094

ကိုယ်အခြေအနေ၊ ကိုယ်သိစမ်းပါ

အသံဖိုင်ခေါင်းစဉ်= မျောလမ်းမြုပ်လမ်း ဒိဋ္ဌိကြိုးပျက်ခန်း တရားတော်

စာအုပ်ခေါင်းစဉ်= ကိုယ်အခြေအနေ၊ ကိုယ်သိစမ်းပါ

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ကိုယ်အခြေအနေ၊ ကိုယ်သိစမ်းပါ

(၃၀-၁၀-၆၁)

အားလုံး ဒကာ ဒကာမတွေ သံသရာထဲမှာ မျောနေ တယ်ဆိုတဲ့ ဥစ္စာဟာ ဒကာကြွယ် သေးသေးသိမ်သိမ် ဒုက္ခ လေးလို့ ဒီလို မမှတ်ပါနဲ့ (မှန်ပါ့) သံသရာထဲ မျောနေတယ် ဆိုဒါဟာ သေးသေးသိမ်သိမ် ဒုက္ခလို့ ဒီလို မမှတ်ပါနဲ့နော်။

ပြိတ္တာသံသရာ

ဘာပြုလို့တုံးလို့ မေးတဲ့အခါကြလို့ရှိရင်ဖြင့် ပြိတ္တာ ဘဝရောက်တယ် ဆိုလို့ ရှိရင်ဖြင့် ပြိတ္တာ သံသရာပဲ (မှန်လှပါ) သူများ စွန့်ထားတဲ့ ကျင်ကြီးတွေ မွှေပြီး သကာလ စားရ၊ သူများ စွန့်ထားတဲ့ နှပ်တွေကို ရှာပြီး သကာလ စားရ (မှန်လှပါ) ပြိတ္တာ သံသရာ ပေါ့ဗျာ။

တိရစ္ဆာန် သံသရာ

တိရစ္ဆာန် သံသရာကို ရောက်သွားလို့ ရှိပြန်တော့ လည်းဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် နေပူလည်း ပူရုံပဲ (မှန်ပါ့) တိရစ္ဆာန်ကိုး၊ မိုးရွာလည်း ဒီအတိုင်း ခံရရုံပဲ၊ သက်သာ ခွင့်ဆိုတာ ပါရဲ့လား (မပါပါ ဘုရား) ဆေးဝါး အကူအညီ အထောက် အပံ့တွေကော (မပါပါ ဘုရား) မပါဘူး။

ဘာကြောင့်ပါလိမ့်၊ သြော် သံသရာဒုက္ခ ဆိုတာ ဒါပါ လား (မှန်ပါ့ဘုရား) ဒီအထဲက နေပြီး ခွေးနာကြီးဖြစ် ခွေးသေ သေလိုက် (မှန်ပါ့) ဒါဘာတုံးလို့ မေးကြည့်ရင် သံသရာ ဆက်တာ (မှန်ပါ့)။

တိရစ္ဆာန် ဘဝက နေပြီး သကာလ ခွေးနာကြီး ဘဝ ရောက်သွားမယ် (မှန်ပါ့) ဒါဖြင့် ဒကာသစ်တို့ ဒကာကြွယ်တို့ ဆင်းရဲလား ချမ်းသာလားလို့ ဦးသန်းမောင်တို့ မေးရင် ဘယ့်နှယ် ဖြေကြမယ် (ဆင်းရဲပါ ဘုရား)။

သံသရာဆိုတာ

ဆင်းရဲအစစ် ဧကန် ဖြစ်တာကို သံသရာလို့ မှတ်ထား လိုက်ပါ (မှန်ပါ့) အဲဒီ သံသရာကြီးဟာ ဒကာ ဒကာမတို့ ဘယ်နှယ်ကြောင့် ဒီသံသရာထဲ တပည့်တော်တို့ နေကြရ၊ ရောက်ကြ ရပါလိမ့်မလဲလို့ အားလုံးကပဲ အမေးထုတ်လို့ ရှိရင်ဖြင့် လက်သည် အကြီးဆုံး ရှာလိုက်လို့ ရှိရင်ဖြင့် ဒိဋ္ဌိပါပဲ (မှန်ပါ့) ဘာပါလိမ့် (ဒိဋ္ဌိပါ ဘုရား)။

ဒိဋ္ဌိလို့သေသေချာချာမှတ်ပါ၊ ငါ့သား၊ ငါ့သမီး၊ ငါ့မြေး၊ အစရှိသဖြင့် ကိုယ့်ကိုယ်ကို ခြေလက် နှစ်ချောင်း နှာခေါင်း၊ အင်္ဂါကြီးငယ်ကိုလည်း အကုန် ငါမပြုတ်ပဲနဲ့ နေလို့ ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ ခုနက ပြောခဲ့တဲ့ ကျင်ကြီးတွေ ရှာစားရတဲ့ သံသရာ၊ မိုးရွာရင် အစို၊ နေပူရင် အခြောက်၊ ဆေးဖိုး ဝါးဖိုး မရှိပဲနဲ့ ပေါ်ပေါ်တင်းတင်းနဲ့ သေရမည့်အဖြစ် ကိုဖြင့် ဒိဋ္ဌိက ဆင်မြန်းလိုက်တဲ့ ဒိဋ္ဌိက စီမံလိုက်တဲ့ အလုပ် တစ်ခုလို့ မှတ်ပါ။

ဘယ်သူက စီမံပါလိမ့် (ဒိဋ္ဌိက စီမံတာပါ) ဒိဋ္ဌိက – စီမံတာလို့ မှတ်လိုက်ပါနော် (မှန်ပါ့)။

ဒိဋ္ဌိဆိုတာဘာတုံး

ဒိဋ္ဌိဆိုတာ ဘာတုံးလို့ မေးတော့ “ဧသောမေ၊ အတ္တာ” ဒိဋ္ဌိ ဆိုတာ ပါဠိလို “ဧသော မေ အတ္တာ” (မှန်လှပါ ဘုရား)။

ဧသော-ဒီ ခန္ဓာငါးပါးသည်၊ မေ-ငါ၏၊ အတ္တာ- အစိုးရစွာ၊ အလိုပါသော ထိုအတ္တတည်း။

ဧသောမေ အတ္တာဆိုတာ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ၊ (မှန်ပါ့) ဧသော-ဤခန္ဓာ ငါးပါးသည် ဒကာကြွယ် ခန္ဓာငါးပါး၊ ဒကာသစ်တို့ ခန္ဓာငါးပါး၊ ဦးသန်းမောင်တို့ ခန္ဓာငါးပါးပေါ့ဗျာ (မှန်ပါ့) ဒီတရားနာ နေတာကြီး၊ ဒီတရားနာ နေတာကြီး (မှန်ပါ့) မေ-ငါ၏။ ဧသော- ဒီတရား နာနေတဲ့ ခန္ဓာငါးပါး သည်၊ မေ-ငါ၏၊ အတ္တာ-ထချင်ရင် ငါထနိုင်တယ်၊ သွားချင်ရင် ငါသွားနိုင်တယ် ပြောချင် ငါပြော နိုင်တယ်။

အဲဒီလို ပုဂ္ဂိုလ်ကြီးကို တစ်ခါတည်း ခန္ဓာငါးပါး ပျောက် အနိစ္စတွေ ပျောက်ပြီးတော့ အကုန် “ငါက လွှမ်းမိုး ပြီးသကာလ နေတာဟာ ဧသောမေအတ္တာ” (မှန်ပါ့ ဘုရား)။

ဆံပင်ကလေး ဘယ်သူတုံး၊ မေးလိုက်လည်း ငါပဲ၊ သွားကလေး ဘယ်သူတုန်း မေးလိုက်လည်း ငါပဲ၊ တစ်ကိုယ်လုံး ဟာ အပ်သွား ချစရာ မရှိဘူး ငါ့ချည့်ပဲ (မှန်ပါ့) တစ်ကိုယ်လုံး အပ်သွားချစရာ မရှိဘူး ငါလုပ် ထားတာသည် ဒိဋ္ဌိပဲ (မှန်ပါ့)။

ဒိဋ္ဌိဟာဘာနဲ့တူသတုံး

တစ်ကိုယ်လုံးမှာ အပ်သွားချစရာ မရှိအောင် ငါလုပ်ထားတာ ဦးသန်းမောင် ဘယ်သူပါလိမ့် (ဒိဋ္ဌိပါ ဘုရား) ဒိဋ္ဌိပဲ ဆိုတာ ဒကာသစ် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား) အဲဒီ ဒိဋ္ဌိ ရှိနေပြီဆိုမှဖြင့် ဒိဋ္ဌိဟာ ဘာနဲ့တူသတုံးလို့ မေးတဲ့အခါကျ လို့ရှိရင်ဖြင့် ခန္ဓာကိုယ် တစ်ကိုယ်လုံး ငါတည်း ဟူသော ကြိုးတွေ ပတ်ထား တာနဲ့ တူတယ်၊ (မှန်လှပါ ဘုရား)။

ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ (ငါတည်းဟူသော ကြိုးတွေ ပတ်ထားတာနဲ့ တူပါတယ် ဘုရား) ငါတည်း ဟူသော ကြိုးတွေက ငါမထိနဲ့၊ ငါ့မကြည့်နဲ့ ဆိုတော့ တစ်ခါတည်း ဒကာ ဒကာမတို့ ငါမထိနဲ့ ဆိုကတည်း ကိုက တစ်ကိုယ်လုံး ငါလုပ်ပြီး ပြောတာ (မှန်လှပါ ဘုရား) ငါမကြည့်နဲ့ ဆိုတာကော (တစ်ကိုယ်လုံး ငါလုပ်ပြီး ပြောတာပါ ဘုရား)။

အမလေး အပ်သွား ချစရာတောင်မှ ဒိဋ္ဌိလွတ်တဲ့ နေရာ ရှိပါရဲ့ လား (မရှိပါ ဘုရား) ဦးသန်းမောင် သိပ်ဆိုးနေပြီ (ဆိုးပါတယ် ဘုရား)။

ဒကာကြွယ် ဒီအတိုင်းသုံးနေတယ် (မှန်လှပါ ဘုရား) ငါ့မထိနဲ့ ငါ့မကြည့်နဲ့ ငါဘယ်လို ဆိုးသွမ်းသွမ်း ပစ္စည်းကျတာ မှတ်လို့လား (မှန်ပါ့ဘုရား)။

ငါဂုဏ်သရေရှိသူ တစ်ဦးတစ်ယောက်ပဲ ဆိုတော့ တစ်ကိုယ်လုံးကို ဘာလုပ်ထားလည်း (ငါလုပ်ထားတယ်)

သြော် ဒါဖြင့် ဒိဋ္ဌိကြိုးတွေဟာဖြင့် ဒကာ ဒကာမတို့ ကြိုးပေါင်း ဘယ်နှစ်ထပ်များ ချည်ထား ကြသတုံး မေးရင် ဒကာကြွယ် ဖြေနိုင်စရာ အကြောင်း ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

အတွင်းသားလည်း ငါပဲ အပြင်သား တွေကော (ငါ- ပါ ဘုရား) ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိကြိုးတွေ တုပ်ထားလိုက်တာ။ လှုပ်နိုင်စရာများ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

သမ္မာဒိဋ္ဌိဝင်ခွင့်မပေးပါ

အင်း-ဘယ်သူ တုပ်တာပါလိမ့် (ဒိဋ္ဌိကြိုးပါ ဘုရား) ဒိဋ္ဌိကြိုးတွေ တုပ်ထားတာ လှုပ်နိုင်စရာ မရှိဘူး၊ လှုပ်နိုင်စရာ မရှိဘူး ဆိုလို့ ရှိရင်ဖြင့် ဒိဋ္ဌိကြိုးတွေက အကုန် ပတ်ထားတော့၊ သမ္မာဒိဋ္ဌိ ဒီထဲ ဝင်ခွင့်ကို မပေးဘူး (မပေးပါ ဘုရား)။

သမ္မာဒိဋ္ဌိ ဆိုတဲ့ မဂ်ဉာဏ် ဝင်ခွင့်ကို မပေးပါဘူး (မှန်ပါ) အင်း- တစ်ကိုယ်လုံး ဘာလုပ်ထား ပါလည်း (ငါ လုပ်ထားပါတယ်) ငါ ကြိုးတွေ ပတ်ထားတယ်။ တစ်ကိုယ်လုံး ဘာကြိုးတွေ ပတ်ထားလဲ (ငါကြိုးတွေ ပတ်ထားပါတယ်)။

သြော် ငါကြိုးတွေ ပတ်ထား လိုက်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌တဲ့ အကုန် လုပ်ပြီးသား ချည်ပြီးသားဖြစ် နေတော့ ဒကာ ဒကာမတို့ လှိမ့်သွားလို့ တောင်မှ သွားလို့ မဖြစ်ဘူး (မဖြစ်ပါ ဘုရား)။

အတွင်းဟာတွေ ငါနဲ့ချည်ထားတာ (မှန်ပါ့ဘုရား) ငါ့အူ ငါ့အသည်း၊ ငါ့အသား၊ ငါ့အသွေး တွေက လုပ်ချလိုက်တော့ ဒကာသစ်ရေ၊ ဒိဋ္ဌိက ခန္ဓာကိုယ်ကို ငါးများဆားမွှန်း ထားသလို ဘယ်နေရာ အငန် မရောက်တဲ့ နေရာ ရှိသေး ရဲ့လား (မရှိပါ ဘုရား)။

ဒီမှာတင် ဒိဋ္ဌိတည်း ဟူသော အငန်တွေက ဘုန်းကြီး တို့ ဒကာ ဒကာမတွေမှာ တစ်ပုံကြီး ပေါက်ပြီး သကာလ ထားလိုက်တော့ တစ်ကိုယ်လုံး ဆားနယ် ထားသလို အကုန် ဝင်ပြီး သကာလ နေတော့ ဒီဒကာ ဒကာမတွေ လွတ်လပ်ပါရဲ့လားလို့ မေးရင် ဒကာကြွယ် ဘယ်နှယ်ဖြေမလဲ (မလွတ်လပ်ပါ ဘုရား)။

ဒါကြောင့် ဒိဋ္ဌိကြိုးတွေ ဘုရား၊ ဆားငန်ရည် ဖြန့်သလို နှံ့နေလို့ (မှန်လှပါ ဘုရား) ဒိဋ္ဌိကြိုး တွေသည် (ဆားငန် ရည်ဖြန့်သလို နှံ့နေလို့ပါ ဘုရား)။

ဒါဖြင့် ဒီဒိဋ္ဌိသည်ကားလို့ ဆိုလို့ရှိရင် ကြိုးပတ်တာ (မှန်ပါ့) အင်း ဒါဖြင့် ကြိုးပတ်ထားတဲ့ ပုဂ္ဂိုလ်ကို ဒကာ ဒကာမတို့ ရေထဲ မျှောကြပါစို့ (မှန်လှပါ ဘုရား)

ကြိုးပတ်ထားတဲ့ပုဂ္ဂိုလ်ရေထဲမျှောတာ

ကြိုးပတ်ထားတဲ့ပုဂ္ဂိုလ် ရေထဲမျှောတော့မယ် ဆိုရင် ဖြင့် သောင်တွေ့လို့လည်း မတက် နိုင်ပါဘူး (မှန်ပါ့) ကမ်းတွေ့ လို့လည်း (မတက် နိုင်ပါဘူး) တုံးတစ်တုံး တွေ့ပြန်တော့ (မတက်နိုင် ပါဘူး) ခိုကိုးရာ ဖြစ်ပါရဲ့လား (မဖြစ် ပါဘူး) သဘောကျပလား (ကျပါပြီ)။

ဒကာသစ်တို့ ဒကာကြွယ်တို့ သိပ်ကြောက်စရာ ကောင်းတယ်ဆိုတာ ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။

