075

အင်္ဂါလေးချက်နဲ့ညီရင် ဒုတိယဘဝမှာ ကိစ္စပြီးတယ်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသောတရားတော်

အင်္ဂါလေးချက်နဲ့ညီရင် ဒုတိယဘဝမှာ ကိစ္စပြီးတယ်

(အကြွေးနဲ့လက်ငင်း)

(၂-၉-၅၈)

ဒကာဒကာမတို့ တရားလည်း နာကြတယ် တရားလဲ မှတ်ကြတယ်၊ ညစဉ်ညတိုင်းလဲ လာကြတယ်၊ အဲဒီကျေးဇူးကြီးကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပတ်လုံး ဆည်းပူး လာတဲ့ သဗ္ဗညုတ ဉာဏ်တော်ကြီးနဲ့ – တရားနာတဲ့ပုဂ္ဂိုလ်၊ တရားတော်ကို ကြည်ညိုနေတဲ့ ပုဂ္ဂိုလ်၊ တရား နှလုံးသွင်းနေတဲ့ ပုဂ္ဂိုလ် တရားတော်ကို နာလိုက် သဖြင့်ငါ၊ ငါ့ဥစ္စာ မရှိဘူးဆိုတာ သိတဲ့ ပုဂ္ဂိုလ်ဟာ ဒီဘဝမှာ အလုပ်လုပ်တဲ့ ကိစ္စမပြီးတောင် ဒုတိယဘဝမှာ အသေအချာ ပြီးတယ် ဆိုတာ ဘုရား သခင် ကိုယ်တော်မြတ်ကြီးက သဗ္ဗညုတဉာဏ်နဲ့ ကြည့်ပြီး ဆုံးဖြတ် ချက်ချထားတာ စတုက္ကနိပါတ် အင်္ဂုတ္တိုရ်မှာ လာတယ်လို့ ဦးလှဘူးတို့ ဒကာသိုက်တို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။

ဒီဘဝ အားတော့ ထုတ်တာပါပဲတဲ့၊ ဒုက္ခအဆုံးကို မရောက်ဘူး၊ ဒုက္ခလေးတွေ မြင်ရုံနဲ့ပဲ စုတေ မနေ ကွယ်လွန် ပြီးသွား သဖြင့် ဘယ်လိုများ ဖြစ်မတုံးလို့ ဘုရားက သဗ္ဗညုတဉာဏ်နဲ့ ကြည့် တဲ့အခါ သြော်- ကိစ္စမရှိဘူး ဆိုပြီး သကာလ ဒုတိယဘဝ ကိစ္စပြီး နိုင်တဲ့အကြောင်းကို သဗ္ဗညုတ ဉာဏ်နဲ့ ကြည့်ပြီး သကာလ တာဝန်ခံသောကြောင့် အားလုံးသော ဒကာဒကာမတွေ နာလဲ နာကြပါ၊ နှလုံးလဲ သွင်းကြပါ၊ ဒိဋ္ဌိ ကွာအောင်လဲ လုပ်ပါ။

ဒီလိုဆိုလို့ ရှိရင်ဖြင့် ဒီဘဝကိစ္စ မပြီးလဲ၊ ဒုတိယဘဝ ကိစ္စ ပြီးတယ်၊ ဒီဘဝကိစ္စပြီးလို့ ရှိရင်လဲ အတိုင်းထက် အလွန်ကောင်း တယ်လို့ မှတ်ပါ၊ (မှန်ပါ့)

ဒါကြောင့် လေးခုကို ပြမယ်ဆိုပြီး သကာလ၊ ရှေ့မှာ လေးခု ၊ ပြမယ်နော်၊ အားမလျှော့နဲ့လို့ တိုက်တွန်း လိုက်ပါတယ်နော်။

သောတာနုဂတာနံ ဘိက္ခဝေ- နားထဲမှာ ဘုန်းကြီးက၊ စိတ်ဟာ အနိစ္စပဲ၊ ဒုက္ခပဲ၊ အနတ္တပဲ၊ ဒကာသိုက်တို့ ကြားနေ ရတယ်။

ဝေဒနာဟာ အနိစ္စပဲ၊ ဒုက္ခပဲ၊ အနတ္တပဲ ဆိုတာ နားထဲမှာ ကြားနေ ရတယ်၊ နေ့တိုင်း အစဉ်ပဲ ကြားနေရတယ်၊ (ကြားပါတယ် ဘုရား) ကြားတော့ ပါးစပ်ထဲမှာ သြော် – စိတ်ဟာလဲ အနိစ္စပဲ၊ ဒုက္ခပဲ၊ အနတ္တပဲ၊ ဝေဒနာလဲ၊ အနိစ္စပဲ၊ ဒုက္ခပဲ၊ အနတ္တပဲလို့ ပါးစပ်ထဲလဲ ရနေကြတယ်။

နှလုံးသွင်းလိုက်တဲ့ အခါကျလို့ရှိရင် ဝေဒနာလေးတွေ၊ စိတ်ကလေးတွေ ပေါ်လာတဲ့ အခါ၊ ဖျတ်ဖျတ်၊ ဖျတ်ဖျတ်နဲ့ ပေါ်လာ ပြီး ပျက်ပျက် သွားတာပဲ၊ ပေါ်လာပြီး ပျောက်ပျက် သွားတာပဲ။ ဆိုတာ ကလေးကိုလဲ၊ ဒကာဒကာမတွေက နှလုံးသွင်း လိုက်တော့၊ သိတယ်၊ (မှန်ပါ့)။

ဒါဖြင့် နားထဲလဲ အနိစ္စ ဒုက္ခ အနတ္တ ကြားသေးတယ် ပေါ့ဗျာ၊ နှုတ်ထဲလဲ ရတယ်ပေါ့ဗျာ၊ နှလုံးသွင်းတဲ့ အခါဆိုလို့ရှိရင်၊ ဒါအနိစ္စပဲ၊ ဒါဒုက္ခပဲ၊ ဒါအနတ္တပဲ ကိုယ့်စိတ် ကိုယ်ရှု၊ အဲဒါနှလုံးသွင်း ကြတာပဲ၊ နှလုံးသွင်းတဲ့ အတွက်၊ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကတော့ ကွာ နေတယ်။

ဒိဋ္ဌိကလဲ ဘယ်လို ကွာနေသလဲဆိုလို့ရှိရင်၊ ဝေဒနာကို သာ ရှုနေပါ၊ ဒကာသိုက်တို့ ဝိညာဏပစ္စယာ နာမရူပံ လို့ မလာဘူး လား၊ (လာပါတယ်) ဝိညာဏ်ကြောင့် ဘာဖြစ်သလဲ (နာမ်ရုပ် ဖြစ်ပါတယ်)။

ဒီမှာ ပုဂ္ဂိုလ် သတ္တဝါများ ပါသေးသလား (မပါပါ) ဝိညာဏ် နဲ့ နာမ်ရုပ်ပဲ၊ (မှန်ပါ့) ဝိညာဏ် ကြောင့် သဠာယတန ဆိုတာ မဖြစ်လား (ဖြစ်ပါတယ်) အင်း သူ့အထဲ ပုဂ္ဂိုလ်သတ္တဝါ ပါသေးသလား (မပါပါ ဘုရား)။

အင်းဒီလိုဆို ဒိဋ္ဌိကတော့ ကွာနေပြီ ပုဂ္ဂိုလ် သတ္တဝါ မရှိဘူး လို့ ဆုံးဖြတ်ချက် ချနိုင် ကတည်းက ဒိဋ္ဌိကလဲ ကွာပြီး သကာလ နေတော့ …

အင်္ဂါလေးချက်

တစ် – နံပါတ် နားထဲမှာလဲ အနိစ္စ ဒုက္ခ အနတ္တ ရောက်ကြပြီ၊

နှစ် – နံပါတ် ပါးစပ်ထဲမှာလဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရောက်ကြပြီ၊

သုံး – နံပါတ် အနိစ္စကိုလဲ နှလုံးသွင်းကြပြီ၊

လေး – နံပါတ်ဆိုတော့ ဒါတွေဟာလဲ အနိစ္စတွေပဲ၊ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ဘူး ဆိုတာလဲ သိကြပြီ၊

အဲဒီကဲ့ သို့ ဒကာဒကာမတွေဒီ ၄ -ချက်နဲ့ ညီပြီး သကာလ နားထဲ ကြားဖူးတာရယ်၊ ပါးစပ်ထဲက ရွတ်ဆိုနိုင်တာ ရယ် နှလုံးသွင်း ဖူးတာရယ် ဖြစ်ပျက် ကလေးတွေ မြင်လို့ ဒိဋ္ဌိကွာ တာရယ်ဆို တော့ လေးခု မရဘူးလား (ရပါတယ်)။

အဲဒီတော့ လေးခု ကွာပြီး သကာလ၊ ကောင်းပြီ ဖြစ်ပျက် တော့မြင်ပါရဲ့ ဖြစ်ပျက်တော့ မုန်းပါရဲ့ သို့သော် သေခြင်းက အရင် ဦးသွားတာနဲ့ ဖြစ်ပျက် အဆုံးကို မရောက်လိုက်ပဲနဲ့ သေသွားမယ် (မှန်ပါ့) အဲဒီလို ပုဂ္ဂိုလ်မျိုးကို ၁ – နံပါတ်ပုဂ္ဂိုလ်လို့ မှတ်ထားလိုက်စမ်းပါ၊

အင်း ဖြစ်ပျက် တွေတော့ မြင်ရဲ့၊ ဖြစ်ပျက်တွေကဖြင့်၊ မုန်းတာနဲ့ ဆုံးတာ၊ ပြောခဲ့တဲ့ အင်္ဂါတွေနဲ့ ညီညွတ်ပြီး သကာလ၊ ဖြစ်ပျက် အဆုံး ဒုက္ခဆုံးတာကိုတော့ မဂ္ဂင်ရှစ်ပါးနဲ့ မမြင်ပဲနဲ့ သေသွားမယ်၊ သေသွားလဲ အားလုံးပဲ ဒကာ ဒကာမတို့ ဘုရားက တာဝန်ခံလိုက်တယ်၊ တစ်ခုခုသော နတ်ပြည် ဖြစ်မှာ ပဲဟေ့၊ (မှန်ပါ့ ဘုရား)။

တစ်ခုခုသော နတ်ပြည်မှာ ဖြစ်မှာပဲ၊ နတ်ပြည် ခြောက်ထပ် က တစ်ထပ် ထပ်တော့ ဖြစ်မှာ ပဲလို့ ဆုံးဖြတ်ချက် ချလိုက်၊ သဘော ကျပလား (ကျပါပြီ)။

