066

နတ်ပြည်ရောက်မှန်းမသိခင် သောတာပန်တည်တယ်

စာအုပ်ခေါင်းစဉ်= နတ်ပြည်ရောက်မှန်းမသိခင် သောတာပန်တည်တယ်

အသံဖိုင်ခေါင်းစဉ်= ဝိပဿနာဉာဏ်နှင့် မဂ်ဉာဏ်ခွဲခြားသိကြရန်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူမြို့၌

ဟောကြားတော်မူသောတရားတော်

နတ်ပြည်ရောက်မှန်းမသိခင် သောတာပန်တည်တယ်

(၁၁-၁၀-၆၁)

ဒကာ ဒကာမတွေမှာရှိတဲ့ ဉာဏ်ကလေးကို ဘုန်းကြီးများက ရှေ့သွားခေါင်းဆောင် လုပ်နေတဲ့ အတွက် ဒီဉာဏ်ကလေးဖြင့် ပြောင်းဖြစ်အောင် ပြောင်းပေးပါဆိုတာကိုပဲ တိုက်တွန်းချင်တယ်နော်။

ဒီဉာဏ်ကလေးက ဘာဉာဏ်တုံးလို့ မေးတော့စာလိုသုံး တော့ ဒကာ ဒကာမတို့ သာသနာပ သမ္မာဒိဋ္ဌိ, သာသနာတွင်း သမ္မာ ဒိဋ္ဌိ တဲ့ သမ္မာဒိဋ္ဌိ နှစ်မျိုးပေါ့နော်။

သာသနာပသမ္မာဒိဋ္ဌိက တစ်မျိုး သာသနာတွင်း သမ္မာဒိဋ္ဌိ က (တစ်မျိုးပါ ဘုရား)။

ကောင်းပြီ တဲ့၊ ဒီဥစ္စာ ဪ ဆရာဘုန်းကြီး ဒီနေ့ ဘုယ့်နှယ်ကြောင့် ဒီနှစ်ခု မူတည် လာပါလိမ့်မတုံး မေးတဲ့အခါ ကျလို့ရှိရင် ကိုယ်သိထားတဲ့ ဉာဏ်အမြင်ကို ရှေ့တစ်လှမ်းတိုးပြီး ပြောင်းပေး လိုက်တယ်လို့ မှတ်ကြပါနော်။

ဉာဏ်အမြင် ပြောင်းမပေးလို့ရှိရင် ဒကာကြွယ် သာမည ဉာဏ်နဲ့ဆိုရင် သာမညခရီးပဲ ပေါက်မယ်နော် ထူးခြားတဲ့ဉာဏ် ဆိုရင် ထူးခြားတဲ့ခရီးပေါက်မယ်။

ဒါ့ကြောင့် သာသနာတွင်း ဉာဏ်, သာသနာပဉာဏ် လို့ ဆိုတဲ့ ဉာဏ်သည် နှစ်မျိုးရှိတယ် စာလိုသုံးတော့ ခုနင်က ပြောခဲ့တဲ့ သာသနာပသမ္မာဒိဋ္ဌိ, သာသနာတွင်းသမ္မာဒိဋ္ဌိ စာလိုတော့ ဒီလိုသုံးပေါ့ဗျာ။

ဒကာ ဒကာမတွေ နားလည်မှုကို ဘုန်းကြီးတို့ တန်ဆာဆင် ပြောတော့ သာသနာပမှာပေါ်တဲ့ ဉာဏ်တစ်မျိုး, သာသနာတွင်းမှာ ပေါ်တဲ့ဉာဏ်တစ်မျိုး။

ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်မှာ သာသနာပဉာဏ် ကလေးရှိနေလို့ရှိရင် သာသနာတွင်း လူဖြစ်ငြားသော်လဲ လိုရာခရီး ရှေ့တစ်လှမ်းတိုးပြီး မပေါက်ရောက်နိုင်ဘူး။

ဒါကြောင့် သာသနာတွင်း ဉာဏ်ကလေးကို သွင်းပေးမှသာ လျှင်လိုရာခရီးကို အပြီးတိုင် ရောက်မယ်ဆိုတာ ဒကာကြွယ် ဒကာသစ်တို့ မှတ်ရမယ်။

ဉာဏ်ပြင်ပေးနေတယ်

ကဲ ဒါဖြင့်ပြောကြစို့တဲ့ ဒကာ ဒကာမတို့၊ ဪ ဒို့ဆရာဘုန်းကြီးက ယနေ့ဒို့ ကို ဘာပြင်ပေးတာ ပါလိမ့်မတုံး ဆိုတော့ ဦးမာဒင်တို့ သေသေချာချာ မှတ်ပါနော်၊ ဉာဏ်ပြင်ပေး နေတယ်။ ဒကာ ဒကာမတို့ ဘာပြင်ပေးသလဲ (ဉာဏ်ပြင် ပေးပါတယ် ဘုရား) ဉာဏ်ပြင်ပေး နေတယ်လို့ မှတ်ပါနော်။

ကောင်းပြီ- ဒါဖြင့် ဉာဏ်သည် ဒကာ ဒကာမတွေ ကျောင်းကန် ဘုရားတည်ကြ, လှူကြ, ပေးကြ, ကမ်းကြတယ်၊ အဲဒီ လှူကြ, ပေးကြ, ကမ်းကြတာ ကုသိုလ်ရတယ်နော်။

ဒီကုသိုလ် ဘယ်သူရမလဲလို့ ဒကာ ဒကာမတွေကိုမေးတော့ အို ကိုယ်လုပ်-ကိုယ်ရမှာပေါ့ ဘုရား မဖြေကြဘူးလား (ဖြေပါမယ် ဘုရား)။

ကိုယ်လုပ်ရင် (ကိုယ်ရပါတယ်) ငါလုပ်ရင် (ငါ ရပါတယ် ဘုရား) သူလုပ်ရင် (သူရပါတယ် ဘုရား) ငါ-ကိုယ်-သူဆိုတဲ့ အတ္တဒိဋ္ဌိအစွဲရှိတယ်။

ဪ ဒါဖြင့် ကုသိုလ်ထဲမှာ အတ္တဒိဋ္ဌိဆိုတဲ့တရား တစ်ခုဝင်နေတယ်၊ ဒိဋ္ဌိကပ်နေတယ်လို့ သေသေချာချာ ဦးဗထွေးတို့ဦးသန်းမောင်တို့ မှတ်ရလိမ့်မယ်။

ကုသိုလ်ထဲငါဝင်ရှုပ်နေတယ်

ငါလုပ်ရင် ငါရတယ် ငါကလေးဝင်ရှုပ်နေတယ် (မှန်ပါ ဘုရား) ကုသိုလ်ထဲမှာ ဘာကလေး ဝင်ရှုပ်နေသတုံး (ငါကလေး ဝင်ရှုပ်နေပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒီကုသိုလ်သည်ကားလို့ ဆိုရင်ဖြင့် သက္ကာယဒိဋ္ဌိတွေနဲ့ တွဲနေတယ် ဦးမာဒင်ဆိုထိုက်- မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

ငါလုပ်ရင်ငါရတယ် သူလုပ်ရင် (သူရပါတယ် ဘုရား) ဘာနဲ့ တွဲနေသတုံး (သက္ကာယဒိဋ္ဌိနဲ့ တွဲနေပါတယ် ဘုရား)။

ဒါဖြင့် ဒီဥစ္စာ မမှန်ဘူးလား လို့ မေးတဲ့အခါကျတော့ မှန်တယ် သူလုပ်ရင် သူရမှာ ဧကန်ပဲ (မှန်ပါ့) ကိုယ်လုပ် ရင်ကိုယ်ရမှာကော့ (ဧကန်ပါ ဘုရား) ဦးလှဘူး မှန်တယ်။

မှန်ပင်မှန်ငြားသော်လဲ တဲ့၊ အားလုံးဒကာ ဒကာမတွေ က မှတ်လိုက်တာပေါ့၊ ဒိဋ္ဌိနဲ့တွဲနေတယ် ဘာနဲ့ တွဲနေသ လဲ (ဒိဋ္ဌိနဲ့တွဲနေပါတယ် ဘုရား)။

အာသဝနယ်ထဲမှာပဲအကျိုးပေးမယ်

အတ္တဒိဋ္ဌိနဲ့တွဲနေတယ် အတ္တဒိဋ္ဌိနဲ့ တွဲနေတော့ ဒီ ကုသိုလ်သည်ကား ဒိဋ္ဌိနဲ့တွဲပြီးသကာလ အာသဝနယ်ထဲမှာပဲ အကျိုးပေးလိမ့်မယ်။

အဘယ်ကြောင့် အာသဝနယ်ထဲ အကျိုးပေးရမတုံးဆိုတော့ သူလုပ်ရင် သူရ ကိုယ်လုပ်ရင်-ကိုယ်ရ ဆိုတဲ့ ယုံကြည်လုံးက ဒီအထဲမှာ ဒိဋ္ဌိနဲ့တွဲပြီး ယုံကြည်နေတယ် (မှန်ပါ့) ဘယ်လိုဆိုကြ မလဲ (ဒိဋ္ဌိနဲ့ တွဲပြီး ယုံကြည်နေပါတယ် ဘုရား)။

အားလုံးက ဒကာ ဒကာမတွေ ဒီဥစ္စာ လွယ်လွယ်ကူကူလို့ လုပ်ပြီးသကာလ သား,လင်မယား တွေ, ဆွေမျိုးတွေကိုလဲ ဒီလိုပဲ ပြောလေ့ ဆိုလေ့ရှိတယ်။

ပြောလေ့ ဆိုလေ့ရှိတယ်၊ ဦးမာဒင်တို့လူစု ထို့အတူပဲ၊ ဦးဗထွေးတို့ ဦးသန်းမောင်တို့လဲ ဒီအတိုင်းပြောလေ့ ဆိုလေ့ ရှိတယ်။

ဘယ်သူကပြော ဘာကိစ္စရှိသတုံးကွ၊ ကိုယ်လုပ်မှ ကိုယ်ရ တာဆိုတော့ ကုသိုလ်လဲ လုပ်ရပါတယ်တဲ့ ကိုယ်လုပ် ကိုယ်ရ တယ် ဆိုတော့ အစွဲကလေးတွေက ရှိပါတယ် (ရှိပါတယ်, ဘုရား) မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒါဖြင့် ဒီကုသိုလ်သည် ဒကာ ဒကာမတို့ ဒိဋ္ဌိနဲ့ ရော-မရော ((ရောပါတယ် ဘုရား) ဒိဋ္ဌိနဲ့ ရောနေတယ် ရှင်းကြပလား (ရှင်းပါပြီ)။

ကမ္မဿကတဉာဏ်သည်ဒိဋ္ဌိကိုမခွာနိုင်

ဘာနဲ့ ရောနေသလဲ (ဒိဋ္ဌိ နဲ့ရောနေပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတွေက မှတ်လိုက်တာပေါ့ ကံ,ကံ ၏အကျိုး ယုံကြည်တဲ့ဉာဏ်သည် ကမ္မဿကတဉာဏ် အဲဒီ ကမ္မဿကတဉာဏ်သည် ဒိဋ္ဌိကိုမခွာနိုင်ဘူး ရှင်းပလား (ရှင်းပါပြီ)။

ကမ္မဿကတဉာဏ်သည် (ဒိဋ္ဌိကိုမခွာနိုင်ပါ ဘုရား) ဒိဋ္ဌိကို မခွါနိုင်ဘူးဆိုတာကို ရှေးဦးစွာ မှတ်ထားတော့ ဪ ဒိဋ္ဌိ ကလဲ ဒိဋ္ဌာသဝလို့ ဟောထားတော့ ဒိဋ္ဌာသဝ နယ်ထဲမှာပဲ၊ အာသဝ လွတ်တဲ့နေရာက နိဗ္ဗာန်ကိုးဗျ အာသဝနယ်ထဲမှာပဲ သူကအကျိုး ပေးဆိုလို့ရှိရင်ဖြင့် ဦးမာဒင်တို့ ဦးသန်းမောင်တို့က မှတ်ထားပေါ့နော်။

အင်း ဒိဋ္ဌိမကွာပဲနဲ့ လုပ်တဲ့ကုသိုလ်ကတော့ဖြင့် ဒိဋ္ဌိနယ် ထဲပဲ အကျိုးပေးမှာပဲ လူပြည်-နတ်ပြည် -ဗြဟ္မာပြည်ဆိုတဲ့ ဒိဋ္ဌိ နယ်ထဲတော့ (အကျိုးပေးမှာပါ ဘုရား)။

ဒိဋ္ဌိပါရင်နိဗ္ဗာန်ကလက်မခံဘူး

ဘယ့်နှယ်ကြောင့်တုံးလို့ မေးတဲ့အခါကျတော့ ဒိဋ္ဌိပါနေလို့ နိဗ္ဗာန်ဘက် မင်းသွားပါလား ဆိုတော့ ဒိဋ္ဌိပါရင် နိဗ္ဗာန်က လက်မခံဘူး။

ဒိဋ္ဌိပါရင်(နိဗ္ဗာန်ကလက်မခံပါ ဘုရား) ဒါ-စဉ်းစားရဦး မယ် ဒကာကြွယ် (စဉ်းစားရ ပါဦးမယ် ဘုရား) စဉ်းစားရဦးမယ် ဒကာ ဒကာမတွေ ဉာဏ်လဲ ထုတ်ကြပါနော်။

သြော် ကိုယ်လုပ်ရင် ကိုယ်ရ – သူလုပ်ရင်သူရဆိုတဲ့ သဘောဟာ ကိုယ်,သူ ပါ ပြီးနေတဲ့အတွက် ထင်လဲထင်နေတဲ့ အတွက် ဒီကမ္မဿကတဉာဏ်နဲ့ (တနည်း) ကိုယ်လုပ်ရင် ကိုယ်ရဆိုတဲ့ အလှူအတန်း အပေးအကမ်းတွေ သည်ကားလို့ဆိုရင် ဒိဋ္ဌိကိုမဖြုတ်နိုင်တဲ့အတွက် တွဲနေတယ်လို့ ဦးမာဒင်တို့ မှတ်လိုက် စမ်းပါ။

