079

အပါယ်လွတ်ကြောင်းတရားကောင်း (ဝိပဿနာ သမ္မာဒိဋ္ဌိ)

အသံဖိုင်ခေါင်းစဉ်= သမ္မာဒိဋ္ဌိ(၅)မျိုး အမှတ်-၂

စာအုပ်ခေါင်းစဉ်= အပါယ်လွတ်ကြောင်းတရားကောင်း (ဝိပဿနာ သမ္မာဒိဋ္ဌိ)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသောတရားတော်

အပါယ်လွတ်ကြောင်းတရားကောင်း (ဝိပဿနာ သမ္မာဒိဋ္ဌိ)

(၂၉-၂-၆၀)

သမ္မာဒိဋ္ဌိ ၅ – မျိုးလို့ ဟောထားတယ် (မှန်ပါ့ ဘုရား)၊ အဲဒီ ၅-မျိုးကလဲ မကုန်စင် သေးဘူး ဆိုတာ ဒကာ ဒကာမ တွေ သိပြီးသား ဖြစ်ပါလိမ့်မယ် ရှေးဦးစွာ သမ္မာဒိဋ္ဌိက၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိလို့ မှတ်ထားပါနော်။

နောက်ဈာနသမ္မာဒိဋ္ဌိ၊ နောက် ဝိပဿနာ သမ္မာဒိဋ္ဌိ ဘယ်နှစ်မျိုး ရှိသွားပြီတုံး (၃-မျိုး ရှိသွား ပါပြီ ဘုရား)၊ ၃ -မျိုး ရှိသွားပြီတဲ့။

နောက် ကြာလာတဲ့ အခါကျတော့ မဂ္ဂသမ္မာဒိဋ္ဌိ၊ နောက် ဖိုလ်သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိ ၅ မျိုး အင်္ဂုတ္တိုရ်မှာ လာတာ ၅-မျိုး ရှိတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

အဲ့ဒီတော့ ဒီ ၅-မျိုးဟာ သမ္မာဒိဋ္ဌိတော့ သမ္မာဒိဋ္ဌိချည်းပဲ သမ္မာက မှန်ကန်တာ၊ ဒိဋ္ဌိက မြင်တာ ၊ အမှန်အကန် မြင်တာချည်းပဲ။

ဉာဏ်အဆင့်ဆင့်ရှိတယ်

အမှန်အကန် မြင်တာချည်းပဲ လို့ ဆိုပေမယ့်လဲ အားလုံး ဒကာ ဒကာမတွေ မှတ်ရမှာက သူ့မှန်တာနဲ့သူ မှတ်ရအုံးမှာ အမှန်စစ် အမှန်တု အမှန်ညံ့ မခွဲရပေဘူးလား (ခွဲရပါ တယ် ဘုရား)။ မခွဲရင် ဖြစ်ကို မဖြစ်ဘူး (မှန်ပါ့ဘုရား)၊ အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီအခွဲသည်ကား ဆိုလို့ ရှိရင်ဖြင့် မခွဲရင် မဖြစ်တဲ့ အတွက် ဉာဏ်မှာ အဆင့်ဆင့် ရှိတယ်ဆိုတာ မှတ်ထားရမယ် (မှန်ပါ့ဘုရား)။

၁။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ

ကောင်းပြီ၊ ဒါဖြင့် ကမ္မဿကတာ သမ္မာဒိဋ္ဌိ ခွါတာက တော့ ဒကာ ဒကာမတို့ ဒုစရိုက် ၁၀ – ပါး လုပ်ရင် မကောင်းကျိုး ပေးတယ်။ သုစရိုက် ၁၀-ပါး လုပ်ရင် ကောင်းကျိုး ပေးတယ်၊

သြော်- ဒါဖြင့် ကောင်းကျိုး မကောင်းကျိုး လောက်ပဲ သူသိတယ် (မှန်ပါ့ဘုရား)။

ရုပ်နာမ်ပေါ်မှာ ဉာဏ်ရောက်ပါရဲ့လား (မရောက်ပါ ဘုရား)။ ရုပ်နာမ် ပေါ်မှာ ဉာဏ် မရောက်ဘူး၊ အဲဒါကြောင့် ဒီလောက် ကလေးနဲ့ ရှိပြီး ဒကာ ဒကာမတွေ သေကြ ကျေကြမယ် ဆိုရင် လူဖြစ်ကျိုး နပ်ကြမယ်လို့ တော့ မအောက်မေ့ပါနဲ့ ဆိုတဲ့ ဥစ္စာကို ဘုန်းကြီးများက ရှေ့တက်စေချင်တဲ့ သဘောနဲ့ ပြောပါ တယ် မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ရှေ့တက်စေချင်လို့ ဆိုတော့ သူ့အကျိုး ပေး သိလိုက်ရင် ဒကာ ဒကာမ တွေက ရှင်းလင်း သွားတော့မယ် ၊ သူ့အကျိုးပေး ဘဝသမ္ပတ္တိ- ဘောဂသမ္ပတ္တိ ဆိုတော့ ဒါ ထန်ကုန်ပဲ (ထန်ကုန်ပါ ဘုရား)။

ဘဝသမ္ပတ္တိ-ဘဝ၏ ပြည့်စုံမှု ဘောဂသမ္ပတ္တိ လည်းကောင်း၊ ဘဝမှာ ခံစား စံစားတဲ့၊ အခြွေအရံ ပရိသတ်၊ စည်းစိမ် ဥစ္စာရတနာ ဒါတွေနဲ့ ပြည့်စုံမှုပဲလို့ ဆိုသဖြင့် သြော်- ကမ္မဿ ကတာဉာဏ် လောက်ဟာ ဘဝသမ္ပတ္တိ၊ ဘောဂ သမ္ပတ္တိလောက် ပဲ သူသည် ထက်မြက်စွာ အကျိုးပေးတာ ထောက်လို့ ရှိရင် ဒကာ ဒကာမတို့ သည် တင်းတိမ် နေဖို့ မတော်သေးတဲ့ ဥစ္စာလဲ ရှင်းသွားပြီ၊ တင်းတိမ်ဖို့ တော်ပါ့မလား (မတော်ပါ ဘုရား)။

၂။ ဈာနသမ္မာဒိဋ္ဌိ

ကောင်းပြီ၊ ဒါဖြင့် ဒုတိယဈာန သမ္မာဒိဋ္ဌိ ဆိုတော့ သမထ တွေ လုပ်ကြတော့၊ အပ္ပနာ ဈာန်တွေ ရကြပါတယ်တဲ့၊ သမာဓိ တွေ တည်ပြီး ဦးဘအုန်းတို့ ရကြတယ်နော်။

ရပင် ရငြားသော်လည်း ဒီ အပ္ပနာဇောနဲ့ပဲ စုတိစိတ်ကျ သွား၊ ရူပ အရူပ ဗြဟ္မာပြည်မှ တစ်ပါးလဲ ဘယ်မှ သွားစရာ လာစရာ သူပို့နိုင်တဲ့ စွမ်းရည်သတ္တိ မရှိတော့ ဒါကိုလဲ ကျုပ်တို့ ခင်ဗျားတို့က တင်းတိမ် ရောင့်ရဲ လောက်ပြီ ဆိုလို့ လဲ တော်မှာ မဟုတ်ဘူး။

ထိုကဲ့သို့ မတော်သည် ဖြစ်လေ သောကြောင့် သမ္မာ ဒိဋ္ဌိတော့ သမ္မာဒိဋ္ဌိပဲ အမှန်အကန်တော့ မြင်တာပဲ (မြင်ပါတယ် ဘုရား) အမှန်အကန်တော့ မြင်တာပဲလို့ ဒကာ ဒကာမတွေက မှတ်ထားကြ၊ ဟ-ဒါဖြင့် ဒုတိယ သမ္မာဒိဋ္ဌိလဲ သိပြီးသား အတိုင်းပဲ ဒကာ ဒကာမတို့ ကိုးစားလောက်ပြီ၊ အားထား လောက်ပြီလို့ ဦးခင်မောင်တို့ ဆိုလို့ ရ-မရ (မရပါဘုရား)။

မရသေးတော့ ကျုပ်တို့ အကြိုက်ဆုံးဆိုလို့ ရှိရင် မရောက်သေးဘူးပေါ့ဗျာ၊ အင်း-ဘာမှ မသိတဲ့ ပုဂ္ဂိုလ်နှင့် စာပြန်တော့လဲ သူတို့ဟာ အထက်တန်းလို့ ဆိုရမှာပဲ။

အဆပေါင်းသိန်းသန်းမကသာပါတယ်

ကောင်းပြီ၊ ဝိပဿနာ သမ္မာဒိဋ္ဌိ၊ ဝိပဿနာ သမ္မာဒိဋ္ဌိ သွားကြပါစို့၊ ဒကာ ဒကာမတို့၊ ဝိပဿနာ သမ္မာဒိဋ္ဌိကို ပြောရတော့မယ် ဆိုတော့၊ သြော်- သူတို့ ၁-တို့၊ ၂-တို့ထက် အများကြီး အဆပေါင်း သိန်းသန်းမက သာပါတယ် ဆိုတဲ့ဥစ္စာ ဦးဘအုန်းတို့ စဉ်းစား လိုက်ကြတာပေါ့။

အဘယ့်ကြောင့်သည်ကဲ့သို့ သူ့ကို အသားယူပြီး ပြောရ ပါလိမ့်မတုံးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေးခဲ့သော် ဟိုဘက်က သာသနာပလဲ ရှိတဲ့ တရား ၁၊ ၂- က သာသနာပလဲ ရှိတဲ့တရား ဖြစ်ပြီး သကာလ နေတော့ ကိုးစားလောက်ပြီ၊ အားထား လောက်ပြီ ဆိုတဲ့ အခြေအနေ မရောက်သေးဘူး ပေါ့ဗျာ။

ဒါဖြင့် ဒကာ ဒကာမတို့ ၃- နံပါတ်သည်ကား ဆိုလို့ ရှိရင် အရေးကြီးတော့တယ် ဆိုတာ ဦးဝတို့ မှတ်လိုက်တယ်။ မမှတ်ထိုက်ဘူးလား (မှတ်လိုက်ပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီကဲ့သို့ မှတ်လိုက်လို့ ရှိရင် ၃နံပါတ်ကျတော့ အဘယ့်ကြောင့်သူ့ကို အရေးတကြီး မှတ်ထိုက် ပါသလဲဆိုရင်၊ သူမပါရင် ဒိဋ္ဌိမကွာလို့။

၃-နံပါတ်မပါရင် (ဒိဋ္ဌိမကွာပါဘုရား)၊ ဒိဋ္ဌိမကွာတော့ အားလုံး ဒကာ ဒကာမတွေက စဉ်းစားကြ၊ အပါယ် ရေသောက်မြစ်သည် ဒိဋ္ဌိ၊ အပါယ် ရေသောက်မြစ်သည် (ဒိဋ္ဌိပါ ဘုရား)။

၃။ ဝိပဿနာသမ္မာဒိဋ္ဌိ

အဲဒီတော့ ရေသောက်မြစ်ကို ခွာနိုင်တယ်၊ ဖယ်နိုင် တယ်၊ ရှားနိုင်တယ် ဆိုတာကဖြင့် ဒကာ ဒကာမတို့ မှတ်ပါ ဝိပဿနာ သမ္မာဒိဋ္ဌိပဲ။

ဒါမှ အခြေခံ မရလို့ ရှိရင် ဘယ်နည်းနဲ့မှ ရှေ့ကို၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ကျေးဇူးပြုဖို့ရာ အကြောင်းကို ဦးခင်မောင်တို့ မပါသေးဘူး မှတ်ပေတော့၊ သဘောကျပြီနော် (ကျပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီအလုပ်ဟာ ၃-နံပါတ်ဟာ အရေး ကြီး ရတော့မယ် ဆိုတဲ့ ဥစ္စာ မှတ်ရ ပါလိမ့်မယ် ၃-နံပါတ် မပါဘဲနဲ့ ကိုမြရွှေတို့ ၄-နံပါတ် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။

မရပါဘူးဆိုတာကိုလဲ မဂ်ဉာဏ်သည် အနန္တရပစ္စည်း၏ ပစ္စယုပ္ပန် ဝိပဿနာ သမ္မာဒိဋ္ဌိ ဆိုတဲ့ ရှေ့ပိုင်းက ၃-နံပါတ်က အနန္တ ရပစ္စည်း၊ ၄-နံပါတ်က အနန္တရ ပစ္စည်း၏ ပစ္စယုပ္ပန် ဆိုသဖြင့် သူတို့ နှစ်ခုက ဆက်စပ်နေတယ် ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သူတို့နှစ်ခုက ၃-နံပါတ် မရှိဘဲနဲ့ ၄-နံပါတ် ဘယ်တော့မှ မဖြစ်လို့ မှတ်လိုက် ၃-နံပါတ် မရှိဘဲနဲ့ ၄-နံပါတ် ဘယ်တော့မှ မဖြစ်နိုင်ဘူး ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လေးစားစွာ မှတ်ပါ။

ဒိဋ္ဌိမကွာပဲ မဂ်မရဘူး

ဒါဖြင့် သြော် ၃-မရှိလို့ရှိရင် ၄- မဖြစ်နိုင်ဘူး ဆိုတာ ဂဏန်းမို့ ပြောနေတယ်လို့ မအောက်မေ့ ကြပါနဲ့။

ဒိဋ္ဌိ မကွာဘဲနဲ့ မဂ်မရဘူး ပြောတာ ဦးခင်မောင် ဘယ်လို ပြောမတုံး (ဒိဋ္ဌိမကွာဘဲနဲ့ မဂ်မရဘူး ပြောတာပါ ဘုရား)။

ဒိဋ္ဌိမကွာဘဲနဲ့ မဂ်မရဘူးလို့ ရှင်းရှင်း လင်းလင်း သိနေ သဖြင့် သောတာပန် ဖြစ်ချင်ရင် “စတုဟာပါယေဟိစ ဝိပ္ပမုတ္တော သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ” ဘုရားက သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ ပယ်နိုင်မှ သောတာပန် ဖြစ်ပါတယ်ကွလို့ သေသေချာချာ မဂ်ဉာဏ်ရတဲ့ ပုဂ္ဂိုလ်မှာ ဤအတိုင်း ဟောထားတော့ ဝိပဿနာ ဉာဏ်ကမှ ဒိဋ္ဌိကို ရှင်းမထားလို့ ရှိရင် မဂ်ဉာဏ်က ဘယ်နည်းနဲ့မှ အပြီးသတ် မဖြတ်နိုင်ဘူး ဆိုတာ မှတ်ထားပါ။

ဒါဖြင့် ဝိပဿနာ ရှင်းလင်းထားမှ မဂ်ဉာဏ်က အပြီးသတ် ဖြတ်နိုင်တယ် ဒါဖြင့် လောကီ ဥပမာမယ်၊ အဋ္ဌကထာဆရာ ဘယ်လိုပြသတုံးလို့မေးတော့။

ဝိပဿနာ သမ္မာဒိဋ္ဌိ ကတဲ့၊ လောကီ ဥပမာမယ်ကွာ လယ်တစ်ခုကို လုပ်တော့မယ်လို့ ဆိုလို့ ရှိရင်ဖြင့် လယ်ပေါ်မှာ ရှိတဲ့ ပေါင်းတွေ သစ်ပင်တွေ ချုံတွေ ဒါတွေ အကုန်စုပြီး သကာလ လယ်ကို ရှင်းလင်းတဲ့ အခြေအနေမျိုး မလုပ်ရပေဘူးလား (လုပ်ရပါတယ် ဘုရား)။

ပုံထား ပုံထား အားလုံး ရှင်းပြီး ပုံထားပါ။ ပြီးတော့မှ မီးရှို့၊ မီးရှို့လိုက်တော့မှ လယ်လုပ်လို့ ဖြစ်တယ်။

ဒါဖြင့် ရှင်းလင်းမှု မရှိလို့ရှိရင်လဲ လယ်လုပ်လို့ မဖြစ်ပါ ဘူး။ မီးရှို့မှု မရှိရင်လဲ (လယ်လုပ်လို့ မဖြစ်ပါဘုရား)

