071

ဒုက္ခ(၆)မျိုး

အသံဖိုင်ခေါင်းစဉ်= ဒုက္ခ(၆)မျိုး တရားတော်

စာအုပ်ခေါင်းစဉ်= ကျန်းမာတုန်းမြင်တဲ့ဒုက္ခမှ နိဗ္ဗာန်ကျေးဇူးပြုမယ်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့တွင်ဟောကြားတော်မူသောတရားတော်

ကျန်းမာတုန်းမြင်တဲ့ဒုက္ခမှ နိဗ္ဗာန်ကျေးဇူးပြုမယ်

(၇-၁၂-၅၉)

နိဗ္ဗေဓိကသုတ် မဆုံးသေးဘူးလို့ ဒကာ ဒကာမ တွေက မှတ်ရမယ်နော်၊ နိဗ္ဗေဓိက ဆိုတာ – ထိုးထွင်းပြီး သိတယ်၊ နိဗ္ဗေဓိက ပရိယာယတဲ့၊ ပရိယာယက အကြောင်း၊ နိဗ္ဗေဓိက-က ထိုးထွင်းပြီး သိတာ၊ ထိုးထွင်းသိရမည့် အကြောင်းက သာလျှင်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ကျေးဇူးပြုနိုင် မယ်၊ သာမညဖြင့် နိဗ္ဗာန်ကို ကျေးဇူး မပြုဘူးလို့ မှတ်ထားကြ။

ထိုးထွင်းပြီး သိသင့် သိထိုက်တဲ့ အကြောင်းကို သိမှ သာလျှင် ဒုက္ခခပ်သိမ်း အေးငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို ရောက်နိုင် တယ် ဆိုတာကို သိပါစေတော့လို့၊ ဆက္ကနိပါတ် အင်္ဂုတ္တိုရ် ပါဠိတော်မှာ ကိုယ်တော်တိုင် ဟောပြီး သကာလ နိဗ္ဗေဓိက ပရိယာယသုတ် ဆိုပြီးတော့ ဟောသည်။

ထိုးထွင်းသိအောင်လုပ်ပါ

ထိုးထွင်းပြီး သိရမည့်အကြောင်း မင်းတို့မှာ ရှိတယ်တဲ့၊ အဲဒီ ထိုးထွင်းပြီး သိရမည့် အကြောင်းကို သိအောင် လုပ်ပါ။ ဒါ သိရင် မင်းတို့မှာ ဒုက္ခခပ်သိမ်း ကင်းငြိမ်းပြီး၊ တစ်ထောင့် ငါးရာ ကိလေသာ ချုပ်သိမ်းတဲ့ အဲဒီ နိဗ္ဗာန်ကြီးကို ရောက်နိုင်တယ် ဆိုပြီး သကာလ ဒီသုတ်ကို ဟောသည်။

ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထား ရမယ်၊ မနေ့ က ဒီ ဒုက္ခ ခြောက်ချက် ဟောလိုက် တယ်၊ တစ်နံပါတ်ဟာကွာ တဲ့ ဒုက္ခသိမှု၊ အရေးကြီးပါတယ်။ ဒုက္ခသိမှု တစ်နံပါတ် အရေး ကြီးပါတယ်။

ဒုက္ခသည်ဘယ်သူတုံး၊

ဒုက္ခသည် ဘယ်သူပါလိမ့်မတုံးလို့ ဘုရားကဟော လိုက်တဲ့ အခါကျတော့ “ဇာတိပိ ဒုက္ခံ” လို့ ဟောလိုက်တဲ့ အခါကျတော့ ဇာတိပိ- ပဋိသန္ဓေ နေရမှုသည်၊ ဒုက္ခံ- ဆင်းရဲတဲ့ ဒုက္ခပဲ၊ ဇာတိ ပဋိသန္ဓေ နေတာ၊ ကိုယ်ဝမ်းခေါင်းထဲ နေတဲ့ပုံစံ ဟန်ပန်ကို ကိုယ်ပြန်ကြည့်ရင် မြင်ရပါ့မလား (မမြင်ရပါ)။

ဘယ်မြင်နိုင်ပါ့မတုံးတဲ့ ဒကာ ဒကာမတို့၊ အဝိဇ္ဇာက ဖုံးလွှမ်းပြီး သကာလ နေတော့ မမြင်နိုင်ဘူး၊ နေခဲ့ပါသလား၊ မနေခဲ့ပါသလား မေးပြန်တော့ (နေခဲ့ရပါတယ် ဘုရား)

နေခဲ့တော့ ဘယ့်နှယ်ကြောင့် မမြင်ပါလိမ့်မတုံးလို့ မေးတဲ့အခါ ကျတော့ ဘယ့်နှယ် ဖြေမလဲ (အဝိဇ္ဇာ ဖုံးလွှမ်း နေလို့ပါ)။

အဝိဇ္ဇာက ဖုံးလွှမ်းနေလို့ ဆိုတော့၊ သြော် နေလဲ နေခဲ့သား ပြန်ကြည့်တော့လဲ မသိဘူး၊ တယ်လဲ အဝိဇ္ဇာ ဒါဏ် ချက်ပြင်းပါကလား၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဇာတိပိ ဒုက္ခသစ္စာကွ ဆိုတော့ ဒကာ ဒကာမတို့က ကိုယ့်ဇာတိ၊ ကိုယ့် ပဋိသန္ဓေ နေခဲ့တာတွေ ပြန်ကြည့်လိုက်ပါ၊ ပြန်ကြည့်လိုက်တော့ မမြင်ပြန်ဘူး။

သြော် မမြင်တော့-ဘယ့်နှယ်ကြောင့် မမြင်ပါလိမ့် လို့ အကြောင်း လက်သည် ရှာပြန်တော့ ဘာတွေ့ကြသလဲ (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာပဲ တွေ့တယ် ဆိုတာ မောင်နိုင်တို့ ရှင်းပြီပေါ့ကွာ၊ နောက်က ဒကာ ဒကာမတွေ ဘာလက်သည် တွေ့ပါလိမ့် (အဝိဇ္ဇာ တွေ့ပါတယ် ဘုရား)။

ကိုင်း- ခင်ဗျားတို့ အဝိဇ္ဇာ ရှိ မရှိ၊ အဲဒါသာ အကဲခတ်ပါ (ရှိပါတယ် ဘုရား) ကိုယ်ကိုယ်တိုင် နေခဲ့တဲ့ ဇာတိ၊ ကိုယ်ကိုယ် တိုင် ကြုံခဲ့တဲ့ဒုက္ခ၊ ဇာတိဒုက္ခ၊ ကိုယ်ကိုယ်တိုင် အခုပြန်ပြီး စဉ်းစား လိုက်တော့ ဘယ်သူမှ မပေါ်လာဘူး။

ဘာပြုလို့ဒုက္ခရေးရေးမှမပေါ်လာသတုံး

ဘာပြုလို့ ရေးရေးမှ မပေါ်လာသတုံးလို့ ဒကာ ဒကာမ တွေက မေးကြည့်တော့မှ ဖုံးဖိနေတဲ့ တရားရှိလို့ပဲ ဆိုတာတော့ သိပြီ၊ မသိကြဘူးလား (သိပါပြီဘုရား) ဘယ်သူပါလိမ့်မလဲဆို တာ (အဝိဇ္ဇာပါ ဘုရား)။

ကိုင်း ရှိပါစေတော့ ရှိပါစေတော့ ဇာတိပိ ဒုက္ခသစ္စာကို ဘုရားက ဟောငြားသော်လည်း ကျုပ်တို့က မသိဘူး၊ အင်း ဒါကတော့ဖြင့် အခုမောင်နိုင် ငါးဆယ် လောက်ရှိပါပြီ၊ ငါးဆယ်ကျော် လောက် ရှိပါပြီ၊ ကိုမြင့်က ခြောက်ဆယ်ရှိကြပြီ၊ သြော် အိုပေါ့ဗျာ ဘယ်သိတော့ မလဲ ရှိပါစေတော့။

ဇရာပိဒုက္ခံ ပြန်ကြည့်ပြန်တော့လဲ အခ ုဇရာထဲရောက် နေရဲ့ သားနဲ့ ကိုယ့်ဟာကိုယ် ပြန်ကြည့်တော့ တွေ့ပါရဲ့ လား (မတွေ့ပါဘုရား)။

ဘယ့်နှယ်ကြောင့် မတွေ့ပါသလဲ သွားရင်း လာရင်း နေရင်း ထိုင်ရင်း ပျော်ရွှင်နေပြီး၊ စားရင်း သောက် ရင်း နေကြတာပဲ၊ ဇရာကတော့ အမြဲရှိနေတာပဲ၊ ဇရာ တေဇောမီးက လောင်နေတာပဲ၊ မြင်ကြသလား ဆိုတော့ (မမြင်ပါဘုရား)။

ဒါ ဘယ့်နှယ်ကြောင့် မမြင်ပါသတုံးလို့ လက်သည် ရှာတော့ (အဝိဇ္ဇာ) အဝိဇ္ဇာကြောင့်ပါပဲ၊ ဝေးတာလဲ မသိ၊ နီးတာလဲ မသိ၊ ဘယ့်နှယ်တုံး ဒကာ ဒကာမတို့ ကျုပ်တို့ ဖြစ်နေတဲ့ ဖြစ်ထွေကဖြင့် အတော်လေး ဆိုးနေပါ ပေါ့လား ဆိုတဲ့ ဥစ္စာဖြင့် စွဲချက်တင် ရတော့မှာပဲ (မှန်ပါ့) မတင် ရပေဘူးလား (တင်ရမှာပါ ဘုရား)။

ဇာတိပိဒုက္ခံ ဆိုပြန်တော့လဲ အနာတွေ ပေါက်ပြီး တစ်ခါတည်း ခေါင်းကိုက်တယ် ရင်နာတယ် အဲဒါကြတော့လဲ တိရစ္ဆာန် သိတဲ့ ဒုက္ခဖြစ်လို့ မောင်နိုင်ရ ဒီလိုလဲ မဟုတ်ပြန် ဘူးနော် (တင်ပါ့ဘုရား)။

ဒုက္ခဘယ်လိုသိရမှာတုံး

ဘာသိရမှာတုံးလို့ မေးတဲ့ အခါကျတော့ သွားကျိုးတာ၊ ဆံဖြူတာ၊ ရင်နာတာ ပျောက်ပါရဲ့ လား၊ ဒါတွေ အသာထား ပြီး ဗျာဓိက ခဏခဏကိုး၊ ကိုယ့်မှာ အနာရောက်ပြီး သကာလ နေတဲ့ဥစ္စာ မသိဘူး။

ကျန်းမာပါရဲ့ လား မေးလိုက်ရင် ကျန်းမာပါတယ် ပြောတာပဲ၊ လူလာတဲ့ အခါကျလို့ ရှိရင် ခင်ဗျားတို့ ထိုင်ရာက နေပြီး ထပြောရတာပဲ အလေးပြုရတာပဲ၊ အလေးပြုရမဲ့လူ ကျတော့ နှုတ်မဆက် ရဘူးလား (နှုတ်ဆက်ရပါတယ် ဘုရား)။

နှုတ်ဆက်တဲ့ အခါကျတော့ မေးရင်း ပြုရင်း အကုန်လုံး မျက်နှာစုံညီ ကျတော့ ဧည့်သည်က ကိုယ်ကထ,ပြီး နှုတ်ဆက်တယ်၊ ပထမ ကျန်းမာပါရဲ့လား ဆိုတော့ ကျန်းမာ ပါတယ် ပြောရတယ်၊ ကြည့်စမ်း ဒကာ ဒကာမတွေ ထ,တုန်း ကတော့ ထိုင်တုန်းက နေခဲ့တဲ့ ဒုက္ခဝေဒနာတွေ၊ ထတဲ့ အခါ တော့ သူမပါဘူးပေါ့ဗျာ၊ ထ,တဲ့ဒုက္ခနဲ့ ထ,ရရှာတယ်ဆိုရင် ကော လွဲသလား (မလွဲပါဘုရား)။

အဲဒီမှာ ဒုက္ခတွေ မောင်နိုင် ဒါဖြင့် ဗျာဓိဆိုတဲ့ ဒုက္ခ ဝေဒနာတွေ အနည်းနည်း နှိပ်စက်ငြား သော်လည်း ကျန်းမာပါ ရဲ့ ပြောပြီး နှုတ်ဆက်ခံတုန်း ရှိသေးတယ်၊ ဘယ့်နှယ်တုံး ကျန်းမာပါတယ် ချမ်းသာပါတယ်။

အညွန့်တက်တာမို့ ကျန်းမာပါတယ်၊ မပြောကြဘူး လား (ပြောကြပါတယ်) ပြောကြ ပါတယ်ဟေ့ ဆိုတော့ သူ့ ဗျာဓိပိဒုက္ခံ ဆိုတဲ့ သူ့မှာ အနာနှိပ်စက်နေတဲ့ ဒုက္ခ မြင်သေး ရဲ့ လား (မမြင်ပါဘုရား) ကဲ ဝေးသလား နီးသလား မေးရင် (နီးပါတယ် ဘုရား)။

နီးပေမယ့် ဘာဖြစ်နေသလဲ (မမြင်ပါဘုရား) အမယ်လေး ဆိုးလှချည့်လား ဒကာ ဒကာမတို့ ဒုက္ခသစ္စာ ခက်တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

ဒုက္ခပိုင်းခြား နိုင်လို့ ရှိရင် သမုဒယသေတယ် ဆိုတာ အခုတော့ ဒုက္ခပိုင်းခြားဖို့ မောင်နိုင် အသာထား စမ်းပါဦးကွ၊ ဒုက္ခဖြစ်နေတာကို မသိဘူး၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဒုက္ခ ဖြစ်နေတာကို (မသိပါဘုရား)။

ကောင်းပြီ၊ ရှိပါစေတော့၊ မရဏမ္ပိဒုက္ခံ ဆိုတာ သူကြုံရ လိမ့်မယ်ဆိုတာကောသိရဲ့လား (မသိပါဘုရား)။ သေတဲ့အခါ စုတိစိတ်ကလေးတွေ ဖြစ်ချုပ်ကို ဒီကနေပြီး ဉာဏ်ကနေ အာရုံပြုကြည့်၊ ရောဂါ ဝေဒနာ ခံစားနေရတာ ဒီကနေ ဉာဏ် နဲ့ အာရုံပြုကြည့်၊ ရှုကြည့် ဒါနည်းပါလိမ့်မယ်၊ ရှုကြည့်ကြရဲ့လား (မကြည့်ပါ ဘုရား)။

အင်း မရဏံပိဒုက္ခံ မလုပ်သေးဘူး၊ မသိသေးဘူးထား ပါဦး၊ အဲဒါ ဖြစ်ရမှာကတော့ဗျာ အဲဒါဘယ်သူက ဖုံးထားတာ မသိသေးဘူး ဖြစ်ရပါလိမ့် (အဝိဇ္ဇာကပါ ဘုရား) ကဲ-ဒါဖြင့် နက်ဖြန် သေမှာ ယနေ့ အပြုံး မပျက်တာဟာ မရဏံပိ ဒုက္ခ သစ္စာ မသိလို့ နက်ဖြန် သေမဲ့လူတွေ မရှိကြ ဘူးလား (ရှိကြ ပါတယ်)။

ဒီနေ့ အပြုံး မပျက်တာ ထောက်လို့ ရှိရင်ဖြင့် ဘယ့်နှယ် ကြောင့် ပြုံးပါလိမ့်မတုံး ဆိုတော့ မရဏံပိဒုက္ခသစ္စာ၊ ဧကန်လာ မှာကို သူမသိလို့ပဲ (မှန်ပါ့) ဒါကြောင့် အပြုံးမပျက်တာပဲ ဆိုရင်ကော၊ အဝယ်မပျက် အရောင်းမပျက် နေတာပ ဲဆိုရင်ကော (မလွဲပါဘူး) သဘောပါပလား (ပါ-ပါတယ်) ဘယ့်နှယ် ကြောင့်ပါလိမ့်၊ ဘာဖုံးထားလို့ မမြင်ပါလိမ့် (အဝိဇ္ဇာ ဖုံးထားလို့)။