နားထဲမှာ ခင်ဗျားတို့ အနိစ္စ ဒုက္ခ အနတ္တ နာရတယ် မဟုတ်လား၊ ကိုယ်တိုင်လဲ ရတယ် မဟုတ်လား၊ နှလုံးသွင်း ဖူးတယ် မဟုတ်လား (မှန်ပါ့) အဲဒီမှာ ငါသူတစ်ပါး ပါသေးသလား (မပါ ပါ ဘုရား)။

အင်္ဂါလေးပါးနဲ့ သေရင် နတ်ပြည်ရောက်တယ်

ဒါဖြင့် အင်္ဂါလေးပါးနဲ့သာ သေသွားကြမယ် ဆိုရင် နတ်ရွာ သုဂတိတော့ သေသေချာချာ ရောက်ပါတယ်၊ ကြောက်စရာ မရှိပါလား ဆိုတာ ပေါ်လာပြီ၊ သဘောကျပလား (ကျပါပြီ)

ခုနကဟာ ပြန်ပြောလိုက်ပါဦး ဆိုတော့၊ နားထဲမှာ အနိစ္စ၊ ဒုက္ခ အနတ္တ ကြားဖူးတာက တစ်နံပါတ်၊ သဘောကျပလား (ကျပါပြီ၊) အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ စိတ်၊ ဝေဒနာလေး၊ ရွတ်ဘတ် လို့ကော မရဘူးလား (ရပါတယ်) ရှုလို့ကော (ရပါတယ်)၊ ငါသူတပါး ယောက်ျား မိန်းမ အထင်မှား တာကော ပါသေးသလား (မပါ ပါ ဘုရား)။

ဒိဋ္ဌိကလဲ ကွာတယ်၊ ကွာပြီး သကာလ ဖြစ်ပျက်ကို မြင်၊ ဖြစ်ပျက်ကို မုန်းပြီး သကာလ၊ ဦးလှဘူးတို့ ဒကာသိုက်တို့ (တင်ပါ့) ဖြစ်ပျက် မဆုံးပဲနဲ့ သေသွားမယ်၊ ခုနင်က ပြောတဲ့ အင်္ဂါလေးခု နဲ့တော့ ညီပါရဲ့ ဖြစ်ပျက်တော့ မဆုံးပဲနဲ့ သေသွားမယ်။

အဲဒီပုဂ္ဂိုလ်ဟာ ငါဘုရား သဗ္ဗညုတ ဉာဏ်တော်နဲ့ ကြည့် လိုက်တဲ့ အခါမှာ နတ်ပြည် ခြောက်ထပ် တစ်ခုခု ရောက်ရတယ်ကွ၊ သဘောကျပလား(ကျပါပြီ)။

အင်း မရငြား သော်လည်း ပူစရာ ရှိရဲ့ လား၊ (မရှိပါ ဘုရား) မရငြား သော်လည်း ဒကာ ဒကာမတို့ ပူစရာရှိရဲ့လား – (မရှိပါဘူး) အဲ – ခုနကလေးခုနဲ့ ညီအောင် သာနေပါ (မှန်လှပါ ဘုရား)။

နာလည်း နာရမယ်နော်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားနာမှု တစ်နံပါတ်၊ ကိုယ်တိုင်ရမှု နှစ်နံပါတ်၊ အင်း နှလုံးသွင်းမှု သုံးနံပါတ် နှလုံးသွင်းတဲ့ အခါ ငါသူတစ်ပါး ယောက်ျား မိန်းမ မရှိ ပါလားလို့ သိမှု (လေးနံပါတ်ပါ ဘုရား) အဲဒါလေးမှတ်ထားလိုက် စမ်းပါဦး။

နာမှု တစ်နံပါတ်၊ ပါးစပ်ထဲရမှု နှစ်နံပါတ်၊ နှလုံးသွင်းမှု သုံးနံပါတ်၊ ဒိဋ္ဌိကွာမှု လေးနံပါတ်၊ အဲဒီလေးနံပါတ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဟာ သေသွားလို့ ရှိရင်ကွာတဲ့၊ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက နတ်ပြည် ခြောက်ထပ် တစ်နေရာရာမှာ ရောက်ရဦးမယ်။

ရောက်ပြီးတဲ့ အခါကျလို့ ရှိရင်ဖြင့် ဒီပုဂ္ဂိုလ်ဟာတဲ့၊ လူ့ပြည် က နာထားတဲ့ တရားတွေ၊ ရွတ်ထားတဲ့ တရားတွေ၊ နှလုံးသွင်း ထားတဲ့ တရားတွေ၊ ဒိဋ္ဌိကလဲ ကွာနေတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး သကာလ ဒါမဂ်နဲ့ ကွာတာ မဟုတ်သေး ဘူးနော် – သစ္စဉာဏ်၊ စိန္တာမယနဲ့ ကွာတာပဲ ရှိသေးတယ်။

အဲဒီလိုကွာပြီး သကာလ နတ်ရွာ သုဂတိ၊ သေသည်၏ အခြားမဲ့၌ လူ့ပြည်က သေ၊ နတ်ပြည် ရောက်တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီပုဂ္ဂိုလ် အတွက် အင်္ဂုတ္တိုရ် ပါဠိတော်မှာ ဟောထား သောကြောင့် သူနတ်ပြည် ရောက်မှန်းကို မသိသေးဘူး တဲ့၊ လူ့ပြည်က နာထားတဲ့ တရားတွေက သြော် – ဒီခန္ဓာကြီး၊ စိတ်ဆိုတဲ့ တရားကြီးဟာ အနိစ္စ ပါလား ဒုက္ခ ပါလား အနတ္တ ပါလား ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ဟာလဲ ဝေဒနာဟာ အနိစ္စပါလား၊ ဒုက္ခပါလား၊ အနတ္တပါလားလို့ တုံးက အရင် ပေါ်လာတယ်၊ သူရောက်ကြောင်း မသိသေးဘူးတဲ့ ဒကာဒကာမတို့ ၊

ဘယ်သူက အရင်လာလဲ (ရှုတဲ့ ဉာဏ်ကပါ) ရှုတဲ့ဉာဏ် က အရင် ပေါ်လာတယ်၊ ပေါ်လာသည်နဲ့ တစ်ပြိုင်နက်ထဲ အဲဒီမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ကျအောင်ဖြစ် သွားတယ်။

လူ့ပြည်မှာ ဒုက္ခ မဆုံးကောင်မှ ပူစရာ မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောရှာတယ်၊ သဘောကျပလား (ကျပါပြီ) သူနတ်ပြည် ရောက်တော့ နတ်ပြည် ရောက်ကြောင်း သိတာနဲ့ မဂ်ဖိုလ် ရတာနဲ့ အင်း ဘယ်သူက အရင် ကျသလဲ၊ (မဂ်ဖိုလ် ရတာက အရင် ကျပါတယ်)။

နတ်ပြည် ရောက်မှန်း မသိခင်၊ မဂ်ရတယ်

နတ်ပြည် ရောက်ကြောင်း မသိသေးဘူးတဲ့၊ မဂ်ရတာက အရင်ကျတယ်တဲ့ ဒကာဒကာမတို့ (တင်ပါ့) သဘောပါ ပလား (ပါပါပြီ) အင်း ဒါဖြင့် ဒကာဒကာမတို့ ကြိုးစား နာပြီး၊ ကြိုးစားပြီး နှုတ်ထဲ ရောက်အောင် ကြိုးစားပြီး နှလုံးသွင်း ပြီး။ ကြိုးစားပြီး ဒိဋ္ဌိ ခွာခဲ့ရင်ဖြင့် စုတေ မနေ သေလွန်သည့် အခြားမဲ့၌ နတ်ပြည်ရောက်၊ သဘောကျပလား – (ကျပါပြီ)။

နတ်ပြည် ရောက်သည်နှင့် တစ်ပြိုင်နက်ထဲ၊ နတ်ပြည် ရောက်ကြောင်း သူ့ဟာသူ မသိသေးဘူး၊ ဝိပဿနာ ဉာဏ်က စပေါ် တယ်၊ ဘယ့်နှယ်ကြောင့် ဝိပဿနာဉာဏ်က စ,ပေါ်ရပါလိမ့် မတုံးလို့ ဒကာ ဒကာမတွေက မေးခွန်းထုတ်လို့ ရှိရင်ဖြင့် နတ်မှာ သလိပ်တို့၊ သွေးတို့၊ ပြည်တို့ မရှိဘူး၊ (မှန်ပါ့)။

လူတွေ မှာတော့ သလိပ်က ဝမ်းထဲမှာကိုပဲ တစ်ပြည်သား လောက်ရှိတယ် အဲဒီ တစ်ပြည်သား လောက်မှာ ဉာဏ်က အဲဒီ အောက်ရောက် နေတယ်၊ ဉာဏ်ပေါ် ရမှာ အဲဒီ အောက်ရောက် နေတယ်။

ဒုတိယဘဝမှာ ကိစ္စပြီးတယ်

ဒီသလိပ်တွေကို တိုးထွက်ပြီး ဒီပါးစပ်က မြည်ဖို့တွန်ဖို့ အတော် ခဲယဉ်းတယ်၊ နတ်မှာတော့ ဒီသလိပ်တို့ ပြည်တို့က မရှိတော့ (၃၂) ကောဋ္ဌာသက မစုံပဲကို၊ အဲဒါကြောင့် သူတို့က ချက်ချင်း ပေါ်တာ တွေးသည်နှင့် တစ်ချက်တည်း ရောက်သည်နှင့် လည်း တစ်ချက်တည်း ခန္ဓာဉာဏ် ရောက်သည်နှင့် တစ်ပြိုင်နက် တည်း၊ ဒီဝိညာဏက္ခန္ဓာ ဆိုတဲ့ စိတ်ဟာ အနိစ္စပါလား ဒုက္ခပါလား အနတ္တပါလား၊ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်တွေလဲ အနိစ္စပါလား၊ ဒုက္ခပါလား၊ အနတ္တ ပါလားလို့ တစ်ခုတော့ အမြန်ပေါ်တာပဲ။

ပေါ်တယ် ဆိုတာလဲ ဖုံးဖိတဲ့ တရား မရှိလို့ ပေါ့ဗျာ၊ တစ်ခါတည်း မဂ်ဆိုက် သွားတယ်၊ အဲဒီတော့ ဒီဘဝ မဆိုက်တောင်မှ ခုနက အင်္ဂါ လေးချက်နဲ့ ညီလို့ရှိရင်ဖြင့် ဒုတိယဘဝ အသေအချာ ကိစ္စပြီးတယ်လို့ ဘုရားက ဟောလိုက်တယ်။

ပထမပုဂ္ဂိုလ်

သိပ်အားတက်စရာ ကောင်းတယ် ဆိုတာ ဒကာဒကာမ တွေ ရှင်းပြီနော် အားတက်စရာ သိပ်ကောင်း တယ်၊ သို့သော် သူ့အင်္ဂါ လေးရပ်နဲ့ ညီမှု ကလေးတော့ မမေ့ပါနဲ့။

