080

မဂ်ဉာဏ်ကူးကြပါစို့ (သမ္မာဒိဋ္ဌိ (၅) မျိုး)

အသံဖိုင်ခေါင်းစဉ်= သမ္မာဒိဋ္ဌိ (၅)မျိုး အမှတ်-၃

စာအုပ်ခေါင်းစဉ်= မဂ်ဉာဏ်ကူးကြပါစို့ (သမ္မာဒိဋ္ဌိ (၅) မျိုး)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်

မဂ်ဉာဏ်ကူးကြပါစို့

(သမ္မာဒိဋ္ဌိ (၅) မျိုး)

(၁-၃-၆၀)

သမ္မာဒိဋ္ဌိ ငါးမျိုး မကုန်သေးဘူးလို့ မှတ်ထားရမယ် ဒီသမ္မာဒိဋ္ဌိဟာ တစ်နေ့လာလည်း သမ္မာဒိဋ္ဌိ၊ တစ်နေ့လာလည်း သမ္မာဒိဋ္ဌိလို့ အောက်မေ့ပြီး မနေနဲ့၊ သမ္မာဒိဋ္ဌိက နိဗ္ဗာန်ရောက် တဲ့နေရာ သူမပါမပြီးဘူးလို့မှတ်၊ ခေါင်းဆောင်တရားလို့မှတ်ပါ။ သမ္မာဒိဋ္ဌိမပါဘဲ နိဗ္ဗာန်ရောက်တာမရှိဘူး။

ဘုရားလည်း သမ္မာဒိဋ္ဌိမပါဘဲနဲ့ မဖြစ်ပါဘူး၊ ဒါကြောင့် သမ္မာဒိဋ္ဌိက အရေးအကြီးဆုံးပဲ။

သမ္မာဒိဋ္ဌိ (၅)မျိုးရှိတယ်

ဒါကြောင့် သမ္မာဒိဋ္ဌိသည် ဒကာ ဒကာမတို့၊ ဘယ်နှစ်မျိုး ရှိပါလိမ့် (ငါးမျိုးပါ ဘုရား)၊ ငါးမျိုးရှိတယ်ဆိုတာမှတ်ထား ပါ။

(၁) ကမ္မဿကတသမ္မာဒိဋ္ဌိ

(၂) ဈာနသမ္မာဒိဋ္ဌိ

(၃) ဝိပဿနာသမ္မာဒိဋ္ဌိ

(၄) မဂ်သမ္မာဒိဋ္ဌိ ဒကာ ဒကာမတို့

(၅) ဖိုလ်သမ္မာဒိဋ္ဌိ ဘယ်နှစ်ခုရှိပါလိမ့် (ငါးခုရှိပါတယ် ဘုရား)။

သူ့အတန်းနဲ့ မြင်ရရာဘာ

ငါးမျိုး ရှိပြီးသကာလနေတော့၊ ဒါ-သမ္မာဒိဋ္ဌိချည်းပဲ။ သမ္မာက – မှန်တာ၊ ဒိဋ္ဌိက – မြင်တာ၊ အမှန်အကန်မြင်တဲ့ တရား၊ ငါးမျိုးရှိတယ်လို့မှတ်ထားရမယ် အမှန်အကန် မြင်တဲ့တရား (ငါးမျိုးရှိပါတယ် ဘုရား)။

အဲဒီတော့ အမှန်အကန်မြင်တာပဲ၊ ငါးမျိုးတောင် ပြောရ သလားဆိုတော့ အို-သူ့အတန်းသူ မြင်ရရှာတာနော်။

ကလေးအတန်းက ကလေးတို့၏ သဘာဝအတိုင်း ကလေးတို့၏ အမြင်ပဲရှိမှာပဲ၊ အလတ်စားဟာ အလတ်စား အမြင်၊ လူရွယ်တွေ လူရွယ်အမြင်၊ လူကြီးတွေ လူကြီးတွေ အမြင်၊ ဒီထက်ပိုပြီးသကာလ ရှေ့မီနောက်မီအမြင်က ရှေ့မီ နောက်မီအမြင်လို့ ဦးဘအုန်း အမျိုးမျိုးတော့ပြားမှာပဲ။

၁။ ကမ္မဿကတသမ္မာဒိဋ္ဌိ

မပြားထိုက်ဘူးလား (ပြားထိုက်ပါတယ် ဘုရား)၊ အဲဒီကမ္မဿကတက ဉာဏ်အမြင် ဆိုတာတော့ ကောင်းတာ လုပ် ကောင်းကျိုးပေး, မကောင်းတာလုပ် မကောင်းကျိုးပေး နိုင်တယ်၊ ဒီအမြင် ဉာဏ်ပါလို့ဆိုရတယ်၊ သို့သော် ဒီဉာဏ် အဆုံးဉာဏ်လို့ဆိုမလား၊ အစ, ဉာဏ်လေးမျှလို့ ဆိုမလား (အစဉာဏ်လေးပါ ဘုရား)။ အစ, ဉာဏ်လေးမျှပဲရှိသေးတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကော ဒီဉာဏ်နဲ့ မတင်းတိမ် လောက်သေးဘူးလို့ မှတ်လိုက်တာပေါ့။

၂။ ဈာနသမ္မာဒိဋ္ဌိ

ဒုတိယဉာဏ်ကလည်း သာသနာပမှာ အာနာပါနတွေ လုပ်၊ အမျိုးမျိုးသော ပထဝီကသိုဏ်း အစရှိသည်တို့ ဈာန်လမ်း တွေလုပ်၊ လုပ်ပြီးသကာလ ဒီဥစ္စာတွေသည် ဒီဈာန် အပ္ပနာ သမာဓိရခဲ့လို့ရှိရင် အပ္ပနာဇောတွေ စောနိုင်လို့ရှိရင် ၎င်းနဲ့သေ၊ ရူပ အရူပ ဗြဟ္မာပြည်ရောက်မယ်၊ ရူပ အရူပ ဗြဟ္မာပြည် ရောက်မယ်လို့ သူ ဒီလောက်တော့လည်း သိသားပဲ၊ ဒါလည်း သမ္မာဒိဋ္ဌိပဲ။

သို့သော် သူသည် ဝဋ်ထဲကိုသာသိတယ်၊ ဝဋ်အပြင် ဘက် မရောက်သောကြောင့် သူလည်း ခုနကဟာနှင့် စာရင် အထက်တန်းကျသလိုနဲ့ လမ်းမဆုံးသေးဘူးမှတ်ရမယ်၊ အထက်တန်း ကော မကျဘူးလား (ကျပါတယ် ဘုရား)၊ လမ်းဆုံးပါရဲ့လား (မဆုံးသေးပါ ဘုရား)။

၃။ ဝိပဿနာသမ္မာဒိဋ္ဌိ

ဒါကြောင့် ဒီသမ္မာဒိဋ္ဌိနှစ်ခုဟာလည်း ညံ့သေးဖျင်းသေး တယ်ဆိုတာ ဦးဝတို့ မှတ်ဖို့ပေါ့၊ ဒါဖြင့် ဘာအရေးကြီးလာ တုံးဆိုတော့ ၃-နံပါတ်ဖြစ်တဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိသည် ဒကာ ဒကာမတို့၊ ဒါအရေးကြီးတော့တယ်၊ ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာ က သာသနာတွင်းမှ ပေါ်နိုင်တယ်လို့ မှတ်ထားလိုက်တာပေါ့။

ကျန်တဲ့ ၁-တို့ ၂-တို့က သာသနာပလည်းရှိတယ်လို့ မှတ်ထားလိုက်တာပေါ့၊ ဒါဖြင့် သာသနာတွင်း သမ္မာဒိဋ္ဌိက ၃၊ သာသနာပ သမ္မာဒိဋ္ဌိက ၂-ပေါ့ဗျာ။

အဲဒီတော့ အခု ဒကာ ဒကာမတွေ သာသနာတွင်း လည်း ကြုံနေတာတစ်ကြောင်း၊ ဆရာသမားကောင်းလည်း ကြုံနေတာ တစ်ကြောင်း၊ ဒီအကြောင်းတွေကြောင့် အလုပ် လုပ်ပြပြီး သကာလ၊ ခန္ဓာဇာတ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကိုသွားကြလို့ ဆိုတော့ ၃-နံပါတ်စပြီးသကာလ အရေးတကြီး ခင်ဗျားတို့ အလုပ်စခန်း သင်ရမယ်။

အလုပ်လုပ်နည်းကိုသင်ရမယ်

အလုပ်လုပ်နည်းကို သင်ရမယ်၊ အလုပ်လုပ်နည်း သင် ခြင်းကြောင့် အကျိုးကျေးဇူးများပုံကို သိရမယ်၊ ဒီလိုမှ သာလျှင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သာသနာတွင်းအလုပ် ကိုလည်း လုပ်ဖြစ်ရာရောက်၊ ဘဝများစွာ သံသရာက ဆိုးရွား လာတာလည်း ဒီကနေ အချေးဆပ်ရင် ရတယ်ဆိုတာလည်း မှတ်ထားဖို့ပါပဲ။

ဘဝများစွာ သံသရာက ဘယ်လိုမိုက်မိုက်, ဘယ်လို တေတေ၊ ယခုဘဝ မသိမလိမ္မာလို့ ဘယ်လိုပဲမိုက်မိုက်, ဘယ်လိုပဲတေတေ၊ ကံကြီးငါးပါး မထိုက်လို့ရှိရင် ဘုန်းကြီးများ က ဟာ ဒကာ ဒကာမတို့ ဒုက္ခဇာတ်သိမ်းငြိမ်းတဲ့ဉာဏ် ရနိုင် သေးတယ်လို့ဆိုတာကိုပဲ အားပေးပါတယ်။

အားပေးတဲ့အတိုင်းပဲ ငြင်းနေစရာမလိုပါဘူး၊ ရနိုင်ပါ တယ်လို့ပဲ ဆုံးဖြတ်ချက်ပေးပါတယ်။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ၃-နံပါတ် ဉာဏ် အရေးကြီးတယ်လို့မှတ်ပါနော် (အရေးကြီးပါတယ် ဘုရား) ၃-နံပါတ် ဉာဏ်က ဘယ်ဟာ လှည့်ရမှာတုံးလို့ မေးလိုက်တယ် (မှန်ပါ့ ဘုရား)၊ ၃-နံပါတ်ဉာဏ်သည် ဘယ်ဟာလှည့်ရမှာတုံး မေးတော့ ခန္ဓာပေါ်မှာ လှည့်ရမယ် လို့မှတ်ရမယ်။

ခန္ဓာပေါ်ဉာဏ်လှည့်ရမယ်

၃-နံပါတ်ဉာဏ်သည် ဘယ်အပေါ်လှည့်ရမှာတုံး (ခန္ဓာပေါ်လှည့်ရပါမယ် ဘုရား)၊ ခန္ဓာပေါ် လှည့်ရမယ်ဆိုတော့ ရှေ့ပိုင်းမှာ ခန္ဓာသည် ဒကာ ဒကာမတို့၊ ငါးမျိုးရှိတယ်။

စက္ခုံစ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ ဪ ဝိညာဏက္ခန္ဓာလည်း ခန္ဓာပဲကိုး။

အဲဒီ သောတဉ္စ ပဋိစ္စ သဒ္ဒေစ ဥပ္ပဇ္ဇတိ သောတဝိညာဏံ ဆိုတော့ ဒါလည်း ခန္ဓာငါးပါးပဲ ပေါင်းလိုက်တော့ – ခန္ဓာငါးပါးချည်းပဲ။

မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏံ၊ ဆိုတော့ လည်း ခန္ဓာငါးပါးပဲ၊ ပေါင်းလိုက်လို့ရှိရင် ဒါဖြင့် ဒကာ ဒကာမတို့ ဒါ ပဋိစ္စသမုပ္ပါဒ်အစ, ခန္ဓာထဲ ပေါ်တဲ့ တရားအစ,ပဋိစ္စသမုပ္ပါဒ် အစလို့ ဆိုလိုက်တာပေါ့။

အဲဒီဝိညာဏဓာတ် ဝိညာဏ်ရှိတဲ့အနက် မျက်လုံး ဝိညာဏ်၊ ကိုယ်ပေါ်မှာ ယားယံကောင်းတဲ့စိတ်ကလေး၊ မနော ထဲ ကြံစည် တွေးတောတဲ့စိတ်ကလေး၊ အဲဒီ ခြောက်မျိုးဟာ ဝိညာဏ်ချည်းပဲလို့ မှတ်လိုက်စမ်းပါ။

ဒီခြောက်မျိုးသည်ကားဆိုလို့ရှိရင် ဒကာ ဒကာမတို့ကို အမြဲတမ်း သူတို့ ခြောက်ခုဟာ ၃-နံပါတ်ဖြစ်တဲ့ ဝိပဿနာ ဉာဏ်နဲ့ ရှုလိုက်တော့ အိမ်က ပါတဲ့ကြားစိတ်လည်းမဟုတ်ဘူး၊ ထိုင်စက ကြားစိတ်လည်းမဟုတ်ဘူး၊ အခုအသံနှင့် ပေါင်းမိမှ သူသိရမယ်၊ ဉာဏ်နဲ့ သေသေချာချာ ကြားစိတ်လေး ရှိ-မရှိ ကို ကြည့်လိုက်တဲ့အခါကျတော့မှ ဦးဘအုန်းတို့ မှတ်စရာ။

အသံနဲ့ ဘုန်းကြီးအသံက ဗုဒ္ဓံ လို့ ရွတ်လိုက်တော့ ဒကာ ဒကာမတွေက ဗုဒ္ဓါ-လို့ကြားတဲ့ ဝိညာဏက္ခန္ဓာတို့၊ ဝေဒနာက္ခန္ဓာတို့မပေါ်ဘူးလား၊ ပေါ်ကြလား (ပေါ်ပါတယ် ဘုရား)။

အဲဒါလေးကို ဒကာ ဒကာမတို့ ၃-နံပါတ်ဖြစ်တဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိနဲ့ ရှုလိုက်စမ်းပါလို့ ဘုန်းကြီးက ပြောလိုက် တယ်၊ ရှုလိုက်တဲ့အခါကျတော့ ရှိသေးရဲ့လား (မရှိတော့ ပါ ဘုရား)။

ခန္ဓာမရှိတာ သိတာ ဝိပဿနာသမ္မာဒိဋ္ဌိ

ဘာမရှိတာတုံး မေးလိုက်တယ် (ခန္ဓာ မရှိတာပါ ဘုရား)၊ ဪ ခန္ဓာ မရှိတာသိတာ ဝိပဿနာ (မှန်ပါ့ ဘုရား)၊ ဦးဘအုန်း ဘာတဲ့တုံး (ခန္ဓာမရှိတာ သိတာ ဝိပဿနာပါ ဘုရား)။

