091

ဝိပဿနာရှုနည်း၊ ညှိနည်း

အသံဖိုင်ခေါင်းစဉ် = ဝိပဿနာမဂ်နှင့် လောကုတ္တရာမဂ်

စာအုပ်ခေါင်းစဉ် = ဝိပဿနာရှုနည်း ညှိနည်း

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

ဝိပဿနာရှုနည်း၊ ညှိနည်း

(၁၆-၆-၆၂)

ဒကာ ဒကာမတို့ခန္ဓာကိုယ်ထဲမှာ ရှုစရာကိုသိပြီးမှ ရှုလို့ ဖြစ်တယ် ဆိုတာကိုလည်း ထုံးစံ အတိုင်းပဲ မှတ်ပါတော့နော်ရှုစရာ ကို မသိဘဲနဲ့ ရှုနေလို့ရှိရင်လည်း၊ အလကား ထိုင်နေသလိုပဲ မောင်နိုင်တို့ ကိုစောမောင်တို့ဖြစ်နေမယ် (မှန်ပါ့)။

ရှုစရာကဘာပါလိမ့်မတုံး

အဲဒီတော့ရှုစရာရှိတာကို သိလို့ဖြစ်တယ်ဆိုတာကို မှတ်ရမယ်နော် အဲဒါကိုပြောကြပါစို့၊ ရှုစရာက ဘာပါလိမ့် မတုံးလို့မေးတဲ့အခါကျတော့ မျက်လုံးအကြည့်နဲ့၊ မောင်နိုင်တို့ အဆင်းနဲ့ တွေ့တော့ မြင်စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

မြင်တယ်ဆိုတဲ့ မြင်စိတ်ကလေးဟာ မောင်နိုင်ရေ အရင်ကရှိတာလား၊ ခုမှပေါ်တာလား (ခုမှပေါ်တာပါ ဘုရား) အဲဒါမှတ်လိုက်စမ်းပါကိုစောမောင်ရ၊ ပဋိစ္စသမုပ္ပါဒ် အစလို့မှတ် (မှန်ပါ့)။

ဦးဘကလေး၊ ဒါဘာခေါ်ကြမလဲ (ပဋိစ္စ သမုပ္ပာဒ်အစပါ ဘုရား) အဲဒါပဋိစ္စသမုပ္ပါဒ်အစလို့ တစ်ပွဲလုံး မှတ်ပါ ဒီဥစ္စာ’ အဲဒါ ရှုစရာ အစပေါ်တာပဲ၊ ရှင်းပလား (ရှင်းပါပြီ)။

စက္ခုံ စ၊ ပဋိစ္စ ရူပေစ စက္ခုဝိညာဏံဆိုတဲ့ မြင်စိတ် ကလေးဟာ မောင်နိုင်စပေါ်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အခုမှစ,ပေါ်တဲ့ မြင်စိတ်

အင်း- စ,ပေါ်လို့ရှိရင် ဒကာဒကာမတို့က မြင်ပြီး သကာလ စက္ခုဝိညာဏံ ဆိုလို့ရှိရင် ဖဿလာမှာပဲ လာချင် လာ မလာချင်နေ အသာထား သူ့ထုံးစံအတိုင်းလာတာပဲ။

ဖဿပစ္စယာ ဝေဒနာဆိုတဲ့ဥစ္စာ၊ ကောင်းတာလား ဆိုးတာလားဆိုတဲ့ ဝေဒနာကလေးတွေ မလာဘူးလား (လာပါတယ် ဘုရား)။

ဟာ-ဒါဖြင့်မြင်ပြီး လို့ရှိရင်ဖြင့် အကောင်းအဆိုးရွေးပြီ (မှန်ပါ့) မြင်ပြီးရင် အကောင်း အဆိုး ရွေးပါတယ်၊ မြင်ပြီးရင် (အကောင်းအဆိုး ရွေးပါတယ်) ဒါ သူများပြောလား၊ ဒကာ ဒကာမတို့ ကိုယ့်ဖြစ်စဉ်လား (ကိုယ့်ဖြစ်စဉ် ပါ ဘုရား)။

သံသရာဆိုတာ

အဲ မြင်တာကအစ ကိုစောမောင် အကောင်း အဆိုး ရွေးတာက ဒုတိယ မြင်တာက (အစပါ) အစပေါ့ ပဋိစ္စသမုပ္ပါဒ် စလိုက်ပြီး အကောင်းအဆိုးရွေးတာက (ဒုတိယပါ ဘုရား)၊ ဒုတိယလို့မှတ်လိုက်တော့၊ ဪ ကိုယ့်သန္တာန် ဒီအတိုင်းဖြစ်နေတော့၊ ဒါသံသရာ ခေါ်တယ်၊ ဒါဘယ့်နှယ်ခေါ်ကြမယ် (သံသရာပါ ဘုရား) သံသရာခေါ်တယ်လို့ မှတ်လိုက်စမ်းပါ။ ဒကာဒကာမတွေ ဒါဘာခေါ်တယ်လို့ မှတ်ရမယ် (သံသရာခေါ်တယ်လို့ မှတ်ရပါ့မယ် ဘုရား)

ကဲ-တစ်ခါသွားပါဦး၊ ဝေဒနာပစ္စယာတဏှာ၊ ဝေဒနာ ချုပ်သွားပြီ ကိုစောမောင်ရေ တဏှာကလာနေ တယ် (မှန်ပါ) မြင်စိတ်ပေါ်တာကိုးဗျ၊ တဏှာကလေး ပေါ်ပြီ၊ အင်း-ခုနက ဝေဒနာလေးချုပ်သွားပြီ မောင်နိုင်ရေ (မှန်ပါ့) တဏှာကလေးနဲ့ အသက်ရှင်နေပြန်ပြီ ဦးဘရှင်း ဘာနဲ့ အသက်ရှင် နေတယ် (တဏှာနဲ့အသက်ရှင်နေ ပါတယ် ဘုရား)၊

ပဋိစ္စသမုပ္ပာဒ်တန်းနေတာ

တဏှာနဲ့အသက်ရှင်နေတယ်ဆိုတော့ ကြော်-သူလဲ ပဋိစ္စသမုပ္ပဒ်ပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) အင်း-ဒါဖြင့် အခု စပြောခါရှိသေးတယ် ပဋိစ္စသမုပ္ပာဒ်အင်း မြင်တဲ့ စိတ်ကလေး လည်းချုပ်သွားပြန်ပြီ ကိုစောမောင်ရေ အကောင်းအဆိုး ဝေဖန်တဲ့စိတ်က ကျန်နေတယ်၊ အကောင်း အဆိုးဝေဖန်တဲ့စိတ်ချုပ်သွားပြန်တော့ လိုချင်တာကလေးက (ကျန်နေတယ်) သဘောကျပလား (ကျပါပြီ)။

ဒါခင်ဗျားတို့ သန္တာန်တန်းနေတာလေ၊ တစ်ခုချုပ်ပြီး တော့(တစ်ခုပေါ်နေပါတယ်) အဲဒီတစ်ခုချုပ်ပြီး တော့ နောက်တစ်ခု (ပေါ်နေပါတယ်) နောက်တစ်ခု၊ တဏှာပေါ်နေတယ်၊ တဏှာပေါ်လာလို့ရှိရင်ဖြင့် တဏှာ ပစ္စယာဥပါဒါနံဆိုတဲ့ စွဲလမ်းတာပေါ်လာတယ်၊

တဏှာကချုပ်ပြန်ပြီး ဥပါဒါန်စွဲလမ်းတာက ပေါ်လာ တယ်၊ ဥပါဒါန်နဲ့ အသက်ရှင်နေတယ်၊ ဘယ်လိုဆိုကြမလဲ (ဥပါဒါန်နဲ့ အသက်ရှင်နေတယ်) ဥပါဒါန်နဲ့ အသက်ရှင်နေတယ်လို့ မှတ်လိုက်ပါ။

ဥပါဒါန ပစ္စယာကမ္မဘဝေါ ဆိုတော့ အင်းလိုချင် တာလေးကို သွားယူမှပဲ ပြောဦးမှပဲဆိုတော့ ပြောဦးမှပဲဆိုတာ ဝစီကံ ကမ္မဘဝ၊ သွားဦးမှပဲဆိုတာ၊ ကာယကံ ကမ္မဘဝ၊ ရှင်းပလား (ရှင်းပါပြီ)။ ကိုစောမောင် ဘယ်နှစ်ခုရှိသွား ပြီလဲ (ငါးခုပါ ဘုရား) ကဲပြန်ပြောပါဦးမယ် ဒကာ ဒကာမ တို့နော်။

ရှုစရာမသိမှာစိုးလို့ပြောတာ

ဒါက-ရှုစရာကိုပြတာ ပြီးမှ ရှုပုံကိုပြမယ်၊ သေသေ ချာချာနားထောင်ကြပါ၊ ဒကာဒကာမတို့ ရှုစရာမသိပဲနေမှာ စိုးလို့ပြောနေတာ။

မြင်တယ်ကွ၊ မောင်နိုင်က မြင်စိတ်ကလေး မပေါ်ဘူး လား (ပေါ်ပါတယ် ဘုရား) အဆင်းနဲ့ မျက်လုံး အကြည်နဲ့ တိုက် ဆိုင်တဲ့အခါကျတော့ မျက်လုံးအကြည်ပေါ်မှာ မောင်နိုင်ဘာ ပေါ်လာ မလဲ (မြင်စိတ်ကလေးပေါ်ပါတယ်)၊ အဲဒါပဋိစ္စ သမုပ္ပဒ်အစလို့မှတ်လိုက်၊ သဘောကျပလား (ကျပါပြီ) မျက်လုံးပေါက်က အစပေါ့လေ။

မျက်လုံးပေါက်က ရှုစရာ

နောက်ကဒကာဒကာမတွေ မြင်စိတ်ကလေးဟာ ဘာတဲ့ (ပဋိစ္စသမုပ္ပဒ်အစ,ပါ ဘုရား) အဲဒါပဋိစ္စသမုပ္ပာဒ်ပဲ၊ ရှင်းပလား (ရှင်းပါပြီ) ခင်ဗျားတို့ကတော့ မျက်လုံး ဖွင့်လိုက်ရင် ပေါ်တော့မှာပဲ သြော် မြင်စိတ်ကလေးစပြီ၊ မြင်တယ်ဆိုလို့ ရှိရင်ဖြင့် ပြောကြပါစို့ အကောင်းအဆိုး မရွေးဘူးလား (ရွေးပါ တယ်) မြင်စိတ် ချုပ်သွားပြီ မောင်နိုင်၊ အကောင်းအဆိုးရွေးတဲ့ ဝေဒနာလာနေတယ်၊ ဘယ်သူနဲ့ အသက်ရှင်နေလဲ (ဝေဒနာနဲ့ အသက်ရှင်နေပါတယ်) သဘောကျပလား (ကျပါပြီ) အကောင်းအဆိုး ရွေးပြီးသကာလ အကောင်းဖြင့် ယူမယ်ဆိုတဲ့ တဏှာလာပြန်တယ်၊ မလာဘူးလား (လာပါတယ်)။

ဒါဘယ်သူနဲ့ အသက်ရှင်နေလဲ (တဏှာနဲ့ အသက် ရှင်နေပါတယ်) အကောင်းအဆိုး ရွေးတဲ့စိတ်က , (ချုပ်သွားပါတယ်) ချုပ်သွားမှ ချုပ်သွားပြီ ဆိုတဲ့စိတ်သိ မှ၊ ဘယ်ဟာကိုမှတ်ရမယ်၊ ဘယ်ဟာကို ရှုရမယ်၊ ဘယ်ဟာ ကိုမှတ်ရမယ်ဆိုတာ ပေါ်လာလိမ့်မယ်။

ကဲ-တစ်ခါသွားပါဦးတဲ့ လိုချင်တဲ့စိတ်ကလေးနဲ့ အသက် ရှင်နေတယ်တဏှာနဲ့ အသက်ရှင်နေတယ်လို့ ဒကာ ဒကာမတို့ကိုဟောလိုက်ပြီ၊ လိုချင်ရုံပဲလားတဲ့၊ ဒါတော့ ရအောင် လုပ်မှပဲ ဆိုတဲ့ ဥပါဒါန်ကော မလာဘူးလား (လာ ပါတယ်)

အင်း-ဒီတစ်ခါတော့ ဘယ်သူနဲ့ အသက်ရှင်နေလဲ (ဥပါဒါန်နဲ့ပါ ဘုရား) အင်းတဏှာတော့ ချုပ်သွားပြီ မောင်နိုင်ရေ ဥပါဒါန်နဲ့ အသက်ရှင်နေတယ် သဘောကျပလား (ကျပါပြီ)။ ဥပါဒါန်နဲ့အသက်ရှင်ပြီးသကာလ ကာယကံနဲ့ ကျောက်ကလေးတစ်ခုကို လက်ညှိုးနဲ့ လက်မနဲ့ ညှပ်တဲ့ပြီး သကာလ ဟိုထောင်ကြည့်၊ ဒီထောင်ကြည့်တာ၊ ကာယကံ သဘောကျပလား (ကျပါပြီ)။

ဒါက ဘာတုံး၊ ဘယ်လောက်ထားပါလားဆိုတော့ (ဝစီကံ) ကံမြောက်ပြီ၊ ကံမြောက်သွားပြီ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ကျောက်ဝယ်နေတာကံမြောက်တယ်

အမယ်လေး ဒကာ ဒကာမတို့ ခင်ဗျားတို့ကျောက်ဝယ် နေတာ ကံမြောက်တယ်၊ သဘော ကျပလား (ကျပါပြီ) အဲဒီ ကံမြောက်ပြီးသကာလ ကမ္မဘဝပစ္စယာ ဇာတိ ဆိုတော့ ပဋိစ္စသမုပ္ပါဒ်နဲ့ ဖြစ်စဉ်ကို ဟောပါတယ်၊ အခု မလာသေးပါဘူး နောက်ဘဝမှလာမှာ ကိုစောမောင် ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ဒီနေရာရပ်ပါတော့ သဘောကျ ပလား (ကျပါပြီ) တစ်ကမြင်တယ်၊ နှစ်က အကောင်းအဆိုး ဝေဖန်တယ်၊ ဟုတ်လား (မှန်ပါ့) သုံးကလိုချင်တယ်၊ လေးကစွဲလမ်းတယ်၊ ငါးက ကာယကံ၊ ဝစီကံလုပ်တယ်။ ဘယ်နှစ်ခုပါလဲ (ငါးခုပါ ဘုရား) သေသေချာချာမှတ်ပါ။ သေသေ ချာချာ မှတ်ပါ၊ ဒကာ ဒကာမတို့နော်။

ရှုစရာတွေ ပြန်ပြောဦးမယ်

ပြန်ပြောဦးမယ်၊ ဒါရှုစရာကိုပြတာ၊ ဒကာဒကာမတို့ ဘာပြနေတာလဲ (ရှုစရာကို ပြပါတယ်)၊ ကဲမြင် သည်။ ကျောက်နဲ့ မျက်လုံးနဲ့တည့်နေတဲ့အခါကျတော့ မြင်စိတ် ကလေး မောင်နိုင် (ပေါ်ပါတယ် ဘုရား) ဒါဘာခေါ်ကြ မယ် (မြင်စိတ်) မြင်စိတ်ပဲ၊ ပဋိစ္စသမုပ္ပာဒ်အလိုဖြင့် ဒါအစ၊ ပဋိစ္စသမုပ္ပာဒ် အစပေါ်ပြီ၊ သဘောကျပလား (ကျပါပြီ)။