လယ်လုပ်လို့ မဖြစ်နိုင်ဘူး ဆိုတော့၊ ဝိပဿနာက ရှင်းလင်းမှုနဲ့ တူသည် ၊ မဂ်က မီးရှို့မှုနဲ့ တူသည်။

ဒါဖြင့် ၃-နံပါတ်က ရှင်းလင်းမှု (မှန်ပါ့)၊ ၄-နံပါတ်က မီးရှို့မှု ၊ သဘောကျပလား (ကျပါတယ် ဘုရား)။

၃-နံပါတ်က ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိ ဖြုတ်တာ အမြစ် မပြတ်သေးဘူး၊ အနုသယ သဘောနဲ့ ကျန်နေတော့ ဒကာ ဒကာမတို့ အနုသယ ကျန်တာ ကျတော့ ပရိယုဋ္ဌာန ဝီတိက္ကမ တွေကို ဝိပဿနာ ဖြုတ်ထားတော့မှ၊ အနုသယ ကျတော့ မဂ်ကနေ ဖြုတ်ချကုန်တာပေါ့ ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာ သမ္မာဒိဋ္ဌိ မပါ ဘဲနဲ့ မဂ်သမ္မာဒိဋ္ဌိ မရနိုင်ကြောင်း ကောင်းကောင်းကြီး ရှင်းသွား ပြီလို့ မှတ်လိုက်တာပေါ့။

နေရာကျပါပြီ၊ အားလုံး ဒကာ ဒကာမတို့ ဒီတရားသည် ဒီကဲ့သို့ ပြောဆိုပြီး၊ အထပ်ထပ် ဆုံးမ သွန်သင် နေခြင်းသည် အပါယ်မျိုးစေ့ ဝမ်းထဲမှာ ရှိနေလို့ နှင်ထုတ်ပေးနေတယ်လို့ မှတ်လိုက်ပေတော့။

အပါယ်မျိုးစေ့ ဝမ်းထဲရှိနေလို့

အပါယ်မျိုးစေ့ (ဝမ်းထဲရှိနေလို့ နှင်ထုတ်ပေးတာပါ ဘုရား)၊ အပါယ်မျိုးစေ့ ဆိုတဲ့ ဒိဋ္ဌိက ဝမ်းထဲ ရှိနေတဲ့ အတွက် ဒါလေးကို ဒကာ ဒကာမတွေ ဝိပဿနာနဲ့မှ မထုတ်လို့ရှိရင် ပုံမှ မထားလို့ ရှိရင် မဂ်က မီးရှို့ဖို့ရာ တစ်ပင်စီ လျှောက်ရှို့လို့ကော လောင်မှာ မဟုတ်ဘူး။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာ သမ္မာ ဒိဋ္ဌိဟာ မဂ္ဂသမ္မာဒိဋ္ဌိထက် ဦးခင်မောင် ပိုအရေးကြီးတယ် (ကြီးပါတယ်ဘုရား)။

ပိုအရေးကြီးတယ်ဆိုတာ ဒကာ ဒကာမတို့ လေးစားစွာနဲ့ မှတ်လိုက်၊ ကိုင်း-ဒါဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိသည် တေဘူမက သင်္ခါရဆိုတဲ့ သင်္ခါရ တရားတွေ၊ သင်္ခါရတရား ဆိုတာ ဒကာ ဒကာမတို့ တခြား မှတ်မနေနဲ့ ခင်ဗျားတို့ သန္တာန်မှာ ရှေးဦးစွာ ပေါ်လာတဲ့ တရား သင်္ခါရ တရားသာ မှတ်လိုက်တော့။

ရှေးဦးစွာ ပေါ်လာတဲ့တရား (သင်္ခါရ တရားပါ ဘုရား)။ ရှေးဦးစွာ ပေါ်လာတဲ့ တရားကို သင်္ခါရ တရားလို့ မှတ်လိုက် တာပေါ့။ ရှေးဦးစွာ ပေါ်လာတဲ့တရား သင်္ခါရ တရားလို့ မှတ်တာ ဘယ့်နှယ် ကြောင့်တုံး လို့ဆိုလို့ ရှိရင် သင်္ခါရ တရား ဆိုတာ စာလို သုံးနေလို့ပါ သူများ ပြုပြင်လို့ ပေါ်လာတဲ့ တရား။

သူများပြုပြင်လို့ ပေါ်တဲ့တရား ဆိုတော့ ဟောဒီ ဒီမှာ ပန်းလှူထားတယ် ဒီပန်း မရှိဘဲနဲ့ နှာခေါင်းထဲမှာ မွှေးတဲ့ စိတ်ပေါ်ဖို့ အတော် ခဲယဉ်းတယ် (ခဲယဉ်းပါတယ် ဘုရား)။

ဒါဖြင့် ပန်းတည်း ဟူသော အနံ့က မွှေးတဲ့စိတ် ပေါ်အောင် ပြုပြင်တယ် ဒါဖြင့် ဒီစိတ်ဟာ ပြုပြင်လို့ ပေါ်တဲ့တရားလို့ ဆိုထိုက်, မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)၊ ပန်းမရှိရင် မွှေးတဲ့စိတ် ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)။

အဲဒါတွေ ထောက်ကြည့်တော့မှ ဒို့သန္တာန် ပေါ်လာတဲ့ တရား ဟူသရွေ့ သည် သူတစ်ပါး ပြုပြင်လို့ ပေါ်လာတဲ့ သင်္ခါရ တရားချည်းလို့ မှတ်လိုက် ရှင်းပြီလား ဒါဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိက ဒီနေ့တော့ ဥပရိပဏ္ဏာသ ပါဠိတော်၊ မဟာစတ္တာလီသသုတ်မှာ လာတာ ပြောရမှာ ဖြစ်နေတော့ မနေ့ကတော့ သံယုတ် အဋ္ဌကထာကို ပြောတယ်။

ဒီနေ့တော့ ဥပရိပဏ္ဏာသ မဟာစတ္တာလီသ သုတ်ကို အကိုးအကား ထားပြီး သကာလ ဝိပဿနာနဲ့ မဂ် ထူးခြားပုံကို ဟောလိမ့်မယ်လို့ မှတ်လိုက်ပါ။

ဝိပဿနာနဲ့ မဂ် ထူးခြားပုံ

ကိုင်း – ဒါဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိဆိုတဲ့ ဥစ္စာက နေမထွက်ခင် ဦးခင်မောင်ရေ အရုဏ်အလျင် တက်တယ်၊ ထုံးစံ ပဲမဟုတ်လား (ဟုတ်ပါတယ် ဘုရား)။

နေမထွက်ခင် (အရုဏ် အလျင်တက်ပါတယ် ဘုရား)၊ အရုဏ်က အလိုလို တက်တာလား၊ နေအရှိန် အတော် လား (နေ၏ အရှိန်အစော်ပါ ဘုရား)၊ သြော် နေထွက်မယ် လို့ ပုဗ္ဗနိမိတ် ပြတာ ဆိုတာလား။

ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား) နေထွက် မယ်လို့ ပုဗ္ဗနိမိတ် အလျင် ပြတာ ပါလားလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထားတော့မှ သြော်- နေထွက်တဲ့ ပုဗ္ဗနိမိတ်မှ မလာဘဲနဲ့ ဒီနေ့ နေထွက်တော့မှာပဲ ဦးဘအုန်းက ဆိုချင်ငြားသော်လဲ မဖြစ်ပါဘူး။

အရုဏ်မှ မတက်ဘဲကိုးဗျာ အရုဏ်မှ မတက်ဘဲ နေထွက်ချင်လို့တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဖြစ်ပါလိမ့် မယ်ဆိုတာ အယူ မရှိကြပါနဲ့။

အဲဒါကြောင့် သူက ရှေ့သွား ဝိပဿနာ သမ္မာဒိဋ္ဌိက ရှေ့ သွား၊ မဂ်သမ္မာဒိဋ္ဌိက နောက်လိုက် မှတ်လိုက်စမ်းပါ (မှန်ပါ့ဘုရား)၊ ဝိပဿနာ သမ္မာဒိဋ္ဌိ (ရှေ့သွားပါ ဘုရား)၊ ရှေ့သွားရှေ့သွား။

မဂ်သမ္မာဒိဋ္ဌိက နောက်လိုက် ၊ ဝိပဿနာ သမ္မာ ဒိဋ္ဌိက (ရှေ့သွားပါဘုရား)၊ သူက အရုဏ် တက်တာနဲ့ တူတယ်၊ မဂ္ဂသမ္မာဒိဋ္ဌိက နေထွက်တာနဲ့ တူတယ်၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဝိပဿနာ သမ္မာဒိဋ္ဌိက ရှေ့သွားနော် အရုဏ်တက် တာနဲ့တူတယ်၊ မဂ္ဂသမ္မာဒိဋ္ဌိက နေထွက် တာနဲ့ တူတယ်၊ နောက် မှ ထွက်လာတာ၊ ဒါကြောင့် သူ့ကို စာလိုသုံးတော့ ပုရေစာရိက သမ္မာဒိဋ္ဌိလို့ သုံးတယ်။

ရှေးဦးခွာ ကျင့်ရမည့်ဉာဏ် (အလုပ်)

ပုရေစာရိက သမ္မာဒိဋ္ဌိ ဆိုတာ ဦးဘအုန်း၊ ဦးခင်မောင်တို့ပါ မှတ်၊ သြော်- ရှေးဦးစွာ ကျင့်ရမယ့် အလုပ်ပါလား၊ ရှေးဦးစွာ ကျင့်ရမယ့် ဉာဏ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ပုရေစာရိက သမ္မာဒိဋ္ဌိဆိုတာ ဘာပါလိမ့် (ရှေးဦးစွာ ထင်ရမယ် အလပ်ပါဘုရား)၊ ရှေးဦးစွာ ကျင့်ရမယ့် သမ္မာဒိဋ္ဌိက ဉာဏ်ရှင်းပြီနော်၊ ရှေးဦးစွာ ကျင့်ရမယ့် သမ္မာဒိဋ္ဌိ သို့မဟုတ် ခင်ဗျားတို့ နားလည်အောင် ပြောရရင် ဉာဏ်ပေါ့ဗျာ။

ရှေးဦးစွာ ကျင့်ရမယ့် ဉာဏ်ပဲလို့ ဒကာ ဒကာမတွေက နိဗ္ဗာန် ရောက်ချင်တဲ့ ပုဂ္ဂိုလ်၊ အပါယ်လေးပါး တံခါးပိတ်ချင်တဲ့ ပုဂ္ဂိုလ်ဟာ ရှေးဦး ကျင့်ရမယ့် အလုပ်ကို မလုပ်ဘူး ဆိုလို့ ရှိရင် ဦးဘအုန်း ဒါ အလကားပေါ့ဗျာ (မှန်ပါ့ဘုရား)၊ ရှေးဦးစွာ လုပ်ရမယ့် အလုပ်ကို ရှေးဦးစွာပဲ လုပ်ရမယ်၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဂရုစိုက်ပြီးတော့ မှတ်ပါ ဒကာ ဒကာမတို့၊ ရှေးဦး စွာ လုပ်ရမှာက ဝိပဿနာ သမ္မာဒိဋ္ဌိ၊ နောက်လုပ်ရမှာက မဂ္ဂ သမ္မာဒိဋ္ဌိ ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာသမ္မာဒိဋ္ဌိ အရင်လုပ်ပါ

ရှေးဦးစွာ အားထုတ်ရမှာက (ဝိပဿနာ သမ္မာဒိဋ္ဌိ ပါဘုရား)၊ ဝိပဿနာ သမ္မာဒိဋ္ဌိ အားထုတ် ပြီးတဲ့ ပုဂ္ဂိုလ်ဟာ မဂ် သမ္မာဒိဋ္ဌိကို ခင်ဗျားတို့က လာပါစေတော့ ခေါ်ဖို့ မလိုတော့ ပါဘူး။

သူရင့်သလောက် ပေါ်လာတာပဲ၊ ဝိပဿနာ သမ္မာဒိဋ္ဌိ ရင့်သလောက် ပေါ်လာတာပဲ ဆိုတာ လေးစားစွာနဲ့ မှတ်တာပေါ့။

ကောင်းပြီး ဒါဖြင့် ဒကာ ဒကာမတို့ ဘာအရေးကြီးလဲဆိုရင်ဖြင့် အဖြေပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။

ဘာအရေးကြီးသတုံး (ဝိပဿနာ သမ္မာဒိဋ္ဌိ လုပ်ဖို့ အရေးကြီးပါတယ် ဘုရား) အဲ- ဝိပဿနာ သမ္မာဒိဋ္ဌိကို ပုရေစာရိက သမ္မာဒိဋ္ဌိလို့ ပဏ္ဏာသက ဆိုတယ် ဦးခင်မောင်ရေ (မှန်ပါ့)။

ပုရေက-ရှေး၊ စာရိက-က ကျင့်ရမယ်၊ ရှေးဦးစွာ အကျင့် ရှိရမယ်၊ ရှေးဦးစွာ ကျင့်ရမှာ ဘယ်သူဟေ့ (ဝိပဿနာ သမ္မာဒိဋ္ဌိပါ ဘုရား)၊ ရှေးဦးစွာ ကျင့်ရမှာ (ဝိပဿနာ သမ္မာဒိဋ္ဌိပါ ဘုရား)။

ရှေးဦးစွာ ကျင့်ရမယ့် အလုပ် ဝိပဿနာ သမ္မာဒိဋ္ဌိလို့ ဥပရိပဏ္ဏာသက လာတော့၊ သြော်-ရှေးဦးစွာ ကျင့်ရမယ့် အလုပ်၊ ပြီးတော့မှ ကျင့်ရမယ့် အလုပ်၊ ဒကာ ဒကာမတွေ ခြားနားပြီး မှတ်ထား လိုက်ပါ။

ကောင်းပြီး ရှေးဦးစွာ ကျင့်ရမယ့် အလုပ်သည် ဘာကျင့်ရ မှာတုံးဆိုတော့ – အို တေဘူမက သင်္ခါရပေါ်မှာ ဖြစ်ပျက် မြင်အောင် လုပ်ပါ။

ရှေးဦးစွာ အလုပ်လုပ်၊ အလုပ်ဟာ တေဘူမက သင်္ခါရ တရားပေါ်မှာ ဖြစ်ပျက် မြင်အောင် လုပ်ရမယ်တဲ့ ဒကာ ဒကာမတို့၊ တေဘူမက သင်္ခါရပေါ်မှာ (ဖြစ်ပျက် မြင်အောင် လုပ်ရမှာပါ ဘုရား)။

ရုပ်နာမ်ပေါ်ဖြစ်ပျက်မြင်အောင်လုပ်ပါ

အဲဒါလို သုံးနေတော့ ဒကာ ဒကာမတွေက နားထဲမှာ ရှုပ်နေတော့ ခင်ဗျားတို့ ရုပ်နာမ်ပေါ် ဖြစ်ပျက် မြင်အောင် လုပ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့၏ လက်ရှိ ရုပ်နာမ် ပေါ်၌ (ဖြစ်ပျက် မြင်အောင် လုပ်ရမှာပါ ဘုရား)၊ ဖြစ်ပျက် မြင်အောင် လုပ်ပါ ဆိုတာ ဒကာ ဒကာမတွေက ရှေးဦးစွာ မဂ်ရချင်တဲ့ ပုဂ္ဂိုလ်က သူ့ကို ရှေ့ထားလုပ်။

ဒါကြောင့် သူ့ကို ပုရေစာရိက သမ္မာဒိဋ္ဌိလို့ ဥပရိပဏ္ဏာသ က ဦးခင်မောင် ဆိုလိုက်တယ်၊ ဆိုကော မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

မဂ်ရချင်တဲ့ ပုဂ္ဂိုလ်မှာ ဒကာ ဒကာမတို့ ရှေ့ပြေး အကျင့် မရှိဘဲနဲ့ မဂ်က ဘွားခနဲ ပေါ်လာ လိမ့်မယ်လို့ ဦးဘတင်တို့ မှတ်ရင် လွဲလိမ့်မယ် မလွဲဘူးလား (လွဲပါတယ် ဘုရား)။

မဂ်ဟာ ဘွားခနဲ ပေါ်တဲ့အမျိုးလား, တောင်းယူလို့ ရတဲ့ အမျိုးလား (မဟုတ်ပါ ဘုရား)၊ မဟုတ် ပါဘူးတဲ့၊ သူ့ရှေ့ သွားက အလုပ် လုပ်မှ သူက နောက်လိုက် အဖြစ်နဲ့ ပေါ်လာတာ။