အေး ဒီကနေ့ကစပြီး သေသေချာချာ ရေရေ – လည်လည်မှတ်ကြစမ်းပါ၊ ဒကာ ဒကာမတို့၊ ခန္ဓာမရှိတာ သိတဲ့ဉာဏ်သည် ဝိပဿနာသမ္မာဒိဋ္ဌိ၊ ခန္ဓာမရှိတာကို သိတဲ့ သမ္မာဒိဋ္ဌိသည် (ဝိပဿနာ သမ္မာဒိဋ္ဌိပါ ဘုရား)။

အဲ ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာ ခန္ဓာမရှိတာသိတဲ့ တရား၊ ဒါ မနေ့က မပြောသေးဘူး၊ ဒီနေ့ အထူးထည့်ပေးတယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဝိပဿနာရှုဆိုတာ ဘာပါလိမ့် (ခန္ဓာမရှိတာ သိတဲ့ တရားပါ ဘုရား)၊ ခန္ဓာမရှိတာ သိတဲ့အလုပ် ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ ဝိပဿနာဆိုတာ ဘာပါလိမ့် (ခန္ဓာမရှိတာ သိတာပါ ဘုရား)။

လိုချင်လို့ရထားတဲ့ခန္ဓာ

ဪ နေရာကျလိုက်တာ ဦးဘအုန်း၊ နေရာကျ လိုက်တာ၊ ဦးဘတင် အတော်နေရာကျပြီဗျ၊ ဘာဖြစ်လို့ နေရာ ကျသတုံးလို့ ဆရာဘုန်းကြီးက ဒီလောက်တောင် ချီးမွမ်းပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အမွှန်းတင်ပြီး ပြောရ ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ခန္ဓာဟာ လိုချင်လို့ ရထားတာ။

ခန္ဓာကြီးဟာ လောကကြီးထဲ ဒကာ ဒကာမတို့ မလိုချင် ဘဲနဲ့ ရထားတဲ့ ခန္ဓာများရှိကြရဲ့လား (မရှိပါ ဘုရား)၊ မလိုချင်ဘဲနဲ့ ရထားတဲ့ ခန္ဓာမရှိဘူး၊ လိုချင်လို့ရထားတာ။

အဲဒီ ခန္ဓာ ရနေသရွေ့ ကာလပတ်လုံးလည်း ခန္ဓာနဲ့ နိဗ္ဗာန်နဲ့ဟာကလည်း ဒုက္ခသစ္စာ၊ နိရောဓသစ္စာဆိုတော့ မိုးနဲ့မြေကြီးက နီးပါသေးတယ်။

သူတို့နှစ်ခုက ဝေးတယ်၊ မဝေးဘူးလား (ဝေးပါတယ် ဘုရား)၊ အဲဒီလို ဝေးတာတွေ သိထားတော့မှ ဪ ခန္ဓာမရှိတာ သိမှသာလျှင် နိဗ္ဗာန်နှင့် နီးတော့မယ်။

ခန္ဓာမရှိတာ သိမှ (နိဗ္ဗာန်နှင့်နီးပါတယ် ဘုရား) ဪ ဒါဖြင့် ဒကာ ဒကာမတို့၊ ၃-နံပါတ် ဝိပဿနာ ဉာဏ်သည်၊ ဝိပဿနာသမ္မာဒိဋ္ဌိသည် ဘာကိုသိသတုံး (ခန္ဓာမရှိတာသိပါတယ် ဘုရား)။

ခန္ဓာမရှိတာသိ သိပ်နေရာကျသွားပြီ၊ ဟေဒကာ ဒကာမတို့၊ ဝိပဿနာရှုတာသည် ဘယ်အကျိုးငှာ ရှုရသတုံး (ခန္ဓာမရှိတာ သိအောင်ရှုရပါတယ် ဘုရား)၊ ခန္ဓာမရှိတာ သိအောင် ရှုခိုင်းတယ်ဆိုတာ သဘောပါပြီနော် (ပါ-ပါပြီ ဘုရား)၊ ခန္ဓာမရှိတာကို (သိအောင် ရှုခိုင်း တာပါ ဘုရား)။

ဘယ်သူ့ခန္ဓာတုံးလို့ ဆက်ပြီး မေးလိုက်တော့မှ ဘယ်လို ဖြေကြပါ့မတုံး (မိမိခန္ဓာကိုယ် ရှုရမှာပါ ဘုရား)၊ မိမိခန္ဓာ နဂိုက မိမိခန္ဓာ ထင်နေတဲ့။

မိမိခန္ဓာထင်နေတယ်

မိမိခန္ဓာထင်နေတယ်၊ ငါကြားတယ်၊ ငါ့စိတ်နဲ့ ငါကိုယ် တိုင်ကြားပါတယ်၊ စိတ်ကို ငါလည်း စွဲလိုက်သေးတယ် (မှန်ပါ့ ဘုရား)၊ တစ်ခါတည်း ဒီခန္ဓာကိုယ်ကိုလည်း ငါကိုယ်တိုင် ကြားပါတယ်လို့ ပြောလိုက်တဲ့အခါကျလို့ရှိရင် ဒီခန္ဓာငါးပါး တစ်ခါတည်း ဒကာ ဒကာမတွေ ကိုယ့်ကိုယ် ကိုယ့်ဟာ လည်း လုပ်ထားတာကြောင့် ဒီခန္ဓာငါးပါးက ကြားနေတယ်တဲ့၊ တကယ်လည်း ထင်တာပဲ။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးက ကြား တယ်ဆိုတော့ဖြင့် သဘောကျပါပြီ၊ မှန်လဲ မှန်ပါတယ်။

သို့သော် ဝိပဿနာသမ္မာဒိဋ္ဌိနဲ့ ကြည့်လိုက်တော့ ကြားတဲ့ ခန္ဓာငါးပါး ရှိ-မရှိ (မရှိ ပါဘု ရား)၊ ကြားတဲ့ခန္ဓာငါးပါး မရှိဘူး လို့ သိလိုက်တာ၊ ဪ မိမိတို့ သေမှုကို မိမိသိတာပဲ။

မိမိတို့ရထားတဲ့ ခန္ဓာကြီး ပျက်စီးမှုကို မိမိတို့ သိတာပဲ သဘောကျပလား (ကျပါပြီ ဘုရား)။

မိမိတို့ရထားတဲ့ခန္ဓာငါးပါး၏ ပျက်စီးမှုကို (မိမိ သိတာ ပါ ဘုရား)၊ ဪ ဦးဘအုန်း သိပ်အဖိုးတန်သွားပြီ။ သိပ်အဖိုးတန်သွားပြီ ဒကာ ဒကာမတို့။

သြော် ဝိပဿနာသမ္မာဒိဋ္ဌိက ဘယ်နေရာကျပါ လား၊ မိမိတို့ တစ်သံသရာလုံးစွဲလာတဲ့ ခန္ဓာကြီး ဒီခန္ဓာကြီးနဲ့ ကွဲမှလဲ နိဗ္ဗာန်က နီးတာ။

အခုတော့ ဒီခန္ဓာကြီး မရှိတာ သိရတဲ့အတွက် အင်း ခန္ဓာနဲ့ဖြင့် ခန္ဓာမရှိတာ သိရပြီ ဆိုတာသည် ဝိပဿနာ သမ္မာ ဒိဋ္ဌိဖြစ်လာပြီ။

နိဗ္ဗာန်မှာခန္ဓာမရှိဘူး

ဝိပဿနာသမ္မာဒိဋ္ဌိဖြစ်လာကတည်းက ဒကာ ဒကာမတို့ ခန္ဓာမရှိတာသိတော့ကို နိဗ္ဗာန်မှာ ခန္ဓာမရှိဘူး၊ ခုလည်း ခန္ဓာမရှိတာတော့ သူသိလာပြီ။

ဒါဖြင့် ဒီအသိ တာရှည်သွားလို့ရှိရင်ဖြင့် နိဗ္ဗာန်နဲ့ ကပ်နေ ပြီတဲ့၊ အသိတာရှည်ရင် (နိဗ္ဗာန်နဲ့ ကပ်နေပါတယ် ဘုရား)။

နိဗ္ဗာန်ကပ်နေပြီလို့ ဆုံးဖြတ်ချက်ချကြစမ်းပါ။ နားကြီးကြီးနဲ့ ထောင်ကြနော်။

ဘယ့်နှယ်အမိန့်ရှိပါလိမ့်(နားကြီးကြီးနဲ့ထောင် ရမှာပါ ဘုရား)၊ နားကြီးကြီးနဲ့ထောင်ပါဆိုတာ ဦးဘအုန်း ဒါခြောက် ပြောတာမဟုတ်ဘူးနော်။

ဒါ ခြောက်ပြောတာလည်း မဟုတ်ဘူး၊ ဒကာ ဒကာမ တွေ၊ တစ်သက်နဲ့ တစ်ကိုယ် တစ်သံသရာနဲ့ တစ်နားဆို သလို အခုကြားရတာ။ – တစ်သံသရာနဲ့ တစ်နားဆိုသလို ကြားရတော့ ခန္ဓာမရှိတာကို သိအောင်ရှုတာသည် ဝိပဿနာသမ္မာဒိဋ္ဌိ။

ဒါဖြင့် နိဗ္ဗာန်မှာ ခန္ဓာရှိ-မရှိ (မရှိပါ ဘုရား)၊ ရှိရင် နိဗ္ဗာန် ဟာ ဒုက္ခသစ္စာ ဖြစ်အုံးမှာပေါ့။

အဲဒီတော့ ခန္ဓာမရှိတာ သူသိစပြုလာပြီ၊ ဘယ်လိုဆိုကြ မယ် (ခန္ဓာမရှိတာ သူသိစပြုလာပါပြီ ဘုရား)၊ ခန္ဓာမရှိတာ သူသိစပြုလာပြီဆိုတော့ ဦးဘတင် နိဗ္ဗာန်နဲ့ နီးသလား-ဝေး သလား (နီးပါတယ် ဘုရား)။

မဂ်ဉာဏ်နဲ့အနီးဆုံး

နီးလာပြီ၊ အဲဒါကြောင့် ဒကာ ဒကာမတို့၊ ဝိပဿနာ ဉာဏ်သည် နိဗ္ဗာန်ကိုမြင်တဲ့ မဂ်ဉာဏ်နဲ့ အနီးဆုံးဟေ့လို့ သံယုတ်အဋ္ဌကထာ ဆရာက ပြောတာဟာ သေသေချာချာ ကိုက်တယ်၊ ဝိပဿနာဉာဏ်သည် (မဂ်ဉာဏ်နီးနီးလေးပါ ဘုရား)၊ အနီးဆုံး၊ မဂ်ဉာဏ်နဲ့ အနီးဆုံး။

မဂ်ဉာဏ်က နိဗ္ဗာန်မြင်တာကိုဗျာ၊ ဝိပဿနာဉာဏ်သည် ဘယ်ဉာဏ်နှင့်နီးတုံး (မဂ်ဉာဏ်နဲ့ နီးပါတယ် ဘုရား)၊ မဂ် ဘဏ်နဲ့နီးတော့ မဂ်ဉာဏ်က ဘာမြင်တုံး (နိဗ္ဗာန်မြင်ပါ တယ် ဘုရား)။

ဝိပဿနာဉာဏ်က ဘာမြင်တုံး (မဂ်ဉာဏ်မြင်ပါ တယ် ဘုရား) ဟင် အင်း ရမ်းလို့မရဘူး၊ ဝိပဿနာ ဘဏ်က ဘာမြင်တုံး (ခန္ဓာမရှိတာ မြင်ပါတယ် ဘုရား)၊

ဝိပဿနာ ဉာဏ်က ဘာမြင်တုံး (ခန္ဓာမရှိတာ မြင်ပါ တယ် ဘုရား)။

သူ့နောက်ကလာတဲ့ မဂ်ဉာဏ်ကတော့ (နိဗ္ဗာန်မြင် ပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ဝိပဿနာဉာဏ် ကလည်း တစ်စိတ်တစ်ဒေသ သူ နိဗ္ဗာန်မြင်တယ်၊ ခန္ဓာမရှိတာ ဘဲ သူမြင်တယ်၊ ဟို နိဗ္ဗာန်ဆိုတာကလည်း, မဂ်ဉာဏ်ဆို တာကလည်း, ခန္ဓာမရှိတာပဲ။

နိဗ္ဗာန်ကလည်း (ခန္ဓာမရှိတာပါ ဘုရား)၊ ဝိပဿနာ ဉာဏ်ကလည်း (ခန္ဓာမရှိတာပါ ဘုရား)၊ အဲဒီတော့ ဟိုဟာ က အမြဲမရှိတာကို မြင်တာ၊ သူက ခဏမရှိတာကိုမြင်တာ။

ဒါလောက်တင် ခြားနားတယ်လို့မှတ်ပါ ၊ တော်တော့ ကို နိဗ္ဗာန်နဲ့ နီးသွားပြီ(မှန်ပါ့)၊ ဒကာ ဒကာမတွေ အားမလျှော့ပါနဲ့၊ ဒီဥစ္စာ လေးစားစွာနဲ့သာ မှတ်ပေတော့ ဝိပဿနာ ဒို့ရှုမယ်။

အားခဲပြီးသာရှုပါ

နိဗ္ဗာန်နဲ့ အနီးကလေးကျန်တော့တယ်ဟဆိုပြီး အားခဲပြီး သာ ရှုပါလို့ သတိ ပေးလိုက် ပါတယ်(မှန်ပါ့)၊ ဦးဘအုန်း ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ကဲ တစ်ခေါက် ပြန်ပြောပါအုံးမယ်၊ ဒီဥစ္စာ အရေးကြီးလို့နော်။

အရေးကြီးလို့ တဲ့ အထက် ဉာဏ်တွေ ကို ရော အကုန်ပြောမှာပဲ၊ ပြောပင် ပြောငြားသော်လည်း ဝိပဿနာ ဉာဏ်မှာ ပြောစရာမကုန်သေးလို့ ထပ်ပြောနေပါတယ်။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့၊ ဝိပဿနာဉာဏ်က ဘယ်ဟာကိုမြင်သတုံး (ခန္ဓာမရှိတာ မြင်ပါတယ် ဘုရား) ကောင်းပြီ၊ သူ့နောက်မှာ လာတဲ့မဂ်ဉာဏ်က ဘာမြင်သတုံး (နိဗ္ဗာန်မြင်ပါတယ် ဘုရား)၊ ဒါဖြင့် ခန္ဓာမရှိတာလည်း ဘာခေါ်ကြမယ် (နိဗ္ဗာန်ခေါ်ပါတယ် ဘုရား)။

