093

ဒီအလုပ်နှင့်နေရစ်ကြပါ

အသံဖိုင်ခေါင်းစဉ်= အနိစ္စဝတသင်္ခါရာ တရားတော်

စာအုပ်ခေါင်းစဉ်= ဒီအလုပ်နှင့်နေရစ်ကြပါ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး ရန်ကုန်မြို့၌

နောက်ဆုံးဟောကြားသော တရားတော်

ဒီအလုပ်နှင့်နေရစ်ကြပါ

(၁၄-၇-၆၂)

တိုတိုနဲ့ အလုပ်စခန်း ဆိုတာလဲ ဒကာ ဒကာမတွေ ရပြီးသား ပါဠိကို ဘုန်းကြီးများက ဆက်သွယ်ပြီး သကာလ ရှင်းအောင် ပြောလို့ ရှိရင် ဪ ဒါ အလုပ်စခန်း ပါလား ဆိုတာ ပေါ်လာ ပါလိမ့်မယ်။ (မှန်ပါ့)။

သင်္ခါရဆိုတာ

အဲဒီတော့ အလုပ်စခန်း မဟောမီ ရှေ့အဖို့ ကာလ၌ သင်္ခါရ သိဖို့ ဟောရဦးမယ်။ (မှန်ပါ့)၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ ဆိုတော့ မသိတဲ့ ပုဂ္ဂိုလ် ပြုလုပ်တာသည် သင်္ခါရ ဖြစ်ပါတယ်၊ ဒီသင်္ခါရ ဆိုတာ ဘာပါလိမ့်မတုံးလို့ မေးတဲ့ အခါ ကျတော့ ပြုပြင်တတ်တဲ့ တရားကို သင်္ခါရလို့ ခေါ်ပါတယ်။ (မှန်ပါ့)၊ ပြုပြင်တတ်တဲ့ တရား ဘာခေါ်ကြမယ်။ (သင်္ခါရ ခေါ်ပါတယ်)။

ပဋိသန္ဓေစိတ် ဆိုတာ ဝိညာဏ်

ဒါဖြင့် သူက ပြုပြင်လိုက်တော့ ဒီဘက်မှာ ပစ္စုပ္ပန်ဘဝ ဝိညာဏ်ဆိုတဲ့ ပဋိသန္ဓေစိတ်တွေ ပေါ်ပါတယ်။ (မှန်ပါ့)၊ ပေါ်တော့ ဒီတရားလဲ ဒကာ ဒကာမတို့ သူက ရုပ်နာမ်ကို ပြုပြင်မှာ ဖြစ်သောကြောင့် သူ့ကို သင်္ခါရ ဆိုရင်ကော လွဲ မလား။ (မလွဲပါ ဘုရား)။

ဒါဖြင့် “သင်္ခါရာ ပစ္စယာ ဝိညာဏံ၊ ဝိညာဏ ပစ္စယာ နာမရူပံ” ဆိုတော့ ဝိညာဏ်က တစ်ခါ ပြုပြင်တာနဲ့ နာမ်ရုပ် မဖြစ်ဘူးလား။ (ဖြစ်ပါတယ်)၊ နာမ်ရုပ်က ပြုပြင်တော့ သဠာယတန (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် သဠာယတနဆိုတဲ့ တရားသည် ပြုပြင်လို့ ပေါ်တဲ့ တရား၊ ဒါကြောင့် သူ့ကိုလဲ သင်္ခါရ တရားလို့ မှတ်လိုက် စမ်းပါ၊ ပြုပြင်လို့ ပေါ်တဲ့တရား ဘာမှတ်ကြမယ်။ (သင်္ခါရတရားပါ ဘုရား)၊ ပြုပြင်လို့ ပေါ်တဲ့တရား ဘာမှတ် ကြမယ်။ (သင်္ခါရပါ)။

ဪ ဒါဖြင့် သဗ္ဗေသင်္ခါရာဆိုတာဟာ ပြုပြင်လို့ ပေါ်လာတဲ့ တရားပဲလို့ မှတ်ရမယ်၊ ပြုပြင်လို့ ပေါ်လာတဲ့ တရား ဘာခေါ်ကြမယ်။ (သင်္ခါရပါ ဘုရား)။

ဒါဖြင့် အနိစ္စာ ဝတ သင်္ခါရာ ဆိုတာ ဪ ဒီတရားဟာ သင်္ခါရတရား၊ စိတ်တရားဟာ သင်္ခါရတရားလို့ မှတ်ထား လိုက်စမ်းပါ၊ စိတ်တွေဟူသရွေ့ ဘာခေါ်ကြမယ်။ (သင်္ခါရ – ပါ ဘုရား)။

အနိစ္စာဝတ သင်္ခါရာ ဆိုတော့ သင်္ခါရာ၊ သင်္ခါရတရား တို့သည်။ ဝတ၊ စင်စစ်။ အနိစ္စာ၊ အမြဲ မရှိကုန်။ ပြုပြင်လို့ ပေါ်လာတဲ့ တရားသည် ပေါ်ပြီးသည့် အခြားမဲ့၌ အနိစ္စအမြဲ မရှိတော့ ဖြစ်ပြီး ပျက်တယ် ဆိုတဲ့ အဓိပ္ပါယ် မရဘူးလား။ (ရပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ စိတ်ကလေးတွေ ဘယ်စိတ်ပေါ်ပေါ် ခင်ဗျားတို့ သန္တာန်၌ သင်္ခါရ တရား မှတ်ပါ။ (မှန်ပါ့)၊ ဘယ်စိတ်ပေါ်ပေါ် ဘယ့်နှယ် ဆိုကြ မယ်။ (သင်္ခါရတရားပါ)၊ ဘယ်စိတ် ပေါ်ပေါ် သင်္ခါရား လို့ မှတ်လိုက်တော့ကို ဒကာ ဒကာမတို့ ရထားတဲ့ ဂါထာက မြတ်စွာဘုရား ဟောထားတဲ့ ပါဠိတော်က အနိစ္စာ ဝတ သင်္ခါရာ၊ ဝတ၊ စင်စစ်။ သင်္ခါရာ၊ ဒီအကြောင်းတရားက ပြုပြင်လို့ ပေါ်လာတဲ့ သင်္ခါရတရား တို့သည်။ အနိစ္စာ၊ အမြဲမရှိကုန်။

သင်္ခါရဟာ အနိစ္စလမ်းဆုံးတယ်

ဒါဖြင့် ဒီသင်္ခါရဟာ အမြဲ ရှိပါရဲ့လား။(မရှိပါ ဘုရား)။ ဒါဖြင့် သင်္ခါရဟာ အနိစ္စ လမ်းဆုံးတယ်။ (မှန်ပါ့)၊ ပြုပြင် လို့ ပေါ်လာတဲ့ တရားဟာ ဘယ်လမ်းဆုံးသလဲ။ (အနိစ္စ လမ်းဆုံးတယ်၊ ဒီက နာမ်ရုပ်က ပြုပြင်လို့ သူ ပေါ်လာတာကိုး။ (မှန်ပါ့)၊ သဠာယတန ဆိုတဲ့စိတ် မပေါ်ဘူးလား။ (ပေါ်ပါတယ်)၊ အဲ ပေါ်လာတဲ့ တရားဟာ ဘယ်လမ်းဆုံး သတုံး၊ အနိစ္စမှာ (ဆုံးပါတယ် ဘုရား)။

ဒါဖြင့် ပေါ်လာတာ သင်္ခါရ၊ ပျက်တာသည် အနိစ္စ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ)။

ပေါ်လာတာသည် (သင်္ခါရပါ ဘုရား)။ ပျက်တာသည် (အနိစ္စပါ ဘုရား)။

ပေါ်လာတာသည် (သင်္ခါရပါ ဘုရား)။ ပျက်သွားလို့ ရှိရင် (အနိစ္စပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သန္တာန်မှာ ဘယ်စိတ်ပေါ်ပေါ် သင်္ခါရ၊ ပျက်သွားရင် (အနိစ္စ)။

ဘယ်စိတ်ပေါ်လာလာ (သင်္ခါရပါ)။ ပျက်သွားရင် (အနိစ္စပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်မှာ စားချင်စိတ် ပေါ်လာတုန်း ဘာခေါ်မယ် (သင်္ခါရပါ ဘုရား)၊ စားချင်စိတ် ကလေး ပျက်သွားရင် (အနိစ္စပါ ဘုရား)၊ ဪ ဒါဖြင့် နေရာကျပြီ၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ သန္တာန်မှာ ဘယ် စိတ်ပေါ်ပေါ် အနိစ္စနဲ့ သင်္ခါရသာ ရှိရမယ် (မှန်ပါ့)၊ ရှင်းကြ ပလား (ရှင်းပါပြီ)၊ ဘယ်စိတ်ပေါ်ပေါ် ဘာရှိရမလဲ (အနိစ္စနဲ့ သင်္ခါရသာ ရှိရပါမယ်)။

အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒ ဝယ ဓမ္မိနော၊

ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။

ဒါ ဘယ်ပါဠိတော်က လာသတုံးဆိုတော့ သံယုတ်ပါဠိ တော်က ပရိနိဗ္ဗာနသုတ်တွေမှာလဲ ဘုရား ဟောခဲ့ပါတယ်။ အနိစ္စာဝတ သင်္ခါရာ ဆိုတာကလေးက ဝတဆိုတာ စင်စစ်ကွ၊ သင်္ခါရ၊ ပြုပြင်လို့ ပေါ်လာတဲ့ တရားသည်။ အနိစ္စာ၊ ပျက်၏။

စိတ်ဆိုတာ ပြုပြင်လို့ ပေါ်လာတာ၊ ပြုပြင်လို့ ပေါ်လာ တဲ့ တရားကို ဘာခေါ်ကြမတုံး (သင်္ခါရပါ ဘုရား)၊ ပျက် သွားတော့ (အနိစ္စ)၊ ပြုပြင်လို့ ပေါ်လာတဲ့တရားဟာ (သင်္ခါရပါ)၊ ပျက်သွားလို့ ရှိရင် (အနိစ္စပါ)။

အာရုံဒွါရက ပြုပြင်လို့ ပေါ်လာတဲ့ စိတ်

ဒါဖြင့် ဒကာ ဒကာမတို့သန္တာန်၌ အာရုံဒွါရက ပြုပြင် လို့ ပေါ်လာတဲ့စိတ်၊ အဲဒီ စိတ်ပေါ် နေတုန်း ကို သင်္ခါရလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)၊ ပျက်သွားရင် ဘယ့်နှယ်ခေါ် မယ် (အနိစ္စပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သန္တာန်မှာ ဖြစ်တဲ့စိတ်သည် ဘယ် စိတ်မဆို အာရုံဒွါရ ဖြစ်စေ သောကြောင့် ပေါ်လာတဲ့ သင်္ခါရလို့ မှတ်လိုက် စမ်းပါ။ (မှန်ပါ့)၊ သဘောပါပလား။ (ပါ,ပါပြီ)၊ အာရုံဒွါရက ပြုပြင်လို့ ပေါ်လာတဲ့ စိတ်ဟူသရွေ့ ဘာခေါ်ကြမလဲ။ (သင်္ခါရပါ ဘုရား)၊ ဒို့ ဖြင့် ပေါ်ဆဲ သင်္ခါရ၊ ရှင်းကြလား။ (ရှင်းပါပြီ)၊ ပျက်သွားရင် (အနိစ္စ ပါ ဘုရား)။

ပေါ်လာရင် (သင်္ခါရပါ ဘုရား)။ ပျက်သွားရင် (အနိစ္စပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်၌ ဘယ်တရားသာ ရှိပါလိမ့်မတုံး ဆိုတော့ သင်္ခါရနဲ့ အနိစ္စပဲ ရှိပါတယ်၊ ဦးမြ ဘာရှိပါလိမ့်။ (သင်္ခါရနဲ့ အနိစ္စပဲ ရှိပါတယ် ဘုရား)၊ စိတ် ကလေး တစ်ခု ပေါ်လာတယ်၊ ဘာဆိုကြမယ်။ (သင်္ခါရပါ)၊ ပျက်သွားရင် (အနိစ္စပါ ဘုရား) ရှင်းကြပလား (မှန်ပါ့, ရှင်းပါပြီ)။

ဒါဖြင့် ပေါ်လာတာ သင်္ခါရ၊ ပျက်တာ အနိစ္စ ဆိုတော့ ကြားစိတ်ကလေး ပေါ်လာရင်လဲ ဪ သင်္ခါရ ကလေး ပေါ်လာတယ်၊ ပျက်သွားရင်လဲ အနိစ္စ ရောက်သွားပြီ၊ စားစိတ် ကလေး လျှာ အလယ်မှာ ပေါ်လို့ ရှိရင်လဲ ဪ ပေါ်လာ ပြန်ပြီ သင်္ခါရ တရား ကလေး၊ ပျက်သွားပြန်ပြီ ဆိုတော့ သြော် သင်္ခါရဟာ အနိစ္စ လမ်းဆုံး ပါကလား ဆိုတာ မပေါ် ဘူးလား။ (ပေါ်လာပါတယ် ဘုရား)၊ ဒါ သေသေချာချာ မှတ်ပါ၊ ဒကာ ဒကာမတို့ အရေးတကြီး ပြောနေတယ်၊ ဝိပဿနာ အလုပ်ချည်း ယနေ့ ပြောရမှာ ဖြစ်နေလို့။ (မှန်ပါ့)။

ဒကာ ဒကာမတွေ အလုပ် ကျန်ရစ်မှသာလျှင် ထွက် ရပ်လမ်း ပေါက်မှာပါ၊ နာကောင်းလို့ ထွက်ရပ်လမ်း မပေါက် ပါဘူး။ (မှန်ပါ့)၊ အဲဒါကြောင့် အလုပ်ကိုပဲ ယခု နာရီက နာရီဝက် နောက် ကျတယ်၊ နာရီဝက်ပဲ ဖြည့်ဟော ပေးပါ မယ်။ (မှန်ပါ့)၊ ဒီတရားကလေး ဟာတဲ့ စိတ်ကလေး တစ်ခု ဒကာ ဒကာမတွေ သန္တာန် ပေါ်လာတယ်၊ သူများ ပြုပြင်လို့ ပေါ်လာ သောကြောင့် ဘာဆိုကြမယ်။ (သင်္ခါရပါ)၊ သင်္ခါရနော်။ (မှန်ပါ့)၊ ပျက်သွားတဲ့ အခါကျတော့ (အနိစ္စပါ ဘုရား)။

ဒါဖြင့် အနိစ္စာ ဝတ သင်္ခါရာ ဆိုတာ သဘောကျရော ပေါ့။ (ကျပါပြီ ဘုရား)၊ ဝတ၊ စင်စစ်။ သင်္ခါရာ၊ ပြုပြင်လို့ ပေါ်လာတဲ့ တရားတို့သည်။ အနိစ္စာ၊ ပျက်ကုန်၏ ဆိုတော့ ခင်ဗျားတို့ ကျုပ်တို့၏ သန္တာန်မှာ ပေါ်လေသမျှ သင်္ခါရ။

ပျက်လေသမျှ (အနိစ္စပါ)၊ ပေါ်လေသမျှ (သင်္ခါရ ပါ)၊ ဒါဖြင့် ဒီတရားနာ လာကြတာတွေဟာ မည်သူမည်ဝါ တွေလဲလို့ မေးလို့ ရှိရင်ဖြင့် သင်္ခါရ တရားတွေ၊ အနိစ္စတရား တွေ ဆိုရင် လွဲပါ့မလား။ (မလွဲပါ ဘုရား)၊ ဒီအထဲမှာ ယောက်ျားတွေ၊ မိန်းမတွေ ပါသေးသလား၊ သင်္ခါရအနိစ္စ ချည်းပဲလား (သင်္ခါရ အနိစ္စ ချည်းပါ ဘုရား)။

ဒါဖြင့် တစ်ကိုယ်လုံးရုပ်ရော,နာမ်ရောဟာ ပေါ်လာတာ သင်္ခါရ၊ ပျက်တာက အနိစ္စ၊ မှတ်ထား လိုက်တာပေါ့။(မှန်ပါ့)။

ပေါ်လာတာ (သင်္ခါရပါ)။ ပျက်တာ (အနိစ္စပါ ဘုရား)။ ရှင်းပြီနော်။ (မှန်ပါ့)၊

ဒါဖြင့် အနိစ္စာ ဝတ သင်္ခါရာ ကို ဘုရားက မသိမှာ စိုးတဲ့အတွက် ပေါ်လာတာ သင်္ခါရ၊ ပျက်တာအနိစ္စ၊ မသိမှာ စိုးတဲ့အတွက်ကွာ၊ မင်းတို့ လျှာရှည် မနေပါနဲ့တော့၊ ဥပ္ပါဒနဲ့ ဝယပါပဲ။ (မှန်ပါ့)၊ မပြောဘူးလား။ (ပြောပါတယ် ဘုရား)။

“ဥပ္ပါဒဝယ ဓမ္မိနော” လို့ မလာဘူးလား။ (လာပါ တယ်)၊ ဓမ္မိနော၊ ဒီသဘောတရားကို ပြောရမှာဖြင့်။ ဥပ္ပါဒ ဝယ၊ ဖြစ်မှု,ပျက်မှုသာ ရှိတယ်၊ ဒကာ ဒကာမတွေ သန္တာန် မှာ ဘာရှိပါလိမ့်။ (ဖြစ်မှု,ပျက်မှုသာ ရှိပါတယ် ဘုရား)၊ စိတ်ကလေး ပေါ်လဲ ဖြစ်မှုပျက်မှုပဲ၊ ဝေဒနာကလေး ပေါ်ရင်ကော (ဖြစ်မှု,ပျက်မှုပါ)၊ အင်း ဟင်-ဖဿကလေး ပေါ် လာရင်ကော (ဖြစ်မှု,ပျက်မှုပါ ဘုရား)။

