078

သောတာပန်၏ အမြင် (၄)မျိုး

အသံဖိုင်ခေါင်းစဉ်= သမ္မာဒိဋ္ဌိ(၅)မျိုး အမှတ်(၄)

စာအုပ်ခေါင်းစဉ်= သောတာပန်၏ အမြင် (၄)မျိုး (ဖိုလ်ဝင်စားပုံ)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ ၌ ဟောကြားသော တရားတော်

“သောတာပန်၏ အမြင် (၄)မျိုး”

(ဖိုလ်ဝင်စားပုံ)

(၂-၃-၆၀)

ဒကာ ဒကာမတို့ ဝိပဿနာ သမ္မာဒိဋ္ဌိ, မဂ်သမ္မာဒိဋ္ဌိ ဖိုလ်သမ္မာဒိဋ္ဌိ, ဒါတင်ပဲ စ,တော့မယ်။ (မှန်ပါ့)၊ ဝိပဿနာ သမ္မာဒိဋ္ဌိက သူ့အမြင် ဘယ်လိုလဲလို့ မေးလို့ ရှိရင် ဒကာ ဒကာမတို့ မနေ့က ရှင်းထားခဲ့တယ်၊ ဖြစ်ပျက်ကိုသာ မြင်တယ်၊ ခန္ဓာ မမြင်တော့ဘူး။ (မှန်ပါ့)။

ဝိပဿနာ သမ္မာဒိဋ္ဌိက ဘာမြင်ပါလိမ့်။ (ဖြစ်ပျက်ကိုသာ မြင်ပါတယ်၊ ခန္ဓာကို မမြင်ပါဘုရား)၊ အဲ ခန္ဓာ ရယ်လို့ မမြင်တော့ဘူး၊ ဖြစ်ပျက်ကိုသာ မြင်တယ်၊ ခန္ဓာမမြင် ဘူးလို့ မှတ်ထားပါ။ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ခန္ဓာကို မမြင်၊ ဖြစ်ပျက်ကိုသာ မြင်သောကြောင့် ခန္ဓာကိုယ် စွန့်တယ်ဆိုတဲ့ အဓိပ္ပာယ်လဲ မနေ့က ပြောခဲ့ပြီ။ (မှန်ပါ့)။

၎င်းဝိပဿနာ သမ္မာဒိဋ္ဌိသည် ဖြစ်ပျက်ကိုမြင်နေတဲ့ အတွက် မြင်လို့ ရှိရင် နောက်က ပဋိစ္စ သမုပ္ပါဒ် ဆက်ရမှာ တွေလဲ ဆက်သေးရဲ့လား။ (မဆက်ပါဘုရား)၊ အဲဒီ မဆက်တာ ထောက်မေး လိုက်ရင် တဏှာ, ဥပါဒါန်, ကံ ကိုလဲ စွန့်ပြီးသား ကျတယ်။ (မှန်ပါ့)။

ဝိပဿနာ သမ္မာဒိဋ္ဌိ

ဒါ့ကြောင့် ဝိပဿနာသမ္မာဒိဋ္ဌိသည် နှစ်ကိစ္စကို ကောင်းကောင်းရွက်ဆောင်တယ်လို့ မှတ်ပါ။ (မှန်ပါ့)၊ ရှေ့ပိုင်းက ဖြစ်ပျက်သာ မြင်သောကြောင့် ခန္ဓာစွန့်တယ်။ (မှန်ပါ့)၊ နောက်ပိုင်းက ပဋိစ္စ သမုပ္ပါဒ်ကို ဝိပဿနာ သမ္မာဒိဋ္ဌိက ဖြတ်လိုက် သောကြောင့် တဏှာ, ဥပါဒါန်,ကံ တွေလဲ စွန့်တယ်။ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာ သမ္မာဒိဋ္ဌိသည် အလွန် ကျေးဇူးများတဲ့ သမ္မာဒိဋ္ဌိပဲဆိုလို့ ရှိရင် မလွဲဘူးပေါ့ – ဗျာ။ (မှန်ပါ့)။

ဝိပဿနာ သမ္မာဒိဋ္ဌိသည် အရေးကြီးတယ် ဆိုတာ – သာသနာတွင်းမှ ပေါ်လာလို့ အထူး တလည် အရေးကြီး တယ်လို့ မှတ်ကြစမ်း (မှန်ပါ့)။

ဘယ်အချိန် ပေါ်ပါလိမ့်။ (သာသနာတွင်းမှ ပေါ်ပါတယ် ဘုရား)၊ သာသနာတွင်းမှ ပေါ်တယ်လို့ မှတ် ထားကြပါ။ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိကဖြင့် ခရီး ပေါက်ပြီ၊ မဂ်သမ္မာဒိဋ္ဌိ ကျတော့ မနေ့က ဘယ်လို ပြောခဲ့ သတုံးဆိုတော့ ဝိပဿနာပြီး မဂ်ဆိုက်တဲ့ အခါကျလို့ရှိရင် ဖြင့် သူကလဲ တူတူပဲတဲ့၊ ခန္ဓာလဲ သူ မမြင်တော့ဘူး၊ မမြင်သောကြောင့် ခန္ဓာလဲ စွန့်ပြီးသားကျတယ်။ (မှန်ပါ့)။

ခန္ဓာ ချုပ်ငြိမ်းတာကို မြင်သောကြောင့်လဲ နိဗ္ဗာန်ကို သူ မြင်တယ် ဆိုတာလဲ အမှန်ဖြစ်တယ်။ (မှန်ပါ့)၊ နောက်က ဒိဋ္ဌိ ဝိစိကိစ္ဆာ တည်း ဟူသော ကိလေသာတို့ ကိုလဲ သေသေချာချာ ဖြတ်နိုင် သောကြောင့် မဂ်ကတော့ သုံးကိစ္စ ဆောင်ရွက်တယ်လို့ မှတ်ထားကြပါ။ (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတို့ တို့သည်ကား လို့ ဆိုရင်ဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိတင် ရှိသေး သလား၊ မဂ်သမ္မာ ဒိဋ္ဌိ ရောက်ပလားလို့ ဆိုတာ အလုပ် လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ မှာတော့ ခြားခြား နားနား သိရလိမ့်မယ်နော်။ (မှန်ပါ့)။

တို့ က ဝိပဿနာ သမ္မာဒိဋ္ဌိတင် ရှိနေလို့ ရှိရင် စူဠ သောတာပန်လို့ မှတ်လိုက်။ (မှန်ပါ့)၊ မဂ်သမ္မာဒိဋ္ဌိ ရောက်လို့ ရှိရင်ဖြင့် မဟာ သောတာပန်လို့ မှတ်လိုက်။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာ သမ္မာဒိဋ္ဌိက ဘာကို စွန့်သတုံး။ (ခန္ဓာလဲစွန့်၊ တဏှာလဲ စွန့်ပါတယ် ဘုရား)၊ နိဗ္ဗာန် အစစ်တော့ မမြင်ဘူး။ (မှန်ပါ့)။

ထိုကဲ့သို့ နိဗ္ဗာန် မမြင်တဲ့အတွက် ခန္ဓာစွန့်၊ တဏှာ စွန့်တာ နိဗ္ဗာန် မမြင်ဘဲနဲ့ စွန့်ရသည် ဖြစ်လေ သောကြောင့် နိဗ္ဗာန်တည်း ဟူသော ဆွဲကိုင်ရာကို မရသောကြောင့် တဏှာ ကို စွန့်တယ် ဆိုငြား သော်လဲ အမြစ် မပြတ်ဘူး။ (မှန်ပါ့)၊ ဘာ့ကြောင့်တုံး မေးလို့ ရှိရင်ဖြင့် နိဗ္ဗာန်တည်း ဟူသော ဆွဲကိုင် ရာ ကောင်းကောင်း မရသေးလို့ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန် တည်းဟူသော တရားကို ဝိပဿနာ ဉာဏ်က ကောင်းကောင်း ဆွဲကိုင်ရာ ရပလား။ (မရသေးပါ ဘုရား)၊ အဲဒီကဲ့သို့ မရသေးတဲ့ အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ကိလေသာကို ဖြတ်တဲ့ နေရာမှာ အမြစ်နဲ့တကွ မပြတ် ဘူး ဆိုတဲ့ ဥစ္စာ မှတ်ထားပါ။ (မှန်ပါ့)။

မဂ်သမ္မာဒိဋ္ဌိ

မဂ်သမ္မာဒိဋ္ဌိ ကတော့ နိဗ္ဗာန် တည်းဟူသော ဆွဲကိုင်ရာ ကို ကောင်းကောင်း ရတဲ့အတွက် ခန္ဓာလဲစွန့်၊ နိဗ္ဗာန်ကို ဆွဲကိုင်တယ် ဆိုတာ သူ အာရုံပြုတာပါပဲ။ (မှန်ပါ့)။

ထိုကဲ့သို့ အာရုံပြု နိုင်သောကြောင့် နိဗ္ဗာန်တည်းဟူသော တရားကို ဆွဲကိုင်ပြီး သကာလ ကိလေသာကို ဖြတ်ရ သည် ဖြစ်လေ သောကြောင့် ဒိဋ္ဌိ ဝိစိကိစ္ဆာ အမြစ်နဲ့တကွ ပြတ်တယ်လို့ ဦးခင်မောင်တို့၊ ဦးဘအုန်းတို့ မှတ်ဖို့ပေါ့။ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ မဂ်ရပြီးရင် ဖိုလ်ဆိုတာသည် “အကာလိကော” လို့ မှတ်လိုက် တာပေါ့။ (မှန်ပါ့)၊ “အကာလိကော= အခါမလင့် အကျိုးပေး၏” ဆိုတော့ မဂ်ရပြီးချင်း ဖိုလ်ရရပါလို၏လို့ တောင့်တဖို့ မလိုပါဘူး။ (မှန်ပါ့)၊ လိုသေးသလား။ (မလိုပါဘုရား)၊ မဂ်ပြီး ဖိုလ်လာတာပဲ။ (မှန်ပါ့ဘုရား)၊

ဘာ့ကြောင်းတုံး လို့၊ မေးတဲ့အခါကျလို့ ရှိရင် အနန္တရပစ္စယော၊ အခြားမရှိ၍ ကျေးဇူးပြုတယ် ဆိုတော့ မဂ်ပြီး ဖိုလ်လာတာပဲ။ (မှန်ပါ့)၊ မဂ်ချုပ်သွားပြီး ဒီနေရာ ဘယ်သူ လာပါလိမ့်။ (ဖိုလ်လာ ပါမယ် ဘုရား)၊ ဟဒယ ဝတ္ထုပေါ်မှာ ဖိုလ်လဲ လာမယ် ဆိုတာ ဒကာ ဒကာမတွေ သတိထားပါ။ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဒီအထဲမှာ အလုပ်သမားတွေလဲ အများကြီး ပါကြပါတယ်၊ အဲဒီတော့ ကိုယ့်ဟာ ကိုယ် ဆုံးဖြတ် ချက် ချနိုင်တဲ့ အခြေအနေ ရောက်အောင် တော့ဖြင့် လုပ်လဲ လုပ်ထားကြပါ။ (မှန်ပါ့)။

ဒီနေ့ ပြောမယ့် အဓိပ္ပါယ်သည် ဖိုလ်ဝင်စားတဲ့ အဓိပ္ပါယ်ကို နောက်ဆုံးပိတ်မှ ပြောမယ်၊ အရင်ပြောလိုတာက တို့သည် သောတာပန်တည် ပလား မတည်သေးဘူး လား၊ တည်ခဲ့သော် အမြင်ကို ရှင်းအောင် ပြောမယ်။ (မှန်ပါ့)၊ ဒါ ကိုယ့်ဟာကိုယ် အကဲခတ်ကြပေါ့ဗျာ။ (မှန်ပါ့)။

ဘုန်းကြီး ကတော့ဖြင့် သြော် ဒကာ ဒကာမတွေ အပါယ်လေးပါးကို သေသေချာချာ တံခါးပိတ်တဲ့ အမြင်ဟာ ဒီအမြင်လို့ ပြောပြမယ်။ (မှန်ပါ့)၊ အပါယ်လေးပါး တံခါး မပိတ်သေးတဲ့ အမြင်က တစ်မျိုး၊ အပါယ်လေးပါး တံခါးပိတ်တဲ့ အမြင်က တစ်မျိုး၊ ဦးဘအုန်း အမြင် နှစ်မျိုး ရှိတယ်လို့ မှတ်ကြပေါ့ဗျာ။ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒါဟာ ဘယ်မှာ လာသတုံးလို့ မေးတဲ့အခါကျတော့မှ အရေးတကြီး မှတ်ရ လိမ့်မယ်၊ မူလပဏ္ဏာသ ပါဠိတော်မှာ လာတယ်၊ ပါဠိတော် ဆိုတော့ ဒကာ ဒကာမတွေ မှတ်ရမှာက သြော် ဘုရား ကိုယ်တော်တိုင် ဟောတာပါလားလို့ (မှန်ပါ့ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

သူများ ဟောတာကို ထောက်ခံ ပေးတာမျိုးတောင် , မဟုတ်ပါဘူး၊ ကိုယ်တော်တိုင် ဘုရားသခင် ကိုယ်တော်မြတ် ကြီး ဖွင့်ဟပြီး ဟောတော်မူတာလို့ ဦးခင်မောင်တို့ မှတ်ရလိမ့်မယ်။ (မှန်ပါ့ဘုရား)။

ဒါဖြင့် သေတာပန် တည်ပြီးသား ပုဂ္ဂိုလ်၏ အမြင်ကို ပြောပါမယ်၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးကို သစ္စက ပရိဗိုဇ်က မေးလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သောတာပန် အမြင်ဆိုတာ ဒါပဲဟေ့လို့ နှုတ်ဖွင့်ဟပြီး ဟောတာကို ဒကာ ဒကာမတွေ ကြားရမယ်။ (မှန်ပါ့)။

မရောက်သေးတဲ့ ပုဂ္ဂိုလ်က ဒီအမြင်ကို ရောက်အောင် လုပ်ပါ။ (မှန်ပါ့)၊ ရောက်ပြီးသား ပုဂ္ဂိုလ်များ ကတော့ စိတ်ချတော့၊ အပါယ်လေးပါး – တံခါးပိတ်ပြီ။ (မှန်ပါ့)၊ သံသရာခရီးမှာဖြင့် ဒုက္ခတွေဟာ အများကြီး ကုန်သွားပြီ၊ အနည်းငယ်သာ ကျန်တော့တယ် ဆိုကြပါစို့။ (မှန်ပါ့)။

ကိုင်းသစ္စကပရိဗိုဇ်ကို ဘုရားသခင်ကိုယ်တော်မြတ် ကြီးက ဖြေကြားလို့ သစ္စက ပရိဗိုဇ်နဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး အမေးအဖြေ လုပ်တယ် ဆိုတာလဲ ရှေ့ပိုင်းက အသာ ထားခဲ့ ပါတော့။ (မှန်ပါ့)။

နောက်တော့ သစ္စက ပရိဗိုဇ် ရှုံးပါတယ်၊ အမေးအဖြေ လုပ်တဲ့ နေရာမှာ (မှန်ပါ့)၊ ရှုံးတော့ သူဟာ မေးစရာ ဘာမှ မရှိတော့ သူ့ကိုပဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လက္ခဏာရေး သုံးပါး တွေ ဟောတယ်၊ ဟောပေမယ့်လဲ သူက ကျွတ်ထိုက်တဲ့ သူ မဟုတ်လို့ မကျွတ်ခဲ့ပါဘူး၊ ထိုဘဝမှာ (မှန်ပါ့)။

ဘုရားဟောလို့ ပုဂ္ဂိုလ်တိုင်း ကျွတ်တမ်းဝင်သွားတာ ပဲလို့ ဒီလို မယူကြနဲ့၊ တချို့ မကျွတ်တဲ့ ပုဂ္ဂိုလ်တွေလဲ ရှိသေးတယ်၊ ဝါသနာ ဘာဂီက အကျိုးသာ ရသွားကြတယ် (မှန်ပါ့)။

သစ္စကပရိဗိုဇ်ကို သေသေချာချာ လက္ခဏာရေးသုံးပါး ဟောတာပဲ၊ ဟောပင် ဟောငြား သော်လဲ ကျွတ်ပါရဲ့လား။ (မကျွတ်ပါ ဘုရား)၊ ဝါသနာ ပါသွားရုံပဲ ကျေးဇူး များတယ်လို့ မှတ်ထား လိုက်ကြပါ။ (မှန်ပါ့)။

