092

ဘယ်မှာမှတရားရှာမနေနဲ့ ဒီသုံးဉာဏ်နဲ့ပြီးပါတယ်

အသံဖိုင် ခေါင်းစဉ်= ဉာဏ် (၃)ဉာဏ်နှင့် နိဗ္ဗာန်ရောက်ပုံတရားတော်

စာအုပ်ခေါင်းစဉ်= ဘယ်မှာမှတရားရှာမနေနဲ့ ဒီသုံးဉာဏ်နဲ့ပြီးပါတယ်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ဘယ်မှာမှတရားရှာမနေနဲ့ ဒီသုံးဉာဏ်နဲ့ပြီးပါတယ်

(၁၃-၂-၅၅)

မြတ်စွာဘုရားသခင်က အနတ္တလက္ခဏသုတ်မှာလည်း ဟောတယ်၊ ဘယ်နေရာမှာ မဆို ဟောတယ်၊ တစ်နံပါတ် ယထာဘူတဉာဏ်၊ နှစ်နံပါတ် နိဗ္ဗိန္ဒဉာဏ်၊ သုံးနံပါတ်၊ မဂ်ဉာဏ် ဒါပဲ ရှိတယ်ကွတဲ့။

မဂ်ဉာဏ် ရလိုတဲ့ ပုဂ္ဂိုလ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန်ရလိုတဲ့ ပုဂ္ဂိုလ်သည်ကားလို့ဆိုရင် သုံးဉာဏ်နဲ့တက်၊ ရပါတယ်ကွတဲ့ တစ်နံပါတ်က, ယထာဘူတဉာဏ်, နှစ်နံပါတ် က နိဗ္ဗိန္ဒ္ဒဉာဏ်, သုံးနံပါတ်က မဂ်ဉာဏ်, ဒါဘဲ ရှိပါတယ် (မှန်ပါ)။

ကောင်းပြီ ဒါဖြင့်- ဘယ်ပါဠိတော်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သူကိုယ်တိုင်ဟောလို့ မည်သူသည် ကိစ္စ ပြီးသွားတယ် ဆိုတာကို ခင်ဗျားတို့ လုံလောက်ပါလိမ့်မယ်။

မထိုင်ဘဲနဲ့ ရတဲ့အထဲမှာ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ မပါဘူးလား (ပါပါတယ်)။ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ ယထာဘူတံ ပါနေ တယ်, သမ္မပ္ပညာယ၊ ဝိပဿနာ မဂ်ပညာ ဖြင့် ဝိပဿနာ ပညာ ဖြင့် ဒဋ္ဌဗ္ဗံ – ရှုပါ ဆိုတော့ကို ဒကာ ဒကာမတွေ သန္တာန်၌ ဘယ်စိတ် ပေါ်ပေါ်, ပေါ်ချင်တဲ့ စိတ်ပေါ် ရှေ့စိတ်ကို၊ နောက် ဉာဏ်ကသာ ရှု- ရှုပေး၊ ဘယ်စိတ်ပေါ်ပေါ်, ပေါ်ချင်တဲ့ စိတ် ပေါ် ဦးစံရီ ရှေ့စိတ် ပေါ်တာကို နောက်ဉာဏ်ကသာ ရှု ပေး (မှန်ပါ)။ ပေါ်ချင်တာပေါ်, ကောင်းတာ ပေါ်ပေါ်, မကောင်းတာ ပေါ်ပေါ်, ပေါ်ချင်တာပေါ် နောက်ဉာဏ်က ရှုပေး။

ထိုကဲ့သို့ နောက်ဉာဏ်က ရှုပေးလို့ ရှိရင် ဒကာ ဒကာမတွေ့၌ အပျက်သာ တွေ့ရမယ်၊ ဘာဖြစ်လို့လဲ မေးလို့ ရှိရင်ဖြင့် ရှေ့စိတ်ပျောက်ပြီးမှ နောက်ဉာဏ် ပေါ်နိုင် သောကြောင့်လို့ အကြောင်းပြပါ (မှန်ပါ့) အပျက်သာ တွေ့ ရမယ် (မှန်ပါ)။

ယထာဘူတဉာဏ်ဆိုတာ

ဒါကြောင့်ဘယ်စိတ်ပေါ်ပေါ် ဒကာ ဒကာမတို့ ရှေ့ ပေါ်တဲ့စိတ် ချုပ်ပျောက်သွားတာကို နောက်ဉာဏ်နဲ့သာ တည့်တည့်ပေး (မှန်ပါ့) အဲ့ဒါ ယထာဘူတဉာဏ်ပဲ ရှေ့ချုပ်သွားတဲ့ စိတ်ကို ဦးဝင်း နောက်ဉာဏ်က သာလိုက်ပေး (မှန်ပါ့) ဒါယထာဘူတဉာဏ် (မှန်ပါ့)။

ယထာက – ဟုတ်တိုင်းမှန်စွာ၊ ဘူတက ရှိတာ ဟုတ်တိုင်းမှန်စွာ ရှိတာကို ရှုပေး၊ ဟုတ်တိုင်းမှန်စွာ ရှိတာက ရှေ့ဓမ္မက ချုပ်သွားတာပဲ၊ နောက်ဓမ္မက ချုပ်သွားတယ်လို့ သိတာ၊ ဒါဖြင့် ရှေ့ဓမ္မက ချုပ်သွားတယ်၊ နောက်ဓမ္မကချုပ် သွားတယ်လို့သိတာ သိတော့ကို ခန္ဓာကိုယ်ထဲမှာ ရှိတာက ဘာတွေ ရှိသတုံးဆိုတော့ ချုပ်ပျောက်တာတွေ ချည်း ရှိနေ မယ်၊ ရုပ်ဘက် ကြည့်လိုက် လည်း ချုပ်ပျောက်တာပဲ ရှိမှာပဲ၊ နာမ်ဘက်ကြည့်လိုက်ရင်လည်း (ချုပ်ပျောက်တာပဲ ရှိပါ တယ် ဘုရား)။

အဲဒါချုပ်ပျောက်တာကို နောက်ကကြည့်ပေးရုံပဲရှိ တယ် (မှန်ပါ့)။ ချုပ်ပျောက်တာ နောက်က ကြည့်ပေး နိုင်လို့ရှိရင်ဖြင့် ယထာဘူတ, ယထာကမှ ဟုတ်တိုင်း၊ ဘူတက ရှိတာ, ဟုတ်တိုင်းမှန်စွာ ရှိတာ, ကြည့်ပြီး နေတော့ ခန္ဓာထဲ ဟုတ်တိုင်း မှန်စွာ ရှိတာကို အမှန်ပြောစမ်း ပါဦးတော့ ဆိုတော့ အပျက်သာ ရှိတယ်လို့ပြော (မှန်ပါ)၊ မပျက်တာ တစ်ခုမှ မရှိ ဘူး၊ ရိပ်မိကြပြီလား (ရိပ်မိပါ ဘုရား)။

ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ်သည် ဘာကိုမြင်လေ့ ရှိသတုံးလို့မေးရင် (အပျက်မြင်ပါတယ် ဘုရား)၊ ဦးသာဒင် (အပျက်သာ မြင်ပါတယ်)၊ ဒါပဲရှိတယ်။

သဗ္ဗေ သင်္ခါရာ အနိစ္စာ ကိုးဗျ, တစ်ကိုယ်လုံး အနိစ္စတဲ့ အဲ့ဒီအပျက်ကိုသာ တွေ့မယ်ဆိုလို့ ရှိရင် ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ်ပဲ, ရှုတဲ့ဉာဏ်, ဦးဝင်း သဘောကျလား (ကျပါ ဘုရား)။

ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ၊ ဘယ် သုတ်မဆို လာတယ်, အဲ့ဒီတော့ တရားအားထုတ်တဲ့ ပုဂ္ဂိုလ် တွေမှာ ဘုန်းကြီး ပြောပြီးတော့ သူ့နေရာနဲ့သူ ပေါ်တာသိပြီး လို့ရှိရင် အဲ့ဒီနေရာ ပေါ်တဲ့တရားကိုသာ နောက်က ဉာဏ် က ကြည့်ကြည့်ပေး, ကြည့်ကြည့်ပေးရင် အပျက် မှတစ်ပါး ဘာမှမတွေ့ဘူး (မှန်ပါ)၊ တခြား ဘာတွေ့စရာ ရှိသေးလဲ (ဘာမှမရှိပါ ဘုရား)။

တခြားဘာမှတွေ့စရာအကြောင်းမရှိသောကြောင့် အားလုံး ဒကာ ဒကာမတွေ နောက် ဉာဏ်က ကြည့်တဲ့အချိန် မှာ ရှေ့စိတ်ကချုပ်ပြီးသားချည်းဖြစ်နှင့်တယ်, အဲ့ဒီတော့ ချုပ် ပြီးသား ဖြစ်နှင့်တာကို ချုပ်သွားပြီ ချုပ်သွားပြီလို့ နောက်က အမှန်မြင်လို့ရှိရင် ဒါ ယထာဘူတဉာဏ်ပဲ, နောက်ဉာဏ် ဘာဉာဏ် ခေါ်ကြမလဲ (ယထာဘူတဉာဏ်ပါ ဘုရား)။

ယထာက ဟုတ်တိုင်း၊ ဘူတက ရှိတာ, ဟုတ်တိုင်းမှန် စွာရှိတာ သူမြင်တယ်၊ ဟုတ်တိုင်းမှန်စွာ ဘယ်လိုရှိတာတုံး ပျက်တာရှိတယ်, ဟုတ်တိုင်းမှန်စွာရှိတယ်ဆိုတာ ဘာရှိတာ တုံး (ပျက်တာ ရှိတာပါ ဘုရား)။ ပျက်တာရှိတာကို ဆိုသောကြောင့် ဒီဉာဏ် ဘာဉာဏ် ခေါ်ကြမတုံး (ယထာ ဘူတဉာဏ်ပါ ဘုရား)။

အဲ့ဒီ ပျက်တာရှိတာကို သိတဲ့ဉာဏ်ဟာ ယထာဘူတ ဉာဏ် ဖြစ်လေသောကြောင့် ဒီဉာဏ်ဟာ နောက်လာမည့် ရှေ့ပျက်သွားတာ ပျက်သွားတာကို နောက်ဉာဏ်က ကြည့် လိုက်တယ်, ကြည့်လိုက် တဲ့အခါ ပျက်သွားပြီလို့ သိတယ်၊ ဦးဝင်းတင် နောက်ဉာဏ်က သိတယ် (မှန်ပါ)။

အနိစ္စ၊ ဒုက္ခ၊ အနတ္တအားလုံးပါတယ်

ဘယ်သူလာလာ ရှေ့မှာလာတာ အပျက်ချည်းလာ တယ်, အဲ့ဒီလိုပဲ သိတဲ့အခါကျတော့ ပျက်တာဟာ ဘာဖြစ် လို့လဲ, မခိုင်လို့ပျက်တယ်ဆိုရင် အနိစ္စထဲပါသွားပြီ, ဇာတိ, ဇရာ, မရဏ ဖျက်လို့ ပျက်တယ် ဆိုရင်လည်း ဒုက္ခထဲ ပါသွား မယ်၊ ဘယ်သူမှ တားလို့ဆီးလို့ မရလို့ ပျက်သွားတယ် ဆိုရင် လည်း (အနတ္တ)၊ အနတ္တမှာ ပါတယ်, ဒီအပျက်မြင်ရင် သုံးခုပါသွားပြီ, အနိစ္စ-ဒုက္ခ-အနတ္တ ပါသွားပြီ။

အဲ့ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အပျက် မြင်ရင် သုံးခုပါတယ်၊ ဒါဖြင့် ဒီဉာဏ်သည် အပျက်ရှိတာ အပျက် မြင်သောကြောင့် ဘာဉာဏ်ခေါ်ကြမတုံး (ယထာဘူတဉာဏ်ပါ ဘုရား)။ ယထာက ဟုတ်တိုင်းမှန်စွာ ဘူတက ဖြစ်တာ, ရှိတာ၊ ဟုတ်တိုင်းမှန်စွာ သူ့ဟာ သူ့ သဘောနဲ့ သူပျက် နေတာလေးကို ဟုတ်တိုင်း မှန်စွာသိတာ (မှန်ပါ)၊ နောက်ဉာဏ်က (မှန်ပါ)။

ဒါဖြင့် ဦးသာဒင် နောက်ဉာဏ်သည် ဘာဉာဏ်ခေါ် မတုံး (ယထာဘူတဉာဏ်ပါ ဘုရား)။ မြန်မာလိုဆိုတော့ ဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ် (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။ အဲ့ဒီတော့ အဲ့ဒီ ဟုတ်တိုင်းမှန်စွာ သိတဲ့ ဉာဏ်ကိုရတဲ့ ဒကာ ဒကာမတွေ တံတားတစ်ခု တံတားဦး တက်မိတာနဲ့ အတူတူပဲ, တံတား အဆုံး ရောက်တော့မယ် (မှန်ပါ)။ တံတားဦး တက်မိရင် တံတားအဆုံးရောက် မယ်။ တံတားဦးမှ မတက်မိတဲ့ပုဂ္ဂိုလ်ဟာ ကျုပ်တံတား အဆုံး ရောက်ပါတယ် ဆိုရင် ဦးသိန်းဖေ ယုံတမ်း ပြောတာ (မှန်ပါ) တံတားဦးမှ မတက်မိလို့ရှိရင် တံတားအဆုံး ကျုပ် ရောက်တယ်လို့ ဆိုရင် ဒါယုံနိုင်စရာ ရှိပါ့မလား (မရှိပါ ဘုရား)။

ဒီမှာလဲ ယထာဘူတဉာဏ် မပါဘဲနဲ့ ကျုပ်သည် နိဗ္ဗာန် ရောက်ခဲ့တယ် ဆိုလို့ရှိရင် အလကား ပြောတာ, ရိပ်မိကြ လား (ရိပ်မိပါ ဘုရား)။ ကောင်းပြီ ဒါဖြင့် ရှေ့ဓမ္မသည် ရုပ်ပေါ်ပေါ် နာမ်ပေါ်ပေါ် ဒကာ ဒကာမတွေ ကြိုက်ရာရှု ရုပ်လည်း မတွေ့စေနဲ့ နာမ်လည်း မတွေ့စေနဲ့ အပျက်သာ တွေ့ပါစေ (မှန်ပါ)၊ သဘောကျလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဘာ အပျက်သာတွေ့လို့ရှိရင်ဖြင့် အပျက်မြင် တဲ့ဉာဏ် ဘာဉာဏ် ခေါ်ကြမလဲ (ယထာဘူတ ဉာဏ်ပါ ဘုရား)။ အဲ့ဒါ ပါဠိတော်မှာ ဒီအတိုင်း ရှိတယ် “ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ၊” ဦးဝင်း ရတယ် မဟုတ်လား၊ ကဲ – ဆက်ရွတ်စမ်း ဦးဝင်းက ဧဝံ ပဿံ ဘိက္ခဝေ, မလာဘူး လား (လာပါတယ် ဘုရား) ဦးကံရင်လည်း ရတယ် နော် (ရပါတယ် ဘုရား)။

နိဗ္ဗိန္ဒဉာဏ်ဆိုတာ

“ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယာသာဝကော” (မှန်ပါ) အကြားအမြင်နဲ့ ပြည့်စုံတဲ့ အရိယာ၏ တပည့်သည်။ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ, သူလာချင်တာလာ မယ်, ရုပ်ရှုရင် ရုပ်ကို ငြီးငွေ့လာမှာဘဲ, နာမ်ရှုရင် (နာမ် ငြီးငွေ့လာမှာပါ ဘုရား)။ ဒါဖြင့် ယထာဘူတဉာဏ် ရပြီးတဲ့ ပုဂ္ဂိုလ်ဟာတဲ့ ဆက်ရှု (မှန်ပါ)၊ ဆက်ရှု ဒီအပျက်ပဲ ဆက်ရှု (မှန်ပါ)၊ ဆက်ရှုလို့ ရှိရင် ဒကာ ဒကာမတွေ မှတ်ထားကြပါ၊ ဒီအပျက်ကို ငြီးငွေ့လာပါမယ်, မငြီးငွေ့ပါနဲ့ ဆိုလို့ ရပါ့မလား (မရပါ ဘုရား)။

သြော် ဒါဖြင့် ငြီးငွေ့တဲ့ဉာဏ်သည် ဦးသိန်းဖေတို့ ဦးစံရီတို့ နှစ်နံပါတ် ဉာဏ်လာတယ် (မှန်ပါ)။ ယထာ ဘူတဉာဏ် ပြီးမှ သူလာတယ် (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။ ယထာဘူတဉာဏ် ပြီးမှ ဦးဝင်း ငြီးငွေ့ တဲ့ဉာဏ် လာတယ် (မှန်ပါ)။ ဒီဉာဏ်ဟာ ငြီးငွေ့တဲ့ဉာဏ် (မှန်ပါ)။

အရင်တုန်းကတော့ သူ့စာရင်းဖွင့်ရင် ယထာဘူတ ဉာဏ် (မှန်ပါ)။ အခုတော့ ရှုပါများပြီး သကာလ လာတဲ့အခါ ကျတော့ ယထာဘူတဉာဏ်နဲ့ ပျက်တိုင်း ပျက်တိုင်း ပျက် တိုင်း မြင်မြင်လာတဲ့ ဒကာ ဒကာမတွေ ကျတော့ ဒီအပျက် ကြီး မြင်ရတာဟာ ရှေ့မှောက် ပျက်သွားလိုက်, ရှေ့မှောက်မှာ ကြည့်လိုက် ပျက်သွားလိုက်မှ ကြည့်လိုက် ပျက်သွားလိုက်, ကြည့်လိုက် ပျက်သွားလိုက်, အပျက်ချည့် ကြည့်နေရတဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဟာ ဦးသာဒင် ငြီးငွေ့လာမှာ ပါပဲဗျာ (မှန်ပါ)။ မငြီးငွေ့ပါနဲ့ဆိုလို့ရပါ့မလား (မရပါ ဘုရား)။

ဒါဖြင့် ဘုရားက သူ့နှစ်နံပါတ် ဉာဏ်ဟောတယ် (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။ ကဲ-ဦးဝင်း ပါဠိတော်နဲ့ ကိုက်လား (ကိုက်ပါတယ် ဘုရား)၊ မကိုက် ဘူးလား (ကိုက်ပါတယ် ဘုရား)။

ဧဝံ ပဿံ ဘိက္ခဝေ၊ ဧဝံ ဤသို့။ ပဿံ၊ ယထာဘူတ ဉာဏ်နဲ့ အပျက်ကိုမြင်တဲ့ ပုဂ္ဂိုလ်သည်၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ, ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ – ဝေဒနာယပိ နိဗ္ဗိန္ဒတိ- ဆို နိဗ္ဗိန္ဒဉာဏ်ချည်း လာမှာပဲ, ခင်ဗျားတို့ ပါဠိတော်နဲ့ ကိုက်ရဲ့လား (ကိုက်ပါ တယ် ဘုရား)၊ ဦးစံရီတို့ ရတာနဲ့ ကိုက်ပြီလား (ကိုက်ပါ တယ် ဘုရား)။ ယထာဘူတ ဉာဏ် ရပြီးရင် ဘယ်ဉာဏ်လာရ မလဲ (နိဗ္ဗိန္ဒဉာဏ်လာ ရပါမယ်)။