ဖြစ်မှု, ပျက်မှုချည်း ရှိတယ်ဆိုတော့၊ ဘုန်းကြီးက စိတ္တာ နုပဿနာ အဓိကထား ဟောနေတော့ ဒကာ ဒကာမတို့ သန္တာန် ဘယ်စိတ် ပေါ်ပေါ် ဘာရှိတုံး။ (ဖြစ်မှု ပျက်မှုပဲ ရှိပါတယ် ဘုရား)။

ဒါဖြင့် ဖြစ်ပျက်သာ ရှိတယ် ဆိုတာ ဒီပါဠိတော်က လာတာ။ (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ,ပါတယ် ဘုရား)၊ ခင်ဗျားတို့ တစ်ကိုယ်လုံးမှာ ဘာရှိတုံး။ (ဖြစ်ပျက်ပဲ ရှိပါတယ်)၊ ရုပ်ကြည့် လိုက်ရင် (ဖြစ်ပျက်ပါ ဘုရား)၊ အင်း ဟင်- နာမ်ကြည့်လိုက်လဲ (ဖြစ်ပျက်ပါ ဘုရား)၊ နာမ်ထဲက အသေး စိတ်ပြီး စိတ်ကြည့် လိုက်ပြန်တော့ (ဖြစ်ပျက်ပါ ဘုရား)၊ ဖြစ်ပျက်သာ ရှိတယ်ဆိုတာ မရှင်းသေး ဘူးလား။ (ရှင်းပါပြီ)။

ဖြစ်ခြင်း၊ ပျက်ခြင်းသဘော

ကဲ ဒါဖြင့် အနိစ္စာဝတ သင်္ခါရကို မလုံလောက်တာ နဲ့၊ နားရှုပ် နေမှာ စိုးတာနဲ့ ဘုရားက ဥပ္ပါဒဝယ ဓမ္မိနော၊ ဖြစ်ခြင်းနဲ့ ပျက်ခြင်း သဘောသာ ရှိတယ်၊ မပေါ်ကြသေးဘူးလား။ (ပေါ်ပါတယ် ဘုရား)၊

ကောင်းပြီ၊ ဒါဖြင့် စိတ် ကလေးသည် သူ ဘယ်သဘော သတ္တိရှိပါလိမ့်။ (ဖြစ်ခြင်း, ပျက်ခြင်း သဘော ရှိပါတယ်) စိတ်ကလေးတစ်ခု ပေါ်လာ တိုင်း, ပေါ်လာတိုင်း ဘာရှိပါလိမ့်။ (ဖြစ်ခြင်း, ပျက်ခြင်း သဘော ရှိပါတယ် ဘုရား)၊ ပေါ်ခြင်း, ပျောက်ခြင်းသာ ရှိတယ် ဆိုတာ မရှင်းကြ သေးဘူးလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် “ဥပ္ပါဒဝယ ဓမ္မိနော” ဓမ္မိနော၊ တရားသဘော အတိုင်း ပြောရမှာဖြင့်တဲ့၊ ဥပ္ပါဒနဲ့ ဝယပဲ ရှိတယ်ကွ၊ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ ဘာရှိပါလိမ့်။(ဥပ္ပါဒနဲ့ ဝယပဲ ရှိပါတယ်)၊ ဥပ္ပါဒနဲ့ ဝယပဲ ရှိတယ်၊ တစ်နည်းအား ဖြင့် ဖြစ်ပျက်သာ ရှိတယ်၊ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)၊ ခန္ဓာကိုယ်ထဲ ဘာရှိပါလိမ့်။ (ဖြစ်ပျက်သာ ရှိပါတယ် ဘုရား)၊ ဖြစ်ပျက်သာ ရှိတယ်ဆိုတာ သေချာကြပလား။ (သေချာ ပါတယ်)။

ကောင်းပြီ၊ ဒါဖြင့် သင်္ခါရတရား ပျက်တတ်သည် ဆိုတာ သဘောပါပလား။ (ပါ,ပါတယ်)၊ ဖြစ်တတ်တဲ့ တရား ပျက်သည်ဆိုတာကော (ပါ,ပါတယ် ဘုရား)၊ ဒီပါဠိ နှစ်ခုက အတူတူပဲလို့ မှတ်လိုက် စမ်းပါ၊ အနိစ္စာဝတသင်္ခါရ နဲ့ ဥပ္ပါဒဝယ ဓမ္မိနော ဟာ ထပ်ပြီး ထင်ရှားအောင် ဟောတော် မူတာလို့ ဒကာ ဒကာမတွေက မှတ်လိုက် တာပေါ့။

နောက်တစ်ခါ လာပြန်တော့ ခင်ဗျားတို့ ရထားတာက ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ မလာဘူးလား။ (လာပါတယ် ဘုရား)၊ ဥပ္ပဇ္ဇိတွာ၊ ဒီစိတ်ကလေး ဖြစ်ပေါ်လာပြီး၍။ နိရုဇ္ဈန္တိ၊ ချုပ်ကုန် ၏ ဆိုတဲ့ ဥစ္စာလဲ ဒကာ ဒကာမတို့ ဖြစ်ပျက်ပဲ ထပ်ဟော တာ။ (မှန်ပါ့)၊ သဘောပါ ကြပလား။ (ပါ,ပါတယ် ဘုရား)၊ ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ ဆိုတာ ဘာပါလိမ့်။ (ဖြစ် ပျက်ကို ထပ်ဟော တာပါ ဘုရား)၊

ကောင်းပြီ။ ဒါဖြင့် အနိစ္စဝတ သင်္ခါရကလဲ ဖြစ်ပျက်ပဲ၊ ဥပ္ပါဒ ဝယဓမ္မိနော ကကော (ဖြစ်ပျက်ပါပဲ ဘုရား)၊ ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ ကကော (ဖြစ်ပျက်ပါပဲ ဘုရား)။

အရေးကြီးလို့ သုံးခါထပ်ပြောထားတယ်

သြော် ဖြစ်ပျက်ကို မင်းတို့ အရေးကြီးတယ်လို့ သုံးခါ ထပ်ပြောတယ်၊ ဒကာ ဒကာမတို့ ဖြစ်ပျက် အရေး ကြီးတယ်လို့ ဘယ်နှခါ ထပ်ပြောသလဲ။ (သုံးခါ ထပ်ပြော ပါတယ်)၊ ဒီပါဠိဟာ များသော အားဖြင့် လူတိုင်း ရပါတယ်။ အနိစ္စာဝတသင်္ခါရ ဆိုတာ မရကြဘူးလား။ (ရပါတယ်)၊ ဥပ္ပါဒဝယ ဓမ္မိနော ဆိုတာကော (ရပါတယ်)၊ ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ ဆိုတာကော (ရပါတယ်)၊ ရကြတယ်တဲ့၊ အဲဒါ ဒကာ ဒကာမတွေက ဘယ့်နှယ်ကြောင့် ဘုရား ဟောထား ပါလိမ့်မလဲလို့ မေးတဲ့ အခါကျတော့ အလုပ်လုပ်ဖို့ ဟော ထားတယ်။

အလုပ်,လုပ်ဖို့ ဟောထားတာ

ဦးမြ ဘယ်အကျိုးငှာလဲ (အလုပ်လုပ်ဖို့ ဟော ထားပါတယ်)၊ အလုပ်လုပ်ဖို့ ဟောထားတယ် ဆိုတာ ဒကာ ဒကာမတွေက မှတ်လိုက် စမ်းပါ၊ မင်းတို့ သန္တာန်မှာ စိတ် ကလေးပေါ်လဲ ဖြစ်ပျက်ပဲ ရှိသဟေ့ ရုပ်ကလေး ပေါ်ကော (ဖြစ်ပျက်ပဲ ရှိပါတယ်)၊ ဝေဒနာကလေး ပေါ်ကော (ဖြစ်ပျက် ပဲ ရှိပါတယ်)။

ဖြစ်ပျက်ပဲ ရှိတယ် ဆိုတော့ ဒကာ ဒကာမတွေက ဒီ ဖြစ်ပျက်ကို ဘုန်းကြီး ပေးထားတဲ့ “သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ” ဆိုတဲ့ မဂ်နဲ့ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်အောင် လုပ်ပါ၊ သဘောကျပလား။ (ကျပါပြီ)၊ ဘာနဲ့ဘာ ကိုက်အောင် လုပ်ရမလဲ။ (ဖြစ် ပျက်နဲ့ မဂ်နဲ့ ကိုက်အောင် လုပ်ရမှာပါ)၊ ဒါဖြင့် စိတ်က ဖြစ်ပျက်၊ မဂ္ဂင်ငါးပါးက မဂ်။

စိတ်က (ဖြစ်ပျက်ပါ ဘုရား)။

မဂ္ဂင်ငါးပါးက (မဂ်ပါ ဘုရား)။

ဒီလိုချည်း ဒကာ ဒကာမတွေက မိအောင် ရှုနေလို့ ရှိရင်တဲ့၊ ဒီဘက်က ၃-နံပါတ် ဆိုတဲ့ တဏှာ,ဥပါဒါန်, ကံတွေဟာ မပြတ်ဘူးလား ပြတ်သလား။ (ပြတ်ပါတယ် ဘုရား)။

ဒါဖြင့် ပပဉ္စ ချုပ်တယ်။ သဘောပါကြပလား။ (ပါ,ပါပြီ)၊ ဘာချုပ်သလဲ။ (ပပဉ္စ ချုပ်ပါတယ် ဘုရား)၊ ပပဉ္စ နိရောဓော နိဗ္ဗာနံ ကိုး၊ ပပဉ္စ ချုပ်တာလဲ နိဗ္ဗာန်ပဲကွ။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ)၊ ချဲ့မည့်တရားမှ မရှိတော့ဘဲ ဒကာ ဒကာမတို့၊ ချဲ့တဲ့တရား ခန္ဓာပေါ်ဦး မလား။ (မပေါ်ပါ ဘုရား)၊ မပေါ်ရင် ဘာခေါ်ကြမလဲ။ (နိဗ္ဗာန်ပါ ဘုရား)။

ဒါဖြင့် ပပဉ္စနိရောဓော နိဗ္ဗာနံ ဆိုတာ မပေါ်သေးဘူး လား။ (ပေါ်ပါပြီ)၊ ပပဉ္စ ချုပ်လို့ ဘာတုံး။ (နိဗ္ဗာန်ပါ)၊ နိဗ္ဗာန် ပေါ်လာတယ် ဆိုတာ သေချာပလား။ (သေချာပါတယ်)၊ ပပဉ္စဆိုတာ ပပဉ္စ တစ်ခုလုံးကို ဖွဲ့လိုက်ရင် သမုဒယ သစ္စာပါပဲ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

အနာဂတ်မှရမည့် နိဗ္ဗာန်

ဒါဖြင့် ပပဉ္စနိရောဓော နိဗ္ဗာနံ ဆိုတာ မှတ်လိုက်စမ်းပါ၊ သဘောပါကြရဲ့လား။ (ပါ,ပါတယ်)၊ ပပဉ္စ ချုပ်လဲ (နိဗ္ဗာန်ပါ)၊ နိဗ္ဗာန်ပဲဆိုတာ သေချာကြပလား။ (သေချာ ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် အခုဟာက ဒီဘက်က ချုပ်တာ ပြော တာနော် (မှန်ပါ့)၊ ဒီက မဂ်နဲ့လာတဲ့ အခါကျတော့ ၂-နဲ့ ၃-အစပ်မှာ မဂ်လာတဲ့ အတွက် ၃-နံပါတ် ချုပ်တယ်လို့ ပြောတယ်၊ ဒါက ဒကာ ဒကာမတွေ မှတ်ပါတဲ့၊ အနာဂတ်မှ ရမည့်နိဗ္ဗာန်။

အခုချက်ချင်း ရချင်တဲ့ နိဗ္ဗာန်က ရှိသေးတယ်။ (မှန်ပါ့)၊ ဒကာ ဒကာမတို့ အခုချက်ချင်း ဉာဏ်အောက် မှာ ရောက်လာတဲ့ နိဗ္ဗာန်က အရေးကြီးတယ်။ (မှန်ပါ့)၊ နောက်မှ ရမည့် နိဗ္ဗာန်က ခန္ဓာဆုံးမှ ရမည့် နိဗ္ဗာန်ကို အသာ ထားလိုက်။

ယနေ့ရမည့် နိဗ္ဗာန်

ယနေ့ ဟောမှာက ယနေ့ ပစ္စုပ္ပန်ဘဝတွင် ယနေ့ ရမည့် နိဗ္ဗာန်ကို ဟောပါလိမ့်မယ်၊ ဒကာ ဒကာမတွေ မှတ်ထားစမ်းပါ။ (မှန်ပါ့)၊ ယနေ့ ရမည့်နိဗ္ဗာန်ကို ယနေ့ ဟောပါလိမ့်မယ်၊ နောက်မှ ခန္ဓာဆုံး ရမည့် နိဗ္ဗာန်ကို မဟောပါဘူး ဒါဖြင့် သဥပါဒိသေသ နိဗ္ဗာန်ကို ဟောမယ်၊ အနု ပါဒိသေသ နိဗ္ဗာန် မဟောသေးဘူး၊ စာသမားတွေ အတွက် မှာနော်။ (မှန်ပါ့ ဘုရား)။

ဒီပါဠိတော်က ဘာဟောသတုံး ဆိုတော့ သဥပါဒိ သေသနိဗ္ဗာန်ကို ဟောထားတယ် ဒကာ ဒကာမတို့၊ စိတ် ကလေး ပေါ်တိုင်း ပေါ်တိုင်း ဘယ်လို ရှုကြမယ် (ဖြစ် ပျက် ရှုရပါမယ်)၊ ဖြစ်ပြီး ပျက်တယ်လို့ ဒီမဂ်နဲ့ မရှုနိုင် ဘူးလား။ (ရှုနိုင်ပါတယ် ဘုရား)။

မဂ်နဲ့ ရှုနိုင်တဲ့ အခါကျတော့တဲ့၊ ခုနက ပါဠိတော် ပြန်ကြည့်ပါ၊ အနိစ္စာဝတ သင်္ခါရာက ဖြစ်ပျက်၊ ဥပ္ပါဒဝယ ဓမ္မိနော ဆိုတာကော (ဖြစ်ပျက်ပါပဲ)၊ ဥပ္ပဇိတွာ နိရုဇ္ဈန္တိ ဆိုတာကော (ဖြစ်ပျက်ပါပဲ)၊ ဪ ခန္ဓာကိုယ်ထဲမှာဖြင့် ဒါပဲ ရှိတယ် ဆိုတာ သေချာပြီ။ (မှန်ပါ့ ဘုရား)၊ မသေချာဘူးလား။ (သေချာ ပါတယ်)။ယောက်ျားတွေ၊ မိန်းမတွေ ရှိသေး သလား ဖြစ်ပျက်ပဲ ရှိသလား။(ဖြစ်ပျက်ပဲ ရှိပါတယ် ဘုရား)။

ဖြစ်ပျက်ပဲရှိတယ်

ဘယ်နှခါထပ် ဟောသတုံး ဘုရားက (သုံးခါထပ် ဟောပါတယ် ဘုရား)၊ သုံးခါ ထပ်ဟော တာတော့ ခင်ဗျားတို့ က ဆင်ခြေလဲ မနေနဲ့တော့၊ ယောက်ျား ရှိတယ်၊ မိန်းမ ရှိတယ်၊ နာမ်ရှိတယ်၊ ရုပ်ရှိတယ် လုပ်မနေနဲ့၊ သဘောကျ ပလား။ (ကျပါပြီ)၊ အခေါ်သာ ရှိတယ်၊ သေသေချာချာ ကြည့်တော့ ဖြစ်ပျက်ပဲ ရှိတယ်၊ ရုပ်ရှိတယ် ဆိုတာလဲ အခေါ် ပဲ၊ သေသေချာချာ ဉာဏ်နဲ့ကြည့်တော့ ဘာတွေ့သလဲ (ဖြစ်ပျက်ပဲ တွေ့ပါတယ် ဘုရား)၊ ဝေဒနာ ရှိတယ် ဆိုတာလဲ အခေါ်ပဲ၊ ဒကာ ဒကာမတို့ သေသေချာချာ ကြည့်တော့ (ဖြစ်ပျက်ပဲ ရှိပါတယ် ဘုရား)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဖြစ်ပျက် ဟာ အင်မတန် အရေးကြီးကြောင်းကို ဘယ်နှခါ ထပ်ပြော ပါလိမ့်။ (သုံးခါ ထပ်ပြောပါတယ်)၊ သုံးခါ ထပ်ပြောတယ် ဆိုတာ သေချာပလား။ (သေချာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ “အနိစ္စာ ဝတ သင်္ခါရာ” ဘာဟောသတုံး။ (ဖြစ်ပျက် ဟောပါတယ်)၊ “ဥပ္ပါဒ ဝယ ဓမ္မိနော” ဆိုတာ ဘာဟောသတုံး။ (ဖြစ်ပျက်ပဲ ဟောပါတယ်)၊ “ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ” ဆိုတာလဲ (ဖြစ်ပျက်ပဲ ဟောပါတယ်)၊ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ ဆိုတာလဲ (ဖြစ်ပျက်ပဲ ဟောပါတယ်)၊ ဖြစ်ပျက်ပဲ ဟောတယ်နော်။ (မှန်ပါ့)။

နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်

ကိုင်း ဒါဖြင့် ၄-နံပါတ် ပြောတော့မယ်၊ “တေသံ ဝူပ သမော သုခေါ” ရွတ်ကြစမ်းပါ။ (တေသံ ဝူပသမော သုခေါ ပါ ဘုရား)၊ ပြန်ရွတ်ပါဦး။ (တေသံ ဝူပသမော သုခေါပါ ဘုရား)၊

တေသံ ဆိုတာ တေသံ၊ ထိုဖြစ်ပျက်တို့ ၏။ သဘောကျပလား။ (မှန်ပါ့)၊ တေသံ ဆိုတာ ဘာတုံး။ (ဖြစ်ပျက်တို့ ၏)၊ တေသံ၊ ထိုဖြစ်ပျက်တို့ ၏။ ဝူပသမော၊ ချုပ်ခြင်းသည်။ သုခေါ၊ နိဗ္ဗာန်ပဲ ဆိုတော့ ဒီဘက်မှာ နိဗ္ဗာန် နေတယ်။ (မှန်ပါ့)၊ သုခေါ၊ ချမ်းသာ၏။

