072

ပြင်ချိန်ရှိတုန်း ပြင်ဆင်ထားကြ (ဥဒ္ဓစ္စကုက္ကုစ္စ)

အသံဖိုင်ခေါင်းစဉ်= ဥဒ္ဓစ္စကုက္ကုစ္စ နီဝရဏတရား ရှိနေလျှင် ကျွန်ဘဝရောက်နေသောသူနှင့် တူပုံ တရားတော်

စာအုပ်ခေါင်းစဉ်= ပြင်ချိန်ရှိတုန်း ပြင်ဆင်ထားကြ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားသော တရားတော်

ပြင်ချိန်ရှိတုန်း ပြင်ဆင်ထားကြ

(တမ္ဗဒါဌိက ခိုးသားကြီး)

(၁၉-၁၂-၆၀)

နေရေးကောင်းမှ သေရေး ကောင်းမယ် ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ မှတ်ထားရမယ်နော်။ (မှန်ပါ့)၊ နေရေးကောင်းမှ သေရေးလဲ ကောင်းမယ်။ (မှန်ပါ့)။

နေရေးမှ မကောင်းလို့ ရှိရင် သေရေးကျလို့ ရှိရင်ဖြင့် မျက်ရည်နဲ့ မျက်ခွက် ဖြစ်တတ်တယ် ဆိုတာ မှတ်ထားရ မယ်။ (မှန်ပါ့)။

အဲဒီတော့ ဒီနေရေးက အာစိဏ္ဏကံဆိုတဲ့ မပြတ် လေ့ကျင့်တဲ့ ကံရှိပြန်ဆိုတော့လဲ သေတဲ့ အခါကျလို့ ရှိရင် ဒီအလုပ်နဲ့ပဲ သေတော့လဲ ဒကာ ဒကာမတွေ ခဏခဏပဲ ပြောနေရတယ်။

ပြုံးပြီး သကာလ စုတိစိတ် ကျရမယ်လို့ မှတ်ရမယ် နော်။ (မှန်ပါ့)၊ ခုတော့ နေရေးက တော်ရုံ လျော်ရုံ နေကြ မယ်။ (မှန်ပါ့)၊

သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ နေကြ မယ်ဆိုလို့ ရှိရင်ဖြင့် ဒါတွေဟာ ဘာမှ အသုံးမကျတဲ့ အတွက်၊ အကူအညီ မရတဲ့ အတွက် သေရေး ကျလာတဲ့ အခါကျတော့ သေတယ် ဆိုတာ ဒကာသစ်တို့၊ ဦးလှဘူးတို့ နားလည် ပါပြီ။

သွားရာလမ်းမြင်ပြီးမှ သေတယ်

ဖြုန်းခနဲ သေသလား၊ သွားရာလမ်းမြင်ပြီးမှ သေ သလား။ (သွားရာလမ်းမြင်ပြီးမှ သေပါတယ် ဘုရား)၊ သွားရာလမ်း မြင်ပြီးမှ သေတယ် ဆိုတာ ကတော့ ဧကန်ပါနော်။ (မှန်ပါ့)။

အဲဒီတော့ နေရေး မကောင်းတော့ သေရေးမှာလဲ နေရေး တုန်းက မကောင်းခဲ့တဲ့ အတွက် ငရဲတွေမြင် ဝိညာဏ် မချုပ်ခင်က မြင်ရတတ်တယ်။ (မှန်ပါ့)။

တိရစ္ဆာန်ဘုံတွေ၊ တိရစ္ဆာန်တွေ၊ သွားလာနေတာတွေ မြင်ရတတ်တယ်နော်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါတယ် ဘုရား)။

အဲဒါ နေရေး မကောင်းလို့ သေရေးမှာလဲ မကောင်း တဲ့ နိမိတ်တွေ ထင်လာတာ။ (မှန်ပါ့)၊ သြော် အနေဆိုး နေခဲ့လို့ အသေဆိုးတော့ဖြင့် ငါ့အပေါ် ရောက်ပြီလို့ မလာတတ်ဘူးလား။ (လာတတ်ပါတယ် ဘုရား)။

သားရေး၊ သမီးရေးနဲ့ အနေဆိုးခဲ့တဲ့အတွက် အသေ ဆိုး ငါ့မှာ ရောက်ပြီဆိုတဲ့ဥစ္စာ ဘယ်သူမှ မပြောရဘူး။ (မှန်ပါ့)။

ကိုယ့်ဘာသာကိုယ် မြင်နေတာ။ (မှန်ပါ့)၊ သွားရမယ့် လမ်းခရီးက ငရဲမီးကလဲ တဟုန်းဟုန်း တောက်နေတာ သူ မြင်နေပြန်၊ တောင်ကြီးတွေ၊ ချောက်ကြီးတွေ၊ ကျင်းကြီး တွေလဲ သူ မြင်ပြန်၊ အဲဒီ ကဲ့သို့ မြင်နေတဲ့ အခါကျ တော့ ဪ သူများလဲ မပြောနိုင်၊ ကိုယ်တစ်ယောက် တည်းလဲ မြင်ရပြန်၊ မြင်ပြီး တော့လဲ ဘယ်လိုမှလဲ လမ်းလွှဲလို့ ကလဲ မရ (မှန်ပါ့)။

ဒီနေရာပဲ ရောက်သွားရတော့မယ့် အဓိပ္ပါယ်က သေချာနေပြီ။ (မှန်ပါ့)၊ အဲဒါကြောင့် နေရေး ကောင်းမှ သေရေး ကောင်းမယ် ဆိုတာကိုဖြင့် ဒကာသစ်တို့၊ ဦးလှဘူး တို့ သေချာမှတ်မှပဲ။ (မှန်ပါ့)။

အခု အနေဆိုးလို့ ရှိရင်ဖြင့် အသေဆိုး လာပါလိမ့်မယ် ဆိုတာလဲ ငြင်းနေဖို့ မလိုတော့ဘူး။ (မလိုတော့ပါ ဘုရား)။

ရှေးက ပုဏ္ဏားတစ်ယောက် ပဏ္ဏာသမှာ လာတယ်။ ပုဏ္ဏားများ သေလို့ ရှိရင် သူတို့ ပုဏ္ဏားများ အယူက ဗြဟ္မာပြည် ရောက်တယ်လို့ ယူထားတာကိုး။ (မှန်ပါ့)။

အဲ့ဒီတော့ သူတို့ထဲက ပုဏ္ဏား ပညာရှိ တစ်ယောက်က သေခါနီးကျလာတော့ ခုနက နိမိတ်တွေ မြင်တယ်၊ သွေးတွေ သံတွေနဲ့ ငရဲမီးတွေ၊ ငရဲသားတွေက ခုတ်ထစ်တဲ့ သွေးတွေ သံတွေ မြင်ရတော့ ဘေးက ပုဏ္ဏားတွေက မေးကြတယ်။

အထက်မြင်သလား၊ အောက်မြင်သလားလို့ မေးလိုက် တယ်။ (မှန်ပါ့)၊ အောက်မြင်တယ်ဗျာ၊ ဗြဟ္မာပြည်မမြင် ဘူးလား၊ မမြင်ဘူး။ (မှန်ပါ့)၊ သေမယ့်လူကကို ပြောနေတာ။ (မှန်ပါ့)။

နို့ ဘာတွေ မြင်နေပါလိမ့်မလဲလို့ မေးတဲ့အခါ အောက်မှာ သွေးရဲရဲ သံရဲရဲတွေသာ မြင်နေတယ် ဆိုတော့ သူတို့ ကတော့ဖြင့် သေလို့ ရှိရင် ဗြဟ္မာဖြစ်လိမ့်မယ် ယူထားတာ။

ကိုယ်မြင်ရတဲ့ နိမိတ်က သေချာ နေတယ်။ (မှန်ပါ့)၊ အဲဒါ သေသေ ချာချာ မေးလို့ သေသေ ချာချာ ဖြေထားတာ ဒကာကြွယ်ရေ။ (မှန်ပါ့)။

တခြားသော ဝတ္ထုတွေလဲ အမျိုးမျိုး ရှိပါသေးတယ်။ အနေ မကောင်းလို့ အသေ မကောင်း တာတွေ အများကြီး ရှိပါတယ်။ (မှန်ပါ့)။

ပြင်ချိန်ရှိတုန်း ပြင်ဆင်ကြ

အဲဒါကြောင့် ဒကာ ဒကာမတွေ ယခုအချိန်မှာ ပြင်ချိန်ဆင်ချိန် ရှိတုန်း ပြင်ဖို့ ဆင်ဖို့ ရာကိုဖြင့်၊ ကိုယ့်အရေး လေးကို ကောင်းတဲ့ အရေးလေး ထားပေးကြပါ ဆိုတာဖြင့်၊ ကောင်းလမ်းပြတဲ့ ပုဂ္ဂိုလ်က ပြနေလို့ ရှိရင်ဖြင့် လိုက်တဲ့ ပုဂ္ဂိုလ်က ကိုယ့်အရေး သိပြီး ကိုယ်လိုက်ဖို့ အချိန် ရောက်နေပြီ။ (မှန်ပါ့)၊ မရောက်ဘူးလား။ (ရောက် ပါပြီ ဘုရား)။

အေး ဒါကြောင့် အခု နေရ၊ စားရ၊ သောက်ရ၊ စားရ၊ သောက်ရ၊ နေရ၊ ဝတ်ရတာတွေ ဒကာသစ် ဘာမှ မဟုတ်ဘူးနော်။ (မှန်ပါ့)၊ သေခါနီးကျမှ ငရဲအိုးတွေ၊ ငရဲမီးလျှံတွေ မြင်လာတော့မှ ဪ ငါ ဘာမှ အသုံးမကျ ခဲ့ပါလား။

ဒါဖြင့် အနေဆိုးနေခဲ့လို့ အသေဆိုးဖြင့် အခုမြင်ရတဲ့ အခြေအနေဟာ အသေဆိုးပဲလို့ ကိုယ့်ဟာကို သိလာ တယ်။ (မှန်ပါ့)၊ သိလာတဲ့ အချိန်ကျတော့ ပြင်ချိန် ဆင်ချိန်က ရသေးရဲ့လား (မရတော့ပါ ဘုရား)။

ပြင်ချိန်ဆင်ချိန် မရတဲ့ အခါ ဖျတ်ဆို စုတိ စုတိပြီး သကာလ ခုနက ငရဲအိုး ငရဲမီးလျှံမြင်တဲ့ ပုဂ္ဂိုလ်ကျတော့ ငရဲသွားပြီး တစ်ခါတည်း ငရဲကောင် ဖြစ်သွားတယ် (မှန်ပါ့)။

ကမ္မံ သတ္တေ ဝိပဇ္ဇတိ ကိုဗျာ (မှန်ပါ့)၊ ကမ္မံ- ကံသည်။ သတ္တေ- သတ္တဝါတို့ ကို၊ ဝိပဇ္ဇတိ-ဖြစ်စေ၏ ဆိုတဲ့အတိုင်းတဲ့၊ တစ်ခါတည်း ငရဲ အစစ်ခံရတဲ့ နေရာ ရောက်ချင် ရောက်တယ်၊ အစစ်မခံရဘဲနဲ့ ငရဲအိုးထဲ တောက်လျှောက် ရောက် ချင် ရောက်တယ်။ (မှန်ပါ့)။

အဲဒါ အနေပျော် သလောက် အသေမှာ ငိုရ မဲ့ရတတ်တယ် ဆိုတာကိုလဲ ဒကာ ဒကာမတွေ၊ ဒါတွေ သိပြီး သကာလ အင်မတန် အမြင်ကျယ်တဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောထားတာ။

ယခုအချိန် ပြင်ကြဆင်ကြပါ

“ဈာယထ ဘိက္ခဝေ မာ ပမာဒတ္ထ၊

မာ ပစ္ဆာ ဝိပ္ပဋိသာရိနော အဟု ဝတ္ထ၊

အယံ ဝေါ အမှာကံ အနုသာသနီ”

ဆိုတဲ့အတိုင်း ငါ မသေခင် ဆုံးမပါရစေကွာ၊ ဝိပဿနာ အလုပ်များ လုပ်ကြစမ်းပါဟ၊ ထိုကဲ့သို့ မှ မလုပ်လို့ ရှိရင် မင်းတို့ အနေဆိုး နေခဲ့တဲ့ အတွက် မင်း အသေဆိုး မင်းတို့ အတွက် ငါ မကယ် နိုင်ဘူး ယခုအချိန်က ပြင်ကြပါစေ၊ ဆင်ကြပါစေ ဆိုတာ ကိုယ်တော်မြတ်ကြီးလဲ သတိပေးရှာ တယ်။ (မှန်ပါ့)။

အဲဒါကြောင့် ဒကာသစ်တို့ ၊ အားလုံးဒကာ ဒကာမ တို့၊ ခုချိန် ပြင်ကြ ဆင်ကြပါ ဆိုတာ သတိပေး လိုက်ပါ တယ်။ (မှန်ပါ့)။

ပြင်ရမှာက ဘာတုံးဆိုတော့ ဝိပဿနာ အလုပ်, လုပ်ပေးရမယ် (မှန်ပါ့)၊ ဝိပဿနာ အလုပ်မှ လုပ်ပေး ရမယ် ဆိုလို့ ရှိရင်ဖြင့် ဝိပဿနာ ဆိုတာကလဲ ဒကာ ဒကာမ တို့ ရှာပြီး လုပ်နေရတာ မဟုတ်ပါဘူး။ (မှန်ပါ့)။

ဝိပဿနာအလုပ်ဆိုတာ

ကိုယ့်ခန္ဓာကိုယ် ကြည့်ရုံပါပဲ။ (မှန်ပါ့)၊ ကိုယ့်ခန္ဓာ ကိုယ် ကြည့်ရုံပါပဲ ဆိုတာ မှတ်ထားပါ။ (မှန်ပါ့)၊ ဝိပဿနာ အလုပ်ဆိုတာ ဘာပါလိမ့်။ (ကိုယ့်ခန္ဓာကိုယ် ကြည့်တာပါ ဘုရား)။

ကိုယ့်ခန္ဓာကိုယ် ကြည့်တဲ့ အခါကျတော့ အင်း ခန္ဓာထဲ က အင်း နာသလိုလို၊ ယားသလိုလို၊ ကိုက် သလိုလို၊ ကျဉ် သလိုလို ဒါတွေလဲ ခန္ဓာက စိုက်ကြည့်နေတဲ့ ပုဂ္ဂိုလ်ကျတော့ မပြောပေဘူးလား။ (ပြောပါတယ် ဘုရား)။

ပြောတဲ့အခါကျလို့ ရှိရင် ဒါလေးတွေက ဘာပါလိမ့် မတုံးလို့ တွေးမနေပါနဲ့၊ ခန္ဓာရဲ့ ဖောက်ပြန်မှု လို့ တွေးလိုက် ပါ။ (မှန်ပါ)။

ဘယ်လိုတွေးရမယ်၊ ခန္ဓာကိုယ် ဖောက်ပြန်မှုလို့ ၊ သြော် ခန္ဓာဖောက်ပြန် နေတာပါလား။

ဖောက်ပြန်နေတာဖြင့် ဒုက္ခသစ္စာတွေပဲသာ မှတ်လိုက် တော့။ (မှန်ပါ့)၊

“ဝိပရိနာမ လက္ခဏံ ဒုက္ခ သစ္စံ”ဆိုတဲ့ အတိုင်း ခန္ဓာက ယားတယ်၊ နာတယ်၊ အောင့်တယ်၊ ကိုက်တယ်၊ ခဲတယ်၊ လေနာတွေ၊ ရင်နာတွေဆိုရင် ဒါ ကြည့်လိုက်တယ်။ ကြည့်လိုက်တဲ့ အခါကျတော့ အသီးသီး ပေါ်မလာ ပေဘူးလား။ (ပေါ်လာပါတယ် ဘုရား)။

ပေါ်လာတိုင်း ပေါ်လာတိုင်း ဒုက္ခသစ္စာ ဆိုတာ ဒါပဲ (မှန်ပါ့)၊ ဒုက္ခသစ္စာ ဆိုတာ ဒါပဲလို့ ဉာဏ်က စိုက်ကြည့် (မှန်ပါ့)၊ စိုက်ကြည့်တော့ ဒီနေရာက ဒုက္ခသစ္စာ က ဖြစ် ပြီး ပျောက် သွားပြန်၊ ဟိုနေရာက ဒုက္ခသစ္စာ ပေါ်ပြန် (မှန်ပါ့)။

အနေကောင်းနေတာ

ပေါ်ရာ လိုက်ကြည့် နေတာကိုး။ (မှန်ပါ့)၊ လိုက်ကြည့် နေတော့ ဒုက္ခသစ္စာနဲ့ လိုက်ကြည့်တဲ့ မဂ္ဂသစ္စာ ဖြစ်နေတာ၊ အဲဒါ အနေကောင်း နေတာလို့ မှတ်လိုက် စမ်းပါ။ (မှန်ပါ့)။

