ကာယာနုပဿနာ (ဝက္ကလိရဟန်း)
အသံဖိုင်ခေါင်းစဉ်= ဝက္ကလိရဟန်းဝတ္ထု အမှတ်(၁)
စာအုပ်ခေါင်းစဉ်= ကာယာနုပဿနာ (ဝက္ကလိရဟန်း)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၌ ဟောကြားသောတရားတော်
ကာယာနုပဿနာ
(ဝက္ကလိရဟန်း)
(၁-၁-၅၈)
ဒီနေ့အားရှိပုံကို ဟောလိမ့်မယ်၊ ဝက္ကလိရဟန်း ဘယ်လို ရှိတယ်ဆိုတာ ဒကာဒကာမတို့ သိရလိမ့်မယ်။
ဝက္ကလိကို ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော် တိုင်လာပြီး သကာလ ဟောတယ်၊ ဟောတော့ သူထင်မြင်ပုံတွေ၊ သူထင်မြင်ပုံကလဲအင်မတန်ကောင်းတယ်၊ အဲဒီမှာ နောက်ဆုံး ပိတ် တစ်နေ့ကျတော့ လိုတာပေါ်လာတယ်၊ အဲဒါကို ရှင်းလင်းပြီး သကာလ ပြမယ်။
အလုပ်စခန်းရှေ့ထား
ဒါဖြင့် အလုပ်စခန်းကို ရှေ့ထားဒကာဒကာမတွေ၊ အလုပ်စခန်းကို ရှေ့ထားပြီး ပြပေးမယ်၊ ပြီးမှ ဝတ္ထုကိုသွားမယ်။
ဒီခန္ဓာငါးပါးကတော့လာရမှာပဲ၊ ဒီခန္ဓာငါးပါးပဲရှိတော့ ဒကာဒကာမတို့ ဒီခန္ဓာငါးပါးကတော့ လာရမှာပဲလို့ မှတ်ထားကြ ပါ၊ တရားနာနေတဲ့ ဒီကိုယ်ကြီးက ဘာဆိုကြမယ် (ခန္ဓာငါး ပါးပါ ဘုရား)၊ ရူပက္ခန္ဓာလို့ ဆိုလိုက်ပါတော့။
အားလုံးကိုင်တွယ်လို့ရတာကြီးကို ဘာဆိုကြမလဲ (ရူပက္ခန္ဓာပါ ဘုရား) ရူပက္ခန္ဓာတဲ့ ကောင်းပြီ ဒီရုပ် တရားကြီး ကတော့ ဒကာဒကာမတို့ ခွဲခွာမရတဲ့အတွက် အပေါင်းအစုကြီး ဖြစ်ပြီး သကာလ နေတယ်။
အဲဒီအပေါင်းအစုကြီးကိုလဲ ကြည့်လို့မဖြစ်ဘူး၊ အပေါင်း အစုကြီးထဲက တစ်ပါးပါးကိုယူကြည့်ရမယ်၊ တစ်ပါးပါးမှ ယူ မကြည့်ရင်လဲ အပေါင်းအစုကြီးပျက်ဖို့ရာ အကြောင်းကိုမြင်ဖို့ရန် အင်မတန်မှခဲယဉ်းပါတယ်။
အဲဒီတော့ဘယ်လိုလုပ်ရမှာလဲလို့မေးခွန်းထုတ်ပါ။
ဘယ်လိုလုပ်ရမှာလဲ
ဘယ်လိုလုပ်ရမှာလဲလို့ မေးခွန်းထုတ်လို့ရှိရင် ဒကာ ဒကာမတို့လှုပ်တယ် ငြိမ်တယ်ဆိုတာတော့ ခန္ဓာကိုယ်ရှိတဲ့ လူမသိပေဘူးလား (သိပါတယ်)။
ကောင်းပြီ ဒကာဒကာမတို့ လှုပ်တယ်ငြိမ်တယ်ဆိုတာ သည်လေကြောင့်လို့ ဆိုရင်ကော၊ ဒကာဒကာမတို့ ကျေနပ် ပလား (ကျေနပ်ပါတယ်) လေဓါတ်သက်သက်ပဲ။
လှုပ်တယ်ဆိုတာ လှုပ်တဲ့လေဓါတ်ပဲ၊ ငြိမ်တယ်ဆိုတာ ငြိမ်တဲ့လေဓါတ်ပဲ၊ လှုပ်တယ်ဆိုရင်ဘာပါလိမ့် (လှုပ်တဲ့လေ ဓါတ် ပါ ဘုရား) ငြိမ်တယ်ဆိုတာကော (ငြိမ်တဲ့လေဓါတ်ပါ) ငြိမ် တဲ့လေဓါတ်လို့မှတ်ပါ။
လှုပ်တယ် ငြိမ်တယ်ဆိုတဲ့စကားကို ဒကာဒကာမတို့ စဉ်းစားကြည့်ပါ၊ လှုပ်တယ် ငြိမ်တယ်ဆိုတဲ့စကားနှစ်ခုရှိတယ်။
စိတ်ကလှုပ်ဦးမယ်ဆိုရင် လှုပ်တာပဲ၊ စိတ်ကငြိမ်နေမယ် ဆိုရင်ကောငြိမ်တာပဲ။
လှုပ်တယ်ငြိမ်တယ်ဆိုတာ
လှုပ်တာငြိမ်တာသည် ဘယ်သူနဲ့ ဆက်သွယ်နေသလဲ လို့ မေးခွန်းထုတ်ပါ။ စိတ်နဲ့ဆက်သွယ်နေတယ်၊ သဘောကျပလား (ကျပါပြီ)
ဒါဖြင့် စိတ်ကြောင့်ဖြစ်တဲ့ရုပ်လို့မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) အဲတော့ ရုပ်ကိုကြည့်တော့မယ်ဆိုရင် စိတ်ကို မငဲ့နဲ့ အဘယ်ကြောင့်ဆိုသော် စိတ်ကနာမ်တရား ဖြစ်နေတယ်၊
လှုပ်တာငြိမ်တာလေးပဲကြည့်နေ၊ လှုပ်တာငြိမ်တာလေး ပဲကြည့်နေပြီဆိုမှဖြင့်၊ လှုပ်တာသည် ငြိမ်တာ မဟုတ်ဘူးဆိုတာတော့ ခင်ဗျားတို့ ဉာဏ်ထဲမှာပဲဆုံးဖြတ်ချက်ချမှာပဲ မချပေဘူး လာ ( ချပါတယ် ဘုရား)။
လှုပ်တာဟာ ငြိမ်တာဟုတ်ကဲ့လား (မဟုတ်ပါ) ငြိမ်တာကော လှုပ်တာဟုတ်ပါရဲ့လား (မဟုတ်ပါ)၊ အင်း တခြားစီပဲလို့မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
တခြားစီပဲလို့မသိဘူးဆိုလို့ရှိရင် စိတ်ကိုဝေဖန်လိုက်၊ ဪ လှုပ်လိုတဲ့စိတ်က လှုပ်တာပဲလုပ်တယ်၊ ငြိမ်လိုတဲ့ စိတ်က (ငြိမ်တာပဲလုပ်တယ်) အဲဒီလိုဝေဖန်လိုက်တဲ့အခါကျတော့မှ လှုပ်တာ ငြိမ်တာ သည်ကား ဆိုလို့ရှိရင် တခြားစီပဲ။
အဘယ့်ကြောင့်တခြားစီပဲလို့ ဆိုရသတုံးဆိုတော့ သူ ဖြစ်စေတတ်တဲ့တရားက တခြားစီဖြစ်လို့၊ ဖြစ်စေတတ်တဲ့ အကျိုးတရားလဲ တခြားစီဖြစ်တယ်ဆိုတာ မှတ်ရမှာပဲ (မှန်ပါ့)။
ဒီလိုပဲ စိတ်ကိုဝေဖန်လိုက်တော့ တည့်မသွားဘူးလား (တည့်သွားပါတယ်) အားလုံးဒကာဒကာမတွေသဘောကျ တယ်နော်၊ (ကျပါတယ်) လှုပ်တာနဲ့ ငြိမ်တာအတူတူပဲလား၊ တခြားစီလား (တခြားစီပါ ဘုရား) အဲဒါ ဒကာဒကာမတွေက အတော်နေရာကျနေပြီ။
လှုပ်တာနဲ့ငြိမ်တာတခြားစီပဲလို့ဆိုတော့ ခင်ဗျားတို့ဒီ စကားပဲဒီအရေးပဲ ဒီအကြောင်းပဲ အဲဒီလိုဖြစ်နေမှာစိုးတဲ့ အတွက် ဘုန်းကြီးက ခွဲပြလိုက်တယ်၊ ဘယ်လိုခွဲပြသတုံးဆိုတော့ လှုပ် တာသည် ဒကာဒကာမတို့ ဘယ်သူကြောင့် လှုပ်ပါလိမ့် (စိတ်ကြောင့်)။
သြော် လက်မောင်းတစ်ခုတည်းမှာပဲ ဒီအထဲမှာ လှုပ်စေ တတ်တဲ့သဘောအထူးတွေက စိတ်ကလဲလှုပ်တာပဲ မဆိုနိုင်ဘူးလား ဆိုနိုင်ပါတယ်။
ငြိမ်ပြန်တော့ကောတဲ့ ငြိမ်စေတတ်တဲ့ ရုပ်အထူးတွေကို ဘယ်သူကလုပ်တာလဲ (စိတ်ကလုပ်တာပါ ဘုရား)။
ကဲ-ဒါဖြင့် လှုပ်တာနဲ့ငြိမ်တာ ဒီလက်မောင်းတစ်ခုတည်း ပဲလို့ဆိုမလား၊ ဒီအထဲမှာ ဒကာဒကာမတို့လှုပ်မှုငြိမ်မှုဟာ တခြားစီလို့ဆိုကြမလား၊ (တခြားစီပါ ဘုရား) တခြားစီလို့ဆိုရမယ် သဘောကျပလား (ကျပါတယ်)။
ဒါ-သဘောပါအောင်လို့ပြောလာတယ် အားလုံး ဒကာ၊ ဒကာမတွေသဘောပါပလား (ပါပါပြီ ဘုရား)။
လှုပ်တာနှင့်ငြိမ်တာတခြားစီ
ဘယ်လိုစဉ်းစားရမလဲလို့မေးတဲ့အခါ၊ လက်မောင်း တစ်ခုတည်းကိုပဲစဉ်းစားပါ၊ လက်မောင်း တစ်ခုတည်းမှာ လှုပ် တာလဲ သူပဲ၊ ငြိမ်တာလဲသူပဲလို့ ခင်ဗျားတို့ ထင်ချင်ထင်ကြလိမ့် မယ်နော် (တင်ပါ့)။
သို့သော်အကြောင်းရှာလိုက်တဲ့အခါကျတော့ လှုပ်တာလဲ လှုပ်တဲ့စိတ်ကြောင့် လှုပ်လို့ဖြစ်တာ၊ ငြိမ်တာကော (ငြိမ်တဲ့ စိတ်ကြောင့် ငြိမ်လို့ဖြစ်တာ၊ ဒါဖြင့် ဒီလက်မောင်းတစ်ခုတည်း လို့ဆိုမလား တဲ့အတွင်းမှာ ထူးခြားတယ်လို့ ဆိုမလား (ထူးခြားတယ်လို့ ဆိုပါတယ် ဘုရား)။
အတွင်းမှာထူးခြားတယ်လို့ ဒကာဒကာမတွေကဆို လိုက်ပါတော့၊ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒါဖြင့် ဒကာဒကာမတို့မျက်လုံးမှိတ်ပြီး သကာလ လှုပ်တာနဲ့ ငြိမ်တာဟာ တခြားစီပဲလို့သာ မှတ်ပြီးကြည့်ပေတော့၊ သဘောကျ ပလား (ကျပါပြီ)။
မျက်လုံးမှိတ်ပြီးကြည့်တဲ့အခါကျတော့ လှုပ်တာနဲ့ငြိမ် ကာ ဟာဘာတုံး (တခြားစီပါ) တခြားစီ။ လှုပ်တဲ့စိတ်သည် အလုပ်လုပ်တဲ့အခါသာဖြစ်စေတယ် ငြိမ်တဲ့စိတ်သည် (ငြိမ်တဲ့အခါသာ ဖြစ်စေတယ်)။
ကောင်ပြီးဒါဖြင့်လှုပ်တာသည်ငြိမ်တဲ့ ဆီများလိုက် သေးသလား (မလိုက်ပါ ဘုရား) ငြိမ်တာသည်လှုပ်တဲ့ဆီသို့ (မလိုက်ပါ)
ကောင်းပြီ ဒါဖြင့် မျက်လုံးမှိတ်ပြီး ဉာဏ်နဲ့ဖြန့်ကြည့်လိုက် တဲ့အခါကျတော့၊ အတွင်းဓါတ်သားက တခြားစီပါလားဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား) သဘောကျကြ ပလား (ကျပါတယ်)။
ဘယ်ကနေခွဲလိုက်လို့ ဒါလောက်ကွဲသွားတာပါလိမ့် (အကြောင်းကနေခွဲလိုက်လို့ပါ)၊ အင်းအကြောင်းက ခွဲလိုက်လို့ အကြောင်းကခွဲလိုက်ရင် မင်းတို့ဒီလိုဉာဏ်ချည်းဖြစ်နေမယ်၊ ဒါသေသေချာချာစဉ်းစားကြပါ ဒကာဒကာမတို့ ဒါဝိပဿနာ အစစ်ကို ပြနေတယ်။
အဲဒီတော့ လှုပ်တာကော လှုပ်ပြီးတော့ပျက်စီးတာပဲ၊ ငြိမ်တာကော (ငြိမ်ပြီးတော့ပျက်စီးတာပဲ) ဒါဖြင့်ခင်ဗျားတို့ဟာ လှုပ်တယ်ပျက်စီးတယ် ငြိမ်တယ်ပျက်စီးတယ် (မှန်ပါ့)
ဒါဖြင့် အနိစ္စချည်းပေါ့ (တင်ပါ့)။
လမ်းလျှောက်ကြပါစို့။
ဒါဖြင့် ဒကာဒကာမတို့လမ်းသွားတဲ့အခါကျတော့၊ လှုပ် တာငြိမ်တာ ဒီနှစ်ခုတော့ပါရမှာပဲ (မှန်ပါ့) မပါရပေဘူးလား (ပါရမှာပါ) လှုပ်တာသည် လှမ်းလိုက်တဲ့အချိန်မှာ ဘာဖြစ်ပါလိမ့် (လှုပ်တာပါ ဘုရား) ခြေထောက်မြေကျတဲ့ အချိန်မှာ (ငြိမ်တာပါ ဘုရား)။
အဲဒါဖြင့် လှမ်းတဲ့ဝါယောသည် လှမ်းတဲ့လေသည်လှုပ် တဲ့လေ၊ ခြေချတဲ့လေသည် မလှုပ်တဲ့လေ၊ ငြိမ်တဲ့လေပေါ့ဗျာ၊ သဘောကျပလား (ကျပါပြီ) ဒါဖြင့်လှုပ်တဲ့လေဟာ ငြိမ်တဲ့ဆီ ရောက်ပါ့မလား (မရောက်ပါ) ငြိမ်တဲ့လေဟာ ပြန်လှုပ်တဲ့ဆီ (မရောက်ပါ ဘုရား)။
ဒါဖြင့်မရောက်တာကိုကြည့်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ဘယ်အတွက်ကြောင့် မရောက်ပါလိမ့်လို့ မေးခွန်း ထုတ်လို့ရှိရင်ဖြင့် မလိုက်နိုင်လို့ မရောက်တာ ရှင်းကြပလား (ရှင်း ပါပြီ) ဘာကြောင့်မရောက်ပါလိမ့် (မလိုက်နိုင်လို့ပါ)။
မလိုက်နိုင်လို့မရောက်တာကို ဒကာဒကာမတွေကရှင်း ပြီး သကာလ၊ ထားလိုက်တော့ မလိုက်နိုင်တာသည် ဘာဖြစ်လို့ မလိုက်နိုင်သတုံးလို့မေးလို့ရှိရင်ဖြင့်၊ မရှိလို့မလိုက်နိုင်တာ၊ ဒါ သေသေချာချာ ဝေဖန်လိုက်တာပေါ့။