ဒီဥစ္စာ နိဗ္ဗာန်ရတဲ့အစီအစဉ်

သြော် – နိဗ္ဗိန္ဒ ဉာဏ်လာတယ် မှတ်ထားကြစမ်းပါ၊ ရထားတဲ့ ပါဠိထဲမှာ ဉာဏ်စဉ် မတက်တတ် မှာ စိုးလို့ ဦးဝင်း (မှန်ပါ)။ ရှင်းပြနေတာ (မှန်ပါ)။ ဒကာကြွယ်တို့ အသေ အချာ မှတ်နော် (မှန်ပါ)။ အလကား လျှောက်ရွတ်နေ တာ မဟုတ်ဘူး၊ ဒီဥစ္စာ ဉာဏ်စဉ် ဒီအတိုင်း တက်လို့ ပြောတာ (မှန်ပါ)။ ခင်ဗျားတို့က ကာကွယ်ရေး လုပ်နေလို့ ခက်နေတာ, ကာကွယ်ရေး မလုပ်ပါနဲ့တဲ့ ဒီဥစ္စာ ခင်ဗျားတို့ နိဗ္ဗာန် ရတဲ့ အစီအစဉ်ပါ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ ဆိုတာက အပျက်မြင်တဲ့ဉာဏ်။ ဧဝံ ပဿံ ဘိက္ခဝေ၊ ဘိက္ခဝေ၊ ရဟန်းတို့။ ဧဝံ ပဿံ၊ ဤသို့မြင်ခဲ့သည် ရှိသော်။ ဝိညာဏသ္မိမ္ပိ၊ စိတ်အပေါ်၌လည်း, ပျက်သွားတဲ့ အပေါ်၌ လည်း၊ ပျက်သွားတဲ့ စိတ်အပေါ်၌လည်း။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့ လာတာပဲ (မှန်ပါ)။ ရုပ်ရှုရင် ရုပ်ငြီးငွေ့လာတာ (မှန်ပါ)။ နာမ်ရှုရင် (နာမ်ငြီးငွေ့ လာပါတယ် ဘုရား)။

ငြီးငွေ့လာတာပဲ, မငြီးငွေ့ ပါနဲ့ဆိုလို့ မရဘူးတဲ့ ဦးဝင်း (မှန်ပါ)။ ပါဠိတော်မှာ မရှိဘူးတဲ့ (မရှိပါ ဘုရား)။ ဒကာကြွယ် ဒီပါဠိတော်တွေ ခင်ဗျားတို့ နောက်ဘယ်အချိန် ပဲကြည့်ကြည့်တွေ့မယ် (မှန်ပါ)။

ကဲ-ဒါဖြင့် ဒုတိယဉာဏ်က ငြီးငွေ့လာတာ (မှန်ပါ)၊ ငြီးငွေ့လာပြီ ဆိုတော့ ဘာငြီးငွေ့ လာတာတုံး, အိုတပည့်တော်တို့ ဒီဆုံးသွားတာ ကုန်သွားတာ တွေချည်း မြင် နေရတာကိုး ဘုရား, ပေါ်လာလိုက် ဆုံးသွားတာ မြင်လိုက်, ကုန်ပျောက် သွားတာ မြင်လိုက်, ကုန်ပျောက် သွားတာ မြင်လိုက် ဆိုတော့ ဦးသာဒင် ဘာဖြစ်နိုင်လဲ (ငြီးငွေ့လာပါတယ် ဘုရား)။ ငြီးငွေ့လာတယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ငြီးငွေ့တဲ့ဉာဏ်သည် နှစ်နံပါတ်ဉာဏ်လို့ ခုနကပြောခဲ့တယ် (မှန်ပါ)။ ဦးဝင်း ကျေနပ် ပြီလား (မှန်ပါ)၊ ဒါဖြင့် ဝေဒနာရှုလဲ ဝေဒနာ ငြီးငွေ့မှာပဲ, သို့သော် ဝေဒနာ ငြီးငွေ့တာလား, ခန္ဓာငါးပါး ကို ငြီးငွေ့လာတာလားလို့ မေးတော့ အစစ်ကို ပြောပါဆိုရင်ဖြင့် ပျောက်တာ မြင်နေလို့ ငြီးငွေ့တာပဲ, ပျောက်တာချည်းကို ခဏခဏတွေ့နေရတော့ ငြီးငွေ့တာပဲ (မှန်ပါ)။

လက်ကိုင်ပုဝါဥပမာ

လက်ကိုင်ပုဝါလေးတစ်ထည် အသစ်ဝယ်လိုက် ကျနေခဲ့ပြန်ပြီ, နောက်တစ်ခါ အသစ်ဝယ်ခဲ့ ကျနေရစ်ခဲ့ပြန် ပြီ, နောက်တစ်ခါ အသစ်ဝယ်ခဲ့ ကျနေရစ် ပြန်ပြီ ဆိုတော့ လက်ကိုင်ပုဝါ အပေါ်မှာ ငြီးငွေ့လာတယ် (မှန်ပါ)။

တော်ပြီ ကျုပ်မကိုင်တော့ဘူး တွေ့ရာနဲ့ သုတ်တော့မယ်၊ မလာပေဘူးလား လာမလား (လာပါတယ် ဘုရား)။ ဟင် (လာပါတယ် ဘုရား)။

ဘာဖြစ်လို့တုံး ဘယ်သူ့အပေါ်မှာ ငြီးငွေ့တာတုံးဆို ပျောက်တဲ့အပေါ်မှာငြီးငွေ့တာ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။ လက်ကိုင်ပုဝါ ဆိုတာကတော့ နံမည် တပ်တာ စင်စစ်တော့ ဘယ်သူ့ အပေါ်မှာ ငြီးငွေ့တာလည်း ပျောက်တတ်လွန်းလို့ ပျောက်တာကို (မှန်ပါ)။

ပျောက်တတ်လွန်းလို့ ငြီးငွေ့တာ

ဘာဖြစ်လို့ ငြီးငွေ့တာလဲ (ပျောက်တတ်လွန်းလို့ ငြီးငွေ့တာပါ) ပျောက်တတ်လွန်းလို့ ငြီးငွေ့တာဆို ပျောက် တာ ငြီးငွေ့တာ (မှန်ပါ)။ လက်ကိုင်ပုဝါ ငြီးငွေ့တာလား, ပျောက်တာ ငြီးငွေ့တာလား (ပျောက်တာ ငြီးငွေ့တာပါ ဘုရား)။ လက်ကိုင်ပုဝါဖြင့် သူဆုတ်ထားမှာပေါ့လို့ (မှန်ပါ) မဟုတ်ဘူးလား (မှန်ပါ)။ ဘာငြီးငွေ့တာတဲ့တုံး (ပျောက်တာ ငြီးငွေ့တာပါ ဘုရား)။ မလိုချင် တော့ဘူးလို့ ပြောတာသည် ဘာတုံးလို့ မပြောဘူး, မလိုချင်တော့ဘူးလို့ ပြောတာလဲ (ပျောက်တတ် လွန်းလို့ပါ ဘုရား)။ ပျောက် လွန်းလို့ (မှန်ပါ)။

ဒါဖြင့် ပျောက်တာမြင်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်နည်းနဲ့မှ မဝယ်ချင်ဘူး (မှန်ပါ)။ ဝယ်လဲ ပျောက်ဦး မှာဆိုတော့ (ပျောက်ဦးမှာပါ)။ ဒါဖြင့် ဘယ်ခန္ဓာမှ သူမတောင်းတော့ ဘူး (မှန်ပါ)။ ပျောက်တတ် လွန်းလို့ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။

ဒကာကြွယ် ဝယ်ဦးမှာလား (မဝယ်ပါဘူး ဘုရား)။ ပျောက်တတ်လွန်းလို့ဗျ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။ ခင်ဗျားတို့ ဝယ်ချင်ဦးမလား, ယောက်ျားတွေလည်း ဝယ်ချင်သလား, မိန်းမတွေလည်း ဝယ်ချင်သလား (မဝယ်ချင်ပါဘူး ဘုရား)။ ဘာဖြစ်လို့တုံး (ပျောက်တတ်လွန်းလို့ပါ ဘုရား)။ ပျောက်တတ် လွန်းတာ နည်းတဲ့ သတ္တိလားဗျ (မှန်ပါ)။ ဟင် (မှန်ပါ)။ ဝယ်ချင်စရာရှိသေးရဲ့ လား ဦးစံရီရ (မရှိပါ ဘုရား)။ ဘာဖြစ်လို့တုံးဗျ (ပျောက် တတ် လွန်းလို့ပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ပျောက်တာဟာ မြင်ပါများရင် ငြီးငွေ့လာမှာသေချာတယ် (မှန်လှပါ ဘုရား)။ ပျောက် တာ ပျက်တာသာ မြင်ပါစေ (မှန်ပါ)။ ပျောက်သွားပြီး ပျက်သွားပြီလို့သာ ဒကာကြွယ်သိပါစေ (မှန်ပါ)။ ဘာဖြစ်မယ်ထင်တုံး (ငြီးငွေ့လာမှာပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။

ဒီဉာဏ်နှစ်ဉာဏ်ဘာထူးသလဲ

ဒါဖြင့် ခုနကဉာဏ်၊ ယထာဘူတဉာဏ်နဲ့ အခု နိဗ္ဗိန္ဒ ဉာဏ်နဲ့ ဘာထူးသလဲ (မှန်ပါ)။ ဦးသာဒင် က မေးမေး ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေးမေး ဟ-ထူးတယ်, ဟိုဘက်က ပျောက်ပြနေပြီး, သူက ပျောက်တာနဲ့ တူတယ် (မှန်ပါ)။ ပျောက်ပြဆိုလည်း တစ်ခါပျောက် ဆိုရင်လည်း, အမယ်မယ် ဝယ်ဦးမယ်, လာသေးတာပဲ (မှန်ပါ)။ ကံ မကောင်း အကြောင်း မသင့်လို့ ပျောက်တာ, နောက်တစ်ခါ ဝယ်ဦးမယ်, တစ်ပျောက်ထဲ ပျောက်နေတာ, ဘယ်တော့မှ မဝယ်ဘူးကွာ, တဏှာ သေတာချင်း သိပ် ကွာတယ် (မှန်ပါ)။ မကွာဘူးလား (ကွာပါတယ် ဘုရား)။ တဏှာ သေတာချင်း သိပ်ကွာနေတယ် (ကွာပါတယ်)။

ဒါဖြင့် ယထာဘူတ ဉာဏ်နဲ့ နိဗ္ဗိန္ဒဉာဏ်သည် ကိလေသာကို သေတဲ့နေရာမှာ ဦးစံရီ ဘယ်သူက ပိုသေလည်း (နိဗ္ဗိန္ဒဉာဏ်က ပိုသေပါတယ် ဘုရား) ရှင်းပြီလား (မှန်လှ ပါ ဘုရား)။

ယထာဘူတ ဉာဏ်က ပျောက်တာသာ မြန်တယ် (မှန်ပါ)။ ပျောက်တာကို မုန်းမလာဘူး (မှန်ပါ)။ နောက် တစ်ခါ အကြောင်း ညီညွတ်ရင် ဝယ်ဦးမယ်ကွာ (မှန်ပါ) ပါသေးတယ် (မှန်ပါ)။ တဏှာမသေဘူးတဲ့, အကုန်သေရဲ့ လား (မသေပါဘူး ဘုရား)။

ပျောက်တာများ လာတဲ့အခါကျတော့ ဘယ်ပစ္စည်းနဲ့ ကျုပ်နဲ့မတော်တော့ဘူး (မှန်ပါ)။ ဘယ်ပစ္စည်းနဲ့ ကျုပ်နဲ့မတော်တော့ဘူးဆိုတာ လာ မလား, မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဘယ်ခန္ဓာမှ ကျုပ်မလိုချင်ဘူးပြောတာ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။ လာရင် ပျောက် ဦးမှာပဲ (ပျောက်ဦးမှာပါ)၊ ပျောက်ဦးမှာပဲ, ပျောက်ဦး မှာပဲ, မလာကြပေဘူးလား (လာပါတယ် ဘုရား)။ ရိပ်မိ ပြီလား (ရိပ်မိပါဘုရာ)။ ဒါဖြင့် ဒီဉာဏ်ဟာ အတော် အရေး ကြီးတယ် (မှန်ပါ)။ ဒီဉာဏ် အတော်အရေးကြီး တယ် (မှန်ပါ) မကြီးဘူးလား (ကြီးပါတယ် ဘုရား)

ဒါဖြင့် ခင်ဗျားတို့ ဆက်ရှုနေ ဆက်ရှုနေလို့ ရှိရင်ဖြင့် ဘာလေး ပေါ်လာလာ, ဦးစံရီ, ပျောက်စေ ချင်တယ် (မှန်ပါ)။ ဟုတ်ဘူးလား (မှန်ပါ)။ သူကလည်း ပျောက်ပြီးမှ ပေါ်ရတဲ့ ဉာဏ်ကိုးဗျ (မှန်ပါ)။ အဲဒီတော့ ပျောက်ပြီးသားချည်း မမြင်ပေ ဘူးလား (မြင်ပါတယ် ဘုရား)။ ဒါဖြင့် ဦးသာဒင် ဒါဘာဉာဏ် ခေါ်မလဲ (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား)။

ဟုတ်ပြီ, ဘာဖြစ်လို့ ခင်ဗျားက နိဗ္ဗိန္ဒ ငြီးငွေ့ ရတာ တုံး အော်ကလီ ဆန်ရတာတုံး, နိဗ္ဗိန္ဒ ဉာဏ် ဆိုတာ အော်ကလီ ဆန်တဲ့ဉာဏ် (မှန်ပါ)။ ပြော, မပြောချင်ဘူးဗျာ၊ ဘာမှ ကို အသုံးမကျလို့ ကိုင်လိုက် ရတယ်, သုံးလိုက်ရ တယ်ကို မရှိ ဘူး, ပျောက်သွားတာ ချည်းဘဲ (မှန်ပါ)။ ဟုတ်ဘူးလား (မှန်ပါ)။ အသုံးချလို့ကို ဖြစ်သေးရဲ့ လား (မဖြစ်ပါဘူး ဘုရား)။

ဒီအတွေးကမဂ်နားကပ်နေပြီ

အဲ့ဒါ အသုံးချလို့ မဖြစ်တာချည်း မြင်လို့ ငြီးငွေ့တာ, သဘောကျပြီလား (မှန်ပါ)။ ဒါဖြင့် ဘယ်နေရာ အသုံးချမလဲ (ဘယ်နေရာမှ အသုံးချလို့ မရပါဘူး ဘုရား)။ အဲဒီအတွေးက ဖြင့် မဂ်နား ကပ်နေပြီ, လုံးဝ မလိုချင်တော့ဘူး ဆိုတာ, မလာ တာ တစ်မယ် ကျန်တော့မယ် (မှန်ပါ)။ မကိုင်ချင်တော့ ဘူး ဆိုတဲ့ စိတ်တော့ လာတော့ လာတယ် (မှန်ပါ)။ သဘောကျပြီလား၊ (မှန်ပါ့ )။ သို့သော် သူဟာ ငြီးငွေ့ရုံ, မုန်းရုံဘဲ ရှိသေးတယ်၊ (မှန်ပါ)။

ဥပမာမယ် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ အိမ်မှာ နေ့တိုင်း ခိုင်စေနေတဲ့ ကလေးမလေး တစ်ယောက် ဖြစ်စေ ညီး ငါ,မျက်လုံးထဲ စူးလှပြီ, မုန်းလှပြီ၊ (မှန်ပါ)။ အချက်နေရာ မကျ အပြုတ် နေရာ မကျ, အဝတ်ဖွတ် နေရာ မကျ, ကလေးထိန်း နေရာမကျ, ဆိုကြပါစို့၊ (မှန်လှပါ)။ မုန်းလှပြီ, မုန်းချင်မုန်း- ပေကြည့် နေတယ်၊ (မှန်ပါ)။ သွားတော့လို့ ဆိုပြီလား၊ (မဆိုသေးပါ ဘုရား)။

အဲဒီတော့ မုန်းတာဘဲ ရှိသေးတယ်, သွားတော့ မဆို နိုင်ဘူး၊ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ မုန်းတာဘဲ ရှိတယ်။ (မှန်ပါ)။ သွားတော့ ဆိုနိုင်ရဲ့လား၊ (မဆိုနိုင်ပါဘူး ဘုရား)။ ဒါဖြင့် ဒီဉာဏ်သည် မုန်းတယ် ဆိုကတည်းက ခင်မှုလည်း သေတယ်၊ သို့သော် သွားဆိုတဲ့ဟာ မသုံးရက်ဘူး (မှန်ပါ)။ သုံးရက်ပါ့မလား (မသုံးရက် ပါဘူး ဘုရား)။ မသုံးရက်သေးဘူး (မှန်ပါ)။ ကြည့်နေ သေးတယ် လို့ ပြောသေးတယ် (မှန်လှပါ)။ မပြောဘူး လား (ပြောပါတယ် ဘုရား)။ ပြောသေးတယ်တဲ့၊ ဒါမုန်းရုံ ဘဲရှိပါသေးတယ် ဦးဝင်း-ရ (မှန်ပါ)။

ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော။ ရူပသ္မိပ္မိ နိဗ္ဗိန္ဒတိ, ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ ရှုတာကို ငြီးငွေ့တာ ဘဲ၊ (မှန်ပါ)။ အဲ့ဒီတော့ စာကတော့ဖြင့် ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊, သညာယပိ နိဗ္ဗိန္ဒတိ လို့ စာကတော့ ဆိုတာဘဲ –

ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဆိုတာ ခန္ဓာငါးပါး မုန်းတယ် လို့ဆိုတာဘဲတဲ့ ဟုတ်ပြီလား။ (မှန်ပါ)။ သို့သော် ဘာဖြစ် လို့မုန်းတုံး ဆိုတာ ပျောက်တာ မြင်လို့ မုန်းတာ၊ (မှန်ပါ)။ ခန္ဓာငါးပါးဟာ ဘယ်သတ္တိ ရှိသတုန်းဆို- ပျောက်ပျက်တတ် တဲ့သတ္တိရှိတယ်။ (မှန်ပါ)။ ပျောက်ပျက်တာကို မုန်းတာ၊ (မှန်ပါ)။

စာနဲ့နံမည် တပ်ပြီး ခိုင်းစမ်းကြည့် ဘယ်သူ့မုန်း သတုန်းဆိုတော့ ကျုပ်တို့ ကံလေး ဝင်လာတယ်, မဟုတ်ဘူးလား၊ (ဟုတ်ပါတယ် ဘုရား)။ အဲ့ဒီ ကံလေးကို၊ ကံဖော် ပေးတာ၊ ကံဆိုတာကတော့ ဟို, ကျုပ်တို့ ဒီစကား ပြောစရာ လေးပေါ့ ဘယ်သူ့မုန်းသတုန်း, မင်းဘယ်သူ့ မုန်းသတုန်း ဆို မေးရင်တော့ ဘယ်သူ့ကို ဆိုတာလေးတော့ ပြရဦးမယ်။ (မှန်ပါ)။

