နှမ လှူတဲ့သင်္ကန်း နက်ဖြန်ဝတ်မလို့ ထားတာကို ဒါလေးစွဲပြီး ည အစာ မကျေတဲ့ ဝေဒနာနဲ့ သေချ လိုက်တာ တစ်ခါတည်း သင်္ကန်းပေါ် သန်းဖြစ်နေတယ် ဆို တာ ဘုရား လက်ထက် သက်သက်ပဲ (မှန်ပါ)။ ဒီသီလ ပြောစရာ လိုသေးလား (မလိုပါဘူး)။

အဲ့ဒါကြောင့် ဖြစ်ပျက် မပါသေးလို့ရှိရင် အပါယ်စိတ် မချရသေးဘူး၊ (မှန်ပါ)။ ဖြစ်ပျက် မြင်တဲ့ ဉာဏ် မရသေးရင် (အပါယ် စိတ်မချ ရပါဘူး)။ ကိုစံလှ ကျေနပ်ပြီလား (ကျေနပ်ပါတယ်)။

ဒါဖြင့် ဒကာ- ဒကာမတို့ တရားတစ်ပွဲလုံးဘဲ သတိပေး လိုက်ပါတယ်, ဒီဟာ မလုပ် မဖြစ်ဘူး, တို့မှာ ဖြင့် ဒီအရေးဟာ အကြီးဆုံး အရေး သာသနာတွင်း တို့ဆုတောင်းလို့ သာသနာတွင်းထဲတော့ တို့ရောက်လာတယ်၊ သာသနာ့ အဆုံးအမ တို့ရပြီလား, မရပြီလားလို့ ကိုယ့်ဟာ ကိုယ် စစ်ဆေးပါ (မှန်ပါ)။

ခင်ဗျားတို့ အခု သာသနာ နှစ်ထောင့် ငါးရာကျော်, နှစ်ထောင့်ငါးရာ အတွင်းမှာဘဲ မွေးတဲ့ ဖွားကြတဲ့ ပုဂ္ဂိုလ်တွေ ဘုန်းကြီး တို့နှင့်တကွ အတူတူပါဘဲ အဲ့ဒါ သာသနာတွင်း တွေ့ရ၊ ကြုံရ ဆုံရ ပါလို၏ ဆိုတဲ့ဥစ္စာ ရပ်ပြစ် ရှစ်ပါးက လွတ်ပြီး သကာလ လာတာ ဆုတောင်းကတော့ ပြည့်လာပြီ၊ သာသနာ တွင်းတော့ ရောက်ပြီ (မှန်ပါ)။ သာသနာ ဝမ်း ထဲ ရောက်ပြီလား မရောက် ဘူးလား ဆိုတာတော့ ကိုယ်ဟာ ကိုယ်မေးကြည့်မှ သိမယ် (မှန်ပါ)။

သာသနာဝမ်းထဲရောက်ပြီလား

အဖြစ်အပျက် မြင်တဲ့ ပုဂ္ဂိုလ်ကြတော့ ကိုစောမောင် ဘယ်လို မြင်တုံး (သာသနာ ဝမ်းထဲ ရောက်ပါတယ်)။ သာသနာ ဝမ်းထဲ ရောက်မယ် (ရောက်ပါတယ်)။ သဘောကျလား၊ (ကျပါတယ်)။ သာသနာ ဝမ်းထဲ ရောက်မှုနဲ့ သာသနာ တွင်း ကြုံရုံမျှနဲ့ သာသနာ ဝမ်းထဲ ရောက်မှုနဲ့ အတော် ခြားနား တယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

သူကမှ ဒိဋ္ဌိကို ဒကာ ဒကာမတို့ ပယ်အောင်ပါးအောင် လုပ်နိုင်တာကိုးဗျ (မှန်ပါ)။ ဒီပြင်ဟာ တွေက ဒိဋ္ဌိကို ပယ်အောင် ပါးအောင် လုပ်နိုင်ကြရဲ့လား (မလုပ်နိုင်ပါဘူး)။

မလုပ်နိုင်တော့ ဒိဋ္ဌိရှိလို့ သောတာပန် မတည်တဲ့ ပုဂ္ဂိုလ် ဘယ်တော့ အပါယ်လေးပါး လွတ် မည်လို့ ကိုစောမောင် ဘုရား ဟောတုန်း (မဟောပါဘူး)။ သောတာပန် တည်သွားတဲ့ ပုဂ္ဂိုလ် ကျတော့ (အပါယ် လေးပါးလွတ် ပါတယ်)။ ဘာ သူပယ် လိုက်လို့တုန်း (ဒိဋ္ဌိပယ်လို့ပါ)။ သူ သေချာနေတာ ဒိဋ္ဌိဘဲ, မောင်နိုင်ရေ အရေးတကြီး ပယ်ချလိုက် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါတယ်)။

အဲ့ဒါတွေနဲ့ ဆိုတော့ ဒိဋ္ဌိ ပယ်ချင်လို့ ရှိရင် ဒိဋ္ဌိဆိုတာ ဖြစ်ပျက် မသိတဲ့ပုဂ္ဂိုလ်မှာ ဒိဋ္ဌိကပ် နေတယ် (မှန်ပါ)။ ဖြစ်ပျက် မသိတဲ့ပုဂ္ဂိုလ် (ဒိဋ္ဌိကပ် နေပါတယ်)။ ဒိဋ္ဌိကပ်နေ တာဘဲ ဆိုတာ ဒကာ- ဒကာမတို့ သေသေချာချာဘဲ မှတ်ပါ (မှန်ပါ)။ ဒီဖြစ်ပျက်မှ မတွေ့သေးတဲ့ ပုဂ္ဂိုလ်ဖြင့် ခန္ဓာ ကိုယ်ကြီးဟာ အစိုင်အခဲ ပညတ်ကြီး ဖြစ်ပြီး သကာလ, ပညတ် နယ်ကကို မထွက်ဘူးလို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါတယ်)။

ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်ကိုဖြင့် မမြင်-မြင် အောင်ကြည့်မှ တို့သည် အပါယ်တံခါး စပိတ် တော့တယ်, နို့ မို့ရင် တို့ ပွင့်တုန်းဘဲ ဆိုတဲ့ ဥစ္စာ- ဆုံးဖြတ်ချက် ချပြီး, ဒီတရား တစ်ပွဲလုံးမှာ ခန္ဓာ ကိုယ်ထဲမှာ ဝေဒနာ ပေါ်လို့ရှိရင်လည်း သုခလေး ပေါ်လည်း ပျော်ရှိသေးလား, မရှိသေးလား အမြဲတန်း စုံစမ်းရမယ် (မှန်ပါ)။ ဒုက္ခပေါ်ရင် ရှိမရှိကိုစောမောင် (စုံစမ်းရပါ့မယ်)။ အင်း – ဥပေက္ခာ ပေါ်ရင် ရှိ-မရှိ (စုံစမ်းရပါမယ်)။

စုံစမ်းလိုက်တဲ့ အခါ စုံစမ်းမှသာ နောက်က လာခဲ့ တယ်, ဒကာ- ဒကာမတို့ မရှိဘူး ဆိုတာကို ခုနက ဝေဒနာက တာဝန်ခံတယ် (မှန်ပါ)။ ခင်ဗျားတို့က ခင်ဗျားတို့ တာဝန်က စုံစမ်းဖို့ တာဝန် (မှန်ပါ)။ ဟို ဓမ္မက သူ့ဟာ သူပျက်စီးပြမည်, တာဝန်က သူ့ပင်ကိုသဘော နိယာမ ပျက်စီးပြမည့် တာဝန်က ဓမ္မ၏ တာဝန်၊ (မှန်ပါ)။ နောက်က စစ်ဆေးတဲ့ တာဝန်က ယောဂီ လုပ်လိုသော ပုဂ္ဂိုလ်တို့၏ တာဝန်၊ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါတယ်)။

မှိုဥပမာ၊ ဓမ္မနိယာမ

ဖြစ်ပျက် ပြရမှာက ဓမ္မ၏တာဝန် (မှန်ပါ)။ နော် ခင်ဗျားတို့ မကြည့်လည်း သူကတော့ ဖြစ်ပျက်ပဲ (မှန်ပါ)။ ကြည့်ရင်ကော (ဖြစ်ပျက်ပါ)။ အဲ့ဒါဓမ္မနိယာမ ရှင်းကြ လား (ရှင်းပါတယ်)။

ခင်ဗျားတို့မယ် ခင်ဗျားတို့က ဆွတ်ခူး မစားလည်း ကိုစောမောင် မှိုက ပေါက်ချိန်ကျတော့ ပေါက်မှာဘဲ၊ (မှန်ပါ)။ စွတ်ခူးစားလည်း ပေါက်ချိန် ကျတော့ ပေါက်မှာဘဲ (မှန်ပါ)။ သဘောကျလား (ကျပါ တယ်)။ မှိုကို ခင်ဗျားတို့က ခင်ဗျားတို့ မစားလည်း သူ့ ပေါက်တဲ့ အချိန်ကျ ပေါက်မှာဘဲ, တော်သလင်းမှို လာပါလိမ့် မယ် နောက်ကျတော့ (မှန်ပါ)။ မလာပေဘူးလား (လာပါတယ်)။

အဲ့ဒါ ခင်ဗျားတို့နဲ့ ဘာဆိုင်တုံး၊ သူ့ပေါက်ချိန်မို လို့ သူပေါက်တာ (မှန်ပါ)။ ခင်ဗျားတို့ ဆွတ်ခူး စားဖို့ ပေါက်တယ်လို့ မယူပါနဲ့ (မှန်ပါ)။ ယူလို့ တော်ပါ့မလား (မတော်ပါဘူး)။ ခင်ဗျားတို့ ဆွတ်ခူး မစားနိုင်လည်း နေတဲ့ နေရာ မှာ သူမပေါက်ဘူးလား၊ ပေါက်သလား (ပေါက်ပါတယ်) ကိုစောမောင် (မှန်ပါ)။ ပေါက်တာဘဲ မဟုတ်လား (ပေါက်ပါတယ်)။ ဒါမှို၏ သဘော မဟုတ်လား (မှန်ပါ)။

ဒီမှာလည်း ခန္ဓာ၏ သဘောကတော့ “သဗ္ဗေ သင်္ခါရာ အနိစ္စ” ဟောတယ်၊ ငါကတော့ မင်းတို့ ကြည့် ကြည့် မကြည့်ကြည့် အနိစ္စနဲ့ နေမယ် (မှန်ပါ)။ သဘောကျပြီ လား(ကျပါတယ်)။ ခန္ဓာ၏ သဘော ကတော့ ဘာတဲ့ (အနိစ္စနဲ့ နေမှာပါ)။ ခင်ဗျားတို့က ကြည့်ကြည့် မကြည့်ကြည့် (မှန်ပါ အနိစ္စပါ)။ ဘာတုံးသူက (အနိစ္စပါ)။ သူက အနိစ္စ သဘောနဲ့ နေမှာဘဲ၊ (မှန်ပါ)။

သူ့ပင်ကို သဘော မှိုလို ပေါ့, ပေါက်ချိန်ကျလို့ ပေါက်တာဘဲ၊ (မှန်ပါ)။ သူလည်း ပေါ်ချိန်ကျတော့ ပေါ်လိုက်တာဘဲ, ပျက်ချိန်ကျ ပျက်ချလိုက် တာဘဲ ကိုစောမောင်ရ (မှန်ပါ)။

မှိုပေါက်ချိန်မှာ နှုတ်ကြပါ

အဲ့ဒါ ခင်ဗျားတို့က ခင်ဗျားတို့ တာဝန်က ဘာတုံးလို့ မေးတဲ့ အခါကျတော့ မှိုပေါက်ချိန် ဟုတ်လား၊ ဒကာ- ဒကာမ တို့ မှိုပေါက်ချိန်ကို ကိုယ်က မှန်းပြီး သကာလ, ဒီနေရာ သွားပြီး နှုတ်ကြပြုကြ လို့ရှိရင်လည်း မှို မှိုပိုင်ဖြစ်ကြမှာပေါ့ဗျာ၊ (မှန်ပါ)။ မဖြစ်ပေဘူးလား၊ (ဖြစ်ပါတယ်)။ ခင်ဗျားတို့က နှုတ်ချိန် သွား မနှုတ်ဘူး, ယူလည်း မယူဘူးဆို မှိုလက်မဲ့ဘဲ ဖြစ်မှာဘဲ၊ (မှန်ပါ)။ မဖြစ်ပေဘူးလား၊ (ဖြစ်ပါတယ်)။

ဒီမှာလည်း သူကတော့ ဖြစ်ပျက် တော့ပြမှာဘဲ, , ခင်ဗျားတို့က, အင်း-မှိုနှုတ်ချိန် မနှုတ်သလို ဖြစ်ပျက်ကို မကြည့်ဘဲ နေလို့ ရှိရင်ဖြင့် ခင်ဗျားတို့ သန္တာန်မှာ မှို မှို၏ သဘောကို ကောင်းကောင်း မသိတဲ့ အတွက်တဲ့ တစ်ခါတည်း ဒိဋ္ဌိနဲ့သာ မြဲနေတာဘဲ (မှန်ပါ)။ သဘောကျလား၊ (ကျပါတယ်)။ ဒိဋ္ဌိ- ဒိဋ္ဌိတည်းဟူသော မွေ့လျော်ခြင်းနဲ့ ဒိဋ္ဌုမ္မတ္တက ဆိုတဲ့ ဒိဋ္ဌိရူး- ရူးနေလို့ ရှိရင်လည်း ဒီဖြစ်ပျက်ကို ဘယ်တော့မှ မတွေ့ဘူး။ (မှန်လှပါ)။ သဘောကျလား၊ (ကျပါတယ်)။