မလိုက်နိုင်တာဘာကြောင့်မလိုက်နိုင်ပါလိမ့် (မရှိလို့ မလိုက်နိုင်တာပါ) မရှိလို့ မလိုက်နိုင်တာကျမှ အဓိပ္ပါယ်ရောက် တယ်၊ မရောက်ကြဘူးလား (ရောက်ပါတယ်) မရှိလို့ မလိုက်နိုင်တာဆိုတော့မှ ဒကာဒကာမတို့ အနိစ္စပေါ်လာတယ် (မှန်ပါ့) မရှိလို့ မလိုက်နိုင်တာဆိုမှနော် (မှန်ပါ့)။
လှုပ်တာသည်ငြိမ်တဲ့ဆီမလိုက်
လှုပ်တာသည် ငြိမ်တဲ့ဆီလိုက်ကဲ့လား (မလိုက်ပါ) ဘာ ဖြစ်လို့ (မရှိလို့ပါ) ဘယ်သူမရှိတာလဲ (လှုပ်ရုပ်မရှိတာ) – လှုပ်ရုပ် မရှိတာ လှုပ်တတ်တဲ့လေမရှိတာ၊ လှုပ်တတ်တဲ့လေမရှိတာ သဘောကျကြပလား (ကျပါပြီ)။
ကောင်းပြီ၊ ဒါဖြင့် ဒီတရားလေးဟာက၊ အနိစ္စပဲလို့ ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချ (မှန်ပါ့) လှုပ်တတ်တဲ့ တရားလေး ငြိမ်တဲ့ဆီမလိုက်လာဘူး လိုက်သေးသလား (မလိုက်ပါ) မရှိလို့မလိုက်တာ။
အဲတော့မရှိတာက လုံးလုံးမရှိတာလား၊ ရှိရာကမရှိတာ လားဝေဖန်လိုက်ဦး (ရှိရာကမရှိတာပါ) ရှိရာက မရှိတာ ရှိရာက မရှိတာဆိုတော့ သေချာသွားပြီ၊ ဟိုတုံးက လှုပ်လိုသော စိတ်ကြောင့် လှုပ်ရုပ်မဖြစ်ဘူးလား ဖြစ်ပါတယ်။
၎င်းလှုပ်ရုပ်ကလေးသည် ငြိမ်တဲ့ဆီမလိုက်တော့ဘာ ကြောင့်မလိုက်ပါလိမ့် (မရှိလို့မလိုက်တာပါ) မရှိလို့မလိုက်တာ၊ ရှင်းကြပလား (ရှင်းပါတယ်)။
မရှိတာဘာခေါ်ကြမယ် (အနိစ္စ) အနိစ္စ၊ ဟုတ်ပြီတဲ့ ဒကာ ဒကာမတွေက အနိစ္စဆိုတာမှတ်လိုက်တာပေါ့၊ ရှိရာက မရှိတာကိုဘာခေါ်ကြမယ် (အနိစ္စ) ရှိရာက မရှိကြောင်း သိသိ သိသိပြီး သကာလ သွားကြလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အနိစ္စဉာဏ်သေချာတယ် (မှန်ပါ့)။
ရှိရာကမရှိတာသိမှနော် (မှန်ပါ့) ဘာသိရမလဲ (ရှိရာက မရှိတာသိမှပါ ဘုရား) ရှိရာက မရှိတာကိုသိလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေ အကြောင်းရင်းသိမ်းဆည်းပြီးသားကို ဟောလိုက်တယ်၊ ဦးဘကြည်တို့နော်။
အကြောင်းသိမ်းဆည်းရေးနော် – ချုပ်မှသိမ်းဆည်း တယ်ဆိုတာ သာမညဉာဏ်မဟုတ်ဘူး၊ ဘာနဲ့သိမ်းဆည်းတယ် စိတ်နဲ့သိမ်းဆည်းတယ်တဲ့၊ စိတ်ကြောင့်ဖြစ်တဲ့ လေက ဖြစ်တာ ငြိမ်တဲ့ ဆီလိုက်သလား (မလိုက်ပါ ဘုရား) ဘာလို့မလိုက်လဲ မရှိ လို့မလိုက်ဘူး၊ မရှိလို့မလိုက်ဘူး၊ ကောင်းပြီဒါဖြင့် မရှိလို့မလိုက် တာကို ဒကာ ဒကာမတို့ နဂိုကရှိသလား (ရှိပါတယ်) လှုပ်တုံးက ရှိသလား (ရှိပါတယ်) ငြိမ်တော့မှ (မရှိတာပါ) ငြိမ်တော့မှ မရှိတာ သဘောကျကြပလား (ကျပါပြီ)။
မရှိလို့မလိုက်တာသိရင်တော်ပြီ
ငြိမ်တော့ဘယ့်နှယ်လဲ (မရှိပါ) ငြိမ်တော့မရှိပါဘူး၊ လှုပ် တုန်းကရှိတယ်၊ ငြိမ်တော့မရှိပါဘူး။ သြော်-ဒါဖြင့် ခန္ဓာကိုယ်ပေါ်မှာ ဒကာ ဒကာမတွေက စဉ်းစားရမယ်၊ ဪ မရှိလို့ မလိုက်နိုင်ပါလား ဆိုတာ ပေါ်သွားပလား (ပေါ်ပါပြီ) ဒီတရားဘာတရားခေါ်ကြမယ် (အနိစ္စတရား) အနိစ္စတရား (မျက်လုံးနဲ့ မကြည့်နဲ့ မျက်လုံးနဲ့ ကြည့်ရင် အထည်ခံလိမ့်မယ် (မှန်ပါ့)။
ဉာဏ်နဲ့ကြည့်လိုက်တော့မှ မရှိလို့မလိုက်တာသိရင် တော်ပြီ၊ ရှင်းပလား (ရှင်းပါပြီ)။
မျက်လုံးနဲ့ကြည့်ရမှာလားဉာဏ်နဲ့ကြည့်ရမှာလား (ဉာဏ် နဲ့ကြည့်ရမှာပါ ဘုရား) ဉာဏ်နဲ့ကြည့်တော့ ဘယ်လိုဆုံးဖြတ်ချက် ချတုံး (မရှိလို့မလိုက်တာ) သေချာပလား (သေချာပါတယ်)
ကိုယ့်စိတ်ထဲမှာကိုပဲ သံသယရှိသေးရဲ့ လား (မရှိပါ) ဒီလို သံသယမရှိအောင်သိလို့ရှိရင် ဒါအနိစ္စမိပြီး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဒီလိုသံသယမရှိအောင်သိရင်ဘာတဲ့လဲ (အနိစ္စမိပြီ ပါ ဘုရား) အနိစ္စမိပြီ။
ကောင်းပြီ၊ ဒါဖြင့် အနိစ္စကို အကြောင်းအကျိုးနှစ်ရပ် သိမ်းဆည်းပြီး သကာလ အခုတရားနာတဲ့ ဒကာ ဒကာမတွေ သိလိုက်ရခြင်းသည် အနိစ္စအစစ်ကို သိလိုက်ရခြင်းလို့မှတ်ပါ။ ဘာသိလိုက်ရတာလဲ (အနိစ္စအစစ်ကိုသိလိုက်ရတာပါ) အနိစ္စ အစစ်ကိုသိလိုက်ရတာ။
ဟုတ်တယ်တဲ့ ဒီဥစ္စာသည် ငြိမ်တဲ့ ဆီလိုက်သေးရဲ့ လား (မလိုက်ပါ) ဘာလို့မလိုက်ပါလိမ့် (မရှိလို့ပါ) မရှိလို့ မလိုက် တာနော်၊ နဂိုကမရှိတာလား နဂိုက ရှိပြီးတော့မှ မလိုက်တာ လား (ရှိပြီးတော့မှမလိုက်တာပါ) အဲဒီလိုရှင်းပါမှ ရှိတဲ့တရား ကိုကပျက်စီးလို့မလိုက်ဘူး သဘောကျပလား (ကျပါပြီ) ဘာတဲ့ (ရှိတဲ့တရားကိုကပျက်စီးလို့မလိုက်တာပါ)
ဒါဖြင့် ပျက်စီးလို့မလိုက်နိုင်ဘူးဆိုသဖြင့် ဒကာဒကာမတို့ ရှိပြီးမရှိတဲ့တရားအနိစ္စဆိုသဖြင့် ဒကာဒကာမတို့ ဉာဏ်ထဲမှာ မထင်ပေဘူးလား ထင်မလား (ထင်ပါတယ် ဘုရား)။
မမြင်ဘူးလို့မပြောနဲ့နော် မမြင်ဘူးလို့ပြောရင် ဒကာ ဒကာမတို့ မျက်လုံးနဲ့ပြောတဲ့စကားဖြစ်နေမယ်၊ (မှန်ပါ့) မြင်တော့ မှယုံပါဘုရား၊ ဆိုရင်တော်ပြီရှင်းပလား (ရှင်းပါပြီ) ဘယ်လို ဆုံးဖြတ်ကျမလဲ (မြင်တော့မှယုံပါပြီ)
မြင်တော့မှယုံပါပြီဆိုရင် ဒါအနိစ္စမြင်တာ အထည်တော့ ဖြင့် ပျောက်လိမ့်မယ်လို့ အောက်မေ့မနေနဲ့ (မှန်ပါ့) အနိစ္စရှုတုံး ကို သဘောကျပလား (ကျပါပြီ) ဘယ်လိုကျပါလိမ့် (အထည်တော့ ပျောက်လိမ့်မယ်လို့ မအောက်မေ့နဲ့)။
ဉာဏ်ကတော့ဆုံးဖြတ်ချက်ကျပြီနော် အထည်ကတော့ (မပျောက်ပါ) မပျောက်ချင်နေပါ၊ ဘာဖြစ်လို့မပျောက်ချင် နေပါလို့ ဆရာဘုန်းကြီးကဟောရသတုံးဆိုလို့ရှိရင် ကံကြောင့် ဖြစ်နေတာတွေက ပျောက်မှာမဟုတ်ဘူး၊ ကံကြောင့်ဖြစ်နေတာ တွေက ပျောက်ပါမလား (မပျောက်ပါ) ဥတုအာဟာရကြောင့်ဖြစ် နေတာတွေကကော (ပျောက်မှာမဟုတ်ပါ) မပျောက်သေးတော့ အကုန်ရှုပါဆိုလို့ရှိရင်လဲ ဖြစ်မှာမဟုတ်ဘူး၊ ကိုင်း ဘယ်လို ရှုကြမယ် (စိတ်ကိုရှုရမယ်)။
ရုပ်ကလေးတစ်ခုကိုအမှတ်ထားပါ
စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ကလေးတစ်ခုကို အမှတ်ထားရှု ပါ၊ စိတ်ကြောင့် ဖြစ်တဲ့ ရုပ်ကလေး တစ်ခုကို အမှတ်ထားရှုပါ။
အဲတော့ လှုပ်တဲ့ရုပ်သည် လေရုပ်သည် ဒကာဒကာမ တို့ဘယ်သူကလုပ်သလဲ (စိတ်ကလုပ်ပါတယ်) ငြိမ်တဲ့ဆီ ပါသေးသလား (မပါပါဘူး) မပါတော့ဘူး ဘာပြုလို့မပါ ပါလိမ့် (မရှိလို့ပါ) မရှိလို့မပါတာ။
မရှိလို့မပါဘူးဆိုတာနဲ့ ချုပ်ပျောက်သွားလို့ဟုတ်လား မပါဘူးဆိုတာနဲ့ဘယ်ဟာက သာကောင်းသလဲ၊ (ချုပ် ပျောက်သွားလို့မပါဘူးဆိုတာကသာကောင်းပါတယ်) အဲဒါ ကသာ ထင်ရှားတယ်၊ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ဒကာဒကာမတို့ (ချုပ်ပျောက်သွားလို့မပါဘူး) အဲ ချုပ်ပျောက်သွားလို့ သူမလိုက်နိုင်တော့ဘူး ဒီအဓိပ္ပာယ် ရောက်ပလား (မရောက်ပါ ဘုရား) ချုပ်ပျောက်သွားလို့ ဆိုသဖြင့် သော် နဂိုကရှိတယ်ဆိုတဲ့အဓိပ္ပါယ်ကော ပါပြီးသား ဖြစ်တယ်၊ မပါသေးဘူးလား (ပါပါတယ်)။
အဲတော့ဘုန်းကြီးတို့ ဒကာဒကာမတွေက ဘယ်လိုလုပ် ရမတုန်းဆိုလို့ရှိရင်၊ လှုပ်တိုင်းငြိမ်တိုင်း သြော်အတွင်းမှာ လှုပ်တာလေး ပျက်အောင်လုပ် ငြိမ်လာလို့ရှိရင် ငြိမ်တာလေးသည် လှုပ်တဲ့ ဆီမလိုက်သောကြောင့် ငြိမ်ငြိမ်လေးပျက်နေတယ် ငြိမ်တဲ့ သဘောလေးပျက်နေလို့။
ဒီမှာလဲ ခင်ဗျားတို့ ဉာဏ်ထဲမှာ ငြိမ့်၍ငြိမ့်၍သွားလို့ရှိ ရင်ဖြင့် အနိစ္စကောင်းကောင်းပိုင်ပါပြီ၊ သဘောကျပလား (ကျပါပြီ)။
ပိုင်တယ်ဆိုတာဘာနဲ့ဝေဖန်ရသတုံးလို့ ဦးခင်မောင်မေး ဖို့လိုတယ်၊ ပိုင်တယ် ဆိုတာ ဘာနဲ့ ဝေဖန်ရသတုံးလို့ ဒကာဒကာမ တွေမေးဖို့လိုတယ်၊ (မှန်ပါ့) အခုပိုင်ပြီလို့ ဒကာဒကာမတွေက ဘုန်းကြီးကို လျှောက်ကြတယ်၊ ချုပ်သွားလို့မလိုက်နိုင်ဘူးဘုရား။
ဟုတ်တယ်ချုပ်သွားလို့မလိုက်နိုင်ဘူး၊ ပိုင်ပါတယ်ပြော တာ၊ သို့သော် ပိုင်ပုံက ကိုယ့်သံသယ က ခံနေပြန်လို့ရှိရင်လဲ မပိုင်ဘူးမှတ်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကိုယ့် သံသယရှိရင်ကော (မပိုင်ပါ ဘုရား) အခုတော့ ဘယ်နှယ်ဆိုကြ မယ် (သံသယမရှိပါ ဘုရား) သံသယမရှိဘူး (မှန်ပါ့) သံသယ မရှိဘူးဆိုကတည်းကိုက ဒကာဒကာမတို့ ယုံမှားခြင်းလွန်မြောက် သွားပြီ၊ ဦးဘကြည် မလွန်မြောက်ဘူးလား (လွန်မြောက် ပါတယ်)။
ယုံမှားခြင်းလွန်မြောက်သွားတယ်၊ ကောင်းပြီ ဒီ အနိစ္စသည် ဒကာ ဒကာမတို့ သာမညအနိစ္စမဟုတ်ဘူးနော်။သာမညအနိစ္စမဟုတ်ဘူးနော်၊ သူ့ဖြစ်စေတတ်တဲ့အကြောင်းတွေ လဲဖော်ပြထားတယ်။
