089

မှန်ထောင်မလွဲပါစေနှင့်

အသံဖိုင်ခေါင်းစဉ်= မနောပေါက်ဝိပဿနာရှုပွားနည်း မှန်ထောင်တရား

စာအုပ်ခေါင်းစဉ်= မှန်ထောင်မလွဲပါစေနှင့်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိက

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း

ဦးချစ်ဆွေဓမ္မာရုံ၌ ဟောကြားတော်မူသော

မှန်ထောင်မလွဲပါစေနှင့်

(၁၈-၂-၆၁)

ဒွါရခြောက်ပေါက်ရှိတယ်လို့ ဒကာ ဒကာမတွေ မှတ် ထားရမယ်နော်။

မျက်စိပေါက်က ပဋိစ္စသမုပ္ပါဒ်လ် တစ်မျိုး၊ နားပေါက် က ပဋိစ္စသမုပ္ပါဒ်ကော (တစ်မျိုးပါဘုရား)၊ လျှာပေါက်က ပဋိစ္စသမုပ္ပါဒ် (တစ်မျိုးပါဘုရား)၊ ကိုယ်ပေါက်က ပဋိစ္စ သမုပ္ပါဒ်(တစ်မျိုးပါဘုရား)။

အဲ ငါးမျိုးတော့ဖြင့် ဒကာ ဒကာမတွေ ရှုတတ် ပါပြီတဲ့။

မျက်လုံးပေါက်က ပေါ်လာတဲ့ မျက်လုံးစိတ်ကို ဖြစ်ပျက်ရှုလိုက်ရင် ပဋိစ္စသမုပ္ပါဒ် ပြတ်တာပဲ။

နားပေါက်က ကြားစိတ်ကလေးပေါ်လာရင် ကြားစိတ် ကလေး ဖြစ်ပျက်ရှုလိုက်ရင်ကော (ပြတ်ပါတယ်ဘုရား)။

နှာခေါင်းပေါက်က နံတဲ့ စိတ်ကလေးပေါ်လာလို့ရှိရင် သူ့ကို ဖြစ်ပျက် ရှုလိုက်ရင်ကော (ပြတ်တာပါပဲဘုရား)။

ပဋိစ္စသမုပ္ပါဒ် ပြတ်တာပါပဲဆိုတော့ သြော် ပဋိစ္စ သမုပ္ပါဒ်သည် ဖြတ်တတ်လို့ရှိရင်လဲ အလွယ်သားပါပဲဆိုတာ ပေါ်လာတယ်နော်၊ စိတ်ကလေး ပေါ်လာရင်ကော (ဖြစ်ပျက်ရှုရင် ပြတ်တာပါပဲ ဘုရား)။

ဖြစ်ပျက်ရှုလိုက်တော့ ပဋိစ္စသမုပ္ပါဒ် ဘယ့်နှယ် နေကြ သလဲ (ပြတ်ပါတယ်ဘုရား)၊ ပြတ်ထွက်သွားတာပဲတဲ့။ တစ်ခါ စဉ်းစားပါဦးတဲ့၊ ဒကာ ဒကာမတို့ ကိုယ်ပေါ်မှာ ယားတဲ့ စိတ်, ယံတဲ့ စိတ်, ကောင်းတဲ့ စိတ်တွေကလဲ ရှိသေးတယ်။

အဲဒါတွေ ပေါ်လာတော့ ဘယ့်နှယ်လုပ်ကြမယ် (ဖြစ်ပျက်ရှုပါမယ်ဘုရား)၊ ဖြစ်ပျက် ရှုလိုက်တော့ ဘာဖြစ်သွား သလဲ (ပဋိစ္စသမုပ္ပါဒ် ပြတ်သွားပါတယ်ဘုရား)၊ ပဋိစ္စ သမုပ္ပါဒ်ပြတ်ရင် နိဗ္ဗာန် ရောက်တာပဲ၊ ဘယ်လိုမှတ်ကြမယ်။ (ပဋိစ္စသမုပ္ပါဒ်ပြတ်ရင် နိဗ္ဗာန် ရောက်ပါတယ်ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ပြတ်ရင် နိဗ္ဗာန်ရောက်တာပဲလို့ ဒကာ ဒကာမတွေ မှတ်တော့ နိဗ္ဗာန်သာ ရောက်ချင်နေတယ်။ ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့အလုပ်ကို မလုပ်ဘူးဆိုလို့ရှိရင်ဖြင့် ဦးခင်မောင်တို့ ကိုယ်ကျိုးနည်းပေါ့။

ဒါဖြင့် နိဗ္ဗာန်ရောက်ချင် ဘာလုပ်ရမယ်။ (ပဋိစ္စ သမုပ္ပါဒ်ပြတ်အောင် လုပ်ရပါမယ်ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ကလဲ ဒကာ ဒကာမတို့ ဘယ်နှစ်ခု ရှိပါလိမ့်မတုံးမေးတော့ ဘယ့်နှယ် ဖြေကြမလဲ။ (ခြောက်ခု ပါဘုရား)၊ ခြောက်ခု၊ ဒီနေ့ နောက်ဆုံးပိတ် ပြမှာပဲ။ (မှန်လှပါဘုရား)။

ဒီ ခြောက်ခုကို ပေါ်ရာကနေပြီး ပေါ်တဲ့ စိတ်ကိုသာ အနိစ္စ, ဒုက္ခ, အနတ္တ ကြိုက်ရာရှုပြီး ဖြတ်နေကြမယ်ဆိုရင် ဖြင့် နောက်ခန္ဓာဖြစ်ကြောင်း လာသေးရဲ့ လား။ (မလာ ပါဘုရား)၊ နောက်ခန္ဓာဖြစ်ကျိုး (မလာပါဘုရား)၊ နောက် ခန္ဓာဖြစ်ကျိုး မလာဟာ ဘာခေါ်ကြမယ်။ (နိဗ္ဗာန်ပါ ဘုရား)။

ဪ နိဗ္ဗာန်ဆိုတော့ မောင်ထွန်းလှိုင်တို့၊ မောင်ကို တို့ ရှင်းနေပါပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်လိုချင်ရင် ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်ကြ။ (မှန်ပါ့)၊ ရှင်းကြ ပလား (ရှင်းပါပြီဘုရား)။

နိဗ္ဗာန်လိုချင် ဘာလုပ်ရလဲ

နိဗ္ဗာန်လိုချင်ရင် ဘာလုပ်မလဲ (ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်ရပါမယ်ဘုရား)၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ် ဆိုတော့ ကိုယ့်ဒုက္ခ ကိုယ်ရှုပြီး ကိုယ့်ဒုက္ခ ကိုယ်ရှောင်တာ ပဲလို့ မှတ်လိုက်စမ်းပါ၊ ကိုယ့်ဒုက္ခ ကိုယ်ရှုပြီး (ကိုယ့်ဒုက္ခ ကိုယ်ရှောင်တာပါ ဘုရား)။

အဲ ကိုယ့်ဒုက္ခကို ကိုယ်မြင်ပြီဆိုမှဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နောက်ဒုက္ခေတွေ အတွဲလိုက် အပြုံလိုက် ပြတ်တော့တယ်ဆိုတာ ဦးခင်မောင် မှတ်လိုက်စမ်းပါ။

ကိုင်း အားလုံး ဒကာ ဒကာမတွေ ဒီနေ့ မနော ပေါက်ကို ပြတော့မယ်တဲ့၊ မနောပေါက် ကိုပြပြီး အရှင်ဆန္ဒ ဇာတ်သိမ်းလိမ့်မယ်၊ အရှင်ဆန္ဒ ဇာတ်သိမ်းမည့်နေ့၊ မနော ပေါက်ကနေ ပြဦးမယ်၊ ပဋိစ္စသမုပ္ပါဒ်နော်။ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ပါဠိ ရွတ်နေလို့ရှိရင် အားလုံးပဲ နားလည်ကြမှာ မဟုတ်တော့ ပါဠိကို မျက်စောင်းထိုးပြီ ဆရာဘုန်းကြီးက ဒကာ ဒကာမတွေ ဖြစ်စဉ်တို့သာ ပြတော့ မယ်၊ မှတ်ပါနော်။

မနော အကြည်မှန်

ဝမ်းထဲမှာ ဒကာ ဒကာမတို့ မနောအကြည်မှန်ဆိုတော် ရှိတယ်။ (မှန်ပါ့)၊ ဝမ်းထဲမှာ ဟဒယဝတ္ထု အကြည်မှန် ဆိုတာ ရှိတယ်နော်။

အဲဒီ အကြည့်မှန်သည် ဒကာ ဒကာမတို့ ရန်ကုန်မှာ သားကလေးရှိ၊ သားကလေးဘက်ကို တည့်ပေးလိုက်၊ သား ကလေးခင်တဲ့စိတ် ပေါ်လာတာပါ။

ဒါဖြင့် ဝမ်းထဲမှာ အကြည်မှန်ဟာ သမီးဆီလှည့် လိုက်ရင် သမီးကို ခင်တဲ့စိတ်၊ သမီးကို စိုးရိမ်တဲ့စိတ် ပေါ်လာတာပဲ။

ပစ္စည်းဘက် လှည့်လိုက်ရင် ပစ္စည်းကြောင့်ကြတဲ့ စိတ်၊ ပစ္စည်းခင်တဲ့စိတ် မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)။

ဒါ ဒီ မနောအကြည်မှန်ဟာ ဒကာ ဒကာမတို့ သန္တာန်မှာဖြင့် အလုပ်အများဆုံးလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့ဘုရား)၊ မနောအကြည်မှန်ဟာ ဘာပါလိမ့်။ (အလုပ် အများဆုံးပါဘုရား)။

မနောအလုပ်ဟာ အများဆုံး

အလုပ်အများဆုံး လို့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ မှတ်စမ်းပါ၊ မောင်ထွန်းလှိုင်တို့၊ မောင်ကိုတို့ မနော အလုပ်ဟာ အများဆုံးနော်။ (မှန်လှပါဘုရား)။

မနောအလုပ် ဒကာ ဒကာမတို့ မအိပ်မချင်းဘဲ နဖူး ပေါ် လက်တင်ပြီးသကာလ သားဘက် လှည့်လိုက်၊ သမီး တက်လှည့်လိုက်၊ အရောင်းဘက်လှည့်လိုက်၊ အဝယ်ဘက် လှည့်လိုက်ပြီး ကိုယ့် သန္တာန်မှာ အရောင်းဘက် လှည့်လိုက်လို့၊ အမြတ်အစွန်းပေါ်လို့ ချမ်းသာတဲ့စိတ်ကလေးလဲ အကြည်မှန် ပေါ်ပေါ်လာတာပဲ။

အဝယ်ဘက် လှည့်လိုက်လို့ရှိရင်လဲ အဝယ်တည့်သွား လို့ ရှိရင်ဖြင့် အမြတ်အစွန်းရမှာမို့ ဝမ်းသာတဲ့စိတ်ကလေး အကြည်မှန် ပေါ်,မပေါ်ဘူးလား။ (ပေါ်ပါတယ်ဘုရား)။

အဲဒါ တွေးလုံးနဲ့ လှည့်တာဟူသရွေ့ ကိုဖြင့် မနောစိတ် လို့ မှတ်လိုက်စမ်းပါ (မှန်လှပါဘုရား)။

ဒါဖြင့် မနဉ္စ=ခင်ဗျားတို့သန္တာန်၌ ဘဝင် အကြည် မှန်ကိုလည်းကောင်း၊ ဓမ္မေ စ=ခင်ဗျားတို့ တွေးနေရတဲ့ ဓမ္မာရုံ တို့ကိုလည်းကောင်း၊ ပဋိစ္စ= စွဲ၍၊ မနောဝိညာဏံ= မနောဝိညာဏ် စိတ်သည်၊ (ဝါ) ခင်စိတ်, မင်စိတ်, ကြင်နာစိတ်, စိုးရိမ်စိတ်, ကြောင့်ကြစိတ်သည်၊ ဥပ္ပဇ္ဇတိ=တစ်ပြုံကြီး ပေါ်ကြ၏။

သူက သာ၍ မဆိုးဘူးလား။ (သူက ဆိုးပါတယ် ဘုရား)၊ ခင်တဲ့စိတ် ပေါ်ချင်လဲ ပေါ်တယ်နော် ကြောင့် ကြစိတ် ပေါ်ချင်ရင်ကော (ပေါ်ပါတယ်ဘုရား)၊ စိုးရိမ်တဲ့ စိတ် ပေါ်ချင်ရင်ကော (ပေါ်ပါတယ်ဘုရား)။

မနော အဆိုးဆုံး

ဪ ဒီနေရာက အကုန်ပေါ်နိုင်တဲ့ နေရာပါကလား ဆိုတာကော သဘောကျပလား။ (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်မှာ မျက်လုံး, နား, နှာခေါင်း, လျှာ, ကိုယ်, စိတ် မနောတို့တွင် ဘယ်သူ အဆိုးဆုံးပါလိမ့်။ (မနောအဆိုးဆုံးပါဘုရား)။

မနောအဆိုးဆုံးဆိုတာ ရှင်းရှင်းလင်းလင်း မှတ်လိုက် စမ်းပါ ဒကာ ဒကာမတို့၊ ဘာအဆိုးဆုံးပါလိမ့်။ (မနော အဆိုးဆုံးပါဘုရား)။

အိပ်ပျော်နေတာများ အိပ်မပျော်အောင်လုပ်တာ ဘယ် သူပါလိမ့်။ (မနောပါဘုရား)။

မနောကနေပြီး သကာလ အဝေးမှာရှိတဲ့ သားသမီး တွေဘက် လှည့်လိုက်ပြီဆိုမှဖြင့် စိတ်မချ လက်မချ စိတ် ကလေးက ဒီကြားထဲ ပေါ်,ပေါ်လာတယ်၊ ဒါက အဝေးမှာ ရှိတဲ့ သားသမီး မြင်ရတာ မဟုတ်ဘူးနော်။

ဒီတော့ မှန်အကြည်နဲ့ သူ့ဘက်ကို လှည့်လိုက်ပြီ ဆိုမှဖြင့် သူ့အတွက် စိုးရိမ်လိုက်တာ၊ ကြောင့်ကြလိုက်တာ ဆိုတဲ့ စိတ်ကလေးက ဒီမှန်ပေါ်မှာ အရိပ်သဖွယ် ပေါ်လာ တယ်လို့ မှတ်လိုက်စမ်းပါ။ (မှန်လှပါဘုရား)။

ဒါကြောင့် ဘုရားက ဦးခင်မောင်ရေ “မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏံ” ဆိုတာ မြင်ကြပလား။(မှန်ပါ့ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဟောဒီ မနောမှန် အကြည် ဟာ ခင်ဗျားတို့မှာ ဘယ့်နှယ် ဖြစ်နေသတုံးလို့ မေးပါရ စေတော့နော်။

မနောအကြည် မှန်ကလေးဟာ ခင်ဗျားတို့ မလှည့် တက်တော့ သားဘက် လှည့်လိုက်ရင် စိုးရိမ်ကြောင့်ကြတဲ့ စိတ်ကလေးက မပေါ်လာဘူးလား။ (ပေါ်လာပါတယ် ဘုရား)၊ ဒါက သား၊ ဒါက ခင်ဗျားတို့ မှန်၊ ဝမ်းထဲမှာ ရှိတဲ့ မှန်။

သားဘက်ကို လှည့်တဲ့ အိပ်ရာထဲကနေ လှည့်တာ ပါ၊ ထိုင်ရင်း လှည့်လိုက်၊ ကုလားထိုင် ပေါ်ကနေ လှည့်လိုက်၊ လှည့်ချင်တဲ့နေရာ လှည့်၊ သူကဖြင့် ဒီအကြည့်က ထက်လွန်း လို့ ဒီအပေါ်မှာ သားတည်းဟူသော အရိပ်ကြောင့် ခင်လာတဲ့ ခင်တဲ့ စိတ်ကလေးက ပေါ်လာတာပါ။

ဒါဖြင့် သူ ဘယ်အချိန်မဆို ပေါ်နိုင်တဲ့စိတ်၊ မှောင် ထဲမှာလဲ ပေါ်နိုင်တယ်၊ အလင်းထဲလဲ ပေါ်နိုင်တယ်။

မောင်ကို ဒီစိတ် ဘယ့်နှယ်နေသလဲ, (အလင်းထဲလဲ ပေါ်နိုင်ပါတယ်ဘုရား)၊ ပေါ်နိုင်တဲ့ စိတ်ဆိုတော့ အဆိုးဆုံး သည် စိတ်ဆိုတာကော သဘောကျပလား။ (ကျပါပြီ)။

မှန်အလှည့် မလွဲပါစေနဲ့

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ ပြောချင် တာက ဒကာ ဒကာမတွေကို အင်မတန်မှ သိစေချင်တဲ့၊ ဘုန်းကြီး စေတနာက ဒီမှန်အလှည့် မလွဲစေနဲ့။ (မှန်လှပါ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီဘုရား)။

ဒီမှန်ဟာ ခင်ဗျားတို့ အလှည့်က အင်မတန်လွဲတယ်။ သားဘက်ကို လှည့်လိုက်ရင်လဲ သားခင်တဲ့စိတ် မပေါ်ဘူး လား။ (ပေါ်ပါတယ်ဘုရား)၊ သားဘက် လှည့်လိုက်လို့ ရှိရင်၊ သားက ဖြုန်းတီးထားလို့ရှိရင် သူ့ကို မကျေသေးဘူး ဆိုတဲ့ စိတ်ကော (ပေါ်ပါတယ်ဘုရား)။

သမီးဘက် လှည့်လိုက်ပြန်လို့ရှိရင် သမီးကလေးက တော့ လိမ္မာရေးခြား ရှိပါရဲ့ ဆိုပြီး ပိုခင်တဲ့ စိတ်ကလေးကော မပေါ်လာဘူးလား။ (ပေါ်လာပါတယ်ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဟာက ခင်တဲ့စိတ်ပေါ်လာတော့ တဏှာ ဥပါဒါန် ကံ, မလာပေဘူးလား။ (လာပါတယ် ဘုရား)။

သားဘက် လှည့်လိုက်ရင် စိတ်မချ လက်မချဖြစ်တော့ ဒေါသ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ မလာပေဘူးလား။ (လာပါတယ်ဘုရား)။

ဒီမှာ မှန်ကြည့် လွဲတာနဲ့၊ မှန်အထောင်လွဲတာနဲ့ ဦးခင်မောင်ရေ ပဋိစ္စသမုပ္ပါဒ်တွေ ထွက်ထွက်လာတယ်။ (မှန်ပါ့ဘုရား)၊ ဘာဖြစ်လို့ ထွက်လာပါလိမ့်။ (မှန့်အကြည့် လွဲလို့ ပါ ဘုရား)။