သေသေချာချာ မနာနဲ့ တစ်ကိုယ်လုံးသိ ဆံပင်လေး တစ်ပင်လည်း ဆံပင် (မှန်ပါ့) အို ဒကာကြွယ်၊ သွားလေး တစ်ချောင်းလည်း ငါ့ဟာပဲ၊ ဧတံ – ဒီသွားလေး တစ်ချောင်း သည်၊ မေ-ငါ၏၊ အတ္တာ – အစိုးရစွာ အလိုပါသော ထိုအတ္တ တည်း။

သွားလေး တစ်ချောင်းလည်း ငါဝါးချင်သလို ဝါးနိုင် တယ် ငါ့သွား၊ အစရှိသည်နဲ့ ဒကာသစ်ရေ လွတ်တဲ့နေရာ ပါသေးလား (မပါပါဘုရား) ဒါကြောင့် ငါမထိနဲ့ ဆိုရင် လည်း တစ်ကိုယ်လုံး ချည်ထား တာ (မှန်လှပါ ဘုရား) ငါ့ မကြည့်နဲ့ဆို တာကော (တစ်ကိုယ်လုံး ချည်ထားတာပါ ဘုရား)။

ဟာ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒိဋ္ဌိကြိုး တုပ်ပြီးသား နှောင်ပြီးသား ဖြစ်နေပါ ပေါ့လား (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာကြိုးတွေ တုပ်နှောင် ထားပါလိမ့်၊ (ဒိဋ္ဌိကြိုးတွေ တုပ်နှောင် ထားပါတယ် ဘုရား)။

ဒိဋ္ဌိကြိုးတွေ တုပ်နှောင်ပြီး ထားတယ် ဆိုတာဖြင့် ဒကာ ဒကာမတွေ ငါ့မကြည့်နဲ့ ဆိုတာ တစ်ကိုယ်လုံးပါပဲ (မှန်ပါ့) ငါမထိနဲ့ ဆိုတာ (တစ်ကိုယ်လုံးပါ ဘုရား)။

တဏှာရေထဲမျှောလိုက်တယ်

ဒကာကြွယ် ဘယ်နေရာ ဒိဋ္ဌိ ချန်သေးသလဲ (မချန်ပါဘူး ဘုရား) ဦးသန်းမောင် ဘယ်နေရာ ချန်သေးလဲ (မချန်ပါဘူး ဘုရား) ဪ အဲဒါတွေ ကြပ်ကြပ် စဉ်းစားတော့ မှ ဒိဋ္ဌိကြိုးတွေဟာ တစ်ခါတည်း တုပ်ထားပါလား ဆိုတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိ ကြိုးတုပ်ထားတဲ့ ပုဂ္ဂိုလ်ကို တဏှာက တစ်ခါကြိုးတုပ်ပြီး သကာလ ရေထဲ မျှောတယ် (မှန်ပါ့) တဏှာ ရေထဲ မျှောလိုက်တယ်။

သားဆီ သွားလိုက် သမီးဆီ သွားလိုက် ကြိုးတုပ်ပြီး သားကို တဏှာရေက မျှောတယ်၊ ကြိုးတုတ်ပြီးသား (တဏှာရေက မျှောပါတယ်)။

ဒါဖြင့် ကမ်းတွေ့လည်း သူနဲ့မဆိုင် (မဆိုင်ပါဘုရား) ဒကာ ဒကာမတို့ ကျွန်းတွေ၊ ဖောင်တွေ၊ သောင်တွေ တွေ့ပြန်တော့ကော (မဆိုင်ပါဘုရား) မျောမြဲတိုင်း မျောရတယ် (မှန်လှပါ ဘုရား) ဘာကြောင့်တုံး တုပ်ပြီး နှောင်ပြီး ချည်ပြီး ဖြစ်နေလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဘာ့ကြောင့်ပါလိမ့် (တုပ်ပြီး၊ နှောင်ပြီး၊ ချည်ပြီး ဖြစ်နေလို့ပါ ဘုရား) တုပ်ပြီး၊ နှောင်ပြီး၊ ချည်ပြီးမှာ တဏှာ ရေက မျှောလိုက်တော့၊ ဒကာသစ်ရေ ဒီကနေ မန္တလေး သွားလိုက်တာ တဏှာ ရေက မျှောလိုက်တာ (မှန်ပါ) မန္တလေးကနေ ဒီပြန်လာတော့ကော (တဏှာရေက မျှောလိုက်တာပါ ဘုရား)။

ခင်စရာ မင်စရာ မရှိလို့ ရှိရင်ဖြင့် ကြောင့်ကြ စိုးရိမ်စရာ မရှိလို့ ရှိရင်ဖြင့် ဒကာကြွယ် အသွားနဲ့ အပြန်နဲ့ နေနိုင်ပါ့မလား (မနေနိုင်ပါ ဘုရား) ရစရာ၊ ယူစရာ မရှိရင်ကော အသွား အပြန် အလုပ် လုပ်နိုင်ပါ့မလား (မလုပ်နိုင်ပါ ဘုရား)။

အဲဒီ တဏှာရေက မျှောလိုက်တယ် (မှန်လှပါ ဘုရား) ဟိုမှာ ရစရာ ရှိတယ် ဒီမှာ ယူစရာ ရှိတယ်၊ ဟိုမှာ ခင်စရာ ရှိ တယ်၊ ဟိုမှာ မိတ်ဆွေ ရှိတယ် ဟိုမှာ ငွေရစရာ ရှိတယ်၊ ဟိုမှာ ခင်တဲ့လူ ရှိတယ် အစရှိသည်နဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒိဋ္ဌိကြိုးတုပ်ပြီး တဏှာရေက မျောနေတာ (မှန်ပါ့)။

အဲဒါကြောင့် တောင်က လူတွေ မြောက်သွားလှချည့် လား၊ တောင်က လူတွေ မြောက်သွား လှချည့်လား၊ ဆိုတဲ့ဥစ္စာ ဒကာကြွယ်ရေ ဘယ်သူ မျှောလိုက်တာပါလိမ့် (တဏှာရေ မျှောလိုက်တာပါ ဘုရား)။

လွတ်လွတ်လပ်လပ် မျှောတာလား ချည်ပြီး တုတ်ပြီး မျှောတာလား (ချည်ပြီး တုပ်ပြီး၊ မျှောတော့ပါ ဘုရား) ကဲဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ဖြစ်စဉ်က ဖြင့် ဆိုးလှ ချည့်လား (ဆိုးပါတယ် ဘုရား) ဦးသန်းမောင် ကိုယ့်ဖြစ်စဉ် (ဆိုးပါတယ် ဘုရား) ပေါ်ကြပလား။

ဒီအထဲမှာ တဏှာရေက မျှောလိုက်တဲ့ အခါကျတော့ ဥပမာ-ဆိုင်တစ်ခု ရောက်သွားတယ်၊ ကိုယ့်အိမ် ကိုယ့်ယာ ရောက်သွားတယ် ထားပါတော့၊ တဏှာ မျှောလိုက်တော့ ကိုယ့်အိမ်ကိုယ့်ယာ ပြန်ရတယ် (မှန်ပါ့)။

တဏှာက ပြန်ခိုင်းလို့ပြန်တယ်၊ နင့်မှာ ဒီမှာနေလို့ အကျိုး ကျေးဇူး မရှိဘူး၊ နင့်သားနှင့် သမီးက ဟိုမှာ ဆိုလို့၊ တဏှာရေက မျှောလိုက်တဲ့ အခါ မျောပြီး သွားရှာတယ်။

ချည်ပြီး တုပ်ပြီး သမား မျောပြန်တယ် မျောတဲ့ အခါကျတော့ ဟိုရောက်တဲ့ အခါကျတော့ အင်း ဟိုဟာ လည်း ငါလုပ်မှ၊ အင်း ဘယ်သူကော ကျန်းမာရဲ့လား ဘယ်သူ ချမ်းသာရဲ့ လား ဘယ်သူ ကော နေကောင်းရဲ့လား၊ အင်း ဘယ်သူ သည်ကား ဆိုလို့ ရှိရင်ဖြင့် အကြောင်း ညီညွတ်ကဲ့လား အစ ရှိသဖြင့် အာရုံငါးပါးထဲမှာ လှည့်နေ တယ်။

ဉာဏ်နဲ့ကြည့်တော့ ဝဲလှည့်နေတာ

ဒကာသစ် ဘယ်အထဲ လှည့်နေသလဲ (အာရုံ ငါးပါးထဲ လှည့်နေပါတယ်) အာရုံငါးပါးထဲ လှည့် သွားတယ်၊ ဟိုကျ ငြိမ်ငြိမ် နေသလားတဲ့၊ (မနေပါဘူး ဘုရား) ပတ်ပတ် လည်နေတယ် (မှန်ပါ့)။

အဲဒါ ဝဲထဲ ရောက်သွားတာကိုး (မှန်ပါ့) အင်း-ချည်ပြီး တုပ်ပြီးသမား တဏှာရေက မျှောလို့ ကိုယ့်အိမ် ကိုယ့်ယာ ရောက်သွားတယ်၊ ကိုယ်ခင်တဲ့ဆီ ရောက်သွားတယ်။ ရောက်တဲ့ နေရာကျတော့ မအားအောင် ဖြစ်လာတာ ဝဲလှည့် တာ (မှန်ပါ့) ဆိုးဝါး လိုက်တာ၊ ဒကာ ဒကာမတွေ ဉာဏ်နဲ့ကြည့်ပါ။

ခင်ဗျားတို့ချည်း ကျရင်ဖြင့် ဟုတ်သားပဲ၊ လူဆိုတာ ဒီလို နေကြရမှာပဲ၊ အစရှိသဖြင့် ခင်ဗျားတို့ အနေကဖြင့် ဖြစ်သည့် အကြောင်း အကောင်း ချည်းထားတာ (မှန်ပါ့)။

ဖြစ်သည့် အကြောင်း (အကောင်းချည်းပါ ဘုရား) ကြည့်တဲ့ ဉာဏ် အမြင်နဲ့ အခု ဖြစ်နေတာနဲ့ ကိုယ်တိုင် သိလိုက်တဲ့ အခါကျတော့ ချည်ပြီး တုပ်ပြီး မျောတဲ့ ဗာလပုထုဇဉ် ဟိုမှာ ဝဲထဲ ရောက်ပြန်ပြီ သေခြင်းဆိုးမှ သေပါ့မလား (သေမှာပါ ဘုရား)။

ကိုယ့်အခြေအနေကိုယ်သိကြစမ်းပါ

ဉာဏ်နဲ့စဉ်းစား၊ ဉာဏ်နဲ့စဉ်းစားပါ။ ကိုယ့်အခြေ အနေ ဘာဖြစ်နေတယ် ဆိုတာ သိကြစမ်းပါ (မှန်ပါ့) ဉာဏ် နဲ့ စဉ်းစားပါ ဒကာသစ်ရေ ကိုယ့်အခြေအနေ ပေါ်လာပြီ (ပေါ်ပါပြီ ဘုရား)။

ခန္ဓာကြီး ချည်ထား တုပ်ထားတာက တထစ်ရှိတယ်၊ လှုပ်နိုင်စရာကော ရှိသေးရဲ့ လား (မရှိပါဘုရား) ထွက်ပေါက် တွေ့သေးရဲ့ လား (မတွေ့ပါ ဘုရား) သဘောပါ ပလား (ပါပါပြီ ဘုရား)။

ချည်ပြီးတုပ်ပြီးထဲမှာ ဒကာ ဒကာမတို့ တဏှာက လည်း ဟိုခိုင်း ဒီခိုင်း ဆိုတော့ မျောရပြန် တာပဲ (မှန်ပါ့) မမျောရ ဘူးလား (မျောရပါတယ် ဘုရား)။

မျှောပြီး သကာလ မျောလို့ ရောက်တဲ့ နေရာကျပြန် တော့လည်း အကောင်းနေရာ ရောက် သလားတဲ့၊ ဟိုမေးရ၊ ဒီမြန်းရ၊ ဟိုပူရ၊ ဟိုဆွေးရ၊ ဟိုစမ်းကြည့်ရ၊ အင်း ဟိုဟာလေး ထုတ်ကြည့်ရ၊ ဟိုအကြောင်း မေးရ၊ ဆိုပြီး သကာလ ရောက်တဲ့ နေရာမှာလည်း မျက်နှာက ဟိုလှည့်၊ ဒီလှည့်၊ လှည့်နေရတယ် (မှန်ပါ့)။

ဘာပြုလို့ ဦးသန်းမောင်ကြီး၊ လှည့်နေရပါသတုံး မေးတော့ ဝဲ ဘုရား၊ ရိပ်မိပလား (ရိပ်မိပါပြီ) ဒကာကြွယ် ဘာကြောင့် အိမ်ရောက် ဟိုကြည့် ဒီကြည့် ကြည့်ရတာ လဲ (ဝဲပါဘုရား)။

အင်း- ဘယ်လိုများ မျောလာပါလိမ့်၊ ချည်ပြီး လုပ်ပြီး မျောလာတာ (မှန်ပါ့) ချည်ပြီး တုပ်ပြီး မျောပြီး ဘယ်ရောက်ပါလိမ့် (ဝဲထဲ ရောက်ပါတယ်) မြုပ်မှ မြုပ်ပါ့မလား (မြုပ်ပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)

မြုပ်မှ မြုပ်ပါ့မလား ဆိုတာလည်း ဒကာကြွယ် သေချာ စဉ်းစားပါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အဖြစ်တွေကတော့ ဖြင့် စိုးရိမ်တာရယ် ကြောင့်ကြတာရယ် ပူဆွေးတာရယ် ဟိုသွား မေးချင်တာရယ်၊ ဒီစိတ်မချတာရယ် လှည့်နေတာပဲ ဟိုလည်း သွားပြီး မေးလိုက်ချင်တယ်။

ဒီလည်း စိတ်မချဘူး ဆိုတော့ ဟိုဘက် လှည့်လိုက် ဒီဘက် လှည့်လိုက်၊ ကိုယ့်အိမ် အခြေအနေကော ဖြစ်မဖြစ် ကြည့်လိုက် စီးပွားရေး အခြေအနေကော ရှေ့ရေး နောက်ရေး ဝေဖန်ပြီး ကြည့်လိုက် (မှန်ပါ့ ဘုရား)။

အိမ်ကျတော့ ဦးသန်းမောင်ရေ ပြန်သွားတော့ ဣန္ဒြေရရ နေရသလား၊ ဟိုကြည့် ဒီကြည့်နဲ့ပဲ ပြီးလာတာပဲလား မေးရင် ဘယ်နှယ်ဖြေမလဲ (ဟိုကြည့် ဒီကြည့်နဲ့ ပြီးလာတာ ပါ ဘုရား)။

ဝဲထဲရောက်နေလို့

ဟ ဘာဖြစ်နေတာတုံး ဣန္ဒြေရရ၊ တည်တည် ကြည်ကြည် မဖြစ်တာလို့ မေးလို့ရှိရင် ဝဲထဲ ရောက်လို့ပါ ဘုရား (ဝဲထဲရောက်လို့ပါ) ပေါ်ကြပလား (ပေါ်ပါပြီ) ဘယ်အထဲ ရောက်လို့လဲ (ဝဲထဲ ရောက်လို့ပါ) လှည့်နေပြီ။ လှည့်နေပြီ။

အိမ်ရှေ့အခန်းက နောက်ခန်း၊ နောက်ခန်းကနေ တောင်ခန်း၊ တောင်ခန်းကနေ မြောက်ခန်း၊ လှည့်လိုက်တဲ့ ဖြစ်ခြင်းမှ ဒကာ ဒကာမတွေ အားကျရဲ့လား (မအားပါ ဘုရား)။

