074

အားထုတ်တဲ့ပုဂ္ဂိုလ်တို့အတွက် နိဗ္ဗာန်

အသံဖိုင်ခေါင်းစဉ်= ဝိပဿနာမလုပ်လျှင် နိဗ္ဗာန်မရှိနိုင်ပုံ

စာအုပ်ခေါင်းစဉ်= အားထုတ်တဲ့ပုဂ္ဂိုလ်တို့အတွက် နိဗ္ဗာန်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၌ ဟောကြားတော်မူသောတရားတော်

အားထုတ်တဲ့ပုဂ္ဂိုလ်တို့အတွက် နိဗ္ဗာန်

(မိလက္ခတိဿရဟန်း)

(၂၄-၆-၆၁)

ဒကာ ဒကာမတွေ အလိုရှိနေတဲ့ နိဗ္ဗာန်ဆိုတဲ့ တရားဟာ ဘယ်နေရာမှာရှိပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့်တဲ့ မလုပ်တဲ့ ပုဂ္ဂိုလ် အတွက်မှာ ဘယ်နေရာမှ မရှိဘူးလို့ အောက်မေ့ထား ကြပါ။

ဝိပဿနာ အလုပ် မလုပ်တဲ့ ပုဂ္ဂိုလ်များ (ဘယ် နေရာမှ မရှိပါဘုရား) ဘယ်နေရာမှ နိဗ္ဗာန် မရှိဘူးလို့ မှတ်ပါတဲ့။

ဒါဖြင့် နိဗ္ဗာန်သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် အားလုံးပဲ မှတ်ကြပါ။ ယခု ပစ္စုပ္ပန်ကာလမှာလဲ ရှိတာ မဟုတ်ဘူး၊ မလုပ်တဲ့ ပုဂ္ဂိုလ်မှာ အတိတ်ကာလကလဲ ရှိနှင့် နေတဲ့ နိဗ္ဗာန် မဟုတ်ဘူး။

အနာဂတ်ကာလက စောင့်ဆိုင်းနေတဲ့နိဗ္ဗာန် မဟုတ်ဘူးလို့ မှတ်ထားကြပါ (မှန်ပါ့) နိဗ္ဗာန်သည် ကာလသုံးပါးမှ လွတ်ပါတယ် ရှင်းကြပလား (ရှင်းပါတယ်ဘုရား)။

နိဗ္ဗာန်ဟာ ရှိတော့ရှိတယ် မလုပ်တဲ့ ပုဂ္ဂိုလ်အတွက် မှာ ကာလသုံးပါး လွတ်နေတယ် (မှန်ပါ့) မောင်နိုင် ရှင်းပလား (ရှင်းပါပြီဘုရား)။

နိဗ္ဗာန်သည် ကာလသုံးပါးမှလွတ်တယ်

နိဗ္ဗာန်သည် ယခုပစ္စုပ္ပန် ကာလမှာ ရှိပါသလား ဆိုရင် မလုပ်တဲ့ ပုဂ္ဂိုလ်အတွက်မှာ (မရှိပါ ဘုရား) မရှိဘူးလို့ မှတ်ပါတဲ့။

အတိတ်က သူရှိနေခဲ့သလားလို့ မေးပြန်တော့လဲ (မရှိပါ ဘုရား)။

အနာဂတ်မှာ သူတို့ စောင့်နေသလားလို့ မေးပြန်ရင် (မရှိပါဘုရား)။

မရှိဘူးတဲ့ ဒါကြောင့် နိဗ္ဗာန်သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ကာလ ဝိမုတ်တဲ့ ကာလသုံးပါးမှ လွတ်သောကြောင့် ကာလ ဝိမုတ်လို့ ဒကာကြီးလှိုင် မှတ်ထား လိုက်စမ်းပါ (မှန်လှပါဘုရား)။

ဒါဖြင့် နိဗ္ဗာန် မရှိဘူးလားလို့ မေးမြန်းတော့လဲ လုပ်တဲ့ ပုဂ္ဂိုလ်အတွက်မှာ ရှိတယ် (မှန်ပါ့)။

ဒီစကားကို ကိုဝတို့၊ ကိုပေါ်တို့ သုံးရတာက သုံးချင်လို့ သုံးရတာ မဟုတ်ဘူးနော် (မှန်ပါ့) မိလိန္ဒမင်းကြီးက မေးလို့ နိဗ္ဗာန်ဟာဘုရား ရှိနှင့်တယ်ဆိုလို့ ရှိရင်လဲ ရှေးက လူတွေ တွေ့နှင့်ဖို့ တယ်ကောင်းပါတယ် ရှိဆဲ ဆိုလို့ ရှိရင်လဲ ယခု ပုဂ္ဂိုလ်တွေ မြင်ဖို့ ယှဉ်ဖို့ သိပ်ကောင်းပါတယ်။ စောင့်နေတယ်ဆို လို့ရှိရင်လဲ တပည့်တော်တို့ ဘယ်အချိန် သွားသွား သူရှိမှာပဲ ဆိုပြီး သကာလ နေလဲ ရတာပဲတဲ့။

အဲ့ဒီတော့ နိဗ္ဗာန်ဟာ ဘယ်လို နေပါသတုံး၊ ဘယ်လို အရှိနဲ့ ရှိပါသတုံး ဆိုတော့ ဒကာကြီးလှိုင် ဘယ်ကာလမှာမှ မရှိဘူးလို့ အရှင်နာဂသိန်က ဖြေလိုက်တယ်နော် (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေ ဘယ်ကာလ ရှိသလဲ (ဘယ်ကာလမှာမှ မရှိပါဘုရား)။

အတိတ်ကာလမှာလဲ မရှိပါဘူး (မှန်ပါ့) ပစ္စုပ္ပန်ကာလမှာ လဲ (မရှိပါဘုရား) အနာဂတ် ကာလမှာ (မရှိပါ ဘုရား)။

ဒါနဲ့ မိလိန္ဒမင်းကြီးက ဆင်ခြေတက်တယ် ဒါဖြင့် အရှင်ဘုရား မေးရတာ နိဗ္ဗာန် မရှိဘူးလို့ ဆိုလို့ ရှိရင် ဒီလိုပဲ ယူရတော့မှာပဲလား ဆိုတော့ ဒီလိုလဲ မဟုတ်ဘူး ဒကာကြီးရ နိဗ္ဗာန် မရှိဘူး မဟုတ်ဘူး –

“အတ္ထိဘိက္ခဝေ အဘူတံ အဇာတံ” ဆိုတဲ့ ဥဒါန်း ပါဠိတော်မှာ ဘုရားက နိဗ္ဗာန်ရှိတယ်လို့ပဲ ဟောထား တယ် နိဗ္ဗာန်ဟာ ရှိတော့ရှိတယ် (မှန်ပါ့)။

ဝါးနှစ်လုံးဥပမာ

သို့သော် ဘယ်ကာလမှာ ရှိသတုန်း မေးတဲ့အခါကျတော့ ကာလသုံးပါးမှ လွတ်နေတော့တာ မောင်နိုင် မရှိဘူးလို့ ဆိုရမည့် အမေးဟာ မေးသင့်တာပဲ (မှန်ပါ့) မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေက မှတ်ရမယ်၊ ဝါးနှစ်ခုကို ပွတ်တာပေါ့တဲ့၊ မပွတ်ခင် ပထမ ဝါးထဲမှာလဲ မီးမပါဘူး၊ (မှန်ပါ့) ဒုတိယ ဝါးထဲမှာကော (မပါပါ ဘုရား)။

သို့သော် ဒကာ ဒကာမတွေက တကယ်တန်း ပွတ်လိုက် တဲ့ အခါကျတော့ အင်း ဘယ်က လာတဲ့ မီးတုံး ဆိုလို့ ရှိရင်ဖြင့် ဝါးထဲက ထွက်တဲ့မီးပဲ ဆိုရမှာပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ်က ထွက်တဲ့ မီးတုံး ဆိုလို့ရှိရင် (ဝါးထဲက ထွက်တဲ့ – မီးပါ ဘုရား)။

အရင်က ရှိနှင့်သလား မေးပြန်တယ် (မရှိနှင့်ပါ ဘုရား)။

ရှေးက ရှိနှင့်ခဲ့သလား ဆိုတော့ မရှိဘူးတဲ့၊ ခုနင်က မပွတ်ခင်တုန်းက ရှိဆဲလားလို့ မေးရင် (မရှိပါ ဘုရား) နောက်ရှိလတ္တံ့ လားလို့ မေးပြန်ရင်ကော (မရှိပါ ဘုရား)။

ရှိလတ္တံ့လားလို့ မေးပြန်တော့ ရှိလတ္တံ့လဲ မဟုတ်ဘူး၊ ဒါဖြင့် ကျေနပ်ကြပါတော့ နိဗ္ဗာန်ဟာ ကာလသုံးပါးမှ လွတ်ပါတယ် ဆိုတာ ဒကာ ဒကာမတွေ မှတ်ထားကြပါ (မှန်ပါ့ဘုရား)။

နိဗ္ဗာန်မရှိတော့ဘူးလား

နိဗ္ဗာန် ဘယ်ကာလရှိသတုန်း (ဘယ်ကာလမှာမှ မရှိပါ ဘုရား) ဘယ်ကာလမှ မရှိဘူးဆိုတာ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ထားပါ (မှန်ပါ့)။

ဒါဖြင့် နိဗ္ဗာန် မရှိတော့ဘူးလား ဆိုတော့ ဝိပဿနာ ဉာဏ်နဲ့ အနိစ္စ၊ အနတ္တ ဆိုတဲ့ တရားနဲ့ ဒီကဉာဏ်နဲ့ ပွတ်ပေး ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။

အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ အာရုံတရားနဲ့ ဒီက ဉာဏ်နဲ့ – ပွတ်ပေးတဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား) အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ တရားသုံးခုနဲ့ (ဉာဏ်နဲ့ ပွတ်ပေးရပါမယ် ဘုရား) ဉာဏ်နဲ့ ပွတ်ပေး လိုက်တဲ့ အခါကျတော့ ကိုတဲ့ ဝါးနှစ်လုံး ပွတ်သလိုပဲ ဒီအထဲက နိဗ္ဗာန် ထွက်လာတယ် (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

အလုပ်လုပ်တဲ့ပုဂ္ဂိုလ်မှာ နိုဗ္ဗာန်ရှိတယ်

ဒါဖြင့် ဘယ်ကာလ ရှိသတုန်း ဆိုတဲ့စကား ဘယ်ကာလ မှာမှ မရှိဘူး (မှန်ပါ့) ပွတ်နိုင်တဲ့ ပုဂ္ဂိုလ်မှာဖြင့် (ရှိပါတယ် ဘုရား)။

ဒါဖြင့် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်မှာ ရှိတယ် (မှန်ပါ့) မလုပ်နိုင်တဲ့ ပုဂ္ဂိုလ်မှာ (မရှိပါဘုရား)။

ကိုပေါ် ကျေနပ်ပလား (ကျေနပ်ပါပြီ) ကိုကော ကျေနပ်ပလား (ကျေနပ်ပါပြီ) နောက်က ဒကာ ဒကာမတွေ (ကျေနပ်ပါပြီဘုရား)။

ဒါ- ဘုန်းကြီးက တန်ဆာဆင်ပြီး ပြောတာ မဟုတ်ပါဘူး ဆိုတာကိုလဲ ရှင်းရှင်းပဲ မှတ်ပါ (မှန်ပါ့) အရှင်နာဂသိန်ကို မိလိန္ဒမင်းကြီးက မေးလို့ ဖြေရခြင်း ဖြစ်ပါတယ် ဆိုတော့ ဒါဖြင့် အရှင်ဘုရား နိဗ္ဗာန်ဟာ ကာလသုံးပါးမှ လွတ်နေတော့ ဘယ်ရှိတော့မတုံး ဆိုတော့ ဒကာကြီးရှိတယ် ဝါးနှစ် လုံး ပွတ်ကြည့် တာပေါ့။ နဂိုက ဝါးထဲမှာ ရှေးကတော့ မီးရှိ ဘူးသလား ယခုလဲ မတိုက်ခင်က ရှိသလား (မရှိပါ ဘုရား) နောက်လဲ သေပြီးတော့ ရှိသေးသလား (မရှိပါ ဘုရား)။

မပါဘူးတဲ့၊ နို့ ဘယ်လိုလုပ်တဲ့ အခါကျမှ ရှိလာသ တုန်း ဆိုတော့ ပွတ်တိုက်တဲ့ ပုဂ္ဂိုလ်၏ လုံ့လပယောဂ အားစိုက် လာတဲ့ အခါကျတော့မှ သူ မီးထွက်လာတယ် (မှန်ပါ့)။

ဒီအတိုင်းပါပဲတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာလဲ ခန္ဓာ၏ ဖြစ်ပျက်နဲ့ ကိုယ့်ဉာဏ်မဂ်နဲ့ ကြပ်ကြပ် ပွတ်ပေးပါ (မှန်ပါ့)။

သေသေချာချာ မှတ်စမ်းပါ ဒီ အဓိပ္ပာယ်ဟာ ဒကာ ဒကာမတို့ အင်မတန် အဖိုးတန်လွန်းလို့ ကိုပေါ်တို့ ကိုဝတို့ ဂရုတစိုက် ပြောနေတယ် (မှန်ပါ့)။

နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့က နိဗ္ဗာန်ဟာ ဆုတောင်း ပါရမီ အလုပ်ပဲလို့ ထင်ချင် ထင်နေမယ်၊ မပွတ်တော့ဘူး (မှန်ပါ့)။

ဆုတောင်း ပါရမီ အလုပ်ပဲလို့ ထင်ချင် ထင်နေကြလိမ့်မယ် မထင်ပေဘူးလား (ထင်ပါတယ် ဘုရား) ဆုတောင်းတဲ့ ပုဂ္ဂိုလ် ရမှာပဲဟေ့ ပါရမီ ရှိတဲ့ ပုဂ္ဂိုလ် ရမှာပဲပေါ့။