ဝိပဿနာကခဏနိဗ္ဗာန်သာမြင်တယ်။

နိဗ္ဗာန်ပဲ၊ ကဲ ဝိပဿနာက ခဏနိဗ္ဗာန်ကိုသာ မြင်တယ်၊ မဂ်ဉာဏ်က အမြဲ နိဗ္ဗာန်ကို မြင်တယ် ဆိုတော့ ဪ သူတို့နှစ်ခုဟာ အင်မတန် နီးကပ်ပါကလားဆိုတဲ့ အဓိပ္ပါယ်ရှင်းပလား၊ မနီးကပ်ဘူးလား (နီးကပ်ပါတယ် ဘုရား)။

နီးကပ်တယ်လို့ သေသေချာချာမှတ်ပါ၊ ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်မပါဘဲနဲ့ မဂ်ဉာဏ် မပေါ်နိုင်ဘူး ဆိုတာလည်း သေချာပြီမဟုတ်လား (သေချာပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဝိပဿနာဉာဏ် ဒကာ ဒကာမတို့၊ ဘာကိုမြင်သတုံး (ခန္ဓာမရှိတာကို မြင်ပါတယ် ဘုရား)။

နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (ခန္ဓာမရှိတာပါ ဘုရား)။ အဲ နိဗ္ဗာန်ဆိုလည်း ခန္ဓာမရှိတာ၊ ဝိပဿနာဉာဏ်ကလည်း ခန္ဓာမရှိတာကို မြင်တာပဲ။

ထိုကဲ့သို့ မြင်မှု ဘာထူးသတုံးမေးတော့ ခဏမရှိတာ လည်း ခဏနိဗ္ဗာန်၊ အမြဲမရှိတာက အမြဲနိဗ္ဗာန်။

ဝိပဿနာဉာဏ်ရတဲ့ပုဂ္ဂိုလ် သေပျော်ပြီ

ဒါလေးပဲ ကွာခြားတော့တယ်၊ ဒါဖြင့် ဝိပဿနာ ဉာဏ်ရတဲ့ပုဂ္ဂိုလ် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေပျော် ပြီဟေ့သာ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဝိပဿနာဉာဏ်ရတဲ့ပုဂ္ဂိုလ် (သေပျော်ပါပြီ ဘုရား) အဲ ခဏနိဗ္ဗာန် သူမြင်ပကောဗျာ (မှန်ပါ့ ဘုရား)၊ ခဏ – နိဗ္ဗာန် သူမြင်လို့ ဆက်ရှုလိုက်ရင် သူရတော့မယ်။

ဘာ ပါရမီတွေ ဘာတွေလိုသေးလား (မလိုပါ ဘုရား)၊ မလိုပါဘူး ဦးဘအုန်းရေ၊ အားစိုက်မှုရှိဖို့လိုတယ်။

သမ္မပ္ပဓာန် လေးပါး အားစိုက်မှုပဲလိုပါတယ်၊ ကိုင်း ဒါဖြင့် မြင်ပုံတော့ဖြင့် ရှင်းသွားပြီနော်။

ဝိပဿနာဉာဏ်သည် ခန္ဓာမရှိတာကို မြင်သည်ဆို တော့ နားထဲ ခန္ဓာငါးပါးမပေါ်ဘူးလား၊ ဘုန်းကြီးအသံ ကြားတော့(ပေါ်ပါတယ် ဘုရား)၊ ကြည့်စမ်း နောက်က ကိုယ့်ဉာဏ်ကို (မရှိပါဘူး ဘုရား)။

ဘာတွေမရှိတာပါလိမ့်(ခန္ဓာတွေ မရှိတာပါ ဘုရား) ခန္ဓာမရှိဘူး၊ ဝိညာဏက္ခန္ဓာလည်းမရှိဘူး၊ ဝေဒနာက္ခန္ဓာကော၊ သညာက္ခန္ဓာကော(မရှိပါ ဘုရား)။

အင်း နားထဲသောတပသာဒရုပ်ဆိုတဲ့ ရူပက္ခန္ဓာ ကော(မရှိပါ ဘုရား)၊ အဲ ဒါဖြင့် ဝိပဿနာဉာဏ် ခန္ဓာမရှိတာကို မြင်တယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ခန္ဓာမရှိတာကို မြင်တယ်ဆိုတာ ကဲ ဒကာသစ်တို့၊ ကိုမြရွှေတို့၊ သေချာပလား (သေချာပါတယ် ဘုရား)၊ ခန္ဓာ – မရှိတာ မြင်တာသည် ခဏနိဗ္ဗာန်။

သာသနာတွင်းတရား

ခဏနိဗ္ဗာန်ကို သူတွေ့အောင်ရှာနိုင်တဲ့ တရားဖြင့် သာသနာတွင်းတရား ဦးဘအုန်း ကောင်းကောင်း ကျေနပ်ဖို့ ကောင်းပါတယ်။

ဦးဘအုန်း ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) နောက်က ဒကာ ဒကာမတွေ (ကျေနပ် ပါတယ် ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ဒီနိဗ္ဗာန်ဟာ ဝိပဿနာဉာဏ်ကမှ စပြီး သကာလ နိဗ္ဗာန်ကို တစ်စိတ်တစ်ဒေသ မမြင်သေးလို့ရှိရင် ဘယ်မှာသာလျှင် မဂ်ဉာဏ်ပေါ်ဖွယ်ရာ အကြောင်းမမြင်သေး ပါဘူး။

ကောင်းပြီ ဒါဖြင့် အလွန်လေးလေးစားစားနဲ့ ကြားတဲ့ စိတ်ကို ဖြစ်ပျက်ရှုပါ၊ မြင်တဲ့ စိတ်ကလေးကို (ဖြစ်ပျက်ရှုရ ပါမယ် ဘုရား)။

အဲ ဒါ ခန္ဓာမရှိတာချည်းမြင်ရမှာပဲ၊ နံတဲ့စိတ် ကလေး နှာခေါင်းထဲကြည့်လိုက်၊ နံပြီးကြည့်လိုက် (မရှိ ပါ ဘုရား)၊ ဘာမရှိတာ မြင်တုံး (ခန္ဓာမရှိတာ မြင်ပါတယ် ဘုရား)။

ခန္ဓာမရှိတာ မြင်တာပဲ၊ ဒါဖြင့် ဝိပဿနာဉာဏ် သည် ခန္ဓာကို စွန့်တယ်ဆိုတာ ဟုတ်ပြီ၊ သဘောကျပလား (ကျပါတယ် ဘုရား)။

အလွန်အဖိုးတန်တယ်

ကောင်းပြီ၊ ဒါဖြင့် ၃-နံပါတ် ဦးဘတင်ရေ၊ အတော်ခရီး ရောက်ပါလား (ရောက်ပါတယ် ဘုရား)၊ ၃-နံပါတ်ဟာ ဒကာ ဒကာမတို့၊ ခန္ဓာမရှိတာ မြင်အောင်ကြည့်နိုင်တဲ့ ဉာဏ် ဖြစ်လေ သောကြောင့် အလွန်ကို အဖိုးတန်တယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)၊ ကျပြီနော်။

ဒါလောက်တောင် ကျေးဇူးများတယ်လို့ ဦးဘအုန်းတို့ မယူပါနဲ့အုံး၊ မူလပဏ္ဏာသ အဋ္ဌကထာဆရာက၊ ဒါလောက်တင် မကသေးပါဘူးကွတဲ့၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ဒါက ခန္ဓာငါးပါး ပဲထားလိုက်ပါတော့။

ဒါက ခန္ဓာငါးပါး၊ ဒါက ဝိပဿနာဉာဏ် ဆိုကြပါစို့နော်၊ ခန္ဓာငါးပါးဟာ ပေါင်းထားတော့ – ဝိညာဏ်က ခင်ဗျားတို့ သိတဲ့ အတိုင်း ငါးခုပေါ့ဗျာ။

မဂ္ဂင်ငါးပါးက ဘာခေါ်ကြမယ် (ဝိပဿနာဉာဏ် ပါ ဘုရား)၊ ဝိပဿနာဉာဏ်ပေါ့ဗျာ၊ ဉာဏ်က ခေါင်းဆောင် နေတာကိုး၊ သမ္မာဒိဋ္ဌိက ဆောင်နေတယ်။

ကောင်းပြီ ဒါဖြင့် ဝိပဿနာ ဉာဏ်သည် မရှိတဲ့နားထဲ ပေါ်တဲ့ ခန္ဓာငါးပါးကိုလည်း မရှိတာသိတယ်၊ နှာခေါင်းထဲပေါ် တဲ့ ခန္ဓာငါးပါးကိုလည်း (မရှိတာ သိပါတယ် ဘုရား)။

ကိုယ်ပေါ်မှာပေါ်တဲ့ ခန္ဓာငါးပါးကိုကော (မရှိတာ သိပါတယ် ဘုရား)၊ မရှိတာချည်းသိတယ်၊ ဪနေရာကျလိုက်တာ၊ မရှိတာချည်း သိတော့ကို ဝိပဿနာဉာဏ် သည်မရှိတာချည်းသိ၊ သိရုံပဲလားလို့ မေးဖို့လိုလာတယ်။

မရှိတာတင် သိတာမဟုတ်သေးပါဘူး ဒကာ ဒကာမတို့ ဒီနားထဲမှာ ကြားတယ်၊ ကြားလို့ သဘောကျလိုက်တာဆိုတဲ့ တဏှာကော ဒါမရှုရင်တော့ လာမယ်၊ ကြားလို့မုန်းလိုက်

တာဆိုတဲ့ ဒေါသကော (လာပါတယ် ဘုရား)။

ကြားတော့ ဘာမှန်းမသိတဲ့ မောဟကော (လာပါ တယ် ဘုရား)၊ အဲဒီ လောဘ, ဒေါသ, မောဟဆိုတဲ့ ကိလေသာတွေ လာသေးရဲ့ လား မရှိတာသိနေတဲ့အချိန်မှာ (မလာပါ ဘုရား)၊ မလာဘူးနော် ။

ဝိပဿနာသမ္မာဒိဋ္ဌိက ခန္ဓာစွန့်တဏှာစွန့်

ဒါဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိသည် ကိုမြရွှေတို့၊ ဪ ခန္ဓာလည်းစွန့် တဏှာလည်း စွန့်ပါလား လို့ မှတ်လိုက်။

သဘောကျပလား (ကျပါပြီ ဘုရား)၊ ခန္ဓာလည် (စွန့်ပါတယ် ဘုရား)၊ တဏှာလည်း (စွန့်ပါတယ် ဘုရား)၊ အို-သိပ်အဖိုးတန်ပါပေါ့လား ဦးဘအုန်းရေ (မှန်ပါ့)။

ဒါ ခင်ဗျားတို့ အပြောလား၊ အခုအပြနဲ့မရှင်းဘူးလား (အပြနဲ့ရှင်းပါတယ် ဘုရား)၊ ဒီကခန္ဓာငါးပါးကလည်း မရှိတာသိလို့ စွန့်ပြီးသားဖြစ်နေတယ်။

ဒီက နောက်ကလည်း ပေါ်ခွင့်မရလို့ တဏှာ ဥပါဒါန်တွေကကော မသိဘူးလား (သိပါတယ် ဘုရား) ဒါဖြင့် ဝိပဿနာဉာဏ် တစ်ချက်တည်းသည် အလယ်ကနေ ပြီး တောင်းနှစ်လုံး ထမ်းသလို၊ နှစ်လုံးစလုံးဟာ ပုခုံးပေါ်ရောက် သလို ဟင်။

ခန္ဓာလည်းစွန့်၊ တဏှာလည်းစွန့်၊ ဝိပဿနာဉာဏ်ရဲ့ ကိစ္စဟာ ဘာကို ဘယ်လို ရွက်ဆောင်လေ့ ရှိပါလိမ့်မလဲလို့ မေးလို့ရှိရင် (ခန္ဓာလည်းစွန့် တဏှာလည်းစွန့်ပါတယ် ဘုရား)။

ခန္ဓာစွန့်တာနိဗ္ဗာန်မြင်

သွားပြီး ခန္ဓာစွန့် တဏှာစွန့်ဆိုကတည်းက ဒကာ ဒကာမ တို့ ခန္ဓာစွန့်တာက နိဗ္ဗာန်မြင်တာ။

နိဗ္ဗာန်ကို တစ်စိတ်တစ်ဒေသ ရတာ၊ တဏှာစွန့်တာက တဲ့၊ သံသရာပြတ်တာ၊ တဏှာစွန့်တာက (သံသရာ ပြတ်တာပါ ဘုရား)၊ ရှင်းပြီနော်။

တဏှာစွန့်တာ သံသရာပြတ်

ခန္ဓာစွန့်တာက နိဗ္ဗာန်မြင်တာ၊ တဏှာစွန့်တာက (သံသရာပြတ်တာပါ ဘုရား)၊ အနာဂတ် သံသရာပြတ်တယ်။

ဒါဖြင့် ဝိပဿနာဟာ ဦးဘတင်ရေ အတော်အဖိုးတန် ပါလား၊ သေသေချာချာ အခုပြောတာ ဒကာ ဒကာမတို့ ဘုန်းကြီးစိတ်ထားနဲ့ ဘုန်းကြီးအမြင်နဲ့ ပြောနေတယ်လို့ မအောက်မေ့နဲ့။

တဏှာသင်္ခယသုတ်မှာဖြင့် ကိုယ်တော်မြတ်ကြီးကို သိကြားက မေးလို့ ဒီအဓိပ္ပါယ် ဘုရားက ဖြေတော်မူတယ်။ တဏှာ သင်္ခယသုတ်မှာ (မှန်ပါ့)။

သဘောပါပြီလား (ပါ-ပါပြီ ဘုရား)၊ တဏှာသင်္ခယ ဆိုတာ တဏှာကုန်တဲ့သုတ်ပေါ့ဗျာ။

အဲဒီမှာ သေသေချာချာ ဟောလို့၊ ဘုန်းကြီးက ဒီဥစ္စာ ဝိပဿနာ သမ္မာဒိဋ္ဌိဟာ ဤမျှလောက် ကျေးဇူးများတယ်ဆိုတဲ့ ဥစ္စာကို အဲဒီဟာက ယူပြီးသကာလ ပြောနေတာ။

ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် ဝိပဿနာ ဉာဏ် လုပ်တဲ့ပုဂ္ဂိုလ်များသည် ခန္ဓာစွန့်ခြင်းကြောင့်လည်း နိဗ္ဗာန် တွေ့ရတယ်။

