087

ကံခြောက်မျိုး

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

“ကံခြောက်မျိုး”

(၆-၁၂-၅၉)

ဒကာ၊ ဒကာမတို့ မှတ်ထားကြပါ (မှန်ပါ)။

ဒီနေ့ ဘာဟောမှာတုန်း၊ (ကံခြောက်ချက် ဟောမှာပါ)။ ကံခြောက်ချက်ကို ဟောလိမ့်မယ်လို့ ဘုန်းကြီး တို့ ဒကာ-ဒကာမတွေ မှတ်ထားကြစမ်းပါ။

အဲ့ဒီတော့ ဒီကံနဲ့ ပတ်သက်လာတော့ ရှေးဦးစွာ ဒိဋ္ဌိ ကလေးကို ဖြုတ်ပေးပါရစေဦးတဲ့ ဒကာ-ဒကာမတွေနော် (မှန်ပါ)။ ကံနဲ့ပတ်သက်လာတော့ ကံမဟောမီ ရှေ့အဖို့ ကာလ၌, ကမ္မဝါဒီဒိဋ္ဌိ ဖြစ်မှာကို ဘုန်းကြီး များကလည်း, အင်မတန် စိုးရိမ်တယ် (မှန်ပါ)။

ကမ္မဝါဒီ၊ ဒိဋ္ဌိဖြစ်မှာစိုးရိမ်လို့

ကမ္မဝါဒီဒိဋ္ဌိ ဖြစ်မှာကို စိုးရိမ်သည်, ကမ္မဝါဒီဒိဋ္ဌိ ဖြစ်မှာ ကို စိုးရိမ်သည်လို့ ဆိုတာ ဒကာ-ဒကာမတွေ မှတ်ထားကြပါ (မှန်ပါ)။ ဘာစိုးရိမ်ပါလိမ့်၊ (ကမ္မဝါဒီ ဒိဋ္ဌိ ဖြစ်မှာကို စိုးရိမ် ပါတယ်)။ ကမ္မဝါဒီ ဒိဋ္ဌိဖြစ်မှာ သိပ်စိုးရိမ်တယ်။

ကိုင်း, နိုးနိုးကြားကြားနဲ့ တကယ် သတိထားပြီး သကာ လမှ ဪင ါတို့လည်း ဆရာဘုန်းကြီး ပြင်ပေးပေါ့, ဘုရားက လည်း ပြင်ပေးပေါ့လို့ အောက်မေ့ကြစမ်းပါနော် (မှန်ပါ)။

ဒကာ- ဒကာမတွေက ဘာများ အားကိုးနေကြသတုံး လို့ မေးလို့ရှိရင်ဖြင့် နိဗ္ဗာန် မရမီ စပ်ကြား ဘုရား ကံဘဲ အားကိုး ရတာပေါ့, ဒီလိုမယူကြဘူးလား (ယူကြပါတယ်)။ နိဗ္ဗာန် မရမီစပ်ကြား၊ (ကံဘဲ အားကိုး နေရပါတယ်)။ ကံဘဲ အားကိုး ရတယ်ဘုရားလို့ ဆိုတော့, သြော် ဒကာ-ဒကာမတွေ ကံကိုဘဲ အားကိုးလုံး ထားကြတယ်နော်၊ (မှန်ပါ)။

ကံကိုဘဲ အားကိုးလုံး ထားပြီး သကာလ နေကြပါ တယ်, ဘာ့ကြောင့် ကံကို အားကိုးလုံး ထားကြ ပါလိမ့်မတုံး လို့ မေးတဲ့ အခါကြလို့ ရှိရင်ဖြင့် တချို့သော သုတ္တန် ဒေသနာတော်မှာ ကမ္မသကော – ကံသာလျှင် မိမိဥစ္စာ, ဒီလိုဟောထား တာ ရှိတယ် (မှန်ပါ)။

ဗုဒ္ဓဘာသာမှန်ရင် ကံအားကိုးကြတယ်

“ကမ္မဒါယာဒေါ”- ကံသာလျှင် အမွေဆိုင်၊ “ကမ္မယောနိ”- ကံသာလျှင် ဖြစ်ကြောင်း, “ကမ္မပ္ပဋိဿရဏာ”- ကံသာလျှင် ကိုးကွယ်ရာ ရှိ၏။

ဒါလေးကလည်း ကြားဘူးပြီး သကာလ နေတော့, သြော် တို့မှာ ကံဘဲ အားကိုးရာ ဆည်းကပ်ရာ ရှိတော့ တာဘဲ ကံအားကိုးရာ အဖြစ် မယူကြလား (ယူကြပါ တယ်)။

အင်း ဒါတော့ဖြင့် လူတိုင်း အယူလို့ဘဲ ဗုဒ္ဓဘာသာမှန် က, လူတိုင်း အယူလို့ဘဲလို့ မဆိုထိုက် ဘူးလား (ဆိုထိုက် ပါတယ်)။ ကိုမြင့်တို့ မောင်နိုင်တို့ ဘာများ အားကိုးနေကြ တုံး, ကံဘဲပေါ့ ဘုရား, တပည့်တော်တို့ မိုးကုတ်မြို့ဆို, ကံ အမိ ကံအဖမှ ကံပေး ရတာဘဲဘုရား, ကံကျွေး လှတာဘဲဘုရား, ဒါအမြဲတမ်း ပြောနေကြတယ် (မှန်ပါ)။

ဘယ့်နှယ် မင်းတို့ကံက ဘယ်ကံတုန်းလို့ မေးတဲ့ အခါ, အိုဘုရားကလည်း ဟောထားသား ဘုရား၊ “ဆာယာဝ အနုပါယိနီ”- ကံသည် အရိပ်သဖွယ် နောက်က လိုက်နေတယ်, မဟောဘူးလား (ဟောပါတယ်)။ “ရထစက္ကံဝ ယာယီတော” ဆိုတဲ့အတိုင်း တချို့သုတ္တန် ဒေသနာတွေကျလို့ ရှိရင်ဖြင့် ရထား သွားတဲ့အခါ ရထား၏ ဘေးက ဘီးခွက်တွေဟာ သြော် မော်တော်ကား သွားတဲ့ အခါ မော်တော်ကား ဘီးခွက်တွေ မော်တော်ကား သွားရာ လိုက်တယ် (မှန်ပါ)။

အဲ့ဒီလို ကံက နောက်က လိုက်ပြီး သကာလ နေတယ် လို့ ယူပြန်လို့ ပြန်လို့ ရှိရင်လည်း, ဒါသုတ္တန်နည်း လို့ မှတ်လိုက် စမ်းပါ။ (မှန်ပါ)။ သုတ္တန်နည်းလို့ မှတ်လိုက်စမ်းပါ ဒကာ ဒကာမတို့၊

တကယ် လိုက်နေတယ်လို့ ခင်ဗျားတို့ ထင်လို့ရှိရင်ဖြင့် ဒီကံဟာ ဘယ်တော့မှ မချုပ်မပျက်တဲ့ သဿတဒိဋ္ဌိ ဘက်သွား မယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ ဒီကံဟာ ဘယ်တော့မှ မဖြစ် မပျက်တဲ့ ဘယ်ဘက်ကို သွား ပါလိမ့် (သဿတ ဒိဋ္ဌိဘက် သွားပါတယ်)။

နွားသွားရာ၊ လှည်းဘီးလိုက်သလို

ဪ ဒါဖြင့် ကံအားကိုးတဲ့ ပုဂ္ဂိုလ်, ကံက အရိပ်ပမာ လိုက်ပြီးမှ နောက်က နေတယ်, ကံသည်ကား ဆိုရင် ရှေ့ကနွား သွား နောက်က အင်း-လှည်းဘီး လိုက်နေသလို, ရထားသွား နဘန်းစွန်း ဆိုတဲ့ မင်းချိပ်ကလေး လိုက်နေသလို, သြော်-တို့နောက်က သူဘဲ စောင့်ရှောက်, သူဘဲ လိုက်နေတာကိုးလို့ ဒီအယူ, တရားရည်မဝတဲ့ ပုဂ္ဂိုလ်များ, ဤမျှလောက်ကို တရား နာထားရတဲ့ ပုဂ္ဂိုလ်များ, ကံပေါ်မှာ သဿတဒိဋ္ဌိ ရှိတယ် (မှန်ပါ)။ ဘယ်လိုဆိုကြမလဲ (ကံပေါ်မှာ သဿတဒိဋ္ဌိ ရှိပါတယ်)။ ကံပေါ်မှာ သဿတဒိဋ္ဌိ ရှိတယ် (မှန်ပါ)။

ကံကိုမပျက်တဲ့သဘောယူနေ

ကံ-နောက်က လိုက်နေတယ် ဆိုတော့ မပျက်မစီး မဖောက်မပြန် ဒီအဓိပ္ပါယ် ရောက်မနေ ဘူးလား (ရောက်နေပါတယ်)။ ဒါ ဒကာ-ဒကာမတွေ အားလုံးဘဲ လေးလေး နက်နက် မှတ်ပါ။ ပြောနေတယ်နော် (မှန်ပါ)။ ဒီ အယူ ရှိ, မရှိ အကဲခတ်ကြပါ (ရှိပါတယ်)။ ဦးပါလေး (ရှိပါတယ်)။ ဒီဘက်က ဒကာတွေ ရှိ-မရှိ (ရှိပါတယ်)။ ရှိ မရှိ ဆိုတော့ ကံဟာ မပျက်တဲ့အဓိပ္ပါယ်ကို ယူတဲ့သဘော ရောက် မရောက် (ရောက်ပါတယ်)။

ဪ-ဒါဖြင့် ကံကို မပျက်တဲ့ အဓိပ္ပါယ် ယူနေတော့ အနတ္တ ဆိုတဲ့ တရားဟာ တစ်ခါတည်း ဒကာ-ဒကာမတွေ သန္တာန်မှာ အတ္တ ဖြစ်ရတော့မယ်၊ ကံဆိုတာ “စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” ဘိက္ခဝေ၊ ရဟန်းတို့၊ အဟံ- ငါ ဘုရားသည်။ စေတနာ- မင်းတို့သန္တာန်၌ ဖြစ်တဲ့ စေတနာ ဆိုတဲ့ သင်္ခါရက္ခန္ဓာ လေးကို။ ကမ္မံ- ကံဟူ၍။ အဟံ- ငါဘုရားသည် ဝဒါမိ-ဟော၏။ စေတနာ ဆိုတဲ့ နာမ်ဓမ္မ လေးကို ကံဟော တာ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

ကံဆိုတာ စေတနာ နာမ်ဓမ္မ

ကံဆိုတာ ဘယ်သူ့ဟောတာပါတုန်း (စေတနာ နာမ်ဓမ္မကို ဟောတာပါ)။ စေတနာ နာမ်ဓမ္မကို ဟောတယ်, နာမ်ဓမ္မဖြင့် ဒကာ-ဒကာမတွေက အကဲခတ်ကြ, အကဲခတ် ဒီစေတနာလေး ခန္ဓာဖွဲ့လို့ ရှိရင် ခန္ဓာထဲမှာ ဘယ်ခန္ဓာ အကျွမ်း ဝင်သတုံးဆို သင်္ခါရက္ခန္ဓာ ထဲမှာ အကျွမ်းဝင်တယ် (မှန်ပါ)။ ဘယ်ထဲ အကျွမ်းဝင်ပါလိမ့်၊ (သင်္ခါရက္ခန္ဓာထဲ အကျွမ်းဝင် ပါတယ်)။

ဒါဖြင့် – “သင်္ခါရာ အနတ္တာ၊ သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿံသု၊ န ယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ၊ လဗ္ဗေထ စ သင်္ခါရေသု ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသုန္တိ၊ ယသ္မာ စ ခေါ ဘိက္ခဝေ၊ သင်္ခါရာ အနတ္တာ၊”

စေတနာလေး ပါသွားပြီ (မှန်ပါ)။ “တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ၊ နစ လဗ္ဘတိ သင်္ခါရေသု” နဲ့ အနတ္တလက္ခဏသုတ်မှာ “သင်္ခါရာ အနတ္တာ” လို့ဟောတယ် (မှန်ပါ)။ မဟောဘူးလား (ဟောပါတယ်)။

စေတနာကို ဘာဟောလိုက်တုံး (အနတ္တလို့ ဟောပါတယ်) အနတ္တလို့ ဟောထားတာကို ဒကာ- ဒကာမတို့ ဖြစ်ပြီးပျက်တဲ့ သဘောပဲ ရတယ် (မှန်ပါ)။ အဲ့ဒါတွေ လူသွားရာ အရိပ်ပါသကဲ့သို့ လိုက်ပြီး သကာလ နေတယ်လို့ ယူလိုက်လို့ ရှိရင်လည်း, အနတ္တ- အတ္တ ဖြစ်ပါပေါ့လို့ ဗုဒ္ဓဘာသာမှာ ဆုံးဖြတ်ချက် ချလိုက်ပါ (မှန်ပါ)။ အနတ္တ ဘာဖြစ်သွားတုံး (အတ္တဖြစ်သွားပါတယ်)။

မောင်နိုင် ဒါမပြင်ရင် မဖြစ်ဘူး (မဖြစ်ပါဘူး) အားလုံး ဒကာ ဒကာမတွေ ဒါ-မပြင်ရင် (မဖြစ်ပါဘူး)။ ဗုဒ္ဓဘာသာမှာရှိတဲ့ အတ္တဝါဒဒိဋ္ဌိ၊ (မှန်ပါ)။ စာလိုသုံးတော့ ကမ္မဝါဒီဒိဋ္ဌိ (မှန်ပါ)။ ဒီမရောက်ဘူးလား (ရောက်ပါတယ်)။

အင်း-အနတ္တလက္ခဏသုတ် နဲ့လည်း အသေအချာ ဟောလိုက်တော့လည်း, သူအနတ္တထဲ အပါအဝင် ဖြစ်နေ တယ် (မှန်ပါ)။ မပါဘူးလား (ပါ,ပါတယ်)။ အနတ္တထဲ အပါအဝင် ဖြစ်ပြီး သကာလ သွားတော့တယ် ဆိုတာ ဒကာ-ဒကာမတွေ ရှင်းရှင်း လင်းလင်းဘဲ မှတ်ထား လိုက်သေးတာပေါ့ (မှန်ပါ)။

ဆောင်ဟောတာလို့မှတ်ပါ

ဒါဖြင့် လူသွားရာ အရိပ်ပါသလို လိုက်နေတယ်ဆိုတဲ့ ဥစ္စာ,ဒါ-ဒကာ ဒကာမတို့ တစ်နေ့က ပြောသလို နေယျတ္ထ ဆောင်ပြီး သကာလ, သတ္တဝါတွေမှာ သြော်, ကံအမိ-ကံအဖ လို့ဆိုတာ သိပါစေတော့ ဆိုပြီး သကာလ, ထင်ရှားအောင်ကို ဆောင်ဟောတာလို့ မှတ်ပါ (မှန်ပါ)။

နီတတ္ထ ဒေသနာကျတော့ “သင်္ခါရာ အနတ္တာ” လို့ ဟောလိုက်တယ် (မှန်ပါ)။ သင်္ခါရာ-စေတနာ ဆိုတဲ့ သင်္ခါရက္ခန္ဓာ လေးဟာ။ အနတ္တာ- ငါမဟုတ် ဆိုတော့ အနတ္တ ဟုတ်တယ်ပေါ့ဗျာ၊ (မှန်ပါ)။ သဘော ကျလား (ကျပါတယ်)။

