081

ဉာဏ်ပညာကို ခေါင်းဆောင်ထားပါ

တရားအားထုတ်သူ အလုပ်သမားများ အတွက် ဖြစ်ပါသည်။

အသံဖိုင်ခေါင်းစဉ်= ရှင်နန္ဒက ဘိက္ခုနီမ(၅၀၀)အား သစ်ပင်ဖြင့်ဥပမာပြ၍ ဟောကြားပုံ တရားတော်

စာအုပ်ခေါင်းစဉ်= ဉာဏ်ပညာကို ခေါင်းဆောင်ထားပါ (ရှင်နန္ဒက)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၌ဟောကြားသောတရားတော်

“ဉာဏ်ပညာကို ခေါင်းဆောင်ထားပါ”

(ရှင်နန္ဒက)

(၃-၁၂-၅၉)

ဒီကနေ့တဲ့ သာဝတ္ထိပြည် ဇေတဝန်ကျောင်း သီတင်းသုံး နေတဲ့အခါမှာ, အင်မတန် အမေးအမြန်း ကောင်းတဲ့ ရဟန်းတစ်ပါး က မေးတယ်လို့ မှတ်ရမယ် (မှန်ပါ့)။

လောကကြီးမှာ ဒီလူ့လောက, လူ့လောကကြီး ရှိပါတယ် ဘုရား၊ သတ္တလောကကြီး သတ္တဝါတွေ ဆိုတာ ရှိကြပါတယ်။ အဲ့ဒီ လောကကြီးကို ဘယ်သူသည် ဆွဲဆောင်ပြီး, သတ္တဝါတွေ ဟို ရောက်, ဒီရောက်မှ ရောက်ချင်သလို ရောက်နေတာ, သတ္တဝါ ဆိုတာ ရုပ်နာမ်ပါပဲ, ရုပ်နာမ်ကို သတ္တဝါ ပညတ်လိုက်ရင်, သတ္တဝါ ဖြစ်သွားတာပါပဲ။

အဲ့ဒီ ရုပ်နာမ်လောကကြီး ရုပ်နာမ်လောက ဆိုတဲ့ သတ္တဝါ ပညတ်ကို ဘယ်သူ ဆွဲဆောင်တာနဲ့ ဒီရုပ်နာမ် လောကကြီးသည် ဟိုအိမ်ပေါ်မှာ သွားပြီး သကာလ ရုပ်နာမ် ပေါ်လိုက်, ဒီအိမ်ပေါ်မှာ သွားရုပ်နာမ် ပေါ်လိုက် အပါယ်လေးပါးသွား ရုပ်နာမ်ပေါ် လိုက်, တိရစ္ဆာန်ဘုံ သွားပြီး တိရစ္ဆာန် ရုပ်နာမ် ပေါ်လိုက်၊ ဆွဲဆောင် တဲ့ တရားတော့ ရှိလိမ့်မယ်လို့ ထင်ပါတယ်ဘုရား။

အဲ့ဒီ ဆွဲဆောင်တဲ့ တရားကို တပည့်တော် သိချင်ပါတယ်, ဆွဲဆောင်တဲ့ တရားကို သိချင် ပါတယ်, ရုပ်နာမ် လောကကြီး ဟိုရောက်သွား ဒီရောက်သွားအောင် ဆွဲဆောင်နိုင်တဲ့ ဆွဲဆောင် တဲ့တရားတော့ ရှိလိမ့်မယ်လို့ တပည့်တော် ထင်ပါတယ်၊ အဲ့ဒီ ဆွဲဆောင်တဲ့ တရား တပည့်တော် သိလိုပါတယ်၊ သဘောကျပလား (ကျပါတယ်)။

ရုပ်နာမ်လောကကြီး ဟိုရောက် ဒီရောက်မှ ရောက်ပြီး သကာလ နေတာ, ဒကာ – ဒကာမတို့ ဆွဲဆောင်တဲ့ တရားရှိလို့ ရောက်တာပဲ၊ အဲ့ဒီ ဆွဲဆောင်တဲ့ တရားကို တပည့်တော် သိချင် ပါတယ်လို့ လျှောက်တယ် (မှန်ပါ)။

၁။ ရုပ်နာမ်လောကကြီးကို ဘယ်သူ့ကြိုးကိုင်နေပါသလဲဘုရား

အဲဒီ ရုပ်နာမ် လောကကြီးဟာ ဘယ်သူ့ အလိုကို လိုက်နေ ရတယ်ဆိုတာလဲ တပည့်တော် သိချင်ပါတယ်ဘုရား။ အဲ့ဒါဖြင့် ရှင်းလင်းလင်းလင်း အမိန့်ရှိပါလို့ စတုက္ကနိပါတ် အဂုၤတ္ထိုရ်မှာ သေသေချာချာ ဟောထားတယ်။

ဒါဖြင့် ဒကာ ဒကာမတို့ ရုပ်နာမ်လောကကြီးကို ဘယ်သူ ဆွဲဆောင်တယ်ဆိုတဲ့ဥစ္စာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ၁-နံပါတ်အဖြေပေးလိုက်ပါတယ်။ ကွာတဲ့

စိတ္တေန နိယျတေ လောကော၊ စိတ္တဿ ဗရိကဿတိ။

စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသ မနွဂူ။

ဆိုပြီးဘုရား က ဟောလိုက်တယ်။ စိတ်ပါပဲကွာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊လောကကြီးကို ဆွဲဆောင်ပြီး ဆွဲဆောင်နေတာ ဘယ်သူပါလိမ့် ဒကာ ဒကာမတို့ (စိတ်)။ စိတ်ဟုတ်တယ် ဒကာ ဒကာမတို့။

လောကကြီးထဲမှာ စိတ်သည်ကား ဒီဘဝမှာလဲ ဟို ဆွဲဆောင် , ဒီဆွဲဆောင်၊ သံသရာ ခရီးမှာလဲ ဟိုဆွဲဆောင်, ဒီ ဆွဲဆောင်ဆိုတော့ –

သြော်-လောကကြီးထဲ ဟိုရောက်, ဒီရောက် ဆွဲဆောင် သွားတာလဲ စိတ်ပဲ, ဟိုဘုံ, ဟိုဘဝ ဆွဲဆောင်သွားတာလဲ, စိတ်ပဲ, စိတ်အလိုကို သတ္တဝါတွေ လိုက်နေရတယ်လို့ ဘုရားက ဖြေလိုက် တယ် (မှန်ပါ)။ ဒကာ ဒကာမတို့ ဘယ်သူ့အလို လိုက်နေတာတုံး (စိတ်အလိုလိုက် နေရပါတယ်)။

တစ်နံပါတ်တဲ့ လောကကြီး ဘယ်သူ့အလို လိုက်နေရ သတုံး ဘယ်သူဆွဲဆောင်ရာ လိုက်နေ ရပါသတုံး (စိတ်ဆွဲ ဆောင်ရာ) စိတ်ဆွဲဆောင်ရာ လိုက်နေရ တယ်ဆိုတာ ဒကာ ဒကာမတွေ သဘောကျကြပါ (ကျပါ တယ်)။

စိတ်အလိုကို သတ္တဝါတွေ လိုက်နေရတယ်

ဟုတ်တယ်တဲ့၊ အခု တရားနာလာကြတဲ့ ဒကာ ဒကာမ တွေကြတော့ တရားနာ သွားချင်တဲ့ စိတ်ကလေး ဆွဲဆောင်ရာသို့ ကျန်တဲ့ ရုပ်နာမ်တွေ လိုက်နေရတယ် (မှန်ပါ)။

ဒါ ဘယ်သူ ခေါင်းဆောင်ပါလိမ့်မလဲလို့ ဒကာ ဒကာမတွေ အမေးထုတ်ရင် ဖြေတတ်ပါပြီ (ဖြေတတ်ပါတယ်ဘုရား)။

ဘယ်သူပါလိမ့် (စိတ်ပါ)၊ စိတ်အလိုကို သတ္တဝါ တွေ အကုန်လိုက်ပြီး သကာလ နေကြရ တယ်နော် (မှန်ပါ)။

အင်း ခင်စရာ မင်စရာ ခင်တဲ့မင်တဲ့စိတ်ကလေး ဝမ်းထဲပေါ်လာလို့ရှိရင် တစ်ခါတည်း ခင်စရာ မင်စရာ ရှိတဲ့ဆီ သွားဖြစ်တာပဲ (မှန်ပါ)။ ခင်တဲ့မင်တဲ့ စိတ်ကလေး ၊ အကြောင်း တိုက်ဆိုင်လို့ ပေါ်လာပြီ ဆိုမှဖြင့် ခင်ရာမင်ရာရှိတဲ့ဆီ မသွားဖြစ်ဘူးလား (သွားဖြစ်ပါတယ်)။

ဪ စိတ်အလိုကို ကျန်တဲ့ရုပ်နာမ်က မလိုက်ရဘူး လား (လိုက်ရပါတယ်)၊ လိုက်ရ သည်ဆိုတော့ ယခု ပစ္စုပ္ပန် ဘဝမှာ ဒကာ ဒကာမတွေ စိတ်က, အင်း, ကုဋီသွားချင်တဲ့စိတ် ပေါ်လာရင် ကုဋီပဲ ရုပ်နာမ်ကြီးဟာ သွားကြရတယ် ဟင် (မှန်ပါ)။ ကုဋီက ပြန်ချင် ပြန်တဲ့စိတ် ပေါ်ပြန်လို့ ရှိရင်လဲ ပြန်ချင်တဲ့ စိတ်နောက်ကို ရုပ်နာမ်ဟာ ဘယ့်နှယ်တုံး (လိုက်ကြရပါတယ်)

လိုက်ရတယ်တဲ့, ကုဋီဆီ မသွားဘဲနဲ့ ထမင်းဟင်းကို တောင်မှ ထမင်းပွဲထဲမှာ စိတ်က ဟိုဟင်း စားချင်တယ် ဆိုတဲ့ စိတ် ပေါ်လာလို့ ရှိရင်ဖြင့် ကျန်တဲ့ ရုပ်နာမ်တွေဟာ ဟိုဟင်းဆီပဲ ဇွန်းတို့ ပန်းကန်တို့နဲ့ ကိုင်ပြီး မလိုက်ရဘူးလား (လိုက်ရပါ တယ်)။

ဒါဖြင့် – အားလုံး ဒကာ ဒကာမတွေ ဘယ်သူ့အလိုကို ဘယ်သူ လိုက်နေရတယ် ဆိုတာဖြင့် သဘောကျပါပြီ (ကျပါ ပြီဘုရား)။ ရုပ်နာမ်သည် ဘယ်သူ့ အလို လိုက်နေရ (စိတ် အလို လိုက်နေ ရပါတယ်)။

သြော်-ဒါဖြင့် စိတ်အလို လိုက်နေရလို့ရှိရင်ဖြင့် ဒီစိတ် ကို ဒကာ ဒကာမတွေက နိုင်နိုင်နင်းနင်း သူသွားချင်တဲ့ဆီကို မသွားရအောင် အကျိုးရှိတဲ့ဆီကို သွားရအောင် အကျိုးမရှိတဲ့ဆီကို မသွားရအောင် ဒီစိတ်များ နိုင်မယ်ဆိုရင် နိဗ္ဗာန်ရောက်မယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ ဒီစိတ်ကို နိုင်ရင် (နိဗ္ဗာန် ရောက်ပါမယ်)။

ကောင်းပြီ ဒါဖြင့် သြော်- ဒကာ ဒကာမတို့ ခင်ဗျားတို့ ထတိုင်း ထတိုင်း သတိထားလို့ရှိရင်ဖြင့် သြော်- ဘယ်သူက ထ ခိုင်းလို့ ထပါလိမ့်မလဲဆိုတာလဲ, ပေါ်လာတယ် (ပေါ်လာ ပါတယ်ဘုရား)။

သွားတိုင်းသွားတိုင်း အင်း – သတိထားလို့ရှိရင်ဖြင့် ဘယ်သူက သွားခိုင်းပါလိမ့်မတုံး (စိတ်က သွားခိုင်းတာပါ) ထိုင်တိုင်း ထိုင်တိုင်း သတိထားလို့ရှိရင် (စိတ်က ထိုင်ခိုင်း တာပါ) စိတ်က ထိုင်ခိုင်း တယ် ကွေးတိုင်း ကွေးတိုင်း သတိထား ရင် (စိတ်က ကွေးခိုင်းတာပါ)၊ ဆန့်တိုင်း ဆန့်တိုင်း သတိထားရင် (စိတ်က ဆန့်ခိုင်းတာပါ)။

သြော်- ဒါဖြင့် စိတ်အလိုကို ကျန်တဲ့ ရုပ်နာမ်တွေ လိုက်နေ ရတယ်လို့ဆိုတာ ဘုရား ဟောတော် မူတာ မမှန်လား (မှန်ပါ တယ်)။ အဲဒီတော့ ဒကာ ဒကာမတို့ ဒီစိတ်ကို ဘုန်းကြီးတို့က ဒကာ ဒကာမတွေ သင်ပြန်တယ်, ကိုင်း စိတ်အလိုဖြင့် ဘုရား ကလည်း ဟောထားတယ် စိတ်အလိုကို ကျန်တဲ့ ရုပ်နာမ်တွေ လိုက်ပြီး သကာလ နေရတယ်၊ စိတ်၏ ဩဇာ အာဏာကိုပဲ မလွန် ဆန်နိုင်ဘဲနဲ့ ရုပ်နာမ် တွေသည်ကား ဆိုလို့ ရှိရင် တပည့်သဖွယ် နောက်က နေပြီး သကာလ, ခိုင်းသလို လုပ်နေ ရတော့ ဒီရုပ်နာမ် ကြီးဟာ ဒကာ ဒကာမတို့အိမ်ပေါ်မှာ နေတဲ့ အခါမှာလဲ, အိမ်အောက် ဆင်းချင်တဲ့ စိတ်ပေါ်ရင်လဲ အိမ်အောက်ကိုပဲ လိုက်ရ တယ် (မှန်ပါ)။

အိမ်ပေါ် ပြန်တက် ချင်တဲ့စိတ် ပေါ်လာပြန်ရင်လဲ (အိမ်ပေါ် လိုက်ရပါတယ် ဘုရား)၊ အိမ်ပေါ် လိုက်ရပြန်တော့ ဒကာ ဒကာမတွေ ဒီစိတ်ကို မနိုင်နင်း သရွေ့ ကာလပတ်လုံးဖြင့် စိတ် ဆွဲဆောင် ရာသို့ ဒကာ ဒကာမတွေ အမော အပန်းခံပြီး သကာလ လိုက်ရတော့မယ် ဆိုတဲ့ဥစ္စာ ဧကန်ပဲ (မှန်ပါ)။ သဘောပါကြလား (ပါ,ပါတယ်)။ ဘယ်သူ ဆွဲဆောင်ရာ လိုက်နေတာလဲ (စိတ်ဆွဲဆောင်ရာ လိုက်နေ ရပါတယ်)။

ကိုင်း- ဒါဖြင့် စိတ်ကတော့ဖြင့် ဆွဲဆောင်ချင်တာ သူ အမှန်ပဲ၊ သူ့ပင်ကို သတ္တိကဖြင့် ဆွဲဆောင်ရာ ဒီကျန်တဲ့ရုပ်နာမ်တွေ လိုက်နေရတယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိပြီးသည် အခြားမဲ့၌။

ကိုင်း- မင်းသည်ကားလို့ ဆိုလို့ရှိရင်, မင်းဆွဲဆောင်ရာ ကျန်တဲ့ ရုပ်နာမ်တွေ လိုက်ရလို့ ရှိရင်ဖြင့် မင်းသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် မင်းကို မနိုင် နိုင်အောင် ကောင်းတဲ့ဆီကိုသာ မင်းဆွဲ ဆောင်စေမယ်, မကောင်းတဲ့ဆီကို မဆွဲဆောင်စေဘူး ဆိုလို့ရှိ ရင်လဲ ဖြစ်ပါသေးတယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

စိတ်ကအဓိပတိဖြစ်နေလို့

အဲဒါ ဘာကို အဓိပတိ ထားပြီး ပြောလိုက်ပါလိမ့်မတုံး ဆိုတော့ စိတ်က အဓိပတိဖြစ်တဲ့ အခါ ဟောတာလို့ ပဋ္ဌာန်းနည်း နဲ့ မှတ်လိုက်စမ်း (မှန်ပါ့)၊ စိတ်က အဓိပတိ ဖြစ်တဲ့အခါကျတော့ စိတ် ဆွဲဆောင်ရာ ကို သတ္တဝါက လိုက်ရတယ် (မှန်ပါ)။

ကိုင်း-တစ်ခါ ဘုန်းကြီးတို့က ပဋ္ဌာန်းနည်းနဲ့ သွင်းပြီး ဒါက အင်္ဂုတ္တိုရ်ဟောတာ၊ ပဋ္ဌာန်းနည်းနဲ့ သွင်းပြီး ဒကာ ဒကာမတွေ ဟောလိုက်မယ် ဆိုလို့ရှိရင်လဲ ဟာ ဆွဲဆောင်ရာ မလိုက်ဘူး ဘုရား။

