088

အစေးခန်းမှ နေရာကျမယ်

အသံဖိုင်ခေါင်းစဉ်= ကိလေသာအစေးမပယ်နိုင်လျှင် ချမ်းသာဟူ၍မရှိနိုင်ပုံတရားတော်

စာအုပ်ခေါင်းစဉ်= အစေးခန်းမှ နေရာကျမယ်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားသော တရားတော်

အစေးခန်းမှ နေရာကျမယ်

(၂၉-၅-၆၂)

ကိလေသာအစေးတွေ ရှိနေတယ်လို့ သေသေချာချာ မှတ်ပါ၊ အဲဒီ ကိလေသာအစေးတွေ ရှိနေတော့ ညောင်ပင် ဓားနဲ့ ခုတ်လိုက်တဲ့ အခါကျတော့ အစေးတွေထွက်သလို ဟိုက သား တည်း ဟူသော အဆင်းနဲ့ မျက်နှာကလေးညိုလာတဲ့ သားအဆင်းနဲ့ အမေနဲ့ သွားတိုက် လိုက်တယ်၊ အမေ့ မျက်လုံးနဲ့ သွားတိုက် လိုက်တယ်၊ ထိတ်ခနဲ ဆိုပြီး ကိလေသာဟာ ဒေါသကိလေ သာ ထ,လာတယ်။ (မှန်ပါ့)။

အာရုံသည် ဓားမနဲ့တူတယ်

ဒါဖြင့် အာရုံသည် ဓားမနဲ့ တူတယ်နော်။ (မှန်ပါ့)၊ ဒီက ထိတ်ခနဲ ဆိုလိုရှိရင် ရင်ထဲမှာ ဟိုက်ခနဲ ဖိုခနဲ သွားတာက အစေးထွက်တာနဲ့ တူတယ်။ (မှန်ပါ့ ဘုရား)၊ ရှင်းကြ ပလား။ (ရှင်းပါပြီ)။

ဒါ နဂိုက ရှိနှင့်သလား၊ ဟိုက ခုတ်မှ ထွက်သလား လို့ မေးကြည့်စမ်းပါ။ (ခုတ်မှ ထွက်ပါတယ် ဘုရား)၊ ခုတ်မှ ထွက်တယ်လို့ မှတ်ထား လိုက်တော့ ရှင်းတယ်နော်။ (မှန်ပါ့)။ (မှန်ပါ့)။

သြော် ဒီ အစေးသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့်၊ ညောင်ပင်မှာရှိတဲ့ အစေး မခုတ်ခင်က သူ့အလိုလို ထွက်နေ တယ်ဆိုတာကော ရှာမှရှားပါလိမ့်မယ်။ (မှန်ပါ့)။

ခုတ်လိုက်တဲ့အခါကျတော့(ထွက်ပါတယ် ဘုရား)။၊ ထွက်လာတယ်တဲ့၊ ဒီမှာလဲ ဒကာ ဒကာမတွေမှာ တယ်လို့ မှတ်ရမတုံးလို့ မေးတဲ့အခါကျတော့ မျက်လုံးပေါက် က ကောင်းတဲ့ အာရုံနဲ့တွေ့လဲ ဖျတ်ခနဲဆို ဝမ်းသာတဲ့ လောဘ အစေးတွေ ထွက်လာတယ်။ (မှန်ပါ့)။

မျက်လုံးနဲ့ကြည့်လိုက်တဲ့အခါကျတော့ မကောင်းတာ မြင်ရပြန်လဲ ဖျတ်ခနဲဆို စိုးရိမ်သောက ဗျာပါဒ ဖြစ်လာတဲ့ ဒေါသအစေးတွေ ထွက်လာတယ်။ (မှန်ပါ့ ဘုရား)၊ မထွက်ဘူးလား။ (ထွက်ပါတယ် ဘုရား)။

ဒီခန္ဓာကိုယ်ကြီးဟာ ညောင်ပင်နဲ့တူ

ဒါဖြင့် ဒီ ခန္ဓာကိုယ်ကြီးဟာ အစေးထွက်တဲ့ အစေး အောင်းနေတဲ့ ညောင်ပင်နဲ့ မတူဘူးလား။ (တူပါတယ် ဘုရား)။

မခုတ်ခင်က ထွက်သလား၊ ခုတ်မှ ထွက်သလားလို့ မေးရင် (ခုတ်မှ ထွက်ပါတယ် ဘုရား)။

ဒါဖြင့် ဝမ်းထဲမှာ ရှိတဲ့ လောဘ, ဒေါသ, မောဟဟာ မရှိဘူးလို့ ဆိုကြမလား မခုတ်သေးလို့ မထွက်တာလို့ ဆိုကြမလား။ (မခုတ်သေးလို့ မထွက်တာပါ ဘုရား)။

မခုတ်သေးလို့ မထွက်တာ၊ အဲဒါကြောင့် ဒကာ ဒကာမတွေက သြော် တို့သည်ကားလို့ ဆိုရင်ဖြင့် တော်တယ်- တော်တယ်လို့ ချီးမွမ်း မနေနဲ့၊ ဒီ အစေးမခန်း သရွေ့ ကာလပတ်လုံး ခုတ်မည့်သူ ရှိရင် ထွက်နေမှာပဲ။ (မှန်ပါ့)။

ခုတ်မည့်သူရှိရင် (ထွက်နေမှာပါ ဘုရား)၊ ထွက် နေတာပဲဆိုတာ သေသေချာချာမှတ်ပါ။

အဲဒီတော့ ဒီခန္ဓာကိုယ်ကြီးထဲမှာ သေသေချာချာ စဉ်းစား ကြည့်ပါ၊ မျက်လုံး ပေါက်က နေပြီး ကောင်းတာနဲ့တွေ့လဲ အစေး ထွက်လာတာပဲ၊ ဝမ်းသာတဲ့ အစေးတွေ ထွက်မလာဘူးလား။ (ထွက်လာပါတယ် ဘုရား)၊ မျက်လုံးပေါက် ကနေ ပြီး မကောင်းတဲ့ အာရုံတွေနဲ့ တွေ့ပြန်ကော (ထွက်ပါတယ်)၊ ဝမ်းနည်းတဲ့ အစေးတွေ (ထွက်ပါတယ် ဘုရား)၊ ထွက်လာတာပဲ ဆိုတာ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် နားပေါက်ကနေ နေပြီး သကာလ အင်း စစ်သံတဲ့ ဆိုရင် ထိတ်ခနဲ လန့်ခနဲ မလန့် ဘူးလား။ (လန့်ပါတယ်)၊ဒါ ဘာဖြစ်တာတုံး။ (အစေးထွက် တာပါ ဘုရား)၊ အစေးထွက် တာနော်။ (မှန်ပါ့)။

ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးဟာ အစေးထွက်တဲ့ ညောင်ပင် ညောင်ကြပ်တို့ ညောင်ဗုဒ္ဓဟေတို့နဲ့ မတူဘူးလား။ (တူပါ တယ် ဘုရား)။

ဒါဖြင့် ဒီအစေး မခန်းခြောက် သရွေ့ ကာလပတ်လုံး ဒီဓားတွေနဲ့လဲ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံတွေနဲ့ ခုတ်နေသရွေ့ ကာလပတ်လုံး ဒီညောင်ပင်နဲ့တူတဲ့ ဒီခန္ဓာကိုယ်ကြီး ဟာ ဘယ်နည်းနဲ့မှ အစေးတွေ ခြောက်ခန်း သွားလိမ့်မယ်လို့ ဆိုလို့ ရပါ့ မလား။ (မရပါ ဘုရား)။

ဝမ်းသာတာလဲ အစေးထွက်တာ

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဝမ်းသာတာလဲ အစေးထွက်တာလို့ မှတ်လိုက်။ (မှန်ပါ့)၊ ဝမ်းနည်းလဲ (အစေးထွက်တာပါ ဘုရား)။

အစေး ထွက်တာပဲတဲ့၊ တွေဝေသွားတယ်။ (အစေး ထွက်တာပဲ)၊ ကျုပ်ဖြင့် မိုက်ခနဲ သွားတာပဲ၊ မူးခနဲသွားတာ ပဲ၊ ကြားလိုက်ရတာနဲ့ကို စိတ်ထဲမှာ၊ ဒါလဲ အစေးထွက် တာပဲ။ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တစ်ယောက်သော ပုဂ္ဂိုလ်က ချမ်းသာတာ မြင်လိုက်ပြန် လို့ ရှိရင်လဲ၊ ကိုယ်နဲ့မတည့်တဲ့ ပုဂ္ဂိုလ်က ချမ်းသားတာ မြင်လိုက်ပြန်လို့ ရှိရင်လဲ ဖျတ်ဆို ငြူစူတဲ့ ဣဿာ အစေး ထွက်လာတယ်။ (မှန်ပါ့)။

ဘယ်က ထွက်လာသလဲ။ (ခန္ဓာက ထွက်တာပါ ဘုရား)၊ ခန္ဓာက ထွက်လာတယ်။

ဒါဖြင့် ပင်ကို ရှိ-မရှိ အကဲခတ် (ရှိပါတယ် ဘုရား)၊ ပင်ကို ရှိတယ်ဆိုတာ သေချာကြပလား။ (သေချာပါပြီ)။

တစ်ယောက်သော ပုဂ္ဂိုလ်က အင်း ဝမ်းသာပြီး သကာလ နေတယ်၊ ကိုယ့်အထဲက နေပြီး ကျောက်ကြီး ကျောက်ကောင်း ရတယ် ဆိုရင်ပဲ ကိုယ်က ကြားကနေ ဝမ်းသာတဲ့ တဏှာစေးတွေကော မထွက်ဘူးလား။ (ထွက် ပါတယ် ဘုရား)။

ဒါဖြင့် မင်းတို့ဟာ ကြားပြန်လဲ အစေးထွက်တယ်။ (မှန်ပါ့)၊ မကြားဘဲ နေပြန်တော့လဲ အစေးထွက် ပြန်တယ်။ (မှန်ပါ့)။

မကြားဘဲနေတော့ ဘယ့်နှယ်များ နေပါလိမ့်မတုံး ဆိုပြီး ဟို ဓမ္မာရုံကနေ တိုက်လိုက်တယ်။ (မှန်ပါ့)၊ ဓမ္မာရုံတည်း ဟူသော အာရုံကနေ တိုက်လိုက်တဲ့ အခါကျတော့ ဒီကနေ တွေးလုံး ဆွေးလုံးတွေ ဆိုတဲ့ အစေးတွေ မလာဘူးလား။ (လာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်မှာ တစ်နေ့ အစေး ဘယ်နှစ်ကြိမ် ထွက်သတုံး မေးရင် ဘယ့်နှယ်ဖြေ မလဲ။ (မရေတွက်နိုင်ပါ ဘုရား)။

ဘာအစေးတွေပါလိမ့်

ခက်ပြီကော (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဒါ ဘာစေး တွေလို့ ဆိုကြမလဲလို့ မေးလို့ရှိရင်ဖြင့် မှတ်ထားလိုက်စမ်းပါ။ ကိလေသာအစေးတွေ့လို့ သေသေချာချာ မှတ်ထားပါ။ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ်။ (ကိလေသာ အစေးတွေပါ ဘုရား)၊ ကိလေသာ အစေးတွေလို့ သေသေချာချာ မှတ်ထားတော့မှ သြော် ဒါဖြင့် ဒီ ဒကာ ဒကာမတွေမှာ ဒီအစေး မခန်း သရွေ့ နေရာ မကျသေးဘူး ဆိုတာ စောစောစီးစီး မှတ်ထား စမ်းပါ။ (မှန်ပါ့)။

မောင်မြင့်တို့ ဘယ်လိုမှတ်မလဲ (ကိလေသာအစေး မခန်းသရွေ့)၊ အစေး မခန်းသရွေ့ နေရာမကျ သေးဘူး။ (မှန်ပါ့)။

ဘုရား ရဟန္တာများကျတော့ ကြောက်စရာနဲ့ တွေ့လဲ ကြောက်စိတ် လာသေးရဲ့လား။ (မလာပါ ဘုရား)၊ ဟိုက အစေး မရှိတဲ့ သစ်ပင်နဲ့ တူတယ်။ (မှန်ပါ့)။

ဝမ်းမြောက်စရာနဲ့တွေ့လဲ ဝမ်းမြောက်တဲ့ တဏှာ အစေးတွေ ဘာတွေကော (မလာပါ ဘုရား)၊ ဘယ့်နှယ်ကြောင့်တုံး။ (အစေး ခန်းခြောက်ပါတယ်)၊ အစေးခန်း ခြောက်တဲ့ သစ်ပင်နဲ့တူတယ်၊ မတူဘူးလား။ (တူပါတယ် ဘုရား)။

အဲဒါ သူတို့ ဘယ့်နှယ်ကြောင့် အစေးတွေ ခန်းခြောက် ပါလိမ့်မတုံး ဆိုတော့ ထိတ်စရာ အာရုံနဲ့တွေ့လဲ ထိတ်တဲ့ အစေး မထွက်ဘူး။ (မှန်ပါ့)၊ လန့်စရာ အာရုံနဲ့ တွေ့လဲ လန့်တဲ့အစေး ထွက်သေးရဲ့ လား။ (မထွက်ပါ ဘုရား)၊ ပျင်းစရာ အာရုံနဲ့တွေ့တော့ကော၊ ပျင်းတဲ့ ကောသဇ္ဇ ဒေါသ အစေး တွေကော ထွက်သေးရဲ့လား။ (မထွက်ပါ ဘုရား)၊ မုန်းစရာ အာရုံနဲ့ တွေ့တဲ့အခါ မုန်းတဲ့ အစေးတွေကော (မထွက်ပါ ဘုရား)။

အခုတော့ ဒကာ ဒကာမတွေကဖြင့် အစေးမျိုးစုံက ရှိနေတော့ ခုတ်လိုက်တိုင်း ထွက်တယ်။ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြပါ့မယ် (ခုတ်လိုက်တိုင်း အစေး ထွက်ပါတယ် ဘုရား)။

ရူပါရုံက ခုတ်လိုက်လဲ (ထွက်ပါတယ်)၊ သဒ္ဒါရုံက ခုတ်လိုက်လဲ (ထွက်ပါတယ် ဘုရား)။

ကိလေသာအစေးတွေထွက်တာ

သဒ္ဒါရုံက ကလေးက နေပြီး သကာလ ငိုလိုက်တယ်၊ အော် လိုက်တယ်၊ အမေမိဖ လုပ်တဲ့ ပုဂ္ဂိုလ်က ဟင် ဘယ့်နှယ်ပါ လိမ့်မတုံး၊ ထိတ်ခနဲ ဖျာခနဲ သွားတယ် ဆိုတာ ဘာဖြစ်တာ လို့ ထင်သတုံး။ (ကိလေသာ အစေး ထွက်တာပါ ဘုရား)။

ကိလေသာ အစေးထွက်တယ်၊ ဒေါသ ကိလေသာ ထွက်လာတယ် ဆိုတာ သဘောကျပလား။ (ကျပါပြီ ဘုရား)။

သြော် ဒါဖြင့် ဒကာ ဒကာမတို့ သူတော်ကောင်း စစ်ကဖြင့် မဂ်ရမှ အေးတော့မယ်။ (မှန်ပါ့)၊ နို့ မဟုတ်လို့ ရှိရင် ဒီအစေးထွက် နေရင်လဲ အားမှာ မဟုတ်ဘူး။ (မှန်ပါ့)၊ အားပါ့မလား။ (မအားပါ ဘုရား)။

ညများ ဟိုက အဝေးမှာရှိတဲ့ အာရုံတွေနဲ့ ဖြစ်စေ၊ အိပ်နေတဲ့ သားသမီးတွေနဲ့ ဖြစ်စေ တွေးပြီး သူတို့ အတွက် ခက်သေးတယ်၊ သူတို့ အတွက် လူလားမြောက်ဖို့ အတော် ကလေး ကြိုးစားရဦးမယ် ဆိုတဲ့ အစေးတွေများ အိပ်ရာထဲများ ထွက်နေတယ်။ (မှန်ပါ့)၊ မထွက်ဘူးလား။ (ထွက်ပါ တယ် ဘုရား)၊ ဒါ ဓမ္မာရုံနဲ့ ခုတ်လိုက်တာ (မှန်ပါ့)။

