068

ဖြစ်ပျက်မြင်ရင် နိဗ္ဗာန်တံခါးဝနား ရပ်နေပြီ

(ဤရက်စွဲ ဖြင့် အသံဖိုင် မကိုက်ပါ။)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ ၌ ဟောကြားသော တရားတော်

ဖြစ်ပျက်မြင်ရင် နိဗ္ဗာန်တံခါးဝနား ရပ်နေပြီ

(၁၇-၆-၆၂)

အမြဲပဲ သုံးသပ်ပါတယ်၊ အဲဒီ သုံးသပ်တဲ့အခါကျ တော့ သြော် အဝိဇ္ဇာ သင်္ခါရဟာ အစ,ပဲလို့ သူ သိလို့ အင်မတန် ဝမ်းသာတယ်နော်။ (မှန်ပါ)။

အဝိဇ္ဇာ သင်္ခါရဟာ (အစ,ပါဘုရား)၊ အစ,ပဲလို့ သိလို့ အားကြီး ဝမ်းသာတယ်၊ သြော် အဝိဇ္ဇာနဲ့ သင်္ခါရ ဟာ တကယ်ဆိုးတဲ့ တရားပါ ကလား၊ သတ္တဝါတွေ အိုဘေး၊ နာဘေး၊ သေဘေး၊ ချောက်တွန်း နေတာ သူတို့ နှစ်ခုပဲလို့ မှန်မှန်ကန်ကန် သိလာတဲ့ အတွက် အင်မတန် ဝမ်းသာရှာ တယ်။ (မှန်ပါ့)။

နောက်တစ်ခါ ပြန်တွေးပြန်တယ်၊ ဒီ အိုဘေး၊ နာဘေး၊ သေဘေး ချုပ်အောင် ဘယ့်နှယ် လုပ်ရပါ့ မလဲ၊ လောကကြီး ထဲမှာ အိုတာ၊ နာတာ၊ သေတာတွေ ဒကာ ဒကာမတွေ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿတွေနဲ့ ရှုပ်ပွေ လိမ်ပြီး သကာလ အမျိုးမျိုး လူပုံ အလယ် အရှက်ကွဲ ငိုချင်းချ။ မြေပေါ် ပစ်လှဲလိုက်၊ ရောဂါ ဝေဒနာတွေ ရလိုက်၊ အရှက်တကွဲ အကျိုးနည်း ကိစ္စကြီး ဘယ်လို ဇာတ်သိမ်း ရပါ့မလဲ လို့ သူ့ဟာသူ ဆင်ခြင်လိုက်ပြန်တော့၊

ဪ အစဉ်အတိုင်း တွေးလိုက်တော့ ဇာတိ ချုပ်ရင် သူ ချုပ်မှာပဲ။ (မှန်ပါ့)၊ ဒီ ဇာတိ ဆိုတာလဲ အဝိဇ္ဇာ သင်္ခါရက လာတာ ဖြစ်လေ သောကြောင့် မောင်နိုင်ရေ အဝိဇ္ဇာ သင်္ခါရချုပ်မှ ချုပ်မယ်လို့ တွေးမိတယ်။ (မှန်ပါ့)၊ ဒီတွင်လဲ ဝမ်းသာ ပြန်တယ်။

ဘယ်နှစ်ချက် ရှိသွားပလဲ ဝမ်းသာတာ (နှစ်ချက် ရှိသွားပါပြီ ဘုရား)။

အဖြစ်သိရလို့ ဝမ်းသာတာ တစ်ချက်နော်။ (မှန်ပါ့)၊ အချုပ်သိရလို့ (ဝမ်းသာတာ တစ်ချက်ပါ ဘုရား)။

ဒီနှစ်ချက်လဲသိပြီးပါရော အားလုံး တရားနာကြတဲ့ ဒကာ ဒကာမတွေ အဖြစ်နဲ့ အချုပ် ခန္ဓာ၏ ဖြစ်ပုံကိုလဲ သူ သိတယ်၊ ခန္ဓာကြီးဟာ ဒီလို ဒုက္ခသစ္စာကြီး တန်းပြီး လှည့်နေတာလဲ သူ သိတယ်၊ ၎င်း ခန္ဓာကြီး သည်ကားလို့ ဆိုရင် ဒီကနေ ဇာတ်သိမ်း လိုက်လို့ ရှိရင်လဲ အရသားပဲ ဆိုတာလဲ သိလိုက် တယ်။ (မှန်ပါ့ဘုရား)။

အဲ့ဒီကဲ့သို့ ခန္ဓာ ဖြစ်ကြောင်း၊ ခန္ဓာ ချုပ်ကြောင်းကို သိလိုက်တာနဲ့ပဲ ဘုရား ဖြစ်သွားတယ်။ (မှန်ပါ့)၊ ဉာဏ်စဉ်တွေ တက်ပြီး ဘုရား ဖြစ်ရတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

သဗ္ဗညုတဉာဏ် ရလာတယ်၊ ဘုရားအဖြစ်သို့ ရောက် လာတယ် ဆိုတာ ခန္ဓာ ဖြစ်ကြောင်း၊ ခန္ဓာ ချုပ်ကြောင်း ပဋိစ္စသမုပ္ပါဒ်၊ ဒါ နားလည်တော့မှ တစ်ခါတည်း ဘုရား အဖြစ်သို့ ငါ ရောက်ပြီ ဆိုတဲ့ အကြောင်းကို သူသည်တဲ့၊ ကြော်ငြာ မောင်း ခတ် လိုက်တော့တာပဲ။ (မှန်ပါ့)။

အလုံးစုံသိတဲ့ သဗ္ဗညုတဉာဏ်

ဒါဖြင့် ဒကာ ဒကာမတို့ ၎င်းပဋိစ္စသမုပ္ပါဒ်ဟာ ဘုရား၏ ပထမဝမ်းသာမှုလဲ အဖြစ် သိရလို့ ဝမ်းသာမှုနော်။ (မှန်ပါ့)၊ နောက် အချုပ် သိရလို့ (ဝမ်းသာမှုပါ ဘုရား)။

နောက်ကျတော့ကိုတဲ့၊ ဒါတွေ နှစ်ခုလဲ ပိုင်ပိုင် နိုင်နိုင် သိပါရော ဝိပဿနာတွေ ရှုလိုက်ပြီး သကာလ သဗ္ဗညုတ ဉာဏ် ရလာတော့တာပဲ၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေ အစဉ် အတိုင်း ရပြီး သဗ္ဗညုတ ဆိုတော့ သူက အထူး ရတာပေါ့လေ နော်။ (မှန်ပါ့)၊ သူများကတော့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်နဲ့ မောင်နိုင် ဇာတ်သိမ်း တယ်နော်။ (မှန်ပါ့)။

သူကတော့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အပေါ်မှာ အလုံးစုံ သိတဲ့ သဗ္ဗညုတ ဉာဏ် ဆိုတာကတော့ တောတောင်တွေ၊ ရေမြေတွေနဲ့ တကွ သတ္တဝါ စရိုက်တွေပါ အကုန် သိတဲ့ ၌ ဉာဏ် အထူးရ သွားတယ် ဆိုတာလဲ ပဋိစ္စသမုပ္ပါဒ် ဖြစ်-ချုပ် နားလည်လို့ ဘုရား ဖြစ်သွားတယ်လို့ ဆိုထိုက် ပါတယ်။ (မှန်ပါ့)။

ဒါကြောင့် ဒကာ ဒကာမတို့ အိမ်မှာ ဘုရားအနေကဇာ တင်တော့ “ယဒါ ဟဝေ ပါတု ဘဝန္တိ ဓမ္မာ” လို့ ဘုန်းကြီးတွေ ရွတ်သံ မကြားဘူးလား။ (ကြားပါတယ့် ဘုရား)။

အဲဒါ ဖြစ်ကြောင်းကို ပထမသိတဲ့ ဥစ္စာ ဘုရားဖြစ် ကြောင်း သိလို့ ဝမ်းသာတာမို့ ရွတ်တာလို့ မှတ်လိုက်။ (မှန်ပါ့)။

နောက်တစ်ခါ “ယဒါ ဟဝေ ပါတု ဘဝန္တိ ဓမ္မာ” ဆိုပြီး ဒုတိယ တစ်ခါ ပြန်ရွတ်ပြန်တော့ ချုပ်ကြောင်း သိလို့ ဘုရားဝမ်းသာတဲ့ ဂါထာ။ (မှန်ပါ့)။

“ဝိဓူပယံ တိဋ္ဌတိ မာရသေနံ

သူရိယောဝ သြဘာသယ မန္တလိက္ခံ”

ဆိုပြီး ရွတ်ပြန်တာက အလုံးစုံသော အဝိဇ္ဇာမှောင် ကြီးကို ရှင်းပြီး သကာလ သဗ္ဗညုတ ဉာဏ် အလင်းကို ရပေါ့၊ ဘုရားဖြစ်ပေါ့ ဆိုပြီး သကာလ ရွတ်လိုက်တဲ့ ဂါထာဖြစ်လေ သောကြောင့် တတိယ ဂါထာ ဘုရား ဖြစ်တဲ့ ဂါထာ (မှန်ပါ့)၊ ကိုဝ ရှင်းပလား။ (ရှင်းပါပြီဘုရား)။

ဘယ့်နှယ်ကြောင့် ဘုရားဖြစ်ပါလိမ့် ?

ဒါဖြင့် ဘုရား ဘယ့်နှယ်ကြောင့် ဘုရား ဖြစ်ပါလိမ့်၊ အနီးကပ်ဆုံး အကြောင်း ပြောလို့ ရှိရင် ပဋိစ္စသမုပ္ပါဒ်၏ ဖြစ်ကြောင်း၊ ချုပ်ကြောင်းသိလို့ ဘုရား ဖြစ်သည် (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ်။ (ပဋိစ္စသမုပ္ပါဒ်၏ ဖြစ် ကြောင်း ချုပ်ကြောင်း သိလို့ ပါဘုရား)၊ ဘုရားဖြစ်တယ် နော်။ (မှန်ပါ့)။

မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တွေ ဒါ့ကြောင့် ရတယ်လို့ ပဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဆုံးဖြတ်ချက် ချလိုက် တာပေါ့။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘုန်း ကြီးသည် အလွန်ပဲ စေတနာ ထက်ထက် သန်သန်နဲ့ ဟောရင်း ၊ကယ်တင် နေတယ် ဆိုတာလဲ ကိုယ်တို့၊ ကိုစံလှတို့ သိပြီ။ (မှန်ပါ့)၊

ဘာကို သူ အဓိကထားပြီး ဟောနေပါလိမ့်မတုံး ဆိုတော့ ဒီ ပဋိစ္စသမုပ္ပါဒ် လွတ်တဲ့ နေ့ရယ်လို့ မောင်နိုင် မပါဘူး။ (မပါ,ပါဘုရား)၊ ဖြစ်ခြင်း၊ ချုပ်ခြင်းပဲ သိအောင် ပြောနေတာပဲ၊ ရှုလိုက်လဲ မင်းတို့ မြင်စမ်း ပါစေကွာ ဆိုတော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီလိုမြင်တဲ့ ပုဂ္ဂိုလ်

“ယတော ခေါ ဘိက္ခဝေ အရိယသာဝကော ဧဝံ လောကသမုဒယဉ္စ အတ္ထင်္ဂမဉ္စ ယထာဘူတံ ပဇာနာတိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ အရိယသာဝကော” ဒါ အရိယသာဝက ဖြစ်တာပဲတဲ့။ (မှန်ပါ)။

လောကကြီး၏ ဖြစ်စဉ်နဲ့ လောကကြီး၏ ချုပ်စဉ်ကို သိလို့ ရှိရင် အရိယာတို့ ၏ တပည့်သား ဖြစ်ပါတယ်။ (မှန်ပါ့)။

လောကကြီး၏ ဖြစ်စဉ်နဲ့ လောကကြီး၏ ချုပ်စဉ်သိရင် ဘယ်သူ၏ တပည့်သား ဖြစ်သတဲ့တုံး။ (အရိယာတို့၏ တပည့်သား ဖြစ်ပါတယ်ဘုရား)။

အရိယာတို့ ၏ တပည့်သားဖြစ်ပါပြီ ဘုရားလို့ ရှေးဦး စွာ ဝန်ခံ လိုက်တယ်နော်။ (မှန်ပါ့)။

လောကဆိုတာ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ၊ စေတနာ သုံးတန် ပြဋ္ဌာန်းပြီး သကာလ အင်မတန် စေတနာနဲ့ ဟောနေတယ်လို့ မောင်နိုင် မှတ်ပါ။ (မှန်ပါ့)။

ကဲလောက ဆိုတာ ဘာပါလိမ့်မလဲဆိုတော့ ခန္ဓာ လောကကို ဆိုတာ။ (မှန်ပါ့)။

လောကဆိုတာ ဘာပါလိမ့် ?

လောကဆိုတာဘာပါလိမ့်။ (ခန္ဓာလောက ကိုဆိုတာ ပါဘုရား)။

ခန္ဓာလောကကို ဆိုတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားတော့ ခန္ဓာကြီးဟာက ခဏခဏ ပေါ်လာတာဟာ ခန္ဓာလောက (မှန်ပါ့)၊ ခဏခဏ ချုပ်သွား တာသည် ခန္ဓာလောက ချုပ်တယ်။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

ခန္ဓာကြီး ခဏခဏပေါ်တဲ့ တရားက (ခန္ဓာလောက ပါဘုရား)၊ သဘောကျပလား။ (ကျပါပြီ)၊ ခန္ဓာကြီး ခဏခဏ ချုပ်နေတာကတော့ ခန္ဓာလောက ချုပ်နေတာ။ (မှန်ပါ့)။

ဒါဖြင့် လောကချုပ်တာနဲ့ လောကဖြစ်တာ သိရ တယ်။ (မှန်ပါ့)။

“ယတော ခေါ ဘိက္ခဝေ အရိယသာဝကော လောကဿ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ယထာဘူတံ ပဇာနာတိ၊ အယံ ဘိက္ခဝေ အရိယာသာဝကော ဒိဋ္ဌိသမ္ပန္နော ဣတိပိ.. ” သူဟာ သမ္မာဒိဋ္ဌိ စစ်စစ် ဖြစ်ပါ၏ကွာတဲ့။ (မှန်ပါ့)။

သမ္မာဒိဋ္ဌိစစ်စစ်ဖြစ်ပြီ

လောက ဖြစ်တာနဲ့ လောက ချုပ်တာ ကိုသာ သိရင် သမ္မာ ဒိဋ္ဌိစစ်စစ် ဖြစ်ပါပြီတဲ့။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)၊ ဘာဖြစ်သတဲ့တုံး။ (သမ္မာဒိဋ္ဌိစစ်စစ် ဖြစ်ပါတယ်ဘုရား)။

အဲဒါဖြင့် ဒကာ ဒကာမတို့ သေပျော်ပြီ။ (မှန်ပါ့)။

မောင်နိုင် ချီးမြှောက် ပြောတယ်လို့ မယူနဲ့နော်။ (မှန်ပါ့ဘုရား)။

ဘုရားကိုက အခု နိဒါနဝဂ္ဂ သံယုတ် ပါဠိတော်မှာတဲ့ “အယံ ဘိက္ခဝေ ဘိက္ခု အရိယ သာဝကော ဒိဋ္ဌိသမ္ပန္နော ဣတိပိ” သမ္မာဒိဋ္ဌိနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်အဖြစ်ကိုမှတ်၊ သူ့အပေါ် မှာ တာဝန် ခံပါပြီတဲ့၊ သမ္မာဒိဋ္ဌိနဲ့ ပြည့်စုံသွားပြီ။ (မှန်ပါ့)။

သမ္မာဒိဋ္ဌိနဲ့ ပြည့်စုံသွားပြီ ဆိုကတည်းက ကိုယ်က စဉ်းစား၊ မောင်နိုင်က စဉ်းစား၊ ကိုစံလှက စဉ်းစား၊ မိစ္ဆာ ဒိဋ္ဌိကြီး မရှိဘူးကွ။ (မှန်ပါ့)။

ဘာမရှိတာတုံး။ (မိစ္ဆာဒိဋ္ဌိ မရှိတော့ပါဘုရား)၊ ဒါဖြင့် အပါယ်လွတ်သွားတာပဲ။ (မှန်ပါ့)။

မောင်နိုင် သေသေချာချာ မှတ်ပါ၊ မိစ္ဆာဒိဋ္ဌိ မရှိဘူးဆို တာ အပါယ် လွတ်တာနော်။ (မှန်ပါ့)၊ မိစ္ဆာဒိဋ္ဌိတော့ ရှိနေသေးတယ်၊ ငါ့ကိုယ်၊ ငါ့ဟာ ထင်နေသေးလို့ ရှိရင် အပါယ်တော့ လွတ်လိမ့်မယ် ဆိုတာ ဘယ်အခါ ကာလမှ အယူမသီး လိုက်ပါနဲ့လို့ သတိပေး လိုက်တယ်။ (မှန်ပါ့)။