တပည့်တော်တို့ ပညာ ဆွဲဆောင်ရာ လိုက်မယ်လို့ ပညာ ကို အဓိပတိ ထားလိုက်မယ် ဆိုလို့ ရှိရင်လဲ မောင်နိုင်တို့ ကိုမြင့်တို့ ပညာ နောက်ကို စိတ်လိုက်ရမယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။ ဘယ်သူ့ နောက်လိုက်ရမလဲ (ပညာ နောက် လိုက်ရပါမယ်)။

အင်း-စိတ်ကို အဓိပတိထားလို့ရှိရင်လဲ, စိတ်ဆွဲဆောင် ရာကိုဘဲ ကျန်တဲ့ရုပ်နာမ် လိုက်ရတော့မယ် (မှန်ပါ)။ ပညာ ကို အဓိပတိ ထားလိုက်ပြန်လို့ရှိရင်လဲ (ပညာ နောက်လိုက် ရပါမယ်)။

ပညာနောက် လိုက်ရမယ် ဆိုတော့ ဘုန်းကြီးတို့က သင်ချင်တာက ဒကာ ဒကာမတို့ လောကကြီးထဲ စိတ်ဆောင် နေတာ, သူဆောင်ရာ, ကျုပ်တို့ လိုက်နေကြမယ် ဆိုလို့ရှိရင်ဖြင့် အိမ်မှာသာ ထိုင်နေလို့ရှိရင် အား ကြတော့မှာ မဟုတ်ဘူး (မှန်ပါ)။ အားနိုင်စရာ မြင်သေးရဲ့ လား (မမြင်ပါဘုရား)။

ဒကာ ဒကာမတို့ အိမ်မှာထိုင်ပြီးသကာလ, ခဏလေးမှ ထိုင်ခွင့်မရအောင်, စိတ်ကများ ဆွဲဆောင်ပြီး သကာလ, တစ်နေ့လုံး မအားအောင်များ လုပ်ထားလိုက်တဲ့ဖြစ်ခြင်းဟာ ဘယ်သူ ပါလိမ့် (စိတ်ပါ)။

ဪ ခင်ဗျားတို့ လျှာထွက်ပြီး ဟတ်ထိုး မလဲတာ ကံကောင်းပေါ့ဗျာ (မှန်ပါ)။ လျှာထွက်ပြီး သကာလ ဟတ်ထိုး မလဲတာ ကံကောင်းပါပဲလို့ ဘုန်းကြီးက သတိပေးလိုက် တယ် (မှန်ပါ)။ စိတ်က မြန်လိုက်တာကလဲ လွန်လို့ (မှန်ပါ)။ အင်း ခဏ ခဏ ပြောင်းလဲ လိုက်တာကလဲ (အမြန်ပါ)။ အင်း, ပြောင်းလဲ လိုက်တာကလဲ အင်မတန် မြန် ဖြစ်ပေါ်တာ ကလဲ (အမြန်ပါ)။ အင်း-သူမြန်သလောက် ကျန်တဲ့ရုပ်နာမ် လိုက်ရမယ်ဆိုရင်, လျှာထွက် ဟတ်ထိုးလဲပြီး သေဖို့ပဲ (မှန်ပါ) သဘောကျလား (ကျပါတယ်)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေရာကနေပြီး စိတ် ကလေး တစ်ခုကနေ, အံမယ်မယ် မိုးကုတ်မြို့ တစ်မြို့လုံး ပတ် သွားလိုက်တာ ရှိသေးတယ် (မှန်ပါ)။ မရှိဘူးလား (ရှိပါတယ်)။ အဲ့ဒီ နောက်ကိုလဲ ကျန်တဲ့ ရုပ်နာမ် လိုက်ရမယ်ဆိုလို့ ရှိရင်လဲ, ကျုပ်, လူမောတာ ကိစ္စမရှိဘူး၊ စိတ်မောတာ ခက်တယ် ဆိုတာလဲ ပြောနေကြတာပါပဲ (မှန်ပါ)။ မပြောကြလား (ပြောကြပါတယ်)။

ကဲ-ဒါဖြင့် စိတ်အလိုကို ကျန်တဲ့ ရုပ်နာမ်က ဘယ့်နှယ်နေ ကြ (မလိုက်နိုင်ပါဘူး)။ မလိုက် နိုင်ဘူး ဆိုပေမယ့်လဲ , လိုက်နေ ကြတယ် (မှန်ပါ)။ မလိုက်နိုင်ဖို့ အခြေအနေလဲရှိသား၊ သူက သိပ်မြန်တယ် (မှန်ပါ)။

စိတ်ကူးကလဲ သိပ်ပြီး ပြောင်းလွဲတယ်, အင်း, သူ့နောက် ကိုပဲ ကျန်တဲ့ ရုပ်နာမ် လိုက်ရမယ် ဆိုရင်ဖြင့် ခုနပြောတဲ့ လျှာထွက် ဟတ်ထိုးလဲတဲ့ဇာတ်, ခင်းရတော့မယ် (မှန်ပါ)၊ မခင်းရဘူးလား (ခင်းရပါတယ်)။

အဲ့ဒါကြောင့် ဒကာ – ဒကာမတွေ ယနေ့ သတိပေးလို တာကု ဒကာ, ဒကာမတို့ ဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သုတ္တန်နည်းနဲ့ ဟောတာလို့ အင်္ဂုတ္တိုရ်ဆိုတာ သုတ္တန်နော် (မှန်ပါ)။

အဘိဓမ္မာနည်း နဲ့ ဘုန်းကြီးတို့က ကိုင်း မင်းစိတ်ဟာ မင်းဟာမင်း၊ မင်းသည်ကားလို့ဆိုရင်ဖြင့် ဒီလို စိတ်နောက်ကို တစ်ခါတည်း လိုက်နေရမယ် ဆိုရင် သုံးဆယ့်တစ်ဘုံထဲမှာဖြင့် ဘုံသုံးရပ် ချန်ပြီး သကာလ, ကျန်တာ အနှံ့အပြား သွားနေမှာဘဲ (မှန်ပါ)။ မသွားပေလား (သွားပါတယ်)။

သွားတော့ ဒကာ ဒကာမတွေ အမျိုးမျိုး သုံးဆယ့် တစ်ဘုံထဲမှာ ဂျွမ်းထိုးမှောက်ခုံဆိုသလိုပဲ အိုပွဲ, နာပွဲ, သေပွဲတွေ အမျိုးမျိုးခင်းရတာ စိတ်ဆွဲဆောင်ရာ လိုက်နေလို့ ဆိုလို့ရှိရင်ဖြင့် မမှားပါဘူး (မမှားပါဘူး)၊ သဘောကျပလား (ကျပါတယ်ဘုရား)။

ဉာဏ်ပညာဆွဲဆောင်ရာလိုက်ကြစမ်းပါ

ဒါဖြင့် ဒီနေ့ ဆရာဘုန်းကြီးက ဒကာ ဒကာမတို့ ဉာဏ် ဆွဲဆောင်ရာ, ပညာဆွဲဆောင်ရာ, လိုက်ကြစမ်းပါလို့ သတိပေး လိုက်ပါတယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်) ဘယ်သူ ဆွဲဆောင်ရာ လိုက်ရမယ် (ပညာ ဆွဲဆောင်ရာ လိုက်ရပါမယ်)။

အဲ့ဒီလို ဆိုတော့ စိတ္တာဓိပတိကို ဖြုတ်ပြီး သကာလ, ဝီမံသာဓိပတိ ဆိုတဲ့ ပညာကို, ပညာဉာဏ်ကို အဓိပတိ ထားလိုက် လို့ရှိရင် ကျုပ်တို့ အလိုကို စိတ်လိုက်ရမယ် (မှန်ပါ)။ နို့မို့ရင် စိတ်အလိုကို ကျုပ်တို့က လိုက်ရမယ် (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ စိတ်အလို လိုက်နေရင်ဖြင့် အားပါဦးမလား (မအားပါဘူး)၊ ပညာ အလိုကို လိုက်မယ် ဆို သံသရာ စခန်းသတ်မယ် (မှန်ပါ) ပညာ အလိုလိုက်မယ် ဆို (သံသရာ စခန်းသတ်ပါမယ်)၊ စိတ်အလို လိုက်မယ်ဆို (မအားပါဘူး)။

မအားမလပ်ပဲ ပြေးလွှားနေကြရလိမ့်မယ်ဆိုတာဖြင့် မငြင်းမဆန်ဘဲနဲ့ အမှန်ဘဲ, ထားကြ ပါတော့ (မှန်ပါ)၊ သဘောပါလား (ပါ-ပါတယ်)။

ကောင်းပြီ ဒါဖြင့် လောကကြီး ဘယ်သူဆောင်သတုံး ဆိုတာကော ပေါ်သေးဘူးလား (ပေါ်ပါတယ်)။ ဘယ်သူ ဆောင်တုံး (စိတ်ပါ)။ အင်း-စိတ်ဆောင် နေတဲ့ ဥစ္စာကို ကျုပ်တို့က ပြောင်းကြစို့ (မှန်ပါ)။

ဘာဆောင်ရာကို ကျုပ်တို့သည်ကားလို့ဆိုရင် ဘာ ခေါင်းဆောင်ထားမှ တော်မည် ဆိုတာ ကော ပေါ်လာပါပြီး (ပေါ်ပါပြီ)။ ဘယ် သူ့ခေါင်းဆောင်ထား (ဉာဏ် ခေါင်းဆောင် ထားရပါမယ်) အင်း-ဉာဏ်ပညာ ခေါင်းဆောင် ထားကြစို့ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဉာဏ်ပညာကိုခေါင်းဆောင်ထားကြပါ

ကောင်းပြီ ဉာဏ်ပညာ ခေါင်းဆောင် ထားကြစို ဆိုတော့ ကိုင်း ဒကာ,ဒကာမတွေ ဉာဏ်ပညာ, မင်း, စိတ်ကို တစ်ခါတည်း မင်းဘယ်မှ မပြေးရဘူး၊ ပညာဦးညွှန်တဲ့ ဆီကိုသာ မင်းသည် သဟဇာတ အဖြစ်နဲ့ ပါပြီး သကာလ လိုက်ရမယ် ဆိုပြီး သကာလ ဒကာ ဒကာမတွေက ခန္ဓာကိုယ်ပေါ်မှာဉာဏ်နဲ့ တစ်ခါတည်း ဦးစီးပြီး သကာလ, ကြည့်နေ။

ဉာဏ်ဦးစီးပြီး သကာလ မောင်နိုင်တို့ ကိုမြင့်တို့ကြည့်နေ စမ်း၊(မှန်ပါ) ကြည့်နေပြီဆိုမှဖြင့် ကြည့်နေပြီ ဆိုမှဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်က ပြောလိမ့်မယ်၊ (မှန်ပါ)။

ခန္ဓာကိုယ်က ဖေါက်ပြန်တတ်တဲ့ သဘောရှိသောကြောင့် ဖေါက်ပြန်တာဘဲ ပြောလိမ့်မယ်။ (မှန်ပါ) ခန္ဓာကိုယ်က ဘာပြောမယ်ထင်၊ (ဖေါက်ပြန်တာဘဲပြောမှာပါ)။ ဖေါက် ပြန်တတ်တဲ့ သဘောဟာ, သူ့ပင်ကို ရှိပြီးသား၊ (မှန်ပါ)။

“ရုပ္ပနလက္ခဏံ ရူပံ”ဆိုတဲ့ အတိုင်း ရုပ်ကလဲဖောက် ပြန်တာဘဲ(မှန်ပါ) “ဝိပရိနာမလက္ခဏံ ဒုက္ခသစ္စံ” ဆိုတဲ့ အတိုင်း ရုပ်နာမ်ကလဲ လောကီ ရုပ်နာမ် ချည်း ဖြစ်နေတော့ ဝိပရိဏာမ ဆိုတဲ့ ဖေါက်ပြန်မှု တွေသာ သူ့ ရှိနေတယ်၊ (မှန်ပါ)။

ဉာဏ်ပညာ အဓိပတိထားပါ

အဲ့ဒီ ဖောက်ပြန်မှု ရှိတဲ့ဆီ ဉာဏ်ဦးစီးပြီး သကာလ, စိတ်ကိုလဲ စိတ်တော့ မပါသေးဘူး, မပါပေမဲ့ စိတ်အပေါ်မှာ ဉာဏ် ကအဓိပတိ ဦးစီးပြီး သကာလ, ကိုမြင့်တို့ မောင်နိုင်တို့က ဒီခန္ဓာ ပေါ် လှည့်ထား လိုက်ကြစမ်းပါ၊ (မှန်ပါ)။

လှည့်ထားလိုက်တဲ့အခါကြလို့ရှိရင်, စိတ်ကဘယ်မှ မ ပြေးရတော့ ခန္ဓာဘက်မှာပဲ သူ့လှည့် နေရတယ်၊ ပညာက ခေါင်းဆောင်ပြီး သကာလ ဆင်ချွန်းနဲ့ အုပ်ပြီး သကာလ ထားသ လို, ဒီစိတ်ဟာ ဒကာ ဒကာမတို့ ပြေးချင်တဲ့ဆီ သွားချင်တဲ့ဆီ သူ့ခေါင်းဆောင် မယ့်ဆီကို ကျုပ်တို့က မပေးဘဲနဲ့ ကျုပ်တို့က သူ့အပေါ်မှာ နိုင်နင်းပြီး သကာလ, ခန္ဓာပေါ်၌သာ သူ့ကိုလွှတ် ပေး၊ (မှန်ပါ)။ ပညာဦးစီးပြီး လွှတ်ပေးလိုက်စမ်းပါ။ (မှန်ပါ)။ သဘောကျလား၊ (ကျပါတယ်)။

ပညာဦးစီးပြီး လွှတ်ပေးလိုက်ပြီ ဆိုမှဖြင့် ခန္ဓာက သူပြော နေကျ သဘောဘဲ သူပြောရမယ်လို့ ကိုမြင့်တို့ မောင်နိုင်တို့မှတ် ရမယ်၊ (မှန်ပါ)။ သူက ဘယ်လို ပြောမလဲ၊ (ပြောနေကျ ပြောမှာပါ) ပြောနေကျ အတိုင်း ပြောမယ်၊ (မှန်ပါ)။

သူပြောနေကျက ဘယ်လိုများ ပြောလေ့ရှိမတုံး ဆို တော့ ရုပ်တရားကလဲ ဖေါက်ပြန်တာဘဲ ပြောမယ်၊ (မှန်ပါ)။ နာမ်တရားကလဲ၊ (ဖေါက်ပြန်တာဘဲ ပြောမှာပါ)။

ဖေါက်ပြန်တာဘဲ ပြောတော့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေက သြော်- စိတ်အပေါ်မှာ ပညာက ဦးစီးပြီး သကာလ စိတ်က ဖေါက်ပြန်တာ မမြင်ဘူး၊ တည့်သာ ထားရတယ်။ (မှန်ပါ)။

ပညာကမှ ဖေါက်ပြန် ပျက်စီးတာ မြင်တော့ ပညာကို အဓိ ပတိ ထားပြီး သကာလ, ဒကာ ဒကာမတွေက ခန္ဓာပေါ်လှည့်ထား လို့ရှိရင်ဖြင့် ပညာနဲ့သာ ကြည့်ပြီး သကာလ နေကြမယ် ဆိုလို့ရှိရင် ဖြင့်တဲ့ ဖေါက်ပြန်တဲ့ ဒုက္ခသစ္စာ ဧကန် တွေ့ ရမယ်၊ (မှန်ပါ)။ ဖေါက်ပြန်တဲ့ ဒုက္ခသစ္စာ ဘာပါလိမ့်၊ (ဧကန် တွေ့ရပါမယ်)။

အဲ့ဒီတော့ ဒကာ ဒကာမတို့ အိမ်ရောက်တဲ့ အခါမှာဖြစ် စေ, ဘယ်မှာဖြစ်စေ, ကိုင်း စိတ်ဆောင်ရာ မသွားဘူး ပေါ့ကွာ, စိတ်က တောင်သွားခိုင်းတယ်, မသွားဘူးကွာ မြောက်သွားခိုင်း တယ်, မသွားဘူးကွာ, ပညာ ခေါင်းဆောင်, ငါလှည့်ပြောင်းပြီး ဆရာဘုန်းကြီး ကပြောတယ်, စိတ်သာ အဓိပတိ ဖြစ်နိုင်တာ မဟုတ်ဘူး, ခေါင်းဆောင် လုပ်နိုင်တာ မဟုတ်သေးဘူး၊ ပညာ အဓိပတိကလဲ ခေါင်းဆောင် နိုင်တယ် ဆိုတာ ဘုရားဟော ထားတာ,

အဓိပတိ ပစ္စယောမှာ ဆန္ဒာဓိပတိ, ဝီရိယာဓိပတိ, စိတ္တာဓိပတိ, ဝီမံသာဓိပတိ ဆိုတဲ့ ပညာကို အဓိပတိ ပါနေတဲ့ အတွက် ပညာကို ခေါင်းဆောင်ထား လိုက်မယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရပါလိမ့်မယ်၊ (မှန်ပါ)။