တရားနာမှုရယ်၊ တရား အလွတ် ရမှုရယ်၊ တရားနှလုံး သွင်းမှုရယ် ဒိဋ္ဌိကွာ မှုရယ်၊ ဘယ်နှစ်ချက် ပါလိမ့် (လေးချက် ပါ ဘုရား) တစ်နံပါတ်က ဘာလဲ (တရားနာမှု) နှစ်နံပါတ်ကဘာ လဲ (တရားအလွတ်ရမှု) သုံးနံပါတ်က ဘာလဲ (နှလုံးသွင်းမှု) လေးနံပါတ်က ဘာလဲ (ဒိဋ္ဌိကွာမှု)။

အဲဒီလေးချက်နဲ့ ပြည့်စုံပြီး သကာလ ဒကာဒကာမတို့ ဝိပဿနာ ဉာဏ်တော့ ပါတော့ ပါသွား တယ်တဲ့၊ မဂ်ဉာဏ်၊ ဝိပဿ နာမဂ် သာပါပြီး လောကုတ္တရာမဂ် မပါပဲနဲ့ သေသွားတယ်၊ နတ် ပြည် ရောက်တယ်၊

ဘယ်ရောက်ပါလိမ့် (နတ်ပြည် ရောက်ပါတယ်) နတ်ပြည် ရောက်တော့ ရောက်သည်နှင့် တစ်ပြိုင်နက်တည်း။ သူ့ခန္ဓာသူကြည့်ပြီး သကာလ ဝိပဿနာရှု လိုက်တာ ချက်ချင်း မဂ်ဆိုက်တယ်။

နတ်တွေကဉာဏ်ထက်တယ်

သလိပ်၊ သွေး၊ ပြည်တို့ ခန္ဓာကိုယ်ပေါ်မှာ အုပ်ချုပ်နေမှု မရှိလို့ နတ်တွေမှာ ဉာဏ်ထက်တယ်၊ သဘောကျ ပလား (ကျပါပြီ)။

ဒါ နတ်ပြည် ရောက်တာ သိတာနဲ့ သူမဂ်ဖိုလ် ဆိုက်တာနဲ့ ဘယ်သူက အရင်ကျမလဲ၊ (မဂ်ဖိုလ် ဆိုက်တာက အရင်ပါ) အဲ နတ်ပြည် ရောက်ကြောင်း သိရှိတာက နောက်မှသိတယ်။

မဂ်ဖိုလ် ဆိုက်တာက အရင်ဖြစ်နေတဲ့ အတွက်၊ ဒကာ ဒကာမတို့ အခုအားလုံး တရားနာတဲ့ ပုဂ္ဂိုလ်တရား ပါးစပ်ထဲရတဲ့ ပုဂ္ဂိုလ်၊ တရားကိုပင်လျှင် နှလုံးသွင်းတဲ့ ပုဂ္ဂိုလ် ဒိဋ္ဌိ ကွာနေတဲ့ ပုဂ္ဂိုလ်၊ ဒီအင်္ဂါလေးချက်နဲ့ ပြည့်စုံလို့ ရှိရင်၊ ဒုတိယဘဝ ကိစ္စသေသေ ချာချာပြီးတယ် (တင်ပါ့ ဘုရား)။

သူ့ဟာသူပေါ်လာတာ

ဒါဖြင့် တစ်နံပါတ် သဘောကျပလား၊ (ကျပါပြီ) ဒါဟာ တရားဟော ဆရာနဲ့တွေ့လို့လား သူ့ဟာသူ ပေါ်လာတာလား (သူ့ဟာသူ ပေါ်လာတာပါ) နတ်ပြည်မှာလေ (သူ့ဟာသူ ပေါ်လာတာပါ) သူ့ဟာသူ ပေါ်လာတာ၊ သူဟာသူ ပေါ်လာပြီး လေးလေးစားစား ရှုလိုက်တာနဲ့ သူဟာသူပဲ မဂ်လေး ပါး တန်းရတဲ့ သူလဲ ရှိတယ်၊ သူ့ဟာသူပဲ နှစ်မဂ် သုံးမဂ်ရတဲ့ ပုဂ္ဂိုလ် လဲ ရှိတယ်လို့ ဦးလှဘူးတို့ ဒကာသိုက် တို့က မှတ်ထားကြပါ။ (မှန်လှပါ)။

တရားဟောဆရာနဲ့ တွေ့သေးလား နတ်ပြည် ကျမှလေ။ (မတွေ့ပါဘူး) လူ့ပြည် မှာတော့ဖြင့် အင်္ဂါလေးချက် ညီအောင် လုပ်သွားတာပဲ၊ ဒကာသိုက်ရေ အင်္ဂါလေးချက် သဘောကျပါ လား (ကျပါပြီ။)

ကိုင်း- ဒါဖြင့် တစ်နံပါတ်က ဘာတုံး (တရားနာမှု) နှစ်နံ ပါတ်က (တရားပါးစပ်ထဲရမှု) သုံးနံပါတ်က (တရား နှလုံးသွင်းမှု) လေးနံပါတ်က (ဒိဋ္ဌိခွာမှု) ဒိဋ္ဌိကွာမှု၊ ဒိဋ္ဌိကွာ ဆိုတာကတော့ ဝိညာဏ်ကြောင့် နာမ်ရုပ်၊ နာမ်ရုပ်ကြောင့် သဠာယတန၊ သဠာယတနကြောင့် ဖဿ ဆိုကတည်းက ပုဂ္ဂိုလ် သတ္တဝါ ပါသေး သလား (မပါပါ ဘုရား)။

အဲဒီလို ပဋိစ္စသမုပ္ပာဒ် နားလည်နေတဲ့ ဒကာဒကာမတွေ ကျတော့ ဒိဋ္ဌိက ခွာစရာ မလိုတော့ဘူး၊ ခန္ဓာကိုယ်ဟာ ဒီလိုကျင့် သုံးခဲ့ရင် ယောက်ျား မိန်းမ နဂိုက မပါဘူးဆိုတာ ထင်ရှားတယ်။ ကျေနပ်ပလား – (ကျေနပ်ပါပြီ။)

ဒုတိယပုဂ္ဂိုလ်

ဒါဖြင့် တစ်နံပါတ်ပုဂ္ဂိုလ်က တရားဟော ဆရာ မတွေ့ ပဲနဲ့ ကိစ္စပြီး သွားတယ်၊ အင်္ဂါလေးချက်နဲ့ တက်သွားပြီတဲ့၊ ဒါဖြင့် တစ်နံပါတ် ပုဂ္ဂိုလ်က တရားဟော ဆရာ မတွေ့ပဲနဲ့ ရဟန္တာ ဖြစ် သွားတယ် ဆိုတာ မှတ်လိုက် တာပေါ့။

ဟောဒီ နှစ်နံပါတ် ပုဂ္ဂိုလ် ပြောမယ်တဲ့၊ နှစ်နံပါတ် ပုဂ္ဂိုလ် ကတော့ ခုနက ပြောတဲ့ အတိုင်း တရားနာမှုလဲ ရှိတယ်၊ တရား နှုတ်ထဲ ရမှုကော (ရှိပါတယ်) ကောင်းပြီ တရား နှလုံးသွင်းမှုကော (ရှိပါတယ်) အင်း- ဒိဋ္ဌိကွာမှု (ရှိပါတယ်)။

တွေဝေသေလဲနတ်ပြည်ရောက်တယ်

အဲဒီလိုကွာပြီး သကာလ သေခါနီးမှာ တွေတွေဝေဝေနဲ့ သေသွားတယ်၊ တွေဝေပြီး သေချင်သေ၊ ဒကာ ဒကာမတို့ နတ် ပြည်ခြောက်ထပ် ရောက်ပါတယ်။

ပထမပုဂ္ဂိုလ်လဲ ဒီအတိုင်းပဲနော် တွေဝေပြီး သေလဲ ရောက်တာပဲ (မှန်ပါ့)၊ အင်္ဂါရပ် ဘယ်နှစ်ချက် ပါလိမ့် (လေးချက် ပါ ဘုရား)။ ပြန်ပြောပါဦး (တရားနာမှု၊ တရား နှုတ်ထဲရမှု၊ နှလုံး သွင်းမှု၊ ဒိဋ္ဌိကွာမှု) ဒိဋ္ဌိကွာမှု အထူး မှတ်မနေနဲ့ ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပာဒ် နားလည်ရင် ကွာနေတာပဲ။

အဲဒီကဲ့သို့ အင်္ဂါလေးပါးနဲ့ ပြည့်စုံနေတာ သေခါနီးကျ တော့ တွေဝေပြီး သကာလ ဒကာသိုက်ရေ၊ ဦးလှဘူးရေ။ သေသွားတယ် (မှန်ပါ့) အင်းသေရင် နတ်ပြည် ရောက်တာပဲကွ တဲ့၊ တွေဝေပြီး သေလဲ နတ်ပြည် ရောက်တာပဲ နှစ်နံပါတ် ပုဂ္ဂိုလ်နော်။

နတ်တွေကလာပြောတယ်

နတ်ပြည်ရောက်ပြီး သကာလ သွားတော့ သူက နတ်ပြည် ရောက်ပြီး နေတုန်းမှာပဲ သူ့စိတ်ကို သိတဲ့ နတ်တွေ၊ သူ့အနားလာပြီး သကာလ မင်းလူပြည်တုန်းကကွာ မင်းတို့ ဆရာဆီမှာ ဒီလို စိတ်တွေ နှလုံးသွင်းခဲ့၊ ဝေဒနာတွေ နှလုံးသွင်းခဲ့တာတွေ မင်းအောက်မေ့ပါလား ဆိုပြီး သူ့စိတ်သိတဲ့ နတ်တွေက သူနှလုံးသွင်း ခဲ့တာလာ ပြောတယ်၊ နတ်ချင်း၊ နတ်ချင်း (မှန်လှပါ ဘုရား)။

အဲဒီမိတ်ဆွေ နတ်တစ်ဦး တစ်ယောက်က မင်းသည် ဟိုမှာ လဲ စိတ္တာနုပဿနာ မင်းရှုတယ်၊ ဝေဒနာ နုပဿနာ မင်းဖြစ်ပျက် ရူခဲ့တယ်၊ အဲဒါတွေ မင်းပြန်အောက်မေ့ပါလား ဆိုပြီး သကာလ သူ့စိတ်သိတဲ့ နတ်က လာပြောတယ် (မှန်ပါ့) ခုနက ဒုတိယတက် သွားတဲ့ ပုဂ္ဂိုလ် (မှန်ပါ့)။

အဲဒီလာပြောသည်နဲ့တစ်ပြိုင်နက်တည်း၊ ခန္ဓာကိုယ် လှည့်ပြီး နှလုံးသွင်းလိုက်တာ ဒကာဒကာမတို့ သူလဲ သောတာ ပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်တာပဲ (မှန်ပါ့)။