မြင် စိတ်ဆိုတော့ ဦးဘရှင်း ဒီကနေစ,ရမယ်၊ ကိုယ် (စရမယ် ဘုရား) ဒီကစ,ရမယ်၊ ဒီပြင်စစရာမှ မရှိပဲကို သဘောကျပလား (ကျပါပြီ)။

မြင်တယ်ဆို ရင် ဖဿအသာထားလိုက်တော့ ကိုစောမောင်တို့ အကောင်းအဆိုးရွေးတဲ့ ဝေဒနာက လာတယ်၊ မြင်စိတ်ချုပ်ပြီး အကောင်းအဆိုးရွေးတဲ့ဝေဒနာနဲ့ အသက်ရှင်နေတယ်၊ ဒကာဒကာမတွေ ဘာနဲ့အသက်ရှင် နေလဲ (ဝေဒနာနဲ့အသက်ရှင်နေတယ်)။ ကောင်းတယ် ထင်ရင်လည်း ကောင်းတဲ့ဝေဒနာပေါ့ဗျာ မကောင်းတယ်ထင် ရင်လည်း မကောင်းတဲ့ ဒေါမနဿ ဝေဒနာနဲ့ အသက်ရှင်နေ တယ်၊ ဘယ်နှစ်ခုရှိသွားပြီလည်း (နှစ်ခုရှိသွားပါပြီ) တစ်ခုချုပ် ပြီးတစ်ခု ဖြစ်တဲနော် (မှန်ပါ)

လောဘနဲ့သွားတဲ့ပဋိစ္စသမုပ္ပာဒ်

အဲဒီအကောင်းအဆိုးရွေးပြီးသကာလ ကောင်း တယ်ထင်ရင်လည်းလိုချင်တယ်ဆိုတဲ့ လောဘကလေး နောက်က လိုက်လာတယ်၊ အင်းဘယ်သူချုပ်သွားလဲ (အကောင်းအဆိုး ရွေးတာပါ) အကောင်းအဆိုး ရွေးတဲ့ ဝေဒနာလေး ချုပ်သွားတယ်။ ဒကာဒကာမတွေ ဘယ်လိုဆို ကြမယ် (အကောင်းအဆိုး ရွေးတဲ့ဝေဒနာ ချုပ်ပါတယ်)

အင်းဒါဘယ်သူနဲ့ အသက်ရှင်နေပြန်ပါလိမ့် (တဏှာနဲ့အသက်ရှင်နေပါတယ်) အင်း- ဝေဒနာနဲ့အသက် ရှင်နေတဲ့ ခန္ဓာတစ်ယောက်တော့သွားပြီ (မှန်ပါ) ဝေဒနာနဲ့ အသက်ရှင်နေတဲ့ ကိုစောမောင်ကြီး တစ်ယောက်တော့သွား ပြီ တဏှာနဲ့ အသက်ရှင်တဲ့ ကိုစောမောင်ဖြစ်နေတယ် ရိပ်မိ ကြပလား (ရိပ်မိပါပြီ)။

ကောင်းပြီ ဒီတဏှာနဲ့ အသက်ရှင်နေတုံးပဲတဲ့၊ ပဋိစ္စ သမုပ္ပါဒ်က တဏှာပစ္စယာ ဥပါဒါန် ဆိုတာက လာရတော့မှာ ကိုး ဦးခင်မောင် (မှန်ပါ့) ဒါလေးတော့ မရအရ ရှင်းမှပဲဆိုတဲ့ စိတ်ကူး အကြီးစားလေး မပေါ်ဘူးလား (ပေါ်ပါတယ်) ဒါက ဥပါဒါန်ပေါ့ ဘယ်သူနဲ့ အသက်ရှင်နေလဲ (ဥပါဒါန်နဲ့ အသက်ရှင်နေတယ်)။

တဏှာက ကိုစောမောင် ဘယ်ရောက်သွားတယ် (ချုပ်သွားပါတယ်) ချုပ်သွားတယ်၊ ချုပ်သွားတော့ သူ့မှာရှုစရာ မြင်မှာကိုးဗျ၊ နို့မို့မြင်နိုင်ပါ့မလား (မမြင်နိုင် ပါဘူး)။

ကလေးတွေသင်သလိုသင်နေတာ

အဲ့ဒါဖြင့် အားလုံးတရားရှုနေတဲ့ မှတ်နေတဲ့ ဒကာ ဒကာမတွေဖြစ်လို့ ဖြစ်စဉ်ကိုက် ပြောနေ တယ် နော် ဘာရှုရမှန်း မသိဘဲနေမှာစိုးလို့နော် (မှန်ပါ့) အခုတော့သိပြီ၊ အဲတစ်ခါသွား ပါဦးတဲ့၊ ပြန်ကြည့်ပြန်တော့ ကိုစောမောင် မြင်ရုံ မြင်တာ၊ လက်ကလေးနဲ့ ကိုင်ကြည့်လိုက်တော့ ကာယကံ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ကာယကံ စေတနာပေါ့ ဗျာ၊ သဘောကျပလား (ကျပါပြီ)။

အပြောကလေးဆက်လိုက်တော့ (ဝစီကံ) ဝစီကံ စေတနာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ထောင်ကြည့်လိုက်တဲ့အခါကျတော့ (ကာယကံ စေတနာ) ကာယကံ စေတနာ၊ ဟဒယ ဝတ္ထုပေါ်မှာ ပေါ်တယ် ဈေးလေးတစ်ချက်ထောက်ကြည့်လိုက်တော့ ဝစီကံစေတနာ (မှန်ပါ့) ကံမြောက်ပလား (မြောက်ပါပြီ)

ဒီကျတော့ကံနဲ့ အသက်ရှင်နေတယ် ဆိုလိုက်ပါ။ ဘာချုပ်သွားပြီလဲ (ဥပါဒါန်ပါ) ဥပါဒါန် ချုပ်သွားတယ်၊ နောက်က ဒကာဒကာမတွေ (ဥပါဒါန်ချုပ်သွားပါတယ်) သေသေချာချာ ရင်းရင်းချာချာ ပြောနေတာနော၊ ကလေးတွေ သင်သလို သင်ပြောနေတာ။

သူပြရှုနိုင်မှအဖိုးတန်မှာ

ရမ်းရှုလို့ဘာမှမဖြစ်ဘူး၊ သေသေချာချာ သူပြောတာ သူပြတာ ရှုနိုင်မှသာလျှင် အဖိုးတန်မှာ သဘောကျပလား (ကျပါပြီ)။

ဘယ်နှစ်ခေါက်ရှိသွားပလဲ မောင်နိုင် (ငါးခေါက်ရှိပါ ပြီ) အင်း-ဒါဖြင့် ဒါမျက်လုံးပေါက်က နေပြီးတော့ တစ်ချုပ်မှ နှစ်ဖြစ်မယ်။ နှစ်ချုပ်မှ (သုံးဖြစ်မယ်) သုံးချုပ်မှ (လေးဖြစ်မယ်) လေးချုပ်မှ (ငါးဖြစ်မယ်) ငါးကျတော့ ဒီဘဝဆုံးပြီ (မှန်ပါ့) ကမ္မဘဝပစ္စယာဇာတိဆိုတာ စာဆို ပါတဲ့ မလာသေးပါဘူး၊ ဦးဘကလေးလာပလား (မလာသေး ပါဘူး) ဒါက သေမှလာရမှာကိုး။

ဒီကံကအကျိုးပေးမှ ဇာတိကလာမှာကိုးဗျ အခုလာပ လား (မလာသေးပါဘူး) အခုဒါဖြင့် ဒကာဒကာမတို့ သန္တာန်မှာဖြစ်စဉ် ဘယ်နှစ်ခုတန်းသွားပြီလဲ (ငါးခုပါ) ငါးခု တန်းသွားတယ်ဆိုတော့ ရှင်းသွားပြီ၊ ဒါမျက်လုံးပေါက် က ကိုစောမောင် (မှန်ပါ့)။

ဝိပဿနာ မရှုတတ်မှာစိုးလို့

ကဲနားပေါက်ကလဲ ကိုယ့်သားသမီးကလေးက အော်တဲ့ အသံကလေးကိုတဲ့ ဟိုကအော်တဲ့အသံနဲ့ ကိုယ့်နား နဲ့တိုက်နေလို့ရှိရင် – အကြည်လေးနဲ့ တည့်သွားတဲ့အခါ ကြားစိတ် ကလေး မပေါ်ဘူးလား (ပေါ်ပါတယ်) ကြား စိတ်ကလေးပေါ်လို့ရှိရင်ဖြင့် ဒီအသံကလေး ကြားရတဲ့ အခါ ပြောတတ်ဆိုတတ် ရှိပေတယ်ဆိုတဲ့ ဝမ်းသာတဲ့ စိတ်ကလေး လည်း (ပေါ်ပါတယ်) ကြားတဲ့ ပုဂ္ဂိုလ် ဝမ်းသာတဲ့ ဝေဒနာ မလာဘူးလား (လာပါတယ်)။

အင်းဒီလိုပဲ အသံလေးကြားလို့ ဝမ်းသာနေတုံးပဲ ခင်တတ်မင်တတ်တာက ကြားဝင် မထိုးလိုက်ဘူးလား (ထိုးပါတယ်) ဘယ်သူချုပ်သွားသတုံး (ဝေဒနာ) ဝေဒနာချုပ် သွားတယ် မှတ်ထားကြပါ။ မှတ်ထားကြပါ။ ကိုယ့်သန္တာန် ဖြစ်တာ ကိုယ်မသိရင် အရူးဖြစ်မှာစိုးရတယ်၊ သဘောကျ ပလား (ကျပါပြီ) ဝိပဿနာမရှုတတ်ပဲနေမှာ စိုးရတယ်။

ဝိပဿနာမရှုတတ်လို့ ရှိရင် နိဗ္ဗာန်မရဘူးနော်၊ သဘောကျပလား ကျပါပြီ၊ ကဲဒါဖြင့် ကြားစိတ်ကလေး ချုပ်သွားပြီး သကာလ ဝမ်းသာတဲ့စိတ်ကလေးပေါ်လာတယ်၊ အဲဒါ- ဝေဒနာပဲ မောင်နိုင်ရှင်းပလား (ရှင်းပါပြီ) ဝမ်းသာပြီးသကာလ ခင်တဲ့စိတ်ကလေးကော (ပေါ်ပါ တယ်) အင်း-ဘယ်သူ ချုပ်သွားသတုံး။ (ဝမ်းသာတဲ့စိတ်ပါ ဘုရား) ဝေဒနာချုပ်ပြီ ဝမ်းနဲ့မရဘူး။ မရဘူး။ သေချာ စဉ်းစားပါ၊ ဝမ်းနဲ့ကြည့်နေရင် ဒီဥစ္စာ ဖြစ်ပျက်မမြင်တော့ဘူး သဘောကျပလား(ကျပါပြီ) ဘယ်သူချုပ်မှန်းကော သိသေးရဲ့ လား (မသိပါ) မသိတော့ဘူးဆိုတာ သေသေ ချာချာမှတ်ပါ။

ကြားစိတ်ကလေး

အခုကြားတယ်ဆို၊ ကြားစိတ်ကလေးချုပ်သွားတယ်။ ကြားစိတ်ကလေးချုပ်သွားပြီး သကာလ ပြန်ပြီးကြားလို့ ဝမ်းသာ တယ်ဆိုတဲ့စိတ်နဲ့ အသက်ရှင်နေတယ်။ ဝမ်းသာရုံ တင် မကဘူး ခင်စိတ်ကလေးက နောက်ကလိုက်လာတော့ ဘယ်သူချုပ်ပြန်လဲ (ဝမ်းသာတဲ့စိတ်) ဝမ်းသာတဲ့ ဝေဒနာ လေးချုပ်ပြီ မောင်နိုင် (မှန်ပါ့) မချုပ်ဘူးလား (ချုပ်ပါတယ်)။

ဒါဖြင့် ခင်တဲ့စိတ်နဲ့ အသက်ရှင်မနေဘူးလား (နေပါ တယ်) ဒါဖြင့် တဏှာနဲ့ အသက်ရှင် နေတယ် ဆိုကြပါစို့ (မှန်ပါ့) နောက်ခင်ရုံ မင်ရုံပဲလားတဲ့ ဒါလေးကို ကြီးပွားအောင် လုပ်ဦးမှပဲ ဆိုတဲ့ စွဲလမ်းမှုလေးကော (လာပါတယ် ဘုရား) ခင်မင်မှုကနေ လာတာနော် အင်း ဒီအချိန်ကျတော့ ဦးဘရှင်း

ဘာနဲ့ အသက်ရှင်နေတုံး စွဲလမ်းမှုနဲ့ပါ) အင်း-ဘယ်သူ သေသွားတုံး (တဏှာသေသွားပါတယ်) တဏှာနဲ့ခင်တဲ့ ဦးဘရှင်း တစ်ယောက် ပျက်စီးပြီ (မှန်ပါ့)။

တစ်စိတ်နဲ့အသက်ရှင်နေတယ်

ဘာပြုလို့လဲ မောင်နိုင် တစ်စိတ်နဲ့ အသက်ရှင်နေတယ် တစ်စိတ်နဲ့ အသက်ရှင်နေတယ် ဆိုကတည်းက မသွားသေးဘူးလား (သွားပါတယ်) ကဲ-သဘောပါပလား (ပါပါပြီ) ကိုစောမောင် နှစ်စိတ်နဲ့ အသက်ရှင်တယ်လို့ ဘုရားမှာလည်း မရှိဘူး၊ သခင်မှာလည်းမရှိဘူး၊ တစ်စိတ်နဲ့ အသက်ရှင်တာ ချည်းမှတ် (မှန်ပါ့)။

ဦးဘရှင်း မှတ်မိပြီ (မှတ်မိပါပြီ) ဒကာကြီးလှိုင် (မှတ်မိပါပြီ) မှတ်မိပြီနော် ကိုင်းဒါဖြင့် စွဲလမ်းပြီး သည့်နောက်ကိုတဲ့ သူ့အသံကလေး ကြားလည်းပြီးရော ဒီကနေ ပြန်ပြီး ထူးချင်လည်း ထူးလိုက်တဲ့ ဝစီကံကလေးကော မလာဘူးလား (လာပါတယ်) သွားပြီးတွေ့ချင်တဲ့၊ တွေ့တဲ့ သဘောလေးနဲ့ သွားဦးမှပဲဆိုတဲ့ ကာယကံကလေး ကော (လာပါတယ်) အင်း-ဘယ်သူနဲ့ အသက်ရှင်နေသလဲ (ကာယကံနဲ့ ရှင်ပါတယ်)။

ကာယကံနဲ့ အသက်ရှင်တယ်၊ ပြောတုံးကလည်း ဝစီကံနဲ့ အသက်ရှင်တယ်၊ သဘောကျပလား (ကျပါပြီ) ကိုင်း-ဒါဖြင့် ဒကာဒကာမတို့မှာ နားပေါက်ကလည်း ပဋိစ္စ သမုပ္ပါဒ် စဉ်သွားလိုက်တာ ငါးမျိုး၊ နှာခေါင်းပေါက်ကကော (ငါးမျိုး)လျှာပေါက်ကကော (ငါးမျိုး) အင်း- ကိုယ်ပေါက်က (ငါးမျိုး) မနောပေါက်ကကော (ငါးမျိုးပါ ဘုရား)။