ရှေ့သွားအလုပ်ကို လုပ်ထားမှ နောက်လိုက် အဖြစ်နဲ့ ပေါ်လာတာကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထားပါ။ (မှန်ပါ့)

ဒါဖြင့် ရှေ့သွားကို ရှေ့သွားအတိုင်း ရှေ့ထားလုပ်ပေါ့ဗျာ ရှေ့သွားကို ရှေ့ထားပြီး သကာလ လုပ်ပါ။

နောက်လိုက်ဟာ ရှေ့သွားပြီးရင် နောက်လိုက်တော့ ရှေ့သွား မြန်သလောက် နောက်လိုက် နေရာကျတာပဲ (ကျပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ပုရေစာရိက သမ္မာဒိဋ္ဌိက ခင်ဗျားတို့ လက်ရှိ ရုပ်နာမ်ပေါ်၌ ဖြစ်ပျက် မြင်အောင် ကြည့်တော့ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ မပြုတ်လား (ပြုတ်ပါတယ် ဘုရား)။ အဲဒီ့ သက္ကာယ ဒိဋ္ဌိ ပြုတ်သည့် တိုင်အောင်သည် ဖြစ် တာနဲ့ ပျက်တာပဲ၊ သူမြင်နေလို့ ရှိရင် ပုရေစာရိက သမ္မာဒိဋ္ဌိ အောင်ပေါ့လို့ အောက်မေ့တာပေါ့။ မဂ်ရမှာမှာလည်း သေချာပဟ၊ ဘာကြောင့်လဲ အရုဏ်တက်ပြီ။

အရုဏ်တက်ပြီ ဆိုကတည်းကိုက နေထွက်ဖို့ နေ အောက်မှာ သေသေ ချာချာ ရှိလို့ အနီရောင်တွေ တက်လာတာ။

မသေချာရင် ပြောပါ့မလား

ဒါ့ကြောင့် မနေ့က သံယုတ် အဋ္ဌကထာက ဥဒိစ္စတိ။ ဝိပဿနာ သမ္မာဒိဋ္ဌိဟာကွာ အရဟတ္တမဂ် အရဟတ္တဖိုလ် တိုင်အောင် ကျေးဇူးပြုပါတယ် ဆိုတဲ့ ဥစ္စာ နောက်က သေချာလို့ ပြောတာ။

မသေချာရင် ပြောပါ့မလား အဲဒါတွေ ထောက်ကြည့်တော့မှ သြော် လုပ်သင့် လုပ်ထိုက် လုပ်ကောင်းတယ်၊ လုပ်နိုင်တဲ့ဘဝ ဟောနိုင်တဲ့ ဆရာကလဲ ဟောနေလို့၊ ဒို့ ကလည်း ကြည့်နိုင်တဲ့ ဉာဏ်နဲ့ ဆရာဘုန်းကြီးက မသိ သိအောင် ကြည့် နည်းတွေပြနေတော့ သြော်- ဒီ ဥစ္စာ ကောင်းတဲ့အလုပ် ၊ကိုယ့် ကိုယ်ကို သနားလို့ လုပ်ရမယ့်အလုပ်လည်း မှန်လိုက်တာ၊ သဘောကျပလား (ကျပါပြီဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ပုရေစာရိက သမ္မာဒိဋ္ဌိဖြင့် မလုပ် မရှိစေနဲ့လို့ တိုက်တွန်းပါတယ် (မှန်ပါ့) ကဲ-ဒါဖြင့် ပုရေစာရိက သမ္မာဒိဋ္ဌိပြီးတဲ့ ပုဂ္ဂိုလ်သည် ဘာဖြစ်လာမတုံး မေးတဲ့အခါကျတော့ မဂ်သမ္မာဒိဋ္ဌိ ဦးခင်မောင်တို့ ဦးဇံရင်တို့ နောက်က လိုက်လာပါလိမ့်မယ်၊ မလိုက်ပါနဲ့ဆိုလို့ (မရပါ ဘုရား)။

မရဘူး၊ မရဘူး ဒီဥစ္စာ (မှန်ပါ့) ကောင်းပြီ၊ မဂ်သမ္မာဒိဋ္ဌိ လိုက်တဲ့ အနက် လိုက်တော့ ဘယ်လိုများ ထူးခြားပါသတုံး ဆိုတော့ ဟို ပုရေစာရိက သမ္မာဒိဋ္ဌိက ဒိဋ္ဌိကို နှစ်မျိုးသတ်တယ်။

ဒိဋ္ဌိသုံးမျိုး

ဒိဋ္ဌိနှစ်မျိုး သတ်ထားတယ် ဆိုတော့ ဒိဋ္ဌိကဒီလိုကိုး၊ ဒိဋ္ဌိကိလေသာက လွန်ကျူးတဲ့ ဒိဋ္ဌိ၊ ထကြွတဲ့ ဒိဋ္ဌိနော် ဒီလိုက နှစ်မျိုး ရှိတယ်၊ ကိန်းအောင်း နေတဲ့ ဒိဋ္ဌိ ပေါင်းလိုက်တော့ ဒိဋ္ဌိက ၃-မျိုးတောင် ရှိတယ်။

လွန်ကျူးတဲ့ (ဒိဋ္ဌိပါဘုရား)၊ ထကြွတဲ့ (ဒိဋ္ဌိပါဘုရား)၊ ခင်ဗျားတို့ ဝမ်းထဲ အောင်း နေတဲ့ (ဒိဋ္ဌိပါ ဘုရား) ဒါဖြင့် ဒိဋ္ဌိ ဘယ်နှစ်မျိုးရှိ (၃-မျိုး ရှိပါတယ် ဘုရား)။

ဒိဋ္ဌိသုံးမျိုး ရှိတယ် ဆိုတော့ အနုသယဒိဋ္ဌိ၊ ပရိယုဋ္ဌာနဒိဋ္ဌိ၊ ဝီတိက္ကမဒိဋ္ဌိ၊ ဒိဋ္ဌိ ဘယ်နှစ်မျိုး ပါလိမ့် (၃-မျိုးပါ ဘုရား)။

ဝိပဿနာသမ္မာဒိဋ္ဌိက ဒိဋ္ဌိနှစ်မျိုးသာပယ်နိုင်

ကောင်းပြီး ဒါဖြင့် ၃-မျိုး ရှိတော့ကို ဝိပဿနာသမ္မာဒိဋ္ဌိ ကတော့ဖြင့် ဖြစ်ပျက်မြင်တဲ့ အတွက် ဒိဋ္ဌိကို ၃-မျိုးရှိတဲ့ အနက်က သတ္တိ၃-မျိုး ရှိတဲ့ အနက် နှစ်မျိုးသာ သူက ပယ်နိုင်တယ်၊ လွန်ကျူးတာကို ပယ်နိုင်တယ် (မှန်ပါ့)။

ထကြွတာကော (ပယ်နိုင်ပါတယ်ဘုရား)၊ တကယ့် ဝမ်းထဲမှာ သိမ်မွေ့တဲ့ အနုသယ သဘောမျိုးနဲ့ ကိန်းအောင်းနေ တာလေးတော့ သူ မတတ်နိုင်ဘူး၊ ချန်ထားတယ်။

အဲဒါ မဂ်လာမှ ဖြတ်မှာ (မှန်ပါ့)၊ ဒါမဂ်အတွက် ချန် ထားတာလို့မှတ်၊ သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ဦးခင်မောင်၊ ဒါတွေကို လေးစားစွာ မှတ်ရလိမ့်မယ်၊ ဒါတွေ လေးစားစွာ မှတ်ရလိမ့်မယ်။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ဒါ တရားဟောရ တယ်ဆိုတဲ့ ဥစ္စာ ပထမ ရှေးဦးစွာ ဒကာ ဒကာမတွေ နားလည်အောင် ခပ်ကျဲကျဲဟော၊ နောက်ဖြည်းဖြည်းမှ စိပ်စိပ်, စိပ်စိပ်, စိပ်ပြီး သကာလ ဒကာသစ်တို့၊ ကိုမြရွှေတို့ ပြောရတယ်နော်။

တစ်ခါတည်း အကုန်ပေးလိုက်ရင် ခင်ဗျားတို့ ကလေး ပါးစပ်ဖြစ်နေလို့ ထမင်းလုတ်ကြီး မရဘူး ၊ ကလေးပါးစပ် ထမင်းလုတ် ကြီးကြီး ခွံ့လို့ရှိရင် ကလေး သေစေချင်လို့ အဓိပ္ပါယ် ရောက်တယ် ၊ ကရုဏာ ရှိလို့ ဆိုတဲ့ အဓိပ္ပါယ် ရောက်ရဲ့လား (မရောက်ပါ ဘုရား)။

ဒီမှာလဲ ဘုန်းကြီးတို့ သိသလောက် မှတ်သလောက် အလုံးစုံ အကုန် ပေးလိုက်မယ် ဆိုသဖြင့် ဦးဝ အသက် ကြီးပေမယ့် လဲ ပါးစပ် ကျဉ်းသေးတယ်လို့ပဲ မှတ်ရမယ် (ကျဉ်းပါတယ် ဘုရား)၊ ဉာဏ်ပါးစပ် ကျဉ်းတာပေါ့။

အဲဒီတော့ အများကြီး ပေးလိုက်လို့ ရှိရင်လဲ အကုန် မယူ နိုင်ဘူး၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါကြောင့် မနေ့က မထည့်ပဲ ဒီနေ့မှ ဒါ ထည့်ထား တယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ မှတ်ရမယ် (မှန်ပါ့)။

ဒါဖြင့် ဒိဋ္ဌိဘယ်နှစ်မျိုး ရှိပါလိမ့်မျိုး (သုံးမျိုး ရှိပါတယ် ဘုရား)၊

၃-မျိုးရှိတဲ့အနက်က ဒကာ ဒကာမတွေလွန်ကျူးတဲ့ ဒထကြွတဲ့ ဒိဋ္ဌိ ကိုတော့ သူ ပယ်နိုင်တယ်။

အတွင်းမှာ အောင်းနေတာလေးတော့ (မပယ်နိုင် ပါဘုရား) မပါယ် နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ကာ ရှင်းပြီလား (ရှင်းပါပြီဘုရား)

ဒကာ ကာမတွေ သားသမီးလေးတွေ စိတ်ဆိုးတဲ့အခါ ကျတော့ လက်ကလေးနဲ့ ခေါက်လိုက် ရရင်ဆိုတဲ့ အဓိပ္ပါယ်ကော မပါဘူးလား (ပါပါတယ် ဘုရား။)

ထကြွတဲ့ ဒိဋ္ဌိ

လက်ကလေး ပြပြီးတော့ ပေါ့ဗျာ၊ အဲဒါက ဒကာ ဒကာမ ထို့ ထကြွတဲ့ ဒိဋ္ဌိ ရှိသေး။ ဟိုခေါင်း ရောက်အောင် မခေါက်ရ သေးဘူး။ (မှန်ပါ)။

လွန်ကျူးတဲ့ ဒိဋ္ဌိ

တလေကျတော့ ခေါင်းရောက်အောင် ခေါက် တာလဲ ရှိတယ်, ရွယ်ရုံရွယ်တာလဲ ရှိတယ်။ ဒါဖြင့် ခေါင်း ရောက်အောင် ခေါက်ဟာသည် လွန်ကြူး သွားပြီဗျာ့။

ရွယ်ရုံရွယ်တာသည်ကား ထကြွလာတာ သဘောကျရဲ့လား (ကျပါတယ် ဘုရား)၊ အဲဒီနှစ်ခုသော ဒိဋ္ဌိလောက် ပယ်နိုင်တယ်တဲ့၊

ဝမ်းထဲမှာ ငုပ်နေတဲ့ အကြောင်းရှိမှ ပေါ်မလို့ စောင့်နေတဲ့ ဒိဋ္ဌိကျတော့ မပယ်နိုင်ဘူး၊ ဝိပဿနာက (မပယ်နိုင်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီဘုရား)။

ဒါကြောင့် ဝိပဿနာသည် ရွယ်ရုံ ရွယ်တာရယ် ဟုတ်လား၊ အင်း ခေါက်ဖြစ်အောင် ခေါက်တာရယ် ဆိုတဲ့ ခေါက် လုံးနှစ်ခု ကိုတော့ မလုပ်ဖြစ်အောင် ပယ်ချလိုက်တယ်၊ သဘော ကျပလား (ကျပါပြီဘုရား)။

အဲဒါကို တကယ်တမ်း ဝမ်းထဲမှာ ငါ့သား ဆိုတာလေး ဟာတော့ မပယ်နိုင်ဘူး (မပယ်နိုင်ပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီဘုရား)။

ငါ့သား ဆိုတာတော့ မပယ်နိုင်ဘူး၊ ငါစိတ်ဆိုးတယ် ဆို ပြီး လက်တွေ ခြေတွေ ဆိုတာ ဟန်ပြ တာတော့ ဖြစ်နိုင်တာပဲ တကယ့်ကို သွားရိုက်တဲ့ အခြေအနေ မျိုးလဲ ဖြစ်နိုင်တာပဲ။

အဲဒီနှစ်ခုကတော့ကို လက်ဟန် ခြေဟန် ပြတာရယ် သွားရိုက်တာရယ် ဆိုတော့ ဝိပဿနာ ရှုနေသူက ပယ်နိုင်ပါ တယ်။ ဝမ်းထဲမှာ သားဟူသော အထိမ်းအမှတ် ကလေး ကတော့ မပယ်နိုင်ပါ ဘုရား၊ မပြုတ်သေးပါဘူး။

သဘောကျပလား (ကျပါပြီဘုရား)၊ ဒို့တော့ အကြမ်းနှစ်ခု ပယ်လိုက်ပါတယ်၊ အနုတစ်ခုသော ကျန်ပါ တော့တယ် ဆိုတာ ဦးဘတင် သေချာပလား (သေချာပါ တယ်ဘုရား)။

ကောင်းပြီ၊ ဒီအနုဟာ ဒကာ ဒကာမတို့ အကြမ်းနဲ့ အနု ဘယ်ဟာ ခက်ပါလိမ့်မလဲလို့ မေးတဲ့ အခါကျတော့၊ မွေးစပေါက် ကလေး၏ ခေါင်းက ဆံပင် ရိတ်ရတာနဲ့၊ လူကြီးခေါင်းက ဆံပင် ရိတ်ရတာ ခင်ဗျားတို့ ဘယ်ဟာက ခက်မယ်ထင်တုံး (ကလေးဆံပင်က ခက်ပါတယ် ဘုရား)။

အနုကိုးဗျ ဝမ်းထဲက ပါလာတဲ့ အမွေးနုကလေး တွေ အင်မတန် အရိတ်ရခက်တယ်၊ မခက်ပေဘူးလား (ခက်ပါတယ် ဘုရား)။

အနုသယဒိဋ္ဌိ

ဒီမှာလဲ အတွင်းမှာ နုနုလေး ကျန်နေတဲ့ ကိလေသာ အနု သယ ဒိဋ္ဌိဟာ ဦးဘအုန်းတို့ သာခက်တယ် မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

ဟော – အဲဒါကိုတော့ မဂ်စစ်နဲ့ ပယ်လို့ ရတယ် ဒါ မဂ်စစ်နဲ့ ပယ်မှ ပယ်လို့ ရတယ်လို့ သေသေချာချာ မှတ်ပါ။

ကဲ-ဒါဖြင့် ပုရေစာရိက သမ္မာဒိဋ္ဌိက ဒိဋ္ဌိကို ပယ်တယ်လို့ ဆိုငြား သော်လဲ အင်း လွန်ကျူး အထမြောက်မယ့် ဒိဋ္ဌိ၊ လွန်ကျူး ရုံတင်လွန်ကျူး စိတ်ထဲမှာတင် ထကြွ သောင်းကျန်း လာတဲ့ လောဘ, ဒေါသပေါ့ဗျာ။

လောဘ၊ ဒေါသ၊ ဒိဋ္ဌိ ထမြောက်အောင်ပဲ ရိုက်ခြင်းနှက် ခြင်းနဲ့ ပြည့်စုံတဲ့ ဒိဋ္ဌိ၊ အဲဒီနှစ်ခုသာ ဝိပဿနာ သမ္မာဒိဋ္ဌိက အကြမ်းစား ပယ်တယ်လို့မှတ်။

