095

အနှစ်ထမ်းပြီး ပြန်ကြပါ

အသံဖိုင်ခေါင်းစဉ်= အနှစ်ထမ်းပြီး ပြန်မိကြအောင်ကြိုးစားကြရန် (စူဠသာရောပမသုတ်) တရားတော်

စာအုပ်ခေါင်းစဉ်= အနှစ်ထမ်းပြီး ပြန်ကြပါ

မှတ်ချက်။ ။စိတ် (၁၂) မျိုး ရှုပွားနည်းပါဝင်ပါသည်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသောတရားတော်

အနှစ်ထမ်းပြီး ပြန်ကြပါ

(၁၆-၄-၆၂)

အားလုံး ဒကာ ဒကာမတွေ တစ်နေ့က ပြောတဲ့ တရားမှာ ခင်ဗျားတို့ လာခဲ့တာကလဲ အမိဝမ်းခေါင်းထဲက လာခဲ့ကြတယ်နော်။ (မှန်ပါ့ ဘုရား)။

အမိဝမ်းခေါင်းထဲမှာ ကိုးလ,ဆယ်လ တိုင်တိုင် နေခဲ့ ကြရ၊ စားဖို့ ဝတ်ဖို့ မပါခဲ့ကြပါဘူး၊ အမေမိဘ လှုပ် လှုပ်သလို ကျင်ကြီး ကျင်ငယ်ကြား ထဲမှာ နေခဲ့ရတယ် ဆိုသဖြင့် နေရတဲ့ နေရာ ဌာနသည် အင်မတန်မှ ကျဉ်းမြောင်းပြီး သကာလ နေသောကြောင့် ဒုက္ခသစ္စာပဲ ဖြစ်စ, ကိုက ဒုက္ခ – သစ္စာပဲ။

အမိဝမ်းခေါင်းထဲမှာ နေဆဲခဏကို ဘာသစ္စာခေါ်ကြ မလဲ။ (ဒုက္ခသစ္စာပါ ဘုရား)။

ဪဒကာ ဒကာမတွေ ဘယ်ကများ စ,ပြီး ဖြစ်လာပါလိမ့်မတုံးလို့ မေးလို့ ရှိရင်ဖြင့် ဒုက္ခသစ္စာက စ,ခဲ့ တယ်လို့ မောင်နိုင်တို့ ဖြေရလိမ့်မယ်။ (မှန်ပါ့)၊ ဦးဘရှင်း ဘယ့်နှယ်မတုံး။ (ဒုက္ခသစ္စာက စ,ခဲ့ပါတယ်)၊ ဒုက္ခ သစ္စာက စ,ခဲ့တယ်လို့ပဲ ဖြေရုံပဲ။ (မှန်ပါ့ ဘုရား)။

သြော် အပြင်ဘက်ထွက်လာတယ်။ တစ်နေ့တခြား ရင့်ရော် အိုမင်းတာကလဲ အထင်အရှား ဖြစ်နေတော့ ပြင်ဘက်ရောက်ပြန်တော့လဲ ဪဘယ်သစ္စာနဲ့နေရပြန် သတုံးလို့ မေးပြန်တော့လဲ ဇရာ ဒုက္ခသစ္စာနဲ့ နေရတယ် နော်။ (မှန်ပါ့ ဘုရား)။

ဖြစ်စ,ကလဲ ဒုက္ခသစ္စာနဲ့ ပြင်ဘက် ရောက်လာလို့ လူလား မြောက်လာပြန်တော့ ဘာသစ္စာနဲ့ နေရသတုံး။ (ဒုက္ခသစ္စာနဲ့ နေရပါတယ်)၊ ဒုက္ခသစ္စာနဲ့ နေရတယ်လို့ မှတ်လိုက်တာပေါ့နော်။ (မှန်ပါ့ ဘုရား)။

ဪ ဒီကရှေ့ ငါတို့ သည်ကားလို့ ဆိုလို့ ရှိရင် ဘယ်ရောက်အောင်များ ဒီခန္ဓာကြီး သွားနေဦး မှာတုံးလို့ မေး လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် နာတဲ့ဘက် အရောက်သွားနေ တယ်။ (မှန်ပါ့ ဘုရား)။

နာတဲ့ဘက် အရောက် သွားနေတော့ အင်း ဒီခန္ဓာကြီး က ဒုက္ခသစ္စာကြီး ထမ်းပြီး သကာလ ဒီထက်ကြီးတဲ့ ဒုက္ခဆီ သွားနေတယ်လို့ ဆိုရင် လွဲပါ့မလား။ (မလွဲပါ ဘုရား)၊ကိုပေါ် (မလွဲပါ ဘုရား)၊ ဒီဒုက္ခသစ္စာကြီး ထမ်းသွားနေ တယ်နော်။ (မှန်ပါ့)။

အဲဒီနာတဲ့ ဒုက္ခသစ္စာကြီးတော့ ဒကာ ဒကာမတွေက ဘယ်များ ဆက်လက်သွားမတုံးလို့ စိတ်ကူးကြသတုံးဆိုတော့ သေပွဲ ဒုက္ခသစ္စာဘက် သွားကြမှာပဲ။ (မှန်ပါ့ ဘုရား)။

ဘယ်သွားကြမတုံး။ (သေပွဲ ဒုက္ခသစ္စာဘက် သွားကြမှာပါ ဘုရား)။

တစ်ခါ ဒီဒုက္ခတွေချုပ်ငြိမ်းအောင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မလုပ်ပြန်ပါဘူး၊ လမ်းပေးမည့် လူလဲမရှိ၊ ကိုယ်ကလဲ မလုပ်ဆိုလို့ ရှိရင်ဖြင့် သေပြီးတော့ တစ်ခါ ဦးဘရှင်း တစ်ခုခု သော ဝမ်းထဲသော်လ ည်းကောင်း၊ ငရဲသော် လည်းကောင်း ဇာတိပြန်ရောက်မှာပဲ။ (မှန်ပါ့)၊ ရောက်တော့ ဘာသစ္စာဘက် ရောက်သတုံး။ (ဒုက္ခသစ္စာဘက် ရောက်ပါတယ် ဘုရား)၊ မောင်နိုင် လှည့်သွားတယ်။ (လှည့်သွား ပါတယ် ဘုရား)။

တပည့်တော်တို့ နောက်တုန်းက ဘယ်လိုနေခဲ့ရသတုံး မေးလို့ ရှိရင် သစ္စာတွေ လှည့်နေ ခဲ့တယ်ဟေ့လို့၊ ဒါမှ တစ်ပါး ဖြေစရာ မရှိပါဘူး။ (မှန်ပါ့)။

ဒကာ ဒကာမတွေ နောက်က ဘယ်လိုနေခဲ့သတုံး။ (ဒုက္ခနဲ့ နေခဲ့ရပါတယ်)၊ ဒုက္ခတွေ လှည့်ပြီး သကာလ နေတယ်။ (မှန်ပါ့ ဘုရား)။

ဒုက္ခတွေ လှည့်ပြီး သကာလနေတော့ လမ်းပြပေးမည့် လူလဲ မရှိ၊ ခင်ဗျားတို့ဟာခင်ဗျားတို့ ထုံးစံအတိုင်း သွားနေ ကြမယ်ဆိုလို့ ရှိရင်လဲ ဒီလမ်းမှတစ်ပါး ပြောင်းတတ်တဲ့ ဉာဏ်လဲ ပါမယ် မဟုတ်ပါဘူး။ (မပါ,ပါ ဘုရား)။

မပါတော့ ဒီဒုက္ခလေးချက်က နေပြီး သကာလ အစ ဒုက္ခနဲ့နေလိုက်၊ အလယ်ဒုက္ခနဲ့ နေလိုက်၊ အဆုံးဒုက္ခနဲ့ နေလိုက်၊ ပြန်ပြီး ဒုက္ခစ,လိုက်၊ ဦးအောင်ဇံဝေ ဒီအတိုင်း မနေဘူးလား။ (နေပါတယ် ဘုရား)။

ဒီအတိုင်းနေတော့ ဒုက္ခရှိလို့ ရှိရင်ဖြင့် ဒကာ ဒကာမ တွေက အချိန်ရောက်ပါပြီတဲ့ ဒုက္ခ လွတ်ရာကို ရှာဖို့ ဉာဏ် ကလေးများလဲ ခင်ဗျားတို့ ထုတ်ကြပါတော့ဆိုတာ ဦးဘရှင်း ပြောရ တော့မယ်။ (မှန်ပါ့)။

ကိုပေါ် မပြောဘူးလား။ (ပြောရပါတယ်)၊ ဦးညို ကြီး ဒုက္ခလွတ်ရာကို ရှာပါ တော့ ဆိုတဲ့ဥစ္စာ မပြောရပေဘူးလား။ (ပြောရပါတယ် ဘုရား)။

အဲဒါ ဒုက္ခလွတ်ရာရှာပါတော့ဆိုတော့ ဒုက္ခသိမှ ဒုက္ခ လွတ်ချင်မှာပဲ။ (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေ (ဒုက္ခ သိမှ ဒုက္ခ လွတ်ချင်မှာပါ ဘုရား)၊ ဒုက္ခသိမှ ဒုက္ခ လွတ်ချင်မှာပဲ ဆိုတာ သိကြပါတော့။ (မှန်ပါ့)။

ဒါဖြင့် ဒုက္ခလွတ်အောင် ဘုန်းကြီးကပဲ လမ်းပြပါ တော့မယ်တဲ့ ဒကာ ဒကာမတို့ နော်။ (မှန်ပါ့)၊ ဒုက္ခ လွတ်အောင်ပဲ လမ်းပြပါမယ် ဆိုတော့ကို ဒုက္ခရှိတာသိမှ ဒုက္ခ လွတ်ချင်တဲ့ဉာဏ် လာမှာပါ။ (မှန်ပါ့)။

ဒုက္ခရှိတာသိမှ လွတ်ချင်တဲ့ဉာဏ် လာမယ်

ကိုင်း ဒါဖြင့် ဒုက္ခရှိတာကို သိမှ ဒုက္ခလွတ်ချင်တဲ့ ဉာဏ် လာမယ်ဆိုတာ မှတ်ထား လိုက်စမ်းပါ။ (မှန်ပါ့)။

ဦးဘရှင်း ဘယ်လို မှတ်မယ်။ (ဒုက္ခ ရှိတာသိမှ ဒုက္ခ လွတ်ချင်တဲ့ဉာဏ် လာမှာပါ)၊ ဒုက္ခရှိတာကို သိမှ ဒုက္ခလွတ် ချင်တဲ့ဉာဏ် ပေါ်မယ် (မှန်ပါ့)၊ ဒုက္ခ ရှိတာကို မသိတဲ့ပုဂ္ဂိုလ် ဒုက္ခ လွတ်ချင်တဲ့ ဉာဏ် လာပါ့မလား။ (မလာပါ ဘုရား)။

အဲဒီတော့ ဆရာဘုန်းကြီးက ပြောတော့မယ် ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ရဲ့ တရားနာနေတဲ့ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာ တရားလို့ ပြောလိုက်တယ်။ (မှန်ပါ့)။

ဒါတွေ ဘာတရားပါလိမ့်။ (ဒုက္ခသစ္စာတရားပါ ဘုရား)၊ ဒုက္ခသစ္စာ တရားတွေ။

နောက်က ဒကာ ဒကာမတွေ တရားနာနေတဲ့ ခန္ဓာ ငါးပါး ဘာတရားပါလိမ့်။ (ဒုက္ခသစ္စာ တရားပါ)၊ ဒုက္ခ သစ္စာတရားနော်။ (မှန်ပါ့)။

ဒုက္ခသစ္စာတရား ဇရာဒုက္ခနဲ့ နေရတာ တစ်ကြောင်း (မှန်ပါ့ ဘုရား)၊ ဒီခန္ဓာကြီး သည်ကားလို့ ဆိုလို့ ရှိရင် ခဏခဏ ဖောက်ပြန်၊ ခဏခဏပျက်စီး၊ ခဏခဏ ကျွေးရ,မွေးရ၊ ခဏခဏ ပြုပြင်ရ၊ ဉာဏ်နဲ့ ကြည့်လိုက်တော့ ခဏခဏ ပျက်နေတာဟာ ဘာသစ္စာ ဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒါသိတော့မှ၊ ဒီသိတဲ့ဉာဏ်ပေါ်တော့မှ ဟာဒါ ဒုက္ခကြီးပါကလား၊ တို့ ဆုတောင်းယူထားလို့ ရတာ ဒုက္ခ ကြီးပါကလား။ (မှန်ပါ့)။

ဘယ်လိုဆိုကြပါ့မယ်။(တပည့်တော်တို့ ဆုတောင်း ယူထားလို့ ရတာ ဒုက္ခကြီးပါ ဘုရား)။

ပြုပြင်ပြီး သကာလ ကိုယ့်ကိုယ်ကိုယ် ခင်နေတာကြီး ဟာလဲ ဘာသစ္စာကြီးပါလိမ့်။ (ဒုက္ခ သစ္စာကြီးပါ ဘုရား)။

အင်း ခင်တော့ ခင်နေကြတာပဲ၊ ဪ ဒကာ ဒကာမတို့ ဒုက္ခသစ္စာကြီး ခင်ဗျားတို့ ခင်နေကြတာသည် မသိလို့ဘဲလို့ ဆိုလိုက်ရင်ကော လွဲပါ့မလား။ (မလွဲပါ ဘုရား)။