နိဗ္ဗာန် ဆိုတာ ဘာလဲ၊ ဖြစ်မှု ပျက်မှု သိမ်းတာကို နိဗ္ဗာန် ခေါ်တယ်။ (မှန်ပါ့)၊ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်။ (ဖြစ်မှု, ပျက်မှု သိမ်းတာ နိဗ္ဗာန် ခေါ်ပါတယ်)၊ နိဗ္ဗာန် ဆိုတာ ဘာပါလိမ့်။ (ဖြစ်မှု ပျက်မှုသိမ်းတာ နိဗ္ဗာန်ပါ)၊ ဖြစ်မှု,ပျက်မှု သိမ်းတာ နိဗ္ဗာန်လို့ ဆိုပါတယ် ဆိုတာ ကျေနပ်ပလား။ (ကျေနပ်ပါ တယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဖြစ်မှု,ပျက်မှု လာတိုင်း ဝိပဿနာ မဂ်နဲ့ ရှုပေးပါ၊ သဘောကျပလား။ (ကျပါပြီ)၊ ဒီဝိပဿနာ – မဂ်ဆိုတာ မဂ္ဂင် ဘယ်နှပါးပါလိမ့်။ (ငါးပါးပါ ဘုရား)၊ ငါးပါးနော်။ (မှန်ပါ့)၊ ငါးပါးကို ဟောထား ပြီးပါပြီ။

ဒါဖြင့် ဖြစ်ပျက်,မဂ်၊ ဖြစ်ပျက်,မဂ်ကို ကိုက်အောင် လုပ်လေ။ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘာနဲ့ ဘာ ကိုက်အောင် လုပ်မယ်။ (ဖြစ်ပျက်နဲ့မဂ် ကိုက်အောင် လုပ်မယ်)၊ ခင်ဗျားတို့ သန္တာန်မှာ ဝမ်းထဲမှာ ပေါ်တဲ့ စိတ်က ဖြစ်ပျက်။

မျက်လုံးမှာပေါ်တဲ့ စိတ်က (ဖြစ်ပျက်ပါ ဘုရား)၊ ဟဒယဝတ္ထု ပေါ်က နေပြီး သကာလ ဉာဏ်မဂ်နဲ့ ရှုပါ၊ သဘော ပါပလား။ (ပါ,ပါပြီ ဘုရား)။

တိဟိတ်ဖြစ်ရင် နံနက်အားထုတ် ညနေရမယ်

အဲဒီတော့ ဖြစ်ပျက် (မဂ်)။ ဖြစ်,ပျက် (မဂ်)။ ဖြစ်,ပျက် (မဂ်)။ ဒီလိုချည်း ကိုက်အောင်လုပ်ပါ။

အဲဒီတော့ ဘုန်းကြီးက ပြောလိုက်တယ်၊ ဒီက ဖြစ်ပျက်၊ ဒီက မဂ်ဖြစ်တော့ ကြားထဲမှာ လောဘ,ဒေါသ, မောဟ ပါသေးသလား။ (မပါ,ပါ ဘုရား)၊ ဒီအတိုင်း ဖြစ်ပျက်နဲ့ မဂ်နဲ့ ရှုကြမယ် ဆိုရင် ညနေ အားထုတ်ရင် နံနက် ကို သောတာပန် တည်မယ်၊ သဘောကျပလား။ (ကျပါပြီ)၊ နံနက် အားထုတ်လို့ ရှိရင် ညနေ သောတာပန် တည်မယ်၊ တိဟိတ် ဖြစ်ခဲ့လို့ ရှိရင် မမြန်ဘူးလား။ (မြန်ပါတယ် ဘုရား)။

ဒွိဟိတ်ဖြစ်ရင် နောက်ဘဝ တိဟိတ်

အဲဒီတော့ ခင်ဗျားတို့ တိဟိတ် ဒွိဟိတ်ကို ကိုယ်ကိုယ် တိုင် စမ်းကြည့်တော့ ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက်အောင်သာ လုပ်နေ၊ မုချ ခင်ဗျားတို့ ဒွိဟိတ် ဖြစ်ခဲ့လို့ ရှိရင်လဲ နောင်ဘဝ တိဟိတ်ဖြစ်မယ်၊ တိဟိတ် ဖြစ်ခဲ့လို့ ရှိရင်လဲ ဒီဘဝ မဂ်ရမယ်။ သဘောပါကြပလား။ (ပါ,ပါတယ် ဘုရား)။

ဒါဖြင့် ဘာနဲ့ဘာ ကိုက်အောင် လုပ်ရမလဲ။ (ဖြစ် ပျက်နဲ့မဂ် ကိုက်အောင် လုပ်ရပါ့မယ် ဘုရား)၊ ဖြစ်ပျက်နဲ့ မဂ်ကြားထဲမှာ တစ်ပါးသော ကိလေသာ မခြားစေနဲ့။ – (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)၊ လောဘ, ဒေါသ, မောဟ ဘာလုပ်ရမတုံး ကြားမခြား စေနဲ့နော်။ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်နဲ့ မဂ်နဲ့ ကြားထဲမှာ လောဘ,ဒေါသ, မောဟ ကြားမခိုစေနဲ့၊ ပေါ်ကြပလား။ (ပေါ်ပါပြီ)၊ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကြားထဲမှာ (လောဘ,ဒေါသ, မောဟ ကြားမခိုရပါ ဘုရား)၊ လောဘ, ဒေါသ, မောဟ,ဣဿာ, မစ္ဆရိယ, မာန ဆိုတဲ့ အကုသိုလ် တရားတွေ ဒကာ ဒကာမတွေ ကြားမခိုစေနဲ့။

ထိုကဲ့သို့ ကြားမခိုခဲ့သည်ရှိသော် နံနက်အားထုတ် ညနေရမယ်၊ ညနေအားထုတ် နံနက် ရမယ်လို့ ဘုရားက ပဏ္ဏာသမှာလဲ သေသေချာချာ ဟောပါတယ်၊ ခင်ဗျားတို့ အတွက် စိုးရိမ်လို့ ရှုနည်းကို ဘုန်းကြီး အစုံအလင် ပေးပါ တယ်၊ ဖြစ်ပျက်မဂ် ကိုက်အောင်လုပ်၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

မှတ်ချက်။ ။မဇ္ဈိမပဏ္ဏာသပါဠိ၊ ဗောဓိရာဇကုမာရသုတ်၊ စာမျက်နှာ ၂၂၇။

မူလပဏ္ဏာသပါဠိ၊ မဟာသတိပဋ္ဌာနသုတ်၊ စာမျက်နှာ ၉၀။

ဒါ ဝိပဿနာလို့ မှတ်ပါ၊ ဖြစ်ပျက်နောက်က ဘာလိုက်ရမလဲ၊ ရှုတဲ့မဂ် လိုက်ရမယ်။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ ဘုရား)။

ဖြစ်ပျက်၊ ရှုတဲ့ မဂ် (မှန်ပါ့)။ ဖြစ်ပျက်။ ရှုတဲ့ (မဂ်ပါဘုရား)

ဒီလိုလိုက်တော့ ဒီကြားထဲ ကိလေသာ ပါသေးလား။ (မပါ,ပါ)၊ မပါဘူး၊ ဒီဖဿကလဲ စိတ်နဲ့ တွဲလျက်ပဲ၊ ဝေဒနာ ကလဲ စိတ်နဲ့ တွဲလျက်ပဲ ဆိုတော့ ဒီသုံးခု ပေါင်းလိုက်တော့ ဒီကြားထဲမှာ လောဘ, ဒေါသ, မောဟမလာ, ဣဿာ မစ္ဆရိယ မလာလို့ ရှိရင်ဖြင့် ညနေ အားထုတ် နံနက် မဂ်ရ ပါတယ် ဆိုတော့ နိဗ္ဗာန်သည် ဒကာ ဒကာမတို့ အနီးကလေး ဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)၊ တေသံ၊ ထို ဖြစ်ပျက် နှစ်ပါးတို့ ၏။ ဝူပသမော၊ မရှိသော နိဗ္ဗာန်သည် ဆိုတော့ ဒီဖြစ်ပျက် ချုပ်တဲ့နေရာ နိဗ္ဗာန် ပေါ်တာပဲ။ (မှန်ပါ့)။

ဖြစ်ပျက်ဆုံးတာ နိဗ္ဗာန်

ဒကာ ဒကာမတို့ ဘာတဲ့တုံး။ (ဖြစ်ပျက် ချုပ်တဲ့ နေရာ နိဗ္ဗာန် ပေါ်ပါတယ် ဘုရား)၊ ဪပထမတော့ သင်္ခါရ တရားတွေ ဖြစ်ပြီး ပျက်နေတယ်၊ နောက်ကျတော့ သင်္ခါရ တရားတွေဟာ ဖြစ်ပျက်မှု တွေပဲ ရှုဖန်များ လာတဲ့အခါကျတော့ လိုချင်တဲ့စိတ် လာသေးသလား။ (မလာပါ ဘုရား)၊ လိုချင်တဲ့စိတ်လဲ မလာတော့ဘူး ဆိုတော့ ဖြစ်ပျက်တွေဟာ ချုပ်သွားတယ်၊ ဒကာ ဒကာမတို့ ဘယ်သူ ချုပ်သွားသလဲ။ (ဖြစ်ပျက်တွေ ချုပ်ပါတယ် ဘုရား)။

တေသံ၊ ထိုဖြစ်ပျက်တို့ ၏။ ဝူပသမော၊ ချုပ်သော နိဗ္ဗာန်သည် ချုပ်တာ နိဗ္ဗာန်ပဲ။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)၊ သုခေါ၊ ချမ်းသာ၏။ မဆိုဘူးလား။ (ဆိုပါတယ် ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဟာ ဒီနားမှာ ရှိတယ်၊ မရှိဘူးလား။ (ရှိပါတယ်)၊ ဖြစ်ပျက် မပေါ်ရင် (နိဗ္ဗာန်ပါ)၊ သဘောကျ ပလား။ (ကျပါပြီ)၊ ဒါဖြင့် ဒီက ဉာဏ်, ဒီက ဘာခေါ် မယ်။ (နိဗ္ဗာန်ပါ)၊ ဒီက ဘာပါလိမ့်။ (ဉာဏ်ပါ ဘုရား)၊ ဒီက မဂ်ဉာဏ်, ဖိုလ်ဉာဏ်, ပစ္စဝေက္ခဏာဉာဏ်, ဒီနေ ရာမှာပဲ ပေါ်ရမယ်၊ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်ဆုံးတာ ဘာခေါ်မယ်။ (နိဗ္ဗာန်ပါ ဘုရား)၊ သိနေတဲ့ဉာဏ် ဘာခေါ်မယ်။ (မဂ်ဉာဏ်ပါ ဘုရား)၊ အဲမဂ်ဉာဏ်,ဖိုလ်ဉာဏ်, ပစ္စဝေက္ခဏာ ဉာဏ်လို့ မှတ်လိုက် စမ်းပါ။ (မှန်ပါ့)၊ သဘော ပါကြပလား။ (ပါ,ပါပြီ)၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, ပစ္စဝေက္ခဏာ ဉာဏ်လို့ မှတ်လိုက် စမ်းပါ ဆိုတော့ နိဗ္ဗာန်သည် ဖြစ်ပျက် အဆုံးမှာ ရှိတယ်။

ခန္ဓာရှိတုန်း တွေ့ရတဲ့နိဗ္ဗာန်

ဒကာ ဒကာမတို့ နိဗ္ဗာန် ဘယ်မှာရှိသလဲ။ (ဖြစ် ပျက် အဆုံးမှာ ရှိပါတယ် ဘုရား)၊ ဖြစ်ပျက် အဆုံးမှာ ရှိတယ် ဆိုတာ ကောင်းကောင်း ကျေနပ်ပလား။ (ကျေနပ်ပါ တယ်)၊ ဒါဖြင့် ခင်ဗျားရှုတဲ့ခန္ဓာ ရှိတုန်းပဲ၊ ရှုတဲ့ဉာဏ် ရှိတုန်းပဲ တွေ့ရခြင်းကြောင့်တဲ့၊ ခန္ဓာရှိတုန်း တွေ့ ရတဲ့ နိဗ္ဗာန်၊ သဘောပါပလား။ (ပါ,ပါပြီ)၊ ခန္ဓာရှိတုန်း တွေ့ရတဲ့ နိဗ္ဗာန်။ (မှန်ပါ့)၊ ဒီနေရာ ဖြစ်ပျက်ဆုံးတော့ ဘာခေါ်မယ်။ (နိဗ္ဗာန်လို့ပဲ ခေါ်ပါတယ်)၊ ဒီက ဉာဏ်ကကော ရှိမနေဘူးလား။ (ရှိပါတယ် ဘုရား)။

အဲဒါဖြင့် နိဗ္ဗာန်နဲ့ဉာဏ်နဲ့ သွားတွေ့တော့ကိုတဲ့ ဒီ ဉာဏ်ရှိတဲ့ ဘုရားဖြစ်စေ၊ သောတာပန် ဖြစ်စေ ပရိနိဗ္ဗာန် စံပလား။ (မစံသေးပါ ဘုရား)၊ မစံခင် တွေ့ရသောကြောင့် ခန္ဓာ ရှိတုန်း ရတဲ့ နိဗ္ဗာန် ပေါ်ပလား။ (ပေါ်ပါပြီ)၊ ဘာတဲ့ တုံး။ (ခန္ဓာ ရှိတုန်း ရတဲ့ နိဗ္ဗာန်)၊ ခန္ဓာရှိတုန်း ရတဲ့ နိဗ္ဗာန် ဆိုတာ ခင်ဗျားတို့ စာဆိုမှာသာ တွေ့ဖူးတယ်၊ လက်တွေ့ ဆိုလို့ ရှိရင်ဖြင့် ဖြစ်ပျက်ဆုံးအောင်သာ လိုက်လိုက်၊ ဒကာ ဒကာမတို့။ (မှန်ပါ့)။

ဉာဏ်ကဆုံးသည်ကို မြင်သည်နဲ့ တစ်ပြိုင်နက်တည်း ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကလဲ မသေသေးလို့ ဆုံးတာကို တွေ့ရတယ်။

ဒါဖြင့် ခန္ဓာရှိတုန်း တွေ့ရတဲ့နိဗ္ဗာန် ပေါ်ကြပလား။ (ပေါ်ပါပြီ)၊ ဒီဘက်က ခန္ဓာမရှိမှ တွေ့ရတဲ့ နိဗ္ဗာန်ပေါ်ပလား။ (ပေါ်ပါပြီ)၊ ဒီဘက် နှစ်ခုကတော့ ဘာတဲ့ (ခန္ဓာမရှိမှ တွေ့ရ တဲ့ နိဗ္ဗာန်ပါ)၊ ဒါက သမုဒယ ချုပ်တာ၊ ဒုက္ခ ချုပ်တာ ဆိုတာကတော့ ခန္ဓာ မရှိမှ တွေ့ရတာ၊ ဒီဘက်က ချုပ်တာကို ဒီက မြင်လိုက်လို့ ရှိရင်တော့ ခန္ဓာရှိတုန်း တွေ့ရတဲ့ နိဗ္ဗာန်၊ သဘောပါပလား။ (ပါ,ပါတယ် ဘုရား)။

ဒီဥစ္စာ မလွယ်ဘူးနော်၊ စာမှာ သွားကြည့်ရင် ခင်ဗျား တို့က ခန္ဓာရှိတုန်း သဥပါဒိသေသ နိဗ္ဗာန်ပေါ့၊ခန္ဓာ မရှိတော့မှ အနုပါဒိသေသ နိဗ္ဗာန်ပေါ့ ဆိုတာ စာမှာ လာပါတယ်၊ ဥဒါန်း တို့ ဣတိဝုတ် တို့ မှာလာပါတယ်၊ လာပင်လာငြား သော်လဲ စာကဆိုနေတာ၊ ခင်ဗျားတို့ ဉာဏ်ထဲမှာ ရှင်းကိုမရှင်းဘူး၊ အခု ရှင်းပလား။ (ရှင်းပါပြီ)၊ ကိုင်းဒါဖြင့် ခင်ဗျားတို့က စိတ် လာတိုင်း,လာတိုင်း ဖြစ်ပျက်ရှု၊ ဟုတ်လား။ (မှန်ပါ့)။

ဖြစ်ပျက်ရှုတော့ ဒါက မဂ်, ရှုတာက မဂ်, ဖြစ်ပျက်က ဖြစ်ပျက်၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ယထာဘူတဉာဏ်

ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်အောင် ရှုနေပါ၊ ကြာတော့ ဖြစ်ပျက်တွေကို မြင်တာ ရှင်းမလာ ပေဘူးလား။ (ရှင်းလာ ပါတယ် ဘုရား)။ ရှင်းလာရင် ယထာဘူတ ဉာဏ်ပါ။ ရှင်းလာရင် (ယထာဘူတ ဉာဏ်ပါ ဘုရား)။

ရှင်းတဲ့အပြင်မှာ တပည့်တော် ကိုယ့်အဖြစ်အပျက် ကိုယ့်အသေကြီး ကိုယ်မြင်ရတဲ့အတွက် မမုန်းဘူးလား၊ မုန်းမလား။ (မှန်းပါတယ်)၊ ဉာဏ်တက်လာရင် (မှန်ပါ)။

နိဗ္ဗိန္ဒဉာဏ်

ဒါဖြင့် ဒီဉာဏ်သည် ဒကာ ဒကာမတို့ ယထာဘူတ ဉာဏ် မဟုတ်တော့ဘူး၊ မုန်းတဲ့ နိဗ္ဗိန္ဒဉာဏ် ဖြစ်လာတယ်။ ရှုပါများလို့ (မှန်ပါ့)၊ ဒါ ဘုရားဟောတဲ့ သုံးဉာဏ်၊ သဘောကျပလား။ (ကျပါပြီ)၊ နောက်ကျတော့ ဒီဖြစ်ပျက် တွေကို ဒကာ ဒကာမတွေက ရှုရတာကလဲ များ၊ မုန်းကလဲ မုန်းတော့ လိုချင် သေးရဲ့လား။ (မလိုချင်ပါ ဘုရား)၊ ကိုယ့် အသေ ကိုယ်မြင်ရတော့ လိုချင်သေးရဲ့ လား။ (မလိုချင်ပါ ဘုရား)၊ မလိုချင်တော့ သူ ဆုံးသွားတယ်။ (မှန်ပါ့)။