ပေါ်တာက ဒုက္ခသစ္စာ၊ မြင်တာက (မဂ္ဂသစ္စာပါ ဘုရား)၊ ပေါ်တာက (ဒုက္ခသစ္စာပါ ဘုရား)၊ မြင်တာက (မဂ္ဂသစ္စာပါ ဘုရား)၊ အေး ဒါကြောင့် အဲဒီလို လိုက်ကြည့် နေတော့ ဒီခန္ဓာ ကြည့်စမ်းပါဦး။

ဘာသစ္စာတွေများ ရှိသတုံး ဆိုတော့ ဘာမှ မေးနေစရာ မလိုတော့ဘူး၊ နဂိုရှိလို့ နဂိုဏ်း ထွက်တာပဲ။ (မှန်ပါ့)၊ ဒုက္ခသစ္စာ ရှိလို့ ဒုက္ခသစ္စာပဲ ပြောဖော် ရတာပဲ။ (မှန်ပါ့)။

ဒါ ဦးလှဘူး ဘာရှိလို့ ဘာပြောတာပါလိမ့်။ (ဒုက္ခ သစ္စာရှိလို့ ဒုက္ခသစ္စာသာ ပြောတာပါ ဘုရား)။

အဲဒီ ဒုက္ခသစ္စာရှိလို့ ဒုက္ခသစ္စာပြောတော့ ဒါကိုပဲ စိုက်ကြည့်ရမယ်။ (မှန်ပါ့)။

ဟိုနေရာကလဲ ဒုက္ခလဲ ဖြစ်ပျက်၊ ဟိုနေရာ တစ်မျိုး၊ ယားသလိုလို၊ ယံ သလိုလို၊ ဟိုနေရာ ကောင်းသလိုလို၊ တော် ကြာ ပျောက်သွားပြန်ပြီ၊ ဟိုနေရာက ကျဉ်သလိုလို။

ဟိုနေရာက အလတ်စား လိုလို၊ ဒီနေရာကဖြင့် သင့်တော် သလိုလို၊ သင့်တော်တဲ့ နေရာ ကြည့်လိုက်ပြန်၊ သင့်တော် တဲ့ နေရာမှာပဲ မသင့်တော်တာ ဖြစ်လာပြန်ပြီ။

သင့်တော်တာပဲ ဖောက်ပြန် သွားပြန်ပြီ။ (မှန်ပါ့)၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ကိုယ်မှာ ဖောက်ပြန် ပျက်စီး တတ်တာပဲ ရှိတယ်။ (မှန်ပါ)။

ဘာတွေရှိပါလိမ့်။ (ဖောက်ပြန် ပျက်စီး တတ်တာပဲ ရှိပါတယ် ဘုရား)၊ ဖောက်ပြန် ပျက်စီး တတ်တာ ဘာသစ္စာ တုံး။ (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒါလေးတွေ ဒကာ ဒကာမတွေက ဉာဏ်နဲ့လိုက်ပြီး သကာလ နေတော့ တစ်ကိုယ်လုံးမှာလဲ တစ်ကိုယ် လုံးမှာလဲ ဉာဏ်ကသာ လိုက်နေမယ် ဆိုရင် ပင်ကိုက ဖောက်ပြန် ပျက်စီးတာတွေ ရှိတော့ ဖောက်ပြန် ပျက်စီးတာတွေပဲ တွေ့နေတာပေါ့။ (မှန်ပါ့ ဘုရား)။

အဲဒီတော့ သြော် ခန္ဓာ ဆိုတော့ အကောင်းလား မှတ် တယ်၊ အဆိုး ပါလား ဆိုတာကြီးက ပေါ်လာတယ်။ (မှန်ပါ့)။

အရင်တုန်းကတော့ ခန္ဓာနဲ့ တဏှာ တွဲနေတုန်းက တော့၊ ခန္ဓာနဲ့ တဏှာ တွဲနေတုန်းကတော့၊ ခန္ဓာခင်မင် ယုယ နေတုန်း ကတော့ ဒုက္ခသစ္စာလို့ ဒီလောက် မသိဘူးပေါ့ဗျာ။ (မှန်ပါ့ ဘုရား)။

သူ့ပဲ အားကိုး နေရ သလိုလို၊ သူ ကျန်းမာလို့လဲ လုပ် ကိုင် စားနိုင် သလိုလို၊ ခန္ဓာနဲ့ တဏှာ တွဲနေတုန်း ကတော့ အားကိုးလုံး ဖြစ်နေတယ်။ (မှန်ပါ့)။

အခုလို ဉာဏ်နဲ့တွဲပေးလိုက်တဲ့ အခါကျတော့ရှိရင်ဖြင့် ဟိုနေရာက ဖောက်ပြန်၊ ဒီနေရာက ပျက်စီး၊ ဖောက်ပြန် ပျက်စီးတာ ချည်းပဲ မြင်နေတော့ ဘယ်မှာ အားကိုးစရာ၊ အားထားစရာ မြင်သေးလား။ (မမြင်ပါ ဘုရား)။

ခန္ဓာနဲ့ပညာနဲ့ တွဲပါ

အဲဒီမှာ ခန္ဓာနဲ့တဏှာ ကွဲသွားတဲ့ အခါ ခန္ဓာနဲ့ဉာဏ်နဲ့ တွဲသွားတယ်။ (မှန်ပါ့)၊ မရှုဘဲ နေတော့ ခန္ဓာနဲ့ တဏှာက တွဲနေတယ်။ (မှန်ပါ့)။

ရှုလိုက်ပြန်တော့ (ခန္ဓာနဲ့ဉာဏ်နဲ့ တွဲပါတယ် ဘုရား။ ခန္ဓာနဲ့ပညာနဲ့ တွဲလိုက်တော့ ခန္ဓာနဲ့ တဏှာနဲ့ ကွဲသွားတယ်။

အဲဒီတော့ ဒကာ ဒကာမတို့ ၊ အခု ပြောတဲ့ နှစ်လုံး ဟာ သိပ်အရေးကြီးပါတယ် မှတ်ကြစမ်းပါ၊ ဒီအတိုင်းနေ တော့ သွားလိုက်၊ လာလိုက်၊ နေလိုက်၊ ထိုင်လိုက် ကိုယ် သွားချင် သွားလို့ ရတယ်၊ ကိုယ် ထိုင်ချင် ထိုင်လို့ရတယ်၊ ကိုယ် ပြောချင် ပြောလို့ ရတယ်ဆိုတော့ ဒိဋ္ဌိတဏှာနဲ့ ခန္ဓာနဲ့က တစ်သားတည်း ဖြစ်နေတယ်။ (မှန်ပါ့ ဘုရား)။

“ရူပံ အတ္တတော သမနုပဿတိ၊ ဝေဒနံ အတ္တတော သမနုပဿတိ”

ဆိုတဲ့အတိုင်း ရုပ်ဟာ ငါပဲ၊ ဝေဒနာဟာ ငါပဲ၊ ခန္ဓာငါးပါး ငါချည်းပဲ၊ ငါသွားချင် သွားနိုင်လာနိုင် တာပဲ၊ ငါ လုပ်ချင် လုပ်နိုင် တာပဲ၊ ခန္ဓာနဲ့ တဏှာနဲ့ မတွဲဘူး လား။ (တွဲပါတယ် ဘုရား)။

အဲဒီခင်တုန်းအခါကတော့ဖြင့်တဲ့၊ ဒကာ ဒကာမတို့ ဘယ်နည်းနဲ့မှ ဖောက်ပြန် ပျက်စီးတာ မမြင်နိုင်ဘူး။ (မှန်ပါ့)။

ကဲ အခု ဘုရားက နည်းပေး၊ ဆရာ ဘုန်းကြီးက နည်း ပေးတာတွေနဲ့ ဒကာ ဒကာမတွေက ဝေဖန်ပြီး စောင့်ပြီး ကြည့်နေတဲ့ အခါ ဟိုနေရာက အောင့်၊ ဒီနေရာကနာ၊ ဒီနေ ရာက တစ်မျိုး တစ်ဖုံဖြစ်၊ အမျိုးမျိုး ဖောက်ပြန် ပျက်စီးနေ တာတွေ မတွေ့ရပေဘူးလား။ (တွေ့ရပါတယ် ဘုရား)။

အဲဒီအခါကျတော့ ခန္ဓာနဲ့ ပညာနဲ့ တွဲနေတယ်။ (မှန်ပါ့ ဘုရား)၊ ဘာမှ မသိတဲ့ အခါကျတော့ ခန္ဓာနဲ့ တဏှာ တွဲနေတယ်။ (မှန်ပါ့)၊ ဘာမှ မသိတဲ့အခါကျတော့ (ခန္ဓာနဲ့တဏှာ တွဲနေပါတယ် ဘုရား)။

အင်း သိလုံးလေးများ ဝင်လာတဲ့ အခါကျတော့ (ခန္ဓာနဲ့ ပညာတွဲနေပါတယ် ဘုရား)၊ အဲ ခန္ဓာနဲ့ ပညာတွဲတော့ ဒုက္ခ သစ္စာနဲ့ မဂ္ဂသစ္စာ တွဲတယ်။ (မှန်ပါ့)။

အရင်တုန်းကတော့ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ တွဲ နေတယ်။ (မှန်ပါ့)၊ သဘောကျရဲ့လား။ (ကျပါတယ် ဘုရား)၊ အဲဒီကဲ့သို့ ဒကာ ဒကာမတို့ ဒီလို ခန္ဓာနဲ့ ပညာနဲ့ တွဲ-တွဲပေးလိုက်တဲ့အခါကျတော့ ခန္ဓာကြီးဟာ ဒုက္ခသစ္စာ ရှိလို့ ဒုက္ခသစ္စာချည်း ပြောနေတယ်၊ ဒကာ ဒကာမတွေ စောင့်ကြည့်တဲ့ ဉာဏ်ကို ပြောနေတယ်။ (မှန်ပါ့)၊ မပြောဘူး လား။ (ပြောပါတယ် ဘုရား)။

အရုပ်ဆိုးတာကိုလဲ အရုပ်ဆိုးတယ်လို့ ပြောတယ်။ (မှန်ပါ့)၊ အကျည်းတန်တာ ကိုလဲ အကျည်း တန်တယ်လို့ ပြောပါတယ် (မှန်ပါ)။

ခန္ဓာကချည်း ပြောနေတာပဲ၊ အဲဒီတော့ ခန္ဓာက ပြောတဲ့ အခါကျလို့ ရှိရင်ဖြင့် သြော် အရုပ်ဆိုးလိုက်တာ၊ သြော် အကျည်းတန် လိုက်တာလို့ ဉာဏ်က လိုက်ပေးပါ။ (မှန်ပါ့)။

အဲဒီကဲ့သို့ အရုပ်ဆိုး အကျည်းတန်တယ်လို့ ဘုန်းကြီး တို့ ဒကာ ဒကာမတွေက ဉာဏ်က လိုက်ပေး လိုက်ပေး လိုက်တဲ့အခါ လိုချင်စရာ, ရချင်စရာမပေါ်၊ ရွံစရာ,မုန်းစရာ တွေသာ ပေါ်မလာ ဘူးလား (ပေါ်လာပါတယ် ဘုရား)၊ အင်းရွံစရာ, မုန်းစရာ ပေါ်လာတာ ဉာဏ်တက်လို့ မှတ် ရမယ်။ (မှန်ပါ့ ဘုရား)။

ရွံစရာ, မုန်းစရာ ပေါ်လာတယ်လို့လဲ ဒကာ ဒကာမ တွေ မရှုဘဲ, မမှတ်ဘဲ မနေနဲ့၊ ရွံစရာ, မုန်းစရာကို ဆက်လက်ပြီး ဇွဲနပဲနဲ့သာ ရှုပေးပါ။ (မှန်ပါ့)။

ရှုပေးတဲ့အခါ ကျတော့ ဒကာသစ်တို့ ရွံစရာ, မုန်းစရာ, အမြင်များလေ, များများမြင်လေ, မလိုချင်လေ။ (မှန်ပါ့)၊ မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဒါဖြင့် မလိုချင်တဲ့ ဉာဏ်သည် မဂ်ဉာဏ်ပဲ။ (မှန်ပါ့ ဘုရား)။

မလိုချင်လို့ ရှိရင် ဒကာ ဒကာမတွေ၊ ရွံစရာ၊ မုန်း စရာတွေ ချုပ်ပျောက် သွားတယ်၊ ရွံစရာ, မုန်းစရာတွေ ချုပ်ပျောက်ပြီး သကာလတဲ့၊ အင်း ဒကာသစ်တို့ ကဖြစ်စေ၊ ဦးလှဘူးတို့ ဖြစ်စေ၊

အင်း ခုနကဖြင့် ရွံစရာ, မုန်းစရာ ဖောက်ပြန်တာ တွေပဲ တွေ့တယ်၊ ယခုတော့ဖြင့် မတွေ့ဘူး ဆိုလို့ ရှိရင်ဖြင့် ဒုက္ခသစ္စာနဲ့ ဉာဏ်နဲ့ ကွဲသွားပြီး သကာလ သုခသစ္စာ ဆိုတဲ့ နိဗ္ဗာန်နဲ့ ဉာဏ်နဲ့ တွဲသွား တယ်။ (မှန်ပါ့)။

နိဗ္ဗာန်နဲ့ ဉာဏ်နဲ့ တွဲသွားတယ်

ဒုက္ခသစ္စာနဲ့ ဉာဏ်နဲ့ ကွဲသွားတယ်၊ သုခသစ္စာ ဆိုတဲ့ နိဗ္ဗာန်နဲ့ ဉာဏ်နဲ့ တွဲသွားတယ်။ (မှန်ပါ့)၊ အဲဒါကြောင့် ဒီအလုပ်သည် ဒကာ ဒကာမတို့ အလုပ်မှန်ပဲ ဆိုတဲ့ ဥစ္စာ သေသေချာချာ မှတ်ပါ။ (မှန်ပါ့)။

ရွံစရာ, မုန်းစရာကို ရွံစရာ, မုန်းစရာ မဟုတ်ရင် ခင်စရာ ဖြစ်ရတော့မယ်။ (မှန်ပါ့)၊ ဖောက်ပြန် ပျက်စီး တာကို ဖောက်ပြန် ပျက်စီးတယ်လို့ မမြင်လို့ ရှိရင် ခိုင်တယ်, မြဲတယ်ဆိုတဲ့ ဒိဋ္ဌိက လာမှာပဲ။ (မှန်ပါ့)။

ဒိဋ္ဌိနဲ့တွဲလိုက်၊ တဏှာနဲ့တွဲလိုက်၊ ဘယ်တော့မှ ခန္ဓာနဲ့ ဉာဏ်နဲ့ မတွဲမိဘူး။ (မှန်ပါ့)။

ဒါကြောင့် ဝိပဿနာဆိုတာ ဒိဋ္ဌိ, တဏှာ တွဲမှုကို ခွဲပြီး သကာလ ဉာဏ်နဲ့ တွဲမှုကို အလုပ်, လုပ်တာဟာ ဝိပဿနာ အလုပ်လို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)။

သဘောပါပလား။ (ပါ,ပါတယ် ဘုရား)၊ အေး အရင်တုန်းကတော့ ဒိဋ္ဌိ တဏှာနဲ့ ခန္ဓာနဲ့ တွဲနေတယ်၊ အခု ဘုရားက နည်းကောင်းတွေပေး၊ ဆရာသမားက နည်းကောင်း နည်းနာတွေ ပေးလိုက်တဲ့ အခါကျတော့ ခန္ဓာနဲ့ ဉာဏ်နဲ့ တွဲပေးလိုက်တယ်။ (မှန်ပါ့)။

ဟုတ်တိုင်းမှန်စွာ သိတဲ့ ဉာဏ်

ခန္ဓာနဲ့ ဉာဏ်နဲ့ တွဲပေးလိုက်တဲ့အခါကျတော့ ဉာဏ် – ကမှ အမှန်မြင်ကိုဗျ။ (မှန်ပါ့)၊ အဲဒီ အမှန်မြင်က ဖောက် ပြန် ပျက်စီးတာတွေ မမြင်ဘူးလား။ (မြင်ပါတယ် ဘုရား)။

အဲဒီကဲ့သို့ မြင်လာတဲ့အခါကျတော့မှ သြော် ဖောက်ပြန် ပျက်စီးတာပဲ ရှိတယ် ဆိုတဲ့ ဟုတ်တိုင်း မှန်စွာ သိတဲ့ ဉာဏ် ဝမ်းထဲ ရောက်ပြီ။ (မှန်ပါ့)။

ဒီ ဖောက်ပြန်ပျက်စီးတာချည်း မြင်ပါများလို့ ဒကာ ဒကာမတွေက ကြည့်ရရှုရတာ များတော့ ခုနက ရွံမုန်း ငြီးငွေ့ မလာဘူးလား။ (လာပါတယ် ဘုရား)၊ ဒါ ဉာဏ်တက်လာတာလို့ သာ မှတ်ကြ ပေတော့။ (မှန်ပါ့)။

