077

“နွားကျောင်းသားနှင့် နွားနို့ပိုင်ရှင်”

ရှေ့စိတ်ကိုနောက်စိတ်နှင့်လို့ရပါ့မလား (ဦးလွန်းဖေ၏မေးမြန်းချက်)

တရားနှစ်ပုဒ်ပါဝင်ပါသည်။

မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ်၏ အမှာစာ

“နွားကျောင်းသားနှင့် နွားနို့ပိုင်ရှင်” တရားတော်သည်၊ ရန်ကုန်မြို့ ခြောက်ထပ်ကြီး၊ ဘုရားကြီးတိုက်၌ မိုးကုတ် ဆရာတော်ဘုရားကြီး၊ သံဃာတော်များအား ဟောကြားတော် မူသော တရားတော် ဖြစ်ပါသည်။

တရားတော်တွင် သာသနာတော် သုံးရပ်နှင့် ရေကန်ကြီး ၏ ကန်ဘောင်၊ ကန်ရေ၊ ကြာဖူး၊ ကြာပွင့်တို့ကို နှိုင်းယှဉ်ထားရာ ကန်ဘောင်ကောင်းမှ ကန်ရေ ရမည်ဖြစ်ပါသည်။ ကန်ရေပြည့်မှ ကြာဖူး ကြာပွင့်များကို ခူးဆွတ်နိုင်မည် ဖြစ်ပါသည်။

ထို့အတူ ကန်ဘောင်နှင့်တူသော ပရိယတ္တိပြီးမြောက် လျှင် ပဋိပတ် ဖြစ်သော ကန်ရေ ဖြည့်ကြပါ၊ သို့မှသာ ပဋိဝေဓ ဖြစ်တဲ့ ကြားဖူး ကြာပွင့်၊ တရားထူးများ သိမြင်၍ ရည်မှန်းချက် ပြည့်ဝ ကြမည် ဖြစ်သဖြင့် နွားကျောင်းသား ဘဝမှ နွားနို့ပိုင်ရှင် အဖြစ်သို့ ရောက်မည်ဖြစ်ပါသည်။

ဤသို့ ပေါက်မြောက် လာစေရန် သလ္လေခ တရားတော် ကို လက်သုံးထားပြီး မကောင်းမှု အားလုံးကို မပြုလုပ်ကြဘဲ ဝိပဿနာဉာဏ် မဂ်ဉာဏ်သို့ တက်လှမ်းကြပါရန် ဩဝါဒ ပေးသော တရားတော် ဖြစ်ပါသည်။

ဒုတိယတရားတော်မှာ ရန်ကုန်မြို့ ဦးသံဒိုင်တိုက်၌ အမြတ်တော်မင်းကြီး ဦးလွန်းဖေ မေးသဖြင့် ဟောကြား ချီးမြှင့်သော တရားတော်ဖြစ်ပါသည်။ တရားတော်သည် ခက်ခဲသည်။ နက်နဲ သည်။ စိတ်ပိုင်း ဆိုင်ရာ မရှင်းလင်းသော အချက်များကို ဖြေကြား ထားခြင်း ဖြစ်၍ ယောဂီများ အတွက် အမှန်ပင် ကျေးဇူးများ မည်ဖြစ်ပါသည်။

သူတော်ကောင်းရတနာ (၇) ပါးကိန်းကြပါစေ။

၁ဝ၊ ၁ဝ၊ ၉၉

အမှုဆောင်အဖွဲ့။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ရန်ကုန်မြို့၊ ခြောက်ထပ်ကြီး၊ ဘုရားကြီးတိုက်၌

သံဃာတော်များအား ဟောကြားတော်မူသော တရားတော်

“နွားကျောင်းသားနှင့် နွားနို့ပိုင်ရှင်”

(၉-၇-၆၂)

အားလုံး တပည့်တော်တို့ သာသနာ့ ဝန်ထမ်း ရဟန်း အဖြစ်သို့ ရောက်ပြီး သကာလ လာကြတော့ သက်ကြီးသော သူ၊ ဝါကြီးသောသူ၊ ဂုဏ်ကြီးသော သူများကို ပူဇော် ဖူးမြော် မာန်လျှော့ ကန်တော့ရခြင်းသည်။

“အဘိဝါဒန သီလိဿ၊ နိစ္စံ ဝုဎာ ပစာယိနော၊

စတ္တာရော ဓမ္မာ ဝတ္တတိ၊ အာယု ဝဏ္ဏော သုခံ ဗလံ” လို့ ဓမ္မပဒ ပါဠိတော် ကြီး များလာနေတဲ့ အတွက် ခုနက ရှိခိုးပူဇော် ဖူးမြော် မာန်လျှော့ ကန်တော့ရခြင်းတည်း ဟူသော အကြောင်းကြောင့် အာယု အရှင်ဘုရားများ အသက်ရှည်မှု ကိုလည်း ပထမဇော စေတနာက အကျိုးပေး လိမ့်မယ် ဆိုတာ စာသမားတွေ ဖြစ်နေတဲ့ အတွက် တပည့်တော်တို့ ကလည်း စာချဘုန်းကြီး ဖြစ်ပြီး အဲဒီကမှ တက်လာ တဲ့ ဓမ္မကထိက ဖြစ်လို့ ။

သြော် ငါတို့ ခုနက ကာယကံ ဝစီကံ မနောကံဖြင့် သက်ကြီးသောသူ ဝါကြီးသောသူ ဂုဏ်ကြီး သော သူများကို ကန်တော့ ရခြင်းသည် အာယု ဆိုတဲ့ အသက်ရှည်မှုကိုလည်း ပထမဇောက အကျိုးပေး လိမ့်မယ်လို့ မှတ်ကြစမ်းပါ။

နိစ္စံ ဝုဎာ ပစာယိနော၊ စတ္တာရော အာယု ဝဏ္ဏ- အဆင်း အစရှိသည်တို့ ပြည့်ဝ စေတဲ့ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်း ကိုလည်း ရလိမ့်မယ် ဆိုတာ မှတ်တာပေါ့။

ဗလဆိုတဲ့ ပရိယတ္တိ သာသနာကြီးကိုလည်း ကြိုးစား နိုင်တဲ့ အားအင် ဗလနဲ့လည်း ပြည့်စုံ လိမ့်မယ် ဆိုတာ ခုနက ရှိခိုး ခြင်းတည်း ဟူသော အကြောင်းကံ စေတနာ တို့ကြောင့် အခု ခုနက သီတင်း သုံးဖော် ဖြစ်တဲ့ ဦးကောဏ္ဍည အစရှိသည် တို့ကို ဆရာတော်ကြီးတို့ တောင်းပန်ပြီး သကာလ အခု အရှင်ဘုရား များကို တပည့်တော်များက သတိ ပေးတဲ့ သဘော၊ ကိုယ့်သာသ နာကြီးကို ကိုယ်စောင့် စေလိုတဲ့ သဘော၊ အရှင်ဘုရားများ အားထုတ်နေတဲ့ ပရိယတ်မှ ကွယ်ဝှက် သွားခဲ့သည် ရှိသော် ပဋိပတ် တရားသည် အခြေ မခိုင်တော့ပါဘူး၊ ယိုင်လဲ ရမယ်ဆို တာကိုလည်း အားလုံး သိပြီးသား ဖြစ်ပါ လိမ့်မယ်။

အဲဒီ ပဋိပတ် ယိုင်လဲ သွားလို့ ရှိရင် ပဋိဝေဓဆိုတဲ့ ကြာနဲ့တူ တဲ့၊ ပဋိဝေဓ ဆိုတဲ့ ထိုးထွင်းသိ ပညာတွေ လည်း ကွယ်ပျောက် သွားလိမ့်မယ် ဆိုတာကို အရှင်ဘုရားများ သိပြီးသား ဖြစ်တဲ့ အတွက် တပည့်တော ်များက လာပြီး ဩဝါဒ ပေးရခြင်းသည် အရှင်ဘုရားတို့၏ ကန်ဘောင် ဆည်မှုကြီးကို ခိုင်ခိုင် လုပ်တော် မူကြပါ ဆိုတဲ့ အကြောင်းကို ကောင်းကောင်း သတိ ပေးတယ် ဆိုတာကို မှတ်ဖြစ်အောင် မှတ်ကြပါ။

သာသနာ့ဝန်ထမ်းရဟန်းတော်များ

သြော် ငါတို့ လုပ်နေတဲ့အလုပ်ဟာ သာသနာ့ ဝန်ထမ်း ရဟန်းရယ်လို့ ဖြစ်ပြီး သကာလ နေကြတဲ့ အတွက် သာသနာ့ အကျိုး သယ်ပိုး နေကြပါလား ဆိုတာ သံသယ မရှိဘဲနဲ့ ရွက်ဆောင် ပါ ဆိုတာ ကိုလည်း တပည့်တော်များက တိုက်တွန်းပါတယ် အားလုံး သံဃာတော်တွေကို။

ကဲ-ဒါဖြင့် သဂါထာမှာ လာတဲ့ အတိုင်းပေါ့လေ။ သဂါထာမှာလာတဲ့ အတိုင်း ကန်ဘောင် မရှိရင် ရေ မတည်နိုင် ရေမတည် နိုင်လို့ရှိရင် ကြာမပွင့်နိုင် ဆိုတဲ့ သဂါထာ စကားကို သိပြီးသား ဖြစ်တဲ့ အတွက် အရှင် ဘုရားများသည် ဒီဘုရားကြီး တိုက်မှာ ပရိယတ္တိ သာသနာ တော်မြတ်ကြီးကို စာချဆရာတော် တွေနဲ့ အရှင်ဘုရားများက သယ်ပိုး ရွက်ဆောင ်နေခြင်းသည်။