ဒုက္ခသစ္စာကြီးကို ဒုက္ခသစ္စာရယ်လို့ မသိ။ (မှန်ပါ့)၊ ခဏခဏ သေနေတာကြီး ကိုလဲ ခဏခဏ သေနေတယ်လို့ မသိသောကြောင့် ခင်နေကြတယ်။ (မှန်ပါ့)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအမြင်ကိုဖြင့် မပေါက်, ပေါက်အောင် ပြောပြီး သကာလ ဘုန်းကြီးက ဆုံးမရမယ်။ (မှန်ပါ့)။

ဒီအမြင်ပေါက်အောင် ဆုံးမရမယ်

ခင်ဗျားတို့ကလဲ မမြင်, မြင်အောင်ကြည့်ရမယ်။ (မှန်ပါ့)၊ ကြည့်လဲ ကြည့်တာ အမှန်ပါပဲ၊ မမြင်မြင်အောင် ကြည့်တဲ့ ဉာဏ်ကိုလဲ ဘုန်းကြီးက ပေးရလိမ့်မယ်။ (မှန်ပါ့)။

ပေးလိုက်တဲ့ ဉာဏ်ကလေးနဲ့ ခင်ဗျားတို့ကလဲ မမြင်, မြင်အောင် ကြည့်ကြလို့ ရှိရင်ဖြင့် ဒီဒုက္ခသစ္စာကို မြင်လာမှာ ပဲ။ (မှန်ပါ့)၊ မြင်လာလို့ရှိရင်ဖြင့် ဒီမျက်စိနှစ်ကွင်း အလင်း ရပြီလို့ မောင်နိုင်က မှတ်လိုက် (မှန်ပါ့)။

ရှိတဲ့ ဒုက္ခသစ္စာကြီးကို ဒုက္ခသစ္စာအဖြစ်နဲ့ မမြင်သေး ရင် မျက်စိနှစ်ကွင်း အလင်း မရသေးဘူးလို့ မှတ်ပါ။ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (မျက်စိနှစ်ကွင်းအလင်းမရသေး ပါ)၊ ဒုက္ခသစ္စာ မမြင်ရင် မျက်စိနှစ်ကွင်း အလင်းမရသေး ဘူးလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)။

မျက်စိနှစ်ကွင်း အလင်းမရသေးဘူးလို့ ဦးဘသန်း ကြီးတို့ မှတ်လိုက်၊ နားလည်တယ် မဟုတ်လား (မှန်ပါ့)။

မျက်စိနှစ်ကွင်း အလင်း မရသေးဘူး ဆိုတာ ရှိတဲ့ ဒုက္ခ သစ္စာကြီး၊ ခဏခဏ ဖျတ်ဖျတ်-ဖျတ်ဖျတ်နဲ့ လဲနေတဲ့၊ ဖြစ်ပျက် ဆိုတာကြီး မမြင်သေးလို့ ရှိရင်ဖြင့် မျက်စိနှစ်ကွင်း အလင်း မရှိသေး ဘူးလို့ မှတ်လိုက် (မှန်ပါ့)။

ဖျတ်ဖျတ်-ဖျတ်ဖျတ်နဲ့ လဲနေတဲ့ ရုပ်နာမ်တို့ ပျက်လိုက်, အစား ထိုးလိုက်၊ ပျက်လိုက်, အစားထိုး လိုက်ကို မမြင်သေး သရွေ့ ကာလပတ်လုံး မျက်စိနှစ်ကွင်း အလင်း မရသေးဘူးလို့ မှတ်လိုက်ပါ။ (မှန်ပါ့)။

ပျက်တာနဲ့ အစားထိုးတာ မမြင်ရသေးရင် ဘာတဲ့ (မျက်စိနှစ်ကွင်း အလင်းမရသေးပါ ဘုရား)၊ မျက်စိနှစ်ကွင်း အလင်း မရသေးဘူးလို့ မှတ်လိုက်။ (မှန်ပါ့)၊ အဲဒီတော့ အဲဒီ မျက်စိနှစ်ကွင်း အလင်း မရသေးတဲ့ ပုဂ္ဂိုလ်ဟာ သူသည် မွေးစ, တုန်းကလဲ မျက်စိနှစ်ကွင်း အလင်းမရခဲ့ဘူး၊ နောက်လဲ ဆရာကောင်း သမားကောင်းနဲ့ မတွေ့လို့၊ အားမထုတ်လို့ မမြင်ပြန်ဘူးဆိုတော့ ဒါနဲ့ပဲ သေသွား ရှာတယ်။ (မှန်ပါ့)၊

သြော် အကန်းကလေးမွေးပြီး အကန်းကလေး သေသွား တယ်လို့ မှတ်လိုက်။ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမယ် (အကန်းကလေး မွေးပြီးတော့ အကန်းကလေး သေသွားပါတယ် ဘုရား)၊ နားလည်ပလား။ (မှန်ပါ့)၊ ကိုဝ ဘာတဲ့တုံး။ (အကန်းမွေးပြီး အကန်းသေ ပါ ဘုရား)။

အကန်းမွေးပြီး အကန်းသေတယ်။ (မှန်ပါ့)၊ နောက်က ဒကာ ဒကာမတွေ(အကန်းမွေးပြီး အကန်း သေပါတယ် ဘုရား)။

ဪ ဒါဖြင့် နောက်ဘဝ ကျတော့ သူ ဘာကလေး မွေးမယ်ထင်သတုံး။ (အကန်း ကလေး မွေးမှာပါ)၊ နောက် ဘဝကျတော့ အခုလို သာသနာနဲ့မကြုံ၊ ဆရာကောင်း သမားကောင်း ကလဲ မျက်စိဖွင့် ပေးမည့်လူ မရှိတော့ ဘာသေ,သေ ဦးမှာတုံး။ (အကန်းသေ,သေဦးမှာပါ ဘုရား)။

ဒါဖြင့် ကျုပ်တို့ နောက်တုန်းက ဘယ်လိုနေခဲ့လို့ ဘယ်လို သေခဲ့ကြတယ် ဆိုတာဖြင့် နောက်ပြန် ကြည့်လိုက်လဲ ပေါ်ပါပြီ။ (ပေါ်ပါပြီ)၊ ဘယ်လိုပေါ်ပါလိမ့်။ (အကန်း ကလေးမွေးပြီး အကန်းကလေး သေပါတယ် ဘုရား)။

အကန်းကလေး မွေးပြီး အကန်းကလေး သေ,သေခဲ့ကြ တယ် ဆိုတာဖြင့် စကားကြီးကြီး ပြောလိုက်တယ်လို့ မယူဘဲနဲ့ ဦးညိုတို့ ဖြစ်စဉ်ကိုက် ပြောလိုက်တယ်လို့ မှတ်လိုက် စမ်းပါ။ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (ဖြစ်စဉ်ကိုက်ပြောလိုက်ပါတယ်)၊ ဖြစ်စဉ်ကိုက် ပြောလိုက်တယ်လို့ မှတ်လိုက် တာပေါ့နော်။ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဒီဘဝမှာလဲ လမ်းပြပေးမည့်ဆရာကလဲ မရှိ၊ ခင်ဗျားတို့ မွေးလာတာက အကန်း၊ လမ်းပြပေးမည့် ပုဂ္ဂိုလ်ကလဲ၊ မျက်စိနှစ်ကွင်း အလင်းရအောင် လုပ်ပေးမည့် ပုဂ္ဂိုလ်ကလဲ၊ ကုသ ပေးမည့် ပုဂ္ဂိုလ်ကလဲ မရှိပြန် ဆိုတော့ ရှင်နေပေမယ့်လဲ အကန်းကလေး ရှင်နေတာ။ (မှန်ပါ့)။

ဘယ်လိုဆိုကြမယ် (အကန်းကလေး ရှင်နေကြတာ ပါ)၊ အကန်းကလေး ရှင်နေတာ၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

ဘာကလေးများ ရှင်နေတာတုံး။ (အကန်းကလေး ရှင်နေတာပါ ဘုရား)။

ဒီအကန်းကလေး ရှင်နေတာ၊ ဒီအကန်းကလေး လုပ်တဲ့ အလုပ်ဟူသရွေ့ သည် အကောင်းချည့် ဖြစ်လိမ့်မလား၊ အဆိုး ချည့်ဖြစ်လိမ့်မလား။ (အဆိုးချည့် ဖြစ်မှာပါ ဘုရား)။

အသေရှာတဲ့အလုပ်

ဒါကြောင့် အဲဒီခန္ဓာ ဒုက္ခသစ္စာကို မမြင်သေးဘဲနဲ့ အကန်းကလေး အဖြစ်နဲ့ ခင်ဗျားတို့ အိမ်ထောင် သားမွေးတဲ့ အလုပ်၊ ထိုက်တန် သလောက် သားကြီးလို့ ရှင်ပြုတဲ့ အလုပ်၊ ထိုက်တန် သလောက် ဥပုသ်ကလေး စောင့်တဲ့ အလုပ်တွေ ဟာလဲ တော်တော်ကြာကျလို့ ရှိရင် အသေရှာတဲ့ အလုပ်ကို လုပ်ကြလိမ့်မယ်။ (မှန်ပါ့)။

အသေရှာတဲ့ အလုပ်ကို လုပ်ကြပြန်တော့ အကန်း အလုပ် လုပ်လို့ ရှင်ပြီး သကာလ အကန်း လမ်းသွားလို့ လွဲနေပြီဟေ့။ (မှန်ပါ့)။ ဘယ်လို ဆိုကြပါ့မယ်။ (လွဲ နေပါပြီ ဘုရား)၊

ဘယ်သူ လမ်းသွား ပါလိမ့်။ (အကန်းလမ်းသွားလို့ပါ)၊ အကန်း လမ်းသွားလို့ လွဲနေပြီဟေ့လို့ ဆရာဘုန်းကြီးက ခင်ဗျားတို့ ကို ပြောလိုက်ပါတယ်။ (မှန်ပါ့)။

ဘာတဲ့တုံး။ (အကန်းလမ်းသွားလို့ လွဲနေပါပြီ)၊ ခန္ဓာဒုက္ခသစ္စာကို မမြင်ဘဲကိုး။ (မှန်ပါ့)၊ မမြင်တော့ ကန်းနေသေးတယ်။ (မှန်ပါ့)။

ကန်းနေတဲ့အခါမှာ မိမိတို့ထိုက်တန် သလောက် ဥပုသ် ကလေးစောင့်၊ သီလကလေးယူ၊ အလှူအတန်း ကလေးပေး ပြီးသကာလ နေငြားသော်လဲ ဒုက္ခသစ္စာ မမြင်တော့ မမြင်တဲ့ ပုဂ္ဂိုလ် လုပ်နေတဲ့ အလှူပွဲ၊ အတန်းပွဲ ဆိုရင်ကော (မလွဲပါ ဘုရား)။

အကန်းအလုပ်သည် မမှန်နိုင်

ဒါဖြင့် အကန်းအလုပ်လုပ်နေတဲ့ ပုဂ္ဂိုလ်သည် ဒကာ ဒကာမတို့ အမှန်ဆီ ရောက်ပါ့မလားလို့ မေးပြန်လို့ ရှိရင် ဘယ့်နှယ်ဖြေမလဲ မရောက်နိုင်ပါ)၊ မရောက်နိုင် ပြန်ဘူးလို့ ဆိုတဲ့ အဖြေဟာ ကြီးကြီးကျယ်ကျယ်ပဲ ထွက်လာ တယ်။(မှန်ပါ့)၊မထွက်ဘူးလား။ (ထွက်ပါတယ် ဘုရား)။

ဦးအောင်ဇံဝေတို့၊ ဦးဘသန်းတို့ သတိထားပါ ခင်ဗျား တို့နော်။ (မှန်ပါ့)၊ မထားသင့်ဘူးလား။ (ထားသင့်ပါ တယ်)၊ ရှင်းပြီးနော်။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဦးဘရှင်းတို့ က အကန်းလုပ်တဲ့အလုပ်,လုပ် သရွေ့ ဘယ်လိုဆိုကြပါ့မယ်။ (အလွဲချည့်ပါ ဘုရား)။

အဲ ခင်ဗျားတို့ လဲတဲ့၊ ဒီသစ္စာဆိုတဲ့ ဒုက္ခသစ္စာ ဖြစ်ပျက်ကို မမြင်သေးသရွေ့ကာလပတ်လုံး လုပ်နေတဲ့ အလုပ်ဟူသရွေ့သည် အကန်း လမ်းသွား နေတာသာ မှတ် လိုက်စမ်းပါ။ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (အကန်း လမ်းသွား နေတာပါ)၊ အကန်း လမ်းသွား နေတော့ ချောက်တွေ၊ ကျင်းတွေ၊ ကန်သင်းတွေ၊ ခလုတ်တွေသည် အကန်းပိုင်ပစ္စည်း ဖြစ်ရတော့မယ်။ (မှန်ပါ့)။

ဘယ်သူ့ ပစ္စည်းပါလိမ့်။ (အကန်းပိုင်ပစ္စည်းပါ)၊ အကန်း၏ တိုက်မှု၊ ခိုက်မှု ကျမှုတွေပဲ ဆိုရင်လဲ အမှန်ပဲလို့ ဆုံးဖြတ်ချက် ချရမယ်။ (မှန်ပါ့)။