မကြည့်ချင်လို့ ထမပြေးလိုက်ပါနဲ့ ဉာဏ်တက်လာ တာ၊ တက်လာ ပါတယ်လို့ ဆိုပြီး ဆရာကောင်းက နည်းပေး တဲ့အတွက် ခင်ဗျားတို့ ဒါ ဉာဏ်တက် လာတာပါ လား ဆိုပြီး သကာလ စိုက်စိုက် စူးစူးပဲ၊ မုန်းလျက်နဲ့ပဲ စိုက်စိုက် စူးစူး ရှုပေးပါ။ (မှန်ပါ့)။

မလိုချင်တာသည် မဂ္ဂင်ရှစ်ပါးဆိုက်တာ

စိုက်စိုက်စူးစူး ရှုရာက နေပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် အကြိမ်များ လာပြီ ဆိုမှဖြင့် အင်း တကယ့်ကိုပဲ မလိုချင်စရာပါလား ဆိုတာ မလာပေဘူးလား။ (လာပါတယ် ဘုရား)။

မလိုချင်စရာလာလို့ ရှိရင် “ဝိရာဂေါ မဂ္ဂေါ” ဆိုတဲ့ အတိုင်း ဝိရာဂေါ- ရှုပါများလို့ မလိုချင် တာသည်၊ မဂ္ဂေါ- မဂ္ဂင်ရှစ်ပါးပဲ။ (မှန်ပါ့)၊ မလိုချင်တာသည် ဘာပါလိမ့် (မဂ္ဂင်ရှစ်ပါးပါ ဘုရား)။

မလိုချင်တာ မဂ္ဂင်ရှစ်ပါး ဆိုသဖြင့် မလိုချင်တဲ့ ပုဂ္ဂိုလ် မှာ ရှေးက ဒုက္ခသစ္စာကြီး ပျောက် ပျက်ပြီး သကာလ နိရောဓ သစ္စာ ဘွားခနဲ ပေါ်လာတာပဲ။ (မှန်ပါ့)၊ မပေါ်လာဘူးလား။ (ပေါ်လာပါတယ် ဘုရား)။

ဤကဲ့သို့ ပေါ်လာတာ ထောက်လိုက်တော့ နိရောဓ, မဂ္ဂ ဆိုတော့မှ ခုနက သေခါနီး မြင်ရမယ့် ကိုယ်လုပ်ထားတဲ့ အကုသိုလ် တွေကြောင့် ငရဲအိုးတွေ၊ ငရဲမီးတွေ ဟုန်းဟုန်း တောက်နေတာ။

တိရစ္ဆာန် ဘုံကြီး ခွေးနက်ကြီးတွေက လာကိုက်နေတာ တွေဟာ ခုလို မြင်ပြီးသား ပုဂ္ဂိုလ် ကျတော့ ဘယ်တော့မှ မလာတော့ဘူး။ (မှန်ပါ့)၊ မလာတော့ဘူး။ (မှန်ပါ့)။

ဒီ မလိုချင်တဲ့ဉာဏ် ဖြစ်ပျက်အဆုံးကို မြင်ရတဲ့ ဉာဏ် လာတဲ့ အချိန်ကစ,ပြီး သကာလ အဲဒီ သေခါနီး လာမယ့် နိမိတ်တွေ၊ ကိုယ်သွားရမယ့် ပုဗ္ဗ နိမိတ်တွေ၊ ငရဲနိမိတ်တွေ၊ တိရစ္ဆာန် နိမိတ် တွေဟာ အဲဒီ အချိန်က စ,ပျောက်တယ်။

အဲဒီတော့ ဒီအချိန်က၊ မလိုချင်တဲ့ အချိန်က၊ ခန္ဓာ မလိုချင်တဲ့ အချိန်က စ,ပျောက်တယ် ဆိုတော့ သေခါနီး သူတို့ လာဖို့ရာ အချိန်ရသေးရဲ့ လား။ (မရပါ ဘုရား)။

အဲ ဒီကဲ့သို့ မရတော့ ဒီပုဂ္ဂိုလ်ပဲ မဂ်ဆိုက်တဲ့ ပုဂ္ဂိုလ် သေပြီဆိုကြစို့ ၊ မလိုချင်တဲ့ ပုဂ္ဂိုလ် သေပြီ ဆိုတော့ မဂ်လေး တန်လုံး ရလို့ ရှိရင်လဲ ပြုံးသေပဲ။ (မှန်ပါ့)။

ပြုံးပြီး သေတယ်

မဂ်လေးတန် မရောက်ဘူး၊ တစ်တန်ပဲ ရတယ် ဆို ဦးတော့ သုဂတိ နိမိတ်တွေ လာထင်တယ်။ (မှန်ပါ့)၊ နက်ရွာ သုဂတိ နိမိတ်တွေ လာထင်တော့ ပြုံးပြီးတော့ စုတိစိတ် ကျသွားတယ်။ (မှန်လှပါ ဘုရား)။

အရင်လို မျက်ရည်စက်လက်နဲ့ ခေါင်းအုံးပေါ် မျက်ရည်တွေ ရွှဲနေတဲ့ သဘောမျိုး လာသေး လား။ (မလာ ပါ ဘုရား)။

အနေကောင်း လုပ်လို့ အသေကောင်း ဖြစ်သွား တယ်။ (မှန်လှပါ ဘုရား)၊ သဘောပါကြ ပလား။ (ပါ,ပါပြီ ဘုရား)၊ ဘယ်လိုကြောင့် ပါလိမ့်။ (အနေကောင်း လို့ အသေကောင်း တာပါ ဘုရား)။

သေရာလမ်းသည် အားလုံးဆုံရာဌာန

အဲဒါ အားလုံးတော့လဲ ဒီလမ်းကို မသွားမယ့် ပုဂ္ဂိုလ် ကလဲ တစ်ဦးမှ မရှိကြဘူး၊ သေရာလမ်း ဆိုတာ အားလုံး တို့ ၏ ဆုံရာ ဌာနတစ်ခုပဲ။ (မှန်ပါ့ ဘုရား)။

သေရာလမ်းဆိုတာ ဘာပါလိမ့်။ (အားလုံးတို့ ၏ ဆုံရာဌာန တစ်ခုပါ ဘုရား)၊ အားလုံးတို့ ၏ ဆုံရာ ဌာန တစ်ခု ဖြစ်ပါတယ်ဆိုတာ မှတ်ထားလိုက်တော့ဖြင့် ဆုံပင် ဆုံငြား သော်လဲ ပြုံးပြီး သေရအောင်၊ မျက်ရည် စက်လက်နဲ့ မသေ ရအောင် ခုချိန်က ပြင်ရမှာပဲ။ (မှန်ပါ့)၊ ဘယ်လိုပြင်ကြ ရမတုံး ဆိုလို့ ရှိရင် ခုနက ပြောတဲ့ ဉာဏ်သုံးဆင့် တက်မိအောင် တက်ပါ။ (မှန်ပါ့ ဘုရား)။

စောင့်ကြည့်နေလို့ ရှိရင်ဖြင့် ဖောက်ပြန်တာ မြင်ပါလိမ့် မယ်၊ ကြပ်ကြပ် ကြည့်ပါများရင် ဖောက်ပြန် တာကို မုန်းပါ လိမ့်မယ်။ ကြပ်ကြပ် ကြည့်ပါများရင် ဖောက်ပြန် ပျက်စီး တာ မလိုချင်တာ ပါလိမ့်မယ်၊ (မှန်လှပါ ဘုရား)၊ မလိုချင်ရင် ဖောက်ပြန် ပျက်စီးတတ်တဲ့ ရုပ်နာမ် ဓမ္မတွေ အကုန်ချုပ်ပါ လိမ့်မယ်။ (မှန်ပါ့)။

ချုပ်သွားတဲ့ အခါကျလို့ ရှိရင် မလိုချင်တဲ့ ဉာဏ်သည် တဲ့၊ ဖောက်ပြန် ပျက်စီးမှု မရှိတဲ့ “သန္တိ လက္ခဏံ နိရောဓသစ္စံ၊” – ဆိုတဲ့ “အနိမိတ္တပစ္စုဋ္ဌာနံ ဝိက္ခမ္ဘန ပစ္စုပ္ပဋ္ဌာနံ။” ဆိုတဲ့ အတိုင်း စုတိ ပျက်ကြွေ မသေနိုင်ဘဲ ခိုင်မြဲတဲ့ နိဗ္ဗာန်ကြီး မြင်လာ ပါလိမ့်မယ်။ (မှန်ပါ့)။

အဲဒီကဲ့သို့ မြင်လာတဲ့အခါကျလို့ ရှိရင် ငရဲအိုးတွေ ငရဲမီးတွေ အကုန်သိမ်း၊ မျက်ရည်တွေ အကုန်သိမ်း၊ အပါယ် လေးဘုံ ဘယ်ဟာ လာနိုင်သေးတုံး။ (မလာနိုင်တော့ပါ ဘုရား)။

အဲဒီ မလာနိုင်တဲ့ အခြေအနေ ရောက်အောင် ဒကာ ဒကာမတွေက ကြိုးစား ထားတော့၊ သေခါနီး ကျတော့ ဒီက နိမိတ်တွေက မလာ၊ သုဂတိ နတ်ပြည် နိမိတ်တွေက နတ် သမီးတွေ၊ နတ်ရထားတွေသာ လာဆိုက်ပြီး တစ်ခါတည်း သူ့ရထား တက်ပါ၊ ငါ့ရထား တက်ပါနဲ့ ဒီလိုသာ လာတော့ တယ်။ (မှန်ပါ့ ဘုရား)။

မဲ့သေရှောင်ပြီး ပြုံးသေဆောင်ပါ

ဒီ မြေအိုးတွေ စွန့်ပြီး ရွှေရေအိုးတွေကို သုံးပါ, စွဲပါ ဆိုသလို မြေတိုက်တွေ စွန့်ပြီး သကာလ ရွှေတိုက်တွေမှာ လာနေပါလို့ ခေါ်တယ် ဆိုတော့ စွန့်ရမှာက အဖိုးမတန် ရမှာက အဖိုးတန် ဆိုတော့ ပြုံးပြီး လိုက်သွားတာပေါ့ (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ မျက်ရည် စက်လက်နဲ့ မဲ့သေကို ရှောင်ပြီး သကာလ ပြုံးသေကို ဆောင်ရအောင်ဖြင့်..

ယခု အချိန်က စ,ပြီး ခန္ဓာ၏ ဖောက်ပြန်မှု၊ ပျက် စီးမှုကို ကြည့်ဖြစ်အောင် ကြည့်ပါ ဆိုတာ တရားမဟောမီ ရှေ့အဖို့က ဝိပဿနာဉာဏ် ရှေ့ထားပြီး ပြောနေတယ်လို့ မှတ်စမ်းပါ။ (မှန်လှပါ ဘုရား)၊ သဘောပါကြ ပလား။ (ပါ,ပါပြီ ဘုရား)၊ ကိုင်းဒါဖြင့် မနေ့က တရား ပြန်ဆက် ကြစို့နော်။ (မှန်လှပါ ဘုရား)။

နီဝရဏတရား ငါးပါးတဲ့၊ ကာမစ္ဆန္ဒ နီဝရဏ၊ ဗျာပါဒ နီဝရဏ၊ ထိနမိဒ္ဓ နီဝရဏ နှစ်ခုတွဲ သူက (မှန်ပါ့) ဥဒ္ဓစ္စကုက္ကုစ္စ နီဝရဏ နှစ်ခုတွဲကိုး၊ ဝိစိကိစ္ဆာ နီဝရဏလို့ နီဝရဏ တရား ဘယ်နှစ်ပါး ရှိပါလိမ့်။ (ငါးပါးပါ ဘုရား)။

နီဝရဏလို့ ဘယ့်နှယ်ကြောင့် အမည်ပေးရပါလိမ့်။ (နိဗ္ဗာန် မဂ်ဖိုလ် တားတဲ့ အတွက် နီဝရဏ အမည်ပေး ပါတယ် ဘုရား)။

မဂ်တား ဖိုလ်တား, ဝါ- ပိတ်ပင်တတ်သောကြောင့် နီဝရဏတရားလို့ ဦးလှဘူးတို့၊ ဒကာသစ်တို့ မှတ်လိုက် တာပေါ့ဗျာ။ (မှန်ပါ့ ဘုရား)။

ပိတ်ပင်ပုံများက ကာမစ္ဆန္ဒ နီဝရဏကလဲ ကြွေးဆပ် နေရတာနဲ့၊ မအားတာနဲ့ဘဲ နိဗ္ဗာန် ရောက်သေးလား။ (မရောက်ပါဘူး ဘုရား)။

ဗျာပါဒ နီဝရဏကလဲ မနေ့က ပြောခဲ့ပြီ၊ ရောဂါစွဲ နေတဲ့သူနဲ့ တူတာနဲ့ပဲ မဂ်ဉာဏ် ဆေးကောင်းကို တိုက်လို့ ရရဲ့ လား။ (မရပါဘူး ဘုရား)။

မရလို့ သူလဲ မဂ်ဖိုလ်နဲ့ မလွဲရဘူးလား။ (လွဲရ ပါတယ် ဘုရား)၊ မဂ်ဆေး ဖိုလ်ဆေးတွေ တိုက်တော့ သောက်လို့ ရရဲ့လား။ (မရပါဘူး ဘုရား)။

ထိနမိဒ္ဓ နီဝရဏလို့ မနေ့က တရားဆုံးခါနီး ဟောခဲ့ လို့ သူကလဲ ထိနဆိုတဲ့ စိတ်၏ မခိုင်ခံ့ခြင်း၊ မိဒ္ဓဆိုတဲ့ စေတသိက်တို့၏ ကိုယ့်စေတသိက် ကိုယ်မနိုင်ခြင်း၊ ဒီနှစ်ခု ဝင်လာလို့ ရှိရင် အိပ်ရာ ပြင်တော့ တာပဲ။ (မှန်ပါ့)။

သူကလဲ အိပ်ရာ ပြင်လိုက်တယ် ဆိုတော့ သံသရာ ထောင်ကြီးထဲ ကျသွားလို့ ပြင်ဘက်မှာ ဘုရားတွေက ပွင့်၊ တရားတွေက ဟောငြားသော်လဲ သူ ကြားသေးရဲ့ လား။

အဲဒါကြောင့် ထောင်ကျနေတဲ့ ပုဂ္ဂိုလ်နဲ့ တူသောကြောင့် လဲ သူလဲ မဂ်ဖိုလ် တားတဲ့ တရား။ (မှန်ပါ့)၊ ထောင်ကျ နေတဲ့ ပုဂ္ဂိုလ်နဲ့ တူသောကြောင့် (မဂ်ဖိုလ်တားတဲ့ တရားပါ ဘုရား)၊ မဂ်ဖိုလ် တားတဲ့ တရားပဲလို့ ဒကာ ဒကာမတွေက လေးစားစွာနဲ့ မှတ်ထား လိုက်တာပေါ့။ (မှန်ပါ့)။

ကဲဒါဖြင့် ၁-၂-၃ ပြီးသွားတော့ ဒီနေ့ ၄-နံပါတ် ကို ကိုင်ပါလိမ့်မယ်။ (မှန်ပါ့)၊ ၄-နံပါတ်ကလဲ တရား နှစ်ခု၊

“ထိနမိဒ္ဓံ ဗန္ဓာဂါရံ ဝိယ၊ ဥဒ္ဓစ္စကုက္ကုစ္စံ ဒါသဗျံ ဝိယ၊”

ဪ ဥဒ္ဓစ္စ ကုက္ကုစ္စ ရှိနေလို့ ရှိရင် တစ်ခုသော ပစ္စည်းရှိတဲ့ အိမ်မှာ အခိုင်းအစေ ဖြစ်တဲ့ ကျွန်နဲ့ တူသတဲ့။ (မှန်ပါ့)။

တစ်ခုသော ပစ္စည်း ရှိတဲ့ အိမ်မှာ အခိုင်းအစေ ကျွန်လေး တွေ၊ ကျွန်မလေးတွေ၊ အိမ်စေ ယောက်ျားလေးတွေ မွေး – မထားကြဘူးလား။ (မွေးထား ကြပါတယ် ဘုရား)။

သခင်က ဘယ်လိုပဲ ဓာတ်ရှင်ပွဲ၊ ပျော်ပွဲ၊ အလှူမင်္ဂလာ ပွဲ၊ အမျိုးမျိုး ကိစ္စ၊ ကျက်သရေ မင်္ဂလာ ရှိတဲ့ ပွဲတွေ၊ လောက ကြီးထဲမှာ အခမ်းအနားတွေ သွားငြားသော်လဲ သူ့မှာတော့ ဖြင့်တဲ့၊ အိမ်စေ ဖြစ်တဲ့ အိမ်စေ အလုပ်နဲ့ပဲ နေရပါတယ်။ (မှန်ပါ့)။