သမ္မာဒိဋ္ဌိနဲ့ ပြည့်စုံပြီ

ကိုင်းဒါဖြင့် လောကကြီး၏ ဖြစ်ပုံကို သိ၊ လောက ကြီး၏ ချုပ်ပုံကို သိလို့ ရှိရင်ဖြင့် “ဒိဋ္ဌိသမ္ပန္နော ဣတိပိ” သမ္မာ ဒိဋ္ဌိနဲ့ ပြည့်စုံသော ပုဂ္ဂိုလ်ဟူ၍၊ ဝုစ္စတိ- ဆိုအပ်၏။ သမ္မာဒိဋ္ဌိနဲ့ ပြည့်စုံပါပြီကွာတဲ့။

လောကကြီး၏ ဖြစ်ပုံကို သိ၍၊ လောကကြီး၏ ပျက်ပုံကို သိလို့ ရှိရင်ဖြင့် သမ္မာဒိဋ္ဌိနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်လို့ ငါ သေသေ ချာချာ တာဝန် ယူပါတယ်တဲ့။ (မှန်ပါ့)၊ ဒါ သဗ္ဗညုတ ဉာဏ်နဲ့ ဟောတာနော်။ (မှန်ပါ့)။

ကိုစံလှ ဘာနဲ့ ဟောပါလိမ့်။ (သဗ္ဗညုတဉာဏ်နဲ့ ဟောပါတယ် ဘုရား)။

ပုံမပြသေးပါဘူး၊ ဘုရားက ဒကာ ဒကာမတွေကို အလွန် ကျေးဇူးများတဲ့ အဖြစ်ကို သိစေလိုလို့ သူ့ ဟောတဲ့ ပါဠိတော်တွေကို အကုန်ပဲ ပြောပါရစေဦး၊ ပြီးတော့မှ ပုံချ ပြပါမယ်နော်။ (မှန်ပါ့)။

လောက၏ ဖြစ်ပုံ၊ လောကဆိုတာ ရုပ်နာမ်ပဲ မောင် နိုင် (မှန်ပါ့)၊ ရုပ်၊ နာမ်၊ ခန္ဓာ၊ အဲဒါလေး၏ ဖြစ်ပုံနဲ့ ချုပ်ပုံကိုသိလို့ ရှိရင် ဒိဋ္ဌိသမ္ပန္နော ဣတိပိ- သမ္မာဒိဋ္ဌိနဲ့ပြည့်စုံသော ပုဂ္ဂိုလ် ဟူ၍၊ အဟံ= ငါဘုရားသည်၊ ဝဒါမိ- ဟောတော် မူ၏၊ အပါယ်လေးပါး လွတ်ပြီလို့ ငါဘုရား ဟောလိုက် တယ်။ (မှန်ပါ့)။

လောက၏ ဖြစ်ပုံနဲ့ ချုပ်ပုံကိုသိလို့ ရှိရင် အပါယ် လေးပါး လွတ်ပါပြီ၊ အပါယ်လေးပါး လွတ်ပါပြီတဲ့၊ ကိုဝ ဘာကြောက်စရာ ရှိသေးသတုံး။ (မရှိပါ ဘုရား)။

ဪဒါ မသိသေးလို့ ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လွတ်ရေး ကျွတ်ရေး ဝေးသေး တယ်လို့သာ ဆုံးဖြတ်ချက်ချ။ (မှန်ပါ့)။

လွတ်ရေး ကျွတ်ရေး(ဝေးပါသေးတယ်ဘုရား)၊ ဝေးသေးတယ်လို့ ဆုံးဖြတ်ချက် ချစမ်းပါ။ (မှန်ပါ့)။

သေသေချာချာ ရှင်းရှင်းလင်းလင်း ပြောပေးနေ တယ်။ (မှန်ပါ့)။

အမြင်မှန်နဲ့ ပြည့်စုံပြီ

ဒဿနသမ္ပန္နော ဣတိပိ၊ တစ်ခါ ဟောပြန်တယ်။ ဘုရားက မင်းတို့ သာမညများ မှတ်မနေ ပါနဲ့ကွာတဲ့၊ ပဋိစ္စသမုပ္ပါဒ် ဟောတတ်တဲ့ ဆရာနဲ့ တွေ့လို့ ရှိရင် မင်းတို့ သည် ဒဿနသမ္ပန္နော ဣတိပိ၊ အမြင်ဉာဏ်နဲ့ အမြင်မှန်နဲ့ ပြည့်စုံသော ပုဂ္ဂိုလ်ဟူ၍လဲ ငါဘုရားက သေသေချာချာ မင်းတို့ ကို တာဝန်ယူပါတယ်။ (မှန်ပါ့)၊ အမြင်မှန်လဲ ရသွားတယ်တဲ့၊ သဘောကျပလား။ (ကျပါပြီ)၊ သမ္မာ ဒိဋ္ဌိနဲ့ ပြည့်စုံရင်နော်။ (မှန်ပါ့)၊ အမြင်မှန်ကော (ရပါ တယ်ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ သေချင်သေပါတဲ့။ ဒီအမြင်မှန်တော့ မရဘဲနဲ့ သေမှာ သာ နှမြောတယ်လို့ ကိုစံလှ ဘုန်းကြီးတို့က ဘုရား ဟောတော်မူတဲ့အတိုင်း ဟော လိုက်တယ်နော်။ (မှန်ပါ့ ဘုရား)။

ဒီဟာ မရဘဲနဲ့သာ သေသွားမယ်၊ လောကကြီး ဖြစ်နေတာလဲ မသိဘူး၊ လောကကြီး ပျက်နေတာလဲ မသိ ဘူးဆိုရင် လောက ဆိုတာ ကိုယ့်ခန္ဓာပါ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

လောကဆိုတာ ဘာပါလိမ့်။ (ကိုယ့်ခန္ဓာပါ)၊ ကိုယ့် ခန္ဓာဖြစ်နေတာလဲ ဘယ်လိုကြောင့် ဖြစ်တယ်လို့ သူ မသိဘူး။ (မှန်ပါ့)၊ ကိုယ့်ခန္ဓာ ချုပ်နေတာလဲ (ဘယ်လိုကြောင့် ချုပ်တယ်လို့ မသိပါ ဘုရား)၊ ဘယ်လိုကြောင့် ချုပ်တယ်လို့ သူ မသိဘူး (မှန်ပါ့)။

အဲဒီလို ပုဂ္ဂိုလ်ဖြင့်ကွာတဲ့၊ သမ္မာဒိဋ္ဌိဆိုတဲ့ အပါယ် လွတ်ကြောင်း တရားလဲ သူ့ ခန္ဓာထဲမှာ မရှင်းလင်း ဘဲနဲ့၊ ရှုပ်ရှုပ်ထွေးထွေးနဲ့ ပုဂ္ဂိုလ်တဲ့၊ အပါယ်ကျ စေတတ်တဲ့ ၊ တရားဟာ သူ့ဝမ်းထဲ ရှိလျက်နဲ့ သေသွားတဲ့ ပုဂ္ဂိုလ်လို့ ငါ ဆုံးဖြတ်ချက် ချတယ်။ (မှန်ပါ့)၊လောက ဖြစ်ကြောင်း နဲ့ လောက ချုပ်ကြောင်း မသိလို့ ရှိရင်နော်။ (မှန်ပါ့)။

ပြီးတော့ ဒါတွင်မကသေးဘူး၊ ဒဿနသမ္ပန္နော ဣတိပိ တဲ့၊ အမြင်မှန်ပြီးတော့ သေသွားတယ် လို့လဲ သူ့ကို မဆိုလိုက်နဲ့တဲ့။ (မှန်ပါ့)။

ကိုစံလှ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ။ (ကြောက်စရာ ကောင်းပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဒီဥစ္စာ လေးလေးစားစားနဲ့ နားထောင်စမ်းပါ၊ လေးလေးစားစားနဲ့ နားထောင်ပါ၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ဆည်းပူးတဲ့၊ ပါရမီ တော်ကြောင့် ရတဲ့၊ အလုံးစုံ သိတဲ့ဉာဏ်နဲ့ ဘုရား ဟောထားတဲ့ အတိုင်း လိုက်နာပြီး အခု ဒကာ ဒကာမတွေကို ဟောနေ တာ၊ အဲဒီ နည်းယူပြီး ဟောနေတာ။(မှန်ပါ့)၊ ကိုဝ, လွယ်လွယ် ဟောတာလို့ ဆိုကြမလား။ (မဆိုပါ ဘုရား)၊ လွယ်လွယ်လို့ မဆိုလိုက်ပါနဲ့၊ အင်မတန် အရေးကြီးနေတာ လို့ မှတ်ပါ။ (မှန်ပါ့)။

ကဲ ဒါဖြင့် လောက ရုပ်နာမ်ကြီး၏ ဖြစ်ပုံကိုလဲသိ၊ ချုပ်ပုံကိုလဲသိပြီး သေသွားတဲ့ ပုဂ္ဂိုလ်ဟာဖြင့် ဒိဋ္ဌိပြုတ်သေ တယ်ကွ၊ အပါယ် မရောက်ဘူး။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ)၊ ဒါဖြင့် သောတာပန် သေထဲက ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

အမြင်မှန်နဲ့ သေသူ

“ဒဿနသမ္ပန္နော ဣတိပိ”တဲ့၊ အမြန်မှန်ရပြီး သေသွားတဲ့ ပုဂ္ဂိုလ်ကွာတဲ့ (မှန်ပါ့)၊ “အာဂတော ဣမံ သဒ္ဓမ္မံ ဣတိပိ” ဪ သူ့သန္တာန်ဖြင့် သူတော်ကောင်း တရားနဲ့ သေသွားတယ်လို့ ဆုံးဖြတ် ချက်ချ။ (မှန်ပါ့)။

သူတော်ကောင်း တရားနဲ့ သေသူ

ဣမံ သဒ္ဓမ္မံ= ဤသူတော်ကောင်း တရားသည်၊ အာဂတော= သူ့သန္တာန်၌ ရောက်ပြီ ဟူ၍၊ ဣတိပိ= ဤသို့ ငါဘုရား ဟောတော်မူ၏၊ သူ့သန္တာန်မှာ သူတော်ကောင်း တရား ရောက်ပြီး သေသွား တာဟေ့ တဲ့၊ အဲသလို ဆုံးဖြတ် ချက်ချပါ။ (မှန်ပါ့)၊ သုံးခု ရှိသွားပြီနော်။ (မှန်ပါ့)။

ကိုစံလှဒါ ဘုန်းကြီးဟောတာလား၊ ဘုရားကိုယ် တိုင် ဟော နေတာလား။ (ဘုရား ကိုယ်တိုင် ဟောနေတာပါ ဘုရား)။

ဘုရားကိုယ်တိုင် ဟောတာကို ဘုန်းကြီးက ရှင်းလင်းပြီး ပေးတာ၊ အကူအညီ ပေးတာပဲ ရှိတယ်။ (မှန်ပါ့)။ ကဲဒါဖြင့် ဒါပဲလားလို့ ဆိုတော့ မကသေးဘူး ကွတဲ့၊

“သေက္ခေန ဉာဏေန သမ္ပန္နာဂတော ဣတိပိ” တဲ့

သြော် သူတို့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ်၊ အနာဂါမိဖိုလ်၊ အရဟတ္တ မဂ် ဆိုတော့ ခုနစ်ယောက် မရှိဘူးလား၊ အရဟတ္တဖိုလ် နုတ်လိုက် (ရှိပါတယ် ဘုရား)၊ အဲဒါ သေက္ခပုဂ္ဂိုလ် ခုနစ်ယောက်လို့ ခေါ်တယ်၊ ကျင့်ဆဲ ခုနစ်ယောက်နော်။ (မှန်ပါ့ ဘုရား)။

သေက္ခပုဂ္ဂိုလ် ခုနစ်ယောက် သိပြီနော်။ (မှန်ပါ့)၊ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ်၊ အနာဂါမိဖိုလ် ဆိုတော့ ခြောက်ယောက် မနေဘူးလား။ (နေပါတယ် ဘုရား)၊ အရဟတ္တမဂ် တစ်ယောက် ထည့်လိုက်၊ ခုနစ်ယောက် မနေ ဘူးလား။ (နေပါတယ် ဘုရား)၊ ရဟန္တာ သာချန်ထား၊အဲဒီ ခုနစ်ယောက်ဟာ သေက္ခပုဂ္ဂိုလ် ခုနှစ်ယောက် ခေါ်တယ်။ ကျင့်ဆဲပုဂ္ဂိုလ်ပဲ ရှိသေးတယ်။ (မှန်ပါ့)၊ ရှင်းပလား။(ရှင်းပါပြီ ဘုရား)။

ကျင့်ဆဲသာဆိုတာ၊ မောင်နိုင် အပါယ်လေးပါး တံခါးပိတ်ပြီး ကျင့်တာပဲ။ (မှန်ပါ့)။ ပိတ်ပြီးသား ကျင့်နေတဲ့ ပုဂ္ဂိုလ် မှတ်လိုက် ပါတော့။

အဲဒီတော့ အခုကဲ့သို့ လောကကြီး၏ ဖြစ်တာနဲ့ ချုပ်တာကို သိနေတဲ့ ပုဂ္ဂိုလ်များသည် ဘယ်လို တုံးလို့ ဆိုလို့ ရှိ ရင် “သေက္ခေန ဉာဏေန သမ္ပန္နာဂတော ဣတိပိ” သေက္ခေန ဉာဏေန= ခုနင်က ပြောခဲ့တဲ့ အရိယာပုဂ္ဂိုလ် ခုနှစ် ယောက်တို့ ၏ ဉာဏ်နဲ့၊ သမ္ပန္နာဂတော ဣတိပိ =ပြည့်စုံ၏ ဟူ၍၊ အဟံ= ငါဘုရားသည်၊ ဝဒါမိ-ဟော၏တဲ့။

သေက္ခပုဂ္ဂိုလ်တို့နှင့် တူသွားပြီ

မောင်နိုင် ဘယ်လောက်နက်သတုံး။ (မှန်ပါ့)၊ သေက္ခပုဂ္ဂိုလ် ခုနစ်ယောက်တို့နဲ့၊ ခင်ဗျားတို့နဲ့ တူသွားပြီ တဲ့ (မှန်ပါ့)။

ကိုဝရေ အဖိုး မတန်ဘူးလား။ (တန်ပါတယ် ဘုရား)၊ သောတာပန်နဲ့လဲ တူသွားပြီ၊ သကဒါဂါမ်၊ အနာဂါမ်နဲ့ ကော (တူသွားပါပြီ ဘုရား)။

တူသွားပြီ၊ သူတို့လဲ ဒီအမြင်ပဲတဲ့ကွ (မှန်ပါ့)၊ တခြား အမြင်ရယ်လို့ မင်းတို့က မှတ်မနေပါနဲ့ တဲ့၊ သေက္ခ ပုဂ္ဂိုလ် ခုနစ်ယောက် အမြင်ဟာလဲ ဒါပါပဲတဲ့၊ ဒီ ဖြစ်ချုပ် မြင်တာပဲ။ (မှန်ပါ့)၊ ရှင်းပြီလား။ (ရှင်းပါပြီ ဘုရား)။

ကဲ ကိုပေါ် သေပျော်ပြီဆိုတာ ပေါ်ပလား။ (ပေါ် လာပါပြီ ဘုရား)။

ဒါ့ကြောင့် ကိုယ့်ခန္ဓာ ကိုယ့်ဉာဏ် စိုက်ပြီး ဘုန်းကြီး တို့ ဒကာ ဒကာမတွေက သြော် ပျက်နေပြီ၊ သြော် ပျက်နေပြီ၊ သြော် အကြောင်းဖြစ်လို့ အကျိုး ဖြစ်နေကြတာပဲ၊ အကြောင်း ချုပ်လို့ အကျိုးချုပ် နေတာ ကလေးကို ဒကာ ဒကာမတွေက ဉာဏ်နဲ့ကြည့် လိုက်တော့ ဖြစ်ပျက် ဖြစ်ပျက်လို့ မြင်နေတဲ့ သဘော ကလေးဟာ ဖြစ်ချင်လို့ ဖြစ်တာလားလို့ မေးရင် အကြောင်းဖြစ်လို့ ဖြစ်လာတာ