နားကြီးကြီးနဲ့ ထောင်မှ ဒီဟာ အမှန်ရောက်မယ် နော်။ (မှန်ပါ့)၊ ကိုပေါ် နားထောင်တတ်ပြီ မဟုတ် လား။ (နားထောင် တတ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြစို့ရဲ့၊ ရှေးဦးစွာ မျက်လုံး ဖွင့်ပေးမယ်ဗျာ၊ အကန်းပျောက်အောင်။ (မှန်ပါ့)။ဒကာ ဒကာမတို့ ဘာလုပ်မှာပါလိမ့်။ (မျက်လုံး ဖွင့်ပေးမှာပါ ဘုရား)။ အရှင်ဘုရား

ဒါလောက်ကန်းတဲ့အတွက် အကန်း သက် ရှည်ခဲ့လှပါပြီ၊ မျက်စိနှစ်ကွင်း အလင်း ရအောင်သာ ကုသပါတော့ ဘုရာ့၊ ဒီဆေးကိုသာ အမြန်ပေးပါတော့ ဆိုတာ ကိုသာ ခင်ဗျားတို့ လျှောက်စရာလမ်း အကွက် ပေါ်တော့တာပဲ (မှန်ပါ့ ဘုရား)။

တခြားလမ်း ဘာမှ မရှိတော့ဘူးဆိုတာ မှတ်ပေတော့ နော်။ (မှန်ပါ့)၊ တခြားအကြောင်း ဘာမှ မရှိတော့ဘူး ဆိုရင် ကိုင်းဒကာ ဒကာမတို့ ခန္ဓာထဲမှာ မျက်လုံးဖွင့် ပေးတော့မယ်။ (မှန်ပါ့)။

ခန္ဓာထဲမှာ မျက်လုံး ဖွင့်ပေးတော့မယ်လို့ နောက်က ဒကာ ဒကာမတွေ သေသေချာချာ မှတ်စမ်းပါ။ (မှန်ပါ့)၊

ဘာ ဟောမှာပါလိမ့်။ (ခန္ဓာထဲမှာ မျက်လုံးဖွင့်ပေးမှာပါ)၊ ခန္ဓာက ဘာသစ္စာပါလိမ့်။ (ဒုက္ခသစ္စာပါ)၊ အဲဒုက္ခ သစ္စာမြင်တဲ့ မျက်လုံး ဖွင့်ပေးတော့မယ်။ (မှန်ပါ့)။

ဒုက္ခသစ္စာမြင်တဲ့ မျက်လုံး ဖွင့်ပေးတော့မှ သြော် ရှေ့ဖြင့် မျက်စိနှစ်ကွင်း အလင်းရတဲ့လူ လမ်းသွားရတော့ မှာပဲ၊ သွားရလို့ ရှိရင်ဖြင့် လိုရာခရီးကို အပြီးတိုင် ရောက်တော့မှာ ဆိုတာ မှတ်ရမှာ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါ ပြီ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ မျက်စိဖွင့်ပေး ပါတော့မယ် ဆိုတာကို သေသေချာချာ အဖွင့်ခံကြပါ ဆိုတာကိုလဲ ပြောရ ပြန်တယ်။ (မှန်ပါ့)။

ဆေးခွက်ကိုင်ရင် ပြေးမှာစိုးတယ်

မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ် အလင်းရအောင် လုပ်ပေးပါမယ် ဆိုငြားသော်လဲ ခင်ဗျားတို့က ဆေးခွက်ကိုင် လို့ ပြေးတဲ့ ခွေးနာလိုလဲ ဖြစ်မှာ စိုးရသေးတယ်။ (မှန်ပါ့)၊ ကြောက်စရာက အတော်ကောင်းတယ်။ (မှန်ပါ့)။

ခွေးနာ ဆေးခွက်ကိုင်ပြီ ဆိုမှဖြင့် သူ့ကို ခဲနဲ့ပေါက် လိမ့်မယ်ထင်ပြီး သကာလ ကိုမြင့် ပြေးချင် ပြေးတာ။ (ပြေးပါတယ် ဘုရား)။

စင်စစ်တော့ ပျောက်ဆေး ပေးမလို့ ဆိုငြား သော်လဲ ခွေးက ပြေးတယ်ဆိုတော့ မသိမိုက်, မိုက်နေတယ် ဆိုတဲ့ အဓိပ္ပါယ် ရှင်းသွားပြီ။ (ရှင်းသွားပါပြီ ဘုရား)။

ဒီမှာပဲ မျက်စိနှစ်ကွင်း အလင်းရတဲ့ဆေး ပေးပါ တော့မယ်ဆိုပြီး ဘုန်းကြီးက တာဝန်ခံငြား သော်လဲ ခင်ဗျား တို့ စိတ်က တောင်သွား ,မြောက်သွား ,သွားနေလို့ ရှိရင် ခွေးနာ ပြေး ပြေးရာ ရောက်ဦးမယ်။ (မှန်ပါ့ ဘုရား)၊ ရိပ်မိ ပလား။ (ရိပ်မိပါပြီ ဘုရား)။

ခွေးနာများ ပြေးကြဦးမှာလား။ (မပြေးပါ ဘုရား)၊ နောက်က ဒကာ ဒကာမတွေ မျက်လုံးဖွင့် ပေးမလို့၊ မျက်လုံး ကုပေးမလို့ နော်။ (မှန်ပါ့)၊ စိတ်က တောင်ပြေး, မြောက်ပြေး, ပြေးကြဦးမှာလား။ (မပြေးပါ ဘုရား)၊ တရား နာတုန်း၊ တရားနာတုန်း။ (မှန်ပါ့)။

တရားနာတုန်း တရားထဲ စိတ်မရောက်ဘူး ဆိုလို့ရှိရင် မောင်နိုင် ဆေးခွက်ကိုင်တာနဲ့ ခွေးနာဟာ ပြေးပြန်တာပဲ။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ဥပမာက ကြမ်းတယ်လို့ ကိုဝတို့က ထင်သလား။ (မထင်ပါ ဘုရား)၊ ခင်ဗျားတို့ က စိတ်က အငြိမ်နေတာ မဟုတ်ဘူး။ (မှန်ပါ့)။

အခုအိမ်ရောက် သွားလိုက်၊ ဘယ်ရောက် သွားလိုက်၊ ညာရောက် သွားလိုက်၊ ဒါကို မပုတို့က ဘာထင်သတုံးဗျ။ (ခွေးနာပြေး ပြေးတာပါ ဘုရား)၊ ခွေးနာပြေးတာ ဆေးခွက် မြင်လို့ (မှန်ပါ့)၊ ဆေးခွက် မြင်တာနဲ့ ပြေးတာလို့ ဆိုရင် လွဲသေးသလား။ (မလွဲပါ ဘုရား)။

အေး ဒါ့ကြောင့် ကိုယ့်စိတ်ကလေး ကိုယ်လဲ ယခု တရားနာတဲ့ အချိန်မှာ ခင်ဗျားတို့ က နှလုံးသွင်း လိုက်စမ်းပါနော်။ (မှန်ပါ)။

ဟ နင်ဟာ ခွေးနာ စိတ်ပေါက် နေသလားလို့ စိတ် များ တခြား ထွက်ပြေးရင် (မှန်ပါ့)၊ ကိုယ့်ဟာကိုယ် ဆုံးမ စမ်းပါဦး။ (မှန်ပါ့)။

ဘယ်လိုဆုံးမရမလဲ (ခွေးနာ စိတ်ပေါက် နေသလား လို့ ဆုံးမရပါမယ် ဘုရား)၊ ခွေးနာစိတ် ပေါက်နေသလား ဦးညို၊ ကိုယ့်ဟာကိုယ် ဆုံးမစမ်းပါဦး။ (မှန်ပါ့)။

ခွေးနာစိတ် မဖြစ်စေနဲ့

တပည့်တော်တို့ တရားတော့ နာနေတာပဲဘုရား စိတ်က ဖျတ်ခနဲ ဖျတ်ခနဲ ထွက်ပြေးတယ် ဘုရာ့၊ တောင်ရောက် မြောက်ရောက်၊ ဟာ ခွေးနာ စိတ်ပေါက်တာ ဟေ့ (မှန်ပါ့)၊ ခွေးမှ ခွေးကောင်း စိတ် ပေါက်တာ မဟုတ်ဘူးဟ (မှန်ပါ့)၊ ဘယ့်နှယ် ဆိုကြမလဲ။ (ခွေးနာ စိတ်ပေါက်တာ ပါ ဘုရား)၊ ခွေးနာ စိတ်ပေါက် နေသဟလို့ ပြောလို့ ရှိရင်တော့ ခင်ဗျားတို့ ဟာ နာရမှာပါလား။ (မနာရပါ ဘုရား)၊ အမှန်ပဲလို့ပဲ ယူဆရမှာပဲ။ (မှန်ပါ့)၊ သဘောပါပြီလား။ (ပါ,ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ပြောကြပါစို့၊ ဒကာ ဒကာမတို့ ခန္ဓာ ထဲမှာ ဒုက္ခသစ္စာ ရှိကြောင်းကို မျက်စိနှစ်ကွင်း အလင်း ရအောင် ပြပါတော့မယ် (မှန်ပါ့ ဘုရား)၊ စိတ်တခြား မပြေးပါစေနဲ့။ (မှန်ပါ့ ဘုရား)။

ဦးဘရှင်း ပြေးဖို့ လိုသေးသလား။ (မလိုပါ ဘုရား)၊ ပြေးရင် ဘာဖြစ်မယ် ထင်သတုံး။ (ခွေးနာလို ဖြစ်ပါ့မယ် ဘုရား)၊ ခွေးနာဖြစ်မှာ စိုးရတယ်။ (မှန်ပါ့)၊ ခွေးနာဖြစ်မှာ စိုးရတယ် ဒကာ ဒကာမတို့နော်။ (မှန်ပါ့)။

စိတ္တာနုပဿနာ

ကဲဒါဖြင့် စိတ္တာနုပဿနာကို တစ်နေ့က မသွင်း ရလို့ ပြန်သွားပါတယ် လို့ဆိုတာ မှတ်ပါ။ (မှန်ပါ့)။

စိတ်ဆိုတာ ခင်ဗျားတို့ မှာ ဆယ့်သုံးမျိုး ရှိတယ်၊ အဲဒီ ဆယ့်သုံးမျိုးတို့သည် ဒကာ ဒကာမတို့ ခင်ဗျားတို့ ၏ ခန္ဓာပဲလို့ မှတ်ပါ။ (မှန်ပါ့)။

ခင်ဗျားတို့၏ ခန္ဓာပဲ၊ စိတ်ဆိုတာ ဒကာ ဒကာမ တို့ ၏ (ခန္ဓာပါ ဘုရား)။

စိတ်ဆိုတာ ဝိညာဏက္ခန္ဓာ

စိတ်ဆိုတာ ဝိညာဏက္ခန္ဓာ (မှန်ပါ့)၊ အဲဒီ ဝိညာ ဏက္ခန္ဓာသည် ဒုက္ခသစ္စာပါပဲ ဆိုတာပြောမလို့၊ ဝိညာဏက္ခန္ဓာ သိမှ ဝိညာဏက္ခန္ဓာ၏ ဒုက္ခသစ္စာသိမှာပေါ့။ (မှန်ပါ့)။

ဒါ့ကြောင့် ဝိပဿနာ လုပ်တဲ့ ပုဂ္ဂိုလ်များလဲ အရေး တကြီး မှတ်လိုက်စမ်းပါ၊ ဒါတို့ လုပ်ရမှာ။ (မှန်ပါ့)။

မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ကိုယ်စိတ် (အပြင်ငါးခု)

ကဲ ဒကာ ဒကာမတို့ ပြောပြီ၊ ခင်ဗျားတို့ မျက်လုံး ကလေး ဖွင့်ကြည့်လိုက်တဲ့ အခါ ဘယ်နေရာပဲ ကြည့်ကြည့် မြင်စိတ်ကလေး မပေါ်ဘူးလား။ (ပေါ်ပါတယ်)၊ အဲဒါကလေး ဟာလဲ မြင်စိတ်ကလေး, ဝိညာဏက္ခန္ဓာ ကလေး မှတ်လိုက်စမ်းပါ။ (မှန်ပါ့)။

ဒါဟာ မြင်စိတ် ဝိညာဏက္ခန္ဓာ။ (မှန်ပါ့)၊ မြင်စိတ် လို့ ကော မဆိုနိုင်ဘူးလား။ (ဆိုနိုင်ပါတယ် ဘုရား)၊ ခန္ဓာလို့ ပြောလိုက်တော့(ဝိညာဏက္ခန္ဓာပါ ဘုရား)။

သြော် ဒါကလေးဟာ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူး၊ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူး၊ မြင်တတ်တဲ့ စိတ်ကလေးပဲ (မှန်ပါ့ ဘုရား)၊ (ဝါ) ဝိညာဏက္ခန္ဓာ ကလေးပေါ်တာပဲ။ (မှန်ပါ့)။

ဘာကလေး ပေါ်တာပါလိမ့်။ (ဝိညာဏက္ခန္ဓာ ကလေးပေါ်တာပါ)၊ မြင်စိတ် ဝိညာဏက္ခန္ဓာ ကလေး ပေါ် တယ်။ (မှန်ပါ့)၊ ကောင်းပြီ (၁)ခုရတယ်။

