069

နာမ်ရုပ်ကြောင့်လဲဝိညာဏ်ဖြစ်တယ်

(ဤရက်စွဲဖြင့် အသံဖိုင် ကိုက်ညီမှုမရှိပါ။)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

နာမ်ရုပ်ကြောင့်လဲဝိညာဏ်ဖြစ်တယ်

(ရှင်သာရိပုတ္တရာနှင့်ရှင်ကောဋ္ဌိက)

(၂၀-၆-၆၁)

ဒကာ, ဒကာမတွေ ကိုယ့်ကိုယ်ကိုယ် အဖိုးတန်အောင် ဝေဖန်တတ်တဲ့ ဉာဏ်ကလေးဟာလဲ အရေးကြီးတယ်ဆိုတဲ့ဥစ္စာ မောင်နိုင်တို့ မှတ်ရမယ်နော် (မှန်ပါ့)။

ကိုယ့်ကိုယ် ကိုယ်အဖိုးတန်တာကို သိထားမှလဲ ကိုစော မောင် ဝေဖန်တတ်တယ်၊ နို့ မဟုတ်လို့ ရှိရင်ဖြင့် ကိုယ့်ကိုယ် ကိုယ် အဖိုးတန်တယ်၊ မတန်တယ် မသိလို့ရှိရင်လဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ တဲ့၊ လုပ်မိလုပ်ရာ ပြုမိပြုရာ၊ သွားမိ သွားရာ ဆိုသလို ဖြစ်ပြီး သကာလ နေတတ် ကြပါတယ် (မှန် ပါ) ဒါကြောင့် သာသနာတွင်း သာသနာပ သိဖို့ အရေးကြီးတယ် ကွာ တဲ့ (မှန်ပါ့)။

မောင်နိုင် ဘာအရေးကြီးသလဲ (သာသနာတွင်း သာသနာပ သိဖို့အရေးကြီးပါတယ်ဘုရား) သာသနာတွင်း သာသနာပသိဖို့ အရေးကြီးသကွ။

ဒကာ ဒကာမတို့ သာသနာတွင်းနဲ့ သာသနာပသိဖို့ အရေးကြီးတယ် (မှန်ပါ့) သာသနာတွင်းနဲ့ သာသနာပ ဆိုတာ ဘာတုံး လို့ မေးတဲ့ အခါကျလို့ရှိရင်ဖြင့် တဲ့၊ သာသနာပ မှာ ကမ္မဿကတာ ဉာဏ်နဲ့ လမ်းဆုံး သဟေ့ ကိုစောမောင် မှတ်မိပလား (မှတ်မိပါပြီ) သာသနာပမှာ (ကမ္မဿကတာ ဉာဏ်နဲ့ လမ်းဆုံးပါတယ် ဘုရား)။

ကမ္မဿကတာဉာဏ် ဆိုတာက ဦးဘရှင်းတို့ မှတ်စရာက ကိုပေါ်တို့ မှတ်စရာက ကောင်းတာ လုပ်တာပဲကွာ၊ ကောင်းကျိုးတော့ ပေးရမှာပေါ့။ ကိုယ်လုပ်လို့ ကိုယ်ရတာပေါ့။ ဒီလို လှူမှု တန်းမှု ပေးမှု ကမ်းမှုတွေပေါ့ဗျာ၊ ကိုယ်လုပ်ရင် ကိုယ်ရတယ်လို့ ကိုဝတို့ ထင်တာတွေ (မှန်ပါ့)။

ဒါနလုပ်လဲ ကိုယ်လုပ် ကိုယ်ရတာပေါ့ကွ၊ သီလဆောက် တည်လဲ ကိုယ်လုပ် ကိုယ်ရတာ ပေါ့ကွ၊ ဒါတွေကတော့ကို တဲ့၊ ကမ္မဿကတာ ဉာဏ်လို့ ဒကာကြီးလှိုင် မှတ်စမ်း (မှန် ပါ) အဲဒါက သာသနာပ တရားတွေကွ (မှန်ပါ့)။

ဘာတရားတဲ့တုံး (သာသနာပ,တရားပါ ဘုရား) သာသနာပ တရားတွေလို့ ဒကာ ဒကာမ တွေက မှတ်ထား လိုက်စမ်းပါ၊ ကိုယ်လုပ် ကိုယ်ရတယ်လို့ ဆိုပြီး သကာလ လှူကြ၊ ပေးကြ၊ ကမ်းကြ တာကနော် (မှန်ပါ့)။

နို့ သူလုပ် သူမရဘူးလားလို့ မေးတော့လဲ ရတယ်၊ သို့သော်လဲ တဲ့၊ ငါဘုရား သေသေချာချာ ဟောမယ်၊ ဒါ သာသနာပ, တရားတွေကွ-တဲ့၊ ဦးဘရှင်း ဘာတဲ့တုံး (သာသနာပ, တရားပါ ဘုရား)။

ငါကိုယ်တိုင် ဝေလာမ ပုဏ္ဏားကြီး ဖြစ်ပြီး သကာလ ရွှေခွက်ပေါင်း ရှစ်သောင်း လေးထောင်ထဲ ငွေအပြည့် ထည့်ပြီး သကာလ မလှူဘူးတဲ့ အလှူ မရှိအောင် ရှစ်သောင်း လေးထောင် အလှူ လှူဖူး ပါတယ်ကွာ တဲ့ (မှန်ပါ့) သာသနာပမှာ လှူဖူး ပါတယ် တဲ့။

ကမ္မဿကတာဉာဏ်နဲ့ပဲ လမ်းဆုံးနေတယ်

အဲဒါဟာ ကမ္မဿကတဉာဏ်နဲ့ပဲ လမ်းဆုံးနေပါတယ် တဲ့၊ ဘယ့်နှယ်ကြောင့် ကမ္မဿကတာ ဉာဏ်နဲ့ လမ်းဆုံး နေပါလိမ့် မတုံး ဆိုတော့ ကိုဝတို့ ကိုပေါ်တို့ကမှတ်၊ လက္ခဏာရေး သုံးပါးမပါ ဘူးတဲ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သြော် ဒါဖြင့် ကိုစောမောင် ကမ္မဿကတာ ဉာဏ် က ခင်ဗျားတို့ပဲ လှူတန်း ပေးကမ်း လာတာပဲ၊ လက္ခဏာရေး သုံးပါး ပါသေးသလား (မပါ ပါဘုရား)။

လက္ခဏာရေး သုံးပါးကကွာ တဲ့၊ သာသနာတွင်းမှ ပေါ် သကွတဲ့၊ စာလိုသုံးတော့ သစ္စာနု လောမိကဉာဏ်ပဲ (မှန်ပါ့) စာလိုသုံးတော့ သစ္စာနုလောမိက ဉာဏ်ပဲ (မှန်ပါ့) စာလိုသုံးတော့ (သစ္စာနုလောမိက ဉာဏ်ပါဘုရား)။

သစ္စာက သစ္စာ၊ အနုလောမိက-က လျော်တာ၊ သစ္စာကို ကျေးဇူးပြုမည့်ဉာဏ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သာသနာပမှာ ကိုစောမောင် ကမ္မဿကတာဉာဏ်မှာ လမ်းဆုံးတယ် (မှန်ပါ့) သာသနာတွင်း တရားကတော့ သစ္စာ နုလောမိက ဉာဏ်မှ သာသနာတွင်း တရားလို့ မှတ်လိုက်ပါ (မှန်ပါ့) ဒါ သေသေ ချာချာ မှတ်မှနော် (မှန်ပါ့) သေသေ ချာချာမှတ်ပါ ခင်ဗျားတို့။

ကမ္မဿကတာ ဉာဏ်ကတော့ ကိုစောမောင် ဘာတဲ့ (သာသနာပ တရားပါဘုရား) သစ္စာနု လောမိက ဉာဏ်ကတော့ (သာသနာတွင်း တရားပါဘုရား)။

ကဲ ဒါဖြင့် ဘုန်းကြီး နေ့တိုင်း ဆုံးမပြီးသကာလ ကိုဝတို့ ကိုပေါ်တို့ကို ဆုံးမပြီးတော့နေတာ ခန္ဓာကိုယ်ထဲမှာ ဟေ့ ဖြစ်မှု ပျက်မှု ဆိုတဲ့ အနိစ္စ လက္ခဏာ၊ ဒုက္ခ လက္ခဏာ၊ အနတ္တ လက္ခဏာ ရှိတယ်ကွာ ဒါကလေးဖြင့် သမာဓိတည်း ဟူသော ချုံးကို အောင်းပြီး သကာလ ဉာဏ်တည်း ဟူသော ကျားနဲ့ချောင်း ဖမ်းစမ်းပါဆိုတာ မနေ့ကပဲ ပြောခဲ့ပါတယ် (မှန်ပါ့)။

ဒါက ဘာဉာဏ်ပါလိမ့်မတုံး (သစ္စာနု လောမိက ဉာဏ်ပါ ဘုရား) ဒါ သာသနာတွင်း တရား (မှန်ပါ့)။

မောင်နိုင် ရှင်းသွားပလား (ရှင်းသွားပါပြီဘုရား)။

ခုနင်က ဝိပဿနာအလုပ်က တိုတို ပြောကြပါစို့ ဝိပဿနာ အလုပ်က ဘာတရားပါလိမ့် (သစ္စာနုလောမိက တရား ပါဘုရား) သာသနာတွင်း တရား။

ဒကာ ဒကာမတို့ ဝိပဿနာအလုပ်က (သာသနာ တွင်းတရားပါ ဘုရား) ကမ္မဿကတာဉာဏ် အလုပ်က (သာသနာပ တရားပါဘုရား)။

သာသနာပ-တရား ဆိုတာကော သေချာပလား (သေချာ ပါပြီဘုရား)။

သာသနာတွင်းတရားက ဘာထူးခြားသတုံး

ကောင်းပြီ တဲ့၊ သာသနာတွင်းနဲ့ သာသနာပ ဘာ ထူးခြားသတုံး ဆိုတော့ လက္ခဏာရေး သုံးပါး မပါတာနဲ့ ပါတာ ထူးတယ် (မှန်ပါ့)။

ထူးကြပလား ဒကာ ဒကာမတို့ (ထူးပါတယ်ဘုရား)။ လက္ခဏာရေး သုံးပါး ပါတာနဲ့ (မပါတာ ထူးပါတယ်ဘုရား) မပါတာ ထူးတယ် ဆိုတော့ သြော် သာသနာပမှာ လက္ခဏာ ရေးသုံးပါး ဆိုတာ သစ္စာနုလောမိက ဉာဏ် ကိုဝ ကွယ်ပြီ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) သာသနာတွင်း ကျတော့ သစ္စာနုလောမိက ဉာဏ် ပေါ်လာတယ် (မှန်ပါ့)။

သစ္စာမသိဘဲနဲ့ ဘယ်သူမှ သောတာပန် သကဒါဂါမ် အနာဂါမ် တည်ပြီး နိဗ္ဗာန် မြင်နိုင်တဲ့ စွမ်းရည် သတ္တိရှိပါ့မလား (မရှိ ပါဘုရား)။

မရှိနိုင်တော့ကို ဒကာ ဒကာမတွေက လေးလေး စားစား မှတ်ရမှာက ဒို့ဟာ ကိုယ့်အနေ အထိုင် ကိုယ်ကြည့်လိုက် ပါ၊ သာသနာတော့ဖြင့် ရှိနေတာ သူ့ဟာသူ ရှိနေတာပဲ၊ ငါ့စိတ် ထား၊ ငါနေပုံ၊ ငါ့အလုပ်တွေက သာသနာတွင်း အလုပ်ပဲလား၊ သာသနာပ အလုပ်ပဲလား ဆိုတာ ကိုယ့်ဟာကိုယ် ဝေဖန်နိုင်ဖို့ကို စ, ပြီး ပြောပါတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုဝ နေရာကျ ပြီနော် (ကျပါပြီ ဘုရား) ဒါ မဝေဖန် သင့်ဘူးလား (ဝေဖန်သင့်ပါတယ်ဘုရား) ဝေဖန်ရမယ်တဲ့ ဘုရားက။

ဝေဖန်လိုက်တဲ့ အခါကျတော့ သာသနာပ, တရားကကွာ တဲ့ အတ္တဒိဋ္ဌိ ပရမာသကတ္တာ တဲ့၊ ဒိဋ္ဌိ မပြုတ်ဘူးဟေ့-တဲ့ (မှန်ပါ့ ဘုရား)။

မောင်နိုင် ကမ္မဿကတာ ဉာဏ်က (ဒိဋ္ဌိမပြုတ်ပါ ဘုရား) ဒိဋ္ဌိမပြုတ်ဘူး။

ငါလုပ်ငါရတယ်ဆိုတာ သာသနာပတရား

ဒါဖြင့် ဒကာ ဒကာမတို့ ကမ္မဿကတာ ဉာဏ်ဆိုတဲ့ လှူမှု၊ တန်းမှု၊ ပေးမှု ကမ်းမှု ငါလုပ်ရင် ငါရတယ် ဆိုပြီး ယုံကြည်ပြီး သကာလ ခင်ဗျားတို့ ကံ-ကံ၏ အကျိုးကို ယုံကြည်ပါ ကုန်သည် ဖြစ်၍ ဆိုတဲ့ စကားဟာက ကိုစောမောင် ဘာကို ဆိုတာထင်သ တုံး (သာသနာပ, တရားပါ ဘုရား) ကမ္မဿကတာ ဉာဏ်ကို ဆိုတယ် (မှန်ပါ့)။

ကံ-ကံ၏ အကျိုးကို ယုံကြည်ပါကုန်သည် ဖြစ်၍ ဆိုပြီး သကာလ ခင်ဗျားတို့ ကြားနေတဲ့ တရားသံတွေက ဘာတရားတုံး ဆိုလို့ရှိရင် ကိုစောမောင် ရိပ်မိပလား (ရိပ်မိပါပြီ) ဘာပါလိမ့် (ကမ္မဿကတာ ဉာဏ်ပါဘုရား) ဒါဖြင့် သူဟာ သာသနာတွင်းလား၊ သာသနာပလား (သာသနာပပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဘာကြောင့် သူ့ကို သာသနာပလို့ သုံးရပါလိမ့်မတုံး ဆိုတော့ အတ္တဒိဋ္ဌိ ပရမာသကတ္တာ, တဲ့၊ ငါလုပ် ငါရတယ်လို့ သူ့အထဲမှာ ငါမစွန့်ဘူးကွ-တဲ့ (မှန်ပါ့) စွန့်သေးရဲ့ လား (မစွန့်ပါ ဘုရား)။

မစွန့်တော့ ဒိဋ္ဌိ ခံနေတယ်ကွာတဲ့၊ ဒါကြောင့် နိဗ္ဗာန် မရဘူး (မှန်ပါ့) သာသနာပတရား ဖြစ်သွားပြီ (မှန်ပါ့) ငါလုပ်ရင် ငါရတယ်လို့ သူယူထားတာကိုး (မှန်ပါ့)။

နို့ ယုံကြည်ပါ ကုန်သည် ဖြစ်၍ ဆိုရင် ကိုယ်လုပ်ရင် ကိုယ် ရတယ်လို့ ယုံကြည် ပါကုန်သည် ဖြစ်၍ပဲ ကိုစောမောင်ရဲ့ (မှန်ပါ့) မယုံကြည်ဘူးလား (ယုံကြည် ပါတယ် ဘုရား)။