မြင်ရတာ မဟုတ်ဘူး၊ ဟိုတွေးကြည့်လို့ မြင်တဲ့ ဓမ္မာရုံနဲ့ သားမျက်နှာ, သမီးမျက်နှာ, မြေး မျက်နှာ ဆိုတာ ကလေးတွေက ပေါ်လာပြီး သကာလ ဒါကလေးတွေက ခုတ် လိုက်တာ၊ တစ်ခါတည်း အမေ, အဖေ, အဘွားတွေ ဘာတွေ ဖြစ်လာသလဲ။ (အစေးတွေ ထွက်ပါတယ် ဘုရား)။

လောဘ, ဒေါသ, မောဟ, သောက, ပရိဒေဝ ဆိုတဲ့ အစေးတွေဟာ ဘယ့်နှယ်တုံး။ (ထွက်ပါတယ် ဘုရား)။

အိုဒါဖြင့် ဒီဒကာ ဒကာမတွေ ဒီအစေးတွေ ထွက် သရွေ့ဟာဖြင့် ဒီအစေးက သူများကို နှိပ်စက်တဲ့ အစေး လားတဲ့၊ ဒီအပင်ကြီးကိုပဲ ပျက်စီးအောင် လုပ်တဲ့ အစေး လား ဆိုတာလဲ စဉ်းစား ကြည့်ပါ။ (ဒီအပင်ကြီးကိုပဲ ပျက်စီးအောင် လုပ်တဲ့ အစေးပါ ဘုရား)။

အစေးခန်းမှ နေရာကျမယ်

ဒီအပင်ကြီးကို ပျက်စီးအောင်လုပ်တဲ့အစေးဆိုတာ သေသေချာချာ မှတ်ထားတော့၊ ဒီအစေးခန်းမှ နေရာကျမှာပဲ ဆိုတာ ယနေ့တရားမှာ ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ့)။

မြတ်စွာဘုရား သံယုတ် ပါဠိတော်မှာ ဟောပါတယ် ဒကာ ဒကာမတို့၊ ခီရရုက္ခာပမသုတ်-တဲ့၊ အစေးကို ဥပမာထား ဟောတဲ့ သုတ် (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ဘာတဲ့တုံး။ (အစေး ဥပမာ ထားဟောတဲ့ သုတ်ပါ ဘုရား)။

အဲ့ဒီတော့ ဒီအစေးဟာ အဝေးကြီးကနေ ခုတ်လဲ ထွက် တယ်။ (မှန်ပါ့ ဘုရား)၊ အနီးအနား ကနေခုတ်ကော (ထွက်ပါတယ် ဘုရား)။

သြော် ဒါဖြင့် ဒီဒကာ ဒကာမတွေမှာ ညောင်ပင်က တော်သေးတယ်။ (မှန်ပါ့)၊ မောင်အောင်ချီ ညောင်ပင်က တော်သေး (မှန်ပါ့)၊ ညောင်ပင်က ထိအောင်ခုတ်မှ အစေး ထွက်တယ်၊ သဖန်းပင်က (ထိအောင်ခုတ်မှ အစေးထွက် ပါတယ် ဘုရား)။

မင်းတို့က တကယ့်ကိုပဲတဲ့၊ အဝေးကြီးကနေ ခုတ် တာတောင် ထိတယ်။ (မှန်ပါ့)၊ ရန်ကုန်ကနေ ခုတ်လိုက် ရင် (ထိပါတယ်)၊ ပဲခူးကနေ ခုတ်လိုက်ရင် (ထိပါတယ် ဘုရား)။

ဘာဖြစ်လို့ ထိသလဲ ဓားချက် ပြင်းလို့ပေါ့။ (မှန်ပါ့)၊ ခုတ်ချက် ပြင်းလို့ပေါ့ကွာ။ (မှန်ပါ့)၊ ရိပ်မိကြပလား။ (ရိပ်မိပါပြီ ဘုရား)။

အဲဒါ ဒကာ ဒကာမတွေက အိပ်မပျော်ဘူး၊ စားမဝင် ဘူးဆိုတာ မောင်ဝင်း ဘာထင်သတုံးကွ၊ အစေးထွက်နေတာ။ (မှန်ပါ့၊ အစေးထွက်နေတာပါ ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ဘာထင်ကြသတုံး။ (အစေးထွက်နေတာပါ ဘုရား)။

အစေးထွက်တာ မအားလို့ (မှန်ပါ့)၊ အစေးတွေ ထွက်ပြီး သကာလ ညောင်ပင်ဟာ ညောင်ပင်လို့ပဲ အေးအေး ချမ်းချမ်း ရှိသေးရဲ့လားတဲ့၊ အစေးထွက်တဲ့ အပင် ဖြစ်မနေ ရဘူးလား။ (အစေးထွက်တဲ့ အပင် ဖြစ်နေရပါတယ် ဘုရား)။

ဒီအစေး မခန်းသရွေ့ မအေးချမ်းသေးဘူး

ဒါဖြင့် ဒီဒကာ ဒကာမတွေမှာတဲ့ ဒီအစေးမခန်းသရွေ့ မအေးချမ်းသေးဘူးလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့ ဘုရား)၊ ဒီအစေး မခန်းသရွေ့ မအေးချမ်းသေးပါဘူး။

မအေးချမ်းသေးဘူး ဆိုတော့ ဒီအစေးက- ဒါကြောင့် မောင်နိုင် ဘုရားဟောတော်မူတာ ယုံတော့ကွာ၊ တစ်ယောက် နဲ့ တစ်ယောက် မျက်ရည် ဆိုတဲ့ အစေးတွေကျတဲ့ ဥစ္စာကွာ သမုဒ္ဒရာ လေးစင်း ရေထက် များသေးတယ်။ (ယုံပါတယ် ဘုရား)။

မျက်လုံးပေါက် ထုတ်လိုက်လဲ ဝမ်းနည်းစရာ၊ ထုတ် လိုက်လဲ မျက်လုံးပေါက်ကပဲ မြင်ပြီး သကာလ မျက်ရည် ကျတယ်။ (မှန်ပါ့)၊မကျဘူးလား။ (ကျပါတယ် ဘုရား)။

နားပေါက်က ဘယ်သူ ဘာဖြစ်သတဲ့ ကြားလိုက်ပြန် လဲ မျက်ရည် ထွက်လာတယ်။ (မှန်ပါ့)။

နှာခေါင်းပေါက်က နေပြီး သကာလ အနံ့တွေ ဘာတွေ ရှုလိုက် ရှိုက်လိုက်ပြန်လဲ မျက်ရည်တွေ ဘာတွေ ထွက်လာ တယ်၊ မလာဘူးလား။ (လာပါတယ် ဘုရား)။

လျှာပေါက်က ငရုတ်သီးတို့ ဘာတိုစားလိုက်၊ ဒေါသ တွေ ဘာတွေ ဖြစ်တဲ့အခါလဲ မျက်ရည်တွေ ထွက်လာ တယ်။ (ထွက်ပါတယ် ဘုရား)။

ကိုယ်ပေါက်က နေပြီး သကာလ နာတယ်, ကျင်တယ် ဆိုလို့ ရှိရင် မျက်ရည်များ ထွက်လာတယ်။ (မှန်ပါ့)။

မနောပေါက်ကလဲ တွေးလို့ ဆွေးလိုက်တဲ့ အခါကျလို့ ရှိရင် အို မျက်ရည်က ခေါင်းအုံးပေါ် စီးကျ လာတယ်။ (မှန်ပါ့)။

မောင်မြင့်ရေ ဒါ ဘာတွေ ခုတ်တာတုံးကွ။(ညောင် ပင် ခုတ်တာပါ ဘုရား)၊ ဓားနဲ့ ခုတ်တာ လားကွ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ အာရုံတွေက ခုတ်တာ။ (မှန်ပါ့)။

မောင်အောင်ချီ ဘယ်သူက ခုတ်သလဲ (အာရုံ တွေက ခုတ်ပါတယ် ဘုရား)။

အာရုံတွေက ခုတ်လိုက်တော့ ဒီ အပင်အသက် ရှည်ဖို့ကို တွေးလိုက်စမ်းဗျာ။ (မရှိပါ ဘုရား)။

ဒါ့ကြောင့် တချို့ ဒကာ ဒကာမတွေမှာ အရွယ်နဲ့ မလိုက်ဘူး၊ အိုခြင်းဆိုး, သေခြင်းဆိုး ဖြစ်သွားတယ်။ (မှန်ပါ့ ဘုရား)။

မောင်နိုင် ဒါ ဘယ့်နှယ်ကြောင့် ထင်သတုံး။ (အစေးထွက်ရတာ များလို့ပါ ဘုရား)။

အစေးထွက် ရတာ များတော့ ဒီအပင်ဟာ သန်ခြင်း၊ ထွားခြင်း ရှိသလား၊ သေးသိမ် မှေးမှိန် သွားသလား ဆိုတာ အကဲခတ်ကြစမ်း။ (သေးသိမ် မှေးမှိန်သွားပါတယ် ဘုရား)။

ဒါဖြင့် ဓားချက်များလွန်းလို့ပေါ့။ (မှန်ပါ့)။

မောင်မြင့် ဘယ့်နှယ်ဆိုမလဲ။ (ဓားချက်များလွန်းလို့ ပါ ဘုရား)။

ဓားချက်များလွန်းလို့ ဆိုတာ သေချာကြပလား။ (သေချာပါပြီ ဘုရား)။

ဓားဘယ်နှစ်စင်း ရှိသတုံး

အဲဒီတော့ ဓားက ဘယ်နှစ်စင်းရှိသတုံးလို့ မေးတဲ့ အခါကျတော့ အဆင်းဟာလဲ ဓားပဲ။ (မှန်ပါ့)၊ အသံကကော (ဓားပါပဲ ဘုရား)၊ အနံ့က (ဓားပါပဲ ဘုရား)၊ အရသာတွေကကော (ဓားပါပဲ ဘုရား)၊ ကြမ်းကြမ်းနုနု အာရုံတွေကကော (ဓားပါပဲ ဘုရား)၊ တွေးစရာ အာရုံတွေ ကကော (ဓားပါပဲ ဘုရား)။

ဓားသည် ဒါဖြင့် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံဆိုတာ ဓားခြောက်စင်းလို့ မှတ်လိုက်။ (မှန်ပါ့ ဘုရား)။

မှတ်မိကြပလား။ (မှတ်မိပါပြီ)၊ ဘာတဲ့တုံး။ – (ဓားခြောက်စင်းပါ ဘုရား)။

ရူပါရုံ (ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံပါ ဘုရား)။

ကိုင်း အခုတ်ခံရတာ ဘယ်နှစ်ပင်တုံး မေးလိုက် တယ်၊ (တစ်ပင်တည်းပါ ဘုရား)။

အခုတ်ခံရတာက တစ်ပင်တည်း၊ ဒါ့ကြောင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ ဒီလိုချည်းလာတာ ဘဝများစွာက ဘာများ ဖြစ်ခဲ့လေသတုံး ဆိုတော့ အခုတ်ခံပြီး အစေးထွက် – နေတာနဲ့ အချိန်ကုန်တယ်။ (မှန်ပါ့ ဘုရား)။

မောင်မြင့် ဘယ့်နှယ်ဆိုမလဲ၊ (အခုတ်ခံပြီး အစေး၊ ထွက်နေတာနဲ့ အချိန် ကုန်ပါတယ် ဘုရား)။

ဒီအစေးထွက်ပြီး သကာလ ဒီအစေးသတ်တာနဲ့ ဒီအပင်သေတာပဲ။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ)။

ဒီအစေးသတ်တာနဲ့ (ဒီအပင် သေတာပါပဲ ဘုရား)၊ ဒီအပင်သေတာပဲ ဆိုတာကော ငြင်းဖို့ လိုသေးသလား။ (မလိုပါ ဘုရား)။

ဒါဖြင့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ခီရရုက္ခောပမသုတ် ဟောတဲ့ဥစ္စာ မောင်နိုင် ကျေနပ်ဖို့ ကောင်းပါတယ်။ (ကျေနပ်ပါတယ် ဘုရား)။

ဒါက ဒကာ ဒကာမတွေ အပြစ် ပြတုန်းပဲ ရှိသေး တယ်။ (မှန်ပါ့)၊ အစေးသိမ်းနည်း မလာရ သေးပါဘူး။ (မှန်ပါ့)။

သို့သော် ဒီဥစ္စာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတာနဲ့ ကိုယ့်ခန္ဓာပေါ်မှာ ဖြစ်နေတဲ့ ဖြစ်စဉ် ကိုက်ကြ ပလား။ (ကိုက်ပါတယ် ဘုရား)။

ဒကာ ဒကာမတွေက တချို့ကလဲ ဟိုက မခုတ်တာ တောင်မှ ခုတ်ဖြစ်အောင် ခုတ်ပါလို့ အစေးထွက်ချင်လို့ တောင်းပန်တဲ့လူ ရှိသေးတယ်။ (မှန်ပါ့)၊ ယုံကြည်ရဲ့ လား။ (ယုံပါတယ် ဘုရား)။

ပူစရာရှိလဲ ပူရအောင် ပြောစမ်းပါ၊ ဘာဖြစ်ချင်တာ တုံး။ (အခုတ်ခံချင်လို့ပါ ဘုရား)။

အခုတ်ခံချင်လို့၊ အခုတ်ခံပြီး သူက ဘာဖြစ်ချင်တာ တုံး။ (အစေးထွက်ချင်တာပါ ဘုရား)။

အစေးထွက်ချင်တာ၊ ပူစရာရှိလဲ မြုံမထားနဲ့၊ ပြောပြော လာပြောတဲ့၊ အောင်မာလင်နဲ့မယားများ မင်းတို့ တိုင်ပင်နေလိုက်ကြတာ၊ မလာဘူးလားလာသလား။ (လာပါတယ် ဘုရား)။

လောကွတ်များတာ အစေးထွက်ချင်လို့

အဲဒါ ဘာဖြစ်တာတုံး၊ အမေမိဖကလဲ မင်း ဘာ အလိုရှိသတုံး၊ ဘယ့်နှယ်ကြောင့် ဒီလို နေတာတုံး၊ တဲ့ ရနိုင်တဲ့ ပစ္စည်းဖြင့်လဲ ရအောင် လုပ်ပေး ရမှာပေါ့၊ လျှို့ဝှက် မနေနဲ့၊ ပြောစရာရှိ ပြောလိုက် တာပေါ့၊ ဘွင်းဘွင်းပေါ့၊ အေး အတူ ပူအမျှပေါ့၊ ဘာဖြစ်လို့ ဒါလောက်တောင် လောကွတ် များ နေတာတုံး မေးလို့ ရှိရင် မောင်နိုင်တို့ ဖြေစမ်းပါ။ (အခုတ် ခံချင်လို့ ပါ ဘုရား)၊ အခုတ်ခံချင်လို့၊ အစေးထွက် ချင်လို့။ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာတဲ့တုံး။ (အခုတ်ခံချင်လို့-အစေးထွက်ချင်လို့ပါ ဘုရား)။

ခင်ဗျားတို့ လောကွတ်ကလဲဗျာ၊ အစေး ထွက်လောက် အောင် ခန္ဓာကိုယ်ကြီးထဲက တစ်ခါတည်း သောက ပရိဒေဝ, ဒုက္ခ ဒေါမနဿ ဆိုတဲ့ ကိလေသာ အစေးတွေ ယိုအောင်ကိုပဲ တောင်းပန် နေတယ်။ (မှန်ပါ့)။

တော်တော် အရုပ်ဆိုးပါကလား။ (ဆိုးပါတယ် ဘုရား)။

မောင်အောင်သိန်း ဘယ့်နှယ်တုံး။ (အတော်အရုပ် ဆိုးပါတယ် ဘုရား)၊ အတော် အရုပ် ဆိုးတယ် ဆိုတာ ပေါ်ကြ ပလား။ (ပေါ်ပါပြီ ဘုရား)။

အစေးခန်းအောင်လို့ တရားဟောနေတာ

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နေ့တိုင်း တရား ဟောနေတာ ဘယ့်နှယ် ကြောင့်ပါလိမ့် မလဲလို့ မေးတော့ အစေးခန်းအောင်လို့ ဟောနေတာ။ (မှန်ပါ့ ဘုရား)။