ဒါဖြင့် စေတနာ ကလေးဟာ နောက်က လိုက်နေပါ သလား၊ အနတ္တမို့ ပြုတဲ့နေရာမှာဘဲ ချုပ်ပါ သလားလို့ မေးရင် ဘယ့်နှယ် ဖြေကြမလဲ (ပြုတဲ့ နေရာမှာဘဲ ချုပ်ပါတယ်)။ ဒါဖြင့် အဲ့ဒါ မှတ်ထားလိုက် (မှန်ပါ)။ နော် (မှန်ပါ)။ သတ္တဝါတွေ ငဲ့ပြီး နေယျတ္ထ ဆောင်ပြီး သကာလ, သိဖို့ရာ နေရာကျ, နေရာကျတဲ့ အခါကျတော့ လူသွားရာ အရိပ်ပါ သလိုပေါ့ကွာ, သူက နောက်က လိုက်နေ တာဘဲ, ကံအမိ, ကံအဖနဲ့ မင်းတို့ နေကြရတယ် (မှန်ပါ)။

ကမ္မဿကော- ကံသာလျှင် မိမိဥစ္စာ, တစ်ခါတည်း ဘုရားက, “ကမ္မယောနိ ကမ္မဒါယာဒေါ” လို့ အင်း အဘိဏှသုတ် များ ဟောလိုက်တဲ့ဖြစ်ခြင်း, ဒကာ-ဒကာမတို့ မယူတတ်လို့ ရှိရင် ကံအပေါ်မှာ သဿတဒိဋ္ဌိ ဖြစ်နေတယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

မယူတတ်လို့ရှိရင် (ကံအပေါ်မှာ သဿတဒိဋ္ဌိ ဖြစ်နေပါတယ်)။ အင်း ကံဘဲ တို့နောက်က အမြဲလိုက်ပြီး သကာလ နေတော့ တို့ဘာစိုးရိမ်စရာ ရှိတုံး တို့ကံကောင်း တွေ နောက်က လိုက်နေ တာဘဲ, ကံအမိ, ကံအဖတွေက အမြဲ စောင့်ရှောက်ပြီး သကာလ နေတယ် ဆိုတော့ သူတို့က ဘယ်တော့မှ မပျက်မစီးတဲ့ တရား၊ တနေ့က ပြောသလို ထိုးလဲ လိုက်ပြန်ရင် ဆွဲထူတဲ့ သဘော (မှန်ပါ)။

စီးပွား လျှော့သွားတယ် ဆိုရင် သူက ထည့်ပေးမယ့် သဘော, (မှန်ပါ)။ မကျန်းမာဘူးဆို သူကနေ ကျန်းမာအောင် လုပ်ပေးမယ့် သဘော, ဒီမရောက်ပေဘူးလား (ရောက်ပါတယ်)။

ရောက်တော့ သူက နောက်က တစ်ခါတည်း ဒကာ ဒကာမတွေကို အမေ၊ အဖေ ကလေးလေး သွားတဲ့ နောက်ကို အမေအဖေက နေပြီး သကာလ, မလဲမပြုအောင်, လက်မောင်းလေး ဆွဲပြီး သကာလ, နောက်က လိုက်နေသလို, လိုက်တဲ့ အဓိပ္ပါယ်မျိုး, ယူထားလို့ရှိရင် ဘာဒိဋ္ဌိ ဖြစ်ကြမယ် (သဿတဒိဋ္ဌိ ဖြစ်ပါတယ်)။ ရှင်းကြလား၊ (ရှင်းပါတယ်)။

ဗုဒ္ဓဘာသာမှာရှိတဲ့ဒိဋ္ဌိ

အဲ့ဒါ ဗုဒ္ဓဘာသာမှာ ရှိတယ်လို့ ဘုန်းကြီးကပဲ ယူ လိုက်ပါတယ် (မှန်ပါ)။ ဘယ့်နှယ် ဆိုကြမလဲ (ရှိပါတယ် ဘုရား)။ ဗုဒ္ဓဘာသာမှာရှိတဲ့ ဒိဋ္ဌိဘဲလို့ ဆိုလို့ရှိရင် ကံပေါ်မှာ သဿတဒိဋ္ဌိ ရှိနေတယ်၊ ခိုင်မြဲတယ် လို့ယူတဲ့ သဿတဒိဋ္ဌိ ရှိ-မရှိ (ရှိပါတယ်)။

ဒါဖြင့် အနတ္တလက္ခဏသုတ်နဲ့ ညှိလိုက်တဲ့ အခါကျတော့ သူမြဲတဲ့တရားလား, မမြဲတဲ့ တရားလား (မမြဲတဲ့ တရားပါ) “သင်္ခါရာ အနတ္တာ, သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿံသု” တကယ်လို့ မင်းတို့နောက်က လိုက်နေတယ်လို့ ဆိုငြားအံ့ ဟုတ်လား၊ (မှန်ပါ့)။ “န ယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျ၊” ဒီသင်္ခါရလေးဟာ ပျက်စီးစရာ အကြောင်းကို မရှိဘူးတဲ့၊ မင်းတို့နောက်က လိုက်နေလို့ရှိရင် (မှန်ပါ)။ ရှိသေးရဲ့လား (မရှိပါဘူး)။

“နစ လဗ္ဘတိ သင်္ခါရေသု, ဧဝံ မေ သင်္ခါရာ ဟောန္တ၊ ဧဝံမေ သင်္ခါရာ မာ အဟေသုန္တိ၊” ဒီသင်္ခါရ ဖြစ်, ဒီသင်္ခါရ-ကံ မဖြစ် စေသတည်း၊ အကုသိုလ် စေတနာ ဘယ်တော့မှ မလာစေ သတည်း, ကုသိုလ် စေတနာသာ ငါ့နောက်က လိုက်စေ သတည်း ရလား၊ (မရပါဘူး)။ မရတော့ ဪ ဒါဖြင့် အနတ္တဘဲ လို့ ဆိုကြပါစို့နော်(မှန်ပါ)။

နို့ ဘယ့်နှယ်ကြောင့် သုတ္တန် ဒေသနာတော်မှာ “ဆာယာဝ အနုပါယိနီ ရထဿာဏီဝ ယာယတော,” ဟောရ ပါလိမ့်မလဲ လို့မေးတော့ နေယျတ္ထ ဆောင်ပြီး သကာလ, သတ္တဝါတွေ သိအောင် လို့ ဟောလိုက် တာပါ (မှန်ပါ)။ ဆောင်ဟောတဲ့ အဓိပ္ပါယ်ဘဲ၊ တိုက်ရိုက် မယူလိုက်ပါနဲ့ ကံ

နောက်က တကယ် လိုက်နေတယ်လို့ မယူလိုက်ပါနဲ့ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ ဆောင်ဟော တဲ့ အဓိပ္ပါယ်နော် (မှန်ပါ)။ တိုက်ရိုက် ယူလိုက်ရင် (မှားပါတယ်)။ မှားသွားမယ် ဆိုတာ သဘောကျလား (ကျပါတယ်)။

အင်း-ဒကာ-ဒကာမတွေ နားကြီးကြီးနဲ့ ထောင်ပါ, ကံ ခြောက်ချက် မဟောခင် ကံကို ရှင်းပေး နေတယ် ဆိုတာ မှတ် လိုက်စမ်းပါနော် (မှန်ပါ)။

ဒါဖြင့် တပည့်တော်တို့ လုပ်တဲ့ ကံတွေဟာ အဟောသိ ကံဘဲ ဖြစ်ရတော့မလားဘုရား လို့ ဒကာ-ဒကာမတွေက မေးဖို့ မလိုဘူးလား (လိုပါတယ်)။ ဒကာ-ဒကာမတို့ အဟော သိကံလည်း ရှိတာပဲ, အဟောသိကံ မဟုတ်တာလည်း ရှိတာဘဲလို့ ဘုန်းကြီးကဘဲ အဖြေထုတ် ပါတယ် (မှန်ပါ)။ အဟောသိကံ လည်း ရှိတာပါဘဲ, သဘောကျလား (ကျပါတယ်)။ အဟောသိကံ မဟုတ်တာ တွေကော (ရှိပါတယ်)။

စေတနာ၊ ကံဟာ ဒီနေရာပေါ်ဒီနေရာချုပ်

နို့ အဟောသိကံ မဟုတ်တာ အဟောသိကံတော့ ရှိပါစေတော့ ဘုရား၊ အဟောသိကံ မဟုတ်တာ တွေကတော့ ဘယ်လို များပါလိမ့်မလဲလို့ မေးတဲ့ အခါကျလို့ရှိရင် ဒီကံဟာ ဒီမှာပဲချုပ်မယ် (မှန်ပါ)။

ဆွမ်းတော်တင်တဲ့ နေရာမှာ ဆွမ်းတော်တင်တဲ့ စေတနာ ကံလေးဟာ, ဆွမ်းတော် တင်တဲ့ နေရာမှာ ချုပ်မယ် (မှန်ပါ)။ မီးထွန်းတဲ့ စေတနာ ကံလေးဟာ (မီးထွန်းတဲ့ နေရာမှာ ချုပ်ပါမယ်ဘုရား)။ မေတ္တာ ပို့တဲ့ စေတနာကံလေး ဟာ (မေတ္တာပို့တဲ့ နေရာချုပ်ပါတယ်)။ ချုပ်တာဘဲ, သူဘယ်နည်းနဲ့မှ သတ္တဝါ နောက်လိုက်နိုင်ရဲ့လား (မလိုက်နိုင်ပါဘူး)။ ကျေနပ်ပလား (ကျေနပ်ပါတယ်)။ မလိုက်ဘူး ဆိုတာ သေချာပြီလား (သေချာပါတယ်)။

တိုက်ရိုက် ယူလိုက်တော့ တိုက်ရိုက် အဘိဓမ္မာ ဒေသနာတော် ပုဂ္ဂိုလ်သတ္တဝါမငဲ့ဘဲနဲ့ အမှန်ကို ပြောဟောပြီး သကာလ ယူလိုက်တော့ မလိုက်ပါဘူး (မှန်ပါ)။ ဒကာ ဒကာမတို့ ဘယ်လိုဆိုကြမလဲ (မလိုက်ပါဘူး)။ မလိုက် ပါဘူး တိုက်ရိုက် ဟောတော့ မလိုက်ပါဘူးလို့ ဆိုတာသာ မှတ်လိုက်ပါတော့ (မှန်ပါ)။ ရှင်းပြီလား၊ (ရှင်းပါတယ်)။ ဟေး-ဦးသန်းကြီးတို့ ကျေနပ်ကဲ့လား (ကျေနပ်ပါတယ်)။

အေး- အနတ္တလက္ခဏ သုတ်နဲ့ ညှိပြ လိုက်တယ်နော် (မှန်ပါ)။ မလိုက်တာ သေချာတယ် မဟုတ်လား (သေချာပါတယ်)။ ဘာ့ကြောင့် မလိုက်သတုံးလို့ မေးတဲ့ အခါကျတော့ အို-နာမ်ဓမ္မ လည်းဖြစ်, အနတ္တလည်း ဖြစ်နေ လို့ ပုဂ္ဂိုလ် သတ္တဝါနဲ့ သူဘာမှ မဆိုင်ဘူး (မှန်ပါ)။

သူ့ဟာသူ အကြောင်း တိုက်ဆိုင်ပြီး သကာလ စေတနာ လေးဟာ ဘုရားနဲ့တွေ့လို့ ဘုရား လှူချင်တဲ့ စေတနာ လေးပေါ်၊ ပေါ်တဲ့ နေရာဆုံးပြီ (မှန်ပါ)။ တရားနဲ့တွေ့တော့ တရားနာ ချင်တဲ့ စေတနာလေးပေါ်၊ ပေါ်တဲ့နေရာမှာ (ဆုံးပါ တယ်)။ သံဃာနဲ့တွေ့လို့ ဦးတိုက် ချင်တယ်, ရှိခိုး ချင်တယ်, ရှိခိုးချင်တဲ့ နေရာမှာဘဲ (ဆုံးသွားပါတယ်)။ ဒီစေတနာလေး ချုပ်ရမယ် (ချုပ်ပါတယ်)။ သဘောကျလား (ကျပါတယ်)။

ဒါဖြင့်ဘုရား တပည့်တော်တို့ပြုတာ အဟောသိကံ ဖြစ်ရတော့မလားလို့ မေးတော့ အဟောသိကံ တော့ဖြင့် ဒကာ-ဒကာမတို့ နိဗ္ဗာန် မရောက်သေးရင် အဟောသိကံတော့ မဖြစ်သေးပါဘူး (မှန်ပါ)။ အပရာပရိယဝေဒနီယ ကံတွေက ရှိသေးတာကိုး (မှန်ပါ)။ ဥပပဇ္ဇဝေဒနီယ ကံတွေက ရှိသေး, အဟောသိကံတော့ မဖြစ်ပါဘူးလို့ ဘုန်းကြီးကလည်း ဖြေပါတယ် (မှန်ပါ)။ သဘောကျလား၊ (ကျပါတယ်)။

သူတော့ မလိုက်တာ အမှန်ဘဲ (မှန်ပါ)။ သူ တော့ မလိုက်တာ အမှန်ပါဘဲ ဆိုတာကော သဘောကျလား (ကျပါတယ်)။ ကိုင်း-ဒါဖြင့် သူမလိုက်ဘဲနဲ့ ဘယ်လိုများ တပည့်တော်များ အကျိုးပေး ပါလိမ့်မလဲလို့ မေးဖို့ မလိုဘူးလား၊ (လိုပါတယ်)။

အို-ဒီလို ဒီလို ဒကာ-ဒကာမတို့ ဒီမှာ လူနာမ်ရုပ်နဲ့ လူစေတနာ တည်းဟူသော လူ့သန္တာန် ပေါ်တဲ့ စေတနာတည်း ဟူသော နာမ်စေတနာ တည်း ဟူသော နာမ်ကနေပြီး ကာယကံ နဲ့ လှူလိုက် တန်းလိုက် ပေးလိုက် ကမ်းလိုက် တယ်နော် (မှန်ပါ)။ အဲ့ဒီတော့ ဒါ ကာယကံ ဆိုကတည်းက ကာယကံက စေတနာ, ကာယဒွါရမှာ ဖြစ်ဖို့ ရုပ်တရားတွေကော မပါပေဘူး လား (ပါ,ပါတယ်)။

ဝစီကံဆိုတာ စေတနာ မဟုတ်လား (ဟုတ်ပါတယ်)။

အသံတွေက ရုပ်မနေဘူးလား (မှန်ပါ)။ ဝစီကံ, သဘောကျလား၊ (ကျပါတယ်)။

မနောကံဆိုတာ မနောက ကံဘဲ မဟုတ်လား (ဟုတ်ပါတယ်)။ အင်း-သူနဲ့ သဟဇာတ ဖြစ်တဲ့ မနောရုပ် ဆိုတာကော မရှိဘူးလား (ရှိပါတယ်)။ အင်း-စိတ်ထဲ ပြုံးရွှင်ပြီး သကာလ လာတဲ့ မနောရုပ် တွေလည်းရှိလျက်ပါဘဲ။ (မှန်ပါ)

အဲ့ဒီတော့ ဒီနာမ်ရုပ်ဟာ ဒီနေရာမှာဘဲ ချုပ်တယ်လို့ ဒကာ-ဒကာမတွေက ဆုံးဖြတ်ချက် ချပါ(မှန်ပါ)။ ဘုရား ရှိခိုးတယ်, စေတနာရော ရုပ်ရော ဘုရား ရှိခိုးတဲ့နေရာ ချုပ် တယ် (မှန်ပါ)။ တရားနာတဲ့ စေတနာနဲ့ တရားနာတဲ့ ရုပ်ဟာ (ချုပ်သွားပါတယ်)။ တရားနာတဲ့ နေရာမှာဘဲ ချုပ်လိုက်ပါတော့ (မှန်ပါ)။

မနောထဲမှာ ဝမ်းမြောက်ပြီး သကာလ နေတဲ့ ဘုရားလှူထားတဲ့ ဝမ်းမြောက်တဲ့ စေတနာ ကလေးတွေ, သံဃာ လှူထားလို့ ဝမ်းမြောက်တဲ့ စေတနာ လေးတွေ, ဝမ်းမြောက်တဲ့စိတ်နဲ့ ဝမ်းမြောက်တဲ့ သောမနဿ ရုပ်တွေဟာလည်း ဒကာ၊ ဒကာမတို့ ဝမ်းမြောက်တဲ့ နေရာ ချုပ်တာပါဘဲ (မှန်ပါ)။ မလိုက်ဘူးနော် (မှန်ပါ)။