ကိုင်း-ဒါဖြင့် ဒုက္ခသစ္စာတွေ အများကြီးနော် အဲဒီမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သောက၊ ပရိဒေဝ၊ ဒုက္ခဒေါမနဿပိ ဒုက္ခံ ဟုတ်လား၊ သောကပရိဒေဝ၊ သောက ဆိုတာ စိုးရိမ်တာ၊ ပရိဒေဝ ဆိုတာ ငိုကြွေးတာ၊ ဒုက္ခဆိုတာ ကာယိကဒုက္ခ၊ အခုနထ,ပြီး နှုတ်ဆက်တဲ့ ကာယိကဒုက္ခ၊ စေတသိကဒုက္ခ ဆိုတာ အလိုမကျ သားပေါ် သမီးပေါ် မိမိ ခန္ဓာကိုယ်ပေါ်၌ ဥပါယာသဆိုတာ ပြင်းစွာ ပူပန်တာ အဲဒါတွေနဲ့ ခဏခဏတော့ တွေ့ရမှာပဲ။

သောကဖြစ်နေတာကိုပင် သဘောကျနေတယ်

တွေ့ပင် တွေ့ငြား သော်လည်း အဲဒါတွေ ဒုက္ခရယ်လို့ ယူမိပါရဲ့ လား (မယူမိပါ) ဪ ကိုယ်က ကိုယ့်သောက ကလေးဖြစ် နေ လို့ တော် တော်သေးရဲ့ တောင် ထည့်လိုက်သေး တယ်၊ ကိုယ်စိုးရိမ်တယ်၊ ကိုယ်စိုးရိမ်လို့ ကိုယ်က ဒါလေး ဒီလိုလုပ်လိုက် ဆိုလို့ အထမြောက်သွားတာ တော်-တော်သေး ရဲ့ဆိုလို့ ကာယိကဒုက္ခ ဖုံးသွားတယ် (မှန်ပါ့)။

ကာယိကဒုက္ခ မြင်သေးရဲ့ လား (မမြင်ပါ ဘုရား) ကိုယ်က စိုးရိမ်လို့ သွားပြောလို့ ချမ်းသာ တာပေါ့၊ သောက လေးထည့်လိုက်တာ ချမ်းသာတာပေါ့တောင် ပါလိုက်သေးတယ်။

ဘယ့်နှယ် ဖြစ်နေတယ် မသိဘူး သောကဖြစ်နေတာ သောကကို ခင်ဗျားတို့က ဘယ့်နှယ် (သဘောကျပါ တယ်) အင်း ဒီလိုမရဘူး၊ ဒီအဓိပ္ပါယ်မျိုး မရဘူး၊ ခင်ဗျားတို့ စဉ်းစားကြည့်ပါတဲ့၊ ဥပမာ ဒီပစ္စည်းလေး တစ်ခုဟာ ဘယ် ထားမိမှန်း မသိဘူး၊ သွားရှာချေပါဦး၊ ကိုယ်က သောက ဖြစ်နေလို့ ရှာချေပါဦး။

ရှာချေပါဦး ဆိုလို့ ရှာတဲ့ ပုဂ္ဂိုလ်က တွေ့လာတယ်၊ တွေ့ လာတော့ ခုနက ပစ္စည်းရှင်က ဝမ်းသာ မသွားဘူးလား (သာ ပါတယ် ဘုရား)။ အင်း သောကလေးဖြစ်လို့ ချမ်းသာတာ၊ သောက မဖြစ်ခဲ့ရင် ဒီထက်ဆိုးတဲ့ ဒုက္ခ ရောက်မှာ၊ သောက လေးဖြစ်လို့ ချမ်းသာ သွားတယ်တဲ့၊ သောကတောင် ဘာဖြစ်နေသလဲ (ချမ်းသာပါတယ် ဘုရား)။

သောကက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါဘုရား) ဒုက္ခသစ္စာကို ခင်ဗျားတို့က ဘာထင်လိုက် သလဲ (ချမ်းသာပါတယ် ဘုရား)။

ဒုက္ခသစ္စာများ အသိခက်လိုက်တာ ဒကာ ဒကာမတို့ သဘောကျပလား (ကျပါပြီဘုရား) သောက ဖြစ်ရတာကို ဘယ့်နှယ်လဲ (ချမ်းသာပါတယ် ဘုရား) ချမ်းသာတယ် ကြည့်စမ်း၊ ငယ်ငယ် တုန်းက ဒုက္ခခံထားလို့ အေးအေး ချမ်းချမ်း နေရတာပေါ့။ နို့မို့ ဒီအရွယ်ကျမှ ရှာရမယ်ဆို မခဲယဉ်းဘူး လားတဲ့ (ခဲယဉ်းပါတယ် ဘုရား)။

ဒုက္ခသစ္စာသိဖို့မလွယ်ပါ

ငယ်ငယ်တုန်းက ဒုက္ခခံထားလို့ အခု ချမ်းသာတာတဲ့၊ မောင်နိုင် မသုံးကြဘူးလား (သုံးပါ့တယ် ဘုရား) ငယ်ငယ် တုန်းက ပင်ပင်ပန်းပန်း ဒုက္ခတွေ ခံလိုက်တဲ့ အတွက် အခုတော့ အသက် အရွယ် တွေ ကြီးပြီး မရှာနိုင်တဲ့ အချိန်မှာ ခြေမွေး မီးမလောင်၊ လက်မွေးမီးမလောင်နဲ့ စားရ သောက်ရ၊ နေရ ထိုင်ရတာ တော်တော်လေးရဲ့ ဆိုတော့ ကိုယ်ကလဲ ငယ်ငယ်တုန်းက ဒုက္ခကို သုခလို့ ထင်ပြီး အမည် တပ်လိုက်တော့ ဒုက္ခသစ္စာလို့ ဆုံးဖြတ်ချက်ချ သေးရဲ့ လား (မချပါ ဘုရား)။

ဟို ဒုက္ခပေးခံလိုက်လို့ တော်-တော်သေးရဲ့တဲ့၊ ဟိုဒုက္ခ လေးခံရတာသူက တော်-တော်သေးရဲ့ ဆိုတော့ ဘယ့်နှယ် ဖြစ်နေကြတာလဲ ဒကာ ဒကာမတို့ စဉ်းစားပါဦး၊ ခင်ဗျားတို့ အတွေးနဲ့ ခင်ဗျားတို့ပဲ။

ဒုက္ခကလေး ခံရတာကို ခြေမွေး မီးမလောင်၊ လက် မွေး မီးမလောင် စားရတာကို တော်-တော်သေးရဲ့ လို့မလာ ဘူးလား (လာပါတယ် ဘုရား) လာရင် လာတုန်းကကို တကယ် သိရဲ့လားတဲ့ ဒကာ ဒကာမတွေ တော်သေးရဲ့ တောင် သုံးနိုင်တယ် ဆိုတော့ ဒုက္ခအစစ်လို့ ယူသေးရဲ့ လား (မယူပါ ဘုရား) ဒုက္ခသစ္စာလို့ သိသေးရဲ့ လား (မသိပါဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဒုက္ခသစ္စာ သိဖို့ရာ မလွယ်ဘူးဆိုတာ ပေါ်လာပြီ၊ (ပေါ်ပါပြီဘုရား) ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ ဪ မင်းတို ဒီဒုက္ခတွေမသိရင်ဖြင့်ကွာတဲ့၊ ငါရှင်းရှင်း ပြောပါတော့မယ် ဆိုပြီး၊ “ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” လို့ နောက်ဆုံးပိတ် နိဂုံး ချုပ် လိုက်တယ်။

ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာ

ခင်ဗျားတို့ ခန္ဓာငါးပါးဟာ ဘာတဲ့လဲ (ဒုက္ခသစ္စာ ပါဘုရား) ခန္ဓာငါးပါးဟာ ခဏခဏ ဖြစ်ပျက်ပြီး နေတဲ့ဟာ ဝိပဿနာဉာဏ် မရှိတဲ့ပုဂ္ဂိုလ်၊ ဝိပဿနာဉာဏ် ခရီးမရောက်သေးတဲ့ ပုဂ္ဂိုလ်၊ မြင်ကို မမြင်ပါဘူး (မမြင်ပါ ဘုရား)။

မရှိလို့ မမြင်တာလား၊ ရှိရက်နဲ့ မမြင်တာလား (ရှိ ရက်နဲ့ မမြင်တာပါ ဘုရား) ဒကာ ဒကာမတွေ ခန္ဓာကြီးက ဘယ်အချိန်မှာ ဖြစ်ပျက်ရပ်သတုံး၊ (မရပ်ပါဘုရား) မရပ်တာကို ဝိပဿနာ အားမထုတ်တဲ့ ပုဂ္ဂိုလ်မှာ မြင်သေးသလား (မမြင်ပါဘုရား) မမြင်တော့ ဒုက္ခသစ္စာနဲ့ အတူနေ ငြားသော်လဲ ကိုမြင့်တို့ မောင်နိုင်တို့ သိသေးရဲ့လား (မသိပါဘူး)။

သစ္စာထဲမှာဒုက္ခသစ္စာအခက်ဆုံး

ဒါဖြင့် ဒုက္ခသစ္စာဟာ ဒီပြင်သစ္စာထက် အသိခက်တယ် ဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ဒုက္ခပိုင်းခြားမှ သမုဒယ သေတယ်၊ နိဗ္ဗာန် မျက်မှောက် ပြုနိုင်တယ် ဆိုတော့ ဒုက္ခသစ္စာ မူတည်တယ် ပြောတာ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် သစ္စာထဲမှာ ဒကာ ဒကာမတို့ ဘယ်သစ္စာ အခက်ဆုံးလဲ (ဒုက္ခသစ္စာပါ ဘုရား) ခင်ဗျားတို့ ဝိပဿနာအား ထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ ဒုက္ခသိအောင် လုပ်စမ်းပါ၊ ဒုက္ခပိုင် ပိုင်နိုင်နိုင် သိအောင် လုပ်စမ်းပါ ဆိုတာ ခင်ဗျားတို့ နိဗ္ဗာန်ရပါ စေတော့လို့ပြောတာ။

သူ့ပိုင်ပိုင်နိုင်နိုင် သိရင် နိဗ္ဗာန်ရတာပဲ၊ သူ့ပိုင်ပိုင်နိုင်နိုင် သိရင် ဒုက္ခချုပ် မသွားဘူးလား (ချုပ်သွား ပါတယ်)၊ ချုပ်သွား ရင် နိရောဓ မပေါ်ဘူးလား (ပေါ်ပါတယ်) ကဲ့-သဘော ပါရဲ့ လား (ပါပါတယ်ဘုရား)။

အဲ-ဒုက္ခကို ရှေးဦးစွာ သိဖို့ရာ အရေးကြီးတယ်လို့ တစ်နံပါတ် ဒုက္ခတွေ ပြောပြီးပြီနော် (ပြောပြီးပါပြီ ဘုရား)။

ခန္ဓာငါးပါးတရားဟာ ဘာတရားပါလိမ့် (ဒုက္ခ တရားပါ ဘုရား) အဲဒုက္ခ သိရင် တစ်နံပါတ် သဘောကျပလား (ကျပါပြီဘုရား)။

ကောင်းပြီ ဒါဖြင့် ဇာတိ ဇရာ မရဏ သောက၊ ပရိဒေဝ၊ ဒုက္ခဒေါမနဿ ဥပါယာသ ခန္ဓာ၊ ဒါဟာ တရားတွေ လို့ဆိုကြမလဲ (ဒုက္ခတရားတွေပါ ဘုရား)။ ဒုက္ခတရားတွေ လို့ မှတ်ထားလိုက်ကြပါ။

ကိုင်း-ဒါဖြင့် တစ်နံပါတ် ဒုက္ခတရားတွေကို သိပါပြီ၊ ခန္ဓာငါးပါး အကျဉ်းချုပ်လိုက်တဲ့ အခါကြတော့ ခန္ဓာငါးပါးဟာ ဒုက္ခတရားပဲ ဆိုတာ သေချာကြပလား (သေချာပါပြီဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါး ဒုက္ခတရားလို့၊ စာဆိုလဲ ဟုတ်ပါရဲ့ ၊ အရှိလဲ ဟုတ်ပါရဲ့။

ဒုက္ခမတွေ့တဲ့ပုဂ္ဂိုလ် ဒုက္ခပိုင်ပိုင်နိုင်နိုင်မသိနိုင်

သို့သော် မောင်နိုင်တို့ နောက်က ဒကာ ဒကာမတွေ အသိ ဟုတ်တယ်လို့ ကြားဖူးကြရဲ့လား၊ အရှိ ဟုတ်တယ်နော်၊ အသိ ဟုတ်တယ်လို့က ကြားဖူးပါတယ်၊ ဒကာ ဒကာမတို့ အသိ ဟုတ်တယ်လို့ ပြောလိုက်ရင် (ကြားပါတယ်)။

ဒါဖြင့် ဒုက္ခ ရှာမတွေ့ဘူးပေါ့ဗျာ၊ ဒုက္ခမတွေ့တဲ့ပုဂ္ဂိုလ် ဒုက္ခပိုင်ပိုင်နိုင်နိုင် ဆိုတဲ့ သဘော ရောက်ပါ့မလား (မရောက် ပါဘူး ဘုရား)။

ဒုက္ခပိုင်ပိုင်နိုင်နိုင် မသိတဲ့ ပုဂ္ဂိုလ် နိဗ္ဗာန် ရလိမ့်မယ်လို့ ငါဘုရား ဘယ်တော့မှ မဟောဘူး (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ) ဒုက္ခပိုင်ပိုင်နိုင်နိုင် မသိတဲ့ပုဂ္ဂိုလ် (နိဗ္ဗာန် မရပါဘုရား)။

မင်းတို့ဟေ့၊ မင်းတို့ ဖြစ်ပျက် ကလေးဟာ၊ မင်းတို့ဟာလဲ မလုပ်နဲ့၊ ဪ ဒါဖြစ်ဒုက္ခ ပျက်ဒုက္ခပဲ၊ ဖြစ်ပျက် ဆိုတာ မင်းတို့ ဉာဏ်ထဲမှာ၊ မင်းတို့ဟာနဲ့ မင်းတို့ ဆုံးဖြတ်ချက် ချနိုင် ရင် ချစမ်းပါ ဆိုတာ မောင်နိုင် အရေးကြီးလို့ ပြောတာ (မှန်ပါ့) ကိုမြင့် (အရေးကြီးလို့ ပြောတာပါ ဘုရား) နောက်က ဒကာ ဒကာမတွေ (အရေးကြီးလို့ ပြောတာပါ ဘုရား)။

ဖြစ်နေတာလဲ ဒုက္ခပဲ၊ ပျက်နေတာလဲ ဒုက္ခပဲ၊ ခန္ဓာ ငါးပါး ပျက်တာ၊ ဝေဒနာ ရှုတဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာဖြစ်ပျက်၊ ရုပ်ကြည့်တဲ့ ပုဂ္ဂိုလ်က ရုပ်ဖြစ်ပျက်၊ ဪ ဖြစ်ဒုက္ခ ပျက်ဒုက္ခ ပဲလို့၊ ပိုင်ပိုင်နိုင်နိုင် သိလို့ရှိရင် အားလုံး ဒကာ ဒကာမတွေ နိဗ္ဗာန် ပေါ်လာမှာပဲ (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့်၊ ဒုက္ခတွေ တော့ ဖြင့် ပိုင်ပိုင် နိုင်နိုင် သိဖို့ ဟာ ဒကာ ဒကာမတို့ ကိုယ့်အရေး၊ နိဗ္ဗာန် ရောက်တဲ့ အရေးလို့ မှတ်လိုက်ကြပါ၊ သဘောပါကြရဲ့ လား (ပါ-ပါတယ်)။