တခြား ဘာလုပ်လို့ ရသေးသတုံး၊ အိမ်စေဖြစ်နေလို့ အိမ်ရှင်များ – သဘောကျ နေရ တော့တယ် ဆိုတာ အထင် အရှားပေါ့ ဗျာ။ (မှန်ပါ့)။

အဲ ဥဒ္ဓစ္စ ကုက္ကုစ္စ ရှိနေမယ်ဆိုရင်လဲ ထိုနည်းအတူပဲ

ဥဒ္ဓစ္စဆိုတာ စိတ်၏ ပျံ့လွင့်မှုဆိုတော့ စိတ်ကို နိုင်သေးရဲ့ လား။ (မနိုင်တော့ပါ ဘုရား)။

ကိုယ့်စိတ်ကို မနိုင်တော့ကိုတဲ့၊ ကိုယ့်အလိုအတိုင်း နေရတဲ့ သဘောပါသေးရဲ့ လား။ (မပါ,ပါ ဘုရား)၊ ကိုယ်အလိုတိုင်း နေရတဲ့ သဘော မပါတော့ သခင် စေခိုင်းသလို (မှန်ပါ့)။

ဒါဖြင့် ဥဒ္ဓစ္စဟာ အိမ်စေ ကျွန်မ,လေး၊ အိမ်စေ ယောက်ျားလေး နဲ့ မတူဘူးလား၊ (တူပါတယ် ဘုရား)။

ဒါဖြင့် ပြင်ဘက်မှာ ဘယ်လို တရားဓမ္မတွေ မိုးလို စွေပြီး နိဗ္ဗာန် ဝင်လမ်းတွေ အမျိုးမျိုး အဖုံဖုံ ပြသ နေကြငြား သော်လဲ သူ့မှာ အိမ်စေနဲ့ တူတဲ့၊ ကိုယ့်အလို မလိုက်တဲ့ စိတ်နဲ့ အတူ နေရတာကိုး။ (မှန်ပါ့)။

ကိုယ့်အလို မလိုက်တဲ့ စိတ်က ထွက်ပြေး နေတာ။ (မှန်ပါ့)၊ ထွက်ပြေး နေတော့ ကိုယ့် အလိုလိုက် သေးရဲ့လား။ (မလိုက်ပါ ဘုရား)။

အဲ ကိုယ့်အလို မလိုက်တော့ ဒီစိတ်အလိုပဲ လိုက်ပြီး သကာလ, နေရတော့၊ ဥဒ္ဓစ္စ အလို လိုက်ပြီး နေရတော့ တောင် အာရုံပြုလိုက်၊ မြောက် အာရုံပြုလိုက်၊ အနောက် အာရုံပြုလိုက်၊ ရှေ့ရေး အာရုံပြုလိုက်၊ နောက်ရေး အာရုံပြုလိုက်၊ အဲဒီ စိတ်နောက်ကို ပုဂ္ဂိုလ် သတ္တဝါက လိုက်နေတယ်။ (မှန်ပါ့)။

လိုက်နေတော့ ဥဒ္ဓစ္စ ကျွန်ဖြစ်မနေဘူးလား။ (ဖြစ် နေပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာတို့၊ စဉ်းစားတာ ပေါ့တဲ့၊ သူဟာ ဥဒ္ဓစ္စ၏ ကျွန်ဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ဟာ ဥဒ္ဓစ္စ သွားရာ ကိုသာ လိုက်နေ ရတော့ ကိုယ့်သဘော ပါသေးရဲ့လား။ (မပါ,ပါဘူး ဘုရား)။

ဒါဖြင့် ကျွန်ဖြစ်မဖြစ် စဉ်းစားကြည့် (ဖြစ်ပါတယ် ဘုရား)၊ အဲဒီလို ဥဒ္ဓစ္စ ရှိနေလို့ ရှိရင်လဲ ဒကာ ဒကာမတို့ ကျွန်ဘဝနဲ့ အသက်ရှည် နေရလို့ ၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက အဇာတသတ် ဟောလိုက်တယ်။ (မှန်ပါ့)၊

ကျွန်ဘဝနဲ့ အသက်ရှည် ဖြစ်နေတာကွ၊ သဘောပါ ပလား။ (ပါ,ပါပြီ ဘုရား)။

ဥဒ္ဓစ္စက ဥပမာမယ်၊ တောင်ဘက် ပြေးသွားတယ်။ တောင်ဘက် ခန္ဓာကိုယ်က လိုက်ရပြီ။ (မှန်ပါ့)၊ မြောက် ဘက်ပြေးရင် (မြောက်ဘက် လိုက်ရပါတယ် ဘုရား)။

အင်း အောက်ပြေးသွားရင် (အောက် လိုက်ရပါတယ် ဘုရား)၊ အထက် ပြေးသွားရင်ကော (အထက် လိုက်ရပါ တယ် ဘုရား)၊

ဒါဖြင့် ဥဒ္ဓစ္စ ပြေးသလောက် ခန္ဓာကိုယ် လိုက်နေရတော့ ဒီခန္ဓာထဲမှာရှိနေတဲ့ ရုပ်နာမ်ဟာ ကိုယ်ပိုင်လား၊ ကျွန်လား။ (ကျွန်ပါ ဘုရား)။

ဥဒ္ဓစ္စ တည်းဟူသော သခင်၏အလိုသို့ လိုက်နေရ တယ်။ (မှန်ပါ့)၊ ဒီလိုလိုက်နေတော့ ပြင်ဘက်မှာ ဘုရားတွေ တရားတွေဟော၊ အမျိုးမျိုး ကျွတ်တမ်းတွေ ပြပြီး သကာလ နေကြငြား သော်လဲ သူနဲ့ ဆိုင်ပါရဲ့လား။ (မဆိုင်ပါဘူး ဘုရား)၊ ဘယ်သူ့ သတ္တိဆိုတာ ရိပ်မိကြ ပလား။ (ရိပ်မိပါတယ် ဘုရား)။

ဥဒ္ဓစ္စ ရှိနေတဲ့ ပုဂ္ဂိုလ်မှာ ကျွန်ဖြစ်နေလို့ ဥဒ္ဓစ္စ အလို သာ လိုက်နေ ရတယ်။ (မှန်ပါ့)၊ ဘယ်သူ့ အလို လိုက် နေရတုံး။ (ဥဒ္ဓစ္စ အလိုလိုက် နေရပါတယ် ဘုရား)။

ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ဥဒ္ဓစ္စ ရှိတဲ့ ပုဂ္ဂိုလ်ဟာ ကျွန်ဘဝ ရောက်နေတယ် လို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)။

ဥဒ္ဓစ္စက ဝမ်းထဲ ရောက်လာရင် (ကျွန်ဘဝ ရောက်ပါ တယ် ဘုရား)၊ ကျွန်ဘဝ ရောက်နေ တယ်လို့ သေသေချာချာ မှတ်၊ ကျုပ်စိတ်က ဟိုရောက်- ဒီရောက်၊ ဟိုပြေး ဒီပြေးနဲ့၊ အင်း ဟိုပြေး-ဒီပြေးနဲ့ ဆိုတော့ ပြေးရာ နောက် လိုက်နေရ တယ်။ (မှန်ပါ့)၊ ဘယ်သူ့ကျွန် ဖြစ်နေသတုံး။ (ဥဒ္ဓစ္စရဲ့ကျွန် ဖြစ်နေ ရပါတယ် ဘုရား)။

ဥဒ္ဓစ္စရဲ့ ကျွန်ဖြစ်ပြီး သကာလ နေတော့ သူ့အလိုလိုက် နေရတော့ ဒကာ ဒကာမတို့ ဘယ်လောက် ထိအောင် ဆိုးသတုံး ဆိုလို့ ရှိရင်၊ ပုံရိုင်းရိုင်း ပြောရလို့ ရှိရင်ဖြင့် ခွေးမြီးမှာ ပျားအုံမိလို့ ရှိရင် ခွေးပြေး သလို ဒီ ပျားအုံဟာ လိုက်ရမယ်။ (မှန်ပါ့)။

ပျက်စီးခြင်းသို့လဲ ရောက်ရမယ်နော်။ (မှန်ပါ့)၊ သူက အအုံက လွဲနေတာကိုး။ (မှန်ပါ့)၊ ခွေးမြီးမှာ သွားပြီး ပျားအုံက စွဲတော့ ခွေးပြေး သလို လိုက်နေ ရလိမ့်မယ် ဆိုတဲ့ အဓိပ္ပါယ်ကလဲ ဘာမှ သံသယ ရှိစရာ မလိုဘူး။ (မှန်ပါ့)။

ဒီမှာလဲ ဥဒ္ဓစ္စရှိတဲ့ ရုပ်နာမ်သည် ဥဒ္ဓစ္စက ပြေးချင် သလို ပြေးနေရတဲ့ တရား နောက်ကို ဒီရုပ်နာမ်ကြီးက လိုက် ပြီး သကာလ နေရတော့ သူ့မှာ ပျားအုံ သဖွယ်ဖြစ်ပြီး သကာလ အမျိုးမျိုးသော ဒုက္ခတွေ မကြုံရပေဘူးလား (ကြုံရပါ တယ် ဘုရား)။

ဒါကြောင့် သူ့မှာ ကိုယ့်သဘောလားတဲ့၊ ဥဒ္ဓစ္စရဲ့ သဘော အဖြစ်နဲ့ ရုပ်နာမ်က လိုက်နေ ရသလား လို့ ဦးလှဘူးတို့၊ ဒကာသစ်တို့ မေးရင် ဘယ့်နှယ်ဖြေမလဲ။ (ဥဒ္ဓစ္စနောက် ရုပ်နာမ်က လိုက်နေရပါတယ် ဘုရား)။

ကျွန်ဟာ ကျွန်လိုပဲ နေရမှာပဲ

ဥဒ္ဓစ္စ၏ သဘောအတိုင်း လိုက်နေရတော့ ကျွန်ဖြစ် မနေဘူးလား။ (ဖြစ်နေပါတယ် ဘုရား)၊ အဲဒီ ကျွန်သည်ကားဆိုလို့ ရှိရင်ဖြင့် သခင်များ သုံးဆောင်တဲ့၊ သခင်များ စားသောက်သလို၊ သခင်များ၏ နေရေး ထိုင်ရေး၊ ချောင်ချိသလို သူတို့ မှာတော့ ခံစား စံစားရပါရဲ့လားလို့ မေးလို့ ရှိရင် ကျွန်ဟာ ကျွန်လိုပဲ နေရမှာပဲ။ (မှန်ပါ)။

ကျွန်ဟာ ဘယ့်နှယ်ဆိုပါ့မယ်။ (ကျွန်လိုပဲ နေရ မှာပါ)၊ ကျွန်လိုပဲ နေရမှာပဲ၊ ခင်ဗျားတို့ တစ်သံသရာလုံး ဥဒ္ဓစ္စ ဒဏ်ချက်ကို မတွန်းလှန် နိုင်တာနဲ့ သံသရာ ခရီးသည် ဟိုဘုံ ရောက်လိုက်၊ ဒီဘုံ ရောက်လိုက် ရောက်ချင်ရာ ရောက် ပြီး ဟိုဘုံမှာ သေပွဲ ဝင်လိုက်၊ နာပွဲ ဝင်လိုက်၊ ဟိုဘုံမှာ အိုပွဲ ဝင်လိုက်၊ အလုံးစုံ ပွဲတွေ၊ အသုဘ ပွဲတွေချည်း နွှဲခဲ့ရတာ ဥဒ္ဓစ္စ မတွန်းလှန်နိုင်လို့ (မှန်ပါ့)။

အသုဘပွဲတွေ နွှဲခဲ့ရတာ (ဥဒ္ဓစ္စ မနိုင်လို့ ပါ ဘုရား)၊ နာပွဲတွေ အလီလီ နွှဲခဲ့ရတာကော (ဥဒ္ဓစ္စ မနိုင်လို့ပါ ဘုရား)။

ဒါဖြင့် သံသရာ ခရီးသည်မှာ အရှက်တကွဲ အကျိုးနည်း ခဲ့ရတာ ကိုယ့်သဘောမရှိဘူး၊ ဥဒ္ဓစ္စနောက် လိုက်နေရတာ နဲ့ပဲ အနာကင်း၊ အသေကင်းတဲ့ နိဗ္ဗာန်ကို ဘယ်တော့မှ မရောက်နိုင်ဘူး။ (မှန်ပါ့)၊ ရောက်နိုင်သေးရဲ့လား။ (မရောက်နိုင်ပါ ဘုရား)။

အင်း ဒါကြောင့် ကျွန်သပေါက်ဘဝမှ လွတ်အောင် ဒကာသစ်တို့၊ ဦးလှဘူးတို့ မလုပ်ရင် မဖြစ်ဘူး။ (မှန်ပါ့) ဥဒ္ဓစ္စသာ ရှိနေလို့ ရှိရင် ကျုပ်က စိတ်က သိပ်မြန် တာပဲ ဟိုပြေးသွား, ဒီပြေးသွားနဲ့။ (မှန်ပါ့)။

တရားကို အားထုတ်လို့ မရဘူး၊ ကျုပ်တော့ ခက် တာပဲဆိုတော့ သူ ကျွန်ဖြစ်လို့ ညည်းတဲ့ အသံ၊ ဘာဖြစ်လို့ ညည်းတဲ့ အသံ (ကျွန်ဖြစ်လို့ ညည်းတဲ့အသံပါ ဘုရား)။

ဘယ်လိုဖြစ်လို့ ညည်းတာပါလိမ့်။ (ကျွန်ဖြစ်လို့ ညည်းတာပါ ဘုရား)၊ ကျွန်ဖြစ်လို့ ညည်းတဲ့ အသံကို အခု ဘုန်းကြီးများက ပြင်ဆင် ပေးလိုက်ပါတယ်။ (မှန်ပါ့)။

ဒကာ ဒကာမတို့ တရားထိုင်တဲ့အခါ ခန္ဓာကိုယ်ထဲ မှာ ဆိုလို့ ရှိရင်ဖြင့် ဖောက်ပြန်တာ, ပျက်စီးတာ ကြည့်တော့မယ်၊ အစက ပြောခဲ့တိုင်း ကြည့်တော့မယ် ဆိုရင် သူက ဟိုပြေးသွား, ဒီပြေးသွားတယ် ဆိုလို့ ရှိရင် သူ့ပဲ အရင် ဖြစ်ပျက်ရှုပါ။ (မှန်ပါ့)။

ရှုမယ်ကြံလို့ ရှိရင် သူက ဟဒယ ဝတ္ထု ပေါ်မှာ ပေါ် တယ်လို့ မှတ်ရမယ်။ (မှန်ပါ့)၊ ဉာဏ် ဝင်လာလို့ ရှိရင်ကော ဥဒ္ဓစ္စ ပြေးတာပဲ။ (မှန်ပါ့)။

အဲပြေးပြီးမှ သာလျှင် ဒကာသစ်တို့ ဝေဒနာကြိုက် ရင် ဝေဒနာရှု (မှန်ပါ့)၊ စိတ်ကြိုက်ရင် စိတ် ပြန်ရှုမှ သာလျှင် တရားစစ်တော့မယ်။ (မှန်ပါ့)။

ဒါဖြင့် ဥဒ္ဓစ္စကို ဖယ်ထုတ်နိုင်တဲ့နည်း မရှိရင် ကိုယ် ကျွန်ဖြစ် ပါလိမ့်မယ်။ (မှန်ပါ့)၊ ကျွန်ဖြစ် သွားလို့ ရှိရင် သံသရာ ခရီးသည်ကြီး ဖြစ်ပြီး သကာလ အဖုံဖုံ ဘုံများစွာတို မှာပဲ လောကီဘုံ ဟူသရွေ့ မှာဖြင့် အိုပွဲ၊ နာပွဲ၊ သေပွဲတွေနဲ့ အရှက်တကွ အကျိုးနည်းရတာ ဥဒ္ဓစ္စ မနိုင်လို့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘာမနိုင်ပါလိမ့်။ (ဥဒ္ဓစ္စမနိုင်လို့ပါ ဘုရား)၊ ဒါဖြ၊ ဥဒ္ဓစ္စသည် ဒကာ ဒကာမတို့အား သူ ပြေးရာကို ရုန်းကန် လိုက်စေပြီး သကာလ နေရတော့ ဒကာ ဒကာမတို့ ..