ယုံကြည့်တော့ ကိုယ်လုပ်ရင် ဘာတဲ့တုံး (ကိုယ် ရပါတယ်ဘုရား)။

ဒါဖြင့် ကဲ ဦးဘရှင်းတို့ကလဲ ဪ ဒီဥစ္စာ ငါပြုတ် မပြုတ် (မပြုတ်ပါဘုရား) မပြုတ်ရင် အတ္တဒိဋ္ဌိ ပါ, မပါ (ပါပါတယ် ဘုရား)။

ဒါဖြင့် ဒီဥစ္စာသည် သာသနာပ တရား ဖြစ်နေသော ကြောင့် အတ္တဒိဋ္ဌိ မပြုတ်တဲ့အတွက် ကိုဝ နိဗ္ဗာန် မရနိုင်ဘူး (မှန်ပါ့) သုဂတိတော့ဖြင့် (ရပါတယ် ဘုရား) မှတ်မိကြပလား (မှတ်မိပါပြီ)။

သစ္စာနုလောမိကဉာဏ်ဆိုတာ

ဪ ဒီဥစ္စာလဲ ဝေဖန်ဟောမည့်သူ မရှိလို့ရှိရင် ဖြင့် ကိုစောမောင်- သွားပြီ (သွားပါပြီ) သာသနာတွင်း တရား ဆိုတာ ကတော့ကို-တဲ့၊ သစ္စာနုလောမိကဉာဏ် ရမှ၊ သစ္စာ နုလောမိက ဉာဏ် ဆိုတာ ဘာတုံး လို့ မေးတဲ့ အခါကျတော့ ဒကာ ဒကာမတို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ ဥစ္စာ မှတ်လိုက် စမ်း ပါ၊ ဒီဥစ္စာသည် အနိစ္စလဲ ဒုက္ခသစ္စာ၊ အနတ္တလဲ ဒုက္ခသစ္စာ၊ ဒုက္ခလဲ ဒုက္ခသစ္စာပဲ သူတို့က ပွားများလိုက်တဲ့ အခါကျတော့ ကိုစောမောင် အထက်တက်ပြီး တကယ့် သစ္စာအစစ်ကို မသိဘူးလား (သိပါတယ် ဘုရား)။

သူကတော့ တကယ့်အသိနဲ့ မဂ်ဉာဏ် အသိနဲ့သွားပြီး မဂ်ဉာဏ် သိကို ကျုပ်တို့ လက္ခဏာရေး သုံးပါး ဆိုတဲ့ ဉာဏ်က သွားပြီး ကျေးဇူး မပြုလိုက် ဘူးလား (ပြုလိုက်ပါတယ် ဘုရား) ပြု လိုက်တော့ သူကတော့ သစ္စာသိတဲ့ ဉာဏ်ကို သွားပြီး ကျေးဇူးပြု သောကြောင့် သစ္စာနဲ့ လျော်သောကြောင့် သစ္စာနု လောမိကဉာဏ် (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သစ္စာနုလောမိက ဉာဏ် ဆိုတာသည် ခင်ဗျားတို့ အခု လုပ်ခိုင်းနေတဲ့ ဖြစ်ပျက် အလုပ်ဟာ ကိုစောမောင် ဘာထင်သတုံး (သစ္စာနု လောမိက ဉာဏ်ပါ ဘုရား)။

တစ်ခါ လုပ်ထားတဲ့ အခါကျတော့ ဉာဏ်အတိုင်း တက် သွားမယ် ဆိုလို့ရှိရင် ဖြစ်ပျက်တွေ မြင်လို့ ဖြစ်ပျက် တွေ မုန်းလို့ ဖြစ်ပျက်တွေ သည်ကား လို့ဆိုရင် ဒုက္ခသစ္စာ အစစ်ပဲ ဆိုတဲ့ ဆီ ကျအောင် ဉာဏ်က မတက်ပေဘူးလား (တက်ပါတယ် ဘုရား) ဒါဖြင့် လက္ခဏာရေး သုံးပါးက သစ္စာ ကျေးဇူးပြုတယ် (မှန်ပါ့)။

ဦးဘကလေး ဘာတဲ့တုံး (သစ္စာ ကျေးဇူးပြုပါတယ် ဘုရား) သစ္စာကို ကျေးဇူးပြုသောကြောင့် လက္ခဏာရေး သုံးပါး ကတော့ကိုတဲ့၊ သစ္စာ ကျေးဇူး ပြုသောကြောင့် (မှန်ပါ့) သစ္စာ ကျေးဇူးပြု လိုက်ရင်လဲ ဒီသစ္စာကို မှန်မှန်ကန်ကန် သိသွားတော့ ဦးဘရှင်းတို့က ငါ့ဟာလို့ လုပ်ချင် သေးရဲ့လား (မလုပ်ချင်ပါ ဘုရား) မလုပ်ချင်တော့ သူကငါပြုတ်တယ်ဟေ့ (မှန်ပါ့) ကိုဝ ဘာတဲ့ (ငါပြုတ်ပါတယ် ဘုရား)။

ကိုယ့်ကိုယ်ကြီးကို ဒုက္ခသစ္စာလို့ ဖြစ်တာပျက်တာက လေးတွေ ဒုက္ခသစ္စာ ဖြစ်ပျက် ကလေး တွေ သည်ကားလို့ ဆိုရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာလဲ စင်စစ်တော့ဖြင့် ဒုက္ခသစ္စာပဲ ဆိုတဲ့ဆီ ဉာဏ်က မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား) ရောက်တော့ ငါရချင်တယ် ဆိုတဲ့ ဒိဋ္ဌိ ဝင်ပေါက် ပေးသေးရဲ့လား (မပေးပါဘုရား)။

မပေးတော့ လက္ခဏာရေး သုံးပါးသည် ဒကာ ဒကာမတို့ မှတ်လိုက်စမ်းပါတဲ့၊ တကယ့် ဒုက္ခသစ္စာကို ကျေးဇူး ပြုတဲ့တရား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လက္ခဏာရေးသုံးပါးသည် (တကယ့် ဒုက္ခအစစ်ကို ကျေးဇူးပြုတဲ့တရားပါဘုရား)။

ဒါဖြင့် တကယ့် ဒုက္ခသစ္စာအစစ်ကို ကျေးဇူးပြုလိုက် တော့ ဒုက္ခသစ္စာ ပိုင်ပိုင်နိုင်နိုင် သိရင် မဂ်ရတာပဲ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ)။

ဘယ်ဉာဏ်ရအောင်လုပ်နေတာတုံး

ဒါဖြင့် လက္ခဏာရေး သုံးပါးသည် သစ္စာနုလောမိက ဉာဏ်လို့ ဦးဘရှင်းက မှတ်လိုက်ပါ (မှန်ပါ့)။

ခင်ဗျားတို့ လုပ်နေတာ နေ့တိုင်း တစ်နေ့ တစ်နာရီ ထိုင်ထိုင် နှစ်နာရီ ထိုင်ထိုင် ကိုယ့်အခန်းထဲ ကိုယ်လုပ်နေတာ ဘယ် ဉာဏ်ရအောင် လုပ်နေကြတာ ပါလိမ့်မတုံး (သစ္စာနု လောမိကဉာဏ် ရအောင် လုပ်နေကြတာပါ ဘုရား)။

ဒီ သစ္စာနုလောမိကဉာဏ်ကို ရအောင်လုပ်နေ တော့ ဒီအတိုင်း ပွားများ သွားလို့ ရှိရင်ဖြင့် သစ္စဉာဏ်ကော မရောက်ပေဘူးလား (ရောက်ပါတယ်ဘုရား)။

သြော်-ဒါကဖြင့် ငါတပ်လို့လဲ မရ၊ ကိုစောမောင် (မှန်ပါ့) ဒီသစ္စာ သိသွားတော့ အနိစ္စကို ဘယ်သူ လိုချင်သေးသတုံး (ဘယ်သူမှ မလိုချင်ပါဘုရား) အနိစ္စကို ငါ့ဟာ ဘယ်သူ လုပ်ချင် သေးသတုံး (မလုပ်ချင်ပါ ဘုရား) မလုပ်ချင်တာတွေ ထောက် ကြည့်လိုက်တော့မှ သူက အတ္တဒိဋ္ဌိ ပြုတ်သည် (မှန်ပါ့)။

ကမ္မဿကတာ ဉာဏ်ကတော့ ငါလုပ်တာငါရမှာပဲ ဆိုပြီး သကာလ ငါစွဲတာက ကိုစောမောင် ပျောက်ကဲ့လား (မပျောက်ပါဘုရား) ဒါဖြင့် သူက အတ္တဒိဋ္ဌိ မကွာနိုင်ဘူး (မှန်ပါ့) ကမ္မဿ ကတာ ဉာဏ်က (အတ္တဒိဋ္ဌိ မကွာနိုင်ပါ ဘုရား) ဒါ့ကြောင့် နိဗ္ဗာန် မရောက်ဘူး၊ အတ္တဒိဋ္ဌိ မကွာနိုင်လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကမ္မဿကတဉာဏ်က (အတ္တဒိဋ္ဌိ မပြုတ်ပါ ဘုရား) အတ္တဒိဋ္ဌိ မပြုတ်တဲ့အတွက် (နိဗ္ဗာန် မရောက်နိုင်ပါ ဘုရား)။

နိဗ္ဗာန် ကန့်ကွက် တယ်လို့ မောင်နိုင်တို့ကို နေ့တိုင်း ဟော နေတာပဲ၊ ပထမမဂ် ကန့်ကွက်တာ ဒိဋ္ဌိ (မှန်ပါ့ဘုရား)။

ပထမမဂ် ကန့်ကွက်တာ (ဒိဋ္ဌိပါဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ပထမမဂ်ကန့်ကွက်တာ (ဒိဋ္ဌိပါဘုရား) ဒိဋ္ဌိနော်၊ ငါလုပ်ရင် ငါရတယ် ဆိုတဲ့ ဒိဋ္ဌိ၊ ရုပ်နာမ်ကို ငါထင်တဲ့ ဒိဋ္ဌိ၊ ဒါတွေ သည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ ကမ္မဿကတာ ဉာဏ်က ဘယ်နည်းနဲ့မှ မပယ်နိုင်ဘူး (မှန်ပါ့)။

ကိုစောမောင် ပယ်နိုင်ရဲ့လား (မပယ်နိုင်ပါဘုရား) မပယ် နိုင်တော့ သူဟာဒိဋ္ဌိနဲ့ တွဲ မနေ ဘူးလား (တွဲနေပါတယ် ဘုရား) ဒါဖြင့် ဒိဋ္ဌိနဲ့ တွဲတဲ့ဒါန ဒိဋ္ဌိနဲ့တွဲတဲ့ သီလ ဟူသရွေ့သည် နိဗ္ဗာန် ရောက်ပါ့ မလား ဆိုတော့ သူတွဲထားတာက မရောက်တဲ့ တရားနဲ့ တွဲထားတယ် (မှန်ပါ့)။

ဒါ့ကြောင့် နိဗ္ဗာန်ရောက်အောင် မပို့ဘဲနဲ့ သုဂတိနဲ့ပဲ ပြန်နစ်ကြရတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

နိဗ္ဗာန်ရောက်အောင် မပို့ဘဲနဲ့ (သုဂတိနဲ့ပဲ ပြန်နစ် ကြရပါတယ်ဘုရား)။

သုဂတိနဲ့ပဲ ပြန်နစ်ကြရတယ် ဆိုတာကတော့ ဒါကြောင့် ဘုရားက သာသနာပဆိုတာ (မှန်ပါ့) မပြောသင့်ဘူးလား (ပြောသင့်ပါတယ်ဘုရား)။

ကဲ ဘုရားဟောတော်မူတာ ဒကာ ဒကာမတို့ ကောင်းကောင်းယုံလား (ယုံပါပြီဘုရား)။

အဲဒီတော့ ဘုန်းကြီး ခဏခဏ ပြောနေတယ်လို့လဲ ကိုစောမောင်က မကဲ့ရဲ့ပါနဲ့နော် (မှန်ပါ) ကျုပ်ဘာလိုသေး သတုံးဆိုတဲ့ လူနဲ့နော် အကွာကြီး (ကွာပါတယ်ဘုရား)။

ဦးဘရှင်းဘယ့်နှယ်နေသတုံး (ကွာပါတယ်ဘုရား)။

ကျုပ်က ဘာလိုသေးသတုံးဆိုတဲ့ လူက သူလက်ညှိုး ထိုးတာ ကြည့်လိုက်ရင် ကမ္မဿကတာ ဉာဏ်ချည့် ထိုးတာပဲ (မှန်ပါ့) သူ လုပ်ထား တာတွေက ကျောင်းကန် ဘုရား၊ ဘာတွေ လက်ညှိုး ထိုး ပြောနေ သတုံး ဆိုရင် ကိုဝ ရိပ်မိပါပြီ (ရိပ်မိပါပြီ ဘုရား)။

သူ ဘာလိုသေးသတုံး မေးတဲ့ ဥစ္စာသည် ရေတွင်းပါပြီ၊ ရေကန်ပါပြီ၊ ရဟန်းခံပြီးပြီ၊ ရှင်ပြုပြီးပြီ၊ ဘာလိုသေးသတုံး ဆိုတဲ့ ဥစ္စာ ပြောတာသည် ဒါတွေကို သူလက်ညှိုး ညွှန်ပြတာပဲ (မှန်ပါ့) ဘာဉာဏ် တွေပါလိမ့် (ကမ္မဿကတာ ဉာဏ်တွေပါဘုရား) ဒိဋ္ဌိပြုတ်ရဲ့လား (မပြုတ်ပါ ဘုရား)။

မပြုတ်လို့ရှိရင်ဖြင့် သူလိုနေတာ ကိုစောမောင်မသိဘူး၊ သူလိုနေတာ သူမသိလို့ ပြောတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

သူလိုနေတာ (သူမသိလို့ ပြောတာပါ ဘုရား) သူ မသိလို့ ပြောတာဆိုတော့ ဘုရားက ခွဲချလိုက်တော့ သာသနာ တွင်းလား သာသနာပ လားဟေ့ (သာသနာပပါ ဘုရား) ပေါ်ကြပြီ (ပေါ်ပါပြီ) သာသနာပ တရားဆိုတာ ရှင်းကြပလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် သာသနာတွင်းဖြစ်အောင် ကျုပ်တို့ ဘယ်လို လုပ်မတုံး ဆိုတော့ ခန္ဓာဉာဏ် ရောက်ရမယ် (မှန်ပါ့)။

သာသနာတွင်း ဖြစ်အောင် ခန္ဓာဉာဏ် (ရောက်ရပါမယ် ဘုရား) ခန္ဓာဉာဏ် ရောက်ရမယ်နော်၊ ခန္ဓာဉာဏ် ရောက်တဲ့ အခါ ကျလို့ ရှိရင်ဖြင့် တဲ့၊ ခန္ဓာက ပြောတယ်၊ ခန္ဓာက ကျုပ် သည် ဖြစ်ပြီး ပျက်တဲ့ အနိစ္စပါပဲ၊ ကိုပေါ် မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲဒါကလေး ကိုဝတို့က ဉာဏ်ကလေးနဲ့ စောင့်ကြည့် လိုက်တဲ့ အခါကျတော့ သြော် ငါ့ဟာ မဟုတ်ကြောင်း ၊ ထင်ရှားလိုက်တာ (မှန်ပါ့) ကိုဝ ငါပြုတ်ပြီ (မှန်ပါ့)။