မလိုချင်တဲ့ အခါကျတော့ ဖြစ်ပျက်တွေ ပေါ်သေးရဲ့ လား။ (မပေါ်ပါ ဘုရား)၊ ဒါဖြင့် ဖြစ်ပျက်ဆုံး တာက ဘာခေါ်မယ်။ (နိဗ္ဗာန်ပါ ဘုရား)။

မဂ်ဉာဏ်

အဆုံးကိုမြင်တာ (မဂ်ဉာဏ်ပါ ဘုရား)၊ ဖြစ်ပျက်ဆုံး သွားတာက (နိဗ္ဗာန်ပါ ဘုရား)၊ အဆုံးကိုမြင်တာက (မဂ်ဉာဏ်ပါ ဘုရား)၊ ဪ ဒါဖြင့် ဦးမြရေ၊ ခင်ဗျား မသေခင် မြင်ရအောင် ကြိုးစား လိုက်စမ်းပါ။ (မှန်ပါ့)၊ မြန်အောင်ဦးတင် မသေခင် မြင်ရအောင် ကြိုးစားရင်ကော မရဘူးလား။ (ရပါတယ် ဘုရား)၊ ဒီက ဒကာ ဒကာမတွေကော မရဘူးလား။ (ရပါတယ် ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဟာ မသေခင်တွေ့ထားမှ သေတော့ စိတ်ချရတာ။ (မှန်ပါ့ ဘုရား)၊ သဘော ပါပလား။ (ပါ,ပါပြီ)၊ မသေခင်က တွေ့ထားမှ (သေတော့ စိတ်ချပါ တယ်)၊ သေတော့ စိတ်ချ ရတယ် ဆိုတော့ ခင်များတို့ ကျုပ် တို့ဖြင့် နိဗ္ဗာန် ဆုတောင်းပြီး သေလိုက်ဦးမယ် ဆိုလို့ ရှိရင် ဖြင့် ဒကာ ဒကာမတို့ ဒီအသေသည် မမြဲသေးပါဘူး၊ ဆုတောင်းပြီး သေတာကိုးဗျ။ (မှန်ပါ့)။

နိဗ္ဗာန်မြင်ပြီး သေမှ မြဲတယ်

မြင်ပြီးသေမှ မြဲတယ်၊ သဘောကျပလား။ (ကျပါ ပြီ)၊ မြင်ပြီး သေလို့ ရှိရင်တော့ ဒကာ ဒကာမတို့ အပါယ်လေးပါး သွားသေးရဲ့လား။ (မသွားပါ ဘုရား)။

ဒါကြောင့် “စတူဟာပါယေဟိစ ဝိပ္ပမုတ္တော” ဆိုတာ မြင်ပြီး သေတဲ့ ပုဂ္ဂိုလ် ဆိုတာ “ဆစ္စာဘိဋ္ဌာနာနိ အဘဗ္ဗကာတုံ” ဆိုတော့ ခင်ဗျားတို့ ပရိသတ်ကြီးမှာ “သဟာဝဿ ဒဿန သမ္ပဒါယ,” ဒဿနသမ္ပဒါယ, မဂ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မြင်ခြင်း ပြည့်စုံသော အခါ၌ ဒီမဂ်ဉာဏ်နဲ့ ဒီဖြစ်ပျက် အဆုံးမြင်တဲ့ အခါမှ သဟာဝဿ ဒဿနသမ္ပဒါယ ဆိုတာ သဘောကျ ပလား။ (မှန်ပါ့)၊

မှတ်ချက်။ ။သုတ္တနိပါတ်ပါဠိ၊ ရတနသုတ် နှာ-၃၁၂။

သဟာဝ၊ တကွသာလျှင်။ ဒဿန သမ္ပဒါယ၊ သောတာပတ္တိမဂ်အမြင်နဲ့။ သောတာပတ္တိမဂ်က နေပြီး ဖြစ်ပျက် အဆုံး မမြင်ဘူးလား။ (မြင်ပါတယ် ဘုရား)၊

တယဿု ဓမ္မာတဲ့ ဒကာ ဒကာမတို့၊ တယဿုဓမ္မာ ဆိုတာ ဒိဋ္ဌိဝိစိကိစ္ဆာ သီလဗ္ဗတ ပရာမာသ သုံးခုပယ်ချလိုက် တယ်၊ ဒါဟာ ဖြစ်ပျက် အဆုံးမြင်လို့ ရှိရင်ဖြင့် သောတာပတ္တိ မဂ် မရသေးဘူးလား။ (ရပါတယ် ဘုရား)၊ သုံးပါးသော တရားကော မပယ်ဘူးလား။ (ပယ်ပါတယ် ဘုရား)၊ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသဉ္စ လို့ မလာဘူးလား။ (လာပါတယ်)။

အဲဒါပယ်ချလိုက်တာ (မှန်ပါ့)၊ သဘောပါပလား။ (ပါ,ပါတယ် ဘုရား)၊ ဆစ္စာဘိဋ္ဌာနာနိ အဘဗ္ဗကာတုံ တဲ့၊ ဒကာ ဒကာမတို့ ပစ္စန္တရာဇ်တို့၊ ဇနပုဒ်တို့၊ အဆွံ့တို့၊ အ,အ တို့ ဖြစ်သေးရဲ့လား။ (မဖြစ်ပါ ဘုရား)။

အဲဒါ သောတာပတ္တိမဂ်က နိဗ္ဗာန်မြင်လို့,လို့ မှတ်လိုက် စမ်းပါ။ (မှန်ပါ့)၊ ဖြစ်ပျက် အဆုံးကို မြင်လို့ ပေါ်ကြ ပြီနော်။ (ပေါ်ပါပြီ ဘုရား)၊ ဣဒမ္ပိသံဃေ ဆိုတော့ အဲဒီ ကျမှ အရိယာ သံဃာ ဖြစ်တယ်၊ ပရမတ်သံဃာ ဖြစ်တယ်။ (မှန်ပါ့)၊ ဒီအရင်တုန်းက သမုတိသံဃာသာ ဖြစ်တယ်။ အရိယာ သံဃာဖြစ်ရဲ့လား။ (မဖြစ်ပါ ဘုရား)၊ သေချာ ပလား။ (သေချာပါတယ် ဘုရား)။

ဒါဖြင့် “ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု” လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သုတ္တ နိပါတ် ပါဠိတော် ရတနာသုတ်မှာ ဟောခဲ့တာသည် မင်းတို့ ကွာတဲ့၊ ဖြစ်ပျက် အဆုံး နိဗ္ဗာန်ကို မြင်အောင် ကြည့်ပါလို့ ဟောခဲ့ပါတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါ ပြီ)၊ ဖြစ်ပျက်အဆုံး (နိဗ္ဗာန်ကို မြင်အောင်ကြည့်ပါ)၊ ဖြစ်ပျက် အဆုံးဟာ ဘာပါလိမ့်။ (နိဗ္ဗာန်ပါ ဘုရား)။

အဲဒီတော့ နိဗ္ဗာန်ကို မဂ်ဉာဏ်နဲ့ မြင်အောင်လုပ်ပါ။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ)၊ ဒါဖြင့် သူ့ ပါဠိတော် ကလေး အဆုံးကို ပြန်ကောက်ကြ ဦးစို့နော်။

တေသံ ဝူပသမော သုခေါ၊ ရွတ်ကြစမ်းပါဦး။ (တေသံ ဝူပသမောသုခေါပါ ဘုရား)၊ သုံးခေါက်လောက် ရွတ်စမ်း။ (တေသံ(ပ)သုခေါ ပါဘုရား)၊

တေသံ၊ထို ခုနတုန်းကလဲ ဖြစ် ပျက်ချည်း သုံးခါ မပြခဲ့ဘူးလား။(ပြခဲ့ပါတယ်)၊အဲဒီဥစ္စာကို တေသံက ထပ်စွဲတယ်။(မှန်ပါ့ ဘုရား)၊တေသံ၊ ထိုဖြစ်ပျက် တို့၏။ သဘောကျ ပလား။ (မှန်ပါ့၊ သဘောကျ ပါပြီ ဘုရား)။

ဝူပသမော၊ မရှိသော နိဗ္ဗာန်သည်။ ဝူပသမော ဆိုတာ ချုပ်သွားတာ။ (မှန်ပါ့)၊ ဝူပသမော၊ မရှိသော နိဗ္ဗာန်သည်။ သုခေါ၊ ချမ်းသာ အစစ်ပဲ။ (မှန်ပါ့)။

ဖြစ်ပျက်ဆုံးမှ နိဗ္ဗာန်

ဖြစ်ပျက်ဆုံးမှ နိဗ္ဗာန်။ (မှန်ပါ့)၊ အဲဒါမှ ချမ်းသာ အစစ်၊ ကိုယ့်အသေတွေ ကိုယ်တွေ့ ရသေးရဲ့လား။ (မတွေ့ ပါ ဘုရား)၊ သင်္ခါရဒုက္ခတွေ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)၊ သဘော ကျပလား။ (ကျပါပြီ)၊ဒါဖြင့် ဒီနေရာ ဝိပဿနာနဲ့ မဂ်ဉာဏ် ကူးပုံ ကလေးဟာ ပြောဖို့ရာ အချိန်ရောက် လာပြီ။

ဒကာ ဒကာမတို့ ပထမရှုတဲ့ အခါကျလို့ရှိရင် မြင်စိတ် ကလေး လာလဲ ဖြစ်ပျက်- ရှုတာမဂ်၊ သဘောကျပလား။ (ကျပါပြီ)၊ ကြားစိတ်ကလေး လာလဲ(ဖြစ်ပျက်)၊ ရှုတာက (မဂ်ပါ ဘုရား)၊ ဒါဖြင့် ဒီမဂ်သည်၊ ဝိပဿနာမဂ်သည် ဘယ်သူ့ကို အာရုံ ပြုနေသတုံး ဆိုတဲ့ မေးခွန်း ထွက်လာ တယ်။ (မှန်ပါ့)။

ဖြစ်ပျက်ကို အာရုံပြုနေတယ်၊ သဘောပါပလား။ (ပါ,ပါပြီ)၊ မဂ်သည် ဘာကို အာရုံပြုသတုံး။ (ဖြစ်ပျက်ကို အာရုံပြုပါတယ်)၊ အာရုံပြုတယ်ဆိုတော့ စာသံ ပါနေတယ်။ ဖြစ်ပျက်ကို ဘယ်သူ မြင်သတုံး မေးရင် ဘယ့်နှယ် ပြောကြ မယ်။ (မဂ်က မြင်ပါတယ်)၊ အဲ မဂ်က မြင်တာကို အာရုံပြုတယ် ဆိုတာပဲ၊ သဘောပါပလား။ (ပါ,ပါတယ် ဘုရား)။

ဒီအလုပ်,လုပ်ရစ်ပါ

ဒါဖြင့် မဂ်သည် နိဗ္ဗာန်ကို မြင်သလား၊ ဖြစ်ပျက်ကို မြင်သလား။ (ဖြစ်ပျက်ကို မြင်ပါတယ် ဘုရား)၊ အဲ ဖြစ်ပျက်ကို မြင်ရင် ဝိပဿနာမဂ်၊ ရှင်းကြပလား။ (ရှင်းပါ ပြီ)၊ ဖြစ်ပျက် မြင်ရင် (ဝိပဿနာ မဂ်ပါ)၊ သေသေချာချာ ဒီနေ့ နောက်ဆုံးပိတ် ဘုန်းကြီးကလဲ ပြန်မှာမို့ ဒကာ ဒကာမတွေကို သနားသဖြင့် သြော် ဒီအလုပ် လုပ်ရစ်ပါစေတော့၊ ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်ကြီး ရောက်ပါစေတော့ ဆိုပြီး ဟောနေ ခြင်း ဖြစ်ပါတယ်။ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဖြစ်ပျက် မဂ်ဆိုလို့ ရှိရင်ဖြင့် ဘာမဂ်ခေါ်ကြ မလဲ (ဝိပဿနာမဂ်ပါ ဘုရား)၊ ဝိပဿနာမဂ် ပေါ့တဲ့၊ ဒကာ ဒကာမတို့ ဖြစ်ပျက်တွေက ခဏခဏတွေ့ တော့ ခဏခဏ မရှုရဘူးလား။ (ရှူရပါတယ် ဘုရား)။

ဝိပဿနာမဂ် ဆိုတာ

ဒါဖြင့် ဝိပဿနာမဂ်ဆိုတာ အကြိမ်ကြိမ် ရှုရတာ ဝိပဿနာမဂ် (မှန်ပါ့)၊ တစ်ကြိမ်တည်း ရှုရတာက လော ကုတ္တရာမဂ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ဝိပဿနာ မဂ်ကတော့ (အကြိမ်ကြိမ် ရှုရပါတယ် ဘုရား)၊ အကြိမ်ကြိမ် သင်္ခါရ တရားကို ရှုရပါတယ်။ (မှန်ပါ့)၊ ဝိပဿနာ ဘာတဲ့ (အကြိမ်ကြိမ် သင်္ခတ တရားကို ရှုရပါတယ် ဘုရား)။

အနိစ္စာဝတသင်္ခါရကိုးဗျ၊ ဒီ အကြိမ်ကြိမ် သင်္ခါရတွေမြင်တာ ဘာခေါ်မယ်။ (ဝိပဿနာမဂ်ပါ ဘုရား)။ အကြိမ်ကြိမ် သင်္ခါရတွေရှုတဲ့မဂ် ဘာခေါ်ကြမယ် (ဝိပဿနာမဂ်ပါ ဘုရား)၊ သဘော ပါပလား။ (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် တေသံ၊ ထိုအကြိမ်ကြိမ် ရှုရတဲ့ ဖြစ်ပျက်တို့၏။ (ဝါ) သင်္ခါရ တရားတို့၏။ ဝူပသမော၊ ချုပ်သွား ခြင်းသည်။ (ဝါ) ငြိမ်းသွားခြင်းသည်၊ (ဝါ)ငြိမ်းသော နိဗ္ဗာန်သည်။ သုခေါ၊ ချမ်းသာ၏။ မဆိုနိုင် ဘူးလား။ (ဆိုနိုင်ပါတယ် ဘုရား)၊ ဒါဘုန်းကြီးက မန္တ လေးက ယူလာတဲ့ ပါဠိတော်လား၊ ခင်ဗျားတို့ ရပြီးသားလား။ (ရပြီးသားပါ ဘုရား)၊ ရပြီးသား ဖြစ်နေတော့ အဲဒီဟာ နိဗ္ဗာန် ဟောနေတာ။ (မှန်ပါ့)။

ပထမဦးစွာ ဝိပဿနာဉာဏ် ဟောပါတယ်၊ သဘော ကျပလား။ (ကျပါပြီ)၊ ဒုတိယနိဗ္ဗာန်ကို ဟောပါတယ်။ ဒကာ ဒကာမတို့ ဒုတိယ ဘာဟောပါလိမ့်။ (နိဗ္ဗာန်ကို ဟောပါတယ်)၊ တေသံ၊ ထိုဖြစ်ပျက် နှစ်ပါးတို့ ၏။ ဝူပသမော၊ ချုပ်ဆုံးသော နိဗ္ဗာန်သည်။ သုခေါ၊ ချမ်းသာ၏။ သဘော ပါပလား။ (ပါ,ပါပြီ ဘုရား)။

လောကုတ္တရာမဂ်ဆိုတာ

ဒါဖြင့် ဒါ အဆုံးကို မြင်လို့ ရှိရင် ဒါဝိပဿနာ မဂ်လား။ (လောကုတ္တရာမဂ်ပါ ဘုရား)၊ အဆုံးမြင်လို့ ရှိ ရင် (လောကုတ္တရာမဂ်ပါ ဘုရား)၊ ဖြစ်ပျက် သင်္ခါရမြင်နေ ရင် (ဝိပဿနာမဂ်ပါ ဘုရား)၊ သင်္ခါရအဆုံး မြင်လို့ ရှိရင် (လောကုတ္တရာမဂ်ပါ ဘုရား)၊ ဒါကလေး ထပ်မေးရင် နောက် ကျတော့ ဒါထက် ပိုရှင်းမယ်။ (မှန်ပါ့)၊ ဖြစ်ပျက်တွေ မြင်ရင် ဘာမဂ်ပါလိမ့်။ (ဝိပဿနာမဂ်ပါ ဘုရား)၊ ဖြစ်ပျက်တွေ မရှိတာမြင်ရင် (လောကုတ္တရာမဂ်ပါ ဘုရား)။

ဖြစ်ပျက်တွေ မြင်နေရင် (ဝိပဿနာမဂ်ပါ ဘုရား)၊ ဖြစ်ပျက်တွေ မရှိတာ မြင်နေရင် (လောကုတ္တရာ မဂ်ပါ ဘုရား)၊ သြော် လောကုတ္တရာမဂ်နဲ့ ဝိပဿနာဆိုတဲ့ လောကီမဂ်နဲ့ဟာ အခြားနားကြီးပဲ၊ မခြားနားဘူးလား။ (ခြားနားပါတယ် ဘုရား)၊ ဖြစ်ပျက်တွေ မြင်တာက ဘာပါ လိမ့် (ဝိပဿနာမဂ်ပါ ဘုရား)၊ ဖြစ်ပျက်တွေ မရှိတာ မြင်တာ က (လောကုတ္တရာမဂ်ပါ ဘုရား)၊ သဘောပါ ကြပလား။ (ပါ,ပါပြီ)။