ဒါဖြင့် ဒီဒုက္ခတွေဟာ အခု တရားနာ နေတဲ့ ခန္ဓာငါးပါး၊ ခဏ ခဏ ဖေါက်ပြန်၊ ပျက်စီးပြီး သကာလ မနေလား (နေပါတယ် ဘုရား) နေပင် နေငြား သော်လည်း ကျန်းမာလို့ တရားနာနိုင်တယ် မပြောကြဘူးလား (ပြော ပါတယ် ဘုရား)။

ခန္ဓာကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း ကင်းလို့ လို့ ဆိုရမှာပါပဲ (မှန်ပါ့) ဘယ်စိတ်ဖြင့် ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း ရှိရင် ဘယ်တရားလာနိုင်ပါ့မလဲလို့ မလျှောက် ကြပေဘူးလား (လျှောက်ပါတယ် ဘုရား)။

ဆင်းရဲအစစ်ကိုသူတို့မသိဘူး

အင်း-ဒါဖြင့် ဆင်းရဲအစစ် သူတို့ မသိပါဘူး၊ တိရစ္ဆာန် သိဆင်းရဲကိုသာ သူတို့သိတာကိုး၊ ဆင်းရဲစစ်ကို ဘုရားက “ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခာ” ဆိုတော့ ခန္ဓာငါးပါး ရှိနေတဲ့ဥစ္စာ၊ ခဏ ခဏ ဖေါက်ပြန်ပြီး နေတဲ့ ဒုက္ခတွေ သိစေချင်တယ် ဆိုတာလဲ သေသေချာချာ မှတ်ပါ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်ဒုက္ခ သိစေချင်ပါလိမ့်မလဲ ဆိုတော့ ခန္ဓာငါးပါး အစစ်ဒုက္ခကို သိစေချင်တယ်၊ ခုနက တိရစ္ဆာန်သိ ဒုက္ခတွေတော့ လူတိုင်းသိပါတယ် (မှန်ပါ့) ခုနက သူများပြောလို့ မခံချင်တဲ့ဒုက္ခ၊ ဒေါမနဿ တွေတော့ လူတိုင်း သိပါတယ်။

စင်စစ်တော့ ကျန်းမာပြီး သကာလ နေတဲ့ အထဲက ခဏ ခဏ ဖြစ်ပျက် ဖေါက်ပြန်နေတဲ့ ဒုက္ခကြီးကို သိစေချင် တယ်၊ အဲဒီ ဒုက္ခသိမှ ဒကာ ဒကာမတို့ နိဗ္ဗာန်ရမှာ သဘော ကျပလား (ကျပါပြီ ဘုရား)။

ကျန်းမာတယ် ဆိုတဲ့ ခန္ဓာကိုယ်ကြီးထဲမှာ ဘာတွေ့ရ သလဲ (ဖြစ်ပျက်ဒုက္ခ တွေ့ရပါတယ်) ဖြစ်ပျက်ဒုက္ခ တွေ့ ရတယ်တဲ့၊ အဲဒီ ဒုက္ခတွေ့မှ ခင်ဗျားတို့ ဖြစ်ပျက် ပိုင်ပိုင်နိုင်နိုင် သိတာ၊ ကျန်တဲ့ ခွေးသိ ဝက်သိ ဆိုတဲ့၊ ခွေးတွေ ရိုက်လို့အော် တာမျိုး ဒုက္ခ၊ ဝက်တွေ လှံနဲ့ထိုးလို့ အော်တာမျိုး ဒုက္ခ၊ ဒါတွေကို ဒုက္ခ မဆိုပါနဲ့တဲ့ အဲဒါတွေ ဒေါမနဿတွေပါ၊ ဒါတွေဟာ လူတိုင်း သိတဲ့ ကာယိက ဒုက္ခ တွေပါနော်။

ကျန်းမာတဲ့ရုပ်နာမ်တို့၏ဒုက္ခသိမှဒုက္ခသစ္စာ

အခု ဒကာ ဒကာမတို့ သိစေချင်တဲ့ ဘုရားက သိစေ ချင်တာက ခင်ဗျားတို့ရဲ့ စိတ်ထဲကတော့ ကျန်းမာတယ်၊ ခင်ဗျားတို့ စိတ်ထဲက ဘယ်လို ထင်နေသလဲ (ကျန်းမာတယ်လို့ ပါဘုရား) အဲဒီ ကျန်းမာ တယ်လို့ ထင်နေတဲ့ အထဲက ကျန်းမာ တဲ့ ရုပ်နာမ်တို့၏ ဒုက္ခ (မှန်ပါ့) ဒါသိမှ ဒုက္ခသစ္စာ၊ သဘောကျပလား (ကျပါပြီ) ဘာသိမှတုံး (ကျန်းမာတယ်လို့ ထင်နေတဲ့ အထဲက ဒုက္ခ)။

ဒီကျန်းမာနေတဲ့ ထိုင်နေတဲ့အထဲက ဖေါက်ပြန်နေတဲ့ ရုပ်နာမ်တို့၏ ခဏခဏ ဖြစ်ပျက်နေတဲ့ ဒုက္ခကိုသိမှ ဒါဒုက္ခ သိတယ်လို့ မှတ်လိုက် (မှန်ပါ့)။ သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ကျန်းမာတယ်လို့ ထင်နေတဲ့ ခန္ဓာငါးပါးကို ဘယ်လိုသိ ရမလဲ? (ဒုက္ခလို့ သိရမယ်) အဲဒီ ဒုက္ခက ခင်ဗျားတို့ ယောဂီ ပုဂ္ဂိုလ်၊ တော်တော် ခရီးပေါက်တဲ့ ယောဂီပုဂ္ဂိုလ်မှ တစ်ပါး၊ ကျန်တဲ့ ပုဂ္ဂိုလ် ဘယ်တော့မှ မသိဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။ သိပါ့မလား (မသိပါဘုရား)။

ခဏခဏ ဖေါက်ပြန်ပျက်စီး နေတာလေးတွေကို ဖြစ် လိုက်၊ ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ အဲဒီ ဒုက္ခလေးတွေမှ ဒုက္ခသစ္စာ အစစ်၊ သဘောကျပလား (ကျပါပြီဘုရား) အဲဒါကြောင့် ဘုရားက “သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခာ” သဘောကျပလား (ကျပါပြီဘုရား)။

ခန္ဓာငါးပါးသည် ခဏခဏ ဖေါက်ပြန် ပျက်စီးနေတဲ့ ဒုက္ခမှ ဒုက္ခအစစ်ပဲ (မှန်ပါ့) အဲဒီ ဒုက္ခကိုသိမှ ဒုက္ခ ပိုင်ပိုင် နိုင်နိုင် သိမှ နိရောဓဆိုတဲ့ နိဗ္ဗာန်ကိုရမယ်၊ ရှင်းပလား (ရှင်းပါ ပြီ) ဒါဖြင့် ဒုက္ခ သိပြီပေါ့ (သိပါပြီဘုရား)။

တစ်နံပါတ် ဒုက္ခသိမှု၊ ထိုးထွင်း သိမှု တစ်နံပါတ်၊ ထိုးထွင်း သိကြပလား (သိပါပြီ)။

သိတာကတော့ မောင်နိုင်ရ၊ ကိုမြင့်ရ ဝိပဿနာလုပ် မှပဲဖြစ်မယ်။ အို-ကိုယ့်ခန္ဓာထဲ ကြည့်လိုက် ခဏခဏ ဖြစ်ပြန် ပြီ၊ ပျက်ပြန်ပြီ၊ သြော် ခဏခဏ မွေး၊ ခဏခဏ သေ၊ ခဏခဏ ဖြစ်ဒုက္ခ၊ ခဏခဏ ပျက်ဒုက္ခ၊ ခဏခဏ သေရေး ပေါ်တာနဲ့ သေတာ။

ကျန်းမာတဲ့ဒုက္ခကိုသိမှဒုက္ခသစ္စာသိတာ

ကျန်းမာနေတဲ့ ခန္ဓာကြီးမှာ ဒီအတိုင်း ဒီအတိုင်း နေတော့မှ ဒုက္ခဆိုတာ ဒို့ သန္တာန်မှာ သုခမြူမှ မပါ၊ ပါကလား ဆိုတာ ပေါ်လာတယ်၊ ဟိုခင်ဗျားတို့ မကျန်းမာတဲ့ ဥစ္စာက၊ အင်း-လေနာက၊ လေနာ ပျောက်သွားတယ်။ ကျန်းမာတယ် ဖြစ်တယ်၊ ဒီဟာက ဘယ်အချိန် ကျန်းမာသလဲ (ဘယ်အချိန်မှ မကျန်းမာပါ ဘုရား)။

ခန္ဓာငါးပါးထဲက ဘယ်အချိန်များ ဖြစ်ပျက် ရပ်တဲ့ အချိန် သိသလား (မသိပါ ဘုရား) ဘယ်အချိန်မှ မကျန်းမာ တဲ့ ဒုက္ခကို သိမှ ဒုက္ခသစ္စာကို သိတာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ) ဘယ်အချိန်မှ မကျန်းမာဘူး သိမှ ဒုက္ခသစ္စာကို ပိုင်ပိုင် နိုင်နိုင် သိတယ်လို့ မှတ်လိုက် (မှန်ပါ့)။

ဒီတစ်လုံး သိပ်အရေးကြီးပါတယ်၊ အခုပြောတာ၊ နောက်က ဒကာ ဒကာမတွေ အခုပြောတာ သဘောကျပါ လား (ကျပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ အလုပ်ထဲမှာပါတဲ့ ဒုက္ခသစ္စာကတဲ့ ဒကာ ဒကာမတို့ ကျန်းမာ နေတုံးကိုပဲ ခန္ဓာက ဖောက်ပြန် ပျက်စီးနေတဲ့ ဖြစ်ဒုက္ခ ပျက်ဒုက္ခ ဆိုတာကို သိပါမှ ဒုက္ခကို ပိုင်ပိုင်နိုင်နိုင် သိတယ်လို့ မှတ်လိုက်ပါ(မှန်ပါ့)။

လူလဲ ကျန်းမာတယ်နော်၊ ဝိပဿနာ ဉာဏ်နဲ့ကြည့် လိုက်တဲ့အခါ ဘာတွေ့ရသလဲ (ဖြစ်ပျက် တွေ့ရပါတယ်) ဖြစ်ပျက် ဒုက္ခကို တွေ့ရတော့ ဪ ဒါဖြင့် ဘယ်အချိန် မှ မကျန်းမာပါ ကလား ဆိုတာ ပေါ်လာတယ်၊ ရှင်းပလား (ရှင်းပါပြီ)။

အဲဒီဒုက္ခကို သိမှ အဲဒီ ဒုက္ခကို ပိုင်ပိုင်နိုင်နိုင် ကျကျနန သိမှ နိဗ္ဗာန်ရမယ်။

အားလုံး ဂရုစိုက် မှတ်ပါ၊ မောင်နိုင်၊ ကျန်းမာနေတုံး မှာ ဖြစ်ပျက်ဒုက္ခ သိပါမှ၊ (မှန်ပါ့) မကျန်းမာ တာက တိရစ္ဆာန် သိ၊ သဘောကျပလား (ကျပါပြီ) ဒွိဟိတ်လဲ သိတယ်၊ အဟိတ် ပုဂ္ဂိုလ် တွေကော သိတယ်၊ ကျန်းမာ နေတုန်း ဖောက်ပြန် ပျက်စီး နေတာကိုတော့ တိဟိတ် ဉာဏ်မှ သိတယ် (မှန်ပါ့) အဲဒီလို ခွဲပြော လိုက်တော့ ခင်ဗျားတို့ ရှင်းသွားတာပေါ့ (မှန်ပါ့) မရှင်းဘူးလား (ရှင်းပါတယ်)။

ခွေးသိ၊ ဝက်သိ၊ ဒုက္ခမျိုးနှင့်နိဗ္ဗာန်မရနိုင်

ခွေးတွေ ရိုက်လိုက်တော့ ဒကာ ဒကာမတွေ ဒုက္ခ ရောက်တော့ အော်ရှာကြတယ်၊ အော်-မအော် (အော် ပါတယ် ဘုရား)။ ဒါဖြင့် ဒုက္ခသိလို့ အော်တာပေါ့၊ ဒုတ်နဲ့ ရွယ် ရင် တချို့ ခွေးက အိုင်အိုင် မြည်လိုက်သေးတယ် (မှန်ပါ့) ဒုက္ခရောက်မှာ စိုးလို့ သူတို့ အော်တာ၊ ကိုင်း သူတို့ မသိဘူးလား (သိပါတယ် ဘုရား) အဲဒီပုဂ္ဂိုလ်ဟာ ဒွိဟိတ်လား တိဟိတ်လား အဟိတ်လား (အဟိတ်)။

အဲ-အဟိတ်တောင် သိတဲ့ ဒုက္ခ ဆိုတော့ ဘယ်နိဗ္ဗာန် ရနိုင်ပါ့မလဲ၊ တိဟိတ်သိတဲ့ ဒုက္ခမှ နိဗ္ဗာန် ရမှာကိုး၊ ပေါ် ပလား (ပေါ်ပါပြီ ဘုရား) အခု ဒီတစ်လုံးကို ဖိပြော နေတယ် ခင်ဗျားတို့ကို ဒီတစ်လုံးကို ဖိပြောနေတာ။

ဒါကြောင့် ခွေးသိ ဝက်သိ ဒုက္ခဟာ အလကား နိဗ္ဗာန် မရဘူးလို့မှတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ခွေးသိ ဝက်သိဒုက္ခဟာ (အလကားပါ ဘုရား) ဒါ အဟိတ်ပုဂ္ဂိုလ် သိတဲ့ဒုက္ခ၊ ဘယ်လို ဆိုကြမယ် (အဟိတ် ပုဂ္ဂိုလ် သိတဲ့ဒုက္ခ)။

အဟိတ်ပုဂ္ဂိုလ်တဲ့ ဉာဏ်မပါတဲ့ ပုဂ္ဂိုလ်သိတဲ့ ဒုက္ခတဲ့၊ နိဗ္ဗာန်ဆိုတာ ဉာဏ်နဲ့ သွားရတာ (မှန်ပါ့) အဲဒီပုဂ္ဂိုလ်ဟာ နိဗ္ဗာန် သွားနိုင်ပါ့မလား (မသွားနိုင်ပါ) မသွားနိုင်တဲ့ ပုဂ္ဂိုလ်က သိတဲ့ဒုက္ခကို၊ ကျုပ်တို့က အဲဒါကြီးများ ဒုက္ခတွေ့ပြီ ယူလိုက်ရင် ငါးပါး မှောက်လို့ပေါ့ဗျာ အဲဒါ ကြပ်ကြပ် စဉ်းစား ထားပါ။

ကိုင်း တစ်ခါ ဒွိဟိတ် ပုဂ္ဂိုလ်တွေ သိတဲ့ဒုက္ခ ရှိပါသေး တယ်။ ချွေးတစီးစီးနဲ့ အင်မတန် ညောင်းတာ ညာတာ ကိုက်တာနဲ့ ကျုပ်ဖြင့်သေ၊ သေချင်တာပဲ ဒုက္ခဟာ သိပ်ကြီးတာပဲ၊ မောင်နိုင် ဒီလိုကော မရှိဘူးလား (ရှိပါတယ်) အဲတော့ ဒွိဟိတ် ပုဂ္ဂိုလ် သိတဲ့ ဒုက္ခ နိဗ္ဗာန် မရနိုင်ဘူး၊ ရပါ့မလား (မရပါ ဘုရား)။