တဏှာစွန့်ခြင်းကြောင့်လည်း သံသရာပြတ်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ မယုံရင် ဒီဘက် ခန္ဓာငါးပါးရှိ၊ ကြားတဲ့ခန္ဓာငါးပါး၊ နံတဲ့ ခန္ဓာငါးပါး ရှုကြည့် မြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ ခန္ဓာမရှိတာ သူမသိဘူးလား (သိပါတယ် ဘုရား)။

ခန္ဓာမရှိတာ သူ သိတာသည် ဝိပဿနာဉာဏ်သည် ခန္ဓာကိုလည်း စွန့်ပါတယ်၊ တဏှာကိုလည်း မစွန့်ဘူးလား ဆိုတော့(စွန့်ပါတယ် ဘုရား)။

ခုနက မရှိတာ မရှုလို့ရှိရင်ဖြင့် ကြားလို့ ကောင်းတယ်၊ မကောင်းတယ် လာမယ်၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

ခုတော့လာသေးရဲ့ လား (မလာပါ ဘုရား) အဲ, ဝိပဿနာဉာဏ်က အလယ်က နေပြီး သကာလ ဒကာ – ဒကာမတွေ တို့ခန္ဓာစွန့်, တဏှာစွန့်တဲ့ စွမ်းရည်သတ္တိရှိတဲ့ တရား ဖြစ်လေ သောကြောင့် အဖိုးတန်တော့မယ်လို့ ဆုံးဖြတ်ချက်ချပါ(မှန်ပါ့)။

နိဗ္ဗာန်မြင်တယ်၊ သံသရာပြတ်တယ်

သိပ်ကံကောင်းတဲ့ ဒကာ ဒကာမတွေပဲ၊ ဝိပဿနာ လုပ်တာ ကုသိုလ်ရတယ်လို့ ခင်ဗျားတို့က အောက်မေ့နေတယ်။

မဟုတ်ပါဘူးဗျာ၊ ကုသိုလ်ရရုံလေးဖြင့် ဘုန်းကြီးဟော ကို မဟောဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကုသိုလ်ရတာ မဟုတ်ပါ ဒကာ ဒကာမတို့၊ နိဗ္ဗာန်မြင် တယ်၊ သံသရာပြတ်တယ်လို့ ယူလိုက်စမ်းပါ။

ဦးဘအုန်း ဘယ်လိုမှတ် (နိဗ္ဗာန်မြင်ပြီး သံသရာ ပြတ်ပါတယ် ဘုရား)၊ ကုသိုလ် ပေမယ့် လည်း သာမညကုသိုလ်ထဲ သွင်းလို့တော်ပါ့မလား (မတော်ပါ ဘုရား)။

မတော်ပါဘူးတဲ့၊ သာမညကုသိုလ်နဲ့ ကိုမြရွှေ ဒါ အတော်ခြားနားနေတယ် (ခြားနား နေပါတယ် ဘုရား)၊ မခြားနား ဘူးလား ခြားနားပါတယ် ဘုရား)၊ ရှုလိုက်တော့ ခန္ဓာငါးပါး ဘယ့်နှယ်နေတုံး (မရှိပါ ဘုရား)။

မရှိတော့ စွန့်ပြီးသား မကျဘူးလား (ကျပါတယ် ဘုရား)၊ နောက်က တဏှာကော လာသေးလား (မလာပါ ဘုရား)၊ ဪ ဒါဖြင့် ဝိပဿနာဉာဏ်သည် ခန္ဓာလည်း စွန့်၊ တဏှာလည်းစွန့်။

ဝိပဿနာဉာဏ်ကနိဗ္ဗာန်ကိုမြင်တယ်

အကျိုး ပြောစမ်းပါဆိုတော့ နိဗ္ဗာန်လည်း ခဏမြင်တယ် ဟုတ်လား၊ သံသရာကြီးလည်း ပြတ်တယ်၊ နောက်သံသရာ အိုဘေး, နာဘေး, သေဘေးတွေ အကုန်ဖြတ်ချလိုက်တယ်။

သဘောပါပလား (ပါ,ပါတယ် ဘုရား)၊ ဒါဖြင့် တစ်ချက်တည်း ရှုတာဟာ အလွန်ကျေးဇူးများတယ်ဆိုတာ ပေါ်လာပလား (ပေါ်ပါတယ် ဘုရား)။

တစ်ချက်တည်း ဒီလိုသာ မြင်လိုက်လို့ရှိရင်ဖြင့်တဲ့ ဒကာသစ်တို့၊ ကိုမြရွှေတို့ ဘယ်လောက် ဒိပြင်ကုသိုလ်ထက် အဆပေါင်း ထောင်ပေါင်း သိန်းသောင်းမက သာတယ်လို့ ဘုရားဟောတာ ဟောသင့်တယ်(ဟောသင့်ပါတယ် ဘုရား)၊ မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။

ခဏနိဗ္ဗာန်လည်းသူမမြင်လား (မြင်ပါတယ် ဘုရား)၊ အင်း သံသရာ ပြတ်တာလည်း မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ တဏှာမှ မလာဘဲနဲ့ ဦးဘအုန်း ဥပါဒါန်, ကံတွေ လာစရာလိုသေးလား (မလိုပါဘူး ဘုရား)။

အဲဒါကြောင့် အကျဉ်း မှတ်ထားစမ်းပါ၊ ဝိပဿနာ ရှုတဲ့ ပုဂ္ဂိုလ်များမှာ နိဗ္ဗာန်မြင်၍ သံသရာပြတ်တယ်။

ကုသိုလ်ရရုံတင်မကပါဘူး၊ နိဗ္ဗာန်မြင်၍ (သံသရာပြတ်ပါတယ် ဘုရား)၊ ဪ နိဗ္ဗာန်လည်းမြင်သေး တယ်၊ သံသရာလည်း ပြတ်သေးတယ်ဆိုတော့ ဒုက္ခသစ္စာ ပြတ်တယ်၊ နိဗ္ဗာန်မြင်တယ်ဆိုတာက ချမ်းသာတာ ကိုယ်တွေ့ ဖြစ်ရတယ်။

နိဗ္ဗာန်မြင်တာက(ချမ်းသာတာ ကိုယ်တွေ့ဖြစ်ရ ပါတယ် ဘုရား)၊ ချမ်းသာတာ ကိုယ်တွေ့ဖြစ်ရပါတယ်၊ သံသရာ ပြတ်တယ်ဆိုတာက ဆင်းရဲတာဟူသရွေ့ ကိုယ်နဲ့ အိုးစားကွဲပါ တယ်၊ သဘောပါပလား (ပါ-ပါတယ် ဘုရား)။

ဪ သိပ်နေရာကျပါလား ဦးခင်မောင်ရ၊ ဝိပဿနာဉာဏ်၏ တန်ဖိုးဟာ ခါတိုင်း ဒီလောက်ပေါ်အောင် မပြောဘူး။

အခုပေါ်အောင် ပြောလိုက်တဲ့အခါကျတော့ ဦးဘအုန်း ရေ သိပ်ရှင်းသွားတယ် (ရှင်းပါတယ် ဘုရား)။

အကျိုးရှိပုံပြောစမ်းပါ

ဒါဖြင့် ဝိပဿနာဉာဏ်သည် ဘာတွေစွန့်(ခန္ဓာ လည်း စွန့် တဏှာလည်းစွန့်ပါတယ် ဘုရား)၊ ဒါက သူစွန့်ပုံ ပြတာနော်၊ အကျိုးရှိပုံ ပြောစမ်းပါဆိုတော့ ဝိပဿနာဉာဏ် သည် ခဏနိဗ္ဗာန် ကိုလည်း မြင်တယ်၊ သံသရာလည်း (ဖြတ်ပါတယ် ဘုရား)။

သံသရာလည်းဖြတ်တယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ခဏနိဗ္ဗာန်လည်း မြင်တယ် (မြင်ပါတယ်)၊ သံသရာလည်းဖြတ်တယ်၊ ဒီဘက်သံသရာ လာသေးရဲ့လား (မလာပါ ဘုရား)။

သြော် ဒါဖြင့် ဒကာ ဒကာမတို့၊ ဝိပဿနာမဂ် အကျိုးဟာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် တိုင်အောင် ရောက်နိုင်ပါတယ်လို့ အင်္ဂုတ္တိုရ် အဋ္ဌကထာဆရာက နေ့တိုင်း ပြောနေတယ် ဆိုတာ ကလည်း အခု တာဝန်ခံ ရတော့မှာပါပဲ။ သံသရာ ပြတ်တာကိုးဗျ။

သံသရာလည်းပြတ်တယ်၊ နိဗ္ဗာန်လည်းမြင်နိုင်တဲ့ ခဏနိဗ္ဗာန်မြင်နိုင်ပါတယ်ဆိုသဖြင့် တယ်လည်း အဖိုးတန်ပါ လားဆိုတာ ဒကာ ဒကာမတွေ ပေါ်လာတယ်နော်၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)၊ ဒါ ဘာဉာဏ်ပါလိမ့် (ဝိပဿနာဉာဏ်ပါ ဘုရား)။

အဲ ဝိပဿနာဉာဏ်ဆိုချင်ဆို၊ ဝိပဿနာသမ္မာဒိဋ္ဌိ ဆိုချင်ဆို၊ အကုန်အမှန်ချည်းပဲလို့ ဆုံးဖြတ်ချက်ချကြစမ်းပါ။

မဂ်ဉာဏ်ကူးကြရအောင်

မဂ်ဉာဏ် ကူးကြရအောင်၊ ကဲ ဒီဥစ္စာ ဝိပဿနာ ဟာ ဒကာ ဒကာမတို့၊ ရှုလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် မရှိခန္ဓာ တို့၏ မရှိတာကော သူမသိဘူးလား (သိပါတယ် ဘုရား)၊ ခန္ဓာကိုယ်၏ မရှိတာ သူသိသည်ဖြစ်လေသောကြောင့် ခန္ဓာကိုယ်လည်း သူစွန့်ပါတယ်။

ခန္ဓာမရှိတာ နိဗ္ဗာန်လို့လည်း ဘုရားဟောသည် ဖြစ်လေသောကြောင့် ခဏနိဗ္ဗာန်လည်း သူမြင်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ခန္ဓာလည်း စွန့်ပါ တယ်၊ ကိလေသာကော(စွန့်ပါတယ် ဘုရား)၊ နောက် ကိလေသာကော လာခွင့်ရသေးလား (မရပါ ဘုရား)။

တဏှာ ဥပါဒါန် ကံတွေလေ (မလာပါဘူး ဘုရား) မလာတော့ဘူး၊ ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်သည် ခန္ဓာစွန့်, တဏှာစွန့်။

စွန့်နိုင်တာ နှစ်မျိုးစွန့်ချလိုက်တယ်၊ ကောင်းပြီ ဒါဖြင့် အကျိုးပြောစမ်းပါဆိုတော့ ခဏနိဗ္ဗာန်လည်းမြင်, သံသရာ လည်းပြတ်တယ်။

ခဏနိဗ္ဗာန်လည်း (မြင်ပါတယ် ဘုရား)၊ သံသရာ လည်း (ပြတ်ပါတယ် ဘုရား)၊ သံသရာလည်း ပြတ်တယ် ဆိုတော့ ခင်ဗျားတို့ လုပ်သင့် လုပ်ထိုက်, လုပ်ကောင်းတယ်၊ ဒို့ဟာ မသိလို့ မလုပ်ဘဲနေတာပဲ၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

သံသရာကြီးဟာ ရှည်လိုက်တာ ကျုပ်ဖြင့် လန့်များ လန့်ပါရဲ့၊ တရားတွေ ဘာတွေဟောတော့ ဘယ့်နှယ်တုံး၊ ဘုရားတောင် အစမမြင်ဘူး ဟောထားတာပဲ။

ကြောက်တော့ မကြောက်ဘူးလား (ကြောက်ပါ တယ် ဘုရား)၊ ဝိပဿနာကျတော့မလုပ်ဘူး၊ မလုပ်လို့ရှိရင်တော့ သံသရာပြတ်ပါ့မလား (မပြတ်ပါ ဘုရား)။

သံသရာ ပြတ်ချင်လို့ ပြတ်ရတာလား၊ ခဏနိဗ္ဗာန်မြင် ခဏပြတ်တာပဲ၊ အမြဲနိဗ္ဗာန်မြင် အမြဲပြတ်တာပဲ၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဝိပဿနာသမ္မာဒိဋ္ဌိ ဒကာ ဒကာမတို့ ကောင်းကောင်းကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

၄။ မဂ်သမ္မာဒိဋ္ဌိ

ဒါဖြင့် ဝိပဿနာသမ္မာဒိဋ္ဌိပြီးတော့ ၄ နံပါတ်က ဘာ သမ္မာဒိဋ္ဌိ (မဂ်သမ္မာဒိဋ္ဌိပါ ဘုရား)၊ မဂ်သမ္မာဒိဋ္ဌိတဲ့၊ မဂ္ဂသမ္မာဒိဋ္ဌိ၊ မဂ်သမ္မာဒိဋ္ဌိ ပြောရတော့မယ်၊ ဒကာ ဒကာမတို့။

၄-နံပါတ် ရောက်လာပြီ၊ ဝိပဿနာရှုလို့ ခုနက ခန္ဓာစွန့် တဏှာစွန့်တာတွေများပြီ၊ များပြီနော်၊ ဝိပဿနာဉာဏ်အသား တွေတက်လာပြီ၊ ဉာဏ်တွေ ရင့်ရင့်ပြီး သကာလ ဥဒယဗ္ဗယ, ဘင်္ဂဘယ, အာဒိနဝ, နိဗ္ဗန္ဒတွေ အစရှိသည်နဲ့ သူ့ဟာသူ တက် လာပြီဆိုကြပါစို့။

တက်လာတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့ မဂ်ဉာဏ်ဖြစ်ဖို့ရာ အကြောင်းဟာ နီးကပ်မလာဘူးလား (လာပါတယ် ဘုရား)၊ နီးကပ်ပြီးသကာလ လာတော့လည်း ဘုန်းကြီးက နီးကပ်ပေး လို့လည်းမရဘူး၊ ဘုရားက နီးကပ်ပေးလို့ကော (မရပါ ဘုရား)။

ခင်ဗျားတို့ဘာသာ ရှုရင်း ရှုရင်းနဲ့ ဉာဏ်တက်လာမှာပဲ (မှန်လှပါ)၊ ရှုရင်းရှုရင်းနဲ့ (ဉာဏ်တက် လာမှာပါ ဘုရား)၊ ပိုမိုပြီး ဉာဏ်တက်လာရမှာပဲလို့ ဒကာ ဒကာမတွေ မှတ်ပါ။