ဒါဖြင့် ဖြစ်ပျက်က ဘာသစ္စာတုံး။ (ဒုက္ခသစ္စာပါ ဘုရား)၊ ကဲဖြစ်ပျက်တွေ မရှိဘူး၊ ဘာသစ္စာတုံး။ (နိရောဓသစ္စာပါ ဘုရား)၊ ဟောဒီမှာ နိဗ္ဗာန် လာပေါ်တယ်။ (မှန်ပါ့)၊ သေသေချာချာ နားထောင်စမ်း၊ ဒါကလေးက သေးတာ မဟုတ်ဘူး၊ ဖြစ်ပျက်တွေဟာ ဘာသစ္စာတုံး။ (ဒုက္ခသစ္စာပါ ဘုရား)၊ ဪ ဒုက္ခတွေ့လို့ ဒါဖြင့် ဒီမဂ် သည် ဒုက္ခသစ္စာကိုမြင်တဲ့ မဂ် (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ပထမဖြစ်ပျက် မြင်တဲ့မဂ်သည် ဘာ မဂ်ပါလိမ့်။ (ဒုက္ခသစ္စာ မြင်တဲ့ မဂ်ပါ ဘုရား)။

ဖြစ်ပျက်ဆုံးတာ၊ ဒုက္ခဆုံးတာ နိဗ္ဗာန်

ဒါဖြင့် ဝိပဿနာမဂ် ရှိသေးတယ်။ (မှန်ပါ့)၊ ဒကာ ဒကာမတွေ ဘာမဂ်ပါလိမ့်။ (ဝိပဿနာမဂ်ပါ ဘုရား)၊ ဒုက္ခသစ္စာ မြင်တာကိုးဗျ၊ ဒီဒုက္ခသစ္စာ ထဲကဟာ သူ မြင်နေ တာကိုး။ (မှန်ပါ့)၊ မပေါ်သေး ဘူးလား။ (ပေါ်ပါပြီ)၊

ကဲဒါဖြင့် ဒီဖြစ်ပျက်ကို ဒကာ ဒကာမတွေက မလိုချင်တော့ ပါဘူး ဆိုတော့ ဆုံးမသွားဘူးလား။ (ဆုံးသွား ပါတယ်)၊ ဖြစ်ပျက်ဆုံး သွားတာက ဒုက္ခဆုံးတာ၊ သဘောကျပလား။ (မှန်ပါ့)၊ ဖြစ်ပျက် ဆုံးတာသည် (ဒုက္ခဆုံးတာပါ ဘုရား)၊ ဒုက္ခ ဆုံးတာ ဘာခေါ်ကြမလဲ။ (နိဗ္ဗာန်လို့ခေါ်ပါတယ် ဘုရား)။

ဒါဖြင့် ဖြစ်ပျက်အဆုံး မြင်လို့ ရှိရင်ဖြင့် ဒီဉာဏ် ဘာ ဉာဏ်ခေါ်ကြမယ်။ (မဂ်ဉာဏ် ခေါ်ပါတယ်)၊ လောကုတ္တရာ မဂ်ဉာဏ်၊ သဘောကျပလား။ (ကျပါပြီ)၊ ဒါဖြင့် ဖြစ်ပျက် ဆုံးတာ နိဗ္ဗာန်၊ မြင်တာက လောကုတ္တရာ မဂ်ဉာဏ် (မှန်ပါ့)၊ မရှင်းသေး ဘူးလား။ (ရှင်းပါပြီ)၊ ဖြစ်ပျက်အဆုံးက (နိဗ္ဗာန်ပါ)၊ လောကုတ္တရာမဂ်က (မြင်တာ)၊ မြင်တာကို မဂ်ဉာဏ်, ဖိုလ်ဉာဏ်, ပစ္စဝေက္ခဏာ ဉာဏ်လို့ မဆိုနိုင်ဘူးလား။ (ဆိုနိုင်ပါတယ်)။

မြင်တာက မဂ္ဂသစ္စာ

ဒီနေရာမှာ ဒုက္ခသစ္စာနဲ့ နိရောဓသစ္စာ ခွဲပြတယ်။ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘာနဲ့ဘာ ခွဲပြပါလိမ့်။ (ဒုက္ခသစ္စာနဲ့ နိရောဓသစ္စာ ခွဲပြပါတယ် ဘုရား)၊ ပြန်ရှင်းလိုက်ပါဦးမယ် ဒကာ ဒကာမတို့၊ ဒီဥစ္စာ အင်မတန် အရေးကြီးပါတယ်၊ ဖြစ်ပျက် ဘာသစ္စာတုံး။ (ဒုက္ခသစ္စာ ပါ ဘုရား)၊ မြင်တော့ကို ဘာသစ္စာနဲ့ မြင်သတုံး။ (မဂ္ဂသစ္စာ နဲ့ မြင်ပါတယ်)။

ဆုံးသွားတဲ့အခါ နိရောဓသစ္စာ

ဒါဖြင့် ဖြစ်ပျက် မဂ်ဆိုတော့ကို ဒကာ ဒကာမတို့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ မြင်တာက(မဂ္ဂသစ္စာပါ ဘုရား)၊ ဖြစ်ပျက်ဆုံး သွားတဲ့ အခါကျတော့ကိုတဲ့၊ ဘာသစ္စာလို့ ဒါ ပြင်ရေးမလဲ (နိရောဓသစ္စာပါ ဘုရား)၊ ဟောပြင်လိုက် ရပြီ။ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ရှေ့တွင် ပြင်လိုက်ရတာ၊ ဒီဖြစ်ပျက်ဆုံး သွားတော့ ဘာသစ္စာလို့ ရေးမလဲ (နိရောဓသစ္စာပါ ဘုရား)၊ အဲဒီ နိရောဓသစ္စာကို မြင်တာက လောကုတ္တရာမဂ် (မှန်ပါ့ ဘုရား)၊ မဂ်ကတော့ ဒီနေရာမှာပဲ ပေါ်ရမယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

တော်တော် အရေးကြီးတဲ့နေ့လို့ ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ့)၊ ဒါဖြင့် ဝိပဿနာမဂ် နောက်ကမှ လောကုတ္တရာ မဂ်လိုက်သည် (မှန်ပါ့)၊ အာရမ္မဏိက ဘက်က (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ဒီ အာရုံပြုတဲ့ ဘက်က ပေါ့ ဗျ၊ မြင်တဲ့ဘက်က ရှေးဦးစွာ ဝိပဿနာမဂ်က ဖြစ်ပျက် မြင်တယ်။ (မှန်ပါ့)၊ လောကုတ္တရာမဂ်ကျတော့ နိဗ္ဗာန် မြင်တယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊

ဝိပဿနာမဂ်က တော့ ဘာမြင်သတုံး။ (ဖြစ်ပျက်မြင်ပါတယ် ဘုရား)၊ လောကုတ္တရာမဂ် ဖြစ်သွားတော့ ဘာမြင်သတုံး။ (နိဗ္ဗာန် မြင်ပါတယ် ဘုရား)၊ ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်ကို မမြင်သေး ဘူးလား (မြင်ပါတယ် ဘုရား)။

ဒါဖြင့် နိဗ္ဗာန်သည် ဒကာ ဒကာမတို့ ဖြစ်ပျက်ဟာ ဘာတရားတုံးလို့ မေးတော့ ဒကာ ဒကာမတွေ မှတ်လိုက် စမ်းပါ၊ “အနိစ္စာဝတ သင်္ခါရာ”လို့ မဟောဘူးလား။ (ဟောပါတယ်) ဒါဖြင့် သင်္ခါရ တရားကို ဝိပဿနာမဂ်က အာရုံပြုတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ သင်္ခါရတရားကို (ဝိပဿနာက အာရုံပြုပါတယ် ဘုရား)။

ဝိပဿနာမဂ်က မြင်တာပေါ့ဗျာ (မှန်ပါ့)။

ဝိပဿနာမဂ်သည် သင်္ခါရတရားကို ရှုသည်

ဒါဖြင့် ဝိပဿနာမဂ်သည် ဘယ်တရားကို ရှုတုံးဆို တော့ သင်္ခါရ တရားကို ရှုသည်၊ သဘောပါ ပလား။ (ပါ,ပါတယ်)၊ ဝိပဿနာမဂ်သည် (သင်္ခါရတရားကို ရှုပါတယ်)၊ ဒီသင်္ခါရတွေ ဆုံးသွားတော့ ခင်ဗျားတို့က သူ့ကို အသင်္ခတလို့ မဆိုနိုင်ဘူးလား။ (ဆိုနိုင်ပါတယ်)။

လောကုတ္တရာမဂ်ဉာဏ်သည် အသင်္ခတတရားကို ရှုသည်

ဒါဖြင့် အသင်္ခတဆိုတော့ကို ရုပ်လား၊ နာမ်လား၊ နိဗ္ဗာန်လား။ (နိဗ္ဗာန်ပါ ဘုရား)၊ ဒါဖြင့် သင်္ခါရ တရားဆုံးတော့ အသင်္ခတဘက် အသင်္ခတတရား ဖြစ်သွားတော့ကိုတဲ့၊ သူရှုတဲ့ ဉာဏ်တော့ လောကုတ္တရာ မဂ်ဉာဏ် ပေါ်ကြပလား။ (ပေါ်ပါပြီ)၊ ဘာဉာဏ်တဲ့ (လောကုတ္တရာ မဂ်ဉာဏ်ပါ ဘုရား)။

ဒါဖြင့် သင်္ခါရ အနိစ္စ, နိဗ္ဗာန မဂ္ဂ, ပေါ်ကြပလား။ (ပေါ်ပါပြီ)၊ ရှေ့ပိုင်း အလုပ်,လုပ်ရမှာ ကတော့ သင်္ခါရနဲ့မဂ္ဂ တွဲပေးပါ၊ သဘောပါပလား။ (ပါ,ပါပြီ)၊ သင်္ခါရနဲ့ (မဂ္ဂတွဲပေးပါ)၊ သင်္ခါရ အနိစ္စနဲ့ မဂ္ဂနဲ့ တွဲလိုက် (မှန်ပါ့)၊

နောက်ကျတော့ အသင်္ခတနဲ့ လောကုတ္တရာမဂ်နဲ့ တွဲလိုက်၊ ပထမဟာ လောကီမဂ္ဂ၊ ပေါ်ကြပလား။ (ပေါ်ပါပြီ)။

နောက်ကျတော့ ဒီက ဖြစ်ပျက်တွေ ဆုံးသွားတော့ အသင်္ခတ မဖြစ်ဘူးလား။ (ဖြစ်ပါတယ်)၊ အသင်္ခတနဲ့၊ လောကုတ္တရာမဂ္ဂနဲ့ မတွဲဘူးလား။ (တွဲပါတယ်)၊ ဒါဖြင့် ခန္ဓာရှိတုန်း တွေ့ရတဲ့ နိဗ္ဗာန်။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ)၊ ဘယ်အချိန် တွေ့ရပါလိမ့်။ (ခန္ဓာရှိတုန်း တွေ့ရတဲ့ နိဗ္ဗာန်ပါ)၊ ခန္ဓာရှိတုန်း တွေ့ ရတဲ့ နိဗ္ဗာန် ဆိုတော့ ကိုယ်စိတ်ချရတဲ့ နိဗ္ဗာန်၊ နိဗ္ဗာန် မျက်မှောက်ပြုပြီ၊ မျက်မှောက် ဆိုတာ ဟောဒီဉာဏ်နဲ့ ဒါကို မြင်တာ၊ သဘောပါကြ ပလား။ (ပါ,ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်ဟာ ယနေ့ ဟောတဲ့ ပါဠိတော် အတိုင်း ဆိုရင် နှစ်ဆင့်နဲ့ တက်တယ်။ (မှန်ပါ့)၊ ဦးမြ (မှန်ပါ့)၊ နှစ်ဆင့်နဲ့ တက်တယ်။ (မှန်ပါ့ ဘုရား)၊ သင်္ခါရအနိစ္စနဲ့ ဝိပဿနာမဂ္ဂနဲ့ တွဲလိုက်တယ်။ အသင်္ခတနိစ္စနဲ့ လောကုတ္တရာမဂ္ဂနဲ့ တွဲလိုက်တယ်၊ တချို့နေရာ ကျတော့ သုသိမတို့ ကျတော့ ဒီလို ဟောလိုက်တယ်။

ဟေ့ သုသိမ ရှေ့ပိုင်းက ဝိပဿနာဉာဏ်၊ နောက် ပိုင်း မဂ်ဉာဏ်သာ မှတ်ကွာ၊ မင်း ရှုပ်မနေနဲ့၊ မဟောဘူးလား။ (ဟောပါတယ် ဘုရား)။

ရှေ့ပိုင်းက ဘာတဲ့ (ဝိပဿနာဉာဏ်ပါ)၊ နောက်ပိုင်း က(မဂ်ဉာဏ်ပါ ဘုရား)၊ အဲဒါနဲ့ သွားကိုက် တယ်၊ ဒီပါဠိ တော်နဲ့ (မှန်ပါ့ ဘုရား)၊ သဘောပါကြပလား။ (ပါ,ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ရှေ့ပိုင်းက သင်္ခါရ ဖြစ်ပျက် ကို ရှုပါ၊ ဒါက သင်္ခါရဖြစ်ပျက် မနေဘူးလား။ (နေပါ တယ်)၊ စိတ်တွေ ဟူသရွေ့ ဘာပါလိမ့် (သင်္ခါရပါ ဘုရား)။ အဲဒါ ရှုလိုက်တော့ ဘာမဂ်ဖြစ်သတုံး။ (ဝိပဿနာမဂ်ပါ)၊

ဝိပဿနာမဂ်ဖြစ်နေတယ်၊ ဒါပေမယ့် ဝိပဿနာမဂ် ရှေ့ မသွားဘဲနဲ့ လောကုတ္တရာမဂ် မလာနိုင်ဘူး။ (မှန်ပါ့)။

ဝိပဿနာဉာဏ်မပါရင် နိဗ္ဗာန်မရနိုင်ပါ

ဒါကြောင့် ခင်ဗျားတို့ ဆုပေးတော့ နားထောင် မိကြပါလိမ့်မယ်၊ “မိမိတို့ အားထုတ်ဆဲဖြစ်သော ဝိပဿနာ ဉာဏ်သည် လျင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍” မပါ ဘူးလား။ (ပါ,ပါတယ် ဘုရား)၊ အဲ ဝိပဿနာ ဉာဏ်ကမှ မဂ်ဉာဏ် ကျေးဇူး ပြုတယ်၊ ဝိပဿနာဉာဏ် မပါဘဲနဲ့ နိဗ္ဗာန် ရတယ်လို့ ထုံးစံရှိရဲ့ လား။ (မရှိပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ဆုပေးတာ၊ ခင်ဗျားတို့က ဘုန်းကြီးပေးတဲ့ ဆုအတိုင်း ပြည့်ရပါလို၏လို့၊ ခင်ဗျားတို့က ဘာမှ အဓိပ္ပါယ် မစဉ်းစားဘဲနဲ့ ရမ်းပြီး လိုက်နေမှာ ဘုန်းကြီး က သိပ်စိုးရိမ်တယ်၊ မဟုတ်ဘူးလား။ (ဟုတ်ပါတယ် ဘုရား)။

ပေးတဲ့ ဆုက သေသေချာချာ နားထောင်ဦး၊ မိမိတို့ သည် ဘုရားရတနာ၊ တရား ရတနာ က စ,ပြီး သကာလ မိမိတို့ မအို မသေ အမြဲနေသော နိဗ္ဗာန်သို့လည်းကောင်း ဆိုတာ ဒါကို ဆိုတာ၊ ဖြစ်ပျက် ဆုံးတာကို ဆိုတာ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

ဒီ ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ ဖြစ်သော နိဗ္ဗာန်သို့ လည်းကောင်း ဆိုတော့ ဒီဒုက္ခသစ္စာ ဟုတ်သေးရဲ့လား။ (မဟုတ်ပါ ဘုရား)၊ ဒါ နိရောဓ မဖြစ်သေးဘူးလား။ (ဖြစ်ပါတယ်)၊ ဖြစ်ပျက်ဆုံး သွားပြီကော (မှန်ပါ့)။

ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက်အောင် အားထုတ်ပါ

ထောင့်ငါးရာ ကိလေသာတို့၏ ချုပ်ရာ သိမ်းရာ ဖြစ်သော နိဗ္ဗာန်သို့ လည်းကောင်း ဆိုတော့ ဒီဘက်က ကိလေသာတွေ လာသေးရဲ့လား။ (မလာတော့ပါ ဘုရား)၊ ဒီမှာ ဖြစ်ပျက်ရှု လိုက်လေတော့ (မလာပါ ဘုရား)၊

ပြီးတော့မှ မိမိတို့ အားထုတ်ဆဲ ဖြစ်သော ဝိပဿနာ ဉာဏ်သည် ဆိုတာ ဖြစ်ပျက်နဲ့ မဂ်ဟာ ကိုက်အောင် လုပ်နေတဲ့ ဉာဏ်ကို ဆိုတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ မိမိတို့ အားထုတ်ဆဲ ဖြစ်သော ဝိပဿနာ ဉာဏ်သည်ဆိုတာ ဘာဆိုတာပါလိမ့်။ (ဖြစ်ပျက်နဲ့မဂ်နဲ့)၊ ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက်အောင် အားထုတ်ပါလို့ ဆုပေးတဲ့ အထဲမှာ အလုပ် စဉ် ပါသွားတယ်၊ မပါဘူးလား (ပါ,ပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ဆုပေးတဲ့အထဲမှာ (အလုပ်စဉ် ပါသွားတယ်)၊ အလုပ်စဉ် ပါသွားတယ် ဆိုတာ သေချာ ပလား။ (သေချာပါပြီ)၊ လျင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူး ပြု၍ ဆိုတော့ ချုပ်ရတဲ့ နိဗ္ဗာန်ကို အာရုံ ပြုနိုင်ပါစေသတည်း ဆိုပြီး ဆုပေးတာ။ (မှန်ပါ့)၊ ဆုပေးတာက တခြားသော ပုဂ္ဂိုလ်နဲ့ မတူဘူး၊ အလုပ်စဉ်နဲ့ ပေးတဲ့ဆုပေး (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘာနဲ့ ပေးတာပါလိမ့်။ (အလုပ် စဉ်နဲ့ ပေးတဲ့ ဆုပေးပါ)၊ ဆုပေးလိုက်စဉ် အလုပ်စဉ် ပါသွား။ ပြီ။ (မှန်ပါ့)၊ ဆုပေးရင် (အလုပ်စဉ်ပါသွားပြီ)၊