မဂ္ဂသမ္မာဒိဋ္ဌိက အနုသယ ပယ်နိုင်တယ်လို့ ဦးခင်မောင် တို့ မှတ်ရလိမ့်မယ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)

ကောင်းပြီ ဒကာ ဒကာမတို့ ဝိပဿနာ သမ္မာဒိဋ္ဌိ ကတော့ ရှင်းထား တာပေါ့။

ဟိုက အမြစ် တူးပစ်တာ (မှန်ပါ့ဘုရား)၊ သဘော ကျပြီလား (ကျပါပြီဘုရား) တောရှင်းတာနဲ့ အမြစ်တူးတာနဲ့ ထူးခြားတယ်။

ဝိပဿနာသမ္မာဒိဋ္ဌိက တောရှင်းထားတာ

တောရှင်းထားတာက ဘယ်သူပါလိမ့် (ဝိပဿနာ သမ္မာဒိဋ္ဌိပါဘုရား၊ အမြစ် တူးပစ် တာက (မဂ္ဂသမ္မာဒိဋ္ဌိပါ ဘုရား)။

အဲဒါကြောင့် ဝိပဿနာ သမ္မာဒိဋ္ဌိတော့ မရှင်းဘဲနဲ့ အမြစ်တူးလို့ရှိရင် ချုံထဲတောင် မတိုးနိုင်ဘူး စိတ်သာချ (မှန်ပါ့ဘုရား) ဝိပဿနာ သမ္မာဒိဋ္ဌိ မပါဘဲနဲ့ ဦးဘတင် ချုံကြီးကလဲ ကြီးနေမယ် ဆိုရင် အမြစ် ရှာတွေ့ပါ့မလား (မတွေ့ပါ ဘုရား)။

ဒါဖြင့် ဘယ်သူနဲ့ အလျင်ရှင်းရမယ် (ဝိပဿနာ သမ္မာဒိဋ္ဌိနဲ့ အလျင်ရှင်းရမှာပါ ဘုရား) အေး-ဝိပဿနာ သမ္မာ ဒိဋ္ဌိနဲ့ အလျင်ရှင်းပြီးမှ အမြစ် နှုတ်တာဟာ အမြစ်ကို တူးဆွပြီး နောက် မပေါက်စေဖို့ အရေးကတော့ နောက်မှ လုပ်ရတဲ့ အလုပ်ပဲ ဆိုတာ ခင်ဗျားတို့ သိလောက်ပါပြီ (မှန်ပါ့ဘုရား) ရှင်းပြီနော် (ရှင်ပါပြီဘုရား)။

ကောင်းပြီ ဒကာ ဒကာမတို့၊ ဖြစ်ပျက်ကို မြင်နေတယ် ဒကာ ဒကာမတို့၊ ခန္ဓာကိုယ်ထဲမှာ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် ပေါ်လာ တာလေးကို ဖြစ်ပြီး ပျက်တယ်၊ ဖြစ်ပြီး ပျက်တယ်လို့ သိနေတာလေး ကို ဘာဒိဋ္ဌိလို့ ဆိုကြမယ် (ဝိပဿနာ သမ္မာဒိဋ္ဌိပါ ဘုရား)။

သေသေချာချာမှတ်နော်။ ဒါ အလုပ်စဉ်ပဲ ၊ ခန္ဓာထဲ ဘာပေါ်ပေါ် ပေါ်ပြီး ပျက်သွားပြီ ပေါ်ပြီး ပျက်သွားပြီလို့ သိတဲ့ သမ္မာဒိဋ္ဌိသည်က ဘာပါလိမ့် (ဝိပဿနာ သမ္မာဒိဋ္ဌိပါ ဘုရား)။

ဝိပဿနာ သမ္မာဒိဋ္ဌိလို့ မှတ်ထားလိုက်ပါစီ၊ ဝိပဿနာ သမ္မာဒိဋ္ဌိလို့ မှတ်ထား လိုက်တော့ သြော်-ဝိပဿနာ သမ္မာဒိဋ္ဌိ ကလဲ အင်း- ဒိဋ္ဌိကြမ်းတွေတော့ ပယ်နိုင်သားပဲ။

သေချာကြပလား (သေချာပါတယ် ဘုရား) ဦးခင် မောင် ဘာတဲ့တုံး (ဒိဋ္ဌိကြမ်းတွေ ပယ်တာပါ ဘုရား) အေး ဒိဋ္ဌိသုံးမျိုးရှိတဲ့ အနက်က အကြမ်း နှစ်မျိုး ပယ်ချလိုက်တယ်။

တစ်ခုပဲ ကျန်တော့တယ်၊ အဲဒါဖြင့် ပုရေစာရိက သမ္မာ ဒိဋ္ဌိ ဝိပဿနာ သမ္မာဒိဋ္ဌိသည် သင်္ခါရ တရားတို့၏ ဖြစ်ပျက်တွေ ကို မြင်သောကြောင့် ဒိဋ္ဌိကြမ်း နှစ်ခုကို ပယ်နိုင်သည်။

ရှင်းပလား (ရှင်းပါတယ်ဘုရား) ဖြစ်ပျက်တွေ မြင်သောကြောင့် (ဒိဋ္ဌိကြမ်း နှစ်ခု ပယ်ပါတယ် ဘုရား) ဒိဋ္ဌိကြမ်း နှစ်ခု ပယ်နိုင်တယ်။

ကောင်းပြီ နေရာကျပါပြီတဲ့။ ဒါဖြင့် ဒီဉာဏ်စဉ်ဖြင့် ဒီအတိုင်းပဲ ဝိပဿနာ သမ္မာဒိဋ္ဌိနဲ့ တိုးပြီး သကာလ ရှုရင်း ရှုရင်းနဲ့ ဖြစ်ပျက်တွေ ရှုရင်း ရှုရင်း မုန်း၊ မုန်းရာက နေပြီး သကာလ အမျိုး မျိုး အဖုံဖုံ ဥဒယဗ္ဗယ, အာဒီနဝ, နိဗ္ဗိန္ဒ, မုစ္စတုကမျတာ ဉာဏ်တွေ သူ့ဘာသာသူ တက်သွားမှာ ခင်ဗျားတို့ တက်ချင်လို့ မဖြစ်ဘူးပေါ့ဗျာ။

နိဗ္ဗာန်မြင်တဲ့တရားပေါ်လာရင်

အဲဒီလို တက်သွားပြီး သကာလ နောက်ကျလာတဲ့ အခါကျတော့ ဘာဖြစ်သွားမလဲ မေးတဲ့အခါကျတော့၊ နိဗ္ဗာန် မြင်တဲ့ တရားလေး ပေါ်လာလိမ့်မယ်။

ဝိပဿနာ သမ္မာဒိဋ္ဌိ အဲဒီအချိန် မရှိဘူးလို့ မှတ်လိုက် စမ်းပါ နိဗ္ဗာန်မြင်တဲ့ တရားလေး လာရင် (ဝိပဿနာ သမ္မာဒိဋ္ဌိ မရှိပါဘူး ဘုရား) မရှိဘူး၊ အဲဒါ ဂေါတြဘူလို့ခေါ် တယ်။

စာလို ဂေါတြဘူ ဉာဏ်လို့ ခေါ်လိုက်တယ်၊ ဖျတ်ဆို ဒါလဲ မြင်ပြီးရော ဒကာ ဒကာမတို့ ဝဋ်တွေ ပြတ်သွားတဲ့ မဂ်သမ္မာဒိဋ္ဌိ လာတော့တာပဲ။

ဝဋ်ပြတ်သွားတဲ့ (မဂ်သမ္မာဒိဋ္ဌိ လာပါတယ် ဘုရား) ဒိဋ္ဌိရှိ ဒိဋ္ဌိကိလေသာ ဝဋ်ပေါ့ဗျာ၊ ဒိဋ္ဌိနဲ့ ပတ်သက်ဖြစ်တဲ့ ကမ္မဝဋ်ပေါ့ဗျာ။

ဒိဋ္ဌိတည်းဟူသော အကြောင်း တရားကြောင့် ဖြစ်ရမယ့် အပါယ်လေးပါး တည်းဟူသော ခန္ဓာဝိပါက ဝဋ်ပေါ့ဗျာ၊ ဒါဖြင့် ဒကာ ဒကာမတို့ ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ် မပြတ်လား (ပြတ်ပါတယ် ဘုရား)။

အချိုးကျပြတ်တယ်၊ ဒါဖြင့် ဒကာ ဒကာမတို့ သြော် -မဂ်လာမှ ကျုပ်တို့မှာ အနုသယ ကိလေသာ အနုလေးလဲ ပါသွား တော့တယ် ဆိုတာ သေချာပလား (သေချာပါတယ်ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိအနုသယ လေးလဲ ပါသွား ဝိစိကိစ္ဆာလဲ ပါသွား ဒီကိလေသဝဋ်ကလဲ ကျွတ်တော့ ဒီဝဋ်နှင့် ပတ်သက်တဲ့ ကမ္မဝဋ်တွေကော လာသေး ရဲ့ လား (မလာပါ ဘုရား)။

အင်း – ဒီ ကမ္မဝဋ်က အကျိုးပေးမယ့် အပါယ်လေးပါး တည်းဟူသော ခန္ဓာဝိပါက ဝဋ်တွေ လာသေးလား (မလာ ပါဘုရား) သြော်-အောက်သံသရာ အတွက်တော့ ကျွတ်ခြင်း လွတ်ခြင်း ပြီးသွားပြီ ပေါ့လို့ မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)။

အဲ့-သူက နိဗ္ဗာန်တည်း ဟူသော ဆွဲကိုင်ရာ ရမှသာလျှင် ခုနက နုတဲ့ ကိလေသာလေးကို ဖြတ်လို့ရတယ် (ရပါတယ် ဘုရား)။

နိဗ္ဗာန်တည်း ဟူသော ဆွဲကိုင်ရာ မရရင် (ဖြတ်လို့ မရပါဘုရား) လောကီ ဥပမာ ပြောကြပါစို့ ဆိုတော့ စပါးရိတ်တဲ့ ပုဂ္ဂိုလ် စပါးပင်လေးကို ဘယ်လက်နဲ့ ဖမ်းဆုပ်ပွေ့ပြီး သကာလ ညာဘက်က တံစဉ်ကိုင်ပြီး ဖြတ်မှ ရတယ်ဆိုတာ ခင်ဗျားတို့ အထင်အရှား ပေါ့ဗျာ ဒီအတိုင်း ရိတ်မယ် ဆိုလို့ရှိရင် တံစဉ်ဟာ ချော်ပြီး အပေါ်တက်လာမှာပဲ (မှန်ပါ့) မထက်ပေဘူးလား (တက်ပါတယ်ဘုရား)။

ထို့အတူပဲတဲ့ နိဗ္ဗာန်တွည်းဟူသော တရားကို မဂ်က ဆွဲဆိုင်ရာကို ရလို့သာလျှင် ဒကာ ဒကာမတို့ မဂ်ဉာဏ်သည့် အနု သယ ကိလေသာတို့ ဖြတ်နိုင်တယ်။ နို့မို့ရင် (မဖြတ်နိုင် ပါဘုရား) မဖြတ်နိုင်ဘူး ဆိုတာ သေချာပလား (သေချာ ပါတယ် ဘုရား)။

ကဲ-ဒါဖြင့် သြော်-ဒါဖြင့် နေရာကျပြီး မဂ်ဉာဏ်သည် ကား အနုသယ ကိလေသာလဲ ကုန်ပေါ့ ဆိုတဲ့ ဥစ္စာ ဒကာဒကာမတွေ စိုးရိမ်စရာ ကြောင့်ကြစရာ ရှိသေးသည်။ (မရှိပါဘုရား)။

အနုသယကိလေသာ ဝဋ်ထဲ သွင်းလိုက်တော့၊ ကိလေသ ဝဋ်ပြတ် ဘာဝဋ်ပြတ် သွားတုံး (ကိလေသဝဋ် ပြတ် ပါတယ် ဘုရား)။

ကိလေသဝဋ် ပြတ်သွားတော့ ဒကာ ဒကာမတို့ စဉ်းစားတော့ သူနဲ့ပတ်သက်တဲ့ ကံတွေ လာသေးလား (မလာ ပါ ဘုရား) ကံမှ မလာဘဲနဲ့ အပါယ်လေးပါး ဟူသော ခန္ဓာ ဝိပါက ဝဋ်ကြီး တွေက ဘယ့်နှယ်နေပါလိမ့် (မလာပါဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ စတူဟာပါယေဟိုစ ဝိပ္ပမုတ္တော ဆိုတဲ့ ဦးခင်းမောင် နေရာကျသွားပြီ ယေဟိစ= လေးပါးသော အပါယ်တို့မှ၊ ဝိပ္ပမုတ္တော= လွတ်သည်၊ ဟောတိ= ဖြစ်၏၊ ဆိုတော့ လေးပါးသော အပ္ပါယ်မှ လွတ်သွား ပြီ နိဗ္ဗာန်တည်း ဟူသော ဆွဲကိုင်ရာ ရသဖြင့် အနုသယ ကိလေသာဖြတ်၊ ဖြတ်လိုက်လို့ လွတ်သွားတာ။

နိဗ္ဗာန်ဆွဲကိုင်ရာ ရလို့ အင်း နိဗ္ဗာန်တည်း ဟူသော တရားကို တစ်ဘက်က ဆွဲကိုင် မဂ်ကနေပြီး ကိလေသာကို ပယ်သတ်ချ လိုက်တာနဲ့ ဒကာ ဒကာမတို့ ကိလေသဝဋ် ကျွတ်ပြီး သကာလ အပါယ်ကျ စေတတ်တဲ့ ကံတွေလည်း အကျိုးမပေး နိုင်တော့ဘူး (မှန်ပါ့) အပ္ပါယ် လေးပါး တည်း ဟူသော ဝိပါကဝဋ်ကော ပေါ်သေးရဲ့ လား (မပေါ်ပါဘုရား)။

အဲ့ဒါ ဒကာ ဒကာမတို့ မှတ်ထားဖို့ရာက နောက်တုန်းက မိုက်တာတွေပါ ရောပါသွားတယ် လို့ မှတ်လိုက်တော့ နောက် တုန်းက ဒကာ ဒကာမတွေ မသိခင်တုန်း များစွာ သံသရာ မိုက်လာတဲ့ ဒိဋ္ဌိ ကိလေသာ အမိုက်၊ အပါယ်ကျဖို့ အမိုက်တွေ ဟူသရွေ့ကိုလဲ အကုန် သိမ်းသွားတယ်၊ ဒါ မဂ်ဟာ သတ္တိထက် တယ်ပေါ့ဗျာ။

အတိတ်က ပါလာတဲ့ ဒိဋ္ဌိ အမိုက်မှား ဒုစရိုက် အမိုက်မှား ဒိဋ္ဌိ အမှောက်အမှားတွေ ဘယ့်နှယ် နေကြမယ် (ပါသွားပါတယ် ဘုရား)။

အကုန်ပါသွားတယ်၊ ဒကာ ဒကာမတွေ မလျှော့နဲ့တော့ အင်မတန် သတ္တိထက်တယ် ဆိုတာ သဘောကျပလား (သဘောကျပါပြီဘုရား)။

နောက်တုန်းက ဒုစရိုက် မိုက်မှားတဲ့ ဒိဋ္ဌိမှောက်မှား အကုန် အကုန် ဒကာ ဒကာမတွေ ဘာမှ စိုးရိမ်စရာ မရှိဘူး။

ဒါဖြင့် သူကတော့ တိုက်ရိုက် ဖြတ်တာကိုး၊ ဘုန်းကြီး များလဲ သေသေချာချာဟော၊ ဘုရားကလဲ သေသေချာချာ ဟောတဲ့အတွက် အပါယ်လွတ်ချင်ရင် အပါယ် လွတ်ကြောင်း တရားကောင်း ကတော့ဖြင့် သူပဲ ဆိုတာ ဆုံးဖြတ်ချက် ချတော့။