(မှန်ပါ့)၊ အကြောင်း တစ်ခုက ဖြစ်စေလို့ သူဖြစ်လာတာပေါ့ မောင်နိုင် (မှန်ပါ့)၊ ချုပ်သွားပြန်တော့ သူ့အကြောင်းက ချုပ်လို့ (သူ့အကျိုးက ချုပ်ပါတယ် ဘုရား)၊ သူ့အကျိုး ချုပ်သွားတယ်လို့ မဆိုနိုင် ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီလို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ ရှင်းနေလို့ ရှိရင်ဖြင့် သေက္ခေန ဉာဏေန သမ္ပန္နာဂတော ဣတိပိ၊ သေက္ခ ပုဂ္ဂိုလ်တို့ ၏ သေက္ခဉာဏ်နဲ့ ပြည့်စုံတယ် ဟူ၍လဲ ငါဘုရားက ဟောပါတယ်ကွာတဲ့၊ သူလဲ အပါယ်တော့ မသွားတော့ ပါဘူးတဲ့။ (မှန်ပါ့)၊ သံသရာ လည်စရာ မရှိပါဘူးတဲ့။ (မှန်ပါ့)။

ဒကာဒကာမတို့ သိပ်ဝမ်းသာစရာ ကောင်းပါကလား။ (ကောင်းပါတယ် ဘုရား)။

အဝိဇ္ဇာချုပ်တဲ့ ဉာဏ်အမြင်

အပြောကောင်းလို့ ဝမ်းသာတယ်၊ အဟောကောင်း ၊ လို့ ဝမ်းသာတယ်လို့ မောင်နိုင် ဒီလိုမယူနဲ့၊ အမှန်ပြော နေလို့ ဝမ်းသာတာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကဲ ရှေ့ကို တက်ပါဦး တဲ့၊ “ဝိဇ္ဇာယ ဉာဏေန သမ္ပန္နာ ဂတော ဣတိပိ”တဲ့၊ ဝိဇ္ဇာဉာဏ် ဆိုတော့ အဝိဇ္ဇာ ချုပ်တဲ့ ဉာဏ်နဲ့ မြင်တာကွတဲ့၊ ဒီဥစ္စာ အဝိဇ္ဇာ နည်းနည်းမှ မပါဘူးတဲ့၊ ဖြစ်ချုပ် မြင်တဲ့ ပုဂ္ဂိုလ်များ (မှန်ပါ့)၊ အဝိဇ္ဇာ ရှိရင် မြင်နိုင်ပါ့မလား။ (မမြင်နိုင်ပါ ဘုရား)။

“ဝိဇ္ဇာယ ဉာဏေန သမ္ပန္နာဂတော ဣတိပိ” တဲ့၊ ဝိဇ္ဇာ ဉာဏ်နဲ့လဲ သူတို့ ပြည့်စုံပြီကွ ဆိုတော့ သံသရာအစ,က ချုပ်ပြီကွ။ (မှန်ပါ့ဘုရား)။

ဘာတဲ့တုံး။ (သံသရာအစက ချုပ်ပါပြီ ဘုရား)။

သံသရာအစ,က ချုပ်ပြီလို့ ပြောတော့လဲ ဪ ငါ တို့ သည် ယနေ့ ဒီဆရာနဲ့ ဒီဒကာတွေ၊ ဒကာမတွေနဲ့ ဒီအကြောင်းကို တို့ ဉာဏ်ထဲမှာ တွေ့လိုက်ရ၊ ခန္ဓာ ကြည့် လိုက်တဲ့အခါ ဒီအကြောင်း မြင်ရလို့ ရှိရင်တော့ သြော် အဝိဇ္ဇာချုပ်တဲ့ အမြင် ပါကလားလို့ ကိုယ့်ဟာကိုယ် ဝမ်းသာ ပစ်လိုက်ပါ။ (မှန်ပါ့ဘုရား)။

ဘယ်လို ဝမ်းသာကြမယ် (အဝိဇ္ဇာချုပ်တဲ့ အမြင်ပါ ကလားလို့ ကိုယ့်ဟာကိုယ် ဝမ်းသာရပါမယ် ဘုရား)။

အဝိဇ္ဇာ မချုပ်လို့ အဝိဇ္ဇာသာ ရှိရင် ဖြစ်တာလဲ ကိုယ်က မမြင်ဘူး။(မမြင်ပါ ဘုရား)၊ ပျက်သွား ပြန်ပြီ ဆိုတာကော (မမြင်ပါ ဘုရား)၊ ဒါ အဝိဇ္ဇာက ကွယ်ထားတယ်။ (မှန်ပါ့)။

မောင်နိုင်တို့ ကဲ အသက် ၅၀ လောက် ရှိပါပြီ။ နောက်က ဒကာ ဒကာမတွေကော ကိုယ့်အတန်းနဲ့ ကိုယ် အသက်ကြီး ကုန်ကြပါပြီ၊ ဘယ်တော့ကမှ မမြင်ခဲ့ဘူး။ (မှန်ပါ့)၊ မြင်ကို မမြင်ခဲ့ဘူး။ (မှန်ပါ့)။

ဒီ ဝိဇ္ဇာ မလာခင် ခုလို ရှုပါလို့ ဆရာသမားက တိုက် တွန်း နှိုးဆော်မှု မရှိခင်၊ ရှုဖို့ နည်းကို ပြတဲ့ ဆရာသမားက မပြခင်တုန်းက ဆိုလို့ ရှိရင် သူများ စားသလိုစား၊ သူများလုပ် သလိုလုပ်၊ သူများ ကိုင်သလိုကိုင်၊ သူများသေလဲ သွားပို့ လိုက်၊ ကိုယ့် လူမမာ ရှိလဲ လာမေးကြ၊ ဒါနဲ့သာ အချိန်ကုန် သွားတာပဲ။ (မှန်ပါ့)။

ကိုယ့်သန္တာန်မှာ တရွရွ ခဏခဏ ပျက်နေတာ၊ ဖြစ်ပေါ် လာပြန်ပြီ၊ ပျက်နေပြန်ပြီ သိရဲ့လား။ (မသိပါဘုရား)။ အဲဒါ အဝိဇ္ဇာနဲ့ချည့် နေလာတယ်။ (မှန်ပါ့)။

ကိုစံလှ ဘယ်လောက် ကျုပ်တို့ အဝိဇ္ဇာ အသက် ရှည်လာခဲ့တယ် ဆိုတာ (ရှည်ခဲ့ပါတယ် ဘုရား)။

ခုလို ဆရာသမား နည်းပေး လမ်းပြနဲ့ မတွေ့ သရွေ့ ( ကာလ ပတ်လုံးဖြင့် မောင်နိုင် ဘယ်တော့ အဝိဇ္ဇာ ချုပ်မလဲ (မချုပ်နိုင်ပါ ဘုရား)။

အဝိဇ္ဇာ မချုပ်နိုင်လို့ ရှိရင် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ သွားလိုက်၊ ဇာတိ၊ ဇရာ၊ မရဏ ကျအောင် ဒါ ကျုပ်တို့ လမ်းစဉ်ပဲ။ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား။ (ဆိုနိုင်ပါ တယ် ဘုရား)။

အဝိဇ္ဇာဖြစ်လို့ ရှိရင် သင်္ခါရ ဖြစ်မှာပဲ၊ သင်္ခါရ ဖြစ်ရင် ဇာတိ၊ ဇရာ၊ မရဏတွေ လာမှာပဲ၊ သောက ပရိဒေဝတွေ လာမှာပဲ။ (မှန်ပါ့)။

အဲဒီ သောက ပရိဝေဒတွေလာလို့ ရှိရင် အဲဒီ သောက ပရိဒေဝတွေ ထဲမှာ အဝိဇ္ဇာက မပါဘူးလား။ (ပါ,ပါတယ် ဘုရား)၊ မသိလို့ သောက ပရိဒေဝ ဖြစ်တော့ အဝိဇ္ဇာက မသိ တာ ပါနေတယ်။ (မှန်ပါ့)၊ အဲဒီတော့ အဝိဇ္ဇာ သင်္ခါရာ ပြန်မလှည့်ဘူးလား။ (လှည့်ပါတယ် ဘုရား)။

ကြက်ဥ အစ,ရှာမတွေ့သလို ဝိုင်းမနေဘူးလား။ (ဝိုင်းနေပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ချီးမြှောက် ပြောတယ်လို့ မယူနဲ့၊ ဒီဖြစ်မှုကလေး မတွေ့ လို့ ပျက်မှု ကလေး တွေ့ နေနေ၊ ပျက်မှု တွေ့ရင် သြော် ဖြစ်မှုရှိလို့ ပျက်တယ် ဆိုတာလဲ ဉာဏ်ဆောင် ကြည့်လိုက် ရင် မောင်နိုင် မသိဘူးလား။ (သိပါတယ် ဘုရား)။

ဒီလိုသိလို့ ရှိရင် အဖြစ်လဲ သိပြီးသား၊ အပျက်လဲ သိပြီးသားလို့ ဆိုပြီး သကာလ သြော် တို့ သေက္ခဉာဏ် နဲ့လဲ ပြည့်စုံပါပေါ့လားလို့ မောင်နိုင် ဆုံးဖြတ်ချက်ချ။ (မှန်ပါ့)။

အားရှိစရာ သိပ်ကောင်းတယ်။ (မှန်ပါ့၊ အားရှိစရာ သိပ်ကောင်းပါတယ် ဘုရား)။

သေတာဟာတဲ့၊ ဒီဟာသာ မြင်ပြီးရင် ခင်ဗျားတို့ သေတာဟာ သေက္ခ အဖြစ်နဲ့ သေတာ၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် သေတာကွ၊ ဒါ ဘာမှ ပူစရာ မရှိ ဘူးကွ၊ ဒီဉာဏ်နဲ့ သေသွား တာကွ ဆိုတော့ ကျုပ်တို့ ဘယ်နည်းနဲ့မှ ဂတိ မှားစရာ မရှိပါဘူး။ (မရှိပါ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ)။

နိဗ္ဗာန်ဆောင်စေတတ်တဲ့ ဉာဏ်

ကောင်းပြီ၊ ဒီပြင် ဘာအထူးများ ဟောပြောမတုံး ဆိုတော့ “ဓမ္မသောတံ သမာပန္နော ဣတိပိ” တဲ့၊ ဓမ္မသောတံ= နိဗ္ဗာန်ဆောင်စေတတ်တဲ့၊ ဥပမာ-ရေစီးသွားတယ်၊ ဧရာဝတီ မြစ်ကြီး စီးသွားတယ် ဆိုတော့ မောင်နိုင် သမုဒ္ဒရာ ရောက်မှ ရောက်ပါ့မလားဟေ့ (ရောက်ပါတယ် ဘုရား)၊ အဲဒီ ကျမှပဲ သူ့စီးစရာ ကုန်တော့တာပဲ။ (မှန်ပါ့)။

ထို့အတူပဲတဲ့၊ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်၏ ဖြစ်မှု ကလေး၊ ချုပ်မှု ကလေး မြင်တဲ့ ဥစ္စာသည် ဒီ အမြင်တည်းဟူသော သောတ၊ ဒီအမြင်တည်း ဟူသော အလျဉ် ဉာဏ်သည်။ ရေအလျဉ်နဲ့ တူတဲ့ ဉာဏ်သည် နိဗ္ဗာန်ပဲ ဆိုက်တော့မယ် ဆိုတဲ့ ဥစ္စာ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ့)။

ဒီ အမြင်ဉာဏ် ကလေးဟာ နိဗ္ဗာန်မှ တစ်ပါး ဘယ်မှ မဆိုက်တော့ဘူး။ (မှန်ပါ့)၊ အမြင်ဉာဏ် ကလေး ဟာလေ ဘယ်သွား ဆိုက်မလဲ (နိဗ္ဗာန် သွားဆိုက်ပါမယ် ဘုရား)၊ နိဗ္ဗာန် သွားဆိုက်မယ် ဆိုတဲ့ ဥစ္စာ သေသေချာချာ မှတ်ပါ။ (မှန်ပါ့)။

အင်မတန် အဖိုးတန်ပါတယ်။ (တန်ပါတယ် ဘုရား)။

လောကကြီး၏ ဖြစ်ပုံကလေးနဲ့ ချုပ်ပုံ ကလေး မြင် လိုက်တဲ့ သဘော ကလေးဟာ ဒီ အမြင်ဉာဏ် ကလေးဟာ ဘယ်ကျမှ လမ်းဆုံးသလဲ။ (နိဗ္ဗာန်မှ လမ်းဆုံးပါ တယ် ဘုရား)။

အဲ ဓမ္မသောတံ= တရားတည်းဟူသော ရေအလျဉ် သည်၊ ဓမ္မတည်း ဟူသော ဉာဏ်အလျဉ် ကလေးဟာ ဉာဏ် တည်း ဟူသော သဘော ကလေးဟာ နိဗ္ဗာန် သွားဆိုက်တော့ မယ် ဆိုတာ သေသေ ချာချာမှတ်ပါ။ (မှန်ပါ)။

သြော် ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ခန္ဓာ၏ ဖြစ်မှုကလေး၊ ခန္ဓာ၏ ချုပ်မှုကလေး၊ သြော် အကြောင်း ဖြစ်လို့ ဖြစ်တာပဲ မောင်နိုင် (မှန်ပါ့)၊ ချုပ်ပြန်တော့ကော (အကြောင်းချုပ် လို့ ချုပ်ပါတယ် ဘုရား)၊ အကြောင်း မချုပ်ရင် ဘယ့်နှယ် လုပ်ပြီး ဒီအကျိုး ချုပ်မလဲ။ (မချုပ်ပါ ဘုရား)၊ ဆီမှ မကုန်ဘဲနဲ့ မီးသေချင်လို့ မောင်နိုင် (မရပါ ဘုရား)။

ဆီမကုန်ရင် မီးမသေပါဘူး။ (မှန်ပါ့)၊ ဆီသာ ကိုဝ ကုန်ကြည့်စမ်းပါ၊ ဒီ မီးမသေတော့ ဘုန်းကြီးဆိုတော့ (မှန်ပါ့)၊ မဆိုထိုက် ဘူးလား။ (ဆိုထိုက်ပါတယ် ရှိ ဘုရား)။

ကိုင်း ဒါဖြင့် ဟောဒီ ဘုန်းကြီး မောင်းနေတဲ့ အင်ဂျင်က ဆီသာ ကုန်ပစေ ဟောဒီ မီးတွေ အကုန်ငြိမ်း ချေရဲ့။ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ကိုအကြောင်းကုန်လို့ ဒီမီး အကျိုးကုန် တယ်။ (မှန်ပါ့)၊ ဟိုက ဆီတည်း ဟူသော အကြောင်းက ကျေးဇူး ပြုနေလို့ ဒီ မီးလင်းတယ်။ (မှန်ပါ့)။

ဒါဖြင့် အကြောင်းချုပ်လို့ (အကျိုးချုပ်ပါတယ် ဘုရား)။

အဲ ဒီခန္ဓာထဲမှာလဲ ဒီအတိုင်းသာ ဒကာ ဒကာမတွေ က သြော် ဖြစ်တယ်၊ အကြောင်း ဖြစ်လို့ ဖြစ်ရှာတာ၊ ပျက်ပြန်တယ်၊ အကြောင်း ပျက်လို့ (ပျက်ပါတယ် ဘုရား)၊ ပျက်သွားတာပဲလို့ ဒီလို သိနေတဲ့ ပုဂ္ဂိုလ်မှာ “ဓမ္မသောတံ သမာပန္နော ဣတိပိ” နိဗ္ဗာန် ဆိုက်တဲ့ ဉာဏ် ရသွားပြီကွာ တဲ့၊ သူ့ အတွက် တော့ဖြင့် ဘာမှ မစိုးရိမ်ပါနဲ့ တော့တဲ့။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီဘုရား)။

ဘယ်ဆိုက်တဲ့ ဉာဏ်ရသလဲ (နိဗ္ဗာန် ဆိုက်တဲ့ ဉာဏ် ရပါတယ် ဘုရား)၊ အဲဒါ ဒကာ ဒကာမ တွေက ငါသေရင် အပါယ်များ သွားရဦး မှာလား၊ ငါ့မှာ သားတွေ၊ သမီးတွေနဲ့၊ ပစ္စည်းတွေနဲ့ ခက်ကောင်း ခက်ရချည်ရဲ့၊ အို သံသယကို မရှိနဲ့၊ ဒီအမြင်နဲ့သာ သေပေစေ၊ ရှင်းပလား။ (ရှင်းပါ ပြီ)၊ ဒီ အမြင်ကို လက်မလွတ်ပါနဲ့။ (မှန်ပါ့)။

