067

“သိရုံနှင့်နိဗ္ဗာန် မရနိုင်ပါ” (ကြက်မကြီးဥပမာ)

အသံဖိုင်ခေါင်းစဉ်= ဝိသာခနှင့် ဓမ္မဒိန္နာ အမေးအဖြေ အမှတ်(၄)

စာအုပ်ခေါင်းစဉ်= သိရုံနှင့်နိဗ္ဗာန် မရနိုင်ပါ (ကြက်မကြီးဥပမာ)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်

“သိရုံနှင့်နိဗ္ဗာန် မရနိုင်ပါ” (ကြက်မကြီးဥပမာ)

(၁၄-၁၂-၆၁)

မဂ္ဂင်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ မှတ်ထားရမယ်။ မဂ္ဂင်ဆိုတာ အလယ်လမ်းဆိုရင်လဲ မဂ္ဂင်ပဲ ဟောတယ်လို့ မှတ်ထားကြပါ၊ အလယ်လမ်းဆိုရင်လဲ မဂ္ဂင်ပဲ၊ တစ်သံသရာ လုံးဟာ အလယ်လမ်းပေါ် မရောက်ဖူးဘူးလို့ မှတ်ထားကြ ပါ၊ အလယ်လမ်းပေါ်ရောက်တဲ့ ပုဂ္ဂိုလ်ကလဲ ဘယ်တော့မှ မပြန်တော့ ဘူးလို့ မှတ်။

ကောင်းပြီ၊ ဒါဖြင့် မဂ္ဂင်သည် ဘယ်နှစ်ပါးရှိသတုံး လို့ မေးတဲ့အခါကျတော့ ရှစ်ပါးရှိတယ်၊ အဲဒီမဂ္ဂင်မှာ အရေး ကြီးတဲ့အချက်က သမာဓိအရေးကြီးတယ်၊ သမာဓိဆိုတာ ဘာတုံးဆိုတော့ ဧကဂ္ဂတာလို့ ခေါ်တယ်။

သမာဓိဆိုတာ ဘာခေါ်ကြသတုံး။ (ဧကဂ္ဂတာပါ ဘုရား)၊ ဧကဂ္ဂတာလို့ ခေါ်တယ်၊ ဧက= တစ်ခုတည်းသော အာရုံကို ယူနိုင်ရမယ်၊ ဝိပဿနာ အားထုတ်တဲ့ ပုဂ္ဂိုလ်များမှာ တစ်ခုတည်းသော အာရုံကို ယူနိုင်ရမယ်လို့ သေသေချာချာ မှတ်ပါ။ (မှန်ပါ့ဘုရား)။

တစ်ခုတည်းသော အာရုံဆိုတာ

တစ်ခုတည်းသော အာရုံဆိုတာ ဘာပါလိမ့်မလဲ လို့ မေးတဲ့အခါကျတော့ ဝေဒနာဖြင့် ဝေဒနာတစ်ခု၊ စိတ် ဖြင့် စိတ်တစ်ခု၊ ရုပ်ဖြင့် ရုပ်တစ်ခု၊ တွဲပြီး မလာစေနဲ့၊ ခေါင်းဆောင်တစ်ခုကို ရှုပေးပါ၊ ခေါင်းဆောင်တစ်ခုဆီသို့ တည့်ထားပါ၊ အာရုံတစ်ခုတည်း တည့်ထားလို့ ရှိရင်ဖြင့် ဒါ ဧကဂ္ဂတာ ကျတယ် ခေါ်တာပဲ။ (မှန်ပါ့)။

ဧကဂ္ဂတာဆိုတာ အာရုံတစ်ခုတည်းမှာ စူးစိုက်နေလို့ ရှိရင် သမာဓိကို ဧကဂ္ဂတာ စေတသိက်လို့ ခေါ်သည်။ (မှန်ပါ့ဘုရား)။

အဲဒီ ဧကဂ္ဂတာဟာတဲ့၊ သူသည် တစ်ခုတည်းသော အာရုံကို စူးစူးစိုက်စိုက် ရှုနိုင်လို့ ရှိရင်ဖြင့် ကိလေသာရန်သူကို သူ နိုင်တယ်လို့ ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ့)။

ကိလေသာရန်သူကို တစ်ခုတည်းသော အာရုံယူတဲ့ ပုဂ္ဂိုလ်ဟာ နိုင်တာပဲ။

သမာဓိနိမိတ်ဆိုတာ

နို့ သမာဓိဟာ သမာဓိပရိက္ခရာ သမာဓိ၏ အခြံ အရံ၊ သမာဓိ၏ နိမိတ်၊ သမာဓိတော့ဖြင့် ဧကဂ္ဂတာဆိုတာ ဓမ္မဒိန္နာက ဖြေလို့ ဝိသာခက သိပါပြီ၊ သမာဓိနိမိတ်ဆိုတာ ဘာတုံး လို့ သူက ဆက်မေးတယ်၊ သမာဓိနိမိတ်ဆိုတာ သတိပဋ္ဌာန်လေးပါး (မှန်ပါ့)။

သမာဓိနိမိတ်ဆိုတာ ဘာပါလိမ့်။ (သတိပဋ္ဌာန် လေးပါးပါ ဘုရား)၊ သတိပဋ္ဌာန်လေးပါးလို့ မှတ်ထားကြ ပါတဲ့၊ သတိပဋ္ဌာန် လေးပါးဆိုတာက ကာယာနုပဿနာ သတိပဋ္ဌာန်၊ ဝေဒနာ နုပဿနာ သတိပဋ္ဌာန်၊ သတိ ရှေးရှုရာကို သမာဓိက လိုက်ရတယ်လို့ မှတ်ပါ။ (မှန်ပါ့)။

ဒါကြောင့် သတိပဋ္ဌာန်ဆိုတဲ့ ဥစ္စာသည် သတိပဋ္ဌာန် လေးပါးရှိသည့်အနက်က ဝေဒနာကို သတိထားလို့ ရှိရင် – “ ဧကဂ္ဂတာက ဝေဒနာပေါ်ပဲ ကျရတယ်၊ ဝေဒနာပေါ်ကျလို့ ရှိရင် ဝေဒနာ၏ အကြောင်း ကောင်းကောင်း သိတယ်၊ စိတ်ရှု တဲ့ ပုဂ္ဂိုလ်ဟာ စိတ်ပေါ် ကောင်းကောင်းကျ လို့ရှိရင်၊ ဧကဂ္ဂတာ ကောင်းကောင်းကျလို့ ရှိရင် သတိကလဲ သတိပဋ္ဌာန်ကလဲ အဲဒီအပေါ်မှာပဲ ရောက်တယ်၊ ဒါ့ကြောင့် ဧကဂ္ဂတာကို သတိပဋ္ဌာန် ခြံရံရမယ်လို့ ဆိုတာ မှတ်ထားပါ။သတိပဋ္ဌာန် တည်းဟူသော အကြောင်းမပါရင် ရကို မရဘူး။

သတိပဋ္ဌာန်၏ နိမိတ်ဆိုတာ

သတိပဋ္ဌာန်၏ နိမိတ်ဟာ ဘာတုံးလို့ မေးလို့ ရှိရင် ဒကာ ဒကာမတို့ မှတ်ထားပါ၊ ခန္ဓာ ပျောက်ပြီး သကာလ ဝေဒနာ ကလေးတွေတွေ့၊ ရုပ်ကလေးတွေတွေ့၊ အထည် ပျောက်ပြီး သကာလ တစ်ခုတည်းသော အာရုံဟာ ဒါ သတိပဋ္ဌာန်၏ နိမိတ်ပဲလို့ မှတ်ထားပါ။ (မှန်ပါ့)။

ခန္ဓာပေါ်မှာ ယောက်ျား သဏ္ဌာန်၊ မိန်းမသဏ္ဌာန် ပျောက်ပြီး သကာလ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာပေါ် ရောက်၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ဟာ စိတ်ပေါ်ရောက် ဒီလိုဆိုလို့ ရှိရင် ဖြင့် ဒါသတိပဋ္ဌာန်၏ နိမိတ် ဖြစ်တာပဲ။ (မှန်ပါ့)။

သတိပဋ္ဌာန်သည် ခန္ဓာတစ်ကိုယ်လုံးပေါ်မှာ ယောက်ျား သဏ္ဌာန်၊ မိန်းမသဏ္ဌာန် ပေါ်၌ မရောက်မူ၍ နိစ္စနိမိတ် ပျောက်ပြီး သကာလ အနိစ္စနိမိတ်ကို တွေ့လို့ ရှိရင်လဲ ဒါ သတိပဋ္ဌာန်ပဲ ဆိုတာ မှတ်ထားကြပါ။ (မှန်ပါ့)။

နိမိတ်ဆိုတာ ဘာတုံးလို့ မေးလို့ ရှိရင် သတိပဋ္ဌာန်၏ တွေ့ရာအာရုံကို နိမိတ်လို့ ခေါ်သည် (မှန်ပါ့)။

ဒါဖြင့် သမာဓိဘာတုံးဆိုတော့ ဧကဂ္ဂတာ၊ သတိပဋ္ဌာန် ၏ နိမိတ်ဆိုတာ ဘာတုံး ဆိုလို့ ရှိရင် နိစ္စနိမိတ်ပျောက် ပြီးတော့ အနိစ္စ နိမိတ်ထင်ဖို့ပါပဲ။ သဘောကျပလား။ (ကျပါပြီဘုရား)။

နိစ္စနိမိတ် ပျောက်ရမယ်၊ အနိစ္စနိမိတ် ဉာဏ်ထဲမှာ ထင်လာလို့ ရှိရင် ဒါသတိပဋ္ဌာန်၏ နိမိတ်လို့ ဦးသံဒိုင်တို့ မှတ်ရမယ်။ (မှန်ပါ့)။

ဪ ဒါဖြင့်- အနိစ္စ နိမိတ် ထင်ကတည် က ယောက်ျားသဏ္ဌာန်၊ မိန်းမသဏ္ဌာန်၊ အထည်သဏ္ဌာန်တွေ – ဟာ အကုန်ပျောက်တာပဲ။ (မှန်ပါ့)။

ဒါကြောင့် နိမိတ်ဆိုတာ ဘာတုံးဆိုတော့ သတိပဋ္ဌာန် လေးပါးလို့ ဓမ္မဒိန္နာက ဖြေလိုက်တယ်။ (မှန်ပါ)၊ သူ ဖြေတာ သူတို့ဟာသူတို့ ဖြစ်တာ အရေးမကြီးဘူး၊ ကိုယ်ရှုတဲ့ အခါ အတုခိုးဖို့ အရေးကြီးတယ်။ (မှန်ပါ့)။

ကိုယ်ရှုတဲ့အခါကျလို့ ရှိရင်ဖြင့် တစ်ခုတည်းသော အာရုံကို ရှုလိုက်တယ်၊ ဝေဒနာရှုလိုက်တယ်၊ နိစ္စနိမိတ် ပျောက်ပြီး အနိစ္စ နိမိတ်ပေါ်လာလို့ ရှိရင်ဖြင့် သြော် သတိပဋ္ဌာန် သည်ကားလို့ ဆိုလို့ ရှိရင် နိမိတ်ကို အာရုံပြုတယ် ဆိုတာ သေသေချာချာ မှတ်ကြပါ။ (မှန်ပါ့)။

နိစ္စနိမိတ်ပျောက်ရမယ်၊ အနိစ္စနိမိတ် ထင်ရမယ်၊ သဘောကျကြပလား။ (ကျပါပြီဘုရား)။

ဘာပျောက်ရမတုံး။ (နိစ္စနိမိတ် ပျောက်ရမယ်)၊ အနိစ္စ နိမိတ်ထင်ရမယ် ဆိုတဲ့ဥစ္စာ သေသေ ချာချာ မှတ်ပြီး အနိစ္စ နိမိတ်ဟာ ဘယ့်နှယ်ကြောင့် ထင်ရမှာတုံးဆိုတော့ ဧကဂ္ဂတာ ပို့တဲ့ဆီကိုသာ ခင်ဗျားတို့ သတိပဋ္ဌာန်က ကြည့်လိုက်လို့ ရှိရင်၊ သတိထားပြီး ကြည့်လိုက်လို့ ရှိရင်ဖြင့် နိစ္စ နိမိတ် မရှိပါဘူး၊ ဖျတ်ဖျတ်- ဖျတ်ဖျတ်နဲ့ ဝေဒနာကလေးတွေ ပြောင်းလဲနေပုံ၊ စိတ်ကလေးတွေ ပြောင်းလဲ နေပုံ။ အဲဒီ အနိစ္စနိမိတ် တစ်ခါတည်း မြင်အောင်ကြည့်နိုင်ကြလို့ ရှိရင်ဖြင့် တဲ့၊ ခင်ဗျားတို့ သတိပဋ္ဌာန်၏ နိမိတ်ဆိုတာ ပေါ်လာတာပဲ။ (မှန်ပါ့)။

ဒါဖြင့် နိစ္စနိမိတ်ပျောက်ပြီး အနိစ္စနိမိတ် ထင်အောင် ကြည့်ကြပါ။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီဘုရား)။

သတိပဋ္ဌာန်ကို ဒကာ ဒကာမတွေ ရှုတဲ့ အခါကျတော့ နိစ္စ နိမိတ်ပျောက်ပြီး အနိစ္စ နိမိတ် ပေါ်အောင်ဖြင့် ကြိုးစားပါ ဆိုတာ တိုက်တွန်းလိုက်တယ်။ (မှန်ပါ့)။ ဒါဖြင့် မမြင်သေးဘူးဆိုလို့ ရှိရင် သတိပဋ္ဌာန်ကို မရောက်သေးဘူးလို့ မှတ်။ (မှန်ပါ့)။

နိစ္စ နိမိတ်ပျောက်ပြီးတော့ (အနိစ္စ နိမိတ်ထင်အောင် ကြည့်ရပါမယ်)၊ အဲမြန်မာလိုပြန်တော့ ခိုင်မြဲတာပျောက် ပြီး မခိုင်မြဲတာ ရောက်မယ်။ (မှန်ပါ့)။

ခိုင်မြဲတာပျောက်ပြီး (မခိုင်မြဲတာရောက်ရပါမယ်)၊ အဲဒီတော့ ဓမ္မဒိန္နာကို ဝိသာခက မေးပြန်တယ်၊ ကဲ ဒါဖြင့် ခိုင်မြဲတာ ပျောက်ပြီး မခိုင်မြဲတာ နိမိတ်တော့ ရောက်ပါပြီ၊ သူ တစ်ခုတည်း ရောက်နိုင်သလား ဆိုတော့ အို သတိပဋ္ဌာန်၏ အခြံအရံ ပါရသေးတယ် ဒကာကြီးလို့ ဖြေလိုက်တယ်။ (မှန်ပါ့ဘုရား)။

သတိပဋ္ဌာန်၏ အခြံအရံဟာ ဝီရိယ

သတိပဋ္ဌာန်၏ အခြံအရံဟာ ဘာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဝီရိယစိုက်ပေးပါ၊ သတိပဋ္ဌာန်၏အခြံ အရံဟာ ဝီရိယပဲ။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

သတိပဋ္ဌာန်၏ အခြအရံဟာ (ဝီရိယပါဘုရား)၊ ဝီရိယ စိုက်ပေးလိုက်လို့ ရှိရင်ဖြင့်တဲ့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ နိစ္စနိမိတ် ပျောက်ပြီး အနိစ္စနိမိတ်ကို ဝီရိယက တွန်းပေးလိုက်တဲ့ အခါကျတော့ သတိပညာက တစ်ခါတည်း နိစ္စနိမိတ်ပျောက်ပြီး အနိစ္စတွေချည်း မြင်တော့တာပဲ။ (မှန်ပါ့ဘုရား)။