မနောအကြည်မှန်က အထောင်လွဲနေတယ်၊ ရိပ်မိကြ ပလား။ (ရိပ်မိပါပြီ)၊ ဘာများ အထောင်လွဲနေသတုံး။ (မနော,အကြည်မှန် အထောင်လွဲနေပါတယ်ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ဟာက တယ်ခက်တာပဲ၊ မှန်ကို မလှည့်သင့်တဲ့ဘက် လှည့်လိုက်ပြီဆိုမှဖြင့်၊ ခုနက သားတည်း ဟူသော အာရုံကို စိတ်မချပြီဆိုမှဖြင့် စိတ်မချတဲ့ ဒေါသ ကလေးဟာ တစ်ခါတည်း ဟဒယဝတ္ထု အကြည် မှန်ပေါ် မပေါ်လာဘူးလား (ပေါ်ပါတယ် ဘုရား)၊ ပေါ် လာတော့ စိတ်မချတာဆိုတာ ဒေါသ, သောက မနေဘူးလား။ (နေပါတယ်ဘုရား)။

အဲဒီတော့ဒေါသ, သောက, ပရိဝေဒ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ၊ သူနဲ့တွဲတဲ့ အဝိဇ္ဇာ သင်္ခါရတွေ ဦးခင်မောင် နောက်က မဆက်ပေဘူးလား ဆက်မလား (ဆက်ပါ တယ် ဘုရား)။

မှန်အထောင် လွဲလို့

ဒါဖြင့် မောင်ထွန်းလှိုင်တို့၊ မောင်ကိုတို့ ဘယ့်နှယ် ကြောင့် ဒီပဋိစ္စသမုပ္ပါဒ် ပေါ်လာပါလိမ့် မတုံးလို့ လက်သည် ရှာကြပါစို့ ဒကာ ဒကာမတို့နော်၊ မှန်အထောင်လွဲလို့

ဘယ်လို မှတ်ကြမယ်။ (မှန်အထောင် လွဲလို့ ပါ ဘုရား)၊ မှန်အထောင်လွဲလို့ ဆိုတာ ကျေနပ်ပါပြီလား။ (ကျေနပ်ပါပြီဘုရား)။

ဪ ဒါဖြင့် ခင်ဗျားတို့မှာ မှန်က ခင်ဗျားတို့ကို ချမ်းသာပေးတဲ့ဘက်ကို လှည့်ပြီး မထောင်ဘဲနဲ့ ဆင်းရဲ ပေးမည့်ဘက်ကို လှည့်ပြီး ထောင်မိသည့်အတွက် ခင်ဗျား တို့ဖြင့် သံသရာခရီးသည်ဖြစ်အောင် ပဋိစ္စသမုပ္ပါဒ်ကြီး တန်း လာတော့တယ်ဆိုတာ ဦးခင်မောင် ရိပ်မိပလား။ (မှန်ပါ့ ဘုရား)။

ဘာလွဲလို့ပါလိမ့်။ (မှန်အထောင်လွဲလို့ပါဘုရား)၊ ဪ ဒါဖြင့် ဒကာ ဒကာမတွေ ထောင်သင့်တဲ့ဘက်ကို ဒီမှန် ထောင်တာပေါ့ဗျာ၊ မထောင်သင့်တဲ့ဘက်ကို မထောင် ပါနဲ့ဆိုတာ ဘုန်းကြီးက မေတ္တာရှေ့ထားပြီး ပြောကြားပါ တယ်။

ဒီမှန် ထောင်ချင်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ အခု မထောင်သင့်တဲ့ဘက်ကို ထောင်တာတွေက သားဘက် ထောင်လိုက်၊ သမီးဘက် ထောင်လိုက်၊ ပစ္စည်းဘက်ကော (ထောင်ပါတယ်ဘုရား)။

တစ်ခါ ကိုယ့်ဘက်များ ကိုယ်ထောင်ပြီး ငါများ ဆိုရင် ” ဒီသား,သမီးတွေနဲ့ ခက်သေးရဲ့လို့ အံမာ ကိုယ့်ဘက်များ ကိုယ်လှည့်ထောင်နေလိုက်သေးတယ်၊ မထောင်ဘူးလား။ (မှန်လှပါဘုရား)၊ ထောင်နေကြတယ် ဒကာ ဒကာမတို့ (ထောင်ပါတယ်ဘုရား)။

သြော် ဒီသားသမီးတွေကလဲ တစ်ယောက်မှ လိမ္မာ ရေးခြားကလဲ မပါ၊ လိမ္မာတဲ့ ကောင်ကလဲ အသုံးမကျ၊ မလိမ္မာတဲ့ ကောင်တွေက အဖြုန်းသမား၊ အံမာလေး တွေး ပြီးတော့များ မှန်ထဲ ထောင်ပြီးသကာလ ဒကာ ဒကာမတွေက ခုနစ်စဉ်တန်းများ နေလိုက်သေးတယ်ဆိုတာ ဒါတွေဟာ ခုနစ်စဉ်တန်းတာ။ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခုနစ်စဉ်တန်းလို့ဆိုတဲ့ဥစ္စာ ဒီပဋိစ္စသမုပ္ပါဒ်တန်းတာ ကို ဆိုတာ၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)၊ ခုနစ်စဉ်တန်းဆိုတာ ဘာပါလိမ့်။ (ပဋိစ္စသမုပ္ပါဒ် တန်းတာကို ဆိုတာပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် တန်းတာကိုဆိုတော့ ခင်ဗျားတို့ဟာက အိပ်မပျော်အောင် တန်းတာ၊ မောင်ထွန်းလှိုင် ဘယ်လို တန်းသလဲ။ (အိပ်မပျော်အောင်တန်းတာပါဘုရား)။

အိပ်မပျော်, စားမဝင်, ရောဂါရ, သည်းခြေပျက် အောင် တန်းနေတာကိုးဗျ၊ ဘယ်လောက်များ ဆိုးသွား သတုံး။ (ဆိုးသွားပါတယ်ဘုရား)။

ဟို သားသေ, လင်သေ ဒကာ ဒကာမတွေကျလာ ပြီဆိုမှဖြင့် အို သေတဲ့ သူ ဘက်ကို ချည်း မှန်က ထောင် နေတာကိုး။

သေတဲ့လူဘက်ကိုချည်း မှန်က ထောင်နေတော့ သူ့ ခြေရာ လက်ရာကလေးတွေ မြင်တိုင်း မြင်တိုင်း တစ်ခါ တည်း မျက်ရည်ကလေးတွေ သုတ်ကာ, သုတ်ကာနဲ့ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿတွေ မလာဘူးလား။ (လာပါတယ်ဘုရား)။

အဲဒါ ဘယ့်နှယ်ကြောင့် လာတာတုံး (မှန်အထောင် လွဲလို့ပါဘုရား)၊ ဦးခင်မောင်ရေ မှန်အထောင်လွှဲရင် အိပ် မပျော်ဘူးနော်၊ စားလို့ ကော (မရပါဘုရား)။

စားလို့လဲ မရပါဘူး၊ အိပ်လို့လဲ မပျော်ပါဘူး၊ သွားရင်လဲ ခလုတ်တိုက်တယ်။ (မှန်ပါ့ဘုရား)၊ သွားရင် ဘယ့်နှယ်ကြောင့် ခလုတ်တိုက်သလဲ၊ မှန်က တခြား ထောင် ထားတော့ သွားတာကော သွားမိသွားရာသွားတော့ ခလုတ် တိုက်ကုန်တာပေါ့။

ဒါ ဘယ့်နှယ်ကြောင့် မောင်ကို ခလုတ်တိုက်ရသတုံး ဟေ့ (မှန်အလောင်လွဲလို့ ပါဘုရား)၊ မှန်အထောင်လွဲလို့ ဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပလား။ (ရိပ်မိပါပြီ)၊ ဦးခင်မောင် မှန်အဆောင်လွဲလို့ အိပ်မပျော်ဆိုတာ ရိပ်မိ ပလား။ (ရိပ်မိပါပြီဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မှန်အောင်လွဲတော့ ပဋိစ္စသမုပ္ပါဒ် မောင်ထွန်းလှိုင်ရေ သုံးမျိုး ပေါ်တယ်။

ဒီက သားကလေးငယ်ငယ်၊ သြော် သူငယ်တော့ သူ့အတွက်ဟာ စိတ်အေးရတဲ့နေရာ တစ်ချက်မှ မပါဘူးလို့ နဖူးပေါ် လက်တင်ပြီးသကာလ အိပ်တာ၊ မှန်ကတော့ သား ဘက်လှည့် နေတယ်။

အိပ်နေတာတော့ အိပ်နေတာပဲလို့ ဒကာ ဒကာမတွေ က ဆိုတာပဲ၊ နဖူးပေါ် လက်တင် ထားတာသာ ရှိတယ်၊ မှန်က ဘယ်ဘက် လှည့်နေသတုံး။ (သားဘက် လှည့်နေပါတယ် ဘုရား)။

သားဘက် လှည့်နေတော့ ဒီကလေးတွေကလဲ၊ ငယ်ငယ်ရွယ်ရွယ်ဖြစ်နေတော့ အပေါင်းအသင်းလွဲမှာ စိုးရိမ် လိုက်တာဆိုတဲ့ သောက မလာပေဘူးလား (လာပါတယ် ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ သောက,လာရင် ပရိဒေဝ,ကတော့ကော (လာပါတယ်ဘုရား)။

မျက်ရည်ကလေးက တစ်ခါတည်း ဘယ်သူမှ မရိုက် ဘဲနဲ့ ထွက်လာတယ်။ (မှန်ပါ့)၊ မထွက်ဘူးလား။ (ထွက်ပါတယ်ဘုရား)၊ ဒုက္ခကလဲ၊ အင်း ဒကာ ဒကာမ တွေ ကိုယ်၏ ဒုက္ခကလဲ ရောက်လာတာ၊ စိဟ်၏ ဒုက္ခကော (ရောက်လာတာပါပဲ)၊ စိတ်ပူပန်တာတွေကကော (ရောက်လာ ပါတယ်)။

စိတ်ပူပန်တဲ့ ဥပါယာသတွေကလဲ လိုက်လာတယ်၊ လိုက်လာတော့ ဒီဥစ္စာ မသိလို့ ဖြစ်သောကြောင့် အဝိဇ္ဇာ မပါဘူးလား။ (ပါ,ပါတယ်ဘုရား)။

ဒါဖြင့် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ဘက်ကို ခင်ဗျား တို့ မှန်ထောင်လိုက်တာနဲ့ ဦးခင်မောင်ရေ တစ်ဘဝထက် နှစ်ဘဝဆက်ပြီး ဒုက္ခရောက်နေတယ်။

ဒီဘဝမှာ မှန်ထောင်လွဲလို့ ဒုက္ခရောက်တာကတစ်မျိုး၊ နောက်ဘဝ ပဋိစ္စသမုပ္ပါဒ်ဆက်လိုက်လို့ ဒုက္ခရောက်တာ က (တစ်မျိုးပါဘုရား)၊ ဘယ်နှစ်မျိုးပါလိမ့်။ (နှစ်မျိုးပါ ဘုရား)။

သြော် ခင်ဗျားတို့ပဲ ထောင်တတ်ပါပေ့ဗျာ ကိုယ့် ဟာကိုယ် ဒုက္ခရောက်အောင်၊ မှန်ငှားရသေးသလား၊ ကိုယ့် မှန်နဲ့ကိုယ် ထောင်လိုက်တာပဲလား။ (ကိုယ့်မှန်နဲ့ ကိုယ် ထောင်လိုက် တာပါဘုရား)၊ ဦးခင်မောင် လွန်လှချည် လား၊ မနောဒွါရနော်၊ ဒကာ ဒကာမတို့၊ မနောဒွါရ၊ မနောဒွါရဟာ သိပ်ဆိုးတယ်။

ဒါဖြင့် ခင်ဗျားတို့ မှန်ကတော့ အထောင်လွဲလို့ ဖြစ်တာ ရှိပါစေတော့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး မှန်ထောင်ပုံကတော့ သိပ်ကောင်းတယ်။

ဘုရားသခင် မှန်ထောင်ပုံ

ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ နံနက် မိုးလင်းလို့ရှိရင် ဉာဏ်တော်ကွန်ရက်ထဲ လာထင်တယ်ဆိုတာ သူ မှန်ထောင်လိုက်တာပဲ၊ ထောင်လိုက်တော့ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ် ဒီထဲမှာ အရိပ်လာပေါ်လာတယ်။

မြောက်ကျွန်းကျွတ်ထိုက်တယ်ဆိုရင် မြောက်ကျွန်းက လူကို ဒီထဲမှာ ဟောဖို့ရာ တရားဟာ ဒီထဲပေါ်လာတာပဲ။

မြောက်ကျွန်းကလူက အရိပ်လာထင်ပြီး သူ့ကို ဘာ ဟောမှဆိုတဲ့ မနောဝိညာဏ်စိတ်ဟာ ဦးခင်မောင် မပေါ် ဘူးလား။ (ပေါ်ပါတယ်ဘုရား)။

ဘယ်လောက် အကြည့်ကြည်တယ်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ အခု လေယာဉ်ပျံပေါ်ကနေ ငါးမိုင်ကနေရိုက်တဲ့ မှန်ဆိုတဲ့ဥစ္စာ အဖျင်းစားပါ၊ အဖျင်းစားရှိပါသေးတယ်၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဒီမြင့်မိုရ်တောင်ကြီး ခြားနေတဲ့ ဟိုဘက်က အာရုံတွေတောင်မှ ဒီဘက် လာ ထင်နိုင် တယ်တဲ့၊ ထင်ပြီးသကာလ ဟောလိုသောတရား စိတ်ပေါ်အောင် ကြည်တဲ့မှန်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ အင်မတန် အဖိုးတန်တယ်ဆိုတာ မပေါ်ဘူးလား (ပေါ် လာပါတယ်ဘုရား)။

အေး ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟို ဗကဗြဟ္မာကြီးများ မိုးလင်းတဲ့အခါ၊ မှန်ထောင်ကြည့် လိုက်တဲ့အခါ ဗကဗြဟ္မာကြီးက ဒိဋ္ဌိဖြစ်နေတာနဲ့ မောင်ထွန်း လှိုင်ရေ သူ့ ဟောဖို့ရာ အင်း ဒိဋ္ဌိဖြစ်နေ ပါပေါ့လား၊ ငါ တက်ဟောဦးမှပဲဆိုတဲ့ စိတ်ဟာ ချက်ချင်းပေါ်တယ်၊ ကဲ ဗြဟ္မာပြည်နဲ့ ဘယ်လောက်ဝေးသလဲ။ (ဝေးပါတယ် ဘုရား)။

အဲဒါတောင် ဘုရားရှင်ရဲ့ အကြည်မှန်ကြီးဟာ ဘယ်လောက်ထိအောင် ဒီအထဲမှာ အရိပ်ထင်နိုင်တယ်၊ ဗကဗြဟ္မာ ရိပ် ထင်နိုင်တယ်ဆိုတာပေါ်ကြပလား။ (ပေါ်ပါပြီဘုရား)။

အဲဒီတော့ ဘုရားကလဲ ဘုရားစွမ်းသလောက် ထောင် တာပေါ့ ဗျ၊ ခင်ဗျားတို့ ကလဲ ခင်ဗျားတို့ စွမ်းသလောက် ထောင်ကြတာပေါ့။

စွမ်းသလောက်ဆောင်တော့ ဒကာ ဒကာမတွေ ခင်ဗျားတို့ ထောင်တာကတော့ ဘယ်လိုပါလိမ့်၊ ဟိုမှာတော့ ကယ်တင်ဖို့ရန် ဉာဏ်ပေါ်, ပေါ်လာတယ်။

ဒီမှာက မျက်ရည်ကျစရာ ပေါ်,ပေါ်လာတယ်၊ မကွာ ခြားဘူးလား။ (ကွာခြားပါတယ်ဘုရား)။

ဘုရားကတော့ ဘာပေါ်လာသတုံး။ (ကယ်တင်ဖို့ ဉာဏ်ပေါ်ပါတယ်)၊ ကယ်တင်ဖို့ရန် ဉာဏ်ပေါ်, ပေါ်လာတယ်။

ဒကာ ဒကာမတွေကတော့ မျက်ရည်ကျစရာ ပေါ်, ပေါ်လာတယ်၊ မှန်ထောင်ချင်းက သိပ်ကွာနေတယ်။

အရူးမှန်ရထားသလို

ဒီကရှေ့ ခင်ဗျားတို့က အရူးမှန်ရသလို ဖြစ်နေတယ်။ ဒကာ ဒကာမတို့ ဘာဖြစ်နေကြသလဲ။ (အရူးမှန်ရသလို ဖြစ်နေပါတယ်ဘုရား)။

ဦးခင်မောင် အရူးဟာ ပြဒါးသုတ်တဲ့ မှန်ကလေး တစ်ချပ် ရပြီဆိုမှဖြင့် လမ်းက သွားတဲ့ လူတွေ ထောင်ထောင် ကြည့်ပြီး ဒီတွင် ပြုံးတာကိုးဗျ၊ မှန်ထဲကြည့်ပြီး ပြုံးတယ်၊ သူနဲ့တော့ ဘာဆိုင်သတုံး။ (မဆိုင်ပါဘုရား)။

သို့သော်လဲ သူက မှန်ကလေးကို ဟိုထောင်၊ ဒီပြ ထောင်၊ ဒီထဲကြည့်ပြီး သူက ပြုံးလိုက်, မဲ့လိုက်, ဒီလို ဖြစ်မနေဘူးလား၊ ဘာဖြစ်လို့တုံးဆိုတော့ အရူးမှန်ရနေလို့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာဖြစ်နေလို့လဲ (အရူးမှန်ရနေလို့ပါဘုရား)၊ န့ို ခင်ဗျားကလဲ ဟိုဘက် လှည့်ထောင်, ဒီဘက်လှည့်ထောင်၊ – မျက်ရည်ကျတဲ့ဘက် လှည့်ထောင်လိုက်၊ သေတ္တာထဲမှာရှိတဲ့ ရွှေကလေး, စိန်ကလေးကြည့်ပြီး ပြုံးလိုက်၊ မှန်ထောင်ကြည့် တာကိုးဗျ၊ ရိပ်မိပလား။ (ရိပ်မိပါပြီဘုရား)။