မဟုတ်ဘူးကွာတဲ့၊ ဒကာ ဒကာမတွေကနော် (မှန်ပါ့) အနိစ္စဆိုတဲ့ ခန္ဓာနဲ့ ဝေဒနာက္ခန္ဓာနဲ့ ဖြစ်ဖြစ် ဝိညာဏက္ခန္ဓာနဲ့ ဖြစ်ဖြစ် ဒကာ ဒကာမတို့ ဉာဏ်နဲ့သာ ပွတ်ပေးပါ။ ဦးဘရှင်း ရိပ်မိပလား (ရိပ်မိပါပြီ)။

အနိစ္စနဲ့ ဉာဏ်နဲ့ ပွတ်ပေး၊ ဒုက္ခနဲ့ ဉာဏ်နဲ့ ပွတ်ပေး၊ အနတ္တ နဲ့ ဉာဏ်နဲ့ ပွတ်ပေးပါ (မှန်ပါ့) ပွတ်ပေးတဲ့ အခါကျလို့ ရှိရင်ဖြင့်တဲ့ ဒီမီးနဲ့ တူတဲ့ နိဗ္ဗာန်ဟာတဲ့ အနိစ္စ အဆုံးမှာ နိစ္စနိဗ္ဗာန် ပေါ်လာတယ် (မှန်ပါ့) ဒုက္ခ အဆုံးမှာ သုခနိဗ္ဗာန် ပေါ်လာတာပဲ၊ အနတ္တ အဆုံးမှာ အနတ္တ နိဗ္ဗာန် ဆိုတာ ပေါ်လာတာပဲ ဆိုတာ ကိုယ်တို့ ကျေနပ်လိုက်ပါ (မှန်ပါ့)။

ဥပမာဥပမေယျနဲ့ကော ကိုက်ပါရဲ့လား (ကိုက်ပါ တယ်ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နားလည်မှု ရှိ- မရှိ ဘုန်းကြီးကပဲ မေးပြီ၊ နိဗ္ဗာန်ဟာ ဘယ်ကာလ ရှိသတုန်း (ဘယ်ကာလမှာမှ မရှိပါ ဘုရား)။

ကဲ ဒါဖြင့် ဘယ်ကာလမှ မရှိဘူး ဆိုတဲ့ တရားဟာ မောင်နိုင် အတော်ဆန်းတဲ့ တရား (ဆန်းပါတယ် ဘုရား) မဟုတ်ဘူးလား (မှန်ပါ့)။

မင်းတို့ မိုးကုတ်မြို့မှာ ကျောက်ရှိတယ် ဆိုတဲ့ဥစ္စာ အင်း ဒီနေရာ အရင်က မရှိဘူးကွာ၊ ခု ရှိတယ်ဆို တူးကြည့် တဲ့အခါကျတော့ သူဖြုန်းစတို့ ဘာတို့နဲ့ တွေ့တဲ့ အခါကျတော့ သူရှိနှင့် နေတာ ဧကန်ပဲ (မှန်ပါ့)။

ဒီတော့ တူးတဲ့ ပုဂ္ဂိုလ်၏ ကံနဲ့ ဒီနေရာ တူရွင်းချမိ၊ ဆေးမိ၊ ကြောမိတဲ့အခါ မကြုံသေးလို့သာ ရှိနှင့်တာ သေချာတယ် (မှန်ပါ့)။

အဲဒီလို ကျောက်ရှိနှင့်သလို ဒကာ ဒကာမတွေ နိဗ္ဗာန်က ရှိနှင့်တာလားလို့ မေးရင် ဘယ့်နှယ် ပြောကြမယ် (မရှိပါ ဘုရား) ရှိနှင့်ရင် အတိတ် ဖြစ်ရမယ် (မှန်ပါ့)။

ရှိနှင့်ရင် ဘယ်နှယ့်ပြောကြမယ် (အတိတ် ဖြစ်ပါ တယ်) အတိတ် ဖြစ်ရမယ် ဆိုတာ သေချာပလား (သေချာ ပါပြီ ဘုရား)။

ဒါကြောင့် နိဗ္ဗာန်သည် ဘယ်ကာလမှာ ရှိပါလိမ့် (ဘယ်ကာလမှာမှ မရှိပါဘုရား)။

ဟုတ်ပြီတဲ့၊ မိလိန္ဒမင်းကြီးက မေးတယ်၊ ဒါဖြင့် ဘုရား ကာလသုံးပါးမှ လွတ်တဲ့ တရားဖြင့် မရှိတော့ဘူးလို့ အရှင်ဘုရား ဆိုချင်တာပဲ၊ တပည့်တော် အရ ဆိုရင် ဟာ ဒကာကြီး ဒီလိုလဲ နိဗ္ဗာန်ဟာ “အတ္ထိ ဘိက္ခဝေ” လို့ ဆိုထားတယ်၊ နိဗ္ဗာန် ဟာ ရှိတယ်လို့ ပြောတယ်၊ ရှိတယ် ဒကာကြီးရ၊ ရိပ်မိပလား – (ရိပ်မိပါပြီ ဘုရား)။

နိဗ္ဗာန်ဟာ ဘာတဲ့တုံး (ရှိပါတယ် ဘုရား) ရှိတာ တော့ သေချာတယ်နော် (မှန်ပါ့)။

အဲဒီတော့ ကျုပ် ဥပမာပြမယ်ဆိုပြီး ဝါးနှစ်လုံး ကိုင်တာပဲနော်၊ ဝါးနှစ်လုံး ကိုင်ပြီး အခုလို ဘယ်ဘက်ဝါထဲမှာလဲ မီးမပါ ညာဘက်ဝါးထဲမှာရော (မီးမပါပါ ဘုရား)။

စမ်းကြည့်ရင် အအေးတွေပဲ ဒကာ ဒကာမတို့နော် (မှန်ပါ့) ပွတ်ပါ များလာတော့ ဒီအထဲကပဲ မီးထွက်တာပဲ (မှန်ပါ့) ဝါးနှစ်လုံးထဲကပဲ ဘာဖြစ်လာသတုန်း (မီးဖြစ်လာပါတယ် ဘုရား)။

မီးဖြစ်လာတော့ ကိုပေါ်တို့ ကိုဝတို့မေးပြီ နဂိုကရှိနှင့် တာလား (မရှိပါဘုရား) နဂိုက ရှိနှင့်ရင် သူ့ဝါးရုံကြီးထဲမှာ သူ့ဟာသူ တောက်နေဖို့ ကောင်းတယ် (မှန်ပါ့) မဟုတ်ဘူးလား၊ အခုတော့ ပွတ်ပါများလို့ မီးထွက်တယ် – (မှန်ပါ့) သဘော ပါကြပလား (ပါပါပြီ)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အင်း ဒို့လဲ ဘာနဲ့ဘာ ပွတ်တိုက် ရပါလိမ့်မတဲ့ ဆိုတဲ့ အဖြေ (ထွက်လာ ပါတယ် ဘုရား)။

အဲဒီတော့ ဘုန်းကြီးကပဲ တန်ဆာဆင်ပြီး ပေးလိုက် တယ်၊ ဒကာ ဒကာမတို့ ခန္ဓာ၏ အနိစ္စတရားနဲ့ ရှုကြည့်တဲ့၊ မဂ္ဂ တရားနဲ့ ကြပ်ကြပ် တိုက်ပေးပါ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အဲဒီလို တိုက်ပေးလိုက်လို့ ရှိရင်ဖြင့်တဲ့ မီးနဲ့တူတဲ့ နိဗ္ဗာန်ဟာ ဒကာ ဒကာမတို့ ပေါ်လာတာပဲ (မှန်ပါ့) သဘော ပါပလား (ပါပါပြီဘုရား)။

အားထုတ်တဲ့ပုဂ္ဂိုလ်အတွက်ရှိတယ်

ဒါဖြင့် အားထုတ်တဲ့ ပုဂ္ဂိုလ်အတွက်မှာ ရထိုက်တယ် (မှန်ပါ့) အားမထုတ်တဲ့ ပုဂ္ဂိုလ်အတွက်မှာ (မရထိုက်ပါ) မရဘူးဆိုတာ သေချာပလား (သေချာပါပြီဘုရား)။

ဪ ဒါဖြင့် နိဗ္ဗာန် မရှိဘူးလား ရှိသလားလို့ မေးရင် (ရှိပါတယ် ဘုရား) ရှိတယ်၊ သဘောကျ ပလား (မှန်ပါ့)။

ဘယ်ကာလမှာရှိသတုန်း – (ဘယ်ကာလမှာမှ မရှိပါ ဘုရား)။

ဒါဖြင့် ဘယ်ကာလမှ မရှိလို့ရှိရင် ဘယ်လိုလုပ်မှ နိဗ္ဗာန် သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ပေါ်ထွန်း လာပါလိမ့်မလဲလို့ မေးလို့ရှိ ရင်လဲ ဒကာ ဒကာမတို့ ဘယ်လို ပြောကြမယ် (အားထုတ် မှပေါ်လာ မှာပါ)။

ဆို ဆို ဆို ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ပေးရမယ် (မှန်ပါ့ဘုရား)။

ခန္ဓာနဲ့ဉာဏ်နဲ့ တိုက်ပေးရမယ် (မှန်ပါ့) ဖြစ်ပျက်နဲ့ မဂ်နဲ့ တိုက်ပေးရပါမယ်။

တိုက်ပေးရမယ် ဆိုလို့ရှိရင်ဖြင့် ဒါဟာ နိဗ္ဗာန်မရ မရှိဘူး ဒကာကြီးတဲ့၊ ကာလသုံးပါးတော့ လွတ်တာ အမှန်ပဲဆိုတော့ အားလုံး ဒကာ ဒကာမတွေ တော်တော် နက်နဲတဲ့ စကား (နက်နဲပါတယ် ဘုရား)။

ဉာဏ်နဲ့ တွေးကြည့်မှနော် (မှန်ပါ့) ဒါဖြင့် ဆုတောင်း သမားတို့၏ အလုပ် မဟုတ်သေးဘူးဗျ (မှန်ပါ့)။

သူက ပွတ်တိုက်တဲ့ အလုပ်မှ မလုပ်ဘဲ (မှန်ပါ့ ဘုရား) ဆုတောင်းသမား၏ အလုပ်လို့ ဒကာ ဒကာမတွေက ဆိုမလား (မဆိုပါ ဘုရား)။

မဆိုကြပါနဲ့တဲ့၊ ဆုတောင်းသမား အလုပ်ကယ်လို့ မဆိုကြပါနဲ့၊ ပါးစပ် အလုပ်မပါဘူး၊ မနောထဲက ဉာဏ်နဲ့ ခန္ဓာနဲ့ တိုက်တိုက် ပေးရမယ် (မှန်ပါ့) သဘောကျပလား (ကျပါ ပြီဘုရား)။

ဒါဖြင့် ဝစီကံနဲ့ ဆုတောင်းလို့တော့ဖြင့် ဝေးသော အကြောင်းသာ ဖြစ်ရမယ် ဆိုတာ ကိုပေါ်က မှတ်လိုက် (မှန်ပါ့)။

ဝစီကံနဲ့ ဆုတောင်းရင် (ဝေးသော အကြောင်းသာ ဖြစ်ပါမယ် ဘုရား)။

ဝေးသော အကြောင်း အင်မတန် ဝေးပါတယ် (မှန်ပါ့ ဘုရား)။

မနောကံနဲ့ ပွတ်တိုက်နေလို့ ရှိရင်ဖြင့် (အင်မတန် နီးပါတယ် ဘုရား)။

အင်မတန် နီးတယ်ဆိုရင်ဖြင့် ခဏပဲ အားစိုက်လိုက်ရင် မီးပွင့် လာတာပဲ (မှန်ပါ့)။

ဒကာ ဒကာမတွေ ခင်ဗျားတို့ ဒါ ဆရာကောင်း သမားကောင်းနဲ့ ကြုံလို့ လည်းကောင်း၊ ခင်ဗျားတို့ကလဲ ဆက်နာ လို့လည်းကောင်း ဒီအဓိပ္ပာယ်မျိုးကို သိရတယ် (မှန်ပါ့)။

နို့မို့လို့ရှိရင် ကိုဝ ဒီအဓိပ္ပာယ်ကြားဖို့ကို ခဲယဉ်းတယ် (ခဲယဉ်းတယ် ဘုရား)။

ဒီအတိုင်းပဲ ဒို့ထုံးစံ အတိုင်းကွာ လှူတန်း၊ ပေးကမ်းပြီး သကာလ ဝဋ်ကျွတ်ရာ နိဗ္ဗာန် ဆုတောင်းလို့ ရှိရင် တောင်းပါများ ပြည့်ပေါ့ကွာ နည်းရောင်း များရောင်း တောင်းပြည့် ဆိုသလို ပေါ့။ ဒီကို လမ်းဆုံး နေလိမ့်မယ် ဆိုတဲ့သဘော သက်ရောက်တယ် (မှန်ပါ့) မသက်ရောက်ဘူးလား (သက်ရောက်ပါတယ် ဘုရား)။

ဒါဖြင့် အလုပ်စခန်းပါရဲ့လား (မပါပါဘုရား)။

မပါတော့ကို ဦးဘကလေးတို့က ဪ အခု သေသေချာချာ မိလိန္ဒမင်းကြီး ရှင်နာဂသိန် မေးတော့မှ ကာလ သုံးပါးလွတ်တဲ့ တရား နိဗ္ဗာန်ပဲ (မှန်ပါ့)။

ကာလ ဝိမုတ် ကာလ သုံးပါးလွတ်တဲ့ တရား နိဗ္ဗာန်တဲ့၊ မရှိဘူးလား ဆိုတော့လဲ ရှိသတဲ့ ဘုရားက “အတ္ထိ ဘိက္ခဝေ အဇာတံ အဘူတံ” ဆိုပြီးတော့ ဥဒါန်း ပါဠိတော်မှာ ဟောထားလို့ ရှိတာလဲ ဧကန် ပဲတဲ့ (မှန်ပါ့)။