ဘာဖြစ်လို့ ဒါလောက် လှည့်ပါလိမ့်မတုံး ဆိုတော့ အို မျောတုန်းကလည်း ချည်ပြီး တုပ်ပြီး၊ အဲဒီတင် တဏှာရေက မျှောလိုက်လို့ ရောက်ရာ ဌာနကျတော့ ဝဲလှည့်ရာသူ ဖြစ်နေ တယ် သဘော ကျပလား (ကျပါပြီ)။

ဒီကနေပြီး သကာလ ဝဲလှည့်ရာ မျောပြီး သကာလ နေတဲ့ အခါကျတော့ ဝဲဆိုတာ ဒကာသစ်ရ၊ နောက်ဆုံးပိတ် တစ်နေ့မြုပ်တယ်၊ (မှန်ပါ့) နောက်ဆုံးပိတ် တစ်နေ့ကျတော့ (မြုပ်ပါတယ် ဘုရား)။

မြုပ်ဆိုတာက ဝဲလှည့်ရင်းမတ္တနဲ့ ဟိုစိုးရိမ်၊ ဒီစိုးရိမ် ဟိုကြောင့်ကြနဲ့ သေပွဲဝင်တယ်ဆိုတာ မြုပ်တာ (မှန်လှပါ , ဘုရား)။

ဟိုစိုးရိမ် ဒီကြောင့်ကြနဲ့ ဟိုစိတ်မချ၊ ဒီစိတ်မချ။ ဟိုမှာ ခင်လျက် တန်းလန်း၊ ဟိုမှာ စာရင်း မရှင်းနိုင်လို့ တန်းလန်း၊ ကိုယ့်အတွက်ကလည်း အပူက မအေး၊ အစရှိသည်နဲ့ မြုပ် သွားတယ်။

အပါယ်လေးပါး ပို့တယ်

မြုပ်သွားတော့ ဘယ်ဘက်စဉ်ထွက် သွားသလဲလို့ မေးခွန်းထုတ်ဖို့ မလိုဘူးလား (လိုပါတယ်) အင်း ဘယ်ဘက် စဉ်ထွက် သွားသလဲ ဆိုတော့ အပါယ် လေးပါးဘက် ကို ဝဲက ရမ်းပို့ လိုက်တယ် (မှန်လှပါ ဘုရား) သဘော ကျပလား (ကျပါပြီ)။

အပါယ်လေးပါး ဘက်ကို ဝဲက ရမ်းထုတ်ပြီး သကာလ အဲဒီကျတော့ဖြင့် သူ့အကျိုးပေး ရှိသရွေ့ အကုန်ခံရုံပဲ။ သဘောကျပလား (ကျပါပြီဘုရား) သူ့အကျိုးပေး ရှိသရွေ့ (အကုန်ခံရုံပါ ဘုရား)။

သြော်- ဒါဖြင့် ဒကာ ဒကာမတွေ လူ့ပြည်လာပြီး သကာလ ဘာများ လုပ်နေကြသတုံး ဆိုတော့ ကိုယ့်ကြိုးနဲ့ ကိုယ်တုပ်နေတယ်ဘုရား (မှန်ပါ့) ကိုယ့်ကြိုးနဲ့ ကိုယ်ဆိုတာ ဒိဋ္ဌိပေါ့ဗျာ။

လက်မောင်းလည်း ငါ့ဟာ ကြိုးတုပ်တာပဲ၊ မျက်လုံး လည်း ငါ့ဟာ ကြိုးတုပ်တာပဲ လက်ဝတ် လက်စားတွေကော (ငါ့ဟာပါ ဘုရား) ဘာတေ ွလျှောက်လုပ်နေတာလဲ ဒိဋ္ဌိ ကြိုးတွေ လျှောက် တုပ်နေတာ (မှန်ပါ့) ဒကာကြွယ် ဘာတွေလဲ (ဒိဋ္ဌိကြိုးတွေ လျှောက်တုပ် နေပါတယ် ဘုရား)။

တုပ်နေလို့ရှိရင် ဒီအနား မထနိုင်ပဲ နေပါလားဆို တော့ တဏှာက သွားဦးဟ စီးပွားရေး ရှာချေဦး၊ ကိစ္စလေး ပြီးအောင် သွားလိုက်ပါဦး ဆိုတော့ မျှောလိုက်တယ်၊ တုပ်ပြီး သား မျှောချ လိုက်တယ်၊ သဘောကျပလား (ကျပါတယ်)။

တုပ်ပြီးသား မျှောပြီး ရောက်တဲ့ နေရာကျတော့ ဣန္ဒြေရရ၊ ဘဝင်အေးအေးလေးနဲ့ နေလို့ ဖြစ်ကြရရဲ့ လား (မဖြစ်ပါ ဘုရား) သွားစရာ တွေက ပုံနေတာပဲ ဘုရား၊ ဟိုဒင်းလည်း မထည့် မကောင်းဘူး ဘုရား၊ ဟိုအိမ်လည်း လက်ဆောင် မပေး မကောင်းဘူး ဘုရား၊ ဟိုအိမ်လည်း မျက်နှာ မပြ မကောင်းဘူး ဘုရား ဆိုပြီး၊ ဒီမျက်နှာ ကလေးဟာ လှည့်လို့ကို ပြီးသေးရဲ့လား (မပြီးပါဘူး ဘုရား)။

ဒကာသစ်တို့ ဘာဖြစ်တာတုံးဆိုတော့ ဝဲလှည့်တာ၊ မျက်နှာလည်ပြတာ ဘာပါလိမ့် (ဝဲလှည့် တာပါ) သြော် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒါ ဝဲလှည့်တယ် လို့ဖြင့် မသိ ရှာဘူး (မသိရှာပါ ဘုရား) ဧည့်ဝတ် ဆောင်ဝတ် ကျေအောင် , လုပ်ရတာပဲ (မှန်ပါ့) လှည့်တာကတော့ လှည့်နေမှာပဲ။ သဘောကျပလား (ကျပါတယ်ဘုရား)။

တဏှာတွေက မျောရုံတွင်မကဘူး ဝဲတွေဆီလှည့် နေတာပဲ၊ အလှည့် ခိုင်းတယ်၊ ဘယ်ပုဂ္ဂိုလ် အလှည့်ခိုင်းတာ လဲဆိုတော့ ချည်ပြီး တုပ်ပြီး သမား၊ ဒိဋ္ဌိရှိပြီးသား ပုဂ္ဂိုလ်ကို တဏှာရေက လှည့်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။

တဏှာရေက လှည့်လိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတို့ ဝဲက ကျဉ်းကျဉ်း၊ ကျဉ်းကျဉ်းပြီး သွားဟယ် ဒီကနေ ကျဉ်းကျဉ်း၊ ကျဉ်းကျဉ်း သွားတယ် ဆိုတာ ဒကာသစ် ဘာဖြစ် မလို့ ကျဉ်းကျဉ်း သွားပါလိမ့် (မြုပ်မလို့ပါ ဘုရား) ပေါ်ကျ ပလား (ပေါ်ပါပြီ ဘုရား)။

အသက်ကြီးလေ ဒိဋ္ဌိပိုများလေ

ဘာပြုလို့ ကျဉ်းကျဉ်း သွားပါလိမ့် (မြုပ်မလို့ပါ ဘုရား) သြော် ဒါဖြင့် အသက်ကြီး လေလေ ဒကာကြွယ်ရေ ဒိဋ္ဌိကြိုး ကကော များလေလေပဲ၊ (များပါတယ် ဘုရား) သဘောကျ ပလား (ကျပါပြီ)။

အသက်ကြီးလေလေ ဒိဋ္ဌိကြိုးက (များလေလေပါ ဘုရား) နဂိုကတော့ တစ်ကိုယ်တည်းကြိုး၊ အခု တစ်ခါ သားကြိုးကပတ်၊ သမီးကြိုးကပတ်၊ မြေးကြိုးကပတ် ဆိုတော့ ဒကာသစ်ရေ ကြိုးပေါင်း ရေတွက် နိုင်သေးရဲ့လား (မရေတွက်နိုင်ပါ ဘုရား)။

အသက်ကြီးတော့ ကြိုးအထပ်ထပ်ဖြစ်တယ် (မှန်လှပါဘုရား) ကြိုးအထပ်ထပ် ဖြစ်လေ မလှုပ် နိုင်လေ၊ (မှန်ပါ့) မလှုပ်နိုင်တဲ့ အထဲမှာ ကိလေသာ တဏှာတွေက သွားပါဦးလား၊ လာပါဦးလား၊ ပြောပါဦးလား၊ ဆိုပါဦးလား ဆိုပြီး သကာလ သွားစရာ လာစရာ ရှိတာတွေ တုပ်ပြီး သမားမျှောတယ်။

ခင်ဗျားတို့ သွားနေတာက ဒီတဏှာ မပါပဲနဲ့ သွားလို့ ဖြစ်ကြရဲ့လား (မဖြစ်ပါဘူး) ခင်လို့သွား၊ ကြောင့်ကြလို့သွား၊ ပူဆွေးလို့သွား သဘောကျပလား (ကျပါပြီ) ဒါ တဏှာ ရေက ဘာလုပ် လိုက်သလဲ (မျှောလိုက်ပါတယ် ဘုရား)။

အင်း- ဟိုကျတော့ ဦးသန်းမောင် အငြိမ်နေလို့ ရရဲ့လား (မရပါဘူး) သား စိတ်မချ၊ သမီး စိတ်မချ၊ ပစ္စည်း စိတ် မချ၊ အိမ်စိတ်မချ၊ ယာစိတ်မချ၊ အတွင်းပစ္စည်း၊ အပြင် ပစ္စည်းတွေ စိတ်မချ တာတွေ လှည့်လည်ပြီး သကာလ လူက အိပ်နေငြား သော်လည်း စိတ်က လှည့်နေတာပဲ (မှန်လှပါ ဘုရား)။ မလှည့် ဘူးလား (လှည့် ပါတယ်)

တစ်ခါတလေ ကျတော့လည်း စိတ်က မချရုံသာမက လူကလည်း လှည့်လိုက် သေးတယ်။ အင်း-ဒါက ဘာဖြစ်တာပါလိမ့် (ဝဲလှည့် တာပါ ဘုရား)။

အင်း – တုပ်ပြီးသမား မျောလာတဲ့ အထဲမှာ ဝဲနဲ့သွား တွေ့တယ် (မှန်ပါ့) တုပ်ပြီးသမား (မျောလာတာ ဝဲနဲ့ သွားတွေ့ပါတယ် ဘုရား) ဝဲနဲ့သွားတွေ့တယ်၊ အဲဒါ ဒကာ ဒကာမတွေက အိမ်ရောက်မှပဲ အင်း ကိုယ့်နေရာ ရောက်မှ ပဲ အေးအေးလွင်လွင် စိတ်အေးလက်အေး နေရတယ်လို့ ပြောများ နေရသေးတယ်၊ (မှန်လှပါ ဘုရား)။

အမလေး၊ ဟိုကျမှ ဝဲလှည့်တာ ရိပ်မိပလား (ရိပ်မိပါတယ်) သူများ အိမ်သွားတဲ့အခါ ဧည့်သည် လုပ်နေရ တဲ့ အချိန်ကျတော့ ဝဲလှည့်စရာ မရှိဘူး။ ဒီအိမ် အမိုးပျက်နေ လည်း ကိုယ်နှင့် မဆိုင်ဘူး၊ ဒီကြမ်းလေး ပေါက်နေလည်း (ကိုယ်နှင့် မဆိုင်ပါ ဘုရား) ဒီအစာလေး မစားရလည်း (ကိုယ်နှင့် မဆိုင်ပါ ဘုရား)။

ကိုယ်နှင့် မဆိုင်တာမို့ ဣန္ဒြေက ဆင်ခြင်လို့ ရတယ် ကိုယ့်အိမ် ကိုယ့်ယာ ကျတော့ မပြည့်စုံတာ တွေ့ ရင် ကိုယ့် တာဝန်ချည်း ဆိုပြီး သကာလ နေရာတိုင်း ကြည့်လိုက်တယ်၊ ဘယ့်နှယ် ကြောင့် ကြည့်လိုက် ပါလိမ့်မတုံး ဆိုတော့ တဏှာ, ဝဲက လှည့်နေပြီ (မှန်လှပါ ဘုရား)။

ပထမမျှောတယ် နောက်ရောက်တဲ့ နေရာကျတော့ – (လှည့်တယ်) လှည့်တတ်တယ် ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

လှည့်ဖန်များပြီး သကာလ လှည့်ရတာ များတော့ အိမ့်ကိစ္စ၊ ယာကိစ္စ လှည့်နေတာ လှည့်ရင်း မတ္တနဲ့ကနေ ခန္ဓာကိုယ်ကြီး သည်ကားလို့ဆိုရင် မလှည့်နိုင်တဲ့ အခြေ၊ အိုနာဆိုးကြီး ဖြစ်လာတယ်၊ (မှန်ပါ့)။

အဲဒီမှာ တစ်ခါတည်း ဝိဉာဉ်ချုပ်ပြီး သကာလ မြုပ် တယ် (မှန်ပါ့) ဘယ်ရောက် သွားပါလိမ့် (အပါယ်လေး ပါး ရောက်ပါတယ်) အပါယ်လေးပါး ရောက်သွားတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ မျောတုံးကလဲ ခြေလက် မသန်ပါဘူး တုပ်ပြီးသားပဲ (မှန်ပါ့) တုပ်ပြီးသား ကနေ တစ်ခါ၊ တဏှာ ကနေ ဟိုသွားခိုင်း ဒီသွားခိုင်း၊ မျောရပြန်ပြီ၊ မျောရာက နေပြီး သကာလ ရောက်တဲ့အခါ လှည့်ပြန်ပြီ လှည့်ရင်းမတ္တနဲ့ အသက်ကြီးသွားပြီး ဒကာကြွယ်ရေ မြုပ်တာပဲ (မှန်ပါ့)။

မြုပ်တော့ ဘယ်ရောက်သွားလဲ (အပါယ် ရောက်သွားပါတယ်) အပါယ်လေးပါး နေရာရွေးနိုင် သေးသလားလို့ မေးတော့ ဝဲပို့ရာပဲ (သွားရပါတယ် ဘုရား) ဘယ့်နှယ် ဆိုကြမလဲ (ဝဲပို့ရာ သွားရပါတယ် ဘုရား)။

ငရဲလား၊ တိရစ္ဆာန်လား၊ ပြိတ္တာလား၊ အသူရကယ် လားလို့ လေးပါး ရှိတဲ့ အနက်က တပည့်တော် ဘယ်ရောက် မှာလည်း မေးတော့ မဟုတ်ဘူး၊ အဲဒီဝဲပို့ရာ ရောက်မှာပဲ (မှန်ပါ့)။

ဝဲဆိုတာ အောက်ကိုဆောင်တယ်

ဝဲဆိုတာသည်၊ ဒကာ ဒကာမတို့ အောက်တော့ ဆောင်သွားမှာပဲ သဘောကျပလား (ကျပါပြီ) အင်း သူက ဘယ်ပို့လိုက်သလဲ ဆိုတော့ (အောက်ပို့တယ်) အောက်ပို့လိုက် ပြီး ဖြာထွက်သွားတဲ့ အခါကျတော့ ဒကာ ဒကာမတို့ ဘယ်နေရာ တပည့်တော် ရောက်မှာတုံးလို့ မေးတဲ့ အခါကျလို့ ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတို့ ဖြေစရာ မရှိပါဘူး (မှန်ပါ့)။

တဏှာပဲ စီမံရာပဲ ရောက်မယ်၊ ဘယ်နှယ် ဆိုကြမယ် (တဏှာပဲ စီမံရာ ရောက်မယ်) ကိုယ့်သဘော ပြောကြစမ်း ပါဦး (တဏှာပဲ စီမံမယ်) ဒကာကြွယ်ရေ ကိုယ်သဘော ပြောပါဦး (တဏှာစီမံရာ ရောက်မယ်)။