ဒါ သူကိုယ်တိုင်လုပ်လာတဲ့ အလုပ်စဉ်လို့ မှတ်လိုက် စမ်းပါ။ (မှန်ပါ့)၊ သူကိုယ်တိုင်လုပ်လာတဲ့ အလုပ်စဉ်၊ ရဟန္တာဖြစ်ပြီးမှ သူ့အလုပ်စဉ်ကို သူ ပြောတာလို့ ဦးသံဒိုင် မှတ်ရမယ်။ (မှန်ပါ့ဘုရား)။

ဒါဖြင့် သတိပဋ္ဌာန်နိမိတ်ကို သူ ဘယ်လိုကြောင့် အနိစ္စ နိမိတ် သတိပညာက ထင်နိုင်ပါသတုံး ဆိုရင်ဖြင့် ဝီရိယက ကူညီပေးလို့ ထင်တယ်လို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)၊ ဝီရိယက ကူညီပေးလို့ နော်။ (မှန်ပါ)။

ဒါဖြင့် ဝီရိယနဲ့ ဧကဂ္ဂတာက သမာဓိမဂ္ဂင်ဖြစ်သွားပြီး သကာလ သတိပညာက ပညာမဂ္ဂင် ဖြစ်သွားတယ်လို့ မှတ်ရမယ်။ (မှန်ပါ့)။

ဖြစ်ပျက်မြင်ရင် တစ်ပြိုင်နက်ဝင်တယ်

ဒါတွေဟာ အခုပြောတော့သာ သတ္တိအမျိုးမျိုးပြော နေတယ်၊ ဖြစ်ပျက်မြင်လို့ ရှိရင် တစ်ပြိုင်နက် ဝင်တယ်လို့လဲ မှတ်လိုက်စမ်းပါဦး။ (မှန်ပါ့ဘုရား)။

ဖြစ်ပြီး ပျက်တာတွေ မြင်လို့ ရှိရင် (တစ်ပြိုင်နက် ဝင်ပါတယ်ဘုရား)၊ သမာဓိလဲ ပါပြီ၊ သတိပဋ္ဌာန်လဲ ပါပြီ။ သမ္မပ္ပဓာန်လဲ ပါပြီ၊ သမ္မပ္ပဓာန်ဆိုတာ ဝီရိယ။ (မှန်ပါ့)။ ကောင်းပြီ ဒါဖြင့် ဒီလိုနဲ့ပဲ နိဗ္ဗာန် ရောက်နိုင်သလား လို့ ဆိုတဲ့အခါကျတော့ တစ်ခါ ဘာဝေတဗ္ဗ တဲ့၊ ဒကာ ကြီး ပွားရသေးတယ်။ (မှန်ပါ့)၊ အကြိမ်ကြိမ် ပွားရသေး တယ်။ (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဘာဝေတဗ္ဗ ကိစ္စကို ပွားရမယ်ဆိုတဲ့ ဥစ္စာသည် ဘာဝေတဗ္ဗကိစ္စက ဘယ့်နှယ်ကြောင့် ပွားရတာတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ မှတ်စရာက ပွားချင်လို့ ပွားရတာ မဟုတ်ဘူးတဲ့၊ ကိလေသာ အညစ်အကြေး တွေဟာ ကြေးဖလား လိုပဲ၊ ပွတ်နိုင်မှ ပြောင်တယ်။ (မှန်ပါ့ ဘုရား)။

ကြေးဖလားလို ပွတ်နိုင်မှ ပြောင်မယ်

ကြေးဖလားလိုပဲ (ပွတ်နိုင်မှ ပြောင်ပါတယ်ဘုရား)၊ အဲဒီတော့ သတိပဋ္ဌာန်အလုပ် ဒီလိုနဲ့ နိဗ္ဗာန်မရောက်နိုင်သေးဘူး ဒကာကြီး၊ ဘာဝေတဗ္ဗနဲ့ အဖန်ဖန်လဲ ပွားရသေး တယ်တဲ့၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ဘာလုပ်ရမလဲ (ဘာဝေတဗ္ဗနဲ့ အဖန်ဖန်ပွားရပါ မယ်)၊ အဖန်ဖန်လဲ ပွားရဦးမယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ထားပါ။ (မှန်ပါ့)။

ကြေးဖလားဥပမာ

အဖန်ဖန်ပွားခြင်း၏ အဓိပ္ပာယ်က ခင်ဗျားတို့မှာ ဘယ်လိုဖြစ်နေသတုံး ဆိုတော့ ရှင်သာရိပုတ္တရာက ဟောလိုက် တယ်၊ပန်းထိမ်သည်က ဖြစ်စေ၊ ဈေးထဲက ဖြစ်စေ၊ ကြေးဖလား – တစ်ခု ဝယ်လာတယ်တဲ့၊ အိမ်ရောက်တော့လဲ ဘာမှ အသုံး မချဘဲနဲ့ တစ်နေရာမှာ ထိုးထားလို့ ရှိရင် ဒကာ ဒကာမတို့ နဂိုက ဝယ်လာတုန်းကလဲ ကြေးဖလားက အရိုင်း၊ နောက် အိမ်ကျပြန်တော့လဲ အသုံးမချဘဲနဲ့ တစ်နေရာရာ ထိုးထား လိုက်ပြန်တော့ ကြေးညှိတွေက ပိုတက်၊ ပိုတက်ပြီး သကာလ နေတော့ တကယ်သုံးတော့မယ်ဆိုတော့ နဂိုဝယ်တုန်းကလဲ တိုက်မထား (မှန်ပါ့)၊ နောက် ဒီနေရာ ထိုးထားပြန်တော့လဲ တစ်ခါ ကြေးညှိက ပြန်တက်ပြန်၊ ပြန်တက်တဲ့အခါ ဒီကြေး ခွက်ကို ဒကာ ဒကာမတွေ သုံးစွဲတဲ့ အခါ ဖြစ်နိုင်ပါ့မလား။ (မဖြစ်နိုင်ပါဘုရား)၊ အညစ်အကြေးများတယ်။ (မှန်ပါ့)။

ထို့ အတူပဲတဲ့၊ ကြေဖလားလိုပဲ ဒကာ ဒကာမတွေ နဂိုက ကိလေသာကလဲ ပင်ကိုက ဈေးဝယ်တဲ့ အတိုင်း လူ့ဘဝ ရ,ကတည်းက ကိလေသာကို ဘယ်လို ရှင်းမယ်ဆိုတာလဲ မပါခဲ့ဘူး။ (မှန်ပါ့)၊ ဒီအတိုင်း ပစ်ထားသလိုပဲ၊ ဒီအတိုင်း ပစ်ထားတယ်။

ပစ်ထားတဲ့အတိုင်းမှာ သတိပဋ္ဌာန်အလုပ်တွေကို သတိ ပဋ္ဌာန် နိမိတ်လဲ မြင်အောင်မလုပ်၊ ဧကဂ္ဂတာလဲ ကျအောင် မလုပ်၊ ဝီရိယလဲ မစိုက်ဘူးဆိုလို့ ရှိရင်ဖြင့်တဲ့၊ ခုနင်က ကြေး ဖလားဟာ ဝယ်တာထက် ပိုပြီးသကာလ ချေးပိုတက်လာ တယ်။ (မှန်ပါ့ဘုရား)၊ ထားလိုက်တဲ့ အတွက်ပေါ့လေ။ (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေမှာလဲတဲ့၊ ခန္ဓာကိုယ် ရလာတဲ့အချိန်ကစပြီး ဒီအလုပ်မျိုးဆိုတာက ဆရာသမားလဲ တွေ့ဦးမှ၊ ထောင်တတ်တဲ့ နားကလဲ ပါဦးမှ(မှန်ပါ့)၊ ဒီလိုမှ ပွားဖြစ်တော့ နဂိုကိုက ဝယ်လာကတည်းက၊ လူ့ဘဝ ရ,ကတည်းက တဏှာအမိ၊ အဝိဇ္ဇာ အဖနဲ့ ခင်ဗျားတို့ က ကြီးလာတာ။ (မှန်ပါ့ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

တဏှာက (အမိပါဘုရား)၊ အဝိဇ္ဇာက (အဖပါ ဘုရား)၊ အဲသူတို့ နှစ်ယောက်လက်ထဲမှာ ကြီးလာတာ။ (မှန်ပါ့)။

သူတို့ နှစ်ယောက်ကလဲ မှတ်လိုက်စမ်းပါ၊ မဂ်ဖိုလ် ရောက်မှာ အလွန်စိုးရိမ်တယ်။ (မှန်ပါ့)၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရဖို့ သူ့တို့ လက်တွင်းက လွတ်သွားမှာ အလွန် စိုးရိမ်တဲ့ တရားနှစ်ခု။ (မှန်ပါ့ဘုရား)။

အလွန်စိုးရိမ်တဲ့ တရားနှစ်ခုဖြစ်ပြီး သကာလနေ တော့ ခင်ဗျားတို့ ကလဲ သူတို့ လက်ထဲမှာ ကြီးပွားလာတာ ဖြစ်နေတော့ အဝိဇ္ဇာက သစ္စာလေးပါး မသိအောင် ဖုံးထား လိုက်၊ တဏှာက အမေခင်၊ အဖေခင်၊ သားခင်၊ စီးပွားရှာ ခင်ဆိုတော့ ကျုပ်တို့ ကလဲ သူတို့ ခိုင်းရာကိုပဲ လုပ်နေတော့ သူတို့သာလျှင် အမေ၊ သူတို့သာလျှင် အဖေ ဖြစ်နေ တယ်။ (မှန်ပါ့ဘုရား)။

သူတို့ အပေါ့၊ သူတို့ အဖေ ဖြစ်နေတော့ ချေးဟာ တစ်နေ့လဲ တက်ပြန်တာပဲ၊ နောက်တစ် နေ့လဲ (တက်ပါ တယ်ဘုရား)၊ အဲဒါက ဘယ်လောက်ကြာပလဲလို့ မေးလို့ရှိရင် ဘဝသံသရာ ကတည်းက ဒီပွတ်တိုက်တဲ့ သဘောက တော့ ဦးသံဒိုင် ပါကိုမပါဘူး။ (မှန်ပါ့)၊ ပါကိုမပါဘူး။ (မှန်ပါ့ဘုရား)။

ဘဝ သံသရာထဲက ပွတ်တိုက်ပြီး သကာလ ထားတယ် လို့ မပါ,ပါဘူးတဲ့၊ ဒီအတိုင်း ပစ်ထား တာတွေက များတော့ အခုချက်ချင်း ဆရာကောင်း သမားကောင်းတွေနဲ့ တွေ့ပြီး အခုချက်ချင်း ဖြစ်ပျက်မြင်လို့ ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်ကြီး ကို သွားချင်ပါတယ် ဆိုတော့ မပွတ်တိုက်လို့ ရှိရင် မရဘူး။ (မှန်ပါ့)။

တဏှာအမိနဲ့ အဝိဇ္ဇာအဖက ဒကာ ဒကာမတို့မှာ – သူတို့ လက်ထဲ ကြီးပွားလာခဲ့ရတယ် ဆိုတာ မှတ်လိုက်စမ်း ပါ။ (မှန်ပါ့ဘုရား)။

တဏှာက ဘာတုံး (အမိပါဘုရား)၊ တဏှာက အမိတဲ့၊ အဝိဇ္ဇာက(အဖပါ ဘုရား)။

အဲသူတို့နှစ်ယောက်လက်ထဲမှာ ကြီးပွားလာတော့ ဒီအထဲက နေပြီး သကာလ ဒိဋ္ဌိတည်း ဟူသော ကိုယ်ရံတော် တွေကလဲ ခင်ဗျားတို့က မွေးထားတယ်။ (မှန်ပါ့ဘုရား)။

ဒိဋ္ဌိကိုယ်ရံတော်တွေကလဲ(မွေးထားပါတယ်ဘုရား)။

မွေးထားတော့ ဒါတွေက ဒိဋ္ဌိကလဲ ဒါ မင့်သား၊ မင့်သမီး၊ မင့်မြေး၊ မင့်မြစ်၊ မင့်အစ်ကို၊ မင့်နှမ၊ မင့် ယောက်ဖ အစရှိသည်နဲ့ အမျိုးမျိုး အဖုံဖုံ ဒိဋ္ဌိကလဲ ကိုယ်ရံတော်ကွေကလဲ ခင်ဗျားတို့ မှာက အမြဲတမ်း အုပ်ချုပ်ပြီး သကာလနေတော့ နဂိုက ပစ်ထားတဲ့ ကြေးဖလား ဖြစ် နေတယ်။ (မှန်လှပါ)၊ တစ်ခါမှမပွတ်ဖူးဘူး။ (မှန်ပါ့)။

နဂိုက ပစ်ထားတဲ့ ကြေးဖလား တစ်ခါမှ မပွတ်ဖူး တော့ ထုတက်နေတယ်။ (မှန်ပါ့)။

အဲဒါသည်ကားလို့ ဆိုရင် ဘာတုံးလို့ မေးတဲ့အခါကျ တော့ သြော် တပည့်တော်တို့ ဆရာကောင်း သမားကောင်း တွေ သာသနာတွင် ကြုံပါလျက်သားနဲ့ တပည့်တော်တို့ နိဗ္ဗာန်မရတာ ဘာတုံးဆိုလို့ ရှိရင်ဖြင့်တဲ့၊ ဒီထုကြီးလို့သာ မှတ်ပေတော့။ (မှန်ပါ့ဘုရား)။

အဝိဇ္ဇာထု၊ တဏှာထု ဒိဋ္ဌိထု မကြီးဘူးလား။(ကြီး ပါတယ်ဘုရား)။

မပွားရင် မရဘူး

အဲဒီကြီးနေတဲ့အခါကျတော့ ခုနင်က သတိပဋ္ဌာန် နိမိတ်ကို ထင်အောင်၊ ဧကဂ္ဂတာ ကျအောင်၊ ဝီရိယ ကူညီ နိုင်အောင် ဆိုတော့ကို ဓမ္မဒိန္နာက ဒကာကြီ၊တဲ့၊ မပွားရင် မရဘူးတဲ့။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီဘုရား)။

မပွားရင်(မရပါဘုရား)၊ပွားမှပဲရမယ်တဲ့၊ (မှန်ပါ့)။

ပွားမှ ရမယ်ဆိုတာကတော့ ပစ်ထားတဲ့ ကြေးဖလား ကို ထပ်ပြန်တလဲလဲ ပွတ်ရင်တော့ အရောင် ထွက်လာမှာပဲ။ (မှန်ပါ့)၊ နို့မဟုတ်လို့ ရှိရင်တော့ မထွက်နိုင်ဘူး။ – (မှန်ပါ့)၊ ဉာဏ်ရောင်ကို မပြောင်းနိုင်ဘူးတဲ့။ (မှန်ပါ့)၊သဘောပါကြပလား။ (ပါ,ပါပြီဘုရား)။

ဒါကြောင့် ဒါနဲ့ နိဗ္ဗာန် မရောက်နိုင်သေးဘူးတဲ့။ ဧကဂ္ဂတာ ကျရုံနဲ့၊ သတိပဋ္ဌာန် နိမိတ် ထင်ရုံနဲ့၊ ဝီရိယ စိုက်ရုံ နဲ့လဲ မရသေးဘူး၊ ပွားဦးမှတဲ့။ (မှန်ပါ့)၊ “ဘာဝိတာ ဗဟုလီကတာ” လုပ်ရဦးမယ်။ (မှန်ပါ့)၊ ဘာဝိတာ= ပွားရမယ်၊ ဗဟုလီကတာ=ကြိမ်ဖန်များစွာ ကြိုးစားရမယ် ဆိုတဲ့ အဓိပ္ပာယ်၊ ရှင်းပလား။ (ရှင်းပါပြီဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ပွားများရတဲ့ တန်ခိုးဟာက ဘယ်လို ကျေးဇူး ရှိပါလိမ့်မတုံး ဆိုတော့ ဉာဏ်ပေါ်မှာ ဖုံးနေတဲ့ အမိနဲ့တူတဲ့ တဏှာ၊ အဖနဲ့ တူတဲ့ အဝိဇ္ဇာ၊ ကိုယ်ရံတော်နဲ့ တူတဲ့ ဒိဋ္ဌိ၊ အဲဒါတွေကို ပါးအောင် လုပ်နေတဲ့ ကိစ္စလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့ဘုရား)၊