ကိုစောမောင် (ငါ ပြုတ်ပါတယ် ဘုရား) ငါ့ဟာ မဟုတ်ကြောင်း (ထင်ရှားပါတယ် ဘုရား)။

သက္ကာယဒိဋ္ဌိပြုတ်တယ်

ကဲ သာသနာတွင်း ကျတော့ ငါပြုတ်တယ် (မှန်ပါ့) သာသနာတွင်း ကျတော့ ဒကာ ဒကာမတို့ (ငါပြုတ်ပါတယ် ဘုရား) ငါပြုတ်သွားတော့ ငါဆိုတာ သက္ကာယဒိဋ္ဌိ (မှန်ပါ့) အဲဒီ သက္ကာယ ဒိဋ္ဌိ ပြုတ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒီဖြစ်ပျက်ဆိုတဲ့ လက္ခဏာရေး သုံးပါးသည် ဒကာ ဒကာမတို့ သစ္စာသိအောင် လျော်အောင် ကျေးဇူး ပြုပါပေရဲ့လား လို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ကျေးဇူးပြုပါတယ် ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ရမယ် (မှန်ပါ့) သစ္စာမြင်ရင် နိဗ္ဗာန်ရ တာကိုး (မှန်ပါ့) ကိုပေါ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ရင်းနှီးသူတွေမို့ ပြောနေ တယ်၊ အေးစက်စက်နဲ့ တရားကို မနာပါနဲ့ (မှန်ပါ့) မှတ်မှတ် သားသား ကလေးနဲ့ လုပ်ကြပါဆိုတာ ကိုလဲ သတိပေး ရတယ် (မှန်ပါ့)။

နို့မဟုတ်ရင် ကျုပ်တို့တော့ သာသနာတွင်း ကြုံလို့ ကံကောင်း လိုက်တာတဲ့ (မှန်ပါ့) သာသနာတွင်း လာပြီး လူဖြစ် ရတော့ ကိုဝ အခြောက်ကြွား ကြွားနေတာ ရှိသေးတယ် (မှန်ပါ့) သူလုပ်နေတဲ့ အလုပ်က ဘာအလုပ်တုံး (သာသနာပ အလုပ်ပါဘုရား) အင်း သူက အခြောက် ကြွားပေါ့ ဒါဖြင့် (မှန်ပါ့)။

ဦးဘရှင်း ဒီလို ပုဂ္ဂိုလ်တွေကော ခင်ဗျားတို့ လူထဲ လျှောက်ရှာတော့ မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။

သူက ကျုပ်တို့ သာသနာတွင်း ကြုံလို့ ဝမ်းသာတယ်၊ သာသနာ နှစ်ထောင့်ငါးရာ ကျော်မှ မွေးငြားသော်လဲ သာသနာ တွင်း လူဖြစ်ရတယ် ဆိုတော့ တော်တော်သေးရဲ့ဗျာ တဲ့၊ ကိုစောမောင် လာချင် လာပစ် လိုက်မယ် (မှန်ပါ့)။

သို့သော် သူလုပ်နေတဲ့ အလုပ်တွေ ဦးဘရှင်းက ဖြစ်စေ၊ ကိုဝတို့က ဖြစ်စေ၊ ဉာဏ်နဲ့ ဝေဖန် လိုက်တော့ ကမ္မဿကတာ ဉာဏ်လောက် သူလုပ်နေတာ (မှန်ပါ့) သစ္စာနု လောမိကဉာဏ်ကို (မလုပ်ပါဘုရား) မလုပ်တော့ သူဟာ တဲ့၊ ဒကာ ဒကာမတွေ သာသနာတွင်း သားပဲလား၊ သာသနာပ သားပဲလား (သာသ နာပ သားပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သာသနာဆိုတဲ့ ဥစ္စာသည် အလုပ်ပေါ်မှာ မှီပါတယ် (မှန်ပါ့) သာသနာ ဆိုတာသည် (အလုပ်ပေါ်မှာ မှီပါတယ် ဘုရား) အလုပ်ပေါ်မှာ မှီတယ် ဆိုတာတော့ ယနေ့ ရှင်း ကြပါပြီ (မှန်ပါ့)။

သာသနာတွင်း တရားတော်တွေ

ဒါကြောင့် ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ ဆရာက “ရူပံ နိစ္စံ ဝါ အနိစ္စာဝါတိ” ဆိုတဲ့ ဥစ္စာဟာကွာ တဲ့၊ သာသနာတွင်း မှ ပေါ်လာတဲ့တရားပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ရုပ်ဟာ နိစ္စလား၊ အနိစ္စလား လို့ ဘုရားသခင်ကိုယ် တော်မြတ်ကြီး မေးမေး နေတာဟာ ကိုစောမောင်တို့က ဘယ်လို ဆိုလေ့ ရှိသတုံး (အနိစ္စပါ ဘုရား)။

အင်း အနိစ္စဖြစ်တဲ့ တရားဟာ ဒုက္ခလား၊ သုခလား ဆိုတာကော (ဒုက္ခပါဘုရား) အဲဒီ အနိစ္စ၊ ဒုက္ခဖြစ်တဲ့ တရားဟာ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား (မဆိုနိုင် ပါဘုရား) အနတ္တပေါ့ဗျာ (မှန်ပါ့)။

ဒါက ကိုဝတို့ကလဲ ကြားဖူးပြီ၊ ဘုရားက မေးတော့မှ သိပြီးသား ရဟန်းတွေက ဖြေကြတာ (မှန်ပါ့) ဒီပြင် အခါမှာ ဒီလို မေးလို့ ဒီလိုဖြေမည့်သူ မောင်နိုင်က အကဲခတ်စမ်း (မရှိပါဘုရား) ပေါ်ပလား (ပေါ်ပါပြီဘုရား)။

ဒါဖြင့် သာသနာတွင်း တရားက ဒါပါကလား (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ (သာသနာတွင်း တရားက ဒါပါ ဘုရား)။

သာသနာတွင်း တရားက “ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ၊ အနိစ္စံ ဘန္တေ” “ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ၊ ဒုက္ခံ ဘန္တေ” ရဟန်းတွေက ဖြေကြတယ် (မှန်ပါ့)

“ယံ ပနာနိစ္စံ ဒုက္ခ ဝိပရိဏာမ ဓမ္မံ၊ ကလ္လံ နုတံ သမနုပဿိတုံ၊ ဧတံ မမ၊ ဧသောဟ မသ္မိ၊ ဧသော မေ အတ္တာတိ၊ နော ဟေတံ ဘန္တေ”

ဒါဟာလဲ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ပါ ဘုရား၊ အနတ္တ၊ ဒုက္ခတရားတွေဟာ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ စွဲစရာ မရှိပါဘူးလို့ ဆိုပြီး ရုပ်နာမ်မြင်တဲ့ သဘောတွေ မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲဒါ ပြောတော့ကို ဒီအမေးနဲ့ ဒီအဖြေသည် ကိုစောမောင် ဘုရား မပွင့်ခင်ကတည်းက ရှိခဲ့တာလား၊ ဘုရားပွင့်မှ ရှိလာတာလား (ဘုရားပွင့်မှ ရှိတာပါဘုရား)။

ဒါဖြင့် ကျုပ်တို့က ဒီအလုပ်ကို “အနိစ္စံ ဘန္တေ” လို့ ကိုယ့် အနိစ္စကို ဟုတ်ပါတယ်လို့မှ မလိုက် နိုင်သေးလို့ ရှိရင် ကျုပ်တို့သည် သာသနာပသား (မှန်ပါ)။

ကိုယ့်အနိစ္စကို ကိုယ့်ဉာဏ်နဲ့ ဟုတ်ပါပေတယ်လို့ မ လိုက်နိုင်သေးရင် (သာသနာပ သား ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဟုတ်ပါပေတယ်လို့ လိုက်နိုင်ရင် (သာသနာတွင်း သားပါဘုရား) အင်မတန် ကြားရခဲတဲ့ သဘောပါ ကလား ဦးလှိုင် တို့ဟင် (မှန်ပါ့) အင်မတန် ကြားရခဲတယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုယ့်ကိုယ်ကို ဒကာ ဒကာမတွေက အင်း ဟင် သာသနာတွင်းသို့ လှူရ၊ တန်းရပေမယ့်လဲ သာသနာတွင်း လှူရ၊ တန်းရတော့ တယ်ပြီး အကျိုးများတယ်။

ဟုတ်တယ်တဲ့၊ အကျိုးတော့များတယ်၊ နိဗ္ဗာန် မရဘူး (မှန်ပါ့) သူ-တည့်ဦးမှ ရှင်းပလား ဒကာ ဒကာမတို့ (မှန်ပါ့) သူ-တည့်ဦးမှနော် (မှန်ပါ့)။

သစ္စာနုလောမိက ဉာဏ် မတည့်ရင် ကိုစောမောင် သစ္စာ ရပါ့မလား (မရပါဘုရား) သစ္စာ မရရင် မဂ်ပေါ်ပါ့မလား (မပေါ်ပါ ဘုရား) မပေါ်လို့ ရှိရင် မဂ်မှ နိဗ္ဗာန်မြင်နိုင်တဲ့ တရား ဖြစ်သောကြောင့် နိဗ္ဗာန် ရပါ့မလား (မရပါဘုရား) ပေါ်ပလား (ပေါ်ပါပြီဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သုံးခေါက်စေ့အောင်ပဲ ပြောပါ့ မယ်၊ ကမ္မဿကတာ ဉာဏ်ကလေး လောက်နဲ့ တင်းတိမ်နေတဲ့ ပုဂ္ဂိုလ် များသည် သာသနာတွင်းမှာ နေငြား သော်လည်း သာသနာ ပ အလုပ်ကို သူ- အားတက်သရော လုပ်နေတယ်လို့ ကိုဝ ဆုံးဖြတ် ချက်ချ (မှန်ပါ့) ကိုပေါ် သဘောကျ ပလား (ကျပါပြီ) သာသနာတွင်း အလုပ် သူ့ဉာဏ်ထဲ မရောက်သေး ပါဘူးလို့ ဆုံး ဖြတ်ချက်ချ (မှန်ပါ့)။

သာသနာတွင်း အလုပ်က ဘာတုံးဆိုလို့ရှိရင်ဖြင့် တဲ့၊ ကိုယ့်ခန္ဓာထဲ ကိုယ့်ဉာဏ် ရောက်ပြီး သကာလ ခန္ဓာအရှိနဲ့ ဉာဏ် အသိတို့ ကိုက်မှ သာလျှင် ကိုစောမောင် ဘာတုံး။ (သာသနာတွင်း အလုပ်ပါဘုရား)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပွင့်လာ တော့ တစ်ခါတည်း အနတ္တ လက္ခဏသုတ် ဟောလိုက်တဲ့ အခါကျတော့ “ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ၊ အနိစ္စံ ဘန္တေ” ပြန်ပြန် မဖြေကြဘူးလား (ဖြေပါတယ် ဘုရား)။

“ယံ ပနာ နိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ” ဆိုတော့ “ဒုက္ခံ ဘန္တေ” ကိုဝ ဒီလို ဖြေကြတယ် မဟုတ်ဘူးလား (မှန်ပါ)။

“ယံ ပနာ နိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနု ပဿိတုံ၊ ဧတံ မမ၊ ဧသောဟ မသ္မိ ဧသော မေ အတ္တာတိ၊ နော ဟေတံ ဘန္တေ ” လို့ဖြေကြတယ် (မှန်ပါ့)။

ကိုစောမောင် အဲဒါ သောတာပန် တည်ပြီးတဲ့ ပဉ္စဝဂ္ဂီ ငါးဦးက ဖြေတာ (မှန်ပါ့) မဖြေဘူးလား (ဖြေပါတယ် ဘုရား) ဒီပြင် အခါမှာ ဒီလို မေးမည့်သူနဲ့ ဒီလိုဖြေတတ်တဲ့ ပုဂ္ဂိုလ် ရှိသလား (မရှိပါ ဘုရား)။

သာသနာပမှာလေ (မရှိပါဘုရား) ဒါဖြင့် သာသနာပမှာ လက္ခဏာရေး သုံးပါး ကွယ်တယ် (ကွယ်ပါတယ် ဘုရား) ကမ္မဿကတာ ဉာဏ် ကြီးစိုးနေတယ် (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

သာသနာပ ဘယ်သူကြီးစိုးသလဲ (ကမ္မဿကတာ ဉာဏ် ကြီးစိုးပါတယ် ဘုရား) သစ္စာနုလောမိက ဉာဏ်က (ကွယ်ပါတယ် ဘုရား)

ဒါလဲလုပ်ပါ ဒါလဲလက်မလွှတ်နဲ့

ကိုင်း အခု သေသေချာချာ ရေရေလည်လည် ပြော တော့မှ မောင်နိုင် ရှင်းသွားတယ် (ရှင်းပါတယ် ဘုရား) ကိုဝတို့ ဘယ့်နှယ်နေသလဲ (ရှင်းပါတယ် ဘုရား) ကျေကျေနပ်နပ် ရှင်း ပလား (ရှင်းပါတယ် ဘုရား)။

အေး ဒါ့ကြောင့် ကမ္မဿကတာ ဉာဏ်လဲ လုပ်ပါ၊ သစ္စာနု လောမိကဉာဏ်ကိုလဲ လက်မလွှတ်ပါနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ကမ္မဿကတာ ဉာဏ်ကိုလဲ (လုပ်ရပါမယ် ဘုရား) လုပ်ရမှာပဲ။ ဘုန်းကြီးတို့ ကန့်ကွက်တာ မဟုတ်ဘူး၊ လုပ်ကြ၊ လှူကြ၊ ပေးကြ၊ ကမ်းကြ၊ တန်းကြ သို့သော် သစ္စာနုလော မိကဉာဏ် လက်မလွှတ်နဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက တစ်ခုလဲလုပ်၊ တစ်ခုလဲ လက်မလွှတ်နဲ့လို့ ဟောရ ပါလိမ့်မတုံး ဆိုတော့ နိဗ္ဗာန် မရောက်မှာစိုးလို့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။

ကမ္မဿကတာဉာဏ်နဲ့ တင်းတိမ်မနေနဲ့

ကမ္မဿကတာဉာဏ်နဲ့ တင်းတိမ် နေလ ို့ရှိရင်ဖြင့် တရား တစ်ပွဲလုံးက ဆုံးဖြတ်ချက်ချ၊ အတ္တဒိဋ္ဌိ ပါ မပါ (ပါပါတယ် ဘုရား)ပါရင် ကိုစောမောင်က ဆုံးဖြတ်ချက်ချ (နိဗ္ဗာန် မရနိုင် ပါဘုရား)။

ဘယ်သူက ကန့်ကွက်သတုံး (ဒိဋ္ဌိက ကန့်ကွက် ပါတယ်ဘုရား) ဒိဋ္ဌိက ဘယ်မဂ် ကန့်ကွက်သတုံး (သောတာပတ္တိမဂ် ကန့်ကွက်ပါတယ် ဘုရား)။

ကိုင်း အရင်ဆုံးရမည့် မဂ်ကို ကန့်ကွက်ချလိုက် တယ် ဆိုတော့ နောက်မဂ် ကျော်ပြီး ရတာမျိုး ဟုတ်ကဲ့လား (မ ဟုတ်ပါ ဘုရား) ကိုင်း ဒကာ ဒကာမတွေရှင်းကြပလား (ရှင်းပါပြီ)။

ဝိပဿနာဉာဏ် ပါရလိမ့်မယ် ဒါဖြင့် တို့သည်ကားလို့ ဆိုလို့ရှိရင် သာသနာ တွင်းသား ဖြစ်အောင် ကမ္မဿကတာ ဉာဏ် လုပ်တဲ့အခါလဲ ဝိပဿနာဉာဏ် ပါရလိမ့်မယ် (မှန်ပါ့)။