သဘောကျပလား (ကျပါပြီဘုရား) အပါယ် လွတ်ကြောင်း တရားကောင်းကတော့ သူပဲ မဂ်သမ္မာဒိဋ္ဌိပဲ ရှင်းပလား (ရှင်းပါပြီဘုရား)။

သို့သော် ခုနက ပြောခဲ့တဲ့ အတိုင်း မဂ်သမ္မာဒိဋ္ဌိ သူ့အလို လို မပေါ်နိုင်တာလဲ သိလောက်ပါပြီ ဝိပဿနာ သမ္မာဒိဋ္ဌိ က ရှင်းပြီး လင်းပြီး တက်ထိုင်တာပါ သူက အကြမ်းတွေ အကုန်တွင် ပြီးမှ အနုလေး လာတက်ပြီး အသားယူတာပါ ရှင်းပလား (ရှင်းပါပြီဘုရား)။

ဒါဖြင့် မဂ်သမ္မာဒိဋ္ဌိ ဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်ထဲမှာ ဘယ်လို ကြုံတတ် ဆုံတတ်တယ် ဆိုတာ အလုပ်သမားတွေ အတွက် ပြောလိမ့်မယ် (မှန်ပါ့)။

မဂ်သမ္မာဒိဋ္ဌိ

ပထမဖြစ်ပျက်တွေ မနေ့က ဦးခင်မောင်တို့ သင်ခဲ့တယ် နော်၊ ဦးဘအုန်းတို့ ခင်ဗျားတို့ အလုပ်သမားတွေမှာ ကြပ်ကြပ် သတိထားပါ။ ဝိပဿနာ သမ္မာဒိဋ္ဌိ ဖြစ်နေတုန်း ကတော့ ဖြစ်ပျက် တွေချည်း မြင်တယ်။

နောက် မဂ်သမ္မာဒိဋ္ဌိ ဝင်လာတဲ့ အခါကျတော့၊ ဖြစ်ပျက် တွေ မမြင်ဘဲနဲ့ ဖြစ်ပျက် ချုပ်တာကို မြင်နေတယ် ဟုတ် ပလား (ဟုတ်ပါတယ်ဘုရား)၊ ဝိပဿနာ သမ္မာဒိဋ္ဌိက ဘာမြင်တုံး (ဖြစ်ပျက် မြင်ပါတယ် ဘုရား)။

အင်း- မဂ်သမ္မာဒိဋ္ဌိက သူအစဉ်အတိုင်း တက်သွားတော့ ဘာမြင်တုံး (ဖြစ်ပျက် ချုပ်ပါတယ် ဘုရား) ဖြစ်ပျက် ချုပ်တာ ဖြစ်ပျက် မရှိတာကို မြင်တာ သဘောကျပလား (ကျပါတယ် ဘုရား)။

ဖြစ်ပျက်တွေ ချုပ်ငြိမ်း ရုပ်သိမ်း သွားပေါ့လို့ သိတာ အဲဒါ နိရောဓသစ္စာလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့) ဒုက္ခနိရောဓော လို့ မှတ်လိုက်စမ်းပါ။

ကောင်းပြီ၊ ဒါဖြင့် သူတို့ နှစ်ခုကလဲ အမြင်မတူပါလား ဆိုတာ ပေါ်လာတယ် မပေါ်လာ ဘူးလား (ပေါ်လာပါ တယ်ဘုရား) ဝိပဿနာ သမ္မာဒိဋ္ဌိက ဖြစ်ပျက်ကိုမြင် မဂ် သမ္မာဒိဋ္ဌိက မမြင်ဘူး၊ မြင်သေးလား (မမြင်ပါဘုရား)။

ဖြစ်ပျက် ချုပ်တာကို သူမြင်တယ်၊ သြော်- ဖြစ်ပျက်ချုပ် တာ ဘာပါလိမ့်တုံး ဆိုတော့ နိဗ္ဗာန်ပေါ့ဗျာ၊ သြော်-ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ကိုမြင်တဲ့ မဂ်လာလို့ ရှိရင်၊ ဘယ်လိုများ ခန္ဓာကိုယ်ထဲ ဖြစ်တတ် သလဲလို့ မေးတဲ့ အခါကျတော့

မဂ်စစ်လာရင်ခန္ဓာကိုယ် ဘယ်လိုဖြစ်တတ်သလဲ

ဒကာ ဒကာမတွေကလဲ ရောက်အောင် အားထုတ် နေကြတဲ့ ပုဂ္ဂိုလ်တွေလဲ ဖြစ်တယ်၊ ရလို့ရှိရင်၊ သြော် -သူဒီလို အဖြစ်မျိုးဟာ ကြုံတတ် ဆုံတတ်တယ် ဆိုတာ အဋ္ဌကထာက ဆိုထားတဲ့ အတွက် ခင်ဗျားတို့ သတိထားစရာ ပါလာတယ် (ပါ-ပါတယ် ဘုရား)။

ဘယ်လို ပါလာ ပါလိမ့်မတုံးလို့ မေးတဲ့အခါ ဝိပဿနာ သမ္မာဒိဋ္ဌိက နေပြီး သကာလ ဖြစ်ပျက်တွေမြင် မြင်ရာကနေ ဖျတ်ဆို ဖြစ်ပျက် မမြင်တဲ့ ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်ဘက်ကို မြင်လိုက် ပါရောတဲ့။

ကျုပ်တို့ ခင်ဗျားတို့ သန္တာန်မှာတဲ့ တစ်ခါတည်း ခန္ဓာ ကိုယ်ထဲမှာ ရေအိုး တစ်ထောင်နှင့် လောင်းလိုက်သလို အကုန်လုံး အေးစိမ့်ပြီး သကာလ သွားသလို အပူဓာတ်တွေ ဟူသရွေ့ အကုန်ငြိမ်း သွားတဲ့ သဘောမျိုး ခန္ဓာတစ်ခုလုံးမှာ အကုန် ပေါ် တတ်တယ် သဘောကျပလား (ကျပါတယ် ဘုရား)။

ခန္ဓာကိုယ် တစ်ခုလုံးမှာ အအေးဓာတ်တွေ အကုန် စုပြုံပြီး သကာလ ပေါ်တတ်တယ်လို့ လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ်ဘုရား) ခန္ဓာကိုယ် တစ်ခု လုံးမှာ။

အအေးဓာတ်စုပြီး သကာလ အအေးချည်း ကျန်ရစ် တယ်လို့ ထင်တယ် ဘာမှမရှိတော့ဘူး၊ သြော်- ချမ်းသာကာ တစ်ခုထဲပဲ ရှိတော့တာပဲ ဒီလို ထင်တတ်ပါတယ်တဲ့။

“သိရီဝဋ္ဋုက ဃဋသဟဿ အာသိဉ္စမာနာဝိယ ဟောတိ” လို့ ဥပရိပဏ္ဏာသ ပါဠိတော်က ရေအိုး တစ်ထောင်နဲ့ လောင်းပြီး သကဲ့သို့ အေးစိမ့်ပြီး သကာလ ခန္ဓာထဲမှာ ခန္ဓာ ရှိမှန်း မသိဘူး ချမ်းသာတာ သက်သက်ကလေး ဖြစ်နေတယ်။

ချမ်းသာတာသက်သက်ဖြစ်နေတယ်

ခန္ဓာလဲရှိမှန်း မသိဘူး၊ ချမ်းသာတာ သက်သက်ကလေး ဖြစ်နေတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထားတာပေါ့၊ အဲဒီလို ပေါ်လာလို့ရှိရင် သြော်-မဂ်စစ်ပဲ လို့သာ မှတ်လိုက် သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

ဒီလိုပေါ်လာရင် (မဂ်စစ်ပါ ဘုရား) ခန္ဓာလဲ ရှာမတွေ့ဘူး၊ ဒီအချိန်မှာ ရှာချိန်လဲမရှိဘူး၊ ခန္ဓာလဲ ရှာမတွေ့ဘူး၊ တစ်ခါတည်း နေရ ထိုင်ရတာလဲ အေးချမ်းပြီး သကာလ နေတော့တာပဲ ဘာရှိမှန်းကိုလဲ မသိဘူး။

အလေးအပင်ဆိုတာ နာတာ, ကျင်တာ, ကိုက်တာ, ခဲတာလဲမရှိဘူး၊ ဟိုစိတ်ကူး ဒီစိတ်ကူးလဲ မရှိဘူး၊ ဒီသက်သက်တဲ့ အေးငြိမ်းနေတဲ့ သဘောလေးတင်ပဲ ရှိတာပဲ၊ ဒီပြင် ဘာမှ မရှိဘူး။

သဘောကျပြီလား (ကျပါပြီဘုရား) အင်မတန် ပူအိုက်နေတဲ့အခါ ရေအိုး တစ်ထောင်နဲ့ လောင်းလိုက်တဲ့ အခါကျတော့ အအေးချည်း ကျန်ရစ်သလို ဒီမှာလဲ ခန္ဓာထဲမှာ ဝန်လေးတာ မှန်သမျှ ဘာမှ မရှိဘဲနဲ့ ဝန်ပေါ့ သက်သက်ချည်း ဖြစ်သွားတယ်။ ဝန်ပေါ့ သက်သက်ချည်း ဖြစ်သွားလို့ ရှိရင်ဖြင့် နိဗ္ဗာန်လဲ မြင်တယ်၊ နေရတာလဲ ဝန်ပေါ့ နေတယ်လို့ ဆိုလို့ ရှိရင်ဖြင့် ဒုက္ခချုပ်သွားတာလဲ ကိုယ်သိ လိုက်တယ် (မှန်ပါ့ ဘုရား)

ဝန်ကလဲ ခန္ဓာကိုကြည့်လိုက်တဲ့ အခါဘာမှ မရှိဘူးထင် လို့ တစ်ခါတည်း ပေါ့ငြိမ်း သိမ်းသွားလို့ ရှိရင်လဲ ဪ- ဒါမဂ် စစ်ပဲလို့ ဆုံးဖြတ်ချက်ချပါ ၊ သဘောပါရဲ့လား (ပါ,ပါတယ်ဘုရား)။

အဲ- ဒုက္ခချုပ်တာလဲ မြင်တယ်နော်၊ ခန္ဓာရှိမှန်းလဲ မသိ တော့ဘူး ၊ အဲဒီကဲ့သို့ မသိခြင်း သည်ကား ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့၊ မဂ်စစ်ပေါ်တဲ့ အချိန်လို့မှတ်။

ဘယ့်နှယ်ကြောင့် အေးချမ်းသွားပါလိမ့် မလဲလို့ ဦးခင်မောင်၊ ဦးဇံရင်တို့က မေးလို့ ရှိရင်ဖြင့် နဂိုက ဒိဋ္ဌိတည်းဟူသော အပူဓာတ်၊ အလောင်ဓာတ်က အမြဲတမ်း လောင်နေတော့ ဝိပဿနာမဂ်နဲ့ ပယ်ထားတာတောင် သူက အတွင်းမှာမီးစ သဘော ရှိသေးတယ်။

သူရှိတော့ ဝိစိကိစ္ဆာ ကလဲရှိ၊ ရှိတော့ သူနဲ့ သဟဇာတ ဖြစ်တဲ့ ကိလေသာ အဖော်တွေ ကကော (လာပါတယ် ဘုရား)။

အပူဓာတ်ငြိမ်းသွားတယ်

အကုန်ရှိနေတာကွ၊ သူရော, သူတို့နှင့် အဖော် ဖြစ်တာတွေရော၊ အကုန်ချုပ် ငြိမ်းသွားတော့၊ ဒီအပူဓာတ် ငြိမ်းတယ်လို့ မှတ်လိုက်စမ်းပါ၊ သဘောကျပလား (ကျပါ တယ် ဘုရား)။

အပူဓာတ်တွေ ငြိမ်းသွားသည် ဒကာ ဒကာမတွေ အဲဒီ အငြိမ်း တစ်ခုရလို့ ရှိရင်ဖြင့် ခင်ဗျားတို့ ဘယ်လိုပဲနေနေ၊ ဘယ် လိုပဲ ထိုင်ထိုင် ဘုန်းကြီးတို့က အပြစ် မဆိုတော့ဘူး။

ဘာဖြစ်လို့တုံးဆိုတော့ ငရဲမျိုးစေ့ ဝမ်းထဲ မရှိလို့ အေး ငြိမ်းသွားတာ ၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ဘာမရှိလို့ (ငရဲမျိုးစေ့ မရှိလို့ပါ ဘုရား)။

ငရဲမျိုးစေ့မရှိလို့

ငရဲမျိုးစေ့မရှိလို့ ဝမ်းထဲ အေးငြိမ်းသွားတဲ့ ၊ ဝမ်းသာ သွားတဲ့ ရေအိုး တစ်ထောင်နဲ့ လောင်းသလို တစ်ခါတည်း အအေးဓာတ်သာ ကျန်ပြီး သကာလ ခန္ဓာရယ်လို့ ရှာမတွေ့ ဘူး၊ တစ်ခါတည်း ပေါ့ပါးတဲ့ သဘောမျိုးသာ ရှိပြီး သကာလ နေတော့ သြော် – ဒါသည် တခြားလား အောက်မေ့တယ်၊ ကိလေသာ အပူဓာတ်, အလောင်ဓာတ်တွေ ငြိမ်းသတ်သွားတာလို့ ဒါပဲ မှတ်လိုက် ရတယ်။

သဘောကျပလား (ကျပါတယ်ဘုရား) ကိလေသာ အပူဓာတ်, အလောင်ဓာတ်တွေ ငြိမ်းသတ်ပြီး သကာလ သွားတော့တယ် ဆိုတာ ရှင်းပလား (ရှင်းပါတယ်ဘုရား)၊ ဒါကြောင့် ဒကာ ဒကာမတို့ အမြင်ကလဲ နိဗ္ဗာန် ဟုတ်လား။

အတွင်းသိနေတဲ့ ဉာဏ်ကလဲ အေးတဲ့ဉာဏ် အမြင်က နိဗ္ဗာန်၊ အတွင်းသိနေတဲ့ ဉာဏ်ကလဲ အေးတဲ့ဉာဏ်၊ အဲဉာဏ်လေးပဲ ကျန်ရစ်တော့တယ်၊ ဒီပြင်ဘာမှ မကျန်ရစ်တော့ဘူး။

ဒါကြောင့်- “နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏ ပစ္စယေန ပစ္စယော”၊ ဘုရားက နိဗ္ဗာန် လာရင်တော့ကွာ၊ မဂ်ကျန်တော့တာ ဒီပြင် ဘာမှ မရှိပါဘူးလို့ ပြောတာတဲ့ သဘောကျပလား (သဘောကျ ပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့သည် ဒီနေ့ အတော် ကျေးဇူးများတဲ့နေ့ ပါလား၊ ဒို့ အလုပ်စဉ် မှာလဲ ဒီအတိုင်း လုပ်သွားလို့ရှိရင် ဒီနေရာ ရောက်ထိုက်တဲ့ နေရာဟ၊ ရောက်တော့မှာပဲ လမ်းဆုံးအောင် သွားလို့ရှိရင် ဘယ်နည်းနဲ့မှ မရောက် မရှိပါဘူး၊ ဒီကနေ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကျုံးထောင့်က သာသွား နာရီစင် ဆိုတာ မရောက်ဆိုရင် ဘုန်းကြီးကိုဆိုပေါ့။

တည့်တည့်သာလျှောက်ပါ ကွေ့ကောက်မနေနဲ့

ကျုံးထောင့် ကသာ အနောက်လျှောက် ပါ (နာရီစင် ရောက်ပါတယ် ဘုရား) နာရီစင် မတွေ့ဘူး ဆိုရင် ဘုန်းကြီး အပြစ်ပေါ့ဗျာ တည့်တည့်သာ လျှောက် ခင်ဗျား တို့က ကွေ့ကောက် မနေနဲ့အုံး ရိပ်မိပြီလား (ရိပ်မိ ပါပြီ ဘုရား)။

မကွေ့ မကောက်ဘဲနဲ့ မဂ္ဂင်ဆိုတာ အဖြောင့်လို့ပြော ထားတာတော့ ဒီလမ်း အတိုင်းသာ သွားလို့ ဒီဖြစ်ပျက်ချည်း သာရှုသွား၊ မတွေ့တော့မရှိ ဒီနိဗ္ဗာန်။