ဘယ်သူက ဘယ်ဉာဏ်ရောက်ပြီ၊ တွေးဆပြောတာမှန် တာ မဟုတ်ဘူး၊ ဒီဥစ္စာ (မှန်ပါ့ ဘုရား)၊ စာမှာရှိတာ သဘောကျပလား (ကျပါတယ် ဘုရား)။

အဲဒါ မှန်တယ်လို့များ၊ သွားမယူနဲ့၊ ဆရာက မင်းဉာဏ် ရပြီ, မင်းက မဂ်ဉာဏ်ရပြီ, မင်းကဖိုလ်ဉာဏ်ရောက်နေပြီ, မင်းကသင်္ခါရုပေက္ခာဉာဏ်ရောက်နေပြီ။

ပုထုဇဉ်ကမှန်းပြောတာ

မဟုတ်ဘူး သူပြောတာမဟုတ်ဘူး၊ ကိုယ့်ဉာဏ်ကိုယ်မှသိ နိုင်တယ်၊ ဟိုက အရိယာဖြင့် သိမှာပေါ့။ ဟိုက အရိယာ မဟုတ်ဘဲနဲ့ ပုထုဇဉ်ကသာဆို မှန်းပြောတာသာ မှတ်ပေတော့။

မှန်းပြောတာ၊ မှန်းပြောတာနော်၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ မဂ်ဉာဏ်ပြောကြပါစို့၊ စာလာတဲ့အတိုင်းနော်၊ မဂ်ဉာဏ်ကတော့ ဒကာ ဒကာမတို့၊ ဖျတ်ဆို ဝိပဿနာဉာဏ် တွေနဲ့ ရှုပြီးသကာလ ခန္ဓာအစဉ်ကြီးက အလျင်တော့ဖြင့် ပျောက်လိုက် ရှုလိုက်-ရှုလိုက်လို့ ပျောက်သွားလိုက် ခန္ဓာဆုံး သွားလိုက် နောက်တစ်ခါ ခန္ဓာတစ်ခု ပေါ်လာပြန် ဝိပဿနာ ဉာဏ်ကတော့ ခန္ဓာတို့၏ အဆုံးကိုမြင်မနေဘူးလား (မြင်ပါတယ် ဘုရား)။

မဂ်ဉာဏ် ပေါ်တော့မယ် ဆိုတော့ ဒီလိုမဟုတ်ဘူးတဲ့ ဒကာ ဒကာမတွေရေ၊ မဂ်ဉာဏ် ပေါ်တော့မယ် ဆိုတော့ တစ်ခါ တည်း ဒီနေရာမှာ ကိုယ်ကြည့်နေတဲ့ ဉာဏ်အောက်မှာပဲ ခန္ဓာ ကိုမလာတော့ဘူး။

သဘောကျပလား (ကျပါတယ် ဘုရား)၊ မဂ်ဉာဏ် လာတော့မယ်ဆိုတော့(ခန္ဓာကို မလာတော့ပါ ဘုရား)။

ခန္ဓာကို မလာတော့ပါဘူး (မှန်ပါ့ ဘုရား)၊ ကြားတဲ့ ခန္ဓာငါးပါးလာသေးလား (မလာပါ ဘုရား)၊ နံတဲ့ခန္ဓာ ငါးပါးကော(မလာပါ ဘုရား)၊ စားတဲ့ ခန္ဓာငါးပါးကော လာသေးလား (မလာပါ ဘုရား)။

ခန္ဓာဒုက္ခသိမ်းတာချည့်ပဲတွေ့နေတယ်

ကြံတဲ့ ခန္ဓာငါးပါးကော လာသေးရဲ့လား (မလာပါ ဘုရား)၊ ဒါဖြင့် မဂ်ဉာဏ်ကတော့ကို ဒကာ ဒကာမတို့၊ ခန္ဓာ မလာသောကြောင့်လည်း ခန္ဓာသူစွန့်တယ်။

ခန္ဓာအမြဲမလာသောကြောင့်လည်း သူ့ဉာဏ်အောက်မှာ ဘာရှိနေသတုံးဆို၊ ခန္ဓာဒုက္ခ သိမ်းတာချည်းပဲ တွေ့နေတယ်၊ ဘာတွေ့ပါလိမ့် (ခန္ဓာဒုက္ခသိမ်းတာပဲတွေ့ နေပါတယ် ဘုရား)။

ခန္ဓာဒုက္ခမရှိတာဘဲ တွေ့နေတယ်၊ ဒါဖြင့် ခန္ဓာဒုက္ခ မရှိ တာလည်း နိဗ္ဗာန်၊ သဘောကျပလား (ကျပါတယ် ဘုရား)။

မဂ်ဉာဏ်ကတော့သုံးချက်

ဒါဖြင့် မဂ်ဉာဏ်သည် ဒကာ ဒကာမတို့၊ သူရင့်ကျက်လာ တဲ့အခါ ဝိပဿနာရင့်ကျက်လို့ မဂ်ဉာဏ်ကူးတော့မယ်ဆိုတော့ မဂ်ဉာဏ်ကတော့ဖြင့် ခန္ဓာမရှိတာ၊ ခန္ဓာကိုယ်လည်းစွန့်၊ ခန္ဓာ မရှိတဲ့နိဗ္ဗာန်ကိုလည်း သူမြင်တယ်၊ နောက်က ကိလေသာလည်း သူသတ်ပစ်တယ်။

သူက သုံးချက်၊ မဂ်ဉာဏ်က သုံးချက်နော်၊ ခန္ဓာမရှိတာ ကိုလည်း (မြင်ပါတယ် ဘုရား)၊ ခန္ဓာလည်း စွန့်လိုက်တယ်၊ ခန္ဓာလည်းစွန့်၊ နိဗ္ဗာန်လည်းမြင်၊ ကိလေသာလည်းချုပ်စေတယ် (မှန်ပါ့ ဘုရား)။

မဂ်ဉာဏ်က သဘောကျပလား (ကျပါတယ် ဘုရား)၊ မဂ်ဉာဏ်က ဘာတဲ့(ခန္ဓာမရှိတာသိ၊ ခန္ဓာစွန့်၊ နိဗ္ဗာန်မြင်၊ ကိလေသာစွန့်ပါတယ် ဘုရား)။

ခန္ဓာစွန့်၊ နိဗ္ဗာန်မြင်၊ ကိလေသာလည်းစွန့်ပေါ့ဗျာ၊ သဘောကျပလား(ကျပါတယ် ဘုရား)၊ သူက သုံးချက် (မှန်ပါ့ ဘုရား)၊ ဝိပဿနာဉာဏ်ထက် ထူခြား-မထူးခြား (ထူးခြားပါတယ် ဘုရား)။

ကိလေသာစွန့်၊ ခန္ဓာစွန့်၊ နိဗ္ဗာန်မြင်

ဒါမဂ်ဉာဏ်၊ မဂ္ဂင်ရှစ်ပါးဆိုတဲ့ မဂ်ဉာဏ်သည် ဒကာ ဒကာမတို့၊ ခန္ဓာလည်းစွန့်၊ နိဗ္ဗာန်လည်း မြင်၊ ကိလေသာလည်း စွန့်၊ သူက သုံးချက် (မှန်ပါ့ ဘုရား)။

မဂ်ဉာဏ်ကတော့ ဘာတဲ့ ဒကာ ဒကာမတို့ (ခန္ဓာစွန့်၊ နိဗ္ဗာန်မြင်-ကိလေသာ စွန့်ပါတယ် ဘုရား)၊ အဲ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ နေရာကျပြီ၊ မဂ်ဉာဏ် ပေါ်တဲ့ အခါ သူများ မေးမနေနဲ့တော့ (မှန်ပါ့ ဘုရား)၊ ခန္ဓာလည်း ရှာမတွေ့ဘူး၊ သဘောကျပလား၊ ကိုယ့်သန္တာန်မှာ အလုပ်လုပ် လို့ ခရီးပေါက်တဲ့ အခါ ဘယ်သူမှ မေးမနေနဲ့၊ ခန္ဓာလည်း ရှာမတွေ့ရဘူး (မှန်ပါ့ ဘုရား)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

အင်း ခန္ဓာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်လည်း ကိုယ်တိုင်မြင် ရ၊ သဘောကျရဲ့လား(ကျပါတယ် ဘုရား)၊ ထကြွသောင်း ကျန်းနေတဲ့ ကိလေသာတွေလည်း မလာဘူး၊ သူနဲ့ဆိုင်ရာ ဒိဋ္ဌိဝိစိကိစ္ဆာ၊ သီလဗ္ဗတ ပရာမာသ တို့လည်း မလာဘူး၊ လာပါ့မလား (မလာပါ ဘုရား)၊ ဒါဖြင့် မဂ်ဉာဏ်က ခန္ဓာစွန့်၊ တဏှာစွန့်၊ နိဗ္ဗာန်မြင်၊ သူက ဘယ်နှစ်မျိုးပါလိမ့်(သုံးမျိုးပါ ဘုရား)။

မဂ်ဉာဏ်ကဘာတဲ့ ဒကာ ဒကာမတို့ (ခန္ဓာစွန့်၊ တဏှာစွန့်၊ နိဗ္ဗာန်မြင်ပါတယ် ဘုရား)၊ ဪ ဒါဖြင့် နိဗ္ဗာန် ဒို့ ငါမဂ်ရလေသလား၊ မရလေသလား၊ ကိုယ့်ခန္ဓာကိုယ် ပြန်ကြည့် လိုက်တဲ့အခါမှာ ဘာမှမတွေ့ဘူး။

ဘာမှ မတွေ့တဲ့အခါကျတော့ ဦးခင်မောင် ခန္ဓာလည်း စွန့်ပြီ၊ ဒါနိဗ္ဗာန်ပဲဆိုတော့၊ ဒါနိဗ္ဗာန်ပဲလို့ သိနေတဲ့ အခိုက်အတန့်မှာ မဂ်ဉာဏ်နဲ့ သိနေလိုက်တဲ့အခါကျတော့၊သြော် ကိလေသာတွေကလည်း သေနေတာအမှန် (မှန်ပါတယ် ဘုရား)။

ဝိပဿနာဉာဏ်နဲ့ဘာထူးသတုံး

မသေဘူးလား (သေနေပါတယ် ဘုရား)၊ ဒါဖြင့် ဒိဋ္ဌိ ဝိစိကိစ္ဆာ ကိလေသာလည်း သေနေပြီ (မှန်ပါ့ ဘုရား)၊ မဂ်ဉာဏ်သည် သူပေါ်တဲ့အချိန် ဒကာ ဒကာမတွေ အကဲခတ် ဖို့ရာက ခန္ဓာမရှိတာလည်း သူပေါ်လို့၊ နိဗ္ဗာန်မြင်တာလည်း (သူပေါ်လို့ပါ ဘုရား)၊ နောက်က ကိလေသာ ထကြွ သောင်းကျန်းမှု မလာတာလည်း (သူပေါ်လို့ပါ ဘုရား)။

သြော် မဂ်ဉာဏ် ပေါ်ရင်ဖြင့် ဒကာ ဒကာမတို့၊ ခန္ဓာမရှိတဲ့ နိဗ္ဗာန်ကို မြင်လိမ့်မယ်ဆိုတဲ့ဥစ္စာ ဒီမှာ သေချာသွားတယ်၊ ပဋိနိဿဂ္ဂါနုပဿီ ဝိဟရတိ-ဆိုတဲ့ ဒီပါဠိတော် သဘောကျပလား။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ် ဘာထူးသတုံးလို့ လူကြီးပိုင်းက မေးလို့ရှိရင် သြော် ဝိပဿနာဉာဏ်ကတော့ ခန္ဓာစွန့်၊ တဏှာစွန့်၊ နိဗ္ဗာန် ကောင်း

ကောင်းမမြင်၊ မဂ်ဉာဏ်ကတော့(ခန္ဓာစွန့် တဏှာစွန့် နိဗ္ဗာန်ကောင်းကောင်းမြင်ပါတယ် ဘုရား)။

မဂ်ဉာဏ်က အလုပ်သုံးခုလုပ်တယ်

ဪ ဝိပဿနာဉာဏ်က နှစ်ခုသာ ကောင်းကောင်း အလုပ်လုပ်တယ်၊ မဂ်ဉာဏ်က သုံးခုအလုပ်လုပ်တယ်၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)၊ ဝိပဿနာဉာဏ်က နှစ်ခုသာလုပ်တယ်၊ ခန္ဓာစွန့်၊ တဏှာစွန့်၊ သဘောကျပလား (ကျပါတယ် ဘုရား)။

မဂ်ဉာဏ် ပေါ်တဲ့ အချိန်ကျတော့(ခန္ဓာစွန့် တဏှာ စွန့် နိဗ္ဗာန်လည်းမြင်ပါတယ် ဘုရား)၊ ခန္ဓာလည်းစွန့် တဏှာ လည်းစွန့် နိဗ္ဗာန်လည်းမြင်တယ်ဆိုတော့ ခင်ဗျားတို့ ဝိပဿနာ ရှုလို့၊ တစ်ခါတည်း ဖြစ်ပျက်တွေသာရှုလို့။

နေ့တိုင်း ရှု ရှုနေတော့၊ ကြာတော့ ခန္ဓာ ပျောက်ထွက် သွားတယ်၊ ခန္ဓာပျောက် ထွက်သွား တယ်၊ ခန္ဓာပျောက် ထွက်သွားတော့ ဘာပါလိမ့်မတုံးလို့ မေးမနေနဲ့တော့ ဒါမဂ်ဉာဏ်ပေါ် လာတာ။

ဒုက္ခချုပ်တာပါပဲလို့သိတာ

ခန္ဓာစွန့်လိုက်ပြီးတဲ့နောက်က တဏှာလည်း စွန့်ပြီးပြီ ခန္ဓာစွန့်လိုက်ပြီတဲ့၊ တဏှာလည်း စွန့်ပြီးပြီတဲ့ (မှန်ပါ့)။

အင်း ဘာမှမတွေ့တော့ပါလား၊ အို-ဘာမှမတွေ့ တာ မဟုတ်ဘူး၊ ဒီနေရာမှာ ဒုက္ခ ချုပ်တာ ဒါပဲလို့ သိတာ၊ ဘာမှ မတွေ့တာ မဟုတ်ပါဘူး (မှန်ပါ့)၊ သဘောကျရဲ့ လား၊ ဘာပါလိမ့်(ဒုက္ခချုပ်တာပါ ဘုရား)။