ကိုယ့်သဘောဖြင့် ပါသေးရဲ့ လား (မပါပါဘူး) ဘယ်ပါနိုင်လိမ့်မလဲ ဦးသန်းမောင်ရ၊ ချည်ပြီး တုပ်ပြီး – ကိုယ့်သဘော ဘယ်ဟုတ်တော့မတုံး (မှန်ပါ့)။

မျောနေသည်က ဒကာ ဒကာမတွေ ရေစီးက သန်ပါဘိနဲ့ ဆိုတော့ သားကလေးဆို ပြေးရ၊ သမီးကလေးဆို (ပြေးရ ပါတယ်ဘုရား) ရေစီး ဘယ်လောက် သန်သလဲ (သန်ပါတယ် ဘုရား)။

ရေစီးသန်နေတော့ တော်တော့ သစ်ကိုင်းဆွဲလည်း ဒကာ ဒကာမတို့ သစ်ကိုင်းက သစ်ကိုင်း ဆွဲမိလည်း ဆွဲမှုကြောင့် ကိုယ်အပေါ် ပိသေးတယ် ရိပ်မိပလား (ရိပ်မိပါပြီ)။

ကဲ- ဒါဖြင့် ဆွဲဝံ့လား၊ မဆွဲနိုင်အောင်ပဲ ရေစီးကမျှော် ပြီး သကာလ နောက်ဆုံးပိတ် ရေဆို ဝဲရှိတယ် ဆိုတာ အားလုံး ဒကာ ဒကာမတွေ သိပြီးသားဖြစ်နေတော့ လှည့်ကြမှာပဲ (မှန်လှပါ ဘုရား)။

လှည့်တာသည် အစသာ ကျယ်ကျယ် လှည့်ရပါတယ် နောက် အိုခြင်းဆိုး လာတော့ ကျယ်ကျယ် လှည့်နိုင်သေး ရဲ့ လား (မလှည့်နိုင်ပါ ဘုရား) ကိုယ့်အိမ်ပေါ်တွင် ကိုယ်လှည့် နေတယ် သဘောကျပလား (ကျပါပြီ ဘုရား) ကြာတော့ အိပ်ယာပေါ်တွင် လှည့်နေတယ် (မှန်ပါ့ ဘုရား)။

အိပ်ယာထဲတွင် စိတ်က လှည့်နေတာပဲ သဘောကျ ပလား (ကျပါပြီ) အဲဒီက နေပြီး သကာလ ဝိဉာဉ်ချုပ်ပြီး မြုပ်တာ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ပထမတရားမှာ ဒိဋ္ဌိခွာရမယ် ဆိုတာ ကြိုးမတုပ်မိခင် ကျုပ်တို့ ကိစ္စမရှိဘူး (မှန်ပါ့) ကြိုးမတုပ်မိရင် (ကိစ္စ မရှိပါဘုရား) ကြိုးမတုပ်မိရင် လွတ်ရေးကျွတ်ရေး ရှိသေးတယ်။ ကြိုးမတုပ်မိရင် တစ်နာရီလောက် မျှောဦးတော့ ကမ်းတွေ သောင်တွေ တွေ့ရင် အားကိုးရာ တွေ့တယ်။

ကြိုးတုပ်မိတဲ့ အတွက် ကမ်းတွေ သောင်တွေ တွေ့ ငြား သော်လည်း ခိုကိုးရာမဲ့ ဖြစ်သွားတယ်၊ ပေါ် ကျပလား (ပေါ်ပါပြီ)။

ကြိုးနဲ့ရေ ကြိုးကြောက်ရမယ်

ကြိုးနဲ့ရေ ဒကာ ဒကာမတို့ တစ်နံပါတ် ဘယ်သူ့ ကြောက်ရမလဲ၊ (ကြိုးကြောက်ရမယ် ဘုရား) ဒါဖြင့် ဆရာဘုန်းကြီး ဒိဋ္ဌိဖြတ်ပေးမယ် (မှန်ပါ့)။

ဒိဋ္ဌိဖြတ်လို့ရှိရင် တဏှာ ကျန်တယ်၊ ကျန်ပင်ကျန် ငြားသော်လည်း သောင်ကမ်း တွေ့ရင် တက်နိုင်တယ်။ ဘာ့ ကြောင့်လည်း လက်က ပင်ကိုအတိုင်း ရှိတယ် (မှန်ပါ့)။

ခြေလက်က (ပင်ကိုအတိုင်း ရှိပါတယ်) ပင်ကို အတိုင်းရှိတော့ မောင်ဘသော်တို့ အင်း ကမ်းတွေ့ရင် နားလို့ပြုလို့ ရသေးတယ် ငါ၏ ခိုကိုးရာ၊ သောင်တွေ့ရင်လည်း (ငါ၏ ခိုးကိုးရာ) ငါ၏ခိုကိုးရာ ဆိုပြီး သကာလ နားလို့ ပြုလို့ရသေးတယ် ဆိုတော့ ဝဲထိအောင် မသွားတော့ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ကျုပ်တို့ သည် ဝဲရယ်၊ ရေစီးသန်ရယ်၊ ချည်တုပ်မှုရယ်၊ ဘယ်ဟာ ကြောက်စရာ ကောင်းလည်း၊ (ချည် တုပ်မှု ကြောက်စရာ ကောင်းပါတယ်) ဒီကျမှ ခင်ဗျားတို့ ဒိဋ္ဌိ ပေါ်လာတယ် (မှန်ပါ့) ဒိဋ္ဌိ အဆိုးဆုံး ပေါ်ကျပလား (ပေါ် ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဘာအဆိုးဆုံး ပါလိမ့် (ဒိဋ္ဌိ အဆိုးဆုံး ပါဘုရား) ဒါကြောင့် ပထမမဂ်က ဒကာသစ်ရ ဒိဋ္ဌိပယ်တယ် (မှန်ပါ့) ဒုတိယမဂ်၊ တတိယ မဂ်တွေကျမှ တဏှာပယ်တယ် (မှန်လှပါ ဘုရား)။

စတုတ္ထမဂ်ကျမှ အဝိဇ္ဇာပယ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် အဆိုးဆုံးကို အဆိုးဆုံး၊ ဉာဏ်နဲ့ပယ် ရတယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒိဋ္ဌိပြုတ်ရင်ဖြင့် ခုနက တဏှာ ရေမျှော စေကာမူ ဝဲထဲ မရောက်ဘူး ဆိုတာ အပါယ် လေးပါး လွတ်တာ၊ မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒိဋ္ဌိဖြင့် ဒကာကြွယ် အရေးတကြီး ခွာရလိမ့်မယ် (မှန်ပါ့ဘုရား) ဒိဋ္ဌိကို (အရေးတကြီးခွာရပါမယ်)။

ဒိဋ္ဌိမခွာသရွေ့ ကိုးစားရာမဲ့ပြီ

ဒိဋ္ဌိမခွာသရွေ့ ကာလပတ်လုံး ဒကာ ဒကာမတို့ ငါခက်ပြီဆိုတာ လာမှာပဲ၊ ငါကိုးစားရာ မဲ့ပြီ ဆိုတာ (လာမှာပါ ဘုရား) ငါချစ်သောသူနဲ့ ခွဲရပြီ ဆိုတာကော (လာမှာပါ ဘုရား) လာမှာပဲတဲ့။

ငါတစ်လုံး မဖြုတ်သရွေ့ ကာလပတ်လုံး ဒိဋ္ဌိတစ်လုံး မဖြုတ်သရွေ့ ကာလပတ်လုံး မျက်ရည် ကြီးငယ် ကျပြီး၊ ရေထဲမျှော၊ မျှောတော့ ဝဲထဲရောက် အပါယ်ပေါက်။ ဒီမှ တစ်ပါး သွားစရာ မရှိဘူး ဆိုတာဖြင့် ငြင်းဆန်ဖို့ မလိုပါဘူး (မလိုပါ ဘုရား) လိုကြသေးရဲ့လား (မလိုပါဘုရား)။

အဲဒါကြောင့် ဝိသုဒ္ဓိမဂ်တွင် ဒကာကြွယ်ကြီးရ –

ဒိဋ္ဌိဗန္ဓနဘန္တာ (ဒိဋ္ဌိဗန္ဓနဗဒ္ဓါ) တေ တဏှာသောတေန ဝုယှရေ၊

တဏှာသောတေန ဝုယှန္တာ န တေ ဒုက္ခာ ပမုစ္စရေ။

ဒိဋ္ဌိဗန္ဓနဘန္တာ၊ “ဧသော မေ အတ္တာ” ဆိုတဲ့ ငါ့ကိုယ်ပဲ၊ ငါ့ဟာပဲလို့ ယူထားတဲ့ ဒိဋ္ဌိတည်း ဟူသော အနှောင် အဖွဲ့တွင် ချည်နှောင်၍ ထားသည် ဖြစ်လေ သောကြောင့် တဏှာသောတေန- တဏှာတည်း ဟူသော ရေယဉ်က ဟိုခိုင်း ခိုင်းနဲ့ မျှောကြပြန်တယ် ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

ဒီကနေပြီး ပြန်ကြမယ် ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဘယ်သူ မျှောရာ ပြန်မယ် ဆိုတာ တဏှာ လက်ညှိုး ညွှန်ရာ သွားရတယ်၊ လမ်းများ မှားကြဦးမှာလား (မမှားပါဘူး ဘုရား)

မျက်လုံးမှိတ်သွား ဒီလမ်းတော့ (ရောက်တာပဲ ဘုရား) အမလေး ကြောက်စရာ ကောင်းလှ ချည့်လား၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘယ့်နှယ်ကြောင့် ပါလိမ့် ဆိုတော့ တဏှာမျှောရာ လိုက်ရ တာပဲ (မှန်ပါ့)။

ဟိုကျတော့ ဒကာ ဒကာမတို့ ကောင်းကောင်း နေရ မှာလား ဝဲတွေ့မှာလား (ဝဲတွေ့မှာပါ ဘုရား) ဝဲတွေ့ရင် ဖြင့် မြုပ်မှ မြုပ်ပါ့မလား (မြုပ်ပါတယ်ဘုရား) သေသေ ချာချာ ပြောပါတယ် ဒကာကြွယ် (မှန်ပါ့ဘုရား)။

တဏှာသောတေန ဝုယှန္တာ= တဏှာသောတေန ဧတံမမ ဆိုတဲ့ ဤဟာလည်း ငါ့ဟာပဲ ဒီဟာလည်း ငါ့ဟာပဲလို့ တဏှာနဲ့စွဲပြီး သကာလ တဏှာမြဲနေ သောကြောင့် တဏှာသောတေန ဝယှန္တာ နတေဒုက္ခာ။ တေ- ထိုပုဂ္ဂိုလ်၏၊ ဒုက္ခာ- အမျိုးမျိုးသော အပါယ်လေးပါးတည်း ဟူသော ဒုက္ခ၊ အိုခြင်း နာခြင်း ဒုက္ခ၊ န ပမုစ္စန္တိ- ဘယ်တော့မှ မလွတ်ဘူးကွတဲ့ (မှန်ပါ့) ဦးသန်းမောင် သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒိဋ္ဌိက ချည်သမား၊ တဏှာက မျောသမား၊ ဝဲက (လည်သမားပါ) လည်သမား၊ မြုပ်ပေးသမား (မှန်ပါ့)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီဘဝ မှာလည်း တစ်မဂ်မှ မရဘူး ဆိုရင် ဒီဒိဋ္ဌိက မကွာဘူး (မှန်ပါ့)

ဒီဒိဋ္ဌိမကွာဘူးဆိုရင်လည်း တဏှာထင်သလို မျှောမှာပဲ (မှန်ပါ့) မျှော်နိုင်သလောက် မျောရင် ဝဲထဲရောက်မယ် (မှန်ပါ့)။

ဝဲထဲ လည်နိုင် သလောက် လည်လို့ရှိရင် အောက်မှ တစ်ပါး အထက်ကို ဘယ်တော့မှ မရောက်ဘူး (မရောက် ပါဘူး ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒိဋ္ဌိ ဖျတ်ခန်းကိုဖြင့် ဒကာဦးလှဘူး၊ သိပ် အရေးကြီး ပါတယ် (အရေးကြီး ပါတယ်)။

လက်လွတ် မျောရလို့ ရှိရင်ဖြင့် တွေ့ရာ၊ ကိုင်ရာကို ဆွဲငင်ပြီး တက်လို့ရပါတယ် မဟုတ်ဘူး လား (ဟုတ်ပါ တယ်) ဒိဋ္ဌိနဲ့မျောတော့ ဒိဋ္ဌိက ချည်ပြီးသား ဖြစ်နေတော့ ဒကာ ဒကာမတွေ ကျုပ်တော့ သေလည်း ဒီပဲ ဒိဋ္ဌိက ချည်ထားတယ် (မှန်ပါ့) နေကော (ဒီမှာပါပဲဘုရား)။

သေလည်း ဒီပဲတဲ့ အမေအဖေ ခေါင်းချသွားတဲ့ နေရာ (မှန်လှပါ ဘုရား) အမလေး ဘယ်နှယ် ကြောင့် ဒီလောက် ပြင်းထန်ပါလိမ့်၊ (ဒိဋ္ဌိကြောင့်ပါ) ဒိဋ္ဌိ၊ ဒိဋ္ဌိက ချည်ထားတယ် ရွှေ့လို့ကို မရဘူး၊ ရရဲ့လား (မရပါ ဘုရား)။

အမေအဖေ ခေါင်းချသွားတဲ့ နေရာတဲ့၊ ချမ်းသာ လည်း ကျုပ်ဒီနေရာ နေရမယ်၊ ဆင်းရဲလည်း (ဒီနေရာ နေရပါမယ် ဘုရား) ရှေ့မှ ကမ္မသကာပဲ မရောင်းဘူး။ အမလေး ချည်ထား လိုက်တာ (မှန်ပါ့) ဒကာ ဒကာမတို့ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ကိုယ့်အိမ်မှာမှ ခေါင်းချချင်တယ်

ဒိဋ္ဌိ၊ ဒိဋ္ဌိ အမိုးမရှိပဲနဲ့နေတယ် အကာမရှိပဲနဲ့ကော (နေပါတယ်) ဟ-ရွှေ့ပါတော့လား ဟိုမှာ တိုက်တွေ၊ တာတွေ အမျိုးမျိုးကို မဟုတ်ဘူး သူများအိမ် ခေါင်းမချချင်ဘူး၊ ကိုယ့်အိမ်မှာ ခေါင်းချ ချင်တယ် ဆိုတော့ ကိုယ်ဆိုတဲ့ ဒိဋ္ဌိ ပါလာတယ် (ပါပါတယ်ဘုရား) မပါဘူးလား (ပါပါတယ်) ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။

အဲတော့ ဒကာ ဒကာမတို့ ဆင်းရဲမှုပေးတာလည်း ဒိဋ္ဌိ ပဲ သဘောကျပလား (ကျပါပြီ) အပါယ် ရောက်တာကော (ဒိဋ္ဌိပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒိဋ္ဌိက ချည်သမား၊ တဏှာက မျှော သမား၊ ဝဲက ကာမောဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃ ဆိုတဲ့ ဝဲကြီး ကလည်း ခင်ဗျားတို့ကို လည်စီးနေတယ်၊ အောက်ပို့သမား (မှန်လှပါ ဘုရား)။

ဆိုတော့ လွတ်ရေး ကျွတ်ရေး မြင်သေးရဲ့ လားလို့ မေးရင် ဘယ်နှယ် ဖြေကြမလဲ (မမြင်နိုင်ပါ ဘုရား)။