ကမ္မဿကတဉာဏ်ဟာ- (ဒိဋ္ဌိမခွါနိုင်ပါ ဘုရား) ဒါဖြင့် ဒိဋ္ဌိ မခွါနိုင်တော့ သာသနာပမှာလဲ ဒီထမင်းရည်ချောင်းစီး ဆိုတဲ့ အလှူအတန်း အပေးအယူတွေ လုပ်ကြတာပဲ (လုပ်ပါတယ် ဘုရား) သာသနာပလဲ လုပ်တော့ ဘာဉာဏ်နဲ့ လုပ်သတုံးမေး တော့ ဒိဋ္ဌိမခွါတဲ့ ကမ္မဿကတဉာဏ်နဲ့ လုပ်တယ်။

ဘယ်လိုမှတ်မလဲ(ဒိဋ္ဌိမခွါတဲ့ ကမ္မဿကတဉာဏ်နဲ့ လုပ်ပါတယ် ဘုရား)။

ဒိဋ္ဌိမကွာတဲ့ ကမ္မဿကတဉာဏ်နဲ့ လုပ်တယ်လို့ မှတ်ထား လိုက်တော့ အင်း-သူက ဒိဋ္ဌိရောတယ် ဆိုတာ ဒကာ ဒကာမတွေ ရှင်း သွားပြီ(ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒီဒကာ ဒကာမတွေ ဉာဏ်တစ်ဆင့်တိုးပြီး သကာလ၊ ဟာ-ဒီဉာဏ်ဟာ နိဗ္ဗာန် အနှောင့်အယှက်ဖြစ်တယ် လှူတော့- လှူတာပေါ့ ပေးတော့-ပေးတာပေါ့ ကမ်းတော့ ကမ်းတာ ပေါ့၊ သို့သော် သစ္စာနုလောမိကဉာဏ်ကလေးထည့်လိုက်

ဘာထည့်မယ်(သစ္စာနုလောမိကဉာဏ် ထည့်လိုက်ပါ မယ်) သစ္စာနုလောမိကဉာဏ်ကလေး ထည့်လိုက်ပါလို့ သတိပေးရတယ်။

သစ္စာနုလောမိကဉာဏ်ဆိုတာကတော့ – ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကို ဝိပဿနာ ရှုတဲ့ဉာဏ်။

သစ္စာနုလောမိကဉာဏ်ဆိုတာ ဘာပါလိမ့်(ခန္ဓာ ကိုယ်ကို ဝိပဿနာရှုတဲ့ဉာဏ်ပါ ဘုရား)

အဲဒါကတော့ သစ္စာနုလောမိကဉာဏ်။ သစ္စ-ကသစ္စာ၊ အနုလောမိက-က လျော်သော၊ ဉာဏ်က သိတာ။

ဒါဖြင့်သစ္စာနဲ့ လျော်အောင်သိတဲ့- ဉာဏ်ဖြင့် ခန္ဓာကိုယ် ကြီးကိုဖြစ်ပျက်မြင်တဲ့-ဉာဏ်သည် ဒီသမ္မာဒိဋ္ဌိပဲ သမ္မာဒိဋ္ဌိကတော့ သို့သော်သူက သစ္စာနဲ့လျော်တယ် (ဝါ) သစ္စာမြင်တယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သစ္စာမြင်တဲ့သမ္မာဒိဋ္ဌိနဲ့လှူကြ တန်းကြ-ပေးကြ ကမ်းကြတဲ့ အခါကျလို့ရှိရင်ဖြင့် တဲ့ ဒကာ ဒကာမတို့ လှူလဲ လှူပါ တန်းလဲတန်းပါ၊ ပေးလဲ-ပေးပါ၊ ကမ်းလဲ-ကမ်းပါ သြော် ဖြစ်ပျက်ဒုက္ခသစ္စာကြီးကိုဖြင့် ကျွတ်ခြင်း လွတ်ခြင်းကို အလိုရှိလို့ လှူဒါန်းပါ၏ ပေးကမ်းပါ၏လို့ ပြောင်းလိုက် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ဒုက္ခသစ္စာကြီးကို ကျွတ်ခြင်းလွတ်ခြင်းကို အလိုရှိ၍ ပေးကမ်းပါ၏ လှူဒါန်းပါ၏ ဆိုတော့ ဒါတွေ ကျွတ်ချင်လွတ်ချင် လို့ဆိုတော့ ဒကာ ဒကာမတို့ သစ္စာသိတဲ့ပုဂ္ဂိုလ်မို့ ဒီဖြစ်ပျက် ဒုက္ခ သစ္စာခန္ဓာကိုယ်ကြီးဟာ ဖြစ်ပျက်ကြီးပဲ ၎င်းဖြစ်ပျက် ဒုက္ခ သစ္စာကြီးကို ကျွတ်ခြင်းလွတ်ခြင်းကို အလိုရှိ၍ လှူဒါန်းပါ၏ ပေးကမ်းပါ၏ဆိုပြီး သကာလ လှူကြ-ပေးကြလို့ ရှိရင် ကမ္မဿကတဉာဏ်လဲ ပါတယ် သစ္စာနုလောမိကဉာဏ်ကော (ပါပါတယ် – ဘုရား)။

ဒီဉာဏ်နဲ့လှူမှ နိဗ္ဗာန်အကျိုးပေးတယ်

အဲဒီ ဉာဏ်နဲ့ လှူလိုက်တဲ့အခါ ပေးလိုက်တဲ့အခါ ကမ်းလိုက်တဲ့အခါကျတော့ ဝိဝဋကုသိုလ် နိဗ္ဗာန်အကျိုးပေးတယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်ဒုက္ခသစ္စာကြီးမှ ကျွတ်ခြင်း လွတ်ခြင်းကို အလိုရှိ၍ လှူဒါန်းပါ၏ ပေးကမ်းပါ၏ ဆိုတဲ့ဥစ္စာ သာသနာတွင်း အလှူလို့ မှတ်လိုက် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါလုပ်-ငါရတယ်ဆိုပြီး လှူတဲ့အလှူသည် ဒိဋ္ဌိမကွာဘူး (မကွာပါ) ဒိဋ္ဌိမကွာတော့ ဒီလိုမှတ်လိုက်ပါ၊ ကလေးတွေစွန်လွှတ် သလိုလို့ ဦးမာဒင်တို့ ဦးသန်းမောင်တို့က မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

စွန်လွှတ်သည့် ဥပမာ

ကလေးတွေ စွန်လွှတ်တော့ သူ့ယောက်လုံးထဲမှာ ချည်မျှင် တွေရှိတယ် ဒီကစက္ကူစွန်ကို ဆွဲဆောင်သွားတဲ့အခါမှာ ကြိုးအဆုံး တော့ တက်တယ် နောက် ဒီစွန်လွှတ်တဲ့ သူငယ်က တော်ပြီ သိမ်းတော့မယ် ဆိုလို့ရှိရင် ကြိုးပြန်ရစ်လိုက်တဲ့အခါ သူသွားချင်သလို သွားရသလား တဲ့ ယောက်လုံးနားပဲ ပြန်ရောက်ရသလား (ယောက်လုံးနားပဲ ပြန်ရောက်ရပါတယ် ဘုရား)။

ဘာဖြစ်လို့တုံးလို့ မေးတဲ့အခါ စွန်သည် နဂိုက လွတ်လွတ်လပ်လပ် ပျံရတာမဟုတ်ဘူး၊ ကြိုးအဆုံးသာ ပျံရတယ်။

နောက်ကြိုးနဲ့ ပြန်ဆွဲလိုက်တဲ့အခါကျတော့ ယောက်လုံး ခြေရင်းပဲ ပြန်ရောက်တယ် (ရောက်ရပါတယ် ဘုရား) မရောက် ရဘူးလား (ရောက်ရပါတယ် ဘုရား) ဘာဖြစ်လို့ ပြန်ရောက် လာပါလိမ့်မတုံးလို့ ဒကာ ဒကာမတွေက မေးလို့ရှိရင် ကြိုးပါသွား လို့။

ဘယ်လိုဆိုကြမလဲ (ကြိုးပါသွားလို့ပါ ဘုရား) ဒါကြောင့် – ပြန်ရစ်လိုက်တဲ့အခါကျတော့ကို ဦးဗထွေးတို့ ကြိုးခြေရင်းပြန် ရောက်ရတယ် (ရောက်ရပါတယ် ဘုရား) ဘယ့်နှယ်ကြောင့် ရောက်ပါလိမ့် (ကြိုးပါလို့ပါ ဘုရား)။

အဲ ကမ္မဿကတဉာဏ်ကတော့ ဒိဋ္ဌိကြိုးပါသွားတဲ့ အတွက် တက်တော့ တက်သွားတာပဲ နောက်ပြန်ဆင်းလာ တယ် သဘောကျပလား (ကျပါပြီ ဘုရား)။

အစွမ်းကုန် အဆုံးတက်နိုင်ရဲ့လားလို့ မေးတော့ (မတက်နိုင်ပါ ဘုရား) ဘယ့်နှယ်ကြောင့်တုံး ဆိုတော့ ကြိုးပါသွားလို့ ဒီမှာလဲ ထို့အတူ ဒိဋ္ဌိကြိုးပါတယ်။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သဒ္ဓါတရားရှိ လို့ ဒီတရားနာကြတာ သဒ္ဓါတရားရှိလို့ လှူကြပေးကြတာ ကျောင်းဆောက်၊ ဘုရားတည်ကြတယ်၊ ရိပ်သာတွေ အမျိုးမျိုးပြုပြင်ကြ တယ်၊ သစ္စာမြင်ပြီး လုပ်လိုက်ပါဆိုတော့ သစ္စာနုလောမိက ဉာဏ် နဲ့ လှူလိုက်-တန်းလိုက်-ပေးလိုက်-ကမ်းလိုက်၊ ဒုက္ခသစ္စာကြီး ကျွတ် ခြင်း-လွတ်ခြင်းကို အလိုရှိ၍ လှူဒါန်းပါ၏လို့ ဆိုတော့ ဒကာ ဒကာမ တို့ သစ္စာမြင်တဲ့ပုဂ္ဂိုလ်ကတော့ ဒိဋ္ဌိကပ်သေးရဲ့လား (မကပ် ပါ ဘုရား)။။

ဖြစ်ပျက်ဘာသစ္စာ(ဒုက္ခသစ္စာပါ) အဲဒီဒုက္ခဝဋ်ကြီးမှ ဘယ်နေရာမှ တပည့်တော် ဖြစ်ခြင်း, ချက်ခြင်းကို အလိုမရှိပါဘူး၊ ဖြစ်မှုပျက်မှုဆိုတဲ့ သင်္ခါရသိမ်းတဲ့ အသင်္ခတနိဗ္ဗာန်ကိုသာ တပည့်တော် အလိုရှိ၍ လှူပါ၏, တန်းပါ၏, ပေးပါ၏, ကမ်းပါ၏ဆိုလို့ ရှိရင်ဖြင့် စွန်လွှတ်လိုက်တဲ့အခါ အစွမ်းကုန် တက်သလိုပေါ့ဗျာ ကြိုးတဆုံးလောက်သာ တက်ရတဲ့အဓိပ္ပါယ်မျိုး ရသေးရဲ့ လား (မရပါ ဘုရား)။

အဲဒီလို နိဗ္ဗာန်ကျအောင်လဲ ဒကာ ဒကာမတွေ သစ္စာနုလောမိကဉာဏ်နဲ့ လှူကြ, တန်းကြ, ပေးကြ, ကမ်းကြလို့ရှိရင်ဖြင့် နိဗ္ဗာန်တိုင်ရောက်ပါတယ်။

ကမ္မဿကတဉာဏ်လောက်နဲ့ဆိုရင်ဖြင့် ကြိုးတဆုံး လောက် တက်ပါလိမ့်မယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘယ်ဉာဏ်အရေးကြီးပါလိမ့် (သစ္စာနုလော မိကဉာဏ် အရေးကြီးပါတယ် ဘုရား)။

ဒါဖြင့် သစ္စာနုလောမိကဉာဏ် အရေးကြီးတယ် ဆိုတော့ကို ဝိပဿနာရှုပြီးမှ လှူရ, တန်းရ, ပေးရ ကမ်းရတယ်။

ဝိပဿနာရှုပြီးမှ (လှူရ, တန်းရ, ပေးရ, ကမ်းရ ရပါတယ်) ဝိပဿနာမပါပဲနဲ့ ရော့ဟယ်, အင့်ဟယ်ဆိုတဲ့ အသွားမျိုး သည် ဒကာ ဒကာမတို့ ကမ္မဿကတဉာဏ်မှာ တင်နေတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘာပဲလှူလှူ ဘာပဲတန်းတန်း ခန္ဓာကိုယ်ဉာဏ် ရောက်ပြီး ခန္ဓာကိုယ်ဒုက္ခသစ္စာ။

ဒီဒုက္ခသစ္စာကြီးမှ ကျွတ်ခြင်းကို တပည့်တော်ကိုယ်တိုင် မြင်သည်ဖြစ်၍ ဒါမှ လွတ်လိုသောကြောင့် လှူပါ၏, တန်းပါ၏, ပေးပါ၏, ကမ်းပါ၏ဆိုရင် ဦးမာဒင် ဘယ်လောက်ပဲ လုပ်လုပ် သာသနာတွင်း အလှူဖြစ်သွားတယ် ဉာဏ်တက်မလာဘူးလား (လာပါတယ် ဘုရား)။ ,

ဒါဖြင့် ကမ္မဿကတ သမ္မာဒိဋ္ဌိ၊ သစ္စာနုလောမိက သမ္မာ ဒိဋ္ဌိနှစ်ခုရှိရာတို့တွင် သစ္စာနုလောမိက သမ္မာဒိဋ္ဌိဆိုတော့ ဒကာ ဒကာမတို့က ဝိပဿနာခြံရံတာကို သစ္စာနုလောမိက သမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။