ပညာခေါင်းဆောင်ထားလိုက်ရင်၊ (မဂ်ဉာဏ်ဖိုလ် ဉာဏ်ရမှာပါ)။ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဘယ့်နှယ် ကြောင့် ရမတုံးလို့ ဆိုတော့ ပညာ ခေါင်းဆောင် ထားပြီး သကာလ, ခန္ဓာကြည့်၊ (မှန်ပါ)။ ပညာ ခေါင်းဆောင် ထားပြီး၊ (ခန္ဓာကြည့်ရမှာပါ)။

အဲ- ခန္ဓာကြည့်လိုက်တဲ့ အခါကြတော့ ခန္ဓာမှာ ပင်ကိုသဘောက ဘာသဘော ရှိတယ်ဆိုတာ မောင်နိုင်တို့ စဉ်းစားစမ်း၊ (ဖေါက်ပြန်တတ်တဲ့ သဘောရှိပါတယ်)၊ ဖေါက်ပြန်တတ်တာ ချည်း မတွေ့ရဘူးလား၊ (တွေ့ရပါတယ်)။

အဲ့ဒါက တစ်ခါတည်း စိတ်ကလေး ခေါင်းနှိမ်ပြီး သကာလ, ပညာနဲ့ ခေါင်းနှိမ်ပြီး သကာလ, ကျုပ်တို့ကို ဆွဲဆောင်မလို့ သံသရာ ဆွဲဆောင်မလို့ လာတဲ့စိတ်ကို ပညာ ဦးစီးပြီး ခေါင်းဆောင်ထား ပြီ ဆိုမှဖြင့် ကဲ မင်းဘယ်မှ မပြေးရတော့ဘူး, မင်းအပေါ်မှာ ပညာ အုပ်ချုပ် ထားပြီ, မင်းခန္ဓာ ပေါ်သာ လှည့်ပေတော့ ဆိုတော့ စိတ်ကလဲ ခန္ဓာပေါ်လှည့်, ပညာဟာက ချုပ်ထားတဲ့ အတွက် ဘယ်မှလဲ သူမပြေး နိုင်တော့ဘူး၊ခန္ဓာကလဲ ဖေါက်ပြန် ပျက်စီးတဲ့ သဘောတွေ ပြောနေသောကြောင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာ အပေါ်၌ စိတ်ရော, ပညာရောသာ လှည့်လိုက်ပါ(မှန်ပါ)။ သဘောကျလား၊ (ကျပါတယ်)။

ဘယ်သစ္စာအပေါ်၌ လှည့်ရမယ်၊ (ဒုက္ခသစ္စာအ ပေါ်၌ လှည့်ရပါမယ်)။ ဒုက္ခသစ္စာ အပေါ်၌ စိတ်ကိုလဲ၊ (လှည့်)။ ဦးစီးတဲ့ ပညာရော၊ (လှည့်ရမှာပါ)။

အင်း-အဲ့ဒီတော့ စိတ်က သူသွားချင်တဲ့ဆီ သွားနိုင်သေးရဲ့ လား (မသွားနိုင်ပါဘူး)။ မသွားနိုင်ဘူး ပညာက ခေါင်းဆောင်ထား တဲ့ အတွက် ခန္ဓာ ပေါ်မှာဘဲ လျှောက်ပြီး သွားနေတယ်၊ (မှန်ပါ)။ သွားနေတော့ ခန္ဓာကလဲ ပြောနေကျ ဝိပရိဏာမ ဒုက္ခ သစ္စာတွေ ခန္ဓာကလဲ, မပြဘူးလား၊ (ပြပါတယ်)။

အဲ့ ဒါကြောင့် ဒုက္ခသစ္စာဆိုတာ ဒကာ ဒကာမတို့ အစစ်ကို အမှန် ပြောပါရစေ ဆိုလို့ရှိရင်ဖြင့် ဖြစ်ပျက်ဟာ ဒုက္ခသစ္စာမှတ်၊ (မှန်ပါ)။ စိတ်ဖြစ်ပျက်ဟာ၊ (ဒုက္ခသစ္စာ ပါ)။ရုပ်ဖြစ်ပျက်ဟာ၊ (ဒုက္ခသစ္စာပါ)။ ဝေဒနာဖြစ်ပျက်ဟာ (ဒုက္ခသစ္စာပါ)။ သညာဖြစ်ပျက်ဟာ၊ (ဒုက္ခသစ္စာပါ)။ စေတနာဖြစ်ပျက်ဟာ ၊ (ဒုက္ခသစ္စာပါ)

နာကျင်ကိုက်ခဲတာ ဒုက္ခသစ္စာ မဟုတ်ဘူး

အဲ – အင်္ဂုတ္တိုရ်က ဒီတိုင်းဟောတော့ အို – ဒုက္ခသစ္စာ မင်းတို့ ဒီထဲရှာမနေနဲ့၊ ခဏခဏ ပင်ကို သဘောလေး, စွန့်စွန့် သွားတော့မှ ပေါ်လာလိုက်, သူ့သဘော စွန့်သွားလိုက်၊ ဝေဒနာက, ဝေဒနာ သဘော စွန့်သွား၊ (မှန်ပါ)။ သညာက၊ (သညာ သဘော စွန့်သွားပါတယ်)။ အင်း – သင်္ခါရက၊ (သင်္ခါရသဘောကို စွန့်သွားပါတယ်)။ အင်း-စိတ်က (စိတ်သဘော စွန့်သွားပါတယ်) ရုပ်က၊ (ရုပ်သဘော စွန့်သွားပါတယ်)။ အဲ့ဒါ ဒုက္ခသစ္စာကွတဲ့, မင်းတို့ တခြား ရှာမနေနဲ့ နာကျင်တာ, ကိုက်ခဲတာ ဒုက္ခသစ္စာ မဟုတ်ဘူးကွ အဲ့ဒါ တိရစ္ဆာန် သိတဲ့ ဒုက္ခသစ္စာ၊ (မှန်ပါ)။

ပင်ကိုသဘောစွန့်တာမှ ဒုက္ခသစ္စာ

ပင်ကိုသဘော စွန့်တာကလေးဟာ ဒုက္ခသစ္စာလို့ မင်းတို့ ပညာဦးစီးပြီး သကာလ, စိတ်ကို ဒီနေရာ မရောက် ရောက်အောင် ခိုင်းလို့ ရှိရင်ဖြင့် မင်းတို့ ခန္ဓာကိုယ်ထဲမှာ ဒုက္ခသစ္စာ မှတစ်ပါး ဘာမှ မရှိဘူးဆိုတဲ့ ဉာဏ်ဟာ မပေါ်ပါနဲ့ဆိုလို့ နေနိုင်သေးရဲ့လား၊ (မနေနိုင်ပါ)။

ဒီလိုဆိုရင်ဖြင့် စိတ်ဟာ ပညာ ဆွဲဆောင်ရာ လိုက်နေရ တယ် (မှန်ပါ)။ သဘောကျလား၊ (ကျပါတယ်)။ စိတ်ဟာ ဘယ်သူ့ဆွဲဆောင်ရာ၊ (ပညာဆွဲဆောင်ရာ လိုက်နေ ရပါတယ်)။

ဒါဖြင့် ဒီနေ့ ဒကာ ဒကာမတွေ အလုပ်တရားပဲ စ,ဟော နေတယ်ဆိုတာ မှတ်လိုက်စမ်းပါ၊ (မှန်ပါ)၊ ပညာဦးစီးပြီး သကာလ ခင်ဗျားတို့ စိတ်ဟာ ခန္ဓာကိုယ်ပေါ်မှာသာ လွှတ်ပါတော့လို့ သတိပေးလိုက်တယ်၊ (မှန်ပါ)။ ပညာဦးစီးပြီး စိတ် ကို ဘယ်လွှတ်ရမယ်၊ (ခန္ဓာပေါ်မှာ လွှတ်ရမှာပါ)။ ခန္ဓာပေါ် လွှတ်လိုက်တော့ ခန္ဓာက ဘာတွေများ ပြောပါလိမ့်မယ်ထင် (ဖေါက်ပြန်တဲ့ သဘောကို ပြောမှာပါ)။

ဖေါက်ပြန်တယ်သိတာ ဘာသစ္စာ၊ (ဒုက္ခသစ္စာပါ)။ သြော်- ဒုက္ခသစ္စာမို့ မောင်နိုင်တို့ ကိုမြင့်တို့ ဒုက္ခသစ္စာပဲ ပြောစ ရာရှိတယ်၊ (မှန်ပါ)။ ဒီပြင် ဘာရှိသေးလဲ၊ (မရှိပါ)။ မရှိတော့ ဒကာ ဒကာမ တို့သည်တဲ့, သြော်- ဖေါက်ပြန်ပျက်စီးတာက ဒုက္ခသစ္စာ ဟုတ်လား၊ (မှန်ပါ)။

မြင်နေတာကမဂ္ဂသစ္စာ

ဖေါက်ပြန် ပျက်စီးတာ မြင်နေတာလေး သည်ကားဆိုရင် ပညာမဂ္ဂသစ္စာ ဆိုတော့ သြော် – ခန္ဓာပေါ်ကို စိတ်ကို လွှတ်လိုက်မှ ပညာ ဦးစီးပြီး လွှတ်လိုက်ပြီ ဆိုမှဖြင့်လဲ စိတ်ဆွဲဆောင်ရာသို့ မလိုက်ပဲနဲ့ ပညာ ဆွဲဆောင်ရာ ဖြစ်တဲ့ ဒုက္ခသစ္စာကိုသာ ပိုင်ပိုင်နိုင် နိုင် သိသောကြောင့် နောက်ဆုံးပိတ် ပညာက နိရောဓသစ္စာ မပို့ ပေးလား၊ (ပို့ပါတယ်)။ မသေချာဘူးလား၊ (သေချာ ပါတယ်)

အဲ့ဒါကြောင့် အလုပ်ထိုင်တဲ့ ဒကာ ဒကာမတွေများ စိတ် ဆွဲဆောင်ရာ မလိုက်ပဲနဲ့ ပညာ ဆွဲဆောင်ရာ ကိုဖြင့် လိုက်ဖြစ်အောင် လိုက်ပါဆိုပြီး ခန္ဓာပေါ်မှာသာ လှည့်ထား၊ (မှန်ပါ)။ ရှင်းပြီလား၊ (ရှင်းပါတယ်)။

ကောင်းပြီ ဒါဖြင့် ခန္ဓာပေါ်မှာ လှည့်လိုက်တော့ ဖြစ်ပျက်ဒုက္ခသစ္စာ မှတစ်ပါး ဘာများတွေ့စရာ ရှိသေးလဲ၊ ( ဘာမှ တွေ့စရာမရှိပါ)။

အင်း – ဒီလိုဆိုလို့ရှိရင်ဖြင့် ဒုက္ခသစ္စာ ပိုင်းခြားတဲ့ မဂ္ဂ သစ္စာ ပညာဟာ မသေချာဘူးလား၊ (သေချာ ပါတယ်)။ အင်း သေချာလို့ရှိရင် ဒကာ – ဒကာမတို့ နိရောဓသစ္စာဟာ ကပ်နေ ပြီ၊ (မှန်ပါ)။

ဒုက္ခသစ္စာ ချုပ်လို့ရှိရင်, နိရောဓသစ္စာ ရတော့မယ်၊ (ပေါ် ရမှာပါ)။ ပေါ် ရမှာ ဖြစ်သောကြောင့် နက်ဖြန်က စပြီး အလုပ်ထိုင်မည့် ဒကာ ဒကာမတွေ အိမ်မှာ ထိုင်ချင်ထိုင်, ဒီမှာ ပဲ လာထိုင်ကြ ထိုင်ကြ, ကိုင်း စိတ်အပေါ်မှာ ပညာဦးစီးပြီး သကာလ ခန္ဓာပေါ်မှာ လှည့်ပါတော့မယ် ဆိုပြီး လှည့်ထားပါ၊ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

စိတ်သွားချင်တဲ့ဆီကို ကျုပ်တို့က မသွားဘဲနဲ့ စိတ် အပေါ်မှာ အုပ်ချုပ်တဲ့ပညာ ခိုင်းရာကိုသာ ဒီစိတ်လွှတ်ပေး (မှန်ပါ) စိတ်ပေါ်မှာ ပညာဦးစီးပြီး သကာလ, ခန္ဓာပေါ် လှည့်လိုက်၊ (မှန်ပါ) သဘောကျလား (ကျပါတယ်)။

ဤကဲ့သို့ လှည့်လိုက်လို့ရှိရင်ဖြင့် ခန္ဓာက ဘာပြောလိမ့် မယ်ထင် (ဖေါက်ပြန်ပျက်စီးတာ ပြောမှာပါ)။ ဖေါက်ပြန်ပျက်စီး တာဘဲ ပြောမယ်, ဖေါက်ပြန်တယ် ဆိုတာ ပင်ကို သဘောစွန့်တာ (မှန်ပါ)။

ဝေဒနာဟာ သူ့ဝေဒနာသဘော စွန့်တယ် (မှန်ပါ) သညာကကော (သညာသဘော စွန့်ပါတယ်) အင်း စေတနာက (စေတနာသဘော စွန့်ပါတယ်) စိတ်ဟာ (စိတ်သဘော စွန့်ပါတယ်) စိတ်သဘော စွန့်တော့ စွန့်တာကလေး တွေချည်း ကျုပ်တို့မမြင်ပေဘူးလား (မြင်ပါတယ်)။

ခန္ဓာထဲမှာ အားကိုးစရာမရှိ

အဲ့ဒီလို မြင်လာတဲ့ အခါကျလို့ရှိရင်, သြော် ခန္ဓာကိုယ်ထဲ မှာ ဘယ်ဟာဘာမှ ကိုးစားရာ, အားထားရာ မရှိပါကလား, ပင်ကိုသဘော စွန့်နေတာတွေသာ တွေ့နေပါကလား ဆိုလို့ရှိရင် တဏှာ, မာန, ဒိဋ္ဌိ ချုပ်သွားလိမ့်မယ် (မှန်ပါ) မချုပ်ပေဘူးလား (ချုပ်ပါတယ်)။

အဲ့ဒီလိုလေးဟာ ယနေ့ ရဟန်းကမေးလို့ ဘုရားကဖြေ တာလေးကို ဒကာ,ဒကာမတွေက လေးလေးနက်နက် မှတ်ပြီး သကာလ ရဟန်းက မေးလို့ ဘုရားက ဖြေလိုက်တာ စိတ်အလို လိုက်နေ ကြရတာဘဲ ကွ၊ ဒါ့ကြောင့် သံသရာ ရှည်နေတယ် ဆို တာကော သဘောကျပလား၊ (ကျပါတယ်)။

ဒီနေ့တော့ဖြင့် ဆရာဘုန်းကြီးက ပြင်ပေးလိုက်တယ်, သုတ္တန်နည်းနဲ့ဖြင့် စိတ်အလို လိုက်နေလို့ သံသရာ ရှည်တယ်ဆို တာ ဟုတ်တယ်၊ အဘိဓမ္မာ ပဋ္ဌာန်းနည်းနဲ့ စိတ်ကို ပညာအုပ် ချုပ်ပြီး ထားလိုက်ရလို့ ခန္ဓာပေါ် လှည့်လိုက်မယ်ဆိုလို့ရှိရင်လဲ ပညာ့အလိုကို စိတ်က လိုက်နေရတဲ့ အတွက်, ဒကာ ဒကာမတို့ ပညာက “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ” ဆိုတဲ့အတိုင်း မဂ်ပညာက နိဗ္ဗာန်ပို့လို့ ဒီစိတ်လဲ နိဗ္ဗာန်ဘက်ပဲ သူလိုက်ရတော့ မယ် (မှန်ပါ) တခြားလိုက်စရာ ရှိသေးရဲ့လား (မရှိ ပါဘူး)။

အဲ့ဒီလိုလေး နိုးနိုးကြားကြားနဲ့ ကြိုးကြိုးစားစား ဒကာ ဒကာမတွေ နေကြမယ်ဆိုလို့ရှိရင်ဖြင့် တဲ့ လိုရာ ခရီးကိုဖြင့် အမြန် ဆုံးနည်းနဲ့ ရောက်ပါလိမ့်မယ် မှတ်ထားလိုက်ကြစမ်းပါ (မှန်ပါ)။

ဒါဖြင့် ဘယ်သူ ဦးစီးမယ်၊ (ပညာဦးစီးမှာပါ)။ စိတ်အပေါ်မှာ ပညာဦးစီးမယ် (မှန်ပါ)။ သဘောကျပလား။ (ကျပါတယ်)။ စိတ်အလိုကို ကျုပ်တို့ကမလိုက်ဘူး စိတ်အပေါ်မှာ ပညာအလိုကို စိတ်ကို အုပ်ချုပ်ထားတဲ့ ပညာ အလိုကိုသာ ကျုပ်တို့က လိုက်မယ်လို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာဟာ မကြာခင်တွေ့မယ် (မှန်ပါ) မတွေ့ပေဘူးလား၊ (တွေ့မှာပါ)။