သို့သော် ခင်ဗျားတို့ကတော့ ဆုပေးတယ် ဆိုလို့ ရှိရင် ဆုပေးတာပဲ။ ပေးတဲ့ ဆုအတိုင်း ပြည့်ရပါလို၏ ဆိုတော့ ဘုန်းကြီးက ဒီလို ပေးတာမှ မဟုတ်ဘဲ၊ ခင်ဗျားတို့ က ပေးတဲ့ ဆုအတိုင်း ပြည့်ရပါလို၏ ဆိုတော့ ကျုပ်တို့ ပေးတဲ့ဆုကို ခင်ဗျားတို့က အလကား ယူလိုက်တာ။ (မှန်ပါ့)၊

ဒီက ပေးတာက ဒီလိုကွ၊ မင်းတို့ အားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်သည်၊ မင်းတို့ဟာ လုပ်ယူလို့ ပေးလိုက်တာ။ (မှန်ပါ့)၊ ရိပ်မိ ပလား။ (ရိပ်မိပါပြီ ဘုရား)

ဝိပဿနာဉာဏ်က မဂ်ဉာဏ် ကျေးဇူးပြုမှာ

အားထုတ်ဆဲ ဖြစ်သော ဝိပဿနာ ဉာဏ်သည် ဆိုတော့ ဘုန်းကြီးက ပေးတာလား၊ ခင်ဗျားတို့က အားထုတ် ရမှာ လား။ (အားထုတ် ရမှာပါ ဘုရား)၊ အဲဒီ ခင်ဗျားတို့ အားထုတ်ဆဲ ဖြစ်သော ဝိပဿနာဉာဏ်သည် လျင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ ဆိုတော့ ဝိပဿနာဉာဏ်က မဂ် ဉာဏ်သို့ သူ့ဟာသူ ကျေးဇူးပြုရမှာ၊ ပြီးတော့မှ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည် ဖြစ်စေဆိုတော့ မင်းတို့ဟာ မင်းတို့ လုပ်ပြီး နိဗ္ဗာန်ကို ယူကြလို့ ပေးတာ။ (မှန်ပါ့)။

အဲဒါ ပေးတဲ့ ဆုအတိုင်း ပြည့်ရပါလို၏ ဆိုတော့ လွဲကုန်တာပေါ့ ဗျာ၊ ကိုယ့်ဟာကိုယ် လုပ်ယူရမှာ၊ ပေးတဲ့ဆု အတိုင်း ပြည့်ရပါလို၏ ဆိုတော့ ကိုက်သေးရဲ့လား။ (မကိုက်ပါ ဘုရား)၊ ပေးတဲ့ အလုပ်စဉ် အတိုင်း လုပ်ပါ့မယ် ဘုရား ဆိုမှ ကိုက်တာ။ (မှန်ပါ့)၊ သဘောပါပလား။ (ပါ,ပါပြီ ပေးတဲ့ ဆုအတိုင်း လုပ်ပါ့မယ် ဘုရား)။

လုပ်ပါ့မယ်ဘုရားလို့ ခင်ဗျားတို့က လိုက်ရမှာ၊ အခု တော့ လိုက်ပုံက အလွဲဖြစ်နေတယ်။ (မှန်ပါ့)။

ပေးတဲ့ဆုအတိုင်း ပြည့်ရပါလို၏ ဆိုတော့ ကျုပ်က အလကား ပေးလိုက်တာနဲ့ ခင်ဗျားတို့က အလကား ရသလို ဖြစ်နေတယ်၊ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။

ပေးတဲ့ဆုအတိုင်း လုပ်ပါ့မယ်ဘုရား

ဒီက အလကား ပေးတာလား၊ မင်းတို့ ဟာမင်းတို့ လုပ်ယူကြလို့ ပြောတာလား။ (လုပ်ယူကြလို့ ပြောတာပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့က လိုက်ရင် ဆုပေးအဆုံးမှာ “အရှင်ဘုရားပေးတဲ့ ဆုအတိုင်း လုပ်ပါ့မယ် ဘုရား” လို့ လိုက် ရမှာ။ (မှန်ပါ့)၊ ဒီလို လိုက်တဲ့ ဒကာ ဒကာမ တစ်ယောက် မှ မပါဘူး၊ ပါရဲ့လား။ (မပါ,ပါ ဘုရား)။

အဲဒါ ခင်ဗျားတို့ ရှေးထုံးဖြစ်နေတာ၊ သဘောကျ ပလား။ (ကျပါပြီ)၊ သေသေချာချာ သခင်ဝတင် အဓိပ္ပါယ် တွေးမှ ဘုန်းကြီးပေးတဲ့ဆုဟာ ရှင်းတယ်နော်။ (မှန်ပါ့)။

ကြည့်လေ၊ ခင်ဗျားတို့ ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ ဖြစ်သော နိဗ္ဗာန်သို့ လည်းကောင်း ဆိုတော့ ဖြစ်ပျက် မရှိတာ ကိုဆိုတာ (မှန်ပါ့ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ)၊ တစ်ထောင့်ငါးရာ ကိလေသာတို့၏ ချုပ်ရာ, ငြိမ်းရာ, သိမ်းရာ ဖြစ်သော နိဗ္ဗာန်သို့ လည်းကောင်း ဆိုတာလဲ ဒီ နိဗ္ဗာန်ကို မြင်နေရတဲ့ မဂ်သည် ဒါ လာသေးရဲ့ လား။ (မလာပါ ဘုရား)၊ ကိလေသာတွေ မချုပ်သေးဘူးလား။ (ချုပ်ပါပြီ)။

အဲဒီ ချုပ်လတ္တံ့ဖြစ်သော နိဗ္ဗာန်ကို မိမိတို့ အားထုတ် ဆဲဖြစ်သော ဝိပဿနာ ဉာဏ်သည် ဆိုတော့ ဒီဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်အောင် လုပ်နေတဲ့ ဉာဏ်သည် သူများ ဉာဏ်လား၊ ဘုန်းကြီး ဉာဏ်လား၊ ခင်ဗျားတို့ ဉာဏ်လား။ (တပည့်တော်တို့ ဉာဏ်ပါ ဘုရား)။

မှတ်ထား၊ မှတ်ထား၊ နောက်ကျတော့ ပေးတဲ့ဆု အတိုင်း ပြည့်ရပါလို၏လို့ လိုက်မနေနဲ့ဦး။

အလုပ်စဉ်အတိုင်း တပည့်တော်တို့ လုပ်ပါ့မယ်ဘုရား လို့ လိုက်ရမယ်။ (မှန်ပါ့)၊ သဘောပါ ပလား။ (ပါ,ပါ တယ်)၊ ပေးတဲ့ အလုပ်စဉ်အတိုင်း (တပည့်တော်တို့ လုပ်ပါမယ် ဘုရား)၊ လုပ်ပါမယ်ဘုရားလို့ လိုက်ရမှာ၊ ခင်ဗျား တို့က ဘယ်လိုခံယူကြသတုံး။ (ပေးတဲ့ဆုအတိုင်း ပြည့်ရ ပါလို၏)။

ပြည့်စုံရပါလို၏ဘုရား ဆိုတော့ ဘုန်းကြီးက မဂ်ပေး လိုက်သလိုလို မကျဘူးလား။ (ကျပါတယ် ဘုရား)။

ဘုန်းကြီးက မဂ်ဖိုလ် ပေးနိုင်ရဲ့လား။ (မပေးနိုင် ပါ ဘုရား)၊ ကိုယ့်ဟာကိုယ် လုပ်ယူရမှာ မဟုတ်လား။ (မှန်ပါ့၊ လုပ်ယူရပါမယ် ဘုရား)၊ ရှင်းကြပလား။ (ရှင်း ပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်ဆိုတာ သင်္ခါရတရား၊ သဘောကျပလား။ (မှန်ပါ့၊ ကျပါပြီ)၊ ဖြစ်ပျက် ဆိုတာ (သင်္ခါရတရားပါ ဘုရား)၊ သင်္ခါရတရားမို့ ပျက်တာပေါ့ဗျာ။ (မှန်ပါ့ ဘုရား)။

ဖြစ်တာ သင်္ခါရ၊ ပျက်တာ အနိစ္စ၊ သင်္ခါရတရားဟာ ဘာဖြစ်သတုံး။ (အနိစ္စပါ ဘုရား)၊ အနိစ္စ ရောက်တယ် ဆိုတော့ သြော် ဒါဖြင့် ခင်ဗျားတို့ ဝိပဿနာရှုတော့ သင်္ခါရ ကို မြင်အောင် ကြည့်ပါ၊ သဘောကျပလား။ (ကျပါပြီ)။

ဘာမြင်အောင် ကြည့်ရမလဲ (သင်္ခါရကို မြင်အောင် ကြည့်ရမှာပါ)၊ သင်္ခါရမြင်အောင် ကြည့်လိုက်တော့ကို ဘာ မဂ်ဖြစ်သွားသတုံး။ (ဝိပဿနာမဂ် ဖြစ်သွားပါတယ်)၊ ဘာပြုလို့ တုံး၊ သင်္ခါရ မြင်တာကိုး မောင်ကိုရ၊ ဝိပဿနာ မဂ်ပေါ့။ (မှန်ပါ့)။

ကိုင်း သင်္ခါရတွေက ဆုံးသွားပြီ ဆိုတော့ ဒီနေရာမှာ အသင်္ခတ မလာဘူးလား။ (လာပါတယ် ဘုရား)၊ အဲဒီ အသင်္ခတကို မြင်တာကတော့ကို (လောကုတ္တရာမဂ်ပါ ဘုရား)၊ သင်္ခါရကို မြင်တာက (ဝိပဿနာမဂ်ပါ ဘုရား)၊ လောကီမဂ် ဆိုလိုက်ပါတော့။ (မှန်ပါ့)၊ တွဲလိုက်ကြစို့၊

လောကီနဲ့ လောကုတ်ပဲနော်။ (မှန်ပါ့)၊ သင်္ခါရကို မြင်တာက (လောကီမဂ်ပါ ဘုရား)၊ သင်္ခါရ မရှိတာ မြင်တာ က (လောကုတ္တရာမဂ်ပါ ဘုရား)၊ ဒါဖြင့် သင်္ခတက အသင်္ခတ ကူးတယ်။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)။

၂-နံပါတ်ထဲမှာ ပထမ ဝိပဿနာရှုနေတဲ့ ပုဂ္ဂိုလ်ဟာ သင်္ခတချည်းမြင်နေတာပဲ။ (မှန်ပါ့)၊ နောက်ရှုဖန် များတော့ သင်္ခတတွေ ကွယ်သွားတယ်၊ မကွယ်ဘူးလား။ (ကွယ် ပါတယ် ဘုရား)၊ ဒီနေရာ ဘာလာပါလိမ့်။ (အသင်္ခတ လာပါတယ် ဘုရား)။

ဒါဖြင့် အသင်္ခတ လာလို့ ရှိရင် အသင်္ခတမဂ်ဉာဏ်၊ ခုနက သင်္ခတမဂ်ဉာဏ်, အသင်္ခတ မဂ်ဉာဏ်, မကွာဘူးလား။ (ကွာပါတယ်)၊

သင်္ခတမဂ်ဉာဏ်သည် ဝိပဿနာ။ အသင်္ခတမဂ်ဉာဏ်သည် လောကုတ္တရာ (မှန်ပါ့)၊ မကွာဘူးလား။ (ကွာပါတယ် ဘုရား)၊ ရှင်းကြပလား။ (ရှင်း ပါပြီ)။

ဒါဖြင့် ဒီလိုလုပ်ကြပါစို့ တဲ့၊ ဒကာ ဒကာမတို့ ဒီနေရာမှာ ဘာပေါ်ပေါ် ဖြစ်ပျက်၊ ရှင်းပလား။ (ရှင်းပါ ပြီ)၊ သံပေါက်ရေး၊ ခင်ဗျားတို့ အားလုံး ရေးကြ၊ မရတဲ့ ပုဂ္ဂိုလ်လဲ ရအောင် ယူသွားပေါ့ ဗျာ။ (မှန်ပါ့)။

(၁) “ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်”

(ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်)။ ဒါကလေးက ဖြစ်ပျက်ပဲ မဟုတ်လား။ (မှန်ပါ့)၊ ဘာသစ္စာတုံး။ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် ဖြစ်ပျက် သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာမှတ် (ဖြစ်ပျက် သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်)။၊ ဖြစ်ပျက် သမျှ သင်္ခါရ (ဒုက္ခသစ္စာမှတ်)၊ ဒုက္ခသစ္စာမှတ်၊ သုံးခေါက် ဆိုကြစမ်း၊ သုံးခေါက် သုံးခေါက်။

(၁) ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်။

(၂) ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်။

(၃) ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်။

အဲဒီတော့ ခင်ဗျားတို့ ဒုက္ခသစ္စာ မြင်တယ် ဆိုတာ ဖြစ်ပျက်မြင်ရင် ဒုက္ခသစ္စာ၊ ငါတို့ မြင်ပြီသာ အောက်မေ့။ (မှန်ပါ့)၊ ဖြစ်ပျက်မြင်ရင် (ဒုက္ခသစ္စာမြင်ပြီ)၊ ဒုက္ခသစ္စာ ဟေ့ ဘုန်းကြီးတွေဆီ မေးရ ဦးမယ်၊ စာအုပ်တွေ လှန်ကြည့် ရဦးမယ်လို့ လုပ်မနေနဲ့။ (မှန်ပါ့)၊ ဖြစ်ပျက်မြင် ရင် ဒုက္ခသစ္စာမြင်ပြီးလို့ မှတ်ပါ၊ ဦးမြကြီး ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)၊ ဖြစ်ပျက်မြင်ရင် (ဒုက္ခသစ္စာမြင်ပါတယ် ဘုရား)။

ကြည့်လေ၊ ဒီထဲမှာ ပေါ်တာတွေက သင်္ခါရတရားတွေ ဖြစ်ပျက်ပဲ မဟုတ်လား။ (မှန်ပါ့)၊ ဘာသစ္စာတုံး။ (ဒုက္ခသစ္စာပါ ဘုရား)၊ သူများပြောတာလား၊ ခင်ဗျားတို့ ဖြစ်စဉ် ကိုက်လား။ (ဖြစ်စဉ် ကိုက်ပါ ဘုရား)၊ ဒါကြောင့် ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်၊ ပေါ်ပလား။ (ပေါ် ပါပြီ)၊

ဖြစ်ပျက်သမျှ သင်္ခါရ(ဒုက္ခသစ္စာမှတ်)၊ ရှင်း ပလား။ (ရှင်းပါပြီ)၊ ရေးပြီးကြပလား။ (ရေးပြီးပါပြီ ဘုရား)၊ ရေးပြီးပြီ၊ တစ်ခါပြန်ရွတ်လိုက်ကြစမ်းပါ။ (ဖြစ် ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ်) သုံးခါ။

ဪဒါဖြင့် ဖြစ်တာ ပျက်တာမြင်ရင်ဖြင့် ငါတို့ သည် သစ္စာတော့ဖြင့် ရပြီ။ (မှန်ပါ့)၊ သစ္စာသိတဲ့ ပုဂ္ဂိုလ် ထဲ ပါသွားပြီ၊ မပါသေးဘူးလား။ (ပါ,ပါပြီ)၊ ပါသွားပြီ ဆိုတာ သေချာကြပလား။ (သေချာပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီဥစ္စာ လေးချက် ရှိပါတယ်၊ လေးချက်စလုံး ဟောရမယ် ဒကာ ဒကာမတို့ ကြည့်နော် နံပါတ် ၂-ထဲမှာ ရှုနေမယ် ဆိုတာ သေချာတယ်၊ နံပါတ် ၂-ဘယ်ကာလတဲ့တုံး။ (ပစ္စုပ္ပန် ကာလပါ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်တာ ဘယ်ကာလပါလိမ့်။ (ယခု ပစ္စုပ္ပန်ကာလပါ ဘုရား)၊ ရှုတဲ့မဂ်ကကော (ပစ္စုပ္ပန်ကာလ ပါ)၊ ပစ္စုပ္ပန်ကာလပဲ၊ ဒီထဲလာပြီး ဟောဒီပစ္စုပ္ပန်နဲ့ တည့်နေ တယ်။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ)၊ ဖြစ် ပျက်ကလဲ ဘယ်ကာလ (ပစ္စုပ္ပန်ကာလပါ ဘုရား)၊ ရှုတဲ့ မဂ်ကလဲ ဘယ်ကာလ (ပစ္စုပ္ပန်ကာလ)၊ ပစ္စုပ္ပန်, ပစ္စုပ္ပန် ချင်း တည့်ပါတယ်တဲ့။

ဒါက အလုပ်က ပြတာ၊ ဟိုတခြားမှာ ပြောနေကြတာ ကတော့ ဟေ့ ပစ္စုပ္ပန်တည့်အောင် ရှုလို့သာ ပြောတယ်။ ပုံစံနဲ့ မပါဘူး၊ ပါရဲ့လား။ (မပါ,ပါ ဘုရား)။

ဒီကြည့် ဒီစိတ်ကလေးတွေ ဖြစ်ပျက်က ဘယ်ကာလ ပါလိမ့်။ (ပစ္စုပ္ပန်ကာလပါ)၊ ဟောဒီ နေရာကနေ ရှုလို့ မဆိုဘူးလား။ (ဆိုပါတယ်)၊ ရှုတော့ ဒီပစ္စုပ္ပန်ကာလမှာပဲ ရှုတာလဲ မဂ်က မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)၊