ဘာတဲ့တုံး။ (အစေးခန်းအောင်လို့ ဟောနေတာပါ ဘုရား)၊ အစေးခန်းအောင်လို့ ဟောနေတယ် ဆိုတာ ခင်ဗျား တို့ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီအစေးက ဘယ်သူ့ နှိပ်စက်မှာ တုံးလို့ မေးတော့ ဒီအပင် နှိပ်စက်တယ်။ (မှန်ပါ့)။

မယုံရင် စဉ်းစားကြည့်တော့၊ ခင်ဗျားတို့ မျက်နှာ ကြည့်ရတာ ညှိုးပိန်လို့၊ မျက်စိမျက်နှာ ကြည့်ရတာလဲ မျက် ရည်တွေ ထွက်တဲ့ မျက်နှာတွေ ကြည့်ရတော့ မကောင်းဘူး ပြောချင်သပေါ့ကွာ။ (မှန်ပါ့)။

မသိဘူးလား၊ ဘယ်သူက ဘာလုပ်သွားလို့၊ ဘယ်သူ ကလေး ပျက်စီးသွားလို့၊ ဘယ်သူက နေပြီး ခွဲခွာပြီး ထွက် သွားလို့၊ မပြောဘူးလား (ပြောပါတယ်)၊ ဒီအပူ သူ့မှာ အစေး ထွက်ရလွန်းလို့ ပိန်တယ် ပြောတာ။ (မှန်ပါ့)၊

သေများ သေချင်တယ်တောင် လာသေးတယ်။ (မှန်ပါ့)၊ မလာဘူးလား- လာသလား။ (လာပါတယ် ဘုရား)။

ဒါ ဘယ့်နှယ် ကြောင့်ပါလိမ့် မတုံးလို့ အမေးထုတ်လို့ ရှိရင်ဖြင့်တဲ့၊ အစေးရှိတဲ့ သစ်ပင် ဖြစ် သောကြောင့် အစေး လောင်ပြီး သေမည့် ရုပ်ပြတာ။ (မှန်ပါ့ ဘုရား)။

ဘာတဲ့တုံး။ (အစေးလောင်ပြီး သေမည့် ရုပ်ပါ ဘုရား)။

အပင်က-သူက နဂိုက ခန်းအောင်မှ လုပ်မထားဘဲ ကိုး။ (မှန်ပါ့)၊ ခန်းအောင် လုပ်မထားတော့ အစေးရှိတဲ့ သစ်ပင်က ဖြစ်နေတော့ အစေးခန်းနည်း နိဿရည်းကလဲ မောင်မြင့်တို့၊ မောင်အောင်ချီတို့ မရဘူး။ (မှန်ပါ့)။

မရတော့ အစေးချည်း နေ့တိုင်း ထွက်နေတယ်၊ မထွက်ပေဘူးလား။ (ထွက်ပါတယ် ဘုရား)။

အင်း ဒေါသဖြစ်တဲ့ အချိန်ကလေးဟာ အစေးထွက် တာပဲ။ (မှန်ပါ့)၊ လောဘဖြစ်တဲ့ အချိန်၊ ဒေါသဖြစ်တဲ့ အချိန်၊ မောဟဖြစ်တဲ့ အချိန် အစေးထွက်တာပါ ဘုရား)၊ ဣဿာ မစ္ဆရိယ ဖြစ်တဲ့ အချိန်ကော (အစေးထွက်တာပါ ဘုရား)။

ဒါတွေဟာ အစေးတွေချည်းပဲလို့ သေသေချာချာမှတ် ပါ၊ ခုတ်လို့ထွက်တာ၊ ဟိုက အာရုံ တစ်ခုခုနဲ့ မခုတ်ရင် ဖြင့် ဒီအစေးတွေ ထွက်ပါ့မလား။ (မထွက်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဟာတဲ့၊ ဒီအစေးထွက်တော့ ဒီ အစေးက သူများနှိပ်စက်သလား၊ ဒီအပင် နှိပ်စက်သလား။ – (ဒီအပင်နှိပ်စက်ပါတယ် ဘုရား)။

အစေးလောင်ပြီး သေရတယ်

ကြည့်စမ်းပါလား၊ သရက်ပင် အစေးလောင်ပြီး သရက်သီးတွေ အကုန်ပြုတ်ကျတယ်။ (မှန်ပါ့)၊ မကျဘူးလား။ (ကျပါတယ် ဘုရား)။

ဒီ အပင်ဟာ တော်တော် ကြာကျတော့ သူ့အစေးနဲ့သူ လောင်ပြီး သေတာတွေကော (ရှိပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ခင်ဗျားတို့ဟာ အစေးဇာတ် မသိမ်းသရွေ့ ကာလပတ်လုံး တော့ဖြင့် တဲ့၊ ဘယ်နည်းနဲ့မှ ချမ်းသာ ဆိုတာ မတွေ့ပါဘူး။ (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ)။

ပေါ်ပြီနော် ကဲ မောင်နိုင်ရေ ခန္ဓာက သစ်ပင်နဲ့ တူတယ်၊ အစေးရှိတဲ့ သစ်ပင်နဲ့ တူတယ်။ (မှန်ပါ့)၊ အာရုံခြောက်ပါးက ခုတ်ဓားနဲ့ တူတယ်။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ခန္ဓာက (သစ်ပင်ကြီးနဲ့တူပါတယ်)၊ အစေးရှိတဲ့ သစ်ပင်နဲ့တူတယ်၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

အာရုံခြောက်ပါးက (ခုတ်တဲ့ဓားနဲ့ တူပါတယ်)၊ ဓမ္မာရုံပါထည့်၊ အာရုံခြောက်ပါးက ခုတ်ဓားနဲ့ တူတယ်။ (မှန်ပါ့)။

အဲဒီကဲ့သို့ ခုတ်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် အစေး တွေ ထွက်လာတာက ဒကာ ဒကာမတို့ ကိလေသာ ထ,ကြွ လာတာပဲ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဥပမာပေးတာ အင်မတန် ကောင်းပါကလား ဆိုတာ ဟိုဘက်က မပုတို့ သဘောကျရဲ့လား။ (ကျပါတယ် ဘုရား)၊ ကြားကော ကြားကြရတယ်နော်။ (မှန်ပါ့ ဘုရား)။

အေး ဒါ့ကြောင့် ပြန်ပြောပါဦးမယ် တစ်ခေါက်၊ အခု ဒကာ ဒကာမတွေ ခန္ဓာကိုယ်ဟာ အစေး ရှိတဲ့ သစ်ပင်နဲ့ တူတယ်။ (မှန်ပါ့)၊ အာရုံခြောက်ပါးက (ဓားနဲ့တူပါ တယ်၊ ခုတ်တဲ့ ဓားနဲ့ တူတယ်၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ခုတ်တိုင်း ခုတ်တိုင်း လောဘထွက်၊ ဒေါသထွက်၊ မောဟထွက်၊ ဣဿာထွက်၊ မစ္ဆရိယထွက်၊ မာနထွက်၊ အဲဒါတွေက ဘာနဲ့တူသလဲ။ (အစေးတွေနဲ့ တူပါတယ် ဘုရား)။

အစေးတွေနဲ့ တူတယ်၊ ကိလေသာ အစေးတွေနဲ့ တူတယ်လို့ မောင်အောင်သိန်း မှတ်လိုက် တာပေါ့။ (မှန်ပါ့ ဘုရား)။

ဒီအစေးသည် ခုတ်တဲ့ဓားကို နှိပ်စက်သလား၊ အပင်ကို သေစေသလား။ (အပင်ကို သေစေ ပါတယ် ဘုရား)။

အပင်ကို သေစေတယ်၊ ကြောက်စရာ သိပ်ကောင်း တယ်။ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ကိုယ့်အဖြစ်ဟာ ဘယ်သူသတ်လို့မှ သေမှာ မဟုတ်ဘူး၊ အစေး လောင်ပြီး တော့ သေရမှာ။ (မှန်ပါ့ ဘုရား)။

ဘယ်သူသတ်လို့မှ (မသေပါ ဘုရား)၊ အစေးလောင် ပြီးတော့ (သေရမှာပါ ဘုရား)။

အနုသယ ကိလေသာဆိုတာ

ဒါဖြင့် ဒီအစေးဟာ နဂိုက မြင်ရသလားလို့ မေးတော့ ဘယ့်နှယ်ဖြေကြမလဲ။ (မမြင်ရပါ ဘုရား)။

ဘယ်အချိန်မှ ထွက်ထွက် လာသလဲ။ (ခုတ်တဲ့ အချိန်မှ ထွက်ထွက် လာပါတယ် ဘုရား)။

ဒါဖြင့် အဲ့ဒါ မှတ်ထား လိုက်စမ်းပါ၊ အနုသယ ကိလေသာ ဆိုတာ ဒါပဲ။ (မှန်ပါ့ ဘုရား)၊ ဘုရားဟော တော်မူတဲ့ အနုသယ၊ အနုသယ ဆိုတာ ဒါပဲ။ (မှန်ပါ့)။

ဒကာ ဒကာမတွေ အနုသယ ဒီနေ့ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

သူက ကိန်းသာ နေတာတဲ့၊ မမြင်ရဘူးတဲ့။ (မှန်ပါ့)။ ဒကာ ဒကာမတို့ ကိန်းအောင်းသာ နေတာ တဲ့၊ ဘာတဲ့ တုံး။ (မမြင်ပါ ဘုရား)။ ဒါကြောင့် မင်းတို့က မောင်နိုင်တို့က ဘယ်သူ့မှလဲ သွားပြီး မချီးမွမ်းနဲ့ဦးကွ၊ ခုတ်ကြည့်ဦး။ (မှန်ပါ့)၊ ခုတ် ကြည့်လို့ အစေး မထွက်မှ ဘာတဲ့တုံး။ (ချီးမွမ်း ရပါမယ် ဘုရား)၊ ချီးမွမ်း ရမယ် ဆိုတာ သဘောကျပလား။ (ကျပါပြီ ဘုရား)။

အေး ဒါကြောင့် အားလုံး ဒကာ ဒကာမတွေ ယနေ့ တရားပွဲမှာ ဒီအစေး မသိမ်းသရွေ့ ကာလ ပတ်လုံးဖြင့် ဒီအစေးက ခဏ ခဏ ထွက်ပြီး၊ ဒီအစေး လောင်းပြီး ဒီခန္ဓာပင်ဟာ သေမှာပဲ။ (မှန်ပါ့)၊ မသေ ဘူးလား။ (သေပါတယ် ဘုရား)။

အို တစ်ခါတည်း အရှေ့ရှိတဲ့ သားလဲ စိတ်မချလို့၊ ပူပန်တဲ့အစေးထွက်ပြီ။ (မှန်ပါ့)၊ အနောက် ရှိတဲ့သမီးလဲ စိတ်မချလို့ (ပူပန်တဲ့ အစေး ထွက်ပါတယ် ဘုရား)၊ ပူပန်တဲ့ အစေး ထွက်နေတော့ ခင်ဗျားတို့ဟာ အစေးထွက်တယ် ဆိုတော့ ဒီအစေးကလဲ လောင်တတ်တဲ့ အစေးဖြစ်နေ တယ်။ (မှန်ပါ့ ဘုရား)။

လောင်တတ်တဲ့ အစေးဖြစ်ပြီး သကာလ နေတော့ ခင်ဗျားတို့ကလဲ အခုတ် ခံချင်ချင်၊ အစေး ကလဲ မခုတ်လေနဲ့၊ ခုတ်ရင် ထွက်မယ်။ (မှန်ပါ့)၊ ထွက်ရလို့ ရှိရင်လဲ အလကားတော့ မရှိဘူး၊ ဒီအပင် လောင်မယ်။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

အစေးခန်းတဲ့လူ၊ အစေးမခန်းတဲ့လူ

အဲဒါကို ခင်ဗျားတို့ လူ့ဘဝဆိုတာ ဒီလိုနေရတာပဲ ဘုရား၊ အေးတစ်လှည့်၊ ပူတစ်လှည့်၊ ဆွေးတစ်လှည့် ဒီလို နေရတာပဲလို့ ခင်ဗျားတို့က ပြောနေတော့ ဪ လူ့ထုံးစံ ဒီလိုပဲလို့ အောက်မေ့ မနေနဲ့၊ မဟုတ်ပါဘူး၊ အစေးခန်းတဲ့ လူတစ်မျိုး၊ အစေး မခန်းတဲ့ လူတစ်မျိုး၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အရိယာတွေ ကျတော့ မောင်နိုင်က ဘယ့်နှယ်ဖြေ မလဲ။ (အစေးခန်း သွားပါတယ်)၊ ဘယ်အာရုံနဲ့ တွေ့ တွေ့ အစေးထွက် သေးရဲ့လား။ (မထွက်ပါ ဘုရား)၊ ပုထုဇဉ်တွေ မှန်သရွေ့တော့ (အစေး ထွက်ပါတယ် ဘုရား)။

အစေးထွက်တော့ကိုတဲ့၊ ဘယ်သူ-သူတော်ကောင်းပါ တယ်၊ မကောင်းဘူးဆိုတာ အစေးထွက် မထွက်ကို အက် ခတ် (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ဘယ်သူ- သူတော်ကောင်းပါတယ်၊ မကောင်းဘူး ဆိုတာ အစေးထွက်, မထွက် အကဲခတ်ပါ။ (မှန်ပါ့)။

အစေးထွက်, မထွက်ကို အကဲခတ်ကြည့်တော့မှ ကိုပေါ် ရှင်းရှင်းလင်းလင်း ပေါ်တယ်။ (မှန်ပါ့)၊ သဘော ပါကြရဲ့လား။ (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဒီအစေးဟာ နဂိုအပင်ထဲမှာ မြင်ရသလားလို့ မေးရင် မောင်နိုင် ဘယ့်နှယ်ဖြေမလဲ။ (မမြင်ရပါ ဘုရား)၊ အောင်းနေသလား- မအောင်းနေဘူးလားလို့ မေးလို့ ရှိရင် ကော (အောင်းနေ ပါတယ်)၊ အောင်းတယ်နော်။ (မှန်ပါ့)။

အောင်းနေတာကို ရှိမှန်းသိအောင် ဘယ်လိုလုပ်မှရှိတဲ့ သတ္တိ ပေါ်လာသလဲ။ (အစေး ထွက်အောင် လုပ်မှ ပေါ် ပါတယ်)။

အဲ ခင်ဗျားတို့ ကိလေသာတွေ နဂိုက ပုတီးကလေးစိပ်၊ တရားကလေး အားထုတ်ပြီး သကာလ မဂ်ဉာဏ်,ဖိုလ် ဉာဏ် မဆိုက်သေးလို့ ရှိရင် အောင်းနေတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

မဂ်ဉာဏ်,ဖိုလ်ဉာဏ် ဆိုက်လို့ ရှိရင်ဖြင့် ဒကာ ဒကာမ အစေးခန်းတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါ ပြီ ဘုရား)။

ဒါဖြင့် ဒီအစေးကို ပြောကြပါစို့တဲ့၊ ကဲ ဒီအစေး ဟာ ဒီအပင် နှိပ်စက်တယ် ဆိုတာ ရှင်းအောင် ပြောကြပါစို့။

မောင်နိုင် ဒီအစေးဟာ အပင်ကို နှိပ်စက်တယ် နော်။ (မှန်ပါ့)၊ ဒီအပင်က ထွက်တာ သူများ အပင် ကူးပြီး နှိပ်စက်သေးသလားဗျာ။ (မနှိပ်စက်ပါ ဘုရား)။

ဒီအစေးဟာ ဒီအပင်ပေါ်တွင် စီးကျပြီး သကာလ၊ ဒီအမြစ်တွေ ပူပြီး သကာလ ဒီရေသောက် မြစ်တွေ လောင်တော့ ဒီအပင်ပဲ သေရတာပဲ ဆိုတာကော မမှန်သေးဘူး လား။ (မှန်ပါတယ် ဘုရား)။

အစေးက အပင်ကို နှိပ်စက်တယ်

အဲဒါကြောင့် အခု သားနဲ့ မယားနဲ့ ဆွေနဲ့ မျိုးနဲ့ နေကြတဲ့ ပုဂ္ဂိုလ်များမှာဖြင့် ဟိုဘက်လှည့်လဲ အစေးထွက် တာပဲ။ (မှန်ပါ့)၊ ဒီဘက်လှည့်လဲ (အစေး ထွက်ပါတယ် ဘုရား)၊ မုန်းတဲ့ဘက် လှည့် လိုက်လဲ (အစေး ထွက်ပါတယ် ဘုရား)၊ ခင်တဲ့ဘက် လှည့်လိုက်လဲ (အစေး ထွက်ပါတယ် ဘုရား)၊ အလတ်စားဘက် လှည့်လိုက် (အစေး ထွက်ပါတယ် ဘုရား)၊ ထွက်လို့ကို မအားတော့ဘူး။ (မှန်ပါ့)။