အို ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကမ်းပေါ်ကနေ ကြည့်နေတော့ အို ချည်ပြီး၊ မျှောပြန် ပဟ၊ မွှေပြီး ဝဲထဲရောက်ပြန်ပြီ (မှန်ပါ့) ကာမောဃ၊ ဒိဋ္ဌောဃ အဝိဇ္ဇာဃ ဆိုတဲ့ ဝဲထဲ မျောပြန်ပြီ (မှန်လှပါ ဘုရား)။

ကိုယ့်စွမ်းရည်သတ္တိအကုန်တုံးတယ်

မျောတဲ့ ပုဂ္ဂိုလ်ကလည်း ထွက်ပေါက် မရှိဘူး (မှန်ပါ့) ဘာကြောင့်တုံး ဆိုတော့ ရေစီးက လည်းသန်၊ ချည်ပြီးတုပ်ပြီး သကာလ ဖြစ်နေတော့ ကိုယ့်စွမ်းရည် သတ္တိ အကုန်လုံး (တုံးပါတယ် ဘုရား)။

သေသေချာချာ နားထောင်ကြည့်ပါ ဒကာ ဒကာမ တွေ စွမ်းရည်သတ္တိတွေ အကုန်တုံးတယ်၊ တစ်ခါတလေ သားလေး သမီးလေးတွေ ပြောလိုက်မယ်လို့ စိတ်ကူးတယ်၊ နာနာကြည်းကြည်း။ ဒိဋ္ဌိက ချည်ထားပြန်တယ် (မှန်လှပါ) အို မြုံခံပါတော့မယ် (မှန်ပါ့)။

ငါ့ဟာလေးက တော်ကြာ ကစဉ့်ကရဲ ဖြစ်သွားလိမ့် မယ် ဒိဋ္ဌိက ချည်ထား လိုက်တယ် မြုံခံ လိုက်တယ်၊ ဦးသန်းမောင် ပြောခွင့် ရှိတာတွေတောင် အကုန် ပြောရဲရဲ့ လား (မပြောရဲပါ ဘုရား)။

ဘယ့်နှယ်ကြောင့် မပြောရဲ မဆိုရဲ လူကြီးမိဘ ဖြစ်ပါလျက်သားနဲ့ ဒကာကြွယ် ဘယ့်နှယ် ကြောင့် မြုံနေတာ လည်းဆိုတော့ ငါ့ဟာလေး ပျောက်သွားမှာစိုးလို့ (မှန်လှပါ ဘုရား) ဘယ်နှယ် ငါ့ဟာလေး ကစဉ့်ကရဲ သူက ကလန် ကဆန် လုပ်ပြီး ကိုယ့်အိမ် ကိုယ့်ယာနဲ့ ထွက်သွားမယ် ဆိုရင် ငါခက်ရချေရဲ့ကိုး (မှန်ပါ့)။

ဒါနဲ့ ဘာဖြစ်ကြလည်း (မြုံခံပါတယ်) ရှိသေးတယ် (ရှိပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အင်း သားဆိုး လင်ဆိုးနဲ့ တွေ့ရင်လည်း တစ်မျက်နှာက နှစ်မျက်နှာ မပြောင်းချင်ဘူး၊ မြုံခံတယ် (တင်ပါ့ ဘုရား) ဘယ်နှယ်နေနေ (တင်ပါ့ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

အင်း မယားဆိုးနဲ့ တွေ့ပြန်လည်း ယောက်ျားလုပ်တဲ့ ပုဂ္ဂိုလ်က လူမသိစေနဲ့ ကိုယ့်ဟာကို ကျိတ်ခံတဲ့ နှိပ်ခံတဲ့၊ ပုတီးများ စိပ်နေသေးတယ် (မှန်ပါ့) ဘာဖြစ်တာလည်း ပြောကြစမ်းပါဦး ဒိဋ္ဌိ ချည်ထားတာ ငါ့ဟာ ပျောက်သွားမှာ စိုးလို့ (မှန်ပါ့)။

ဘာဖြစ်တာတုံး (ဒိဋ္ဌိ ချည်ထားတာပါ ဘုရား) လွတ် ကျရဲ့လား (မလွတ်ပါ ဘုရား) သြော် ဒါဖြင့် ချည်ပြီး မျောမှ မျောပါ့မလား (မျောပါတယ် ဘုရား) အင်း မျောရင် ဝဲထဲမှ ရောက်ပါ့မလား (ရောက်ပါတယ် ဘုရား) အင်း မြုပ်မှ မြုပ်ပါ့မလား (မြုပ်ပါတယ် ဘုရား)။

ကြိုးမချည်မိဖို့ အရေးကြီးတယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဝဲလည်း မကြောက်နဲ့ ဆရာ ဘုန်းကြီးက သတိ ပေးလိုက်တယ်၊ ဒကာသစ်ရေ ဝဲလည်း (မကြောက်ပါနဲ့ ဘုရား)။

ရေစီးသန်တာကိုလည်း (မကြောက်ပါ ဘုရား) ကြိုးမ ချည်မိအောင် အရေးကြီးတယ် ပေါ်ကြ ပလား (ပေါ်ပါပြီ) ဘာအရေးကြီး ပါလိမ့်၊ (ကြိုးမချည်မိဖို့ အရေးကြီးပါတယ်) ကြိုးမချည် မိအောင် အရေးကြီး ပါတယ် (မှန်လှပါ ဘုရား)။

ဒါကြောင့် သောတာပတ္တိမဂ်ရမှ ကြိုးပြုတ်တယ် သဘောကျပလား (ကျပါပြီ) သောတာပတ္တိ မဂ်ရမှ ကြိုးပြုတ် တယ်၊ သူက ဒိဋ္ဌိ ဖြတ်နိုင်တာကိုး (မှန်ပါ့) သောတာပတ္တိမဂ် ရရင် (ဒိဋ္ဌိ ဖြတ်နိုင် ပါတယ် ဘုရား)။

ဉာဏ်ဓါးထက်အောင်သွေးပေးပါ

ပထမမဂ်သာ ရပါစေဆိုတာ ဒကာ ဒကာမတွေ ငါတော့ဖြင့် ဒီလောက်တောင် ချည်နှောင် လုပ်ထားတဲ့ ဥစ္စာ ဖြင့် အဖြတ်ကြီး ဖြတ်ပါတော့မယ် ဆိုပြီး သကာလ ဉာဏ်ဓါးကို ထက်ထက် သွေးရ လိမ့်မယ်၊ သဘောကျပလား (ကျပါပြီ)။

ဘာလုပ်ကျရမလဲ(ဉာဏ်ဓါးကို ထက်ထက်သွေး ရပါမယ်) ဉာဏ်ဓါးဟာ ဘယ်မှာ သွေးရမှာတုံး ဆိုတဲ့ အခါကျ တော့မှ သမာဓိ ကျောက်ဖျာ ပေါ်မှာ သွေးရမယ် (မှန်ပါ့)။

ဒီနေ့ ရှေးဦးစွာ စ,ဟောတာ သမာဓိ တည်ဖို့ ရှေးဦး စွာ စဟောတာ ကျောက်ဖျာ ပေးလိုက် တယ်။

ဉာဏ်ဓါးကို ဒကာ ဒကာမတို့ သမာဓိ ကျောက်ဖျာ ပေါ်တင်ပြီး ဝီရိယတည်း ဟူသော လက်နဲ့ မြဲမြဲကိုင် သွေးပါ။ (မှန်ပါ့) သွေးလိုက်လို့ရှိရင် ထက်လာ လိမ့်မယ်။

အဲဒီဉာဏ်ဓါး ထက်လာရင်တော့ ကိုယ်ကတော့ဖြင့် သံသရာ ခရီးသည်မို့လို့ ဒိဋ္ဌိကတော့ ချည်ပြီးသား ဒီအသိဉာဏ် ရှိတဲ့ဘဝမှာ ဒီဉာဏ်ဓါးနဲ့ ဖြတ်လိုက်ရလို့ရှိရင်ဖြင့် ကျုပ်တို့ လွတ်လပ်ရေး ရပါပြီ။

ဒါဖြင့် ဘာလုပ်ဖို့ အရေးကြီးတုံး ဆိုတော့ သမာဓိ ကျောက်ဖျာ ပေါ်မှာ ဉာဏ်ဓါးကို ကိုင်ပြီး ဝီရိယတည်း ဟူသော လက်နဲ့မြဲမြဲ ဆုပ်ပြီး ကြပ်ကြပ် သွေးပေးပါ (မှန်ပါ့)။

သမာဓိ ကျောက်ဖျာ ပေါ်၌ ဉာဏ်ဓါးကို ဝီရိယတည်း ဟူသော လက်နဲ့ များများ သွေးလိုက် ရလို့ ရှိရင်ဖြင့် ဓါးထက် သွားမယ် (မှန်ပါ့) မထက်ပေဘူးလား (ထက်သွားမှာပါ ဘုရား)။

ဝိပဿနာ လုပ်တဲ့ ပုဂ္ဂိုလ်များမှာ ဒါကြောင့် သမာဓိ ဟာလည်း အရေးကြီးတယ်၊ ဉာဏ်ကကော (အရေးကြီး ပါတယ်) ဝီရိယကော (အရေးကြီးပါတယ်) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါကြောင့် ပညာမဂ္ဂင်က၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ ဆိုတာ ဉာဏ်ဓါးပါပဲ သဘောကျပလား (ကျပါပြီ)။

သမ္မာဝါယမ သမ္မာသတိ သမ္မာသမာဓိက ကျောက် ဖျာပါပဲ (မှန်ပါ့) သမ္မာဝါယမက လက်ပါ (မှန်ပါ့)။

သမ္မာဝါယမဆိုတဲ့ ဝီရိယလက်နဲ့ ဒကာသစ်ရေ၊ မြေ့ နေအောင် သွေးရလိမ့်မယ်၊ ရှင်းပလား (ရှင်းပါပြီ)။ ဘယ်လိုလုပ်ရပါ့ (မြေ့နေအောင် သွေးရမယ် ဘုရား)

တစ်စက္ကန့်တည်းနဲ့ဖြတ်တယ်

သွေးလိုက်လို့ရှိရင်ဖြင့် ဒိဋ္ဌိကြိုးတစ်ထောင် ချည်ထား ဝိပဿနာမဂ်ဓါး၊ လောကုတ္တရာ မဂ်ဓါးကို ရမယ် ဆိုလို့ရှိရင် တစ်သံသရာလုံး ချည်တာကို တစ်နေ့တည်းနဲ့ တစ်စက္ကန့် တည်းနဲ့ ပြတ်တယ်၊ (မှန်လှပါ ဘုရား)။

ဒါကြောင့် တစ်စက္ကန့်လေး အဖိုးတန်ပုံကို ဦးသန်းမောင် တို့ သိစေချင်တယ်၊ (မှန်လှပါ ဘုရား)၊ ဒကာကြွယ် တစ်စက္ကန့် အဖိုးတန်တယ်၊ ဒီတစ်ခါ ဖြတ်လိုက် လို့ရှိရင် နောက်သူတို့ဟာ ဘယ်တော့မှ မဆက်မိ တော့ဘူး၊ တစ်ခါတည်း ပြတ်တယ်။

တစ်ခါတည်း ပြတ်သွားတော့၊ တဏှာရေက မျှောပါ ဦးတော့၊ ကျုပ်တို့မှာ သောင်ကမ်းတွေ့ရင် ကျုပ်တို့မှာ လွတ် လပ်ရေး ရတယ်၊ ချမ်းသာရေး မရဘူးလား (ရပါတယ်)၊ ဘာကြောင့်တုံး ဒိဋ္ဌိပြုတ် သွားလို့၊ (မှန်လှပါ ဘုရား)။

တုပ်မည့်ကြိုး မရှိလို့ ဆိုတော့ အများကြီး မသက်သာ ဘူးလား၊ (သက်သာပါတယ် ဘုရား)။

ဒါကြောင့် သောတာပန် တည်ပြီး (၇) ဘဝ နေရငြား သော်လည်း ဝဲမရှိတော့ အောက်သံသရာ မရောက်ဘူး ကွတဲ့၊ (မှန်ပါ့)။ သောင်ကမ်း တွေ့ရာ အပေါ် သွားတင်တယ်၊ စုတိ ဘဝကနေ သုဂတိ တည်း ဟူသော သောင်ကမ်း သွားတွေ့ တယ်၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ,ဒကာမတွေ ကြိုးဖြုတ်ဖို့ရာ အရေးကြီး ဆုံးပဲ (အရေး အကြီးဆုံးပါ ဘုရား) ဘယ်လို မှတ်ကြမယ်၊ (ကြိုးပြတ်ဖို့ရာ အရေးအကြီးဆုံးပါ ဘုရား)။ ဒကာသစ် နေရာကျပြီ (ကျပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ,ဒကာမတို့ ကြိုးပြုတ်ဖို့ရာ အရေး ကြီးတယ် ဆိုသဖြင့်တဲ့ ဉာဏ်ဓါး ထက်မှုသည် အရေးကြီးတယ်၊ ကြိုးပြုတ်ဖို့ရာ အရေးကြီးတယ် ဆိုငြားသော်လည်း၊ ဉာဏ်ဓါး မထက်လို့ ရှိရင် ဘယ်နည်းနဲ့မှ ပြုတ်မှာ မဟုတ်ဘူး (မပြုတ်ပါ ဘုရား)။

မွေးလာ ကတည်းက ငါ့ကိုယ် ငါ့ဟာဆိုတဲ့ ဥစ္စာက လူတိုင်း ချည်ပြီးသား (မှန်လှပါ ဘုရား)။ ငါ့ကိုယ် ငါ့ဟာဆိုတာ ကတော့ (လူတိုင်း ချည်ပြီးသားပါ ဘုရား)။ အင်း ဒါဖြင့် မွေးလာ ကတည်းက ဒကာ,ဒကာမတို့ လူလား မြောက်ပြီး ခြေလက်သန်စွမ်း မွေးလာသလား၊ ချည်ပြီး တုပ်ပြီး မွေးလာ တာလား (ချည်ပြီးတုပ်ပြီး မွေးလာတာပါ ဘုရား)။ ပေါ်လာပြီ မပေါ်ကြဘူးလား (ပေါ်ပါတယ်)။

နောက်တစ်ခါ ဒီတဏှာဟာနဲ့ပတ်သက်ပြီး ထင်စရာ မြင်စရာတွေ ငါ့သား၊ ငါ့သမီး၊ ငါ့မောင်၊ ငါးဖွားတွေက လာလိုက်ပြန်တော့လည်း အင်း-နဂိုကလဲတုပ်ပြီးသားလေးမွေး လာတယ်၊ ပြင်ဘက်မှ အမြင်မှားနဲ့တုပ်လိုက်တဲ့၊ ဒိဋ္ဌိမှားနဲ့ တုပ်လိုက်တဲ့ အလုပ်တွေကလည်း နည်းတဲ့ အထပ်တွေလား၊ (မနည်းပါဘူး ဘုရား)။

ဒါဖြင့် ဘယ်လောက်ပင် အထပ်တွေ များများ၊ ဒကာ ကြွယ်တို့၊ ဒကာသစ်တို့ ဦးသန်းမောင်တို့ မောင်ဘသော်တို့ ဉာဏ်ဓါး ထက်ရင် ပြတ်တာပဲ၊ (မှန်ပါ)

ဒါဖြင့် ဝိပဿနာဉာဏ်ဓါး၊ မဂ်ဉာဏ်ဓါးသည် ဒကာ, ဒကာမတို့ အထူးတလည် အရေးကြီး တော့သည် ဆိုတာ ပေါ်ပါပြီ၊ (ပေါ်ပါပြီ ဘုရား)။

ကဲ-ဒါဖြင့် ပြောကြပါစို့တဲ့ ဒီဉာဏ်ဓါးအကြောင်းကိုပဲ သေသေချာချာ ပြောကြပါစို့ဆိုတော့ ဒကာ ဒကာမတွေ မနေ့က ဝတ္ထုကို အလုပ်နှင့်တကွ ပြမယ်၊ (မှန်လှပါ ဘုရား)။