ဪ တိုက်တည်တဲ့ အခါမှာ ဖောင်ဒေးရှင်း ဆိုတဲ့ အုတ်မြစ်သည် အရေးအကြီးဆုံး ဖြစ်တော့ အရှင်ဘုရားများ တိုက်က ပရိယတ္တိ သာသနာ တော်ကြီးကို အထူးတလည် အားပေး နေခြင်းကြောင့် ပရိယတ္တိ ခိုင်မြဲမှုမှာဖြင့် တို့တာဝန်ပဲ ဆိုတဲ့ ဥစ္စာ အားလုံး သံဃာတွေ မှတ်ဖို့ပါပဲ။

နှစ်ပေါင်း (၃၀) စာဝါပို့ချခဲ့တယ်

အခု ပဋိပတ်တွေ အင်မတန် ထွန်းကား နေတယ် ဆိုတာ လည်း အရှင်ဘုရားတို့ သိပါတယ် အဲဒါ ဘယ်လို ပုဂ္ဂိုလ်တုံး ဆိုတော့ အထူးသူများ ရှာနေလို့ရှိရင်ဖြင့် သက်သေ သာဓကဟာ ဝေးပါတယ်။ တပည့်တော် ကိုယ်တိုင် နှစ်ပေါင်း သုံးဆယ် ပရိယတ္တိ သာသနာကြီး ပို့ချ လာပါတယ်၊ သံဃာ စာတစ်ဝါမှာ နှစ်ရာလောက် ရှိပါတယ်။

ဒီလောက် ဖြစ်အောင် ပို့ချသယ်ပိုးပြီး သကာလ လာခဲ့ ခြင်းကြောင့်လည်း ဦးကောဏ္ဍညတို့ အစရှိသော နိုင်ငံမှာ သာသနာ အကျိုး ရွက်ဆောင် နေကြတာ တပည့်တော်၏ ကျေးဇူး ကင်းတာ ရှာမှ ရှားပါတယ်။

အဲဒါကြောင့် ငါလည်း ဒီလမ်းက တက်လာတော့ ကြုံတဲ့ အခါမှာ ငါလိုပဲ အားထုတ်ချင်တဲ့ နှစ်ပေါင်း ၃၀၊ ၄၀၊ ၅၀ တိုင်တိုင် ပရိယတ္တိ သာသနာ တော်ကြီး ကိုဖြင့် ကန်တောင်ကြီး ကိုဖြင့် ဘယ်တော့မှ မကျိုး မပေါက်ရအောင် ငါတို့ ရွက်ဆောင် မယ် ဆိုတဲ့ ဥစ္စာ တပည့်တော်ကို မူထားပြီး စောင့်ရှောက်ကြပါ။

ကန်ဘောင်ကြီးကိုဆည်ကြပါ

အခု မှတ်သားနေတဲ့ ပုဂ္ဂိုလ်များ ကလည်း တဲ့၊ ဒီ ကန်ဘောင်ကိုဖြင့် မကျိုးမပေါက် ရအောင် စောင့်ရှောက်ကြ ပါဆိုတာကို ပရိယတ္တိ ကန်ဘောင်ကြီးကို ဆည်ဖြစ်အောင် ဆည်ကြပါ ဆိုတာကိုဖြင့် သတိပေး လိုက်ပါတယ်။

အရှင်ဘုရားများက မဆည်တော့ပါဘူး ဆိုလို့ ရှိရင်ဖြင့် ဘာသာပျောက် သာသနာ ပျောက်ပြီး မွေးတဲ့ ပုဂ္ဂိုလ် အလုံးစုံ အကုန် အပါယ်ရောက်မယ်။ ဒါကြောင့် ဘာသာပျောက် သာသနာ ပျောက်သွားလို့ ရှိရင်ဖြင့် မွေးတဲ့ပုဂ္ဂိုလ် အပါယ် ရောက်မှု ကို ကယ်တင် နေသောကြောင့် အရှင်ဘုရား များ၏ အားထုတ် နေတဲ့ ပရိယတ်ဟာ စာလေး တစ်လုံး အံလိုက်လို့ ရှိရင်လည်း ဥပနိဿယ ပစ္စယော ပါပဲ၊ ဒကာ ဒကာမတွေ အပေါ်မှာ အားကြီးသော အကြောင်း ဖြစ်ပါတယ်။

မျက်လုံးကန်းတွေကို မျက်လုံး ဖွင့်ရမဲ့ နေရာ ဌာနမှာ ပရိယတ်တည်း ဟူသော ဓမ္မသည် သာလျှင် မျက်လုံး ကန်းတွေကို မျက်လုံး ဖွင့်ပေးနိုင်တယ် ဆိုသောကြောင့် သူဟာ ဥပနိဿယ ပစ္စည်း ဖြစ်ပါတယ်၊ အားကြီးသော အကြောင်းကို ဥပနိဿယ ပစ္စည်းလို့ ဆိုပါတယ်။

ပရိယတ္တိသာသနာတော်

အဲဒါကြောင့် အရှင်ဘုရားတို့သည် တပည့်တော်တို့လို သက်ကြီး ဝါကြီး ဖြစ်တဲ့ ပုဂ္ဂိုလ် ပြောဆိုတဲ့ စကားကို ယုံကြည် လေးစားသော အားဖြင့် လည်းကောင်း၊ ကန်ဘောင်ကြီး မကျိုးအောင်၊ မကျိုး မပေါက် ရအောင်ဖြင့် ငါတို့ တာဝန်ယူမှ ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ မွေးပြီး သကာလ ပရိယတ္တိ သာသနာတော် ကြီးကိုဖြင့် ချီးမြှောက် ဖြစ်အောင် ချီးမြှောက်ပါ။ ပြီးမြောက်အောင် တတ်မြောက် အောင် သင်ယူကြပါ ဆိုတာကို လေးစားစွာနဲ့ ပရိယတ်၊ ပဋိပတ် ပြောဆိုနေတဲ့ တပည့်တော်က အရှင်ဘုရား များအား များစွာ တိုက်တွန်းပြီး သကာလ အကျိုးစီးပွား အလိုရှိသောကြောင့်။

တစ်ယောက်တည်း ဆောင်လို့ တပည့်တော်တစ် ယောက်တည်း ပရိယတ် ဆောင်နေလို့ ပဋိပတ် ဆောင်နေလို့ မပြီးပါဘူး။ အကုန်လုံးက ဆောင်နိုင်တဲ့ စွမ်းရည် သတ္တိရှိနေ သောကြောင့် လည်း ဒီ အစီအစဉ်ဖြင့် အား မလျှော့ဘဲနဲ့ ပရိယတ် အကူအညီနဲ့ ပေးကြပါဆိုတဲ့ ဥစ္စာကိုဖြင့် တပည့်တော်က များစွာ တိုက်တွန်း ပါတယ်။

အဲဒီ ပရိယတ် ကွယ်လို့ ရှိရင် အခု ပေါ်နေတဲ့ ဝိပဿနာ ပဋိပတ် ဆိုတာ ဒကာ ဒကာမတို့ အားလုံးသော သံဃာများတို့ ကန်ဘောင်ကျိုးလို့ ရှိရင် ရေတည်စရာ မရှိဘူး ဆိုတာ အကြီး အကျယ် မှတ်ယူ ထားကြပါ။

ဪ ငါတို့ ဖျက်လိုက်လို့ ရှိရင်ဖြင့် ငါတို့ဟာ လုံ့လ၊ ဝီရိယ ဆန္ဒတွေ လျော့လိုက်လို့ ရှိရင်ဖြင့် အကုန်ဖြင့် ဒလဟော အပါယ်သွားပေါ့ ဆိုတာကို ငဲ့ညှာသော အားဖြင့် ပရိယတ်ကို ကြိုးစား သည်ထက် ပိုမိုပြီး ကြိုးစား ကြပါ ဆိုတာကိုလည်း တိုက်တွန်းရင်း ဒီကနေ ပြီး သကာလ သတိပေး ပါတယ်။

ပရိယတ်တည်မှသာသနာတည်တယ်

အဲဒီ ပရိယတ်မှ အရှင်ဘုရားများက လှစ်လျူရှုလိုက် ကြတော့မယ် ဆိုလို့ရှိရင်ဖြင့် အခုပြောတဲ့ ပဋိပတ်ဟာ ဒီလူတွေ သေရင် သွားတာပဲ။ ပဋိပတ်မှ အထ မမြောက်သေးတော့ ပဋိဝေဓ ဆိုတာ အထ မြောက်ဖို့ ရာလည်း အလွန် ခဲယဉ်းသည် ဖြစ်လေ သောကြောင့် ငါတို့သာ အုတ်မြတ် အစစ်၊ ငါတို့သာ သာသနာ အခြေ အမြစ်၊ ပါဠိလို မရွတ်ပါဘူး ပရိယတ် တည်မှ သာသနာ တည်တယ် ဆိုတာ ပါဠိတွေ ခဏခဏ တွေ့နေကြတာ မလိုပါဘူး။

အဲဒါကြောင့် ပရိယတ္တိ သာသနာတော်ကြီးကို ရွက် ဆောင် နေတဲ့ ပုဂ္ဂိုလ်တွေဖြင့် ငါတို့ ဘယ်အကျိုး ရှိသတုံး၊ စာတတ်ကော ဘာထူးမှာတုံး ဆိုတဲ့ ဒီစိတ်မျိုး မပေါ်ဘဲနဲ့ စာမသိလို့ ရှိရင် ခန္ဓာ အရှိကို မသိပါဘူး၊ စာမသိလို့ ရှိရင်ဖြင့် ခန္ဓာ အရှိကို မသိပါ ဘူး။ ခန္ဓာ အရှိကို မသိဘူး ဆိုရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် မပေါ် ပါဘူး။

ဒါဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ပေါ်ခြင်း၏ အကြောင်း သည် အားလုံးသော သံဃာများတို့ စာအရှိကို ဉာဏ်နဲ့ သိမှ ဒီဟာသည် ရင့်ကျက်ပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ် ဖြစ်နိုင်ပါတယ်။