မောင်အောင်ချီ အားသေးရဲ့လား။(မအားပါ ဘုရား)။ ဒါဖြင့် ဒီအပင်ဟာ သေလွယ်မှ သေလွယ်ပါ့ မလား။ (သေလွယ်ပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သိပ်မြင်တယ် ဆိုတာ သဘောကျပလား။ (ကျပါပြီ ဘုရား)။

သဠာယတနဝဂ္ဂ သံယုတ်ပါဠိတော်-တဲ့၊ ဒါဟာ အင်မတန် အရေးကြီးပါတယ်။

ခင်ဗျားတို့ကလဲ အခုတ်ခံချင်တဲ့ သဘောကလဲ တော် တော် များတယ်။ (များပါတယ် ဘုရား)။ အခုတ်ခံချင်တဲ့ သဘောက များတော့ကို ခင်ဗျားတို့ ကို အာရုံတွေက ခုတ်လိုက်တယ်၊ ထစ်လိုက် တယ်နော်။ (မှန်ပါ့)၊ အဲဒီမှာ ခင်ဗျားတို့ကလဲ ခုတ်လိုက်တယ်၊ ထစ်လိုက် တယ်ဆိုလို့ ရှိရင်ဖြင့် တစ်ခါတည်း မျက်ရည်ကြီးငယ်ကျ၊ သောက ပရိဒေဝတွေကော (လာပါတယ် ဘုရား)၊ လောဘ, ဒေါသ, မောဟတွေကော (လာပါတယ်)၊ ဣဿာ, မစ္ဆရိယတွေကော (လာပါတယ်)၊ တစ်ခါတည်း အစေး မျိုးစုံ မောင်မြင့် ဘာဖြစ်သလဲ။ (ထွက်ပါတယ် ဘုရား)။ ထွက်မလာဘူးလား။ (ထွက်လာ ပါတယ် ဘုရား)။

ဒါဖြင့် ဒီအစေးမျိုးစုံသည် ဒီအပင်ကို နှိပ်စက်မယ့် အစေးလို့ မှတ်လိုက် (မှန်ပါ့)။ ဒီအစေး မျိုးစုံသည် (ဒီအပင် နှိပ်စက်မည့် အစေးပါ ဘုရား)၊ ဒီအပင်ကို နှိပ်စက်မည့် အစေးဆိုတာကို ဒကာ ဒကာမတွေက ရှင်းထားတော့မှ သြော် ကိုင်း ဒါဖြင့် တို့ နှိပ်စက်တဲ့ အစေးဟာ နှိပ်စက်တယ်-မနှိပ်စက်တယ် မောင်နိုင် ရှင်းကြစမ်း ဆိုတော့ ပဋိစ္စသမုပ္ပါဒ်နဲ့ ပြောလိုက်လို့ ရှိရင် မောင်မြင့်တို့၊ မောင်အောင်ချီတို့ ရှင်းသွားမယ်။ (မှန်ပါ့)။

ကျောက်ကလေးတစ်ပွင့် တွေ့ပြီ

ကိုင်းဒါဖြင့် ကျောက်ကလေးတစ်ပွင့် ကိုယ်ရေ တွေ့ပြီ။ (မှန်ပါ့)၊ လိုချင်တဲ့အစေး ထွက်လာ တယ်၊ မထွက်ဘူးလား။ (ထွက်ပါတယ် ဘုရား)။ ( ဘယ့်နှယ်ကြောင့် လိုချင်တဲ့အစေး ထွက်လာပါလိမ့် မတုံး၊ ကျောက်တည်း ဟူသော အာရုံက ခုတ်လိုက်လို့။ (မှန်ပါ့)။

ကျောက်တည်း ဟူသော အာရုံက ခုတ်လိုက်တော့ လောဘ အစေး ထွက်မလာဘူးလား (ထွက်လာပါတယ် ဘုရား)။

လောဘ အစေး ထွက်လာတော့ ဒီအပင်က ထွက်တာ နော်။ (မှန်ပါ့)၊ မခုတ်ခင်တုန်းက ထွက်သလား၊ ခုတ်မှ ထွက်သလား။ (ခုတ်မှ ထွက်ပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ် အလယ်က စ,တယ်

ဒါဖြင့် ဒီတဏှာ လာရောနော်။ (မှန်ပါ့)၊ ဒီတဏှာ သည်ကားလို့ ဆိုလို့ ရှိရင် တဏှာ ပစ္စယာ ဥပါဒါန် ပွားတော့ မယ် (မှန်ပါ့)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါ)၊ ကမ္မ ဘဝ ပစ္စယာ (ဇာတိပါ ဘုရား)၊ ဇာတိပစ္စယာ (ဇရာ,မရဏ ပါ ဘုရား)။

သေမည်သာ ပြင်ပေတော့။ (မှန်ပါ့)၊ မသေသေးဘူး လား ဒီဥစ္စာ။ (သေပါတယ် ဘုရား)။

ကဲ ဘယ်သူက သတ်တာတုံး။ (အစေးက သတ် တာပါ ဘုရား)၊ အစေးက သတ်တာ မောင်နိုင် သေချာ ပလား။ (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် အစေးဟာ ခင်ဗျားတို့ကို သတ်ပါလိမ့် မယ်၊ ခင်ဗျားတို့က ထွက်တဲ့အစေး ခင်ဗျားတို့ကို သေကြောင်း ကြံပါလိမ့်မယ်။ (မှန်ပါ့)၊ လွဲပါ့မလား။ (မလွဲပါ ဘုရား)။

ခင်ဗျားတို့က ထွက်တဲ့အစေးနော်။ (မှန်ပါ့)၊ခင်ဗျား တို့ကိုပဲ သေရာသေကြောင်း လုပ်ပါ လိမ့်မယ်။(မှန်ပါ)။

မောင်မြင့် ငြင်းဖို့လိုသေးသလား။ (မလိုပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်နဲ့ သေသေချာချာ ပြပြီကော (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ်နဲ့ သေသေချာချာ ပြတော့ ဒါက ဘယ်သူမှ ငြင်းလို့ ကို မရတော့ဘူး။ (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ် အဆုံးက စ,တယ်

ဖျတ်ဆို ဒကာ ဒကာမတွေက ကြမ်းတဲ့ အာရုံကလေး တွေ့တဲ့အခါကျတော့ ထိတ်ခနဲ လန့်ခနဲ မသွားဘူးလား။ (သွားပါတယ် ဘုရား)၊ ထိတ်ခနဲ သွားပါတယ်၊ ဟိုက အာရုံက ခုတ်လိုက်တယ်။ (မှန်ပါ့)၊ ထိတ်တဲ့ ဒေါသ ကလေး မလာဘူးလား (လာပါတယ် ဘုရား)။

အင်း ဒေါသ လာလို့ ရှိရင်ဖြင့် သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ,အဝိဇ္ဇာ,သင်္ခါရ မလာ ဘူးလား။ (လာပါတယ် ဘုရား)။

သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿဆိုတဲ့ ဥစ္စာသည် ဒကာ ဒကာမတို့ လာပြီဆိုမှဖြင့် အဝိဇ္ဇာ သင်္ခါရ ဝိညာဏ် နာမ်ရုပ်တွေဘက်မလှည့်ဘူးလား။ (လှည့်ပါတယ် ဘုရား)၊ ဒါဖြင့် ဒီဘက်က အသေပါ မသွားဘူးလား။ (ပါ,ပါတယ် ဘုရား)။

မောင်မြင့် ပါပလား။ (ပါ,ပါတယ် ဘုရား)၊ ဒါဖြင့် မင်းတို့ ထိတ်ခနဲ သွားတဲ့ အလုပ်ဟာလဲ အဆိုးပဲ။ (မှန်ပါ့)၊ လန့်ခနဲ သွားတဲ့ အလုပ်ဟာကော (အဆိုးပါပဲ)၊ အဆိုးပဲ ဆိုတာ ရိပ်မိကြပလား။ (ရိပ်မိပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် အစက စ,တယ်

ကောင်းပြီ၊ တစ်ခါတလေ ကျတဲ့ အခါကျလို့ ရှိရင် စိတ် ကို ထွက်သွားတာပဲဟေ့ မြင်လိုက် ရတာ၊ မပြောကြဘူးလား။ (ပြောပါတယ် ဘုရား)။

စိတ်ကို ဘာတဲ့ (ဝေထွက်သွားပါတယ်)၊ အဝိဇ္ဇာ ဖြစ်တာ သဘောကျပလား။ (ကျပါပြီ ဘုရား)။

အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာပါ)၊ သင်္ခါရာ ပစ္စယာ (ဝိညာဏံ ပါ ဘုရား)၊ ဟိုဘက် ဇာတိ ဇရာ မရဏ ကျအောင် ဒီအစေး သွား-မသွား (သွားပါတယ် ဘုရား)။

သြော် ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ နိဗ္ဗာန် မရတာ ခင်ဗျားတို့ အစေးက ခင်ဗျားတို့ကို ဘဝ ဆက်ဆက် ပေးနေတယ်။ (မှန်ပါ့ ဘုရား)၊ သဘော ပါကြပလား။ (ပါ,ပါပြီ ဘုရား)။

ထွက်တဲ့အစေးက ဘဝဆက်ဆက်ပေးနေတယ်

ခင်ဗျားတို့ထွက်တဲ့အစေးသည် (ဘဝဆက်ဆက်ပေး နေပါတယ် ဘုရား)။

ဘဝသေ၊ သေပြီးတော့ ဆက်၊ သေပြီတော့ (ဆက် ပါတယ် ဘုရား)၊ ဆက်ဆိုတော့ မောင်အောင်ချီတို့ အားစရာ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)။

ဒါဖြင့် ဒီအပင် အစေးသိမ်းလို့ ရှိရင်ဖြင့် ခင်ဗျားတို့ လွတ်ငြိမ်းတော့မယ်။ (မှန်ပါ)။

ဒီအပင် အစေးသိမ်းရင် (လွတ်ငြိမ်း ပါတော့မယ်)။

အေး ဒေါ်အုန်းမေကြီး ကောင်းကောင်း သဘောကျရဲ့ နော်။ (မှန်ပါ့ ဘုရား)။

ဘာလုပ်ရမှာတုံး၊ ဒါဖြင့် ဒီနေ့တရားမှာ (အစေးသိမ်း ရပါမယ် ဘုရား)၊ အစေးသိမ်းရမယ်။

အစေးသိမ်း ရတော့မယ် ဆိုလို့ ရှိရင် ဒကာ ဒကာမတွေ က မသိသေးတဲ့ ပုဂ္ဂိုလ်က ကိလေသာ အစေးတွေ သိမ်းရတော့မယ်လို့ ဆိုလို့ ရှိရင်ဖြင့် ဖြည်းဖြည်းမှ သိမ်းပါရစေ၊ လာချင် လာနေမှာ (မှန်ပါ့)။

ဘယ့်နှယ်လာမလဲ။ (ဖြည်းဖြည်းမှ သိမ်းပါရစေလို့ လာပါတယ် ဘုရား)။

အခု ဟာက အလုပ်ကလေးက မပြတ်သေးလို့ ဆိုတော့ အစေး ထွက်ပါရစေ။ (မှန်ပါ့)၊ ဘယ့်နှယ် ဆိုကြမလဲ။ (အစေး ထွက်ပါရစေ-တဲ့)။

အစေး ထွက်ပါရစေ ဆိုတာ အလုပ်ကလေး မပြတ်သေး လို့ ဆိုတာ ဘာပါလိမ့်။ (အစေး ထွက်ပါရစေ ဘုရား)။

သြော် အစေး လောင်ပြီး သေချင်တာက များပါ ကလား။ (များပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဒီဥစ္စာ ကောင်းကောင်း သဘောကျ ရဲ့နော်။ (ကျပါတယ် ဘုရား)။

သေသေချာချာရှင်းပါ သေသေချာချာရှင်းပါ ဒကာ ဒကာမတို့၊ ကိုယ့်ခန္ဓာကိုယ် ရောက် မရောက်လဲ အကဲခတ် ပါဦး။ (ရောက်ပါတယ် ဘုရား)။

ကိုင်း ခင်ဗျားတို့ ဒီအစေးသိမ်းတဲ့အလုပ်ကို လုပ်ပါ – တော့ ဆိုတော့ အခုတ်ခံတဲ့အထဲ များများနေတယ်။ (မှန်ပါ့)၊ အစေးသိမ်းတဲ့ အလုပ်ကျရင် (နည်းနည်း နေပါ တယ်)၊ ဘာပြုလို့တုံး ဆိုတော့ ဆက်ပြီး သေမှာစိုးလို့။ (မှန်ပါ့)၊ ဒီအစေးလောင်ပြီး ဆက်ပြီး မသေမှာစိုးတာနဲ့။ (မှန်ပါ့)။

ဒါ ဘောက်ပြောနေတာလား၊ ခင်ဗျားတို့ ဖြစ်စဉ် အကိုက် ပြောနေတာလားဆိုတာ အကဲ ခတ်ပါဦး။ (ဖြစ်စဉ် အကိုက် ပြောနေတာပါ ဘုရား)။

ဖြစ်စဉ်အကိုက် ပြောနေတယ်ဆိုတာ မောင်အောင် သိန်း ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

အစေးထွက်တဲ့ ဆီကျတော့ မင်းတို့ အချိန်များများ – မယူကြဘူးလား။ (ယူပါတယ် ဘုရား)၊ အစေးသိမ်းတဲ့ အလုပ်ကျတော့ အချိန်များများယူလို့ ရရဲ့လား။ (မရပါ ဘုရား)။

ဟာ အာ ကိုယ်ပေါ်.. ကိုယ် လိမ်မာတာလား၊ ကိုယ် မိုက်တာလား။ (ကိုယ်မိုက်တာပါ ဘုရား)။

ကိုယ့်အစေးနဲ့ကိုယ် ထွက်ပြီး သကာလ သေပြီးရင် အစေးထွက်တဲ့အပင် ဖြစ်ချင်ရင်း (မှန်ပါ့)၊သေပြီးရင်း (အစေးထွက်တဲ့အပင် ဖြစ်ချင်ရင်းပါ ဘုရား)။

ဒါဖြင့် အစေးကြောင့် သေတဲ့ သစ်ပင်လဲ ဖြစ်လိုက်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ နောက်တစ်ခါ သစ်ပင်သစ်ကိုလဲ ဖြစ်ဖို့ရာ ကြိုးစားလိုက်ဆိုတော့ ဒီအစေး သတ်တာလဲ သူ သံဝေဂ မရဘူး။ (မှန်ပါ့)၊ နောက် အစေးပါလာလို့ သေဦးမှာကော (သံဝေဂမရပါ ဘုရား)။

သံဝေဂမရဘူးဆိုတော့ မောင်မြင့် မိုက်ချက်သန် တယ်။ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဆိုထိုက်, မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

မိုက်ချက် သိပ်ပြင်းထန်တယ်။ (မှန်ပါ့)၊ သေသေ ချာချာ ဒီနေ့တရားမှာ ပေါ်လာပြီ၊ မောင်မြင့် မပေါ်သေး ဘူးလား (ပေါ်ပါပြီ ဘုရား)။

အိမ် စိတ်မချတာလဲ အစေးထွက်တာ

ပေါ်ပြီ၊ နောက် ဒကာ ဒကာမတွေနော် (မှန်ပါ့)၊ အိမ် စိတ်မချရဘူးဆိုတဲ့ဥစ္စာ မောင်နိုင် စဉ်းစားကြည့်နော်။ (မှန်ပါ့)၊ အိမ် စိတ်မချရဘူးလို့ ဆိုတဲ့ဥစ္စာ ဒီမှာ အစေး ထွက်တယ်။ (မှန်ပါ့)၊ မထွက်ဘူးလား။ (ထွက်ပါတယ် ဘုရား)။

အိမ်ပေါ်တွင် နေတော့တဲ့၊ အိမ်ပူစရာ, အိမ် ဆွေးစရာတွေနဲ့ တွေးပြီးသကာလ ကြုံစရာတွေ စိုးရိမ်စရာ တွေ မလာဘူးလား။ (လာပါတယ် ဘုရား)။