သို့သော် လူတိုင်းမှာ ရှိသလားလို့ တစ်ခါ ဝေဖန်ပြန်တော့ (မရှိပါဘုရား)။

မရှိဘူးတဲ့၊ လူတိုင်းမှာလဲ မရှိဘူး၊ ဘယ်လို ပုဂ္ဂိုလ်မှာ ရှိပါ လိမ့်မတုံး ဆိုတော့ ခုနင်က အနိစ္စနဲ့ မဂ္ဂတိုက် နေတဲ့ ပုဂ္ဂိုလ်မှာ ရှိတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

အနိစ္စနဲ့ မဂ္ဂနဲ့ (တိုက်နေတဲ့ ပုဂ္ဂိုလ်မှာ ရှိပါတယ် ဘုရား)။

ဪ ဒါဖြင့် ဟိုက အနိစ္စဖြင့် ဒီကမဂ္ဂနဲ့ သွားသွား ပြီးတိုက် (မှန်ပါ့)။

ဉာဏ်နဲ့ သွားသွားတွေ့ရမယ် ဆိုတာပေါ့လေ (မှန်ပါ့ဘုရား)။

အဲဒီလို တွေ့တဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင်ဖြင့် အဲ မောင်နိုင် ရေ ဝါးနှစ်လုံးပွတ်လို့ မီးထွက်လာသလို နိဗ္ဗာန်တည်း ဟူသော တရားဟာ တစ်ခါတည်း ပေါ်လာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

နိဗ္ဗာန် တရားသည် ဒကာ ဒကာမတို့ ယနေ့ ပြောတဲ့ အဓိပ္ပာယ်သည် တစ်မျိုးပဲ။ ခါတိုင်း ဝိပဿနာ ပြောနေတယ်။ ဒီနေ့တော့ နိဗ္ဗာန်ကို ပြောတယ် ဆိုတာဖြင့် ရှင်းသွားပြီ (ရှင်းပါပြီ) ရှင်းကြပလား (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေ နိဗ္ဗာန် ဘယ်လိုလုပ်ရင် ထွက်မယ် (ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ပေးရင် ထွက်ပါတယ် ဘုရား)။

ခန္ဓာနဲ့ဉာဏ်နဲ့ တိုက်တိုက် ယူရမယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ။

ခန္ဓာနဲ့ဉာဏ်နဲ့ တိုက်တဲ့အခါကျလို့ ရှိရင်ဖြင့်တဲ့ ခန္ဓာက ဖြစ်ပျက် ဉာဏ်ကမဂ်နဲ့သာမခွဲနဲ့ (မှန်ပါ့)။

ဦးဘကလေးက ခန္ဓာ ဖြစ်ပျက်နဲ့ ဉာဏ်မဂ်ကို (မခွဲရ – ပါဘုရား)။

မခွဲကြပါနဲ့ဆိုတာ ဒကာ ဒကာမတွေ သတိပေးတယ်နော် (မှန်ပါ့)။

အဲဒီတော့ ခန္ဓာဖြစ်ပျက်နဲ့ ဉာဏ်မဂ်နဲ့ မခွဲကြလို့ ရှိရင်ဖြင့် တဲ့ ခန္ဓာဖြစ်ပျက်လဲ ဆုံးပါရော မီးပွင့်တာနဲ့ တစ်ပြိုင်နက်တည်း နိဗ္ဗာန်ဟာ ပေါ်လာတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

သြော် ဒါဖြင့် ကျုပ်တို့ ခင်ဗျားတို့ ရှေးနိဗ္ဗာန်နဲ့တော့ အတော် ကွာသွားတယ် – (ကွာပါတယ် ဘုရား) ဒါ မိလိန္ဒပဥှာမှာ လာတယ်လို့ မှတ်ရမယ် (မှန်ပါ့)။

ဘယ်မှာ လာပါလိမ့် (မိလိန္ဒပဥှာမှာ လာပါတယ် ဘုရား)။

မိလိန္ဒပဥှာမှာ လာတယ်၊ ဖြေတဲ့ပုဂ္ဂိုလ်ကလဲ ရဟန္တာ၊ သဘောကျပလား (ကျပါတယ်)။

မေးတဲ့ ပုဂ္ဂိုလ်ကလဲ ရဟန္တာဖြစ်အောင် မေးတာပဲ (မှန်ပါ့)။

သူလဲ နောက် ရဟန္တာဖြစ်တာပဲ ရှင်းပလား (ရှင်းပါ ပြီဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို အထူး တိုက်တွန်းစရာ ဟေ့ ဝိပဿနာ အလုပ်များ လုပ်ကြဟေ့ လို့ ဘုန်းကြီးက တိုက်တွန်းတာ မစောင့်နဲ့တော့ (မှန်ပါ) သူ့ လုပ်မှရမှာပဲ ဆိုတာသာ ဆုံးဖြတ်ချက် ချလိုက်တော့ (မှန်ပါ့ဘုရား)။

ဝါးနှစ်လုံး မပွတ်ဘဲနဲ့ မီးထွက်လိမ့်မယ် ဆိုတဲ့ သဘောဖြင့် ဘယ်အခါကာလမှ ဒကာ ဒကာမတွေက စိတ်ကူး မယဉ်လိုက် ပါနဲ့(မှန်ပါ့)။

ရနိုင်ပါ့မလား (မရနိုင်ပါဘုရား) ရှင်းပလား (ရှင်းပါပြီဘုရား)။

ဝါးနှစ်လုံး တိုက်လိုက်တဲ့ အခါကျတော့ဖြင့် ပွတ်ပါများ မီးထွက်လာသလို ဒကာ ဒကာမတို့ ဒီမှာလဲ အနိစ္စနဲ့ မဂ္ဂနဲ့ ကြပ် ကြပ် တိုက်ပေးပါ။ ဉာဏ်လဲ လက္ခဏာရေး သုံးပါးနဲ့ တိုက်တိုက် တိုက်တိုက် ပေးတဲ့ အခါကျလို့ ရှိရင်ဖြင့် တဲ့၊ ဘယ့်နှယ်ကြောင့် နိဗ္ဗာန် ပေါ်လာပါလိမ့်မလဲလို့ မောင်နိုင်က မေးစရာ ရှိတယ်နော် (မှန်ပါ့)။

ပေါ် ရမယ်တဲ့၊ ခုနင်ကတော့ဖြင့် အနိစ္စနဲ့ မဂ္ဂနဲ့ မတိုက်ရင် ကိလေသာ ရှိနေတာ (မှန်ပါ့)။

အနိစ္စနဲ့ မဂ္ဂနဲ့ မတိုက်ရင် (ကိလေသာက ရှိနေပါ တယ် ဘုရား)။

ကိလေသာ ရှိနေတုန်းကို ဘယ်မှာ သာလျှင် နိဗ္ဗာန်က မီးနဲ့ တူတဲ့ နိဗ္ဗာန်က ထွက်နိုင်ပါ့မလား (မထွက်နိုင်ပါ ဘုရား) တိုက်ပါများတော့ ကိလေသာတွေက ပါးပါး ပါးပါးပြီး ဝိပဿနာဉာဏ်က ပါးပါး ပါးပါးပြီး မသွားလား (သွား ပါတယ်ဘုရား)။

အဲ ဝိပဿနာဉာဏ်က ပါးပါး ပါးပါးသွားလို့ ကိလေသာ ဝေးတဲ့ အချိန်ကျတော့ ခုနင်က နိဗ္ဗာန်တည်း ဟူသော မီးဟာ ဒကာ ဒကာမတို့ ထွက်လာတယ်လို့ မှတ်လိုက် စမ်းပါ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒို့သည် ဘယ့်နှယ်ကြောင့် လုပ်တာလဲ တော်တော်ကလေး ကြာပြီ၊ ဘယ့်နှယ်ကြောင့် သည်နိဗ္ဗာန်တည်း ဟူသော မီးသည် မပွင့်လာ မထွက်လာ သေးပါလိမ့်မလဲလို့ ဆိုရင် ဖြင့် ကိလေသာ မဝေးသေး၊ ပွတ်တိုက်မှု နှေးသေးလို့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ကိလေသာက (မဝေးသေးလို့ပါ ဘုရား) ပွတ်တိုက်မှု က (နှေးသေးလို့ပါ ဘုရား) ပွတ်တိုက်မှုကလဲ နှေးနေတယ် (မှန်ပါ့ ဘုရား)။

မောင်နိုင် ဒီဥစ္စာ တော်တော် အရေးကြီးတဲ့ စကား (ကြီးပါတယ်ဘုရား) နောက်က ဒကာ ဒကာမတွေ (အရေးကြီးပါတယ် ဘုရား)။

အရေးကြီးပါတယ် ဆိုတော့ ဪ ဒါဟာ အခု ဆရာသမားကလဲ ဆုံးမလို့ ဒို့နားထဲ ကြားတယ်၊ ဒို့ ပင်ကိုယ်သဘော ကြားဘူးနားဝ ရှိသရွေ့နဲ့ ဒို့ ပင်ကိုယ်သဘော ကြားဘူးနား ဝရှိသရွေ့ ဒို့အထင်နဲ့ ဆိုလို့ ရှိရင် ဒါ အများကြီး ကွာသွားမယ် (မှန်ပါ့)။

ကိုဝ ကွာမကွာ စဉ်းစားစမ်းပါ (ကွာပါတယ် ဘုရား) သေသေချာချာ ကွာသွားတာပဲတဲ့ အနိစ္စနဲ့ မဂ်နဲ့ မကိုက်ရင် မရဘူး (မှန်ပါ့)။

မောင်နိုင် (မရပါဘုရား) မရနိုင်ဘူးတဲ့၊ ဘာကြောင့် မရနိုင်သတုံးလို့ မေးတဲ့ အခါကျတော့မှ ဒကာ ဒကာမတို့ ကိလေသာကို မဂ်ကမှ ဖြတ်တာ (မှန်ပါ့) ရှေ့က အနိစ္စ၊ မြင်တာကမဂ္ဂ(မှန်ပါ့)။

ရှေ့က အနိစ္စ၊ မြင်တာက (မဂ္ဂပါဘုရား) အဲ မဂ္ဂဆိုတော့ ပဋိစ္စသမုပ္ပာဒ် အတန်းကြီးဟာ တန်းလို့ကို ရသေးရဲ့ လား (မရပါဘုရား) ရှုစရာသာ ပေါ်လာတော့တယ်၊ ရှုပ်စရာ မပေါ်လာဘူး (မှန်ပါ့) ရှုပ်စရာ ကိလေသာက လာသေးရဲ့ လား (မလာပါ ဘုရား)။

အဲ ရှုစရာသာ ပေါ်လာ၍ ကန့်ကွက် ရှုပ်ထွေးတဲ့ ကိလေသာက လာခွင့် မရတော့ ကိလေသာက ဝေးသွားတယ် (မှန်ပါ့) မဝေးဘူးလား (ဝေးပါတယ် ဘုရား)။

အဲ ကိလေသာဝေးတဲ့ အခါကျတော့ ဖြစ်ပျက် အဆုံး မှာ မီးတိုက်များလို့ အဆုံးမှ တစ်ခါတည်း မီးထွက် လာတော့တာ ပဲ ဆိုတော့ ဒကာ ဒကာမတို့ ကျေကျေ နပ်နပ်နဲ့ပဲ သဘောကျဖို့ ကောင်းပါတယ် (ကျပါတယ် ဘုရား) သဘောကျပလား – (ကျပါတယ်ဘုရား)။

ဒါ ဖျောက် မပစ်ပါနဲ့တဲ့ ဖျောက်ပစ် လိုက်လို့ ရှိရင် အင်း – ဒီနေ့တော့ဖြင့် တော်လောက်ပြီ ဆိုပြီး ဝိပဿနာ အလုပ် က ထချင် ထပစ် လိုက်တယ် (မှန်ပါ့) မီးမှ မထွက်သေးပဲ (မှန်ပါ ဘုရား)။

အဲဒီတော့ မီးထွက်လိမ့်မယ် သိနေလို့ ရှိရင်လဲ နိဗ္ဗာန်ပေါ် လာလိမ့်မယ် သိနေလို့ရှိရင် ကြပ်ကြပ်သာ ဒကာ ဒကာမတွေက ကြိုးစားပြီး ရှုပေးပါ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ကြပ်ကြပ် ရှုပေးလိုက်တဲ့ အခါကျလို့ရှိရင် နိဗ္ဗာန်တည်း ဟူသော မီးဟာ ဘယ့်နှယ်တုံး (ထွက်ရပါမယ်) ထွက်ရမယ်၊ ကိလေသာ ဝေးလို့ ထွက်ရမယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဝါးဟာ နဂိုက နှစ်လုံး ကိုင်ထားတော့ ဘယ် ဘက်က တစ်လုံးဟာလဲ အအေးပဲ မဟုတ်လား ညာဘက် က အလုံးဟာကော (အအေးပါ ဘုရား)။

အဲဒီ အအေးတွေ ပျောက်ပျောက်- ပျောက်ပျောက်ပြီး သကာလ သွားမှ သာလျှင်တဲ့ အပူဓာတ်တွေက တဖြည်းဖြည်း ချင်း ရင့်ကျက် လာမယ် မဟုတ်လား (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ရင့်ကျက်ပါများတော့မှ မီးထွက်မယ် ဆိုတာကော (သေချာပါတယ် ဘုရား) အင်မတန် မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒကာကြီးလှိုင် မလျှော့နဲ့နော် (မှန်ပါ့) ဝါးပွတ်သော ယောက်ျားဆိုတာ ဒီက လာတာ (မှန်ပါ) မီးပွတ်သော ယောက်ျားလို့လဲ ရေးကြတယ်- (မှန်ပါ့) အခုတော့ ဝါးပွတ်သော – ယောက်ျားလို့သာ မှတ်လိုက် ပေတော့ (မှန်ပါ့)။