စာမပါဘဲနဲ့ သိတယ် ကျွမ်းတယ် ဆိုတာကဖြင့် ဘုရား ပရိနိဗ္ဗာန်စံ သွားလို့ ရှိရင်ဖြင့် စာသာ မရှိရစ်တော့ဘူး ဆိုရင် ပရိယတ်သာ မရှိရစ်တော့ဘူး ဆိုရင် အခုလောက်ရှိ ကွယ်တာ ကြာလှပါပြီ။

ဘယ်လို သာသနာ ငါးထောင် ထားခဲ့ ထားခဲ့ မူပျောက် သွားတယ် ဆိုလို့ ရှိရင်ဖြင့် အားလုံးသော သံဃာများတို့ အလုံးစုံ ဘာသာရေးကို အရင်းက နေပြီး လှဲလိုက် သလို ပြိုကွဲသွား ပါတယ်။

ဒါကြောင့်မို့ ဘုရားကြီးတိုက်မှာ ဆရာတော်ကြီးတွေ အမှူးထားလို့ ဆရာတော် ဦးကောဏ္ဍည တို့လို တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ် တပည့်တော်၏ တပည့်လည်း ဖြစ်နေတဲ့ အတွက် အားကိုး သော အားဖြင့် အရှင်ဘုရား များသည် ငါတို့ ဘာလုပ်စရာ ရှိသေး သတုံး ဆိုတဲ့ဥစ္စာကိုလည်း ။

လုပ်စရာရှိတဲ့ အလုပ်ဟာ တို့လုပ်နေတဲ့ အလုပ်အကြီး ဆုံးပေါ့ကွာ ဆိုပြီး ဆုံးဖြတ်ချက် ချကြပါ။ အဲဒီကဲ့သို့ ဆုံးဖြတ် ချက်ချလို့ ရှိရင်ဖြင့် တဲ့၊ အားလုံး ရန်ကုန်မြို့မှာ ရှိတဲ့ လူပေါင်း တစ်သန်းကျော် တစ်သိန်းကျော် အစ ရှိသူတို့ဟာ ဗုဒ္ဓဘာသာ မှန်က မနက်ကျရင် အရှင်ဘုရားများ ဆွမ်းခံကြွ လက်အုပ်ချီတဲ့ ကာမာဝစုရ ကုသိုလ် ဖြစ်ပါသေးတယ်။

အရှင်ဘုရားများက ထိုင်ပြီး သီလပေးခဲ့လို့ သီလကုသိုလ် ဖြစ်ပါသေးတယ် ဒီလိုကျင့်တဲ့၊ ဒီလို ကြံတဲ့လို့ ပြောလို့ ရှိရင်လည်း ပရိယတ်က ယူပြောတဲ့ အတွက် သူတို့မှာ အပါယ် လေးပါး တံခါးမှ ပိတ်နိုင်တဲ့ စွမ်းရည် သတ္တိ ရှိတယ်၊ မပိတ်နိုင်တောင် သုဂတိ တင်ပေးခဲ့တဲ့ အဓိပ္ပါယ် ရှိပါတယ်။

ပရိယတ်မှတစ်ပါး၊ ကိုးစားရာမရှိ

ဘယ်သူက ပေးတာပါလိမ့်မတုံးလို့ မေးတော့ ပရိယတ် သင်ထားတဲ့ ပုဂ္ဂိုလ်မို့ ပဋိပတ် အကြောင်း ပြောပြီး သကာလ သုဂတိ တင်ပေးခဲ့တယ် နိဗ္ဗာန် ပို့ပေးခဲ့တယ် ဆိုတဲ့ဥစ္စာ အခြေ အမြစ် လျှောက် ရှာတော့ အရှင်ဘုရားများ အားထုတ်နေတဲ့ ပရိယတ်မှ တစ်ပါး ကိုးစားစရာ မရှိပါဘူး။

ဒါကြောင့် “အဟံ အဝေရော ဟောမိ” ဆို တာ အသာထားပြီး “သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု” ဆိုတာ ခုနက မေတ္တာပို့ကြတဲ့ အခါမှာလည်း မေတ္တာပို့နေတဲ့ ဥစ္စာ အားလုံးသော ပုဂ္ဂိုလ် ကျန်းမာပါစေ၊ ချမ်းသာပါစေ ဆိုတာ မေတ္တာဟာ သမထ ဖြစ်ပါတယ်။

အရှင်ဘုရားများ တတ်တဲ့ ပညာကို တစ်လုံး တစ်ပါဒ ဆုံးမပြီး ဒီလို ရှုဟဲ့၊ ဒီလို မှတ်ဟဲ့၊ ဒီလို ကျင့်ဟဲ့၊ ဒီလို မင်္ဂလာတရားနဲ့ ညီအောင်နေဟဲ့ ဆိုပြီး အရှင်ဘုရားများက ပရိယတ်ကို အခြေတည်ပြီး ဆုံးမလို့ ရှိရင်ဖြင့် ဝိပဿနာ ဉာဏ်တွေ ပေါက်ရောက်ပြီး သကာလ နိဗ္ဗာန် အပြီးတိုင် ရောက်နိုင် ပါတယ် ဆိုတာ ကိုလည်း သေသေချာချာ ယုံကြည်ပြီး သကာလ ။

ငါတို့ လုပ်နေတဲ့ အလုပ်ဟာ အရေးအကြီးဆုံး အလုပ် တစ်ခုကို ငါတို့ ကိုင်ထား ပါလား ဆိုတာ ကိုဖြင့် ဘယ်အခါမှ မဖျောက်ဖျက်ပါနဲ့ အရှင်ဘုရားများဟာ သာသနာ၏ အညွန့် အညှောက်တွေ ဖြစ် သောကြောင့် အရှင်ဘုရားများ အညွန့် အညှောက် ကျိုးသွားလို့ ရှိရင်ဖြင့် သာသနာ ပင်စည် စည်ကား ဖို့လည်း မရှိပါဘူး။

သာသနာ အပွင့်အသီးကိုလည်း ခူးဆွတ် စားစရာလည်း မရှိတဲ့အတွက် လောကကြီး အမှောင် ဖြစ်သွားမှာကို စိုးရိမ်သော အားဖြင့် တို့ ပရိယတ္တိ ကန်ဘောင်ကြီးကို ဆည်ဖြစ်အောင် ဆည် မဟ.. တို့သာ အခြေအမြစ် ဟ.. ဆိုပြီး သကာလ ပရိယတ် တို့ဖြင့် ကြိုးစား ဖြစ်အောင် ကြိုးစားပါ ဆိုတဲ့ ဥစ္စာ လေးစားစွာနဲ့ တပည့်တော် ကြုံတဲ့ အခါ တိုက်တွန်း ပါတယ်။

သံသရာမှ ထွက်မြောက်ဖို့ဖြစ်တယ်

ဒုတိယ တိုက်တွန်းချင်တာက ဪ ပရိယတ်သည် ကား ဆိုလို့ ရှိရင် ငါတို့ တော်တော် စွမ်းရည် သတ္တိရှိပြီး ကန်ဘောင် ကြီးလည်း ဆည်ပြီ လုံပြီ ဆိုလို့ ရှိရင်ဖြင့် ရေခိုင်ခံ့အောင် လုပ်ဖို့ရာ အရေးဆိုတဲ့ ဥစ္စာကလည်း ကိုယ့်အရေးက ကိုယ့်ရည်ရွယ်ချက်က ပရိယတ်နဲ့ မပြီးသေးတော့ သိမ်ထဲမှာ “သံသာရ ဝဋဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံ ယာစာမိ” က ကျန်ပါသေးတယ်။

သံသရာမှ ထွက်မြောက်ဖို့ ရဟန်း အဖြစ်ကို ယူခဲ့ ပါတယ် ဆိုတော့ ပရိယတ်ကို လုံလုံ လောက်လောက် ဆည်ပြီးလို့ ရှိရင် ပဋိပတ် များကိုလည်း ဆက်လက်ပြီး သကာလ ကြိုးစားပါဦး ဆိုတာ ကိုလည်း ဒုတိယ အဆင့် တိုက်တွန်းပါတယ်။

နွားကျောင်းသားနှင့် နွားနို့ပိုင်ရှင်

ဘာကြောင့်တုံးလို့ မေးပြန်တော့ ဓမ္မပဒက လာပြန်တော့ ပရိယတ်က နွားကျောင်းသားကွ၊ ပဋိပတ်က နွားနို့ ပိုင်ရှင်ကွလို့ ဘုရားက ဟောထား ပြန်တော့ နွားကျောင်းသား အဖြစ်နဲ့ ကိုလည်း အချိန် မကုန်ဘဲနဲ့ နွားနို့ ပိုင်ရှင် အဖြစ် ကိုလည်း တက်လှမ်းပါဦး ဆိုတာ ကိုလည်း တိုက်တွန်း ရပြန်တယ်။

ထိုကဲ့သို့ မတိုက်တွန်းပြန်တော့လည်း ကန်ဘောင် ဆည်ရင်းနဲ့ အချိန်တွေ ကုန်သွားပြီး ကြာတွေ ယူပြီး ကြာကို မြင်မှု ကြာကို သုံးဆောင်မှု ကြာနံ့တွေ ရမှု ကိုလည်း အရှင်ဘုရားများ ချို့ယွင်းချက် ရှိသွားလို့ ရှိရင်လည်း ရည်ရွယ်ချက်နဲ့ ပန်းတိုင် မကိုက်ဘဲ ဖြစ်သွားမှာကို စိုးရပါတယ်။

ပဋိပတ်အလုပ်တရားကိုလည်း ကြိုးစားကြပါ

ဒါကြောင့် ပရိယတ် လုံလောက်ပြီးသည့် အခြားမဲ့၌ ပဋိ ပတ်တည်း ဟူသော အလုပ် တရား ကိုလည်း အရှင်ဘုရားများ ကြိုးစားကြပါဦး ဆိုတာ ကိုလည်း တိုက်တွန်း လိုက်ပါတယ်။

