082

အဓိပတိသုံးပါးကင်းရင် မဂ်ဉာဏ်ဖိုလ်ဉာဏ် မရနိုင်

အသံဖိုင်ခေါင်းစဉ်= အဓိပတိသုံးပါးထား၍တရားအားထုတ်ရပုံတရားတော်

စာအုပ်ခေါင်းစဉ်= အဓိပတိသုံးပါးကင်းရင် မဂ်ဉာဏ်ဖိုလ်ဉာဏ် မရနိုင်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ် ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားဆုံးမတော်မူသောတရားတော်

အဓိပတိသုံးပါးကင်းရင် မဂ်ဉာဏ်ဖိုလ်ဉာဏ် မရနိုင်

(၂၄-၁၁-၆၁)

နီဝရဏတရားတွင် ပေါ်လာရင် အသုံးချလို့ ဖြစ်တာကို ဟိုညတွေက ၄-၅-၆ ရက် ဟောလို့ တော်တော် ရေလည်ပါပြီ (မှန်ပါ့ ရေလည်ပါပြီ) ရေလည်သွားပါပြီ တဲ့။

အဲဒါ နီဝရဏတရားလို့ မအောက်မေ့ကြနဲ့၊ ရှုတတ်လို့ ရှိရင် ဝိပဿနာ အာရုံလို့ မှတ်ရမယ် (မှန်ပါ့)၊

ဝိပဿနာ၏ အာရုံလို့ဆိုတဲ့ ဥစ္စာသည် ဘယ်သူက ပြော သတုန်းလို့ မေးလို့ ရှိရင်ဖြင့် သတိပဋ္ဌာန် ပါဠိတော်က ပြောတယ် လို့ ဆုံးဖြတ်ချက် ချကြပါ(မှန်ပါ့) သတိပဋ္ဌာန် ပါဠိတော်က ဟောထားတယ်၊ ဝိပဿနာ ရှုလို့ ဖြစ်တဲ့ တရားချည်းပဲ၊ အသုံး မချတတ်ရင် နီဝရဏ (မှန်ပါ့)။

နီဝရဏဆိုတာ ဘာတုန်း ဆိုတော့ သေသေချာချာ စစ်စစ် မြစ်မြစ် ပြောမယ် ဆိုတော့ ပဋိစ္စသမုပ္ပာဒ် ကန့်ကွက်တဲ့ ပဋိစ္စ သမုပ္ပာဒ်ပဲ (မှန်ပါ့ ဘုရား) သေသေချာချာ ပြောရင် ကန့်ကွက်တဲ့ ပဋိစ္စသမုပ္ပာဒ်လို့ မှတ်ကြပါ (မှန်ပါ့)။

သူတစ်ခုတည်း ထားတာမဟုတ်ဘူး၊ တောက်လျှောက် တစ် ခါတည်း ပဋိစ္စသမုပ္ပာဒ် အစဉ် အတိုင်း ထားပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။

အဲဒါတွေကို မတားဖြစ်အောင် အစဖြတ်တဲ့ နည်းကဖြင့် ဝိပဿနာထဲ သွင်းမှပဲ (မှန်ပါ့)။

ဝိပဿနာထဲ သွင်းချင်တော့ သူ့ကို ဧဟိပဿိကော ဘက်က ထားပြီး သကာလ ကိုယ့်ဉာဏ် သန္ဒိဋ္ဌိကော ဘက်က ထားလိုက် ပါလို့ဆိုတာ မောင်သစ်တို့ ဦးသံဒိုင်တို့ကို ပြောပါတယ် (မှန်ပါ့ ဘုရား)။

အဲဒါ အသုံးချ တတ်လို့ရှိရင် ဘယ်အချိန်မဆို ရှုစရာမရှိဘူး ဆိုလို့ ပြောစရာ မလိုတော့ဘူး (မှန်ပါ့ ဘုရား)။

ကိုယ်က မရှုရင်တော့ မပြောတတ်ဘူး၊ သူတို့ကဖြင့် အရှုခံနဲ့ ရှုဉာဏ် တွဲဖို့ လာတာပဲ ဆိုတာ သေချာတယ် (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီဥစ္စာ သဘောလဲ ပါသွားပြီ၊ လုပ်လဲ လုပ်တတ်ပြီ ဆိုတာ သိလို့ ရှေ့ကို ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်တို့၏ စိတ်နေစိတ်ထား သဘော သွားကို ဟောတယ် (မှန်ပါ့)။

အဲဒါလဲ အင်္ဂုတ္တိုရ် ပါဠိတော်လို့ ဦးသံဒိုင်တို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)

မှတ်ချက်။ ။တိကနိပါတ် အင်္ဂုတ္တိုရ် ဒေဝဒူတဝဂ် အာဓိပတေယျသုတ် ၁၄၆။

ဝိပဿနာရှုသော ပုဂ္ဂိုလ်၏ စိတ်နေစိတ်ထား သဘောသွား ညံ့ဖျင်းလို့ ရှိရင်လဲ အလိုရှိတဲ့ ခရီးကို အပေါက်ကြီး မပေါက်နိုင် ဘူးလို့ မှတ်ရမယ် (မှန်ပါ့)။

အဓိပတိ သုံးပါး

စိတ်နေစိတ်ထား သဘောသွားက ဘယ်လို ထားရမတုန်း လို့ ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အဓိပတိ သုံးပါးဟောခဲ့သည် (မှန်ပါ့) အတ္တာဓိပတိ၊ လောကာ အဓိပတိ၊ ဓမ္မာဓိပတိ။

အတ္တာဓိပတိဆိုတာ မိမိကိုအကြီးအမှူးထားရမယ်၊ လောကာ ဓိပတိဆိုတာ လောကကြီးကို အဓိပတိ ထားရမယ်၊ အဓိပတိ ဆိုတာ အကြီးအမှူးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) ဓမ္မောအဓိပတိ ဆိုတာက ဘုရား ဟောထားတဲ့ တရားကို အဓိပတိ ထားပြီး ကြိုးစား ရမယ်လို့ မှတ်ရမယ် (မှန်ပါ့ ဘုရား) အဓိပတိ ဘယ်နှစ်မျိုး ပါလိမ့် (သုံးမျိုးပါဘုရား) အတ္တာဓိပတိ= မိမိကိုယ်ကိုယ် အကြီးအကဲ ထားပြီး သကာလ ကြိုးစားရမယ် (မှန်ပါ့)။

လောကာဓိပတိ= အပြင် လောကကြီး ကြည့်ပြီး သကာလ ကြိုးစားရမယ် (မှန်ပါ့) ဓမ္မာဓိပတိ= ဆိုတာ မြတ်စွာဘုရား ဟောကြားတဲ့ တရားကို အဓိပတိထားပြီး သကာလ ကြိုးစားရမယ် လို့ ဆိုတဲ့ ဥစ္စာကို ပြောနေတယ် (မှန်ပါ့ ဘုရား)။

အဓိပတိသုံးပါးကင်းရင် မဂ်ဉာဏ်ဖိုလ်ဉာဏ်မရနိုင်

ဒါဖြင့် အင်မတန် အဖိုးတန်လိမ့်မယ်ဆိုတာ ဦးသံဒိုင်တို့ မှတ်ထားရမယ် (မှန်ပါ့ ဘုရား) အင်မတန် အဖိုးတန်ပါလိမ့် မယ်။

ဒီ အဓိပတိသုံးပါး ကင်းရင်ကွာ-တဲ့၊ မင်းတို့ မဂ်ဉာဏ် ဖိုလ် ဉာဏ် မရနိုင်ဘူး-တဲ့၊ ဒါဖြည့်စွက်တဲ့ တရားလို့လဲ မှတ်လိုက်စမ်း ပါ(မှန်လှပါ)။

အတ္တာဓိပတိထားရမယ်

ကဲ ဘာတုံးဆိုတော့ အတ္တာဓိပတိ= အတ္တက မိမိ၊ အဓိ ပတိက= ကြီးမှူးတာ၊ ကိုယ့်ကိုယ်ကို အကြီးအမှူး ထားပြီး ကြိုးစား ရမယ် (မှန်ပါ့)။

ဘယ်လို ထားရမတုန်း ဆိုတော့ ငါသည် ယခု တရား အား ထုတ်တာသည် စားစရာမရှိလို့ တရား အားထုတ်တာလဲ မဟုတ် ဘူး၊ ဝတ်စရာ မရှိလို့ တရား အားထုတ်တာလဲ မဟုတ်ဘူး သဘော ကျပလား (မှန်ပါ့) နေစရာ ထိုင်စရာ မရှိလို့ တရား အားထုတ်တာလဲ မဟုတ်ဘူး၊ ဆေးဝါး အလိုရှိလို့ တရား အား ထုတ်တာလဲ မဟုတ်ဘူး၊ အန္တရာယ် ကင်းအောင်လို့ တရား အားထုတ်တာလဲ မဟုတ်ဘူး (မှန်ပါ့) တိုတိုပြောတော့ ပစ္စည်းလေးပါး ရလိုလို့ တရားအားထုတ်တာ မဟုတ်ဘူး၊ ကျော်စော လိုလို့ တရား အားထုတ်တာ မဟုတ်ဘူး (မှန်ပါ့ ဘုရား)။

မိမိသည် အိုဘေးနာဘေး ရောထွေးနေတဲ့ သံသရာကြီးထဲ မှ ထွက်မြောက်ခြင်းကို ငါအလို ရှိတယ်ဆိုတော့ မိမိကိုယ်ကို အကြီးအမှူးထား၏။ မိမိကိုယ်ကို တစ်ခါတည်း မြှောက်တင် လိုက်တယ် (မှန်ပါ့ ဘုရား)။

စားစရာမရှိလို့ အားထုတ်တာ မဟုတ်

ငါသည် စားစရာမရှိလို့ တရားအားထုတ်ခြင်း မဟုတ် သဘောကျပလား (ကျပါပြီ) ဝယ်စရာ ခြမ်းစရာ မရှိလို့ တရား အားထုတ်သည်မဟုတ်ဘူး(မှန်ပါ) နေစရာ ထိုင်စရာ မရှိလို့ (တရား အားထုတ်သည် မဟုတ်ပါ)။

တရားအားထုတ်သည် မဟုတ်ပါဘူးတဲ့ ဆေးဝါးကို အလို ရှိလို့ တရား အားထုတ်တာ မဟုတ်ပါ ဘူးတဲ့၊ အန္တရာယ်ကင်း ဘေးကင်းဖို့ ဒါ အားထုတ်တာ မဟုတ်ဘူးတဲ့၊ အိုဘေး၊ နာဘေး ရောထွေး နေတဲ့ သံသရာကြီး ထဲကမှ မအို မသေ အမြဲ နေတဲ့ နိဗ္ဗာန်ကို ရောက်လိုခြင်း၊ ရလိုခြင်း ဆန္ဒ ပြင်းပြတဲ့ ဥစ္စာ အားထုတ်ရမှာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီဟာ ဘာတုန်းလို့ မေးတဲ့အခါ ကျတော့ အတ္တာ ဓိပတိ= မိမိကိုယ်ကို အဓိပတိ ထားတယ်၊ ဒီလို နေရာ အဓိပတိ ထားကောင်းပါတယ် (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့ တုံးလို့ မေးတဲ့အခါကျတော့ တရား ရလွယ်အောင်လို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက အမှန်သဘောနဲ့ ဟောလိုက်တယ်လို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အတ္တာအဓိပတိ ဆိုတာ ဘယ်သူ့ကို အဓိပတိထားရ မှာတုံး (မိမိကိုယ်ကို အဓိပတိ ထားရ ပါမယ်)။

အဲ မိမိကိုယ်ကို အဓိပတိ ထားရမယ်၊ အဓိပတိ ဆိုတာ အကြီးအကဲထားတာ (မှန်ပါ့) မိမိကိုယ်ကို အဓိပတိ အကြီး အကဲထားပြီးသကာလ ငါသည် ဆရာသမားဆီလာပြီး တရား အားထုတ်တာ စားစရာ မရှိလို့ တရား အားထုတ်တာ မဟုတ်ဘူး၊ ဝတ်စရာ ခြုံစရာ မရှိလို့ တရား အားထုတ် တာလဲ မဟုတ်ဘူး၊ နေစရာ ထိုင်စရာ ဟိုမှာမရှိလို့ တရား အားထုတ် လာတာ မဟုတ်ဘူး၊ ဆေးဝါး အလိုရှိလို့ တရား အားထုတ်တာလဲ မဟုတ်ဘူး၊ လူချမ်းသာ နတ်ချမ်းသာကို အလိုရှိနေလို့ အားထုတ်တာလဲ မဟုတ်ဘူး၊ ထည့်ပေး (မှန်ပါ့ ဘုရား)။

လူနတ်ချမ်းသာလိုလို့ အားထုတ်တာ မဟုတ်

လူချမ်းသာ နတ်ချမ်းသာအလိုရှိလို့ တရားအားထုတ်တာလဲ မဟုတ်ဘူး (မှန်ပါ့) စင်စစ်မှာ ဒီသံသရာကြီးက ထွက်မြောက် ချင်လို့ အိုဘေး နာဘေး သေဘေးနဲ့ ရောထွေးနေတဲ့ သံသရာ ကြီးမှ ထွက်မြောက်ချင်လို့ ငါသည် တရား အားထုတ်တယ် ဆိုပြီး သကာလ ကိုယ့်ကိုယ် အဓိပတိထားပြီး အားထုတ်ကြ ပါ (မှန်ပါ့ ဘုရား)။