ချုပ်သွားတဲ့သဘောလေးကိုလဲ ဒကာဒကာမတို့ ကောင်းကောင်း ကြည့်လို့ရတယ်၊ ဖြစ်စေတတ်တဲ့ အကြောင်းကောဖော်ပြ လို့ ယုံမှာလား၊ ဖြစ်စေတတ်တဲ့အကြောင်းကောဖော်ပြလို့ ယုံပါရဲ့လား (ယုံပါတယ်) ဘာဖော်ပြသလဲ (ဖြစ်စေတတ်တဲ့ အကြောင်းပါ) အင်း ဒီလိုဆိုလို့မရဘူး။
ဖြစ်စေတတ်တဲ့အကြောင်းဘယ်သူတုံး (စိတ်ပါ) ဒီလိုယူ ဒါမှ လက်သည်ပေါ်တော့မှာပေါ့ (မှန်ပါ့)။
ဖြစ်စေတတ်တဲ့အကြောင်းက ဘယ်သူပါလိမ့် (စိတ်ပါ) သြော် စိတ်ကြောင့်လေဖြစ်တာ၊ (ဒါလဲရှာရဦးမှာလား) စိတ်ကိုမရှာနဲ့ဦး ရုပ်အကြောင်းဟောနေလို့ နောက်တော့ သူပြောမှာပေါ့။
အဲ-ဒကာ ဒကာမတို့ ခင်ဗျားတို့ ငယ်ငယ်တုန်းက သင်္ဘောရိုးထဲမှာကြက်တောင်လေးတွေ ထည့်မှုတ်တဲ့အခါ မှုတ် လိုတဲ့စိတ်ပေါ်လာတော့လေဖြစ်မဖြစ် (ဖြစ်ပါတယ်) မှုတ်လိုတဲ့ စိတ်ကြောင့်မပေါ်လာတဲ့အခါ လေရှိ မရှိ (မရှိပါဘူး) အဲဒါဖြင့် လေဟာဘယ်သူကြောင့်လဲ (စိတ်ကြောင့်ပါ)။
သင်္ဘောရိုးသာ မှုတ်ကြည့် အိမ်ကျနားမလည်လို့ရှိရင် သဘောကျပလား (ကျပါပြီ) သင်္ဘောရိုးမှုတ်ကြည့်လို့ရှိရင် ဒီလေ ဘယ်ကလာပါလိမ့်မတုံးဆိုတော့ ဒကာဒကာမတွေဘယ်နှယ် ဖြေကြမလဲ (မှုတ်ချင်တဲ့စိတ်ကြောင့်)။
မှုတ်လိုတဲ့စိတ်နော် မှုတ်လိုတဲ့စိတ်ကြောင့် တစ်ခါတည်း တဲ့၊ လေဖြစ်လာတယ်ဆိုတာ ဒကာဒကာမတွေ သံသယမရှိ တော့ပါဘူး (မရှိပါဘူး) ရှိသေးရဲ့လား (မရှိပါဘူး)။
ကောင်းပြီ ဒါဖြင့် လှုပ်ရှားတဲ့လေကလေးဟာ ဘယ်သူ့ ကြောင့်ပါလိမ့်၊ (စိတ်ကြောင့်) သြော် စိတ်ကြောင့်။
ခြေထောက်လှမ်းလိုက်၊အောက်ချလိုက်
ကောင်းပြီ ခြေထောက်လှမ်းလိုက်တဲ့အခါ လှုပ်တယ် ဆိုတာ ထင်ရှားတော့၊ ခြေထောက် အောက်ချ လိုက်ပြန်တော့ ဒကာသိုက် ငြိမ်တာထင်ရှားတယ်၊ မထင်ရှားဘူးလား ဒကာဒကာမတို့
(ထင်ရှားပါတယ် ဘုရား) အလွန်ထင်ရှားတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါတယ်)။
သို့သော် ဘယ့်နှယ်ကြောင့် အလှုပ်သည်ဘာဖြစ်သွား လို့ပါလိမ့်မလဲလို့ မေးခွန်းထုတ်စမ်း (ချုပ်ပျောက်သွား) ချုပ် ပျောက်သွားလို့ဆိုနိုင်ကြပလား (ဆိုနိုင်ပါတယ်)။
လှုပ်တာသည် ဘယ်ရောက်သွားပါလိမ့် (ချုပ် ပျောက်သွားတယ်) ချုပ်ပျောက်သွားတယ်၊ အင်း ဘယ်သူ့ သန္တာန်ချုပ်ပျောက်သွားပါလိမ့် (စိတ်သန္တာန်ပါ) မိမိသန္တာန် ဆိုလိုက်ပါစို့။
မိမိသန္တာန်မှာဘာဖြစ်သလဲ – (ချုပ်ပျောက်သွားပါတယ်) တွေမနေနဲ့ မိမိသန္တာန်မှာ လှုပ်ရှားတဲ့ရုပ် ချုပ်ပျောက်သွားပြီ။ သဘောကျပလား (ကျပါပြီ) ကိုင်း သူတို့သည်ကား လို့ဆိုရင် ဒကာဒကာမတို့မလိုက်နိုင်လို့ချုပ်တာလား၊ မေးရင်ဘယ်နှယ်ဖြေ ကြမလဲ (ချုပ်လို့မလိုက်နိုင်တာ) ရှင်းပလား (ရှင်းပါပြီ) ဘာတဲ့ (ချုပ်လို့မလိုက်နိုင်တာ)။
ဖြစ်လဲဖြစ်တယ်ချုပ်လဲချုပ်တယ်
ကောင်းပြီချုပ်လို့မလိုက်နိုင်တာဆိုတော့ ဒကာဒကာမ တွေနေရာကျသွားပြီဆိုသဖြင့် သြော် ဒီဟာဖြစ်လဲဖြစ်တယ်၊ ချုပ်လဲချုပ်တယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဖြစ်လဲဖြစ်တယ်ဆိုတာရှေ့မှာ ထောက်လိုက်တော့ဖြစ် လဲဖြစ်တယ်၊ မလိုက်နိုင်တာ ထောက်လိုက်တော့ ချုပ်လဲချုပ်တယ်၊ ရှေ့မှာ ထောက်လိုက်တော့ဖြစ်လဲဖြစ်တယ် မလိုက်နိုင်တာ
ထောက်လိုက်တော့ ချုပ်လဲချုပ်တယ်။
အဲဒီခင်ဗျားတို့လှုပ်တာ ငြိမ်တာကိုလှည့်မကြည့်ချင်နေ၊လှုပ်တာတစ်ခုထဲကိုသာ မိအောင်ဖမ်းနေပြီး သကာလ လူမလိုက်ဘူး၊ သူဘယ်လိုကြောင့်မလိုက်တယ်ဆိုတာလေး ခင်ဗျားတို့ သံသယမရှိအောင်ရှုနိုင်လို့ရှိရင် အနိစ္စကောင်းကောင်း မိပါတယ် (တင်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဘာမိပါလိမ့် (အနိစ္စကောင်းကောင်းမိပါတယ်) အဲဒီတော့ ဒကာဒကာမတွေ မလှုပ်ပဲနေနိုင်တဲ့ ဒကာဒကာမတွေ ပါကြရဲ့လား (မပါပါဘူး) မငြိမ်ပဲနေနိုင်တဲ့ ဒကာဒကာမတွေ ပါကြရဲ့လား (မပါပါဘူး)။
ကောင်းပြီး ဒါဖြင့်ဘုန်းကြီးတို့ ဒကာဒကာမတွေမှာ လှုပ်တာ ငြိမ်တာသည်ကားလို့ဆိုရင်ဖြင့် ဒီခန္ဓာထဲမှာ တစ်နေ့ အကြိမ်ပေါင်း ဘယ်လောက်ဖြစ်၍ အကြိမ်ပေါင်း ဘယ်လောက် ပျက်မယ် ဆိုတာဖြင့် မရေတွက်နိုင်ဘူးပေါ့လေ၊ ဟုတ်ဘူးလား (ဟုတ်ပါတယ်)။
ဒါဖြင့် အနိစ္စခန္ဓာကိုယ်လို့ လက်ညှိုးထိုးရင် ဘယ်အချိန် ကောင်းသတုံး (ဘယ်အချိန်မှ မကောင်းပါ) ဒကာဒကာမတွေ သဘောကျပလား ဘယ်အချိန်မှမကောင်းဘူး၊ (မှန်ပါ့) လှုပ်တာလေးတစ်ခုကျေနပ်ပလား (ကျေနပ်ပါပြီ)။
ကဲသွားပါဦးတဲ့ ငြိမ်တာလေးတစ်ခုဆက်လိုက်ပါဦးတဲ့ ဒီနှစ်ခု ရုပ်ဘက်က သေချာ သွားအောင်လို့ ငြိမ်တာကို ဒကာ ဒကာမတို့ ငြိမ်ချင်တယ်ဆိုလို့ ငြိမ်တာသဘောကျပလား (ကျပါပြီ) ငြိမ်တာ ဘာပါလိမ့် (ငြိမ်ချင်တယ်ဆိုလို့ ငြိမ်တာပါ) ဒါဖြင့် ငြိမ်ငြိမ်နေချင်တယ်ဆိုတဲ့ စိတ်ကြောင့် ငြိမ်ခြင်းဖြစ်တယ်၊ သဘောကျပလား (ကျပါပြီ)၊ ငြိမ်တာဘယ်သူ့ကြောင့်ဖြစ်သလဲ (စိတ်ကြောင့်ဖြစ်တယ်) ဘယ်စိတ်ကြောင့်ပါလိမ့် (ငြိမ်ချင် တဲ့စိတ်ကြောင့်ပါ)။
ငြိမ်ငြိမ်နေချင်တဲ့စိတ်ကြောင့် ငြိမ်တဲ့လေလေးမဖြစ်ဖူး လား (ဖြစ်ပါတယ်) စာလိုတော့ထောက်ကန်ပေါ့ဗျာ။
ပါဠိမှနိဗ္ဗာန်ရောက်တယ်လို့မအောက်မေ့ပါနဲ့
အဲတော့ခင်ဗျားတို့နားလည်မှုကို အဓိကထားပြောရ တော့ ငြိမ်စိတ်ပဲ မှတ်ပါတော့၊ ပါဠိမှ နိဗ္ဗာန်ရောက်တယ်လို့ မအောက်မေ့ပါနဲ့ ကိုယ့်ဘာသာနဲ့ကိုယ် နိဗ္ဗာန်ရောက်တယ်လို့ အောက်မေ့ပါ။
ကိုယ့်ဘာသာနဲ့ကိုယ် နားလည်ရင် နိဗ္ဗာန်ရောက်တာ ပဲလို့မှတ်။
ကောင်းပြီ ဒကာဒကာမတို့ဘယ်သူကြောင့် ဖြစ်ပါလိမ့် (စိတ်ကြောင့်ဖြစ်တာပါ)။
ခြေဖျားစလေးအောက်ချလိုက်ရင်ငြိမ်တာပဲ
ဒီခြေဖျားလေးအောက်ချရင် ငြိမ်တာပဲ၊ သို့သော် ဒီတစ်လှမ်းနဲ့ကိစ္စပြီးရင် ရှေ့ခြေတစ်လှမ်း မလှမ်းရပေဘူးလား (လှမ်းရပါတယ်) လှမ်းလို့ရှိရင် ငြိမ်တာလေးလာလို့ရှိရင်ဖြင့် ခင်ဗျားတို့ လှုပ်လို့ကိုမရဘူး သဘောကျပလား (ကျပါပြီ) ဒါဖြင့် ဒကာ ဒကာမတို့ ငြိမ်တာသည် ဘယ်လိုဆုံးဖြတ်ချက် ချမလဲ (စိတ်ကြောင့်ပါ ဘုရား) စိတ်ကြောင့်ဖြစ်တာ။
ဟုတ်ပြီ ဒါဖြင့် အလိုလိုစိတ်ရောက်သွားတာလား၊ ဒကာ ဒကာမတို့ မရှိရာက ချုပ်ပျောက်သွားတာလား၊ ရှိရာက ချုပ်ပျောက် သွားတာလား (ရှိရာက ချုပ်ပျောက်သွားတာ)။
ရှိရာကဆိုတာက အကြောင်းသိမ်းဆည်းတဲ့စိတ်ကြောင့် ပြောလိုက်တာ (မှန်ပါ့) ချုပ်ပျောက်သွားတယ်ဆိုတာက သူအလို မလိုက် အကြိုက်မပါပဲနဲ့ ဒီနေရာတွင် သူသက်တမ်းစေ့လို့ သူကုန်တယ်လို့ အောက်မေ့လိုက်ပါ၊ ရှင်းပလား (ရှင်းပါပြီ) ဘယ်လိုကုန်ပါလိမ့် (သက်တမ်း စေ့လို့ ကုန်တာ)။
အသက်တမ်းစေ့လို့ကုန်တာ ဒကာဒကာမတို့ မလိုက်နိုင် တာ ဘာလို့မလိုက်နိုင်ပါလိမ့် (သက်တမ်းစေ့လို့ကုန်တာ) အဲဒါ အမြင်မှန်ဆုံးပဲမှတ်။
ဇာတိဇရာမရဏလို့ဆိုတာ မှန်ပါတယ်၊ ဒကာဒကာမတို့ ဉာဏ်နဲ့ကျတော့ အဲဒီဇာတိကို မမြင်ဘူး၊ ဇရာကော (မမြင်ဘူး) အဲဒီမရဏကာ (မမြင်ပါ ဘုရား), သို့သော် သက်တမ်း စေ့တယ် ဆိုတာတော့ ယုံကြည်ရတော့မယ်၊ မယုံ ကြည်ရဘူးလား (ယုံကြည်ရပါတယ်) ဘယ့်နှယ်ကြောင့် ယုံကြည် ရပါလိမ့် (ပျက်စီးသွားလို့ပါ)။
အသက်တမ်းစေ့သွားတယ်ဆိုတော့ ရှေ့ကိုမတိုးနိုင်ဘူး၊ ရှေ့တိုးနိုင်သေးရဲ့လား (မတိုးနိုင်ပါ့) ဒါဖြင့် ဒကာဒကာမတို့ သူ့ရဲ့ သက်တမ်းကလေးဟာ လှုပ်တဲ့ဆီ မရောက်ဘူးဆိုသဖြင့် သူပျက်လေလေ အနိစ္စမြန်လေလေ မနေဘူးလား (နေပါတယ် ဘုရား) သဘောကျကြပလား (ကျပါတယ်)။
အသက်တမ်းဘယ်လောက်ရှိသတုံး
ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်မှာ အသက်တမ်း ဘယ်လောက် ရှိသတုန်းလို့ ဆိုတာပေါ်ရောပေါ့။ မပေါ်သေးဘူးလား (ပေါ်ပါတယ်) လှုပ်တာနဲ့ ငြိမ်တာကြား ဒါ သက်တမ်းပဲလို့ မှတ်ပါ၊ လှုပ်တာက ငြိမ်တာမရောက်ခင်ကို ဘာဆိုကြမယ် (သက်တမ်းပါ ဘုရား) အသက်တမ်း။
အသက်တမ်း တိုတိုလာတယ်၊ ဒကာ ဒကာမတို့ အသက်ဘယ်လောက်ရှိပါလိမ့် (လှုပ်တာနဲ့ ငြိမ်တာကြားပါ) လှုပ်တာနဲ့ ငြိမ်တာကြားတွင်ပဲ အသက်ရှည်တယ်ဘုရား၊ သဘောကျပလား (သဘောကျပါပြီ) လှုပ်တာသည် ငြိမ်တာ ကြားပဲ အသက်ရှည်တယ်ဘုရား။
ရုပ်ကမ္မဋ္ဌာန်းကို ရှုဖြစ်အောင်ရှုပါ
ငြိမ်တာသည် လှုပ်တာမရောက်ခင်ပဲ အသက်ရှည်တယ် ဆိုတော့ ကွေးတဲ့လက် ဆန့်သလောက်ဆိုတာများ ယုံကြစမ်း၊ မယုံသေးဘူးလား (ယုံပါတယ် ဘုရား) ကွေးတဲ့လက် ဆန့် သလောက်ပဲလို့ မပြောကြဘူးလား (ပြောပါတယ်)။
ကွေးတဲ့လက်ဆန့်သလောက်ပဲ ပြောတာလဲ ဒီအဓိပ္ပါယ် ကိုပြောတာပဲ ဘုန်းကြီးပြောတဲ့ အဓိပ္ပါယ်ရှင်းပြောတာပါပဲ။