အလားတူပေါ်တာ မလိုက်ဘူး

မလိုက်လို့ ရှိရင်ဖြင့် ဘယ်လို ဖြစ်ရမှာတုန်းလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်)။ တပည့်တော်တို့ အကျိုးပေးတွေ ကလည်း အထင်အရှား ဘုရားဆို, အို-ဒကာ ဒကာမတို့ သူတော့ မလိုက်တာ အမှန်ဘဲ, သို့သော် သူနဲ့အလားတူ ပေါ်တယ်လို့သာ မှတ်လိုက် (မှန်ပါ)။

လိုက်တာလား, ဟိုမှာ အလားတူ ပေါ် တာလား၊ (အလားတူ ပေါ်တာပါ)။ လိုက်တော့ မလိုက်ဘူး (မလိုက်ပါ။ သဘောကျလား (ကျပါတယ်)။ လိုက်တော့ လိုက်ကဲ့လား (မလိုက်ပါဘူး)။ ဘယ်လိုပေါ် တာပါလိမ့် (အလားတူပေါ်ပါတယ်)။

ဒီမှာ သန့်သန့် ရှင်းရှင်း နာမ်ရုပ်နဲ့ သန့်သန့်ရှင်းရှင်း စေတနာနဲ့ သန့်သန့်ရှင်းရှင်းရုပ်နဲ့ ရေတွေ ဘာတွေချိုး အဝတ် အစားပါ လဲပြီးမှ လှူဒါန်း ပေးကမ်းခဲ့သည် ရှိသော်, ဟိုမှာ ဒီနာမ်ရုပ်ဟာ ဒီမှာ ချုပ်ပြီး, ဟိုမှာ နာမ်ရုပ်ကလည်း, ဟိုမှာ သန့်သန့်ရှင်းရှင်း စေတနာနဲ့ သန့်သန့်ရှင်းရှင်း နာမ်ရုပ်ပဲ ပေါ် ရတယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

ဒါဖြင့် ဒကာ-ဒကာမတို့ အလားတူပေါ်တာကိုသာ ဆိုတာပါ, နောက်က လိုက်နေတယ် ဆိုတာ နေယျတ္ထလို့ မှတ် လိုက်စမ်းပါ (မှန်ပါ)။ နေယျတ္ထဆိုတာ ဆောင်ယူတာနော် (မှန်ပါ)။ တကယ်တော့ လိုက်ပါရဲ့လား (မလိုက်ပါဘူး)။ ရှင်းကြလား (ရှင်းပါတယ်)။

အေး- ဒါကြောင့် တစ်နေ့ကလည်း ပြောခဲ့ရတယ်

“အနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ၊ ပဋိပ္ပန္နာနံ စိတ္တ စေတသိကာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော” ဆိုတော့ အရင်နာမ် အရင်စိတ်စေတသိက် ချုပ်ပြီး သကာလတဲ့ နောက်စေတသိက် နောက်စိတ် စေတသိက် ပေါ်တာပါဘဲ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ အရင် စိတ်၊ စေတသိက် (ချုပ်သွားပါတယ်)။ သူနဲ့အလားတူ ဘာပေါ်ပါလိမ့် (စိတ်စေတသိက် ပေါ်ပါတယ်)။ နောက် စိတ်စေတသိက် ပေါ်ပေါ့ (မှန်ပါ)။ ဒီမှာ ဒီနေရာ ဒီနာမ်ရုပ် ချုပ်ပြီး သကာလ နောက်ဘဝ ကျတော့ ဘာတွေများ ဖြစ်ပါ လိမ့် (နောက်နာမ်ရုပ် ပေါ်ပါတယ်)။ နောက်နာမ်ရုပ် ပေါ်တာဘဲ ရှိတယ်, အလားတူပေါ်တယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

အင်း၊ ဒီက နာမ်ရုပ်ကတော့ ဒီတင် ပြတ်တယ်နော် (မှန်ပါ)။ ကောင်းပြီ ဒါဖြင့် ဒကာ-ဒကာမတို့ သဿတရှင်း ပါသလား (ရှင်းပါတယ်)။ ခိုင်တယ် မြဲတယ်လို့ ယူသေး ရဲ့လား (မယူတော့ပါဘူး)။ မယူတော့ဘူး ဒါဖြင့် သြော် အလားတူ ပေါ်မှုကို လိုက်တယ်လို့ ဆိုတာကိုးလို့ ပြင်ပြီးမှတ် လိုက်စမ်းပါ (မှန်ပါ)။

အလားတူပေါ်မှုကို လိုက်တယ်လို့ ဘုရားက သိလွယ် အောင်လို့ ဆောင်ပြီး သကာလ ဟောလိုက်ခြင်း ဖြစ်ပါတယ်, စင်စစ်တော့ဖြင့် မလိုက်ပါဘူး၊ အလားတူ ပေါ်တာနဲ့ ဒကာ, ဒကာမတို့ လိုက်တယ်လို့ ထင်ရအောင် ဉာဏ်ထဲမှာ အင်း ဉာဏ်နုတဲ့ ပုဂ္ဂိုလ် အတွက်မှာဖြင့် ဆောင် ဟောလိုက်ခြင်း ဖြစ်ပါတယ်၊ စင်စစ် သဖြင့် ဒီမှာလုပ်တဲ့ နာမ်ရုပ်သည် ဟိုဘဝ ဟိုခဏ ဒီခဏတောင် မလိုက် ပါဘူးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။ ကျေနပ်ပြီလား (ကျေနပ်ပါတယ်)။ လိုက်တဲ့ လား (မလိုက်ပါဘူး)။

မလိုက်လို့ကောတဲ့ သူ့သတ္တိတော့ ကင်းပါရဲ့လား ဆိုတော့ အလားတူ ပေါ်တာ ကြည့် လိုက်တော့ ဪ ဒါဖြင့် အလားတူပေါ်တာ ကြည့်လိုက်တော့ ဒကာ ဒကာမတို့ ချုပ်တာလည်း အမှန်ဘဲ, အလားတူဖြစ်တာလည်း အမှန်ဘဲဆိုတော့ ဥစ္ဆေဒဒိဋ္ဌိ ကော ရှိသေးရဲ့လား (မရှိပါဘူး)။

ဒါဖြင့် မလိုက်တာသိလို့ သဿတ စင်ပါတယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ အလားတူ ပေါ်တာ သိရသဖြင့် သြော် သတ္တိ အကြောင်း အကျိုးလေးတော့လည်း ဆက်နေ သေးတယ်ကိုး ဆိုတာလေးကတော့ လည်း ရှိနေသောကြောင့် ဥစ္ဆေဒဒိဋ္ဌိလည်း စင်ပါတယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ သဿတ ဒိဋ္ဌိကော (စင်ပါတယ်)။

မလိုက်မှန်းသိတဲ့ အတွက် (ဥစ္ဆေဒဒိဋ္ဌိစင်ပါ တယ်)။ မလိုက်မှန်းသိတဲ့ အတွက် (သဿတ ဒိဋ္ဌိစင် ပါတယ်)။ ရမ်းဖြေလို့ မရဘူး၊ ဒီဥစ္စာ အင်မတန် နူးညံ့တဲ့ တရား၊ (မှန်ပါ)။ မလိုက်မှန်း သိတဲ့ အတွက် (သဿတဒိဋ္ဌိ- စင်ပါတယ်)။ အလားတူ ပေါ်တာ သိရတဲ့ အတွက်၊ (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်)။

အဲ့ဒီလိုမြင်မှ သာလျှင် ဒကာ-ဒကာမတို့ အတည့်ကြီး တည့်တော့တယ် ဆိုတာ, သေသေ ချာချာ မှတ်ပါ (မှန်ပါ) တည့်ပြီလား (တည့်ပါပြီ)။ ကောင်းပြီ ဒါက ပဋ္ဌာန်းနဲ့ ညှိလိုက်တော့မှ ပိုပြီး ရှင်းတယ် (မှန်ပါ)။

အခေါ်ကဗုဒ္ဓဘာသာ အယူက သဿတဒိဋ္ဌိ

သုတ္တန်နည်းနဲ့ နေယျတ္ထ ဆောင်ဟော ထားတာ၊ ခင်ဗျားတို့က, ယူလိုက်လို့ရှိရင် သဿတဒိဋ္ဌိ, ဗုဒ္ဓဘာသာ၊ အခေါ် ဗုဒ္ဓဘာသာ, အယူမှာ သဿတဒိဋ္ဌိ ဖြစ်နေတယ် (မှန်ပါ)။ အခေါ်မှာ (ဗုဒ္ဓ ဘာသာပါ)။ အယူမှာ၊ (သဿတဒိဋ္ဌိ ဖြစ်နေပါတယ်)။

ဒကာ-ဒကာမတို့ ထူးထူးခြားခြား သိရပြီ (သိရပါဘုရား)။ ထူးထူးခြားခြား သိရပြီနော် (မှန်ပါ)။

အဲ့ဒါ ဘယ်ပါဠိတော်မှာ လာသတုန်း မေးဖို့ လိုလာ တယ်နော်၊ (မှန်ပါ)။ ဒီလို ယူတတ်တယ်ကွ ဆိုတာ ဘုရားက, ဘုရားသခင် ကိုယ်တော်မြတ်ကြီး, သာဝတ္ထိပြည် ဇေတဝန် ကျောင်း သီတင်းသုံးပြီး သကာလ နေတဲ့ အခါကျလို့ရှိရင် အားလုံး အနတ္တတွေကို သူဟော နေတယ်၊

“ရူပံ အနတ္တာ, ဝေဒနာ အနတ္တာ, သညာ အနတ္တာ, သင်္ခါရာ – အနတ္တာ, ဝိညာဏံ အနတ္တာ” ဟောတော့ ရဟန်းတစ်ပါးက ဒီထဲမှာ သူက ဘဝတဏှာက ရှိတဲ့ ရဟန်း, ပညာကလည်း မရှိ၊ နောက်ဘဝ ကိုလည်း သူက ခင်တွယ်တဲ့ ဘဝတဏှာ ကလည်း ရှိပြီး သကာလ နေတော့ ဒီ ရဟန်းက စိတ်ကူး ပေါ်လာတယ်၊ ဒီရဟန်းက ဘယ်အချိန် ဘယ်လို ပေါ်လာတုန်း ဆိုလို့ ရှိရင်ဖြင့်တဲ့

“တေန ခေါ ပန သမယေန အညတရော ဘိက္ခု စေတသော ပရိဝိတက္ကော ဥဒပါဒိ, ရူပံ အနတ္တာ, ဝေဒနာ အနတ္တာ, ဝိညာဏံ အနတ္တာ, အနတ္တကတာနိ ကမ္မာနိ။”

အနတ္တကတာနိ= ငါမဟုတ်သည် ပြုအပ်ကုန်သော။ ကံမ္မာနိ= ကံတို့ သည်။ ကမ္မတ္တာနံ= ကံသာလျှင် မိမိဥစ္စာ အဖြစ်သို့။ ဖုသန္တိ= ယူကုန်၏။

သြော် – ဘုရားက အကုန်အနတ္တတဲ့၊ ခန္ဓာငါးပါး အကုန် အနတ္တ တရား ဟောလိုက်တော့ဖြင့် ဘာမှ အားကိုးရာ မရှိတော့ပါလား၊ သံသရာ သွားဖို့ရာ ဘာမှ အားကိုးရာ မရှိတော့ပါလား၊ သူ့စိတ်ထဲ ဒီလို ဖေါက်လာတယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

အကုန်အနတ္တ ဟောလိုက်တော့ သူဘာမှ အားကိုး ရာမရှိတော့ဘူးလို့ သူမယူ ပေဘူးလား (ယူပါတယ်)။ အဲ့ဒီလို သူက ဖောက်ပြန်ပြီး သကာလ မောင်နိုင်တို့ ကိုမြင့်တို့ ယူလိုက်တယ် (မှန်ပါ)။

သြော် – ကံဘဲ ငါ့ဟာရှိတော့မှာ ဘဲ (မှန်ပါ)။ ဆိုပြီး ယူလိုက်တယ် (မှန်ပါ)။ ကမ္မတ္တာနံ= ကံသာလျှင် ငါအရာ ငါအဖြစ်သို့။ ဖုသန္တိ= ရောက်ကုန်၏။ ကံသာလျှင် ငါ, တခါဘဲ ငါ၏ဥစ္စာ၊ ဒါတစ်ခုဘဲ ငါ, ငါ ဒါဟာကံဘဲ၊ ငါယူလာတာဘဲ, ကျန်တာတွေ အကုန် အနတ္တဘဲတဲ့ (မှန်ပါ)။ ဆိုတော့ ဘာဒိဋ္ဌိဖြစ်သွားလဲ (သဿတဒိဋ္ဌိ ဖြစ်သွားပါတယ်)။

အဲ့ဒီတင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက, သြော် ငါ့တရားပွဲထဲမှာ ဘဝတဏှာ ကြီးစိုးတဲ့ ရဟန်း ပါနေပါ လား (မှန်ပါ)။ ဘုရားက ရိပ်မိတယ် (မှန်ပါ)။ ဘုရားက အဲ့ဒီတော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊

“ဣဓ ဧကော ဌာနံ ဧတံ ဝိဇ္ဇတိ ဣဓ ဧကaစ္စာ အဝိဟာ အဝိဇ္ဇာဂတော တဏှာဓိပတေယျေန စေတသာ ဗုဒ္ဓသာသနံ အတိဓာဝန္တိ မညယျေံ” ဆိုပြီးတော့ ဘုရားက ပါဠိတော် ထုတ်လိုက်တယ်။

သြော် ငါဘုရား တရားဟောနေတဲ့ အထဲမှာ ဒီထဲမှာ ဘဝတဏှာ မစွန့်နိုင်တဲ့ ပုဂ္ဂိုလ်က ကံဘဲ ငါ့ဥစ္စာလို့ ငါလုပ် ရတော့မှာဘဲလို့ သူယူပေါ့ကိုး၊ ပညာကလည်း မရှိ၊ အဝိဇ္ဇာ ကလည်းများ, ဘဝ တဏှာ ကလဲ မစွန့်သေးတဲ့ ပုဂ္ဂိုလ်မို့ ကံကို ငါ့ဥစ္စာ, ကံဘဲငါ အားကိုးပြီး သကာလ, ကံဘဲ ငါ့ဥစ္စာ ရှိတော့ တယ်လို့ ငါဘုရား ဟောတဲ့ အနတ္တ ကျော်ပြီးတော့ အတ္တဘက် ပြေးသွားပါပေါ့လားလို့ ဘုရားက အသေအချာ သိတယ်၊ (မှန်ပါ)။ သဘောပါလား (ပါပါတယ်)။

ငါဘုရားဟောတဲ့ အနတ္တကို သူအတ္တလို့ ကံကို အတ္တ လို့ ယူလိုက်ပါပေါ့လားလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီအချိန်မှာ ရဟန်း အကြောင်းကို ကိုယ်တော်မြတ်ကြီး၏ သဗ္ဗညုတ ဉာဏ်ထဲမှာ ပေါ်လာ တယ်နော် (မှန်ပါ)။

ပေါ်တာနဲ့ ငါဘုရား၏ တရားတော်ကို ကျော်လွန် ပြီး သကာလ, ပြေးလွှားပြီး သကာလ, ပညာက မရှိ အဝိဇ္ဇာကများ, တဏှာက ဘုံဘဝတွယ်တာတဲ့ ပုဂ္ဂိုလ်မို့ ဒီကံကို ငါ အားကိုး ရတော့မှာ ဘဲလို့ ယူတာဟေး (မှန်ပါ)။