ဒါဖြင့် ပစ္စုပ္ပန်ချင်း ပစ္စုပ္ပန်ချင်း မတည့်ဘူးလား။ (တည့် ပါတယ်)၊ သဘောပါပလား။ (ပါ,ပါပြီ)၊ စာဆို ပစ္စုပ္ပန်လား၊ အမြင် ပစ္စုပ္ပန်လား။ (အမြင်ပစ္စုပ္ပန်ပါ ဘုရား)၊ အဲ ခင်ဗျားတို့ သန္တာန် ခင်ဗျားတို့ မြင်ရင်လဲ အမြင်ပစ္စုပ္ပန်၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

တော်တော်ရှင်းသွားပြီ။ (မှန်ပါ့)၊ ဒကာ ဒကာမတွေ တော်တော် မရှင်းသေးဘူးလား။ (ရှင်းပါတယ် ဘုရား)၊ တော်တော်ရှင်းသွားပြီတဲ့၊ ဪ ဒါဖြင့် ဖြစ်ပျက်သမျှ – သင်္ခါရ ဒုက္ခသစ္စာမှတ် လို့ ဆိုတော့ ဒီဖြစ်ပျက် ဟူသရွေ့ကို ကိုယ့်ဉာဏ်က ဒုက္ခသစ္စာချည်း ရှုနေပါ ပြောတာ။ (မှန်ပါ့)၊

ဒုက္ခသစ္စာလို့ မှတ်ရှုနေပါတဲ့၊ ရိပ်မိပလား။ (ရိပ်မိ ပါပြီ)၊ အနိစ္စလို့ မရှုနဲ့တဲ့၊ ဒုက္ခလို့ကော (မရှုနဲ့)၊ အနတ္တ လို့ ကော (မရှု ရပါ)၊ အသုဘလို့ ကော (မရှုရပါ)၊ ဒုက္ခသစ္စာ ပေါ်တိုင်း ပေါ်တိုင်း ဒုက္ခသစ္စာလို့ ဒီက မှတ်ရှုနေပါတဲ့၊ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။

ဓမ္မာနုပဿနာဖြစ်သွားတယ်

ဒါ ဓမ္မာနုပဿနာ ဖြစ်သွားပါတယ်၊ စိတ္တာနုပဿနာ ရှုရင်း ဓမ္မနုပဿနာ ဖြစ်ပါတယ်၊ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)၊ စိတ္တာနုပဿနာ ရှုရင်း (ဓမ္မာနုပဿနာ ဖြစ်ပါတယ် ဘုရား)၊ ဘာဖြစ် လို့တုံး၊ ဒုက္ခသစ္စာ ဖြစ်သွားတာ ကိုးဗျ။(မှန်ပါ့)၊ ဒုက္ခ သစ္စာကိုမြင်တဲ့ ဉာဏ် ဆိုတာ ပေါ်ပလား။(ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန် ဝေးသလား ဗျာ။ (နီးပါတယ် ဘုရား)၊ ဖြစ်ပျက်ဆုံးတာ နိဗ္ဗာန်၊ အဆုံး မြင်တာက (မဂ်ဉာဏ်)၊ မဂ်ဉာဏ်၊ ဖြစ်ပျက် ဆုံးတာက (နိဗ္ဗာန်)၊ ရှုဖန်များလို့ ဆုံးသွားတာ နိဗ္ဗာန်၊ မြင်တာက (မဂ်ဉာဏ်)၊ မဂ်ဉာဏ် ဆိုတော့ ယခု ပစ္စုပ္ပန်ကာလ၊ နိဗ္ဗာန် ကလဲ ခင်ဗျားတို့ ရှုနေဆဲမှာပဲ ရပါတယ်။ (မှန်ပါ့)။

နို့ ပစ္စုပ္ပန်ကာလထဲမှာ နိဗ္ဗာန်ရှိသလားလို့ မေးတော့ ရှုတဲ့ ပုဂ္ဂိုလ်တွေ အတွက် ဟုတ်ပါတယ်၊ မရှုတဲ့ ပုဂ္ဂိုလ် ဘယ် ကာလမှ နိဗ္ဗာန် မရှိဘူး။ (မှန်ပါ့)။

ရှုတဲ့ပုဂ္ဂိုလ်အတွက် ပစ္စုပ္ပန်နိဗ္ဗာန်

ဘောပါပလား။ (ပါ,ပါပြီ)၊ မရှုတဲ့ပုဂ္ဂိုလ်မှာ (ဘယ်ကာလမှ နိဗ္ဗာန် မရှိပါ)၊ ရှုတဲ့ ပုဂ္ဂိုလ်တော့ ရှုဆဲ အခိုက် အတန့်မှာပဲ ဆုံးသွားရင် နိဗ္ဗာန် ပေါ်လာတာပဲ၊ ရှုတဲ့ ပုဂ္ဂိုလ် အတွက်ဖြင့် ပစ္စုပ္ပန် နိဗ္ဗာန် လို့မှတ်။ (မှန်ပါ့)၊ မရှုတဲ့ ပုဂ္ဂိုလ်မှာ ကာလသုံးပါး လွတ်တယ်၊ နိဗ္ဗာန် မရှိဘူး သူတို့ မှာ၊ သဘော ပါပလား။ (ပါ,ပါပြီ ဘုရား)၊ နေရာကျပြီနော်။ (မှန်လှပါ)၊

ဒါ ဘယ်ပါဠိတော်ကို ပြရပါလိမ့် မတုံး၊ တခြားသော ပုဂ္ဂိုလ်တွေက ဟောနေတာ၊ နိဗ္ဗာန်ဟာ ကာလသုံးပါးမှ လွတ်တယ်လို့ ဟောနေကြတယ် ဆိုတော့ ဘုရားက “နိဗ္ဗာနံ မဂ္ဂဿ အရမ္မဏ ပစ္စယေန ပစ္စယော” လို့ ဟောတယ်၊ နိဗ္ဗာန်နဲ့ မဂ် ကိုက်ပေစေကွ- အာရုံ အာရမ္မဏိကပါ၊ ပစ္စုပ္ပန်ချည်းပါတဲ့။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

မှတ်ချက်။ ။ပဋ္ဌာန်းပါဠိ ပ၊ပဉှာဝါရ၊ နှာ-၁၃၅

ဒီ အာရုံပြုနိုင်တယ် ဆိုကတည်းက စဉ်းစားကြည့်ပါ လားတဲ့၊ ယခု မြင်ရတာ မဟုတ်လား။ (မှန်ပါ့)၊ နောက်မှ မြင်ရတာလား။ (မဟုတ်ပါ ဘုရား)၊ အဲဒီတော့ ဒီနိဗ္ဗာန်သည် အခု မြင်ရတဲ့ နိဗ္ဗာန် ဖြစ်သောကြောင့် ပစ္စုပ္ပန်အကွက် ထဲ ဝင်လာတယ်၊ မဝင်လာဘူးလား။ (ဝင်လာပါတယ် ဘုရား)၊ မဂ်ကကော ဘယ်အကွက်ထဲ (ပစ္စုပ္ပန်အကွက်ထဲ ဝင်လာပါတယ် ဘုရား)။

မလုပ်တဲ့ပုဂ္ဂိုလ် နိဗ္ဗာန်မရှိ

ဒါဖြင့် ပစ္စုပ္ပန်ချင်း, ပစ္စုပ္ပန်ချင်း နဂိုက ရှုနေတဲ့ အတွက် ပစ္စုပ္ပန်, ပစ္စုပ္ပန်ချင်းပဲ မဂ်နဲ့ သွားတွေ့တယ်၊ မတွေ့ဘူးလား။ (တွေ့ပါတယ် ဘုရား)၊ တော်တော် အရေး ကြီးတဲ့ စကား၊ အမြင်ကို မပြရင် ကာလသုံးပါး လွတ်တယ် ဟောနေမှာပဲ၊ မဟောရပေဘူးလား။ (ဟောရပါတယ်)၊ ဟုတ်လဲ ဟုတ်ပါတယ်၊ မလုပ်တဲ့ ပုဂ္ဂိုလ် ကာလသုံးပါးကို လွတ်နေတယ်၊ မလုပ်တဲ့ ပုဂ္ဂိုလ် နိဗ္ဗာန် ဘယ် ကာလမှာ ရှိသတုံး။ (ဘယ်ကာလမှာမှ မရှိပါ ဘုရား)၊ လုပ်တဲ့ ပုဂ္ဂိုလ် ဘယ်ကာလမှာ ရှိသတုံး။ (ပစ္စုပ္ပန် ကာလမှာ ရှိပါတယ်)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် ကာလသာ ဆိုတာပါတဲ့၊ နိဗ္ဗာန်က ပစ္စုပ္ပန် ကာလ ရှိတယ်လို့ ခင်ဗျားတို့ တစ်ထစ်ချ မယူလိုက်ပါနဲ့၊ လုပ်တဲ့ ပုဂ္ဂိုလ်မှာ ယခု တွေ့ရတယ် ပြောတာ၊ အားလုံးနဲ့ ခြုံပြောတော့ ပစ္စုပ္ပန် ကာလ ကလဲ နိဗ္ဗာန် မရှိပါဘူး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

လုပ်တဲ့ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အတွက်မှာဖြင့် သူ့ရှေ့ ရောက်သတဲ့၊ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)၊ လုပ်တဲ့ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် အတွက်မှာ (သူ့ရှေ့မှာ ရောက်ပါတယ်)၊ အဲဒါ ပစ္စုပ္ပန် ဆိုပါတယ်။

နိဗ္ဗာန် မျက်မှောက် ပြုတယ် ဆိုတာ ဦးမြ ရှင်း ပလား။ (ရှင်းပါပြီ)၊ မလုပ်တဲ့ ပုဂ္ဂိုလ် ကာလသုံးပါး လွတ် တယ်။ (မှန်ပါ့)၊ မလွတ်ဘူးလား။ (လွတ်ပါတယ်)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ ဖြစ်ပျက်သမျှ သင်္ခါရဆိုတာ ရှင်းပလား။ (ရှင်းပါပြီ)၊ သင်္ခါရမို့ ပျက်တာ ကိုးဗျ။ (မှန်ပါ့)၊ ဖြစ်ပျက်သမျှ သင်္ခါရ၊ ဘာလို့ မှတ်မလဲ။ (ဒုက္ခသစ္စာမှတ်ရပါမယ် ဘုရား)။

ဒါဖြင့် ဖြစ်ပျက်သမျှ သင်္ခါရကို (ဒုက္ခသစ္စာ မှတ်ရမယ်)၊ သူ့အကွက်နဲ့ သူနဲ့ကော ကိုက်ပါရဲ့လား။ (ကိုက် ပါတယ် ဘုရား)။

ဒီနေ့

အေး ဒကာ ဒကာမတို့ သေသေချာချာ ကြည့်ထား နော်၊ နိဗ္ဗာန် ရှုပ်နေမယ်၊ အခု ရှုပ်စရာ ရှိသေးရဲ့လား။ (မရှိပါ)၊ ဦးမြ ရှုပ်သေးလား။(မရှုပ်ပါ ဘုရား)၊ ဖြစ်ပျက်သမျှ ဘာ တဲ့ (သင်္ခါရပါ)၊ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ)၊ ရေးပြီး ကြပလား။(ရေးပြီးပါပြီ ဘုရား)၊ သုံးခု ရေးရ လိမ့်ဦးမယ်တဲ့။

ဒီနေ့တော့ နိဂုံးချုပ်မို့ အကုန်ပေးရမည့်နေ့ဖြစ်နေလို့ ဒီအထဲ မိုက် (မိုက်ကရိုဖုန်း)တွေက မကူးဘဲ ဖြစ်နေလို့ နာရီက ကုန်သွားတယ်။

(၂) ဖြစ်ပျက်မှုပင်၊ ငါကောင်ထင်၊ ခင်မင်သမုဒယမှတ်။

ဒီဖြစ်ပျက် နေတာကို ဒါ ယောက်ျားပဲ၊ မိန်းမပဲ၊ ငါပဲ။ သူပဲ ထင်နေရင် ဒါသမုဒယသစ္စာ ပေါ်တာပဲ၊ ဖြစ်ပျက်ကို ငါကောင် သူကောင် ထင်ရင် ဘာသစ္စာ ပေါ်သတုံး။ (သမုဒယသစ္စာ ပေါ်ပါတယ် ဘုရား)။

သြော် ဒါကြောင့် ဒီဘက် ဒီဖြစ်ပျက်တွေကို မဖြစ် ဘဲနဲ့ ဒါ ယောက်ျားပဲ၊ မိန်းမပဲဆိုရင် ဟောဒီ သမုဒယ သစ္စာ လာဖြစ်တယ်၊ ဒါကြောင့် ဒါနဲ့ ဒါကူးတယ်၊ သဘော ပါပလား။ (ပါ,ပါတယ် ဘုရား)။

ဒီ ဖြစ်ပျက်တွေ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ ထင်ရင် ဒီသစ္စာ ဖြစ်မယ်ကွ၊ မဖြစ်ဘူးလား။ (ဖြစ်ပါ တယ် ဘုရား)၊ ဒီဖြစ်ပျက်တွေကို ဖြစ်ပျက် မသိဘဲနဲ့ ငါကောင်၊ သူကောင် ထင်ရင် ဘာသစ္စာ ဖြစ်မလဲ။ (သမုဒယသစ္စာ ဖြစ်ပါတယ် ဘုရား)၊ ကြည့် ဝေဒနာပစ္စယာ တဏှာ မလာဘူးလား။ (လာပါတယ် ဘုရား)။

ဖဿပစ္စယာ (တဏှာပါ ဘုရား)။

ဝိညာဏပစ္စယာ (တဏှာပါ ဘုရား)။

နာမရူပပစ္စယာ (တဏှာပါ ဘုရား)။

သူကောင်, ငါကောင် ဒိဋ္ဌိက ငါကောင် ထင်နေတာ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ဒိဋ္ဌိ တဏှာက ငါကောင်, ငါ့ဟာ ထင်နေတော့ သူက ဒကာ ဒကာမတို့ သမုဒယသစ္စာ ဖြစ်အောင် ကျေးဇူး ပြုပါတယ်။ (မှန်ပါ့)၊ ကဲ ဒါဖြင့် လိုက်ဆိုကြဦးတဲ့။

“ဖြစ်ပျက်မှုပင်၊ ငါကောင်ထင်၊ ခင်မင်သမုဒယ မှတ်”

(ဖြစ်ပျက်မှုပင်၊ ငါကောင်ထင်၊ ခင်မင်သမုဒယ မှတ်)၊ သုံးခေါက်ဆို ရေးကြပါ၊ ရေးကြပါ၊ ရေးကြ၊

ဒီဖြစ် ပျက်ကို မမြင်ဘဲနဲ့ ဒီတရားတွေ ငါထင်နေရင် ဟောဒီ သမုဒယသစ္စာ ကူးပါတယ်၊ ၂-က ၃-ကူးတယ်လို့ မှတ်လိုက် စမ်းပါ။ (မှန်ပါ့)။

ဖြစ်ပျက်တွေ ငါကောင်ထင်နေရင် ဘာတဲ့ (၂-က ၃-ကူးပါတယ် ဘုရား)၊ ၂-က ၃-ကူးတော့ သမုဒယသစ္စာ မဖြစ်ဘူးလား။ (ဖြစ်ပါတယ် ဘုရား)၊ ဒါဟာ ပဋိစ္စသမုပ္ပါဒ် ထဲ ဝင်တဲ့ တရားချည်းပဲ ဆိုတာ သေသေချာချာ မှတ်ပါ။ (မှန်ပါ့)၊ မဝင်လာဘူးလား။ (ဝင်လာပါတယ်)။

အေး ဒါက ဖြစ်ပျက်ကို ခင်ဗျားတို့က ငါ၊ သူ တစ်ပါး ယောက်ျား၊ မိန်းမ ထင်ရင် ဘယ်သစ္စာ ဖြစ်တုံး။ (သမုဒယသစ္စာ ဖြစ်ပါတယ် ဘုရား)၊ ဖြစ်မှ ဖြစ်ရဲ့လားဆိုတော့ ဒီကြည့်၊ ဒီမှာ သမုဒယသစ္စာ လာတယ်။

ဝေဒနာပစ္စယာ (တဏှာပါ)။

ဖဿပစ္စယာ (တဏှာ)။

ဝိညာဏပစ္စယာ (တဏှာ)။

နာမရူပ ပစ္စယာ (တဏှာ)။

ဟော သမုဒယသစ္စာ ဘက်ချည်း ကူးတယ်၊ ဒါတွေ ယောက်ျား၊ မိန်းမ, ကောင်, သူကောင် ထင်လိုက်တဲ့ အတွက် သမုဒယသစ္စာဘက် ကူးသွားတယ်၊ မကူးဘူးလား။ (ကူးပါတယ် ဘုရား)၊ ရှင်းပလား။ (ရှင်းပါတယ် ဘုရား)။

ကဲ ဆိုကြစမ်းပါဦး၊ ဖြစ်ပျက်မှုပင်၊ ငါကောင်ထင်၊ ခင်မင်သမုဒယမှတ် (ဖြစ်ပျက်မှုပင် (လ) သမုဒယမှတ်)၊ သုံးခါဆို၊ ကဲ ပဋိစ္စသမုပ္ပါဒ် အဝိုင်းနဲ့ကော ကိုက်ရဲ့ လား။ (ကိုက်ပါတယ် ဘုရား)။

ဒီဟာတွေ ဖြစ်ပျက် မထင်ဘဲနဲ့ ဒါတွေ သူပဲငါပဲ၊ ယောက်ျားပဲ၊ မိန်းမပဲ ထင်ရင် ဘာသစ္စာ ဖြစ်သတဲ့တုံး။ (သမုဒယသစ္စာ ဖြစ်ပါတယ် ဘုရား)။

ကိုင်း မဆိုးဝါးဘူးလား။ (ဆိုးဝါးပါတယ်)၊ သမုဒယသစ္စာ ဖြစ်တော့ ဒီဒုက္ခသစ္စာ နေပါဦးမလား။ (မနေပါ ဘုရား)၊ ဒီဘက်က သမုဒယ ပြန်မပွားပေဘူးလား။ (ပွားပါတယ်)။