ဥဒ္ဓစ္စ ဆိုတာ မောဟ အဟိရိက အနောတ္တပ္ပ-ဥဒ္ဓစ္စ၊ ဆိုတဲ့ ဥစ္စာသည်တဲ့၊ အင်မတန် ဆိုးရွားတဲ့ တရား၊ အပါပလေးပါး သုံးဆယ့်တစ်ဘုံ ထဲမှာ သာလျှင် အိုဘေး၊ နာဘေး၊ သေဘေးတွေဆီ လျှောက်ပြေး တာပဲ။ (မှန်ပါ့)။

ဥဒ္ဓစ္စကပြေး၊ ရုပ်နာမ်က လိုက်တော့ သူကတော့ နာမ် ဓမ္မမို့ ကိစ္စ မရှိဘူး၊ လိုက်ရတဲ့ ရုပ်နာမ် ဓမ္မကတော့ အသုဘ အဖြစ်နဲ့ လိုက်၊ ဒုက္ခသစ္စာ အဖြစ်နဲ့ လိုက်ပြီး ခွေးအမြီးစွဲတဲ့ ပျားအုံလိုပဲ ချမ်းသာခွင့်ကို မရဘူး။ (မရပါဘူး ဘုရား)၊ ရသေးရဲ့ လား (မရပါဘူး ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်လို လုပ်ကြရမလဲလို့ မေးလို့ ရှိရင်ဖြင့် ဒီ ဥဒ္ဓစ္စဟာ ဟဒယ ဝတ္ထု ပေါ်မှာ ပေါ်ပါတယ် (မှန်ပါ့)။

အနိစ္စဉာဏ်နဲ့ ချေမှုန်းပစ်ပါ

ပေါ်လို့ ရှိရင်ဖြင့် မင်းဟာ ကျွန်သပေါက် ဘဝထဲ ဆွဲမလို့ ဝင်လာတာပဲ။ (မှန်ပါ့)၊ ဆိုပြီး သကာလ မင်းဟာ အနိစ္စလား၊ နိစ္စလား မေးပြီး သကာလ ရှုပေတော့။ (မှန်ပါ့)။

ရှုလိုက်တော့ ဘယ်သူလို့ ပြောမယ်ထင်တဲ့။ (အနိစ္စလို့ ပြောမှာပါ ဘုရား)၊ အဲ သူဟာ အနိစ္စ ပါပဲလို့ ပြောသွားရော၊ အဲဒီ အနိစ္စ တစ်ချက် ကျုပ်တို့ က ရလိုက်ပြီးမှ ကျုပ်တို့ ရှုနေကျ ဝေဒနာတို့ ရုပ်တို့ကို ပြန်လှည့်ရှုလိုက်။ (မှန်ပါ့)၊ အဲ ဥဒ္ဓစ္စ နိုင်ပြီးမှ ရှုတော့ကို အရှင်သခင် ဖြစ်သွားပေါ့။ (မှန်ပါ့)။

ကျွန်သပေါက် ဖြစ်မယ့် ပစ္စည်း ပြေးသွားပြီ ဆိုလို့ ရှိရင် လွဲပါ့မလား။ (မလွဲပါ ဘုရား)၊ အဲဒီလို ဒကာ ဒကာမတို့၊ ဥဒ္ဓစ္စ ဖယ်တတ်ပလား။ (ဖယ်တတ်ပါပြီ ဘုရား)၊ အဲဒါ ဥဒ္ဓစ္စဖယ်၊ ကျွန်စာရင်းမှ လွတ်ကင်းတယ်။ (မှန်ပါ့)။

ဥဒ္ဓစ္စဖယ်ရင် (ကျွန်စာရင်းမှ လွတ်ကင်းပါတယ် ဘုရား)၊ ကျွန်စာရင်းမှ လွတ်ကင်း ပါတယ် ဆိုတာ ဒကာ ဒကာမတို့ လေးလေးစားစား မှတ်ထားတော့။ (မှန်ပါ့)။

တစ်ခါတည်း ထ,ပြီး သကာလ ကျုပ်ကတော့ ကျုပ် စိတ်ကို မနိုင်ဘူး၊ ရှုလို့ မဖြစ်ဘူးလို့ မပြောပါနဲ့။ (မှန်ပါ့)၊ သူက ကျွန်စာရင်း သွင်းမလို့ လာတာကိုး၊ သူ့ကို အနိစ္စ ဉာဏ်နဲ့ ချေမှုန်းပစ်ပါ။ (မှန်ပါ့ ဘုရား)။

ဘာလုပ်ရမတုံး။ (သူ့ ကို ချေမှုန်းပစ်ရပါမယ် ဘုရား)၊ အနိစ္စဉာဏ်နဲ့ ချေမှုန်း ပစ်တဲ့ အခါ ကျတော့ သူက ကျွန်စာရင်း သွင်းမယ်လို့ လာတဲ့ တရား။

ကျုပ်တို့က နိုင်သွားတဲ့ အခါကျတော့ ကိလေသာ ရန်သူ အောင်ပွဲ ယူလိုက်တာပဲ။ (မှန်ပါ့)၊ ဘာပါလိမ့်။ (ကိလေသာရန်သူ အောင်ပွဲ ယူလိုက်တာပါ ဘုရား)။

ကိလေသာရန်သူ အောင်ပွဲယူလိုက်တဲ့ အတွက်တဲ့ ဒကာ ဒကာမတို့၊ ကိုယ်လုပ်ချင်တဲ့ အလုပ် မလုပ်ရပေဘူး လား။ (လုပ်ရပါတယ် ဘုရား)။

အင်းကျွန်အဖြစ်က လွတ်သွားတဲ့ အခါကျတော့ ကိုယ်က ကျန်တဲ့ ရုပ်နာမ် ရှုမယ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရအောင်ယူမယ် ဆိုရင် မရပေဘူးလား။ (ရပါတယ် ဘုရား)၊

အဲဒီလိုရသွားတာသည် တခြားကြောင့် ရတာလား ဒကာ ဒကာမတို့ ဥဒ္ဓစ္စ ဖယ်နိုင်လို့ ရတာလား။ (ဥဒ္ဓစ္စ ဖယ် နိုင်လို့ ရတာပါ ဘုရား)။

ကိုယ့် ဥဒ္ဓစ္စ ဖယ်နိုင်လို့ရတာ (မှန်ပါ့)။ ဒါဖြင့် သြော် ဥဒ္ဓစ္စဆိုတဲ့ တရား၊ ခင်ဗျားတို့ ကတော့ ဥဒ္ဓစ္စများ လွန်းလို့ ဝိပဿနာ မရှုဖြစ်ဘူး၊ စိတ်က ဟိုပျံ့ဒီပျံ့နဲ့။ ကျုပ်စိတ်ကို ကျုပ်မနိုင်ဘူး၊ ကျွန်ဖြစ် နေတယ် ပြောတာ ပေါ့။ (မှန်ပါ့)။

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အဇာတသတ် မင်းသား သည်ကား ဆိုလို့ ရှိရင် ဥဒ္ဓစ္စက မင်း ကျွန်လုပ်မယ် ဆိုလို့ လာတာ၊ သံသရာ ကျွန်ကြီး ဖြစ်အောင် လို့ မင်း အရှက်တကွဲ အကျိုးနည်း အိုပွဲ၊ သေပွဲတွေ နွှဲရအောင်လို့ သူလာတာဆိုပြီးသကာလ မင်းကို နှောင့်ယှက် နေတာ။

ဥဒ္ဓစ္စကို ဖြစ်ပျက် ရှုပစ်

အဲဒါကြောင့် သူ့ကိုပင်လျှင် ကျွန်အဖြစ်က လွတ် အောင် သူ့ကို ဖြစ်ပျက် ရှုပစ် (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါတယ် ဘုရား)။

ပါဠိတော် ထည့်သွင်းလိုက်တဲ့ အခါကျတော့

“ဝိက္ခိတ္တ စိတ္တံ ဝိက္ခိတ္တစိတ္တန္တိ ပဇာနာတိ။” ဝိက္ခိတ္တစိတ္တံ- ပျံ့လွင့်တဲ့ စိတ်ကို၊ ဝိက္ခိတ္တစိတ္တန္တိ- ဝိက္ခိတ္တစိတ် ဖြစ်ပျက် ဟူ၍၊ ပဇာနာတိ-သိအောင် ရှုပါ။ (မှန်ပါ့)။

ဒီလိုသာ ရှုပစ်လိုက်စမ်းပါ။ (မှန်ပါ့)၊ ရှုပစ်လိုက်တဲ့ အခါကျတော့ သူ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)၊ အဲ သူ မရှိတော့မှ ဒကာကြွယ်တို့ ဘယ်ပြန်လှည့်မယ်။ (မိမိ အားထုတ်နေကျ ကမ္မဋ္ဌာန်း လှည့်ပါမယ် ဘုရား)။ သဘောကျပလား။ (ကျပါတယ် ဘုရား)၊

ဘာပြန် လှည့်ကြမယ်။ (မိမိအားထုတ်နေကျ ကမ္မဋ္ဌာန်း ပြန်လှည့် ရပါမယ် ဘုရား)၊ မိမိ အားထုတ်နေကျ ကမ္မဋ္ဌာန်း ပြန်လည့်။

မိမိ အားထုတ်နေကျ ကမ္မဋ္ဌာန်း ပြန်ရှုလိုက်တဲ့အခါ ကျတော့ ဖယ်တန်တာ ဖယ်ပြီးမှ ရှုတဲ့ အတွက် ခရီးက ပေါက် မပေါက် စဉ်းစားကြည့်။ (ပေါက်ပါတယ် ဘုရား)၊ ခရီးပေါက်တယ် ဆိုတာ မသေချာဘူးလား။ (သေချာပါ တယ် ဘုရား)။

အေး ဒါကြောင့် အေး သူ့သာ လက်ခံမိရင် ကျွန် သပေါက်ဘဝတွင်၊ သွင်းမလို့ လာတဲ့ တရား၊ ကျွန်စိတ် ပေါက်နေတဲ့ တရား၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

အဲဒီ ကျွန်ဖယ်ပြီးမှ သခင် လုပ်မှ ဖြစ်တော့မယ်။ (မှန်ပါ့)၊ ကျွန်စာရင်း သွတ်သွင်းတဲ့ တရား၊ ဖြစ်ပျက် အရင် ရှုပြီးမှ ဒကာ ဒကာမတို့ ကိုယ့်အလုပ် ကိုယ်လုပ်ဖြစ်ရတော့တယ်။ (မှန်ပါ့)။

နို့မို့လို့ ရှိရင် သူ ခေါ်ရာသာ လိုက်ရလို့ ရှိရင် ဟို လျှောက်သွား၊ ဒီလျှောက်သွား လျှောက် ချင်တဲ့ဆီ လျှောက် သွားတဲ့ အခါကျလို့ ရှိရင်ဖြင့် ကျုပ်တို့ အလုပ် လုပ်ရသေး ရဲ့ လား။ (မလုပ်ရပါဘူး ဘုရား)။

အဲ ကျွန်ဖယ်ပြီးမှ၊ အင်း ကျွန်စိတ် ဖယ်ပြီးမှ ကိုယ်ပိုင် အလုပ်, လုပ်နိုင် ပါတယ် ဆိုတဲ့ နည်းလေးလဲ မှတ် လိုက်စမ်းပါ။ (မှန်ပါ့)။

ကျွန်ဖယ်ပြီးမှ (ကိုယ်ပိုင်အလုပ်,လုပ်လို့ ရပါတယ် ဘုရား)၊ အဲ ကျွန် မဖယ်တတ်လို့ ရှိရင် ကိုယ်ကိုယ်တိုင်က ကျွန်ဖြစ်နေတယ်။ (မှန်ပါ့ ဘုရား)။

ဥဒ္ဓစ္စဆွဲရာ လိုက်နေရတယ်။ (မှန်ပါ့)၊ ကိုယ်ကိုယ် တိုင် သခင် လုပ်တတ်သေးရဲ့ လား။ (မလုပ်တတ်ပါ ဘုရား)၊ ကဲဒါဖြင့် ဘုရားက နည်းပေးတဲ့ အတိုင်း ဆရာဘုန်းကြီးက လိုက်တယ်၊ ဥဒ္ဓစ္စ- ဖြစ်ပျက် ရှုပစ် (မှန်ပါ့)၊ သဘောကျပလား။ (ကျပါ တယ် ဘုရား)။

ထိုကဲ့သို့ ရှုလိုက်တဲ့ အခါကျတော့ ဥဒ္ဓစ္စက- ဖြစ်ပျက်၊ ရှုတာက မဂ်ဖြစ်သွား ပြီးတော့ သူက ရှိသေးရဲ့လား။ (မရှိတော့ပါ ဘုရား)။

မရှိတဲ့ အခါကျတော့မှ ဘာရှု ရပါလိမ့်မတုံး၊ သူလဲ ပြေးသွားပြီ၊ ပြောနေကျ အတိုင်း ကိုယ်ကြိုက်တဲ့ ကမ္မဋ္ဌာန်း ပြန်ရှု (မှန်ပါ့)၊ သဘောပါ ကြပလား။ (ပါ,ပါပြီ ဘုရား)။

သူက ကန့်ကွက်နေလျက်နဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတို့ က သူ့မဖယ်ရှားဘဲနဲ့ ရှုနေလို့ ရှိရင်ဖြင့်တဲ့၊ သူ ဆွဲရာ ပါ,ပါလိမ့်မယ်။ (မှန်ပါ)၊ ရှုလို့လဲ ရမယ် မဟုတ်ပါဘူး။ (မှန်ပါ့)။

သူက နီဝရဏတရားပဲ၊ ခုနက ဝိပဿနာ ကန့်ကွက်၊ မဂ်ကန့်ကွက်၊ ဖိုလ်ကန့်ကွက်တဲ့ တရားပဲတဲ့၊ ဘယ်မှာ သာလျှင် ဒကာ ဒကာမတို့ အကျိုးဆောင်ဖို့ လာတာလား၊ ကျွန်စာရင်း သွင်းဖို့ လာတာလား။ (ကျွန်စာရင်း သွင်းဖို့ လာတာပါ ဘုရား)

ကျွန်စာရင်း သွင်းမယ်လို့ လာတဲ့တရားကို ခင်ဗျားတို့ က လက်ခံထားလို့ ရှိရင် ခင်ဗျားတို့ ကျွန်ဖြစ်ချင်လို့ ၊ ဘုရား အဆူဆူပွင့်၊ တရားပွဲကြီးတွေ၊ အင်း ဒီ အလိုရှိလို့ ဟောလိုက်မယ် ဆိုလို့ ရှိရင် ဗြဟ္မာပြည်တောင် ရောက်နိုင် တယ်။

အဲဒီ တရားပွဲတွေ ကျုပ်တို့ မကြားခဲ့ရ၊ မကြုံခဲ့ရတာ သူ့ သတ္တိပေါ့ဗျာ။ (မှန်ပါ့)၊ သူက ကျွန်တွေထဲ သွင်းထားတော့ ကျွန်တို့က ကျွန်သပေါက်အလုပ်တွေ လုပ်နေရတယ် ဒကာ ဒကာမတို့၊ ဘုရားအဆူဆူ တရားပွဲတွေနဲ့ ကျုပ်တို့ မကြုံခဲ့ဘူး။ (မှန်ပါ့)။

ဘုရား အဆူဆူတွေကော အရောင်, အဆင်း,အလင်း တွေနဲ့ တန်ခိုး ဗျာဋိဟာတွေ ပြတာတွေလဲ ကျုပ်တို့ မမြင်ခဲ့ ရဘူး။ (မှန်ပါ့)၊ ဘာကြောင့်တုံး၊ အိမ်ရှင် မဖြစ်ဘူး၊ ကျွန်က ကျွန်၊ အိမ်ခေါင်းထဲမှာ ကျွန်အလုပ်, လုပ်နေရတော့ ဘယ်ပွဲလမ်း သဘင်မျိုးမှ သူနဲ့ မဆက်သွယ်ဘူး။ (မှန်ပါ့)။

ကဲ ဘုရားပွင့်တဲ့ ပွဲလမ်းသဘင်ထက် ကြီးတာက ရှိသေးလား။ (မရှိပါဘူး ဘုရား)၊ အဲဒီ ကြီးမားတဲ့ ပွဲလမ်း သဘင်ကြီးတွေနဲ့ ကျုပ်တို့ လွဲခဲ့ရတာ၊ ယနေ့ လက်သည် အစစ် ပေါ်ပါပြီ။ (ပေါ်ပါပြီ ဘုရား)။ မူလ ဘယ်သူပါလိမ့်။ (ဥဒ္ဓစ္စပါ ဘုရား)၊

ကဲ ဒကာသစ် ဘယ်လောက် ဆိုးရွားတဲ့ တရား (ဆိုးရွားပါတယ် ဘုရား)၊ ဒကာ ဒကာမတို့ ဘုရား အဆူဆူနဲ့ လွဲ၊ ကျွတ်တမ်း အမျိုးမျိုး လွဲ၊ ကျွတ်တမ်းဝင်တဲ့ ပုဂ္ဂိုလ်အမျိုးမျိုးနဲ့ တို့ မိတ်မှ မဆက်မိ နည်းလေးမှ မရလိုက်၊ ဘာဖြစ်နေလို့ တုံး၊ အို အိမ်ရှင် ကျွန်ဖြစ်နေလို့။ (မှန်ပါ့)။