ဒုက္ခချုပ်တာ ဒါပဲလို့သိ၊ ရှင်းပလား၊ ဒုက္ခချုပ်တာ ဒါပဲဆို တော့ နိဗ္ဗာန် ကို သူတွေ့တာ၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)၊ ဘာတွေ့တာတုံး (နိဗ္ဗာန်တွေ့တာ ပါ ဘုရား)။

ဒါဖြင့် ဝိပဿနာဉာဏ်က နှစ်ပါးသာ အလုပ်လုပ်နိုင် တယ်၊ မဂ္ဂသမ္မာဒိဋ္ဌိက သုံးကိစ္စထိအောင် အလုပ်လုပ်နိုင်တယ်၊ အင်း-ဝိပဿနာသမ္မာဒိဋ္ဌိက နှစ်ကိစ္စသာ လုပ်နိုင်တယ်။

မဂ်သမ္မာဒိဋ္ဌိက(သုံးကိစ္စ အလုပ်လုပ်ပါတယ် ဘုရား)။ ရှင်းပြီနော်(ရှင်းပါပြီ ဘုရား)၊ ဪ ဒါဖြင့် တော်တော်အရေးကြီးပါလား၊ ဝိပဿနာသမ္မာဒိဋ္ဌိနဲ့ ဝိပဿနာ မဂ်နဲ့ လောကုတ္တရာ မဂ်သည် အတော်ခြားနားပါလား (ခြားနားပါတယ် ဘုရား)၊ မခြားနားဘူးလား (ခြားနားပါ တယ် ဘုရား)။

အဲဒီတော့ကို ကိုယ့်ဝိပဿနာဉာဏ် လုပ်နေတဲ့ ပုဂ္ဂိုလ် လည်း ဝိပဿနာဉာဏ် လုပ်နေသေးတယ် ဆိုတာကိုလည်း အခု ဘယ်သူ့မှ မေးမနေနဲ့၊ ဒီအတိုင်းနေတာပဲ။

ဖြစ်ပျက်မြင်ပြီးသကာလ ကိလေသာ စွန့်နေမှာပဲ။ မဂ်သမ္မာဒိဋ္ဌိမဂ်ဉာဏ် ရောက်တော့ မယ်ဆိုတော့ ဖြစ်ပျက်လည်း မမြင်ဘူး။

ကိလေသာလည်း စွန့်ပြီးသကာလ ခန္ဓာမရှိတာကို သူမြင် နေမှာပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဝိပဿနာဉာဏ် ဘယ်နှစ်ကိစ္စ အလုပ်လုပ်တယ် (၂-ကိစ္စလုပ်ပါတယ် ဘုရား)၊ မဂ်ဉာဏ်က(၃-ကိစ္စ လုပ်ပါတယ် ဘုရား)၊ ဒါ ဘယ်တော့မှ မမေ့နဲ့၊ ဆရာရှာမနေ နဲ့တော့။

ဒါ ဒီဥစ္စာ သေသေချာချာ ဘုရားဟောထားပြီး၊ သေသေချာချာ ဟောထားပြီးတဲ့ ဒကာ ဒကာမတို့၊ ဒါ ဦးဝ လုပ်တတ်ပလား၊ ဦးဘအုန်း လုပ်တတ်ပလား၊ သူ့ဝိပဿနာ ဉာဏ်နဲ့ မဂ်ဉာဏ်နဲ့ ခွဲတောင် ပြနေလိုက်တော့မှပဲ ရှိတာက လည်း ခင်ဗျားတို့ ဘာမှမရှိဘူး။

ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ်ပဲရှိတယ်

ဝိပဿနာလုပ်မယ့်ပုဂ္ဂိုလ်မှာ ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ်ပဲရှိတယ်၊ ဒိပြင်ဟာတွေကတော့ကို ကြားတည်းက ဉာဏ်တွေကတော့ ထင်တာ,မြင်တာမှတ်တမ်း ထိုးထားတာပဲ ရှိတာပဲ၊ စင်စစ်တော့ ဒိပြင်ဉာဏ်တွေဟာ ဝိပဿနာချည်းပဲ။ သဘောကျပလား (ကျပါပြီ ဘုရား)။

အပျက်ကလေးမြင်တော့ ဘင်္ဂဉာဏ်လို့ လုပ်တာပဲ၊ ပေါင်းခေါ်တော့ ဝိပဿနာဉာဏ်ဆိုရမှာပဲ၊ သင်္ခါရုပေက္ခာဉာဏ် ဆိုတော့ လျစ်လျူရှုတာ အပျက်လျစ်ရှုတာပဲ ခေါ်တော့ ဘယ်ဉာဏ်ထဲသွင်း၊ ဝိပဿနာဉာဏ်ထဲ သွင်းရမှာပဲ၊ ဒါကြောင့် ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ် ဒါပဲဟောတော့တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ဝိပဿနာဉာဏ်က စလုပ်လို့ ရှိရင် မဂ်ဉာဏ် မရောက်ဘဲ ရှိပါ့မလား (မရှိပါ ဘုရား)။

ဘာပြုလို့တုံးဆိုတော့ နှစ်ခုနဲ့ သုံးခုပဲကွာတဲ့ကိစ္စ၊ ဝိပဿနာဉာဏ်က ၂-ကိစ္စ အလုပ်လုပ်တယ်၊ မဂ်ဉာဏ်က (၃-ကိစ္စ အလုပ်လုပ်ပါတယ် ဘုရား)။

အဲဒီတော့ ၂-နဲ့ ၃ကူးဖို့ရာကျတော့ကို ကိုမြရွှေတို့ အလွယ်ပဲဗျာ (မှန်ပါ့)၊ လုံးဝမလုပ်တဲ့ အတွက်တော့ ရောက် လိမ့်မယ်လို့ ခင်ဗျားတို့ အယူမရှိနဲ့နော်၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ကောင်းပြီ အင်မတန်အဖိုးတန်သွားပြီ။

ဒါဖြင့် ဒကာ ဒကာမတို့၊ သမ္မာဒိဋ္ဌိ ဘယ်နှစ်မျိုးရှိသွားပြီ ဆိုတာ ဦးဘတင် မှတ်တမ်းတင် ပြီးပလား၊ ဘယ်နှစ်မျိုးရှိသွား (၄-မျိုးရှိသွားပါပြီ ဘုရား)။

၄-မျိုးပြီးသွားပြီ၊ ဒကာ ဒကာမတို့၊ ၄-မျိုးပြီးသွားပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဖိုလ်သမ္မာဒိဋ္ဌိ သွားကြပါစို့၊ ဖိုလ်သမ္မာ ဒိဋ္ဌိဆိုတာ မရှိဘူးလား (ရှိပါတယ် ဘုရား)။

၅။ ဖိုလ်သမ္မာဒိဋ္ဌိ

ကဲ ဖိုလ်သမ္မာဒိဋ္ဌိကို လက်ကိုင်ထားကြပါစို့။ ဝိပဿနာ သမ္မဒိဋ္ဌိကလည်း ပြီးသွားပြီ၊ မဂ်သမ္မာဒိဋ္ဌိကလည်း (ပြီးပါပြီ ဘုရား) ဖိုလ်သမ္မာဒိဋ္ဌိပဲ ကျန်တော့တယ် (မှန်ပါ့)။

ဖိုလ်သမ္မာဒိဋ္ဌိပဲ ကျန်တော့တယ်ဆိုတော့၊ ဖိုလ်သည်ကား လို့ဆိုလို့ရှိရင်၊ ဒကာ ဒကာမတို့-မဂ်နောက်က ကပ်ပြီး လိုက်တဲ့ ဖိုလ်ရှိတယ်၊ ဖိုလ်က နှစ်မျိုး။

ဖိုလ်က နှစ်မျိုး

၁။ မဂ်ဉာဏ်နောက်က ကပ်လိုက်တဲ့ ဖိုလ်ကတစ်မျိုး၊

၂။ ဝိပဿနာ ဉာဏ်နောက်က ကပ်လိုက်တဲ့ ဖိုလ်က တစ်မျိုး။

ဖိုလ်ဘယ်နှစ်မျိုး ရှိပါလိမ့်(နှစ်မျိုးရှိပါတယ် ဘုရား) ဒါ သေသေချာချာ မှတ်ထားမှ၊ ဖိုလ်ဆိုရင် တစ်မျိုးတည်းလို့ မှတ်နေအုံးမယ်။

မဂ်ဉာဏ် နောက်က လိုက်လာတဲ့ ဖိုလ်က တစ်မျိုး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဝိပဿနာဉာဏ် နောက်က လိုက်လာတဲ့ဖိုလ်က တစ်မျိုး၊ ဖိုလ်ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)။

မဂ်ဉာဏ်ရရင်ဖိုလ်ဉာဏ်ကအလိုလိုလိုက်တာ

ဒါ သေသေချာချာမှတ်ပါအုံး၊ ဖိုလ်ဉာဏ်ကိုက နှစ်မျိုး ရှိနေတယ်ဆိုတာ မှတ်ထားရမယ်၊ ဒါကတော့ ဘုန်းကြီးက ဟောချင်လို့ ဟောရတာမဟုတ်ပါဘူး ဒကာ ဒကာမတို့၊ ခင်ဗျား တို့ မဂ်ဉာဏ်ရရင် ဖိုလ်ဟာ အလိုလိုလိုက်တာပါပဲ။

အကာလိကော ဆိုတာ၊ အကာလိကော-အခါမလင့် အကျိုးပေး၏ဆိုတော့၊ မဂ်ဉာဏ်သာ ရလို့ရှိရင်၊ ဖိုလ်ရရပါလို၏ လို့ ဆုမတောင်းနဲ့၊ သူ့ဟာသူ လာတာပဲ၊ ဓမ္မနိယာမလို့ မှတ်ထားပေါ့။ ဓမ္မနိယာမဆိုတာ ဒကာ ဒကာမတို့၊ မဂ်ဉာဏ်တည်း ဟူသောအကြောင်း အားထုတ်ထားလို့ ရှိရင်ဖြင့် ဖိုလ်ဉာဏ် တည်းဟူသော အကျိုးကတော့ မလာပါနဲ့ ဆိုလို့ (မရပါ ဘူး ဘုရား)။

လာရမှာပါပဲ၊ သဘောကျပလား (ကျပါတယ် ဘုရား) တားလို့ဆီးလို့၊ ဘုရားလာ တားတာတောင်မရဘူး။ မာရ်နတ်ကြီးလာတာကော (မရပါ ဘုရား)၊ မရပါဘူးတဲ့။

ဘယ်နှယ့် ဒကာ ဒကာမတို့၊ မဂ်က အနန္တရပစ္စည်း ဖိုလ်က အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်ဆိုတာ သေချာနေတာ (မှန်ပါ့ ဘုရား)။

ကံနဲ့ အကျိုးပေးပဲ

ကံနဲ့ အကျိုးပေးပဲ ဒကာ ဒကာမတို့၊ မဂ်က စေတနာကံ လေဗျာ၊ ဖိုလ်က အကျိုးပေးဆိုတော့ ကပ်နေတာပဲ၊ မဂ်ပြီးဖိုလ် ပဲ၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဖိုလ်ဉာဏ်သည် ဒကာ ဒကာမတို့၊ ဘယ်နှစ်မျိုး ရှိပါလိမ့်(နှစ်မျိုးပါ ဘုရား)၊ မဂ်နောက်က ကပ်ပြီးလိုက်တဲ့ ဖိုလ်ဉာဏ်ကတစ်မျိုး – ဝိပဿနာဉာဏ်နောက်ကလိုက်တဲ့ ဖိုလ်ဉာဏ်ကတစ်မျိုး (မှန်ပါ့ ဘုရား)။

သဘောကျပလား (ကျပါတယ် ဘုရား)၊ ဖိုလ်ဉာဏ် ဘယ်နှစ်မျိုးပါလိမ့်(နှစ်မျိုးပါ ဘုရား)၊ တစ်နည်းက ဘာပါ – လိမ့် (မဂ်ဉာဏ် နောက်က လိုက်တဲ့ ဖိုလ်ပါ ဘုရား)။

တစ်နည်းက(ဝိပဿနာဉာဏ် နောက်ကလိုက်တဲ့ ဖိုလ်ဉာဏ်တစ်မျိုး ဘုရား)၊ ဝိပဿနာဉာဏ် နောက်ကလိုက်တဲ့ ဖိုလ်ဉာဏ်တစ်မျိုး(မှန်ပါ့ ဘုရား)။

ဗဟုသုတအတွက်သာ ဟောတာ

သေသေချာချာမှတ်ပါ။ ဒါက ဗဟုသုတအတွက်နော် စင်စစ် ခင်ဗျားတို့ ကျင့်တဲ့ အခါ ကျတော့ သူ့ အထူးရဖို့ အားထုတ်ရတာ မဟုတ်သောကြောင့် ဗဟုသုတအတွက်သာ

ဟောတာလို့ မှတ်လိုက်စမ်းပါ။

ဦးဘအုန်း ဘယ်အကျိုးငှာ ဟောတာတုံး (ဗဟု သုတ အကျိုးငှာ ဟောပါတယ် ဘုရား)၊ ဗဟုသုတဆိုတာ ဘုန်းကြီးဗဟုသုတပဲ ပေးမှာပဲတဲ့၊ ခင်ဗျားတို့ ဒါအားထုတ်ရတဲ့ တရားမဟုတ်ဘူး။

ဓမ္မနိယာမချည်း လာနေတဲ့ဥစ္စာပဲ ဘာမှ ဟောစရာမလို ပါဘူး၊ သို့သော်လည်း ဖိုလ်ဉာဏ်ကို ခင်ဗျားတို့သိစေချင်လို့ ၂ ရှိရင်၊ သိစေချင်တဲ့ သဘောလေးရှိလို့ ဘုန်းကြီးက ပြောပါတယ်၊ ကိုင်း ဒကာဒကာမတို့၊ မဂ်ဉာဏ်က တစ်နေ့က ပြောတယ်၊ ဒါမဂ်ဉာဏ်၊ ဒါကတော့ နိဗ္ဗာန်ထားပါတော့ မဂ် ဉာဏ်သည် ဒကာ ဒကာမတို့၊ ဘယ်နှစ်ကိစ္စ အလုပ်လုပ်သတဲ့တုံး (သုံးကိစ္စလုပ်ပါတယ် ဘုရား)။

ဘာပါလိမ့် (ခန္ဓာလည်းစွန့်၊ တဏှာလည်းစွန့်၊ နိဗ္ဗာန်လည်း မြင်ပါတယ် ဘုရား)၊ အေး ခန္ဓာလည်းစွန့်၊ တဏှာလည်းစွန့်၊ နိဗ္ဗာန်လည်း မြင်တယ်။