ရှင်မဟာကောဋ္ဌိက

ရှင်မဟာကောဋ္ဌိက ဆိုတာကလည်း ဖလသမာပါတ် ဝင်စား နေပါတယ်၊ ဖလသမာပတ် ဝင်စားတယ် ဆိုတာ ဖြစ်ပျက် အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို ဉာဏ်နဲ့ အာရုံပြုပြီး ကြာရှည် နေတာကို ဆိုသည်၊ (မှန်လှပါ ဘုရား)။

ရှင်သာရိပုတ္တရာ ကလည်း ထို့အတူပဲ သာဝတ္ထိပြည် မှာပဲ ဇေတဝန် ကျောင်းမှာပဲ ဖလ သမာပတ် ဝင်စားပြီး သကာလ နေတော့တယ် ဆိုတာ မှတ်ထားလိုက်ကြပါ၊ (တင်ပါ့)

ဖလသမာပတ် က နေပြီး သူတို့သည်ကားလို့ ဆိုရင် နိဗ္ဗာန် အာရုံပြုပြီး ချမ်းသာစွာနဲ့ နေပြီး၊ ကဲတော်လောက်ပြီလေ ဆိုပြီး သကာလ ဖလသမာပတ်က ထပြီး လာတဲ့အခါ ရှင်မဟာ ကောဋ္ဌိကမှာ အကြံဉာဏ် ဖြစ်တယ်။

သြော်-ငါကလည်း ပဋိသမ္ဘိဒါပတ္တကရဟန္တာ ရှင်သာရိ ပုတ္တရာကလည်း ပဋိသမ္ဘိဒါပတ္တ ရဟန္တာကြီး ဖြစ်တယ်၊ ငါတို့ သည်ကားလို့ ဆိုလို့ရှိရင် အမေးအဖြေ လုပ်ရလို့ရှိရင် နောင်လာ နောက်သားများ၊ ဒီလမ်းက လိုက်ပြီး သကာလ ကြိုးပြတ်ပြီး၊ ရေလည်း မရောက်ပဲနဲ့၊ ဝဲမလှည့်ပဲနဲ့၊ အပါယ်လေးပါး ဆိုတဲ့ ရောက်မိ ရောက်ရာကို မရောက်ပဲနဲ့၊ ဗရမ်းဗတာ မျော တဲ့ဆီ မရောက်ပဲနဲ့ ဒီ ငါတို့ အမေးအဖြေကို ကျင့်ကြံ ကြလို့ရှိရင် ကောင်းမှာပဲ။

ကောင်းတဲ့ အပေါ်မှာလည်း၊ အမေးကလဲ ရဟန္တာ၊ အဖြေကလည်း ရဟန္တာဖြစ်သောကြောင့် ဒီတရားဟာဖြင့် လေးလေးစားစား သူတို့ လုပ်ကြလိမ့်မယ်၊ ဒါဖြင့် ဒီတရားကို ငါတို့ ညီတော် နောင်တော်၊ အမေး အဖြေ လုပ်မှပဲ တော်တော့ မယ်ဆိုတဲ့ ဥစ္စာ၊ နောင်လာ နောက်သား အတွက် ဖြစ်တယ်။

သူတို့ သံသယရှိလို့ မေးကြ ဖြေကြသည်လို့ ဒကာကြွယ် ဒီလိုမယူနဲ့ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ သူတို့ သံသယရှိလို့ မေးကြ ဖြေကြတာလား၊ နောင်လာ နောက်သားတွေ ဒီလမ်း အတိုင်း လိုက်လို့ ရှိရင် ကျေးဇူး များစေခြင်း အကျိုး ငှာလား? (နောင်လာ နောက်သား တွေ ကျေးဇူး များစေခြင်း အကျိုးငှာပါ ဘုရား)။

အဲ-နောင်လာ နောက်သားတွေ ကျေးဇူး များစေခြင်း အကျိုးငှာ တစ်ခါတည်း ဖလသမာပတ် ကထပြီး ရှင်မဟာ ကောဋ္ဌိက က မေးလိုက်တယ် ဒကာသစ်ရေ (မှန်ပါ့ဘုရား)။

ပညာရှိ၊ ပညာရှိဆိုတာ ဒု ပည- ပညာ မရှိတဲ့ပုဂ္ဂိုလ်၊ ပညာမရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ ဘယ်ဟာကို ဆိုပါသတုံး၊ ရှင်မဟာကောဋ္ဌိက က မေးလိုက်တယ်။

ပညာမရှိတဲ့ပုဂ္ဂိုလ်ဆိုတာ

ကွာတဲ့ ခန္ဓာကြီးမှာ ဒုက္ခသစ္စာတွေ အပြည့်ရှိပါလျက် သားနဲ့ ဒုက္ခသစ္စာ မသိ၊ ခန္ဓာဖြစ်ကြောင်း သမုဒယ သစ္စာ မသိ ခန္ဓာတုပ်ထားတဲ့ ကြိုးတွေကို ဖြတ်တတ်တဲ့ မဂ္ဂသစ္စာ မသိ၊ ခန္ဓာတွေ မရှိရာ၊ ဒုက္ခတွေ ကင်းရာ ဖြစ်တဲ့ နိဗ္ဗာန်ကို မသိ၊ အဲဒီ မသိတဲ့ ပုဂ္ဂိုလ်ဟာ ဒု ပည ပုဂ္ဂိုလ်လို့ မှတ်လိုက်စမ်းပါ၊ (မှန်လှ ပါ ဘုရား)။

လိုရင်းက သစ္စာမသိတဲ့ ပုဂ္ဂိုလ် ဒု ပည ပုဂ္ဂိုလ် (မှန်လှ ပါဘုရား)။ သေသေချာချာ မှတ်ပါ၊ (မှန်ပါ့)။

ခင်ဗျားတို့ ခန္ဓာကြီး ဘာသစ္စာ -(ဒုက္ခသစ္စာပါ ဘုရား)။ ဒါကြီးကိုပင်လျှင် ဖြစ်ပျက် မမြင်တဲ့ ပုဂ္ဂိုလ်ဟာ ဒု ပည ပုဂ္ဂိုလ်၊ (မှန်လှပါ ဘုရား) ပညာမရှိတဲ့ ပုဂ္ဂိုလ်လို့ မှတ်လိုက်စမ်းပါ။

ဖြစ်ပျက်မှမသိတဲ့ ပုဂ္ဂိုလ်ဟာ (ဒုပည ပုဂ္ဂိုလ်ပါ ဘုရား) ဒုပည ပုဂ္ဂိုလ် မြန်မာလို ပြန်လိုက်တော့ ဘာတဲ့ (ပညာမရှိ တဲ့ပုဂ္ဂိုလ်ပါ ဘုရား)

ဪ ဒါဖြင့် ရှင်မဟာကောဋ္ဌိက ကမေးလို့၊ ရှင်သာ ရိပုတ္တရာက ဒုက္ခသစ္စာ ဖြစ်ပျက် ဉာဏ်လေးမှ မရတဲ့ ပုဂ္ဂိုလ်ဖြင့် ပညာမဲ့ ပုဂ္ဂိုလ်၊ ပညာ မရှိတဲ့ ပုဂ္ဂိုလ်လို့၊ သူက နေပြီး သကာလ ဆုံးဖြတ်ချက် ချတော့၊ အရှင်ဘုရား ဒါဖြင့် တပည့်တော် အင်မတန် ကျေနပ်ပါပြီ၊ (မှန်လှပါ ဘုရား)

အမေးသမားက ကျေနပ်ပြီ၊ ဒါကြောင့် ဒီပြင်ဟာ မသိ ချင်နေ၊ ဒီသစ္စာတော့ သိရမယ် (မှန်လှပါ) သစ္စာ မသိသရွေ့ ပညာရှိ မဖြစ် (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ သစ္စာ မသိသရွေ့ (ပညာရှိ မဖြစ်ပါ ဘုရား)။

ဒါကြောင့်တဲ့၊ ကမ္မဿကတ ဉာဏ်ကလေး လောက်နဲ့ တင်းတိမ်ပြီး သကာလ မနေဘဲနဲ့ သစ္စာ အနုလောမိက ဉာဏ် ကို၊ ဒကာကြွယ် ရအောင် လုပ်ပါလို့ မနေ့က အထူး တလည်ပဲ ပြောလိုက် ပါတယ် (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

အဲဒါဖြင့် ပညာ မရှိတဲ့ပုဂ္ဂိုလ်၊ ပညာ မရှိတဲ့ ပုဂ္ဂိုလ်ဆို တာ ဘယ်ပုဂ္ဂိုလ်ကို ဆိုပါလိမ့်၊ (သစ္စာမသိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား) သစ္စာ မသိတဲ့ ပုဂ္ဂိုလ်၊ (မှန်လှပါ ဘုရား)။

ပညာမဲ့ ပုဂ္ဂိုလ်၊ ပညာမဲ့ ပုဂ္ဂိုလ် ဆိုတာဘာပါလိမ့် (သစ္စာမသိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား) ခန္ဓာ ကိုယ်ကြီးက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ဖြစ်ပျက်တွေ ကကော (ဒုက္ခသစ္စာ ပါဘုရား)၊ အဲဒါဖြင့် သိအောင် လုပ်လိုက်ပါ (မှန်လှပါ ဘုရား)။

အပေါင်းကြီး ဒုက္ခသစ္စာ သိတာ မလိုချင်ပါဘူး၊ ခန္ဓာ ကိုယ်ကြီး ဖြစ်ပျက်ပြီး သကာလ ခဏခဏ ဒီနေရာ စိတ် ကလေး ပေါ်လိုက်၊ ဒီစိတ်ကလေး ပျောက်သွားလိုက်၊ ပေါ်လိုက် ပျောက်လိုက် ပါလား (မှန်ပါ့)။

စားချင်တဲ့ စိတ်ကလေး ပေါ်လိုက်၊ ပေါ်ပြီး ပျောက် သွားလိုက်၊ အိပ်ချင်တဲ့ စိတ်ကလေး ပေါ်ရင် (ပေါ်ပြီး ပျောက်သွား ပါတယ်) အင်း ဒါလေးတွေ ဒုက္ခသစ္စာ ပါလား၊ (မှန်ပါ့) ဦးသန်းမောင် ဘာလေး တွေလည်း (ဒုက္ခသစ္စာ တွေပါ)

အင်း ယားတာလေး၊ ယားတဲ့ နေရာတင် ပျောက်သွား တယ်၊ (မှန်ပါ) နာတဲ့ စိတ်ကလေးဟာ နာတဲ့ နေရာတင် ပျောက်သွားတယ် (မှန်ပါ့) အဲဒီလို ဒါကလေးဟာ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာ လေးတွေလို့ သိနေလို့ ရှိရင်ဖြင့် ဒါ ပညာရှိ ပုဂ္ဂိုလ် ဖြစ်ပါတယ် (မှန်ပါ့)။

ဒီ့ပြင်ဟာ ဘာလှူလို့၊ ဘာတန်း ဘာပေး၊ ဘာကမ်းငြား သော်လည်း၊ ကမ္မဿကတ ဉာဏ်သာ ဖြစ်တယ်၊ တကယ် ပညာရှိ မဖြစ်ဘူး၊ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)

သစ္စာသိမှပညာရှိ

ဒါကြောင့် ပညာရှိ ဖြစ်ဖို့ရာလည်း၊ ဒကာကြွယ်ရေ၊ သစ္စာသိမှ ပညာရှိ၊ ဘယ်လို မှတ်ကြမယ် (သစ္စာသိမှ ပညာရှိပါ ဘုရား) သစ္စာသိမှ ပညာရှိ ဆိုတာ သေသေချာချာ ဆုံးဖြတ်ချက် ချပါ (မှန်လှပါ ဘုရား)၊ သစ္စာသိမှ (ပညာရှိပါ ဘုရား)။

အေး သစ္စာသိမှ ပညာရှိဆိုတဲ့ ဥစ္စာဖြင့် မောင်ဘသော်တို့ သေသေချာချာ မှတ်ရလိမ့်မယ် (မှန်ပါ့)။

ဘယ်သူက ဘာပညာရှိ ဆိုရင်လည်း၊ ဒါပြောရိုး ပြော စဉ် ပညာသာ မှတ်လိုက် (မှန်ပါ) တကယ် ဒီ ခုနက ကိုယ့်ကြိုးတွေနဲ့ ကိုယ်တုပ်ထားတဲ့ ဒိဋ္ဌိဖြတ်နိုင်တဲ့ ပညာ ကတော့ မပါပါဘူး (မပါပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ပညာထဲမှာ နာရင်နာတဲ့ နေရာမှာ ချုပ်သွား၊ အင်း ယားရင်ယားတဲ့ နေရာမှာ ချုပ်သွား၊ မြင်ရင်မြင်တဲ့ နေရာလေးမှာ ပျက်သွားတယ်။ အင်း ဒါဘယ်သူ့ ဒုက္ခ ပါလိမ့်ဗျာ (ခန္ဓာဒုက္ခပါ ဘုရား)။

ဘာခန္ဓာလည်း ဒါ ဝိညာဏက္ခန္ဓာရဲ့ ဒုက္ခ (မှန်ပါ့) ဝေဒနာလေး ပေါ်တယ်၊ ဒီနေရာမှာ ပျောက် သွားတယ်၊ ဒါ ဝေဒနာက္ခန္ဓာရဲ့ ဒုက္ခပေါ့ (မှန်ပါ့) ရုပ်ကလေး ပေါ်လာ ဒီနေရာ ပူတယ် ဒီနေရာမှာ ပူတာလေး ပျောက်သွားတယ် ဒါရုပ် ဒုက္ခပေါ့ (မှန်ပါ့ ဘုရား)။

မှတ်ထားတယ် မှတ်ထားတဲ့ သညာ ကလေးက ပျောက်သွားတယ် ဒါ သညာက္ခန္ဓာ ဒုက္ခပေါ့ (မှန်ပါ့)။

စေတနာလေးက ပေးမယ် ကမ်းမယ်လို့ စိတ်ကူးလိုက် တယ် အဲ နောက် စေတနာလေး ပျောက်သွားတယ် ဒါ သင်္ခါ ရက္ခန္ဓာ ဒုက္ခပေါ့။

ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်မှာ ဒီပေါ်ပျက်မှ တစ်ပါး ဘာများ ရှိသေးလဲ (ဘာမှ မရှိပါဘူး ဘုရား) ဒါဖြင့် တစ်ကိုယ်လုံးမှာ ဘယ်ဟာ ဘာပေါ်နေနေ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာပဲ ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

အဲဒါဖြင့် ဒီနောက်က ဒကာ ဒကာမတွေ အဲဒါဉာဏ် ဓါးထက်လာလို့ မြင်တာပဲလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့ဘုရား) ဒါအလုပ်နဲ့ မြင်မှနော် (မှန်ပါ့)။

ဘုန်းကြီးကတော့ နည်းပေး နေတာလို့ မှတ်လိုက်ပါ။ ကိုယ့်ဟာကိုယ် ရှုပြီး အလုပ်နဲ့ မြင်ဖို့ရာ သိပ်အရေးကြီးပါ တယ်။

ဦးသန်းမောင် အလုပ်ခွင်ကြည့်နော်၊ အလုပ်ခွင်ကြည့် တော့ ခန္ဓာကိုယ်ကို အလုပ်ခွင်ထား၊ ဉာဏ်က အလုပ်သမား ထား (မှန်လှပါ ဘုရား)။