ကဲ အခုလို နာရီကလေး ဘာကလေး အသံကလေး ရိုက်ပြန်တော့လဲ ဒကာ ဒကာမတွေမှာ ကြားစိတ်ကလေး နားထဲမှာ မပေါ်လာဘူးလား။ (ပေါ်ပါတယ် ဘုရား)၊ အဲဒါကြားစိတ် ဝိညာဏက္ခန္ဓာ (မှန်ပါ့)၊ (၂)ခု ရသွားပြီ (မှန်ပါ့၊ ရသွားပါပြီ ဘုရား)။

ဆေးလိပ်ကလေး ဘာကလေး တစ်ယောက်က သောက်၊ တစ်ယောက်က အနံ့ကလေး ရလာတဲ့ အခါကျတော့ နံစိတ် ဝိညာဏက္ခန္ဓာ ကော မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)၊ ပေါ်ပြီ၊ ဒါဟာ ဝိညာဏက္ခန္ဓာကလေးပဲနော်။ (မှန်ပါ့)။

လျှာပေါ်မှာ ချိုတယ်၊ ချဉ်တယ်၊ ဖန်တယ်၊ ငန်တယ်။ စားတိုင်း စားတိုင်း အချို၊ အချဉ်၊ အဖန်၊ အငန်၊ စားတိုင်း စားတိုင်း စားစိတ်ကလေး မပေါ်ဘူးလား။ (ပေါ်ပါ တယ် ဘုရား)၊ အဲဒါကလေးဟာ ဘာ ခန္ဓာပါလိမ့်။ (ဝိညာဏက္ခန္ဓာပါ ဘုရား)၊ ဇိဝှါ ဝိညာဏက္ခန္ဓာ ဆိုရင် မလွဲ ပါဘူး။ (မလွဲပါ ဘုရား)။

ကိုယ်ပေါ်မှာ ယခုလို အိုက်တယ်၊ နာတယ်၊ ကောင်း တယ်ဆိုတာကလေးဟာက ကိုယ်ပေါ်မှာ ပေါ်တဲ့၊ တစ်ကိုယ် လုံးမှာ ပေါ်ချင်တဲ့ နေရာမှာ ပေါ်တယ်။ (မှန်ပါ့)၊ အဲဒါ ကာယဝိညာဏ် ဆိုတဲ့ ဝိညာဏက္ခန္ဓာပဲ။ (မှန်ပါ့)။ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)၊ ကာယဝိညာဏ် ဆိုတဲ့ ဝိညာဏက္ခန္ဓာလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)၊ ဒါဖြင့် ငါးမျိုးရသွားပြီ။ (မှန်ပါ့)။

လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်

တစ်ခါတလေ ကျပြန်တော့ ဒကာ ဒကာမတွေက ဟေ့ နက်ဖြန် သင်္ကြန်ထွက်လို့ ရှိရင်ဖြင့် လှူတာနဲ့ တရားရေး ချည့်ပဲ မဟုတ်ဘူး၊ စီးပွားရေးက ရှိသေးတယ် ဆိုပြီး သကာလဒကာ ဒကာမတွေက လောဘကလေး နက်ဖြန်ကျတော့ ပေါ်ချင် ပေါ်မယ်။ (မှန်ပါ့)။

ဒီက,ရင်လဲ စဉ်းစားပြီး နက်ဖြန် ဘာလုပ်မယ်၊ ဘယ် သူ့ဆီက ကျောက်ကို ဘယ်လိုဝယ်မယ်၊ ဘယ်လို ဈေးရောင်း မယ်ဆိုတဲ့ လောဘတွေ မလာတတ်ဘူးလား။ (လာတတ်ပါတယ်)။

အဲဒီ လောဘစိတ်ကလေးကလဲ ဝမ်းထဲမှာ ပေါ် တယ်။ (မှန်ပါ့ ဘုရား)၊ ဒါကလေးဟာလဲ ဘာခန္ဓာပါလိမ့်။ (မနောဝိညာဏက္ခန္ဓာပါ ဘုရား)၊ ဝိညာဏက္ခန္ဓာပဲ။ မနောထဲပေါ်တဲ့ ဝိညာဏက္ခန္ဓာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒီဝမ်းထဲမှာပဲ မကျေမနပ်တဲ့ စိတ်ကလေး ပေါ်ချင်တဲ့ အခါ ပေါ်တတ်တာပဲ။ (မှန်ပါ့)၊ အဲဒါ ဒေါသ ဝိညာဏက္ခန္ဓာ။ (မှန်ပါ့)။

ဒီဝမ်းထဲမှာပဲ စိတ်ကလေးဟာ ပျံ့လွင့်တယ်၊ သံသယ ရှိတယ်ဆိုတဲ့ နှစ်ခု တစ်ခုခုပေါ်ရင်လဲ ဒါလဲ မောဟ ဝိညာဏက္ခန္ဓာပဲ။ (မှန်ပါ့)၊ ဒါ ပေါ်တိုင်း ပေါ်တိုင်း သတိထား ရမယ်နော်။ (မှန်ပါ့)။

အလောဘစိတ်၊ အဒေါသစိတ်

တစ်ခါတလေကျတော့ လှူချင်, တန်းချင်, ပေးချင် ကမ်းချင်တဲ့ စိတ်ကလေးပေါ်လာတယ်။ (ပေါ်လာပါတယ် ဘုရား)၊ ဒါလဲ အလောဘဆိုတဲ့ ဝိညာဏက္ခန္ဓာပဲ။ (မှန်ပါ့)။

လှူချင်, တန်းချင်, ပေးချင်, ကမ်းချင်တဲ့ စိတ် ကလေးဟာလဲ ဘာပါလိမ့် (အလောဘ ဆိုတဲ့ ဝိညာဏက္ခန္ဓာပါ ဘုရား)၊ အလောဘစိတ်က ဝိညာဏက္ခန္ဓာ ကလေးပဲ၊ ဝိညာဏက္ခန္ဓာပေါ်တာပဲ၊ ခန္ဓာအသစ်ပေါ်တာ ပဲ။ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တစ်ခါတလေကျတော့ ဒါလဲ ဝမ်းထဲ ပေါ်တာပါပဲတဲ့။ သူတစ်ပါး သနားတဲ့ စိတ်ကလေးတွေလဲ ပေါ်ပေါ်လာတဲ့ အခါ ရှိသေးတယ်နော်။ (မှန်ပါ့ ဘုရား)။

အဲဒါ အဒေါသ ဝိညာဏက္ခန္ဓာ (မှန်ပါ့)၊ ဒါလဲ ဘယ်မှာ ပေါ်ပါလိမ့်။ (ဝမ်းထဲမှာ ပေါ်ပါတယ်)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ဝမ်းထဲမှာ စိတ်ခုနှစ်မျိုး

တစ်ခါတလေကျတော့ ဘာမှ မစဉ်းစားဘဲနဲ့ လေကလေး ထုတ်လိုက်၊ လေကလေး ပြန်ရှိုက် လိုက်၊ လေကလေး ထုတ်တဲ့ စိတ်ကလေးလဲ ပေါ်ချင်ပေါ်နေတာပဲ မောင်နိုင်။ (မှန်ပါ့)။

ဒါလဲ ဝိညာဏက္ခန္ဓာပဲ (မှန်ပါ့)၊ လေကလေး ပြန် ရှိုက်တဲ့ စိတ်ကလေးကော (ဝိညာဏ က္ခန္ဓာပါပဲ)၊ ဒါလဲ ဝိညာဏက္ခန္ဓာပဲလို့ မှတ်လိုက် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ခုနင်က ပြောခဲ့သလို အပြင်က ငါးခု (မှန်ပါ့)၊ အတွင်းက ခုနစ်ခုပေါ့ကွာ။ (မှန်ပါ့)၊ ငါးခုနဲ့ ခုနစ်ခုနဲ့ ပေါင်းတဲ့အခါ (ဆယ့်နှစ်ခုပါ ဘုရား)။

အေး ဆယ့်နှစ်ခု ထားပါတော့ နော်။ (မှန်ပါ့ ဘုရား)၊ ငါးခုနဲ့ ခုနစ်ခုနဲ့ ပေါင်းတာကိုး၊ ပြင်ဘက်က ငါးခု၊ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ကိုယ်စိတ် ပေါ့လေ။ (မှန်ပါ့ ဘုရား)။

ဝမ်းထဲကတော့ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ ကဲငါးခု မနေလား။ (မှန်ပါ့ ဘုရား)။

စိတ် (၁၂) မျိုး

တစ်ခါ ဝမ်းထဲမှာ နှစ်ခုထပ်တိုး လိုက်ဦး၊ လေထုတ် တဲ့ စိတ်၊ လေပြန်သွင်းတဲ့ စိတ်ဆိုတော့ (၇) ခု မရှိဘူး လား။ (မှန်ပါ့)၊ (၇) နဲ့ (၅)နဲ့ပေါင်း (၁၂)ခုပါ ဘုရား။

ဆယ့်နှစ်ခု ဆိုတာ ခုနင်က အထဲမှာ အမောဟ မပါခဲ့ ဘူး၊ ကိုမြင့်ရ (မှန်ပါ့)၊ အဲဒီ အမောဟ ဆိုတဲ့ မဂ္ဂင်နဲ့ ဒီဥစ္စာကို ရှုရမယ်။ (မှန်ပါ့)၊ ပေါ်တိုင်း ပေါ်တိုင်း သိရ မယ်။ (မှန်ပါ့)၊ ပျက်တိုင်း, ပျက်တိုင်း (သိရမှာပါ ဘုရား)။

အဲဒီတော့ ဝိညာဏက္ခန္ဓာ ပျက်တာကို သိတာပဲ။ (မှန်ပါ့)၊ ဒါဖြင့် ဝိညာဏ က္ခန္ဓာဆို တော့ ဒကာ ဒကာမတွေ ခန္ဓာပျက်တာကို သိတာပဲ။ (မှန်ပါ့)၊ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ် ဒုက္ခရောက်တာ ကိုယ် သိတာနော်။ (မှန်ပါ့ ဘုရား)။

ဘာပါလိမ့် (ကိုယ်ဒုက္ခ ရောက်တာကို ကိုယ်သိတာပါ)၊ ကိုယ်ဒုက္ခ ရောက်တာကို ကိုယ့်ဉာဏ်နဲ့ သိတယ်။ (မှန်ပါ့)၊ ကိုယ့်ဒုက္ခ ရောက်တာကို ကိုယ့်ဉာဏ်နဲ့ သိတယ် ဆိုတာ ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။

အမောဟဆိုတဲ့ မဂ္ဂင်နဲ့ကြည့်

ဪ ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ အခု ကြည့်စရာ ဆယ့်နှစ်ခု ရှိတယ်၊ ဆယ့်နှစ်ခုကို အမောဟ ဆိုတဲ့ မဂ္ဂင်နဲ့ ကြည့်ပေး။ (မှန်ပါ့ ဘုရား)။

ကြည့်တဲ့ အခါကျတော့ အမြဲတမ်း ကြည့် ရမှာကတော့ အိမ်သည် စိတ်နှစ်ခု ဆိုတဲ့ လေထုတ်တဲ့ စိတ်နဲ့ လေပြန်သွင်း တဲ့ စိတ် နှစ်ခုကတော့ တစ်လှည့်စီဖြစ်နေတယ်။ (မှန်ပါ့ ဘုရား)။

အဲဒီတစ်လှည့်စီကို အမြဲတမ်း ကြည့်နေရင်း မတ္တနဲ့ မောင်နိုင် မြင်စိတ် ပေါ်လာရင် အဲဒါ ဖြုတ်ပစ်လိုက်။ (မှန်ပါ့)၊ ဘယ်လိုက်ရမလဲ။ (မြင်စိတ်ဆီ လိုက်ရပါမယ် ဘုရား)။

မြင်စိတ် ဖြစ်ပျက်ကိုလိုက် (မှန်ပါ့)၊ ကြားတဲ့စိတ် ပေါ်လာရင် (ကြားစိတ် ဖြစ်ပျက်ကို လိုက်ရ ပါမယ် ဘုရား)၊ ယားစိတ် ပေါ်လာရင် (ယားစိတ် ဖြစ်ပျက် လိုက်ရပါမယ်)၊ စားစိတ်ပေါ်လာရင် (စားစိတ် ဖြစ်ပျက် လိုက်ရပါမယ် ဘုရား)။

အဲဒါတွေက ခဏကလေး ပေါ်ပြီးနောက် ကြည့်စရာ မရှိတော့ ဘယ်လို ပြန်ထိုင်ရမတုံး။ (အိမ်သည်စိတ် နှစ်ခု ပြန်ထိုင် ရပါမယ်)၊ အိမ်သည်စိတ် နှစ်ခုဆိုတဲ့ လေထုတ် တဲ့ စိတ်နဲ့ လေပြန် ရှိုက်တဲ့ စိတ်ကို လှည့်ရှု (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီလိုချည့် ပြန်လှည့်နေတဲ့ အတွင်း လှူချင် တဲ့ စိတ်ကလေး ပေါ်လာလဲ လှူချင်တဲ့စိတ်ကို ဘာလုပ်ရ မလဲ။ (ဖြစ်ပျက် ရှုရမှာပါ ဘုရား)၊ နောက် ဘယ် ပြန်ထိုင်ကြမလဲ။ (အိမ်သည်စိတ် နှစ်ခုကို ပြန်ထိုင်ကြရပါ မယ်)၊