ကိုယ့်ကိုယ်ကို အဓိပတိထားပြီး အားထုတ်လို့ ရှိရင်ဖြင့် ဒီပြင် ကိစ္စတွေ မာန်တက်ပြီး သကာလ ဒီကိစ္စ အတွက်သာ အရေးတကြီး လုပ်တယ် ဆိုတဲ့ဥစ္စာ သတိထား ပြင်ကြပါလို့ ဘုရားက ဟောတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ကို မိမိကိုယ်ကို အဓိပတိထားပြီး တရားအားထုတ် သောကြောင့်လဲ လိုရာခရီး အပြီးတိုင် ရောက်နိုင်တယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ ဟောထားပါတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ ကိုယ့်ကိုယ် အဓိပတိထားပြီး အားထုတ်ခြင်း သည်လည်း နိဗ္ဗာန် မဂ်ဖိုလ်ကို ရောက်ခြင်း၏ ကျေးဇူးပြု တစ်ခုလို့ မှတ်ရမယ် (မှန်ပါ့) ရှင်းသွားပလား (ရှင်းသွားပါပြီ)။

လောကာဓိပတိ ထားရမယ်

ကောင်းပြီ ဒါဖြင့် ဒုတိယဖြစ်တဲ့ဥစ္စာ ပြောပြမယ်၊ ဒုတိယ ဖြစ်တဲ့ဟာက လောကာဓိပတိ၊ လောကကြီး အဓိပတိ ထားရ မယ်၊ လောကကြီးက တရားအားထုတ်နေတယ်၊ တရားအားထုတ် နေရင်း မဟုတ်တဲ့ စိတ်တွေက ဝင်လာတယ်၊ မကောင်းတဲ့ စိတ်ယုတ်မာတွေ စိတ်ရိုင်းတွေ ဝင်လာလို့ ကိုယ့်ကိုယ်ကို ဆုံးမ ရမယ်၊ မင်းဟာ တရား အားထုတ် နေတယ်၊ မင်းဟာ တရား အားထုတ် နေတယ်လို့ အများကလဲ ထင်ကြတယ်၊ မင်း စိတ်ထဲ ပေါ်နေတာ ကတော့ဖြင့် တရားတွေ မပေါ်ဘဲနဲ့ ဘာမှမဟုတ်တဲ့ ကာမ ဝိတက်၊ ဗျာပါဒ ဝိတက်၊ ဝိဟိံသ စိတ်တွေ ဝင်လာနေတယ်။ မင့်ကိုယ်စောင့် နတ်က မင့်သိတယ်၊ မင်း မရှက်ဘူးလား (မှန်ပါ့) ကိုယ့်ကိုယ်ကို ဆုံးမရမယ် (မှန်ပါ့ ဘုရား)။

ကိုယ့်ကိုယ်စောင့်နတ်က သိတယ်

မင့် ကိုယ်စောင့်နတ် ကတော့ မင့်သိတယ်၊ မင်းကသာ အခု ကြည့်စမ်း၊ တရား အားထုတ် တယ်လို့ ဟန်ဆောင် နေတာ မင့်ဝမ်းထဲမှာ အခု ရောက်လာတဲ့ တရားတွေက တကယ့်ကိုပဲ အရုပ်ဆိုး အကျည်းတန် အသုံးမကျတဲ့ တရားတွေ ရောက်လာ တယ်၊ မင့်ကိုယ်စောင့်နတ်က သိတယ်ကွ၊ မသိပေဘူးလား (သိပါတယ်ဘုရား)။

ကိုယ့်ကိုယ်စောင့် နတ်ကလဲ သိတယ် ပြီးတော့ကွာ ကျောင်းစောင့်နတ်တွေကလဲ အင်း ဦးသံဒိုင်ကြီး တရား အားထုတ် နေလိုက်တာ မောင်သစ် တရား အားထုတ် နေလိုက်တာ သူ့စိတ်တွေ ကတော့ဖြင့် အကုသိုလ်ဘက်က ဗွက်ပေါက်လို့ မင်းကျောင်းစောင့်နတ် မရှက်ဘူးလား လောက အဓိပတိ ထားတယ်(မှန်ပါ့)။

မင်းကျောင်းစောင့်နတ် မရှက်ဘူးလား ဆရာသမား တွေ မရှက်ဘူးလား၊ ဆရာသမား ဆိုတာလဲ သတ္တလောကပဲ (မှန်ပါ့) သတ္တလောကကို တစ်ခါတည်း အဓိပတိ ထားလိုက် တယ် (မှန်ပါ့)။

ပြီးတော့ မင်းဒါတွေ မကသေးပါဘူးကွ၊ မင်းတော့ အထင်တော့ ကြီးကြမှာပဲ၊ မင်းစိတ်ထဲ မှာတော့ အကုသိုလ်တွေက ဗွက်ပေါက်နေတယ်၊ အဘိညာဉ် ရတဲ့ ပုဂ္ဂိုလ်တွေကလဲ မင်း ဘာဖြစ်နေတယ် ဆိုတာ ပရစိတ္တ ဝိဇာနန ဉာဏ်ရတဲ့ ပုဂ္ဂိုလ်တွေ က မင်းဘာဖြစ်နေတယ် ဆိုတာ သိတယ်။ ဒီတော့ မင်း မရှက်ဘူးလားလို့ လောကဓိပတိ ထား ဝင်လာတယ်၊ ပြင်ဘက် လောကကို (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။

ဒါတင် မကသေးဘူးကွ၊ အခုအခါ အဘိညာဉ်ရတဲ့ပုဂ္ဂိုလ် တွေလဲ ရှိကြတော့ ဒီလူဟာ ဘာစိတ်ဖြစ်နေတယ်ဆို တာ သိတယ်၊ အဲဒီ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေကို မင်းမရှက်ဘူး လား မင်းက လောကကြီးထဲမှာ မင့်မသိတဲ့လူ မရှိဘူးလို့ မင်းက ထင်နေတယ်၊ မင်းက တရား အားထုတ် မလိုလိုနဲ့ လောဘ၊ ဒေါသ၊ မောဟတွေ က ဗွက်ပေါက် နေတယ်။

ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက်တွေကလဲ မင့်မှာ အရှိအရှိနဲ့ ဝင်နေတယ်၊ အဲဒါ မင်းမရှက်ဘူးလား မင်းကို လောကကြီး ဝိုင်းနေတာ မင်းမှာ သတ္တလောက သမားတွေကလဲ မြင်လျက်ပဲ၊ ဟို-စတုမဟာရာဇ် တာဝတိံသာ နတ်တွေကလဲ သူတော်ကောင်း နတ်တွေကလဲ မင့်ကြည့်ပြီး ပြုံးကြမှာပဲ။

မင်းကသာ ဒီတရားအားထုတ်နေတယ်လို့ ပုံဟန်နဲ့ မင်းက ထိုင်ပုံ ပြုပုံကတော့ ဟုတ်ပါရဲ့၊ အတွင်းသား သိတဲ့ ပုဂ္ဂိုလ်တွေ ကတော့ မင်းရှက်စရာကြီး၊ မင်းသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် စားစရာ မရှိလို့ တရားအားထုတ်တာ မဟုတ်ဘူး၊ ဝတ်စရာ မရှိလို့ တရား အားထုတ်တာ မဟုတ်ဘူး၊ မင်းစိတ်ထားက ကောင်းပါရဲ့၊

ကောင်းပင်ကောင်းငြားသော်လဲ ယခုလာတဲ့ မင့်သန္တာန်မှာပေါ်တဲ့ စိတ်တွေကတော့ဖြင့် ကိုယ်စောင့်နတ် ကစပြီး အကုန် နတ်တွေ ကလဲသိ၊ ကျောင်းစောင့် နတ်တွေကလဲသိ၊ မင်းမို့ပဲ ဒီဟာတွေ အလာခံ ပါပေတယ်၊ လောကကြီး မင်းမရှက်ဘူးလား (မှန်ပါ့ ဘုရား) ဘယ်သူ့ဆုံးမရမှာလဲ (ကိုယ့်ကိုယ် ကို ဆုံးမရမှာပါ)။

ဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒကာဒကာမတို့ အရေးတကြီးလိုသကွ တဲ့၊ နို့မဟုတ်ရင် ဟီရိ ဩတ္တပ္ပ မရှိတဲ့ ပုဂ္ဂိုလ် အားထုတ်နေတာနဲ့ တူတယ်တဲ့ (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီဘုရား)။

အဲဒီတော့ ဒါက ဘာအဓိပတိ ထားတာတုံး (လောက ကို ထားပါတယ်) လောကကြီး အဓိပတိထားပြီး မင်းကြိုးစား ရမယ်လို့ ဆိုသဖြင့် အဲဒီတော့ လာလို့ ရှိရင်ဖြင့် တစ်ခါတည်း ရှက်ပြီး သကာလ လာတဲ့ တရားကိုပဲ တစ်နေ့က ပြောတဲ့အတိုင်း ဖြစ်ပျက်ရှုပေး (မှန်ပါ့)။

လာတဲ့ တရားကိုပဲ အကုသိုလ်လာရင် အကုသိုလ် ဖြစ်ပျက် ရှု၊ ဟုတ်လား (မှန်ပါ) ဣဿာ လာရင် ဣဿာ ရှုချ၊ မစ္ဆရိယ လာရင် (မစ္ဆရိယ ရှုရပါမယ်) မစ္ဆရိယရှုချ၊ နို့မဟုတ်လို့ ရှိရင် မင်းဟာ မင်းလာတဲ့ တရားတွေက မင်းသန္တာန် မကောင်းတဲ့ ပဋိစ္စ သမုပ္ပာဒ်တွေက ပေါနေတယ်၊ များနေတယ် ဆိုပြီး သကာလတဲ့၊ ကိုယ့်ကိုယ်ကိုယ် လောကကြီး ရှက်ပြီး သကာလ၊ လောကကြီး ကြောက်ပြီး သကာလ ကိုယ့်ကိုယ် ဆုံးမပါ (မှန်ပါ့ ဘုရား)။

ဒါ အင်မတန် ကောင်းတဲ့တရား (မှန်ပါ့ ဘုရား) ဒါ အင်မတန် ကောင်းတဲ့ တရား၊ ဒီနေ့ ဟောနေတဲ့ တရားက ကိုယ့် ကိုယ် အရေးတကြီး ဆုံးမရမယ့်တရား (မှန်ပါ့ ဘုရား)။

အဲဒီတော့ ကိုယ်စောင့်နတ်ကလဲ ဦးသံဒိုင် ဘာဖြစ်နေတယ် ဆိုတာ သူသိတယ် (သိပါတယ် ဘုရား) ကျောင်းစောင့်နတ်ကတော့ (သိပါတယ် ဘုရား)။

နတ်ဆိုတာ သူတို့မှာ နတ်မျက်စိရှိတယ်၊ နတ်နား ရှိတယ်။ အဲဒါတွေက အကုန် သိနေတာပဲ၊ အကုန် သိနေတော့ အရှက် မရှိတဲ့ ပုဂ္ဂိုလ်မို့ အလာခံနေတဲ့ အဓိပ္ပာယ်ရတယ် (မှန်ပါ့ ဘုရား)။

အရှက်ရှိတဲ့ ပုဂ္ဂိုလ်ဖြင့် ဒီဟာတွေ အလာခံပါ့ မလား (မခံပါဘု ရား)။

ခုနင်က ချီးလာတုန်းကတော့ မင်းသည် စားစရာမရှိလို့ တရားအားထုတ်သည်မဟုတ်၊ ဝတ်စရာ မရှိလို့ တရားအားထုတ် သည်မဟုတ်၊ နေစရာ- ထိုင်စရာ မရှိလို့ တရား အားထုတ်သည် မဟုတ်၊ ဆေးဝါး အလိုရှိလို့ တရားအားထုတ်သည် မဟုတ်ဆိုပြီး မင်းခံဝန်ချုပ် ကတော့ ကောင်းပါရဲ့၊ မင့်လာတဲ့ စိတ်တွေကဖြင့်ကွာ သူတစ်ပါး မကြိုက်တဲ့ စိတ်တွေချည့်ပဲ ဆိုတော့ ဟိုပုဂ္ဂိုလ်တွေ မင်း တရားအားထုတ် နေသလိုလိုနဲ့ ကဲ့ရဲ့ကြတယ်၊ ပြုံးကြ လှောင်ကြ၊ သူတို့က ဒီလိုနေမှာ အဲဒီတော့ မင်းဒီလို နေလို့ မတော် ဘူးဆိုပြီး လာတဲ့ တရားကိုပဲ ဖြစ်ပျက် ရှုကြရမယ် (မှန်ပါ့ ဘုရား)။

လာတဲ့တရားကို (ဖြစ်ပျက် ရှုရပါမယ်) ဖြစ်ပျက်ရှုရ မယ်၊ ဘယ်သူ့ငဲ့ပြီး ရှုရမှာလဲ၊ လောကကြီး ငဲ့ရှုရမယ် (မှန်ပါ့ ဘုရား) လောကကြီး ငဲ့ရှုရမယ်။ လောကကြီး ငဲ့ရှုရမယ်။ ဥပမာမယ် တရား အားထုတ်ရာ ထမင်း ဆာလာတယ်၊ အညောင်းတွေ အညာတွေများပြီး သကာလ လာတယ်၊ ဒီဘက်ပဲ စိတ်တွေ က ရောက်နေတယ်၊ သြော် ငါဟာ တရား အားထုတ်တာ လားကွာ၊ ဒေါသ ဖြစ်နေတာလား၊ မေးပါလား ကိုယ့်ကိုယ် ကိုယ် (မှန်ပါ့)။

မခံနိုင်တဲ့ ဝေဒနာတွေ ရောက်လာတယ်၊ မင်း တရားအား ထုတ်နေတာလား၊ ဒေါသ ဖြစ်နေ တာလား၊ မင်း ကိုယ်စောင့်နတ်ကတော့ တရား အားထုတ်တယ်လို့ ပထမ အထိမ်းအမှတ် ထား တယ်၊ မင်းဖြစ်နေတာက တရား အားထုတ်တာမှ မဟုတ်ဘဲ (မှန်ပါ့)။

အဲဒီတော့ မင့် စတုမဟာရာဇ် တာဝတိံသာ နတ်တွေကလဲ သာဓု ခေါ်မလို့ စောင့်နေတာ၊ မင့် ကဲ့ရဲ့ စရာကြီး ဖြစ်နေပါပေါ့ ကလား (မှန်ပါ့ ဘုရား)။