နို့ အိမ်ပေါ်နေလဲ အစေးထွက်နေတာပဲ။ (မှန်ပါ့)၊ အိမ်ပြင်ဘက်နေလဲ (အစေး ထွက်နေတာပါပဲ ဘုရား)။

အစေးထွက်နေတော့ကို သောကစေး, ဒေါသစေး, မောဟစေး, ဣဿာ မစ္ဆရိယ, မာန အစေး တွေဟာ တစ်မျိုး ပြီး တစ်မျိုး လာတယ်။ (မှန်ပါ့)၊ လာသရွေ့လဲ ဒီအပင် သတ်ဖို့ချည်းပဲ။ (မှန်ပါ့)၊ ဒီအပင် သတ်ဖို့၊ နောက်အပင် ဖြစ်ဖို့ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒီအပင်ကော (သတ်ဖို့ပါ)၊ ဒီခန္ဓာကိုယ်ကြီးကိုလဲ သတ်ဖို့ပဲ။ (မှန်ပါ့)၊ နောက်အပင်ကော (ဖြစ်ဖို့ပါ ဘုရား)။

အစေးလောင်သေရင် အပါယ်ပင်ချည်းပေါက်တယ်

နောက်အပင်ကလဲ ဒီအစေးလောင်လို့ သေရတဲ့အပင် မှန်သရွေ့ ဟာ အပါယ်ပင်ချည်း ပေါက်တယ်။ (မှန်ပါ့)။

ဒီအစေးလောင်လို့ သေတဲ့အပင် ဟူသရွေ့ဟာ (အပါယ်ပင်ချည်း ပေါက်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် နဂိုကမှ အစေးလောင်သေတော့ သေခြင်း ဆိုးကိုး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

နောက် အပင်ပေါက်တဲ့အခါကျတော့ အပါယ်ပင်ပဲ ပေါက်နိုင်မယ်၊ သေခြင်းဆိုးသေတာကိုး။ (မှန်ပါ့)၊ ရှင်းကြ ပလား။ (ရှင်းပါပြီ ဘုရား)။

သေခြင်းဆိုး သေသောကြောင့် ဘာပင် ပေါက်မလဲ (အပါယ်ပင် ပေါက်ပါမယ် ဘုရား)။

သြော် ဒကာ ဒကာမတွေ ဒါပဲ ကြိုးစားနေကြ သလားလို့ မေးလို့ ရှိရင်၊ မုသား မပါဘဲနဲ့ ပြောလို့ရှိရင် တပည့်တော်တို့ နေပုံ ထိုင်ပုံဟာ ဒါ ကြိုးစား နေတယ်။ (မှန်ပါ့)၊ အတော် မဆိုးဘူးလား။ (ဆိုးပါတယ် ဘုရား)။

သေသေချာချာ စဉ်းစားပါ၊ ပဋိစ္စသမုပ္ပါဒ်နဲ့ဆက် ကြည့်မှ မောင်မြင့်တို့ ရှင်းတယ်။ (မှန်ပါ့)၊ မောင်အောင်ချီ တို့ ဘယ့်နှယ်တုံး။ (ရှင်းပါတယ် ဘုရား)။

ဒီပဋိစ္စသမုပ္ပါဒ်နဲ့ ဆက်ကြည့်လိုက်တော့(ရှင်းသွား ပါတယ်)၊ ဒီအပင် သေအောင်လုပ်တာလဲ ဒီအစေးတွေ လောင်တာပဲ (မှန်ပါ့)။

အချို့ လောဘနဲ့ သေသွားတယ်၊ မောင်မြင့် မရှိဘူး လား။ (ရှိပါတယ်)၊ အစေးလောင သေတာ။

တချို့ သူ့ဒေါသနဲ့ သူသေသွားတာကော (ရှိပါတယ် ဘုရား)၊ တချို့လဲ မသိလိုက် မသိဘာသာ မောဟနဲ့ သေ သွားတာကော (ရှိပါတယ် ဘုရား)။

ဒါဘာလောင်သလဲ (အစေးလောင်သေတာပါ ဘုရား)။

အစေးလောင်ပြီး သေပြီး သကာလ ပဋိစ္စသမုပ္ပါဒ်က နောက် အပင်ပြန်ပေါက်ပြန်တယ်။ (မှန်ပါ့)၊ မပေါက် ဘူးလား။ (ပေါက်ပါတယ် ဘုရား)။

ဒါဖြင့် သတ်တာက ဒီအစေးပဲ၊ နောက်အပင် ပြန် ပေါက်တာလဲ (ဒီအစေးပါပဲ ဘုရား)။

ဒီအစေးပဲဆိုသဖြင့် ဒီအစေးမခန်းသရွေ့ ကာလပတ်လုံး ဒီအပင်ဟာ ဒီလိုချည်း ပေါက်ပေါက် နေမှာပဲ။ (မှန်ပါ)၊ ဒီလိုသေပြီးသကာလ ဒီအပင်မျိုးချည်း ပေါက်နေမယ်။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ဘယ်လောက် အရေးကြီးသတုံး။ (ကြီးပါတယ် ဘုရား)၊ အင်မတန် အရေးကြီးတယ်ဆိုတာ ဒကာ ဒကာမတွေ ယနေ့ တရားမှတ်ပါ၊ ခီရရုက္ခောပမသုတ် တဲ့နော်။ (မှန်ပါ့)၊ အစေးထွက်တဲ့ အပင်ကို ငါ ဥပမာပြဟောမယ် ဆိုတော့ ရိပ်မိကြပလား။ (ရိပ်မိပါပြီ ဘုရား)။

ဒကာ ဒကာမတွေ အစေးမထွက်တဲ့နေရာနဲ့ အစေး ထွက်တဲ့နေရာ ဘယ်နေရာမှာ ခင်ဗျားတို့ စိတ်ကူးကြသတုံး လို့ မေးလို့ရှိရင် မောင်နိုင် မင်းတစ်ယောက်တည်း ရှင်းရှင်း ပြောစမ်းပါ။ (အစေး ထွက်တဲ့ နေရာနေဖို့ စိတ်ကူးပါတယ် ဘုရား)။

ဒါပဲ (မှန်ပါ့)၊ နောက်က ဒကာ ဒကာမတွေ ဟုတ် ပြီလား။ (မှန်ပါ့)။ အစေးထွက်တဲ့ နေရာပဲ နေဖို့ရာ စိတ်ကူးနေတယ် ဆိုတော့ အင်း ဒါတွေဟာ ဒီအစေးက အပင်ကို သတ်မယ် ဆိုတာလဲ သူ သိရဲ့လား။ (မသိပါ ဘုရား)။

မသိဘူး၊ နောက်အပင်ဟာ အပါယ်ပင်တွေ ပေါက် မည့် အစေးတွေပဲဆိုတာကော (မသိပါ ဘုရား)။

ကျုပ်တော့ဖြင့် ကျကာမှကျ၊ ခံရုံပဲ၊ ဒါကလေးနဲ့ မခွဲနိုင်ဘူး၊ ခံရုံပဲတဲ့။ (မှန်ပါ့ ဘုရား)၊ ပေလိုက်တဲ့ဖြစ် ခြင်း(မှန်ပါ့ ဘုရား)၊ မပေဘူးလား၊ မေသလား။ (ပေပါ တယ် ဘုရား)။

သေသေချာချာ စဉ်းစားကြည့်ပါ၊ ဘုန်းကြီးက ကျောင်းကနေ ပြောနေတာလား၊ ခင်ဗျားတို့ ဖြစ်စဉ်နဲ့ ကျောင်းကနေ ပြောပေမယ့် ခင်ဗျားတို့ ဖြစ်စဉ်နဲ့ ကိုက်နေ တာပဲလား ဆိုတာလဲ အကဲခတ်ပါဦး။ (ကိုက်ပါတယ် ဘုရား)။

ကိုက်နေတာပဲဆိုတော့ ဒီတရားက မြတ်စွာဘုရား သခင် ကိုယ်တော်မြတ်ကြီး သဠာယတနဝဂ္ဂ သံယုတ် ပါဠိ တော်မှာ သေသေချာချာ ဟောတဲ့ဥစ္စာ၊ သြော် တော်တော့ကို တွေးလုံးသန်တဲ့ ပုဂ္ဂိုလ်မှ သာလျှင် ငါဟာ အနေဆိုးတဲ့ အထဲ ငါပါနေပါတယ်ဆိုတာ ပေါ်လာတယ်။ (မှန်ပါ့ ဘုရား)။

အစေးများများထွက်နေတဲ့နေရာမှာ (နေတဲ့အထဲ ပါ,ပါတယ် ဘုရား)၊ ပါနေတယ်နော်။

ဥပမာ ဒီလာပြီး တရားအားထုတ်နေတဲ့ ဒကာ ဒကာမ တွေပဲ ထားပါတော့၊ ရက်တိုတိုနဲ့ ပေါက်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာ လူတိုင်းရှိတယ်။ (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့ ရက်တိုတိုနဲ့ ပေါက်ချင်တာလဲ မေးတော့မှ သော်အစေးထွက်စရာက (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

အင်း အစေးထွက်ဖို့ရာက မြန်မြန်ထွက်ချင်သေးတဲ့ သဘောက မရှိဘူးလား ရှိသလား။ (ရှိပါတယ် ဘုရား)။

ဒါဖြင့် ဒီအစေးဟာ လောင်တတ်တဲ့ အစေးလို့လဲ မသိဘူး၊ နောက်ထပ် အပင်ဆိုးတွေ ပေါက်မယ်ဆိုတာ ကော (မသိပါ ဘုရား)။

မသိတော့ကိုတဲ့ မောင်နိုင်ရေး၊ တရားဟောရတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး တရား မဟောချင်ဘူး၊ ငါ့တရားက သိပ်နက်တယ်၊ သူတို့ အကြိုက်နဲ့ မကိုက်ဘူး။ (မှန်ပါ့ ဘုရား)၊ တစ်ခါတည်း ညည်းမလာဘူးလား။ (ညည်းပါတယ် ဘုရား)။

အဲဒီမှာ ဗြဟ္မာကြီးက တောင်းပန်လို့ အရှင်ဘုရား မကြိုက်တဲ့ လူလဲ ရှိပါတယ်။ ကြိုက်တဲ့လူလဲ ပါ,ပါသေးတယ်၊ အဲဒီ ကြိုက်တဲ့ လူအတွက် ငဲ့ပြီး ဟောတော်မူပါဦး။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒီထဲကော ဘယ်လိုလူတွေ ဟောနေတယ်ဆိုကော ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

မကြိုက်တဲ့လူလဲ့ ပါရမှာပဲ။ (မှန်ပါ့)၊ ကြိုက်တဲ့ လူကော (ပါရမှာပါ ဘုရား)။

ဘယ်သူ့ ငဲ့ဟောနေရတာလဲ။ (ကြိုက်တဲ့လူ ငဲ့ဟော နေရတာပါ ဘုရား)။

ကြိုက်တဲ့လူအတွက် ငဲ့ဟောနေရတာဆိုတော့ မင်းတို့ က မောင်နိုင်တို့က တစ်ခါ တစ်ခါ ကျတော့၊ အိုဘုန်းကြီး များလို မလွယ်ဘူး၊ တပည့်တော်တို့က လာပြီ မောင်နိုင် လာပြီ၊ ဒီအတိုင်းပဲ။ (မှန်ပါ့)၊ မလွယ်ဘူးဘုရာ့၊ သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ နေရတယ် ဆိုတဲ့ ဥစ္စာက အားတယ် မရှိဘူး၊ ပူရ ဆွေးရ, နေရတာကို ကလေးနဲ့ သူနေမှာပဲ တော် တယ်ဆိုတော့ အစေး ထွက်တဲ့နေရာမှ သူ ပျော်တယ်။ (မှန်ပါ)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ဘယ်နေရာ ပျော်ကြသလဲ။ (အစေးထွက်တဲ့ နေရာ ပျော်ပါတယ် ဘုရား)။

ကိလေသာစေးများ များများမထွက်ရလို့ ရှိရင်ဖြင့် သားတွေ သမီးတွေ မြေးတွေ မြစ်တွေက ဆွဲကုန်လို့ ရှိရင် လိုက်ဦးမယ်။ (မှန်ပါ့)၊ ဘာဖြစ်လို့တုံး။ (အစေး များများ ထွက်ရလို့ပါ)၊ ခပ်ခြောက်ခြောက် ဖြစ်နေလို့။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

အင်း လိုက်ဦးမယ်ဆိုတော့ ဟိုမှာ အစေးထွက်ရတာ သူ ကျေနပ်နေတယ်၊ ဒီအစေးက ဒီအပင် ပေါက်မယ်ဆိုတာ ကော (မသိပါ ဘုရား)၊ သေချာတော့ သေချာတယ်။ (သေချာပါတယ် ဘုရား)။

သတ်မှာကတော့ သေချာပါတယ်)၊ သတ်မှာက တော့ သေချာပါတယ်၊ နောက် မကောင်းပင် ပေါက်မယ် ဆိုတာကော (သေချာပါတယ် ဘုရား)။

သေချာတာကို ဒီနှစ်ခုကို ယနေ့ည ရှင်းရှင်းမှတ် ပါ။ (မှန်ပါ့)၊ နောက်တော့ ဝိပဿနာနဲ့ သိမ်းပေး မပေါ့။ (မှန်ပါ့)။

ကဲ မင်းတို့ဖြစ်စဉ်တွေ ဘယ့်နှယ်တုံးဟေ့၊ ကိုက်ကြ ရဲ့ လား။ (ကိုက်ပါတယ် ဘုရား)။

အစေး မခြောက်သရွေ့ နိဗ္ဗာန်မရောက်

ဒါဖြင့် ဒီအစေး မခြောက်သရွေ့ နိဗ္ဗာန်မရောက် ဆိုတာ (မှန်ပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ဒီအပင်က စ,ပြီး အစေးထွက်တော့ ဒီက ပဋိစ္စသမုပ္ပါဒ် စတာကိုး။ (မှန်ပါ့ ဘုရား)၊ ပေါ် ပလား။ (ပေါ်ပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်သည် အစေးထွက်-ထွက်ချင်း စ,တာ ပဲ။ (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဘာပါလိမ့်။ (အစေးထွက်ထွက်ချင်း စ,တာပါ ဘုရား)။

အစေး ထွက်-ထွက်ချင်း ပဋိစ္စသမုပ္ပါဒ်၊ အလယ်က ရင်လဲ ထွက်ချင်ထွက်လာတယ်။ (မှန်ပါ့)၊ အဆုံးက စ,ပြီးတော့ (ထွက်ချင်ထွက်ပါတယ်)၊အစက စ,ပြီးတော့ (ထွက်ချင်ထွက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်အစ ခန္ဓာပင် က ထွက်တာ (မှန်ပါ့)၊ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်အစ (ခန္ဓာပင်က ထွက်တာပါ)၊ ခန္ဓာ ပင်က ထွက်တဲ့ အစေး။ (မှန်ပါ့)။

ခန္ဓာပင်က ထွက်တဲ့ အစေးဆိုတော့ ဒါကြောင့် မောင်နိုင် လူငယ်နဲ့ လူကြီး ဘယ်သူ ပိုမိုက်သတုံး မေးတဲ့ အခါကျတော့ မင်းတို့က အိုလူကြီးက ဗဟုသုတ များတာ ပေါ့ဘုရား။

သူ့ဗဟုသုတက သံယောဇဉ်ဘက်ကဟာတွေ များနေ တာကိုး (မှန်ပါ့ ဘုရား)။ ဘာတွေ များနေသတုံး။ (သံယောဇဉ်တွေ များနေတာပါ ဘုရား)။

ငယ်ငယ်တုန်းက ဒါလောက် သံယောဇဉ်မရှိဘူး။ (မှန်ပါ့)။

ခုတော့ သားတွေ၊ သမီးတွေ လည်ပတ်နေတယ်၊ ကျုပ်တို့ စိတ်ချတော့ဆိုပေမယ့်လဲ သူ့ ဗဟုသုတက ကြီးလာတော့ အို ဘယ်သူ့သား ဖြစ်သတဲ့၊ ဘယ်သူ့ သမီး ဘာဖြစ်သတဲ့၊ အဲဒီ ဗဟုသုတ တွေက စုံနေတာကိုး။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ရိပ်မိတော့ သူတို့မှာ အစေးက နဂိုက မထွက်တတ် တာတွေတောင် (ထွက်ပါတယ်)၊ ထွက်လာတယ်ဆိုတာ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ရိပ်မိတော့ သူတို့မှာ အစေးက နဂိုက မထွတ်တတ် တာတွေတောင် (ထွက်ပါတယ်)၊ ထွက်လာတယ် ဆိုတာ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