မှတ်ချက်။ ။ကတ္တား (ပြုသူ)၊ ကံ (အပြုခံရသူ) မှ ကံကို ဆိုလိုသည်။

ဘယ်သူ့ကိုမုန်းတာတုံး

အဲ့ဒါကြောင့်သာ စာထဲမှာ ထည့်တာ, အသင်တို့ ပျောက်တာ မုန်းတာ၊ (မှန်ပါ)။ ရိပ်မိ ပြီလား (မှန်ပါ)။ ဦးဝင်း ဘာမုန်းတာတုန်း (ပျောက်တာ မုန်းတာပါ ဘုရား)။ ပျောက်တာ မုန်းတာ, ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ မုန်းပြီ၊ မုန်းလို့ ရှိရင် ဘုန်းကြီးက မှာချင်တယ်။ ဘုန်းကြီးတို့ ဒကာ, ဒကာမတွေ ခင်ဗျားတို့ ထိုင်ရင်း မတ်တတ်နဲ့ မုန်းလာလိမ့်မယ်နော်, ဘယ်သူ့ မုန်းတာတုန်း ဆိုတော့ အို တိုတို ပြောကြပါစို့ ကိုယ့်ခန္ဓာ ကိုယ်မုန်းတာ (မှန်ပါ)။

ပျောက်တဲ့ ခန္ဓာကြီး မုန်းတာ (မှန်ပါ)။ သဘော ကျလား (ကျပါတယ် ဘုရား)။ ဘယ်သူ့ မုန်းတာလဲ (ကိုယ်ပျောက်တဲ့ ခန္ဓာကိုယ် မုန်းတာပါ ဘုရား)။ ကိုယ့်ပျောက် တဲ့ခန္ဓာ ကိုယ်မုန်းတာ (မှန်ပါ)။ ရိပ်မိပြီလား (မှန်ပါ)။ ဒါဖြင့် ကိုယ့်ပျောက်တဲ့ ခန္ဓာ ကိုယ်မုန်းလို့ ရှိရင်ဖြင့် သူသည် ယထာဘူတ ဉာဏ်က ကျေးဇူးပြုလို့ ကိုယ့်ခန္ဓာ ကိုယ်မုန်းတာ (မှန်ပါ)။ ယထာဘူတဉာဏ်က ပျောက်တာ မုန်းစရာ အဖြစ်နဲ့ သူမြင်လာတယ် (မှန်ပါ)။ ရိပ်မိပြီလား (မှန်ပါ)။

ကောင်းပြီ ဒါဖြင့် မုန်းပြီဆိုလို့ရှိရင်ဖြင့် အခု နှစ် နံပါတ်ဉာဏ်-ဦးဝင်းတက်နေပြီနော် (မှန်ပါ)။

“ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊” အခုလို ပါဠိရွတ်တော့ ဦးကံရင် ဘယ့်နှယ်ထင် တုံး (“နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ”)၊ အဲလာပြီ, နိဗ္ဗိန္ဒံ၊ ငြီးငွေ့ခြင်းများ သည်ရှိသော်၊ ငြီးငွေ့ခြင်း များသွားပြီ (မှန်ပါ)။ ဝိရဇ္ဇတိ၊ ဒီအပျက်ကြီး မလိုချင်တော့ဘူး၊ မဂ်ပေါ်ပြီ, ငြီးငွေ့ခြင်းများ ပြီးရင်ဖြင့် ဒီဉာဏ်ဟာ မဂ်ဉာဏ် ဖြစ်လာပြီ (မှန်ပါ)၊ ငြီးငွေ့ ခြင်း များပြီးလို့ ရှိရင် ဒီဉာဏ်က, ဘာဉာဏ် ဖြစ်လာလဲ, မလိုချင်တဲ့ ဉာဏ် ဖြစ်လာတယ် (မှန်ပါ)။ ဒီအပျက်ကြီး မလိုချင်တဲ့ ဉာဏ်ဖြစ်လာတယ်။

ဒါကြောင့် “ဝိရဇ္ဇတီတိ မဂ္ဂေါ” လို့ဖွင့်တယ်, ဘုရားက အဋ္ဌ ကထာဆရာက, ဝိရဇ္ဇတီတိ, ဝိရဇ္ဇတိ ဟူသည်ကား – မဂ္ဂေါ, မဂ်ပဲကွတဲ့ ဒီဥစ္စာ ရိပ်မိကြလား (မှန်ပါ)။ ဦးဝင်း နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ ဆိုတည်းက ဝိရဇ္ဇတိ ဆိုတာ ဘာတဲ့တုံး (မဂ်ပါ ဘုရား)။ မဂ်ပဲ (မှန်ပါ)။ ရိပ်မိပြီလား (မှန်ပါ)။ ဝိရဇ္ဇတိ မလိုချင်၏ကို မြန်မာလို ပြောင်းလိုက်တော့ ဦးဝင်းတို့ ရိပ်မိပြီလား (မှန်ပါ)။ ဝိရဇ္ဇတိ- ဘယ်နှယ့်ပေး ရမယ် (မလိုချင်၏)။ မလိုချင်၏, ဘာမလိုချင်တာ တုံး (ခန္ဓာကို မလိုချင်တာပါ ဘုရား)။

ဒီအပျက်ကို မလိုချင်တာ, အပျက်ချည်း ရှိတာ ဟူသ၍ အကုန်မယူတော့ဘူး (မှန်လှပါ ဘုရား)။ အပျက်ရှိတာ ဟူသရွေ့ (မလိုချင်တော့ပါဘူး)။ ကောင်းပြီ ဒါဖြင့် ဒီပုဂ္ဂိုလ် အပျက် မကြိုက်တဲ့ ပုဂ္ဂိုလ် ဆိုတော့ သုံးဆယ့်တစ်ဘုံ မှာလဲ အပျက်ချည်းဘဲ (မှန်လှပါ ဘုရား)။ ရိပ်မိပြီလား (မှန်ပါ)။ သုံးဆယ့်တစ်ဘုံမှာ ဘာရှိလဲ (အပျက်ချည်း ရှိပါတယ် ဘုရား)။

အပျက်ချည်း ရှိတာ အပျက် မလိုချင်တဲ့ ပုဂ္ဂိုလ်ဟာ ခိုင်မြဲတာဘဲ သူယူတော့မယ် (မှန်ပါ)။ ပေါ်လာပြီ လား (ပေါ်လာပါ ဘုရား)။ အပျက် မလိုချင်တဲ့ ပုဂ္ဂိုလ်ဟာ,ကောင်းတာနဲ့ ခိုင်မြဲတာဘဲ သူယူမှာဘဲ (မှန်ပါ)။ ဒါဖြင့် ဒီဉာဏ်သည် အပျက် မလိုချင်တဲ့ဉာဏ် ဖြစ်လေ သောကြောင့် သူ့ရှေ့ မှာဘဲ ဒီအပျက်တွေ ထွက်သွားတယ်, ပျောက်ထွက် တယ် (မှန်ပါ)။ ရှုရင်း ပျောက်ထွက်တယ် (မှန်ပါ)။

အဲ့ဒီတော့ မပျက်တဲ့ နိဗ္ဗာန်ဟာ သူ့ရှေ့မှာ လာပြီ, ဒါကြောင့် ဒုက္ခ ပိုင်းခြားပြီး, နိရောဓ မျက်မှောက် ပြုတယ်ဆို တာ, ဒုက္ခ- ကဲ မင်း ဒီထဲ သွားတော့ ပိုင်းခြား ပစ်လိုက်တယ်၊ ဟိုဘက်သွား, မင်း, မလိုချင်ဘူး, ဒါမှ လိုချင်တယ်, ဒါကိုလဲ ဆန္ဒပြင်းပြပြီး လိုချင်တယ်, ရိပ်မိပြီလား (မှန်ပါ)။

မလိုချင်တဲ့ဉာဏ်သည် မဂ်ဉာဏ်

ဒါဖြင့် ခင်ဗျားတို့ ဒီ တတိယဉာဏ်ကို ဦးဝင်း ဘာဉာဏ်ခေါ်မတုံး၊ မလိုချင်တဲ့ဉာဏ် (မှန်ပါ)။ ဟုတ်လား (မှန်ပါ)။ ဒါဖြင့် ခင်ဗျား တို့မလိုချင်တဲ့ ဉာဏ်ဟာ ပီပီသသပြောစမ်းပါဆိုတော့ မဂ်ဉာဏ်ဘဲ (မှန်ပါ)။ ရှင်းပြီလား (မှန်ပါ)။ မလိုချင်တဲ့ဉာဏ် ဘာဉာဏ် ခေါ်မလဲ (မဂ်ဉာဏ်ပါ ဘုရား)။ ကောင်းပြီ မလိုချင်တဲ့ ဉာဏ်သည် မဂ်ဉာဏ်ဘဲဆိုသဖြင့် လိုချင်တဲ့တရား သူသတ် တယ်ဆိုတာကော (မှန်လှပါ)။ မသေချာဘူးလား (သေချာပါတယ် ဘုရား)။ ဒါဖြင့် သမုဒယသစ္စာလည်း သူပေါ်လာရင် သေတော့မှာ (မှန်ပါ)။ လိုချင်တဲ့ တဏှာ လည်း သတ်တယ်၊ လိုချင်တဲ့ ဒါကြီးလည်း သတ်ပစ်လိုက် တယ် (မှန်ပါ)။ ပစ္စည်းကိုလည်း လွှင့်ပစ်လိုက်တယ် (မှန်ပါ)။ ပစ္စည်းလွှင့်ပစ်တယ် ဆိုတည်းက ဝမ်းထဲမှာ မလိုချင်

တဲ့စိတ်ကြောင့် မှတ်ပေတော့ (မှန်ပါ)။

ဒုက္ခမရှိတာသည် နိဗ္ဗာန်

ဒါဖြင့် သမုဒယ သစ္စာလည်း ပယ်တယ်, ဒုက္ခသစ္စာ လည်း လွှင့်ပစ်တယ် (မှန်ပါ)။ ပိုင်းခြားတယ်၊ သဘောကျလား (ကျပါတယ် ဘုရား)။ ဒါဖြင့် ဒီသမုဒယသစ္စာလည်း ပယ်ရမယ်၊ ဒုက္ခသစ္စာကို လည်း ပိုင်းခြားတော့ ဒုက္ခမရှိတော့ ဘူး, ဒီဉာဏ်မှာ ဒုက္ခမရှိတော့ ဘယ်သူနဲ့ နေသတုံး ဒီဉာဏ်ကို မေးရမယ် (မှန်လှပါ)။ ဒုက္ခမရှိတာ နဲ့နေမှာ (မှန်ပါ)။ ဦးဝင်း သူဘာနဲ့နေ (ဒုက္ခမရှိတာနဲ့ နေပါတယ် ဘုရား)။ ဒုက္ခမရှိတာ ဘာခေါ်ကြ (နိဗ္ဗာန်ပါ)။

ဘယ့်နှယ်, “နိဗ္ဗာနံ မဂ္ဂဿ” လို့ပေါ်လာတယ်၊ နိဗ္ဗာနံ – နိဗ္ဗာန်သည်၊ မဂ္ဂဿ- မဂ်အား, နိဗ္ဗာန် ပေါ်ရင် မဂ်ဟာပေါ် လာရတယ် (မှန်လှပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ ဒါဖြင့် မလိုချင်တဲ့ ဉာဏ် သည် ဘာကိုသာ မလိုချင်တာတုန်း လို့မေးလို့ရှိရင်ဖြင့် ဟောဒါ ဖြစ်ပျက်ကြီး မလိုချင်တာ, အပျက် ကြီးကို မလိုချင်တာ, အပျက်ကြီး ဘယ်က မလိုချင်တာတုန်း ဆိုတော့ ဝမ်းထဲက မလိုချင်တာ (မှန်ပါ)။ ဝမ်းထဲက မလိုချင်ဘူး, ဝမ်းထဲမှာလည်း သူချုပ်ပြီး၊ သမုဒယသစ္စာ အနေနဲ့ ချုပ်နေတယ် (မှန်ပါ)။ လိုချင်တာက ဝမ်းထဲက လိုချင် တယ်- နဂိုက၊ အခု မလိုချင်တော့ပါဘူး ဆိုတော့ သူဝမ်းထဲက ချုပ်တယ် (မှန်ပါ)။

သဘောကျလား (ကျပါတယ် ဘုရား)။ သမုဒယ သစ္စာဝမ်းထဲက မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။ သမုဒယသစ္စာ ဝမ်းထဲက ချုပ်တဲ့အခါ ကျလို့ ရှိရင်ဖြင့် ဒီပစ္စည်း သိမ်းပိုက်ထား သေးရဲ့လား (မသိမ်းပိုက်ပါဘူး ဘုရား) မသိမ်း ပိုက်တဲ့ သမုဒယအကြောင်း ချုပ်တော့ ဒီအကျိုး ချုပ်တယ် (မှန်ပါ)။ ဟောဒီ မီးသေရင် ဟောဒီ အပူရှိန်တွေ အကုန်သွားပြီ (မှန်ပါ)။ ဒီမီးသေတဲ့ အတွက်, ဒီအပူရှိန်တွေ ကျန်ဦး မလား (မကျန်တော့ပါဘူး ဘုရား)။

ဒါဖြင့် သူတို့နှစ်ခု ပယ်တယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။ ဒုက္ခပိုင်းခြား, သမုဒယပယ်, ဘာကျန်နေ တုန်းဆိုတော့ ဒီနှစ်ခု ကျန်တယ် (မှန်ပါ)။ ဒုက္ခချုပ်တာ ရယ်, မဂ်ရယ်, ဒါ့ကြောင့် နိဗ္ဗာနံ မဂ္ဂဿ (မှန်ပါ)။ နိဗ္ဗာန်သည် မဂ်အား ကျေးဇူးပြု၏, ပဋ္ဌာန်း ပါဠိတော်က သဘောကျလား (ကျပါတယ် ဘုရား)။ ဒါဖြင့် ဒီဉာဏ် ဘာဉာဏ် ခေါ်ကြမလဲ (မဂ်ဉာဏ်ပါ ဘုရား)။ မဂ်ဉာဏ် ပေါ့, သူက နိဗ္ဗာန် သူက နိဗ္ဗာန်မြင်တဲ့ ဉာဏ် (မှန်လှပါ)။ သဘောကျလား (ကျပါတယ် ဘုရား)။

ကိုင်း တတိယဉာဏ် ဘာဉာဏ်ခေါ်ကြမလဲ (မဂ်ဉာဏ်ပါ ဘုရား)။ ဒါကြောင့် နိဗ္ဗိန္ဒန္တော-ငြီးငွေ့ခြင်း သည် ရှိသော် (မှန်ပါ)။ ပြီးမှာတဲ့ (မှန်ပါ)။ ဝိရဇ္ဇတိ၊ မလို ချင်၏, ဘာမလိုချင်တာ လည်း ဆိုတော့ လိုချင်တဲ့ တဏှာကို သေတာရယ်, ဒီကဟာ, ဒီမလိုချင်တာရယ် (မှန်လှပါ)။ ဟိုဘက်ကို ပစ္စည်း လိုချင်သေးလား (မလိုချင်ပါဘူး ဘုရား)။ မလိုချင်တော့ ပိုင်းခြား ပစ်ခဲ့တာပေါ့။ ရှင်းပြီလား (မှန်ပါ)။

သစ္စာလေးချက် တစ်ပြိုင်နက်

ဒါဖြင့် သစ္စာ ဒီဉာဏ် ပေါ်ရင် ဘယ်သစ္စာ နှစ်ချုပ်၍ ဘယ်သစ္စာ နှစ်ခု ကျန်ရစ်သလဲ, ရှင်းကြလား (မှန်ပါ)။ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ မရှိဘူး (မှန်ပါ)။ မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ ကျန်တယ် (မှန်ပါ)။ ဒါက တစ်ပြိုင်နက် ဟုတ်လား (မှန်ပါ)။ ဒီ အမှားနှစ်ခု ပျောက်သွားတဲ့အခါ ဒီအမှန်နှစ်ခု ကျန်ရစ်ခဲ့တယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ် ဘုရား)။

ဒါ့ကြောင့် သစ္စာလေးချက် တစ်ပြိုင်နက် ဆိုတာ ဦးဝင်း ပေါ်ပြီလား (မှန်ပါ)။ ဒါ အင်မတန် သဘောပါတဲ့ တရားနော် (မှန်လှပါ ဘုရား)။ အင်မတန် သဘောပါတဲ့ တရား, ခင်ဗျားတို့ ဒီရောက် အောင် ကြိုးစား လိုက်ရင် ပြီးပါ တယ်၊ (မှန်လှပါ)။ ဒီရောက်အောင် ကြိုးစားလိုက်ရင် ပြီးတာဘဲ အဲ့ဒီတော့ အခု အနတ္တ လက္ခဏသုတ်ကို ဦးဝင်းလည်းရလို့ ဦးသာဒင် ကလည်း ရလို့၊ ဦးစံရီကလည်း အိမ် ရောက်ရင် ပြန်ကြည့်လိုက်တာပေါ့၊ (မှန်လှပါ ဘုရား) အင်း- ဉာဏ် ဘယ်နှဉာဏ် ဟောလဲ၊ (သုံးဉာဏ် ဟောပါတယ်)။

ပထမ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ တစ်ဉာဏ်၊ (မှန်လှပါ) ဟုတ်လား (မှန်လှပါ)

ဧဝံ ပဿံ ဘိက္ခဝေ ဝိညာဏသ္မိမ္ပိ ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နှစ်ဉာဏ် (မှန်ပါ) ဟုတ်လား၊ (မှန်ပါ)။

နိဗ္ဗိန္ဒန္တော= ငြီးငွေ့ပြီး သည် ရှိသော်၊ ဝိရဇ္ဇတိ- မလိုချင်တဲ့ဉာဏ် ပေါ်၏။ (မှန်ပါ)။ ဆိုတော့ သုံးဉာဏ် (သုံးဉာဏ် မှန်ပါ) ဘုရား သုံးဉာဏ်နဲ့ တက်တယ် ရိပ်မိလား၊ (မှန်ပါ) ဘယ်နှ ဉာဏ်နဲ့ တက်လဲ (သုံးဉာဏ်နဲ့ တက်ပါတယ်) ဘုရားက နိဗ္ဗာန်ကို ဘယ်နှစ်ဉာဏ်နဲ့ သူမြင်သတုန်း မေးရင် ဘယ့်နှယ် ပြောကြမလဲ (သုံးဉာဏ်နဲ့ မြင်ပါတယ်)။

သုံးဉာဏ်နဲ့ မြင်တယ်၊ (မှန်လှပါ ဘုရား) ရှင်းပြီ လား (ရှင်းပါတယ် ဘုရား) ဒါဖြင့် ဘယ့်နှယ်တုန်း ဉာဏ် ဆယ့် ခြောက်ပါးတို့ ဉာဏ် ဆယ့်နှစ်ပါးတို့ ဘယ်သူက ရှုပ်ထား တာတုန်း၊ (မှန်လှပါ) မေးဖို့ မလိုဘူးလား (လိုပါ တယ် ဘုရား) မေးဖို့ လိုတယ်တဲ့ ဦးဝင်း လိုလာတယ် (မှန်ပါ့)။