ဘယ်သူ့ကို အဓိပတိထားရမလဲ (လောကကို အဓိပတိ ထားရပါမယ်) အဲဒါ လောက အဓိပတိ ထားလို့ ရှိရင်လဲ မောင်သစ်တို့၊ ဦးသံဒိုင်တို့ မရဘူးလား (မှန်ပါ့ ဘုရား)။

ဒီလူဟာ ဟီရိဩတ္တပ္ပမရှိတဲ့ အထဲ ပါသွားမယ် (မှန်ပါ့) မပါဘူးလား (ပါပါတယ်ဘုရား)။

အဲဒီတော့ လောကကို အဓိပတိထား အားထုတ်လို့ ရှိရင်လဲ အားလုံး ဒကာဒကာမတို့ လိုရာခရီး အပြီးတိုင် ရောက်နိုင်တယ် မှတ်ပါ (မှန်ပါ့ ဘုရား)။

ဘာအဓိပတိထားရမယ် (လောကကို အဓိပတိထားရပါ့ မယ်) လောကကို အကြီးအမှူးထားပြီး မင်းက လောကကြီးထဲက ထွက်ချင်တယ်လဲ ဆိုရဲ့၊ လောကကြီး ဘယ်လိုမှလဲ မရှက်ဘူး၊ မင့်ဟာ မင့်အသွားနဲ့ မင့် ရည်ရွယ်ချက်နဲ့ မင့်ဖြစ်ပုံနဲ့တော့ တစ်လမ်းစီပေါ့ကွာ (မှန်ပါ့)။

ဘယ်သူ ဆုံးမရမလဲ (ကိုယ့်ကိုယ်ကိုယ် ဆုံးမရမယ်) ဒါဖြင့် ဒီအချက်ဟာ အင်မတန် အရေးကြီး တယ်လို့ မှတ်ကြစမ်း ပါ (မှန်ပါ့) ဒီအချက်ဟာ ဘယ့်နှယ်တုံး (အင်မတန် အရေးကြီး ပါတယ် ဘုရား) သူက လာမှာကိုးဗျ (မှန်ပါ့) လာလို့ရှိရင် ကိုယ်စောင့်နတ်က စပြီး သိပြီ၊ မသိဘူးလား (သိပါတယ်ဘုရား)။

ကိုယ်စောင့်နတ်က စ,သိပြီး၊ ကျောင်းစောင့်နတ်က (သိပါ တယ်ဘုရား) အိမ်မှာ အားထုတ်တဲ့ ပုဂ္ဂိုလ် အိမ်စောင့်နတ်ကကော (သိပါတယ်ဘုရား)။

အလို မင့်ဟာက လူပုံပန်း ကတော့လဲ အဟုတ်သား၊ အတွင်းမှာ ကိလေသာတွေ ဗွက်ပေါက် နေတယ်ကွ၊ မင်းဟာ ရည်ရွယ်ချက်ကြီးနဲ့၊ ဥပမာမယ် ရန်ကုန်က လာပြီး အားထုတ် တယ်၊ မန္တလေးက လာ အားထုတ်တယ်၊ တောင်မြို့က လာ အားထုတ်ကြတယ်၊ မင့်ဟာ ရည်ရွယ်ချက်နဲ့ မင့်စိတ်ထဲ ပေါ် နေတာတွေနဲ့ ဆိုရင်ဖြင့် မင့်ဟာ ကြာလေ ရှက်စရာ ကောင်းလေ ပဲ ကြာလေ ကြောက်စရာ ကောင်းလေပဲ (မှန်ပါ့)။

ဘယ်သူ့ ဆုံးမရမလဲ (မိမိကိုယ်ကို ဆုံးမရပါမယ်) မိမိကိုယ်ကို ဆုံးမရမယ်ဆိုတာဖြင့် ဒါ ဘုရားကိုယ်တိုင်က ဟော ထားတာလဲ တစ်ကြောင်း၊ ဘုရား ဟောထားတာ အသာထား ပါဦးတဲ့၊ ဒီအခုပြောတဲ့ ကိုယ်စောင့်နတ်တို့ ကျောင်းစောင့် နတ်တို့ အိမ်စောင့်နတ်တို့ စတုမဟာရာဇ် တာဝတိံသာ နတ်တွေ က အဘိညာဉ် ရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်၊ မသိပေဘူးလား (သိပါတယ် ဘုရား) ခင်ဗျားတို့ စိတ်ထဲ ဘာဖြစ်နေတယ် ဆိုတာလေ (မှန်ပါ့)။

အဲဒီတော့ မင့်ဟာက အနေကတော့ဖြင့် ဟုတ်ပါရဲ့ ကွာ၊ အတွင်းသား ကတော့ဖြင့် မဟုတ်ဘူး၊ မင်းမရှက်ဘူးလား သံသရာမှ ထွက်ချင်လို့ဆို၊ မင့်မှာ သံသရာထဲက မထွက်တဲ့စိတ် တွေ လာနေ ပါပေါ့ကလား သံသရာလည်မည့် စိတ်တွေလာ နေပါပေါ့လား၊ ကိုယ့်ကိုယ်ကို ဆုံးမရမယ်နော် (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ)။

ဒုတိယအချက်က ဘာအဓိပတိထားပြီး ဆုံးမရမလဲ (လောကကို အဓိပတိထားပြီး ဆုံးမ ရပါမယ် ဘုရား)။

လောက အဓိပတိထား ဆုံးမရမယ်လို့ ဘုန်းကြီးက သေသေ ချာချာ ဟောတယ်၊ ဘုရား ဟောတော် မူတာကို အကျယ်တဝင့် ရှင်းပြနေတယ်ဆိုတာ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

လောကကြီးထဲမှာမှ အဓိပတိ မထားတဲ့ ပုဂ္ဂိုလ် ဟာဖြင့် အို တို့တံခါးပိတ်ထားတာ ဘယ်သူ မြင်မတုံးလို့ အောက်မေ့ချင် အောက်မေ့နေမယ် (မှန်ပါ့ ဘုရား) မဟုတ်ဘူးလား (မှန်ပါ့)။

ဟိုက တံခါးပိတ်ထားတာပဲ၊ ကဲ အိပ်လိုက်ဦးမလေ ဟော မင်းဟာက အိပ်မလို့ လာတာလား၊ မင်းတရား အားထုတ်မလို့ လာတာလား မင်းသံသရာမှ ထွက်ချင်တဲ့ လူဟာ ဒီအစားလား၊ မင်းဟာမင်း မရှက်ဘူးလား။ မင်းကိုယ့်စောင့်နတ်ကဖြင့် အင်း ငါ့လူကဖြင့်ကွာ ကျော်ပါကွာ၊ တရား အားထုတ်သတဲ့ အိပ်နေပြန်ပြီ၊ တရား အားထုတ် မလို့တဲ့ အစား အသောက်တွေ စီမံနေပြန်ပြီ (မှန်ပါ့)။

ဒါ ဘယ်သူ့ ဆုံးမရမလဲ (မိမိကိုယ်ကို ဆုံးမရပါမယ်) ဘာ အဓိပတိထားရမလဲ (လောက အဓိပတိ ထားရပါမယ်) အဲ အပြင်လောကကြီးကို အဓိပတိထားရမယ် (မှန်ပါ့ ဘုရား) လောက ဆိုတာ ဘာလဲ၊ ကိုယ့် အပြင်ဘက်ကကိုး (မှန်ပါ့ ဘုရား) တောစောင့်နတ်တွေ တောင်စောင့်နတ်တွေ အိမ်စောင့်နတ်တွေ အစရှိသည်ဖြင့် ရှိကြပါတယ်၊ အဲဒါတွေ အပြင်လောက၊ သတ္တလောကလို့ ခေါ်ပါတယ် (မှန်ပါ့ ဘုရား)။

အဲဒီ သတ္တလောကကြီးကို အဓိပတိ မထားပြန်လို့ ရှိရင်လဲ ခင်ဗျားတို့က ကမ္မဋ္ဌာန်း ကျောင်း ကလေးထဲမှာ နေတော လုံခြုံလို့ ရှိရင် ခင်ဗျားတို့က ဖြစ်ချင်တဲ့ စိတ်တွေဖြစ်၊ နေချင်သလိုနေ ဆိုလို့ ရှိရင်ဖြင့်တဲ့၊ လောကကြီးကို မရှက်တဲ့ ပုဂ္ဂိုလ်၊ လောက ကြီး မကြောက်တဲ့ ပုဂ္ဂိုလ်၊ လောကကြီး ဗြောင်လိမ် နေတဲ့ ပုဂ္ဂိုလ် ဖြစ်ထိုက် မဖြစ်ထိုက် (ဖြစ်ထိုက်ပါတယ် ဘုရား)။

အဲဒီလို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လောကကြီးကို အဓိပတိထားပြီး သကာလ မင်းဟာ လောကမှ ထွက်ချင်လို့ အခု တရားအားထုတ်တာ၊

လောကဆိုတာ ဖြစ်တတ် ပျက်တတ်တာ လောက ခေါ်ပါတယ်၊ ဖြစ်မှု ပျက်မှုကို ဘာခေါ် ကြမယ် (လောက ခေါ်ပါတယ်) ဖြစ်တတ် ပျက်တတ်တာ လောကလို့ ခေါ်ပါ တယ် (မှန်ပါ့)။

အဲဒီ လောကကြီးက မင်းဟာထွက်ချင်လို့ လောကုတ်ဘက် ကို မင်းသွားချင်တာကတော့ မင်းရည်ရွယ်ချက်ကတော့ ကောင်း ပါတယ်၊ ကောင်းပေမယ့် မင်းဝမ်းထဲ ပေါ်လာတာက လောက စိတ်တွေချည့် ပေါ်နေတယ် (မှန်ပါ့ ဘုရား) သဘောကျ ပလား (ကျပါပြီ)။

သူ့ဝမ်းထဲ ဘာတွေပေါ်နေသလဲ (လောကစိတ်တွေ ပေါ် နေပါတယ် ဘုရား) လောကစိတ် တွေချည့် မင့်ပေါ်နေတော့ မင့် ရည်ရွယ်ချက်က တခြား ဝမ်းထဲ ပေါ်နေတာက တခြားဆိုတော့ မင်းအရှက် မရှိလို့ဘဲ၊ ကိုယ့်ကိုယ်ကိုယ် လိမ်နေတဲ့လူ တစ်ဦး တစ်ယောက်ဖြစ်တယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (ကိုယ့်ကိုယ်ကိုယ် လိမ်နေတဲ့လူ တစ်ဦးတစ်ယောက်ပါ) ကိုယ့်ကိုယ်ကို လိမ်နေတယ်၊ ကိုယ်က တရား အားထုတ်တဲ့ပုံ၊ ဟန်က တရား အားထုတ်တဲ့ ပုံပါပဲ၊ အဲဒီတော့ ဘာနဲ့ တူနေသတုံးလို့ ဆိုလို့ရှိရင်ဖြင့် *ဓမ္မဓဇကျီး နဲ့ တူနေ တယ် (မှန်ပါ့)။

မှတ်ချက်။ ။ဆက္ကနိပါက်-ဓမ္မဓဇဇာတ် ဇာတ်အဋ္ဌကထာ တတိယအုပ်(၂၅၂)။

ဓမ္မဓဇကျီးဆိုတာ ဇာတ်နိပါတ်တော်မှာ မောင်သစ်လာပါ တယ်၊ ခြေကလေး တစ်ချောင်းတည်း ထောက်တယ်၊ မြေပေါ်မှာ (မှန်ပါ့) ပါးစပ်ကလေး ပြဲလို့။

ဒီပြင် ငှက်တွေက မေးကြတယ်၊ အင်းကျီး ခြေကလေး တစ်ချောင်းတည်း ထားတာ ဘာဖြစ်လို့တုန်း၊ အို-နှစ်ချောင်း ထောက်ရင် မြေတွေ ပြိုကုန်မှာစိုးလို့တဲ့၊ ပါးစပ်ကလေး ဖွင့်ထား တာက ဘာဖြစ်လို့တုန်း၊ သူများ အသက်ကို မစားပါဘူး၊ လေစား နေတယ်တဲ့။

သူ့ဟာက ခြေနှစ်ချောင်း ထောက်လိုက်ရင်လဲ မြေပြိုတော့ မှာတဲ့၊ လိမ်ပုံက (မှန်ပါ့) ပါးစပ် ကလေး ပြဲနေတာက ဘာတုန်း ဆို တော့ ကျီးဆိုတာက သူများ ဥတွေ ဘာတွေ သားငယ်တွေ ဖောက်စားတတ်တဲ့ သတ္တဝါကိုးဗျ (မှန်ပါ့) လေစားနေပါ တယ်ဆိုပြီး သူ့ပါးစပ်ကလေး ဖွင့်တယ်။

နောက်ကျတော့ ငှက်တွေ အယုံသွင်းပြီး သကာလ သားတွေ သမီးတွေ ဥတွေ ထားပစ်ခဲ့ပြီး အသင်ကျီးပဲ စောင့်ရှောက်ရစ်ပါ ဆိုပြီး ပျံသွားတော့ သူဥတွေ ဖောက်စားတယ်၊ လိမ်တာ သက် သက် မဟုတ်လား (မှန်ပါ့)။

အဲဒီလိုပဲတဲ့၊ ခင်ဗျားတို့လဲ တရားအားထုတ်ပြီး သကာလ နေငြားသော်လဲ ဓမ္မဓဇကျီးလို ကိုယ့်ကိုယ်ကို လိမ်နေတဲ့ အဓိပ္ပာယ် ရောက်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ လာတိုင်း လာတိုင်း သြော်- ဓမ္မဓဇကျီး ဟာ အတော် လိမ်တတ် တယ် ဆိုသလိုပဲ၊ ငါတို့လဲ ကိုယ့်ကိုယ် ကိုယ် လိမ်နေတာပဲ (မှန်ပါ့ ဘုရား)။