သိရုံနဲ့ နိဗ္ဗာန် မရနိုင် ဒါကြောင့် သိရုံနဲ့ နိဗ္ဗာန်ရောက်တယ်လို့ ဟောတဲ့ ဆရာတွေနဲ့တွေ့ရင် ဘယ်တော့မှ မယုံနဲ့။ (မှန်လှပါ ဘုရား)။

မယုံနဲ့တဲ့၊ ဘာဖြစ်လို့ မယုံနဲ့လို့ ဆရာဘုန်းကြီးက ကန့်ကွက်ရသတုံး ဆိုတော့ အခု သေသေ ချာချာ ပါပြီပေါ့။ (မှန်ပါ့)၊ ဓမ္မဒိန္နာတဲ့၊ နိဗ္ဗာန်ဟာ ဒီကိစ္စနဲ့ ဧကဂ္ဂတာဟာ ကျပါပြီ၊ သတိပဋ္ဌာန် ၏ နိမိတ် ထင်ပါပြီ၊ ဝီရိယလဲ စိုက်ပါ ပြီ၊ ထင်ရုံနဲ့ ပြီးနိုင်သလား၊ တွေ့နိုင်ပါသလား၊ ဒုက္ခ ခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကို မတွေ့နိုင်ဘူးတဲ့၊ ဘာဝေတဗ္ဗ ကိစ္စ လိုက်ရဦးမယ်တဲ့။ (မှန်ပါ့ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီဘုရား)။

ဘာလိုက်ရဦးမလဲ(ဘာဝေတဗ္ဗကိစ္စ လိုက်ရပါဦးမယ်)၊ ဘာဝေတဗ္ဗကိစ္စ မလိုက်ရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှာ ရကို မရနိုင်ဘူး။ (မှန်ပါ့ဘုရား)၊ မရနိုင်ဘူးတဲ့။

အဲဒီတော့ ဒီလို မှတ်လိုက်တာပေါ့၊ ဘာဝေတဗ္ဗကိစ္စက ဘယ်နေရာတုံးလို့ဆိုတဲ့ အခါကျတော့ ဖြစ်ပျက်ကို မမြင် မြင်အောင် အားထုတ်တဲ့ နေရာကျတော့ ဘာဝေတဗ္ဗကိစ္စ လိုတယ်။ (မှန်ပါ့)၊ နိဗ္ဗာန်မြင်တဲ့ အခါကျတော့ မဂ်စစ် ပေါ်လာတဲ့အခါ ဘာဝေတဗ္ဗကိစ္စ မလိုဘူး။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီဘုရား)။

ဝိပဿနာမဂ် ပွားကြစမ်းပါ

ဝိပဿနာမဂ်မှာ ဘာဝေတဗ္ဗကိစ္စ လိုတယ်။ (မှန်ပါ့)၊ လောကုတ္တရာမဂ် ကျတော့ (ဘာဝေတဗ္ဗကိစ္စ မလိုပါ ဘုရား)၊ မလိုဘူး၊ တစ်ကြိမ်တည်းနဲ့ နိဗ္ဗာန်ရောက် တယ်။ (မှန်ပါ့)။

အဲဒီတော့ ဒီအရှိန်ပေးနေရတာ – ကိလေသာထုတွေ ခွာနေရတာ ကြာတာပါတဲ့၊ ခွာပြီးတဲ့ တစ်နေ့ မဂ်စစ် ပေါ်ဖို့ ကျတော့ ဒကာ ဒကာမတွေမှာ ဘာမှ ပူစရာမလိုဘူး၊ တစ်ကြိမ်နဲ့ ကိစ္စပြီးတာပါ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီဘုရား)။

ဒါကြောင့် ပွားကြစမ်းပါပွားကြစမ်းပါဆိုတဲ့ဥစ္စာ သည် ဘယ့်နှယ်ကြောင့် အပွားခိုင်း တာတုံး ဆိုတာ မောင်သစ် တို့ ရိပ်မိရောပေါ့။ (မှန်ပါ့ဘုရား)၊ ဘယ်အခါကာလမှ မပွတ်ဘဲနဲ့ ဈေးက ဝယ်ပစ်ထားတဲ့ ကြေးဖလားနဲ့ တူနေလို့၊ ရှင်သာရိပုတ္တရာက အသုံးချလို့ မဖြစ်လို့ ပွတ်ရတာပေါ့ တဲ့၊ ပွတ်တယ်ဆိုတာ ထပ်ပြန်တလဲလဲ ပွတ်ရတယ်။ (မှန်ပါ)။

ဒါမှသာလျှင် ကြေးဖလားအရောင်ကြီးထွက်ပြီးသကာလ လိုရင်းကိစ္စ၊ သုံးဆောင်ခြင်းကိစ္စကို ပြီးစေနိုင်တယ်ဆိုတာ အမှန်ပါပဲ။ (မှန်ပါ့ဘုရား)။

ဒါဖြင့် ဘာဝေတဗ္ဗကိစ္စ မလိုဘူးလား။ (လိုပါ တယ်ဘုရား)၊ ဘယ်အချိန် လိုသတုံးဆိုတော့ ဖြစ်ပျက်ကို ပွားနေတုန်း လိုတယ်။ (မှန်ပါ့)၊ ဖြစ်ပျက်ဆုံးသွားတဲ့ အခါကျပြန်တော့လဲ မဂ်စိတ် တစ်ကြိမ် ပေါ်လာခြင်းကြောင့် မပွားပါနဲ့တဲ့၊ ခင်ဗျားတို့ က ပွားချင်လဲ မရဘူး၊ သူက တစ်ကြိမ်ဖြစ်ပြီး ချုပ်သွားတာပဲ။ (မှန်ပါ့)။

လောကုတ္တရာမဂ်က ကျေးဇူးများတယ်

တစ်ကြိမ်ဖြစ်ပြီး ချုပ်တယ် ဆိုကတည်းကလဲ သူကလဲ သူ့အတွက်ကတော့ အေးပါတယ်၊ သူ့ အတွက်ကတော့ ဘယ်လို စိတ်အေးရသတုံးဆိုတော့ မြစ်တစ်ခုကို ကူးသလို မှတ်ရမယ်တဲ့ (မှန်ပါ့)၊ မဂ်တစ်ကြိမ်တည်း ဖြစ်ငြားသော်လဲ လောကုတ္တရာမဂ်ကြတော့ အလွန်ကျေးဇူးများပါတယ်။ (မှန်ပါ့)။

လှေတစ်ခုမှာ ဝန်တင်ပါတဲ့၊ လှေတစ်ခု ဝန်တင်း ပြီး သကာလ သူတစ်ယောက်က ထိုးခတ် လှော်ပြီး သကာလ ဟိုဘက်သွားတဲ့အခါမှာ ဒီဘက်ကမ်းက ဟိုဘက်ကမ်းကို ကူးတာလဲ လှေသမား၏ လုံ့လပယောဂပဲ၊ ဒီဝန်တွေဆောင်ပြီး သကာလ သွားတာလဲ ဒီလှေသမား၏ လုံ့လ ပယောဂပဲနော်။ (မှန်ပါ့)၊ ရေဖြတ်သွားတာလဲ (လှေ သမား၏ လုံ့လပယောဂပါ ဘုရား)၊ ဟိုဘက်ကမ်း ရောက်တာကော (လှေသမား၏ လုံ့လပယောဂပါ ဘုရား)။

အဲ မဂ်တစ်ကြိမ် ပေါ်ပြီဆိုမှဖြင့်တဲ့၊ ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင်သိဖို့ လဲ၊ ဒုက္ခသစ္စာကို ပရိညေယျနဲ့ ထားပစ် ခဲ့တာလဲ သူပဲလို့ မှတ်ပါ။ (မှန်ပါ့)၊ ကိလေသာရေတွေ ကို ဖြတ်ကျော်ပြီး သကာလ၊ ဖြတ်တောက်ပြီး သကာလ သွားတာလဲ လှေပဲလို့ မှတ်ရမယ်။ (မှန်ပါ့)၊ ဒီမှာ ဘက်ကမ်း ဆိုတဲ့ သက္ကာယဒိဋ္ဌိ ရုပ်နာမ် နယ်မှ ရုပ်နာမ်မရှိတဲ့ နိဗ္ဗာန် ဘက်ကိုရောက်တော့ ဒီဘက်ကမ်းက ခွာတာလဲ လှေပဲ။ (မှန်ပါ့)၊ ဟိုဘက်ကမ်းကို ရောက်တာကော (လှေပါပဲ ဘုရား)။

မဂ်၏အလုပ်လေးမျိုး

ဒါဖြင့် လှေသည် အလုပ် လေးလုပ်,လုပ်တယ်။ (မှန်ပါ့)၊ လေးလုပ်က ဒီဘက်ကမ်းခွာမှု၊ ဟိုဘက်ကမ်း ရောက်မှုနဲ့ နှစ်မှု မနေဘူးလား။ (မှန်ပါ့)၊ ဝန်တွေ တင်ပြီး သကာလ ဟိုဘက်ပို့မှုလဲ လှေပဲ၊ အလယ်က ရေတွေ ဖြတ်ဖို့ ကော (လှေပါပဲဘုရား)၊ လှေဆိုတာ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

ထို့ အတူပဲတဲ့၊ မဂ်သည် ရေနဲ့တူတဲ့ ကိလေသာ ကိုလဲ သူ တစ်ကြိမ်တည်းနဲ့ ဖြတ်တာပဲ။ (မှန်ပါ့ဘုရား)၊ ဒီမှာဘက်ကမ်း သက္ကာယဒိဋ္ဌိနယ်မှ ခွာတာလဲ(လှေပါပဲ ဘုရား)၊ အဲလှေနဲ့တူတဲ့ မဂ်ပဲ။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ)၊ နိဗ္ဗာန်ဆိုတဲ့ ဟိုမှာဘက်ကမ်း အရောက် ပို့လိုက်တာကော (လှေပါဘုရား)၊ ဒီမဂ်ပဲ၊ လှေနဲ့တူတဲ့ မဂ်ပဲ။ (မှန်ပါ့)၊ သဘောကျပြီ။ (ကျပါပြီ)၊ ဒီဝန်တွေ ကို တစ်ခါတည်း ဆောင်ယူသွားတာကော (လှေနဲ့တူတဲ့ မဂ်ပါဘုရား)။

လှေပဲလို့ ဆိုရင် လှေသည် လေးလုပ် အလုပ်လုပ် တယ်။ (မှန်ပါ့)၊ ထို့အတူပဲတဲ့၊ လှေ လေးလုပ်အလုပ်, လုပ်သလို မဂ်ကတော့ တစ်ကြိမ်ဖြစ်တယ်ဆိုရင် လေးခုသော ကိစ္စကို အပြီးလုပ်ချလိုက်တာပဲ။ (မှန်ပါ့)၊ ရှင်းကြ ပလား။ (ရှင်းပါပြီ)။

မဂ်က တစ်ကြိမ်ဖြစ်ရင်တော့ (လေးခုသော ကိစ္စကို အပြီးလုပ်ချပါတယ်)၊ သက္ကာယဒိဋ္ဌိနယ်မှ ခွာသွားတယ် ဆိုတာလဲ မဂ်ကိစ္စပဲ။ (မှန်ပါ့)၊ ဖြစ်ပျက် မမြင်တော့ဘူး၊ အဲဒီအချိန်မှာ (မှန်ပါ့)၊ ဖြစ်ပျက်က သက္ကာယကိုး။ (မှန်ပါ့)၊ အဲဒီ သက္ကာယ ခွာတာလဲ မဂ်ပဲ။ (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိ ချုပ်တဲ့ နိဗ္ဗာန်ကို မြင်တာလဲ (မဂ်ပါပဲ)၊ ဒုက္ခ သစ္စာ ပရိညေယျနဲ့ ပိုင်းခြားပစ်တာလဲ သူပဲ။ (မှန်ပါ့)၊ ဟိုဘက် နိဗ္ဗာန်ကို အာရုံပြုနိုင်တာလဲ (သူပါပဲဘုရား)၊ အထည် ကိလေသာတွေ ဖြတ်တာကော (သူပါပဲဘုရား)၊ သူပဲဆိုတာ သဘောကျပလား။ (ကျပါပြီ)။

ဒီခန္ဓာရှိတဲ့ ပုဂ္ဂိုလ်ကိုပင်လျှင် ခန္ဓာရှိလျက်နဲ့လဲ နိဗ္ဗာန် ကို မြင်သွားတာလဲ၊ ခန္ဓာဝန်ကို နိဗ္ဗာန်ဘက် ဆောင်သွား တာလဲ သူပဲ။ (မှန်ပါ့ဘုရား)၊ သဘောပါပလား။ (ပါ,ပါပြီ)။

ဒါဖြင့် လောကုတ္တရာမဂ်စစ်ကတော့ မပွားရလို့ မှတ်ပါ။ (မှန်ပါ့)၊ လောကီမဂ်ကတော့ဖြင့် (ပွားရပါတယ် ဘုရား)။

လောကီမဂ် ပွားရခြင်း၏ အကြောင်းကတော့ ခုနင်က ဘုန်းကြီး ရှင်းပေးခဲ့ပါပြီ၊ ဘယ်တော့မှ မဆေးတဲ့ ကြေး ဖလားဖြစ်နေလို့။ (မှန်ပါ့)၊ တစ်ချီတည်း တိုက်လို့ တော့ပြောင်လိမ့်မယ်၊ လက်လိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ် မျိုးတော့ မယူပါနဲ့ (မှန်ပါဘုရား)၊ မပြောင်နိုင်၊ မလက်နိုင်ဘူး။ ဆိုတာ တော့ဖြင့် အရေးကြီး ပါတယ်။ (မှန်ပါ)။

ဒါကြောင့် “သိရင် ပြီးရောဆိုတဲ့ စကားမျိုးကို ဘယ် အခါကာလမှ မယူကြပါနဲ့”၊ အခု ဓမ္မဒိန္နာ ရဟန္တာမ,ကလဲ ဖြေပြီ။ (မှန်ပါ့)၊ ဘုရားကလဲ မဂ်ဘာကိစ္စ ရှိသတုံးဆို အို ဘာဝေတဗ္ဗ ကိစ္စ ရှိတယ် ဆိုတော့ လောကီမဂ်ကို ဆို တယ်။ (မှန်ပါ့)၊ လောကုတ္တရာမဂ်မှာ ဘာဝေတဗ္ဗာမရှိ။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတွေ အလုပ်,လုပ် တဲ့ အခါကျတော့ ဧကဂ္ဂတာလဲ အရေးကြီး တယ်။ (မှန်ပါ)၊ သတိပဋ္ဌာန် နိမိတ်ကော (အရေးကြီးပါတယ်ဘုရား)၊ ဝီရိယ ကူညီမှုကော (အရေးကြီးပါတယ် ဘုရား)။

ဟာဒါတွေ တစ်ကြိမ်စီ ဖြစ်နေလို့ မတော်သေး ဘူး၊ ဧကဂ္ဂတာလဲ တစ်ကြိမ်တည်း ဖြစ်လို့ မတော်ဘူး၊ သတိပဋ္ဌာန် နိမိတ်လဲ တစ်ကြိမ်တည်း ဖြစ်လို့ မတော်ဘူး၊ ဝီရိယကလဲ တစ်ကြိမ်တည်း တွန်းပေး လိုက်တာနဲ့ မတော်သေးဘူး၊ ဘာဝေတဗ္ဗ ဆိုတဲ့ သူတို့ ကို အကြိမ်ကြိမ် ပွားများမှုဟာ လိုသေးတယ်။ (မှန်ပါ့)။

မသေမချင်း ပွားရမှာလား ?