ကိုင်း ဒကာ ဒကာမတွေ ဪ ဒို့ နိဗ္ဗာန် ဘယ်လို လုပ်ပြီး သကာလ ရောက်အောင် သွားရပါ လိမ့်မတုံး ဆိုတဲ့ သွားလမ်းတော့ ကိုပေါ်တို့ ကိုဝတို့ ယနေ့ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား)

မီးပွတ်တာနည်းနေသေးလို့

ငါ့ ပါရမီမရှိလို့လား ဆိုတဲ့ စကားကိုလဲ မသုံးပါနဲ့ (မှန်ပါ့) မီးပွတ်တာ နည်းနေသေးလို့ မထွက်သေး တာ သာလျှင် ဧကန်ထားပါ (မှန်ပါ့)။

ဒကာကြီးလှိုင် ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) အဲ- ဒွိဟိတ်တို့ အဟိတ်တို့ ကျတော့လဲ ဘယ်ထွက် နိုင်ပါ့ မတုံးပေါ့ဗျာ ဒီမှာတော့ ဒကာ ဒကာမတွေက ဝိပဿနာဉာဏ်နဲ့ နားလည်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတော့ ဒါတွေ တိဟိတ်တွေက ပုံပြီး သကာလ နေတော့ တိဟိတ်ပင် ဖြစ်ငြား သော်လဲ ကိုပေါ်၊ ကိုဝတို့က မှတ်၊ မပွတ်တိုက်လို့ ရှိရင် မီးမထွက်ဘူး (မှန်ပါ့) သဘောပါသလား (ပါပါပြီ)။

ငါ-တိဟိတ်ပဲဆိုပြီး အိပ်နေလို့ကော – (မရပါဘုရား) – မရနိုင်ဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် ဟန်ကလေး ပန်ကလေးနဲ့ တစ်ချီတစ်ပွဲ တော့ဖြင့် မနေပဲနဲ့ ဟန်ပန်တွေ အကုန်သိမ်းပြီး သကာလ မီးထွက် အောင် တိုက်မဟဲ့ ဆိုတဲ့ ဝီရိယ အဓိပတိထား၊ ဆန္ဒ အဓိပတိ ထားရင် ရပါလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာအဓိပတိထားရမလဲ (ဝီရိယနဲ့ ဆန္ဒ အဓိပတိ ထားရပါမယ် ဘုရား)။

ဝီရိယနဲ့ ဆန္ဒပြင်းပြပေးပါ

ဝီရိယနဲ့ ဆန္ဒ၊ ဆန္ဒကလဲ နိဗ္ဗာန်တည်း ဟူသော မီးကို မ ထွက် ထွက်အောင်၊ မရ-ရအောင် လုပ်မဟ ဆိုတဲ့ ဆန္ဒပြင်းပြ လို့ရှိရင်လဲ ဆန္ဒိဒ္ဓိပ္ပာဒ် သွားဖြစ်တယ် (မှန်ပါ့) သဘောကျ ပလား- (ကျပါပြီ ဘုရား)။

အဲဒီကဲ့သို့ ဆန္ဒိဒ္ဓိပ္ပာဒ် ဖြစ်သွား ပြန်တော့လဲတဲ့ ဝီရိယက လဲ ဝီရိယ အဓိပတိဖြစ်လို့ ဟိုကလဲ ဣဒ္ဓိပ္ပာဒ် ဖြစ်သွားတဲ့ အခါကျတော့ ဒကာ ဒကာမတို့ မှတ်လိုက်တာပေါ့ မရ မရှိပါဘူး ဆိုတာ ပေါ်လာ ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်သည် ဘယ်ကာလမှာ ရှိပါလိမ့် (ဘယ် ကာလမှာမှ မရှိပါဘုရား) ဘယ်ကာလမှာမှ မရှိဘူး။

နို့ မရှိဘူးလားဆိုတော့ (ရှိပါတယ်ဘုရား)။

ဘယ်လိုပုဂ္ဂိုလ်မှာ ရှိပါလိမ့်မလဲ ဆိုတော့ ခန္ဓာနဲ့ ဉာဏ်နဲ့ များများတိုက်တဲ့ ပုဂ္ဂိုလ်မှာ ရှိတာပဲ (မှန်ပါ့) ခန္ဓာနဲ့ ဉာဏ်နဲ့ များများ မတိုက်တဲ့ ပုဂ္ဂိုလ်မှာ (မရှိပါဘုရား) မရှိဘူးတဲ့။

ဒါဖြင့် သားရေး သမီးရေး၊ စီးပွားရေး အရေးကြီးနေတဲ့ ပုဂ္ဂိုလ်ကျတော့ ကိုယ့်ခန္ဓာ ဉာဏ်နဲ့မှ မတိုက်တော့ဘဲ (မှန်ပါ့) သားသမီး ခန္ဓာနဲ့သာ ကိုယ့်တဏှာတွေနဲ့ သွားတိုက်တယ် (မှန်ပါ့) ကိုယ့် ဒေါသနဲ့ သွားတိုက်တယ် (မှန်ပါ) မဟုတ်လား (မှန်ပါ့)။

အဲဒီတော့ ခန္ဓာဉာဏ်နဲ့ ဟုတ်သေးရဲ့လား (မဟုတ် ပါဘုရား)။

စီးပွားရေး သမားတွေ အလုံးစုံ အကုန် လောဘ၊ ဒေါသ တွေနဲ့နေတ ဲ့ပုဂ္ဂိုလ်ကျတော့ သားရေး သမီးရေး၊ စီးပွားရေးနဲ့သာ တဏှာနဲ့ သွားတိုက်။ ဒေါသနဲ့ သွားတိုက်၊ သားအာရုံနဲ့ ဒေါသနဲ့ သမီး အာရုံနဲ့ ဒေါသနဲ့ သွားတိုက်လို့ ဘယ်နိဗ္ဗာန် ထွက်လိမ့်မတုံး (မှန်ပါ့)။

ကိုပေါ် ထွက်ပါ့မလား (မထွက်ရပါဘုရား) ကဲ ဦးဘကလေး ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန် ရှိသလား၊ မရှိဘူးလား ဒကာ ဒကာမတို့ (ရှိပါတယ် ဘုရား) ဘယ်လို ပုဂ္ဂိုလ် ရှိပါလိမ့်မတုန်း (ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်တဲ့ ပုဂ္ဂိုလ် ရှိပါတယ် ဘုရား)။

ဥဒယဗ္ဗယဉာဏ်

အဲ သေချာသွားပြီ၊ ခန္ဓာနဲ့ဉာဏ်နဲ့ တိုက်တဲ့ပုဂ္ဂိုလ်မှာ ဖြင့် မီးနဲ့တူတဲ့ နိဗ္ဗာန်သည် ဧကန် ထွက်လာ ပါလိမ့်မယ် ဆိုတာ လုပ်ပါ (မှန်ပါ့) ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ပါများတော့ ကြည့်စမ်း ပါလားတဲ့ ပထမ ဖြစ်ပျက်ဆိုတော့ ဥဒယဗ္ဗယနဲ့ ဉာဏ်နဲ့ သွားတိုက်တယ် (မှန်ပါ) မတိုက်ဘူးလား (တိုက်ပါတယ် ဘုရား)။

တော်တော်ကြာ ကျလို့ ရှိရင်ဖြင့် ရှုဖန်များ လာတော့ အင်း ဖြစ်ပျက်တောင် မဟုတ်တော့ဘူး၊ အပျက်နဲ့ ဉာဏ်နဲ့ သွား တိုက်တယ် (မှန်ပါ့) ရင့်မလာဘူးလား (ရင့်ပါတယ် ဘုရား)။

ဥဒယဗ္ဗယ၊ ဘင်္ဂ၊ နောက်ကျတော့ ဒီဖြစ်ပျက်တွေက ဘေးထင်ပြီး သကာလ ဉာဏ်နဲ့ မတိုက်ဘူးလား (တိုက်မိပါ တယ် ဘုရား)။

ဒီလို အစဉ်အတိုင်း တက်သွားတော့ကွာ တဲ့ တိုက်ပါ များတော့ နောက်ကျတော့ အာဒိနဝ ဆိုတဲ့ ဒီဖြစ်ပျက်တွေဟာ ကိုယ့်အပြစ် သင့်နေတာပဲ ဆိုပြီးတော့ ဉာဏ်နဲ့ သွားသွား မတိုက် ဘူးလား (တိုက်ပါတယ် ဘုရား) အဲဒါ အာဒီနဝဉာဏ်နဲ့လဲ ခန္ဓာနဲ့ပဲ သွားတိုက်တာပဲ (မှန်ပါ့) မတိုက်ဘူးလား (တိုက်ပါတယ် ဘုရား)။

နိဗ္ဗိန္ဒဉာဏ်

အင်း နောက်ကျတော့ နိဗ္ဗိန္ဒဉာဏ် ဆိုတော့ ဒီဖြစ် ပျက်တွေကို ဒီဉာဏ်နဲ့ သွားတိုက်တာပဲတဲ့၊ ငြီးငွေ့တဲ့ ဉာဏ်နဲ့ သွား တိုက်တယ် (မှန်ပါ့) မတိုက်ဘူးလား (တိုက်ပါတယ် ဘုရား)။

အဲ ဒီကျလာလို့ရှိရင် ဒကာ ဒကာမတွေက မပေါ့နဲ့ တော့၊ ဗလဝ အားကြီးတဲ့ ဝိပဿနာဖြစ်ပြီ (မှန်ပါ့)။

ဘယ်လိုဆိုကြမယ် (ဗလဝဝိပဿနာ ဖြစ်ပါပြီ ဘုရား)။

ဗလဝိပဿနာ ဆိုတာ မှတ်လိုက်စမ်းပါ ဝိပဿနာမှာဖြင့် ရင့်ကျက်ပြီဟေ့ မီးထွက်ဖို့ ကပ်နေပြီ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ငြီးငွေ့လာရင်မီးထွက်ဖို့နီးပြီ

ငြီးငွေ့လာလို့ရှိရင်ဖြင့် (မီးထွက်ဖို့ နီးပါပြီ) နိဗ္ဗာန် တည်းဟူသော မီးထွက်ဖို့ (ကပ်နေပါပြီ ဘုရား)။

အေး နိဗ္ဗာန်တည်း ဟူသော မီးထွက်ဖို့ဟာ အနီးက လေးကျန်တော့တယ် ဆိုပြီး ဒကာ ဒကာမတွေ နောက်မဆုတ် လိုက်ပါနဲ့ (မှန်ပါ့) ဖြစ်ပျက်တွေများ မုန်းနေတဲ့ အချိန်ကျရင် မောင်နိုင် နောက်ဆုတ် လိုက်လို့ တော်ပါ့မလား (မတော် ပါ ဘုရား) မီးထွက်ဖို့ ဘယ့်နှယ် နေသလဲ (နီးပါပြီ ဘုရား)။

နိဗ္ဗာန်တည်း ဟူသော မီးထွက်ဖို့ (နီးပါပြီဘုရား) နီးပြီဆိုတာ သေသေချာချာ လုပ်ပါနော် (မှန်ပါ့)။

အဲဒီတော့ နိဗ္ဗာန် တစ်စတစ်စလို့ လုပ်တဲ့ ပုဂ္ဂိုလ်က ခုနင်က ဆန္ဒ ဝီရိယ လျော့တဲ့ ပုဂ္ဂိုလ်ဆီ ရောက်တယ် – (မှန်ပါ့) ပြင်းပြင်းထန်ထန် လုပ်လိုက်မယ် ဆိုလို့ရှိရင် မောင်နိုင် မရပေဘူးလား (ရပါတယ် ဘုရား)။

အေး ဒါကြောင့် အို ကျုပ်တို့တော့ဖြင့် တဖြည်းဖြည်းတော့ဖြင့် ရအောင် လုပ်ရမှာပဲ ဆိုတဲ့ ဥစ္စာကို မီးတိုက်တာ ဝါးနှစ်လုံး တိုက်နေတဲ့ ဥစ္စာ ဦးဘရှင်းရေ ခပ်အေးအေး တယောထိုး သလို တိုက်နေလို့ မဖြစ်ဘူး (မှန်ပါ့) သဘောပါ ပလား (ပါပါပြီဘုရား)။

ခပ်ပြင်းပြင်း တိုက်ရင် ခပ်ပြင်းပြင်း ထွက်လာမယ်ဆို တာ မသေချာဘူးလား (သေချာပါတယ်) အေး ဒါတွေ ရှင်းကြပလား (ရှင်းပါပြီဘုရား)။

ကိုင်း ဒါဖြင့် မီးပူ- ပူပူလာတဲ့ ဥစ္စာ မောင်နိုင် ပထမဖြစ်ပျက်နဲ့ မဂ်နဲ့ တိုက်လို့ ဥဒယဗ္ဗယ ဉာဏ်ကိုပဲ တက်လာ တယ် (မှန်ပါ့) နောက်တခါ တိုက်ပါ များတော့ ဘင်္ဂ အပျက် တွေချည်း မြင်တဲ့ ဉာဏ်နဲ့ကော – (တိုက်ပါတယ်) ဒါ မီးပူလာတာ လား၊ မပူတာလား (ပူလာပါတယ် ဘုရား)။

ခုနင်က ဥဒယဗ္ဗယထက် ဘင်္ဂက ပူလာတယ် (မှန်ပါ့) ဘင်္ဂထက် ဘယကကော (ပူပါတယ် ဘုရား) ဘယ ထက် အာဒီနဝကကော (ပူပါတယ်) အာဒီနဝထက် နိဗ္ဗိန္ဒကကော (ပူပါတယ် ဘုရား)။