ဗဟိုရ်စည်သံကြားရသလို

သူ့စိတ်ထဲ ဘယ်လို ပေါ်လာသတုံးလို့ မေးတဲ့ အခါကျလို့ ရှိရင်တဲ့ လူတစ်ယောက်ဟာ မြို့ကြီးမှ တစ်ပါး တောထဲမှာ မျက်စိ လည် နေတယ်တဲ့။

မြို့ကြီးသားသည် တောထဲမျက်စိလည်နေတယ် တော မြို့ကြီးဆိုတော့ ရှေးက မြန်မာ မြို့ကြီး မှာတော့ စည်ကြီးတွေ ရှိကြတယ်၊ အဲဒီစည်ကြီး တွေ တောထဲ မျက်စိလည်နေတဲ့ ပုဂ္ဂိုလ်က စည်သံကြားလို့ ရှိရင် စည်သံလား၊ ကလားတက် သံလားလို့ သူ့မှာ တွေးနေ သေးလား (တွေးမနေပါဘူး)။

မြို့ကြီးသားကိုး၊ မြို့ကြီးသား ဖြစ်နေတော့ ဒါစည်သံပဲလို့ သေသေ ချာချာ ဆုံးဖြတ်ချက် ချသလိုပဲ၊ ခုနက ပုဂ္ဂိုလ်က လာပြီး သတိပေးလိုက် သည်နှင့် တစ်ပြိုင်နက်တည်း သူ့ခန္ဓာကြီး၊ အနိစ္စ အချက်တို့၊ ဒုက္ခအချက်တို့ အနတ္တအချက်တို့ သံသယ မရှိဘဲနဲ့ ပေါ်လာတယ် (မှန်လှပါ ဘုရား)။

ပေါ်လာသည်နှင့် တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်တာပဲ၊ သူကတော့ သူ့စိတ်သိတဲ့ နတ်က လာ သတိပေးလိုက်တယ်၊ ရှင်း ပလား (ရှပါပြီ)။

ဒါဖြင့် နတ်ပြည် ရောက်တဲ့အခါ ဒုတိယ ပုဂ္ဂိုလ်ပေါ့ဗျာ။ ဒုတိယပုဂ္ဂိုလ် ကတော့ သူ့စိတ်ကို သိပြီး သတိပေးတဲ့ နတ်ကလာ ပေးလိုက်တဲ့ အခါမှာ ထူးတဲ့ ဉာဏ်တွေ မရဘူးလား (ရပါတယ်)။

ဒါက ဒုတိယပုဂ္ဂိုလ်၊ ပထမပုဂ္ဂိုလ်နဲ့တူရဲ့လား (မတူပါ ဘုရား) ပထမပုဂ္ဂိုလ်က သူ့ဟာသူ ပေါ်တာ၊ ဒုတိယပုဂ္ဂိုလ်က သူ့စိတ်သိတဲ့ နတ်က သတိပေးတာ၊ ရှင်းပလား (ရှင်းပါပြီ) ဘယ်နှစ်ယောက် ရှိသွားပလဲ (နှစ်ယောက်ရှိပါပြီ) နှစ်ယောက် ရှိသွားပြီ။

တတိယပုဂ္ဂိုလ်

ကိုင်း – တတိယ ပုဂ္ဂိုလ် ပြောဦးမယ်။ စတုက္ကနိပါတ် – အင်္ဂုတ္တိုရ်ဆိုတော့ လေးယောက်၊ လေးယောက် ဟောတာကိုး။

အဲ့ တတိယပုဂ္ဂိုလ်ကတော့ လူ့ပြည်နေတုံးက တစ်နံပါတ် က ဒကာသိုက်တို့ ဘာတဲ့ (တရားနာမှု) နှစ်နံပါတ်က (နှုတ်ထဲ ရောက်မှု) နှုတ်ထဲရမှု၊ ဒီတရားတွေကို နှုတ်တိုက်ရတယ်၊ ကိုယ်ရ ထားတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မြည်တတ်၊ ရွတ်တတ်တဲ့ အခြေအနေ ရောက်အောင်၊ သုံးနံပါတ်က (တရား နှလုံးသွင်းမှု) နှလုံးသွင်းမှု ဆိုတာလဲ ဒီတရားတွေဟာ အနိစ္စလေး တွေပါလား ဖြစ်ပြီး ပျက်တာလေး တွေပါလား၊ နှလုံးသွင်း လိုက်တဲ့ အခါ မြင်မှု ပေါ့ဗျာ (မှန်ပါ့)။

လေးနံပါတ်က (ဒိဋ္ဌိကွာမှု) အဲဖြစ်ပျက် မြင်တဲ့ ပုဂ္ဂိုလ်ဟာ ငါသူတစ်ပါး ယောက်ျား မိန်းမ မဟုတ်လို့ ပျက်တယ် ဆိုတာ ဒိဋ္ဌိကွာ ပြီးသားပဲ (မှန်ပါ့) မကွာလား (ကွာပါတယ်)။

မိန်းမောသေလဲ နတ်ပြည်ရောက်တယ်

ဒီတော့ အင်္ဂါလေးပါးနဲ့ ပြည့်စုံပြီး၊ သေခါနီးကျတော့ တတိယ ပုဂ္ဂိုလ်လဲ တွေဝေ မိန်းမောပြီး သေတာပဲတဲ့၊ ဦးလှဘူး (မှန်ပါ့) သို့သော် နတ်ရွာပဲ ရောက်တယ်၊ ဒကာ ဒကာမတို့ တွေ မိန်းမောပြီး သေတာ တောင် မကြောက်ပါနဲ့တဲ့၊ ခုနက ပြောခဲ့တဲ့ အင်္ဂါလေးပါး စုံနေပြီ၊ နတ်ရွာ ရောက်တာပဲတဲ့ ဒကာသိုက်က အင်္ဂါလေးပါးနဲ့ စုံနေပြီကိုဗျ မစုံဘူးလား (စုံပါတယ်)။

တရားနာမှု (ရှိပါတယ်) နှုတ်တိုက်ရမှု (ရှိပါတယ်) နှလုံးသွင်းမှု (ရှိပါတယ်) ဒိဋ္ဌိကွာမှု (ရှိပါတယ်) အင်္ဂါလေးပါးနဲ့ စုံပြီး တွေဝေ သေတယ်တဲ့ သူဘယ်ရောက်မလဲ (နတ်ပြည် ရောက် မယ်) နတ်ပြည်ရောက်မယ်၊ သဘောကျပလား (ကျပါပြီ)။ အင်းဒါ သုံးနံပါတ်ပုဂ္ဂိုလ်။

အင်း အဲဒီသုံးနံပါတ် ပုဂ္ဂိုလ်ဟာ နတ်ပြည် ရောက်သွား တယ်တဲ့ နတ်ပြည် ရောက်သွား လို့ရှိရင်ဖြင့် နတ်ပြည်မှာလဲ ခုနစ်ရက် တစ်ပါတ် တရားပွဲရှိတယ်၊ သိကြားက ဟောတဲ့အခါလဲ ရှိတယ်၊ ဒီပြင် နတ်ထူးနတ်မြတ်တွေက ဟောတဲ့ အခါလဲရှိတယ် (မှန်ပါ့)။

ခုနှစ်ရက်တစ်ပါတ်တရားပွဲရှိတယ်

ခုနစ်ရက် တစ်ပါတ် တရားနာ ကြရတယ်။ အဲဒီတရားပွဲကျ လာလို့ရှိရင်ဖြင့် နတ်တွေဟာ အကုန် ထွက်ကြရတယ်၊ တာဝတိံသာ မှာရှိတာတွေ စတုမဟာရာဇ် မှာရှိတာတွေ ဒီတရားပွဲ သွားကြရ တာပေါ့ဗျာ။

အဲဒီတရားပွဲ သွားလိုက်လို့ ရှိရင်ဖြင့်တဲ့၊ ကိုယ်နာထားတဲ့ တရားတွေ အကုန် ပေါ်လာတယ် (မှန်ပါ့) ကိုယ်နာထားတဲ့ တရား တွေ အကုန်ပေါ်ပြီး သကာလ၊ လာပြီး အဲဒီ တရားပွဲ ထဲမှာပဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်တယ်။

ခရုသင်းသံကြားရသလို

သူက တစ်မျိုး ပါလား (တစ်မျိုးပါ ဘုရား) လောကီ ဥပမာ ငါဘုရား ပြောမယ်တဲ့၊ မြို့ကြီးသား တစ်ယောက်သည် တောထဲ မျက်စိလည် နေတဲ့ အခါ မြို့ကြီးက ခရုသင်း သံတွေများ ကြားရလို့ ရှိရင်ဖြင့် ဒါသည် တခြားသော အသံတွေလား ခရုသင်းသံလား လို့ သူ့စိတ်ထဲ သံသယ မရှိဘူး။

ချက်ချင်း ဆုံးဖြတ်ချက် ချပြီး ချက်ချင်းပဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်တာပဲ သဘော ကျပလား (ကျပါပြီ)။

ဒါဖြင့် ခုနက လေးခုနဲ့ ပြည့်စုံပြီးသေတဲ့ ပုဂ္ဂိုလ်ဟာ သူ တွေဝေ မိန်းမောပြီး ယောင်ရမ်း သေစေ ကာမူ ကြောက်စရာ မရှိဘူးလို့ပြောလိုက်တယ် (မှန်ပါ့)၊ ပါဠိတော်နော်၊ ဒကာ ဒကာမ တို့ ပါဠိတော် ဖြစ်တဲ့ အတွက် သံသယ မရှိနဲ့၊ အခု တရားနာနေတဲ့ ပုဂ္ဂိုလ်တွေ ဒီအင်္ဂါလေးပါးနဲ့ မညီတဲ့ ပုဂ္ဂိုလ် အင်မတန် ရှားတယ် (မှန်ပါ့) မရှားဘူးလား (ရှားပါတယ်)။

တတိယ ပုဂ္ဂိုလ် ကတော့ ခုနစ်ရက် လောက်ရှိမှ သူရောက် ပြီး တရားပွဲကြုံမှ သူကတော့ အမြင်ထူး တွေရသပေါ့ဗျာ – (တင်ပါ့) ဒါက ဘယ်နှစ်နံပါတ်ပုဂ္ဂိုလ်ပါလိမ့် (သုံးနံပါတ်ပါ ဘုရား) သုံးနံပါတ် ပုဂ္ဂိုလ်လို့ မှတ်ထားလိုက်။

စတုတ္ထပုဂ္ဂိုလ်

ဒကာ ဒကာမတို့ လေးနံပါတ်ပုဂ္ဂိုလ်ကိုပြောဦးမယ်။ လေးနံပါတ် ပုဂ္ဂိုလ်မှာလဲ ခုနက ပြောခဲ့တဲ့ အင်္ဂါလေးပါးနဲ့ သောတာနုဂတ ဆိုတာ နားထဲကိုကော၊ တရား နာထားတာ တွေဟာ မရောက် ကြဘူးလား – (ရောက်ပါတယ်)။