အဲဒါ- ဘုရားက ဘယ်မှာ ဟောခဲ့သတုံးဆိုတော့ အခု ပြောခဲ့တာက ပဏ္ဏာသ ပါဠိတော်မှာ ဟောတယ်နော် (မှန်ပါ့) အင်္ဂုတ္တိုရ် ပါဠိတော်မှာ ကိုယ်တော်တိုင် ဟောခဲ့တာ ရှိသေးတယ်။

အင်္ဂုတ္တိုရ် ပါဠိတော်မှာ ကိုဝ ကိုယ်တော်တိုင် ဟောခဲ့တာ ရှိသေးတယ်၊ မင်းတို့ကွာတဲ့၊ ဒါန၊ သီလတွေ လုပ်ကြတဲ့အခါမှာ ဝိပဿနာ မခြံရံလို့ရှိရင် အလကား ဒါနနဲ့၊ အလကား သီလ ပါပဲတဲ့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။

အလကား ဒါနနဲ့ အလကား သီလပါ အဲ သူထိုက် တန်သလောက်တော့ အကျိုးပေး မယ်ပေါ့လေ (မှန်ပါ့) သို့သော် လမ်းဆုံးကို (မပေးနိုင်ပါ ဘုရား)။

လမ်းဆုံး မပေးနိုင်တော့ဘူးကွ ဆိုတော့ ကိုစော မောင် ပေါ်ပြန်ပြီ (ပေါ်ပါပြီဘုရား)။

“စိတ္တာလင်္ကာရ စိတ္တပရိက္ခာရ ဒါနမေဝ သေဋ္ဌံ” စိတ္တာ လင်္ကာရစိတ္တပရိက္ခာရ အဲဒီ လှူတန်းတဲ့ အခါမှာ သမထ ဝိပဿနာ ကလေးမှ မပါလို့ရှိရင် မြတ်ကို မမြတ်ဘူးကွတဲ့ ဒါ ပါဠိတော်မှာ ကိုယ်တော်တိုင် ဟောပြီ ဒကာကြီးလှိုင် (မှန်ပါ့) ပေါ်ပ လား (ပေါ်ပါပြီ)။

ဝိပဿနာလဲလက်မလွှတ်ပါနဲ့

ဒါဖြင့် ဒကာ ဒကာမတို့ လှူကြ၊ ပေးကြ၊ ကမ်းကြတာလဲ လုပ်ကြပါ။ ဝိပဿနာ လက်မလွှတ် လိုက်ပါနဲ့ (မှန်ပါ့)။

ဘာတဲ့တုံး (ဝိပဿနာ လက်မလွှတ်ပါနဲ့ ဘုရား)

ဝိပဿနာ လက်မလွှတ်ပါနဲ့ ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ လှူရကျိုး မနပ်ဘဲ နေမှာစိုးလို့ သစ္စာ မမြင်ရင် နိဗ္ဗာန် မဝင်ဘူး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။

ငါဘုရားကွာ တဲ့၊ တစ်ခါ သစ္စသံယုတ်မှာ လာပြန် တယ်၊ ဘုန်းကြီးက ဒီကျမ်းတွေလဲ အမျိုးမျိုးကို မွှေနှောက်ပြီး ထားတော့ကို ညှိရတာကိုးဗျ (မှန်ပါ့)။

သစ္စသံယုတ် ပါဠိတော်မှာ ကိုယ်တော်တိုင် ဟောတာက ငါ ဒုက္ခသစ္စာကို ကောင်းကောင်း ပိုင်ပိုင်နိုင်နိုင် မသိဘဲနဲ့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန် ရောက်ခဲ့တယ်လို့ ဆိုလို့ ရှိရင်ကွာ တဲ့၊ မယုံပါနဲ့။

ငါ သေသေချာချာ ပြောပြမယ်တဲ့၊ မယုံစရာ အကြောင်း ကို ငါ သေသေချာချာ ပြောပြမယ်တဲ့၊ မောင်နိုင်နော် (မှန်ပါ့) သူကိုင် ထားတဲ့ မီးဒုတ်ကလေးဟာ မီးရှို့ပြီး ကိုင်ထားတဲ့ မြက်ရှူး မီးပေါ့ ဦးဘရှင်းရ (မှန်ပါ့) မြက်ရှူး မီးကလေးက ဟောဒီ ဂင်္ဂါ မြစ်ကြီး ကျုပ်ရေခန်းအောင် ရှို့မယ် ဆိုတော့ သူ့မြက်ရှူး ကလေး မီးရှို့ထားတာနဲ့ ဟောဒီ ဂင်္ဂါမြစ်ကြီးရေတွေ ခန်းအောင် ဟောဒီ မီးနဲ့ရှို့ လိုက်မယ် ဆိုတော့ ကိုဝရေ ယုံပါ့မလား (မယုံနိုင်ပါ ဘုရား)။

မီးငြိမ်းမှာပေါ့ (မှန်ပါ့) ဟိုရေတွေ ကုန်ပါ့မလား (မကုန်ပါ ဘုရား)။

အဲဒီလိုပဲဟေ့တဲ့၊ ဒကာ ဒကာမတို့ ဒီအတိုင်းပါပဲတဲ့၊ ဒုက္ခသစ္စာကို မသိဘဲနဲ့ ငါ၊ ဒုက္ခ အဆုံး ဖြစ်တဲ့ နိဗ္ဗာန် ရောက်ခဲ့တယ် ဆိုတာများ အနောက် စီးနေတဲ့ ဂင်္ဂါမြစ်ကြီးကို ပေါက်တူးနဲ့ တောင်း ကလေး ယူလာပြီး ဟောဒီမြစ်ကြီးကို ကျုပ်သည် အနောက်စီးနေတဲ့မြစ် အရှေ့စီးသွားအောင် တူးမလို့ လာခဲ့တယ် ဆိုရင်လဲ ကိုစောမောင်က ယုံမှာလား (မယုံပါဘုရား) သူ့တောင်း ကလေး ကလဲ သေးသေးနဲ့ (မှန်ပါ့) ပေါက်ပြား ကလေးကလဲ တစ်လက်ထဲနဲ့ ဦးဘကလေး ဘယ့်နှယ် လုပ်ပြီး ယုံမလဲ (မယုံပါ ဘုရား)။

အဲဒီလို ဒုက္ခကို မသိဘဲနဲ့ နိဗ္ဗာန် ရခဲ့တယ် ဆိုတဲ့ဥစ္စာ ဘယ်တော့မှ မယုံရစ်ကြနဲ့ ဆိုတဲ့ဥစ္စာ သေသေချာချာမှတ် (မှန် ပါ့) ဒါဖြင့် သစ္စာနုလောမိက ဉာဏ်မပါရင် နိဗ္ဗာန် မရဘူး (မရပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) ဘာတဲ့တုံး (သစ္စာ နုလောမိက ဉာဏ်မပါရင် နိဗ္ဗာန် မရပါ ဘုရား)။

ဂင်္ဂါမြစ်ဥပမာ

နိဗ္ဗာန် မရဘူး ဆိုတဲ့ဥစ္စာ ခုနင်က ဂင်္ဂါမြစ်ကြီးကို အနောက် စီးနေတဲ့ဥစ္စာ အရှေ့စီးအောင် တောင်းကလေး တစ်လုံး နဲ့ ပေါက်ပြား တစ်လက် ယူပြီး လူပုံ အလယ်မှာ ကြားနေငြား သော် လဲ ဦးဘရှင်း ယုံမလား (မယုံပါဘုရား) ဘာဖြစ်လို့တုံး မဖြစ် နိုင်လို့ပါ၊ သဘောကျပလား (ကျပါပြီဘုရား)။

ထို့အတူပဲ ဒုက္ခသစ္စာကို သိတဲ့ဉာဏ်မရဘဲနဲ့ ငါ ဒုက္ခ အဆုံး ဖြစ်တဲ့ နိဗ္ဗာန် ရောက်ခဲ့တယ် ဆိုရင် ဂင်္ဂါမြစ် မီးရှို့မည့် ပုဂ္ဂိုလ်နဲ့ အတူတူပဲဟေ့ (မှန်ပါ့)။

ဂင်္ဂါမြစ်ကို တူးပြီး နေရာပြောင်း ပေးမည့် ပုဂ္ဂိုလ်နဲ့ အတူတူ ပဲဟေ့ ကိုဝ မယုံနဲ့ (မှန်ပါ့)။

ဒီလောက်ထိအောင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကန့်ကွက်ခဲ့တယ် ဆိုတာကော ကိုစောမောင် ကျကျနန သဘော ကျပလား (ကျပါပြီ) ဘယ်လောက် အရေးကြီးသလဲ (ကြီးပါ တယ် ဘုရား)။

နိဗ္ဗာန်ကို ရှင်းရှင်းကလေး ပြောပါ့မယ် ဒကာ ဒကာမတို့ ဗဟုသုတလဲ ပါသွားအောင်နော် (မှန်ပါ့) နိဗ္ဗာန်သည်ကား ဆိုလို့ ရှိရင် ဒုက္ခဿ အန္တံ ကရိဿတိ၊ ဒုက္ခဿ= ဒုက္ခ၏၊ အန္တံ =အဆုံး ကို ကရိဿတိ= မျက်မှောက် ပြုနိုင်လတ္တံ့၊ မဂ်ဉာဏ်က ဒုက္ခအဆုံး ကို ပြုနိုင်တယ် တဲ့၊ ဒုက္ခ အဆုံးဟာ ကိုစောမောင်က ဘာခေါ် မလဲ (နိဗ္ဗာန်ပါဘုရား)။

ဒုက္ခသိမှဒုက္ခအဆုံးနိဗ္ဗာန်ရမယ်

ဒါဖြင့် ဒုက္ခမတွေ့ဘဲနဲ့ ဒုက္ခ အဆုံးကို ဘယ့်နှယ်လုပ် တွေ့ မလဲ (မတွေ့နိုင်ပါ ဘုရား) ဝါးမှ မတွေ့ဘဲနဲ့ အရင်း အဖျား ရွေးလို့ (မရနိုင်ပါ ဘုရား)။

အဲ နိဗ္ဗာန် ရချင်လို့ရှိရင် ဒုက္ခသိပြီးမှ သာလျှင် ဒုက္ခအဆုံး နိဗ္ဗာန်ရမယ် (မှန်ပါ့) ဒုက္ခမသိဘဲနဲ့ (နိဗ္ဗာန် မရပါဘုရား) ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို (မရပါဘုရား)။

ကဲ ဒါဖြင့် ဒုက္ခက ဒုက္ခသစ္စာ၊ အဆုံးက နိရောဓ သစ္စာ မှတ်မိကြပလား (မှတ်မိပါပြီဘုရား)။

ဒုက္ခက (ဒုက္ခသစ္စာပါဘုရား) အဆုံးက (နိရောဓ သစ္စာပါဘုရား)။

ဒုက္ခအဆုံးက နိရောဓသစ္စာ ဆိုတာ ဒုက္ခ မသိဘဲနဲ့ ဒီ ပုဂ္ဂိုလ်ဟာ ဒုက္ခ အဆုံးလိုက် တတ်ပါ့မလား (မလိုက်တတ်ပါ ဘုရား)

ဒါဖြင့် ဒုက္ခ မသိတာက သူ့မှာ နိဗ္ဗာန် မရဖို့ ကန့်ကွက် တယ် (မှန်ပါ့) အဲဒီတော့ ဒုက္ခအဆုံးလဲ သူလိုက်တတ်ဖို့ အခြေအနေမြင် သေးရဲ့လား (မမြင်ပါဘုရား) ဒကာကြီးလှိုင် ဒုက္ခမှ မတွေ့ဘဲနဲ့လေ (မမြင်ပါဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ ယနေ့တရားပွဲမှာ ရှေ့ပိုင်း နာရီဝက် ပြောတာကဖြင့် တကယ် ကိုယ့်ကိုယ် ကိုယ် ဝေဖန်ပြီး သကာလ ငါ သာသနာတွင်းသား ဖြစ်အောင် မလုပ်လို့ရှိ ရင်ဖြင့် ငါ ကိုယ်ကျိုး နည်းချေရဲ့ ဆိုတာကို ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက် ချနိုင်ဖို့ ရှေ့ပိုင်း နာရီဝက်မှာ ကိုစောမောင် လိုရင်း ကလေး ပြောနေတယ် (မှန်ပါ့) မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ ဘာလုပ် ကြမတုံးလို့ မေးလို့ရှိရင် သာသနာ တွင်းပဲလား၊ သာသနာပ ပဲလား ကိုယ့်ဟာကိုယ် ခင်ဗျားတို့ ဘယ်လိုလုပ်ကြမလဲ (သာသနာ တွင်း တရားကို လုပ်ရပါမယ် ဘုရား)။

အဲ ဒါနလုပ်လဲ သူခြံရံရမယ် (မှန်ပါ့) သီလ ဆောက်တည်လဲ (ခြံရံ ရပါမယ် ဘုရား) သူပါရမယ် ဟုတ် လား၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူ့ချည့်သက်သက်လုပ်လဲ မမှားပါဘူး (မှန်ပါ) သဘော ကျပလား (ကျပါပြီဘုရား)။

ဒါဖြင့် သူ့ကို လက်လွှတ်လို့ဖြင့် (မရပါဘုရား) သစ္စာ နုလောမိကဉာဏ် လက်လွှတ်လို့ ရပါ့မလား (မရပါဘုရား)

မရဘူးဆိုတာ သေချာပလား (သေချာပါပြီဘုရား)။

ဝေလာမပုဏ္ဏားကြီးအလှူ

ဒါ့ကြောင့် ဝေလာမပုဏ္ဏားကြီး ကိစ္စမှာ တစ်ခါတည်း ဝေလာမ ပုဏ္ဏားကြီးဟာ တိုင်းပြည်ပေါင်း ရှစ်သောင်း လေးထောင် လောက်မှာ သူက တက္ကသိုလ် ဆရာကြီး ဖြစ်နေတော့ သူတပည့် ချည့် ဖြစ်နေတော့ ဆရာ အလိုရှိတာ မှာပါ ဆိုတော့ ရွှေခွက်ဖြင့် ရှစ်သောင်း လေးထောင်၊ ငွေတွေက ရှစ်သောင်း လေးထောင် ဒီပြင် ဒီသမီးပျို သားပျိုတွေ ရှစ်သောင်း လေးထောင် သူက ရှစ်သောင်း လေးထောင်ချည့် လှူမှာကိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။

အဲဒီလောက် သာသနာပမှာ သူသည် သူ့ရေကရားက လေးနဲ့ ငါ လှူတော့ လှူမယ်၊ ငါလှူတဲ့ အလှူသည်ကား လို့ဆိုလို့ရှိ ရင်ဖြင့် အလှူခံ ပုဂ္ဂိုလ်ကောင်း ရှိ မရှိ အကယ်၍ ငါလှူထားတဲ့ အလှူကို အလှူခံ ပုဂ္ဂိုလ်ကောင်း ရှိမရှိ ဆိုပြီး သူ့ရေကရားကလေး ရေထည့်ပြီး သွန်လိုက်တယ် (မှန်ပါ့)။

အလှူခံပုဂ္ဂိုလ်ကောင်းရှိပါရဲ့လား

အကယ်၍ အလှူခံပုဂ္ဂိုလ်ကောင်း ရှိခဲ့လို့ရှိရင် ရေကျ ပါစေ၊ အလှူခံ ပုဂ္ဂိုလ်ကောင်း မရှိခဲ့လို့ရှိရင် မကျစေသတည်းပေါ့ ကိုဝရဲ့ (မှန်ပါ့) ကရားထဲ ရေထည့်ပြီး စောင်းကြည့်တယ် အလှူခံ ပုဂ္ဂိုလ် ကောင်း တစ်ယောက်မှ မရှိဘူး (မှန်ပါ့) ရေကို မကျဘူး (မှန်ပါ့)။