ဒွိဟိတ်သိတဲ့ဒုက္ခမျိုးနှင့်လည်း နိဗ္ဗာန်မရနိုင်

ဒွိဟိတ်ပုဂ္ဂိုလ် ဉာဏ်မပါ ပါဘူးတဲ့၊ ကျုပ်ဒီနေ့ လုပ်ရ တာ ပင်ပန်းတယ်၊ ကျုပ်ဒီနေ့ သိပ်ဒုက္ခ ရောက်တာပဲ၊ ပင်ပန်း တဲ့ဒုက္ခ သူသိတယ်၊ သဘောကျပလား ကျပါပြီ၊ အဲဒီ ဒုက္ခနိဗ္ဗာန် ရောက်တဲ့ ဒုက္ခလား (မရောက်ပါဘူး) ဘယ် ပုဂ္ဂိုလ်သိတဲ့ ဒုက္ခပါလိမ့် (ဒွိဟိတ်သိတဲ့ ဒုက္ခပါ) ဒွိဟိတ် ပုဂ္ဂိုလ် နိဗ္ဗာန် ရောက်နိုင်မလား၊ ဒီဘဝ (မရောက်နိုင်ပါ ဘုရား) မရောက်နိုင်လို့ ရှိရင် အဲဒါ အလကား အန္ဓ ပုထုဇဉ် သိတဲ့ဒုက္ခ (မှန်ပါ့) မရောက်နိုင်ဘူးတဲ့ ဒီဥစ္စာ (မှန်ပါ့) ကျေနပ်ပလား (ကျေနပ်ပါတယ်)။

ဒါဖြင့် တိရစ္ဆာန်သိတဲ့ ဒုက္ခလဲ ကျုပ်တို့ သိနေ အပိုပဲ၊ ဒကာ ဒကာမတွေ ညည်းနေတာ တိရစ္ဆာန် သိတဲ့ဒုက္ခနဲ့ ညည်းနေတာ မောင်နိုင်ရ၊ ကျုပ်ဖြင့် သေသာ သေချင်တာပဲ၊ ဒီသားနဲ့ ဒီသမီးနဲ့ ဒီမြေးနဲ့ ကျုပ်ဘယ်မှ စိတ်ချမ်းသာမှုဖြင့် မရှိဘူး၊ မျက်ရည်နဲ့ မျက်ခွက်နဲ့နေရတာပဲ (မှန်ပါ့) တချို့ မပြောကြဘူးလား (ပြောကြပါတယ် ဘုရား)။

အဲဒါလဲ အဝိဇ္ဇာမှန်း မသိဘူး (မှန်ပါ) အဲဒီ ဒုက္ခနဲ့ နိဗ္ဗာန် ရောက်ရမယ် ဆိုရင် မောင်နိုင် ခက်ပြီပေါ့ကွ၊ ဒါဖြင့် နိဗ္ဗာန် ရောက်တဲ့ ဒုက္ခ၊ နိဗ္ဗာန် မရောက်တဲ့ ဒုက္ခခွဲထားတယ်။

ကျန်းမာရက်နဲ့ ခန္ဓာထဲမှာ ခဏခဏ ရောက်နေတဲ့ ဖြစ်ပျက် ဒုက္ခမှ ဒကာ ဒကာမတို့ နိဗ္ဗာန် ရောက်မှာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

လူက ကျန်းမာတယ်နော်၊ ကြည့်လိုက်တဲ့ အခါကျ တော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခ ကလေးတွေဟာ အို အပ်သွား ချစရာ မရှိအောင် မြင်တဲ့ ဒုက္ခမှ နိဗ္ဗာန်ကို ကျေးဇူးပြုမည့် ဒုက္ခ (မှန်ပါ့) ဒုက္ခ ပိုင်ပိုင်နိုင်နိုင် သိတဲ့ ဒုက္ခဆိုတာ ဒီဒုက္ခမှ နိဗ္ဗာန် ရမှာ တိဟိတ် သိတဲ့ဒုက္ခ၊ ရှင်းပလား (ရှင်းပါပြီ)။

တိဟိတ်အညံ့စား၊ သိတဲ့ဒုက္ခမျိုးလည်း နိဗ္ဗာန် မရနိုင်

အဟိတ်သိတဲ့ ဒုက္ခလဲ နိဗ္ဗာန် မရဘူး၊ ဒွိဟိတ် သိတဲ့ဒုက္ခ လဲ (နိဗ္ဗာန် မရပါ ဘုရား) တိဟိတ် တောင်မှ အညံ့စား တိဟိတ် ဩမက သိတဲ့ ဒုက္ခလဲ နိဗ္ဗာန် မရသေးဘူး၊ တိဟိတ် ဥက္ကဋ္ဌများ သိတဲ့ ခန္ဓာကြီး တဖျပ်ဖျပ်လဲနေတာ (မှန်ပါ့)။

ဝေဒနာလေး ခဏခဏ ဒုက္ခရောက်နေတယ် ခဏ ခဏ ဖြစ်လိုက် ပျက်လိုက်နဲ့ ဒုက္ခ ရောက် နေတယ်၊ စိတ်ကလေး ခဏခဏ ဖြစ်လိုက် ပျက်လိုက်နဲ့၊ ဪ ဒီခန္ဓာကြီးဖြင့် ဘယ်ခန္ဓာ မဆို ဖြစ်ပျက် ဒုက္ခနဲ့ နေတာပါလား၊ မွေးသေ ဒုက္ခ နဲ့ချည်း နေတာပါလား။

တိဟိတ်ဥက္ကဋ္ဌမှ နိဗ္ဗာန်ရမည်

ဖြစ်ဒုက္ခ ပျက်ဒုက္ခနဲ့ ချည်း နေတာပါလား ဒီလိုဉာဏ်ထဲ မှာကို မြင်နေတဲ့ ပုဂ္ဂိုလ်မှ တိဟိတ် ဥက္ကဋ္ဌ ဖြစ်တဲ့ ပုဂ္ဂိုလ်မှ နိဗ္ဗာန် ရမယ် သဘောပါပလား (ပါပါပြီဘုရား)။

ဒါ အင်မတန် အရေးကြီးလို့ ပြောနေပါတယ်၊ ဒကာ ဒကာမတွေ ဒို့ ဘယ်လိုဒုက္ခ သိလို့ရှိရင် ဒို့သည် သစ္စာ ဆိုက်မှာတုံး၊ နိဗ္ဗာန် ရောက်မည့် ဒုက္ခကို ပိုင်းခြား မြင်ရ သတုံးလို့ မောင်နိုင်တို့က မေးမေး၊ ကိုမြင့်တို့က မေးမေး ကျန်းမာနေတုံး သိတဲ့ ဒုက္ခကြီး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

အဲတော့ ဘယ်ဒုက္ခ သိရမှာတုံး (ကျန်းမာ နေတုံးသိတဲ့ ဒုက္ခ) ကျန်းမာနေတုံး ခန္ဓာဘယ်လို ပြောသတုံး (ဖြစ်ပျက် ပြောပါတယ်)။

နကုလတို့ကို ဟောသောတရားတော်

အင်း-ဖြစ်လိုက် ပျက်လိုက် ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ခဏခဏ နကုလမာတာ၊ နကုလပီတာ တို့ကို ဟောတဲ့ နေရာမှာ ကိုမြင့်တို့ မောင်နိုင်တို့ မှတ်မိနေ မှာပေါ့ (မှန်ပါ့)။

ဒကာကြီး ကျန်းမာရဲ့ လားတဲ့ ဘုရားကမေးလိုက်တဲ့ အခါ နကုလပီတာက မကျန်းမာဘူးတဲ့ အေး “ဣမံကာယံ ပရိဟရန္တော မုဟုတ္တမ္ပိ အရောဂျံ ဇာနေယျ”။

ဤကိုယ်ကြီးကို ဆောင်ပြီး သကာလ နေတော့ တစ် ခဏကလေးမျှ အနာကင်းပြီး သကာလ နေတယ်လို့ ယူလို့ ရှိရင်ဖြင့် “ကိံအညတြ ဗာလျာ” ဗာလျာ- မိုက်သောပုဂ္ဂိုလ် အညတြ – ကြဉ်ထား၍၊ ကိံ- ဘယ်ပုဂ္ဂိုလ်မှ မပြောဘူးတဲ့ (မှန်ပါ့)။

ခန္ဓာကိုယ်ကြီး ဆောင်နေရတဲ့ ပုဂ္ဂိုလ်ဟာ ဘယ် အချိန်မှ ကျန်းမာတယ်လို့ လူမိုက် ချန်လှပ်၍ ကျန်တဲ့ တိဟိတ် ပုဂ္ဂိုလ်များသည် ဘယ်အချိန်မှ ကျန်းမာတယ်လို့ သူတို့ စိတ်ထဲမှာ မမြင်ပါဘူးတဲ့ (မှန်လှပါ ဘုရား)။

လူမိုက်ဖြစ်ရင် ကျန်းမာလို့လာနိုင်တယ်လို့ ပြောတာ။

လူမိုက်ဖြစ်ရင် ကျန်းမာလို့လာနိုင်ပါတယ်၊ ကျန်းမာ လို့ ထိုင်နိုင်ပါတယ် ပြောတာပါဘုရားတဲ့၊ ဒါကြောင့် “ဣမံ ကာယံ ပရိဟရန္တော မုဟုတ္တမ္ပိ အာရောဂျံ ဇာနေယျ ကိံ အညတြ ဗာလျာ”

ဘယ်အချိန်မှ မကင်းတဲ့ဒုက္ခ

ဣမံကာယံ =ဤခန္ဓာကိုယ်ကြီးကို ခန္ဓာငါးပါးကို ပေါ့ကွာ၊ ပရိဟရန္တော =ဆောင်နေတဲ့ ပုဂ္ဂိုလ်သည်၊ မုဟုတ္တံ= တစ်ခဏမျှ၊ အာရောဂျံ= အနာကင်းတယ်လို့ ယူငြားအံ့၊ အနာကင်းတယ်လို့၊ ဇာနေယျ= သိငြားအံ့၊ အနာကင်းတယ် လို့ သိရင်၊ ကိံ အညတြဗာလျာ၊ ဗာလျာ = မိုက်တဲ့ပုဂ္ဂိုလ်ကို အညတြ ကြဉ်ထား၍၊ ကိံ= ဘယ်ပုဂ္ဂိုလ်မှ မပြောဘူး၊ မပြောဘူးတဲ့ လူမိုက်သာ ပြောတာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) အဲဒီ ဒုက္ခမြင်ဖို့ အရေးကြီးတယ်၊ ရှင်းပလား (ရှင်းပါပြီ)။

ခဏခဏ ဖောက်ပြန်ပျက်စီးနေတဲ့ ဝေဒနာကလေး ပေါ်လိုက် ပျောက်သွားလိုက် စိတ်ကလေး ပေါ်လိုက် ပျောက် သွားလိုက်၊ ရုပ်ကလေး ပေါ်လိုက် (ပျောက်သွားလိုက်) အဲဒါ က မောင်နိုင်၊ ဘယ်အချိန် မဆို မကင်းတဲ့ ဒုက္ခဆိုလို့ လွဲပါ မလား (မလွဲပါဘုရား) နောက်က ဒကာ ဒကာမတွေက ဘယ်လို မှတ်ကြမလဲ (ဘယ်အချိန်မှ မကင်းတဲ့ ဒုက္ခပါ) ဘယ်အချိန်မှ မကင်းတဲ့ ဒုက္ခဆိုတာ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ဣမံကာယံ ပရိဟရန္တော ကိုး၊ ဣမံကာယံ-ဤခန္ဓာ ငါးပါး ရုပ်နာမ်တရား၊ ပရိဟရန္တော =ဆောင်နေတဲ့ ပုဂ္ဂိုလ်၊ ဆောင်ကြဉ်းနေရတဲ့ ပုဂ္ဂိုလ်ဟာ ခန္ဓာကိုယ် ဆောင်ကြဉ်း နေရတဲ့ ပုဂ္ဂိုလ် ဆိုတော့ မောင်နိုင် မရှင်းဘူးလား (ရှင်း ပါတယ်) အာရောဂျံ၊ မုဟုတ္တမ္ပိ အာရောဂျံ၊ မုဟုတ္တမ္ပိ- တစ် ခဏမျှ၊ အာရောဂျံ- အနာကင်းတယ်လို့ ဇာနေယျ ကိံ အညတြဗာလျာ = လူမိုက်ကို အညတြ – ကြဉ်ထား၍၊ ကိံ = ဘယ်ပုဂ္ဂိုလ်မှ မပြောဘူး၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ကျန်းမာတုန်း မြင်တဲ့ဒုက္ခမှ နိဗ္ဗာန်ရနိုင်တဲ့ဒုက္ခ

လူမိုက် ချန်လှပ်၍ ကျန်တဲ့ ပုဂ္ဂိုလ်က ခန္ဓာကို ဆောင် ကြဉ်း နေရတာ ဘယ်အချိန်မှ သုခ မပါဘူး ဆိုတာကို ပညာ ရှိတွေက ပြောပါလိမ့်မယ် ရှင်းပလား (ရှင်းပါပြီဘုရား)။

ကျန်းမာတုန်း မြင်တဲ့ဒုက္ခမှ သာလျှင် နိဗ္ဗာန်ရောက်နိုင် တဲ့ ဒုက္ခသစ္စာ ပိုင်းခြားတဲ့ ဉာဏ်လို့ မှတ်လိုက် (မှန်ပါ့ဘုရား)။

မောင်နိုင် ဒီဥစ္စာ သာမညပြောသလား၊ အရေးကြီး လို့ ပြောသလား (အရေးကြီးလို့ ပြောတာပါ ဘုရား)။

ကိုင်း-ဒကာ ဒကာမတို့ ဒီပြင်ဟာတွေက ပရိယာယ ဒုက္ခတဲ့၊ ပရိယာယ ဒုက္ခတွေ သဘောကျ ပလား (ကျပါပြီ) ဒီပြင်ဟာတွေ ကတော့ ပရိယာယဒုက္ခတွေတဲ့။

သောကဖြစ်တယ် ဆိုရင် သောက မဖြစ်ပါနဲ့ ငွေတစ် ထောင်ပျောက်တယ်၊ ရော့ နှစ်ထောင် ယူသွား ဆိုရင် သောက ပျောက်သွားတယ်၊ ပရိယာယ ဒုက္ခ ဆိုရင် ခဏခဏပျောက် ပျောက် သွားတယ် သဘောကျပလား (ကျပါပြီ) မျက်စိ လေး နာတယ်၊ ရော့ မျက်စဉ်းကလေး ခတ်လိုက်၊ ညကျသက် သာမှာပဲ၊ ပျောက်သွားတယ်၊ မပျောက်ဘူးလား (ပျောက်ပါတယ်)။

ဆေးကုလို့မရတဲ့ဒုက္ခ

ခုနခန္ဓာကိုယ်ကြီးထဲမှာ ဆောင်နေရတဲ့၊ ခန္ဓာ ကိုယ်ကြီးထဲမှာ ဖြစ်ပေါ် နေတယ်လေ ရုပ်ဒုက္ခ၊ နာမ် ဒုက္ခ၊ ဝေဒနာဒုက္ခ၊ စိတ်ဒုက္ခတွေ ကတော့ ဘာဆေးကုလို့မှ မရဘူး၊ ရရဲ့လား (မရပါဘူး) ခဏခဏ ဖောက်ပြန် ပျက်စီး နေတာပဲ မဟုတ်လား (မှန်ပါ့) အဲဒီ ဒုက္ခကို မြင်ပါမှ ခင်ဗျားတို့သည်၊ နိဗ္ဗာန်ကို ကျေးဇူးပြုမည့် ဒုက္ခလို့ မှတ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) နေရာ ကျကြပလား (ကျပါပြီဘုရား)။

ကောင်းပြီ ဒါဖြင့် “နကုလ” နေရာ ကျတော့လဲ ဒီ အတိုင်းပဲ ဟောပါတယ် ဆိုတာလဲ ကျေနပ်ပလား (ကျေနပ် ပါပြီ) ဪ ဒါဖြင့် မောင်နိုင်တို့ ကိုမြင့်တို့ နောက်က ဒကာ ဒကာမတွေ သော် ဒုက္ခပိုင်းခြားပြီး ပိုင်ပိုင်နိုင်နိုင် သိရမယ် ဆိုတာ ဒို့က အနာရောက်တဲ့ ဒုက္ခ ဒို့သိတယ်၊ သတ်သေမည့် ဒုက္ခ ဒို့ သိတယ်၊ ဒါမျိုးလဲ မတွေ့ချင်ဘူးလို့ ဒို့သိတယ်။