အစေးထွက်တဲ့ ဗဟုသုတက များနေတယ်

အဲဒါ ဗဟုသုတများနေတာပဲ၊ အစေးထွက် ဗဟုသုတ များနေတာပဲ။ (မှန်ပါ့)၊ အစေးသိမ်းက မပါဘူး။ (မပါ, ပါ ဘုရား)၊ ပါရဲ့လား။ (မပါ,ပါ ဘုရား)။

ဒါလူကြီးတွေ စောင်းနေတယ်လို့များ အောက်မေ့မနေနဲ့နော်။ (မှန်ပါ့)၊ ဖြစ်စဉ်က ဒီအတိုင်း ဖြစ်နေလို့ နဂိုက အစေးမထွက်ရလို့ ရှိရင် မောင်မြင့် ကျေနပ်တဲ့ သဘောမျိုး ရှိပါရဲ့။ (မရှိပါ ဘုရား)။

သူများက ဒီလို အစေးမထွက်လို့ ရှိတာတောင် နောက် က ဒကာ ဒကာမတွေ တချို့က ကဲ့ရဲ့သေးတယ်၊ နေနိုင် လိုက်တာ သူတို့တဲ့။ (မှန်ပါ့)၊ ဘယ်သူ့ ကဲ့ရဲ့တာလဲ။ (အစေးမထွက်တဲ့လူ ကဲ့ရဲ့ တာပါ ဘုရား)။

အစေးမထွက်တဲ့ ပုဂ္ဂိုလ်ကို ကဲ့ရဲ့တာ၊ ဟိုက သူတော် ကောင်း၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အဲဒီပုဂ္ဂိုလ် ဘာခံရသလဲ။ (ကဲ့ရဲ့ ခံရပါတယ် ဘုရား)။

အံမာလေး အစေးထွက်တဲ့ ပုဂ္ဂိုလ်က အေးငြိမ်းတဲ့ ပုဂ္ဂိုလ်ကို တစ်ခါတည်း ကဲ့ရဲ့ပြီး သကာလ များ နေလိုက် သေးတယ် ဆိုတော့ ဘုရားကို ပုတ်ခတ်တာနဲ့ အတူတူကျ နေတယ်။ (မှန်ပါ့)၊ မကျဘူးလား။ (ကျပါတယ် ဘုရား)၊ ရိပ်မိကြပလား။ (ရိပ်မိပါပြီ ဘုရား)။

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ အလွဲတတ်ထားတာကိုး။ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမယ်။ (အလွဲတတ်ထားပါတယ် ဘုရား)။

အလွဲတတ်ထားတာ၊ အစေးထွက်တဲ့ အလုပ်ဆိုရင် အကုန်တတ်တယ်။ (မှန်ပါ့)၊ အစေးသိမ်းတဲ့ အလုပ်ဆိုရင် – တစ်စက်မှ မပါဘူး။ (မှန်ပါ့)၊ ပါရဲ့လား။ (မပါ,ပါ ဘုရား)။

အစေးထွက်တဲ့နည်းတွေ သင်ထားတယ်

အံမာလေး ကြောက်စရာကြီးပါ ကလား၊ ဒကာ ဒကာမတို့ ဘယ်ကများ ခင်ဗျားတို့ ရ,ထားပါလိမ့်၊ အစေး ထွက်တဲ့ နည်းတွေ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ရပ်ရွာထဲမှာ ပတ်ဝန်းကျင်က သင်တာ။ (မှန်ပါ့)၊ ပြီးတော့ကို မသိတဲ့ ရှေးလူကြီးတွေက သင်ထားတယ်။ (မှန်ပါ့)။

ကလေး ဒီလို မွေးရတယ်၊ ဒီလို စိုးရိမ်ရတယ်၊ ဒီလို ကြောင့်ကြရတယ်။ ဒီလို ပစ်မထားရဘူး၊ ဟောမလာဘူး လား၊ လာသလား။ (လာပါတယ် ဘုရား)။

အဲဒါနဲ့ပဲ ဒီအစေးထွက်တဲ့နည်းတွေ ဘယ့်နှယ်တုံး။ နေတတ်ပါတယ် ဘုရား)၊ တတ်ကုန်တာပဲ၊ တတ်ကုန်တော့ ဒီအပင်ပဲ မသေဘူးလား။ (သေပါတယ် ဘုရား)၊ နောက် အပင်ကော (ပေါက်ပါတယ် ဘုရား)။

ဘယ်သူ့ကြောင့် ပေါက်တာတုံး။ (အစေးကြောင့် ပါ)၊ အစေးကြောင့်ပေါက်တာ၊ အစေးဘယ်က ထွက်သတုံး။ (အပင်က ထွက်ပါတယ် ဘုရား)၊ အပင်က ထွက်တယ်။

ထွက်အောင် ဘယ်သူက လုပ်သတုံးဆိုတော့ သူကိုယ် တိုင်က ဓားထဲတိုးတယ်။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိ ပါပြီ ဘုရား)။

သူကိုယ်တိုင်က (ဓားထဲ တိုးပါတယ်)၊ အင်း ဓားမလာလို့ ရှိရင် ခုတ်စမ်းပါ ထဲက (မှန်ပါ့)၊ ရိပ်မိကြ ပလား။ (ရိပ်မိပါပြီ ဘုရား)။

အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး မောင်မြင့် တို့၊ မောင်အောင်ချီတို့ တရား မဟောချင်ဘူး ဆိုတာ မင်း တို့က အစေးမထွက်ရတဲ့နေ့မှာ မကျေနပ်ဘူး။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဘယ်လိုတုံး။ (အစေး မထွက်ရတဲ့ နေ့မှာ မကျေနပ် ပါ ဘုရား)။ ဒီနေ့ နေရတာ သားကလဲ မရှိ၊ သမီးတွေကလဲ မရှိ၊ အကုန် ကျောင်းတွေ ဘာတွေ သွားလာ ကုန်ကြတော့ အိမ်နေရတာ ယောင် ခြောက်ဆယ်ကြီး၊ ဟောအစေး မထွက်ရလို့ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ပြုံးတာလဲ အစေးထွက်တာ

ဘာတဲ့တုံး။ (အစေး မထွက်ရလို့ပါ)၊ ဘယ်သူ့မှလဲ ဒေါသနဲ့ မအော်ရဘူး၊ ဘယ်သူ့အတွက်မှလဲ ပြုံးစရာက လဲ မရှိဘူး။

ပြုံးတာလဲ အစေးထွက်တာကိုး (မှန်ပါ့)၊ မဲ့တာ ကော (အစေးထွက်တာပါ ဘုရား)။

အဲဒီတော့ အစေးမထွက်ရရင် ဘာတဲ့တုံး။ (မကျေ နပ်ပါ ဘုရား)။

ပျင်းခြောက်ကြီး ဖြစ်နေတယ်ဆိုတော့ က်ဒါဖြင့် သံသရာမဆက်ရရင် ဘာတဲ့တုံး။ (မကျေနပ်ပါ ဘုရား)၊ ပျင်းခြောက်ကြီးဖြစ်နေတယ်။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)။

ဒေါ်အုန်းမေကြီးတို့ သဘောပါရဲ့ လား။ (ပါ,ပါ တယ် ဘုရား)။

ဘယ့်နှယ်တုံး၊ အစေးများ ထွက်ချင်သေးသလား။ (မထွက်ချင်ပါ ဘုရား)။

အင်မတန်မှန်တဲ့တရားမို့ ပြောနေတာ

မထွက်ချင်တော့ဘူး၊ နေရာကျပါပြီတဲ့၊ ဒါဟာ အင်မတန် မှန်တဲ့ တရားမို့ မောင်နိုင် ဒီလောက် ပြောနေတာ။ (မှန်ပါ့)။

ခီရရုက္ခာပမသုတ် ဆိုတဲ့ဥစ္စာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး အလွန် အရေးကြီးပြီး သကာလ ဟောပါ တယ်တဲ့၊ ဒီအစေး မခန်းသရွေ့ ဒီအပင်ဟာဖြင့် သေပွဲဇာတ် မသိမ်းပါဘူး။ (မှန်ပါ့)။

ဒီအစေးမခန်းရင် (ဒီအပင် အသေဇာတ်မသိမ်းပါ ဘုရား)၊ ရိပ်မိကြပလား။ (ရိပ်မိပါပြီ ဘုရား)။

ဒီအစေးမခန်းသရွေ့ ဒကာ ဒကာမတို့(ဒီအပင် အသေဇာတ် မသိမ်းပါ ဘုရား)။

ကဲ ဒါဖြင့် ခင်ဗျားတို့ ဒါန,လောက်နဲ့ ဝေးပါသေး တယ်၊ နိဗ္ဗာန်ရောက်ဖို့(မှန်ပါ့)။ ဘယ့်နှယ် ဆိုကြမယ်။ (ဝေးပါတယ် ဘုရား)။

ဒီအစေးတွေက ဒီအပင်ကိုလဲ သတ်မယ်၊ နောက် အပင်လဲ သတ်မယ်ဆိုပါတော့၊ ဒါန, သီလလောက်နဲ့ အားကိုးလို့ ရပါ့မလား။ (မရပါ ဘုရား)။

ကဲ ခင်ဗျားတို့က နဂိုတုန်းကတော့ ကိုယ်နာထားတဲ့ တရားကလေးက သာမည အောက်တန်း တရား ကလေး ဖြစ်နေတော့ မောင်နိုင် ကိုယ့်ဟာကိုယ် အတော်ကလေး အားကိုးတယ်။ (မှန်ပါ့ ဘုရား)။

ဒါန, သီလက မကယ်နိုင်ဘူး

အခု သေသေချာချာ ခန္ဓာက အစေးထွက်တာကို ဟောလိုက်တဲ့အခါကျတော့ ဟို ဒါနကလဲ မကယ်နိုင်တော့ ဘူး။ (မှန်ပါ့)၊ ကယ်နိုင်သေးရဲ့လား။ (မကယ်နိုင်ပါ ဘုရား)။

မကယ်နိုင်ဘူး၊ ကိုယ့်အစေးနဲ့ကိုယ်သေ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ကိုယ်အစေးနဲ့ ကိုယ်ပဲ၊ နောက် အပင်ပေါက် ဆိုတော့ မောင်အောင်ချီတို့၊ မောင်မြင့်တို့ ဒါန, သီလနဲ့ ဘာဆိုင် သတုံးကွ။ (မဆိုင်ပါ ဘုရား)။

သေသေချာချာ ဉာဏ်ထဲရောက်ကဲ့လား။ (ရောက် ပါတယ်)၊ ဒါ ဘယ်က ထွက်တဲ့ အစေး ပါလိမ့်။ (ခန္ဓာ ပင်ကပါ ဘုရား)။

ခန္ဓာက ထွက်တဲ့ အစေးကွ၊ ဘယ်သူ့သတ်သတုံး။ (ခန္ဓာကိုယ် ပြန်သတ်ပါတယ် ဘုရား)။

ခန္ဓာသတ်မယ်၊ နောက်အပင် ပေါက်ပြန်တော့ကော (ခန္ဓာပဲ ပေါက်ပါတယ်)၊ ဒီအစေးကြောင့်ပဲ ပြန်ပေါက် တာပဲ။ (မှန်ပါ့)၊ ဒီအစေးက ပဋိစ္စသမုပ္ပါဒ် ဖြစ်ပြီး ပေါက် တယ်။ (မှန်ပါ့)၊ ရိပ်မိကြပလား။ (ရိပ်မိပါပြီ ဘုရား)။

ဇာတိ, ဇာတိ, ဇာတိဆိုပြီး လာပြန်တယ်။ (မှန်ပါ့)၊ မလာပေဘူးလား။ (လာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ အားကိုးနေတာကလေးဟာ အစေးခန်းအောင်လုပ်တာကို အားကိုးရာ အစစ်။ (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အစေးခန်းအောင်လုပ်တဲ့အလုပ်မှ (အားကိုးရာအစစ် ပါ ဘုရား)။

အားကိုးရာ အစစ်-တဲ့၊ အစေးမခန်းတဲ့ အလုပ်ဟူ သရွေ့ ဟာသဖြင့် ဒကာ ဒကာမတို့ အစေးထွက်ပြီး သကာလ ဒီအပင်သေမှုပဲ။ (မှန်ပါ့)၊ နောက်အပင်ပေါက်မှုပဲ။ (မှန်ပါ့)၊ မလာဘူးလား။ (လာပါတယ် ဘုရား)။

ဒီအပင်သေမှုဆိုတာလဲ ဒုက္ခသစ္စာ။ (မှန်ပါ့)၊ နောက် အပင် စ,ပေါက်မှုဆိုတာကော (ဒုက္ခသစ္စာပါ)။

ဒါဖြင့် ဒီဒုက္ခသစ္စာနှစ်ခု ဘယ်က လာသတုံးလို့ မောင်အောင်ချီတို့၊ မောင်မြင့်တို့ တွေးစွမ်း။ (ခန္ဓာက လာပါတယ်)၊ မလာနဲ့၊ အစေးက လာတယ် (မှန်ပါ့ ဘုရား)။

အစေးကလာတယ်၊ အစေးဘယ်က လာသတုံးဆိုမှ (ခန္ဓာက လာပါတယ်)၊ ခန္ဓာက လာတယ်။

ခန္ဓာက ခန္ဓာတိုင်းက လာသလား၊ အစေးခြောက် နေတဲ့ အပင်က လာသလား၊ အစေး စိုနေတဲ့ အပင်က လာ သလား။ (အစေးစိုနေတဲ့အပင်က လာပါတယ်)၊ ဘုရား ရဟန္တာ ခန္ဓာကျတော့ မလာဘူး။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ဪ ဒါဖြင့် အိမ်ပြန်လို့ ရှိရင် ဘယ်အစေးက စ, ထွက်သတုံး ဆိုတာ ခင်ဗျားတို့ သေသေချာချာ တွေး။ (မှန်ပါ့ ဘုရား)။

တွေးလိုက်လို့ပေါ်၊ ပေါ်ရာက သတ်လိမ့်မယ်။ (မှန်ပါ့)၊ သတ်ပြီးနောက် အပင်ပေါက်လိမ့် မယ် ဆိုတာကော ငြင်းဖို့ လိုသေးသလား။ (မလိုပါ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ မျက်လုံးကလေးဖွင့်လိုက် မှာ သိပ်ကြောက်တယ် ဘုရားက (မှန်ပါ့)၊ မကြောက်ပေ ဘူးလား။ (ကြောက်ပါတယ် ဘုရား)။

မျက်လုံးဖွင့်ရင် တစ်ခုခုနဲ့ တိုက်တော့မယ်။ (မှန်ပါ့)၊ မတိုက်ပေဘူးလား။ (တိုက်ပါတယ် ဘုရား)။

ဘယ်သူ မရှိဘူးလား၊ ဒီအချိန်တောင် မပြန်သေးဘူး လား၊ ဟ အစေးထွက်ပြီ၊ မထွက် သေးဘူး လား ထွက်သလား။ (ထွက်ပါတယ် ဘုရား)။

အေး လာတော့လာမှာပဲ၊ လာပေမယ့်လဲ ကိုယ်က စိုးရိမ်တတ်တယ် ဆိုတော့ အစေး ထွက်ပလား မထွက်သေး ဘူးလား။ (ထွက်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် မျက်လုံးဖွင့်လိုက်ရင် အစေးထွက်ပြီ။ (မှန်ပါ့)၊ နားက ထောင်လိုက်ရင်ကော (အစေး ထွက်ပါပြီ ဘုရား)၊ နှာခေါင်းဖွင့်လိုက်ရင်ကော (အစေးထွက်ပါပြီ)၊

လျှာနဲ့ စားလိုက်ရင်ကော (အစေးထွက်ပါပြီ)၊ ကိုယ်ပေါ် ခြုံလိုက် ရုံလိုက်ရင်ကော (အစေး ထွက်ပါပြီ)၊ နဖူးပေါ် လက်တင်ပြီး ဝမ်းထဲ ကြံလိုက် စည်လိုက်ရင်ကော (အစေး ထွက်ပါပြီ)