အရေးရှိက ဒါပဲ အားကိုးရမှာ

ဒါကြောင့် ဘုန်းကြီးက မှာတယ်၊ ဒကာ ဒကာမတို့ ရှုပေးပါနော်၊ ရှုပေးပါ ဆိုတာ ဒီအမြင်နဲ့ သေပါစေ။ (မှန်ပါ့)၊ မောင်နိုင် ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။

သို့သော် ဒကာ ဒကာမတွေကို ဘယ်သူကပဲ ကြိမ်နဲ့ တားတား၊ မရှူနဲ့တဲ့ ဆိုလဲ မရတော့ပါဘူး။ (မှန်ပါ့)၊ ကိုဝ ရပါ့မလား။ (မရပါ ဘုရား)။

အာစိဏ္ဏကံ ဆိုတဲ့ မပြတ် လေ့ကျင့်တဲ့ ကံကြီးက ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အရေးရှိ ဒါပဲ အားကိုး ရမှာပဲ။ (မှန်ပါ့ဘုရား)။

နို့ ဒီဉာဏ်ကလေး ရဖို့ သူတို့ ကြိုးစား တော့မယ် ဆိုတော့ ဒီဉာဏ် ကလေးကလဲ နိဗ္ဗာန် တည်း ဟူသော သမုဒ္ဒရာသို့ ဆိုက်တဲ့ဉာဏ်။ (မှန်ပါ့)။

“ဓမ္မသောတံ သမာပန္နော ဣတိပိ” တဲ့၊ ဒကာ ဒကာမတို့ နိဗ္ဗာန်တည်း ဟူသော သမုဒ္ဒရာသို့ သာသွားတဲ့ ဉာဏ်အလျဉ်ပဲ ဆိုတာ သေသေချာချာ မှတ်ထားတော့မှ သြော် ငါတို့ သိတဲ့ အကြောင်း ဖြစ်လို့ အကျိုး ဖြစ်တာ ကလေး၊ အကြောင်း ချုပ်လို့ အကျိုး ချုပ်တာ ကလေး(ဝါ) ဖြစ်ပျက်ကလေး နှစ်ခုသည်၊ ဒါ သိတဲ့ ဉာဏ်သည် ကားလို့ ဆိုရင် နိဗ္ဗာန်သိတဲ့ ဉာဏ် ရထားတာ ပါကလား ဆိုတာ သေသေ ချာချာမှတ်ပါ။ (မှန်ပါ့ဘုရား)။

အားရှိအောင် ပြောတာလား ဘုရားဟော ပါဠိတော် အတိုင်းလား မောင်နိုင် (ပါဠိတော် အတိုင်းပါ ဘုရား)၊ ကိုဝ ပါဠိတော် အတိုင်းနော်။ (မှန်ပါ့)။

ပါဠိတော် အတိုင်း ဆိုတော့ သြော် ယုံမှ ယုံပါ့မလား ဆိုတာ ခင်ဗျားတို့က မထားနဲ့တော့။ (မှန်ပါ့)၊ မထားနဲ့တော့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလ ပတ်လုံး ဖြည့် ဆည်းပူးလို့ ရတဲ့ ခုနင်က ပဋိစ္စသမုပ္ပါဒ် သိလို့ သူ ဘုရား ဖြစ်တာပေါ့ ဗျာ။ (မှန်ပါ့)၊ သူ ဘုရားဖြစ်တဲ့ ဉာဏ်နဲ့ ပြောတာပဲ။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီဘုရား)။

ထိုးထွင်းတဲ့ ဉာဏ်အသိ

ဒါပဲလား ဆိုတော့ မကသေးပါဘူးကွာတဲ့၊ “အရိယော နိဗ္ဗေဓိကပညော ဣတိပိ” တဲ့၊ သူများ ဘယ်သူမှ မသိနိုင်တဲ့ သံသရာ လောကမှာ ဆရာကောင်း သမားကောင်းနဲ့ မတွေ့ ရတဲ့ ပုဂ္ဂိုလ် မသိနိုင်တဲ့ အသိကို အဝိဇ္ဇာက ဖုံးထားတာကို မင်းတို့ သိရတဲ့ ထိုးထွင်းတဲ့ ဉာဏ် အသိလို့ သေသေ ချာချာလဲ မှတ်ပါတဲ့။ (မှန်ပါ့)။

ဘာအသိတဲ့ (ထိုးထွင်းတဲ့ ဉာဏ်အသိပါ ဘုရား)၊ ထိုးတွင်းတဲ့ ဉာဏ်အသိလို့ အဝိဇ္ဇာ တည်း ဟူသော ထုကြီးဟာ တစ်သံသရာလုံး ကာပြီး သကာလ နေခဲ့တဲ့ အတွက် ဘုရားရှင် တွေက တရား စည်ကြီး တီးလိုက်တာ အကနိဋ္ဌ ဗြဟ္မာပြည် တိုင်အောင် ကြားတယ်၊ လူ့ပြည်က တီးလိုက်တာ၊ တရား သံတွေ ဟာလေ။ (မှန်ပါ့)၊ အဲဒါ ကျုပ်တို့ အဝိဇ္ဇာလဲ တိုးလို့ မရဘူး၊ တရားသံတွေ ဟာလေ။ (မှန်ပါ့)၊ မောင်နိုင် ရရဲ့လား။ (မရပါဘုရား)။

ဒီလောက်ထိအောင် ကျုပ်တို့ ထူခဲ့ အ,ခဲ့ ထုကြီး ခဲ့တယ် ဆိုတာ ကိုဖြင့် ဘာမှ သံသယ မရှိနဲ့၊ အလွန်ကို ဆိုးဝါး ခဲ့တယ် (မှန်ပါ့)။

အဝိဇ္ဇာထု ဘယ်လောက် ကြီးခဲ့တယ် ဆိုတာ (ကြီး ပါတယ် ဘုရား)၊ ဘုရား တစ်ဆူ တစ်ဆူ ဟောလိုက်တဲ့ တရား စည်ကြီး ဆိုတဲ့ အသံကြီး ဟာလေ တရားသံကြီးဟာ မောင် နိုင် အကနိဋ္ဌ ဗြဟ္မာပြည်က ကြားတယ်။ (မှန်ပါ့)၊ ကျုပ် တို့ မကြားဘူး။ (မှန်ပါ့)၊

ဘာခံနေသတဲ့တုံး။ (အဝိဇ္ဇာ ထုကြီး ခံနေပါတယ် ဘုရား)၊ အဝိဇ္ဇာထု ခံနေတယ် ဆိုတာ သေချာကြပလား။ (သေချာပါပြီဘုရား)။

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယခု ဖြစ်တာနဲ့ အကြောင်း ဖြစ်လို့ အကျိုး ဖြစ်ရတယ်။ အကြောင်း ချုပ်လို့ အကျိုး ချုပ်ရတယ် ဆိုတဲ့ ခန္ဓာ လောကကြီး ပေါ့လေ။ (မှန်ပါ့)။

အဲဒီ – ခန္ဓာ လောကကြီးကို ပိုင်ပိုင် နိုင်နိုင် ကျုပ်တို့ သြော် ဖြစ်ပြီ၊ သြော် ပျက်ပြီ၊ ဒီလို သိနေတဲ့ အသိ ကလေးဟာ အဝိဇ္ဇာ ထုကြီးကို တစ်ခါတည်း ထိုးဖောက်တဲ့ ဉာဏ်နဲ့ သိတာ ပါကလား။ (မှန်ပါ့)၊ ဒါဖြင့် အဝိဇ္ဇာချုပ်တဲ့ ဉာဏ်ပဲ။ (မှန်ပါ့)၊ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။

နိဗ္ဗာန်တံခါးဝကို ရောက်ပြီ

ဒါတွင်ပဲလား ဆိုတော့ မကသေးဘူးကွာ၊ ငါဘုရား အမြင်နဲ့ မင်းတို့ ကို ရှင်းနေအောင် ပြောပါရစေ ဆိုပြီး “အမတ ဒွါရံ အာဟစ္စ တိဋ္ဌတိ ဣတိပိ ” နိဗ္ဗာန် တံခါးဝကို ရောက်ပါပြီ ကွာတဲ့၊ မင်းတို့ သေးတယ်၊ သိမ်ငယ်တယ် လို့များ ထင်မနေ ပါနဲ့တဲ့၊ ဒီအမြင် ဒီအမြင်ဟာလေ။ (မှန်ပါ့)။

“အမတ ဒွါရံ အာဟစ္စတိဋ္ဌတိ ဣတိပိ ” တဲ့၊ နိဗ္ဗာန် တံခါးဝနား မင်းတို့ ရောက်ပြီ၊ ပြန်မဆုတ် တော့ဘူးကွ တဲ့။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ အခု ပြောလိုက်တဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ သဗ္ဗညုတ ဉာဏ်နဲ့ အမှန် ကို သေသေ ချာချာ ဟောတော့မှ ဪ ငါတို့ ဘယ်များ ရောက်နေပါ လိမ့်မတုံးလို့ မောင်နိုင်ရေ ဘာမှ သံသယ ရှိမနေနဲ့။ (မှန်ပါ့)၊

နိဗ္ဗာန် တံခါးဝ နား ရောက်နေပြီလို့ ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ့)၊

ဖြစ်ပျက်ဆုံးတဲ့ ပုဂ္ဂိုလ် ကတော့ ရောက်ပြီလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊

ဖြစ်ပျက် မြင်နေတဲ့ ပုဂ္ဂိုလ်ကတော့ တံခါးဝ ရောက်ပြီလို့ ဆုံးဖြတ် ချက် ချ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ ဘုရား)။

ဒီနေ့ညမှာ သေသေ ချာချာ ပြောနေတယ် ဒကာ ဒကာမတို့၊ သေသေ ချာချာပြောတော့ ဖြစ်ပျက် မြင်တဲ့ ပုဂ္ဂိုလ် ဘယ်ရောက် သတုံး။ (နိဗ္ဗာန် တံခါးဝ ရောက်ပါတယ်)၊ နိဗ္ဗာန် တံခါးဝ ရောက်တယ်၊ သူ နောက်တော့ မဟုတ်ဘူး။ (မှန်ပါ့)၊ နိဗ္ဗာန်တံခါးဝ လာပြီး ရပ်ပါပြီတဲ့၊ သဘော ကျပလား။ (ကျပါပြီဘုရား)။

မွေးသေလွတ် နေရာမြင်၍ နိဗ္ဗာန်ရောက်ပြီ

ဟာ ဒီ ပဋိစ္စသမုပ္ပါဒ် လောကကြီး၏ ဖြစ်တာလဲ မတွေ့တော့ဘူး ဆိုတော့ ပဋိစ္စသမုပ္ပါဒ် ရှိသေးရဲ့လား။ (မရှိတော့ပါ ဘုရား)။

ဖြစ် ပဋိစ္စသမုပ္ပါဒ်လဲ မရှိဘူး။ (မှန်ပါ့)၊ ချုပ် ပဋိစ္စသမုပ္ပါဒ်ကော (မရှိတော့ပါ ဘုရား)။

မရှိဘူး ဆိုတော့ ပဋိစ္စသမုပ္ပါဒ် နှစ်ခုစလုံး သူ့မှာ ဖြင့် သေတတ်တဲ့ ပဋိစ္စသမုပ္ပါဒ် လဲ မရှိဘူး၊ မွေးတဲ့ ပဋိစ္စ သမုပ္ပါဒ်ကော (မရှိပါ ဘုရား)၊ ဪ ဒါဖြင့် မွေး သေလွတ်ကို မြင်တော့၊ မွေး သေ လွတ်ရာ မြင်တော့ နိဗ္ဗာန် ရောက်နေပြီ။ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား။ (ဆိုနိုင် ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ “အမတဒွါရံ အာဟစ္စ တိဋ္ဌတိ ဣတိပိ” အမတဒွါရံ = နိဗ္ဗာန် တည်း ဟူသော တံခါးဝသို့၊ အာဟစ္စ= ထိကပ်၍၊ တိဋ္ဌတိ= တည်နေတယ် ဟူ၍၊ အဟံ= ငါ ဘုရားသည်၊ ဝဒါမိ- ဟောပြန်၏ တဲ့။

နိဗ္ဗာန်မြို့ထဲ ဝင်သွားပြီ

နိဗ္ဗာန် တံခါးဝ နားကို သူ ရပ်နေပါပြီကွာ တဲ့၊ ဖြစ် ပျက် မြင်တဲ့ ပုဂ္ဂိုလ်များဟာ (မှန်ပါ့)၊ ဖြစ်ပျက်များ ဆုံးအောင် လိုက်တဲ့ ပုဂ္ဂိုလ်များ ကျ တော့ နိဗ္ဗာန်မြို့ထဲ ဝင် သွားပြီ။ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီလောက်တောင်ပဲ ဘုရားသခင် ကိုယ်တော်မြတ် ကြီး အကျယ်တဝင့်ပြော၊ သဗ္ဗညုတ ဉာဏ် တော်ကြီးနဲ့ ရှင်းရှင်း လင်းလင်း ပြောလိုက်တဲ့ အတွက် သြော် ငါတို့ လုပ်တာ နဂိုကလဲ ပဋိစ္စ သမုပ္ပါဒ် ဖြစ်မှုကိုလဲ တွေ့တယ်။ ပျက်မှု ကိုလဲ တွေ့တယ်၊ ဖြစ်ပျက် တွေ့ပါတယ် ဆိုကတည်း က နိဗ္ဗာန် တံခါးဝနား ရပ်နေပြီ။ (မှန်ပါ့)၊

ဒီ ပဋိစ္စ သမုပ္ပါဒ်ကြီး တောင်မှ၊ အခု ခန္ဓပဋိစ္စ သမုပ္ပါဒ်ကြီး တောင်မှ ဖြစ်တာလဲ မတွေ့ တော့ ပါဘူး၊ ပျက်တာလဲ မတွေ့တော့ ပါဘူးဆို ပဋိစ္စ သမုပ္ပါဒ်ဟာ နှစ်ခု စလုံး ဆုံးသွားတယ် မောင်နိုင်။ (မှန်ပါ့)၊ ဘာဆုံး သွားသတုံး။ (ပဋိစ္စ သမုပ္ပါဒ် ဆုံးသွားပါတယ် ဘုရား)၊ နှစ်ခု စလုံး ဆုံးသွား တယ်။ (မှန်ပါ့)။

နှစ်ခု စလုံး ဆုံးသွားတော့ ဖြစ်စရာလဲ မရှိတော့ဘူး၊ ကျုပ် တို့ (မှန်ပါ့)၊ ပျက်စရာကော (မရှိတော့ပါ ဘုရား)၊ ဪ ကျုပ်တို့သည်ကားလို့ ဆိုရင်ဖြင့် အမွေး၊ အသေဖြင့် လွတ်ပေါ့။ (မှန်ပါ့)။

ဘယ့်နှယ် ဆိုကြမယ်။ (အမွေး၊အသေ လွတ်ပါပြီ)၊ အမွေး၊ အသေဖြင့် လွတ်ပါပြီ၊ မွေးရင် သေဦး မှာကိုး။ (မှန်ပါ့)၊ အခုတော့ မွေးတာလဲ မတွေ့ တော့ပါဘူး ဆိုတော့ ဖြစ်တာ မတွေ့ဘူး။ (မှန်ပါ့)၊ သေတာလဲ မတွေ့ တော့ ပါဘူး ဆိုကတည်း ကိုက ဒကာ ဒကာမတို့ ကျုပ်တို့ အသေ လွတ် မြင်နေတဲ့ အဓိပ္ပာယ် မရောက်ဘူးလား။ (ရောက် ပါတယ်ဘုရား)။

အဲဒါကြောင့် “အမတဒွါရံ အာဟစ္စ တိဋ္ဌတိ” အမတ ဒွါရံ= နိဗ္ဗာန်မြို့ တံခါးဝသို့၊ အာဟစ္စ= ထိကပ်၍၊ တိဋ္ဌတိ= ရပ်နေ၏တဲ့၊ (ဝါ) တည်နေ၏၊ ဣတိပိ- ဤသို့၊ အဟံ= ငါ ဘုရားသည်၊ ဝဒါမိ= ဟောတော်မူ၏။

ဖြစ်ပျက် မြင်တဲ့ ပုဂ္ဂိုလ်များမှာ နိဗ္ဗာန် တံခါးဝနား ဝင်မလို့ – ရပ်နေတာ၊ တည်နေတာ။ (မှန်ပါ့)။