အဲဒါ ခင်ဗျားတို့ဟာက ဘာရ,ထားတာတုံး။ (အရူး မှန်ရထားတာပါဘုရား)၊ ဒါ့ကြောင့် ပုထုဇ္ဇနော ဥမ္မတ္တကော= ပုထုဇဉ်ဟာ အရူးချည်းပဲဆိုတာ မပေါ်သေးဘူးလား။ (ပေါ်ပါတယ်ဘုရား)၊ ထောင်မိထောင်ရာဆောင်တာဗျ။

မှန်အတည့်ထောင်တာလား၊ ဟိုစောင်းထောင်လိုက်, ဒီစောင်းထောင်လိုက်လား။ (ဟိုစောင်းထောင်လိုက်, ဒီစောင်း ထောင်လိုက်ပါဘုရား)၊ ဟိုစောင်းထောင်, ဒီစောင်း ထောင်လို့ပေါ့၊ ဒကာ ဒကာမတို့ ဟိုလူကို မကျေသေးဘူး၊ အရင်တုန်းက လုပ်ထားတာတွေဆိုပြီး အံမာ စောင်းများ

ထောင်လိုက်သေးတယ်၊ သူက မလာဘူးလား။ (လာပါ တယ်ဘုရား)။

အဲဒီလောက်ကျအောင် ခင်ဗျားတို့ မှန်တွေ အရူး မှန်ရသလို ဖြစ်နေသောကြောင့် အဲဒီ မှန်တစ်ချပ်ကနေပြီး စိတ်ပေါ်လိုက်တယ်၊ “မနဉ္စ ပဋိစ္စ, ဓမ္မေစ, ဥပ္ပဇ္ဇတိ မနော ဝိညာဏံ” ဆိုတဲ့ မှန်ထဲမှာ အရိပ်စိတ်တွေ မပေါ်ဘူးလား။ (ပေါ်ပါတယ်ဘုရား)။

အဲဒီ အရိပ်တွေက ပဋိစ္စသမုပ္ပါဒ်, မောင်ထွန်းလှိုင် တို့ ဘယ်နှစ်မျိုးထွက်နိုင်သတုံး။ (သုံးမျိုးထွက်ပါတယ် ဘုရား)၊ သုံးမျိုးထွက်နိုင်တယ်၊ ဒေါသ စိတ်လာရင်လဲ ပဋိစ္စ သမုပ္ပါဒ်တစ်မျိုး မလာဘူးလား။ (လာပါတယ်ဘုရား)။

သေတ္တာထဲ ရှိတာကလေးတွေ အမှောင်ထဲ ထောင် ကြည့်လိုက်တဲ့အခါကျတော့ ဪ ဒါကလေးတွေ အားကိုး ရာ ကလေးတွေပဲ၊ အရေးရှိ ဒါ သားဖို့၊ သမီးဖို့ ဆိုပြီး သကာလများ သေခါနီး ဒါကလေးတွေ သူတို့ ကို အရင်း တည်ပေးခဲ့ရမယ်ဆိုပြီး ပြုံးများနေတဲ့အခါ မပါဘူးလား။ (ပါ,ပါတယ် ဘုရား)။

တစ်ခါတလေကျတော့ သူတို့ကိစ္စရှိလို့ အမိ နို့ဖိုး ပြီများ ဟိုကလဲ စို့သွားသေးတယ်၊ ကိုယ်က ကျေပြီ ပြောနေရသေးတာ ရှိသေးတယ်၊ ရိပ်မိပလား။ (ရိပ်မိ ပါပြီ)။

ပဋိစ္စသမုပ္ပါဒ် သုံးမျိုး

အဲဒီလောက်ကျအောင် ခင်ဗျားတို့သည်ကား ဆိုလို့ ရှိရင် မှန်ထောင့် လွဲနေတာ ပေါ်ကြ ပလား။ (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေရာမှာ ပဋိစ္စ သမုပ္ပါဒ် ဘယ်နှစ်မျိုး လာနိုင်သလဲ (သုံးမျိုးလာနိုင်ပါ တယ် ဘုရား)၊ လောဘလာလို့ ရှိရင် တဏှာ ဥပါဒါန် ကံ (မှန်ပါ့)။

ဒေါသလာလို့ ရှိရင် ဒေါသ, သောက, ပရိဒေဝ, ဒုက္ခ ဒေါမနဿ, အဝိဇ္ဇာ (မှန်ပါ့ဘုရား)၊ ကိုယ့်သန္တာန်မှာ ပေါ်နေတဲ့ စိတ်မှာ ဘာစိတ်ပေါ်မှန်း မသိဘူးဆိုပြီး ကျုပ်ဖြင့် ဘယ်စိတ်ကယ်လို့ကို မပြောတတ်ပါဘူး၊ ဝေနေတာပဲဆိုတဲ့ အခါ ကော မရှိဘူးလား။ (ရှိပါတယ်ဘုရား)။

အဲ ဝေနေတဲ့အခါကျတော့ အဝိဇ္ဇာပေါ်တယ်။ (မှန်ပါ့ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ဝေနေတဲ့အခါ ကျတော့ (အဝိဇ္ဇာပေါ်ပါတယ်)၊ အဝိဇ္ဇာပေါ်တော့ အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာပါ ဘုရား)၊ ဟော တစ်ခါတည်း ပဋိစ္စ သမုပ္ပါဒ် အစကော မစ,ဘူးလား။ (စ,ပါ တယ်ဘုရား)။

ကိုင်း ဒါဖြင့် မော်ထွန်းလှိုင်တို့ မောင်ကိုတို့ ဒီနေရာက ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုးဖြစ်၍ ဘယ်နှစ်မျိုးဆက်နိုင် သတုံး။ (သုံးမျိုးဖြစ်၍ သုံးမျိုးဆက်နိုင်ပါတယ်ဘုရား)။

ဘယ့်နှယ်ကြောင့် သုံးမျိုးဖြစ်၍ သုံးမျိုးဆက်ပါလိမ့် မတုံး၊ ဒီဥစ္စာ လူခြေတိတ်မှ လာတဲ့ မှန်ကြီးပါလား။ (မှန်လှပါဘုရား)။

ဒကာ ဒကာမတို့ ဘယ်အချိန်လာပါလိမ့်။ (လူခြေ တိတ်မှ လာပါတယ်ဘုရား)၊ လူခြေတိတ်မှ လာတယ်။ ဟုတ်ကြရဲ့လား ဘုန်းကြီးက ရမ်းပြောနေတာလား မပြော တတ်ပါဘူး၊ ခင်ဗျားတို့ လူခြေတိတ်မှ လာတာဗျ၊ ဒီမှန်က ရိပ်မိပလား။ (ရိပ်မိပါပြီဘုရား)။

လူခြေတိတ်မှ နဖူးပေါ်လက်တင် အိပ်ရာပေါ် စဉ်းစား၊ သားနဲ့ ခင်ပွန်းကလဲ အဝေးသွားနေတဲ့ အချိန်ကျမှ အို တစ်ယောက်တည်း ထောင်နေလိုက်တဲ့မှန်က မပြောပါနဲ့တော့၊ ရိပ်မိပလား။ (ရိပ်မိပါပြီ။)

ဟိုဘက်လှည့်ထောင်လိုက်၊ ဒီဘက်လှည့်ထောင်လဲ စိတ်မအေးပါဘူး၊ ဒီဘက် လှည့်ထောင် ပြန်တော့လဲ စိတ်မချ ပါဘူး၊ မလာဘူးလား။ (လာပါတယ်ဘုရား)။

အင်း တစ်ခါတလေကျတော့ သားသမီးတွေအစုံနဲ့ ဆိုတော့ သူတို့ အိပ်တာ ကလေးတွေ ကြည့်ပြီး သကာလ၊ အင်း ကြီးတော့ အားကိုးရဦးမှာပဲဆိုပြီးသကာလ တွေးလုံးနဲ့ မှောင်ထဲမှာ ဝမ်းမြောက်နေလိုက်တာပါ သေးတယ်၊ မပါဘူးလား။ (ပါ,ပါတယ်)၊ အဲဒီတော့ ပဋိစ္စသမုပ္ပါဒ် မတန်းဘူးလား။ (တန်းပါတယ်)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီမှန် အထောင် လွဲလို့ ခင်ဗျားတို့ တစ်သံသရာလုံး ပဋိစ္စသမုပ္ပါဒ် နှစ်ဘဝ စပ်ခဲ့တယ်။ (မှန်ပါ့ဘုရား)၊ ဘယ့်နှယ် ဆိုကြမလဲ။ (နှစ်ဘဝ စပ်ခဲ့ပါတယ်)။

နှစ်ဘဝစပ်ခဲ့ပါတယ်၊ ဘယ့်နှယ်ကြောင့် စပ်ကြပါ၊ လိမ့်။ (မှန်အထောင်လွဲလို့ ပါဘုရား)၊ တယ် ခင်ဗျား တို့ကလဲ ဒီမှန်ထောင်က ရဲကြတာကိုး၊ တပည့်တော်တို့က မတွေးဘဲ မနေတတ်ဘူး ဘုရား။

ဟ ဘယ့်နှယ်ကြောင့် မတွေးဘဲ မနေတတ်တာ တုံး၊ ပြောစမ်းပါဦး၊ ငိုချင်လို့ ရိပ်မိပလား။ (ရိပ်မိပါပြီ)၊ မတွေးဘဲ မနေတတ်တာက ဘယ့်နှယ်ကြောင့် ပါလိမ့်။ (ရူးချင်လို့ပါဘုရား)၊ ဟို အိပ်နေတဲ့လူတွေက – ရှူးရှဲ ရှူးရှဲနဲ့ ထွက်သက် ဝင့်သက်တွေနဲ့ အိပ်များနေလို့၊ သူတို့ပဲ အိပ်နိုင်တယ်၊ ဘာမှ မတွေးတတ်ဘူး။

ဟို ကောင်းကောင်း မွန်မွန် နေတဲ့လူကို အရူးကနေ ပြီး ကဲ့ရဲ့ ပြန်ပြီ၊ ဘယ့်နှယ်ဖြစ်တာတုံး၊ ဟို ကောင်းကောင်း မွန်မွန်နေတဲ့လူကို ဒီက မှန်ထောင်အရူးက ဘယ့်နှယ်ဖြစ်နေ သတုံး။ (ကဲ့ရဲ့ နေပါတယ်ဘုရား)။

အင်း ခင်ပွန်းသည်က အိပ်နေသည်ဖြစ်စေ၊ ခင်ပွန်းမက အိပ်နေတယ်ဖြစ်စေ၊ တစ်ယောက်တည်း ကြံလုံးထုတ်ပြီး ကိုယ့်ဟာကိုယ်မပိုင်ဘဲ ဖြစ်နေတဲ့လူနဲ့၊ အိပ်တဲ့လူနဲ့ သူနဲများ ရန်ဖြစ်နေသေး၊ မဖြစ်ကြဘူးလား။ (ဖြစ်ပါတယ်ဘုရား)၊ သဘောပါ ကျပလား။ (ပါ,ပါပြီဘုရား)။

အံမာလေး ဖြစ်မှဖြစ်ရလေ ဒကာ ဒကာမတို့၊ ဒါ ဘာဖြစ်တာတုံးမေးရင် ဘယ့်နှယ် ဖြေကြမယ်။ (မှန်ထောင် လွဲတာပါ)။

မှန်ထောင်လွဲတာ၊ မနောအကြည် မှန်ထောင်လွဲတာ၊ ထောင်ပြန်လို့ ရှိရင် ခင်ဗျားတို့သည်ကား ကိုယ့်ခန္ဓာကိုယ် ကြီးဟာ ဘာသစ္စာပါလိမ့်မတုံးလို့ ထောင်လိုက်စမ်းပါလား၊ ဟော ဒုက္ခသစ္စာ သိတဲ့ စိတ်လေး အလယ်မှာ ပေါ်စေ့မယ်၊ မနောဝိညာဏ်စိတ်ကလေး၊ ဉာဏ်စိတ်ကလေး ပေါ်လိမ့်မယ် – နော်။ (မှန်ပါ့ဘုရား)။

ဒီလိုတော့ လှည့်ဖူးရဲ့ လား။ (မလှည့်ဖူးပါဘုရား)၊ ဘယ့်နှယ်ဖြစ်လို့လဲ၊ ကုသိုလ်ရမှာ စိုးလို့လား။ (မဟုတ် ပါဘုရား)။

ဒီလိုကျတော့လဲ မလှည့်ဘူးဆိုတော့ အင်မတန် ကြောက်စရာ ကောင်းနေတယ်ဆိုတာ ပေါ်ကြပလား။ (ပေါ်ပါပြီဘုရား)၊ ဪ ဒကာ ဒကာမတို့ ခင်ဗျားတို့ ဝါသနာဆိုးတွေ ရှိတယ်နော်။ (ရှိပါတယ်ဘုရား)၊ ကဲ့ရဲ့ တာ မဟုတ်ပါဘူး ဒကာ ဒကာမတို့၊ အပြစ်တင် သက်သက်ပါလို့ မှတ်ပါ၊ ဝါသနာဆိုးက ရှိနေတာကိုး၊ ဝါသနာဆိုးက ထောင်ရမည့်ဘက်ကို မထောင်ဘူး။

ခန္ဓာဘက် လှည့်ထောင်

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မှာရှာတော်မူတယ်တဲ့၊ မင်းတို့ မှန်ထောင်ချင်လို့ရှိရင် ထောင်ပါကွ ဆိုပြီး သစ္စာ သံယုတ်မှာ ကြံချင် စီချင် လို့ ရှိရင်ဖြင့် ဒီခန္ဓာ ကိုယ်ကြီးဘက် လှည့်ထောင်ပါတဲ့၊ မနောအကြည်ကို ဘာ သစ္စာတုံးလို့ တွေးလုံးနဲ့ ထောင်လိုက်စမ်းပါ။

ထောင်လိုက်တော့ ဘာသစ္စာလို့ ပြောလိမ့်မယ် ထင် သတုံး။ (ဒုက္ခသစ္စာပါဘုရား)၊ ဒုက္ခသစ္စာ လို့ပြောတော့ ကျုပ်တို့က ဒုက္ခသစ္စာလို့ သိလိုက်သည် နဲ့ တစ်ပြိုင်နက်တည်း လာမည့် ပဋိစ္စသမုပ္ပါဒ် သုံးခုစလုံး အကုန်ပြတ်၊ မပြတ်ဘူး လား။ (ပြတ်ပါတယ်ဘုရား)။

ဒုက္ခသစ္စာသိတဲ့ စိတ်ကလေးဟာ တစ်ခါတည်း ဖျတ် ဆို မဂ္ဂင်တွေ ပေါ်လာတာပဲ။ (မှန်ပါ့ဘုရား)၊ ခန္ဓာဘက် လှည့်ထောင်လိုက်တဲ့အခါကျတော့ မဂ္ဂင်ငါးပါး မပေါ်ဘူးလား။ (ပေါ်ပါတယ်ဘုရား)။

ခန္ဓာဘက် လှည့်ထောင်တော့ ဘာပေါ်သတုံး။ (မဂ္ဂင် ငါးပါး ပေါ်ပါတယ်)။

အဲ ကြံချင်ရင် ဒါကို ကြံကြတာပါတဲ့၊ ကာမဝိတက် ဗျာပါဒဝိတက်, ဝိဟိံသ ဝိတက်တွေ တော့ဖြင့် အဲဒီ ဝိတက် ဖြစ်လောက်တဲ့ ဘက်ကိုတော့ လှည့်မထောင်လိုက်ပါနဲ့။ (မှန်ပါ့ဘုရား)၊ ပေါ်ကြပလား။ (ပေါ်ပါပြီဘုရား)။

ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နားလည်မှုရှိအောင် လို့ ပြောတာပါတဲ့၊ ဘုရားက ကြံစည်ချင်လို့ရှိရင် ဒီခန္ဓာ ကြီး ဘာသစ္စာတုံးလို့ မောင်ထွန်းလှိုင်တို့၊ မောင်ကိုတို့ ကြံကြပါတဲ့။

ကြံလိုက်တော့ ခင်ဗျားတို့က တရားကလဲ မှာပြီးသား ဖြစ်နေတယ်၊ ဖြစ်ပျက်တွေကလဲ တွေ့ပြီးသားဖြစ်နေတော့ ဘာသစ္စာ ပေါ်လာမယ် ထင်သတုံး။ (ဒုက္ခသစ္စာပေါ်လာ ပါမယ်)

ဟော မဂ္ဂင်ပေါ်လာပြီ၊ အကြံကောင်းတော့ မဂ္ဂင် ပေါ်တယ်၊ အကြံကောင်းတော့ (မဂ္ဂင်ပေါ်ပါတယ် ဘုရား)၊ အကြံဆိုးတော့ ပဋိစ္စသမုပ္ပါဒ် ပေါ်တယ်၊ ရှင်းပလား။ (ရှင်းပါပြီ)။

ပဋိစ္စသမုပ္ပါဒ် အစပေါ်မလာပေဘူးလား (ပေါ်ပါ ဟယ် ဘုရား)၊ ဒါဖြင့် အကြံကောင်းတော့ ဘာပေါ် သတုံး။ (မဂ်ပေါ်ပါတယ်ဘုရား)၊ ဒါဖြင့် အကြံကောင်း တစ်ချက်ဆိုတာ ဒါ မှတ်ပေတော့၊ မဂ္ဂင်သာ မှတ်ပေတော့ နိဗ္ဗာန်ရောက်မှာပဲ။ (မှန်ပါ့ဘုရား)။

အကြံဆိုးလို့ ရှိရင်ဖြင့် ခင်ဗျားတို့သည်ကားလို့ဆိုလို့ ရှိရင် တစ်သံသရာလုံး ဒုက္ခစက်ကြီး လည်ကြပေတော့။ (မှန်ပါ့ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ကျုပ်တို့ဘာမှအပြစ်မဖြစ် ဘူးလို့ မထင်ပါနဲ့တဲ့၊ ဒီ မှန်တစ်ချပ် ရထားလို့၊ မှန်ထောင် လိုက်လို့၊ မဟုတ်တဲ့ဘက်ကသာ ထောင်လိုက်လို့ ရှိရင် မျက် ရည်ကျမယ်၊ တစ်ယောက်တည်း အရှုထ,ပြီး ပြုံးလိုက်မယ် လို့ ဆိုတာ မှတ်ပေတော့ (မှန်ပါ့)၊ မှိုင်တွေပြီး အဝိဇ္ဇာ ဖြစ်မယ်လို့ ဆိုတာ မပေါ်သေးဘူးလား၊ ပေါ်တော့မှာပဲဆိုတာ သေသေချာချာ မှတ်ပေတော့။ (မှန်ပါ့ဘုရား)။