အဲဒီပဋိပတ် တိုက်တွန်းခြင်း သည်ကား ဆိုလို့ရှိရင် ပဋိ ဝေဓ ဆိုတဲ့ ကြာနဲ့တူတဲ့ ပဋိဝေဓ အစရှိသည် တို့ကိုလည်း အရှင် ဘုရားများသည် ကိုယ်ရေး ကိုယ်တာ ပြည့်စုံစေခြင်း အကျိုးငှာ ပဋိဝေဓ ဉာဏ်ကို ပေါက်ရောက် အောင်လည်း သူ့အဆင့်အတန်း အတိုင်း တက်ပါ။ ခုန်လည်း တက်လို့ မရဘူး ဆိုတာ ကိုလည်း မှတ်ပါ။

ပရိညာသုံးပါး

ခုန်တက်လို့ မရဘူးဆိုတာက ဘယ်လိုကြောင့် ဟောရ ပါလိမ့်မတုံးလို့ မေးတဲ့အခါ ဘယ်လို ကြောင့် ဆုံးမရ ပါလိမ့် မတုံး ဆိုတော့ ဉာတပရိညာ မရှိဘဲနဲ့ တီရဏ ပရိညာ မဖြစ်ပါဘူး တီရဏ ပရိညာ မရှိဘဲနဲ့ ပဟာန ပရိညာ မဖြစ်နိုင်ပါဘူး ဆိုတာလည်း အရှင်ဘုရားများ အင်္ဂုတ္တိရ်တို့ ဘာတို့ တက်တဲ့ အခါ သိပြီးသား ဖြစ်ပါတယ်။

ဒါကြောင့် ဉာတအလုပ်သည် ပရိယတ်မပါရင် ဉာတ မဖြစ်ဘူး၊ ပဋိပတ် မပါရင် တီရဏ မဖြစ်ဘူး၊ ပဋိပတ် မပါလို့ ရှိရင်လည်း ပဟာန ပရိညာ ဆိုတဲ့ ဥစ္စာ ပဋိပတ်ကမှ တက်ပေး ရမှာ ဖြစ် သောကြောင့် ကိလေသာ ပယ်မှုကိုလည်း မဖြစ်နိုင် သောကြောင့် သြော် တို့သည် ပထမအဆင့် ခိုင်မြဲလို့ ရှိရင် ဒုတိယ အဆင့်တက်ဦး မဟ.. ဒုတိယ အဆင့် တက်ပြီး တတိယ အဆင့်မှာ ငါတို့ တက်ပြီး သကာလ ချမ်းသာအောင် နေမဟဲ့ ဆိုတဲ့ စိတ်ထားကိုလည်း ထားပါ။ အားထုတ်တော် မူကြပါ။

သူငယ်ပြန်တာအရုပ်ဆိုးတယ်

တစ်ချို့ဘုန်းကြီးများ တပည့်တော်လည်း စာချလာတော့ သင်ပေး လိုက်တာက အဘိဓမ္မာတွေ ဘုန်းကြီးတို့ သင်ပေး လိုက်တယ်။

ဟို တောရွာတွေ ရောက်သွားတဲ့အခါ ကကြီး ကခွေး ပြန်စနေတဲ့ ကိုယ်တော်က သိပ်များတယ်၊ ကလေးတွေနဲ့ အချိန်ကုန် နေတာက သိပ်များ ပါတယ်။

အဲဒါကြောင့် ဒီလိုချည်း အလုပ်ကြီး လုပ်လာပြီးမှ သူငယ်ပြန်ရတဲ့ အဖြစ်ဟာလည်း အင်မတန် အရုပ်ဆိုး သောကြောင့် ခုနက ပရိယတ်က နေပြီး ပဋိပတ် တက်ပါ၊ ပဋိပတ်ကနေ ပဋိဝေဓ အရသာကို သုံးဆောင် ခံစား ကြပါ ဆိုတာ ကိုလည်း အများကြီး တိုက်တွန်းပါတယ် ဆိုတာကိုလည်း မှတ်ကြပါ။

တပည့်တော်တို့ ဘယ်လိုလုပ်ရမှာတုံး

အဲဒါ ဘယ်လို တပည့်တော်တို့ လုပ်ရမှာတုံး မေးတော့ သလ္လေခသုတ် ကို သွားကြည့်ပါ။ အရှင်ဘုရားများ၏ ပဋိပတ် တက်နည်းကို သလ္လေခသုတ်က မူတည်ကြည့်ပါ။

မူလပဏ္ဏာသ ပါဠိတော် သလ္လေခသုတ် ကြည့်လိုက်တဲ့ အခါကျတော့ ကိုယ်၏ ယဉ်ကျေးမှု ဖြစ်တဲ့ ပထမ အဆင့်ဟာ အောင်မြင် ပါလိမ့်မယ်၊ ပရိယတ်နဲ့ သင်ထား လိုက်တော့ သူတစ်ပါးက သတိ ချို့ယွင်း နေတယ် ငါဟာ သတိကိုဖြင့် မချို့ယွင်းအောင် လုပ်မယ် ဆိုတာ အဲဒါ သလ္လေခ ခေါ်ပါတယ်။

သူက ဝီရိယ လျှော့နေတယ်၊ တစ်ပါးသော ပုဂ္ဂိုလ်က စာပေါ်မှာ သော်လည်းကောင်း၊ အကျင့်ပေါ်မှာ သော် လည်းကောင်း လျှော့နေလို့ ရှိရင် ငါက မလျော့အောင် လုပ်မဟ လို့ ဆိုတာလည်း ဒါ သလ္လေခ ဖြစ်ပါတယ် ဆိုတာကို မှတ်ပါ။

သူက ပါဏာတိပါတကံ လွန်ကျူး နေတယ်၊ ငါက ပါဏာတိပါတကံ မလွန်ကျူးတော့ဘူး ဆိုရင် ဒါသလ္လေခဖြစ်ပါတယ်။

မကောင်းတဲ့အလုပ် ငါမလုပ်ဘူး

သူက မုသားပြောတယ် ငါက မလွန်ကျူးတော့ဘူး ဆိုလို့ ရှိရင်လည်း သလ္လေခ ဖြစ်တာကို သိပြီးသား ဖြစ်သောကြောင့် မကောင်းတဲ့ အလုပ် မြင်တိုင်း မြင်တိုင်း ငါမလုပ်ဘူး ငါမလုပ်ဘူး ဆိုတဲ့ ရှောင်ကြဉ်မှုသည် သလ္လေခပါ ဒါ ခေါင်းပါးအောင် လုပ်တာပဲ။

အဲဒီက စပြီး သကာလ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက သလ္လေခက စပြီး ကျင့်ကြံလို့ ရှိရင်ဖြင့်ကွာ တဲ့။ သီလဘက်က လုံပြီး သမထဘက် ဝိပဿနာ ဘက်သို့ တက်နိုင် ပါလိမ့်မယ် ဆိုတဲ့ အတိုင်း အရှင်ဘုရားများ တစ်ပါး တစ်ပါး မြင်တဲ့ အခါကြလို့ ရှိရင်ဖြင့် သူက မကောင်းသဖြင့် ဝတ်စား နေတယ် မကောင်းသဖြင့် ကျင်ကြီး ကျင်ငယ် စွန့်နေတယ် မကောင်း သဖြင့် သွားမှု လာမှုတွေ လုပ်နေတယ် ငါက မလုပ်ဘူးဟ ဆိုရင် သလ္လေခ ဖြစ်ပါတယ်။

သူက မုသား ပြောနေတယ်၊ ရယ်စရာ ပြောနေတယ်။ အထာထ မဿထနဲ့ မွေ့လျော် နေတယ်။ ငါက မမွေ့လျော်ဘူး ဆိုရင် ဒါသလ္လေခ ဖြစ်ပါတယ်။

သလ္လေခကိုလက်သုံးထားပါ

အဲဒါကြောင့် သလ္လေခကို လက်သုံး ထားပြီး သကာလ မကောင်းတာ မြင်လေလေ ကိုယ်က ကောင်းတဲ့ အလုပ် လုပ်လေလေ လုပ်ကြလို့ ရှိရင်ဖြင့် ဒီသာသနာ တော်ကြီးဟာ အများ အတွက်လည်း ခိုင်လုံ ကိုယ့်အတွက်လည်း အပါယ်လေးပါး တံခါး ပိတ်ပြီး သကာလ ။

ကိုယ့်မှန်းခြေ ပေါက် ဖြစ်တဲ့ သလ္လေခကနေ တက်ပြီး ဝိပဿနာဉာဏ်၊ မဂ်ဉာဏ် တက်ကြမယ် ဆိုရင်ဖြင့် အားလုံး သော သံဃာများတို့ ကိုယ့်မှန်းခြေဟာဖြင့် “သံသာရဝဋဒုက္ခတော မောစနတ္ထာယ” ဆိုတဲ့ လွတ်မြောက်ခြင်းဟာ သေသေချာချာ ဖြစ်နိုင်တယ် ဆိုပြီး မှတ်ပြီး သကာလ ။

ဪ သလ္လသုတ် မူတည် ပြောတာ ပါလား ။ ဆိုတာ သဘောကျပြီး သကာလ ဒီအချိန်ပဲ ဆုံးမမှုကို သတိပေးမှုကို ရပ်စဲ လိုက်ပါတယ်။

သာဓု သာဓု သာဓု။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ရန်ကုန်မြို့၌ ဟောကြားသောတရားတော်

ရှေ့စိတ်ကိုနောက်စိတ်နှင့်လို့ရပါ့မလား

(၁၀-၇-၆၂)