သဘောပါပလား (သဘောပါပါတယ် ဘုရား)၊ အဲဒါ ဝေသလား, နီးသလား အဖြောင့်သွားဖို့ အရေးကြီး သလားဆိုတာ စဉ်းစား (အဖြောင့်သွားဖို့ အရေးကြီး ပါတယ်ဘုရား)။

နီးတာကတော့ သေချာတယ်, မသွားလို့ ခက်တယ် နီးတာကတော့ (သေချာပါတယ် ဘုရား)။ အဖြောင့် မသွားလို့ (ခက်ပါတယ်ဘုရား)၊ အဖြောင့် မသွားလို့ ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေက နည်းနည်းတော့ နားထောင်ကြရလိမ့်မယ်။

အဖြောင့်မသွားလို့ ဘုန်းကြီးက အပြစ်တင်တယ်လို့ ဘုန်းကြီးက အပြစ်တင်တတ်လို့ တင်တာလို့ ဒီလိုဆိုရင်လဲ ဆိုကြလိမ့်မယ်။

မဟုတ်ဘူးတဲ့ ခင်ဗျားတို့ လုပ်နေရင်း မတ္တနဲ့ တစ်ခါတည်း သားစိတ်, သမီးစိတ်, ဆွေစိတ်, မျိုးစိတ်, အရောင်းစိတ်, အဝယ်စိတ်, ပူစိတ်, ဆွေးစိတ်တွေ ဝင်လာလို့ရှိရင် မဂ္ဂင်က အဖြောင့် သွားတာ မဟုတ်တော့ဘူး (မှန်ပါ့) ကောက်ကွေ့ သွားပြီ။

ဦးဘအုန်း ကိလေသာ ဝင်ကောက်တာ ကိုးဗျ သဘောကျပလား (သဘောကျ ပါတယ် ဘုရား)၊ အဲဒီတော့ အဖြောင့် မသွားလို့ရှိရင်တော့ မရောက်ဘူးလို့ ပြောသားပဲ

ကိလေသာ ဝင်ကောက်လိုက်ရင် ဦးဘတင် ဘယ့်နှယ် တုံး (မရောက်ပါဘူး ဘုရား)။ မရောက်နိုင် တော့ဘူး ဦးခင်မောင်ရ။

ကိလေသာကလဲ သူက ဒီလမ်းသွားတယ် ဆိုပေမယ့် လဲ ဒီဟာလေး ယူသွားပါဦးလားဆိုတာ သူက အလာကြီး ဗျာ။

မိန်းမတွေ သွားမယ်ကြံလို့ရှိရင် အလွယ်တကူနဲ့ အိမ်က ထွက်ဖြစ်သလား၊ ဆွဲခြင်းနဲ့ အပြည့် ထည့်ပြီးမှ အိမ်က ထွက်ဖြစ် သလား၊ ဒါစဉ်းစားကြည့် မဟုတ်ဘူးလား (ဟုတ်ပါ တယ်ဘုရား)။

အလွယ်တကူ ထွက်ဖြစ်တဲ့လား (မထွက်ဖြစ်ပါ ဘုရား) မထွက်ဖြစ်ပါဘူး ရှုပ်လိုက်တာပွေလို့ သဘောကျ ပလား (ကျပါတယ်ဘုရား)။

ဒီမှာလဲ ခင်ဗျားတို့ ဒီအတိုင်းပါပဲ၊ အလုပ်ကလေး လုပ်မယ်ကြံလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဘာမှမဟုတ်တဲ့ စိတ်တွေက ကြားခိုလာပါတယ် မလာဘူးလား (လာ ပါတယ်ဘုရား)။

အဖြောင့် သွားလား၊ အကောက်သွားလား (အကောက် သွားတာပါ ဘုရား) အို-အကောက် သွား ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ရှိပေမယ့် မရောက်ဘူး ရှိပေမယ့် (မရောက်ပါဘုရား)၊ အဲဒါ နိဗ္ဗာန် မရှိလို့ မရောက်တာလား၊ ဟုတ်လား၊ အကောက်သွားလို့ မရောက်တာလား (အကောက် သွားလို့ မရောက်တာပါ ဘုရား)။

ကဲ- ဒါဖြင့် ဒို့ နောက်တုန်းက ဘယ်လို နေခဲ့ ထိုင်ခဲ့ကြ တယ်ဆိုတဲ့ ဥစ္စာ ကိုယ့်အကြောင်းကို သိရော့ပေါ့ဗျာ ဘယ်လိုများ သိကြတုံး (အကောက် သွားလို့ပါဘုရား)။

အကောက်ချည်း သွားခဲ့ကြတယ်ဆိုတာ ပေါ်လာ တယ် ရှင်းပလား (ရှင်းပါပြီဘုရား)၊ ဘယ်လို သွားခဲ့ ကြတုံး (အကောက်ချည်း သွားခဲ့ပါတယ် ဘုရား)၊

ရော-မြွေမျိုးတွေများ ဖြစ်နေကြရော့လား ခင်ဗျားတို့ ဒီအတိုင်း သွားခဲ့ကြတယ် ဆိုတဲ့ အဓိပ္ပါယ် ရှင်းနေတယ် နော် မယုံရင် သွားကြည့်ပါ ခင်ဗျားတို့ ဟောဒီ အိမ်က ထွက်ကြည့်၊ အင်း-ဘယ်သူ မပါသေးဘူး၊ ဘာများ မေ့ကျန် ရစ်နေပါလိမ့် ဟော- ပြန်ကောက်တာပဲ။

မကောက်ဘူးလား ကောက်လား (ကောက်ပါ တယ် ဘုရား)၊ ကောက်သေးတာပဲ ဒကာ ဒကာမတို့ရ အင်း သွားလာတယ် ဆိုကြလို့ရှိရင် ရှေ့သွား နောက်ကြည့် ဆိုတာလဲ ခင်ဗျားတို့က သင်ထား သေးတယ်။

ကောက်ဖို့ရာကို သင်ထားတယ် တောက်လျှောက် တစ်ခါတည်း တစိမ်းထွက် ထွက်မသွား ရဘူးကိုး ဦးခင်မောင် ဒီလိုများ သင်ဘူးသေးလား (သင်ဖူးပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားလဲ အကောက်ထဲကပဲ နေမှာပဲ ရှင်းပလား (ရှင်းပါတယ်ဘုရား)။

ဒကာ ဒကာမတို့ အဲဒီကို ခင်ဗျားတို့၊ ကဲကွာ ၇-ရက်တိတိ ဘုရားထဲ သွားပြီး သကာလ ကျောင်းထဲ သွားပြီး လုပ်ပါတော့မယ်ဟေ့- အမေသေလဲ မလာနဲ့၊ အဖေသေလဲ မလာနဲ့၊ မင်းတို့ သေလဲ ငါ့လာအကြောင်း မကြားနဲ့ ဆိုတဲ့ လူက အတော်ရှားတယ် (ရှားပါတယ်ဘုရား)။

မရှားဘူးလား (ရှားပါတယ်ဘုရား)။ ဘာဖြစ်လို့ တုံးဆိုလို့ရှိရင် ပော့ ကျန်းကျန်းမာမာ ရှိတုန်း သွားလိုက် အုံးမယ် သွားထဲကိုက ကျန်းကျန်းမာမာ ရှိတုန်း မကျန်းမာရင် ပြန်လာမယ် ဆိုတာ ပါနေတယ်။

အဓိပ္ပါယ်က ရှင်းနေ တယ်၊ အကောက်က နဂိုကပါနေတာ (ပါနေပါတယ် ဘုရား)၊ မပါဘူးလား (ပါ,ပါတယ် ဘုရား)။

အဲဒီတော့ ရောက်ပါ့မလားလို့ မေးတယ် (မရောက် ပါဘုရား) အဲဒါ ဒီမရှိလို့ မရောက်တာလား ကောက်ကွေ့ နေလို့ မရောက်တာလား (ကောက်ကွေ့ နေလို့ မရောက်တာပါ ဘုရား)။

ဘုရားလမ်းပြတာက မမှားပါဘူး

အေး- ကောက်ကွေ့ နေလို့ မရောက်တာ ဘုရားလမ်းပြ ကတော့ မမှားပါဘူး (မမှားပါဘုရား)၊ ဦးခင်မောင် ဘုရားများ စွဲချက် တင်ချင်သေးလား (မတင်ပါဘုရား)။

ဘုရားက နိဗ္ဗာန် အလွယ်လေး မနက်လုပ် ညနေ ရမယ် ဆိုပြီး ဒို့ဖြင့် ကြာလှပြီ လုပ်နေတာ ၇-ရက်ကို မရဘူးလို့ ဘုရား များ စွဲချက် မတင်လိုက်ပါနဲ့ (မတင်ပါဘုရား)။

ကိုယ်ကောက်တာ ကိုသာ စွဲချက်တင်ပါ ဆိုတာကို ဦးဘတင် ပြောထိုက်, မပြောထိုက် (ပြောထိုက် ပါတယ် ဘုရား) ကိုဘရွှေ သဘောကျပလား (ကျပါတယ်ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ နိဗ္ဗာန် မရှိလို့ မရောက်တာလား အကောက် သွားနေလို့ မရောက်တာ လား (အကောက် သွားနေလို့ မရောက်တာပါ ဘုရား)။

အကောက် သွားဆိုတာဖြင့် “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ”၊ မဂ္ဂေါ-မဂ္ဂင် လမ်းမတော် ကြီးသည်၊ (ဝါ) ဖြစ်ပျက်ကို လုပ်တဲ့ အလုပ်ကြီးသည် ဧကာယနော-တစ်ကြောင်း တည်းနဲ့ နိဗ္ဗာန် ဆိုက်၏

မဂ္ဂင်ဖြစ်ပျက်သာ လုပ်နေတဲ့ မဂ္ဂင်ဟာ နိဗ္ဗာန် ထိအောင် ဆိုက်တာပဲတဲ့ ဖြစ်ပျက်ကြားမှာ ခင်ဗျားတို့ သားကိစ္စ သမီးကိစ္စ, ဆွေကိစ္စ မျိုးကိစ္စတွေ ဝင်ကြားထိုးလို့ ရှိရင်တော့ဖြင့်တဲ့ သူက တစ်ကြောင်း တည်းမှ မဟုတ်တော့ အကြောင်း အများကြီး ပေါ်လာ မပေါ်လာ ဘူးလား (ပေါ်လာ ပါတယ် ဘုရား)။ အဲဒီလို ဆိုတော့ နိဗ္ဗာန် ရောက်နိုင်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ညအားထုတ် မနက်ရတယ်

ဒါဖြင့် ဘုရားကလဲ လုပ်တာလုပ်ကြဟေ့- အရေအတွက် မရှိဘူး နှစ်အကန့် အသတ်တောင် မဆိုပါဘူး၊ မင်းတို့ကွာ၊ ဆရာကောင်း သမားကောင်းနဲ့ တွေ့မယ်ဆိုလို့ ရှိရင်ဖြင့် ည အားထုတ် မနက် ရပါတယ် ဆိုတာ ညနေနဲ့ မနက်ကြားလေး ကောက်ချင် သေးတယ်ဆို ဘယ်တတ်နိုင်တော့ မတုံး။

မဟုတ်ဘူးလား ဦးဇံရင်၊ ညနေနဲ့ မနက် ကြားတောင် မလိုချင်ဘူး ကောက်ချင် သေးတယ် ဒီလောက် (ဆိုးပါတယ်ဘုရား)။

သေသေချာချာ အလုပ်ခွင်ဝင်ကြည့်တော့မှ ကိလေ သာလောက် ကောက်ကျစ်တဲ့ သဘော ရှိတာ ရှာမတွေ့ဘူး၊ တွေ့ကြသေးရဲ့ လား (မတွေ့ပါဘုရား)။

ကိလေသာ ဘယ်လောက် ထိအောင် ကောက်တယ် ဆိုတာဟာ ဒကာ ဒကာမတွေ ဝိပဿနာ အလုပ် လုပ်မယ် ကြံလို့ရှိရင် လုပ်တာတော့ လုပ်တာပေါ့ ဆိုတော့ ခွင့်ပြုသလို လိုပဲ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊

အားလုံး ကျန်းမာတော့ သွားတာပေါ့၊ အကန့်က ပါလာတယ် ဦးဘအုန်း ဘယ့်နှယ်ပြောမတုံး (အကန့်က ပါလာပါတယ် ဘုရား)။

အကန့် ပါတယ်ဗျ၊ ဝိပဿနာ အလုပ်သွားမယ်ဟေ့ ဦးခင်မောင်ကပဲ မနှင်းအေးတို့ ပြောတယ် ဆိုပါတော့ အားလုံး ကျန်းမာတော့ သွားတာပေါ့ဆို၊ အကောက် ဘယ့်နှယ်နေတုံး (ပါ-ပါတယ်ဘုရား)၊ မပါဘူးလား (ပါ-ပါတယ် ဘုရား)။

အဲဒီလို ကျအောင် သူက နေရာတိုင်း ပါတယ် (မှန်ပါ့)၊ တစ်နည်း အားဖြင့်လဲ ကိုယ့်စိတ်ကူး ထဲမှာ ကိုယ်က ကူးကတည်း ကိုက အားလုံး အကြောင်း ညီညွတ်တဲ့ အချိန်တော့ လုပ်မယ်ဟေ့- သွားပကောဗျ၊ ကိုယ့်စိတ်ကူးထဲမှာ အကြောင်း ညီညွတ်မှု၊ ဘယ်သူမှ အကြောင်း ညီညွတ်မှာ မဟုတ်ဘူး၊ ဒီ တစ်အိမ်လုံးမှာ ညီညွတ်စရာ ရှိသေးရဲ့လား (မရှိပါဘုရား)။

အဝတ် လိုလာတယ်၊ အစား လိုလာတယ်၊ ဧည့်ရောက် လာတာရယ်၊ ဥတုရာသီက ဆိုးရွားလာ၊ မိုးကများ လာတာ ရယ် ဆောင်းက ဝင်လာတာရယ် ရှုပ်နေတာပဲ ဘယ်တော့များ အားသေးတုံး (မအားပါ ဘုရား)။

ဒါဖြင့် အကောက် တရားတွေ အကုန် ဝင်မလာပေဘူး လား (လာပါတယ်ဘုရား)။ အဲဒါကြောင့် ဒကာ ဒကာမ တို့ နိဗ္ဗာန်ဟာ ဝေးလို့ မရောက်တာလား ဦးခင်မောင် (မဟုတ်ပါဘုရား)။

ဘုရားက နိဗ္ဗာနဿေဝ သန္တိကေ၊ သန္တိကေ-အနီးလေး ကွ၊ ခန္ဓာကိုယ် ဖြစ်ပျက်၊ ဒီဖြစ်ပျက် ချုပ်တဲ့ နေရာဟာ နိဗ္ဗာန်ပဲ မဟုတ်လား (ဟုတ်ပါတယ် ဘုရား)။

တစ်လံ မျှလောက်သော ခန္ဓာကိုယ်၏ အဆုံးဆိုတော့ တစ်လံ တစ်လက်မတောင် မရှိပါဘူး (မရှိပါဘုရား) ရှိရဲ့လား (မရှိပါဘုရား)၊ မရှိဘူး ဆိုတော့ ဝေးသလား၊ နီးသလား (နီးပါတယ် ဘုရား)၊ နီးတယ်လို့ကော ဘုရားက မဟောဘူးလား (ဟောပါတယ် ဘုရား)။

သံယုတ်ပါဠိတော်မှာ သေသေချာချာ ဟောပါတယ် တဲ့၊ နိဗ္ဗာနဿေဝ သန္တိကေ သေသေ ချာချာ သန္တိကေ ဆိုတာ အနီးလေး ပဲတဲ့။

ကဲ-ဒါဖြင့် ဒကာ ဒကာမတို့၊ နိဗ္ဗာန် ဝေးနေလို့ မရောက်တာလား ကောက်နေလို့ မရောက် တာလား (ကောက် နေလို့ မရောက်တာပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ကောက်ကျစ် သဘောလေး ကောက်ချင်တဲ့ စိတ်ကစားနေ တယ် တားတဲ့စိတ် ဖြစ်ပျက်ရှု။