ကဲ-ဒါဖြင့် ဒကာ, ဒကာမတို့ ခန္ဓာကိုယ်က အမြဲနိယမက ဘာရှိတုံး၊ (အနိစ္စ ဖြစ်ပျက် ရှိပါတယ်)။ အနိစ္စ ဖြစ်ပျက်၊ (မှန်ပါ)၊ ဒကာ, ဒကာမတွေ ခန္ဓာကိုယ်မှာ အမြဲ ရှိနေတာ ပြောစမ်းပါ (အနိစ္စဘဲ ရှိပါတယ်)။ အနိစ္စဘဲ ရှိတယ်နော်၊ (မှန်ပါ)။ ဖြစ်ပျက်ဘဲ ရှိတယ်။ (မှန်ပါ)။ မြန်မာလို ပြန်ရင် ဖြစ်ပျက်, အဲ ပါဠိလို သုံးရင် အနိစ္စ – ကိုစောမောင်၊ (မှန်ပါ)။ ခင်ဗျားတို့ ကြည့် မကြည့် တာဝန် က ခင်ဗျားတို့ တာဝန်၊ (မှန်ပါ)။

ဉာဏ်နဲ့ကြည့်မှ မကြည့် တာဝန်က ယောဂီ ပုဂ္ဂိုလ်တို့၏ တာဝန်ပါ။ (မှန်ပါ)။

ခန္ဓာက ပြမှု မပြမှု ဆိုတာ ကတော့ကို ခန္ဓာသဘော ကတော့ ခန္ဓာ သဘောဘဲ၊ ဖောက်ပြန် ပျက်စီး ပြမှာဘဲ။ (မှန်ပါ)။

ခန္ဓာကတော့ ပဋိသန္ဓေ နေမယ်, အိုမယ်, နာမယ်, သေမယ် ခင်ဗျားတို့က ကြည့်ချင်ကြည့်, မကြည့်ချင်နေ သူ့လမ်းတော့ သူသွားမှာဘဲ၊ (မှန်ပါ)။ မသွားဘူးလား, သွားမှာလား၊ (သွားပါတယ်)။ ဒီမှာလည်း ခန္ဓာက အနိစ္စ ခန္ဓာ ကိုယ်ကြီးမို့ ကိုစောမောင် သူက သူ့အလုပ်က ဘာလုပ်မယ် ထင်တုံး၊ (အနိစ္စ အလုပ် လုပ်မှာပါ)။ အနိစ္စဘဲ သူလုပ်မြဲ လုပ်နေမှာဘဲ၊ (မှန်ပါ)။

ခင်ဗျားတို့က ဆရာဘုန်းကြီး ပေးထားတဲ့ ဉာဏ်, ဘုရား ပေးထားတဲ့ ဉာဏ်, ကလျာဏ မိတ္တ သူတော်ကောင်း ပေးထားတဲ့ ဉာဏ်တွေနဲ့ ကြည့်ပေးလိုက်ရုံဘဲ၊ (မှန်ပါ)။ ကြည့်ပေး လိုက်တဲ့ အခါ ကျတော့ ကြည့်နိုင်တဲ့ ပုဂ္ဂိုလ်, မြင်နိုင် တဲ့ပုဂ္ဂိုလ် ဒိဋ္ဌိပြုတ်၍ အပါယ်တံခါး ပိတ်လိုက်တာဘဲ၊ (မှန်ပါ)။

မကြည့်ဘူး ဒီတိုင်းနေလို့ရှိရင်လည်း, ဒိဋ္ဌိမပြုတ်၍ အပါယ်တံခါး ပွင့်နေတာဘဲ၊ (မှန်ပါ)။ ကိုစံလှ ကောင်းကောင်း ရိပ်မိပြီလား၊ (ရိပ်မိပါတယ် ဘုရား)။

ဓမ္မအလုပ်နှင့်ကိုယ့်အလုပ်

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ- ဒကာမတွေ, ကိုယ့်အလုပ် ကဘာတုံး၊ ဓမ္မအလုပ်က ဘာတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်)။ ဓမ္မအလုပ်က ဖြစ်ပျက်ပြဖို့ အလုပ်ဟာ ဓမ္မ အလုပ်ပဲ (မှန်ပါ)။ ခင်ဗျားတို့ ကြည့်ဖို့၊ မကြည့်ဖို့ လိုရင်း မဟုတ်ဘူး (မှန်ပါ) ကိုစောမောင် (မှန်ပါ)။ ဓမ္မ အလုပ်က ဘာပါလိမ့် (ဖြစ်ပျက်ပြဖို့ အလုပ်ပါ)။ ဖြစ်ပျက် ပြဖို့ အလုပ် ခင်ဗျားတို့ အလုပ်က ပြတဲ့ အချိန်မှာ ဉာဏ်နဲ့ ကြည့်ဖို့ အလုပ်ဟာ ယောဂီ ပုဂ္ဂိုလ်တို့၏ အလုပ်ပါ (မှန်ပါ)။

အဲ့ဒါ ဒီအခု ဒီနေ့ ရှင်းရှင်းလင်းလင်း ပြောတယ်, ဖြစ်ပျက်ပြဖို့ အလုပ်က ခန္ဓာ့ အလုပ် (မှန်ပါ)။ မောင်နိုင် (မှန်ပါ)။ ကြည့်တဲ့ အလုပ်က (ယောဂီတို့၏ အလုပ်ပါ)။ ယောဂီတို့၏ အလုပ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

ဒိဋ္ဌိကအပါယ်သွားစေတယ်

ကဲ-မကြည့်တဲ့ ပုဂ္ဂိုလ်သည်ကား လို့ဆိုလို့ ရှိရင်ဖြင့် အင်း-ဒိဋ္ဌိနဲ့ နေတဲ့ ပုဂ္ဂိုလ်မို့ သူမကြည့် ဖြစ်ဘူး (မှန်ပါ)။ ဒါဖြင့်- သူ့အပါယ်လေးပါး တံခါးဟာ ပွင့်လျက်ပဲ (ပွင့်လျက်ပါ-မှန်ပါ)။ သဘော ကျလား (ကျပါတယ်)။

ကြည့်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒိဋ္ဌိကလေးက ပြုတ်သွားတဲ့ အတွက် မိစ္ဆာဒိဋ္ဌိ ပြုတ်ပြီး-သမ္မာဒိဋ္ဌိ ရောက်လာတဲ့ အတွက် ဒကာ ဒကာမတို့ အပါယ်တံခါး ပိတ်သွားပြန်တယ်၊ (မှန်ပါ)။ ဒါဖြင့် ပိတ်မှု ဖွင့်မှုဟာ ပိတ်မှု ပွင့်နေမှုကို ဒကာ- ဒကာမတွေမှာ ဘယ်သူပါလိမ့်မတုံး လက်သည် ရှာတော့ကို ဒိဋ္ဌိက ဖွင့်မှု ဉာဏ်က ပိတ်မှု (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါတယ်)

ဉာဏ်ကမှအပါယ်တားတယ်

အပါယ်တံခါးကို ဒိဋ္ဌိက (ဖွင့်မှုပါ)။ ဉာဏ်က (ပိတ်မှုပါ)။ အဲ ခင်ဗျားတို့ ဒီကနေပြီး သကာလ ကျောက်ထပ် မကြီးမှာ ရှိတဲ့ ဒိုင်နမိုက နေပြီး ခလုပ်သာ ဖြုတ်လွှတ် လိုက်ပါ ဒီမီးတွေ ဖွင့်မှုဟာ ကိုစောမောင် အင်း ဒီလာပြီး ဖွင့်နေရသေးလား (မနေရပါဘူး)။ မနေရတော့ပါဘူး ဟိုကနေပြီး ခလုတ်ဖွင့် လိုက်လို့ရှိရင် နောက်ဆုတ် လိုက်လို့ ရှိရင်ဖြင့် အင်း မီးတွေက ပွင့်လာတာဘဲ ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။

ထို့အတူဘဲတဲ့ လူ့ပြည်က နေပြီး သကာလ ငရဲမှာ တံခါးကိုလည်း ဒီကနေပြီး ပိတ်လည်း ရတာဘဲ (မှန်ပါ)။ ဒီကနေ ဖွင့်ကော (ရပါတယ်)။ ဒီကနေ ခလုတ် ရှိနေတာ ကိုး (မှန်ပါ)။ ဒီအိမ်မှာ ရှိတဲ့ မီးတွေ ဘယ်လိုက် ဖွင့်ပေးနိုင်ပါ မတုံး ဒကာ- ဒကာမတို့ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဝမ်းထဲမှာ ငရဲတံခါးကို ပိတ်တတ် တဲ့တရား, ဖွင့်တတ်တဲ့ တရားလည်း ရှိတယ် (မှန်ပါ)။ ငရဲ တံခါးကို (ပိတ်တတ်တဲ့ တရားလည်း ရှိပါတယ်)။ ပိတ်တတ်တဲ့ တရားလည်း ရှိတယ်, အဲ့ဒါ ဖွင့်တတ်တဲ့ တရားက ဒိဋ္ဌိမိစ္ဆာဒိဋ္ဌိ သဘောကျလား (ကျပါတယ်)။ ပိတ်တတ်တဲ့ တရားက (သမ္မာဒိဋ္ဌိပါ)။

အင်း ဖွင့်တတ်တဲ့ တရားက (မိစ္ဆာ ဒိဋ္ဌိပါ) ပိတ်တတ်တဲ့ တရားက (သမ္မာ ဒိဋ္ဌိပါ)။ နှစ်လုံးဘဲ, ကျေနပ်ပြီလား ဒကာ- ဒကာမတို့ (ကျေနပ်ပါတယ်)။

ခင်ဗျားတို့ ဒီလိုအတိုင်း မနေပါနဲ့ဆိုတာ ငယ်တဲ့ လူရော ကြီးတဲ့ ပုဂ္ဂိုလ်တွေရော အကုန် ပြောလိုက်တယ် (မှန်ပါ)။ ပိတ်ချင်လည်း ဒီကပါဘဲ (မှန်ပါ)။ ဖွင့်ချင်ကော (ဒီကပါ)။ ဒိုင်နမိုကဘဲ ဆိုတာ သဘောကျလား (ကျပါ တယ်)။ ဝမ်းထဲတည်း ဟူသော ဒိုင်နမိုကနေ ဖွင့်ချင်လည်း သူက ပါဘဲ (မှန်ပါ)။ ပိတ်ချင်ကော (သူကပါဘဲ)။

ဒါ့ကြောင့် ဒကာ- ဒကာမတို့ “ကမ္မံ သတ္တေ ဝိဘဇ္ဇတိ” ဆိုတဲ့ ဥစ္စာဟာ ဒီဒိဋ္ဌိနဲ့ တွဲနေတဲ့ ကံကလည်း ဖွင့်ပေး လိုက်တာ ဘဲ (မှန်ပါ)။ ဒိဋ္ဌိ ချုပ်ငြိမ်းတဲ့ ကံကလည်း ဒကာ- ဒကာမတို့ ပိတ်ပေး လိုက်တာဘဲ (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါ တယ်)။

လူ့ပြည်ကိုဘယ်သူပို့လိုက်သတုံး

အဲ့ဒီတော့ကို ခင်ဗျားတို့ စဉ်းစားကြည့်ပါ, အားလုံး ဘဲ ရှင်းသည်ထက်ရှင်း, လင်းသည်ထက် လင်းအောင် လည်း ပြောပါ့မယ်, လူ့ပြည် ဘယ်သူ ပို့လိုက်သတုံး ဟေးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်)။ ဟာ လူ့ပြည် ကံက ပို့လိုက်တယ်လို့ ဖြေကြမှာဘဲ (မှန်ပါ)။ မဖြေကြပေလား (ဖြေကြမှာပါ)။

ဒီကံသည် ဘယ်တုံးက ဘယ်ဘဝတုန်းက ဝမ်းထဲက ကံကနေ ပို့လိုက်တယ် ဆိုတာ သေချာတယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ ဝမ်းထဲက ကံက နေပြီး လူ့ပြည် ပို့လိုက် တာဘဲ, ကိုယ်စီစဉ် လာလို့ရောက် လာတာလား, အဲ့ဒီ ကံစီမံ လိုက်တာလား (ကံစီမံလိုက်တာပါ)

တစ်ခါ လူ့ပြည်က နေပြီး သကာလ လူ့ပြည်ေ ရာက်လာတော့ လည်း ကံက ပို့လိုက်တာဘဲ, လူ့ပြည်ကနေ အပါယ်သွားတဲ့ အခါကျတော့လည်း ဝမ်းထဲမှာ ဒိဋ္ဌိနဲ့ တွဲနေတဲ့ ကံက ပို့လိုက် တာဘဲ ကိုစောမောင်ရဲ့ (မှန်ပါ)။

အဲ့ဒါကြောင့် အပါယ် စိတ်မချရ သေးရင် ပြုံးချိန်နဲ့ မနေကြနဲ့ဦးဆိုတာ- သတိပေး လိုက်တယ် (မှန်ပါ)။ အပါယ် စိတ်ချ ချင်ရင်တော့ ဘာလုပ်ရမတုံးလို့ မေးဖို့ မလို ဘူးလား (လိုပါတယ်)။ ခန္ဓာမှာ အမြဲတန်း ရှိနေတဲ့ အနိစ္စ ကို ဒကာ- ဒကာမတွေက သူရှိနေတာ မကြည့်ဘဲ မနေနဲ့ (မှန်ပါ)။ သူရှိ နေတာကို၊ (မကြည့်ဘဲ မနေရပါဘူး)။ အို မကြည့်ဘဲ မနေနဲ့ ကြည့်သာ ကြည့်နေ (မှန်ပါ)။

အဲ့ဒီတော့ အင်း ပိုက်ဆံ ကုန်ခံပြီး ကြည့်ရမှာလား, အင်း-နဂို ရှိပြီးသားကို အင်း-တည့်ပေး ရုံဘဲ လားလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်)။ ဘယ့်နှယ်ဖြေကြမလဲ (နဂိုရှိပြီးသားကို ထည့်ပေးရုံပါ ဘုရား)။