အလုပ်သမားက အလုပ်ခွင် ဖြစ်တဲ့ ခန္ဓာကိုကြည့် လိုက်ပါ (မှန်ပါ့) အလုပ်သမားက အလုပ်ခွင် ဖြစ်တဲ့ ခန္ဓာ ကို (ကြည့်ရပါမယ် ဘုရား) ကြည့်လိုက်တဲ့ အခါကျတော့ ဖြစ်မှု ပျက်မှု မြင်လာရင် ဟာ ဒို့ ဒု ပည ပုဂ္ဂိုလ် ပညာမဲ့ ပုဂ္ဂိုလ် မဖြစ်တော့ဘူးဟ (မှန်ပါ့) ပညာရှိ ပုဂ္ဂိုလ်ဖြစ်ပဟ လို့ ဆုံးဖြတ်ချက် ချလိုက် စမ်းပါ (မှန်လှပါ ဘုရား) ပေါ်ပြီနော် (ပေါ်ပါပြီ)။

သစ္စာမသိရင် ဘာပုဂ္ဂိုလ်တုံး (ဒုပည ပုဂ္ဂိုလ်ပါ ဘုရား) သစ္စာသိလို့ရှိရင် ပညဝါ ပုဂ္ဂိုလ် (မှန်ပါ့) ပညာရှိပြီကွ သစ္စာသိရင် (ပညဝါ ပုဂ္ဂိုလ်ပါ) ပညာရှိ ပေါ့ဗျာ (မှန်ပါ့)။

စာလိုသုံးလို့ ပညဝါ ပါ၊ စင်စစ် ပညာရှိ ပုဂ္ဂိုလ် ဖြစ်ပါ တယ်၊ ရှင်းပြီနော် (ရှင်းပါတယ်) အဲတော့ ခန္ဓာကိုယ်မျှ ကြည့်ကြပြီး ဒကာ ဒကာမတွေ အားထုတ်မှ၊ ဒကာ ဒကာမတွေ ရော အိမ်ပြန်ပြီး အားထုတ် မည့် ဒကာ ဒကာမတွေ ရော ခန္ဓာ ကြည့်လိုက်ရင် ဟိုနေရာက ရွရွ၊ ဒီနေရာက ရွရွ၊ ခုပေါ်လိုက် ပျောက် သွားလိုက် ဟိုစိတ်ကလေး ပေါ်လိုက် ပျောက်သွား လိုက်၊ ဒီစိတ်ကလေး ပေါ်လိုက် ပျောက်သွားလိုက် (မှန်ပါ့ ဘုရား)။

သြော် တစ်ကိုယ်လုံး ဟာဖြင့် ပေါ်လိုက် ပျောက်လိုက် ဒုက္ခသစ္စာ ကြီးပါလားလို့ ဆိုလို့ရှိရင်ဖြင့် ပေါ်ပျောက် ဒုက္ခ သစ္စာကြီး ပါလား ဆိုတော့ ပုဂ္ဂိုလ်သတ္တဝါ ပျောက်သွားတယ်၊ (မှန်ပါ့) ငါ သူတစ်ပါး ကော (ပျောက် သွားတယ်)။

ဘာတွေသာ တွေ့နေလည်း (ဒုက္ခသစ္စာ ကြီးသာ တွေ့နေတယ်) ဒုက္ခသစ္စာကို ဉာဏ်နဲ့ တွေ့နေတယ် (မှန်ပါ့) အဲဒီ ဉာဏ်ဓါးက အခုန ငါသွင်းနေတာတွေ ရှိသေးရဲ့ လား (မရှိပါဘုရား) အဲဒီ ဒိဋ္ဌိဖြတ်ထွက် သွားတယ် ဘယ်လောက် ရှင်းသွားသတုံး ဒကာ ဒကာမတွေ (ရှင်းပါပြီဘုရား)။

ဒိဋ္ဌိဖြင့် ရှုစမ်း ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ ပေါ် ပျောက်၊ ပေါ်ပျောက် ပေါ်လိုက် ပျောက်လိုက်၊ ပေါ်လိုက် ပျောက်လိုက်၊ ဖြစ်လိုက် ပျက်လိုက် ဒီဟာတွေ ရှိပြီး သကာလ နေတော့ ဉာဏ်ထဲမှာ ကြည့်လိုက်တဲ့ အခါကျတော့ ဘယ်ဟာ မှ ငါ့ကိုယ်၊ ငါ့ဟာ လုပ်စရာ မရှိပါလား ဆိုပြီး သကာလ ဉာဏ် နဲ့ကြည့်လိုက်တဲ့ အခါ ပေါ်ပျက် ကလေးတွေသာ တွေ့နေတယ် (မှန်လှပါ ဘုရား)။

ပေါ်ပျက် ကလေးတွေ တွေ့တဲ့ အခါကျလို့ရှိရင်ဖြင့် ဘယ်နေရာ ငါမြင်သတုံး (မမြင်ပါ ဘုရား) ဟင် ငါအမြင်တွေ က ဒုက္ခသစ္စာ တွေပဲ (မှန်လှပါ) ဘယ်ဟာ ငါလုပ်ကြမလဲ (ဘယ်ဟာမှ ငါမရှိပါ ဘုရား) လုပ်ချင် ဒုက္ခသစ္စာပဲ (မှန်ပါ့)။

ဉာဏ်အောက်မှာ သူတို့ ဒုက္ခ ရောက်နေတာ (မှန်ပါ့) ပေါ်လိုက်၊ ပျောက်လိုက် ဆိုတာ ဘာလဲ (ဒုက္ခ ရောက်နေတာ ပါဘုရား) ဒုက္ခ ရောက်နေတာ သိတော့ ဒုက္ခ ရောက်နေတယ် လို့လည်း သိပါရော၊ ဪ ခန္ဓာလည်း ငါမဟုတ် သွားလည်း ငါမဟုတ်၊ ကိုယ်လည်း ငါမဟုတ်၊ အရေလည်း ငါမဟုတ်၊ အကြောလည်း ငါမဟုတ်၊ အသားလည်း ငါမဟုတ် ဆိုတော့ ဒကာကြွယ်၊ ဒိဋ္ဌိတွေ ဘယ့်နှယ် ဖြစ်သွားသလဲ (ပျောက်သွား ပါတယ် ဘုရား)။

ဟာ- ဒီကတည်းက လက်ခမောင်း ခတ်တော့၊ ကြိုး ဖြတ်ပဟေ့ (မှန်ပါ့) ဒကာ ဒကာမတို့ ဘယ်နှယ် ဖြေမလဲ (ကြိုးပြတ်ပါပြီ ဘုရား) ကြိုးပြတ်ပြီလို့ ဆုံးဖြတ်ချက် ချလိုက်ပါ (မှန်ပါ့) ဘယ်လို ဆုံးဖြတ်ချက် ချမလဲ (ကြိုးပြတ် ပြီလို့ပါ ဘုရား)။

ကြိုးပြတ်ရင် ခြေလက်သန်ပြီ

ကြိုးပြတ်ရင် ခြေလက် သန်ပြီ၊ (မှန်ပါ့) ကြိုးပြတ်ရင် ခြေလက်သန်ပါပြီ၊ ကိုင်း ငါ့ခန္ဓာ မျှောလိုက် စမ်းကွာ (မှန်ပါ့) မျှောပေမယ်လို့ ဆွဲကိုင်စရာ ခြေတွေ လက်တွေ အသန်အမာ ဖြစ်လာပါပြီ (မှန်ပါ့ ဘုရား)။

ဒီလိုဆိုတော့ ဒကာ ဒကာမတို့ ကမ်းပါး မျောလို့ရှိရင် ကမ်းပါး သစ်ပင် ဆွဲတက် ရမှာပဲ၊ သောင်တွေ့ရင် သောင်ပေါ် မှာ ပြေးတက်ရုံပဲ၊ ဒါ ကြိုးပြတ်သွားလို့ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါကြောင့် ဒိဋ္ဌိ ကြိုးပြုတ်လို့ ရှိရင်ဖြင့် သုဂတိဘုံမှာ (၇) ဘဝ နေငြားလည်း နေနိုင်ပါတယ် ဆိုတာ၊ ကြိုးပြုတ်တဲ့ ပုဂ္ဂိုလ်မို့ နေလို့ရတာ (မှန်လှပါ ဘုရား)။

နတ်ပြည်မှာ (၇) ဘဝ နေနိုင်သေးတယ် ဆိုတာ ဒကာသစ် ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ်လို ပုဂ္ဂိုလ်မှ နတ်ပြည်က လက်ခံတယ် ဆိုတာလဲ ခင်ဗျားတို့ သိလိုက်ပါ (မှန်ပါ့ဘုရား)။

သောတာပန် တည်ပြီးသား ပုဂ္ဂိုလ်ဟာ (၇) ဘဝ နေနိုင် သေးတယ် ဆိုတာ ဒုဂ္ဂတိဘဝတွေ ရောက်သေးရဲ့လား (မရောက်ပါ ဘုရား) အင်း သုဂတိဘဝတွေသာ ရောက်ပြီး နေတော့၊ ရွေးပြီး တက်နိုင်လို့ရောက်တာ (မှန်လှပါ ဘုရား)။

ဘယ်နှယ်ကြောင့် ရွေးနိုင်ပါလိမ့်မတုံး မေးတော့၊ ကြိုးပြုတ်ပြီးသား ပုဂ္ဂိုလ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) အင်း ဘယ်လိုပါလိမ့် (ကြိုးပြုတ်ပြီးသား ပုဂ္ဂိုလ်ပါ ဘုရား) ကြိုးဖြုတ်ပြီးသား ပုဂ္ဂိုလ်မို့ တက်နိုင်တာ ဆိုတာ သေချာကျပလား (သေချာပါတယ် ဘုရား)။

ကြိုးမပြုတ်သေးတဲ့ ပုဂ္ဂိုလ်အပါယ်လေးပါး ခုနက ဝဲထဲမှာသာ မြုပ်သွားမယ် (မှန်ပါ့ဘုရား) ကိုယ့်ခြေ လက်၏ စွမ်းရည်သတ္တိ၊ အကုန်တုံးတယ် (တုံးပါတယ် ဘုရား) ကြိုး မပြုတ်သေးတဲ့ ပုဂ္ဂိုလ်မှာ (ခြေလက် စွမ်းရည် အကုန် တုံးပါတယ် ဘုရား) ခြေလက်၏ စွမ်းရည်သတ္တိ အကုန်တုံး တယ်။

တုံးပေမှာပဲ ဒကာ ဒကာမတို့ တုပ်ပြီးသား ချည်ပြီး သားကိုး (မှန်ပါ့) သဘောကျကြပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာသစ် ဝိပဿနာ အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ဒိဋ္ဌိပြုတ်ဖို့ အရေးကြီးဆုံးပဲ (မှန်ပါ့) ဒိဋ္ဌိပြုတ် ပြီးလို့ ရှိရင် ခြေလက် သန်သွားပြီ၊ အလိုရှိတဲ့ နေရာသာ တက်မယ် အလို မရှိတဲ့နေရာ မလိုက်ဘူးကွာ။

ကြိုးပြတ်ဖို့အရေးကြီးတယ်

ဝဲထဲလည်း မသွားဘူး၊ ဝဲလှည့်သလိုလဲ မမြုပ်ဘူး (မှန်ပါ့) မဖြစ်နိုင်ဘူးလား (ဖြစ်နိုင် ပါတယ် ဘုရား) ဒါဖြင့် ဒကာ ဝဲလည်း ဒီလောက် မကြောက်ပါနဲ့၊ ရေလည်း ဒီလောက် မကြောက်ပါနဲ့ ကြိုးဖြတ်ဖို့ အရေးကြီးတယ် (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဘာအရေးကြီး ပါလိမ့် (ကြိုးပြတ်ဖို့ အရေးကြီးတယ်) ကြိုးပြတ်ဖို့ အရေးကြီးတယ် ဆိုတာဖြင့် ဒကာ ဒကာမတို့ လေးလေးစားစား မှတ်ပါ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကြိုးပြတ်ချင်လို့ ရှိရင်လည်း၊ ခန္ဓာကိုယ် ကြည့်ရင် ဖြစ်ပျက် ဒုက္ခသစ္စာ မြင်ပါစေ၊ သစ္စာ အနုလောမိက ဉာဏ်သာ ရပါစေ (မှန်လှပါ ဘုရား)။

သစ္စာ အနုလောမိက ဉာဏ်ဆိုတာ တခြား မဟုတ်ပါ ဘူး၊ ဒကာ ဒကာမတို့ ဖြစ်မှု ပျက်မှုကို ဆိုတာပါ သစ္စာအနုလောမိက ဉာဏ်ဆိုတာ (ဖြစ်မှု ပျက်မှုကို ဆိုတာပါ ဘုရား)။

အဲဒီ ဖြစ်မှုပျက်မှု မြင်တဲ့ ဉာဏ်ကလေးလည်း ရပါရော တဲ့ ဆံပင် ငါ့အသား ငါ့သွေး၊ ငါ့ခြေ ငါ့လက် ငါ့လက်ကောက်၊ ငါ့လက်စွပ်၊ ငါ့ဆွဲကြိုး ရှိသေးရဲ့လား (မရှိ ပါဘူး) ဒုက္ခသစ္စာတွေ ဖြစ်ကုန်တယ်။

သစ္စာသိတဲ့ဉာဏ်သည် ကြိုးဖြတ်တဲ့ဉာဏ်

ဪ ဒါဖြင့် သစ္စာသိတဲ့ ဉာဏ်သည် ကြိုးဖြတ် တဲ့ဉာဏ် ပါလား သစ္စာ အနုလောမိက ဉာဏ်သည် (ကြိုးဖြတ်တဲ့ ဉာဏ်ပါ ဘုရား) ကြိုးဖြတ်တဲ့ ဉာဏ်ပဲဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဉာဏ် ဟာ ဝိပဿနာဉာဏ်လည်း ဆိုပါ သစ္စာ အနုလောမိက ဉာဏ် လည်း (ဆိုနိုင်ပါတယ် ဘုရား) ဆိုပါတဲ့ ဘာမှမပူပါနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ပညာရှိပုဂ္ဂိုလ်ဆိုတာ

ဒါနဲ့ ရှင်မဟာကောဋ္ဌိက ဆက်မေးတယ် အရှင် ဘုရားတဲ့ ပညာရှိ၊ ပညာရှိ ပညဝါ ပုဂ္ဂိုလ် ဆိုတာ ဘယ်လိုဟာ ဆိုရမလဲ။ အို ကြိုးဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်ကွ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာတဲ့ (ကြိုးဖြတ် နိုင်တဲ့ ပုဂ္ဂိုလ်ပါ ဘုရား) ကြိုး ဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်ဆိုတော့ သစ္စာသိတဲ့ ပုဂ္ဂိုလ်လို့ ဆိုလိုက် တာပေါ့ (မှန်ပါ့) အင်း ကြိုးဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာ (သစ္စာသိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။

သစ္စာသိတဲ့ ပုဂ္ဂိုလ်ကို ဆိုတာပါ ဆိုတာကော ကျေနပ် ပါတယ် (မှန်ပါ့ဘုရား) ကိုင်း ဒါဖြင့် တပည့်တော် ပညာစခမ်း ဖြင့် ဒုပည ပုဂ္ဂိုလ်နဲ့ ပညဝါ ပုဂ္ဂိုလ် ရှင်းပါပြီဘုရား ဆိုပြီး သကာလ သူက ကျေနပ်တယ်။

ပညာဆိုတာ

ဒါဖြင့် ပညာသည်ဘုရား ဘယ်လိုများ သိပါလိမ့်မလဲ – ခက်နေတယ်၊ အို မင်း ပညာ ဆိုတာကွာ ရှင်သာရိ ပုတ္တရာက ပညာသည်ကား ဆိုရင်ဖြင့် အပြားအားဖြင့် အပြားအားဖြင့် သိပါတယ်။