ငါးမျိုးဆိုတော့ ဒီအတိုင်းပဲ မောင်နိုင် ဒါခင်ဗျားတို့မှာ ဒီငါးပေါက် ဒီခြောက်ပေါက် ကိုဘမောင် လှည့်နေတယ်၊ တစ်နေ့လုံး လှည့်နေတယ်၊ လှည့်နေတော့ ကျုပ်တို့ကတော့ တစ်ခါမှ မဖြတ်ဘူးဆိုကြပါစို့။

တစ်ခါမှ မဖြတ်တော့ တစ်နေ့ကံမြောက်တာ ဘယ် လောက်မြောက်သတုံးမေးရင် ဘယ့်နှယ်ဖြေမလဲ (မရေတွက် နိုင်ပါ ဘုရား) မောင်နိုင် (မရေတွက်နိုင်ပါ) နောက်က ဒကာ ဒကာမတွေ (မရေတွက်နိုင်ပါ ဘုရား)။

ခင်ဗျားတို့ ကံမြောက်နေတာတွေ ကံဖြစ်မြောက်နေ တာတွေ မနည်းဘူး (မနည်းပါ ဘုရား) ကာ မကံပေါင်း၊ ဝစီကံပေါင်းလေ နည်းကြသလား (မနည်းပါ ဘုရား)။

အဲ့တော့ ဒီကံပေါင်းတွေက မရေတွက်နိုင်ပါတော့၊ ဒီကံတွေက မောင်နိုင် တစ်ခုသော ကံကလည်း သေသည့် အခြားမဲ့၌ ကမ္မဘဝပစ္စယာ ဇာတိ၊ ဟိုတစ်ခုသောကံကကော (ကမ္မဝပစ္စယာ ဇာတိ ပါ ဘုရား)။

မသေပျော်သေးဘူး

ကျောင်းဆောက်ဘုရားတည်ထားတာ၊ တစ်ခါ တလေမှ လုပ်တဲ့သားသမီးတွေရှင်ပြုတဲ့ ကုသိုလ်လေးနဲ့ ဒီကံ တွေနဲ့ မောင်နိုင်မျှပါ့မလား (မမျှပါ ဘုရား) သေသေချာချာ များ တွက်ကြည့်စမ်းပါ ဦးဘရှင်း မမျှဘူး၊ ဇောက်ထိုးပဲ၊ သဘောကျပလား (ကျပါပြီ) ဇောက်ထိုးမသွားပေဘူးလား (သွားပါတယ်)။

အဲတော့ သြော် ခင်ဗျားတို့မှာကြွေးပေါင်း ဘယ်လောက်ရှိသတုံးလို့၊ ကာယကံကြွေးပေါင်း၊ ဝစီကံ ကြွေးပေါင်း (မရေတွက်နိုင်ပါ)။ ကိုစောမောင် (မရေတွက်နိုင်ပါ)။ ဒါ ခင်ဗျားတို့က (၈) ရက်တစ်ပါတ်မှ ဥပုသ်ကလေးစောင့်တာနဲ့ ကျုပ်တော့ သေပျော်ပလား (မသေပျော်သေးပါ ဘုရား)။ သေသေချာချာစစ်ကြည့်တော့မှ မသေပျော်သေးတာကိုပေါ်လာတယ် (ပေါ်လာပါ တယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

မစစ်ဆေးရင်မပေါ်သေးဘူး၊ မစစ်ဆေးရင် ကိုယ့်ဟာကိုယ် ဟုတ်နေတာပဲ ကိုယ့်ဟာကိုယ် ဟုတ်နေတာ သာဆိုတယ် ကိုယ့်အမှုဖြစ်တာမှ မောင်နိုင်ကိုယ်ကမသိဘဲ (မှန်ပါ့)။ အဲတော့ ကိုယ်ဟာ ကိုယ်ပြောသံကြားနဲ့ ဟုတ်နေ တယ်။ , မင်းနှယ်ကွာ ဥပုသ်ကလည်းမြဲသဟေ့၊ လှူတာ တန်း တာ ကလည်း မင်းကမြဲသဟေ့၊ မင်းမှာစိတ်ချရသကွာ၊ သေရင်သုဂတိဘုံနဲ့၊ နိဗ္ဗာန်တောင်စိတ်ချရတယ်လို့ သူများ ပြောသံကြားယုံမလား၊ ကံမြောက်တာကိုယုံမလား(ကံမြောက် တာကို ယုံပါတယ် ဘုရား)။

ပေါ်ကြပြီ ဒကာ ဒကာမတို့ သူများပြောတာ ယုံမလား၊ ကိုယ်ကံမြောက်တာယုံကြမလား (ကိုယ်ကံ မြောက်တာ ယုံပါတယ် ဘုရား) မယုံကြည့်ဗျာ၊ ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား) ကိုင်း-ဘယ်ဇာတိလဲ ကိုစောမောင် ကံကမကောင်းတဲ့ကံဆိုရင် မကောင်းတဲ့ဇာတိပေါ့၊ကောင်းတဲ့ ကံဖြစ်ရင် လည်း ကောင်းတဲ့ဇာတိ ဒါဖြင့် ဇာတိပေါင်း ဘယ်လောက်တုံး မေးလို့ရှိရင် (မရေတွက်နိုင်ပါ ဘုရား) ကျေနပ်ပြီလား (ကျေနပ်ပါပြီ။)

နည်းတဲ့ဇာတိတွေမဟုတ်ဘူး၊ နောင်လာမှာတွေ ကလေ အဲဒီအကြောင်းရင်းကြောင့် ကျောက်တွင်းက ကျောက်ကလေးရမှ အရောင်းအဝယ်လေး ဖြစ်ထွန်းလာမှ ဘုရားလေး တည်တာဆိုတော့ ခင်ဗျားတို့ ဇာတိကံပေါင်းနဲ့ မျှရဲ့ လား (မမျှပါ ဘုရား)။

ဒါမောင်နိုင်တို့က သူများပြောသံကြား မယုံနဲ့ကွ၊ ကိုယ်ဖြစ်စဉ်ယုံပါမှပေါ့၊ သူများ ပြောသံကြား ယုံရမှာလား၊ ကိုယ်ဖြစ်စဉ် ယုံရမှာလား၊ ကိုယ်ဖြစ်စဉ်ယုံရမှာပါဘုရား။ ကိုစောမောင် မပေါ်သေး ဘူးလား (ပေါ်ပါပြီ ဘုရား)။

သေပျော်ပြီလို့သွားမပြောနဲ့

ဒကာကြီးလှိုင် (ပေါ်ပါပြီ ဘုရား)၊ ခင်ဗျားလူကြီးနော် မင်းတော့ သေပျော်ပြီ၊ ငါဘုရားမှာ ရွှေတွေချထားတာ မနည်းဘူးနော်၊ ဒီလိုအောက်မေ့ပြီး လုပ်မနေနဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ)။ သေပျော်ပြီလို့ သွားပြောမနေနဲ့ဦး ရွှေဆိုင်း တစ်ရာလှူတာက ခြောက်ထပ်ကြီးက အလှူခံ လာမှ ရွှေဆိုင်း တစ်ရာလှူ တာပါ၊အိမ်မှာနေပြီး မကောင်းတဲ့ ကမ္မဘဝတွေက ဘယ်လောက်တုံး၊ မရေတွက်နိုင်ပါ ဘုရား။ အဲတော့ ဒီရွှေလေးနဲ့ ကယ်ပါ့မလား (မကယ်ပါ ဘုရား) ရှင်းပလား ဒကာကြီးလှိုင် (ရှင်းပါပြီ)။

ဒါဖြင့် ကိုစောမောင် ဒါလောက်ဆိုရင်ဖြင့် ဒါတစ်ဦး ချင်းဖြစ်စဉ်နဲ့ ရှင်းပြတာလား အားလုံးတို့၏ ဖြစ်စဉ်နဲ့ ရှင်းပြ တာလား၊ အားလုံးဖြစ်စဉ်ရှင်းပြတာပါဘုရား။

ဒါဖြင့်’ ဘာမှ သံသယ မရှိကြနဲ့ ဒီဥစ္စာကို သတ်မှ ရတယ်။ဘယ့်နှယ်ဆိုကြမယ် (သတ်မှ ရပါတယ် ဘုရား)။ ကိုင်း-ဒါဖြင့် ဒီလိုလုပ်ကြပေတော့၊ ဒီကံတွေကို သတ်မှ ရမယ် ဆိုတော့ ဒီတဏှာတွေ၊ ဒီဥပါဒါန်တွေ၊ ဒီကံတွေ၊ ဒီသောက တွေပေါ့ဗျာ၊ ဒီမောဟတွေ၊ ဒေါသတွေနဲ့ သွားတဲ့ ပဋိစ္စ သမုပ္ပါဒ်နော် ။

မောဟနဲ့သွားတဲ့ပဋိစ္စသမုပ္ပါဒ်

မောဟနဲ့သွားတဲ့ပဋိစ္စသမုပ္ပါဒ်က ပါလိုက်သေးတယ်၊ မြင်တယ်ဆိုတော့ မောင်နိုင် မြင်စိတ် ကလေး မပေါ်ဘူးလား၊ အဲဒီမြင်စိတ်ကလေးကို ဘာဖြစ်မှန်းမသိဘူးဆိုတဲ့ အဓိပ္ပါယ် လည်း မရှိပေ ဘူးလား၊ အင်းဘာဖြစ်မှန်းမသိဘူး၊ ဘာလုပ်တာ မှန်း မသိဘူးဆိုတော့ အဝိဇ္ဇာ။

သူ့နောက်က အဝိဇ္ဇာလိုက်နေတယ်၊ မလိုက်ဘူးလား၊ (လိုက်ပါတယ်) အဝိဇ္ဇာပစ္စယာ သင်္ခါရာ သူကလည်းနှစ်ခု နှစ်ခု လိုက်နေတော့ မခက်ဘူးလား၊ ခက်ပါတယ်၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါကလည်း ပဋိစ္စသမုပ္ပါဒ်တစ်မျိုးလိုက်ပြန်တယ်။ ခုနကဟာကတော့ တစ်မျိုးလိုက်တယ်၊ မောင်နိုင်ရှင်းပလား(ရှင်းပါပြီ)။

ဒီလိုပဲ ဒေါသလိုက်ပုံကလေးပြလိုက်ပါဦးမယ်၊ ကိုစောမောင် မြင်တယ်ဆိုလို့ရှိရင် မျက်မွှေး စူးတယ်ဆိုတဲ့ ဥစ္စာနောက်က ဒေါသကလေး မလိုက်ဘူးလား(လိုက်ပါ တယ်) ဒေါသလိုက်တော့ မြင်တာက တစ်စိတ်၊ ဒေါသက တစ်စိတ်၊ မြင်တာချုပ်ပြီး ဒေါသစိတ်ကျန်ခဲ့တယ်။

ဒေါသနဲ့သွားတဲ့ပဋိစ္စသမုပ္ပါဒ်

အဲ-ဒေါသကနေ သောက၊ ပရိဒေဝ၊ အဝိဇ္ဇာတွေ ကော (လာမှာပါ)၊ အဝိဇ္ဇာပစ္စယာ သင်္ခါရကော (လာမှာ ပါ) လာမယ်ဆိုတော့ ဒါတွေကလည်းတစ်နေ့အလိုမတူတဲ့ ပုဂ္ဂိုလ်နဲ့တွေ့ရ ကြုံရတဲ့ အခါကျတော့ ဒါတွေကကော (မရေတွက်နိုင်ပါ ဘုရား)။

မရေမတွက်နိုင်တော့ ခင်ဗျားတို့မှာတဲ့ ပဋိစ္စ သမုပ္ပါဒ်မရှိရင်လည်း အသက်မရှင်နိုင်ဘူး၊ ဒါ အသေအချာ မှတ်ပါ။ ပဋိစ္စသမုပ္ပါဒ်မရှိရင်လည်း (အသက်မရှင်နိုင် ပါ ဘုရား)။ရှင်ပြန်တော့လည်း သက်ဆိုးရှင် ဖြစ်နေမှာစိုးရ တယ် (မှန်ပါ့) ရှင်ပြန်တော့လည်း (သက်ဆိုးရှင်ဖြစ်နေ မှာစိုးရပါတယ် ဘုရား)။

သက်ဆိုးရှင် ဖြစ်နေတော့လည်း ခုနက တဏှာနဲ့ အသက်ရှင်နေပြန်တော့လည်း မကောင်းဘူး၊ ဥပါဒါန်နဲ့ အသက်ရှင်နေပြန်တော့လည်း မကောင်းဘူး၊ နောက်က ဒကာ ဒကာမတွေ (မကောင်းပါ ဘုရား)။

မကောင်းတဲ့ကံနဲ့ အသက်ရှင်နေရင်ကော (မကောင်းပါ ဘုရား)။ မကောင်းဘူးဆိုတာ ပေါ်လာကြ ပလား (ပေါ်လာပါပြီ)။ ကိုယ်ပေါ် ရှင်းကြပလား (ရှင်းပါပြီ)

ပဋိစ္စသမုပ္ပါဒ်က တစ်ခါမျက်လုံးပေါက်မှာလည်း သုံးမျိုးနဲ့လာတယ်၊ နားပေါက်မှာလည်း သုံးမျိုးနဲ့လာတယ်)။ ဒါ သုံးခြောက်လီ (၁၈)ပေါ့ဗျနော်။

ဘယ်တော့မှ အဟောသိကံမဖြစ်ဘူး

ဒါတွေဟာ တစ်ဆယ့်ရှစ်သာပြောတာ တစ်နေ့ (၁၈) ပေါင်း ဘယ်လောက်တုံးလို့ မေးရင် ဒကာ ဒကာမတွေ ဘယ်လိုဖြေကြမယ် (မရေတွက်နိုင်ပါ ဘုရား) မရေတွက် နိုင်ပါဘုရား၊ တပည့်တော်တို့ မျက်လုံးက လည်း စွင့်ရတယ်၊ နားကလည်း စွင့်ရတယ်ဆိုတာ မလာဘူးလား (လာပါ တယ် ဘုရား)။

သြော်-ဒါဖြင့် ဒကာ ဒကာမတွေ ဒီဟာတွေဟာ ကံ မြောက်ချည်းသွားနေတော့ ခင်ဗျားတို့မှာ ကံပေါင်းဘယ် လောက်တုံးလို့ မေးဖို့လိုတယ် (မှန်ပါ့) ဒီကံတွေဟာ အဟောသိကံ ဖြစ်သွားမှာလားလို့ မေးလိုက်တဲ့အခါ ဝိပဿနာ မဂ်ဉာဏ်မရသေးလို့ရှိရင် မောင်နိုင်ကမှတ်၊ ဘယ်တော့မှ အဟောသိကံမဖြစ်ဘူး။

ဝိပဿနာမဂ်ဉာဏ်ရရင်ဖြင့် (အဟောသိကံဖြစ်ပါ တယ်) အဟောသိကံဖြစ်တယ်၊ မဖြစ် ဘူးလား (ဖြစ်ပါတယ် ဘုရား) ကဲ-ဒါဖြင့် ဒကာ ဒကာမတွေ တက်ကြပါစို့ အလုပ် ပေးတော့မယ် ဒကာ ဒကာမတွေ (မှန်ပါ့)။