ဒီအလုပ်နဲ့လုပ်ပြီးသကာလ လုပ်လဲလုပ်ပါ၊ မြင်ပြီးသကာလ လဲ လှူကြ, တန်းကြ, ပေးကြ, ကမ်းကြပါဆိုတာကို လေးနက်စွာနဲ့ တိုက်တွန်းပါတယ် (မှန်ပါ့) ဒီအတိုင်း ရော့အင့်ဖြင့် မလုပ် လိုက်ပါနဲ့။

ဒါဖြင့် ခန္ဓာကိုယ်ဖြစ်ပျက်မြင်ပြီးမှ လုပ်ကြပါ ရှင်း ကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုလုပ်ကြမလဲ (ခန္ဓာကိုယ် ဖြစ်ပျက်မြင်ပြီးမှ လုပ်ရပါမယ် ဘုရား)။

ဖြစ်ပျက်မြင်တော့ကို သစ္စာမြင်တဲ့ဉာဏ်က မရဘူးလား (ရပါတယ်) ပြီးတော့မှ ဟောဒီဒုက္ခဝဋ်မှ တပည့်တော်တို့ ကျွတ်ခြင်း၊ လွတ်ခြင်းကို အလိုရှိလို့ လှူပါတယ်, တန်းပါတယ် ပေးပါတယ်, ကမ်းပါတယ်ဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန်ပဲ အကျိုးပေးချမယ် သံသရာထဲ လာသေးရဲ့လား (မလာပါ) ဘယ့်နှယ်ကြောင့်ဆိုသော် ဒိဋ္ဌိကွာပြီးသားဖြစ်လို့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့်ပါလိမ့် (ဒိဋ္ဌိကွာပြီးသားဖြစ်လို့ပါ) ဒိဋ္ဌိကလဲ ဖြစ်ပျက်မြင်ကတည်းက ငါ-ငါ့ဥစ္စာမဟုတ်တော့ဘူး (မဟုတ်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အခုနေ့တိုင်း ဆရာဘုန်းကြီးက အဖြစ်အပျက်ကို မြင်အောင်ကြည့်ပါ၊ အဖြစ်အပျက်တော့ မြင်အောင်ကြည့်ပါဆိုတာ သစ္စာနုလောမိကဉာဏ် ပေးနေတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သစ္စာနုလောမိကဉာဏ် ပေးပြီးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သစ္စာဉာဏ်တက်ဖို့ရာ ဦးမာဒင် အနီးကလေးကျန်တော့တယ်။

သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်

ဖြစ်ပျက်မြင်ကတည်းက ဘယ်ဉာဏ်ရသတုံး (သစ္စာ နုလောမိကဉာဏ် ရပါတယ်) ၎င်းဖြစ်ပျက်သည်ကားလို့ ဆိုရင်ဖြင့် ဒုက္ခသစ္စာမှတစ်ပါး ဘာမှမဟုတ်တော့ဘူး၊ ဒုက္ခသစ္စာအစစ်ပဲဆိုရင် သစ္စဉာဏ်ရပစ်လိုက်တယ်။

နောက်ကျတော့ သူ-နှိပ်စက်နေတာပဲ။ ခန္ဓာကြီး နှိပ်စက်နေတာပဲဆိုပြီး ကြည့်လိုက် ကိစ္စဉာဏ်ရတယ်။

နှိပ်စက်မှုဖြင့် လိုပဲမလိုချင်တော့ပါဘူး ဆိုရင်ဖြင့် ကတဉာဏ်ရတာပဲ (မှန်ပါ့ ဘုရား)။

ဒါ ဓမ္မစကြာမှာလဲ ဒီအတိုင်းလာပါတယ် ဒါနားကြီးကြီးနဲ့ ထောင်လိုက်မှ ဦးမာဒင် အရေးကြီးမှန်းသိတယ် သဘောပါကြ ပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လှူတတ်, တန်းတတ် ပေးတတ်, ကမ်းတတ်ပလားလို့ ယနေ့ မေးလိုက်တယ် (လှူတတ်, တန်းတတ်, ပေးတတ်, ကမ်းတတ်ပါပြီ ဘုရား) ဘယ်လို လုပ်ပြီး သကာလ လှူကြမှာတုံး (ဖြစ်ပျက်ရှုပြီး လှူရပါမယ် ဘုရား)။

အဲ ခန္ဓာကိုယ် ဖြစ်ပျက်ရှုပါ ရှုပြီးသကာလ အဲဒီ ဖြစ်ပျက်တွေမြင်ပြီးမှ ဒီဖြစ်ပျက်တွေ ဒုက္ခဝဋ်မှ ကျွတ်လိုလို့ လှူ ပါ၏၊ ဒီလိုပြောင်းပစ်ကြ မပြောင်းရင် မတော်ဘူးနော် မပြောင်းရင် ဒိဋ္ဌိကပ်နေတယ် သဘောပါပလား (ပါ, ပါပြီ ဘုရား)။

အဲဒါကြောင့် အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်မှာလဲ အလှူရှစ်မျိုး ရှိတယ်ကွာတဲ့ အလှူရှစ်မျိုးရှိတဲ့ဥစ္စာ ငါခွဲခြမ်းဝေဖန်ပြီး သကာလ ပြပါမယ်ဆိုပြီး ရှစ်မျိုးကို ခွဲပြလိုက်တော့ နောက်ဆုံးပိတ် သူ-ပြောလိုက်တယ် ၊ ဝိပဿနာ ခြံရံတဲ့ ဒါနမှ အမြတ်ဆုံးဟေ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်ဟာ ခြံရံတဲ့ ဒါနတဲ့လဲ (ဝိပဿနာခြံရံတဲ့ ဒါနဟာ အမြတ်ဆုံးပါ ဘုရား)။

ဒါနရှစ်မျိုးထဲက အမြတ်ဆုံးဒါန

ဒါဖြင့် ဖြစ်ပျက်မြင်ပြီးသကာလ ဒီဖြစ်ပျက်တွေ ကျွတ်ခြင်း လွတ်ခြင်းကို အလိုရှိ၍ လှူပါ၏, တန်းပါ၏, ပေးပါ၏, ကမ်းပါ၏ ဆိုတော့မှ ဒကာ ဒကာမတို့ ဒါနရှစ်မျိုးထဲက အမြတ်ဆုံးဒါနဟာ ဝိပဿနာ ခြံရံတဲ့ဒါန အမြတ်ဆုံးဆိုတော့ သာသနာတွင်း အလှူလဲ ဖြစ်အောင်လို့ ယနေ့ သတိပေးပါတယ်။။

ဒါဖြင့် ဘုန်းကြီး နေ့တိုင်းဟောနေတော့ ဒကာ ဒကာမတွေ ခန္ဓာဉာဏ်စိုက်ကြ ခန္ဓာဉာဏ်စိုက်ကြဆိုတော့ ဘာမြင်အောင် အကြည့်ခိုင်းနေတာတုံး (ဖြစ်ပျက်မြင်အောင် အကြည့်ခိုင်း နေတာပါ) အဲဒါ သစ္စာနုလောမိကဉာဏ် ပေးနေတာ (မှန်ပါ့ ဘုရား)။

ဘာပေးနေတာတုံး (သစ္စာနုလောမိကဉာဏ် ပေးနေ တာပါ ဘုရား) သစ္စာနုလောမိကဉာဏ် ပေးနေတယ်၊ သစ္စာက သစ္စာ၊ အနုလောမိက, က လျော်တာ၊ သစ္စာနဲ့လျော်တဲ့ ဉာဏ်ပေးနေတာလို့ ဦးမာဒင်တို့ ဦးသန်းမောင်တို့ ဦးဗထွေးတို့ မှတ်ရမယ်။

ဗုဒ္ဓဘာသာတိုင်း သိထားရမည့် အလုပ်

ဒကာကြွယ် ဒီဥစ္စာက ကျုပ်တို့ ခင်ဗျားတို့ သိထားရမည့် အလုပ်နော် ဗုဒ္ဓဘာသာမှန်က ဦးမာဒင် သိထားရမည့်အလုပ် ရှင်းပလား (ရှင်းပါပြီ)။

ဗုဒ္ဓဘာသာမှန်က မလှူပဲ မပေးပဲ မကမ်းပဲလဲ မနေနိုင်ဘူး (မနေနိုင်ပါ ဘုရား)။

သို့သော် လှူတိုင်း, ပေးတိုင်း, ကမ်းတိုင်းလဲ ဒိဋ္ဌိကပါနေ မယ်ဆိုလို့ရှိရင်လဲ လှူကျိုး, ပေးကျိုးဟာ ပေးသင့်သလောက် မပေးတာပေါ့ဗျာ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ သစ္စာနုလောမိကဉာဏ်ကလေး အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်မှာလာတဲ့ ဝိပဿနာခြံရံတဲ့ ဒါနကလေး ဒီလိုလုပ်လိုက် မှသာလျှင် တဲ့၊ နိဗ္ဗာန်အပြီးတိုင် ရောက်ပါတယ်။

ဒါ့ကြောင့် ခန္ဓာကိုယ် ဖြစ်ပျက်မြင်ပြီး သကာလ ဒီဖြစ်ပျက် ဒုက္ခသစ္စာကြီးမှ လွတ်ရေး, ကျွတ်ရေးကို အလိုရှိ၍ လှူပါ၏၊ တန်းပါ၏- ဆိုလို့ရှိရင် ဒကာကြွယ် ခရီးပေါက်ပြီ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီအလုပ်ဖြင့် ဘာကလေးလုပ်လုပ် သစ္စာနုလောမိကဉာဏ်နဲ့ ဒကာ ဒကာမတွေ ခန္ဓာကြည့်ပြီး သကာလ မှ ပေးကမ်းခြင်း, လှူဒါန်းခြင်းအလုပ် လုပ်ရလိမ့်မယ် ဦးမာဒင် အရမ်းလုပ်လို့ မဖြစ်ဘူး (မဖြစ်ပါ ဘုရား)။

အရမ်းလုပ်တော့ အရမ်းအကျိုးပေးလိမ့်မယ် အမှန်လုပ် တော့ အမှန်ခရီးပေါက်လိမ့်မယ် မကွာဘူးလား (ကွာပါတယ် ဘုရား) အေး ဒါ့ကြောင့်ပြင်ဖို့ ဆင်ဖို့ကလေး ရှေ့ပိုင်းက ပြောလိုက်ပါတယ်။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မနေ့က အလုပ်ခွင် ဆီခွက်ဥပမာနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး မဟာဝဂ္ဂသံယုတ်မှာ ပြလို့ ဆီမဖိတ်အောင် ကြည့်ပါဆိုတာလဲ ခင်ဗျားတို့ ကျေနပ်လောက်ပါပြီ။

ဆီမဖိတ်ရင် ပဋိစ္စသမုပ္ပါဒ်ပြတ်ပါတယ် ဖိတ်သည်နဲ့တစ်ပြိုင် နက်တည်း ပဋိစ္စသမုပ္ပါဒ် လာပါတယ် လာသည်နဲ့တစ်ပြိုင်နက်တည်း သံသရာခရီးမှာ အိုဘေးနာဘေး သေဘေးတွေနဲ့ တွေ့ရပါတယ်။

ဒါ့ကြောင့် ဆီမဖိတ်တဲ့ နည်းသည်ကား လို့ ဆိုရင်ဖြင့် စိတ်ရှုတဲ့ပုဂ္ဂိုလ် စိတ်ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်အောင်လုပ်ပါ ဝေဒနာရှုတဲ့ပုဂ္ဂိုလ် ဝေဒနာဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်အောင်လုပ်ပါ ဒါဆိုလို့ရှိရင်ဖြင့် ဆီဖိတ်တယ်လို့ ဆိုလို့ ရရဲ့လား (မရပါဘရား)။

အဲ မရလို့ရှိရင်ဖြင့် နောင်တစ်ခါ အိုပွဲ-နာပွဲ သေပွဲ ဆိုတဲ့နောက်က ပဋိစ္စသမုပ္ပါဒ်က သတ်မလို့ ဖြတ်မလို့ လိုက်လာတာ တွေဟာ ရသေးရဲ့လား (မရပါ ဘုရား) ကဲ ဦးမာဒင်တို့ ဦးသန်း မောင်တို့ ကျေးဇူးများပြီ (များပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် စူဠတဏှာသင်္ခယသုတ်ဆိုတဲ့ တစ်နေ့က ဖြတ်ထားခဲ့တဲ့ဥစ္စာ ဒကာသစ် ပြန်ဆက်ရအောင်နော်။

သိကြားမင်းကြီး တာဝတိံသာနတ်ပြည်မှာ ဥယျာဉ်တော် သို့ ထွက်ပြီးသကာလ လာတဲ့အခါမှာ ဖျတ်ခနဲဆို စိတ်ကူးကလေး တစ်ခု ပေါ်လာတယ်။

သိကြားမင်း၏ဆန္ဒ

တဏှာအမြန်ကုန်ကာသည် ဘယ်နည်းပါလိမ့်မလဲ၊ တဏှာ အမြန်ကုန်တဲ့နည်း ရလို့ရှိရင်ဖြင့် ငါသည် တဏှာနိရောဓော နိဗ္ဗာနံ ဆိုတဲ့အတိုင်း နိဗ္ဗာန်ရောက်မှာပဲ။

အဲဒီတော့ တဏှာအမြန်ကုန်တဲ့နည်း ဘယ်နည်းပါလိမ့် မတုံးဆိုတာတော့ စိတ်ထဲမှာ မေးစရာတော့ ပေါ်လာတယ်။

ဒီဟာ ဥယျာဉ်ထဲမှာသွားပြီး ပျော်ပါးလိုက်လို့ရှိရင် ဒီမေး ချင်တဲ့ဟာကလေးတောင် ပျောက်သွားမယ်၊ အဖြေထားပါဦး၊ အတွေးလုံးကလေးတောင် ပျောက်သွားမှာ စိုးရတယ်။

တဏှာကို ဘယ်လိုအမြန်ကုန်စေနိုင်ပါလိမ့်မလဲ၊ ဘယ် တရားသည် ကုန်စေနိုင်လိမ့်မလဲ ဆိုတဲ့ မေးချင်လုံးကလေးတောင် ပျောက်သွားမှာ စိုးတဲ့အတွက် ခုနင်က ကပွဲပြပွဲတွေနဲ့ ဥယျာဉ် ထွက်လာတာတွေကို ရပ်ဆိုင်းပြီးသကာလ ဒကာသစ် လူ့ပြည် ပုဗ္ဗာရုံကျောင်းသို့ ဆင်းလာတယ်။