အံမာလေး ထွက်လို့ မပြီးနိုင်ဘူး။ (မှန်ပါ့)၊ ပြီးနိုင် စရာရှိသေးရဲ့လား။ (မရှိပါ ဘုရား)။

အဲ့ဒါကြောင့် ခင်ဗျားတို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ မောင်နိုင် တယ်မြင် ပါကလားဆိုတာ ပေါ်လာတယ်။ (မှန်ပါ့ ဘုရား)။

မင်းတို့ ဒီတရားကို မနာဖူးသေးပါဘူး။ (မနာဖူး သေးပါ ဘုရား)။

ခင်တယ်ဆိုတာ အစေးချင်း လိမ်နေတာ

ဒါဖြင့် ဒကာ ဒကာမတို့ တစ်ယောက်နဲ့တစ်ယောက် ခင်တယ်ဆိုတာ အစေးချင်း လိမ်နေတာ။ (မှန်ပါ့ ဘုရား)။

တစ်ယောက်နဲ့တစ်ယောက် ခင်တယ်ဆိုတာ (အစေး ချင်း လိမ်နေတာပါ ဘုရား)။

သူ့အပင် ကိုယ်က သတ် (မှန်ပါ့)၊ကိုယ့်အပင် (သူက သယံပါ ဘုရား)။

သူက သတ်ဆိုတော့ ဒကာ ဒကာမတို့ ဒါလဲ တစ်မျိုး အရုပ်ဆိုးတာပဲဆိုတာကော ပေါ်ကြ ပလား။ (ပေါ်ပါပြီ)၊ မပေါ်သေးဘူးလား။ (ပေါ်ပါပြီ)၊ ရှင်းကြပလား။ (ရှင်း ပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီအစေးဟာ ဘာအစေးတုံး မေး တော့မှ ယနေ့ ထူးထူးခြားခြား ပဋိစ္စ သမုပ္ပါဒ် အစ အစေး (မှန်ပါ့ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဘာအစေးပါလိမ့်။ (ပဋိစ္စသမုပ္ပါဒ်အစ, အစေးပါ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်အစ, အစေးဖြစ်ခဲ့လို့ ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ်အဆုံးကို မောင်နိုင်က ရွတ်ကြည့် (မှန်ပါ့)၊ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ(မှန်ပါ့ ဘုရား)။

ရွတ်စမ်း (ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ)၊ ဒါ အဆုံး မဟုတ်လား၊ အစကတော့ဖြင့် ခန္ဓာကိုယ်ထဲ ခုတ်မိ နေတဲ့ နေရာ အစေးဟာအစ(မှန်ပါ့)၊ ဒီအစက “ဒုက္ခ သမုဒယော ဟောတိ” မဟုတ်ဘူးလား။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ)။

ကဲ ဒါဖြင့် ဒီအစက ဒုက္ခသမုဒယဖြစ်တော့ ဒုက္ခ သမုဒယ ဆိုတာ ဒုက္ခ အကြောင်း(မှန်ပါ့)၊ ဟိုဘက်မှာ အစုကြီး ဒုက္ခကြီးက ဒုက္ခက္ခန္ဓဿဆိုတဲ့ အစုကြီး မလာ ဘူးလား။ (လာပါတယ် ဘုရား)။

အဲ “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဆိုတော့ ဒီဘက် ဒုက္ခက္ခန္ဓဿ အသေးကလေး ရှိသေးတယ်။ (မှန်ပါ့)၊ ဟိုမှာ သွားပြီး ဖြစ်ရမည့် အစုကြီးကတော့ နည်း သလား။ (မနည်းပါ ဘုရား)။

ဒါဖြင့် ဒီဘက်က အစေးက ဒုက္ခက္ခန္ဓဿ အစ (မှန်ပါ့)၊ နောက် အကျိုးပေးမှာကြီးက (ဒုက္ခက္ခန္ဓဿ အဆုံး)၊ သဘော ကျပလား။ (ကျပါပြီ ဘုရား)။

ဒုက္ခက=ဒုက္ခ၊ ခန္ဓာက=အစု၊ သဘော ပါကြပလား။ (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဒီဒကာ ဒကာမတွေမှာ ခင်ဗျား စ,လဲစ,တတ် ပါပေတယ်၊ အများကြီးကလဲ ရချင်သေးလို့ပဲ။ (မှန်ပါ့)၊ ဆိုနိုင် မဆိုင် (ဆိုနိုင်ပါတယ် ဘုရား)။

ဒီ သမုဒယသစ္စာဆိုတဲ့ ခန္ဓာကြီး မာနစေးကလေး စ,လိုက်- စ,လိုက်၊ ဒေါသစေးကလေး စ,လိုက်- စ,လိုက်၊ လောဘစေး ကလေး စ,လိုက်-စ,လိုက်၊ မောင်မြင့် ဒါ ပဋိစ္စ သမုပ္ပါဒ် စ,တာပဲ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကဲ မောင်အောင်ချီတို့ သဘောကျရဲ့လား။ (ကျပါ – တယ် ဘုရား)။

အစေးထွက်တာ ဒုက္ခဖြစ်ကြောင်း

ကျလို့ ရှိရင် နောက်ဆုံးပိတ် အဆုံး ပြောလိုက်ကွာ၊ ဘာတဲ့တုံး။(ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိပါ ဘုရား)။

ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ၊ ဟုက်လား၊ ဒုက္ခ အစုကြီးဖြစ်၏။ (မှန်ပါ့ ဘုရား)။

ဒီအစေးထွက်လာလို့ ရှိရင် ဒုက္ခသမုဒယော ဟောတိ၊ ဒုက္ခဖြစ်ကြောင်း ပေါ်ပြီ။ (မှန်ပါ့)။

အစေးထွက်လာရင် (ဒုက္ခဖြစ်ကြောင်း ပေါ်ပါပြီ)၊ ဒုက္ခသမုဒယော ဟုတ်လား။ (မှန်ပါ့)၊ အစေးကို ခင်ဗျားတို့ မရပ်စဲနိုင်လို့ရှိရင် ဒုက္ခက္ခန္ဓဿ သဘောကျပလား (ကျပါပြီ)။

အစေးထွက်လာရင် (ဒုက္ခသမုဒယောပါ)၊ ဒုက္ခသမု ဒယော။

သွားလိုက်လို့ သူဟာ ဒီအတိုင်း ရပ်လို့ ရသေးရဲ့ လား (မရပါ ဘုရား)။

မရတော့ သူဘယ်ကျမှ ရပ်စဲမယ် ထင်သတုံး မေးတော့ (ဒုက္ခက္ခန္ဓဿပါ ဘုရား)။

ဒုက္ခက္ခန္ဓဿက ဒုက္ခအစုကြီး၊ ဒုက္ခ အကြီးကြီးဖြစ်မှ အကြီးကြီး ကျအောင် သူ အကျိုးပေးမယ်။ (မှန်ပါ့)၊၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အင်မတန် စကားကြီးတယ်

ဒါဖြင့် ဒုက္ခသမုဒယကော မငြိမ်းသရွေ့ ဒုက္ခက္ခန္ဓဿ ဇာတ်မသိမ်းဘူး။ (မှန်ပါ့)။

ဒုက္ခသမုဒယော မသိမ်းသရွေ့ (ဒုက္ခက္ခန္ဓဿ ဇာတ် မသိမ်းပါ ဘုရား)။

ဒါအင်မတန် စကားကြီးတယ်လို့ မောင်မြင့် မှတ် လိုက်စမ်းပါ။ (မှန်ပါ့)။

အစေးထွက်တာဟာ ဒုက္ခသမုဒယော (မှန်ပါ့)၊ ဒုက္ခက ဒုက္ခ၊ သမုဒယောက ဖြစ်ကြောင်း (မှန်ပါ့)။

အစေးထွက်လာရင် (ဒုက္ခသမုဒယောပါ ဘုရား)။ – ဘယ်ကျအောင် သွားမယ်ထင်သလဲ။ (ဒုက္ခက္ခန္ဓဿ ကျအောင်ပါ)၊ ဒုက္ခက္ခန္ဓဿ ကျအောင်သွားမယ်။ (မှန်ပါ့)၊ ဒုက္ခ အစုကြီး ကျအောင် သွားမယ်။

အစေးထွက်လာရင် ဘာပါလိမ့်။ (ဒုက္ခသမုဒယော ပါ ဘုရား)။

ဒုက္ခသမုဒယော ဒုက္ခက=ဒုက္ခ၊ သမုဒယောက= ဖြစ်ကြောင်း။

အစေးထွက်လာတယ်။ (ဒုက္ခသမုဒယောပါ ဘုရား)။

နောက် ဘာတွေ အမြတ်တွေ ထွက်မတုံး။ (ဒုက္ခက္ခန္ဓဿပါ)၊ ဒုက္ခက္ခန္ဓဿ၊ သဘောကျပလား။ (ကျ ပါပြီ ဘုရား)။

ကဲ မောင်မြင့်တို့၊ မောင်အောင်ချီတို့ မင်းတို့ ငယ်လဲ ငယ်သေးတယ်၊ ဒီအစေးဟာ ထွက်လာ ကတည်းက မျိုးစေ့ ကောင်းမကောင်း (မကောင်းပါ ဘုရား)။

သူ ပေါက်လာမည့်ဒုက္ခအစုကြီးဟာကော (မကောင်း ပါ ဘုရား)။

မကောင်းတော့ ဒီအစေး ဘယ်က ထွက်၊ ဒီအပင်က ထွက်၊ ဒီအပင်က ထွက်ချင်လို့ ထွက်တာလားဆိုတော့ ခုတ်လို့ ထွက်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒီအပင်က ထွက်ချင်လို့ ထွက်ရတာလား။ (ခုတ် လို့ ထွက်ရတာပါ ဘုရား)။

ခုတ်အောင် ဒီတောထဲ ဘယ်သူတိုးသတုံးဆိုတော့ ဒီအပင်က တိုးတယ်။ (မှန်ပါ့)၊ ဒီအပင်က မတိုးဘူးလား။ (တိုးပါတယ် ဘုရား)။

ဟ ဒီနေရာ နေစမ်းပါ လွတ်လွတ်ကင်းကင်း၊ နင့်ကို ခုတ်မည့်သူ မရှိပါဘူးဆိုလို့ရှိရင် ပြေးချင် တာက ခုတ်မည့် သူ့ဆီကို (မှန်ပါ့)။

ဘယ့်နှယ်တုံး။ (ခုတ်မည့်သူ့ဆီ ပြေးချင်တာပါပဲ ဘုရား)။

သူ ခြေလျင်သွားရတာတောင် အခုတ်ခံရမှာနှေးမှာ စိုးလို့ မော်တော်ကားတောင်မှ နှေးတယ် ထင်သေးတယ်။ (မှန်ပါ့)၊ ကိုယ်အခုတ်ခံချင်တာက စောနေတယ်။ (မှန်ပါ့)၊ သဘောပါကြပလား။ (ပါတယ် ဘုရား)၊ ရှင်းကြရဲ့လား။ (ရှင်းပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့၏အဖြစ်ကဖြင့် သြော်။ မသိဆိုးရွားလိုက်တာ။ (မှန်ပါ့)။

မောင်နိုင် ဆိုထိုက် မဆိုထိုက်။ (ဆိုထိုက်ပါတယ် ဘုရား)။

မသိ ဆိုးရွားလိုက်တာဆိုတဲ့ စကား ငြင်းဖို့များ လိုသေး သလား။ (မလိုပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒီအစေး မထွက်အောင် ဘယ့်နှယ်လုပ် ပါ့မတုံးလို့ မေးတဲ့အခါ ကျတော့ကိုတဲ့၊ ဒကာ ဒကာမတို့ ဒီအပင်ထဲမှာကို အစေး မရှိအောင် လုပ်တတ်တဲ့နည်း အရေး ကြီးတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒီအပင်ဟာ နဂိုကတော့ အစေးတော့ ရှိတာပဲ၊ အစေး မရှိအောင်လုပ်ဖို့ နည်းကို မရသရွေ့ ကာလပတ်လုံး ခုတ် တိုင်း ထွက်နေမှာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဘာနည်းလိုသလဲ။ (အစေးမထွက်တဲ့ နည်းပါ)၊ အစေးမထွက်တဲ့ နည်း လိုတယ်၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အစေးမထွက်တဲ့နည်း လိုတယ်ဆိုတော့ ဒီအထဲ တွင် ကိလေသာ ပြုံပြီး ငြိမ်းရမယ်။ (မှန်ပါ့)။

ကိလေသာစေး ခန္ဓာထဲတွင် ငြိမ်းရမယ်။ (မှန်ပါ့)၊ အပြင် မထွက်ရဘူး။

အစေးခန်းတဲ့ သစ်ပင်

ခုတ်လိုက်လဲ မထွက်နိုင်တော့ဘူး။ (မှန်ပါ့)၊ ဒီအထဲ တွင် ငြိမ်းအောင်လုပ်ရင် (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် မောင်မြင့်တို့ ဒီခန္ဓာထဲတွင် အစေးဟာ နဂိုက အောင်းနေတယ်။ (မှန်ပါ့)၊ ဒီအထဲတွင် ငြိမ်းသွားရင်၊ ဘယ်လိုခုတ်ခုတ် (မထွက်တော့ပါ ဘုရား)။

ဘုရား ရဟန္တာများလဲ သူသေနဲ့လဲ တွေ့တာပဲ၊ ဓားပြ နဲ့လဲ တွေ့တာပဲ၊ မတွေ့ဘူးလား။ (တွေ့ပါတယ် ဘုရား)၊ ဟို ကျောက်မောင်းဆင်ချတာနဲ့လဲ တွေ့တာပဲ။ (တွေ့ပါ တယ် ဘုရား)။

သို့သော် သူတို့မှာ ဒီအတွက်နဲ့ ပတ်သက်ပြီး သကာလ ပဋိစ္စသမုပ္ပါဒ် စ,သေးရဲ့ လား။ (မစ,ပါ ဘုရား)၊ ဒုက္ခ သမုဒယော လာသေးရဲ့လား။ (မလာပါ ဘုရား)၊ မလာတော့ ဒုက္ခက္ခန္ဓဿ လာနိုင်သေးရဲ့လား။ (မလာနိုင်ပါ ဘုရား)။

သြော် ဒါ ဘာကြောင့် အစေးခန်းတဲ့သစ်ပင် ဖြစ် သွားလို့ (မှန်ပါ့)၊ ရိပ်ကြပလား။ (ရိပ်မိပါပြီ ဘုရား)။

ဘာတဲ့တုံး။ (အစေးခန်းတဲ့သစ်ပင် ဖြစ်သွားလို့ပါ ဘုရား)။

ဒါဖြင့် ဒီနေ့တရား ဘာအရေးကြီးပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ အစေးတော့ တပည့်တော် တို့က အံခွ နေပြီဘုရာ့ ထွတ်တတ်တာ။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ ဘုရား)၊ အစေးသိမ်းတဲ့နည်း လိုသေး တယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အစေးသိမ်းတဲ့နည်း

ဘာသိမ်းတဲ့ နည်းပါလိမ့်။ (အစေးသိမ်းတဲ့နည်းပါ ဘုရား)။

အဲ အစေးသိမ်းတဲ့နည်း ရအောင်ဆိုတော့ လွယ်ပါ တယ်တဲ့၊ အစေးသိမ်းတဲ့နည်း ဆိုတာ တခြား မဟုတ်ဘူးတဲ့။ ခန္ဓာထဲမှာ အောင်းနေတဲ့ အစေးတွေ၊ အနုသယ သဘောနဲ့ တော့ ၁၅၀၀-ကိလေသာ အစေးတွေ ရှိတယ်။ (မှန်ပါ့)။

ဘယ်လောက်ရှိသလဲ။ (၁၅၀၀- ကိလေသာ အစေး တွေ ရှိပါတယ် ဘုရား)၊ နည်းတဲ့ အစေး တွေလား၊ အောင်း နေတာ။ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ နည်းကြသလား။ (မနည်းပါ ဘုရား)။