ဒါဖြင့် ဒီဘက်က ဒုက္ခပြန်မရပေဘူးလား။ (ရပါ တယ် ဘုရား)၊ပြန်ရတာ ငါကောင် ထင်ပြန်တော့ သမုဒယ က (ပြန်ရတယ်)၊ ပြန်ဖြစ်မယ်၊ သမုဒယ ဖြင်ရင် ဒီ ဒုက္ခ က (ဖြစ်ပါတယ် ဘုရား)။

ဒီ ဒုက္ခဖြစ်လို့ ရှိရင် ဒုက္ခထဲက သမုဒယ ပြန်ပွား မလား မပွားဘူးလား။ (ပွားပါတယ်)၊ ပွားရင် ဘာသစ္စာ ရဦးမလဲ။ (ဒုက္ခသစ္စာ ရပါဦးမယ်)၊ အဲဒီ ဒုက္ခသစ္စာ ငါကောင်ထင်ပြန်တော့ ဘာလုပ်ဦးမတုံး။ (သမုဒယသစ္စာ ရပါတယ် ဘုရား)။

အို မီးခိုးမဆုံး, မိုးမဆုံး ပါကလား ခင်ဗျားတို့ဟာ (မှန်ပါ့)၊ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)၊ ပေါ်ပြီ ပေါ်ပြီ၊ ဒါဖြင့် သမုဒယသစ္စာလဲ ခုနကတုန်းက ဒုက္ခသစ္စာဟောခဲ့ တဲ့ ပါဠိ၊ အခုဟာက ဒကာ ဒကာမတို့ သမုဒယသစ္စာ ဟောတဲ့ သံပေါက် (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ)၊

ဟောဒီက ဒီထဲမှာ နာမ်ဆုံးရင် ရုပ်မဆုံးဘူးလား ဒကာ ဒကာမတို့(ဆုံးပါပြီ ဘုရား)။

နာမ်နဲ့ရုပ်ဟာ ကျူစည်းဥပမာ

နာမ်နဲ့ရုပ်ဟာ ကျူစည်း ဥပမာလို့ ပြောပြီးပါပြီ။ (မှန်ပါ့)၊ ကျူစည်း စုထောင်တော့ ဒကာ ဒကာမတို့ တစ်ခု ဆွဲလိုက်ရင် တစ်ခုက မလဲပေဘူးလား။ (လဲပါတယ်)၊ ဝါးကလေး နှစ်ခု အဖျားချင်း တေ့ထောင်ရင် တစ်ခုဆွဲရင် (တစ်ခု လဲပါတယ် ဘုရား)၊ အဲဒါကြောင့် ရုပ်တွေ, နာမ်တွေဟာ ရုပ်ကို အပြတ်ရှုလို့ ရှိရင်လဲ နာမ်ပျက်ပါတယ်။ (မှန်ပါ့ ဘုရား)၊ နာမ်ပျက်ကို ရှုရင်လဲ ရုပ်ပျက်တာပဲ။ (မှန်ပါ့)။

ဒါကြောင့် ဘုရားက သတိပဋ္ဌာန်ကို တစ်ခုစီ ခွဲဟော ခဲ့တယ်။ (မှန်ပါ့ ဘုရား)၊ တစ်ခါတလေ နာမ်ချည်းဟော လိုက်တယ်၊ ပါသွားတာပါပဲကွာ၊ တစ်ခါတလေ ဝေဒနာ ချည်း ဟောလိုက်တယ် ဆိုတော့ နာမ်ချည်း မဟောဘူးလား။ (ဟောပါတယ်)။

ဝေဒနာနုပဿနာလဲ နိဗ္ဗာန် ရောက်တာ ပါပဲ ဆိုတော့ ရောက်မှာပဲ ဒကာ ဒကာမတို့၊ နာမ်လဲရင် ရုပ်လဲလို့။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ နာမ်ပျက်ရင် (ရုပ်လဲ ပျက်ပါတယ်)။

တစ်ခါတလေကျတော့ ဘုရားက ငါ စိတ္တာနုပဿနာ နဲ့ ဟောပါမယ်ကွာဆိုပြီး ဟောလိုက် တော့ နာမ်သက်သက် ဟောငြား သော်လဲ စိတ်ပျက်တော့ ဘယ့်နှယ်နေမလဲ။ (ရုပ်လဲ ပျက်ပါတယ် ဘုရား)၊ စိတ်လဲတော့ ရုပ်မလဲဘူးလား။ (လဲပါတယ် ဘုရား)။

အဲဒါကြောင့် နောက်ဆုံးပိတ် တစ်နေ့ကျတော့ ဖြစ်ပျက် သွားဆုံးတဲ့ အတွက် ဓမ္မာနုပဿနာ သွားဝင်တယ်။ (မှန်ပါ့)၊ သစ္စာ သွားဝင်တယ်၊ ဝေဒနာနုပဿနာလဲ ဘယ်သွားဝင်တုံး။ (သစ္စာ သွားဝင်ပါတယ် ဘုရား)။

သစ္စာဆိုတာ ဓမ္မာနုပဿနာ

သစ္စာ ဆိုတော့ ဓမ္မာနုပဿနာ ပေါ့ဗျာ။ (မှန်ပါ့ ဘုရား)၊ စိတ္တာနုပဿနာ ဘယ်သွား ဝင်သတုံး။ (ဓမ္မာ နုပဿနာ သွားဝင်ပါတယ်)၊ ကာယနုပဿနာ ထဲက ရှုမှု, ရှိုက်မှု တွေကရော (ဓမ္မာနုပဿနာ ဝင်ပါတယ်)၊ ဖြစ်ပျက် သွားဆုံးရှုံးမှ၊ ရှူရှိုက် နေလို့ လဲ နိဗ္ဗာန် မရောက်သေးဘူး၊ ဖြစ်ပျက်ဆုံးမှ (မှန်ပါ့)၊ သဘောကျပလား။ (ကျ ပါပြီ)။

ဒါဖြင့် သတိပဋ္ဌာန်းလေးပါ ဘယ်ထဲ ဝင်သွားကြပါ လိမ့် (ဓမ္မာနုပဿနာထဲ သွားဝင် ကြပါတယ်)၊ သတိပဋ္ဌာန် သုံးပါးသည် ဓမ္မာနုပဿနာထဲ သွားဝင်ပါတယ်၊ ဓမ္မာ နုပဿနာ ဆိုတာ ဘာပါလိမ့်၊ ဖြစ်ပျက် ဒုက္ခသစ္စာကို ဆိုသည်။

ဒီလိုဆိုတော့ မလုံးမိသေးဘူးလား။ (လုံးမိပါတယ်)၊ ကဲဒါဖြင့် ဒကာ ဒကာမတွေ ရှေ့တစ်ခု ဆက်ကြစို့နော်။

(၃) “ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံး နိဗ္ဗာန်မှတ်”

ရုပ်နာမ်အားလုံး၊ လိုက်ဆိုကြစမ်း (ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံး နိဗ္ဗာန်မှတ်) သုံးခေါက်ဆို အေး နားထောင်, နားထောင်၊ ဘုန်းကြီး တစ်ခေါက်တည်း ရွတ် မယ်၊ ဟောဒီ ဥစ္စာ ရုပ်တွေ၊ နာမ်တွေ၊ ဒီတစ်ကွက်လုံးဟာ နာမ်ရုပ်ပဲ ရှိတယ်၊ တစ်ခု ရှုလိုက်တော့ အကုန် ဆုံးသွားတဲ့ အဓိပ္ပါယ် မလာဘူးလား။ (လာပါတယ် ဘုရား)။

ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ဖြစ်မှု ပျက်မှုကို မရှိရဘူး၊ ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန် မှတ်၊ သဘောကျပလား၊ ရေးတာတွေ မှားမှာ စိုးလို့။ (သဘောကျပါပြီ)။

“ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန်မှတ်၊” ရကြပလား။ (ရပါပြီ)၊ ရှုတာနဲ့ ကိုက်ပြ လိုက်ဦးမယ်။

တော်တော်ကြာတော့ ဒီဖြစ်ပျက်ကလေးကို ဝိပဿနာမဂ်က မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။

ဒီဖြစ်ပျက်ကလေးတွေက ကိုယ့်အသေ ကိုယ်မြင်ရလာ တော့ မမုန်းဘူးလား။ (မုန်းပါတယ်)၊ မုန်းလာတော့ ကြာတော့ လိုချင် သေးရဲ့လား။ (မလိုချင်တော့ပါ ဘုရား)၊ မလိုချင်တော့ ဒီဖြစ်ပျက် တွေဟာ မဆုံးဘူးလား။ (ဆုံးပါ တယ် ဘုရား)။

ဒါဖြင့်စိတ်ကို ရှုငြားသော်လဲ စိတ်သာ ဆုံးသလား၊ သူနဲ့ တွဲဖက် ရုပ်တွေပါ ဆုံးသလား (ရုပ်ပါဆုံးပါတယ် ဘုရား)၊ စေတသိက် တွေကကော (ဆုံးပါတယ် ဘုရား)။

ဒါဖြင့် ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ဖြစ်ပျက်ကို မရှိရဘူး။ (မှန်ပါ့)၊ ချုပ်ဆုံး နိဗ္ဗာန်မှတ်တဲ့၊ ဒီအကွက်ဟာ နိဗ္ဗာန်လို့ ဖြစ်နိုင်ပါတယ်၊ သဥပါဒိသေသ နိဗ္ဗာန်ပဲ။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ)၊ တော်တော် အရေး မကြီးဘူးလားဒါ (ကြီးပါတယ်)။

ဝိပဿနာရှုတာ ဒုက္ခသစ္စာဖယ်နေတာ

ဒကာ ဒကာမတို့ ဘာသစ္စာ ဆိုမယ်၊ သုဉ်းသွားရင် ဘာသစ္စာတုံး။ (နိရောဓသစ္စာပါ)၊ ဟော ဒုက္ခသစ္စာက နိရောဓသစ္စာ ဖုံးနေလို့၊ ဝိပဿနာ ရှုရတာ ဒုက္ခသစ္စာဖယ် နေတာ။ (မှန်ပါ့)၊ သေသေချာချာ မှတ်စမ်း၊ ဒီစကားဟာ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဖြစ်ပျက် ဖြစ်ပျက် ရှုစမ်းပါ ဆိုတာ ဖြစ်ပျက်တွေက ဘာသစ္စာတုံး။ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာက နိရောဓသစ္စာ လာကွယ်နေတယ်၊ မကွယ်ဘူးလား။ (ကွယ်ပါတယ် ဘုရား)။

နောက်တော့ ဒုက္ခသစ္စာလဲ ဆုံးသွားရော၊ ဒုက္ခအောက် က နိရောဓသစ္စာ မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)၊

ဒါဖြင့် ဝိပဿနာ ရှုရတာ ဘယ်အကျိုးငှာတုံး ဆိုတော့ ဒုက္ခ ဖယ်တာ၊ သဘော ပါကြပလား။ (ပါ,ပါပြီ)၊ ဒုက္ခတွေ ဖုံးနေတဲ့ နိရောဓ၊ ဒုက္ခ ဖုံးနေလို့ ဖယ်တာပါ။ (မှန်ပါ့)။

နောက်ကျတော့ ဖြစ်ပျက်တွေ ကျုပ်တို့က မလိုချင် လို့ ဆုံးသွားတော့ နိရောဓအောက်က ပေါ်လာတယ်။ (မှန်ပါ့ ဘုရား)၊ သဘောကျပလား။ (မှန်ပါ့)။

ဒါဖြင့် ဝိပဿနာ အားထုတ်ရတာ ဘာဖယ်တာပါ လိမ့်။ (ဒုက္ခဖယ်တာပါ ဘုရား)၊ ဖယ်လို့ ကုန်တဲ့အခါကျတော့ ဘာတွေ့သတဲ့။ (နိရောဓ တွေ့ပါတယ်)၊ သဘော ပါပလား။ (ပါ,ပါတယ်)။

ဒါဖြင့် ဝိပဿနာ ဉာဏ်နောက်က မဂ်ဉာဏ် ရှိတယ် ဆိုတာကကော ခင်ဗျားတို့ သံသယရှိဖို့ လိုသေးသလား။ (မလိုပါ ဘုရား) ကိုင်း နေရာကျပြီ ဒကာ ဒကာမတို့၊ သံပေါက်တစ်ခုပဲ ကျန်တော့ တယ်နော်။

အလုပ်စခန်းလို့ သေသေချာချာ မှတ်ပါ၊ ဒီသံပေါက် ဟာ (မှန်ပါ့)၊ ဒီသံပေါက်ဟာ ဘာပါလိမ့်။ (အလုပ် စခန်းပါ ဘုရား)။

အလုပ်စခန်း ဆိုတာ သဘောကျပလား။ (မှန်ပါ့)၊ ဟောဒီ ချုပ်ဆုံးမှု၊ ဒီနေရာက မလိုချင်လို့ ချုပ်ဆုံးသွားတဲ့ အခါကော မရှိပေဘူးလား။ (ရှိပါတယ်)၊ ချုပ်ဆုံးမှုတွင် ဉာဏ်သက်ဝင်။

ချုပ်ဆုံးမှုကို ဟောဒီဉာဏ်က သက်ဝင်ရမယ်။ (မှန်ပါ့)၊ သိမြင်မဂ်ဟု မှတ်။

(၄) “ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင် သိမြင်မဂ်ဟုမှတ်”။

ဒကာ ဒကာမတို့ ချုပ်ဆုံးမှုတွင် (ဉာဏ်သက်ဝင် သိမြင်မဂ်ဟုမှတ်)၊ ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင်၊ သိမြင် မဂ်ဟု မှတ်၊ ဒါ မဂ်စစ်၊ လူများ မမေးနေနဲ့၊ ချုပ်ဆုံးမှုထဲ ကိုသာ ဒီဉာဏ်က ရောက်သွားလို့ အာရုံ ပြုနိုင်လို့ ရှိရင် မဂ်ပဲ၊ ဒီဉာဏ်ဟာ မဂ်ဉာဏ်ပဲ၊ သဘောကျပလား။ (ကျပါပြီ)။

ကဲ လိုက်ဆိုကြ၊ “ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင်၊ သိမြင် မဂ်ဟု မှတ်၊” ကဲဆိုကြစမ်းပါ၊ သုံးခေါက်။

(၁) ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင်၊ သိမြင်မဂ်ဟု မှတ်။

(၂) ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင်၊ သိမြင်မဂ်ဟု မှတ်။

(၃) ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင်၊ သိမြင်မဂ်ဟု မှတ်။

တယ် အဖိုးတန်ပါကလား ဒကာ ဒကာမတို့၊ ကိုယ့် မဂ်ဉာဏ် ရတယ်- မရတယ်၊ သူများ မေးရမှာလား၊ ချုပ်ဆုံးမှုထဲ ဉာဏ်ရောက် သွားရင် ပြီးတာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

ဖြစ်ပျက်မတွေ့မှ မဂ်ဉာဏ်

ပထမတော့ ချုပ်ဆုံးမှုတွေ ချုပ်တာ၊ ပျက်တာကလေး တွေ တွေ့နေရဦးမယ်။ (မှန်ပါ့) နောက်ကျတော့ ရှုဖန် များတော့ တွေ့သေးရဲ့လား။ (မတွေ့ပါ ဘုရား)။

မတွေ့မှ မဂ်ဉာဏ် (မှန်ပါ)။

တွေ့ နေသေးလို့ ရှိရင် ဝိပဿနာမဂ် (မှန်ပါ့)။

ချုပ်ဆုံးတာတွေ တစ်ခါတည်း ဒကာ ဒကာမတို့ ချုပ်ဆုံးပြီးသွားတဲ့ အခါ ဒုက္ခသစ္စာ မပေါ်လာ တော့ဘူး ဆိုရင် လောကုတ္တရာမဂ်၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ပထမ ဒကာ ဒကာမတို့ “ဖြစ်ပျက်သမျှ။ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်” ပေါ်ကြပလား။ (ပေါ်ပါပြီ)။

“ဖြစ်ပျက်မှုတွင် ငါကောင်ထင် ခင်မင်သမုဒယမှတ်” မကိုက်ဘူးလား။ (ကိုက်ပါတယ်)၊ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နဲ့ ကိုက်ရဲ့ လား။ (ကိုက်ပါတယ် ဘုရား)။

“ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန်မှတ်” ဆိုတော့ သူသည် နိဗ္ဗာန် မဖြစ်သေးဘူးလား။ (ဖြစ်ပါ တယ်)၊ ဒါဖြင့် နိဗ္ဗာန်လို့ ပြင်ရေး ပေါ့ဗျာ။ (မှန်ပါ့)။

ဒါဖြင့် ခန္ဓာရှိတုန်း တွေ့ရတာလား၊ ခန္ဓာမရှိမှ တွေ့ရ တာလား။ (ခန္ဓာရှိတုန်းတွေ့ရတာပါ ဘုရား)၊ ဒါဖြင့် ပစ္စုပ္ပန်ပေါ့ ဗျာ၊ လုပ်တဲ့ ပုဂ္ဂိုလ် ပစ္စုပ္ပန်မှာ လာတွေ့တယ်။ မှ မတွေ့ဘူးလား။ (တွေ့ပါတယ်)၊ ဉာဏ်ကလဲ ဘယ်ကာလပါလိမ့်။ (ပစ္စုပ္ပန်ကာလပါ)၊ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် “ချုပ်ဆုံးမှုတွင် ဉာဏ်သက်ဝင်၊ သိမြင်မဂ်ဟုမှတ်” ဆိုတော့ ဒကာ ဒကာမတို့ ချုပ်ဆုံးမှု ထဲကို ဒီဉာဏ် ကလေး က မြင်မြင် နေလို့ရှိရင်ဖြင့် ဒါဝိပဿနာမဂ် မဟုတ် တော့ဘူး၊ လောကုတ္တရာ မဂ်အစစ် ဖြစ်နေပါပြီ ဆိုတာ သေသေချာချာ မှတ်ပါ၊ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။

အကျယ် ဟောမယ်ဆို အများကြီးပေါ့ဗျာ၊ ပါဠိတော် တွေလဲ ရှိတယ်၊ သို့သော် အချိန်က မရဘူး၊ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။