မသေမချင်း ပွားရမှာလားလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဆိုတော့ ဒီလိုတော့ မဟုတ်ပါဘူးတဲ့။

လောကုတ္တရာမဂ် ခုနင်က လေးခုဆောင်သလို ဆောင်ပြီး လို့ ရှိရင်လဲ ပွားဖို့ မလိုတော့ပါဘူး။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)။

လောကုတ္တရာမဂ်ပေါ်လာလို့ ရှိရင်(ပွားဖို့ မလိုပါ ဘုရား)၊ ပွားဖို့ မလိုတော့ဘူး၊ သဘောကျ ပလား။ (ကျပါပြီ)။

အဲဒီတော့ ပွားနေရတာက ဘာဖြစ်လို့တုံးလို့ မေးတဲ့ အခါကျလို့ ရှိရင်ဖြင့် ကိလေသာထုထူလို့ ပွားရတယ်ဆိုတဲ့ အဓိပ္ပာယ်တော့ဖြင့် သေသေချာချာ မှတ်ပါ။ (မှန်ပါ့ ဘုရား)။

ကိလေသာထုထူလို့ ပွားရတာ

ဘယ်လိုကြောင့် ပွားရသတုံး။ (ကိလေသာထု ထူလို့ ပွားရပါတြယ်ဘုရား)။

ကိလေသာထု ထူတာလဲ ဦးသံဒိုင် ဝယ်ပြီးတဲ့ ကြေး ဖလား ဘယ်တော့မှ မဆေးတာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ခင်ဗျားတို့ အခု ဒီလာပြီး တရားနာကြ၊ တရားအား ထုတ်ကြတယ်။ အင်း ခုမှပဲ ဆေးရမှန်း၊ ကြောရမှန်း သိတာကိုး။ (မှန်ပါ့)၊

နဂိုကတော့ ဆုတောင်းကလေးနဲ့ အလွယ်တကူ ရလိမ့်မယ်လို့ ခင်ဗျားကို ကလဲ ထင်ကြ တယ်။ (မှန်ပါ့)၊ ဆုတောင်းကလေးနဲ့ အလွယ်တကူ ရလိမ့်မယ်လို့ ထင်ကြတယ်တဲ့ ဆုတောင်းနဲ့တော့ ဝေးပါသေးရဲ့ လို့ ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ့)၊ ဘာ ကြောင့်တုံးဆိုတော့ ပွားမှ ရမည့်အလုပ်ကို တောင်းယူလို့ တော့ (မရပါ)၊ မရပါ့ဘူး၊ လုပ်ယူရမည့်အလုပ်ကို တောင်း ယူရင် (မရပါဘုရား)၊ မရဘူးဆိုတဲ့ အဓိပ္ပာယ် ရှင်းမိအောင် ရှင်းပါ။ (မှန်ပါ့)။

အဲဒီတော့ကိုတဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီနေရာမှာ ပွားတဲ့ ကိစ္စမှာ သူ ဘာပြလိုက် သတုံးလို့ မေးတဲ့ အခါကျတော့ မောင်သစ်တို့၊ ဦးသံဒိုင်တို့ နာဖူးပါတယ်။ ကြက်မကြီး တစ်ကောင်ဟာတဲ့ ဆယ့်နှစ်လုံးလောက် ဥ တယ်။ (မှန်ပါ့)၊ သံယုတ် ပါဠိတော်မှာ လာတယ်။ (မှန်ပါ)၊ ဆယ့်နှစ်လုံး လောက် ဥပြီး သကာလ ပြင်ဘက်က နေပြီး သကာလ ကြက်ကလေးတွေ ပေါက်ပါ စေ၊ ငါ့ ကြက်ကလေးတွေ ပေါက်ပါစေလို့ ပြင်ဘက်ကနေ အော် လို့ ရှိရင် ဒီကြက်ဥတွေ ပျက်သွားမယ်။ (မှန်ပါ့၊ ပုပ်သွား ပါ့မယ်ဘုရား)။

ကြက်မကြီး ဥပမာ ဒီအပေါ်မှာ အတောင်ကလေး ဖြန့်ပြီးအုပ်၊ လေမတိုက် – အောင်လို့ အတောင်ကလေး ဖြန့်ပြီးတော့ ကာထား၊ ကြက် တို့၏ အငွေ့ဖြစ်တဲ့ အပူဓာတ်ကိုလဲ ပေး၊ အနံ့ကို လဲပေး၊ ဒီသုံးခု အလုပ်ကို မလုပ်လို့ ရှိရင် ဒီကြက်ဥလေးတွေဟာ အကုန် ပုပ်သွားတာပဲ။ (မှန်ပါ့ဘုရား)။

အတောင်ဖြန့် မအုပ်တဲ့အတွက်၊ အပြင်ဘက်လေက – တိုက်တဲ့အတွက် ပုပ်တယ်။ (မှန်ပါ့)၊ အပူဓာတ်မပေးတဲ့ အတွက်လဲ အထဲမှာ ကြက်ဥက ဥစမှာ အရည်ချည်းဖြစ်နေ တယ်။ (မှန်ပါ့)၊ အဲဒီအရည်က မခန်းခြောက်ဘူး။ (မခန်းခြောက်ပါဘုရား)၊ ကြက်တို့၏ အနံ့ကို မပေးပြန်လို့ ရှိရင်လဲတဲ့၊ ဟိုမှာ ဒီကြက်ကောင် ကလေးတွေ ဖြစ်ဖို့ရာဟာ မရှိဘူးတဲ့၊ ဖြစ်ချင်တဲ့ အကောင်ဖြစ်မှာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

ဒါဖြင့် အတောင်ဖြန့် အုပ်ဖို့တို့ ကြက်မကြီး၏ အလုပ် ပဲ။ (မှန်ပါ့)၊ ကြက်တို့၏ ရင်ငွေ့ အပူဓာတ်ကို ဥကလေး တွေပေါ် ရောက်အောင် ပေးမှုလဲ (ကြက်မကြီး အလုပ်ပါ ဘုရား)၊ ကြက်တို့၏ အနံ့ကို ပေးမှုကော (ကြက်မကြီး အလုပ်ပါဘုရား)၊ မဝပ်ဘဲနဲ့ ဒီအနံ့ကလဲ ဟိုအထဲ မရောက် ဘူး။ (မှန်ပါ့)၊ ရောက်နိုင်ပါ့မလား။ (မရောက်နိုင် ပါဘုရား)၊ မရောက်နိုင်ဘူးဆိုတာ သေချာပလား။ (သေချာပါပြီ)။

အဲ ထို့ အတူပဲတဲ့၊ ပြင်ဘက်က လေလဲ ကာပေးရ မယ်။ (မှန်ပါ့)၊ အပူဓာတ်လဲ (ပေးရပါမယ်)၊ အနံ့ကော (ပေးရပါမယ်)၊ မပေးလို့ရှိရင်ဖြင့် ဒီကြက်ဥကလေး တွေ အကုန်ပုပ်သွားတာပဲ။ (မှန်ပါ့)။

အပြင်ကသာ ဒီကြက်ဥကလေး ပေါက်ပါစေ၊ ပေါက် ပါစေ ဆိုမယ် ဆိုလို့ ရှိရင် ရကိုမရဘူး။ (မရပါဘုရား)။

ထို့ အတူပဲတဲ့၊ ဒီဒကာ ဒကာမတွေလဲ လုပ်တော့ မလုပ်ဘဲနဲ့၊ ဉာဏ်ကလေးတော့ ပါရဲ့၊ လုပ်တော့ မလုပ် ဘူးဆိုလို့ ရှိရင် ဒီဉာဏ်ကလေးဟာက ပုပ်သွားမည်။ (မှန်ပါ့)။

ဘာဖြစ်လို့ တုံးဆိုတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ ဥစ္စာကို ခင်ဗျားတို့ အတောင်ဖြန့်အုပ်တာ၊ ကြက်အပူပေးတာ၊ ကြက်နံ့ပေးတာ သုံးလုပ်ရှိသလို ဒီမှာလဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သုံးလုပ်နဲ့ ခင်ဗျားတို့ လုပ်ရမှာပဲ။ (မှန်ပါ့)၊ မလုပ်လို့ ရှိရင် ဉာဏ်ကလေးဟာ ပုပ်သွားတာပဲ။ (မှန်ပါ့)၊ ဉာဏ်ကလေးဟာ တွန့်သွားတာပဲ၊ ဉာဏ်ကလေးဟာ အသုံးချလို့ မရပါဘူးဆိုတဲ့ ဥစ္စာ သေသေချာချာ မှတ်ပါ။ (မှန်ပါ့)။

ကြက်မကြီးသည်ကားလို့ ဆိုရင်ဖြင့် မကြာမကြာ ထွက်လိုက်၊ မကြာမကြာ ပြန်ဝပ်လိုက်၊ မကြာမကြာ ထွက် လိုက်၊ မကြာမကြာ ပြန်ဝပ်လိုက်၊ မကြာမကြာ ဆိုတာက တခြားမဟုတ်ဘူး၊ သူလဲ အစာရှာ ထွက်ရတယ်။ (မှန်ပါ့)၊ တော်တော်ကြာ အစာရှာထွက်ရာက ပြန်လာလို့ ရှိရင် ပြန်ပြီး ဝပ်ပြန် တာပဲ။ (မှန်ပါ့)။

ကြိမ်ဖန်များစွာဝပ်မှ အကောင်ပေါက်တယ်

ဒါဖြင့် သူသည် ကြိမ်ဖန်များစွာ တစ်သီတင်း၊ နှစ်သီတင်း ဝပ်လိုက်တဲ့အခါကျတော့ ဦးသံဒိုင် ကြက်ကောင် ကလေးတွေ ဖြစ်လာတယ်။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)။

ကြက်ကောင်ကလေးတွေ (ဖြစ်လာပါတယ်ဘုရား)၊ ဘာ့ကြောင့်တုံးလို့ မေးတဲ့ အခါကျ တော့မှတဲ့၊ အပူဓာတ် ပေးလို့ ဥခွံ ပါးသွားပါတယ်။ (မှန်ပါ့)၊ အတောင် ကလေးနဲ့ ကာကွယ်ပေးတဲ့ အတွက်၊ ပြင်ဘက်က လေ့မရတဲ့ အတွက် အပူရှိန် မရတော့ဘူး။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)၊ ကြက်နံ့ကလေးတွေ ပေးတဲ့အတွက် အထဲမှာ ကြက်ကောင် ကလေးတွေ ဖြစ်လာတယ်။ (မှန်ပါ့)။

ထို့ အတူပဲတဲ့၊ ကိလေသာတည်းဟူသော အစေးတွေ ခန္ဓာကိုယ်ထဲမှာ ကိလေသာတည်း ဟူသော အစေးတွေ ခန်းခြောက်မှ၊ အဝိဇ္ဇာ ဥခွံလဲ ပါးပါမှ ထိုကြက်ကလေးတွေ ၏ ခြေသည်း လက်သည်း ကလေးတွေ ထက်ပါတယ်။ (မှန်ပါ့)။

အဝိဇ္ဇာဥခွံလဲ (ပါးပါမှ)၊ တဏှာအစေးကလဲ (ခန်းခြောက်ပါမှ)၊ ခန်းခြောက်ပါမှ ဆိုမှ အထဲမှာ ကြက်ကောင်ကလေးတွေ၏ ခြေသည်းဖျားကလေးတွေ၊ နှုတ်သီး ဖျားကလေးတွေ ထက်လာတယ်။ (မှန်ပါ့)၊ ထက်လာတဲ့ အခါကျတော့ ကြက်ကောင်ကလေးတွေက အောက်မေ့ တယ်၊ သြော် ငါတို့ ဒီအထဲ ကွေးကောက် နေရတာ အတော်ကြာပြီ၊ ပြင်ဘက်လဲ အလင်းမြင်ရတယ်၊ အရည် ခြောက်လို့ အလင်းမြင်တာ။ (မှန်ပါ့)၊ အဝိဇ္ဇာ ဥခွံပါးလို့ လဲ (အလင်းမြင်ရပါတယ်)၊ အဲ အရည်မရှိလို့လဲ ကြက်ကောင် ကလေးတွေ ဖြစ်လာတယ်။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)။

အဲဒီ ကြက်မကြီး ကြက်နံ့တွေ ပေးလိုက်တဲ့အတွက် လဲ နှုတ်သီးဖျား ကလေးတွေ၊ ခြေဖျား ကလေးတွေ သန်စွမ်း လာတယ်။ (မှန်ပါ့)။

အဲဒီတွင် တစ်ခါတည်း တို့ ဒီထဲမှာ နေရတာကြာ ပြီ၊ ကွေးကောက် နေရတာ ကြာပြီဆိုပြီး လည်ပင်းကလေး ဆန့်လိုက်၊ ခြေထောက်ကလေး ဆန့်လိုက်တဲ့ အခါကျတော့ ဒါကလေးတွေက မာလာတာလို့ ခုနင်က တဏှာ အရည် ကလဲခန်း၊ အဝိဇ္ဇာ ဥခွံကလဲ ပါး၊ ဉာဏ်တည်း ဟူသော ခြေသည်း၊ လက်သည်း ကလေးတွေ၊ နှုတ်သီးဖျား ကလေးတွေ က ထက်လာလို့၊ ဗျမ်းဆို ကွဲထွက်သွားလို့ အလင်း ရောက်တယ်။ (မှန်ပါ့)၊ ပြင်ဘက် ရောက်မလာဘူးလား။ (ရောက်လာ ပါတယ် ဘုရား)။

အဲဒီလိုပဲကွာတဲ့၊ ငါဘုရား ဟောတယ် ဆိုရင် ဒီဥပမာကို ငါဘုရားပေးပါတယ်၊ မင်းတို့ လဲ ပွားများနိုင် လို့ ရှိရင် ကိလေသာ ခန်းခြောက် ပါလိမ့်မယ်။ (မှန်ပါ့)၊ အဝိဇ္ဇာ ဥခွံလဲ ပါးပါလိမ့်မယ်၊ ဉာဏ် ခြေသည်းဖျား၊ လက် သည်းဖျားလဲ ထက်ပါလိမ့်မယ်။ (မှန်ပါ့)၊ ဒီသုံးလုပ် မပါရင်တော့ မရဘူးကွတဲ့။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဥခွံထဲက အစေး ခြောက်အောင်လဲ ကျုပ်တို့ သည် ဖြစ်ပျက်ပေါ်မှာ ဝပ်ဝပ် ပေးရမယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ဖြစ်ပျက်ပေါ်မှာ (ဝပ်ဝပ်ပေး ရပါမယ် ဘုရား)၊ အဲ ဖြစ်ပျက်ပေါ်မှာ ဒီဉာဏ် ဝပ်ဝပ်ပေး ရမယ်ဆိုတာ ရှု-ရှုပေးရမယ် ပြောတာ။ (မှန်ပါ့)၊ ရှုရှုချင်း ထွက်မလားလို့ မေးတဲ့ အခါကျတော့ မဟုတ်သေးဘူးတဲ့၊ ကြက်မကြီး ဝပ်သလိုပဲတဲ့၊ အပူဓာတ် ပြင်းမှလဲ ကိလေသာ အစေးနဲ့တူတဲ့ အရည်တွေက၊ ကြက်ဥထဲမှာ ပါတဲ့ အရည်တွေက ခန်းခြောက်မယ်။ (မှန်ပါ့)၊ သဘော ပါပြီ။ (ပါ,ပါပြီ)။

အရည် ခန်းခြောက်မှလဲ ဥခွံက ပါး မယ်။ (မှန်ပါ့)၊ ဒါမှသာလျှင် ဥခွံပါးမှလဲ အထဲမှာ ရှိတဲ့ အကောင်ကလေးတွေ၏ နှုတ်သီးဖျား၊ ခြေသည်းဖျား ထက်မယ်။ (မှန်ပါ့)၊ ထက်မှလဲ ကန်ထွက်မယ်။ (မှန်ပါ့)၊ နို့ မဟုတ်လို့ ရှိရင် (မထွက်နိုင်ပါဘုရား)။