အလကားဒုက္ခ ဒီဥစ္စာ ပရိယာယ ဒုက္ခ၊ ပရိယာယ မဟုတ်တဲ့ မုချဒုက္ခ အကျိုး သိရမယ်၊ ရှင်းကြပလား (ရှင်းပါပြီ) ပရိယာယ မဟုတ်တဲ့ မုချဒုက္ခ ဆိုတာ ဘယ် အချိန်မှာပါလိမ့် (ကျန်းမာ တုန်းမှာ) ကျန်းမာ တုန်းမှာ ဖောက်ပြန် ပျက်စီးနေတာ မြင်တော့မှ သြော် ဘယ်ချိန် မှာမှ သုခ မပါပါလားလို့ ကိုမြင့်တို့ မောင်နိုင်တို့ ဆုံးဖြတ်ချက် ချပါ၊ (ချပါတယ်ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ယောဂီပုဂ္ဂိုလ်တို့ သြော် ဒို့ ဘယ်အချိန်ကျမှ ဒို့ကမ္မဋ္ဌာန်းပြီးမှာပါ လိမ့်မတုံးလို့ မမေးပါနဲ့ အခုပြောတာကိုသာ မှတ်လိုက် ပါတော့ ရှင်းပလား (ရှင်းပါပြီ)။

ဒုက္ခအစစ်ဆိုတာ ဒါတွေ

မိမိခန္ဓာကိုယ်ထဲမှာ ထိုင်နေရင်း မတ်တတ်နဲ့ ဖျပ်ဖျပ်၊ ဖျပ်ဖျပ်နဲ့ ဒုက္ခရောက်တာတွေ မြင်လို့ရှိရင် ပြီးတော့မှာပဲ လို့သာ မှတ်ပေတော့ နိဗ္ဗာန် ရောက်တော့မယ် (မှန်ပါ့) နိဗ္ဗာန် ရောက်တော့မယ် ကျန်းမာတဲ့ ဒုက္ခ ဒီတွင် ပေါ်တယ်။

ကျန်းမာနေတုန်းမှာ ဝိပဿနာ ရှုတယ်၊ ဝိပဿနာ ရှုတုန်းမှာ အများကြီး တွေ့ရတယ်၊ မတွေ့ရဘူးလား (တွေ့ရပါတယ်) ဖျပ်ဖျပ်၊ ဖျပ်ဖျပ်နဲ့ ဒုက္ခတွေ မလာဘူးလား (လာပါတယ်)။

အဲဒီ ဒုက္ခတွေကို ဒကာ ဒကာမတွေက သြော် ဒုက္ခအစစ်ဟာ ဒါတွေကိုးလို့ ပိုင်းခြား လိုက်လို့ ရှိရင် ဖျပ်ဆို တစ်ချက်ထဲ နိရောဓ ဝင်ပြီး၊ နိဗ္ဗာန် ပေါ်တော့တာပဲ၊ ကဲ ဘယ်လောက် အဖိုးတန် သွားသလဲ (တန်ပါတယ် ဘုရား)။ ကျေနပ်ကြပလား (ကျေနပ်ပါပြီ)။

တစ်-နံပါတ် ဆိုတာ ဒါပဲ မောင်နိုင်ရ၊ ရှင်းကြပလား (ရှင်းပါပြီ) ဘုန်းကြီးတော့ အင်မတန် ကျေနပ်ပါတယ်၊ ဘယ်လိုကြောင့် ကျေနပ်ပြီး ဒကာ ဒကာမတို့ ဟောရပြောရ တာ ဘာပြုလို့ ကျေနပ် သတုံးလို့ မေးလိုက်တဲ့ အခါ ပရိယာယ နဲ့ ပရိယာယ မဟုတ်တဲ့ ဒုက္ခ ဘယ်ဒုက္ခကမှ နိဗ္ဗာန်ရောက် တယ် ဆိုတာ ယနေ့ရှင်းသွားပြီ (မှန်ပါ့)။

ပရိယျာယဒုက္ခက နိဗ္ဗာန်မရောက်ဘူး

ပရိယာယ ဒုက္ခက နိဗ္ဗာန် မရောက်ဘူး၊ ဆေးကုလို့ ရတဲ့ဒုက္ခ ဟူသရွေ့ နိဗ္ဗာန် မရောက်ဘူး ရှင်းပလား (ရှင်းပါပြီ) ဆေးကုလို့ မရတဲ့ ဒုက္ခမှ နိဗ္ဗာန် ရောက်မယ်၊ တထစ် ချမှတ်ပါ။

ဆေးကုလို့ရတဲ့ ဒုက္ခကို သိလို့ရှိရင် နိဗ္ဗာန် မရောက် ဘူး၊ ဆေးကုလို့ ဘယ်တော့မှ မရတဲ့ ဒုက္ခသိမှ (နိဗ္ဗာန် ရောက်မှာပါဘုရား) ပေါ်ပလား (ပေါ်ပါပြီ) နေရာ ကျပြီ ဒကာ ဒကာမတွေ ဒီရောက်အောင် လုပ်၊ ဒီရောက်အောင် လုပ်ရင် ဒုက္ခ ပိုင်ပိုင်နိုင်နိုင် သိပြီလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ဒီစကား တစ်လုံးဟာ မောင်နိုင်တို့ ကိုမြင့်တို့က သေးသေး သိမ်သိမ်လို့ မှတ်မနေနဲ့၊ သေးသေး သိမ်သိမ် မဟုတ်ဘူး။

ဆေးကုလို့မပျောက်တဲ့ဒုက္ခ၊

ရှေးအရိယာ ဘုရားပေါင်း နိဗ္ဗာန် ဝင်ကြတဲ့ ပုဂ္ဂိုလ် များဟာ ဘယ်ဒုက္ခ သိပြီး ဝင်ကြပါလိမ့်မတုံး ဆိုတော့၊ ဆေးကု လို့မပျောက်တဲ့ ဒုက္ခ သိသွားလို့ နိဗ္ဗာန် ဝင်ကြတာပဲ၊ ရှင်းပလား (ရှင်းပါပြီ)။

ဆေးကုလို့ကို ဘယ်နည်းနဲ့မှမရ၊ ဆေးကု ချိန်လဲ မရ၊ ကုလို့လဲ မပျောက်ဘူး၊ ဝေဒနာလေး ဖြစ်တယ်၊ ဝေဒနာလေး ပျောက်တယ်၊ မောင်နိုင် ဆေးကုချိန်ကော ဝင်လို့ ရသေးရဲ့ လား (မရပါ ဘုရား)။

စိတ်ကလေး ဖြစ်တယ်၊ လောဘစိတ် ကလေးဖြစ် တယ်၊ လောဘစိတ် ကလေး ပျက်တယ်၊ ကုသိုလ်စိတ် ကလေး ဖြစ်တယ်၊ ကုသိုလ်စိတ် ကလေး ပျက်တယ်၊ ဖြစ်ပျက် ဖြစ်ပျက် ဆေးကို မှီသေး ရဲ့လား (မမှီပါဘူး)။

ဆေးကုချိန်မရတဲ့ဒုက္ခ

ဆေးကုချိန် မရတဲ့ဒုက္ခ၊ ဆေးကုလို့ မပျောက်တဲ့ ဒုက္ခ ၊ ဒီဖြစ်ပျက် ဒုက္ခဟာ ဆေးကုလို့ကော ပျောက်ကြရဲ့လား (မပျောက်ပါ ဘုရား) အဲဒီ ဒုက္ခ ခင်ဗျားတို့ မြင်လို့ရှိရင်ဖြင့် သေသေချာချာ ဒုက္ခ ပိုင်းခြား နိုင်မယ်၊ ပိုင်းခြားတဲ့ ဒုက္ခအစစ် ပါပဲ၊ သစ္စာ အစစ်ဆိုက်တဲ့ ဒုက္ခ၊ နိပ္ပရိယာယ။ ပရိယာယ ဒုက္ခ မဟုတ်ပါဘူး၊ တကယ့် ပရိယာယ မဟုတ်တဲ့ ဒုက္ခကို ခင်ဗျား တို့သိတဲ့ အတွက် သေသေချာချာ နိဗ္ဗာန် ရမယ်လို့ ဆုံးဖြတ် ချက်ချ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဆေးကုချိန်မရတဲ့ ဒုက္ခရယ်၊ ဆေးကုလို့ မပျောက်တဲ့ ဒုက္ခရယ်၊ ဒီ ဒုက္ခ နှစ်ခုကို ခန္ဓာကိုယ်ထဲ ပိုင်ပိုင် နိုင်နိုင် သိရင် ခင်ဗျားတို့ နိဗ္ဗာန်ရပြီ။

မောင်နိုင် ဒီနှစ်လုံးတော့ မှတ်မိရဲ့လား (မှတ်မိ ပါပြီ) ဘယ်လို ဆိုကြမလဲ (ဆေးကုလို့ မပျောက်တဲ့ ဒုက္ခ ရယ် ဆေးကုလို့ မရတဲ့ ဒုက္ခရယ်) အင်း ဒီလိုမရသေး ဘူး ဆေးကုချိန် မရတဲ့ဒုက္ခ၊ အဖြစ်နဲ့ အပျက်ကြားထဲမှာ ဘယ်ဆေးကု ချိန်ရမလဲ (မရပါ) အဲဒါ ရှင်းအောင် ပြောပါ၊ (ဆေးကုချိန် မရတဲ့ဒုက္ခ၊ ဆေးကုလို့ မပျောက်တဲ့ဒုက္ခ)။

ဆေးကုလို့ မပျောက်တဲ့ ဒုက္ခ၊ ဒီဒုက္ခက ဘယ်လို ဆေးနည်းနဲ့မှ ကုလို့မရဘူး၊ သဘောကျ ပလား (ကျပါပြီ) အဲဒီ ဒုက္ခကို သိလို့ရှိရင် ခင်ဗျားတို့ နိဗ္ဗာန်ရပြီ၊ ဒီဘဝ ဆုံးဖြတ် ချက်ချ၊ သေပျော်တဲ့ တစ်လုံးနော် (မှန်ပါ့) ဒီတစ်လုံးဟာ ဘာတဲ့ (သေပျော်တဲ့ တစ်လုံးပါဘုရား)။

သေပျော်တဲ့ တစ်လုံးနော်၊ ဒီလောက်ထိအောင် ခင်ဗျားတို့ သိမှာ မဟုတ်လို့ ဟောနေတာ၊ ခင်ဗျားတို့သိတဲ့ ဒုက္ခက အဟိတ်သိတဲ့ ဒုက္ခ၊ ဒွိဟိတ်သိတဲ့ဒုက္ခ တိဟိတ်တောင် အရုပ်ကြမ်းသိတဲ့ဒုက္ခ။

ဝိပဿနာယောဂီသိတဲ့ဒုက္ခမှ နိဗ္ဗာန်ရမယ်

တိဟိတ်သိတဲ့ ဒုက္ခ၊ ဝိပဿနာ ယောဂီသိတဲ့ ဒုက္ခ မပါဘူး၊ ပါရဲ့လား? (မပါပါ ဘုရား) အခု ပြောတာက ဝိပဿနာ ယောဂီသိတဲ့ ဒုက္ခ (မှန်ပါ့) တိဟိတ်ပုဂ္ဂိုလ်၊ အထက်တန်းစား တိဟိတ်ပုဂ္ဂိုလ်၊ သိတဲ့ဒုက္ခကို ပြောနေတာ (မှန်ပါ့) အဲဒီဒုက္ခမှ နိဗ္ဗာန်ရမယ် ဆိုတာ သေသေချာချာ မှတ်ပါ။

သို့သော် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခုသင် ထား၊ ပြထားလို့ တော်တော် ခရီးပေါက် နေတဲ့ ဒကာ ဒကာမ တွေတော့ မဆိုလိုပါဘူးတဲ့ ဖြစ်ပျက် ဖြစ်ပျက်၊ ဒီမှာ အနား မရှိဘူး ဆိုကတည်းက သူသိနေတာပဲ၊ မသိသေးဘူးလား (သိပါတယ်)။

အဲဒီသိတဲ့ ပုဂ္ဂိုလ်ကတော့ အင်း ဒီကိစ္စပြီးတယ် ဒုက္ခ ပိုင်းခြားရင် သမုဒယသေ၊ နိရောဓကလဲ ဒုက္ခချုပ်သွားရင် ပေါ်လာတာပဲ၊ မပေါ်လာနဲ့ဆိုလို့ ရသေးရဲ့လား (မရပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတွေ ဘယ်ဒုက္ခ ပိုင်းခြားမှ နိဗ္ဗာန် ရနိုင်သလဲဆိုရင် ဖြေတတ်ကြပလား (ဖြေတတ်ပါပြီ) ဘယ်လို ဖြေကြပါ့မလဲ၊ (ဆေးကုလို့ မပျောက်တဲ့ ဒုက္ခ ဆေးကုချိန် မရတဲ့ ဒုက္ခ ပိုင်းခြား သိမှပါ ဘုရား) ဆေးကုချိန် (မရတဲ့ ဒုက္ခ) ဆေးကုလို့ မပျောက်တဲ့ (ဒုက္ခ) ဆေးကုချိန် မရတဲ့ ဒုက္ခ၊ ဆေးကုချိန်ကို မရလိုက်ဘူး (မှန်ပါ့)။

မြန်တာကိုးဗျ၊ ဆေးကုချိန်ရသေးရဲ့ လား (မရ ပါဘုရား) ကိုင်း ကုပါဆိုရင်ကော ပျောက်ပါ့ မလား မပျောက်ပါ ဘုရား၊ ကုလို့ မပျောက်တဲ့ ဒုက္ခ၊ (မှန်ပါ့) ဤ ဒုက္ခကြီး နှစ်ခု သေသေ ချာချာ ပိုင်ရင် ခင်ဗျားတို့ ဘာမှ ဆုတောင်း မနေနဲ့ နိဗ္ဗာန် ရမယ်လို့သာ အောက်မေ့ (မှန်ပါ့ဘုရား)။

မောင်နိုင် ပိုင်ပလား (ပိုင်ပါပြီ) ကဲ ဒီဘက်က ဒကာတွေရော ပိုင်ကြပလား (ပိုင်ပါပြီဘုရား) ဒါ သေသေ ချာချာ မှတ်စမ်းပါ၊ ဒကာ ဒကာမတို့ ဒီအရေး သေးတာ မဟုတ် လို့ ပြောနေတာ၊ နောက်က ယောဂီတွေကော နားလည်ကြ ပလား (နားလည်ပါပြီ) သေသေချာချာ မှတ်ပါ။

ဆေးကုချိန် မရတဲ့ဒုက္ခ၊ အဖြစ်နဲ့ အပျက်ကြားမှာ ဖြစ်တာက အနာပေါက်တာ၊ သဘောကျ ပလား (ကျပါပြီ) ဖြစ်တာက အနာပေါက်တာ ဆိုတော့ ဘာမှ မပေါက်ရ သေးဘူး၊ အနာပေါက်ခါ ရှိသေးတယ်၊ အသေက စောသွားပြီ ပေါက်ပြီး သေလိုက်တာကိုး၊ ဆေးကုချိန်ကော (မရပါ ဘုရား)။

သိကြားလာကုလဲ မပျောက်တဲ့ဒုက္ခ

နို့ တကယ်လို့ ဘုရားက လာကု၊ သိကြားက လာကု ဆိုရင် ဖြစ်ပြီး ပျက်နေတဲ့ ဥစ္စာကို ပျောက်အောင် (မရပါဘူး) ရပါ့မလား (မရပါဘူး) အဲဒါတွေကြောင့် ရှင်းရှင်း လင်းလင်း ပြောလိုက်ပါတယ် ဆေးကုချိန် မရတဲ့ ဒုက္ခ (မှန်ပါ့)။

ဆေးကုလို့ကို မပျောက်တဲ့ဒုက္ခ၊ ဆေးကုချိန် မရတဲ့ ဒုက္ခ၊ ဤဒုက္ခ နှစ်ခုကို ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ သိနေပါပြီ ဆိုမှဖြင့် ဒီဘဝ၊ ဒီခဏမှာပဲ နိဗ္ဗာန်ပေါ်တော့မှာပဲလို့ ဆုံးဖြတ် ချက်ချ၊ ရှင်းပလား (ရှင်းပါပြီ)။