ဒါ ဘာလွဲပါလိမ့် ဒကာ ဒကာမတွေ (မှန်ထောင် လွဲလို့ ပါဘုရား)၊ အဲဒါကြောင့် ဘုန်းကြီးသည်တဲ့ ဦးခင် မောင် အလွန်ရှင်းအောင်ပြောနေတယ်ဆိုတာ မှတ်ပါနော်။

“မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏံ”ဆိုတာ မနောဝိညာဏ်ဆိုတာ အင်မတန် ကျယ်တယ်၊ မနောဝိညာဏ ဓာတ်ဆိုတာက အင်မတန်မှ များတဲ့ တရားတွေ။

ကဲ ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ် ကြီးက မှန်ထောင်ချင် ဘယ်ဘက် လှည့်ထောင်ရမတုံး။ (မိမိခန္ဓာဘက် လှည့်ရပါမယ်)၊ မိမိခန္ဓာဘက် လှည့်ထောင်တော့ ဘာသစ္စာ ပါလိမ့်မတုံး။ (ဒုက္ခသစ္စာပါဘုရား)။

အဲ ဒုက္ခသစ္စာဆိုတော့ ဒုက္ခသစ္စာ ဆိုတာက ခန္ဓာက ဒုက္ခသစ္စာ၊ သိလုံးကလေးက မဂ္ဂသစ္စာ၊ ခန္ဓာက (ဒုက္ခသစ္စာ ပါဘုရား)။

ခန္ဓာကနေပြီး မနောအကြည်ကလေး ဒီခန္ဓာ ဘက် လှည့်လိုက်တယ်။ ဒါ ဘာပါလိမ့်မတုံးလို့ မနောဒွါရာ ဝဇ္ဇန်းနဲ့ ဘဝင်အကြည်ပေါ်မှာနေပြီး မနောဒွါရာဝဇွန်းနဲ့ ဆင်ခြင်လိုက်တဲ့ အခါကျတော့ သြော် ဒုက္ခသစ္စာပါကလား လို့ သိလုံးကလေးက မဂ္ဂင်ပေါ်လာတယ်၊ မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)၊ ဘာပေါ်သတုံး။ (မဂ္ဂင် ပေါ် ပါတယ်)။

ကိုင်း ဒကာ, ဒကာမတို့ ကြံရင် ဒီတစ်ခါ ဖြင့် ဒီက ရှေ့ မှန်ထောင်မလွဲဘဲနဲ့ ခန္ဓာပေါ် ထောင်ကြည့်ပါ၊ သဘော ကျပလား။ (မှန်ပါ့ဘုရား)။

စိတ်ကလေးတစ်ခု ပေါ်လာလို့ရှိရင် ခုနက ပေါ်လာ တဲ့ စိတ်ကလေးဟာ ဘာကလေး ပါလိမ့်မတုံးလို့ ထောင် ကြည့်လိုက်။

ခုနက ပေါ်လာတဲ့စိတ်ကလေးဟာ ဘာကလေးပါလိမ့် မတုံးလို့ ထောင်ကြည့်လိုက် တဲ့အခါကျတော့ ဟာ အနိစ္စ ကလေးပါလားဆိုတဲ့ စိတ်ကလေး မပေါ်လာဘူးလား၊ မဂ္ဂင် မပေါ်လာဘူးလား။ (ပေါ်ပါတယ်ဘုရား)။

ဒုက္ခကလေးပါလားလို့ ဆိုတဲ့ သိတဲ့ မဂ္ဂင်ကော (ပေါ်ပါတယ်ဘုရား)၊ အဲဒါ ဒီလိုပေါ်အောင် ထောင်နိုင် ပြန်လို့ရှိရင်တော့ မဂ္ဂင်ချည်း ပေါ်နေတယ်။

ဒါကြောင့် နိဗ္ဗာန်ရသွားတဲ့ ပုဂ္ဂိုလ်များမှာ မောင်ထွန်း လှိုင်တို့၊ မောင်ကိုတို့၊ ဦးခင်မောင်တို့ ရိပ်မိတော့ပေါဗျာ၊ မှန်ထောင်တည့်သွားတာ၊ ရှင်းကြပလား။( ရှင်းပါပြီဘုရား)။

ဘာတည့်သွားသတုံး။ (မှန်ထောင်တည့်သွားတာ ပါဘုရား)၊ ဪ ခင်ဗျားတို့ကတော့ အရူးမှန်ရ၊ ဖြစ်နေ လို့ ပြုံးတစ်လှည့်, မဲ့တစ်ဖုံဖြစ်နေတာကိုး၊ ရိပ်မိပလား။ (ရိပ်မိပါပြီဘုရား)။

ခင်ဗျားတို့ကတော့ ဘာရ,ထားတာတုံး (အရူး မှန်ရ,ထားပါတယ်ဘုရား)၊ ပြုံးတစ်လှည့် မဲ့တစ်ဖုံ ဟုတ် လား၊ လှည့်နေတာက တခြားဆို တစ်ခါတလေများ အို ဘာဖြစ်နေမှန်းမသိဘူး၊ မျက်နှာလဲ ကြည့်လို့ ကို ဖြစ်စရာ မပါတဲ့အခါရှိသေးတယ်၊ မရှိဘူးလား။ (ရှိပါတယ်ဘုရား)။

မှိုင်တွေများချပြီးသကာလ မကြံတတ်, မစည်တတ် ဖြစ်နေတော့၊ မှန်ထောင်က လွဲနေတော့ အဝိဇ္ဇာချည်း ဖြစ်နေ တာကိုး၊ အဝိဇ္ဇာစိတ် ပေါ်နေတယ်ဆိုတာ သဘောကျ ပလား။ (ကျပါပြီဘုရား)။

အိပ်ရာထဲက ဒယ်အိုး နှုတ်ဆက်နေ

အဲဒီတော့ ဒကာ ဒကာမတွေ အိပ်ရာထဲကနေပြီး ဒယ်အိုး နှုတ်ဆက်တာတော့ မကောင်းပါဘူး၊ သဘောကျရဲ့လား။ (သဘောကျပါတယ်ဘုရား)။

အိပ်ရာထဲကနေပြီး (ဒယ်အိုး နှုတ်ဆက်တာတော့ ( မကောင်းပါဘုရား)၊ ဒယ်အိုး နှုတ်ဆက်တာတော့ မကောင်း ပါဘူး ဒကာ ဒကာမတို့၊ ကိုယ်တိုင် သွားလိုက်ရတာက တော်သေးတယ် ထင်ပါရဲ့၊ ကျုပ်သေရင် လာခဲ့ပါ့မယ်ဆိုတဲ့ အသွားက အတော်ဆိုးတယ်။

ဦးခင်မောင် အိပ်ရာထဲကနေ ဒယ်အိုး နှုတ်ဆက်တာ မလုပ်နဲ့နော်၊ မှန်ထောင်လွဲရင် ဖြစ်တာပဲ။ (မှန်ပါ့)၊ ဘယ့်နှယ် ဆိုကြမယ်။ (မှန်ထောင်လွဲရင် ဖြစ်ပါတယ် ဘုရား)။

မှန်ထောင်လွဲရင် အိပ်ရာထဲကနေ ဘာနှုတ်ဆက် သတုံး။ (ဒယ်အိုး နှုတ်ဆက်မိပါတယ် ဘုရား)၊ ဒယ်အိုး ဆိုတာ နှုတ်ဆက်ကောင်းတာ မဟုတ်ဘူး၊ ဝေးအောင်ပြေးရတာ။ (မှန်ပါ့ဘုရား)။

ဒယ်အိုးနဲ့ ဝေးအောင် ပြေးရတာ၊ အပါယ်လေးပါးနဲ့ ဝေးအောင် ပြေးရတာ၊ ဒကာ ဒကာမတွေ မဟုတ်ဘူးလား။ (မှန်လှပါဘုရား)။ အဲဒီတော့ ဒီနေ့ မနောအကြည်ကို ပဋိစ္စသမုပ္ပါဒ် ဆက်ပြရသဖြင့် အကျယ်ဆုံး ပဋိစ္စသမုပ္ပါဒ်ပဲဆိုတာ မောင်ထွန်းလှိုင်တို့၊ မောင်ကိုတို့ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

သူက ဘယ်နှစ်မျိုး လာနိုင်သတုံး။ (သုံးမျိုးလာနိုင် ပါတယ်ဘုရား)၊ သုံးမျိုး လာနိုင်တယ်၊ ဘယ့်နှယ်ကြောင့် သုံးမျိုးလာပါလိမ့်မတုံးလို့ ဒီကာသစ်တို့ မေးမယ်၊ ကိုမြရွှေ တို့ မေးမယ်၊ဦးဇံရင်တို့ မေးမယ်၊ မောင်မြတို့မေးမယ်ဆိုရင် ဘယ့်နှယ်ဖြေကြမလဲ။ (မှန်အထောင်လွဲလို့ပါ ဘုရား)။

မင်းတို့ဟာကလဲ ဒီမှန်ကလေးတစ်ချပ်နဲ့ ခု ဘုရား ဟောတော်မူတဲ့အတိုင်း ဘုန်းကြီး ပြောတော့မယ်၊ ခန္ဓာဘက် လှည့်ထောင်ပါကွ။ (မှန်ပါ့ဘုရား)၊ ဘယ့်နှယ်ပါလိမ့်။ (ခန္ဓာဘက် လှည့်ထောင်ပါတဲ့ ဘုရား)။

ကိုယ့်ခန္ဓာဘက် လှည့်ထောင်

ကိုယ့်ခန္ဓာဘက် လှည့်ထောင်ပါ၊ ကိုယ့်ခန္ဓာဘက် လှည့်ထောင်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ အသုဘ အရိပ်ကြီးရင်လဲ၊ အသုဘသိတဲ့ ဉာဏ်ရင်လဲ မပေါ် လာဘူးလား။ (ပေါ်လာပါတယ်ဘုရား)။

ဘယ်ဘက် လှည့်ထောင်လိုက်လို့လဲ။ (ခန္ဓာကိုယ် ဘက် လှည့်ထောင်လိုက်လို့ ပါ)၊ တစ်ခါ ကိုယ့်ခန္ဓာထဲမှာ စိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာဘက် လှည့်ထောင်လိုက်ပြန်တော့ လဲ အရင် ချုပ်သွားတဲ့ စိတ်ကလေးဟာ၊ အရင် စိတ်ကလေးဟာ ဘာပါလိမ့်မတုံးလို့ တွေးကြည့်လိုက် စမ်းပါလား။ (မှန်လှပါဘုရား)။

သြော် အရင်စိတ်ကလေးဟာ အနိစ္စလို့ သိတဲ့ ဉာဏ် ကလေး မပေါ်လာဘူးလား။ (ပေါ်လာပါတယ်ဘုရား)။

အဲဒါ မှန်ထောင် လှည့်လိုက်ပြန်တော့ ခန္ဓာဘက် တည့်တည့်ထောင်၊ ခုနက ယားတာကလေးဟာ ရှိမရှိ – လှည့်ထောင်ကြည့်စမ်း၊ ရှိသေးရဲ့ လား။ (မရှိပါဘုရား)။

မရှိတဲ့အခါကျတော့ မှန်ထောင်က တည့်ပြီးသကာလ သွားတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ မဂ်ချည်းပေါ် နေတယ်။ (မှန်ပါ့)၊ မပေါ်ကြဘူးလား။ (ပေါ်ပါတယ် ဘုရား)၊ ဘာတွေ ပေါ်သတုံး။ (မဂ်ချည်းပေါ်ပါတယ် ဘုရား)၊

မဂ်ဉာဏ်တွေချည်း ပေါ်နေတယ်ဆိုတာ ကျေနပ် ပလား (ကျေနပ်ပါပြီ)၊ ဒါဖြင့် ဘုရားသခင်ကိုယ်တော် မြတ်ကြီးက သစ္စသံယုတ်မှာ ဟောတဲ့အတိုင်း၊ ကြံစည် တွေးတောချင်လို့ ရှိရင် ခန္ဓာပေါ်မှာ ကြံစည်တွေးတောပါ၊ အခု ပေါ်လာတာကလေးတွေဟာ ဘာပါလိမ့်မတုံး ဒုက္ခ သစ္စာပဲလား၊ သမုဒယသစ္စာပဲလား၊ သမုဒယသစ္စာကို သမုဒယသစ္စာမှန်း သိပြန်လို့ ရှိရင်လဲ မဂ္ဂသစ္စာပေါ်တာပဲ။

နိရောဓသစ္စာကို နိရောဓသစ္စာလို့ သိပြန်ရင်ကော (မဂ္ဂသစ္စာပေါ်ပါတယ်)၊ ရှင်းကြပလား။ (ရှင်းပါပြီ)၊ဒုက္ခသစ္စာကလေးကို ဒုက္ခသစ္စာ ကလေးပါလားလို့ သိပြန် ရင်ကော (မဂ္ဂသစ္စာ ပေါ်ပါတယ် ဘုရား)။

အဲဒီတော့ မှန်လှည့်ချင်လို့ရှိရင် ဘယ်ဘက်လှည့်ကြ မယ် ခန္ဓာဘက် လှည့်ရပါမယ်)၊ ခန္ဓာငါးပါးဘက်ကို လှည့်လိုက်ပါ။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ)၊ ဘယ်ဘက် လှည့်ကြည့်မယ်။ (ခန္ဓာငါးပါးဘက် လှည့်ရ ပါမယ်ဘုရား)။

အဲ နောက် ခင်ဗျားတို့ ဒီနေ့ ပြန်တဲ့အခါကျတော့ အိမ်ကျတော့ အိပ်ကျမယ်နော်။

အိမ်မှာ အိပ်ကြတဲ့အခါကျတော့ နဖူးပေါ် လက်တင်၍ ခေါင်းအုံးပေါ် ခေါင်းကျသည်နဲ့ တစ်ပြိုင်နက် တည်း ဆရာ ဘုန်းကြီးက မှာတယ်၊ ဘုရားက မှာတယ်၊ ဘယ်ဘက်မှ မလှည့်ရတဲ့။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

လှည့်ချင်လို့ရှိရင် ခန္ဓာငါးပါးဘက်ကို လှည့်ပါတဲ့။ (မှန်ပါ့ဘုရား)၊ ဒီပြင်ဘက်လှည့်လို့ ရှိရင် ပဋိစ္စသမုပ္ပါဒ်ထွက်လာပြီ။

ဒီဘက်လှည့်လာလို့ရှိရင် မဂ်ထွက်လာတာပဲ။ (မှန်ပါ့)၊ ခန္ဒာဘက်လှည့်ရင် (မဂ်ထွက်လာ ပါတယ်ဘုရား)၊ ဒီပြင် အခြားဘက် လှည့်လိုက်ရင် (ပဋိစ္စသမုပ္ပါဒ်ထွက် ပါတယ်ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ထွက်လာလိမ့်မယ်၊ ပဋိစ္စသမုပ္ပါဒ် ဆိုလို့ ရှိရင် ဒကာ ဒကာမတွေက ခင်ဗျားတို့ ရပြီးသားပဲ။ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ၊ ရှင်းပလား။ (ရှင်း ပါပြီ)။

ခန္ဓာဘက် လှည့်လိုရှိရင်ဖြင့် ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ (မှန်ပါ့ဘုရား)၊ သေသေချာချာမှတ်ပါ၊ ဒီနှစ်လုံးဟာ အင်မတန် အရေးကြီးတယ်၊ အမှန်လှည့်တတ်ဖို့ အပေါ် မှာ မှီနေတယ်။

ယနေ့ သေသေချာချာ ထူးထူးခြားခြား မှတ်ပါ၊ မောင် ထွန်းလှိုင်တို့၊ မောင်တို့ နော်၊ နိဗ္ဗာန် ရောက်ကြောင်းဟာ မှန်အလှည့်တတ်ဖို့အပေါ်မှာ အရေးကြီးတယ်၊ သဘောကျ ပလား။ (ကျပါပြီ)။ မှ နိဗ္ဗာန်ရောက်ကြောင်းဟာ (မှန်အလှည့်တတ်ဖို့အပေါ် မှာ အရေးကြီးပါတယ်)၊ မှန်အလှည့်တတ်ဖို့ အရေးကြီးတယ်။ သားနဲ့သမီးနဲ့ ပစ္စည်းနဲ့ ဆွေနဲ့ မျိုးနဲ့ ဘက်ကို လှည့်လိမ့် မယ် ဒကာဒကာမတို့၊ ပါဠိရွတ်စမ်း။ (ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ ပါဘုရား)။

ဟော လှည့်သာလှည့်ကြည့်၊ မယုံလို့ရှိရင် လှည့် ကြည့်၊ ခင်ဗျားတို့ ဒုက္ခက္ခန္ဓဿဒုက္ခအစု၏၊ သမုဒယား= ဖြစ်ခြင်းသည်၊ ဟောတ်=ဖြစ်၏၊ ဒုက္ခအစု ဖြစ်ခြင်းပဲ။ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီဘုရား)။

ကဲ ကိုယ့်ခန္ဓာဘက်ကို တစ်ခါတည်း ဝေဒနာခန္ဓာ ဘက်ကို လှည့်လိုက်, လှည့်လိုက်၊ ဝိညာဏက္ခန္ဓာဆိုတဲ့ စိတ်ဘက် လှည့်လိုက်, လှည့်လိုက်၊ ရုပ်ဘက် လှည့်လိုက်, လှည့်လိုက်၊ ကိုမြရွှေတို့ ဘာပေါ်မယ် ထင်သထုံး။ (မဂ် ပေါ်ပါတယ်ဘုရား)။

ဟော ခန္ဓာဘက် လှည့်လိုက်ရင် မဂ်ပေါ်တယ်၊ သဘောကျပလား။ (မှန်ပါ့ဘုရား)၊ သားရေး သမီးရေး, စီးပွားရေးဘက် လှည့်လိုက်ရင် (ပဋိစ္စသမုပ္ပါဒ် ပေါ်ပါတယ် ဘုရား)၊ ပဋိစ္စသမုပ္ပါဒ်ပေါ်သောကြောင့် ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ ရှင်းကြပလား။ (ရှင်းကြပါပြီ ဘုရား)။