ကိုစံလှ ရေ ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်များ ဘာတဲ့တုံး။ (နိဗ္ဗာန် တံခါးဝနားမှာ ရပ်နေပါတယ် ဘုရား)၊ ပြန်ဆုတ် သေးသလား။ (မဆုတ်ပါ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ဖြစ် ပျက် ဆိုတော့ သာမည မှတ်နေတယ်၊ စင်စစ် ဘာဟုတ်မလဲ၊ ခန္ဓာကြီး၏ ပဋိစ္စ သမုပ္ပါဒ် ဖြစ်မှုကို မြင်တာ။ (မှန်ပါ့)၊ ချုပ်တာက ခန္ဓာကြီး ၏ ပဋိစ္စသမုပ္ပါဒ် သေနေ တာကို မြင်တာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ခန္ဓာကြီး၏ ပဋိစ္စသမုပ္ပါဒ် သေနေတာကို မြင်တာ ရယ်၊ ဖြစ်နေတာကို မြင်တာရယ်၊ ဒီအမြင် နှစ်ခု ရတယ်။ (မှန်ပါ့)။

ဒါဖြင့် ကိုယ် ခဏခဏ ဒုက္ခ ရောက်နေတာ ကိုလဲ မြင်တယ်၊ ကိုယ် ခဏခဏ သေနေတာ ကော (မြင်ပါတယ် ဘုရား)။

အဲဒါ ဒီဆုံးသွားတဲ့ ပုဂ္ဂိုလ်များကျ တော့ ဘယ့် နှယ် နေပါ့မလဲ မောင်နိုင်။ (နိဗ္ဗာန် ရောက်ပါတယ် ဘုရား)။ နိဗ္ဗာန် တစ်ခါတည်း အတွင်း ရောက်သွားတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်တွေ့လို့ သေချာနေပြီ

အဲဒါကြောင့် တဲ့၊ ဒီ ဒကာ ဒကာမတွေ သြော် ငါတို့ သည်ကားလို့ ဆိုရင် ဘယ် အခြေ အနေများ ရောက်နေပါလိမ့် မလဲ၊ ဆရာသမားနဲ့ ကပ်နေတာလဲ ကြာကြပြီ၊ ဆရာ သမားက နေ့တိုင်း သယ်ယူ ပို့ဆောင်နေတယ် နိဗ္ဗာန် ရောက်အောင်၊ တို့က ဝန်လေးသမား၊ ခြေနှေးသမား၊ ကပ်ဖဲ့ သမား၊ နောက်ပြန်ကွေ့နေတဲ့ သမားလို့ ကိုယ့်ကိုယ်ကိုယ် မတွေး လိုက်ပါနဲ့၊ ဖြစ်ပျက် တွေ့ နေကတည်းက သေချာနေ ပြီ။ (မှန်ပါ့)။

ဖြစ်ပျက် တွေ့ ကတည်းက (သေချာ နေပါပြီ)၊ သေချာ နေပြီ ဆိုတော့ ကိုဝ,ရေ သေပျော်တဲ့ တရား။ (မှန်ပါ့)။

ကဲ မောင်နိုင်တို့ လဲ အသက်ကြီးပြီ၊ ကိုဝ,တို့လဲ ခြောက်ဆယ် ကျော်နေပြီ၊ ကိုပေါ် တို့လဲ အတူတူပဲ ကြီးနေ ပြီ၊ ကိုစံလှတို့လဲ ကြီးပြီ၊ ဒါတွေကို မတွေ့ဘူး။ (မှန်ပါ့)၊ တွေ့နိုင်ပါ့ မလား။ (မတွေ့နိုင်ပါ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်တံခါးဝ ရောက်တယ်လို့ သူ့ကို ဆိုနိုင် ပါ့မလား။ (မဆိုနိုင်ပါ ဘုရား)။

ဘုရားက လောက ခန္ဓာကြီး၏ ဖြစ်မှုနဲ့ ပျက်မှုကို တွေ့မှ နိဗ္ဗာန် တံခါးနားကို ရပ်ပြီး သကာလ တည်နေတဲ့ ပုဂ္ဂိုလ်လို့ ငါ ဘုရား ဟောတယ်လို့ ဆိုကတည်း ကိုက ဒါမှ မတွေ့ သေးတဲ့ ပုဂ္ဂိုလ်ဖြင့် နိဗ္ဗာန် တံခါး မပြောပါနဲ့၊ နိဗ္ဗာန် သွားလမ်းကို မတွေ့သေးဘူး။ (မှန်ပါ့)၊ တွေ့ပလား။ (မတွေ့သေးပါ ဘုရား)။

မတွေ့သေးတဲ့ ပုဂ္ဂိုလ်ဆိုတော့ သြော် သူ့ အတွက် ခင်ဗျားတို့ က ဘယ်လိုစဉ်းစားမလဲ၊ ဘယ်လိုမှ မစဉ်းစား နဲ့တော့။ (မှန်ပါ့)၊ သံသရာ့ ခရီးသည် အမောဆိုက်ပြီး သကာလ နေရာတွင် လဲသေပြီး ဟိုနေရာ ထ, ပြေးမှာပဲ၊ ပြေးပြီ၊ ဟိုနေရာကျ လဲပြီး သေလိုက်မှာပဲ၊ ဒါပဲ သူ လမ်းရှိတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ထ,ပြေးလိုက် လဲသေလိုက်၊ လဲသေရာ ကနေ ထ, ပြေးလိုက် ပြန်ရင်ကော (ဒါပဲ ရှိပါတယ် ဘုရား)၊ ဒါ သူ့ လမ်း။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

နောက်တစ်ခါ ပြန်လှည့်လာပြန်တော့ သူ့ အရိုးပုံပေါ်, ပြန်ပြီး သူ့ကို မြှုပ်ပေါ့ဗျာ။ (မှန်ပါ့)၊ ဒီလိုပဲ လှည့်နေမယ် ဆိုတာ သေချာပလား။ (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နိဗ္ဗာန် တံခါးဝနား ရောက်ချင်ကြလို့ ရှိရင် ဖြစ်ပျက်တွေ့ အောင် ကြိုးစားပါ။ (မှန်ပါ့)၊ နိဗ္ဗာန်ထဲကို ရောက်ချင် ပါတယ် ဆိုလို့ ရှိရင် ဖြစ်ပျက် ဆုံးသည့် တိုင်အောင် ဉာဏ်က လိုက်ပါ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒီလိုဆိုရင် ပူစရာ ရှိသေးရဲ့လား။ (မရှိပါဘုရား)၊ သဘောပါပလား။ (ပါ,ပါပြီဘုရား)။

ဒါက နိဒါနဝဂ္ဂ သံယုတ် ပါဠိတော်မှာ သေသေချာချာ ဟောတာပဲ။ (မှန်ပါ့)။

နိဗ္ဗာန်ထဲ ရောက်ပုံ

ကဲ ဒါဖြင့် နိဗ္ဗာန်ထဲ ရောက်ပုံ ပြောကြပါစို့ ဆိုတော့ မနေ့က အဂ္ဂိဝစ္ဆကို ဒါနဲ့ ပြန်စပ် မောင်နိုင်ရ

(မှန်ပါ့)။

အဂ္ဂိဝစ္ဆက မနေ့က မေးလိုက်တာ၊ အရှင်ဘုရားတဲ့၊ တဏှာတွေ၊ ဥပါဒါန်တွေ၊ ကံတွေ ချုပ်တဲ့ ပုဂ္ဂိုလ်၊ တဏှာ၊ ဥပါဒါန်၊ ကံနော်။ (မှန်ပါ့)၊ ဒါတွေက ချုပ်တယ်တဲ့၊ ဒီက မဂ်က လာသေးသကိုး၊ မဂ်က ရှေ့ပိုင်းက လာပေး၊ ဒီက ပဋိစ္စသမုပ္ပါဒ်၏ ဖြစ်မှုကလေး၊ ပျက်မှုကလေး၊ ဒါက ခန္ဓာပေါ့လေ။ (မှန်ပါ့)။

ခန္ဓာထဲ ဖြစ်မှု၊ ပျက်မှုမှတစ်ပါး ယောက်ျား၊ မိန်းမ ရှိသေးရဲ့လား။ (မရှိပါဘုရား)။

ဘာရှိသတုံး။ (ဖြစ်မှု၊ ပျက်မှုပဲ ရှိပါတယ်ဘုရား)။

အဲဒါကလေး ကျုပ်တို့ က ဒီ မဂ်ကလေးနဲ့ မြင်ပြီး ဝိပဿနာမဂ်နဲ့ပဲ မြင်တယ် ထားပါ ဦးတော့၊ မြင်လို့ ရှိရင်ဖြင့် ခန္ဓာခင်တဲ့ တဏှာ၊ ခန္ဓာစွဲလမ်းတဲ့ ဥပါဒါန်၊ နောက်ခန္ဓာ လိုချင်လို့ ပြုတဲ့ကံ လာ သေးရဲ့လား။ (မလာပါ ဘုရား)။

ဒါဖြင့် တဏှာဥပါဒါန် မချုပ်ဘူးလား။ (ချုပ်သွား ပါတယ် ဘုရား)။

ငါဘုရားအမြင်ဟာ ဖြစ်ပျက်ပဲ

ဒီ တဏှာ ဥပါဒါန်၊ ကံချုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဘုရား သခင် ကိုယ်တော်မြတ်ကြီးက ဖြစ်ပျက်မြင်လို့ ရှိရင် ငါဘုရား အမြင်ဟာ ဖြစ်ပျက်ပဲလို့ လဲ သူ ဟောထားတယ်။ (မှန်ပါ့)၊ မဟောဘူးလား။ (ဟောပါတယ် ဘုရား)။

ငါဘုရား အမြင်ဟာဖြင့် ဝေဒနာကြည့်ပြန်လဲ ဝေဒနာ မတွေ့ပါဘူးကွာ၊ ဖြစ်ပျက် တွေ့တယ်။ (မှန်ပါ့)၊ ရုပ်ကြည့် ပြန်လဲ ရုပ် မတွေ့ ပါဘူးကွာ၊ ဖြစ်ပျက် တွေ့တယ်လို့ မဟော ဘူးလား။ (ဟောပါတယ် ဘုရား)၊ အဲဒါ ငါဘုရားအမြင် ဆိုတော့ ဒီအမြင်ရတဲ့ ပုဂ္ဂိုလ် ဘာဖြစ်သတုံး ဆိုတော့ တဏှာ,ဥပါဒါန်, ကံချုပ်တယ်၊ တဏှာ, မာန, ဒိဋ္ဌိချုပ် တယ်လို့ မနေ့က မဟောခဲ့ဘူးလား။ (ဟောခဲ့ပါတယ် ဘုရား)။

ချုပ်ကော မချုပ်ဘူးလား။ (ချုပ်ပါတယ်ဘုရား)။ ဒါက ဖြစ်ပျက်၊ ဒါက အမြင် (မှန်ပါ့)၊ အမြင် နောက်က နေပြီး ဒါတွေ လိုက်နိုင် သေးရဲ့လား။ (မလိုက် နိုင်ပါ ဘုရား)၊

မမြင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒါတွေက တန်းနေတာပဲ။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒါက ခန္ဓာ ပဋိစ္စသမုပ္ပါဒ် မောင်နိုင်ရ။ ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ကို ဉာဏ်နဲ့မြင်တယ်။ (မှန်ပါ့)၊ ရှင်း ပလား။ (ရှင်းပါပြီ ဘုရား)။

ခန္ဓာ၏ ဖြစ်မှု၊ ပျက်မှုဟာ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် ဟုတ် လား။ (မှန်ပါ့)၊ အဲဒါ ဘာနဲ့ မြင်သတုံး။ (ဉာဏ်နဲ့ မြင်ပါတယ် ဘုရား)။

ဒီလိုမြင်တဲ့ပုဂ္ဂိုလ် ဘာကျေးဇူးရှိသတုံး ?

ဉာဏ်နဲ့ မြင်တော့ကိုတဲ့၊ ငါဘုရား၏ အမြင်က ဒီလို မြင်တာ၊ ဒီလို မြင်တဲ့ ပုဂ္ဂိုလ် ဘာကျေးဇူး ရှိသတုံး၊ အို တဏှာ၊ မာန၊ ဒိဋ္ဌိ ချုပ်တယ်လို့ ဘုရားက မဟောလိုက် ဘူးလား။ (ဟောပါတယ် ဘုရား)၊ တဏှာ၊ ဥပါဒါန်၊ ကံတွေ အကုန် ချုပ်တယ်လို့ ကော (ဟောပါတယ် ဘုရား)။

ဟောတော့ ပုဏ္ဏားက တစ်ဆင့် တက်ပြီး မေးတယ်။ ဒီချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွား သတုံးတဲ့၊ မေးလာပြီ။ (မှန်ပါ့)။

ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံး

ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားသတုံး ၊ ဒီတဏှာ၊ ဥပါဒါန် ချုပ်တယ်တဲ့၊ ဒီချုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သွားသတုံး ဆိုတော့ မဂ်ပုဂ္ဂိုလ် ဘယ်သွား သတုံး မေးတာပဲ။ (မှန်ပါ့)၊ မမေး ပေဘူးလား။ (မေးပါတယ် ဘုရား)။

ချုပ်တာက ဒီမဂ်ဉာဏ်ရတဲ့ ပုဂ္ဂိုလ်၊ ဖိုလ်ဉာဏ် ရတဲ့ ပုဂ္ဂိုလ်မှ ဒါ ချုပ်တယ် မဟုတ်လား။ (မှန်ပါ့)။

အဲ ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားသတုံး ဆိုတော့ ဒီ မဂ်ပုဂ္ဂိုလ် ဘယ်သွား သတုံး၊ ဒီ ရဟန္တာ ဘယ်သွား သတုံး မေးတော့ (မှန်ပါ့)၊ မမေး သင့်ဘူးလား။ (မေးသင့်ပါ တယ် ဘုရား)၊ ခင်ဗျားတို့ လဲ မေးရမှာပဲ။ (မှန်ပါ့)။

ဒီ ရဟန္တာ ဘယ်သွားသတုံး ?

ဒီ မဂ်ပုဂ္ဂိုလ် ဘယ်သွားသတုံး၊ ဒီ ရဟန္တာ ဘယ်သွား သတုံးလို့ မေးတော့ ဘုရားက ဘယ်သွားတယ်လို့ မမေး ပါနဲ့ကွာ။ (မှန်ပါ့)။

ဒါနဲ့ မသွားဘဲ နေသလားတဲ့၊ သွားတယ် ဆိုရင် သူက သဿတဒိဋ္ဌိ ဖြစ်မှာ။ (မှန်ပါ့)၊ အဂ္ဂိဝစ္ဆပုဏ္ဏားမှာ မဖြစ်ပေဘူးလား။ (ဖြစ်ပါတယ်ဘုရား)။

တဏှာ၊ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သွားတယ် ဆိုလို့ ရှိရင်လဲ ဪ ဒီပုဂ္ဂိုလ်ဟာ ခြေလျင် သွားလို့ ဒီဘက် ရောက်တယ်၊ ဘယ်ဒိဋ္ဌိထဲ သွားမလဲ။ (သဿတဒိဋ္ဌိထဲ သွားပါမယ် ဘုရား)။

မသွားဘူးကွ၊ ဒီပုဂ္ဂိုလ် ဘယ်မှ မသွားတော့ဘူး ဆိုလို့ ရှိရင် ဪ ပြတ်တာပဲ ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ ယူသွားဦး မှာပဲ။ (မှန်ပါ့)၊ မယူ ပေဘူးလား။ (ယူပါတယ် ဘုရား)။

သဿတ၊ ဥစ္ဆေဒ လွတ်မှ နိဗ္ဗာန် မြင်မယ်

နိဗ္ဗာန်သိချင်ရင် သဿတ, ဥစ္ဆေဒလွတ်မှ နိဗ္ဗာန် ရှင်းမှာ။ (မှန်ပါ့)၊ နို့ မဟုတ်ရင် ရှင်းကြပါ့ မလား။ (မရှင်းပါ ဘုရား)။

အဲဒါ ခင်ဗျားတို့က အလကား နေရင်း ခင်ဗျားတို့က ဆုတွေ နင်းတောင်းပြီး သကာလ နေငြား သော်လဲ နိဗ္ဗာန် သဘောကျလို့ တောင်းတာလား၊ တောင်းရမယ် ဆိုတဲ့ ရှေး ပေါရာဏကြောင့် တောင်းတာလားလို့ မေးတော့ သဘော ကျတာ ပါကို မပါဘူး။ (မှန်ပါ့)၊ ရှေး ပေါရာဏနဲ့ တောင်း နေတာ။ (မှန်ပါ့)။

ကိုစံလှ ဒီပြင် ဘာပါသေးသလဲ။ (မပါ,ပါဘုရား) အခု သေသေ ချာချာ စဉ်းစားကြည့်တော့ ဒကာ ဒကာမတို့ နိဗ္ဗာန် ဆိုတာသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ဒီဟာတွေ ချုပ်သွားတဲ့ အတွက် နောက် ဒုက္ခသစ္စာ မလာတာကို ဆိုတာ။ (မှန်ပါ့)။