အဲဒီအတိုင်းပဲကွာတဲ့၊ ငါဘုရားသခင်ကိုယ်တော်မြတ် ကြီး မင်းတို့ သည်ကားလို့ ဆိုရင်ဖြင့်၊ ပွားများလို့ ရှိရင်ဖြင့် ဒီအပေါ်မှာ၊ ဖြစ်ပျက်ပေါ်မှာ အမြဲတမ်းရှုနေလို့ ရှိရင်ဖြင့် ကိလေသာအစေးလဲ ခန်းခြောက်မှာပဲ။ (မှန်ပါ့)၊ အဝိဇ္ဇာ တည်းဟူသော ဥခွံလဲ ပါးသွားမှာပဲ။ (ပါးမှာပါ)၊ ဉာဏ် ခြေသည်း ဖျား၊ နှုတ်သီးဖျားလဲ (ထက်ရမှာပါ ဘုရား)၊ အဲဒီ ထက်လာတဲ့ အခါကျတော့ ခွဲထွက်သွားတာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီဘုရား)။

အဲဒီ ခွဲထွက်သွားချင်လို့ ရှိရင် ဒကာ ဒကာမတို့ ကြက်မကြီး လိုပဲတဲ့၊ မကြာမကြာ ဝပ်ပေး ရမယ်။ (မှန်ပါ့)၊ မဝပ်လို့ ရှိရင်တော့ (မရပါဘုရား)၊ မရဘူးဆိုတာ သဘောပါပလား။ (ပါ,ပါပြီဘုရား)။

ပွားပါများမှ နိဗ္ဗာန်မြင်တယ်

ဒါက ဘာနဲ့ပတ်သက်လို့ ဟောရတာတုံးလို့ မေးတဲ့ အခါကျတော့ကိုတဲ့၊ အခုဟာက ပွားများ ရမည့်ကိစ္စကို ဘုရားက အဓိပ္ပာယ်ပြတာ။ (မှန်ပါ့)။ ပွားများရမည့်ကိစ္စကို(အဓိပ္ပာယ်ပြတာပါဘုရား)။

အေး ဒါကြောင့် ဒီအတိုင်း မနေကြနဲ့၊ ဒီအတိုင်း မနေကြနဲ့၊ ခုနင်က မူလပဏ္ဏာသ မှီလာတဲ့၊ ရှင်သာရိပုတ္တရာ ဟောတဲ့ ကြေးဖလားလိုပဲ ပွတ်နိုင်မှ သင့်ရုံရှိမယ်။ (မှန်ပါ့)၊ ကြက်မကြီးလိုပဲ ဝပ်နိုင်မှပဲ (သင့်ရုံ ရှိပါမယ်)၊

ကြက်ကောင်ကလေးတွေ ပြင်ဘက်ရောက်မှာပဲ။ (မှန်ပါ့)၊၊ အလင်းရောက်တယ်ဆိုတာ နိဗ္ဗာန်မြင်တယ်ပြောတာပဲ။ (မှန်ပါ့ဘုရား)။

ဘယ့်နှယ်ကြောင့် အလင်းမြင်ရသတုံးဆိုတော့ အဝိဇ္ဇာ ဥခွံပါးရင် မြင်တာပဲ။ (မှန်ပါ့)၊ တဏှာ အစေးခြောက် ရင် (မြင်ပါတယ် ဘုရား)။

ကြက်ဥထဲက အရည်ခြောက်သွားလို့ ရှိရင်လဲ ပြင်ဘက် မြင်ရတာပဲ။ (မှန်ပါ့)၊ ဥခွံက ပါးပါး-ပါးပါးသွားလို့ ရှိရင်လဲ (မြင်ရပါတယ်ဘုရား)။

မြင်ရတာပဲ၊ အဲဒီပါးတဲ့အချိန်မှာ ဝပ်လိုက်တဲ့ အချိန်ကျလို့ရှိရင် ဒီက အပူဓာတ်ကြောင့် ဉာဏ်နဲ့တူတဲ့ ခြေသည်းဖျား၊ နှုတ်သီးဖျားကလေးလဲ၊ ခင်ဗျားတို့ ဉာဏ် လဲ ထက်လာတာပဲ။(မှန်ပါ့)၊ ဒါကြောင့် မပွားရင်ဖြင့် (မရပါ ဘုရား)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက

“ဇာနတော ဟံ – ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ” ဘိက္ခဝေ= ရဟန်းတို့၊ ဇာနတော=ရှုသော၊ ပဿတော=မြင်သော ပုဂ္ဂိုလ်အား၊ အာသဝါနံ= အာသဝေါတရား တို့၏၊ ခယံ= ကုန်ခြင်းကို၊ အဟံ=ငါဘုရားသည်၊ ဝဒါမိ-ဟော၏၊ ရှုတဲ့ ပုဂ္ဂိုလ်မှ ဟေ့တဲ့။ (မှန်ပါ့)၊

ရှုတဲ့ပုဂ္ဂိုလ် မှသာလျှင် ငါသည်ကားလို့ ဆိုရင် အာသဝေါ တရားကုန်တယ်လို့၊ တဏှာ အစေး ဆိုတဲ့ ကာမာသဝ၊ အဝိဇ္ဇာ ဥခွံဆိုတဲ့ အဝိဇ္ဇာ သဝ၊ ဟုတ်ပလား။ (မှန်ပါ့)၊ ဒါတွေဟာတဲ့၊ ကြပ်ကြပ် ရှုတဲ့ ပုဂ္ဂိုလ်မှာ အလျင်အမြန် တစ်ခါတည်း ပြင်ဘက် အလင်းရောက်သလို မရှုတဲ့ ပုဂ္ဂိုလ်မှာ ဖြင့် ရောက်လိမ့်မယ်လို့ ငါ ဟောကို မဟောဘူး။ (မှန်လှပါဘုရား)။

ဒါဖြင့် အသိသမားတွေနဲ့ ဦးသံဒိုင် တခြားစီ ဖြစ်သွား တယ်။ (မှန်ပါ့)၊ မဖြစ်သေးဘူးလား။ (ဖြစ်ပါတယ် ဘုရား)။

အသိသမားတွေက သိပြီး ပြီးတာပဲ၊ ဘာလိုသေးသတုံး တဲ့၊ လိုတာမှ သူ မသိဘဲကိုး။ (မှန်ပါ့)၊ အခုတော့ လိုတာသိပြီ မဟုတ်လား။ (သိပါပြီဘုရား)၊ သိရုံနဲ့ မပြီးသေးဘူး၊ ခုနင်က ကိလေသာ စေးကလဲ ပွားမှ ခြောက် မှာ (ပွားမှ ခြောက်မှာပါ)၊ အဝိဇ္ဇာ ဥခွံကကော (ပွားမှ – ပါးမှာပါ)၊ ဉာဏ်ထက် လာမှာကော (ပွားမှထက်မှာပါ)၊ ပွားမှ ထက်မယ်၊ မပွားလို့ ရှိရင် (မထက်ပါဘုရား)။

အလုပ်,လုပ်ပါများမှ ဉာဏ်ထက်တယ်

အလုပ်တစ်ခုကို လုပ်ကြည့်ပါတဲ့၊ မောင်သစ်တို့၊ ဦးသံဒိုင်တို့၊ လုပ်ပါများမှ ဉာဏ်ကလေး ဝင်, ဝင်လာ တယ်။ (မှန်ပါ့)၊ မလုပ်ခင် လုပ်စ,ဆိုရင် ဘယ်ဉာဏ် သွင်းရမှန်း သိကိုမသိဘူးတဲ့။ (မှန်ပါ့)၊ နောက်တော့ အလုပ်က လုပ်ပါများလာတဲ့ အခါကျတော့ ဉာဏ်က ထက်ထက် လာတယ်။ (မှန်ပါ့)၊ အလုပ်,လုပ်ပါ မများတဲ့ ပုဂ္ဂိုလ်ဟာ (ဉာဏ် မထက်ပါ ဘုရား)၊ ဉာဏ်မထက်ပါဘူး ဆိုတာကို ထင်ထင်ရှားရှားပဲ သိရပါတယ်။ (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဓမ္မဒိန္နာက ဖြေတော့ သမာဓိ တည်ရင် လဲ ပြီးတာပဲ၊ သတိပဋ္ဌာန်နိမိတ် ထင်လို့ ရှိရင်လဲ ပြီးတာပဲ။ ဝီရိယ စိုက်ရင် ပြီးရော့လားလို့ ဓမ္မဒိန္နာကို ဝိသာခက မေးတဲ့ – အချိန်ကျတော့ မပြီးသေးဘူး တဲ့၊ ပွားများတဲ့ ကိစ္စက လိုသေးတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဘာလိုသေးသတဲ့။ (ပွားများတဲ့ကိစ္စ လိုပါသေး တယ် ဘုရား)။

အေး ဒါကြောင့် ပွားများတဲ့ကိစ္စကို ဒကာ ဒကာမ တွေက အခု မလျှော့ဘဲနဲ့ လုပ်ကြမယ်ဆိုလို့ ရှိရင် တစ် သံသရာလုံး ချေးတွေဟာ တစ်ခါတည်းနဲ့ပဲ ပျောက်သွားမှာ ပဲ။ (မှန်ပါ့)၊ ဒီကိလေသာ ရှိနေလို့ ရှိရင်တော့ဖြင့် တဲ့။ ဉာဏ်ဟာ ထိုးထွင်းလို့ ကို မရဘူး။ (မှန်ပါ့ဘုရား)။

ကိလေသာရှိနေရင် (ဉာဏ်ဟာ ထိုးထွင်းလို့ ကို မရပါဘုရား)။

အာသေဝနဆိုတာ

နို့ ကိလေသာကော အနိစ္စလား၊ နိစ္စလားလို့ မေး တော့ အနိစ္စပါပဲ၊ အနိစ္စပေမယ့် သူက အာသေဝန များ တယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီဘုရား)။

အနိစ္စပေမယ့် (အာသေဝန များပါတယ်)၊ အာသေ ဝန -ဆိုတာ သူချည်း ထပ်ပြန်တလဲလဲ ဒီပေါ် ထပ်ဖြစ်နေတာ။ (မှန်ပါ့ဘုရား)။

ဒီလိုကျတော့ အာသေဝန များတဲ့အတွက်တဲ့၊ ဉာဏ်က ထိုးထွင်းလို့ မရဘူး။ (မှန်ပါ့)၊ သဘောပါကြ ပလား။ (ပါ,ပါပြီဘုရား)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမယ်။ (ဘာဝေတဗ္ဗပါ ဘုရား)၊ ဘာဝေတဗ္ဗ ပွားရမယ်။ (မှန်ပါ့)၊ မပွားလို့ ရှိ ရင် (မရပါဘုရား)၊ မရဘူးဆိုတာ သေချာပလား။ (သေချာပါပြီဘုရား)။

ခန္ဓာကိုယ်ကြည့်တဲ့အခါ အတုံးအခဲ မတွေ့စေနဲ့

ကောင်းပြီ၊ ဒါဖြင့် အိမ်ကျလာတဲ့အခါကျလို့ ရှိရင် ခန္ဓာ ကိုယ်ကြည့်၊ ကြည့်တဲ့အခါ အတုံးအခဲ မတွေ့စေနဲ့၊ ဝေဒနာ ပေါ်ရာလိုက်၊ စိတ်ပေါ်ရာလိုက်၊ လိုက်တဲ့ အခါကျတော့ အတုံးအခဲဟာ လိုက်တတ်ရင် ပျောက်သွားတာပဲ။ (မှန်ပါ ဘုရား)။

လိုက်တတ်ရင်တော့(ပျောက်သွားပါတယ်ဘုရား)။

မလိုက်တတ်ရင်တော့ဖြင့် ခြေကြီးပဲ၊ လက်ကြီးပဲ။ ဆံပင်ပဲ၊ သွားပဲလို့ သုံးဆယ့်နှစ် ကောဋ္ဌာသတင် ပေါ်ချင် ပေါ်မယ်၊ သုံးဆယ့်နှစ် ကောဋ္ဌာသတောင် မပေါ်ပေဘူး၊ လူသဏ္ဌာန်၊ နတ်သဏ္ဌာန်၊ ပုံသဏ္ဌာန်၊ ယောက်ျား သဏ္ဌာန်၊ မိန်းမသဏ္ဌာန် ဒါ မလိုက်တတ်ရင်တော့ ပေါ်နေမှာပဲ။ (ပေါ်မှာပါ ဘုရား)။

သဏ္ဌာန်ပျောက်မှ လိုရင်းတွေ့မယ်

လိုက်တတ်လို့ တစ်ခုတည်းကိုသာ စုပြီး လိုက်လိုက် လို့ ရှိရင် တစ်ခုရှိရာ၊ ဝေဒနာ ရှိရာကိုသာ လိုက်၊ စိတ်ရှိရာ ကိုသာ လိုက်နေမယ် ဆိုလို့ရှိရင် သဏ္ဌာန် ပျောက်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

အဲဒီသဏ္ဌာန် ပျောက်သွားမှသာလျှင် ဦးသံဒိုင်ရေ လိုရင်းတွေ့မယ်။ (မှန်ပါ့)၊ သဏ္ဌာန် မပျောက်ရင် (မတွေ့ ပါဘုရား)။

သဏ္ဌာန်မပျောက်ရင် လိုရင်း မတွေ့နိုင်ဘူးဆိုတာ ဒါ့ကြောင့် ဗောဇ္ဈင်ကို ဟောတဲ့ အခါ ကျတော့

“ဓမ္မဝိဇယသမ္ဗောဇ္ဈင်္ဂေါ ခေါ ကဿပ မယာ သမ္မဒက္ခာတော ဘာဝိတော ဗဟုလီကတော အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ”

ဟော ဓမ္မဝိဇယ သမ္ဗောဇ္ဈင် ဆိုတာက တခြားမှ မဟုတ်ဘဲပဲ၊ သမ္မာဒိဋ္ဌိကို ဆိုတာ။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီဘုရား)။

ဓမ္မဝိစယ သမ္ဗောဇ္ဈင်ဆိုတာက (သမ္မာဒိဋ္ဌိကို ဆိုတာ ပါ)၊ သမ္မာဒိဋ္ဌိ မဂ္ဂင်ကိုဆိုတာ။ (မှန်ပါ့)၊ ဟိုမှာတော့ ဗောဇ္ဈင် လို့ သုံးလိုက်တယ်။ (မှန်ပါ့)။

သုံးချင် သုံးပစေ တဲ့၊ ဒါ ဘုရားဟာ ဒါ သုံးမှာပဲတဲ့။ သူလဲ သိတတ်တဲ့ တရားမို့ ဗောဇ္ဈင် သုံးတာ။ (မှန်ပါ့)။

“ဗုဇ္ဈတီတိ ဗောဓိ” ဆိုတဲ့အတိုင်း ဗောဓိပက္ခိယတရား ထဲကမို့ သူ့ကို ဗောဓိလို့ သုံးတာ။ (မှန်ပါ့)၊ နိဗ္ဗာန် ရောက်ကြောင်း တရားဖြစ်လို့ ဗောဓိလို့ သုံးလိုက်ပါတယ်။ ဗောဓိ ဆိုတာ သိခြင်းကို ဆိုပါတယ်။ (မှန်ပါ့)။

အဲဒီမှာ “ဓမ္မဝိစယ သမ္ဗောဇ္ဈင်္ဂေါ ခေါ ကဿပ မယာ သမ္မဒက္ခာတော ဘာဝိတော – ဗဟုလီကတော အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ”