တစ်ခါတလေများ ခင်ဗျားတို့ အိပ်မပျော်တာ၊ အိပ် မပျော်တာက ဒုက္ခအစကိုးဗျ၊ အပါယ်သွားမှာကို ဒုက္ခအဆုံး ပဲ။ (မှန်ပါ့ဘုရား)၊ အိပ်မပျော်တာက ပဋိစ္စသမုပ္ပါဒ် ပေါ်တာပဲ။ (မှန်ပါ့ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)၊ ဒုက္ခဒေါမနဿတွေ မပေါ်လာဘူးလား (ပေါ် လာပါတယ်ဘုရား)၊ အဲဒါက ဒုက္ခက္ခန္ဓဿ မဖြစ်သေးဘူး လား။ (ဖြစ်ပါတယ်ဘုရား)။ အဲဒါလဲ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ- ဆိုတာ မသေချာဘူးလား။ (သေချာပါတယ်ဘုရား)။

အဲဒါ မောင်ထွန်းလှိုင်တို့၊ မောင်ကိုတို့ ဘာဖြစ်သွားတာတုံး၊ ဘာလွဲသွားတာတုံး၊ အကဲခတ်ကြစမ်း။ (မှန်ထောင်လွဲတာပါဘုရား)၊ မနောအကြည် မှန်ထောင် လွဲလိုက်တာ (မှန်ပါ့ဘုရား)။

ဦးခင်မောင် မနောအကြည် မှန်ထောင်လွဲလိုက်လို့ ကြည့်လို့ ရှိရင်ဖြင့် မျက်ရည်ကျတဲ့ ပဋိစ္စသမုပ္ပါဒ် သော်လည်းကောင်း၊ ဟုတ်လား (မှန်ပါ့ဘုရား)၊ မတရားသဖြင့် အရူးပြုံး ပြုံးတဲ့ ပဋိစ္စသမုပ္ပါဒ် အစသော်လည်းကောင်း၊ မှိုင် တွေ ချတဲ့ အဝိဇ္ဇာ ပဋိစ္စသမုပ္ပါဒ် အစသော်လည်းကောင်း ပေါ်ရမယ် (မှန်ပါ့၊ ပေါ်ရပါမယ်ဘုရား)။

ဒီပဋိစ္စသမုပ္ပါဒ် သုံးခု တစ်ခုခုပေါ်ရမယ်၊ ပေါ်လိုက်လို့ ရှိရင် ဒကာ ဒကာမတို့ သြော် မှန်အထောင် လွဲလိုက် တဲ့အတွက် “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဒုက္ခက္ခန္တဿ= ဒုက္ခအစု၏၊ သမုဒယော=ကိုယ်ပိုင်ဖြစ်ခြင်းသည်၊ ဟောတိ= ဖြစ်၏၊ သမုဒယောဆိုတာ ကိုယ်ပိုင်ဖြစ်တာပဲ၊ ရိပ်မိကြ ပလား (ရိပ်မိပါပြီဘုရား)။

ဒုက္ခအစုကြီး ကိုယ်ပိုင်ဖြစ်တာ သဘောကျပလား။ (ကျပါပြီ)၊ ဒကာ ဒကာမတို့ ဒုက္ခအစုကြီး ကိုယ်ပိုင်ဖြစ်တဲ့ လက်သည် အရင်းကျကျ ရှုလိုက်စမ်း၊ ဘယ်သူ့ကြောင့်တဲ့။ (မှန်ထောင်လွဲလို့ ပါဘုရား)၊ ခင်ဗျားတို့ဟာ ကိုယ့်ကိုယ် ကိုယ် ရင်ထုတာတော့ သူများနာတာတော့ ဟုတ်မထင်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ရင်ထုတာ သူများနာတာလား။ (မနာပါဘုရား)၊ ဘယ်သူမှာတာတုံး။ (ကိုယ်နာတာပါ ဘုရား)။

မှန်ထောင်လွဲရင် ကိုယ်နာမယ်

ဒီမှာလဲ မှန်ထောင်လွဲရင် ဘယ်သူနာမယ် ထင်ကြ သလဲ။ (ကိုယ်နာမှာပါပဲ ဘုရား)၊ အဲဒါ ကိုယ့်ကိုယ်ကိုယ် ရင်ထုတဲ့ ပုဂ္ဂိုလ် ဘယ်သူကများ ခင်ဗျားတို့ကို သနားသေး သတုံး။ (မသနားပါ ဘုရား)၊ မိုက်လို့ ထုတာကိုးဗျ၊ မိုက်လို့ထုတော့ ဘယ်သူက သနားသေးသတုံး။ (ဘယ်သူ ကမှ မသနားပါဘုရား)။

ဒီမှာ သူ့ဟာသူ အိပ်ရာထဲမှာ မျက်ရည်ကျပြီး သကာလနေလို့ သားသမီးတွေကလဲ ရှူးရှဲနဲ့ အိပ်နေကြ၊ ခင်ပွန်းသည်တွေကလဲ အိပ်နေကြ၊ အမေလုပ်တဲ့ ပုဂ္ဂိုလ်က ဆွေးနိုင်သရွေ့ ဆွေးနေတဲ့ အချိန်မှာ ဘယ်သူများ လာသနား သေးသတုံး။ (မသနားပါဘုရား)။

သူ့ဟာသူ အရူးထ,နေတာ၊ ဘယ်သူက သနားစရာ ရှိသတုံးဗျ၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)၊ သူ့ဟာသူ ဘာဖြစ် နေတာတုံး။ (အရူးထ,နေတာပါဘုရား)။

အေး ဒါ့ကြောင့် ပုထုဇဉ်အရူးဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ)၊ ဘယ့်နှယ် ကြောင့် ပုထုဇဉ် ရူးပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ အရူး မှန်ရထားလို့၊ ရှင်းကြပလား။ (ရှင်းပါပြီ)၊ ဘာ ရ,ထားလို့တုံး။ (အရူး မှန်ရ,ထားလို့ပါဘုရား)။

အရူး မှန်ရ,ထားလို့ ထောင်ချင်တဲ့ဘက် လှည့် ထောင်လိုက်တဲ့အတွက် သူက မျက်ရည် ကျချင်လို့ရှိရင် စိုးရိမ်စရာဘက်ထောင်လိုက်တာပဲ၊ သဘောကျပလား။ (ကျပါပြီ)။

ပြုံးချင်လို့ ရှိရင်ဖြင့် ခုနက အားကိုးစရာဘက်လဲ ထောင်လိုက်တာပဲ၊ ပြုံးချင်ရင် (အားကိုးစရာ ဘက် ထောင် လိုက်ပါတယ်ဘုရား)၊ အို သားသမီးတွေ အတုံးအရုံးနဲ့ ပူစရာမရှိဘူး၊ တစ်ခါတလေ ကိုယ့်ဟာကိုယ်များ ပြုံးနေ လိုက်သေးတယ်၊ တစ်ယောက်တည်းများ “ ဟိုဟာတွေက ဂြိုဟ်တွေလို့လဲ မသိဘူး၊ အနိစ္စလို့ ကော သိရဲ့လား။ (မသိပါဘုရား)။

ဒုက္ခသစ္စာတွေရယ်လို့ ကော (မသိပါဘုရား)၊ အို စင်စစ်တော့ ဒုက္ခသစ္စာတွေကော မောင်ကို ဟုတ်မှ ဟုတ်ကဲ့ လား။ (ဟုတ်ပါတယ်ဘုရား)၊ အဲဒါတွေ ဒုက္ခသစ္စာတွေ များ ကြည့်ပြီးသကာလ သူက ပြုံးတဲ့စိတ်များ ပေါ်နေ တယ်။ (မှန်ပါ့)၊ အိပ်ရာထဲမှာ အိပ်ရာထဲမှာ။ (မှန်ပါ့)။

ဘာကြည့်ပြီး ပေါ်နေတာပါလိမ့်။ (ဒုက္ခသစ္စာတွေ ကြည့်ပြီး ပေါ်နေတာပါဘုရား)၊ ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ သိပြီး ပြုံးတာလား၊ အားကိုးရမယ်လို့ ထင်မှတ်ပြီး ပြုံးတာ လား။ (အားကိုးရမယ်လို့ ထင်မှတ်ပြီး ပြုံးတာပါ ဘုရား)။

ဒါဖြင့် ရူး,မရူး အကဲခတ်ကြစမ်းပါ။ (ရူးပါတယ် ဘုရား)၊ ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ ထင်လို့ ရှိရင်ဖြင့် မဂ္ဂင် ပေါ်ရမှာ၊ သူ့မှာ တဏှာပေါ်နေတယ်၊ တဏှာ, မာန မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)။

အဲဒါ ဘာဖြစ်လို့တုံးဆိုတော့ အရူး မှန်ရထားလို့ ဒကာ ဒကာမတို့၊ ပေါ်ချင်ရာပေါ်နေတာ၊ ရှင်းကြပလား။ (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဘုန်းကြီးမှာတဲ့ ဥစ္စာကို သေးသေးသိမ်သိမ်လို့ မမှတ်ဘဲနဲ့ သော် အိပ်ရာဝင်လို့ရှိရင် မှန်ထောင်မလွဲစေနဲ့၊ တစ်ယောက်တည်းနေရင် (မှန်ထောင်လွဲပါတယ်ဘုရား)၊ မှန်က တစ်ယောက် တည်း နေမှ ဟိုထောင်, ဒီထောင်ဗျ။ ရိပ်မိပလား။ (ရိပ်မိပါပြီဘုရား)။

တစ်ယောက်တည်းနေမှ ဘယ့်နှယ်နေသတုံး။ (ဟို ထောင်ဒီထောင်ပါဘုရား)၊ ဟိုထောင်, ဒီထောင်ဆိုတော့ တွေးလုံးများတဲ့လူ, ကြံလုံးများတဲ့လူ, စိုးရိမ်လုံးများတဲ့လူ ဟာ ဦးခင်မောင် အဲဒါ အရူးပဲဆိုတာ မှတ်ပေတော့။

သားတွေကလဲ ငယ်ငယ်၊ သမီးတွေကလဲ ငယ်ငယ်၊ အိမ်က ခင်ပွန်းကလဲ အသုံးမကျ၊ ခက်လိုက်တဲ့ဖြစ်ခြင်းဆိုရင်တော့ သွားရောပေါ့ ဗျာ၊ မသွားသေးဘူးလား။ (သွားပါပြီ ဘုရား)။

သွားပြီ, သွားပြီ ဒကာ ဒကာမတို့၊ အင်း မိန်းမ ရယ်လို့လဲ တည်ထောင်ထားတော့ ဦးထမ်း, ပဲ့ထမ်းဆိုတာ သူကလဲ ထမ်းဖော်မရ ခက်လိုက်တဲ့ဖြစ်ခြင်း၊ ဘာဖြစ်တာ လဲ ဒါ (မိန်းမဘက် လှည့်တာပါ)၊ မိန်းမဘက်လှည့်ပြီး ထောင်လိုက်တာ။

မှန်ထောင်တော့ သူက အားကိုးချင်တယ်၊ အားကိုးရာ မရတော့ သူ့စိတ်ထဲ ဘာဖြစ်သတုံး။ (စိတ်ပျက်ပါတယ်)၊ ဒေါမနဿဖြစ်တယ်။ (မှန်ပါ့)၊ ဒေါမနဿ မဖြစ်ဘူးလား (ဖြစ်ပါတယ်ဘုရား)။

ကမ်းနားသစ်ပင်ဆိုတာ

အဲဒါ သူ အားကိုးရမည့် နဂိုက ခန္ဓာငါးပါးဟာ ဒကာ ဒကာမတို့ ကမ်းနားသစ်ပင်လို့ ဘုရားက ဟောတယ်။ (မှန်ပါ့ဘုရား)၊ ခန္ဓာငါးပါးဟာ ကမ်းနား သစ်ပင်ကြီး မှတ်ထားစမ်းပါ။ (မှန်ပါ့)၊ ကမ်းနားသစ်ပင်ဆိုတာ ရေတိုက် စားသွားလို့ အမြစ်တွေ ဘာမှ မရှိတော့ဘူး တွယ်ထားတာ၊ သစ်ပင်ကိုက ဦးခင်မောင်ရေ ရေထဲ ကိုင်းနေပြီ။ (မှန်ပါ့)၊ မဆွဲခင်က ပြုတ်ချင်ချင် (မှန်ပါ့)။

အဲဒီတော့ ခန္ဓာငါးပါးဟာ ဘာနဲ့တူသတုံး ကမ်းနား သစ်ပင်နဲ့ တူတယ်။ (မှန်ပါ့ဘုရား)၊ အဲဒီတော့ သစ်ပင် ကို တကယ်အားကိုးရမယ်၊ သား အားကိုးရမယ်၊ သမီး အားကိုးရမယ် ဆိုတော့ ခန္ဓာတွေ အားကိုးလိုက်တဲ့အတွက် ဒါတွေက အနိစ္စတွေမို့ ထော်လော်ကန့်လန့်တွေက မလာ ဘူးလား။ (လာပါတယ်ဘုရား)၊ လာတဲ့အခါကျတော့ ဒီလိုဖြစ်လိမ့်မယ် မထင်ဘူး။ (မှန်ပါ့)၊ ဒကာ ဒကာမတွေ က တွေးလုံးကြီးနဲ့ပေါ့ဗျာ၊ ဘယ်လိုများ တွေးကြပါလိမ့်။ (ဒီလိုဖြစ်လိမ့်မယ် မထင်ပါဘုရား)။

အို ဒီလိုဖြစ်လိမ့်မယ် မထင်ပေမယ့် ဒီလိုဖြစ်မှာ နဂိုက ခင်ဗျားတို့က မတွေးတတ်လို့ (မှန်ပါ့)၊ ရိပ်မိ ပလား။ (ရိပ်မိပါပြီ ဘုရား)။

အခု အတူနေတာသည် ဒကာ ဒကာမတို့ ခွဲမလို့ အတူတူနေကြတာ။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

တစ်ယောက်တည်းနေရင် ခွဲစရာမရှိဘူး (မှန်ပါ့)၊ နှစ်ယောက်နေမိတော့ (ခွဲရပါမယ်ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည် တစ်ယောက်တည်းနေရင် ဘယ်လိုဖြစ်မှာစိုးလို့၊ နှစ်ယောက် နေမိတာတုံး လို့ မေးလို့ ရှိရင် အဖြေ ဘယ့်နှယ်ထွက်ကြမယ် တစ်ယောက်တည်းနေရင် ခွဲစရာ မရှိမှာစိုးလို့ (မှန်လှပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ တစ်ယောက်တည်းနေရင် (ခွဲစရာ မရှိစိုးလို့ပါ ဘုရား)။

ဒါ့ကြောင့် ခွဲစရာရှာရတယ်ဆိုတဲ့ စကားဟာ အဖြစ်မှန်မှ ဟုတ်ကဲ့လား၊ (မှန်ပါ့ဘုရား)၊ မောင်ကို ရိပ်မိရဲ့ လားဟေ့ (မှန်ပါ့)၊ တစ်ယောက်တည်းနေရင် ဘယ်သူနဲ့ ခွဲမတုံး။ (ခွဲစရာ မရှိပါဘုရား)၊ ခွဲစရာ မရှိတော့ မျက်ရည်ကျစရာကော (မရှိပါဘုရား)။

သို့သော်လဲ ဒကာ ဒကာမတွေက တစ်ယောက်တည်း နေလို့ရှိရင် မဖြစ်သေးပါဘူး၊ မျက်ရည်ကျစရာရှာနေရော့ မယ်၊ သဘောကျပလား။ (ကျပါပြီဘုရား)။

တစ်ယောက်နဲ့တစ်ယောက် အလိုမကျရင် မျက်ရည် ကျမယ် မဟုတ်လား (မှန်ပါ့ဘုရား)၊ သေကွဲကွဲလဲ မျက်ရည်ကျရမှာပဲ၊ ရှင်တော့ အလိုမကျရင်ကော (မျက် ရည် ကျရမှာပါပဲ ဘုရား)။

အဲဒီတော့ တည်ထောင်မှ တော်မယ်၊ မျက်ရည်တွေ အလကား ဖြစ်ကုန်ရော့မယ်။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီဘုရား)။

ဦးခင်မောင် အခု ကိုယ်တွေ့ ဟုတ်ကဲ့လား (မှန်လှ ပါ)၊ ဒကာ ဒကာမတွေ သဘောပါ ကြရဲ့လား (ပါပါတယ် ဘုရား)။

အဲဒါ နဂိုက မှန်တစ်ချက် အထောင်လွဲလိုက်တဲ့ဥစ္စာ သည် ယောက်ျားဆိုလို့ ရှိရင် ခင်ပွန်းသည်မ ရှိမှပ် စီးတဲ့ရေ ဆည်တဲ့ ကန်သင်းဆိုပြီး မှန်ထောင်ချလိုက်တာ ပြီးပါရော လားဗျာ၊ ဒုက္ခတွေ။ (မှန်ပါ့)။

တစ်ခါတည်း ငိုပွဲကြီး ရလာတာပဲ။ (မှန်ပါ့)၊ မရဘူးလား- ရသလား။ (ရပါတယ်ဘုရား)၊ နဂိုက ငိုစရာ ရှိရဲ့လား။ (မရှိပါဘုရား)။

နဂိုက သူတစ်ယောက်တည်းနေလို့ရှိရင် မင်း ဘာများ ကြည့်ငိုတာတုံးမေးရင် မောင်ကို ဘယ့်နှယ့်ဖြေမတုံး။ (မရှိပါဘုရား)၊ ဘာမှ သူဖြေစရာ မရှိဘူး မဟုတ်လား။ (မှန်ပါ့)။

နောက်ကျတော့ ဖြေစရာ မရှိမှာ စိုးတာနဲ့ ဖြေစရာ မရှိမှာ စိုးတာ ဖြေစရာရှာရတယ်။ (မှန်ပါ့)၊ ဦးခင်မောင် ဒီအဓိပ္ပါယ် မရောက်ဘူးလား-ရောက်သလား။ (ရောက် ပါတယ် ဘုရား)၊ အဲဒီလောက်ကျအောင် အဲဒါ ဘယ်က စ,ခဲ့တာတုံး ဆိုတာ ရိပ်မိကြပလား။ (ရိပ်မိပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် သုံးမျိုး၊