ဘယ်သူ့လိမ်တာတုံး (ကိုယ့်ကိုယ်ကို လိမ်တာပါ ဘုရား)

ဒါဖြင့် ကိုယ့်ကိုယ်ကိုလိမ်နေတာ ဘာဖြစ်လို့ လိမ်ဖြစ်ပါ လိမ့်မတုံးလို့ အမေး ထုတ်လိုက် ရင်ဖြင့်တဲ့ လောကကြီးကို မရှက်လို့ (မှန်ပါ့ ဘုရား) လောကကြီး အဓိပတိမထားလို့ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဘာအဓိပတိ မထားလို့ပါလိမ့် (လောကကြီး အဓိပတိ မထားလို့ ပါဘုရား) အဲဒီတော့ ခင်ဗျားတို့ ကိုယ့်နေရာပြန်တဲ့ အခါမှာ တရားထိုင်နေဦးမလေ ဆိုနေတုန်းပဲ ဘေးစိတ်တွေ ဝင်လာလို့ ရှိရင် ဦးသံဒိုင် မင်းမရှက်ဘူးလားလို့ ကိုယ့်ကိုယ် ကိုယ်မေး (မှန်ပါ့ ဘုရား) မင်းမလန့်ဘူးလားလို့ ကော (ကိုယ့်ကိုယ်မေးရပါမယ်)။

မင်း သူများမသိဘူး ထင်လို့လား မေးရမယ် (မှန်ပါ့ ဘုရား) မင့်ကိုယ်စောင့်နတ်ကတော့ သိတယ်ကွ မင်းကို ကျောင်းစောင့်နတ်၊ အိမ်စောင့်နတ် တွေကကော (သိပါတယ် ဘုရား)။

သိပါတယ်ကွ၊ မင်းက ဓမ္မဓဇကျီးလို လိမ်နေတာလား (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကျုပ်တို့ဆိုလို့ရှိရင် ဒကာဒကာမတွေမှာ အရှက်အကြောက် ကလေး ပါလာပြီးသကာလ အင်း တို့အလုပ်တော့ဖြင့် မှန် မှန် လုပ်မှ ဖြစ်တော့မယ်၊ အများက ဝိုင်းကြည့် နေကြတယ်။ သဘော ကျပလား (ကျပါပြီ)။

ကိုယ့်အလုပ် အလုပ်နဲ့ တူအောင် လုပ်မနော် (မှန်ပါ့) အများက ဘာဖြစ်နေသလဲ (ဝိုင်းကြည့် နေကြပါတယ်) ဝိုင်းကြည့် နေကြတယ် (မှန်ပါ့) အများက ဝိုင်းကြည့် နေကြပါတယ်တဲ့။

ဒါဖြင့် လောကကြီး အလယ်မှာ အားထုတ်ရတဲ့ ပုဂ္ဂိုလ်ဟာ လောကကို အဓိပတိထား အားထုတ်ရလဲ ဘုရားက တရားထူး တရားမြတ် ရနိုင်တယ်လို့ ဟောလိုက်တယ် (မှန်ပါ့ ဘုရား) အတော်ကောင်းတဲ့ စကားဗျ (ကောင်းပါတယ်ဘုရား)။

အတော်ကောင်းတဲ့ စကားတွေတဲ့၊ ပျင်းလာတယ်၊ သြော် မင်းကလဲကွာ မင်းပျင်းတာ လူတိုင်း သိပါတယ်ကွ၊ မင်းဟာ တရား အားထုတ်ဖို့ လာတာလား ပျင်းဖို့ လာတာလား မေးပါ (မှန်ပါ့) မဟုတ်လား (မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ မေးလိုက်လို့ ရှိရင် ပျင်းတယ် ဆိုတာ ဘာတုံး ပျင်းတယ်ဆိုတာ ဒေါသ (မှန်ပါ့) ဒေါသ ဆိုတာသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် မင်းအားထုတ်တဲ့ ပုဂ္ဂိုလ် ပေါ်ကောင်းတဲ့တရား လား၊ မပေါ်ကောင်းတဲ့ တရားလား မေးတာပေါ့၊ မကောင်းတဲ့ ကရား (မှန်ပါ့) ပဋိစ္စသမုပ္ပာဒ် အဆုံးက စပြီး ပတ်မလို့ ကိုး (မှန်ပါ့)။

အဲဒီတော့ မင်းဆရာဘုန်းကြီးကလဲ ဟောထားတယ် ပျင်း လာလို့ရှိရင် ပဋိစ္စသမုပ္ပာဒ် အဆုံးက နေပြီး အဝိဇ္ဇာ ပြန်လှည့်မလို့၊ မလှည့်ပေဘူးလား (လှည့်ပါတယ်ဘုရား) ဒေါသ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသ ဆိုတာ အဝိဇ္ဇာ ရှိလို့ ဖြစ်တာ (မှန်ပါ့)။

အဲဒီတော့ အဝိဇ္ဇာကော ဆိုရင် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ” နဲ့ လှည့်သွား လိမ့်မယ် (မှန်ပါ့ ဘုရား)

အဲဒီတော့ မင်းဟာ သံသရာမှ ထွက်ချင်လို့ ဆိုပြီး သကာလ စားစရာ မရှိလို့ အားထုတ်တာ မဟုတ်ဘူး၊ ဝတ်စရာ မရှိလို့ တရား အားထုတ်တာ မဟုတ်ဘူး၊ သံသရာမှ ထွက်မြောက်ချင်လို့ အားထုတ်တယ် ဆို တယ်၊ ဒီမင်း ပျင်းပုံကတော့ သံသရာထဲ ဝင်သွားပါလား (မှန်ပါ့ ဘုရား)။

မင်းသံသရာထဲ ဝင်သွားတာလဲ မင်းကိုယ်စောင့်နတ်၊ မင်း ကျောင်းစောင့်နတ် အဘိညာဉ် ရတဲ့ ပုဂ္ဂိုလ် စတုမဟာရာဇ် တာဝတိံသာနတ်တွေက ဗြဟ္မာကြီးတွေက မြင်လျက်ပါပဲကွ၊ မင်းကသာ ဟန်လုပ် နေတာပါ၊ မင်းအတော့်ကို မရှက်တတ် မကြောက်တတ်တဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ပဲလို့ ကိုယ့်ကိုယ်ကို ဆုံးမရမယ် (မှန်ပါ့ဘု ရား) သဘောပါပလား (ပါပါပြီ)။

ဘယ်သူ့ ဆုံးမရမလဲ (ကိုယ့်ကိုယ်ကို ဆုံးမရပါမယ် ဘုရား) ကိုယ့်ကိုယ်ကို ဆုံးမရမယ် တဲ့။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ သိပ်မြင်ပါ ကလား ဦးသံဒိုင် (မှန်ပါ့ ဘုရား) သိပ်မြင်တာပဲနော် ကဲ ဒါဖြင့် ကိုယ့်ကိုယ်ကို ဆုံးမတတ်ကြပလား (မှန်ပါ့ ဘုရား) ဘယ်အချိန် ဆုံးမ ရမှာတုံးဆို တော့ တရားအားထုတ်တုန်း ခုနင်ကပြောခဲ့တဲ့ နီဝရဏတွေ ဝင်လာတဲ့အခါမှာ နီဝရဏမှ တစ်ပါး တခြားသော စိတ်တွေ ဝင်လာတဲ့အခါမှာ တရား အားထုတ်တဲ့ အချိန်ကျမှလဲ ကုသိုလ်တွေက လုပ်စရာ ရှိသေး တယ်၊ ဘုရားရေလဲစရာ ရှိသေးတယ်၊ လဲစရာ ရှိသေးတယ် (မှန်ပါ့ ဘုရား)။

အင်း မင်းကလဲ ပြောလိုက်တယ်၊ အရေးကြီးတဲ့ သံသရာ မှ ထွက်မြောက်ကြောင်းကို မင်းဟာ ဒါကလေးနဲ့ မင်းက ကိုယ့် ကိုယ်ကို လိမ်ပြီး ထားချင်လို့လား မေးပါ (မှန်ပါ့ ဘုရား) အရေးကြီးတဲ့ အလုပ်က ခုနင်က သံသရာပြတ်တဲ့ အလုပ်ကို ဗျ (မှန်ပါ့)။

အဲဒီအထဲမှာ ကိစ္စကလေးက ဟင်- ဘုရား ကိစ္စကလေးက အချိန်ရောက်လာတယ်၊ သြော် မင်းကိုယ်မင်း ပြန်လိမ်ပြန်ပြီ (မှန်ပါ့) အဖိုးတန် ပစ်ပြီး သကာလ အဖိုးမတန်တာကို မင်းသည် ကားလို့ ဆိုရင် သိမ်းပိုက်ပြန်ပြီ (မှန်ပါ့ ဘုရား) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။

အဲဒါ ကိုယ့်ကိုယ်ကို လိမ်တာဟာ တယ်သိခဲတယ် (မှန်ပါ့ ဘုရား) ဒကာဒကာမတို့ ဘာတဲ့တုံး (ကိုယ့်ကိုယ်ကို လိမ်တာဟာ တယ်သိခဲပါတယ် ဘုရား)။

ကိုယ့်ကိုယ်ကို လိမ်တာကို ဒါလိမ်တဲ့ တရားပါကလားလို့ မသိဘူး၊ လိမ်တဲ့ တရားနောက် ကောက်ကောက် ပါအောင် လိုက်တယ် (မှန်ပါ့ ဘုရား) သိပ်ကြောက်စရာ ကောင်းပါ ကလား (ကောင်းပါတယ် ဘုရား)။

သူကလဲ ကုသိုလ်သမားကျတော့ ကုသိုလ်ကြီး သမားကို ကုသိုလ် ကလေးနဲ့ လှည့်လိမ့်မယ် (မှန်ပါ့ ဘုရား)။

အခုနင်က အယုတ်တမာ လူတွေကျတော့ တဏှာက ယုတ် သထက် ယုတ်အောင် လှည့်လိမ့်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဘာပြုလို့ ခင်ဗျားတို့သည် ဒါဖြင့် ဘုရားသခင် ကိုယ်တော် မြတ်ကြီးကလဲ ကိုယ်ကို အဆုံးအမ ခက်သကွနော်၊ သားဆုံးမ ရတာ လွယ်တယ်၊ သမီးဆုံးမရတာ လွယ်တယ်၊ ဘေးမိတ်ဆွေ သင်္ဂဟတွေ ဆုံးမရတာ လွယ်သကွ၊ ကိုယ့်ကိုယ်ကို အဆုံးမရ အခက်ဆုံးကွဆိုပြီး “အတ္တာဟိ ကိရ ဒုဒ္ဒမော” လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဓမ္မပဒမှာ သေသေချာချာ ဟောတယ် (မှန်ပါ့ ဘုရား)။

အဆုံးအမရအခက်ဆုံးက အတ္တာဟိ အတ္တာဧဝ= မိမိကိုယ် သာလျှင်။ ဒုဒ္ဒမောကိရ= သူတစ်ပါးထက် ပိုလွန်၍ အဆုံးအမ ခက်သည်။ ဟောတိ= ဖြစ်၏။ အဆုံးအမရ အခက်ဆုံးတဲ့ (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ)။

အဆုံးအမ အခက်ဆုံးလဲ ကိုယ့်ကိုယ်ကိုပဲ ဆိုတော့ အခု ဒါဟာ ကိုယ့်ကိုယ် ဆုံးမတဲ့တရား ဦးသံဒိုင် (မှန်ပါ့ ဘုရား)။

မင်းအရှက်မရှိဘူးလား၊ အကြောက်မရှိဘူးလား၊ မင့် ရည်ရွယ်ချက်ကတော့ စားစရာမရှိလို့ ကျုပ်တရားအားထုတ်တာ မဟုတ်ပါဘူး၊ ဝတ်စရာမရှိလို့၊ ဆေးဝါးအလိုရှိလို့ နေစရာ ထိုင်စရာ မရှိလို့ တရားအားထုတ်တာ မဟုတ်ဘူး သံသရာကြီးမှ ထွက်မြောက်ချင်လို့ဆိုတော့ ရည်ရွယ်ချက်ကတော့ ကောင်းပါရဲ့ကွာ၊ တရားအားထုတ်နေတဲ့ အခိုက်အတန့်မှာတော့ မင့်သန္တာန် စိတ်ကူးအမျိုးမျိုးတွေ လာနေတာ ကတော့ဖြင့် ကိုယ့်ကိုယ်ကို နိုင်အောင် မဆုံးမနိုင်လို့ လာနေတာ (မှန်ပါ့ ဘုရား)။

ဘယ်နှယ်ဆိုကြမယ် (ကိုယ့်ကိုယ်ကို နိုင်အောင် မဆုံးမ နိုင်လို့ လာနေတာပါဘုရား)။

ဒါဖြင့် အဆုံးအမ အခက်ဆုံးလို့ ဘုရားကဟောထားတယ်၊ ကိုယ့်ကိုယ်ဟာ အဆုံးအမ အခက်ဆုံးလို့ ပြောတယ် (မှန်ပါ့ ဘု ရား) မှန်တော့ မှန်ကြပေါ့ ပလား (မှန်ပါတယ်ဘုရား)။

အဲဒီလို အဆုံးအမခက်လာလို့ ရှိရင် လောကကြီးနဲ့ သူ့ကို ဆုံးမရမယ် (မှန်ပါ့ ဘုရား)။

လောကကြီး၌ မင့်ကိုယ်စောင့်နတ်တွေကလဲ မင်းလိမ်နေ တာ သိပါတယ်ကွ၊ ကျောင်းစောင့် နတ်၊ အိမ်စောင့်နတ်တွေကကော လိမ်နေတာကို (သိပါတယ်ဘုရား)။