အဲ-ဒုက္ခသစ္စာ ပိုင်းခြားနိုင်တဲ့ တစ်နေ့ကျလာပြီ ဆိုမှဖြင့် ဒါဒုက္ခဟာ ဒုက္ခချည်းဘဲ တွေ့တော့ တယ် ဒုက္ခချည်းဘဲ တွေ့တော့တယ် ဆိုရင်ဖြင့် ဒုက္ခတွေ့တဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခဘယ်နည်းနဲ့ မှ သူသည် သာယာနိုင်တဲ့ သဘော သတ္တိရှိသေးလား (မရှိ ပါဘူး)။

မရှိရင် သာယာနိုင်တဲ့ သဘောသတ္တိ မရှိသောကြောင့် ကို သာယာတာဟာ တဏှာပဲ (မှန်ပါ)။ ဒါဖြင့် ဒုက္ခမြင်နေတဲ့ ပုဂ္ဂိုလ်ဟာ သာယာတာ သေမသေ၊ (သေပါတယ်)။ ဒါဖြင့် သမုဒယသစ္စာ သေတာပေါ့။ (မှန်ပါ) သမုဒယသစ္စာ မသေပေ ဘူးလား (သေပါတယ်)။

အဲ့ဒါကြောင့် ဒကာ ဒကာမတို့ ဒီ ဒုက္ခသစ္စာ တစ်လုံးကိုဖြင့် ပညာဦးစီးပြီး သကာလ ခန္ဓာပေါ် လှည့်ဖြစ်အောင် လှည့်ပါ, စိတ် အလို မလိုက်ပါနဲ့။ စိတ်အပေါ်မှာ ပညာဦးစီးပြီး ပညာအလို စိတ်လိုက် ပါစေ ဆိုတာ ယနေ့ လေးလေးနက်နက်ပဲ အလုပ်သမားတွေ တရားဟောပါတယ် (မှန်ပါ့) သဘော ကျလား (ကျပါ တယ်)။

စိတ်ပေါ်မှာ ပညာဦးစီးပါ

စိတ်အလိုကို လိုက်ရမှာလား၊ စိတ်အပေါ်မှာ ဦးစီးတဲ့ ပညာအလိုကို စိတ်လိုက်စေရမှာလား၊ (ပညာ အလိုကို စိတ်လိုက်စေရမှာပါ)။ အဲ စိတ်အပေါ်မှာ ပညာဦးစီးပြီး ပညာ အလိုကို စိတ်က လိုက်ပလေ့စေ (လိုက်ပါလိမ့်စေ) (မှန်ပါ) ကျေနပ်ကြလား (ကျေနပ်ပါတယ်)။

ဒါ-တော်တော် အရေးကြီးတယ် ဆိုတာလဲ ဒကာ ဒကာမ တွေမှတ်ရလိမ့်မယ်၊ (မှန်ပါ)။ သာသနာတွင်းမို့ ထောင်နိုင် တဲ့နားရှိတယ် သာသနာတွင်း တရားမို့ ဒကာ ဒကာမတွေ ဒီဥစ္စာ ထောင်နိုင်တဲ့ နားရှိတယ်ဆိုတဲ့ ဥစ္စာလဲ သေးတာမဟုတ်ဘူးနော် (မှန်ပါ) ဟောနိုင်တဲ့ ပြောနိုင်တဲ့ သစ္စာ ဟောနိုင်တဲ့ ဆရာ ဆိုတာလဲ ခင်ဗျားတို့ ပါရမီထူးလို့ပဲ တွေ့ကြတာ၊ (မှန်ပါ) ခင်ဗျား တို့ ထောင်နိုင်တဲ့ နားရှိတာလဲ ဒုလ္လဘ တရားထဲမှာ အပါအဝင်ပါ (မှန်ပါ)။

အခုတော့ ဟောနိုင်တဲ့ ဒုလ္လလ နာနိုင်တဲ့ ဒုလ္လဘ ရှိလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကိစ္စပြီးမယ့် ဘဝဆိုတာ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ (မှန်ပါ) ရှင်းပြီလား၊ (ရှင်းပါတယ်) ကဲ ဒါဖြင့် စိတ်အလိုကို မလိုက်နဲ့ (မှန်ပါ့) ပညာ့အလိုကို (စိတ်ကလိုက်ရမှာပါ)၊ စိတ်ကလိုက်ပါစေ (မှန်ပါ)။

ခန္ဓာကပြောတာသာ အမှနံယူပါ

ကဲ-ပညာ့ အလိုကို စိတ်က လိုက်ပါစေ ဆိုတော့ ခန္ဓာပေါ် ကိုသာ ပညာရော စိတ်ရော နှစ်ခုစလုံး မင်းတို့ ဘယ်မှမပြေးနဲ့ ဒီခန္ဓာ ပေါ်ကိုသာ လျှောက်ရှာ ကြည့်နေလို့ ဆိုလို့ရှိရင်ဖြင့် ဘာအားထုတ် ရမတုံးလို့ မမေးကြနဲ့တော့ ဒကာ ဒကာမတို့ ခန္ဓာ ပြောတာသာ ပညာရော စိတ်ရော ကြည့်ကြပေတော့ (မှန်ပါ)။

ကြည့်လိုက်ရင် ဘာတွေ ပြောမယ်ထင်တုံး ခန္ဓာက၊ (ဒုက္ခသစ္စာပြောမှာပါ) ဖေါက်ပြန်တဲ့ ဒုက္ခသစ္စာမှ တစ်ပါး မောင်နိုင် ဘာပြောစရာရှိသေးလဲ၊ (မရှိပါဘူး)။

အဲဒီတော့ ပညာကလဲ ဪ ဖေါက်ပြန်ပျက်စီးတာ ဒုက္ခသစ္စာဘဲလို့ မသိပေဘူးလား၊ (သိပါတယ်)။ သိသည် နှင့် တစ်ပြိုင်နက်တည်း ဒုက္ခကို ဘယ်သူ သာယာဦးမလဲ၊ (မသာယာပါဘူး) မသာယာရင် ဘယ်သူ သေတယ် ထင်ကြလဲ၊ (သမုဒယသစ္စာ သေပါတယ်)။ အင်း သမုဒယသစ္စာသေ သည် မသာယာတဲ့အတွက် သမုဒယသစ္စာနဲ့ ဒိဋ္ဌိရော သေသည်။(မှန်ပါ)။ အင်း- ဒိဋ္ဌိသေရင်လဲ ဒကာ ဒကာမတွေ မှတ်လိုက်ဦး ဝိစိကိစ္ဆာလဲ သေသည်။ (မှန်ပါ)။

ဒါဖြင့် ရှုရင်းမတ္တနဲ့ဘဲ စူဠသောတာပန်ဆိုတဲ့ အငယ်စား အသေအချာဖြစ်ပြီ၊ (မှန်ပါ)။ သဘော ကျလား၊ (ကျပါတယ်)။

ဒါနဲ့ ရဟန်းက မကျေနပ်သေးဘူး၊ စိတ်အလိုကို လိုက် တယ်လို့ ဘုရားက ဟောလိုက်တော့ အင်း-ဒါ တပည့်တော် စိတ်အလို လိုက်ကြောင်း ကောင်းကောင်း သိပါပြီဘုရား၊ လောက ကြီးဟာ စိတ်ဆောင် နေတာကိုး ဆိုတာ သိပြီး အဲ့ဒီထဲမှာ ဘုန်းကြီး က ပဋ္ဌာန်းနည်းသွင်းပြီး ခင်ဗျားတို့ အလုပ်ထဲ သွင်းဟောလိုက် တယ်၊ (မှန်ပါ)။

၂။ အကြားအမြင်များပြီး တရားဆောင်တဲ့ပုဂ္ဂိုလ်

နောက်တစ်ခု ဒီရဟန်းကဘဲ မေးပြန်တယ် ဗဟုသုတ ဓမ္မဓရ ဗဟုသုတ ဆိုတာ အကြားအမြင် များတဲ့ ပုဂ္ဂိုလ် (မှန်ပါ) ဓမ္မဓရဆိုတာ တရားဆောင်တဲ့ ပုဂ္ဂိုလ်နော်၊ (မှန်ပါ)။ အကြားအမြင်များပြီး တရားဆောင်တဲ့ ပုဂ္ဂိုလ်ဆိုတာ တပည့် တော် မသိပါဘူး ဘုရား အဲ့ဒါလေး ပြောစမ်းပါ မေးပြန်တယ် ဒါကောင်းသော မေးခြင်းဘဲဟေ့ ဘုရားကလဲ ထောက်ခံချက် ပေးလိုက်တယ် (မှန်ပါ)။

ဗဟုသုတနဲ့ တရားဆောင်တဲ့ပုဂ္ဂိုလ်ဆိုတာ ဘယ်သူတုံး ဘုရား။

ကွာတဲ့ မြတ်စွာဘုရား ကျမ်းဂန်တွေကဖြင့် ပိဋကသုံး ပုံ ဆိုတာ အင်မတန် များပြားပါတယ်၊ သဘောကျလား၊ (ကျပါတယ်) ဘုရားက ပိဋကသုံးပုံ ဆိုတာ အင်မတန်များပြား ပါတယ်ကွာ (မှန်ပါ)။

သာမညပုဂ္ဂိုလ်လဲ အကုန်နှံ့စပ်အောင် မလိုက်နိုင်ပါဘူး အဲဒီတော့ ဗဟုသုတ ဓမ္မဓရ ဆိုတာ ငါဘုရား သဗ္ဗညုတဉာဏ် နဲ့ ရှင်းပြရလို့ ရှိရင်ဖြင့်တဲ့ ရှစ်လုံးထဲ ရှစ်လုံးထဲ၊ ရှစ်လုံးထဲ စာလေး ရှစ်လုံး ပေါ့ဗျာ၊ (မှန်ပါ)။ အဲ့ဒီ စာလေးရှစ်လုံးကို သဘော လဲသိ, အနက် ကလေးလဲသိ, ပါဠိလဲသိ, အနက် ကလေးလဲသိ, သြော်-ဒါ ဥပမာမယ် “အနိစ္စ မေ ပဉ္စက္ခန္ဓာ” ထားပါတော့နော်။

ဒီရှစ်လုံးကို သိတဲ့ပုဂ္ဂိုလ်

အ, နိစ်, စ, ဆို သုံးလုံး မနေဘူးလား၊ (မှန်ပါ)။ မေ, ပဉ်, စက်, ခန် ဓာ, အဲ့ဒီက အင်း ငါးလုံးနဲ့ ပေါင်း လိုက်တော့ ရှစ်လုံး မနေဘူးလား၊ (နေပါတယ်)။

အဲ့ဒီထဲက အဲ့ဒီ ရှစ်လုံးလေးကိုကွာ တဲ့ အနက်အဓိပ္ပါယ် သိပြီး အဲ့ဒီလာတဲ့အတိုင်း သြော် ဒါလေးဟာ ဖြစ်ပျက် ဒုက္ခသစ္စာ လေးပါလား၊ ဖြစ်ပျက်ဆို ခန္ဓာငါးပါးထဲမှာ ဘယ်ဟာမဆို ဖြစ်ပျက် ဒုက္ခသစ္စာ ပါလား၊ ဖြစ်ပျက် ဒုက္ခသစ္စာပါလား ဆိုပြီး ဒီရှစ်လုံးထဲ သိတယ်၊ (မှန်ပါ)။ သဘောကျလား၊ (ကျပါ တယ်)။

ရှစ်လုံးထဲ သိတဲ့ ပုဂ္ဂိုလ်ဟာ တဲ့၊ အဲ့ဒါ ဗဟုသုတ ဓမ္မဓရ ပုဂ္ဂိုလ်ပါဘဲ ကွာ-တဲ့၊ သူဟာ အနက်သိ အဓိပ္ပါယ်သိပြီး သကာလ ဒါလေး ဖြစ်ပျက်ရှုနေလို့ ရှိရင် အဲ့ဒါ ဗဟုသုတ ဓမ္မဓရ လို့သာ မှတ်လိုက်ပါတော့၊ (မှန်ပါ့)။

ဒကာ ဒကာမတို့ များများလိုသလား (မလိုပါဘူး) ခင်ဗျားတို့ ရှုနေတဲ့ စိတ်ကလေးဖြစ်စေ၊ ဝေဒနာကလေးဖြစ်စေ၊ ဘုန်းကြီးက ဟောထားတော့ ခင်ဗျားတို့ ဗဟုသုတ အဖြစ်လဲ မရဘူးလား (ရပါတယ်)။

တရားနာတုန်းက ဗဟုသုတ

အဲ့ဒါတွေ ဓမ္မဓရ ဖြစ်အောင် တစ်ခါတည်း သူကဖြစ်ပျက် ဆိုလို့ရှိရင်ဖြင့် ကိုယ်က ဖြစ်ပျက် မြင်တဲ့ ဉာဏ်ကလေးဟာ တစ်ခါတည်း လိုက်လိုက် လိုက်လိုက် နေမယ် ဆိုလို့ရှိရင် နာတုန်း က ဗဟုသုတ, မြင်တဲ့ အခါကျတော့ ဓမ္မဓရ ဖြစ်တယ်ဟေ့လို့ ရှစ်လုံးထဲက ဖြစ်ပျက်, ရှစ်လုံးထဲက ရှစ်လုံး ပေါင်းလိုက်လို့ ရှိရင် ဖြင့် ဖြစ်ပျက် တစ်ခုဘဲရတယ်၊ (မှန်ပါ့)။

အဲ့ဒါလေး မင်းတို့ အားထုတ်နိုင်လို့ရှိရင်၊ ဗဟုသုတ ဓမ္မဓရ ပုဂ္ဂိုလ် ဆိုတာ ဒါဘဲဟေ့လို့ ရဟန်းကို ဘုရားက ဟော တယ်၊ (မှန်ပါ)။ အဲ့ဒါ ပါဠိတော်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

အဲ့ဒီတော့ ဗဟုသုတ ဓမ္မဓရ ဆိုတာ ဒကာ ဒကာမတို့ အနိစ္စ, ခန္ဓာငါးပါး အနိစ္စ ဆိုပြီး သကာလ ခန္ဓာငါးပါး ဖြစ်ပျက်ဟာ ဘာခေါ်ကြမယ် (အနိစ္စပါ)။ အဲ့ဒီ အနိစ္စလေးကို နဂိုက ဘုန်းကြီး က ဟောလို့ နာဘူးကြတယ်၊ (မှန်ပါ)။ အဲ့ဒီတော့ ဗဟုသုတ ရှိမနေဘူးလား (ရှိနေပါတယ်)။

အဲ ဗဟုသုတ ဓမ္မဓရ ပုဂ္ဂိုလ်ဆိုတာ ဘယ်ပုဂ္ဂိုလ်တုံး ဆို ဓမ္မဓရက ဒီခန္ဓာက ဖြစ်ပျက် ဆိုလို့ ရှိရင်ဖြင့် ခန္ဓာကိုယ်က ခုန ဉာဏ်ဦးစီးတဲ့ ဓမ္မကလေးကလဲ ဟင် ဒါကလေးဟာ အနိစ္စပေါ် အနိစ္စသာ သိပေးပေါ့ဗျာ၊ (မှန်ပါ)။

ဓမ္မဓရ ဆိုတာကတော့

သူကလဲ အနိစ္စဘဲ အနိစ္စရှိရင် အနိစ္စ သိပေးလို့ရှိရင် အဲ့ဒါ ဟာ ဓမ္မဓရတည်း၊ နာတုံးက ဘာတဲ့၊ (ဗဟုသုတပါ) အင်း ဖြစ်ပျက်နဲ့ ရှုတာ ဉာဏ်ကလေးနဲ့ တိုက်တိုက်သွားတော့၊ (အနိစ္စ)။ ဓမ္မဓရ ရှင်းပြီလား (ရှင်းပါတယ်)။

နာတုံးက (ဗဟုသုတ) အင်း ဖြစ်ပျက်ကလေးနဲ့ ကိုယ့်ဉာဏ်ကလေးနဲ့ လာလာပြီး သကာလ ဖြစ်ပျက်ကလေး လာလာပြီး ဉာဏ်ထဲတွေ့နေလို့ရှိရင် (ဓမ္မဓရပါ) အဲ့ဒါ ဗဟုသုတ ဓမ္မဓရ ဆိုတာ ဒါဘဲ ပေါ့တဲ့ (မှန်ပါ) ရှင်းပြီလား (ရှင်းပါတယ်)။

ဝိပဿနာဉာဏ်နဲ့နေတဲ့ပုဂ္ဂိုလ်

ဗဟုသုတ ဓမ္မဓရဆိုတာ ဒါဘဲ ဆိုတော့ ဝိပဿနာဉာဏ် နဲ့ နေတဲ့ပုဂ္ဂိုလ်ဟာ ဗဟုသုတ ဓမ္မဓရလို့ မှတ်လိုက်၊ (မှန်ပါ) ဝိပဿနာဉာဏ်နဲ့ နေတဲ့ပုဂ္ဂိုလ်ဟာ (ဗဟုသုတဓမ္မဓရ ပုဂ္ဂိုလ်ပါ) ကျေနပ်ပြီလား (ကျေနပ်ပါတယ်)။