မှန်ထောင်လွဲတာကစ,တာပါပဲ။ (မှန်ပါ့ဘုရား)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ)၊ ဒကာ ဒကာမတို့ ဘယ်က စ,ပါလိမ့်။ (မှန်အထောင် လွဲတာက စ,ပါတယ်)၊ အဲဒီ မှန်အထောင်လွဲတာကစ,တော့ ငိုဖို့ ပဋိစ္စသမုပ္ပါဒ် တန်းလာတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ပထမတော့ ပြုံးတဲ့ ပဋိစ္စသမုပ္ပါဒ် တန်းတယ်။ (မှန်ပါ့)၊ ပထမတော့ ဘာတန်းသလဲ။ (ပြုံးတဲ့ ပဋိစ္စသမုပ္ပါဒ်တန်းပါတယ်တဲ့ ဘုရား)။

နောက်ကျတော့ (ငိုတဲ့ ပဋိစ္စသမုပ္ပါဒ် တန်းပါတယ် ဘုရား)၊ နောက်ကျတော့ မှိုင်တွေချတဲ့ ပဋိစ္စသမုပ္ပါဒ် တန်းသေးတယ်။ (မှန်ပါ့)။

တစ်ကိုယ်ရေတစ်ကာယ ဇရပ်ကြီးလို ဖြစ်နေပါပေါ့ လား၊ အစရှိသည်ဖြင့် မောင်ကို မလာတတ် ဘူးလား။ (လာပါတယ်ဘုရား)။

အဲဒီတော့ ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုး တန်းသလဲ။ (သုံးမျိုးတန်းပါတယ်)၊ အဲဒါ ဘာဖြစ်လို့ပါလိမ့်။ (မှန်ထောင်လွဲလို့ ပါဘုရား)။

ကဲ ဒီက ရှေ့ဆက် လွဲဦးမယ်ဆိုရင် ဒီသုံးမျိုး ကိုယ် ပိုင်ရဦးမှာပဲ။ (မှန်ပါ့ဘုရား)၊ ဒီက ရှေ့ဆက် လွဲဦးမယ် ဆိုရင် (ကိုယ်ပိုင်ရဦးမှာပါပဲ)၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမ တို့ ခင်ဗျားတို့ ပုထုဇဉ်ဟာ ရူးရူးရဲ့လားဆိုတာကော ရိပ်မိရဲ့လား။ (ရိပ်မိပါတယ်ဘုရား)။

ရူးတာကို ဒကာ ဒကာမတို့ ဘုန်းကြီးက ပြောတာ လား၊ ခင်ဗျားတို့ မှန်ထောင်တာက ငိုမဲ့မဲ့ မှန်ထောင်လိုက် တာ ရူးလို့လား၊ မရူးလို့လား။ (ရူးလို့ပါဘုရား)။

ပြီးတော့ ခင်ဗျားတို့က ဘုရားရှေ့များသွားပြီး ဘယ် အခါ မဆို အဟံ အဝေရော ဟောမိ=အန္တရာယ် ကင်းရပါလို၏ ဘုရား၊ မှန်ဖြင့် ထောင်လိုက်တာ ငိုတဲ့ဘက်ချည်း ထောင်နေတယ်။

အန္တရာယ်တော့ ကင်းရပါလို၏လို့ဆိုတယ်၊ မှန် ထောင်တော့ ဘယ်ဘက်လှည့်ထောင်သတုံး။ (ငိုဘက် လှည့်ထောင်ပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဟာက အင်မတန် ခက်နေပြီဆို တာ မောင်ထွန်းလှိုင်တို့ ပေါ်ပလားဟေ့။ (ပေါ်ပါပြီ ဘုရား)၊ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် မေတ္တာ ကြရဲ့လား။ (ပို့ပါတယ်ဘုရား)။

အဲ မေတ္တာပို့တော့ကို ကိုယ့်ကိုယ်ကိုယ် ကျန်းမာစေ၊ ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်းကို ဒကာ ဒကာမ တို့ ကြောက်လွန်းလို့ “အဟံ အရော ဟောမိ” မလုပ် ကြဘူးလား။ (လုပ်ပါတယ် ဘုရား)။

ကိုယ့်ကိုယ်မှာ ဘာဖြစ်ချင်ကြသလဲ။ (ချမ်းသာ ချင်ပါတယ် ဘုရား)၊ ချမ်းသာချင်တယ်၊ ချမ်းသာချင် လို့ရှိရင် အဲဒါက ဒီလောက် မစူးရဘူးတဲ့၊ မှန်ထောင်မလွဲလို့ ရှိရင် ချမ်းသာမယ်။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ)၊ မှန်ထောင် မလွဲရင် (ချမ်းသာပါတယ် ဘုရား)။ ရှင်းကြပလား ဒကာ ဒကာမတို့ (မှန်ပါ့ဘုရား)။

ဒါဖြင့် မေတ္တာပို့ တာနဲ့ မှန်ထောင်တည့်တာနဲ့ ဘယ်ဟာက သာကောင်းသလဲ (မှန်ထောင်တည့်တာက သာကောင်း ပါတယ်ဘုရား)၊ မေတ္တာပို့ပြီးရင်၊ မှန်ထောင် လွဲနေရင် (မကောင်းပါဘုရား)၊ မကောင်းဘူးဆိုတာ သေချာပလား။ (သေချာပါတယ်ဘုရား)၊ ကိုင်း ဒကာ ဒကာမတို့ မှန်ထောင် တစ်ခါလွဲလို့ရှိရင် တစ်သက်လုံး မျက်ရည်နဲ့ မျက်ခွက် ဖြစ်ရမယ်။ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ် ပါပြီ ဘုရား)။

မှန်ထောင်တစ်ခါလွဲရင် (တစ်သက်လုံးမျက်ရည်နဲ့ မျက်ခွက် ဖြစ်ရပါမယ်ဘုရား)၊ မဖြစ်ဘူးလား တော်တော်ကြာ သားသမီး ပေါက်ပွားလာမယ်၊ ဟုတ်လား၊ ခင်ပွန်း သည် ဖောက်ပြန်လာမယ် ခင်ပွန်းမ ဖောက်ပြန်လာမယ် ဆိုလို့ ရှိရင် ဘယ့်နှယ်တုံး ဒကာ ဒကာမတို့။ (မျက်ရည် ကျပါတယ်)၊ ပထမ မှန်ထောင်ကျော်လိုက်တာလေ၊ အဲဒီတော့ မျက်ရည်ကျဖို့ ရာတွေဟာ ဦးခင်မောင် သိမ်းလို့ ဆည်းလို့ကို ပြီးနိုင်သေးရဲ့လား။ (မပြီးနိုင်ပါဘုရား)။

မပြီးနိုင်လို့ပေါ့ဗျ၊ တွေးလေ, ဆွေးလေဆိုတာ လာလာနေတယ်။ (မှန်လှပါဘုရား)၊ မပြီးနိုင်လို့ ဘယ်လို ပြော ကြသတုံး။ (တွေးလေ, ဆွေးလေပါဘုရား)။

တွေးလေ,ဆွေးလေဆိုတော့ မှန်က အဲဒီဘက်ချည်း ဆက်ထောင်တာပဲ။ (မှန်ပါ့)၊ ဘယ်ဘက်များ ထောင်သေး သတုံး။ (မထောင်ပါဘုရား)။

ဒီတစ်ခါတည်း သားဆိုတဲ့ဘက်, သမီးဆိုတဲ့ဘက်, ခင်ပွန်းဆိုတဲ့ဘက်ချည်း လှည့်ထောင် နေတာ ကျုပ်တော့ သေတောင် မကျေဘူး၊ မဟုတ်ပါဘူး၊ မသေခင်က ကျေနေ တာပါ ဒကာ ဒကာမတို့၊ မသေခင်က ဒီလူ သူ့ရုပ်မှ ပီသေးရဲ့ လား။ (မပီပါ ဘုရား)။

မပီတာကော သေတောင်မကျေဘူးသာ ပြောတယ်၊ မသေခင်က ကျေတာတော့ ပြန်မကြည့်မိဘူး၊ ရှင်းကြ ပလား။ (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီလို လုပ်ကြပေတော့၊ ဘုရားဆိုတာ ဘယ့်နှယ်ကြောင့် အတုမရှိတဲ့ ဘုရားပါလိမ့် မတုံးဆိုလို့ရှိရင် ဒကာ ဒကာမတို့ နှစ်ခွန်းသောစကားကို မပြောတတ် သောကြောင့် ဘုရား (မှန်ပါ့)၊ ရိပ်မိပလား။(ရိပ်မိပါပြီဘုရား)။

ဘုရားဆိုတာ ဘာပါလိမ့်

ဘုရားဆိုတာ ဘာပါလိမ့်။ (နှစ်ခွန်းသောစကား ကို မပြောတတ်သောကြောင့်ဘုရား)၊ ရှင်းပြီးနော်။ (မှန်ပါ့)၊နှစ်ခွန်း ဘယ်တော့မှ မပြောဘူးတဲ့ (မှန်ပါ့ဘုရား)၊ မောင်ကို ဘာတဲ့တုံး ဟေ့။ (နှစ်ခွန်း ဘယ်တော့မှ မပြောပါ ဘုရား)။

ဒါဖြင့် နှစ်ခွန်းသော စကားကို မပြောတတ်သော ကြောင့် ဘာတုံး။ (ဘုရားပါဘုရား)၊ ကဲ တစ်ခါသွား လိုက်ဦး၊ တစ်ခွန်းနဲ့ အမှန်ကို ပြောတတ်သောကြောင့်လဲ ဘုရား။ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီဘုရား)။

တစ်ခွန်းနဲ့ အမှန်ကို ပြောတတ်သောကြောင့် (ဘုရားပါဘုရား)၊ နှစ်ခွန်းသော စကားကို မပြောတတ် သောကြောင့် (ဘုရားပါဘုရား)၊ တစ်ခွန်းနဲ့ အမှန်ကို ပြော တတ်သောကြောင့်။ (ဘုရားပါ ဘုရား)။

ဒါဖြင့် အဲဒီ စကားကလေးတစ်လုံး မမေ့ပါစေနဲ့ – နော်။ (မှန်ပါ့)၊ မင်းတို့ မှန်ထောင်ချင် ထောင်ပါ၊ ကြံချင် ကြံပါကွာ၊ ခန္ဓာဘက်ကို လှည့်ထောင်ပါ (မှန်ပါ့)။

တစ်ခွန်းတည်းနဲ့ အမှန်ပြောလိုက်တယ်။ (မှန်လှပါ ဘုရား)၊ ခန္ဓာဘက် တစ်ခုတည်းသာ လှည့်ထောင် (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘယ်ဘက်လှည့်ထောင်ရမလဲ။ (ခန္ဓာဘက် လှည့်ထောင် ရပါမယ်)။

ခန္ဓာဘက် လှည့်ထောင်တော့ကိုတဲ့၊ ခုလို တရားရေ ဝထားတဲ့ ပုဂ္ဂိုလ်ကျတော့ ခန္ဓာထဲက ရလာပြန်လဲ ဪ ဒုက္ခသစ္စာ ပါကလား၊ အရင်စိတ်ကလေး ပျက်သွားပြန်ပကော၊ ဘာသစ္စာ ပါလိမ့်။ (ဒုက္ခသစ္စာ ပါဘုရား)၊ ဒုက္ခသစ္စာ ပါလား ဆိုတော့ ဒီခန္ဓာကြီးဟာ ဘာဖြစ်နေပါလိမ့်မတုံးသာ လှည့်ထောင်။ (မှန်ပါ့)။

လှည့်ထောင်လို့ ရှိရင် ခန္ဓာကြီးက ပင်ကိုက“သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာ”လို့ ဟောထားတော့ သူက ဒုက္ခ သစ္စာပဲ ပြောသောကြောင့် ဒုက္ခသစ္စာသိတဲ့ မဂ္ဂင်ပဲ ပေါ်ရ မယ်။ (မှန်ပါဘုရား)။

မှန်ထောင်တည့်ရင် မဂ္ဂသစ္စာပေါ်မယ်

မှန်ထောင်ထည့်ရင် ဘာသစ္စာ ပေါ်မယ်။ (မဂ္ဂသစ္စာ ပေါ်ပါမယ်)၊ မှန်ထောင် တည့်သည်နဲ့ တစ်ပြိုင်နက်တည်း မောင်ထွန်းလှိုင်တို့၊ မောင်ကိုတို့ သေသေချာချာမှတ်၊ မဂ္ဂသစ္စာ ပေါ်တယ် (မှန်ပါ့ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

မှန်ထောင်ည့်ရင် (မဂ္ဂသစ္စာပေါ်ပါတယ်ဘုရား)၊ မဂ္ဂသစ္စာပေါ်တယ် ဆိုတာ ဒကာ ဒကာမတို့ ကောင်းကောင်း ရိပ်မိပလား။ (ရိပ်မိပါပြီဘုရား)၊ ဦးခင်မောင်ရေ မှန်ထောင်တည့်ရင် ဘာတဲ့။ (မဂ္ဂသစ္စာ ပေါ်ပါတယ် ဘုရား)။

အဲ နှစ်ခွန်းသောစကား မပြောတတ်သောကြောင့် လဲ ဘုရား၊ တစ်ခွန်းနဲ့ အမှန် ပြောတတ် သောကြောင့်လဲ ဘုရား၊ ဘုရားက ခန္ဓာဘက်လှည့်ပါကွာ၊ ဘာသစ္စာတုံးဆို ပြီး လှည့်ထောင်ပါ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီဘုရား)။

ဘယ်ဘက်လှည့်ထောင်ရမလဲ။ (ခန္ဓာဘက် လှည့် “ထောင်ရပါမယ်)၊ ခန္ဓာဘက် လှည့်ထောင်တော့ ခန္ဓာက နာပြလိုက်လဲ ဒုက္ခသစ္စာ၊ ယားပြလိုက်ကော (ဒုက္ခသစ္စာ ပါဘုရား)၊ အိုပြလိုက်ကော (ဒုက္ခသစ္စာပါဘုရား)။ သည်။

အင်း ဒုက္ခသာ အရင်စိတ်ကလေးတွေက ပျက်ပျက် ပြလိုက်ရင်ကော (ဒုက္ခသစ္စာပါဘုရား)၊ အဲ ဒုက္ခသစ္စာပဲ ပြတော့ ဒုက္ခသစ္စာဘက် လှည့်လိုက်လို့ ဒုက္ခသစ္စာသိတဲ့ မဂ္ဂသစ္စာတည်းဟူသော စိတ် ဘွားခနဲ ဘွားခနဲ ပေါ်တယ်။ (ပေါ်ပါတယ် ဘုရား)။

ခန္ဓာဘက်လှည့် ကြံစည်

ဒါ ဘယ့်နှယ်ကြောင့် ဒီအရိပ်ပေါ်လာပါလိမ့်မတုံးလို့ ဒကာ ဒကာမတွေက အကဲခတ် ကြည့်တော့မှ မှန်ထောင် တည့်လို့ (မှန်ပါ့ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ)။

ဒကာ ဒကာမတွေ ဒါဖြင့် မှန် ဘယ်ဘက်လှည့် ထောင်မယ်။ (ခန္ဓာဘက် လှည့်ထောင် ပါမယ်ဘုရား)၊ အဲ မှန်ဆိုတော့ ခင်ဗျားတို့က မသိဘဲနေမှာ စိုးတယ်၊ ခင်ဗျားတို့ ကြံလုံးသာ ခန္ဓာဘက်လှည့်ကြံ။ (မှန်ပါဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီဘုရား)၊ ခင်ဗျားတို့ကြံလုံးဟာ (ခန္ဓာဘက်လှည့်ကြံရမယ်)။

အဲ ခန္ဓာဘက် လှည့်ကြံစည်၊ ဟဒယဝတ္ထုအကြည် မှန်သာ ခန္ဓာဘက်လှည့်၊ ခန္ဓာဘက် လှည့်လိုက်လို့ရှိရင် မဂ္ဂင်စိတ် ပေါ်မယ်။ (မှန်ပါ့ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂင်ပေါ်ဖို့ရာ မဂ္ဂင်ဆိုတဲ့ “ကိလေသေ မာရေန္တော နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ ” ဆိုတဲ့အတိုင်း , မဂ္ဂင်ပေါ်ဖို့ အလုပ်သည်ကားလို့ဆိုရင်ဖြင့် မှန်ထောင်တည့်၊ မတည့် ဒီအပေါ်မှာ မှီတယ်လို့ ယနေ့ တရားပွဲ ဆုံးဖြတ်ချက် ချစမ်း။ (မှန်လှပါဘုရား)၊ အင်မတန် အဖိုးတန်တယ် ( နော်။ (မှန်ပါ့ဘုရား)၊ ဒကာ ဒကာမတွေ ဒီတစ်လုံးနဲ့ ကိစ္စပြီးနိုင်တယ်၊ ဦးခင်မောင် မပြီးဘူးလား။ (ပြီးပါ တယ် ဘုရား)။

ကဲ ဦးဇံရင်တို့ မှန်ထောင်ကြည့်ရင် ဘာပေါ်မတုံး ဗျာ။ (မဂ္ဂင်သစ္စာပေါ်ပါတယ်ဘုရား)၊ ကဲ ခန္ဓာဘက်သာ လှည့်ထောင်လိုက်စမ်းပါတဲ့၊ ဘာသစ္စာတုံးသာ တွေးလုံးနဲ့ ထောင်ကြည့် စမ်းပါ၊ဘာသစ္စာ လို့ပေါ်လာမယ် ထင်သတုံး။ (ဒုက္ခသစ္စာ ပေါ်လာပါမယ်ဘုရား)။

အဲ ဒုက္ခသစ္စာလို့ ပေါ်လာတော့ ဒုက္ခသစ္စာကိုသိတဲ့ မဂ္ဂသစ္စာ မောင်ကို ပေါ်ရမယ်။ (ပေါ်ရပါမယ်ဘုရား)၊ မောင်ထွန်းလှိုင် မပေါ်ပေဘူးလား။(ပေါ်ပါတယ်ဘုရား)။

ဒုက္ခသစ္စာဘက် လှည့်လိုက်တော့ ဒုက္ခသစ္စာက ဒုက္ခ သစ္စာ၊ မှန်တည်းဟူသော တရား “မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ” ဟော မနောဝိညာဏ် ဆိုတဲ့ မဂ္ဂသစ္စာပေါ်လာ တယ်။ (မှန်ပါ့ဘုရား)၊ မပေါ်ပါနဲ့ဆိုလို့ ရသေးရဲ့လား။ (မရပါဘုရား)။

ဪ ဒီတရားမျိုး ဒကာ ဒကာမတွေ နှလုံးသွင်း များ ခင်ဗျားတို့ ဒီအတိုင်းသာ နှလုံးသွင်းနေမယ်ဆိုလို့ ရှိရင်ဖြင့် ဒါ ယောနိသော မနသိကာရဖြစ်တာက တစ်မျိုး၊ ဦးခင်မောင်ရေ (မှန်ပါ့ဘုရား)။