ဒါနဲ့ မေးစရာ သူ ကုန်ရော၊ ကုန်တဲ့ အခါကျတော့မှ သူ့ဉာဏ်ထဲမှာ ပေါ်လာတာ သူ ဘယ်လို မေးလိုက်သတဲ့ ဆိုတော့ အရှင်ဘုရား တိတ္ထိ ဆရာကြီး ခြောက်ယောက် တို့ သာသနာမှာတော့ဖြင့် သူတို့ တပည့်တွေဟာ မက္ခလိ ဂေါသာလဆီ သွားလိုက်၊ ပုရာဏ ကဿပဆီ သွားလိုက်နဲ့၊ တပည့်တွေက တောင်ပြောင်း မြောက်ပြောင်းနဲ့ ပြောင်း ချင်သလို ပြောင်းရွှေ့ကြပြီး ရှုပ်ပွေ နေတာ ဘုရားတဲ့၊ အယူ ဝါဒ တစ်ခုခု ဆီမှာ မမြဲကြဘူး ပေါ့ဗျာ။ (မှန်ပါ့)။

တိတ္ထိ ဆရာကြီးတွေက အမျိုးမျိုး အဖုံဖုံ တရားဓမ္မတွေ ဟောကြငြား သော်လဲ တပည့်တွေက မြဲကြရဲ့လား။ (မမြဲ ပါဘုရား)၊ ဟိုဆရာဆီ ရောက်သွား၊ ဒီဆရာဆီ ရောက်သွား ဆိုတာ အယူမမြဲလို့ ရောက်သွားတာလို့ မှတ်လိုက်ကြစမ်း ပါ။ (မှန်ပါ့)။

သစ္စက ပရိဗိုဇ်က အဲဒါတွေသာ မြင်တယ်၊ တစ်ခါ ဘုရား သာသနာတော်မှာ ကြည့်လိုက်တော့ ဘုရား၏ တပည့် သားတွေ၊ သောတာပန် တည်ပြီးသား ပုဂ္ဂိုလ်တွေဟာ ဘယ် သာသနာမှ မသွားကြဘူး၊ မက္ခလိ ဂေါသာလဆီကိုလဲ မသွား၊ ပုရဏဆီလဲ မသွား၊ သိဉ္စည်းဆီလဲ မသွား၊ ဒီ သာသနာတော် မှာပဲ မြဲမြဲစွဲစွဲကြီး ကြိုးစား အားထုတ်ပြီး သကာလ ဒီမှာပဲ နေကြတော့တာပဲ၊ ဘယ် သာသနာကိုမှ ပြောင်းခြင်း၊ ရွှေ့ခြင်း မရှိဘူး။ (မှန်ပါ့)၊ အဲဒါကိုလဲ သစ္စက ပရိဗိုဇ်က မြင်ပြန်တာပဲ။ (မှန်ပါ့)။

သစ္စကပရိဗိုဇ်၏ မေးမြန်းချက်

မြင်တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို လျှောက်တယ်၊ အရှင်ဘုရား တခြားသော သာသနာမှာ တပည့်တွေ ကတော့ဖြင့် ဟိုပြောင်း ဒီပြောင်းနဲ့၊ အယူဝါဒ မမြဲကြဘူး၊ အရှင်ဘုရား သာသနာတော်က တပည့်တွေကတော့ အရှင်ဘုရား သာသနာ မှတစ်ပါး ဘယ်မှ မပြောင်း မရွှေ့ ကြပါဘူး၊ အဲဒါ ဘယ် သဘောလဲတဲ့၊ ဦးခင်မောင် မေးပြီနော်။ (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေ လေးစားစွာနဲ့ မှတ်စမ်း ပါ၊ ဘုရားက ငါဘုရား သာသနာ တော်မှာ ရှိတဲ့ တပည့်တွေ ကတော့ အမြင်မှန် ရသွား ကြတယ်ကွာ ဒါ့ကြောင့် အမြင်မှန်ကို သူတစ်ပါး ပြောသံကြားနဲ့ မြင်တာ မဟုတ်ဘူး၊ ကိုယ်တိုင် အမြင်ရသွားလို့ မပြောင်းကြဘူးတဲ့။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီဘုရား)။

သူများ ပြောသံကြားနဲ့ မြင်တဲ့ အမြင်မျိုး မဟုတ်ဘူး၊ ကိုယ်တိုင်မြင်တဲ့ အမြင်မျိုး ဖြစ် သောကြောင့် မပြောင်းဘူး တဲ့၊ အဲဒါ မပြောင်းတဲ့ အကြောင်းကို

“ဧတ္တာဝတာ ခေါ အဂ္ဂိဝေဿန မမ သာဝကော သာသနကရော ဟောတိ ဩဝါဒပတိကရော တိဏ္ဏဝိစိကိစ္ဆော ဝိဂတ ကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္တုသာသနေ ဝိဟရတိ။” (မူလပဏ္ဏာသပါဠိတော်၊ စူဠသစ္စကသုတ်၊၂၉၇)

သောတာပန်ပုဂ္ဂိုလ်၏ အမြင်မှန် (၄)မျိုး

ဒါ ကိုယ်တော်မြတ်ကြီးက သစ္စက ပရိဗိုဇ်ကို သေသေ ချာချာ ဟောလိုက်တယ်။ (မှန်ပါ့)၊ ဒါ သောတာပန် တည်ပြီးသား ပုဂ္ဂိုလ်တို့၏ အမြင်ကို အကျယ် ပြောမလို့ ဆိုတာ ဒကာ ဒကာမတွေ မှတ်ပေတော့။ (မှန်ပါ့)၊ သောတာပန် တည်ပြီးသား ပုဂ္ဂိုလ်၏ အမြင်မှန်ကို ပြမယ်။ (မှန်ပါ့)။

သောတာပန်တည်ပြီးသား ပုဂ္ဂိုလ်တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတယ်၊ ရုပ်တွေ, နာမ်တွေဟာ ဖြစ်ပြီး ပျက်တဲ့ သဘောချည့်ပဲ၊ အဲဒီ ဖြစ်ပြီး ပျက်တဲ့ သဘောကြီးပဲ ဆိုတော့ သူတို့ ကလဲ ဖြစ်ပြီး ပျက်တဲ့ သဘော ပဲ၊ မရ, ရအောင် ရှာပြီး ကြည့်ကြတယ်နော်။ (မှန်ပါ့)၊ ဒီအတိုင်းပဲ ကြည့်လဲကြည့်၊ အားလဲထုတ်၊ ဒီလိုဖြစ်သွား တယ်။ (မှန်ပါ့)။

ဒီလိုမြင်သွားတော့ သူတို့စိတ်ထဲမှာ အမြင်က ဘယ်လို ဖြစ်လာသတုံး၊ ပထမ ဖြစ်ပျက်တွေ မြင်လိုက်တယ်၊ ဖြစ်ပျက်တွေ မြင်ပြီး သကာလ ဖြစ်ပျက်ကိုပဲ လုပ်ရမယ် ဆိုတော့ ဖြစ်ပျက်ပဲ သူတို့ ရှုတယ်၊ ရှုတဲ့ အခါကျလို့ ရှိရင် သူတို့ စိတ်ထဲမှာ ဘယ်လို ပေါ်လာသတုံး ဆိုတော့ ပုဂ္ဂိုလ်ရယ်လို့၊ သတ္တဝါရယ်လို့ ကိုယ့်ခန္ဓာ ကိုယ်ကြည့်လိုက်၊ ပုဂ္ဂိုလ် သတ္တဝါကို ရှာမတွေဘဲနဲ့ ပုဂ္ဂိုလ် သတ္တဝါ လုံးဝ မရှိဘူး ဆိုတဲ့ အမြင်သာ ပေါ်တယ်။ (မှန်ပါ့ဘုရား)။

“တိဏ္ဏဝိစိကိစ္ဆော” ဆိုတဲ့ လွန်မြောက် ပြီးသော ဝိစိကိစ္ဆာ ရှိသွားတယ်၊ ပုဂ္ဂိုလ် သတ္တဝါ မရှိဘူး ဆိုတဲ့ သဘောဟာ သူ့ စိတ်ထဲမှာ သူ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ် ထားတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

တရားတွေ ကြည့်လိုက်တဲ့ အခါကျတော့ အဖြစ်နဲ့ အပျက်ပဲ တွေ့တယ်။ (မှန်ပါ့)၊ ပုဂ္ဂိုလ် သတ္တဝါဖြင့် ရှာလို့ကို မတွေ့ဘူး။ (မှန်ပါ့)၊ အဲဒီ အမြင်မှန်ကို ရှေးဦးစွာ စ,ပြီး ရတယ်ကွတဲ့။ (မှန်ပါ့)။

(၁)“ပုဂ္ဂိုလ်သတ္တဝါ လုံးဝမရှိ”

ဒကာ ဒကာမတို့ ဒါ သောတာပန် အမြင်မှန်နော်။ (မှန်ပါ့)၊ သောတာပန် တည်ပြီးတဲ့ ပုဂ္ဂိုလ်၏ အမြင်မှန်က ကိုယ့်ခန္ဓာ ကြည့်လိုက်လိုက်၊ သူတစ်ပါးခန္ဓာ ကြည့်လိုက် လိုက်၊ အလုပ်ခွင် ဝင်ပြီး စိုက်ကြည့် လိုက်တဲ့ အခါကျလို့ ရှိရင် ပုဂ္ဂိုလ်လဲ မရှိဘူး၊ သတ္တဝါလဲ မရှိဘူး၊ ဓမ္မတစ်ခု ဖြစ်ပြီး ပျက်တယ်၊ နောက် ဓမ္မတစ်ခု ဖြစ်ပြီး ပျက်တယ်၊ နောက်ဓမ္မ တစ်ခု ဖြစ်ပြီး ပျက်ပြန်တယ်၊ ဒါတွေပဲ တွေ့ပြီး သကာလ နေသောကြောင့် သူ့မှာ ပုဂ္ဂိုလ် သတ္တဝါ လုံးဝ မရှိဘူး၊ ပုဂ္ဂိုလ် သတ္တဝါ ရှိတယ်ဆိုတဲ့ သံသယ အကုန်ပြုတ် ထွက် သွားတယ်။ (မှန်ပါ့)၊ ပုဂ္ဂိုလ် သတ္တဝါ ရှိသေးသလား၊ မရှိဘူးလား ဆိုတဲ့ သံသယ သူ့မှာ လွန်မြောက်သွားတယ်။(မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)၊ ဒါ သောတာပန် အမြင်နော်။ (မှန်ပါ့ဘုရား)။

ခန္ဓာ ကြည့်လိုက်တဲ့ အခါကျတော့ ဖြစ်တာနဲ့ ပျက်တာ ပဲ၊ ဓမ္မကလေးတွေ တွေ့ပြီး သကာလ သြော် ပုဂ္ဂိုလ် သတ္တဝါ ဆိုတာ လုံးဝ မရှိတာ ပါကလား၊ တိဏ္ဏဝိစိကိစ္ဆော ပုဂ္ဂိုလ်မရှိ၊ သတ္တဝါမရှိ၊ ပုဂ္ဂိုလ် သတ္တဝါ၌ ယုံမှားခြင်းကို လွန်မြောက် ကူးခတ် သွားတယ်တဲ့။ (မှန်ပါ့)။

အဲဒါကြောင့်လဲ ဒီသာသနာတော်မှာ နေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သာသနာ, ဘယ်အယူဝါဒ ကိုမှ မတွေ့တော့ဘူး။ (မှန်ပါ့)၊ ဒီလိုမြင်နေလို့ မရွှေ့တာ။ (မှန်ပါ့)၊ ပုဂ္ဂိုလ် သတ္တဝါ ခန္ဓာထဲမှာ ရှာလို့ ကို မတွေ့ဘူး။ (မှန်ပါ့)။

ဒါက ဒကာ ဒကာမတွေက ထူးထူးလည်လည် မှတ်ပါ၊ အလုပ်ခွင်ကို ဆိုတာပါ။ (မှန်ပါ့)။

အိမ်မှာရောက်လို့ အလုပ်ဝင်တဲ့ အချိန်ကျတော့ ငါ့သားပဲ၊ ငါ့သမီးပဲ၊ ငါ့မြေးပဲ၊ ငါ့မြစ်ပဲ ဒါ ရှိတာပါပဲ။ ကိစ္စ မရှိပါဘူး၊ သားသေလို့ ငိုတာ ငိုပေစေ၊ သမီးသေလို့ ငိုတာ ငိုပေစေ၊ သောတာပန်များ ငိုတာ ရှိပါသေးတယ်။ အထူးအဆန်း မဟုတ်ပါဘူး၊ ငိုတတ်တဲ့ တရားမှ သူ မပယ်ရသေးရင် ငိုသေး တာပေါ့။ (မှန်ပါ့)၊ ငိုတတ်တာက ဒေါသကိုး၊ ဒေါသမှ သူ အကုန် မပယ်သေးဘဲကိုး။(မှန်ပါ့)။

သို့သော် သောတာပန်တို့၏ အမြင်ကတော့ တရားနဲ့ ခန္ဓာ စိုက်လိုက်လို့ ရှိရင် ပုဂ္ဂိုလ် သတ္တဝါ အဟုတ် မရှိပါကလား လို့ သူ့ဉာဏ်ထဲမှာ ရှင်းနေတယ်။ (မှန်ပါ့)။

အလုပ်,လုပ်တဲ့အခါမှာ (ပုဂ္ဂိုလ် သတ္တဝါ မရှိပါ ဘုရား)၊ အဟုတ် မရှိဘူး ဆိုတာ သူ့ဉာဏ်ထဲမှာ ရှင်းနေ တယ်။ (မှန်ပါ့ဘုရား)။

အဲဒီဉာဏ်ရလို့ ရှိရင် ဒကာ ဒကာမတို့ ဘယ်အယူ ဝါဒ ဘယ်ဘာသာခြားက ဆွဲဆွဲ ဆွဲချင် တာကဆွဲ မရတော့ဘူးတဲ့။ (မှန်ပါ့)။

ဒါမှ မရသေးလို့ ရှိရင် ဒကာ ဒကာမတို့ မွဲလို့၊ ပစ္စည်း ရှားပါးလို့ ပြောင်းသွား တာလဲ ရှိတယ်။ (မှန်ပါ့)၊ သံယောဇဉ် သမုဒယကြောင့် ပြောင်းသွား တာကော (ရှိပါတယ် ဘုရား)၊ အဲဒါတွေဟာ ဒကာ ဒကာမတို့ ခုနင်က ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို မပယ်နိုင်သေးလို့ ပြောင်းသွားတာ။ (မှန်ပါ့)။

ဒါကြောင့် တခြားသော သာသနာမှာ နေတဲ့ ပုဂ္ဂိုလ် ဟာ ဟိုပြောင်းလိုက်, ဒီပြောင်းလိုက် ဆိုတာ ရိပ်မိကြ ပလား။ (ရိပ်မိပါပြီ ဘုရား)။

သံသယ ဝိစိကိစ္ဆာက မပယ်ရသေးတော့ ဆုံးဖြတ်ချက်က မကျသေးတဲ့ အတွက် ပြောင်းသွား သည်လို့ သေသေ ချာချာ မှတ်ပါ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရေးတကြီး ပြောရမည့် စကား အချိန် ရောက်လာ တယ်လို့ ဦးဘအုန်း ဆိုကြစို့ တော့။ (မှန်ပါ့)။

ဘယ်လိုကြောင့်တုံး ဆိုတော့ အခု ဘုရားဒကာ, ကျောင်းဒကာရဲ့ သားတွေ၊ သမီးတွေ၊ ဗုဒ္ဓဘာသာ အစစ်ရဲ့ သားတွေ၊ သမီးတွေ ဧကန် ဖြစ်ကြငြား သော်လဲ ဪ တို့ တော့ဖြင့် ဒီဘဝ စိတ်အေး ရပြီ၊ ဘယ်မှ ပြောင်းရွှေ့ စရာ မရှိဘူးလို့ ဒီလို မယူလိုက်ပါနဲ့ (မှန်ပါ့)။

ဝမ်းထဲက ဝိစိကိစ္ဆာကလေး ရှိနေသေးလို့ ရှိရင် မဂ်နဲ့ မပယ်ရသေးလို့ အဖြစ်နဲ့ အပျက်မှတစ်ပါး ဘာမှ မရှိဘဲဆိုတဲ့ ဆုံးဖြတ်ချက်မှ မကျသေးရင် အယူ တစ်ပါးသို့ ပြောင်းသွား နိုင်သေးတယ်လို့ မှတ်ပါ။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ ဘုရား)။

အယူတစ်ပါးသို့ ပစ္စည်းဥစ္စာနဲ့ ဖြားယောင်း, ဖြားယောင်း၊ သံယောဇဉ်နဲ့ ဖြားယောင်း ဖြားယောင်း ပြောင်းနိုင် သေးတယ် ဆိုတာ သေသေချာချာ မှတ်ပါ။ (မှန်ပါ့)၊ ကိုမြရွှေ တော်တော် အရေးကြီး တယ်နော်။ (ကြီးပါတယ် ဘုရား)။