ဆင်းလာပြီး ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို မေးတဲ့ အခါ တဏှာအမြန်ကုန်တဲ့နည်း ဘယ်နည်းပါလဲဘုရား၊ တဏှာ အမြန်ကုန်တဲ့နည်း တပည့်တော်အား အမိန့်ရှိပါလို့ဆိုတော့ အို ဒီလိုကွ၊ တဏှာကုန်တဲ့ နည်းသည်ကားလို့ဆိုရင် တဲ့၊ သူမေးပုံကလေးလဲ သိပ်ကောင်းပါတယ်။

မေးပုံကလေးက တဏှာကုန်တယ်ဆိုတာ တခြားမဟုတ် ပါဘူး တဲ့၊ ဖြစ်ခြင်း-ပျက်ခြင်းကို လွန်တဲ့တရား ဖြစ်ခြင်း – ပျက်ခြင်း အဆုံးလွန်တဲ့တရားဆိုတာ ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန်ပဲ (မှန်ပါ့)။

အဲဒီ ဖြစ်ခြင်း-ပျက်ခြင်း အဆုံးကို လွန်တဲ့တရား အဲဒီ မြတ်သောတရားအကျင့်ကို တဲ့၊ လူ-နတ်ဗြဟ္မာ သတ္တဝါတို့ ထက် အင်မတန်မြတ်တဲ့ နိဗ္ဗာန်ကို တပည့်တော် ဘယ်လိုရအောင် အားထုတ်ရပါ့မလဲ တဲ့။

မေးတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကွာ-တဲ့၊ ခန္ဓာပေါ်၌လည်း ဖြစ်ပျက်မြင်ပြီးတော့ မစွဲလမ်းနဲ့တဲ့ (မှန်ပါ့)။ အာယတန ပေါ်၌လည်း (ဖြစ်ပျက်မြင်ပြီး မစွဲလမ်းပါနဲ့) အဲ ဖြစ်ပျက် မြင်အောင် ကြိုးစား၊ စွဲလမ်းတဲ့တရား မလာတော့ဘူး။

ဝေဒနာသုံးပါး လှည့်ပြီးအားထုတ်ပါ

ကဲ ကွာတဲ့ မင်းသည်ကားလို့ဆိုရင် တိုတိုအားထုတ် ချင်ရင်တော့ဖြင့် ဝေဒနာသုံးပါး လှည့်ပြီးသကာလ အားထုတ်။

တစ်နေ့က ပြောပြီးပြီနော် (မှန်ပါ့ – ပြောပြီးပါပြီ ဘုရား) ဝေဒနာသုံးပါး လှည့်ပြီးသကာလ မင်းသည်ကား လို့ဆိုရင် ဖြစ်ပျက်မြင်အောင် အားထုတ်ပါဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မနာဘူးသေးတဲ့ ပုဂ္ဂိုလ်တွေအတွက် ဝေဒနာကို ရှင်းပြပါဦးမယ်။

ဒကာသစ် ဒီဥစ္စာနားမလည်တဲ့ ပုဂ္ဂိုလ်တွေ အတွက်မှာ ရှင်းရပြန်တယ်နော် မျက်လုံးမြင်ကာမတ္တ ဥပေက္ခာဝေဒနာ။

မျက်လုံးက ဖွင့်လိုက်လို့ မြင်ရင်-မြင်ခြင်းကလေးဟာ ဘာဝေဒနာနဲ့ မြင်တာတုံး (ဥပေက္ခာ ဝေဒနာနဲ့ မြင်ပါတယ် ဘုရား) နားက “ဖျတ်” ခနဲကြားကာမျှမတ္တကလေး (ဥပေက္ခာ ဝေဒနာပါ ဘုရား) အဲဒီ ဝေဒနာကလေး သိထားမှ သူ့ကို ဖြစ်ပျက် ရှုတတ်မှာ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

နှာခေါင်းက နံကာမျှမတ္တကလေးဟာ (ဥပေက္ခာဝေဒနာ ပါ ဘုရား) ဥပေက္ခာလို့မှတ်၊ ဥပေက္ခာသုံးမျိုးရှိသွားပြီ လျှာပေါ်မှာ အစာအာဟာရ ရောက်ကာမျှ မတ္တကလေးဟာ ဘာတုံး (ဥပေက္ခာ ဝေဒနာပါ ဘုရား)။

အဲ ဥက္ခာဝေဒနာလို့ မှတ်ထားနော် သြော် ဥပေက္ခာက လေးနေရာ ပေါ်နိုင်သကိုး သဘောကျပလား – (ကျပါပြီ ဘုရား)။

တစ်ခါ သုခနဲ့ သောမနဿကလေးလည်း မှတ်လိုက်စမ်း ပါဦး၊ ကိုယ်ပေါ်မှာကျတော့ ဒကာ ဒကာမတို့ အခုလို ပန်ကာလေ ကလေး ဘာကလေးထိတဲ့အခါ ထိတဲ့နေရာ သုခဝေဒနာပေါ်တယ် “ဖျတ်” ဆို ပန်ကာလေကလေး ရပ်သွားရင် ဒုက္ခဝေဒနာ ပြန်ပေါ်တယ်။

ဪ ကိုယ်ပေါ်မှာတော့ သုခ-ဒုက္ခဝေဒနာလို့ မှတ်လိုက်ပါ၊ သဘောကျပလား (ကျပါပြီ)။

ဝမ်းထဲမှာတော့ သောမနဿ, ဒေါမနဿ – ဥပေက္ခာ တစ်ခါတလေ ဝမ်းသာစရာ ရွှေကလေး – ငွေကလေးရရင် – သောမနဿ သဘောကျပလား (ကျပါပြီ)။

ရွှေကလေး-ငွေကလေးရရင် (သောမနဿပါ) မရတဲ့ အခါ (ဒေါမနဿပါ ဘုရား) သြော်-ကျုပ်တို့တော့ဖြင့် ရရ-မရရ မထူးပါဘူးဆိုတဲ့ စိတ်ကလေးပေါ်တဲ့အခါ ဝမ်းထဲမှာ ဥပေက္ခာပေါ်တယ်။

ဝမ်းထဲမှာ ဘာပေါ်ပါလိမ့် (ဥပေက္ခာ ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပြင်ဘက်မှာဖြင့် မျက်လုံးထဲ ဥပေက္ခာ မျက်လုံးထဲ ပေါ်လေသရွေ့ ဥပေက္ခာ၊ နားက ကြားကာမျှမတ္တ (ဥပေက္ခာ ဘုရား) နှာခေါင်း-နံကာမျှမတ္တ (ဥပေက္ခာပါ ဘုရား) လျှာ, က-စားကာမျှမတ္တ (ဥပေက္ခာဝေဒနာပါ ဘုရား)။

ကိုယ်ပေါ်မှာကျတော့ ဆင်းရဲရင် (ဒုက္ခဝေဒနာပါ) ချမ်းသာရင် (သုခဝေဒနာပါ) ဝမ်းထဲကျတော့ သောမနဿ, ဒေါမနဿ, ဥပေက္ခာ၊ ဒါပဲ ဒကာ ဒကာမတို့ (မှန်ပါ့)။

အဲဒီတော့ သူသည် ၉-ခုပဲရှိတယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ) ဒီ ၉-ခုကို ဒကာ ဒကာမတွေ ပေါ်တိုင်း ပေါ်တိုင်း လိုက်ပေးပါ။

ပေါ်တိုင်း-ပေါ်တိုင်း မဂ္ဂင်ငါးပါးနဲ့ ဖြစ်ပျက်ရှုပေးပါ အလုပ်သင်နေတယ်လို့သာ မှတ်လိုက်ပါ။။

ပေါ်တိုင်း-ပေါ်တိုင်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုပေး ရပါမယ်) ဖြစ်ပျက်ရှုပေး၊ မလစ်စေနဲ့နော်။

အဲ ဒီကဲ့သို့ ဖြစ်ပျက်ရှုဆိုတာ အနိစ္စ ရှုတာပဲ အနိစ္စရှုလို့ရှိရင် ရာဂကင်းသွားတယ် (မှန်ပါ့) ချုပ်တာလဲ မြင်သွားတာပဲ။

ဒါကြောင့် အနိစ္စာနုပဿီလဲ ဖြစ်တာပဲ ဝိရာဂါနုပဿီလဲ ဖြစ်တာပဲ ချုပ်တာကို မြင်သဖြင့် နိရောဓါနုပဿီ ချုပ်တာကို ရှုတဲ့ ပုဂ္ဂိုလ်လဲဖြစ်တာပဲ ပဋိနိဿဂ္ဂါနုပဿီတဲ့ တဖန် ချုပ်တာကိုလဲ မြင်တာပဲ။

အဲ ဒီကဲ့သို့မြင်ပြီး ဒီလိုရှုလို့ရှိရင် သိကြားမင်း အသင်သည်ကားလို့ဆိုရင် တဏှာ အမြန်ကုန်ပါလိမ့်မယ်။

ဝေဒနာ အခုပြောခဲ့တဲ့ ၉-မျိုးကို ဒကာ ဒကာမတွေပေါ်ရာ လျှောက်ရှုနေမယ်ဆိုရင် တဏှာအမြန်ကုန်ပါတယ်ကွတဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒီနေရာမှာ ဘုန်းကြီးက ရှင်းပေးချင်တာကတဲ့ အဋ္ဌကထာဆရာက ရှင်းမပေးရင် မကောင်းဘူး ဆိုပြီးတော့ ဒကာ ဒကာမတွေ ရှင်းပေးတယ်နော်။။

ရှုစရာ ၉-မျိုးရှိတယ်လို့ မှတ်လိုက်ပေါ့၊ ရှုစရာ ဘယ်နှစ်မျိုး ပါလိမ့် (၉-မျိုးပါ ဘုရား)။

အဲ ရှုစရာ ၉-မျိုးဟာလဲ ၉-မျိုးစလုံး ပေါ်သလား တစ်ခု တစ်ခုစီ ပေါ်သလား (တစ်ခု-တစ်ခုစီ ပေါ်ပါတယ် ဘုရား)။

တစ်ခု-တစ်ခုစီပဲ ပေါ်တာကို ဒကာ ဒကာမတို့ က ဥပမာ သုခဝေဒနာ ကိုယ်ပေါ်မှာပေါ်တယ် ထားလိုက်ပါတော့ (မှန်ပါ့ ဘုရား) ကိုယ်ပေါ်မှာ လေကလေး တိုက်တော့ ချမ်းသာ လုံးကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲ ဒီပေါ်တဲ့ သုခဝေဒနာ ကလေးကိုလဲ ဒကာ ဒကာမ တွေက ဖြစ်ပြီးပျက်တဲ့ ဓမ္မကလေးလို့ ရှုလိုက်၊ မရှုရဘူးလား (ရှုရပါတယ် ဘုရား)။

ရှုလိုက်တော့ကို ဒကာ ဒကာမတွေ သိတဲ့အတိုင်း သုခ ဝေဒနာပစ္စယော တဏှာ လာသေးရဲ့လား (မလာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာက အလယ်ကနေတယ် ဝိပဿနာဉာဏ်က အလယ်ကနေတယ်၊ ရှုစရာက ရှေ့က (မှန်ပါ့) ကုန်စရာက နောက်က ဒီက တဏှာ, ဥပါဒါန် ကံတွေ ထားပါတော့ဗျာ သဘောကျပြီ (ကျပါပြီ)။

ကဲ ရှေ့ပိုင်းမှာ သုခဝေဒနာကလေး ကိုယ်ပေါ်မှာ ပေါ်နေတယ်၊ ဒကာ ဒကာမတွေက ဪ ဒီဝေဒနာ ကလေး ဟာလဲ ရေပွက်ပမာပဲ ဖြစ်ပြီး ပျက်သွားတာပဲလို့ ရှုလိုက်ပြီဗျာ။

ရှုလိုက်တော့ ဝေဒနာက္ခန္ဓာရှိသေးရဲ့လား (မရှိပါ ဘုရား) ရှေ့ကဝေဒနာက္ခန္ဓာ မရှိဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ရှေ့က ဝေဒနာက္ခန္ဓာမရှိတဲ့အပြင် နောက်က တဏှာ, ဥပါဒါန်, ကံတွေကော (မရှိပါ ဘုရား)။

ဪ ဝိပဿနာ အလုပ်သည် ဒကာ ဒကာမတို့ ရှေ့က ခန္ဓာကိုလဲ ချုပ်စေတယ် နောက်ကတဏှာ ဥပါဒါန်ကံတွေ လဲ (ချုပ်စေပါတယ် ဘုရား)။

ဪ ဝိပဿနာ ကျေးဇူးဟာ ဦးမာဒင် တယ်များ ပါလား (များပါတယ် ဘုရား)။

ဒကာကြွယ် ဒီသဘောကလေး မှတ်စမ်းပါ၊ ဝိပဿ နာရှုတဲ့ ပုဂ္ဂိုလ်များမှာ ဝေဒနာပေါ်တာ ရှုနေလို့ရှိရင် သုခ ဝေဒနာပေါ်တာ ရှုနေလို့ရှိရင် ရှေ့ကခန္ဓာ ရှိသေးရဲ့လား (မရှိပါ ဘုရား) ခန္ဓာပျောက်သွားပြီ ဝေဒနာက္ခန္ဓာ ပျောက်သွားပြီ။

ရှေ့က ခန္ဓာကိုလဲ စွန့်ပြီးသား ဖြစ်တယ် ရှုနေတဲ့ မဂ်သည် ဒကာ ဒကာမတို့ နောက်က တဏှာ, ဥပါဒါန်တို့ကော (ချုပ်ပါတယ်) ချုပ်ပျောက်သွားတော့ သူတို့ကိုလဲ စွန့်ပြီးသား ဖြစ်တယ်။