မှန်ထောင်တည့်သွားလို့ မဂ်ပေါ်တာဆိုတာလဲ ယောနိ သော မနသိကာရပါပဲ။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ)၊ မှန်ထောင်တည့်သွားတော့ သစ္စာအားဖြင့် ဘာသစ္စာပေါ်သ။ (မဂ္ဂသစ္စာ ပေါ်ပါတယ်)၊ နှလုံ သွင်းအားဖြင့် ယောနိသောမနသိကာရ (မှန်ပါ့ဘုရား)၊ ပေါ်တော့ ဘာသစ္စာ ပေါ်သတုံး (မဂ္ဂသစ္စာပါဘုရား)။

အဲဒီ မဂ္ဂသစ္စာကို ယောနိသော မနသိကာရ စေတသိက် တွေကော မပါဘူးလား။ (ပါ,ပါတယ်ဘုရား)၊ ကဲ မောင်ကိုတို့၊ မောင်ထွန်းလှိုင်တို့ ကျေနပ်ပလား။ (ကျေနပ် ပါပြီ)၊ ဒါ ဘယ့်နှယ်ကြောင့် ဒီမဂ်တို့ ယောနိသောမနသိ ကာရတို့ ပေါ်ရပါလိမ့်မတုံး (မှန်ထောင်တည့် လို့ ပါဘုရား)၊ မှန်က ဘယ်ဘက်လှည့်လိုက်လို့လဲ။ (ခန္ဓာဘက် လှည့်လိုက်လို့ ) ဘုရား)။

သြော် ခန္ဓာဘက် လှည့်လိုက်တော့ ခန္ဓာကတော့ဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့က ဖီးလိမ်းထားလဲ သူက အသုဘပဲ ပြောတယ်။ (မှန်ပါ့ဘုရား)၊ ခင်ဗျားတို့ ဖြီး လိမ်းထားပေမယ့် ခန္ဓာက ဘယ်လိုပြောသလဲ။ (အသုဘ လို့ ပြောပါတယ်ဘုရား)။ ( အို ဖြီးရင်း လိမ်းရင်းနဲ့ပဲ ချွေးတွေ ထွက်လာတယ် ဆိုတော့ သုံးဆယ့်နှစ် ကောဋ္ဌာသထဲက သေဒေါ-ချွေး၊ မလာ ဘူးလား (လာပါတယ်ဘုရား)၊ အဲဒါ သုဘလား, , အသုဘလား။ (အသုဘပါဘုရား)။

အင်း ဟင် ဖြီးရင်းလိမ်းရင်းနဲ့ပဲ နောက်ဖေးသွား ချင်လာသတဲ့ ဒကာ ဒကာမတို့၊ ဘာဖြစ်လာပြန်သတုံး။ (အသုဘပါဘုရား)၊ အသုဘပဲ သူပြတယ် မဟုတ်လား။ (မှန်ပါ့ဘုရား)၊ အဲ သူကတော့ အသုဘသဘော၊ သူ စွန့်ရဲ့လား။ (မစွန့်ပါဘုရား)။

ဒုက္ခသိတဲ့ မဂ္ဂသစ္စာပေါ်တယ်

အဲဒီတော့ ခန္ဓာဘက် လှည့်လိုက်တော့ အသုဘသိတဲ့ မဂ္ဂသစ္စာကော (ပေါ်ပါတယ်ဘုရား)၊ တစ်နည်း၊ သြော် ခန္ဓာကြီးကလဲ သိရင်း သိရင်းနဲ့ ဒုက္ခရောက်နေပါကလား လို့ဆိုတဲ့ ဒုက္ခ သိတဲ့ မဂ္ဂသစ္စာကော (ပေါ်ပါတယ်)၊ မပေါ် ဘူးလား။ (ပေါ်ပါတယ်ဘုရား)။

အဲဒီဟာ ဘာဖြစ်လို့ပါလိမ့်။ (မှန်ထောင်တည့်လို့ ပါဘုရား)၊ ဒါဖြင့် သြော် ခင်ဗျားတို့ ချင်းလဲ တစ်ယောက် နဲ့ တစ်ယောက် ဓမ္မမိတ်ဆွေချင်းပဲ၊ ဘုန်းကြီးတပည့်တွေ ချည်းပဲဆိုတာ သိတော့ မှန်ထောင်မလွဲစေနဲ့ မှန်ထောင် မလွဲစေ့နဲ့ လက်တို့ကြစမ်းပါ (မှန်ပါ့ဘုရား)။

တို့ကြစမ်းပါ တစ်ယောက်နဲ့တစ်ယောက်။ (မှန်ပါ့ ဘုရား)၊ ဒါ တို့မှ နေရာကျမှာနော်။ (မှန်ပါ့ဘုရား)၊ ဦးခင်မောင်တို့ မတို့ ရဲဘူးလား။ (တို့ ရဲပါတယ်ဘုရား)။

တို့ရဲပါတယ်၊ အကုန် ဓမ္မမိတ်ဆွေတွေပဲ၊ ယောက်ျား ယောက်ျားချင်း တို့ပေါ့၊ မိန်းမ မိန်းမချင်းတို့ပေါ့၊ မှန်ထောင် မလွဲစေနဲ့နော်၊ ရှင့်မျက်နှာကြည့်ရတာ မှန်ထောင်လွဲပုံ – ရပြီ ထင်တယ်လို့ ပြောပေးပါ၊ မျက်နှာကြည့်လိုက်ရင် သိနေပြီကော၊ မသိသေးဘူးလား (သိပါတယ်ဘုရား)။

ပြုံးနေတဲ့ ပုဂ္ဂိုလ်ကလဲ သူ အရူးပြုံး ပြုံးနေတာ။ (မှန်ပါ့)၊ ဟ မှန်ထောင်လွဲနေပြီ၊ ဒီလောက်မညံ့ပါနဲ့၊ သူ့လဲ သတိပေးပါ။ (မှန်ပါ့ဘုရား)။

မဲ့နေတဲ့မျက်နှာကျတော့လဲ မှန်ထောင်မလွဲစေနဲ့၊ ဆရာ ဘုန်းကြီး ဟောတယ်၊ မှန်ထောင်လွဲရင် ပဋိစ္စသမုပ္ပါဒ် တဲ့၊ ပစ္စုပ္ပန်ဆင်းရဲပြီး သံသရာမှာ ဒုက္ခရောက်သတဲ့။ (မှန်ပါ့ ဘုရား)၊ မှတ်မိကြရဲ့လား။ (မှတ်မိပါတယ်ဘုရား)။

မှန်ထောင်လို့တော့ ပစ္စုပ္ပန်မှာ ဆင်းရဲပါတယ် – ဘုရား)၊ သံသရာမှာ (ဒုက္ခရောက် စေတတ်ပါတယ်)၊ အဲဒီတော့ ဘုန်းကြီးကလဲ ဟောထားတယ်၊ ဘုရားကလဲ ဟောထားတယ်ဆိုပြီး မိန်းမ,မိန်းမချင်း လက်တို့ကြပါ။ (မှန်ပါ့)။

ယောက်ျား, ယောက်ျားချင်းကော (လက်တို့ရမှာ ပါဘုရား)၊ ဘာပြုလို့ ဘယ်အခါ တို့ ရမှာတုံးဆိုတော့ သူ့ မျက်နှာကြည့်ရင် ခင်ဗျားတို့က အကုန်သိမယ်၊ မသိပေဘူး လား။ (သိပါတယ်ဘုရား)။

အင်း ပြုံးနေလို့ရှိရင်လဲ (မှန်ထောင်လွဲပါတယ်)၊ မှန်ထောင်လွဲပြီ။ (မှန်ပါ့)၊ သူ ငွေကလေးရလို့ ပြုံး သလား၊ သားကလေး ပြန်လာလို့ ပြုံးသလား၊ သမီး ကလေးကို အကြောင်းပြုပြီး ပြုံးလေရော့လား ဆိုလို့ ရှိရင် မှန်ထောင်လွဲလို့ သူ ပြုံးတာ။ (မှန်ပါ့ဘုရား)။

အဲဒါတွေ ဘာလုပ်ကြမယ်။ (လက်တို့ရပါမယ် ဘုရား)၊ လက်တို့ ရမယ်၊ ဟ ဒီဥစ္စာကလဲ အရူးညံ့လို့ ( ခေါ်တယ် (မှန်ပါ့)၊ ရိပ်မိပလား။ (မှန်ပါ့)။

အရူးပြီးလို့ ခေါ်တယ်ဆိုတော့ ရူးလို့ ပြုံးတာကိုး။ (မှန်ပါ့ဘုရား)၊ ဒီ သားကလေး ဒီ သမီးကလေးဆိုတာ ဘာ သစ္စာတုံး။ (ဒုက္ခသစ္စာပါဘုရား)။

ဒုက္ခသစ္စာဆိုလို့ ရှိရင်ဖြင့် ဒုက္ခသစ္စာလို့ နှလုံးသွင်း မှန်လို့ ရှိရင် မဂ္ဂသစ္စာပေါ်ရမယ်။ (မှန်ပါ့ဘုရား)၊ မဂ္ဂသစ္စာ ထဲမှာ ပြုံးတဲ့စိတ် – ပါကို မပါဘူး။ (မှန်ပါ့ဘုရား)၊ ပါရဲ့ လား၊ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ ပြုံးတဲ့စိတ် ပါရဲ့လား။ (မပါ,ပါဘုရား)။

အဲဒီကတည်းက ပြုံးနေလဲ ခင်ဗျားတို့က ဘယ်လို လက်တို့ကြရမယ်။ (မှန်ထောင်မလွဲစေနဲ့)၊ မှန်ထောင် မလွဲစေပါနဲ့၊ ကျွန်မတို့ ဆရာတူတွေ မှန်ထောင်မလွဲပါစေ နဲ့၊ သိပ်မပြုံးပါနဲ့၊ တို့ကြစမ်းပါ၊ ရိပ်မိပလား။ (ရိပ်မိ ပါပြီဘုရား)။

ဒါ မဲ့နေတဲ့ပုဂ္ဂိုလ်၊ မျက်နှာစုပြီး နှုတ်ခမ်းတွေ ထော် နေတဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ့်နှယ် ပြောကြမတုံး ခင်ဗျားတို့ (မှန်ထောင်မလွဲစေပါနဲ့ဘုရား)။

မှန်ထောင် မလွဲစေပါနဲ့၊ မှန်ထောင် မလွဲစေပါနဲ့ ဆရာဘုန်းကြီး မျက်နှာလဲ ထောက်ပါဦး၊ ဘုရားမျက်နှာလဲထောက်၊ ကိုယ့်လဲ မှန်ထောင်လွဲတဲ့အချိန်ကစပြီး နှုတ်ခမ်း သူများနဲ့မတူအောင် ထော်လာပြီ။

ဒီလိုဆိုတော့ ဒုက္ခသစ္စာကော မသေချာဘူးလား။ (သေချာပါတယ်ဘုရား)၊ အဲ ဒုက္ခသစ္စာ ပစ္စုပ္ပန်မှာ ဒုက္ခ၊ သံသရာမှာလဲ ဒကာ ဒကာမတို့ ဒုက္ခအကြီးအကျယ်ရမယ် ဆိုတာ မှားသေးသလား။ (မမှားပါဘုရား)။

ဒါဖြင့် ဒီနေ့ တရားမှာ မောင်ကိုတို့၊ မောင်ထွန်းလှိုင် တို့ နှစ်လုံးတည်းရှိတယ်နော် (မှန်ပါ့)၊ မှန်ထောင်လွဲရင် ပဋိစ္စသမုပ္ပါဒ် သုံးမျိုးထွက်မယ်။ (မှန်ပါ့ဘုရား)။

ဒကာ ဒကာမတို့ ဘယ်လိုတဲ့တုံး။(မှန်ထောင်လွဲရင် ပဋိစ္စသမုပ္ပါဒ် သုံးမျိုးထွက်ပါတယ်)၊ မှန်ထောင် တည့်လို့ ရှိရင် ပဋိစ္စသမုပ္ပါဒ်ပြတ်တယ်။ (မှန်ပါ့ဘုရား)၊ မှန်ထောင် တည့်ရင် ပဋိစ္စသမုပ္ပါဒ်ပြတ်ပါတယ်ဘုရား)။

ဒါဖြင့် ပြတ်တာသည် ဒုက္ခနိရောဓော ဟောတိ (မှန်ပါ့ဘုရား)၊ ဆက်တာသည် ဒုက္ခသမုဒယော ဟောတိ (မှန်ပါ့ဘုရား)၊ ဆက်တာသည် (ဒုက္ခသမုဒယော ဟောတိ ပါဘုရား)။

ပြတ်တာသည် (ဒုက္ခနိရောဓော ဟောတိ ပါဘုရား)၊ အဲဒါ ဘယ်ဟာ ကြိုက်သတုံး ခင်ဗျားတို့ (နိရောဓော ဟောတိ ကြိုက်ပါတယ်)၊ နိရောဓော ဟောတိ ကြိုက်တယ် ဆိုတာ ဒီတရားပွဲတွင်းထဲမို့ဗျ၊ ခင်ဗျားတို့ ဥစ္စာက အိမ်ကျ ဖောက်ပြန်ကုန်တာ၊ သိပ်ခက်သွားတာ (မှန်ပါ့ဘုရား)။

ကဲ ဒကာ ဒကာမတို့ ဒုက္ခများ ကျုပ်ကြောက်တာ တော့ဖြင့် မပြောနဲ့တော့၊ ဒုက္ခ ကြောက်လွန်း လို့ဆို ကျုပ်ဖြင့် အေးအေး နေလိုက်တော့တာပဲတဲ့ (မှန်ပါ့) ဘယ် အေးအေး နေမလဲ၊ မှန်ကထောင်ထာ အလွဲချည်းထောင်နေ ကာ (မှန်ပါ့ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ခန္ဓာဘက် ထောင်ရင် သစ္စဉာဏ်ပေါ်မယ်။ (မှန်ပါ့ဘုရား)၊ တက်လာပြီ တစ်လုံး၊ တက်လာပြီ ဒကာ ဒကာမတို၊ ခန္ဓာဘက် ထောင်လိုက် ရင် (သစ္စဉာဏ် ပေါ်ပါတယ်ဘုရား)၊

ဟော သစ္စဉာဏ်ဆိုတဲ့ မဂ္ဂင်တွေပေါ်ပြီး။ (မှန်ပါ့)၊ ခန္ဓာဘက် ထောင်လိုက်လို့ ရှိရင် (သစ္စဉာဏ် ပေါ်ပါတယ် ဘုရား)၊ သစ္စဉာဏ်ဆိုတဲ့ မဂ္ဂင်ပေါ်လာတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (မှန်ပါ့ဘုရား)။

သစ္စာမသိတဲ့ မိစ္ဆာဉာဏ်။

ခန္ဓာဘက် မထောင်ဘူး၊ သားဘက်, သမီးဘက်, ပစ္စည်းဘက် လှည့်မယ်ဆိုလို့ ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမ တို့ သစ္စဉာဏ် မပေါ်ဘူးတဲ့၊ သဘောကျပလား (မှန်ပါ့ ဘုရား)။

သစ္စဉာဏ် မပေါ်တဲ့အခါကျလို့ ရှိရင် သစ္စာမသိတဲ့ မိစ္ဆာဉာဏ်ပေါ်တယ်။ (မှန်လှပါဘုရား)၊ သဘောကျ ပလား။ (ကျပါပြီ)၊ သစ္စာမသိတဲ့ (မိစ္ဆာဉာဏ် ပေါ်ပါတယ်)၊ ဒါဖြင့် ခန္ဓာ ဘက်လှည့် လိုက်ရင် (သစ္စဉာဏ် ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဓမ္မစကြာတွေရွတ်ပြီး သစ္စဉာဏ် ရချင်လိုက်တာလွန်လို့၊ ဓမ္မစကြာထဲမှာ သစ္စဉာဏ်, ကိစ္စ ဉာဏ်, ကတဉာဏ်လို့ မလာဘူးလား။ (လာပါတယ် ဘုရား)၊ လာတော့ ခင်ဗျားတို့ မှန်ထောင်တည့်ရင် သစ္စ ဉာဏ် ပေါ်ပါတယ်။ (မှန်ပါ့ဘုရား)။

ဒကာ ဒကာမတို့ (မှန်ထောင်တည့်ရင် သစ္စဉာဏ် ပေါ်ပါတယ်ဘုရား)၊ မှန်ထောင်တည့်ရင် သစ္စဉာဏ် (ပေါ်ပါတယ်ဘုရား)၊ ဘယ်ဘက်လှည့်ရမှာတုံး။ (ခန္ဓာဘက် လှည့်ရမှာပါဘုရား)၊ ခန္ဓာဘက် လှည့်လိုက်တော့ ခန္ဓာက ဘာတွေများ ပြောလေ့ဆိုလေ့ရှိပါလိမ့်။ (ဒုက္ခသစ္စာလို့ ပြောပါတယ် ဘုရား)၊ ဒုက္ခသစ္စာလို့ ပြောလေ့ ရှိရင် အသုဘလို့ ကော (ပြောပါတယ်)၊ အနိစ္စလို့ ကော (ပြောပါတယ်)၊အင်း ဟင် ဒုက္ခလို့ကော (ပြောပါတယ်)၊ အနတ္တလို့ ကော (ပြောပါတယ် ဘုရား)။

အဲ ပြောတဲ့အတိုင်း တဲ့၊ ခန္ဓာက ပြောတဲ့အတိုင်း ဒီမှာ ဉာဏ်ပေါ်လာတာပဲ၊ ကဲ ပါဠိတော် ရွတ်လိုက်မယ်။ “မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ” (မှန်ပါ့)၊ မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။

ဒါက မနောအကြည် ဘဝင် မှန် မမှန်ကို ဒီဘက် လှည့်လိုက်လို့ ခန္ဓာငါးပါးဘက် လှည့်လိုက်တဲ့ အတွက် ခန္ဓာ ငါးပါး သိတဲ့ ဒကာ ဒကာမတို့ မဂ်ဉာဏ်ပေါ်လာတယ်။ သစ္စဉာဏ် ပေါ်လာတယ်၊ ရှင်းပြီလား။ (ရှင်းပါပြီ)၊ ဘာဉာဏ် ပေါ်လာသတုံး (သစ္စဉာဏ် ပေါ်လာပါတယ် ဘုရား)။