ဒါဖြင့် တရားနာမှု၊ နှစ်နံပါတ်က (နှုတ်တိုက်ရမူ) နှုတ်တိုက်ရမှု၊ နှုတ်တိုက်ရမှု ဆိုတာ ဝေဒနာဖြင့် ဝေဒနာ၊ စိတ်ဖြင့် စိတ်၊ ဒါလောက်တော့ ခင်ဗျားတို့ လူတိုင်း ရတယ်၊ သဘော ကျ ပလား (ကျပါပြီ)။

ကောင်းပြီ သုံးနံပါတ်က ဘာတဲ့ (နှလုံးသွင်းမှု) နှလုံးသွင်း မှုဆိုတော့ ဒါ အနိစ္စပါလား၊ ဒုက္ခပါလား၊ အနတ္တပါလားလို့ နှလုံးသွင်းမှုပေါ့ဗျာ၊ ဒါကော မရှိကြဘူးလား (ရှိကြပါတယ်)။

အေး လေးနံပါတ်ပြောပါဦး – (ဒိဋ္ဌိကွာမှု) ဒိဋ္ဌိကကွာ တယ်၊ ကွာနေတာပေါ့ဗျာ၊ ငါမဟုတ်လို့ ဖြစ်တယ်၊ ပျက်တယ် ဆိုတာ ဒိဋ္ဌိက မကွာလား (ကွာပါတယ်)။

ဒါဖြင့် ဒီအင်္ဂါလေးပါးနဲ့ ပြည့်စုံပြီး သကာလ၊ သေခါနီးကျ တော့ ဒီတရားတွေ နှလုံး မသွင်း နိုင်ဘဲနဲ့ သေသွားတယ်၊ နတ် ပြည် ခြောက်ထပ် တစ်ခုခု ရောက်တာပဲ၊ သူလဲ ရောက်တာပဲတဲ့ ဒကာ ဒကာမတို့ အားငယ်စရာများ ရှိရဲ့လား (မရှိပါ ဘုရား)။

ဒီဘဝ ဒုက္ခဆုံးတဲ့ဆီ မရောက်တောင် ဒုတိယဘဝ သေချာတယ်ပြောတာ (မှန်လှပါ) ကိုင်း နတ်ပြည် ရောက်သွား တော့ကိုတဲ့ ဒကာ ဒကာမတို့လဲ စဉ်းစားပါတော့ (မှန်လှပါ ဘုရား)။

အခုပြောနေတာ ဥပုသ်နေ့ဆိုရင်ဖြင့် သုံးလေးထောင်၊ လေးငါးထောင် အစရှိသဖြင့် ရှိတယ်။ ဒီနေ့လိုနေ့မျိုး ခုနစ်ရာ ရှစ်ရာ အစ ရှိသဖြင့် ရှိတယ်။

အားလုံးနတ်ပြည်ရောက်မည့်ပုဂ္ဂိုလ်တွေ

ဒီမိတ်ဆွေတွေဟာ တစ်ယောက်ပြီး တစ်ယောက် နတ်ပြည် ရောက်ကြမှာ ချည်းပဲ ဘယ်သူမှ မရောက်မည့် ပုဂ္ဂိုလ် ဒီအထဲမှာ မပါဘူး (မှန်ပါ့) ကိုယ် တနည်းနည်းနဲ့ ကြိုးစားနေတဲ့ ပုဂ္ဂိုလ်တွေကိုး (မှန်လှပါ) သူတို့က အရင်ရောက်နှင့် နေတယ်။

ခုနက ပုဂ္ဂိုလ်ကသေပြီး နတ်ပြည် ရောက်သွားတယ်၊ ရောက်သွားတဲ့ အခါကျလို့ ရှိရင်ဖြင့် ဒီတရားနာခဲ့တဲ့ မိတ်ဆွေ တွေက အရင်ရောက် နှင့်တဲ့ မိတ်ဆွေတွေက ရှိတယ်၊ နတ်ပြည်မှာ နတ်ပြည်မှာ အရင်ရောက်နှင့် တဲ့ မိတ်ဆွေတွေက မရှိနှင့်ဘူးလား (ရှိနှင့်ပါတယ်)။

စဉ်းစားပဲကြည့်ပါ၊ လူ့ပြည် နှစ်ငါးဆယ်မှ စတုမဟာရာဇ် က တစ်ရက်ပဲ ရှိသေးတယ်၊ လူ့ပြည် နှစ်တစ်ရာမှ တစ်ရက် ဆိုတော့ ဒကာ ဒကာမတွေ နတ်ပြည် တစ်နာရီခွာပြီး ရောက်ရမယ်၊ တိုတို တွက်လို့ရှိရင် မရောက်ပေဘူးလား (ရောက်ပါ တယ်)။

အဲဒီရောက်တဲ့ အခါကျတော့ အရင်ရောက်တဲ့ နတ်က ဒီပုဂ္ဂိုလ်က နတ်တော့ ဖြစ်နေပြီတဲ့ တရားသူ့ဟာသူ မပေါ်လာ သေးဘူး၊ မပေါ်လာတော့ ဓမ္မမိတ်ဆွေ နတ်တွေက လာပြော ကြတယ်။

တရားနာ နတ်တွေက လာပြောတယ်

မင်း လူ့ပြည်တုန်းက ဒို့နဲ့ တရားနာဘက်၊ မင်းသည် ဒီစိတ်ကလေး ဖြစ်ပျက်ရှုပါလား၊ မင်းဝေဒနာလေး ဖြစ်ပျက်ရှု ပါလားလို့ လာ ပြောနေကြတယ်၊ သဘောကျပလား (ကျပါပြီ)။

ဒီပုဂ္ဂိုလ်တွေက အတူတူ ရောက်ကြတာကိုးဗျာ၊ အတူတူ ရောက်တာက လူ့ပြည်က နေတက်မယ် ဆိုတော့ နာရီပိုင်း လောက်နဲ့ နတ်ပြည် ရောက်ကြတာ၊ အရင်ရောက်တဲ့လူက တစ်နာရီ ဦးမယ်၊ နောက်ရောက်တဲ့ ပုဂ္ဂိုလ်က တစ်နာရီ နောက်ကျဘယ် ဟုတ်ပလား (ဟုတ်ပါပြီ)။

လူ့ပြည် အနှစ်တစ်ရာမှ တာဝတိံသာက တစ်ရက် ရှိသေး တယ်ဆိုတော့ ခက်ဘူးလား (ခက်ပါတယ်)။

အဲတော့ ဒကာ ဒကာမတို့ နတ်ပြည်မရောက်ကြပေဘူး လား (ရောက်ပါတယ်) အရင် ရောက်တဲ့ ပုဂ္ဂိုလ်ကတော့ အရင်ကိစ္စပြီးနှင့်တဲ့အတွက် နောက်ရောက်တဲ့ ပုဂ္ဂိုလ်ကိုသတိများ မေ့နေပြီလား ဆိုလို့ရှိရင်ဖြင့် လာပြောတယ်။

ကလေးများ ကစားသလိုပဲ၊ မင်းက ဒီနေရာမှာနေ မင်းက ဒီအိုးကလေးနဲ့ကိုင်၊ မင်းက ဒီဟာလေးလုပ်၊ မင်း ဒီဒုတ်ချောင်းယူ အစရှိသဖြင့် ကလေးများ ကစားကြတော့ တစ်ယောက်၊ တစ်ယောက် မသင်လားဟေ့၊ (သင်ပါတယ် ဘုရား)။

ကလေးများသင်ပေးသလိုနတ်တွေကလာပြောတယ်

အဲဒီ သင်သလိုပဲတဲ့ ဒကာ ဒကာမတွေ နတ်ပြည် ရောက်ပြန်တော့ ငါ့ရှင်၊ မင်းလူပြည်တုံးက ဒီနေရာ ဒီဓမ္မာရုံမှာ မင်းပြောနေတာ ဖြစ်ပျက်တွေ နှလုံးသွင်းဖို့ ဆရာတော်က ဟောတယ်၊ အဲတာမျိုး ပြန်ပြီး နှလုံးသွင်း ပါလားလို့ သူ့အရင် နတ်က သူ့ကိုလာပြောတယ် (တင်ပါ့)။

ပြောသည်နှင့် တစ်ပြိုင် နက်တည်း သူသည် ခန္ဓာကိုယ် ဉာဏ်လှည့်လိုက် လို့ တွေ့ရတယ်၊ တစ်ခါတည်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ရောက်အောင် ဖြစ်တာပဲ။

ဓမ္မမိတ်ဆွေချင်းလာပြီး သတိပေးတယ်

ဓမ္မ မိတ်ဆွေချင်း လာပြီး သတိပေး လိုက်တယ်၊ သဘောပါ ပလား (ပါပါပြီ ဘုရား) ဘယ်သူက လာပြီး သတိပေးသလဲ (ဓမ္မ မိတ်ဆွေချင်း သတိပေးတယ်)။

ဒီဓမ္မမိတ်ဆွေချင်း ကတော့ မရောက်မည့် ပုဂ္ဂိုလ်များ ရှိ သေးရဲ့ လား (မရှိပါဘူး)၊ ရောက်တဲ့ အခါကျတော့ကော အချိန် ) က သိပ်ကြာကြသလား (မကြာပါဘူး)။

အင်း၊ နာရီပိုင်း၊ စက္ကန့်ပိုင်းပဲ ကွာကြမယ်(မှန်ပါ့) နတ်ပြည် ကနေ တွက်ရင်လေ (မှန်ပါ့) သူနဲ့သူ သုံးနှစ်လောက် ကွာတယ်၊ လေးနှစ်လောက် ကွာတယ် ပြောချင် ပြောနေမယ်၊ နတ်ပြည် ရောက်တော့ မိနစ်၊ စက္ကန့်ပဲကွာမယ်၊ သဘောကျပလား (ကျပါပြီ)။

အဲဒီပုဂ္ဂိုလ် ရောက်လာတဲ့ အခါကျလို့ရှိရင် ကလေးများ ကစားသလိုပဲ တစ်ယောက်က တစ်ယောက် သင်သလို အရင် ရောက်နှင့်နေတဲ့ နတ်သား နတ်သမီးတွေက နောက်ရောက်တဲ့ ပုဂ္ဂိုလ်ကို တွေဝေပြီး သေလို့ နတ်ပြည် ရောက်လာတာလဲ၊ သူ့က ငါ့ရှင် ဒါ စိတ္တာနုပဿနာ မင်းလုပ်ခဲ့သားပဲ၊ ဝေဒနာ နုပဿနာ မင်းကြိုးစားခဲ့သားပဲ၊ ဒါကို မင်းသည်ကား လို့ဆိုရင် ကျကျနန လုပ်လိုက်ပါလားလို့ သတိလေး ပေးလိုက် ကတည်းက တခါတည်း ပေါ်လာတာပဲ။