ဘုရားကလဲ ဒါဘဲ ဟောတယ် ဆိုတော့ ခုန ပါဠိတော် နဲ့ဆိုရင် ကုန်သွားပြီ (မှန်လှပါ) မကုန်ပေဘူးလား (ကုန်ပါတယ် ဘုရား)။ ခုနက ပါဠိတော်နဲ့ ကိုက်ပြီလား၊ (ကိုက်ပါတယ်)။ ကောင်းပြီတဲ့ ဘုရား ပါဠိတော်များက ဘုရား ဆိုတာက အင်မတန် နက်နဲတဲ့ ပုဂ္ဂိုလ်, ဒီထဲမှာ ဟိုဟာတွေ အကုန် ဝင်သွားတယ်, ခင်ဗျားတို့ အခု လောက သုံးနေတဲ့ ဉာဏ်တွေပေါ့ဗျာ အခု ယောဂီတွေ သုံးတဲ့ ဉာဏ်တွေ (မှန်ပါ) ဒီထဲ အကုန် ဝင်သွားတယ် (မှန်လှပါ ဘုရား) ရိပ်မိပြီလား (မှန်ပါ) ဒီထဲ အကုန်ဝင်သွားတာဘဲ (မှန်ပါ)။

ဒါ့ကြောင့် သူကို အထူး အားထုတ်နေစရာ မလိုဘူးတဲ့ ဒီသုံးဉာဏ်သာ မင်းတို့အားထုတ်, ဒီဉာဏ်ထဲမှာ လေးခု ဝင်တယ်, ယထာဘူတဉာဏ်, တစ်နံပါတ်ဉာဏ်ထဲမှာ လေးခု ဝင်တယ်၊ (မှန်ပါ) နှစ်နံပါတ် နိဗ္ဗိန္ဒဉာဏ်ထဲမှာ ငါးခု ဝင်တယ်။ ဟုတ်လား (မှန်ပါ)။ ဒီမဂ်ဉာဏ်ထဲမှာလည်း မဂ်ဉာဏ်, ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ် ဒါတွေက မထူးတော့ဘူး (မှန်ပါ) မဂ်ဉာဏ်ပြီး, ဖိုလ်ဉာဏ်လာ, ဖိုလ် ဉာဏ်လာ ပစ္စဝေက္ခဏာ ဉာဏ်လာမှာဘဲ, ဒါ စာထဲထည့်ရေး နေဖို့ မလိုဘူး၊ (မှန်လှပါ) ဟုတ်ဘူးလား (မှန်လှ ပါ) ရှင်းပြီလား (ရှင်းပါ ဘုရား)။

ဒါဖြင့် ယထာဘူတ ဉာဏ်ထဲမှာ လေးခု ဝင်သွားတယ် (မှန်လှပါ) နိဗ္ဗိန္ဒဉာဏ် နှင့်တကွ ငါးခု ဝင်သွားတယ်, ဒါ မင်းတို့က စာမှာသာ ရှည်နေတာ, ငြီးငွေ့တဲ့အထဲ ငါးခု ပါသွား တယ် (မှန်လှပါ) ယထာဘူတ ဉာဏ်ထဲမှာလဲ လေးခု ပါသွားတယ်, နောက်သွင်း လိုက်တော့ကို ဒီသုံးဉာဏ်ထဲပြ တယ် ရိပ်မိပြီလား, မဂ်ဉာဏ်ပေါ်, မဂ်ပေါ်လာတယ် ဆိုတော့ မဂ်ဉာဏ် ဖြစ်ကရော, မဂ်ပြီးရင် မဂ်က တစ်ကြိမ် ပြီးပြီး သွားရင် ဖိုလ်လာတာ ဘာထူးသေးတုန်း, ဖိုလ်ဉာဏ်ဖြစ်မှာဘဲ (မှန်ပါ)။

စာထဲထည့်ရေးထားလို့ခက်နေတာ

ဖိုလ်ပြီးတော့ကို ဆင်ခြင်တဲ့စိတ် နောက်လောကီ စိတ်တွေ မလာပေဘူးလား (လာပါတယ် ဘုရား) အဲ့ဒါလည်း ပစ္စဝေက္ခဏာ ဉာဏ်က ဆင်ခြင်တဲ့ ဉာဏ်လို့ မဆိုရပေဘူးလား (မှန်ပါ) ဒါဖြင့် တောင့်တ ယူရတာလား သူ့ဟာသူ အစဉ်လိုက် ပေါ်တာလား၊ (အစဉ်လိုက် ပေါ်တာပါ ဘုရား) အဲ့ဒါ စာထဲထည့် ရေးထားလို့ ခက်နေတာ (မှန်ပါ)။ ဒါ သူ့ဟာသူ ပေါ်မည့်ဥစ္စာ ကျုပ်တို့က လုပ်ယူရမလို ထင်နေလို့ လေးကုန်တယ်၊ (မှန်ပါ) ရိပ်မိပြီလား (မှန်ပါ)။

သူ့ဟာသူ ပေါ်မယ် ရေဟာစီးရမယ် အမြင့်အနိမ့်ကို စီးရမယ်ဆိုတဲ့ ဥစ္စာ သိလျက်သားနဲ့ ထူးထူး ထွေထွေ ပြောနေ ဒါအပိုပဲ၊ (မှန်ပါ) ရေဟာ နိမ့်ရာစီးမှာဘဲ သူ၊ (မှန်ပါ) စီးလိမ့်ဦးမယ် စီးလိမ့်ဦးမယ် အခု မရောက်သေးဘူး ဆိုရင်တော့ ခက်တယ်, ကြည့်သာနေ သူ့ဟာသူ စီးသွား မှာဘဲ (မှန်ပါ)။

ကျုပ်တို့က စကားထဲ ထည့်ပြီး သကာလ ဘယ်ရောက် ပြီ, ဘယ်ရောက်ပြီ ပြောနေဖို့ မလိုပါဘူး (မှန်ပါ)။ ကဲရှင်းပြီလား (မှန်ပါ)။

ကဲ – ဒါဖြင့် ဒီနေ့တရားမှာ ခင်ဗျားတို့ စူးစူးစိုက်စိုက် မှတ်ပါဆိုတော့ အစကပြန်ကောက်, တစ်နံပါတ်က ယထာ ဘူတဉာဏ် (မှန်ပါ) နှစ်နံပါတ်က ဘာလဲ (နိဗ္ဗိန္ဒ ဉာဏ်ပါ)။ သုံးနံပါတ်က (မဂ်ဉာဏ်ပါ) မဂ်ဉာဏ် ကောင်းပြီ, ဒါကိစ္စ ပြီးရော ဆိုကြပါစို့ ဒီတိုင်း တက်ကြပါ ဦးစံရီ ဒီတိုင်းတက်ပါ (မှန်ပါ)။

သူက ဖြစ်ပျက်မြင်တဲ့ ဉာဏ်, သူက ဖြစ်ပျက် မုန်းတဲ့ ဉာဏ် (မှန်ပါ) သူက ဖြစ်ပျက်အဆုံး မြင်တဲ့ဉာဏ် ဒါဘဲ (မှန်ပါ) အကျဉ်းချုပ် မှတ်လိုက်တော့ ဒါဘဲရတယ်၊ တစ်နံပါတ်ဉာဏ်က ဘာတုန်း (ဖြစ်ပျက်မြင်တဲ့ ဉာဏ်ပါ) ဖြစ်ပျက်မြင်တဲ့ ဉာဏ် သူက ဖြစ်ပျက်ကို မုန်းတဲ့ဉာဏ် (မုန်းတဲ့ဉာဏ်) သူက ဖြစ်ပျက်အဆုံး မြင်တဲ့ဉာဏ် (မှန်ပါ)။

ဒါ သိရမယ်, ရိပ်မိပြီလား ဒါလေး ဒါရိပ်မိကြပြီ ခင်ဗျားတို့ (မှန်ပါ) ပေါ်ပြန်ပြီ ဒီသုံးအညွန့် တပ်လိုက်ရင် ဒါပြီးသွားတာဘဲ (မှန်ပါ)။

ပထမဉာဏ်က ဘာမြင်ရမလဲ (ဖြစ်ပျက်မြင်ရပါမယ် ဘုရား) ဒုတိယဉာဏ် (မုန်းရပါ မယ်) မုန်းရမယ်၊ (မှန်လှပါ) တတိယဉာဏ်က၊ (ဖြစ်ပျက်အဆုံးကို မြင်ရပါမယ်) အဆုံးကိုမြင်ရမယ် (မှန်လှပါ)။

ပြီးတာဘဲ ဖြစ်ပျက်အဆုံးဆိုရင် ဒုက္ခသစ္စာဆုံးပြီ (မှန်ပါ) မဆုံးပေဘူးလား (ဆုံးပါတယ်) ဖြစ်ပျက် မရှိတော့ဘူး ဆိုရင် နိဗ္ဗာန်ဘဲ (မှန်လှပါ) ဒါဘဲရှိတယ် (မှန်လှပါ)။

ပါဠိတော်မှာပါတာ မသိကြဘူး

ဒါ့ကြောင့် ခင်ဗျားတို့ အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ သြော် ဘုရား ဟောတော်မူတာနဲ့ တန်းနေတာဘဲ (မှန်ပါ) ဒီတိုင်း လိုက်သွားရင် ဦးဝင်း, ဘာရှည်စရာ ရှိသေးလဲ (မရှိပါဘူး ဘုရား) သို့သော် ဟောခဲတယ် ဟောခဲတယ် ဆိုတာ ပါဠိတော်မှာ မရှင်းတာ ခင်ဗျားတို့ ရထားတဲ့ ပါဠိတော် ထဲမှာကို ဒီဉာဏ် သုံးဉာဏ် ဟောတာဘဲလို့ ခင်ဗျားတို့က မသိဘူး ခက်တာဘဲ (မသိပါဘူး) အခုတော့ သိပြီမို့လား (မှန်ပါ)။

“ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ၊” ဒဋ္ဌဗ္ဗံ- ရှု ဆိုတော့ ယထာဘူတဉာဏ်နဲ့ရှုကွ ဟုတ်လား (မှန်ပါ) မလာဘူးလား (လာပါတယ် ဘုရား)။

နောက်ကြတော့ “ဧဝံ ပဿံ ဘိက္ခဝေ၊ ဤကဲ့သို့ ယထာဘူတဉာဏ်နဲ့ ရှုပြီးသည် ရှိသော် ရဟန်းတို့ ယထာဘူတဉာဏ်နဲ့ မင်းတို့ရှုပြီးသည် ရှိသော် “ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ” တဲ့ မင်းတို့ ရှေ့ကိုငြီးငွေ့ပြီတဲ့ ရုပ်တွေ့ လည်း ငြီးငွေ့မှာဘဲ နာမ် တွေ့လည်း (နာမ် ငြီးငွေ့မှာပါ ဘုရား) နာမ်ငြီးငွေ့ လာလိမ့်မယ်တဲ့ နှစ်နံပါတ် ဉာဏ်တက်တယ်၊ (မှန်လှပါ) မပြဘူးလား (ပြပါတယ် ဘုရား)။

နိဗ္ဗိန္ဒန္တော။ နိဗ္ဗိန္ဒန္တော ငြီးငွေ့တဲ့ အဆုံးကြတော့ ဘာလာမှာတုန်း ဆိုတော့။ ဝိရဇ္ဇတိ, မဂ် ပေါ်လာ လိမ့်မယ်ကွ တဲ့ မဂ်ပေါ်လာမယ်၊ (မှန်ပါ) ဟော ဒါဘဲ ဟောထား ခဲ့တယ်, ကဲ ဦးဝင်းတို့ မတိုဘူးလား (တိုပါတယ် ဘုရား)။ တိုတယ်ဆို ဘုန်းကြီးက ဆိုတာလား ဘုရားက ဆိုထားခဲ့တာ လား ခင်ဗျားတို့က အကဲခတ်ရမယ် (မှန်လှပါ ဘုရား)။ ဟင် (မှန်လှပါ ဘုရား)။

ဒီသုံးဉာဏ်က ဘုရားကိုယ်တော်တိုင်ဟောတာ

ဘုရားက ဆိုတာပါ။ ဘုရားကိုယ်က ဒီအတိုင်း ဟောတာ (မှန်ပါ)။

ကဲ-ဒါဖြင့် အားလုံး ဒကာဒကာမတို့ သဘောထဲကို မှတ်ကြပေတော့ ဘာဖြစ်လို့တုန်း၊ ဉာဏ်ဆယ့်ခြောက်ပါး, ဉာဏ်ဆယ်ပါး ဆိုတော့ ဒကာဒကာမတွေ လန့်ပြေးတာပေါ့ (မှန်လှပါ ဘုရား) အင်း အတော် တက်ရမှာ ပါလား လှေခါး ဆယ်တစ်နဲ့ သုံးထစ်နဲ့ဆိုတော့ သုံးတစ် ဆိုတော့ မြန်မြန် တက် ရောက်တယ် (မှန်လှပါ ဘုရား)။ ဆယ်ထစ် ဆိုတဲ့ လှေခါးတက် ရမယ်ဆို ဘယ့်နှယ်တုန်း (မှန်လှပါ) အို နားရဦးမှာပါ ဒီလို မသွားပေဘူးလားဗျ (သွားပါ တယ်) ရိပ်မိပလား (ရိပ်မိပါပြီ) ကဲ ဘယ်နှစ်ဆင့် နဲ့ ရောက်လဲ (သုံးဆင့်နဲ့ ရောက်ပါတယ်) သုံးဆင့်နဲ့ ရောက်တယ် (မှန်လှပါ)။

ရောက်သင့် မရောက်သင့် ဒါ ကျုပ်တို့က ဝေဖန် ရမယ် ဒါက အပျက် အပျက်ကို မြင်တယ်၊ ဒါက အပျက်ကို မုန်းတယ် (မှန်ပါ) မဟုတ်ဘူးလား (မှန်ပါ) ဒါက အပျက်ကို မလိုချင်တာ (မှန်လှပါ) ပြီးနေတာဘဲ သဗ္ဗေ သင်္ခါရ အနိစ္စကို မလိုချင်တာဘဲ (မှန်ပါ) သဗ္ဗေ သင်္ခါရ ဒုက္ခကို (မလိုချင်ပါဘူး) သဗ္ဗေ ဓမ္မာ အနတ္တကော (မလိုချင်ပါဘူး) မလိုချင်လို့ရှိရင် အဲ့ဒါ မလိုချင်တဲ့ဉာဏ် ရောက်ရင် ကိစ္စ ပြီးသွားပြီ (မှန်လှပါ)။

လိုချင်တာ သမုဒယသစ္စာ (မှန်လှပါ) မလို ချင်တာ မဂ္ဂသစ္စာ (မှန်ပါ) ပြီးနေတာဘဲဗျ, မရှင်းသေး ဘူးလား (ရှင်းပါ ဘုရား)။ လိုချင်တာ ဘာတုန်း (သမုဒယသစ္စာပါ) မလိုချင်တာက (မဂ္ဂသစ္စာပါ) မဂ္ဂ သစ္စာ လာရင် သမုဒယသစ္စာ ချုပ်ရုံဘဲ (မှန်လှပါ)။ သမုဒယသစ္စာ ချုပ်တော့ “တဏှာနိရောဓော နိဗ္ဗာနံ” လို့ ဘုရားက ဟောလိုက်တယ် သူချုပ် နိဗ္ဗာန် ပေါ့ကွာတဲ့ ဘာရှည် နေစရာ ရှိတော့လည်းတဲ့ (မှန်လှပါ)။

ဘယ်မှာမှ တရားရှာမနေနဲ့ ဒီသုံးဉာဏ်နဲ့ပြီးတယ်

သူချုပ်သွားတော့ ဒီပြင် ဒုက္ခသစ္စာက သူတည်းဟူ သော မီးဖိုရှိလို့ အပူလာတာဘဲ (မှန်လှပါ) အရှိန်လာ တာဘဲ (မှန်လှပါ) မီးသေတော့ အပူရှိန် ရှိပါဦးမလား (မရှိပါ ဘုရား)။ ဒါကြောင့် ပြီးပါတယ် တဲ့ ငါ ဒီသုံးဉာဏ် ထဲသာ ဟောပါတယ် ကဲ ရှင်းကြလား (ရှင်းပါတယ် ဘုရား)။

ကဲ ဘယ်မှာမှ ခင်ဗျားတို့ တရားရှာမနေနဲ့ ဒီသုံး ဉာဏ်နဲ့ဘဲတက်, ရှုနည်းကိုတော့ ဘယ်နေရာ ဘာဖြစ်တယ် ဆိုတာ ဘုန်းကြီး ပြောထားပြီးပြီ၊ (မှန်လှပါ)။ မပြောသေး ဘူးလား (ပြောပါတယ် ဘုရား) ဘယ်နေရာ ဘာဖြစ်တယ် ဆိုတာ ရှုတဲ့ နေရာမှာ ပျောက်တာလေးဘဲ ကြည့်။

အဲဒါကျတော့ကို ဒီပျောက်တာလေး လျှောက်ကြည့် နေရလို့ လန့်ခြင်း, ကြောက်ခြင်း, ကိုယ်ခက်တရော် ရှိခြင်း ဘာတွေ ညာတွေကို လာနေတာဘဲ, အောက်ကျတာနဲ့ ခန္ဓာကိုယ် နှစ်ခြမ်း ကွဲသွားမယ်လို့ မလာနိုင်ဘူး, ပျောက်တာ ကြည့်နေတာနဲ့ (မှန်လှပါ) လာစရာ လိုသေးလား (မလိုပါဘူး ဘုရား)။

အဲ့ဒါကြောင့် သမထက ဆိုးတာ၊ (မှန်လှပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) တော်သေးတယ် မရူးသေးလို့ ရူးတတ်တယ် အဲဒါ အသေအချာ ရူးတတ်တယ်, အသေအချာ ရူးတတ်တယ်, အခု မရူးရင် နောက်မိန်းမတွေများ အရွယ်လွန်တဲ့ အခါမှာ ထိခိုက်တတ်တယ် (မှန်လှပါ) ဒီဘက် ဒါတွေဟာ (မှန်လှပါ) အတော်ကြောက် စရာ ကောင်းတယ်၊ (မှန်လှပါ) ကောင်းပြီ ဒီတော့ သမထ မကူးဘူး၊ မကူးတော့ မပါဘူးလား ဆိုတော့ ပါတယ် သမထက ပါတယ်။