ကောင်းပြီ ဒါဖြင့် နိဗ္ဗာန်ဆိုတာမျိုးဟာ ဒကာဒကာမတို့ အမြဲတမ်း ခင်ဗျားတို့ ရှိနေတာပဲ လို့မှတ်ရမယ်၊ သဘော ကျပလား (ကျပါတယ် ဘုရား)။

နိဗ္ဗာန်သည် အားထုတ်တဲ့ ပုဂ္ဂိုလ်အတွက်အမြဲတမ်းရှိ

အမြဲတမ်းရှိနေတယ်ဆိုတော့ လူတိုင်း တွေ့သလား လို့တော့ မေးဖို့လိုတယ်၊ အမြဲတမ်းရှိတဲ့ပစ္စည်းဖြင့် ဘုရား လူတိုင်းတွေ့ဖို့ပါပဲ၊ သဘောကျပလား (ကျပါတယ် ဘုရား)။

မဟုတ်ပါဘူးတဲ့၊ ရှိတာတော့ ရှိတယ်တဲ့၊ အမြဲတမ်း တော့ ရှိပါတယ်ဆိုတော့ ဒကာဒကာမတို့၊ ဒီနိဗ္ဗာန်ဟာ အားထုတ်တဲ့ပုဂ္ဂိုလ် လူတိုင်းမှာတော့၊ အားထုတ်လို့ ရောက်မယ့် ပုဂ္ဂိုလ်၊ လူတိုင်းမှာတော့ အမြဲတမ်းသူရှိနေတာပဲ။

အားမထုတ်တဲ့ ပုဂ္ဂိုလ်တွေ အတွက်မှာတော့ သူကရှိကို မရှိဘူး သဘောကျပလား (ကျပါတယ် ဘုရား)။

အဲဒီတော့ အားမထုတ်တဲ့ ပုဂ္ဂိုလ်အတွက်မှာဖြင့် (မရှိပါဘူး ဘုရား) မရှိဘူး၊ အားထုတ်တဲ့ ပုဂ္ဂိုလ်အတွက်မှာတော့ဖြင့် (ရှိပါတယ် ဘုရား)၊ ရှိတယ်လို့ သေသေချာချာ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

သြော် ဒါဖြင့် အရှိကလည်း နှစ်မျိုးပါလား (မှန်ပါ့ ဘုရား) ထုတ်တဲ့ပုဂ္ဂိုလ်ဖြင့်ရှိတယ် မထုတ်တဲ့ပုဂ္ဂိုလ်ဖြင့် (မရှိပါ ဘုရား)၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ထုတ်တဲ့ပုဂ္ဂိုလ် (ရှိပါတယ် ဘုရား) မထုတ်တဲ့ ပုဂ္ဂိုလ် (မရှိပါ ဘုရား)၊ ထုတ်မထုတ်ဆိုတာ ဘာနဲ့ စစ်တမ်းထုတ်ကြ မယ်(အားထုတ် မထုတ်နဲ့ စစ်တမ်းထုတ်ပါမယ် ဘုရား)။

တရားအားထုတ်မှရမယ်

အားထုတ်တဲ့ပုဂ္ဂိုလ်မှာ ထိုက်တယ်၊ အားမထတ်တဲ့ ပုဂ္ဂိုလ်မှာ အော်နေတဲ့၊ ဆုတောင်းနေတဲ့ ပုဂ္ဂိုလ်က မထိုက်ဘူး လို့မှတ်ထားကြစမ်းပါ၊ သဘောကြပါလား (ပါ-ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အားထုတ်မှ ရမယ့် အလုပ် ဆိုတာကိုလည်း ခင်ဗျားတို့ သမ္မပ္ပဓာန်လေးပါး ဘုရားဟောတာ ဖြစ်သဖြင့် ဦးဘအုန်းတို့ ရှင်းပါတယ်။

မဖြစ်သေးတာဖြစ်အောင်ဆိုတာ အားစိုက်ရမယ် မဟုတ်လား (မှန်ပါ့ ဘုရား) ဖြစ်ပြီးသားကိုလည်း ပွားနိုင် လောက်အောင်ဆိုတာကိုကော(အားထုတ်ရမှာပါ ဘုရား)။

အင်း ဒါဖြင့် သမ္မပ္ပဓာန်လေးပါးထဲက ဒကာဒကာမ တို့ သမ္မပ္ပဓာန်၊ ဗောဓိပက္ခိယ၊ တရားတွေထဲမှာ သတိပဋ္ဌာန် လေးပါး၊ သမ္မပ္ပဓာန်လေးပါး မပါဘဲနဲ့၊ ဗောဓိပက္ခိယတရား ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား)။

မဂ်ဉာဏ်ရတဲ့ တရားဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား) အဲဒီထဲက ဆုတောင်းအလုပ်မဟုတ်ဘူး၊ ပွားများရမယ့် အလုပ်၊ ပွားများပြီးသကာလ အားထုတ်ယူရမယ့် အလုပ်ပါလား ဆိုတာ အတော်သေချာသွားတယ်။

ရှင်းပြီနော်(ရှင်းပါတယ် ဘုရား)၊ ကောင်းပြီ နေရာ ကျပြီ ဒါဖြင့် မဂ်ဉာဏ်က သုံးပါးစွန့်တာတော့ သဘောကျပြီနော်။

မဂ်ပြီးတော့ကို ဒကာ ဒကာမတို့ မဂ်စိတ်သည် တစ်၊ နှစ်၊ ဆိုတော့ မဂ်စိတ်က ချုပ်သွားတယ်၊ ခုနက ကိလေသာစွန့် ခန္ဓာ စွန့်၊ နိဗ္ဗာန်မြင်တဲ့တရားလေး စွန့်သွားတော့ကို မဂ်စိတ်က စွန့်လိုက်ပြီး သကာလ မဂ်စိတ်ချုပ်သွားတယ်။

မဂ်နောက်က ဖိုလ်လိုက်လာတယ်။

မဂ်စိတ်ကလည်း ဒကာ ဒကာမတို့၊ ဝိပဿနာရှုတဲ့ စိတ်လိုပေါ့၊ မဂ္ဂင်ငါးပါးကလည်း ဖျတ်ဆိုချုပ်တယ်၊ မဂ္ဂင် ရှစ်ပါးကကော(ချုပ်ပါတယ် ဘုရား)။ ချုပ်တာပဲဆိုတော့ကို သူ့နေရာမှာ ဒကာ ဒကာမတို့၊ ဖိုလ်အင်္ဂါ ရှစ်ပါးဆိုတာ လာမှာပဲ။

မဂ္ဂင်ရှစ်ပါးလို ဖိုလ် မဂ္ဂင်ရှစ်ပါးဆိုတာလာမှာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ဒါမဂ်ချုပ် သွားတော့ ဖိုလ်နဲ့မတွေရပေဘူးလား (တွေ့ရပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာဒကာမတို့ ဒီဖိုလ်သည် မဂ်နောက်ကလိုက်တဲ့ဖိုလ်ပဲ၊ မဂ်ပြီးတော့ကော ဖိုလ်လာ တာပဲတဲ့၊ ဒီဖိုလ်က ဘယ်အကျိုးငှာ ပေါ်လာတာတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

အို ဒကာ ဒကာမတို့၊ မဂ်အလုပ်ကိစ္စကို သူပြန် လုပ်မှာပဲ မဂ်က ဘယ်နှစ်ကိစ္စ လုပ်ခဲ့တုံး (၃-ကိစ္စ လုပ်ပါတယ် ဘုရား)၊ ဘယ်လိုလုပ်ပါလိမ့် (ခန္ဓာလည်းစွန့်၊ တဏှာလည်းစွန့်၊ နိဗ္ဗာန်လည်း မြင်ပါတယ် ဘုရား)။

အဲ ခန္ဓာလည်းစွန့်၊ တဏှာလည်းစွန့်၊ နိဗ္ဗာန်လည်း မြင်တယ်နော်၊ အို တဏှာမှ မရှိဘဲနဲ့ ဖိုလ်က ဘာစွန့်မတုံး မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။

ဖိုလ်ကအနုသတ်ရတယ်

အို ဖိုလ်ကလည်း သူကဒကာ ဒကာမတို့၊ ဟိုက၊ အကြမ်းသတ်ဆို၊ သူက အနုသတ်အဖြစ်နဲ့ ဦးဘအုန်းရဲ့ သတ်ရသေးတယ်။

လောကီ ဥပမာပြောကြပါစို့ ဆိုတော့ ဒကာ ဒကာမတို့၊ အင်မတန် မီးတွေရဲရဲကြီး ရှားမီးခဲကြီးကိုရေနဲ့ လောင်းလိုက်တဲ့ အခါ မီးသွေးတုံးကြီးပေါ်လာတယ်၊ ဖျတ်ဆို ရေတစ်ခွက်နဲ့

လောင်းလိုက်၊ အမဲကြီးတော့ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အရဲကြီးက အမဲကြီးဖြစ်သွားတယ်

အရဲကြီးက အမဲကြီး ဖြစ်မသွားဘူးလား (ဖြစ်သွား ပါတယ် ဘုရား)၊ ဖြစ်သွားတော့ မကိုင်နဲ့နော် (မှန်ပါ့ ဘုရား)၊ သွားကိုင်ရင်ပူလိမ့်မယ်၊ မပူပေဘူးလား (ပူပါတယ် ဘုရား)။

ဘာတုံး အမဲတော့ဖြစ်သွားပြီ၊ အရဲတော့ပျောက် ပါတယ်၊ အရဲပျောက်ပြီးသကာလ အမဲပေါ်ပေါက်လာငြားသော် ကိုင်ရဲသေးလား (မကိုင်ရဲသေးပါ ဘုရား)။

ဘာကြောင့်တုံးဆိုတော့ သတ္တိကျန်နေတယ်(မှန်ပါ့ ဘုရား)၊ အပူသတ္တိ ကျန်နေတယ်၊ မကျန်ဘူးလား (ကျန် ပါတယ် ဘုရား)၊ အဲဒီအပူမီးသတ္တိကို သူကငြိမ်းဖို့ ပေါ်လာတဲ့ တရား။

အမဲထဲကအပူကို ဖိုလ်ကငြိမ်းရတယ်။

အပူသတ္တိကို ငြိမ်းဖို့ပေါ်လာတဲ့တရား၊ အရဲကို မဂ်က ငြိမ်းတယ်၊ အမဲထဲက အပူကို ဖိုလ်ကငြိမ်းရမယ် (မှန်ပါ့ “ ဘုရား)၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ခင်ဗျားတို့ကိလေသာက သာမညကိလေသာ မဟုတ် ဘူး၊ ဟုတ်လား၊ ကြမ်းတမ်းတာကြီး၊ သြော် ကြမ်းတမ်းတာ ကြီးကို မဂ်နဲ့ သတ်တာတောင်မှ အနုကိလေသာက အရှိန် အစော် ကျန်နေသေးတယ်၊ ကျန်နေရစ်တဲ့အတွက် ဖိုလ်ပြန် ပေါ်ရတယ်၊ မပေါ်ရပေဘူးလား (ပေါ်ရပါတယ် ဘုရား)။

ဒါဖြင့် သူလည်းကိလေသာစွန့်တာပေါ့ဗျာ၊ ဘယ် ကိလေသာတုံးလို့မေးတော့၊ ဟိုမဂ်သတ်လို့ ကျန်နေတဲ့ အငွေ့ အသက်ပေါ့ဗျာ၊ ဘယ်နှယ့်ဆိုကြမယ်(မဂ်သတ်လို့ ကျန်နေတဲ့ ကိလေသာ အငွေ့အသက်ပါ ဘုရား)။

အဲဒီအငွေ့အသက်ကလေးဟာ ပဋိပဿမ္ဘနပဟာန် တစ်ဖန် ငြိမ်းစေတတ်တယ်ဆိုတည်းကိုက အငွေ့အသက်ရှိလို့ သာပေါ့ဗျာ၊ မရှိရင် တစ်ဖန်ငြိမ်းတယ်ဆိုတဲ့ စကားသုံးစရာ လိုသေးလား (မလိုပါ ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် မဂ်ပြီးဘာလာသတုံး၊ မဂ္ဂင်ရှစ်ပါးလာပြီးတော့ ဖိုလ်မဂ္ဂင်ရှစ်ပါးလာတယ်ဆိုတော့ သူလည်း နှစ်ကိစ္စပဲလို့မှတ်တာပေါ့။

သဘောကျပလား (ကျပါတယ် ဘုရား)၊ ကိလေသာလည်းစွန့် (ခန္ဓာလည်းစွန့်ပါတယ် ဘုရား)၊ နိဗ္ဗာန် လည်း မြင်တာပဲဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။ အဲဒီတော့ကို ဒီလိုယူပါတဲ့။

မဂ်နဲ့သူနဲ့ အရှင်ဘုရား နဲနဲမတူတော့ဘူးလားလို့ မေးတဲ့ အခါကျတော့ ကိလေသာ စွန့်တဲ့နေရာမှာလည်း အရဲနဲ့အမဲ ကွာတယ်ဆိုတာ ပြောပြီးပြီ။

အရဲငြိမ်းသွားတာက မဂ်၊ အမဲကို ငြိမ်းရမှာက ဖိုလ် (မှန်ပါ) အထဲထဲက ပူနေတဲ့ အပူက မရှိဘူးလား၊ (ရှိပါတယ် ဘုရား)၊ အဲဒါ ငြိမ်းသတ်တာက (ဖိုလ်ပါ ဘုရား)။

ဖိုလ်ဉာဏ်သည် မဂ်ဉာဏ်ထက်သတ္တိထက်တယ်

အေး အဲဒီတော့ ဖိုလ်ဉာဏ်သည် မဂ်ဉာဏ်ထက် သူက သတ္တိထက်တယ်လို့ ဒကာ ဒကာမတွေ ဆိုကြစမ်းပါ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် မဂ်ထက် သတ္တိထက်ရသတုံး ဦးဘ အုန်း မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။

အေး ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဒီစစ်ပြိုင်တိုက်ရတာနဲ့ နောက်ငြိမ်းချမ်းရေး လိုက်ရတာနဲ့၊ အုပ်ချုပ်ရေး ငြိမ်းချမ်းရေး အုပ်ချုပ်တာနဲ့ ခင်ဗျားတို့ ဘယ်ဟာ က လွယ်မယ်ထင်သတုံး (ငြိမ်းချမ်းရေးလုပ်ရတာ ခက်ပါ တယ် ဘုရား)၊ ငြိမ်းချမ်းရေးက ခက်တယ်၊ ဟိုမှာ အစွန်ထလာ၊ ဟိုက အစွယ်ထောက်လာ၊ အစွယ်လေးတက်လာနဲ့ ဟုတ်ဖူးလား (မှန်ပါ့)။