သိပါတယ်၊ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်ကလဲ ဒိဗ္ဗစက္ခုနဲ့ မင်း စိတ်ကူး၊ ပရစိတ္တ ဝိဇာနနဉာဏ် ရတဲ့ ပုဂ္ဂိုလ်တွေကလဲ လောကီဈာန် နဲ့ ကြည့်လျက်ပါပဲ၊ မင်းသည် အရှက်မရှိ အကြောက်မရှိလို့ လာနေ တာပဲ ဆိုပြီးတော့ ကိုယ့်ကိုယ်ကို ဆုံးမကြစမ်းပါ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ)။

ဒီဟာက ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ အရေး တကြီးဟော၊ ဆရာဘုန်းကြီးကလဲ ချဲ့ထွင်ပြီး အမျိုးမျိုး အဖုံဖုံ ပြောနေတာ ခင်ဗျားတို့မှာ အကြီးဆုံး ရန်သူတွေ ဖြစ်နေတယ် (မှန်ပါ့ ဘုရား) ဟန်လုပ်ပြီး သကာလ နေတဲ့ သဘောလဲ ရောက် ပါတယ် (မှန်ပါ့ ဘုရား) ဟန်လုပ်နေတဲ့ သဘောကော (ရောက်ပါတယ်ဘုရား)။

ဟန်လုပ်နေတဲ့သဘောပဲ သေသေချာချာ ရောက်ပါတယ် တဲ့၊ ဒါ ကြောင့် လောကကြီး အဓိပတိထားပြီး သကာလလဲ တရားအားထုတ်ကြရမယ် (မှန်ပါ့ ဘုရား) သဘောကျပလား(ကျပါပြီ)။

ဓမ္မာဓိပတိထားရမယ်

ကိုင်း ဒါဖြင့် သုံးခုမြောက် ကူးကြပါစို့၊ ဓမ္မာဓိပတိ၊ ဓမ္မ၊ တရားကို။ အဓိပတိ၊ အကြီးအမှူး ထားရမယ် (မှန်ပါ့) တရားကို အဓိပတိ ထားရမယ်ဆိုတော့ ဘယ်လို ထားရမှာတုန်း ဆိုတော့ ဓမ္မဂုဏ်တော်ခြောက်ပါး ဦးသံဒိုင်က အစ ရွတ်လိုက်တော့ ဘာတွေ့သတုံး။

“သွာက္ခာတော ဘဂဝတာ ဓမ္မော” ဘာဂဝတာ၊ မြတ်စွာဘုရား သခင်သည်။ ဓမ္မော၊ တရားကို။ သွာက္ခာတော၊ နိဗ္ဗာန်တိုင် အရောက်ပို့တဲ့ တရားလို့ ကောင်းစွာ ဟောထားတယ် (မှန်ပါ့)။

ဘုရားဟောတဲ့ တရားက ဘာတဲ့တုံး (နိဗ္ဗာန်တိုင် အရောက်ဟောပါတယ်) နိဗ္ဗာန်အရောက် ပို့တဲ့တရားကို ဟော တယ် (မှန်ပါ့ ဘုရား)။

သြော် ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ “သွာက္ခာတော ဘဂဝတာ ဓမ္မော” ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဓမ္မော၊ တရားကို။ သွာက္ခာကော၊ နိဗ္ဗာန်ရောက်အောင် ကောင်းစွာ ဟော ထားတဲ့တရား။

မင့်ဟာက ဒီတရားတွေကို နိဗ္ဗာန်ရောက်အောင် ဟောထား တဲ့ တရားမို့ အခုပြောသွားတဲ့ အတိုင်းပဲ နိဗ္ဗာန်ရောက်တဲ့ အလုပ် ပဲ လုပ်ပါတော့မည် ဆိုရမည့်ဥစ္စာ မင်းဟာ အခု အားထုတ်နေတော့ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ ဣဿာတွေ၊ မစ္ဆရိယတွေ၊ ဝိတက်တွေနဲ့ ဒီတရား အားထုတ် ရင်း၊ ဒါတွေ ပေါ်နေမယ် ဆိုသဖြင့် ဘုရား ကောင်းစွာ ဟောထားတဲ့ တရားကို မင်းတစ်ယောက်သာ အဖျက်လာတာကိုး (မှန်လှပါ) သဘော ပါကြလား (ပါ-ပါတယ်) ကိုယ်ကဘာတုန်း (အဖျက် လာပါတယ် ဘုရား)။

အံမာလေး မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး လေး သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့် ဆည်းပူးလို့ ရတဲ့ တရားကို မင်းလိုလူစားက လာဖျက်တယ် ဆိုတာကွာ တရားကို မင်းက အဓိပတိ မထားလို့ ပို့နိုင်တဲ့ တရားကို မင်းက ပို့အောင် မလုပ်တဲ့အပြင် မင်းက ဖျက်တောင် ဖျက်သေးတယ် (မှန်ပါ့ ဘု ရား)။

ဘယ်သူ့ကို ဆုံးမရမလဲ (ကိုယ့်ကိုယ်ကိုယ် ဆုံးမရပါ မယ်) ကိုယ့်ကိုယ်ကိုယ် ဆုံးမရမယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ) ဘုရားက ဘယ်လို ဟောထားသတုံး (သွာက္ခာတော ပါဘုရား) သွာက္ခာတော ဘဂဝတော ဓမ္မော ရှင်းပလား (ရှင်းပါပြီ) ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဓမ္မော၊ တရားကို။ သွာက္ခာတော၊ နိဗ္ဗာန်တိုင် အရောက်ပို့တဲ့ တရားလို့ ကောင်းစွာ ဟောတော်မူ၏။ ဘုရား ဟောတာက နိဗ္ဗာန်ပို့တဲ့ တရားကို ဟောတော်မူတယ် (မှန်ပါ့)။

မင်းရှုနေတာလဲ ပထမ ဖြစ်ပျက်တရားဟာ ဘုရားက “သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ ယဒါ ပညာယ ပဿတိ” လို့ လုပ်ကွ၊ သဗ္ဗေ၊ ကြွင်းမဲ့ ဥဿုံ အလုံးစုံကုန်သော။ သင်္ခါရာ၊ ဖြစ်ပေါ်လာ တဲ့ တရားတို့သည်။ အနိစ္စာ၊ အမြဲ မရှိကုန် ဖြစ်ပြီး ပျက်ကြကုန်၏။ ယဒါ၊ အကြင်ဖြစ်ပြီး ပျက်တဲ့အခါ၌။ ပညာယ၊ ပညာဖြင့်။ ပဿတိ၊ ရှုပါလို့ ဘုရား ဟောထားတယ် (မှန်ပါ့) ဖြစ်ပျက် ကို ပညာနဲ့ ရှုပါလို့ ဟောထားတယ် (မှန်ပါ့) မဟောဘူးလား (ဟောပါတယ် ဘုရား)။

အဲဒါ ဟောလိုက်လို့ ရှိရင်ဖြင့် “ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ” ဝိသုဒ္ဓိယာ၊ စင်ကြယ်သော နိဗ္ဗာန်ကို။ ဧသ- ဧသော၊ ဤသို့ ရှုသော ပုဂ္ဂိုလ်သည်။ မဂ္ဂေါ၊ ရောက်ကြောင်း ဖြစ်ပါတယ်တဲ့ (မှန်ပါ့) ဘုရားက နိဗ္ဗာန်ရောက်ကြောင်း ဖြစ်တယ်လို့ ဟော ထားတယ်၊ သူ ဟောထားတဲ့ တရားတွေမှန်က (မှန်ပါ့)။

အဲဒီတော့ မင်းက အခု တရားအားထုတ်သလိုလို ဘာလိုလို နဲ့ မင်းက ဒီပြင်ရှုရမည့် ဥစ္စာကို မင်းက ဘာမဟုတ်တဲ့ ကာမ ဝိတက်ဆိုတဲ့ စားချင် သောက်ချင်တဲ့ စိတ်တွေ၊ ဗျာပါဒဝိတက် ဆိုတဲ့ ဟို စိတ်မချ လက်မချတွေ၊ ဝိဟိံသ ဝိတက်ဆိုလို့ ရှိရင်လဲ အင်း ဘယ်လို ပြောလိုက်ရလို့ ရှိရင်ဖြင့် နာသွားမှာပဲ။ ဒီလိုမှပဲ မှတ်မှာပဲ အစရှိသည်ဖြင့် သူတစ်ပါး နှိပ်စက်ချင်တဲ့ ဝိဟိံသာ ဝိတက်တွေ မင်းစိတ်ထဲ ပေါ်နေတယ် (မှန်ပါ့ ဘုရား)။

ပေါ်နေတာတွေ၊ မင်းသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် တဲ့ ဘုရားက ကောင်းစွာ နိဗ္ဗာန်ရောက်တဲ့ တရားကို သူဟောထား တယ်၊ မင့်သန္တာန်ပေါ်တဲ့ တရားက နိဗ္ဗာန်ရောက်တဲ့ တရား မဟုတ်ပါလားကွ၊ အပါယ်လေးပါး ရောက်တဲ့ တရားချည်း ပေါ် နေတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဘယ်ရောက်တဲ့ တရားတွေ ပေါ်နေသတုံး (အပါယ် လေးပါးရောက်တဲ့ တရားတွေ ပေါ်နေ ပါတယ်) အပါယ်လေးပါး ရောက်တဲ့တရားတွေ ပေါ်ပြီး သကာလ နေတော့ မင်း သွာက္ခာတော ဘဂဝတာ ဓမ္မောကို ဖျက်တာပဲဟေ့ (မှန်ပါ့ ဘုရား) ဘာ ဖြစ်တာလဲ (သွာက္ခာတော ဘဂဝတာ ဓမ္မောကို ဖျက်တာပါ ဘု ရား)။

ဟာ မင့်ဟာက ဘုရား၏ တရားကို ဖျက်တာကိုး၊ မင့်ဟာ မင့်ထက် ယုတ်မာတာတော့ မရှိဘူးပေါ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

မင့်ထက် ယုတ်မာတာတော့ မရှိဘူးဟေ့၊ မင့် တရားကို အဓိပတိထားရမှာ မထားဘဲ၊ တရားတောင် ဖျက်လိုက်သေး တယ် (မှန်ပါ့)။

တရား အဓိပတိထားရင် ဘုရားက နိဗ္ဗာန်ရောက်တယ်လို့ “ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ” ဧသ-ဧသော၊ ဤသို့ ဖြစ်ပျက်ကို မြင်သော ပုဂ္ဂိုလ်သည်။ ဝိသုဒ္ဓိယာ၊ စင်ကြယ်သော နိဗ္ဗာန်သို့။ မဂ္ဂေါ။ ရောက်ကြောင်းလို့ ဟောထားတယ် (မှန်ပါ့)။

ထိုကဲ့သို့ ဟောပြောပြီး သကာလ ထားငြားသော်လဲ မင့်ဥစ္စာ ဖြစ်ပျက်မမြင်ဘဲနဲ့ ဘာမဟုတ်တဲ့ စိတ်တွေကို ကြားထိုးစိတ်တွေ က မင့်မှာလာပြီးသကာလ နေတော့ ဪ နိဗ္ဗာန် ရောက် မည့် တရားကို မင်းလက်ခံခဲ့တဲ့တရား မင်းနှလုံးသွင်းနေတဲ့ တရားက လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဆည်းပူး လို့ ရတဲ့ ဉာဏ်တော်ကြီးနဲ့ ဟောထားတဲ့ တရားကို မင်းတစ်ယောက် ဟာဖြင့်ကွာ အဖျက်သမား သက်သက်ပါပဲ (မှန်ပါ့ ဘုရား) ဘယ်သူ့ ဆုံးမရမလဲ (ကိုယ့်ကိုယ်ကိုယ် ဆုံးမရပါမယ်)။

အဲ လာလိမ့်မနော် (မှန်ပါ့) လာလိမ့်မယ်၊ လာမှာ ဧကန်မို့ ဘုရားက မင်းတရားကို အဓိပတိထား သူနိဗ္ဗာန်ပို့မည့် တရားမို့ နိဗ္ဗာန်ပို့မည့် အလုပ်ပဲ လုပ်နေမယ် (မှန်ပါ့ ဘုရား) ဒီလို ထားရမှာ (မှန်ပါ့)။

ကျင့်သားရနေတဲ့ အာရုံတွေ မလာစေနဲ့ ခင်ဗျားတို့ ကျင့်သားရနေတဲ့ အာရုံတွေ မလာစေနဲ့ (မှန်ပါ့) ကျင့်သားရတဲ့ အာရုံဆိုတာ စိုးရိမ်တတ်တယ်၊ ပူဆွေး တတ်တယ်၊ လွမ်းတတ်တယ် မဟုတ်လား (မှန်ပါ့) ဒါတွေ မလာ စေနဲ့၊ မင်းလေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့် ဆည်းပူးလို့ ရတဲ့ မင်းဖြင့် စိတ်ကူးထဲမှာ မထည့်ရဲတဲ့ ပါရမီတွေ အဲဒါတွေ ကိုယ်တော်မြတ်ကြီး ကောင်းစွာ ဟောထားတဲ့ တရားကို မင်းက ဖျင်းတဲ့ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ မင်းလောက် မိုက်တာ၊ မင်းလောက် မလိမ်မာတာ၊ မင်းလောက် အရုပ်ဆိုး မင်းလောက် အကျည်းတန်တာ ရှိကို မရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမရ မယ် (မှန်ပါ့ ဘုရား)။

ဘယ်သူ့ ဆုံးမရမလဲ (ကိုယ့်ကိုယ်ကိုယ် ဆုံးမရမှာပါ) ဘာဖြစ်လို့တုံး ဆိုတော့ သွာက္ခာတော ဘဂဝတာကို မင်းက ဖျက်တာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာဖျက်တာ တုန်း (သွာက္ခာတော ဘဂဝတာ ဓမ္မောကို ဖျက်တာပါ ဘု ရား) အင်း သွာက္ခာတော ဘဂဝတာ ဓမ္မောကို ဖျက်တာ ဆိုတော့ ဒကာ ဒကာမတွေက အားထုတ်ရင်း မတ္တနဲ့ မကောင်းတဲ့ စိတ် လာလို့ ရှိရင်ဖြင့် သွာက္ခာတော ဘဂဝတာ ဓမ္မောကို ဖျက်တာ (မှန်ပါ့ ဘုရား)။