ဘယ်လောက် ကြောက်စရာ ကောင်းသလဲ (ကောင်းပါတယ် ဘုရား)သာသနာပ- သာသနာပ၊ ကမ္မဿကတာ ဉာဏ်တော့ သူလုပ်တော့မယ် (မှန်ပါ့) မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နောက်ကျတော့ သူပြန် အဓိဋ္ဌာန်တယ်၊ ဒါသေသေ ချာချာ မှတ်ကြပါ (မှန်ပါ့)။

ကဲ အလှူခံပုဂ္ဂိုလ်ကောင်းကတော့ မရှိလို့ ရေမထွက်တာ ကျေနပ်ပါပြီ၊ တကယ့် သီလ သမာဓိ ပညာနဲ့ သစ္စာနုလောမိက ဉာဏ်တွေ အကုန် ကွယ်နေတယ် ဆိုတာ ပေါ် သွားတယ် (ပေါ်ပါတယ် ဘုရား) မပေါ်သေးဘူးလား (ပေါ် ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အလှူပေးပုဂ္ဂိုလ်စင်ကြယ်ပါရဲ့လား

သို့သော်လဲ တဲ့ အလှူပေး ပုဂ္ဂိုလ်မှာ စင်ကြယ် မစင်ကြယ် အလှူပေး ပုဂ္ဂိုလ်က၊ ကောင်း မကောင်း သိချင်သေးတယ် ဆိုပြီး အလှူပေး ပုဂ္ဂိုလ်အတွက်ဖြင့် စင်ကြယ် မစင်ကြယ် သိရအောင် ဆိုပြီး ရေကရားသွန်ကြည့်တယ် (မှန်ပါ့)။

စင်ကြယ်လား မစင်ကြယ်လား အလှူပေး ပုဂ္ဂိုလ်အတွက် ဖြင့် ဘယ့်နှယ် နေပါသတုံး ဆိုပြီး ရေကရား သွန်ကြည့်တော့ ရေထွက်တယ် (မှန်ပါ့)။

သူ့အတွက်က ကောင်းတယ် (မှန်ပါ့)။ အလှူခံ ပုဂ္ဂိုလ်အတွက်က မကောင်းဘူး (မှန်ပါ့)။

အဲဒီတော့ သာသနာပ ဆိုတဲ့ဥစ္စာ ကမ္မဿကတာ ဉာဏ် ကလေးလောက်သာ သူ့မှာ အဲဒီ အချိန်မှာ ရတယ် (မှန်ပါ့) သစ္စာ နုလောမိက ဉာဏ် လုပ်နေတာ တစ်ယောက်မှ မရှိဘူးဆို တာ ပေါ်သွားတယ် (ပေါ်သွားပါတယ် ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား) ရေသွန် ကြည့်တော့ ရေကိုမှ မထွက်ဘဲ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ကိုစောမောင် အတော် မလုံလောက်သေးဘူး လား (လုံလောက်ပါတယ် ဘုရား)။

ဒါက ဝေလာမပုဏ္ဏားဆိုတာ အင်္ဂုတ္တိုရ် ပါဠိတော်မှာ ဘုရားက အနာထပိဏ် သူဌေးကြီး ဟောတာ (မှန်ပါ့) အဲဒီအခါ တုန်းက ဝေလာမ ပုဏ္ဏား ဆိုတာ ငါပဲကွ၊ ရိပ်မိပလား (ရိပ်မိ ပါပြီဘုရား) သစ္စာနုလောမိက ဉာဏ် ကွယ်ကြောင်းကို ရေသွန် ကြည့်တယ်၊ ရှိကို မရှိဘူး၊ ရေကို မထွက်ဘူး (မှန်ပါ့)။

ကဲ- အလှူခံ ပုဂ္ဂိုလ်ထဲမှာ သစ္စာနု လောမိက ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ် မပါဘူး (မှန်ပါ့) သဘောပါကြ ပလား (ပါ,ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အလှူပေး ပုဂ္ဂိုလ်ကဖြင့် စင်ကြယ် မစင်ကြယ် သိရအောင် ရေသွန်ကြည့်တော့ အလှူပေး ပုဂ္ဂိုလ် အတွက်တော့ ရေအောက်ကျတယ် (မှန်ပါ့) အလှူခံ ပုဂ္ဂိုလ် အတွက်က (မကျပါဘုရား)။

သို့သော် ကမ္မဿကတာ ဉာဏ်တော့ မမြောက်ဘူး လား ဆိုတော့ မြောက်တာပဲ၊ သူအကုန် ပေးတာပဲ (မှန်ပါ့)။

အလှူခံ ပုဂ္ဂိုလ် ထဲတော့ မစင်ကြယ်ဘူး၊ သစ္စာနုလောမိ က ဉာဏ်တစ်ယောက်မှ မပါဘူး၊ သို့သော်လဲ ငါ့ အတွက်က ကောင်းတယ် ဆိုပြီး လှူတာပဲ ရှစ်သောင်း လေးထောင်စီချည့် လှူတာပဲ (မှန်ပါ) ကဲ သဘောပါကြလား (ပါ,ပါပြီ ဘုရား)။

ဒါ့ကြောင့် ဒကာ ဒကာမတွေကို ခင်ဗျားတို့ သာမညနား ကလေးနဲ့ ဒီဘုန်းကြီး ဟောနေတဲ့ တရားကို ထောင်လို့ မဖြစ်ဘူး (မှန်ပါ့) ဪ သေသေချာချာ ဝေဖန် ဟောတာ ပါကလား ဆိုတာ မောင်နိုင်ပေါ်ပလား (ပေါ်ပါပြီဘုရား) ရှင်းကြပလား (မှန်ပါ့)။

ဘာလုပ်လုပ်ဝိပဿနာခြံရံပါ

ဒါဖြင့် ဘာလုပ်လုပ် ခင်ဗျားတို့ ဒါနလုပ်လဲ ဝိပဿနာခြံ ရံပါ (မှန်ပါ့) သီလ လုပ်လဲ (ဝိပဿနာ ခြံရံပါ) ဒါမှ သစ္စာနုလောမိက ဉာဏ်ပါတယ် (မှန်ပါ)။

သစ္စာနု လောမိကဉာဏ် ဆိုတာ ဘာတဲ့တုံး မေးတဲ့အခါ ကျတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဆိုပါတယ် (ရှင်းပါပြီ ဘုရား)။

အဲဒီ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လုပ်ပါမှ သစ္စာကို ဒုတိယ အဆင့် သိမယ် (မှန်ပါ့) အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်ပျက်ကို လုပ်တာ ပထမအဆင့် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီကနေ ဖြစ်ပျက် ရင့်ကျက်သွားတဲ့ အခါကျတော့ ဉာဏ် ထဲမှာပဲ ဖြစ်ပျက်တွေဟာ ဒုက္ခသစ္စာ ပဲလို့ ဆိုတဲ့ အခါကျတော့ သစ္စာ သိသောကြောင့် ဒုက္ခသစ္စာ ချုပ်တယ် (မှန်ပါ့) အဲဒီချုပ်တဲ့ အခါ ကျတော့ ဒုက္ခ အဆုံးလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဆုံးကျတော့ မောင်နိုင်ရ ဒုက္ခဆုံးတာ ဘာပါလိမ့်မတုံး လို့ သံသယ ရှိဖို့ လိုသေးလား (မလိုပါဘုရား) ဘယ်သူပါလိမ့် မတုံး (နိရောဓသစ္စာ ပါဘုရား)။

နိရောဓသစ္စာဆိုတာ နိရောဓဆိုတာ ဘယ်နိရောဓတုံး ဒုက္ခနိရောဓ (မှန်ပါ့)။

ကိုစောမောင် (ဒုက္ခနိရောဓပါဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတွေ ဘာတဲ့ (ဒုက္ခနိရောဓပါဘုရား)။

ဒုက္ခနိရောဓဆိုတာ ဒုက္ခသိမှ ဒုက္ခနိရောဓ လာမှာ (မှန်ပါ့) ဒုက္ခမှ မသိတဲ့ပုဂ္ဂိုလ်က (ဒုက္ခနိရောဓ မလာပါဘုရား)။

အဲဒီတော့ ဒုက္ခသိချင်ရင် လက္ခဏာရေး သုံးပါးကစ (မှန်ပါ့) ဖြစ်ပျက်ကစ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒီ ဖြစ်ပျက်ကမှ မစ,လို့ရှိရင် ဒုက္ခနိရောဓ (မလာ နိုင်ပါဘုရား) မလာနိုင်ဘူး၊ ဒုက္ခနိရောဓ မလာနိုင်လို့ ရှိရင် နိဗ္ဗာန် မတွေ့တော့ဘူး (မှန်ပါ့) ဒါဖြင့် ဒီဥစ္စာ နိဗ္ဗာန်ရောက် နိုင်ပါဦး မလား (မရောက်ပါ ဘုရား)။

သာသနာတွင်းအလုပ် တွင်တွင်လုပ်ပါ

ဒါဖြင့် ခင်ဗျားတို့ သာသနာတွင်း အလုပ်ကို ကိုဝတို့ ကိုပေါ်တို့ အရွယ်တွေလဲ ကြီး ကုန် တော့မယ်၊ တွင်တွင် လုပ်လိုက် (မှန်ပါ့)။

ဒကာ ဒကာမတွေ ဘယ်လိုလုပ်မှာပါလိမ့် (သာသနာတွင်း အလုပ်ကို လုပ်ရပါမယ် ဘုရား)။

နဂိုက ကြီးလာတာက သာမညနဲ့ကြီးလာတာ (မှန်ပါ့ဘုရား)။

ကဲ ကိုယ့် ကိုယ်ကိုယ်ပဲ ငါသည် အသက်က လေးဆယ်လောက်က ငါ သာသနာတွင်း သားလား သာသနာ ပ သားလား၊ ခြောက်ဆယ် ကျော်တဲ့ အခါ၊ ငါ သာသနာတွင်း သားလား သာသနာပ သားလား ဆိုတာ ယနေ့ တရားနဲ့တော့ ဝေဖန်နိုင်ပါတယ် (မှန်ပါ့) မဝေဖန်နိုင် သေးဘူးလား (ဝေဖန်နိုင် ပါတယ်ဘုရား)။

ကဲ ဦးဘရှင်း ခင်ဗျားဟာ ခင်ဗျား ဝေဖန်တော့လဲ မပေါ်သေးဘူးလား (ပေါ်ပါပြီဘုရား)။

ပေါ်ပြီ တဲ့၊ ဒီဆရာသမားတွေနဲ့ မတွေ့ခင်တုံးက အင်း ငါ ဘာပါလိမ့်မတုံး ဆိုတော့ ဘယ့်နှယ် ဖြေကြမလဲ (သာသနာပ သားပါ ဘုရား)။

သာသနာပသားပဲ၊ ဒီပြင် ဖြေစရာ့ကို မရှိဘူး၊ လိမ်စရာလဲ မလိုတော့ဘူး (မှန်ပါ့)။

အခု ဒီတစ်ခါ သင်္ကန်း ကပ်ကပ်၊ ထီးကလေး လှူလှူ၊ ပန်း ကလေး လှူလှူ၊ လှူတဲ့ အခါကျတော့ ဒုက္ခကြည့်ပြီး လုပ်ရတဲ့အခါ ကျတော့ ဘာဖြစ်သွားသတုံး ဆိုတော့ ဘယ့်နှယ်ဖြေကြမလဲ (သာသနာ တွင်းသားပါ ဘုရား) သာသနာတွင်းသား ဖြစ်တယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သာသနာဆိုတာ အဆုံးအမ (မှန်ပါ့) သာသနာဆိုတာ (အဆုံးအမပါဘုရား)။

သာသတီတိ သာသနာ ကိုး၊ သာသတိ = ဆုံးမတတ်၏။ ဣတိ တသ္မာ = ထို့ကြောင့်၊ သာသနာ =သာသနာ မည်၏ ဆိုတော့ အဆုံးအမ နယ်ပယ်ထဲ ရောက် မရောက် (ရောက်ပါ တယ် ဘုရား)။

ဘုရားအဆုံးအမအတွင်းရောက်ပြီလား

ကဲ ကိုယ့် အသက်ပိုင်းနဲ့သာ ကိုယ်ဝေဖန်တော့ ရိုးရာ လုပ်တဲ့ အလုပ်က အဆုံးအမထဲ ပါတာ မဟုတ်ဘူး၊ ကိုစော မောင် (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။

အဲဒီတော့ ဒီထူးထူးခြားခြား သာသနာတွင်း ဆိုတဲ့ ဥစ္စာ သာသနာဆိုတာ အဆုံးအမ၊ ဘုရား အဆုံးအမ၊ အဲဒီ အဆုံးအမ အတွင်းကို ရောက်ပါမှ သဘောကျပလား (ကျပါပြီဘုရား)။

အဆုံးအမ အတွင်း မရောက်ခင်ကတော့ ကမ္မဿကတာ ဉာဏ်နဲ့ နေတာပဲ (မှန်ပါ့) ငါ့သား ကလေးတွေလဲ ငါကျွေး မယ်၊ ငါ့သမီးကလေးလဲ ငါကျွေးမယ် ဆိုတဲ့ ဥစ္စာတော့ ငါ မွေးထားတာ ငါမကျွေး ဘယ့်နှယ်တုံး (မှန်ပါ့) ကံကတော့ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ကံကတော့ ဖြစ်တယ် ကိုစောမောင်၊ ဒိဋ္ဌိကကွာရဲ့ လား (မကွာပါဘုရား)။

အဲဒီတုန်းက သာသနာတွင်းလား၊ သာသနာပလား (သာသနာပပါ ဘုရား) ငါ နောင်ဘဝ ကောင်းအောင် ငါလုပ်ဦး မယ် ဆိုပြန်တော့ကော (သာသနာပပါ ဘုရား) ကဲ သစ္စာနု လောမိက ဉာဏ်နဲ့ ဝေးလိုက်တာ (ဝေးပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

တယ် အရေးကြီး ပါကလား ဆိုတာ ယနေ့ ရှေ့ပိုင်းမှာပြော တာဖြင့် အထူး ပြောစရာ မလိုတော့ပါဘူး (မှန်ပါ့) ကိုပေါ် ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နာရီကလဲ နည်းသွားတဲ့ အတွက် မနေ့က တရား ပြန်ဆက်ကြစို့နော် (မှန်ပါ့) သာသနာ တွင်း အလုပ်ကို ခေါင်းစဉ်နဲ့တကွ ပြပါ တော့မယ်။

ဒကာ ဒကာမတို့ သာသနာတွင်း အလုပ်ကို ဘယ်လို ရှုရ မယ်၊ ဘယ်လို မှတ်ရမယ် ဆိုတဲ့ဥစ္စာ ကိုစောမောင် ခေါင်းစဉ်နဲ့ ပြမယ် (မှန်ပါ့)။

ခေါင်းစဉ်နဲ့ပြတဲ့ အခါကျတော့ကို တဲ့၊ စိတ္တာ နုပဿနာ ဆိုပြီး တစ်နေ့က စခဲ့တယ်နော် (မှန်ပါ့)။