အဲ ဆရာကောင်း သမားကောင်းဆီကနေ နည်းယူပြီး သကာလ ထည့်ပေးလိုက် လို့ရှိရင် အပါယ် တံခါးဟာ ပိတ်ထွက်သွားမယ် (မှန်ပါ)။ ကိုစောမောင် ကျေနပ်ပြီလား (ကျေနပ်ပါတယ်)။ ဒါဖြင့် အပါယ် တံခါးဖွင့်တာလည်း လူ့ပြည် ဒိဋ္ဌိက (မှန်ပါ)။ အပါယ် တံခါး ပိတ်တာလည်း လူ့ပြည် သမ္မာဒိဋ္ဌိက၊ မောင်နိုင် ဆိုနိုင်ပြီလား (ဆိုနိုင်ပါတယ်)။

ဒါဖြင့် ကိုမြင့်တို့ ကြိုးစား ရလိမ့်မယ် (မှန်ပါ)။ နောက်က ဒကာ ဒကာမတွေ ဘယ်လို စိတ်ထား ရှိကြ (ကြိုးစား ရမှာပါ)။

မကြိုးစားလို့ရှိရင် ဒီဟာကတော့ ဖြစ်ပျက် မြင်မှ ဆိုကတည်းက မြင်အောင် ဝီရိယလေး စိုက်ရလိမ့်မယ် (မှန်ပါ)။ မြင်အောင် ပညာနဲ့ကော (ကြည့်ရမှာပါ)။ ဒါ့ကြောင့် သတိထား, ဝီရိယစိုက်, ပညာနဲ့ရှု ကိုစောမောင် ခဏခဏ မပြောဘူးလား (ပြောပါတယ်)။

သတိလည်းထား, ဝီရိယလည်းစိုက်, ပညာနဲ့ရှုလိုက် လို့ရှိရင်ဖြင့် ဖြစ်ပျက်မြင်မှာဘဲ (မှန်ပါ)။ မြင်ပြီး ခင်ဗျားတို့ ကဲ မဆုံးချင်နေ အိပ်နေဦး ဆိုတာတောင် အပါယ် တစ်ဘဝတော့ သေချာတယ် (မှန်ပါ)။

ဟာ ဒီဖြစ်ပျက် တပည့်တော်တို့ဖြင့် ဘုရား မုန်းဆုံးပြီး သကာလ တပည့်တော် တို့ နိဗ္ဗိန္ဒဉာဏ် လောက်တင် မနေပါဘူး, ယထာဘူတဉာဏ်နဲ့ မနေပါဘူး, နိဗ္ဗိန္ဒဉာဏ် တက်ပါဦးမယ် ငြီးငွေ့ အောင်ကို, ဟာ နိဗ္ဗိန္ဒဉာဏ်နဲ့ မနေပါဘူးဘုရား မဂ်ဉာဏ် ပေါ်အောင် ဖြစ်ပျက် ဆုံးသည့် တိုင်အောင် တပည့်တော်တို့ လိုက်လိုက်ပါမယ် ဆိုလို့ရှိရင် လူ့ပြည်ကနေ ပိတ်လိုက်တာဘဲ (မှန်ပါ)။ ဟိုမှာ ကိုယ့်အတွက် ငရဲတွေကတော့ အကုန်ပျောက်တာ ဘဲ (မှန်ပါ)။ ကိုစောမောင် (ပျောက်ပါတယ်)။ သဘောပါလား (ပါပါတယ်)။

သာသနာတွင်းတရားဟာ ဘယ်တရားပါလိမ့်

ဒါဖြင့် သာသနာတွင်း တရားဟာ ဘယ်တရားပါလိမ့် ဒကာ ဒကာမတို့၊ (ဖြစ်ပျက်မြင်မှု တရားပါ)။ ဖြစ်ပျက် မြင်မှုဟာ သာသနာတွင်း တရားအစစ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။ သဘော ကျလား (ကျပါတယ်)။

အဲ့ဒီတော့ကို ဖြစ်ပျက်မြင်မှုသည် သာသနာတွင်း တရားဖြစ်ပြီး သကာလ, ဖြစ်ပျက်မြင်ရင် ဘာကျေးဇူးပြုမတုံး ဆိုတော့ ဟောဒီက ဒကာ- ဒကာမတွေ ခန္ဓာ ဝေဒနာထား- ဝေဒနာ သုံးပါး ထားပါ တဲ့ ဝေဒနာသုံးပါး လှည့်ပြီး ခံစားနေတဲ့ ဘာ-ဘယ်သူတုန်းလို့ မေးလို့ရှိရင် ယောက်ျားမှာ ဝေဒနာ သုံးပါး လှည့်နေတာဘဲ (မှန်ပါ)။ မိန်းမမှာကော (ဝေဒနာသုံးပါး လှည့်နေပါ တယ်)။ လှည့်နေတာဘဲ သဘောပါလား (ပါပါတယ်)။

အဲ့ဒါသည် ဝေဒနာ သည်ကားလို့ ဆိုရင် ခန္ဓာဘဲ (မှန်ပါ)။ ခန္ဓာဝေဒနာ ဝေဒနာက္ခန္ဓာလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။ ခန္ဓာ သဘောက ဘာပြောမတုံးလို့ မောင်နိုင်တို့ ခုနက သင်ပေးခဲ့တယ် (မှန်ပါ)။ သူ ဘယ်လို ပြောလိမ့်မယ်ထင် (ဖြစ်ပျက်ပြမှာပါ)။ အနိစ္စ ပြမှာဘဲ (မှန်ပါ)။ ခန္ဓာသဘောက သူ့နိယာမကိုး ကိုစံလှရေ (မှန်ပါ)။ သူ့သဘောက ဘာပြမယ်ထင် (အနိစ္စပြမှာပါ)။

အင်း-အနိစ္စ ပြတာကို ကျုပ်တို့ ဒကာ- ဒကာမတွေက ဒီကနေပြီး သကာလ, သူက ပြတာကိုး၊ သြော် အပါယ်ငရဲကျမှာ စိုးသောကြောင့် အပါယ်ငရဲ တည်းဟူသော တရားကို အင်း ဆိုးဝါးတဲ့ နေရာဌာနကြီး ရောက်မှာ စိုးသောကြောင့် ဒီဟာ တော့ဖြင့် သတိထားပြီး, ဝီရိယစိုက်ပြီး သကာလ, အကြံ ကောင်း ဉာဏ်ကောင်းနဲ့ ရှုပေးမယ်လို့ ဒီကနေပြီး ဒါ မိမိခန္ဓာ ကိုသာ ရှုပေးလိုက် (မှန်ပါ)။ ရှုပေးလိုက်တော့ မိမိခန္ဓာ ရှုလိုက်တော့ ကိုယ်က လုပ်ယူရမည့် အနိစ္စလား, ခန္ဓာက ပြောမှာလား (ခန္ဓာက ပြောမှာပါ)။ ရှင်းကြပြီလား (ရှင်းပါတယ်)။

ခန္ဓာကပြောတာ စောင့်ကြည့်ပါ

ကိုယ်က လုပ်ယူရမှာလား, ခန္ဓာက ပြောမှာလား (ခန္ဓာက ပြောမှာပါ) အဲ ခန္ဓာက ပြောတော့ကိုး ကိုယ့်တာဝန်က သတိထားပြီး ဝီရိယစိုက်ပြီး ပညာလေးနဲ့ စောင့်ကြည့် နေရုံဘဲ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ သတိထား ဝီရိယစိုက် ပညာနဲ့စောင့်ကြည့် (မှန်ပါ)။ သဘောကျလား၊ (ကျပါတယ်)။

ကိုယ့်တာဝန်က ဘာတဲ့ (သတိထား, ဝီရိယစိုက်, ပညာနဲ့ စောင့်ကြည့်ရမှာပါ)။ အင်း-သတိထား ဝီရိယစိုက် ပညာနဲ့ ကြည့်ဆိုတော့ “အာတာပီ သမ္ပဇာနာ သတိမာ ဝိနေယျ အဘိဇ္ဈာ ဒေါမနဿံ” ဒီပါဠိတော်ကို ပြောထားတာ (မှန်ပါ)။

အာတာပီ-ဆိုတဲ့ ဥစ္စာ ဝီရိယ စိုက်ပါလို့ ဘုရားက ဟောတာနော် (မှန်ပါ)။ နိပကော-ဆိုတာ-ပညာနဲ့ ကြည့်ပါဆိုတာ, သတိမာ ဆိုတာ သတိလည်း ထားပါ (မှန်ပါ)။ ဒီပါဠိတော်ကို မြန်မာလို ပြောထားတာ (မှန်ပါ)။

အာတာပီ ဆိုတာ ဝီရိယ, သတိမာ ဆိုတာ သတိ ဟုတ်လား (မှန်ပါ)။ သမ္ပဇာနာ ဆိုတာ ပညာ သဘော ကျလား (ကျပါတယ်)။ အဲ့ဒါ သတိပဋ္ဌာန် ပါဠိတော် မောင်နိုင်ရ (မှန်ပါ)။

ခန္ဓာ့သဘောခန္ဓာကပြောမှာပါ

ဒါကြောင့် သတိထား ဝီရိယစိုက် ပညာနဲ့သာ ကိုယ့်ခန္ဓာကြည့် (မှန်ပါ)။ ဘာတဲ့ (သတိထား, ဝီရိယစိုက်, ပညာနဲ့ ကိုယ်ခန္ဓာ ကြည့်ရမှာပါ)။

ခန္ဓာကြည့်လိုက် တော့ ကိုယ်က လုပ်ရမည့် ရှိတဲ့တရားက လုပ်ယူရမည့် အနိစ္စ လား၊ ဒကာ ဒကာမတို့ ခန္ဓာသဘောကို ခန္ဓာက ပြောမှာလား (ခန္ဓာသဘောကို ခန္ဓာက ပြောမှာပါ)။ ခန္ဓာသဘော ခန္ဓာက ပြောတော့မှာ ကိုယ်ကလည်း သတိထား, ဝီရိယလေး ကလည်း စိုက်ပြီး ပညာနဲ့ ကြည့်နေ တော့မှ သူပြောတာက ကျုပ် ဟာ ဖြစ်ပြီး ပျက်တတ်တဲ့ သဘောဟာ ကျုပ်သဘောဘဲ လို့ ဆို တော့ သြော် သတိထားတဲ့ ပုဂ္ဂိုလ်ကလည်း သိတယ် (မှန်ပါ)။ ဝီရိယစိုက်တဲ့ ပုဂ္ဂိုလ်ကကော (သိပါတယ်)။ ပညာနဲ့ ကြည့်တဲ့ ပုဂ္ဂိုလ်က (သိပါတယ်)။

ဒါ့ကြောင့် ခင်ဗျားတို့ သတိပဋ္ဌာန် ပါဠိတော်မှာ အားလုံး ဒကာ- ဒကာမတွေ “အာတာပီ နိပကော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ” လို့ မလာဘူးလား (လာပါတယ်)။

အဲ့ဒါ သတိထား, ဝီရိယစိုက်, ပညာနဲ့ကြည့်ပေး (မှန်ပါ)။ ကိုစောမောင် ခန္ဓာသဘော က ဘာပါလိမ့် (အနိစ္စသဘောပါ)။ အနိစ္စသဘော ကိုယ်က ဘာသာလျှင် အခုဆရာသမား အကူအညီပေး လိုက်တော့ ဘယ်နှစ်ခုနဲ့ နေရမယ် ဆိုတာကိုကော ပေါ်ပြီ လား (ပေါ်ပါတယ်)။

ဘယ်နှစ်ခုနဲ့ပါလိမ့် (သတိ ထား, ဝီရိယစိုက်ပြီး ပညာနဲ့ကြည့်ရပါမယ်)။ နောက်က ဒကာ- ဒကာမတွေ ဘာတဲ့တုံး (သတိထား, ဝီရိယ စိုက်ပြီးပညာနဲ့ ကြည့်ရပါမယ်)။

သတိ၊ ဝီရိယ၊ ပညာကခွဲလို့မရဘူး

သတိထား ရမယ်၊ ဝီရိယစိုက်၊ ပညာနဲ့ ကြည့်ဆိုတော့ သြော် တပည့်တော် သုံးခုတောင် လုပ်ရမှာလားလို့ အောက် မေ့မနေပါနဲ့ (မှန်ပါ)။ ခန္ဓာစိုက်ပြီးသာ ကြည့်နေလိုက်လို့ ရှိရင် ဒီသုံးခုဟာ ပြိုင်ဝင်လာမယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါတယ်)။ ဒီသုံးခုဟာ ဘယ်လိုပါလိမ့် (ပြိုင်ဝင် လာပါတယ်)။

သူတို့က ခွဲလို့မှ မရတဲ့ တရားကို သတိ ဝီရိယ-ပညာက ခွဲလို့မှ မရဘဲ, ပြိုင်ဝင်ပြီးလာတဲ့ အခါကျတော့ ဒကာ- ဒကာမတွေ ခန္ဓာက ပြတာက ဖြစ်ပျက်, အင်း သူက လည်း ဖြစ်ပျက်လို့ဘဲ သိနေတယ် ပုဂ္ဂိုလ် သတ္တဝါပျောက် ထွက်သွားတယ် (မှန်ပါ)။ ကိုစောမောင် ပျောက်, မပျောက်၊ (ပျောက်ပါတယ်)။

အဲ့ဒီကဲ့သို့ ပျောက်သွားတဲ့ အခါကျလို့ရှိရင်ဖြင့် သြော် ဒါ အနိစ္စပါလား ယောက်ျားတွေ လည်း မဟုတ်၊ မိန်းမတွေလည်း မဟုတ်ပါလား လို့ဆိုတဲ့ ယောက်ျားလို့ မှားနေတဲ့ အသိတွေ၊ မိန်းမလို့ မှားနေတဲ့ အသိတွေဟာ သတိထား, ဝီရိယစိုက်, ပညာနဲ့ ကြည့်လိုက်တာ ဒိဋ္ဌိက ပြုတ်ထွက်သွား တယ် (မှန်ပါ)။ မပြုတ်သေးဘူးလား (ပြုတ်ပါ တယ်)။