မနည်းပါဘူးတဲ့၊ ၁၅၀၀-တောင် အစေးတွေ အောင်း နေတာ၊ အပင်နဲ့စာလို့ ရှိရင် သူက များနေတယ်။ (မှန်ပါ့)၊ မများဘူးလား။ (များပါတယ် ဘုရား)။

အပင်နဲ့အစေးနဲ့ ဘယ်သူက များနေသလဲ။ (အစေး က များနေပါတယ် ဘုရား)။

အံမာလေး ကြောက်စရာကြီးပါကလား၊ ဒီအစေးခန်း အောင် မနည်းလုပ်ရဦးမှာပါကလား၊ ဟင် (မှန်ပါ့)။

ကဲ ဒီလိုလုပ်ကြစို့၊ ဒီထင်းပုံကြီး လှည်းအစီး တစ်ရာလောက် တိုက်တယ်နော်။ (မှန်ပါ့)။

လှည်းအစီး တစ်ရာလောက် တိုက်ပြီးပုံထား၊ ဒီပြင် ပက်ထရိုမီးတွေ၊ အီလက်ထရစ်မီးတွေ ဒါတွေနဲ့ ရှို့လိုက် တော့ဖြင့် ကြာဦးမှာပဲ။ (မှန်ပါ့)၊ ငရဲမီးကလေး ပိုးစုန်းကြူး လောက် ချလိုက် အကုန် ပြာကျတယ်။ (မှန်ပါ့)၊ ချလိုက် သည်နဲ့ တစ်ပြိုင်နက်တည်း အကုန် ပြာကျတယ်။ (မှန်ပါ့)၊ ငရဲမီးဟာ ဒီလောက်ပြင်းတယ်။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ဒီမှာလဲ မဂ်မီးနဲ့ ချလိုက်ရင် ၁၅ဝဝ-ကိလေသဟာ သွားတာပဲ။ (မှန်ပါ့)။

မဂ်မီးနဲ့ ချလိုက်ရင် (၁၅၀၀-ကိလေသာ သွားပါ တယ် ဘုရား)။

ခန္ဓာထဲမှာ မဂ်မီးသာ ထည့်ပေးပါ

ဒီ ခန္ဓာထဲမှာ မဂ်မီးသာထည့်ပေး။ (မှန်ပါ့)။

မောင်မြင့် ဘယ့်နှယ်ဆိုကြမလဲ။ (မဂ်မီးသာ ထည့် ပေးရပါမယ် ဘုရား)။

ထည့်ပေးတော့ ဒီအထဲမှာ ၁၅ဝဝ-ကိလေသာအစေး တွေဟာ ဘယ့်နှယ်နေပါ့မလဲ။ (ခန်းခြောက် သွားပါတယ် ဘုရား)။

တစ်ခါတည်း ခန်းခြောက်သွားမယ် ဆိုတော့ ခင်ဗျား တို့ကို အခု ဒါနည်းပေးတာပဲ။ (မှန်ပါ့)။

မင်းတို့ လုပ်နေတဲ့ ဖြစ်ပျက်သိတဲ့ မဂ်သည် ဒီအစေး ခန်းအောင် လုပ်တယ်။ (မှန်ပါ့)၊ အစေး မီးရှို့တယ်။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ဖြစ်ပျက်ရှုတဲ့ မဂ်သည် (အစေးခန်းအောင်လုပ်ပါ တယ် ဘုရား)။

နောက်တော့ ဖြစ်ပျက်အဆုံးမြင်တဲ့ မဂ်ဆိုလို့ ရှိရင် တစ်ခါတည်း ၄-ပုံ ၁-ပုံ ခန်းတာနဲ့ အကုန်ခန်းတာနဲ့ မလာဘူးလား။ (လာပါတယ် ဘုရား)။

အဲဒီတော့ကိုတဲ့၊ မင်းတို့သည် မဂ်မှတစ်ပါး အစေး ခန်းအောင် လုပ်တဲ့နည်း မရှိဘူး။ (မှန်ပါ့)။

ဒကာ ဒကာမတို့ (မဂ်မှတစ်ပါး အစေးခန်းအောင် လုပ်တဲ့နည်း မရှိပါ ဘုရား)၊ အစေးခန်းအောင် လုပ်တဲ့နည်း မရှိဘူးနော်။ (မှန်ပါ့)။

မဂ်သည် ကိလေသာ သတ်တတ်တယ်

ဒါဖြင့် ဖြစ်ပျက်ရှုတဲ့ မဂ်သည် အားကိုးစရာဆိုတာ မပေါ်သေးဘူးလား။ (ပေါ်ပါပြီ ဘုရား)။

ဘာအားကိုးကြမယ်။ (မဂ်အားကိုး ရပါမယ် ဘုရား)။

မဂ်ကတော့ကိုတဲ့ “ကိလေသေ မာရေန္တော”လို့ ဆိုထားတယ်၊ ကိလေသာသတ်တယ်။

မဂ်ဆိုတာ ဘာ့ကြောင့် မဂ်တုံး။ (ကိလေသာ သတ် တတ်သောကြောင့်ပါ ဘုရား)။

ကိလေသာ သတ်တတ်သောကြောင့်၊ မဂ်ဆိုတော့ ကိလေသာ ဖျောက်ဖျက် တတ် သောကြောင့် ဘယ့်နှယ်တုံး။ (မဂ်ပါ ဘုရား)။

ဒါဖြင့် ဒီပြင် ဒါနနဲ့ သွားပြီး သူ့ကို လုပ်လို့လဲ မရဘူး။ (မှန်ပါ့)၊ ကိလေသာကျတော့ သူက မနိုင်ဘူး။ (မှန်ပါ့)၊ မနိုင်တဲ့ အပြင် သူက ဟိုဘဝ, ဒီဘဝ တောင်း တယ်။ (မှန်ပါ့)၊ ကိလေသာတောင်မှ စွာ သွားလိုက်သေး တယ်။ (မှန်ပါ့)၊ မစွာဘူးလား။ (စွာသွားပါတယ် ဘုရား)။

အင်း ဤကဲ့သို့ လှလှကြုံရတဲ့အတွက် နောက်ဘ၀ လှလှဖြစ်ရပါလို၏ဆိုတော့ ဒါနထဲ သူကနေ ခေါင်းဆောင် သွားလိုက်သေးတယ်။ (မှန်ပါ့)။

ကိလေသာ မဆောင်ဘူးလား, ဆောင်သလား။ (ဆောင်ပါတယ် ဘုရား)။

ကဲ ဘယ်လောက်ဆိုးရွားသလဲ။ (ဆိုးရွားပါတယ် ဘုရား)။

သူတို့လောက်တော့ မကြောက်ဘူးကွ။ (မှန်ပါ့)၊

ကိလေသာက မောင်နိုင် ဒါနလောက်များတော့ မကြောက်ဘူး။ (မှန်ပါ့)၊ သီလလောက်ကော (မကြောက်ပါ ဘုရား)၊ မကြောက်သေးဘူး၊ သမထလောက်များကျတော့ အိုဒါဟာ ငါ့လက်အောက်က မထွက်သေးပါဘူးတဲ့။ ငါ့နယ် ရှိသေးတာပဲတဲ့၊ အာသဝနယ်ဟာ သူ့နယ်ကိုး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ မဂ်ကျမှ သူကြောက်တယ်။ (မှန်ပါ့)။

မောင်မြင့် ဘာကျမှ သူ ကြောက်သလဲ။ (မဂ်ကျမှ ကြောက်ပါတယ် ဘုရား)။

ဒါဖြင့် ၁၅၀၀-ကိလေသာမီးကို ဒကာ ဒကာမတို့ ကိလေသာတွေ ဘာနဲ့ ငြိမ်းသတုံးလို့ မေးလို့ရှိရင် မဂ်နဲ့ ငြိမ်းတယ်။ (မှန်ပါ့)၊သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဘာနဲ့ ငြိမ်းကြသလဲ။ (မဂ်နဲ့ ငြိမ်းပါတယ် ဘုရား)။

မဂ်နဲ့ငြိမ်းမှ လိုရင်း ဆိုက်တော့မယ်။ (မှန်ပါ့)၊ ဒီပြင်ဖြင့် ခင်ဗျားတို့ အားကိုးရာကို ဘုန်းကြီး မပေးကို မပေးနိုင်ဘူး။ (မှန်ပါ့)။

နို့မဟုတ်ရင် ရောက်ရာ အစေးထွက်၊ အစေးနဲ့ သေ။ သေပြီး နောက်ထပ် အပင်ပေါက်၊ နောက်ထပ် အပင်ပေါက် အခုတ်ခံပဲ၊ အခုတ်ခံ အစေးထွက်၊ အစေးသတ်လို့သေတယ်၊

ဒါဖြင့် မောင်နိုင် ဘာလုပ်မလဲ။ (မဂ်နဲ့သတ်ရပါ မယ်)၊ မဂ်မီးနဲ့ ဒီအစေးခန်းအောင် လုပ်ရလိမ့်မယ်။ (မှန်ပါ့)။

ဒါ့ကြောင့် မင်းတို့ ကျောင်းလာ တရားအားထုတ် နေတာ ဘာကျေးဇူးရှိသတုံးလို့ သူများက မေးလို့ ရှိရင်ဖြင့် ဒီအစေးဟာ ကိုယ်သတ်တဲ့ အစေး၊ နောင် အပင်ပေါက်စေ တတ်တာ ဒီအစေး မျိုးတွေပဲ၊ ဒါကြောင့် ဒီအစေးခန်းအောင် လုပ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်မှတစ်ပါး ဘာမှမရှိဘူး။ (မှန်ပါ့)၊ ဒါ အကောင်းဆုံးပဲ။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ)။

ဝိပဿနာမဂ် အရင်လုပ်ပါ

ဒါဖြင့် ဒကာ ဒကာမတို့ အစေးခန်းအောင် ဘာ လုပ်ကြမတုံး။ (မဂ်လုပ်ရပါမယ် ဘုရား)၊ မဂ်လုပ်ရမယ်။

မဂ်လုပ်တော့ကို ဖျတ်ဆို လောကုတ္တရာမဂ်က ပေါ် လာတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ဖျတ်ဆို လောကုတ္တရာ မဂ်က ပေါ်လာသလား၊ ဝိပဿနာမဂ်နဲ့ အရင်လုပ်နေရသလား။ (ဝိပဿနာမဂ်နဲ့ အရင်လုပ်နေရပါတယ် ဘုရား)။

ဝိပဿနာမဂ်နဲ့ အရင်လုပ်ပြီးတော့မှ ဝိပဿနာမဂ် ရင့်တော့မှ လောကုတ္တရာမဂ်က လာတာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် မင်းတို့ အခု လုပ်နေတဲ့ ဝိပဿနာမဂ်၊ တော်တော်ကလေး ကြာလာတဲ့အခါ၊ ဒီဝိပဿနာမဂ် ရင့် ကျက်လာတဲ့အခါ ဘာဖြစ်မယ် ထင်သတုံး။ (လော ကုတ္တရာမဂ် လာပါမယ် ဘုရား)။

ဝိပဿနာမဂ်ရင့်မှ လောကုတ္တရာမဂ်က လာမည်

လောကုတ္တရာ အရင် ဝိပဿနာမဂ်က သူက အစေး တော်တော်ခန်းအောင် လုပ်ထားပြီ။ (မှန်ပါ့)၊ တော်တော် ခန်းအောင် လုပ်ထားတဲ့အခါကျတော့၊ သူလိုက်လာတဲ့ အခါ ကျတော့ အပြောင် တိုက်တယ်။ (မှန်ပါ့)၊ လောကုတ္တရာ မဂ်လာတဲ့အခါ ပြောင်းသွားတာပဲ။ (မှန်ပါ)။

ဒါဖြင့် ဒီအပင်ကြီးသည် အစေးထွက်တဲ့အပင် ကျန် ရစ်နေတယ်။ (မှန်ပါ့)၊ ဒါကြောင့် ရဟန္တာတွေ ကျတော့ အစေး မထွက်တဲ့အပင် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘုရားတွေ ကျတော့(အစေး မထွက်တဲ့ အပင်ပါ ဘုရား)။

အစေး မထွက်တဲ့ အပင် ဖြစ်ပြီး သကာလ နေသော ကြောင့် သူတို့မှာတော့ဖြင့် လောကဓံ ရှစ်ပါးနဲ့တွေ့ရင် တုန် လှုပ် ချောက်ချားမှု ဘယ့်နှယ် နေသလဲ။ (မရှိပါ ဘုရား)။

ဘာဖြစ်လို့လဲ (အစေးခန်းခြောက်လို့ပါ)၊ အစေး ခန်းခြောက်လို့ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် အစေးခန်းခြောက်သလဲ

ဘယ့်နှယ်ကြောင့် သူတို့ ခန်းခြောက်သွားပါလိမ့်မတုံး မေးရင် ဘယ့်နှယ် ဖြေကြမလဲ။ (မဂ်နဲ့သတ်လို့ပါ)၊ မဂ်နဲ့ ခန်းခြောက်အောင် လုပ်ပြီးသား ဖြစ်နေတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

ဒါဖြင့် မင်းတို့ရှုနေတဲ့ဥစ္စာ စိတ်ရှုလဲ မဂ်ပေါ်မှာပဲ။ (မှန်ပါ့)၊ ဝေဒနာရှုကော (မဂ်ပေါ်မှာပါ)၊ ကျေးဇူး ရှိတယ် ဆိုတာတော့ သေချာပလား။ (သေချာပါပြီ)။

ကိလေသာ အစေးကတော့ (ခန်းပါတယ် ဘုရား)၊ ခနီးရမှာချည်းပဲ၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်လဲ (ဖြစ်ပျက် မြင်ရင် ခန်း ရမှာပါပဲ ဘုရား)။

ဖြစ်ပျက်မြင်ရင် ခန်းပါတယ်

ဖြစ်ပျက်မြင်ရင် ခန်းတာပဲဆိုတော့ ဒီအစေးခန်းသွား လို့ ရှိရင်ဖြင့် သောတာပန် ၄-ပိုင်း ၁-ပိုင်း ခန်းတာပဲ။ (မှန်ပါ့)၊ သကဒါဂါမ်လဲ ထို့အတူပဲ၊ ၄-ပိုင်း ၁-ပိုင်း သာသာ ကလေးပဲ ခန်းတာပဲတဲ့၊ အနာဂါမ် ကျလို့ ရှိရင်ဖြင့် ထက်ဝက် ကုန်တယ်၊ ရဟန္တာကျလို့ ရှိရင် အကုန်-ကုန်ပြီ။ (မှန်ပါ့)။

ဒါ မဂ်လေးဆင့်နဲ့ မင်းတို့သည် ဖြစ်ပျက်ကို ရှုတဲ့ မဂ်ကိုသာ အားကိုး။ (မှန်ပါ့)၊ ဒီအားကိုးလို့ ရှိရင် နောက် မဂ်လာလိမ့်မယ်၊ နောက်မဂ်လာလို့ရှိရင် အစေးတွေ ခန်းလိမ့် မယ်၊ အစေးလှဲခန်းရော သောတာပန်ရင်လဲ ဆိုင်းဘုတ်ဆွဲ မယ်။ (မှန်ပါ့)၊ အစေး ၄-ပုံ ၁-ပုံခန်းရင် သောတာပန် ပဲ။ (မှန်ပါ့)၊ ၄-ပုံ ၁-ပုံ သာသာလေး ခန်းရင် သကဒါဂါမ် ပဲ၊ ထက်ဝက်လောက် ခန်းရင် အနာဂါမ်၊ အကုန်ခန်းရင် ရဟန္တာပဲ။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် အစေးခန်းတဲ့အလုပ်မှတစ်ပါး အားကိုးရာ ရှိသေးရဲ့ လား။ (မရှိပါ ဘုရား)၊ ဘယ်လို ဓားနဲ့ခုတ်ခုတ် အစေးထွက်သေးရဲ့လား။ (မထွက်တော့ပါ ဘုရား)။

မထွက်တော့ အစေးတွေဟာ နောက်ထပ် ဒီအပင် သတ်စရာ ရှိသေးရဲ့ လား။ (မရှိပါ ဘုရား)၊ နောက် အပင်ပေါက်စရာ (မရှိပါ ဘုရား)။

ဒါဖြင့် မဂ်ပဲ အားကိုးစရာရှိတုယ်ဆိုတာ သေချာကြ ပလား။ (သေချာပါပြီ)၊ ရှင်းပြီနော်။ (ရှင်းပါပြီ)။

ကဲယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။