ကောက်ကျစ်တဲ့ ကိလေသာ မင်းတို့ကောက်ကျစ်၊ မင်း ကောက်ကျစ်တဲ့ စိတ်ကို ဒို့က ဖြစ်ပျက် ရှုမယ်ဟေ့လို့ ဆိုပြီး သကာလ အကုန်သာ လုပ်ပါ၊ ကဲ-ရပါတယ်။

ဒီလိုဆိုတော့ အကန့်အကွက် ဆိုမလား ဝိပဿနာ အားပေးလာတယ် လို့ဆိုမလား (မဆိုပါ ဘုရား) ခင်ဗျားတို့ က ဒီဥစ္စာကျတော့ သူ့စကားချည်း နားထောင်တယ်၊ သူက နည်းနည်းတော့ ဆိုင်းဖို့ ကောင်းသေးတယ်၊ သိပ်လဲ ကိုယ်ကျတော့ အကန့်အကွက် ဖြစ်မှာ မဟုတ်ပါဘူး။

သူက နည်းနည်း စပြီးတော့မှ တောက်လျှောက် ကန့်ကွက် တားမြစ်တာ ဦးခင်မောင် ရိပ်မိပလား (ရိပ် မိပါပြီ ဘုရား) တားတာ အစကတော့ ဘာတုံး (နည်းနည်း စ,တာပါဘုရား)။

နည်းနည်းပဲ တော်တော်ကြာတော့ ကန့်သတ်ရက် ရှိသေးလား (မရှိပါဘုရား) အဲဒီလို ဖြစ်ဖြစ် သွားတယ်၊ ကြံစည် ထားတာကတော့ အတည့်သားပဲ နောက်တော့ ကိစ္စတွေ ကိစ္စတွေ ကိစ္စတွေက သူဟာဆုံးကို မဆုံးတော့ဘူး (မဆုံးပါဘုရား)။

ကိစ္စကိုက မဆုံးတော့ဘူး သဘောကျပလား (ကျပါတယ်ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့၊ ကောက်ကျစ် ဘဝထဲမှာ ဒီပြင်ဟာ ကောက်ကျစ်တယ် ဆိုတာ အသာထား၊ ဒီသမုဒယသစ္စာ တဏှာ လောဘ လောက် ကောက်ကျစ်တာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သဗ္ဗညုတ ဉာဏ်တော်နဲ့ရှာ တွေ့ကိုမတွေ့ဘူး၊ သူအကောက်ဆုံးပဲတဲ့ သဘောကျ လား (ကျပါတယ် ဘုရား)။

ဘယ်လို ကောက်ကျစ်သတုံးလို့ မေးတဲ့အခါ ကျတော့ ဦးခင်မောင် ခင်ဗျားတို့ ကြည့်ပါလား နိဗ္ဗာန် ရောက်ရပါလို၏။ ဘာလေးလှူလှူ၊ နိဗ္ဗာန် မရမီစပ်ကြားထဲကွ သူဝင်ကောက် တယ် သူဝင် ကောက်တယ်၊ မကောက်ဘူးလား။

ကဲ-ဒါဖြင့် ရောက်ပါအုံးမလား (မရောက်ပါ ဘုရား) မရောက်သေးဘူးတဲ့၊ သူဝင်ကောက် ပကော ကဲ ရော့၊ အင့် ဆိုပြီး သကာလ သဒ္ဓါ တရားလေးနဲ့ ပေးလိုက်တယ် နိဗ္ဗာန ပစ္စယော ဟောတု ဆိုပြီး မပေးလိုက်ဘူးလား (ပေးလိုက် ပါတယ် ဘုရား)။

ပေးလိုက်ပေမယ့် ဒီပစ္စည်း ကောင်းကောင်းမှ သုံးပါ မလား ဆိုပြီး မစ္ဆေရ ဝင်လာတယ် တွန့်ပြီ ကောက်ပြီ ကြားက ဝင်ဝင် ကောက်တာနဲ့ ဦးဘအုန်းရေ နေရာ ကျသေး ရဲ့လား (မကျပါ ဘုရား)။

ဖြောင့်ဖြောင့်ကော သွားသေးရဲ့လား (မသွားပါ ဘုရား) အင်း-ဖြောင့်ဖြောင့်ဆို မသွားတော့ဘူး ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါတယ်ဘုရား)။

ဟင်း- ဒီသားတွေ, ဒီသမီးတွေ, မယားတွေက ကောင်း ကောင်းမွန်မွန် ချက်ကျွေး ပြန်လို့ ရှိရင်လဲ သဒ္ဓါလို့ ချက်ကျွေး တာကို မင်း-ငါ့ပစ္စည်း ကုန်ပြီဆို ကောက်ချင် ကောက်နေတာ။

မလာဘူးလား (လာပါတယ်ဘုရား) ငြိမ်ငြိမ်လေး ဝင်ကောက်နေတာ၊ သဘောကျပလား (ကျပါတယ် ဘုရား)။

အဲဒီတော့ကို တစ်ခါတလေတော့ သဒ္ဓါတရားကောင်း လို့ကြည်ညိုတယ်၊ တစ်ခါတလေ ကျတော့လဲ ကုန်ချည်ရဲ့ ဆိုပြီး သကာလ။

စားလို့တော့ ကောင်းပါရဲ့ ဝမ်းထဲက ကောက်နေချင် ကောက်နေတယ် မကောက်ဘူးလား (ကောက် ပါတယ်ဘုရား)။

အတော် မဆိုးဘူးလားဗျာ (ဆိုးပါတယ် ဘုရား)။ ကိလေသာလောက် ကောက်ကျစ်တာ ရှာတွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)။

မတွေ့တော့ပါဘူးတဲ့၊ ဒကာ ဒကာမတို့ ဒီအဝတ် ကလေးကို အခုဝတ်နေတယ်၊ နက်ဖြန် မကြိုက်ဘူး ကောက်ချင် ကောက်နေတယ်။

ဒီနေ့တော့ ဒီအဝတ်ကြိုက်တယ်၊ နက်ဖြန်ကျတော့ (မကြိုက်ပါဘုရား) ဘာဝင်ကောက် ပြန်သတုံး (ကိလေသာ ကောက်ကျစ်ပါတယ် ဘုရား) မနေ့က သူကြိုက်လို့ဝယ်ထား ပေး။

ဒီနေ့ မကြိုက်ပြန်ဘူး ဆိုတော့ ဒေါသ ကိလေသာက ဝင်ကောက်ကျစ်တာ မနေ့က လောဘ ကိလေသာကြောင့် ပိုက်ဆံ ကုန်တယ် ဒီနေ့ ဒေါသ ကိလေသာက မဝတ်ချင် ဘူးဖြစ်။

ဘယ်အားသေးတယ်လို့ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။ အဲဒီလောက် တည့်အောင် အဖြောင့် သွားဖို့ရာကို အကောက် ကိလေသာ ဒီလောက် ရှုပ်ဆို တာ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဝေးလို့ မရောက်တာ လား ကိလေသာ ကောက်ကျစ်လို့ မရောက်တာလား , (ကိလေသာ ကောက်ကျစ်လို့ မရောက်တာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါတယ်ဘုရား)။

ဘုရားကတော့ဖြင့် မနက်အားထုတ် ညနေရမယ်ကွ မနက်အားထုတ်။ မနက်သာ ဖြစ်ပျက် မြင်ပစေ ကဲ-ညနေတော့ ဖြင့် မဂ်မဆိုက်လို့ ရှိရင် ငါ့တာဝန် ရှိပါစေ၊ ဘုရားက တာဝန်ကို ခံတယ်၊ ဆရာကောင်း သမားကောင်းနဲ့သာ တွေ့မစေကွာ။

ဆရာကောင်းနဲ့တွေ့ကြပြီ

အခု ဆရာကောင်း သမားကောင်းလဲ တွေ့ကြပြီ ဒကာ ဒကာမတို့ မနက်အားထုတ် ညနေ မရတာ ဘာဖြစ်လို့ ပါလိမ့်တုံးလို့ တွေးဖို့ရာ လိုသေးလား (မလိုပါဘုရား)။

ဘာတွေ့ကြတုံး (ကိလေသာ ကောက်ကျစ်တာ တွေ့ပါတယ် ဘုရား) တာတွေ့တုံး ကောက်ကျစ်တာ (ကိလေသာ ကောက်ကျစ်တာပါ ဘုရား)။

ကိလေသာက ဆယ်ပါးတောင် ဒကာ ဒကာမတို့ တစ်ပါးတည်းက ဝင်ကောက်ကျစ်တာ မဟုတ်ဘူးနော်။

ဒေါသ ကိလေသာကလဲ လာဘော ဒေါသော မောဟော မာနော ဒိဋ္ဌိ ဝိစိကိစ္ဆာ ထိန မိဒ္ဓံ ဥဒ္ဓစ္စံ အဟိရိကံ အနောတ္တပ္ပံ ကိလေသာ ဆယ်ပါးတောင်ဗျ။

ငိုက်တာကလဲ နိဗ္ဗာန်တားတယ်

ဒီထဲက ငိုက်တာလေး ကလဲ သူနိဗ္ဗာန် တားပစ်လိုက် တာပဲ ဦးခင်မောင်ရေ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား) သူလဲ ကိလေသာပဲ မဟုတ်လား (ဟုတ်ပါတယ် ဘုရား)။

ကိလေသာဆိုတာ သတ္တဝါတွေကို နိဗ္ဗာန် မရောက်ဘဲ နဲ့ လမ်းမှာ ပင်ပန်းအောင် လုပ်နေတာ ကိလေသာလို့ ခေါ် တယ် ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ကိလေသာဆိုတာ နိဗ္ဗာန် မရောက်အောင်လို့ လမ်းခရီး မှာ အိုဘေး နာဘေး သေဘေး တွေနဲ့ အမြဲကြီးချည်း ပင်ပန်းအောင် လုပ်တာ၊ ဒါဘာခေါ်ကြမယ် (ကိလေသာပါ ဘုရား)။

ကိလေသာဆိုတာ

သြော်-ကိလေသာ ဆိုတာက ဒကာ ဒကာမတို့ လိုချင် တာ ရချင်တာ တစ်လုံး မှတ်နေတာ မဟုတ်ဘူး ခင်ဗျားတို့ ပင်ပန်းအောင် လုပ်တာ ဟူသရွေ့ ကိလေသာ ချည်းမှတ် ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ပင်ပန်းအောင် လုပ်တာဟူသရွေ့ (ကိလေသာပါ ဘုရား) အဲ ကိလေသာချည်းပဲ ဆိုသဖြင့် ဆယ်ပါးသော ကိလေသာတွေက ခင်ဗျားတို့ကို ဝိပဿနာ လုပ်ရင်း မတ္တနဲ့ ဦးဘအုန်း တကယ် ကောက်ကျစ်ပြီး တကယ် တားနေတာဗျ။

ဒါ- မာရ်နတ် မင်းတပ် ဆယ်တပ် ဆိုတာ ထည့်မပြော သေးပါဘူး၊ ဒကာ ဒကာမတို့ ဒီကိလေသာ ဆယ်ပါးကကို ဦးဘတင်ရေ နိုင်ဖို့ ဆိုတာ အတော် မခဲယဉ်း ပေဘူးလား (ခဲယဉ်းပါတယ် ဘုရား)။

အဲဒီတော့ကို ခင်ဗျားတို့၊ ကဲ-အဓိဋ္ဌာန် ဒီတစ်နာရီနဲ့ ဒီတစ်နာရီ ကြားတော့ကွာ ဘာကိစ္စရှိလို့ တားနေနေ တစ်ခါတည်း ဒီအလုပ်မှ တစ်ပါး ဘာအလုပ်မှ မလုပ်ဘူးလို့ တစ်နာရီ ကအစ အဓိဋ္ဌာန်၊ နက်ဖြန်ကျ တစ်နာရီနဲ့ ငါးမိနစ်, ငါးမတ် လောက်ဓိဋ္ဌာန်လိုက် ဒီလိုချည်းတက်, တက်သွားရင်တော့ ဦးဘအုန်းတို့ ရမယ်။

မရပေဘူးလား၊ သူကြားထိုး နိုင်သေးရဲ့လား (မထိုး နိုင်ပါ ဘုရား)၊ ခုတော့ အဓိဋ္ဌာန်ရမှာ ဆိုတော့ အဓိဋ္ဌာန်တာ ကိစ္စမရှိဘူး၊ မလွဲသာတာ ပေါ်လာတာ ခက်သေး ခင်ဗျားတို့က နဂိုက လျှော့နေပြီ။

အဓိဋ္ဌာန်တာ ကိစ္စထူး မလွှဲသာတဲ့ကိစ္စ ပေါ်လာရင် ဘယ့်နှယ် လုပ်မတုံး (မသိပါဘုရား) ကိလေသာက အစော ကြီးက ကြားခိုနေတာ ထိုးထားတာ ရိပ်မိပလား (ရိပ်မိ ပါတယ် ဘုရား)။

ဘယ်သူက ဝင်ပြောထားတာတုံး (ကိလေသာက ဝင်ပြောထားတာပါ ဘုရား)။ ကိလေသာက အစောကြီးက ဝင်ထားတာ အို-လုပ်ကို မလုပ်ရသေးဘူး၊ မလွှဲသာတာလား၊ ဘယ့်နှယ် လုပ်မတုံး ဆိုတာကလာ။

မခက်ဘူးလားဗျာ (ခက်ပါတယ်ဘုရား) ပေါ်ကြ ပလား၊ ဒါ ဘယ်ရန်သူတွေ တုံး ဆိုတာ ရိပ်မိပလား (ရိပ်မိပါ တယ် ဘုရား) ကိလေသာ ရန်သူတွေ အဖြောင့် သွားဖို့ရာလား, အဖြောင့် မသွားဖို့ရာ ကန့်ကွက်တာ။

ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂင်က “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ၊” ဘိက္ခဝေ- ရဟန်းတို့ မဂ္ဂေါ- မဂ္ဂင်ဆိုတဲ့ တရား သည်၊ ဧကာယနော- တစ်ဖြောင့်တည်းနဲ့ နိဗ္ဗာန် ရောက်ရ၏။ ဖြစ်ပျက်သာရှု တစ်ဖြောင့်တည်းနဲ့ နိဗ္ဗာန် ရောက်ရမယ် သေသေချာချာ တာဝန်ခံတယ်၊ ဘုရားက သဘောကျပလား (ကျပါတယ်ဘုရား)။

အဲဒီတော့ ဖြစ်ပျက်သာရှု၊ တစ်ဖြောင့်တည်းနဲ့ ရောက်ရ မယ်ဆိုတော့ ကိလေသာ ဘက်ကနေ ဟောလိုက်ပြန်တော့ ဘယ်လို ဟောတုံး ဆိုတော့။

“သမုဒယသစ္စံ ပလိဗောဓပစ္စုပဋ္ဌာနံ၊” သမုဒယသစ္စံ သမုဒယသစ္စာ ဆိုတဲ့ ကိလေသာတရားကို သူနှင့်တကွ အဖော် တရားသည်၊ ပလိဗောဓ ပစ္စုပဋ္ဌာနံ ထွက်ရာ လမ်းကြီး မဂ်ခရီးကို တားဆီး နှောင့်ယှက် ကန့်ကွက် တတ်၏။ သူကတော့ ကန့်ကွက် ဖို့ပဲ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

အနီနဲ့အဝါထည့်ချင်ဒါထည့်ကြ

မဂ်ကတော့ တစ်ဖြောင့်တည်း ပို့ဖို့၊ ကိလေသာက (ကန့်ကွက်ဖို့ပါ ဘုရား)၊ အဲဒီတော့ ခင်ဗျားတို့ ဘယ်ဘက်မဲ ထည့်ကြမတုံး (မသိပါဘုရား)၊ အနီနဲ့ အဝါပဲ ထည့်ချင် တာထည့်ကြ၊ ရိပ်မိမလား (ရိပ်မိပါတယ် ဘုရား)။

ကိလေသာဘက် ထည့်မှာပါပဲ ခင်ဗျားတို့၊ ဒီဘက်ပဲ ရောက်မှာပါပဲ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား) ကိလေသာဘက် ထည့်ရုံပဲရှိမှာပဲ ဒကာ ဒကာမတို့။

ကိလေသာကတော့ငယ်ပေါင်း

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့သည် ကိလေသာက တော့ဖြင့် ငယ်ပေါင်း ဖြစ်ခဲ့တယ် သဘောကျ ပလား (ကျပါတယ်ဘုရား)။