ဘယ်နှယ်ကြောင့်ဋ္ဌိပြုတ်ပါလိမ့်

ဒိဋ္ဌိ ဘယ့်နှယ့်ကြောင့် ပြုတ်ပါလိမ့်မတုံး, ပညာဆိုတဲ့ သမ္မာဒိဋ္ဌိ ဝင်လာလို့ (မှန်ပါ)။ ကိုစောမောင် (ပညာ ဆိုတဲ့ သမ္မာဒိဋ္ဌိ ဝင်လာလို့ပါ)။ သတိထား, ဝီရိယစိုက်, ပညာနဲ့ ကြည့်ဆိုတော့ ပညာက သမ္မာဒိဋ္ဌိ မဟုတ်သေးဘူးလား၊ (ဟုတ်ပါတယ်)။ အဲ- သူဝင်လာ လိုက်တာ မောင်နိုင် ဘယ်သူ ပြေးတုံးလို့မေးလို့ရှိရင်ဖြင့် အင်း- သမ္မာဒိဋ္ဌိ ဝင်လာတော့ မိစ္ဆာဒိဋ္ဌိ ပျောက်ရတယ် (မှန်ပါ)။

ဒါဖြင့် အပါယ်တံခါး ဖွင့်တတ်တဲ့ တရားက မိစ္ဆာဒိဋ္ဌိ မဟုတ်လား (မှန်ပါ)။ ကဲဒါဖြင့် အပါယ်တံခါး ဖွင့်ထားတဲ့ တရားက သူဘဲ ဆိုလို့ရှိရင်ဖြင့် အပါယ်တံခါး ပိတ်တတ်တဲ့ တရားက သမ္မာဒိဋ္ဌိက ဝင်လာတယ် (မှန်ပါ)။ သူ့ဝင် ပိတ်လိုက်တယ် (မှန်ပါ)။ ကိုစောမောင် (မှန်ပါ)။ မိစ္ဆာဒိဋ္ဌိက သူဖွင့်ထားတာ မဟုတ်လား (မှန်ပါ)။ အင်း မိစ္ဆာဒိဋ္ဌိ ရှိတုန်းက ကျုပ်တို့ ဝမ်းထဲမှာ မိစ္ဆာဒိဋ္ဌိ ရှိတုန်းက သူဖွင့် ထားတယ် (မှန်ပါ)။

ယခုအချိန်မှာ ဒကာ- ဒကာမတို့ သမ္မာဒိဋ္ဌိဝင်ပြီး သကာလ လာတော့ သူ ထွက်ပြေးတယ် ဆိုသဖြင့် ပိတ်တဲ့ တရား ဝင်မလာ ဘူးလား (လာပါတယ်)။ ဒါ့ကြောင့် လူ့ပြည်ကနေ ဖွင့်တာဘဲ (မှန်ပါ)။ ကိုစောမောင် ပိတ်တဲ့ အခါကျတော့ (လူ့ပြည်ကနေ ပိတ်ပါတယ်)။

ခုန ဒိုင်နမိုကချည်း မှတ်ထားပါ (မှန်ပါ)။ မီးငြိမ်းချင်ရင် ဒိုင်နမိုကသာ ခလုတ်တပ်လိုက် ငြိမ်းသွားတာဘဲ (မှန်ပါ) ဟာ ဒိုင်နမိုက တပ်ထားတဲ့ ခလုပ် ဆွဲချလိုက်လို့ ရှိရင် မီးတွေ အကုန် ပွင့်လာတယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ ဒါဖြင့် ဒီက အချုပ်အခြာ ဆိုတာ သဘောကျလား (ကျပါတယ်)။

သြော် ဝမ်းထဲက သတိထား, ဝီရိယစိုက်, ပညာနဲ့ ကြည့်ဆိုတဲ့ ပညာဆိုတဲ့ သမ္မာဒိဋ္ဌိသည်, မိစ္ဆာဒိဋ္ဌိ နှင်ပစ်တာ သူကိုး (မှန်ပါ)။ ဆိုနိုင်ကြလား (ဆိုနိုင်ပါတယ်)။ အဲ့ဒါကြောင့် လေးလေးစားစားနဲ့ မှတ်ပြီး သကာလ ဝတ္ထုက ဒီလောက် အရေးမကြီးဘူး ကိုစောမောင် လက်တွေ့ လုပ်ဖို့ က အရေးကြီး တယ် (မှန်ပါ)။ ဒကာ- ဒကာမတွေ ဘာ အရေးကြီးပါလိမ့် (လက်တွေ့လုပ်ဖို့ အရေးကြီးပါတယ်)။

ဒီဟာလေးမှ တစ်ချက် အချုပ်မမြင်ရသေး ခင်ဗျားတို့ သေမည့်ဟာတောင် ထားတယ် (မှန်ပါ)။ ဘာဖြစ်လို့ လည်း မသေခင်အောင့်ထား အပါယ်လေးပါး တံခါးက ပွင့်နေသေးတယ် (မှန်ပါ)။ ဒါလေး နာနာ လုပ်ပစ်ရ မယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ သားကြီးတာ သားလူလား မမြောက်တာ, သားမလိမ္မာတာ ဟုတ်လား, သမီးအချိန် အရွယ် မရောက်တာ ဒီလောက် မထား နဲ့ ကိုယ့် အပါယ်တံခါး အရင်ပိတ်တော့ (မှန်ပါ)။ ကိုစောမောင် (ကိုယ့်အပါယ်တံခါး အရင်ပိတ်ရပါမယ်)။

ဝေဒနာကပြောလိမ့်မယ်

ကိုယ့်နဂိုက ဒိဋ္ဌိ မပြုတ်သေးတော့ အပါယ်ငရဲကြီးက ကိုယ့်အတွက် ကဲ- ဟင်းလင်းကြီး ပွင့်မနေဘူးလား (ပွင့်နေပါတယ်)။ အဲဒါကို ဒီကနေ သတိထား, ဝီရိယစိုက်, ပညာနဲ့ကြည့် လိုက်တဲ့ အခါကျတော့ ခင်ဗျားတို့ ခန္ဓာသုံးပါး,ဝေဒနာသုံးပါး ကနေပြီး ကျုပ်တို့ဟာ ဝေဒနာလို့သာ ဆိုတာ ပါဗျာ၊ ခင်ဗျားတို့ စိုက်တာကြည့်ပါ, ကျုပ်တို့ သဘောက ဖြစ်ပျက်ပါဘဲ ဆိုတာ ကြိုးကြိုးစားစား ပြောသွားတယ် (မှန်ပါ)။ ဘယ်သူက ပြောတုံး (ဝေဒနာက ပြောပါ တယ်)။

ဝေဒနာက ပြောသွားတာဆိုတော့ သြော် ဝေဒနာက ပြောထားတာ ကိုယ်က ရှေးတုန်းကတော့ သတိက မထား, ဝီရိယကမစိုက်, ပညာနဲ့ မကြည့်လို့ ကိုစောမောင် ဖောက်ပြန်နေတာ (မှန်ပါ)။ ခုတော့ သတိထား ဝီရိယ စိုက် ပညာနဲ့ကြည့် လိုက်တော့ ကိုစံလှ ဘယ့်နှယ်နေ တုန်း (ဖြစ်ပျက် တွေ့ပါတယ်)။ မတွေ့ဘူးလား (တွေ့ပါတယ်)။ တွေ့တာပါဘဲတဲ့။

အင်း သဘောက ပေါ်လာတုန်းဘဲ ကျုပ်တို့ က ကြည့်နေတုံးဘဲ သူ့သဘော သူရုပ်သိမ်း သွားတယ် (မှန်ပါ)။ နီတာ ဟုတ်သေးရဲ့ လား၊ (မဟုတ်ပါဘူး)။ ဒီ နေရာမှာ သဘောအားဖြင့် ပေါ်လာပြီ, ဒီသဘော ရုပ်သိမ်း သွားတာကိုးလို့ ဒီက သတိထား ဝီရိယစိုက်, ပညာနဲ့ ကြည့် လိုက်တော့ သဘောပေါ်ပြီ သဘော သိမ်းသွားတာ (မှန်ပါ)။ အဲ့ဒါ ဖြစ်ပျက် မြင်တာဘဲ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါတယ်)။ သဘောပေါ်ပြီး သဘော သိမ်းသွားတာ (ဖြစ်ပျက် မြင်တာပါ)။ ကိုစောမောင် ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။

သဘောပေါ်ပြီး သူ့သဘော သူရုပ်သိမ်း သွားတာကို (ဖြစ်ပျက် မြင်တာပါ)။ ဖြစ်ပျက်မှု ကျုပ်တို့က သတိထား, ဝီရိယ စိုက်တဲ့ ပုဂ္ဂိုလ်က သြော် ပေါ်လာတဲ့ သဘောမျှဘဲ ပျောက်သွားတဲ့ အခါကျလို့ရှိရင် သူ့သဘောသူ ရုပ်သိမ်းသွားလို့ ဘာမှ ဒီနေရာ မရှိရစ်တာဘဲ (မှန်ပါ)။ ဒီ အသား တည့်တည့် ကြည့်နေရစ်တာပေါ့ ဒီအပေါ် ပေါ်တယ်လို့မှ မရှိတာဘဲ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

အသားကတော့ ဘယ့်နှယ်ပါ (ရှိပါတယ်)။ ရှိနေမှာ အသားတွေ အရိုးတွေကတော့ ရှိနေမှာ ကျုပ်တို့က အဲ့ဒါ ရှုတာမှ မဟုတ် ပဲကိုး (မှန်ပါ)။ သဘော ရှုတာကိုး (မှန်ပါ)။ သဘောပါကျလား (ပါပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ အဘိဓမ္မာဆိုတဲ့ ဥစ္စာသည် အထည်ရှိတာ မဟုတ်ဘူး (မှန်ပါ)။ မောင်နိုင် အထည် ရှိရဲ့လား (မရှိပါဘူး) အထည်သာ မရှိတာ သတ္တိကတော့ ထင်ရှား ရှိတယ် (မှန်ပါ)။

ပေါ်လည်းပေါ်တယ်၊ ပျက်လည်းပျက်တယ်

ယားတယ်ဆိုရင် ဒုက္ခဝေဒနာ ပေါ်ပြီ, အယားမရှိ ဘူး ဆိုရင် ဒုက္ခဝေဒနာ သူ့သဘော ရုပ်သိမ်း သွားတယ် (မှန်ပါ)။ နာတယ် ဆိုရင် ဒုက္ခဝေဒနာ ပေါ်တယ်သာမှတ် သဘောကျလား (ကျပါတယ်)။ အင်း မနာတော့ဘူး ဆိုတော့ (ရုပ်သိမ်း သွားပါတယ်)။ ဒုက္ခသဘော ရုပ်သိမ်း သွားတယ် (မှန်ပါ)။ နာပြီး ပျက်တာဘဲ(မှန်ပါ)။

ရုပ်သိမ်းသွားတယ်ဆိုတည်းက ရှိသေးလား (မရှိပါဘူး)။ မရှိတာ ဘာခေါ်ကြ (ပျက်တာပါ)။ ပျက်တာဘဲ ဆိုတော့ ဒါဖြင့် ပေါ်လည်း ပေါ်တယ်, ပျက်လည်း ပျက်တယ် (မှန်ပါ)။

တစ်ခါ ကောင်းတဲ့ သဘောလေး လျှာပေါ်မှာ များ ဒကာ- ဒကာမတွေက ကောင်းတဲ့ သဘောလေးများ ပေါ်နေ လိုက်တာဟင် (မှန်ပါ)။ ပေါ်လာတာလည်း ကောင်းတာ လေးဟာဟေ့ မင်းတို့ ဝက်သားထဲက ကောင်းတာလား, ကြက်သားထဲက ကောင်းတာလား, လျှာပေါ်မှာ အကောင်း ဆုံးလေး ပေါ်တာလားလို့ မေးလို့ရှိရင် ဘယ့်နှယ့်ဖြေပါ့ (လျှာပေါ်မှာ အကောင်းဆုံး ပေါ်တာပါ)။

အထည်လေးများ ရှိသလား (မရှိပါဘူး)။ အင်း အထည်လေး များလည်း မရှိပါဘူး ဒကာ ဒကာမတို့ နောက် ပျောက်သွားတဲ့ အခါကျလာလို့ ရှိရင်လည်း သင်္ချိုင်းလေးများ ကျန်ရစ် သေးလား လို့ မေးရင် (မကျန်ရစ် ပါဘူး)။ ဒါဖြင့် သဘောပေါ်ပြီးတော့ ကိုစောမောင် သဘောချုပ်တာ (မှန်ပါ)။ ဘယ်လိုဆိုကြမလဲ (သဘောပေါ်ပြီး သဘောချုပ်တာပါ။

အဲ သဘောပေါ်ပြီး သဘောချုပ်တာလို့ ယနေ့။ ရှင်းရှင်းလင်းလင်း ပြောတော့မှ- သြော် ဖြစ်ပျက် ဆိုတာက အင်း သဘောပေါ်ပြီး သဘော ပျောက်တာကို ဟောနေတာကိုး (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ်)။ ဘယ်လိုပါလိမ့် (သဘောပေါ်ပြီး သဘော ပျောက်တာကို ဟောနေတာပါ)။