ကိုင်း-ဒါဖြင့် ဝိပဿနာ ဉာဏ်ဖြင့် ငါအဆုံးဟောတာဘဲ လို့ အဋ္ဌကထာ ဆရာကလဲ ဖွင့်တယ်၊ ဘုရားကလဲ တစ်လုံးထဲ ကွာ တစ်ပါဒ ဂါထာ တစ်ပါဒ ရှစ်လုံးပဲ ရှိပါတယ်၊ အဲ့ဒီ ရှစ်လုံးထဲက မှန်မှန်ကန်ကန်နဲ့ “ဓမ္မာနုဓမ္မပဋိပတ္တိ” ဆိုတဲ့အတိုင်း ဖြစ်ပျက်နဲ့ မဂ်နဲ့ ဖြစ်ပျက်နဲ့ ဉာဏ်နဲ့သာ ကိုက်အောင် ရှုနေလို့ ရှိရင်ဖြင့် သူ ဗဟုသုတဓမ္မဓရ ပုဂ္ဂိုလ်အစစ်ပဲ၊ (မှန်ပါ)။

ပိဋကသုံးပုံတတ်မှလို့ ငါမဟောဘူးတဲ့

ပိဋက သုံးပုံတတ်မှလို့ ငါမဟောဘူးလို့ အသေအချာ ကန့်ကွက်တယ်၊ (မှန်ပါ) သဘော ကျလား (ကျပါတယ်)။ ပိဋကတ် သုံးပုံတတ်မှလို့ ဆိုလို့ရှိရင် ဒီအထဲ တစ်ယောက်မှ နိဗ္ဗာန် ရစရာ မရှိဘူး၊ (မှန်ပါ)။

ဘုရား လက်ထက် တုန်းကလဲ မပါပါဘူး၊ (မှန်ပါ)။ ပိဋက သုံးပုံဆောင် ဆိုတာ ရှင်အာနန္ဒာဘဲ ရှိပါတယ်။ (မှန်ပါ) သဘောကျလား (ကျပါတယ်)။

အနိစ္စ မေ ပဉ္စက္ခန္ဓာ သာသိနေပါ

အင်မတန်မှ ရှားပါတယ်၊ ဗဟုသုတ ဓမ္မဓရ အဖြစ်နဲ့ သွားကြတာချည်းဘဲ ဆိုတော့မှ ဒါအင်္ဂုတ္တိုရ် ပါဠိတော်က ကွာတဲ့ တစ်ဂါထာမှာတဲ့ ရှစ်လေးလီ ရှိပါတယ်၊ သုံးဆယ့်နှစ်လုံး ရှိတဲ့ အထဲက ရှစ်လုံး အဓိပ္ပါယ်ကို “အနိစ္စ မေ ပဉ္စက္ခန္ဓာ” ဒီရှစ်လုံးလေးကို သြော် ဒီခန္ဓာငါးပါးဟာ အနိစ္စဘဲ, ဒုက္ခသစ္စာဘဲလို့ ဒီလောက်ကလေး ဗဟုသုတ ရှိပြီး, ဒီလောက် ကလေးသာ ခင်ဗျား တို့က ဉာဏ်နဲ့ ရှုနေ၊ (မှန်ပါ) သဘောကျပလား (ကျပါတယ်) အဲ့ဒါ ဟာ ဝိပဿနာဉာဏ် အဆုံးလို့ မှတ်လိုက် (မှန်ပါ) သဘောကျပလား (ကျပါတယ်)။

ဖြစ်ပျက်မြင်ရင် ဝိပဿနာ ဉာဏ်ဆုံးပြီလို့သာ မှတ်ပေ တော့ ဒကာ ဒကာမတို့ (မှန်ပါ) ဒိပြင် ဉာဏ်တွေက ဒီဖြစ် ပျက်ကို အမှီပြုပြီး သကာလ ဖြစ်ပျက်ကို အင်း- အပျက်ချည်း မြင်လာတယ် ဆိုတာလဲ ဖြစ်ပြီးမှ ပျက်တာ ပါဘဲ၊ မောင်နိုင်ရ၊ (မှန်ပါ)။

အပျက်တွေ ကြောက်လာတယ် ဆိုတာလဲ ဖြစ်ပြီးမှ ပျက်တာ ကြောက်တာ ပါဘဲ၊ (မှန်ပါ) အင်း ဒါတွေဟာ အပျက်တွေဘဲလို့ သိလာတာလဲ ဉာဏ်သာ ပြောင်းသွားတာ ဖြစ်ပျက်ပဲ (မှန်ပါ) သဘော ကျပလား၊ (ကျပါတယ်)။

ငြီးငွေ့လာတယ် ဆိုတာကော၊ (ဖြစ်ပျက်ပါ)၊ လွတ် ချင်တယ် ဆိုတော့ကော၊ (ဖြစ်ပျက်ပါ) ဖြစ်ပျက်မှ လွတ် ချင်တာဘဲကွာ ဆို သူကတော့ မထူးတော့ဘူးကွာတဲ့ ဟို ကိုယ့် ဉာဏ်ကကို တက်တက် သွားလို့သာ အမြင်ပြောင်းတယ်လို့ ထင်ရတယ်၊ ခန္ဓာကတော့ဖြင့် ဖြစ်ပျက်ပြတာ အမှန်ဘဲ (မှန်ပါ)၊ ရိပ်မိပြီလား၊ (ရိပ်မိပါပြီ) ခန္ဓာကတော့ ဘာသာ ပြလေ့ ရှိလဲ၊ (ဖြစ်ပျက်ပြပါတယ်)။

အင်း-ဖြစ်ပျက်ပြတော့ ဉာဏ်နဲ့ တွဲဖက်သွားလို့သာ အပျက်ချည်းမြင်တယ် ဟုတ်လား။

ငြီးငွေ့လာပါတယ်ဆိုတဲ့ ဉာဏ်စဉ်တွေဟာ တက်တာ ပါကွာတဲ့ သူအပြကတော့ မထူးပါဘူး (မှန်ပါ) သဘောကျလား (ကျပါတယ်)။

ဒါဖြင့် ဗဟုသုတ ဓမ္မဓရဆိုတာ နာတုံးကလဲ ရှစ်လုံး လောက် နာထားလို့ ရှစ်လုံးအဓိပ္ပါယ်ကို ဒကာ ဒကာမတွေက ကျင့်တဲ့အထဲမှာဖြင့် ဒီရှစ်လုံးအဓိပ္ပါယ်နဲ့ ခန္ဓာငါးပါးထဲမှာ အဖြစ် အပျက်ကို မြင်လို့ ရှိရင်ဖြင့် ဓမ္မဓရဖြစ်ပါပြီ (မှန်ပါ)။ သဘော ပါလား၊ (ပါပါတယ်)။

ဒါဖြင့် စာတတ်ဖို့ မလိုဘူးပေါ့ဗျာ၊ (မှန်ပါ)။ တတ် ရင်လဲ ပိုမို ကောင်းတယ်ပေါ့ (မှန်ပါ) အင်း မတတ်ဘဲနဲ့လဲ နိဗ္ဗာန် ရောက်နိုင်တယ် ဆိုတာလဲ ခင်ဗျားတို့က လေးလေးစားစားဘဲ မှတ်ဖို့ဘဲ (မှန်ပါ)။

၃။ အကြားအမြင်များပြီး ထိုးထွင်းနိုင်တဲ့ပုဂ္ဂိုလ်

ခင်ဗျားတို့ နိဗ္ဗေဓိက ထိုးထွင်းနိုင်တယ် အကြား အမြင်များပြီး ထိုးထွင်းနိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုတုံးဘုရား၊ သုံးချက် မေးတယ်နော်၊ (မှန်ပါ) မောင်နိုင် ရှင်းပြီလား (ရှင်းပါတယ်)။

(၁) တစ်နံပါတ်က လောကကြီး ဘယ်သူဆောင်သတုံး ဆိုတာ မေးတယ် (မှန်ပါ) စိတ်ဆောင်တယ်လို့ ဘုရားက ဖြေလိုက်တယ်၊ (မှန်ပါ)။

(၂) နှစ်နံပါတ်က ဗဟုသုတဓမ္မဓရဆိုတာ ဘာတုံး။ ရှစ်လုံး အဓိပ္ပါယ်ကို သိပြီးသကာလ အပျက်နဲ့ မဂ်နဲ့ကိုက်အောင်ဖြင့် သိတာတဲ့၊ (မှန်ပါ) သဘောကျလား၊ (ကျပါတယ်)။

(၃) သုံးနံပါတ်ကတဲ့ အကြားအမြင် များပြီး သကာလ ထိုးထွင်းတဲ့ ပုဂ္ဂိုလ် ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တုံး အို အဲ့ဒါကတော့ ကွာတဲ့၊ ငါဘုရား အသေအချာဖြေပြမယ်၊ မင်းတို့ ဘာမှ မစိုးရိမ်နဲ့တဲ့၊ ဖြစ်ပျက် ဆုံးပြီး သစ္စာလေးပါးကို တစ်ခါတည်း ပိုင်ပိုင်နိုင်နိုင် ဒုက္ခသစ္စာ ပိုင်းခြားပြီး နိရောဓသစ္စာ မျက်မှောက်ပြုတဲ့ ပုဂ္ဂိုလ်ကို ဆိုတာပါကွာ၊ အဲ့ဒါ ဝိပဿနာ လမ်းဆုံး ဆိုတာပါ (မှန်ပါ) သဘောကျလား (ကျပါတယ်)။

သုတဝါနိဗ္ဗေဓိက ဆိုတာ

သစ္စာလေးပါးကို တစ်ပြိုင်နက်သိတဲ့ ပုဂ္ဂိုလ်ဆိုတာပါလို့ သုတဝါ နိဗ္ဗေဓိက ပုဂ္ဂိုလ် ဆိုတဲ့ဥစ္စာ အကြားအမြင် ရှိပြီး ထိုးထွင်း နိုင်တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ၊ (မှန်ပါ) အဝိဇ္ဇာကြီး ဖေါက်ထွင်း နိုင်တဲ့ ပုဂ္ဂိုလ် ဆိုလိုတာပေါ့လေ၊ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။

ဒါဖြင့် အကြားအမြင်များပြီး ထိုးထွင်းနိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဘာလဲ အို သစ္စာလေးပါးကို တစ်ပြိုင်နက် ပေါ်လာတဲ့ ပုဂ္ဂိုလ် ဆိုတာပါ ဆိုတော့ မဂ်ပုဂ္ဂိုလ်ဆိုတာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါတယ်) ဒါဖြင့် ဒီပုဂ္ဂိုလ် သုံးယောက် သဘောကျ ကြလား၊ (ကျပါတယ်)။

ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ နှစ်နံပါတ ်ပုဂ္ဂိုလ်က ဝိပဿနာ ဉာဏ်ပုဂ္ဂိုလ် (မှန်ပါ)

သုံးနံပါတ် မေးလိုက်တဲ့ အမေးက ကိစ္စပြီးတဲ့ သစ္စာလေးပါး တစ်ပြိုင်နက်သိတဲ့ ကိစ္စပြီးတဲ့ ပုဂ္ဂိုလ် ဆိုလိုက်ပါတယ် (မှန်ပါ)။

အဲ့ဒါ ဒကာ ဒကာမတွေ အရေးကြီးနေတာက ရှစ်လုံး ထဲက နေပြီး ရှစ်လုံးကို နာ, နာပြီး ရှစ်လုံးဆိုတဲ့ အနိစ္စ မေ ပဉ္စက္ခန္ဓာ ခန္ဓာငါးပါး အနိစ္စဘဲ အနိစ္စလက္ခဏာဘဲ။

ဒီရှစ်လုံးရဲ့ အဓိပ္ပါယ်ကို ကျင့်ရင်ပြီးပါတယ်

ဒီလိုဆိုတော့ ရှစ်လုံးပြည့်မသွားဘူးလား (ပြည့်ပါ တယ်) အဲ့ဒီတော့ တစ်ပါးပါးကို ခင်ဗျားတို့က အင်း အပျက်နဲ့ မဂ်နဲ့ အပျက်နဲ့အသိနဲ့ ကိုက်အောင်သာ လုပ်ပေးလိုက်စမ်းပါ (မှန်ပါ)။

အဲ့ဒါ ဗဟုသုတ ဓမ္မဓရ ဧကန်ဖြစ်တယ် ဝိပဿနာဉာဏ် အဆုံးကွတဲ့၊ အဲ့ဒါ သဘောကျလား၊ (ကျပါတယ်) သုတဝါ နိဗ္ဗေဓိက ဆိုတာ အို သစ္စာလေးပါး တစ်ပြိုင်နက်သိတဲ့ ပုဂ္ဂိုလ်ဆိုတော့ သောတာပန် တည်တဲ့ ပုဂ္ဂိုလ် ဆိုနေတယ် (မှန်ပါ) ရိပ်မိကြလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ အားငယ်စရာ အင်း-စိတ်နှလုံး စိတ်နှိမ်စရာ ဟို စိတ်အားလျော့စရာ ပါသေးလား (မပါ ပါဘူး) ရှစ်လုံးနဲ့ ရှစ်လုံးကိုနာ ရှစ်လုံးလေးက အဓိပ္ပါယ်ကို ကျင့်ရင် ပြီးတာဘဲလို့ ပြောလိုက်တယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါတယ်)။ ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ အင်မတန် နေရာကျပြီ ဆိုတာကော သဘောပါလား (ပါပါတယ်)။

ရှင်နန္ဒကဝတ္ထု

ကဲ – သဘောပါလို့ရှိရင်ဖြင့် ကျုပ်တို့ ကျင့်နည်းလေးကို ရှင်းသည်ထက် ရှင်းအောင် မနေ့က ရှင်နန္ဒက ကိုဘဲ ပြန်ပြီးဆက် ကြပါစို့ (မှန်ပါ)။

ရှင်နန္ဒကက ဒီဘိက္ခုနီမတွေ တရားဟောချင်ပါရဲ့ လား (မဟောချင်ပါဘူး) မဟောချင်ဘူး မဟောချင်ဘူးတဲ့ ဒကာ ဒကာမတွေ ဘိက္ခုနီမတွေ တရားမဟောချင်လို့ ဟိုလယ် ဒီလယ်ပြီး သကာလ နေတော့။

ညီတော် အာနန္ဒာကို မင်းသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ငါ့ မိထွေးတော် ဂေါတမီကလဲ လျှောက်တယ် ဘိက္ခုနီမတွေ အလှည့်ကျ တရားဟောပေးပါ ဘုရားလို့ လျှောက်ထားတာ မင်းအလှည့်တွေ များပေးပါရဲ့ လား ပေးပါတယ် ဘုရား၊ အကုန် သံဃာတွေ ကုန်ပါပြီ တစ်ပါးဘဲ ကျန်တယ် ရှင်နန္ဒကဘဲ ကျန် တယ်။

အဲ့ဒါဘဲ ကျန်ပါတယ်ဘုရား သူ့ကျတော့ဘုရား တပည့် တော် ပြောလို့ မရဘူး၊ အပ်ချုပ်စရာ ရှိသေးတယ်၊ သပိတ် ဖုတ်စရာ ရှိသေးတယ်၊ ခရီးထွက်စရာ ရှိသေးတယ်နဲ့ ဆင်ခြေဘဲ လဲနေတာဘဲ ဘုရား။

ဒါနဲ့ ဘုရားသခင်ကိုယ်တိုင် နန္ဒက မင်းလာခဲ့ကွာ မင်း ဘိက္ခုနီမတွေ တရားဟောလိုက်လို့ ကိုယ်တိုင် အမိန့်ချလိုက်တယ် ဘုရားကိုယ်တိုင် အမိန့်ချလိုက်တော့ ဟောရတယ်။

တောင့်တချက် လေးမျိုး

ဟောရတဲ့ အခါကျလို့ရှိရင်ဖြင့် ဒီဘိက္ခုနီမတွေ ရည်ရွယ် ချက်လဲ မနေ့က ပြောခဲ့တယ်နော်၊ (မှန်ပါ)။ နဂို တောင့်တ နေတာက တချို့သော ဘိက္ခုနီမက ရှင်နန္ဒက တရားသာ နာရ ရင် သောတာပန် သူတည်တယ် (မှန်ပါ) ဒီလောက်ထိအောင် ဘဝရေစက်က နီးတယ်၊ (မှန်ပါ)။

တချို့က ရှင်နန္ဒက တရားသာ ကျုပ်တို့နာရမယ်ဆို သကဒါဂါမ် တည်ပါတယ် မပြောကြ ဘူးလား (ပြောပါ တယ်) တချို့ကလဲ ရှင်နန္ဒက တရားသာ နာရရင် ကျုပ်ကတော့ အနာဂါမ်ပါဘဲ၊ (မှန်ပါ) အနာဂါမ်တော့ သေချာတယ် တချို့ကလဲ ရှင်နန္ဒက တရားသာ နာရရင် ကျုပ်ကတော့ ရဟန္တာ အဖြစ်တော့ သေချာတယ်၊ မောင်နိုင် တောင့်တပုံ လေးမျိုး မရှိဘူးလား (ရှိပါတယ်)။