ပြင်ဘက်မှာ ဘုရားတွေပွင့်၊ ရဟန္တာတွေ ဖြစ်ကြတော့ သူက ဥဒ္ဓစ္စ၏ ကျွန်ဖြစ်နေတော့ ဒကာ ဒကာမတို့ ဘယ်မှာ ထွက်ခွင့် ဝင်ခွင့် မရဘဲ ဖြစ်နေတယ် ဆိုတာ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဥဒ္ဓစ္စကို ဒကာသစ်တို့၊ ဦးလှဘူးတို့ က သေးသေးသိမ်သိမ် တရားလား၊ မဂ်တား ဖိုလ်တား တရား လားဆိုတာ သေသေချာချာ စဉ်းစားပါ။ (မဂ်တား ဖိုလ်တား တရားပါ ဘုရား)။

ဘယ်လောက်များ ကြောက်စရာ ကောင်းသတုံး (ကြောက်စရာ ကောင်းပါတယ် ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် နည်းလဲ ပေးပြီးပါပြီ၊ ဆရာသမားက အဇာတသက်ဟောလို့၊ တနေ့ကလဲ သိင်္ဂါလ သတို့သား ,ဟောလို့ ဒကာ ဒကာမတို့ ဘယ်လို ဖယ်ရမယ် ဆိုတာ ကိုလဲ ဒကာသစ်တို့ နည်းရပါပြီ။ (ရပါပြီ ဘုရား)။

ဦးလှဘူးတို့ နည်းရပါပြီ။ (ရပါပြီ ဘုရား)၊ နောက်က ဒကာ ဒကာမတွေကော (နည်းရပါပြီ ဘုရား)၊ ဘာရှု ပစ်ကြမယ်။ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ သူ့ကို အရင် ရှုပစ်ပါ။ (မှန်ပါ့)။

မနိုင် နိုင်အောင် ဖြစ်ပျက်ရှုပစ်ပါ

ဥဒ္ဓစ္စကို ဘာလုပ်ပစ်ရမယ်။ (ဖြစ်ပျက် ရှုရပါမယ် ဘုရား)၊ အဲဥဒ္ဓစ္စ ဖြစ်ပျက် ရှုပစ်တော့မှ မနိုင်-နိုင်အောင် ရှု (မှန်ပါ့)၊ မင်းလဲ အနိစ္စပဲ၊ မင်းလဲ အနိစ္စပဲ၊ မင်းလဲ အနိစ္စပဲ၊ ပျံလွင့်တဲ့ စိတ်ကလေးလဲ အနိစ္စပဲ၊ ပျံ့လွင့်တဲ့ စိတ်ကလေးလဲ အနိစ္စပဲ၊ တစ်ခါတည်း ရှုပေး။

အဲဒီလို ရှုပေးလိုက်တဲ့ အခါကျတော့၊ သူသည် ရှုပါ များလာတဲ့ အခါကျတော့ အနိစ္စ အဖြစ်နဲ့ ပြေပျောက် သွားလိမ့် မယ်။ (မှန်ပါ)။

အဲဒီ ပြေပျောက် သွားတော့မှ ကျုပ်တို့ ကိုယ့်အလုပ် လုပ်။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါတယ် ဘုရား)။ အင်း ကျွန်စာရင်း သွတ်သွင်းမယ့် တရားကို ဖယ်ပါဦး။ (မှန်ပါ့)၊ ဒါ တော်တော် အရေးကြီး တယ်လို့ မှတ်ပါ။ (မှန်လှပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဘဝသံသရာကြီးမှာ ဘယ် လောက် ရှည်ခဲ့သတုံးလို့ ဆို မေးတဲ့ အခါကျတော့ ဘုရား သခင် ကိုယ်တော်မြတ်ကြီးတောင်မှ အစ ရှာမတွေ့ဘူး။ (မှန်ပါ့ ဘုရား)၊ ဦးလှဘူးရဲ့ အစ ရှာမတွေ့ဘူး။ (မှန်ပါ့)။

ဘယ်လောက် ကြာခဲ့တယ်၊ ဒုက္ခ ပင်လယ် ဝေခဲ့တယ် ဆိုတာကတော့ဖြင့် ပြောဖို့ တောင် မလိုတော့ဘူး။ (မှန်ပါ့)။

ဒါ ဘယ်သူ့ကြောင့်ပါလိမ့် မတုံး ဆိုလို့ရှိရင် မောဟ အဟီရိက- အနောတ္တပ္ပ ဥဒ္ဓစ္စ သူအပါ အဝင်ဗျ။ (မှန်ပါ့)၊ သဘောပါကြပလား (ပါ,ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဥဒ္ဓစ္စ ချေမှုန်းတဲ့နည်း။ ကျွန်စာရင်း သွတ်သွင်းခံရတဲ့ တရားကို ကျုပ်တို့ မဖယ်တတ်၊ မရှားတတ်၊ မတွန်းလှန်တတ်တဲ့ အတွက် ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြတဲ့ ဘုရားတွေနဲ့ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူတဲ့ ဘုရားတွေ၏ ဟောပြောတဲ့ တရားတွေ၊ သစ္စာလေးပါး တရားတွေနဲ့ အလွဲကြီး လွဲခဲ့ရတာ ဘယ် သူက ကန့်ကွက်တာတုံး ဆိုတော့ ပေါ်ပါပြီ။ (ပေါ်ပါတယ် ( ဘုရား)။

ဘယ်သူပါလိမ့်မတုံး။ (ဥဒ္ဓစ္စပါ ဘုရား)၊ သူ ဥဒ္ဓစ္စ ပဲတဲ့၊ သေချာပလား (သေချာပါပြီ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ့်နှယ် လုပ်ကြမှာတုံး။ (ဥဒ္ဓစ္စ ဖြစ်ပျက် ရှုရမှာပါ ဘုရား)၊ ဥဒ္ဓစ္စ ဖြစ်ပျက် ရှုရလိမ့် မယ်နော် (မှန်ပါ့)၊ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

ဥဒ္ဓစ္စ နိုင်ပြီဘုရား၊ ဥဒ္ဓစ္စနိုင်ပြီ ဆိုတော့မှ ဒကာသစ်ရေ။ မူလ ကမ္မဋ္ဌာန်းဆီ ပြန်ပြောင်း။ (မှန်ပါ)၊ ကိုင်း တရား ဆက်နာကြ၊ ဒီဥဒ္ဓစ္စကို မနိုင်တော့။ ဥဒ္ဓစ္စက နိုင်သွားရင်။ ဘယ်လိုဖြစ်ပါတုံးလို့ ဆိုတဲ့အခါကျတော့ ..

ဥဒ္ဓစ္စ ဆိုတာက အရှေ့ကမ်း ရောက်သွား၊ အနောက်ကမ်း ရောက်သွား၊ တောင်ကမ်း ရောက်သွား မြောက်ကမ်း ရောက်သွား၊ ရက်ကန်းဆီ ရောက်သွား၊ အထည်ဆီ ရောက် သွား၊ ငွေတောင်း စရာဆီ ရောက်သွား၊ ငွေပေး စရာဆီ ရောက် သွား၊ သူ သွားချင်သလို သွားပစ် လိုက်တယ်။ (မှန်ပါ့)။

အဲဒီ သွားတဲ့ တရား၊ ဤကဲ့သို့ အငြိမ်မနေဘဲနဲ့ သွားတဲ့ တရား၊ ပြာပုံခဲကျ ဥဒ္ဓစ္စ လို့ ဆိုထားတာ၊ သူက မငြိမ်းတဲ့ တရား၊ အဲဒီ မငြိမ်းတဲ့ တရားကို ကျုပ်တို့ က အင်း ဒီနေ့ ဖြင့် ကျုပ် စိတ်က မငြိမ်ဘူး၊ ဝိပဿနာ မရှုဘူး ဆိုလို့ ရှိရင် ဖြင့် ကျွန်ဖြစ်တဲ့ နေ့လို့ မှတ်လိုက်။ (မှန်ပါ့)။

ဘယ်လို မှတ်ကြမယ်။ (ကျွန်ဖြစ်တဲ့နေ့လို့ မှတ်ကြ ပါမယ် ဘုရား)၊ ကျွန်ဖြစ်တဲ့နေ့ လို့ ဒကာ ဒကာမတွေ လေးလေးစားစား မှတ်လိုက်ကြစမ်းပါ။ (မှန်ပါ)။

အဲကျွန်ဖြစ်တဲ့နေ့ဆိုလို့ ရှိရင်ဖြင့်၊ ဘယ်သူ့ ကျွန်တုံး ဆိုလို့ ရှိရင်ဖြင့် ဥဒ္ဓစ္စ၏ကျွန် (မှန်ပါ့)၊ ဥဒ္ဓစ္စဆွဲရာကို ကျန်တဲ့ ခန္ဓာကြီးက (လိုက်နေရပါတယ် ဘုရား)။

လိုက်နေရတော့ အနောက်ခန်း သွား၊ အနောက် ခန်း လိုက်၊ ရစရာရှိတဲ့ဆီ ပြေးသွား (ရစရာရှိတဲ့ဆီ လိုက်ရပါတယ် ဘုရား)။

ပေးစရာရှိတဲ့ဆီ ပြေးရင် (ပေးစရာရှိတဲ့ဆီ လိုက်ရ ပါတယ် ဘုရား)၊ ဒီရုပ်နာမ်ဟာ ကျွန်မှ ဟုတ်ရဲ့လား။ (ဟုတ်ပါတယ် ဘုရား)၊ ဒါကြောင့် တချို့ ဒကာ ဒကာမတွေ စိတ်က မငြိမ်ဘူး။

ဒါကြောင့် ဒီတော့ဖြင့် တရား အားမထုတ်သေးဘူး ဆိုလို့ ရှိရင် ဘယ်တော့မှ အားထုတ်ဖြစ်မှာ မဟုတ်တော့ ဘူး။ (မှန်ပါ့)၊ ကျွန်အဖြစ်နဲ့ပဲ ဒကာကြွယ်တို့ လက်စ သတ်ဖို့ ပဲ။ (မှန်ပါ့)။

ဥဒ္ဓစ္စ ကြိုးဆွဲတဲ့ အချိန်နဲ့ လက်စသတ် သွားနေရ တယ်။ (မှန်ပါ့)၊ ထိုကဲ့သို့ လက်စသတ် သွားလို့ ရှိရင်ဖြင့် ဘုရား အဆူဆူနဲ့ လွဲခဲ့ရတာက ဥဒ္ဓစ္စ။ (မှန်ပါ့)။

တရားအမျိုးမျိုးနဲ့ မကြုံခဲ့ရတာ (ဥဒ္ဓစ္စပါ ဘုရား)၊ သစ္စာ အမျိုးမျိုးနဲ့ မပိုင်းခြား နိုင်ခဲ့တာ (ဥဒ္ဓစ္စပါ ဘုရား)။ ကိုင်း နောက်တုန်းက လွဲခဲ့ပြန်၊ အလွဲပဲ လိုက်ခဲ့ပြန်ပေါ့ ဆိုနိုင်- မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား)။

နောက်တုန်းက ဘုရား အဆူဆူ၊ တရား အမျိုးမျိုး၊ သံဃာ အမျိုးမျိုးနဲ့ ကွဲခဲ့ လွဲခဲ့ရတာ တွေလဲ ဘယ်သူ့ သတ္တိ ဆိုတာ ပေါ်ပါပြီ။ (ပေါ်ပါပြီ ဘုရား)။

ဘယ်သူပါ လိမ့်မတုံး။ (ဥဒ္ဓစ္စပါ ဘုရား)၊ အဲ ယနေ့ပဲ အားထုတ်ပြန်တော့ စိတ်က မငြိမ်ဘူး၊ ဟိုရောက် ဒီရောက်နဲ့၊ မလုပ်သေးဘူးလေဆို သူလွဲမှုပဲ ပါရမီဖြည့်ပြန်တယ်။ (မှန်ပါ့)၊သဘောကျပလား။ (ကျပါပြီ ဘုရား)၊ဒါဖြင့် လွဲမှုတော့ ပါရမီ မဖြည့်သင့်ပါဘူး ဒကာ ဒကာမတို့။

သူ့ အကြောင်းလဲ ယနေ့ ကောင်းကောင်းကြီး ရှင်းပေး ပေါ့ပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ အဲဒီတော့ ဘုရားလက်ထက်က တရားနာရင်း မတ်တတ်နဲ့ သောတာပန်, သကဒါဂါမ်, အနာဂါမ် ရဟန္တာ ဖြစ်ကြတယ်၊ တချို့ ဘာမှ မဖြစ်ဘူး။ (မှန်ပါ့)။

တချို့ ဘာဖြစ်မလဲလို့ မေးတော့ ဥဒ္ဓစ္စ၏ ကျွန်ဖြစ်နေ တဲ့အတွက် တရားပွဲထဲ နေလဲ သူနဲ့ မဆိုင်ဘူး။ (မှန်ပါ့)၊ ဘုရားဟော နေကော (မဆိုင်ပါဘူး ဘုရား)၊ ဥဒ္ဓစ္စ သွားရာကို ရုပ်နာမ်က လိုက်မနေ ဘူးလား။ (လိုက်နေပါတယ် ဘုရား)။

အဲ ဥဒ္ဓစ္စ သွားရာကို၊ ဥဒ္ဓစ္စက အိမ်ပြေး သွားရာကို ကျန်တဲ့ စိတ်တွေက အိမ်ရောက်၊ ဥဒ္ဓစ္စက ရောင်းစရာ, ဝယ်စရာရှိတဲ့ဘက် ပြေးသွား ပြန်တော့ ကျန်တဲ့ စိတ်တွေ ကလဲ သူနဲ့ အဖော်ဖြစ်တဲ့ စိတ်တွေက ဟိုဘက် လိုက်သွားတော့ တရားပွဲထဲ နေငြား သော်လဲ တရားပွဲထဲ နေတာလား၊ သူ ကျွန်ဖြစ် နေတာလား။ (ကျွန်ဖြစ် နေတာပါ ဘုရား)။

အဲဒီတော့ ဒီတရားပွဲထဲမှာလဲ ဒကာ ဒကာမတွေက ဒီအတိုင်းပဲ မှတ်ပါ။ (မှန်ပါ့)၊ ဒီဥစ္စာသာ ဝင်လာလို့ ရှိရင် ငါ တရားနာ နေတာလား၊ ကျွန်ဖြစ် နေတာလား မေးပါဦး။ (ကျွန်ဖြစ် နေတာပါ ဘုရား)၊ကျွန်ဖြစ်နေတာ သေချာပလား။ (သေချာပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ နဂိုကျ ကိလေသာ ကျွန်ဖြစ်နေတဲ့ အထဲမှာ၊ တဏှာကျွန် ဖြစ်ရတဲ့ အထဲမှာ၊ ဥဒ္ဓစ္စ ကျွန်က တစ်ခါပြန် ဖြစ်ရဦး ဆိုလို့ရှိရင်ဖြင့် ဒီထက် ဆိုးတာတော့ ရှိစရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ကိုင်း ဒါဖြင့် သံသရာနဲ့ချီ ပြောတော့ ဒကာသစ် တို့ ဦးလှဘူးတို့ ရိပ်မိပါပြီ။ (မှန်ပါ့)၊ ဘုရား အဆူဆူ နဲ့ လွဲခဲ့ရတာလဲ (ဥဒ္ဓစ္စပါ ဘုရား)။

ဥဒ္ဓစ္စက ကျုပ်တို့ကို ဘာလုပ်တာတုံး။ (ကျွန်လုပ် ထားပါတယ် ဘုရား)၊ တရားပွဲတွေ အလွဲကြီး လွဲခဲ့ရတာ (ဥဒ္ဓစ္စကြောင့်ပါ ဘုရား)၊ သူက ဘာလုပ်တာတုံး၊ ကျွန်ဖြစ်အောင် လုပ်ထားတော့ အိမ်ပြင်ကို မထွက်သာဘူး။ (မှန်ပါ့)။

အိမ်ရှင်အလို ကြည့်နေ ရတာပဲ။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ ဘုရား)၊ အင်း ဥဒ္ဓစ္စ အလို အတိုင်း ချည်း လိုက်နေ ရတော့ ဒကာ ဒကာမတို့ ဘုရား အဆူဆူ၊ တရားပွဲအမျိုးမျိုး၊ သစ္စာဉာဏ် အမျိုးမျိုးနဲ့ ကွဲခဲ့ လွဲခဲ့ရတာ ဒုက္ခထဲမှာသာ နွှဲခဲ့ရပြီး နေရတာဖြင့် သူ့ထက်ဆိုးတဲ့ တရား ရှာမှရှား ဖြစ်ပါလိမ့်မယ်။ (မှန်ပါ့)။