နိဗ္ဗာန်ဆိုတာ ဘာတုံး။ (နောက် ဒုက္ခသစ္စာ မလာ တာပါ ဘုရား)၊ အဲဒီတော့ ဒီ ဒုက္ခသစ္စာ သဘောကျ ထားမှ သြော် ဒုက္ခသစ္စာ မရှိရင်တော့ အေးတာပါပဲလေ ဆိုတော့ နိဗ္ဗာန် ပေါ်လာတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒုက္ခသစ္စာ မရှိရင် (အေးတာပါပဲ ဘုရား)၊ အေးတာပဲ ဆိုတော့ နိဗ္ဗာန်သည် “သန္တိ လက္ခဏံ နိရောဓသစ္စံ” ဆိုတဲ့ အတိုင်း အေးချမ်းတာ နိဗ္ဗာန်ပဲလို့ ဆိုတော့ ဪ ဒီခန္ဓာ ဒုက္ခသစ္စာမှ မသိတဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန် လိုချင်ပါတယ် ဆိုလို့ ရှိရင် သူ့အတွက်ဟာ သူ လိုချင်တာသည် ရိုးရာ လိုချင်တာ ရင်လဲ ဖြစ်ရပါမယ်။ (မှန်ပါ့)၊ တကယ် လိုချင်တာတော့ ကိုဝ။ (မဟုတ်ပါဘုရား)။

မဟုတ်ပါဘူးတဲ့၊ သဘောမှ မကျဘဲ၊ သူ့ ခန္ဓာ ဒုက္ခသစ္စာ မှ၊ ဖြစ်ပျက် ဒုက္ခသစ္စာမှ မောင်နိုင် မသိဘဲနဲ့ သူ လိုချင်တဲ့ နိဗ္ဗာန်သည် ကားလို့ ဆိုရင်ဖြင့် သူများ ရသလို ရချင်တာပေါ့။ ဒါလောက်ပဲ သိမှာပဲတဲ့။ (မှန်ပါ့)၊ ဒီပြင် ဘာရှိသေး သတုံး။ (မရှိပါ ဘုရား)။

သူများ ရသလို ရချင်တာပေါ့၊ သစ်ပင်က သစ်သီး တွေ ကြွေလာတယ်၊ ဥပမာမယ် သစ်တော်သီးတွေ ကြွေ လာတယ်၊ သူလဲ ကောက်စား၊ သူများလဲ ကောက်စား၊ သူ မရလို့ ငိုတယ် ဆိုတော့ သူများ ရသလို ရချင်လို့ ငိုတာပဲ ရှိမှာပါပဲ။ (မှန်ပါ့)၊ ဟုတ်ပလား။ (မှန်ပါ့)။

သစ်တော်သီး ရတာ သူ သိလို့ လိုချင်တဲ့ သဘောမျိုး ကလေး ဟုတ်ပါလေရဲ့ လား။ (ဟုတ်ပါတယ် ဘုရား)။

ကလေးလိုပဲ သူများ ကစားချင်လို့ ကစားချင်တာ၊ မကစားရ ငိုတာလောက် ဒီလိုလောက် ဖြစ်နေတယ်၊ ဒီပြင် ဘာမှ မရှိပါဘူး။ (မှန်ပါ့)။

ဒါ့ကြောင့် နိဗ္ဗာန် အကြောင်းကို ဟောရတော့မယ် ဆိုတော့ မောင်နိုင် ဒီခန္ဓာကြီး ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ မသိ တဲ့ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ဟာ ကိုဝ နိဗ္ဗာန် လိုချင်ပါ တယ်လို့ ဘယ့်နှယ် လုပ်ပြီး သူ့ကို ဟောမလဲ။ (မဟော နိုင်ပါဘုရား)။

သူ့ခန္ဓာ ဒုက္ခသစ္စာလို့ သူ မသိဘူးဗျ။ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ် ဖြစ်မှုလဲ ဒုက္ခသစ္စာ၊ ချုပ်မှုလဲ ဒုက္ခသစ္စာ၊ ဒါတွေမှ မသိတဲ့ ပုဂ္ဂိုလ် နိဗ္ဗာန် လိုချင်ပါတယ် ဆိုလို့ ရှိရင် ဖြင့် သြော် သူ လိုချင်တာသည် စာဖတ်ဖူးလို့ ထင်ပါရဲ့။ (မှန်ပါ့)၊ ကိုစံလှ ဒါပဲ သူ သိတယ်၊ ဒီပြင် ဘာပြောစရာ ရှိသေးသလဲ (မရှိပါ ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတို့ အင်မတန် အရေးကြီး ပါတယ် ဆိုတဲ့ ဥစ္စာ ပေါ်လာ တယ်နော်။ (ပေါ်လာပါတယ် ဘုရား)။

ကဲ ဒါဖြင့် အဂ္ဂိဝစ္ဆ- မေးတာက ဒီတဏှာ- ဥပါဒါန် ချုပ်သွားတဲ့ ပုဂ္ဂိုလ်များ ဘယ်သွား သတုံးလို့ မေးလိုက်တော့ ဘုရားက ဘယ်သွားတယ်လို့ မမေးပါနဲ့လို့ ဘုရားက အဖြေ မထွက်ဘူးလား။ (ထွက်ပါတယ် ဘုရား)။

အကယ်၍ ဘုရားက သွားတယ်လို့ ဖြေလိုက်လို့ ရှိရင် သူ ဘယ်ထဲ သွားမယ် ထင်သလဲ (သဿတဒိဋ္ဌိ ထဲ သွားပါတယ် ဘုရား)။

ကောင်းပြီ ဘုရားဟာ ဖြေသင့်မှ ဖြေတယ် ဆိုတာ မပေါ်လာဘူးလား။ (ပေါ်လာပါတယ် ဘုရား)။

ဒါဖြင့် ရှင်ကြီး ဂေါတမ တဲ့၊ ဒီတဏှာ ဥပါဒါန်များ ချုပ်သွားတဲ့ ပုဂ္ဂိုလ် ဖြစ်ပျက် တွေ့မြင်လို့ ဆုံးသွားလို့ တဏှာ ဥပါဒါန် ချုပ်သွားတဲ့ ပုဂ္ဂိုလ်များ ဘယ်မှ မသွား တော့ဘူးလားတဲ့ ဆိုတော့လဲ သူ နိဗ္ဗာန်မှ သဘောမကျ တော့ မောင်နိုင် ဘယ်မှ မသွားဘူးကွ လို့ ဖြေလိုက်လို့ ရှိရင်လဲ ဥစ္ဆေဒ ဘက်ကို သွားတယ်။ (မှန်ပါ့)။

သေရင်ပြီးတာပဲ၊ ပြတ်တာပဲ၊ မဂ် အားထုတ်ပြီးရင် ပြတ်တာပဲ၊ ပြတ်ပြီးရင် နောက်ဘာမှ အကျိုးတရား မပေါ်လာတော့ဘူးတဲ့၊ အဓိပ္ပာယ် မယူ ပေဘူးလား။ (ယူပါတယ် ဘုရား)၊ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

ဒါ ဘယ့်နှယ် ဘာကို သဘောမကျလို့ ဒီ ဒိဋ္ဌိတွေ သွားနေသတုံး၊ ဟောဒီ ဖြစ်ပျက် ဒုက္ခသစ္စာ သဘောမကျ လို့ သူ့ ဒိဋ္ဌိက ကွာပါရဲ့လား။ (မကွာပါ ဘုရား)။

ဒိဋ္ဌိခွာတတ်မှ နိဗ္ဗာန် ရမယ်

ဒါ့ကြောင့် နိဗ္ဗာန် လိုချင်ရင် ဒိဋ္ဌိ ခွာတတ်မှ နိဗ္ဗာန် ရမယ်။ (မှန်ပါ့)၊ ဒိဋ္ဌိ မခွာတတ်ရင် (နိဗ္ဗာန် မရပါ ဘုရား)၊ နိဗ္ဗာန် မရဘူးလို့ သေသေချာချာ မှတ်ပါ။ (မှန်ပါ့)၊ ရှင်းကြ ပလား။ (ရှင်းပါပြီ ဘုရား)။

ကဲ ကိုဝ ဒိဋ္ဌိ ဘယ်လောက် အရေးကြီး သတုံး။ (ကြီးပါတယ် ဘုရား)။

ဒိဋ္ဌိ မခွာတတ်ရင် နိဗ္ဗာန်ကို သူ သဘောမကျဘူး။ (မှန်ပါ့)၊ ကျပါ့မလား။ (မကျပါ ဘုရား)။

မကျလို့ ရှိရင်ဖြင့်၊ သူ့အတွက်ဖြင့် အခက်ကြီးပါပဲ ဆိုတာသာ ခင်ဗျားတို့ ရင်မ, နေကြပေတော့။ (မှန်ပါ့)။

ဒါဖြင့် ရင်မ, စရာလူ မောင်နိုင် ဘယ်လောက်များ ပေါမယ် ထင်သတုံး။ (ပေါပါတယ် ဘုရား)။

ဒါဖြင့် ဘုရားတွေ ဘယ်လိုပွင့်ပွင့် ကိုဝ ကုန်နိုင် ပါ့မလား။ (မကုန်နိုင်ပါ ဘုရား)။

သေသေ ချာချာ စဉ်းစားပါ ဒကာ ဒကာမတို့၊ ဘုရား တွေက ပွင့်သွား လိုက်တာ မနည်းပါဘူး၊ ကုန်ပါတော့လား လို့ မေးတော့ ဒိဋ္ဌိ ကွာတဲ့လူ၊ ကွာနိုင်တဲ့ ဉာဏ်၊ ပေးနိုင်တဲ့ ဆရာ ပေးသည့် တိုင်အောင်လဲ ယူနိုင်တဲ့ ဉာဏ် ဒီနှစ်ခု ဆုံဖို့ ရာ ကိုစံလှတို့ အခု ဘုန်းကြီးရဲ့ တရားနာ နေရတာ ခုနစ်လ- ရှစ်လ ဒီလို မရှိကြဘူးလား။ (ရှိပါတယ် ဘုရား)။

အဲဒီထဲတောင်မှ တစ်ခါ တစ်ခါ ကိုယ့်ဟာက ငြိချင် ငြိနေသေးတာ။ (မှန်ပါ့)၊ မငြိဘူးလား။ (ငြိပါတယ် ဘုရား)။

အဲဒီတော့ သူ မလာလို့ ရှိရင်လဲ နိဗ္ဗာန် သဘောကျပါ မလား။ (မကျပါဘုရား)၊ ရောက်ကော ရောက်နိုင် ပါ့ မလား။ (မရောက်နိုင်ပါ ဘုရား)၊ မရောက်ပေဘူး၊ သူ တားမယ် ဒိဋ္ဌိက (မှန်ပါ့)၊ မတား ဘူးလား။ (တားပါ တယ် ဘုရား)၊ တားမယ် ဆိုတာ သေချာပလား။ (သေချာ ပါပြီ ဘုရား)။

အဲဒါကြောင့်တဲ့၊ ဒကာ ဒကာမတို့ အလွန် အရေး ကြီးတဲ့ အကြောင်းကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ပစ္စယာကာရံ အဇာနန္တာနံ အညေသံ အာစရိယာနံ သန္တိကေ ဝသန္တေန” ဖွင့်လိုက်တယ်။

ပဋိစ္စသမုပ္ပါဒ် နားလည်မှ သိမယ်

ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့ ဆရာနဲ့ နေမယ် ဆိုရင် ဟောဒီ ပုဂ္ဂိုလ် ဘယ်သွားတယ် ဆိုတာ မင်း သိကို မသိဘူးတဲ့။ (မှန်ပါ့)၊ မဂ်ရတဲ့ ပုဂ္ဂိုလ် ဘယ်သွားတယ် ဆိုတာ မင်း မသိနိုင်ပါဘူးတဲ့ (မှန်ပါ့)။

သူ့ကို အပြစ်တင်တယ်၊ ပုဏ္ဏားကို အပြစ်တင်ပြီ ဒကာ ဒကာမတို့။ (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်ကို နားလည်တဲ့ ဆရာဆီမှ မင်း မမှီဝဲ မဆည်းကပ်လို့ ရှိရင် ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားတယ် ဆိုတာ မင်း သဘောကျဖို့ ဘယ့်နှယ်နည်းနဲ့ မှ မဖြစ်ဘူး။ (မှန်ပါ့)။

ကဲ ကိုဝ သေချာပလား။ (သေချာပါပြီ)၊ ကိုစံ ရေ (သေချာပါပြီဘုရား)။

ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ ဆရာနဲ့ မင်းသည် မနေ ဖူးဘူး၊ မင်းလဲ ဒီဉာဏ်ကို မပိုင်ဘူး ဆိုလို့ ရှိရင်ဖြင့် ဒီတဏှာ ဥပါဒါန် ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားတယ် ဆိုတာ မင်း သိဖို အတော် ခဲယဉ်း ပါတယ်တဲ့၊ သိကို မသိနိုင်ဘူး။ (မှန်ပါ့)

ဘာ နားမလည်လို့တဲ့လဲ (ပဋိစ္စသမုပ္ပါဒ် နားမလည် လို့ ပါဘုရား)။

ဘယ် နားလည် လိမ့်မလဲ၊ ပဋိစ္စသမုပ္ပါဒ် ချုပ်ကြောင်း လဲ သူ မသိဘူး။ (မှန်ပါ့)၊ ချုပ်ကြောင်း သိရင်၊ ပဋိ သမုပ္ပါဒ် အကုန်ချုပ်ရင် နိဗ္ဗာန်ကိုး။ (မှန်ပါ့)၊ ပဋိ သမုပ္ပါဒ် ဖြစ်တာ ဒုက္ခသစ္စာမှ မသိ ပြန်တော့လဲ နိဗ္ဗာန် ကြိုက် ပါ့မလား။ (မကြိုက်ပါ ဘုရား)။

ဒါဖြင့် အဖြစ်မသိလို့ လဲ နိဗ္ဗာန် မကြိုက်၊ အချုပ် မသိလို့ လဲ နိဗ္ဗာန် ရှာမတွေ့ဘူး။ (မှန်ပါ့)၊ တွေ့နိုင်ပါ မလား။ (မတွေ့နိုင်ပါ ဘုရား)။

အဲဒါ အင်မတန် အရေးကြီး နေတယ် ဆိုတာ သာမည နားနဲ့ ဒီတရားကို နားထောင်လို့ မဖြစ်ဘူး။ (မှန်ပါ့)၊ အင်မတန် ကြီးကျယ်တဲ့ စကားတွေ ဆိုတာ မောင်နိုင် သေသေ ချာချာမှတ်ပါ။ (မှန်ပါ့)။

ကိုစံလှ သဘောပါပလား။ (ပါ,ပါပြီ)၊ ခုလို တရားပျံကျ ဥပမာ တစ်ရက် နှစ်ရက်လောက် လာနာတဲ့ ပုဂ္ဂိုလ်ဖြင့် မောင်နိုင် မနာကို မနာစေနဲ့၊ နားမလည်ဘူး။ (မှန်ပါ)။

ကိုဝ ဘယ့်နှယ်လုပ် နားလည်မလဲ။ (မလည် နိုင်ပါ ဘုရား)။

နားမလည်လို့ ရှိရင်လဲ ဘာနားမလည်တာတုံးလို့ မေး ကြပါတော့ ဆိုရင် ဘာသာရေးကို နားမလည်တာလို့ ဆုံးဖြတ် ချက်ချ။ (မှန်ပါ့)။

ကိုစံလှ ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ဘာသာရေး ကို နားမလည်တာပါ ဘုရား)။

ဘာသာရေးဆိုတာ ကိုယ့်ခန္ဓာ၏ ဒုက္ခသစ္စာဆိုတဲ့ ဥစ္စာမှ သူ နားမလည်ဘူး။ (မှန်ပါ့)၊ ကိုယ့်ခန္ဓာ ဇာတ်သိမ်းရင် နိဗ္ဗာန် ဆိုတာကော (နားမလည်ပါ ဘုရား)။

ဒါဖြင့် သူ့မှာ ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာလဲ သူ မသိ။ (မှန်ပါ့)၊ ကိုယ့် ဗုဒ္ဓဘာသာ၏ အထွတ် အထိပ် ဖြစ်တဲ့ နိဗ္ဗာန် ကိုလဲ (မသိပါ ဘုရား)။