ထိုင်တယ်ဆိုတာ အိမ်သည်စိတ် နှစ်ခု ဆိုတဲ့ လေထုတ်တဲ့ စိတ်နဲ့ လေသွင်းတဲ့စိတ်ကို ပြန်ရှု (မှန်ပါ့ ဘုရား)။

ဒါ အလုပ်သမားတွေမို့ သေသေချာချာ ပြောပါတယ်။ မျက်စိနှစ်ကွင်းကို အလင်းရအောင် ဆေးကုပေးနေတယ်။ (မှန်ပါ့ ဘုရား)။

ရှုစရာ (၁၂)ခု၊ ရှုတာတစ်ခု

အဲဒီတော့ ရှုစရာဆယ့်နှစ်ခု (မှန်ပါ့)၊ ရှုတာက တစ်ခုပေါ့လေ။ (မှန်ပါ့)၊ရှုစရာက ဆယ့်နှစ်ခု၊ ရှုတာက တစ်ခု ဆိုတော့ ကိုယ့်ဝိညာဏက္ခန္ဓာကို ကိုယ့်ဉာဏ်နဲ့ ကြည့်ရှု ကြ (မှန်ပါ့ ဘုရား)။

ကိုယ့်ဝိညာဏက္ခန္ဓာကို (ကိုယ့်ဉာဏ်နဲ့ကြည့်ရပါမယ် ဘုရား)၊ ကိုယ့်ဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ဪ ဒကာ ဒကာမတွေ မှတ်ထားပါ။ ကိုယ့် ဝိညာဏက္ခန္ဓာက ရှေးကျတယ်။ (မှန်ပါ့)၊ ကိုယ့်ဉာဏ်ကနေ နောက်မှ ဖြစ်တယ် (မှန်ပါ့)၊ ဒါဖြင့် ဖြစ်ပျက်က ရှေ့၊ မဂ်ကနောက် (မှန်ပါ့ ဘုရား)။

အဲဖြစ်ပျက်က ရှေ့က ဖြစ်တယ်၊ မဂ်က နောက်မှ ဖြစ်တယ်။ (မှန်ပါ့)၊ ဒီကြားထဲမှာ ဘာမှ မဝင်လို့ ရှိရင် ကောင်းတယ်။ (မှန်ပါ့)၊ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ပါစေ။ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက်ပါစေ

ဘာတဲ့တုံး (ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ပါစေ)၊ ဖြစ် ပျက်နဲ့ မဂ်နဲ့ ကိုက်ပါစေတော့၊ ဖြစ်ပျက်က ကိုယ့်ဒုက္ခ (မှန်ပါ့)၊ မဂ်က ကိုယ့်ဉာဏ် (မှန်ပါ့)၊ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ဒုက္ခကို မြင်တယ်။ (မှန်ပါ့)၊ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ဒုက္ခ ကို မြင်တယ် ဆိုတာ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

ဒီလိုမြင်လာတော့မှ ဦးဘရှင်းတို့က၊ ကိုပေါ်တို့ကနော်၊ ဟာ မျက်စိအလင်း ရပါပေါ့လား။ (မှန်ပါ့)၊ မျက်စိ နှစ်ကွင်း အလင်းရပါပေါ့လား ကိုဝ။ (မှန်ပါ့ ဘုရား)။

ဘာပါလိမ့်။ (မျက်စိနှစ်ကွင်း အလင်းရပါပြီ)၊ အလင်းရလာတော့ ဪ ဒုက္ခ သိပြီ။ (မှန်ပါ့)၊ ဖြစ်ပျက် က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ။ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်က (ဒုက္ခသစ္စာပါ)၊ သိတာက (မဂ္ဂသစ္စာ ပါ)၊ မဂ်မျက်လုံး တပ်ပေး လိုက်တယ်။ (မှန်ပါ့ ဘုရား)။

မဂ်မျက်လုံး တပ်ပေးတယ်

ဦးဘရှင်း ဘာမျက်လုံး။ (မဂ်မျက်လုံးပါ)၊ ဦးညို ကြီး ဘာမျက်လုံး တပ်ပေးသတုံး။ (မဂ်မျက်လုံး တပ်ပေး ပါတယ်)၊ သမ္မာဒိဋ္ဌိဆိုတဲ့ မဂ်မျက်လုံး တပ်ပေးလိုက်တယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မျက်စိနှစ်ကွင်းဟာ ပေါ်တိုင်း ပေါ်တိုင်း မြင် နေလို့ရှိရင် ကိုယ့်ခန္ဓာ အကြောင်း ကိုယ် ကောင်းကောင်း သိပြီ။ (မှန်ပါ့)၊ ဘယ်လိုပါလိမ့် မလဲလို့ မေးတော့မှ ခန္ဓာက ဒုက္ခသစ္စာ ခဏခဏ မွေးပြီး ခဏခဏ သေနေတာ။ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမလဲ။ (ခဏခဏ မွေးပြီး ခဏခဏ သေနေကြတာပါ)၊ ခဏခဏ မွေးပြီး ခဏခဏ သေနေတယ် ဆိုတာ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

ပေါ်တော့ကို ခဏခဏ မွေးပြီး ခဏခဏ သေတာက ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ဒါကလေးကို ဉာဏ်နဲ့ကြည့် လိုက်လို့ မြင်တာက(မဂ္ဂသစ္စာပါ)၊ အဲ ဒါဖြင့် မဂ္ဂသစ္စာက မဂ်မျက်လုံး(မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ခန္ဓာဖြစ်ပျက်က ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာကို မဂ်မျက်လုံး ကြည့်လိုက်တော့ မြင်သွားတယ်။ (မှန်ပါ့ ဘုရား)။

မျက်စိအလင်းရပြီ

ဒုက္ခသစ္စာကို (မဂ်မျက်လုံးနဲ့ ကြည့်လိုက်တော့ မြင် သွားတယ် ဘုရား)၊ မဂ်မျက်လုံးနဲ့ ကြည့်လိုက် တော့ နောက်က ဒကာ ဒကာမတွေ ဘယ်လို ဆိုကြမလဲ (မြင်သွား ပါတယ်)။ ဟာ မျက်စိနှစ်ကွင်း အလင်းရပဟ (မှန်ပါ့)၊ ကိုယ့်အသေ ကိုယ်မြင်ပဟ။ (မှန်ပါ့ ဘုရား)။

ဦးအောင်ဇံဝေ ဘာတဲ့ (ကိုယ့်အသေ ကိုယ်မြင်ပါပြီ)၊ ဦးဘသန်းကြီး (ကိုယ့်အသေ ကိုယ်မြင် ပါတယ်)၊ ကိုယ့် အသေ ကိုယ်မြင်တယ်။ (မှန်ပါ့ ဘုရား)၊ ကိုယ့်အသေကို ကိုယ်မြင်ကြပြီကွ မောင်ထွန်းအောင်တို့ရ။ (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ခါတိုင်းတော့ သေသာ သေသွားတယ်၊ မသာကို သူ များ ပို့တာသာ မြင်လိုက်တယ်၊ ကိုယ့်အသေ ကိုယ်မမြင် ပါဘူး။ (မှန်ပါ့ ဘုရား)။

မသာ သူများထမ်းသွားတာတော့ (မြင်ပါတယ်)၊ ကိုယ်သေတာ ကိုယ်သိရဲ့လား။ (မသိပါ ဘုရား)၊ သေလိမ့် မယ်ဆိုတာသာ သိတယ်၊ ကိုယ်သေတော့ မသိတော့ဘူး။ (မှန်ပါ့)၊ အခုတော့ဖြင့် ကိုယ့်အသေကို (ကိုယ်သိပါပြီ ဘုရား)၊ ကိုယ်သိတော့ ဪ ဒါမှ ကိုယ့်ဒုက္ခ ကိုယ် သိတာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါမှ ကိုယ့်ဒုက္ခကို (ကိုယ်သိပါတယ် ဘုရား)၊ သေတဲ့ ဒုက္ခကို သိတယ်။ (မှန်ပါ့)၊ သေတာက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ (မှန်ပါ့)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီလို သိသိသိသိ နေတော့ မဂ္ဂသစ္စာ ပေါ်ပြီး သကာလ သမ္မာဒိဋ္ဌိ မျက်လုံးက ပေါ်လာတော့ သမ္မာသင်္ကပ္ပနဲ့ တွဲလျက်ကြီး (မှန်ပါ့)။

ဝီရိယစိုက်လို့ သိသောကြောင့် သမ္မာဝါယာမကလဲ ပါတယ်၊ သမ္မာသတိ ကလဲ ပါတယ်၊ သမ္မာဒိဋ္ဌိနဲ့လဲ မြင်ပါ တယ် ဆိုသဖြင့် ကိုယ့်အသေ ကိုယ်မြင်တာဟာ မျက်လုံးငါးပါး လုံးနဲ့ မြင်တယ်။ (မှန်ပါ့)၊ မဂ္ဂင်ငါးပါးနဲ့ မြင်တယ်။ (မှန်ပါ့)။

ကိုယ့်အသေ ကိုယ်မြင်တာဟာ (မဂ္ဂင်ငါးပါးနဲ့ မြင် ပါတယ် ဘုရား)၊ ဒါဖြင့် မျက်စိနှစ်ကွင်း အလင်းရ- မရ အကဲခတ်စမ်း။ (ရပါပြီ ဘုရား)၊ ရပြီ ရပြီ၊ အဲဒီလို ကိုယ့်အသေ ကိုယ်မြင်တဲ့ အလုပ်ဟာ ဝိပဿနာ အလုပ်ပါ။ (မှန်ပါ့)။

ကိုယ့်အသေ ကိုယ်မြင်တဲ့အလုပ်ဟာ (ဝိပဿနာ အလုပ်ပါ ဘုရား)။

အဲဒါ ဝိပဿနာ အလုပ်သာ ရှိသေးတယ်၊ ဝိပဿနာ လမ်းမဆုံး သေးဘူး။ (မှန်ပါ့)။

ကိုယ့်အသေ ကိုယ်မြင်တဲ့ အလုပ်ဟာ (ဝိပဿနာ လမ်း မဆုံးသေးပါ ဘုရား)၊ နိဗ္ဗာန် မြင်တော့မှ ဝိပဿနာလမ်း ဆုံးတယ်။ (မှန်ပါ့)။

အခု တော့ ဝိပဿနာအလုပ်ပဲ ရှိသေးတယ်။ (မှန်ပါ့)၊ ဝိပဿနာအလုပ် အဆုံးတိုင် ရောက်ပလားလို့ မေးရင် မဆုံးသေးဘူး။ (မှန်ပါ့)၊ မရောက်သေးဘူး၊ ဝိပဿနာ အလုပ်ထဲပဲ ရှိသေးတယ်လို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် မျက်စိနှစ်ကွင်း အလင်းရ ပလား။ (ရပါပြီ ဘုရား)၊ ဪ ဒီလိုရှုရမယ် ဆိုတော့ ရှုတဲ့ အချိန်မှာ အလင်းရပေါ့ဗျာ။ (မှန်ပါ့)၊ ဖြစ်တာ မြင်မြင်, ပျက်တာ မြင်မြင် အလင်း ရတယ်လို့ မှတ်လိုက်။ (မှန်ပါ့)။

ဖြစ်တာမြင်မြင် (ပျက်တာမြင်မြင် အလင်းရပါတယ် ဘုရား)၊ အလင်းရတဲ့ ပုဂ္ဂိုလ်ကျတော့၊ မျက်စိနှစ်ကွင်း အလင်းရတဲ့ ပုဂ္ဂိုလ်ကျတော့ နောက်, လမ်းသွားတော့၊ (မှန်ပါ့)၊ လမ်းသွားတော့ သူဟာ သားကလေးကြီးလို့ ရှင်ပြုချင်တယ်၊ သမီးကလေး မင်္ဂလာဆောင်လို့ ဆွမ်းကျွေးချင်တယ်၊ သူတစ်ပါး ပေးချင်တယ်၊ ဘိုးအို, ဘွားအို တွေ ကန်တော့ချင်တယ်၊ ဒီလို ပေးချင်, ကမ်းချင်တဲ့စိတ် တွေ ပေါ်လာတော့ ဟောဒီ ဒုက္ခမှ လွတ်ရပါလို၏ ဆို တော့ အလင်းရတဲ့ ပုဂ္ဂိုလ်က ဒီလိုလာတယ်။ (မှန်ပါ့ ဘုရား)။

အလင်းရတဲ့ ပုဂ္ဂိုလ်က ဒီလိုလာတယ်၊ ဒီဒုက္ခမှ လွတ် ချင်လို့ အလှူဖြစ်တယ်။ (မှန်ပါ့)၊ ဒီဒုက္ခမှ လွတ်ချင်လို့ ပေးကမ်းမှု ဖြစ်တယ်။ (မှန်ပါ့)၊ ကဲ ဦးညို မကွာဘူး လားဗျာ။ (ကွာပါတယ် ဘုရား)၊ အဲဒီတော့ သူ့ အလှူသည် ဒုက္ခလွတ်ရာ ကျေးဇူး မပြုပေဘူးလား။ (ပြုပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေက အလင်းရတဲ့ ပုဂ္ဂိုလ် ၏ ဒါနနဲ့ လမ်းသွား၊ သီလနဲ့ လမ်းသွား၊ သမထနဲ့ လမ်းသွားမှု သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် မှန်သွားပြီ။ (မှန်ပါ့)၊