ဘယ်တရားပါလိမ့်။ (ဥဒ္ဓစ္စပါ ဘုရား)၊ ပေါ်ကြ ပလား။ (ပေါ်ပါပြီ ဘုရား)၊ ဪ ဒါဖြင့် ဒကာ ဒကာမ တွေ ဆရာ ဘုန်းကြီးနဲ့တွေ့၊ ခင်ဗျားတို့ သည်ကားဆိုလို့ ရှိရင်ဖြင့် ဘယ့်နှယ်ကြောင့် ခန္ဓာကြီး ထမ်းပြီး သကာလ၊ ဒီအသုဘ ခန္ဓာကြီး ထမ်းပြီး သကာလ ခုထက် တိုင်တိုင် အသုဘဇာတ် မသိမ်း၊ ဒုက္ခဇာတ် မသိမ်းဘဲနဲ့ နာမှု, ကိုက်ခဲမှုတွေ ရှာမှု၊ ဖွေမှုတွေ, ဒုက္ခတွေနဲ့ အသုဘ ခန္ဓာကိုယ်ကြီး ထမ်းပြီး သကာလ ဟိုက ဒီရွာ၊ ဟိုမြို့က ဒီမြို့သွားပြီး သကာလ၊ လည်ပတ်ပြီး သကာလ နေရပါလိမ့် မလဲလို့ မေးလို့ အဖြေထုတ်လို့ ရှိရင်ဖြင့် နောက်တုန်းက ဥဒ္ဓစ္စ မနိုင်ခဲ့လို့သာမှတ်။ (မှန်ပါ့)။

နောက်တုန်းက ဥဒ္ဓစ္စ (မနိုင်ခဲ့လို့ မှတ်ရပါမယ် ဘုရား)၊ ယခုလဲ မသေနိုင်သေးဘူး ဆိုလို့ ရှိရင်ဖြင့် ဒီခန္ဓာ ကြီးနဲ့ ခွေးခန္ဓာ ထမ်းပြီး လည်ဦးပေါ့ဗျာ။ (မှန်ပါ့)။

အင်း ကြက်ခန္ဓာ ထမ်းပြီး (လည်ရပါတယ် ဘုရား)၊ ဘယ်သူ့ သတ္တိတွေပါလိမ့်။ (ဥဒ္ဓစ္စ သတ္တိတွေပါ ဘုရား)၊ ကြည့်လေ့ ဒကာ ဒကာမတို့၊ ဘုန်းကြီးက တရားဟောနေ၊ ဟိုက ကြက်တွေက သူတို့ဟာသူတို့ တွန်လို့ သူတို့ဟာ သူတို့ စားလို့၊ သူတို့ ဥဒ္ဓစ္စနဲ့ သူတို့နေတာပဲ (မှန်ပါ့)။

ဘာဆိုင်သေးတုံးဗျာ။ (မဆိုင်ပါဘူး ဘုရား)၊ အင်း ဒီမှာလဲ ဒကာ ဒကာမတို့ တရားကတော့ ဘုန်းကြီးက အစစ်ပဲ ဟောနေတယ်၊ မဂ္ဂသစ္စာ အစစ် ရှုဖို့ရာပဲ ဟောနေ တယ်၊ ခင်ဗျားတို့ က မမှတ်ဘူး ဆိုရင် ကျွန်ဖြစ်နေလို့။ (မှန်ပါ)၊ မမှတ်ဘူး ဆိုရင် (ကျွန်ဖြစ်နေလို့ပါ ဘုရား)။

ဘယ်သူ့ကျွန်ပါလိမ့်။ (ဥဒ္ဓစ္စကျွန်ပါ ဘုရား)၊ အိမ်ကျ တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး ဘုန်းကြီးက ဘာများဟော၊ ကျုပ် ဒီနေရာ လစ်သွားတယ်၊ ဘာများ ဦးလှဘူး ဟောပါလိမ့်မတုံး၊ ဘယ်အချက်မှာလို့ မေးလို့ ရှိရင် ကျွန်ဖြစ်တဲ့ အချိန်သာ မှတ်။ (မှန်ပါ့)။

ဘယ်အချိန် မှတ်ကြမတုံး။ (ကျွန်ဖြစ်တဲ့ အချိန်လို့ မှတ်ရမှာပါ ဘုရား)၊ အင်း ဒီပွဲထဲမှာတောင် ကျွန်ဖြစ်အောင်၊ သပေါက်ဖြစ်အောင် လုပ်နိုင်သေးတဲ့ စွမ်းရည် သတ္တိပါတယ် ဆိုတော့ ဘုရား, တရားပွဲ ဒီအတိုင်းပေါ့ဗျာ။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဥဒ္ဓစ္စ အကြောင်း သိပြီ၊ အင်မတန် ဆိုးရွားတဲ့တရားပဲ၊ ဘုရားအဆူဆူနဲ့ လွဲအောင်လဲ လုပ်တတ်တယ်၊ တရားပွဲ အနွဲ့နွဲနဲ့ လွဲအောင်၊ သစ္စာဉာဏ် အမျိုးမျိုးနဲ့ မဆက်ဆံအောင် လုပ်တတ်တဲ့ တရား ပါလားဆိုတာ ဒကာ ဒကာမတို့ ယခုခန္ဓာကြီးက သက်သေ ခံတယ်။ (မှန်ပါ့ ဘုရား)။

ဘုရားတွေ တရားတွေနဲ့ လွဲခဲ့တာ ဥဒ္ဓစ္စကြောင့်

ဘက်သူက သက်သေခံ (ခန္ဓာကြီးက သက်သေခံပါ တယ် ဘုရား)၊ ယခု ခန္ဓာကြီး၊ အသုဘ ခန္ဓာကြီးနဲ့ ကျုပ်တို့ အတူနေရ၊ ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီးနဲ့ အတူ နေရတာ ဥဒ္ဓစ္စ မနိုင်လို့၊ အရင် ဘုရားတွေ၊ တရားတွေနဲ့ လွဲခဲ့လို့ အခု တရားရှာ နေရတာ။ (မှန်ပါ့)။

ဒီတစ်ခါလွဲရင်လဲ သွားပြန်ပြီ။ (မှန်ပါ့)၊ ဒါကြောင့် ဥဒ္ဓစ္စဆိုတဲ့၊ ပျံ့လွင့်တဲ့ စိတ်လာလို့ ရှိရင် လာတိုင်း-လာတိုင်း ကျွန်စိတ်ကို အရင် ဝိပဿနာရှုပြီးတော့မှ ဘုန်းကြီးတို့ ပေးနေကျ ဖြစ်တဲ့ ကမ္မဋ္ဌာန်း ပြန်ရှု (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဥဒ္ဓစ္စတော့ ပြီးသွားပြီ ဒကာ ကာမတို့၊ ကုက္ကုစ္စ ကျန်သေးတယ်၊ သူတို့ က နှစ်ခုတွဲ နေတယ်။ (မှန်လှပါ၊)၊ ဥဒ္ဓစ္စလဲ ကျွန်ထဲ သွင်းတာပဲ၊ ကုက္ကုစ္စလဲ ကျွန်ထဲ သွင်းတာ ပဲ။ (မှန်ပါ့)။

ကုက္ကုစ္စ ဘယ်လို ကျွန်ထဲသွင်း သတုံး ဆိုလို့ ရှိရင်ဖြင့် သူက သာဆိုးသေးတယ်၊ ရှေ့သွား ရတော့ မလိုလို၊ နောက် သွားရတော့ မလိုလို။

ကုက္ကုစ္စ ဆိုတာ

သူက ခရီးကို မပေါက်ဘူး။ (မှန်ပါ့)၊ သူက ပြုအပ်တဲ့ ဒုစရိုက်တွေလဲ မကောင်းတဲ့ ပါဏာတိပါတာ၊ အဒိန္နာဒါနာ တွေလဲ ပြန်ပြီး နှလုံးသွင်း ချင်သွင်း နေတယ်။ (မှန်ပါ့)။

အင်း ရှေ့လဲ ငါ တရားဓမ္မ ဆရာသမားနား ကပ်ပြီး အားမထုတ်ရသေးဘူး၊ သူက ဒီလိုလဲ အကောင်းဘက်လဲ လှည့် တွေးချင်သေးတယ်။ (မှန်ပါ့)။

အဆိုးဘက်ကလဲ ငါ မှားခဲ့တာတွေက မနည်းလှ ဘူး။ (မှန်ပါ့)၊ မှားခဲ့တာတွေက မနည်းလှဘူး ဆိုတာလဲ ၊ ကုက္ကုစ္စ။ (မှန်ပါ့)၊ ရှေ့ သူတော်ကောင်းအလုပ် လုပ်စရာ ကလဲ မလုပ်ရသေးဘူး ဆိုတာလဲ (ကုက္ကုစ္စ ပါ ဘုရား)။ ဒါဖြင့် နောက်ဆုတ်လိုက်၊ ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်၊ ရှေ့တိုးလိုက်။ (မှန်ပါ့)။

သူ့ စိတ်တစ်လုံးတည်းကိုက နှစ်မျိုးပုံစံ (မှန်ပါ)၊ ပြုပြီးတဲ့ ဒုစရိုက်တွေလဲ ပြန်အောက်မေ့ နေတယ်။ (မှန်ပါ့)။

သုစရိုက်တွေလဲ ပြန်မလုပ် ရသေးဘူးလို့ ဆွေးနေ တယ်။ (မှန်ပါ့)၊ ဒုစရိုက်တွေလဲ ပြုပြီးသားမို့ သောက ထားတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါတယ် ဘုရား)။

ဒုစရိုက်တွေ ပြုပြီးသား ဆိုတော့ (သောကပါ ဘုရား) သောကထား။ ဒါတွေကဖြင့် ငါ စိုးရိမ်စရာ တွေပါ ကလား၊ ဒုစရိုက် ပြုပြီးသားတွေ ကျတော့ ဘာထားပါလိမ့်။ (သောက ထားပါတယ် ဘုရား)၊ သောက စိုးရိမ်တယ်၊

မပြုလုပ်ရသေး တဲ့ သူတော်ကောင်း အလုပ်တွေ အတွက် အခါကျလို့ ရှိရင် ဖြင့်တဲ့၊ ဒကာ ဒကာမတို့ ဘယ်လိုဖြစ်နေလဲ၊ အဖန်ဖန် တလဲလဲ သူ့ စိတ်ထဲမှာ ဒါတွေ မပြုရသေးဘူး ဆိုတဲ့ စိတ် ကလေး သောက ဖြစ်နေတယ်။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါတယ် ဘုရား)။

ဒါဖြင့် ပြုအပ်ပြီးတဲ့ ဒုစရိုက်အတွက်လဲ သောက ဖြစ်နေတယ်။ (မှန်ပါ့)၊ မပြုအပ်သေးတဲ့ သုစရိုက်အတွက် တွေကော (သောက ဖြစ်ပါတယ် ဘုရား)၊ ဪလုပ်တော့ တစ်ခုမှ လုပ်ပြီးတာ မပါဘူး။ (မှန်ပါ့)။

ခုလဲ သူ့ လက်ရှိအလုပ် ဘာလုပ်သေးတုံး။ (ဘာမှ မလုပ်ရသေးပါ ဘုရား)၊ ဒါဖြင့် သူသည် ဒကာ ဒကာမတို့ မဂ်တား ဖိုလ်တားမှ ဟုတ်ကဲ့လား။ (ဟုတ်ပါတယ် ဘုရား)။

ပြုအပ်ပြီးသော ဒုစရိုက်ကိုတော့လဲ အောက်မေ့နေပြန် တယ်။ (မှန်ပါ့)၊ မပြုရသေးတဲ့ သုစရိုက် အလုပ်တွေ၊ ကောင်းတဲ့ အလုပ်တွေ ကျတော့ မပြုရသေးလို့ ခက်သေး တယ်လို့လဲ သောက ဖြစ်နေတယ်၊ လုပ်ပြီးသားတွေ ကျပြန်တော့လဲ စိတ်က မကျေမနပ် ဖြစ်နေပြန်တယ်။ (မှန်ပါ့)၊ မလုပ်ရ သေးတာ ကျတော့လဲ လုပ်တာလဲ မဟုတ်ဘဲနဲ့ သောက ဖြစ်နေတယ်။ (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ ကုက္ကုစ္စဆိုတဲ့ တရားသည် ကုစ္ဆိတံ ကတံ-ကုကတံ။ ကုစ္ဆိတံ-စက်ဆုပ် အပ်သည်ကို၊ ကတံ-ပြုသည်တည်း၊ ကုစ္ဆိတံ- စက်ဆုပ်အပ်တဲ့ အလုပ်ကို ပြုလုပ်လေ့ ရှိတယ်။ (မှန်ပါ့)။

သူဟာ စက်ဆုပ်အပ်တဲ့ အလုပ်ကို၊ ကတာ ကတ ဒုစ္စရိတ သုစရိတ္တံ – ပြုပြီးသား ဒုစရိုက်၊ မပြုရသေးတဲ့ သုစရိုက်တွေ အတွက်ကို သူက စိတ်တွေက ဟိုရောက် ဒီရောက် (မှန်ပါ့)၊ ရိပ်မိပလား ။ (ရိပ်မိပါတယ် ဘုရား)။

ပြုပြီးသား ဒုစရိုက်တွေဆီလဲ (ရောက်သွားပါတယ် ဘုရား)၊ ရောက်သွားတယ်၊ မပြုရသေးတဲ့ သုစရိုက်တွေဆီကော (ရောက်သွားပါတယ် ဘုရား)၊ အဲဒါ ဘာခေါ်မယ်။ (ကုက္ကုစ္စပါ ဘုရား)။

ကုက္ကုစ္စဆိုတာ နှစ်ဘက်နော်။ (မှန်ပါ)၊ ပြုအပ်ပြီး သား ဒုစရိုက်ဆီကိုလဲ စိတ်က ရောက်ချင် ရောက်ပစ် လိုက် တယ်။ (မှန်ပါ့)၊ မပြုလိုက် ရသေးတဲ့၊ မပြုမိသေးတဲ့ သုစရိုက် တွေကိုကော (ရောက်ပါတယ် ဘုရား)။

ရောက်တာတော့ ဟုတ်ကဲ့လား၊ သြော် ဒါတွေက မလုပ်ရသေးဘူး၊ ဒါတွေကတော့ လုပ်ပြီး နေပြီ၊ သူ့ဟာက သဘော ကျရဲ့လား။ (ကျပါတယ် ဘုရား)၊ လုပ်ပြီးတာက အကုသိုလ်ဘက် သွားတွေး နေတယ်။ (မှန်ပါ့)။

မလုပ်ရသေးတာလဲ စိုးရိမ် နေတယ်။ (မှန်ပါ့)၊ လုပ်ပြီးတာက အကုသိုလ်၊ မလုပ် ရသေးတာ ကလဲ စိုးရိမ် တာ။ (မှန်ပါ့)၊ လုပ်ဖြစ်သလားလို့ မေးပြန်တော့ (မလုပ်ဖြစ်သေးပါ ဘုရား)။

အဲ လုပ်ဖြစ်တာလား မေးမြန်းတော့ မလုပ်ဖြစ် ဘူး။ (မှန်ပါ့)၊ ဒါဖြင့် သူ့ဟာက သူ့ဟာသူ ကုက္ကုစ္စ ဖြစ်နေတာ။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါတယ် ဘုရား)။

သူ့ဟာသူ ဘာဖြစ်နေ (ကုက္ကုစ္စ ဖြစ်နေပါတယ် ဘုရား)၊ ရှင်းပလား ။ (ရှင်းပါပြီ ဘုရား)၊ သူ့ဟာနော် ဒကာ ဒကာမတို့၊ တရား အားထုတ်မယ် ဆိုရင် လာတတ် ပါတယ်။ (မှန်ပါ့)၊ သေခါနီးမှာလဲ (လာတတ်ပါတယ် ဘုရား)။

ဒီနှစ်ချက်မှာ လာလေ့ရှိတယ်။ (မှန်ပါ့)၊ တရား အားထုတ်မယ် ဆိုရင် (လာတတ်ပါတယ် ဘုရား)၊ သြော် ငါကတော့ တရားအားထုတ်မှပဲ ၊ သြော် ဒီမပြု ရသေးတာကလဲ ရှိသေးတယ်၊ အင်း လုပ်စရာ လေးကလဲ ရှေ့ ရှိသေးတယ်လို့ သူက ကန့်ကွက်ချ လိုက်တာပဲ။ (မှန်ပါ့)။

ဟာ မင်း မလာနဲ့ဆိုပြီး သူ့ကို အနိစ္စဉာဏ်နဲ့ ဉာဏ် နဲ့ ချေမှုန်း ပစ်လိုက်တာပေါ့။ (မှန်ပါ)၊ ကုက္ကုစ္စကို ဘာ လုပ်ပစ်ရမယ်။ (ချေမှုန်း ပစ်ရပါမယ် ဘုရား)၊ ဉာဏ်နဲ့ ချေမှုန်းပြီး သကာလ ပြုလိုက်။