ဖြစ်ပျက်မြင်ရင် သမထပါနေတယ်

ရှင်းပြမယ်နော်, သမထပါတာကို ရှင်းပြမယ်, သမထ ပါတာကို ရှင်းပြမယ် ဆိုတော့ လွယ်ပါတယ်, ဒါက ဖြစ်ပျက်မှု ဒါက ဖြစ်ပျက် မုန်းစရာ၊ (မှန်လှပါ) ဒါက ဆုံးတာ (ဆုံးတာ)။ ဒါဖြင့် သူကပျက်, သူက မုန်းစရာ သူက ဆုံးသွား ဆိုတော့ ဒီအပျက်ကို မြင်အောင် ကြည့်ပါ ဆိုလို့ ရှိရင်လည်း သမ္မာဒိဋ္ဌိ ပါတယ်, သမ္မသင်္ကပ္ပ ဆိုတဲ့ မဂ္ဂင်နှစ်ပါး မပါဘူးလား (ပါပါတယ်) ပညာမဂ္ဂင် ပါနေတယ် (မှန်လှပါ) မပါဘူးလား (ပါပါတယ်)။ ဒါက ပညာမဂ္ဂင် (မှန်လှပါ) နောက် သတိ, သမာဓိ, ဝီရိယ မရှိဘဲနဲ့ဆို ဒါက ပျက်တာ မြင်ပါ့မလား (မမြင်ပါဘူး ဘုရား)။

ဒါက သမာဓိ (မှန်လှပါ) ပါနေတယ်၊ (ပါပါတယ်) ဒါက သမထ (မှန်လှပါ) ဒါက ဝိပဿနာ (မှန်လှပါ) တွဲပြီး လွှတ်လိုက်ရမယ်၊ (မှန်လှပါ) တွဲပြီး သူလွှတ်လိုက်တာ (မှန်ပါ) ရိပ်မိပြီလား (မှန်ပါ) သမာဓိမဂ္ဂင် သုံးပါးနဲ့ ပညာမဂ္ဂင် နှစ်ပါး ဒီထဲ တွဲလိုက်နေတယ် (မှန်လှပါ) ရိပ်မိပြီလား (မှန်လှပါ)။

တရားနာရင်း မဂ်ကိစ္စပြီးသူတွေ

အဲ့ဒါကြောင့်မို့ ဘုရားရဲ့ တရားနာနေရင်း မဂ်ဖိုလ် တည်တဲ့ ပုဂ္ဂိုလ်တွေ ဘယ်သမထ ပါနေ လိမ့်မလည်းဗျ, တွဲလွှတ် လိုက်တယ် (မှန်လှပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိ ပါပြီ ဘုရား) ဘုရားရှင်က ရာဟုလာ တရား ဟောတော့လည်း အနိစ္စ, ဒုက္ခ, အနတ္တ ဟောတာဘဲ, မင်းဟာမင်း၊ မင်း “ဧတံ မမ ဧသောဟမသ္မိ ဧသော မေအတ္တာ”ဆိုတော့ ဘယ်သမထ မူတည်နေတာ ပါသေးလား (မပါပါ ဘုရား) ပါသေး လား (မပါပါ ဘုရား) တရားပွဲပြီး ဆုံးတော့ တည်သွား တာတွေကော (မပါပါဘူး ဘုရား) အခုလာနာပြီး အခု ပဲ ကိစ္စပြီးကြတယ် တွဲထားလိုက်တယ် (မှန်လှပါ ဘုရား)။

သမထနဲ့ဝိပဿနာတွဲမြင်တယ်

ဒါဖြင့် သမထနဲ့ ဝိပဿနာဟာ ဆရာတွေက ခွဲပြီး တော့ ခင်ဗျားတို့ ဟောနေလို့သာ၊ ခင်ဗျားတို့ ဟောဒီ အပျက်သာ မြင်တဲ့ တစ်နေ့ကျရင် တွဲလျက်ချည်း မြင်တယ် (မှန်ပါ) တွဲလျက်ချည်း မြင်တယ် (မြင်ပါတယ်) ရိပ်မိပြီလား (မှန်ပါ) သမာဓိ မရှိရင် ဒါလေးက ဖမ်းလို့မိပါ မလား (မမိပါဘူး)။ သတိ မရှိရင် ဒီပျက်မှန်း သိပါ့မလား (မသိပါဘူး) ဝီရိယ မရှိရင် ဒီဘက်ဉာဏ် လှည့်ပါမလား (မလှည့်ပါဘူး)။ ပညာ မပါရင်လည်း မြင်ပါ့မလား (မမြင် ပါဘူး) အကြံ မကောင်းရင်ကော (မမြင်နိုင်ပါဘူး) မမြင် နိုင်ဘူး ဆိုတော့ သမာဓိရော ပညာရော တွဲပြီး လိုက်သည် (မှန်လှပါ့ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။

ပဉ္စဝဂ္ဂီငါးဦး

အဲ့ဒီတော့ ငါဘုရားရှင်သည် ဟောတဲ့တရားဟာ အနတ္တလက္ခဏ သုတ်မှာ ဆိုဆို ငါးရက် မြောက်ရှိတော့ အနတ္တလက္ခဏ သုတ်ဟောတာ (မှန်လှပါ) ဟုတ်ဘူးလား (ဟုတ်ပါတယ်) ပထမနေ့ ဓမ္မစကြာ ဟောတယ် (မှန်လှပါ) နောက်တစ်ရက်စီ ပြီးကြတယ်၊ နောက် အနတ္တလက္ခဏ သုတ် ဟောတော့ အကုန် ရဟန္တာဖြစ်ကြ တယ်၊ ဘယ်သူမှ ဘာမှ မလုပ်ရဘူး၊ နဂိုအရင်က ပဉ္စ တပ သမားတွေ၊ ပဉ္စဝဂ္ဂီတွေ သဘောကျလား, ပဉ္စတပ သမားတွေ နဂိုက တရားလွဲမှာစိုးလို့ ဘယ်နံပါတ် ပါလည်း (မပါပါဘူး) မပါဘူးတဲ့ ပဉ္စတပမှာ ဒိဋ္ဌိအယူတွေ ယူနေလို့ ကဲ ဒါဖြင့် အနတ္တလက္ခဏ သုတ်ဟောတော့ အားလုံး ငါးပါး လုံး ရဟန္တာ မဖြစ်ကြဘူးလား (ဖြစ်ပါတယ်)။

ဖြစ်တော့ကို သမထနဲ့ ဝိပဿနာတွဲပြီး ရှုလိုက်ကြ တယ်, ရိပ်မိလား (မှန်ပါ) ကဲ-ဒကာဒကာမတွေဘဲ မေးပါ့မယ်, ဆူးကို ကြည့်ရှောင်, ဆူးလေး လှန်းတော့ မြင်တယ်, ဒီတော့ ခြေထောက်နဲ့ သွားလို့ ရှိရင် ဒီခြေထောက်နဲ့ပဲ တက်ရ မယ်,လျှောက်လှန်း ပြီးတော့ တက်ရမှာပဲ ဒီဆူးကွေ့ သွားမလား တက်နင်း မလားလို့ ဆိုရင် မြင်တဲ့ ပုဂ္ဂိုလ်မှာဖြင့် ဘယ့်နှယ် ဖြေကြမလဲ (ကွေ့သွား ပါမယ်)။

ဟုတ်တယ်သတိထားပါဆိုရင် သမထပါနေတယ် (မှန်လှပါ)။ သတိထားတယ် (မှန်ပါ) ပထမမှာ သမထပါနေတယ် (မှန်ပါ)။ သမာဓိကလည်း ဒီဥစ္စာတော့ ဘယ်နည်းနဲ့မဆို လွတ်အောင် ရှောင်နင်းမယ် ဆိုပြီး သူက ဘေးခြေထောက် ကျတယ် (မှန်ပါ) နို့မို့ ဒီပေါ် တည့်တည့်ကျမယ် (မှန်လှပါ) တည့်နေတာကိုက သမာဓိရော မပါဘူးလား (ပါပါတယ်)။ ဝီရိယကလည်း တစ်ခါတည်း အားစိုက်တယ် ဒီနားကြလို့ရှိရင်တော့ ဘယ် နည်းနဲ့မှ ဒီပေါ်ကျအောင် မနင်းဘူး၊ (မှန်လှပါ ဘုရား) အဲ ဝီရိယက အားထုတ်တယ် (မှန်လှပါ) ဒါကြောင့် ဆူးရှိတဲ့ဘက်ကို ရှောင်သွားတယ်, သမာဓိ ပါနေတယ်, သမာဓိတရား အကုန် မပါဘူးလား (ပါပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါတယ်)။

သမာဓိနှင့်ပညာ တွဲလျက်ချည်းမှတ်

ဒါဖြင့် ဘယ်အလုပ် လုပ်လုပ် သမာဓိနဲ့ ပညာနဲ့က တွဲလျက်ချည်းမှတ် (မှန်ပါ) အဲ့ဒီမှာ ဘုရား မပွင့်မီတုန်း ကတော့ သူ့ကို မထည့်နိုင်ကြလို့ ဒါချည်းဖြစ်နေတယ် (မှန်လှပါ ဘုရား) ဘုရား မပွင့်မီက သူ့ချည်း ဖြစ်နေတယ်၊ (မှန်ပါ) ဘုရားပွင့်လာတော့ ဘုရားပွင့်တာ အဖြေထွက်တယ် ရိပ်မိပြီလား (မှန်ပါ)။

ဘုရား မပွင့်တုန်းကတော့ ဒါ ဒီအပျက်ကို မရှုရဘူး (မှန်ပါ) အပျက် ဆိုတာ မဟောနိုင်ဘူး (မှန်ပါ) မဟောနိုင်တော့ ရုပ်, ရုပ်, ရုပ်ရှု၊ နာမ်, နာမ်, နာမ်ရှု (မှန်ပါ) ဒါဘဲရှိတယ် (မှန်ပါ)။ ဟော အပျက်မထည့် ဘူး, အပျက် ဆိုတာ သာမည ဉာဏ်နဲ့ မရဘူးဗျ။ (မှန်ပါ) အခုခင်ဗျားတို့က, သာသနာတွင်း လည်းကြုံ, ဆရာကောင်း, သမားကောင်း လည်းကြုံ ကိုယ့်ဘဝပုဗ္ဗေစကတ ပုညတာဆိုတဲ့ ကောင်းမှုကြီးကလည်း ရှိပြီးသားဖြစ်လို့ လာကြုံလို့ အပျက်နဲ့ သွားတွေ့တာ (မှန်လှပါ ဘုရား)။

ဘုရားမပွင့်လို့ ရှိရင် ဒါ ဒါနှစ်ခုရှိတယ် (မှန်လှ ပါ ဘုရား) ဒီသုံးခုမရှိဘူး (မှန်လှပါ) ဒါကြောင့် သာသ နာပ တရားဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ရိပ်မိလား (မှန်ပါ) သာသနာပ တရားဆိုတာ ဦးဝင်းတို့ နာစရာမလိုဘူး (မှန်လှပါ ဘုရား) လိုသေးလား (မလို ပါဘူး)။

ဒေဝီဠ-ရသေ့ကြီး

ဒေဝီဠ- ရသေ့ကြီးဟာ သုဒ္ဓေါဒနမင်းကြီးတို့ အိမ်မှာ နေ့တိုင်း ဆွမ်းစားတယ်, ကောင်းကင်ပျံတဲ့ ရသေ့ ဆရာကြီး၊ (မှန်လှပါ) ဟုတ်ဘူးလား (မှန်လှပါ) ဒေဝီရသေ့ ကြီးဟာလေ (မှန်လှပါ ဘုရား) အဲ့ဒါဘာနဲ့ ကောင်းကင်ပျံ နေသတုန်း မေးရင် ဘယ့်နှယ်ပြောကြမလဲ (သမထ) ဟောဒါ မပါတာနဲ့ သူခမျာများ ဒီဘဝ နိဗ္ဗာန်ရ-ရမှာ, တိဟိတ်အစစ်၊ (မှန်လှပါ) ဒီနှစ်ခု မပါတာနဲ့ မရလိုက်တာ, နာလိုက်တာ (မှန်လှပါ ဘုရား) ဘယ်လောက် ကြောက်စရာ ကောင်းလဲ (ကြောက်စရာ ကောင်းပါ တယ်)။

အဲ့ဒါကြောင့်တဲ့ ဘုရားလောင်းနဲ့ တွေ့တဲ့အခါကျ တော့ ဘုရားလောင်းလေးကို ရှိခိုးခိုင်း လိုက်သတဲ့ ဘုရား လောင်းကလေးက ရှိမခိုး နိုင်ဘူးတဲ့ သူရှိခိုးစရာလူ တစ်ယောက်မှ မရှိဘူး (မှန်ပါ) ဒါနဲ့ ကလေးလေးကြည့် ပြီး ငိုလဲငိုတယ် ရယ်လဲရယ်တယ် ဆိုတာ ဒါပဲ ငိုတာက ဘုရားဖြစ်မှာ သေချာတယ် ဆိုတာကိုလည်း သူသိတယ် (မှန်လှပါ ဘုရား)၊ သို့သော် သူ့မှာဘုရားပွင့်မှ ဒါ အနိစ္စ, ဒုက္ခသစ္စာ ဟောနိုင်မှာကိုး (မှန်လှပါ)။

အဲ့ဒါ သူက မမှီလိုက်တော့ဘူးတဲ့ဘုရား ဖြစ်ဖို့ရာက နှစ်ပေါင်း သုံးဆယ်ကြာမှ သူ ဘုရား ဖြစ်မယ်, သူက မကြာခင် သေရတော့မယ် ဆိုတော့ သူ့ဟာသူ ကြံနိုင် တဲ့ သဘောလား, မကြံနိုင်တဲ့ သဘောလား အနိစ္စက (မကြံနိုင်တဲ့ သဘောပါ ဘုရား) အဲ့ဒါနဲ့ စုတိစိတ် ကျတယ် (မှန်လှပါ ဘုရား) ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ်)။

ဒါက သာသနာတွင်းတရား (မှန်လှပါ) သူက သာသနာတွင်းတရား (မှန်လှပါ ဘုရား) သူကဘာတုန်း (သာသနာတွင်း တရားပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါ ဘုရား) အဲ့ဒီတော့ သာသနာပ တရားကို သိပ်အပင်ပန်းခံ လုပ်နေလို့ရှိရင် ခင်ဗျားတို့ နောက်တုန်းကလဲ ဒီလိုနေသွား မှာဘဲ (မှန်လှပါ) ဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

ရှင်းရှင်းနဲ့ ဘွင်းဘွင်း ပြောကြပါစို့ဆိုလို့ရှိရင် ကမ္ဘာ ပျက်တိုင်း ကြုံရတယ် ကျုပ်တို့ ဖြစ်ခဲ့တယ် (မှန်လှပါ) ဒီသုံးခု ကမ္ဘာပျက်တိုင်း ပျက်တိုင်း ကမ္ဘာပျက်တော့မယ်ဆို လောကဗျူဟာ နတ်က အော်ပြီဘဲ (မှန်လှပါ) မျက်ရည် တွေကျမှ ပန်းတွေ အနီတွေပန် ဆံပင်တွဲလဲချ, ပူပုံပန်းပေါ့ဗျာ (မှန်လှပါ) နောက်အနှစ် တစ်သိန်းရှိလို့ရှိရင် ကမ္ဘာပျက် လိမ့်မယ်, အားလုံး မေတ္တာ, ကရုဏာ, မုဒိတာ ဗြဟ္မာ ဝိဟာရ တရားပွားကြပါ လိုက်အော်နေတယ် (မှန်လှပါ ဘုရား)။

အဲ့ဒီတော့ ကမ္ဘာပျက်တယ် ဆိုတာဟာ အက်တောမစ်ထက် ဆိုးတယ် ဘယ်သူမှ ကျန်မှာ မဟုတ်ဘူး (မှန်လှပါ) သစ်ပင်တောင် မကျန်ဘူး လူတွေလဲ မကျန်ဘူး (မှပါ) အဲ့ဒါ လန့်ပြီး တစ်ယောက်နဲ့ တစ်ယောက် မေတ္တာထား, ကရုဏာ ထား ဆိုတော့ မေတ္တာ သမထတွေ လုပ်ကြတာ ပေါ့ဗျာ (မှန်လှပါ ဘုရား)။

မေတ္တာပို့တယ်ဆိုတာ

ဥပမာ ဘုန်းကြီးက ဒီဒကာကြီးတွေမြင်လို့ အင်း ကျန်းမာပါစေ, ချမ်းသာပါစေ, အကုန် မေတ္တာ ပို့နေကြတာပဲ အဲ့ဒီတော့ မေတ္တာပို့ ဆိုတာက, ဒီဒကာမကြီးဆီ ပို့တယ်ဆို ဒီဒကာမကြီး အထည် မပျောက်ရဘူးဗျ (မှန်လှပါ) အနိစ္စ မရောက်ရဘူး (မှန်လှပါ) အထည်ပျောက် မေတ္တာပို့လို့ ဖြစ်ပါ့မလား (မဖြစ်ပါဘူး) သူချမ်းသာ ပါစေ, ဒီမိန်းမ ချမ်းသာပါစေ, ဒီယောက်ျား ချမ်းသာပါစေ, အထည် အာရုံ ပြုတာ၊ (မှန်လှပါ) ဒါကြောင့် နိဗ္ဗာန် မရောက်တာ (မှန်လှပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) အထည် အာရုံပြုနေတာ အထည်ကို ဖျက်ပစ်ရမှာ ဝိပဿနာက (မှန်လှပါ ဘုရား) အထည်မရှိဘူး, နဂိုကမှ အထည်မှ မရှိဘဲ အဲ့ဒါ ရှင်းကြလား (ရှင်းပါတယ်)။

သမထက ဘာကိုငဲ့လည်း အထည်ကိုငဲ့တယ် (မှန်လှပါ ဘုရား)။ ဝိပဿနာက အထည် ပျောက်အောင် ရှူရတယ် (မှန်လှပါ) အထည် ပျောက်အောင် ရှုမှ တဏှာက သေတယ် အထည်ရှိရင် တဏှာက ခင်တာဘဲ (မှန်လှပါ ဘုရား) မခင်ပေဘူးလား (ခင်ပါတယ် ဘုရား)။ သို့သော် အဲ့ဒီတဏှာ ခင်တဲ့ တဏှာနဲ့ ဘာပြုလို့ သူဈာန်ရသွားတုန်းလို့ဆိုတော့ သူငုတ်နေတဲ့ အချိန်ရတယ်, သမထက လွန်ကဲ နေလို့ (မှန်ပါ့)။

သူငုတ်နေတယ် (မှန်ပါ) ငုတ်နေတယ်, ငုတ် ရင်း မတ်တတ်နဲ့ သမထ အရှိန်ကုန်တဲ့ အခါ ကျတော့ သူပေါ် လာတယ် (မှန်လှပါ) သမထက ပျောက်သွားရော (ပျောက်ပါတယ်) ဝိပဿနာ ကော (ပျောက်ပါတယ်)။ ဝိပဿနာက အနုသယ ဝမ်းထဲက ဟာပါ ပျောက်တယ် (မှန်ပါ) ဒါ နောက်ထပ် ဘယ်တော့မှ မပေါ်ဘူး (မှန်လှပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဟို-ခင်ဗျားတို့ ဇာတ်ထုပ်တွေ ဘာတွေ လျှောက် ကြည့်တော့ ဈာန်လျှောတယ် ဆိုတာ ငုတ်နေတာလေး ထလာတော့ (မှန်ပါ) ဗုံးဗုံးလဲတယ် (မှန်ပါ) သူ ယူတင်ထားတဲ့ သတိလေးက ငုတ်နေတာလေး ပေါ်လာတော့ တခါတည်း ဗုံးဗုံးလဲတယ် ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။