အင်း ဝိပဿနာဉာဏ်သည် အလုပ်ဘယ်နှစ်ခု လုပ် သတုံးလို့ မေးလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်စရာ က ခန္ဓာစွန့် တဏှာစွန့်ပါဘုရား။

ဝိပဿနာအလုပ်-လုပ်နေတဲ့ အခိုက်အတန့်မှာ (ခန္ဓာစွန့် တဏှာစွန့်ပါ ဘုရား) ရှေ့က (ခန္ဓာစွန့်ပါတယ်) နောက်က (တဏှာစွန့်ပါတယ်)။

ဪ-တစ်ခါ ဖြစ်ပျက်မြင်လိုက်တာ ဒကာ ဒကာမတို့ ခန္ဓာ ကုန် တဏှာကုန်သွားတယ်။

ဘာကုန်သွားပါလိမ့် (ခန္ဓာကုန် တဏှာကုန်သွားပါ တယ် ဘုရား)။

လုပ်ကြစမ်းပါ ဒါ့ကြောင့်ရှေ့က ခန္ဓာ, ဒုက္ခသစ္စာလဲ ကုန်တယ် (မှန်ပါ့ ဘုရား) နောက်က တဏှာ ဥပါဒါန်တွေလဲ (ကုန်ပါတယ် ဘုရား)။

သြော် ဝိပဿနာကျေးဇူး ဦးမာဒင် တယ်များပါလား (များပါတယ် ဘုရား)။။

ဝိပဿနာသည် ဒကာ ဒကာမတို့ အလယ်ကနေပြီး သကာလ ထမ်းပိုးနဲ့ ထမ်းတော့ တောင်းနှစ်လုံးထဲ ပစ္စည်းထည့် အလယ်ကနေ ထမ်းလိုက်တဲ့အခါ နှစ်လုံးစလုံး ဝန်တွေကို ထမ်းတဲ့ လူက ရွက်ဆောင်သလို။

ဝိပဿနာဉာဏ်သည် ဒကာ ဒကာမတို့အား အကျိုးနှစ်ခု သယ်ပိုး ရွက်ဆောင်ပါတယ်လို့ မှတ်လိုက်စမ်းပါ။

အကျိုးနှစ်ခု သယ်ပိုးရွက်ဆောင်တယ်ဆိုတာ တခြား မဟုတ်ပါဘူး ခင်ဗျားတို့ခန္ဓာကိုလဲ စွန့်ပါတယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ) နောက်ကလာမည့် တဏှာတွေလဲ စွန့်ပါ တယ် (စွန့်ပါတယ် ဘုရား)။

ဒါဖြင့် ဝိပဿနာဉာဏ်သည် ဘာစွန့်ပါလိမ့် (ခန္ဓာ နဲ့ တဏှာ စွန့်ပါတယ် ဘုရား) ခန္ဓာစွန့်-တဏှာစွန့်။။

ဪ ဒါဖြင့် ဝိပဿနာ လုပ်နေတဲ့ အခိုက်အတန့်မှာ ဒကာကြွယ် ခန္ဓာလဲပျောက် (ပျောက်ပါတယ် ဘုရား) နောက်က တဏှာတွေကော(ပျောက်ပါတယ် ဘုရား)။

အင်း တဏှာတွေလဲ ပျောက်နေတော့ ဒကာ ဒကာမ တွေ ရှေ့ကဒုက္ခသစ္စာလဲ ပျောက်-နောက်က သမုဒယသစ္စာလဲ ပျောက်။

ဉာဏ်ကလေးနဲ့ အသက်ရှင်နေတယ်

ထိုကဲ့သို့ပျောက်ပြီးသကာလ နေတော့ကိုယ့်မှာ ဉာဏ် ကလေးနဲ့ အသက်ရှင်နေတယ်၊ ဟောဒီဉာဏ်ကလေးနဲ့ အသက်ရှင် နေတယ် (မှန်ပါ့ ဘုရား) အလယ်မှာ ဉာဏ်ကလေးကိုးဗျ။

ဒီဘက်ခန္ဓာလဲ ပျောက်သွားပြီ (ပျောက်သွားပါပြီ ဘုရား) ဒီဘက်တဏှာကကော (ပျောက်သွားပါပြီ ဘုရား) အင်း ဉာဏ်နဲ့အသက်ရှင်နေတယ် သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ဘာနဲ့အသက်ရှင်နေသလဲ (ဉာဏ်နဲ့ အသက်ရှင် နေပါတယ် ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သတိပေးရ တယ်၊ မဂ်-ဖိုလ်ရအောင်လဲ ဘုန်းကြီးများဟောမှာပဲ (မှန်ပါ) ခင်ဗျားတို့လဲ မရ-ရအောင် အားထုတ်ပါ၊ အကယ်၍ အကြောင်း မညီညွတ်လို့ရှိရင်လဲ ခန္ဓာကိုယ်ရှုပြီးတော့ကို သေပါ။

ခန္ဓာဖြစ်ပျက်ရှုပြီးတော့ (သေရမှာပါ) သေတဲ့အခါ ကျတော့ကိုတဲ့ ဒီခန္ဓာကစွန့်ပြီးသား ဒီတဏှာကော (စွန့်ပြီးသားပါ ဘုရား)။

စွန့်ပြီးသားဖြစ်တဲ့အတွက် တဏှာရှိမှ ဥပါဒါန်၊ ဥပါဒါန်ရှိမှ ကမ္မဘဝ၊ ကမ္မဘဝရှိမှ နောက်ဇာတိလာမှာကိုးဗျ။

အဲဒီတော့ ဒီလိုရှုပြီး သေသွားတဲ့ ပုဂ္ဂိုလ်ကျတော့ ဒကာ ဒကာမတို့ ရှုရင်းမတ္တနဲ့ပဲ အရိယာဖြစ်ပြီး နောက်ခန္ဓာလာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

ဝိပဿနာရှုသားဝတဲ့ပုဂ္ဂိုလ်

ဒါ့ကြောင့် ဝိပဿနာရှုသားဝတဲ့ပုဂ္ဂိုလ်ဟာ သေခါနီးမှ တောင် သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာ ဖြစ်နိုင်သေး တယ် ဘုရားက သေသေချာချာ ဟောထားတယ် (ဟောပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ တပည့်တော်တို့ ဝေဒနာများ ပြင်းထန်လာတဲ့အခါ ဘာများလုပ်ရမှာတုံး, ဘာအားကိုးရမှာတုံးလို့ ဦးမာဒင်တို့ကမေးမယ်၊ ဦးသန်းမောင်တို့ ဦးဗထွေးတို့က မေးမေးပေါ့ဗျာ ၊ ကိုယ့်ကိုယ်ရှုပေးပါ၊ သေတတ်ပလား (သေတတ်ပါပြီ ဘုရား)။

ဒကာကြွယ် ဘယ့်နှယ်လုပ်မလဲ (ကိုယ့်ကိုယ်ရှုရပါ မယ်) အဲ သာမညဆိုတော့ ခင်ဗျားတို့ ရှေးကကြားဖူးတာက သာမညထားတာကတော့ ဘယ်လိုဆုံးမထားသလဲ ဆိုလို့ရှိရင် မင်းလှူထားတဲ့ကျောင်း အာရုံပြုလော့ သဘောကျပလား (ကျပါပြီ) အင်း မင်းတည်ထားတဲ့ ရေကန် အာရုံပြုကွာ ဒီလိုပဲပြောလေ့ရှိတယ် (ရှိပါတယ် ဘုရား)။

ပြောပင်ပြောငြားသော်လဲ အဲဒါတွေ အင်မတန်ဝေးပါ တယ် မဝေးဘူးလား (ဝေးပါတယ် ဘုရား)။

အင်မတန်ဝေးနေတော့ ဦးမာဒင်တို့က စဉ်းစားတာပေါ့ ခန္ဓာနဲ့တော့ (နီးပါတယ်) ခန္ဓာနဲ့တော့ အတူတူနေရတယ်။

အဲဒီတော့ ခန္ဓာကို ဒကာ ဒကာမတို့ ရှုပေးပါ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ခန္ဓာကို ရှုရှုသာနေ (မှန်ပါ့) ခန္ဓာရှုနေတော့ ခန္ဓာက ဖြစ်ပျက် ဉာဏ်က မဂ်ဖြစ်နေတယ် နောက်က ကိလေသာ ကလဲ (ချုပ်သွားပါတယ် ဘုရား)။

ချုပ်နေတော့ အင်း သူသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီအတွင်းမှာပဲ သေရမည့်ကိစ္စကလဲ ဧကန်ဖြစ်နေတော့ ဒီနေရာ ဝီရိယလျှော့လေဦးမလား မလျှော့တော့ဘူးလား ဆိုတာလဲ မေးဖို့ မလိုဘူး (မလိုပါ ဘုရား) အလွန်ကြိုးစားပစ်လိုက်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒီမှာ ဒကာ ဒကာမတို့ ဟောဒီခန္ဓာ စွန့်တဲ့နေရာမှာ နိဗ္ဗာန်တောင် မြင်လာတယ်၊ ခန္ဓာစွန့်ရုံ တွင်မကဘူး၊ နိဗ္ဗာန် မြင်ပြီး စုတိစိတ်ကျတယ်၊ အဲဒီပုဂ္ဂိုလ်များကျတော့ သမသီသိ ရဟန္တာလို့ ဆိုရပြန်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မှတ်ချက်။ ။သံမသီသိ= ရဟန္တာလည်းဖြစ်ရော စုတိစိတ်လဲ ကျတဲ့ပုဂ္ဂိုလ် ကို သမသီသိ ရဟန္တာဟု ခေါ်သည်။

ဒါဖြင့် ဝိပဿနာဉာဏ်သည် ဒကာသစ် ဘယ်နှစ်ခု စွန့်ပါ လိမ့် (နှစ်ခုစွန့်ပါတယ်) ဘယ်သူပါလိမ့်ဗျာ (ခန္ဓာနဲ့ တဏှာပါ ဘုရား)။

ခန္ဓာဆိုတာ ရှေ့ပိုင်းက ဝေဒနာမရှိတော့ဘူး၊ ဖြစ်တာ ပျက်တာကလေးတွေသာရှိတော့ ဖြစ်ပြီးပျက်သွားတာကိုလဲ သိလိုက် တဲ့အခါကျတော့ ခန္ဓာရှိသေးရဲ့လား (မရှိပါ ဘုရား) အဲ သူကလဲ မရှိဘူး၊ နောက်ကလဲ တဏှာကလဲ လာခွင့်မရလို့ လာသေးရဲ့လား (မလာပါ ဘုရား)။

အဲ ထိုကဲ့သို့ လာခွင့်မရလို့ မလာတော့ ဒကာ ဒကာမတို့ တဏှာဥပါဒါန်တွေ တဒင်္ဂချုပ် မသွားဘူးလား (ချုပ်သွား ပါတယ် ဘုရား)။

ခဏနိဗ္ဗာန်ရပြီလို့ဆုံးဖြတ်

အဲဒါရှုနေရင်းမတ္တနဲ့ တဲ့ ကိလေသာချုပ်နေတာ ခဏ နိဗ္ဗာန်ရပြီလို့ ယနေ့ဆုံးဖြတ်ချက်ချ။

ရှုနေတုန်းကိုပဲ ဒီဉာဏ်က ဒကာ ဒကာမတို့ နောက် ကိလေသာကို ပေါ်ခွင့်ပေးသေးရဲ့လား (မပေးပါ ဘုရား)။

မပေးလို့ရှိရင် ဒါ ဒကာ ဒကာမတို့ ခဏနိဗ္ဗာန်ရပြီ၊ ခဏ နိဗ္ဗာန်ဆိုတာ , ဟောဒီနောက်က တဏှာနိရောဓော နိဗ္ဗာနံ (မှန်ပါ ဘုရား)။

တဏှာချုပ်သွားတဲ့ အတွက် ဘာနိဗ္ဗာန်ရသတုံး (တဏှာနိရောဓောနိဗ္ဗာနံပါ) တဏှာက အမြဲချုပ်တာလားလို့ မေးတော့ (တဒင်္ဂချုပ်တာ) တဒင်္ဂပဲချုပ်တော့ တဒင်္ဂကို မြန်မာလို ပြန်တော့ ခဏပေါ့ဗျာ(မှန်ပါ့) အဲ ခဏနိဗ္ဗာန်တော့ဖြင့် ရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မလုပ်တဲ့ပုဂ္ဂိုလ်မှာ ခဏနိဗ္ဗာန် ရတောင်မှ ရနိုင်ပါ့မလား (မရပါ ဘုရား) မရဘူး တဏှာ, ဥပါဒါန်, ကံ-တဏှာ, ဥပါဒါန်, ကံဆက်လာမှာပဲ ခဏနိဗ္ဗာန် ကို (မရပါ ဘုရား)။

သြော် ဒါကြောင့် ဒို့ဆရာဘုန်းကြီးသည် သေတောင်မှ ခဏနိဗ္ဗာန်ရပြီးသကာလ သေစေချင်တယ် သေတောင်မှ နိဗ္ဗာန် ရပြီး သေစေချင်တယ် ၊ ခဏနိဗ္ဗာန် သေသေချာချာရတယ် (မှန်ပါ့)။

ခဏနိဗ္ဗာန်နဲ့ သေသွားခဲ့ရင်

နောက်ကဖြစ်ပျက်သာရှုနေ ဦးမာဒင် ကိလေသာ လာသလား မလာဘူးလား (မလာပါ ဘုရား) မလာတော့ ကိလေသာ မလာတာ ဘာနိဗ္ဗာန်တဲ့လဲ (ခဏနိဗ္ဗာန်ပါ ဘုရား)။

ဒါဖြင့် ခဏနိဗ္ဗာန်နဲ့ ကျုပ်တို့သေလိုက်မယ် သူပြီးမှ မရဏသန္နဇောတွေကျမယ် ၊ ကျချင် ကျပေစေတော့ ကိစ္စ မရှိတော့ဘူးဆိုတော့ ကျုပ်တို့ ခဏနိဗ္ဗာန်နဲ့ သေသွားမယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီပုဂ္ဂိုလ်သေသွားတာသည် နိဗ္ဗာန်ရပြီး သေသွား တယ်လို့ ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား) ဘာနိဗ္ဗာန်တုံး မေးတော့ ခဏနိဗ္ဗာန်။