သွားရင်းလာရင်း ရှုပါ
ဒါဖြင့် ဒကာဒကာမို့ ခင်ဗျားတို့ သွားရင်းလာရင်းဖြင့် ဒီရုပ်ကမ္မဋ္ဌာန်းကို ရှုဖြစ်အောင်ရှုပါ (မှန်ပါ့)။
လှုပ်တာသည် ငြိမ်တဲ့ဆီမရောက်၊ ငြိမ်တာသည် လှုပ်တဲ့ ဆီမရောက် လှုပ်တာသည် ငြိမ်တဲ့ဆီမရောက်၊ ငြိမ်တာသည် လှုပ်တဲ့ဆီ မရောက်၊ ဆော်ဒါဖြင့် ဒို့ရူပက္ခန္ဓာကြီးဟာက လှုပ်တဲ့ ဟာကလဲ ရူပက္ခန္ဓာကိုး-ဝါယောပါတယ် ရူပက္ခန္ဓာ။
ဒို့ဟာ ဘယ်လောက်အသက်ရှည်သလဲလို့ မသိဘူးလား သိပါတယ်၊ တယ်မြန်ပါလား၊ အနိစ္စရောက်တယ်ဆိုတာကော ဉာဏ်ထဲပေါ်မလာဘူးလား၊ (ပေါ်လာပါတယ်) သံသယရှိသေး သလား (မရှိပါဘူး)။
ကောင်းပြီ ဒါသံသယမရှိနဲ့၊ ဘုန်းကြီးတို့ ကျေနပ်ပြီတဲ့ ဒါအနိစ္စကောင်းကောင်းပိုင်လို့ သံသယမရှိတာ။
နောက်တစ်ခုကိုဆိုလိုက်တယ် နောက်တစ်ခုဆိုတာ ဘာပါလိမ့်မလဲလို့ မေးလိုက်တဲ့အခါ ယုံမှားခြင်းကွယ်ပျောက် သွားတယ်။
သောတာပန်ဖြစ်မလို့စတာ
အနိစ္စအပေါ်၌ ယုံမှားခြင်း ကွယ်ပျောက်သွားတယ်၊ ဘာတဲ့ဒကာဒကာမတို့ (အနိစ္စအပေါ်၌ ယုံမှားခြင်း ကွယ်ပျောက် သွားတယ်) သြော် သောတာပန်ဖြစ်မလို့စပြီ၊ သောတာပန် ဖြစ်မလို့ စ,တာ ဦးဘကြည် ဘာစ,တာလဲ (သောတာပန် ဖြစ်မလို့စ,တာပါ ဘုရား) ယုံပလား (ယုံပါပြီ)။
သောတာပန် အစ ဒိဋ္ဌိဝိစိကိစ္ဆာ ဖြုတ်တာကကိုး၊ ဒီသောတာပန်အစလေး မပေါ်သေးဘူးလား (ပေါ်ပါပြီ) ဒါဖြင့် ဒကာဒကာမတို့၏ သက်တမ်းသည် ဘယ်လောက်ရှည် ပါလိမ့်မလဲလို့ မေးတော့ ခုနက ဘယ့်နှယ် ဖြေကြပါလိမ့် (လှုပ်တာသည် ငြိမ်တဲ့ဆီမရောက်ခင်ပါ) လှုပ်တာသည် ငြိမ်တဲ့ ဆီမရောက်ခင် ကလေးပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)
လှုပ်တာသည် (ငြိမ်တဲ့ဆီ မရောက်ခင်ကလေးပဲ) အင်း ဒီလောက်ပဲ ငြိမ်တဲ့ဆီမရောက်ခင်ပဲ အချိန်ရှိတယ် နောက် ပျောက်ပျက်သွားရတယ်ဆိုတော့ သဘောကျပလား (ကျပါပြီ)။
ရုပ်တရားသည်ကားလို့ ဆိုလို့ရှိရင် ငါ ငါ့ဥစ္စာလို့ဆိုလို့ရ မရ (မရပါဘူး) ဒါဖြင့်သူသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ငါဆိုတဲ့ အတ္တ ဒိဋ္ဌိကောမပြုတ်ဘူးလား (ပြုတ်ပါတယ်)။
သက္ကာယဒိဋ္ဌိပြုတ်နည်း
ဒါဖြင့် သက္ကာယဒိဋ္ဌိကောပြုတ်တယ်၊ သံသယမရှိပဲနဲ့ အနိစ္စယုံကြည်တယ်၊ သဘောကျပလား (ကျပါပြီ) သက္ကာယဒိဋ္ဌိ က ဘယ်တုန်းကပြုတ်တုံး၊ (ငါ၊ ငါ့ဥစ္စာမရှိလို့ ပျက်စီးသွားတဲ့ အချိန်မှာ ငါမဟုတ်လို့ ပျက်စီးသွားတဲ့ အချိန် ဘယ့်နှယ်ပါလိမ့် (ငါမဟုတ်လို့ပါ)။
ငါမဟုတ်လို့ပျက်တာမို့လား၊ ဒကာဒကာမတို့ ဒီအချိန် မှာ ပျက်တာမြင်လိုက်လို့ရှိရင် သက္ကာယဒိဋ္ဌိပြုတ်တယ်၊ ပျက်သင့် လို့ပျက်တယ်လို့သိရင် ဝိစိကိစ္ဆာ ပြုတ်တယ်၊
ဝိစိကိစ္ဆာပြုတ်နည်း
ဒီနှစ်ချက်မှတ်ထားစမ်း၊ ပျက်တာမြင်လိုက်ရင် (သက္ကာ ယဒိဋ္ဌိပြုတ်တယ်) သက္ကာယဒိဋ္ဌိပြုတ်တယ်၊ ပျက်သင့်လို့ ပျက်တယ်လို့ ဆုံးဖြတ်ချက်ချလိုက်ရင် (ဝိစိကိစ္ဆာပြုတ်) ဒါသေသေချာချာ မှတ်ထားပါ။
ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်နည်းက ခင်ဗျားတို့ စာနဲ့ရေးတာနဲ့ မတူဘူး။ စာရေးထားပြန်လို့ သဘောတို့ အညွှန်းတို့ ရောက် သည့်တိုင် ခင်ဗျားတို့ နားလည်မှာ မဟုတ်ဘူး၊ မလည်နိုင်ဘူးလို့ ဒကာသိုက် (မှန်လှပါ)။
ပျက်တာမြင်လိုက်ရင် ငါထင်တဲ့သက္ကာယဒိဋ္ဌိပြုတ်တယ် ပျက်သင့်လို့ပျက်တယ်လို့ ယူလိုက်ရင် (ဝိစိကိစ္ဆာပြုတ်တယ်) အဲဒီတော့ ဒိဋ္ဌိထက် ဝိစိကိစ္ဆာခက်တယ်နော၊ ပျက်သင့်လို့ ဘာတုံး (ပျက်ပါတယ်) ပျက်သင့်လို့ပျက်တယ်ဆိုတော့ ဘာပြုတ်တုံး (ဝိစိကိစ္ဆာပြုတ်ပါတယ်)။
ပျက်တာ မြင်လိုက်တုံးက (ဒိဋ္ဌိပြုတ်ပါတယ်)၊ ပျက်သင့်လို့ပျက်တယ်လို့ယူရင် (ဝိစိကိစ္ဆာပြုတ်ပါတယ်)။
ဪဒါဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်တာသည် ဒီနှစ်ချက် စပြုတ်တယ်ဆိုတာ သဘောကျပလား (ကျပါပြီ) ကျေနပ် ပလား (ကျေနပ်ပါပြီ)။
လှုပ်တာငြိမ်တာတခြားစီလို့သာမှတ်နေပါ
ဒါဖြင့် နောက်ဘက်က ဒကာဒကာမတွေ ဒီနေ့ တစ်လုံး ထဲ ဟောတယ်၊ ရှုတတ်ကြပလား၊ (ရူတတ်ပါပြီ) မရှုတတ်သေး လို့ရှိရင်ဖြင့် ခင်ဗျားတို့လှုပ်တာ ငြိမ်တာကိုသာ တခြားစီ တခြားစီ လို့သာ မှတ်နေပါ၊ ရှင်းပလား (ရှင်းပါပြီ။)
တခြားစီတခြားစီလို့သာ မှတ်နေသောကြောင့် ဒါလဲ အနိစ္စပဲ၊ ပျက်တာလဲ အနိစ္စပဲ မဆိုနိုင်ဘူးလား၊ နောက်လာမှာလဲ တခြားစီပေါ့ သူလဲ အနိစ္စဖြစ်တော့ အနိစ္စလာမှာပဲလို့ ဆိုနိုင် ကြပလား၊ ကျေနပ်ပလား ဒကာဒကာမတို့ (ကျေနပ်ပါပြီ)။
ကောင်းပြီ ဒီမှာသံသယရှိသေးရဲ့ လား (မရှိပါဘူး) ရူပက္ခန္ဓာမှာလေ (မရှိပါဘူး) သံသယမရှိဘူး-ဒါဖြင့် အနိစ္စ ဆိုတာ ခင်ဗျားတို့ ကောင်းကောင်းနားလည်လို့ ဆုံးဖြတ်ချက် ချနိုင်တာပေါ့။
လှုပ်တာကလေးသည် ငြိမ်တဲ့ ဆီရောက်ကဲ့လား မရောက်ပါဘုရား၊ ဒါကို ဘာခေါ်ကြမယ်၊ ပျက်သွားတာပဲ မဟုတ်လား (ဟုတ်ပါတယ်)။
ပျက်သွားတာဘာပြုလို့ပါလိမ့်- (အနိစ္စမို့ပါ) ရောက်သင့် တာလား၊ မရောက်သင့် တာလား (ရောက် သင့် တာပါ) ရောက်သင့်တယ်၊ အနိစ္စရောက်သင့်လို့ရောက်တာ။
မသေသင့်ပဲနဲ့ သေရတယ်ဆိုတာမရှိ
ဒကာဒကာမတို့ သေသင့်လို့သေတာသာ ရှိပါတယ်၊ ခင်ဗျားတို့ပြောဆိုတဲ့အတိုင်း မသေသင့်ပဲနဲ့ သေရတယ်ဆိုတာ လောကမှာ တစ်ခုမှ မရှိဘူး (မှန်ပါ့) ရှိသေးသလား (မရှိပါဘူး) ကဲ ကျေနပ်ပလား (ကျေနပ်ပါတယ်)။
ဒါဖြင့် တစ်ခန်းလုံးဆက်ပေးတဲ့ တရားဟာ ဒကာဒကာမ တို့ဒုက္ခဆိုမလား၊ သုခဆိုမလား (ဒုက္ခပါ ဘုရား) ဒါက စာဆိုပဲ ရှိပါသေးတယ်။
အနိစ္စကို ဒုက္ခဆိုမလား သုခဆိုမလား၊ ဒုက္ခပါ ဘုရား၊ ဒါလဲစာဆိုပဲရှိသေးတယ်တဲ့ သဘောမပါသေးဘူး၊ စာက ဒီအတိုင်းဆိုထားတာကိုး၊ အနိစ္စရောက်တဲ့ တရားဟာ ဒုက္ခလား သုခလားမေးတော့ ဘယ်ပါဠိတော်သွားကြည့်ကြည့် ဒုက္ခဖြေ တာပဲ ဟုတ်ပလား (ဟုတ်ပါတယ်)။
အဲတော့ ခင်ဗျားတို့ဉာဏ်ထဲ ဒုက္ခမဖြစ်ရင် အလကားပဲ စာကိုရှောက်ပြောနေရင် အလကားပဲ၊ ဒကာဒကာမတို့ ဉာဏ် ထဲမှာရှင်းပြီး သကာလ၊ ဪ ဒုက္ခတော့ ရောက်သင့်လို့ ရောက် တာကိုး လာရလိမ့်မယ် (မှန်ပါ့)။
ဒီလို မလာလို့ရှိရင် ဝိစိကိစ္ဆာက ဘယ်နှယ်နေသလဲ (ရောက်နေပါတယ် ဝိစိကိစ္ဆာသည်ကားဆို့ဆိုရင် ဒကာ ဒကာမတို့ ဘယ်ကလာတွေ့မလဲ၊ ရုပ်ဆိုတဲ့အကြောင်း မြင်သေး ရဲ့လား (မမြင်ပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် စဉ်းစားပါ၊ ဘုရားသခင်ကိုယ်တော် မြတ်ကြီး ဘယ်ပုဂ္ဂိုလ်မဆို နိဗ္ဗာန် ရောက်တဲ့ တရားရယ်လို့ ဟောတာပဲ ဘယ်သူမရောက် မရှိဘူးသူကတော့ သိပြီးသား ကျင့်တဲ့ ပုဂ္ဂိုလ်ကိုဟောတာ (မှန်ပါ့) ဟုတ်ပလား (ဟုတ်ပါပြီ)။
လှုပ်တဲ့တရားငြိမ်တဲ့ဆီမရောက်
ကောင်းပြီ၊ လှုပ်တယ်ဆိုတဲ့ တရားလေးဟာ ငြိမ်တဲ့ဆီ မရောက်သောကြောင့် ဘာတဲ့ (အနိစ္စ) အဲဒီအနိစ္စရောက် သွားတဲ့ တရားလေးဟာ လှုပ်တာကလေးဟာ အနိစ္စရောက်သွား တယ်၊ အဲဒီရောက်သွားတဲ့အနိစ္စ တရားလေးကို ဒကာဒကာမ တို့က ဒုက္ခခေါ်မလား သုခခေါ်မလား (ဒုက္ခပါ ဘုရား)။
ဘယ်နှယ်ကြောင့် ခင်ဗျားတို့က ဒုက္ခဆိုပါလိမ့်မလဲ။ ပြောသံကြား ဒုက္ခဖြစ်နေတယ် ခင်ဗျားတို့ဉာဏ်ထဲမှ ဆုံးဖြတ် ချက်ချတဲ့ဒုက္ခ အဟုတ်ကိုမရဘူး၊ မပြောထိုက်ဘူးလား ပြောထိုက်သလား (ပြောထိုက်ပါတယ်)။
ပြောလိုက်ပါတယ်တဲ့၊ ဒါက တခြားမဟုတ်ပါဘူး ခင်ဗျား တို့ဝမ်းထဲမှာ လှိုက်လှိုက်လှဲလှဲနဲ့ ယုံကြည်တဲ့စကားတွေ သွင်းမလို့ ဒီလောက်ချီးနေတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ခင်ဗျားတို့ ဝမ်းထဲမှ လှိုက်လှိုက်လှဲလှဲနဲ့ ယုံကြည်တဲ့ ဉာဏ်ဝင်ပါစေလို့ စာတတ်ထားလို့ စာသံတွေ ပါနေမှာလဲ စိုးတယ်၊ ဦးဘတင်ရေ မစိုးသင့်ဘူးလား (စိုးသင့်ပါတယ်)။
စာချလို့ နိဗ္ဗာန်ရမယ်ဆိုရင်ဖြင့် ပေါဋ္ဌိကကြီးတို့ ပိဋကတ်သုံးပုံ အကုန်ဆောင်ထားတာပဲဟာ ရကြသလား (မရပါ ဘုရား) အဲဒါထုံးစံရှိရဲ့ လား (မရှိပါဘူး) ဒကာဒကာမ တွေ မြင်ကြရောပေါ့ဗျာ။
စာနဲ့ပြောကြသလား ခန္ဓာနဲ့ ပြောကြသလား (ခန္ဓာနဲ့ ပြောကြပါတယ်) ခန္ဓာနဲ့ပြောတာ အကုန်ကျွတ်တယ်၊ ဒကာ ဒကာမတွေ၊ ဘာနဲ့ပြောသွားကြလဲ (ခန္ဓာနဲ့ပြောပါတယ်)။
ခန္ဓာနဲ့ပြောတော့ ဟောတဲ့ပုဂ္ဂိုလ်ကော (ကျွတ်ပါတယ်) ကျွတ်တာပဲ၊ နာတဲ့ပုဂ္ဂိုလ်လဲ ကျွတ်တာပဲ ဘာနဲ့နာလို့ ကျွတ်တာလဲ (ခန္ဓာနဲ့နာလို့ပါ)။