အဲ့ဒီ ဖြစ်ပျက်ကလေးတွေကို ဘုန်းကြီးတို့ ဒီကာဒကာမတွေ မြင်လိုက်သည်နဲ့ တပြိုင်နက် တည်း ဒီဝေဒနာ သည်ကား သဘောချည် သုံးပါးစလုံး သဘောဘဲ, စိတ်ဆိုတာ လည်း သဘောတွေ (မှန်ပါ)။ ရုပ်ဆိုတာလည်း သေသေ ချာချာ အထည် အတိအကျတော့ကို ဒါအစုကြီး ဖြစ်လာတာ ဒီ ပထဝီဓါတ်, အာပေါဓါတ်, တေဇောဓါတ်, ဝါယောဓါတ်ကို သာ ဟောမယ်ဆို မောင်နိုင် သဘော လေးဘဲ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

သတ္တဝါမဟုတ်၊ အသက်မဟုတ်

အားလုံးတဲ့ နိဿတ္တ နိဇ္ဇီဝသဘာဝါ ချည်းဘုရားက ဟောလိုက်တယ်၊ (မှန်ပါ)။ ဒါ သေသေချာချာ မှတ်ပါ ကိုစောမောင် (မှန်ပါ)။ နိဿတ္တနိဇ္ဇီဝသဘာဝါ သဘော ကလေးကွတဲ့ အထည်ကြီးများ ရှိတယ်လို့ အောက်မေ့ မနေနဲ့၊ (မှန်လှပါ)။

သတ္တဝါ မဟုတ် ဇီဝ မဟုတ်, အသက် မဟုတ်တဲ့ သဘော ကလေးချည်း ရှိတာ ပရမတ် ဆိုတာ အကုန်မှတ်တဲ့ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ နိဿတ္တ နိဇ္ဇီဝ သဘာဝါလို့ ဘုရား မဟောဘူးလား (ဟောပါတယ်)။ ရှင်းပြီလား ကိုစံရီ (ရှင်းပါ ဘုရား)။ ဒါဖြင့် အထည်ပြောသလား, သဘော ပြောသလား (သဘောပြောပါတယ်) ရှင်းပြီလား (ရှင်းပါတယ်)။

မောင်နိုင် ဘာတဲ့တုံး ပါဠိတော်က (နိဿတ္တ နိဇ္ဇီဝ သဘာဝါ)။ နိဿတ္တ နိဇ္ဇီဝသဘာဝါ နိဿတ္တ- သတ္တဝါ လည်း မဟုတ်ဘူးကွတဲ့ (မှန်ပါ)။ အသက်ကော (မဟုတ်ပါ ဘုရား)။ သဘာဝတဲ့ ဘာတဲ့တုံး (သဘောပါ ဘဲ ဘုရား)။ သဘောဘဲပေါ့၊ ဒါဖြင့် ရုပ်ကြည့်မြင်တဲ့ ရုပ်ဖြစ်ပျက် ဆိုတာလည်း သဘော ဖြစ်ပြီး သဘောပျက် တာ (မှန်ပါ)။ ဝေဒနာကလည်း (သဘောဖြစ်ပြီး သဘော ပျက်တာပါ)။ သညာကကော (သဘောဖြစ်ပြီး သဘော ပျက်တာပါ)။ စိတ်ကလေး ကရော (သဘော ဖြစ်ပြီး သဘော ပျက်တာပါ)။

ဒကာ- ဒကာမတို့ ဝက်သက်ပေါက်သလိုတော့ အဖုလေးတော့ မလာဘူး စိတ်သာချ (မှန်ပါ)။ သဘော ကျလား (ကျပါတယ်)။ ဝက် သက် ပေါက်သလို အဖုကလေးတော့ (မလာပါဘူး)။ မလာဘူး ကိုစံလှရ လာနိုင်ပါ့မလား (မလာနိုင်ပါဘူး)။ နဂိုကမှ သဘော ရှိတဲ့ဥစ္စာ ဝက်သက်လို အဖု ပေါက်ရ ဦးမှာလား ကိုစောမောင်ရဲ့ (မပေါက်ပါဘူး)။ သဘောပါပြီလား (ပါပါတယ်)။ ကဲဒါဖြင့် ရှုတတ် ကြပြီလား (ရှုတတ်ပါပြီ)။

သြော်-ဒီနေရာမှာ ပေါ်တယ် ပေါ်တယ် အခုဘဲ မရှိဘူး၊ မဆို နိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

ဒါနဲ့ ဒကာ- ဒကာမတို့ ကောင်းကင်မှာ ခင်ဗျားတို့ အခုလို မိုးဦးကျတဲ့အခါမှာ ပူတဲ့နေကျတော့ လျှပ်စီးကလေး တွေက မလင်းဘူးလား (လင်းပါတယ်)။ နဂိုက ရှိတာ လား အခုမှ ဒီနေရာ ဆတ်ခနဲ ပေါ်တာလား (အခုမှ ဆက်ခနဲ ပေါ်တာပါ)။ အင်း- ပျောက်သွားတော့လည်း ဒကာ ဒကာမတို့ ဒီအလင်းလေးဟာ ဒီနေရာဘဲ မပျောက်ဘူးလား (ပျောက်ပါတယ်)။ နဂိုက ပေါ်လာတုံးကလည်း အထည် မရှိလို့ သဘောဘဲ (မှန်ပါ)။ နောက်-ပျောက် သွားတော့လည်း အဆင်းလေး ရှာမတွေ့လို့ ကိုစောမောင် (သဘောပါဘဲ)။ အလောင်း ရှာတွေ့သေးလား၊ (မတွေ့ ပါဘူး)။ အဲ့ဒီတော့ ဘယ့်နှယ်ဆိုပါ့ (သဘောပါ)။ သဘောဘဲ ဆိုတာ ဒကာ- ဒကာမတွေ ကျေနပ်ပြီလား (ကျေနပ် ပါတယ်)။

အမြင်မှန်ဆိုတာ

အဲ့ဒီသဘောလေး ဖြစ်ပြီး, သဘောလေး ပျက်တာကို မြင်ရင် ဘုန်းကြီးတို့က နိဿတ္တ နိဇ္ဇီဝ သဘာဝကို မြင်တယ်လို့ ဆိုပြီး ဒကာ ဒကာမတို့ ဒါ အမြင်မှန်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ အမြင်မှန်လာရင် အမြင်မှား ပြေးရမယ် (မှန်ပါ)။ အမြင်မှန်က သမ္မာဒိဋ္ဌိ (မှန်ပါ) သဘောကျလား (ကျပါတယ်)။ အမြင်မှားက (မိစ္ဆာဒိဋ္ဌိပါ)။ မိစ္ဆာဒိဋ္ဌိ အဲ မိစ္ဆာဒိဋ္ဌိ မပြုတ် သေးဘူးလား (ပြုတ်ပါတယ်)။ ပြုတ်ရင် အပါယ်တံခါး ဘယ်နှယ်တုန်း (ပိတ်သွား ပါတယ်)။

ကိုင်း ဒါဖြင့် သြော် ဒါဖြင့် အပါယ်တံခါး ဖွင့်တာက လည်း မိစ္ဆာဒိဋ္ဌိ အမြင်မှန် မရတဲ့ပုဂ္ဂိုလ်၏ သွားရာ လမ်းခရီး – (မှန်ပါ)။ အမြင်မှားရ, အမြင်မှားရတဲ့ ပုဂ္ဂိုလ်၏ သွားရာ လမ်းခရီး (မှန်ပါ)။

အမြင်မှန်ရတဲ့ ပုဂ္ဂိုလ်၏ သွားရာလမ်း ခရီးက အပါယ်လေးပါး လွတ်တယ် (မှန်ပါ)။ နိဗ္ဗာန် ရောက်မယ်၊ (မှန်ပါ)။ အမြင်မှန် မရတဲ့ ပုဂ္ဂိုလ်၏ သွားရာ လမ်းခရီးက အပါယ်လေးပါး (အပါယ် လေးပါး)။ သဘော ကျလား (ကျပါတယ်)။ ဒိဋ္ဌိ အပေါ်မှာ မမှီဘူးလား (မှီပါတယ်)။

သမ္မာဒိဋ္ဌိနှင့်လဲပေးနေတာ

ဒါဖြင့် ခင်ဗျားတို့ တရားတွေ ဘယ်လိုဘဲ ဘုန်းကြီး ရက်ပေါင်းများစွာ ဟောဟော, သမ္မာဒိဋ္ဌိနဲ့ မိစ္ဆာဒိဋ္ဌိ လဲပေးနေတာ တစ်လုံးတည်း မှတ်ထားလိုက် (မှန်ပါ)။ ကိုစံလှ မှတ်မိလား (မှတ်မိပါတယ် ဘုရား)။ ဘုန်းကြီးနေ့တိုင်း ဟောနေတာ ဘာများ ဟောနေပါလိမ့် (သမ္မာဒိဋ္ဌိနဲ့ မိစ္ဆာဒိဋ္ဌိ လဲပေး နေတာပါ)။ ခင်ဗျားတို့ သန္တာန်ရှိတဲ့ မိစ္ဆာဒိဋ္ဌိကို သမ္မာဒိဋ္ဌိနဲ့ လဲပေးနေတာ၊ (လဲတာပါ)။ ဒါတစ်နေ့ ဟောလည်း ဒါလဲပေးတာဘဲ မဟုတ်လား (မှန်ပါ)။ နောက်တစ်နေ့ ဟောပြန်ရင်ကော (ဒါလဲပေး တာပါဘဲ)။ ပုံစံသာ ပြောင်းလိမ့်မယ်တဲ့ အစစ်ကတော့ ကိုစောမောင်ဒါဘဲ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါတယ်)။

ကဲ-ဒါဖြင့် ဘုန်းကြီးကတော့ အင်း ထားပါတော့ ဒီပုဂ္ဂိုလ်က သာမည ပုဂ္ဂိုလ်မို့ ထားပါတော့ နောက် အရင်ဘုရား ကလည်း ဘာလုပ်သွားသတုံးမေးဦး (မိစ္ဆာဒိဋ္ဌိနဲ့ သမ္မာဒိဋ္ဌိ လဲပေးသွားပါတယ်) လဲပေးသွားတာဘဲ၊ နောင်ပွင့် မည့် ဘုရားတွေ ကကော (မိစ္ဆာဒိဋ္ဌိနဲ့ သမ္မာဒိဋ္ဌိလဲဦးမှာပါ) ကိုစောမောင် ဒါဘဲရှိတယ် (မှန်ပါ)။

တရားကို ချုပ်လိုက် တဲ့အခါကျတော့လေ (မှန်ပါ) အားလုံးချုံးပြီး ကြည့်လိုက် တဲ့အခါကျတော့ ဘယ်ဘုရားပွင့်လည်း ဒါလုပ်ဖို့ လာတာ ဘဲ (မှန်ပါ)။ နောက်ဘုရား ဂင်္ဂါဝါဠု သဲစုမက ဘုရားတွေ က ဘာလုပ်မလို့ လာကြပြန်ပါလိမ့် (မိစ္ဆာဒိဋ္ဌိနဲ့ သမ္မာဒိဋ္ဌိလဲဖို့ပါ)။ ဒါဘဲ ကိုစောမောင်ရဲ့ ဒီပြင့်ဘာမှ လျှာရှည် မနေနဲ့တော့ (မှန်ပါ)။ ရှင်းပြီလား (ရှင်း ပါတယ်)။

ဘုန်းကြီး ရက်ပေါင်းများစွာ အခုအင်း-ဟောနေ တယ်, အဲ နေ့တိုင်း ဘာများ ဟောပါလိမ့်မတုံး မေးလို့ရှိရင် မောင်နိုင်ဒါဘဲ (မှန်ပါ)။ အင်း- မိစ္ဆာဒိဋ္ဌိဖြစ်နေရာမှ သမ္မာဒိဋ္ဌိ လဲ ပေးလို က် တာဘဲ (မှန်ပါ)။ ဖြစ်ပျက် မမြင်ရာမှ ဖြစ်ပျက် မြင်အောင် လုပ်ပေး နေတာ ပဲ (မှန်ပါ)။ ရှင်းကျလား (ရှင်းပါ တယ်)။ ဒါဖြင့် ဖြစ်ပျက် မမြင်ရင် မိစ္ဆာဒိဋ္ဌိ (မှန်ပါ) ရှင်းပြီလား (ရှင်းပါတယ်)။ ဖြစ်ပျက် မမြင်ရင် (မိစ္ဆာဒိဋ္ဌိ) ဖြစ်ပျက် မြင်ရင် (သမ္မာဒိဋ္ဌိပါ)။

အင်း- မိစ္ဆာဒိဋ္ဌိ ဖြစ်ခဲ့သော်၊အပါယ်တံခါး ပွင့်တယ် (မှန်ပါ)။ သမ္မာဒိဋ္ဌိ ဖြစ်ခဲ့သော် (အပါယ်တံခါး ပိတ်ပါ တယ်)။ အဲ့ဒါကြောင့် တစ်ချို့စာတွေမှာ ရေးကြတယ်၊ သြော် ဘုရားဒကာ ကျောင်းဒကာ, ဘုရားအမ၊ ကျောင်းအမတွေက ကိုယ့်ကိုယ်ကို မိစ္ဆာဒိဋ္ဌိဖြစ်မှန်း မသိတာတွေ တစ်ပုံကြီး ရှိတယ်။ (မှန်ပါ)။ မောင်နိုင် (မှန်ပါ) မရှိပေဘူးလား (ရှိပါတယ်)။

ငါလှူလို့ငါရတယ်ဆိုရင် ဒိဋ္ဌိ

အို-ငါလှူလို့ ငါရတယ်ဆို ဒါဒိဋ္ဌိဖြစ်တယ် (မှန်ပါ)။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။ စေတနာ ငါစွဲပေါ့ (မှန်ပါ)။ “သင်္ခါရာ အတ္တတော သမနုပဿတိ” သင်္ခါရာ စေတနာ ဆိုတဲ့ သင်္ခါရကို၊ (ဝါ) နာမ်ဓမ္မ ကလေးကို။ အတ္တတော ငါဟူ၍၊ သမနုပဿတိ- ရှု၏ဆို ကိုစောမောင် ဒိဋ္ဌိထဲ မသွား ပေဘူးလား၊ (သွားပါတယ်)။ ကဲ ဒါရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။