သမထကို အားမသန်ကြနဲ့

ရှေ့က ရဟန်းတစ်ပါး ကောင်းကင်ပျံလာတယ်, သမထက ဈာန်ပျံတယ်, ဒီသမထက စည်းပေါက်နေတော့ ကောင်းကင်ပျံလာတော့ အောက်မှာ ဒကာမတစ်ယောက်က မုန့်ကြော်နေတော့ ဒါဟာ ဒကာမပါဘဲ ဆိုပြီး သကာလ သူ့စိတ်ထဲ နည်းနည်း သာယာမိတယ်, ဝုန်းဆို သူတည့်တည့် ကျတယ် (မှန်ပါ) အထိ မခံဘူး (မှန်လှပါ)။ ကဲ အထိခံရဲ့ လား (မခံပါဘူး ဘုရား) ဖျတ်ဆို အနုသယလေး ထလာတယ် ဆိုရင် အောက် ဝုန်းခနဲ ကျတယ် (မှန်လှပါ ဘုရား) ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

အဲ့ဒီမှ ဒကာမက လင်းတကြီး ကျလာတယ် မှတ်တယ် ကောင်းကင်က ကျတာကိုး (မှန်လှပါ ဘုရား) အဲ့ဒီ မုန့် ကြော်တဲ့ ဒုတ်နဲ့ လိုက်ရိုက်တယ် ရိုက်တော့မှ သူပထဝီ, ပထဝီ ပထဝီ ဆိုပြီးတော့ ပထဝီ ကမ္မဋ္ဌာန်း စီးဖြန်းလို့ ပျံတက်ရတယ် (မှန်လှပါ ဘုရား) ရိုက်တော့ မရိုက်မိသေးဘူး, တော်သေးရဲ့ ပေါ့ဗျာ သမထ မမြဲပုံ ပြောပါတယ် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ်)။

ဒါ့ကြောင့် သမထကို အားမသန်ကြနဲ့ (မှန်လှ ပါ ဘုရား) ရိပ်မိလား (ရိပ်မိပါ ဘုရား) ဒီတွဲဘက် (မှန်လှပါ ဘုရား) တွဲဘက် ဒါက ပညာမဂ္ဂင် (မှန်ပါ) ဒါက သမထ မဂ္ဂင် (မှန်ပါ့) မဂ္ဂင်ငါးပါးနဲ့ အလုပ် လုပ်ပါ ဒီကျတော့ မဂ္ဂင်ရှစ်ပါး စုံပါလိမ့်မယ်၊ ဒီမုန်းတုန်းကလဲ ခင်ဗျားကမှတ် ဖြစ်ပျက်မြင်တာကလည်း ငါးပါးနဲ့ မြင်တယ်၊ (မှန်ပါ့) မုန်းတော့ကော (ငါးပါး) ဆုံးတော့ (ငါးပါး) အင်း ရှစ်ပါး၊ ဆုံးရင် ရှစ်ပါး၊ (မှန်ပါ) ဆုံးရင်ရှစ်ပါး (မှန်ပါ)။ သီလမဂ္ဂင် လုံသွားပြီ (မှန်ပါ) သဘောကျလား (ကျပါတယ် ဘုရား) ဒီလို ထူးတယ် မဟုတ်လား ကဲဉာဏ် စဉ်ကကို မထူးဘူးလား (ထူးပါတယ်) ကဲ ဦးဘဦး ကျေ နပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

အင်မတန် အရေးကြီးတယ် ဒီဥစ္စာ အတွက် စိပ်၊ အောင် ပြောတော့ကို ဒီပြင်နေရာမှာ ခင်ဗျားတို့ ကြားရင် ကြားမယ် အင်း အရေးကြုံတဲ့အခါ မင်းလုပ်သာလုပ်, လုပ်တော့ ရလိမ့်မယ်လို့သာ ပြောလိမ့်မယ်၊ (မဟုတ်ဘူး) သူဟာ သူလဲ မဟုတ်ဘူး ဘယ်အချိန် လုပ်တုန်းက မဂ္ဂင် ဘယ်နှစ်ပါး (မှန်လှပါ) ဘယ်အချိန် ကျရင် မဂ္ဂင်ဘယ် နှစ်ပါး (မှန်လှပါ) အခုဟာက ထင်ရှား လာတယ် (မှန်လှပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။

ဒါဖြင့် ဖြစ်ပျက် မြင်တုန်းက ဒကာဒကာမတွေ သမာဓိ မဂ္ဂင်နဲ့ ပညာ မဂ္ဂင်၊ သီလမဂ္ဂင် မပါဘဲနဲ့ ပညာမဂ္ဂင်နဲ့ သမာဓိ မဂ္ဂင်ဘဲ ပါတယ် (မှန်လှပါ)။ ဖြစ်ပျက် မြင်နေတုန်းက (မှန်လှပါ)။ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။ နောက် ဖြစ်ပျက်ကို ရှုပါများတော့ကို ဦးသာဒင် မုန်းလာတယ် ဘယ် နှစ်ပါးတုန်း (ငါးပါးပါ ဘုရား)။ ငါးပါးမို့ပေါ့ဗျ၊ သီလမှာ မလုံသေးဘူးလေး (မှန်လှပါ)။ ဖောက်ပြန် ခိုင်းဦးမယ်။ (မှန်လှပါ) သဘောကျလား (ကျပါ ဘုရား)။

နောက်မလိုချင်တဲ့ဉာဏ် နိဗ္ဗိန္ဒန္တော ဝိရဇ္ဇတိ ကျတော့ မှ တပ်ခြင်းကင်းတဲ့ အထဲမှာ တဏှာ သေသွားတော့မှ သူက ဝင်တာဗျ, သီလက (မှန်လှပါ)။ နို့မို့ မဝင်ဘူးသူက (မှန်လှပါ)။ ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား)။ သီလ ဟာ ဒါဖြင့် ခင်ဗျားတို့ ဆောက်တည်နေတဲ့ သီလဟာ, ဆောက်တည် တုန်း လောက်သာ, သူကရတာ (မှန်လှ ပါ) နောင်အကြောင်း ကိစ္စ ရှိလာတဲ့ အခါကြ ဖေါက်ပြန်တာ (မှန်လှပါ) ဟင် ထမင်းဆာတယ်ကွာ, လေနာထတယ်ကွာ, ဒါနဲ့ သေလိမ့်မယ်ကွာ ဆိုတော့ ဆန်ပြုတ်လေး သောက်လိုက် ပါဦးဆိုတော့ အို မတတ်နိုင်ဘူး သောက်လိုက်မှာဘဲ (ရယ်ကြသည်)။

အရိယာကျမှအမြဲတန်းသီလ

အရိယာကျတော့ ဒါကိုသီလက အမြဲတန်းသီလ ဖြစ်သွားတယ်ဆို အသေခံတယ် မသောက်ဘူး (မှန်လှ ပါ)။ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။ ဒါဖြင့် ဦးစံရီ တို့ ရှင်းကြပြီလား (မှန်လှပါ)။ ရှင်းပြီ၊ ကောင်းပြီ ဒီနေ့ တရားကတော့ နက်လိမ့်မယ်တဲ့ ဒီထဲမှာ လေးပါး ဝင်တယ်လို့ပြော, ဉာဏ်လေးပါဝင်တယ်၊ (မှန်လှပါ ဘုရား)။ ယထာဘူတ ဉာဏ်ထဲမှာ ဘယ်နှစ်ပါးတုန်း (လေးပါးပါ)။ နိဗ္ဗိန္ဒဉာဏ် ထဲမှာ (ငါးပါးပါ)။ အေး ငါးပါးဝင်တယ်, မဂ်ဉာဏ်ထဲ မှာ ဆိုလို့ရှိရင်ဖြင့်တဲ့ သုံးဉာဏ် ဝင်လာတယ်, ဒီထဲမှာ သုံးဉာဏ် ပါတယ် ရှင်းကြလား (ရှင်းပါတယ် ဘုရား)။

ကောင်းပြီ- ဒီဖြစ်ပျက်ကလေးတွေကို ဒကာ, ဒကာ မတွေကရှုနေ, စိတ်ကလေးပေါ်လာလဲ အင်း-နောက်က ဉာဏ်နဲ့လိုက်လိုက်, အပျက်ကလေးဘဲ တွေ့မယ်, နောက်က ဉာဏ်နဲ့ လိုက်လိုက် ဘာဘဲ တွေ့ကြလဲ (အပျက်ကလေး ဘဲ တွေ့ပါမယ်)။ အပျက်ကလေးကလွဲ ဘာတွေ့စရာ ရှိလဲ (ဘာမှတွေ့စရာ မရှိပါ ဘုရား)။ ကောင်းပြီ ဉာဏ်လိုက်လာတာ ဟိုကကော ရှိသေးရဲ့လား (မရှိပါ ဘုရား)။ ရှိတယ်ဆိုရင် တစ်ယောက်တည်းနဲ့ နှစ်ခုဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ် ရောက် တယ် (မှန်လှပါ ဘုရား) နှစ်ခု ဘယ်တော့မှ မဖြစ်ရ ဘူး (မှန်လှပါ ဘုရား)။ တစ်ခုဖြစ်ပြီးမှ ဘာဖြစ်ရမလဲ (တစ်ခု ပေါ်ရ ပါမယ်)။ တစ်ခုပေါ် ရမယ် (မှန်လှပါ)။

ဒါဖြင့် ဉာဏ်ပေါ်တဲ့ အချိန်မှာ သူမရှိတော့ဘူး (မှန်လှပါ ဘုရား)။ ဒါမရှိတော့ဘူး (မှန်လှပါ)။ သဘော ကျလား (ကျပါ ဘုရား)။ ပျက်တာလေးကိုသိ (မှန်လှပါ)။ ပျက်သွားပြီလို့သိ (မှန်လှပါ)။ ရိပ်မိကြလား (ရိပ်မိပါ ဘုရား)။ နားလည်ပြီနော် (မှန်လှပါ ဘုရား)။ ပျက်သွားပြီလို့ သိတော့ ဦးစံရီ ဒီမှာတင် ဘာပါတုံး ဆိုလို့ရှိရင် ဒီထဲမှာ အင်း နာမ်ဖြင့်လည်းနာမ်, ရုပ်ဖြင့်လည်း ရုပ် ဆိုတော့ နာမ်ရုပ်ကို သိတဲ့ဉာဏ်ဟာ ဒီထဲဝင်နေ ဒီထဲ ယထာဘူတ ဉာဏ်ထဲမှာ (မှန်လှပါ)။

ဒါ ယထာဘူတ ဉာဏ်ထားပါတော့ (မှန်လှပါ) ဒါ ယထာဘူတ ဉာဏ်နော် (မှန်လှပါ)။ အဲ့ဒီတော့ ယထာဘူတ ဉာဏ်ထဲမှာတဲ့ နာမ်လို့လည်း သိတာလေးကလည်း နာမရူပ ပရိစ္ဆေဒ ဉာဏ်ကလည်း သူ့ထဲ ဝင်နေတာကွ တဲ့။ (မှန်လှပါ ဘုရား)။ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးဆိုတာ လေးလည်း ခင်ဗျားတို့ သိပြီးသား (မှန်လှပါ)။ ဒီနာမ် လေးဟာ အာရုံထဲက ဖြစ်တယ် ဆိုတာ သိပြီးသား (မှန်လှပါ)။ အဲ့ဒီတော့ ပစ္စယပရိဂ္ဂဟ ဉာဏ်ထဲ ပါနေ (မှန်လှပါ)။

အပျက်မြင်ရင်လေးဉာဏ်ပါတယ်

ဒါလေး သုံးသပ်တယ် ဆိုတော့ ဉာဏ်နဲ့လှည့်ပြီး သုံးသပ်တော့ သုံးသပ်တဲ့ ဉာဏ်လဲ မပါဘူးလား (ပါပါ တယ် ဘုရား)။ ဒါလေးဟာ ဖြစ်ပြီး ပျက်တာဘဲ လို့ကော မသိ ဘူးလား (သိပါတယ်)။ အင်း- ဒီထဲမယ် လေးပါး ပါတယ် (မှန်လှပါ)။ နာမရူပ ပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်, သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ် ဒီထဲပါနေတယ်, ဒီထဲ ပါသွားပြီ (မှန်လှပါ)။ လေးဉာဏ် ပါတယ် (မှန်လှ ပါ)။ ဒါဖြင့် ဒီဉာဏ်တစ်ခုတည်းလုပ်, ခင်ဗျားတို့ အပျက်သာ မြင်အောင် ကြည့် နေ၊ ဘယ်နှစ် ဉာဏ်ပါသွားတုန်း၊ (လေးဉာဏ် ပါသွားပါတယ် ဘုရား)။

ဒါ အားထုတ်ရမှာလားတဲ့ ဒီထဲ အတွင်းဝင်သွားလား (ဒီထဲ အတွင်းဝင် သွားတာပါ)။ အတွင်းဝင် သွားတဲ့ ဥစ္စာ စာကို တန်းရေး နေတော့ – စာရေးတဲ့ ဆရာနောက်, ကျုပ်တို့ အလုပ်သမားက လိုက်နေတယ် (မှန်လှပါ)။ စာက ဒီလိုရေးလို့ ဒီလို အစဉ်အတိုင်း တက်ရမယ် ဖြစ်နေ တယ်၊ (မှန်လှပါ)။ ဟိုက အတွင်းဝင်သွားတာကို ရေးတယ် (မှန်လှပါ)။ ဒီသုံးခုသည်ကား ဆိုလို့ရှိရင် ဟောဒီ တစ်ဉာဏ် လုပ်လိုက်လို့ ရှိရင်ဖြင့် ဟောဒီ သဘောလက္ခဏာတွေ အကုန် ပါသွားတယ် (မှန်လှပါ)။ ဒါပြောတာ အဲ့ဒါကိုနောက် လူတွေက ဘယ့်နှယ်ဖြစ်နေတုန်းဆို ဒီအစဉ်အတိုင်း တက် ရမယ် ဖြစ်နေတာကိုး ကြာနေတာပေါ့ (မှန်လှပါ)။

လေးခု ဆင့်တက်ရမယ် ဆိုတော့ ဦးစံရီ ဘယ့်နှယ်နေ တယ်, ကြာနေတယ်၊ (ကြာနေ ပါတယ်)။ ဘုရား ဟောတော်မူ တာလို့ ရိပ်မိပြီလား (မှန်ပါ) ဒီဉာဏ်ထဲမှာ, ဒီဉာဏ်ဘဲ ကွ (မှန်လှပါ) နောက်မှ ဒီဉာဏ်ထဲမှာ ဒီလေးခု, ဒီဉာဏ် တစ်ခု ရှုလိုက်ရင် ဒီလေးခု ကိစ္စပြီးသွားတယ် (မှန်လှ ပါ)။ သဘောကျလား (ကျပါတယ်)။

ယထာဘူတဉာဏ်ထဲဉာဏ်လေးမျိုးဝင်တယ်

ယထာဘူတဉာဏ်ထဲမှာ ဉာဏ်ဘယ်နှစ်မျိုးဝင်သွား သလဲ (လေးမျိုးပါ)။ အေး-နာမရူပ ပရိစ္ဆေဒဉာဏ်, ပစ္စယ ပရိဂ္ဂဟဉာဏ်, သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်, (မှန်လှပါ)။ ဖြစ်ပျက် မြင်တဲ့ အထဲ အကုန်ပါ သွားတာပေါ့ (ပါသွားပါတယ် ဘုရား)။

ဖြစ်ပျက်က ဒါဖြင့် ဘယ်သူ့ ဖြစ်ပျက်တုန်း မေးလို့ရှိ ရင် နာမ်, နာမ်ရှုတဲ့လူက, နာမ် ပြောမှာဘဲ (မှန်လှပါ)။ ဟုတ်ဘူးလား (မှန်ပါ)။ အဲ့ဒီတော့ နာမ ရူပပရိစ္ဆေဒ ဉာဏ် ပါမသွားဘူးလား (ပါသွားပါတယ် ဘုရား)။ ဒီဉာဏ်ဟာ ခုမှ ပေါ်တာလား အရင်က ပေါ်တာလား, ခုမှ ပေါ်တာ ဆိုတော့ ဒီအကြောင်း သိနေပြီ (မှန်လှပါ ဘုရား)။ ဟုတ်ဘူးလား (မှန်လှပါ)။ ဒီဉာဏ်ကို မသုံးသပ်ပဲနဲ့ လည်း ခင်ဗျားတို့ သုံးသပ်တဲ့ ဉာဏ်ဟာလည်း ပါပြီးသားပဲ မနေပေဘူးလား (ပါသွားပါတယ် ဘုရား)။

ဘုရားကသုံးဉာဏ်ပဲ ဟောတယ်

ကြည့်လိုက်တဲ့ အခါလည်း ပျက်သွားပြီ ဆိုတည်းက, အင်း-ဖြစ်ပြီးလို့ ပျက်တာဘဲ ဆိုတာကော (ပါပါ ဘုရား)။ အင်း ဒါကြောင့် လေးခု ပါသွားပြီ (မှန်ပါ)။ အဋ္ဌကထာ ဆရာ, နောက်မှ လိုက်ရေး ရတဲ့ ဆရာက ဘုရား နောက်ကို (မှန်လှပါ)။ ဘုရားကတော့ ဒါဘဲပြတယ်, ငါထားတာတဲ့ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။ ဘုရားက ဘယ်နှ ဉာဏ် တုန်း (လေးဉာဏ်ပါ ဘုရား)။ သုံးဉာဏ်ပါ။ (မှန်လှပါ)။

ဟိုထဲ ပါသွားလိမ့်မယ်, ဘုရားက သုံးဉာဏ်ပဲ ဟောတယ် (မှန်လှပါ)။ ဟင် (မှန်ပါ)။ ဘုရားက သုံးဉာဏ်ဘဲ ဟောတယ်တဲ့ ကိုင်း ဒါဖြင့်, ဒီထဲ သုံးဉာဏ်ပါ သွားတော့ ဟော နိဗ္ဗိန္ဒဉာဏ်ထဲမှာ သူနှင့် တကွ ငါးဉာဏ် ပါတယ်, ဘာလဲ ဆိုတော့ ဥဒယဗ္ဗယပြီးတော့ ဘင်္ဂဆိုတာ လည်း ပျက်လို့ မုန်းတာဗျ (မှန်ပါ)။ အလကား ခိုင်းတာလား ဦးစံရီ (ပျက်လို့ မုန်းတာပါ ဘုရား)။ ဘင်္ဂ ပါမသွားသေး ဘူးလား (ပါပါတယ် ဘုရား)။ မပါသေးဘူးလား (ပါပါတယ် ဘုရား)။ သဘောအားဖြင့်ကို ပါသွားပြီ (မှန်လှပါ)။