ဘာရှုရမှန်းမသိဘူးလို့ မဆိုပါနဲ့

အလုပ်ပေးတော့မယ်ဆိုတာက ရှုစရာရှိမှ ရှုရမှာကိုး ကိုစောမောင် ရှုစရာမရှိရင် (ရှုလို့ မရပါ)၊ ရှုစရာပဋိစ္စ သမုပ္ပါဒ်အကြောင်းနည်းဟာက ဒကာ ဒကာမတွေ ရှုစရာ ပြတာလို့ မှတ်လိုက် (မှန်ပါ့)။

ဒကာကြီးလှိုင် ဘာပြတာတုံး (ရှူစရာပြတာ ပါ) အဲ- ရှုစရာပြတော့ တပည့်တော် ဘာရှုရမှန်းမသိဘူးလို့ ဆရာဘုန်းကြီးကို ခင်ဗျားတို့က တော်တော်ကြာကျတော့ အပြစ်တင်မနေနဲ့ ကိုယ့်သန္တာန်ဖြစ်တာ ကိုယ်မသိလို့ မရှု တတ်တာလို့သာ ကိုစောမောင်ပြောရမယ် (မှန်ပါ့)။

ကဲ-ဒါဖြင့် မြင်စိတ်ကလေးလာပြီ မောင်နိုင်ရေ ဟုတ် လား ခံစားတယ်ထားပါတော့ မြင်စိတ်ကလေးကို တဏှာ မလာအောင် ဘာလုပ်ရမလဲ၊ ဖြစ်ပျက်ရှုလိုက်မယ် (မှန်ပါ့)။

မြင်စိတ်ကလေး လာရင်ဖြစ်ပျက်ရှု

ကိုစောမောင်မြင်စိတ်ကလေး ဖြစ်ပျက်ရှုလိုက်ရင် မရဘူးလား (ရပါတယ်)၊ အကောင်းအဆိုး ဝေဖန်နေ တာကို ဖြစ်ပျက်ရှုလိုက်ရင်ကော (ရပါတယ်)၊ အဲတော့ မြင်စိတ် ဖြစ်ပျက်ရှုလည်းရတယ်၊ အကောင်းအဆိုး ဝေဖန်တဲ့ ဝေဒနာဖြစ်ပျက်ရှုလည်းရတယ် (ရပါတယ် ဘုရား)။

မြင်စိတ် ဖြစ်ပျက်ရှုလည်း ရတယ်၊ဝေဒနာဖြစ်ပျက်ရှု လည်းရတယ်၊ ဖြစ်ပျက်ရတာ ချည်းပဲ ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား) ဒါဖြင့် ဖြစ်ပျက်မြင်စိတ်ကလေးကို ဖြစ်ပျက်ရှုတယ် ဖြစ်ပျက်ကရှေ့က ရှုတဲ့မဂ်က နောက်က ခန္ဓာကိုယ်ထဲမှာလေ (မှန်ပါ)။

မြင်စိတ်ကလေးက မျက်လုံးမှာ ရှုတာက ဟဒယ ဝတ္ထုပေါ်ကနေပြီး မနောဒွါယကနေပြီး မဂ်ကလေးမလာဘူးလား (လာပါတယ်) ဝိပဿနာမဂ် ကလေးလာတယ်။

ဒါဖြင့်ဖြစ်ပျက်နဲ့ မဂ်ဟာ သဘောကျသွားတယ်၊ မြင် စိတ်ကလေးက (ဖြစ်ပျက်) ရှုတာကလေးက (မဂ်)၊ မဂ်ကလေး လာတော့ ခုနက အကောင်းအဆိုးဝေဖန်တဲ့ ဝေဒနာ လာသေး လား (မလာပါဘူး)။

ဝေဒနာနောက်က လိုက်တဲ့တဏှာကော (မလာပါ) ဝေဒနာနောက်က ပစ္စယာလေးတွေ အကြောင်းဆက်လို့မှ မရတော့ တဏှာလာစရာမြင်သေးရဲ့ လား (မမြင်ပါ ဘုရား) တဏှာ မလာ တော့ ဥပါဒါန်ကော (မလာပါ) မလာတော့ ကံကော (မလာပါ)။

ကိလေသာကံတွေ ဖြတ်တယ်။

ဟာ ဒါဖြင့်ဖြစ်ပျက်ရှုတဲ့ မဂ်သည် ကိလေသာကံတွေ ဖြတ်တယ် (မှန်ပါ့) ဘယ့်နှယ်ဆိုကြမယ် (ကိလေသာ ကံတွေဖြတ်ပါတယ် ဘုရား) ဒါဖြင့် ကိလေသာနှစ်ခုက ကိလေသ ဝဋ်၊ တဏှာ၊ ဥပါဒါန်က ကိလေသဝဋ်၊ အဲဒါလည်း ဦးဘရှင်း ဖြတ်လိုက်တာမြင်ပလား (မြင်ပါတယ်) မြင် စိတ် ဖြစ်ပျက်ရှုလိုက်တာကိုး။

တဏှာ ဥပါဒါန်တည်းဟူသော ကိလေသာဝဋ်လာ နိုင်သေးလား (မလာနိုင်ပါ) ခုနက ကာယကံ၊ ဝစီကံကော မြောက်သေးရဲ့ လား (မမြောက်ပါ ဘုရား) ကဲဒါဖြင့် ကမ္မဝဋ် လည်းဖြတ်တယ်၊ သဘောကျပလား (ကျပါပြီ)၊ ကမ္မဝဋ် ဖြတ်တော့ နောက်ဘဝပဋိသန္ဓေနေဖို့ ဝိပါကဝဋ်ကကော (ဖြတ်ပါတယ် ဘုရား)။

ဝိပဿနာအရှုခိုင်းတာ ဝဋ်ဖြတ်ခိုင်းတာ

သြော်-ဒါဖြင့် ဝိပဿနာအရှုခိုင်းတာ ဝဋ်ဖြတ်ခိုင်းတာ ကိုး (မှန်ပါ) ပေါ်ပြီ၊ ဦးခင်မောင်ရေ ပေါ်ပလား (ပေါ်ပါ ပြီ ဘုရား) ဝိပဿနာ ရှုခိုင်းတာဘာပါလိမ့် (ဝဋ် ဖြတ်ခိုင်းတာပါ ဘုရား)။

ဒီမှာ ကြည့် ကိလေသဝဋ်ကစဖြတ်တယ်၊ မြင်စိတ် ရှု တော့လဲ ကိလေသဝဋ်ကဖြတ်တာပဲ၊ အကောင်းအဆိုး ဝေဖန်တာလေးရှုလိုက်ပြန်ကော (ဖြတ်ပါတယ်) ကိလေသဝဋ် ကစပြီး ကမ္မဝဋ်ကကော (ဖြတ်ပါတယ်) နောက်ခန္ဓာ အကျိုးပေး ဝိပါကဆိုတဲ့ဇာတိကကော (ဖြတ်ပါတယ်)။

သြော်-ဒါဖြင့် ဝိပဿနာရှုကြ၊ ရှုကြဆိုတာကိုယ့်ဝဋ် ကိုယ်အဖြတ်ခိုင်းတာကိုး (မှန်ပါ့) ဘယ်နှယ် ဆိုကြမယ် (ကိုယ့်ဝဋ်ကိုယ်အဖြတ်ခိုင်းတာပါ) နို့မို့ဒီအစဉ်တန်းကြီးက ကိလေသဝဋ် ပြီးရင် ကမ္မဝဋ်က (လာမှာပါ) ကမ္မဝဋ်ပြီးရင် (ဝိပါကဝဋ်) ဝိပါကဝဋ်ကမလာပေဘူးလား (လာမှာပါ ဘုရား)။

သနားလွန်းလို့တိုက်တွန်းနေတာ

ဒါသူများပြောလားကိုယ့်သန္တာန်ဖြစ်စဉ်ကိုက်လား၊ (ကိုယ့်သန္တာန်ဖြစ်စဉ်ကိုက်ပါ ဘုရား) ဒါဖြင့် လုပ်ရမှာလား မလုပ်ရမှာလား (လုပ်ရမှာပါ) နောက်က – ဒကာ ဒကာမတို့ (လုပ်ရမှာပါ ဘုရား) လုပ်ရမှာပဲဆိုတော့ သေချာပလား (သေချာပါပြီ ဘုရား)။ –

ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက သူ့ဝိပဿနာကြီး ဒီလောက်တောင် တိုက်တွန်း နေရပါ လိမ့် သူ့ဒကာ ဒကာမ တွေကိုလို့ သြော် သနားလို့တိုက်တွန်းတာထင်ပါရဲ့ ခင်ဗျားတို့ တွေးလိုက် လို့ရှိရင်လည်း ဘုန်းကြီးက ကျေနပ်ပါတယ်။

ခင်ဗျားတို့က သနားစရာလုပ်နေတာကိုး၊ ကိလေသ ဝဋ်လည်း မဖြတ်ဘူး ကိုစောမောင်၊ ကမ္မဝဋ်ကော (မဖြတ်ပါ) ဝိပါက ဝဋ်ကော (မပြတ်ပါ) အဲတော့ ဝဋ်သမား ကြီးဖြစ်နေတယ်၊ မဟုတ်ဘူးလား၊ ဝဋ်သုံးပါးလွယ်သလို ဖြစ်နေတာ၊ သဘောကျပလား(ကျပါပြီ) အဲဒါသနား လို့ဟောတာဆိုတာလည်း မပေါ်သေးလား (ပေါ်ပါတယ်)။

ဘုရားဟောတာ ကရုဏာနှင့်ပညာပါတယ်

ဘုရားဟောတော်မူတာသည် ဘယ်တော့မှ ကရုဏာ နဲ့ ပညာမကင်းဘူးဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ပညာက ခင်ဗျားတို့နားလည်မှု ပညာရှင်းပလား၊ ကရုဏာက ခင်ဗျားတို့ ဝဋ်ထဲလည်နေမှာ စိုးလို့ (မှန်ပါ့) ဒါဖြင့် ကရုဏာနဲ့ ပညာကင်းရဲ့လား (မကင်းပါ ဘုရား) ရှင်း ပလား (ရှင်းပါပြီ)။

ဒါဖြင့် အခုဘုန်းကြီးတို့ ဟောနေတာ ဘာနဲ့ဟောနေ ပါလိမ့် ကိုစောမောင် (ကရုဏာနဲ့ ပညာနဲ့ ဟောနေပါ တယ်) ပညာမပါလို့ရှိရင်လည်း ဒီအကြောင်းကို လွယ်အောင် မပြောနိုင်တော့ဘူး၊ ကရုဏာ မပါလို့ရှိရင်လည်း အပိုပဲ ခင်ဗျားတို့ကို တစ်နာရီ၊ တစ်နာရီ အချိန်ပေးနေစရာ မလိုတော့ဘူး လိုသေးရဲ့လား (မလိုတော့ပါ ဘုရား)။

ပညာမပါရင် အလကားအော်နေသလိုပဲ

ဘာနဲ့ဟောနေပါလိမ့် (ကရုဏာနဲ့ ပညာနဲ့ဟောနေ တာပါ) ပညာမပါတဲ့လူကထ,ပြောတော့ အလကားအော်နေ သလိုဖြစ်မှာပဲ (မှန်ပါ့)

ကရုဏာမပါပဲနေပြန်လို့ရှိရင်လည်း ခင်ဗျားတို့မှာ ဘာမှကျေးဇူးများမယ်မဟုတ်ဘူး၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါဖြင့်ဘာနဲဟောနေပါလိမ့် (ကရုဏာနဲ့ပညာနဲ့ပါ ဘုရား)

ကိုင်းဒါဖြင့်ဆရာ့တာဝန်က ဒီနှစ်ခုပေါ့ဗျာ၊ ခင်ဗျားတို့ တာဝန်က ဘာတွေတုံးလို့ မေးတဲ့ အခါကျလို့ ရှိရင်ဖြင့် တဲ့ ကိုယ့်ကိုယ်ကိုယ် သနားတဲ့ ကရုဏာကလေးထည့်ပေးပါ သဘောကျ ပလား (ကျပါပြီ)

ဘုန်းကြီးပြောတဲ့ဥစ္စာကို ခင်ဗျားတို့ကလည်း ပညာနဲ့ မှတ်ပါ၊ သဘောကျပလား (ကျပါပြီ)၊ ခင်ဗျားတို့ကလည်း ပညာကော ကိုယ့်ကိုကိုယ်သနားတဲ့ကရုဏာရော နှစ်ခုပေါင်း နာပါ။

ဘာနဲ့တရားနာကြမလဲ၊

ဘာနဲ့နာကြမလဲ (ပညာကော၊ ကိုယ့်ကိုကိုယ်သနား တဲ့ကရုဏာရော နှစ်ခုပေါင်းနာရပါ့မယ်)၊ အဲတော့-မှတ်ရမည့် ပညာကလည်းရှိသေးတယ်၊ ဒီနှစ်ခုမပါလို့ရှိရင်လည်း ခင်ဗျားတို့ မှာလည်း ခက်တာပဲ။

ဘုန်းကြီးတို့မှာလည်း ကရုဏာ ပညာမပါလည်း ခက်တာပဲ၊ ခင်ဗျားတို့လည်း ကိုယ့်ကိုယ်ကိုယ် သနားတဲ့ ကရုဏာ မပါ၊ မှတ်တတ်တဲ့ထိုးထွင်းသိတဲ့ ပြောလိုက်တိုင်း သိတဲ့ ပညာက မပါဘူး ဆိုရင် လည်း ခင်ဗျားတို့ကုသိုလ်တော့ ရပါရဲ့ နိဗ္ဗာန်မရဘူး (မှန်ပါ့) ဘယ်လိုဆိုမလဲ (ကုသိုလ် တော့ရပါရဲ့ နိဗ္ဗာန်တော့ မရပါ ဘုရား)။

ဖားတရားဖြင့်မနာကြပါနဲ့

ဘာ့ကြောင့်လဲ ဖားတရားနာတာကိုးဗျ။ ဖားတရားနာ တယ်၊ ဖားနတ်သားတော့မဖြစ်ဘူးလား (ဖြစ်ပါတယ်) အဲတော့ခင်ဗျားတို့ ဖားတရားနာသလိုဖြစ်နေတယ်၊ ဖားတရား က သူတရားတော်သံ ပဲလို့သိတယ်၊ အဲသလိုသူ တရားသံပဲလို့ သိတာနဲ့စုတေ့မနေသေတာနဲ့ ဖားနတ်သားသွားဖြစ်တယ်။

ကိုစောမောင် ခင်ဗျားတို့က ဖားတရားလား၊ လူ တရားလား (လူတရားပါ ဘုရား) တော်တော်သေးတယ်၊ တော်တော်သေးတယ်နော်၊ ဒကာ ဒကာမတို့ ဖားတရားတော့ ဖြင့် မနာပါနဲ့နော်၊ ဘာတရားနာကြမယ် (လူတရား နာပါမယ် ဘုရား)။