အဲ့ဒါ ခင်ဗျားတို့ ကျောင်းဒကာ ကျောင်းအမ ဘုရား ဒကာ, ဘုရားအမ သာသနာတော် ကြည်ညိုတဲ့ ဒကာ ဒကာမတွေ ဖြစ်လျက်သားနဲ့ ကိုယ့်ထဲ မိစ္ဆာဒိဋ္ဌိ ဖြစ်နေတာ ကျောင်း ဒကာလည်း ဆိုရဲ့ မိစ္ဆာဒိဋ္ဌိလည်းဖြစ် (မှန်ပါ)။

ကျောင်းအမကြီး မိစ္ဆာဒိဋ္ဌိဖြစ်နေတယ်

ကျောင်းအမလည်းဆိုရဲ့ မိစ္ဆာဒိဋ္ဌိဖြစ်နေတယ် (မှန်ပါ)။ ကောင်းသေးရဲ့ လား (မကောင်း ပါဘူး)။ ရှင်းပြီလား (ရှင်းပါတယ်)။

အဲ့ဒါကြောင့် ဒကာ- ဒကာမတို့ အင်မတန် ရှက်စရာ ကောင်းလွန်းလို့ ဒီဥစ္စာ ဖိပြောနေတယ် (မှန်ပါ)။ ရှက်စရာ မောင်နိုင် မကောင်းဘူးလား၊ (ကောင်းပါတယ်)။

သူ့ကြည့်လိုက်တော့ကော ပစ္စည်းလေးပါး ဒကာတဲ့၊ သူ့ကြည့် ရင်းနဲ့ ပစ္စည်းလေးပါး ဒကာ ဆိုတော့ သာသနာတော် အတော်ကြည်ညိုတဲ့ ပုဂ္ဂိုလ်ဘဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။ အင်း-ဝမ်းထဲ ဖြစ်ပျက် မမြင်တော့ သူက ဘာဖြစ်နေလည်း (မိစ္ဆာဒိဋ္ဌိ ဖြစ်နေပါတယ်)။

သြော် သာသနာကြည်ညိုတဲ့ မိစ္ဆာဒိဋ္ဌိထဲ ပါသွားတယ် (မှန်ပါ)။ ကိုစောမောင် ဘယ့်နှယ်ပါလဲ (ပါပါတယ်)။ မပါသေး ဘူးလား (ပါပါတယ်)။ ဒိဋ္ဌိပြုတ်သလား၊ (မပြုတ်ပါဘူး)။

ဖြစ်ပျက်မြင်မှ သမ္မာဒိဋ္ဌိ

အခု ဒီပထမကို မပြုတ်တာ (မှန်ပါ)။ ပထမကို မပြုတ်တာ ဖြစ်နေတော့ သြော် သာသနာ ကြည်ညိုတဲ့ မိစ္ဆာဒိဋ္ဌိ ထဲမှာ ကိုစောမောင် ထည့်ရတော့တယ်၊ (မှန်ပါ)။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။ ရှင်းပြီနော် (ရှင်းပါတယ်)။

ကိုင်း-ဒါဖြင့် ဘုရား၏ အယူဝါဒဟာ အခုမှဘဲ ဒီနေ့ လေးလေးစားစား ပေါ်တယ် (မှန်ပါ)။ ဘုရားက သမ္မာဒိဋ္ဌိ စဖြစ်တာကို ဘယ်နေရာမှာ စ,ဟောပါလိမ့် မတုန်းလို့ ဆိုတော့ ဖြစ်ပျက်ကို စပြီး သကာလ မြင်တဲ့ ပုဂ္ဂိုလ် ဟာဖြင့် သမ္မာဒိဋ္ဌိထဲ ရောက်ပြီကွာလို့ ဘုရားက ဆုံးဖြတ်ချက် ချပေးတယ် (မှန်ပါ)။ ကိုစောမောင် ပေါ်ပြီလား (ပေါ်ပါတယ်)။

ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်မှ ဘယ်ထဲ ရောက်သလဲ (သမ္မာဒိဋ္ဌိထဲ ရောက်ပါတယ်)။ အင်း မမြင်သေးတဲ့ ပုဂ္ဂိုလ် တွေကို (မိစ္ဆာဒိဋ္ဌိတွေပါ)။ ဘာလိုလို ဘာကြားနေနေ မိစ္ဆာဒိဋ္ဌိက ဖြစ်လျက်ပဲ (မှန်ပါ)။ မဖြစ်ဘူးလား (ဖြစ်ပါတယ်)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ အရေးက ကြီးကြီးလာ တာလည်း သေသေချာချာ ခြွင်းချက် မရှိ ပြောတော့ မောင်နိုင် ကျေကျေနပ်နပ် သဘောကျပြီလား (ကျပါတယ်)။ နို့မို့လို့ ရှိရင်ဖြင့် ဒီဒိဋ္ဌိ မပြုတ်သေးလို့ကို, ဒီဖြစ်ပျက် မမြင်သေးလို့ ရှိရင်ဖြင့် ငါဘဲ စေတနာ လည်း ငါဘဲ ဝေဒနာကော (ငါပါ) တစ်ခါတလေများ, ငါခက်လိုက်တာ ငါနဲ့ ငါနဲ့ကိုဘဲ ဘယ်လိုမှ ခွဲလို့မရပါဘူး (မှန်ပါ)။ ငါ့ဟာငါ အနာချည်း တွေ့နေ တာဘဲဆိုတော့ တစ်ခါတည်း ဝေဒနာ ငါလုပ် ထားလိုက်တယ် (မှန်ပါ)။

ကိုစောမောင် ဘာဒိဋ္ဌိအတွင်းဝင်လည်း (မိစ္ဆာဒိဋ္ဌိ အတွင်း ဝင်ပါတယ် ဘုရား)။ မိစ္ဆာဒိဋ္ဌိပေါ့ဗျာ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါတယ်)။ အပြော ငါမဟုတ် ဘူးနော် (မှန်ပါ)။ အထင်ငါကို ဆိုတာ ပြောတော့ ပြောတော့ ပြော (မှန်ပါ)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီး အယူအဆ သွားမေးတာဘဲ သူ ဒေဝဒတ်က ကျောက်မောင်း ဆင်ပြီး ချတာ ခြေဖျားမှာ သွေးစိမ်း တည်နေတဲ့ အခါမှာ, အရှင်ဘုရား မနေ့ညက ဝေဒနာ တော်တော် ခံစားရလိမ့်မယ် လို တပည့်တော်ကလည်း မြို့တံခါးပိတ်ထားလို့ တပည့်တော် ပတ်တီးကို လာမဖြေနိုင်ဘူး၊ ဒီအတွက် အရှင်ဘုရား မနေ့ညကတော့ အင်မတန် ဒုက္ခရောက်သွား လိမ့်မယ်လို့။

ငါ ဒုက္ခမရောက်ပါဘူးကွယ် ဘုရားပြောတာ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ ဒုက္ခမရောက် ပါဘူးတဲ့၊

သာသနာတွင်းအစဖြစ်ပျက်မြင်ရာက

ကိုင်း ဒါဖြင့် ဒကာ- ဒကာမတို့ သာသနာတွင်း အစ ဖြစ်ပျက်မြင်ရာကသာ မှတ်ပေတော့ (မှန်ပါ)။ သာသနာ တွင်းအစ (ဖြစ်ပျက် မြင်ရာကပါ)။ နို့မို့ရင် ပါကို မပါသေး ဘူး (မှန်ပါ)။ သဘော ကျပြီလား (ကျပါတယ်)။ သာသနာတွင်း အစ (ဖြစ်ပျက် မြင်ရာကပါ)။ အဲ့ဒါကြောင့် ဒကာ- ဒကာမတွေ လုပ်ပါ လုပ်ပါလို့ ဆိုတာ ကိုစောမောင် တိုက်တွန်း နေဖို့ မလိုတော့ဘူး (မှန်ပါ)။ လိုသေးရဲ့ လား (မလိုပါဘူး)။

ကဲ အခုဘုရားက ငါ့အယူက ဒါဘဲကွတဲ့ ဤတရား သည် ဤဝေဒနာသည် ဖြစ်တယ် ပျက်တယ် ဒါသိလို့ရှိရင် ဒါ ငါ့အယူဘဲတဲ့ (မှန်ပါ) ပုဏ္ဏားကို ဝစ္ဆပုဏ္ဏားကို ဟောနေတယ်နော် (မှန်ပါ)။ ဒါဖြင့် ပုဏ္ဏားက မေးလိုက်တယ် ကဲ ဒီလိုတော့ မြင်ပြီ ဘုရားတဲ့ မြင်တော့ ဘာကျေးဇူး ပြုတုန်း။

မြင်တော့ဘာကျေးဇူးရှိသတုံး

အားလုံးသော ပုဂ္ဂိုလ်တို့ကို ဒီဖြစ်ပျက်မြင်တယ်ဘဲ ထားပါတော့တဲ့ မြင်တဲ့ပုဂ္ဂိုလ် ဘာကျေးဇူး ရှိသတုံးလို့ မေးတာဘဲ, သဘောကျလား (ကျပါတယ်)။

ဟောဒီ တဏှာ ကုန်တယ်, ဥပါဒါန် ကုန်တယ်, ကံကုန် တယ်ကွတဲ့ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။ ပ-ပဉ္စတရား ဆိုကြပါစို့ ဘယ့်နှယ့်တုံး၊ (ကုန်ပါတယ်)။ ဒကာ ဒကာမတို့ ကိုစောမောင် ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။

ဒါဖြင့် ပ-ပဉ္စတရားဆိုတာ တဏှာ- ဥပါဒါန်, ကံကိုဘဲ ဆိုကြစို့ (မှန်ပါ)။ နော် (မှန်ပါ)။ သူသည် ဒီအတိုင်း ထားရင် အပါယ် သွားမယ် (မှန်ပါ) မောင်နိုင် ဒီအတိုင်း ထားရင် (အပါယ်သွားမှာပါ)။ ဒီဟာသာ မဝင်နဲ့ သတိ ထား, ဝီရိယလည်းစိုက်, ပညာနဲ့သာမရှုနဲ့ ကိုစောမောင်တို့ ကိုစံလှတို့ ဒီတရားဟာ ထုံးစံအတိုင်း လာ,မလာ (လာပါတယ်) ဘုရားမပွင့်လည်း သူလာမှာဘဲ မဟုတ်လား (မှန်ပါ)။ ဒီနေရာ ဘုရား ပွင့်ပေးရမယ် (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။

အဲ့ဒီတော့ သူလည်း သတိထား, ဝီရိယစိုက်, ပညာနဲ့ လည်း ရှုလိုက်ပါရော ဒီက ပင်ကို သဘောက ပြလျက် သူက သတိထား ဝီရိယစိုက်တော့ သူက အမှန်မြင် မရောက်သေး ဘူးလား (ရောက်ပါတယ်)။ ရောက်လို့ ရှိရင်တဲ့ ပုဏ္ဏား တဲ့ ဟောဒါတွေ သေတယ်လို့ မပြောဘူးလား (ပြော ပါတယ်)။ ရှင်းကြပြီလား (ရှင်းပါတယ်)။

ဒကာ- ဒကာမတို့ တဏှာမာန, ဒိဋ္ဌိဘယ့်နှယ်လည်း (သေပါတယ်)။ ဒီခန္ဓာ-ဒီခန္ဓာငါးပါးက ဒိဋ္ဌိဖြစ်မှ အပါယ် သွားမှာဘဲ (မှန်ပါ)။ ဒီပြင်တရားက ပို့တာရှိသေးလား (မရှိပါဘူး)။ ဒီဒိဋ္ဌိက ပို့နေတယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။

ဒါပြောသာပြောနေတာ မောင်နိုင်ရဲ့ ဒီထဲ မှာ ခေါင်းဆောင်က ဒိဋ္ဌိလေ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါတယ်)။ တဏှာ, မာန, ဒိဋ္ဌိဖြုတ်လို့ ပုဂ္ဂိုလ်ဘယ်သွား တယ်ဆိုတာ ပညာရှိမှ သိနိုင်တယ်ကွ (မှန်ပါ)။ ပဋိစ္စ သမုပ္ပါဒ် နားလည်မှ ဘာတုံး (သိမှာပါ) ကျန်တဲ့ ပုဂ္ဂိုလ် ကိုဖြင့် ကျန်တဲ့ သာမည ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်ကြံနေတဲ့ ပုဂ္ဂိုလ် အနေနဲ့တော့ ဝေးပါသေးရဲ့ ကွာတဲ့၊ ဒီနေရာ မရောက် ပါဘူးတဲ့ ဘုရားက (မှန်ပါ)။

ဘုရားအယူကဘာပါလိမ့်

ရှင်းပြီလား (ရှင်းပါတယ်)။ ကိုမြင့် ဘယ် လောက် အရေးကြီးလည်း (ကြီးပါတယ်)။ ဒါဖြင့် ဒကာ ဒကာမတွေ အားဒါအခု ရှင်းပြလိုက်ပါတယ်, ဒီကနေ ဘုရား အယူအတိုင်း ယူလိုက်စမ်း မောင်နိုင် ဒီကဖြစ်ပျက်, ဒီက အင်း တဏှာ, မာန, ဒိဋ္ဌိ, သတိထား, ဝီရိယစိုက်, ပညာနဲ့ ကြည့်လိုက်တော့ မဂ်ဖြစ်မသွားဘူးလား (ဖြစ်သွားပါ တယ်)။

အင်း-ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်တဲ့ အလုပ်ဟာက ဘုရားအယူဝါဒ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါ တယ်)။ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်တဲ့ အလုပ်ဟာ (ဘုရား အယူဝါဒပါ)။