အလင်းမရသေးတဲ့ ပုဂ္ဂိုလ်ကတော့ ဟောဒီလို လူ့ဘဝကြီး ရရပါလို၏ ဆိုလို့ ဒုက္ခသစ္စာကြီး ရ,ရပါလို၏ ဘုရာ့။ (မှန်ပါ့)။

ဟောဒီလို နတ်ဘဝ ရ,ရပါလို၏ဆိုတော့ ဒုက္ခသစ္စာ ပြန်ရ,ရပါလို၏ (မှန်ပါ့)၊ ဒါက ဘယ်ပုဂ္ဂိုလ် ပါလိမ့်။ (မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)၊ မျက်စိ နှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်။ (မှန်ပါ့)။

ဒုက္ခမြင်ပြီး လှူတဲ့အလှူ

အလင်းရ ပုဂ္ဂိုလ်ကကော ကိုယ့်အသေ ကိုယ်မြင်နေ ခြင်းကြောင့် သြော် ငါတို့သည်ကားလို့ ဆိုရင် ဟောဒီ ဒုက္ခမှ လွတ်ရာဖြစ်တဲ့၊ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကိုသာ ရောက်လို ရလိုလို့ ပေးပါ၏။ ကမ်းပါ၏၊ လှူပါ၏၊ တန်းပါ ၏ ပေါ့။ (မှန်ပါ့ ဘုရား)။

ဒီတော့ ဒုက္ခမြင်ပြီး လှူတဲ့အလှူဖြစ်လေသောကြောင့် ဝဋ်ကျွတ်တယ်။ (မှန်ပါ့)၊ ဝိပါကဝဋ် ကျွတ်သွားတယ်။ (မှန်ပါ့)၊ မကျွတ်ဘူးလား။ (ကျွတ်သွားပါတယ် ဘုရား)။

အဲဒီတော့ အလင်းရတဲ့ ပုဂ္ဂိုလ် လမ်းသွားတာနဲ့၊ အလင်းမရတဲ့ ပုဂ္ဂိုလ် လမ်းသွားတာ ဘယ်သူက အန္တရာယ် ကင်းပါ့ မလဲ (အလင်းရတဲ့ ပုဂ္ဂိုလ် လမ်းသွားတာက အန္တရာယ် ကင်းပါတယ် ဘုရား)။

အလင်းမရဘဲ နေတဲ့ ပုဂ္ဂိုလ်များ လမ်းသွားတာကတော့ ဖြင့် တော်တော်ကြာ အပါယ် ချောက်ထဲ ကျတယ်။ (မှန်ပါ့)၊ တော်တော်ကြာ နတ်ပြည် သုဂတိ ချောက်ထဲ ကျတယ်။ (မှန်ပါ့)၊ ဗြဟ္မာပြည် အိုဘေး၊ နာဘေး၊ သေဘေးချောက်ထဲ (ကျပါတယ် ဘုရား)၊ ဒါက မျက်စိနှစ်ကွင်း အလင်း မရတော့ သွားချင်သလို သွားနေတာ။ (မှန်ပါ့)။

သွားချင်သလို သွားတော့ ကျချင်သလိုကျတဲ့ ချောက် တွေဟာ သူ့ ချောက်တွေ ဖြစ်ကုန် ကြတာပေါ့။ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား။ (ဆိုနိုင်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လှူမှု တန်းမှု နောက်ထားပြီး မျက်စိနှစ်ကွင်း အလင်းရမှုကို ဦးဘရှင်း ရွှေ့ဖို့ ကောင်းပြီ။ (မှန်ပါ့)။

ဒကာ ဒကာမတို့ မျက်စိကန်းနေတဲ့ ပုဂ္ဂိုလ်မှာ အပ် နဖားထိုးမှုနဲ့ မျက်စိအလင်းရမှု ဘယ်ဟာ ရှေ့ထားကြ မတုံး။ (မျက်စိအလင်းရမှု ရှေ့ထားရပါမယ် ဘုရား)၊ အပ်နဖားထိုးတာ နောက်မှ (မှန်ပါ့)။

အပ်နဖားထိုးတာက (နောက်မှပါ ဘုရား)၊ ဘာ အရေးကြီးသတုံး။ (မျက်စိနှစ်ကွင်း အလင်းရဖို့ အရေးကြီး ပါတယ် ဘုရား)။

အခုတော့ဖြင့် မျက်စိတော့ အလင်းမရဘူး၊ အပ်နဖား ချည့် ထိုးနေတော့ အလွဲနဲ့ အချော်ချည့် ဖြစ်နေတယ်။ (မှန်ပါ့ ဘုရား)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

မျက်စိတော့ မကုဘဲနဲ့ အပ်နဖားချည့် ထိုးနေကြရင် (အလွဲ အချော်ချည့်ပါ ဘုရား)၊ အလွဲနဲ့ အချော်ချည့် ဖြစ်နေကြတယ် ဆိုတာကော ငြင်းဆန်ဖို့ လိုသေးသလား။ (မလိုပါ ဘုရား)။

ဪမောင်နိုင် တယ်သနားစရာ ကောင်းပါလား။ (ကောင်းပါတယ် ဘုရား)၊ ဦးအောင်ဇံဝေတို့၊ ဦးဘသန်းတို့ ဘယ့်နှယ်တုံး (သနားစရာ ကောင်းပါတယ် ဘုရား)၊ အင်မတန် သနားစရာ ကောင်းတယ် ဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့က ကလေးပြေးသာ ပြေးနေတာပဲ၊ ကလေး ပြေးဆိုတာက ကျောင်းကျယ်ကျယ်ပေါ် ရောက်လာတယ် ဆို ကလေးတွေက ဒေါင်းဒေါင်း- ဒေါင်းဒေါင်းနဲ့ ပြေးတာ ပဲ၊ လဲရင်,ကွဲရင် သူတို့ အိမ်ထက် နာမယ် ဆိုတာ သူတို့ သိရဲ့လား။ (မသိပါ ဘုရား)၊ ကျယ်ကျယ် ရောက်ရင် ပြေး လိုက်ချင် တာပဲ။ (မှန်ပါ့)။

ခင်ဗျားတို့ လဲ တူတူပဲ၊ ပိုက်ဆံကလေး ဘာကလေး က ရှိတယ်မကြံဘူး၊ ပေးချင်၊ ကမ်းချင်၊ လှူချင်ကသာ ရှေ့ပြေးတယ်၊ ပြေးချင်တာကသာ စောင့်နေတယ်။ (မှန်ပါ့)။

မျက်စိနှစ်ကွင်း အလင်းရအောင်သာ အရင်လုပ်ပါ ဦး။ (မှန်ပါ့)၊ ပြီးတော့မှ ပြေးတဲ့အလုပ် လှူမှု၊ တန်းမှု၊ ပေးမှု၊ ကမ်းမှု လုပ်တာပေါ့။ (မှန်ပါ့)၊ ဒီလိုဆိုတော့ကို အမြင်ရှိတဲ့ ပုဂ္ဂိုလ် လမ်းသွားရာ မရောက် ဘူးလား။ (ရောက်ပါတယ် ဘုရား)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

ဝိပဿနာ ရှုတတ်ကြပလား

ကောင်းပြီ ဒါဖြင့် ကိုင်းဒကာ ဒကာမတို့ ဝိပဿနာ ရှုတတ်ပလား တဲ့၊ မြင်စိတ်ပေါ်ရင် ဘယ့်နှယ် လုပ်ကြမယ် (ဖြစ်ပျက် မြင်အောင် လုပ်ရပါမယ် ဘုရား)။

မြင်စိတ်က ခဏကလေး ဖြစ်ပြီး ခဏကလေးပျောက် သွားတယ်၊ မြင်စိတ်ဆိုပြီး နောက်မလာ တော့ဘူး။ (မှန်ပါ့)၊ ဘယ်ပြန်ရှု ရမှာပါလိမ့်။ (အိမ်သည် ပြန်ရှုရပါ မယ် ဘုရား)၊ လေထုတ်တဲ့စိတ်၊ လေပြန်ရှိုက်တဲ့ စိတ်ကို ပြန်ပြီး လှည့်ရှု။ (မှန်ပါ့)။

ရှုနေရင်းမတ္တနဲ့ ကြားစိတ်ကလေး ပေါ်လာရင် မောင်နိုင် ဘယ်လိုက်မယ် (ကြားစိတ်ကို လိုက်ရပါမယ် ဘုရား)၊ နောက် ဘယ်ပြန်ထိုင်မတုံး။ (အိမ်သည်စိတ်ကို ပြန်ထိုင်ပါမယ် ဘုရား)၊ လေထုတ်တဲ့ စိတ်နဲ့ လေသွင်းတဲ့ စိတ် ဒါပြန်ထိုင်။ (မှန်ပါ့)။

တစ်ခါ ယားတဲ့စိတ်၊ ယံတဲ့စိတ်ကလေး ပေါ်လာ ပြန်တယ်၊ မောင်နိုင်ရေ (ယားတဲ့စိတ် ဖြစ်ပျက် ရှုရပါမယ်)၊ နောက် ဘယ်ပြန်ထိုင်မလဲ (အိမ်သည်စိတ်ပါ)၊ ထွက်စိတ်၊ ဝင်စိတ်ပဲ ပြန်ထိုင်။ (မှန်ပါ့)။

ထွက်စိတ်၊ ဝင်စိတ် ရှုရင်းပဲ အင်း ပေးချင်လိုက် တာလို့ စိတ်ကလေး လာပြန်ပြီ၊ ပေးချင်တဲ့ စိတ်ကို (ဖြစ်ပျက် ရှုရပါမယ် ဘုရား)၊ ဒါကလေးက ပျောက်သွားပြန် ပြီ၊ ဘယ်ပြန်ထိုင်မလဲ။ (အိမ်သည် စိတ်ကို ပြန်ထိုင်ရ မယ် ဘုရား)၊ ထွက်စိတ်၊ ဝင်စိတ်ဆိုတဲ့ အိမ်သည် ပြန် မထိုင် ရပေဘူးလား။ (ထိုင်ရပါတယ် ဘုရား)။

ရှုစရာမရှိရင် အိမ်သည်စိတ် ပြန်ထိုင်ပါ

ကိုင်း ဒါဖြင့် ဘယ်ဟာရှုရှု ဟိုက ဆက်လာရင် – ဆက်ရှု၊ ရှုစရာမရှိရင် ထွက်စိတ်၊ ဝင်စိတ် ဆိုတဲ့ အိမ်သည် ပြန်ထိုင် (မှန်ပါ့ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

အဲဒါ ဝိပဿနာ အလုပ်ပေးနေတယ် ဆိုတာ ဦးအောင်ဇံဝေ ကျေနပ်ပလား။ (ကျေနပ်ပါပြီ)၊ ကျေနပ်ပြီနော်။ (မှန်ပါ့)။

ဝိပဿနာအလုပ် ပေးနေတယ်။ မျက်စိနှစ်ကွင်း အလင်းရအောင် ကုနေတယ်၊ လမ်းသွား တတ်အောင်လို့ (မှန်ပါ့ ဘုရား)။

ကိုပေါ် ဘာလို့ပါလိမ့်။ (လမ်းသွားတတ်အောင် လို့ ပါ)၊ လမ်းသွားတတ်အောင်လို့ ဆိုတဲ့ အဓိပ္ပါယ်မျိုး ရှင်းပေး နေပါတယ် ဆိုတာ မောင်နိုင်တို့ သဘောကျလောက် ပါပြီ။ (ကျပါပြီ)၊ မကျသေး ဘူးလား။ (ကျပါပြီ ဘုရား)။

၃-၄ ရက်ရှိပြီနော်၊ ဒကာ ဒကာမတို့ အလုပ်စခန်း ချည့် ပေးနေပါတယ်။ (မှန်ပါ့)၊ အလုပ်စခန်းဟာ အင်မတန် အရေးကြီးတယ် ဆိုတာလဲ ကိုမြင့် သိပြီ။ (သိပါ ပြီ ဘုရား)။

ဒုက္ခတွေ မလာတာက နိရောဓသစ္စာ

သိတော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ် လိုက်စမ်းပါ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ဖြစ်ပျက်လို့ သိတာ – က (မဂ္ဂသစ္စာပါ)၊ သေတာက (သမုဒယသစ္စာပါ)၊ သမုဒယ သေလို့ နောက် ဒုက္ခတွေ မလာတာက (နိရောဓပါ ဘုရား)၊ ဟော သစ္စာလေးပါး ပါ,ပါနေတယ်။ (မှန်ပါ့)၊ မပါဘူးလား။ (ပါ,ပါတယ် ဘုရား)။

သိလုံးကလေးက မဂ္ဂသစ္စာ

ဖြစ်ပျက်က (ဒုက္ခသစ္စာပါ)၊ သိလုံးကလေးက (မဂ္ဂသစ္စာပါ ဘုရား)၊ သိလုံးကလေးနဲ့ သိနေတော့ သမုဒယ လာသေး သလား။ (မလာပါ)၊ မလာတာက (သမုဒယ သေတာပါ ဘုရား)။