ဘုရားက ကောင်းစွာ ဟောထားတဲ့ တရားကိုပင်လျှင် သူ့ကို အလေးအမြတ်ပြုပြီး မကြိုးစားတဲ့အတွက် ခင်ဗျားတို့ မဆိုင်တဲ့ ငါးဝအာရုံ ကာမဂုဏ်စိတ်တွေ လာပြီဆိုမှဖြင့် သြော် သာသနာဖျက်ဆိုတာ မင်းပါကလား (မှန်ပါ့) သဘောပါ လား (ပါပါတယ်)။

သာသနာ ဖျက်ဆိုတာ (မင်းပါဘုရား) မင်းပါကလားလို့ ကိုယ့်ကိုယ်ကို စွဲချက်တင်ရမယ် (မှန်ပါ့) သာသနာ ဖျက်ဆို တာ (မင်းပါကလားလို့ ကိုယ့်ကိုယ်ကိုယ် စွဲချက်တင်ရပါ မယ်) တင်ကော မတင်ထိုက် ဘူးလား (တင်ထိုက်ပါတယ် ဘုရား)။

အဲဒီတော့ကို မင်းဟာ မင်းနဲ့ လဲ ဂုဏ်အားဖြင့်တဲ့ မတူ ပညာ အားဖြင့်လဲ မတူ၊ တန်ခိုး အားဖြင့်လဲ မတူ၊ အဒီ မတူတဲ့ ကိုယ် တော်မြတ်ကြီး ဟောထားတဲ့ တရားကို မင်းက ဓမ္မန္တရာယ် လာလုပ်တော့ မင်းဟာ သာသနာဖျက် (မှန်ပါ့ ဘုရား)။

ဘယ်သူ့ ဆုံးမရမလဲ (ကိုယ့်ကိုယ်ကိုယ် ဆုံးမရပါမယ်) ကိုယ့်ကိုယ်ကို ဆုံးမရမယ်တဲ့ အဲဒါမှ တရားပေါက်မှာနော် (မှန်ပါ့ ဘုရား) ကိုယ့်ကိုယ်ကိုယ် မဆုံးမတဲ့ ပုဂ္ဂိုလ်ဟာ (တရားမပေါက်ပါဘုရား) တရား မပေါက် နိုင်ဘူးဆိုတာ သေချာ ပလား (သေချာပါပြီ)။

ကိုင်း-ဒါဖြင့် ဒကာဒကာမတို့ အဆုံးအမ အခက်ဆုံးက တော့ ဘယ်သူပါလိမ့်(ကိုယ့်ကိုယ်ကိုယ် အဆုံးမ အခက်ဆုံး ပါ ဘုရား) ကိုယ့်ကိုယ်ကိုယ် အဆုံးမ အခက်ဆုံး၊ ဘုရားက သဗ္ဗညုတ ဉာဏ် တော် ကြီးနဲ့ ရှာလိုက်တယ် ဒကာသစ်ရ အဆုံးမ ခက်တာ ဘယ်သူပါလိမ့် မတုံးလို့ ကလေး ခက်သလား၊ လူကြီး ခက်သလား၊ တိရစ္ဆာန်တွေ ခက်သလား၊ ကျားခက်သလား၊ မြွေ ခက်သလား၊ အို ဒါတွေဟာ တုတ်နဲ့ ပြ မီးကလေး ဘာကလေး နဲ့ ပြပြီး ချောက်လိုက် လှန့်လိုက်ရင် ရတယ်၊ မရဘူးလား (ရပါတယ် ဘုရား)။

ကိုယ့်ကိုယ်ကတော့ ဆင်ခြေ များတယ် (မှန်ပါ့ ဘုရား) ဆင်ခြေများတယ် ဆင်ခြေများတယ် (မှန်ပါ့) သဘောပါ ပလား (ပါပါပြီ)။

ဆင်ခြေက သိပ်များတယ်၊ ဒီနေ့စားရတာက အင်း ဆင်ခြေက ဘယ်လိုများသတုံးဆိုတာတော့ ဒီနေ့က အအေးက များလို့ ဖြည်းဖြည်းမှ လုပ်တော့မယ် (မှန်ပါ့) ဘာဖြစ်တာ တုန်း (ဆင်ခြေများ တာပါ) ဆင်ခြေများ နေတာ။

ဒီနေ့တော့ အပူက များပြန်တော့ (ဆင်ခြေများတာပါ ဘုရား) ဆင်ခြေများနေတာပဲ (မှန်ပါ့) အဆုံးမ ခက်လို့ ဆင်ခြေဝင်လာတာ (မှန်ပါ့) ဆင်ခြေဆိုတာ ခင်ဗျားတို့ တခြား မမှတ်ပါနဲ့၊ ကိလေသာ ဝင်တာမှတ်ပါ (မှန်ပါ့ ဘုရား) ဆင်ခြေဆိုတာ ဘာပါလိမ့် (ကိလေသာဝင်တာပါဘုရား) ခင်ဗျား တို့က မသိဘူး၊ ဒီကောင်ကလေးက ဆင်ခြေ ဆင်လက် များလိုက်တာ အစရှိသည်နဲ့ ကောင်ကလေးက သူက စားချင်တာ ဆိုတော့ ပျော်ချင်တာ၊ ပျော်ချင်တာ တဏှာပဲ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့လဲ စောသေးတယ်လေ မထသေးပါဘူး ဆိုရင် ဒါကိလေသာဆင်ခြေ ဝင်ချလိုက်တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ကိလေသာဆင်ခြေ ဝင်ချလိုက်တော့ ခင်ဗျားတို့ တရား အဓိပတိထားသေးရဲ့ လား (မထားပါ ဘုရား)။

ဒီတရားက နိဗ္ဗာန်ပို့မည့်တရား၊ မင်းက ဆင်ခြေလာမထိုး တာနဲ့ လုပ်ရလိမ့်မယ် အစရှိသည်နဲ့ ခင်ဗျားတို့ကလဲ မကန့်ကွက်ဘူး၊ မကန့်ကွက်တော့ ဒီတရားပျက်သွားတယ် (မှန်ပါ့ ဘုရား) ကောင်းစွာ ဟောထားတဲ့ တရားဟာ မကောင်းသဖြင့် ဖြစ်သွားတယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။

ပူပြန်ပူလို့ ပဲ၊ အင်း ဒီနေ့ တော့ မလုပ်သေးဘူးလေ၊ ပူတာကို မကြိုက်တဲ့ ဒေါသကနေပြီး ခုနင်က ကောင်းစွာ ဟော ထားတဲ့ တရားနိဗ္ဗာန်ရောက်တရား သူကနေပြီး သကာလ ကန့် ကွက် လိုက်တယ် (မှန်ပါ့ ဘုရား)။

သာသနာပျက်-မပျက် (ပျက်ပါတယ်ဘုရား) သာသနာ ပျက်သွားပြီ၊ ကိုယ့်အဆုံးအမကို ကိုယ်မလိုက်နာတဲ့ အတွက် ကောင်းစွာ ဟောထားတဲ့ တရားကိုပင်လျှင် ကဲ ရှိပါစေတော့ မလုပ် သေးဘူး၊ ဘာပြုလို့တုံး ကောင်းသွားမှာစိုးလို့၊ မဟုတ် ဘူးလား (မှန်ပါ့) တကယ်များ နိဗ္ဗာန် ဝင်သွားရင် မခက် ဘူးလားထဲက ကျနေပြီ။

အဲဒီလောက် ထိအောင် အရုပ်ဆိုးနေတာတွေလဲ ခင်ဗျားတို့ ဝမ်းထဲမှာ ရှိနေတယ် (ရှိပါတယ် ဘုရား) ဒါ ဘု ရားကဟော တာ ရှင်းပလား (ရှင်းပါပြီ) အင်း စောပြန်တော့လဲ စောလှသေးတယ်၊ နည်းနည်းကလေး နေကလေး စောလှသေး တယ်လေ၊ တော်တော်ကလေး ကြာတော့မှ နာရီ ဘယ်နှစ်နာရီ လောက်မှ၊ အခုတော့ စောပါသေးတယ်။

အင်း စောပါသေးတယ်ဆိုတာ ဘယ်သူတုံးလို့ မေးတဲ့ အခါကျတော့ ခန္ဓာကိုယ် ငဲ့တဲ့တဏှာ (မှန်ပါ့ ဘုရား) သဘော ကျပလား (ကျပါပြီ)။

ခန္ဓာကိုယ်ထဲ့တဲ့ ကိလေသာပဲဆိုတာကော ငြင်းဖို့လိုသေး သလား (မလိုပါဘုရား) အင်း သာသနာ ဖျက်ပြန်ပြီ (မှန်ပါ့)။

သွာက္ခာတော ဘဂဝတာ ဓမ္မော=ကောင်းစွာ ဟောထားတဲ့ တရား၊ ခုလုပ် ခုရမယ်၊ အကာလိကော အခါမလင့် အကျိုးပေး မယ်ကွ၊ ငါဟောထားတဲ့ တရား၊ မဟုတ်ဘူးလား (မှန်ပါ့)။

အဲဒါ ခင်ဗျားတို့က ဒီအခါတော့ မလိုချင်သေးဘူး ဆိုတဲ့ အဓိပ္ပာယ်ရတယ် (မှန်ပါ့) ဒီတစ်ခါတော့ဖြင့် (မလိုချင် သေးပါဘု ရား) ဒါဖြင့် လက်ငင်းမလိုချင်ဘူး၊ ဝဋ်ကြွေးကြိုက် တယ် ဖြစ်နေတယ် (မှန်ပါ့ ဘုရား) မောင်သစ် ဘာဖြစ်နေသတုန်း (ဝဋ်ကြွေးကြိုက်တယ် ဖြစ်နေပါတယ်)။

ဟင် လက်ငင်း မလိုချင်ဘူး၊ အကြွေးကြိုက်တယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

အကြွေးဆိုတာ ဘာတုန်းလို့ မေးတော့ ဒုက္ခသက် ရှည်တာ ကို အကြွေးခေါ်တယ် (မှန်ပါ့ ဘုရား) ဒုက္ခမြန်မြန် ငြိမ်းတာ ကို လက်ငင်းခေါ်တယ် (မှန်ပါ့)။

အဲ့ဒါ ခင်ဗျားတို့ ဘယ်ထဲကျသလဲ (အကြွေးကြိုက်တဲ့ ထဲ ကျပါတယ်) ဒုက္ခသက်ရှည်တာ ကြိုက်တယ် (မှန်ပါ)

အဲဒါလောက်ကျအောင် ခင်ဗျားတို့သည် တရားကို အဓိပတိ မထားတော့ဘူး၊ ခုနင်က အေးပြန်အေးလို့ ပူပြန်ပူလို့ စောပြန်ရင် (စောသေးလို့)။

ဟင် ဘာဖြစ်နေကြတာတုံး ဦးသံဒိုင်ကြီးတို့ ပြောစမ်းပါဦး (ကိလေသာ ဝင်နေပါတယ်) ကိလေသာ ဝင်နေတယ်၊ ဟုတ်လား (မှန်ပါ့) တစ်နည်းအားဖြင့် ဧဟိပဿိကော သူမကြိုက်ဘူး (မှန်ပါ့)။

ဘာတဲ့တုန်း (ဧဟိပဿိကော မကြိုက်တာပါ) အကာလိကော ကော (မကြိုက်ပါဘုရား)။

အံမာ ချက်ချင်းများ အကျိုးပေးမယ်ဆိုရင် မကြိုက် ဘူး (မှန်ပါ့) ချက်ချင်း ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်ကြီးကို သွားတော့မယ်ဆိုရင် မကြိုက်တဲ့ အဓိပ္ပာယ် ပါနေတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် မင်း ဘုရားရှေ့သွားပြီး ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် ရ-ရပါလို၏ဆို၊ မင့်အသွားနဲ့ မင့်လုပ်ပုံနဲ့ ကိုက်ကဲ့လား (မှန်လှပါဘု ရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဘယ်သူ့ လိမ်နေတာတုံး (ကိုယ့်ကိုယ် လိမ်နေတာပါ) အမာလေး လိမ်စရာ ပါးပါးရှားရှားကွာ၊ သူများလိမ်လို့ရှိရင်ဖြင့် အကျိုးပါလိမ့်ဦးမယ် ကိုယ့်ကိုယ် လိမ်တာကတော့ အကျိုးယုတ် ပါတယ် (မှန်ပါ့ ဘုရား)။ မယုတ်ဘူးလား (ယုတ်ပါ တယ်ဘုရား) ဒါ ဘုရား သခင် ကိုယ်တော်မြတ်ကြီးက တရား အဓိပတိ မထားတဲ့ ပုဂ္ဂိုလ်မှာ ဒီဟာတွေ လာလိမ့်မယ်ကွ တဲ့၊ (မှန်ပါ့ ဘု ရား)။

မိုးချုပ်သွားပြန်တော့လဲ ဒီနေ့တော့ မိုးချုပ်သွားပြီး နက်ဖြန် မှ အင်း ဘာလုပ်ပြန်တာပါလိမ့် (လိမ်တာပါဘုရား) ဘယ်သူပါလိမ့် တရားကိုယ်က (ကိလေသာပါဘုရား)။

ကိလေသာပဲ၊ သဘောကျပလား (ကျပါပြီ) ဘယ်သူ့ လိမ်တာတုန်း (ကိုယ့်ကိုယ် လိမ်တာပါ) ဘယ်တရားက လိမ်လိုက်သတုံး (ကိလေသာက လိမ်ပါတယ် ဘုရား)။

ဪ ခင်ဗျားတို့ဟာ ခက်ပါသေးတယ် တယ်လိမ်တတ် တဲ့ တရားတွေကလဲ စောရင် စောလို့ ဟင် မိုးချုပ်ရင် (မိုးချုပ်လို့ ပါဘုရား) ခက်နေပြီကော ဦးသံဒိုင်ရ၊ မောင်သစ် ဘယ်နှယ်နေသလဲ (ခက်ပါတယ်ဘုရား)။