သြော်-သူ့မှာ သလိတ်တွေ၊ သွေးတွေ၊ ပြည်တွေ ဉာဏ်ပေါ်မှာ အုပ်နေတာရှိသေးရဲ့ လား (မရှိပါဘူး) မရှိတဲ့ အတွက် ရှုလိုက်သည်နှင့် တစ်ပြိုင်နက်တည်း အဖြစ်အပျက်ဟာ သူမြင်လာတယ်။

မြင်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံးပြီး သောတာပန် သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အောင် ဖြစ်သွားတယ်၊ သဘောကျပလား (ကျပါပြီ)။

အရင်ရောက်သူက သတိပေးမြဲတဲ့

ဒါဖြင့် ဒကာဒကာမတို့ တရားနာ ဘက်ခြင်းဟာ မည်မျှလောက် ကျေးဇူးများတယ် ဆိုတာ ပေါ်လာတယ်၊ တစ်ယောက် တစ်ယောက် သတိပေးတာ အရင်ရောက်တဲ့ ပုဂ္ဂိုလ်က နောက်ရောက်တဲ့ ပုဂ္ဂိုလ်ကို၊ ဦးလှဘူးရေ သတိပေးမြဲတဲ့ (မှန်လှပါ ဘုရားက ဒီအတိုင်း ပါဠိတော်မှာ လာပါတယ်။ (တင်ပါ့)။

ဒါဖြင့် ဒကာဒကာမတို့ ဒို့အတွက် စိုးရိမ်စရာ မရှိဘူး ဆိုတာ ပေါ်သွားတယ် (ပေါ်ပါတယ် ဘုရား) ဒီနေ့ တရားမှာ၊ ဒီနေ့ တရားမှာ စိုးရိမ်စရာများ ရှိသေးသလား (မရှိပါဘူး) ဘာမှမရှိဘူး။

ပုဂ္ဂိုလ်လေးမျိုး

ကိုင်းဒါဖြင့် တစ်နံပါတ် ပုဂ္ဂိုလ်ကတော့ အခုန အင်္ဂါလေး ပါးနဲ့ ပြည့်စုံတော့ ဒကာသိုက်ရေ တရား အားထုတ်ရင်းနဲ့ သူ့အလို လိုပေါ်တယ်၊ အိပ်သော ယောက်ျား နိုးသော်လားသို့ ပေါ်လာ တယ်။

ဒုတိယပုဂ္ဂိုလ်ကတော့ သူ့စိတ်သိတဲ့ နတ်က လာဟော တယ်၊ တတိယ ပုဂ္ဂိုလ်ကတော့ ခုနစ်ရက် တစ်ပတ် တရားပွဲမှာ ကိစ္စပြီးပါတယ်၊ စတုတ္ထ ပုဂ္ဂိုလ်ကတော့ ဓမ္မမိတ်ဆွေချင်းလာ သတိပေးတာနဲ့ ကိစ္စ ပြီးပါတယ်။

ဒါနတ်ပြည်တော့ ရောက်တယ်၊ လေးယောက်စလုံးတဲ့၊ သတိပေး ပုံခြင်း ကွာကြတယ်။

တစ်နံပါတ်ပုဂ္ဂိုလ်က ဘယ်လိုရှိသလဲ – (သူ့ဉာဏ်ထဲ ပေါ်လာတယ်) သူ့ဉာဏ်ထဲ အလိုလို ပေါ်လာတယ်၊ နတ်ပြည် ရောက်တာ သူမသိသေးဘူး၊ ဖြစ်ပျက် ရှုချင်တဲ့စိတ်က အရင် ပေါ် လာတယ်၊ ပေါ်ပြီးတာနဲ့ တစ်ပြိုင်နက်တည်း ဘာဖြစ်သတုံး (ဖြစ်ပျက်ရှုချင်တဲ့ စိတ်ပေါ် လာတယ်) သူ့စိတ်က ပေါ့ဗျာ။

နှစ်နံပါတ် ပုဂ္ဂိုလ်ကတော့ ဘယ်လိုကျမှဖြစ်ပါလိမ့် – (သူ့စိတ်ကို သိပြီး လာပြောတယ်) သူ့စိတ်သိပြီး လာတရားဟော တဲ့ ပုဂ္ဂိုလ်နဲ့ တွေ့တယ်၊ အဲဒီမှာ သူ့ကိစ္စ ပြီးပါတယ် ဆိုတာ ရှင်း တယ်။

သုံးနံပါတ် ပုဂ္ဂိုလ်ကတော့ဘာတဲ့ (ခုနစ်ရက်တစ်ပတ် တရားပွဲမှာ ပြီးတယ်) ခုနစ်ရက် တစ်ပတ် တရားပွဲမှာ သူ့ကိစ္စပြီး တယ်၊ သဘော ကျပလား- (ကျပါပြီ)။

လေးနံပါတ် ပုဂ္ဂိုလ်ကတော့ ဘာတဲ့လဲ (ဓမ္မ မိတ်ဆွေ ချင်း လာ သတိပေးတယ်) ဓမ္မမိတ်ဆွေချင်း လာသတိ ပေးတာနဲ့ ကိစ္စ ပြီးတယ်။

သေရမှာကြောက်စရာမရှိ

အင်းဒါဖြင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ ကြောက်စရာ လန့်စရာ ဘာမှမရှိပါလား၊ ဒကာသိုက် အားတက် စရာပဲ။

အားတက်စရာဆိုတော့ ဘုန်းကြီးက အားတိုးစမ်းလို့ အားတက် စရာလား၊ ဘုရားက တိုက်ရိုက် ဟောလို့ အမှန်ယူရမှာ လား၊ (ဘုရားက တိုက်ရိုက် ဟောလို့ပါ) ဘုရားက တိုက်ရိုက် ဟောလို့ အမှန် ယူရမှာ ဆိုတော့ ဒကာဒကာမတွေ သေရမှာ ဘာမ ှမကြောက်နဲ့၊ (မှန်ပါ့)။

ကိုင်းဒါဖြင့်၊ သောတာနုဂတ သုတ္တံ ဒကာဒကာမတွေ သောတ က နာမှု၊ နုဂတက အစဉ်လိုက်တာ။

တရားနာမှု တစ်နံပါတ်၊ သဘောကျ ပလား (ကျပါပြီ)

တရားကို ခင်ဗျားတို့ နှုတ်ထဲ ရောက်အောင် နှစ်နံပါတ်၊

သုံးနံပါတ်က တရားကို (နှလုံးသွင်းပါ) တရားနှလုံး သွင်းရမယ်၊

လေးနံပါတ်က (ဒိဋ္ဌိကွာမှု) ဒိဋ္ဌိကွာမှု၊

အင်္ဂါလေးချက်နဲ့ နေဖြစ်အောင်နေကြပါ

အင်္ဂါတွေကတော့ ပြည့်စုံပြီ၊ သေရင် ဘယ်ရောက်မလဲ (နတ်ပြည်ရောက်မယ်) နတ်ပြည် ရောက်သည်နှင့်တစ်ပြိုင်နက် တည်း တစ်နံပါတ် ပုဂ္ဂိုလ်ဖြစ်လို့ရှိရင်၊ ရောက်သည်နှင့် တစ်ပြိုင်နက် တည်း၊ သောတာပန် သကဒါဂါမ် အနာဂါမ်၊ ရဟန္တာဖြစ်တယ်၊

နှစ်နံပါတ်ပုဂ္ဂိုလ်လဲ သူ့စိတ်သိတဲ့ နတ်က လာဟောရင် ကိစ္စပြီး သွားတာပဲ၊ သုံးနံပါတ် ပုဂ္ဂိုလ်က ခုနစ်ရက် တစ်ပါတ် တရားပွဲမှာ ကိစ္စပြီးပါတယ်။ လေးနံပါတ် ပုဂ္ဂိုလ်က ဓမ္မမိတ်ဆွေ ချင်း လာ သတိပေးတာနဲ့ ကိစ္စ ပြီးပါတယ်။

ဒါဖြင့် ကိစ္စမပြီးတဲ့ ပုဂ္ဂိုလ်ပါ သေးသလား (မပါပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီအင်္ဂါ လေးချက်နဲ့ နေဖြစ်အောင်နေကြ ပါဆိုတာ ဘုရားကလဲ ဟောလို့ ဘုန်းကြီး များကလဲ တဆင့် တိုက်တွန်း ရတယ်၊ ဒီလိုပြောတယ်မို့လား – (ပြောပါတယ်)

တရားနာမပျင်းကြနဲ့

ဒါဖြင့် တရားနာ မပျင်းနဲ့၊ (မှန်ပါ့) နှုတ်ထဲ ရောက်အောင် နာ (မှန်ပါ့) နှုတ်ထဲ ရောက်အောင် နာဆိုတော့ ဘုန်းကြီး ပြောလို့ ဘယ်ရမလဲ၊ အင်း အနိစ္စ ဒုက္ခ အနတ္တတွေပဲ ဆိုတာတော့ ရအောင် လုပ်ရမယ်။

နှလုံးသွင်းတယ် ဆိုတာကတော့ ကိုယ့်စိတ်ကလေး ကိုယ်ရှုဖြစ်ပြီး ပျက်သွားတာပဲ ဆိုတာ နောက်ဉာဏ်က မသိရပေ ဘူးလား၊ (သိရပါတယ်) ဒါ နှလုံး သွင်းတာပဲ (မှန်ပါ့) ဒိဋ္ဌိကွာ တယ်ဆိုတော့ စိတ်ကလေးတွေလဲ ပျက်တာပဲ ရုပ်ကလေးတွေ လဲ ပျက်တာပဲ ဆိုတော့ ငါမဟုတ်လို့ ပျက်တာပဲ ဆိုတာ သေချာ ပလား (သေချာ ပါတယ်)

အင်္ဂါလေးချက်နဲ့သာ ပြည့်စုံပါစေ နတ်ပြည်ရောက်တယ်

ငါမဟုတ်လို့ ပျက်တာပဲဆိုတာ သေချာတော့ အင်္ဂါ လေးပါးနဲ့ ပြည့်စုံပြီးသေတဲ့ပုဂ္ဂိုလ်ဟာ သေခါနီးမှာ ဘာမှနှလုံး မသွင်းနိုင်ပဲနဲ့ သစ်ပင်ပေါ်က ကျ၍ ဖြစ်စေ ရေနစ်၍ ဖြစ်စေ လေယာဉ်ပျံပေါ် မီးလောင်လို့ ဖြစ်စေ၊ ဒီလို သေတောင် မကြောက် ပါနဲ့ (မှန်ပါ့) နတ်ရွာ သုဂတိ ရောက်တာပဲ ဆိုတာ သေသေချာချာ သာ မှတ်ပါတော့ –