ဒါဖြင့် အယူတစ်ပါး ပြောင်းကြတယ်ဆိုတာ ဝိစိကိစ္ဆာ မကုန်သေးလို့ ပြောင်းတာပဲ။ (မှန်ပါ့)၊ ဝိစိကိစ္ဆာ မပယ် နိုင်သေးတဲ့ အတွက် ပြောင်းတာပဲ။ (မှန်ပါ့)၊ ဦးခင်မောင် ဒါဟာ အရေးကြီးလို့ ဒီနေ့ စိပ်ပြီး ပြောနေတယ်နော်။ (မှန်ပါ့)။

ဒကာ ဒကာမတို့ အယူမပြောင်းတဲ့အဖြစ်ဟာ ကိုယ် တိုင် အယူမှန် ရထားမှနော်။ (မှန်ပါ့)၊ ခန္ဓာ ကိုယ်ထဲမှာ လျှောက်ပြီး ကြည့်လိုက်တဲ့ အချိန်မှာ ပဋိစ္စသမုပ္ပါဒ် ဓမ္မတွေ အကြောင်း တိုက်ဆိုင်လို့ ပေါ်လာတယ်လို့ ကြည့်လိုက်တဲ့ အခါကျတော့ ဘယ်မှာတုံး ပုဂ္ဂိုလ် ဆိုတာလဲ မရှိဘူး၊ သတ္တဝါ ဆိုတာလဲ မရှိဘူး။ ယောက်ျားလဲ မရှိဘူး၊ မိန်းမလဲ မရှိဘူး၊ ဓမ္မသဘော အတိုင်း ဖြစ်ပြီး ဓမ္မသဘော အတိုင်း ပျက် နေတာပဲ။ (မှန်ပါ့)။

ဓမ္မဖြစ်၍ ဓမ္မပျက်ပဲ ရှိတယ်၊ ဒီလို သိပြီး နေတဲ့ ပုဂ္ဂိုလ် ကတော့ ဓမ္မဖြစ်ပြီး ဓမ္မပျက်တာသာ ရှိတယ်လို့ ဆုံးဖြတ် ချက်ချပြီးနေတဲ့ ပုဂ္ဂိုလ်ဟာ ဝိစိကိစ္ဆာ လွန်မြောက် သွားသောကြောင့် (ဝါ) ဝိစိကိစ္ဆာ ခန္ဓာကိုယ်ထဲမှာ မရှိသောကြောင့် ဘယ်အယူဝါဒသို့ ပြောင်းလို့ လွှဲလို့ သွားလိမ့်မလဲ ဆိုတာ မရှိတော့ဘူး။ (မှန်ပါ့)၊

နို့မဟုတ်လို့ ရှိရင် ဒီဘဝ ဘုရား ဒကာ၊ ကျောင်းဒကာကြီး၊ နောက်ဘဝကျလို့ ရှိရင် တခြား အယူဝါဒဖြစ်ဦးမှာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုဆိုလို့ ရှိရင်ဖြင့် ကျုပ် တို့ ဟာ အပါယ်လေးပါး ဘယ်မှာ စိတ်ချ ရတော့မတုံး။ (မချရပါ ဘုရား)၊ ဒိဋ္ဌိ ဝိစိကိစ္ဆာ ရှိသေးတယ်လို့ ဦးခင်မောင် ဆိုထိုက် မဆိုထိုက် (ဆိုထိုက် ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီအခြေအနေ ဆိုက်အောင် လုပ်ထားစမ်းပါ ဆိုတာ ဘုန်းကြီးက တိုက် တွန်းတယ်။ (မှန်ပါ့)၊ ခန္ဓာကိုယ် ကြည့်တဲ့ အခါကျတော့ ဒီအတိုင်း ခင်ဗျားတို့ ဖြင့် သားသမီး မိဘကြည့်၊ ဒီ ကြည့်တာ မျိုးကို မဆိုပါဘူး၊

အလုပ်ခွင် ဝင်တဲ့ အချိန်မှာ သေသေချာချာ ကြည့်၊ ခန္ဓာကိုယ်ထဲမှာ အခု ပေါ်လာတဲ့ စိတ်ကလေး ကြည့်လိုက်၊ အခုဖြစ်ပြီး အခု ပျက်သွားတာပဲ၊ ဘယ်မှာတုံး၊ ယောက်ျားလား၊ မိန်းမလား၊ ငါလား၊ သူလားလို့ ဝေဖန် ကြည့်လိုက် တာပေါ့နော်။ (မှန်ပါ့)။

ဝေဖန် ကြည့်လိုက်တဲ့ အခါကျတော့ ဖြစ်တာနဲ့ ပျက် တာပဲ တွေ့မှာပဲ။ (မှန်ပါ့)၊ တခြား ဘာတွေ့စရာ ရှိသေး သတုံး။ (ဘာမှ မတွေ့ပါ ဘုရား)၊ ဘာမှ တွေ့စရာ မရှိ ဘူး၊ ဖြစ်တာနဲ့ ပျက်တာပဲ တွေ့မယ် ဆိုတော့ သြော် ပုဂ္ဂိုလ် သတ္တဝါ ဆိုတာ လုံးဝ မရှိတဲ့ သဘော ပါကလားလို့ ကိုယ့် ဉာဏ်ထဲ ရှင်းသွားလို့ ရှိရင် အဲဒါ သောတာပန် အမြင်လို့ မှတ်ပါ။ (မှန်ပါ့)၊ ဒါ အမြင်မှန်ပဲလို့ မှတ်ကြပါ၊ သဘော ပါကြပလား။ (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် အမြင်မှန် ဆိုတာက အလုပ်ခွင် ဝင်လိုက်လို့ ရှိရင် ဓမ္မဖြစ်၍ ဓမ္မပျက်တာ သာမြင်ပြီး ပုဂ္ဂိုလ် သတ္တဝါ ရှာမတွေ့တဲ့ အမြင်မျိုးကို မြင်ခဲ့လို့ ရှိရင် ပုထုဇဉ် လွန် မြောက်တဲ့ အမြင် ဖြစ်လေ သောကြောင့် (ဝါ) ဝိစိကိစ္ဆာ မရှိတဲ့ အမြင် ဖြစ်လေ သောကြောင့် ဤဘုရား သာသနာ မှတစ်ပါး ဘယ်ဘုရား သာသနာမှ မပြောင်းတော့ဘူး။ (မှန်ပါ့)၊ ဒီကျမှ စိတ်ချရတယ် ဦးဘအုန်း။ (မှန်ပါ့)၊ နို့မဟုတ်ရင် စိတ်မချရသေးဘူး။ (မှန်ပါ့)။

ဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သစ္စက ပရိဗိုဇ်က မေးလို့ သောတာပန် အမြင်ကို သေသေချာချာ ဖြေနေတာလို့ မှတ်စမ်းပါ။ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဓမ္မကလေးကြည့်လိုက်လို့ ရှိရင် ဖြင့် ဖြစ်မှုနဲ့ ပျက်မှု မှတစ်ပါး ဘာမှ မရှိဘူး၊ ပုဂ္ဂိုလ် သတ္တဝါ ဆိုတာ လုံးဝ မပေါ်ပါကလားလို့ ကိုယ့်ဉာဏ်ထဲမှာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက် ချလိုက် စမ်းပါ။ (မှန်ပါ့)။

ဆုံးဖြတ်ချက် ချပြီး သကာလ နေတော့ ဪ ဒါကြောင့်ပဲ ဘုရားလဲ ဟောပေတာပဲ၊ ကိုယ့်အမြင်နဲ့လဲ ပုဂ္ဂိုလ် သတ္တဝါ သေသေချာချာ မရှိပါကလား၊ ခန္ဓာထဲ မျက်လုံးမှိတ်ပြီး ကြည့်လိုက်တဲ့ အခါကျတော့မှ ဖြစ်တာရယ်၊ ပျက်တာရယ်၊ စိတ်ကြည့် လိုက်လဲ ဖြစ်တာရယ်၊ ပျက်တာ ရယ်၊ ဝေဒနာ ကြည့်လိုက်လဲ ဖြစ်တာရယ်၊ ပျက်တာရယ်ပဲ ရှိတယ် (မှန်ပါ့)။

ဒါ ပုဂ္ဂိုလ် သတ္တဝါ လုံးဝ မရှိပါကလားဆိုတော့ ပုဂ္ဂိုလ် သတ္တဝါ ရှိသေးသလားလို့ ထင်တဲ့ ဝိစိကိစ္ဆာရှိသေး ရဲ့လား။ (မရှိပါဘုရား)၊ မရှိတော့ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ တွဲပြုတ်သွားတယ်။ (မှန်ပါ့)။

အဲဒီ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပြုတ်သွားတာသည် ဘယ်သူ့ အမြင်တုံးဆိုတာ ဦးခင်မောင် ရိပ်မိပလား။ (ရိပ်မိပါပြီ)၊ ဘယ်သူ့ အမြင်ပါလိမ့်။ (သောတာပန် အမြင်ပါဘုရား)။

အဲဒီ အမြင်ရောက်မှ ဒကာ ဒကာမတွေ ခင်ဗျားတို့၊ကျုပ်တို့သည် အပါယ်လေးပါး တံခါး ပိတ်တယ် ဆိုတာ တကယ် စိတ်ချရတယ်။ (မှန်ပါ့)၊ ကိုယ့်ဟာကိုယ်။ ဆုံးဖြတ်ချက် ချနိုင်မှနော်။ (မှန်ပါ့)။

(၂) “ကင်းသော ဝိစိကိစ္ဆာရှိတယ်”

“ဝိဂတ ကထံကထော” တဲ့၊ ကင်းသော ဝိစိကိစ္ဆာ ရှိတယ်၊ တွေးတောခြင်း မရှိတော့ဘူး၊ ခန္ဓာ ကိုယ်ထဲ လျှောက် ပြီး ဒကာ ဒကာမတွေက ဝိပဿနာ အခန်းကို ဝင်ပြီး ကြည့် လိုက်တာပေါ့ဗျာ။ (မှန်ပါ့)။

ကြည့်လိုက်တဲ့ အခါကျတော့ ခုနင်က အတိုင်းပဲ။ သြော် ပုဂ္ဂိုလ် သတ္တဝါ ဆိုတာ လုံးဝ မရှိပါ ကလား၊ ဓမ္မတွေ ဖြစ်ပြီး ဓမ္မတွေ ပျက်နေတာ ပါကလားလို့ ခင်ဗျားတို့ သည် ကားလို့ ဆိုရင်ဖြင့် တွေးတော စရာကို ဒီအထဲမှာ ဒါကလေး ဟာ ငါလား၊ ဟိုဟာ ကလေးဟာ သူလား၊ ဒီလိုပဲ တွေးတော စရာကို မလာတော့ဘူးတဲ့။ (မှန်ပါ့)၊ ဖြစ်တာနဲ့ ပျက်တာပဲ တွေ့ နေတာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဘာတွေ့နေသတုံး။ (ဖြစ်တာနဲ့ ပျက်တာပဲ တွေ့ပါ တယ်)၊ ဖြစ်တာနဲ့ ပျက်တာပဲ ခန္ဓာကိုယ် ထဲမှာ ဉာဏ်နဲ့ စိုက်လိုက်၊ တွေ့ လိုက်၊ ဒါကလေး တွေ့ နေတော့ ဝိဂတ ကထံကထော တဲ့၊ ကင်းသော တွေးတောခြင်း ရှိ၏တဲ့။ (မှန်ပါ့)။

ပုဂ္ဂိုလ် သတ္တဝါ ဆိုတာ လုံးဝ မရှိပါဘူး၊ ဘယ်လို တွေးတွေး မရပါဘူးလို့ သေသေချာချာ ကိုယ့်ဉာဏ်နဲ့ကိုယ် ဆုံးဖြတ်ချက် ချပါတဲ့။ (မှန်ပါ့)၊ ဓမ္မရှိ၍ ဓမ္မ ပျက် ဆိုတာ ဒါပဲ ရှိတော့တယ်လို့ ဆုံးဖြတ်ချက် ချလိုက်။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီဘုရား)။

အဲဒီကဲ့သို့ ဒုတိယ အချက်မှာ ပုဂ္ဂိုလ် သတ္တဝါကင်း တာတွေလဲ လွန်မြောက်တာနဲ့ တွေးတောခြင်း မရှိတာ ပါပဲ။ (မှန်ပါ့)၊ အရင်ဟာက လွန်မြောက်တယ်၊ နောက် ဟာက တွေးတောခြင်း မရှိတော့ဘူး။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီဘုရား)။

တိဏ္ဏ ဝိစိကိစ္ဆော ဆိုတာ အရင်ဟာ လွန်မြောက်တာ၊ နောက်ဟာက တွေးတောခြင်း ကင်တာ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

အဲဒီကဲ့သို့ မလာလို့ ရှိရင် ဒကာ ဒကာမတို့ ဒီသာသနာ မှတစ်ပါး ဘယ်မှ မတွေ့တော့ဘူး။ (မှန်ပါ့)၊ ဒီသာသနာ၌ မြဲသွားပြီ။ (မှန်ပါ့)၊ နိယတ ဖြစ်သွားပြီ။

ဘယ်နှစ်ချက် ရှိသွားပလဲ။ (နှစ်ချက် ရှိသွားပါပြီ ဘုရား)၊ ဦးခင်မောင် ယုံမှားခြင်းကို လွန်မြောက်တာ တစ်မျိုး နော်။ (မှန်ပါ့)၊ တွေးတောခြင်း ကင်းတာက (တစ်မျိုးပါ ဘုရား)၊ ပုဂ္ဂိုလ် သတ္တဝါရယ်လို့ တွေးတောခြင်း ရှိသေးရဲ့ လား။ (မရှိပါဘုရား)။

နောက်ကျတော့ တစ်ခါတည်း ကိုယ်ဉာဏ်ထဲမှာ ဝိပဿနာ အလုပ်ခွင် ထိုင်ပြီး သကာလ ကြည့်နေတဲ့ အခါကျလို့ ရှိရင် စိတ်ထဲမှာ ရဲရဲတင်းတင်းကြီးဖြစ်လာသတဲ့ ဒကာ ဒကာမတို့၊ သောတာပန်ပုဂ္ဂိုလ်မှာ ရဲရဲတင်းတင်းကြီး ဖြစ်လာတယ်။ (မှန်ပါ့ ဘုရား)။

(၃) “ရဲရင့်ခြင်းသို့ ရောက်လာတယ်”

ဘယ်လို ဖြစ်လာသတုံး။ (ရဲရဲတင်းတင်း ကြီးဖြစ်လာ ပါတယ် ဘုရား)၊ ဘယ်လိုများ ရဲရဲ တင်းတင်းကြီး ဖြစ်လာ ပါသလဲလို့ ဆိုတော့ ဝေသာရဇ္ဇပ္ပတ္တော တဲ့၊ ရဲရင့်ခြင်းသို့ ရောက်လာတယ်၊

သူ့ဉာဏ်နဲ့သူ တစ်ခါတည်း ဘယ်သူက ဘာပြောပြော ပုဂ္ဂိုလ် သတ္တဝါဆိုတဲ့ဥစ္စာ ဒီခန္ဓာထဲမှာ ဝကို မရှိဘူးဆိုတဲ့ ဥစ္စာကို ရဲရဲတင်းတင်း သူ့ဟာသူ ဆုံးဖြတ်ချက် ချတယ်။ (မှန်ပါ့)။

သူ့ဟာသူ ဘာတုံး။ ( ရဲရဲတင်းတင်း ဆုံးဖြတ်ချက် ချပါတယ်ဘုရား)၊ ပုဂ္ဂိုလ် သတ္တဝါဆိုတာ မရှိဘူးနော်။ (မှန်ပါ့)၊ သူကိုယ်တိုင် မြင်လို့ မရှိဘူး ဆိုတာ သိတာ။ (မှန်ပါ့)၊ သူကိုယ်တိုင်မြင်လို့ ရဲရဲတင်းတင်း ပုဂ္ဂိုလ် သတ္တဝါ မရှိဘူးလို့ဘဲ တစ်ထစ်ချ ဆုံးဖြတ်ချက် ချလိုက်တယ်။ (မှန်ပါ့ ဘုရား)၊ အဲဒါက ဝေသာရဇ္ဇပ္ပတ္တော (မှန်ပါ့)၊ ရှင်း ပလား။ (ရှင်းပါပြီ ဘုရား)။

ကိုယ့်ကိုယ်တိုင် ရဲရဲတင်းတင်း ဆုံးဖြတ်ချက် ချပါတယ် ဆိုကတည်းကိုက ကြားဝင်စရာ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)၊ အဲဒါ သောတာပန် ပုဂ္ဂိုလ်၏ အမြင်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထားစမ်းပါ (မှန်ပါ့)။