ဦးလွန်းဖေ၏မေးမြန်းချက်

တပည့်တော် လျှောက်ထား လိုတာက ရှေ့စိတ်ကို နောက်စိတ်က သိရမယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက် ပြီးတော့ ဝိသုဒ္ဓိမဂ်မှာ အရှင် ဗုဒ္ဓဃောသ ကလည်း ဒီလိုပဲ ဟောထားပါ တယ်၊ ဒီ အရှင်ဘုရားရဲ့တရားမှာလည်း ရှေးစိတ်ကို နောက်စိတ် နဲ့ တွေ့ရမယ် ဒီလို ဆိုထားတော့ တပည့်တော်များ လက်တွေ့ လုပ်ကြည့်တော့လည်း ဒီအတိုင်းပဲ လုပ်လို့ ရပါသလား ဆိုတော့၊ ရပါတယ်။

တပည့်တော် ဝီထိ လေ့လာ ထားတဲ့ ပုဂ္ဂိုလ် အနေနဲ့ ဒါဟာ ကိုက်လို့ မရဘူး ဖြစ်နေတယ်၊ စိတ်အစဉ်တို့ မည်သည် မှာ အင်မတန် လျင်မြန်စွာ သွားနေတော့ ဇောစိတ်တွေနဲ့ ဒီလို တစ်ဝီထိပြီး တစ်ဝီထိ သွားနေတဲ့ အခါကြတော့ ရှေ့စိတ်ကို နောက်စိတ်နဲ့ ဝီထိ ဒီလောက် များနေပါလျက်နဲ့ ရှေ့စိတ်ကို နောက်စိတ် လုပ်လို့ မရနိုင်ဘူး၊ ဒါဟာ ပစ္စုပ္ပန် တည့်တည့် မကျ နိုင်ဘူးလို့ ဒီလို နားလည် ထားပါတယ်။

မိုးကုတ်ဆရာတော်ဘုရား၏ ဖြေကြားချက်

ဒီလို နားလည်ထားတော့ ဘုန်းကြီး ရှင်းပြပါမယ်၊ ဒကာ ဒကာမတွေ မှတ်ကြပေါ့၊ ဒါဟာ ရှေ့စိတ်ပါပဲတဲ့၊ မနာယတန ဆိုတာ (တင်ပါ့)။

ကိလေသာဝီထိမပါရင်ပြီးပါတယ်

ရှေ့စိတ် (၃၇) ပါး ပုထုဇဉ်မှန်က ရှိပါတယ်၊ အဲဒီ စိတ်ကလေးတွေ ပျက်တဲ့ အခါကြလို့ ရှိရင်တဲ့ နောက်စိတ်နဲ့ ရှု ဆိုတာ “မဂ်” ကို ဆိုလိုပါတယ်၊ ဝိပဿနာမဂ်ကို ဆိုပါတယ်။ အဲဒီတော့ သူက တစ် ဝီထိပါ၊ ဒီကြားထဲမှာ ဘဝင်တွေ ခြားပါ တယ်၊ အများကြီး ခြားပါတယ်၊ ခြားပင် ခြားငြား သော်လည်း ကိလေသာ ခြားတာ မဟုတ် သောကြောင့် မြင်နိုင်ပါတယ်၊ ကိလေသာ အခြား မရှိဘူး (တင်ပါ့) တစ်ပါး သော ဝီထိ အခြား မရှိဘူး၊ ဘဝင်တွေသာ ခြားတယ်၊ (တင်ပါ့) တစ်ပါးသော ဝီထိ ခြားတယ်လို့ ထင်လို့ ရှိရင်လည်း ကိလေသာ ဝီထိ မပါရင် ပြီးတာပဲ၊ (တင်ပါ့)။

အဲဒီတော့ ရှေ့စိတ်က မနာယတန နောက်စိတ်က လည်း မနာယတန ပါပဲ (တင်ပါ့) မနာယတန မနာယတနချင်း အာရုံပြု တယ်လို့ မှတ်ပါ၊ ဒါဖြင့် ရှေ့မနာယတနက ဖြစ်ပျက်၊ နောက် မနာယတန ကလည်း ဖြစ်ပျက်၊ ရှေ့ဝီထိကို နောက်ဝီထိ နဲ့ကြည့်၊ အလယ်မှာ ဘဝင်တွေ ဘယ်လောက် ခြားခြား၊ ကိုယ့် သန္တာန်မှာ ဖြစ်တဲ့ ဘဝင်က အာရုံ တစ်ခုကို ကိုယ်ယူတာ ကိုယ် မသိပါဘူး (တင်ပါ့)။

နောက်ဆိုတာ အဝေးကြီးလို့မှတ်ပါ

ကိုယ်ယူတာ ကိုယ်မသိတဲ့ အတွက် ယူထားတဲ့ အာရုံ ပဲ မဂ်က နေပြီး စူးစိုက်တဲ့ အတွက် ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုရတယ်၊ နောက်ဆိုတာ အဝေးကြီးလို့ မှတ်လိုက်ပါ၊ (တင်ပါ့) ကိလေသာ မခြားရင် ဘယ်လောက် ဝေးဝေး ရှုနိုင်ပါတယ်၊ ပေါ်ပြီလား၊ ကိလေသာ မခြားရင် ပြီးတာပဲ၊ ဘဝင်တွေ ဘယ် လောက် ခြားခြား ဥပမာ- ဘဝင်က မျက်စေ့ တစ်မှိတ်ကို ကုဋေ တစ်သိန်းထား၊ ခြားပေမဲ့ ခင်ဗျားတို့မှာ အပြစ်မရှိဘူး၊ ဘဝင်ဆို တာ အိပ်နေတုန်းလည်း ဖြစ်နေတာပဲ တစ်ဝီထိနဲ့ တစ်ဝီထိ အကြား မှာလည်း သူမပါဘဲ မပြီးဘူး၊ အဲဒီတော့ အဲဒီ ကြားကို သူတို့ကလည်း နောက်စိတ် ခေါ်နိုင် တာပဲ၊ ခေါ်နိုင်ပေမဲ့ သူတို့က အတိတ်က အာရုံတွေကိုပဲ ယူတယ်၊ အဲဒါကြောင့် ဝီထိ တစ်ခု မခြားဘူးလို့ ယူလိုက်ပါ၊ ဘဝင်ကတော့ များစွာ ခြားတယ်လို့ ယူပါ။

ကိလေသာမခြားတာကိုဆိုတယ်

ဒါပေမယ့် “ရှေ့စိတ်ကို နောက်စိတ်နဲ့ရှု” ဆိုတာ သည်ကြားထဲမှာ ဘာပဲခြားခြား ကိလေသာ မခြားတာကို ဆို သည်။ ရှင်းပြီလား၊ ကိလေသာ မခြားလို့ ရှိရင်ဖြင့် ရှေ့စိတ်နဲ့ အပျက်ကို နောက်စိတ်နဲ့ မြင်နိုင်တယ်၊ ကိလေသာ ခြားလို့ရှိရင် ကိလေသာ မှောင်ကွယ်တဲ့ အတွက် ရှေ့စိတ်ကို မမြင်နိုင်ဘူး။

ဒါဖြင့် ရှေ့စိတ် နောက်စိတ်နဲ့ရှု ဆိုတဲ့ ဝိသုဒ္ဓိမဂ်က ရေးရေး၊ “သရာဂံဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ” လို့ သတိပဋ္ဌာန် ကရေးရေး၊ ဒါက သရာဂစိတ် ထားပါတော့၊ ဥပမာ- ဒါက ပဇာ နာတိ မဖြစ်နိုင် ဘူးလား (ဖြစ်နိုင် ပါတယ်) ဒါဖြင့် ရှေ့စိတ်ကို နောက်စိတ်နဲ့ရှု ဆိုတာနဲ့ “သရာဂံဝါစိတ္တံ သရာဂံစိတ္တန္တိ ပဇာနာတိ” ဆိုတာနဲ့ကော မကိုက်ဘူးလား (ကိုက်ပါတယ်) ဒီပါဠိကို အကိုး အကား ထားပြီး ဝိသုဒ္ဓိမဂ်က ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုပါဆို တာပဲ။ ဒီကြားထဲ စိတ်တွေ ဘယ်လောက် ရှိသတုံး၊ မသိနိုင်ပါဘူး။ ကြားထဲက စိတ်တွေ ကိုယ့်ဟာကို ဖြစ်တာကို ကိုယ်မသိပါဘူး ကိုယ့်ဟာကိုယ် ဖြစ်တာကို ကိုယ်မသိတဲ့စိတ် ခြားသောကြောင့် “ခြားတယ်လို့ မယူပါနဲ့တော့” ခြားခဲ့သော် ကိလေသာ ခြားရင် လည်း ရှေ့စိတ်ကို နောက်စိတ်နဲ့ မမြင်ပါဘူး (တင်ပါ့) အဖြေ ပေးလိုက်ပါတယ်။

ကိလေသာမခြားလို့သာ မြင်တာ

ရှေ့စိတ် ချုပ်သွားတာကို နောက်စိတ်က မြင်တယ်ဆိုရင် ကြားမှာ ကိလေသာ မခြားလို့သာ မြင်ခြင်း ဖြစ်ပါတယ်၊ ပေါ်ပြီ လား၊ ဒါဖြင့် ကြားထဲမှာ ဘဝင်ပေါင်း ကုဋေ တစ်သိန်းခြား၊ ကိလေသာ မဟုတ်တဲ့ အတွက် ဘဝင်ကလည်း သိမ်မွေ့တဲ့ အာရုံ ကို ယူတယ်။ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် သုံးပါး အတိတ်က အာရုံကို ယူနေတဲ့ အတွက် သူနဲ့ ကျုပ်တို့နဲ့ ဘာမျှမဆိုင် (တင်ပါ့)။

ကိုယ့် သန္တာန်မှာ သက်စောင့်သာ သူဖြစ်တယ်၊ မသေ အောင် စောင့်တာသာ ဖြစ်တယ်၊ အာရုံကို ကန့်ကွက်တဲ့ သဘော နဲ့ မယူပါနဲ့၊ ကန့်ကွက်တဲ့ သဘောနဲ့ မယူပါနဲ့၊ ဒါဖြင့် ဖြစ်ပျက် မဂ်ဆိုတာ သဘောကျပြီလား၊ (သဘောကျပါပြီ) ဒါဖြင့် ပထမ အဖြေ ပြေလည်ပြီနော်၊ ဒုတိယ အဖြေ မေးရင်မေး။

ကိလေသာခြားရင် မမြင်နိုင်ပါ

အမေးပုစ္ဆာ = ကိလေသာ တကယ်လို့များ ခြားသွားလို့ရှိရင် ဇောတွေ ပါသွားမည့် အတွက်ကြောင့် ?