အဲဒီတော့ ရှင်သာရိပုတ္တရာနဲ့၊ ရှင်မဟာ ကောဋ္ဌိက ကလဲ ကွာ တဲ့၊ စိတ်တစ်လုံး ရှုရင် အကုန်ပြီး တာ ပါပဲတဲ့ (မှန်ပါ့) ကိုစောမောင် ဘာတဲ့ (စိတ်တစ်လုံး ရှုရင် အကုန်ပြီးတာပါပဲ ဘုရား)။

ရှင်ကောဋ္ဌိက-က, အမေးသမား

နောက်က ဒကာ ဒကာမတွေ (စိတ်တစ်လုံး ရှုရင် အကုန် ပြီးပါတယ် ဘုရား) စိတ်တစ်လုံး ရှုရင် အကုန်ပြီးတာပဲ ကိုစောမောင် (မှန်ပါ့) စိတ်တစ်လုံး ရှုရင် အကုန်ပြီးတာပဲကွ ဆိုတဲ့ ဥစ္စာ ရှင်သာရိပုတ္တရာ က အမေးခံ သမား၊ ရှင်ကောဋ္ဌိက က အမေးသမားနော် (မှန်ပါ့)။

ကဲ သူမေးတာကလေး ကျုပ်တို့ တိုတို ပဋိစ္စသမုပ္ပါဒ် လဲ နားလည်ပြီးသား ဖြစ်နေလို့ ဘုန်းကြီး မရှည်တော့ပါဘူး၊ ရှည် တယ်ဆိုတာ ခင်ဗျားတို့ နားမလည်လို့ ဖြစ်ရတာ (မှန်ပါ့)။

ရှင်ကောဋ္ဌိက မေးလိုက်တယ်၊ ရှင်သာရိပုတ္တရာကို ရဟန္တာ ကြီးနှစ်ပါးနော် (မှန်ပါ့)။

အရှင်ဘုရား ဇရာ မရဏဟာ မိမိပြုလုပ်ထားတာလား (၁) နံပါတ် မေးလိုက်တယ် (မှန်ပါ) မဟုတ်ပါဘူးကွ-ပဲ ဖြေတယ်။

ဇရာမရဏ ဘယ်သူလုပ်တာတုံး

ဒါဖြင့် သူတစ်ပါး ပြုလုပ်တာလား မဟုတ်ပါဘူးဘဲ ဖြေတယ်။

ဒါဖြင့် မိမိ သူတစ်ပါး နှစ်ဦးသား ပေါင်းလုပ်တာလား မဟုတ်ဘူးတဲ့၊ သဘောကျပလား (ကျပါတယ် ဘုရား) အလိုလိုဖြစ်တာလား တဲ့၊ မဟုတ်ဘူး ဖြေတယ် (မှန်ပါ့)။

ဇရာ မရဏဟာ ဒကာ ဒကာမတို့ ခင်ဗျားတို့ က အဖြေလုပ်ပါ၊ ဘုန်းကြီးကပဲ ရှင်မဟာ ကောဋ္ဌိက လုပ်ပါ့မယ်၊ ခင်ဗျားတို့ ရှင်သာရိပုတ္တရာ ကိုယ်စားလှယ် လုပ်စမ်းပါ။ (မှန်ပါ့)။

ခင်ဗျားတို့မှာ အခု ဇရာ မရဏ ရောက်နေပြီ (မှန်ပါ့) အဲဒီ ဇရာ မရဏ ခင်ဗျားတို့ လုပ်ထား တာလား (မဟုတ်ပါ ဘုရား) သူတစ်ပါးက လာပြီး လုပ်ထားတာလား (မဟုတ်ပါ ဘုရား) မိမိ, သူတစ်ပါး နှစ်ဦးသား ပေါင်းပြီး သဘောတူ လုပ်ထား တာလား (မဟုတ်ပါ ဘုရား) အလိုလို ပေါ်တာလား (မဟုတ်ပါ ဘုရား)။

ဒါ ပုစ္ဆာ လေးချက် ရှိသွားပြီ သဘောကျပလား (ကျပါပြီ) ဒါနဲ့ ရှင်ကောဋ္ဌိက, ကမေးလိုက်တော့ ရှင်သာရိ ပုတ္တရာက မဟုတ်ဘူး တဲ့။

ဇာတိဆုတောင်းမိတဲ့ ပုဂ္ဂိုလ်အလုပ်

ဒါဖြင့် အရှင်ဘုရား မဟုတ်ရင် ပြောစမ်းပါဦး တဲ့၊ အို ဇရာ မရဏဟာ ဇာတိ ဆုတောင်းမိတဲ့ ပုဂ္ဂိုလ် အလုပ်ကွ။

ကဲ ကိုစောမောင် ဇရာ မရဏဟာ (ဇာတိ ဆုတောင်းမိတဲ့ ပုဂ္ဂိုလ်၏ အလုပ်ပါဘုရား) ဒါဖြင့် ဇာတိကြောင့် ဖြစ်တယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

ခင်ဗျားတို့ အို-သေ,ဟာ ဘယ်က လာသတုံး (ဇာတိက လာပါတယ် ဘုရား) ပေါ်သွားပြီဗျနော် (မှန်ပါ့)။

အိုသေဟာဇာတိကလာတယ်

အိုသေဟာ ဇာတိက လာတယ် ဆိုတာ ကိုစောမောင် မရှင်းသေးဘူးလား (ရှင်းပါပြီ) ဇာတိ မရှိရင် ဇရာ မရဏ (မလာပါဘုရား)။

အဲ ဒါကြောင့် ကိုဝ ဇာတိပစ္စယာ ဘာတဲ့ (ဇရာ မရဏပါဘုရား) ကဲ သူလက်သည်ပဲ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဒါဖြင့် ဘယ်ဇာတိကြိုက်ကြသတုံး (ဘယ်ဇာတိမှ မကြိုက်ပါဘုရား)။

ကဲ ဘယ်ဇာတိမှ မကြိုက်ဘူး ဆိုတော့ ကိုစောမောင် က စ,ပြီးနောက်က ဒကာ ဒကာမ တွေက မကြိုက်ဘူးတဲ့ (မှန်ပါ့) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ကဲ ဒါဟာ သာသနာတွင်း သံဗျ (မှန်ပါ့) ဒါ ဘာသံပါလိမ့် (သာသနာတွင်းသံ ပါဘုရား) ကိုစောမောင်ဒါမှ သာသနာတွင်း သံကိုဗျ (မှန်ပါ့) ပေါ်ကြပလား (ပေါ် ပါပြီဘုရား)။

တရားနာရင်း ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ဉာဏ်အထူး ပေါ်လာတာက ဇာတိဒုက္ခသစ္စာပဲ၊ ဒါ့ကြောင့် တပည့်တော်တို့ မကြိုက်ပါဘူး (မှန်ပါ့) မောင်နိုင် ဒါဟာ သစ္စာနု လောမိကဉာဏ် ဟုတ်,မဟုတ် (ဟုတ်ပါတယ်ဘုရား)။

ဇာတိ ဒုက္ခသစ္စာလို့ သိသွားပြီ၊ အပြောနဲ့ သိတာ ရှိသေး ဟာကိုး (မှန်ပါ့) နောက် အလုပ်နဲ့ သိဦးမှာ (မှန်ပါ့) မသိ ပေဘူးလား (သိပါတယ်ဘုရား) အပြောသိ လို့ရှိရင် အလုပ်နဲ့ သိဦးမယ် ဆိုတော့ သစ္စဉာဏ် ကောင်းကောင်း မဆိုက်ပေဘူး လား (ဆိုက်ပါတယ် ဘုရား)။

အဲဒါကြောင့် ကိုစောမောင် သာသနာပကျတော့ ဒီအသံ ရှိပါဦးမလား (မရှိပါဘုရား) မရှိဘူး၊ မရှိကြောင်း ဘုန်းကြီး ထင်ရှားအောင် ပြောပြမယ်နော် (မှန်ပါ့ဘုရား) မရှိကြောင်း ဘုန်းကြီး ထင်ရှားအောင် ပြောပြမယ် ဆိုတော့ ကိုဝတို့ ကျေနပ်ဖို့ ကောင်းပါတယ် (ကျေနပ်ပါတယ် ဘုရား)။

သြော် စုတေ မနေ သေလွန်လို့ ရှိရင်ဖြင့် လူကောင်း နတ်ကောင်း ကလေး ဖြစ်လို့ရှိရင် တော်ပါသေးရဲ့ (မှန်ပါ့)

သူ ဘာကို တောင်းယူ လိုက်တာတုံး (ဇာတိ တောင်းယူတာပါ ဘုရား)။

ကဲ ကိုစောမောင် သာသနာပပဲ (မှန်ပါ့) ဇာတိ က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒါ ဒကာ ဒကာမတွေ ဘုန်းကြီးနဲ့ မတွေ့ခင်တုန်းက ဒီအသံ ထွက် မထွက် အကဲခတ် (မထွက်ပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့ သာသနာပ ရှိသေးတယ် (မှန်ပါ့)။

သေချင် သေပါစေတော့ နောက်ဘဝ ဒီထက်ချမ်းသာလို့ ဒီထက်ကောင်းတဲ့ လူ့ပြည်၊ နတ်ပြည် ကလေးမှာပဲ နေရလို့ရှိရင် လဲ တော်လောက်ပါပြီ၊ ဦးဘရှင်း ဒီလို ပုဂ္ဂိုလ်တွေ ရှိတယ် (ရှိပါ တယ် ဘုရား)။

ရှိတော့ သူ့ဇာတိကို ဒုက္ခသစ္စာလို့ သိသေးရဲ့ လား (မသိပါ ဘုရား) မသိတော့ သူ သစ္စာနု လောမိက ဉာဏ်ရသေးရဲ့လား (မရပါဘုရား) မရတော့ သူ့ကို ဘာသားလို့ ဆိုမလဲ (သာသနာပသား ပါဘုရား)။

ဆရာကောင်းသိပ်လိုတယ်

ကိုစောမောင် ဘုန်းကြီးက ကြံဖန် ပြောနေတာလား တဲ့၊ သူ့ပါးစပ်က ထွက်တာလား (သူ့ပါးစပ်က ထွက်တာ ပါဘုရား) သေချာပလား (သေချာပါပြီ)။

တယ်လဲ ဒကာ ဒကာမတို့ ဆရာကောင်း သမားကောင်း သိပ်လိုတယ်ဆိုတာ ကို ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) မပေါ် သေးဘူးလား (ပေါ်ပါပြီ) အင်မတန် ပေါ်သွားပါပြီ ဆိုတာ ထင်ရှား ပါတယ်နော် (မှန်ပါ့)။

ကဲ ဒါနဲ့ပဲ တိုတိုပဲ မေးကြပါစို့၊ ဒီဥစ္စာ အလုပ်သွင်း ချင်လို့ ကိုစောမောင်ရေ (မှန်ပါ့) မေးပြန်တယ်၊ ရှင်ကောဋ္ဌိက-က ဇာတိဟာ အလိုလို ဖြစ်လာတာလား ဘုရား ဆိုတော့ မဟုတ်ပါ ဘူးတဲ့၊ မိမိ ပြုတာလား ဆိုတော့ (မဟုတ် ပါဘုရား) သူတစ်ပါး ပြုတာလား ဆိုတော့ (မဟုတ်ပါ ဘုရား) မိမိ, သူတစ်ပါး နှစ်ဦးသား ပြုတာလား (မဟုတ်ပါ ဘုရား) အလိုလို ပေါ်တာလား (မဟုတ်ပါ ဘုရား)။

မဟုတ်ပါဘူးတဲ့ ဇာတိ ဆိုတဲ့ ဥစ္စာသည် ကမ္မဘဝက လာ တာပါ (မှန်ပါ့) မပေါ်သေး ဘူးလား (ပေါ်ပါပြီ)။

သူက ကံလုပ်တာ၊ ကံလုပ်ပြီး ဇာတိ ရချင်လို့ ကိုစော မောင် (မှန်ပါ့) ကံကြောင့် ဖြစ်တယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကမ္မဘဝကြောင့်ဇာတိရတာ

မယုံရင် ပါဠိတော် ရွတ်ကြည့်တော့ ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား) ကဲ ကိုဝ ကျေနပ်တော့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကမ္မဘဝကြောင့် လာတယ် ဆိုတာ သေချာရော မဟုတ် လား (သေချာပါပြီဘုရား)။

နောက်ဆုတ်သွားတာတဲ့၊ ပဋိစ္စသမုပ္ပါဒ် နောက်ဆုတ် ဟောရတဲ့ အတွက် သစ္စာလေးချက် သိတယ် (မှန်ပါ့) နောက် ဆုတ်ဟောရတဲ့ အတွက် ကိုစောမောင် ဘာတဲ့တုံး (သစ္စာလေးချက် သိပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် ကမ္မဘဝဟာ အလိုလို ဖြစ်တာလားလို့ ရှင်မဟာကောဋ္ဌိက-က ကမ္မဘဝ မိမိ ပြုတာ လားလို့ မေးပြန်တော့ ဘယ့်နှယ်တုံး (မဟုတ်ပါ ဘုရား)။

မဟုတ်ဘူး၊ သို့သော် ဒကာ ဒကာမတွေက သိထားတာ က ကိုယ့်ကံ ကိုယ်လုပ်မှပေါ့၊ ဟော ခင်ဗျားတို့က ခင်ဗျားတို့ လုပ်ထားတာတဲ့ (မှန်ပါ့) ကိုယ်ကံကောင်းချင် ကိုယ်ကံကောင်းလို့လေ၊ အံမယ်လေး လူကြီးတွေက ဆုံးမနေတယ် (မှန်ပါ့) ကံမကောင်းချင်လို့ ရှိရင်လဲ မင်းအကုသိုလ် လုပ်နေ တာပေါ့၊ ကံကောင်းချင်ရင် ကံကောင်းလဲပဲ မင်းဟာမင်း လုပ်မှ ပေါ့ ဆိုတော့ မင်းက တခြား၊ ကံက တခြားဖြစ်နေတယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ်ဘုရား)။

အဲဒါ ဒိဋ္ဌိသံမှ ဟုတ်ရဲ့ လား ကိုစောမောင် (ဟုတ်ပါ တယ်ဘုရား) သေချာကြပလား (သေချာပါပြီ)။

ကဲ ဒါဖြင့် ရှင်ကောဋ္ဌိက- ကမေးတယ်၊ ဒီကမ္မဘဝ ဟာဘုရားတဲ့၊ မိမိပြုတာလား ဆိုတော့ ဘယ့်နှယ်တုံး (မဟုတ်ပါ ဘုရား) သူတစ်ပါးပြုတာလား (မဟုတ်ပါ ဘုရား) မိမိ သူတစ်ပါး နှစ်ဦးသား ပြုတာလား (မဟုတ်ပါ ဘုရား) အလိုလိုပေါ်တာလား (မဟုတ်ပါ ဘုရား)။

ဥပါဒါန်ကြောင့်ကံဖြစ်တာ

မဟုတ်ဘူးကွတဲ့၊ ရှင်သာရိပုတ္တရာက ဥပါဒါန် ကြောင့် ဖြစ်တာ ဆိုတော့ သူဘုံဘဝ စွဲတဲ့ ဥပါဒါန်ကြောင့် ဒီကံလုပ်တာ (မှန်ပါ့)။