ဒါ ဘယ်အယူဝါဒသို့ မှ မရွေ့တော့ဘူး နော်။ (မှန်ပါ့)၊ နိယတ ဖြစ်လေ သောကြောင့် သူသည် သုဂတိနဲ့ နိဗ္ဗာန်သို့ သာ မြဲတော့တယ်လို့ သေသေချာချာ ဦးဘအုန်းတို့ မှတ်ဖို့ ပဲ။ (မှန်ပါ့)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ ဒီအမြင်ရအောင် ကျုပ်တို့ လုပ်ရတော့မယ်။ (မှန်ပါ့)၊ ဒီအမြင်က ဆရာ သမားကောင်းများနဲ့တွေ့လို့ စည်းကမ်း နည်းလမ်း ကျသွား ရင် မခဲယဉ်း နိုင်ပါဘူး။ (မှန်ပါ့)။

မျက်လုံးမှိတ်ပြီး ခန္ဓာကိုယ်ကိုသာ ဉာဏ်နဲ့စိုက်ကြည့်၊ ဖြစ်တာကလေးတွေနဲ့ ပျက်တာ ကလေးတွေ မှတစ်ပါး ဦးခင် မောင် ဘာတွေ့စရာ ရှိသေးသတဲ့။ (ဘာမှ မတွေ့ပါ ဘုရား)၊

ဝေဒနာကြည့်လိုက်ပြန်လဲ ဝေဒနာမဟုတ်တော့ ပါဘူး၊ ဖြစ်တာနဲ့ ပျက်တာပဲ။ (မှန်ပါ့)၊ စိတ်ကြည့်လိုက် ပြန်လဲ (ဖြစ်တာနဲ့ ပျက်တာပါပဲဘုရား)။

ဖြစ်တာနဲ့ ပျက်တာကလေးပဲ ရှိရှိ- ရှိရှိနေတော့ သြော် ပုဂ္ဂိုလ် သတ္တဝါ ဆိုတာ လုံးဝ မရှိဘူး၊ ကိုယ့်ဉာဏ်နဲ့ ကြည့်လေ မရှိလေဘဲ။ (မှန်ပါ့)။

အဲဒီလို မှန်လှစွာသော ဉာဏ်ကြီး ရလာတဲ့အခါကျ တော့ ဝေသာရဇ္ဇပ္ပတ္တော-တဲ့၊ ပုဂ္ဂိုလ်မရှိ သတ္တဝါ မရှိလို့ ရဲရဲတင်းတင်း သူ့စိတ်ထဲ ဆုံးဖြတ်ချက်ချတယ်။ (မှန်ပါ့)၊

ရဲရဲတင်းတင်း ဆုံးဖြတ်ချက် ချနိုင်တာသည် အဲဒါ အပါယ်လေးပါး တံခါးပိတ်တဲ့ သောတာပန် ပုဂ္ဂိုလ်၏ အမြင် တဲ့၊ သစ္စက ပရိဗိုဇ်ကို ဟောနေတာ။ (မှန်ပါ့)၊ သာသနာ မပြောင်းရွှေ့တာဟာ ဒါကြောင့် မရွှေ့တာပဲဟေ့။ (မှန်ပါ့)၊ သဘောကျကြပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုန်းကြီး ပြောထားတဲ့ တရားဟာ ဒီရောက်အောင်ချည့် နေ့တိုင်း ဟောနေတာပဲ။ (မှန်ပါ့)။

ဒကာ ဒကာမတွေ ပဋိစ္စ သမုပ္ပါဒ် ဖြစ်ပေါ်လာတာ ကြည့်စမ်း- ကြည့်စမ်း ဆိုတာ ပုဂ္ဂိုလ် သတ္တဝါ အကြည့်ခိုင်းတာ မဟုတ်ဘူးဗျ။ (မှန်ပါ့)၊ အခု ကြားတဲ့ စိတ်ကလေး ပေါ် တယ်၊ ဒကာ ဒကာမတွေ ရှိသေးရဲ့လား ဆိုတော့ ဘယ့်နှယ် ဖြေမလဲ။ (မရှိပါဘုရား)။

ဒါ ပုဂ္ဂိုလ်လား၊ သတ္တဝါလား၊ ငါလား၊ သူတစ်ပါး လားလို့ မေးတဲ့အခါ ကြားတဲ့စိတ် ပျက်တာပဲ ရှိတာပဲ။(မှန်ပါ့)၊ ပုဂ္ဂိုလ် သတ္တဝါကို ဟုတ်ကဲ့လား။ (မဟုတ် ပါဘုရား)၊ ကြားတဲ့စိတ်ပါလို့ ဆိုနေပေါ့၊ ပုဂ္ဂိုလ် ဟုတ်သေး ရဲ့လာ။ (မဟုတ်ပါ ဘုရား)၊ ယောက်ျားလား၊ မိန်းမ လား။ (မဟုတ်ပါ ဘုရား)။

ကြားတဲ့စိတ် ပေါ်ပြီး ကြားတဲ့စိတ် ပျက်တာပဲ ရှိတာပဲ။ (မှန်ပါ့)၊ ဒီပြင် ဘာရှိသေးသတုံး။ (မရှိပါ ဘုရား)၊ အဲဒါ နေ့တိုင်း ဟောနေတာက သောတာပန် တည်အောင်ချည့် ဟောနေတာ။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ ဘုရား)။

နေ့တိုင်း ဟောနေတာ ဘာပါလိမ့်။ (သောတာပန် တည်အောင် ဟောနေတာပါ ဘုရား)၊ အဲခင်ဗျားတို့ က စူးစူးစိုက်စိုက် သာလုပ် (မှန်ပါ့)။

ကြားတဲ့ စိတ်ကလေး သည်ကားလို့ ဆိုရင် ကြားတာ နားထဲမှာဖြစ်ပြီး နားထဲမှာပဲ ပျက်တယ်။ (မှန်ပါ့)၊ နံတဲ့ စိတ်ကလေး နှာခေါင်းထဲမှာပဲ ပေါ်ပြီး နှာခေါင်းထဲမှာပဲ ပျက်သွားတယ်။(မှန်ပါ့)၊ စားတဲ့ စိတ်ကလေး လျှာလယ်မှာ ပေါ်ပြီး လျှာမှာပဲ ပျက်သွားတယ်။ (မှန်ပါ့)၊ ယားတဲ့၊ ယံတဲ့၊ ကောင်းတဲ့ စိတ်ကလေးဟာ ကိုယ်ပေါ်မှာပေါ်၊ ကိုယ် ပေါ်မှာ ပျက်တယ်။ (မှန်ပါ့)၊ ကြားတဲ့ စိတ်ကလေးဟာ ဝမ်းထဲမှာ ပေါ်တယ်၊ ဝမ်းထဲမှာပဲ ပျက်တယ်။ (မှန်ပါ့)။

ဪ ဒါသည်ကားလို့ ဆိုရင် ပုဂ္ဂိုလ် ပျက်တာလဲ မဟုတ်ဘူး၊ သတ္တဝါ ပျက်တာလဲ မဟုတ်ဘူး၊ နဂိုကိုက ပုဂ္ဂိုလ်သတ္တဝါ ပေါ်တာမှ မဟုတ်ဘဲ၊ ပုဂ္ဂိုလ် သတ္တဝါ ပျက်စရာ လိုသေးသလား။ (မလိုပါ ဘုရား)။

ပေါ်ကတည်းကိုက ဒကာ ဒကာမတို့ သိတဲ့ အတိုင်း ဝိညာဏက္ခန္ဓာ ပေါ်လာတာ။ (မှန်ပါ့)၊ ပျက်တော့ ဘယ်သူ ပျက်သတုံး။ (ဝိညာဏက္ခန္ဓာ ပျက်ပါတယ် ဘုရား)၊ ဝိညာဏက္ခန္ဓာ ပျက်တော့ကို ပုဂ္ဂိုလ် ပျက်တာလား၊ သတ္တဝါ ပျက်တာလား။ (မဟုတ်ပါ ဘုရား)၊ ဝိညာဏက္ခန္ဓာ ပျက် တာပဲ။ (မှန်ပါ့)၊ ဖြစ်တုန်းကတော့ (ဝိညာဏက္ခန္ဓာ ဖြစ်တာပါ ဘုရား)၊ ပျက်တော့ကော (ဝိညာဏက္ခန္ဓာ ပျက်တာပါဘုရား)။

အဲဒီလို ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ ရှင်းရှင်း ရှင်းရှင်းပြီး သကာလ ဘယ်သူကပဲ ယောက်ျား ရှိတယ်၊ မိန်းမ ရှိတယ်လို့ ပြောပြော၊ ကိုယ့်သန္တာန် ပေါ်လာတဲ့ တရား တွေမှာ ကြည့်လိုက်တဲ့ အခါကျလို့ ရှိရင် ရုပ်တွေ ကြည့်လိုက် ပြန်လဲ ရုပ်ဟာ ဖြစ်ပျက် တွေ့တာပဲ၊ စိတ်ကြည့်လိုက် ပြန်လဲ ဖြစ်ပျက် တွေ့တာပဲ။ (မှန်ပါ့)၊ ခန္ဓာငါးပါးစလုံး ပေါ်ရာ ကြည့်လိုက်စမ်း၊ ဘာတွေ့သတုံး။ (ဖြစ်ပျက် တွေ့ပါတယ် ဘုရား)။

ဖြစ်ပြီး ပျက်တာ မှတစ်ပါး ဘာရှိသေးသတဲ့။ (ဘာမှ မရှိပါဘုရား)၊ အို ဒီဥစ္စာ ပုဂ္ဂိုလ် သတ္တဝါ ဆိုတာ ဒီဥစ္စာ၊ စင်စစ် သူများ ပြောတာသာ မှတ်ရတာ၊ ကိုယ့်သန္တာန်မှာဖြင့် တကယ့်ဉာဏ်နဲ့ ဝေဖန် ကြည့်လိုက်လို့ ရှိရင် ရဲရဲတင်းတင်းပဲ ပုဂ္ဂိုလ် သတ္တဝါ မရှိဘူးလို့ ကိုယ့်ဉာဏ်နဲ့ ဆုံးဖြတ်ချက် ချနိုင်လို့ ရှိရင်ဖြင့် ဒါဟာ သောတာပန်တို့၏ ဆုံးဖြတ်ချက် ချနိုင်တာပါပဲ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အဲဒီလို ချနိုင်တဲ့ အခြေအနေ ရောက်လို့ ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်သူ့မှ မေးမနေနဲ့၊ ဒါ သောတာပန် တည်တာပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ ဒါ သာသနာတော်က မရွှေ့တဲ့ အလုပ်တဲ့။ (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ,ပါပြီဘုရား)။

နက်ဖြန် ပြောင်းချင် ပြောင်းနိုင်တယ်

နို့မဟုတ်လို့ ရှိရင် ဒီဘဝ ဘုရားဒကာ ကျောင်းဒကာ၊ နက်ဖြန် နွားသတ်သမား အဖြစ် ပြောင်းချင် ပြောင်းမှာ။ (မှန်ပါ့)၊ မပြောင်း နိုင်ဘူးလား။ (ပြောင်းနိုင် ပါတယ် ဘုရား)၊ စုတေ မနေ-သေလွန်ရင် ပြောင်းလိမ့်မယ် ဆိုတာ သေချာ တယ်နော်။ (မှန်ပါ့)။

ဒီဘဝတောင်မှ ငွေနဲ့သော်လည်းကောင်း၊ သံယောဇဉ် ကြောင့်သော် လည်းကောင်း မပြောင်း နိုင်ဘူးလာ။ (ပြောင်း နိုင်ပါတယ် ဘုရား)။

အဲဒါ ဒီအလုပ်၊ ဝိပဿနာ ရှေ့ပြေးအလုပ် မရှိသေးလို့ မဂ်ဆိုက်တဲ့ အလုပ်ကို မလုပ်သေး သရွေ့ ကာလပတ်လုံး ဒကာ ဒကာမတို့ စိတ်မချရ သေးဘူးလို့ ဆုံးဖြတ်ချက်ချ။ (မှန်ပါ့)၊ ဘယ်လို ဆုံးဖြတ်ချက် ချမတုံး။ (စိတ်မအေး ရသေးပါ ဘုရား)။

ငါသည် အသက်ကြီး လှပြီ၊ စိတ်အေးစရာလဲ တစ် ကွက်မှ မပါသေးဘူး၊ ငါသည် သေခါနီးပြီ၊ စိတ်အေးစရာ လဲ တစ်ကွက်မှ မရှိသေးဘူး။ ဒါကို နေ့တိုင်း ဒကာ ဒကာမတို့ တွေးစမ်းပါ။ (မှန်ပါ့)။

အဲဒီတော့ ကိုယ့်ဟာကိုယ် ငါသည် သေခါနီးပြီ၊ စိတ်အေးစရာလဲ မရှိသေးဘူး၊ ငါသည် ရောဂါ ဝေဒနာ ထူပြီး စိတ်အေးစရာလဲ တစ်ကွက်မှ မရှိသေးဘူး၊ ခုနင်က အမြင် မရသေး၊ စိတ်မအေး ရသေး ဘူးပေါ့။ (မှန်ပါ့)၊ ဦးခင်မောင် ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ စိတ်အေးစရာရှိအောင် လုပ်ထားတဲ့ အလုပ် ဟာ ခင်ဗျားတို့ လူတိုင်း၏ အလုပ်ပဲ မဟုတ်လားဗျာ။ (မှန်လှပါ)၊ ခင်ဗျားတို့ လောကီ နယ်ပယ် အသုံးအနှုန်း တောင်မှ ကျုပ် စိတ်အေးစရာ ရှိအောင် လုပ်ထားတယ်၊ ဘာလုပ် ထားသတုံး၊ တို့ ပင်စင် လုပ်ထားတယ်၊ ကျုပ် ပိုတဲ့ ငွေကလေးလဲ စုငွေ အဖြစ်နဲ့ ထားတယ်၊ ဒါတွေဟာ စိတ်အေးစရာ အဖြစ်နဲ့ လုပ်ထားခဲ့တာချည့် မဟုတ်လား။ (မှန်ပါ့)။

ကုန်သည်ပိုင်းကလဲ ငွေကလေး ပိုလာတယ်၊ တိုက် ကလေး ဝယ်ထားတယ်၊ စိန်ကလေး ဝယ်ထားမယ်၊ ရွှေ ကလေး ဝယ်ထားမယ်၊ ဒါ ဘာတုံး၊ အကြောင်း မညီညွတ် တဲ့အခါ ဒီဟာ စိတ်အေး ရတာပေါ့။ (မှန်ပါ့)။

စိတ်အေးစရာ လုပ်ထားတဲ့ အလုပ်ဟာကလဲ ခင်ဗျား တို့ ဝတ္တရား အလုပ်ပါ။ (မှန်ပါ့)၊ မလုပ်ပါနဲ့လို့ ဘုန်းကြီး များက မကန့်ကွက်ပါဘူး၊ ဒါဟာ လုပ်ကြရမှာ ချည့်ပါပဲ။ (မှန်ပါ့ဘုရား)။

သို့ သော် လောကီမှာ စိတ်အေးစရာ ရှိသလို လောကုတ္တရာ ဘက်မှာ စိတ်အေးစရာရှိဖို့က ပိုပြီး အရေးကြီး တယ်။ (မှန်ပါ့)၊ မကြီးဘူးလား။ (ကြီးပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အဲဒီ စိတ်အေးစရာက ဘယ်လို လုပ်ထားရမှာတုံး ဆိုတော့ ဓမ္မ ကြည့်လိုက်လို့ ရှိရင် ဖြင့် ပုဂ္ဂိုလ် သတ္တဝါ မရှိဘူး၊ ဖြစ်ပျက်သာ ရှိတယ်လို့ ရဲရဲ တင်းတင်း ဆုံးဖြတ်ချက် ချနိုင်လောက်အောင် လုပ်ထားရင် စိတ်အေးရပြီလို့ မှတ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ခန္ဓာကိုယ်ထဲ ကြည့်လိုက်ရင် ပုဂ္ဂိုလ် သတ္တဝါ မရှိဘူး။ ဖြစ်တာနဲ့ ပျက်တာပဲရှိတယ်၊ ပုဂ္ဂိုလ် သတ္တဝါ ဘယ်လို ရှာရှာ မရဘူး၊ ဘယ်သူ ပြောလို့ မှလဲ ကိုယ့်မှာ အယုံအကြည် မရှိတော့ဘူး၊ ရဲရဲ တင်းတင်းပဲ ပုဂ္ဂိုလ် သတ္တဝါ မရှိတာ သေချာတယ် ကျအောင် ခင်ဗျားတို့ ဉာဏ်ထဲမှာ ဆုံးဖြတ်ချက် ချထားလို့ ရှိရင်ဖြင့် ဒါဟာ စိတ်အေးစရာ လုပ်ပြီလို့ မှတ်လိုက်။ (မှန်ပါ့)။