ခန္ဓာကြည့်နာလို့ သဘောကျပလား (ကျပါပြီ) ဟောတဲ့ပုဂ္ဂိုလ်က (ခန္ဓာကြည့် ဟောပါတယ်) နာတဲ့ပုဂ္ဂိုလ်က (ခန္ဓာကြည့်နာပါတယ်) ဒါဖြင့် အဲဒီမှာ စာတစ်လုံးမှ မပါဘူး၊ ပါသေးလား (မပါပါဘူး)။
စာမတတ်လို့ ဝမ်းမနည်းလိုက်ပါနဲ့
မနေ့ကဝတ္ထုက ခင်ဗျားတို့ကို ထောက်ခံချက်မပေးဘူး လား (ပေးပါတယ်) ကောင်းပြီ ဒီ ဒကာ ဒကာမတို့က ဒို့စာ မတတ်လို့ဆိုတာများတော့ ဝမ်းမနည်းလိုက် ပါနဲ့ ခန္ဓာ ရှုတတ်အောင် ဘုန်းကြီးပြောတာကိုသာ ဂရုစိုက်ပါ၊ မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ်)။
ကောင်းပြီ ဒါဖြင့် ခန္ဓာရှုတတ်အောင်တော့ ပြောရမှာပဲ အခုနလှုပ်တဲ့တရားလေးဟာ ငြိမ်တဲ့ဆီမရောက်သောကြောင့် အနိစ္စဤအနိစ္စဖြစ်တဲ့ လှုပ်တရားလေးဟာ အနိစ္စရောက်သွားတဲ့ လှုပ်တရားလေးဟာ ဒုက္ခလား၊ သုခလားလို့ မေးလိုက်တယ် (ဒုက္ခပါ ဘုရား)။
ဘယ်နှယ်ဆိုကြမလဲ ဦးဘတင်တို့ (ဒုက္ခပါ ဘုရား) နောက်က ဒကာမတွေ (ဒုက္ခပါ ဘုရား) ဆိုနေကျဆိုတာလို့ ဘုန်းကြီးက တစ်ခါတည်း ယူလိုက်တယ် ဆိုနေကျဆိုတာလို့ ယူလိုက်တယ်တဲ့။
ဝိပဿနာဉာဏ်နဲ့ ကိုယ်ဉာဏ်နဲ့ ကိုယ်ဆိုတာ မဟုတ်ပါ ဘူး။ ကိုယ်ဉာဏ်နဲ့ ကိုယ်ဆိုလို့ရှိရင် ဒုက္ခဆိုတာ ဒကာဒကာမတို့ ပျက်စီးတဲ့တရားမှာ ဖျက်ဆီးလို့ပျက်စီးရတယ် (မှန်ပါ့) ပျက်စီးတဲ့ တရားမှာ ဘာပါလိမ့် (ဖျက်ဆီးလို့ ပျက်စီးရတယ်)။
ဖျက်ဆီးခံရလို့ ပျက်စီး ဒုက္ခသစ္စာ
သြော် ဖျက်ဆီးခံပြီးတော့ ဒကာဒကာမတွေ ပျက်စီးရ ရှာတယ် သဘောကျပလား (ကျပါပြီ) ပျက်စီးတဲ့တရားမှာ ဘာပါလိမ့် (ဖျက်ဆီးခံပြီး ပျက်စီးရပါတယ်) ဖျက်ဆီးခြင်း ခံရ တယ်၊ ဒါကြောင့်သူ့ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ)။
ဖျာတွေလန်တော့မယ်၊ လေတွေတိုက်ကုန်ပြီ တံခါးတွေ ဟိုဟိုဒီဒီ ရိုက်ကုန်ပြီနော် ဖိထားဟေ့၊ ဖိထားဟေ့၊ ရုပ်လိုက်၊ ဖိထားဟေ့ ရုပ်လိုက် ဒကာဒကာမတို့ အဝတ်တွေ လှန်းတဲ့အခါ ချိတ် ချိပ်ထားသော့ကော (ပြောပါတယ်)။
ဒါဖြင့် နှစ်ခုဆက်စပ်ပြီး ဖိထားလိုက်ဆိုတာနဲ့ ထူးသေး ရဲ့လား မထူးပါဘူး၊ သဘောကျပလား (ကျပါပြီ) ဒါဖြင့် သူ့မှာ ဘာဖြစ်လို့ ဒီလိုပျက်စီးရသတုံးလို့မေးလို့ရှိရင်ဖြင့် ပထဝီဓါတ်တွေ က သူပျက်စီးသွားတာက ဟုတ်တယ်ငြိမ်သွားတယ်ဆိုတော့ ပထဝီဓါတ်တွေက ဆက်ဆက်ဆက်ဆက်ပြီး လွှမ်းမိုးမလာဘူးလား (လွှမ်းမိုးပါတယ်)။
လွှမ်းမိုးတော့ ဝါယောဓါတ်တွေက ဆိုလို့ရှိရင် ပထဝီ ဓါတ် ဒါဏ်ခံနိုင်သေးရဲ့ လား (မခံနိုင်ပါ ဘုရား) မခံနိုင်တဲ့အတွက် ဒကာ ဒကာမတို့ ဟိုက ပထဝီက ပထဝီအားကိုးတဲ့စိတ်က ပြင်းပြလာတဲ့အခါ ဝါယောအားကိုတဲ့စိတ်က အရှိန်နည်းတဲ့ အချိန်လဲ ဖြစ်နေသောကြောင့် သူ သက်တမ်းကုန်တာလဲ တစ်ကြောင်း၊ ဝါယောတို့၏ ပထဝီတို့၏ ကြောက်မှုလန့်မှု၊ ပထဝီကို ကြောက်မှုလန့်မှုရှိပြီး သကာလ ဆန့်ကျင်ဘက် ဖြစ်သောကြောင့်လဲ သူရှေ့ မတိုးနိုင်ဘူး၊ ဒီနေရာမှာဆုံးရှုံးရတယ်။ ရိပ်မိပလား (ရိပ်မိပါတယ်)။
ဘယ်သူက သူ့နိုင်ပါလိမ့် (ပထဝီကပါ)၊ ပထဝီဓါတ်က ရှိတော့ နှိပ်စက်တော့မှာကိုးဗျ၊ နှိပ်စက်တော့မှာဆိုတော့ ဦးလှဘူးရေ ဝါယော ရှေ့တိုးနိုင်သေးရဲ့ လား (မတိုးနိုင်ပါ)၊ သဘောကျ ပလား (ကျပါပြီ)။
တစ်ခုအစားထိုးလာရင် တစ်ခုပျက်စီးရမြဲ
ဒါဖြင့် ဒကာ ဒကာမတို့ သူ့မှာပါတဲ့ ဇာတိမီး၊ ဇရာမီး၊ မရဏမီးဆိုတာ မမျှော်မှန်းတော့ဘူး၊ ဒီအကြံပျက်စီးတယ်ဆိုတာ ကတော့ ဟုတ်တာအမှန်ပါပဲ။ သို့သော် ဓါတ်သဘော၏ ပြောင်းလဲမှု တစ်ခု အစားထိုးလာလို့ရှိရင် တစ်ခုဟာဖြင့် ပျက်စီး ရမြဲ ဓမ္မတာပဲ၊ သဘောကျပလား (ကျပါပြီ)။
ပျက်စီးရမှာ ဓမ္မတာဆိုတာ ပေါ်လာကြပလား (ပေါ် လာပါပြီ)၊ ဘာအစားထိုးလာလို့လဲ (ပြောင်းလဲမှု အစားထိုးလို့)၊ ပထဝီတို့အာပေါတို့က ထိုးလိုက်တော့ ဘာဖြစ်သွားမယ် ဝါယောဟာ ဘာဖြစ်သွားမယ်၊ ဝါယောတွေဟာ မပျက်ပေဘူးလား (ပျက်ပါတယ်)။
ဒါဖြင့် သူ့သက်တမ်းကလဲ ဟိုကမလာခင်လေးတင် ခံနိုင်တယ် (တင်ပါ့) ပထဝီကကော၊ ဝါယော ဓါတ်ကမလာခင် ကလေးတင်ခံနိုင်တာ၊ ဝါယောဓါတ်က လာလို့ရှိရင် ခံနိုင်ရည် ရှိပါ့မလား (မခံနိုင်ပါဘူး)။
ဒါဖြင့် သူ့သက်တမ်းသည် ဒီနေရာတွင် ဆုံးရှုံးရခြင်း သည်ကားလို့ဆိုရင်ဖြင့် ဟိုကအစားထိုးမြန်လေလေ၊ ဦးခင်မောင်ရေ ဘာဆိုမလဲ (သူမြန်မြန်ပျက်လေ) သူမြန်မြန် ပျက်လေလေ ” ရိပ်မိပလား (ရိပ်မိပါပြီ)။
အစားထိုးမြန်လေလေ (သူမြန်မြန်ပျက်လေ) ကောင်းပြီ သူကလဲ ဟိုအစားထိုးကို မခံနိုင်တာကော၊ ဤနှစ်ကြောင်းကြောင့် ဘာဖြစ်ရမှာလဲ ပျက်ရတယ်ဆိုတာ ဒကာဒကာမတွေ သဘော ကျရဲ့လား (ကျပါတယ်)။
ကောင်းပြီ ဒီတရားသည် သူ့လဲ ဒုက္ခရောက်တဲ့ တရား လာသေးတာပဲဆိုတာ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
ဒါဖြင့် သူသည် အနိစ္စလား၊ ဒုက္ခလား ဒကာဒကာမတို့ (ဒုက္ခပါ) ၎င်းအနိစ္စတရားကို သုခလို့ဆိုမလား ဒုက္ခလို့ ဆိုမလား (ဒုက္ခပါ ဘုရား) အင်း သူ့လဲနိုင်လိုမင်းထက် ဖျက်ဆီးတဲ့တရား တွေကကော (ရှိပါတယ်) သူ့ဘာဆိုကြမယ် (ဒုက္ခပါ ဘုရား)။
သူသည် အကောင်းဘက်လား အဆိုးဘက်လား အဆိုးဘက်ပါဘုရား။ အဆိုးဘက်ဆိုရင် ဘယ်လိုဆိုကြမယ်၊(ဒုက္ခပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။ အဆိုးဘက်ဆိုရင် ဘာခေါ်ကြမယ် (ဒုက္ခပါ)။
ဒါဖြင့် လှုပ်နေတဲ့တရားလေးဟာ အနိစ္စလား၊ ပျက်စီး သွားတာလေးဟာ အနိစ္စလား၊ နိစ္စလား (အနိစ္စ)၊ အဲဒီလို အနိစ္စ ရောက်သွားတဲ့ သူ့သဘောကလေးဟာ ဒုက္ခလား၊ သုခလား (ဒုက္ခပါ)။
နှစ်မျိုးကြောင့် သူသေရတယ်
သူ့ဟာသူသက်တမ်းနဲ့ ပျက်စီးသွားတဲ့အခါမှာ နိစ္စလား၊ အနိစ္စလား (အနိစ္စပါ)၊ အဲဒီ အနိစ္စရောက်သွားတော့ သူ့သဘောကလေးဟာ သုခလား၊ ဒုက္ခလား (ဒုက္ခပါ)။ သူ့ဟာ သူသက်တမ်းနဲ့ သူအိုလို့၊ သူနာလို့၊ သူသေလို့၊ သူ့ဒုက္ခနဲ့ သူသေရတာ တစ်မျိုး၊ ဓါတ်သဘောတွေ နှောင့်ယှက်မှုကြောင့်ကော (သူသေရပါတယ်) အဲဒါတစ်မျိုး ဆိုတော့ ဒီတရားလေး ဟာ အကောင်းသေလား၊ အဆိုးသေလား (အဆိုးသေပါ)။
ကောင်းပြီ ဒကာဒကာမတို့ ဒုက္ခရောက်တာကော သံသယရှိသေးလား (မရှိပါ ဘုရား) ဒါဖြင့် ခုနက အနိစ္စ ပေါ် သံသယမရှိတော့ ယခုဒုက္ခ ဟောလာပြန်တော့ကော (သံသယမရှိပါ ဘုရား) သံသယမရှိဘူးနော်။
ဝိပရိဏာမဒုက္ခ
ကောင်းပြီဒါဖြင့် သူမှာလဲတစ်ခါစဉ်းစားကြည့်ပါဦး၊ နဂို တွေ့နေတာလေးဟာ နဂိုမူလ ရှာတွေ့သေးရဲ့ လား (မတွေ့ ပါဘူး ဘုရား) မတွေ့ဘူး၊ တွေ့ပြန်တော့လဲ အမည်သွားတွေ့ တယ် သူ့ အတွက် နောက်ထပ်ပြန်တွေ့သေးရဲ့လား (မတွေ့ပါ) ဒါတွေဟာ သူ့သဘောအကုန်စွန့်မစွန့် (စွန့်ပါတယ်) ဒါဖြင့် ဝိပရိဏာမ ဒုက္ခပဲ သူ့မှာဟုတ်တယ်၊ ရှင်းပလား (ရှင်းပါပြီ)။
ဘာဒုက္ခတုံး (ဝိပရိဏာမဒုက္ခပါ ဘုရား) ဝိပရိဏာမ ဒုက္ခ လဲဟုတ်တယ်ဆိုတာ ဒကာဒကာမတို့ ကျေနပ်ပလား (ကျေနပ်ပါပြီ) ကိုင်း ဒါဖြင့် ဒုက္ခရောက်သင့်သလား မရောက်သင့်ဘူးလား (ရောက်သင့်ပါတယ်)။
ဒါဖြင့် အနိစ္စ၊ ဒုက္ခဆိုတာ နှစ်ချက်မပေါ်သေးဘူးလား (ပေါ်ပါပြီ) ဘယ်နှယ်ကြောင့် သူ့အနိစ္စဆိုရသတုံး၊ ရှိရာက မရှိတာ အနိစ္စကို သဘောကျပလား (ကျပါပြီ) ဘယ်နှယ်ကြောင့် သူ့ ဒုက္ခ ဆိုရသတုံးလို့ မေးခွန်းထုတ်ဖို့မလိုဘူးလားဗျာ (လိုပါတယ်) ထိုကဲ့သို့လိုတဲ့အခါ သူ့မှာပင်ကို သဘောစွန့်ရတဲ့ အတွက် (ဒုက္ခ) ရှင်းပလား (ရှင်းပါပြီ)။
ပင်ကိုသဘောကို အကုန်မစွန့်လိုက်ရဘူးလား (စွန့်ရပါ တယ်) သူ့မှာ ရွှေရောငွေရော အကုန်ပြုတ်ပြီဆိုရင် ဘာခေါ် ကြမလဲ (ဒုက္ခ) သူ့ပင်ကိုသဘောဘာလုပ်ရ (စွန့်ရပါတယ်) အဲ သူ့ပင်ကိုယ်သဘောစွန့်မစွန့် ကြည့်ပါဦး၊ (စွန့်ပါတယ်) စွန့်လိုက် လို့ဘာဆိုမယ် (ဒုက္ခ)။
ပင်ကိုသဘောစွန့်၍ ငါ၊ ငါဥစ္စာလို့ မဆိုနိုင်ပါ
အဲဒီလို အနိစ္စဒုက္ခတရားသည် ပင်ကိုသဘော ဘယ် နှယ်ကြောင့် စွန့်ရသတုံးဆိုတော့ သူ့ကိုယ်က နဂိုက ဖောက်ပြန် တတ်တဲ့ သတ္တိရှိ တယ်၊ သဘောကျပလား (တင်ပါ့) ဝါယောမှာ ကိုယ်က ဘာရှိ သလဲ (ဖောက်ပြန်တတ်တဲ့သဘောသတ္တိရှိ)။
နဂိုက သူ့ဝိပရိဏာမသဘော သတ္တိရှိတယ်၊ ရှင်းပလား (ရှင်းပါပြီ) ဝိပရိဏာမသဘောရှိသောကြောင့် သူ့ကိုခင်ဗျားတို့ သည်ငါ၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ဆိုနိုင်ပါ့မလား (မဆို နိုင်ပါဘူး) မဆိုနိုင်တော့ဘူး။
ပျက်သွားတဲ့တရားအပေါ် ဆန္ဒ၊ ရာဂမလာပါ