ဒကာ-ဒကာမတို့ ခင်ဗျားတို့ အကုန်ထိကုန်တာဘဲ (မှန်ပါ)။ မထိဘူးလား (ထိပါတယ်)။ အသေအချာ စဉ်းစားကြည့်စမ်း (ထိပါတယ်)။ အသေအချာ ထိတယ် ဆိုတာ ပေါ်ကြလား (ပေါ်ပါတယ်)။ ခင်ဗျားတို့ ဘာမှ အားကိုးစရာ မရှိတော့ဘူး, ကံဘဲဘုရား, ဦးပါလေးတို့ ဒီတိုင်း မနေဘူးလား (နေပါတယ်)။

ကံပေါ်မှာအတ္တဒိဋ္ဌိယူနေကြတယ်

ဒါဖြင့် ခင်ဗျားတို့သည် တခြားဟာ အနတ္တ ယူတယ်, ကံပေါ်မှာ ခင်ဗျားတို့ အတ္တဒိဋ္ဌိ မယူဘူးလား (ယူပါ တယ်)။ အတ္တဒိဋ္ဌိ ဆိုတော့ ကံကတော့ မပျက်တော့ဘူး ဆိုပြီး အတ္တဒိဋ္ဌိထဲမှာ သဿတဒိဋ္ဌိ ကလည်း တွဲလျက်ကြီး ဖြစ်မနေ ဘူးလား (နေပါတယ်)။

အဲ့ဒီလို ဘုရား တရားဟောရင်းကို အနတ္တ ဟောရင်း မတ်တတ်နဲ့ သူက ကံအတ္တ ယူပြီး သကာလ သွားလို့ ဘုရားက ချက်ချင်း ဖေါ် ရတယ် (မှန်ပါ)။ ငါဘုရား၏ ဉာဏ်တော် ကို သူတွေးရင်း ကျော်လွန်ပြီး သကာလ, အနတ္တတွေ ဟော နေပါလျက်သားနဲ့ အားကိုးရာ မရှိတော့တဲ့ ဒီဘဝမှာ အားကိုးရာ မရှိတော့ဘူး ဆိုမှ ဘဝတဏှာက ကြီးစိုးနေတဲ့ ပုဂ္ဂိုလ်မို့ ပညာကလည်းနဲ, အဝိဇ္ဇာက လည်းများ, ဘဝတဏှာ ကလည်း ကြီးထွားနေတဲ့ ပုဂ္ဂိုလ်မို့ ကံကိုအတ္တလို့ ငါဘုရား တရားပွဲထဲ ယူနေပါပေါ့လား,

ငါဘုရား၏ တရားတော်တွေကို ပြေးလွှားရတဲ့ အဓိပ္ပါယ်၊ အတိဓာန္တိ မညေ, လွန်ပြီး သကာလ ယူသွားတဲ့၊ အဓိပ္ပါယ်၊ ဒီထဲ ရဟန်းတစ်ပါး ပါနေပါပေါ့လား (မှန်ပါ)။ ဘုရားက အသေအချာ ထုတ်ဖော် ပြောရတယ်(မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ ဒါခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော်-နော် (မှန်ပါ)။

ကိုင်း-ဒါဖြင့် ဒကာ-ဒကာမတို့ အဲ့ဒီတင်မှ ဘုရား သခင် ကိုယ်တော်မြတ်ကြီးက ဘယ်လို ဟောရပါတုံးလို့ မေးတဲ့အခါ, မင်း-ကံ-ကံကို အတ္တလို့ မယူနဲ့ပေါ့, ကံကို အတ္တလို့ မယူနဲ့၊ ကံသည် ကားလို့ ဆိုလို့ရှိရင်ဖြင့် သင်္ခါရက္ခန္ဓာ ကွ၊ သင်္ခါရက္ခန္ဓာ ဖြစ်သောကြောင့် အနတ္တလို့သာ ယူကွ၊ (မှန်ပါ)။ ဒီမှာ ပြန်ဟောရတယ်၊ ကံကို ဘာရယ်လို့ ယူကြ မလဲ (အနတ္တလို့ ယူရပါမယ်)။ အနတ္တလို့ ယူကြစမ်း ပါ ဒကာ-ဒကာမတို့ သဘောကျလား (ကျပါတယ်)။

ခုနက အလားတူပေါ်တာကို သိသဖြင့်လည်း ဒီကံ ဟာ မလိုက်ဘူးဆိုတာ မသေချာဘူးလား (သေချာပါ တယ်) အလားတူ ပေါ်ပါတယ်၊ ဒီဟာ တစ်ခုမှ မလိုက်ဘူး ဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါဘုရား)။

ကိုင်း-ဒါဖြင့် ဟောဒီဘက်က ဖယောင်းတိုင်လေး တစ်တိုင် မီးထွန်းတယ် ဒကာ- ဒကာမတို့ မီးကလေးနဲ့နော် (မှန်ပါ)။ ဒီဖယောင်းတိုင်လေးက မီးမပါတဲ့ ဖယောင်း တိုင်၊ သို့သော် မီးခြစ် မခြစ် ချင်တာနဲ့ အားလုံးဒကာ ဒကာမ တို့ ဒီဖယောင်တိုင်လေး ကိုင်လိုက်လို့ ဒီဖယောင်းတိုင်သွား ညှိ, ညှိပြီး ဒီနေရာမှာဘဲ တည်လိုက်တယ်၊ မီးနှစ်တိုင် ဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ်)။ ဒါက ပထမ အတိုင်နော် (မှန်ပါ)။ ဒါက (ဒုတိယအတိုင်ပါ)။

ဒုတိယမီးသည်, ဒကာ- ဒကာမတို့ ဒုတိယမီးသည် ကားလို့ ဆိုလို့ရှိရင်ဖြင့် ပထမမီး လိုက်လာ တာလားလို့ မေးလို့ ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (မဟုတ်ပါဘူး)။ ပထမမီး လာတာလား (မဟုတ်ပါဘူး)။ လိုက်လာခဲ့သည် ရှိသော် ပထမမီး ငြိမ်းပြီး နေရမယ်(မှန်ပါ)။ လိုက်လာရင် ပထမမီး ဘာဖြစ်ရမလဲ (ငြိမ်းရပါမယ်)။ သဘောကျလား (ကျပါတယ်)။ သူလဲ ငြိမ်းရဲ့ လား (မငြိမ်းပါ ဘူး)။ သူလဲ တောက်တယ် (မှန်ပါ)။ ဒီမှာလဲ ဖယောင်း တိုင်နဲ့ မီးနဲ့ဘဲ (မှန်ပါ)။ ဒီမှာကော (ဖယောင်းတိုင် နဲ့ မီးနဲ့ပါ)။

ဖယောင်းတိုင်နဲ့ မီးနဲ့ ဘဲတဲ့ ဒကာ ဒကာမတို့ ဒီဖယောင်းတိုင်နဲ့ ဒီမီးဟာ လိုက်လာမယ် ဆိုလို့ ရှိရင်လည်း ကဲ ဖယောင်းတိုင်တော့ အသာထား ပါတော့ ဒီမီး လိုက်လာ မယ်ဆိုရင် ပထမမီး ငြိမ်းဖို့ သင့်တယ် (မှန်ပါ)။ မသင့်ဘူးလား (သင့်ပါတယ်)။ သင့်ပြီး သကာလ နေတော့ ဒီလိုဘဲ ငြိမ်းပါလား (မငြိမ်းပါဘူး)။

ဪ-မငြိမ်းတဲ့ အခါကျလို့ရှိရင်, ဒကာ-ဒကာမတို့ ဘယ်လို မှတ်ကြရမတုန်းလို့ မေးတဲ့ အခါကျတော့ လုံးဝ မလိုက်လာဘူးသာ ယူပစ် (မှန်ပါ)။ ရှင်းကြလား (ရှင်းပါတယ်)။ ဘယ်လို ယူကြမယ် (လုံးဝမလိုက်ပါဘူး) လုံးဝ မလိုက်လာလို့ သူ့သတ္တိ ကင်းပါရဲ့လား မေးပြန်တော့ (မကင်းပါဘူး)။ မကင်းလို့ ဒီမီးဟာ ဒုတိယမီးမှာ လာရောက် နေတယ် (မှန်ပါ)။ လိုက်လည်း မလိုက်ဘူး (မှန်ပါ)။ သတ္တိတော့ (မကင်းပါဘူး) အလားတူလို့ (သိရပါ မယ်)။ အဲ့အလားတူ ကျေးဇူး ပြုတာလို့သာ မှတ်ရမယ်၊ ဒီ မီးလုံးဝ မလိုက်ဘူး (မှန်ပါ)။ သဘောပါပြီလား (ပါပါတယ်)။ လိုက်ပါရဲ့ လား (မလိုက်ပါဘူး)။

အဲ့ဒီအတိုင်းဘဲပေါ့၊ မူလတဏှာ လိုက်ကို မလိုက်ဘူး (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ ဒီလို အလားတူတော့ဖြင့် (ပေါ်ပါတယ်)။ ပေါ်တယ် ဆိုတဲ့ သဘောတော့ ကျေနပ်ပါပြီလား (ကျေနပ် ပါတယ်)။ ဒါဖြင့် ဒီလို ယူလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ကံလည်း အနတ္တဘဲ (မှန်ပါ)။

ကမ္မံ ဝိပါကဿ

ဒါကိုဖြင့် လက်လွှတ် မပစ်လိုက်ပါနဲ့ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါတယ်)။ ကံကို ဘယ်လို ယူကြမယ် (အနတ္တပါ)။ အနတ္တလို့ သာ ယူလိုက်တော့ အနတ္တဖြင့် အတ္တသတ္တိ အကုန် ရုပ်သိမ်း သွားတာဘဲ ဆိုပြီး သကာလ, ခုနက သူနဲ့ သဘောတူမျိုး ပေါ်ပါလိမ့်မတုန်း နောက်အကျိုး တရားတွေ ဘယ့်နှယ်ကြောင့် ပေါ်ပါလိမ့်မလဲ၊ “ကမ္မံ ဝိပါကဿ” ဆိုတော့ ဘုရားကလည်း ခွဲထား တာဘဲ, ကမ္မံ-က- ကံဘဲ, ဝိပါကဿ-က-အကျိုးကွ, မတူဘူးကွ၊ ကံက အကြောင်း တရား၊ ဝိပါက က (အကျိုး တရားပါ)။ မတူဘူးလို့ ပြောသားဘဲ (မှန်ပါ)။

ကံလိုက်လာလို့ရှိရင် ကံနဲ့ဝိပါကနဲ့ ရောနေမှာပေါ့ (မှန်ပါ)။ ရောရဲ့ လား (မရောပါဘူး)။ ဒါဖြင့် ကံက ကံနေရာ ချုပ်ခဲ့ (မှန်ပါ)။ ဝိပါက က ထိုက်သလို ပေါ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ ကံက ကံနေရာမှာ (ချုပ်ခဲ့ပါတယ်)။ ဝိပါက,က (ထိုက်သလို ပေါ်ရပါတယ်)။ ထိုက်သလိုပေါ် ရတယ် ဆိုတာကော ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါတယ်)။ ရှင်းပြီနော် (ရှင်းပါတယ်)။ တူရော တူရဲ့လား (မတူပါဘူး)။ ဒီတော့ ကံဆိုတာ အကြောင်း တရား၊ ဝိပါက ဆိုတာ (အကျိုးတရားပါ)။

အကြောင်းအကျိုးသာ သတ္တိချင်းဆက်တယ်

ဒါဖြင့် အကြောင်း အကျိုးသာ ဒကာ-ဒကာမတို့ သတ္တိချင်း ဆက်တယ်, နည်းနည်းမှ ဒီကံဟာ ဒီအထဲ မပါ ဘူး (မပါပါဘူး)။ ပါသေးရဲ့ လား (မပါပါဘူး)။ ဘာဖြစ်လို့တုံး အကြောင်းနဲ့ အကျိုးကိုး (မှန်ပါ)။ အကြောင်းက နာမ်တရား၊ ဟုတ်လား (မှန်ပါ)။ အကြောင်းက စေတနာ ဆိုတဲ့ နာမ်တရား ဟုတ်လား (မှန်ပါ)။

အဲ့ဒီတော့ အကျိုးတရား ဆိုတာ, သူ့ကြောင့်ဖြစ်တဲ့ ဝိပါက် တရားတွေ၊ ဝိပါက်နဲ့ ပတ်သက်တဲ့ ရုပ်တွေကို မခြားနား ဘူးလား (ခြားနားပါတယ်)။ ရှင်းပြီလား (ရှင်းပါ တယ်)။

ကောင်းပြီ ဒါဖြင့် ကံဟာ အနတ္တဘဲ၊ သဘောကျလား (ကျပါတယ်)။ ကံအမိ ကံအဖ တို့နောက် လိုက်နေတယ် ဆိုတဲ့ အယူဟာဖြင့် ဆောင်ဟောခြင်းကြောင့် ဒကာ-ဒကာမတို့ ဝိပဿနာ အားထုတ်တဲ့ အခါမယ် ဒီအယူ မဖြုတ်လို့ရှိရင် ခင်ဗျားတို့ အတ္တဒိဋ္ဌိနဲ့ သဿတဒိဋ္ဌိက ခံနေလို့ မဂ်ဖိုလ်ရကြ မယ် မဟုတ်ဘူး (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါ တယ်)။ ကောင်းကောင်း ကျေနပ်ပြီလား (ကျေနပ်ပါ တယ်)။

အင်း တော်တော် အရေးကြီးလို့ ပြောနေတယ်လို့၊ နာရီကုန် ခံပြီး ပြောနေတယ်၊ နာရီဝက် ရှိသွားပြီး (မှန်ပါ)။ တော်တော် အရေးကြီးလို့ ပြောတယ် ဆိုတာကော ကျေနပ်ပ လား (ကျေနပ် ပါတယ်)။

ဗုဒ္ဓဘာသာမှာ ဒီဥစ္စာ အတော်ကိုဘဲ ဒီလိုဆရာ ကောင်း သမားကောင်းနဲ့ လယ်လယ်ပယ်ပယ် အကြောင်း အကျိုးဆက်ပြီး ကျမ်းအမျိုးမျိုးနဲ့ အကိုးအကား ထားပြီး မပြ, မသ ခဲ့သော် ဗုဒ္ဓဘာသာမှာ သဿတဒိဋ္ဌိ ရှိတယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ ဘာရှိနေလဲ (သဿတဒိဋ္ဌိ ရှိပါတယ်)။ ကမ္မဝါဒီ သဿတဒိဠိ (မှန်ပါ)။ ကျေနပ်ကြပါပြီလား (ကျေနပ်ပါတယ်)။

ကျေနပ်ကျလို့ ရှိရင်ဖြင့် ကံဟာ အနတ္တဘဲနော် (မှန်ပါ)။ လုံးဝ ဒါဖြင့် အကျိုး မပေးတော့ဘူး လား ဆိုတော့ အကျိုးတော့ ပေးတယ်တဲ့ (မှန်ပါ)။ ဟုတ်လား၊ (မှန်ပါ)။ သူတော့ လိုက်မလာဘူး (မလိုက်ပါဘူး)။ ဒီလိုတော့ ယူကြပါ (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါတယ်)။

ကောင်းပြီ ဒါဖြင့် ဒီအခန်းကို ဒီတွင်ရပ်ပါတော့နော် (မှန်ပါ)။

ကံခြောက်မျိုး

အင်္ဂုတ္တိုရ်ကို ပြပါတော့မယ်။ အားလုံး ခြောက်ချက်၊ ဒကာ-ဒကာမတို့နော်, အင်္ဂုတ္တိုရ်မှာ မနေ့က အာသဝခြောက်မျိုး ပြခဲ့သလို ဒီမှာလဲ ခြောက်မျိုး ပြရဦးမှာ၊ ကံခြောက်မျိုးကို ဟောရဦးမှာ (မှန်ပါ)။ သဘောကျလား (ကျပါ တယ်)။