သစ္စဉာဏ် ပေါ်လာတယ်ဆိုတော့ ဆုတောင်းအလုပ် လား၊ ဒကာ ဒကာမတို့ မှန်ထောင်တည့်ဖို့အလုပ်လား။ (မှန်ထောင်တည့်ဖို့ အလုပ်ပါဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ဒါဖြင့် ဘယ်သူနိဗ္ဗာန်ရောက်သွားတယ်၊ မှန်ထောင် တည့်လို့ သာ မှတ်ပေတော့ (မှန်ပါ့ဘုရား)၊ သဘောကျ ပလား။ (ကျပါပြီဘုရား)။

ဘယ်သူဖြင့် သောတာပန် တည်သွားသတဲ့။ (မှန် ထောင် တည့်လို့ ပါဘုရား)၊ ခန္ဓာဘက်လှည့်လို့ (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ခန္ဓာမှာ သစ္စဉာဏ် ကိစ္စဉာဏ်, ကတဉာဏ် ရသွားလို့ ဒကာ ဒကာမတို့ သောတာ ပန် တည်တာ မဟုတ်လား။ (မှန်ပါဘုရား)။

အဲဒီတော့ သူ ဘယ်ဘက် လှည့်သတုံး၊ သူ့မှန်က (ခန္ဓာဘက် လှည့်ပါတယ်ဘုရား)၊ ကဲ ဘယ်သူက သက ဒါဂါမ် တည်သွားတယ်။ (ခန္ဓာဘက် လှည့်ပါတယ်)၊ ဘယ်ဘက် လှည့်သတုံး။ (ခန္ဓာဘက် လှည့်ပါတယ် ဘုရား)။

ဘယ်သူ အနာဂါမ် တည်သွားတယ်။ (ခန္ဓာဘက် လှည့်ပါတယ် ဘုရား)၊ အင်း ဘယ်ဘက် လှည့်သတုံး။ (ခန္ဓာဘက် လှည့်ပါတယ် ဘုရား)။

ခန္ဓာဘက် လှည့်သွားတော့ သူ ဘာဉာဏ်တွေ ရသွား သလဲ။ (သစ္စဉာဏ်ရပါတယ် ဘုရား)၊ သစ္စဉာဏ်, ကိစ္စ ဉာဏ်, ကတဉာဏ်ကျအောင် ရသွားတယ်။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီဘုရား)။

ဘယ်သူ ဘုရားဖြစ်သွားသတဲ့ ပစ္စေကဗုဒ္ဓါဖြစ်သွား သတဲ့ ဒကာ ဒကာမတို့၊ ဘယ့်နှယ်ကြောင့် ပါလိမ့်။ (ခန္ဓာ ဘက် လှည့်လို့ပါဘုရား)။

အဲ မနော အကြည်မှန် တည့်လို့ (မှန်ပါ့ဘုရား)၊ မနောအကြည့်မှန် ဘာတဲ့ ခန္ဓာဘက် လှည့်လိုက်တယ်။ (မှန်ပါ့)၊ လှည့်လိုက်တဲ့အခါကျတော့ သစ္စာသိတဲ့ဉာဏ် မလာဘူးလား။ (လာပါတယ်ဘုရား)၊ သစ္စာတို့၏ ကိစ္စ သိတဲ့ ဉာဏ် (လာပါတယ်ဘုရား)၊

ဒုက္ခဿ ပီဠနထ္ထော = အိုး ဒီခန္ဓာကြီးဟာ နှိပ်စက်နေ တာပါကလားဆိုတဲ့ ကိစ္စဉာဏ် တွေကော မလာဘူးလား။ (လာပါတယ်ဘုရား)။

ကတဉာဏ်ဆိုတဲ့ သြော် သစ္စာဖြင့် သိပြီ ပေါ်ပြီ ဆိုတဲ့ ဉာဏ်တွေကော မလာပေဘူးလား။ (လာပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ မှန်ထောင်တည့်လို့ ရှိရင် သောတာပန်, သကဒါဂါမ်, အနာဂါမ် ရဟန္တာဖြစ်တယ် (မှန်ပါ့)။

မှန်ထောင်လွဲလို့ ရှိရင်ဖြင့် သံသရာမှာ အိုပွဲ, နာပွဲထဲ နွှဲကြ ပါတော့။ (မှန်ပါ့)။ ( အိုပွဲ, နာပွဲ, သေပွဲတွေဟာ ခင်ဗျားတို့ ချည်းပဲ။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)၊ မှန်ထောင်တည်ဖို့ရာ ဒီနေ့တရားမှာ အရေးမကြီးဘူးလား။ (ကြီးပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ မှန်ထောင်တည့်ဖို့ အရေး လောက် လောကကြီးထဲမှာ ကြီးတဲ့ အရေးများ ရှိသေး သလား။ (မရှိပါဘုရား)။

သြော် ဒီနေ့ ဒကာ ဒကာမတို့ အလွန် အရေးကြီး ပြီးသကာလ – တို့ကိုဖြင့် အင်မတန် သတိပေးတဲ့နေ့ပဲ။ ဒီဥစ္စာ ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ကို ဆက်အောင်လဲ မှန်ထောင် လွဲရင် ဆက်တယ်(မှန်ပါ့)၊ မှန်ထောင်လွဲရင် (ဆက် ပါတယ် ဘုရား)၊ သေချာရဲ့လား။ (သေချာပါတယ် ဘုရား)။

မှန်ထောင်တည့်ရင် ပြတ်တယ်။ (မှန်လှပါဘုရား)၊ သဘောကျပလား။ (ကျပါပြီဘုရား)၊ မှန်ထောင်လွဲရင် (ဆက်ပါတယ်ဘုရား)၊ ပဋိစ္စသမုပ္ပါဒ်စ,ဆက်လာတာပဲ။(မှန်ပါ့ဘုရား)၊ မှန်ထောင်တည့်သွားရင်ဖြင့် (ပြတ်ပါတယ် ဘုရား)။

အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် ဆုံးမကြပါတဲ့၊ မနော အကြည်မှန်ဟာ လူတိုင်းမှာ ရှိတယ်နော်၊ ဒကာ ဒကာမ တို့ သောတာပန်မှာလဲ ရှိတာပဲ၊ သကဒါဂါမ်, အနာဂါမ် ရဟန္တာတွေမှာလဲ ရှိတာပဲ၊ ပုထုဇဉ်တွေမှာကော (ရှိပါတယ် ဘုရား)။

သြော် မင်းဟာ ဘယ့်နှယ်ကြောင့် ပုထုဇဉ်ဖြစ်နေ ပါလိမ့်မတုံးဆိုတော့ မှန်ထောင်လွဲလို့။ (မှန်ပါ့)၊ ဘယ့် နှယ်ကြောင့် သောတာပန် ဖြစ်သွားပါလိမ့်မတုံး။ (မှန်ထောင်လို့ ပါ ဘုရား)။

ခန္ဓာကြီးက ဘာသစ္စာတုံးလို့ ကြံပါတဲ့

ဟော လက်သည် သူ ဒီမှာဗျ။ (မှန်ပါ့)၊ ဒကာ ဒကာမတို့လဲ ကြံလုံးတရားလို့ ကြံလုံးတရားကို ဘုန်းကြီးက ဟောနေတယ်၊ ဒီလို မယူနဲ့နော်။ (မှန်ပါ့)၊

သစ္စသံယုတ်မှာ အသေအချာလာတယ်၊ ကြံချင်ရင် ဒီခန္ဓာကြီး ဘာသစ္စာတုံးလို့ လှည့်ပြီး ကြံ တဲ့၊ မဂ် ပေါ် ပါစေကွာတဲ့၊ ကာမဝိတက်ဆိုတဲ့ ငါးပါးအာရုံကာမဂုဏ်တွေ ဘက်ကို မလှည့်လိုက်ပါနဲ့တဲ့ (မှန်ပါ့)၊ သေသေချာချာ ဟောတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား),

ဒါဖြင့် ဒကာ ဒကာမတို့ အင်မတန် အရေးကြီးတဲ့ တရားဆိုတာရကာ ပေါ်ကြပလား။ (ပေါ်ပါပြီဘုရား)။

အဲဒီတော့ ဒီမှာတော့ဖြင့် ဘုန်းကြီးက အရေးကြီးတာ ဟောလိုက်လို့ အရေးကြီးသလိုပဲ ခင်ဗျားတို့ သြော် မှန်ထောင်လွဲရင် ပဋိစ္စသမုပ္ပါဒ် ဆက်ပြီ၊ ရှင်းပလား။ (ရှင်းပါပြီ)၊ မှန်လွဲရင် အပါယ်လေးပါး သွားပြီ ဆိုကြပါစို့ဗျာ (မှန်ပါ့)။

သုံးဆယ့်တစ်ဘုံထဲ အိုဘေး, နာဘေးတွေကို ကိုယ်ပိုင် ပစ္စည်း ဖြစ်ကုန်ပြီ ဆိုကြပါစို့ (မှန်လှပါဘုရား)၊ မှန်ထောင် တည့်လို့ ရှိရင်တော့ သုံးဆယ့်တစ်ဘုံ ဒုက္ခတွေသိမ်းတယ်။ (မှန်ပါ့)။

မှန်ထောင်တည့်ရင် (သုံးဆယ့်တစ်ဘုံ ဒုက္ခတွေ သိမ်းပါတယ် ဘုရား)၊ သုံးဆယ့် တစ်ဘုံ ဒုက္ခတွေ မသိမ်း ဘူးလား (သိမ်းပါတယ်ဘုရား)။

အေး ဒါကြောင့် မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်ကြီးက ကြံချင်းကြံရင် သစ္စာကို ကြံကြပါကွာ၊ သစ္စာ ဘက်, ခန္ဓာကြီးဘက် လှည့်ပြီး ဘာသစ္စာပါလိမ့်မတုံး ဆိုတဲ့ ကြံလုံး မဂ္ဂသစ္စာပေါ်ကြပါစေဆိုတာ မှန်တည့်ပါစေ ပြောတာ၊ မှန်ထောင်တာ တည့်ပါစေ ပြောတာ။ (မှန်လှပါ ဘုရား)၊ ရိပ်မိကြပလား။ (ရိပ်မိပါပြီဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေမှာ တစ်နေ့မှာ မှန်ထောင် တည့်တာ ဘယ်နှစ်ခါ၊ မှန်ထောင်လွဲကာ ဘယ်နှစ်ခါတုံး ဆိုတာ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် သိပါလိမ့်မယ်။ (မှန်ပါ့)၊ မသိပေဘူးလား (သိပါတယ်ဘုရား)။

မှန်ထောင် လွဲတာကတော့ဖြင့် သားဘက် လှည့် လိုက်, သမီးဘက်လှည့်လိုက်, ပစ္စည်းဘက် လှည့်လိုက်၊ ဟုတ်လား။ (မှန်ပါ့ဘုရား)။

စားစရာ, သောက်စရာ မရှိတဲ့ဘက်လှည့်လိုက်၊ ရှိလို့ ဝမ်းသာနေတဲ့ဘက် လှည့်လိုက်လို့ ရှိရင်ဖြင့် အဲဒါ မှန်ဆောင် လွဲပြီ မှတ်ပေတော့။ (မှန်ပါ့)။

ဘာတွေ စ,လာမယ်ဆိုတာ ဦးခင်မောင် ရိပ်မိ ပလား။ (ရိပ်မိပါပြီဘုရား)၊ ဘာတွေ စ,လာမလဲ။ (ပဋိစ္စသမုပ္ပါဒ်စ,လာပါမယ်)၊ ပဋိစ္စသမုပ္ပါဒ် စ,လာလိမ့်မယ် ဆိုတာ သေချာပလား (သေချာပါတယ်ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ မှာ တစ်နေ့လုံးမှာ ပဋိစ္စ သမုပ္ပါဒ် စ,တယ် ဆိုကတည်းက ခင်ဗျားတို့ ဖြတ်တာ ပါသေးရဲ့ လား။ (မပါ,ပါဘုရား)။

သြော် ဒါဖြင့် ကိုယ့်ရင် ကိုယ်ထုကြတာပေါ့။ (မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြမယ်။ (ကိုယ့်ရင်ကိုယ်ထုနေကြ ပါတယ် ဘုရား)၊ ကိုယ့်ဒုက္ခ ကိုယ်ရှာကြတယ်။ (မှန်လှ ပါဘုရား)၊ သဘောပါကြပလား။ (ပါ,ပါပြီဘုရား)။

ကိုယ့်ဒုက္ခ ကိုယ်ရှာတာသည် ကိုယ့်မှန် မထောင် တတ်လို့ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

ပဋာစာရီ မှန်ထောင်လွဲလို့

ကိုယ့်မှန် မထောင်တတ်တော့ ပဋာစာရီ ရူးရတာ ဒကာ ဒကာမတို့ ပဋာစာရီဟာ ရူးဖို့ ကံဇာတာပါလာလို့ ရူးတာလား၊ မှန်ထောင်လွဲလို့ ရူးတာလား (မှန်ထောင်လွဲလို့ ရူးတာပါ ဘုရား)။

သားသေတဲ့ဘက် လှည့်ထောင်လိုက်တယ်။ (မှန်ပါ့)၊ ရူးလိုက်တယ်၊ ခင်ပွန်းသေတဲ့ဘက် လှည့်ထောင် လိုက်တယ်။ (ရူးပါတယ် ဘုရား)။

ဪ ပဋာစာရီဟာ ကံမကောင်း အကြောင်းမသင့် ရှာလို့ အရူးဖြစ်ရတာလား၊ မှန်ထောင်လွဲတာလား။ (မှန်ထောင် လွဲတာပါ ဘုရား)။

ခင်ဗျားတို့ ပဋာစာရီဟာ ဪ ကြည့်ပါဦး၊ ကျွတ် တမ်းဝင်မည့် ဘဝတောင် ကံဆိုးလိုက်တာ၊ ကံကိုချည်း ချနေတာ။ (မှန်ပါ့ဘုရား)၊ ကံ ဟုတ်ကဲ့လား။ (မဟုတ် ပါဘုရား)၊ ဘာပါလိမ့်။ (မှန်ထောင်လွဲတာပါဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ဒီတစ်လုံးကိုလဲ သေသေချာချာ မှတ်ရလိမ့်ဦးမယ်၊ မောင်ထွန်းလှိုင်တို့၊ မောင်ကိုတို့ရ နော် (မှန်ပါ့ဘုရား)။

ဒီအတိုင်း ဆေးလိပ် သောက်ပြီးသကာလ ဆေးလိပ် ကလေးနဲ့သာ နေပြီး ကြံလုံးသာ မထုတ်နဲ့၊ ဆွေးစရာ တွေးစရာဘက်ကို ကြံလုံးသာ မထုတ်နဲ၊ မျက်နှာကို မပျက် ဘူး (မှန်ပါ့ဘုရား)၊ ပျက်မလား (မပျက်ပါ ဘုရား) ဘုရား)။

တစ်ခါတည်း ဒီ ဆေးလိပ်သောက်ပြီးသကာလ၊ မှန် ကနေပြီး သကာလ ဆွေးစရာ ရှိတဲ့ဘက်မှာ ထောင်ကြည့် လိုက်စမ်း ဒကာ ဒကာမတို့၊ ဆေးလိပ်အရသာ အကုန် ပျက်၊ မပျက်ဘူးလား (ပျက်ပါတယ်ဘုရား)၊ မီးပွားကျတာများ သိသေးရဲ့လား (မသိပါဘုရား)။

ပုဆိုးစ မီးထ,တောက်တာပဲ တစ်ခါတည်း သိကို မသိတော့ဘူး၊ ဒီလောက်ထိအောင် မှန်ထောင်လွဲတာလဲ ရှိသေးတယ် ဒကာ ဒကာမတို့။ (မှန်ပါ)၊ မရှိဘူးလား။ (ရှိပါ တယ်ဘုရား)၊ အဲ ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဘုရား ဘာ့ကြောင့် ဖြစ်ပါလိမ့်မတုံးဆိုတော့ သစ္စဉာဏ်, ကိစ္စ ဉာဏ်, ကတဉာဏ်ရလို့ ဘုရားဖြစ်ရတယ်။ (မှန်ပါ့ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

သောတာပန် ဘာ့ကြောင့် သောတာပန်ဖြစ်ရသလဲ။ (သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ် ရလို့ပါဘုရား)။

ဘယ့်နှယ်ကြောင့် ဒီဉာဏ်တွေ ပေါ်လာပါလိမ့်မတုံး ဆိုတော့ မှန်ထောင်ကို ခန္ဓာဘက် လှည့်ထောင်လို့။ (မှန်ပါ့ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ဘယ်ဘက် လှည့်ထောင်သလဲ (ခန္ဓာဘက် လှည့်ထောင်ပါတယ် ဘုရား)။

ခန္ဓာဘက် လှည့်ထောင်တော့ ခန္ဓာကိုလဲ ဘုန်းကြီးက ချေချေမွန်မွန်ရှိအောင် ဘယ်ခန္ဓာ ပေါ်လာလာ ဒကာ ဒကာမ တို့ ဒုက္ခသစ္စာသာ မှတ်တယ်။ (မှန်ပါ့)၊ ဖြစ်ပျက်ချည့်ပဲ မဟုတ်လား။ (မှန်ပါ့ဘုရား)။

အရူးပျောက်ချင် မှန်ထောင်တည့်ရမယ်

အဲဒီတော့ ခန္ဓာဘက်သာ မနောအကြည်က နေ့တိုင်း လှည့်ပေး၊ ခင်ဗျားတို့မှာ ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့ မဂ္ဂင်မှ တစ်ပါး တခြားပေါ်စရာ ရှိသေးရဲ့လား (မရှိပါဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခုနက ပဋာစာရီ မှန်ထောင် လွဲတုန်းသာ အရူး (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မှန်သော တည့် ပေးလိုက်တဲ့ အခါကျတော့ သောတာပန် သကဒါဂါမ်, အနာဂါမ်, ရဟန္တာ မဖြစ်ဘူးလား။ (ဖြစ်ပါ တယ် ဘုရား)။

ဒါဖြင့် အရူးပျောက်ချင် ဘာလုပ်ကြရမယ်။ (မှန် ထောင် တည့်ရပါမယ်ဘုရား)၊ မှန်ထောင် တည့်ရမယ်၊ ရူးချင် ဘာလုပ်ရမယ်။ (မှန်ထောင်လွဲရပါမယ်ဘုရား)။

ကဲ ကြိုက်ရာယူလေ ခင်ဗျားတို့။ (မှန်ပါ့၊) သဘော ပါကြပလား။ (ပါ,ပါပြီဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။