အဖြေ = မမြင်နိုင်ဘူး၊ ပထမ ဟာကို မမြင်နိုင်တော့ဘူး၊ ကိလေသာ မှောင်ခိုသွားပြီ၊ (တင်ပါ့) ကြားထဲ မှောင်ဝင် သွားပြီ၊ မရတော့ဘူး၊ ရချင်လို့ ရှိရင် သူ့ကို ရှေ့စိတ်လုပ်ပြီး ရှုလိုက်ပါ။ နားလည် ပြီလား (နားလည်ပါပြီ)။

အမေးပုစ္ဆာ – ဒါဖြင့် အရှင်ဘုရား သမနန္တရ, အနန္တရ အနေနဲ့ကော ယူလို့ ?

ဘုရားဖြစ်ပြီးမှ မြင်တဲ့အမြင်

အဖြေ = သမနန္တရ၊ အနန္တရဆိုတာ ဘုရားဖြစ်ပြီးမှ မြင်တဲ့ အမြင်၊ (တင်ပါ့) ခင်ဗျားတို့ ကျုပ်တို့ မြင်တဲ့ အမြင် မဟုတ်ဘူး (တင်ပါ့) ဘုရားဖြစ်တဲ့ လုပ်စဉ်ကို ရှေ့စိတ် နောက်စိတ်နဲ့ ရှုလို့ ပြောတာ၊ (တင်ပါ့) ဘုရား ဖြစ်ပြီးမှ ရှေ့စိတ် နောက်စိတ် ဆိုတဲ့ အမြင်ဟာ ဒါ ဘုရားဖြစ်ပြီးမှ အကုန် သိပြီးမှ မြင်တဲ့ အမြင်၊ ဒီ အမြင်ကို မလိုက်နဲ့၊ ဘုရား ဖြစ်ဖို့ရာ မူလဘူတ အမြင်ကို လိုက်ပါ၊ အမြင်က နှစ်မျိုး ရှိတယ်။

၁။ ဘုရားဖြစ်ပြီးမှ မြင်တဲ့အမြင်ကို ပုထုဇဉ်က မရှု နိုင်ဘူး။

၂။ ဘုရားဖြစ်ကြောင်း သူလုပ်နေတဲ့အမြင်ကိုတော့ ခြေရာခံ လိုက်နိုင်တယ်။ ရှင်းပြီလား၊ ကဲ ဒါဖြင့် ပြေရောပေါ့ (တင် ပါဘုရား)။

အမေး ပုစ္ဆာ =တပည့်တော် ထပ်လျှောက် လိုတာက- ဒါဖြင့်ရင် အတိတ် အာရုံကို ပြန်ယူသလို ယူနေတယ် ?

ရှေ့ဝီထိနဲ့ နောက်ဝီထိလို့မှတ်

အဖြေ – အတိတ် အာရုံကို လို့တော့ မဆိုနဲ့၊ ကြားဝီထိ တစ်ခုခုမှ မလာသောကြောင့် အတိတ်လို့ မဆိုပါနဲ့၊ ဇောဝီထိ မလာဘူး၊ ဘဝင်တွေ လာနေတယ်၊ ဇောဝီထိ လာရင် ခုနက ရှေ့စိတ်ဟာ အတိတ် ဖြစ်ရမယ်၊ ဘဝင်စိတ် လာလို့ရှိရင် အတိတ်လို့ မဆိုပါနဲ့ ရှေ့ဝီထိနဲ့ နောက်ဝီထိလို့ မှတ်ပါ၊ ကဲဒါဖြင့် ပြေရောပေါ့ (တင်ပါ ဘုရား) ။

အမေးပုစ္ဆာ = ဒုတိယကတော့ ဒီမဂ္ဂဝီထိမှာ ဒီမဂ်ပြီးတော့ ဖိုလ်, ဖိုလ် နှစ်ကြိမ် သုံးကြိမ် ပစ္စုပ္ပန်ဖိုလ်၊ မဂ်ပါဖိုလ် ၃-ခုသာ ရှိတဲ့ အတွက်ကြောင့် ဒီတရားရတဲ့ ပုဂ္ဂိုလ်တွေက အဲဒီလိုဖြစ်သွား လိုက်တာ၊ တစ်ခါထဲ မေ့သွား လိုက်တာ ဘယ်နှစ်နာရီ ရှိမှန်းတောင် မသိပါဘူး၊ အဲဒါ နာရီ ကြည့် လိုက်တော့မှ သုံးနာရီ ထိုး တယ်၊ လေးနာရီ ထိုးတယ် ဆိုတဲ့ဟာ မဂ္ဂဝီထိုနဲ့ မကိုက်ဘူး ဖြစ်နေတယ်?

မဂ္ဂဝီထိဆိုတာ

အဖြေ = မကိုက်ဘူး၊ မဂ္ဂဝီထိ ဆိုတာသည် ဒီစိတ်တွေ အကုန် ချုပ် သွားတာ (တင်ပါ့) စိတ်နဲ့ သဟဇာတဖြစ်တဲ့ ရုပ်လည်း ချုပ် ပါတယ်။ (တင်ပါ့) ဒါဖြင့် တိုတို ပြောကြပါစို့ ဖဿ, ဝေဒနာ ဆိုတာ ရုပ်နာမ်တွေ အာရုံ နာမ်ရုပ်တွေဟာ အကုန် ချုပ်တယ်။ ဘာသစ္စာတုံးလို့ မေးတော့ ဒုက္ခသစ္စာ၊ ဒီမှာ မြင်တဲ့ အတိုင်း ဒုက္ခ သစ္စာတွေ ချုပ်သွားတော့ကို ဒုက္ခ၏ ချုပ်ရာ ဒီနေရာ အစားထိုး လာတာ နိဗ္ဗာန် ပေါ်လာတယ်။ နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တာက ဂေါတြဘူး၊ နောက်ကျတော့ ဂေါတြဘူ ချုပ်သွားတော့ နိဗ္ဗာန်ကို မဂ်က မြင်တယ်၊ နောက်ကျတော့ ဖိုလ်က မြင်တယ်။ နောက်ကျတော့ ဘဝင်တွေ ကျတော့ မမြင်တော့ပါဘူး။ (တင်ပါ့) ဘဝင်တွေ ကျတော့ ကံ, ကမ္မနိမိတ်ကို အာရုံပြုပါတယ် (တင်ပါ့) နောက် ပစ္စဝေက္ခဏာ ဇောပြန်လာလို့ ရှိရင် မြင်ပြန်ပါတယ်၊ နိဗ္ဗာန်ကို။

အဲဒီတော့ နိဗ္ဗာန် အာရုံနဲ့ အာရမ္မဏိကနဲ့ မခွဲရဘူး ခွဲရင် ဒီဥစ္စာသည် မဂ်ဆိုက်၊ ဖိုလ်ဆိုက်လို့ မယူပါနဲ့၊ အာရုံ အာရမ္မဏိက ဘယ်တော့မှ မထိစေနဲ့၊ ထိရင် သေသွားမယ်၊ (တင်ပါ့) ဆိတ်ရင် သေသွားမယ် (တင်ပါ့ ဘုရား) ဒါ အသေ ဖြစ်သွားမယ်

အိပ်ပျော်နေတာနဲ့ အတူတူပဲ

တကယ်လို့သူသည် တစ်နာရီ၊ နှစ်နာရီ ကြာတယ် ဆိုတာ ကိုယ့်ဘဝင် စိတ်တွေ သူဖြစ် တာသာ ဆိုတာ နိဗ္ဗာန်ကို မြင်တာ မဟုတ်ဘူး၊ ဘဝင်သည် နိဗ္ဗာန်ကို မမြင်နိုင် မဂ်နဲ့ ဖိုလ်သာ၊ ဂေါတြဘူရယ်၊ မဂ်ရယ် ဖိုလ်ရယ် ဒါသာ နိဗ္ဗာန် မြင်နိုင်တယ်၊ ပစ္စဝေက္ခဏာ နောက်က လာရင် မြင်နိုင်တယ် ကျန်တဲ့ ဘဝင် စိတ်တွေ လာနေတာ သူနိဗ္ဗာန်ကို အာရုံ ပြုနေတာ မဟုတ်ဘူး။ အိပ်ပျော် နေတာနဲ့ အတူတူ၊ ရှင်းပြီလား (ရှင်းပါပြီ)။

နိဗ္ဗာန်မသိတဲ့အချိန် မရှိ

ဒါဖြင့် “နိဗ္ဗာနံ ဂေါတြဘုဿ၊ အာရမ္မဏပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ ဖလဿ အာရမ္မဏပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ အာရမ္မဏ ပစ္စယေန ပစ္စယော” ဟု ဟောသောကြောင့် အာရုံ အာရမ္မဏိက တွဲလျက် ဖြစ်သောကြောင့် ဘယ်အချိန် ကာလမှ နိဗ္ဗာန်ကို မသိတဲ့ အချိန်မရှိ မသိတဲ့ အချိန် ရှိရင် ဘဝင်။ မှန်သွား ပြီ ဆိုတော့ တစ်နာရီ နှစ်နာရီ မဟုတ်တော့ဘူး အမြဲ သိနေတာ တစ်ခု ချုပ်ပြီး တစ်ခုက သိလိုက်၊ တစ်ခု ချုပ်ပြီး တစ်ခုက သိလိုက်၊ ဒါမှ အမှန် ဒါ ပဋ္ဌာန်းပါဠိတော်၊ ပေါ်ပြီလား (ပေါ်ပါပြီ) ကြေကော ကြေကြပြီလား (ကြေပါပြီ)။