ဒါတွေချည်းပဲ ကိလေသာကဝင်ပြီး ဆင်ခြေလဲရင် ဟုတ်ပါ ချည့်ပဲ လိုက်နေတာပဲ(မှန်ပါ့) ကိလေသာ ဆင်ခြေလဲလိုက် ရင် (ဟုတ်ပါချည့် လိုက်နေပါတယ်) လိုက်ရမှာလား တော်လှန် ရမှာလား (တော်လှန် ရမှာပါဘုရား) တော်လှန် ရမှာကိုပင်လျှင် ခင်ဗျားတို့က ဟုတ်ပါတယ်လေ၊ မိုးချုပ်သွားပေါ့ (မှန်ပါ့) ဟုတ်ပါတယ်၊ မိုးချုပ်သွားပေါ့။

ဟ ဘယ်သူ့နောက် ဘာလိုက်နေတာတုံး ဆိုတော့ ကိလေသာကျွန်မျိုးပီပီ ကိလေသာ နောက်ကို လိုက်နေတယ် (မှန်လှပါဘုရား) ကိလေသာခိုင်းစေရာ လိုက်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့သည် သွာက္ခာတော ဘဂဝတာ ဓမ္မောကို ဘာလုပ်ကြတာတုံး (ဖျက်တာပါ ဘုရား) ဖျက်ကြတယ် (မှန်ပါ့)။

ဒါဖြင့် တရားကို အဓိပတိ မဆောင်ဘူးတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ ခင်ဗျားတို့ လောက ပရိယာယ်မျိုးစုံ ဟူသရွေ့ မောင်သစ်တို့ ဦးသံဒိုင်တို့က ဘယ်လို ဆုံးဖြတ်ချက် ချမလဲ (ကိလေသာချည်းပါ ဘုရား) ကိလေသာချည်းပဲဆိုတာ ပေါ်လာ ပလား (မှန်ပါ့)။

ဒါဖြင့် ဒီကိလေသာတွေကလဲ ကိလေသာ ဟူသရွေ့ ဟာလဲ ပဋိစ္စသမုပ္ပာဒ် အလည်က ဖောက်စတယ် (မှန်ပါ့)။

ကိလေသာကလဲ (အလယ်က ဖောက်စ ပါတယ် ဘုရား) တဏှာကိုးဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိ ပါပြီ)။

ဒါဖြင့် ဘု ရားက ဒါတွေမြင်လို့ သွာက္ခာတော ဘဂဝတာ ဓမ္မောကို အလေးအမြတ် ထားရမယ် (မှန်ပါ့) ငါ-ဟောထားတဲ့ တရားဟာ ကောင်းစွာ နိဗ္ဗာန်ဆောင်တတ်တဲ့ တရား ဟောထားတာ ဘယ့်နှယ်ကြောင့် မရပါလိမ့်မတုန်းလို့ မင်းတို့က မဆိုနဲ့။ ကိလေသာ လိမ်တာကို မင်းတို့က တရား အဓိပတိ မထားဘဲနဲ့ ကိလေသာ အဓိပတိထားလို့ မင်းတို့ မရတာ (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

တရား အဓိပတိမထားဘဲနဲ့ (ကိလေသာ အဓိပတိ ထားလို့ မရတာပါ) အံမာလေး အဲဒီ ကိလေသာ အဓိပတိ တားလို့ ရှိရင် မင်းတို့အပါယ်က ခေါင်းပြုနိုင်မှာ မဟုတ်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ကိုယ့်ကိုယ်ကို ဆုံးမရမည့် အသွားတွေ ပေါ်ကြပလား (ပေါ်ပါပြီ) ဘယ်သူ့ ဆုံးမရမလဲ (ကိုယ့်ကိုယ်ကို ဆုံးမရ ပါမယ်) အင်း ကိုယ့်ကိုယ်ကို ဆုံးမရမယ်ဆိုတာ သေချာပြီ နော် (သေချာပါပြီဘုရား) ဘယ်ဟာ အဓိပတိထားပြီး ဆုံးမ ရမှာလဲ (ဓမ္မာဓိပတိ ထားရမှာပါ)။

အေး တရားကို (မှန်ပါ့) တရားကို အဓိပတိ ထားလျှင် ဘုရားက အခုလုပ် အခုအကျိုး ပေးတယ် ကွတဲ့ (မှန်ပါ့) မင်း က အခုလုပ် အခုအကျိုးပေးတယ်လို့ ဟောပါလျက် သားနဲ့ အေးသလေး ပူသလေး စောသလေး မိုးချုပ်သလေးနဲ့ (မှန်ပါ့) ရိပ်မိကြပလား (မှန်ပါ့ ဘုရား)။

အဲဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး အခု အေးတယ် ပူတယ် စောတယ် မိုးချုပ်တယ်ဆိုတာ အင်္ဂုတ္တိုရ်မှာ သေသေ ချာချာ လာတာ (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါ-ပါပြီ)။

ဒါဖြင့် ဘာကို အဓိပတိ မထားရင် အေးတယ်၊ ပူတယ်။ စောတယ်၊ မိုးချုပ်တယ် ဆိုတဲ့ ကိလေသာ ဆင်ခြေတွေ လာပါ လိမ့်မလဲ ဆိုတာတော့ ရိပ်မိပါပြီ (ရိပ်မိပါပြီဘုရား) သွာက္ခာတော ဘဂဝတာ ဓမ္မော ဆိုတဲ့တရားကို အဓိပတိမထားလို့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီဘုရား)။

ဘာပြုလို့လဲ (သွာက္ခာတော ဘဂဝတာ ဓမ္မောကို အဓိ ပတိ မထားလို့ပါဘုရား)။

အဲဒါမှ အဓိပတိမထားတော့ အကာလိကောဆိုတဲ့ အခါ မလင့် အကျိုးပေးတာလဲ မလိုချင် တော့ဘူး (မှန်ပါ့) လိုချင် တဲ့ အဓိပ္ပာယ် ပါသေးရဲ့ လား (မပါ-ပါဘုရား)။

ဒါဖြင့် “ပစ္စတ္တံ ဝေဒိတဗ္ဗာ ဝိညူဟိ” ပညာရှိများ အသီးသီး ခံစားရတယ်ကွ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ကျုပ်မရချင်ဘူး (မှန်ပါ့)။

သဘောပါပလား (ပါပါပြီ) ဘာတဲ့တုံး (မဂ်ဉာဏ် ဖိုလ်ဉာဏ် ကျုပ်မရချင်ဘူး) ကျုပ်မရချင်ဘူး၊ ကျုပ်ပညာရှိလဲ မဟုတ်ဘူး၊ ရလဲ မရချင်ဘူး (မှန်ပါ့) ဒီအဓိပ္ပာယ် ရောက်သွားတယ် သဘောပါရဲ့လား (ပါ-ပါတယ်ဘုရား)။

ကျုပ်ပညာရှိလဲ မဟုတ်ဘူးတဲ့၊ ရလဲ မရချင်ဘူးဆိုတဲ့ ခုနင် က အေးတယ်၊ ပူတယ်၊ စောတယ်၊ မိုးချုပ်တယ်၊ ကိလေသာ ဆင်ခြေလာတဲ့ ပုဂ္ဂိုလ်များမှာ ကျုပ်ပညာရှိလဲ မဟုတ်ဘူး၊ ရလဲ မရချင်ဘူး၊ ကျုပ်တော့ ရိုးရိုးပဲလို့ ဒီအဓိပ္ပာယ်ရောက် မရောက် (ရောက်ပါတယ်ဘုရား)။

အတော်ဆိုးတယ် (မှန်ပါ့) ဒီဆိုးတာတွေ အခု ဆရာသမား က ဖော်ပြောလို့သာ ကိုယ့်အဆိုး ပေါ်တာနော် (မှန်ပါ့ ဘုရား) နို့မဟုတ်လို့ ရှိရင်ဖြင့် သော် တစ်စတစ်စပဲ။ ဘုရားသခင် ကိုယ်တော် မြတ်ကြီးလဲ တစ်စတစ်စပဲ ဖြည့်လာတယ် (မှန်ပါ့) အင်း ကိလေသာက ခင်ဗျားတို့ကို ချော့သုံးများ ဆွဲလိုက်သေးတယ် (မှန်ပါ့ ဘုရား)။

ဘုရားတစ်စတစ်စက=သူ့ဟာက တစ်စတစ်စ လုပ်ရမည့် ပုဂ္ဂိုလ်မို့ တစ်စတစ်စ လုပ်တာပါ (မှန်ပါ့) ဒါနပါရမီ လုပ် နေတုန်းကို ခန္တီပါရမီ မလုပ်နိုင်သေးဘူး၊ သူတက်တက်ပြီး လုပ်သွားရမှာ (မှန်ပါ့ ဘုရား)။

သူ့တစ်စ တစ်စက ကိစ္စမရှိဘူး၊ ခင်ဗျားတို့က ဘုရားဆုပန် လား ငါခုရ ခုယူမှာလားလို့ မေးတော့ ခုရ ခုယူမယ်လို့လဲ ပြောသေးရဲ့ (မှန်ပါ့) တစ်စတစ်စ လုပ်ရမှာပဲလို့ လဲ ဘာမဆိုင်တာ ဆင်ခြေလဲလိုက်သေးတယ် (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ) ဘာလဲလိုက်သတုံး (ဆင်ခြေလဲလိုက် ပါတယ်) စဉ်းစားလေ ကိုယ်နဲ့ ဆိုင်တဲ့အလုပ်လား မဆိုင်တဲ့ ပုဂ္ဂိုလ်ညှိပြီး ဆင်ခြေလဲတာလား (မဆိုင်တာ လဲတာပါ) ကိုယ်က ဘုရားဆုပန်တာ မဟုတ်ဘူး၊ ဘုရားဆုပန်တဲ့ ပုဂ္ဂိုလ်နဲ့ အလကား ညှိနှိုင်းပြီး ကိုယ်က အသားယူပြီးသကာလ သူ့ပါးစပ်ထဲထည့်ပြီး ဆင်ခြေလဲနေတယ် (မှန်ပါ့ ဘုရား)။

သူ့အလုပ်မျိုး သူလိုဘုရားဖြစ်အောင် ကိုယ်ကျင့်နိုင်မှာလဲ မဟုတ်ဘူး (မှန်ပါ့ ဘုရား) မဟုတ်ဘူးလား (ဟုတ်ပါ တယ်)။

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး တောင်မှ မလျှော့မတင်း စောင်းကြိုး ငြင်းတဲ့၊ ဟင် လာပြီ ခင်ဗျားတို့ ကိလေသာက (မှန်ပါ့ ဘုရား)။

ရိပ်မိပလား (ရိပ်မိပါပြီ) အတော်ဆိုးနေတယ် (မှန်ပါ့) လုပ်မှ မလုပ်သေးခင်က၊ စောင်းမှ မရှိသေးခင်က စောင်းကြိုး ဘယ့်နှယ်လုပ်တင်းမလဲ၊ မလျှော့မတင်း ဆိုတာက စောင်းရှိပြီးမှ ဖြစ်ရမှာ (မှန်ပါ့ ဘုရား)။

အခုတော့ စောင်းမှ မပါသေးတဲ့လူက မလျှော့ မတင်း ပြောနေတယ်၊ ဘယ့်နှယ်လုပ်ပါမလဲ၊ ရိပ်မိပလား (ရိပ်မိ ပါပြီ) ခင်ဗျားတို့ ဆင်ခြေ ပြောပြပါမယ် (မှန်ပါ့) မလျှော့ မတင်း စောင်းကြိုး ငြင်းဆိုတာက ခင်ဗျားတို့ သောဏမထေရ် ကို ဟောတာ ပြင်းထန်အောင် ကျင့်လွန်းလို့ ဘုရားက ဟောတာ (မှန်ပါ့)။

အလုပ်ပြင်းထန်လွန်းလို့ ဟောတာ (မှန်ပါ့) ကိုယ့်ဖြင့် အလုပ်မှ မလုပ်ရသေးဘူး၊ မလျှော့ မတင်း စောင်းကြိုး ငြင်းက လာနေတယ်ဆိုတော့ ဦးသံဒိုင် ရှက်စရာကြီး (မှန်ပါ့) ဘယ့်နှယ် ဆိုကြမလဲ (ရှက်စရာကြီးပါလား)

အဲဒါ ခင်ဗျားတို့ မရှက်လို့ ဖြစ်နေတာ၊ မရှက်လို့ သံသရာ ရှည်နေကြတာ (မှန်ပါ့ ဘုရား) ဟို သောဏကို ဟောတာ က ဝီရိယလွန်လို့ တရားကို မရဘူး၊ မရရင် ငါစင်္ကြံသွားမယ် ဆိုပြီး စင်္ကြံ သွားရင်း အားထုတ်တော့ ခြေထောက်က သွေးတွေ ထွက်တယ် (မှန်ပါ့) ဟာ လေးဘက်သွားပြီး အားထုတ် မယ်ဆိုတော့ လက်တွေပါ သွေးတွေ ထွက်တယ် (မှန်ပါ့)။

အဲဒါကြောင့် ဘုရားကလာပြီ၊ ကွာ မင်းငယ်ငယ်တုန်း က စောင်းမသင်ဖူးဘူးလား (သင်ဖူးပါတယ် ဘုရား)။