မသိတော့ သူ့ခန္ဓာလဲ သူ မသိ၊ သူ့ခန္ဓာ ချုပ်ငြိမ်း ရုပ်သိမ်းတဲ့ နိဗ္ဗာန်လဲ သူ မသိလို့ ရှိရင် သူ့ အတွက်ဖြင့် ကိုဝ ထည့်ကို မစဉ်းစားနဲ့။ (မှန်ပါ့)။

ဦးညိုကြီး ထည့်စဉ်းစား အပိုပဲ။ (မှန်ပါ့)၊ ခင်ဗျား တို့ အသက်ကြီး လှပါပြီတဲ့၊ ဒီဥစ္စာ သိဖို့ရာ တော်တော် ဆည်းပူးမှ ရပါတယ်။ (မှန်ပါ့)။

ဇွဲကောင်းကောင်းနဲ့ နားထောင်လို့ သိတာ

အခုတော့ဖြင့် ဆရာသမားကလဲ အပြကောင်း၊ ခင်ဗျားတို့ ကလဲ ဇွဲကောင်းနဲ့နာလို့ ဒါ သိထားတာ။ (မှန်ပါ့)၊ နို့မဟုတ်ရင် (မသိနိုင်ပါ ဘုရား)၊ ဝေးပါသေး တယ် ခင်ဗျားတို့။

ဝေးပါသေးတယ်တဲ့၊ ဒီလို တွေ့ဖို့ ကြုံဖို့ရာ အင်မတန် ခဲယဉ်းပါတယ် ဆိုတာ အခု သေသေ ချာချာ ဘုရား က ဟောပါ တယ်နော်။ (မှန်ပါ့)။

ဒါနဲ့ ရှင်ကြီး ဂေါတမတဲ့၊ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွား သတုံး ဆိုတော့လဲ မမေးနဲ့၊ မသွားဘဲ နေသလား ဆိုတော့လဲ မမေးနဲ့၊ သွားချီ တစ်လှည့်လား၊ မသွားချီ တစ်လှည့်လား ဆိုတော့လဲ မမေးနဲ့လို့ဘဲ ဖြေတယ်၊ ဒီလိုလဲ မဟုတ် – ဘူးလို့ ဖြေပြန်တယ်၊ မသွားသည် မဟုတ်၊ သွားသည်လား လို့ မေးပြန်တော့လဲ ဒီလိုလဲ မဟုတ်ဘူးလို့ ဆိုတော့ ကျုပ်မှာ ဖြင့် မေးစရာ ကုန်ပြီတဲ့၊ ဉာဏ်လဲ တုံးပါပြီ ဆိုတော့မှ မင်း ဉာဏ်တုံးမယ်၊ ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ ဆရာနဲ့မှ ပေါင်း သင်း ဆက်ဆံ စည်းဝေးခြင်း မရှိလို့ ရှိရင်ဖြင့် ဒီ မင်း မေးတဲ့ လေးချက်ဟာတဲ့၊ ဘယ်နည်းနဲ့မဆို ဒါ ဒိဋ္ဌိ အယူချည်း ဖြစ်ရမယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် ဗုဒ္ဓဘာသာ ထဲမှာလဲ နိဗ္ဗာန် ဆိုတာ ဘာမှ မရှိပါ ဘူး ယူတဲ့ အယူလဲ ရှိသေးတယ်။ (ယူပါတယ် ဘုရား)၊ တိတ္ထိ အယူဗျ အဲဒါ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီဘုရား)။

ဘာအယူခေါ်ကြမယ် (တိတ္ထိအယူပါဘုရား)၊ တိတ္ထိ အယူဆိုတာ သေချာပလား။ (သေချာပါပြီ ဘုရား)။

ဘယ့်နှယ် မောင်နိုင်၊ စဉ်းစား ကြည့်စမ်း ပါလား၊ တိတ္ထိ အယူ ဟုတ်-မဟုတ် ဆိုတဲ့ ဥစ္စာ၊ ဒုက္ခသစ္စာ ချုပ်တယ်။ သဘော ကျပလား။ (ကျပါပြီ ဘုရား)။

ဒုက္ခသစ္စာက ဒုက္ခသစ္စာ၊ ချုပ်တာက ဘာသစ္စာလဲ (နိရောဓသစ္စာပါ ဘုရား)။

ဟာ ဒါဖြင့် ဒုက္ခသစ္စာ ချုပ်လို့ နိရောဓ သစ္စာ ဖြစ်တဲ့ ဥစ္စာ ဘာမှ မရှိတော့ဘူး ဆိုတော့ ကိုစံလှ ခက်ကရော ပေါ့။ (ခက်ပါပြီ)။

နိရောဓသစ္စာ သီးခြား နိဗ္ဗာန်ကြီး ရှိပါတယ် ဆိုလျက် သားနဲ့ ဘာမှ မဖြစ်တော့ဘူး ဆိုတော့ သူသည် ဒကာ ဒကာမ တို့ စဉ်းစား ကြည့်ပါတော့၊ ဥစ္ဆေဒဒိဋ္ဌိ ဘက်သွားတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန် အကြောင်း သဘော ကျချင်လို့ ရှိရင် ပဋိစ္စသမုပ္ပါဒ် သဘော ကျမှ၊ ဖြစ်ချုပ် သဘောကျမှ နိဗ္ဗာန် ကျေကျေ နပ်နပ် သဘောကျမယ်။ (မှန်ပါ့)။

နို့မဟုတ်ရင် ကျနိုင်ပါ့မလား။ (မကျနိုင်ပါ ဘုရား)။

မြင်းမိုရ်တောင်အောက်က သဲ ယူပြရမှာ

အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး တရား ဟောတော့မယ် ဆိုတော့ မောင်နိုင်တို့ ကို ခဏခဏ ပြော တယ်၊ မြင်းမိုရ်တောင် အောက်က မြင်းမိုရ်တောင်ကြီး ဆိုတာ က ယူဇနာပေါင်း ရှစ်သောင်း လေးထောင်၊ ဒီအောက်က သဲ ယူပြရမှာ ဆိုတော့ ဟိုက ကိလေသာ မျက်လုံးတွေနဲ့ ကြည့် မည့် ပုဂ္ဂိုလ်တွေနဲ့ ငါက ဒီဥစ္စာ ခဲခဲယဉ်းယဉ်း ယူပြမှာနဲ့ ဟောပဲ မဟောချင်ဘူး ဟေ့။ (မှန်ပါ)။

ဖြစ်သင့်-မဖြစ်သင့် (ဖြစ်သင့်ပါတယ် ဘုရား)၊ သေသေချာချာ ဖြစ်ထိုက်တယ် ဆိုတာ မပေါ် သေးဘူးလား။ (ပေါ်ပါပြီ)။

အဲဒါကြောင့် အခု ဒကာမတွေ ခင်ဗျားတို့ ဉာဏ် တိမ်တယ်၊ ဒကာတွေလဲ တချို့ ဉာဏ်တိမ် တယ်၊ တချို့လဲ ထက်တယ်။ (မှန်ပါ့)၊ များသော အားဖြင့် ဒကာမက သာပြီး ဉာဏ်တိမ်တယ်။ (မှန်ပါ့)၊ ကိုယ်တွေ့ ရတဲ့ ကိုယ့် အခြေအနေဟာ မည်မျှလောက် သြော် ငါတို့သည်ကား ဒါလောက် တောင် ပေပြီး သကာလ ဒီ ဆရာသမား ဆီမှာ မှီဝဲ ဆည်းကပ် အမျိုးမျိုး နေလာလို့ ဒီ အခြေအနေ လေး ရောက်တယ် ဆိုတာ မောင်နိုင် မလွယ်ဘူး။ (မလွယ်ပါ ဘုရား)။

ကိုစံလှ လွယ်ပါ့မလား။ (မလွယ်ပါဘုရား)။

မလွယ်ဘူးတဲ့၊ ဒါမှ မသိလို့ ရှိရင်လဲ ကိုယ့်ခန္ဓာ ကိုယ် မသိ၊ နိဗ္ဗာန်ကော (မသိပါဘုရား)၊ ကိုယ့် ခန္ဓာ အဆုံးကော (မသိပါ ဘုရား)။

မသိတော့ ဒုက္ခသစ္စာလဲ မသိ၊ ဒုက္ခ ချုပ်တာလဲ မသိ ဆိုတော့၊ ဒီပုဂ္ဂိုလ် ဘယ့်နှယ် ဖြစ်နေ သတုံး ဆိုတော့ အနာပေါက် တာလဲ မသိ၊ အနာ ပျောက်မှု ကိုလဲ မသိဘူး ဆိုတော့ အရူး သက်သက်ပဲ။ (မှန်ပါ့)။ ဘယ့်နှယ် ဆိုကြမလဲ။ (အရူးသက်သက်ပါ ဘုရား)။

အနာပေါက်တာလဲ သူ မသိဘူးဆိုတော့ ရူးလို့ပေါ့ – ဗျာ။ (မှန်ပါ့)၊ အနာပျောက်တာလဲ (မသိပါ ဘုရား)၊ သူ့ကို ဘယ့်နှယ် ဆိုကြမယ်။ (အရူးပါ ဘုရား)။

အဲ ခင်ဗျားတို့ ဒီလိုသာ မတွေ့ဘူး ဆိုရင် အရူး သက်သက်နဲ့ သေကြမယ် (မှန်ပါ့)၊ ပုထုဇဉ် အရူးအဖြစ် နဲ့ပဲ သေကြမှာပဲ။ (မှန်ပါ့)။

ဒီပြင် ဘာမှ သယ်ယူ ပို့ဆောင်စရာ၊ ခင်ဗျားတို့ အတွက် ချီးမြှင့် ထောက်ပံ့စရာ ဘာမှ မရှိဘူး၊ အရူးနဲ့ သေမှာပဲ။ (မှန်ပါ့)။

ဒကာကြီးလှိုင် ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။

ဒါ့ကြောင့် အေးအေးဆေးဆေးနဲ့ အရေးကြီးတဲ့ စကားကို ပြောနေတော့ အခု ကြည့်စမ်း၊ ပုဏ္ဏား မေးတာတွေ အင်မတန် အကွက် ကျတယ်။ (မှန်ပါ့)၊ သို့သော် သူ ဒိဋ္ဌိ လွတ်အောင် မေးနိုင်ရဲ့ လား။ (မမေးနိုင်ပါ ဘုရား)။

ဘယ်လို သဘောကျမလဲ၊ မင်း ပဋိစ္စသမုပ္ပါဒ် နား လည်တဲ့ ဆရာဆီ ဆည်းကပ် မှီဝဲမှ သာလျှင် ဒီ မင်း မေးတဲ့ အမေးဟာ မင်း သန္တာန် အဖြေ ဖြစ်မယ်တဲ့။ (မှန်ပါ့)၊ ဒါမှ နားမလည်ရင် မင်း သန္တာန် အဖြေ ဖြစ်ဖို့ အတော် ခဲယဉ်းတယ်တဲ့ (မှန်ပါ့)။

ကဲ ကိုပေါ် ယုံပလား။ (ယုံပါပြီဘုရား)။

ဘုရားကိုယ်တိုင်က ပဋိစ္စသမုပ္ပါဒ် မသိရင် ခက်တယ် လို့ ဟောနေတာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

မီးတောက် ဥပမာ

ကိုင်း ဒါဖြင့်ကွာတဲ့၊ မင်းကို ငါ ဥပမာ ကလေး တစ်ခု ပြောမယ်တဲ့၊ ဥပမာ ကလေး တစ်ခု ပြောမယ်၊ ဟို အရှေ့ဘက်က မီးတောက် နေတယ်ကွာတဲ့၊ မင်း မြင်ရဲ့လား ဆိုတော့ သူက မြင်ပါတယ် တဲ့၊ အရှေ့ဘက်က မီးတောက် နေတာ။

အေး မှတ်ထား မီးတောက် နေတာကို၊ အဲဒီ မီးဟာကွာ ဘာမီးလို့ ဆို့မတုံးတဲ့၊ မေးပြန်တယ်။ အရှေ့ ဘက် မီးတောက်နေတဲ့ မီးဟာ ဘာလဲလို့ ဆိုမတုံး။ (မှန်ပါ့)။

အို ဒါကတော့ ဝါးခြမ်း လောင့်ရင် ဝါးမီး ခေါ်ပါ တယ်၊ ထင်းလောင်ရင် (ထင်းမီးလို့ ခေါ်ပါတယ်)၊ နွားချေး လောင်ရင် (နွားချေးမီး ခေါ်ပါတယ်)၊ ဓာတ်ဆီ လောင် ရင် (ဓာတ်ဆီမီး ခေါ်ပါတယ်)၊ ရေနံ လောင်ရင် (ရေနံမီး ခေါ်ပါတယ် ဘုရား)။

အေး မှတ်ထားတဲ့၊ မှတ်ထား မှတ်ထား၊ မီးလောင် တာ မင်း သဘောကျပြီ တဲ့။

ဒါဖြင့်ကွာတဲ့၊ ဒီမီး သည်ကားလို့ ဆိုရင် ငြိမ်းသွား တယ်တဲ့၊ ငြိမ်းသွားတဲ့ မီးဟာ ဘယ်သွား သတုံးလို့ မင်းကို မေးရင် ပြောစမ်းပါဦး တဲ့၊ ငြိမ်းသွားတဲ့မီး ဘယ်များ သွား သတဲ့တုံး မေးရင် ဘယ့်နှယ် ဖြေကြမလဲ။ (မဖြေနိုင်ပါ ဘုရား)၊ ငြိမ်းတာပဲ ဖြေရမယ်။ (မှန်ပါ့)၊ သဘောကျ ပလား။ (ငြိမ်းသွား တယ်လို့ပဲ ဖြေရပါမယ်)၊ ဒီပြင် ဘာဖြေကြမယ်။ (မရပါဘုရား)။

ဘယ့်နှယ်ကြောင့် ငြိမ်းသတုံး

ဘယ့်နှယ်ကြောင့် ငြိမ်းသတုံးလို့ မင်းကို ဆက်မေး ရင် မင်း ဘယ့်နှယ် ဖြေမတုံးတဲ့၊ မေးတဲ့အခါ ဝါးကုန်လို့ ဝါးမီး ငြိမ်းတယ်။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါ ပြီ)၊ရေနံ ကုန်လို့ (ရေနံမီး ငြိမ်းပါတယ် ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဓာတ်ဆီကုန်လို့ (ဓာတ်ဆီမီး ငြိမ်းပါတယ် ဘုရား)၊ ဓာတ်ဆီမီး ငြိမ်းတယ် ဆိုတော့ ဒီမှာလဲ ခန္ဓာ လောင်စာ ကုန် လို့ ဒကာ ဒကာမတို့ ကိလေသာမီး ငြိမ်းသွားတယ်။ (မှန်ပါ့)။

ခန္ဓာ လောင်စာကုန်လို့ (ကိလေသာ မီးငြိမ်းသွားပါ တယ် ဘုရား)။

ဒါဖြင့် ဒီပုဂ္ဂိုလ် ဘယ်သွားတယ်လို့ ၊ ခန္ဓာလောင်စာ ကုန်လို့ ကိလေသာ မီးငြိမ်းတဲ့ ရဟန္တာ ဖြစ်စေ၊ ဘုရား ဖြစ်စေ ဘယ်သွားသတုံး လို့ မေးဖို့ လိုသေးသလား။ (မလိုတော့ ပါဘုရား)။

သြော် လောင်စာ သိမ်း၍ မီးငြိမ်းသွားတဲ့ အဖြစ်ကို ရောက်သွား ရှာပြီ။ (မှန်ပါ့)။

ဘယ့်နှယ် ဆိုကြမယ် (လောင်စာ သိမ်း၍ မီးငြိမ်းတဲ့ အဖြစ် ရောက်သွားပါပြီ ဘုရား)။

အဲ လောင်စာ သိမ်း၍ မီးငြိမ်းတဲ့ အဖြစ် ရောက်သွား ပြီ ဆိုတော့ ကိုယ့်ခန္ဓာထဲမှာ လောင်စာနဲ့ မီး တွဲနေတာ၊ ဒီမှာ ပြန်ပေါ် လာတယ်။ (မှန်ပါ့)၊ မပေါ်လာ ဘူးလား (ပေါ်လာ ပါတယ် ဘုရား)။

ခန္ဓာကြီးက လောင်စာ၊ ဇာတိ ဇရာ မရဏက မီး

ခန္ဓာကြီးက လောင်စာကိုး၊ ဇာတိ၊ ဇရာ၊ မရဏက မီးကိုး။ (မှန်ပါ့)၊ ကိလေသာတွေ ကကော (မီးပါ ဘုရား)၊ ခန္ဓာက ဘာဖြစ်နေသလဲ။ (လောင်စာပါ ဘုရား)။