ကဲ နိဗ္ဗိန္ဒ ပြီးတော့ မဂ်လာတော့မှာပဲ ဆိုတော့ အပူ အ စွမ်းကုန်လို့ ရှိရင် တောက်ရုံပဲ ရှိတော့တယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ)။

မဂ်ဉာဏ်

နိဗ္ဗိန္ဒဉာဏ်ပြီးတော့ ဘာဉာဏ်တံမတုံး (မဂ်ဉာဏ်လာပါမယ်) မဂ်ဉာဏ်ပဲ လာပါတယ် ဒီကြားဟာ တွေက ကျော်လိုက်ပါတော့တဲ့၊ ဒါ နိဗ္ဗိန္ဒ ထဲ အကုန်ဝင်လာ တာတွေ၊ (မှန်ပါ့)။

ဒကာကြီးလှိုင် ရိပ်မိပြီလား (ရိပ်မိပါပြီဘုရား) သဘောပါကျပလား (ပါပါပြီဘုရား)။

အင်မတန် အဖိုးတန်တဲ့ နေ့ကလေးပါကလားဆိုတဲ့ ဥစ္စာ ကိုပေါ်တို့၊ ကိုဝတို့ နော် (မှန်ပါ့)။

ဆုတောင်းသမားတို့၏ အလုပ် မဟုတ်ဘူး၊ စာကြည့် ပြီးအပြောသမားတို့၏ (အလုပ်မဟုတ်ပါ ဘုရား)။

အလုပ် မဟုတ်ဘူး ဆိုတာကော ဒကာ ဒကာမတို့ အခု မိလိန္ဒမင်းကြီးနဲ့ ရှင်နာဂသိန် အမေးအဖြေ ထောက်လိုက် သဖြင့် ပဲ အရှင်းကြီး ရှင်းသွားပါပြီ မရှင်းသေး ဘူးလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ဟေ့ ဝိပဿနာ ကြိုးစားကြ၊ ကြိုးစားကြ ကြပ်ကြပ်ရှုကြပါ။ ကြပ်ကြပ် မှတ်ကြပါ ဆိုတာကို ကိုဝ တိုက်တွန်းသင့်၊ မတိုက်တွန်းသင့် (တိုက်တွန်းသင့်ပါတယ်)

အဲဒီတော့ကို ခပ်နှေးနှေးနဲ့ ခပ်ပျင်းပျင်း လုပ်နေလို့ရှိရင် မီးဟာ နှေးနှေးမှပဲ ထွက်မှာပဲ(မှန်ပါ့)။

ခပ်သုတ်သုတ်ကလေး လုပ်ကြမယ်ဆိုလို့ရှိရင်တဲ့ (ခပ် သုတ်သုတ် မီးထွက်ပါမယ်ဘုရား)။

ခပ်သုတ်သုတ် မီးထွက်လာမှာပဲ မီးနဲ့တူတဲ့ နိဗ္ဗာန်ထွက် လာလိမ့်မယ်ဆိုတာ ငြင်းစရာ လိုသေး သလား (မလိုပါဘုရား) သေချာပလား (သေချာပါပြီ)။

နာမရူပပရိစ္ဆေဒကျမ်း

အဲဒီမှာ မိလိန္ဒပဥှာကို အကိုးအကားထားပြီး သီဟိုဠ် ကျွန်းကပြုတဲ့ နာမရူပ ပရိစ္ဆေဒ ကျမ်း ဆိုတာ ရှိတယ်။ သင်္ဂြိုဟ် ဆရာရေးတဲ့ ကျမ်းပါပဲ (မှန်ပါ့) သူက ဘယ်လိုရေးလိုက်သ တုံး ဆိုတော့။

“ပရိပက္ကာကမေနေဝံ တဲ့ ပရိဘာဝိတ ဘာဝနာ”

ပရိပက္ကာကမေနေဝံ တဲ့ အစဉ်အတိုင်းသာ တိုက် သွားစမ်းပါကွာ တဲ့၊ ဝါးကို ဒီနေရာ ကလေး ချည့် အစဉ် အတိုင်း တိုက်တိုက် သွားစမ်းပါ။ ထပ်ထပ် ထပ်ထပ် တိုက် သွားစမ်းပါ ဆိုတာပဲနော် (မှန်ပါ့)။

နောက်ကျတော့ ဘယ့်နှယ်ဖြစ်မလဲ “ပရိစ္စဇန္တီ သင်္ခါရေ” တဲ့

“ပရိစ္စဇန္တီ သင်္ခါရေ” ဆိုတာ ဉာဏ်က နောက်ကျတော့ကွာ တဲ့၊ ဖြစ်ပျက်ကိုပဲ၊ အစကတော့ ဖြစ်ပျက်နဲ့ မဂ်နဲ့ချည့် တိုက်နေတာပဲ။ နောက်ကျတော့ ဉာဏ်က ဖြစ်ပျက်နဲ့ မတိုက်တော့ဘူး ဟေ့ ပရိစ္စဇန္တီ သင်္ခါရေ= သင်္ခါရတရား စွန့်သွားတယ် တဲ့။ ဖြစ်ပျက် စွန့်တယ် (မှန်ပါ့)။

ပက္ခန္ဒတိ အသင်္ခတေ- အသင်္ခတ ဆိုတဲ့ ဘက်ကို တစ်ခါတည်း ဉာဏ်က ပြေးသွားတယ် – (မှန်ပါ့)။

ပထမတော့ သင်္ခတဖြစ်ပျက်နဲ့ မဂ်နဲ့ တိုက်နေတာပဲ (မှန်ပါ့ဘုရား)။

နောက်ကျတော့ မောင်နိုင် ဒီဉာဏ်က ဘယ်ဘက်ပြေး သွားသတုံး (အသင်္ခတဘက် ပြေးသွားပါတယ် ဘုရား)။

အသင်္ခတဘက် ပြေးသွားတယ် ဒကာ ဒကာမတို့ ပထမ သင်္ခတ အနိစ္စနဲ့ ဉာဏ်နဲ့ ကိုဝ တိုက်နေတယ် (မှန်ပါ့)။

နောက် တိုက်ပါများတော့ ဒီဉာဏ်က ဘယ်ဘက်ပြေး သလဲ (အသင်္ခတဘက် ပြေးပါတယ်)။

အဲဒါကြောင့် – “ပရိပက္ကာကမေနေဝံ၊ ပရိဘာဝိတ ဘာဝနာ” တဲ့ ပရိဘာဝိတ ဘာဝနာဆိုတာ ကြပ်ကြပ် ကလေးကို ပွားပေးစမ်းပါကွာ တဲ့၊ သဘောကျပလား (ကျပါပြီ)။

အစဉ်အတိုင်း ဉာဏ်တွေ တက်လာ ပါလိမ့်မယ်တဲ့ နော် (မှန်ပါ့ဘုရား)။

ခင်ဗျားတို့က ဉာဏ်တက်ပေးလို့လဲ မရဘူး၊ ဆရာက ဉာဏ်တက်ပေးလို့လဲ မရဘူး (မှန်ပါ့)။

ဉာဏ်ဆိုတာမျိုးဟာက အစဉ်အတိုင်း သူ့ဟာသူ ဝိပဿနာဉာဏ် ဆိုတာက မောင်နိုင် ဖြစ်ပျက်နဲ့ မဂ်နဲ့ တစ်ခါ တည်း ဉာဏ်မြင်များလို့ အမြင် ပြောင်းသွားတာ (မှန်ပါ့)။

သူ့ကို ဆရာက တက်ပေးလို့ ရရဲ့လား (မရပါဘုရား)။

ကိုယ့်ဟာကို တိုက်ပါများတာနဲ့ ဘာဖြစ်သွားသလဲ (တိုက်ပါများရင် ပြောင်းသွားပါတယ်)။

ပြောင်းပုံကလေးက ဘာတဲ့ (အမြင်ပြောင်းပါတယ်) ပထမ ဖြစ်ပျက်မြင်တယ်၊ နောက် အပျက် ချည့်မြင်တယ် (မှန်ပါ့ ဘုရား)။

အမြင်ဘယ့်နှယ် နေကြသလဲ (ပြောင်းသွားပါတယ် ဘုရား)။

အေး ဒါကြောင့် အဲဒါ အကြောင်းရင်း ခံပြီး နာမ ရူပပရိစ္ဆေဒကျမ်းက “ပရိပက္ကာကမေနေဝံ၊” ရင့်ကျက်တဲ့ အစဉ်ရှိ သဟေ့ တဲ့ (မှန်ပါ့)။

ဧဝံ- ဤသို့၊ ကမေန- အစဉ်သဖြင့် ပရိပဏ္ဏာ- ရင့်ကျက်ခြင်းသည်၊ ဟောတိ – ဖြစ်၏။ အစဉ်အတိုင်း ရင့်ကျက် သတဲ့။ သဘောပါပလား (ပါ-ပါပြီ)။

ပထမ ဖြစ်ပျက်နဲ့ တိုက်တယ်။ နောက်ကျတော့ အပျက်နဲ့ လာတိုက်တယ်။ အပျက်နဲ့ မဂ်နဲ့ မတိုက်ဘူးလား (တိုက်ပါ တယ် ဘုရား)။

ဥဒယဗ္ဗယ ဘင်္ဂ နောက် ခုနင်က ဖြစ်ပျက်နဲ့ပဲ ခန္ဓာ ဖြစ်ပျက်ကိုပဲ ဘေးထင်တဲ့ ဉာဏ်နဲ့ သွား မတိုက်ဘူးလား (တိုက်ပါတယ် ဘုရား)။

ဒီလို အစဉ်အတိုင်း တိုက်သွားတာပဲကွာ တဲ့၊ ပေါ်ကြ ပလား (ပေါ်ပါပြီ)။

အဲဒီတော့ ဘယ်လိုတုံး မေးတဲ့အခါ ကျတော့ “ပရိဘာဝိတ ဘာဝနာ” တဲ့၊ မင်းတို့ ပွားသာ ပေးတဲ့၊ မင်းတို့က ဘယ်ဉာဏ် ရောက်ရပါလို၏။ ဘယ်ဉာဏ် ရောက်ရပါလို၏ ဆိုတာ မင်းတို့ တာဝန် မဟုတ်ဘူးတဲ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဘယ်ဉာဏ် ရောက်ရပါလို၏၊ ဘယ်ဉာဏ် ရောက်ရပါ လို၏ ဆိုတာ ယောဂီ ပုဂ္ဂိုလ်၏ တာဝန် မဟုတ်ပါဘူး တဲ့ (မှန်ပါ့ဘုရား)။

ယောဂီပုဂ္ဂိုလ် အလုပ်က ဒီဝါးနှစ်လုံး တိုက်တဲ့ ဥစ္စာနည်း နည်း ပူရာက အလတ်စား ပူဖို့၊ အလတ်စားက နေပြီး အထက်စား ပူဖို့၊ ဒါ တိုက်တဲ့ အလုပ်က ကိုယ့်တာဝန်၊ ပူဖို့ အလုပ်က ဝါးနှစ်လုံး၏ တာဝန် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

အဲဒီလို မှတ်ပြီး သကာလ ထားလိုက်တော့မှ ဪ ဝိပဿနာ အလုပ် သည်ကားလို့ ဆိုရင် ဖြစ်ပျက်နဲ့ မဂ်နဲ့ တိုက်နေ ဖို့ အလုပ် တစ်ခုဟာ ဒို့တာဝန်ပဲ၊ ဉာဏ်စဉ် တက်တာ ကတော့ဖြင့် တိုက်ပါ များလို့ အမြင်ပြောင်း တာပဲ (မှန်ပါ့) မှတ်မိကြပလား (မှတ်မိပါပြီ)။

အမြင်ပြောင်းတာကိုဉာဏ်တက်တယ်ခေါ်တယ်

တိုက်ပါများလို့ (အမြင်ပြောင်းတာပါ ဘုရား) အမြင် ပြောင်းတာကို ဉာဏ်တက်တယ် ခေါ်တာ (မှန်ပါ့) ရှင်းကြ ပလား (ရှင်းပါပြီ)။

အမြင်ပြောင်းတာကို (ဉာဏ်တက်တယ် ခေါ်ပါ တယ် ဘုရား)။

ဉာဏ်တက်တယ်လို့ ခေါ်တယ် ဆိုတော့ဖြင့် သြော် ငါ ဘယ်ဉာဏ် ရောက်ပြီ ငါ ဘယ်ဉာဏ် ရောက်ပြီလို့ ဆရာက လဲ မပြောနိုင်ဘူး သဘောကျပလား (ကျပါပြီ) အလုပ်က ပြောသွားမယ် (မှန်ပါ့)။

ကိုဝ ဘယ်သူက ပြောမတုံး (အလုပ်က ပြောပါ တယ်ဘုရား)။

တိုက်ပါများတာနဲ့ အလုပ်ကပြောသွားတာပဲ (မှန်ပါ့ဘုရား)။

ဦးဘကလေး ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် “ပရိပက္ခာကမေနေဝံ၊ ပရိဘာဝိတ ဘာဝနာ” တဲ့၊ ခင်ဗျားတို့ တာဝန်ကဖြင့် ဖြစ်ပျက်နဲ့ မဂ်နဲ့ ပွားစေ ဖို့ပါပဲတဲ့ (မှန်ပါ့)။

သူ့ဟာသူ အစဉ်အတိုင်း အမြင်ပြောင်းပါလိမ့်မယ် (မှန်ပါ့ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

နောက်ကျတော့ အမြင်ပြောင်းသွားတော့ ဘယ်လိုဖြစ် မလဲလို့ မေးတဲ့ အခါကျတော့ သင်္ခါရတွေ မမြင်ဘဲနဲ့ သင်္ခါရ မရှိတဲ့ ဘက်ကို မြင်လိမ့်ဦးမယ်ကွတဲ့။