အင်း- ဒီအယူဝါဒ ယူလို့ရှိရင် ပုဏ္ဏားက ဘာဖြစ် သတုံးလို့ မေးတော့ ဘုရားက ဘယ့်နှယ်တုံး (တဏှာ-မာန-ဒိဋ္ဌိ ချုပ်ပါတယ်)။ ဟောဒီ ဘက်က တဏှာမာန-ဒိဋ္ဌိပြုတ်- သူချုပ်ပါတယ် (မှန်ပါ)။ မချုပ်ဘူးလား (ချုပ်ပါတယ်)။

ဒါဖြင့် ချုပ်တဲ့ ပုဂ္ဂိုလ်ဘယ်သွားတုံး သူက မေးတာ (မှန်ပါ)။ ကိုစံလှရေ ဘယ့်နှယ်မေးတုံး (ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားတုံး မေးပါတယ်)။ ဒီတဏှာမာန ဒိဋ္ဌိချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားတုံးဆို သူက တားနေတာ မောင်နိုင်ရ (မှန်ပါ)။ သဘောကျပြီလား (ကျပါ တယ်)။

ဖြစ်ပျက်ကိုမြင်တဲ့အယူ

ဘုရားအယူက ဖြစ်ပျက်ကို မြင်တဲ့အယူဟာ (ဘုရားအယူပါ)။ ဒီအယူ ယူရင် ဘာကျေးဇူး ရှိသတုံး မေး ပြန်တယ် (တဏှာမာန, ဒိဋ္ဌိ ချုပ်ပါတယ်)။ ဒါဖြင့် ဒီအယူ ကို ပထမ ဘယ်အယူတုံး မေးတော့ ဒီအယူလို့ ဘုရားက ဖြေတယ် (မှန်ပါ)။ ဒီအယူ ယူရင် ဘာကျေးဇူး ရှိတုံး ဆိုတော့ တဏှာ-မာန-ဒိဋ္ဌိချုပ်တယ် (မှန်ပါ)။ တဏှာ မာန-ဒိဋ္ဌိချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားတုံး ဝစ္ဆက မေးပြန်တယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

တဏှာ-မာန-ဒိဋ္ဌိချုပ်တဲ့ပုဂ္ဂိုလ် (ဘယ်သွား တုံး)။ ဘယ်သွားတုံး ဆိုတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ကွာတဲ့ ဒီဥစ္စာ ပဋိစ္စသမုပ္ပါဒ် နားလည်ရမယ်ကွ, ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ ဆရာဆီ ကပ်ရမယ်ကွ မင်းတို့ ကြံလုံး-မင်းတို့ သိလုံးနဲ့ဖြင့် တဏှာ မာန-ဒိဋ္ဌိချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွား မှန်းကို မင်းတို့ မသိဘူး (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။

တဏှာ-မာနဒိဋ္ဌိ ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွား မှန်းကို မင်းတို့ သာမည ဉာဏ်နဲ့ စွမ်းအားနဲ့ သာမညသိ ဆိုရင် ဒီဥစ္စာဟာ ဘယ်သွားတယ်လို့ကို မသိပါဘူးကွာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါတယ်)။

ဒါဖြင့် ဒကာ- ဒကာမတို့ ဒီဘက်မှာက ဒါ-ဒုက္ခသစ္စာ (မှန်ပါ)။ ဒါမဂ္ဂသစ္စာ (မှန်ပါ)။ ဒါသမုဒယသစ္စာ (မှန်ပါ)။ နိရောဓသစ္စာကို သူမေးတာ (မှန်ပါ)။ ဘာမေးတာတုံး (နိရောဓသစ္စာကို မေးတာပါ)။ နိဗ္ဗာန် မေးနေတာဗျ (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါတယ်)။ ဘာမေးပါလိမ့် (နိဗ္ဗာန်မေးတာပါ)။

အင်း နိဗ္ဗာန် မေးတော့ကို ကွာတဲ့ မင်းအသာ ထားပါဦးတဲ့ မင်း ပဋိစ္စ သမုပ္ပါဒ်လည်း နားမလည်, ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ ဆရာဆီ မင်းကလည်း မကပ်တော့ မင်းမေးတာတွေက ဒိဋ္ဌိတွေဘဲ, အဲ့ဒါကြောင့် မင်းကိုတော့ ဥပမာလေးပြမယ်, မင်း နားထောင်ကြည့် (မှန်ပါ)။ ဘုရားက ဥပမာပြတယ်၊ (မှန်ပါ)။

ဘုရား ဥပမာပေးတာကို ဒကာ- ဒကာမတို့ လေးစား စွာ နားထောင်ရလိမ့်မယ် (မှန်ပါ)။

ကဲ ဝစ္ဆပုဏ္ဏား, အဂ္ဂိဝစ္ဆပုဏ္ဏား မင်းကွာတဲ့ ဟောဟို အရှေ့ဘက်မှာ မီးတွေ တောက် နေတယ်တဲ့။ ကြည့်စမ်းတဲ့ (မှန်ပါ)။ ဥပမာ ငါပြောပါ့မယ်, ဟုတ်တယ် ဘုရား အရှေ့ ဘက်မီးတွေ တောက်နေတယ်လို့ တပည့်တော် မီးတောက် နေတာ မရှိပေမဲ့ တပည့်တော် မီးတောက်နေတယ်ဘဲ ပြော ရမှာဘဲ, ကောင်းပြီး ကွာတဲ့ မီးတောက်နေတာ မင်းမြင်ပြီ မဟုတ်လား မြင်ပြီ, ဥပမာပေါ့ မောင်နိုင်၊ (မှန်ပါ)။

လောင်စာရှိလို့မီးတောက်နေတာ

အဲ့ဒီမီး ပြောစမ်းပါဦးကွ ဒီမီးသည်ကားလို့ ဆိုလို့ရှိရင် ဖြင့် ဘာကြောင့် တောက်နေ တာတုံးလို့ မင်း ငါ ဒါကို ဆင့်မေး ရင် မင်းဘယ့်နှယ်ဖြေမတုံး (မှန်ပါ)။ ဒီဥစ္စာ ဒကာ ဒကာမတွေဘဲ စဉ်းစားကြည့် ပါလား (လောင်စာ ရှိလို့ပါ) အင်း လောင်စာရှိလို့ တောက်နေတာ (မှန်ပါ)။ ဘယ်လို ဖြေကြမလဲ (လောင်စာ ရှိလို့ တောက်နေတာပါ)။

လောင်စာမရှိရင် (မတောက်ပါဘူး)။ မတောက်ပါဘူး တဲ့၊ ကောင်းပြီကွာတဲ့ ဒါကြောင့် မီးတောက် နေတာသည် အင်း- ထင်းသော် လည်းကောင်း၊ မြက်သော် လည်းကောင်း။ နွားချေး(ချီး) သော် လည်းကောင်း လောင်စာရှိလို့ ကိုစောမောင် တောက်တာ၊ (မှန်ပါ)။ ဒီဘက်က ဒကာ ဒကာမတွေ ဘယ့်နှယ်ကြောင့် တောက်ပါလိမ့် (လောင်စာ ရှိလို့တောက်တာပါ)။ လောင်စာရှိလို့ တောက်နေတယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။

ကိုင်း-ဒကာ ဒကာမတွေ မှတ်ပါတဲ့ ခင်ဗျားတို့မှာ ဒီခန္ဓာကြီး ရှိနေတယ် ဒီဟာကြီး ရှိနေတော့ ခန္ဓာပူ အတွက်က တစ်နေ့မှ မအေးရဘူး (မှန်ပါ)။ မနက်စာ ကျွေးဖို့လည်း ပူနေရတယ်, ညစာ ကျွေးဖို့လည်း (ပူရပါတယ် ဘုရား)။

အင်း လောင်စာကြီးက ရှိနေတော့ အတွင်းက အပူမီးကလည်း ဒကာ ဒကာမတို့ လောင်နေတာဘဲ (မှန်ပါ)။ စားဖို့ပူ၊ ဝတ်ဖို့ပူ၊ သားဖို့ပူ၊ သမီးဖို့ပူ၊ မပူပေဘူးလား (ပူပါတယ်)။

အင်း-ဒီအပူက ဘယ်လောင် ပါလိမ့်မတုံး (ခန္ဓာလောင်တာပါ)။ အင်း ကျဉ်းတယ်, ခန္ဓာက ကျဉ်းတယ် (မှန်ပါ)။ ဟို ဆတ်ကနဲ ဆတ်ခနဲ ပေါ်လာတာကမီး၊ (မှန်ပါ) သားပူ၊ သမီးပူ၊ ဆွေပူ၊ မျိုးပူကလေ (မှန်ပါ)။ လောဘ ဒေါသ-မောဟတွေက ဘာနဲ့ တူပါလိမ့် (မီးနဲ့ တူပါ တယ်) အင်း တဏှာ-မာန-ဒိဋ္ဌိတွေက ဘာနဲ့ တူပါလိမ့် (မီးနဲ့ တူပါတယ်)။ မီးနဲ့တူတယ် ဆိုတာ သဘောကျပြီလား (ကျပါတယ်)။

သြော် ကျုပ်တို့ နေရတာကဖြင့် ကိုစောမောင် အန္တရာယ်ကင်းလို့ ဘေးမကင်းဘူး (မှန်ပါ)။ အန္တရာယ် ကင်း, ဘေးကင်းပါပါရဲ့ လား (မပါပါဘူး)။ ဝမ်းထဲမှာ ဆတ်ခနဲ ဆတ်ခနဲ စိုးရိမ်ကြောင့်ကြ ဗျာပါရတွေ လိုမလား ဆိုတဲ့ ရှေ့ရေး, နောက်ရေးတွေ (မှန်ပါ)။ ဒါတွေက မီးတွေပါ (မှန်ပါ)။

ဒီမီးတွေကလည်း အောင်မယ်လေး တစ်ခါတလေများ ထွက်ပြီးများ လောင်လိုက်တာ ရုပ်ကိုညှိုးများ ထွက်သွားတယ် (မှန်ပါ)။ ဟ-ဘာဖြစ် လာတုံးမေးဖို့တောင် မလိုဘူး (မှန်ပါ)။ လိုသေးလား (မလိုပါဘူး)။ ကိုစံလှ-လိုသေးလား (မလိုပါဘူး)။ ခင်ဗျားတို့ လူကဲခတ် ကောင်းတွေ ဘဲဗျာ, ဘာဖြစ်လာတုန်းတောင် မေးဖို့ မလိုဘူး, ခင်ဗျားတို့ ဝမ်းထဲမှာ သိနေတယ် (မှန်ပါ)။ ဘယ်သူဟာဟေ သားနဲ့ အလိုမကျတာလား ခင်ပွန်းနဲ့ အလိုမကျတာလား အသေအချာ မီးတော့ လောင်ပြီကွာ, သေချာတယ် (မှန်ပါ)။

ကိုစောမောင် ဒီလိုတော့ ဆုံးဖြတ်ချက် မချနိုင်ဘူး လား (ချနိုင်ပါတယ်)။ ဘယ်သူနဲ့သာ ဝေဖန်လို့ မပြော နိုင်သည်ရှိရမယ် ဒါမီးလောင်တဲ့ ရုပ်ကွ ဆိုတာတော့ လူတိုင်း သိတယ် (မှန်ပါ)။ ဒကာ- ဒကာမတို့ မသိကျဘူးလား (သိပါတယ်)။

ဒေါသမီးလောင်နေတာ

တစ်နည်း အားဖြင့်လည်း အင်း ဖျားနာ နေတယ် ဆိုတာလဲ ဖျားနာ နေတာက ဒီလောက် ကိစ္စရှိတာ မဟုတ်ဘူး မောင်နိုင်ရ (မှန်ပါ)။ ဒီအဖျားနဲ့ သေများသေလေ မလား, ပျောက် ချင်တဲ့ ဖြစ်မှ ဖြစ်ရလေခြင်း ဆိုတဲ့ ဒေါသမီးက လောင်နေတာ (မှန်ပါ)။ ဖျားတာက ဒီလောက်ကိစ္စ ရှိတာ မဟုတ်ဘူး၊ (မှန်ပါ)။ ဖျားတာက သူ့နေရာနဲ့ သူနေတာဘဲ (မှန်ပါ)။ သဘောကျလား၊ (ကျပါတယ်)။

အဲ့ဒါကြောင့် ကိုစောမောင်ရေ သေးသေး သာမည ဆူးလေး စူးတာတောင် မြွေလို့ ပြောရင် ဟိုက သေချင် သေတာလား (မှန်ပါ)။ ဒီမီးကသာ ဆိုးနေတာ (မှန်ပါ)။ မဆိုးဘူးလား (ဆိုးပါတယ်)။ သဘောပါကြလား၊ (ပါပါတယ်)။

အဲ့ဒီတော့ကွာတဲ့ လောင်စာနဲ့ မီးဟာက အခုခန္ဓာကြီးတွေမှာ ဒကာ- ဒကာမတွေ တွဲမနေဘူး လား (တွဲနေပါတယ်)။ ဒါမရှိရင် တွဲနေတယ် (မှန်ပါ)။ မတွဲပေဘူးလား (တွဲပါတယ်)။ ရှင်းကြပြီလား (ရှင်းပါတယ်)။

ဒါဖြင့် အခုနေကြရတာ ဒကာ- ဒကာမတို့ အန္တရာယ် ကင်းလို့ဘေးများ ရှင်းကြပါရဲ့လား (မရှင်းပါဘူး)။ အင်း ဒါဖြင့် ဘေးကြီးပျောက်အောင်လုပ် (မှန်ပါ)။ ကိုစောမောင်(မှန်ပါ)။ ဘာလုပ်ရမတုံး (ဘေးကြီး ပျောက်အောင် လုပ်ရမှာပါ)။ ဘေးကြီး ပျောက်အောင် လုပ်ရလိမ့်မယ် ဒကာ ဒကာမတို့ နို့မို့လို့ ရှိရင်ဖြင့် ခင်ဗျားတို့မှာ ဖြင့် အင်း- လူပုံအလယ်မှာ တစ်ခါတလေ ကိလေသာမီး လောင်တဲ့ အခါကျတော့ ရုပ်ကိုကြည်လို့ ကိုစောမောင် (မှန်ပါ)။