၁။ ဒုက္ခသိရမယ်

အဲဒီလို ဒုက္ခသိရမယ် ဆိုတော့ နိဗ္ဗေဓိကသုတ် ဆိုတဲ့ အတိုင်း ထိုးထိုးထွင်းထွင်း မသိရ ဘူးလား (သိရပါတယ် ဘုရား) အဲဒီ အသိကလေးကို ဘုန်းကြီး မဟောဖူးသေးပါ ဘူးတဲ့ (တင်ပါ့) အဲဒီ အသိလို ခင်ဗျားတို့ ဖြစ်ဒုက္ခ ပျက်ဒုက္ခသာ ဟောဘူးပါတယ်၊ ဒီလောက်ထိအောင် လှိုက်လှိုက်လှဲလှဲ နဲ့ ဆေးကုချိန် မရတဲ့ဒုက္ခ၊ ဆေးကုလို့ မပျောက်တဲ့ ဒုက္ခကိုလဲ နကုလမာတာကို ပြောလိုက်သဖြင့်လဲ ရှင်းသွားပါတယ် ။ (မှန်ပါ့)။

ဒီခန္ဓာကိုယ်ကြီးကို ဆောင်နေတဲ့ပုဂ္ဂိုလ်ဟာတဲ့ ဘယ်အချိန်မှ ဒုက္ခ မရှိတဲ့အချိန် မရှိဘူး၊ လူမိုက် သာလျှင် – ဒုက္ခ မရှိဘူးလို့ ပြောပါလိမ့်မယ်၊ ဒီအထဲ အကုန်ပါနေပြီ (မှန်ပါ့) မပါသေးဘူးလား (ပါပါတယ်ဘုရား) ကောင်းကောင်း သဘောကျပလား (ကျပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ)။

ဒါဖြင့် ဒုက္ခသိဖို့ တစ်နံပါတ်၊ မောင်နိုင် ကျေနပ် ပလား (ကျေနပ်ပါပြီ)။

ကဲ-ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ဖြစ်တဲ့ အတွက် ခြောက်ခု တော့ ဟောရလိမ့်မယ် (မှန်ပါ့) ဒါ ဂရုစိုက် နားထောင်ပါ။

၂။ ဒုက္ခဖြစ်ကြောင်းသိရမယ်

ဒုက္ခဖြစ်ကြောင်း သိမှု နှစ်နံပါတ်၊ နှစ်နံပါတ်က ဘာတဲ့ (ဒုက္ခဖြစ်ကြောင်း သိမှုပါဘုရား) ကိုင်း-ဒါဖြင့် ခန္ဓာငါးပါးက ဒုက္ခ၊ ဒုက္ခဖြစ်ကြောင်း ကဖြင့် ဒကာ ဒကာမတွေ အထူး မပြောတော့ပါဘူးတဲ့၊ သမုဒယ သစ္စာ လောဘကြောင့် ဖြစ်တာ သေချာပလား သေချာပါပြီ။

ဒီဖြစ်ပျက် ဒုက္ခတွေ ဟူသရွေ့ဟာ မောင်နိုင် ဘယ်သူ တည်ထောင် လိုက်တာလဲ (သမုဒယ သစ္စာ တည်ထောင် တာပါ) ဤလောဘနဲ့ ခန္ဓာ ဆုတောင်းလို့ ပေါ်လာတာ ဖြစ်တယ်၊ ခန္ဓာကိုယ် ဆုမတောင်းတဲ့ ပုဂ္ဂိုလ် ပေါ်လာသေး ရဲ့ လား (မပေါ်လာပါ)။

ဒုက္ခဖြစ်ကြောင်းက ဘယ်သူတုံး

အဲဒါကြောင့် ဒကာ ဒကာမတွေ ဒုက္ခဖြစ်ကြောင်းက ဘယ်သူပါလိမ့်? (သမုဒယပါ) သမုဒယ ရှင်းပြီနော် (ရှင်းပါပြီ) ဒါကြောင့် သမုဒယဿ အာယူဟနဋ္ဌော၊ နိဒါနဋ္ဌော၊ သံယောဂဋ္ဌော၊ ပလိ ဗောဓဋ္ဌော လို့ ဘုရား ဟောတာ မဟောဘူးလား (ဟောပါတယ်)။

သမုဒယဿ အာယူဟနဋ္ဌော= ဒုက္ခဝတ္ထု ဒုက္ခမှုတို့ကို စုဆောင်းဆည်းပူးတတ်သည်၊ သူဆည်းပူး ထားတာတဲ့ ဒီခန္ဓာတွေဟာ (မှန်ပါ)။

နိဒါနဋ္ဌောတဲ့ – ဒုက္ခတွေ ဟူသရွေ့ သူပေးတာတွေ၊ ဖြစ်ခဲ့တဲ့ ဒုက္ခတွေ- သူက ပေးတာ သဘောကျပလား (ကျပါပြီ)။

သံယောဂဋ္ဌောတဲ့၊ ဒုက္ခနဲ့ မခွဲရအောင် ဒီခန္ဓာကြီး အတွက် တွဲထားတာလဲ၊ အဲဒီခန္ဓာကြီးနဲ့ ဒုက္ခနဲ့ ဘယ်တော့မှ ကင်းမနေရအောင် အမြဲတန်း ဒုက္ခနဲ့ နေရအောင် တွဲထား တာလဲ ဒီလောဘက တွဲပေးထားတာ၊ သဘောကျ ပလား ကျပါပြီ၊ ဒီဒုက္ခပြီး ဟိုဒုက္ခကို သူဆက်ပေးတာ။

ဟိုဒုက္ခ ပြီးတော့ကော (ဆက်ပေးပါတယ်) ထင်းခွေ ဆိုပြီး၊ ရေသွား ခပ်ချေဦးကိုဗျ၊ သဘောကျ ပလား (ကျပါပြီ) ရေသွား ခပ်ပြီးလို့ ရှိရင်လဲ ဆန်ဆေးဦး၊ ခင်ဗျားတို့ ဒုက္ခပြတ်သေးရဲ့ လား (မပြတ်ပါဘူး) ဆန်ဆေး ပြီးရင် မီးမွှေး ဦး၊ မီးမွှေးပြီးရင် မီးဖိုပေါ် တည်ဦး၊ တည်ပြီး စောင့်ကြည့် နေဦး (မှန်ပါ့) ဘယ်ပြတ် သေးရဲ့လား (မပြတ်ပါဘူး) သဘောကျ ပလား (ကျပါပြီ) ပျော်သထက် ပျော်နေတာ သူပေး ထားတာ စေ့နေတာပဲ၊ မစေ့ဘူးလား (စေ့ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒုက္ခဖြစ်ကြောင်းက ဘယ်သူပါလိမ့် (သမုဒယပါ) သမုဒယဆိုတာ ကျေနပ် ပလား (ကျေနပ် ပါပြီ) ကောင်းပြီ သမုဒယကြောင့် ဒုက္ခဖြစ်တယ် ဆိုတာလဲ ။ ရှင်းနေပြီပေါ့ဗျာ။

၃။ ဒုက္ခအထူးသိရမယ်

ဒုက္ခအထူးသိရဦးမယ်၊ သုံးနံပါတ်က ဘာပါလိမ့် ဒုက္ခ အထူး သိရမယ်၊ ဒုက္ခအထူး သိရမယ် ဆိုတော့ ဒုက္ခ ဟာတဲ့ ဒကာ ဒကာမတို့ အကြီးအကျယ် ဒုက္ခလဲ ရှိတယ်။ သေးတဲ့ ဒုက္ခလဲ ရှိတယ် ဒကာ ဒကာမတွေ တစ်ခါတလေ သေး သေး ဒုက္ခကော မတွေ့ရဘူးလား (တွေ့ ရပါတယ်) တစ်ခါ တလေ ကြီးကြီးဒုက္ခကော (တွေ့ရပါတယ်)။

တစ်ခါတလေ ကျတော့ နှေးနှေးဒုက္ခကော (တွေ့ရ ပါတယ်) တစ်ခါတလေကျတော့ မြန်မြန်ဒုက္ခကော (တွေ့ရပါတယ်) အဲ ခင်ဗျားတို့ ဒီလေးချက်ကို သိရမယ်။

ဒုက္ခက ဒီလိုထူးတယ်၊ သေးသေးဒုက္ခ တစ်မျိုး၊ ကြီးကြီးဒုက္ခက (တစ်မျိုးပါ) ရှင်းပြီနော် (ရှင်းပါပြီ) မြန်မြန် တွေ့တဲ့ဒုက္ခ တစ်မျိုး၊ နှေးနှေးတွေ့တဲ့ ဒုက္ခတစ်မျိုး အမြတ် တော်ကြေး ဒုက္ခမျိုး ကျတော့ မောင်နိုင် ဘယ်လို တွေ့ပါလိမ့် (နှေးနှေးပါ ဘုရား) နှေးနှေးမှ တွေ့တယ် ဟာ သူ့အနေ နဲ့ တော်တော်နဲ့ မတွေ့သေးဘူး၊ သဘောကျပလား (ကျပါပြီ) နှေးနှေးမှ တွေ့တယ်။

နှေးနှေးမှတွေ့တဲ့ဒုက္ခ

နှေးနှေးမှ တွေ့တယ်ဆိုတာ သဘောကျပလား (ကျပါပြီ)၊ ငွေရနေတုံး သူသတိကို မရသေးဘူး တော်ကြာကျမှ လက်ပိုက်အိတ် ကလေး ဆွဲပြီး လာမှ သာလျှင် ဒကာ ဒကာမတို့ စာရင်းလေး လာပို့ပါဆိုမှ သာလျှင် ဒုက္ခရောက် ပကာကွ၊ နှေးနှေးမှ တွေ့တာကိုကွ၊ (မှန်ပါ့)။

ကောင်းပြီ ကျောက်ရနေတုံး ဗြုံးခနဲလာတာ ဟုတ်ကဲ့ လား (မဟုတ်ပါ) ငွေကုန်ခါနီးမှ လာတာကွ (မှန်ပါ့) မိုးကုတ်ထုံးစံ ပြောလို့ရှိရင် သဘော ကျပလား (ကျပါပြီ)။

အဲ-ဒုက္ခတွေ့တဲ့ ဒကာ ဒကာမတို့ ကြီးကြီး ဒုက္ခ၊ သေးသေး ဒုက္ခ၊ နှေးနှေး ဒုက္ခ၊ မြန်မြန် ဒုက္ခ၊ လေးမျိုး သိရမယ်။

ဒုက္ခဘယ်နှစ်မျိုးသိရမလဲ (လေးမျိုးပါ) ကြီးကြီးဒုက္ခ တစ်မျိုး၊ သေးသေးဒုက္ခတစ်မျိုး နှေးနှေးဒုက္ခ (တစ်မျိုး) မြန်မြန်ဒုက္ခ (တစ်မျိုးပါ) သဘောကျပလား (ကျပါပြီ)။

ဒုက္ခအမျိုးမျိုး

ကိုင်း ဒါဖြင့် တစ်နည်းအားဖြင့် ပြောလိုက်မယ်၊ ဆေးကုလို့ မရတဲ့ဒုက္ခ ဆေးကုချိန် မရတဲ့ ဒုက္ခကို ထည့်လိုက် ပါဦး သဘောကျပလား (ကျပါပြီ)။ ဘာထည့်ရဦးမလဲ (ဆေးကုချိန် မရတဲ့ဒုက္ခ)။

(က) ဆေးကုလို့ မပျောက်တဲ့ဒုက္ခ၊ (ခ) ဆေးကုချိန် မရတဲ့ဒုက္ခ ဒါလဲ မင်းတို့ ကြည့်လိုက်ပါဦး၊ ဒါဖြင့် ဒုက္ခ ထူးခြား တာဖြင့် ဒုက္ခခြောက်မျိုးတောင် ရှိတယ်၊ (ဂ) မြန်မြန်ဒုက္ခ (ဃ) နှေးနှေးဒုက္ခ၊ (င) ကြီးကြီးဒုက္ခ၊ (စ) သေးသေးဒုက္ခ သဘောကျပလား (ကျပါပြီ)။

ဆေးဝါးမန္တရား ကုချိန်မရတဲ့ ဒုက္ခ၊ ကုလို့ မပျောက်တဲ့ ဒုက္ခ၊ ခန္ဓာကိုယ်ကြီးမှာ ဒါပဲရှိတယ်၊ ဒီဒုက္ခ ခြောက်မျိုးပဲ ရှိတယ်။

မောင်နိုင် ဒီဥစ္စာ နားရှိလို့ကြားရတာပေါ့ အင်မတန် အဖိုးတန်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) နောက်က ဒကာ ဒကာမတို့ သဘောကျကြပြီလား (ကျပါပြီ ဘုရား) ခင်ဗျားတို့ ဒုက္ခ ဘယ်နှစ်မျိုး ရှိသလဲ (ခြောက်မျိုးပါ ဘုရား)။

အင်း – နှေးနှေးဒုက္ခတစ်မျိုး၊ မြန်မြန်ဒုက္ခ တစ်မျိုး ပြီးတော့ (သေးသေးဒုက္ခ တစ်မျိုး ကြီးကြီးဒုက္ခ တစ်မျိုးပါ) ပြီးတော့ (ကုချိန်မရတဲ့ဒုက္ခ၊ ကုလို့ မပျောက်တဲ့ဒုက္ခ) ဒုက္ခ ဒီလိုရှိတယ် ကွာတဲ့။

တစ် နှစ် ဒုက္ခအထူးခြားတွေကော မရှိဘူးလား (ရှိပါတယ်ဘုရား) ကောင်းပြီး ဒကာ ဒကာမတွေ အတွက် ထူးခြားတာတွေ ပေါ်ကြပလား (ပေါ်ပါပြီ)။

၄။ ဒုက္ခ၏အကျိုးပေးသိရမယ်

ဒါဖြင့် ဒုက္ခ၏အကျိုးပေးကိုလဲ သိရဦးမယ် ဒကာ ဒကာမတို့ ၄-နံပါတ်က ဘာတဲ့ (ဒုက္ခ အကျိုးပေးပါ ဘုရား)။

ဒုက္ခဟာတဲ့ ဒုက္ခရပြီးတော့မှ ခုနက ဒုက္ခခြောက်မျိုး ရောက်တဲ့ အခါကျတော့ ပုထုဇဉ်မိုက် ကျတော့ သောက ပရိဒေဝ၊ ဒုက္ခ ဒေါမနဿ လာတယ် (မှန်ပါ့) ဒုက္ခအကျိုး ပေးနော် ရှင်းပလား (ရှင်းပါပြီ)။

ရှေးဦးစွာ တွေ့တာကဘာလဲ (ဒုက္ခပါ) နောက်ကျတော့ ဘာလဲ သူ့အကျိုးပေးတွေက သောက- ပူဆွေးတာ ပရိဒေဝ- ငိုကြွေးတာ ဥပါယာသ- ပြင်းစွာ ပင်ပန်းတာ မလာ ဘူးလား (လာပါတယ်)။

အဲဒါက ဒီဒုက္ခတွေ အကျိုးပေးတာလို့ မှတ်ပါ၊ ရှင်း ပလား (ရှင်းပါပြီ) သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿက ဘာတဲ့ (ဒုက္ခ၏ အကျိုးပေးပါ) ဒုက္ခ၏ အကျိုးပေးကိုလဲ သိရမယ် ဆိုတော့မှ ဒီနေရာ နှစ်ချက် အားလုံးဒကာ ဒကာမ တွေက စဉ်းစား၊ ဆေးကုလို့ မပျောက်တဲ့ဒုက္ခ၊ အင်း ဆေးကုချိန် မရတဲ့ဒုက္ခ၊ ဆေးကုလို့ မပျောက်နိုင်တဲ့ဒုက္ခ ဒို့ ပိုင်ပိုင်နိုင်နိုင် သိရင် ဒီ အကျိုးပေးတွေ လာဦးမလား (မလာပါ ဘုရား)။

သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတွေ လာပါ့ မလား (မလာပါ) ဒါမသိသေးလို့ လာနေတယ် ဆိုတဲ့ အဓိပ္ပာယ်ကော ရှင်းပလား (ရှင်းပါပြီ)။

ကောင်းပြီတဲ့ သြော် နိဗ္ဗေဓိက ပရိယျာယသုတ် ထိုးထွင်းပြီး သိရမယ့် သုတ် ဆိုတော့ တကယ် ထိုးထွင်းပြီး ဟောလိုက်တာ၊ မဟောဘူးလား (ဟောပါတယ်)။

ဒါ နေ့တိုင်းထက် ဒကာ ဒကာမတို့ နိဗ္ဗာန်နဲ့ နီးတယ် ဆိုတာ မှတ်ထားလိုက်ပါ (မှန်ပါ့) မနီးဘူးလား (နီးပါ တယ်) နိဗ္ဗာန် သိပ်နီးတယ်၊ ဒီ အတိုင်းသာ ခင်ဗျားတို့ အားထုတ်ပါ၊ ခဏခဏ ခန္ဓာကိုယ်ကို ကြည့်ပေး သြော် ဖြစ်ပြီးလို့ မခံသာတာ၊ ဆေးကုချိန်တောင် မရပါလား။

ဘယ်လောက် ဘုန်းတန်ခိုး အာနုဘော်တွေ ပျောက် စေဆိုလို့ကော မောင်နိုင် (မရပါ) ဗြဟ္မာမင်းကြီးက ပျောက် စေ ဆိုပြီး သကာလ အော်လဲ (မရပါဘုရား) သိကြားမင်းက ပျောက်စေ ဆိုလို့ကော (မရပါဘုရား) ဘုရားက ပျောက် စေ ဆိုလို့ကော (မရပါဘုရား) ဖြစ်ပျက်တွေ ဟာလေ (မှန်ပါ့) ရကြရဲ့လား (မရပါဘုရား)။

အဲဒါ အဲဒါမှ သြော် ဒုက္ခ၊ ဒုက္ခတွေ သစ္စာကလဲ မှန်လိုက်တာ ဘယ်သူ ပျောက်စေဆိုလို့မှ မရပါလားဆိုတော့ ဒီဒုက္ခက ရှေ့မျှော်ကြည့်တဲ့ ဒုက္ခဆိုတော့ ချုပ်မှာပေါ့ကွ (မှန်ပါ့)။

တစ်စက္ကန့်သိရင် တော်ပါပြီ

ဒီပြင်သိစရာအထူးရှိသေးရဲ့ လား (မရှိပါဘုရား) အထူး ကုန်နေပြီ ဒကာ ဒကာမတို့ အသိ ကမ်းကုန် နေပြီ အဲဒီ လို ကုန်တဲ့ ဒုက္ခသိရတဲ့ အတွက် သူက ဒီဒုက္ခ ခဏလေး၊ တစ် စက္ကန့်လေး သိလိုက်လို့ ရှိရင် ဖျပ်ဆို ဒီဒုက္ခတွေ ချုပ်ပြီး နိရောဓ ချက်ချင်း ပေါ်တယ် (မှန်ပါ့)။

တစ်စက္ကန့်သိရင် တော်ပါပြီ ရှင်းပလား (ရှင်း ပါပြီ)။

သြော် ဒကာ ဒကာမတို့ အင်မတန် ဒီဥစ္စာ သဘော ပါပြီး သကာလ အလုပ်မှာ ခရီး ပေါက်လမ်းမို့ ဒီဥစ္စာ ထပ်ခါ တလဲလဲ ပြောတာ (မှန်ပါ့)။

ကဲ ဦးသန်းတူးကလဲ ကျေနပ်ပလား (ကျေနပ်ပါပြီ)၊ ကဲ ဒါဖြင့် ဒီဒုက္ခချုပ်လို့ရှိရင် ဒီဒုက္ခရဲ့ အကျိုးပေး သောက ပရိဒေဝဒုက္ခ၊ ဒေါမနဿ ဥပါယာသတွေ လာပါ့မလား (မလာပါဘုရား)။

ဒီဒုက္ခကိုပဲ ကျုပ်တို့က ပိုင်ပိုင်နိုင်နိုင် မသိသေးတော့ ဒီသောက ပရိဒေဝတွေ အကြောင်း တိုက်ဆိုင်တော့ ပြေးလာ တယ်၊ မလာဘူးလား (လာပါတယ်) အဲဒီဒုက္ခ အကျိုးပေးလဲ သိကြပါပြီ (သိပါပြီ။)

ဒုက္ခသိပြီ ဒုက္ခအကျိုးပေး သိတော့ ဒီလိုဒုက္ခ သိတဲ့ ပုဂ္ဂိုလ် မလာပါ။ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ လာတာက ဒီဒုက္ခရှိတဲ့ ပုဂ္ဂိုလ်မှ ဒါလာတာ၊ သဘောကျပလား (ကျပါပြီ)။

ဒီဒုက္ခကို ပိုင်ပိုင်နိုင်နိုင်သိတဲ့ ပုဂ္ဂိုလ်က နိရောဓကို မျက်မှောက်ပြုနိုင်တဲ့ အတွက် ဒါတွေ လာသေးရဲ့ လား (မလာပါ) အေး ဒါကြောင့် သောတာပန်မှာ ကျန်သလောက် ကျန်ငြား သော်လည်းတဲ့ ရဟန္တာ ကျတော့ အကုန် မကျန် တော့ဘူး ကျန်သေးရဲ့လား (မကျန်ပါဘူး)။

အဲဒါဖြင့် ဒကာ ဒကာမတို့ ဘယ်နှစ်ချက်ရှိပြီလဲ (၄-ချက် ရှိပါပြီ) တစ်နံပါတ်က ဒုက္ခသိ၊ နှစ်နံပါတ်က ဒုက္ခဖြစ်ကြောင်း၊ သုံးနံပါတ်က ဒုက္ခတို့၏ ထူးခြားပုံ၊ လေးနံပါတ်က ဒုက္ခတို့၏ အကျိုးပေး၊ သဘောကျပလား (ကျပါပြီ)၊ ၄ နံပါတ် က ဘာသိရမလဲ (ဒုက္ခ၏ အကျိုးပေး) ဒုက္ခ၏ အကျိုးပေး သိတော့ ဒုက္ခဖြစ်ရင် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ လာမှာပဲ (မှန်ပါ့)။

၅။ ဒုက္ခချုပ်ရာသိရမယ်

ကောင်းပြီး ဒကာ ဒကာမတို့ ငါးနံပါတ်ကို ဟောတော့ မယ် ဆိုတော့ ဒုက္ခချုပ်ရာ သိရမယ် ဒကာ ဒကာမတို့ ဘာသိ ရမယ် (ဒုက္ခချုပ်ရာ သိရပါမယ်) အင်း ဒါက မောင်နိုင်တို့ ကိုမြင့်တို့က မှတ်လိုက် ဒုက္ခချုပ်ရာဟာ နိဗ္ဗာန်ပေါ့၊ သဘော ကျပလား (ကျပါပြီ) ဒုက္ခ ချုပ်ရာဟာ (နိဗ္ဗာန်ပါ) ရှင်းပြီနော် ရှင်းပါပြီ။

ကောင်းပြီး ဒကာ ဒကာမတို့ ဒုက္ခချုပ်ရာဟာ ဘာပါ လိမ့် (နိဗ္ဗာန်ပါ) အမှန်အကန် အတိုင်း သိရမယ် ဆိုတော့ မင်းတို့က မှတ်ထားလိုက် နိဗ္ဗာန် ဆိုတာ ဘာပါလိမ့်မတုံးလို့ နောက်မတွေးနဲ့တော့ ဘယ်လိုများ စိတ်ထားရမလဲ ဒုက္ခ ချုပ်ရာဟာ နိဗ္ဗာန်ဆိုတာ ဧကန် ဆုံးဖြတ်ချက် ချလိုက် ပြီးသွားတာပဲ။ သဘောကျပလား (ကျပါပြီ)။

၆။ ဒုက္ခချုပ်ရာအကျင့် ထိုးထွင်းသိရမယ်

ဒါဖြင့် ငါးနံပါတ်ဟာ နားလည်ပြီဘုရားတဲ့ ဒုက္ခ ချုပ်ရာ အကျင့်ကိုလဲ ထိုးထွင်းသိရမယ် ဆိုတော့ မဂ္ဂင်ရှစ်ပါး လို့ သိထားလိုက် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒုက္ခချုပ်ရာအကျင့်က ဘာတဲ့လဲ (မဂ္ဂင်ရှစ်ပါးပါ ဘုရား) နောက်က ဒကာ ဒကာမတွေ (မဂ္ဂင် ရှစ်ပါးပါ) မဂ္ဂင်ရှစ်ပါးက ဒကာ ဒကာမတို့ ဘယ်သူနဲ့တွေ့မှ ပေါ် သတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်)။

မဂ္ဂင်ရှစ်ပါး

အင်း-မဂ္ဂင်ရှစ်ပါးသည် ဘယ်သူနဲ့တွေ့မှ ပေါ် သတုံး ဆိုတော့ မဂ္ဂင်ရှစ်ပါးဟာ ဒကာ ဒကာမတွေ မှတ်လိုက် တာပေါ့၊ ဒုက္ခပိုင်းခြားနိုင်တဲ့ အခါ ရှစ်ပါး ပါတယ်၊ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်မြင်ရင် ရှစ်ပါး ပါတယ် သဘောပါပလား (ပါပါ တယ်) ဒုက္ခ အဆုံး ရောက်နိုင်ရင် ရှစ်ပါး ပါပါတယ်။ ဒုက္ခသစ္စာ ပိုင်းခြား နိုင်ရင် မဂ္ဂသစ္စာပဲ ဖြစ်တယ်။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုလုပ်ကြပါစို့တဲ့ အခု ခင်ဗျားတို့ ဒုက္ခချုပ်ရာကို ရအောင် ခင်ဗျားတို့ ဘယ်လိုလုပ်ကြ မတုံးဆို တော့ မဂ္ဂင်နဲ့ ခင်ဗျားတို့၏ ခန္ဓာကိုယ် ပွားများ ရမယ်၊ ဆိုတာကဖြင့် မမှားပါဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ခင်ဗျားတို့ ခန္ဓာကိုယ် ဘာလုပ်ရမတုံး (မဂ္ဂင် ပွားများ ရမယ်) ပွားများလို့ ရှိရင်ဖြင့် ဘာချုပ်မယ် ထင်သတုံး (ဒုက္ခချုပ်ပါတယ်) သြော် ဒါဖြင့် ပွားများတဲ့ ပုဂ္ဂိုလ်ဖြင့် ဒုက္ခ ချုပ်မှာပဲ ဆုတောင်းနေတဲ့ ပုဂ္ဂိုလ်ကတော့ (မချုပ်ပါဘူး)။

ပွားများတဲ့ပုဂ္ဂိုလ် (ချုပ်ပါမယ်) ဆုတောင်းတဲ့ပုဂ္ဂိုလ် (မချုပ်ပါဘူး) ဒုက္ခ မချုပ်နိုင်ဘူး ဆိုတာဖြင့် ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါပြီ) ဒါဖြင့် ဒကာ ဒကာမတို့ ထိုးထွင်းသိရမယ့် အချက် ဘယ်နှစ်ချက်ပါလိမ့် (ခြောက်ချက်ပါ ဘုရား)။

ထိုးထွင်းသိရမည့်အချက်ခြောက်ချက်

၁။တစ်နံပါတ်က ဘာတဲ့ (ဒုက္ခသိမှု) ဒုက္ခသိမှု။

၂။နှစ်နံပါတ်က ဒုက္ခဖြစ်ကြောင်းသိမှု။

၃။သုံးနံပါတ်က ဒုက္ခတွေ၏ ထူးခြားပုံအကြောင်းသိမှု

၄။လေးနံပါတ်က ဒုက္ခအကျိုးပေးသိမှု။

၅။ငါးနံပါတ်က ဒုက္ခချုပ်ရာသိမှု။

၆။ခြောက်နံပါတ်က ဒုက္ခချုပ်ရာ ချုပ်ကြောင်းအကျင့် ဆိုတဲ့ မဂ္ဂင်ရှစ်ပါးသိမှု။

ချုပ်ရာ ချုပ်ကြောင်းအကျင့်သိမှု သဘောပါပလား (ပါ,ပါပြီ)။

အဲဒီလိုထိုးထွင်းသိလို့ရှိရင်ကွာတဲ့ မင်းတို့သည်ကား ဆိုလို့ရှိရင် နိဗ္ဗာန်မရမရှိဘူး ဆိုတာကို ဆက္ကနိပါတ် အင်္ဂုတ္တိုရ် မှာ သေသေချာချာ ဟောတယ်၊ ဆက္ကဆိုတာ ခြောက်ခု ထားတာ ဟောတာကိုး။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အရေးကြီးတဲ့ အချက် တွေဖြင့် ပေါ်ပါပြီနော် ကိုင်း-ဒါဖြင့် ဒုက္ခ ချုပ်ရာက နိဗ္ဗာန်၊ ဒုက္ခ ချုပ်ရာကို ရောက်ကြောင်း အကျင့်က မဂ္ဂင်ရှစ်ပါး၊ ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂင်ရှစ်ပါးနဲ့ ဒုက္ခချုပ်ရာကို ရအောင် ဒုက္ခကို ပိုင်းပိုင်းခြားခြား သိရင် ဒုက္ခချုပ်မှာပဲ။

ဒုက္ခကို ပိုင်းပိုင်းခြားခြား သိရင် (ဒုက္ခချုပ်မှာပါ ဘုရား) နောက်က ဒကာ ဒကာမတို့ (ဒုက္ခကို ပိုင်းပိုင်း ခြားခြားသိရင် ဒုက္ခချုပ်မှာ)။

ဉာဏ်သမားမှသိတဲ့ဒုက္ခ

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဒုက္ခဟာ ဘာ ဒုက္ခတုံးလို့ မေးတဲ့အခါကျလို့ ရှိရင်ဖြင့် ပါကဋ ဒုက္ခလား၊ အပါကဋ ဒုက္ခလားလို့ စာလို သုံးတော့ ထင်ရှားတဲ့ ဒုက္ခလား၊ ဉာဏ်သမားမှ သိတဲ့ ဒုက္ခလားလို့ မေးလို့ရှိရင် ဉာဏ်သမားမှ သိတဲ့ ဒုက္ခကို ကျုပ်တို့ လိုက်ရမယ် ရှင်းပလား (ရှင်းပါပြီ)။

ဘာသမား လိုက်ရမလဲ (ဉာဏ်သမား လိုက် ရမယ်) ထင်ရှားတဲ့ ဒုက္ခကို လူတိုင်း သိပါတယ်၊ ဉာဏ်သမား မှ သိတဲ့ဒုက္ခကို ကျုပ်တို့ အရေးတကြီး မလုပ်ရပေဘူးလား (လုပ်ရပါမယ်) ဘာလုပ်ရမယ် (ဉာဏ်သမား ဒုက္ခလုပ် ရမယ်)။

ကဲ ဒါဖြင့် သွားကြပါစို့တဲ့ ဒကာ ဒကာမတို့ ဒါ မဂ္ဂင် ရှစ်ပါး ဒါဒုက္ခချုပ်ကြောင်း အကျင့်မှန်ပဲ၊ ချုပ်ရာ ချုပ်ကြောင်း အကျင့်သည်ကားလို့ ဆိုရင် ဒုက္ခသိတဲ့ ပုဂ္ဂိုလ်မှာ ဒကာ ဒကာမ တို့ ဒုက္ခသိတဲ့ ပုဂ္ဂိုလ်မှ ဒုက္ခချုပ်ရာ ချုပ်ကြောင်း ဖြစ်တဲ့အကျင့် ကို မောင်နိုင် ကျင့်နိုင်မှာ။