မောင်နိုင် သင်္ခါရမမြင်ဘဲနဲ့ (သင်္ခါရ မရှိတဲ့ဘက် မြင်ပါလိမ့်မယ် ဘုရား)။

အဲ ခုနင်က ဥဒယဗ္ဗယ၊ ဘင်္ဂ၊ ဘယ ဆိုတဲ့ ရုပ်နာမ် ဓမ္မတွေကို မမြင်ဘဲနဲ့ ရုပ်နာမ် ဓမ္မတွေ မရှိတဲ့ နိဗ္ဗာန် သွားမြင် မှာပဲတဲ့ (မှန်ပါ့) တိုက်ပါများဖို့ပဲ အရေးကြီးပါတယ် – (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ရှုပါများဖို့ပဲ (အရေးကြီးပါ – တယ်ဘုရား)။

အရေးကြီးတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီဘုရား) အဲဒီတော့ အင်မတန် ဒကာ ဒကာမတွေ ကံထူး၊ ဘုန်းထူး လို့ ကိုဝ ကြားရတာနော် (မှန်ပါ့)။

နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ မိဘရိုးရာနဲ့များ ဆိုနေကြ ဦးမယ်ဆိုလို့ ရှိရင်ဖြင့် ဘာကလေးလှူလဲ နိဗ္ဗာန်ရ- ရပါလို၏။ ဘာ ကလေးတန်းလဲ နိဗ္ဗာန်ရ- ရပါလို၏၊ ဒါနဲ့သာ ခေါင်းထဲ ဝင်သွားတာပဲ (မှန်ပါ့) ဦးဘရှင်း ရှေးက ပုဂ္ဂိုလ်တွေ များသော အားဖြင့် (ဒီအတိုင်းပါ ဘုရား) ဒီအတိုင်း ဒါနဲ့ပဲ ခေါင်းထဲ ဝင်သွားကြတာပဲ ကိုဝတို့ ဒါ ဘုန်းကြီးက စကားကြီး ပြောတာ မဟုတ် ပါဘူး (မှန်ပါ့ ဘုရား) ဒီ ပွတ်တိုက် နေတဲ့ ပုဂ္ဂိုလ်ဟာ ကိုဝ ရှားမှ ရှားလိမ့်မယ် (ရှားပါတယ် ဘုရား)။

ဒါဖြင့် အဲဒီပုဂ္ဂိုလ်တွေ အခု ဘယ်လိုများ နေရှာပါလိမ့် မတုန်း၊ နိဗ္ဗာန် ရောက်နေ လေရော့လား သူတို့ လုပ်သွား တာတွေ နည်းတာတွေ မဟုတ်ဘူး၊ အို အလုပ်စစ် ပါမသွား သေးဘူး ပြောတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) အလုပ်စစ်ဖြင့် (ပါမသွားသေးပါ ဘုရား)။

မပါသေပါဘူး ဆိုတဲ့ဥစ္စာသည် ဝေးသော အကြောင်းသာ ပါသွား၍ နီးသော အကြောင်းက (မပါပါ ဘုရား)။

မပါသေးတော့ နောက်ဘဝကျတော့လဲ ကိုဝ ဝေး သော အကြောင်းက သူ့စမှာပဲ (မှန်ပါ့)။

အဲဒီတော့ ငါလုပ်နေတာ ကြာလှပြီ မရသေးဘူးလို့ ညည်းလုံးတွေ ဒကာ ဒကာမတို့ အားလျှော့လုံးတွေ ဆုတ်နစ်တဲ့ အသံတွေ မထုတ်လိုက်ပါနဲ့ (မှန်ပါ့)။

မီးထွက်ချိန် မရောက်သေးလို့ ဒကာကြီးလှိုင် ဘာဖြစ် တာတုန်း (မရသေးတာပါ) မထွက်သေးတာ၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

အဲ ဒီအတိုင်း မှတ်လို့ရှိရင်ဖြင့် မလုပ်သေးတဲ့ ဒကာ ဒကာမတွေလဲ ကြိုးစား လိုက်စမ်းပါ (မှန်ပါ့) လုပ်ပြီးသား ဒကာ ဒကာမတွေလဲ တက်နိုင်အောင် ကြိုးစားပေါ့ (မှန်ပါ့ ဘုရား) မကြိုးစား ရပေဘူးလား – (ကြိုးစား ရပါမယ်) ကြိုးစားရ မှာပဲဆိုတာ သေချာပလား (သေချာပါပြီ)။

အစဉ်အတိုင်းဘယ်လိုလုပ်ရမှာလဲ

ဒါကြောင့် နာမရူပ ပရိစ္ဆေဒကျမ်းမှာတဲ့ ဒကာ ဒကာမတို့ ပရိပက္ကာ ကမေနေဝံ ဆိုတာ အစဉ်အတိုင်း သာ လုပ်ပါ။

အစဉ်အတိုင်း ဘယ်လို လုပ်ရမလဲ ပရိဘာဝိတ ဘာဝနာ ပွားသာ ပွားဟေ့ တဲ့၊ အစဉ်အတိုင်း ဆိုတာ ဒါပါပဲတဲ့။

ပွားတော့ ဘာဖြစ်မှာတုန်းဆိုတော့ ပရိစ္စန္တီ သင်္ခါရေတဲ့၊ သင်္ခါရတရားတွေ စွန့်ပစ်ပါတယ်ကွ တဲ့။

“ပက္ခန္ဒတိ အသင်္ခတေ” တဲ့၊ အဲဒီ မင်းရှုနေတဲ့ ဉာဏ် က နိဗ္ဗာန်ဘက် ပြေးသွားတာပဲကွတဲ့၊ သဘောကျ ပလား (ကျပါပြီဘုရား)။

အဲဒါ နာမရူပ ပရိစ္ဆေဒကျမ်းမှာ လာတယ်နော် (မှန်ပါဘုရား)။

အဲဒီတော့ ဒါဖြင့် တပည့်တော်တို့ ဘယ်ဟာ ရှေ့ထား ပြီး ဘယ်ဟာ နောက်ထား ရမှာတုန်းလို့ မေးတဲ့ အခါကျတော့မှ သူက တစ်ခါ ဘယ်ကနေ ကူးပြီး ရေးပြန် သတုန်း ဆိုတော့မှ ဒကာ ဒကာမတို့ မဟာဝဂ္ဂ သံယုတ်ပါဠိတော်က ဟာကို သူက ဂါထာစီ ပြီး သကာလ ထားတယ်၊ စင်စစ်တော့ မဟာဝဂ္ဂ သံယုတ်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတာနော် (မှန်ပါ့)။

ဘယ်လို ဟောသတုန်း ဆိုလို့ ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမ တို့ နေထွက်တော့မယ် ဆိုတဲ့ နိမိတ်ဟာ ဘာမြင်သဖြင့် သိရပါ လိမ့်မတုန်း ဆိုတော့ အရုဏ်တက်တာ မြင်သဖြင့် သိရတယ် (မှန်ပါ့ ဘုရား)။

နေထွက်တော့မယ် ဆိုတဲ့ ပုဗ္ဗနိမိတ်ဟာ ဘာပါလိမ့် (အရုဏ် တက်ပါတယ်) အရုဏ် တက်တယ်။

အရုဏ် တတ်တော့ နီလာတယ်။ အရုဏ်တွေ နီလာပြီ ဆိုမှဖြင့် ကိုဝရေ ဘာဖြစ်မလို့ ထင်သတုန်း (နေထွက်တော့မလို့ပါ ဘုရား)။

ဪ နေထွက်မည့် ပုဗ္ဗနိမိတ်သည် အရုဏ်တက် ကပြပါကလား (မှန်ပါ့)။

နေထွက်မည့် ပုဗ္ဗနိမိတ်သည် (အရုဏ်တက်က ပြပါတယ် ဘုရား)။

အရုဏ်တက်တဲ့ နေ့ဟာဖြင့် နေထွက်တော့မှာပဲ ဆိုတာ ဘယ်သူ့ မေးစရာ လိုသေးသလား (မလိုပါ ဘုရား)။

အဲဒီ အတိုင်းပါပဲကွာ တဲ့။

“ဥဂ္ဂစ္ဆတိ ယထာဒိစ္စာ၊ ပုရေက္ခိတွာ ရုဏံတထာ”

ဝိပဿနာရှုနေရင် အရုဏ်တက်တာပဲ

အဲ နေထွက်တော့မယ် ဆိုတော့ အရုဏ်တက်တာ ဟာ ရှေ့သွား သလိုပဲတဲ့၊ ဝိပဿနံ ပုရက္ခိတွာ = ဝိပဿနာကို မင်းတို့ ရှုနေလို့ရှိရင် အရုဏ် တက်တာပဲကွတဲ့ (မှန်ပါ့)

ကိုဝ ဘာတဲ့ (အရုဏ် တက်တာပါတဲ့ ဘုရား) ဟို-မဂ် တည်းဟူသော နေထွက်တော့မယ် (မှန်ပါ့) နိဗ္ဗာန်တည်းဟူသော အရုဏ် ပေါ်တော့မလို့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

“ဥဂ္ဂစ္ဆတိ ယထာဒိစ္စာ၊ ပုရက္ခိတွာ ရုဏံတထာ၊ ဝိပဿနံ ပုရေက္ခိတွာ” ဝိပဿနာကို ရှေ့သွားလေး လုပ်ပေးစမ်းပါကွာ တဲ့ သဘောကျပလား (ကျပါပြီ)။

ဝိပဿနာ ရှေ့သွား လုပ်ပါပြီတဲ့ တပည့်တော်တို့ နေ့တိုင်း ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်အောင် ရှုနေတာပဲလို့ ဦးဘရှင်းကပဲ ပြောပြော၊ အားလုံး တရားနာတဲ့ ဒကာ ဒကာမတွေက တပည့် တော်တို့လဲ လုပ်နေတာပါ ဘုရား၊ ဝိပဿနာ ရှေ့ထားပြီး လုပ် တာပါပဲ၊ သဘောကျပလား (ကျပါပြီ) ဝိပဿနာရှေ့ ထားပြီးသာ လုပ်ပါတဲ့။

ဒကာ ဒကာမတို့ ဘာကို ရှေ့ထားလုပ်ရမလဲ (ဝိပ ဿနာ ရှေ့ထား လုပ်ရပါမယ် ဘုရား)။

ဝိပဿနာဟာ ရှေ့ထားပြီး သကာလ လုပ်ပါတဲ့၊ ကဲ ဒါဖြင့်၊

“ဥဂ္ဂစ္ဆတိ ယထာဒိစ္စာ၊ ပုရက္ခိတွာ ရုဏံတထာ။

ဝိပဿနံ ပုရေက္ခိတွာ၊ မဂ္ဂဓမ္မော ပဝတ္တတိ။”

ဝိပဿနာရှေ့ထားလုပ်ရင် မဂ်ဉာဏ်လာမယ်

ကွာ မင်း၊ ဝိပဿနာ ရှေ့ထားလုပ်လို့ ရှိရင် မဂ်ဉာဏ် သေသေချာချာ လာမယ်ကွာ တဲ့ (မှန်ပါ့) ငါ ဒီပြင်ဟာ မပြောလိုဘူးတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အရုဏ်တက်တဲ့ အလုပ်ရှိလို့ ရှိရင်ဖြင့် နေထွက်တဲ့ အလုပ် နောက်က လိုက်မှာပဲ (မှန်ပါ့) ဒီမှာလဲ ဝိပဿနာ တည်း ဟူသော အရုဏ်တက်တဲ့ အလုပ်သာ လုပ်နေတဲ့ (မှန်ပါ) မဂ်ဉာဏ်တည်း ဟူသော နေဟာ မုချ ထွက်ပါလိမ့်မယ်လို့ တာဝန်ခံ ပါတယ် (မှန်ပါ့)။

ဒီဟာကတော့ မိလိန္ဒပဥှာ မဟုတ်ဘူးတဲ့၊ မဟာဝဂ္ဂ သံယုတ် ပါဠိတော်မှာ ဘုရား ကိုယ်တော်တိုင် ဟောတာ (မှန်ပါ့)။

အဲဒါကို နာမရူပ ပရိစ္ဆေဒ ကျမ်း ဆရာက သူက ကြည့်ပြီး ဂါထာစီထားလို့ ဘုန်းကြီးက ဒီဂါထာကလေးကို ပြောဆိုခြင်း ဖြစ်ပါတယ် (မှန်ပါ့) စင်စစ် ဘုရားဟောလို့ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

အရုဏ်တက်တာဟာ နောက်က ဒကာ ဒကာမတွေ ဘာဖြစ်ဖို့ပါလိမ့် (နေထွက်ဖို့ပါဘုရား)။

ဝိပဿနာရှေ့ထားရင် ဘာနေထွက်မယ်ထင်ကြသတုံး (မဂ်နေထွက်ပါမယ်) မဂ်ဉာဏ်တည်း ဟူသော နေဟာ တစ်ခါတည်း ထွက်လာမယ် ဆိုတဲ့ ဥစ္စာဖြင့် ကိုပေါ် – ကိုဝ သံသယ မရှိလိုက်ပါနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီး ဘုရား)။

ဒါဖြင့် သူ့အဓိပ္ပာယ်ကို ကျုပ်တို့က သေသေချာချာ ကြည့်တော့ နိဗ္ဗာန်ရချင် ဘယ်သူ့ ရှေ့ထားရမှာပါ လိမ့်မတုံး ဆိုတဲ့ အဓိပ္ပာယ် သူက ပါလာမယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ (ဝိပဿနာ ရှေ့ထားရပါမယ်) ဝိပဿ နာရှေ့ထားတဲ့ (မှန်ပါ့)။

ကိုဝ ဘာတဲ့တုန်း (ဝိပဿနာ ရှေ့ထားပါမယ် ဘုရား)။

ဝိပဿနံ ပုရေက္ခတွာ ကိုး၊ ဝိပဿနံ = ဝိပဿနာကို။ ပုရေက္ခတွာ ရှေ့သွားပြုမှ သာလျှင်၊ မဂ္ဂဓမ္မော = မဂ်ဉာဏ် သည်။ ပဝတ္တတိ = ဖြစ်၏၊ ဒကာ ဒကာမတို့ ဝိပဿနာ ရှေ့သွား ရှိမှ မဂ်ဉာဏ် လာတာတဲ့ (မှန်ပါ့)။