အဲ-လူလုပ်ပြီးတော့ တရားနာကြပါ ဖားတရားဖြင့် လုပ်မနေပါနဲ့၊ ကျုပ်တရားနာချည့်ဦးမယ်၊ ဘုန်းကြီးဘုရားက ဟောနေတယ်၊ ကုသိုလ်ဖြစ်အောင်ဆိုလို့ရှိရင် တရားနာ တာ မောင်နိုင်ရိပ်မိပလား၊ ဖားဘုရားနာတော့ ဒကာ ဒကာမ တွေ သုဂတိတော့မရောက်ဘူးလား (ရောက်ပါတယ်)။

အခုတော့ ဖားစိတ်ထားပြီးတော့ မနာပဲနဲ့ လူစိတ် ထားပြီးတော့နာပါဆိုတာကိုလည်း သေသေချာချာပြော တယ်၊ ကိုစောမောင် ကျေနပ်ပလား (ကျေနပ်ပါပြီ)။

တရားနာမှုကိုက လိုသေးတယ်၊ ခင်ဗျားတို့ ဦးဘရှင်း တို့ ဟိုတုန်းက ပြောခဲ့တယ်၊ တရားနာ ကုသိုလ်ဖြစ်တာပေါ့ ကွ၊ ဒါခင်ဗျားတို့ကိုယ်တိုင် အကြီးအကျယ်မသုံးဘူးလား (သုံးပါတယ်) သူနားမလည်လည်၊ နှလုံးမသွင်းသွင်း။ ကုသိုလ် တော့ဖြစ်ပါတယ်၊ သွားကြကွတဲ့၊ ဒါဖားနည်းသုံးတာပဲ ရိပ် မိပလား (ရိပ်မိပါပြီ)။

လူနည်းပါရဲ့လား (မပါပါဘူး) ကိုစောမောင်ရေ ကျေနပ်ပလား (ကျေနပ်ပါတယ်) ကိုင်းဒါဖြင့် လူအဖြစ်နဲ့ နာမလား၊ ဖားအဖြစ်နဲ့နာ မလား၊ (လူအဖြစ်နဲ့နာပါမယ် ဘုရား) ဒါသေချာမှတ်နော် လူအဖြစ်နဲ့ နာကြပါဆိုတာ ရှင်းပြနေတယ်။

ကိုင်းဒါဖြင့် ရှုစရာ ဖဿကသူ – အစဉ်တန်းနေတဲ့ တစ်ခုဖြစ်ပြီး တစ်ခုပျက်တဲ့အတန်းတွေ ဉာဏ်ထဲမှာ အခု ဖားလိုမဟုတ်တော့ဘူး၊ လူလိုမှတ်မိပလား (မှတ်မိပါပြီ)။

ဒွါရခြောက်ပေါက်မှာ ရှုစရာတွေ

ဖားကဘယ်လိုပြောပြော မှတ်မိတာမှမဟုတ်ဘဲ ဦးဘအောင်ကြီး ရိပ်မိပြီနော် (ရိပ်မိပါပြီ)၊ ကိုင်းဒါဖြင့် ရှုစရာ ဒွါရခြောက်ပေါက်ကရှု၊ သဘောကျပလား (ကျပါပြီ) ဒွါရ (၆)ပေါက်မှာ ရှုစရာတွေ တန်းတန်းပြီး ရှိနေတယ်ဆိုတာတော့ တစ်ခုဖြစ်ပြီးတစ်ခုပျက်နေတယ်ဆိုတာ မောင်နိုင်ရှင်းပြီနော် (ရှင်းပါပြီ)။

မြင်တဲ့စိတ်ကလေးကိုပဲ စဉ်းစားပါစို့ ကိုစောမောင်၊ ကဲ မြင်တဲ့စိတ်ကလေးကိုပဲ ဦးဘရှင်းက သားကလေးမြင်မြင် သမီးကလေးမြင်မြင် ကိုယ့်အိမ်ကပစ္စည်းမြင်မြင်၊ ကျောက် မြင်မြင်၊ ဦးဘရှင်း ဘာလုပ်မလဲ (ဖြစ်ပျက်ရှုရပါမယ်)။

ရှုတဲ့အခိုက်မှာ မဂ်ပုဂ္ဂိုလ်

အင်းဒါဖြင့်မြင်တဲ့ စိတ်ကတော့ မြင်တဲ့ စိတ်ကို ကိုယ့်မနော ကနေပြီး ဖြစ်ပျက် ရှုလိုက်တဲ့ အခါကျတော့ မြင်တဲ့ စိတ်က ဖြစ်ပျက်၊ ရှုတာကမဂ်ဖြစ်တယ်၊ မဂ်ဖြစ်သွားတော့ ရှုနေတဲ့ အခိုက်အတန့်မှာ ဒီပုဂ္ဂိုလ်မဂ်ပုဂ္ဂိုလ်၊ ကိုစောမောင် မဂ်နဲ့ အသက်ရှင်နေတယ်၊ ဘာနဲ့အသက်ရှင်နေလဲ (မဂ်နဲ့ အသက်ရှင်နေတယ်) နောက်က ဒကာ ဒကာမတွေနဲ့ ဘာနဲ့ အသက်ရှင်နေလဲ (မဂ်နဲ့ အသက်ရှင် နေပါတယ်)။

မဂ်နဲ့ အသက်ရှင်နေတယ် ကိုစောမောင် ဒါလိမ်ပြော တာလား၊ အဟုတ်ပဲလား (အဟုတ်ပါ ဘုရား) ဝိပဿနာ အရှုခံလေးနဲ့ ဝိပဿနာမဂ်နဲ့ ရှင်နေတာပဲ၊ ဒါသက်ကောင်း ရှင်နေတာ (မှန်ပါ) သက်ကောင်း ရှင်လို့မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

ကောင်းပြီ ဒါဖြင့် ဒီလိုတွေ့နေတော့ကိုတဲ့ သူဟာ ဒီမဂ်နဲ့ အသက်ရှင်နေတာ၊ သေချာပါပြီတဲ့၊ သေချာတော့ကိုး ဒကာ ဒကာမတွေ ရှေ့နားမှာ ခန္ဓာရှိသလား၊ ခန္ဓာမရှိဘူး လားတဲ့၊ မဂ်ရှေ့နားမှာ ခန္ဓာရှိသေးသလား၊ ခန္ဓာမရှိတော့ ဘူးလားမေးရင် ဘယ့်နှယ်ဖြေမလဲ (မရှိတော့ပါ ဘုရား) မရှိတော့ဘူး။

ရှုပြီးပြီကော သူဟာ အနိစ္စလိုဆိုတော့ ဖြစ်ပြီး ပျက်သွားပြီး ခန္ဓာရှိသေးရဲ့လား (မရှိတော့ပါဘူး) သဘောပါလား (ပါ ပါပြီ) ခန္ဓာမရှိတော့ဘူးနော် မောင်နိုင်ရှိသေးရဲ့လား (မရှိ တော့ပါ ဘုရား)။

ခန္ဓာစွန့်တယ်ဆို ဒါကိုပြောတာ

အဲ-ခန္ဓာရှုလိုက်တော့ ဝိညာဏက္ခန္ဓာကို မောင်နိုင် တို့က ရှုလိုက်ပြီကော၊ ရှုလိုက်တော့ ဘယ်ဝိညာဏ်နဲ့ အသက် ရှင်နေတယ်လို့ဆိုစရာမလိုတော့ဘူး၊ ကိုစောမောင် မဂ်နဲ့ အသက်ရှင်နေတယ်လို့ (ဆိုစရာမလိုတော့ပါဘူး) ဘယ်သူနဲ့ အသက်ရှင်သလဲ (ဉာဏ်နဲ့အသက်ရှင်ပါတယ်) ကိုင်း ဒါ မြင်စိတ်နဲ့အသက်ရှင်တာမဟုတ်တော့ဘူး၊ ခန္ဓာရှိ သေးရဲ့ လား (မရှိတော့ပါ ဘုရား)။

ကိုင်း ဝိပဿနာရှုတာသည် ခင်ဗျားတို့ သေသေ ချာချာမှတ်ပါ၊ခန္ဓာစွန့်တယ်ဆိုတာ ဒါပြောတာ၊ ကိုစောမောင် ခန္ဓာရှိသေးရဲ့လား (မရှိပါဘူး) မြင်စိတ်ကလေး ရှိသေးရဲ့လား မရှိပါဘူး။

မြင်စိတ်နဲ့ အသက်ရှင်တဲ့ သဘော ဘယ်လို ကြည့်ကြည့် မရှိဘူး၊ ရှိကြရဲ့လား (မရှိပါဘူး) အဲခန္ဓာစွန့်တယ် ဆိုတာပေါ်ပလား (ပေါ်ပါပြီ)။

နောက်ကမြင်စိတ်ရှုလိုက်တဲ့ အတွက် ဝေဒနာ၊ တဏှာ၊ ဥပါဒါန်တွေ ကိုစောမောင် (မလာပါ ဘုရား) ဒါဖြင့် ကိလေသာလဲစွန့်တယ် (မှန်ပါ့) ခန္ဓာကော (စွန့်ပါတယ်) နောက်ကလာမည့် ကိလေသာကော (စွန့်ပါတယ်) လာကို လာခွင့်ပေးသေးရဲ့ လား (မပေးပါ) ဒါဖြင့် ဝိပဿနာမဂ်သည် ခန္ဓာကိုစွန့်၍ ကိလေသာကိုလည်းစွန့်ပါသည်။ (မှန်ပါ့)

ကိုစောမောင် ခန္ဓာစွန့်တယ်ဆိုကတည်းကိုက ခန္ဓာ မရှိရင် ဒိဋ္ဌိပြုတ်တယ်၊ ရှင်းပလား (ရှင်းပါပြီ) ခန္ဓာမရှိတော့ ဒီဥစ္စာဖြစ်ပြီးပျက်သွားလေသည်လို့ သိလိုက်ကတည်းက ငါသူတစ်ပါး ယောက်ျားမိန်းမ လို့ ထင်သေးသလား၊ (မထင်ပါ ဘုရား) ခန္ဓာစွန့်လိုက်လို့ ဒိဋ္ဌိပြုတ်တယ်၊ သဘော ပါလား (ပါပါတယ်)။

နောက်ကသိလိုက်တဲ့ဉာဏ်လေးက၊ ကိလေသဝဋ် ကမ္မဝဋ်တွေကိုမဖြတ်လိုက်ဘူးလား ဖြတ်လိုက်ပါတယ် အင်း ဒါဖြင့် ခန္ဓာစွန့်ကိလေသာစွန့်ပေါ့ဗျာ။

ဝိပဿနာသည် ဒိဋ္ဌိပြုတ်တယ်လို့မှတ်ပါ

ကိလေသာစွန့်ဆိုကတည်းက ကိလေသဝဋ်၊ ကမ္မဝဋ် ဝိပါကဝဋ်တွေကော မပါသေး ဘူးလား (ပါပါတယ် ဘုရား) အဲ့ဒါဖြင့် ဒို့လုပ်တဲ့ ဝိပဿနာသည် ခန္ဓာလည်းစွန့်၊ ခန္ဓာစွန့် တယ်ဆိုတော့ ဒိဋ္ဌိပြုတ်ပြီ၊ မှတ်ထားစမ်းမောင်နိုင်၊

ခန္ဓာစွန့်တယ်ဆိုတော့ (ဒိဋ္ဌိပြုတ်ပါပြီ) ငါသူ တစ်ပါးယောက်ျားမိန်းမရှိသေးရဲ့လား (မရှိပါ ဘုရား) ဒိဋ္ဌိပြုတ် သွားပြီ သဘောကျပလား (ကျပါပြီ)

မဂ်ကလဲ ဒိဋ္ဌိပြုတ်သွားတဲ့ မဂ်ကလေးက၊ မဂ်နဲ့ပဲ အသက်ရှင်နေတဲ့အတွက် ဦးဘရှင်း ကိလေသာတွေလာသေး လား (မလာပါ ဘုရား) တဏှာဥပါဒါန်ကံတွေ (မလာပါ) မလာဘူးဆိုတော့ ရှင်းပလား ကိုစောမောင် (ရှင်းပါတယ်)။

ကိလေသာကောခင်ဗျားတို့မဂ်က၊ ဝိပဿနာမဂ်က စွန့်ပါတယ် ခန္ဓာကော (စွန့်ပါတယ်) သဘောကျပလား (ကျပါပြီ) ကိလေသာစွန့် (ခန္ဓာစွန့်ပါတယ်) ကိုင်း ကိုစောမောင် ကျေးဇူးများပုံ ပေါ်ကြပလား (ပေါ်ပါပြီ)

ကိလေသာလည်း (စွန့်ပါတယ်) ခန္ဓာလည်း (စွန့်ပါ တယ်) ဒါဖြင့် ဒီအချိန်မှာ ကိလေသာမရှိပဲနဲ့ ခင်ဗျားတို့ ဝိပဿနာနဲ့သေသွားမယ်၊ ဝိပဿနာရှုရင်း သေသွားတယ် ဆိုကြပါစို့။

မောင်နိုင် ကိုယ့်ခန္ဓာလည်း ဒိဋ္ဌိပြုတ်သွားပြီ၊ ဟိုဘက် နောက်ဘဝအကျိုးပေးစရာကော (မရှိပါ ဘုရား)။ အကယ်၍ ဝိပဿနာ့မဆုံးခင်သေသွားလို့ရှိရင်လည်း သုဂတိ ပဲ အကျိုးပေးမယ် (မှန်ပါ့) ပေးသည်နှင့်တစ်ပြိုင်နက်တည်း သုဂတိရောက်သည်နှင့် တစ်ပြိုင်နက်တည်း သောတာပန် တည်ရမယ်။

ကိုစောမောင် ဝိပဿနာသည် ရှုနေတဲ့ဇောနဲ့ ဟိုမှာ ပဋိသန္ဓေနေတာနဲ့ဟာ ကပ်မနေဘူးလား (နေပါတယ် ဘုရား) ကပ်နေတော့ ဒီတရားတွေဟာ အကုန်သွားပေါ်တာပဲ။ ပေါ် သည်နှင့် တစ်ပြိုင်နက် တည်း နတ်ပြည်ရောက်တာက နှေးသေးတယ် သောတာပန်တည်တာက စောနေတယ်။

ဘယ်လောက်ထိအောင် ကျေးဇူးများတယ်ဆိုတာ ဝိပဿနာမဂ်ကလေး ပေါ်ကြပလား (ပေါ်ပါပြီ) သြော် ဒါကြောင့် အချည်းနှီးမဖြစ်ဘူးဆိုတာကော – ရှင်းရှင်း လင်းလင်း သိကြပလား (သိပါပြီ ဘုရား)။

ဝိပဿနာမဂ်သည်သုဂတိပို့သည်

ဒါဖြင့် ဝိပဿနာရှုလိုက်ခြင်းသည် ခန္ဓာစွန့်လို့ ဒိဋ္ဌိ ပြုတ်တယ် နောက်ထပ် ကိလေသာ မလာ သောကြောင့် ကိလေသာ သေသောကြောင့်လည်း အပါယ်လေးပါး မသွားဘူး၊ ပေါ်ပလား (ပေါ်ပါပြီ)။

ဝိပဿနာမဂ်သည် သုဂတိမှတစ်ပါး ဘယ်မှမသွား ဘူး၊ ပေါ်ကြပလား (ပေါ်ပါပြီ) မဂ်စစ်ကို မဟောသေးပါဘူး တဲ့၊ ဝိပဿနာမဂ်ကိုသာ ဟောပါတယ်၊ မဂ်စစ်ကို မဟောသေးပါဘူး။