အပြားအားဖြင့် သိတယ် ဆိုတဲ့ သဘောသည် ဒကာ ဒကာမတို့ ဒီ ဘယ်လို ဟာမျိုး မဆို ဝေဖန်ပြီး သိတယ် (မှန်လှပါ ဘုရား) ဝေဖန် သိပါတယ် ဆိုတာ ဘာပါလိမ့် (ပညာပါ ဘုရား) ပညာပဲ ဆိုတာ ရှင်းပလား (ရှင်းပါပြီ)။

ကောင်းပြီ- ဒါဖြင့် ဒီပညာသည်ကားလို့ ဆိုလို့ရှိရင် တပည့်တော် ဝေဖန်ပြီး သကာလ သိတယ် ဆိုတော့ တပည့်တော် သဘောကျပါပြီ။

လောကကြီးထဲမှာ စိတ်ကလည်း သိတယ်လို့ ပြောနေ ကြတယ်၊ မပြောကြဘူးလား (ပြောပါတယ်) စိတ်က သိပါတယ်ဗျ၊ စိတ်က သိတာကို ပြောတော့ ပညာက သိတာတော့ ရှင်းသွားပြီ (မှန်ပါ့) အပြားအားဖြင့် သိတယ် ဆိုတော့ ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။

စိတ်ကသိတယ်ဆိုတာ

စိတ်က သိပါတယ် ဆိုတာကတော့ ဘယ်လိုပါလိမ့် မလဲလို့ မေးတော့ အင်း စိတ်ကလည်း ကွာတဲ့ သုခပေါ် လည်း သူသိ၊ ခန္ဓာကိုယ်ထဲမှာ ဒုက္ခဝေဒနာ ပေါ်ကော၊ (သိပါတယ် ဘုရား) ဥပေက္ခာ ဝေဒနာ ပေါ်ကော (သိပါတယ် ဘုရား)။

အင်း-စိတ်သိ ကတော့ကွာ တဲ့ သုခပေါ်သိ ဒုက္ခပေါ် သိ၊ ဥပေက္ခာပေါ် သိတာ၊ အဲဒါ စိတ်သိ ပေါ့ကွ (မှန်လှပါ) အဲဒါ ဝိညာဏ် သိပေါ့။

ဒါဖြင့် ဘုရားတဲ့ တပည့်တော် မေးပါရစေ ရှင်မဟာ ကောဋ္ဌိကက တပည့်တော် မေးပါရစေတဲ့၊ အရှင်ဘုရားကို ပညာကလည်း သိတာပဲ စိတ်ကလည်း သိတာပဲ ဒီဥစ္စာခွဲပြီးတော့ သူတို့ သိတာလား ? အတူတူ ဖြစ်ပြီး သကာလ သိကြတာလား? ဆိုတာ တပည့်တော် မေးပါရစေ။

ပေါင်းပြီး သိကြတာပဲလား၊ ငါသိတာက တစ်မျိုး၊ မင်းသိတာက တစ်မျိုး ဆိုပြီးတော့ ခွဲခြားပြီး သကာလ သိကြ တာလား၊ ဒါလေးကိုဖြင့် ရှင်းပေးပါဦး (မှန်လှပါ ဘုရား)။

ပညာကပွားများပြီးသိတယ်

ဆိုတော့ကွာ တဲ့ ဒီလိုပါကွ၊ ပညာက ဖြစ်တာ ပျက်တာကိုပဲ ပညာသည် ပွားများပြီး သိတယ် ကွတဲ့ (မှန်လှပါ ဘုရား) ဝိညာဏ်က ပိုင်းခြားပြီး သိတယ်ကွ။

ဝိညာဏ်က ပိုင်းခြားပြီးသိတယ်

ဝိညာဏ်က ပိုင်းခြားပြီး သိတယ်ကွ၊ ပညာက (ပွားများပြီး သိပါတယ်) ဝိညာဏ်က (ပိုင်းခြားပြီး သိ ပါတယ်) သေသေချာချာ မှတ်ပါ၊ ဒကာ ဒကာမတို့ ပညာက (ပွားများပြီး သိပါတယ်) အင်း ဝိညာဏ်က (ပိုင်းခြား သိပါတယ်)။

အဲဒီတော့ကွာတဲ့၊ ဖြစ်တော့ အတူတူ ဖြစ်တာပဲ။ ဖြစ်တော့ အတူတူ ဖြစ်တာပဲတဲ့ ပညာနဲ့ ဝိညာဏ်က၊ ခွဲမရပါဘူးတဲ့ ဒကာသစ်က (မှန်ပါ့)။

ပညာက စေတသိတ်ကို (မှန်ပါ)၊ ဝိညာဏ်က စိတ်ကို (မှန်ပါ) စိတ်နှင့် စေတသိက် ဆိုတာ ဘယ်တော့မှ မခွဲပါဘူး (မှန်ပါ) စိတ်နှင့် စေတသိက် ဆိုတာ (ဘယ်တော့မှ မခွဲပါ ဘုရား)။

ဘယ်တော့မှ မခွဲပါဘူးကွာတဲ့ သို့သော်တဲ့၊ ပညာ ကတော့ ဘာဝေတဗ္ဗ ကိစ္စနဲ့ ပွားများ သိတာ၊ သဘောကျပလား (ကျပါပြီ)။

ဝိညာဏ်ကတော့ ပိုင်းခြားပြီး သိတာ၊ (မှန်လှပါ)၊ ပညာက (ပွားများ သိတာပါ) ဝိညာဏ် ကတော့ (ပိုင်းခြား ပြီး သိတာပါ)၊ ပိုင်းခြားပြီး သိတယ် ဆိုတာ ဒကာ ဒကာမတို့ ကျေနပ်ပလား (ကျေနပ် ပါပြီ)။

ပညာသိ

ကဲ ဒါဖြင့် တစ်ခုသော၊ စားချင်တဲ့ စိတ်ကလေး၊ ထမင်း စားချင်တဲ့ စိတ်ကလေး ပေါ်တယ်ပဲ ထားပါတော့၊ စားချင်တဲ့ စိတ်ကလေး ပေါ်တော့ ပညာက ဘယ်လို သိလိုက်သတုံးလို့ မေးတဲ့ အခါ ကျတော့၊ အင်း မဂ္ဂင်ငါးပါးနဲ့ ကြည့်လိုက်တဲ့ အခါကျတော့၊ သြော် သူလေးဟာ ဖြစ်ပြီး သကာလ ပျက်သွား တာပဲ ဆိုပြီး၊ အနိစ္စ သဘောလေး သူသိ လိုက်တယ်၊ (မှန်ပါ့)။

သြော် ဖြစ်ပြီး ပျက်သွားတာ ဘာပါလိမ့်၊ (အနိစ္စ သဘောပါ ဘုရား) အဲဒါ ပညာကနေ သိတာ၊ ဖြစ်ပြီး ပျက်သွား တာပဲ ဆိုတာ (ပညာက သိတာပါ ဘုရား) ပညာကနေ သိလိုက် တယ်တဲ့။

ဝိညာဏ်သိ

ဝိညာဏ်က ဘယ်လို သိပါလိမ့်မတုံး ဆိုတော့ သူလည်း ဒီအထဲမှာ ရောပြီး သိလိုက်တာပဲ၊ သို့သော် သူသိပုံကတော့ဖြင့်၊ ပိုင်းခြားပြီး သကာလ သိတယ်၊ ဘယ်လို ပိုင်းခြားပြီး သိပါသလဲ လို့ မေးတဲ့ အခါကျတော့၊ ဒကာ ဒကာမတို့၊ သြော် ဒီ ဖြစ်မှုဟာ လည်း အင်း- ဒုက္ခသစ္စာပဲ၊ ဖြစ်မှုဟာ (ဒုက္ခသစ္စာပါ ဘုရား) သူက ပိုင်းခြားပြီး သိတယ်၊ ဟိုကတော့ ဖြစ်ပြီး ပျက်တဲ့ဟာ အနိစ္စတရား ပဲလို့ ပွားများပြီး သိတယ်၊ ပွားများပြီး သကာလ ကိုယ့်ရှေ့မှာ ဖြစ်ပျက် ကလေးတွေ၊ ဘာဖြစ်ပျက်၊ ဖြစ်ပျက်ကွာ ငါအခု စိုက်ကြည့် နေတာပဲ၊ (မှန်ပါ)။

စိုက်ပြီး ကြည့်နေလို့ ရှိရင် ဖြစ်ပြီး ပျက်တာ ဟူသရွေ့ကို၊ အနိစ္စ မှတစ်ပါး ဘာမှ မဖြစ်ဘူး၊ ဒုက္ခသစ္စာ မှတစ်ပါး (ဘာမှ မဖြစ်ဘူး) ဒါပညာက သိလိုက်တယ်။

ဝိညာဏ်ကတော့ ပိုင်းခြားပြီး သိတယ်၊ ဘယ်လို ပိုင်းခြား သိသတုံး ဆိုတော့၊ အရင် ဟောထားတဲ့ အတိုင်း၊ ဒကာ ဒကာမတို့ ဖြစ်မှုဟာလည်း ဒုက္ခသစ္စာ၊ ပျက်မှုဟာလည်း ဒုက္ခ သစ္စာ၊ သူကတော့၊ အင်း ဒုက္ခသစ္စာ သိတော့ သိတာပဲ၊ သူက နှစ်ပိုင်း သိတယ်၊ (မှန်လှပါ ဘုရား)။

ပညာက ပွားများပြီး သိတယ်၊ သူက ပိုင်းခြားပြီး သိတယ်၊ (မှန်ပါ့ဘုရား) သိတယ်၊ အဲဒီလို ထူးပါတယ် ကွာတဲ့၊ ဖြစ်တော့ အတူတူပါပဲ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ပညာကော၊ ဝိညာဏ်ကော၊ ရောသိတယ်

ဒါဖြင့်ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ဖြစ်မှုကိုလည်းသိ၊ ပျက်မှုကိုလည်း သိတော့၊ ပညာကော၊ ဝိညာဏ်ကော ရောသိ တယ်လို့ အောက်မေ့ပါ (မှန်လှပါ)။

ဖြစ်မှုကိုလည်းသိ (ပျက်မှုကိုလည်းသိ) အဲဒါ ဘာနဲ့သိပါလိမ့် (ပညာရော ဝိညာဏ်ကော သိပါတယ်)။ ပညာကော၊ ဝိညာဏ်ကော သိ ပါတယ် ဆို တော့၊ မောင်ဘသော်တို့ စောဒက တက်စရာ လိုသေးလား (မလိုတော့ပါ ဘုရား)။

ဖြစ်မှုကိုလည်း သိလိုက်တယ်၊ ပျက်မှုကိုလည်း သိလိုက်တယ် ဆိုတော့၊ ဒကာ ဒကာမတို့ ပညာကလဲ ဖြစ်ပျက် အနိစ္စ သိတာပဲ၊ ဝိညာဏ်ကလည်း ဖြစ်ပျက် ဖြစ်တာ အနိစ္စ ရောက်မလို့ ဖြစ်တာပဲ၊ ပျက်တာလည်း အနိစ္စ ရောက်သွား တာပဲ (မှန်လှပါ)။

ဒီလို ကြည့်လိုက် ပြန်တော့၊ သြော် ဒါဖြင့် ပညာ၊ ဝိညာဏ် သည်ကားလို့ ဆိုရင်ဖြင့် ရှင်ကောဋ္ဌိကရေ မထူးပါဘူး ကွ၊ ပေါင်းပြီး ကြည့်ကြတာပါပဲ၊ ပွားများသိနဲ့ ပိုင်းခြားသိတာပဲ။ ထူးပါတယ်ကွ သဘော ကျပလား၊ (ကျပါပြီ)။

ပိုင်းခြားသိ၊ ပွားများသိ၊ ဒါပဲထူးတယ်ကွ၊ (မှန်ပါ့) ခင်ဗျားတို့ ဝိပဿနာရှုတဲ့ အခါကျတော့ ခန္ဓာကိုယ်ထဲမှာ ဪ ဒါလေးဟာ၊ ဖြစ်ပြီးမှ ပျက်သွားတာ ကလေးကိုလို့၊ ဉာဏ်ထဲ မှာဖြင့်၊ ဝေဖန်ချ လိုက်လို့ ရှိရင်၊ ဖြစ်ပြီးမှ ပျက်သွားတာကိုး၊ (မှန်လှပါ ဘုရား)။

ဒီလို သိပြီး သွားတော့ ဝိညာဏ်ကလည်းသူ၊ ဖြစ်တာ ကိုလည်း သူသိတာပဲ၊ အင်း ပျက်တာ ကိုလည်း သိတာပဲ၊ (မှန်ပါ့) ပညာ ကတော့ ဘယ်လို သိသတုံး၊ ဘာဝေတဗ္ဗ၊ ပွားပြီး သကာလ သူကတော့ဖြင့်၊ အင်း ဖြစ်ပျက် မှတစ်ပါး၊ ဘာမှမရှိ ဘူး ဆိုပြီး၊ သူကဖြင့် ဒကာ ဒကာမတို့ အပြား အားဖြင့် ဘာလာလာ သူတင် မဟုတ်ပါဘူး ကျန်တာတွေလည်း ဒီလိုပါပဲ ဆိုပြီး၊ သူက အပြားအားဖြင့် အကုန် သိပလိုက်တယ် (မှန်လှပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ)။

ဝိညာဏ် ကတော့ ဒါကလေး တစ်ခုခွဲ သိတယ်၊ ပညာ ကတော့ ဒီဟာတင် မကဘူး အကုန်ကွ၊ ဆိုပြီး အကုန်သိပါတယ်၊ (မှန်ပါ့)။

ပညာက ဘာဝေတဗွနဲ့ သိပါတယ်၊ ဝိညာဏ်က ပရိညာကိစ္စနဲ့ သိပါတယ်၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဖြစ်ပျက်သိရင်နှစ်ခုစလုံးပါတယ်

အဲဒီ အသိကို နှစ်ခါ သိရမှာလားလို့၊ ဒကာ ဒကာမတွေ က သံသယ မရှိပဲနဲ့၊ ဖြစ်ပျက် သိရင် နှစ်ခုစလုံး ပါလို့ သာ မှတ်လိုက် (မှန်လှပါ ဘုရား)။

ဒီလောက် ဆိုလို့ရှိရင် ဒကာ ဒကာမတို့၊ ခန္ဓာကိုယ်ထဲ မှာ ဖြစ်မှု ပျက်မှုမှ တစ်ပါး၊ ဖြစ်ပျက် ဒုက္ခသစ္စာ မှတစ်ပါး၊ ဘာမှ မရှိတော့ဘူး ဆိုလို့ရှိရင်ဖြင့်၊ ငါ့လက်ကော ဆိုလို့ ရသေးရဲလား၊ (မရပါ ဘုရား) ဘယ် ဟုတ်မလဲ ဒုက္ခသစ္စာပဲ (မှန်ပါ့) ငါခြေကော (ဆိုလို့ မရပါဘုရား)၊ ဘာပါလိမ့် (ဒုက္ခ သစ္စာပါ ဘုရား)။

ကြိုးပြေပြီလို့မှတ်

ငါ့ခါးပဲ ဆိုရင်ကော (မရပါ ဘုရား)၊ ငါ့ရင်ပဲ ဆို ရင်ကော (မရပါ ဘုရား) ငါ့ကျောပဲ ဆိုရင်ကော (မရပါ ဘုရား)၊ အင်း ဘာတွေ ဖြစ်နေလဲ၊ (ဒုက္ခသစ္စာ တွေပါ ဘုရား)။

ဪ ဒါဖြင့် ဒီအပေါ်မှာရှိတဲ့ ငါတွေ အကုန်ပြုတ် သောကြောင့် ကြိုးပြေပါပြီလို့ မှတ်လိုက် စမ်းပါ။ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကဲ-ယနေ့ ဒီတွင်တော်ကြစို့။

သာဓု သာဓု သာဓု။