သို့သော် မပူနဲ့ ခဏနိဗ္ဗာန်ပဲရပြီး သေပေစေ မပူနဲ့ ခဏ နိဗ္ဗာန်တော့ဖြင့် သူသေချာသွားပြီ (မှန်ပါ့ ဘုရား) သူသည် လောကုတ္တရာမဂ်စစ် မဖြစ်သေးတော့ မဂ္ဂင်ကငါးပါးတည်း ဖြစ်နေ တယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)၊

မဂ္ဂင်ငါးပါးဖြစ်သွားတဲ့အခါကျတော့ ဒကာ ဒကာမတို့ ဒီပုဂ္ဂိုလ်ဟာ ကိလေသာချုပ်ပြီး သေတဲ့ပုဂ္ဂိုလ် ဖြစ်လေသောကြောင့် ဦးမာဒင်တို့ ဦးသန်းမောင်တို့ သုဂတိရောက်တယ် (မှန်ပါ့) နတ်ပြည်ရောက်တယ် (မှန်ပါ့ ဘုရား)။

ကိုယ်ရောက်ချင်လို့ ရောက်တာလားဆိုတော့ ဒီအကြောင်း ကနေ ပို့တယ် စုတိစိတ်ကျပြီး နတ်ပြည်သွားဖြစ်တယ် (မှန်ပါ့ ဘုရား)။

နတ်ပြည်သွားဖြစ်တော့ ဒကာ ဒကာမတွေကစဉ်းစားတော့ ဟိုမှာဖြစ်တာနဲ့ ကြားထဲ ဘာများ ခြားသေးသတုံးလို့ မေးတော့ ဦးမာဒင်ကမှတ်လိုက် အနန္တရပစ္စယော အခြားမရှိဘူး၊ ကြားထဲ မှာ ဘယ်စိတ်မှမခြားဘူး၊ ဒီကစုတိ ဟိုမှာအထည်ပဋိသန္ဓေ (မှန်ပါ့) ခြားသေးရဲ့လား (မခြားပါ ဘုရား)။

မခြားတော့ ဒီက ဝိပဿနာဖြစ်ပျက်ရှုထားတဲ့ ဉာဏ်က အခြားမရှိအောင်ပဲ နေတော့ သူကမေ့သေးရဲ့လား (မမေ့ပါ ဘုရား)။

တစ်ခါတည်း နတ်ပြည်မှာ ထိုင်လျက်ကလေး ဥပမာမယ် ဦးမာဒင်ပဲ သေသေ, ဒကာကြွယ်ပဲ သေသေ ပေါ့ဗျာ၊ ဒီမှာမရလို့ သေတယ်ဆိုပါတော့၊ ဒီမှာ ခဏနိဗ္ဗာန်နဲ့ သေသွားတယ်။

အဲဒီခဏနိဗ္ဗာန်နဲ့ သေသွားပြီး စုတိနဲ့ ပဋိသန္ဓေ အခြား မရှိပဲနဲ့ ဟိုမှာ ရောက်သွားတယ်။

ရောက်သည်နဲ့တပြိုင်နက်တည်း တဲ့။ ဒကာ ဒကာမတို့ ခုနင်က ဖြစ်ပျက်ရှုတဲ့ဉာဏ်က “ဖျတ်” ခနဲ ပေါ်လာတယ်။

“ဖျတ်” ခနဲပေါ်လာတော့ အဲဒီကျတော့ ဖြစ်ပျက်တွေမြင် ဖြစ်ပျက်တွေမုန်းပြီး ဖြစ်ပျက်ဆုံးသွားပြီး အဲဒီမှာ သောတာပန် သွားတည်တယ်။

ခဏနိဗ္ဗာန်နဲ့သေတဲ့ပုဂ္ဂိုလ် ခင်ဗျားတို့ ဘာမှအားမလျှော့ နဲ့ (မှန်ပါ့) ဖြစ်ပျက်တော့ဖြင့် မြင်အောင်လုပ်ရလိမ့်မယ် သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒကာကြွယ် အားလျှော့စရာ ကျုပ်တို့ အလုပ်မပါ ဘူး(မပါ ပါ ဘုရား)။

နတ်ပြည်ရောက်မှန်းမသိခင်သောတာပန်တည်တယ်

ဒါကအားလုံး ဒကာ ဒကာမတွေ မှတ်ပါ၊ ဘုရားကိုယ် တော်တိုင် ဒီလို ရှုသေတဲ့ပုဂ္ဂိုလ်ဟာ ကွာ တဲ့ နတ်ပြည် ရောက်တာက နှေးပါသေးတယ်၊ သောတာပန်တည်တာက စော နေတယ် တဲ့။

နတ်ပြည်ရောက်မှန်းမသိသေးဘူး သောတာပန်တည် တာက စောနေတယ် ဒီက ခဏနိဗ္ဗာန်နဲ့ သေသွားတဲ့ပုဂ္ဂိုလ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ လုပ်ထိုက် မလုပ်ထိုက် (လုပ်ထိုက် ပါတယ် ဘုရား) လုပ်ဖြစ်အောင် လုပ်ပါဆိုတာကိုလဲ တိုက်တွန်း ရပြန်တယ်။

အကျိုးကို လည်လည်ပတ်ပတ် မပြောပြန်တော့လဲ ဦးဗထွေး တို့ ဦးသန်းမောင်တို့ မလုပ်ချင်တော့ဘူး။

အခုတော့ဖြင့် သြော် ဒီအလုပ်သည်ကား လို့ ဆိုရင် ဖြစ်ပျက်မြင်ပြီး သေသွားတဲ့ ပုဂ္ဂိုလ်ဟာ ဒီဘဝ မဂ်စစ် မရဘူး၊ ဝိပဿနာမဂ်နဲ့ပဲ သေသွားတယ်ဆိုစေကာမူ ဦးမာဒင် နတ်ပြည်မှာ ထိုင်လျက်သွားဖြစ်တယ်။

အဲဒီထိုင်လျက် သွားဖြစ်တော့ ငါနတ်ပြည်ရောက်နေ ပါပေါ့လားလို့ မသိသေးဘူး။

ဒီဉာဏ်က အနန္တရ-အခြားမရှိပဲနဲ့ သူက နတ်ပြည်မှာ နတ်ခန္ဓာ သူ့ခန္ဓာကလေး ရှုချလိုက်တာပဲ။

ကျုပ်တို့လို ကိုးလလွယ်, ဆယ်လဖွား မဟုတ်ပဲကိုးဗျ ၁၆-နှစ် အသက်နှစ်ဆယ် ပုံသဏ္ဍာန် သွားဖြစ်တာ။

ခဏနိဗ္ဗာန်က အမြဲနိဗ္ဗာန်ရောက်မယ်

အဲဒါ ဉာဏ်ကလဲ ပါပြီးသားဖြစ်တော့ သူ့ခန္ဓာသူ ရှုပြီး ချလိုက်တာ အဲဒီမှာ သောတာပန်တည်တာပဲ ရောက်ရောက် ချင်း တည်တယ်။

အဲဒီတော့ ဒီမှာ ခဏနိဗ္ဗာန်နဲ့သေသွားတော့ ဟိုမှာ အမြဲ နိဗ္ဗာန်ရောက်မယ်ဆိုတော့ အားလုံး ဒကာဒကာတွေ အားငယ် စရာ ရှိရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးစိုးရိမ်တာ ပြောပါရစေဆိုတော့ မလုပ်ဖြစ် မှာ စိုးရိမ်တယ် အကျိုးပေး ကကော့ဖြင့် ဘုရားဟောလဲ အမှန်ပါပဲဆိုတာ သေချာပြီ (သေချာပါပြီ ဘုရား)။

အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဒီအတိုင်းလာတယ် ဖြစ်ပျက် သာ မြင်ပေစေ (မှန်ပါ့ ဘုရား) ပူစရာမရှိပါဘူးတဲ့ သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် သေနည်းဖြင့် ဒကာသစ် ရပြီဗျ ကိုင်း ဦးမာဒင်တို့ သေတတ်ပလား (သေတတ်ပါပြီ ဘုရား) ကိုယ့်ခန္ဓာရှုပြီး သေတာပေါ့။

ဝေဒနာရှုသား ဝ, နေတဲ့ပုဂ္ဂိုလ်က ဝေဒနာရှုပေး စိတ်ရှုသား ဝ, နေတဲ့ပုဂ္ဂိုလ်က (စိတ်ရှုပေး) ရှုနေရင်လဲ ကိလေသာက ခဏချုပ်မယ် ခဏချုပ်ရင် ဒီပုဂ္ဂိုလ် ဘယ် ရောက်မယ် (နတ်ပြည် ရောက်ပါမယ် ဘုရား) သုဂတိ နတ်ပြည် ရောက်မယ်။

ဖြစ်သည်နဲ့တပြိုင်နက်တည်း နတ်ပြည်ရောက်တာ အရင် သိသလား၊ ဖြစ်ပျက်ရှုလိုက်လို့ သောတာပန် တည်တာက စော သလား (ဖြစ်ပျက်ရှုလိုက်လို့ သောတာပန်တည်တာက စောပါတယ် ဘုရား) နတ်ပြည်ရောက်တာ နောက်မှ သိတယ်။

ဒါလောက်ထိအောင်ဖြစ်ပျက်မြင်တဲ့ ကျေးဇူး ဒကာ ဒကာမ တို့ ဘယ်လောက် သေပျော်တယ် ဆိုတာ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

ဒကာကြွယ် လုပ်ရလိမ့်မယ် (လုပ်ရမှာပါ ဘုရား) အားလုံး ဒကာ ဒကာမတွေ လုပ်ထိုက် မလုပ်ထိုက် (လုပ်ထိုက် ပါတယ် ဘုရား)။

လုပ်စမ်းပါ လုပ်စမ်းပါ၊ ဖြစ်ပျက်ဟာ ရှိနေတာပဲ ဒီနေရာပေါ် ဒီနေရာပျက်သွားတာပဲ။

မယုံရင် ကိုယ့်လက်ကလေး ကိုယ့်လက်သည်းနဲ့ ခြစ်ကြည့် ဦးဗထွေး ဒီနေရာမှာပဲ နာတာကလေး ပေါ်တယ် လက်သည်း လဲ ဖြုတ်လိုက်ရော နာတာကလေး ဒီနေရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဟာ ဒါဖြင့် ဒီနေရာ ဝေဒနာလဲ ပေါ်တယ်၊ ဝေဒနာလဲ ပျောက်တယ်၊ ဒါဖြစ်ပျက်ပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက် တခြားရှာရမှာလား ခန္ဓာထဲ ဒီနေရာပေါ်ပြီး ဒီနေရာပျောက်တာကို မြင်ရင် ပြီးတာလား (ခန္ဓာထဲမှာပါ) ရှင်းပလား (ရှင်းပါပြီ)။

ဒီနေရာပေါ်တယ် (ဒီနေရာပျောက်ပါတယ် ဘုရား) လေကလေးက ပခုံးတိုက်တယ်ဆိုတော့ လေကလေးက ပခုံးတိုက် ဒကာ ဒကာမတို့ အေးတဲ့ဝေဒနာကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ပျောက်သွားတော့ ဘယ်နေရာရွေ့ ပျောက်သတုံး (ဒီနေရာမှာပဲ ပျောက်ပါတယ် ဘုရား) အဲဒီတချက်ကို မြင်ဖို့ အရေးကြီးတယ်။

ဪ ဒီနေရာမှာ အေးတဲ့ သုခဝေဒနာကလေး ပေါ်တယ်၊ ဒီနေရာမှာပဲ ပျောက်သွားတော့ ဒါဟာ အနိစ္စကိုး ဝေဒနာအနိစ္စဆိုတာ ဒါကိုးလို့ နောက်တစ်ခါ ပေါ်လာတော့ ဒီအတိုင်း လိုက်ရုံပဲ။

အဲဒီလို သိနေတဲ့ပုဂ္ဂိုလ်ကျတော့ ဒီမဂ်က ရတယ် ဝေဒနာကလဲ ဒီအပေါ်မှာ ချုပ်သွားလို့ ခန္ဓာက ချုပ်သွားတယ်။

ဝေဒနာ့နောက်ကလဲ ဒီကဖြစ်ပျက်ကို သိတဲ့ဉာဏ်ကလေး က လိုက်နေလို့ သူ့နောက်က ဝေဒနာပစ္စယာ တဏှာကလဲ မလာတော့ဘူး (မလာပါ ဘုရား)။

ဒါဖြင့် ဝေဒနာက္ခန္ဓာလဲချုပ် (မှန်ပါ့) နောက်က လိုက်ရမည့် တဏှာလဲ (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဝိပဿနာဉာဏ်သည် ခန္ဓာနဲ့ တဏှာစွန့်တယ် ဝိပဿနာဉာဏ် ရှုနေတဲ့အခါမှာ (ခန္ဓာနဲ့ တဏှာ စွန့်ပါတယ် ဘုရား) ခန္ဓာနဲ့ တဏှာဖြင့် သေသေချာချာ စွန့်တယ်လို့ ဒကာကြွယ် မှတ်လိုက်စမ်းပါ။

ဝိပဿနာရှုတာ၊ ဘာကျေးဇူးရှိသတုံး?