သမုဒယသေတော့ တဏှာ ဥပါဒါန် ကံချုပ်တယ် ဆိုရင် နောက်က ဇာတိ,ဇရာ,မရဏ လာသေးရဲ့ လား။ (မလာပါ)၊ အဲဒါက ဘာပါလိမ့် (နိရောဓသစ္စာပါ)၊ သြော် တို့ တစ်ခါတည်း လုပ်လိုက်တာ၊ သစ္စာလေးပါး တစ်ပြိုင်နက် ပေါ်နေပါကလား ခန္ဓာထဲမှာ (မှန်ပါ့ ဘုရား)။

ဘယ်လိုပါလိမ့်။ (သစ္စာလေးပါး တစ်ပြိုင်နက် ပေါ်နေပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ တို့ အလုပ်သည်ကား လို့ ဆိုလို့ ရှိရင်ဖြင့် လုပ်ရင်းမတ္တနဲ့ သစ္စာလေးပါး ပေါ်နေ တယ်။ (မှန်ပါ့ ဘုရား)။

လုပ်လိုက်ရင် (သစ္စာလေးပါးပေါ်နေပါတယ်)၊ ဪ နိဗ္ဗာန် ရောက်ရပါလို၏ ဆုတောင်း သတဲ့လား။ နိဗ္ဗာန်ပါ, ပါသွားသလား။ (နိဗ္ဗာန်ပါ, ပါသွားပါတယ် ဘုရား)။

တစ်ဘဝထက် တစ်ဘဝ ကိလေသာခေါင်းပါးတဲ့ ကိုယ် ဖြစ်ရပါလို၏လို့ ဆုတောင်း ရမှာလား၊ တစ်ခါတည်း ပြတ်ပြတ် သွားသလား။ (ပြတ်ပြတ် သွားပါတယ် ဘုရား)။

ဦးအောင်ဇံဝေတို့၊ ဦးဘသန်းတို့ ဘယ့်နှယ်တုံး။ (တစ်ခါတည်း ပြတ်ပြတ်သွားပါတယ်)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)၊ ဒါ အလုပ်သင် ပေးနေတာနော်။ (မှန်ပါ့)၊ အလုပ်သင်ပြီး မျက်စိနှစ်ကွင်း အလင်းရအောင် ဆေးကု ပေးနေတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အနှစ်တွေ့တဲ့ တရားတော်

အဲဒီတော့ကို ဒါဟာ ဘာတရားတုံးလို့ မေးလို့ ရှိရင်ဖြင့် အနှစ်ရှာတဲ့ တရား။ (မှန်ပါ့)၊ အနှစ်တွေ့တဲ့တရား။ (မှန်ပါ့)၊ မှတ်မိကြ ပလား။ (မှတ်မိပါပြီ ဘုရား)။

ဘာပါလိမ့် (အနှစ်ရှာတဲ့တရား၊ အနှစ်တွေ့တဲ့တရား ပါ)၊ ဘုရားလက်ထက်က ပိင်္ဂလကောစ္ဆ ဆိုတဲ့ ပုဂ္ဂိုလ် တစ်ယောက် ရှိတယ်။ (မှန်ပါ့)။

ဘုရားက သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်း သုံးနေတယ်၊ ပိင်္ဂလကောစ္ဆက အရှင်ဘုရား တပည့်တော် လျှောက်ပါရစေတဲ့၊ အေး လျှောက်တာပေါ့ ဆိုတော့ လောကကြီး ထဲမှာ ဘုရား၊ ပုရာဏကဿပ ဆိုတဲ့တိတ္ထိ၊ မက္ခလိ ဂေါသလ ဆိုတဲ့ တိတ္ထိ၊ သိဉ္စည်းဆိုတဲ့ တိတ္ထဆရာကြီး တွေ၊ ဘုရားအမည်ခံ ပုဂ္ဂိုလ်ကြီးတွေ၊ ပကုဓကစ္စာယန ဆိုတဲ့ တိတ္ထိ ဆရာကြီးတွေဟာ သူတို့ဟာသူတို့ အကုန် သိတယ်လို့ ပြောနေတယ်၊ အဲဒါ အကုန် သိလေသည် မသိ လေသည် ဆိုတာ တပည့်တော် တို့လဲ မပြောတတ်ဘူး၊ သူတို့ လဲ ဂိုဏ်းဂဏတွေနဲ့ ဘုရား လုပ်နေကြတာပဲ၊ သူတို့ကိုယ် သူတို့လဲ ဘုရားလို့ ဝန်ခံနေတယ်၊ အဲဒီတော့ ဘုရားပဲလား။ ဘုရား မဟုတ်ဘူးဘဲလား တပည့်တော် မသိပါဘူးတဲ့၊ ပိင်္ဂလကောစ္ဆက မေးတယ်။ (မှန်ပါ့ ဘုရား)။

ဒါတွေဟာ ဘုရားတွေပဲလား၊ ဘုရား မဟုတ်ဘူးလား လို့ သူတော့ မဝေဖန် နိုင်ဘူးတဲ့။ (မှန်ပါ့)၊ ဝေဖန်နိုင် ပါ့မလား။ (မဝေဖန်နိုင်ပါ ဘုရား)။

သူတို့ကတော့ သူတို့ကိုယ်သူတို့ ဘုရားလို့ ဆိုပြီး၊ ဂိုဏ်းတွေဂဏတွေနဲ့ အကုန်သိတယ်ဆိုပြီး နေကြတာပဲ။ (မှန်ပါ့ ဘုရား)။

ငါ ပြောတာသာ နားထောင်စမ်းပါ

ဒါနဲ့ ဘုရားက ပိင်္ဂလကောစ္ဆ ဒါတွေ မပြောပါနဲ့ ကွာ၊ မက္ခလိဂေါသာလဟာ ဘုရားလား၊ သိဉ္စည်းဟာ ဘုရား လား၊ အကုန် သိသလားဆိုတာ မပြောပါနဲ့၊ ငါ ပြောတာ သာ နားထောင်စမ်းပါ၊ ငါ တရား ဟောပါ့မယ်၊ မင်း သေသေချာချာ မှတ်ပါတဲ့။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါတွေ မေးမနေပါနဲ့တဲ့၊ ဘုရား ဟုတ်တယ်၊ မဟုတ် ဘူး မေးမနေပါနဲ့တဲ့၊ ငါပြောတာ မင်း မှတ်ပါတဲ့။ (မှန်ပါ့ ဘုရား)။

ငါပြောတာ မင်း မှတ်ပါဆိုတော့ သစ်ပင်တစ်ခုကို ငါ ဥပမာပေးမယ်တဲ့၊ သစ်ပင်ကြီးတစ်ပင် ရှိတယ်ကွာ၊ အကိုင်း အခက် တွေလဲ ရှိတာပဲ၊ ၁-နံပါတ်နော်။ (မှန်ပါ့ ဘုရား)။

အပွေးတွေရှိတာက ၂-နံပါတ်နော်။ (မှန်ပါ့)၊ အကာတွေရှိတာက ၃-နံပါတ်၊ အသားတွေ ရှိတာက ၄နံပါတ်၊ အနှစ် ရှိတာက ၅-နံပါတ်။ (မှန်ပါ့ ဘုရား)။

အကိုင်းအခက်က (၁-နံပါတ်)၊

အပွေးက (၂- နံပါတ်ပါ ဘုရား)၊

အကာက (၃-နံပါတ်ပါ)၊

အသားက (၄-နံပါတ်ပါ ဘုရား)၊

အနှစ်က (၅-နံပါတ်ပါ)၊ ဪ ၅-နံပါတ်မှာ သွားနေတယ်။ (မှန်ပါ့ ဘုရား)။

လူတစ်ယောက်ကွာတဲ့၊ ငါ ပြောမယ် မင်း နား ထောင် ပိင်္ဂလကောစ္ဆ တောထဲမှာ လှည်းဝင်ရိုး လုပ်ဖို့၊ လှည်း ထမ်းပိုးကြီး လုပ်ဖို့၊ လှည်းရံတိုင် လုပ်ဖို့ အနှစ်သွားရှာတယ် ကွတဲ့။ (မှန်ပါ့ ဘုရား)။

အနှစ်ရှာလို့ ရှိရင်ဖြင့် သူဟာ တောထဲမှာ အနှစ်ရှိတဲ့ သစ်ပင်ကြီး တွေတော့ ခုတ်လှဲတယ်၊ သူ့ဓားမကြီးနဲ့ ခုတ်လှဲ လိုက်တယ်၊ ခုတ်လှဲပြီးတော့ အကိုင်းအခက် တွေကို သူ့ လှည်းဝင်ရိုး လုပ်ဖို့ အကိုင်းကြီးတွေ ထမ်းပြန်သွားတယ်။ (မှန်ပါ့)၊ ကဲ မင်းက ဘယ်လိုဆိုမတုံးတဲ့။ (မှန်ပါ့ ဘုရား)။

ကဲ တရားပွဲက ဘယ်လိုဆိုမတုံး၊ လှည်းဝင်ရိုးလုပ် လို့ ဖြစ် မဖြစ် (မဖြစ်ပါ ဘုရား)၊ ဖြစ်သည့် တိုင်အောင် ခိုင်ပါ့မလား။ (မခိုင်ပါ ဘုရား)။

သြော် သူ့ကို ဘယ့်နှယ်ဆိုပါ့ မတုံး၊ ခိုင်တာနဲ့ မခိုင်တာ၊ အနှစ် ရှိတာနဲ့ မရှိတာ၊ သူ သိတဲ့ ပုဂ္ဂိုလ်လား၊ မသိတဲ့ ပုဂ္ဂိုလ်လား။ (မသိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။

အဲ အဲဒီလို အနှစ်ကို မသိတော့ အကိုင်းတွေ ထမ်းပြီး လှည်းဝင်ရိုး လုပ်တယ်ကွာတဲ့၊ တစ်နေရာ ဒုက္ခဖြစ်မှာပဲ။ (မှန်ပါ့)၊ ဒါက တစ်မျိုးကွတဲ့။ (မှန်ပါ့ ဘုရား)။

ထို့အတူပဲတဲ့၊ တစ်ယောက်သော ပုဂ္ဂိုလ်က တောထဲ လာပြီး လှည်းဝင်ရိုး လုပ်ဖို့ လာပြန် တော့လဲ အပွေးတွေ ခုတ်ပြန်သွားတယ်တဲ့၊ လှည်းဝင်ရိုး လုပ်လို့ ဖြစ်ပါ့မလား။ (မဖြစ်ပါ ဘုရား)။

ဒီပုဂ္ဂိုလ်လဲ မိုက်လုံး တစ်မျိုးပဲ၊ အနှစ်မရှိတဲ့ ပုဂ္ဂိုလ် တစ်မျိုးပဲ၊ မဆိုနိုင်ဘူးလား။ (ဆိုနိုင်ပါတယ် ဘုရား)၊ ဒါဖြင့် အနှစ်မရှိတဲ့ ပုဂ္ဂိုလ် ဘယ်နှစ်မျိုး ရှိသွားပလဲ။ (နှစ်မျိုးပါ ဘုရား)။

သုံးယောက် မြောက်ဖြစ်တဲ့ တစ်ယောက်သော ပုဂ္ဂိုလ် ကလဲ လာပြန်တယ်ကွ၊ ဓားကြီး ထမ်းပြီး လှည်းဝင်ရိုး လုပ်ဖို့ လာပြန်တယ်၊ တောထဲ သစ်ပင်ကြီးတွေတော့ အကာတွေ ထမ်းပြန် သွားတယ်ကွ တဲ့၊ ဒီပုဂ္ဂိုလ်ကော အနှစ်သိရဲ့လား။ (မသိပါ ဘုရား)။

နောက် လေးယောက်မြောက် ပုဂ္ဂိုလ်ကလဲ အသား တွေ ထမ်းပြန် သွားတယ်ကွတဲ့၊ အနှစ်တော့ ထားပစ်ခဲ့ တယ်။ (မှန်ပါ့)၊ ဒီပုဂ္ဂိုလ်ကော အနှစ်သိရဲ့လား။ (မသိပါ ဘုရား)။

နောက် ပဉ္စမမြောက် ပုဂ္ဂိုလ်သာလျှင် တောထဲဝင် လာပြီး အနှစ်တွေ ယူသွားတယ်၊ ဒီပုဂ္ဂိုလ် သာလျှင် လှည်း ဝင်ရိုး လုပ်တော့ ဖြစ်မယ်တဲ့။ (မှန်ပါ့)။

ဒါဖြင့် မသိတဲ့ ပုဂ္ဂိုလ်က ဘယ်နှစ်ယောက်တုံး (လေးယောက်ပါ)၊ သိတဲ့ ပုဂ္ဂိုလ်က (တစ်ယောက်ပါ ဘုရား)။

ထို့အတူပဲကွတဲ့ လောကကြီးထဲမှာ ဒီလိုရှိတယ် တဲ့ လူငါးမျိုး ရှိတယ်တဲ့ (မှန်ပါ့)၊ အနှစ်သိတဲ့ ပုဂ္ဂိုလ်ကတော့ တစ်ယောက်တည်း ရှိတယ်တဲ့။ (မှန်ပါ့)၊ အနှစ်မသိတဲ့ ပုဂ္ဂိုလ်က (လေးယောက်ပါ ဘုရား)။