ဒုက္ခမှ မသိတဲ့ ပုဂ္ဂိုလ်မှာ ဘာအကျင့်လို့ ဆိုလို့ ရပါ့မလား (မရပါဘူး) သဘောကျပလား (ကျပါပြီ) ဒါဖြင့် ခန္ဓာ ငါးပါး ထုံးစံ အတိုင်းလုပ်၊ ကိုင်း ဒါဘာသစ္စာလဲ (ဒုက္ခသစ္စာပါဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ခြောက်ခုဟောခဲ့တဲ့ အနက် မရှိဘူးလား (ရှိပါတယ်)။

တစ်နဲ့ခြောက်နဲ့ သွားတွဲ ရိပ်မိကြပလား (ရိပ်မိပါပြီ) တစ်နဲ့ဘာနဲ့ သွားတွဲရမယ် (ခြောက်နဲ့ တွဲရမှာပါ ဘုရား) တစ်က ဒုက္ခသိမှုကိုး၊ တစ်ကတော့ ဒုက္ခ အမျိုးမျိုးကို ပြတယ်၊ တစ်က ဘာပြသလဲ (ဒုက္ခ အမျိုးမျိုးကို ပြတယ်)။

တစ်ကို မဂ္ဂင်ရှစ်ပါးနှင့်ရှာပါ

တစ်က ဒုက္ခသိမှု ဆိုသောကြောင့် တစ်က ဒုက္ခ အမျိုးမျိုးကို မပြဘူးလား (ပြပါတယ်) အဲဒီတင် ခန္ဓာငါးပါး “သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခာ” ဆိုတာ ပါမလာဘူးလား (ပါလာပါတယ်) အဲဒီတော့ ခင်ဗျားတို့ ဘယ်နေရာမှ ဒုက္ခကို မရှာနဲ့ ခန္ဓာထဲကိုရှာ (မှန်ပါ့)။

တစ်ကို ရှစ်နဲ့ရှာ (မှန်ပါ့) တစ်ကို ရှစ်နဲ့ရှာ သဘော ပါပလား (ပါပါတယ်) တစ်ကို (ရှစ်နဲ့ရှာ) တစ်ကို ရှစ်နဲ့ ရှာ ဆိုတော့ ဘယ်အချိန် ရှာရမှာတုံး ကျန်းမာတုန်းရှာ၊ သတိ ပေးလိုက်တယ်နော်၊ ဘယ်အချိန် ရှာရမှာလဲ (ကျန်းမာ တုန်းရှာပါ)။

ဘယ်အချိန်ရှာရမှာလဲ

ကျန်းမာတုန်းရှာ၊ မကျန်းမာတဲ့ ဒုက္ခ လူတိုင်း သိတယ်၊ အဲဒါ ဒုက္ခ မဟုတ်ဘူး၊ သဘောကျ ပလား (ကျပါပြီ) မကျန်းမာ တဲ့ ဒုက္ခဟာ ဒုက္ခစစ်လား၊ လူတိုင်းသိတဲ့ ဒုက္ခလား (လူတိုင်း သိတဲ့ဒုက္ခ) ဒါဖြင့် လူတိုင်းသိတဲ့ ဒုက္ခ၊ နိဗ္ဗာန်ရောက်မယ် ဆိုရင်ဖြင့် ခွေးတောင် နိဗ္ဗာန် ရောက်မယ်၊ မရောက် ပေဘူးလား (ရောက်ပါတယ်) ဒွိဟိတ်တွေကော (ရောက်မှာပါ) ရောက်မှာပဲတဲ့။

တိဟိတ်မှ နိဗ္ဗာန်ရောက်မယ် ဆိုတာလဲ အထင် အရှားမို့လား၊ အဲဒါကြောင့် ဒကာ ဒကာမတွေ တရားနာနေ ကြတာ ဘယ်သူတွေတုံး မေးရင် ဘယ့်နှယ်ဖြေမလဲ၊ (ခန္ဓာငါးပါး ဒုက္ခသစ္စာပါ ဘုရား) နှုတ်လေး နေစရာ လိုသေး သလား (မလိုပါဘူး) ဘုရားနာ နေတာ ဘယ်သူတွေတုံး (ခန္ဓာငါးပါး ဒုက္ခသစ္စာ တွေပါဘုရား)။

ဒုက္ခအစစ်သည် ကိုယ့်ခန္ဓာငါးပါး

ဒါ ဘယ်ပါဠိတော်က လာသတုံးဆိုတော့ “သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခာ” သဘောကျ ပလား (ကျပါပြီ) သံခိတ္တေန ပစ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ- ငါရှင်းရှင်း ပြောပါမယ်ကွာတဲ့ ဒုက္ခအစစ် ပြောရလို့ ရှိရင် မင်းတို့ ခန္ဓာ ငါးပါးပါပဲ၊ သဘောကျပလား (ကျပါပြီ) ဘာတဲ့ (ဒုက္ခ အစစ်ဟာ ခန္ဓာ ငါးပါးပါ) ဘယ်သူ့ ခန္ဓာငါးပါးလဲ (ကိုယ့်ခန္ဓာ ငါးပါးပါ)။

အဲ ကိုယ့်ခန္ဓာငါးပါးဟာ ဒုက္ခတွေပဲ အဲဒီ ဒုက္ခကို ချုပ်ရာ ချုပ်ကြောင်း ကျင့်လို့ ရှိရင်ဖြင့် ခြောက်နံပါတ်နဲ့ တစ် ခန္ဓာ ငါးပါးကို ကြည့်ပါ။

တစ်ကိုခြောက်နဲ့ကြည့်ပါ

တစ်ခန္ဓာငါးပါးကို ခြောက်နံပါတ် ဖြစ်တဲ့ ချုပ်ရာ ချုပ် ကြောင်း အကျင့်နဲ့ ကျင့်ပါ။ သဘောကျ ပလား (ကျပါပြီ) တစ်ကိုခြောက်နဲ့ကြည့်၊ ဘယ်လိုလုပ်မှတ်ကြမယ်၊ (တစ်ကို ခြောက်နဲ့ ကြည့်ရမယ်)။

တစ်ကို ခြောက်နဲ့ ကြည့်တဲ့ အခါကျတော့ ခင်ဗျားတို့ ကို ခုနက ပြောပြီးပါပြီ ဝေဒနာလေး တစ်လုံး ကြည့်ကြည့်၊ စိတ်ကလေး တစ်လုံးကြည့်ကြည့် သညာ ကြည့်ကြည့် ရုပ် ကြည့် ကြည့်၊ မောင်နိုင် ကြည့်ချင်ရာကြည့် သဘောကျပလား (ကျပါပြီ)။

ကြည့်ချင်တာကြည့်ပါ၊ ကြည့်ချင်တာကြည့်တော့၊ တစ်ခုကြည့်တော့ နာမ်တစ်ခု ကြည့်ရင် နာမ်က သုံးခုပါတယ် နာမက္ခန္ဓာ လေးပါး မနေဘူးလား (နေပါတယ်) တစ်ခုသော နာမ်ကြည့်ရင် ကျန်တဲ့ ဥစ္စာ ခွဲရသလား (မရပါဘုရား) ဖြစ်တူ ပျက်တူ မနေဘူးလား (နေပါတယ်)။

အဲတော့ ဒီဟာတွေ တစ်ခုကြည့်ရင် အကုန်ပါ သွားတယ်၊ ဝေဒနာကြည့်ရင် ကျန်သုံးပါးတွေ (ပါ,ပါတယ်) သညာကြည့် ရင် ကျန်သုံးပါး (ပါတယ်) စိတ်ကြည့်ရင် (ကျန်သုံးပါး ပါတယ်) အဲဒါ တစ်ခုခုသာ ကြည့်တော့ ဒကာ ဒကာမတို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ရှင်းပြီနော် (ရှင်းပါတယ်)။

ကြည့်ပါတဲ့ အဲတော့ ရှစ်နံပါတ် နဲ့သာ ကြည့်ပေး၊ ရှစ်နံပါတ် ဆရာ ပေးထားတဲ့ ဉာဏ်နဲ့၊ အင်း ဒါလေးသည် ဖြစ်တာနဲ့ ပျက်တာသာ ကြည့်ပေး၊ ဖြစ်တာနဲ့ ပျက်တာသာ ကြည့်နေတော့ ဒကာ ဒကာမတို့ ခုနက ပြောခဲ့တဲ့ အတိုင်းပဲတဲ့ ဆေးကုခံသေးလား (မခံပါဘုရား) အသေစောသွား တယ်၊ အသေစော နေတယ်၊ အဲဒါကြောင့် ဆေးကုမခံဘူးလို့ ပြောလိုက်တာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။

ဘယ်လိုပဲကြည့်ကြည့် ဒီဖြစ်ပျက်ကို ဘုရားလဲ မတတ်နိုင် အဝိရေယျတော ဘုရားက ဟောလိုက်တယ်၊

“လူနတ်ဗြဟ္မာ မဆိုပါနဲ့ ဂင်္ဂါ- ဂင်္ဂါပွင့်ကုန်ကြသော ဗုဒ္ဓပရမေ၊ မြတ်စိန္တေတို့ သန္ဓေတန်ခိုး၊ ဘုန်းရောင်သွေး၍၊ စိုးမိုးအာဏာ၊ စီမံရာသို့၊ ဘယ်ခါမနိုင်၊ ခွင့်မပိုင်ဘူး”။

ဖြစ်ပျက်မြင်နေဖို့ အရေးကြီးတယ်

ဘယ်တော့မှ သူတို့ကို ရပ်အောင် မတတ်နိုင်ဘူး၊ ဘုရားကိုယ်တိုင် မတတ်နိုင်ဘူးကွတဲ့ အဝိရေယျတော လို့ ဘုရားက ဟောတာ သဘောကျပလား (ကျပါပြီ) ဒါဖြင့် ဘယ်သူကုလို့မှ မပျောက်တဲ့ ဒုက္ခကို ဖြစ်ပျက်ကို မြင်နေဖို့ပဲ အရေးကြီးတယ်။

အပျက်ချည်းမြင်မြင်၊ အဖြစ်ချည်းမြင်မြင်၊ မြင်ချင် တာမြင် ဒုက္ခမြင်တာပဲ၊ သဘောကျပလား (ကျပါပြီ)။

တစ်ခုကောင်း ဝေဒနာကြည့်လိုက်ရင်လဲ သြော် ဆေးကုချိန် မရတဲ့ဒုက္ခ၊ ဘယ်သူကုကု မပျောက်တဲ့ဒုက္ခ၊ ဒါဖြင့် ဒုက္ခအစစ်ကိုး။

ဒီပြင်ဟာကတော့ အနာပေါက်တယ်၊ တည့်တဲ့ဆေး လိမ်းလိုက်တယ်၊ သက်သာပြီးသွားတယ်၊ ထမင်းဆာတယ် ထမင်း ကျွေးလိုက်ရင် ပျောက်တယ်၊ ဆာနာ ပျောက်တယ် ကျွေးတဲ့ အစာထည့် လိုက်ရင် ပျောက်တယ်။

ကျင်ကြီးစွန့်ချင်တယ် ဝမ်းထဲမှာ နာတယ်၊ ကျင်ကြီး စွန့်လိုက်ရင် ပျောက်တယ်၊ ကျင်ငယ် စွန့်ချင်တယ်၊ ကျင်ချောင်းမှာ နာတယ်၊ စွန့်လိုက်ရင် ပျောက်တယ်၊ ဒါဒီပြင်ဟာ ဆေးကုရင် ရတယ်၊ မရဘူးလားဗျာ (ရပါတယ်)။

ဆေးကုလို့မရတဲ့ဒုက္ခ ဉာဏ်ရှိသလောက်ကြည့်

ဒါကုကြည့်ပါ (မရပါဘူး) ဝေဒနာလေးတွေ ဖြစ်ပျက်၊ ကုကြည့်ပါ (မရပါဘူး) ကုချိန်ကော မရှိပါဘူး၊ အဲဒီ ဒုက္ခကို မင်းတို့ သည်ကားလို့ ဆိုရင်ဖြင့် ဒီအတိုင်းပါကွာတဲ့။

ဆေးကုလို့မရတဲ့ဒုက္ခ၊ ဆေးကုမခံတဲ့ဒုက္ခ၊ အဲဒါ မင်းတို့ဉာဏ် ရှိသလောက်နဲ့ ကြည့်တဲ့ နိဗ္ဗေဓိက သုတ်မှာ ပါတယ်။

အဲဒီ ဒုက္ခကို မြင်လို့ ရှိရင်ဖြင့်၊ သြော် ဒုက္ခဆိုတာ ဆေးကုမခံတဲ့ ဒုက္ခ၊ ဆေးကုလို့ မရတဲ့ဒုက္ခ၊ ဒါဒုက္ခအစစ်ပဲကိုး ဆိုတော့၊ ကိုယ့်ခန္ဓာ ကိုယ်ကိုဖြင့် လိုချင်ပါတယ်၊ ရချင်ပါတယ် ဆိုတဲ့ တဏှာဟာ၊ ဒီအထဲမှာ နည်းနည်းမှ အငွေ့ သန်းနိုင်သေးရဲ့ လား (မသန်းနိုင်ပါ) မသန်းနိုင်တဲ့ အချိန်ကျတော့ ဖျပ်ဆို ချုပ်သွားတယ်၊ နာမက္ခန္ဓာလေးပါး စလုံး ချုပ်တယ်။

နာမက္ခန္ဓာ လေးပါး စလုံးချုပ်တော့၊ နာမက္ခန္ဓာကို မှီနေတဲ့ ရုပ်ကလဲ ချုပ်တယ်၊ နာမ်ရှိမှ ရုပ်က မပုပ်မသိုးတာကိုး (မှန်ပါ့) မပုပ်မသိုးတာ နာမ်စောင့် နေလို့နော် (မှန်ပါ့)။

နာမ်စောင့် မနေရင် ရုပ်ဘာဖြစ်မလဲ (ပုပ်သိုးမှာ ပါ) ပုပ်သိုးသွားတဲ့ အခါ နာမ်စိတ်နဲ့ သူတွဲ လိုက်တယ် (မှန်ပါ့)။

နာမရူပပစ္စယာ ဝိညာဏံ

ဒါဖြင့် ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ (သဠာယတနံ) ဟင့်အင်၊ ဒီလို မဆိုပါနဲ့ ဝိညာဏံ သဘောကျ ပလား (ကျပါပြီ)။

ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ ဝိညာဏံ၊

ဝိညာဏနိရောဓာ နာမရူပနိရောဓော၊ နာမရူပ နိရောဓာ ဝိညာဏနိရောဓော၊

ဟောတစ်ခု ချုပ်ရင် အကုန် ချုပ်တယ်လို့ ရှင်သာရိပုတ္တရာ၊ အသေအချာ ဟောတယ်၊ ဘုရားကလဲ ဟောတယ်။

တစ်ခုသော နာမ်ချုပ်ရင် ရုပ်ပါ ချုပ်တယ်နော် ရုပ်လဲရင် နာမ်လဲ ပါတယ်၊ ရုပ်နာမ် ချုပ်မသွား ဘူးလား (ချုပ်သွားပါတယ် ဘုရား)။

ရုပ်နာမ်ချုပ်တာနိဗ္ဗာန်

ရုပ်နာမ် ချုပ်တာ ဘာခေါ်ကြမယ် (နိဗ္ဗာန်)၊ နိဗ္ဗာန် ဆိုတာ ဒီနေရာ ပေါ်တယ်၊ ရုပ်နာမ်ချုပ်တဲ့ နေရာ နိဗ္ဗာန် ပေါ်လာပြီ၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် နိဗ္ဗာန်က နိရောဓသစ္စာ၊ ဒါက မဂ္ဂသစ္စာ၊ ဟုတ်လား၊ ကျေနပ် ပလား (ကျေနပ်ပါပြီ) ဒီလိုသွားပါ။ နိဗ္ဗေဓိက သုတ်က အလုပ် သေသေချာချာ ပါတဲ့သုတ် (ပါ, ပါတယ်) ရှင်းကြပလား (ရှင်းပါတယ်)။

ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။