ရောက်သည်နှင့် တစ်ချက်တည်း ဒီလေးမျိုး ဖြစ်ရမယ် ဒီလေးမျိုး တစ်မျိုးမျိုးထဲ ပါရတော့မယ် ရှင်းကြပလား (ရှင်းပါပြီ။)

ငါသေရင်နတ်ပြည်ရောက်မယ်လို့ဆုံးဖြတ်

ဒါ သောတာနုဂတ သုတ်တဲ့ စတုက္ကနိပါတ် အင်္ဂုတ္တိုရ်မှာ သေသေချာချာ လာတဲ့ အတွက် ဒကာဒကာမတို့ ကြောက်စရာ များ ရှိသေးသလား (မရှိပါဘူး) သြော် ဒါဖြင့် ငါသေရင် ဘာများ ဖြစ်ဦးမလဲ ဆိုတာ ဒီနေ့ လုံးဝ ဖျောက်လိုက် (မှန်ပါ့ ဘုရား) သဘော ကျပလား (ကျပါပြီ)။

ငါသေရင် ဘာမှမဖြစ်ဘူး သုဂတိ နတ်ပြည်ကိုပဲ ရောက် မှာပဲ ရောက်ရင်လဲ ကိစ္စပြီးမှာပဲ၊ ဒီလိုသာလျှင် ဆုံးဖြတ်ချက်ချ ထားပါလို့ လေးနက်စွာ တိုက်တွန်းတယ်၊ ရှင်းပလား – (ရှင်းပါပြီ။)

ကောင်းပြီ ဒီထက် ကောင်းတာကို ပြောပါဦး ဆိုတော့ ယခု ဒုက္ခချုပ်ပြီး ငြိမ်းသွားရင် သာ ကောင်းတယ်၊ ဟုတ်ဘူးလား (ဟုတ်ပါတယ်)။

ဟိုဟာက တစ်ဘဝခဏသွားတော့ နတ်ပဋိသန္ဓေလေးနဲ့ ကြုံခဲ့ရတယ်၊ မကြုံရအောင် လုပ်ရင် ဒီထက် မကောင်းဘူးလား(ကောင်းပါတယ်)။

အကြွေးနဲ့ လက်ငင်း ဘယ်ဟာကြိုက်သလဲ

အေးဒါကြောင့် ဒကာဒကာမတို့ အကြွေးနဲ့ လက်ငင်း ဘယ်ဟာ ကြိုက်ကြသလဲ – (လက်ငင်း ကြိုက်ပါတယ် ဘုရား) လက်ငင်းကြိုက် လုပ်ရုံပဲ ရှိတာပေါ့၊ ရိပ်မိပလား (ရိပ်မိပါပြီ) အကြွေးနဲ့ လက်ငင်း ဘယ်ဟာ ကြိုက်ပါသတဲ့ (လက်ငင်း ကြိုက် ပါတယ်) လက်ငင်း ကြိုက်ရင် ဘာလုပ် ရမလဲ (မဂ်အလုပ် လုပ်ရ မယ်) မဂ်အလုပ် လုပ်လိုက်တော့ အခု ပြီး သွားတာဟာဖြင့် အကောင်းဆုံးပဲ – (မှန်ပါ့ ဘုရား)။

ဒါကြောင့် တစ်နေ့က ရှင်သာရိပုတ္တရာကို၊ တိတ္ထိ တစ်ယောက်က မေးတဲ့အခါမှာ ဒကာသိုက်တို့ မှတ်မိကောင်း မှတ်မိ လိမ့်ဦးမယ်နော် – အရှင် သာရိပုတ္တရာဘုရား ဒုက္ခနဲ့ သုခ ရှင်းပေး စမ်းပါ၊ တိတ္ထိက မေးတယ်။

ဒုက္ခနဲ့သုခ ရှင်းပေးပါဘုရား

ဒုက္ခနဲ့သုခ ရှင်းပေးစမ်းပါလို့ မေးတဲ့ အခါကျတော့၊ ရှင်သာရိပုတ္တရာက ဖြေလိုက်တယ်၊ နောက်ထပ် မဖြစ်တာ သုခ၊ ဖြစ်ရင် ဒုက္ခ (မှန်ပါ့ ဘုရား) နောက်ထပ် ပဋိသန္ဓေ နေရရင် (ဒုက္ခ) – ပဋိသန္ဓေ မနေရရင် (သုခပါ ဘုရား)

အဲဒီတော့ ခင်ဗျားတို့ ဒုတိယဘဝ မှာရတာ သေချာ အောင် ဘုရားဟောကိုလဲ ဟောပြီးပြီ၊ သို့သော် နောက်ထပ်ဖြစ် သေးတယ်၊ မဖြစ်ဘူးလား (ဖြစ်ပါတယ်) ပဋိသန္ဓေ တဖန်နေရ သေးတယ်၊ အဲဒါ ဒုက္ခပါတယ်၊ ဟုတ်ပလား (ဟုတ်ပါပြီ)။

အကြွေးထက် လက်ငင်း ကောင်းတယ်

အဲတော့ ဒီဘဝမှာပဲ နောက်ဘဝ ပဋိသန္ဓေ မနေတဲ့လမ်း ကို လိုက်လိုက်မယ် ဆိုလို့ ရှိရင် နောက်ဘဝ ပဋိသန္ဓေ ရှိသေးရဲ့ လား မရှိတော့ပါဘူး၊ ဒါဖြင့် အကြွေးနဲ့ လက်ငင်း၊ လက်ငင်း ကောင်းတယ် ဆို တဲ့ ဥပမာ အတိုင်းပါပဲတဲ့၊ ဘုန်းကြီးတို့ ဒကာဒကာမတွေ ပြီးအောင် လုပ်တာ ပိုမို ကောင်းတယ် (တင်ပါ့)။

မပြီးတဲ့ အခါမှာလဲ အားငယ်စရာ မရှိဘူးလို့ ပြောလိုက် တယ်၊ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

သို့သော် ပြီးအောင် လုပ်တာနဲ့ မပြီးပဲ နေတာနဲ့ ဒကာသိုက် ဘယ်ဟာက ကောင်းသလဲ (ပြီးအောင် လုပ်တာက ကောင်းပါတယ်) အဲ ရှင်သာရိပုတ္တရာက နောက်ထပ် မဖြစ်ရင်ဘာ တဲ့ (သုခပါ) နောက်ထပ်ဖြစ်ရင် (ဒုက္ခပါ)

အဲ ပြီးအောင် မလုပ်တဲ့ ပုဂ္ဂိုလ်က နောက်ထပ် ဖြစ်စရာရှိ တယ်၊ မရှိဘူးလား (ရှိပါတယ်) ပြီးအောင် လုပ်တဲ့ ပုဂ္ဂိုလ်က (နောက်ထပ် ဖြစ်စရာ မရှိပါဘူး) ပြီးအောင် လုပ်တဲ့ ပုဂ္ဂိုလ်က နောက်ထပ် ဖြစ်စရာ မရှိသောကြောင့် ဒီဘဝ ကိစ္စပြီးတယ် (တင်ပါ့) သုခနဲ့ ဇာတ်သိမ်းသွားတယ်၊

ပြီးအောင ်မလုပ်တဲ့ ပုဂ္ဂိုလ်က မပြီးသေးတဲ့ အတွက် ဒုက္ခ နောက်ဆက်တွဲ ရှိတယ် ရှင်းပလား (ရှင်းပါပြီ) ဒုက္ခ နောက်ဆက်တွဲ မရှိဘူးလား (ရှိပါတယ်)။

အေးဒါကြောင့် တရားကို အမျိုးမျိုးက နေပြီး သကာလ တိုက်တွန်းတာလဲ ပါအောင်၊ စိတ်ဇော ကိုလဲ သန်သန်ထွားထွား နဲ့တစ်ခါတည်း အကြွေးနဲ့ လက်ငင်း အလုပ်မှာ လက်ငင်း အလုပ်ကို လုပ်ဖြစ်အောင် ဆိုတာကို ရှင်သာရိပုတ္တရာက တိုက်တွန်း တယ်။

ဘုရားကလဲ အကယ်၍ ဒါအကြွေး ဖြစ်ခဲ့ပါဦး၊ တစ်တိမ်း တစ်ပါးတော့ မဖြစ် တော့ပါဘူး ဆိုတဲ့ ဥစ္စာကို တာဝန်ခံ လိုက်ပါ တယ်။ အဟုတ်ကော တာဝန် မခံဘူးလား (တာဝန်ခံ ပါတယ်)။

ဒါဖြင့် ဒကာဒကာမတွေ သြော် ဒို့ – ဒုတိယဘဝကိစ္စ ပြီးချင်လို့ရှိရင် အင်္ဂါလေးချက် စုံဖို့ တယ် အရေးကြီးပါလား (တင်ပါ့)။ ပေါ်လာပလား (ပေါ်လာပြီ)။

အင်္ဂါလေးချက်က ဘာပါလိမ့်မတုံး ဆိုတော့ ပြောကြ စမ်းပါဦး။ (တရားနာမှု၊ တရားနှုတ်ထဲ ရောက်မှု၊ တရား နှလုံးသွင်း မှု၊ ဒိဋ္ဌိကွာမှု) အဲဒီ လေးချက် ကလေးတော့ ခင်ဗျားတို့က ဝန်လေး စရာများရှိရဲ့လား (မရှိပါဘူး) ဦးလှဘူးရေ နေရာကြပြီ။

ပဋိစ္စသမုပ္ပါဒ်ပြရင် အင်္ဂါလေးချက်ပါတယ်

ကိုင်း ဒါဖြင့် အခုပြောခဲ့တဲ့ လေးချက်ဟာ ဘုန်းကြီး ပဋိစ္စ သမုပ္ပာဒ် တစ်ခါ ပြလိုက်လို့ရှိရင် အကုန်ပါသွားမှာပဲ။ (မှန်ပါ့) ပါမှာပါပဲတဲ့။

ဒီဘက်ထိပ်က ဒကာဒကာမတို့ နှစ်ခုချပြလိုက်တယ် ဘာပါလိမ့် (ဇရာမရဏ) ဇရာမရဏ သြော် – ဇရာမရဏ ဆိုတော့ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ) ဇရာမရဏ ဆိုတော့ ခင်ဗျားတို့ သည်ကား လို့ ဆိုလို့ရှိရင် နာထားလို့သိတယ် (တင်ပါ့) ဒုက္ခသစ္စာလို့ ပြောနိုင်တာ နှုတ်တိုက်ကို ရနေတယ်။ သဘောကျပလား (ကျပါပြီ။)