ဒါဖြင့် ဒီတရားလေးအပေါ်၌ ဒကာဒကာမတို့ ဆန္ဒတို့ တဏှာတို့ ရာဂတို့ ပျက်သွားတဲ့ တရားလေး အပေါ်မှာ အနိစ္စ ဒုက္ခ အနတ္တ ဝိပရိဏာမ ဖြစ်တဲ့တရားလေးအပေါ်၌ တဏှာ ဆိုတဲ့ဆန္ဒ၊ ရာဂလာသေးရဲ့ လား (မလာပါဘူး) ဘာပြုလို့ မလာသတုံး ? တဏှာဆိုတဲ့ဒကာဒကာမတို့ ခန္ဓာကိုယ်မှာ ချောတယ်လှတယ် ခိုင်မြဲတယ်ဆိုမှ လာမှာ (တင်ပါ့) အခု ချောတယ် လှတယ်လို့လဲ သူ့ရှိရဲ့လား မရှိပါဘူး၊ ခိုင်တယ်မြဲတယ် လို့ကော (မရှိပါဘူး) ချမ်းသာတယ်လို့ မရှိပါဘူး)။
ဒါဖြင့် ဒီတရားအပေါ်၌၊ ဆန္ဒတို့ ရာဂတို့ပေမတို့ လာသေးရဲ့လား (မလာပါ ဘုရား) အဲဒါ ဝက္ကလိမှာ မသေခင်က ဒီအတိုင်းထင်နေတယ်၊ ဒီတရားတစ်လုံး တစ်လုံးဟာ ရှင်းပလား၊ ဝက္ကလိမှာ၊ ဝက္ကလိမှာ၊ ဒကာဒကာမတို့ ဝက္ကလိမကုန်သေး ပါဘူး ဒီအနိစ္စထင်ပုံဟောနေတယ်နော်။
အနိစ္စတရားမမြင်တဲ့ဆီ ရောက်မရောက် (မရောက်သေး ပါဘူး) မရောက်သေးတော့ သူ့ဘာခေါ်မလဲ(အနိစ္စ) အဲဒီအနိစ္စ မြင်တဲ့တရားသည် ဒုက္ခလား သုခလား (ဒုက္ခ) ဘာကြောင့် ဒုက္ခလို့ ရဲရဲတင်းတင်း ဆိုသလဲ (ပင်ကို သဘောစွန့်လို့) ပင်ကို သဘောစွန့်သွားတယ်။
ချစ်ခင်ကြင်နာအားကိုးခြင်းမရှိတော့ပါ
ပင်ကိုသဘော စွန့်တာမှ အထည်တွေရှာတွေ့သေးရဲ့ လား (မတွေ့ပါဘူး) အဲဒီ ပင်ကို သဘော စွန့်သွားတဲ့ တရားလေးကို ခင်ဗျားတို့သည် ချစ်ခြင်း၊ ခင်ခြင်း၊ ကြင်နာခြင်း၊ အားကိုးခြင်း၊ ရှိသေးရဲ့ လား (မရှိပါဘူး)။
ချုပ်ပျောက်သွားတဲ့ တရားလေးကို ချစ်ခင်ခြင်း၊ ကြင်နာ ခြင်း၊ အားကိုးခြင်း၊ ရှိပါ့မလား (မရှိပါဘူး) အဲတော့ တစ်ခုတည်းသာ မှတ်ရှုလို့ ဆရာဘုန်းကြီးက သတိပေးလိုက် တယ်။
အကုန်ဆိုလို့ရှိရင် မဖြစ်နိုင်ဘူး၊ ဘယ်နှယ်ကြောင့် မဖြစ် နိုင်သတုံးလို့မေးခွန်းထုတ်ဖို့ မလိုဘူးလား (လိုပါတယ်) ခင်ဗျား တို့ဉာဏ်နဲ့ ခန္ဓာငါးပါးစလုံးကို ဘယ်တော့မှ မကြည့်နိုင်ဘူး၊ ရှင်းပလား (ရှင်းပါပြီ)။ ခင်ဗျားတို့ဉာဏ်နဲ့ တစ်ခုသာကြည့်နိုင်တယ်၊ ရုပ်ဖြစ်တဲ့ အခါကြည့်ပါ၊ ဒကာဒကာမတို့ ရုပ်ဖြစ်တဲ့အခါ ကြည့်ပါ။ တစ်ပါး ပါးကြည့်ရသလား အကုန်ကြည့်ရသလား (တစ်ပါးပါးကြည့် ရပါတယ်)။
ဒါဖြင့် ဝိပဿနာရှုတဲ့အခါမှာဖြင့် အကုန်ရှုမလား၊ တစ်ခု ရှုရမှာလား (တစ်ခုရှုရမှာပါ) ဘာကြောင့်တုံးလို့ ဆိုတော့ ကိုယ့်ဉာဏ်ကလေးက တစ်ခုသာ မှန်းလို့ရတယ်၊ ငါးခုဆိုရင် မှန်းလို့ ရပါ့မလား (မရပါဘူး)။
ဒါဖြင့် ဒကာဒကာမတို့ တစ်ခုရှုပေါ့ဗျာ (တင်ပါ့) ကျေနပ် ပလား (ကျေနပ်ပါပြီ) ဒါဖြင့် ဒီတရားဟာ အနိစ္စလား ဒုက္ခလား (အနိစ္စပါ) အနိစ္စရောက်တဲ့တရား၊ ဒုက္ခလား သုခလား
(ဒုက္ခပါ) အဲဒီတရားသည် အနိစ္စ ဒုက္ခတရားသည် ဝိပရိဏာမသဘော သတ္တိရှိမရှိ (ရှိပါတယ်)။
အဲဒီဝိပရိဏာမဖောက်ပြန် ပျက်စီးသွားတဲ့ တရားလေး ကို ဒကာဒကာမတွေက ချစ်ခြင်းခင်ခြင်း တောင့်တခြင်း ရှိသေးရဲ့ လား (မရှိပါ ဘုရား) မရှိတော့ တဏှာ၊ မာန၊ ဒိဋ္ဌိကော မသေ ဘူးလား (သေပါတယ်)။
ထင်ပုံကောင်းပေမဲ့ ရဟန္တာမဖြစ်ဘူး
ဒီလိုဝက္ကလိမှာ ထင်နေတယ်၊ အဲဒီဘုန်းကြီးပြောတဲ့ဟာ တွေ တစ်လုံးမကျန်ထင်နေတယ်၊ ဘယ်သူ့မှာ ထင်ပါလိမ့် (ဝက္ကလိမှာပါ ဘုရား) ထင်သာထင်တယ် ရဟန္တာမဖြစ်ဘူးတဲ့ – (တင်ပါ့) ဦးဘကြည်ထင်ပုံသိပ်ကောင်းတယ်။
ထင်ပုံသိပ်ကောင်းပေမဲ့ ရဟန္တာမဖြစ်ဘူးတဲ့ သောတာပန်လဲ မဖြစ်ဘူးတဲ့ ဆိုးလိုက်တဲ့ဖြစ်ခြင်းက ဒါကြောင့် ဒီဥစ္စာ မလာတာ ဒကာဒကာမတို့ ဝိပဿနာ အသားရတဲ့ ပုဂ္ဂိုလ်၊ သမထ ဝိပဿနာ အသားရတဲ့ ပုဂ္ဂိုလ်မှာ အခုပြောတဲ့ သုံးချက်ဟာ အကုန်ထင်နိုင်ပါတယ်၊ ရှင်းပလား (ရှင်းပါပြီ) ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ အမြစ်မပြတ်ဘူး၊ မပြတ်နိုင်ဘူးတဲ့၊ ဘယ်လောက် ခက်သတုံး။
ဒကာဒကာမတွေ ဘယ်လောက်ခက်တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ) ထင်တော့ ထင်သေးရဲ့ လား ထင်ပါတယ်၊ ဝက္ကလိဒီအတိုင်းထင်တာကို ဘုရားလျှောက်တာနဲ့ တပည့်တော် ဒီလိုထင်ပါတယ်ဆိုပြီး ဘုရားလျှောက်တယ်။ အားလဲထုတ်ရှာပါတယ်။
ထုတ်တဲ့အတိုင်းကော မထင်ဘူးလား (ထင်ပါတယ်) ထင်ပုံကို ခင်ဗျားတို့ ဝေဖန်ကြည့်၊ အင်မတန်မှန်တဲ့အထင် သင့်နေတာပဲ ဦးဘကြည်။
သို့ သော် ဘာမှမဖြစ်ဘူးတဲ့ သောတာပန်ကော မဟုတ်ဘူး၊ သကဒါဂါမ်ကော၊ အနာဂါမ်ကော မဟုတ်ဘူး၊ ရဟန္တာလဲ မဟုတ်ဘူးတဲ့ ဦးခင်မောင်ရေ ထင်ပုံက ဘယ်နှယ် နေကြသတုံး ဒကာ ဒကာမတို့ (ကောင်းပါတယ်)။
ထင်ပုံကဖြင့် ဘာမှပြောစရာမရှိဘူး တဏှာမာန ဒိဋ္ဌိ သေပြီး သကာလ ရဟန္တာထင်ပုံနဲ့ ဘာထူးသေးသလဲ (ဘာမှ မထူးပါ ဘုရား) သို့သော် သူ့သန္တာန်ထဲမှာ ဘယ်လိုလဲဆိုတော့ ဘာမှမဖြစ်သေးဘူး၊ ရှင်းပြီနော် ဒကာဒကာမတို့ (ရှင်းပါပြီ)။
ဘာကြောင့်ဒီတရားဟောရပါလိမ့်
ဒီနေ့ညဟောတဲ့ တရားက ဘာအကြောင်းကြောင့် ဘုန်းကြီးကပြောရပါလိမ့်မလဲ လို့ မေးခွန်းတွေဟာ အထူးသဖြင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ ဒီလောက်ဟာ ရောက်တဲ့ လူတွေလဲ ရောက်နေကြပြီ ရောက်တဲ့လူတွေလဲ ရောက်ပြီး သကာလ နေကြတယ်၊ ဦးခင်မောင် ရောက်တဲ့ လူတွေလဲ ရောက်ပြီးနေကြတော့ ဒီဝတ္ထုကို ထုတ်ရမယ်၊ ဒါတို့အပါယ်စခန်း သတ်ပြီး သကာလ ငြိမ်းပြီလို့ ကိုယ့်ဟာကိုယ်လဲ ထင်ချင်ထင် လိုက်မယ်။
ထင်ချင်ထင်လိုက်တဲ့အခါကျတော့ မရောက်သေးတာ မရောက်သေးမှန်းသိအောင် ရောက်တာကိုလဲ ရောက်မှန်းသိအောင် ဒီနေ့ဒါကိုဟောမှာပါ မရောက် တာကိုကော (မရောက်မှန်းသိအောင်) ရောက်တာရော (ရောက်မှန်း သိအောင်ပါ)။
ဒကာဒကာမတွေအတွက် ဝေဖန်ရေးတရား
ဒါဖြင့် ဒီနေ့တရားသည် ဒကာဒကာမတွေကို ဝေဖန်ရေး တရားလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) သူ့ကိုယ်က ဝေဖန်တဲ့ ဝတ္ထုထုတ်လာပြီလို့ ဦးခင်မောင်တို့ မှတ်ရမယ်၊ ကိုင်း ဒါဖြင့် ဒကာဒကာမတို့ ဝက္ကလိမြင်ပုံသည်ကားလို့ဆိုရင် အလုပ်လုပ်တဲ့ တရားကို အနိစ္စ၊ နိစ္စလားလို့ မေးလိုက်တယ် (အနိစ္စပါ) အနိစ္စရောက်တဲ့တရား ဒုက္ခလား သုခလား (ဒုက္ခ ပါ ဘုရား) သဘောကျပြီနော် (ကျပါပြီ)။
ဘယ်နှယ်ကြောင့် ဒုက္ခဖြစ်ရသတုံးဆိုတော့ ဝိပရိဏာမ သဘောသတ္တိရှိလို့ ဒုက္ခပဲ၊ သဘောကျပလား (ကျပါပြီ)။
အဲဒါလောက် သူမြင်နေတဲ့အတွက်တဲ့ ဝက္ကလိက ဘုရားကိုလာတဲ့လမ်းကို လျှောက်ခိုင်းလိုက်တယ် တပည့်တော် အမြင်ကတော့ ရှင်းနေပြီဘုရား အနိစ္စလဲရှင်း၊ ဒုက္ခလဲရှင်း၊ အနတ္တလဲရှင်း၊ ဒီခန္ဓာအပေါ်၌ပင် တပည့်တော်ဖြင့် ချစ်ခင်ခြင်း၊ကြင်နာခြင်း၊ ခိုင်မြဲလိမ့်မယ်လို့ မယူတော့ပါဘူးဘုရားဆိုပြီး ရဟန်းတွေကို သူသည်ကားလို့ဆိုလို့ ရှိရင် မှာလိုက်တယ်။ ဘုရားကို သူမြင်တဲ့အတိုင်း ဒီအတိုင်းလျှောက်ပါ။
အဲတော့ ဦးဘကြည် အတော်ကောင်းနေတာပေါ့ဗျာ ဒကာဒကာမတွေလျှောက်ထားပုံ ဘယ်နှယ်လဲ (အတော်ကောင်းပါတယ်)။
ကျုပ်တို့ဝိပဿနာ ဉာဏ်နဲ့ စဉ်းစားကြည့်လိုက်တော့ တစ်လုံးမှ မလွဲဘူး၊ လွဲသေးလား ဒကာဒကာမတွေ (မလွဲပါ) မလွဲပါဘူးတဲ့ မလွဲပင် မလွဲငြားသော်လည်း၊ ဘုရားထံ ဒီလို
လျှောက်လိုက်တော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သိတော့ သိတယ်၊ သူဘာမှ မဖြစ်သေးဘူး။
ဝိပသနာခရီးပေါက်နေတာ
ဘာမှမဖြစ်သေးဘူး သို့သော် သမာဓိနဲ့ ဝိပဿနာ၊ သမထနဲ့ ဝိပဿနာခရီးပေါက်နေတာပဲ ရှိသေးတယ်၊ သူက ယူထားတယ်။
မဂ်မဆိုက်သေးဘူးပြောတာ ရိပ်မိကြပလား (ရိပ်မိ ပါပြီ) ဘုရားကဘယ်လို ပြောလိုက်ပါလိမ့် (မဂ်မဆိုက်သေးပါ) မဂ်မဆိုက်သေးဘူးတဲ့ သမာဓိနဲ့ ဝိပဿနာရင့်သန်ပြီး သကာလ၊ သို့သော် ဝက္ကလိမှာတော့ဟေ့တဲ့၊ သူ့အထင်ကတော့ ကိစ္စပြီးပြီ လို့ ထင်သွားပြီ ကဲ သဘောကျကြပလား (ကျပါပြီ)။
ထင်ပုံကကော မဟုတ်ဘူးလားဗျာ (ဟုတ်ပါတယ်) မြင်ပုံလဲ မရှင်းဘူးလား (ရှင်းပါတယ်) သို့သော် ဝက္ကလိကို ဘုရား က ဘာဖြစ်တယ်လို့ ပြောသလဲ (မဂ်မဆိုက်သေးဘူး) မဂ်မဆိုက် သေးဘူးလို့ သူ့ဝမ်းထဲမှာထားတယ်၊ သဘောကျပလား (ကျပါပြီ) တာတဲ့ (မဂ်မဆိုက်သေးဘူး) မဂ်မဆိုက်သေးဘူး။
အဲတော့ဘုရားဆီ လျှောက်လိုက်တာပါပဲ၊ လျှောက် လိုက်တော့ ရဟန်းတွေကလဲ သွားရော ဝက္ကလိထင်ပုံမြင်ပုံတွေ ကို သူကမှာလိုက်တဲ့အတွက် လူမမာမေးလာတဲ့ ရဟန်းတွေကို ပြန်ပြီး သကာလ လျှောက်လိုက်ပါတယ်။
လျှောက်လိုက်တော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဝမ်းထဲမှာတော့ ဒကာဒကာမတွေသိကြပလား (သိပါတယ်) ဘယ်လိုသိပါလိမ့် (မဂ်မဆိုက်သေးဘူး) မဂ်မဆိုက်သေးဘူးတဲ့ ဒီတရားဟာ အဓိမာန ဖြစ်နေတယ်။