အဲ အနှစ်မသိတဲ့ ပုဂ္ဂိုလ်က လောကကြီးထဲမှာ ဘယ်လို လူတုံးလို့ ဆိုလို့ရှိရင် ကိုယ့်ကိုယ်ကိုယ် စီးပွား ဥစ္စာတွေ မရ,ရအောင် ရှာပြီး၊ နေပျော်,သေပျော် ရှိပြီး လူလားမြောက် လို့ လူပုံ အလယ် တင့်တယ် ဆိုပြီး သကာလ စီးပွားရှာပြီး၊ သေသွားပြီး၊ ကိုယ့်မှာတော့ ရှာလိုက်ရတာ၊ သူတို့ ပျင်းလို့ မရဘူး၊ ဖျင်းလို့ မရဘူး ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မြှောက် ပြီး၊ သူများတော့ ချပြီး၊ စီးပွား ပြည့်စုံပြီး သေသွားတဲ့ ပုဂ္ဂိုလ်ဟာလဲတဲ့၊ ခုနင်က လူ့ပြည့်ကို အနှစ် လာရှာတာ အကိုင်း,အခက်ကို ထမ်းပြန် သွားပဟေ့ တဲ့။ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာတဲ့တုံး။ (အကိုင်း၊ အခက် ထမ်းပြန်သွားပါပြီ ဘုရား)။

၁။ လှူဒါန်းတဲ့ ပုဂ္ဂိုလ်

စီးပွားရေးကလေးနဲ့ တော်ပြီ, တန်ပြီ, လူလား မြောက်ပြီ၊ လူပုံ အလယ်မှာ လူသဖွယ် ဖြစ်ပြီး တော်လောက် ပြီ၊ ထိုက်တန် သလောက် လှူရ၊ ပေးရ၊ ကမ်းရ ဆိုပြီး သေသွား တဲ့ ပုဂ္ဂိုလ်များဟာ ဟေ့ တဲ့၊ အကိုင်း၊ အခက် ထမ်းပြန် သွားတာတဲ့ (မှန်ပါ့ ဘုရား)။

လိုရာခရီး ပြီးပလား။ (မပြီးပါ ဘုရား)၊ အနှစ်ရမှ ပြီးမှာပဲ။ (မှန်ပါ့)၊ အနှစ်ရပလား။ (မရပါ ဘုရား)၊ အဲဒီလိုပဲကွတဲ့ ပထမပုဂ္ဂိုလ်နဲ့ တူတယ်တဲ့။

၂။ သီလပြည့်စုံတဲ့ ပုဂ္ဂိုလ်

ဒုတိယ ပုဂ္ဂိုလ်ကကော ကွာတဲ့၊ အပွေးထမ်း ပြန်သွား တာက ဘယ်လို ပုဂ္ဂိုလ်တုံး၊ သီလကလေး ဆောက်တည်ပြီး သီလပြည့်စုံရင် သေပျော်ပြီလို ပြောတဲ့ ပုဂ္ဂိုလ်ကွတဲ့။ (မှန်ပါ့)၊ ဒါက ဘာထမ်း ပြန်တာတုံး။ (အပွေးထမ်း ပြန်တာပါ ဘုရား)။

ကဲ ဦးဘရှင်း ဘုရားပေးလိုက်တာ ဥပမာ သိပ် ကောင်းတယ်။ (ကောင်းပါတယ် ဘုရား)။

တတိယပုဂ္ဂိုလ်ကတော့ အကာတွေ ထမ်းပြန်သွား တယ်လို့ မဟောဘူးလား။ (ဟောပါတယ် ဘုရား)၊ လှည်း ဝင်ရိုး လုပ်လို့ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

၃။ သမထ ပုဂ္ဂိုလ်

သူကတော့လဲ သမထနဲ့ တင်းတိမ်သွားတဲ့ ပုဂ္ဂိုလ် တဲ့ (မှန်လှပါ ဘုရား)၊ ဒါ အကာ ထမ်းတာပဲ။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

စတုတ္ထ ပုဂ္ဂိုလ်ကတော့လဲ ဘာနဲ့တူသတုံးဆိုတော့ အသားထမ်း ပြန်သွားတဲ့ ပုဂ္ဂိုလ်နဲ့ တူတယ် နော်။ (မှန်ပါ့)၊

လောကကြီးထဲတော့ သူက ဘာနဲ့ တူသတုံးဆိုတော့ အဘိဉာဏ် ရတဲ့ ပုဂ္ဂိုလ်နဲ့ တူသကွတဲ့။ (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

၄။ အဘိဉာဏ်ရတဲ့ ပုဂ္ဂိုလ်

အဘိဉာဏ်ဆိုတာလဲ နိဗ္ဗာန် ဟုတ်ရဲ့လား။ (မဟုတ် ပါ)၊ အဲ အဘိဉာဏ် ငါးပါး ရတဲ့ ပုဂ္ဂိုလ်နဲ့ တူတယ်တဲ့။ ဒါလဲ အသားထမ်း ပြန်သွားတာကွတဲ့၊ နေရာ မကျသေး ဘူးတဲ့။ (မှန်လှပါ ဘုရား)။

၅။ ဝိပဿနာဉာဏ်ရတဲ့ ပုဂ္ဂိုလ်

အခုလို မျက်စိနှစ်ကွင်း အလင်းရပြီး ဝိပဿနာ မဂ်ဉာဏ် ရတဲ့ ပုဂ္ဂိုလ်မှတဲ့၊ အနှစ်ထမ်း ပြန်သွားတဲ့ ပုဂ္ဂိုလ် ကွ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ ဘယ်ဟာ ထမ်းပြန်ကြမလဲ။ (အနှစ် ထမ်း ပြန်ပါမယ် ဘုရား)။

အံမာ တစ်ညီတညွတ်တည်းပါလား၊ လုပ်တဲ့အခါ တော့ မလွဲစေကြနဲ့နော်။ (မှန်ပါ့)။

လုပ်တော့ (မလွဲစေပါ ဘုရား)၊ ဒါက စူဠသာရောပမ သုတ်ဆိုပြီး ဘုရားသခင် ကိုယ်တော် မြတ်ကြီး မူလပဏ္ဏာသ ပါဠိတော်မှာ ဟောတော်မူတယ်။ (မှန်ပါ့)။

ယနေ့ ခင်ဗျားတို့ ဘာတရား ဟောသတုံး၊ အကိုင်း၊ အခက်တရား ဟောသလား၊ အပွေးတရား ဟောသလား၊ ဟုတ်လား၊ အကာတရား ဟောသလား၊ အသားတရား ဟောသလား၊ အနှစ် တရားကို ဟောသလား ဆိုတာကို ခင်ဗျားတို့ ဝေဖန်ကြည့်။ (အနှစ်တရား ဟောပါတယ် ဘုရား)။

အနှစ်ထမ်းပြီး ပြန်ကြပါ

ဒါဖြင့် အနှစ်ထမ်း ပြန်လို့ ရှိရင် ခင်ဗျားတို့ လိုရာ ခရီး အပြီးတိုင် ရောက်မယ်။ (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အနှစ်တရားကိုသာ မလုပ်တော့ပါဘူး ဆိုရင်ဖြင့် ခုနင်က ပြောခဲ့တဲ့ မျက်စိနှစ်ကွင်း အလင်းမရဘဲနဲ့ မွေးလာပြီး၊ အကန်းကလေး မွေးပြီး အကန်းကလေး သေသွားတဲ့ထဲ ခင်ဗျားတို့ ပါသွားမယ်။ (မှန်ပါ့ ဘုရား)၊ မဆိုထိုက် ဘူးလား။ (ဆိုထိုက်ပါတယ် ဘုရား)။

ဘယ်ထဲ ပါသွားမလဲ (အကန်းမွေးပြီး အကန်းသေ ထဲ ပါသွားပါမယ် ဘုရား)။

ဒါဖြင့် ကြားထဲမှာ အကန်း အသက်ရှင် နေတာလဲ လမ်းသွား မှန်ရဲ့လား။ (မမှန်ပါ)၊ တယ်လဲ ကြောက်စရာ ကောင်းပါကလား။ (ကောင်းပါတယ် ဘုရား)။

ဦးညိုကြီး ပေါ်ပလား။ (ပေါ်ပါပြီ)၊ အဲဒါ ဘုန်းကြီး ပြောတာ သေသေချာချာ မှတ်ကြပါ၊ အကန်းသွား- မသွား ကြပါနဲ့။ (မှန်ပါ့)။

နောက်ကိုလဲ အကန်းကလေးလဲ မမွေးချင်ပါနဲ့။ (မှန်ပါ့)၊ အကန်း လမ်းသွားမှု ကိုလဲ ကြောက်ကြပါ။ (မှန်ပါ့)။

အကန်းသေ,သေမှုကိုလဲ ဘယ်သူ သေသတုံးဟေ့ အကန်း တစ်ယောက် သေသွားတယ် ဆိုတဲ့ အမင်္ဂလာဟာ လဲ အတော် ယုတ်ပါတယ်။ (မှန်ပါ့ ဘုရား)၊ မယုတ်ဘူး လား။ (ယုတ်ပါတယ် ဘုရား)။

အဲဒါကြောင့် ပြင်ကြပါ, ဆင်ကြပါ ဆိုတာ ဦးဘရှင်း တို့၊ ကိုယ်တို့ အထူးတလည် သတိပေး ရတယ်။ (မှန်ပါ့)၊ မောင်နိုင် အနှစ်ထမ်း ပြန်တဲ့ ပုဂ္ဂိုလ် ရှာမှရှား။ (ရှားပါတယ်)၊ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။

အနှစ်ရှာပြီးပေးတဲ့ တရား

ကိုင်း ဒါဖြင့် ယနေ့ ခင်ဗျားတို့ စ,ပြီး ဟောလိုက် တဲ့ တရားသည် မျက်စိနှစ်ကွင်း အလင်းရပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် တရားကို ဟောတဲ့ အတွက် အနှစ်ရှာပြီး ခင်ဗျား တို့ကို ပေးတဲ့တရား(မှန်ပါ့)၊ ခင်ဗျားတို့ကလဲ ဒီအနှစ် ကိုပဲ အသုံးချရမယ်။ (မှန်ပါ့)၊ ဒါမှ ခိုင်မြဲမယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီလို ရှုကြ၊ ခုနင်က ဆယ့်နှစ်ခုကို တစ်ခုနဲ့ သာ ရှုနေ။ (မှန်ပါ့)၊ ရှုတဲ့ အခါကျလို့ ရှိရင် ကိုယ့်အသေ ကိုယ်မမြင်ပေဘူးလား။ (မြင်ပါတယ် ဘုရား)။

စိတ်တစ်ခုနဲ့ အသက် ရှင်တာကိုးဗျ။ (မှန်ပါ့)၊ ဒါဖြင့် အသေကို အရှင်နဲ့ကြည့်လို့ ဟောလိုက် ပါတယ်။ (မှန်ပါ့ ဘုရား)။

အသေကို (အရှင်နဲ့ ကြည့်ရပါမယ် ဘုရား)၊ ကြည့် လိုက်တဲ့အခါကျတော့ အသေကို အရှင်နဲ့ ကြည့်လိုက်တဲ့ အခါ၊ လူသေတွေကို လူရှင်က ကြည့်တဲ့ အခါ သြော် အသုဘပဲ – ဆိုတော့ ဒီအသုဘမျိုး ဖြစ်ချင်သေးရဲ့ လား။ (မဖြစ်ချင်ပါ ဘုရား)။

ကျုပ်တို့ဖြင့် ဒီအသေမျိုး မသေပါရစေနဲ့။ (မှန်ပါ့)၊ အသုဘ မြင်တဲ့ လူအပေါင်းက အကုန် မပြောပေဘူးလား။ (ပြောပါတယ် ဘုရား)။

ဝိပဿနာ အလုပ်သည် အနှစ်ထမ်းတဲ့ အလုပ်

ထို့အတူပဲ ဝိပဿနာ ဆိုတာ ကိုယ့်အသေကို ကိုယ့် မျက်လုံး အရှင်နဲ့ ကြည့်တာပဲ။ (မှန်ပါ့ ဘုရား)။

အသေကို (အရှင်နဲ့ကြည့်တာပါ)၊ အဲဒါ ဘာခေါ် ကြမလဲ (ဝိပဿနာပါ) ဝိပဿနာအလုပ်၊ အနှစ်ထမ်းတဲ့ အလုပ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

အနှစ်ထမ်းတဲ့ အလုပ်ဆိုတာ သေချာပလား။ (သေ ချာပါပြီ ဘုရား)။

ကောင်းပြီ။ ဒါနဲ့တွင် မတင်းတိမ်ဘဲနဲ့ မျက်စိနှစ်ကွင်း အလင်းရရုံ မကျေနပ်ပဲနဲ့၊ ကိုင်း အလင်း တို့၏ နေရာဌာန မပြန်တဲ့ နေရာဌာန ရောက်အောင် သွားမယ် ဆိုလို့ရှိရင်ဖြင့် ဒီဖြစ်ပျက်ကို ရွံ့မုန်း ငြီးငွေ့ လာအောင် ကြည့်ပါ။ (မှန်ပါ့)၊ ဒီဖြစ်ပျက်ကို (ရွံ့မုန်း ငြီးငွေ့ လာအောင် ကြည့်ရပါမယ် ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။