ဘာမှ ငွေတွေဘာတွေ စုနေရတာ မဟုတ်ပါဘူး။ (မှန်ပါ့)၊ ဉာဏ်ကြီး လာတာကို ဆိုပါသည်။ (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

အဲဒီတော့ ၃ နံပါတ်က ရဲရဲတင်းတင်း ဆုံးဖြတ်ချက် ချက်ချတာကို ပုဂ္ဂိုလ် သတ္တဝါ လုံးဝမရှိဟု ရဲရဲတင်းတင်း ဆုံးဖြတ်ချက် ချတာကို ဝေသာရဇ္ဇပ္ပတ္တော လို့ ဆိုတယ်။ ရဲရင့်တဲ့ အဖြစ်သို့ ရောက်လာ တယ်။ (မှန်ပါ့)၊ ရှင်းပြီနော် ဦးဘအုန်းတို့ (မှန်ပါ့ဘုရား)။

ကောင်းပြီ ဒကာ ဒကာမတို့ လေးခုမြောက်ကို နားထောင်ပါဦး၊ အခု တရားနာ ပြီတော့ နေကြတယ်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားလုံးပဲ ဘုန်းကြီးက ဟောတယ်၊ ဒကာ ဒကာမတို့ ပုဂ္ဂိုလ်လဲ မရှိဘူး၊ သတ္တဝါလဲ မရှိဘူးနော်။ ပဋိစ္စ သမုပ္ပါဒ်သာ ရှိတယ်၊ ခန္ဓာငါးပါးသာ ရှိတယ်၊ ဒုက္ခသစ္စာသာ ရှိတယ်လို့ ဒကာ ဒကာမတွေ နေ့တိုင်း လိုလို ကြားကြရတယ်။ (မှန်ပါ့)၊ မကြား ကြရဘူးလား။ (ကြားကြရပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ် အကြောင်း အကျိုးသာ ရှိတယ် ဆိုတာ လဲ ကြားရတယ်။ ဒီ အကြောင်း အကျိုးမှာလဲ၊ အကြောင်းတွေမှာလဲ ခန္ဓာငါးပါး၊ အကျိုးမှာလဲ ခန္ဓာငါးပါးပဲလို့ မသိ ကြဘူးလား။ (သိပါတယ် ဘုရား)၊ ဒါ ဟောလို့ သိတာ ကိုးဗျ။ (မှန်ပါ့ ဘုရား)။

နောက်ကျ လာပြန်တော့လဲ ဒကာ ဒကာမတို့ အကြောင်း အကျိုးတွေဟာ ဖြစ်တာလဲ ဒုက္ခသစ္စာပဲ၊ ပျက်တာလဲ ဒုက္ခသစ္စာပဲ၊ အစရှိသည်နဲ့ ဆရာ ဘုန်းကြီးက ဟောပြန်တော့ ဟုတ်ပါကလား၊ ဒါတွေဟာ ဒုက္ခသစ္စာ ချည့်ပဲ ဆိုတော့ ဘုန်ကြီး ပြောတာနဲ့ပဲ ဒကာ ဒကာမတွေ နားရည် အတော်ဝ,နေတယ်။ (မှန်ပါ့)၊ မဝ,ကြဘူးလား။ (ဝ,ပါတယ် ဘုရား)။

နားရည်တွေ အကုန်ဝ,ပြီး သကာလ နေကြတဲ့အခါ ကျတော့ ရွာထဲ ရပ်ထဲမှာ ခင်ဗျားတို့ ချင်း ပြောကြတဲ့အခါ သြော် ပုဂ္ဂိုလ် သတ္တဝါ ဆိုတဲ့ ဥစ္စာ မရှိပါဘူး၊ ကျုပ်တို့ လဲ ဒါလောက်တော့ နားပါးဝ,နေပါတယ်၊ ခင်ဗျားတို့လဲ အဖြေ ထုတ်နေ ကြတာပဲ။ (မှန်ပါ့)။

ပဋိစ္စ သမုပ္ပါဒ်ပဲ ရှိတယ်၊ အကြောင်း အကျိုး ရှိတယ်။ ခန္ဓာငါးပါးပဲ ရှိတယ်၊ နောက်ဆုံးပိတ် ကျတော့ ဒုက္ခသစ္စာပဲ ရှိတယ် အစရှိသည်နဲ့ ခင်ဗျားတို့ သည်ကားလို့ ဆိုလို့ ရှိရင် ဖြင့် ပြောသံကြားနဲ့ ခင်ဗျားတို့ ဉာဏ်လုပ်ပြီး ပြောနေတယ်။ (မှန်ပါ့ ဘုရား)၊ ဆရာသမား၏ ပြောသံကြားနဲ့ ကိုယ်ပိုင် ဉာဏ်လုပ်ပြီး ပြောနေ ကြတာတွေ။ (မှန်ပါ့)။

ဘုန်းကြီး ပြောတာနဲ့ ဒကာ ဒကာမတွေနဲ့ ဆက်စပ် ပြီး နေတယ်။ (မှန်ပါ့)။ ဘုန်းကြီး ပြောတာကို ဒကာ ဒကာမတွေက မှတ်ပြီး သကာလ – နေတာနဲ့ဆိုတော့ ဘုန်းကြီးပြောတာနဲ့ ဒကာ ဒကာမတွေ မှတ်သားမှုနဲ့ ဆက်စပ်ပြီး သကာလ နေတယ်။ (မှန်ပါ့)၊ ဒါဖြင့် သူများ ပါးစပ်မှာ လမ်းဆုံး နေသေးတယ်။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ ဘုရား)။

သူများပါးစပ် ဖမ်းပြီး သကာလ သူများပြောတာနဲ့ သူတစ်ပါးနဲ့ ဆက်စပ် နေသေးတယ်ပေါ့ဗျာ။ (မှန်ပါ့)။

(၄) “သူတစ်ပါးနဲ့မစပ် ကိုယ်တိုင်မြင်”

ဟောပြောသော ပုဂ္ဂိုလ်နဲ့ ဒကာ ဒကာမတွေ၏ အသိ ဉာဏ်ကလေး၊ သညာကလေးနဲ့ဟာ ဦးဘတင် ဆက်စပ် နေသေးတယ်။ (မှန်ပါ့)၊ ကိုယ်ပိုင် ဆိုနိုင်ပါ့မလား။ (မဆိုနိုင်ပါဘုရား)။

အပရပ္ပစ္စယော ဆိုတာ သူတစ်ပါးနဲ့ မစပ်၊ ကိုယ်တိုင် ကိုပဲ ဘယ်သူပြောတာမှ ယုံရတာ မဟုတ်ဘဲနဲ့၊ သူတစ်ပါး ပြောတာဟာလဲ ပြောတာတခြား၊ ကိုယ့်အမြင်က ကိုယ့်အမြင် တခြား၊ သူတစ်ပါး ပြောတာ ကတော့ဖြင့် ဟုတ်ပါရဲ့၊ ရုပ်နာမ်ပဲ ရှိတယ်၊ ဖြစ်ပျက်သာ ရှိတယ်၊ ဒုက္ခသစ္စာသာ ရှိတယ် ဆိုတာတော့ သူတစ်ပါး ပြောတာ ကြားဖူးပါတယ်။ (မှန်ပါ့)။

ကိုယ်တိုင် စုံစမ်းစစ်ဆေးပြီး ခန္ဓာမှာ ကြည့်လိုက်တဲ့ အခါကျလို့ ရှိရင်လဲ သူတစ်ပါးပြော မဟုတ်တော့ဘူး၊ ကိုယ် တိုင်ဉာဏ်နဲ့ စပ်ပြီး သိတယ်၊ ကိုယ်တွေ့ လက်တွေ့ ကိုပဲ သိတယ်၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

သူတစ်ပါးနဲ့ မစပ်ဘဲနဲ့ (ကိုယ်တိုင် ဉာဏ်နဲ့ စပ်ပါတယ် ဘုရား)၊ ကိုယ်တိုင်ဉာဏ်နဲ့ စပ်လို့ ရှိရင်ဖြင့် အပရပ္ပစ္စယော သူတစ်ပါးပြော မဟုတ်တော့ဘူးပေါ့ ကိုယ်တွေ့ ပဲသိတယ်၊ ဆရာပြော မဟုတ်တော့ဘူး၊ သူကိုယ်တိုင် ဉာဏ်နဲ့မြင်ပြီး သူကိုယ်တိုင် ဉာဏ်နဲ့ ဆုံးဖြတ်ချက် ချသည် ဖြစ်လေ သောကြောင့် ငါဘုရား သာသနာတော် မှတစ်ပါး တစ်ပါးသော သာသနာ အယူဝါဒသို့ မရွေ့ တော့ဘူး လို့ သစ္စက အမေးကို ဖြေကြား တော်မူတယ်။ (မှန်ပါ့ဘုရား)။

အမှန်အကန်ကို သူ ပြော လူပြော မဟုတ်တော့ဘူး၊ ကိုယ်တိုင် ဉာဏ်တွေ့ ဧကန် ပိုင်ပိုင် နိုင်နိုင် သိလာတာကို အပရပ္ပစ္စယော ဆိုပါတယ်။ (မှန်ပါ့)၊ ရုပ်နာမ်သာ ရှိတယ် ဆိုတာ မမှန်ဘူးလား။ (မှန်ပါတယ် ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် သာ ရှိတယ်။ (မှန်ပါတယ် ဘုရား)။

အဲဒီ ပဋိစ္စသမုပ္ပါဒ် တစ်ခုလုံး ဟာလဲ ဒုက္ခက္ခန္ဓဿ ဆိုသောကြောင့် အဖြစ်လဲ ဒုက္ခ၊ အပျက်လဲ ဒုက္ခပဲ ရှိတယ် ဆိုတာ မမှန်ဘူးလား။ (မှန်ပါတယ် ဘုရား)။

ဒါက ဘုန်းကြီးပြောလို့ လဲ မှန်တာ သိတယ်၊ ဒကာ ဒကာမတွေ ကိုယ့်ဉာဏ်နဲ့ ကိုယ်ရှုလို့ မှန်ပါတယ် ဆိုတာ ကလေး တိုးလိုက်ကြစမ်းပါ (မှန်ပါ့ဘုရား)၊ သဘောကျ ပလား။ (ကျပါပြီဘုရား)။

အဲဒီအမှန် ရလို့ ရှိရင်တော့ဖြင့် ဒကာ ဒကာမတွေ ဘယ်သူ့ကို မပြောချင်နေ ပြောချင်ပြော၊ ကိုယ်ကိုယ်တိုင် သောတာပန် တည်တာတော့ သေချာပြီလို့ ဆုံးဖြတ်ချက် – ချ။ (မှန်ပါ့ဘုရား)။

ဒါ သောတာပန် တည်ပုံကို ဦးခင်မောင် ဘုရားကို သစ္စက ပရိဗိုဇ်က မေးလို့ ဖြေတော်မူတာ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီဘုရား)။

သစ္စကပရိဗိုဇ်က မေးလို့ အရှင်ဘုရား သာသနာတော် က လူရှင် ရဟန်းတွေဟာ ဘယ်မှ မရွှေ့တာ ဘာကြောင့် တုံး ဘုရားဆိုတော့ ဒီအမြင်ကို ပြောတော့။ (မှန်ပါ့)။ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အမြင်မှန်ရလို့ မရွှေ့တာဘဲ။ (မှန်ပါ့)၊ အမြင်မှန် ဆိုတဲ့ဥစ္စာ တရားသဘော နားလည်ရုံနဲ့ မပြီးပါနဲ့၊ ကိုယ်တိုင် အမြင်မှန် ရအောင် ကြိုးစားပါ ဆိုတဲ့ အဓိပ္ပါယ်ကို ဘုရား ဟောချင်တာပဲ။(မှန်ပါ့ ဘုရား)၊သဘော ကျပလား။ (ကျပါပြီဘုရား)။

အပရပ္ပစ္စယော- သူတစ်ပါး ပြော အကြောင်း မဟုတ်ဘူး တဲ့၊ သူများ တကာပြော၊ ဆရာပြောလို့ သိရတဲ့အခြေအနေ မျိုး ဒီလို မဖြစ်စေနဲ့။ (မှန်ပါ့)။

ပထမတော့ ဆရာပြောတာပဲ၊ နောက် ကိုယ်တိုင် ဆုံးဖြတ်ချက် ချနိုင်တဲ့ အခြေအနေ ထိအောင် ရှင်းကြပါစေ၊ လင်းကြပါစေ ဆိုတာ အထူး အရေးကြီး တယ်လို့ မှတ်စမ်း ပါ။ (မှန်ပါ့ဘုရား)။

ဆရာသမား ပြောတာတော့ အမှန်ပြောလို့ ဦးဘတင် အမှန် ကြားရတာလဲ အမှန်ပါပဲ။ (မှန်ပါ့)၊ ဒါမှားတယ် လို့ ဆိုတာ မဟုတ်ပါဘူး။ (မှန်ပါ့)၊ သို့သော် ခင်ဗျားတို့ ဆုံးဖြတ်ချက် ချဖို့ ပိုပြီး အရေးကြီး တယ်။ (မှန်ပါ့)။

ကိုမြရွှေ ဘယ့်နှယ်တုံး။ (ကိုယ်တိုင် ဆုံးဖြတ်ချက် ချဖို့ ပိုပြီး အရေးကြီး ပါတယ် ဘုရား)၊ ကိုယ်တိုင် ဆုံးဖြတ် ချက်ချတော့မှ သောတာပန် ပုဂ္ဂိုလ်၏ ဉာဏ်ဖြစ်လာတာကိုး ဗျ။ (မှန်ပါ့)။

ကိုယ်တိုင် ဆုံးဖြတ်ချက် မချသေးလို့ ရှိရင် သူတစ်ပါး ပြောတဲ့ သညာမှာ လမ်းဆုံး နေတယ်။ (မှန်ပါ့)၊ ကိုယ် တိုင် အမြင်မှာ လမ်းဆုံးတာ ဟုတ်ပါရဲ့လား။ (မဟုတ် ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကို ဒီက ပြန်ရင် ကြည့်၊ သေသေချာချာ ကြည့်ပါ၊ နည်းလမ်း မှန်ကန် နေရင် သောတာပန် တည်ဖို့ မခဲယဉ်း နိုင်ပါဘူး။ (မှန်ပါ့)။

ကြည့်ပြီး သကာလ နေတော့ စိတ်ကလေး ပေါ်လာတာ ကြည့်လိုက်၊ ဖြစ်ပြီး ပျက် သွားတာပဲ၊ ဖြစ်ပြီး ပျက်သွားတာပဲ။ ဘာကလေး ကြည့်လိုက် ကြည့်လိုက် ကိုယ့်သန္တာန် ပေါ်လာ တဲ့ ဓမ္မကလေး ဟာ ဖြစ်ပြီး ပျက်တာမှ တစ်ပါးလဲ မတွေ့ ပါဘူး။ (မှန်ပါ့)၊ သေသေချာချာ ဉာဏ်နဲ့သာ ကြည့်နော်။ (မှန်ပါ့ ဘုရား)။

ဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ဪ ပထမ တော့ ဖြစ်ပျက်ဆိုတာ သူများ ပြောတာကိုး၊ အခုတော့ ဖြစ်ပျက် ဆိုတာ ဘယ်လို ကြည့်ကြည့် ဒါမှတစ်ပါး ဘာမှ မရှိပါကလား၊ သူများပြော မဟုတ်ပါဘူး၊ ကိုယ်တိုင်မြင်ပါ ပေါ့ဆိုရင် ဒါဟာ သောတာပန်၏ အမြင်သာ မှတ်တော့။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီဘုရား)။

ရမ်းပြီး မယုံနဲ့

ဘယ်သူ့အမြင်ပါလိမ့်။ (သောတာပန်၏ အမြင်ပါ ဘုရား)။

ဒါက မဂ်တွေဘာတွေ တည်ပြီး ကိုယ်တိုင် စစ်ဆေး လိုက်လို့ သေသေချာချာ တည်တာ မှတ်ပါ။ (မှန်ပါ့)။ သူများ သောတာပန် တည်ပါတယ်ဆိုတာ ဦးခင်မောင် က ရမ်းပြီး မယုံနဲ့၊ ကိုယ်ကိုယ်တိုင် ရဲရင့်တဲ့ အဖြစ်သို့လဲ ရောက်ပါမှ (မှန်ပါ့)။