ဘုရားသခင်အမိန့် မလွန်ဆန်နိုင်

ဒါ သူတို့တောင်းတယ် (မှန်ပါ) အဲ့ဒီကဲ့သို့ တောင့်တ ပြီး သကာလ နေတုံး ဘုရားကလဲ အမိန့်ချ လိုက်တော့ ရှင်နန္ဒကက ဘုရားအမိန့် မလွန်ဆန်နိုင်တာနဲ့ တရားဟော ဝင်ပြီး သကာလ လာကြတယ် လာကြပြီး တရားပလ္လင်ပေါ် ထိုင်ပြီး သကာလ နေတုံးမှာ –

အသင် ဘိက္ခုနီမတို့ အခု ငါတရားဟောမှာသည်ကား ဆိုလို့ရှိရင်ဖြင့်တဲ့၊ သင်တို့ သိပြီးသား ဖြစ်ခဲ့လို့ရှိရင် သင်တို့ သိပြီးသားလို့ ဖြေကြ (မှန်ပါ)။ တပည့်တော်တို့ ဒါ သဘော ကျပါပြီ ဘုရား သဘော မကျခဲ့သေးလို့ရှိရင်လဲ သဘောမကျသေးကြောင်း သင်တို့က ပြန်လျှောက် ပြန်လျှောက် တဲ့ အခါကျတော့ ငါက အဖြေပေးမယ်။

ဒီထဲက သူတို့ နှလုံးထဲ တွေ့သွားပြီ မောင်နိုင် (မှန်ပါ) ရှေ့က ရဟန္တာကြီးတွေ ဟောသွား တာက ဒီလို အမေး အဖြေ မလာဘူး (မှန်ပါ)။ အမေးအဖြေ မလာဘဲနဲ့ နေတဲ့ အတွက် သူတို့ စိတ်ထဲမှာ နာသာ နာရတယ် မြိန်မြိန် ရှက်ရှက် မရှိဘူး (မှန်ပါ)။ သံသယရှိလဲ နာရုံဘဲ (မှန်ပါ) အင်း မရှင်းလင်းပဲ ပြီးသွားရော ဆိုတော့ သူတို့စိတ်ထဲမှာ ကျေကျေနပ်နပ် ရှိရဲ့လား (မရှိပါဘူး)။

သင်တို့မသိတာ မေးနိုင်တယ်

ဒီကတော့ တရားမနာခင်ထဲက သင်တို့ မသိတာလဲမေး, ငါမေးတာလဲ ဖြေကြ, သင်တို့ မသိတာလဲ ပြန်မေးနိုင်တယ်ဆို ကတည်းက သူတို့က အတော် ကျေနပ်သွားတယ် (မှန်ပါ့)။

ဒါဖြင့် တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တရား မနာခင်ကို က စိတ်က ရွှင်ပျနေတယ် (မှန်ပါ)။ ရွှင်ပျ နေတဲ့အထဲ နဂို တောင့်တ ထားတာတွေကလဲ သူ့အချိုးကျ သူ့အချိုးကျတွေက မရှိလား (ရှိပါတယ်)။

အဲ့ဒီအခါမှ ရှင်နန္ဒက ဟောတယ် ဘိက္ခုနီမတို့ ငါတရား မဟောမီ ရှေးအဖို့ကာလမှာ ဥပမာလေး တစ်ခု ပြောပါရစေဆိုပြီး ဥပမာလေး တစ်ခု ပြောလိုက်တယ်။

သစ်ပင်နှင့် အရိပ်ဥပမာ

ဘယ်လို ပြောလိုက်သတုံး ဆိုတော့ သစ်ပင်ဆိုတာ ဟော, အမြစ်လဲ ရှိတယ်၊ မရှိပေဘူးလား၊ (ရှိပါတယ်)။ ပင်လုံး ကကော မရှိပေဘူးလား (ရှိပါတယ်) အင်း- ပင်လုံးကလဲ ရှိတယ် တဲ့၊ ပင်လုံး ရှိလို့ ရှိရင် အခက်တွေ၊ အလက်တွေ၊ အရွက်တွေက ဝေဆာထားတာ အကိုင်း အခက် အရွက် အလက် တွေကော (ရှိပါတယ်) ရှိတယ်တဲ့ ဒါတွေလဲ ရှိတာဘဲတဲ့။

အဲ့ဒီ အကိုင်းအခက် အရွက်အလက်တွေ ထွက်နေလို့ ရှိရင် ဒီသစ်ပင်ဟာ အရိပ်တော့ရှိရမယ် (မှန်ပါ)။ မရှိပေဘူးလား (ရှိပါတယ်)။ ဘယ်နှစ်မျိုးပါလိမ့် (လေးမျိုးပါ) လေးမျိုးတဲ့ သစ်ပင်ဟာ အမြစ်လဲ ရှိမယ် သဘောကျလား (ကျပါတယ်) အင်း- ပင်လုံးကော၊ (ရှိပါတယ်)။ အင်း – အကိုင်းအခက် အရွက်အလက် တွေကော (ရှိပါတယ်) အင်း ဒီသစ်ပင်က အရိပ်တွေကော (ရှိပါတယ်)။ အဲ့ဒါ ဥပမာ ဥပမာအားဖြင့် ရှင်နန္ဒက ဟောတယ်။

အဲ့ဒီတော့ကွာတဲ့၊ ဒီသစ်ပင်ဟာ အမြစ်တွေကလဲ ပိုးရွ ခြတွေ၊ ပိုးတွေ၊ ခြတွေ၊ ရွတွေက ဆွေးမြေ့တာတွေက ဖျက်ဆီး ခဲ့သည်ရှိသော် –

ဒီပင်လုံးကြီးကော ခံနိုင်ပါ့မလား (မခံနိုင်ပါ ဘုရား) အရွက်အခက် တွေကော (မခံနိုင်ပါ ဘုရား) သူ့ကြောင့် ဖြစ်တဲ့ အရိပ်ကရော (မခံနိုင်ပါ ဘုရား)။

အဲ့ဒီတော့ ဘိက္ခုနီမတို့တဲ့ စဉ်းစားကြစမ်းပါ ဒီဥပမာ ဟာ ဒီလေးခုမှာ ဘယ်သူ အရင် ပျက်စီး သင့်တယ် ဆိုတဲ့ဥစ္စာ ဝေဖန်ကြစမ်းပါ ဆိုတာ အရင်ခိုင်း လိုက်တယ် (မှန်ပါ)။

အရိပ်ကအရင်ဆုံးပျက်စီးတယ်

အဲ့ဒီတော့ ဘိက္ခုနီမတွေက ဖြေကြတယ် ဘုရားတဲ့ ဒီအရိပ်ဟာ အရင်ဆုံး ပျက်စီး ရပါတယ် (မှန်ပါ) သဘော ကျလား (ကျပါတယ်)၊ ဘယ်သူဟာ အရင်ဆုံး ပျက်စီးရလဲ (အရိပ်ဟာ အရင်ဆုံး ပျက်စီး ရပါတယ်)။

အရိပ်က အရင် ပျက်စီးမှာဘဲ ဒကာ ဒကာမတို့ အရိပ် ကျန်နေသေးတယ်လို့ ဆိုလို့ကတော့ဖြင့် (မရပါ) အပင်လဲ လဲမယ် အကိုင်းလဲ, အင်း- အကိုင်းတွေလဲ အကုန် လဲကြမယ်၊ ပြိုကြမယ်၊ ပျက်ကြမယ် ဆိုလို့ ရှိရင်ဖြင့် အရိပ်ကလေး ကျန်နေရစ်တဲ့ ဥပမာလေးကို ဆိုစရာ ရှိပါ့မလား (မရှိပါ ဘုရား)။

အမြစ်ကလဲကုန် ပင်လုံးကလဲကုန် အင်း-အကိုင်းအခက် အရွက်အလက်တွေ ဝေဆာတာ တွေကလဲ သူတို့ ကျန်ရစ်စရာ ရှိသေးလား (မရှိပါဘူး) သူတို့မှ မရှိဘဲနဲ့ သူတို့ သုံးခုကြောင့် ဖြစ်တဲ့ အရိပ်ဟာ မောင်နိုင်တို့ ကိုမြင့်တို့ ကျန်စရာ ရှိပါ့မလား၊ (မရှိပါ ဘုရား)။

အဲ့ဒီ ဘိက္ခုနီမတွေက ဖြေကြတယ် အရှင်ဘုရားတဲ့ အရှင်ဘုရားပေးတဲ့ ဥပမာမှာ ဒီထဲမှာ အရင်ဆုံး ပျက်စီးရမှာ တပည့်တော်တို့ မြင်ပါတယ် အရိပ်က အရင်ဆုံး ပျက်စီးရမယ်၊ (မှန်ပါ)။ သဘောကျလား၊ (ကျပါတယ်)။

အဲ-အဲ့ဒီအတိုင်းဘဲ ဘိက္ခုနီမတွေတဲ့ မင်းတို့လဲ ဒီအတိုင်း မှတ်ပါတဲ့ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ် လာတဲ့ ဝေဒနာတွေ ရှိတဲ့ အနက်ကတဲ့ ဥပမာမယ် ဝေဒနာဆိုတဲ့ ဥစ္စာဟာ ဒကာ ဒကာမတို့ နောက်ဆုံး ပိတ်မှ ပေါ်တာနော် (မှန်ပါ)။ နောက်ဆုံးပိတ် မှ ပေါ်တယ်တဲ့ ဝေဒနာဆိုတာ ဘယ့်နှယ်ကြောင့် နောက်ဆုံး ပိတ်မှ ပေါ်လာသတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ်)။

ဝေဒနာကလေး

အင်း -ဒကာ ဒကာမတွေ သိတဲ့အတိုင်းပါဘဲတဲ့ ဟောဒီ က နားရုပ်ကလေး မနေ့က မျက်လုံး ဟောလို့ ဒီနေ့ နားဟော တယ်၊ (မှန်ပါ)။ ဒီက နားရုပ်ကလေး မရှိဘူးလား၊ နားထဲ ကြားတတ်တဲ့ ရုပ်ကလေး (ရှိပါတယ်)၊ ဟောဒီက အသံ မရှိဘူးလား (ရှိပါတယ်) အင်း-ဟောဒီက ကြားစိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ်) ပြီးတော့မှ ကြားရတာ ကောင်းလိုက်တာ ဆိုတဲ့ ဝေဒနာကလေးက နောက်မှ ပေါ်တယ် (မှန်ပါ)။

ဆိုတော့ ဒကာ ဒကာမတွေ သိတဲ့ အတိုင်းတဲ့၊ အင်း ရုပ်ရယ် အင်း ကြားစရာ အသံရယ် ကြားစိတ်ကယ် ပြီးတော့ မှ ကောင်း မကောင်း ဝေဖန်တာလေးက သူတို့ သုံးခု မှီပြီး ပေါ် ရတာ၊ (မှန်ပါ) ဝေဖန်တဲ့ ဝေဒနာလေးကလေ (မှန်ပါ)။

“တိဏ္ဏံ သင်္ဂတိ ဖဿော ဖဿ ပစ္စယာ ဝေဒနာ” လို့ မလာလား၊ (လာပါတယ်)။ အဲ, ဖဿ ကတော့ တွဲပျက်မို့ မပြောတော့ပါဘူးနော် ၊ (မှန်ပါ)။ မပြောတော့ပါဘူး၊

အရိပ်၏ ဥပမာ-ဝေဒနာ

ဝေဒနာနဲ့ တွဲပျက်လို့ အထူး ပြောစရာ မလိုတော့ပါဘူး ကောင်းတယ် ဆိုးတယ်ဆိုတဲ့ ဝေဖန်တာ ဝေဒနာ မနေဘူးလား (နေပါတယ်)။

အဲ့ဒီ ဝေဒနာလေးဟာက, ဟောဒီ အမြစ်၊ ဟောဒီ ပင်လုံး၊ ဟောဒီ အကိုင်း အခက် အရွက် အလက်တွေ ဟောဒါ အရိပ်ပေါ့, သဘောကျလား၊ (ကျပါတယ်)။ ဝေဒနာကို အရိပ် လို့ပြ တယ်၊ (မှန်ပါ)။

အဲ့ဒီတော့ ဒါတွေကိုက အနိစ္စတရားတွေ ဖြစ်နေတော့ ဝေဒနာဘယ်လို ဆုံးဖြတ်ချက် ချကြမလဲ၊ (အနိစ္စပါ)။ ဒါဖြင့် အမြစ်ကယ်, ပင်လုံးရယ်, အကိုင်းအခက် ဝေဆာတာ တွေက အနိစ္စ ဖြစ်ခဲ့သော်, မမြဲခဲ့သော်၊ အရိပ်ဟာ မြဲချင်လို့၊ (မဖြစ်ပါ)။

ဒီမှာလဲ ဝေဒနာသည်ကားဆိုရင်ဖြင့် နားရုပ်ရယ်၊ အသံ ရယ်၊ အင်း-ကြားတတ်တဲ့ ဝိညာဏ်ကို မှီပြီး သကာလ ပေါ်ရတဲ့ ဝေဒနာ ဖြစ်ပါတယ်၊ ကောင်းမကောင်း ဝေဖန်တဲ့ ဝေဒနာဟာလေ၊ (မှန်ပါ)။

ဟာ-ဒီအသံလေး ကောင်းလိုက်တာ ဒီအသံလေးဖြင့် မကောင်းဘူး၊ ဒီအသံကြားရတာ နားခါး လိုက်တာ, အစရှိသည်နဲ့ ဒေါမနဿ တွေကော မပေါ်ဘူးလား၊ (ပေါ်ပါတယ်)။ ဒီ အသံကြားရတာ ဝမ်းသာ လိုက်တာ, အစရှိသည်နဲ့ အဲ့ဒီဝေဒနာ လေးတွေသည် ဒကာ ဒကာမတို့ သူသည် အရိပ်နဲ့ တူပါတယ်၊ (မှန်ပါ)။ သဘောကျလား၊ (ကျပါ့တယ်)။

အရိပ်နဲ့ တူတဲ့အတွက်၊ ဒီဝေဒနာလေးကို ပျက်တဲ့အခါ ကျလို့ရှိရင် ဝေဒနာဟာ ပျက်သင့် ရဲ့လား၊ မပျက်သင့် ဘူးလား ဆိုတာ ချိန်ကြစမ်းပါလို့ မေးလိုက်တယ်၊ (မှန်ပါ)။ မပျက်သင့် ဘူးလား၊ (ပျက်သင့်ပါတယ်)။ ပျက်စရာ အကြောင်းတွေအ ပေါ်မှာ မှီနေတဲ့တရား၊ (မှန်ပါ)။ ပျက်စရာ အကြောင်း ပေါ် မှာ မှီနေတဲ့ ဝေဒနာသည် အရင်ဆုံး ပျက်ရမယ့်သဘော၊ (မှန်ပါ)။သဘောကျလား၊ (ကျပါတယ်)။

ကဲ-ဒါဖြင့် အင်း-သောတကလဲ အနိစ္စ, သဒ္ဒါရုံကလဲ၊ (အနိစ္စပါ)။ အင်း-သောတ ဝိညာဏ် ကကော၊ (အနိစ္စပါ)။ အင်း- သူ့မှီပြီး ဖြစ်တဲ့ ဝေဒနာကောင်း၊ မကောင်း၊ ဝေဖန်တဲ့ ဝေဒနာက ဘာဆိုကြ၊ ( အနိစ္စပါ)။ ဒါဖြင့်ကွယ်တဲ့ ဒီအနိစ္စကို မင်းတို့ သဘောကျဖို့၊ ကောင်းပါတယ် ဆိုတော့ ဘိက္ခုနီမတွေ သိပ်ကျေနပ်တယ်၊ (မှန်ပါ)။

ဝေဒနာသည် အနိစ္စ

သြော်, ဥပမာ- ဥပမေယျနဲ့ တယ်ကောင်းပါလား ဟုတ် သားဘဲ, အဲ့ဒီ ဝေဒနာဟာ အနိစ္စ မရောက်ပါနဲ့ ဆိုလို့ ဘယ်ရမတုံး သစ်ပင်မှာ အမြစ်ကလဲ အနိစ္စ, ပင်လုံးကလဲအနိစ္စ, အကိုင်း အခက်ကလဲ အနိစ္စ, အရိပ်ကျမှ နိစ္စဖြစ်ချင်လို့တော့ ဖြစ်နိုင်စရာ မြင်သေးရဲလား၊ (မမြင်ပါဘုရား)။ ဒါဖြင့် ဝေဒနာ ဟူသရွေ့ ဘယ်လို ဆုံးဖြတ်ချက်ချမလဲ၊ ( အနိစ္စပါ)။ သဘောကျလား၊ (ကျပါတယ်)။ သူက ဝေဒနာချည်း ဟောတယ်, ဒီကိုယ် တော်က၊ (မှန်ပါ)။ သဘောကျလား၊ (ကျပါတယ်)။