မင်းစောင်းဟာ ဘယ့်နှယ်တုံး ကြိုးတင်းရင် အသံကောင်း ပါ့ မလား (ကြိုးတင်းရင် အသံ မကောင်းပါဘူး) ကြိုးလျှော့ တော့ကော ကြိုးလျှော့ရင်လဲ အသံမထွက်ဘူးတဲ့၊ ဒါဖြင့်ကွာ အလတ်စား ထားမှပေါ့၊ မင်းဟာ အလတ်စား လုပ်ဆိုတော့ ဟိုမှာ လွန်နေတဲ့ ပုဂ္ဂိုလ်မို့ လျှော့ရတာ (မှန်ပါ့) ခင်ဗျားတို့က ဘာမှ မပါသေးဘဲ လျှော့နေကြတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ) ဘာ့ ကြောင့် လျှော့တာ တုံး၊ ဘာမှ မပါခင်က လျှော့နေတယ်။

အဲဒါကြီး ဆင်ခြေထားပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘုရားက မလျှော့ မတင်း စောင်းကြိုးငြင်း ဟောတယ်ဆိုပြီး ကိုယ်ပါအောင် ဆွဲထည့်ထားတယ် (မှန်ပါ့)။

ဒီလို ဆွဲထည့် ရမှာလား၊ လွန်တဲ့ပုဂ္ဂိုလ် ပြောတာလား (လွန်တဲ့ပုဂ္ဂိုလ် ပြောတာပါဘုရား) ခုမှ မလုပ်သေးတဲ့လူက ဒီထဲ ပါလို့ တော်ပါ့မလား (ရိပ်မိပလား) ရိပ်မိပါပြီ။

အံမာလေး ကြောက်စရာကောင်းတဲ့ ဒကာဒကာမတွေ ဆင်ခြေကော ကိုယ်နဲ့ တန်တဲ့ ဆင်ခြေလား၊ မတန်တဲ့ ဆင်ခြေ လား မပြောတတ်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) တန်တဲ့ ဆင်ခြေလား၊ မတန်တဲ့ ဆင်ခြေလား (မတန်တဲ့ ဆင်ခြေပါဘု ရား) ဘယ်ကများ ကျက်ထားကြသလဲ၊ မတန်တဲ့ ဆင်ခြေ ကျက်ထားရတယ်လို့၊ အတော်ဆိုးတယ်ဆို တာ မောင်သစ် ပေါ်ပလား (ပေါ်ပါပြီ)။

ဟိုမှာတော့ ဘာဖြစ်လို့တုန်း တင်းလွန်းလို့ (မှန်ပါ့ တင်းလွန်းလို့ပါ) လျှော့ပါဦးကွာ၊ သဘော ကျပလား (မှန်ပါ့) ဟိုမှာတော့ ဝီရိယလွန်နေပြီး သမာဓိနည်းနေလို့ (မှန်ပါ့) လျှော့ပါဦးလို့။

ဒီမှာတော့ ဘာမှမလွန်ခင်က ဘာလုပ်နေသတုံး (လျှော့ ပါဦး) လျှော့ပါဦးဆိုတော့ အစကို ဘာမှမပါဘဲ လျှော့နေတော (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ)။

အဲဒီတော့ ခင်ဗျားတို့ ဆင်ခြေလဲမယ် ကြံလို့ ရှိရင်လဲ သူ့ ဝတ္ထုသွားလဲ အကဲခတ်ပါဦး (မှန်ပါ့) ငါလို လူစားပဲလား ဘယ်လို ပုဂ္ဂိုလ်လဲဆိုတာ အကဲခတ်ပါဦး (မှန်ပါ့)။

အကဲခတ်ပြီးတော့မှ ဆင်ခြေလဲလို့ ရှိရင်လဲ ဆင်ခြေတည့် ချင် တည့်သွားတယ် (မှန်ပါ့) အခုဟာက အကဲမခတ်ဘဲနဲ့ ပြောသံကြားနဲ့ ဆင်ခြေလဲနေတာ (မှန်ပါ့) တည့်ပါ့ မလား (မတည့်ပါ ဘုရား)။

သောဏမှာလွန်လို့ လျှော့ပါဦးလို့ ပြောရတာ (မှန်ပါ့) ခင်ဗျားတို့က လွန်သလားလို့ မေးရင် ဘယ့်နှယ်ပြောမလဲ (မလွန်ပါဘုရား) စပဲ မစရသေးပါဘူးဗျာ၊ အခုမှ အစထားပါဦး ဟုတ်လား (မှန်ပါ့ ဘုရား)။

အဲဒီ အဓိပ္ပာယ်ရောက်နေတော့ ဦးသံဒိုင် ကိုယ့် အသုံးအနှုန်း တွေကလဲ မဟုတ်ဘူး (မှန်လှပါဘုရား) ဟုတ်ကြရဲ့လား (မဟုတ် ပါဘုရား) မဟုတ်ပါဘူးတဲ့၊ ဒီဥစ္စာ ကိုယ့်အသုံးဟာ လိုပါသေး တယ်ဆိုတဲ့ ဥစ္စာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟေ့ ဓမ္မာဓိပတိကို အဓိပတိထားလို့ ရှိရင် မင်းဟာ သေသေချာချာ ရမယ် (မှန်ပါ) ဒီတရားဟာ ဧကန် နိဗ္ဗာန်ရောက်တဲ့ တရား၊ ငါဖျင်းလို့ သာ မရတာ (မှန်လှပါ) ငါမဖျင်းတော့ဘူး ဆိုရင် ရရမယ် (မှန်ပါ့) ဒီလိုတရားကို အဓိပတိထားပါလို့ ဘုရားကဟောတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ခင်ဗျားတို့ကတော့ဖြင့်တဲ့၊ ဒီအတိုင်းသာ တရားကို အဓိပတိ ထားပြီး ကြိုးစားကြမယ် ဆိုလို့ရှိရင် လိုရာခရီး အပြီးတိုင်ရောက် မှာပဲ (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။

အခုတော့ တရားအဓိပတိ မထားတဲ့အပြင် အဓိပတိထားတဲ့ တရားကိုပဲ ကိုယ်တတ်နိုင်သရွေ့ ဖျက်ဦးမယ်ဆိုတော့ ကောင်းနိုင် သေးရဲ့ လား (မကောင်းပါဘုရား) ကိုယ်တတ်နိုင်သရွေ့ ဖျက်ဦးမယ် ဆိုတာက ကြားစိတ်တွေ ဝင်လာရင် ဒါဖျက်တာ ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ကြားစိတ်တွေ ဝင်လာရင် (ဖျက်တာပါပဲဘုရား) ဖျက်တာပဲဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။

အဲ ဖျက်တော့ ခင်ဗျားတို့က သော် တရားဆိုတာ မလွယ်ပါကလား ဟောလာပြီ ခင်ဗျားတို့က (မှန်ပါ့) ဘယ့်နှယ်လာသလဲ (တရားဆိုတာ မလွယ်ပါကလား)။

အင်း တရားသာမလွယ်တာ ဘုရားကဖြင့် ဒီတရား အခါမလင့် အကျိုးပေးမယ်ဆိုတဲ့ ဥစ္စာဖြင့် ဘုရားကလဲ အနီးဆုံး ဟောတာ (မှန်ပါ့ဘု ရား) အခါမလင့်ဆိုတာ ခုလုပ် ခုရမယ် ပြောတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) အခါမလင့် ဆိုတာ ဘာတုံး (ခုလုပ် ခုရမယ် ပြောတာပါ) ခင်ဗျားတို့ က ဘယ်ထဲ သွင်းသလဲ၊ မလွယ်ပါကလားတဲ့ (မှန်ပါ့)။

ဘယ့်နှယ်ဖြစ်နေသလဲ၊ တရားဖျက်မှ ဖျက်ကြရဲ့လား ဖျက်တာမှ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) ကိုယ့်ဟာကိုယ် လဲ အကဲခတ်ပါဦး (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါ-ပါပြီဘုရား) ဘယ်သူ ဖျက်တာတုန်း (တရားဖျက်တာပါ ဘုရား)။

အင်း တရားဖျက်တော့ ဘု ရားကော ကျန်ရစ်ဦးမှာလား (မကျန်ရစ်ပါဘုရား) မကျန်ရစ် တော့ဘူး၊ သူဟောတဲ့ ပုဂ္ဂိုလ်လဲ တော်အောင် ဟောထားတာဆိုတာ လာဦးမှာ ခင်ဗျားတို့ က (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အဲဒီလောက်တောင် ခင်ဗျားတို့ တရားကို အဓိပတိ မထား လို့ ရှိရင်တော့ မောင်သစ်တို့၊ ဦးသံဒိုင်တို့ ဘယ်နည်းနှင့်မှ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်ဘူး (မရနိုင်ပါဘုရား)။

ဘာဖြစ်လို့ မရနိုင်သတုံးဆို တော့ ခင်ဗျားတို့ ကို က ကိလေသာ ဆင်ခြေများလို့လို့ ယနေ့ ထူးထူးလည်လည် မှတ်ရ မယ် (မှန်ပါ့ ဘုရား) ဘယ့်နှယ်ကြောင့် မရသတုန်း (ကိလေသာ ဆင်ခြေ များလို့ ပါဘု ရား)။

ကြည့်လေ အေးသေးတယ်၊ ပူလို့၊ စောသေးတယ်။ မိုး ချုပ်လို့ (မှန်ပါ့) ခင်ဗျားတို့ဟာက ဘယ်ဟာများ ကျန်သေး သတုံး (မကျန်ပါဘုရား) ဆာရင် ဆာတယ် (မှန်ပါ့) ဝ,ပြန်တော့ကော (ဝ-တယ်)။

ခက်ပြီကော၊ ဆာပြန်တော့လဲ အားမထုတ်၊ ဝ-ပြန်တော့လဲ အားမထုတ် (မှန်ပါ့) ကိစ္စကလေး ရှိနေပြန်တော့ကော (အားမထုတ်ပါ) ခရီးကလေးက သွားမည့်ကြံတော့ (အား မထုတ်ပါ) ဘယ်မတုံး ခင်ဗျားတို့ဟာ အဖျက်ချည့်ပဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

အဲဒါတွေ ပြောနေလို့ ရှိရင် ခင်ဗျားတို့ ဆင်ခြေဟာ တဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အကုန်သိတယ် (မှန်ပါ့ ဘု ရား) အဲဒါ တရားကို အဓိပတိမထားလို့ ဆင်ခြေနဲ့ ဖျက်နေ တာကွ (မှန်ပါ့) တရား အဓိပတိမထားလို့ (ဆင်ခြေ နဲ့ ဖျက်နေတာပါဘုရား)။

ဒါဖြင့် အဖြူကို အမည်းနဲ့ ဖျက်နေတယ် (မှန်ပါ့) မောင်သစ် ဘာတဲ့တုံး (အဖြူကို အမည်းနဲ့ ဖျက်နေပါ တယ်ဘုရား) အဖြူကို အမည်းနဲ့ ဖျက်နေတာဆိုတော့ သူ့ဟာက ဖြူစင်တဲ့တရား၊ သွာက္ခာတော ဘဂဝတာ ဓမ္မော က ဖြူစင်တဲ့ တရား (မှန်ပါ့) ကိလေသာနဲ့ ဖျက်လိုက်တဲ့ အခါ ကျတော့ ကိလေသာက မည်းတယ် (မှန်ပါ့ -မည်းပါတယ်)။

ဒါဖြင့် ခင်ဗျားတို့ တရားအားထုတ်နေကြတာလား အဖြူကို အမည်းနဲ့ ဖျက်နေကြတာလား (အဖြူ အမည်းနဲ့ ဖျက်နေ တာပါဘုရား) သြော် ခင်ဗျားတို့နဲ့ တွေ့ ရမှာပဲ ဒီတရား အရုပ်ဆိုး ပေတော့တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘယ်သူနဲ့ တွေ့မှလဲ (တပည့်တော်တို့နဲ့ တွေ့မှပါ ဘု ရား) ဒီတရားဟာ အရုပ်ဆိုးသွားတယ် (မှန်ပါ) သူ့ဟာသူ နေလို့ ရှိရင် အကောင်းသား (မှန်ပါ့) ခင်ဗျားတို့နဲ့ တွေ့မှပဲ (အမည်းဖြစ်ရပါတယ်) အမည်း ဖြစ်ရတယ် ဆိုတော့ အင်မတန် မနာဘူးလား (နာပါတယ်ဘုရား)။

ကဲ ဒါသေသေချာချာ တွေးကြည့်မှ သြော် ငါဟာ အဖြူ အမည်းလုပ်နေတဲ့ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ပါလား (မှန်ပါ့)။

ဒါဖြင့် တရား အဓိပတိမထားလို့ ခင်ဗျားတို့ မဂ်ဖိုလ် မရ တာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာအဓိပတိ မထားလို့ လဲ (တရားအဓိပတိမထားလို့ပါ) တရားအဓိပတိ မထားလို့ မရတာဆိုတာ သေချာကြပလား (သေချာပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ဆင်ခြေတွေ အကုန်ဖြုတ်ပါ (မှန်ပါ့) တရားကိုသာ အဓိပတိထား၊ သွာက္ခာတော ဘဂဝတာ ဓမ္မော ဘဂဝတာ၊ မြတ်စွာဘုရားသခင်သည်။ ဓမ္မော၊ ဟောထားတဲ့ တရားသည်။ သွာက္ခာတော သုအက္ခာတော ကောင်းစွာ နိဗ္ဗာန် ဆောင်၏ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘယ်သူ့ အဓိပတိထားမလဲ (တရားကို အဓိပတိ ထားရပါမယ်)။

အဲ သူ့ကို အားထုတ်လို့ သူ့ကို ကြိုးစားလို့မှ သူက မဆောင်လို့ရှိရင်တော့ တရားအပြစ်ပေါ့ (မှန်ပါ့ ဘုရား) ကြားစိတ် တွေဝင်လာလို့ မရတာ ကျတော့ ခင်ဗျားတို့က ဖျက်လို့ မရ တာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် သူ့ကို ဖြစ်ပျက်ကို အားထုတ်ကြပါ၊ ဝေဒနာကြိုက် ရင် ဝေဒနာဖြစ်ပျက် အားထုတ်ပါ။

ကဲ အချိန်စေ့ပြီ ယနေ့ညတော်ကြဦးစို့။

သာဓု သာဓု သာဓု။