သူတစ်ပါး စကားတွေကို ပထမတော့ ကိုယ်က မှတ်သား ထားတယ်၊ မှတ်သား ထားတဲ့ အတိုင်း ကိုယ်တိုင် ဉာဏ်နဲ့ ကြည့်လိုက်တော့ သြော် ဒီဥစ္စာသည်ကားလို့ ဆိုရင် သူ တစ်ပါး ပါးစပ်မှာ လမ်းဆုံးတာ မဟုတ်ဘဲနဲ့ ကိုယ့်ဉာဏ်နဲ့ ကိုယ်ပဲ ဆုံးဖြတ်ချက် ကိုယ်တိုင် ချနိုင်လို့ ရှိရင် သောတာပန်ပဲ။ (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီဘုရား)။

ကိုယ့်ဉာဏ်နဲ့ ကိုယ့်အမြင် ကိုယ့်ဟာကိုယ် ဆုံးဖြတ် ချက် ချရမှာ။ (မှန်ပါ့)၊ ဒီလိုဆိုလို့ ရှိရင်ဖြင့် ဒီပုဂ္ဂိုလ် သည်ကား လို့ ဆိုလို့ ရှိရင် မဖောက် မပြန်ဘဲနဲ့ မြဲသွား တာပဲ။ (မှန်ပါ့)၊ ဘယ် သာသနာမှလဲ မပြောင်းတော့ဘူး။ (မှန်ပါ့)၊ ဘယ်တော့မှ အပါယ် လေးပါးလဲ မသွားတော့ဘူး၊ နိဗ္ဗာန်လဲ မြဲသွားပြီ။ (မှန်ပါ့)၊ သဘောကျပလား။(ကျပါပြီ ဘုရား)။

ဒါဖြင့် ဦးခင်မောင် “တိဏ္ဏဝိစိကိစ္ဆော” ဆိုတဲ့ဥစ္စာက အဓိပ္ပါယ်တစ်မျိုး၊ “ဝိဂတ ကထံ ကထော” ဆိုတဲ့ ဥစ္စာက တစ်မျိုး (တစ်မျိုးပါ ဘုရား)၊ “ဝေသာရဇ္ဇပ္ပတ္တော” -ဆိုတဲ့ ဥစ္စာက (တစ်မျိုးပါ ဘုရား)၊ “အပရပ္ပစ္စယေ”ာ ဆိုတာက (တစ်မျိုးပါ ဘုရား)။

အဲဒီ လေးမျိုးကို ဒကာ ဒကာမတို့ သန္တာန်မှာ ပြည့်စုံပြီ ဆိုမှဖြင့် ဘုရား သာသနာမှာ မဂ်လေးတန်၊ ဖိုလ်လေးတန် ဆိုတဲ့၊ နိဗ္ဗာန် ဆိုတဲ့ ကိုးပါးသော တရား မရှိဘူး လားဗျာ။ (ရှိပါတယ် ဘုရား)၊ အဲဒီမှာ တည်သွားတာပဲ၊ ဘယ်မှ မသွားတော့တဲ့။ (မှန်ပါ့)။

ဘယ်သူက ဆွယ်လို့ ဘယ်သူက ငွေနဲ့ ဖြားယောင်း, ဖြားယောင်း၊ ငါးပါး အာရုံ ကာမဂုဏ်နဲ့ ဖြားယောင်း, ဖြားယောင်း, ဦးသူတော်တို့ မပြောင်းတော့ဘူး။ (မှန်ပါ့)၊ ပြောင်းကို မပြောင်းဘူးတဲ့။ (မှန်ပါ့)။

ဒီဟာကလေးကို ကိုယ်တိုင် ဆုံးဖြတ်ချက် မချနိုင်သေး ဘူး၊ ဖြစ်ပြီး ပျက်တာ ကလေး တွေဟာ သူများပြောပဲ ရှိသေး တယ်၊ ကိုယ့်ဉာဏ်ထဲမှာဖြင့် မရှင်းမလင်း ဖြစ်နေသေးလို့ ရှိရင် ရှင်းလင်းအောင် လုပ်ပစ်လိုက်ပါ။ (မှန်ပါ့)၊ မရှင်း မလင်း ဖြစ်နေသေးလို့ ရှိရင်ဖြင့် ကိုယ့်ကိုယ်ကိုယ် စဉ်းစား လိုက်၊ သြော် ငါ့မှာ ငရဲမျိုးစေ့ မကုန်သေးလို့ မရှင်းတာ။ (မှန်ပါ့)။

ဦးခင်မောင် ဘယ်လို ဆုံးဖြတ်ချက် ချမလဲ။ (ငရဲ မျိုးစေ့ မကုန်သေးလို့ မရှင်းတာပါ ဘုရား)၊ ငရဲမျိုးစေ့ မကုန်သေးဘူး၊ ငါ့ဟာငါ အခု သေသေချာချာ ရှုလိုက်တဲ့အခါ ကျတော့၊ ဆုံးဖြတ်ချက်က မကျသေးဘူး ဆိုတော့ စူးစူး စိုက်စိုက်သာ ပိုပြီး ရှုလိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဖြစ်မှု ပျက်မှု မှတစ်ပါး ပုဂ္ဂိုလ် သတ္တဝါ ဆိုတာ ဘယ်လို ရှာရှာ တွေ့ ကို မတွေ့ဘူး၊

သူများ ပြောတဲ့ ပုဂ္ဂိုလ်ဟာ အပြောပုဂ္ဂိုလ် သာ ရှိတယ်၊ ကိုယ့်ဉာဏ်ထဲမှာဖြင့် ပုဂ္ဂိုလ်အဖြစ်၊ သတ္တဝါ အဖြစ် ဉာဏ်ထဲမှာ ဝင်ကို မလာတော့ဘူး။ (မှန်ပါ့)၊ လာသေးရဲ့ လား။ (မလာပါဘုရား)၊ ဒါ အလုပ်ဝင်တဲ့ အချိန် ဆိုတာနော်။ (မှန်ပါ့)။

ဦးခင်မောင် ဘယ်အချိန်ပါလိမ့်။(အလုပ်ခွင် ဝင်တဲ့ အချိန်ပါဘုရား)၊ အဲ အလုပ်ခွင် ဝင်တဲ့အချိန် ပြောတာ၊ အိမ်မှာ နေတဲ့ အခါ ဒါဟာ ညီမပဲ၊ ဒါဟာ မောင်ပဲ၊ ဒီလိုဟာ ကိစ္စ မရှိပါဘူး၊

အလုပ်ခွင် ဝင်တဲ့ အချိန်မှာ ရဲရဲတင်းတင်း သူတစ်ပါး ပြောသံကြားနဲ့ မဟုတ်ဘဲနဲ့ ကိုယ့်ဉာဏ် ထဲတွင် ကိုယ် ဆုံးဖြတ်ချက် ချလို့ သြော် တကယ်တမ်းကိုပဲ စိတ်ချ ရပြီ၊ တကယ်တမ်းကို အမှန်ပါပဲ၊ သူတစ်ပါး ပြောနဲ့ မဟုတ်ပါဘူး၊ ကိုယ်တိုင်ကို ဒီအတိုင်း ဆုံးဖြတ်ချက်ချကြ လို့ ရှိရင်တော့ ဒါ သောတာပန် အစစ် ဖြစ်တာပေါ့။ (မှန်ပါ့)၊ ဦးဘအုန်း ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ ယုံမှားခြင်းကို လွတ် မြောက်တာရယ်၊ ပုဂ္ဂိုလ် သတ္တဝါ ရှိသေးသလားလို့ တွေးတောခြင်း ကင်းတာရယ်၊ ရဲရဲတင်းတင်း ဆုံးဖြတ်ချက် ချတာရယ်၊ သူတစ်ပါး ပြောတာတွေကို လုံးဝ ဂရုမစိုက်ဘဲနဲ့ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက် ချတာရယ်၊ ဤလေးချက်နဲ့ ညီလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေဟာ သမ္မတ္တ နိယတာ ဓမ္မာ ဆိုက်ပြီလို့ မှတ်လိုက်။ (မှန်ပါ့ဘုရား)။

မဖောက်မပြန် အကျိုးပေး မြဲတဲ့ မဂ်သို့ ဆိုက်ပေါ့။ (မှန်ပါ့)၊ အပါယ်လေးပါးကို ဘာမှ ကြောက်နေစရာ မရှိတော့ဘူး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဆင်းရဲမှာလဲ မကြောက်နဲ့တော့၊ ချမ်းသာမှာလဲ ဝမ်းမသာနဲ့တော့၊ ဒီပြင်ဟာတွေ အပိုတွေပဲ ဆိုတာ အကုန် ဆုံးဖြတ်ချက် ချပြီး သကာလ ဪ သူတော်ကောင်း ရတနာ အစစ် ခုနစ်ပါးက ဝမ်းထဲမှာ တွေ့သွား သောကြောင့် ရတနာ အစစ် ရောက်တဲ့ ပုဂ္ဂိုလ်မို့ လူချမ်းသာ အစစ်သို့ ဦးခင်မောင် သေသေချာချာ ရောက်သွားပြီ။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီဘုရား)။

သူတော်ကောင်း ရတနာ (၇)ပါး ဆိုတာ

သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟီရိ, ဩတ္တပ္ပ ဆိုတဲ့ သူတော်ကောင်း ရတနာ ကိန်းဆိုက် သွားပြီ။ (မှန်ပါ့)၊ အဲဒီက စမှ လူချမ်းသာ ဖြစ်တယ်။ (မှန်ပါ့)။

အခု လူချမ်းသာ ဆိုတာက ဒကာ ဒကာမတို့ သူခိုး ကြောက်ရ၊ ဓားပြ ကြောက်ရ၊ ဘာကြောက်ရ၊ ညာကြောက်ရနဲ့ အမျိုးမျိုး မစိုးရိမ် ရဘူးလား (စိုးရိမ် ရပါတယ်)၊ ဒါတွေက ရတနာ မစစ်သေးတော့ သူ့ကြောင့် ပူရတယ်။ (မှန်ပါ့)။

ရတနာဆိုတာ

ရတနာဆိုတာက “ရတိံ ဇနေတီတိ ရတနာ” ဆိုတဲ့ အတိုင်း ရတိံ =နှစ်သက်ခြင်းကို၊ ဇနေတိ = ဖြစ်စေတတ်တယ် ဆိုတော့ သူ့အတွက်နဲ့ ဝမ်းသာ ဝမ်းမြောက် နေရမှာကို အခုတော့ သူ့အတွက်နဲ့ ပူချည့် နေရတယ် (မှန်ပါ့)။

တိုက်ရှိရင် တိုက်အတွက် စိုးရိမ် နေရတယ်၊ အိမ်ရှိရင် ကော (အိမ်အတွက် စိုးရိမ် ရပါတယ်)၊ ကုန်ရှိရင်ကော (ကုန်အတွက် စိုးရိမ်ပါတယ် ဘုရား)။

ဒါ ဘာကြောင့် ပါလိမ့်မတုံး နှစ်သက်ခြင်းကို ဖြစ်စေ နိုင်သလား ဆိုတော့ နှစ်သက်ခြင်းကို မဖြစ်စေနိုင်တဲ့အပြင် အပူတောင် ပေးနေ လိုက်သေးတယ်။ (မှန်ပါ့)၊ မပေးဘူးလား။ (ပေးပါတယ် ဘုရား)။

ဒီကုန် ရောက်လာ ကတည်းကိုက တက်များ သွားရင် တော်သေးရဲ့၊ ကျများ သွားရင်တော့ ခက်ချေရဲ့ (မှန်ပါ့)၊ မလာဘူးလား (လာပါတယ်ဘုရား)။

ရတနာသူဌေး မရှိသေးလို့ မှတ်

အဲ လာတယ် ဆိုကတည်းက ဒါဟာ ရတနာ အစစ် ဟုတ်ကဲ့လား။ (မဟုတ်ပါဘုရား)၊ အဲ အခု လောက ကြီးထဲမှာ ရှိတာက ရတနာ သူဌေး မရှိသေးလို့ မှတ်လိုက် စမ်းပါ။ (မှန်ပါ့)၊ ခုနင့်က ပြောပြော နေတဲ့ လေးချက် မြင်တဲ့ ပုဂ္ဂိုလ်ကျမှ ရတနာ သူဌေး ဖြစ်သွားတယ်၊ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟီရိ၊ သြတ္တပ္ပ ဆိုတဲ့ သူတော်ကောင်း ရတနာ ခုနစ်ပါး ပြည့်စုံပြီး သကာလ နေတဲ့အတွက် ဘယ်တော့မှ မဆင်းရဲဘူး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ ပြောတာဟာ ဆရာ ဘုန်းကြီးသည် အထူးပဲ ဂရုစိုက်ပြီး သကာလ ပြောတယ် ဆိုတာလဲ သိပါလိမ့်မယ်။ (မှန်ပါ့)။

အဲဒီတော့ ဒီပြောတာကို အသာထားပါ၊ ခင်ဗျားတို့ အိမ်ကျတော့ လုပ်ဖြစ်အောင် လုပ်ပါလို့ သတိပေးလိုက် တယ်။ (မှန်ပါ့ဘုရား)၊ အခု ဒီအမြင်ကလေးနဲ့ လျော်အောင်ပေါ့ဗျာ။ (မှန်ပါ့)။

ခန္ဓာကိုယ် ကြည့်လိုက်၊ စိတ်ကလေး ပေါ်လာတာ ကြည့် လိုက်၊ တစ်ခါ ရုပ်ကလေး ပေါ်လာတယ်၊ ပူတယ်၊ – အေးတယ်၊ ဒီလို အေးရုပ်၊ ပူရုပ် ကလေးတွေ ကြည့်လိုက် (မှန်ပါ့)၊ အေးရုပ် ကလေးကလဲ အေးပြီး ပျက်သွားတာပဲ။ (မှန်ပါ့)၊ ပူရုပ်ကလေးကလဲ ပူပြီး ပျက်သွားတာပဲ။ (မှန်ပါ့)။

ဝေဒနာကလဲ ဝေဒနာ ကလေးသာ ဆိုရတယ်၊ တော်တော် ကြာကျတော့ ပျက်သွားတာပဲ။ (မှန်ပါ့)။

ဘယ်မှာတုံး ငါတို့၊ သူတို့၊ ယောက်ျားတို့၊ မိန်းမ တို့၊ ငါ နာတာ၊ သူ နာတာ၊ ငါ့စိတ်, သူ့စိတ် ဆိုတာ ရှိသေး ရဲ့ လား။ (မရှိပါဘုရား)။

ဘာတွေ ရှိနေသတုံး ဆိုရင်ဖြင့် ဓမ္မဖြစ်၍ ဓမ္မပျက်တာ ပဲ ရှိတာပဲ။ (မှန်ပါ့ဘုရား)၊ သဘောကျ ပလား။ (ကျပါ ပြီ ဘုရား)။

ဘာရှိသတုံး။ (ဓမ္မဖြစ်၍ ဓမ္မပျက်တာပဲ ရှိပါတယ် ဘုရား)၊ ဓမ္မဖြစ်၍ ဓမ္မပျက်တာပဲ ရှိတယ် ဆိုတော့ ဓမ္မစဉ်ကြီး တန်းနေတာ၊ ဓမ္မတစ်ခု ချုပ်ပြီး ဓမ္မတစ်ခု ဖြစ်တာပဲ၊ ဦးဘအုန်း ဒီပြင် ဘာရှိသေး သတုံး။ (မရှိပါဘုရား)၊ ဘယ်မှာတုံး။ ပုဂ္ဂိုလ် သတ္တဝါ ရှာလို့ ရသေးရဲ့ လား။ (မရပါ ဘုရား)။

အဲ ပုဂ္ဂိုလ် သတ္တဝါ ဆိုတာ အခု ဆရာ ဘုန်းကြီးကလဲ ဟောလိုက်တယ်၊ ကိုယ်တိုင် ကြည့်တော့လဲ ဒီအတိုင်း တွေ့ရပါ တယ်လို့ ဆရာဘုန်းကြီး ဟောတာနဲ့ ကိုယ်တိုင် ကြည့်တော့ လဲ ဒီအတိုင်း ဆိုတော့ ဒါဖြင့် ဟုတ်ပြီလို့သာ နောက်က သေသေချာချာ ဆုံးဖြတ်ချက် ချနိုင်လို့ရှိရင် ဒါသောတာ ပန်ပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အင်မတန် နေရာကျတဲ့ အမြင်မှန်ပဲ ဆိုတာ သဘောကျ ပလား။ (ကျပါ ပြီ ဘုရား)။

ဒီနေ့ ဘာဟော နေသလဲလို့ မေးလို့ ရှိရင် မနေ့က ဝိပဿနာဉာဏ်က မဂ်ဉာဏ်ကူးတော့ သောတာပန် တည် သွားတာကို ဟောပြီးသား ဖြစ်နေသောကြောင့် သောတာပန် ပုဂ္ဂိုလ်ဟာ ကိုယ့်ဟာကိုယ် သောတာပန် ဖြစ်တယ်၊ မဖြစ် တယ် ဆုံးဖြတ်ချက် ချနိုင်တဲ့ လေးချက်ကို ဟောနေတာ။ (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