“ဘာဝိတော ဗဟုလီကတော” ပါ,ပါနေတယ်။ (မှန်ပါ့)၊ မပါဘူးလား။ (ပါ,ပါတယ်ဘုရား)။

သမ္မာဒိဋ္ဌိနဲ့ ဓမ္မဝိစယသမ္ဗောဇ္ဈင်နဲ့ အတူတူပဲ

အဲဒီတော့ကို သမ္မာဒိဋ္ဌိနဲ့ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဆိုတာ နဲ့ ဦးသံဒိုင် အတူတူပဲ။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ)။

သမ္မာဒိဋ္ဌိနဲ့ (ဓမ္မဝိစယသမ္ဗောဇ္ဈင်နဲ့ အတူတူပါပဲ ဘုရား)။

ဘယ့်နှယ်ကြောင့် အဲဒါ ဟောရသတုံးဆိုတော့ သမ္မာ ဒိဋ္ဌိကတော့ကိုတဲ့၊ သမ္မာဒိဋ္ဌိဖြစ်ရင် ပြီးတာပဲလို့ ဟောလိမ့် မယ်တဲ့၊ ဗောဇ္ဈင်မထည့်လို့ ရှိရင် ပွားဆိုတာ မပါဘူး။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီဘုရား)။

ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂါ ခေါ(ပ) သံဝတ္တတိ၊ ရှင်း ပလား။ (ရှင်းပါပြီဘုရား)။

မဂ္ဂင်ဟာ ပွားမှ ရတယ်

ဒါဖြင့် သမ္မာဒိဋ္ဌိကိုလဲ သမ္မာဒိဋ္ဌိ မြင်ရုံကလေးနဲ့ ပြီးရဲ့ လား၊ ပွားများရဦးမှာလား။ (ပွားများ ရဦးမှာပါ ဘုရား)၊ ဗောဇ္ဈင်က သက်သေခံ ပစ်လိုက်တယ်။ (မှန်ပါ့) သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဗောဇ္ဈင်က ဘာတုံး “ဘာဝိတော ဗဟုလီကတော” ဘာဝိတာ ဆိုတာ ပွားရမယ်၊ ဗဟုလီကတာ ဆိုတာ ကြိမ်ဖန် များစွာ (မှန်ပါ့)၊ ဒါမှ သာလျှင် အဘိညာယ တဲ့။ ထိုးထွင်း သိမယ်။ (မှန်ပါ့)၊ သဗောဓာယ တဲ့၊ သစ္စာကို သိလာ လိမ့်မယ်။ (မှန်ပါ့)၊ နိဗ္ဗာနာယ တဲ့၊ နိဗ္ဗာန်ကို မြင်လာ လိမ့်မယ်။ (မှန်ပါ့)။

ကိလေသာငြိမ်းတဲ့ နိဗ္ဗာန်ကို မြင်လာလိမ့်မယ် ဆိုတော့ ကို ဗောဇ္ဈင်ကို ဘယ့်နှယ်ကြောင့် မဂ္ဂင်နဲ့ တွဲဟောရပါလိမ့် မတုံးဆိုတော့ မဂ္ဂင်ဟာ ခင်ဗျားတို့ မပွားကောင်းဘူးလို့ ထင်နေမှာ စိုးတဲ့အတွက် ဗောဇ္ဈင်နဲ့ တွဲဟောလိုက်တယ်။ (မှန်ပါ့ဘုရား)၊ တူတူပဲ၊ ပညာက တစ်ခုတည်းပဲ။ (မှန်ပါ့)၊ သမ္မာဒိဋ္ဌိ ဆိုတာလဲ ပညာပဲ၊ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဆိုတာလဲ(ပညာပါပဲ)၊ ပညာပဲဆိုတာ ပေါ်ကြပလား။ (ပေါ်ပါပြီဘုရား)။

ဒါဖြင့် ဘယ်အကျိုးငှာ မဂ္ဂင်ပြီး ဗောဇ္ဈင် ဘာဖြစ်လို့ ဟောပြန်ပါလိမ့်မတုံး ဆိုတော့ မဂ္ဂင်ဟာ မပွားမှာစိုးတဲ့ အတွက် ဗောဇ္ဈင်အဖြစ်နဲ့ ဟောလိုက်တော့ ပွားမှ ရတယ် ဟေ့၊ ရှင်းပလား။ (ရှင်းပါပြီဘုရား)။

ဒါဖြင့် သမ္မာဒိဋ္ဌိ အကူအညီပေးလိုက်တဲ့ ပါဠိတော် ပဲ။(မှန်ပါ့)၊ အဲဒီတော့ မဂ္ဂင်လုပ်ရင် ဗောဇ္ဈင်ပါပြီမှတ်။ (မှန်ပါ့)။

မဂ္ဂင် အပြန်ပြန် အလှန်လှန်လုပ်ရင် (ဗောဇ္ဈင် ပါ,ပါပြီဘုရား)။

ဗောဇ္ဈင် ပါသွားပြီ ဆိုတဲ့ ဥစ္စာ နို့ ဘယ့်နှယ်ကြောင့် ဘုရား မဂ္ဂင်ရှစ်ပါး ဟောထားပြီးတော့ ဗောဇ္ဈင်ကို ဘယ့် နှယ်ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ အရေးကြီး တယ်လို့ ဟောပြန်ပါလိမ့် မတုံး ဆိုတော့ အို မင်းတို့ မဂ္ဂင် က ကိလေသာဖြစ်ကြောင်း သိတယ်ကွ ဗောဇ္ဈင်က ပွား များကြောင်း သိတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်း ပါပြီဘုရား)။

ထိုးထွင်းသိပြီး သကာလ ဓမ္မဝိစယ၊ ဓမ္မက=တရား၊ ဝိစယက=စိစစ်တာ၊ ဗောဇ္ဈင်က= ပွားများတာ။ (မှန်ပါ့)၊ တရားကို စိစစ်ပြီး ပွားများတယ်လို့ သိအောင်လို့ ဗောဇ္ဈင် တစ်ခါ ဟောပြန် တယ်။ (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ,ပါပြီဘုရား)။

ကောင်းပြီ ဒါဖြင့် သြော် သမ္မာဒိဋ္ဌိဟာ ဝိပဿနာ မဂ်မှာ တစ်ကြိမ်တည်းနဲ့ မပြီးနိုင်ဘူး၊ ဗောဇ္ဈင်နဲ့ ညှိကြည့်ရင် ပေါ်လာတယ်။ (မှန်ပါ့)၊ နားလည်ကြပလား။ (နားလည်ပါပြီဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဗဟုသုတရှိအောင်လို့သာ ဗောဇ္ဈင်နဲ့တွဲပြီး ပြောလိုက်ပါတယ်၊ ခင်ဗျားတို့ သမ္မာဒိဋ္ဌိ မဂ္ဂင်ကိုလဲ ပွားပါ။ (မှန်ပါ့)။

ဘာလုပ်ကြရမယ်။ (သမ္မာဒိဋ္ဌိမဂ္ဂင်ကို ပွားရပါ မယ်ဘုရား)၊ သမ္မာဒိဋ္ဌိမဂ္ဂင်ကိုလဲ မပွားလို့ရှိရင် မရဘူး။ (မှန်ပါ့)၊ ဘယ်အပေါ်မှာ ပွားရမတုံးဆိုတော့ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ် ဝေဒနာပေါ်မှာပွား (မှန်ပါ့)၊ စိတ်ရှုတဲ့ပုဂ္ဂိုလ် (စိတ်ပေါ်မှာ ပွားရပါမယ် ဘုရား)၊ စိတ်ပေါ်မှာ ပွားလိုက် လို့ရှိရင် ရပါတယ်နော်။ (မှန်ပါ့)။

အချိန်ကုန်နေတယ်လို့ မယူလိုက်ပါနဲ့

သို့ သော် ပွားနေတုန်းကို ငါဘုရား မင်းတို့ကို ပြောမယ်ဟေ့ တဲ့။ (မှန်ပါ့)၊ ငါဘုရား ပြောဦး မယ်တဲ့ မင်းတို့ ကို၊ ပွားနေတာဟာ မင်းတို့ ခရီးမပေါက် သေးဘူး တဲ့၊ ကျုပ်တို့ နိဗ္ဗာန် မမြင်သေးဘူး၊ ဒီဖြစ်ပျက်နဲ့ပဲ အချိန် ကုန်နေ သေးတယ်လို့ ဒီလို မယူလိုက်ပါနဲ့။ (မှန်ပါ့)၊ ဒီလို မယူလိုက်ပါနဲ့တဲ့၊ ဗောဇ္ဈင် အဖြစ်နဲ့ ပွားတဲ့ သတ္တိကို ငါ ရှင်းပြမယ် ဆိုပြီး သကာလ ဘုရားပေးတဲ့ ဥပမာက လက် သမားကိုင်တဲ့ မန်ကျည်း နှစ်လက်ရိုက်ရိုး ပေါ့လေ။ (မှန်ပါ့)၊ အဲဒီ လက်ရိုက်ရိုးဟာ ဆောက်ကလေး အောက်က ထားပြီး၊ လက်ရိုက်ရိုး ကလေး ကိုင်ကိုင်ပြီး နေ့တိုင်း သူတို့ ကျီးခွေ တို့ ဘာတို့ ထွင်းရ တာပေါ့ဗျာ။ (မှန်ပါ့)၊ တစ်ချက် ရိုက် တစ်ခါစားတာပဲ။ (မှန်ပါ့)။

ခုနင်က အရိုးကလေးကို လက်က တစ်ချက်ရိုက် ရင် (တစ်ခါ စားပါတယ် ဘုရား)၊ နှစ်ချက်ရိုက်တော့ (နှစ်ခါစားပါတယ် ဘုရား)။

လက်ရိုက်ရိုး ဥပမာ ဒါဖြင့် အရိုးကလေးဟာ စားပါစေ ဆုတောင်းရတာ လား၊ ကိုယ်ရိုက်တဲ့ အလုပ်,လုပ်တာနဲ့ပဲ ဒီအရိုးကလေးကို လက်က စားတာလား။ (ရိုက်လို့ စားတာပါ ဘုရား)။ ဆုတောင်း နေလို့ တော့ မစားဘူး။ (မှန်ပါ့)၊ ဟေ့ အရိုးကလေး ပါးပါစေ၊ ပါးပါစေ ဆိုတာတော့ မရဘူး။ (မရပါဘုရား)၊ ရိုက်ပါများရင်တော့ (ပါးပါတယ် ဘုရား)။

တစ်ခါတည်း လက်ရိုက်ရိုးကလေးဟာ ပြောင်ချော – လာပြီး လက်ချောင်းရာ၊ ဟောဒီ လက်ချောင်းရာ တစ်ခါတည်း ထင်လာတယ်။ (မှန်ပါ့ဘုရား)။

ဘယ့်နှယ်ကြောင့် ထင်ပါလိမ့်မတုံး မေးတဲ့အခါကျ တော့မှတဲ့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ရမှာက ဪ ရိုက်ပါများလို့ လက်က စားသွားတာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီဘုရား)။

ထို့ အတူပဲတဲ့၊ ခင်ဗျားတို့ ဝိပဿနာလုပ်နေတာ လက်ရိုက်ကလေး ရိုက်သလိုပဲ၊ ခင်ဗျားတို့ ဘဝများစွာ သံသရာက ပါလာတဲ့ လက်ရိုက်ရိုး လိုပဲတဲ့၊ ဘယ်အခါမဆို ကိလေသာ ချေးတွေက ရှိပြီး သကာလ နေတော့ ပြောင်မှု၊ လက်ချောင်း လက်ရာ ထင်မှု၊ လက်မရာ လက်ချောင်းရာ ထင်မှု မဖြစ်နိုင်ဘူးတဲ့။ (မှန်ပါ့ဘုရား)၊ ကိလေသာ ထုက ကြီးသကိုးဗျ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

ကိလေသာထုက ကြီးတော့ လက်ချောင်းရာ၊ လက်မရာ လက်ရိုက်ရိုး၌ မထင်နိုင်ဘူးတဲ့။ (မှန်ပါ့)၊ ကိလေသာ ထုက မပွားလို့ ရှိရင်ဖြင့်တဲ့၊ ပါးသွားတယ်လို့ ဆိုနိုင်ပါ့ မလား။ (မဆိုနိုင်ပါ ဘုရား)။

ဒါဖြင့် ဝိပဿနာသည် ပွားတဲ့ကိစ္စ၏ အကျိုးဘာတုံး ဆိုတော့ ကိလေသာ ပါးခြင်းကိစ္စ ပြီးတယ်။ (မှန်ပါ့ ဘုရား)။

ဝိပဿနာသည် (ကိလေသာပါးခြင်းကိစ္စ ပြီးပါ တယ် ဘုရား)။

ကိလေသာ ပါးတာ ခရီးပေါက် နေတာ

အဲဒါ စိတ်မပျက်ကြပါနဲ့လို့ သတိပေးလိုက်ပါတယ် နော်။ (မှန်ပါ့ဘုရား)၊ စိတ်မပျက်ကြပါနဲ့တဲ့၊ ခရီးတော့ ပေါက်နေတာပဲ။ (မှန်ပါ့ဘုရား)၊ ဘာတုံး ကိလေသာ – ပါးတဲ့ ဥစ္စာ ခရီးပေါက်နေတယ်။ (မှန်ပါ့)။

ကိလေသာပါးတဲ့ ဥစ္စာ (ခရီးပေါက်နေပါတယ် ဘုရား)။

ဘာဖြစ်လို့ ခရီးပေါက်ရသတုံးဆိုတော့ ပွားလွန်း လို့ (မှန်ပါ့)၊ ကိုယ်က အနိစ္စ တစ်ချက် မြင်လိုက်၊ ကိလေ သာက ပါးလိုက်(မှန်ပါ့)၊ ကိုယ်က ဖြစ်ပျက်မြင်လိုက် (ကိလေသာက ပါးလိုက်ပါ ဘုရား)၊ ကိလေသာ ပါးလိုက် ဆိုတော့ကို ဪ မြင်ဖန် များလို့ ရှိရင်ဖြင့် အများကြီး ပါးလိမ့်မယ် ဆိုတဲ့ အဓိပ္ပာယ် ရှင်းမသွားဘူးလား။ (ရှင်းသွားပါတယ် ဘုရား)။

ပါးသွားရင် ပဋိစ္စသမုပ္ပာဒ် မတန်းတော့ဘူး

ပါးလို့ ရှိရင် သူတို့သည်ကား လို့ဆိုရင် မှတ်လိုက်၊ ပဋိစ္စသမုပ္ပာဒ် မတန်းနိုင်တော့ဘူး။ (မှန်ပါ)။

ပါးသွားရင် (ပဋိစ္စသမုပ္ပာဒ် မတန်းနိုင်ပါ ဘုရား)။

ပဋိစ္စသမုပ္ပာဒ် မတန်းနိုင်တော့ဘူးတဲ့၊ ဥပမာ တဏှာ ကလဲ တဏှာ ပါးသွားပြီ ဆိုလို့ ရှိရင် တဏှာ၊ ဥပါဒါန်၊ ကံဘက် သူ မသွားတော့ဘူး။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ)၊ အဝိဇ္ဇာကလဲ အဝိဇ္ဇာ ပါးသွားရင် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ဘက် သူမသွားနိုင်ဘူး။(မှန်ပါ့)၊ ဒေါသကလဲ ပါးသွားလို့ ရှိရင် ဒေါသက “သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ အဝိဇ္ဇာ သင်္ခါရ” ဘက် သူ မသွားဘူး။ (မသွားပါ ဘုရား)။

ဒါဖြင့် သူ မသွားနိုင်အောင်လို့ ပွားရပါတယ်။ (မှန်ပါ့ဘုရား)။

ပဋိစ္စသမုပ္ပာဒ် မတန်းနိုင်အောင်လို့ (ပွားရပါတယ် ဘုရား)၊ ပွားရပါတယ်ဆိုတာ ဒကာ ဒကာမတွေ ရှင်းပေါ့။ (မှန်ပါ့ဘုရား)။