ဘယ်သူမှ တွေးမနေနဲ့တော့ (မှန်လှပါ)။ ဘာဖြစ် လို့ မုန်းတာတုန်း မေးရင်လည်း ဦးဝင်း အဖြေ ထွက်မယ် (မှန်ပါ)။ ပျက်လို့ မုန်းတာ (မှန်လှပါ ဘုရား)။ ဘင်္ဂ မပါသေးဘူး လားဗျ (ပါပါတယ် ဘုရား)။ ပျက်တာကလည်း ဘာဖြစ်လို့ ပျက်ရတာ တုန်းဗျ, အို ဖျက်ဆီးတဲ့ တရားက ဖျက်ဆီးလိုက်လို့ ဘေးသင့် ပျက်တာ, ဟော ဘယဉာဏ် ပါနေတယ် (မှန် လှပါ)။ ဘေးသင့်လို့ ပျက်တာ မပါသေး ဘူးလားဗျ (ပါ ပါတယ် ဘုရား)။

အဲ့ဒါတွေကို တစ်ခါဉာဏ်စဉ် လိုက်နေရင် မခက်ဘူး လားလို့ ကြာနေမှာပေါ့ (မှန်လှပါ)။ အာဒီနဝ- သြော် ဒီအပျက်ကြီး မြင်ရတာ အပြစ်သင့်နေတာဘဲ ဆိုတာကို ဦးစံရီ ပြောဖို့ လိုသေး လား (မလိုပါဘူး ဘုရား)။ ဒါချည်းမြင်, ငြီးငွေ့မှာဘဲပေါ့ (မှန်လှပါ)။ ငြီးငွေ့တာဘဲ ဟုတ်လား, ငြီးငွေ့ ပြီးတော့ ကော ငြီးငွေ့ရုံနဲ့လဲ မလွှဲသာ မရှောင်သာဖြစ်တော့ ပေကြည့် နေရမှာဘဲ ဆိုတော့ သင်္ခါရုပေက္ခာ ဉာဏ်တွေ ကော ဒါ ပါမလာဘူးလား (ပါလာ ပါတယ်)။

နိဗ္ဗိန္ဒဉာဏ် ထဲ ခြောက်ခုပါသွားတယ်

အဲ့ဒါကြောင့် သူ့ထဲမှာ ခင်ဗျားတို့ ဘယ, အာဒီနဝ, နိဗ္ဗိန္ဒ၊ မုစ္စတု ကမျတာဉာဏ်, ပဋိသင်္ခါဉာဏ်, သင်္ခါရုပေက္ခာ ဉာဏ်ကွ, ခြောက်ခု တစ်ခါတည်း ပါသွားတယ်, ဒီထဲမှ နိဗ္ဗိန္ဒ ထဲမှာ ခြောက်ခု ပါသွားတယ်, ရိပ်မိပြီလား (မှန်ပါ)။ နိဗ္ဗိန္ဒထဲ ခြောက်ခု ပါသွားတော့ ခုနကလေးခုနဲ့ ပေါင်းတော့ တစ်ဆယ် မနေဘူးလား (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါ ဘုရား)။ တစ်ဆယ် ပါသွားပြီနော် (မှန်ပါ)။

ကောင်းပြီ, ကောင်းပြီ နိဗ္ဗိန္ဒန္တော – ငြီးငွေ့ပြီးသည်ရှိ သော်။ ဝိရဇ္ဇတိ၊ မလိုချင်တဲ့မဂ် ပေါ်၏ (မှန်ပါ)၊ မလာ ဘူးလား (လာပါတယ်)။ ဒါက ဦးဝင်း တို့ ရတဲ့ ပါဠိ (မှန်ပါ)၊ ဝိရဇ္ဇတိ-မလာဘူးလား (လာပါတယ်) ဝိရဇ္ဇတိက မဂ်ပဲတဲ့ (မှန်လှပါ ဘုရား)။ အဲ့ဒီ မဂ်ဉာဏ် ပေါ်ပါတယ် ဆိုကတည်းကိုက မဂ်ဉာဏ် ပေါ်တယ် ဆိုထဲက မဂ်ရှေ့ကဟာ တွေက မဂ်ကို မဂ္ဂ ဝီထိထဲ အပါအဝင် ဖြစ်နေတော့ အနုလုံတို့ ဂေါတြဘူတို့ မဂ်တို့ ဆိုတာက ဒါမပါဘဲ ဖြစ်ပါ့မလား (မဖြစ်ပါဘူး)။

မဂ္ဂဝီထိ ကျနေတော့ကော သူတို့ရှေ့က မလာရပေ ဘူးလား (လာရပါတယ်။ သူတို့ချည်း လာစမ်းပါဆိုတော့ လာဖြစ်ရဲ့လား (မလာပါဘူး)။ မဂ်ပေါ်မလို့ လာတာ ဖြစ်နေတော့ ရှင်ဘုရင် ထွက်မယ်လို့ ရှေ့တော်ပြေး လာတာ (မှန်ပါ)။ ရှင်ဘုရင်က အမိန့် လွှတ်လိုက်တာ (မှန်လှပါ)။ မင်းတို့ ရှေ့က လမ်းရှင်းနှင့် (မှန်လှပါ)။ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။

မဂ်ဉာဏ်ထဲငါးခုပါတယ်

အဲ့ဒီတော့ မဂ်ပေါ်မယ်ဆိုတော့ လာတဲ့ဉာဏ် (မှန်လှပါ) ဂေါတြဘူဉာဏ်တို့ အနုလောမဉာဏ်, ဂေါတြဘူ ဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်, (မှန်လှပါ)။ ဒါ ဒီမဂ်ထဲ မဂ်၏ အခြံအရံ ချည်းမှတ် (မှန် လှပါ)။ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။ အဲ့ဒီတော့ ဒီထဲမှာ အနုလောမဉာဏ်, ဂေါတြဘူဉာဏ်, သူက မဂ်ဉာဏ်, ပြီးတော့ ဖိုလ်ဉာဏ်, ပစ္စဝေက္ခဏာ ဉာဏ်, ငါးခုပါ မသွားဘူးလား (ပါသွားပါတယ် ဘုရား)။ ကုန်ရောပေါ့ဗျာ (မှန်လှပါ)။ မကုန်သေးဘူးလား (ကုန်ပါတယ် ဘုရား)။ ရှင်းပြီလား (ရှင်းပါ ဘုရား)။

စာစီကုံးနေလို့ရှည်တာ

ကဲဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အခုအားလုံး ဟောနေကြတဲ့ ဉာဏ်တွေဟာ ဒီထဲမှာ ဘုရားကတော့ ဒီသုံးခုဘဲ တိုက်ရိုက် ဟောခဲ့တယ် (မှန်လှပါ) တစ်ခု လုပ်လို့ ရှိရင် ဆိုင်ရာ လေးခု ပါတယ်, ဒီတစ်ခု လုပ်လို့ ရှိရင် ဆိုင်ရာ ခြောက်ခု လောက်ပါတယ် (မှန်ပါ)။ ဒီတစ်ခု လုပ်လိုက် လို့ရှိရင် ဆိုင်ရာငါးခု အကုန်ပါသွားတယ် (မှန်လှပါ)။ အဲ့ဒါ စာစီကုံးနေလို့ ရှည်နေတာ အလုပ် တစ်ခုထဲ ပါသွားတယ်၊ သဘောကျလား (ကျပါ ဘုရား)။

ဥပမာ ဘုရားက ဆွဲလိုက်ပါတဲ့ သစ်တုံးကြီးကို လွှနဲ့ ဆွဲလိုက် သစ်တုံးကြီး နှစ်ခြမ်းခွဲဖို့လည်း ဒီလွှပဲ, ဒီနှစ်ခုဖြစ်သွား တယ် (မှန်လှပါ)။ လွှစာကျဖို့ကော (ဒီလွှပဲ) ဒီလွှဲပဲ မနေ ပေဘူးလား၊ ဒီပြင် အသုံးတည့်တဲ့ နေရာသုံးဖို့ကော (ဒီလွှပါ ပဲ)။ ဒီလွှ တစ်ခုတည်းက ကိစ္စ ဘယ်နှစ်ခု ဆောင်ရွက်သတုံး မေးရင် ဘယ့်နှယ်လဲ၊ အမျိုးမျိုး ရွက်ဆောင်တယ် (မှန်လှပါ)။

ရှင်သာရိပုတ္တရာရေးတာ

မရပေဘူးလား (ဖြေရပါတယ်)။ ကောင်းပြီ ဒါဖြင့် ဒီဉာဏ်တစ်ခုတည်းက အမျိုးမျိုး ရွက်ဆောင်တယ် (မှန်လှပါ)။ ဒီဉာဏ် တစ်ခုကကော (အမျိုးမျိုး ရွက် ဆောင်ပါတယ်) ဒီဉာဏ် တစ်ခုကကော (အမျိုးမျိုးရွတ် ဆောင်ပါတယ်)။ အဲ- သူအမျိုးမျိုး ရွတ်ဆောင်တာ ရှိတော့ကို ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး ဉာဏ်တော်နဲ့ ကြည့်လိုက် တော့ ဒီသုံးခုဆို ပြီးတာပါပဲကွာ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါ ဘုရား)။

ဒါဖြင့် ယထာဘူတဉာဏ်, နိဗ္ဗိန္ဒဉာဏ်, မဂ်ဉာဏ်, ဒီသုံးဉာဏ်သာ ရှိတယ်, ဟုတ်လား, အဲ့နောက်ရေးတဲ့အခါ နောက် သည်ဆယ့်ခြောက်ပါးလို့ ရေးတာက ရှင်သာရိပုတ္တရာ ရေးတာ ရှင်သာရိပုတ္တရာ ရေးတာ, ပဋိသမ္ဘိဒါမဂ် ဆိုတာ က လာတယ် (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။ ဝိသုဒ္ဓိမဂ် ဆိုတာကတော့ ဒါနောက် လူတွေ ရေးတာ အဲ့ဒီတော့ ဒီထဲမှာလေး ဉာဏ်ပါသွားတယ်, ယထာဘူတဉာဏ် ဒီမှာ ခြောက်ဉာဏ်ပါ သွားတယ်၊ (မှန်ပါ)။ ဒီထဲမှာ ငါးဉာဏ် ပါသွားတယ်၊ (မှန်လှပါ)။ မစုံသေးဘူးလား၊ (စုံပါတယ် ဘုရား)။

ဒီအတိုင်းသာလုပ်စမ်းပါ

အဲ့ဒီတော့ ဒကာ- ဒကာမတို့ ခင်ဗျားတို့ကျတော့ ဆရာဘုန်းကြီး အရင်းအချာတွေ ဖြစ်နေတော့ ဒီတိုင်းသာလုပ် စမ်းပါ၊ (မှန်လှပါ ဘုရား)။ ပထမ အပျက်ကိုသာ မြင်အောင် ကြည့်၊ဒုတိယ အပျက် မုန်းအောင်သာ ကြည့် (မှန်လှပါ) တတိယ အပျက်မဆုံးသေး ဆုံးအောင် သာကြည့်၊ (မှန်ပါ)။ ပြီးရော ခင်ဗျားတို့ (မှန်လှပါ)။ အပျက် ဆုံးရင် ဘာတွေ့မယ် ထင်တုန်း၊ (နိဗ္ဗာန် တွေ့မှာပါ)။ နိဗ္ဗာန် တွေ့မယ်၊ (မှန်လှပါ)။

ဒါ ဆုတောင်း နေရသလား, အပျက်ဆုံး အောင်လိုက် ရင်တွေ့တာဘဲလား၊ (အပျက် ဆုံးအောင် လိုက်ရင် တွေ့တာပါ) တံတားအတက် ကြည့်လိုက်ဗျာ၊ ဒီဟာ တံတားဦး ဆိုရင် ဒါတံတား အဆုံးဘဲဗျ၊ (မှန်ပါ)။ မဟုတ်ဘူးလား၊ (မှန်ပါ)။ ဒါ့ကြောင့် သူက နိဗ္ဗာန်ခရီး (မှန်ပါ)၊ ဒါက တံတား အလယ် (မှန်ပါ)။ ဒါက နိဗ္ဗာန်အဆုံး, ဒါက နိဗ္ဗာန်အဆုံး ဒါက ရှင်းပြီလား၊ (မှန်ပါ)။

ကဲ-ဒါဖြင့် ဒကာဒကာမတို့ ဒီတိုင်း အလုပ် လုပ်တတ် ပြီလား ဉာဏ်ဘယ်နှစ်ခုနဲ့ လုပ်ကြမလဲ (သုံးခုနဲ့ လုပ်ရ ပါမယ်) သုံးခုနဲ့လုပ်, ဟိုဟာတွေ ဆုတောင်းမနေနဲ့ သူ့ဟာသူ ဝင်လာလိမ့်မယ် (မှန်လှပါ) ကိုယ့်ဟာကိုယ် စဉ်းစား အပျက်ကလေးတွေ မြင်ပါလား, မြင်ပါလားလို့သာ ကြည့်နေ ကြ ကြည့်နေရင် ဒီဉာဏ် ရလာမယ် (မှန်လှပါ) ဒီဉာဏ် ရလာရင် ဒီဉာဏ် လာတော့မယ် (မှန်လှပါ) ဒီဉာဏ် ရလာလို့ ရှိရင်လည်း ဒီဉာဏ်လာမယ် (မှန်ပါ)။

ဒါ့ကြောင့် တရားပွဲအဆုံးမှာ တရားစလိုက်တုန်းက ဒီဉာဏ်ရတယ် တရား အလယ်လောက် ကျရင် ဒီဉာဏ် ရကုန် တယ် (မှန်လှပါ) တရားအဆုံး ဒီဉာဏ်ရတယ် (မှန်လှပါ) ဒါကြောင့် တရားပွဲပြီး ကိစ္စပြီး ကုန်တယ် (မှန်လှပါ ဘုရား) ကဲ မမြန်ဘူးလား (မြန်ပါတယ် ဘုရား) ဒီလို ဆယ့်ခြောက်ခုဆို မခက်ဘူးလားဗျာ (ခက်ပါတယ် ဘုရား) ဒီဥစ္စာလည်း စာမို့လို့ ဆယ့်ခြောက်ခုလို့ ရေးရတာပါ ဦးစံရီ ရာ, သူ့ အကြောင်းအရာ ပေါ်တာနဲ့ ဆိုလိုက်တော့လည်း ဒါဘဲ ပြန်ပြနေတယ် (မှန်လှပါ) မဟုတ်ဘူးလား (မှန်ပါ့) ဒါဘဲ ပြန်ပြတယ် ဆိုတာ သဘောကျကြလား (သဘောကျပါတယ် ဘုရား)။

ပထမဘာကြည့်ရမှာလဲ

ဒါဖြင့် ဘုန်းကြီးတို့ ဒကာဒကာမတို့ အလုပ်စဉ်ရပြီ လား (ရပါပြီ ဘုရား) ပထမ ဘာကြည့်ရမလဲ, ဖြစ်ပျက် မြင်အောင် ကြည့်ရမယ် (ဖြစ်ပျက် ကြည့်ရပါမယ် ဘုရား) ဒုတိယ ဘာကိုကြည့် ရမလဲ၊ (ဖြစ်ပျက် မုန်းအောင် ကြည့်ရပါမယ်) တတိယ ဘယ်လို ကြည့်ရ (ဖြစ်ပျက်ဆုံးအောင် ကြည့် ရပါမယ်) အဲ့ ဒါမှတ်ထား ဒါမှတ်ထား ဦးသိန်းရွှေ မှတ်မိလား (မှန်ပါ့)။

ဒါဘဲ ပထမ ဘာကြည့်ကြမလဲ (ဖြစ်ပျက်မြင် အောင် ကြည့်ကြရပါမယ်) ဒုတိယ ဘာတုန်း (ဖြစ်ပျက် မုန်းအောင်ကြည့် ရပါမယ်) တတိယ ဘာတုန်း (ဖြစ်ပျက်ဆုံး အောင် ကြည့်ရပါမယ်)။ ဖြစ်ပျက် ဆုံးအောင် ကြည့်ဆိုတဲ့ ဥစ္စာ အခြား မဟုတ်ဘူး ဒီဖြစ်ပျက်ကြီးကို ရွံမုန်းပြီး မလိုချင်အောင် ကြည့်လိုက်တဲ့ အခါ, မလိုချင် ပျောက်သွားတာ ကို အဲ့ဒါ ဆုံးတာဘဲ (မှန်လှပါ ဘုရား)။ ဆုံးလို့ရှိရင် ဖြစ်ပျက်လဲ ဆုံးရော ဖြစ်ပျက် မရှိတာချည်း ပေါ်လာတယ် (မှန်လှပါ) ရှင်းပြီလား (ရှင်းပါ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ပေါ်လာတယ်ဆိုတာ သဘောကျလား (ကျပါ ဘုရား)။ ကဲ-ဦးဘဦး၊ မလုပ်တတ် စရာ ရှိသေးလား (မရှိပါ ဘုရား)။ ဒီတစ်ကြိုးတည်းလိုက် ဗျာမများနဲ့ ဗျာများ မနေနဲ့ ဦးဘဦး၊ ခန္ဓာကိုယ် ထဲမှာ ဝေဒနာကို တစ်ကြိုး တည်း လိုက်ချင်လိုက်, စိတ်တစ်ကြိုးတည်း လိုက်ချင်လိုက်, ရုပ်ဖြင့် ရုပ်တစ်မျိုး တည်းလိုက်ချင်လိုက် (မှန်လှပါ)၊ နောက်ဆုံးပိတ်တော့ ဘာရှူရှူ ဒါလဲ အပျက်ပဲ (မှန်လှပါ)။

ရုပ်ရှုတဲ့ပုဂ္ဂိုလ်ကလဲ အပျက် မြင်အောင်ရှုတာပဲ (မှန်လှပါ)၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကရော (အပျက် မြင်အောင် ရှုတာပဲ)။ ဘာရှုရှု (ဘာမှမထူးပါ ဘုရား)၊ ဘာထူးသေး လဲ (မထူးပါ ဘုရား) သဘောကျ ပလား (ကျပါ ဘုရား)။

ကိုယ့်ဉာဏ်ကတော့ဖြင့် တပည့်တော်တို့ ရုပ်မှာသာ အပျက် မြင်တယ် ဆိုရင် ရုပ်ရှု (မှန်လှပါ ဘုရား)၊ ဟုတ် ဘူးလား (မှန်လှပါ)၊ မရှုတတ်လို့ ဘယ်ရုပ် ဘယ်လိုရှုရမတုံး ဆိုတော့ ဘုန်းကြီး ပြောမယ်ပေါ့လေ ဟုတ်ဘူးလား (မှန်လှပါ)။ အဲ့ဒီတော့ အခုအချိန် မှာတော့ဖြင့် ဘာမှာ မများနဲ့ ဦးဝင်းတို့ အရင်ပေါ်တဲ့ စိတ်ကို နောက်ဉာဏ်က သာရှု နေ၊ ရှုနေတော့ စိတ်ကလဲ တစ်ကိုယ်လုံး ပေါ်နေတဲ့ စိတ်တွေကော မရှိဘူးလား (ရှိပါ ဘုရား)။