အယံပိ ဝိပဿနာ= ဤဝိပဿနာသည်တဲ့ ဝိသုဒ္ဓိမဂ် ဆရာက၊ အယံပိ ဝိပဿနာ၊ ခန္ဓာအဘိသင်္ခါရေဟိ ပရိစ္စဇတိ တဲ့ –

မှတ်ချက်။ ။*ဝိပဿနာ ဟိ တဒင်္ဂဝသေန သဒ္ဓိံခန္ဓာဘိသင်္ခါရေဟိ ကိလေသေ ပရိစ္စဇတိ။ (ဝိသုဒ္ဓိမဂ်(ပ)၊ 282)

ခန္ဓာနဲ့ အဘိသင်္ခါရနဲ့ကို ဖြေရှင်းလိုက်ပါတယ်ကွာတဲ့၊

ခန္ဓာရှိနေရင်လည်း ဒိဋ္ဌိလာဦးမှာကိုး၊ နောက်ခန္ဓာ တွေလာဦးမှာကိုး၊ အခုပြနေတာ နောက်ခန္ဓာ ရှိရဲ့လား (မရှိပါဘူး) အနိစ္စသာ ရှိတယ် သဘောကျပလား (ကျပါပြီ) ခန္ဓာရှိရဲ့ လား ဘာရှိသလဲ (အနိစ္စသာ ရှိပါတယ်)။

ဒါဖြင့် ခန္ဓာစွန့်ပြီး အနိစ္စနဲ့တွေ့နေတယ်၊ သဘော ကျပလား (ကျပါပြီ) ဒါဖြင့် ခန္ဓာစွန့် သောကြောင့် ကိုစောမောင် ဘာဖြစ်ချင်လဲ (မဖြစ်ချင်ပါဘူး) ဒိဋ္ဌိပြုတ် သွားတယ် မောင်နိုင် ရှင်းပလား (ရှင်းပါပြီ) ပြုတ်စရာတွေ ရှိသေးရဲ့ လား (မရှိပါဘူး)။

ဒိဋ္ဌိခိုစရာအကွက်ပါသေးရဲ့ လား (မပါပါဘူး) အေး ဒါကြောင့် ကြိုးစားလုပ်ကြ၊ ကြိုးစားလုပ်ကြဆိုတာ တိုက်တွန်း ရမှာလား မတိုက်တွန်းရမှာလား (တိုက်တွန်းရမှာပါ ဘုရား)။

ဒိဋ္ဌိရှိနေသေးလို့ရှိရင်လည်း ဦးဘရှင်းဘယ်ကောင်း မလည်း၊ ဒါဝိပဿနာတွေရှုတဲ့ပုဂ္ဂိုလ်နှော၊ ဘယ်နှချက်စွန့် ပါလိမ့် (နှစ်ချက်စွန့်ပါတယ်) ရှေ့ကခန္ဓာစွန့်တယ်(မှန်ပါ့) နောက်က ကိလေသာ စွန့်တယ် (မှန်ပါ)။

ရှေ့က (ခန္ဓာစွန့်တယ်) နောက်က (ကိလေသာ စွန့်ပါတယ်) ကိလေသာ စွန့်တယ် ဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီ)။

ဝိပဿနာရှုရင်းသေရင်သုဂတိပဲ

ကဲဒါဖြင့် နောက်ဘဝကို မဂ်စစ်ကိုမရသေးလို့ ဝိပဿနာမဂ်နဲ့ သေသွားလို့ရှိရင်လည်း သုဂတိခန္ဓာပဲရမယ်၊ ဘာကြောင့်တုံးလို့မေးတဲ့အခါ တဏှာ ဥပါဒါန် အုပ်ချုပ်တဲ့ ကံမလာတော့ဘူး၊ လာသေးရဲ့လား (မလာပါ ဘုရား)။ သုဂတိ ရောက်ရင်လည်း သောတာပန်တည်တာက အရင်ကျမယ်ဆို တာပြောပြီးပါပြီ၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ရှုရင်းသေလည်းမမှားဘူး၊ သဘောကျပလား (ကျပါပြီ) ရှုရင်းသေလည်းသုဂတိပဲ၊ ကိုင်း ဒါလောက်နဲ့ မသေချင်သေးပါဘူးဘုရား၊ ဆိုတော့မှ ဝိပဿနာ ရှု-ရှု-ရှု၊ ဒွါရခြောက်ပေါက်မှာ ရှုစရာတွေလည်း တွေ့ပြီမို့လား

ကဲမြင်စိတ်ကလေး၊ နောက်ကဉာဏ်လိုက်ရမှာက နည်းနည်းဝေးတယ် အကောင်း အဆိုး ရွေးနေတုံး ရှုနိုင်တယ် ဒါဖြင့် အကောင်းအဆိုး ရွေးနေတာက ဝေဒနာက ရွေးနေတာ သဘော ကျပလား (ကျပါပြီ) အဲဒီနောက်ကနေပြီး ကိုစောမောင်က မဂ်ဖြတ်လိုက်တာ (မှန်ပါ) မရဘူးလား (ရပါတယ်)။

အဲဒါဖြင့် ဝေဒနာဖြစ်ပျက် မရဘူးလား (ရပါတယ်) ဟော-ဝေဒနာက္ခန္ဓာဖြစ်နေတယ်၊ မဖြစ်ဘူးလား မောင်နိုင် (ဖြစ်ပါတယ်) ခုနကဝိညာဏက္ခန္ဓာဖြစ်နေတယ်၊ အခုတော့ ဘာဖြစ်နေလည်း၊ ဝေဒနာက္ခန္ဓာဖြစ်နေတယ်၊ ဒါကြောင့် ခန္ဓာစွန့်တယ်ဆိုတာ သေချာပလား (သေချာပါတယ်)။

နောက်ကတဏှာကော လာနိုင်သေးရဲ့လား (မလာနိုင်ပါ) ဒါဖြင့် ဥပါဒါန်သည် ကိုစောမောင် ဘာဖြစ် နေသလဲ (ခန္ဓာစွန့်ပါတယ်) ခန္ဓာစွန့်ပြီးတော့ကော ကိလေသာဆိုတဲ့ တဏှာတွေကော (စွန့်ပါတယ်) သဘောပါပလား (ပါပါပြီ)

ဒါဖြင့် ဒီထက်ကျေးဇူးများစရာ အားလုံး တရားနာ တဲ့ဒကာဒကာမတွေ သေသေချာချာ ကြည့်တော့ တွေ့သေးရဲ့လား (မတွေ့ပါဘူး) သော်-ဒါဖြင့် ဒကာကြီးလှိုင် အဖိုးတန်တဲ့ အချက်ပါ လားဆိုတာ – မရချင်နေပါစေ ဒကာကြီးလှိုင်က အသက်အရွယ်ကြီးလို့ထား၊ လုပ်သာနေ၊ ခန္ဓာစွန့် ကိလေသာစွန့် တာကတော့ သေချာတယ် (မှန်ပါ)

အသက်ပြီးတော့ရတဲ့မဂ်နဲ့ကျေနပ်လိုက်ပါ

ဒကာကြီးလှိုင်က အသက်အရွယ်ကလည်း ကြီးတော့ ဒီဥစ္စာတပည့်တော်လုပ်သာနေရတယ် မဂ်များ ဘယ်တော့ ရမလဲ။ ရတဲ့ မဂ်နဲ့ ကျေနပ်လိုက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) မောင်နိုင် ဘာတဲ့လည်း(ရတဲ့မဂ်နဲ့ ကျေနပ်ရပါမယ် ဘုရား)။ ဒီတော့ ကိုယ်ဟာကိုရရမှာကို အဲတော့ ရတဲ့မဂ်နဲ့ ကျေနပ်လိုက်တာပေါ့ ရှင်းကြပလား (ရှင်းပါပြီ)။

ကိုင်းတစ်ခါတပည့်တော်တို့နောက်က ဒကာဒကာမ တွေကလည်း အသက်က လည်းငယ် သေးတော့၊ အခု ကတည်းက ဒီလောက်နဲ့ မကျေနပ်သေးဘူး၊ ဒါလဲရှိဦးမှာပေါ့ (ရှိပါတယ် ဘုရား) မရှိပေဘူးလား (ရှိပါတယ်)။

မဂ်စစ်ရအောင်ဒီလိုလုပ်ပါ

ကဲ-မဂ်စစ်ရအောင် တစ်ခါလုပ်မယ်ဆိုတော့ ဒီလိုလုပ် ပါတဲ့ မဂ်စစ် ရအောင် လုပ်မယ် ဆိုတော့ မောင်နိုင်ရေ မြင်စိတ်ကလေးရှုလိုက်ပေါ့ကွာ၊ ကြားစိတ်လာလည်း (ရှုရပါမယ်) အင်း၊ နံစိတ်လာလည်း (ရှုရပါမယ်) စားစိတ်လာ လည်း (ရှုရပါမယ်) ယားစိတ်၊ ယံစိတ်လာလည်း (ရှုရပါမယ်) ရှုရမှာပဲတဲ့။

ကြံစိတ်၊ စည်စိတ်တွေ၊ လောဘ၊ ဒေါသ၊ မောဟ၊ အဒေါသ၊ အလောဘ၊ လာလည်း ရှုရမှာပဲ – ရှုလိုက်တဲ့အခါ ကျတော့ အကုန်လာသ၍ ဖြစ်ပျက်တွေ သိနေတော့ ကိုစောမောင်ရေ – ယထာဘူတဉာဏ် ရသွားတယ် (ရသွား ပါတယ်)။

ယထာဘူတဉာဏ်

ဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ်၊ ခန္ဓာထဲမှာ ပုဂ္ဂိုလ် သတ္တဝါမရှိဘူး၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တသာ ရှိတယ်ဆိုတဲ့ ဉာဏ်ကော မရပေဘူးလား (ရပါတယ်) ဟုတ်တိုင်းမှန်တဲ့ ဉာဏ်ရသွားလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေက စိတ်ဖြစ်ပျက်ကို ဖြင့် ငြီးငွေ့အောင်ရှုလိုက်ကြတာပေါ့ (မှန်ပါ့ ဘုရား)။

အဲယထာဘူတဉာဏ် ရပြီးသွားလို့ရှိရင်ဖြင့်

“ဧဝမေတံ ယထာဘူတံ သမ္မပညာယ ဒဋ္ဌဗ္ဗံ ဧဝံပဿံ ဘိက္ခဝေ သုတဝါ အရိယာသာဝကော ဝိညာဏသ္မိံပိ နိဗ္ဗိန္ဒတိ”

ဆိုတော့ ဒကာ ဒကာမတွေက ဒီစိတ်ဖြစ်ပျက်ကိုပြီး ငွေ့အောင် ရှုလိုက်တာပေါ့ (မှန်ပါ) ကိုစောမောင် ဖြစ်ပျက်တွေ မြင်ရဖန်များရင်၊ဘယ့်နှယ်ဖြစ်မလဲ (ငြီးငွေ့ပါတယ် ဘုရား)။

နိဗ္ဗိန္ဒဉာဏ်

ငြီးငွေ့တဲ့ဉာဏ်ရအောင်ရှုပြီးသကာလ နေလိုက်တော့၊ ဒါ နိဗ္ဗိန္ဒဉာဏ်တ်သွားပြီ။

“နိဗ္ဗိန္ဒန္တော ဝိရဇ္ဇတိ” နိဗ္ဗန္ဒန္တော – ငြီးငွေ့ပြီးသည်ရှိသော်၊ ဝိရဇ္ဇတိ – မဂ် ပေါ်လာ၏။

“ဝိရဇ္ဇတီတိ မဂ္ဂေါ” လို့ အဋ္ဌကထာဆရာများ ဖွင့်သော ကြောင့်၊ ဒီဝိညာဏက္ခန္ဓာ ဖြစ်ပျက်တွေဟာ ဒုက္ခသစ္စာအစစ်ပဲ လို့ ဆုံးဖြတ်ချက်ချလိုက်လို့ရှိရင် ဖျပ်, ဆို ချုပ်သွားပြီး ကိုစောမောင် နိဗ္ဗာန်ပေါ်လာတယ်၊ မဂ်ပေါ်မလာဘူးလား ပေါ်လာပါတယ် ဘုရား)။

မဂ်ဉာဏ်

ကိုစောမောင် အဲတော့ ဒီမဂ်ပေါ်လာတော့ကို ရှေ့မှာ ခန္ဓာကောရှိသေးရဲ့ လား (မရှိပါဘူး) ခန္ဓာလည်း မရှိဘူး၊ နောက်က ကိလေသာကော (မရှိပါ) အင်း ဒီဉာဏ်ကလည်း ကိုစောမောင်ရေ ချုပ်သွားတော့ကို ရှေ့ပိုင်းချုပ်လည်းသွားပါ ရော ချုပ်တဲ့နိဗ္ဗာန်ဘက်ကို သူ မလှည့်ဘူးလား (လှည့်ပါတယ်)။

ဒါဖြင့် တကယ့်လောကုတ္တရာ၊ သောတာပတ္တိမဂ်က တော့ ဒကာ ဒကာမတို့ရှေ့က ခန္ဓာလည်းစွန့်၊ နိဗ္ဗာန်ဘက်ကို လည်း လှည့်တယ်၊ နောက်က၊ ကိလေသာလည်းသေစေတယ်၊ သူက သုံးချက်၊ ကိုစောမောင် ခုနကနဲ့တူသေးသလား (မတူပါ ဘုရား)။

ဉာဏ်ကနိဗ္ဗာန် ပြေးဝင်တယ်

ကိလေသာစွန့်၊ ခန္ဓာစွန့်ပြီး ဒီဉာဏ်နိဗ္ဗာန်ဘက်ပြေး ဝင်သွားတယ် မောင်နိုင် မှတ်မိပလား (မှတ်မိပါပြီ) ဘာတဲ့ လည်း (ကိလေသာစွန့် ခန္ဓာစွန့်ပြီး ဉာဏ်က နိဗ္ဗာန်ဘက် ပြေး ဝင်သွားပါတယ်) သူကသုံးချက် (မှန်ပါ့)။

ခုနက ဝိပဿနာ မဂ်က နှစ်ချက် ကိလေသာနဲ့ ခန္ဓာ သာစွန့်တယ်၊ အခုသောတာပတ္တိမဂ်ကတော့ဘာတဲ့၊ (ခန္ဓာစွန့်၊ ကိလေသာစွန့် နိဗ္ဗာန် ပြေးဝင်ပါတယ်) ကိလေသာစွန့် (ခန္ဓာစွန့်) နိဗ္ဗာန်ဘက်ပြေးဝင်သွားတယ်၊ သဘောကျပလား (ကျပါပြီ)။

ရှေ့ကလည်း ဖြစ်ပျက်တွေရှိသေးရဲ့ လား (မရှိပါ) မရှိတော့ ခန္ဓာစွန့်ပြီးသား မကျဘူးလား (ကျပါတယ်) နောက် က ကိလေသာကလည်း ဒိဋ္ဌိဝိစိကိစ္ဆာ ကိလေသာ၊ လာသေး ရဲ့လား (မလာပါ) ဒါဖြင့် ကိလေသာကော (စွန့်ပါတယ်) ကိလေသာစွန့်တာက သူ့ပယောဂနဲ့ စွန့်တာမဟုတ်ဘူး သူလာတာနဲ့ နောက်ပိုင်းက မလာပဲနေလိုက်ရတာ (မှန်ပါ)။