ဒါဖြင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်လိုချင်တဲ့ ပုဂ္ဂိုလ်အပေါင်း ဟာ အိပ်နေလို့မရဘူး (မရပါ ဘုရား) ဒီပြင် အလုပ်တွေ လျှောက်လုပ် နေလို့ရှိရင် ဝေးသော အကြောင်းတွေသာ ဖြစ်စရာ ရှိတယ် (မှန်ပါ့) သူ့ဝိပဿနာ ရှေ့သွားရှိမှ ရမယ် ဆိုတဲ့ဥစ္စာ ယနေ့ ဆုံးဖြတ်ချက် ချပေးလိုက်တယ် (မှန်ပါ့ဘုရား) ကိုပေါ် ရှင်းပြီ (မှန်ပါ့ဘုရား)။

နောက်က ဒကာ ဒကာမတွေ မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန် အာရုံပြုချင်ရင် ဘယ်သူ့ကို ရှေ့သွား လုပ်ရမလဲ (ဝိပဿနာ ရှေ့သွားလုပ်ရပါမယ် ဘုရား)။

ဝိပဿနာ ရှေ့သွားလုပ်ရမယ် ဆိုတော့ ဒီထဲမှာ အရွယ် ကြီးတွေလဲ ပါတယ်၊ အရွယ်လတ် တွေလဲ ပါတယ်၊ အရွယ်ငယ် တွေလဲပါပြီး နေတော့ အရွယ်ကို ဘုရားက မဆိုလို – (မှန်ပါ့) ဝိပဿနာ ရှေ့သွားရှိတဲ့ ပုဂ္ဂိုလ် မဂ်ဉာဏ် ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။

ငါတို့ကြီးပြီ မရဘူးလို့လဲ ဆုံးဖြတ်ချက် မချနဲ့၊ ဝိပဿနာ ရှေ့သွား ကလေးသာ လုပ်ပေး- (မှန်ပါ့) မဂ်ဉာဏ် ရမှာပဲဆိုတာ ဧကန်ပဲ (မှန်ပါ့) သဘောပါကြပလား (ပါပါတယ် ဘုရား)။

“ဝိပဿနံ ပုရေက္ခတွာ မဂ္ဂဓမ္မော ပဝတ္တတိ” ဒကာဒကာမ တို့ ဒီဥစ္စာက ဘုရားသခင် ကိုယ်တော်မြတ်ကြီး မဟာဝဂ ္ဂသံယုတ် ပါဠိတော်မှာ သေသေချာချာ ဟောသည် ဖြစ်လေ သောကြောင့် ဝိပဿနာသာ ရှေ့သွား ထားကြလို့ ရှိရင်ဖြင့် မင်းတို့ မဂ်မရဘူးလို့ ငါဘယ်တော့မှ မဟောဖူးဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဝိပဿနာ ရှေ့သွားရှိရင် မဂ်ဉာဏ် နောက်က လိုက်မှာပဲလား တဲ့ (မှန်ပါ့) မလိုက်ပါနဲ့ ဆိုလို့ (မရပါ) မရနိုင်ဘူး ဆိုတာကော ဒကာ ဒကာမတွေ လေးလေးစားစားကြီး သဘောကျပ လား (ကျပါပြီ)။

ကိုင်း ဒါဖြင့် ဒီဒကာ ဒကာမတွေမှာ အင်မတန်မှ အဖိုးတန်တဲ့ စကားနှစ်ခွန်းကို ယနေ့ ကြားရ ပါပြီ (မှန်ပါ့)။

နိဗ္ဗာန်ဟာ ကာလသုံးပါး ဘယ်ကာလပါလိမ့် (ဘယ်ကာလမှ မဟုတ်ပါဘူး)။

နို့ မရှိဘူးလား ရှိသ လား (ရှိပါတယ်ဘုရား) ဘယ်လို ပုဂ္ဂိုလ်ရှိပါလိမ့် (ခန္ဓာဉာဏ်နဲ့ တိုက်တဲ့ ပုဂ္ဂိုလ်မှာ ရှိပါတယ် ဘုရား)။

ခန္ဓာနဲ့ ဉာဏ်နဲ့တိုက်နေတဲ့ ပုဂ္ဂိုလ်မှာ ရှိတယ်၊ အလုပ်လုပ် တဲ့ ပုဂ္ဂိုလ်မှာ ရှိတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါ ပြီဘုရား)။

ခန္ဓာစွန့်ပြီးနိဗ္ဗာန်ဘက်ပြေးဝင်တယ်

လုပ်ပါများတော့ ခန္ဓာစွန့်ပြီး သကာလ နိဗ္ဗာန် ဘက်ကို ဉာဏ်ပြေးတယ်၊ ဒါကလေးလဲ မှတ်လိုက်စမ်းပါ (မှန်ပါ့) လုပ်ပါများ လာတော့ (ခန္ဓာစွန့်ပြီး နိဗ္ဗာန်ဘက် ဉာဏ်ပြေးပါ တယ်ဘုရား)။

ခန္ဓာစွန့်ပြီး သကာလ ဉာဏ်သည် အရင်တော့ ဉာဏ် သည် ခန္ဓာဘက်ချည့်လှည့်နေတယ် (မှန်ပါ့) နောက်လုပ် ပါများလာတော့ ဒီဉာဏ်က ခန္ဓာစွန့်ပြီးသကာလ ခန္ဓာမရှိတဲ့ နိဗ္ဗာန်ဘက် ပြေး ပါတယ် (မှန်ပါ့)။

ဒါ ပါဠိတော်ပဲ- သဘောပါကြပလား- (ပါပါတယ်) ခန္ဓာစွန့်ပြီး သကာလ ခန္ဓာမရှိတဲ့ နိဗ္ဗာန် ဘက်ကို (ပြေးပါတယ် ဘုရား) ပြေးတယ် ဆိုတာ သေချာပလား (သေချာပါပြီ) ရှင်း ပြီနော် (ရှင်းပါပြီ)။

အေး ဒါဖြင့် ဘာရှေ့သွားထားမှ ဘာရမယ် ဆိုတာ ကော တစ်ခါ နောက်ဆုံးဖြတ်ချက်ကလေး ကြည့်လိုက်ပါဦး – (ဝိပဿနာ ရှေ့သွားထားမှ နိဗ္ဗာန်ရမှာပါ ဘုရား)။

ဝိပဿနာမဂ် ရှေ့သွား ရှိမှ လောကုတ္တရာမဂ် နောက် လိုက်မယ် (မှန်ပါ့) ဝိပဿနာမဂ် ရှေ့သွားမရှိခဲ့သော်။ (လောကုတ္တရာမဂ် နောက်က မလိုက်ပါဘုရား)။

လောကုတ္တရာမဂ် ဘယ်တော့မှ မလိုက်နိုင်သောကြောင့် ဒကာ ဒကာမတွေတဲ့ ဝိပဿနာမဂ် ကိုဖြင့် ဘယ်အခါ ကာလမှ စွန့်လို့ မရပါဘူး (မှန်ပါ့) ကိုဝ ရပါ့မလား (မရပါဘုရား)။

ဝိပဿနံ ပုရက္ခိတွာ၊ ဝိပဿနံ = ဝိပဿနာမဂ်ကို၊ပုရေက္ခိတွာ- ရှေ့သွား ထား၍၊ သူ့ ပါဠိတော်က နော် (မှန်ပါ့)၊ ပြီးတော့မှ ဘာလာမတုန်း၊ မဂ္ဂဓမ္မော ပဝတ္တတိ- ပြီးတော့မှ မဂ်ဉာဏ် လာတာပေါ့ တဲ့။

ဝိပဿနာ ရှေ့သွားထား လုပ်တဲ့ ပုဂ္ဂိုလ်မှ မဂ်ဉာဏ် လာပါ တယ် (မှန်ပါ့) ကျေနပ်ပလား (ကျေနပ် ပါပြီ)။

ကျေနပ်တော့ကိုတဲ့ ဒကာ ဒကာမတို့ မီးပွတ်သော ယောက်ျားကို တစ်ခါပြန်ပြီး ကြည့်လိုက်တဲ့ အခါကျတော့ နှေးနှေး ပွတ်လို့ ထွက်တာလား အားစိုက်ပြီး သကာလ ခပ်သုတ်သုတ် ကလေး အလုပ်လုပ်လို့ ထွက်တာလား (ခပ်သုတ်သုတ်ကလေး အလုပ်လုပ်လို့ ထွက်ပါတယ်) ကိုပေါ် ကျေနပ်ပလား (ကျေနပ်ပါပြီဘုရား)။

အားစိုက်ပြီး ခပ်သုတ်သုတ် လုပ်လိုက်တဲ့အတွက် ဘာဖြစ်သွားပါလိမ့် (မီးထွက် သွားပါတယ် ဘုရား)။

အဲ- ဒီမှာလဲ ခန္ဓာနဲ့ဉာဏ်သာ အားစိုက်ပြီးသာ တိုက်ပေး ပါ၊ တော်တော် ကြာကျလို့ရှိရင် နိဗ္ဗာန်တည်း ဟူသော မီးသည် ကားလို့ဆိုရင် ထွက်ပါစေသတည်း လို့လဲ မတောင်းရဘူး (မှန်ပါ့) မထွက် ပါစေနဲ့လို့လဲ မကန့်ကွက်ရဘူး၊ သူ့ဟာသူပဲ ထွက်လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ ဒါ ပါရမီ လိုသေးလို့လား (မလိုပါ ဘုရား)။

သာဝကပါရမီဉာဏ်

အေး ဘုရားဖြစ်ချင်ရင် ပါရမီ ဆယ်ပါး အပြားသုံး ဆယ် ဖြည့်ရလိမ့်မယ်၊ ဟုတ်လား (မှန်ပါ့) လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း လုပ်ရလိမ့်မယ်၊ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ လက်ဝဲရံ လက်ျာရံ ဖြစ်ချင်လို့ ရှိရင်နော်- (မှန်ပါ့) အဲ ဒီအပြင် အသီတိ ရှစ်ကျိပ် ဖြစ်ချင်လို့ ရှိရင် ကမ္ဘာ တစ်သိန်း လုပ်ရ လိမ့်မယ်၊ ဟာ တပည့်တော်တို့ဖြင့် ဘုရား အခုရ၊ အခုယူရမယ် ဆိုတဲ့ သာဝက ပါရမီများ မှာတော့ ဝိပဿနာ ရှေ့သွားရှိရင် နောက်က မဂ်လိုက် ပေးရင် ရပါတယ်ကွ ဆိုတာတော့ သာဝက ပါရမီ ဉာဏ်တွေကို ဟောနေတာ (မှန်ပါ့) ပေါ်လာကြပလား (ပေါ်ပါပြီ။)

ဘာတွေဟောပါလိမ့် (သာဝက ပါရမီဉာဏ်တွေ ဟောတာပါ)။

အခုရရင် အခု နိဗ္ဗာန်ယူမည့် ဆုကြီးပန်မဟုတ်တဲ့ ပုဂ္ဂိုလ် တွေ နိဗ္ဗာန်ရ ပြီးရော ဆိုတဲ့ ပုဂ္ဂိုလ်တွေ အတွက်ဖြင့် ကိုပေါ် တို့ ကိုဝတို့ ဝိပဿနာ ရှေ့သွားရှိရင် နောက်က လောကုတ္တရာမဂ် လိုက်မယ် (မှန်ပါ့) ဒကာကြီးလှိုင် ကျေနပ်ပလား (ကျေနပ် ပါပြီ) ပူစရာ ပင်စရာ ရှိသေးရဲ့လား (မရှိပါဘုရား) ဘာမှ ပူစရာ ပင်စရာ မရှိဘူးဆိုတာဖြင့် သေသေချာချာ မှတ်တာပေါ့ (မှန်ပါ့ဘုရား)။

ကိုင်း – ဒါဖြင့် ဝိပဿနာမဂ်ရှေ့ သွားတော့ကို နောက်က လောကုတ္တရာမဂ် လိုက်လာတယ် ဆိုတာ မောင်နိုင် ရှင်းသွားပြီ (ရှင်းသွားပါပြီဘုရား)။

မိလက္ခတိဿမုဆိုးကြီး

ဟုတ်တယ်တဲ့ ဟို ပုဂ္ဂိုလ်ကြည့်ပါလားတဲ့၊ မုဆိုး တစ်သက် လုံး လုပ်တဲ့ ပုဂ္ဂိုလ်ဟာ သွားပြီး ရဟန္တာ ကျောင်းမှာ ရေရှာတော့ ရေအိုး သူခပ်သည်နှင့် တပြိုင်နက် ရေပျောက်တာ (မှန်ပါ့) ခင်ဗျားတို့ အရင် မပြောဖူးဘူးလား (ပြောဘူးပါတယ် ဘုရား) သူ့နာမည်က မိလက္ခတိဿတဲ့ ခေါ်တယ်နော် (မှန်ပါ့)။

သူ့နာမည်က ဘာတဲ့ (မိလက္ခတိဿပါဘုရား) အဲ မိလက္ခတိဿ။

ဒါနဲ့ပဲ သူရေပျောက်တာနဲ့ပဲ ရဟန်းတွေ ကဲ့ရဲ့ပြီး သကာလ နေတော့ ရဟန်းတွေက ထကြည့်တဲ့ အခါ ရေအပြည့် တွေ့တယ် သူသွားခပ်လို့ ရှိရင် ရေရှာလို့ မတွေ့ဘူး (မှန်ပါ့)

လူစင်စစ်က နေပြီး သကာလ တစ်ခါတည်း အကုသိုလ် ကံတွေဟာ ပထမဇော အကျိုးပေး နေတယ် ဆိုတာ မပေးသေးဘူးလား (ပေးပါတယ် ဘုရား) အကုသိုလ်ကံ များ တာကိုးဗျ။ တစ်သက်လုံး လုပ်လာတာ (မှန်ပါ့)။