သူက မပြုလိုက်ရသေးတဲ့ သုစရိုက်ကို အောက်မေ့တယ်၊ အို ဒါတွေ မလိုပါဘူး။ (မှန်ပါ့)၊ သူ ပြုအပ်ပြီး သော ဒုစရိုက်တွေလဲ အောက်မေ့တယ်၊ ဒါတွေလဲ မလိုပါ ဘူး။ (မှန်ပါ)။

တမ္ဗဒါဌိက ခိုးသူသတ်

ကြည့်ပါတဲ့ ဒကာ ဒကာမတို့၊ ဝတ္ထုတိုလေးနဲ့ ထုတ် ပြမယ်၊ တမ္ဗဒါက ခိုးသားကြီး ဆိုတာ ဒကာ ဒကာမတို့ တိုတိုပဲ ပြောမယ်၊ ငါးမိနစ် ကျန်တော့ တယ်နော်။ (မှန်ပါ့)။

ငါးဆယ့်ငါးနှစ် လူသတ်ယောက်ျား ရှင်ဘုရင်က အမိန့်ချ ထားလို့ လူသတ်ဗိုလ် လုပ်နေတယ်။ (မှန်ပါ့)၊ သေမိန့် ကျတာတွေ သူချည်း သတ်ရတာပဲ။ (မှန်ပါ)။

ရာထူးကျတဲ့နေ့

နောက် ငါးဆယ့်ငါးနှစ် ရှိလာတော့ လည်ပင်း တစ်ချက်တည်းနဲ့ ခုတ်ဖြတ်ပြီး သတ်ရမှာ၊ နှစ်ချက် သုံးချက်လောက် ခုတ်မှ ပြတ်တော့ လူတွေ ညှဉ်းဆဲ ပါတယ် ဆိုပြီး တိုင်းပြည် ဆူတာနဲ့ လူသတ် ရာထူးမှ ကျတယ်။ (မှန်ပါ့)၊

လူသတ်ရာထူးက ကျပြီး သကာလ အဲဒီနေ့မှာပဲ ဒီ ဝတ်အစားတွေလဲ၊ ရေတွေ ဘာတွေ ချိုးပြီး သူ့ခင်ပွန်းမလဲ ပြောတယ်၊ ရေမရောတဲ့နို့ နဲ့ကွာ၊ ကောင်းကောင်း မွန်မွန့် စားရအောင်ဟေ့၊ ရာထူးလဲ ကျပြီ၊ ပင်စင်လဲ ရပြီ ဟေ့ ကောင်းကောင်း မွန်မွန် စားရအောင် ဆိုပြီး သူ ရေချိုးမိုးချိုးပြီး သကာလ၊ အဝတ်တွေ ဆင်မြန်းပြီး သကာလ နေတုန်း ရှင်သာရိပုတ္တရာကြီး ကလဲ သမာပတ်မှ ထပြီးစ ဒီနေ့ ဘယ်သူ့ ကယ်ချွတ်ရပါ မတုံး။

ရှင်သာရိပုတ္တရာ၏ ကရုဏာတော်

သြော် တမ္ဗဒါဌိက ချွတ်ရမယ်၊ ဒီနေ့ ရာထူးကျတဲ့ နေ့၊ နွားနို့ ထမင်းလဲ စားမယ့်နေ့၊ သွားပြီး ဒကာသစ်၊ ဦးလှဘူး အဲဒီ သွားရပ်တယ်။ (မှန်ပါ့)။

ရပ်တဲ့ အခါကျတော့ သူ့စိတ်ထဲမှာ ဆွမ်းလေး ဘာလေး နွားနို့ဆွမ်း လောင်းချင်တဲ့ စိတ်တွေ ပေါ်လာတယ်။ (မှန်ပါ့)၊ ပေါ်လာတာ ရှင်သာရိပုတ္တရာကလဲ ချွတ်ရမှာ သူတစ်ယောက်တည်း ဆိုပြီး သကာလ၊ သနားပါတယ် ဆိုပြီး သကာလ အင်း ဆွမ်းလောင်းပြီး ကြွမသွားဘူး။

ဒီအထဲမှာပဲ၊ အိမ် ထဲမှာပဲ ဘုဉ်းပေးတယ်၊ အင်း ဘုဉ်းပေးတဲ့အခါ သူက သူလဲ ဒီအနား နွားနို့ ထမင်းက စားလျက်၊ ရှင်သာရိပုတ္တရာကိုလဲ သူက ယပ်ခတ်လျက်၊ ယပ်ခတ်ပြီး ရှင်သာရိပုတ္တရာကလဲ ဘုဉ်းပေးတယ်။

ဒီလိုနဲ့ပဲနေပြီး သူလဲ စားသောက်ပြီး ရှင်သာရိပုတ္တရာက တရားဓမ္မ ဟောလိုက်တယ်၊ တရားဓမ္မ ဟောလိုက်တော့ ကုက္ကုစ္စ ဝင်လာတယ်။ (မှန်ပါ့)။

တရားဓမ္မဟောတော့၊ သြော် တရားကတော့ မှန်ပါ ပေတယ်၊ ငါက နှစ်ပေါင်း ငါးဆယ့်ငါးနှစ် လူသတ် ယောက်ျား လုပ်ထားတာ၊ ဒီအချိန်မှာ ဝင်လာတယ်၊ ရိပ်မိ ပလား။ (ရိပ်မိပါပြီ ဘုရား)။

ဘာဝင်လာပါလိမ့်။ (ကုက္ကုစ္စ ဝင်လာပါတယ် ဘုရား)၊ ပြုအပ်ပြီးသော ဒုစရိုက်တွေ ဝင်လာတယ်။ (မှန်ပါ့)၊ ငါ ပြုအပ်ပြီးသော ဒုစရိုက်တွေ ဝင်လာတယ်။ (မှန်ပါ့)။

ရှင်သာရိပုတ္တရာက တရားလေးဟောပြီး နားလိုက်တယ်၊ ဒကာကြီး ဘယ့်နှယ်တုံး၊ ကျုပ်တရား ဟောတာ ဘယ့်နှယ်တုံး။ (နားထဲတော့ အရှင်ဘုရား ဟောတာ ရောက်ပါတယ် ဘုရား)၊ သို့သော်လဲ တပည့်တော် စိတ်မငြိမ်ဘူး ဘုရား)။

တပည့်တော် စိတ်မငြိမ်ဘူးဘုရား

တပည့်တော် စိတ်မငြိမ်ဘူးဘုရား။ (မှန်ပါ့)၊ အနှစ် – ငါးဆယ့်ငါးနှစ် သတ်ထားတဲ့ လူသတ် စိတ်တွေက ဒါတွေက အကုသိုလ်တွေ၊ ငါ့ အကျိုးပေးမှာ တွေပဲ ဆိုပြီး သကာလ အဲဒီ စိတ်ရောက်နေတယ် ၊ ကုက္ကုစ္စ နောက်ကဟာ ပြန်ရောက်နေတယ်။ (မှန်ပါ့)၊ အဲဒီနောက်ကဟာ ပြန်ရောက်တဲ့အခါကျတော့ ရှင်သာရိပုတ္တရာကြီးက ပြောလိုက်တယ်။ ၏

ဒကာကြီးသဘောနဲ့ သတ်တာလား

ဒကာကြီး ဒီစိတ်မရောက်နဲ့၊ ဒကာကြီး သဘောနဲ့ သတ်တာလား၊ ရှင်ဘုရင်ကြီး အမိန့်နဲ့ သတ်ရတာလား၊

ဟာ ရှင်ဘုရင်၏ အမိန့်နဲ့ သတ်ရတာပါ၊ အိုဒကာကြီး ဒါဖြင့် တရားသာ ဖြောင့်ဖြောင့်နာ၊ ကိုယ့်သဘော မဟုတ် ဘူး။ (မှန်ပါ့)၊ ဒီလို ဖြားယောင်းပြီး သကာလ ဆက်ဟော ရတယ်။

ဆက်ဟောတော့ ဒကာသစ်တို့၊ ဦးလှဘူးတို့ တရား စိတ်ထဲမှာ ဝင်လာတယ်။ (မှန်ပါ့)၊ အင်း ဖြစ်ပျက်တွေ ဉာဏ်ထဲမှာ ဝင်လာတယ်။ (မှန်ပါ့)၊ ဒါတွေ ဖြစ်ပျက်, ဒါတွေ ဖြစ်ပျက်နဲ့ ဝင်လာတဲ့ အခါကျတော့ ဖြစ်ပျက်မှ တော်ရုံ မကဘူးနော်။ (မှန်ပါ)။

ဥဒယဘယ ဘင်္ဂ ဘယ အာဒိနဝ နိဗ္ဗိန္ဒ မုစ္စတုကမျတာ ပဋိသင်္ခါဉာဏ်၊ သင်္ခါရုပေက္ခာ ဉာဏ် ရောက်အောင် တက် သွားတယ်။ (မှန်ပါ့)၊ တရားနာရင်း, တရားနာရင်း ပွားရှု, လိုက်သွားတာ။ (မှန်ပါ့)၊ ဟိုဟာတွေ ဖျောက်ပြီး ရှုလိုက် သွားတာ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါ ပြီ ဘုရား)။

ရှင်သာရိပုတ္တရာက ဒကာကြီး ဥဒ္ဓစ္စ ဖယ်ပစ်လိုက်၊ ဒီဥစ္စာတွေ ဘာမှ မဟုတ်ဘူး ဆိုပြီး ဖယ်ခိုင်းပြီး သကာလ နောက်တရားနဲ့၊ ခန္ဓာဉာဏ်ရောက်တဲ့ တရားနဲ့ ရှုခိုင်းလိုက်၊ ရှုခိုင်းတော့ သြော် သူသည်ကားလို့ ဆိုလို့ ရှိရင် သင်္ခါရု ပေက္ခာ ဉာဏ်ရောက်သွားပြီ ဆိုတာ ရှင်သာရိပုတ္တရာက သိတယ်။ (မှန်ပါ့)။

သိတော့မှ တရားပွဲရပ်၊ ဒကာကြီး စိတ်တည်ပြီလား၊ တည်ပြီဘုရား၊ နေရာကျ သွားပြီဘုရား၊ မဂ်တော့ မဆိုက် ဘူးနော်။ (မှန်ပါ့)၊ ဒါနဲ့ ရှင်သာရိပုတ္တရာကလဲ ပြန်ကြွ၊ သူကလဲ ထွက်ပြီး ရှင်သာရိပုတ္တရာ ကို ခရီးလိုက် ပို့တာပေါ့ ဗျာ။

ရှင်သာရိပုတ္တရာကလဲ ပြန်ကြွသွား၊ ပြန်သွားတဲ့အခါ ကျတော့ တမ္ဗဒါဌိကဟာ လမ်းမှာ နွားဝှေ့ သေတယ်၊ တမ္ဗဒါဌိက ခိုးသားကြီးကလေ နွားဝှေ့ သေပြီး သကာလ ဒီနေ့ပဲ ဆွမ်းကျွေး၊ ဒီနေ့ ရာထူးကျ၊ ဒီနေ့ နွားနို့ဆွမ်း ရှင်သာရိပုတ္တရာ ဘုဉ်းပေး၊ ဒီနေ့ပဲ နွားဝှေ့ သေတယ် ဆိုတာ သီတင်းကြီး ပြန့်သွားတယ်။ (မှန်ပါ့)။

ပြန့်သွားတော့ မြတ်စွာဘုရား သွားလျှောက်တယ်။ ဘုရားသခင် ကိုယ်တော်မြတ်ကြီးအား တမ္ဗဒါဌိကဟာ ဘုရား၊ တစ်သက်လုံးလဲ ငါးဆယ့်ငါးနှစ်လုံး လူသတ်ယောက်ျား လုပ်လာ၊ ဒီနေ့ပဲ ရှင်သာရိပုတ္တရာ နွားနို့ဆွမ်း ကပ်တယ်။

ဒီမှာပဲ ရှင်သာရိပုတ္တရာ လိုက်ပို့ရင်း မတ်တတ်နဲ့ ဒီနေ့ပဲ နွားဝှေ့ သေတယ် ဘုရား၊ နွားဝှေ့တာ နွားက ဘီလူးနွားကို။ (မှန်ပါ့)။

တုသိတာ နတ်ပြည်သွားတယ်

အဲဒါနဲ့ သူ ဘယ်ဂတိ လားပါလိမ့်၊ တုသိတာနတ်ပြည် သွားတယ်ကွ။ (မှန်ပါ့)၊ ဟာ ငါးဆယ့်ငါးနှစ်လဲ လူ သတ်ထားတဲ့ ဥစ္စာကြီး တုသိတာနတ်ပြည် သွားရတယ်။

အို အနုလောမဉာဏ် ရတယ်ကွ၊ သင်္ခါရုပေက္ခဉာဏ် ရတယ်ကွ၊ ကဲ ဘယ်လောက် ထူးခြားတုံး။ (ထူးခြားပါ တယ် ဘုရား)။

မမှားသောရှေ့နေ မရှိဘူး

ကုက္ကုစ္စ သတ်ပစ်လိုက်တယ် ရှင်းပလား။ (ရှင်းပါတယ် ဘုရား)၊ အဲဒီတော့ လူတစ်ဦး တစ်ယောက်မှာ မမှားသော ရှေ့နေက ဘယ်သူမှ မရှိဘူး။ (မှန်ပါ့)။

အပြစ်တွေကတော့ အများကြီး ရှိတာပဲ၊ အဲဒါ တစ်ခုမှ မတွေးနဲ့၊ ဒီ ဘုန်းကြီး ပြောတဲ့၊ ရှင်သာရိပုတ္တရာ ဟောတဲ့ ဖြစ်ပျက်ပဲ အရေးကြီး နေတာပဲ။ (မှန်ပါ့)၊ ဒါတွေ တွေးပြီး ဒီဉာဏ် တက်သွားလို့ ရှိရင် ဒကာသစ် ဘာမှ စိုးရိမ်စရာ မလိုဘူး။ (မှန်ပါ့)။

လူသတ်ယောက်ျားကြီး

ဒီလောက် ငါးဆယ့်ငါးနှစ် တစ်နေ့ ၅-ယောက်၊ ၁၀ ယောက် ပထမဆုံးသတ်တာဆို၊ ငါးရာမှာ တစ်ယောက် လျော့တာဗျာ၊ တမ္ဗဒါဌိက သတ်ထားတာ။ (မှန်ပါ့)။

အဲဒီလောက် ကြီးကျယ်တဲ့ အကုသိုလ်ကြီး အကြီး အကျယ် လုပ်ထားတာ တောင်မှ ခုနက ကုက္ကုစ္စ ဖယ်ပြီး ရှင်သာရိပုတ္တရာက ဖယ်လိုက်၊ ဒီဥစ္စာတွေကို ဒကာကြီး သဘော မဟုတ်ဘူး၊ ရှင်ဘုရင် သဘောတွေ၊ ဘေးက သာချိတ်ထား။ (မှန်ပါ့)။

ဝိပဿနာလုပ်လို့ ခရီးပေါက်သွားတယ်

ကျုပ် ဟောတာသာ နှလုံးသွင်း။ (မှန်ပါ့)၊ ဝိပဿနာ နှလုံးသွင်း ခိုင်းလိုက်တော့၊ သင်္ခါရုပေက္ခာ ဉာဏ် ရောက်တယ်ဗျာ၊ သင်္ခါရုပေက္ခာဉာဏ် ရောက်ပြီးရင် အားလုံး ဒကာ ဒကာမတို့ မဂ်ဉာဏ် ကျန်တော့တယ်။ (မှန်ပါ့)။

ကဲ ဘယ်လောက် ထက်သွားတုံး။ (ထက်သွားပါ တယ် ဘုရား)၊ ဒါ ဘာဖယ်ချ လိုက်တာတုံး ဆိုတာ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)၊ ဘာဖယ်ချ လိုက်တာတုံး။ (ကုက္ကုစ္စပါ ဘုရား)။

အဲ ခင်ဗျားတို့ သန္တာန်မယ် ငါမိုက်ခဲ့၊ ရူးခဲ့တယ်။ ပေခဲ့တယ်၊ ဒါ တရား အားထုတ်ခါနီးမှ လာမယ် ဆိုရင် သ့ူ ဖြတ်ချလိုက်၊ ဖြစ်ပျက်ရှုလိုက် တစ်နည်းအားဖြင့်လဲ မအောက်မေ့ဘဲ နေလိုက်၊ ကိုယ်လုပ်နေတဲ့ ဝိပဿနာသာ လုပ်လိုက်ပါတဲ့။ (မှန်ပါ့)၊ တစ်ခါတည်း ခရီးပေါက် သွားပါလိမ့်မယ်။ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကဲ ဒီနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။