ဝိပဿနာရှုတာများ ဘာကျေးဇူးရှိသတုံးလို့ ဒကာ ဒကာမ တွေ ကိုယ့်ဟာကိုယ်များ သံသယရှိလာလို့ရှိရင် ဟိုရှေ့ကလဲ ခန္ဓာ စွန့်ပါတယ် နောက်ကလဲ သံသရာကို ဒုက္ခပေးမည့် တဏှာစွန့် ပါတယ်။

သံသရာဒုက္ခ ပေးနိုင်သေးရဲ့ လား (မပေးနိုင်ပါ ဘုရား) မပေးနိုင်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ဒုက္ခဖြစ်ကြောင်း ချုပ်အောင်လုပ်တာလဲ မဂ်ပဲဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါက ဘာမဂ်တုံးလို့ မေးလို့ရှိရင် ဝိပဿနာ မဂ် ဖြစ်ပျက်ရှုတဲ့မဂ် ဖြစ်ပျက်-မဂ် ဖြစ်ပျက်မဂ်ဆိုတာ ဘုန်းကြီး နေ့တိုင်းသင်နေတယ် ဒါကဘာမဂ်တဲ့ (ဝိပဿနာမဂ်ပါ ဘုရား)။

ကဲ လောကုတ္တရာမဂ် ပြဦးမယ် ဒါ သိကြားမင်းကြီး ကို ဘုရားက ဟောနေတယ်လို့ ဒကာကြွယ်တို့က မှတ်ထားပါ။

ကဲ ဒကာ ဒကာမတို့ လောကုတ္တရာမဂ်ကတော့ တစ်ခါတည်း ဒီရှေ့က ဝေဒနာကလေးတွေ သူရှုတယ် ရှုလိုက်တော့ နောက်ကလဲ တဏှာတော့ ထုံးစံအတိုင်း ဖြစ်ပျက်ရှုနေတော့ လာသေးရဲ့လား (မလာပါ ဘုရား)။

မလာတော့ ဝိပဿနာရှုပြီး လောကုတ္တရာမဂ် ဖြစ်သွားတဲ့ အချိန်ကျတော့ ဖြစ်ပျက်တွေမြင် ဖြစ်ပျက်တွေမုန်းလို့ ဖြစ်ပျက်တွေ ဆုံးသွားတဲ့အခါကျတော့ ဒီကမဂ္ဂင်ရှစ်ပါး ဖြစ်လာပြီးတော့ ဒကာ ဒကာမတို့ ဒီခန္ဓာလဲစွန့်ပြီးသား (မှန်ပါ့ ဘုရား)။

နောက်က တဏှာလဲလာသေးရဲ့လား (မလာပါ ဘုရား) အဲဒီဉာဏ်တစ်ခါ ခုနင်က ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်ကို သူက အာရုံပြုပြန်တယ် ဒါကလေးတစ်ချက်ပဲ ပိုတယ်။

လောကုတ္တရာမဂ်က ခန္ဓာစွန့် တဏှာစွန့်ပြီး နိဗ္ဗာန်မြင်တယ် မှန်ပါ့ ဘုရား)။

လောကုတ္တရာမဂ်ကတော့ (ခန္ဓာစွန့် တဏှာစွန့်ပြီး နိဗ္ဗာန်မြင်ပါတယ် ဘုရား) သူကဒါပိုတယ် (မှန်ပါ့ ဘုရား)။

ဒါက ဒီတွင် သောတာပန် တည်တာ ဟို နတ် ပြည်သွားတည်တာမဟုတ်ပါဘူး သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကိုယ့်ဟာကိုယ် ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချပြီး သြော် ငါ လောကုတ္တရာမဂ် ပါလားလို့ ကူးသွားတာမြင်လိုက် လို့ရှိရင် ခန္ဓာလဲမမြင်ရဘူး ခန္ဓာချုပ်တဲ့နိဗ္ဗာန်ပဲ မြင်ရတယ်။

ဒါဖြင့် လောကုတ္တရာမဂ်ကတော့ဖြင့် အဋ္ဌကထာဆရာက သေသေချာချာ ဖွင့်ခြင်းကြောင့် ဒကာ ဒကာမတို့ ခန္ဓာလဲစွန့် တဏှာလဲ စွန့် နိဗ္ဗာန်လဲမြင်။

ဝိပဿနာ မဂ်ကတော့မမြင်ဘူး လောကုတ္တရာမဂ်ကတော့ (မြင်ပါတယ် ဘုရား) စွန့်ပုံခြင်း အတူတူပဲ အမြင်ကလေးက သူကပိုလာတယ်။

ဝိပဿနာမဂ်ကတော့ ခဏနိဗ္ဗာန်မြင်

အဲဒီတော့ ဘုန်းကြီးတို့ဒကာ ဒကာမတွေ ဒီနေရာမေးလိမ့် မယ် ဝိပဿနာမဂ်ကတော့ ဘုရား ခန္ဓာစွန့် တဏှာစွန့်ပြီး ခဏနိဗ္ဗာန်မြင်ပြီးသွားတယ်။

ဒီဖြစ်ပျက်အဆုံး ဝေဒနာဆုံးအောင်လိုက်တဲ့ ပုဂ္ဂိုလ်များ ကျတော့ ဝေဒနာက္ခန္ဓာလဲဆုံးတယ် နောက်ကတဏှာကော(ဆုံးပါတယ် ဘုရား) အဲ ဆုံးပြီးသကာလ ဒီဉာဏ်သည် ဒကာ ဒကာမတို့ ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်ကို မြင်ပြန်တယ် သူက နိဗ္ဗာန်မြင်တာကလေး တစ်ချက် ပိုလာတယ်။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အလုပ်-လုပ်ရ မှာက ဒီကျအောင်လုပ်ရမယ် သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီကျအောင် လုပ်လိုက်ပါတဲ့ တစ်ခါတည်းလုပ်ရင်း မတ္တနဲ့ပဲ ဖြစ်ပျက် ဆုံးသွားပြီဘုရာ့ ဆိုတာကို ဘုန်းကြီးများက ကြားချင်တယ်။

ဖြစ်ပျက်ဆုံးသွားပြီ ဘုရာ့ဆိုတော့ ခန္ဓာစွန့် တဏှာစွန့် နိဗ္ဗာန်မြင်ပြီဆိုတာ ဦးလှဘူး သေချာတယ် (သေချာပါတယ် ဘုရား)။

ဒါ့ကြောင့် ဦးဗထွေးတို့ ဦးသန်းမောင်တို့ သြော် ဒီဖြစ်ပျက်ဟာ တွေ့လို့ရှိရင်တော့ ဆုံးမှာပဲ။

တွေ့ရင် (ဆုံးသွားမှာပါ ဘုရား) မတွေ့တဲ့ပုဂ္ဂိုလ်ကျ တော့ အစမတွေ့လို့ အဆုံးတွေ့မှာ မဟုတ်ဘူး။

ဖြစ်ပျက်ရှိရင် ဖြစ်ပျက်အဆုံးရှိတယ်

တွေ့တဲ့ပုဂ္ဂိုလ်ဖြင့် ဒီဖြစ်ပျက်တွေဟာ တစ်ခါတည်း ခန္ဓာကိုယ်ထဲ မှာ ဟိုနေရာပေါ်လိုက် ဒီနေရာပေါ်လိုက်နဲ့ လိုက်သာနေ ကြာတော့ သူဖြစ်ပျက်ရှိလို့ရှိရင် ဖြစ်ပျက်အဆုံးရှိတာပဲ။

ဖြစ်ပျက်ရှိရင် (ဖြစ်ပျက်အဆုံးရှိပါတယ် ဘုရား) အဲဒီ လိုသာ ဒကာ ဒကာမတွေက နေ့တိုင်း ဉာဏ်ကလေးနဲ့ လိုက်လိုက် လိုက်လိုက်သွားပြီဆိုရင် အဆုံးမြင်လိုက်တဲ့ အခါကျပြီဆိုရင်ဖြင့် ဒါလောကုတ္တရာမဂ်ဖြစ်ပြီလို့ မှတ်လိုက်။

ဖြစ်ကြောင်း-မဖြစ်ကြောင်းကိုလဲ ခန္ဓာလဲ ရှာမတွေ့ဘူး တဏှာလဲ သေနေပြီ (သေပါထယ်) ဖြစ်ပျက်အဆုံးလဲ ဒီဉာဏ်က မြင်နေပြီ။

ဒါဖြင့် ဒီဉာဏ်သည် ဒကာ ဒကာမတို့ ခန္ဓာစွန့် တဏှာစွန့် ပြီး နိဗ္ဗာန်မြင်တယ်။

ဘယ့်နှယ်တုံး (ခန္ဓာစွန့် တဏှာစွန့်ပြီး နိဗ္ဗာန်မြင် ပါတယ် ဘုရား)။

အဲဒါက ဘုန်းကြီးကပြောလို့ သိတာနော် ဟိုမှာ – ဖြစ်စဉ်ကျတော့ ခင်ဗျားတို့ ခန္ဓာစွန့်တာကိုတော့ ခင်ဗျားတို့ မသိပါ ဘူးတဲ့ ခင်ဗျားတို့သိတာက ဖြစ်ပျက်တွေ မရှိပါဘူး လားလို့ သိတာ။

ဖြစ်ပျက်မရှိတာက ခန္ဓာစွန့်တာ

ဖြစ်ပျက်တွေမရှိဘူးလားလို့ သိတော့ ဖြစ်ပျက်မရှိတာက ခန္ဓာစွန့်တာ (မှန်ပါ့) ဟုတ်လား ခန္ဓာရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိတော့ကို ခန္ဓာတို့၏ ဆုံးရာကလဲ တွေ့ပြီ၊ ခန္ဓာမှမရှိတော့ကို ခန္ဓာဆုံးရာကိုလဲတွေ့ပြီ အဲဒီခန္ဓာဆုံးတာက နိဗ္ဗာန် ဖြစ်ပျက်တွေက သူ့ဟာသူ ချုပ်သွားတာက ခန္ဓာစွန့်သွားတာ။

ဒါဖြင့် ခန္ဓာလဲစွန့် နိဗ္ဗာန်လဲမြင် တဏှာဒိဋ္ဌိတို့က ဦးဗထွေး တို့ သူ့ဟာသူသေတာ (မှန်ပါ့) သို့သော် ခင်ဗျားတို့မှာတော့ ဗဟုသုတရှိအောင်လို့ ဝိပဿနာမဂ်နဲ့ လောကုတ္တရာမဂ် ဘာထူး သတုံးလို့ မေးတဲ့အခါကျတော့ ဝိပဿနာမဂ်က ခန္ဓာစွန့် တဏှာ စွန့်တယ်။

တကယ်လောကုတ္တရာမဂ် ဖြစ်လာလို့ ဖြစ်ပျက်ကို အား ကြိုးမာန်တက်နဲ့ လိုက်-လိုက်လို့ရှိရင် ခန္ဓာလဲစွန့် တဏှာလဲစွန့် နိဗ္ဗာန့်လဲမြင်တယ် ဘယ်သူကတုံးဗျ(လောကုတ္တရာမင် ကပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီနေ့တရားသည် ဒကာ ဒကာမတို့ အလုပ်သမားအတွက် မှာဖြင့် သတိထားရမည့်တရား။

ဘယ်လိုဆိုကြမယ် (အလုပ်သမားအတွက်မှာ သတိ ထားရမည့်တရားပါ ဘုရား)။

နို့မဟုတ်လို့ရှိရင် လုပ်တဲ့-လုပ်တဲ့ဆိုလို့ ဆရာကသာ အလုပ်ခိုင်းနေလို့ မှတ်တိုင်မပါပဲနဲ့ အသွားခိုင်းနေသလို ဖြစ်နေ တယ် အခုဟာက မှတ်တိုင်ပါတယ် (ပါ-ပါတယ် ဘုရား)။

ဟောဒီမှတ်တိုင်ကျရင် ဒကာ ဒကာမတို့ ရပ်တော့ တော်တော့ ဆိုတော့ အရမ်းသွား နေရတာလား ဦးမာဒင်တို့ ဦးသန်းမောင်တို့ရ မှတ်တိုင်နဲ့သွားရတာလား (မှတ်တိုင်နဲ့ သွားရတာ ပါ ဘုရား)။

မှတ်တိုင်နဲ့ သွားတဲ့ပုဂ္ဂိုလ်က ရောက်တယ်၊ မရောက်ဘူး သိတယ် (သိပါတယ် ဘုရား) အရမ်းသွားနေတဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင် မသိဘူး။

ဖြစ်ပျက်မတွေ့ရင်နိဗ္ဗာန်

အခုတော့ ဘုရားက တဏှာသင်္ခယသုတ်မှာ ဒီအတိုင်းပဲ ဟေ့ တဲ့၊ ခယ ဝယ အဆုံးကို လွန်ရင် နိဗ္ဗာန်ပဲမှတ် ဖြစ်ပျက် မတွေ့ရင် နိဗ္ဗာန်မှတ် ဘာတဲ့တုံး (ဖြစ်ပျက်မတွေ့ရင် နိဗ္ဗာန်မှတ်ပါ ဘုရား)။

ဖြစ်ပျက်မတွေ့တော့ဘူးလို့လဲ ကိုယ့်ဟာကိုယ်လဲသိရမယ် တွေ့တုန်းကလဲ ကိုယ်သိနေရမယ် (မှန်ပါ့)။

အင်း တွေ့တုန်းက အပျက်ကလေးတွေတွေ့၊ အပျက်ကလေးတွေတွေ့ရင် ကိုယ့်ဟာကိုယ် သိနေရမယ်။

နောက် ရှုရင်းမတ္တနဲ့ အပျက်ကလေးတွေရော မတွေ့တော့ ပါဘူးလို့ မသိရဘူးလား (သိရပါတယ်) အဲ အပျက်တွေ့တဲ့ ပုဂ္ဂိုလ်ဟာ အပျက်မတွေ့တာလဲ သိရမယ်။။

အဲဒီကဲ့သို့ အပျက်တွေ့နေရင် ဝိပဿနာဉာဏ်မှတ် (မှန်ပါ့) ဖြစ်ပျက်တွေ မတွေ့တော့ဘူးဘုရာ့၊ တပည့်တော်ဖြင့် ဘယ်လိုရှာရှာ မတွေ့တော့ပါဘူးဆိုရင် နောက်ထပ်လဲ မရှာနဲ့။

ဒါနိဗ္ဗာန် မျက်မှောက်ပြုလို့ ဖြစ်ပျက်ဆုံးတာ နိဗ္ဗာန်ပဲ ဆိုတာသိသွားလို့ နိဗ္ဗာန်မျက်မှောက်ပြုတဲ့ ကိစ္စပဲလို့ မှတ်လိုက်စမ်းပါ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သိကြားမင်း၏ အမေး