သူပြောတာမှားတယ်

ဒါဖြင့် ကျုပ်တို့ဟာ နိဗ္ဗာန် အာရုံပြုလိုက်တာ နောက်မှ ထကြည့်တော့ တစ်နာရီ လောက် ရှိတယ်လို့ သူပြောတာသည် မှားတယ်၊ မှားတော့ ဘယ့်နှယ်ကြောင့် မှားသလည်း “နိဗ္ဗာနံ ဂေါတြဘုဿ” ဆိုတာ တစ်ကြိမ်ပဲ ရှိတယ်၊ “နိဗ္ဗာနံ မဂ္ဂဿ” ကော တစ်ကြိမ်ပဲ ရှိတယ်၊ “နိဗ္ဗာနံ ဖလဿ” ကော နှစ်ကြိမ် သုံးကြိမ် ထားပါတယ်၊ အဲဒီနောက်မှာ ဘဝင်တွေ့ လာတော့ နိဗ္ဗာန် မမြင်ပါဘူး။

နောက်ကျမှ ပြန်ဆင်ခြင်တယ် ငါခုနကဟာ ဘာပါလိမ့် မတုံး ပြန်ဆင်ခြင် ပြန်တော့လည်း “ပစ္စဝေက္ခဏံ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ၊” (တင်ပါ့) အလယ်ကြားဟာ အလကား၊ အလယ်ကြား မသိကာ အလကားပဲ၊ ဘဝင် ဖြစ်နေတယ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)

ရေအိုးတစ်ထောင်နဲ့လောင်းသလိုဆိုတာ

ဒါဖြင့်ရင် တစ်ကိုယ်လုံး အေးသွားတာပဲလို့ ဆိုတော့ ဘုန်းကြီးက ရှင်းပြပါမယ် အဲဒါ ဘုရားက ဥပရိပဏ္ဏာသ ပါဠိ တော်မှာ မပါဘဲနဲ့ အဋ္ဌကထာ ဆရာက ဖွင့်တယ် (မှန်ပါ) အဋ္ဌကထာ ဆရာက ဘာတုန်း ဆိုတော့

“သီတဃဋသဟဿ အာသိဉ္စမာနံ ဝိယ ဟောတိ၊” ရေအိုးတစ်ထောင်နဲ့ လောင်းသလို အေးသွား တတ်တယ်၊ ဥပမာပြတာ၊ တကယ် အေးတာ မဟုတ် ပါဘူး။

အဲဒါကို သူတို့က တကယ် အေးယူတယ်၊ အာသိဉ္စမာနံ ဝိယ ဆိုတာ ဥပမာ၊ ရေအိုး (၁ဝဝဝ) နဲ့ ပူနေတဲ့ အခါ နေပူထဲက လာပြီးတော့ နေတဲ့ အခါ အင်မတန် အအေးတောင့်တ နေတော့ ဖျတ်ဆို ညဉ့်သိပ်ရေ ရေအိုး တစ်ထောင်နဲ့ လောင်းပြီး ချိုးလိုက်တော့ ဒီလို အေးဘိ သကဲ့သို့ ဖြစ်တတ်ပါတယ်။

မဂ်ဆိုက်တဲ့ ပုဂ္ဂိုလ်များ အဲဒါ အဋ္ဌကထာ ဆရာက ဖွင့်တာ၊ ပါဠိတော်က အေးတယ်လို့ မလာဘူး။ (တင်ပါ့) အဲဒါ အေးတယ်လို့ ယူနေကြတာ။

ပါဠိတော်နှင့် အဋ္ဌကထာခွဲမှတ်ပါ

“အာသိဉ္စမာနံ ဝိယ” အေးသကဲ့သို့ ဖြစ်ပါတယ်၊ တကယ် အေးတာလား ဆိုတော့ မဟုတ်ဘူး ကိလေသာတွေ မရှိတာ ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) ကိလေသာ မရှိတာ ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) ကိလေသာ မရှိတာကို ဆိုတာ ပါတဲ့ အဲဒါ သမ္မာဒိဋ္ဌိ သုတ်မှာ လာတယ် ဒီဥစ္စာ အဋ္ဌကထာ မှာ လာတာ ပါဠိတော်မှာ မပါဘူး၊ အဲဒီတော့ ပါဠိတော်နဲ့ အဋ္ဌကထာ ခွဲမှတ်။

ကဲ-ဒါဖြင့် ဘယ်လိုအေးမည်လဲဘုရားလို့မေးတော့ ပဋိ သမ္ဘိဒါမဂ်က “ဟဒယသု သီတလ မဂ္ဂဒဿနေန သန္တပဋ္ဌော၊” ပဋိသမ္ဘိဒါမဂ်က ဒါလဲ အဋ္ဌကထာပဲ ဟဒယသု သီတလ မဂ္ဂ ဒဿနေန= နှလုံး၌ ငြိမ်းအေးခြင်း လက္ခဏာရှိသော မဂ္ဂသစ္စာ ရောက်မှ သာလျှင် သန္တာပဋ္ဌော-ကိလေသာ အပူငြိမ်း အေးသည်၊ ဟောတိ- ဖြစ်၏။

အပူမီးငြိမ်းတာကိုဆိုတာပါ

မဂ်ပေါ်မှ ဝမ်းထဲက ကိလေသာ အပူမီးငြိမ်းတယ်လို့ ဆို တာ ပေါ်ပြီလား (ပေါ်ပါပြီ) မဂ်ပေါ် လာလို့ ရှိရင် ကိလေသာ အပူမီး ငြိမ်းတာ ဒါကို ဆိုတာပါ အေးတယ်လို့ ဆိုတာ မဟုတ်ဘူး ကိလေသာ အပူမီး ငြိမ်းသွား ပြီးတော့ ငြိမ်းတာမှ နိဗ္ဗာန် ခန္ဓာကိုယ် အေးတာ မဆိုလိုဘူး။

မဆိုလိုပါဘူးတဲ့၊ ခန္ဓာကိုယ်အေးလို့ ရှိရင် သွေးဆုတ် သွားမှာပေါ့ (တင်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ်)။

ကိလေသာဟာနာမ်ဓမ္မ

ဒီအအေးကို ဆိုတာ မဟုတ်ပါဘူး၊ ကိလေသာအပူမီး ငြိမ်းသွားတာကိုဆိုတာ ကိလေသာဟာ နာမ်ဓမ္မပါပဲ နာမ်ဓမ္မပင် ဖြစ်လင့်ကစား မဂ်စိတ် တို့လို ငြိမ်ငြိမ် ဆိတ်ဆိတ်က မရှိဘူး။ ပူပူ လောင်လောင် ရှိတယ်၊ ပျာယာ ခတ်တယ်၊ ဒီ ပျာယာခတ်တဲ့ စိတ်တွေ ပျောက်သွားတာကို ဆိုတယ်။ ပျာယာ ခတ်တာကို ငြိမ်းသွားတယ် ဆိုတာပါ ငြိမ်းတာကို အေးတယ်လို့ ယူပစ်လိုက် လို့ စင်စစ်တော့ ကိလေသာ ငြိမ်းတာ၊ ပေါ်ပြီလား (တင်ပါ့) တကယ် အေးတာ မဟုတ်ဘူး ကိလေသာ ငြိမ်းတာ။

တကယ်အေးရင်ဖြင့် ခင်ဗျားတို့ (ဂက်(စ်)) တွေ ဘာတွေ လွှတ်ရဦးမှာပေါ့ (တင်ပါ့) ဥပမာ ပြတာ၊ ဒါကို အဟုတ် အေးတယ် ယူပစ် လိုက်ပါတယ်။ ယခု ခင်ဗျားတို့က ခင်ဗျားတို့ ကြားဖူး တာက အဲဒီလို မအေးပါဘူး၊ ကိလေသာ မရှိလို့ ကိလေသာက နဂိုက ငါဘုရားက ဟောထားတာ အပူဓာတ်၊ မဂ်က အအေးဓာတ်က မဂ်ဆိုက်လာလို့ ရှိရင် ကိလေသာ အပူ ပျောက်တယ်လို့ ဟောတာ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် တစ်ကိုယ်လုံး အေးသွားတာကို ဆိုလို့ရပါမည် လား မရဘူးတဲ့၊ သို့သော်လည်း တစ်ခု စဉ်းစားပါလို့ ခင်ဗျားတို့ကို သတိပေး လိုက်တယ်။ ပူတာကို ပူမှန်း သိတဲ့ ပုဂ္ဂိုလ်မှ အေးတာ အေးမှန်း သိတယ် (တင်ပါဘုရား) ကိလေသာက ပူနေတာ။

ငြိမ်းမှုနဲ့အေးမှုတခြားစီ

ခင်ဗျားတို့က အစိုးရ အလုပ်လုပ်တယ်၊ ဥပမာ-မောင်သက်မောင် ကလည်း အရောင်းအဝယ် လုပ်တယ်၊ အစရှိသည် တို့ကို လုပ်နေတော့ ဝမ်းထဲမှာ ရှုပ်ပွေ နေတာပဲ၊ ဂနာ မငြိမ်ဘူး၊ အဲဒီ ဂနာမငြိမ် တာတွေ ပျောက်တာကို အေးတယ်လို့ ဆိုတာပါ၊ ကိလေသာ ငြိမ်းတာကို အေးတယ်လို့ ဆိုပါတယ်၊ ငြိမ်းမှုနဲ့ အေးမှု ဟာ တခြားစီ၊ ငြိမ်းမှုက ငြိမ်းမှု၊ အေးမှုက သီတ တေဇော၊ ငြိမ်းမှု က မဂ်၊ မဂ်ကြောင့် ကိလေသာ ငြိမ်းသွားတာ၊ သဘောပါပြီလား၊ ဒါဖြင့် ဒုတိယ အဖြေပြီးရောပေါ့။ (တင်ပါ့ ဘုရား)။

အမေးပုစ္ဆာ = တတိယကတော့ တပည့်တော်ကို အဲဒါနဲ့ အရှင် ဘုရား ခုနက သံယုတ် ပါဠိတော်မှာ မေးတဲ့လူ ရှိတယ်၊ ပုဏ္ဏားက ဘုရား လာမေးတယ်၊ အရှင်ဘုရား အတ္တ ရှိပါသလား၊ အတ္တရှိ ပါတယ်လို့ မဟောဘူး၊ ဒါဖြင့် အနတ္တ ရှိပါသလား၊ အနတ္တ ရှိတယ်လို့ ငါ မဟောဘူး၊ ဘုရားက နှစ်ခုစလုံး ပယ်ချ လိုက်တယ်၊ ဒါနဲ့ အရှင် အာနန္ဒာက အနားမှာ ရှိတယ်၊ အရှင်ဘုရား အတ္တရှိ သလား ဆိုတော့ မရှိဘူး ဟောလိုက်တယ်၊ နို့ အနတ္တ မရှိဘူးလား ဆိုလို့ရှိရင်လည်း မရှိဘူးလို့ ဟောလိုက်တော့ မခတ်ဘူးလား ဘုရား?