သောတာပန်၏အမြင်လေးချက်

သောတာပန် ဖြစ်ပြီးတော့ ဒီလေးချက်ဟာ ကိုယ့်ဉာဏ် ထဲမှာဖြင့် ရှင်းရှင်း လင်းလင်း ဖြစ်ရမယ် ဦးခင်မောင်။ (မှန်ပါ့ဘုရား)။

(၁) ပုဂ္ဂိုလ်သတ္တဝါ ရှိတယ်ဆိုတဲ့- ယုံမှားခြင်းကို လွန်မြောက်ရမယ်၊

(၂) ပုဂ္ဂိုလ်သတ္တဝါ ရှိတယ်လို့ တွေးတောခြင်းလဲ ကင်း ရမယ်၊

(၃) ပုဂ္ဂိုလ် သတ္တဝါ လုံးဝ မရှိဘူးလို့ ရဲရဲတင်းတင်းလဲ ဆုံးဖြတ်ချက် ချရမယ်၊

(၄) ပုဂ္ဂိုလ် သတ္တဝါ မရှိတာသည်ကားလို့ ဆိုလို့ရှိရင် သူတစ်ပါး ပြောသံကြားနဲ့ မရှိတာ မဟုတ်ဘူး၊ ကိုယ် ကိုယ်တိုင် သိပြီး မရှိတာလို့ လဲ ဆုံးဖြတ်ချက် ချနိုင်ရမယ်။

ဤလေးချက်နှင့်ညီလို့ ရှိရင်ဖြင့် မနေ့က ဝိပဿနာ ဉာဏ်က မဂ်ဉာဏ် ကူးသွားလို့ တကယ် သောတာပန် တည် သွားတဲ့ ပုဂ္ဂိုလ်မှာ ဒီအမြင် လေးခုသည် ဘယ်အချိန် ကြည့် လိုက်- ကြည့်လိုက် ပေါ်တာပဲ။ (မှန်ပါ့)၊ သဘောပါ ပလား။ (ပါ,ပါပြီဘုရား)။

ဒါဖြင့် ဒီအမြင် လေးခုလောက် အရေးကြီးတာ ဘယ်မှာ ရှာတွေ့မလဲ။ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ ဒီအမြင် ရောက်ဖို့ရာ ခဲယဉ်း နိုင်သလား၊ မခဲယဉ်း နိုင်ဘူးလား ဆိုတာ တွေးကြည့်ပါ။ (နည်းလမ်းကျ မှန်ကန်သွားရင် မခဲယဉ်း နိုင်ပါဘုရား)၊ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ရှုကြည့် ပါ။ (မှန်ပါ့)။

စားချင်တဲ့ စိတ်ကလေး ပေါ်လာတယ် ရှိသေးရဲ့ လား။ (မရှိပါဘုရား)၊ ပေါ်ပြီး ပျက်သွားတာပဲ။ (မှန်ပါ့)၊ ဘယ်မှာတုံး၊ သူ့ဟာသူ ပေါ်ပြီး သူ့ဟာသူ ပျက်တာ ငါကော ဟုတ်သေးရဲ့လား။ (မဟုတ်ပါ ဘုရား)။

ဘယ်ဟုတ်မတုံး စားချင်တဲ့စိတ်ပါလို့ ဆိုနေတဲ့ ဥစ္စာပဲ၊ စိတ်ဆိုတာ ဝိညာဏက္ခန္ဓာပေါ့။ (မှန်ပါ့)၊ ဝိညာဏက္ခန္ဓာ ဖြစ်၍ ဝိညာဏက္ခန္ဓာ ပျက်တာပဲ။ (မှန်ပါ့)၊ ငါ ပါသေးသလား။ (မပါ,ပါ ဘုရား)။

ယားလိုက်တာ ဆိုတော့ ဒုက္ခဝေဒနာ ကလေး ပေါ့ တယ်။ (မှန်ပါ့)၊ ဒီနေရာမှာပဲ ချုပ်သွားတယ် ဆိုတော့ ဘယ်မှာတုံး၊ ငါပါရမှာ၊ ဒုက္ခဝေဒနာ ပေါ်၍ ဒုက္ခဝေဒနာ ပျက်တာပဲ ရှိတယ်။ (မှန်ပါ့)။

လေကလေး တိုက်လို့ အေးလိုက်တာ ဆိုတော့ အေးတဲ့ ဒုက္ခဝေဒနာ ကလေး ပေါ်တာပဲ၊ တော်တော် ကြာတော့ ဘယ်သူ ပျက်သွားတာတုံး။ (ဒုက္ခဝေဒနာ ပျက်သွားတာ ပါ ဘုရား)၊ အေးတဲ့ ဒုက္ခဝေဒနာပဲ ဒီနေရာမှာ မရှိတာဘဲ။ ဝေဒနာ ဖြစ်၍ ဝေဒနာ ပျောက်တာပဲ ရှိတယ်။ (မှန်ပါ့)၊ ဘယ်မှာ တုံး ပုဂ္ဂိုလ် သတ္တဝါ ပါသေးရဲ့ လား။ (မပါ,ပါ ဘုရား)။

အဲဒီလိုချည့် ဒကာ ဒကာမတွေက ဝေဒနာ ဖြစ်၍ ဝေဒနာ ပျက်တာပဲ၊ စိတ်ဖြစ်၍ စိတ်ပျက် တာပဲ၊ ရုပ်ဖြစ်၍ – ရုပ်ပျက်တာပဲ၊ ဒီလိုချည့်ပဲ၊ ဉာဏ်ထဲမှာ ရှင်းရှင်း ရှင်းရှင်း ပြီး ထားမယ် ဆိုလို့ ရှိရင်ဖြင့် သြော် တကယ့်ကို ယုံမှား စရာ မလိုပါဘူး၊ တွေးတောစရာလဲ မလိုပါဘူး၊ ရဲရဲတင်းတင်း ပဲ ပုဂ္ဂိုလ် သတ္တဝါ မရှိဘူး ဆိုတာ ဆုံးဖြတ်ဖို့ ပါပဲ၊ သူတစ်ပါး ပြောသံ ကြားနဲ့လဲ မဟုတ်တော့ပါဘူး၊ ကိုယ်တိုင် လဲ သေချာပါပြီ ဆိုတဲ့ စကားလေးချက် သုံးနိုင်ရမယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီဘုရား)။

ဒီစကားလေးချက် သုံးနိုင်လို့ ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ အိမ်မှာ နေရင်လဲ ဖြစ်တယ်လို့ အောက်မေ့ပါ။ အိမ်မှာ နေရင်လဲ တွေးသာနေ၊ ခန္ဓာထဲ ပေါ်လာတာ ကိုသာ ဉာဏ်ထဲမှာ တွေးတွေး- တွေးတွေးပြီး သကာလ နေကြမယ် ဆိုရင်ဖြင့် ဘာမှ ဝန်လေးစရာ အလုပ် မဟုတ်ဘူး ဆိုတာ ဆုံးဖြတ်ချက် ချပါ။ (မှန်ပါ့)။

ကုရုတိုင်းက ပြည်သူတွေလို့

ကုရုတိုင်း တစ်တိုင်းလုံးမှာ ယောက်ျားတွေရော၊ မိန်းမ တွေရော ဒီလို နှလုံးသွင်းတာနဲ့ ခရီးရောက် သွားကြတာတွေ အများကြီးပါပဲ။ (မှန်ပါ့)၊ နှလုံးသွင်း တည့်ဖို့ပဲ အရေးကြီး တယ်၊ နှလုံးသွင်း တည့်သွားရင် ပြီးနိုင်တာပဲ။ (မှန်ပါ့)။

နှလုံးသွင်း တည့်သွားတယ် ဆိုတာက ဝေဒနာ ပေါ်တာ ကို ဝေဒနာ ပေါ်တယ်လို့ သိလိုက်ရင် နှလုံးသွင်း တည့်ပြီ။ (မှန်ပါ့ဘုရား)၊ ဝေဒနာ ပေါ်တာကို ဝေဒနာပဲလို့ ဆိုတော့ နှလုံးသွင်းက မတည့်သေး ဘူးလား (တည့်ပါတယ် ဘုရား)၊ ငါ ယားလိုက်တာ ဆိုတော့ နှလုံးသွင်း မှားတယ်။ (မှန်ပါ့)။

ဒါဖြင့် နှလုံးသွင်း တည့်သွားတော့ ဝေဒနာ ပေါ်ရင် ဝေဒနာ ပေါ်တယ်လို့ သိတော့ နှလုံးသွင်း တည့်တယ်။ (မှန်ပါ့)၊ စိတ်ပေါ်ရင် စိတ်ပေါ်တယ်လို့ သိလိုက်တာ နှလုံးသွင်း တည့်တယ်။ (မှန်ပါ့)။

နှလုံးသွင်းသာ တည့်ပါစေ

နှလုံးသွင်း တည့်လို့ ရှိရင်ဖြင့် ယောနိသော မနသိကာရ ဖြစ်တော့ကို နှလုံးသွင်း တည့်ပြီးလို့ ရှိရင်ဖြင့် ဒီတရားကလေး ဟာ အနိစ္စ ဖြစ်ပြီး ပျက်တာပဲလို့ သိလို့ ရှိရင် ပုဂ္ဂိုလ် သတ္တဝါ ရောသေး သလား။ (မရောပါ ဘုရား)။

ပေါ်တာကို နှလုံးသွင်းလိုက်၊ ဝေဒနာ ပေါ်ရင် ဝေဒနာ ပေါ်တယ်လို့ သာမှတ်၊ စိတ်ပေါ်ရင် (စိတ်ပေါ်တယ် လို့သာ မှတ်ပါ)၊ စိတ်ပေါ်တယ် လို့သာ မှတ်ပါတဲ့ ဒကာ ဒကာမတို့၊ အဲဒီကဲ့သို့ မှတ်ထားတော့ နှလုံးသွင်းသာ တည့်သွားပြီ ဆိုမှ ဖြင့် တရားကပဲ ဟောသွားတော့မှာပဲ။ (မှန်ပါ့)။

ဝေဒနာပေါ်တယ် ဆိုတော့ ဝေဒနာ ပေါ်ပြီး ဒီအတိုင်း နေမယ့် တရားလားဗျာ။ (မဟုတ်ပါ ဘုရား)၊ ပျက်မည့် တရား မဟုတ်လား (မှန်ပါ့)။

ဝေဒနာပေါ်တော့ ဉာဏ်နဲ့ ကြည့်လိုက်၊ ဝေဒနာပျက် သွားပြီ ဆိုတော့ ပုဂ္ဂိုလ် သတ္တဝါ ရောသေးသလား။ (မရောပါဘုရား)၊ ရောစရာကို ပါသေးရဲ့ လား။ (မပါ,ပါ ဘုရား)။

ဒီစိတ်ကလေး ပေါ်လာတယ် ဆိုတော့ နှလုံးသွင်းတည့် ပြီ။ (မှန်ပါ့)၊ ပျက်သွားတယ် ဆိုတော့ ဒကာ ဒကာမတို့ အနိစ္စဉာဏ် ဝင်မလာဘူးလား။ (ဝင်လာပါတယ် ဘုရား)၊ ပထမ နှလုံးသွင်းတည့်လို့ ရှိရင် နောက်က ဝိပဿနာဉာဏ် အမှန်ဖြစ်တယ်။ (မှန်ပါ့)။

ဦးဘအုန်း ဘာတဲ့တုံး။ (နှလုံးသွင်း တည့်လို့ ရှိရင် ဝိပဿနာဉာဏ် ဝင်ပါတယ်)၊ နှလုံးသွင်း တည့်တယ် ဆိုလို့ ရှိရင် ဝိပဿနာ ဉာဏ် ဝင်တာပဲ။ (မှန်ပါ့)၊ နှလုံးသွင်းက နဂိုကိုက မတည့်ဘူး ဆိုလို့ ရှိရင် ဝိပဿနာ ဉာဏ်က မလိုက် နိုင်ဘူး။ (မှန်ပါ့ဘုရား)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒါ့ကြောင့် “ယောနိသော ဘိက္ခဝေ မနသိကရောတော အနုပ္ပန္နာ ကုသလဓမ္မာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ စ အကုသလာ ဓမ္မာ ပရိဟာယန္တိ”။ (အင်္ဂုတ္တရ်ပါဠိတော်၊ ပ၊ ၁၂)

ဘုရားက အင်္ဂုတ္တိုရ်မှာ ဟောတယ်၊ နှလုံးသွင်း မှန်ပေးလို့ ရှိရင် မဖြစ်သေးဘူးဆိုတဲ့ မဂ် ဖြစ်ရမယ်၊ ဖြစ်ပြီး မဂ်သည်ကားလို့ ဆိုရင် ခဏခဏ ပွားများတဲ့ အခြေအနေ ရောက်ရတော့မယ်။ (မှန်ပါ့)၊ နှလုံးသွင်း တည့်ဖိုပဲ အရေး ကြီးတယ်။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ပေါ်လာတဲ့ ဓမ္မကို သူ့နာမည် မပေးချင် – ထားပါတော့၊ စာမတတ်လို့ နာမည် မပေးချင်ရင် ထားပါတော့။ (မှန်ပါ့)။

ဓမ္မပေါ်ပြီး ဓမ္မပျောက်တာ သိပေး

ဪ ဒါဟာ ဓမ္မကလေး ပေါ်ပြီး ဓမ္မကလေး ပျောက်တာကိုး။ (မှန်ပါ့)၊ စာတတ်မှ နာမည် ပေးတတ် တာကိုး။ (မှန်ပါ့)၊ စာမတတ်တဲ့ ပုဂ္ဂိုလ်က နာမည် ပေးချင်လို့ (မရပါဘုရား)၊ မရနိုင်တော့ သော် ဒါ ကလေးဟာ ဓမ္မကလေး ပေါ်လာပြီး အခု ဓမ္မကလေး ပျက်ပြီ။ (မှန်ပါ့)၊ ဓမ္မ ပေါ်လာတယ် ဆိုရင်ပဲ နှလုံးသွင်း တည့်ပြီ။ (မှန်ပါ့)။

ဦးဘအုန်း ဘာတဲ့တုံး (ဓမ္မ ပေါ်လာတယ် ဆိုရင် နှလုံးသွင်း တည့်ပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ ဘုန်းကြီးက အားပေး နေတယ်လို့ ခင်ဗျားတို့က မယူပါနဲ့၊ အမှန် ပြောနေတယ်လို့ ဆုံးဖြတ်ချက် ချပါ။ (မှန်ပါ့)၊ အားပေးနေတယ်လို့ ယူလိုက်လို့ ရှိရင်ဖြင့် ခင်ဗျားတို့မှာ ပေါ့သွားမယ် (မှန်ပါ)။

ဆရာဘုန်းကြီးက အခု ဟောနေတာက အားပေးနေ တာ မဟုတ်ပါဘူး၊ အမှန်ကို ပြောနေလို့ ခင်ဗျားတို့ က အမှန်အတိုင်းသာ ကျင့်ဖို့ပဲ အရေးကြီးတယ်။ (မှန်ပါ့)၊

အားပေးနေတယ်ဆိုတဲ့ဥစ္စာက ဦးခင်မောင် ကလေးအငို တိတ်အောင် လုပ်တာနဲ့ တယ် တူတယ်။ (မှန်ပါ့)၊ ကလေး အငိုတိတ်အောင် ဆိုတော့ ခင်ဗျားတို့ က ကလေးတွေမှ မဟုတ်ဘဲ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

သုပ္ပဗုဒ္ဓလို့၊ သူရာမုခလို ပုဂ္ဂိုလ်တွေ

အားပေးတာ မဟုတ်ပါဘူး၊ ဓမ္မပေါ်တယ်လို့ သိလို့ ရှိရင် တော်ပါပြီ။ (မှန်ပါ့)၊ ဘာ့ကြောင့်တုံး ဆိုတော့ ဘုရား လက်ထက်က ဘေးက နေပြီး တရားနာတဲ့ သုပ္ပဗုဒ္ဓတို့ လို သူရာမုခတို့ လို ပုဂ္ဂိုလ်တွေ ဘယ်က စာတာ ပါလိမ့်မတုံး ဗျ၊ ဘယ်က ဘာဖြစ်လာပြီလို့ အမည်နာမ သိဖို့ မလွယ် ပါဘူး။ (မှန်ပါ့)။

မှတ်ချက်။ ။သုပ္ပဗုဒ္ဓ-ကိုယ်ရေပြားရောဂါသည်၊ သောတာပန်တည်။ သူရာမုခ-အရက်သမားကြီး သောတာပန်တည်။