စစ်ကြီး ပြီးသွားဖို့ရာ အလွယ်လေးရယ်(မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ စစ်ကြီး ပြီးသွားဖို့ရာ နှစ်ဘက်ယှဉ်တိုက်လိုက်လို့ ဒကာ ဒကာမတို့ လက်နက်ကုန်ကြပြီ လူလည်းထပ်ပြည့်အောင် မဖွဲ့နိုင်ကြဘူး ဆိုရင် လက်မြှောက်ကြတာပဲ(မှန်ပါ့)။

နုနု လက်မမြှောက်ဘဲနဲ့ ဟိုကပ် ဒီကပ်နဲ့ ငြိမ်းချမ်းရေး လုပ်ရတော့မယ်ဆိုတော့ မကြာဘူးလား (ကြာပါတယ် ဘုရား)။

ဖိုလ်ကမှလုပ်နိုင်တာ

အဲ ဒီမှာ ဒကာ ဒကာမတို့ စစ်ကြီးပြီအောင် မဂ်ကလုပ်ငြားသော်လည်း စစ်ပြေငြိမ်းအောင် တကယ့်ကို ငြိမ်းချမ်းရေးရအောင် ဖိုလ်ကမှ လုပ်နိုင်တာ(မှန်ပါ့) သူမှတစ်ပါးလုပ် ပေးမယ့်သူ မရှိဘူး (မရှိပါ ဘုရား) သဘောပါပလား (ပါပါတယ် ဘုရား)။

ကိလေသာ ရန်သူတွေ ဒကာ ဒကာမတို့ ဖိုလ်က ငြိမ်း ချမ်းရေးဖြစ်အောင် လုပ်ပါတယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ဖိုလ်ဉာဏ်ကနှစ်ကိစ္စ

ဒါဖြင့် သူ နှစ်ကိစ္စလို့မှတ်၊ ငြိမ်းချမ်းရေးကိစ္စရယ်, နိဗ္ဗာန်မြင်တဲ့ကိစ္စရယ်, ခန္ဓာတော့ သူက စွန့်စရာ မလိုတော့ဘူး (မှန်ပါ့)။

ဘာပြုလို့တုံးဆိုတော့ ဒုက္ခသစ္စာမှ သူပိုင်းခြားစရာမလို တော့ဘူး၊ ဖိုလ်က ပိုင်းခြားစရာ မလိုတော့ဘူး၊ မဂ်က တစ်ခါ တည်းပိုင်းပြီး မင်းနေရစ်တော့ဆိုပြီး စွန့်ခဲ့ပြီ၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဖိုလ်ကိစ္စက ကိလေသာကိုလည်း ငြိမ်းချမ်းရေး ရအောင်လည်း လုပ်နိုင်တယ်၊ နိဗ္ဗာန်ကိုလည်း မြင်နိုင်တယ်၊ သူက ၂-ကိစ္စ၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ဖိုလ်က ဘယ်နှစ်ကိစ္စပါလိမ့်(နှစ်ကိစ္စပါ ဘုရား)၊ အင်း နိဗ္ဗာန်ကိုမြင်တဲ့ ကိစ္စရယ်၊ ကိလေသာ ငြိမ်းချမ်းရေးရအောင်၊ အအေးရအောင်လုပ်တဲ့ကိစ္စရယ်၊ ဖိုလ်ကိစ္စ (မှန်ပါ့ ဘုရား)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

အဲဒါကြောင့် ပါဠိတော်က “နိဗ္ဗာနံ ဖလဿ အာရမ္မဏ ပစ္စယေန ပစ္စယော”လို့ ဟောလိုက်တယ်(မှန်ပါ့)၊ နိဗ္ဗာန်နဲ့ ဖိုလ်ပဲကွာ သဘောကျပလား (ကျပါတယ် ဘုရား)။

သူက ဒုက္ခသစ္စာတွေ ပိုင်းခြားဖို့ လိုသေးလား (မလိုပါ ဘုရား) အေး မလိုတဲ့အတွက် ဟိုမှာကော မဂ်တုန်းက ဒုက္ခသစ္စာတွေ ပိုင်းခြားနေတဲ့အတွက် မင်းနေရစ်တော့လို့ လုပ်နေရတဲ့အတွက် ခန္ဓာကိုလဲစွန့်။

ဒီမှာတော့ ဟိုကလို ခန္ဓာကိုစွန့်ဖို့ လိုသေးလား (မလိုပါ ဘုရား) မလိုတော့ကိုတဲ့၊ ဒကာ ဒကာမတို့ ၂-ကိစ္စ ရွက်ဆောင်တယ်လို့ ယူတာပေါ့ (မှန်ပါ)။

ဦးဘအုန်းတို့ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)၊ ကိလေသာ ငြိမ်းချမ်းရေး ရအောင်လည်း ဘယ်သူ့ကိစ္စ (ဖိုလ်ကိစ္စပါ ဘုရား)၊မဂ်ကိစ္စတုန်းကတော့ကိလေသာပယ်မှု ကိစ္စနော်၊ အခုဟာက ငြိမ်းချမ်းရေးရအောင်ကိစ္စ မထူးခြားဘူး လား (ထူးခြားပါတယ် ဘုရား)၊ အဲ့ဒီလို သွားလိုက်စမ်း ပါဆိုတော့ သဘောကျပလား (ကျပါတယ် ဘုရား)။

မဂ်နောက်ကလိုက်တဲ့ဖိုလ်

မဂ်နောက်ကလိုက်တဲ့ ဖိုလ်အကြောင်းကိုပြောတယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ဘယ်လိုပြောပါ လိမ့်(မဂ်နောက်ကလိုက်တဲ့ ဖိုလ်အကြောင်းကို ပြောပါ တယ် ဘုရား)။

ဉာဏ်ဖျင်းတဲ့ပုဂ္ဂိုလ်မှာ

အဲဒီတော့ ဖိုလ်ဟာ ဘယ်နှစ်ကြိမ်များ လာတတ်ပါ သတုံးဆိုရင်ဖြင့် ဒကာ ဒကာမတို့ ညံ့ဖျင်းတဲ့ ပုဂ္ဂိုလ်မှာ နှစ်ကြိမ် လာတတ်တယ်၊ တစ်ဖိုလ်ချုပ်ပြီးနောက် တစ်ဖိုလ်လာတာပဲ၊ ဉာဏ်ဖျင်းတဲ့ပုဂ္ဂိုလ်မှာနော်။

ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်မှာ

ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်မှာတော့ တစ်၊ နှစ်၊ သုံး ဆိုပြီး နောက် ဒီပြင်တခြားစိတ်တွေ၊ ဘဝင်စိတ်တွေ လာတော့တာ ပဲနော်(မှန်ပါ့ ဘုရား)၊ ပစ္စဝေက္ခဏာစိတ်တွေ လာတော့တာပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ်ဉာဏ်ရရင် ဖိုလ်ဉာဏ်ရလာမည်

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီအခု ဗဟုသုတ ရှိအောင်လို့ ဦးဘတင် ဘုန်းကြီး ပြောနေတယ်နော် (မှန်ပါ့ ဘုရား)၊ မဂ်ဉာဏ်ရရင် ဖိုလ်ဉာဏ်ရဖို့ အထူးလုပ်နေစရာ လိုသေး လို့လား (မလိုပါ ဘုရား)။

ဝိပဿနာဉာဏ် ရှေ့ထားရမယ်၊ ဝိပဿနာဉာဏ်မှ ရှေ့မထားလို့ရှိရင်လည်း မဖြစ်ပေဘူး(မှန်ပါ)၊ ကောင်းပြီ ဒါဖြင့် ပြန်ပြောပါဦးမယ် ဒကာ ဒကာမတို့ ဒုတိယ ဖိုလ်လည်း ပြောတော့ ပြောရမယ်နော်၊ အချိန်ကသိပ်မရှိဘူး။ ( ဖိုလ်ဉာဏ် ဖြစ်ဖို့ရာ အထူးအားထုတ်ရတာလား၊ ဓမ္မ နိယာမသဘောနဲ့လာတာလား (ဓမ္မနိယာမ သဘောနဲ့ လာတာပါ ဘုရား)၊ မဂ်ဉာဏ်ရဖို့ကျတော့ ဒကာ ဒကာမတို့ မဂ်ဉာဏ်ရဖို့ကို အားထုတ်ရတယ်မဟုတ်လား။

ကဲ မဂ်ဉာဏ်ရဖို့ရာကို ဘယ်သူတွေ ရှေ့ဆောင်မှ ရရမှာတုံး (ဝိပဿနာဉာဏ် ရှေ့ဆောင်မှပါ ဘုရား) ကောင်းပြီ မဂ်ဉာဏ်ရဖို့ ဝိပဿနာရှေ့ဆောင်မှရမယ်။ ဝိပဿနာရှေ့ဆောင်မှု အလုပ်လုပ်ချင်ပြန်လို့ရှိရင်လည်း ဟိုတစ်နေ့က ပြောတာနဲ့ပြန်ဆက်။

သက္ကာယဒိဋ္ဌိအရင်ဖြတ်ရမယ်

သက္ကာယဒိဋ္ဌိအလျင်ဖြုတ်ရမယ် ဝိပဿနာဉာဏ် လုပ်မယ်ကြံရင်(သက္ကာယဒိဋ္ဌိ အလျင်ဖြုတ်ရပါတယ် ဘုရား)၊ သက္ကာယဒိဋ္ဌိ ဖြုတ်မယ်ကြံလို့ရှိရင်လည်း အရမ်းဖြုတ် လို့မရဘူး။

ခန္ဓာပဋိစ္စသမုပ္ပါဒ်ပေါ်တိုင်းသိရမယ်

ခန္ဓာပဋိစ္စသမုပ္ပါဒ်ပေါ်တိုင်းသိ(သိရမယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ခုမှ ပြန်ပေါင်းတာ တရားက။

ရိပ်မိပလား ဦးဘအုန်း ကဲ ဒါဖြင့် ဒကာ ဒကာမတို့ မဂ်ဉာဏ်ရချင်လို့ရှိရင် ဘာလုပ်မတုံး (ဝိပဿနာရှုရပါ မယ် ဘုရား)။

ဝိပဿနာဉာဏ်လုပ်ရမယ်၊ ဝိပဿနာဉာဏ်လုပ်မယ် ကြံရင် ဘာရှေ့သွားရှိရမတုံး (သက္ကာယဒိဋ္ဌိဖြုတ်ခြင်း ရှေ့သွားရှိရပါမယ် ဘုရား)။

အင်း သက္ကာယဒိဋ္ဌိဖြုတ်ရမယ်၊ သက္ကာယဒိဋ္ဌိ ပြုတ်ချင်လို့ရှိရင် ဘာလုပ်ရမတုံး (ခန္ဓာ ပဋိစ္စသမုပ္ပါဒ် သိရပါမယ် ဘုရား)။

ခန္ဓာပဋိစ္စသမုပ္ပါဒ် သိရမယ်၊ ခန္ဓာပဋိစ္စသမုပ္ပါဒ် မသိလို့ ရှိရင်သက္ကာယဒိဋ္ဌိက မပြုတ်ဘူး၊ မပြုတ်ဘဲနဲ့ ဝိပဿနာဉာဏ် ရှုနေရင်၊ ဘယ်တော့မှ မရလို့မှတ် သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါ ဒကာ ဒကာမတို့ ဒီ အခု ပြောခဲ့တဲ့ အစီအစဉ်သည် အလုပ်စဉ်ကောပါပြီမဟုတ်လား (ပါ ပါပြီ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ မဂ်ဉာဏ်ရချင်ရင် ဘာလုပ်ရမယ် ( ဝိပဿနာ လုပ်ရပါမယ် ဘုရား)။

ဝိပဿနာဉာဏ် လုပ်မယ်ကြံရင်၊ ဘာရှေ့ထားရမယ် (သက္ကာယဒိဋ္ဌိဖြုတ်ခြင်း ရှေ့ထားရပါမယ် ဘုရား)။

သက္ကာယဒိဋ္ဌိဖြုတ်ရမယ်၊ သက္ကာယဒိဋ္ဌိဖြုတ်ချင်လို့ရှိရင် ဘာရှေ့ထားရမယ် (ခန္ဓာ ပဋိစ္စသမုပ္ပါဒ် ပေါ်တိုင်း သိပေး နေရပါမယ် ဘုရား)၊ ခန္ဓာပဋိစ္စသမုပ္ပါဒ်ပေါ်တိုင်း သိရမယ်။

ခန္ဓာ ပဋိစ္စသမုပ္ပါဒ်က နားကပေါ်လို့ရှိရင် နားက ဝိညာဏက္ခန္ဓာပေါ်ပြန်ပြီ၊ နားက ဝေဒနာက္ခန္ဓာ အင်းနှာခေါင်းမှာ ပေါ်လာရင် နှာခေါင်းမှာ ဝိညာဏ်နာမ်ရုပ် ပေါ်လာပြန်ပြီ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

အဲဒီကနေ သွားမှ ဝိညာဏ်နာမ်ရုပ်၊ သဠာယတန ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကံ ဒီအတိုင်း မသိရပေ ဘူးလား (သိရပါတယ် ဘုရား)၊ ဤကဲ့သို့မှ မသိလို့ရှိရင်ဖြင့် ပုဂ္ဂိုလ်သတ္တဝါ ပျောက်ပါ့မလား (မပျောက်ပါ ဘုရား)။

ပုဂ္ဂိုလ် ပုဂ္ဂိုလ်သတ္တဝါ မပျောက်လို့ရှိရင် ဒိဋ္ဌိကရှိနေမယ်၊ ဒိဋ္ဌိရှိရက်နဲ့ ဖြစ်ပျက်ရှုနေလို့ရှိရင် နှစ်ပေါင်းလေးဆယ်မကဘူး ငါးဆယ်အားထုတ်မရဘူးတဲ့ (မှန်ပါ့)၊ ရပါအုံးမလား (မရပါ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီအစီအစဉ်သည် အရေး တကြီးအစီအစဉ်ပဲဆိုရင် လွဲသလား (မလွဲပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အခု ဘာကျန်နေတယ်ဆိုတာ ဦးဝသိပြီမဟုတ်လား (သိပါပြီ ဘုရား)၊ မဂ်နောက်က လိုက်တဲ့ဖိုလ်တော့ပြီးသွား ပြီ ဝိပဿနာနောက်က လိုက်တဲ့ဖိုလ် မနက်ဖြန်မှပြောမယ်။

ကဲ-ဒီနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။