၁။ စေတနာဆိုတဲ့ ကံကိုသိမှုက တစ်နံပါတ်(မှန်ပါ)။

၂။ စေတနာဖြစ်ကြောင်း သိနေတာ (နှစ်ပါ)။ နှစ်နံပါတ်

၃။ စေတနာလေး ထူးခြားပုံသိမှုက (သုံးနံပါတ်)

၄။ စေတနာလေး၏ အကျိုးပေးသိမှုက (လေးနံပါတ်)။ လေးနံပါတ် သဘောကျလား (ကျပါတယ်)

၅။ စေတနာလေး၏ ချုပ်ရာကို သိမှုက (ငါးနံပါတ်)

၆။ စေတနာလေးချုပ်ရာ အကျင့်ကို သိမှုက (ခြောက်နံပါတ်)။

မနေ့က အတိုင်းလာတာဘဲ (မှန်ပါ)။ သဘော ကျလား (ကျပါတယ်)။

ကံကိုသိမှု

ကောင်းပြီ ဒီခြောက်ချက်တော့ ဒကာ, ဒကာမတွေ ဆုံးအောင်ကို ပြောပါ့မယ် (မှန်ပါ)။ ဒါဖြင့် ကံကို သိရ မယ် ဆိုတော့ ကံသည် ဒကာ ဒကာမတို့ ကာယကံ, ဝစီကံ, မနောကံ (မှန်ပါ)။

ကိုယ်နဲ့ပြုလုပ်တဲ့ ဥပမာမယ် ဘုရားပန်းတွေ လဲကြ တယ်, အင်း-ကာယကံ မနေဘူးလား (နေပါတယ်)။ တော်တော်ကြာ ဩကာသ, ဩကာသနဲ့ ပန်းကပ်တဲ့ အခါကျတော့ ဘယ့်နှယ်ပါလိမ့် (ဝစီကံပါ)။ အင်း- ပြန်သွားတဲ့ အခါကျတော့ ကိုယ့်ပန်းလေးတွေကို ဟိုက အာရုံပြုပြီး သကာလ တွေးလုံး ကလေး လာနေတဲ့ အခါကျတော့ ဘယ့်နှယ် ဖြစ်မတုန်း (မနောကံပါ)

သြော်-ဒါဖြင့် ဒကာ-ဒကာမတို့ ကံသုံးပါးဆိုတာ သဘောကျလား (ကျပါတယ်)။ ပန်းတွေ ဘာတွေ ရေလဲ ဆေးနေတုန်းကတော့ ဘာတဲ့ (ကာယကံပါ)။ အင်း တော်ကြာကျတော့ အရှင်ဘုရားအား ပန်းလှူပါ၏ ဆိုတော့ ဘာတဲ့ (ဝစီကံပါ)။ ဒီနေ့ လှူရ တန်းရတာဖြင့် ကျေနပ် လိုက်တာ (မနောကံပါ)။ ကံသုံးပါး, ကံသုံးပါး၊ အဲ့ဒီ စေတနာသုံးခု၊ ကာယကံ, ဝစီကံ, မနောကံ, ကံသုံးပါး သိပြီနော် (မှန်ပါ)။

ကမ္မံ- ကံကို ရှေးဦးစွာ သိရမယ်လို့ တစ်နံပါတ် အဖြေ ဖြင့် မောင်နိုင်တို့ ကိုမြင့်တို့ ထွက်သွားပြီ (မှန်ပါ)။ ကံ ဘယ်နှစ်မျိုးပါလဲ (သုံးမျိုးပါ)။ စေတနာ ချည်းဘဲနော် (မှန်ပါ)။ ကာယကံလည်း ကာယဒွါရမှာ ဖြစ်တဲ့ စေတနာဘဲ၊ (မှန်ပါ)။ ဝစီကံကော (ဝစီဒွါရမှာ ဖြစ်တဲ့ စေတနာပါ)။ ဝစီဒွါရမှာ ဖြစ်တဲ့ကံဘဲ၊ (မှန်ပါ)။ မနောကံကော (မနောဒွါရမှာ ဖြစ်တဲ့ စေတနာပါ)။ မနောဒွါရမှာ ဖြစ်တဲ့ စေတနာဘဲ (မှန်ပါ)။ သဘောကျလား (ကျပါ တယ်)။ စေတနာ သုံးမျိုး ရှိတယ်ပေါ့နော် (မှန်ပါ)။

ကံဖြစ်ကြောင်းကိုသိမှု

ဒီကံ ဘယ်သူ့ကြောင့်များ ဖြစ်ပါလိမ့်မလဲလို့ ဒကာ ဒကာမတို့ မေးဖို့ မလိုဘူးလား (လိုပါတယ်)။ အဲ့ဒါ သိရဦးမယ်ကွ၊ ဒီကံ ဘယ်သူကြောင့် ဖြစ်တယ် ဆိုတာ သိရ ဦးမယ်ဆိုတော့ ဒကာ-ဒကာမတို့ ဒီကံ ဘယ့်နှယ်ကြောင့် ကံဟာ အလိုလို ပေါ်လာတယ် ဆိုရင် အဟေတုကဒိဋ္ဌိ ဖြစ်ဦး မယ် (မှန်ပါ)။

အင်း-ဒီကံဘယ်သူ့ကြောင့် ဖြစ်ပါလိမ့်မလဲဆိုတဲ့ အကြောင်းကို မင်းတို့သိရမယ် နိဗ္ဗေဓိကသုတ်ကို ထိုးထွင်း သိရမယ်တဲ့ (မှန်ပါ)။

သဘောကျလား (ကျပါတယ်)။ ဈေးထဲသွားတဲ့ အခါ ပန်းနဲ့ မျက်လုံးနဲ့တွေ့တဲ့အခါကျတော့ ဝယ်လိုတဲ့ စေတနာ၊

ဒါဖြင့် တွေ့တာက ဖဿ၊ ဝယ်တဲ့ စေတနာက ကံ (မှန်ပါ)။ ဒါဖြင့် ကံဘယ်သူ့ကြောင့် ဖြစ်တုန်း (ဖဿကြောင့် ဖြစ်ပါတယ်)။ မတွေ့တာ လှူချင်ပါတယ်လို့ လာကြရဲ့လား (မလာပါဘူး)။ မကြားဘူးတာ ကြားချင် တယ်လို့ (မရှိပါဘူး)။

ဒါဖြင့် ဒကာ-ဒကာမတို့ တွေ့တာမှ လှူချင်တယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ မြင်တာ မှ (လှူချင်ပါတယ်)။ ကြားတာမှ (လှူချင်ပါတယ်)။ လှူချင်တယ် ဆိုတဲ့စေတနာဟာ ဒကာ ဒကာမတို့ တွေ့ပြီးမှ လှူချင်တဲ့ သဘော ဆိုတာ သေချာပါသလား (သေချာ ပါတယ်)။ ကံ ဘယ်သူ့ကြောင့် ဖြစ်တုန်း (ဖဿကြောင့် ဖြစ်ပါတယ်)။

ဪ ဒါဖြင့် ကံသုံးပါး ဖဿကြောင့်ဖြစ်တယ်လို့ မှတ်လိုက် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါတယ်)။ ကံသုံးပါး ဘယ်သူ့ကြောင့် ဖြစ်ရလဲ (ဖဿကြောင့် ဖြစ်ပါတယ်)။

အင်း-တစ်ခါတလေများ စဉ်းစား ကြည့်စမ်းပါလား၊ ကိုယ် စားနေရင်း မတ်တတ်နဲ့ ဟင်းလေးက ကိုယ့်ပါးစပ် ထဲမှာ တွေ့ပြီဆိုမှ ဖြင့်လေ ဟာ- ဘုန်းကြီး ကပ်ချင်လိုက်တာ ဟုတ်လား၊ သံဃာတွေ ကပ်ချင် လိုက်တာ ဟော ကပ်ချင်တဲ့ စေတနာ ပေါ်လာတယ် (မှန်ပါ)။ လျှာပေါ်မှာ တွေ့ ရင် (ပေါ်ပါတယ်)။ မတွေ့ရင် (မပေါ်ပါဘူး)။ တွေ့တာ က ဘာပါလိမ့် (ဖဿပါ)။ အင်း- လှူချင်တာက ကံ (ကံ)။ လှူချင်တဲ့ စေတနာလေးက (ကံ)။ ကံ။

ကံဘယ်က လာသတုံး၊

ဒါဖြင့်ဒကာ-ဒကာမတို့ ကံ ဘယ်ကလာသတုံး (ဖဿက လာပါတယ်)။ မှတ်ထား, မှတ်ထားနော် (မှန်ပါ)။ ကံ၏ အကြောင်း ဘယ်သူပါလိမ့် (ဖဿပါ)။ ကျေနပ်ပြီလား (ကျေနပ်ပါတယ်)။

ဒါဖြင့် မျက်လုံးနဲ့တွေ့တဲ့ မျက်လုံးနဲ့ တွေ့လို့ အင်း လှူချင်တာ ပေးချင်တာ, ကမ်းချင်တာ-ဆဲချင်တာ၊ မောင်နိုင် မရှိဘူးလား (ရှိပါတယ်)။ အဲ့ဒီ စေတနာတွေဟာ တွေ့လို့ဖြစ်တာ (မှန်ပါ)။ မတွေ့ရင် (မဖြစ်ပါဘူး)။ မနောထဲမှာ တွေ့လည်း မနောထဲမှာ ဖြစ်တဲ့ စေတနာကြောင့် မနောကံ ဖဿကြောင့် ဖြစ်တဲ့ စေတနာဘဲ (မှန်ပါ)။ ဆိုနိုင်ကြပြီလား (ဆိုနိုင်ပါတယ်)။

ကဲ-ဒကာ-ဒကာမတို့ ကံဟူသ၍ ဘယ်သူ့ကြောင့် ဖြစ် (ဖဿကြောင့် ဖြစ်ပါတယ်)။ မတွေ့တဲ့ ပုဂ္ဂိုလ်ဖြစ်ကို ဖြစ်ကဲ့လား (မဖြစ်ပါဘူး)။ ကောင်းပြီ ဒါဖြင့် နှစ်နံပါတ် နားလည်ပြီ (မှန်ပါ)။

ကံ၏ထူးခြားပုံသိမှု

ကံထူးပုံ ပြောဦး ပြောပါဦးတဲ့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက၊ ကံဟာ တော်တော် ထူးတယ် (မှန်ပါ)။ ကံ၏ ထူးခြားပုံ မင်းတို့ သိထားရဦးမယ် (မှန်ပါ)။ ကံ၏ ထူးခြားပုံ သိထားတော့ ကံဟာတဲ့ ငရဲ ရောက်စေတတ်တဲ့ ကံလည်း ရှိတယ်လို့ မှတ်ထားရမယ် (မှန်ပါ)။ တိရစ္ဆာန် ရောက်စေ တတ်တဲ့ကံ (ရှိပါတယ်)။ ပြိတ္တာ ရောက်စေ တတ်တဲ့ကံ (ရှိပါတယ်)။ လူ့ပြည်, နတ်ပြည် ရောက်စေ တတ်တဲ့ကံ (ရှိပါတယ်)။ ဗြဟ္မာပြည် ရောက်စေတတ်တဲ့ ကံ (ရှိပါတယ်)။

သြော် ကံဟာ ဒီလို ထူးခြားပါလားလို့ မှတ်ထား ပါ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

ကံဟာ လူ့ပြည်, နတ်ပြည် အပါယ်လေးပါး အလုံးစုံ ရောက်စေတတ်တဲ့ ကံရယ်လို့ ကံထူးထူး ခြားခြား များများ စားစား မရှိဘူးလား (ရှိပါတယ်)။

ကံ၏အကျိုးပေးသိမှု၊

ကောင်းပြီ ဒါဖြင့်-တစ်, နှစ်, သုံး, နားမလည်သေး ဘူးလား (နားလည်ပါတယ်)။ နားလည်တဲ့ အခါ စတုတ္ထ အချက်က ကံသည် ကံ၏ အကျိုးပေးကို သိရမယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

ကံ၏အကျိုးပေး သိရမယ် ဆိုတော့ ဒကာ-ဒကာမတို့ ဒီကံ၏ အကျိုးပေးက, ခုနစ်ရက်, ခုနစ်လ, ခုနစ်နှစ် အတွင်း အကျိုးပေးတဲ့ ဒိဋ္ဌဓမ္မကံဟာ, ဒိဋ္ဌဓမ္မ အကျိုးပေး တာဟာ လည်း ကံကြောင့် ဖြစ်တယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

ဒုတိယဘဝ သေသည်၏ အခြားမဲ့မှာမှ အကျိုးပေး မည့် ကံဟာလည်း မရှိပေဘူးလား (ရှိပါတယ်)။ သြော် ဥပပဇ္ဇဝေဒနီယကံ နော် (မှန်ပါ)။

နိဗ္ဗာန် မရောက်မီ စပ်ကြား အကြောင်းအခွင့် သင့်ခဲ့သော် ဒီကံပင် ချုပ်ငြား သော်လည်း အလားတူ အကျိုးပေးဖို့ရှိ, မရှိ (ရှိပါ တယ်)။ အဲ့ဒါက အပရာပရိယ ဝေဒနီယကံဆို, အပရာပရိယ ဝေဒနီယ အကျိုးပေး (မှန်ပါ)။

ဆိုတော့ ကံ၏အကျိုး သည် ခုနစ်ရက်, ခုနစ်လ, ခုနစ်နှစ်အတွင်း အကျိုးပေး အကျိုးပေး တစ်မျိုး (မှန်ပါ)။ ကံအကျိုးပေး ဟာလေ (မှန်ပါ)။ ဒုတိယဘဝအကျိုးပေးမှာက (တစ်မျိုးပါ)။ နိဗ္ဗာန် မရမီ စပ်ကြားအကျိုးပေးမှာက (တစ်မျိုးပါ)။ အဲ့ဒီလိုကံမှာ အကျိုးပေး ဘယ်နှယ့်မျိုး ရှိတုံး၊ (သုံးမျိုးပါ)။

ဪဒါဖြင့် မောင်နိုင်တို့ ကိုမြင့်တို့ လေးနံပါတ်ကျအောင် မင်းတို့နားလည်ပြီ (မှန်ပါ)။ တစ်က ကံသုံးပါး (မှန်ပါ)။ နှစ်က ဖဿ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ သုံးက သူ့ အကျိုးပေးတွေ ဒီထူးခြားပုံ သိရမယ် ဆိုသောကြောင့် လူ့ပြည်, နတ်ပြည် ဗြဟ္မာပြည်တွေ အင်း (ကံအကျိုးပေး တွေကို ဒီလူ့ပြည်၊ နတ်ပြည် ဗြဟ္မာပြည်တည်း ဟူသော ကံ၏ ထူးခြားပုံကိုကော မသိဘူးလား (သိပါတယ်)။

အကျိုးပေးကြည့်လိုက်တော့ ခုနက ဒိဋ္ဌဓမ္မအကျိုးပေး (မှန်ပါ)။ ဒုတိယဘဝ အကျိုးပေး (မှန်ပါ)။ နိဗ္ဗာန် မရမီစပ်ကြား အကျိုးပေး (မှန်ပါ)။ အကျိုးပေး ဘယ်နှစ်မျိုးရှိလဲ (သုံးမျိုးပါ)။ ကောင်းပြီ-ဒါမှတ်ထား လိုက်ပါ။

ကဲ-ဒါဖြင့် လေးနံပါတ်ကျအောင် ဒကာ-ဒကာမ တွေ နားမလည်သေးဘူးလား (နားလည် ပါတယ်)။ နိဗ္ဗေဓိကသုတ်တဲ့ ဒကာ-ဒကာမတွေ ထိုးထွင်းပြီး သိရမယ်နော်၊ (မှန်ပါ) ဒါဟာ အခု ပြောတာ တွေက ရှေ့ပိုင်းက ရှင်းတာ လို့ မောင်နိုင်တို့မှတ်ရမယ် (မှန်ပါ)။