ကဲ သေချာပလား (သေချာပါပြီ) ကိုယ်လုပ်တာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) ဘယ်သူကလုပ်သလဲ (ဥပါဒါန်က လုပ်ပါတယ် ဘုရား) ဥပါဒါန် လုပ်နေတာ၊ မရှင်းသေး ဘူးလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတွေက ကိုယ့်ကံ ကိုယ်လုပ်ရ တယ် ဆိုတာများ သွားရောပေါ့ဗျာ (သွားပါတယ် ဘုရား) ဒိဋ္ဌိသံကြီးကို ကို တစ်ခါတည်း ရှင်းနေတာပဲ (မှန်ပါ့) ရှင်းနေတော့ ဒီပုဂ္ဂိုလ်ဟာ ဒိဋ္ဌိပြုတ်သေးရဲ့လား (မပြုတ်ပါ ဘုရား) ဒါဖြင့် သူလုပ်သရွေ့ အမှားချည့်ပေါ့ (အမှားချည့်ပါ ဘုရား) ကိုစောမောင် ဒိဋ္ဌိက ဘယ့်နှယ်နေသလဲ၊ ပါ-ပါနေ တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)

ကဲ ဒါဖြင့် တိုတို ပြောကြပါစို့ ဒကာ ဒကာမတို့ ဒီဥပါဒါန် ကကောဗျ မိမိပြုတာလားလို့ ရှင်ကောဋ္ဌိက-က မေးပြန်တယ် (မဟုတ်ပါ ဘုရား) သူတစ်ပါးပြုတာလား (မဟုတ်ပါ ဘုရား) မိမိ, သူတစ်ပါး နှစ်ဦးသား ပြုတာလား (မဟုတ်ပါ ဘုရား) အလိုလိုဖြစ်တာလား (မဟုတ်ပါ ဘုရား)။

တဏှာကြောင့် ဥပါဒါန်ဖြစ်တာ

မဟုတ်ဘူးကွာ တဲ့၊ ရှင်သာရိပုတ္တရာက အဖြေထွက် ပြန်ပြီ ဒကာ ဒကာမတို့ တဏှာကြောင့် ကွတဲ့ (မှန်ပါ့)။

ကဲ ကိုစောမောင် လက်သည်က ဘာတုံး (တဏှာပါဘုရား) ကဲ ဒီတဏှာ သည်ကားလို့ ဆိုရင် မိမိပြုတာလားလို့ ဆိုတော့ ဘယ့်နှယ်တုံး (မဟုတ်ပါ ဘုရား) သူတစ်ပါး ပြုတာလား (မဟုတ်ပါ ဘုရား) မိမိ သူတစ်ပါး နှစ်ဦးသား ပြုတာလား (မဟုတ်ပါ ဘုရား) အေး ဒကာ ဒကာမတို့ အလိုလို ပေါ်တာလား (မဟုတ်ပါ ဘုရား)။

ဝေဒနာကြောင့်တဏှာဖြစ်တာ

မဟုတ်ပါဘူးတဲ့၊ ဝေဒနာကြောင့် တဏှာဖြစ်တာ – (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘယ်သူ့ ကြောင့် ဖြစ်သတုံး (ဝေဒနာ ကြောင့်ပါ ဘုရား)။

ဖဿကြောင့်ဝေဒနာပေါ်တာ

ကဲ ဒါဖြင့် နောက်ဆုတ် သွားကြစို့၊ ဒီဝေဒနာက မိမိ ပြုတာလား – (မဟုတ်ပါ ဘုရား) သူတစ်ပါး ပြုတာလား-(မဟုတ် ပါဘုရား) မိမိ, သူတစ်ပါး နှစ်ဦးသား ပြုတာလား (မဟုတ်ပါ ဘုရား) အလိုလို ပေါ်တာလား (မဟုတ်ပါ ဘုရား) ဖဿကြောင့် ဝေဒနာပေါ်တာ (မှန်ပါ့)။

မတွေ့ထိဘဲနဲ့ ကောင်းတယ် ဆိုးတယ်လို့ ဘယ်သူ ဝေဖန်လို့မှ မဖြစ်ဘူး (မှန်ပါ့) မမြင်ဘဲနဲ့ ကောင်းတယ် ဆိုး တယ် ဘယ်သူ ဝေဖန်နိုင်ပါ့မလဲ (မဝေဖန် နိုင်ပါ ဘုရား)။

ဒါဖြင့် တွေ့ထိပြီးမှ ဝေဖန်နိုင်တာ အကောင်းအဆိုး ဝေဖန်နိုင်တယ် ဆိုတာက (မှန်ပါ့) တွေ့ထိတာက ဖဿ၊ ဝေဖန်တာက (ဝေဒနာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

သူတစ်ပါး ပြုတာလား ပဋိစ္စသမုပ္ပါဒ် ပြုတာချည့် မှတ် လိုက် (မှန်ပါ့) ရှေ့အကြောင်းက ပြုတာ ချည့်မှတ် (မှန်ပါ့)။

ဒါဖြင့် ဒီလို သွားလိုက်တော့ ဖဿ မိမိပြုတာလား (မဟုတ်ပါ ဘုရား) သူတစ်ပါး ပြုတာလား (မဟုတ်ပါ ဘုရား) မိမိ သူတစ်ပါး နှစ်ဦးသား ပြုတာလား (မဟုတ်ပါ ဘုရား) အလို လို ပေါ်တာလား (မဟုတ်ပါ ဘုရား)။

သဠာယတနကြောင့်ဖဿ

လေးချက် လေးချက် မေးတယ် အရှင်ကောဋ္ဌိက ကနော် (မှန်ပါ) ကဲ ဘုန်းကြီးက ရှင်သာရိ ပုတ္တရာ လုပ်ပြီး အဖြေ ပေးပြန်တော့ သဠာယတန ရှိလို့ပေါ့ မျက်စိတို့ နားတို့ နှာခေါင်းတို့ လျှာတို့ ကိုယ်တို့ စိတ်တို့ ရှိလို့ဖြစ်တာ (မှန်ပါ့)။

မရှိရင် (မဖြစ်ပါဘုရား) ဒီဖဿ ဒီနေရာမှာ ပေါ်စရာ ရှိပါ့မလား (မရှိပါဘုရား) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒီ သဠာယတန ကော မိမိပြုတာလား (မဟုတ်ပါ ဘုရား) သူတစ်ပါး ပြုတာလား (မဟုတ်ပါ ဘုရား) မိမိ, သူတစ်ပါး နှစ်ဦးသား ပြုတာလား (မဟုတ်ပါ ဘုရား)အလိုလို ပေါ်တာလား (မဟုတ်ပါ ဘုရား)။

နာမ်ရုပ်ကြောင့်

သဠာယတန ဘယ်က လာပါလိမ့်မတုံး ဆိုတော့ ဘယ့်နှယ် ဖြေကြမလဲ (နာမ်ရုပ်ကြောင့် ဖြစ်တာပါ ဘုရား) နာမ်ရုပ် ကြောင့်လာတာ၊ နာမ်ရုပ်ရှိတဲ့ ပုဂ္ဂိုလ်မှာ သဠာယတန ရှိတယ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာက (မှန်ပါ့) နာမ်ရုပ် မရှိတဲ့ ပုဂ္ဂိုလ် မှာ (မရှိပါဘုရား)။

ကဲ ဒါဖြင့် ဒီနာမ်ရုပ် ကကော မိမိပြုတာလား – (မဟုတ်ပါ ဘုရား) သူတစ်ပါး ပြုတာလား (မဟုတ်ပါ ဘုရား)။ မိမိ သူတစ်ပါး နှစ်ဦးသား ပြုတာလား (မဟုတ်ပါ ဘုရား) အလိုလို ပေါ်တာလား (မဟုတ်ပါ ဘုရား)။

ဝိညာဏ်ကြောင့်နာမ်ရုပ်

ဘယ်သူ့ကြောင့်တုံး (ဝိညာဏ်ကြောင့်ပါ ဘုရား) ဝိညာဏ ပစ္စယာ နာမရူပံ၊ ဝိညာဏ် ကြောင့်ဖြစ်တာ (မှန်ပါ့)။

ဝိညာဏ်ကစိတ်၊ သဘောကျပလား (ကျပါပြီ) သူနဲ့ ယှဉ်ဖော် ယှဉ်ဘက် စေတသိက်နဲ့ ရုပ်က နာမ်ရုပ် (မှန်ပါ့) ဒါဖြင့် ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ) မှတ်ထားနော် – (မှန်ပါ့)။

ဝိညာဏ်နှစ်ခုစလုံးယူ

ဝိညာဏ်ကြောင့် (နာမ်ရုပ် ဖြစ်ပါတယ် ဘုရား) ဝိညာဏ် ဆိုတာ အခု ခင်ဗျားတို့ သင်ထားတဲ့ စိတ်တွေဟာ ဝိညာဏ်ပေါ့ (မှန်ပါ့) ပဋိသန္ဓေဝိညာဏ်, ပဝတ္တိဝိညာဏ် နှစ်ခု စလုံးယူ (မှန်ပါ့ဘုရား)။

ပဋိသန္ဓေ နေတုန်းက ပဋိသန္ဓေနေတဲ့ စိတ်ဝိညာဏ်ပဲ (မှန်ပါ့) ယခုမှ မြင်စိတ်၊ ကြားစိတ်တွေ ခုနင်က လောဘစိတ် ၊ဒေါသစိတ်၊ အတွင်းဧည့်သည်, အပြင်ဧည့်သည်, အိမ်သည်တွေ ကိုစောမောင် ဒါတွေဘာတွေလဲ (ဝိညာဏ်ပါ ဘုရား) မနေ့က ပြောထားခဲ့တဲ့ ဆယ့်လေးခုဟာလေ (မှန်ပါ့) ဝိညာဏ် ချည့် မှတ်ထားပါ (မှန်ပါ့)။

အဲဒါ ဝိပဿနာ ရှုတတ်အောင်လို့ ယနေ့ ရှင်သာရိပုတ္တရာ နဲ့ ရှင်ကောဋ္ဌိကကို အထူး ထုတ်လာတာ (မှန်ပါ) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဝိညာဏ်ဟာ မောင်နိုင် ပြောကြတော့ မိမိပြုတာ လားလို့ ရှင်ကောဋ္ဌိက-ကမေးတယ် (မဟုတ်ပါ ဘုရား) သူတစ်ပါး ပြုတာလား (မဟုတ်ပါ ဘုရား) မိမိ သူတစ်ပါး နှစ်ဦးသားပြုတာလား (မဟုတ်ပါ ဘုရား) အလိုလိုပေါ်တာလား- (မဟုတ်ပါ ဘုရား)။

သင်္ခါရကြောင့်ဝိညာဏ်ရထားတယ်

မဟုတ်ဘူးတဲ့၊ ဘယ်သူ့ကြောင့် ပေါ်သတုံး မေးတဲ့အခါ ကျတော့ကိုတဲ့ မောင်နိုင်တို့ ရထားတာက ဘယ်လို ရထားသတုံး ဆိုတော့ သင်္ခါရပစ္စယာ ဝိညာဏံ ရ,ထားတယ်၊ ဟုတ်လား (မှန်ပါ့)။

နာမ်ရုပ်ကြောင့်လဲဝိညာဏ်ဖြစ်တယ်

ဟုတ်ပါတယ်တဲ့၊ ဒီလို မယူပါနဲ့ကွာတဲ့၊ ဝိညာဏ ပစ္စယာ နာမရူပံ ကို တစ်ခါ နာမ်ရုပ်ကြောင့် ဝိညာဏ် ဖြစ်တယ် လို့လဲ ယူလိုက်ပါ (မှန်ပါ့)။

နာမ်ရုပ်ကြောင့် (ဝိညာဏ် ဖြစ်ပါတယ် ဘုရား) ဝိညာဏ်ကြောင့် (နာမ်ရုပ် ဖြစ်ပါတယ်ဘုရား) သဘောကျပလား (ကျပါပြီဘုရား)။

ဒီနာမ်ရုပ် မရှိရင်လဲ ဝိညာဏ် မပေါ်ဘူးတဲ့ (မှန်ပါ့) ဝိညာဏ် မရှိရင်လဲ (နာမ်ရုပ်မပေါ်ပါ ဘုရား) သဘောကျ ပလား (ကျပါပြီဘုရား)။

ဒါဖြင့် ရှင်မဟာကောဋ္ဌိက-က အံမာလေး ဘုရားတဲ့၊ ဘယ်တော့ကမှ မကြားဖူးဘူးတဲ့၊ တပည့်တော် တို့ကလဲ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ သာ ကြားဖူးတယ် (မှန်ပါ) အရှင်ဘုရားက အခုတော့ “ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ ဝိညာဏံ” တောင် ဟောလိုက်တယ်တဲ့၊ကိုစောမောင် ရဟန္တာကြီးက အံ့လာ တယ် (မှန်ပါ့) ခင်ဗျားတို့ကော မအံ့ဘူးလား (အံ့ပါတယ် ဘုရား)။

ခင်ဗျားတို့က သင်္ခါရပစ္စယာ ဝိညာဏံသာ ကြားဖူးတယ် (မှန်ပါ့)။

အခုတော့ ဝိညာဏပစ္စယာ (နာမရူပံ) နာမရူပ ပစ္စယာ- (ဝိညာဏံ) ဟော- သူတို့က အပြန် အလှန်တဲ့ အကြောင်း အကျိုး (မှန်ပါ့)။

ဝိညာဏ်ကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ဝိညာဏ်

အရှင်ဘုရား ပြောမှပဲဘုရား – တဲ့၊ တပည့်တော် ရှင်ကောဋ္ဌိကမှာ သိရပါပေတယ်-တဲ့၊ တပည့်တော်တို့ သိထားတာ ကံသင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်၊ ဝိညာဏ်ကြောင့် နာမ် ရုပ်ဖြစ်တယ်၊ ဒီလိုသာ အစဉ်အတိုင်း သိပါတယ်-တဲ့၊ အရှင်ဘုရားက အခု ဒီလို မဟုတ်သေးဘူး၊ ဝိညာဏ်ကြောင့် နာမ်ရုပ်၊ နာမ်ရုပ်ကြောင့် ဝိညာဏ်ဖြစ်တယ်၊ သဘောကျပလား (ကျပါပြီဘုရား)။

ဒါက ထူးထူးခြားခြားမှတ်ပါ၊ ဒါကလေးတစ်လုံး ဒီထဲမှာ လိုရင်း (မှန်ပါ့)။

ကိုစောမောင် ဝိညာဏကြောင့် (နာမ်ရုပ်ဖြစ်ပါ တယ်) နာမ်ရုပ်ကြောင့် (ဝိညာဏ် ဖြစ်ပါတယ် ဘုရား) ရှင်းပလား-(ရှင်းပါပြီ ဘုရား)။

ဝိညာဏ်ဆိုတာ

ကဲ ဒါဖြင့် ဝိညာဏ် ဆိုတာလဲ ဒီဘဝမှာ မောင်နိုင်က မျက်လုံးကလေး ဖွင့်လိုက်တော့ မြင်စိတ်ဆိုတဲ့ ဝိညာဏ် ကလေး မလာဘူးလား (လာပါတယ် ဘုရား) စက္ခု ဝိညာဏ်ကိုးကွ (မှန်ပါ့) သောတ ဝိညာဏ်ကော မလာဘူးလား – (လာပါတယ် ဘုရား)။

အဲဒီ ဝိညာဏ်ဖြစ်တော့ သူ့ချည်း ဖြစ်သလား ဆိုတော့ ခံစားတဲ့ ဝေဒနာ မှတ်ကြတဲ့၊ သညာတွေနဲ့ တွဲလာတယ် (လာပါတယ် ဘုရား) ပြီးတော့ မြင်ရုပ် ကလေးကော မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဟော ဒါကြောင့် သူ-ဟောပေတာကိုး (မှန်ပါ့) ဝိညာဏပစ္စယာ (နာမရူပံ) နာမရူပ ပစ္စယာ (ဝိညာဏံ ပါဘုရား) သဘောကျ ပလား (ကျပါပြီဘုရား)။