ဖြစ်ပျက်မရှိတော့ နိဗ္ဗာန်ဘက်လှည့်တယ်

ဒါဖြင့် ဒီဉာဏ်တွေ ခုနကတုံးကတော့ သင်္ခါရဖြစ် ပျက်တွေ အာရုံပြုနေတာ၊ ဖြစ်ပျက်မရှိတော့ သူဘယ်လှည့် သွားသတုံးမေးရင် ဘယ့်နှယ်ပြောမလဲ နိဗ္ဗာန်ဘက် လှည့်သွားပါတယ်၊ ဖြစ်ပျက်ဆုံးတဲ့ ဘက်လှည့်သွားတယ်၊ ဖြစ်ပျက်ဆုံးတဲ့နိဗ္ဗာန်ဘက်မလှည့်ဘူးလား (လှည့်ပါ တယ်) ရှင်းပလား (ရှင်းပါပြီ)။

သြော်-ဒါဖြင့် လောကုတ္တရာ မဂ် (ဝါ) သောတာပတ္တိ မဂ်ကတော့ ကိလေသာစွန့် ခန္ဓာစွန့်ပြီး နိဗ္ဗာန်ဘက်ပြေးဝင် သွားသည် ရှင်းကြပလား (ရှင်းပါပြီ) ဒါပြောဖို့ မလွယ်ပါဘူး ကိုစောမောင် လွယ်ပမလား (မလွယ်ပါဘူး)။

ဒီလိုဆိုတော့ ကိုစောမောင်တို့ကလဲ စဉ်းစား၊ နောက်က ဒကာဒကာမတွေကလည်း စဉ်းစားခန်းထုတ် လိုက်တာပေါ့ သြော် ဒီမဂ်က အခုဆုံးအောင် လိုက်လိုက်လို့ သူရဲ့ ဖြစ်ပျက်တွေကို မလိုချင်ဘူး၊ ဒါတွေ ဒုက္ခသစ္စာတွေပဲလို့ ပိုင်ပိုင်နိုင်နိုင် သိသွားမယ်ဆိုလို့ရှိရင် ဖြစ်ပျက်တွေဆိုတဲ့ ခန္ဓာ တွေကလည်း ပျောက်သွားမယ်၊ မပျောက်ပေဘူးလား (ပျောက်ပါတယ်)။

ဉာဏ်ကလည်းဘယ်ဘက်ရောက်သွားမလဲ (နိဗ္ဗာန် ဘက်ရောက်သွားမယ်) ဖြစ်ပျက်ဆုံးတဲ့ ဘက်ရောက်သွားမယ်၊ မရောက်ဘူးလား (ရောက်ပါတယ်)။

ဖြစ်ပျက်ဆုံးတာ နိဗ္ဗာန်မို့လား၊ အဲဒီဘက်ရောက်မသွား ဘူးလား (ရောက်ပါတယ်)၊ ရောက်သွားရင် မဂ်ဖြစ်နေ တဲ့အတွက် နောက်ကကိလေသာကလည်း ခုနက ဝိပဿနာ မဂ်ကတောင် လာခွင့်မပေးဘူးဆိုတော့ သူကလည်း လာခွင့် ပေးသေးရဲ့ လား (မပေးပါ ဘုရား) မပေးတော့ ဒိဋ္ဌိ ကိလေသာ တွေ ဝိစိကိစ္ဆာကိလေသာတွေ ပရာမာသ ကိလေသာတွေ လာနိုင်သေးရဲ့ လား (မလာ နိုင်ပါ ဘုရား)။

မိလိန္ဒပဥှာမှာလာတယ်

ဒါဖြင့်မဂ်သည် ဘာစွန့်လို့ ဘယ်ပြေးဝင်သတုံး (ကိလေသာစွန့် ခန္ဓာစွန့်ပြီး နိဗ္ဗာန်ပြေးဝင် ပါတယ် ဘုရား) နိဗ္ဗာန်ဘက်ကို ဉာဏ်ကပြေးဝင်သွားတယ်၊ သေသေချာချာ မှတ်ပါ ဒါဝိပရိပဏ္ဏာသမှာ သေသေချာချာလာတယ် (မှန်ပါ့) မိလိန္ဒပဉ္စာမှာလည်း သေသေချာချာလာတယ်။ သဘောကျ ပလား (ကျပါပြီ)။

ဒါဖြင့်ပြန်ပြောဦးမယ် ကိုစောမောင်နော် ဝိပဿနာ မဂ်ရှိနေတဲ့ ပုဂ္ဂိုလ်များကတော့ဘာတဲ့ (ခန္ဓာနဲ့ ကိလေသာ စွန့်ပါတယ်) ခန္ဓာနဲ့ကိလေသာစွန့်တယ်နော်၊ သဘောကျ ပလား (ကျပါပြီ) ကိုင်း-ဒါဖြင့် ခန္ဓာလည်းစွန့် ကိလေသာ လည်းစွန့် ဦးဘရှင်း ကျေနပ်ပလား (ကျေနပ်ပါပြီ)။

ကဲ-တပည့်တော်ဖြင့် အဆုံးပဲလိုက်ပါတော့မယ် ဘုရား၊ ဖြစ်ပျက်ဆုံးသည့်တိုင်အောင် ရှုနေပါတော့မယ်လို့ ဆိုပြီး ရှုတယ် ကဲဆုံးသွားပြီ ကိုစောမောင်ရေ ဘယ်ဘက် ပြေးဝင်မလဲ (နိဗ္ဗာန်ဘက် ပြေးဝင်မယ် ဘုရား) နိဗ္ဗာန် ဘက်ပဲ ပြေးဝင်မယ်။

အဲတော့ခင်ဗျားတို့စိတ်ဟာလည်းတဲ့ အာရုံတစ်ခုမရှိ ရင် နေလို့ဖြစ်ကဲ့လား (မဖြစ်ပါဘူး ဘုရား) အခုနက ဖြစ်ပျက် နဲ့နေတယ် (မှန်ပါ) အခုတော့ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်နဲ့ နေတယ်၊ ရှင်းပလား (ရှင်းပါပြီ)

အဲဒါဖြင့် ခင်ဗျားတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန် ဝေးသလား၊ နီးသလား မေးကြလို့ ရှိရင်ဖြင့် ကိုစောမောင် ဘယ်နှယ်ဖြေမလဲ (နီးပါတယ် ဘုရား)။

နိဗ္ဗာန် မရောက်ကြတာ ဝိပဿနာမဂ်မစ,လို့

နီးရက်နဲ့ ဒကာဒကာမတွေ နိဗ္ဗာန်မရောက်ကြပါလိမ့် မလဲလို့ဆိုတော့ ဝိပဿနာ မဂ်မစ,လို့ လောကုတ္တရာမဂ်က မလာနိုင်ဘူး၊ ပေါ်ပလား (ပေါ်ပါပြီ) ဘာမဂ်မစလို့လဲ (ဝိပဿနာ မဂ် မစလို့ပါ ဘုရား) ဝိပဿနာမဂ် မစလို့ရှိရင်ဖြင့် ဝိပဿနာမဂ်မစတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်နည်းနဲ့မှ လောကုတ္တရာ မဂ်ကို (မရောက်နိုင်ပါ ဘုရား)

ဘာကြောင့်တုံးဆိုတော့ မောင်နိုင်စဉ်းစားလိုက်၊ အနန္တရပစ္စယော ဒကာဒကာမတွေ ရွတ်လိုက်စမ်း (အနတ္တရပစ္စယော) မြန်မာလိုပြန်လိုက်ပါဦး(အခြားမရှိ ကျေးဇူး ပြုတယ်) အခြားမရှိ ကျေးဇူးပြုတယ်၊ ရှင်းပလား (ရှင်းပါပြီ)

ဝိပဿနာမဂ်က ချုပ်သွားမှလောကုတ္တရာမဂ်ပေါ်မှာ သဘောကျပလား (ကျပါပြီ) ဝိပဿနာ မဂ်ဆုံးမှ (လောကုတ္တ ရာမဂ်ပေါ်ပါတယ်) အဆုံးရှိသေးရဲ့လား (မရှိပါဘူး)။

ဝိပဿနာမဂ်မပါဘဲနဲ့ ဘယ်ကလာ လောကုတ္တရာ မဂ်ရမှာတုံး (မရပါ ဘုရား) ဒါဖြင့် ဝိပဿနာ မရှုတဲ့ ပုဂ္ဂိုလ် နိဗ္ဗာန်ရချင်ပါတယ်လို့ ငိုနေ (မရပါဘူး) တောင်းချင်တဲ့ ဆုတောင်းပြည့်ဘုရား အော်တောင်း (မရပါဘူး) မရနိုင် ဘူးဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

ဝိပဿနာမဂ်ရှေ့ထားလုပ်ရမယ်

ဒီနေ့ အကြီးအကျယ်ဆုံးဖြတ်ချက်ချပေးတယ် ဆိုတာသည် အနန္တရပစ္စည်းနဲ့ချပေးတာ၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ အဲ့တော့ သံယုတ်အဋ္ဌကထာမှာလည်း ဒီအတိုင်း ပဲလာတာပဲ ဝိသုဒ္ဓိမဂ် မှာလည်း ဒီအတိုင်းပဲလာပါတယ် ဆိုတာ ကိုစောမောင် ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ နိဗ္ဗာန်လိုချင်လို့ရှိရင်ဖြင့် ဝိပဿနာ မဂ်ကိုရှေ့ထားလုပ်ရမယ်၊ ဝိပဿနာ မဂ်ရှေ့မထားပဲနဲ့ သောတာပတ္တိမဂ်ကြီး လိုက်လာလိမ့်မယ်ဆိုတာဖြင့် အယူမရှိ ပါနဲ့ (မှန်လှပါ) ဘယ်တော့မှ (မလာပါဘူး)

ဘာပြုလို့တုံး၊ ရှေ့ကအနန္တရပစ္စည်းရှိမှ အနန္တရ ပစ္စည်းရဲ့ ပစ္စယုပ္ပာန်ကလာရမှာ (မှန်ပါ့) ဝိပဿနာမဂ်ဖြစ်မှ လောကုတ္တရာမဂ်က လာရမှာ ဝိပဿနာမဂ်မချုပ်သရွေ့ ဘယ်တော့မှ မလာဘူး ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဝိပဿနာမဂ်ချုပ်အောင်လည်း ဝိပဿနာ ရှုမှပဲ ဝိပဿနာမဂ်ကလည်းချုပ်မှာပဲ ဒါဖြင့် ဒီနေရာမှာ ခင်ဗျားတို့ ဝိပဿနာမဂ်က အကြိမ်ဘယ်လောက် တပည့် တော်တို့ ပွားရမှာတုံး? မေးဖို့မလိုဘူးလား (လိုပါတယ်)။

အကြိမ်ဘယ်လောက်သွားရမှာတုံး

လောကုတ္တရာမဂ်ကလည်း အကြိမ်ဘယ်လောက်ပွား ရမှာတုံး မေးဖို့မလိုဘူးလား (လိုပါတယ်) ဘုန်းကြီး ဒီနေ့ကျကျနန ရှင်းပေးမယ်တဲ့။

ဝိပဿနာမဂ်ကတော့ဖြင့် ခင်ဗျားတို့အကြိမ်များစွာ ပွားရလိမ့်မယ် (မှန်ပါ့) လောကုတ္တရာမဂ် ကတော့ တစ်ကြိမ် ပဲ သူဟာသူလာမယ် (မှန်ပါ့) နှစ်ကြိမ်မလာဘူး၊ သဘော ကျပလား (ကျပါပြီ)။

“မဂ္ဂဘိညာ သကိံမတာ”

လို့ဆိုထားတဲ့အတွက် မဂ်ဇော အဘိဉာဏ်ဇော တွေ တစ်ကြိမ်ပဲလာတယ်။

“မဂ် ဘာဝေတဗ္ဗကိစ္စ”

လို့ဆိုတာ ဝိပဿနာမဂ်ကိုဆိုတာ ပေါ်ပလား (ပေါ်ပါပြီ) မဂ်ဟာဘာဝေတဗ္ဗကိစ္စဆိုတာ ဘယ်မဂ်ကိုဆိုတာလဲ (ဝိပဿနာမဂ်ကိုဆိုတာ) လောကုတ္တရာမဂ်ကတော့ ဘယ်နှစ်ကြိမ် သာလာနိုင်လဲ (တစ်ကြိမ်သာလာ နိုင်ပါ တယ်) တစ်ကြိမ်သာလာတယ်။ နောက်ဘယ်တော့မှ မလာ တော့ဘူး။

သောတာပတ္တိမဂ်၊ သောတပတ္တိမဂ်ဆိုပြီး တကြိမ် ပြီးနောက် ဘယ်တော့မှ မလာတော့ဘူး (မှန်ပါ့)

သူလာတယ်ဆိုပြီးပွားလို့ ရှိရင် သကဒါဂါမ်နဲ့ ပဲလာမယ်၊ သူကတော့တစ်ကြိမ်နဲ့ပြီးတာပဲ၊ နှစ်ကြိမ်ဖြစ်ဖို့ မလိုဘူးတဲ့ ကိုစောမောင်ရေ

လောကုတ္တရာမဂ်ကတစ်ကြိမ်နဲ့အကုန်ပယ်တယ်

တစ်ကြိမ်နဲ့ အပါယ်လေးပါး တံခါးကအကုန်ပိတ် နိုင်တဲ့စွမ်းရည်သတ္တိရှိတယ်တဲ့၊ နှစ်ကြိမ် လုပ်မနေရဘူးတဲ့ ပေါ်ပလား (ပေါ်ပါပြီ)

တစ်ကြိမ်နဲ့ပဲ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ ဆိုတဲ့ အပါယ်သွားကြောင်းတွေ တစ်ကြိမ်နဲ့ အကုန်ပယ်ချ လိုက်တယ်၊ နှစ်ကြိမ်လုပ်မနေနဲ့ အပိုပဲတဲ့၊ သတ်စရာမရှိဘူး တဲ့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

တစ်ကြိမ်တည်းနဲ့သတ်လို့သေတော့ ကိုစောမောင် နှစ်ကြိမ် သတ်စရာ (မလိုတော့ဘူး) အဲဒါကြောင့် သူတော့ ဘယ်နှစ်ကြိမ်တဲ့လည်း (တစ်ကြိမ်ပါ ဘုရား)။

ဝိပဿနာမဂ်ကတော့ (အကြိမ်များစွာပါ ဘုရား) အကြိမ်များစွာ ပွားရမယ်ဆိုတော့၊ ခင်ဗျားတို့က မဂ်ဆိုတာ ပွားရမှာကွလို့ ဆိုငြားသော်လည်း မခွဲတတ်ဘူး၊ အခုတော့ ခွဲတတ်ပြီ ဘယ်မဂ်ပွားရမှာတုံး (ဝိပဿနာ မဂ်ပွားရမှာပါ) လောကုတ္တရာမဂ်ကျတော့ (တစ်ကြိမ်ပဲ ပွားရမှာပါ) တစ်ကြိမ်ပဲ။