ကံချုပ်ရာကိုသိမှု

အင်း-ကိုင်း ငါးခုမြောက် ကျလာတော့ ဘာသိရမှာ တုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်)။ ကံချုပ်တာကို သိရမယ် (မှန်ပါ)။ ဪ-ကံချုပ်ရာကို သိရမယ် ဆိုတော့ ကံချုပ်ရာ သိရမယ်ဆိုတော့ ကံဟာ ဒကာ-ဒကာမ တို့ နိဗ္ဗာန်ကျလို့ ရှိရင်ဖြင့် ကံဟာ-နိဗ္ဗာန်မှ နိဗ္ဗာန် ဆိုတဲ့ နေရာဌာနဟာ ကံချုပ်တဲ့ နေရာ (မှန်ပါ)။

နိဗ္ဗာန်ဟာ ဘာပါလိမ့် (ကံချုပ်တဲ့နေရာပါ)။

မှတ်ထား, မှတ်ထား, မှတ်ထား၊ ဒါတော်တော် အရေးကြီးလာပြီ၊ (မှန်ပါ)။ နိဗ္ဗာန်ဟာ ဘာပါလိမ့် (ကံချုပ်တဲ့နေရာပါ)။ ဪ- ဒါဖြင့် ကံချုပ်တာကိုလည်း သိရမယ် ဆိုတော့ သြော် နိဗ္ဗာန်မှ ချုပ်တာကိုး (မှန်ပါ)။

ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ကုသလာကုသလံ ဇဟံ” ကုသလံ အကုသလံ= ကုသိုလ်, အကုသိုလ်ကို။ အဟံ= ငါသည်။ ဇဟံ= စွန့်လိုက်ပြီ ကွ ကံချုပ် ပြီ (မှန်ပါ)။

ဘုရားဖြစ်တော့ ဘယ့်နှယ်နေတုန်း (ကံချုပ်ပါတယ်)။ မချုပ်ဘူးလား (ချုပ်ပါတယ်)။ စွန့် လိုက်ပြီကွ၊ ဟ ဘာနဲ့စွန့်လိုက်တုန်း ကိုယ်တော်ကြီးလို့ မေးတဲ့ အခါကျတော့မှ မဂ္ဂင်ပေါ်လို့ စွန့်လိုက်တာ (မှန်ပါ)။ သဘော ကျလား (ကျပါတယ်)။ အင်း-ကံဟာ ဘယ်လိုကြောင့် ချုပ်ပါလိမ့် (မဂ္ဂင်ပေါ်လို့ ချုပ်တာပါ)။

မဂ္ဂင်ပေါ်လို့ချုပ်တယ်၊ မဂ်မရသေး ဒီကံဟာ ဒကာ ဒကာမတို့ ခုနစ်ရက်၊ ခုနစ်လ၊ ခုနစ်နှစ် အတွင်း အကျိုးပေး မယ် (မှန်ပါ)။ ဒုတိယဘဝကော၊ (အကျိုးပေးပါမယ်)။

ကဲ-ဒါဖြင့် ခုနစ်ရက်, ခုနစ်လ, ခုနစ်နှစ် အတွင်း အကျိုးပေးခဲ့သော် ကာကဝလ္လိယတို့လို ဟုတ်လား (မှန်ပါ)။ ပုဏ္ဏတို့လို အကျိုးပေး နေမယ် ဆိုလို့ ရှိရင်လည်းတဲ့ ရွှေတုံးတွေ အကျိုးပေးလို့ ရွှေတုံး ဘာသစ္စာဖွဲ့မလဲ (ဒုက္ခသစ္စာပါ)။ နောက်ဘဝ အကျိုးပေးတော့ ရုပ်နာမ် မလာဘူးလား (လာပါတယ်)။ ဘာသစ္စာ လာမယ် (ဒုက္ခသစ္စာ လာပါမယ်)။

ကံချုပ်မှ၊ ဒုက္ခချုပ်မယ်

နိဗ္ဗာန်မရမီစပ်ကြား အကျိုးပေးရင်လဲ ရုပ်နာမ်ပေါ်, မပေါ်, (ပေါ်ပါတယ်)။ ပေါ်ခဲ့သော် ဘာသစ္စာ (ဒုက္ခသစ္စာပါ)။

သြော် ဒါဖြင့် ကံ၏ အကျိုးပေးတွေကို၊ ကံမချုပ်လို့ ရှိရင် ဒကာ-ဒကာမတို့ အကျိုးပေး ချုပ်ပါ့မလား (မချုပ် ပါဘူး)။ ဒါဖြင့် ကံချုပ်မှ ဘာချုပ်မလဲ (အကျိုးပေးချုပ် မှာပါ)။ တိုတိုပြောကြစို့, ကံချုပ်မှ ဒုက္ခသစ္စာ ချုပ်မယ် (မှန်ပါ)။ ကံမချုပ်ရင် (ဒုက္ခသစ္စာ မချုပ်ပါဘူး)

သေသေချာချာ နားကြီးကြီးနဲ့ ထောင်ပါဆိုတာကို လည်း အစောကြီးကလည်း သတိပေး ခဲ့တယ်နော် (မှန်ပါ)။ ခင်ဗျားတို့ အားကိုး နေတဲ့ ကံမချုပ်သ၍ ကာလ ပတ်လုံး ဒုက္ခ မချုပ်ဘူး (မှန်ပါ)။ သဘောကျလား, (ကျပါတယ်)။ ခင်ဗျားတို့ အားကိုးနေတဲ့ ကံဟာ မချုပ်သ၍ ကာလပတ်လုံး (ဒုက္ခ မချုပ်ပါဘူး)။

ကြည့်လေ သူက ခုနစ်ရက် အကျိုးပေးတဲ့ အကျိုးပေး တစ်မျိုး (မှန်ပါ)။ ဒုတိယ ဘဝ အကျိုးပေးတဲ့ (တစ်မျိုးပါ)။ ရုပ်နာမ်တွေ ချည်းဘဲ မလာပေဘူးလား (လာပါတယ်)။ အင်း, နိဗ္ဗာန် မရမီ စပ်ကြား အကျိုးပေးတွေကကော၊ (နောက်တစ်မျိုး ပါ)။ ဘာတွေတုံး အဲ့ဒါ (ကံတွေပါ)။ အင်း ဒီလိုရမ်းပြောလို့ မရဘူး၊ ဒုက္ခသစ္စာဘဲ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

ဒုက္ခသစ္စာဘဲဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါတယ်)။ ဒါဖြင့် ကံမချုပ်ခဲ့သော် ဒုက္ခသစ္စာ မချုပ်ဘူး (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါတယ်)။ ကံ မချုပ်ခဲ့သော် (ဒုက္ခသစ္စာ မချုပ်ပါဘူး)။ ဒါဖြင့် ကံချုပ်ရာ ဌာနဟာ ဘာလဲ (နိဗ္ဗာန်ပါ)။

ကံချုပ်ရာအကျင့်သိမှု

ဒါဖြင့် ဒကာ-ဒကာမတို့ ချုပ်ရာ ချုပ်ကြောင်း အကျင့် မကျင့်ဘဲနဲ့ ဒီကံ မချုပ်ဘူးနော် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါတယ်)။ ချုပ်ရာ ချုပ်ကြောင်း အကျင့်ကို မကျင့်ခဲ့သော် (ကံမချုပ်ပါဘူး)။

အဲ-ဒါဖြင့် မဂ္ဂင်ရှစ်ပါး အလုပ်ကို လုပ်မှ ဒီကံချုပ်မယ် (မှန်ပါ)။ ဒီကံချုပ်မှ ဒုက္ခသစ္စာ ဘာတုံး (ချုပ်မှာပါ)။ သဘောပါလား (ပါပါတယ်)။ ဒါဖြင့် နောက်ဆုံးပိတ် အလုပ် မလုပ်ရပေဘူးလား (လုပ်ရမှာပါ)။

ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက, “ရူပသဉ္စတနာ လောကေ သဒ္ဒသဉ္စတနာ လောကေ ဧတ္ထေသာ တဏှာ”ကွ သူမချုပ်လို့ ရှိရင် နောက်က တဏှာ လိုက်တယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

“ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ နိဗ္ဗဇ္ဇမာနာ နိပ္ပဇ္ဇတိ ရူပသေဉ္စတနာ လောကေ သဒ္ဒသဉ္စေတနာ၊ လောကေ ဂန္ဓသေဉ္စတနာ လောကေ ပဟီယမာနာ ပဟီယတိ” ဆိုတဲ့ဥစ္စာ ဒီစေတနာချုပ်အောင် လုပ်ရမှာ(မှန်ပါ)။ သဘောကျလား (ကျပါ တယ်)။

ကိုင်း-ဒါဖြင့် ခင်ဗျားတို့ သံသရာထဲမှာဖြင့် အကျိုး ပေးပြီး သကာလ သူကနေ အလားတူ ပေါ်အောင် လုပ်နေ တာဖြင့် အခု နာမ်ရုပ်မျိုး နောက်နာမ်ရုပ် ပေါ်အောင် လုပ်နေ တာ ဘယ်သူ ပါလိမ့်မတုံး ဆိုတာ လက်သည်ရှာစမ်း (ဖဿပါ)။ စေတနာ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

အခုနာမ်ရုပ် အလားတူ နောက်နာမ်ရုပ် ပေါ်အောင် လုပ်နေတာ (စေတနာပါ)။ ဒါဖြင့် နောက်ပေါ်တဲ့ နာမ်ရုပ် ဘာသစ္စာ ဖွဲ့ကြမယ် (ဒုက္ခသစ္စာပါ)။ အဲ့ဒီနာမ် ရုပ် မပေါ်ချင်လို့ရှိရင် ဒီစေတနာ ဆုံးအောင် လိုက်ရမယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ ဒီစေတနာ ချုပ်အောင် လုပ်ရမယ် (မှန်ပါ)။ မလုပ်ရပေဘူးလား (လုပ်ရမှာပါ)။

ဒီစေတနာ မချုပ်ရင် သူနဲ့ပတ်သက်တဲ့ ဒုက္ခသစ္စာက (မချုပ်ပါဘူး)။ ချုပ်နိုင်ပါ့မလား (မချုပ် နိုင်ပါဘူး) သဘောပါပြီလား (ပါပါတယ်)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း ဒီစေတနာကိုဘဲတဲ့ “ဧတ္ထ သာတဏှာ ပဟီယမာနာ ပဟီယတိ”ကွာတဲ့ ဒီစေတနာကြောင့် ဖြစ်မည့် တဏှာတွေကလည်း အမျိုးမျိုး အဖုံဖုံ ရှိနေတော့ ဒီတဏှာ ချုပ်ချင်လို့ရှိရင် ဒီစေတနာ ချုပ်အောင် လုပ်ရလိမ့်မယ် (မှန်ပါ)။

အင်္ဂုတ္တိုရ်ကျတော့ ဒီစေတနာ ဆုံးအောင် လုပ်ရမယ် တဲ့ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

ဒါဖြင့် ခင်ဗျားတို့ သန္တာန် သွားချင်တဲ့ စေတနာလေးပေါ်လာ စေတနာ ဖြစ်ပျက်ရှု (မှန်ပါ)။ ပြောချင်တဲ့ စေတနာပေါ် လာ (ပြောချင်တဲ့ စေတနာ ဖြစ်ပျက် ရှုရမှာပါ)။ ပြောချင် တဲ့စေတနာ ဖြစ်ပျက် ရှုနော် (မှန်ပါ)။ အင်း စားချင်တဲ့ စေတနာ လေးပေါ်လာ (စားချင်တဲ့ စေတနာ ဖြစ်ပျက် ရှုရမှာပါ)။ အိပ်ချင်တဲ့ စေတနာလေး ပေါ်လာ (အိပ်ချင် တဲ့စေတနာ ဖြစ်ပျက်ရှု ရမှာပါ)။

အကုန်ရှု, အကုန်ရှု, အကုန်ရှု (မှန်ပါ)။ သဘောပါကြလား (ပါပါတယ်)။ မရှုရင် တော်ပါ့မလား (မတော်ပါဘူး)။ မရှုလို့ ရှိရင် သူက ဒိဋ္ဌဓမ္မသော်လည်းကောင်း လာလိမ့်ဦးမယ် (မှန်ပါ)။

ဥပပဇ္ဇသော်လည်းကောင်း (လာမှာပါ)။ အပရာပရိယသော်လည်းကောင်း၊ (လာမှာပါ)။ ဒါဖြင့် စေတနာ ချုပ်အောင် စေတနာ, စေတနာကို ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးကလည်း, ဓမ္မာနုပဿနာ သတိပဋ္ဌာန် “ရူပသေဉ္စတနာ လောကေ၊ သဒ္ဒ သဉ္စေတနာ လောကေ” နဲ့ လာလိုက်တာ၊ “ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ” ဆိုတော့ တဏှာ ပယ်ရမှာ မဟုတ်ဘူး, ဒီစေတနာ ဖြစ်ပျက် ရှုရမှာ (မှန်ပါ)။

ဒီစေတနာ ဖြစ်ပျက်ရှုလိုက်လို့ရှိရင် စေတနာ့ နောက် က တဏှာ လာသေးရဲ့လား (မလာပါဘူး)။ စေတနာ၏ အကျိုးပေး တွေကော (မလာပါဘူး)။ မလာတော့ ဒီ စေတနာသည် ဒကာ-ဒကာမတို့ ကျုပ်တို့ ဘာလုပ်ရမှာတုံး လို့မေးဖို့ မလိုဘူးလား (လိုပါတယ်)။

အင်း-ကျုပ်တို့သည် အနိစ္စ, ဒုက္ခ, အနတ္တ ရှုရလိမ့်မယ် (မှန်ပါ)။ ဘာလုပ်ကြရမယ် (အနိစ္စ, ဒုက္ခ အနတ္တ ရှုရပါမယ်)။ အနိစ္စ-ဒုက္ခ-အနတ္တနဲ့ ရှုလို့ရှိရင် ဒီစေတနာကို စေတနာ ဖြစ်ပျက်မြင်အောင် လုပ်ရလိမ့်မယ် (မှန်ပါ)။ စေတနာဖြစ်ပျက်မုန်းအောင် (လုပ်ရပါမယ်)။ အင်း-စေတနာ ဖြစ်ပျက် ဆုံးအောင် (လုပ်ရမှာပါ)။

လုပ်မှသာလျှင် ဘာပေါ်မယ်ထင်တုံး (နိဗ္ဗာန် ပေါ်မှာပါ)။ နိဗ္ဗာန် ပေါ်မယ်, စေတနာ ချုပ်မယ်၊ စေတနာချုပ်ရင် ဘာပေါ်မယ်ထင်တုံး (နိဗ္ဗာန် ပေါ်မှာပါ)။ နိဗ္ဗာန် ပေါ်မယ် ဆိုတာကော သဘောကျလား (ကျပါတယ်)။

ကောင်းပြီ ဒါဖြင့် ဒကာ-ဒကာမတို့ သံသရာ ခရီးထဲ မှာဖြင့် သံသရာ လမ်းဆုံးကို ပြောကြပါစို့ ဆိုတော့ စေတနာ ချုပ်မှ ဒုက္ခသစ္စာ ချုပ်မယ် (မှန်ပါ)။ စေတနာမချုပ်ရင် (ဒုက္ခသစ္စာ မချုပ်ပါဘူး)။

အင်း-ဒါ နားကြီးကြီးနဲ့ ထောင်မှနော် (မှန်ပါ)။ ဦးခန့်တို့ ဦးပါလေးတို့ သေသေချာချာ နားကြီးကြီးနဲ့ ထောင်ပါ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါတယ်)။

ရုပ်နာမ်ရှိနေရင်စေတနာကရှိနေမှာပဲ

ကိုင်း-ဒါ တပည့်တော်တို့ ကိုယ်ပိုင် လုပ်ဖို့ မလိုတော့ ဘူး ဒီလိုလည်း မယူလိုက်နဲ့ (မှန်ပါ)။ ဒီလိုလည်း မယူနဲ့ တဲ့ စေတနာ ခင်ဗျားတို့ ရုပ်နာမ် ရှိနေရင် စေတနာက ရှိနေမှာဘဲ (မှန်ပါ)။ မရှိ ပေဘူးလား (ရှိပါတယ်)။