အဲဒီတော့ နို့ သင်္ခါရပစ္စယာ ဝိညာဏံ မဟုတ်လား ဆိုတော့ အို-မင်း အသာ ထားစမ်းပါဦး ကောဋ္ဌိက ရာ- (မှန်ပါ့) အဲဒါက ဟိုဘက် ဘဝက ဟာကွတဲ့ (မှန်ပါ့) ဒီဘဝ ဖြစ်နေတာ ကတော့ အပြန် အလှန်တဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါ ပြီဘုရား)။

ဒါသိပ်အရေးကြီးတယ်

ဟိုဘဝက အကြောင်း ပြုတာကတော့ ဟုတ်ပါတယ်-တဲ့။ မင်းတို့ ဝိပဿနာ ရှုတော့ ဟိုဘဝ ကဟာ ရှုလို့ ရမှာလားတဲ့ (မရပါဘုရား) ပေါ်ပလား – (ပေါ်ပါပြီဘုရား) ဒါကလေးဟာ အင်မတန် ဒီထဲမှာ အရေးကြီး တယ်နော် (မှန်ပါ့) ဒါကလေး ဟာ သိပ်အရေးကြီး နေပါတယ် (မှန်ပါ့) ကိုဝ မကြီးဘူးလား (ကြီးပါတယ်ဘုရား)။

အတိတ်အကြောင်းလှမ်းရှုလို့မရ

နောက် ဘဝက အဝိဇ္ဇာ သင်္ခါရ ဆိုတာက အတိတ် အကြောင်း မဟုတ်လား (မှန်ပါ့) သူ့ကို လှမ်းရှုနေလို့ ခင်ဗျားတို့ ရမှာလား (မရပါ ဘုရား)။

ဘာဖြစ်လို့တုံး ကိုစောမောင် ဖြစ်စရာကော ရှိသေး လို့လား (မရှိတော့ပါဘုရား) ချုပ်ပြီးသားကြီးပဲ – (မှန်ပါ့)။

ကဲ ဒါဖြင့် ရှင်သာရိပုတ္တရာက ဝိညာဏပစ္စယာ (နာမရူပံ) နာမရူပပစ္စယာ (ဝိညာဏံပါဘုရား) အဲဒီဘဝမှာ တွဲတွဲပြီး ဖြစ်တယ်ကွ တဲ့၊ (မှန်ပါ့)။

ဝိညာဏ်ကြောင့်လဲ နာမ်ရုပ်ဖြစ်တယ်၊ နာမ်ရုပ်ကြောင့် လဲ (ဝိညာဏ်ဖြစ်ပါတယ် ဘုရား)။

အဲဒီတော့ မင်းက ရဟန္တာပဲတဲ့၊ ရဟန္တာ ဆိုပေမဲ့ လဲ သိပြီးသား သိပြီးသား၊ သို့သော်လဲ သက်သက် နောင်-လူ တွေ ဝိပဿနာ မရှုတတ်မှာ စိုးလို့ သင်တာကိုး (မှန်ပါ့)။

ကိုဝရေ တော်တော် အရေးကြီးတဲ့စကားနော် (မှန်ပါ့) တော်တော် အရေးကြီးတဲ့စကား။

ကဲ ဒကာ ဒကာမတွေ ရထားတာက အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါဘုရား) သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား) ဟော သင်္ခါရကြောင့် ဖြစ်တယ်လို့ ယူထားတယ် (မှန်ပါ့)။

ဟုတ်ပါတယ် တဲ့၊ အဲဒါ မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ ဒါက အတိတ်အကြောင်း၊ ဝိပဿနာရှုလို့ မဖြစ်တော့ဘူး (မှန်ပါ့) ဝိပဿနာ ရှုလို့ ဖြစ်ရမှာက ဝိညာဏ်ကြောင့် နာမ်ရုပ်၊ နာမ်ရုပ်ကြောင့် ဝိညာဏ်ပဲ ရှုလို့ဖြစ်မှာ (မှန်ပါ့) သဘောပါ ပလား- (ပါ-ပါပြီဘုရား)။

ကဲကွာတဲ့ ကောဋ္ဌိက ငါသေသေချာချာ ဥပမာ ပြောမယ် မင်း သေသေချာချာ နားထောင် စမ်းတဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့)။

ဝါးစည်းကလေး နှစ်စည်း ကိုစောမောင်-ထိပ်ချင်းတိုက် ထား ခြေထောက်ကားထား (မှန်ပါ) မောင်နိုင် ကားထား လိုက် (မှန်ပါ့)။

တစ်စည်း ဆွဲလိုက်ရင် ဘယ့်နှယ် နေသလဲ-(ကျန်တစ် စည်း လဲပါတယ် ဘုရား) ဒီဘက် အစည်း ဆွဲလိုက်ရင်ကော (နှစ်စည်းလုံး လဲပါတယ်ဘုရား) ဪ သူတို့ မှီနေတာကိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။

ဒီမှာလဲကွ၊ ဒီဘက်မှာ ဝိညာဏ်နဲ့ နာမ်ရုပ်က မှီနေကြ တာပဲ၊ ဝိညာဏ်ကို ဖြစ်ပျက်ရှု လိုက်ရင် နာမ်ရုပ် ပါသွားတယ် (မှန်ပါ့)။

ကဲ ခင်ဗျားတို့ အားရှိစရာ (မှန်ပါ့) ဝိညာဏ် ဖြစ်ပျက် ရှုလိုက်ရင် (နာမ်ရုပ် ပါသွားပါတယ် ဘုရား) နာမ်ရုပ်ထဲက တစ်ခုခု ရှုလိုက်ရင်လဲ (နာမ်ရုပ်ပါသွားပါတယ်ဘုရား) ရုပ်ကော ဝိညာဏ်ရော (ပါပါတယ် ဘုရား) အကုန်ပါတယ်၊ ရှုနည်းသာ မှတ်ထား၊ ဝါးနှစ်စည်း ထောင်ထားတာသာ မှတ်ထားကွ၊ တစ်ခု ရှုရင် အကုန် ပါတာပဲတဲ့ (မှန်ပါ့) ဝိပဿနာစခန်း ဟောတာ ကိုး (မှန်ပါ့)။

ဒကာ ဒကာမတို့ မသေချာဘူးလား (သေချာပါ တယ်ဘုရား) ဘာစခန်း ဟောပါလိမ့် (ဝိပဿနာ စခန်းဟော ပါတယ်ဘုရား)။

ဒီတစ်လုံးဟာ ကိုဝသေပျော်တဲ့တရား (မှန်ပါ့) တချို့ မသိတော့ ဒီလိုပါဠိတော်ကြီးတွေ ရှင်သာရိပုတ္တရာနဲ့ ရှင်ကောဋ္ဌိက နဲ့ မေးလုံး, ဖြေလုံး ပါဠိတော်ကြီးတွေ မတွေ့တော့ ဝေဒနာရှု ဝေဒနာကလေး မှတ်နေတယ်၊ ဝေဒနာကလေး ချုပ်သွားရင် နိဗ္ဗာန် ရတယ်လို့ မှတ်နေတယ်၊ ဘယ်ဟုတ် ရမလဲ၊ အကုန် ရှုရ တယ် (မှန်ပါ့) နာမ်ချုပ်ချင် ရုပ် အကုန်ချုပ်တယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီဘုရား)။

ဒါ့ကြောင့် ရှုချင်တာရှု၊ တစ်ခုရှုလို့ ရှိရင် ခင်ဗျားတို့ ဒုက္ခ အကုန် သိမ်းတာပဲ (မှန်ပါ) သဘောပါ ပလား (ပါပါပြီ ဘုရား)။

ကျူစည်းဥပမာ

အဲဒီတော့ ကျူစည်း ဥပမာနဲ့ ရှင်သာရိပုတ္တရာ ကပဲပြ တယ်၊ ဘုန်းကြီးကတော့ ခင်ဗျားတို့ ကျူဆိုတော့ အောက်အရပ် မှာမှ ရှိတယ်၊ ဝါးစည်းနဲ့ ပြလိုက်တယ် (မှန်ပါ့)။

ကျူးစည်းနှစ်ခုလဲ ယှဉ်ထောင်ထား၊ ကိုစောမောင် ထိပ် တိုက် ထောင်ထား လိုက်တာပေါ့-(မှန်ပါ) အောက်က ကားမှလဲ မြဲမှာ (မှန်ပါ့) သို့သော် တစ်ခုဆွဲကြည့် (တစ်ခုလဲ သွားပါတယ် ဘုရား)။

တစ်ခုလဲမှာပဲ၊ ဘယ်ဆွဲရင် ညာကလဲမှာပဲ၊ ညာဆွဲရင် (ဘယ်က လဲပါတယ် ဘုရား) ဒါဖြင့် တစ်ခုပြုတ်ရင် (နှစ်ခု စလုံး ပြုတ်ပါတယ် ဘုရား)။

အဲ ခင်ဗျားတို့ စိတ်တစ်ခုတည်း ဝိညာဏ်တစ်ခု တည်း ဖြစ်ပျက်ရှုလိုက်၊ နာမ်ရုပ် ပါလိမ့်မယ်တဲ့၊ မင်းတို့ ဘာမှ မပူနဲ့တဲ့ (မှန်ပါ့) ကျူစည်း အတိုင်းသာ သေသေချာချာ မှတ် (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။

ငါ သေသေချာချာ ရှင်းပြမယ်ဆိုတော့ မောင်နိုင်က မှတ် လိုက်တော့ ဝိညာဏ နိရောဓော (နာမရူပ နိရောဓော) နာမ ရူပနိရောဓော (ဝိညာဏ နိရောဓောပါ ဘုရား)။

ဒီအတိုင်းပါကွာ တဲ့၊ တစ်ခုချုပ်ရင် အကုန်ချုပ်ပါ တယ်၊ ဒီအတိုင်းသာ မှတ်ပါ (မှန်ပါ့)။

တစ်ပါးရှုလိုက်အကုန်ပါတယ်

ဝိညာဏ်ချုပ်ရင် (နာမ်ရုပ် ချုပ်ပါတယ် ဘုရား) နာမ်ရုပ် ချုပ်ရင် (ဝိညာဏ် ချုပ်ပါတယ် ဘုရား) ဝိညာဏ် ချုပ်တာပဲ ဆိုတော့ သတိပဋ္ဌာန် လေးပါး ပြားနေပေမယ့် တစ်ပါးရှုလိုက် အကုန် ပါတာကွ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီဘုရား)။

သတိပဋ္ဌာန်လေးပါး ပြားနေပေမယ့် (တစ်ပါးရှု လိုက် အကုန်ပါပါတယ် ဘုရား)။

ဘာဖြစ်လို့ လေးပါးကို ဘုရားကလဲ ဟောပါလိမ့်မတုံးလို့ ကိုစောမောင်က ဆင်ခြေ လဲချင် လဲမယ် (မှန်ပါ့)။

ဒါက သူ့စရိုက်, သူ့စရိုက် ကြိုက်ရာ ကြိုက်ကြောင်း ရွေး ထားတာ (မှန်ပါ့) တချို့က ဝေဒနာ ကြိုက်တယ်၊ တချို့က စိတ် ကြိုက်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဟိုဟာက စရိုက်ကြောင့် ထားတာတဲ့၊ ဖြစ်စဉ်ရှုတော့ တစ်ခုရှု အကုန်ပါတာပဲ (မှန်ပါ့) သဘောပါကြလား (ပါပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ သေပျော်တဲ့တရား ဆိုတာ တွေ့ပလား (တွေ့ပါပြီဘုရား)။

ဘယ်သူနဲ့ ဘယ်သူ မေးတာပါလိမ့် (ရှင်သာရိပုတ္တရာ နဲ့ ရှင်ကောဋ္ဌိကပါ ဘုရား)။

ရှင်သာရိပုတ္တရာက အဖြေဘက်က (မှန်ပါ့) ရှင်ကောဋ္ဌိက က (အမေးဘက်က ပါဘုရား) သူတို့ နှစ်ပါးစလုံးဟာ တကယ့် ဧတဒဂ်ရ ရဟန္တာကြီးတွေ(မှန်ပါ့)။

နောင်လာ နောင်သားတွေ မရှုတတ်မှာ စိုးလို့ သူတို့ နှစ်ပါး ခုံတင်ပြီး သကာလ ဘုရား လက်မှတ်ထိုး လိုက်လို့ ရှိရင် ဒီဟာဖြင့် လုပ်ရစ်ကြပါစေတော့ ဒို့တစ်ခုတည်း လုပ်နေရလို့ နိဗ္ဗာန်မှ ရပါ့မလားဆိုတာ သူတို့ သံသယ ရှိချင် ရှိမကွာတဲ့-(မှန်ပါ့)။

ဝေဒနာသုံးမျိုးရှုလို့ နိဗ္ဗာန် ရပါ့မလား၊ စိတ်တစ်လုံးတည်း ရှုလို့ နိဗ္ဗာန် ရပါ့မလား ဆိုတာ လာလိမ့်မယ် တဲ့၊ ငါတို့ မရှိတဲ့ အခါ (မှန်ပါ့)။

တစ်ခုချုပ်ရင် အကုန်ချုပ်တယ်

ငါတို့နှစ်ပါး အမေးအဖြေ လုပ်ပြီး တစ်ခုပျက်ရင် အကုန် ပျက်တယ်၊ သဘောကျပလား (ကျပါပြီ) တစ်ခုဖြစ်ရင် (အကုန် ဖြစ်ပါတယ် ဘုရား) တစ်ခုချုပ်ရင် (အကုန် ချုပ်ပါတယ် ဘုရား)။

အဲဒါ သိပါစေတော့လို့ ငါတို့နှစ်ပါးက အမေးအဖြေ လုပ်ပြီး သကာလ ရှင်းလင်းပေးတာ ကျုပ်တို့ အတွက် – (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ မနေ့က စိတ်ဘယ်နှစ်မျိုး ပြောခဲ့သတုံး (ဆယ့်လေးမျိုးပါ ဘုရား)။

ဆယ့်လေးမျိုးကို အဲဒါ ဉာဏ်နဲ့သာ ခင်ဗျားတို့ ရှု (မှန်ပါ့) ရှုလိုက်လို့ ရှိရင်ဖြင့် ရှုစရာ မရှိဘူး ဆိုလို့ ရှိရင် ထွက်စိတ် ဝင်စိတ် ရှုပေး (မှန်ပါ့)။

ပေါ်လာလို့ ရှိရင် အာဂန္တု ပေါ်လာလို့ (အာဂန္တုပဲရှု ရပါမယ် ဘုရား) အာဂန္တု ဧည့်သည်ပဲ ရှုပေး၊ အာဂန္တု ဧည့်သည်မရှိ ရင် (အိမ်သည်ကိုရှု) အိမ်သည်ကို ရှုပေး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီလို ရှုလိုက်တော့ တစ်ခုရှုရင် ဘယ့်နှယ်တုံး (အကုန်ပါသွား ပါတယ် ဘုရား)။

ဒါဖြင့် ဒီဟာတွေကို ဒကာ ဒကာမတွေက ရွံအောင်၊ မုန်းအောင်လိုက်၊ ဆုံးအောင် လိုက်လို့ ရှိရင်ဖြင့် ဒါတွေဟာ ဘာ သစ္စာတွေတုံး (ဒုက္ခသစ္စာ တွေပါ ဘုရား) သဘောပါ ပလား (ပါ-ပါပြီ ဘုရား)။

ကဲ ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။