ဓမ္မကလေးပေါ်လာတာ၊ ဪ ဒီ ဓမ္မကလေး ပေါ်ပြီး ဓမ္မကလေး ပျက်တာတော့ သိမှာ ပေါ့ဗျာ။ (မှန်ပါ့)၊ အဲဒါလောက်နဲ့ပဲ သောတာပန် တည်ကြတာပါပဲ။ (မှန်ပါ့ ဘုရား)၊ ချောင်းပြီး နာတဲ့ ပုဂ္ဂိုလ်ကလဲ နာရင်း သောတာပန် တည်ကြတာပဲ။ (မှန်ပါ့)။

အဲဒါ သူတို့က ပါရမီ ရဲရဲတောက်တွေမို့လို့ ခင်ဗျား တို့က ဆိုဦးမယ်။ (မှန်ပါ့)၊ ယောနိသော မနသိကာရ မှန်လို့ ရကြတာပါပဲ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီဘုရား)။

ဒါ ခင်ဗျားတို့က သူတို့ ကတော့ ရဲရဲတောက်တွေ၊ တပည့်တော်တို့က အိုးများ ရေဖုံးနေသလို ကိုယ့်ကိုယ်ကိုယ် သိပ်ပျော့တယ် ထင်တာ (မှန်ပါ့)၊ အိုးများ ရေဖုံးနေတော့ ဘယ်တော့ ရဲဦးမှာတုံး။ (မရဲပါဘုရား)၊ သဘောပါ ပလား။ (ပါ,ပါပြီဘုရား)။

လျှော့တဲ့စကား မသုံးနဲ့

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ လျှော့တဲ့ စကားကို မသုံးနဲ့။ (မှန်ပါ့)၊ ဓမ္မပေါ့လို့ ဓမ္မပျက်တာ သိအောင်လုပ်။ (မှန်ပါ့)။

“သဗ္ဗေ ဓမ္မာ အနတ္တာ” လို့ ဟောထားတယ်၊ ဘုန်းကြီးက ဒီဥစ္စာ တန်းဆာဆင် ပြောတာ မဟုတ်ပါဘူး။ (မှန်ပါ့)။

“သဗ္ဗေ သင်္ခါရာ အနိစ္စာ” ဒီအထဲမှာ သင်္ခါရတရား ပေါ် ပြီး သင်္ခါရတရားပျက်တယ်၊ ဓမ္မ ပေါ်ပြီး တော့ (ဓမ္မပျက်ပါ တယ်)၊ ဒါပဲ ရှိတယ် ဆိုတော့ ဦးခင်မောင် နာမည်ပေးဖို့ လိုသေး သလား။ (မလိုပါ ဘုရား)။

အဲဒီတော့ နာမည် ပေးတာ ကတော့ မြတ်စွာဘုရားက ပေးနိုင်တယ်။ (မှန်ပါ့)၊ ခင်ဗျားတို့က နာမည်ပေး မနေ နဲ့တော့၊ ဓမ္မသိဖို့ အရေးကြီးပါတယ်၊ ဘုရားပေးပြီး နာမည် အတိုင်းပဲ သိပေါ့ဗျာ။ (မှန်ပါ့ဘုရား)။

ဓမ္မပေါ်လို့ ဓမ္မပျက်တာ သိအောင်လုပ်နေပါ

ဒီ ဓမ္မကလေး တစ်ခု ပေါ်လာပြီး ဒီဓမ္မ ကလေး မရှိဘူး၊ နောက်ဓမ္မ ကလေး တစ်ခု ပေါ်လာပြီး ဒီဓမ္မကလေး မရှိဘူး၊ ဒါကို ခင်ဗျားတို့ က သိဖို့ အရေးကြီးတယ်။ (မှန်ပါ့)၊ သဘော ပါကြပလား။ (ပါ,ပါပြီ ဘုရား)။

အဲဒီတော့ ဓမ္မ ပေါ်တယ်လို့ သိရင် ယောနိသော မနသိကာရ ဖြစ်ပြီ။ (မှန်ပါ့)၊ ဓမ္မ မရှိဘူးလို့ သိရင် ဝိပဿနာ ဉာဏ် (မှန်ပါ့)၊ဒါဖြင့် ယောနိသောမနသိကာရ နောက်က ဝိပဿနာဉာဏ် လိုက်ပါ။ (မှန်ပါ့ဘုရား)။

ဓမ္မပေါ်လာတယ်လို့ သိတာက (ယောနိသော မနသိကာရပါ ဘုရား)၊ ပုဂ္ဂိုလ် သတ္တဝါ ပေါ်လာ တယ်လို့ သိတာမှ မဟုတ်ဘဲ ကိုးဗျ။ (မှန်ပါ့)၊ အကြောင်း တိုက်ဆိုင်လို့ ဓမ္မကလေး တစ်ခု ပေါ်လာ တယ်၊ ဥပမာ ယားတဲ့ ဓမ္မကလေး တစ်ခု ပေါ်လာတယ်။ (ယောနိသော မနသိကာရ ပါ ဘုရား)။

စားချင်တဲ့ ဓမ္မကလေး တစ်ခု ပေါ်လာတယ်။ (ယောနိသော မနသိကာရပါ)၊ ဒါကလေးဟာ ပျက်သွားပြီလို့ သိလိုက်တဲ့ အခါကျတော့ ဝိပဿနာ နောက်က လိုက်လာ တယ် (မှန်ပါ့ဘုရား)။

ဒါဖြင့် ယောနိသော မနသိကာရ ရှိလို့ရှိရင် ဝိပဿနာ က အတည့် ဖြစ်ပါတယ်။ (မှန်ပါ့)၊ ယောနိသော မနသိကာရ ရှေ့သွားက မတည့်ရင် ဝိပဿနာ နောက်က လိုက်လို့ ကို မရဘူး။ (မှန်ပါ့)၊ သဘောပါ ကြပလား။ (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အားငယ်စရာ ရှိရဲ့လား။ (မရှိပါ)၊ ကိုင်း ဒါဖြင့် ယနေ့ ပြောချင်တာက ကိုယ့်ဟာ ကိုယ် ရဲရဲတင်းတင်းနဲ့ ပုဂ္ဂိုလ် သတ္တဝါ မရှိတာကို ကိုယ့် ခန္ဓာထဲမှာ မွှေနိုင် သလောက် မွှေပြီးတော့ သိအောင်လုပ်ရ မယ်။(မှန်ပါ့ဘုရား)၊ ဦးခင်မောင် သဘောကျပလား။ (ကျပါပြီဘုရား)။

ကိုယ့်ခန္ဓာထဲ မွှေနိုင်သလောက်မွှေပြီး သိအောင်လုပ်ပါ

ကိုယ့်မနောထဲမှာ (မွှေနိုင် သလောက် မွှေပြီးတော့ သိအောင် လုပ်ရပါမယ်)၊ မွှေနိုင် သလောက် မွှေပြီး ပုဂ္ဂိုလ် သတ္တဝါ လုံးဝ မရှိဘူးလို့ ဆုံးဖြတ်ချက် ချနိုင်လောက်အောင် လုပ်လို့ ရှိရင် အဲဒါ သောတာပန် အမြင်လို့သာမှတ်ပါ။ (မှန်ပါ့ဘုရား)။

ဒါက ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ စင်ပြီးသား ပုဂ္ဂိုလ်၏အမြင်ဟာ ဒီအမြင်ပဲလို့ ဘုရားက ဟောတာ။ (မှန်ပါ့) သဘောကျပလား။ (ကျပါပြီဘုရား)။

မဂ်နောက်က ဖိုလ်နှစ်ကြိမ်သုံးကြိမ်လိုက်တယ်

ကဲ ဒါဖြင့် သောတာပန် တည်ပြီးတဲ့ ပုဂ္ဂိုလ်၏ အမြင် သေချာပြီနော်။ (မှန်ပါ့)၊ မနေ့က မဂ်နောက်က ဖိုလ်လိုက် တယ်လို့ ဘုန်းကြီးက ဟောခဲ့တယ်။ (မှန်ပါ့)၊ ဖိုလ် နှစ်ကြိမ် သုံးကြိမ် တစ်မျိုး ပြောခဲ့တယ်။ (မှန်ပါ့)၊ ဝိပဿနာ နောက်ကလဲ ဖိုလ် လိုက်တယ်လို့ မနေ့က ပြောထားခဲ့ တယ်။ (ပြောပါတယ် ဘုရား)။

ဝိပဿနာနောက်ကတော့ ဖိုလ်အများကြီးလိုက်တယ်

အဲဒါ အဆက်ပြောဖို့ ထားခဲ့တာ၊ ဒကာ ဒကာမတွေ သိပြီးသား ဖြစ်ပါတယ်။ (မှန်ပါ့)၊ မဂ်နောက် ကတော့ ဖိုလ် နှစ်ကြိမ် သုံးကြိမ် လိုက်တယ်။ (မှန်ပါ့)၊ ဝိပဿနာ နောက် ကတော့ ဖိုလ် အများကြီး လိုက်တယ်။ (မှန်ပါ့ဘုရား)။

ဒါဖြင့် ဖိုလ်ဝင်စားတဲ့ အဓိပ္ပါယ်ကလေး နည်းနည်း ရှင်းပေး ပါ့မယ်နော်။ (မှန်ပါ့)၊ ကိုင်း ခန္ဓာကိုယ်ကို ကြည့် ကြပါစို့ ဒကာ ဒကာမတို့၊ ခန္ဓာကိုယ် ကြည့်လိုက်တဲ့ အခါ ကျလို့ ရှိရင်ဖြင့် ဓမ္မဖြစ်၍ ဓမ္မပျက် တာ ကလေးတွေ မတွေ့ ပေဘူးလား။ (တွေ့ပါတယ် ဘုရား)။

ဓမ္မဖြစ်၍ ဓမ္မပျက်တာ ကလေးတွေချည့် တွေ့တွေ့ – တွေ့ တွေ့ နေတာက ဦးဘအုန်း ဘယ်သူ့ အမြင်တုံး။ (သောတာပန် ပုဂ္ဂိုလ်၏ အမြင်ပါဘုရား)၊ သောတာပန် ပုဂ္ဂိုလ် ဆိုတာ သောတာပတ္တိဖိုလ် ကို ဆိုသည်။ (မှန်ပါ့ဘုရား)။

ကောင်းပြီ၊ အဲဒီပုဂ္ဂိုလ်က ဓမ္မကလေးတွေ ဖြစ်ပြီး ဓမ္မကလေးတွေချည့် ပျက်တာကို မြင်တော့ တယ်။ (မှန်ပါ့)၊ ဘာမြင် ပါလိမ့်။ (ဓမ္မကလေး တွေချည့် ဖြစ်ပြီး ဓမ္မကလေး တွေချည့် ပျက်တာကို မြင်ပါတယ် ဘုရား)။

သောတာပန်ပုဂ္ဂိုလ် ဖိုလ်ဝင်စားတယ်ဆိုတာ

ခန္ဓာကိုယ်ထဲမှာ ဓမ္မကလေးတွေ ချည့် ဖြစ်လိုက်၊ ဓမ္မကလေး တွေချည့် ပျက်လိုက်၊ အဲဒါ သောတာပန် ပုဂ္ဂိုလ်က မြင်နေတော့ ဒါကလေးတွေ မြင်ရင်း မြင်ရင်းမတ္တနဲ့ တစ်ခါ တည်း ဒီအမြင် ကလေးတွေဟာ ဒကာ ဒကာမတို့ ပထမတော့ ဒါကို မြင်သေးတာပဲ။ (မှန်ပါ့)၊ ခုနင်က ပြောခဲ့တဲ့ လေးချက်နဲ့ ရဲရဲ တင်းတင်း မမြင်ဘူးလား။ (မြင်ပါတယ် ဘုရား)။

ဖြစ်ပျက်ကနေပြီး မဂ်မပါဘဲနဲ့ ကူးသွားတယ်

မြင်ရာက နေပြီး သကာလ ဒကာ ဒကာမတို့ သူက တော့ ဒုက္ခသစ္စာကို ပိုင်းခြားတယ်၊ သမုဒယသစ္စာ ပယ်တယ်၊ ဒါတွေ မလာတော့ဘူး၊ ဖျတ်ဆို ဒုက္ခသစ္စာ ဖြစ်ပျက် ချုပ်ပြီး နိရောဓ သစ္စာဘက် အာရုံပြု ကူးသွားတာပဲ။ (မှန်ပါ့)၊ ဖြစ်ပျက်က နေပြီး မဂ်မပါဘဲနဲ့ ကူးသွားတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်ကို ကူးပါလိမ့်။ (ဖြစ်ပျက် ကနေပြီး မဂ်မပါဘဲနဲ့ ကူးသွား ပါတယ်)၊ ဖြစ်ပျက်က နေပြီး ဒုက္ခသစ္စာ ပိုင်းခြား၊ နိရောဓ သစ္စာ မျက်မှောက်ပြု၊ သမုဒယ သစ္စာကို ပယ်၊ မဂ္ဂသစ္စာကို ပွားများ၊ ဒီလို အစီအစဉ်တွေ မလာတော့ဘူး၊ သစ္စာလေးပါး တစ်ပြိုင်နက် မလာတော့ဘူး၊ တစ်ခါတည်း ဒုက္ခသစ္စာလဲ ချုပ်ပြီး နိရောဓ သစ္စာ အာရုံပြု ပေါ်လာတာပဲ။ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒုက္ခသစ္စာ ချုပ်ပြီးတော့ နိရောဓသစ္စာ ပေါ်တာပဲ။ အာရုံပြုသော အားဖြင့် ပေါ်လာတယ်။ (မှန်ပါ့)၊ ဒုက္ခနိရောဓ ပေါ်လာတယ်၊ ဒါက နိရောဓသစ္စာ နိဗ္ဗာန်၊ ဒါက ဖိုလ်ဇောတွေ ပေါ့ဗျာ။ (မှန်ပါ့ဘုရား)။

ဝိပဿနာနောက်က ဖိုလ်လိုက်လာတယ်

ဝိပဿနာ ချုပ်သွားပြီး ဝိပဿနာ နောက်က ဘာလိုက် သတုံး။ (ဖိုလ်လိုက် ပါတယ်)၊ ဖိုလ်လိုက် လာတယ်၊ မဂ် လုံးဝ မပါဘူး။ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဖိုလ်သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဘာနဲ့ သူနဲ့ တည့်နေသတုံး ဆိုတော့ ဒုက္ခသစ္စာ ချုပ်တဲ့ နိဗ္ဗာန်နဲ့ တည့်နေတာပဲ။ (မှန်ပါ့)။

ဖိုလ်သည် နိဗ္ဗာန်နဲ့ တည့်နေတယ်

ပထမ ဖိုလ် ပေါ်လာပြီး ပထမဖိုလ်နဲ့ တည့်နေတယ်။ ပထမဖိုလ် ချုပ်သွားတော့ ဒုတိယဖိုလ်နဲ့ တည့်နေပြန်တယ်၊ နိဗ္ဗာန် ကတော့ အမြဲပေါ့ ဗျာ၊ ဖိုလ်ကတော့ အလှည့်နဲ့။ (မှန်ပါ့)၊ မဆိုနိုင် ဘူးလား။ (ဆိုနိုင် ပါတယ် ဘုရား)။

ဒါဖြင့် ဒုတိယဇောကိုလဲ “နိဗ္ဗာနံ ဖလဿ အရမ္မဏ ပစ္စယေန ပစ္စယော” ဆိုတဲ့အတိုင်း မလာ ဘူးလား (လာပါတယ် ဘုရား)၊ နောက် တတိယ ဇောကိုကော (နိဗ္ဗာနံ ဖလဿ ပါပဲ)၊ နိဗ္ဗာန်ချည့် တွေ့နေတာ ပဲ။ (မှန်ပါ့)၊ ဒါဖြင့် နိဗ္ဗာန် ဘယ်လောက် ထိအောင် တွေ့နိုင် သတုံးလို့ မေးလို့ ရှိရင်ဖြင့် အရေအတွက် မရှိဘူး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီဘုရား)။

ဖလသမာပတ် ဝင်စားတယ်ဆိုတာ

နိဗ္ဗာန် ဘယ်လောက် တွေ့ရမှာတုံး။ (အရေအတွက် မရှိပါ ဘုရား)၊ အရေအတွက် မရှိအောင် တွေ့ ရမှာ ဆိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒါဟာ ဖလသမာပတ် ဝင်စားတာ လို့သာ မှတ်လိုက် ပေတော့၊ ဖိုလ်စိတ်နဲ့ချည့် နေတော့ တာပဲ။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ နက်ဖြန်မှ ပို ရှင်းမယ်၊ နားကြဦးစို့။

သာဓု သာဓု သာဓု။