ရှိနေလို့ ရှိရင် ဒီစေတနာ သည်ကားဆိုလို့ရှိရင် ကျုပ်တို့သည် မချုပ်လို့ရှိရင်လည်း စေတနာ လမ်းဆုံး မလိုက်နိုင်လို့ ရှိရင် လည်း သူ့အကျိုး ပေးတွေက ကျုပ်တို့ ဒုက္ခသစ္စာတွေ လာနေ ဦးမှာဘဲ (မှန်ပါ)။ မလာပေဘူးလား (လာပါတယ်)။ လာတော့ ဒီစေတနာ ဘာလုပ်ရမှာလဲ (ဖြစ်ပျက်ရှုရမှာပါ)။ ဖြစ်ပျက် ရှုရမယ်, သူ့ကို ချုပ်ဆုံးအောင် လိုက်ရမယ် (မှန်ပါ)။ မလိုက်ရလား (လိုက်ရပါမယ်)။

အဲ့ဒီတော့ သဟဇာတမှာတဲ့ စေတနာ ပါတယ်ဆိုလို့ ရှိရင်လည်း စေတနာသည် ရုပ်ကို ဖြစ်စေတဲ့ စေတနာဖြင့် ရုပ်ပါ လာမယ် (မှန်ပါ)။ ဒါဖြင့် စေတနာ ရှုလို့ရှိရင် စေတနာ ကနာမ် (မှန်ပါ)။ သူက ဖြစ်စေတာက ရုပ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ စေတနာ ရှုလိုက်လို့၊ စေတနာ ရှုလိုက်လို့ စေတနာ မုန်းလို့ရှိရင် ဒီရုပ် မုန်းပြီးသား ကျတယ် (မှန်ပါ)။ စေတနာကို ဖြစ်ပျက်မြင် လို့ရှိရင် ရုပ်ဟာလည်း တွဲဖက် တွဲဖက်မှာ ဖြစ်ပျက်ပဲ (မှန်ပါ)။

စေတနာဆုံးသွားတဲ့အခါကျတော့ ရုပ်နာမ်ကော (ဆုံးသွားပါတယ်)။ အင်း- ရုပ်နာမ် ဆုံးရင်တော့ ဘာခေါ်ကြ (နိဗ္ဗာန်ပါ)။

အဲ့ဒါကြောင့် ဒကာ-ဒကာမတို့ ရုပ်နာမ်ဆုံးမှ နိဗ္ဗာန် ဆိုတာ၊ စေတနာဟာ စေတနာနှင့် တကွ သဟဇာတ ဖြစ်တဲ့ ရုပ်ကလည်း ရှိသေးတယ် (မှန်ပါ)။ မရှိဘူးလား (ရှိပါတယ်)။

ဒါကြောင့် ခင်ဗျားတို့ ကာယကံစေတနာ ဆိုတော့ စေတနာရယ်, ဒီက ကာယရယ် တွဲလာ နေတယ် (မှန်ပါ) ကာယဆိုတဲ့ ရုပ်နဲ့မတွဲဘူးလား၊ (တွဲပါတယ်)။ စေတနာနဲ့ ကာယနဲ့မတွဲဘူးလား (တွဲပါတယ်)။

ဝစီကံဆိုတော့ ဝစီ သဒ္ဒရုပ်နဲ့ ဒီကစေတနာနဲ့ မတွဲဘူးလား (တွဲပါတယ်)။ မနောကံဆိုတော့ မနောကံနဲ့ မနောထဲမှာဖြစ်တဲ့ မနော ရုပ်တွေနဲ့ မတွဲဘူးလား (တွဲပါတယ်)။

အဲ့ဒါကြောင့် ဒကာ ဒကာမတို့ ရုပ်နာမ်ချုပ်တာဘဲလို့ မှတ်ရလိမ့်မယ်၊ (မှန်ပါ)။ စေတနာချုပ်ရင် (နာမ်ရုပ် ချုပ်မှာပါ)။ ကျေနပ်ပလား (ကျေနပ်ပါတယ်)။

စေတနာချုပ်ကြောင်းအကျင့်က မဂ္ဂင်

ဒါဖြင့် စေတနာ အကုန်လိုက်ရှုလို့ နိဗ္ဗာန် ရောက်ပါ့ မလားလို့ မမေးနဲ့တော့၊ ဒကာ-ဒကာမတို့ သူနဲ့ တွဲလျက်ဘဲ ချုပ်တယ်လို့ မှတ်လိုက်ပါ (မှန်ပါ)။ ကောင်းကောင်း သဘောပါပြီလား (ပါ,ပါတယ်)။

ဤကဲ့သို့ သဘောပါတော့မှ ဒကာ-ဒကာမတို့ စေတနာလေး၏ ချုပ်ရာ ချုပ်ကြောင်း အကျင့် ဆိုတာ ဘာပါ လိမ့်မတုံး (မဂ္ဂင်ပါ)။ မဂ္ဂင် (မှန်ပါ)။ စေတနာ လေး၏ ချုပ်ရာ ချုပ်ကြောင်း အကျင့်က (မဂ္ဂင်ပါ)။ မဂ္ဂင် သဘောကျလား (ကျပါတယ်)။

အဲ့ဒီတော့ ခင်ဗျားတို့ လောကီ ဘုံသားတွေဖြစ်ပြီး သကာလ နေတော့ ဒီစေတနာဘဲ အားကိုး လိုက်မှာ လည်း အင်မတန်မှ စိုးရိမ်တယ် (မှန်ပါ)။ နို့ -သံသရာ ခရီးသည်တွေမှာလည်း စေတနာဟာ သူ့နေရာ နဲ့သူ သုတ္တန် နည်းမှာ ခရီးသည် နေရာမှာတော့ ကောင်းတဲ့ စေတနာဟာ တော်တော် အကူအညီ ပေးတယ် ဆိုတာလည်း မောင်နိုင်တို့ ကိုမြင့်တို့ ငြင်းဖို့မလိုပါဘူး (မလိုပါဘူး)။

သို့သော် သူ့အကျိုးပေးကို ကျုပ်တို့က ခံစားနေမယ် ဆိုလို့ရှိရင်လည်း ဒုက္ခသစ္စာဘဲ ရမယ် (မှန်ပါ)။ ရုပ်နာမ်ပြန်ပေါ်မယ် (မှန်ပါ)။ မပေါ်ပေဘူးလား (ပေါ်ပါတယ်)။

ပေါ်ခဲ့သော် လည်း ကျုပ်တို့ ရုပ်နာမ် ပေါ်ပြန်လို့ ရှိရင်လည်း အိုဘေး, နာဘေး၊ သေဘေးဆိုတဲ့ “ဇရာပိ ဒုက္ခံ၊ ဒုက္ခသစ္စာ၊ ဗျာဓိပိ ဒုက္ခ သစ္စံ, မရဏမ္ပိ ဒုက္ခသစ္စံ” ဟာလည်း အဆက်ပြတ်တော့မယ် မဟုတ်ဘူး (မပြတ်ပါဘူး)။

ဒါဖြင့် စေတနာ အဆုံးမှာ ဇာတိ, ဇရာ, ဗျာဓိ-မရဏ ကော၊ (ဆုံးပါတယ်)။ စေတနာ မချုပ် (ဇာတိ, ဇရာ, ဗျာဓိ, မရဏမချုပ်ပါဘူး)။ ဇာတိ, ဇရာ, ဗျာဓိ မရဏ ချုပ် နိုင်ပါ့မလား (မချုပ်နိုင်ပါဘူး)။

အဲ့ဒါကြောင့် ခင်ဗျားတို့ ဇာတ်သိမ်း တရားကျတော့ သူ့ကို ဖြစ်ပျက်ပဲ ရှုရမယ် (မှန်ပါ)။ ကျေနပ်ပါပြီလား (ကျေနပ်ပါတယ်)။ ဘာလုပ်ကြရမယ် (ဖြစ်ပျက် ရှုရမှာ ပါ)။ ဘယ်စေတနာ လာလာ ဘာလုပ်ရမယ်၊ (ဖြစ်ပျက်ရှုရမှာ ပါ)။

အင်း-ကာယကံ စေတနာလာလည်း (ဖြစ်ပျက်ရှုရ ပါမယ်)။ ဝစီကံ စေတနာလာလည်း (ဖြစ်ပျက်ရှုရပါမယ်)။ မနောကံ စေတနာလည်း (ဖြစ်ပျက်ရှုရမှာပါ)။

အကယ်၍ မရှုတော့ပါဘူး ဆိုရင်, ကမ္မံ ဝိပါကဿ ဆိုတော့ သူ့အကျိုးပေးက လာတော့မယ် (မှန်ပါ)။ လာရင် နာမ်ရုပ် ပေါ်လိမ့်မယ် (မှန်ပါ)။ နာမ်ရုပ် ပေါ်လို့ ရှိရင် အို,နာ,သေ ပါလာတော့မယ် (မှန်ပါ)။ ပါခဲ့သော် ဘာသစ္စာထင် (ဒုက္ခသစ္စာပါ)။

အဲ့ဒါကြောင့် နိဂုံးချုပ် ဘုရားသခင် ကိုယ်တော် မြတ်ကြီး၊ ကံကို ချုပ်အောင် ကျင့်ရမယ်၊ ကံ-ကံတို့၏ ချုပ်ရာ မင်းတို့ ရောက်အောင် သွားရမယ် ဆိုတော့ အို ဒီတိုင်းသွားလို့ မရဘူး၊ ချုပ်ရာ ချုပ်ကြောင်း အကျင့်ကို ကျင့်မှဘဲ ဆိုတော့ မဂ္ဂင်နဲ့ စေတနာကို ရှုရမယ် (မှန်ပါ)။ သဘောပါလား (ပါပါတယ်)။ ဘာနဲ့ဘာရှုရမလဲ၊ (မဂ္ဂင်နဲ့ စေတနာ ကိုရှုရမှာပါ)။

မဂ္ဂင်နဲ့စေတနာတွေကို ဒကာ-ဒကာမတွေက ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက် ရှုပြီး သကာလ နေတော့မှ သြော် သူသည်ကား စေတနာဟာ ဘာသစ္စာဖွဲ့ကြမယ် (ဒုက္ခ သစ္စာပါ)။ အဲဒါဖြင့် ဒုက္ခသစ္စာ မြင်မှာပေါ့နော် (မှန်ပါ)။ သူကဖြစ်ပျက်ပဲ မဟုတ်လား (မှန်ပါ)။

အဲ့ဒီထဲက ခင်ဗျားတို့ မလိုက်တော့ဘူး ဆိုတာလည်း ပါသွားပြီ (မှန်ပါ)။ လိုက်သေးရဲ့လား (မလိုက်ပါ ဘူး)။ ဖြစ်ပျက် မြင်တော့ လိုက်သေးရဲ့လား (မလိုက် ပါဘူး)။ ဟော-ဒီနေရာတွင်ဖြစ်ပြီး, ဒီနေရာတွင် ပျက်ပါလား (မှန်ပါ)။ ဟိုဘက်လိုက်သေးရဲ့ လား (မလိုက်ပါဘူး)။

အဲ့ဒီတော့ ဒီလိုဖြစ်ပျက် ရှုလိုက်တော့မှ ခုနက “ဆာယာဝ အနုပါယိနီ” ဆို၊ လူသွားရာ အရိပ်သဖွယ် ကံလိုက် နေတယ် ဆိုတာတွေ ဒီသဿတဒိဋ္ဌိ တွေက ဒီဖြစ်ပျက် မဂ်နဲ့ တွေ့တဲ့ ဖြစ်ပျက်နဲ့ ကြုံမှသာလျှင် ဒကာ-ဒကာမတို့ ခုနက အယူမှန် ရောက်ပေတော့တယ် (မှန်ပါ)။

နို့မို့ရင် အယူမှန် ရောက်ပါ့မလား (မရောက် ပါဘူး)။ ကျုပ်တို့ အိပ်နေရင် ကျုပ်တို့ကံက ကျုပ်တို့ စောင့် နေတာ၊ ခင်ဗျားတို့က ဒီလို ယူပစ်လိုက်တယ် (မှန်ပါ)။ မယူဘူးလား (ယူပါတယ်)။

အိပ်နေကွ – ကံကစောင့် နေတာ ဟုတ်လား (မှန်ပါ)။ ကံက စောင့်တာပေါ့ကွ ငါရထားတဲ့ ပစ္စည်း ဘယ်သူ ယူတုန်းဆို အောင်မာ ကံဒရဝမ် လုပ်ထားတယ် ခင်ဗျားတို့ (မှန်ပါ)။ ဟုတ်ဘူးလား (ဟုတ်ပါတယ်)။ ကံကို ဒရဝမ်လို့ မထင်ကြဘူးလား (ထင်ပါတယ်)။

အင်း-ကျုပ်အိမ်ပစ် ထားတာဘဲဗျ, ကျုပ်ကံနဲ့ ကျုပ်ပဲ, ဘယ်လို မီးလောင်မှာတုန်းဗျ (မှန်ပါ)။ ဟော ဘယ်သူ လာရှို့လို့ ဘယ်သူလာခိုးတုန်း စဉ်းစားကြ ကျုပ်ကံက အမြဲ စောင့်ရှောက်နေတာ (မှန်ပါ)။ ဒီလို သုံးတာ (မှန်ပါ)။ သုံးတဲ့ အတိုင်းလည်း ထင်တယ်(မှန်ပါ)။ မထင် ဘူးလား၊ ထင်လား (ထင်ပါတယ်)။

ဒါဖြင့် သူသည် ကံဟာ တခြား အပေါ်၌သူ, အတ္တ လည်း ရှိတယ်, ဒိဋ္ဌိလည်းရှိတယ်၊ (မှန်ပါ)။ မရှိဘူးလား (ရှိပါ တယ်)။ အဲ့ဒီလို ယူလိုက်တဲ့ အခါကျတော့ ဘုရားက အဲ့ဒါတွေ စိုးရိမ်တဲ့ အတွက် ကံကို ချုပ်အောင် ကျင့်ရမယ် ကွ (မှန်ပါ)။ ဆိုတော့ ဒိဋ္ဌိကို ဖြုတ်ချလိုက်တယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ ကံကို ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရမှာပါ)။

ဖြစ်ပျက်ရှုမှကံချုပ်မယ်

ဖြစ်ပျက်ရှုမှ သာလျှင် ကံချုပ်မယ် မဟုတ်လား (မှန်ပါ)။ ချုပ်ရာ ချုပ်ကြောင်း အကျင့် မကျင့်ဘဲနဲ့ဖြင့် ဒီကံ မချုပ်ဘဲနဲ့ နေခဲ့သော် ဘုန်းကြီးတို့ ဒကာ-ဒကာမတွေမှာ ခုနက အကျိုးပေး ဆုံးနိုင်ပါ့မလား (မဆုံးနိုင်ပါဘူး)။ မဆုံးနိုင် လို့ရှိရင်ဖြင့် အကျိုးပေး ဆိုတာ ဘာတုန်း ဆိုတော့ သံသရာ လှည့်တာ (မှန်ပါ)။ အကျိုးပေးဆိုတာဘာ တုန်း (သံသရာလှည့်တာပါ)။ ကျေနပ်ပြီလား (ကျေနပ် ပါတယ်)။

အဲ့ဒီလို သံသရာ လှည့်တဲ့ ဇာတ်ဟာ ဘယ်သူခင်း သတုံး မေးတဲ့ အခါကျလို့ရှိရင်, အကျိုးပေးက ကံက အကြောင်း၊ အကျိုးပေးက အကျိုး (မှန်ပါ)။ အကြောင်းနဲ့ အကျိုး ဆိုတော့ ဟောဒီက ကံက ကမ္မဝဋ်, အကျိုးပေးက ဝိပါကဝဋ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်) ကံက (ကမ္မဝဋ်ပါ)။ အကျိုးပေးက (ဝိပါကဝဋ်ပါ)။