သုခစိတ် တစ်ကိုယ်လုံးပေါ်တယ် (မှန်လှပါ ဘုရား)။ ဒုက္ခစိတ် ဆိုရင်ကော (တစ်ကိုယ်လုံး ပေါ်ပါ တယ် ဘုရား) အဲ့ဒါ သူပေါ်တဲ့ နေရာကို လှည့်ရှု (မှန်လှပါ) လှည့်ရှုနေလို့ ရှိရင်ဖြင့် ကြာတော့ ဒီရုပ်ကြီး ပျောက်ထွက် မယ် အပျက်ချည်း မြင်နေတယ်, ဒီရုပ်ကြီး ပျောက်ထွက် သွားတယ်၊ အပျက်ချည်း မြင်နေတယ်, အပျက်ချည်း မြင်နေတဲ့ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ဟာ စဉ်းစားလည်း ကြည့်ကြပါတော့ ဦးစံရီ-ရ။

အပျက်ချည်းမြင်နေတဲ့ တစ်ဦးတစ်ယောက် ဟာ သူ့ စိတ်ထဲမယ် သူ့ဉာဏ်ဟာ ဘယ်လို ပြောင်းလာလိမ့် မယ်လို့ ထင်သလဲ (မုန်းလာတယ်လို့ ပြောမှာပါ ဘုရား) ဒါ သူ့ဟာသူ တက်တာ (မှန်လှပါ)။ ခင်ဗျားတို့က တက်ပါ ရစေဆိုလို့ မရဘူး (မှန်လှပါ)။ သဘောကျလား (ကျပါ ဘုရား)

မဂ်နဲ့လျော်တဲ့ပုဂ္ဂိုလ်

အဲ့ဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟော တယ်, နိဗ္ဗိန္ဒ ဇဋိလသုတ် ဆိုပြီး မနေ့ကပဲ ကျောင်းမှာ ဟော တယ်၊ “ယော ဘိက္ခဝေ ယံ ဘိက္ခဝေ ရူပံ နိဗ္ဗိန္ဒန္တော” အကြင် ပုဂ္ဂိုလ်သည်တဲ့ ရုပ်ရှုရင် ရုပ်ငြီးငွေ့ လာလိမ့်မယ်၊ ရုပ်ငြီးငွေ့ လာလိမ့်မယ် ရုပ်ကိုငြီးငွေ့တာ များအောင် ရှုလိမ့်မယ်၊ အဲ့ဒီ ငြီးငွေ့တာ များအောင် ရှုတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လို ပုဂ္ဂိုလ်လို့ ခေါ် မတုံးလို့ မေးလို့ ရှိရင် ငါဘုရား ဟောမယ်၊ လောကုတ္တရာနဲ့ လျော်အောင် ကျင့်နေတဲ့ ပုဂ္ဂိုလ်လို့ ငါဘုရား အမိန့်ပေးလိုက် တယ်တဲ့ (မှန်လှပါ ဘုရား)။ မဂ်နဲ့ လျော်အောင် ကျင့်တယ် (မှန်လှပါ) ငြီးငွေ့အောင် ရှုတဲ့ ပုဂ္ဂိုလ်ဟာ မဂ်နဲ့ လျော်ပြီကွတဲ့ သဘောကျကြလား (ကျပါ ဘုရား)။

ငြီးငွေ့အောင်ရှုတဲ့ ပုဂ္ဂိုလ် ဘာဆိုကြမယ် မဂ်နဲ့ လျော်တဲ့ ပုဂ္ဂိုလ်ပါဘုရား၊ မဂ်ရဖို့ လျော်နေပြီ (မှန်လှပါ ဘုရား)၊ သဘောကျလား (ကျပါ ဘုရား)။ ငြီးငွေ့အောင်ရှုတဲ့ ပုဂ္ဂိုလ်သည် ဘာနဲ့ လျော်သတုံး (မဂ်နဲ့လျော်ပါတယ် ဘုရား)။ ရှင်းပြီနော် (မှန်လှပါ)။ ငြီးငွေ့အောင်ရှုတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်ဟာနဲ့ အလျော်ဖြစ်မတုန်း (မဂ်နဲ့ အလျော် ဖြစ်ပါတယ် ဘုရား)။

ကောင်းပြီ ဒါ ရတဲ့ ပါဠိနဲ့ ကိုက်ပါလိမ့်မယ် (မှန်လှပါ)။ ဟောဒါက ဓမ္မာနုဓမ္မပဋိပတ္တိ ဆိုတာ နှစ်ခု ရှိတယ်နော် (မှန်လှပါ)။ ဟောဒါက ဓမ္မ, လောကုတ္တရာတရား ကိုးပါး (မှန်လှပါ ဘုရား)။ ဟောဒါက ဓမ္မာနုဓမ္မပဋိပတ္တိ (မှန် လှပါ)။ ဒီရဖို့ လျော်အောင် ကျင့်တဲ့ အကျင့် (မှန်လှပါ)။ ဟောဒါက ဓမ္မနော် (မှန်လှပါ)၊ ဒါက ဓမ္မနဲ့ လျော် အောင်ကျင့်တဲ့ အကျင့်, သူက ဓမ္မာနုဓမ္မပဋိပတ္တိ သူက ဓမ္မ, သူက အနုပဋိပတ္တိ သဘောကျလား (ကျပါ ဘုရား)။

သူက အနုပဋိပတ္တိ ဆိုတော့ သူနဲ့ လျော်အောင် ကျင့် လိုက်လို့ရှိရင် သူ့ကို ရောက်အောင် ဒီနိဗ္ဗိန္ဒ ဉာဏ် များများ ကျင့်လိုက်ရင် သူ့ကို ဆုမတောင်းနဲ့ (မှန်လှပါ)။ သူ့ဆီရောက် သွားမယ် (မှန်လှပါ) ဘာဖြစ်လို့ တုန်းတဲ့ သူ့ရောက်လို့ သူက လျော်နေတာကွတဲ့ (မှန်ပါ)။ ဒါဖြင့် သူက အနု, ဓမ္မာနု ဓမ္မပဋိပတို့မှာ သူကဓမ္မ, သူက ဓမ္မအနုပဋိပတ္တိ (မှန်လှပါ ဘုရား)။

ဒါကြောင့် “ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိ” ဣမာယ ဓမ္မာနု ဆိုတော့ ဒီက ဓမ္မနော် (မှန်လှပါ) သူက ဓမ္မပဋိပတ္တိ (မှန်လှပါ)။ တရားနဲ့ လျော်တယ်, ဟောဒီ မဂ်တရားရဖို့ လျော်တယ်, ဒါဖြင့်သူက မဂ်တရားရဖို့ လျော်တဲ့ နိဗ္ဗိန္ဒဉာဏ်, ဒါဖြင့် ဒီ နိဗ္ဗိန္ဒဉာဏ်ကို လျော်တဲ့ ဉာဏ်ကို ရနေတဲ့ ပုဂ္ဂိုလ်ဟာ ဒီရောက်မလား, မရောက် ဘူးလား သာတွေး (ရောက်ပါတယ် ဘုရား)။ သူနဲ့ပဲ လျော်အောင်လို့ ဖြစ်ပျက်ငြီးငွေ့အောင် ကြည့်တာ (မှန်လှပါ)။ ငြီးငွေ့ ရင်းမတ်တတ်နဲ့ ပဲ မလိုချင် ဆိုတဲ့ ဥစ္စာ တက်လာ တယ် (မှန်လှပါ)။ ဒါဖြင့် သူကဓမ္မ, သူကဓမ္မ အနုပဋိပတ္တိ။

ခင်ဗျားတို့ ဘုရားရှိခိုးတဲ့ အခါ ဓမ္မာနုဓမ္မပဋိပတ္တိ ဆိုတာ သူနဲ့သူကို ဆိုတယ် (မှန်လှပါ)။ ခင်ဗျားတို့က ဘုရားရှိခိုး နေလို့ ခက်နေတာ (မှန်လှပါ ဘုရား) ရိပ်မိ ပလား (ရိပ်မိပါ ဘုရား)။ ခင်ဗျားတို့က ဘုရားရှိခိုးနေလို့ ခက်နေတာ၊ ဓမ္မဆိုတာ ကလေးကို ဘုရားက လောကုတ္တရာ တရားကို ဆိုတာ (မှန်လှပါ)။ ဓမ္မအနု ပဋိပတ္တိ ဆိုတာက နိဗ္ဗိန္ဒဉာဏ်ကို ဆိုတာကွတဲ့ (မှန်လှပါ ဘုရား)။ သူကမှ ဒီလျော် ဒီရောက်အောင် လျော်နိုင်တယ်တဲ့၊ ဒီပြင်ဟာက ဘာမှ မလျော်ဘူးတဲ့ (မှန်လှပါ)။ နိဗ္ဗိန္ဒ ဉာဏ်ကမှ ဒီကို ရောက်ဖို့ လျော်တဲ့နည်းနဲ့ ပို့တယ် (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါ ဘုရား)။

သူက ဓမ္မ, သူက ဓမ္မနဲ့လျော်တာ (မှန်လှပါ)။ ရှင်းပြီလား (ရှင်းပါ ဘုရား)။ သူက ဓမ္မနော်, သူက ဘာတုန်း (ဓမ္မာနုပဋိပတ္တိပါ ဘုရား)။ ဒါဖြင့် ဓမ္မ, ဓမ္မာနုပဋိပတ္တိ (မှန် လှပါ)။ ရှင်းသေးဘူးလား, အဲ့ဒါ ခင်ဗျားတို့က ဗုဒ္ဓံ ပူဇေမိ လုပ်နေလို့ ခက်နေတာ, ဗုဒ္ဓံ ပူဇေမိ လုပ်ရမှာ မဟုတ်ဘူး, ဒီကို ရောက် အောင် လို့ ဒါကို ကျင့်ပေးလို့ ပြောတာ (မှန်လှပါ) ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။ နိဗ္ဗိန္ဒဉာဏ် ကျင့်လို့ ရှိရင် မင်းတို့ ဒီရောက်မယ် (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါ ဘုရား)။

ရွတ်တတ်တာနဲ့ ရွတ်နေရစ်တာပေါ့ (မှန်ပါ)။ ရွတ်တော့လည်း မမေ့တာပေါ့လေ ရိပ်မိကြပြီလား (ရိပ်မိပါ ဘုရား)။ ကဲ-ရှင်းပြီလား (ရှင်းပါ ဘုရား) (ရယ်ကြသည်)

ကျင့်ရမည့်ဥစ္စာရှိခိုးနေတယ်

ဓမ္မက ဒါနော် (မှန်လှပါ ဘုရား)။ ဓမ္မအနုပဋိပတ္တ က နိဗ္ဗိန္ဒဉာဏ် (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား)။ အေး ဓမ္မ အနုပဋိပတ္တိ အကျင့်တွေက အများကြီး ရှိတယ် (မှန်ပါ)။ ဒီနိဗ္ဗိန္ဒဉာဏ် ကို ဆိုတာ (မှန်လှပါ)။ ဒါ နိဒွိန္ဒဉာဏ်ကို ဆိုတာပါတဲ့ ဓမ္မ အနုပဋိပတ္တိ ဆိုတာ နိဗ္ဗိန္ဒဉာဏ် ဆိုတာ (မှန်လှပါ)။ ဓမ္မက လောကုတ္တရာ တရား အဲ့ဒါ စာဆိုထဲက ခင်ဗျားတို့က ပါသွားတာ, လောကုတ္တရာ တရား အား လျော်သော အကျင့် မြတ်ဖြင့် ရှိခိုးပါ၏ ဆိုတော့ ဂွကျသွားတယ်၊ အကျင့် ဘာမှ မပါဘူး၊ ရှိခိုးပါ၏ ပြီးတော့ ဆိုမိတိုင်း ပျောက်သွားတယ် (မှန်ပါ)။ ကျင့်ရမည့် ဥစ္စာ ရှိခိုးဖြစ်သွားတယ် ကိုယ့်ဟာကိုယ် အထဲမှာ ဘာဆိုလို့ ဘာမှန်းကို မသိလိုက်ဘူး (မှန်လှပါ ဘုရား)။ ဟုတ်ပြီလား ဦးဝင်း (မှန်ပါ)။

လောကုတ္တရာ တရား ကိုးပါး ဦးသန့်-ဦးစံရီ (မှန်ပါ)။ ဟုတ်လား (မှန်ပါ)။ လျော်သော အကျင့်တို့ ဖြင့် (မှန်ပါ) ကျင့်ပါ၏ ဆိုရင်လည်း ကိုက်တယ် (မှန်ပါ)။ ရှိခိုးပါ၏ ဆိုတော့ ဂွကျသွားရော (မှန်ပါ အကျင့်မှား နေတယ်) ဟင် ရှိခိုးပါ၏ ဆိုတော့ လုပ်ထားတာ က အများကြီး ကောင်းတာ လုပ်ထားတယ်၊ တော်ကြာ ဗုဒ္ဓ နုဿတိဘက် လှည့်သွားတယ်၊ နိဗ္ဗာန် ရမယ့်ဥစ္စာ ဗုဒ္ဓ နုဿတိ ဘက် လှည့်သွားတယ် (မှန်ပါ)။ ဘယ်လောက် များ ကြောက်စရာ ကောင်းတယ်ဆိုတာ အခုထက်ထိ မသိဘူး (မသိပါ ဘုရား) ခင်ဗျားတို့ ဒါကြောင့် မနေ့ကလဲ ပြောလိုက် ရတယ်၊ ခင်ဗျားတို့ တောင်ရိုး တစ်ရိုး လုံးဟာ ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိတွေက ဗုဒ္ဓံ ပူဇေမိ ချည်း များတယ်လို့ (မှန်လှ ပါ)။

ဗုဒ္ဓံ ပူဇေမိ ချည်း လုပ်နေတယ် (မှန်လှပါ) ဒီက ဗုဒ္ဓံ ပူဇေမိမှ မဟုတ်ပဲဘဲ (မှန်ပါ)၊ ဒီက နိဗ္ဗိန္ဒဉာဏ် မဟုတ် ဘူးလား၊ ဒါကို ငြီးငွေ့တယ်, ငြီးငွေ့ တော့ ဒီမဂ္ဂကို မလျော် ဘူးလား (လျော် ပါတယ် ဘုရား)၊ အဲဒီတော့ ဒီငြီးငွေ့တာ များလို့ရှိရင် ဒီရောက်မယ်၊ ဒါကိုပြောတာ (မှန်လှပါ ဘုရား)။ ပူဇော်ရမယ် ပြောတာ မဟုတ်ဘူး၊ ငြီးငွေ့တာများအောင်လုပ် လုပ်လို့ရှိရင် မင်းတို့ မဂ်ဉာဏ် ရမယ်၊ (မှန် လှပါ)။ ဒါမှ လောကုတ္တရာ တရား လျော်တော့ မယ်ပေါ့ဗျ (မှန်ပါ)။ လောကုတ္တရာ တရားရမှုနဲ့ မလျော်ဘူးလား (လျော်ပါတယ် ဘုရား)။

ဒါဖြင့် နိဗ္ဗိန္ဒဉာဏ်သည် ဘယ်ကို ဘယ်သူနဲ့ သင့်လျော်သတုန်း၊ သူဘယ်လို ကျေးဇူးပြု သတုံး ဆိုရင် ရိပ်မိ ကြပြီလား (ရိပ်မိပါ ဘုရား)။ ဘယ်ကျေးဇူးပြုတုံး (မဂ်ဉာဏ် ကျေးဇူးပြုပါတယ် ဘုရား) အေး မဂ်ဉာဏ် ကျေးဇူးပြုတယ် (မှန်ပါ)။

ကောင်းပြီ ဒါဖြင့် မဂ်ဉာဏ်က လောကုတ္တရာ ကျေးဇူး ပြုတာက လျော်တဲ့တရား လျော်တာက နိဗ္ဗိန္ဒဉာဏ် (မှန်လှပါ) အဲဒါသာ လျော်လို့ ရှိရင် ဟောဒါကို ဟောဒီမဂ် ဉာဏ်ပေါ် ရမယ်တဲ့၊ ဘာဖြစ်လို့ ဒီမဂ်ဉာဏ်ပေါ် ရမတုံး ဆိုရင် ဒုက္ခပိုင်းခြား လိမ့်မယ်ကွ။ ပဟာန ပရိညာနဲ့ ပိုင်းခြားပစ် လိမ့်မယ်၊ ဒီဉာဏ် ပေါ်လာလိမ့်မယ်၊ ပိုင်းခြားတဲ့ ဉာဏ်ကို ပေါ်လာမယ်တဲ့ (မှန်လှပါ) ပေါ်လာလို့ ရှိရင် ဒုက္ခပိုင်း ခြားတယ် ဆိုကတည်းက သမုဒယ မပယ်သေးဘူးလား (ပယ်ပါတယ် ဘုရား) အေး-နိရောဓလည်း မျက်မှောက် မပြုပေဘူးလား (ပြုပါတယ် ဘုရား)။ ရှင်းပြီလား (ရှင်း ပါ ဘုရား)။

လျော်တဲ့အကျင့် ကျင့်သာနေပါ

ဒါဖြင့် ဓမ္မာနုဓမ္မပဋိပတ္တိ ကွဲပြီလား ဦးစံရီ (မှန်ပါ ကွဲပါတယ် ဘုရား) ဓမ္မာနုဓမ္မကဘာတုန်း (ဓမ္မာနု ပဋိပတ္တိဉာဏ်)၊ ဓမ္မအနုပဋိပတ္တိက (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား)။ နိဗ္ဗိန္ဒဉာဏ် (မှန်ပါ) ဒီပြင် အကျင့်ကို မယူနဲ့ နိဗ္ဗိန္ဒ အကျင့် အဲဒါ သံယုတ်ပ ါဠိတော်မှာ အသေအချာ လာတယ်၊ ဗုဒ္ဓံ ပူဇေမိ မလာဘူးနော် (မှန်လှပါ ဘုရား)။ ဓမ္မံ ပူဇေမိကော (မလာပါ ဘုရား)၊ လက်အုပ် ချီတာ မလာဘူး၊ သံယံ ပူဇေမိ ကော (မလာပါ ဘုရား) မလာဘူး, ဒါလျော် တဲ့အကျင့် ကျင့် ဟုတ်လား (မှန်လှပါ) လျော်တဲ့ အကျင့် ဖြင့် ရှိခိုးပါ၏ မလုပ်နဲ့၊ လျော်တဲ့ အကျင့်ချည်း ကျင့်သာနေ ပါ (မှန်ပါ) ကျင့် ရင် ဒီလျော် သွားလိမ့်မယ် (မှန်လှပါ) သူရ သွားလိမ့်မယ် (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။

ခင်ဗျားတို့ မေတ္တသုတ် ရွတ်သလိုနဲ့ အတူတူ ဖြစ်နေ တာ မေတ္တသုတ်က ကရဏီယံ ပြုကျင့်အပ်၏ ဆိုတယ် (မှန်ပါ)။ ပြုရမယ်, ကျင့်ရမယ်, (မှန်ပါ)။ ခင်ဗျားတို့က အန္တရာယ်ကင်း ရွတ်တာ အတော် ခက်နေတယ်, ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။

ကဲ-ဒါဖြင့် ဒီနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။