ဘယ်လိုကြောင့် ရသတုံး။ (ပဋိစ္စသမုပ္ပာဒ် မတန်းနိုင်အောင် ပွားရပါတယ် ဘုရား)၊ ပွားရတယ်။ (မှန်ပါ့)။

ပွားတော့ကို ဘယ့်နှယ်ကြောင့် သူတို့ သည် မတန်း နိုင်သတုံးဆိုတော့ အို ပါးပါး- ပါးပါးသွားပြီး ပျောက်ရ တယ်။ (မှန်လှပါ ဘုရား)။

ဝီရိယသမ္ဗောဇ္ဈင်

ပါးပါး-ပါးပါးပြီး (ပျောက်ရပါတယ်ဘုရား)၊ အဲဒီ တော့ ဘယ့်နှယ်ကြောင့် ဒါလောက် ပါးပါး-ပါးပါးသွား – ပါလိမ့်မတုံး မေးရင် ဘယ့်နှယ်ဖြေကြမလဲ။ (ပွားလွန်းလို့ ပါဘုရား)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဝီရိယသမ္ဗောဇ္ဈင်္ဂေါ ခေါ ကဿပ ဘာဝိတော ဗဟုလီကတော” လို့ လာပြန်တယ်။ (မှန်ပါ့)၊ ဝီရိယလဲ မင်းတို့ တစ်ကြိမ် တည်းနဲ့တော့ သွားမလုပ် နဲ့တဲ့၊ ဝီရိယလဲ ပွားပါဦးကွတဲ့ ဆိုတော့ မဂ္ဂင်ထဲလဲ သူဟာ သမ္မာဝါယာမ မဂ္ဂင်ပါပြီးသား။ (မှန်ပါ့)၊ မပါဘူးလား။ (ပါ,ပါတယ်ဘုရား)။

သို့သော် မပွားဖြစ်မှာစိုးတဲ့ အတွက် ဗောဇ္ဈင်ကနေ ပြီး သကာလ “ဝီရိယသမ္ဗောဇ္ဈင်္ဂါ ခေါ ကဿပ မယာ သမ္မာဒက္ခာတာ ဘာဝိတော ဗဟုလီကတော အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ” ဝီရိယလဲ ပွားမှ ရမယ် တဲ့။ (မှန်ပါ့ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ပီတိ ဆိုတာ မဂ္ဂင်ထဲမှာတော့ သူ သီးသန့် သာ မပါ တာ၊ သဟဇာတအဖြစ်နဲ့ ပါသွားပြီလို့ မှတ်လိုက် (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

ပီတိသမ္ဗောဇ္ဈင်

မဂ္ဂင်ရှစ်ပါးထဲတော့ ပီတိ မပါ,ပါလားလို့ ဆိုတော့၊ အို ဒါ မဂ္ဂင်ရှစ်ပါး ခေါင်းဆောင်သာ ရွေး ထားတာ။ (မှန်ပါ့)၊ ယှဉ်ဖော် ယှဉ်ဖက် အဖြစ်နဲ့တော့ (ပါ,ပါတယ် – ဘုရား)၊ ပါနေပြီလို့ ဦးသံဒိုင် မှတ်လိုက်။ (မှန်ပါ့ဘုရား)၊ သဘောကျပလား။ (ကျပါပြီ)။

ပါနေတော့ ပီတိ သမ္ဗောဇ္ဈင်လဲ ဘာလုပ်ရမတုံး ဆိုလို့ရှိရင် ဝမ်းမြောက်ဝမ်းသာနဲ့ ခင်ဗျာတို့ ရှုနေရမယ်။ (မှန်ပါ့)၊ ဘယ်လောက် ဝမ်းမြောက်ရမှာတုံး မေးတော့ အို ဝမ်းမြောက်တိုင်း, ဝမ်းမြောက် တိုင်း၊ ရှုလို့ ကောင်း တိုင်, ရှုလို့ ကောင်းတိုင်း ပီတိ ပါနေပါတယ်။ (မှန်ပါ့ ဘုရား)။

ရှုလို့ ကောင်းတိုင်း ကောင်းတိုင်း (ပီတိပါနေ ပါတယ်ဘုရား)၊ ပီတီပါ နေလို့ ရှိရင်လဲ သူဟာ နိဗ္ဗာန်ရောက် စေတဲ့ ဗောဇ္ဈင် ဖြစ်သွားတာပဲ။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)။

အဲဒါက မဂ္ဂင်ထဲမှာ မပါငြားသော်လဲ၊ ရှစ်ပါး ခေါင်း ဆောင်ထဲမှာ မပါငြားသော်လဲ နောက်လိုက် အဖြစ်နဲ့ ပါတယ် လို့ ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ့ဘုရား)။

အကယ်၍ ပီတိဆိုတဲ့ နှစ်သက်မှု မပါဘဲနဲ့ ရှုနေပြန် လို့ ရှိရင်လဲ ကောသဇ္ဇ ဆိုတဲ့ ပျင်းရိမှုက ဦးသံဒိုင် လာလိမ့် မယ်။ (မှန်ပါ့ဘုရား)။

ကောသဇ္ဇဆိုတဲ့ (ပျင်းရိမှုလာမှာပါ ဘုရား)၊ ပျင်းရိမှု က လာလိမ့်မယ် ဆိုတာ သေသေချာချာ မှတ်ထားပါ။ (မှန်ပါ့)။

ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ့ စိတ် ချင်း ယှဉ်ပြပြန်တယ်၊ ရှုစမ်း ပါကွာ ရှုစမ်းပါ၊ ပီတိ ဖြစ်အောင် ရှုစမ်းပါဆိုတဲ့ ဥစ္စာ၊ ဒီအပေါ်မှာ မြင်နေရတဲ့ ဥစ္စာ ဘယ်တော့မှ မမြင်ဖူးတာကို မြင်နေရတယ်ကွ၊ ဝမ်းမြောက် ဝမ်းသာနဲ့ ရှုစမ်းပါ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ခင်ဗျားတို့ ဘယ်တော့မှ မမြင်ဖူးတာ မြင်ရတယ် ဆိုတဲ့ဥစ္စာကို ဘုန်းကြီး ရှင်းပြမယ်၊ ကောင်းကင်မှာ ရှိတဲ့ ဗြဟ္မာကြီးတွေ ရှိပါတယ်တဲ့၊ ဗြဟ္မာဘုံမှာ ဗြဟ္မာဟာ လူ ပြည်က အပ်ကျတယ် ဆိုရင် ဗြဟ္မာ မျက်လုံးနဲ့ ကြည့်လိုက် ရင် မြင်တယ်။ (မှန်ပါ့)၊ ဘယ်နေရာမှာ ကျနေတယ် ဆိုတာ မြင်တယ်။ (မှန်ပါ့)၊ တော်တော်မြင်တယ် ဆိုတော့ မိုင်ပေါင်း ကုဋေ လေးရာလောက် ဝေးတဲ့နေရာက သူ လှမ်း ကြည့်တာ၊ သူ့မျက်လုံး အတော် ကောင်းတယ်လို့ မဆိုနိုင် ဘူးလား။ (ဆိုနိုင်ပါတယ်ဘုရား)၊ သို့သော် လဲ တဲ့ ဖြစ် ပျက်ကျတော့ သူ မမြင်ဘူး။ (မှန်ပါ့ဘုရား)။

ဖြစ်ပျက်ကျတော့(မမြင်ပါဘုရား)။

ဟိုဟာက လောကီနဲ့ ကြည့်တာကိုးဗျ။ (မှန်ပါ့)၊ ဒါက လောကုတ္တရာနဲ့ ကြည့်တာ(မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)။

ဒါ့ကြောင့် ခင်ဗျားတို့ မြင်တဲ့အမြင်ဟာ ဗြဟ္မအမြင် ထက် သာတယ်လို့ မှတ်လိုက်ပါ။ (မှန်ပါ့)။

ဗြဟ္မာအမြင်ထက် (သာပါတယ်ဘုရား)၊ ဗြဟ္မာ အမြင်သည်ကားလို့ ဆိုရင်၊ ပုထုဇဉ် ဗြဟ္မာသာ ဆိုရင်ဖြင့် မောင်သစ်တို့၊ ဦးသံဒိုင်တို့ လူ့ပြည်မှာ ဘာမဆို အကုန်၊ မြင်နိုင်တယ်။ (မှန်ပါ့)။

ဗြဟ္မာပြည်နဲ့ အကွာအဝေး

အဝေးအကွာ မိုင်ဆိုတာတော့ ဒကာ ဒကာမတို့ အင်မတန် ဝေးကွာတယ်၊ တစ်ယူဇနာ လောက်ရှိတဲ့ ကျောက် ဖျာကြီးတောင် တစ်လခွဲ နှစ်လလောက် ကျရတာ ဗြဟ္မာ ပြည်က (မှန်ပါ့)၊

မှတ်ချက်။ ။မိလိန္ဒပဉှာ၌ ၄-လလောက် ကျရသည် ဟု ဆိုသည်။

ဒါမှ ဒီအောက်ရောက်တယ်။ (မှန်ပါ့)၊ မြေကြီးပေါ်ကို ဒါလောက် အရှိန်ပြင်းတာကြီး တောင်မှ တစ်လခွဲ နှစ်လကျရတယ် ဆိုသဖြင့် သြော် ဗြဟ္မာပြည်ဟာ အတော်ဝေးပါလား ဆိုတာ ပေါ်လာတယ်။ (မှန်ပါ့)၊ အဲဒီကနေ ကြည့်တော့ ဒီမှာ အပ်ကျတာ မြင်တယ်။ (မှန်ပါ့)၊ မမြင်ဘူးလား။ (မြင်ပါတယ် ဘုရား)။

ဒါက ဘာတုံး၊ အဘိဉာဏ် လောကီ မျက်လုံးပါ။ (မှန်ပါ့)၊ သာသနာပ မျက်လုံး(မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

အဲဒါက သမာဓိ တန်ခိုးကြောင့် ဗြဟ္မာဖြစ်ပြီး သမာဓိ ဦးစီးတဲ့ မျက်လုံး(မှန်ပါ့)၊ ဉာဏ်ဦးစီးမှ မြင်တဲ့မျက်လုံး နဲ့ မကွာဘူးလား။ (ကွာပါတယ်ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ သည် တို့ မြင်နေတဲ့အမြင် ဟာ သြော် နတ်အမြင်၊ ဗြဟ္မာအမြင် တွေနဲ့ တယ်ကွာ ပါလား။ (မှန်ပါ့)၊

တယ်ကွာပါလား ဆိုတဲ့ဥစ္စာ ခုနင်က ဗြဟ္မာအမြင်၊ နတ် အမြင်တွေက လူ့ပြည်မှာ ဘာလုပ် နေတယ် ဆိုတာ အကုန်သိပြီး သကာလ နေငြားသော်လဲ ခုနင်က ဖြစ်ပျက် ကျတော့ မမြင်ဘူး သူ့မှာ၊ သဘောပါကြပလား (ပါ, ပါတယ်ဘုရား)။

ဒါဖြင့် ဖြစ်ပျက်မြင်ဘို့ အရေးဟာ လွယ်ကြပါ့မလား (မလွယ်ပါဘူးဘုရား) မလွယ်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေကကော ကိုယ်ကိုယ်တိုင်လေး ဒီနေရာမှာ ယားပြီး ဒီနေရာမှာ ပျောက်သွား တယ်၊ ဒီနား ဝေဒနာလေးဖြစ် ဝေဒနာပျက်တာပဲ။ သဘောကျပလား (ကျပါတယ်ဘုရား)။

မျက်စိလေးက အရှေ့ဘက် ကြည့်တော့ အရှေ့မြင်တယ်။ အရှေ့ဘက် ဖယောင်းတိုင်လေး ထွန်းထားလဲ ဒီနေရာ မှာဖြစ်ပြီး ဒီနေရာမှာမြင် ဒီနေရာမှာပျက်တာပဲ၊ အနောက်ဘက် ကြည့်တော့ လဲ အနောက်ဘက် မျက်လုံးက တစ်မျိုး၊ သဘောကျပလား (ကျပါတယ်ဘုရား)။

ဒါဖြင့် အဲဒီ ဖြစ်ပျက် ကလေးတွေ ကျတော့ ဗြဟ္မာမျက်လုံး နတ်မျက်လုံးနဲ့ မောင်သစ် မတတ်နိုင်ဘူး၊ သဘော ကျပလား (ကျပါပြီ ဘုရား) ဒါကြောင့် ဝိဇ္ဇာမျက်လုံးလို့ ဆိုနိုင်တယ်၊ ဓမ္မဝိစယ မျက်လုံးလို့လဲ ဆိုနိုင်တယ်၊ သမ္မာဒိဋ္ဌိ မျက်လုံးလို့လဲ (ဆိုနိုင်ပါတယ် ဘုရား) ဝိဇ္ဇာ မျက်လုံးလို့လဲ (ဆိုနိုင်ပါ တယ် ဘုရား)။

ဒါဖြင့် ဗြဟ္မာတွေ နတ်တွေ မျက်လုံးနဲ့ ခင်ဗျားတို့ မျက်လုံး နဲ့ အများကြီး ကွာတယ်၊ ဒါကြောင့် ပုထုဇဉ် ဗြဟ္မာတွေ နတ်တွေ သည် ဒကာ ဒကာမတွေ မှတ်လိုက်ပါတဲ့၊ နိဗ္ဗာန်မရနိုင်ဘူး။

အဲဒီ ဗြဟ္မာတွေ နတ်တွေ ဒီမျက်လုံးမရှိဘူး၊ သမ္မာဒိဋ္ဌိ မျက်လုံးမရှိဘူး၊ ဝိဇ္ဇာမျက်လုံး (မရှိပါဘူး ဘုရား)၊ မရှိတဲ့အတွက်တဲ့ သူတို့မှာ ပုထုဇဉ် ဗြဟ္မာတွေ ဆိုလို့ရှိရင် သမ္မာဒိဋ္ဌိ အရှိန်အစော်ကုန် လို့ရှိရင် ကမ္ဘာ နှစ်ဆယ်လောက် နေပြီး တော်ကြာ လူ့ပြည်ရောက်၊ လူ့ပြည်က နေပြီး တိရစ္ဆာန်ဘုံ ရောက်၊ သေချာကြပလား (သေချာပါပြီ ဘုရား)။

ဒါကြောင့် ရှင်းရှင်းကို ပြောရတော့မယ်ဆိုလို့ရှိရင် ကမ္ဘာ ပျက်ခါနီး လောကဗျူဟာ နတ်က အော်တဲ့ အခါမှာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာကို ကြိုးစားကြ နောင်ကမ္ဘာ နှစ်တစ်ရာ ဆိုတဲ့ အတိုင်း နောင် အနှစ်တစ်သိန်း ဆိုလို့ရှိရင် ကမ္ဘာပျက်တော့ မယ်ဆိုရင် အကုန် ကြောက်တယ်။

အကုန်ကြောက်တဲ့ အခါကျလို့ရှိရင် မေတ္တာပွားတဲ့ သူကပွား၊ ကရုဏာပွားတဲ့ သူကပွား ဗြဟ္မဝိဟာရ တရားလေးပါး ကြိုက်သလို ပွားကြတယ်၊ ပွားတော့ ဒီမှာ သမ္မာဒိဋ္ဌိက သေသည်၏ အခြားမဲ့၌ များသော အားဖြင့် ဗြဟ္မာ ဖြစ်တယ်။

ဘာနဲ့ဗြဟ္မာ ဖြစ်တာတုံး၊ သမထနဲ့ ဗြဟ္မာ ဖြစ်တာ၊ ရိပ်မိက ပလား (ရိပ်မိပါပြီ ဘုရား) ဘာနဲ့ ဗြဟ္မာ ဖြစ်တာတုံး (သမထနဲ့ ဗြဟ္မာဖြစ်တာပါဘုရား) သမထနဲ့ ဗြဟ္မာဖြစ်တာဆိုတာ သေချာ တော့ သြော် သမထတန်ခိုး ကုန်တဲ့အခါ ပြန်ကျတယ် (မှန်ပါ့)။