ဒါ့ကြောင့် သိကြားက မေးတာပေါ့ အရှင်ဘုရား ခယဝယ အဆုံးကိုလွန်တဲ့ နိဗ္ဗာန်ကို အမြန်ဆုံးနည်းနဲ့ ရောက်ချင်ပါတယ် ဘုရား။

ဘုရားဖြေတော်မူပုံ

တဏှာကုန်တဲ့နိဗ္ဗာန်ကို အမြန်ဆုံးနည်းနဲ့ ရောက်ချင်တယ် ဆိုတော့ မင်းဟာကွာ တစ်ခါတည်း ဖြစ်ပျက်ရှုပြီး ဖြစ်ပျက်အဆုံး လိုက်-လိုက်လို့ရှိရင်ဖြင့် ခန္ဓာလဲစွန့် နိဗ္ဗာန်လဲမြင်, တဏှာလဲ နောက်က သေတာပေါ့ကွ၊ ဒါကိုလုပ်ကွ ဘုရားက သေသေ ချာချာဟောတယ် (ဟောပါတယ် ဘုရား)။

ဒါဖြင့် ဒကာကြွယ် လုပ်တတ်ပလား (လုပ်တတ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဝိပဿနာဉာဏ်က ဘယ်နှစ်ခုစွန့်သလဲ (နှစ်ခုစွန့်ပါတယ်) ဘယ်သူ-ဘယ်သူပါလိမ့်ဗျာ (ခန္ဓာနဲ့ တဏှာပါ) အဲ သူနဲ့သေရင် ခဏနိဗ္ဗာန်ရသေတဲ့ပုဂ္ဂိုလ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ တပည့်တော်တို့က ဘုရား ၊ ဒီဘဝတွင်ပဲ အရလုပ်တော့မယ်ဆိုလို့ရှိရင်ဖြင့် ဖြစ်ပျက်လဲဆုံးသွားပြီ။

ဖြစ်ပျက်ဆုံးရင် ခန္ဓာစွန့်ပြီ နောက်တဏှာကော (စွန့်ပါပြီ ဘုရား) အင်း နိဗ္ဗာန်ကော ဉာဏ်က ပြေးဝင်မသွားဘူးလား (ပြေးဝင်သွားပါတယ် ဘုရား)။

ဪ လောကုတ္တရာမဂ်ကတော့ ခန္ဓာစွန့် တဏှာ စွန့် နိဗ္ဗာန်ဘက် ပြေးဝင်တယ် သဘောကျပလား (ကျ ပါပြီ ဘုရား)။။

ခန္ဓာလဲ (စွန့်ပါတယ် ဘုရား) တဏှာလဲ (စွန့်ပါ တယ်) ဉာဏ်က ဘယ်ဘက်သွားသတုံး (နိဗ္ဗာန်ဘက် သွားပါတယ် ဘုရား)။

နိဗ္ဗာန်ဆိုတာ

နိဗ္ဗာန်ဘက်ဆိုတော့ ဝင်းဝင်းကြီးလား၊ ဝါဝါကြီးလား၊ မြို့ကြီးလား ၊ ပြကြီးလားလို့ ဒီလိုမယူပါနဲ့ ဒုက္ခတွေ ကိုယ်ရှေ့တွင်မရှိတာ ဪ ဒုက္ခသိမ်းတဲ့နေရာ ဒါပဲလို့ အာရုံ ပြုနိုင်ရင် ပြီးတာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒုက္ခသိမ်းတယ်ဆိုတာ အခု ဖြစ်ပျက် တွေဟာ ဒုက္ခသစ္စာ ၊ ဒီဒုက္ခသစ္စာ မိမိဉာဏ်ထဲ မတွေ့ရလို့ ရှိရင် ဪ ဒုက္ခချုပ်ငြိမ်း ရုပ်သိမ်းတာဆိုတာ ဒါနိဗ္ဗာန်ပဲ။

နိဗ္ဗာန သဒ္ဒါက မြို့တို့ ပြတို့ကို ဟောတာမဟုတ်ဘူး ဦးမာဒင်တို့နော်။ နိဗ္ဗာန သဒ္ဒါက ငြိမ်းအေးသွားတာ (မှန်ပါ့ ဘုရား) ဒုက္ခချုပ်ငြိမ်းသွားတာ ပေါ်တာ။

အာရုံပြုရင်းမတ္တနဲ့ ဒုက္ခတွေ ဘာဖြစ်သွားသတဲ့ (ချုပ်ငြိမ်းသွားပါတယ် ဘုရား)။

အာရုံပြုရင်းမတ္တနဲ့ ဒုက္ခတွေ ချုပ်ငြိမ်းသွားတော့ ဉာဏ် ကလေးကဖြင့် တစ်ခါတည်း အင်း ဒုက္ခချုပ်ပေပေါ့ ၊ ဒုက္ခချုပ်ပေပေါ့လို့ ဉာဏ်ကလေးကသိတယ် (မှန်ပါ့) သူကမေ့သွားတာ မဟုတ်ဘူး ဉာဏ်ကသိလျက်ပဲ။

အဲဒီကဲ့သို့ ဉာဏ်ကသိတော့ မဂ်ဉာဏ်က တစ်ကြိမ်ပေါ် တယ်၊ နောက်ကဖိုလ်ဉာဏ်တွေက နှစ်ကြိမ်, သုံးကြိမ် ပေါ်တယ်။

ပစ္စဝေက္ခဏာဉာဏ်

နောက်သိနေတာကလေးက ချုပ်ပေပေါ့ ၊ ချုပ်ပေ ပေါ့လို့ ဆင်ခြင်နေတာက ပစ္စဝေက္ခဏဉာဏ် လို့ ခေါ်တယ်။

အဲဒီတော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာ ဉာဏ်နဲ့ မဂ်ဉာဏ်နဲ့ ထူးခြားပုံ ယနေ့ရှင်းပေးပြီး ရှင်းပေးလိုက်တယ် ဆိုတော့ ပေါ်ပလား (ပေါ်ပါပြီ) သဘောကျပြီနော် (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်စဉ်ကလေးလဲ မှတ်ပါ ဒကာကြွယ်ရေ ဖြစ်ပျက်မြင်ရင် ယထာဘူတဉာဏ် ဖြစ်ပျက်မုန်းရင် (နိဗ္ဗိန္ဒဉာဏ်ပါ) ဟာ ဖြစ်ပျက်တွေ ရှုရင်းမတ္တနဲ့ ဆုံးသွားရင် (မဂ်ဉာဏ်ပါ ဘုရား) မဂ်ဉာဏ် အစစ်ပေါ့။

ယထာဘူတဉာဏ်

ဖြစ်ပျက်မြင်ရင် (ယထာဘူတဉာဏ်) ဖြစ်ပျက်မြင်ကတည်း က ယထာဘူတဉာဏ် ကထာဘူတဉာဏ်ဆိုတာ တခြားမှတ် မနေနဲ့ ခန္ဓာကိုယ်ထဲမှာ အရှိကိုအရှိအတိုင်း မြင်လို့ရှိရင် ဦးမာဒင် ယထာဘူတဉာဏ်။

ယောက်ျား မိန်းမ မတွေ့ပဲနဲ့ ဖြစ်ပျက်တွေ့နေရင် သူ့ကို ဘာဉာဏ်ခေါ်ကြမလဲ (ယထာဘူတဉာဏ်ပါ) ယထာဘူတ ယထာသဘာဝ သူ့သဘောကိုမြင်တယ် ခန္ဓာသဘော သွားဖြစ် တယ်။

ခန္ဓာ့သဘောက အနိစ္စခန္ဓာကြီး ဖြစ်လေသောကြောင့် ဖြစ်ပြီး ပျက်တဲ့ အနိစ္စတွေပဲမြင်နေရင် ဦးမာဒင် ဦးသန်းမောင် တို့ ဘာဉာဏ်ခေါ်ကြမလဲ (ယထာဘူတဉာဏ်ပါ ဘုရား)။

မလျှော့နဲ့၊ ဒီဉာဏ်ရရင်ပဲ ခင်ဗျားတို့ သေပျော်ပြီ (မှန်ပါ့) ဒီဉာဏ်ရရင် ဒုတိယဘဝ နိဗ္ဗာန်ရမယ်။

သေသည်၏အခြားမဲ့၌လည်း အပါယ်မသွားဘူး ရောက်ရောက်ချင်းလဲ သောတာပန်တည်ပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

အဲဒီတော့ ဖြစ်ပျက်ကလေးမြင်ဖို့ရာ ဉာဏ်ဟာလဲ ယထာ ဘူတဉာဏ်လို့ ဆိုသောကြောင့် ဒကာ ဒကာမတို့ အရှိနဲ့ အသိဖြင့် ကိုက်ပါပေါ့။

နဂိုအရှိက ယောက်ျားမိန်းမ ရှိတာမှမဟုတ်ပဲ ဖြစ် ပျက်ရှိတာကို ဖြစ်ပျက်သိတော့ ဦးမာဒင်က ဒီဉာဏ်ကို ဘာဉာဏ် လို့ဆိုမတုံး (ယထာဘူတဉာဏ်ပါ ဘုရား)။

ဒါဖြင့်အရှိနဲ့ အသိကိုက်တဲ့ဉာဏ်သည် ယထာဘူတဉာဏ် ရှင်းပလား (ရှင်းပါပြီ)။

ဦးဗထွေးတို့ ဦးသန်းမောင်တို့အရှိနဲ့ အသိကိုက်တဲ့ ဉာဏ် (ယထာဘူတ ဉာဏ်ပါ ဘုရား)။

အရှိက ခန္ဓာကိုယ်ထဲ ဘာရှိသတုံး (ဖြစ်ပျက်တွေပဲရှိ ပါတယ်) ဖြစ်ပျက်အနိစ္စပဲရှိတယ် ဪ ရှုလိုက်တော့လဲ ဒါပဲတွေ့တယ် ဒီတွေ့တဲ့ဉာဏ်ကို ဘာဉာဏ်ခေါ်မလဲ (ယထာဘူတ ဉာဏ်ပါ ဘုရား) ဒကာသစ် သိပ်အဖိုးတန်ပြီ (အဖိုးတန်ပါပြီ ဘုရား)။

နိဗ္ဗိန္ဒဉာဏ်

ဒီဉာဏ်ရပြီးတော့ ဒကာ ဒကာမတွေက နောက်မဆုတ်လိုက်နဲ့ ငါးမိနစ် ဆယ်မိနစ်ရှေ့တိုးလိုက် ရှေ့တိုးလိုက် ကြည့် နေပါဆက်ပြီးတော့ (မှန်ပါ့) ဆက်ပြီး ဒီဖြစ်ပျက်တွေပဲ ဆက်ကြည့်နေတဲ့ အခါကျတော့ ဉာဏ်ရင့်ပြီး သကာလ ဪ ဒါတွေဟာ မုန်းစရာ ရွံစရာ မလိုချင်စရာဆိုတာ ဒါပဲဆိုပြီး တက်လာရင် ဒါနိဗ္ဗိန္ဒဉာဏ် တက်လာတာပဲ (မှန်ပါ့ ဘုရား)။

နောက်ကျတော့ ကိုယ့်ဟာကိုယ်ပဲ ဆင်ခြင်လိုက်တယ် ဪ ဒါဖြစ်ဒုက္ခ ပျက်ဒုက္ခ, ဒုက္ခသစ္စာဆိုတာလဲ တခြားလား မှတ်နေတယ်၊ ဒါပဲ ဆိုတာကိုး ဖြစ်တာလဲ ဒုက္ခသစ္စာ၊ ပျက် တာလဲ ဒုက္ခသစ္စာလို့ ဒကာကြွယ်တို့က သိသွားပြီ အဲဒီအသိ ကလေး ခဏ ခဏကလေးလဲသိပြီး ရင့်ကျက်ပြီးပါရော “ဖျတ်’ ဆို ဒုက္ခသစ္စာဖြစ်ပျက်ဟာ အကုန်ချုပ်သွားတယ်။

ချုပ်လို့ရှိရင် ခန္ဓာရှိသေးရဲ့လား (မရှိပါ ဘုရား) နောက် က တဏှာကော (မရှိပါ ဘုရား) ဉာဏ်က ဘယ်ဘက်သွားပါလိမ့် (နိဗ္ဗာန် ဘက်သွားပါတယ် ဘုရား)။

ချုပ်ဆုံးတာဖြင့် သေချာပြီ၊ ဒုက္ခဖြင့် ကိုယ့်မှာကုန်ပြီ ဒီဉာဏ်က ဆင်ခြင်လိုက်တယ် ဒုက္ခကုန်တဲ့ဆီကို ဉာဏ်က ရောက်တယ် (မှန်ပါ့)။

ခုနင်က ဒုက္ခတွေချည့်ရှုနေရတာကိုး (မှန်ပါ့) အခုတော့ ဒုက္ခမတွေ့ဘူးဆိုတာလဲ ကိုယ့်ဉာဏ်ပဲ မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

မဂ်ဉာဏ်

အဲဒီမတွေ့ဘူးဆိုတဲ့ဉာဏ်သည် ဒကာ ဒကာမတို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်ပဲ ဘာမှ အားမငယ်နဲ့ ဒီဥစ္စာ ဆုံးမှာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဝိပဿနာဉာဏ်က ခန္ဓာစွန့် တဏှာစွန့် မဂ် ဉာဏ်အစစ်ဖြစ်လာတဲ့အခါကျတော့ ရှေ့က ခန္ဓာလဲ ရှာမတွေ့တော့ ဘူး၊ နောက်က တဏှာလဲ သူ့ဟာသူ သေနေတယ် ကိုယ့်ဉာဏ်က လဲဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်မြင်နေတယ်။

ဪ မဂ်ဉာဏ်က သုံးကိစ္စ ခန္ဓာစွန့် တဏှာ စွန့် နိဗ္ဗာန်မြင်တယ် ရှင်းပလား (ရှင်းပါပြီ ဘုရား) အဲဒီကို မရောက်-ရောက်အောင်လုပ်ပါဆိုတာ တိုက်တွန်းတယ်။

ကဲ – ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။