ကိုင်း ဝဋ်ထွက်လာပါပြီ (မှန်ပါ)။ မထွက် သေးဘူးလား (ထွက်ပါတယ်)။ ကံက (ကမ္မဝဋ်ပါ)။ အင်း-သူ့သာ ခင်ဗျားတို့ ချုပ်အောင်, ဇာတ်သိမ်းအောင် မကျင့် နိုင်လို့ရှိရင် ဘာဝဋ် ထွက်လာမယ် ထင် (ဝိပါက ဝဋ်ထွက် လာမှာပါ)။ အင်း-ဝိပါက ဝဋ် ထွက်လာလို့ ရှိရင် ဝိပါကဝဋ် ထဲက ကိလေသဝဋ် အရင်တုန်းက လှည့်သလို ပေါက်ပွားလိမ့် ဦးမယ်ဆိုတာ အဝိဇ္ဇာနဲ့ တဏှာ ဝိပါကဝဋ်ထဲ လာမလာ (လာပါတယ်)။ လာခဲ့သော် ဝဋ်သုံးပါးလည်, မလည် (လည်ပါတယ်)။ သဘောပါကြလား (ပါပါတယ်)။

အထက်တန်းကျမှ ဒီတရားနာနိုင်မယ်

အောင်မယ်လေး ဒါဖြင့် ဒကာ-ဒကာမတို့ ဒီတရား ခင်ဗျားတို့ နာနိုင်လို့ ရှိရင်ဖြင့် တော်တော့်ကို အထက်တန်း ကျမှ နာနိုင်မယ် (မှန်ပါ)။ အထက်တန်း မကျရင် (မနာနိုင်ပါဘူး)။ သဘောပါကြလား (ပါ,ပါတယ်)။ အထက်တန်းမှ မကျလို့ ရှိရင် ဒီဥစ္စာ တစ်ခါတည်း ခုနက ရဟန်း ဖြစ်တော့မှာဘဲ (မှန်ပါ)။ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်)။

မောင်နိုင် ခုနကရဟန်းက ဘာမှ အားကိုးစရာမရှိ တော့ဘူးကွာ, အကုန် အနတ္တချည်းဘဲ, ကံဘဲငါ့ဟာ လုပ်နေဖို့ ရှိတော့တယ်လို့ ဒီလို ယူမပစ် လိုက်ဘူးလား (ယူပစ်လိုက် ပါတယ်)။

ဒီမှာလည်း ဒကာ-ဒကာမတွေ သစ္စာနားလည်ထား လို့ ဝဋ်သုံးပါးတွေ နားလည်ထားလို့ ဒီတရားကို ခင်ဗျားတို့ နိဗ္ဗေဓိကသုတ်ကို နာနိုင်ကြတာ (မှန်ပါ)။ နို့မို့ရင် နာနိုင် ကြပါ့မလား (မနာ နိုင်ပါဘူး)။

ကိုင်း-ခုတော့ဖြင့် ကံရှိရင် ကံနောက်က ဘာဝဋ်လိုက် မယ် (ဝိပါကဝဋ်လိုက်မှာပါ)။ ဝိပါကဝဋ် ပေါ်လာရင် ဝိပါကဝဋ်ထဲက ဘာပေါက်ပွားမယ် ထင်လဲ (ကိလေသ ဝဋ်ပေါက်ပွားမှာပါ)။ ကိလေသဝဋ် ပေါက်ပွားရင် ကံတစ်ခါ ထပ်လုပ်မယ်(မှန်ပါ)။ ဒါဖြင့် ဝဋ်သုံးပါးလည်, မလည် (လည်ပါတယ်)။ ကောင်းကောင်း သဘောပါလား (ပါပါတယ်)။

ဒါဖြင့် ဘုရားက ကံချုပ်ဖို့ ကံချုပ်ရာဌာနလုပ်ရမယ် ဆိုတဲ့ ဥစ္စာကော ကျေနပ်ပလား (ကျေနပ် ပါတယ်)။ ဘာကြောက်ရှာပါလိမ့် မတုန်းလို့ မေးတော့မှ

သြော် နိဗ္ဗေဓိက သုတ်ကို ကံကို ခြောက်မျိုး ထားပြီး သကာလ

၁။ ကံကိုသိမှု၊

၂။ ကံ ဖြစ်ကြောင်းသိမှု၊ ဟုတ်လား (မှန်ပါ)။

၃။ ကံတို့၏ ထူးခြားပုံသိမှု (မှန်ပါ)။

၄။ ကံတို့၏ အကျိုးပေးကို (သိမှုပါ)။

၅။ ကံချုပ်ရာသိမှု (သိမှုပါ)။

၆။ ကံချုပ်ရာချုပ်ကြောင်း အကျင့်ကို (သိမှုပါ)။

ဒါ မဟောသင့်ဘူးလား, ဟောသင့်လား (ဟော သင့်ပါတယ်)။ ဟောသင့်တော့ ဒကာ-ဒကာမတွေ ခင်ဗျား တို့ ရှုပါလို့ ဘုန်းကြီးက သတိပေးလိုက်တယ် (မှန်ပါ)။

အကယ်၍ စဉ်းစားကြည့်စမ်းပါလား, ဒိဋ္ဌိနဲ့ တွဲနေတဲ့ ကံ၊ ဝိစိကိစ္ဆာနဲ့ တွဲနေတာကံ စေတနာ စိတ်တစ်ခုယုတ် ကိုး ဆယ်မှာ အကုန် ယှဉ်တာဘဲ (မှန်ပါ)။ ဒိဋ္ဌိတွဲနေတဲ့ကံ မချုပ်ခဲ့သော်, ဝိစိကိစ္ဆာနဲ့ တွဲနေတဲ့ စေတနာ မချုပ်ခဲ့သော် ဒကာ ဒကာမတို့ သောတာပန်ကို မတည်ဘူး၊ (မှန်ပါ)။ တည်နိုင်ပါ့ မလား (မတည် နိုင်ပါဘူး)။

ဘာဖြစ်လို့တုံးဆိုတော့ ဒိဋ္ဌိနဲ့တွဲနေတဲ့စေတနာ, ဝိစိကိစ္ဆာ နဲ့ တွဲနေတဲ့ စေတနာ မချုပ်ခဲ့သည် ရှိသော် သောတာ ပန် အပါယ်သွားရမယ် (မှန်ပါ)။ ကံကခုနက အပါယ် လေးပါးသွားတဲ့ ကံလည်း ရှိသေးတယ်လို့ ခုနက မပြောခဲ့ဘူး လား (ပြောခဲ့ပါတယ်)။ ငရဲပြိတ္တာ သွားတဲ့ကံ, လူ့ပြည် သွားတဲ့ကံ, ဗြဟ္မာပြည် သွားတဲ့ကံလို့ ခုနက ကံတို့၏ ထူးခြားပုံတုန်းက, မောင်နိုင်တို့ ကိုမြင့်တို့ ရှင်းပေးခဲ့ပါပြီ (မှန်ပါ)

သောတာပန်မှာ ဘယ်ကံချုပ်သတုံး

အဲ့ဒီတော့ သောတာပန်မှာ ဘယ်ကံ ချုပ်သတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်)။ အပါယ် သွားစေတတ် တဲ့ကံ ချုပ်တယ်(မှန်ပါ)။ အဆွံ၊ အအ၊ အနူအရွဲ ဖြစ်မည့်ကံတွေ (ချုပ်ပါတယ်)။ ကံအကုန် မချုပ်သေးဘူး (မှန်ပါ)။ ကံကုန် မချုပ်သေးလို့ သူ့မှာ ဒကာ ဒကာမတို့ ကိလေသဝဋ်ကျန်လို့ ခုနစ်ဘဝ လှည့်နေတယ် (မှန်ပါ) သဘောကျလား (ကျပါတယ်)။

ကံ သတ္တိ ဘယ်လောက်များ ဒကာ ဒကာမတို့ ရက်စက်တယ်ဆိုတာ လှည့်ပေးပုံ မပေါ် သေးဘူးလား (ပေါ်ပါတယ်)။ ရှင်းပြီလား (ရှင်းပါတယ်)။

ဒါဖြင့် ရဟန္တာဖြစ်တော့ ကံက ကုန်မသွားဘူးလား (ကုန်သွား ပါတယ်)။ တန်တော့ ရဟန္တာ ဖြစ်ပြီးတဲ့ နောက် ဘယ်ဘဝ ဆိုတာ လာသေးရဲ့ လား (မလာပါဘူး)။ အဲ့ဒါ ကံကုန် သွားပြီ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီကံသည် ဘယ်အခါရှုရ မှာတုံးဆိုတော့ မျက်လုံးလေးဖွင့်တာလည်း စေတနာ ပါလို့ ဖွင့်တာ (မှန်ပါ)။ မျက်လုံးလေး မှိတ်တာကော (စေတနာပါလို့ မှိတ်တာပါ)။ အဲ့ဒီတော့ ဖွင့်ချင်တဲ့ စေတနာ၊ မှိတ်ချင်တဲ့ စေတနာ, ပြောချင်တဲ့ စေတနာ, ကွေးချင်တဲ့ စေတနာ, ဆန့်ချင်တဲ့ စေတနာ, အကုန်သာ ဖြစ်ပျက်ရှုပါ (မှန်ပါ)။

ဖြစ်ပျက်ရှုပြီး ၎င်းဖြစ်ပျက်တွေကို မုန်းအောင်လုပ်, ၎င်းဖြစ်ပျက်ကို ဆုံးအောင်လုပ်ရင် စေတနာ ဆုံးတာဘဲ (မှန်ပါ)။ စေတနာ ဆုံးလို့ရှိရင် ကံ, စေတနာနဲ့ကံဟာ အတူတူ ဘဲနော် (မှန်ပါ)။ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” ဆိုသောကြောင့် သူဆုံးတော့ ကံလည်းဆုံးတော့ အကျိုးပေးကော (ဆုံးပါတယ်)။ သဘောကျ (ကျပါတယ်)။

အကျိုးပေးဆုံးတော့ သူနဲ့တွဲမည့် ကိလေသာကော (ဆုံးပါတယ်)။ အပါယ်လေးပါး သွားစေ တတ်တဲ့ ကိလေသာတွေ မဆုံးသေးဘူးလား (ဆုံးပါတယ်)။ အဲ့ဒါ ဘာခေါ် ကြမတုံးဆိုတော့ (ဝဋ်သုံးပါး ကျွတ်တာပါ)။ ဝဋ်သုံးပါး ကျွတ်သွားတာ ဘာခေါ်မလဲ (နိဗ္ဗာန်ပါ)။

အဲ-ဝဋ်သုံးပါးမှာ ကံမူတယ်ဗျား (မှန်ပါ)။ ရိပ် မိပြီလား (ရိပ်မိပါဘုရား)။ အဲဒါဖြင့် နိဗ္ဗာန် ဆုံးအောင် လုပ်တာဖြင့် မဂ်ဉာဏ် (မှန်ပါ)။ အသေအချာ ကျေနပ် ပြီလား (ကျေနပ်ပါတယ်)။ သဘော ကျလား (ကျပါတယ်)။

ဒါဖြင့် ဘယ်စေတနာ ပေါ်လာလာ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှု ရမှာပါ)။ အဲ-ခင်ဗျားတို့ နားလည် ထားတာကတဲ့ ဒီစေတနာလေးက ပြန်ပြန် အောက်မေ့နော် ဟော စေတနာပြန်ပေါ်အောင် လုပ်နေတယ် (မှန်ပါ)။ ဒါ သမထကိုးဗျ(မှန်ပါ)။ စာဂါနုဿတိလေဗျာ (မှန်ပါ)။

မကောင်းဘူးလား, ကောင်းတယ်၊ ဟုတ်လား (မှန်ပါ)။ အကောင်းစစ်လားလို့ မေးပြန်တော့ (မဟုတ် ပါဘူး)။ အကောင်းစစ်တော့ မဟုတ်ဘူးတဲ့၊ ဒီနောက် အမျိုး မျိုးဝဋ် ကမ္မဝဋ်၊ ကိလေသာ ဝဋ်လာဦးမှာ (မှန်ပါ)။ မလာပေဘူးလား (လာပါတယ်)။ အဲ့ဒါ သမထလမ်းဆုံးက ဗြဟ္မာပြည်လို့ ပြောတာပေါ့ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

အဲ့ဒီတော့ စာဂါနုဿတိလေး ခင်ဗျားတို့ သာမည ဆရာသမားနဲ့တွေ့ရင် ဒီလောက် တင်းတိမ် သွားမယ် (မှန်ပါ)။ မတင်းတိမ်ဘူးလား (တင်းတိမ်ပါတယ်)။ တင်းတိမ်ခဲ့သော် ဒီမှာ ဒီတစ်ခါ လှူသလို နောက်တစ်ခါ အောက်မေ့ပြန်တော့ ဒီကံတွေဟာ ပြန်ပြန်ပေါ်မယ် (မှန်ပါ)။ ပေါ်လို့ရှိရင်လည်း ခင်ဗျားတို့ ကမ္မံ ဝိပါကဿ ဆိုတဲ့ အကျိုးပေးက ဆုံးပါ့မလား (မဆုံးပါဘူး)။ မဆုံးခဲ့သည် ရှိသော် မဆုံးတာသည် သံသရာဘဲ (မှန်ပါ)။ မဆုံးတာ ဘာခေါ်ကြ (သံသရာပါ)။ ရှင်းပြီလား (ရှင်းပါ တယ်)။

စေတနာချုပ်တော့မှကိစ္စပြီးမယ်

အဲ့ဒီတော့ သာသနာတွင်း တရားကို အစစ်ကိုဟော ပါဆိုလို့ရှိရင်ဖြင့် ဒီစေတနာ ချုပ်တော့မှ ကိစ္စပြီးမယ် (မှန်ပါ)။ နိဗ္ဗာန် ရောက်မယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ နို့မို့ရင် (မရောက် ပါဘူး)။ သဘောကျလား (ကျပါတယ်)။

ဒါဖြင့် စာဂါနုဿတိက သမထ၊ ကံဆုံးအောင် ကျင့် ရတဲ့အလုပ်က ဝိပဿနာ (မှန်ပါ)။ ခြားနားပြီလား (ခြားနားပါပြီ ဘုရား)။ လုပ်တတ်ကြပြီလား (လုပ်တတ်ပါပြီ)။

ဒါဖြင့် ဒကာ-ဒကာမတွေ ဘာရှုရှု ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်လည်း စေတနာပါ သွားတာဘဲ (မှန်ပါ)။ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကော (ပါသွားပါတယ်)။ အဲ့ဒီတော့ စေတနာဟာ ခင်ဗျားတို့ ရှုနေတာ ဟူသရွေ့ ကံဖြတ်ချည်း မှတ် (မှန်ပါ) သူ့ကို သီးသန့် ရှုမနေနဲ့တော့ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

တစ်ခါတည်း စိတ်ရှုတဲ့ ပုဂ္ဂိုလ်လဲ ဒီစေတနာပါသွား တာဘဲ (မှန်ပါ)။ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ကော (စေတနာ ပါသွားပါတယ်)။ အင်း-ရုပ်ရှုတဲ့ ပုဂ္ဂိုလ်ကော, (စေတနာ ပါသွားပါတယ်)။

အင်း-စေတနာ ပါလျက် ချည်းဘဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

ဓမ္မာနုပဿနာ ရှုတဲ့ပုဂ္ဂိုလ်ကော (စေတနာပါ သွားပါတယ်)။ ပါတာချည်းဘဲတဲ့၊ ကြိုက်တာ တစ်ခုခုရှု၊ စေတနာပါ ရောချုပ်တယ်လို့ ချည်း မှတ်ရမယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါတယ်)။

ကဲ ကနေ့ဒီတွင်တော်ကြစို့။

သာဓု သာဓု သာဓု။