အဲ – ဝေဒနာကို အနိစ္စဟောလိုက်တော့ ဒကာ ဒကာမ တို့ ဘိက္ခုနီမတွေက တစ်ခါတည်း တရားနာရင်း တရားနာရင်းနဲ့ အရှင်ဘုရား ခန္ဓာကို တရားနာရင်း တရားနာရင်းနဲ့ သူတို့ ခန္ဓာ လှည့်လှည့်ပြီး ဝေဒနာချည်းရှု, သဘောကျလား၊ (ကျပါတယ်)။

ပဋိစ္စသမုပ္ပါဒ်နည်း

ဝေဒနာချည်း ရှုလိုက်တဲ့ အခါကျတော့ ဒီဝေဒနာဟာ ဝေဒနာ ရှုလိုက်တော့၊ ဝေဒနာလေးက ပျက်တာ လေးတွေကို သူ တို့ မမြင်ပေဘူးလား၊ ( မြင်ပါတယ်)။ ပျက်တာ လေးတွေကို ပဋိစ္စသမုပ္ပါဒ် နည်းနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ဝေဒနာနိရောဓော သူတို့မြင်တယ်၊ (မှန်ပါ)။

ဘိက္ခုနီမလေးတွေ ဘာမြင်တုံး၊ (ဝေဒနာနိရောဓော မြင်ပါတယ်)။ ဝေဒနာ၏ ချုပ်တာလေးတွေ ပျက်တာလေး တွေမြင်တော့ ဝေဒနာ နိရောဓောကို ဒီသူတို့ မြင်တဲ့ အဲ – ရှုတဲ့ နေရာမဂ်က မမြင် ဘူးလား၊ (မြင်ပါတယ်)။

အင်း- ဒီမဂ်သည် ဘာမြင်ပါလိမ့်မတုံးလို့ , ဒကာ ဒကာမတွေ မေးလို့ရှိရင်၊ ဝေဒနာ ချုပ်တာ မြင်တယ်၊ , (မှန်ပါ) သဘောကျလား၊ ( ကျပါတယ်)။ ဘာချုပ်တာမြင် (ဝေဒနာချုပ်တာ မြင်ပါတယ်)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်နဲ့ ကိုက်တတ်ပြီ၊ (မှန်ပါ)။ သ ဘောကျလား၊ (ကျပါတယ်)။ ဝေဒနာ နိရောဓာ၊ (တဏှာ နိရောဓောပါ)။ ဟော- တဏှာနိရောဓော ဆို မဂ်ပေါ်လာ တယ်၊ (မှန်ပါ)။ တဏှာ နိရောဓော ဆိုတာ ဘာပါလိမ့်။ (မဂ်ပေါ် လာတာပါ) မဂ်ပေါ်လာတာ ဒီသူ့ရှေ့နားက အမြင်ခံရတာ ဘာတဲ့ (ဝေဒနာပါ)။ အသေအချာ ပြောပါ၊ (ဝေဒနာ နိရောဓောပါ) ဝေဒနာ နိရောဓောကို သူမြင်တယ်။ (မှန်ပါ)။ ဝေဒနာ မြင်တာလား, ဝေဒနာ နိရောဓော မြင်တာလား၊ ( ဝေဒနာ နိရောဓော မြင်တာပါ)။

ပျက်တာမြင်ပါတယ် ဆိုတည်းက ဝေဒနာမြင်တာ ဟုတ်သေးရဲလား၊ (မဟုတ်ပါဘူး)။ ဘာမြင်တုံး၊ (ဝေဒနာ နိရောဓော)။ဝေဒနာ နိရောဓော ဝေဒနာ ချုပ်တာကို သူမြင်တယ်၊ (မှန်ပါ)။

အဲ့ဒါဖြင့် မြင်တဲ့တရားလေးက, ဒကာ ဒကာမတွေက ဝေဖန်လိုက်တာပေါ့၊ ဪ ဒါက ဝေဒနာ နိရောဓော သဘော ကျလား၊ (ကျပါတယ်)။ အင်း ဒီဘက်က ဘာပါလိမ့်၊ (တဏှာနိရောဓော)။ တဏှာ နိရောဓော ဒီက ဝေဒနာ နိရောဓော ဒီက ဘာတုံး (တဏှာနိရောဓော)

အင်း တဏှာ နိရောဓောဆိုတော့ ဒကာ ဒကာမတွေက ဖြုန်းခနဲ နားနဲ့ ထောင် လိုက်တော့ တဏှာ ချုပ်သွား တယ်လို့ ခင်ဗျားတို့ ထင်တယ်၊ (မှန်ပါ)။ မထင်ပါနဲ့တဲ့ ဒကာ ဒကာမတို့ မဂ်ပေါ်တာလို့ မှတ်လိုက်ပါ (မှန်ပါ) တဏှာ ချုပ်တာလား မဂ်ပေါ်တာလား၊ (မဂ်ပေါ်တာပါ)။ အဲ မဂ်ပေါ်တယ်၊ မဂ်ပေါ် တယ် ဆိုထဲက တဏှာက လာလို့ မရဘူး၊ (မှန်ပါ)။ သဘောကျလား၊ (ကျပါ တယ်)။

ဝေဒနာချုပ်တာမြင်မှ မဂ်ပေါ်မယ်

အဲ့ဒီတော့ ဒကာ ဒကာမတွေက သြော် ဝေဒနာချုပ်မှ တဏှာ ချုပ်မှာဘဲသာ သိတယ်၊ မဂ်ပေါ်အောင် ကိုယ်က မလုပ်လို့ ရှိရင် ဘယ်တော့ ချုပ်မှာလဲ၊ (မချုပ်ပါဘူး)။ သဘောပါလား (ပါပါတယ်)။ ဒီတစ်လုံး သိပ်အရေးကြီး တယ်နော်၊ (မှန်ပါ)။

ဝေဒနာနိရောဓာကို တဏှာနိရောဓောက, ဝေဒနာ နိရောဓာက၊ ဝေဒနာချုပ်တာ၊ (မှန်ပါ)။ ဝေဒနာလေး ဖျတ် ဖျတ်နဲ့ ပျက်စီးတာ၊ (မှန်ပါ)။ တဏှာ နိရောဓော ဆိုတာက၊ ဒကာ ဒကာမတွေ သန္တာန်မှာက ချုပ်တာတွေ မြင်နေတဲ့မဂ္ဂင်ကို တဏှာနိရောဓော တရားလို့ မှတ်လိုက်၊ (မှန်ပါ)။ သဘောကျလား၊ (ကျပါတယ်)။

ချုပ်တာမြင်တဲ့မဂ္ဂင် ဘာခေါ်ကြမလဲ၊ (တဏှာ နိရောဓောပါ)။ တဏှာနိရောဓော ဆိုတော့ တဏှာချုပ်တာလား၊ မဂ်ပေါ်တာလား၊ (မဂ်ပေါ်တာပါ)။ သဘောကျလား၊ (ကျပါတယ်)။

ကဲ-ကောင်းပြီ ဒါခင်ဗျားတို့ ရှေးမျက်လုံးနဲ့ ရှေးထုံးအတိုင်း မှတ်ကြမယ်ဆိုလို့ ရှိရင်ဖြင့် “ ဝေဒနာနိရောဓာ တဏှာ နိရောဓော” ဆိုပြီး, တဏှာနိရောဓော ဝေဒနာချုပ်ရင် တဏှာ ချုပ်တာပါဘဲ ဆိုတော့ ခင်ဗျားတို့ ချုပ်တာသာ သိတယ်, ကိုယ့်အလုပ် ပါသေးရဲလား၊ (မပါပါဘူး)။

အခုဟာက “ ဝေဒနာနိရောဓာ, တဏှာနိရောဓော” ဖြစ်ချင်လို့ ရှိရင် ဒကာ ဒကာမတို့ ဝေဒနာ ချုပ်တာကို မြင်အောင် ကြည့်တာက တဏှာနိရောဓော- သဘောကျလား၊ (ကျပါ တယ်)။ ဝေဒနာ ချုပ်တာက၊ (ဝေဒနာနိရောဓာပါ)။ အင်း တဏှာချုပ်တာက၊ (တဏှာနိရောဓောပါ)။

အသေအချာ မှတ်ပါ၊ သဘောကျလား၊(ကျပါ တယ်)။ ဝေဒနာချုပ်တာက၊ (တဏှာနိရောဓ ဝေဒနာ နိရောဓပါ)။ ဝေဒနာ ချုပ်ပါတယ်ဆိုမှ၊ တဏှာနဲ့ ခင်ဗျားတို့ကရွတ် နေ၊ မိုးကြိုး ပစ်မှာပေါ့ (မှန်ပါ)။ သဘောကျလား၊ (ကျ ပါတယ်)။

ဒါလေး- ဝေဒနာချုပ်တာက၊ (ဝေဒနာနိရောဓာပါ)။ ဝေဒနာ နိရောဓာ သဘောကျလား၊ (ကျပါတယ်)

အင်း-နောက် ရွတ်ကြည့် ပါဦးပါဠိ၊ (တဏှာ နိရောဓော)။ တဏှာနိရောဓော ဆိုတော့ တဏှာ ချုပ်တာလား၊ ခင်ဗျားတို့ ရှုတဲ့ မဂ်ပေါ်တာလား။ (ရှုတဲ့ မဂ်ပေါ် တာပါ)။

ရှေးအယူဝါဒနဲ့လွဲနေတယ်

အဲ့ဒါ ခင်ဗျားတို့ ရှေးအယူဝါဒနဲ့ ကောင်းကောင်း လွဲနေ တယ်၊ (မှန်ပါ)။ သဘောကျလား၊ (ကျပါတယ်)။ ကဲ ဒီဘက်က ရှေ့ပိုင်းက ချုပ်တာလေး ဘယ့်နှယ်ဆိုကြမလဲ၊ (ဝေဒနာနိရောဓာပါ)။ ကဲ-နောက်ပိုင်းက မဂ်ပေါ်တာ ဘယ့်နှယ်ဆို ကြမလဲ၊ (တဏှာနိရောဓော)။ သဘောပါလား၊ (ပါ ပါတယ်)။

သြော် တဏှာနိရောဓော တို့ ဘုရားရှိခိုးတဲ့ အထဲရွတ်ပြီး သကာလ, နေလိုက်ကြတာ ဘာမှ မပေါ်ဘဲနဲ့ ရွတ်နေတယ်၊ (မှန်ပါ)။ ဘာမှ မပေါ်ဘဲနဲ့ ရမ်းရွတ်တာဘဲ – ဒီဥစ္စာ၊ (မှန်ပါ)။ သဘော ကျလား၊ (ကျပါတယ်)။

ကိုယ့်သန္တာန် -ခင်ဗျားတို့ သန္တာန် မဂ်ပေါ်မှ သာလျှင် တဏှာနိရောဓော ဖြစ်တော့မယ်ပေါ့၊ (မှန်ပါ)။ မဂ်မပေါ်ခဲ့သော်၊ (တဏှာနိရောဓော မဖြစ်နိုင်ပါ ဘုရား)။ မဖြစ်နိုင်ဘူး ဆိုတော့ ဟိုက အဲ့ဒီတော့ စာပြဘဲ ဖြစ်မှာဘဲ၊ (မှန်ပါ)။ အလုပ်သဘောနဲ့တော့၊ (မဖြစ်ပါဘူး)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက- ခုနကဟော ဒီဝေဒနာက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၏ ဒကာ ဒကာမတို့ ချုပ်ပျောက် မှုကလေး ဆိုတော့၊ (မှန်ပါ)။ သဘောကျလား၊ (ကျပါ တယ်)။

ဝေဒနာက္ခန္ဓာ၏ ချုပ်ပျောက်မှု ကလေး တစ်လုံးကို ခင်ဗျားတို့က နားထောင်ပါ၊ (မှန်ပါ)။ ဪ ဒါဖြင့် ရှစ်လုံးလောက် ရှိပါလား၊ ဝေဒနာက္ခန္ဒာ၏ ချုပ်ပျောက်မှုကလေး ဒို့ကြည့် ရမယ်၊ (မှန်ပါ)။ ဆိုတော့ ရှစ်လုံး လောက် မနေဘူးလား၊ (နေပါတယ်)။

အဲ့ဒီ ရှစ်လုံးလောက်ကို ဒါလေး ချုပ်ပျောက်မှု ကလေးကို ဒို့ကြည့်ရလိမ့်မယ် ဆိုပြီး ခင်ဗျားတို့ ကြည့်ပေး၊ (မှန်ပါ)။ ထို ကဲ့သို့ ကြည့်ပေးလို့ ရှိရင် ဟောဒီတ စ်လုံးတည်းနဲ့ ဝိပဿနာ ဓမ္မရေဉာဏ် ဆုံးတယ် ကွတဲ့၊ ဘုရားက (မှန်ပါ)၊ သဘောကျလား (ကျပါတယ်ဘုရား)။ တရားဆုံးတယ်ကွတဲ့ အားလုံးကော သဘောပါကြလား၊ (ပါပါတယ်)။

ကဲ- ပြန်ရွတ်ပါ ခင်ဗျားတို့ ဟောဒီ ကိုယ့်သန္တာန်မှာ အင်း နားထဲကနေ ကြားကောင်း တာလေး ဆို ဘာဝေဒနာပေါ်လဲ (သုခဝေဒနာ ပေါ်ပါတယ်)။ အင်း ကြားကောင်းတာလေးဆို သုခဝေဒနာ ပေါ်ပြီ (မှန်ပါ)။ အဲ့ဒါလေးက ဖျတ်ခနဲဆို ဝိပရိဏာမ သဘော မပြောဘူးလားသူ၊ (ပြောပါတယ်)။ ချုပ်သွား တယ်၊ (မှန်ပါ)။

ကိုယ့်ဉာဏ်အောက်ချုပ်သွားမှအမှန်ယူ

ချုပ်သွားတော့ သူ့ဘယ်လိုဆိုကြမယ် (ဝေဒနာနိရောဓော)။ အင်း သူချုပ်သွားတော့ သူ့ဟာသူ ချုပ်သွားတာကို ဝေဒနာနိရောဓောလို့ မဆိုနဲ့၊ (မှန်ပါ)။ ကိုယ့်ဉာဏ်အောက် ချုပ်သွားမှ ဝေဒနာ နိရောဓာ (မှန်ပါ)။ ဟုတ်လား၊ (မှန်ပါ)။ အဲ့ဒီတော့ ကိုယ့်ဉာဏ် အောက် ချုပ်သွားမှ သာလျှင် ကိုယ့်ဉာဏ်က ပေါ်လာလို့ တဏှာနိရောဓော ဖြစ်မှာ၊ (မှန်ပါ)။ သဘောကျလား၊ (ကျပါတယ်)။

သူ့ဟာသူ ချုပ်ပြီး သကာလ အစဉ်အတိုင်း ချုပ်နေတာက တော့ဖြင့် “ ဒုက္ခက္ခန္ဓဿ” ဒုက္ခအစုကြီး ဖြစ်နေတာ လို့သာ မှတ်ပါ (မှန်ပါ)။ သဘောကျလား၊ (ကျပါတယ်)။ အခုဉာဏ် အောက်မှာ ရှုလိုက်လို့ ချုပ်သွားတာ ကျတော့၊ ဝေဒနာ နိရောဓာ၊ (တဏှာ နိရောဓော)။ တဏှာ နိရောဓော၊ သဘောကျလား၊ (ကျပါတယ်)။

သူ့ဟာသူ ဝေဒနာချုပ်ပြီး, အင်း ဝေဒနာချုပ်ပြီး, တဏှာ ဖြစ် တယ်, တဏှာ ချုပ်ပြီး ဥပါဒါန် ဖြစ်တာက ခင်ဗျားတို့ သေသေချာချာ မှတ်ပါ၊ သံသရာ လည်တာလို့မှတ်ပါ၊ (မှန်ပါ)။ သဘောကျလား၊ (ကျပါတယ်)။ ဝေဒနာချုပ်ပြီး တဏှာ ပေါ်တာဘယ့်နှယ်ဆိုကြ၊ (သံသရာလည်တာပါ)။ တဏှာ ချုပ်ပြီး ဥပါဒါန် ပေါ်တာကတော့ (သံသရာ လည်တာပါ) သံသရာ လည်တာတွေ ဒါတွေက။ (မှန်ပါ)။ ဥပါဒါန် ချုပ်ပြီး ကံပေါ် တာတွေ၊ (သံသရာ လည်တာပါ)။

နို့ သံသရာပြတ်မှ မဟုတ် ပဲ ခင်ဗျားတို့ (မှန်ပါ) ဒါဖြင့် ခင်ဗျားတို့က ဒီဉာဏ်ကလေးနဲ့ ဝေဒနာလေး ချုပ်တာကို မြင်အောင် ကြည့်မှ သာလျှင် ပါဠိရွတ်ပါ (ဝေဒနာနိရောဓာ) ဆို၊ (တဏှာ နိရောဓော) ဒါဖြင့် ဝေဒနာ နိရောဓာ တဏှာနိရောဓော ဆိုတဲ့ နောက်ပါဠိတော်ဟာ အလုပ် သမား အတွက်ပဲ (မှန်ပါ)။ သဘောကျလား၊ (ကျပါ တယ်)။