သမထဝိပဿနာတန်ခိုးကြီးလွန်းလို့ သူ့ကိုကိလေသာ မလာဘူးတဲ့၊ ရှင်းပလား (မှန်ပါ့) ဘာတန်ခိုးကြီးနေသလဲ (သမထဝိပဿနာပါ ဘုရား) သမထဝိပဿနာက တန်ခိုးကြီးနေ တဲ့အတွက် သူ့မှာဖြင့် ချစ်ခြင်း၊ ခင်ခြင်း၊ ကြင်နာခြင်း၊ ခိုင်မြဲ လိမ့်မယ်ဆိုတာ သူ့ခန္ဓာမှာ သူမယူပါဘူးလို့ သေသေချာချာ ဖွင့်လျှောက်တာ (မှန်လှပါ)။
မဂ်မဆိုက်သေးဘူး
အဲတော့ ဝိပဿနာနဲ့ သမာဓိ ဒွန်တွဲနေတာလို့ ဘုရားက ဆုံးဖြတ်ချက်ချလိုက်တယ်၊ မဂ်တော့ မဆိုက်သေးဘူး၊ ပေါ်ကြ ပလား (ပေါ်ပါပြီ)။
ထင်ပုံထင်နည်းကတော့ သိပ်အဖိုးတန်တာပဲဗျာ၊ လျှောက်ပုံကောဗျာ (ကောင်းပါတယ်) လျှောက်ပုံလဲ အင်မတန် ကောင်းတယ် ဒကာဒကာမတို့ ထင်ပုံမြင်ပုံကော ခင်ဗျားတို့ အင်မတန်မှ အတုခိုးစရာကောင်းတယ် သို့သော် ဘုရားဆုံးဖြတ် ချက်မှာတော့ ဘုရားဝမ်းထဲမှာထားတာကတော့ သူမဂ်မဆိုက်သေးဘူး (တင်ပါ့)။ ဒါနဲ့ သူ့ဟာသူ အဓိမာနဖြစ်ပြီး၊ ရဟန်းတွေကို ဘုရား လျှောက်လိုက်ပါတော့ဘုရား ဆိုပြီး သကာလ လျှောက်ခိုင်း လိုက်တယ်။
ဝေဒနာပြင်းထန်လာလို့ လည်ပင်းဓါးနဲ့လှီးတယ်
သို့သော် သူဘယ်နှယ်ဖြစ်လာသလဲဆိုတော့ ဝေဒနာ ခံစားရတာ ပြင်းပြလွန်းလာတယ်၊ သူဟာ အနာရနေတာကို ဒကာဒကာမတို့ အနာရနေတော့ သူဝေဒနာခံစားနေရတာ ပြင်းပြပြီး သကာလ နေတဲ့အတွက် အနားမှာရှိတဲ့ သင်ဓုန်းဓါးနဲ့ ဦးမောင်ကြည် လည်ပင်းလှီးတယ်၊ ဝက္ကလိ၊ ဝက္ကလိ၊
ဝက္ကလိ ဘာလုပ်ပါလိမ့်၊ (သင်ဓုန်းဓါးနဲ့ လည်ပင်းလှီး ပါတယ်) သင်ဓုန်းဓါးနဲ့ လည်ပင်းလှီးလိုက်တယ်၊ လှီးလိုက်တော့ သာမညလိုပဲ ဦးဘကြည်က မှတ်ရမယ်၊ ပုထုဇဉ် နိမိတ်တွေ တွေ့ လာတယ်။
ပုထုဇဉ်နိမိတ်တွေထင်လာတယ်
ဘာတွေလဲ (ပုထုဇဉ် နိမိတ်တွေပါ) ပုထုဇဉ်နိမိတ် ဆိုတော့ ကုသိုလ်လုပ်ထားခဲ့တော့ နတ်သမီးဗိမာန် ပဒေသာပင် ထင်လာမှာပေါ့ဗျာ၊ ဝိပဿနာ ကုသိုလ်ကိုး၊ မထင်ပေဘူးလား ထင်ပါတယ်။
အဲဒီပုထုဇဉ် နိမိတ်တွေ ထင်လာတော့ သူ့ဟာသူ သိတယ် ဒါအရိယာနိမိတ်မဟုတ်ဘူး။ အရိယာနိမိတ်ဆိုရင် ရှင်းလင်းနေတဲ့ နိဗ္ဗာန်ကို ထင်ရမယ်။
ဒါပုထုဇဉ်တို့ သွားရာလမ်းခရီးကြီး နတ်သမီးဗိမာန် ပဒေသာပင် နတ်ပြည် ဒါတွေ ထင်လာ ပါလားလို့ သူ့ စိတ်က အောက်မေ့တယ် ဒါဝေဒနာမဆုံးသေးလို့ပဲ ဦးဘကြည်ရာ ဒီအယူရှိရင် အဲဒီရောက်ရတော့မယ်။
ငါလိုချင်တာဒီဥစ္စာမဟုတ်ဘူး
ဒါမဂ်မဟုတ်သေးပါဘူး ဒါမဟုတ်သေးပါဘူး ဒီဥစ္စာ ငါထင်တာတော့ အတတ်ပြီး ဓါးတွေသိမ်းပြီး သကာလ ဂတိ နိမိတ်ထင်လာတော့လဲ မဟုတ်တဲ့ နိမိတ်တွေ ထင်လာတယ် မူလကမ္မဋ္ဌာန်း ပြန်ကောက်မှ တော်တော့မယ်လို့ ပြန်စိတ်ကူး တယ် ရှင်းပလား (ရှင်းပါပြီ) ဘာပြန်ကောက်ရမလဲ (မူလ ကမ္မဋ္ဌာန်းပါ)။
နဂိုက အသားရထားတဲ့ ပုဂ္ဂိုလ်မို့ ပြန်ပြီး သကာလ ခုနက အနိစ္စမြင်တယ်၊ ဒုက္ခထင်တယ်၊ အနတ္တကိုယ်လဲမြင်လာတယ်၊ ဝက္ကလိ ကျုပ်တို့ပြောတဲ့ ဉာဏ်စဉ်တွေ ပြန်တက်လာတယ်။
ဒကာဒကာမတို့ ဉာဏ်စဉ်ပြန်တက်လာတာ ဘာပြု လို့လဲ ဘယ်လိုကြောင့် ဉာဏ်စဉ်ပြန်တက်ရပါလိမ့် ? နိမိတ်နော်၊ နိမိတ်ကြည့်လိုက်တော့ မကောင်းတော့ဘူး၊ နတ်ပြည်နိမိတ်ကြီး ထင်လာတယ် ပြောင်းဦးမှပဲ မဖြစ်ဘူး၊ မဖြစ်ဘူး၊ မဖြစ်ဘူး။
မူလကမ္မဌာန်းပြန်အားထုတ်တယ်
ငါလိုချင်တာက ဒီဥစ္စာမဟုတ်ဘူးဆိုပြီး သကာလ သူမပြောင်းပေဘူးလား (ပြောင်းပါတယ်) ပြောင်းပြန်တော့ ဟိုနိမိတ်က သက်သေခံ လုံလောက်နေတဲ့အတွက် မူလ ကမ္မဋ္ဌာန်း အားထုတ်ပြီးသား ပုဂ္ဂိုလ်မို့ ပြန်အားထုတ်ရတယ် ရှင်းပလား (ရှင်းပါပြီ)။
ပြန်အားထုတ်တော့ ပထမမှာ ဖြစ်ပျက် မမြင်ပေဘူးလား (မြင်ပါတယ်) နောက်ကျတော့ နောက်ကျတော့ ဖြစ်ပျက်မမုန်း ပေဘူးလား (မုန်းပါတယ်) နောက်ကျတော့ (ဖြစ်ပျက်ဆုံးပါ တယ်) ဖြစ်ပျက်ဆုံးတယ်။
ရဟန္တာဖြစ်တယ်
ဆုံးပြီး သကာလ ဆုံးလဲဆုံး ဝိညာဏ်လဲ ချုပ်။ ဆုံးလဲဆုံး ဝိညာဏ်လဲချုပ်တော့ ရဟန္တာ ဖြစ်တယ်လို့ ဦးဘကြည်တို့ မဆိုနိုင်ဘူးလား၊ အဲဒီနေရာမှာကို ဓါးလှီးပြီးမှ လေးမဂ်တန်း လာတာ နဂိုကပုထုဇဉ် (မှန်ပါ့) မမြန်ဘူးလား (မြန်ပါတယ်)။
ဘယ်လိုကြောင့်မြန်ပါလိမ့်မလဲ၊ တွေးကြစမ်း (ပထမကျင့် ပြီးသားရှိလို့) ပထမအကုန်ပြီးတယ် မဆိုနိုင်ဘူးလား၊ မဂ်ပေါ် ရုံကလေးကျန်တယ် (မှန်ပါ့) ဦးဘကြည် ဘာကျန်တုံး (မဂ်ပေါ်ရုံ ကျန်ပါတယ်)။
ဝိပဿနာဉာဏ်အသားရထားလို့
မဂ်ပေါ်ရုံလေး ကျန်တော့ မဂ်လေးတန်ဟာ ခင်ဗျားတို့ က အကြာကြီး အောက်မေ့နေတယ် တစ်မဂ်နဲ့ တစ်မဂ် အတော်တက်ရလိမ့်မယ်လို့ အောက်မေ့နေတယ်၊ စင်စစ် မဟုတ် ပါဘူး ဗီဇဝိပဿနာ ဉာဏ်အသားရတဲ့ ပုဂ္ဂိုလ်မှာ ထက်ထက်၊ ထက်ထက်ဆိုရင် ပြီးသွားတာပဲတဲ့ ရိပ်မိကြပလား (ရိပ်မိပါပြီ)။
ဒါဖြင့် ဘယ်နှယ်လုပ်ကြမယ် ဝိပဿနာဉာဏ်သာ ကြိုး စားပါ ဒကာဒကာမတို့ ခုနက ဘာမှအကူအညီမလိုပါဘူး။
အခုဒီမှာ ဝက္ကလိမှာ နိမိတ်ထင်ပြီးမှ ပြောင်းလို့ ရတယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။
ဒါဖြင့် ဒကာဒကာမတွေက အထူးမှတ်ပါ၊ သော်သေခါနီး နိမိတ်ဆိုတာသည် အစွဲလေး ထင်တယ်လို့ပဲ ခင်ဗျားတို့ ဆုံးဖြတ် ချက်ချ (မှန်ပါ့) မချနိုင်ဘူးလား ချနိုင်သလား (ချနိုင် ပါတယ်)။
နဂိုကအရှိန်ကောင်းရင် ပြင်နိုင်တယ်
အဲတော့ ခင်ဗျားတို့ သေကြရမှာပဲ ဘုန်းကြီးများလဲ သေကြရမှာပဲ မသေခင်က နိမိတ်ကလာမှာပဲ လာရင် အခုအခါ သမယလေးပြင်နိုင်အောင် လုပ်ထားပါ။ သို့သော် ဘယ်လိုကျမှ ပြင်နိုင်သလဲလို့ မေးတဲ့အခါ နဂိုက အရှိန်ကောင်းမှ (တင်ပါ့) အရှိန်ကောင်းရင် ပြင်နိုင်တယ်၊ အရှိန်မကောင်းရင် (မပြင်နိုင် ပါဘူး)။
ဒါဖြင့် အခုအရေးမကြီးဘူးလား (ကြီးပါတယ်) တော်တော်အရေးကြီးပါလိမ့်မယ်၊ အခုအချိန်ကစပြီး သကာလ ခုနဝက္ကလိမြင်ရသလို မမြင်ရပေဘူးလား၊ မြင်ရတဲ့အခါကျလို့ရှိရင် ဖြင့် နောက်ကျတော့ သူကတော့ ဝက္ကလိကတော့ အတော်ကို သူစိတ်ထဲမှာဖြင့် ဘုရားလျှောက်ပုံများ ရှင်းလိုက်တာ၊ ရဟန္တာ ဖြစ်ပြီလို့ လျှောက်တာမလျှောက်ဘူးလား (လျှောက်ပါတယ်)။
သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ထင်ပြီးပြီ မြင်ပြီးပြီလို့ သူမလျှောက်ဘူးလား (လျှောက်ပါတယ်)။
အားလုံး ဒကာ ဒကာမတွေ ဝိပဿနာကနေပြီး သကာလ လမ်းလွဲနေလိုက်တာ၊ တစ်ခါတည်း မဂ်လောက်ကို အထင်ရောက်သွားအောင် မပြဘူးလား၊ ပြသလား။ (ပြပါတယ်) ကိလေသာက လာမှမလာပဲကိုး။
လောဘ၊ ဒေါသ၊ ပေမဆိုတာလာသေးရဲ့လား (မလာပါ ဘုရား) ဒါဘယ်သူက တားမြစ်ထားသလဲ (ဝိပဿနာကပါ) ဝိပဿနာ အင်အားကြောင့် ကျန်တာတွေ အကုန်ဖယ်ရှားပြီး သကာလ ဉာဏ်က မမြင်ရဘူးလား (မြင်ရပါတယ်) သဘောကျ ပလား (ကျပါပြီ)။
မဂ်လောက်အထင်ရောက်တတ်တယ်
ကောင်းပြီ ဒါဖြင့် ဝိပဿနာအားကလဲ ခင်ဗျားတို့ မဂ် လောက်ပဲ အထင်ရောက်တတ်တယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) သဘောကျကြပလား (ကျပါပြီ)။
ဒါကြောင့် ဒီ ဒကာဒကာမတွေသည် ဒါလောက်လုပ် ထားလို့ရှိရင် ကျုပ်တို့ သေခြင်းဆိုး မသေနိုင်တော့ဘူး၊ ဆိုကြ ပေတော့ ပြင်နိုင်တဲ့ပုဂ္ဂိုလ် အခြေအနေလဲ ပါသွားမှာပဲ (တင်ပါ့)။
ဒါနဲ့မပြီးတဲ့ ပုဂ္ဂိုလ် အဲဒါပြင်ကြနော်၊ သဘောကျပလား ) (ကျပါပြီ) ဒါဖြင့် ခင်ဗျားတို့သည် ရအောင်ရင်လဲလုပ်ပါ၊ မရသေးလို့ရှိရင်သေခါနီး ပြင်နိုင်တဲ့ အခြေအနေရအောင်လဲ လုပ်ပါ (တင်ပါ့) မတိုက်တွန်းသင့်ဘူးလား၊ တိုက်တွန်းသင့်သလား (တိုက်တွန်းသင့်ပါတယ် ဘုရား)။
ဘာပြုလို့တုံးဆိုတော့၊ ဂတိနိမိတ်ဆိုတဲ့ တို့သေခါနီး နိမိတ်ဟာ အဝေးကြီးကထင်တယ်။ ပြင်ရင်ရတယ်ဆိုတာ ပေါ်လာတယ်၊ မနေ့က ဟောခဲ့တဲ့ ရှင်ဆန္ဒမှာလဲ ပြင်ချိန်ရတယ်၊ မရဘူးလား (ရပါတယ်)။
အခုဝက္ကလိထုတ်လိုက်ပြန်တော့ကော (ပြင်ချိန်ရပါ တယ်) ပြင်ချိန်ရတယ်ဆိုတော့ ဪ ဒို့မှာတော့ဖြင့် အားထုတ်နေတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ဒို့မှာတော့ဖြင့် ရှင်တုန်းလဲ ရတယ်၊ သေခါနီးမှာလဲ (ရတယ်)။
ဒါဖြင့် ဘာမှမလုပ်တဲ့အားလဲ မထုတ်တဲ့ ပုဂ္ဂိုလ်မှာဖြင့် ရှင်တုန်းလဲ မရပါဘူး၊ သေခါနီးမှာလဲ (မရပါဘူး) ဒါဖြင့် ဒါလုံး လုံးရှင်းပေါ့ (မှန်ပါ့)။
သိပ်ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ်) ဒါဖြင့် ခင်ဗျားတို့ ရှင်တုန်း ကပင် ရအောင် လုပ်ကြပါ။ အဲဒီတုန်း အားထုတ်လို့မရလို့ရှိရင် သေခါနီး နိမိတ်ထင်လာတာနဲ့ ပြင်နိုင် အောင်လုပ်ပါ ဦးဘကြည် မဟောထိုက်ဘူးလား (ဟော ထိုက်ပါတယ်)။