ကိလေသာမီးလောင်နေတာ

ကိလေသာမီး လောင်တဲ့ အခါကျတော့ ကျောက်ဝယ် လို့ကောင်း ကျောက်ရောင်းလို့ကောင်း, ရောင်းတာတွေ ကလည်း အမြတ်အစွန်းများ ထွက်မယ် ဆိုလို့ရှိရင်ဖြင့် တစ်ခါတည်း အရင်ရုပ်တွေ ဟုတ်သေးရဲ့ လား မောင်နိုင် (မဟုတ်ပါဘူး)။ အဲ့ဒါက ခုနက လောဘမီး လောင်ချ လိုက်တာ (မှန်ပါ)။ ဝမ်းသာတဲ့ လောဘမီး လောင်ချ လိုက်တာ တစ်ခါတည်း အာ ဒီရုပ်ကလည်း တစ်မျိုးဘဲလို့ မဆို ထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။ အင်း တစ်မျိုးဘဲ

ဖျတ်ဆို ဒီလို ဒီအထဲက အကြောင်း မညီညွတ် ပြန်တော့လည်း အိုခုနက ရုပ်ရွှင်တာတွေ ကိုစောမောင် အကုန်ပျောက် (ပျောက်ပါတယ်)။ ညှိုးညှိုးပြီး သကာလ လာတဲ့ ရုပ်တွေဟာ အကုန် ပေါ်မလာ ဘူးလား (လာပါ တယ်)။ ဒါဖြင့် ဒီအထဲက မီးအမျိုးမျိုး အလောင်ခံနေ – ရတယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ မျက်လုံးပြူး ပြီး သကာလ ပါးစပ်ပြဲ လောက်အောင် လောင်တဲ့ သောမနဿ မီးကလည်း ကိုစောမောင် လောဘမီးကလဲ တစ်မျိုး (မှန်ပါ)။ ညှိုးပိန် သွားအောင် လောင်တဲ့ ဥစ္စာကကော (တစ်မျိုးပါ)။

မှိုင်တွေချအောင် လောင်တဲ့ ဥစ္စာကကော (တစ်မျိုးပါ)။ မှိုင်တွေ ချတာကတော့ အဝိဇ္ဇာတို့ ဝိစိကိစ္ဆာတို့ လောင်ပြီဆိုမှဖြင့် မှိုင်တွေ ချနေတယ် (မှန်ပါ)။ သဘော ကျလား (ကျပါတယ်)။

အဲ့ဒါဒီသုံးခု မီးဟာလှည့်ပြီး အလောင်ခံ နေရတယ်, ဒီဒကာ- ဒကာမတွေမှာ သေသေချာချာ ဟုတ်မဟုတ် စဉ်းစား (ဟုတ်ပါတယ်)။ သဘောကျလား၊ (ကျပါတယ်) ဝမ်းသာမီး လောင်လိုက်လို့ ရှိရင်လည်း ဟာ ပါးစပ်တွေပြဲ၊ – မျက်လုံး တွေပွင့်, ကိုစောမောင် (မှန်ပါ)။ ကိလေသာ မီးဘဲ မဟုတ်လား (မှန်ပါ)။ ဒါလည်း အကောင်းလား, အလောင်ခံ ရတာလား (အလောင်ခံရတာပါ)။ ရှင်းပြီ

လား (ရှင်းပါတယ်)။

လောင်စာသိမ်းမှမီးငြိမ်းမယ်

တစ်ခါတလေ စိတ်မချမ်းသာ လက်မချမ်းသာနဲ့ ညှိုး ပိန်လိန် ချောက်သွားတာကော (အလောင် ခံရတာပါ) ဒါလည်း အလောင် ခံရတာဘဲ, တစ်ခါတလေ မှိုင်တွေများကျ ပြီး နေတဲ့အခါ အကြံအစည် မတည့်တဲ့ အခါ မောဟမီးများ လောင်နေလိုက်တာ (မှန်ပါ)။ မရှိဘူးလား (ရှိပါ တယ်)။ အင်း ဒါဖြင့် ကိုစောမောင် စဉ်းစားစမ်း ဘာဖြစ်ကြ တာတုန်း (မီးလောင်တာပါ ဘုရား)။ ဟာ-ဒါမီးလောင် တာ ဒီမီးငြိမ်းချင်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ လောင်စာ သိမ်းရလိမ့်မယ် (မှန်ပါ)။ လောင်စာ မသိမ်းရင် (မီးမငြိမ်းပါဘူး) သဘောကျလား (ကျပါတယ်)။

ဒါ-ပုဏ္ဏား ပြတာ (မှန်ပါ)။ ပုဏ္ဏား ပြတယ် ဒကာ ဒကာမတို့ ပုဏ္ဏားတဲ့ အခု တောက်နေတဲ့ မီးဟာ ဘာမီး တုံးကွ, အိုနွားချေ (ချီး) ကြောင့်ဖြစ်တဲ့ မီးရင်လည်း ဖြစ်ရမယ်, မြက်သစ်ရွက် ကြောင့် ဖြစ်တဲ့ မီးရင်လည်း ဖြစ်ရမယ်, မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ်)။ ဇွတ်ကွာတဲ့ မီးငြိမ်းသွားတဲ့ အခါ ကျလို့ရှိရင်ဖြစ်တဲ့ မီးငြိမ်းသွားတာ ဆိုရင် ငြိမ်းသွားပြီ ဆိုတော့ မင်းကြည့်စမ်း၊

ကဲ-ငြိမ်းသွားပြီ ထားလိုက်တော့ အဲ့ဒါ ဘာဖြစ်လို့တုံးကွအို ဒါကတော့ လောင်စာ မရှိလို့ သဘော ကျလား (ကျပါတယ်)။ ဘယ့်နှယ်ကြောင့်ပါလိမ့် (လောင်စာမရှိလို့ပါ)။ လောင်စာမရှိတော့လဲ မီးကဘယ်နှယ့် တုံး (ငြိမ်းပါတယ်)။ အင်း မီးငြိမ်းသိမ်းသွားတယ်ဆိုတာ သဘောကျလား (ကျပါတယ်)။

ဒီမှာလည်း ဒကာ- ဒကာမတို့ ခန္ဓာငါးပါးတည်း ဟူသော လောင်စာသာ ရှိနေမယ် ဆိုလို့ရှိရင် သဘောကျလား (ကျပါတယ်)။ ဘယ်တော့မှ မီးမသိမ်းဘူး (မှန်ပါ)။ မီးသိမ်းပါ့မလား (မသိမ်းပါဘူး)။ ခန္ဓာငါးပါး တည်းဟူသော လောင်စာ ကိုစောမောင် ကြည့်သာနေ ဆုသာတောင်း နေ၊ (မှန်ပါ)။ ဘယ်ခန္ဓာပြီး ဘယ်ခန္ဓာ ဖြစ်ရပါလို၏, ဘယ်ခန္ဓာပြီး ဘယ်ခန္ဓာ ဖြစ်ရပါလို၏, အဲ့ဒါ ထင်းဆုတောင်း ပြီးသကာလ, ထင်းနဲ့မီးနဲ့ တွဲလျက်ချည်း ဖြစ်ရပါလို၏ ဆုဟာ မောင်နိုင် သေချာတယ် မှတ်ပေ တော့ (မှန်ပါ)။ သဘောပါလား (ပါပါတယ်)။

ဒါဖြင့် ဒကာ- ဒကာမတို့ မီးငြိမ်းတော့လည်း ဘယ့်နှယ် ကြောင့် ငြိမ်းပါလိမ့် (လောင်စာ သိမ်းလို့ပါ)။ လောင်စာ သိမ်းတော့ ငြိမ်းတယ် (မှန်ပါ)။ မီးတောက် တော့လည်း (လောင်စာ ရှိလို့ပါ)။ လောင်စာရှိလို့ တောက်တယ် ဆိုတာ သဘောကျကြလား (ကျပါ တယ်)။

ဒါဖြင့် ခန္ဓာရှိရင် (မီးတောက်မှာပါ)။ ခန္ဓာက ထင်းကိုး (မှန်ပါ)။ ထင်းရှိရင်တော့ ထင်းသဘော မီးတောက် လောင်နည်းဟာဖြင့် ဒကာ- ဒကာမတို့လောင်နေ မှာဘဲ (မှန်ပါ)။ လောင်လို့ဘဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လူစဉ်မမှီ သူစဉ်မမှီတွေကို ပုံနေတာဘဲ (မှန်ပါ)။ မပုံ ကြဘူးလား (ပုံပါတယ်)။

အင်း သားပူမီး, သမီးပူမီး, ဆွေပူမီး, ခင်ပွန်ပူမီး ဟုတ်လား အင်း ဆွေမျိုး ဉာတကာ အပူတွေမီး မလောင်ဘူးလား (လောင်ပါတယ်)။ အင်း ဒီမီးတွေ ထတောက် နေတာမြင်တော့ ဘေးက အရိယာအနေ ကိုစောမောင်ကြည့် စမ်း (မှန်ပါ)။ ဪလောင်စာရှိနေလို့ တောက်နေကြ တာကိုလို့ အရိယာ မျက်လုံး တပ်ကြည့် (မှန်ပါ)။ ကိုစံလှ ဘာမျက်လုံးတပ်ကြည့်ရမယ်၊ (အရိယာမျက်လုံး တပ်ကြည့်ရ ပါမယ်)။

ရုပ်နာမ်ရှိလို့လောင်နေသော

အရိယာ မျက်လုံး တပ်ကြည့် လိုက်တော့ ဟိုအိမ်မှာ ပူနေတာ ဘယ့်နှယ်တွေး, ဘယ်လို တွေးကြမလဲ (လောင်စာ ရှိလို့ တောက်နေတာပါ)။ လောင်စာ ရှိလို့ တောက် နေကြတာ ဟိုအိမ်မှာ တအူအူနဲ့ ဆူနေတယ် ဆိုလို့ ရှိရင် ကိုစောမောင် ဘယ်လို အကဲခတ်မလဲ (လောင်စာ ရှိလို့ တောက် နေတာပါ)။ လောင်စာ ရှိလို့ တောက်နေတာ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ အင်း- ရုပ်နာမ် ရှိလို့ ကိလေသာ လောင်နေတာ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

အကယ်၍ ဒီလောင်စာကြီးများ ဒုက္ခချုပ်တဲ့ဆီ ရောက်မှု များများ ရောက်သွားမယ် ဆိုလို့ရှိရင် လောင်စာသိမ်း ၍ ခုနကိလေသာမီးကလည်း (ငြိမ်းသွားမှာပါ)။ အေး အဲ့ဒီ လိုဘဲကွတဲ့ ပုဏ္ဏားရ, မင်းမင်း ဒီမီးငြိမ်းသွားတာ ဘယ့်နှယ် ကြောင့် ငြိမ်းသွားတယ်လို့ မင်းဆိုမလဲလို့ မေးတော့ ပုဏ္ဏား က ဘယ့်နှယ်ဖြေတုံး (လောင်စာ သိမ်းလို့ပါ)။ လောင်စာ သိမ်း၍ မီးငြိမ်းတယ်လို့ သူဖြေလိုက်တယ် (မှန်ပါ)။

ခန္ဓာမရှိမှမီးသိမ်းမယ်

အေး-ဒါဖြင့်ကွာတဲ့ မင်းဒါက ဒုက္ခသစ္စာ စသိတာ ရှိသေးတယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ လောင်စာနဲ့ မီးတွဲနေတာ ကိုယ့်ခန္ဓာဟာ ဒကာ- ဒကာမတို့ အင်မတန် မထင်ရှား ဘူးလား (ထင်ရှား ပါတယ်)။ အင်မတန်လည်း မီးစွဲနေတယ် (မှန်ပါ)။ သဘောကျကြလား (ကျပါတယ်)။ အင်း ဒီခန္ဓာတည်း ဟူသော ထင်းကြီးများ ပျောက်သွားမယ် ဆိုလို့ ရှိရင်ဖြင့် လောင်စာ သိမ်းတော့မယ် (မှန်ပါ)။ လောင်စာ သိမ်းတဲ့ အခါကျတော့ မီးက ငါ့ချည်းကျန် နေရစ်ဦးမယ် ဆိုလို့ ရလား (မရပါဘူး) သဘောကျလား (ကျပါတယ်)။

ဒါဖြင့် ခန္ဓာမရှိမှ ဒကာ- ဒကာမတို့ မီးသိမ်းမယ် (မှန်ပါ)။ ခန္ဓာ ရှိနေရင် (မီးမသိမ်းပါဘူး)။ မီးမသိမ်းဘူး ဒီဟာ နောက်ဆုံးပိတ် ပြောကြစို့ ဇာတိ, ဇရာ, မရဏ, ဘုရားတောင် ကျန်နေတယ် ကျင့်တုံးက (မှန်ပါ)။ သဘော ကျလား (ကျပါတယ်)။

ဒါဖြင့် လောင်စာသိမ်းပြီး မီးငြိမ်း စေတဲ့ အကြောင်းကို ဒီပုဏ္ဏား မဟောသေးဘူးလား (ဟောပါတယ်)။ အဲ့ဒီတော့မှ ပုဏ္ဏားက ဒီတရား မဆုံးဘူး ဒကာ ဒကာမတို့ နိဗ္ဗာန် ကောင်းကောင်း မပေါ်သေးဘူး (မှန်ပါ)။ နက်ဖြန်မှ ပေါ်မယ်နော် (မှန်ပါ)။

ဒီနေ့ ဒီတွင် တော်ကြဦးစို့

သာဓု သာဓု သာဓု။