မဂ်က အခု ဆရာသမားပေးမှ အခုမှစပြီး မိတ်ဆက်ခါ ရှိသေးတယ် ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊ ခုမှ မိတ်ဆက်တဲ့ တရားဆိုတော့ မဂ်မငဲ့နိုင်ဘူး လာအုံးမှာပဲ ငယ်ပေါင်း ဘာဖြစ်ရတုံး (ငဲ့ရပါတယ် ဘုရား)။

ငယ်ပေါင်းငဲ့ရမယ် ဆိုတည်းကိုက ဒကာ ဒကာမတို့ ငယ်ပေါင်းငဲ့လို့ ရှိရင်ဖြင့် ခင်ဗျားတို့ ကိုယ်ကျိုးနည်းမယ်။

ငယ်ပေါင်းငဲ့လို့ ရှိရင်ဖြင့် ငယ်နေရာ ပြန်ရောက်လိမ့် မယ် အပါယ်လေးပါးကို မဟုတ်ဘူးလား (ဟုတ်ပါ တယ်ဘုရား) အင်မတန် မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။

ငယ်ပေါင်းကြောင့် စိတ်ထောင်းလို့ကိုယ်ကြေခဲ့ရ

အဲဒါကြောင့် အခုမှ ဖြစ်တဲ့ မိတ်ဆွေကို အသိအမှတ် ပြုပါ၊ ငယ်ပေါင်းကြောင့် ခင်ဗျားတို့ စိတ်ထောင်းလို့ ကိုယ်ကြေ ခဲ့တာတွေ မနည်းပါဘူး။

အကုန်သူ့ဓာတ်ကြော မသိသေးဘူးလား (သိပါ တယ်ဘုရား) အဟုတ်ကို သိပြီ မဟုတ်လား (သိပါပြီဘုရား)။ သူ့ ဓာတ်ကြောသိလို့ ရှိရင် ရှောင်ဖြစ်အောင် ရှောင် မှရမယ်။ သဘောကျ ပလား (ကျပါတယ် ဘုရား)။

ကဲ-အိုခြင်းဆိုး ဘယ်သူ ပေးတာတုံး၊ သမုဒယ ပေး တာ နာခြင်းဆိုး ဘယ်သူ ပေးတာတုံး မျက်ရည်ကျ အောင် ဘယ်သူ ပေးတာတုံး (သမုဒယပေးတာပါ ဘုရား)။

ကဲ- လဲအောင် ကွဲအောင် ဘယ်သူက အကျိုးပေးတာ တုံး၊ သမုဒယချည်းပဲ သူ့ကြောင့် မြန်မြန် သွားရလို့ လဲလိုက် ချော်လိုက် ကျိုးလှပြီဗျာ၊ သူ့ကြောင့် ပြေးလွှားရတော့လဲ မော လှပြီ။

အဲဒါတွေ သူ့ကြောင့်ချည်းပဲ၊ လူက သိပ်မသွားနိုင်ဘူး သမုဒယက မြန်မြန်သွားမှတဲ့ အားအင်ကို မချီ မမ, နိုင် သူ့ကို မြန်မြန် သွားခိုင်နေတာ လဲရုံရှိမှာပဲဗျာ။

အဲဒီလောက် ဆိုးရွားတဲ့ သမုဒယ ခင်ဗျားတို့ကို ကောင်း တာ ဆိုးတာ ငဲ့သေးရဲ့ လား (မူပါဘုရား) ကောင်းတာ ဆိုးတာ ခင်ဗျား ကြည့်မကောင်းတာ ကောင်းတာ လိုရင်း မဟုတ်။

သူခိုင်းလို့ရဖို့ အလုပ်သာ ခင်ဗျားတို့၏ ဝတ္တရား ခင်ဗျားတို့ကတော့ ခိုင်းတာ ကျွန်တော်မျိုးပီပီ အကုန်လုပ်တာ ပဲ၊ သားလေး မွေးလာလဲ ငါ့တာဝန်။

သမီးလေး မွေးလာတော့ (ငါ့တာဝန်) မြေးလေး မွေးလာရင်တော့ (ငါ့တာဝန်) သူနဲ့ ပတ်သက်ပြီး ကြည့်ပြီး အိမ်ထောင် ရက်သားတွေကော (ငါ့တာဝန်) လွန်လွန်း တယ် ခင်ဗျားတို့ ဓာတ်ကြောက ကြီးကျယ် လွန်းတယ်။

ပိုပိုနိုင်လွန်းတယ် အဓိပ္ပါယ်က ဒီမရောက်ဘူးလား (ရောက်ပါတယ် ဘုရား) အဲဒီလောက် မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ သူက ကန့်ကွက်တာချည်း မှတ် တကယ်လို့ နိဗ္ဗာန် အဖြောင့် သွားမယ့်ဥစ္စာ၊ ဒီဝန်ကြီး သမားက ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါ ဘုရား)။

ကျုပ်ဟာ ခင်ဗျားလို တစ်ကိုယ်ရေ တစ်ကာယ သမားဆို သွားမလို့ သူပြောသား အခုတော့ အဆွယ်တွေ အပွားတွေက မဆုတ်သာ မတက်သာ ဖြစ်နေတော့ သမုဒယ ချောင်ကုတ် ပေါ်လာတာပဲ မပေါ်လာဘူးလား (ပေါ်လာပါ တယ် ဘုရား)။

ပြီးတော့လဲ ဒီသမုဒယကြောင့် ခေါ်မယ့် ခေါ်နေတာ၊ ဒီသမုဒယတွေကို သွားချင်လို့ ပြောတာလား၊ မသွားချင်လို့ ပြောတာလား ဆိုတာ ကိုယ့်ဟာကိုယ် တွေးအုံး (မှန်ပါ့ ဘုရား)။

ဦးဘအုန်း ဘယ့်နှယ်ဆိုမယ် မသွားချင်လို့ ပြောတာဗျ ရိပ်မိပလား (ရိပ်မိပါပြီဘုရား) သွားချင်တဲ့ ပုဂ္ဂိုလ်က တိတ် တိတ်ထွက်တယ် အောက်မေ့ပါ (မှန်ပါ့ဘုရား)။

မသွားချင်တဲ့ပုဂ္ဂိုလ်က ညည်းလုံး ထုတ်နေတာ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

ညည်းလုံး ထုတ်နေရင် ဘယ့်နှယ်တုံး (မသွား ချင်လို့ပါဘုရား)။ သွားချင်တဲ့ ပုဂ္ဂိုလ်က ဘယ်လို သွားလေ့ ရှိသတုံး (တိတ်တိတ် ထွက်သွားလေ့ ရှိပါတယ် ဘုရား)။

အင်း-အဲဒီတိတ်တိတ် ထွက်သွားမယ့် ပုဂ္ဂိုလ် လူ-မပါ ဘူး (မှန်ပါ့ဘုရား) မောင်းတီးချင် သေးတာ ချည်းပဲ ဦးခင်မောင် သဘောပါပလား။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန် ဝေးလို့လား နီးလို့လား (နီးပါတယ် ဘုရား)၊ ဘယ့်နှယ်ကြောင့် မရောက်သတုံး (အကောက်တရား ပါနေလို့ပါ ဘုရား)။

အကောက်တရား ပါနေလို့ အကောက်တရား ဘယ်သူပါလိမ့် (ကိလေသာပါ ဘုရား)၊ ကိလေသာ ဘယ်နှစ်ပါးပါလိမ့် (ဆယ်ပါးပါ ဘုရား)။

အမယ်လေး ဒကာ ဒကာမတို့ သွားတဲ့ သူက တစ်ယောက်တည်း တားတဲ့သူက ဆယ်ယောက် သွားတဲ့သူက (တစ်ယောက်ပါ ဘုရား) အင်း- တားမြစ်တဲ့သူက (ဆယ်ယောက်ပါ ဘုရား) ရောက်မှ ရောက်ပါ့မလား (မရောက်ပါ ဘုရား)။

မရောက်နိုင်ဘူး၊ ခင်ဗျားတို့ အတော်ကို ဆိုးပါပေါ့ လား သို့သော်လဲတဲ့ ကိုယ့်အကြောင်းကို ကိုယ်သိပြီး သကာလ မင်းတို့ ဘယ်လို တားငြား သော်လည်း မင်းတို့သည်ကား ဆိုလို့ ရှိရင် တစ်သံသရာလုံး မင်းတားမှာ မရောက်ဘူးတဲ့ နေရာမရှိ အရိုးတောင်လိုလဲ ပုံခဲ့ပါပြီကွာ တော်ပါပြီ တန်ပါပြီလို့ ရန်ဖြစ် ကြ မဖြစ် ထိုက်ဘူးလားဗျာ (ဖြစ်ထိုက် ပါတယ် ဘုရား)။

ကိလေသာနဲ့ ရန်ဖြစ်နိုင်မှ

ဒါဖြင့် ဒကာ ဒကာမတို့ ကိလေသာနှင့် ရန်ဖြစ်နိုင်တဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန် ရောက်မယ် ဘာတဲ့တုံး (ကိလေ သာနဲ့ ရန်ဖြစ်နိုင်တဲ့ ပုဂ္ဂိုလ် နိဗ္ဗာန် ရောက်ပါမယ် ဘုရား)။ ရှင်းပလား (ရှင်းပါပြီဘုရား)။

ပဋိဝိဇ္ဇာ တဏှာဇာနတော၊ ပဋိဝိဇ္ဇာ- ထိုးထွင်း၍၊ တဏှာ- တဏှာကို၊ ဇာနတော-သိသဖြင့်၊ ရန်ဖြစ်နိုင်တဲ့ ပုဂ္ဂိုလ်ဟာ ကိဉ္စနံ- ကြောင့်ကြခြင်း ကင်းသော နိဗ္ဗာန်ကို၊ လဗ္ဘတိ- ရနိုင်၏။ ကိလေသာနဲ့ ရန်ဖြစ်ပေးစမ်းပါကွာ သူ့ရန်ဖြစ်ပေးရင် ဘာတဲ့တုံး (နိဗ္ဗာန် ရောက်နိုင်ပါတယ် ဘုရား)။

ခင်ဗျားတို့က ရန်မှ မဖြစ်ဘဲ ခင်စရာရှိ ခင်ရမှာပဲတဲ့ ဒီလိုလာတာ ခင်စရာရှိ မုန်းရမှာပဲလို့ လာရဲ့ လား (မလာ ပါဘုရား)။

ဖြစ်မှဖြစ်ရလေတယ် ဒီအသံ ဘယ်တော့မှ မသုံးဖူးဘူး သုံးဖူးကြရဲ့လား (မသုံးဘူးပါဘုရား) ကျုပ်တို့က ခင်တတ် တယ်သာပြော ကျုပ်တို့က မုန်းတာတွေလို့ သုံးဖူးကြရဲ့လား (မသုံးဘူးပါ)။

မသုံးဘူးပါဘူးတဲ့ ကိုယ့်စီးပွားရေး ကြွေးရှင် သားတွေ သမီးတွေကျလို့ရှိရင်ဖြင့် ဝမ်းထဲကခင် အပြင်ဘက်က ဟန် လုပ်ကြသော်လဲ အခင်မှမပျက်ဘဲ အတော်မဆိုး ဘူးလား (ဆိုးပါတယ်ဘုရား)၊ ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကိလေသာ အကြောင်း ကောင်းကောင်း သိရင် နိဗ္ဗာန် ရောက် တယ်ကွ လို့ ဘုရားက ဒီနေရာလဲ ဟောသေးတာပဲ။

ဒုက္ခဿ နတံနာမ ဆိုပြီး ဣတိဝုတ် ပါဠိတော်မှာ သေချာ ဟော ထားတယ် နဟိသစ္စံ သုဒုဒ္ဓတံ ပဋိဝိဇ္ဇံ တဏှာ ဇာနတော ပဿတော နတ္ထိ ကိဉ္စနံ ဆိုတာဟာ နိဗ္ဗာန် ရောက်တဲ့ ဂါထာဗျာ (မှန်ပါ့)။

နိဗ္ဗာန်ကို ဟောတဲ့ ဂါထာ တဏှာအကြောင်း ကောင်းကောင်း သိရင် နိဗ္ဗာန် ရောက်တယ်ကွ (မှန်ပါ့) ရောက်ပေမှာပဲ ဒကာ ဒကာမတို့။

သူက တားလိုက်၊ ဖြစ်ပျက် ရှုလိုက်၊ သူက တားလိုက် ဖြစ်ပျက် ရှုလိုက်၊ တစ်နေ့ သူ ဘယ်နှစ်ကြိမ် တားမတုံး (အကြိမ် များများ တားပါတယ် ဘုရား) အကြိမ်များစွာ တားလို့ ရှိရင် ကျုပ်တို့က ဖြစ်ပျက်ရှုပေါင်း ဘယ်လောက်ရမတုံး (အကြိမ် မရေမတွက် နိုင်ပါဘူး ဘုရား)။

အကြိမ်များစွာ ရလို့ရှိရင် ကျုပ်တို့မဂ် မဆိုက်ထိုက် ဘူးလား (ဆိုက်ထိုက်ပါတယ် ဘုရား)၊ ဦးခင်မောင် ဘယ့်နှယ်တုံး (ဆိုက်ထိုက်ပါတယ်ဘုရား)။

ဒါဖြင့် တဏှာ အကြောင်း ကောင်းကောင်း သိရင် နိဗ္ဗာန် ရောက်တယ် ဆိုတာများ ဘုရား ဟောတာ မှားသေးလား (မမှားပါဘုရား)။

ဒါဖြင့် ခင်ဗျားကာ သူက ကောက်ကျစ်ပေမယ့် ကောက် ကျစ်တဲ့ဟာ လာတိုင်း လာတိုင်း ကျုပ်တို့က ဖြစ်ပျက်ရှု ထွက် ရမယ် (မှန်ပါ့)။

သဘောကျပလား (ကျပါပြီဘုရား) သူကတော့ ကောက်ကျစ်မှာပဲနော် (မှန်ပါ့)၊ ကောက်ကျစ်တိုင်း ကောက် ကျစ်တိုင်း (ဖြစ်ပျက်ရှု ရမှာပါ ဘုရား)။

ပေါ်လာတဲ့တရားဖြစ်ပျက်ရှု

အဲ-ကောက်ကျစ်တိုင်း ဆိုတာ သူပေါ်လာရင် ကောက်ကျစ် မလို့သာ မှတ်ပေတော့ အဲ-ပေါ်လာတဲ့ တရား ဖြစ်ပျက် ရှုလိုက်တော့ သူပဋိစ္စ သမုပ္ပါဒ်အစပဲ။

ဦးဘအုန်း ဘာတဲ့တုံး (ပဋိစ္စသမုပ္ပါဒ် အစပါ ဘုရား)။ ပဋိစ္စသမုပ္ပါဒ် အစကို ကျုပ်တို့က ဖြစ်ပျက်ရှု လိုက်ရင်ဖြင့် ရှုလိုက်, ရှုလိုက်ပါတော့။

သူကဖြစ်ပျက်, ရှုတာမဂ်၊ မဂ္ဂင်က ဖြောင့်သွားတယ်၊ ဖြစ်ပျက် ဆိုရင် (မဂ္ဂင်က ဖြောင့်သွား တာပါ ဘုရား)၊ ရှုတဲ့ မဂ္ဂင်က ဖြောင့်သွား။ ကန့်ကွက်တာလား ကျုပ်တို့က တိုး ထွက်တာလား (တိုးထွက်တာပါ ဘုရား)၊ ဟ-တိုးထွက် ရင်ဖြင့် ဒါ အနီးလေးပဲ၊ ရောက်တော့မှာပေါ့ တိုးထွက်ရင် အနီးလေး ရောက်တော့မှာပဲ ဆိုရင်။

ဝိပဿနာဘက်က ရှင်းပြီးသား၊ ကိလေသာ လာတိုင်း ရှုပြီး ထွက်လို့ ရှိရင်ဖြင့် တစ်ခါတည်း နိဗ္ဗာန် ဆိုတဲ့ ဥစ္စာကို မဂ်ဉာဏ် အဆင့်နဲ့ သေသေချာချာ ရောက်မယ်ဆိုတဲ့ ဥစ္စာ၊ ယနေ့ စခန်း သတ်တယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ကဲ ဒီနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။