ပြင်ချိန်ကြိုးစားချိနံရတယ်
ဒါဖြင့် ယနေ့အထူးမှတ်စေချင်တာက ဂတိနိမိတ် ထင်တာသည် သေရမည့် လမ်းခရီးအပေါ်မှာ အစောကြီးက ထင်တယ်လို့ မှတ်လိုက်ပါ (တင်ပါ့) ဒါကြောင့် ပြင်ချိန်ရတယ်လို့ လဲ ခင်ဗျားတို့ ကြိုးစားချိန်ရတယ်လို့လဲ စိတ်ထဲ ဝမ်းသာပါ။ မသာနိုင်ဘူးလား (သာနိုင်ပါတယ်)။
ဒါကဘယ်လို ပုဂ္ဂိုလ်မှ ဆရာဘုန်းကြီးအားကိုးပြော သတုံး၊ မေးခွန်းထုတ်ဖို့ မလိုဘူးလား (လိုပါတယ်) နဂိုကိုက ဘုန်းကြီးများနဲ့တွေ့၊ ဒီမှာလဲ နည်းနာတွေတစ်ချိန်လုံး အားထုတ်၊ ဟုတ်ဖူးလားဗျာ၊ အားတဲ့အချိန်လဲ အားထုတ် ဒီလိုပုဂ္ဂိုလ် ကျတော့ ဘုန်းကြီးတို့က ဒီနှစ်ခု၊ တစ်ခုခုမိရမယ် မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ်)။
လုံးဝဗလာသမားတွေကျတော့ ဘယ်နှယ် လုပ်ကြမလဲ (ဘယ်နှယ်မှ မလုပ်တတ်ပါ) ဘယ့်နှယ်မှ မလုပ်တတ်တော့ သူတို့မှာ တစ်လမ်းသွားပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
ကောင်းပြီ ဒကာဒကာမတို့ ဝက္ကလိကြည့်လိုက်ပါဦး အဲဒီရွေးပြီး သကာလ အားထုတ် လိုက်တယ်၊ အားထုတ်လိုက် တော့ နောက်ဆုံးတော့ ရဟန္တာဖြစ်တယ်။
အရိယာနတ်တွေက လာလျှောက်တယ်
နတ်နှစ်ယောက်က သွားပြီး သကာလ၊ ဘုရားဆီ သွားလျှောက်တယ်၊ အရှင်ဘုရား ဝက္ကလိတော့ ရဟန်း ကိစ္စပြီး သွားပြီဘုရား၊ ဝက္ကလိတော့ ရဟန်းကိစ္စပြီးသွားပြီဘုရားတဲ့ နတ်တစ်ပါးကသွားလျှောက်တယ်။
ဒီနတ်တွေဟာဘယ်လို နတ်တွေတုံးဆိုတော့ အရိယာ နတ်တွေမို့ သွားလျှောက်နိုင်တယ်၊ သိတယ်သူတို့က အရိယာ ဖြစ်နေလို့။
ဒါနဲ့ပဲ သွားလျှောက်တဲ့အခါကျတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ကြားတယ်၊ ပြီးတော့ ကျောင်းက လှမ်းကြည့်လိုက်တဲ့အခါကျတော့ ဒါအရိယာတို့၏ သေခြင်းပဲ၊ တော်သေးတယ်၊ တော်သေးတယ်၊ မဂ်မြင်တာ နေရာကျသွား သေးတယ်ပေါ့ဗျာ (တင်ပါ့) မဂ်မြင်တာနေရာ မကျဘူးလား (ကျ ပါတယ် ဘုရား)။
ဒါနဲ့ ရဟန်းတွေခေါ်ပြီး သကာလ နတ်တွေလျှောက်တဲ့ အတိုင်း နတ်နှစ်ပါးလာပြီး လျှောက်တဲ့အကြောင်း၊ ပြီးတော့ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ မယုတ်မာသော
သေခြင်းဖြင့် သေတယ် ဆိုတာကိုမင်းတို့ ဝက္ကလိသွားပြော ဘုရားက လွှတ်လိုက်တယ်၊ ဟိုရောက်တော့ ရဟန်းကလဲ ပြောပြီး လှီးတော့တာပါပဲ ဗျာ၊ ပြောတုံးပဲ ခင်ဗျားတို့ ခုနက ထင်မြင်ဒါတွေ အကုန်လျှောက်တော့တာပါပဲ ရိပ်မိကြပလား (ရိပ်မိပါပြီ)။
ရဟန္တာသေနည်း
ကောင်းပြီဒါဖြင့် ဒကာဒကာမတို့ ရဟန္တာသေတယ်ဆို တော့ သူပက်လက်လှီးလိုက်တာကို လည်ပင်းပက်လက် လှီးလိုက်တယ်၊ ပက်လက်လှီးလိုက်တဲ့အခါ ကျတော့ ဦးစံကြည် ရေ ကိုယ်ကြီးကတော့ ပက်လက်ပဲ ခေါင်းကတော့ လက်ျာဘက် စောင်းတယ်၊ ခေါင်းက ဘယ်ဘက် စောင်းပါလိမ့် (လက်ျာဘက် စောင်းပါတယ်) အဲဒါ ရဟန္တာသေမှတ်ပေတော့။
ကိုယ်ကတော့ဖြင့် မစောင်းနိုင်ဘူး ခေါင်းက (လက်ျာ ဘက်စောင်းပါတယ်) အဲ ဒကာဒကာမတို့ မပြတ်စဲသေးတဲ့ ပုဂ္ဂိုလ်ဖြင့် ကိုယ်ပါစောင်းရမယ်၊ ဒါ ရဟန္တာတို့၏ သေနည်းပဲ စာမှာဒီအတိုင်းလာပါတယ် ဝက္ကလိသုတ်မှာလဲ ဒီအတိုင်းလာ တာပဲ သဘောကျပလား (ကျပါပြီ)။
ဘယ်လိုသေရမယ် (လက်ျာဘက်စောင်းပြီး သေရမယ်) လက်ျာဘက် စောင်းပြီး သကာလ သေရမယ်။
ဒါနဲ့ သေကြောင်းလဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သိတယ် ထိုကဲ့သို့ သိတာနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကိုင်းကွာ ရဟန်းတို့ ဝက္ကလိဆီ သွားကြဦးစို့ဟေ့-သေကြောင်း သိတာနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက လာတာပေါ့ဗျာ၊ လာတော့ ကိုယ်ကြီးကတော့ဖြင့် ပက်လက်ပဲကြည့်ကြဝက္ကလိ သေပုံကို၊ ခန္ဓာဟာဘာမှ အရင်ကလေးကအတိုင်းပဲကွ၊ မင်းတို့ ရိပ်မိပလား၊ ရဟန်းတွေကို ထိုးပြတယ်၊ သဘောကျပလား (ကျပါပြီ) ဘာလို့ထိုးတာလဲ (ရဟန္တာသေမို့ပါ)။
ရဟန်းကိစ္စပြီးပြီလို့ပြောလိုက်တယ်၊ ဦးဘကြည်၊ ဒါ ရဟန္တာသေနည်းနော်၊ အဲဒီတော့ ဒီအတိုင်းလဲမနေနဲ့ ဝက္ကလိကို ကြည့်ပြီး၊ ကောင်းကင်လဲကြည့်ပါဦးဆိုပြီး ကောင်းကင်ကြည့်ခိုင်း တယ်။
ကောင်းကင်ကြည့်လိုက်တော့ ဝက္ကလိကို မာရ်နတ်ကြီး က သေခြင်းဆိုးသေတာဆိုတော့ သူဘယ်ဘုံ ရောက်တယ်ဆိုတာ ငါလျှောက်ရှာမယ်၊ မာရ်နတ်ကရှာတာက သေခြင်းဆိုးသေ တာကိုး။
မာရ်နတ်ကလျှောက်ရှာတယ်
သူ့အထင်ပေါ့ဗျာ၊ သူ့အထင်က သေခြင်းဆိုး သေတယ် ဆိုတာ အယူကရှိပြီး သကာလ၊ တိမ်တွေထဲမှာ အမဲကြီးတွေနဲ့ ဟိုပြေးလိုက်၊ ဒီပြေးလိုက်၊ အရှေ့ပြေးလိုက်၊ အနောက်ပြေးလိုက်၊ အပေါ်ပြေးလိုက်၊ အောက်ပြေးလိုက်၊ တခြားမကြည့်နဲ့ ကောင်းကင်မှာ ရှုပ်နေတာ မင်းတို့ ဘာထင်ကြသတုံး၊ ကောင်းကင်မှာ တပြေးထဲတလွှားထဲ သွားနေတာ မမြင်ကြဘူးလား ? (မြင် ဘုရား) အဲဒါ မာရ်နတ်ကွတဲ့ မာရ်နတ်၊ ဝက္ကလိဘယ်မှာ ပဋိသန္ဓေနေသတုံးဆိုတာ လျှောက်ရှာတာ၊
သူ့စိတ်ထဲမှာ သေခြင်းဆိုး သေတယ်လို့ သူ့စိတ်ထဲမှာ အယူရှိတယ်ကွ၊ သဘောကျပလား (ကျပါပြီ) ကောင်းကင် ကြည့်လိုက်တော့ မာရ်နတ်ကြီးက လျှောက်ရှာတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့ သံဃာတွေ မမြင်ကြဘူးလား (မြင်ပါ တယ်)။
သြော် – လောင်စာကုန်၍ မီးငြိမ်းတာ ရှင်းပလား (ရှင်းပါပြီ) လောင်စာကုန်၍ မီးငြိမ်းတာ၊ ဒီမီးဘယ်သွားသတုံး ရှာပါလား၊ တွေ့မလား မတွေ့ဘူးလား (မတွေ့ပါ ဘုရား)။ လောင်စာကုန်၍ မီးငြိမ်းသွားတာ ဒကာဒကာမတို့ ဒီမီး ဘယ်သွားလဲ (ဘယ်မှမသွားဘူး) ငြိမ်းတာပဲရှိတယ်၊ နိဗ္ဗာန်ဆိုတာ အဲဒါမှတ်ပါ။
လောင်စာသိမ်း၍ ဘာတဲ့ (မီးငြိမ်းတာပါ) မီးငြိမ်း တာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်ဆိုတာ သဘော ကျပလား (ကျပါပြီ)။
ဒါဖြင့် မာရ်နတ်တွေ တစ်သိန်းလျှောက်ရှာ၊ တန်ခိုး ကြီးတဲ့ မာရ်နတ်တွေ တစ်သိန်းလျှောက်၊ ရှာပါ တွေ့မလား မတွေ့ဘူးလား (မတွေ့ပါ ဘုရား) အဲဒါ ဘုရားဟောတော် မူတာ ရိပ်မိကြပလား (ရိပ်မိပါပြီ)။
အသေအချာအားထုတ်ရလိမ့်ဦးမယ်
ဒါဖြင့် ခင်ဗျားတို့သည် သေသေချာချာ အားထုတ်ရလိမ့် ဦးမယ်ဆိုတဲ့ အဓိပ္ပါယ်လဲ ဘုန်းကြီး တိုက်တွန်းတယ်နော်၊ သာမည သမာဓိပညာလေးလောက်နဲ့ ကိလေသာအားဖြင့် ခေါင်းပါး ပါတယ်ဘုရား နည်းပါးပါတယ်ဘုရား။ တပည့်တော်တို့ဖြင့် တော်တော် အသင့်အတင့်တော့ ခရီးရောက်ပြီဆိုပြီး သကာလ မနေပဲနဲ့ပေါ့ဗျာ။
နိဗ္ဗာန်ကြီးကို တစ်ခါတည်း ရှင်းရှင်း၊ ကွင်းကွင်းကြီးမြင် လောက်အောင် ကြိုးစားပါဆိုတာ ဘုန်းကြီးများက တိုက်တွန်း တယ်၊ မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ်)။
ဝက္ကလိလိုဖြစ်နေမှာစိုးတယ်၊ မစိုးသင့်ဘူးလား (စိုးသင့် ပါတယ်)။ ဝက္ကလိလိုဖြစ်နေတော့ အဲဒီမှာလျှောက်ပုံ၊ ထားပုံ၊ မြင်ပုံ ရှင်းတယ်၊ မရှင်းလား (ရှင်းပါတယ်) ဒကာ ဒကာမတွေ မရှင်းဘူးလား (ရှင်းပါတယ်)။
ရှင်းတော့ သူ့စိတ်ထဲမှာ ရှင်းကြောင်းကို ဘုရား မလျှောက်ဘူးလား (လျှောက်ပါတယ်) ဒါနဲ့ ဝိစိကိစ္ဆာပါသေးလား (မပါပါဘူး)၊ တဏှာ၊ မာန၊ ဒိဋ္ဌိကော စွဲကပ်သေးရဲ့ လား (မကပ်ပါဘူး) သို့သော် မရဘူး။
ဒီတော့ ဦးဘကြည်ရေ မရဘူးဆိုတော့ အတော် ခဲယဉ်း မနေဘူးလား (ခဲယဉ်းပါတယ်) လည်ပင်းလှီးပြီးတော့မှ မဟုတ်ကြောင်း ကောင်းကောင်းမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ပေါ်လာတဲ့အခါ ဘာလုပ်နေတုံး (ပြောင်းပါတယ်) ပေါ်လာတဲ့အခါ ဝိပဿနာ ပြန်မပြောင်းဘူးလား (ပြောင်းပါ တယ်) ပြန်ပြောင်းတဲ့အခါ ကိစ္စမပြီးဘူးလား (ပြီးပါတယ်)။
နဂိုကလုပ်ထားလို့ပြောင်းလို့ရတာ
အဲဒီ ပုဂ္ဂိုလ်ဟာ တော်သေးတယ်လို့ ဒကာ ဒကာမတွေ က ဆုံးဖြတ်ချက်ချပါ၊ မချသင့်ဘူးလား (ချသင့်ပါတယ်) ဘယ်နှယ်ကြောင့်လဲ (ပြောင်းလို့ရလို့) ပြောင်းလို့ရတယ်။
ဘာပြုလို့ပြောင်းလို့ရတာတုံး (နဂိုကလုပ်ထားလို့) နဂိုက လုပ်အားရှိနေလို့၊ လုပ်အားမရှိတဲ့ပုဂ္ဂိုလ်ဆိုရင်ကော (ပြောင်းလို့ မရပါ)။
ကောင်းပြီ ဒါဖြင့် လုပ်အားဟာ ဘယ်လောက်အရေးကြီး တယ်ဆိုတာဖြင့် မပေါ်သေးဘူးလား (ပေါ်ပါပြီ)။
အဲတော့ ရုပ်နဲ့နာမ်ကို ခင်ဗျားတို့ ကြိုက်ရာကိုရှု – သဘောကျပလား (သဘောကျပါပြီ)။
ကိုင်းယနေ့ ဒီတွင် တော်ကြစို့။
သာဓု သာဓု သာဓု။