ကျုပ်တို့မှာ မသိလို့သာ ကိုးဗျ။ (မှန်ပါ့)၊ လောင် စာနဲ့ မီးနဲ့ တဟုန်းဟုန်း တောက်နေတာ။ (မှန်ပါ)၊ ဟို ဘုံ သွား တောက်လိုက်၊ ဒီဘုံ သွားပြီးတော့ (တောက်လိုက်ပါ ဘုရား)၊ ဒီ မီးပုံကြီးချည့် သွားနေတာ မောင်နိုင်။ (မှန်ပါ့)။

ဘယ်သူများ သွားသေးသတုံး။ (မသွားပါ ဘုရား)၊ နတ်ခန္ဓာ သွားကြည့်တော့ နတ်ခန္ဓာလဲ လောင်စာနဲ့ မီးလောင် နေတာပဲ။ (မှန်ပါ့)၊ ဗြဟ္မာ ခန္ဓာကြီး သွားကြည့် လိုက်ပြန် တော့လဲ (လောင်စာနဲ့ မီး တောက်လောင် နေတာပါပဲ ဘုရား)။

လောင်စာနဲ့မီး တောက်နေတာပဲ။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ)၊ ဘယ်သူမှာ သားပူ၊ သမီးပူ၊ ဆွေပူ၊ မျိုးပူ၊ ရချင်မှု၊ လိုချင်မှု၊ စိုးရိမ်မှုတွေ ဆိုတဲ့ ကိလေသာ မီးက ဘယ့်နှယ် နေသလဲ။ (လောင်ပါတယ် ဘုရား)။

အင်း ဘယ်သူ့ လောင်ပါ လိမ့်မလဲ (ခန္ဓာ လောင်ပါ တယ် ဘုရား)၊ ခန္ဓာ လောင်စာကြီးကို လောင်တာ၊ သဘော ကျပလား။ (ကျပါပြီ ဘုရား)။

အဲဒါဖြင့် ခန္ဓာ လောင်စာကြီး လောင်နေတာကို သိမှ သာလျှင် လောင်စာ သိမ်း၍ မီးငြိမ်းတာ သဘောကျ မှာပေါ့။ (မှန်ပါ့)။

သန္တာပဋ္ဌော

ဒါဖြင့် ဒကာ ဒကာမတွေပဲ စဉ်းစားကြည့်ပါတော့၊ ဒီ ဒုက္ခသစ္စာကြီး သန္တာပဋ္ဌော=ဆင်းရဲမီးဖြင့် ငြီးငြီး တောက်ပြောင် အမြဲ လောင်ကျွမ်း နေတဲ့ အနက် သဘောသည် လည်းကောင် ဆိုတာ မဟော သင့်ဘူးလား။ (ဟောသင့်ပါတယ် ဘုရား)၊ ကိလေသာမီး၊ ဒုက္ခမီးတွေနဲ့ ခန္ဓာကြီး လောင်နေ တယ် ဆိုတာကော ကျေနပ် ပလား။ (ကျေနပ်ပါပြီ ဘုရား)။

အဲဒီ ခန္ဓာကြီးဟာ အကောင်း ဘယ်လို ရှာကြမတုံး လို့ ကိုဝတို့ မေးမေး၊ ကိုပေါ်တို့ မေးမေး ဘယ့်နှယ် ဖြေ ကြမလဲ။ (မတွေ့နိုင်ပါ ဘုရား)၊ နဂိုကိုက မပါဘူး။ (မှန်ပါ့)။

ဒီထင်းနဲ့ မီးဟာလဲ လောင်နေတာပဲ။ (မှန်ပါ့)၊ ရောက်ရာမှာ (လောင်ပါတယ် ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ)၊ ဘာဖြစ်နေတာလဲ (ရောက်ရာမှာ လောင်နေ ပါတယ် ဘုရား)။

သြော် ဒီလို အရိယာ မျက်လုံးကလေး တပ်ကြည့် လိုက်တော့ မောင်နိုင် ဖြစ်လိုက်- ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက် ဆိုတော့ ဖြစ်တာလဲ ဖြစ်တာပဲ၊ မီးလောင်ပြန် ပျောက်ပြန်တာလဲ မောင်နိုင် ဒီ ခန္ဓာကြီး ဟာလေ(မှန်ပါ့)၊ ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ဟာ ဒီဟာပဲ ကိုဝရဲ့။ (မှန်ပါ့)၊ ဖြစ်တာ က လောင်စာ ပေါ်တာပဲ၊ ပျက်တာက လောင်စာ ပျောက်သွား ပြန်တာပဲ။ (မှန်ပါ့)။

ဘယ့်နှယ် ဆိုကြမယ်။ (ဖြစ်တာက လောင်စာပေါ် တာပါ ဘုရား)။

ဖြစ်တာက လောင်စာ ပေါ်လာ တာလေ။ (မှန်ပါ)၊ ပျက်တာက ဘာပါလိမ့်။ (လောင်သွား တာပါ)၊ လောင် လို့ အလောင်ခံပြီး သကာလ ပျောက်သွား ပြန်တာပဲ။ (မှန်ပါ)။

နောက်တစ်ခါ လောင်စာ ပေါ်ပြန်ပြီ၊ နောက်တစ်ခါ ပျောက်ပြန်ပြီ၊ သူ့မီးနဲ့ သူ လောင်လို့။ (မှန်ပါ့)။

အဲဒီတော့ သံသရာ ထဲမှာ တပည့်တော်တို့ ဘာဖြစ်ခဲ့ သတုံး၊ ညာဖြစ်ခဲ့သတုံးလို့ ဒကာ ဒကာမတွေက မေးခဲ့လို့ ရှိရင် လွဲကြပါလိမ့် မယ်နော်။ (မှန်ပါ့)၊ ဘာမှ မဖြစ်ဘူး။ ဒကာ ဒကာမတို့ မီးလောင်နေတဲ့ အဖြစ်နဲ့ အချိန်ကုန် ခဲ့ရ တာပဲ။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ)။

ဘာနဲ့ အချိန်ကုန် ခဲ့ရသလဲ။ (မီးလောင်နေတဲ့ အဖြစ်နဲ့ အချိန်ကုန် ခဲ့ရပါတယ် ဘုရား)။

ဒါက အရိယာ မျက်လုံး တပ်ပေးမှ သိတာကိုးဗျ။ (မှန်ပါ့)၊ အရိယာ မျက်လုံးသာ တပ်မပေးဘူး ဆိုရင်တော့ (မသိပါဘုရား)၊ ဘယ်နည်းနဲ့မှ မသိဘူး ဆိုတာ ပေါ်ကြ ပလား။ (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် ခုနင်က ပြောခဲ့တဲ့ ရှစ်ချက်ဟာ မောင်နိုင် ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်က သေသေ ချာချာ သူ ရှင်းပါတယ်။

သြော် အဖြစ် ရှိလို့ အပျက် ရှိတာပဲလို့ မလာဘူးလား။ (လာပါတယ် ဘုရား)။

ဖြစ်တာတွေက လောင်စာ ပေါ်တာ၊ ပျက်တာတွေက လောင်လို့ ပြောင်တာ။ (မှန်ပါ့)။

ဖြစ်တာသည် (လောင်စာ ပေါ်တာပါ ဘုရား)၊ ပျက် တာသည် (လောင်လို့ ပြောင်တာပါ ဘုရား)။

လောင်လို့ ပြောင်တာ ဆိုတော့၊ ဪဘယ်အချိန် များ အားပါလိမ့်မတုံး မောင်နိုင်ရ (ဘယ်အချိန်မှ မအား ပါ ဘုရား)။

ခန္ဓာ သဘော

ဒီလို သိတော့မှ သြော် သန္တာပဋ္ဌော= ကိလေသာမီး ဒုက္ခမီးတို့သည် ငြီးငြီးတောက်ပြောင် အမြဲ အလောင်ခံ နေရတဲ့ – ခန္ဓာ သဘော ပါကလား။ (မှန်ပါ)၊ မပေါ်လာသေး ဘူး လား။ (ပေါ်လာ ပါပြီ)၊ ခန္ဓာ သဘောလေ။ (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေ ခန္ဓာသဘောက ကိလေ သာ မီးရယ်၊ ဒီ ဒုက္ခ, ဇာတိ, ဇရာ, မရဏမီး တွေနဲ့ ရောပြီး – လောင်နေတယ်၊ ဒီခန္ဓာကြီး မှာလေ။ (မှန်ပါ့)၊ ဒီပြင် ဘာများ ရှိသေး သတုံး။ (မရှိပါဘုရား)။

အဲဒါတွေ မြင်တော့မှ ကိုဝ စိတ်ထဲမှာ ဖြစ်စေ၊ ကိုပေါ် စိတ်ထဲမှာ ဖြစ်စေ၊ သြော် လောင်စာ သိမ်း၍ မီးငြိမ်းတာ ကြိုက်ပါတော့တယ်။ (မှန်ပါ့)၊ လာမလား၊ မလာဘူး လား။ (လာမှာပါ ဘုရား)။

နိဗ္ဗာန်ပေါ်လာတယ်

အဲဒါ ဒုက္ခသစ္စာ သိလို့။ (မှန်ပါ့)၊ ဖြစ်ပျက် ဒုက္ခ သစ္စာ သိလို့ လောင်စာ သိမ်း၍ မီးငြိမ်းတာ ကြိုက်ပါတော့ တယ် ဆိုတော့ နိဗ္ဗာန် ပေါ်လာတယ်။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် လောင်စာနဲ့မီး တထိန်ထိန် တငြီးငြီးလောင် နေတာမှ ဖြစ်ပျက်ကို မမြင်ကြလို့ ရှိရင် လောင်စာ သိမ်း၍ မီးငြိမ်းတဲ့ နိဗ္ဗာန်ကို မောင်နိုင် ဘယ်သူ သဘောကျ မလဲ။ (မကျနိုင်ပါ ဘုရား)၊ ဒါဖြင့် နိဗ္ဗာန် ခက်တယ် ဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။

ဒီ လောင်စာနဲ့ မီးလောင် နေတဲ့ ပဋိစ္စသမုပ္ပာဒ် ကြီးကို ကိုဝ မရှင်းသရွေ့ ကာလ ပတ်လုံး ပုဏ္ဏားလို ဖြစ်နေမှာပဲ။ (မှန်ပါ့)။

ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားသတုံး

လောင်တဲ့ ပုဂ္ဂိုလ်လောင်၊ ခုနက ဥပါဒါန် ချုပ်တဲ့ ပုဂ္ဂိုလ် ဥပါဒါန် ချုပ် ဆိုတာ မီးသိမ်းတာ ပေါ့ကွာ။ (မှန်ပါ့)၊ ဒီ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားသတုံး လို့ သူ မေးမှာ ပဲ၊ မသွားဘဲ နေသလား မမေးပေ ဘူးလား။ (မေးပါတယ် ဘုရား)၊ သွားချီ တစ်လှည့်၊ မသွားချီ တစ်လှည့်လား (မေးမှာ ပါပဲ)၊ မသွားသည် မဟုတ်၊ သွားသည်လို့ ယူရမှာလား။ (မေးမှာပါပဲ ဘုရား)၊ မေးနေမှာပဲ၊ သူ ဘာကြောင့် တုံး၊ ဟောဒီ ပဋိစ္စသမုပ္ပါဒ် သူ သဘော မကျလို့ ၊ ကျသေးရဲ့လား။ (မကျပါ ဘုရား)၊ လောင်စာ ပေါ်လိုက်၊ လောင်လိုက်ကို သူ မြင်သေးရဲ့လား။ (မမြင်ပါ ဘုရား)။

မမြင်တော့ ဒီဘက် နိဗ္ဗာန်ကို ဘယ့်နှယ် လုပ်ပြီး သဘော ကျမလဲ။ (မကျပါ ဘုရား)၊ ရှင်းပလား ဒကာ ဒကာမ တို့ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မတုံး ဆိုတော့ ခန္ဓာ ဟာ လောင်စာ။ (မှန်ပါ့)၊ ကိလေသာမီးနဲ့ ဇာတိ, ဇရာ, မရဏ တွေက မီး(မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါ ပြီ)၊ ဒါဖြင့် လောင်စာနဲ့ မီး ကျုပ်တို့ မှာ၊ တစ် သံသရာလုံးမှာ အမြဲ ခွဲမရဘူး။ (မှန်ပါ့)၊ ရခဲ့ကြသလား။ (မရခဲ့ပါ ဘုရား)။

အဲဒါ အရိယာ မျက်လုံး တပ်မကြည့်တဲ့ ဒကာ ဒကာမ တွေကျတော့ အရတော် လေစွ လူ့ဘဝ အရတော်လေစွ သိတော့ သေသေချာချာ ကြည့်တော့ အရိယာ မျက်လုံး မပါရင်တော့ အရတော် လေစွ (မှန်ပါ့)၊ အရိယာမျက်လုံး ဆိုတဲ့ ဖြစ်ပျက် မျက်လုံးကို တပ်ကြည့်ပါတဲ့၊ ဘယ့်နှယ် ဖြစ်နေ သတုံး။ (လောင်စာနဲ့ မီးပါ ဘုရား)၊ တဟုန်းဟုန်း တောက် နေတယ်။ (မှန်ပါ့)၊ တောက်လိုက် ပြောင်လိုက်၊ လောင်လိုက်- ပြောင်လိုက်၊ ဖြစ်ပေါ်လိုက်- ပြောင်လိုက်၊ ဒီလိုချည့် မနေ ဘူးလား။ (နေပါတယ် ဘုရား)။

အဲဒီလို နေတာ မြင်တော့မှ တော်ပြီ တန်ပြီ ဆိုပြီး ငြီးငွေ့တဲ့ ဉာဏ်တွေ၊ သူ့ကိုဖြင့် မလိုချင် တော့ပါဘူး ဆိုတဲ့ မဂ်ဉာဏ်တွေ ပေါ်လာတာ။ (မှန်ပါ့)။

ရိုးရာကြိုက် နိဗ္ဗာန်

ဒါဖြင့် ဒုက္ခသစ္စာ ပဋိစ္စသမုပ္ပါဒ် ကြီးကို ပိုင်ပိုင် နိုင်နိုင် မသိတဲ့ ပုဂ္ဂိုလ်ဖြင့် နိဗ္ဗာန်ကို ဘယ်လို ဟောဟော သဘော မကျဘူး (မှန်ပါ့)၊ ရိုးရာဖြင့် ကြိုက်ပါ လိမ့်မယ်။ သည်းခြေ ကြိုက်တော့ မဖြစ်နိုင်ဘူး။ (မှန်ပါ့)၊ ဖြစ်နိုင် ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။

သည်းခြေကြိုက် နိဗ္ဗာန် မဖြစ်နိုင်

ဒါကြောင့် ခင်ဗျားတို့ မြို့ထဲကို စုံစမ်း ကြည့်ပါတဲ့။ မင်း နိဗ္ဗာန် ကြိုက်ပုံ ပြောစမ်းပါဦးကွ ဘယ် အပြစ်မြင်လို့ ကြိုက်တာတုံး ဆိုတော့ မပြောတတ်ဘူး။ (မှန်ပါ့)၊ ပြော တတ်ပါ့မလား။ (မပြောတတ်ပါ ဘုရား)။

မင့် ခန္ဓာကြီးဟာ ဘယ်အပြစ် မြင်နေလို့ မင်းက နိဗ္ဗာန် ကြိုက်တာတုံးလို့ မေးတဲ့ အခါကျလို့ ရှိရင် သူ ဘယ်အပြစ်မှ ဖော်နိုင်မှာ မဟုတ်ဘူး။ (မှန်ပါ့)၊ ဒါဖြင့် သူ ရမ်းကြိုက် မှန်းကြိုက် ဖြစ်နေမှာ။ (မှန်ပါ့)။

ဒီ အပြစ်တွေကို မြင်လို့ ကျုပ်နိဗ္ဗာန် ကြိုက်ပါ တယ်လို့ လက်ညှိုးထိုး ပြောနိုင်ပါ့မလား။ (မပြောနိုင်ပါ ဘုရား)။

ဘာပြောနိုင်မတုံး၊ သူ့မှာ အရိယာ မျက်လုံး ရှိသလား။ (မရှိပါ ဘုရား)၊ မရှိတဲ့ ပုဂ္ဂိုလ်က ပြောတာ၊ ကိုဝတို့ က အတည်ပြုလို့ တော်ပါ့မလား။ (မတော်ပါ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ကံကောင်း အကြောင်း သင့်လေရဲ့ ဆိုတဲ့ စကား သုံးသင့် မသုံးသင့် (သုံးသင့်ပါ တယ် ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဆုံးတော့ မဆုံးဘူး မောင်နိုင် တော်ကြဦးစို့။ (မှန်ပါ့)။

သာဓု သာဓု သာဓု။