နောက်ပါဠိတော်ဟာ၊( အလုပ်သမားအတွက်ပါ)။ အရင်ပါဠိတော်က- သံသရာခရီးက ဒီလို လည်နေတယ်လို့ သံသရာ သံသရာ့ ခရီးသည်ကို ဟောတာ၊ (မှန်ပါ)။ ဝေဒနာ ပစ္စယာ၊ (တဏှာ)၊ တဏှာပစ္စယာ (ဥပါဒါန်) အင်းသူလဲ ချုပ်တော့ ဝေဒနာ ချုပ်ပြီးမှ တဏှာပေါ်တာဘဲ (မှန်ပါ)။

အလုပ်လုပ်တဲ့ပုဂ္ဂိုလ်ကို ဟောနည်း

တဏှာချုပ်ပြီးမှ၊ (ဥပါဒါန်ပေါ်ပါတယ်)။ ဥပါဒါန် ချုပ်ပြီးမှ၊ (ကံပေါ်တယ်)၊ ကံပေါ်တော့ အဲ့ဒါ သံသရာ ခရီးသည်ဟာ ဒီလို လည်ရတယ်ကွ (မှန်ပါ) ဒါ အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်ဟောတာ (မှန်ပါ)

အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ကို ဟောနည်းက ဒီဝေဒနာကလေးကို ဒကာ ဒကာမတွေက ပေါ်တိုင်း ပေါ်တိုင်းသာ အပျက် ကလေးတွေ အင်း မရှိဘူး မရှိဘူး မရှိဘူးလို့သာ သိအောင် လုပ်နေတဲ့ ပုဂ္ဂိုလ်ကျတော့ ဒါလေး ဘယ့်နှယ် ရွတ်ကြမယ်၊ မရှိတာလေး ဘယ့်နှယ်ရွတ်ကြမယ်၊ (ဝေဒနာ နိရောဓာ) သိတာကလေး ဘယ့်နှယ်ရွတ်မယ်၊ (တဏှာ နိရောဓော) ကောင်းကောင်း သဘော ပါပြီလား (ပါပါတယ်)။

အဲ့ဒီလို ဝေဒနာ နိရောဓာ၊ တဏှာ နိရောဓော ဆိုတဲ့ ဥစ္စာ ခင်ဗျားတို့ စာဆို မမှတ်ပါနဲ့ ရှုတဲ့ ပုဂ္ဂိုလ်ကို ဆိုတာပါ၊ (မှန်ပါ) နဲ့ သဘောကျလား (ကျပါတယ်) စာဆိုလား , ရှုတဲ့ ပုဂ္ဂိုလ်များ၊ (ရှုတဲ့ပုဂ္ဂိုလ်ပါ)။

အဲ-ရှုတဲ့အခါကျတော့ တဏှာ နိရောဓာ ဖြစ်သွားတော့ မောင်နိုင်က စဉ်းစား၊ ကိုမြင့်က စဉ်းစား၊ သြော် တဏှာနိရောဓာ ဖြစ်ပြီးလို့ ရှိရင် ဒီအခိုက်အတန့် ဥပါဒါန နိရောဓောကော (ဖြစ်ပါတယ်) ကမ္မဘဝနိရောဓော (ဖြစ်ပါတယ်) ဇာတိ နိရောဓော၊ (ဖြစ်ပါတယ်)။ ဇရာမရဏ နိရောဓော၊ (ဖြစ်ပါတယ်)။

ဝိပဿနာဉာဏ်မှာဆုံးတဲ့ပုဂ္ဂိုလ်

တစ်ခါတည်း မဂ်ဆိုက်သွားပြီ (မှန်ပါ့) အင်မတန် သဘော ပါပါတယ် ဒကာ ဒကာမတို့ ဒါ ကျေနပ်ပြီလား (ကျေနပ်ပါတယ်)။

သြော်-ဒါဖြင့် သူ့ကို ဘုရားက ဒီရှစ်လုံး ဒါလေးဟာ ဒါစကား ပြောရင် ရှစ်လုံး သုံးရမှာ ပေါ့လေ၊ (မှန်ပါ) ဒါလေး ကို ဒီလိုရှုနေတဲ့ ပုဂ္ဂိုလ် ကျတော့ကိုးတဲ့ ဗဟုသုတဓမ္မဓရ၊ ဝိပဿ နာဉာဏ်မှာ ဆုံးတဲ့ ပုဂ္ဂိုလ်လို့ ငါဘုရား ဟောလိုက်တယ်တဲ့ (မှန်ပါ) သဘောကျလား (ကျပါတယ်)။

မဂ်ဆိုက်တဲ့ပုဂ္ဂိုလ်

ဒါဖြင့် ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်ဟာ ဝိပဿနာ ဉာဏ်အဆုံး၊ (မှန်ပါ)၊ ဖြစ်ပျက်နေပြီး ၎င်း ဖြစ်ပျက်ဟာ ဉာဏ်ရင့်လာလို့ သြော် ဒီဒုက္ခထက်ကြီးတာ မရှိဘူး၊ ဤဒုက္ခဟာ ဤမျှဘဲ ဒီထက် ကြီးတဲ့ ဒုက္ခမရှိဘူး ဒီလိုများ ဆုံးဖြတ်ချက် ချလို့ရှိရင်ဖြင့် သုတဝါ နိဗ္ဗေဓိကပုဂ္ဂိုလ်၊ (မှန်ပါ) အကြား အမြင် များပြီး မဂ်ဆိုက်တဲ့ ပုဂ္ဂိုလ် (မှန်ပါ) ဒီကျအောင် တက်လိုက်ပါ၊ (မှန်ပါ)။ သဘော ကျလား (ကျပါ တယ်)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ဒါလေး ဖြစ်နေတာ မမြင် ဘဲနဲ့ ပျောက်သွားပြီ ဝေဒနာလေး ပျောက်သွားပြီ ဘယ်ဝေဒနာမဆို ပျောက်သွားပြီ မရှိဘူး မရှိဘူး သိတာ ဘာခေါ်မလဲ (တဏှာ နိရောဓော) အင်း သိတာလေး သိတဲ့စိတ် ဘာခေါ်ကြ မလဲ (တဏှာ နိရောဓော) သြော် သိတဲ့စိတ်ဟာ တဏှာ ချုပ်စေတဲ့ စိတ်ပါလား (မှန်ပါ) သိတဲ့စိတ် ဘယ့်နှယ် ဆိုကြမယ် (တဏှာ ချုပ်စေတဲ့ စိတ်ပါဘုရား)။

တဏှာ ချုပ်စေတဲ့ စိတ်ဆိုတော့ သြော် တဏှာကလဲ “ကိလေသေ မာရေန္တော” ဆိုတဲ့ အတိုင်း ကိလေသာ တည်းဟူသော တဏှာကို မာရေန္တော- သတ်တာမဂ်ပဲ (မှန်ပါ) မဆိုနိုင်သေးဘူးလား (ဆိုနိုင်ပါတယ်) ကိလေသာ သတ်တာ ဘာဆိုကြ (မဂ်ပါ)။

ဒါဖြင့် ဒီဥစ္စာ ဒကာ ဒကာမတို့၊ ဒီမဂ်အရင်းက သွားလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ သိတဲ့အတိုင်း ဒုက္ခသစ္စာကို ပိုင်းခြား မည့်မဂ်၊ (မှန်ပါ)။ အခုတော့ဖြင့် ဝေဒနာနိရောဓာ တဏှာ နိရောဓော မဂ် (မှန်ပါ)။

သြော် သစ္စာကျအောင် သူသည် ပိုင်းခြားလာတဲ့ အခါကျတော့ကိုး ဒကာ ဒကာမတို့ ဝိပဿနာမဂ် မဟုတ်တော့ဘူး၊ လောကုတ္တရာ မဂ်ဖြစ်သွားပြီ (မှန်ပါ)၊ ဝေဒနာ နိရောဓာ၊ (တဏှာ နိရောဓော)။ ဝိပဿနာမဂ်၊ (မှန်ပါ) ရှင်းပြီလား (ရှင်းပါတယ်)။

ကောင်းပြီ ဒါဖြင့် ဝိပဿနာမဂ် ဖြစ်သွားတော့ကို ဒီ ဝိပဿနာ မဂ်ဟာ ဘယ်ကျအောင် တပည့်တော် သွားရမှာတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်)။ အို ဒီဥစ္စာ ဘယ်ကျအောင် သွားမနေနဲ့ မင်း- ဟောဒီ အတိုင်းသာ ရှုနေ ဝေဒနာ နိရောဓာ တဏှာ နိရောဓော ဖြစ်အောင် သာ လုပ်နေ သဘောကျလား (ကျပါတယ်)။

အင်း-မင်းဟာ မင်းသာ နေ့တိုင်းလုပ်နေ၊ ခဏခဏ လုပ်နေ ထိုကဲ့သို့ လုပ်နေခဲ့သည် ရှိသော် ဒီဥစ္စာသည် တစ်ခါဒီဖြစ် တာကတော့ ဝေဒနာနိရောဓာ တဏှာနိရောဓော မှတစ်ပါး ပိုမဖြစ်ဘူး (မှန်ပါ)။

ဉာဏ်ကတော့ ပြောင်းရင်ပြောင်းမယ်

ဉာဏ်ကတော့ ပြောင်းရင် ပြောင်းသွား လိမ့်မယ်၊ အပျက် ကလေးမြင်တယ်၊ အဖြစ် မြင်တယ်၊ မုန်းလာတယ်၊ ပြောင်းချင် ပြောင်းပေါ့။ (မှန်ပါ)။ ပါဠိတော်က မပြောင်းနဲ့ (မှန်ပါ) ပါဠိတော်က ဝေဒနာ၊ (နိရောဓာ)။ ပြီးတော့ကော (တဏှာ နိရောဓော) ပါဠိတော်က ဒါဘဲ ရှိတယ်၊ (မှန်ပါ)။ သဘော ကျလား (ကျပါတယ်)။

ပဋိစ္စသမုပ္ပါဒ်က ဒါဘဲရှိတယ်

အဲ့ဒီလို သိထားတော့မှ သြော် ကိုယ်က ဘယ်လိုဘဲ ပြောင်းပြောင်း ပဋိစ္စသမုပ္ပါဒ်က ဒါဘဲ ရှိတယ် ဆိုတော့ ဝိပဿနာ ဉာဏ်အဆုံးလို့ ဘုရား ဟောလိုက်တဲ့ ဥစ္စာ “ဝေဒနာ နိရောဓာ တဏှာ နိရောဓော” ဆိုတော့ ဝိပဿနာ ဉာဏ်ဖြင့် ဆုံးပေါ့ကွ၊ (မှန်ပါ) ဒါကြောင့် သူ့ကို ဗဟုသုတ ဓမ္မဓရ ပုဂ္ဂိုလ် လို့ ဆိုလိုက် ပါတယ် (မှန်ပါ) သဘောကျလား၊ (ကျပါတယ်)။

နောက်ကျတော့ ဒကာ ဒကာမတွေက တက်, သုတဝါ နိဗ္ဗေဓိကပုဂ္ဂလော၊ သုတဝါ- အကြားအမြင် ရှိ၍၊ နိဗ္ဗေဓိကပုဂ္ဂလော- ထိုအဝိဇ္ဇာတည်းကို ထိုးထွင်း နိုင်တယ် ဆိုတော့ ဒီဥစ္စာ အရင်တုန်း ကတော့ အပျက်တွေ မြင်တုန်းက ဒုက္ခသစ္စာကို မမြင် သေးဘူး (မှန်ပါ) သဘောကျလား (ကျပါတယ်)။

မဂ်စစ်မဖြစ်သေးဘူး

အင်း-ဒုက္ခသစ္စာ တကယ်တော့ မပိုင်းခြား နိုင်သေးဘူး ပေါ့လေ (မှန်ပါ) သူကတော့ ဒုက္ခသစ္စာ တော့ ဟုတ်ကဲ့ ကိုယ့်ဉာဏ်က မပိုင်းခြား နိုင်သေးဘူး ပေါ့လေ၊ (မှန်ပါ) အဲ့ဒါကြောင့် ဥဒယ, ဘင်္ဂ, ဘယ, အာဒိနဝ, နိဗ္ဗိန္ဒိကဆိုတာ သစ္စာနဲ့ အဝေးကြီး ကျန်သေးတယ်၊ (မှန်ပါ) ဒါကြောင့် မဂ်စစ် မဖြစ်ဘူး၊ ဝိပဿနာ မဂ်ပဲ ဖြစ်နေတယ် (မှန်ပါ) သဘောကျလား (ကျပါတယ်)။

ကဲ-နောက်ဆုံးပိတ် တစ်နေ့ ကျလာတော့ ဒီဥစ္စာ ရင့်လာ ပြီ ဆိုတော့ ဒကာ ဒကာမတို့ ဤဒုက္ခ, ဒုက္ခ ဒီမျှလောက်ပဲ ဒီထက် ကြီးတဲ့ ဒုက္ခ မရှိဘူး၊ ခဏခဏ ခန္ဓာကိုယ်က ဝေဒနာက္ခန္ဓာ တစ်ကိုယ်လုံးဟာ ဒုက္ခချည်းဘဲလို့ ဒီလို ဆိုတော့ ဒီကြားထဲမှာ အဝိဇ္ဇာ ဒီထုကြီးဟာ ခုနက သုတဝါ နိဗ္ဗေဓိက ပုဂ္ဂလော ဆိုပြီးတော့ မဂ္ဂင်ရှစ်ပါး ဖြစ်အောင် တက်နိုင်တဲ့ ပုဂ္ဂိုလ်ကျတော့ အဝိဇ္ဇာ ထုကြီးကို ဖောက်ချလိုက်တယ်၊ (မှန်ပါ)။

ဖေါက်ချလိုက် တော့ ဒုက္ခအစစ်တွေ မပေါ်ပေဘူးလား (ပေါ်ပါတယ်) အဲ့ဒီ လို ပေါ်တဲ့ အခါကျတော့ “သုတဝါ နိဗ္ဗေဓိက ပညော” ဆိုတာ အဲ့ဒါ မဂ်ပုဂ္ဂိုလ် ငါဟောတာကွတဲ့ (မှန်ပါ) သဘော ကျလား (ကျပါတယ်)။

ဗဟုသုတမ္မဓရပုဂ္ဂိုလ်

အင်းတဲ့-ဗဟုသုတ ဓမ္မဓရ ပုဂ္ဂိုလ် ဆိုတာ ဝိပဿနာ ဉာဏ် အဆုံးလိုက်တဲ့ ပုဂ္ဂိုလ်ဆိုတာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါတယ်) ဗဟုသုတ ဓမ္မဓရ ဆိုတာ ဘာဆိုတာပါလိမ့် (ဝိပဿနာ ဉာဏ်အဆုံး ကို ဆိုတာပါ)။ ဝိပဿနာဉာဏ် အဆုံးကို ဆိုတယ် (မှန်ပါ)။

သုဝါနိဗ္ဗေဓိကပုဂ္ဂိုလ်

သုတဝါ နိဗ္ဗေဓိက ပုဂ္ဂိုလ်ဆိုတာက ဘယ်လိုဟာတုံး (မဂ်ပုဂ္ဂိုလ်)။ မဂ်ဆိုက်တဲ့ မဂ္ဂင်ရှစ်ပါး ပြည့်တဲ့ ပုဂ္ဂိုလ်ကို ငါဟောပါတယ် ဆိုတာကော သဘောကျလား (ကျပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဖြစ်ပျက်ကို မြင်အောင်ချည်း ရှုနေ သူ့ဟာသူ ဉာဏ်တက် သွားလိမ့်မယ် (မှန်ပါ) ခင်ဗျား တို့က ဘာမှ တက်ဖို့ မလိုဘူး (မှန်ပါ) ဆရာက တက်ပေးလို့ လဲ မရဘူး (မှန်ပါ) ခင်ဗျားတို့ကလဲ မတက်နဲ့ (မှန်ပါ) သူ့ဟာသူ ဉာဏ်ရှိန် အတိုင်း အမြင်ထူး လာလိမ့်မယ် (မှန်ပါ)။

ဘယ်ကျမှ အမြင်ဆုံးမှာတုံး

ဘယ်ကျမှ ငါ့အမြင်ဆုံးပါလိမ့်မတုံး ဆိုတော့ သစ္စာ ပိုင်းခြားနိုင်တဲ့ ဒါဟာဖြင့် ဒုက္ခသစ္စာ ရေမရောဘူးလို့ ဆုံးဖြတ်ချက်ချ တဲ့ ဉာဏ်ကျလို့ ရှိရင် ကိစ္စပြီးပြီ အောက်မေ့ပေတော့ (မှန်ပါ) သဘောကျလား (ကျပါတယ်)။

ဒီနေ့ အလုပ်သမား အတွက်ချည်းဘဲ ဟောတယ် ဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါတယ်)။

ကဲ ယနေ့ ဒီတွင် တော်ပါဦး။

သာဓု သာဓု သာဓု။