ပုဂ္ဂိုလ်ငဲ့ ဟောရတာ

အဖြေ – အနတ္တတွေပဲ (တင်ပါ့) ဟုတ်တယ်တဲ့ကွ၊ ငါ ဝေနေ ယျဇ္ဈာသယ လိုက်ပြီး ဒီပုဏ္ဏား အယူလွဲ သွားမှာ စိုးလို့ အတ္တရှိ သလားဆိုရင် သဿတဒိဋ္ဌိ ဘက်ပြေး လိမ့်မယ်၊ ဒါဖြင့် အနတ္တ သာ ရှိသလား ဆိုတော့ အနတ္တ ရှိတယ်လို့ ဆိုလိုက် ပြန်ရင်လည်း အနတ္တ ဆိုတာ ဘာမှ မရှိဘူး ပျောက်ကွယ် သွားတာ ဆိုတာ အဲဒီတော့ ဥစ္ဆေဒဒိဋ္ဌိ ဘက်ပြေးလိမ့်မယ်၊ အဲဒါကြောင့် သဿတ ဥစ္ဆေဒ ဒီနှစ်ခု လွတ်အောင် ငါဖြေလိုက်ခြင်း ဖြစ်တယ်၊ ပေါ်ပြီလား (တင်ပါ့)။

အဲဒီ သံယုတ်ပါဠိတော် ဒါဖြင့် စင်စစ် ပုဂ္ဂိုလ်ကို မငဲ့ဘဲနဲ့ ပုဏ္ဏား ဉာဏ်ကို ဘုရားက မချိန်ဘဲနဲ့ နိဗ္ဗာန် ရောက်ကြောင်း ဟောမယ် ဆိုရင် အနတ္တရှိတယ် ဟောရမယ်၊ အတ္တ ရှိတယ်လို့ မဟောရဘူး ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အမေးပုစ္ဆာ= နောက်ဆုံး လျှောက်လိုတာက – ဒီမဂ်ရပြီးတဲ့ ပုဂ္ဂိုလ် များဟာ တပည့်တော်တို့လို သာမန် လူအနေနဲ့ စားသောက် နေထိုင်တဲ့အခါကြတော့ ဒိဋ္ဌိကြီး တန်းလန်းကြီးနဲ့ ပါနေတာပေါ့ ဘုရား?

မဂ်ရပြီးတဲ့ ပုဂ္ဂိုလ်ကတော့ သူလည်း စားသောက်နေလို့ ရှိရင် မဆင်ခြင်လို့ ရှိရင် တပည့်တော် တို့နဲ့ မထူးဘူးလို့ ဒီလိုအောက်မေ့ပါတယ်?

ရောဂါပျောက်ပြီးတဲ့ပုဂ္ဂိုလ်

အဖြေ – ဒါက ဒီလို ရောဂါ မပျောက်သေးတဲ့ ပုဂ္ဂိုလ်က မတည့်တာ စားတာ တစ်မျိုး၊ ရောဂါပျောက်တဲ့ ပုဂ္ဂိုလ်က မတည့်တာ စားတာ တစ်မျိုး၊ ရောဂါ ပျောက်ပြီးသား ပုဂ္ဂိုလ်က ဆေးက မတည့်တာ စားတာ တစ်မျိုး ဒီလို ထူးခြား ပါတယ်။

ရောဂါ ပျောက်ပြီးသား ပုဂ္ဂိုလ်က မတည့်တာ စားတာ မှာ အစာကြေတယ်၊ ဟို မပျောက် သေးတဲ့ ပုဂ္ဂိုလ်က ရောဂါထ, တယ်၊ ဒီလို ကွာသွားပါတယ်၊ သူ့မှာ ဒိဋ္ဌိ ပြုတ်ပြီးသားပါ၊ သမုစ္ဆေဒ ပယ်ပြီးသားပါ။ ဒီလိုကွာ သွားပါတယ်၊ သဘောပါပြီလား။

ဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတ ပရာမာသကို ပယ်ပြီးသား ဖြစ် ပါတယ်၊ နေပုံထိုင်ပုံက ချို(ဂျို) မပေါက်ပါဘူး၊ သို့သော် ခင်ဗျား နောက် ဘုန်းကြီးအကြောင်း ညီညွတ်ရင် သောတာပန်မှာ ပေါ်တဲ့ (၇) စိတ်ကို ကျုပ်အထက်က နေပြီးတော့ ရေးပေးပါဦးမယ် (တင်ပါ့ဘုရား)။

သာဓု သာဓု သာဓု။

သောတာပန်တို့၏ထူးခြားချက် (၇)ချက်

(၁-၇-၆၂)

၁။ လောဘ၊ ဒေါသ၊ မောဟ ထတိုင်း ထတိုင်း ပေါ်တိုင်း ပေါ်တိုင်း၊ နောက်က ချက်ချင်း သိတာ သောတာပန်တို့၏ အသိ၊ ပုထုဇဉ် ကတော့ ဖြစ်ကြော ရှည်တယ်၊ သောတာပန် ကတော့ ဖြစ်ကြော တိုတယ်။

၂။ ချက်ချင်းသိလို့ သိသည်နှင့်တစ်ပြိုင်နက်တည်း၊ ငြိမ်းအေးအောင် လုပ်နိုင်ခြင်းသည်၊ သောတာပန် တို့၏ အသိ၊ ကိုယ့်ခန္ဓာကို ဖြစ်ပျက်ရှုပြီး ကမ္မဋ္ဌာန်း ဝင်ထိုင် လိုက်တယ်။

၃။ ဘုရားသာသနာတော်မှ တစ်ပါး အခြားသော သာသနာမှာ ထွက်ရပ်လမ်း မရှိဘူးလို့ သိနေတဲ့ အသိ ဟာလည်း သောတာပန် တို့၏အသိ၊ တခြားသော သာသနာမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ မရှိနိုင်ဘူး ဆိုတာ သူ့ဟာသူ သိတယ်။

၄။ ကိုယ့်မှာ ကျူးလွန်ထားတဲ့ အပြစ်ကလေးတွေ ရှိနေတယ်၊ မပယ်နိုင်သေးတဲ့ ကိလေသာက ထကြွ သောင်းကျန်း လာ တဲ့ အခါမှာ ချက်ချင်းပဲ ကုသလိုတဲ့ စိတ်ပေါ်တာလည်း သောတာပန်တို့၏ အသိ၊ ချက်ချင်းပဲ ကုသချင်တဲ့ သဘော၊ မှားတဲ့ ဥစ္စာ ချက်ချင်းပြေအောင် လုပ်ချင်တဲ့စိတ် တစ်ခါ တည်း ပေါ်လာတယ်။

၅။ ကိစ္စကြီးငယ် ရှိလို့ သူတစ်ပါး အတွက် လိုက်ရငြား သော်လည်း၊ သီလ၊ သမာဓိ၊ ပညာ အပျက်မခံ ဘဲနဲ့ လိုက်ခြင်းသည် သောတာပန် တို့၏ စိတ်ဓာတ် အသိ၊ သူ့သီလ ပျက်မှာ၊ သူ့သမာဓိ ပျက်မှာ၊ သူ့ ပညာပျက် မှာကိုတော့ အထိအခိုက် မခံဘူး။

၆။ မြတ်စွာဘုရား တရားတော်တွေကို ဟောနေလို့ ရှိရင် အနက် အဓိပ္ပါယ်တွေ သိပြီး အာရုံ တစ်ပါး မသွားဘဲနဲ့ နာပြီး နေနိုင်ခြင်းသည် ပုထုဇဉ်နဲ့ မတူတဲ့ သောတာပန် တို့၏ တရားနာမှု။

၇။ အဲဒီလို ခန္ဓာဉာဏ် ရောက်တဲ့ တရားတွေ နာရတော့ ဝမ်းမြောက်လို့ မဆုံးဘဲ၊ အိမ်ရောက်လည်း ပြောလို့ မပြီး၊ နှလုံးသွင်း ပြန်လည်း ဝမ်းမြောက်လို့ မပြီး၊ ကြည်ညိုလို့ မပြီး ကျေးဇူးတင်လို့ မပြီး၊ ဖြစ်နေ တာလည်း သောတာပန် တို့၏ စိတ်ထား။

၁-၇-၆၂ နေ့တွင် မိုးကုတ်ဆရာတော်ဘုရားကြီး၊ မိုးကုတ် မြို့၌ ဟောကြားဆုံးမခဲ့သော တရားတော် ဖြစ်ပါသည်။ သစ္စာလေးပါး တရားတော် အမှတ်စဉ် (၁၂) စာမျက်နှာ (၅၁၄)မှ ဖြစ်ပါသည်။