ဒါနဲ့ ရဟန်းက ထကြည့်တော့ ရဟန်းတွေဟာ သူများ သူများ ဆွမ်းတွေ ကွမ်းတွေစားပြီး ရေမှမခပ်၊ ကိုယ့်ကျောင်း ကိုယ် ရေကလေးမှ သေနာသန ဝတ်တောင်မှ မပြည့်စုံဘူးလို့ သူကတောင် ကဲ့ရဲ့သေးတယ် (မှန်ပါ့)။

အဲဒီမှာ ရဟန္တာက ထကြည့်တဲ့အခါ ရေအပြည့်ရှိတော့ ဒကာ လာခဲ့ လာခဲ့ ဆိုပြီး ဒီရေခွက်နဲ့ သူခပ်တဲ့အိုးကပဲ ကော်ခပ်ပြီး ပေးလိုက်တာ ဦးဘရှင်း ဝအောင် သောက်ရရှာတယ် (မှန်ပါ့) အဲဒီမှာ သူသံဝေဂ ရရှာတယ်၊ မရဘူးလား (ရပါတယ် ဘုရား)။

လူစင်စစ်က လူပြိတ္တာဖြစ်နေ

ဟာ လူစင်စစ်က လူ့ပြိတ္တာ ဖြစ်နေပါပေါ့လား ဆိုပြီး သကာလ အရှင်ဘုရား ဒီလို ဝဋ်တွေ ဒါလောက်တောင် ဆိုးရွား နေတဲ့ အကျိုးပေးတွေ သေလဲ ဒီပုဂ္ဂိုလ်ဟာ အဝီစိမှ တစ်ပါး ဘယ်မှ သွားစရာ မရှိလောက်အောင်ပဲ ဆိုးရွားနေပြီ၊ ပစ္စုပ္ပန်မှာတောင် ရေပျောက်နေပြီ၊ သဘော ကျပလား (ကျပါပြီ)။

ပစ္စုပ္ပန်မှာတောင် (ရေပျောက်နေပါတယ်ဘုရား)။

အဲဒီတော့ ကယ်မည့်တရား၊ ယူမည့်တရား ရှိသေး သလား ဆိုတော့ ဒကာကြီး ဝိပဿနာ ရှေ့သွား ရှိရင် မဂ်ရတယ်လို့ အဲဒီ ရဟန္တာက ဟောပြီ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိ ပါပြီဘုရား)။

ဝိပဿနာရှေ့သွားရှိရင် (မဂ်ရပါတယ်ဘုရား)။

ဟာ ဒါဖြင့် ကယ်မည့် ယူမည့်တရား ရှိပါသေး သလား ဘုရား ဆိုပြီး တစ်ခါတည်း သူ့စိတ်က တက်ကြွပြီး အိမ် မပြန်တော့ဘူး၊ သူ့လေးတွေ၊ မြားတွေ၊ ညွှတ်ကွင်းတွေ၊ ဘာတွေ မောင်နိုင် အကုန် စွန့်တာပဲ၊ မစွန့်ဘူးလား (စွန့်ပါတယ် ဘုရား)။

မုဆိုးကြီးသင်္ကန်းဝတ်တယ်

စွန့်လိုက်ပြီး သကာလ အရှင်ဘု ရား သင်္ကန်းသာ ဝတ်တော့ ဘုရား ကိုရင်ကြီး ဝတ်တော့ တပည့်တော် ဒီဥစ္စာ တပည့်တော် အကြောင်း တပည့်တော် ကောင်းကောင်း သိပြီ၊ အရှင်ဘုရားကလဲ ကာကွယ်ဆေး ရှိတယ်လို့ ဆိုထားတယ်၊ တပည့်တော် ကြိုးစား ပါတော့မယ် ဆိုပြီး ကြိုးစားတော့ ကြိုးစား ရင်း မတ္တနဲ့ သူလုပ်ထားတဲ့ အကုသိုလ် တွေချည်း စိတ်ထဲမှာ ပေါ်နေတယ် (မှန်ပါ့ ဘုရား)၊ ကုက္ကုစ္စ တွေ ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

အရှင်ဘုရား တပည့်တော် အဖြစ်နဲ့ပဲ တပည့်တော် ရှိပါစေတော့ တရား အားထုတ်တာ တရား မမြင်ဘူး ဘုရား၊ တပည့်တော် သတ်ဖြတ်ထားတဲ့ ဥစ္စာတွေသာ လာလာပြီး ပေါ်နေတယ်၊ ဒါကြောင့် တပည့်တော် လူထွက် ပါရစေ ဆိုတော့ မထွက်နဲ့ဦး ဆို ပြီး သကာလ မောင်နိုင် သဖန်းသားတွေ အခုတ် မခိုင်းလား (ခိုင်းပါတယ် ဘုရား) အစေးတွေနဲ့ (မှန်ပါ့)၊

အဲ လှည်းတစ်စီးတိုက် နှစ်စီးတိုက် ပုံပြီး သကာလ တစ်နေ့က ပြောခဲ့ သလိုပေါ့ အစိုတွေကို မီးခြစ်နဲ့ မီးရှို့ခိုင်း တယ် (မှန်ပါ့) လောင်ပါ့မလား (မလောင်ပါ ဘုရား)။

မလောင်တော့မှ သူ့ဆရာ ရဟန္တာကို သွားပြောတယ်၊ အရှင်ဘုရား အရှင်ဘုရား ပေးတဲ့ မီးခြစ်နဲ့ မီးကပ်နဲ့ ရှို့တာ ပဲ မလောင်ဘူးဘုရား။

အဝီစိငရဲပြတယ်

အေး အေး ငါလာခဲ့မယ် ဆိုပြီး ရဟန္တာက လိုက်သွားပြီး မြေကြီး နှစ်ခြမ်း ခွဲပြီး သကာလ အောက်အဝီစိ ပြပေးတာ (မှန်ပါ့) မောင်နိုင် အောက်အဝီစိ ပြတယ်။

ပြလိုက်တော့ ကိုရင်ကြီး လူထွက်ချင်တဲ့ ကိုရင်ကြီး ကြည့် စမ်း ဆိုတော့ အို ကြည့်ဝံ့စရာ မရှိဘူး (မှန်ပါ့) တစ်ခါ တည်း မုန့်ညက် ထောင်းသလို စိနေတာပဲ ခံနေရတာတွေ။

အဲဒီတွင်မှ ရဟန္တာက ကိုယ်တိုင် သူ့ရှေ့တွင် သွားပြီး ငရဲမီးကလေး ပိုးစုန်းကြူးလောက် သွားပြီး ယူတာ၊ ပိုးစုန်းကြူကောင် ကလေးလောက် ယူတာ။

ငရဲမီးဆိုတာ

အဲဒါလေးကို သူ့ရှေ့တွင် ခုနင်က သူတစ်နေ့လုံး ရှို့နေတဲ့ ထင်းပုံထဲ ထည့်လိုက်တာပဲ မောင်နိုင်ရ (မှန်ပါ့) ရောက်တာ နဲ့ ပြာကျတာနဲ့ တစ်ခါတည်း၊ ငရဲမီး ဘယ်လောက် ပြင်းတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ငရဲရောက်မယ် ဆိုလို့ရှိရင် ဒီခန္ဓာ တွေဟာ သဖန်းသားလောက် ကျုပ်တို့ မမာသေးဘူး (မှန်ပါ့)။

အစေးလဲ မထွက်သေးပါဘူး (မှန်ပါ့) ဘယ်လောက် လောင်ကောင်းမယ် ဆိုတာ ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

အဲဒီတော့ ကြောက်စရာ အင်မတန် ကောင်းပါတယ် ဆိုတဲ့ ဥစ္စာကို ခင်ဗျားတို့ သာမည ကလေး မယူပါနဲ့၊ ကိုပေါ်တို့က နော် (မှန်ပါ့)။

ငရဲမီး ပိုးစုန်းကြူး လောက်က လှည်းသုံးစီးတိုက် လောက် ထင်းစည်းကို ကျသည်နှင့် တစ်ပြိုင်နက်တည်း ပြောင်အောင် လောင်နိုင်တယ်၊ ပြာကျအောင် လောင်နိုင်တယ် ဆိုတော့ နည်းနည်း ပူတဲ့ မီးလား၊ ကျုပ်တို့ အခု ဒီ- အလက်ထရိတ် (လျှပ် စစ်မီး) တွေဟာ ဒီဂရီ နှစ်ရာ ကျော်ရင် ရွှေအရည် ပျော်တယ်လို့ အနောက် နိုင်ငံများက ရေးကြပြုကြတယ် နော် ဒီလောက် ဘယ်က မလဲ (မှန်ပါ့)။

ဒီဂရီနှစ်ရာ ဘယ်က မလဲ၊ တစ်သောင်းလဲ မကဘူး၊ တစ်သိန်းလဲ မကဘူး၊ အပူချိန်ဟာ သဘောကျ ပလား (ကျပါ ပြီဘုရား)။

ကဲ ဒါဆိုတော့ သူ့ကို အဝီစိလဲ ပြပြန်၊ ငရဲမီး ပူပုံလဲပြ တယ်၊ မောင်နိုင် ကြောက်သွားပြီ၊ မကြောက် ဘူးလား (ကြောက်ပါတယ် ဘုရား)။

ကြောက်သွားတော့မှ အရှင်ဘုရား ဒီလိုဆိုရင် မဖြစ် တော့ဘူး ဘုရား၊ တပည့်တော် မထွက်တော့ဘူး ဘုရာ့ ကယ် နိုင်တယ် ဆိုရင် မထွက်တော့ဘူး ဘုရာ့။

ဖြစ်ပျက်နဲ့မဂ်နဲ့ ဝိပဿနာရှုခိုင်းတယ်

ဟ .. ကယ်နိုင်တယ်ကွ ဆိုပြီး ဖြစ်ပျက်နဲ့မဂ်နဲ့ ဝိပဿ နာ ရှေ့သွား လုပ်ခိုင်းတယ်။ ရိပ်မိကြ ပလား ဒကာ ဒကာမ တို့ (ရိပ်မိ ပါပြီ)။

ဝိပဿနာ ရှေ့သွား လုပ်တော့ သူ့စိတ်ထဲမှာ အကြောက် ကလဲသန် ငရဲမီး ပြတာကလဲ ရှင်းရှင်း လင်းလင်း၊ ဟိုမှာ အဝီစိ ဆိုတာကလဲ မျက်စောင်းမှ မထိုးဝံ့အောင် ကြောက်နေတော့ မောင်နိုင် ခြေထောက်တွေကို အဝတ်ကြီးနဲ့ ရေဆွတ်ပြီး သကာလ ဂုန်အိတ်နဲ့ စွပ်တယ်။ ခြေအေးရင် မငိုက်အောင်လို့ (မှန်ပါ့)

အစွမ်းကုန်ကြိုးစားလို့ အနာဂါမ်တည်သွားတယ်

အပေါ်မှာတော့ အဝတ်ကို ကရွတ်ခွေကြီး လုပ်ပြီး ရေဆွတ်ပြီး ခေါင်းပေါ်တင် တစ်စက် တစ်စက် ကျအောင် လုပ် တယ်၊ လုပ်ပြီးတော့မှ တစ်ခါတည်း အိပ်ချင်တဲ့စိတ် အကုန် ပျောက်ပြီး သကာလ ဝိပဿနာနဲ့ မဂ်နဲ့ချည်း တိုက်ပေးတယ်၊ တစ်ညတည်း အားထုတ်တယ် ဒကာ ဒကာမတို့ မနက်ကျတော့ အနာဂါမ် တည်နေတယ် (မှန်ပါ့)။

အဲဒီတွင်မှ သူကတစ်ခါတည်း အနာဂါမ် တည်တော့ သူ့ဟာသူ သိပြီး သကာလတဲ့ ဒကာ ဒကာမတို့ သူ့ကိုယ်တိုင်ကိုပဲ ခုနက ရောက်ရမှာလဲ သေချာပြီးသား မောင်နိုင် ငရဲကို (မှန်ပါ့) ဝိပဿနာ ရှေ့သွားနဲ့ မဂ်သုံးတန် ပေါ်လာ လိုက်တာ ရောက်သေးရဲ့ လား (မရောက်ပါဘုရား)။

တစ်မဂ်တည်း ပေါ်ပါတဲ့၊ သူ့မှာတော့ ကြိုးစားလွန်းလို့ မဂ်သုံးတန်ဆက်ပေါ်သွားတာကိုး (မှန်ပါ့) တစ်မဂ်တည်း ပေါ်တောင်မှ ခုနကနေရာ မရောက်ပါဘူး- (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

ကယ်ယူမည့်အလုပ်ဟာဝိပဿနာ

ဒါဖြင့် ကယ်မည့်လူ ယူမည့်လူဟာ ဒါပဲ၊ ခင်ဗျားတို့ ကျုပ်တို့မှာ ရှိတယ်၊ (မှန်ပါ) ဒီပြင်ဖြင့် (မရှိပါ ဘုရား)။

ဒါဖြင့် ဝိပဿနာ ရှေ့သွားတာ ဘယ်လောက် အရေးကြီး တယ်ဆိုတာ ဒကာ ဒကာမတွေ (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘာလုပ်ကြမယ် (ဝိပဿနာ အလုပ်ကို လုပ်ကြရပါ မယ်ဘုရား)။

ဝိပဿနာသာ လုပ်နေပါ၊ မဂ်တည်း ဟူသော နေထွက်ပါ စေလို့ ဆုတောင်း ရသလား၊ ဉာဏ်နဲ့ လုပ်ရ သလား (ဉာဏ် နဲ့လုပ်ရပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ကြပါပြီ ဘုရား)။

ကိုင်း ယနေ့ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။