သေသေချာချာ စဉ်းစားလိုက် လို့ရှိရင်ဖြင့် ဒါတွေဟာ ဒုက္ခသစ္စာ အစစ်ပဲ ဆိုတာလဲ သံသယ ရှိသေးရဲ့လား (မရှိပါဘူး) ဒါ နှလုံးသွင်းလိုက်တာပဲ၊

ရှိနေတဲ့ ဇရာမရဏဟာ ယောက်ျားလား မိန်းမလားဆို၊ ဘယ့်နှယ် ဖြေကြမလဲ (မဟုတ်ပါဘူး) ဇရာမရဏပဲ။ ယောက်ျားမိန်းမ ဟုတ်သေးရဲ့လား (မဟုတ်ပါဘူး) ဘာလဲ (ဇရာမရဏပါ)။

အဲတော့ ခုနက ပြောခဲ့တဲ့ အင်္ဂါလေးချက်နဲ့ မညီဘူးလား ညီပါတယ် ကိုင်းဒါဖြင့် ဇရာမရဏ သည်ကားလို့ ဆိုလို့ရှိရင် ဘယ်က လာပါလိမ့် (ဇာတိကပါ) ဇာတိကဘာလဲ၊ ဇာတိကြောင့် ဇရာမရဏ ဖြစ်ရတယ် ဆိုတော့ ဇာတိသည် အကြောင်း သမုဒယ သစ္စာ၊ ဇရာမရဏသည် အကျိုး ဒုက္ခသစ္စာ၊ သဘော ကျပလား (ကျပါပြီ)။

ဇာတိဘယ်ကလာပါလိမ့်

ကောင်းပြီ ဒါဖြင့် ဒီဇာတိ ဘယ်က လာပါလိမ့် (ကမ္မဘဝ ကပါ) ကမ္မဘဝက လာတယ် ၊ ကာယကံ၊ ဝစီကံ၊ မနောကံ၊ ရှင်း ကြပလား (ရှင်းပါပြီ) ကမ္မဘဝ ပစ္စယာ ဇာတိ၊ ဇာတိ ဒုက္ခသစ္စာ မလုပ်ရဘူးလား (လုပ်ရပါတယ်) ကံဟောင်းက လုပ်တဲ့အတွက် ဇာတိ။

ဒါဖြင့် ဒီကံတွေကြောင့် ဆိုလို့ ရှိရင်ဖြင့် ဒီက အကြောင်း ဒီက ဇာတိဒုက္ခ သဘောကျပလား (ကျပါပြီ) ဒါက နောက်ဆုတ် သွားတာ၊

ဒီကမ္မဘဝ ဒကာဒကာမတွေက ကြည့်ပါဦး၊ ကမ္မဘဝ ဘယ်က လာပါလိမ့်၊ (ဥပါဒါန်က လာတယ်) ဥပါဒါန်ဆိုတာ ကိုယ့် ကိုယ်ကိုယ် စွဲလမ်းတဲ့ ဥပါဒါန်ကြောင့် လာတာ၊ သဘော ကျပလား (ကျပါ့ပြီ)။

ကိုယ့်ကိုယ်ကိုယ် စွဲလမ်းတဲ့ ဥပါဒါန်က ကံကို လုပ်တယ်။ ကံကိုလုပ်လို့ ဇာတိ ရတယ်၊

ဥပါဒါန်ဘယ်က လာပါလိမ့် (တဏှာက လာတယ်) ဒါဖြင့် တဏှာက သမုဒယသစ္စာ၊ ဥပါဒါန်က ဒုက္ခသစ္စာ၊ သဘော ကျပလား (ကျပါပြီ) ဒါဖြင့် နောက်က ဟာတွေ ဘာဆိုကြမယ် (ဒုက္ခသစ္စာ) ဒုက္ခသစ္စာ ချည်းပဲ ဆိုတော့၊ ခင်ဗျားတို့ ဒါလဲ ဒုက္ခသစ္စာ (မှန်ပါ့)။

ဒီတဏှာ ဘယ်က လာပါလိမ့်မလဲ (ဝေဒနာကလာ) အင်း ဝေဒနာက အကြောင်း သမုဒယ၊ တဏှာက ဒုက္ခ၊ ဒါဖြင့် ဒီဘက် က ဒုက္ခချည်းပေါ့။

ကဲ – ဒကာသိုက်ရေ ကြည့်ပါဦး၊ ဝေဒနာ ဘယ်က လာပါ လိမ့် (ဖဿက လာပါတယ်) ဖဿက လာတယ် ဆိုတော့ ရှင်းကြပါ လား (ရှင်းပါပြီ) ဖဿက သမုဒယသစ္စာ၊ ဝေဒနာက (ဒုက္ခသစ္စာ)

သဠာယတနကလာတာ

ဒီဖဿ ဘယ်က လာပါလိမ့်မတုံး (သဠာယတနက လာတယ်) သဠာယတန ဆိုတဲ့ ခြောက်ခုက လာတာ၊ မျက်စိ၊ နှာ ခေါင်း၊ နား၊ လျှာ၊ ကိုယ်၊ ရုပ်ငါးမျိုးရယ် စိတ်ကယ်ဆိုတော့ ခြောက် မနေဘူးလား။

သဠာယတန ပစ္စယာ (ဖဿာ) အေး သဠာယတနက ဘာသစ္စာ သမုဒယသစ္စာ၊ ဖဿက – (ဒုက္ခသစ္စာပါ) သြော် – ဒါတွေဟာ ဒုက္ခတွေလဲ ဖြစ်ပြီး ဒုက္ခသစ္စာလို့လဲ သိပြီး နာလည်း နာရ သေးတယ်။

ဒုက္ခသစ္စာလို့လဲ သူက ပြောမှာပဲ၊ နှလုံးသွင်းလိုက် လို့ရှိရင် ဒါတွေဟာ ဖြစ်ပျက်ပဲ မဟုတ်လား၊ ဒုက္ခ ရောက်သွားတာပဲ မဟုတ်လား၊ နှလုံးသွင်း လိုက်တော့ ဒါပဲ၊ ငါသေတာ၊ သူသေတာ ဟုတ်သေး ရဲ့လား (မဟုတ် ပါဘူး)။

အင်းပရမတ်သေတာပဲ မဆိုနိုင်ဘူးလား ဆိုနိုင်ပါတယ် ပရမတ် ပျောက်တာပဲ ပေါ်ကြပလား (ပေါ်ပါပြီ)

အဲဒီ သဠာယတန ဘယ်က လာပါလိမ့် – (နာမရူပကလာ ပါတယ်) နာမ်ရုပ်က လာတယ် ဆိုတာ သဘောကျ ပလား (ကျပါပြီ) နာမ်နဲ့ ရုပ်ရှိလို့ မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာတွေ ပေါ်တာ ပေါ့ဗျာ၊

နာမ်ရုပ် ဘယ်ကလာပါလိမ့်

ဒီနာမ်ရုပ်က ဘယ်က လာပါလိမ့် (ဝိညာဏ်က လာတယ်) ပဋိသန္ဓေ နေမိလို့၊ ဒါဖြင့် ဒကာဒကာမတို့ စဉ်းစားပါတဲ့၊ ဝိညာဏ ပစ္စယာ (နာမရူပံပါ ဘုရား) သဘောကျပလား (ကျပါပြီ)

ဒါဖြင့် ဝိညာဏ်ဆိုတာ “စိတ်” နာမ်ရုပ်က “စေတသိက်” ဖြစ်လို့ သဘောကျပလား (ကျပါပြီ) အဲဒါတွေသိပြီး သကာလ ဒကာဒကာမတွေ ထားပြန်တော့၊ အစတည်းက ဒီဘဝ အစဒီက၊ ဝိညာဏ်ကစ ဒီဘဝ အစ ဘယ်က – (ဝိညာဏ် ကစ) ဒီအထဲက ဒါတွေ ယောက်ျားလေးလား မိန်းမလေးလား၊ ငါလား သူလား မေးစမ်း၊ ဘာပါလိမ့် (ဝိညာဏ်ပါ) ဝိညာဏ်ဆိုတဲ့ စိတ်ပါ ပဲ၊ သဘော ကျပလား (ကျပါပြီ)။

ဝိညာဏ်ကြောင့်နာမ်ရုပ်ဖြစ်တာ

ဒါဖြင့် ဝိညာဏ်ကြောင့် ဘာဖြစ်သလဲ (နာမ်ရုပ်ပါ) နာမ် ရုပ် ဖြစ်လာတော့ ဒီနာမ်ရုပ် ကလေးဟာ ငါ့သား ကလေးလား ငါ့သမီး ကလေးလား ငါပဲလား၊ (မဟုတ်ပါဘူး) မဟုတ်ရင် ဘာပါ လိမ့် (နာမ်ရုပ်ပါ) ဆိုတော့ ဒကာဒကာမတွေ ဒိဋ္ဌိက ကွာနေပြီ (မှန်ပါ့) မကွာဘူးလား (ကွာပါတယ် ဘုရား)။

အင်းဒိဋ္ဌိက ကွာတယ်၊ ဝိစိကိစ္ဆာကလဲ သေနေတယ်၊ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တာ၊ ဒါ ဘယ်သူ ဖန်ဆင်းတာမှ မဟုတ်ဘူး၊ ရှင်းပလား (ရှင်းပါပြီ)။

နာမ်ရုပ် ဘယ်သူ ဖန်ဆင်းတာတုံး၊ ဘယ်သူ ဖန်ဆင်းတာမှ မဟုတ်ပါ ဘယ်သူမှ မဖန်ဆင်းဘူး၊ ဘယ်သူက ကျေးဇူးပြုသလဲ (ဝိညာဏ်က ကျေးဇူးပြုတယ်) ဝိညာဏ်က ကျေးဇူးပြုတယ်။ သဘော ကျပလား – (ကျပါပြီ)။

နာမရူပ ပစ္စယာ သဠာယတနံ ၊နာမ်ရုပ်ကြောင့် ဘာဖြစ် သတုံး (သဠာယတနာ) ဘယ်သူက ဖန်ဆင်းသေးလဲ (မဖန် ဆင်းပါဘူး) နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်တာပဲ ရှိတာပဲ သဘော ကျပလား (ကျပါပြီ) ဒါဖြင့် နာမ်ရုပ်က နာမ်ရုပ်ပဲ၊ သဠာ ယတန ကလဲ ခြောက်ခုပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

အဲဒါတွေ ဆိုနိုင်တော့ ဒီအထဲ ငါသူတစ်ပါး ယောက်ျား – မိန်းမ – (မပါပါ ဘုရား) ဒိဋ္ဌိလဲကွာပြီ။

ဒါဖြင့် ခင်ဗျားတို့ တရား နာမှု ရှိတယ် ဆိုတာလဲ သေချာပြီ၊ ပဋိစ္စသမုပ္ပါဒ်ကြီးကိုလဲ ရမှု ဆိုတာကော (သေချာပါပြီ) နှုတ်ထဲ မရလား (ရပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒီနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။