အဲတော့ ပွားဆိုတဲ့ မဂ်နဲ့ သုံးလို့ရသေးရဲ့ လား (မရပါဘူး) သောတာပတ္တိမဂ်ကတော့ဖြင့် တစ်ကြိမ်ပဲဆိုတာ သေချာပလား သေချာပါပြီ၊ အဲဒါ ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာမှာ သေသေချာချာ ဖွင့်တယ်ဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ)။

အဖိုးအကြီးအကျယ်တန်သွားပြီ

ဒါဖြင့် ဒကာဒကာမတို့၊ ရှုစရာကော ဒွါရ (၆) ပေါက်မှာ တွေ့ပါသလား (တွေ့ပါပြီ) ရှုကောရှုတတ်ပါ တယ် (ရှုတတ်ပါပြီ)

ရှုတဲ့ကျေးဇူးကလည်း ဝိပဿနာမဂ်မှာ ဘယ်နှစ်ခုရ သလဲ (နှစ်ခုပါ ဘုရား) လောကုတ္တရာ မဂ်ဆိုက်သွားတော့ ဘယ်နှစ်ခုရသလဲ (သုံးခုပါ ဘုရား) သုံးခုရ သွားတယ်ဆိုတော့ ကိုစောမောင် ဒီနေ့ နည်းနည်းနောနော အဖိုးတန်သလား (တန်ပါတယ် ဘုရား) ဒကာဒကာမတွေ ဒီနေ့ တရားနာ ရတဲ့ပုဂ္ဂိုလ်တွေမှာ နည်းနည်းနောနော အဖိုးတန်သလား၊ အကြီးအကျယ်တန်သလား (အကြီး အကျယ် တန်ပါတယ်)။

ခင်ဗျားတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး လာလို့ ရှိရင် ဝိပဿနာရှုကြလို့ဟောတယ်၊ ဒီလိုတောင် သိပ်ဝေဖန် လိမ့်မယ်မဟုတ်ဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

အသိဉာဏ်ရင့်မှဘုရားကဟောတယ်

မင်းဟာမင်းရှုပြီးသကာလ ဒါတောင်ပဲ ကိုယ်တော် ကြီးကတော်တော်နဲ့လာတာမဟုတ်ဘူး၊ အသိဉာဏ် တော်တော်ရင့်မှ၊ ကဗျာကယာလာလိုက်တာ၊ လာလိုက်တာ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒီလိုဝါးလုံးရှည်ရှည်နဲ့ရမ်းလိမ့်မယ်လို့ အောက်မေ့ မနေနဲ့ (မှန်ပါ့) ခုဟာက ဘယ်သူပါပါ ရမ်းတဲ့အဓိပ္ပါယ် ဘုရား ကတော့မဟုတ်ဘူး၊ နုနေသေးရင် ငါသွားအလကားပဲဆိုပြီး ရင့်တဲ့ပုဂ္ဂိုလ်ဆီ သွားတာ၊ နုတဲ့ပုဂ္ဂိုလ်ဆီသွားရဲ့ လား (မသွား ပါဘူး) ရှင်းပလား (ရှင်းပါပြီ) အဲဒီတော့ ရှုနည်းလေး ဒကာ ဒကာမတွေကို ပြောပါ့မယ်တဲ့၊ နာရီကျန်နေသေးတယ် ကိုစောမောင် ငါးမိနစ်လောက် ကျန်တယ်။

ဝိပဿနာရှုနည်း

ရှုနည်းလေးက ဘုရားကရှုခိုင်းတော့ ဘုရားတပည့် သားကလည်းရှုခိုင်းတာပဲ ဘုရားရဲ့ အဆုံးအမလိုက်နာပြီး တော့ဆိုပြီး ယုံယုံကြည်ကြည်ကိုယ်တော်မြတ်ကြီး ဉာဏ်ကို ခင်ဗျားတို့က ယုံကြည်ပါ။

ကိုယ်တော်မြတ်ကြီးဉာဏ်နဲ့ ဟောထားတာ၊ အဲတော့ မြတ်စွာဘုရား၏ သဗ္ဗညုတ ဉာဏ်တော်ကို ယုံကြည်ပါ။

ယုံကြည်ပြီးသကာလ ဒီအတတ်ပညာလေးနဲ့ပဲ။ ဆရာ ပေးထားတဲ့ပညာနဲ့ရှုပါ။

ဘုရားအပေါ် ယုံကြည်ပြီး ကိုယ့်ပညာနဲ့ရှုပါ၊ သဘော ကျပလား (ကျပါပြီ) ဘုရားအပေါ် (ယုံကြည်ပြီး ကိုယ့်ပညာနဲ့ ရှုရပါ့မယ်) ပြီးတော့ကိုယ့်ပညာနဲ့။ (ရှုရပါမယ်)။

သဒ္ဓါနဲ့ ပညာညီပါ့စေ –

သဒ္ဓါကလည်းအကြည်ညို၊ မလွန်စေနဲ့ အကြည်ညို လွန်ရင် ပညာကနောက်ဆုတ်သွားတယ်၊ မင်း မဂ်ဉာဏ် ဖိုလ်ဉာဏ်မရနိုင်ဘူးတဲ့ ဘုရားအကြည်ညို လွန်ရင် (မဂ်မရ နိုင်)

ဘုရားအကြည်ညိုလွန်ရင်မဂ်မရဘူး

လောကီအမြင်သာကြည့်နော်၊ အကြည်အညို လွန်တာနဲ့ ဘာဖြစ်သွားလည်း ပညာက နောက်ဆုတ်သွား တယ် သဒ္ဓါကလွန်နေလို့ (မှန်ပါ)။

အဲဒါကြောင့် ခင်ဗျားတို့ ဘုရားမကြည်ညိုနဲ့လို့ ဟောတာမဟုတ်ဘူး၊ အကြည်ညိုလွန်ရင် မဂ်မရဘူး ရိပ်မိ ပလား (ရိပ်မိပါပြီ)။

ဘာပြုလို့လည်းဆိုတော့ သဒ္ဓါ၊ ပညာမညီလို့ခေါ်ကြ ပလား၊ (ပေါ်ပါပြီ)။ ဘယ်လိုကြောင့်လည်း (သဒ္ဓါ ပညာမညီလို့)။

အဲနိဗ္ဗာန်လိုချင်လို့ရှိရင် သဒ္ဓါပညာညီရမယ်။

နိဗ္ဗာန်လိုချင်ရင်သဒ္ဓါပညာညီရမယ်

သဒ္ဓါကလည်း ဘုရားအပေါ်မှာ သိပ်ကိုယုံကြည်ရ မယ်၊ ပညာကလည်း ယုံကြည်တဲ့အတိုင်းပဲ၊ ပညာကလည်း ဘုရားက ဟောဒီမှာဟောတယ်၊ မြင်စိတ်ကလေး ဖြစ်ပျက်တဲ့ ကြားစိတ်ကလေး ဖြစ်ပျက်တဲ့။

ခင်ဗျားတို့က ဉာဏ်ကလည်းဖြစ်ပျက်ကိုသွားဆိုက်ရ မယ်၊ သဒ္ဓါကလည်း ယုံယုံကြည်ကြည်နဲ့ ဖြစ်ပျက်ဆီမှာသွား ဆိုက်ရမယ် သဘောကျပလား (ကျပါပြီ) ဒီနှစ်ခုညီလို့ရှိရင် သဒ္ဓါပညာ ညီရင်လည်း ခဏကလေးနဲ့ရတယ်၊ သဘောကျ ပလား (ကျပါပြီ)

ဣန္ဒြေ ညှိတာလို့ခေါ်တယ်

ဒါဣန္ဒြေ ညှိတာလို့ခေါ်တယ်၊ သဒ္ဓိန္ဒြေနဲ့ပညိန္ဒြေ ညှိတာ (မှန်ပါ့) ပြီးတော့ကို၊ အကယ်၍ ဒီနှစ်ခုမှာ နွားနှစ်ကောင်လို ကြိုးစုံကိုင်မောင်းတဲ့ ကိုစောမောင် တစ်ကောင်မှ မလွန်ရသလို ပေါ့ဗျာ။

သူတို့နှစ်ခုတစ်ခုလွန်သွားရင် သဒ္ဓါလွန်သော် ဟိုဘက်ကို ခင်တဲ့ဘက်လှည့်တယ် ခင်တတ်တဲ့ဘက် လှည့် တယ်၊ ဘုရားအပေါ်ခင်တတ်တဲ့ ဘက်လှည့်တယ်၊

ပညာကရှေ့ချွန်ထွက်သွားပြန်လည်း ကောက်ကျစ် တဲ့ဘက်လှည့်တယ်၊ သူတို့နှစ်ခု ညီနေအောင် ထားရမယ်။

ဖြစ်ပျက်ရှုတယ်၊ ဖြစ်ပျက်ရှုတုံး ဒကာဒကာမတွေ ဘယ်သူကို ညီအောင်ထားရမှာလဲ (သဒ္ဓါနှင့်ပညာကိုပါ) အဲ ညီအောင်ထား ဦးဘရှင်း ရိပ်မိပလား (ရိပ်မိပါပြီ)

ငါဘယ်နှယ်ကြောင့်မရသေးပါလိမ့်

ငါဘယ်နှယ်ကြောင့်မရသေးပါလိမ့်ဆိုရင် ဒါမညီ သေးလို့မှတ်၊ ရှင်းပလား (ရှင်းပါပြီ)။

ကဲတစ်ခုပြောလိုက်ဦးမယ် ဝီရိယနဲ့ သမာဓိ၊ သူတို့ တစ်တွေစုံလွတ်ရမယ်၊ ဝီရိယလေး က လည်း ကိုစောမောင် အားထုတ်ရမယ်၊ ဖြစ်ပျက်ရှိတဲ့ဘက်ကို သမာဓိကလည်း ဖြစ်ပျက်ရှိတဲ့ ဘက်ကိုတည်ရမယ်၊ မောင်နိုင်သဘောကျ ပလား (ကျပါပြီ)။

ဝီရိယနှင့် သမာဓိကကော (ညီရမယ်) ညီရမယ် ဘယ်ဘက်လှည့်ပြီးညီရမှာပါလိမ့်၊ (ဖြစ်ပျက်ဘက်လှည့်ပြီး ညီရပါမယ်) ဖြစ်ပျက်ရှိတဲ့ဘက်ညီနေအောင်လှည့်၊ သဘော ကျပလား (ကျပါပြီ)။

သမာဓိလွန်ရင်၊ ပျင်းရိတယ်

ဖြစ်ပျက်ရှိတဲ့ဘက်ဘယ်လိုလုပ်ရမယ် (ညီနေ အောင်လှည့်ရပါမယ်) သူတို့နှစ်ခုဝီရိယ ကရှေ့ချွန်ထွက်သွား ပြန်လို့ရှိရင်လည်း၊ ဥဒ္ဓစ္စဖြစ်သွားလိမ့်မယ်၊ မင်းတို့မဂ်မရပေ ဘူး၊ သဘော ကျပလား (ကျပါပြီ)။

သမာဓိက လွန်သွားပြန်လို့ရှိရင်လည်း ပျင်းရိတဲ့ဘက်၊ ထိနမိဒ္ဓ ဘက်သွားလိမ့်မယ်၊ သူတို့ နှစ်ခုတွဲလွှတ်၊ မလွန်စေနဲ့ တဲ့၊ ဖြစ်ပျက်ရှုတဲ့ဘက်ကို ရှင်းပလား (ရှင်းပါပြီ)။ ၏

သတိမလွတ်စေနဲ့

ကဲသဒ္ဓါပညာရော မောင်နိုင် (ညီရပါမယ်) ဘယ်ဘက်လှည့်ညီရမယ်။ (ဖြစ်ပျက်ဘက် လှည့်ညီရမယ်) ဝီရိယနဲ့ သမာဓိကော (ဖြစ်ပျက်ဘက် လှည့်ညီရပါ့မယ်)။

အဲ အဲတော့ သဒ္ဓိန္ဒြေ၊ ပညိန္ဒြေ၊ ဝီရိယိန္ဒြေ၊သမာဓိန္ဒြေ၊ ဣနြေလေးပါး ရှိတော့ သတိတစ်လုံး ကျန်သေးတယ်၊ သတိက ဒီအပေါ်မှာလေးခုအပေါ်မှာ အကုန်ချုပ်တယ်၊ သတိက မလစ်စေနဲ့၊ မောင်နိုင်လာသရွေ့ရှုမတဲ့၊ သဘောကျပလား (ကျပါပြီ)။

သတိကတော့ဖြင့် ခုနက လွန်တယ်လို့မရှိဘူး၊ သူကတော့အမြဲတန်းစောင့်ပြီး ကြည့်နေရမယ်၊ အမြဲတမ်း စောင့်နေရမယ် သတိက (မှန်ပါ့)။

ပညာရဲ့ အခြံအရံတွေပါ

ဒီအထဲမှာ ဖြစ်ပျက်မြင်တာကတော့ ပညာတစ်လုံး တည်းမြင်တယ်၊ ဒီပြင်ဟာတွေက အကူအညီချည်းမှတ်လိုက်၊ သဒ္ဓါကကော (အကူအညီပါ) ဝီရိယ သမာဓိကော (အကူအညီပါ) သတိကကော (အကူအညီပါ) အကူအညီပဲ တဲ့၊ သို့သော် ပညာအခြံအရံတွေ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

သမာဓိနဲ့ ဝီရိယနဲ့ ညီရမယ်

ကဲဒါဖြင့် ဒီနေ့ညမှာ ဘာနဲ့ဘာညီရမလဲ ဝိပဿနာရှု တဲ့ပုဂ္ဂိုလ်မှာ (ပညာနဲ့ သဒ္ဓါနဲ့ညီရပါမယ်) နောက်ကော (သမာဓိ နဲ့ ဝီရိယနဲ့ ညီရပါမယ်) ညီနေရမယ် သတိဘယ်တော့မှ မလွတ် စေနဲ့၊ ဒါလေးနောက်က ချုပ်ပေးပါ။

ဒကာ ဒကာမတို့ တစ်ခေါက်ပြန်ပြောစမ်း (သဒ္ဓါနဲ့ ပညာညီရမယ်၊ သမာဓိနဲ့ ဝီရိယညီရမယ်) သတိကို (ဘယ်တော့မှ မလွတ်စေရဘူး)

မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရမယ်

ဒီငါးပါးညီလို့ရှိရင်ဖြင့်ကွာတဲ့ ဣန္ဒြေမျှတဲ့အတွက် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရမယ်လို့ ငါ သေသေ ချာချာ ဟောတယ်တဲ့၊ ရှင်းပလား (ရှင်းပါပြီ။)

ဝိပဿနာ ရှုနည်း၊ ညှိနည်း

ဒါဖြင့် ဝိပဿနာမဂ်လည်းရှင်းပြီ၊ လောကုတ္တရာမဂ် ကော (ရှင်းပါပြီ) ရှုနည်းကော (ရှင်းပါပြီ) ညှိနည်းသော (ရှင်းပါပြီ) ရှုနည်း ညှိနည်းလည်းရပြီ။

ဒါဖြင့် ကိုစောမောင် ဘာလိုသေးလဲ (မလိုပါဘူး)

ဒီနေ့ညအဖို့မှာ အတော်အဖိုးတန်သွားပြီ၊ ရှင်းကြ ပလား (ရှင်းပါပြီ)။

ကဲ – ဒီနေ့ဒီတွင်တော်ကြစို့။

သာဓု သာဓု သာဓု။