ဒါဖြင့်ရင် သမထမျက်လုံးနဲ့ ဝိပဿနာမျက်လုံးဟာ အတော်ခြားနားတယ်၊ သမထ မျက်လုံးသည် အပ်ကျတာ မြင်ပါ တယ်၊ လက္ခဏာ ရေးသုံးပါးကျတော့ (မမြင်ပါဘူး ဘုရား)။

မမြင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)၊ အဲဒါ ဘယ့်နှယ်ကြောင့် တုံးလို့ မေးတဲ့ အခါကျလို့ ရှိရင်တဲ့ သူတို့က အန္တရာယ်ကင်း ဒီနေရာ နေလို့ ရှိရင်ဖြင့် ကမ္ဘာမီးလောင်သေလိမ့် မယ်၊ ဗြဟ္မာပြည် သွားနေလို့ ရှိရင်ဖြင့် မီးမဟပ်ပေဘူး မီးမလောင် ပေဘူးဆိုတော့ သူတို့က ဘဝတဏှာနဲ့ လုပ်တာ၊ ရှင်းပလား (ရှင်းပါပြီဘုရား) ဘာနဲ့လုပ်တာတုံး (ဘဝတဏှာနဲ့ လုပ်တာပါ ဘုရား)။

ဒီနေရင် သေလိမ့်မယ်တဲ့၊ ဟိုသွားနေရင် ကောင်းမယ်လို့ ထင်တဲ့ တဏှာနဲ့ လုပ်တဲ့အတွက်တဲ့ ဘဝတဏှာနဲ့ လုပ်တဲ့ အတွက် တဏှာက မကန့်ကွက်ပါဘူး၊ ဗြဟ္မာပြည်တော့ ပို့လိုက်တယ်။၊ သို့သော်လဲ ခုနင်က ပြောခဲ့တဲ့ ဝိပဿနာဉာဏ်က မပါတဲ့ အတွက်တဲ့ ဘဝတဏှာ ရှိလို့ ရောက်သွားငြား သော်လဲ ဒိဋ္ဌိက ပါသွားတာ တစ်မျိုး၊ မကောင်းတဲ့ အကုသိုလ်တွေက ပါသွားတာ တစ်မျိုး ဆိုတော့ တော်တော်ကြာကျလို့ရှိရင် ဗြဟ္မာကနေ ဝက်ဖြစ်တဲ့ ဝတ္ထု တွေ အများကြီးပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ ကျုပ်တို့ကိုပဲ ဗြဟ္မာပြည်က ဆင်းလာတဲ့ လူတွေ ဒီလို ကမ္ဘာပျက်ပေါင်း ဘယ်လောက် ကြုံမှန်းမှ မသိပဲ၊ အကုန်အသစ် ရှင်းပြီး သကာလ ဒီမှာပဲ တော်အောင် လျော်အောင် လူတွေ ဖြစ်နေကြတယ်၊ သဘောပါပလား (ပါ, ပါပြီဘုရား)၊ အဲဒါ ဝိပဿနာ မျက်လုံးမပါလို့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီဘုရား)

အဲဒါ အားလုံး ဒကာ ဒကာမတွေ မှတ်ကြ၊ ဗြဟ္မာတော့ ဖြစ်ပေါင်းများလှပြီ နတ်ဆိုတာ မရေမတွက် နိုင်ဘူး၊ နောက်ဆုံး ပိတ်ကျတော့ အို နာသေလဲ မလွတ်ဘူး (မလွတ်ပါ ဘုရား)၊ အဲဒါ ဘာမျက်လုံးတွေ ပါလိမ့်ဆိုတော့ တဏှာခြံရံတဲ့ သမာဓိ မျက်လုံး တွေ၊ ရှင်းပလား (ရှင်းပါပြီဘုရား) တဏှာဦးစီးတဲ့ (သမာဓိမျက်လုံး တွေပါ ဘုရား) သမာဓိ မျက်လုံးတွေပဲ ဆိုတာ သဘောပါပလား (ပါ, ပါပြီ ဘုရား)၊ ဒါဖြင့် ဝိပဿနာမျက်လုံးမရ ဖူးဘူးပေါ့ (မရဖူးပါ ဘုရား)။

ဒါဖြင့် သမာဓိမျက်လုံးနဲ့ ဝိပဿနာ မျက်လုံး ဘယ်ဟာက အရေးကြီးတုံး (ဝိပဿနာ မျက်လုံးက အရေးကြီးပါတယ် ဘုရား) ဝိပဿနာမျက်လုံးက အရေးကြီးတယ် ဆိုတော့ ခုနင်က ဗြဟ္မာနဲ့ ပြိုင်ပြ လိုက်တော့ ရက်ပေါင်း များစွာ ရက်ပေါင်း များစွာ ကျောက် ဖျာကြီး ကျပြီး လာတာ တောင်မှ ဒီမှာ တစ်လခွဲ နှစ်လ လောက်ကြာမှ လူပြည် ရောက်တယ်လို့ ဗြဟ္မာပြည်နဲ့ ဝေးကြောင်းကို တိုင်းတင် ကြည့်လိုက်တဲ့ အခါ အတော်ဝေးတယ် ဆိုတာ မပြောနိုင်ဘူးလား (ပြောနိုင်ပါတယ် ဘုရား)။။

ဒါတောင်မှတဲ့ အပ်ကျတာတော့ မြင်တယ်၊ သူ့ခန္ဓာ အနိစ္စ၊ သူကြည့်လို့ မရဘူး၊ ဒါဖြင့် ဒီဝိပဿနာ မျက်လုံးလောက် အဖိုးတန်၊ တာဖြင့် အားလုံး ဒကာ ဒကာမတွေက မှတ်ရအောင် မရှိဘူး (မရှိပါဘူး ဘုရား)။ ဝိပဿနာ မျက်လုံးလောက် အဖိုးတန်တာ (မရှိပါဘူး ဘုရား)၊ မရှိဘူး ဆိုတာဖြင့် သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါပေမဲ့ နတ်ပြည်မှာ နတ်တွေ ကောင်းပါရဲ့၊ သူတို့ အလိုက် အထိုက် သူတို့စည်းစိမ်နဲ့ သူတို့ နေကြတာပဲ၊ ဒါပေမဲ့ ဝိပဿနာ မျက်လုံးကျတော့ သိကြားမင်း ကိုယ်တိုင်ပဲ လူ့ပြည်လာ အားထုတ် ရတယ်၊ ဒီကံမျက်လုံးသာ ရှိတယ်၊ ဉာဏ်မျက်လုံး မရှိဘူး၊ သဘောကျပလား (ကျပါတယ်ဘုရား) ကံမျက်လုံးသာ (ရှိပါတယ် ဘုရား)၊ ဉာဏ်မျက်လုံး မရှိဘူး။

အဲဒါကြောင့် ခင်ဗျားတို့ ခန္ဓာကိုယ် ခင်ဗျား တို့ ကြည့်တိုင်း ကြည့်တိုင်း သြော် ဖြစ်မှု ပျက်မှု လေးတွေ ဧကန်ရှိ တကယ်ရှိ များပြီး ရောက်လာပြီ ဆိုလို့ရှိရင်ဖြင့် ငါတို့ ဘယ် အချိုးအစားထဲ ကလဲ ဆိုလို့ရှိရင် သိကြား ဗြဟ္မာတွေထက် မြတ်တယ်လို့ သတ်မှတ် ရမယ်၊ သိကြား ဗြဟ္မာတွေက နိဗ္ဗာန် မရောက်နိုင်ဘူး၊ ခင်ဗျားတို့က ဒီဟာလေးမြင်လို့ ဒီဟာလေးမုန်းလို့ ဒီဟာလေး ဆုံးသွားတယ် ဆိုလို့ ရှိရင် မရောက် မရှိဘူး၊ သဘောကျပလား (ကျပါပြီဘုရား)။

ဒါဖြင့် ဒီအလုပ်သည် ခင်ဗျားတို့ မရစဖူး အထူးတဲ့ အလုပ်ဖြစ်ပြီး သကာလ နေလေသော ကြောင့် တို့မှာဖြင့် ဒီဥစ္စာ သိကြား ဗြဟ္မာ မျက်လုံးထက် သာတာ ထောက်သောကြောင့် ဟိုဟာ တွေဟာ အိုဘေး နာဘေး သေဘေး ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ဒီဟာ က အိုဘေး နာဘေး သေဘေး မရှိတဲ့ လမ်းကို ပို့တဲ့ မျက်လုံး (မှန်ပါ ဘုရား) ဆိုတော့ မျက်လုံးချင်း အတော် မခြားနားဘူးလား (ခြားနား ပါတယ် ဘုရား) ဒါဖြင့် ဒီမျက်လုံးကို မရအရ လုပ်ရမယ်။

ဒကာ ဒကာမတို့ (မရအရ လုပ်ရပါမယ် ဘုရား) မရ အရ လုပ်ရမယ်၊ နောင် ဒီလိုဆရာနဲ့ မတွေ့နိုင်ဘူး၊ ဒီလို သာသနာနဲ့ လဲမတွေ့နိုင်ဘူး။

နောက်ဆိုလို့ ရှိရင်ဖြင့် ဒီမျက်လုံးဟာ ကွယ်သွားမယ်၊ ကွယ်တာနဲ့ အခု ကမ္ဘာ မှာ သန်းပေါင်း၊ ငါးထောင်ကျော်လောက် ရှိတဲ့ အနက်ကလဲ ကုပ်ကုပ်ကလေး ကုပ်ကုပ်ကလေးတွေ နေကြတယ်။

ဒီမျက်လုံးရှိတာကို သန်းပေါင်း ငါးထောင်ထဲ မြန်မာပြည် က တစ်ဆယ့် ခုနစ်သန်း ရှိတယ်။ သန်းနှစ်ဆယ်လောက် ရှိတယ် ကြားတယ်၊ ဒီအထဲ တစ်သန်းပါဖို့ရာ မပြောပါနဲ့၊ တစ်ထောင်ပါတောင် ဦးသံဒိုင် အတော် ခဲယဉ်းပါတယ်၊ မခဲယဉ်းဘူးလား (ခဲယဉ်းပါတယ် ဘုရား)၊ အဲဒီတော့ ခင်ဗျားတို့ ရထားတဲ့ဟာ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ဆီ သွားမယ့် မျက်လုံးဆိုတာ သေချာ ပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒီမျက်လုံးလေးကို ခင်ဗျား တို့ မြင်သထက်မြင် အောင် ကြည်သထက် ကြည်အောင် ပွားရမယ်၊ မြင်သထက်မြင် အောင် (ကြည်သထက် ကြည်အောင်ပွား ရပါမယ် ဘုရား)။

ဒါကြောင့် ဗောဇ္ဈင်ကို ယနေ့ထည့်ဟောရတာ၊ မပွားရင် မရဘူးတဲ့၊ ဓမ္မဝိစယ သမ္ဗောဇ္ဈင်လဲ မပွားရင် မရဘူး၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင်၊ သမာဓိ သမ္ဗောဇ္ဈင် ဆိုတဲ့ ဧကဂ္ဂတာ စေတသိက်ကလဲ ဧကဂ္ဂတာ များများကျအောင် လုပ်ရမှာပဲ၊ ဒါလဲ ဘာလုပ်ရမှာလဲ (ပွားရမှာပါဘုရား) ပွားရမှာပဲ ဆိုတော့ ဗောဇ္ဈင်က အထောက်ဖြစ်နေတယ်၊ ထောက်ခံချက်ပေး လိုက်တယ်။

မပေးဘူးလား (ပေးပါတယ်ဘုရား) ဘာဖြစ်လို့တုံးဆို တော့ မဂ်ဟာ တစ်ကြိမ်ထဲဖြစ်လို့ ပြီးတယ်လို့ မယူဘဲနဲ့ ပွားရမယ်ဆို တဲ့ အဓိပ္ပါယ် ရှင်းအောင်လို့ ဗောဇ္ဈင် ကူပေးလိုက်တယ်၊ သဘောပါ ကြပလား (ပါ, ပါတယ်ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ကိုယ်အဖိုးတန်ကြောင်း ယနေ့ တရားများဖြင့် သိလောက်ပါပြီ (သိပါပြီဘုရား) သိကြား ဗြဟ္မာတို့နဲ့ ခင်ဗျားတို့နဲ့ မလဲနဲ့ (မှန်ပါဘုရား)၊ ခင်ဗျားတို့က ဆုတောင်းယူဖို့ သူတို့က ဒီမျက်လုံး လူ့ပြည်မှာ ရပါစေ ကြုံပါစေ ဆုံပါစေ၊ လို့ ဆရာကောင်း သမားကောင်းနဲ့ သူတို့က ဆုတောင်းယူရမှာ။

ခင်ဗျားတို့က အရမ်းတောင်းပြီး သကာလ ငါနတ်ဖြစ်ရပါ ၏၊ ငါဗြဟ္မာဖြစ်ရပါလို၏ သွားပြီး မလဲလိုက်နဲ့၊ သဘောကျ သား (ကျပါပြီဘုရား) ခင်ဗျားတို့ကရွှေ ဟိုကဆားနဲ့ လဲတာနဲ့ တူနေတယ် (တူပါတယ် ဘုရား)။

အဲဒါ ဒကာ ဒကာမတွေက ဒီလောက်အဖိုးတန်မှန်း မသိ တော့ ဦးသံဒိုင်က ဪ ဒီတရားလေး အားထုတ်ပြီး နိဗ္ဗာန် မရသေးလို့ ရှိရင် နတ်ပြည်ရောက်ဆို တော်ပါပြီ အစရှိသဖြင့် အလဲမှ မတတ်ဘဲ (မတတ်ပါဘုရား) ရှင်းပလား (ရှင်းပါပြီဘုရား)။

ကဲ ဒီနေ့ကစပြီး သကာလ ကိုယ်အဖိုးတန်ကြောင်း ကိုယ်သိမှ နို့မဟုတ်ရင် ခင်ဗျားတို့က ဆားနဲ့ လဲဦးမလို ဖြစ်နေပြီ (မှန်ပါဘုရား) မဖြစ်ပေဘူးလား (ဖြစ်ပါတယ်ဘုရား) ကဲ သဘော ပါပလား (ပါ, ပါတယ်ဘုရား)။

ဒါဖြင့် ဘာလုပ်ရမှာတုံး (ပွားများရ မှာပါဘုရား) သမ္မာဒိဋ္ဌိ လဲပွားများ၊ သမ္မာ သင်္ကပ္ပ ကော (ပွားများ ရမှာပါဘုရား) မဂ္ဂင် ရှစ်ပါးစလုံး (ပွားများရမှာပါဘုရား) ဘယ်သူက ပြောတုံးဆို ဗောဇ္ဈင်က ပြောတယ်၊ ရှင်းပလား (ရှင်းပါပြီဘုရား)

ဗောဇ္ဈင်က (ပြောပါတယ်ဘုရား) မဂ္ဂင်ဟာ ဟေ့ တစ်ကြိမ်တည်းနဲ့တော့ ဝိပဿနာမဂ်မှာ မရဘူး၊ ပွားပါဦးဆိုတဲ့ အဓိပ္ပါယ်ကို သေသေချာချာ ပြောပါတယ်တဲ့။

ဒီဥစ္စာကိုလဲ နက်ဖြန် ဆိုရင်ဖြင့် ဝတ္ထုနှင့်တကွ ပွားရမယ် ဆိုတဲ့အကြောင်း အဓိပ္ပါယ်ပါ ပါလိမ့်မယ်၊ ပါလိမ့်မယ်၊ ရှင်နန္ဒကဟာ အဲဒီလို ဟောဒီ ဘိက္ခုနီမတွေ ဒီမှာ ပွားခိုင်းထားတယ်၊ သဘောပါကြပလား (ပါ, ပါပြီဘုရား) ရှင်း ပြီနော် (ရှင်းပါပြီဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။